အိမ်ရဲ့အငွေ့အသက်
Vol. 10 Ch. 953
ထိုအရိုးဖွတ်ကြီး ကောင်းကင်ပေါ်သို့ မြင့်တက်သွားသောအခါ သရဲမျက်နှာကြီးသုံးခုက ကောင်းကင်ဧကရာဇ်ထံမှ လေပွေဆီသို့ အတင်းအကြပ် ဆွဲယူခံလိုက်ရသည်။
သို့သော် ရယ်တစ်ဝက်ငိုတစ်ဝက် ဖြစ်နေသော သရဲမျက်နှာကြီးမှာ အခြားသရဲမျက်နှာ နှစ်ခုထက်ပင် ပို၍ဖီဆန်လိုသည့် အမူအရာပေါ်နေသည်။
" ငါ ဒီကမ္ဘာကြီးကိုကြိုက်တယ်။ ထွက်မသွားချင်ဘူး။ ဒီမှာပဲနေခဲ့ချင်တယ်... "
သို့သော် ၎င်းက မည်မျှပင်ရုန်းကန်စေကာမု အရိုးသင်္ဘောကြီး၏ ထိန်းချုပ်မှုထံမှ မလွတ်မြောက်နိုင်သဖြင့် အထက်သို့ဆွဲယူခံလိုက်ရတော့သည်။
ခဏအကြာတွင် ထိုအရိုးဖွတ်ကြီးမှာ လေပွေထဲသို့ဝင်ရောက်ရန် အနည်းငယ်မျှသာ လိုတော့သည်။ အောက်ဘက်တွင်ကျန်ရစ်ခဲ့သည့် ကောင်းကင်ဧကရာဇ်၏ မျက်နှာပေါ်တွင်မူ ဖော်ပြ၍မရနိုင်လောက်သည့် လိုအင်ဆန္ဒများဖြင့် ပြည့်နှက်နေသော အမူအရာတစ်ခုကို မြင်နိုင်သည်။
သူ၏ သဘောထားမှာမူ ရယ်တစ်ဝက်ငိုတစ်ဝက် ဖြစ်နေသည့် သရဲမျက်နှာကြီးနှင့် ပြောင်းပြန်ပင်။ သူသည် ဤကမ္ဘာကြီး၏ ထိပ်ဆုံးသို့တမ်းလှမ်းပြီး ၎င်း၏အလွန်သို့ ခြေချနိုင်ရန် ဟိုးယခင်ကတည်းက တောင့်တနေခဲ့သည်။ သို့သော် ယခုထိတိုင် သူက ဤနေရာတွင် ပိတ်မိနေဆဲပင်။ သူသည် ဧရာမအကျဥ်းထောင်ကြီးတစ်ခုထဲသို့ ရောက်နေသည့်အလား။
ဤကမ္ဘာကြီးတွင် သူ မနေထိုင်လိုတော့ပေ။ ထွက်ခွာသွားချင်နေပြီဖြစ်သည်။ သူအတင်းအကြပ် ထွက်ခွာလိုက်မည်ဆိုပါက ကမ္ဘာကြီး ပျက်စီးသွားမည်ဖြစ်ပြီး ထိုကမ္ဘာထဲရှိ လူတိုင်း သေဆုံးသွားမည်ဖြစ်သည်။ သို့သော် သူက ထွက်ခွာသွားချင်နေဆဲပင်။
ဖက်တီးကျန်းကြီးနှင့် အရိုးသင်္ဘောကြီးပေါ်တွင် ပိတ်မိနေခဲ့သည့် အခြားကျင့်ကြံသူများမှာ ကြီးမားသော အန္တရာယ်ကြီးတစ်ခုဆီသို့ ဦးတည်နေသည်။ သို့သော် ကောင်းကင်ဧကရာဇ်အတွက်မူ ထိုသင်္ဘောကြီးနှင့် လေပွေကြီးတို့မှာ အနာဂတ်ကို ကိုယ်စားပြုနေသည်။
ကောင်းကင်ဧကရာဇ်က လှစ်ခနဲလှုပ်ရှားလိုက်ပြီး အလင်းတန်းတစ်တန်းအသွင်ပြောင်း၍ လေပွေဆီသို့ပျံတက်သွားသည်။
