ရန်လိုသော မြောက်ပိုင်းသားများ
Vol. 10 Ch. 954
ပိုင်ရှောင်ချန်းမှာ သူနားကြားမလွဲလိုက်ကြောင်း အတော်လေးသေချာနေ၏။ သူ၏စိတ်ထဲက စကားသံကြောင့်ဖြစ်စေ၊ သူ၏အိတ်ထဲရှိ အခိုးအငွေ့များကြောင့်ဖြစ်စေ သူသေချာနေသည်။
" သူနိုးလာပြီ "
သူက အံသြတုန်လှုပ်သွားပြီး အလောင်းအားစစ်ဆေးရန် သူ၏အိတ်ထဲသို့ နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်း ပို့လွှတ်လိုက်သည်။ သို့သော် စစ်ဆေးမှုများအားလုံးက ထိုကလေးမလေးသည် မည်သည့်သက်စောင့်အားအစအနမှမရှိဘဲ မျက်လုံးလေးမှိတ်လျက် အိပ်ပျော်နေသည်ကိုသာ ညွှန်ပြနေတော့သည်။
ဘေးပတ်ဝန်းကျင်ရှိ များပြားလှသော လူများကြောင့် သူက အလောင်းကို ထုတ်ပြီး သူတို့ရှေ့တွင် သေချာမစစ်ဆေးနိုင်ပေ။ ထို့ကြောင့် သူ၏မေးခွန်းများကို နှလုံးသားထဲတွင်သာ မြှုပ်နှံလိုက်ပြီး တုလင်ဖေးကို ကြည့်ကာ ခေါင်းခါပြလိုက်သည်။
" ဟင့်အင်း၊ ဘာမှမဟုတ်ပါဘူး "
တုလင်ဖေး မတုံ့ပြန်နိုင်ခင်မှာပင် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်က အေးစက်စက်ရယ်လိုက်သည်။
" ဟုတ်တာပေါ့ ဘာမှမဟုတ်ဘူးလေ။ ဘာလဲ မင်း မြောက်ပိုင်းရောက်နေတာသို့ ကောက်ကာငင်ကာ ကြောက်သွားတာလား"
လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်မှာ သူတို့၏ ဒေါသများကို အချိန်အတော်ကြာကတည်းက ချုပ်တည်းခဲ့ရလေသည်။ ပိုင်ရှောင်ချန်းက သူတို့၏ ချစ်လှစွာသော တပည့်ကို သတ်ဖြတ်ခဲ့သည်ဖြစ်၍ သေခြင်းဖြင့်သာ ဖြေရှင်းနိုင်သည့် ရန်ငြှိုးကို အစပျိုးလိုက်သည်။ သို့သော် ပိုင်ရှောင်ချန်း၏ အသေးစိတ်သရုပ်မှန်က သူတို့၏နှလုံးသားထဲတွင် ပြင်းထန်သော အကြောက်တရားများ ပေါက်ဖွားလာစေခဲ့သည်။ သူတို့က သူ့ကို မသတ်ရဲသည်သာမက သူတို့ကို လက်စားချေရန် ကြိုးစားမည်ကို စိုးရိမ်သဖြင့် အဆင်ပြေရန် လက်ဆောင်အချို့ပေးခဲ့ပြီဖြစ်သည်။
သို့သော် နောက်ပိုင်းကိစ္စများအားလုံး ဖြစ်ပွားလာခဲ့ပြီးနောက် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်မှာ နတ်အဆင့်ကျင့်ကြံသူများဖြစ်သည့်အတွက် ကောင်းကင်ဧကရာဇ်၏ သဘောထားအမှန်ကို အလွယ်တကူ မြင်နိုင်လေသည်။
" ကောင်းကင်ဧကရာဇ်က သူ့ကို သားမက်လို့ တကယ် မသတ်မှတ်ဘူးပဲ။ သူက တုလင်ဖေးနဲ့ပတ်သက်မှုရှိပေမယ့် ကောင်းကင်ဧကရာဇ် အသိအမှတ်မပြုသရွေ့ကတော့ ဒီကောင်က တခြားနတ်အဆင့်ကျင့်ကြံသူတွေလိုပါပဲ။ အခြားမြစ်ဝဂိုဏ်းတွေမှာဆိုရင် ငါသူ့ကို ကြောက်ရင်ကြောက်နေလိမ့်မယ်။ ဒါပေမဲ့ ဒါက မြောက်ပိုင်း။ ဒီကောင်က နဂါးဆိုရင်တောင်မှ ဒီနေရာမှာတော့ ငါ့အတွက် တီကောင်သာသာပဲ "
