အခန်း (၅၂၃-၅၂၄)
Vol. 53 Ch. 523-524
အခန်း (၅၂၃) ဖော်ထုတ်ခြင်း
ယခင်က ဝင်္ကပါမှာ စက္ကန့်အနည်းငယ်သာ တောက်ပပြီးနောက် ရပ်တန့်သွားခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ လုံချန်း၏အလှည့်၌ အချိန်အတော်ကြာ တောက်ပနေပြီး ရပ်တန့်မည့် အရိပ်အယောင်ပင် မပြပေ။ တစ်မိနစ်ကျော်ခန့် တောက်ပပြီးမှသာ ဝင်္ကပါမှာ ငြိမ်သက်သွားတော့သည်။
လုံချန်းအလှည့်ကျမှ ဘာကြောင့် ဤမျှ ကြာမြင့်နေရသနည်းဟု အားလုံးက အံ့သြနေကြသည်။ ဝင်္ကပါမှာ တောက်ပခြင်း ရပ်သွားသည်နှင့် တပြိုင်နက် ရလဒ်ကို သိရှိရန် အားလုံးက အမိုးဆီသို့ မော့ကြည့်လိုက်ကြသည်။
သို့သော် ထူးဆန်းသောအရာတစ်ခု ဖြစ်ပျက်နေသည်။ အမိုးမှာ ခန်းမထဲသို့ စတင်ဝင်ရောက်လာစဉ်ကကဲ့သို့ပင် လုံးဝ အဖြူရောင်အတိုင်း ရှိနေပြီး လုံချန်းအတွက် မည်သည့်အရောင်မှ ပြောင်းလဲခြင်း မရှိပေ။
အားလုံးက စက္ကန့်အနည်းငယ်ကြာ စောင့်ဆိုင်းခဲ့ကြသော်လည်း မည်မျှပင် စောင့်စေကာမူ အရောင်မှာ ပြောင်းလဲမလာခဲ့ပေ။
နောက်ကွယ်ရှိ အဘိုးအိုမှာ ရုတ်တရက် မတ်တပ်ရပ်ကာ အမိုးကို စိုက်ကြည့်နေသည်ကို မည်သူမျှ သတိမထားမိကြပေ။
"မဖြစ်နိုင်တာ" သူက တိုးတိုးလေး ရေရွတ်လိုက်သည်။
"အမိုးက အရောင်ပြောင်းမှာ မဟုတ်တော့ဘူး။ ဒီငတုံးမှာ ဘာအလားအလာမှ မရှိလို့နေမှာပေါ့။ ပြီးခဲ့တဲ့ နှစ်တွေမှာ သူ အဆင့်မတက်နိုင်တာကိုကြည့်ရင် ဒါက သိသာပါတယ်။ သူ့ရဲ့ အလားအလာတွေ အကုန်ကုန်သွားပြီ။ အဲဒါကြောင့်လည်း ဝင်္ကပါက သူ့ခန္ဓာကိုယ်ထဲမှာ ပုန်းကွယ်နေတဲ့ အလားအလာ အစက်အပျောက်လေးကိုတောင် ရှာမရလို့ ဒီလောက်ကြာအောင် တောက်ပနေတာ။ သူကတော့ တကယ့်ကို အလကား လူသားပဲ" မီလောင်က လုံချန်းကို လှောင်ပြောင် သရော်လိုက်သည်။
အခြားတပည့်များကလည်း လုံချန်းကို သနားစဖွယ် အကြည့်များဖြင့် ကြည့်ကာ ရယ်မောကြလေတော့သည်။
လုံချန်းကတော့ ၎င်းမှာ အမှန်မဟုတ်ကြောင်း သိသဖြင့် သူတို့၏ လှောင်ပြောင်မှုများကို လျစ်လျူရှုထားလိုက်သည်။ သူသည် ရွှမ်ယီ၏ အမူအရာကို သိရန် ကြည့်လိုက်ရာ သူမနှင့် အဘိုးအိုတို့မှာ အမိုးကို မယုံကြည်နိုင်လောက်သော အကြည့်များဖြင့် စိုက်ကြည့်နေဆဲဖြစ်ကြောင်း သတိပြုမိလိုက်သည်။ သူတို့မှာ အမှန်တကယ်ပင် မယုံနိုင် ဖြစ်နေကြပုံရသည်။
လုံချန်းမှာ ဘာဖြစ်နေသလဲဟု တွေးတောနေမိသည်။
သူ မသိသည်မှာ ထိုအမိုးသည် အရောင် ၇ မျိုးတည်း ပြသခြင်း မဟုတ်ပေ။ ၎င်းတွင် ရှစ်ခုမြောက် အရောင်ဖြစ်သော မီးခိုးရောင်လည်း ရှိသည်။
