အခန်း (၃၂၁-၃၂၂)
Vol. 33 Ch. 321-322
အခန်း (၃၂၁) - စုယော့ယွင် ၊ ထူးဆန်းသောဝင်္ကပါအတတ် ၊ မြောက်ပိုင်းနယ်စားမင်း၏ ဒုတိယသားတော် ၊ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ ငွေပေးရမည်
လီယန်ချူသည် မိမိ၏အရှိန်အဝါကို သိမ်းဆည်းကာ အသံကြားရာနောက်သို့ လျင်မြန်စွာ လိုက်သွားခဲ့သည်။
ရှေးဟောင်းမြို့တော်အတွင်းရှိ လမ်းကြားတစ်ခု၌ တိုက်ပွဲတစ်ခု ပြင်းထန်စွာ ဖြစ်ပွားနေ၏။
ပျက်စီးနေသော နံရံဟောင်းများနှင့် ကျောက်စိုင်ကျောက်ခဲများမှာ လေထဲတွင် လွင့်စင်နေကြသည်။
လီယန်ချူသည် မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ရာ ထိုသန်မာထွားကြိုင်းသော လူရိပ်ကို မှတ်မိသွားသည်။
မုယုံလုံချန်း
သူနှင့် ရင်ဆိုင်တိုက်ခိုက်နေသူမှာ အေးစက်ပြီး လှပသော မိန်းမပျိုတစ်ဦး ဖြစ်သည်။
မုယုံလုံချန်းသည် လက်ချောင်းကို အနည်းငယ်ကွေးကာ ခပ်ပေါ့ပေါ့လေး တစ်ချက်တောက်လိုက်သည်။
ဝိန်း
မိုးရေစက်များမှာ လေတိုးသံနှင့်အတူ စုစည်းသွားကာ လေအရှိန်ဖြင့် ပစ်ခတ်လိုက်သော မြားတစ်စင်းအလား ငွေရောင်အလင်းတန်း တစ်ချက်လက်သွားကာ တိုးထွက်သွားတော့သည်။
ဗုံး
ထိုလေမြားသည် မိန်းမပျိုကို ထိမှန်သွားပြီး ရေမှုန်ရေမွှားများအဖြစ် ပေါက်ကွဲထွက်သွား၏။
မိန်းမပျို၏ ကိုယ်ပေါ်တွင် မြေဝါရောင်အလင်းတန်းတစ်ခု ဝင်းလက်လာကာ ထိုမြား၏ ကြောက်မက်ဖွယ် ခွန်အားကို ခုခံလိုက်သည်။
သို့သော် သူမသည် လွင့်စင်သွားကာ ကြိုးပြတ်သွားသော စက္ကူစွန်လေးတစ်ကောင်အလား မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားတော့သည်။
"ငါ့ရဲ့ မြားတစ်စင်းကို တောင့်ခံနိုင်တယ်ပေါ့..."
မုယုံလုံချန်းက အေးအေးဆေးဆေး ပြောလိုက်သည်။
ထိုမိန်းမပျို၏ ဆံပင်ရှည်များမှာ ဖရိုဖရဲဖြစ်နေသဖြင့် မျက်နှာကို သေချာမမြင်ရသော်လည်း သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာမူ အချိုးအစားကျလှသည်။
"မုယုံလုံချန်း နင် ရူးနေတာလား "
"ဒီလောက် ကောင်းမွန်တဲ့ ကံထူးခွင့်တွေကို သွားမလုဘဲ ငါ့နောက်ကို ဘာလို့ တကောက်ကောက် လိုက်နေရတာလဲ "
မိန်းမပျိုက ဒေါသတကြီး ဆဲဆိုလိုက်သည်။
သူမ၏ အသံမှာ ကြည်လင်သာယာလှသဖြင့် နားထဲတွင် အလွန်ပင် သာယာနေ၏။
မိုးဖွဲလေးများကြားတွင် မုယုံလုံချန်းက ပြုံးလိုက်ကာ
"မြောက်ပိုင်းနယ်စားမင်း ရဲ့ သမီးတော်တစ်ပါးကို သတ်ရတာက ကံထူးခွင့်တွေ လုရတာထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းမနေဘူးလား "
မိန်းမပျိုက နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။
"အခု အာဏာကို ချုပ်ကိုင်ထားတာ ငါ့ခမည်းတော်... နောင်တစ်ချိန်မှာ နယ်စားမင်းအဖြစ်နဲ့ မြောက်ပိုင်းနယ်စပ်ကို စောင့်ရှောက်မှာက ငါ့ရဲ့ အစ်ကိုကြီး... ငါ့အထက်မှာ အစ်ကိုလတ်နဲ့ အစ်ကိုသုံးလည်း ရှိသေးတယ်... နင်က ငါ့လို မိန်းမသားတစ်ယောက်ကို သတ်ပြီး ဘာလုပ်မလို့လဲ "
မုယုံလုံချန်းက အေးစက်စွာ ရယ်မောလိုက်သည်။
"ဒီမေးခွန်းကို ငရဲရောက်မှပဲ သွားမေးလိုက်တော့ "
သူသည် လက်သီးတစ်ချက် ထိုးလိုက်ရာ ပြင်းထန်သော သွေးချီအရှိန်အဝါ ကြောင့် မိုး ကလန့်ကာကြီးမှာ ဆွဲဖြဲခြင်း ခံလိုက်ရသည်။