သို့သော် သူသည် အထက်မှသက်ရောက်နေသည့် ဖိအားကြီးတစ်ခုကို ခံစားနေရသည်သာမက အောက်ဘက်ရှိ မြေပြင်များကလည်း သူ့အား ဆွဲချနေသည်။ ထိုလေပွေကြီးထံသို့ အရောက်သွားရန်မှာ သူ့အတွက် လုံးဝမဖြစ်နိုင်ပေ။
သူ၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ဤကမ္ဘာကြီး၏ စိတ်ဆန္ဒက သူ၏လုပ်ရပ်ကို ရိပ်မိလိုက်သဖြင့် ပြိုကွဲတော့မည့်အလား တုန်ရီသွားတော့သည်။ တချိန်ထဲမှာပင် ကောင်းကင်ဧကရာဇ်၏ နှုတ်မှ ဒေါသများဖြင့် ပြည့်နှက်နေပြီး ဖီဆန်လိုသော အော်ဟစ်သံတစ်သံ ပေါ်ထွက်လာတော့သည်။
" မျိုးမစစ် သင်္ချိုင်းစောင့်ကြီး၊ ခင်ဗျား။ တစ်ရက်ရက်တော့ ဒီနေရာကနေ ကျုပ်သေချာပေါက်ရအောင် ထွက်ပြမယ်။ "
သူ၏စကားသံမှာ မိုးခြိမ်းသံတစ်သံအလား ကမ္ဘာကြီးကို တုန်ရီသွားစေပြီး ဧရာမအရိုးဖွတ်ကြီး၏ ပတ်ပတ်လည်ရှိ လေထဲတွင် လျှပ်စီးတန်းများကိုပါ ပေါ်ထွက်လာစေတော့သည်။
မိုးကြိုးပင်လယ်ကြီးတစ်စင်းက ဧရာမလက်ကြီးတစ်ဖက်ကဲ့သို့ ပေါ်ပေါက်လာပြီး အရိုးဖွတ်ကြီးအားလှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။
ကောင်းကင်ဧကရာဇ်မှာ လက်ကျန်စွမ်းအားအကုန်အသုံးချ၍ ထိုအရိုးသင်္ဘောကြီး မလွတ်မြောက်သွားစေရန် တားဆီးနေတော့သည်။
ကောင်းကင်တံတားမြစ်၏ စွမ်းအားများအပြည့် ပါဝင်နေသည့် ထိုမိုးကြိုးလက်ကြီးမှာ ရွှေရောင်အဆင်းရှိပြီး အရိုးဖွတ်ကြီးအနားသို့ ကပ်လာတော့သည်။
သို့သော် ထိုလက်ကြီးက အရိုးဖွတ်ကြီးကို မထိနိုင်ခင်မှာပင် သရဲမယ်တော်က အေးစက်စက်ရယ်မောလိုက်ပြီး လက်နှစ်ဖက်ဖြင့် မန္တန်လက်ကွက်တစ်ခု ဖော်လိုက်တော့သည်။ ထိုအခါ ဖွတ်ကြီးထံမှ ချက်ချင်းပင် အနက်ရောင်မီးခိုးများ ထွက်ပေါ်လာပြီး ရွှေရောင်မိုးကြိုးလက်ကြီးဆီသို့ ဦးတည်သွားတော့သည်။
ထိုနှစ်ခု တိုက်မိသွားသောအခါ လေထဲတွင် တဂျုံးဂျုံးမြည်ဟည်းသံများဖြင့် ပြည့်နှက်သွားတော့သည်။ မိုးကြိုးလက်ကြီးမှာ ထိုမီးခိုးထုကြီးကို လုံးဝမယှဥ်နိုင်ပဲ အစိတ်စိတ်မြွှာမြွှာ ပြိုကွဲသွားတော့သည်။ ၎င်းက အပြီးတိုင် မပျက်စီးသွားခင်မှာပင် ရယ်တစ်ဝက်ငိုတစ်ဝက် သရဲမျက်နှာကြီးက ရုတ်တရက် လျှို့ဝှက်အတတ်တစ်ခုကိုသုံး၍ ဦးတည်ချက်ပြောင်းလိုက်ပြီး လက်ကြီးဆီသို့ပျံသန်းသွားတော့သည်။
