အခန်း (၁၃၂၃-၁၃၂၄)
Vol. 133 Ch. 1323-1324
အခန်း (၁၃၂၃) - မင်း ငါတို့ကို ရှင်းပြချက်တစ်ခု ပေးရမယ်
ဖန့်ချန်၏ မေးခွန်းနှင့် ပတ်သက်၍ မု မသေမျိုးအရှင်နှင့် ဝမ်ရှိုချွဲတို့က အသိဆုံး ဖြစ်ကြသည်။
သူတို့သည် ထိုကိစ္စအတွက် အစည်းအဝေးတစ်ခုပင် မကြာသေးမီက ကျင်းပခဲ့ကြသည် မဟုတ်ပါလား။
သို့သော် ဝမ်ရှိုချွဲမှာမူ နတ်ဘုရားဝိညာဉ် ဖြစ်သွားရသည့် ကြီးမားလှသော စိတ်လှုပ်ရှားမှု ရိုက်ခတ်မှုဒဏ်မှ လုံးဝဥဿုံ သတိမဝင်နိုင်သေးချေ။
မု မသေမျိုးအရှင်က ဦးအောင်ပင် ဖြေကြားလိုက်သည်။
"သခင်လေး... လက်ရှိ နတ်မင်းနန်းတော်မှာ အဆင့် (၃) က ၁၂ ယောက်၊ အဆင့် (၂) က ၄၀ နဲ့ အဆင့် (၁) က ၁၂၆ ယောက်ပဲ ကျန်ပါတော့တယ်"
သူက ခေတ္တရပ်ပြီးမှ ဆက်ပြောသည်မှာ
"လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လူအင်အားဟာ အခုထက် အများကြီး ပိုပါတယ်။ အဆင့် (၃) က ၁၃ ယောက်၊ အဆင့် (၂) က ၄၆ ယောက်ရှိပြီး အဆင့် (၁) ဆိုရင် ၁၅၇ ယောက်အထိ ရှိခဲ့တာပါ။ ကံဆိုးတာက ဒီနှစ်တွေအတွင်း ရန်ငြိုးရန်စအချို့ကြောင့် အတော်များများ သေဆုံးသွားခဲ့ရတယ်"
ယွီထင်ကျဲက ဖန့်ချန်ကို ကြည့်ကာ ပြုံးလျက် ဆိုသည်။
"ဒီအစီအစဉ်ကို အခုအချိန်မှာ အကောင်အထည်ဖော်ဖြစ်မယ်လို့ ကြိုသိခဲ့ရင် ဒီနှစ်တွေထဲမှာ ငါတို့ နည်းနည်း လက်လျော့ထားခဲ့မှာပါ။ ဒါဆိုရင် နတ်မင်းနန်းတော်က လူတွေ ဒီလောက်အထိ အသေအပျောက် များမှာ မဟုတ်ဘူး"
ပုံမှန်အားဖြင့် အဆင့် (၃) မသေမျိုးများ၏ သက်တမ်းမှာ အလွန်ရှည်လျားလှရာ နှစ်ပေါင်းတစ်ထောင်အတွင်း၌ပင် နတ်မင်းနန်းတော်တွင် အဆင့် (၃) ကျင့်ကြံသူတစ်ဦး ဆုံးရှုံးရန်မှာ ခဲယဉ်းလှသည်။
အဆင့် (၂) နှင့် အဆင့် (၁) များမှာလည်း ထိုနည်းအတူပင်။
ယခုကဲ့သို့ ဆယ်စုနှစ်အနည်းငယ်အတွင်း အင်အားပြုန်းတီးမှုမှာ နတ်မင်းနန်းတော်၏ ခန့်မှန်းချက်ထက် ကျော်လွန်နေသဖြင့် သူတို့ကိုယ်တိုင်ပင် တစ်ခုခု ထူးခြားနေပြီဟု ခံစားမိကာ ချုံရှန်းမြို့၌ အစည်းအဝေး ကျင်းပခဲ့ရခြင်း ဖြစ်သည်။
ယွီထင်ကျဲ၏ စကားကို ကြားသောအခါ ခူမုနှင့် ဝမ်ရှိုချွဲတို့မှာ မှင်သက်သွားကြပြီးနောက် ရင်ထဲ၌ အေးစိမ့်တုန်လှုပ်သွားကြတော့သည်။
ဒါဆို ဒီနှစ်တွေထဲ နတ်မင်းနန်းတော် ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေက ဒီလူတွေ နောက်ကွယ်ကနေ ကြိုးကိုင်ခဲ့တာပေါ့
ဒါပေမဲ့ သူတို့က ဘာလို့ နတ်မင်းနန်းတော်ကိုမှ ပစ်မှတ်ထားရတာလဲ နတ်မင်းနန်းတော်က ဘယ်တုန်းကများ မသိလိုက်ဘဲ ဒီ ငရဲမင်းအရှင် ကို သွားပြီး စော်ကားမိလို့လဲ
"အဆင့် (၃) ၁၂ ယောက်..."
