ရွက်လွှင့်သွားသော အရိုးသင်္ဘောကြီး
Vol. 10 Ch. 952
ပိုင်ရှောင်ချန်း၏ အသံမှာ ကွဲအက်ကာ စိတ်ပျက်အားလျော့နေသည့်ပုံစံ ပေါက်နေသော်လည်း ဖော်ပြ၍မရနိုင်သော ပြတ်သားမှုတို့ဖြင့် ပြည့််နှက်နေသည်။ သူစကားပြောလိုက်သည့်အခါတိုင်း သူ၏စကားလုံးများက ကောင်းကင်နှင့်ကမ္ဘာမြေကြီ၏ သဘာဝဥပဒေသများ အပြည့်အဝ ပါဝင်နေသည့်အလားဖြစ်နေပြီး ၎င်းတို့အား ကျယ်လောင်စူးရှစွာ ပဲ့တင်ထပ်နေစေတော့သည်။
ယခုအခါ သရဲမယ်တော်က ကုန်းစွန်ဝမ်အာကို ဝါးမျိုနေဆဲဖြစ်၍ သူမ၏ မျက်နှာအသွင်အပြင်များမှာ ပို၍ထင်ရှားလာသည်။ သူမ၏ မျက်လုံးများ၊ နှာခေါင်းနှင့် ပါးစပ်များအားလုံး ပေါ်ပေါက်လာပြီး အလွန်ချောမောလှပသည့် မိန်းမပျိုတစ်ဦး၏ မျက်နှာတစ်ခု ထွက်ပေါ်လာတော့သည်။
သူမ၏အသားအရေမှာ ဖြူစင်ဝင်းလက်နေပြီး အလွန်ညှို့ယူဖမ်းစားနိုင်သည့် ရွှန်းလဲ့နေသော မျက်ဝန်းများကိုပါ ပိုင်ဆိုင်ထားသဖြင့် ခြုံငုံကြည့်လိုက်ပါက အံ့သြဖွယ်ကောင်းလောက်အောင် ချောမောလှပနေသည်။
ယခင်က ပြတ်နေသော သူမ၏ဘယ်ဖက်လက်မှာလည်း တဖြည်းဖြည်းပြန်ထွက်လာပြီး တစ်ခဏအတွင်း နဂိုမူလအတိုင်း ပြန်ဖြစ်သွားသည်။ တချိန်တည်းမှာပင် အလွန်တရာမှ စွမ်းအားကြီးမားလှသော အငွေ့အသက်တစ်ခု သူမထံမှ ထွက်ပေါ်လာတော့သည်။
" မင်းက ငါ့ကို ခြိမ်းခြောက်နေတာလား "
သူမသည် ကောင်းကင်ယံရှိ ကြယ်တာရာများကဲ့သို့ ညှို့ယူဖမ်းစားနိုင်သည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းအားကြည့်၍ မေးလိုက်သည်။
သို့သော် ပိုင်ရှောင်ချန်းက အနည်းငယ်မျှပင် စိတ်မယိမ်းယိုင်သွားဘဲ ရူးသွပ်လုမတတ် ဖြစ်နေသည့်ပုံစံဖြင့် ကြိမ်းဝါးလိုက်၏။
" မဟုတ်ဘူး။ ခြိမ်းခြောက်နေတာမဟုတ်ဘူး။ သစ္စာကျိန်ဆိုလိုက်တာ "
ပိုင်ရှောင်ချန်းက မည်သည့်စကားပြောဆိုရမည်ကို စိတ်ထဲမှာပင် မတွေးတောနေတော့ပေ။ သူသာ ထိုသို့တွေးတောနေခဲ့ပါက သူ၏ပင်ကိုစရိုက်အရဆိုလျှင် ထိုသို့သော စကားမျိုးကို သရဲမယ်တော်အား လုံးဝ ပြောရဲမည်ပင် မဟုတ်ချေ။ သို့သော်... ထိုသည်က ပိုင်ရှောင်ချန်း၏စိတ်ထဲတွင် အမြစ်တွယ်နေသော တခြားပင်ကိုယ်စရိုက်တစ်ခုသာ ဖြစ်ပေသည်။