မိန်းမပျို၏ ဆံပင်များ လွင့်ပျံသွားကာ သူမ၏ လှပသော မျက်နှာလေး ပေါ်လာသည်။
သူမ၏ ခန္ဓာကိုယ်မှာ အပိုင်းပိုင်းအပြတ်ပြတ် ဖြစ်သွားသော်လည်း သွေးတစ်စက်မျှ ထွက်မလာပေ။
နောက်တစ်ခဏတွင် သူမသည် ပေတစ်ရာခန့် အကွာတွင် ပေါ်လာသည်။
ထူးဆန်းသောဝင်္ကပါအတတ်
စောနက အရာမှာ ပရိယာယ်ပြသော ပုံရိပ်ယောင်မျှသာ ဖြစ်၏။
သို့သော် ကံဆိုးစွာပင် သူမ ရင်ဆိုင်နေရသူမှာ နယ်စပ်ဝမ်ထင်မှ ပါရမီရှင် မုယုံလုံချန်း ဖြစ်နေသည်။
ကြောက်မက်ဖွယ်ကောင်းသော ရွှေနဂါးတစ်ကောင်၏ ပုံရိပ် ပေါ်လာပြီး သိပ်သည်းလှသော သွေးလေအရှိန်အဝါများက အစစ်အမှန်အလား ဖြစ်ပေါ်လာသည်။
ဟိန်း
မြေကမ္ဘာတစ်ခုလုံး တုန်ခါသွားလောက်သော နဂါးဟိန်းသံကြီး ထွက်ပေါ်လာ၏။
မုယုံလုံချန်းသည် လက်သီးတစ်ချက်ကိုသာ ပစ်ထုတ်လိုက်ခြင်း ဖြစ်သည်။
မိန်းမပျို၏ ကိုယ်ရည်ကိုယ်သွေးမှာ ထပ်မံပျောက်ကွယ်သွားပြန်သည်။
သို့သော် ယခုတစ်ကြိမ်တွင်မူ သူမ၏ ဝင်္ကပါအတတ်မှာ အလုပ်မဖြစ်တော့ပေ။
ရွှေရောင်သွေးချီများဖြင့် ဖွဲ့စည်းထားသော နဂါးခေါင်းကြီးသည် သူမ နောက်တစ်ကြိမ် ပေါ်လာမည့်နေရာကို တည့်တည့် ဆောင့်ဝင်သွားတော့သည်။
ဒေါင်
ဘုရားကျောင်းရှိ ခေါင်းလောင်းကြီးကို တီးခတ်လိုက်သကဲ့သို့ အသံကြီး ထွက်ပေါ်လာ၏။
မိန်းမပျို၏ ရှေ့တွင် ရှေးဟောင်းခေါင်းလောင်းပုံရိပ်တစ်ခု ပေါ်လာပြီး မုယုံလုံချန်း၏ လက်သီးကို အတင်းအကျပ် ဟန့်တားလိုက်သည်။
"ဟက်... ပြင်ပပစ္စည်းကို အားကိုးနေရုံနဲ့တော့... စုယော့ယွင် ... မင်း ငါ့ရဲ့ လက်သီးဘယ်နှစ်ချက်ကို တောင့်ခံနိုင်မှာလဲ "
မုယုံလုံချန်းက အေးစက်စွာ ရယ်မောလိုက်သည်။
သူသည် ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် မြောက်ပိုင်းနယ်စားမင်း၏ သမီးတော် စုယော့ယွင်၏ ရှေ့သို့ ရောက်သွားတော့သည်။
သူ၏ ကိုယ်မှ ထွက်ပေါ်နေသော အရှိန်အဝါမှာ ရှေးဟောင်း သားရဲကြီးတစ်ကောင်အလား ကြောက်မက်ဖွယ် ကောင်းလှသည်။
ဒေါင် ဒေါင် ဒေါင်
သူ၏ လက်သီးများသည် အဆမတန် ပြင်းထန်သော ခွန်အားများ၊ ပူပြင်းသော သွေးလေများနှင့်အတူ အဆက်မပြတ် ကျရောက်လာသည်။
စုယော့ယွင်၏ မျက်နှာမှာ ဖြူဖျော့လာကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာရသည်။
သူမသည် ရင်ဘတ်ထဲမှ စာစောင် တစ်ခုကို ထုတ်ယူကာ ဆွဲဖြဲလိုက်သည်။
စာစောင် မှာ အလိုလို မီးလောင်သွားပြီး ဧရာမ နှိမ်နင်းခြင်း ဆိုသည့် စာလုံးကြီး လေထဲတွင် ပေါ်လာတော့သည်။
အရူးအမူး တိုက်ခိုက်နေသော မုယုံလုံချန်း၏ အရှိန်အဝါမှာ ချက်ချင်းပင် တန့်သွားကာ မမြင်ရသော အင်အားတစ်ခုနှင့် အားပြိုင်နေရသည်။
ပညာရှိကြီးများ၏ လက်ရေးစာစောင် ၎င်းတွင် ဖြောင့်မတ်မှန်ကန်သော အရှိန်အဝါ များ ကိန်းအောင်းနေ၏။
နောက်တစ်ခဏတွင် မြောက်ပိုင်းနယ်စားမင်း၏ သမီးတော်မှာ ပျောက်ကွယ်သွားပြီး လမ်းကြားထိပ်တွင် ပြန်ပေါ်လာသည်။
ထိုနေရာမှာ လူသူကင်းမဲ့ပြီး အထီးကျန်လှသဖြင့် သူမ၏ အရှိန်ဖြင့် မြို့ပြင်သို့ ထွက်ပြေးလျှင်လည်း ထိပ်တန်းကိုယ်ခန္ဓာကျင့်ကြံသူ မုယုံလုံချန်း၏ လက်မှ လွတ်မည်မဟုတ်ပေ။
ထို့ကြောင့် သူမသည် လမ်းကြားထဲသို့ ဝင်ရောက်ပုန်းအောင်းရန် ဆုံးဖြတ်လိုက်သည်။