ဖန့်ချန်က စိတ်ထဲမှ တွက်ချက်နေမိသည်။
အဆင့် (၃) ယင်စစ်သည်တစ်ဦးကို ဘွဲ့နှင်းခန့်အပ်ရန် ယင်သက်တမ်း ၁ သောင်း ၅ ထောင်ခန့် လိုအပ်သဖြင့် ၁၂ ယောက်အတွက် စုစုပေါင်း ၁ သိန်း ၈ သောင်း ကုန်ကျမည်ဖြစ်သည်။
ငရဲမင်းအမိန့်တော်ပြားထဲတွင် ယင်သက်တမ်း ၃ သိန်း ၅ ထောင် ၂ ရာ ၄၉ နှစ် ကျန်ရှိနေသေးသည်။
၁ သိန်း ၈ သောင်းကို နုတ်လိုက်လျှင် ၁ သိန်း ၂ သောင်းကျော် ကျန်ရှိနေဦးမည်။
အဆင့် (၂) ၄၀ အတွက်မူ... အဆင့် (၂) ယင်စစ်သည်တစ်ဦးကို ဘွဲ့နှင်းခန့်အပ်ရန် ယင်သက်တမ်း ၅ ထောင် ကုန်ကျသဖြင့် ကျန်ရှိနေသော ၁ သိန်း ၂ သောင်းမှာ လုံလောက်တော့မည် မဟုတ်ချေ။
"အရင်ဆုံး အဲဒီ အဆင့် (၃) ကျင့်ကြံသူတွေကို ဒီကို ခေါ်ခဲ့ပါ။ နတ်မင်းနန်းတော်မှာ မင်းတို့နှစ်ယောက်ရဲ့ အဆင့်အတန်းနဲ့ဆိုရင် ဒါက မခက်ခဲလောက်ပါဘူး"
ဖန့်ချန်က ခူမုနှင့် ဝမ်ရှိုချွဲကို ကြည့်ကာ ပြောလိုက်သည်။
နှစ်ဦးစလုံးက တပြိုင်နက် ခေါင်းညိတ်လိုက်ကြသည်။
ဤသည်မှာ အမှန်တကယ်ပင် မခက်ခဲသော ကိစ္စဖြစ်သည်။
အကယ်၍ ထိုအဆင့် (၃) ၁၂ ယောက်ကို သတ်ခိုင်းခြင်းဖြစ်လျှင် ကြယ်မိုး မသေမျိုးအရှင်၏ ဒေါသကို သေချာပေါက် ဆွဲဆောင်မိမည် ဖြစ်သော်လည်း၊ ယခုကဲ့သို့ နတ်ဘုရားဝိညာဉ်လမ်းစဉ်ကို လျှောက်လှမ်းခိုင်းခြင်းမှာမူ မည်သည့် အစအနမျှ ကျန်ရစ်မည် မဟုတ်ချေ။
နောက်ဆက်တွဲ လအနည်းငယ်အတွင်း၌ နတ်မင်းနန်းတော်ရှိ ကျန်ရှိနေသော အဆင့် (၃) ၁၂ ဦးမှာလည်း ထိုနှစ်ဦး၏ ခေါ်ဆောင်မှုဖြင့် ဖန့်ချန်နှင့် လာရောက်တွေ့ဆုံခဲ့ကြသည်။
အဆင့် (၄) မသေမျိုးတစ်စု၏ ကျားချောင်းချောင်းကြည့်နေမှုအောက်တွင် သူတို့မှာ မည်သို့မျှ မခုခံနိုင်ဘဲ တစ်ဦးပြီးတစ်ဦး နတ်ဘုရားဝိညာဉ်များ ဖြစ်လာကြတော့သည်။
ထိုအဆင့် (၃) ကျင့်ကြံသူများထဲတွင် ဝမ်ရှိုချွဲ၏ လူများ၊ ခူမု၏ လူများ ပါဝင်သလို ယခင်က ရှီးဇီအန်းနှင့် ရင်းနှီးသူများလည်း ပါဝင်သည်။
ထို့ပြင် အချို့မှာ ကြယ်မိုး မသေမျိုးအရှင်၏ လူယုံများ ဖြစ်ကြပြီး အဆင့်အတန်း မြင့်မားကာ သူတို့အခြေစိုက်ရာ နယ်မြေများမှာလည်း အလွန်ကြွယ်ဝကြသည်။
ယခုမူ သူတို့အားလုံးမှာ ဖန့်ချန်၏ လူများ ဖြစ်ကုန်ကြပြီ ဖြစ်သည်။
နတ်မင်းနန်းတော်၏ နန်းတော်စောင့် မသေမျိုး ၃ ဦးနှင့် အဆင့် (၃) မသေမျိုး ၁၂ ဦးစလုံးသည် ကြယ်မိုး မသေမျိုးအရှင်အတွက် အမှုထမ်းသူ မဟုတ်တော့ချေ။
ကျန်ရှိနေသော အဆင့် (၁) ကျင့်ကြံသူများကိုမူ နတ်ဘုရားဝိညာဉ်လမ်းစဉ် မလျှောက်ခိုင်းလျှင်တောင် သူတို့က အလွယ်တကူ ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ထိုအချိန်မှစ၍ နတ်မင်းနန်းတော်သည် အပြင်ပန်းအားဖြင့် မည်သည့်အပြောင်းအလဲမျှ မရှိသော်လည်း တိတ်တဆိတ် အရှင်သခင် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
ကြယ်မိုး မသေမျိုးအရှင်ကိုယ်တိုင်သာလျှင် ဘာမှမသိသေးခြင်း ဖြစ်သည်။
ခူမုနှင့် ဝမ်ရှိုချွဲတို့ နှစ်ဦးမှာ ဖန့်ချန်၏ ရှေ့မှောက်၌ နတ်မင်းနန်းတော်၏ ဘဏ္ဍာရေး အစီရင်ခံစာကို တင်ပြနေကြသည်။
ခူမုက ဆိုသည်မှာ
"သခင်လေး... ကျုပ် အုပ်ချုပ်တဲ့ နယ်မြေက သုံးဖုံ ဂြိုလ် လို့ ခေါ်ပါတယ်။ ယွီမိတ်ဆွေရဲ့ နယ်မြေထက် ပိုကြွယ်ဝပြီး နှစ်စဉ် အသုံးစရိတ်တွေ နုတ်ပြီးရင် မသေမျိုးကျောက်တုံး ၆၀ ကနေ ၈၀ အထိ ပိုလျှံပါတယ်"
