အခြားကမ္ဘာမှ ရေခဲချိုင့်ဝှမ်း၊ ငွေပြာရောင်သွေးမျိုးဆက် သွေးအဆီအနှစ်(၂)
Vol. 16 Ch. 153
အဝင်ဝမှာ ပေသုံးဆယ်ခန့် မြင့်မားပြီး၊ သလင်းကျောက် ခန်းဆီးများကဲ့သို့ ထူထဲသည့် ရေခဲတိုင်များဖြင့် ကွယ်ဝှက်ထားကာ၊ ၎င်းတို့မှတစ်ဆင့် နက်ရှိုင်းသော အတွင်းပိုင်းကို ဝေဝေဝါးဝါး မြင်တွေ့နေရလေသည်။
ယင်းဖုန်း ပြောခဲ့သော သဘာဝကန့်သတ်ချက်မှာ အမှန်တကယ်ပင် ရှိနေသည်... မျက်စိဖြင့်မမြင်ရသော စွမ်းအားနယ်ပယ်တစ်ခုက အဝင်ဝကို ပိတ်ဆို့ထားလေသည်။
သို့သော် ယင်းဖုန်း အကဲခတ်ခဲ့သည့်အတိုင်းပင်၊ ဤကန့်သတ်ချက်မှာ ပျက်စီးယိုယွင်းနေပြီဖြစ်ပြီး၊ သူ၏ စွမ်းအားမှာ ဆယ်ရာခိုင်နှုန်းခန့်သာ ကျန်ရှိတော့လေသည်။
လင်းထျန်းလုံသည် လူတိုင်းကို အနည်းငယ် နောက်ဆုတ်ရန် အချက်ပြလိုက်သည်။
သူ ရှေ့ခြေဖဝါး တစ်ဖက်ကို မြှောက်လိုက်ရာ၊ သူ၏ လက်သည်းထိပ်ဖျားတွင် ငွေပြာရောင် အလင်းတန်းများ စုစည်းသွားပြီး၊ မျက်စိဖြင့်မမြင်ရသော အတားအဆီးကို ညင်သာစွာ ထိတွေ့လိုက်လေသည်။
ရှဲ...
သေးငယ်သော စွမ်းအင် လှိုင်းဂယက်များ ပြန့်နှံ့သွားပြီး၊ အတားအဆီးမှာ အကြိမ်အနည်းငယ် ပြင်းထန်စွာ တဖျတ်ဖျတ် လင်းလက်သွားပြီးနောက်၊ ပေါက်ကွဲသွားသော ပူဖောင်းတစ်ခုကဲ့သို့ တိတ်တဆိတ် လွင့်ပြယ်သွားလေတော့သည်။
ကန့်သတ်ချက်မှာ အတင်းအဓမ္မ ချိုးဖျက်ခံလိုက်ရလေပြီ။
ရှေးဆန်သော အရှိန်အဝါများ ပါဝင်သည့် ပိုမိုသန့်စင်ပြီး ရှေးကျသော အအေးဓာတ်တစ်ခု ဂူအတွင်းမှ ထွက်ပေါ်လာခဲ့သည်။
၎င်းအတွင်းတွင် ပါဝင်နေသော ကြီးမားကျယ်ပြန့်သည့် အနှစ်သာရက လင်းထျန်းလုံ၏ ခန္ဓာကိုယ်အတွင်းရှိ ငွေပြာရောင်သွေးမျိုးဆက်ကို လှုံဆော်ပေးနေကာ အငမ်းမရဖြစ်လာစေလေသည်။
ရှောင်လန်နှင့် ရှောင်ယင်းတို့သည်လည်း ဤအရှိန်အဝါကို ခံစားလိုက်ရပြီး၊ သူတို့၏ မျက်နှာငယ်လေးများပေါ်တွင် အံ့သြမှင်တက်နေသည့် အမူအရာများ ပေါ်လာခဲ့လေသည်။