ထိုသို့ ရုတ်တရက်ပြောင်းလဲသွားသည့် ဖြစ်ရပ်များကြောင့် သရဲမယ်တော် အံ့အားသင့်သွားရပြီး သူမဆီမှ သတ်ဖြတ်လိုသောအခိုးအငွေ့တစ်ခု ပေါ်ထွက်လာတော့သည်။ ကောင်းကင်ဧကရာဇ်ပင်လျှင် အံ့သြတုန်လှုပ်သွားရသည်။ သို့သော် သူသည် အလျင်အမြန် လှုပ်ရှားလိုက်ပြီး ရွှေရောင်လက်ကြီးအား ထိုရယ်တစ်ဝက်ငိုတစ်ဝက်ဖြစ်နေသည့် သရဲမျက်နှာကြီးထံသို့ လမ်းကြောင်းလွှဲလိုက်တော့သည်။
ကောင်းကင်ဧကရာဇ်၏ လက်ကြီးမှာ ထိုရယ်တစ်ဝက်ငိုတစ်ဝက်ဖြစ်နေသည့် သရဲမျက်နှာကြီးအား ဖမ်းမိသွားသောအခါ အုန်းခနဲအသံကျယ်ကြီးတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် ထိုလက်ကြီးမှာ ကောင်းကင်ဧကရာဇ်ဆီသို့ ပြန်ရောက်လာပြီးနောက် ဆုပ်ထားသည့်လက်ကိုဖြန့်လိုက်သောအခါ ထိုရယ်တစ်ဝက်ငိုတစ်ဝက်ဖြစ်နေသည့် သရဲမျက်နှာကြီးမှာ ရှိမနေတော့ပေ။
ကောင်းကင်ဧကရာဇ်က အတွေးမျိုးစုံ တဖျတ်ဖျတ် လက်နေသည့်မျက်ဝန်းများဖြင့် ရပ်ကြည့်နေတော့သည်။
သရဲမယ်တော်မှာ ထိုအချင်းအရာကို မြင်လိုက်ရသောအခါ သူမ၏သတ်ဖြတ်လိုသော အငွေ့အသက်မှာ ပို၍ အားပြင်းလာတော့သည်။ သို့သော်လည်း သူမက စကားတစ်ခွန်းမှ မပြောပေ။ အောက်ဘက်ရှိ ကမ္ဘာကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ငုံ့ကြည့်လိုက်ပြီးနောက် အာရုံလွှဲကာ အရိုးဖွတ်ကြီးအား လေပွေဆီသို့ မောင်းနှင်သွားတော့သည်။
သို့သော် ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်ပင် လုံးဝမတွေးတောထားနိုင်မည့် ဖြစ်ရပ်တစ်ခု ဖြစ်ပျက်သွားတော့သည်။ ပျက်စီးနေပြီဖြစ်သော အရိုးပင်လယ်ထဲမှ လူရိပ်တစ်ခု အထက်သို့ လျင်မြန်စွာပြန်တက်လာခြင်းပင်ဖြစ်သည်။
၎င်းမှာ ပိုင်ရှောင်ချန်းပင် ဖြစ်သည်။
" သရဲမယ်တော်၊ ဟိုရှောင်မေ့နဲ့ ကျုပ်နဲ့အစ်ကိုကြီးကို ပြန်ပေးစမ်း "
သူသည် ဖြစ်ချင်ရာဖြစ် စွန့်စားရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဟိုရှောင်မေ့နှင့် ဖက်တီးကျန်းကြီးတို့ ထိုလေပွေထဲသို့ ခေါ်ဆောင်သွားခံရသည်ကို သူ ထိုင်ကြည့်မနေနိုင်ပေ။