သူပြောသော အသုံးစရိတ်ဆိုသည်မှာ သူ၏လက်အောက်ရှိ အဆင့် (၂) နှင့် အဆင့် (၁) များအတွက် ခွဲဝေမှုများ၊ နတ်မင်းနန်းတော်၏ အကျိုးစီးပွားအတွက် တိုက်ခိုက်ရာတွင် ပျက်စီးသွားသော ရတနာများနှင့် ဒဏ်ရာရလျှင် သုံးစွဲရသော ဆေးဝါးများ စသည့် မလွှဲမရှောင်သာသော ကုန်ကျစရိတ်များ ဖြစ်သည်။
ဝမ်ရှိုချွဲကလည်း
"ကျုပ် အုပ်ချုပ်တဲ့ နယ်မြေက ပေ့ချိန် လို့ ခေါ်ပါတယ်။ နှစ်စဉ် အသုံးစရိတ်တွေ နုတ်ပြီးရင် မသေမျိုးကျောက်တုံး ၅၀ ကနေ ၇၀ အထိ ပိုလျှံပါတယ်"
ဟု တင်ပြသည်။
"ကြယ်မိုး မသေမျိုးအရှင်က ကျုပ်တို့ နန်းတော်စောင့် မသေမျိုးတွေကို ပေးတဲ့ လစာက တစ်နှစ်ကို မသေမျိုးကျောက်တုံး ၁၀ တုံးပါ။ ဒါက ကျုပ်တို့ရဲ့ ကုန်ဆုံးမှုကို ကာမိရုံပဲ ရှိပြီး ကျင့်ကြံခြင်းကို အနည်းငယ် တိုးတက်စေပါတယ်"
"အဆင့် (၂) တွေရဲ့ အသားတင်အမြတ်ကတော့ နည်းပါတယ်၊ တစ်နှစ်ကို ၁၀ တုံးကျော်လောက်ပဲ ရှိတာပါ။ အဆင့် (၁) တွေကတော့ တစ်နှစ်ကို ၃ တုံးကနေ ၅ တုံးအထိ ပိုလျှံရင် အထက်က ဘာမှဝင်မမေးတော့ပါဘူး။ နတ်မင်းနန်းတော်က သူတို့ကို ပေးတဲ့ လစာက ၃ နှစ်မှ ၁ တုံးပါ"
"ခြုံပြောရရင်... အသုံးစရိတ်တွေ နုတ်ပြီးရင် ရှီးဇီအန်း ချန်ထားခဲ့တဲ့ နယ်မြေတွေရော ယွီမိတ်ဆွေဘက်ကပါ ပေါင်းလိုက်ရင် တစ်နှစ်ကို မသေမျိုးကျောက်တုံး ၆၀၀ ဝန်းကျင် ပိုလျှံပါတယ်။ ဒီပိုလျှံသမျှကို ကြယ်မိုး မသေမျိုးအရှင်ဆီ အပ်ရတာပါ"
"သူကလည်း အဲဒီထဲက အစိတ်အပိုင်း တစ်ခုကိုပဲ ချန်နိုင်မှာပါ၊ အများစုကိုတော့ သူ့ရဲ့ ဆရာဖြစ်တဲ့ နန်ချင်ကြယ်တာရာနယ်မြေ က ရှေးဟောင်းမသေမျိုး တစ်ပိုင်း ထိုက်ရွှီမသေမျိုးအရှင် ဆီကို ဆက်သရတာ ဖြစ်ပါလိမ့်မယ်"
ဖန့်ချန်က ခေါင်းညိတ်လိုက်သည်။
ထိုနှစ်ဦး၏ တင်ပြချက်အရ နတ်မင်းနန်းတော်သည် အပြင်ပန်းတွင် မြင်ရသလောက် အေးချမ်းလှသည်တော့ မဟုတ်ချေ။
သို့သော် အောက်ခြေရှိ အဆင့် (၃)၊ အဆင့် (၂) နှင့် ခူမု၊ ဝမ်ရှိုချွဲတို့ကဲ့သို့ အဆင့် (၄) များနှင့် နှိုင်းယှဉ်လျှင် ကြယ်မိုး မသေမျိုးအရှင်သည် နတ်မင်းနန်းတော်၏ အရှင်သခင်ဖြစ်ရာ သူ၏ ဝင်ငွေနှင့် ထွက်ငွေကို မျှတအောင် ထိန်းထားနိုင်ရုံသာမက၊ အဆင့် (၅) တွင် အထွတ်အထိပ်သို့ ရောက်သည်အထိ ကျင့်ကြံရန်နှင့် အဆင့် (၆) သို့ တက်လှမ်းရန်အတွက်ပါ ပိုလျှံသော ကျောက်တုံးများ ရှိနေပေလိမည်။
ထိုအရာအားလုံးမှာ သူမ၏ နောက်ကွယ်တွင် ထိုက်ရွှီမသေမျိုးအရှင် ရှိနေသောကြောင့်ပင်။
ရှေးဟောင်းနယ်မြေ ရှိ အင်အားစုအသီးသီးသည် ထိုအချက်ကို သိရှိထားသရွေ့ ကိစ္စအတော်များများတွင် နတ်မင်းနန်းတော်အတွက် လမ်းဖွင့်ပေးထားကြသည်။
ရှေးဟောင်းမသေမျိုး တစ်ပိုင်း တစ်ဦးတည်းနှင့်ပင် ဤမျှ ထိရောက်သော ခြိမ်းခြောက်မှု ရှိနေလျှင်၊ တကယ့် အဆင့် (၇) ရှေးဟောင်းမသေမျိုး တစ်ဦးဆိုလျှင် ပြောနေစရာပင် မလိုတော့ချေ။
ထိုကဲ့သို့သော တည်ရှိမှုများ၏ လက်အောက်ခံ အင်အားစုများမှာ သေချာပေါက် အမြစ်တွယ်နေပေလိမည်။
ထိုသို့ရှိမှသာလျှင် သူတို့အတွက် လုံလောက်သော ကျင့်ကြံခြင်း အရင်းအမြစ်များကို ထောက်ပံ့ပေးနိုင်မည် ဖြစ်သည်။
အချို့သော တည်ရှိမှုများမှာ ဤကဲ့သို့ စီမံခန့်ခွဲရန် စိတ်မပါလျှင်တောင် ကြီးမားသော အင်အားစုများ၏ အကြံပေးပုဂ္ဂိုလ် သို့မဟုတ် ဧည့်သည်တော်များ ဖြစ်လာကြပြီး ထိုက်တန်သော ခံစားခွင့်များကို ရယူကြသည်။
ထိုထိုက်ရွှီမသေမျိုးအရှင်သည်လည်း ထိုင်စားနေသူ မဟုတ်ချေ။