လျှပ်စီးတိမ်တိုက်သခင် အမြွှာညီနောင်က အေးစက်စက် ရယ်လိုက်ပြ သူတို့မျက်လုံးများထဲရှိ ယုတ်မာသောအရိပ်ယောင်များအား မဖုံးကွယ်ပေ။ အမှန်မှာ သူတို့တွေးနေသည့်အတိုင်းပင် သူတို့ဂိုဏ်းပိုင်နက် မြောက်ပိုင်းတွင် ပိုင်ရှောင်ချန်းနှင့်ရင်ဆိုင်ရပါက သူတို့အသာစီးရမည်ဖြစ်သည်။
လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်၏ စကားများကြောင့် ဘေးပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ အမူအရာများ ဝင်းလက်သွား၏။ တောင်ပိုင်းနှင့် အနောက်ပိုင်းမှ ကျင့်ကြံသူများက တစ်ခွန်းမှ ဝင်မပြောကြချေ။ ယခုအချိန်တွင် သူတို့က မည်သည့်ဘက်မှ ရပ်တည်လိုစိတ်မရှိပေ။ သို့သော် မြောက်ပိုင်းသားများအတွက်မူ မတူပေ။
မြောက်ပိုင်းသားများအားလုံးနီးပါး၏ မျက်လုံးများ တလက်လက်တောက်ပလာ၏။ ယခုတွင် သူတို့ကို အေးစိမ့်ချီများက ဝန်းရံထားပြီး သူတို့၏ ကျင့်ကြံခြင်းအခြေခံများကို ယခင်ကထက်ပို၍ လျင်မြန်စွာ လည်ပတ်နိုင်လာသည်။ သူတို့က ပိုင်ရှောင်ချန်းနှင့် အရှေ့ပိုင်းသားများကို လှမ်းကြည့်၍ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်နည်းတူ ရန်လိုသော သဘောထားများ ပြသလာတော့သည်။
အရှေ့ပိုင်းသားကျင့်ကြံသူများမှာ ရဲရဲဝံ့ဝံ့ရပ်တည်ချင်သော်လည်း မကြာသေးမီက သူတို့ရင်ဆိုင်ခဲ့ရသည့် အန္တရာယ်များနှင့် ယခု သူတို့မြောက်ပိုင်းရောက်နေသည့်အချက်ကြောင့် ထိုသို့လုပ်နိုင်စွမ်းများ ယုတ်လျော့သွားတော့သည်။
ပိုင်ရှောင်ချန်းမှာမူ ပုံမှန်အခြေအနေတွင် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်၏ လှောင်ပြောင်မှုနှင့် မြောက်ပိုင်းသားကျင့်ကြံသူများ၏ ရန်လိုမှုကို အလွယ်တကူလက်ခံမည်မဟုတ်ပေ။ သို့သော် ယခုအချိန်တွင် သူက ထိုကဲ့သို့အရာမျိုးအတွက် စိတ်ပါခြင်းမရှိပေ။ သူ၏နှလုံးသားမှာ ဟိုရှောင်မေ့နှင့် ဖက်တီးကြီးကျန်းကြောင့် နာကျင်နေဆဲဖြစ်သည်။ ထိုမျှသာမက သူသည် ကလေးမလေးက သူ့ကို စကားပြောခဲ့သဖြင့် ယခုထက်ထိ တုန်လှုပ်နေဆဲဖြစ်သည်။
သူလုပ်ချင်သည့် တစ်ခုတည်းသောအရာမှာ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်း၏ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ သွားပြီး ဤနေရာမှ ထွက်ခွာသွားရန်ပင် ဖြစ်သည်။ ထို့ပြင် သူသည် ရှင်းကုံကျစ်တာအိုဂိုဏ်းကိုလည်း သွားလိုစိတ်မရှိချေ။ အဏ္ဏဝါခေါ်သံဂိုဏ်းကိုသာ ပြန်သွားပြီး စိတ်တည်ငြိမ်စေရန်နှင့် ပြန်လည်သက်သာလာရန် အချိန်ယူချင်နေတော့သည်။