“ဖေဖေ... အထဲက အရာက ဖေဖေနဲ့ ဆက်စပ်နေသလိုပဲနော်...” ရှောင်ယင်းသည် ဂူ၏ အနက်ထဲသို့ သိချင်စိတ်အပြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
လင်းထျန်းလုံ ခေါင်းညိတ်ပြလိုက်သည်။ သူ၏ ငွေပြာဘုရင်မျက်၀န်းများမှာ တောက်ပလာပြီး ဂူအတွင်းသို့ ဦးဆောင် ဝင်ရောက်သွားလေသည်။
ဦးလေးရန့်မြဲ့နှင့် ထျန်းပင်းတို့သည် စွတ်ဖား၏ ဘေးတစ်ဖက်တစ်ချက်စီကို ကာကွယ်ကာ အနောက်မှ ကပ်လျက် လိုက်ပါလာကြလေသည်။
ဂူ၏ အတွင်းပိုင်းမှာ အပြင်ဘက်မှ ကြည့်ရသည်ထက် များစွာ ပိုမိုကျယ်ဝန်းနေပြီး၊ တောင်တစ်လုံးလုံးကို ထွင်းဖောက်ထားသကဲ့သို့ ရှိလေသည်။
ဂူနံရံများမှာ သာမန် ရေခဲများ မဟုတ်တော့ဘဲ၊ အတွင်းတွင် ငွေရောင် အလင်းမျှင်များ စီးဆင်းနေသည့် ပွင့်လင်းမြင်သာသော ထူးဆန်းသည့် သလင်းကျောက် တစ်မျိုးဖြစ်နေကာ၊ ဂူတစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေစေလေသည်။
ဂူ၏ အလယ်ဗဟိုတွင် သူမျှော်လင့်ထားသည့် ရတနာပုံကြီး မရှိနေဘဲ၊ သဘာဝအတိုင်း ဖြစ်ပေါ်နေပုံရသော ဧရာမ ရေခဲသလင်း ယဇ်ပလ္လင်ကြီးတစ်ခုသာ ရှိနေလေသည်။
ယဇ်ပလ္လင်အထက်တွင် ဦးခေါင်းအရွယ်အစားခန့်ရှိ၊ ငွေရောင်ရင့်ရင့် အရည်ပုံစံ သတ္တုနှင့်တူသည့် အရာတစ်ခု လွင့်မြောနေပြီး ဖြည်းညင်းစွာ လည်ပတ်နေလေသည်။
လင်းထျန်းလုံ၏ သွေးများကို ဆူပွက်လာစေခဲ့သည့် ရှေးကျပြီး ကြီးမားကျယ်ပြန့်သော အရှိန်အဝါမှာ ဤအရာဝထံမှ အတိအကျ ထွက်ပေါ်နေခြင်းပင် ဖြစ်လေသည်။
[စနစ် အသိပေးချက်] ။ ။ အမည်မသိ ရှေးဟောင်းအကြွင်းအကျန်ကို ရှာဖွေတွေ့ရှိပါသည်။ စွမ်းအင်လှိုင်းတုံ့ပြန်မှုမှာ ပိုင်ရှင်၏ ငွေပြာရောင်သွေးမျိုးဆက်နှင့် အလွန်အမင်း ဆင်တူနေပါသည်။
ခွဲခြမ်းစိတ်ဖြာနေသည်...