သူ၏ တပည့်ဖြစ်သူ ဂျီကန်း ကို ကျွယ်မင်နတ်နန်းတော် သို့ ပို့ထားခြင်းမှာ သူ၏ လက်ချက် ဖြစ်ပေလိမည်။
သူသည် ကျွယ်မင်နတ်နန်းတော်နှင့်လည်း ရင်းနှီးသော ပတ်သက်မှု ရှိနေသဖြင့် လီရှန်းဇီ ကို မသေမျိုးဆွေးနွေးပွဲတွင် ကိုယ်ထင်ပြစေကာ ထို ရှေးဟောင်းမသေမျိုး ရွှေခန္ဓာကိုယ်၏ မသေမျိုးစာရင်း ကို အရယူခိုင်းခြင်း ဖြစ်သည်။
အရာအားလုံးက တစ်ခုနဲ့တစ်ခု ဆက်နွှယ်နေတာပဲ
အကယ်၍ အစောပိုင်းကတည်းက ဖန့်ချန်သည် လုံလောက်သော စွမ်းအားရှိသည်ဟု ယူဆကာ နတ်မင်းနန်းတော်ကို ပြောင်ပြောင်တင်းတင်း ရန်ပြုခဲ့မည်ဆိုလျှင် သူ ရင်ဆိုင်ရမည်မှာ ကြယ်မိုး မသေမျိုးအရှင် တစ်ဦးတည်း မဟုတ်တော့ချေ။
သူမ၏ နောက်ကွယ်ရှိ ထိုက်ရွှီမသေမျိုးအရှင်၊ ထိုက်ရွှီမသေမျိုးအရှင်၏ နောက်ကွယ်ရှိ ကျွယ်မင်နတ်နန်းတော်တို့ကိုပါ ရင်ဆိုင်ရမည် ဖြစ်သည်။
"နောင်ကျရင် ဒီ စုစုပေါင်း အသားတင်အမြတ်ထဲက ကျောက်တုံး ၁၀၀ ကို ဖဲ့ထုတ်ပြီး ယွီမိတ်ဆွေဆီ အပ်လိုက်ပါ"
ဟု ဖန့်ချန်က စဉ်းစားပြီးနောက် ပြောလိုက်သည်။
ခူမုနှင့် ဝမ်ရှိုချွဲတို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး စိတ်သက်သာရာရစွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
မသေမျိုးကျောက်တုံး ၁၀၀ ဆိုသည်မှာ နည်းနည်းပါးပါး လက်လှည့်လိုက်ရုံဖြင့် အလွယ်တကူ ဖုံးကွယ်ထားနိုင်သည့် ပမာဏပင်။
ကြယ်မိုး မသေမျိုးအရှင် ကိုယ်တိုင် ဆင်းလာပြီး စာရင်းစစ်နေမည် မဟုတ်သလို၊ ဤစာရင်းများကို စစ်ဆေးရန်မှာ အဆင့် (၅) မသေမျိုး တစ်ဦးအတွက်ပင် စွမ်းအင်နှင့် အချိန် အလွန်ကုန်ဆုံးစေမည် ဖြစ်သည်။
"နောင်ကျရင် အဲဒီ ကျောက်တုံး ၁၀၀ နဲ့အတူ ဖန်တီးရှင်ဂြိုလ်ကနေ နတ်မင်းနန်းတော်ကို အပ်ပြီး ကျန်တဲ့ ပိုလျှံသမျှကို မင်းတို့ကိုယ်တိုင်နဲ့ မင်းတို့လက်အောက်က လူတွေကို အချိုးကျ ခွဲဝေပေးလိုက်ပါ။ လူ့လောကကိုးခုမှာ ရုပ်ခန္ဓာရှိနေသရွေ့ အားလုံး ဝေစုရရမယ်"
ဖန့်ချန်က ယွီထင်ကျဲကို ကြည့်ကာ ပြောလိုက်သည်။
ယွီထင်ကျဲက ခပ်ဖွဖွ ခေါင်းညိတ်ပြရင်း
" ဘယ်လိုလုပ်ရမလဲဆိုတာ သိပါပြီ"
ဟု ဆိုသည်။
နတ်မင်းနန်းတော်၏ ကိစ္စများမှာ ခေတ္တမျှ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ရာ၊ ဖန့်ချန်သည် သတ်မှတ်ထားသည့် အချိန်အတိုင်း ဘိလပ်မြို့သို့ သွားရောက်ကာ နင်ပေ့ယိုတို့နှင့် ချိန်းဆိုထားသော နေရာသို့ ရောက်ရှိလာခဲ့သည်။
ယခင်က လင်ပေါင်ကို ဘွဲ့နှင်းခန့်အပ်ခဲ့သည့် လက်ဖက်ရည်ဆိုင်ပင် ဖြစ်သည်။
"ဖန့်မိတ်ဆွေ... မင်း ငါတို့ကို ရှင်းပြချက်တစ်ခု ပေးရမယ်"
ဖန့်ချန် လက်ဖက်ရည်ဆိုင်ထဲသို့ ဝင်ဝင်ချင်းမှာပင် ရွှီနန်ကွေ့ ၏ မေးခွန်းထုတ်ခြင်းကို ရင်ဆိုင်လိုက်ရတော့သည်။
အခန်း (၁၃၂၄) - စည်းရုံးသိမ်းသွင်းခြင်း
စည်ကားလှသော လက်ဖက်ရည်ဆိုင်အတွင်း၌ ရွှီနန်ကွေ့နှင့် နင်ပေ့ယိုတို့ နှစ်ဦးစလုံးသည် ယင်လောကကူးသူများ၏ အငွေ့အသက်များကို ဆောင်ကြဉ်းထားကြသော်လည်း ဘိလပ်မြို့ကဲ့သို့ နေရာမျိုးတွင်မူ ထိုအရာမှာ ထူးထူးခြားခြား သိသာထင်ရှားခြင်း မရှိလှပေ။
၎င်းတို့နှစ်ဦးအပြင် တည်ငြိမ်အေးဆေးသော အမူအရာရှိသည့် အမျိုးသမီးတစ်ဦးလည်း ပါဝင်နေသေးရာ သူမမှာ ရှဲ့ကျစ် အဖွဲ့ဝင်ဟောင်းဖြစ်သူ လင်အန်းလန် ပင် ဖြစ်သည်။