ပထမ အရောင် ၇ မျိုးမှာ အဆင့် ၁ မှ ၇ အထိ အလားအလာကို ပြသရန်ဖြစ်ပြီး၊ ရှစ်ခုမြောက် မီးခိုးရောင်မှာ ထိုလူတွင် အလားအလာ လုံးဝ မရှိတော့ကြောင်း ပြသရန် ဖြစ်သည်။
ဝင်္ကပါ တောက်ပပြီးနောက်တွင်ပင် အမိုးမှာ အရောင်မပြောင်းဘဲ ရှိနေရခြင်း၏ အကြောင်းရင်းမှာ တစ်ခုတည်းသာ ရှိသည်။ ၎င်းမှာ ထိုသူ၏ အလားအလာမှာ အလွန်တရာ ကြီးမားလွန်းလှသဖြင့် ဝင်္ကပါက တိုင်းတာ၍ မရနိုင်တော့ခြင်းပင် ဖြစ်သည်။ ထိုသို့သော အခြေအနေမျိုး၌သာ အမိုးမှာ မည်သည့်အရောင်မှ ပြောင်းလဲမည် မဟုတ်ပေ။
ဤနေရာတွင် ရှိနေသော လူများထဲတွင် အဘိုးအိုနှင့် ရွှမ်ယီတို့ နှစ်ဦးသာလျှင် ထိုအချက်ကို သိထားကြသည်။ အခြားတပည့်များက လုံချန်းတွင် အလားအလာ မရှိတော့ဟု လှောင်ပြောင်နေကြချိန်တွင် သူတို့ကမူ လက်တွေ့မှာ လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေကြောင်း သိနေကြသည်။ ဤကောင်လေးမှာ အလားအလာ မရှိသည် မဟုတ်ဘဲ အဆင့် ၇ ထက်ပင် မြင့်မားသော အလားအလာ ရှိနေခြင်း ဖြစ်သည်။ သူ၏ ပါရမီများ ပြန်လည် နိုးထလာပြီဟု သူတို့ ယုံကြည်သွားကြသည်။
သူတို့၏ မျက်နှာပေါ်ရှိ အံ့သြမှုများမှာ မကြာမီမှာပင် ဝမ်းသာပီတိဖြစ်မှုအဖြစ် ပြောင်းလဲသွားသည်။ အဘိုးအိုမှာ တဟားဟား ရယ်မောလေတော့သည်။
"လောကကြီးက ငါတို့ကို ကောင်းချီးပေးလိုက်ပြီ။ သူ ပြန်ကောင်းလာပြီ" သူက ပြုံးလျက် ရေရွတ်လိုက်သည်။
ရွှမ်ယီသည်လည်း အမိုးကို ကြည့်ရင်း ပါးစပ်နားရွက်ချိတ်မတတ် ပြုံးနေတော့သည်။
"ခုနစ်နှစ် ကြာပြီးနောက်မှာတော့ နောက်ဆုံးတော့ အလင်းရောင် မြင်ရပြီပေါ့" သူမက ဆိုသည်။
အဘိုးအိုက ရွှမ်ယီကို ကြည့်လိုက်သည်။
"ဒါကို ဘယ်သူ့ကိုမှ မပြောနဲ့ဦး။ ကလေးတွေ သိဖို့ မလိုသေးဘူး။ ငါ ကျောင်းတော်အရှင်ကို သွားပြောလိုက်မယ်။ နင်ကတော့ မူယွမ်ကို ပြောပြလိုက်လို့ ရတယ်၊ ဒါပေမဲ့ တခြား ဘယ်သူမှ သိစရာ မလိုဘူး။ နောက်ထပ် ဘာဆက်လုပ်ရမလဲဆိုတာကို ကျောင်းတော်အကြီးအကဲက ဆုံးဖြတ်လိမ့်မယ်" အဘိုးအိုက ရွှမ်ယီကို မှာကြားလိုက်သည်။
"နားလည်ပါပြီ။ ကျွန်မလည်း အဲဒီလိုပဲ တွေးနေတာပါ" သူမက ပြုံးလျက် ပြန်ပြောသည်။
လုံချန်းသည် ဝင်္ကပါထဲတွင် ရပ်နေသော်လည်း အခြားတပည့်များ မကြားရသော ရွှမ်ယီနှင့် အဘိုးအိုတို့၏ စကားများကို သူကတော့ ရှင်းလင်းစွာ ကြားလိုက်ရသည်။