သူသည် သေရမည်ကိုကြောက်သော်လည်း သူ၏မိတ်ဆွေ သို့မဟုတ် သူ၏မိသားစုဝင်ဟု သတ်မှတ်ထားသော လူတစ်ယောက် ဒုက္ခရောက်နေရသည်ကိုမြင်ရသည့်အချိန်တိုင်း သူက ထွက်ပြေးမည်မဟုတ်သလို သရဲဘောကြောင်နေမည်လည်း မဟုတ်ပေ။
ယခုအချိန်တွင် ပိုင်ရှောင်ချန်းမှာ အကြောက်တရားဆိုသော အရာကို သိပင်မသိတော့ချေ။ သူသိနေသည့် တစ်ခုတည်းသောအရာမှာ ဟိုရှောင်မေ့အသက်အန္တရာယ်နှင့် ကြုံနေရသည်ဆိုသော အချက်သာ ဖြစ်သည်။ အကယ်၍လိုအပ်ပါက သူက သူ၏တပည့်အား ဆက်သွယ်၍ သင်္ချိုင်းစောင့်ကြီးကိုပင် ဆင့်ခေါ်ကာ သရဲမယ်တော်အား တားဆီးရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်သည်။
သူ၏မျက်ဝန်းထဲရှိ ဒေါသများကိုကြည့်ပါက သူ မည်သို့တွေးတောနေသည်ဖြစ်ကြောင်းနှင့် မည်မျှအထိပြတ်သားနေကြောင်းကို သိနိုင်သည်။ သရဲမယ်တော်မှာ ထိုအချင်းအရာအား သတိထားမိလိုက်သဖြင့် အလွန်အမင်း အံ့အားသင့်သွားရသည်။ သူကျိန်ဆိုလိုက်သည့် သစ္စာအား တုံ့ပြန်သောအားဖြင့် သူမ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီး၏ စိတ်ဆန္ဒ တရိပ်ရိပ်ပေါ်ထွက်လာနေသည်ကို အာရုံခံမိလိုက်သည်။
မည်သည့်အကြောင်းကြောင့်မသိ သူမမှာ နှလုံးခုန်နှုန်းမြန်လာတော့သည်။ သူမ၏မျက်ဝန်းထဲတွင် ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူ တစ်ယောက်အဆင့်ထက် မပိုပေ။ သူ့မှာရှိနေသည့် သင်္ချိုင်းစောင့်အဘိုးကြီး၏ အမိန့်ပေးဆွဲပြားကြောင့်သာမဟုတ်ပါက သူမက တွေးတောနေစရာပင်မလိုပဲ သူ့အား အမှုန့်ချေပစ်လိုက်နိုင်စွမ်းရှိသည်။ သို့သော် သူမသာ ဟိုရှောင်မေ့၏ ဝိညာဥ်ကိုဝါးမျိုလိုက်ပါက ေနာင်ချိန်ချိန်တွင် အစွမ်းထက်ရန်သူတစ်ယောက်နှင့် ရင်ဆိုင်ရမည်ဖြစ်ကြောင်း သူမ၏ မသိစိတ်က သတိပေးနေတော့သည်။
ထိုသို့ ရုတ်တရက်ပေါ်ထွက်လာသည့် ခံစားချက်ကြီးကြောင့် သရဲမယ်တော်၏မျက်ဝန်းများမှာ ဖျတ်ခနဲလက်သွားပြီး ဟိုရှောင်မေ့ကိုဝါးမျိုရန် သူမ ဆင့်ခေါ်ထားသည့် ပါးစပ်ကြီးမှာ ပျောက်ကွယ်သွားတော့သည်။ ထို့နောက် သူမက လက်ကိုဝှေ့ယမ်းလိုက်ပြီး ဟိုရှောင်မေ့၏ ဝိညာဥ်အား သူမ၏ခန္ဓာကိုယ်ထဲသို့ ပြန်၍ထည့်သွင်းလိုက်တော့သည်။