ရွှီနန်ကွေ့၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်ရချိန်တွင် ဖန့်ချန်က ပြုံးရုံသာ ပြုံးပြလိုက်ပြီး ၎င်းတို့သုံးဦး၏ ရှေ့တွင် ဝင်ထိုင်ကာ မိမိဘာသာ လက်ဖက်ရည်တစ်ခွက် ငှဲ့လိုက်သည်။
"မင်းတို့ သုံးယောက်ပဲ လာတာလား"
ဖန့်ချန်က ပေါ့ပေါ့ပါးပါးပင် မေးလိုက်သည်။
နင်ပေ့ယိုက ခေါင်းညိတ်ရင်း
"ဘာလဲ... မင်း တော်တော် စိတ်ပျက်သွားလို့လား"
"မဟုတ်ပါဘူး... ငါက မင်း နဲ့ ရွှီမိတ်ဆွေပဲ လာမယ်လို့ ထင်ထားတာ၊ လင်မိတ်ဆွေပါ ပါလာတာကတော့ မမျှော်လင့်ထားတဲ့ ဝမ်းသာစရာပဲ"
ဖန့်ချန်က လင်အန်းလန်ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
လင်အန်းလန်ကလည်း ယဉ်ကျေးစွာပင် ခေါင်းညိတ်တုံ့ပြန်လိုက်သော်လည်း သူမ၏ မျက်ဝန်းထဲတွင်မူ ဖုံးကွယ်မထားသော စူးစမ်းလိုစိတ်များ ဝေ့သီနေသည်။
"ဒီတစ်ခေါက် ငါတို့ကို ဒီနေရာအထိ ခေါ်လိုက်တာ ဘာကိစ္စရှိလို့လဲ"
လင်အန်းလန်က တိုးညင်းသောအသံဖြင့် မေးလိုက်သည်။
"မြို့ပြင်ရောက်မှ ပြောကြတာပေါ့"
ဖန့်ချန်က လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး ဆိုင်ထဲမှ ထွက်ခွာကာ ဘိလပ်မြို့ပြင်သို့ ဦးတည်လျှောက်လှမ်းသွားတော့သည်။
လင်အန်းလန်က နောက်မှ လိုက်သွားရန် ပြင်လိုက်သော်လည်း ရွှီနန်ကွေ့က သူမ၏ လက်မောင်းကို လှမ်းဆွဲကာ တားလိုက်သည်။
သူ၏ မျက်လုံးများက ဖန့်ချန်၏ နောက်ကျောကို သံသယစိတ်ဖြင့် စိုက်ကြည့်နေရင်း
"လင်မိတ်ဆွေ... သတိထားဦး၊ တစ်ခုခု လှည့်ကွက်ရှိနိုင်တယ်"
ထို့နောက် ရွှီနန်ကွေ့က ဖန့်ချန်ကို လှမ်းအော်ပြောလိုက်သည်
"ဖန့်မိတ်ဆွေ... ပြောစရာရှိရင် ဒီမှာတင် ပြောလိုက်ပါလား၊ ဘာလို့ မြို့ပြင်အထိ ထွက်နေရမှာလဲ"
ဖန့်ချန်က ဘာမှပြန်မပြောဘဲ လက်ရမ်းပြရုံသာ ပြလိုက်သည်။
အကယ်၍ ၎င်းတို့သုံးဦးသာ သူ့နောက်သို့ မြို့ပြင်အထိ လိုက်မလာခဲ့လျှင် သူသည် ၎င်းတို့အပေါ် ဘွဲ့နှင်းခန့်အပ်ရန် အစီအစဉ်ကို လက်လျှော့လိုက်မည်ဖြစ်သည်။
ဤသုံးဦးမှာ ဟွမ်ချင်းကျွဲ ကိုယ်တိုင် အထပ်ထပ်အခါခါ စိစစ်ရွေးချယ်ထားသူများ ဖြစ်သော်လည်း ဟွမ်ချင်းကျွဲ ၏ လက်အောက်ခံ ရှဲ့ကျစ်အဖွဲ့ဝင်များအတွင်း၌ပင် ပြဿနာများ ပေါ်ပေါက်ခဲ့ဖူးရာ ဟွမ်ချင်းကျွဲ ၏ လူရွေးချယ်မှုမှာ အမှားအယွင်း ကင်းစင်မည်ဟု မဆိုနိုင်ပေ။
ရွှီနန်ကွေ့၏ မျက်နှာမှာ မှောင်ကျသွားပြီး နင်ပေ့ယိုကို ကြည့်ကာ
"ဒီကောင် တစ်ခုခုတော့ မှားနေပြီနော်"
နင်ပေ့ယိုက ဝေခွဲမရစွာဖြင့်
"သူက ချင်းကျွဲ မိတ်ဆွေ ရွေးချယ်ထားတဲ့ ရှဲ့ကျစ်အဖွဲ့ဝင်တစ်ယောက်ပဲ၊ အဆင့် (၂) ဓားကျင့်ကြံသူဖြစ်သလို ရှေးဟောင်းနယ်မြေ ဇာတိလည်း ဖြစ်တာပဲ။ ကျိန်းသေပေါက် သိုင်းဝိညာဥ်နယ်မြေက ဝိညာဉ်သုတ်သင်ခြင်းဌာန နဲ့တော့ သိပ်ပြီး ပတ်သက်မှု ရှိမှာမဟုတ်ဘူး "
"တကယ်လို့ သူက တစ်ခုခု ပြဿနာရှိနေတယ်ဆိုရင် ဘာလို့ ငါတို့ကို လာဒုက္ခပေးနေမှာလဲ၊ ပြီးတော့ ရှဲ့ကျစ်အဖွဲ့ဝင်ဟောင်းတွေကိုပါ ဝေးလံတဲ့နေရာကနေ လှမ်းအကြောင်းကြားထားသေးတယ်။ ငါသိရသလောက်ဆိုရင် ငါတို့သုံးယောက်တင်မကဘူး၊ တခြားလူတွေကိုလည်း သူ သွားတွေ့ခဲ့သေးတယ်၊ ဒါပေမဲ့ ဒီနေ့မှာတော့ ငါတို့သုံးယောက်ပဲ ချိန်းဆိုမှုကို လာကြတာ "
"သူက လူပါးဝနေတာပဲ၊ ထူးခြားတာရှိရင် နောက်ကွယ်မှာ မိစ္ဆာရှိနေတတ်တယ်"
ရွှီနန်ကွေ့က ဆိုသည်။
"ဒါပေမဲ့ ငါတော့ စိတ်မချသေးဘူး"
"ဒါပေမဲ့ ရောက်တုန်းရောက်ခိုက်ပဲလေ..."