သူသည် မယုံကြည်နိုင်လောက်သည့် အမြန်နှုန်းမျိုးဖြင့် ပျောက်ကွယ်စပြုနေပြီဖြစ်သော အရိုးဖွတ်ကြီးဆီသို့ ပျံတက်သွားသည်။ အောက်ဘက်တွင် ကျန်ရစ်ခဲ့သည့် ကျင့်ကြံသူများမှာမူ တအံ့တသြနှင့် ကြည့်နေကြတော့သည်။
ကောင်းကင်ဧကရာဇ်၏မျက်လုံးများမှေးသွားတော့သည်။ သူသိသလောက်ဆိုလျှင် ဤဖြစ်ရပ်အားလုံးမှာ သင်္ချိုင်းစောင့်ကြီး၏ စနက်မကင်းသဖြင့် မည်သည့်အတွက်ကြောင့် ထိုသင်္ချိုင်းစောင့်ကြီး ထွက်ပေါ်မလာသေးကြောင်း သိချင်နေသည်။
" ဒီသရဲအိုကြီးက တော်တော်ကို ဉာဏ်နီဉာဏ်နက် များတာပဲ။ ငါ့ကို ဒုက္ခပေးချင်ရုံသက်သက် သူဒီအရာတွေအားလုံးလုပ်နေတာတော့ မဖြစ်နိုင်ဘူး။ သူ့ဆီမှာ အခြားရည်ရွယ်ချက်တစ်ခုခု ရှိရမယ် "
သရဲမယ်တော်က အရိုးဖွတ်ကြီးပေါ်မှနေ၍ ပိုင်ရှောင်ချန်းအား ငုံ့ကြည့်လိုက်သောအခါ သူ၏မျက်ဝန်းထဲရှိ ဒေါသများကိုမြင်လိုက်ရသည်။ သို့သော် သူမည်မျှပင် လျင်မြန်နေစေကာမူ ထိုအရိုးဖွတ်ကြီးအား လုံးဝ အမီလိုက်နိုင်မည်မဟုတ်ပေ။ သူ ထိုဖွတ်ကြီးအနီးသို့ မရောက်နိုင်ခင်မှာပင် ၎င်းက လေပွေထဲသို့ဝင်ရောက်သွားပြီး ပျောက်ကွယ်စပြုနေပြီဖြစ်သည်။
၎င်း မပျောက်ကွယ်သွားခင် အခိုက်အတန့်လေးတွင် သရဲမယ်တော်၏နှုတ်ခမ်းမှာ လှုပ်ရှားသွားပြီး ပိုင်ရှောင်ချန်းအား သတင်းတစ်ခုပေးပို့လိုက်တော့သည်။
" မပူပါနဲ့။ ငါက သင်္ချိုင်းစောင့်ကြီးနဲ့ အပေးအယူတစ်ခု လုပ်ထားတာ။ အဲဒါကြောင့် မင်းရဲ့မိတ်ဆွေတွေကို ငါဘေးကင်းအောင်ထားမှာပါ။ ကောင်မလေးက ငါကျင့်ကြံတဲ့အတတ်ပညာတွေနဲ့ အပ်စပ်မှုရှိတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားတယ်။ အဲဒီအတွက် သူ့ကိုငါ တပည့်အဖြစ် ခန့်အပ်မှာပါ။ သင်္ဘောပေါ်က အခြားကျင့်ကြံသူတွေကိုလည်း ငါဘေးကင်းအောင်ထားပါ့မယ် "
ပိုင်ရှောင်ချန်းက လေပေါ်တွင်ရစ်ဝဲ၍ မည်သို့မျှလုပ်နိုင်စွမ်းမရှိပဲ ပျောက်ကွယ်သွားနေသည့် လေပွေကြီးအား ကြည့်၍ ကျန်ရစ်ခဲ့တော့သည်။
" ရှောင်မေ့၊ အစ်ကိုကြီး "
ထိုအချိန်တွင် သူသည် လုံးဝကူရာကယ်ရာမဲ့သလို ခံစားနေရပြီး အထီးကျန်ဆန်နေတော့သည်။
