← Chapters

ခြိမ်းခြောက်၍ နှိပ်ကွပ်ခြင်း

Vol. 10 Ch. 955

ခြိမ်းခြောက်၍ နှိပ်ကွပ်ခြင်း

Vol. 10 Ch. 955

မြောက်ပိုင်းနတ်အဆင့်ကျင့်ကြံသူလေးယောက်အနက် သုံးယောက်က အမျိုးသားဖြစ်ပြီး တစ်ယောက်က အမျိုးသမီးဖြစ်သည်။ အမျိုးသမီးက သက်လတ်ပိုင်းအရွယ်လည်းမဟုတ်ဘဲ ငယ်ရွယ်လွန်းသည်လည်း မဟုတ်ပေ။ သူမက အလွန်တရာ လှပချောမောသည့်တိုင် ကြောက်စရာကောင်းနေ၏။ အမျိုးသားသုံးယောက်အနက် နှစ်ယောက်က အသက်ပိုကြီးပြီး တစ်ယောက်က သက်လတ်ပိုင်းအရွယ်ဖြစ်သည်။ ထိုသက်လတ်ပိုင်းအရွယ်အမျိုးသားသည် ဓားသွားပမာ ဖြောင့်တန်းနေသော မျက်ခုံးများ၊ ကြယ်များသဖွယ် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် အလွန် ချောမောခန့်ညား၏။ ပိုင်ရှောင်ချန်းသည် သူ၏ဘဝတွင် ချောမောခန့်ညားသော ကျင့်ကြံသူများအား မြင်ခဲ့ဖူးသော်လည်း ကြည့်ကောင်းခြင်းနှင့် ပတ်သက်လျှင် မည်သူကမှ ထိုလူကို မယှဥ်ပြိုင်နိုင်ကြောင်း ဝန်ခံရပေမည်။

အမှန်ဆိုရလျှင် ယင်းက သူ့ကို ရွစိရွစိ ခံစားလိုက်ရစေသည်။ ထိုသက်လတ်ပိုင်းကျင့်ကြံသူမှာ ချောမောလွန်းသည်။ ထို့အပြင် သူ့မှာ လွန်စွာမြင့်မားသော ကျင့်ကြံခြင်းအခြေခံရှိ၏။ သူ၏မျက်လုံးများ တလက်လက်တောက်ပနေသည်ကို ထောက်ချင့်လျှင် သူသည် အမျိုးသမီးကျင့်ကြံသူများကို မယုံနိုင်စရာကောင်းလောက်အောင် ဆွဲဆောင်မှုရှိသည့် လူစားမျိုးပင်။

ထိုအချိန်တွင် နှစ်တစ်ထောင်သရဲသခင်၊ အင်မော်တယ်ဝိညာဥ်သခင်ကြီးအပါအဝင် အနောက်ပိုင်းနှင့်မြောက်ပိုင်းမှ ကျင့်ကြံသူများအားလုံး အရှေ့ပိုင်းကျင့်ကြံသူများနှင့်ဝေးရာသို့ ရှောင်သွားကြသည်။

ဇောင်ထျန်ကျောက်နှင့် ပိုင်လင်းတို့နှစ်ယောက်လုံး၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားနေသောအရိပ်အယောင်များရှိနေသည်။ စုန့်ချွဲမှာ စိတ်လှုပ်ရှားနေသော်လည်း ပိုင်ရှောင်ချန်းက မည်သို့လုပ်မည်လဲ ကြည့်ချင်လွန်း၍ အူယားနေတော့သည်။

ယင်းမှာ ဖြေရှင်း၍မရနိုင်သော အခြေအနေကြီးတစ်ရပ်နှင့်တူသည်။ မြောက်ပိုင်းနတ်အဆင့်ကျင့်ကြံသူများက ပိုင်ရှောင်ချန်းကို အမှန်တကယ် သတ်ရဲမည်မဟုတ်သော်လည်း သူတို့၏ဒေါသများကို သူ့အပေါ်ပုံချပဲ နေမည်မဟုတ်ပေ။