နင်ပေ့ယိုက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်
"သေသေချာချာ မမေးကြည့်ရရင် အလကား လာရသလို ဖြစ်မှာပေါ့ ငါလည်း သိချင်နေတယ်၊ သူက ငါတို့လို ရှဲ့ကျစ်အဖွဲ့ဝင်ဟောင်းတွေကို စုရုံးခိုင်းတာ ဘာရည်ရွယ်ချက် ရှိလဲဆိုတာ။ အခု ငါတို့က ရှဲ့ကျစ်အဖွဲ့ဝင်တွေ မဟုတ်တော့သလို ဌာနမှူး တွေလည်း မဟုတ်တော့ဘူး။ အကြောင်းပြချက်အရဆိုရင် ဟိုဘက်လူတွေနဲ့ ဘာအကျိုးစီးပွား ပဋိပက္ခမှ မရှိတော့ဘူး၊ သူတို့က ငါတို့ကို လိုက်လံ ရှင်းလင်းနေစရာ အကြောင်းမရှိတော့ဘူး"
လင်အန်းလန်က ခဏတာ စဉ်းစားပြီးနောက်
"ရှဲ့ကျစ် တည်ထောင်ခဲ့တဲ့ သက်တမ်းက အရမ်းတိုလွန်းတော့ လူအများကြီးကို ရန်သွားစမိဖို့ မဖြစ်နိုင်ဘူး။ အခု ငါတို့ရဲ့ အခြေအနေအရဆိုရင်လည်း ငါတို့ကို ပစ်မှတ်ထားမယ့်သူ အများကြီး မရှိနိုင်ပါဘူး။ အပြန်အလှန်အားဖြင့် ရှဲ့ကျစ်က လူစုကွဲသွားပြီဖြစ်လို့ ငါတို့သာ တစ်ခုခုဖြစ်သွားရင် အထက်လူကြီးတွေရဲ့ အာရုံစိုက်မှုကို ရသွားနိုင်တယ်၊ ဒါက ဟိုဘက်လူတွေအတွက် ကောင်းတဲ့ကိစ္စ မဟုတ်ဘူးလေ "
ရွှီနန်ကွေ့က မျက်မှောင်ကြုတ်ကာ
"လင်မိတ်ဆွေ... မင်းကပါ ဒီဖန့်မိတ်ဆွေကို ယုံနေတာလား ကျုပ်ကတော့ သူက လျှို့ဝှက်ချက်တွေ အရမ်းများတယ်လို့ ထင်တယ်။ ပြီးခဲ့တဲ့ အခေါက် နန်ချင်ကြယ်တာရာနယ်မြေတုန်းကဆိုရင်လည်း ကျုပ်တို့ သူ့ရဲ့ ကိုယ်ပွားရုပ်သေးကိုပဲ မြင်ခဲ့ရတာ၊ သူ့ရဲ့ ကိုယ်စစ်ကိုတောင် မတွေ့ခဲ့ရဘူး "
"အဲဒါကြောင့်ပဲ ဖန့်မိတ်ဆွေက အလုပ်လုပ်ရာမှာ အစစအရာရာ သတိကြီးကြီးထားတယ်လို့ ပြောလို့ရတာပေါ့၊ ကျုပ်တို့ ရှဲ့ကျစ်အဖွဲ့ဝင်တုန်းကလည်း ဒီစည်းမျဉ်းကိုပဲ လိုက်နာခဲ့ကြတာ မဟုတ်လား"
နင်ပေ့ယိုက ပြောပြီးနောက် ဖန့်ချန် ထွက်ခွာသွားသည့်ဘက်သို့ လိုက်ပါသွားတော့သည်။
"ရွှီမိတ်ဆွေ... မင်းနဲ့ လင်မိတ်ဆွေ ဘယ်လိုပဲတွေးတွေး၊ ငါကတော့ သူ ငါတို့ကို ဘာလို့ရှာတာလဲဆိုတာ ရှင်းရှင်းလင်းလင်း သိချင်တယ်"
"စူးစမ်းလိုစိတ်က လူကို သေစေနိုင်တယ်နော်"
နင်ပေ့ယိုက ဖန့်ချန်နောက်သို့ လိုက်သွားသည်ကို မြင်သောအခါ ရွှီနန်ကွေ့မှာ နှာခေါင်းတစ်ချက် ရှုံ့လိုက်ပြီးမှ မလိုက်မဖြစ် လိုက်သွားရတော့သည်။
တစ်ဆက်တည်းမှာပင် လင်အန်းလန်ကိုပါ ခေါ်ဆောင်သွားခဲ့သည်။
"ကျုပ်တို့ သုံးယောက်စလုံးက အဆင့် (၃) မသေမျိုးတွေပဲ၊ သူက အဆင့် (၂) ဓားကျင့်ကြံသူ ဖြစ်နေပါစေဦး၊ ကျုပ်တို့ကို တစ်ခုခုလုပ်ဖို့ ကြံရင်တောင် သုံးယောက်ပေါင်းပြီး အလွယ်တကူ ခုခံနိုင်ပါတယ်"
ဘိလပ်မြို့မှ ထွက်ခွာလာပြီးနောက် ဖန့်ချန်သည် ၎င်းတို့သုံးဦးကို မိုင်ပေါင်း ၅၀၀ ခန့် ခေါ်ဆောင်သွားပြီးမှ ယွီထင်ကျဲနှင့် နဂါးအိုကြီးတို့ကို ကိုယ်ထင်ပြခိုင်းကာ ၎င်းတို့သုံးဦးကို တိုက်ရိုက် ဖိနှိပ်ချုပ်ကိုင်လိုက်တော့သည်။