သူသည် ဖက်တီးကျန်းကြီးက သူ့အားပြောပြခဲ့ဖူးသည့် အိပ်မက်အကြောင်းကို ရုတ်တရက် အမှတ်ရသွားတော့သည်။ သူ၏ အစ်ကိုကြီးက ထိုအခိုက်အတန့်ကို ယခင်ကတည်းက ကြိုတင်မှန်းဆထားခဲ့သည်။
သရဲမယ်တော်၏ စကားများ အမှန်အတိုင်းဖြစ်စေရန်သာ ပိုင်ရှောင်ချန်းတစ်ယောက် ဆုတောင်းနေမိတော့သည်။
ပိုင်ရှောင်ချန်းမှာ သူအသက်ကြီးလာပြီး ကျင့်ကြံခြင်းအဆင့်များမြင့်မားလာကာ သက်တမ်းများတိုးပွားလာသည်နှင့်အမျှ ပေးဆပ်ရမည့်အရာများရှိနေကြောင်း တဖြည်းဖြည်း သိနားလည်လာတော့သည်။
ဤကဲ့သို့ခံစားရသည်မှာ ယခုအကြိမ်က သူ့အတွက်ပထမဆုံးအကြိမ် မဟုတ်ပေ။ ယခင်ကလည်း ထိုကဲ့သို့ သူ မကြာခဏခံစားခဲ့ရဖူးသည်။ ထိုအကြိမ်တိုင်းတွင် သူသည် မည်သည့်အရာမှ စွမ်းဆောင်နိုင်စွမ်းမရှိတော့သည့်အလား ခံစားခဲ့ရသည်။ သူသေချာ မသိသေးသည့်တစ်ခုတည်းသောအချက်မှာ သူ့ကိုယ်သူ အပြစ်တင်ရမလား၊ သူ၏ပတ်ပတ်လည်ရှိ ကမ္ဘာကြီးအားအပြစ်တင်ရမလား မသိနားမလည်ခြင်းပင်။
သူသည် ကျင့်ကြံနေပြီး ပျော်ပျော်ရွှင်ရွှင်နေထိုင်ရန်သာ ဆန္ဒရှိသည်။ သူ၏ဘဝကို အပြုံးများ၊ ရယ်မောခြင်းများနှင့်သာ ဖြတ်ကျော်ချင်သည်။
ဟိုရှောင်မေ့နှင့် ဖက်တီးကျန်းကြီးတို့ကို နောက်ထပ်တစ်ကြိမ် ထပ်၍မြင်တွေ့နိုင်ပါဦးမလားဟု တွေးတောကာ သူ၏နှလုံးသားထဲတွင် နာကျည်းမှုများ၊ ခါးသက်မှုများဖြင့် ပြည့်နှက်လာတော့သည်။
" ဆုတောင်းရုံမှတစ်ပါး.... "
သူက တီးတိုးရေရွတ်လိုက်တော့သည်။ သူသည် အတွေးများထဲတွင် နစ်မျောနေသဖြင့် လေပွေကြီးပျောက်သွားပြီး သေမင်းနွံတောပြိုလဲသွားသောကြောင့် ထိုနေရာတစ်ဝိုက်ရှိ အချုပ်အနှောင်မန္တန်များ ပြေလျော့သွားသည်ကိုပင် သတိမထားမိလိုက်ပေ။
ယခုတွင်မူ သေမင်းနွံတောထဲတွင် ကျင့်ကြံသူများကို ဒုက္ခပေးနိုင်မည့်အရာများ မရှိတော့ပေ။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ထိုနေရာမှာ သာမန်အတိုင်းပြန်ဖြစ်သွားမည်ဖြစ်ပြီး လူများမှာ ၎င်းအား လွတ်လွတ်လပ်လပ် ဖြတ်သန်းနိုင်သွားကြမည်ပင်ဖြစ်သည်။