စုန့်ချွဲ၏ အကဲဖြတ်မှု မှန်ပေသည်။ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်က အပြန်လမ်းတွင် စာများပို့ခဲ့ရာ မြောက်ပိုင်းနတ်အဆင့်ကျင့်ကြံသူများက ပိုင်ရှောင်ချန်း ရောက်လာသည်နှင့် ချက်ချင်း ပြဿနာရှာတော့သည်။

လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်၏မျက်ဝန်းများတွင် ရေခဲတမျှအေးစက်သောအလင်းများဖြင့် တောက်ပနေလျက် အေးစက်စက်ရယ်မောလိုက်၏။

" တစ်ယောက်ချင်းဆို မကိုင်တွယ်နိုင်ပေမယ့် ငါတို့အတူတူပေါင်းလိုက်ရင် လွယ်ကူလိမ့်မယ် "

ပိုင်ရှောင်ချန်းမှာ ဖိအားများမြင့်တက်လာသည်ကို ရုတ်ချည်း ခံစားလိုက်ရတော့သည်။ သူသည် စိတ်ပျက်လက်မှိုင်ကျနေပါသော်လည်း နတ်အဆင့်ကျင့်ကြံသူများ ရုတ်တရက်ရောက်ချလာခြင်းကြောင့် ရင်တဒိန်းဒိန်းခုန်သွားတော့သည်။ လျှပ်စီးတိမ်တိုက်သခင်ညီနောင်အပြင် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်း၌ နတ်အဆင့်ကျင့်ကြံသူလေးဦးရှိ၏။ သို့သော် လျှပ်စီးတိမ်တိုက်သခင်ညီနောင်ပါလျှင်တော့......

ပိုင်ရှောင်ချန်းမှာ ထိုဂိုဏ်းတွင် နတ်အဆင့်ကျင့်ကြံသူ ငါးယောက်ရှိသည်လား၊ ခြောက်ယောက်လား ဆိုသည်ကို တပ်အပ်မပြောနိုင်ပေ။ ထို့အပြင် အပေါ်ထက်က သလင်းကျောက်ခေါင်းတလားအတွင်းရှိ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် မပါသေးချေ။

ဧရာမမျက်နှာကြီးလေးခုက သူ့ကို ငုံ့ကြည့်နေခြင်းကြောင့် စိတ်ထဲ ညည်းညူနေတော့သည်။ အမှန်တွင် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်သာ မရှိလျှင် သူတို့က ဇဝေဇဝါဖြင့် ပိုင်ရှောင်ချန်းက မည်သူဆိုသည်ကို လျှောက်မေးနေမည်သာ ဖြစ်သည်။

သို့သော် သူသည် အသက်တစ်ချက်ရှူ၍ မျက်လုံးနီကြီးများဖြင့် ပြန်လည်စိုက်ကြည့်ရုံမှတစ်ပါး အခြား ရွေးချယ်စရာမရှိတော့ပေ။

" ငါက ကြီးကျယ်မြင့်မြတ်တဲ့ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပဲ "

သူက တွေးလိုက်သည်။

" ငါအရိုးတွေ ကျိုးပြီး သွေးစိမ်းရှင်ရှင်ထွက်ရင်တောင်မှ ကြောက်တဲ့ပုံပေါ်လို့မဖြစ်ဘူး "

သူက ဒေါသများဖြင့် ရင်တဒိန်းဒိန်းခုန်နေလျက်

ရှေ့လှမ်းလိုက်ကာ မျက်နှာကြီးများအား မော့ကြည့်ပြီး တုလင်ဖေး၏ခါးကို ဖက်လိုက်သည်။

တုလင်ဖေးမှာ အခြေအနေအား ဖြေရှင်းရန် နည်းလမ်းတစ်ခု စဥ်းစားဖို့ ကြိုးစားနေခဲ့ပါသော်လည်း သူမ မည်သို့မျှမလုပ်နိုင်ခင်မှာပင် ပိုင်ရှောင်ချန်းက ရှေ့တက်ပြီး သူမကို ဖက်လာသည်။