'ငါ ပြန်ကောင်းလာပြီ ဟုတ်လား။ သူတို့ ငါ့မှတ်ဉာဏ်အကြောင်း ပြောနေတာ မဟုတ်လောက်ဘူး။ ငါကိုယ်တိုင်တောင် မသိတဲ့ အလားအလာ အကြောင်းများလား။ အမိုးက အရောင်မပြောင်းတာက တစ်ခုခု ထူးခြားနေတာ သေချာတယ်။ သူတို့ကို ဒီလောက် စိတ်လှုပ်ရှားစေတယ်ဆိုရင် အလားအလာနဲ့ ပတ်သက်ပြီး ကောင်းတဲ့ အဓိပ္ပာယ် ဖြစ်ရမယ်' လုံချန်းက တွေးတောမိသည်။
ထို့နောက် သူ သတိလစ်ဟန်ဆောင်နေစဉ် မနေ့ညက မူယွမ် ပြောခဲ့သော စကားများကို ရုတ်တရက် သတိရလိုက်သည်။
'သူမက မူလင်းရဲ့ ဖခင်ကြောင့် ဖြစ်ရတဲ့ မကောင်းတဲ့ အခြေအနေတစ်ခုအကြောင်း ပြောပြီး တောင်းပန်နေခဲ့တာ။ ဖြစ်နိုင်တာက မူလင်းဟာ တစ်စုံတစ်ခုကြောင့် အလားအလာတွေ ပျက်စီးခဲ့ရပြီး၊ အခု ငါ့ရဲ့ အလားအလာကို ကြည့်ပြီး သူ ပြန်ကောင်းလာပြီလို့ သူတို့ ထင်နေကြတာ ဖြစ်ရမယ်' လုံချန်းက အချက်အလက်များကို ဆက်စပ်တွေးတောနေမိသည်။
အဘိုးအိုသည် လုံချန်းကို ကြင်နာသော အကြည့်ဖြင့် ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်ရှိ ပျော်ရွှင်မှုကို ကြည့်ပြီး လုံချန်းသည် သူ၏ ယူဆချက် မှန်ကန်ကြောင်း ယုံကြည်သွားသည်။
အခြားတပည့်များမှာမူ လုံချန်းကို လှောင်ပြောင်နေဆဲ ဖြစ်သည်။ ရွှမ်ယီသည် ထိုလှောင်ပြောင်သံများကို ကြားသောအခါ စိတ်မရှည် ဖြစ်လာသည်။
"တိတ်စမ်း၊ ဒီဝင်္ကပါက တစ်နေ့ကို ၄၉ ကြိမ်ပဲ တိုင်းတာနိုင်တာကို ငါ မေ့သွားလို့ အမိုးက အရောင်မပြောင်းတာ။ အဲဒါကြောင့် ဒီနေ့ မူလင်းရဲ့ အလားအလာကို ငါတို့ မတိုင်းတာနိုင်တာ ဖြစ်တယ်"
"ဘာပြဿနာမှ မရှိဘူး။ ငါ့အထင်အရတော့ သူ့ရဲ့ အလားအလာက အဆင့် ၃ ဒါမှမဟုတ် အဆင့် ၄ လောက် ရှိလိမ့်မယ်။ မူလင်း... နင့်ရဲ့ နေရာကို ပြန်သွားတော့။ နောက်တစ်ခါမှ နင့်ရဲ့ အလားအလာကို ငါတို့ ထပ်တိုင်းတာမယ်" ရွှမ်ယီက ပြောလိုက်သည်။
တပည့်များမှာ တိတ်ဆိတ်သွားကြသည်။ အကယ်၍ အခြားလူသာ ပြောလျှင် မူလင်းမှာ အကြီးအကဲ၏ သားဖြစ်သဖြင့် ဂုဏ်သိက္ခာကို ဆယ်ပေးရန် လိမ်ပြောသည်ဟု သူတို့ ထင်ကြလိမ့်မည်။ သို့သော် ရွှမ်ယီကိုတော့ သူတို့ မသံသယဝင်ဝံ့ကြပေ။ ရွှမ်ယီသည် အလွန် စည်းကမ်းကြီးသူဖြစ်ပြီး အခြားအကြီးအကဲများ အပါအဝင် မည်သူ့မျက်နှာကိုမှ ထောက်ထားတတ်သူ မဟုတ်ကြောင်း လူသိများသည်။ ရွှမ်ယီက မူလင်းအတွက် လိမ်ပြောလိမ့်မည်ဟု သူတို့ မထင်ကြပေ။
ထို့အပြင် လူတစ်ယောက်သည် အဆင့် ၁ အလားအလာတောင် မရှိဘဲ ကျင့်ကြံသူ ဖြစ်လာရန်မှာ မဖြစ်နိုင်ကြောင်း လူအများစုက ယုံကြည်ထားကြသည်။ ထို့ကြောင့် ရွှမ်ယီ၏ ရှင်းပြချက်မှာ ယုတ္တိရှိသည်ဟု သူတို့ ထင်မြင်ယူဆလိုက်ကြသည်။
