အသက်အန္တရာယ်ကြားမှ ဘုရင်အဆင့်သို့ ရောက်ရှိသွားသော လင်းထျန်းလုံ (၁)
Vol. 16 Ch. 154
(အရောင်တွေနဲ့ အဆင့်တွေရောမှာဆိုလို့ စဦး၊အလယ်အလတ်၊ အဆင့်မြင့်နဲ့ပဲ ဖော်ပြပေးသွားပါမယ်)
လင်းထျန်းလုံ၏ လက်သည်းများက အဆုံးမဲ့ ရှေးဟောင်းအငွေ့အသက်များ ပြန့်လွင့်နေသော ငွေရောင်ရင့်ရင့် ရှေးဟောင်း ငွေပြာဝံပုလွေ သွေးအဆီအနှစ် အစုအဝေးကို ထိမိရုံသာ ရှိသေးသည်။
ခန္ဓာကိုယ်ထဲသို့ ဆွဲမသွင်းရသေးမီမှာပင် ဂူအ၀င်၀မှ မီးတောင်ပေါက်ကွဲသကဲ့သို့ အလွန်ရုတ်တရက်ဆန်ပြီး ရက်စက်ကြမ်းကြုတ်လှသော လောဘရမ္မက်ကြီးမားသည့် အရှိန်အဝါတစ်ခုက ရိုက်ခတ်လာသည်။
ဤအရှိန်အဝါသည် ယခင်က ရေခဲနဂါးလေးထက် အဆပေါင်းများစွာ ပိုမိုအားကောင်းနေပြီး ဝိညာဉ်ကိုပင် တုန်လှုပ်သွားစေနိုင်သော ရှေးဟောင်းအငွေ့အသက်များ ပါဝင်နေလေသည်။
“ရှီး... ဂါး...”
မြွေနှင့်နဂါး ရောယှက်နေသော စူးရှသည့် အသံနက်ကြီးတစ်ခု ထွက်ပေါ်လာရာ ဂူမျက်နှာကြက်ပေါ်ရှိ ရေခဲပန်းဆွဲများမှာ မိုးရွာသကဲ့သို့ ပြုတ်ကျလာတော့သည်။
လင်းထျန်းလုံ ခေါင်းကို ဆတ်နဲလှည့်ကြည့်လိုက်ချိန်တွင် ငွေပြာဘုရင်မျက်ဝန်းများ ချက်ချင်း ကျုံ့ဝင်သွားတော့သည်။
ဂူအ၀င်ဝရှိ ပျက်စီးသွားသော အတားအဆီး အကြွင်းအကျန်များဘေးတွင် ဧရာမသတ္တဝါကြီးတစ်ကောင် ခွေနေလေသည်။
နှစ်သောင်းချီ သက်တမ်းရှိသော ရေခဲစစ်စစ်များဖြင့် ဖွဲ့စည်းထားသကဲ့သို့ နက်ရှိုင်းသော ရေပြာရောင် အကြေးခွံများ ဖုံးလွှမ်းနေသည့် ဧရာမရေခဲနဂါးကြီးတစ်ကောင် ဖြစ်နေသည်။
မီတာနှစ်ဆယ်နီးပါး ရှည်လျားသော ခန္ဓာကိုယ်ကြီးက သွယ်လျသော်ငြား အားအင်များ ပြည့်နှက်နေပြီး ကြေးခွံများကြားတွင် ရေပြာရောင် ဝိညာဉ်အလင်းတန်းများ လင်းလက်နေလေသည်။
အထင်ရှားဆုံးမှာ ၎င်း၏ ဦးခေါင်းပင် ဖြစ်သည်။ မြွေတစ်ကောင်ကဲ့သို့ ချောမွေ့မနေဘဲ ကြည်လင်တောက်ပနေသော ရေခဲသလင်းကဲ့သို့ ချိုနှစ်ခု ထွက်ပေါ်နေသည်။
ထာဝရအေးခဲနေသော ရေခဲများအလား အေးစက်ပြီး အသက်ဓာတ်ကင်းမဲ့နေသော ဒေါင်လိုက် မျက်ဝန်းအစုံက လင်းထျန်းလုံ၏ လက်သည်းရှေ့ရှိ ရှေးဟောင်း ငွေပြာရောင် ဝံပုလွေ သွေးအဆီအနှစ်နှင့် အနီးနားတွင် လွင့်မျောနေသော နှင်းခဲဝိညာဉ် မသေမျိုးအရှိန်အဝါများ ပါဝင်သည့် ရေခဲနဂါးလေး၏ အမြုတေတို့ကို စူးစိုက်ကြည့်နေခဲ့သည်။
ထိုအကြည့်များထဲရှိ လိုချင်တပ်မက်မှုများမှာ ရူးသွပ်လုမတတ်ပင်။