သူမမှာ အထိတ်တလန့်ဖြစ်သွားလျက် ပိုင်ရှောင်ချန်းကို ကြည့်လိုက်သည်။ ကြည့်ရှုနေသူတိုင်းအတွက် ပိုင်ရှောင်ချန်းသည် အဆုံးစွန်ထိ အထင်ကြီးဖွယ်ကောင်းပြီး သက်ရှိသက်မဲ့အားလုံးကို မျက်လုံးထဲမထည့်သည့် လူတစ်ယောက်အလား။ ထို့နောက် မြောက်ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ပိုင်းကျင့်ကြံသူများအားလုံး၏အရှေ့တွင် အရှေ့ပိုင်းသားကျင့်ကြံသူများက မည်သို့ဖြစ်ပျက်လာမည်ကို စိတ်လှုပ်တရှား စောင့်ကြည့်နေကြစဥ်မှာပင် ပိုင်ရှောင်ချန်းက ကိုယ်ကိုကိုင်း၍ ငေးမောကြည့်ရှုနေသော တုလင်ဖေး၏ပါးကို ရွှတ်ခနဲ နမ်းရှိုက်လိုက်တော့သည်။

စုန့်ချွဲ၏မျက်လုံးများတွင် အံ့ဩတုန်လှုပ်သည့်အရိပ်အယောင်များ ပြည့်နှက်သွားပြီး လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်မှာ မျက်မှောင်ကြုတ်သွား၏။ မြောက်ပိုင်းနတ်အဆင့်ကျင့်ကြံသူများမှာ တအံ့တသြကြည့်နေကြပြီး အထူးသဖြင့် ချောမောသော ကျင့်ကြံသူ၏မျက်လုံးများကား မီးဝင်းဝင်းတောက်လာတော့သည်။

" မိန်းမရေ "

ပိုင်ရှောင်ချန်းက ကျယ်ကျယ်ပြော၏။

" ကိုယ်တို့အဖေ ကောင်းကင်ဧကရာဇ်မရှိဘူးဆိုတော့ မြောက်ပိုင်းကို လျှောက်ကြည့်ရအောင်လေ။ ေဩာ်၊ မိန်းမရဲ့အစ်ကိုကြီးတစ်ယောက်လဲ ဒီမှာရှိနေတယ်ဆိုတာ ကိုယ်မှတ်မိသလိုပဲ။ ကိုယ့်ကောင်းကြောင်း သူ့ကို ပြောပြပေးနိုင်မလား။ တကယ်ဆို ကိုယ်တို့ မြောက်ပိုင်းရောက်နေတယ်ဆိုမှတော့ သွားဂါဝရပြုသင့်တယ်လေ "

စုန့်ချွဲမှာ ကျယ်လောင်စွာ ပင့်သက်ရှိုက်သွားတော့သည်။ ဇောင်ထျန်ကျောက်နှင့် ပိုင်လင်းတို့မှာ လက်ဖက်ရည်ပန်းကန်ပြားတမျှပြူးကျယ်သော မျက်လုံးကြီးများဖြင့် စိုက်ကြည့်နေကြ၏။ နှစ်တစ်ထောင်သရဲသခင်နှင့် အင်မော်တယ်ဝိညာဥ်သခင်ကြီးမှာမူ လုံးဝ မယုံကြည်နိုင်သော အမူအရာဖြင့် ပြူးကြည့်နေတော့သည်။

လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်မှာ ယေဘုယျအခြေအနေကို သိခဲ့သော်လည်း ပိုင်ရှောင်ချန်းက နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးနှင့် အလွန်သေးငယ်သော ဆက်သွယ်မှုအပေါ် မျက်နှာပြောင်တိုက်စွာ မှီခိုလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။

အခြားမြောက်ပိုင်းသားများမှာ သိသိသာသာ တွေဝေတွန့်ဆုတ်သွားသည်။ အမှန်တွင် သူတို့ပင် တုလင်ဖေးကို ကြောက်ကြ၏။ တချိန်တည်းမှာပင် သူတို့က ပိုင်ရှောင်ချန်း၏အရှက်မရှိလုပ်ရပ်ကြောင့် မှင်သက်သွားတော့သည်။

" မိန်းမတစ်ယောက်ဆီက အကူအညီယူတဲ့ ကြီးကျယ်မြင့်မြတ်တဲ့ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ပေါ့လေ။ ဘယ်လိုတောင် မျက်နှာပြောင်တိုက်တဲ့ ကောင်လဲ "