" ဒီကလေးမလေးရဲ့ အပြင်ခန္ဓာကိုယ်က မဆိုးဘူးပဲ။ ပြီးတော့ သူက ဒီကောင်လေးနဲ့လည်း ထူးထူးခြားခြား ဆက်နွယ်နေသေးတာ။ ဒီကလေးမကို တပည့်အဖြစ် ခန့်ရင်ကောင်းမယ်နဲ့ တူတယ် "
ထိုသို့ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် သူမက လက်ကိုဝှေ့ယမ်းလိုက်ပြီး သတိမေ့နေသည့် ဟိုရှောင်မေ့အား သူမ၏ အင်္ကျီလက်ထဲသို့ ထည့််လိုက်တော့သည်။ ထို့နောက် သူမက အရိုးသင်္ဘောကြီးဘက်သို့ ပြန်လှည့်သွား၏။
ပိုင်ရှောင်ချန််း၏ မျက်ဝန်းများထဲမှ သွေးမျက်ရည်များကျလုမတတ် ဖြစ်နေပြီး သူ၏အသက်ရှူသံများမှာလည်း အလွန်မြန်ဆန် ကျယ်လောင်နေတော့သည်။
ထိုစဥ် သရဲမျက်နှာသုံးခုကို ရင်ဆိုင်နေရသည့် ကောင်းကင်ဧကရာဇ်မှာ နောက်သို့ ဆက်၍ဆုတ်ခွာနေရဆဲပင်။
" သရဲမယ်တော် "
သူက အလောတကော အော်ခေါ်လိုက်သည်။
“ ငါတို့နှစ်ယောက် သဘောတူထားတယ်လေ။ ငါတို့... "
" ငါတို့နှစ်ယောက် သဘောတူထားတယ်။ ဟုတ်လား "
သူမက ကြားဖြတ်၍ ဝင်ပြောလိုက်သည်။ ထို့နောက် သူမသည် ရယ်မောကာ ပြန်ဖြေလိုက်၏။
" ရယ်စရာကောင်းလိုက်တာရှင် "
သူမ၏ မျက်ဝန်းထဲရှိ အထင်သေးနေသည့်အကြည့်ကို အထင်အရှားမြင်နိုင်ပေသည်။ ယခင်က သူမသည် မဖြစ်မနေဟန်ဆောင်ခဲ့ရပါသော်လည်း ယခုတွင်မူ ဤကမ္ဘာကြီးထဲတွင် လျှို့ဝှက်ဆန်းကြယ်သော သင်္ချိုင်းစောင့်ကြီးမှလွဲ၍ သူမ ကြောက်ရွံ့နေရမည့် အခြားမည်သူမှ မရှိတော့ပေ။
ဤကောင်းကင်ဧကရာဇ်အဆင့်သို့ မရောက်သေးသည့် ကျင့်ကြံသူလေးကို သူမက စိတ်ထဲမှာပင်ထည့်မတွက်ပေ။ အကယ်၍ သူသာ သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီး၏ စွမ်းအားများနှင့် မချိတ်ဆက်နေပါက သူမသည် သူ့အားသတ်၍ စတုတ္ထမြောက်အလံအဖြစ် ပြောင်းလဲလိုက်မည်သာဖြစ်သည်။
" ကံဆိုးတာက သူ့ကို ဒီကမ္ဘာကြီးရဲ့ စွမ်းအားတွေက ထောက်ပံ့ပေးထားတော့ အခုလောလောဆယ် သူ့ကိုသတ်ဖို့က အရမ်းခက်နေလိမ့်မယ်။ ငါသာ ကောင်းကင်ဧကရာဇ်အဆင့်ကနေ လောကနတ်ဘုရားအဆင့်ကို ဖောက်ထွက်နိုင်လို့ကတော့ သဘာဝဥပဒေသတွေကို ဂရုစိုက်စရာမလိုပဲ သူ့ကိုသတ်လို့ရပြီ။ အခုလောလောဆယ်ကတော့ ဒီကမ္ဘာပေါ်ကလူတစ်ယောက်ကပဲ ကမ္ဘာကြီးရဲ့ ခွင့်ပြုချက်ရ၊မရကို စိတ်ပူနေစရာမလိုပဲ သူ့ကိုသတ်နိုင်မှာ "