လှည့်လိုက်သည်နှင့် လူသုံးယောက်နှင့် ထိပ်တိုက်တိုးတော့သည်။
အရှေ့ဆုံးမှ လူမှာ ဝတ်ကောင်းစားလှ ဝတ်ဆင်ထားသော လူငယ်တစ်ဦးဖြစ်ပြီး ဘေးတွင်လည်း အထက်တန်းစား မိသားစုများမှ ပါရမီရှင် လူငယ်နှစ်ဦး ပါဝင်သည်။
စုယော့ယွင်၏ မျက်လုံးများ လင်းလက်သွားကာ
"အစ်ကိုလတ် ကယ်ပါဦး "
"မုယုံလုံချန်းဆိုတဲ့ လူရမ်းကားက ငါ့ကို သတ်ဖို့ ကြံနေတယ် "
ထိုသူမှာ စုယဲ့ မြောက်ပိုင်းနယ်စားမင်း၏ ဒုတိယသားတော် ဖြစ်သည်။
"ကောင်းပြီ "
စုယဲ့သည် ဓားမျက်ခုံးအစုံနှင့်အတူ အရှိန်အဝါ ပြင်းထန်လှသည်။
သူ၏ ခါးတွင် ရွှေရောင်ဓားအိမ်နှင့် ဓားတစ်စင်းကို ဆွဲထား၏။
သူ၏ စကားဆုံးသည်နှင့် ဘေးမှ လူငယ်တစ်ဦးက လက်ဖြင့် အမှတ်အသားပြုကာ ရှေ့သို့ တိုးလာသည်။
အဆောင် တစ်ခု လွင့်ထွက်လာ၏
ရှူး ရှူး ရှူး
စုယော့ယွင်၏ ရင်ထဲတွင် အေးစက်သွားသည်။
ထိုအဆောင် မှာ သူမထံသို့ တည့်တည့်ဦးတည်လာခြင်း ဖြစ်သည်။
အခြားလူငယ်တစ်ဦးကလည်း ဓားပျံ နှစ်စင်းကို ပစ်လွှတ်လိုက်သည်။
စုယော့ယွင်သည် အစ်ကိုလတ်နှင့် တွေ့သဖြင့် စိတ်အေးသွားခဲ့သော်လည်း ယခုမူ တွေ့တွေ့ချင်း အသတ်ခံနေရခြင်း ဖြစ်သည်။
ရှပ်
သူမသည် အဆောင် ကို ရှောင်လိုက်နိုင်သော်လည်း လက်မောင်းမှာမူ အခြားတစ်ယောက်၏ ဓားပျံ နှင့် ထိမှန်သွားသည်။
သွေးများ စီးကျလာပြီး ဒဏ်ရာမှာ ချက်ချင်းပင် မဲမှောင်သွားကာ ပုပ်စော်နံလာတော့သည်။
စုယော့ယွင်မှာ အံ့ဩတုန်လှုပ်သွားရသည်။
သူမ တုံ့ပြန်ရန် မမီခင်မှာပင် ရင်ဘတ်ထဲမှ စူးရှသော နာကျင်မှုကို ခံစားလိုက်ရ၏။
တောက်ပနေသော ဓားဖျားတစ်စင်းသည် သူမ၏ ရင်ဘတ်ကို ဖောက်ထွက်သွားသည်။
ဓားဖျားမှ ပြင်းထန်သော စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။
စုယော့ယွင်၏ ကိုယ်ပေါ်တွင် ထူးဆန်းသော အလင်းတန်းတစ်ခု ပေါ်လာပြီးနောက် သူမသည် သပ်ရပ်လှပသော ကောက်ရိုးရုပ် လေးတစ်ခုအဖြစ် ပြောင်းလဲသွားသည်။
သူမ၏ အစစ်အမှန် ခန္ဓာကိုယ်မှာ ထိုအခွင့်အရေးကို အသုံးပြု၍ ရှောင်တိမ်းလိုက်သည်။
သူမသည် အေးစက်သော မျက်နှာထားနှင့် လူငယ်ကို မယုံနိုင်သလို စိုက်ကြည့်နေမိသည်။
"အစ်ကိုလတ်... နင်... နင် ငါ့ကို သတ်မလို့လား "
စောနကသာ ကောက်ရိုးရုပ် အသက်အစားထိုးအတတ် မရှိလျှင် သူမ သေဆုံးသွားလောက်ပြီ ဖြစ်သည်။
စုယဲ့၏ မျက်နှာတွင် စက်ဆုပ်ရွံရှာသော အရိပ်အယောင်များ ပေါ်လာသည်။
"အောက်တန်းစား မိန်းမတစ်ယောက်က မွေးလာတဲ့ ကောင်မက ငါ့ကို အစ်ကိုလတ်လို့ ခေါ်ဖို့ တန်လို့လား "
စုယော့ယွင်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
စုမိသားစု မောင်နှမသုံးယောက်မှာ ငယ်စဉ်ကတည်းက သံယောဇဉ်ကြီးမားခဲ့ကြပြီး အထူးသဖြင့် ဒုတိယအစ်ကို စုယဲ့မှာ သူမကို အလိုအလိုက်ဆုံး ဖြစ်ခဲ့သည်။
ယခုမူ လုံးဝခြားနားသော မျက်နှာဖုံးကို မြင်လိုက်ရခြင်း ဖြစ်၏။
စုယော့ယွင်သည် ခေါင်းမူးဝေလာကာ လက်မောင်းမှ ပြင်းထန်သော အဆိပ်များမှာ နှလုံးဆီသို့ တိုးဝင်လာသည်။
ကောက်ရိုးရုပ် အသက်အစားထိုးအတတ်မှာ သေစေနိုင်သော ဒဏ်ရာကိုသာ ကာကွယ်ပေးနိုင်ပြီး ဓားပျံ ကြောင့် ဖြစ်ပေါ်လာသော အဆိပ်ဒဏ်ရာကိုမူ မကာကွယ်ပေးနိုင်ပေ။
"ဘယ်လိုလဲ... အလောင်းပုပ်အဆိပ် ရဲ့ အရသာက ဘယ်လိုနေလဲ "