" ပိုင်ရှောင်ချန်းက ကောလဟလတွေထဲကနဲ့ တစ်ထပ်တည်းပဲ။ သစ္စာဖောက်၊ ကောက်ကျစ်ပြီး အရှက်ကိုမရှိဘူး "

ပိုင်ရှောင်ချန်းသည် လူအုပ်ကြီးက မည်သို့တွေးတောနေသည်ကို ဂရုပင်မစိုက်ချေ။ သူက ဂုဏ်ယူစွာ ဟွန့်ခနဲ နှာမှုတ်လိုက်သေးသည်။ သူ့အတွက် ယခုလိုအခြေအနေမျိုးတွင် အရူးတစ်ယောက်သာ တိုက်ခိုက်မည်ဖြစ်ပေသည်။

တုလင်ဖေးမှာ ကြောင်တောင်တောင် ဖြစ်နေသည်။ သူမက မျက်နှာလေးနီစွေးနေလျက် ပိုင်ရှောင်ချန်းကို လှမ်းကြည့်ပြီး တစ်ခုခုပြောရန် ပြင်လိုက်စဥ် ကောင်းကင်ယံမှ ဒေါသတကြီးအော်ဟစ်သံက ဝင်နှောင့်ယှက်လိုက်တော့သည်။

" မင်းရဲ့ လက်ညစ်ပတ်ကြီးကို ဖယ်လိုက်စမ်း၊ ပိုင်ရှောင်ချန်း"

ယင်းကား စူးရှတောက်ပသော အလင်းတန်းတစ်တန်းအသွင်ပြောင်း၍ ပိုင်ရှောင်ချန်းထံ တဟုန်ထိုးဦးတည်လာနေသည့် ချောမောသော သက်လတ်ပိုင်းနတ်အဆင့်ကျင့်ကြံသူထံမှလွဲ၍ တခြားမဟုတ်ပေ။

သူက အလယ်ပိုင်းနတ်အဆင့်သို့ ရောက်ရှိနေပြီး ၄င်းအား အပြည့်အဝဆင့်ခေါ်၍ မျက်စိတစ်မှိတ်အတွင်း ကြယ်ကြွေသည့်အလား ပိုင်ရှောင်ချန်းထံ ပြေးဝင်လာသည်။

ထိုကျင့်ကြံသူကိုလူချော၏ ပေါက်ကွဲမှုကြောင့် ပိုင်ရှောင်ချန်းက အတေော်လေးလန့်ဖျန့်သွားသော်လည်း အခြေအနေအား စဥ်းစားတွေးတောနေရန် အချိန်မရှိပေ။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ဘယ်လက်ကိုဆုပ်၍ ထိုလူ့ထံသို့ လက်သီးတစ်ချက်ပစ်သွင်းလိုက်သည်။

ဂျိန်းခနဲ ထစ်ခြုန်းမြည်ဟည်းသံ ထွက်ပေါ်လာပြီး ပိုင်ရှောင်ချန်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွား၏။ ကျင့်ကြံသူကိုလူချောသည်လည်း ထိုနည်းတူပင်။ တစ်ဆက်တည်းမှာပင် တုလင်ဖေးဆီမှ သတ်ဖြတ်လိုသော အရှိန်အဝါတစ်ခုတောက်လောင်လာပြီး အော်လိုက်တော့သည်။

" နင်ဘာလုပ်နေတယ်ထင်လဲ ဖုန်းချန် "

ဖုန်းချန်က ပိုင်ရှောင်ချန်းကို ဒေါသတကြီး လက်ညှိုးငေါက်ငေါက်ထိုး၍ ပြောသည်။

" လင်ဖေး၊ ဒီငတုံးက ငါရှိနေရက်နဲ့တောင် မင်းကို စော်ကားရဲတာ ငါမယုံနိုင်ဘူး။ ငါ သူ့ကို သတ်မယ် "

ပိုင်ရှောင်ချန်းမှာ ချောမောသောဖုန်းချန်က တုလင်ဖေးကို ခေါ်လိုက်သည့်စကားကြောင့် အနည်းငယ် အံအားသင့်သွားသည်။ သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ်လုပ်၍ တုလင်ဖေးကို ကြည့်ကာ ပြော၏။