ထိုနည်းအားဖြင့် ကြုံတောင့်ကြုံခဲဖြစ်စွာ ပိုင်ရှောင်ချန်းက ပြန်လှန်ခွန်းတုံ့ပြန်မနေတော့ပေ။ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်က မထိတထိရှုပ်ချသော စကားလုံးများ ထပ်မံပြောဆိုပြီး မြောက်ပိုင်းသားကျင့်ကြံသူများက သူ့ကို ရန်လိုသော အသွင်ဖြင့် ဝါးစားမတတ်ကြည့်နေကြသော်လည်း သူက လမ်းသာဆက်လျှောက်သွားလေသည်။
သူက အရှေ့ပိုင်းထံ တစ်ယောက်တည်းပြန်ချင်ပြီး အမှန်တွင် သူသာ ပြန်သွားချင်ပါက ပြန်သွားရန် နည်းလမ်းများရှိသည်။ သို့သော် သူက အခြားအရှေ့ပိုင်းသား ကျင့်ကြံသူများအား ပစ်မထားနိုင်ပေ။ သူသာ ပစ်ထားခဲ့လျှင် သူတို့ ကောင်းကောင်းကြီး ခံစားသွားရနိုင်သည်။
လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်က ပိုင်ရှောင်ချန်း၏ အမူအရာကို မြင်သောအခါ အေးတိအေးစက်ရယ်လိုက်ကြသော်လည်း လှော်ပြောင်သရော်စကားများအား ရပ်လိုက်သည်။ ဧည်သည့်ကျင့်ကြံသူများမှာ ဖြတ်သွားရုံသာဖြစ်ပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်သို့ ရောက်တော့မည်မဟုတ်ပါလော။
" ဒီကောာင် ကံကောင်းသွားတာပါ "
အမှန်က လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်မှာ ပိုင်ရှောင်ချန်းအား သူတို့နှင့် အချေအတင်စကားများ၍ တိုက်ခိုက်ရန် ဆင်ခြေတစ်ခုရရန် မျှော်လင့်ခဲ့သည်။ သူတို့က သူ့ကို မသတ်နိုင်လောက်သော်လည်း ပြန်လည်ကောင်းမွန်ရန် နှစ်ပေါင်းများစွာကြာသည်အထိ ဒဏ်ရာရသွားအောင် အနည်းဆုံးတော့ လုပ်နိုင်သည်။
တုလင်ဖေးက ပိုင်ရှောင်ချန်းကို ဘာမှထပ်မပြောပေ။ သို့သော် မြောက်ပိုင်းသားများ၏ ရန်လိုမှုကို မြင်သည့်အချိန် သူမ၏မျက်လုံးများထဲရှိ အကြည့်ကို လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင် သတိထားမိလိုက်ပြီး ထိုသည်က သူတို့ လှုပ်ရှားခြင်းမပြုသေးသည့် အဓိကအကြောင်းရင်းတစ်ရပ်လည်း ဖြစ်သည်။
ထိုသို့ဖြင့် ကျင့်ကြံသူများက သေမင်းနွံတောမှ ထွက်ခွာလိုက်ကြပြီး မြောက်ပိုင်းကောင်းကင်တံတားဒေသထံ ဦးတည်လိုက်ကြသည်။ မြောက်ပိုင်းသားအားလုံး အလွန်အမင်းစိတ်လှုပ်ရှားနေကြချိန် အခြားမြစ်လက်တက်သုံးခုမှာ ကျင့်ကြံသူများမှာ ပို၍တည်ငြိမ်လာကြသည်။
သူတို့ပတ်လည်ရှိ ကုန်းမြေများသည် အေးခဲနေ၍ ကောင်းကင်မှာ မည်းမှောင်နေကာ ရေတမျှအေးစက်သော လေပြေလေးများ ဆော်သွေးတိုက်ခိုက်နေကြရာ တဟူဟူးမြည်သံများသာ ကြားနေရတော့သည်။