"ဒီမှာ လုပ်စရာရှိတာတွေ ပြီးပြီဆိုတော့ ငါတို့ ပြန်ကြမယ်" ရွှမ်ယီက ပြောကာ ခန်းမအပြင်ဘက်သို့ စတင် ထွက်ခွာသည်။ လုံချန်း အပါအဝင် တပည့်များမှာလည်း သူမနောက်မှ လိုက်သွားကြသည်။
တစ်စုံတစ်ယောက်က သူ့ကို စောင့်ကြည့်နေသည်ဟု လုံချန်း ခံစားရသော်လည်း သူ လှည့်မကြည့်ပေ။ အဘိုးအိုမှာ သူ မတ်တပ်ရပ်ကတည်းက သူ့ထံမှ အကြည့်မခွာသေးကြောင်း သူ သိနေသည်။
'မူယွမ်ရဲ့ သားမှာ အလားအလာတွေ ပြန်ရှိလာတာကို အကြီးအကဲတွေက ဒီလောက် ဝမ်းသာနေကြတာကို ကြည့်ရင် သူတို့ကြားမှာ ရင်းနှီးတဲ့ ပတ်သက်မှု ရှိပုံရတယ်' သူ တွေးလိုက်သည်။
ရွှမ်ယီနှင့် အခြားသူများ ခန်းမအပြင်ဘက်သို့ ထွက်လာကြသည်။
ရွှမ်ယီသည် သူမ၏ သားရဲအိတ်ကို ထပ်မံ ပုတ်လိုက်ရာ ဧရာမကျားငန်းဖြူမှာ တစ်ဖန် ထွက်ပေါ်လာပြီး သူတို့ရှေ့တွင် ဆင်းသက်လိုက်သည်။
"တက်ကြ" ရွှမ်ယီက ဆိုသည်။
တပည့်များနှင့် ရွှမ်ယီတို့သည် ပျံသန်းတတ်သော သားရဲကြီးပေါ်သို့ တက်လိုက်ကြသည်။
သားရဲကြီးသည် ကောင်းကင်ယံသို့ ပျံတက်ကာ သူတို့ ယခင်ရှိခဲ့သော လေ့ကျင့်ရေးကွင်းဆီသို့ ပြန်လည် ခေါ်ဆောင်သွားတော့သည်။
သားရဲကြီးသည် လေ့ကျင့်ရေးကွင်းအတွင်း ဆင်းသက်လိုက်သည်။
"ကိုယ့်နေရာကိုယ် ပြန်ထိုင်ကြ" ရွှမ်ယီက အမိန့်ပေးရာ တပည့်များ အားလုံး သားရဲပေါ်မှ ဆင်းကာ သူတို့၏ နေရာများတွင် ပြန်ထိုင်လိုက်ကြသည်။
ရွှမ်ယီသည် ဧရာမကျားငန်းဖြူကို သားရဲအိတ်ထဲ ပြန်ထည့်လိုက်ပြီးနောက် အလယ်ဗဟိုရှိ တဲလေးရှေ့တွင် တပည့်များဘက်သို့ မျက်နှာမူကာ ထိုင်လိုက်သည်။
သူမသည် တပည့်အားလုံး၏ မျက်နှာများကို ဝေ့ကြည့်လိုက်ရာ လုံချန်း၏ မျက်နှာတွင် အကြည့်မှာ ခဏ ရပ်တန့်သွားသည်။
"ကဲ... ဒီနေ့ကို ဆက်ရအောင်။ ဒီနေ့မှာ ငါ မင်းတို့ကို အနီးကပ်တိုက်ခိုက်ရေးရဲ့ အရေးပါပုံ၊ ရုပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေ ရှိဖို့ လိုအပ်ပုံနဲ့ မင်းတို့ရဲ့ အလားအလာတွေအကြောင်း ပြောပြခဲ့ပြီးပြီ။ အခုတော့ မင်းတို့ရဲ့ အလားအလာပေါ် မူတည်ပြီး ကျင့်ကြံခြင်းကို ဘယ်လို စီစဉ်ရမလဲဆိုတာနဲ့ မင်းတို့ရဲ့ နောက်ဆုံးပန်းတိုင်ကို ဘယ်မှာ ထားရမလဲဆိုတာကို ငါ ပြောပြမယ်။ ပြီးတော့... ငါတို့ မင်းတို့ကို သေစေနိုင်တဲ့ အရာတစ်ခုကိုလည်း လုပ်ကြရလိမ့်မယ်" သူမက အေးအေးဆေးဆေးပင် ပြောလိုက်သည်။
သူမ၏ လေသံအရ အရေးကြီးသောအရာကို ပြောနေပုံ မရသော်လည်း သူမ၏ စကားလုံးများကမူ လူတိုင်းကို လေးနက်သွားစေရန် လုံလောက်လှလေတော့သည်။