" မင်းတို့နှစ်ယောက်က သိတယ်လား"

တုလင်ဖေးက ပြန်မဖြေနိုင်ခင်မှာပင် ဖုန်းချန်က ရိပ်ခနဲလှုပ်ရှားကာ ပိုင်ရှောင်ချန်းကို နောက်တစ်ကြိမ်တိုက်ခိုက်လိုက်ပြန်သည်။ တချိန်တည်းမှာပင် အခြားနတ်အဆင့်ကျင့်ကြံသူသုံးဦးသည်လည်း ပိုင်ရှောင်ချန်းရှိရာဘက်သို့ ဦးတည်လာ၏။

ပိုင်ရှောင်ချန်းသည် သူ့ကို ဦးတည်နေသည့် သတ်ဖြတ်လိုစိတ်များကို အာရုံရလိုက်သည့်အတွက် ပင့်သပ်ရှိုက်သွား၏။ သူ့ဆီသို့ အရပ်လေးမျက်နှာမှ နတ်အဆင့်ကျင့်ကြံသူလေးယောက်လာနေသည်ဖြစ်ရာ ထွက်ပြေးရန် မဖြစ်နိုင်တော့ပေ။ သူမည်သို့ ရှောင်တိမ်းစေကာမူ အန္တရာယ်ရှိသောတိုက်ကွက်တစ်ကွက်ကိုတော့ ရင်ဆိုင်ရမည်ဖြစ်သည်။ ထိုအချိန်တွင် သူက ဟိန်းဟောက်ပြီး တောင်ဖြိုသိုင်းကို ဆင့်ခေါ်လိုက်သဖြင့် လေထဲတွင် အက်ကွဲသံများ ပြည့်နှက်လာတော့သည်။

သူက တွေဝေတွန့်ဆုတ်မနေဘဲ တောင်ဖြိုသိုင်း၊ ထာဝရပြုစားခြင်းသိုင်းနှင့် ထာဝရဧကရာဇ်လက်သီးငါးဆအားကို အသုံးပြုလိုက်သည်။

ပတ်ဝန်းကျင်ရှိ အေးစိမ့်မှုများကား ရုတ်တရက် ပို၍ပြင်းထန်လာတော့သည်။ နတ်အဆင့်ကျင့်ကြံသူလေးယောက်မှာ ထို အံ့ဩတုန်လှုပ်ဖွယ် လက်သီးချက်ကြီးကြောင့် သိသိသာသာ တုန်လှုပ်သွားကြသည့်တိုင် တစ်ယောက်မှ နောက်မဆုတ်ကြပေ။ ထိုအစား သူတို့က ၄င်းအား ရင်ဆိုင်ရန် အားအပြည့်ဖြင့် ဆက်လက်ပြေးဝင်လာကြသည်။

ဝုန်းခနဲပေါက်ကွဲသွားပြီး ပိုင်ရှောင်ချန်းမှာ နောက်သို့ယိမ်းယိုင်သွား၏။ တချိန်တည်းမှာပင် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်က တိုက်ပွဲထဲ ခုန်ဝင်လာသည်။ ယခုတွင် နတ်အဆင့်ကျင့်ကြံသူခြောက်ယောက်က အတူတကွ ပူးပေါင်းတိုက်ခိုက်နေလေပြီ။ သူတို့က နီးကပ်လာသည်နှင့်အမျှ ပတ်ဝန်းကျင်ရှိ စိတ်စွမ်းအားများအား ပိတ်လှောင်လိုက်ရာ နတ်ဘုရားစွမ်းရည်များ သုံးရန် ပို၍ခက်ခဲသွားတော့သည်။

ထိုအချိန်တွင် ပိုင်ရှောင်ချန်းက ထာဝရသွေးစက်တစ်စက်အား ချေပစ်ရန် အသင့်ပြင်လိုက်ရင်း မာန်သွင်းအော်ဟစ်လိုက်သည်။ သူ့အတွက် စိတ်တိုင်းကျရွေးချယ်စရာ မရှိသည် မဟုတ်ပါလော။ ထိုလူများကား လုံးဝအနိုင်ကျင့်ယုတ်မာနေကြသည့်အတွက် သူက ကောင်းကောင်းမထိန်းချုပ်နိုင်သေးသည့် နတ်ဘုရားဇီဝိန်ခြွေသိုင်းကိုသာ အသုံးပြုရန် ကျန်တော့သည်။