[ခွဲခြမ်းစိတ်ဖြာမှု ပြီးစီးပါပြီ]။ ။ ပစ်မှတ်မှာ အလွန်အမင်း သိပ်သည်းထားသော ရှေးဟောင်း ငွေပြာဝံပုလွေ သွေးအဆီအနှစ် (အပိုင်းအစ) ဖြစ်ပြီး၊ ငွေပြာဝံပုလွေဘိုးဘေး၏ သန့်စင်လွန်းသော ရှေးဟောင်းစွမ်းအင်များ ပါဝင်သည်။
ပိုင်ရှင်၏ သွေးမျိုးဆက် အရည်အသွေးကို ကြီးမားစွာ ဖြည့်စွက်၊ သန့်စင်ပေးနိုင်ပြီး မြှင့်တင်ပေးနိုင်ပါသည်။
“ရှေးဟောင်း ငွေပြာရောင်ဝံပုလွေ သွေးအဆီအနှစ်လား” လင်းထျန်းလုံ၏ နှလုံးခုန်သံမှာ ခဏတာ ရပ်တန့်သွားခဲ့ရသည်။
ဤသည်မှာ စိတ်ကူးယဉ်နိုင်ရုံသာရှိပြီး လက်တွေ့တွင် တွေ့ရန်ခဲယဉ်းလှသည့် အထွတ်အမြတ်ရတနာကြီး တစ်ခုပင် ဖြစ်လေသည်။
ငွေပြာရောင်သွေးမျိုးဆက်ရှိသူ တစ်ဦးအတွက်မူ ၎င်း၏ တန်ဖိုးမှာ ရေခဲပင်မသတ္တုကြော ဆယ်ခုထက်မက ပိုမိုကြီးမားလွန်းပေသည်။
သူသာ အောင်မြင်စွာ စုပ်ယူနိုင်မည်ဆိုပါက၊ သူ၏ ငွေပြာရောင်သွေးမျိုးဆက်မှာ အရည်အသွေးပိုင်းဆိုင်ရာတွင် ခုန်ပျံကျော်လွှားကာ အဆင့်သစ်တစ်ခုသို့ တိုးတက်သွားမည်ဖြစ်သည်။
သို့သော် သူ၏ နှလုံးသားထဲတွင် ဝမ်းသာပျော်ရွှင်မှု လှိုင်းလုံးတစ်ခု ရူးသွပ်စွာ ဆူပွက်လာချိန်မှာပင်၊ ရုတ်တရက် အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ငွေရောင်ရင့်ရင့် သွေးအဆီအနှစ် အစုအဝေးမှာ ဆင်တူသော သွေးမျိုးဆက်တစ်ခု ချဉ်းကပ်လာသည်ကို အာရုံခံမိပုံ ရလေသည်။
၎င်း၏ အမြန်နှုန်းမှာ ရုတ်တရက် မြင့်တက်သွားပြီး၊ ရှေးဟောင်း တောရိုင်းများထဲမှ ထွက်ပေါ်လာသည့်အလား တိုးညှင်းသည့် အသံတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
ယင်းနောက် ချက်ချင်းဆိုသလိုပင် သွေးအဆီအနှစ်၏ မျက်နှာပြင်မှနေ၍ စွမ်းအင်စီးကြောင်းသုံးခု ခွဲထွက်လာခဲ့သည်။ ၎င်းတို့မှာအသက်ဝင်နေသကဲ့သို့ပင်။
ငွေရောင်ရင့်ရင့် စွမ်းအင်များဖြင့် ဖွဲ့စည်းထားသော ရှေးဟောင်း ငွေပြာဝံပုလွေ ပုံရိပ်ယောင် သုံးခုအဖြစ်သို့ အသွင်ပြောင်းသွားလေတော့သည်။
သူတို့၏ ပုံသဏ္ဌာန်များမှာ ဝေဝါးနေသော်လည်း၊ သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခုနှင့် ကောင်းကင်ကို တုန်လှုပ်သွားစေနိုင်မည့် ကြမ်းတမ်းသော မိစ္ဆာအရှိန်အဝါများကို ထုတ်လွှတ်ကာ၊ လင်းထျန်းလုံ၊ ရန့်မြဲ့နှင့် ထျန်းပင်းတို့ဆီသို့ အသီးသီး ခုန်အုပ်လာကြလေတော့သည်။
ငွေပြာဝံပုလွေ စွမ်းအင်ပုံရိပ်ယောင် သုံးခု၏ ခွန်အားမှာ အဆင့် ၂၈ ပါရမီရှင်အဆင့် အထွတ်အထိပ်သို့ အမှန်တကယ်ပင် ရောက်ရှိနေချေပြီ။