အခန်း (၅၂၄) အကန့်အသတ်မရှိသော ကောင်းကင်
'တစ်ဖက်လူက အသက်ကယ်ကုသဆေး တောင် လိုအပ်နေရတဲ့ တိုက်ပွဲထက် ဘာကများ ပိုအန္တရာယ်များနိုင်ဦးမှာလဲ' လုံချန်းက ခါးသီးစွာ ပြုံးရင်း တွေးနေမိသည်။ တကယ့် သေခြင်းတရားထက် ပိုအန္တရာယ်များတာ မရှိနိုင်တော့သော်လည်း ရွှမ်ယီက တကယ်ပြောနေခြင်းဖြစ်မည်ဟု သူ မယုံကြည်ပေ။
အရင်းအမြစ်များ ဤမျှ ဖြုန်းတီးနိုင်သော ကျောင်းတော်ကြီးက တပည့်များကို အတန်းထဲတွင် အသေခံခိုင်းမည် မဟုတ်ပေ။ ကျောင်းတော်အတွင်း တပည့်များ သေဆုံးခြင်းကို ကျောင်းတော်က ဂရုမစိုက်ကြောင်း လုံချန်း သိသည်။ မူယွမ်နှင့်အတူ ဤနေရာသို့ လာစဉ်ကပင် လူအများ သေဆုံးနေကြသော်လည်း မည်သူမျှ ဂရုမစိုက်ခဲ့ကြသည်မှာ ထင်ရှားသည်။ သို့သော် ယခုတစ်ကြိမ်မှာတော့ ကွာခြားသည်။
ဤသည်က စာသင်ခန်းတစ်ခန်း ဖြစ်နေပြီး လုံချန်း နားလည်ထားသလောက်တော့ အကြီးအကဲမှာ သူတို့၏ ဘေးကင်းလုံခြုံမှုအတွက် တာဝန်ရှိသည်။ ပထမဆုံး စမ်းသပ်မှုတွင် ဒဏ်ရာပြင်းထန်သူတိုင်းကို ရွှမ်ယီက အသက်ကယ်ကုသဆေးများ တိုက်ကျွေးခဲ့ခြင်းကပင် ၎င်းကို သက်သေပြနေသည်။
လုံချန်း အတွေးလွန်နေစဉ်မှာပင် ရွှမ်ယီက စတင် ရှင်းပြတော့သည်။
"ပထမဆုံးအနေနဲ့ အဆင့် ၃ အလားအလာ ရှိတဲ့သူတွေ... မင်းတို့ အမြင့်ဆုံး ရောက်နိုင်တဲ့ အဆင့်ကတော့ ကောင်းကင်အဆင့် အထွတ်အထိပ်ပဲ။ မင်းတို့ရဲ့ မျှော်လင့်ချက်တွေကို ရိုက်ချိုးသလို ဖြစ်သွားရင် တောင်းပန်ပါတယ်၊ ဒါပေမဲ့ စိတ်ပျက်စရာ မဖြစ်ရအောင် အဲဒီအဆင့်ကိုပဲ ပန်းတိုင်အဖြစ် သတ်မှတ်ထားသင့်တယ်။ ဒါပေမဲ့ ဒါက မင်းတို့ ကြိုးစားစရာ မလိုတော့ဘူးလို့ ဆိုလိုတာ မဟုတ်ဘူး" ရွှမ်ယီက သူမ၏ အလားအလာကို အဆင့် ၃ ဟု သိသွားကြသည့် တပည့်များကို ကြည့်ရင်း ပြောလိုက်သည်။
"ကြိုးစားအားထုတ်မှုက တစ်ခါတလေမှာ အံ့ဖွယ်တွေကို ဖန်တီးနိုင်တယ်ဆိုတာ မင်းတို့ သိပါတယ်။ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ငါတောင်မှ အတတ်မပြောနိုင်ဘူး။ ဒါကို မင်းတို့ စိတ်ဓာတ်ကျအောင် ပြောတာ မဟုတ်ဘဲ၊ စိတ်ပျက်စရာ မဖြစ်ရအောင် အကြံပြုချက်အနေနဲ့ပဲ မှတ်ယူကြပါ" ရွှမ်ယီက လူတိုင်းကို ဝေ့ကြည့်ရင်း ဆက်လက် ရှင်းပြသည်။
သူမက လူတိုင်းကို ပြောနေသလို ရှိသော်လည်း အဆင့် ၃ ဟု သိလိုက်ရသူများကို အဓိကထား ပြောနေခြင်း ဖြစ်သည်။