အခြားကျင့်ကြံသူများစွာ၏ရှေ့တွင် သရဲမယ်တော်၏ ပေါ်ပေါ်ထင်ထင် နှိမ့်ချစော်ကားခြင်းကို ခံလိုက်ရသဖြင့် ကောင်းကင်ဧကရာဇ်၏မျက်နှာအမူအရာမှာ အလွန်အရုပ်ဆိုးနေတော့သည်။
သူသည် လက်ရှိအခြေအနေကို လက်သင့်ခံရန် အခက်တွေ့နေရသည်။ မကြာသေးမီက သူသည် အောင်မြင်လုဆဲဆဲဖြစ်နေပါသော်လည်း ယခုတွင်မူ အခြေအနေအားလုံးမှာ ပြောင်းပြန်ဖြစ်သွားခဲ့ပြီဖြစ်သည်။ ကုန်းစွန်းဝမ်အာကို သူ၏ကျေးကျွန်တစ်ယောက်အသွင် ပြောင်းလဲမည့် အစီအစဥ်မှာ ပျက်ပြားသွားခဲ့ရုံသာမက ယခုတွင် သရဲမယ်တော်မှာ တန်ခိုးအာဏာ ပြန်လည်ရရှိလာပြီဖြစ်သည်။
" မျိုးမစစ် သင်္ချိုုင်းစောင့်ကြီး။ ခင်ဗျားကြီးက ကျုပ်ကို အကြိမ်ကြိမ် လိုက်ပိတ်ပင်နေခဲ့တာ "
သူက စိတ်ထဲတွင် ညည်းညူလိုက်သည်။
" မြေရိုင်းဒေသမှာတုံးကလည်း ပိတ်ပင်ခဲ့တယ်။ အခုဒီနေရာရောက်တော့လည်း ခင်ဗျားကြီးရဲ့ စနက်တွေမကင်းဘူးဆိုတာ ကျုပ်သိတယ်၊ ကျုပ် လက်မခံနိုင်ဘူး။ ဒီကမ္ဘာကြီးကနေ ထွက်ပြေးလွတ်မြောက်ရမယ်လို့ ကျုပ်ကျိန်ဆိုတယ်။ ဒီကမ္ဘာကြီးကို ကျုပ်က အုပ်ချုပ်နေတာ "
သူသည် ရူးသွပ်တော့မည့်အလား ခံစားနေရသည်။ သူရရှိခဲ့သည့် ပြင်းထန်သောဒဏ်ရာများကြောင့်သာမဟုတ်ပါက ယနေ့ဖြစ်ရပ်များမှာ ယခုလိုဖြစ်ပျက်နေမည်မဟုတ်ပေ။
သူမည်သည့်စကားမှ ထပ်မပြောနိုင်ခင်မှာပင် သရဲမယ်တော်သည် အရိုးသင်္ဘောကြီးအား တို့ထိလိုက်သည်။ သူမသည် အလွန်ချောမောလှပနေပါသော်လည်း အတိုင်းအဆမဲ့စွာ မာန်မာနထောင်လွှားနေသည့်ပုံစံ ပေါ်နေသည်။
" အခု ဒီကမ္ဘာကနေထွက်ပြီး အိမ်ပြန်ဖို့အချိန်တန်ပြီ။ ရာသီခွင်ကောင်းကင်အရိုးသင်္ဘောကြီးရေ။ ရွက်လွှင့်လိုက်စမ်းဟေ့ "
ထိုသို့ဆိုကာ သူမသည်လက်ကိုဝှေ့ယမ်းလိုက်သောအခါ လေထဲတွင် တဂျုန်းဂျုန်းမြည်သံများဖြင့် ပြည့်နှက်သွားပြီး သင်္ဘောတစ်စင်းလုံး တုန်ရီသွားတော့သည်။ တချိန်ထဲမှာပင် ထိုသင်္ဘောကြီးကို ဝန်းရံနေသည့် အရိုးပင်လယ်ကြီးမှာလည်း ပြာပုံဘဝသို့ ရောက်သွားတော့သည်။