မညီညာသော အချွန်အတက်များနှင့် အေးစိမ့်နေသော ရေခဲတောင်ကြီးများ နေရာအနှံ့တွင် ရှိနေ၏။ ရံဖန်ရံခါ နှင်းပွင့်များ တဝေါဝေါကျဆင်းလာသော်လည်း ခရီးသွားများ၏ ကျင့်ကြံခြင်းအခြေခံကြောင့် သူတို့ကို ထိလိုက်သည်နှင့်တစ်ပြိုင်နက် အရည်ပျော်သွားကြတော့သည်။
ထိုကဲ့သို့ဒေသတွင် သာမန်လူသားများကား ရုတ်ခြည်း အေးခဲ၍ သေဆုံးသွားမည် ဖြစ်သည်။ သို့သော် ထိုကျင့်ကြံသူများအနက် အစွမ်းအနည်းဆုံးသည်ပင် ယင်ယန်ဝိညာဥ်အဆင့်ဖြစ်သည့်အတွက် ထိခိုက်ခြင်းမရှိကြပေ။
များမကြာမီ သူတို့သည် အဝေးသို့ တသွင်သွင် စီးဆင်းနေသော မြင့်မြတ်သော ရွှေရောင်မြစ်ကြီးတစ်စင်းကို မြင်လိုက်ကြရလေပြီ။ ယင်းကား မြောက်ပိုင်းကောင်းကင်တံတားမြစ်ကလွဲ၍ တခြားမဟုတ်ပေ။
မည်သည့်အရာမှ မရှင်သန်နိုင်လုနီးပါး အလွန်းအေးစိမ့်သော မြောက်ပိုင်းတွင် ကောင်းကင်တံတားမြစ်သည် ထာဝရစီးဆင်းနေပြီး အေးခဲနေခြင်းမရှိပေ။
" ဒါက မြောက်ပိုင်းပေါ့ "
ပိုင်ရှောင်ချန်းက ဘေးဘီဝဲယာကို ကြည့်၍ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းနှင့် ဟန်ဇောင်ကျောင်းတော်အကြောင်း တွေးတောကာ ခပ်တိုးတိုးရေရွတ်လိုက်သည်။
ကျင့်ကြံသူများသည် စကားနည်းနည်းပါးပါးပြောကာ စူးရှတောက်ပသော အလင်းတန်းများအသွင်ပြောင်း၍ အေးခဲနေသောမြေပြင်များကို ဖြတ်ပြီး ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းထံ တဟုန်ထိုး သွားလိုက်ကြသည်။
မကြာမီ ထိုကြီးကျယ်ခမ်းနားထည်ဝါသော ဂိုဏ်းက မိုးကုပ်စက်ဝန်းတွင် ပေါ်လာ၏။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက မော့ကြည့်လိုက်ရာ ကောင်းကင်တံတားမြစ်၏ အဆုံးတွင် အံ့သြတုန်လှုပ်ဖွယ်ရာအတိ ဧရာမရေတံခွန်ကြီးတစ်ခုအား မြင်လိုက်ရလေသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်းကဲ့သို့ ရေတံခွန်သည် မြစ်နှင့် ထိဆက်နေပြီး မြစ်ရေစီးကြောင်းကို အားဖြည့်ပေးနေသည်။
ရှင်းကုံကျစ်တာအိုဂိုဏ်း၏ ရေတံခွန်ပတ်ပတ်လည်ရှိနေရာကြီးတွင် စိမ်းလန်းစိုပြေသော သစ်ပင်ပန်းမာန်များဖြင့် ပြည့်နှက်နေ၏။ သို့သော် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းကား မတူပေ။ ရေတံခွန်ပတ်ပတ်လည်ရှိ နေရာကြီးတွင် အဖြူရောင်နှင်းခဲများ ဖုံးလွှမ်းနေ၏။
ထို့အပြင် ရေတံခွန်၏ တစ်ဖက်တစ်ချက်စီတွင် ဧရာမရေခဲရုပ်တုကြီးနှစ်ခုခြံရံထားသည်။
၎င်းတို့သည် ကောင်းကင်ကြီးကို ရန်စောင်နေကြသည့်အလား ကြီးကျယ်ခမ်းနားပြီး အံ့သြတုန်လှုပ်ဖွယ်စွမ်းအားနှင့် နက်နဲသောဖိအားများ ထုတ်လွှတ်နေ၏။