အဆင့်ဆင့်သော တားမြစ်ချက်များမှာ တစ်ထပ်ပြီးတစ်ထပ် ကျရောက်လာပြီး ဤဝန်းကျင်တစ်ခုလုံးကို လေမလုံ၊ ရေမလုံအောင် ပိတ်ဆို့လိုက်လေသည်။
ရွှီနန်ကွေ့က ဤမြင်ကွင်းကို မြင်သောအခါ နင်ပေ့ယိုနှင့် လင်အန်းလန်တို့ကို လက်နှစ်ဖက် ဘေးသို့ဆန့်ထုတ်ပြရင်း ပြောလိုက်သည်
"တွေ့ပြီလား ငါ့ရဲ့ သံသယက မှန်နေတာပဲ၊ ဖန့်လို့ခေါ်တဲ့ကောင်က ငါတို့ကို တကယ် လက်စဖျောက်ဖို့ ကြံနေတာ။ ကြည့်ရတာ ကျုပ်တို့ အရင်က ဖမ်းခဲ့တဲ့လူတွေထဲမှာ သူနဲ့ ပတ်သက်တဲ့လူတွေ ပါနေပုံရတယ်"
လင်အန်းလန်၏ အမူအရာမှာ တည်ကြည်လေးနက်သွားသည်။
နင်ပေ့ယိုကမူ ဖန့်ချန်ကို အတန်ကြာ စိုက်ကြည့်နေပြီးမှ ယွီထင်ကျဲနှင့် နဂါးအိုကြီးတို့ကို တစ်လှည့်စီ ကြည့်လိုက်သည်။
ထိုနှစ်ဦးထံမှ ခံစားရသော အငွေ့အသက်များမှာ အဆင့် (၄) မသေမျိုးများ ဖြစ်နေကြသည်။
အရင်တုန်းက ဟွမ်ချင်းကျွဲ ကဲ့သို့သော တည်ရှိမှုမျိုး၏ ဘေးတွင်ပင် တန့်ဌာနမှူး ကဲ့သို့သော အဆင့် (၄) မသေမျိုး တစ်ဦးတည်းသာ အမြဲလိုက်ပါ စောင့်ရှောက်ခဲ့ရခြင်း ဖြစ်သည်။
ယခုမူ ဟွမ်ချင်းကျွဲ ရှာပေးထားသော ရှဲ့ကျစ်အဖွဲ့ဝင်တစ်ဦးဖြစ်သည့် ဖန့်ချန်၏ ဘေးတွင်ပင် သူ့ကို အလုပ်အကျွေးပြုရန် အဆင့် (၄) မသေမျိုး နှစ်ဦးတောင် ရှိနေသည်လား
"ဖန့်မိတ်ဆွေ... မင်းက တကယ်တော့ ဘယ်ဘက်ကလူလဲ ဝိညာဥ်နတ်ဘုရားဂိုဏ်း က ကျင့်ကြံသူလား "
နင်ပေ့ယိုက သက်ပြင်းတစ်ချက်ကို ခပ်ဖွဖွချလိုက်ရင်း
"ချင်းကျွဲ မိတ်ဆွေက မင်းကို အတော်လေး ယုံကြည်ခဲ့တာ၊ မင်း သူ့ရဲ့ ယုံကြည်မှုကို ဖျက်ဆီးလိုက်ပြီ"
"ငါက ဝိညာဥ်နတ်ဘုရားဂိုဏ်း ကျင့်ကြံသူ မဟုတ်ပါဘူး၊ အရင်တုန်းကလည်း တကယ်ပဲ ဝိညာဥ်သုတ်သင်ခြင်းဌာန အဖွဲ့ ဝင် ဖြစ်ခဲ့တာပါ။ ဒါယူး မသေမျိုးအရှင်က ငါ့ရဲ့ ဌာနမှူး ရာထူးကို ရုပ်သိမ်းလိုက်ပြီးကတည်းက အခု ငါက သာမန် လေလွင့်ကျင့်ကြံသူ တစ်ယောက်ပါပဲ"
ဖန့်ချန်က ပြုံးလျက် ဆိုသည်။
"သာမန် လေလွင့်ကျင့်ကြံသူ ဟုတ်လား သာမန် လေလွင့်ကျင့်ကြံသူ ဘေးမှာ အဆင့် (၄) မသေမျိုးတွေ ရှိနေနိုင်ပါ့မလား မင်းရဲ့ ဒီစကားက ငါတို့သုံးယောက်ကို စော်ကားနေတာပဲ။ ပြောစမ်း... မင်း တကယ်တော့ ဘာလုပ်ချင်နေတာလဲ"
ရွှီနန်ကွေ့က အေးစက်သောအသံဖြင့် ဆိုသည်။
"ကျုပ်ဖြင့် မင်းရဲ့ လှည့်စားမှုကို ယုံပြီး ဒီနေရာအထိ လိုက်လာခဲ့တာကိုး"
"ဖန့်မိတ်ဆွေ... ကျုပ်တို့ဆီမှာ မင်းလိုချင်တဲ့အရာ ရှိမယ်မထင်ဘူး၊ မင်း လူမှားနေတာ ဖြစ်နိုင်ပါတယ်"
လင်အန်းလန်က သက်ပြင်းတိုးတိုးလေး ချလိုက်မိသည်။
"တခြားလူတွေဆိုရင်တော့ ငါ အရင်လုပ်ပြီးမှ အကြောင်းကြားမှာပါ၊ ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်း သုံးယောက်အတွက်တော့ ငါ အရင်ဆုံး ရှင်းပြချက်ပေးချင်ပါတယ်၊ ပြီးမှ မင်းတို့ သုံးယောက်ရဲ့ သဘောထားကို ကြည့်ရမှာပေါ့"
ဖန့်ချန်က ဆက်ပြောသည်မှာ
"ယင်လောကငယ် ထဲမှာလည်း ဝိညာဉ်သုတ်သင်ခြင်းဌာန တစ်ခု ရှိနေတယ်ဆိုတာ မင်းတို့ သိကြမှာပေါ့ "