ထို့အပြင် သူတို့၏ အရှိန်အဝါများမှာ ရှေးကျပြီး လွှမ်းမိုးနိုင်စွမ်းရှိကာ၊ ရှေးဦး တိုက်ပွဲဝင် ဗီဇတစ်ခု ပါဝင်နေလေသည်။
“သူတို့ကို ကာကွယ်ထား...” လင်းထျန်းလုံသည် ရန့်မြဲ့နှင့် ထျန်းပင်းတို့ကို အော်ဟစ်သတိပေးလိုက်ပြီး၊ သူ၏ မျက်လုံးများထဲတွင် လောင်ကျွမ်းနေသော တိုက်ပွဲဝင်လိုစိတ်များ ချက်ချင်း ထွက်ပေါ်လာခဲ့သည်။
ဤသည်မှာ သွေးအဆီအနှစ်၏ အသိအမှတ်ပြုမှုကို ရရှိရန်အတွက် စမ်းသပ်မှုတစ်ခု ဖြစ်နိုင်ကြောင်း သူ နားလည်လိုက်သည်။
အစောင့်အရှောက် ပုံရိပ်ယောင်များကို အနိုင်ယူနိုင်မှသာ ဤရှေးဟောင်းစွမ်းအားကို အမွေဆက်ခံရန် အရည်အချင်း ပြည့်မီမည် ဖြစ်လေသည်။
သူ့ဆီသို့ ခုန်အုပ်လာသော ငွေပြာဝံပုလွေ စွမ်းအင်ပုံရိပ်ယောင်များကို ရင်ဆိုင်ရာတွင် လင်းထျန်းလုံ မရှောင်တိမ်းခဲ့ပေ။
သူသည် ငွေပြာရောင်နိုးထခြင်းကို ချက်ချင်း အသက်သွင်းလိုက်လေသည်။
သူ၏ တစ်ကိုယ်လုံးမှ ငွေပြာရောင် အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး၊ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ၃၅ ရာခိုင်နှုန်း ချက်ချင်း မြင့်တက်သွားခဲ့လေသည်။
သူသည် နားကွဲမတတ် ကျယ်လောင်သော ငွေပြာဝံပုလွေ တိုက်ပွဲဟိန်းဟောက်သံကို ထုတ်လွှတ်လိုက်ရာ၊ အသံလှိုင်းများက ပုံရိပ်ယောင်များကို ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုတစ်ခုကဲ့သို့ ရိုက်ခတ်သွားပြီး ၎င်းတို့၏ လှုပ်ရှားမှုများကို ခဏတာ ရပ်တန့်သွားစေခဲ့သည်။
ထို့နောက် သူသည် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို အသုံးပြုလိုက်လေသည်။ သူ၏ အစစ်အမှန် ခန္ဓာကိုယ်မှာ စွမ်းအင်ပုံရိပ်ယောင်၏ ဘေးတွင် ပေါ်လာသည်။
ထို့နော်က လေဟာနယ်ဆုတ်ဖြဲခြင်း အရှိန်အဝါများ ပါဝင်နေသော သူ၏ ငွေပြာကောင်းကင်ဆုတ်ဖြဲလက်သည်းဖြင့် စွမ်းအင်ပုံရိပ်ယောင် ဝံပုလွေ၏ ခေါင်းကို ပြင်းထန်စွာ ဆုတ်ဖြဲလိုက်လေတော့သည်။
ရန့်မြဲ့နှင့် ထျန်းပင်းတို့သည်လည်း တစ်ပြိုင်နက်တည်း ဟိန်းဟောက်လိုက်ကြပြီး သူတို့၏ ပြိုင်ဘက်အသီးသီးကို ရင်ဆိုင်လိုက်ကြလေသည်။
ရန့်မြဲ့သည် ရေခဲကြေးခွံချပ်ဝတ်တန်ဆာကို အပြည့်အဝ အသက်သွင်းလိုက်ပြီး၊ စွမ်းအင်ပုံရိပ်ယောင်၏ တိုက်ခိုက်မှုများကို ခံယူရင်း ရွေ့လျားနိုင်သော ခံတပ်ကြီး တစ်ခုကဲ့သို့ ကြံ့ကြံ့ခံနေခဲ့လေသည်။
ဝိညာဉ်ကိုပင် တိုက်စားနိုင်သော ဂုဏ်သတ္တိများ ပါဝင်သည့် သူ၏ မိစ္ဆာဝိညာဉ်ခွဲလက်သည်းဖြင့် ရူးသွပ်စွာ ဆုတ်ဖြဲနေလေသည်။
ထျန်းပင်းမှာ လုံးဝ ရူးသွပ်သွားခဲ့ပြီဖြစ်သည်...