" တခြား မြစ်လက်တက်သုံးခုက ကျင့်ကြံသူအပေါင်းတို့"

သူက ပြောသည်။

" အခုချက်ချင်း နောက်ဆုတ်ကြ "

၄င်းမှာ ပိုင်ရှောင်ချန်းက နတ်ဘုရားဇီဝိန်ခြွေသိုင်းကို အသုံးပြုတော့မည့် သေရေရှင်ရေးအခိုက်အတန့်ကြီးဖြစ်သည်။ မြောက်ပိုင်းနတ်အဆင့်ကျင့်ကြံသူများ လှုပ်ရှားသည့်အချိန်မှအစပြု၍ အသက်ရှူချိန်အနည်းငယ်သာ ရှိသေးသော အချိန်အတွင်း အန္တရာယ်များသော အခြေအနေကြီးတစ်ရပ် ဖြစ်နေပြီဖြစ်သည်။

ထိုအချိန်တွင် တုလင်ဖေးက သလင်းကျောက်ခေါင်းတလားကို မော့ကြည့်ပြီး ကျယ်လောင်စွာပြောလိုက်သည်။

" အစ်ကိုကြီးကျိုး။ ဒါက ညီမလေး အလည်ခေါ်လာတဲ့လူတွေကို ဆက်ဆံတဲ့ပုံလား။ နတ်မီးလျှံစမ်းသပ်ပွဲအတွက် ညီမအဖေ ချမှတ်ထားတဲ့ စည်းမျဥ်းတွေအရ သေခြင်းတရားဆိုတာ ရှောင်လွှဲလို့မရဘူး။ မြောက်ပိုင်းက ကိုယ်ရေးကိုယ်တာရန်ငြှိုးတွေကို လက်စားချေဖို့ လုပ်ပိုင်ခွင့်အာဏာကို သုံးဖို့ ကြံနေတယ်လို့တော့ မပြောနဲ့နော် "

တုလင်ဖေး၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် သလင်းကျောက်ခေါင်းတလားထံမှ ရယ်သံကြီး ထွက်ပေါ်လာ၏။ ထို့နောက် ကောင်းကင်သည် စူးရှတောက်ပသောအရောင်များဖြင့် ပြိုးပြိုးပြက်ပြက်လက်သွားပြီး လူငယ်လေးတစ်ယောက် ပေါ်လာ၏။ သူက လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ကိုကြည့်ရသည်မှာ အားအင်စိုက်ထုတ်လိုက်ရဟန် မတူပါသော်လည်း ပိုင်ရှောင်ချန်းနှင့် အခြားနတ်အဆင့်ကျင့်ကြံသူများကြားရှိ လေထဲတွင် ပြင်းထန်သော အားကြီးတစ်ခု ပေါက်ကွဲသွား၏။

မြောက်ပိုင်းသားခြောက်ဦး၏ နတ်ဘုရားစွမ်းရည်များမှာ ဖိနှိပ်ခံလိုက်ရပြီး ပျော့ပျောင်းသောအားတစ်ခုက သူတို့ကို နောက်သို့ပို့လိုက်သည်။ သို့သော် ပိုင်ရှောင်ချန်းအတွက်တော့ မလွယ်ချေ။ သူ၏နတ်ဘုရားစွမ်းရည်မှာ အတင်းအကြပ်နင်းချေခံလိုက်ရပြီး ကြီးမားသောအားကြီးတစ်ခုက သူ့ကို ဝင်တိုက်လိုက်၏။

သူက အင့်ခနဲ ညည်းညူသွားပြီး သွေးတစ်လုပ်အန်လိုက်ရကာ နောက်သို့ ခြေလှမ်းပေါင်းများစွာ ယိမ်းယိုင်သွားတော့သည်။ သူက အသက်မနည်းရှူ၍ နတ်ဘုရားတစ်ပိုင်းအဆင့်အခိုးအငွေ့များ ထုတ်လွှတ်နေကာ အပေါ်တွင်ရပ်နေသည့် လူငယ်လေးကို သွေးချင်းချင်းနီရဲနေသောမျက်လုံးများဖြင့် မော့ကြည့်လိုက်သည်။