လုံချန်းသည် သူမ၏ စကားအချို့ကို သဘောတူသဖြင့် ခေါင်းညိတ်မိသည်။ ရည်မှန်းချက်ကို နိမ့်နိမ့်ထားခြင်းက ပိုကောင်းသော်လည်း တိုက်ပွဲမစတင်မီကပင် လက်နက်ချလိုက်ခြင်းမှာတော့ လုံးဝ မမှန်ကန်ပေ။ သူ၏ ကိုယ်ပိုင် ရည်မှန်းချက်မှာမူ အလွန်မြင့်မားသည်။ ဘာကြောင့်လဲဆိုတော့ သူ့မှာ အကန့်အသတ် မရှိသောကြောင့်ပင်။ သူ၏ ခန္ဓာကိုယ်ထဲတွင် အထူးသတ္တဝါတစ်ဦး၏ သွေးများ စီးဆင်းနေပြီး ထိုသွေးများမှာ မနိုးထသေးသော်လည်း သူသည် အလွန်ပင် အစွမ်းထက်နေပြီ ဖြစ်သည်။
ထိုသွေးများ အမှန်တကယ် နိုးထလာချိန်တွင် သူ မည်မျှပင် အစွမ်းထက်လာမည်ကို သူ သိချင်နေမိသည်။ သူသာ အသက်ရှင်နေသရွေ့ သူ၏ အနာဂတ်နှင့် သူ၏ ခန္ဓာကိုယ်မှာ အကန့်အသတ် ရှိမည် မဟုတ်ကြောင်း သူ အပြည့်အဝ ယုံကြည်ထားသည်။
သူသည် ဟင်းလင်းပြင်နိယာမကို ထပ်မံ နားလည်သဘောပေါက်ခြင်း မရှိသေးသော်လည်း ဟင်းလင်းပြင် နိယာမသစ်ပင်အား သူ ဖန်တီးနိုင်သည့်အခါ သူ့ကို မည်သည့်ရန်သူမှ ဖမ်းမိနိုင်တော့မည် မဟုတ်သဖြင့် သူသည် မသေနိုင်သလောက် ဖြစ်သွားမည်ဟု သိနေသည်။ ထိုအချိန်ကျမှသာ သူသည် နိယာမ နားလည်သဘောပေါက်မှုတွင် ကမ္ဘာ့အထွတ်အထိပ်သို့ ရောက်ရှိပေလိမ့်မည်။ သူသည် ဟင်းလင်းပြင်၏ သခင် ဖြစ်လာမည်ဖြစ်ပြီး ၎င်းမှာ နိယာမတစ်ခုသာ ရှိသေးသည်။ သူ့တွင် နိယာမများစွာ ရှိနေသဖြင့် နိယာမသစ်ပင်များစွာကို ဖန်တီးရန် အခွင့်အရေး ရှိသည်။ အမှောင်သစ်ပင်သာ ဖြစ်ပေါ်လာပါက မည်မျှ အစွမ်းထက်မည်ကို သူ စဉ်းစား၍ပင် မရနိုင်ပေ။
ရွှမ်ယီက ထပ်မံ ပြောကြားသည်။
"အဆင့် ၄ အလားအလာ ရှိတဲ့သူတွေ... မင်းတို့ကတော့ ကောင်းကင်ဘုံအဆင့်ကို တက်လှမ်းနိုင်ဖို့ အခွင့်အလမ်း ကောင်းကောင်း ရှိတယ်၊ ဒါပေမဲ့ အောင်မြင်မယ်လို့တော့ အာမမခံနိုင်ဘူး။ ငါ ပြောခဲ့သလိုပဲ၊ အလားအလာဆိုတာက မင်းတို့ ခန္ဓာကိုယ်ရဲ့ အကန့်အသတ်ကိုပဲ ဖော်ပြတာ၊ ကျင့်ကြံခြင်းအတွက် မင်းတို့မှာရှိတဲ့ ပါရမီကို ပြောတာ မဟုတ်ဘူး။ ကောင်းကင်အဆင့်ကို မရောက်ခင်မှာတင် မင်းတို့က အတားအဆီးတွေနဲ့ ရင်ဆိုင်ရနိုင်တယ်။ မင်းတို့အနေနဲ့ ကျင့်ကြံခြင်းလမ်းစဉ်ပေါ်မှာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ အာရုံစိုက်ထားဖို့ လိုတယ်" သူမက ဆိုသည်။
အဆင့် ၄ အလားအလာ ရှိသူများမှာမူ သူတို့အနေဖြင့် ကျောင်းတော်၏ အကြီးအကဲ တစ်ဦး ဖြစ်လာနိုင်သည့် ကောင်းကင်ဘုံအဆင့်သို့ ရောက်ရှိနိုင်သည်ကို သိရသဖြင့် အလွန် စိတ်လှုပ်ရှားသွားကြသည်။ ၎င်းမှာ ကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်ပြီး တစ္ဆေကျောင်းတော်ရှိ တပည့်များစွာ၏ အိပ်မက်လည်း ဖြစ်သည်။