"...မင်းက ယင်လောက ဝိညာဉ်သုတ်သင်ခြင်းဌာန ကလား "
နင်ပေ့ယို၏ မျက်နှာတွင် အမူအရာတစ်ခု လျှပ်ခနဲ ပေါ်လာသည်
"ယင်လောကငယ်က ဖန့်အရှင် နဲ့ မင်းက ဘာပတ်သက်တာလဲ "
ရွှီနန်ကွေ့၏ မျက်နှာပေါ်မှ ဒေါသများမှာ အနည်းငယ် လျော့ပါးသွားသည်။
ယင်လောကငယ်၏ ဝိညာဉ်သုတ်သင်ခြင်းဌာနအကြောင်းကို ပြောလာသည်ဖြစ်ရာ ရှေ့မှလူ၏ ရည်ရွယ်ချက်ကို သူ ခန့်မှန်းမိသွားပြီ ဖြစ်သည်။
"အော်... မင်းက အဲဒီ ဝိညာဉ်သုတ်သင်ခြင်းဌာနအတွက် ငါတို့ကို စည်းရုံးချင်တာပေါ့ ဒါပေမဲ့ မင်း စဉ်းစားကြည့်ဦးလေ၊ ယင်လောကငယ်က ဝိညာဉ်သုတ်သင်ခြင်းဌာန ဆိုတာ ကလေးကစားစရာပဲ ရှိသေးတာ။ ယင်လောကငယ်ဆိုတာ ကျုပ်တို့လို အစွမ်းထက်တဲ့သူတွေကိုတောင် လက်ခံနိုင်စွမ်း မရှိသေးဘူးလေ၊ အဲဒီက ဝိညာဉ်သုတ်သင်ခြင်းဌာန က ဘယ်လောက်အထိ အစွမ်းထက်လာနိုင်မှာ မို့လို့လဲ "
ရွှီနန်ကွေ့က မျက်မှောင်ကြုတ်ကာ ဆိုသည်။
လင်အန်းလန်က ရုတ်တရက် ဝင်ပြောသည်မှာ
"ယင်လောကငယ်က ဝိညာဉ်သုတ်သင်ခြင်းဌာန က ယင်လောကထဲက ဝိညာဥ်နတ်ဘုရားဂိုဏ်းဝင် တွေကို အကုန် ရှင်းပစ်ခဲ့တာလေ။ ပြောရမယ်ဆိုရင်... အခု ယင်လောကငယ်ဟာ လူ့လောကကိုးခုရဲ့ ဘယ်နေရာထက်မဆို ပိုပြီး သန့်ရှင်းနေတာပဲ"
ရွှီနန်ကွေ့ မှင်သက်သွားသည်။
ဤအချက်ကို သူ ဝန်ခံရပေလိမည်။
သို့သော် သူက ဆက်လက် ငြင်းချက်ထုတ်သည်မှာ
"ယင်လောကငယ် တည်ရှိနေတာက ထူးဆန်းတယ်ဆိုပေမဲ့ လူ့လောကကိုးခုအပေါ် သက်ရောက်မှုကတော့ ကန့်သတ်ချက် ရှိနေတုန်းပဲ။ ဝိညာဥ်နတ်ဘုရားဂိုဏ်းဝင် တွေက ယင်လောကငယ်ထဲမှာ သတင်းပို့လို့ မရတော့ပေမဲ့ ဖူထူလောက ထဲမှာတော့ လှုပ်ရှားလို့ ရနေတုန်းပဲလေ။ ဒါပေမဲ့လည်း... လျှိုဝှက်စောင့်ရှောက်ရေးဌာန ရဲ့ တည်ရှိမှုကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မကြာသေးမီ နှစ်တွေအတွင်း အဲ ဌာနက စုဆောင်းရရှိထားတဲ့ သတင်းတွေက တော်တော်လေးကို အသုံးဝင်လာတယ်"
"ဖန့်မိတ်ဆွေ... ရွှီမိတ်ဆွေ ပြောသလိုပဲ၊ မင်းက ငါတို့ကို ယင်လောက ဝိညာဉ်သုတ်သင်ခြင်းဌာန မှာ အလုပ်လုပ်ဖို့ စည်းရုံးချင်တာလား အဲဒီလိုဆိုရင်လည်း တည့်တည့်ပြောလိုက်ရုံပဲလေ၊ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ"
နင်ပေ့ယိုက လေးနက်သောအသံဖြင့် ဆိုသည်။
"ယင်လောက ဝိညာဉ်သုတ်သင်ခြင်းဌာန မှာ အလုပ်လုပ်ဖို့ဆိုရင် အဓိက လိုအပ်ချက်က... မင်းတို့ဟာ နတ်ဘုရားဝိညာဥ်လမ်းစဉ်ကို လျှောက်လှမ်းရမှာဖြစ်ပြီး ဘွဲ့နှင်းခန့်အပ်ခြင်းကို လက်ခံပြီး ယင်လောကတရားဝင်နတ်ဘုရား ဖြစ်လာဖို့ပါပဲ။ ဒီကိစ္စက အလွန် အရေးကြီးလွန်းတာကြောင့် မင်းတို့ကို အသိပေးဖို့ ဒီနည်းလမ်းကို သုံးရတာပါ၊ နားလည်ပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ် "
ဖန့်ချန်က ပြုံးလျက် ဆက်ပြောသည်
ကဲ... အခု မင်းတို့ သုံးယောက်ရဲ့ ဆုံးဖြတ်ချက်ကို ပြောပြနိုင်ပါပြီ"