အလွန်တင်းမာခက်ထန်သော အမူအရာတစ်ခုက ပိုင်ရှောင်ချန်း၏ မျက်နှာတစ်ခုလုံးကို စိုးမိုးသွား၏။ သူ၏တမူထူးခြားစွာ သန်မာသောအပြင်ခန္ဓာကိုယ်ကြောင့်သာ မဟုတ်လျှင် ယခု ထိုးနှက်ချက်က သူ့ကို အပြင်းအထန်ထိခိုက်ဒဏ်ရာရသွားစေနိုင်သည်။

လူငယ်လေးက ပိုင်ရှောင်ချန်းကို ကြည့်လိုက်ပြီးနောက် တုလင်ဖေးထံအကြည့်လွှဲကာ ပြုံး၍ ပြောလိုက်သည်။

" ညီမလေး အမှတ်လေး အစ်ကိုကြီးကို တကယ်ပဲ ဒီလိုပြောစရာလိုလို့လား။ ထားပါ၊ ဘာမဟုတ်တာလေးကို စာဖွဲ့မနေတော့ပါဘူး။ ငါ့ကောင်တို့၊ တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို အသက်သွင်းပြီး ဒီကျင့်ကြံသူတွေကို သူတို့ရဲ့ မြစ်လက်တက်သုံးခုဆီ ပြန်ပို့လိုက်ကြ "

ချက်ချင်းပင် ကောင်းကင်းကိုးသွယ်လျှပ်စီးဂိုဏ်းမှ အကြီးအကဲများက တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ကို အသက်သွင်းလိုက်ကြရာ ဂိုဏ်းတွင် တဂျိန်းဂျိန်းထစ်ခြုန်းသံများ ပြည့်နှက်သွားတော့သည်။ နှစ်တစ်ထောင်သရဲသခင်နှင့် အင်မော်တယ်ဝိညာဥ်သခင်ကြီးတို့က နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးကို အရိုအသေပေး၍ သူတို့၏လက်အောက်ငယ်သားများကို တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ ဦးဆောင်ခေါ်သွားကြသည်။

ပိုင်ရှောင်ချန်းလည်း ဒေါသကို မျိုသိပ်လိုက်ပြီး နတ်အဆင့်ကျင့်ကြံသူများ၏ ထင်းလင်းမြင်သာသော သတ်ဖြတ်လိုစိတ်များနှင့် မြောက်ပိုင်းသားကျင့်ကြံသူများ၏ စောင်းမြောင်းသောအကြည့်များ၊ ရက်စက်သောမှတ်ချက်များကြားဝယ် သူ့လူများကို တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ ခေါ်ဆောင်သွားလိုက်သည်။

သို့သော် ထိုအခိုက်အတန့်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူထက်သာလွန်သည့် ပြင်းထန်သောအခိုးအငွေ့များက ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းအပေါ် ရုတ်တရက် ကျဆင်းလာ၏။ နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူ မျက်နှာပျက်သွားပြီး တုလင်ဖေးပင်လျှင် အံ့သြသွားဟန်တူသည်။ ပိုင်ရှောင်ချန်းနှင့် အရှေ့ပိုင်းသားများ မော့ကြည့်လိုက်ရာ ကောင်းကင်မှ ဧရာမမှော်သင်္ကတကြီးတစ်ခု ဆင်းသက်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် သင်္ကေတကြီး ကြေမွသွားပြီး တင်းမာခက်ထန်သော အသံတစ်သံက အရပ်မျက်နှာတစ်ခွင် ပဲ့တင်ထပ်သွားတော့သည်။

" ပိုင်ရှောင်ချန်းကို တမန်တော်အတွက် အထူးအစောင့်တစ်ယောက်အဖြစ် ခန့်အပ်လိုက်ပြီ။ သူက ကောင်းကင်တံတားတမန်တော် တုလင်ဖေးရဲ့ မြောက်ပိုင်းကို စစ်ဆေးရေးခရီးစဥ်မှာ အကူအညီပေးလိမ့်မယ် "

All Chapters