သေမင်းနွံတော၏ မျက်နှာပြင်တစ်လျှောက်တွင် အက်ကွဲကြောင်းများ ပျံ့ထွက်သွားပြီး ထိုအက်ကွဲကြောင်းများထဲမှ အရိုးဆူးချွန်များ ပေါ်ထွက်လာသည်။ အကြီးမားဆုံးသော အက်ကွဲကြောင်းကြီးတစ်ခုထဲမှ ကြောက်မက်ဖွယ် အမြီးရိုးကြီးတစ်ချောင်းပင် ထွက်ပေါ်လာ၏။
ဧရာမ သတ္တဝါကြီးတစ်ကောင် မြေပြင်အောက်မှ အထက်သို့ပေါ်ထွက်လာတော့မည့် အလားပင်။ သင်္ဘောပေါ်တွင် ကျန်ရှိနေသည့် ကျင့်ကြံသူများစွာမှာ အားတစ်ခုက သူတို့အား ဝင်ဆောင့်လိုက်သည့်အလား ခံစားလိုက်ရပြီး ပါးစပ်ထဲမှသွေးများပန်းထွက်လာကာ သင်္ဘောပေါ်မှ လွင့်ထွက်သွားကြသည်။
ထိုလူများအတွင်း ပိုင်ရှောင်ချန်းပါ အပါအဝင်ဖြစ်သည်။
တချိန်ထဲမှာပင် အရိုးသင်္ဘောကြီးက ကောင်းကင်ပေါ်သို့ မြင့််တက်သွားသည်။ ထိုအခါ ယခုအချိန်အထိ မည်သူမှ လုံးဝမမြင်ဖူးခဲ့သည့် သင်္ဘောကြီး၏ ကိုယ်ထည် ပေါ်ထွက်လာသဖြင့် ပင့်သပ်ရှိုက်သံများ မရေမတွက်နိုင်လောက်အောင် ပေါ်ထွက်လာကြသည်။
" ဒါ...ဒါ... "
" ဘုရားရေ။ ငါတို့မြင်ခဲ့ရတာက အရိုးသင်္ဘောကြီးရဲ့ သေးငယ်တဲ့အစိတ်အပိုင်းတစ်ခုပါလား။ တကယ်ပိုကြီးတဲ့ အစိတ်အပိုင်းက မြေပြင်အောက်မှာ ဖုံးကွယ်နေခဲ့တာပဲ "
မြေပြင်ထဲမှ ပို၍ကြီးမားသည့် အရိုးသင်္ဘောကြီးတစ်စင်း ထွက်လာသည်ကိုကြည့်၍ ပိုင်ရှောင်ချန်းမှာ လူတိုင်းနည်းတူ အံ့အားသင့်နေတော့သည်။
တိတိကျကျ ပြောရမည်ဆိုလျှင် ယခင်က မြင်ခဲ့ရသည်မှာ အရွယ်အစားပိုကြီးမားသော အရိုးသင်္ဘောကြီး၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်သည်။ ယခုတွင် အရိုးပင်လယ်ကြီး ပျက်စီးသွားပြီဖြစ်ပြီး သေမင်းနွံတောမှာ ပြိုလဲနေပြီဖြစ်သဖြင့် ရှေးဟောင်းသင်္ဘောကြီး အပြည့်အဝ ပေါ်ထွက်လာတော့သည်။
တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းစွာပင် ၎င်းမှာ အရိုးများဖြင့် တည်ဆောက်ဖွဲ့စည်းထားသည့် ဧရာမ ဖွတ်ကြီးတစ်ကောင် ဖြစ်နေသည်။
ထိုဖွတ်ကြီးမှာ ကြီးမားလွန်းလှသဖြင့် အစွန်းတစ်ဖက်မှနေ၍ အခြားတစ်ဖက်သို့လှမ်းမြင်နိုင်ရန်ပင် လွန်စွာ ခဲယဥ်းလွန်းလှသည်။ ထို့အပြင် ယခင်က တွေ့မြင်ခဲ့ရသည့် အရိုးသင်္ဘောကြီးမှာ ဖွတ်ခေါင်း၏ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်နေသည်။