ဘယ်ဖက်က ရုပ်တုကြီးသည် ပညာရှင်ဆန်ပြီး တည်ကြည်သော သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်ဖြစ်သည်။ သူက ကောင်းကင်ကို ကြည့်နေပြီး သူ၏ညာလက်ကိုပင် မိုးကောင်းကင်ထံ ဆန့်တန်းထား၏။
သူ၏လက်ထဲတွင် မည်သည့်ရုပ်ဝတ္ထုပစ္စည်းမှ မရှိချေ။ သို့သော် ၄င်းသည် လွန်စွာကြီးမားလွန်း၍ ကုန်းမြေကြီးဖြစ်ပုံရသည့် ကြီးမားသောအဖြူရောင်တိမ်တိုက်ကြီးကို ထောက်ကန်ပေးထားသည်။
အမှန်တွင် တိမ်ပေါ်၌ မရေမတွက်နိုင်သော အဆောက်အအုံများ၊ ၎င်းတို့အကြား၌ ဟိုဟိုသည်သည်ပျံသန်းနေသော အလင်းတန်းများအား မြင်နိုင်လေသည်။ ထိုအလင်းတန်းများကား သေချာပေါက် ကျင့်ကြံသူများဖြစ်ကြသည်။
ပိုင်ရှောင်ချန်းမှာ ထိုမြင်ကွင်းကြောင့် ပင့်သပ်ရှိုက်သွားရတော့သည်။ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းနှင့်ပတ်သက်၍ သူမှတ်မိသည်က ထိုရုပ်တုကြီးလက်ပေါ်ရှိ တိမ်တိုက်ကြီးသည် ဂိုဏ်း၏ ရာဇသံတိမ်လွှာ ဖြစ်ရမည်ဟု သူ သဘောပေါက်လိုက်သည်။
" ဒီလိုသာဆိုရင် ရာဇသံမိုးကြိုးက ညာဖက်က ဖြစ်ရမယ် "
သူက ညာဖက်ရှိ သက်လတ်ပိုင်းအရွယ်လူကြီးဖြစ်သည့် ရုပ်တုကြီးထံ အကြည့်လွှဲလိုက်သည်။ သို့သော် ထိုလူမှာ အနည်းငယ်မျှပင် ပညာရှင်ဆန်ပြီး တည်ကြည်နေခြင်းမရှိပေ။ သူက စူးရှထက်မြက်ပြီး ကြောက်မက်ဖွယ် မျက်ဝန်းများရှိေသာ စစ်သည်တစ်ဦးနှင့် အလားသဏ္ဍာန်တူသည်။ ထို့အပြင် သူ၏တစ်ကိုယ်လုံးတွင် လျှပ်စီးမိုးကြိုးများ ဟိုဟိုသည်သည် ကခုန်နေလျက်ရှိသည်။
သူ ကိုင်မြှောက်ထားသော ဘယ်ဘက်လက်တွင် တိမ်တိုက်ကြီးတစ်ခုရှိသော်လည်း ထိုတိမ်တိုက်ကြီးက မည်းနက်နေ၏။ ၄င်းက မုန်တိုင်းတိမ်တိုက်နှင့်တူပြီး ကျင့်ကြံသူများပြည့်နှက်နေပြီး အဆောက်အအုံများဖုံးလွှမ်းနေသည့် အဖြူရောင်တိမ်တိုက်ကြီးနှင့် များစွာဆင်တူသည်။
အရောင်ကွဲပြားသည့်အပြင် ထိုတိမ်တိုက်ကြီးသည် ငွေရောက်လျှပ်စီးတန်းများနှင့်အတူ ခပ်အုပ်အုပ်မိုးထစ်ခြုန်းသံများဖြင့် ပြည့်နှက်နေဟန်တူသည်။
၄င်းသည်ကား ရာဇသံမိုးကြိုးက လွဲ၍ တခြားမဟုတ်ပေ။
" ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက သူတို့ဂိုဏ်းသားတွေကို ကျင့်ကြံခြင်းအခြေခံအလိုက် အဆင့်သတ်မှတ်တယ်။ ပထမ ကောင်းကင်ဂိုဏ်းသားတွေက အဆင့်အနိမ့်ဆုံးဖြစ်ပြီး နဝမကောင်းကင်ဂိုဏ်းသားတွေက အမြင့်ဆုံးပဲ။ ဒ့ါအပြင် သူတို့ဂိုဏ်းကို ရာဇသံတိမ်လွှာနဲ့ ရာဇသံမိုးကြိုး ဆိုပြီး နှစ်ခုခွဲထားတယ်....."