စုယဲ့က အေးစက်စွာ ရယ်မောလိုက်သည်။
"ဘာအတွက်ကြောင့်လဲ "
စုယော့ယွင်၏ မျက်နှာမှာ အေးစက်နေ၏။
ထိုစဉ် ပြင်းထန်သော အရှိန်အဝါတစ်ခု ကောင်းကင်သို့ ထိုးတက်လာပြီး လမ်းကြားထိပ်တွင် သန်မာထွားကြိုင်းသော လူရိပ်တစ်ခု ပေါ်လာသည်။
မျက်ခုံးထူထူ၊ မျက်လုံးကြီးကြီးနှင့် ကြမ်းတမ်းသော မျက်နှာထား၊ ကြွက်သားအမြောင်းမြောင်းနှင့် ထိုသူမှာ ဝမ်ထင်မှ ပါရမီရှင် မုယုံလုံချန်း ပင် ဖြစ်သည်။
သူသည် လက်နှစ်ဖက်ကို ရင်ဘတ်တွင် ပိုက်ထားကာ မောက်မာစွာ ကြည့်နေသည်။
"စုယဲ့... ဒီမိန်းမ ကို သတ်ဦးမှာလား "
မုယုံလုံချန်းက မေးလိုက်သည်။
စုယဲ့က အေးစက်စွာ ပြုံးလိုက်သည်။
"မုယုံအစ်ကိုကြီးကို ကျေးူးတင်ပါတယ်... ဒီမိန်းမရဲ့ ကာကွယ်ရေးပစ္စည်းတွေကို ဖျက်ဆီးပေးလို့... အခုတော့ ဒီမိန်းမ ငါ့လက်ထဲ ရောက်ပြီဆိုတော့ ငါ့မှာ သူ့ကို နှိပ်စက်ဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ် "
မုယုံလုံချန်းက လေးလံသော အသံဖြင့် ပြောလိုက်သည်။
"မင်းတို့ မောင်နှမကိစ္စ ငါစိတ်မဝင်စားဘူး... မင်း ငါ့ကို လာရှာကတည်းက ဒီကိစ္စ အောင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ ငါ့ကို ပေးရမယ့် အခကြေးငွေကတော့ သေချာပေါက် ပေးရမှာပဲ "
ဤမျှ မောက်မာလှသော ဟူလူမျိုးပါရမီရှင်သည် ငွေကြေးကို အလွန်တန်ဖိုးထားသူ ဖြစ်လိမ့်မည်ဟု မည်သူမျှ ထင်ထားမည် မဟုတ်ပေ။
"ဒါပေါ့... မုယုံအစ်ကိုကြီးက တစ်လောကလုံးမှာ အစွမ်းအထက်ဆုံးပဲ... နောင်လည်း အစ်ကိုကြီးကို အားကိုးရဦးမှာပါ "
စုယဲ့က ရင်ဘတ်ထဲမှ သစ်သားသေတ္တာလေး တစ်ခုကို ထုတ်ယူကာ မုယုံလုံချန်းထံ အပ်လိုက်သည်။
မုယုံလုံချန်းသည် သေတ္တာထဲမှ ပစ္စည်းကို စစ်ဆေးပြီးနောက် ခေါင်းညိတ်လိုက်သည်။
ထို့နောက် စုယဲ့ကို မော့ကြည့်လိုက်ကာ
"တစ်ခါတလေ ငါစဉ်းစားမိတယ်... မင်းလိုလူမျိုးက နောင်တစ်ချိန်မှာ မြောက်ပိုင်းနယ်စားမင်း ဖြစ်လာပြီး စစ်အာဏာကို ချုပ်ကိုင်လိုက်ရင် ငါတို့ နယ်မြေအတွက် ကောင်းမလား ဆိုးမလား ဆိုတာကိုပေါ့ "
စုယဲ့က လေးနက်စွာ ပြောလိုက်သည်။
"ငါသာ နယ်စားမင်း ဖြစ်လာရင် ဝမ်ထင်နဲ့ ထာဝရ မဟာမိတ်ဖွဲ့ပြီး ဘယ်တော့မှ သစ္စာမဖောက်ဘူးလို့ ကတိပေးပါတယ် "
မုယုံလုံချန်းက လှောင်ပြောင်လိုက်သည်။
"အဲဒီစကားကို မင်းကိုယ်တိုင်ကော ယုံရဲ့လား "
စုယဲ့က ရယ်မောကာ
"နောင်ရေးကို ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ... အနည်းဆုံးတော့ အခုချိန်မှာ ငါက ဝမ်ထင်ဘက်မှာ ရှိနေတာပဲ မဟုတ်လား "
မုယုံလုံချန်းသည် မျက်လုံးကို မှေးလိုက်ကာ အေးစက်စွာ ပြုံးပြီး
"ကောင်းကောင်းပြောတတ်သားပဲ "
ထို့နောက် သူသည် လှည့်ထွက်သွားကာ မိုးရေထဲတွင် ပျောက်ကွယ်သွားတော့သည်။
အခန်း (၃၂၂) - ထူးဆန်းသော ရှစ်ကွက်ဝင်္ကပါ၊ ကျူးကော့ကျန့်၊ ထန်လင်း၊ ချင်းချန်တောင်၏ ဝိညာဉ်ဆေးလုံးနှင့် ငတုံး
စုယဲ့သည် စုယော့ယွင်ဘက်သို့ လှည့်ကြည့်ကာ မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။
"ဘယ်လိုလဲ နင့်ရဲ့ ထူးဆန်းသောဝင်္ကပါအတတ် ကို အကြိမ်ကြိမ် သုံးကြည့်တာ ဘာမှအရာမထင်ဘူး မဟုတ်လား "
စုယော့ယွင်သည် စကားတစ်ခွန်းမျှ မပြောဘဲ သူ့ကို အေးစက်စွာသာ စိုက်ကြည့်နေသည်။