ကောင်းကင်ဧကရာဇ်မှာ ရယ်တစ်ဝက်ငိုတစ်ဝက်ဖြစ်နေသည့် သရဲမျက်နှာကြီးအား ဖမ်းဆီးရန် ထွက်သွားပြီး သူနှင့်အတူ မည်သူ့ကိုမှ ခေါ်မသွားပေ။ တုလင်ဖေးကိုပင်ထားရစ်ခဲ့သည်။ တုလင်ဖေးက ပိုင်ရှောင်ချန်းအား ကြည့်လိုက်သောအခါ သူမ၏မျက်နှာပေါ်တွင် ခံစားချက်ပေါင်းစုံကိုမြင်ရေသည်။ သူမသည်လည်း စိတ်မကြည်မလင်ဖြစ်နေသည့်ပုံစံ ပေါ်နေပါသော်လည်း အသက်ပြင်းပြင်းရှူကာ ပျံသန်းလာပြီး ပိုင်ရှောင်ချန်း၏ လက်အားဆုပ်ကိုင်လိုက်တော့သည်။
" ရှောင်ချန်း၊ ဝမ်းနည်းမနေပါနဲ့။ နင်သူတို့ကို တစ်နေ့နေ့ပြန်တွေ့နိုင်မယ်လို့ ငါသေချာပေါက်ယုံတယ် "
ပိုင်ရှောင်ချန်းက သူမအားလှမ်းကြည့်လိုက်သောအခါ သူမသည် သူ၏လက်အားဆုပ်ကိုင်၍ နွေးထွေးမှုများနှင့်မျှော်လင့်ချက်များကို သူမ တတ်နိုင်သမျှ သူ့ကိုပေးရန်ကြိုးစားနေသည်ကို သိလိုက်ရသည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူက ပြန်လည်၍ ခေါင်းညိတ်ပြလိုက်တော့သည်။
အောက်ဘက်ရှိ ကျိုးကြေနေသော အရိုးများပေါ်တွင် ကျန်ရှိနေသော ကျင့်ကြံသူများမှာ အယောက်နှစ်ရာပင် မပြည့်ပေ။ သူတို့အားလုံး တစ်နည်းမဟုတ်တစ်နည်း ဒဏ်ရာရထားကြသည်။ တုလင်ဖေးသည်ပင် သူမဖခင်၏ ထည့်စရာအိတ်ထဲတွင် ရောက်နေသည့်တိုင်အောင် ကုန်းစွန်းဝမ်အာနှင့် သရဲမယ်တော်တို့၏ တိုက်ပွဲကြောင့် အနည်းငယ် ထိခိုက်သွားခဲ့ရသေးသည်။
မည်သူမှ အပြင်းအထန် ဒဏ်ရာမရထားပါသော်လည်း အားလုံး အကောင်းပတိပြန်ဖြစ်ရန် အချိန်ယူရမည်ဖြစ်သည်။ ခဏအကြာတွင် ထိုတစ်ဖွဲ့လုံးက သေမင်းနွံတော၏ ထွက်ပေါက်ဆီသို့ စတင်သွားလိုက်ကြတော့သည်။
သူတို့မှာ အားအင်ပြန်လည်ဖြည့်တင်းရန် အာရုံစိုက်နိုင်မည့် နေရာတစ်ခုကိုရှာရန် လိုအပ်နေသည်သာမက သူတို့မည်သည့်နေရာကို ရောက်နေကြောင်း အတိအကျသိရန်လည်း လိုနေသေးသည်။ အနီးဆုံးတွင်ရှိသည့် မြစ်လက်တက်၏ မြစ်ဝဂိုဏ်းဆီသို့ရောက်အောင်သွား၍ ထိုမှတစ်ဆင့် တည်နေရာရွှေ့ပြောင်းခြင်းအပေါက်များကိုသုံး၍ သက်ဆိုင်ရာ အိမ်သို့ပြန်ရမည်ဖြစ်သည်။