အဆင့် ၃ ရှိသူများမှာမူ အဆင့် ၄ ရှိသူများကို မနာလိုဟန်ဖြင့်သာ ကြည့်နိုင်ကြတော့သည်။ ထို့နောက် အဆင့် ၅ နှင့် အဆင့် ၆ ရှိသူများ၏ အနာဂတ်မှာ မည်မျှ ခမ်းနားမည်နည်းဟု တွေးတောရင်း သူတို့ဆီသို့ လှည့်ကြည့်လိုက်ကြသည်။
လုံချန်းသည် အလားအလာ အဆင့်များက ကျင့်ကြံခြင်းနှင့် အကန့်အသတ်များအား မည်သို့ ဖြည့်ဆည်းပေးသလဲဆိုသည်ကို သိရှိသွားသော်လည်း ရွှမ်ယီ၏ အဖြေကို ဆက်လက် နားထောင်နေလိုက်သည်။
"နောက်တစ်ခုက အဆင့် ၅ အလားအလာ ရှိတဲ့သူတွေ... မင်းတို့ကတော့ ကောင်းကင်ဘုံအဆင့် အလယ်ပိုင်းကနေ အထက်ပိုင်းအထိ ရောက်နိုင်တဲ့ တကယ့် မျှော်လင့်ချက် ရှိတယ်။ ကြိုးစားအားထုတ်မှုသာ ရှိမယ်ဆိုရင် ကြီးကျယ်တဲ့ အောင်မြင်မှုတွေ ရဖို့ အခွင့်အရေး ရှိတယ်" ရွှမ်ယီက ရှင်းပြသည်။
"နောက်ဆုံးကတော့ အဆင့် ၆ အလားအလာပဲ။ ဒီမှာ တစ်ယောက်ပဲ ရှိတာကကို သူ့ရဲ့ ထူးခြားမှုကို ပြနေတာပဲ။ ကျောင်းတော် တစ်ဆောင်လုံးမှာတောင် အဆင့် ၆ အလားအလာ ရှိသူ ၁၀၀ အောက်ပဲ ရှိတယ်။ အဆင့် ၆ ရှိတဲ့သူတွေက ကောင်းကင်ဘုံအဆင့် အထွတ်အထိပ်ကို ရောက်ဖို့ မျှော်လင့်ချက် ရှိသလို၊ ကံကောင်းရင် အဲဒီထက်တောင် ကျော်လွန်သွားနိုင်တယ်။ ဒါပေမဲ့ ငါ ပြောသလိုပဲ အလားအလာဆိုတာ အချက်အလက်တွေထဲက တစ်ခုပဲ ဖြစ်ပြီး ပါရမီကလည်း မင်းတို့ရဲ့ အနာဂတ်အလားအလာအပေါ် အများကြီး သက်ရောက်မှု ရှိတယ်"
ရွှမ်ယီက ရှင်းပြချက်ကို အဆုံးသတ်လိုက်သည်။
"အဆင့် ၇ ပါရမီရှင်တွေရော ရှိလား။ ကျောင်းတော်မှာ အဆင့် ၇ ရှိတဲ့သူ ရှိလား" ရူရှင်က သူမထက် ပိုမြင့်မားသော အလားအလာ ရှိသူ ရှိ၊ မရှိ သိချင်သဖြင့် မေးလိုက်သည်။
"ကျောင်းတော်မှာ အဆင့် ၆ ထက် မြင့်တဲ့သူတွေ သေချာပေါက် ရှိတာပေါ့။ ငါ ပြောနိုင်တာကတော့ သူတို့ရဲ့ အကန့်အသတ်တွေအတွက် စိတ်ပူစရာ မလိုဘူးဆိုတာပဲ။ သူတို့ထဲက အများစုဟာ သူတို့ရဲ့ အလားအလာ အကန့်အသတ်ကို မရောက်ခင်မှာတင် သေဆုံးသွားတတ်ကြတယ်၊ ဘာလို့လဲဆိုတော့ သူတို့မှာ အလားအလာနဲ့ ကိုက်ညီတဲ့ ပါရမီ မရှိကြလို့ပဲ။ တကယ်လို့ တစ်စုံတစ်ယောက်က အထွတ်အထိပ် ပါရမီနဲ့ ပိုမိုကောင်းမွန်တဲ့ အလားအလာသာ ရှိမယ်ဆိုရင်တော့... သူ့အတွက် ဘယ်ကောင်းကင်ကမှ မြင့်မားနေမှာ မဟုတ်တော့ဘူး" ရွှမ်ယီက ပြောလိုက်သည်။ သူမ ဤသို့ ပြောနေစဉ် လုံချန်းကို မသိမသာ လှမ်းကြည့်လိုက်မိသည်။