"ငါနဲ့ မိတ်ဆက်ပေးပါရစေဦး... ဒါက ကျူးကော့ကျန့် တဲ့၊ ထူးဆန်းသော ရှစ်ကွက်ဝင်္ကပါအတတ် ကို ကျွမ်းကျင်သူပေါ့... သူရှိနေသရွေ့ နင့်ရဲ့ ဝင်္ကပါအတတ်က အပိုပဲ"
စုယဲ့က ဆိုသည်။
"ဒါကတော့ ထန်လင်း... အဆိပ်အတတ်မှာ ကျွမ်းကျင်သူပဲ... အလောင်းပုပ်အဆိပ်ရဲ့ အရသာက မသက်သာဘူးမလား "
စုယဲ့၏ ဘေးမှ လူနှစ်ဦးမှာ အောင်နိုင်သူအမူအရာဖြင့် ကျေနပ်စွာ ပြုံးလိုက်ကြသည်။
လူတစ်ယောက်သည် အခြေအနေအားလုံးကို မိမိလက်ထဲတွင် ဆုပ်ကိုင်ထားနိုင်သည့်အခါ မောက်မာပြလိုစိတ်ကို မထိန်းချုပ်နိုင်ကြပေ။
ထိုသို့ ပြုမူရခြင်းမှာ သူတို့အတွက် အလွန်ပင် အရသာရှိလှသည်။
စုယော့ယွင်သည် ထိုသုံးယောက်ကို ဒေါသတကြီး စိုက်ကြည့်နေမိသည်။
သူမ၏ မျက်နှာထက်တွင် အေးစက်သော နှင်းပွင့်များ ဖုံးလွှမ်းနေသကဲ့သို့ ရှိ၏။
သူမသည် စောနကတည်းက တိတ်တဆိတ် စွမ်းအားများကို ပြန်လည်စုဆောင်းနေခဲ့သော်လည်း ရလဒ်မှာမူ အလွန်ပင် အားနည်းလှသည်။
"နင့်လို အောက်တန်းစားမက... အရင်က ခမည်းတော်ရဲ့ အလိုလိုက်မှုကို အားကိုးပြီး ငါတို့ကို အဖက်မလုပ်ခဲ့ဘူးပေါ့... ဒီနေ့တော့ ငါ့လက်ထဲ ရောက်ပြီဆိုတော့ နင့်ကို ကောင်းကောင်းကြီး ဆုံးမပေးရမယ် "
စုယဲ့က ပြောလိုက်သည်။
ထန်လင်းကလည်း ရယ်မောကာ
"ကျုပ်လက်ထဲမှာ ဆေးလုံး အမျိုးမျိုး ရှိပါတယ်... ဘယ်လောက်ပဲ အိန္ဒြေကြီးတဲ့ မိန်းမလှလေးဖြစ်ဖြစ် မခံနိုင်စေရဘူး... ဒုတိယသခင်လေး စိတ်အပန်းဖြေဖို့အတွက် ကျုပ် ကူညီပေးနိုင်ပါတယ်"
သုံးယောက်သား လူယုတ်မာချင်း ပေါင်းဖက်ကာ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
စုယော့ယွင်မှာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရကာ စုယဲ့ကို မယုံနိုင်သလို စိုက်ကြည့်နေမိသည်။
"ခွေးတိရစ္ဆာန် "
သူမက စက်ဆုပ်ရွံရှာသော အကြည့်များဖြင့် ထိုစကားလုံးကို အေးစက်စွာ ရေရွတ်လိုက်သည်။
ထိုသုံးယောက်မှာ အထိန်းအကွပ်မရှိ ရယ်မောရင်း စုယော့ယွင်ထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာကြသည်။
"နင့်ရဲ့ မြေခွေးမ အမေက အရိုးထဲအထိ မြူစွမ်းနိုင်တာဆိုတော့... နင်လို မြေခွေးမလေးရဲ့ အရသာကလည်း မဆိုးလောက်ဘူး ထင်တယ်"
စုယဲ့က ယုတ်မာစွာ ပြုံးလိုက်သည်။
စုယော့ယွင်၏ မျက်ဝန်းထဲတွင် အေးစက်သော အလင်းတန်းများ ဖြာထွက်သွားကာ ရင်ဘတ်ထဲမှ ကြေးပြားတစ်ပြားကို ထုတ်ယူလိုက်ပြီး လျှာဖျားကို ကိုက်ကာ သွေးများ ထွေးထုတ်လိုက်သည်။
ထို့နောက် လက်ချောင်းဖြင့် လေထဲတွင် ဝှေ့ယမ်းလိုက်ရာ လျှပ်စီးများ လက်နေသော ကောင်းကင်ပြာရောင် အဆောင်တစ်ခု ဖြစ်ပေါ်လာတော့သည်။
"သွား "
သူမက ဒေါသတကြီး အော်ဟစ်လိုက်ရာ ပြာလွင်သောအဆောင်မှာ စုယဲ့ထံသို့ တည့်တည့် ပြေးဝင်သွားသည်။
ရှပ်
စုယဲ့၏ ဓားအရှိန်အဝါ တစ်ချက်လက်သွားကာ ထိုပြာလွင်သောအဆောင်ကို တိုက်ရိုက် ပိုင်းဖြတ်လိုက်သည်။
မိုးကာလန့်ကာကြီးပင်လျှင် ထိုဓားချက်အောက်တွင် ပြတ်တောက်သွား၏။
ဓားအရှိန်အဝါမှာ စိမ့်ဝင်လောက်အောင် အေးစက်လှသည်။
စုယော့ယွင် အံ့ဩသွားရသည်။
စုယဲ့၏ ဓားပညာမှာ ပုံမှန်ပြသနေကျထက် များစွာ ပိုမိုမြင့်မားနေသည် မဟုတ်ပါလား။