သူတို့က လေးလံနေသော နှလုံးသားများဖြင့် တိတ်ဆိတ်စွာ ခရီးဆက်နေကြတော့သည်။ လျှပ်စီးတိမ်တိုက်သခင်နှစ်ယောက်၊ အင်မော်တယ်ဝိညာဥ်သခင်နှင့် နှစ်တစ်ထောင်သရဲသခင်တို့မှာ နတ်အဆင့်ကျင့်ကြံသူများဖြစ်၍ ထိုအုပ်စုကိုဦးဆောင်သူများဖြစ်နေကြပါသော်လည်း သူတို့ပင် ဒဏ်ရာရထားကြပြီး ဖြစ်ပျက်သွားခဲ့သည့်အရာများကြောင့် ကြောက်ရွံ့တုန်လှုပ်နေကြဆဲပင်။ ဤနတ်မီးလျှံစမ်းသပ်ပွဲမှာ ယခုကဲ့သို့ဖြစ်ပျက်သွားလိမ့်မည်ဟု မည်သူမှ မတွေးထင်ထားကြပေ။ ရှိရှိသမျှလူတိုင်း၏ရင်ထဲတွင် လိုက်မမှီနိုင်လောက်အောင် နက်နဲသော လျှို့ဝှက်ချက်များစွာ ပေါ်ထွက်လာခဲ့သည်။
နောက်ဆုံးတွင် သူတို့သည် သေမင်းနွံတော၏ အဆုံးသို့ရောက်ရှိသွားသောအခါ နှင်းနှင့်ရေခဲများပြည့်နှက်နေသည့် ကမ္ဘာကြီးတစ်ခုကို မြင်လိုက်ရသည်။ လျှပ်စီးတိမ်တိုက်သခင်သခင်နှစ်ယောက်မှာ ထိုနေရာရှိ အေးစိမ့်ချီကို အာရုံခံမိလိုက်သောအခါ ပါးစပ်အဟောင်းသားဖြစ်သွားတော့သည်။ သူတို့နှစ်ယောက်သာ ထိုသို့ဖြစ်သွားကြသည်မဟုတ်။ မြောက်ပိုင်းမှကျင့်ကြံသူအားလုံး ပျော်ရွှင်ဝမ်းမြောက်မှုများနှင့် တောက်ပနေသည့်မျက်ဝန်းများဖြင့် ဘေးဘီဝဲယာအား လှည့်ပတ်ကြည့်ရှုနေကြတော့သည်။
" မြောက်ပိုင်းပဲ။ ငါတို့ကမြောက်ပိုင်းကို ရောက်နေတာပဲ "
" မြောက်ပိုင်းရဲ့ အေးစိမ့်စိတ်စွမ်းအင်ကို ငါအာရုံခံမိတယ်ဟေ့ "
သေမင်းနွံတော၏ ဤအစိတ်အပိုင်းမှာ ကောင်းကင်တံတားမြစ်မြောက်ပိုင်းဒေသနှင့် ချိတ်ဆက်နေသည်။
ပိုင်ရှောင်ချန်းမှာ စိတ်ပျက်လက်ပျက် ဖြစ်နေဆဲပင်။ သို့သော် ထိုအချိန်တွင် သူ၏အမူအရာမှာပြောင်းလဲသွားပြီး သူ၏ထည့်စရာအိတ်အား ငုံ့ကြည့်လိုက်တော့သည်။
" ဘာဖြစ်လို့လဲ "
တုလင်ဖေးက အထူးတဆန်း မေးလိုက်သည်။
" ဘာမှမဖြစ်ပါဘူး။ ဘာမှမဟုတ်ဘူး "
သူက စကားလမ်းကြောင်းလွှဲလိုက်၏။ သို့သော် သူ၏နှလုံးသားထဲတွင် အံ့သြတုန်လှုပ်မှုများမှာ လှိုင်းတံပိုးများကဲ့သို့ ရိုက်ခတ်နေပြီဖြစ်သည်။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက သူ့အား ပေးခဲ့သည့် ခေါင်းတလားထဲတွင် အိပ်ပျော်နေခဲ့သည့်ကလေးမလေးမှာ ယခုလေးတင် သူ့အား တစ်စုံတစ်ရာ ရေရွတ်ပြောဆိုလိုက်သည်။
" အိမ်ရဲ့အငွေ့အသက်ပဲ "