ထိုအချိန်တွင် သူ၏အကြည့်က ရုပ်တုကြီးများ ကိုင်ဆောင်ထားသည့် တိမ်တိုက်များ၏ နောက်ကွယ်က ခပ်ကြီးကြီးတစ်ခုနှင့် ခပ်သေးသေးတစ်ခုဖြစ်သည့် ခေါင်းတလားနှစ်လုံးထံရောက်သွားလေသည်။
ခပ်ကြီးကြီးခေါင်းတလားသည် နက်မှောင်နေပြီး အချိန်ရေစီးကြောင်းထဲတွင် နှစ်ပေါင်း မရေမတွက်နိုင်လောက်အောင် တည်ရှိခဲ့သည့်အလား အလွန်တရာရှေးဆန်သောအငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေ၏။ ထိုခေါင်းတလားထဲတွင် ပိုင်ရှောင်ချန်းသည် နတ်အဆင့်အခိုးအငွေ့များအား မဆိုစလောက်လေး ရလိုက်၏။
"ဒါက ရှင်းကုံကျစ်တာအိုဂိုဏ်းရဲ့ အပြာရောင်သက်တန့်နဲ့ ညီမျှမယ်။ ဒါက နတ်အဆင့်ကျင့်ကြံသူတွေ နေထိုင်တဲ့နေရာပါလား။ ဒါဆို ခပ်သေးသေးခေါင်းတလားက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူရဲ့ အိမ်ပေါ့ "
သူ၏အတွေးစများက ထိုနေရာသို့ ဆိုက်ရောက်သော် သူက သူ၏အကြည့်ကို ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်း၏ အထွတ်အထိပ်နေရာသို့ အာရုံစူးစိုက်လိုက်သည်.....
ထိုနေရာတွင်ကား သလင်းကျောက်ခေါင်းတလားတစ်လုံး။
၄င်းက နက်မှောင်နေသော ခေါင်းတလားကြီးအရွယ်အစား၏ ၃၀ ရာခိုင်နှုန်းသာရှိသော်လည်း ၄င်းသည် ဂိုဏ်းရှိ အမြင့်မားဆုံးနေရာကို သိမ်းပိုက်ထားပြီး အံ့သြတုန်လှုပ်ဖွယ် အရှိန်အဝါတစ်ခုအား ထုတ်လွှတ်နေသည်။
လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်က ပတ်ပတ်လည်ရှိ ကျင့်ကြံသူများ၏ မျက်နှာပေါ်ရှိ အံ့အားသင့်နေသော အမူအရာများကို ဝေ့ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
" ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းကနေ ကြိုဆိုပါတယ် "
မြောက်ပိုင်းသားများမှာ သေစေနိုင်သောဒုက္ခတွင်းကြီးပြီးနောက် အိမ်ပြန်ရောက်လာရသည့်အတွက် စိတ်လှုပ်ရှားနေကြတော့သည်။ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင် စကားပြောလိုက်သည့် အခိုက်အတန့်တွင် ဂိုဏ်းအတွင်းထဲမှ တရွှီရွှီအသံများ ကြားလိုက်ရပြီး မရေမတွက်နိုင်သော အလင်းတန်းများက တိမ်တိုက်ကြီးနှစ်ခုနှင့် အနက်ရောင်ခေါင်းတလားကြီးထံမှ ဆင်းသက်လာကြသည်။
နတ်အဆင့်အခိုးအငွေ့များလည်း ပါဝင်သည်။ တစ် ၊ နှစ်၊ သုံး၊ လေး။
နတ်အဆင့်အခိုးအငွေ့ လေးစုံက ကောင်းကင်၏စိတ်ဆန္ဒကို တွန်းဖယ်လိုက်ကာ ကောင်းကင်ယံတွင် အသစ်ရောက်လာသောလူအုပ်ကြီးကို စိုက်ကြည့်နေသည့် ဧရာမမျက်နှာကြီးလေးခု ပေါ်လာတော့သည်။
ထိုမျက်နှာကြီးများမှ အကြည့်များက ရုတ်တရက် ပိုင်ရှောင်ချန်းအပေါ်ကျရောက်သွားပြီးနောက် ကောင်းကင်မိုးကြိုးထစ်ခြုန်းသံအလား ပဲ့တင်ထပ်နေသည့် အသံကြီး ထွက်ပေါ်လာသည်။
“ မြောက်ပိုင်းသားတစ်ယောက်ကို သတ်ခဲ့တယ်မလား၊ ပိုင်ရှောင်ချန်း "
ထိုနတ်အဆင့်ကျင့်ကြံသူက အရှိန်အဝါကြီးမားသော အငွေ့အသက်များကို ပိုင်ဆိုင်ထားသည့်အပြင် ယုတ်မာကောက်ကျစ်လှသည်မှာ သိသာထင်ရှားသည်။
ပိုင်ရှောင်ချန်းမျက်ခုံးလှုပ်သွား၏။