"ဘာလဲ အံ့ဩသွားတာလား "
"ငါက အစ်ကိုကြီးလို အသုံးမကျတဲ့ကောင်ထက် နိမ့်ကျနေမယ်လို့ တကယ်ပဲ ထင်နေတာလား "
စုယဲ့က အေးစက်စွာ ရယ်မောလိုက်သည်။
ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ စုယော့ယွင်ထံသို့ ဦးတည်လာသည်။
စုယော့ယွင်သည် ပထမဦးစွာ မုယုံလုံချန်း၏ ဒဏ်ရာကြောင့် အထိနာထားပြီးနောက် ကျူးကော့ကျန့်နှင့် ထန်လင်းတို့၏ ချောင်းမြောင်းတိုက်ခိုက်မှုကို ခံခဲ့ရပြန်သည်။
ယခုအခါ ပြင်းထန်သောအဆိပ်များ မိနေပြီး သွေးများလည်း အဆက်မပြတ် စီးကျနေသဖြင့် အားအင်ကုန်ခမ်းနေလေပြီ။
သူမသည် ရှောင်တိမ်းရန်ပင် အချိန်မရဘဲ စုယဲ့၏ ဓားအရှိန်အဝါကြောင့် ထပ်မံ ဒဏ်ရာရသွားကာ မြေပြင်ပေါ်သို့ အားပျော့စွာ လဲကျသွားတော့သည်။
ကျူးကော့ကျန့်နှင့် ထန်လင်းတို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပြုံးလိုက်ကြသည်။
ထို စုဒုတိယသခင်လေးမှာ သဘောကောင်းသူ တစ်ဦးဖြစ်ရာ အိမ်တော်ရှိ ကိုယ်လုပ်တော်များကိုပင် လက်ဆောင်အဖြစ် ပေးတတ်သူ ဖြစ်သည်။
ထို့ကြောင့် မြောက်ပိုင်းနယ်စားမင်း၏ သမီးတော်ကိုလည်း သူတို့နှစ်ဦး မြည်းစမ်းခွင့်ရမည်ဟု တွေးတောနေကြသည်။
"ကျူးကော့အစ်ကိုကြီး... ထန်အစ်ကိုကြီး... ဒီမိန်းမယုတ်ကို ဖမ်းလိုက်စမ်း ဒီနေ့ ငါတို့ ကောင်းကောင်းကြီး ပျော်ကြတာပေါ့ "
စုယဲ့၏ အေးစက်သောအသံ ထွက်ပေါ်လာသည်။
စုယော့ယွင်သည် မိမိကိုယ်ကို ပြင်းထန်သော ကြောက်ရွံ့မှုများ လွှမ်းမိုးသွားသည်ဟု ခံစားလိုက်ရသည်။
စုယဲ့သည် သူမနှင့် အဖေတူ အမေကွဲ မောင်နှမအရင်းများ ဖြစ်ကြသည် မဟုတ်ပါလား တိရစ္ဆာန်
ထန်လင်းသည် အထက်တန်းစား မိသားစုမှ ဖြစ်သော်လည်း ကိုယ်ကျင့်တရား ပျက်ပြားသူ ဖြစ်ရာ ယခုအခါ လောကတွင် နာမည်ကြီးနေသော မိန်းမသူခိုး တစ်ဦး ဖြစ်နေလေပြီ။
သူသည် မအောင့်နိုင်တော့ဘဲ စုယော့ယွင်ကို ဖမ်းဆီးရန် ရှေ့သို့ တိုးလာသည်။
ကျူးကော့ကျန့်ဟူသော ဝင်္ကပါတပည့်မှာလည်း တစ်ကိုယ်လုံး ယုတ်မာမှုများဖြင့် ပြည့်နှက်နေသူဖြစ်ရာ ရှေ့သို့ လိုက်လာသည်။
ရုတ်တရက်
ထန်လင်း၏ ဦးခေါင်းမှာ တိုက်ရိုက် ပေါက်ကွဲထွက်သွားတော့သည်။
သွေးများနှင့် ဦးနှောက်များမှာ ပန်းထွက်လာ၏ကျူးကော့ကျန့်မှာ မမျှော်လင့်ဘဲ တစ်ကိုယ်လုံး သွေးများ စိုရွှဲသွားကာ မျက်နှာမှာ ချက်ချင်းပင် ဖြူဖျော့သွားတော့သည်။
တည်ကြည်ခန့်ညားသော ကိုယ်လုံးကိုယ်ပေါက်နှင့် ဓားမျက်ခုံး၊ ကြယ်တာရာမျက်ဝန်းများပိုင်ရှင် လူငယ်တာအိုဆရာတစ်ဦး ပေါ်လာသည်။
သူ၏ မျက်နှာထက်တွင် လှောင်ပြောင်လိုသော အမူအရာ ရှိနေ၏။
စောနက ထန်လင်း၏ ခေါင်းကို လက်ဝါးနှင့် ရိုက်ခွဲလိုက်သူမှာ သူပင် ဖြစ်သည်။
ကိုယ်ဖော့ပညာ ထိပ်တန်းဖြစ်ပြီး အဆိပ်အတတ်တွင် နာမည်ကြီးလှသော ထန်လင်းမှာ တုံ့ပြန်ရန်ပင် အချိန်မရဘဲ ဦးခေါင်း ပေါက်ကွဲသွားရခြင်း ဖြစ်သည်။
"မင်း... မင်းက ဘယ်သူလဲ "
ကျူးကော့ကျန့်မှာ အလွန်အမင်း ထိတ်လန့်သွားသည်။
"မင်းတို့လိုကောင်တွေက တကယ်ကို တော်ကြတာပဲ... အထူးသဖြင့် မင်းပဲ... ငါ လူယုတ်မာတွေ အများကြီး တွေ့ဖူးပေမဲ့ မင်းကတော့ အဆိုးဆုံးပဲ "
လီယန်ချူသည် စုယဲ့၏ နှာခေါင်းကို ညွှန်ပြကာ ပြောလိုက်သည်။
ကျူးကော့ကျန့်ကိုမူ သူက လုံးဝပင် အဖက်မလုပ်ပေ။