သူ၏ ထာ၀ရ ဗာဂျရာခန္ဓာက တိုက်ခိုက်မှု အများစုကို လျစ်လျူရှုနိုင်စေပြီး၊ ပြင်းထန်ရေခဲဝါးမြိုခြင်းနှင့် ပေါင်းစပ်ထားသည့် ကြမ်းတမ်းစွာ ဝင်ဆောင့်ခြင်း စွမ်းရည်ဖြင့် စွမ်းအင်ပုံရိပ်ယောင်အပေါ်သို့ အရက်စက်ဆုံးသော တန်ပြန်တိုက်ခိုက်မှု တစ်ခုကို စတင်လိုက်လေတော့သည်။
တစ်ခဏအတွင်းမှာပင် ဂူအတွင်း၌ စွမ်းအင်များ ဆူပွက်လာပြီး ဝံပုလွေဟိန်းဟောက်သံများနှင့် တိုက်ပွဲသံများ အဆက်မပြတ် ထွက်ပေါ်နေလေသည်။
တိုက်ပွဲဧရိယာ သုံးခု တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီး၊ တိုက်ပွဲ၏ ပြင်းထန်မှုမှာ ယခင်က ရေခဲအစောင့်အရှောက်များနှင့် တိုက်ခိုက်မှုထက် များစွာ သာလွန်နေခဲ့သည်။
စွတ်ဖားပေါ်တွင် ရှောင်လန်နှင့် ရှောင်ယင်းတို့မှာ တိုက်ပွဲကို စိုးရိမ်တကြီး ကြည့်ရှုနေကြလေသည်။
ရှောင်ယင်းသည် လက်သီးသေးသေးလေးများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး၊ ရှောင်လန်၏ ထက်မြက်သော အကြည့်များကမူ အခြေအနေကို ခွဲခြမ်းစိတ်ဖြာကာ သူမ၏ စိတ်ထဲတွင် လျင်မြန်စွာ တွေးတောနေလေသည်။
“ဒီစွမ်းအင်ပုံရိပ်ယောင်တွေရဲ့ တိုက်ခိုက်ရေးပုံစံက အရမ်းရှေးဆန်ပြီး တိုက်ရိုက်ကျလွန်းတယ်... ရှေးဟောင်း ဝံပုလွေရဲ့သဘာ၀ သတ်ဖြတ်လိုစိတ် အရိပ်အယောင်တစ်ခု ပါဝင်နေတယ်...”
“ဝံပုလွေဖေဖေနဲ့ ဦးလေးရန့်မြဲ့တို့အတွက် ဒါက စမ်းသပ်မှုတစ်ခု ဖြစ်သလို ပိုမြင့်မားတဲ့ တိုက်ခိုက်ရေး နည်းစနစ်တွေကို နားလည်သဘောပေါက်ဖို့ အတော်လေးကောင်းတဲ့ အခွင့်အရေး တစ်ခုဆိုလည်း မမှားဘူး...”