ဤတုန်လှုပ်ဖွယ်ဖြစ်ရပ်ကြီးမှာ လူတိုင်းလိုက်မမှီနိုင်လောက်အောင်ဖြစ်နေသည်။
ပိုင်လင်း၊ ဇောင်ထျန်ကျောက်၊ ပိုင်ရှောင်ချန်းနှင့်ရင်းနှီးသော အခြားလူများအပါအဝင် ကျင့်ကြံသူအမြောက်အမြားမှာ အလွန်အမင်းအံ့အားသင့်သွားကြသဖြင့် သွေးများပင် အန်ထွက်လာတော့သည်။
သရဲမယ်တော်က လက်များကိုဆန့်ထုတ်လိုက်သောအခါ ကောင်းကင်ကြီးမှာ တွန့်လိမ်သွားပြီး လေပွေတစ်ခုပေါ်လာသဖြင့် ကောင်းကင်နှင့်မြေပြင်တစ်ခွင် တဂျိန်းဂျိန်းမြည်ဟည်းသံများဖြင့် ပြည့်နှက်သွား၏။
ထိုလေပွေထဲသို့ကြည့်လိုက်သောအခါ အခြားကမ္ဘာဟုထင်ရသည့် နေရာကို ပိုင်ရှောင်ချန်းက လှမ်းမြင်လိုက်ရသည်။ အသေးစိတ် အတိအကျမြင်နိုင်လောက်အောင် ထိုမြင်ကွင်းက ရှင်းရှင်းလင်းလင်း မရှိပါသော်လည်း ထိုနေရာကို သူ ကောင်းမွန်စွာ အာရုံခံလိုက်နိုင်သည်။
" အိမ်ပြန်ဖို့ အချိန်တန်ပြီ "
သရဲမယ်တော်က အော်ဟစ်လိုက်၏။ သေမင်းနွံတောမှာ ပြိုလဲပျက်စီးသွားပြီး ဧရာမ အရိုးဖွတ်ကြီးက လေပွေဆီသို့ ပျံတက်သွားတော့သည်။
အဝေးမှကြည့်လျှင် ထိုဖွတ်ကြီးမှာ ကောင်းကင်ယံတွင် အပေါက်တစ်ပေါက်ထွက်ပေါ်လာစေရန် ထိုးဖောက်နေသည့် အလားပင်။
ထိုအချိန်တွင် ဟိုရှောင်မေ့တစ်ယောက်တည်းသာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံလိုက်ရသည်မဟုတ်ပဲ ထိုသင်္ဘောပေါ်တွင် အခြားကျင့်ကြံသူများ ပိတ်မိနေသေးကြောင်း ပိုင်ရှောင်ချန်းက ပြန်လည်အမှတ်ရသွားတော့သည်။ ကျင့်ကြံသူ ဒါဇင်ပေါင်းများစွာပင် ကျန်ရှိနေသေးသည်။
ထိုကျင့်ကြံသူများအနက်တစ်ယောက်မှာ ဖက်တီးကျန်းကြီးဖြစ်သည်။
ဖက်တီးကျန်းကြီးက ကုန်းပတ်ပေါ်တွင်ရပ်၍ တုန်တုန်ရီရီနှင့် လေပွေကြီးအားမော့ကြည့်နေသည်။ ထို့နောက် လက်များကိုမြှောက်ထားသည့် သရဲမယ်တော်ကို သူ မြင်တွေ့လိုက်ရသည်။ ထိုအချိန်တွင် ဖက်တီးကျန်းကြီးမှာ ဆတ်ခနဲ တုန်ရီသွားပြီး သူ မက်ခဲ့ဖူးသည့် အိပ်မက်တစ်ခုကို ပြန်လည်အမှတ်ရသွားတော့သည်။
" ဒါ ကမ္ဘာသစ်ကြီးလား "