စုယဲ့၏ မျက်နှာမှာ ချက်ချင်းပင် အုံ့မှိုင်းသွားသည်။
ကျူးကော့ကျန့်၏ မျက်နှာမှာလည်း ရှက်စိတ်ဖြင့် နီမြန်းသွားကာ သတ်ဖြတ်လိုစိတ်များ ပေါ်လာတော့သည်။
သူသည် သေမင်းတံခါး ကို နင်းလိုက်ကာ ထူးဆန်းသောဝင်္ကပါအတတ်ကို ချက်ချင်းပင် စတင်လိုက်သည်။
သူသည် ထိုဘယ်ကမှန်းမသိသော လူငယ်တာအိုဆရာကို ဝင်္ကပါထဲတွင် ပိတ်သတ်ပစ်ရန် ကြံစည်နေခြင်း ဖြစ်သည်။
"သတိထား အဲဒါ ရှစ်ကွက်ဝင်္ကပါ "
စုယော့ယွင်က အလန့်တကြား အော်ဟစ်သတိပေးလိုက်သည်။
ပတ်ဝန်းကျင် ရှုခင်းများမှာ ဝေဝါးသွားကာ အေးစက်သော လေများ တိုက်ခတ်လာသည်။
သို့သော် ခဏချင်းမှာပင် အရာအားလုံးမှာ ပုံမှန်အတိုင်း ပြန်ဖြစ်သွားတော့သည်။
စုယော့ယွင်မှာ မယုံနိုင်သလို မျက်လုံးပြူးသွားရသည်။
စောနက သူမကို လွယ်လွယ်ကူကူ ပိတ်လှောင်ထားနိုင်သည့် ဝင်္ကပါဆရာ ကျူးကော့ကျန့်မှာ ယခုအခါ ဤလူငယ်တာအိုဆရာ၏ လက်တစ်ဖက်ဖြင့် လည်ပင်းကို ညှစ်၍ မြှောက်ထားခြင်း ခံနေရလေပြီ။
သူ၏ မျက်နှာမှာ သွေးတိုးကာ ခရမ်းရောင်ပင် ပြောင်းနေသည်။
လီယန်ချူသည် ကျူးကော့ကျန့်၏ လည်ပင်းကို ကိုင်ထားရင်း မျက်မှောင်ကြုတ်ကာ
"မင်းလိုကောင်က ကျူးကော့ဆိုတဲ့ မျိုးရိုးနဲ့ တန်လို့လား "
"တကယ့်ကို ဒီမျိုးရိုးကို အရှက်ခွဲနေတာပဲ "
ရှပ်
သူသည် ကျူးကော့ကျန့်၏ ခြေထောက်နှစ်ဖက်ကို ကိုင်ကာ အားဖြင့် ဆွဲဖြဲပစ်လိုက်သည်။
ခန္ဓာကိုယ်မှာ နှစ်ပိုင်းပြတ်သွားကာ ကလီစာများနှင့် သွေးများ မြေပြင်ပေါ်သို့ ဖွာလန်ကြဲ ကျသွားတော့သည်။
"ဟား..."
စုယဲ့သည် မနေနိုင်ဘဲ နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိသည်။
သူ၏ ခန့်ညားသော မျက်နှာမှာ ဖြူဖျော့သွားရ၏။
ထိုမြင်ကွင်းမှာ အလွန်ပင် သွေးပျက်ဖွယ် ကောင်းလှသည်။
စုယော့ယွင်၏ မျက်နှာမှာလည်း ပိုမိုဖြူဖျော့သွားသည်။
စောနက ရှိခဲ့သော ကျေးဇူးတင်စိတ်များမှာ ယခုအခါ ကြောက်ရွံ့မှုများအဖြစ် ပြောင်းလဲကုန်၏။
"ဒီတာအိုဆရာက တောင်ထဲက မိစ္ဆာအကြီးစားများလား မသိဘူး... ဘာလို့ ဒီလောက် ရက်စက်နေရတာလဲ "
သို့သော် ထိုလူနှစ်ယောက် အသတ်ခံလိုက်ရသဖြင့် စုယော့ယွင်၏ စိတ်ထဲတွင် ကျေနပ်မှုတစ်ခု ဖြစ်ပေါ်လာသည်။
ယခုအခါ သူမ၏ စိတ်မှာ ထိတ်လန့်ခြင်းနှင့် ဝမ်းသာခြင်းတို့ ရောထွေးကာ အလွန်ပင် ရှုပ်ထွေးနေတော့သည်။
"ဒီတာအိုဆရာကြီးမှာ တစ်ခုခု အထင်မှားနေပုံရတယ်... တကယ်လို့ ဆရာကြီးသာ အခု လက်လျှော့လိုက်မယ်ဆိုရင် ကျုပ်ဘက်ကနေ ထိုက်ထိုက်တန်တန် ကျေးဇူးဆပ်ပါ့မယ် "
စုယဲ့က ပြောလိုက်သည်။
"ဘယ်လို ကျေးဇူး ဆပ်မှာလဲ "
လီယန်ချူက မေးလိုက်သည်။
စုယော့ယွင်၏ ကိုယ်လေးမှာ တုန်ရီသွားရသည်။
စုယဲ့သည် ခဏမျှ စဉ်းစားပြီးနောက် ရင်ဘတ်ထဲမှ ဆေးပုလင်းတစ်လုံးကို ထုတ်ယူလိုက်သည်။
"ဒါက ချင်းချန်တောင် က ဆေးလုံးတွေပါ... ကျင့်ကြံသူတွေအတွက် အလွန် အကျိုးရှိပါတယ် "
"ဒါကို ကျုပ်ရဲ့ စေတနာအနည်းငယ်အဖြစ် မှတ်ယူပေးပါ "
စုယဲ့သည် ဆေးပုလင်းကို အရှိန်အဝါဖြင့် လွှမ်းခြုံကာ လေထဲမှတစ်ဆင့် လှမ်းပစ်ပေးလိုက်သည်။
လီယန်ချူသည် ကြွေပုလင်းကို ဖမ်းယူကာ အဆို့ကို ဖွင့်လိုက်သည်။
အလွန်မွှေးကြိုင်သော သစ်ပင်ပန်းမန်ရနံ့များ ချက်ချင်းပင် ထွက်ပေါ်လာ၏။