လင်းထျန်းလုံနှင့် စွမ်းအင်ပုံရိပ်ယောင်တို့ကြားမှ တိုက်ပွဲမှာ အပြင်းထန်ဆုံး အခြေအနေသို့ ရောက်ရှိနေလေပြီ။
စွမ်းအင်ပုံရိပ်ယောင်တွင် ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ် မရှိသော်လည်း ၎င်း၏ ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းပြီး တိုက်ပွဲဝင် ဗီဇမှာလည်း အလွန်အမင်း ထက်မြက်လှပေသည်။
မျက်နှာချင်းဆိုင် အကြိမ်အနည်းငယ် တိုက်ခိုက်ပြီးနောက် လင်းထျန်းလုံမှာ အမှန်တကယ်ပင် အနည်းငယ် အရေးနိမ့်နေလေသည်။
ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တစ်ခု သူ၏ မျက်လုံးများတွင် လျှပ်တစ်ပြက် ပေါ်လာပြီး၊ သူ နောက်ထပ် အင်အား မချန်ထားတော့ချေ။
စွမ်းအင်ပုံရိပ်ယောင်၏ စီးဆင်းမှုလမ်းကြောင်းရှိ အဓိကနေရာ များကို ဖမ်းဆုပ်ရန်အတွက် သူ၏[ငွေပြာဘုရင်မျက်၀န်းများကို အပြည့်အဝ အသုံးပြုလိုက်လေသည်။
“တွေ့ပြီ...” စွမ်းအင်ပုံရိပ်ယောင်၏ တစ်ကြိမ် ခုန်အုပ်ပြီးတိုင်း ဖြစ်ပေါ်လာသော ခဏတာ တောင့်တင်းသွားသည့် အခိုက်အတန့်လေးကို သူ အမိအရဆုပ်ကိုင်လိုက်ပြီး အလယ်အလတ် စိတ်ထိန်းချုပ်ခြင်းကို ပြင်းထန်စွာ အသက်သွင်းလိုက်လေသည်။
မျက်စိဖြင့်မမြင်ရသော စွမ်းအားများက စွမ်းအင်ပုံရိပ်ယောင်၏ ခြေလက်များကို ချက်ချင်း ချုပ်နှောင်လိုက်လေသည်။
ခဏတာမျှသာ အကျဉ်းချထားနိုင်သော်လည်း ၎င်းက လုံလောက်လှပေသည်။ လင်းထျန်းလုံ၏ ဧရာမခန္ဓာကိုယ်ကြီးမှာ လေထဲသို့ ခုန်တက်သွားလေသည်။
သူ၏ လက်သည်းနှစ်ဖက်လုံးပေါ်တွင်၊ ငွေပြာမိုးကြိုးလက်သည်း၏ ကြမ်းတမ်းသော လျှပ်စီးစွမ်းအားများနှင့် ငွေပြာကောင်းကင်ဆုတ်ဖြဲလက်သည်း၏ လေဟာနယ်ဆုတ်ဖြဲခြင်း စွမ်းအားတို့မှာပေါင်းစပ်သွားကြလေသည်။
ထို့နောက် ငွေပြာရောင် လျှပ်စီးမီးပွားများနှင့် အမည်းရောင် လေဟာနယ်အက်ကွဲကြောင်းများဖြင့် ယှက်နွယ်နေသည့် ဖျက်ဆီးနိုင်စွမ်းအားကောင်းသော စွမ်းအင်လက်သည်းကြီး တစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။
ကောင်းကင်ဘုံ၏ အပြစ်ပေးမှုတစ်ခုကဲ့သို့ပင်၊ ၎င်းသည် စွမ်းအင်ပုံရိပ်ယောင်၏ ရင်ဘတ်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
“ဝုန်း...”