လုံချန်းက ၎င်းကို သတိပြုမိလိုက်ပြီး အခြေအနေများမှာ တစ်စက္ကန့်ထက် တစ်စက္ကန့် ပိုမို ရှင်းလင်းလာသည်။ ဖြစ်ရပ်လေးများကို စုစည်းကြည့်ခြင်းအားဖြင့် သူသည် သူ ထင်ထားသည်ထက် ပိုမိုကြီးမားသော အမှားတစ်ခုကို လုပ်မိသွားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။
သူသည် အံ့သြဖွယ် ပါရမီရှိသော်လည်း အကြောင်းတစ်ခုခုကြောင့် အလားအလာများ ပိတ်ဆို့နေသည့် တစ်စုံတစ်ယောက်အဖြစ် ဟန်ဆောင်မိသွားခြင်း ဖြစ်သည်။ ယခုအခါ မူလင်းမှာ ပြန်လည် နိုးထလာပြီဟု သူတို့ ယုံကြည်သွားကြသည်။ ၎င်းက သူ့အပေါ် အာရုံစိုက်မှု ပိုများလာစေသဖြင့် သူ မနှစ်သက်သော်လည်း တစ်ဖက်တွင်မူ အသုံးဝင်လိမ့်မည်ဟု သူ မြင်သည်။
မှတ်ဉာဏ် ပျောက်ဆုံးဟန်ဆောင်ခြင်းက အသုံးဝင်သော်လည်း ဤနေရာတွင် ဘေးကင်းရန်အတွက် သူ၏ ခွန်အားအချို့ကို ထုတ်ပြရန် လိုအပ်ကြောင်း သူ သိသည်။ ၎င်းက ကျောင်းတော်တွင် ခိုင်မာသော နောက်ခံတစ်ခု ရရှိစေမည် ဖြစ်သည်။ ထို့နောက်တွင် ကျောင်းတော်အတွင်း ရာထူးတက်လှမ်းနိုင်ပြီး သတင်းအချက်အလက်များကို ပိုမို လွယ်ကူစွာ စုဆောင်းနိုင်ပေလိမ့်မည်။
"ဆရာ့ရဲ့ အလားအလာကရော ဘယ်အဆင့်လဲ" လုံချန်းက ရွှမ်ယီကို မေးလိုက်သည်။ သူက မှတ်ဉာဏ်ပျောက်နေသူအဖြစ် ဟန်ဆောင်ထားသော်လည်း ဤကဲ့သို့သော မေးခွန်းမျိုး မမေးနိုင်စရာ အကြောင်းမရှိပေ။
လူတိုင်းက လုံချန်းကို ငတုံးတစ်ယောက်လို ကြည့်လိုက်ကြသည်။ စည်းကမ်းကြီးသော အကြီးအကဲရွှမ်ကို ဤကဲ့သို့သော မေးခွန်းမျိုး မေးဝံ့သည်ကို သူတို့ မယုံနိုင် ဖြစ်နေကြသည်။ အကြီးအကဲတစ်ဦး၏ အလားအလာမှာ အလွန် လေးနက်ပြီး ပုဂ္ဂိုလ်ရေးဆန်သည့် အရာဖြစ်သဖြင့် တပည့်လေးများကို ပြောပြလိမ့်မည် မဟုတ်ပေ။ အကြီးအကဲရွှမ် စိတ်ဆိုးသွားနိုင်သည်ဟု သူတို့ ထင်ကြသည်။ သူတို့အားလုံး အကြီးအကဲ၏ တုံ့ပြန်မှုကို စောင့်နေကြပြီး လုံချန်းမှာတော့ အရိုက်ခံရတော့မည်ဟု ယုံကြည်နေကြသည်။
ရွှမ်ယီသည် လုံချန်းကို မည်သည့် အမူအရာမှ မပြဘဲ ကြည့်နေသည်။
"ငါ့မှာ အဆင့် ၇ အလားအလာ ရှိတယ်" အချိန်အနည်းငယ် ကြာပြီးမှ သူမက ပြောလိုက်သည်။
တပည့်များအားလုံး သူမ၏ စကားကြောင့် အံ့အားသင့်သွားကြသည်။
ရူရှင်ပင်လျှင် သူမ၏ စကားကြောင့် မှင်တက်သွားရသည်။
"ဘာပဲဖြစ်ဖြစ်... မူလအကြောင်းအရာကို ပြန်သွားရအောင်။ ငါ စောစောက ပြောခဲ့တဲ့ ကိစ္စကို ပြန်သွားဖို့ လိုတယ်။ ဒါဟာ ဒီနေ့အတွက် နောက်ဆုံးလုပ်ဆောင်ရမယ့် အရာ ဖြစ်ပြီး၊ ဒါပြီးရင် မင်းတို့ထဲက အချို့ကတော့ တကယ်ကို သေဆုံးသွားနိုင်တယ်" သူမက ဆိုလေတော့သည်။