"တကယ်ကို တာအိုကျောင်းက ဝိညာဉ်ဆေးလုံးတွေပဲ... မင်း တော်တော် သဘောထားကြီးတာပဲ "
လီယန်ချူက ဆိုသည်။
ဤစုယဲ့ဆိုသောသူမှာ အတော်လေး တတ်နိုင်ပုံရသည်။
စုယဲ့က ရယ်မောကာ
"ဒါတွေက ဘာမှမဟုတ်ပါဘူး... ဆရာကြီးရဲ့ စွမ်းရည်တွေကို ကျုပ် တကယ် လေးစားမိပါတယ်... အခွင့်သာလို့ နောင်တစ်ချိန်မှာ ကိစ္စကြီးတွေကို အတူတူ လုပ်ဆောင်နိုင်မယ်ဆိုရင် သေချာပေါက် ထိုက်ထိုက်တန်တန် ပေးပါ့မယ် "
မြောက်ပိုင်းနယ်စားမင်း အိမ်တော်၏ ဒုတိယသားတော် ဖြစ်ရာ ဤစကားမှာ အလွန်ပင် အလေးအနက် ရှိလှသည်။
မြောက်ဖုန်းခရိုင် တစ်ခုလုံးတွင် ရာထူးအမြင့်ဆုံးမှာ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် စစ်သေနာပတိတို့ ဖြစ်ကြသော်လည်း ထိုနေရာတွင် နယ်စားမင်း စု ရှိနေသေးသည်။
သူ၏ အရှိန်အဝါမှာ မြင့်မားလှပြီး မြောက်ဖုန်းခရိုင် စစ်သည်တော်များကို အုပ်ချုပ်ပိုင်ခွင့်ရှိကာ ရာထူးကို သားစဉ်မြေးဆက် ဆက်ခံခွင့်ရှိသူ ဖြစ်၏။
"ဒါတွေက ဘာမှမဟုတ်ဘူးလို့ မင်းကိုယ်တိုင် ပြောခဲ့တာပဲ... ငါကတော့ ဒီမိန်းကလေးနဲ့ လမ်းမှာတွေ့တဲ့သူတွေပဲ၊ ဒီအရှုပ်အထုပ်တွေထဲမှာ မပါချင်ပါဘူး... မင်းဘက်က စေတနာအစစ်အမှန် ပြရင် ငါ အခုပဲ လှည့်ထွက်သွားမယ် "
လီယန်ချူက ပြောလိုက်သည်။
စုယော့ယွင်၏ မျက်နှာမှာ သွေးစမရှိတော့ဘဲ မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားရသည်။
စုယဲ့မှာ ခေတ္တမျှ ကြောင်သွားပြီးနောက်
"ဆရာကြီးက ပွင့်လင်းတာပဲ... လေးစားဖို့ ကောင်းတယ် "
သူသည် ရင်ဘတ်ထဲမှ ကျောက်စိမ်းပုလင်းတစ်လုံးကို ထပ်မံထုတ်ယူကာ လီယန်ချူထံ ပစ်ပေးလိုက်ပြန်သည်။
"ဒါက ခန္ဓာကိုယ်ကြံ့ခိုင်စေတဲ့ ဆေးလုံး တွေပါ... ကိုယ်ခန္ဓာကို ထုဆစ်ပေးပြီး ကျင့်စဉ်ကို ပိုမိုခိုင်မာစေပါတယ်... စုစုပေါင်း ၁၀ လုံးရှိတယ်၊ အားလုံးကို ဆရာကြီးအတွက် လက်ဆောင်ပေးပါတယ် "
လီယန်ချူသည်လည်း အားမနာဘဲ တိုက်ရိုက် သိမ်းဆည်းလိုက်သည်။
စုယဲ့၏ စိတ်ထဲတွင် စိတ်အေးသွားရ၏။
စောနက ထိုလူငယ်တာအိုဆရာသည် လူနှစ်ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်လိုက်သဖြင့် သူသည် မတရားမှုကို မခံချင်သော၊ သူတစ်ပါးကိစ္စ ဝင်ပါတတ်သူဟု ထင်ခဲ့ခြင်းဖြစ်သည်။
ယခုကြည့်ရသည်မှာ သူလည်း အကျိုးအမြတ် လိုချင်သူသာ မဟုတ်ပါလား။
စုယဲ့သည် လီယန်ချူကို ပြုံးပြုံးလေး ကြည့်နေသည်။
ဤကဲ့သို့သော လောကအနှံ့ လှည့်လည်နေသည့် ကျင့်ကြံသူ၊ ပါရမီရှင် လူငယ်တွေကို သူ ဘယ်လိုကိုင်တွယ်ရမလဲ ကောင်းကောင်းသိသည်။
အချို့လူတွေက ခွေးအဖြစ် အစေခံရတာကို ကြိုက်ကြသည် မဟုတ်ပါလား။
သို့သော် စုယဲ့သည် တစ်ခုခု မှားယွင်းနေသည်ဟု စတင် ခံစားလိုက်ရသည်။
လူငယ်တာအိုဆရာမှာ သူ့ကို အေးစက်စွာ စိုက်ကြည့်နေဆဲပင်။
"ဆရာကြီး "
လီယန်ချူသည် သက်ပြင်းတစ်ချက် ချလိုက်ကာ
"ငါက ပါးစပ်ထဲ ရှိတာ ပြောလိုက်တာပါ... မင်းက တကယ်ပဲ ဆေးလုံးတွေကို တရစပ် ပေးနေလိမ့်မယ်လို့ မထင်ထားဘူး"
သူသည် စုယော့ယွင်ဘက်သို့ လှည့်ကာ ခေါင်းခါပြလိုက်သည်။
"မင်းတို့ မိသားစုထဲက လူတွေ အကုန်လုံးက ဒီလောက်အထိ ငတုံး တွေပဲလား... ဒါမှမဟုတ် သူတစ်ယောက်တည်းလား "