နားကွဲမတတ် ပေါက်ကွဲသံကြီးကြားတွင် အဆင့် ၂၈ ငွေပြာရောင်ဝံပုလွေ စွမ်းအင်ပုံရိပ်ယောင်မှ မလိုလားသော ညည်းတွားသံ တစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
ထို့နောက် သူ၏ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တဖျတ်ဖျတ် လင်းလက်သွားပြီးနောက် အသန့်စင်ဆုံး ငွေရောင်ရင့်ရင့် စွမ်းအင်အလင်းစက်များအဖြစ် ပေါက်ကွဲထွက်သွားလေသည်။
၎င်းတို့သည် လွင့်ပြယ်သွားမည့်အစား၊ ယဇ်ပလ္လင်ပေါ်ရှိ ပင်မသွေးအဆီအနှစ်ဆီသို့ ပင်လယ်အတွင်း စီးဝင်သွားသော မြစ်များကဲ့သို့ စီးဝင်သွားကြရာ၊ သွေးအဆီအနှစ်ဧ။ါ အလင်းရောင်မှာ မသိမသာလေး ပိုတောက်ပလာပုံ ရလေသည်။
ရန့်မြဲ့နှင့် ထျန်းပင်းတို့သည်လည်း သူတို့၏ အဆင့်တက်ထားခါစဖြစ်သော အစွမ်းထက်သည့် စွမ်းရည်များနှင့် ကြောက်ရွံ့မှု ကင်းမဲ့သော တိုက်ခိုက်ရေး ပုံစံများကို အားကိုးကာ၊ သူတို့၏ ပြိုင်ဘက်အသီးသီးကို တစ်ပြိုင်နက်တည်းနီးပါး အနိုင်ယူလိုက်နိုင်လေသည်။
ရန့်မြဲ့သည် ရန်သူ၏တိုက်ခိုက်မှုများကို ခံယူရန် သူ၏ ခံစစ် စွမ်းရည်များကို အားကိုးခဲ့ပြီး၊ စွမ်းအင်ပုံရိပ်ယောင်ကို ချေမှုန်းရန် ဝိညာဉ်တိုက်စားခြင်း စွမ်းအားများ ပါ၀င်သော လက်သည်းအလင်းတန်းကို အသုံးပြုခဲ့သည်...
ထျန်းပင်းမှာ ပို၍ပင် ကြမ်းတမ်းပြီး ပြိုင်ဘက်ကို တိုက်ရိုက် ဆုတ်ဖြဲပစ်လိုက်ခြင်း ဖြစ်လေသည်။
အစောင့်အရှောက် စွမ်းအင်ပုံရိပ်ယောင် သုံးခုလုံး ဖျက်ဆီးခံလိုက်ရချေပြီ။
ယဇ်ပလ္လင်ပေါ်ရှိ ရှေးဟောင်း ငွေပြာရောင်ဝံပုလွေ သွေးအဆီအနှစ် အစုအဝေးမှာ လင်းထျန်းလုံကို အသိအမှတ်လိုက်ပြုပုံ ရလေသည်။
၎င်း၏ လည်ပတ်မှုမှာ ဖြည်းညင်းစွာ ငြိမ်သက်သွားပြီး၊ ထုတ်လွှတ်နေသော အရှိန်အဝါမှာလည်း အမွေဆက်ခံသူကို စောင့်ဆိုင်းနေသကဲ့သို့ နူးညံ့လာပြီး ကြိုဆိုနေသည့်အလားပင်။
လင်းထျန်းလုံသည် သူ၏ ခန္ဓာကိုယ်အတွင်းတွင် ဆူပွက်နေသော သွေးများနှင့် စွမ်းအင်များကို တည်ငြိမ်စေလိုက်ပြီး၊ ယဇ်ပလ္လင်ဆီသို့ လျှောက်သွားလေသည်။
ထို့နောက် ငွေရောင်ရင့်ရင့် သွေးအဆီအနှစ် အစုအဝေးကို မျှော်လင့်ချက်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်လေသည်။
ဤသွေးအဆီအနှစ်နှင့် ပေါင်းစပ်ရခြင်းမှာ လုံးဝ လွယ်ကူမည်မဟုတ်ကြောင်း သူ သိထားသော်ငြား ၎င်း ယူဆောင်လာပေးမည့် အကျိုးအမြတ်များမှာ ခန့်မှန်း၍ မရနိုင်လောက်အောင် မြင့်မားလှပေမည်။
သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး လက်သည်းကို ဆန့်ထုတ်ကာ ငွေရောင်ရင့်ရင့် သွေးအဆီအနှစ် အစုအဝေးကို ဖြည်းညင်းစွာ ထိတွေ့လိုက်လေတော့သည်။