[စနစ်အသိပေးချက်]။ ။အစွမ်းထက် မိစ္ဆာသားရဲတစ်ကောင်နှင့် ရင်ဆိုင်နေရပါပြီ။
မျိုးနွယ် - ရေခဲချီစွမ်းအင်နဂါး (ရှေးဟောင်းနဂါးသွေးမျိုးဆက်)၊
အဆင့် - ၃၁ (ဘုရင်အဆင့် - စဦးအဆင့်)၊
ပင်ကိုယ်စွမ်းရည်များ - အစွန်းရောက်ရေခဲနဂါးဝိညာဉ် (ရွှေရောင်·အဆင့်မြင့်)၊ လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ် (ရွှေရောင်·အဆင့်မြင့်)၊ နှင်းခဲဝိညာဉ်ပဲ့တင်ထပ်ခြင်း (ရွှေရောင်·အဆင့်မြင့်)၊ နဂါးမင်းအရှိန်အဝါဖိအား (ခရမ်းရောင် အဆင့်မြင့်)
စွမ်းရည်များ - ရေခဲနဂါးအသွင်ပြောင်းခြင်း (ရွှေရောင်·အဆင့်မြင့်)၊ အကြွင်းမဲ့ရေခဲတိုက်ကွက် (ရွှေရောင်·အဆင့်မြင့်)၊ ရေခဲတံဆိပ်ချုပ်နှောင်ခြင်း (ခရမ်းရောင် အဆင့်မြင့်)၊ ရေခဲဆုတ်ဖြဲလက်သည်း (ခရမ်းရောင် အဆင့်မြင့်)
အဆင့် ၃၁ စဦး ဘုရင်အဆင့်။ ရှေးဟောင်းနဂါးသွေးမျိုးဆက်။
လင်းထျန်းလုံ၏ ရင်ထဲ၌ အေးစက်သွားသည်။ ဤသည်မှာ သူကြုံတွေ့ဖူးသမျှထဲတွင် အစွမ်းထက်သော ရန်သူပင်။
၎င်း၏ ပင်ကိုယ်စွမ်းရည်နှင့် ကျွမ်းကျင်မှုများအားလုံးက ရေခဲစွမ်းအင်နှင့် နဂါးအရှိန်အဝါကို အခြေခံတည်ဆောက်ထားခြင်း ဖြစ်သည်။
အထူးသဖြင့် နှင်းခဲဝိညာဉ်ပဲ့တင်ထပ်ခြင်းဖြစ်ပြီး ရှေးဟောင်း ငွေပြာဝံပုလွေ သွေးအဆီအနှစ်နှင့် နှင်းခဲဝိညာဉ်မသေမျိုးအမြုတေတို့၏ ပေါင်းစပ်အရှိန်အဝါကြောင့် ဆွဲဆောင်ခံလိုက်ရမှန်း သေချာပေသည်။
ဤမျှ အေးခဲလွန်းသော ပတ်ဝန်းကျင်မျိုးတွင် ထိုနဂါး၏ ခွန်အားက အဆများစွာ တိုးနေမည်မှာ အသေအချာပင်။
ဧရာမရေခဲနဂါးကြီးသည် သူ၏ အခွင့်အရေးကို လုယူသွားသော လင်းထျန်းလုံအား မဟာရန်သူတော်အဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။
နက်ရှိုင်းသော ရေပြာရောင် ဒေါင်လိုက်မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ လျှံကျနေခဲ့သည်။
သွယ်လျသော ခန္ဓာကိုယ်ကြီးက ရုတ်တရက် တွန့်လိမ်သွားပြီးနောက် အပြာရောင် လျှပ်စီးတန်းတစ်ခုအလား ခုန်ထွက်လာကာ ရေခဲချွန်များသဖွယ် သွားများအပြည့်ရှိနေသော ပါးစပ်ကြီးကို ဖွင့်လိုက်သည်။
ထို့နောက် ဝိညာဉ်ကိုပင် အေးခဲသွားစေနိုင်သော အအေးဓာတ်ကို သယ်ဆောင်လျက် ကိုက်ဖြတ်ရန် ပြေးဝင်လာခဲ့သည်။
ဤသည်မှာ အကြွင်းမဲ့ရေခဲတိုက်ကွက်၏ ရှေ့ပြေးလက္ခဏာရပ်ဖြစ်သော နက်ရှိုင်းသည့် အအေးဓာတ်ပင် ဖြစ်သည်။
လင်းထျန်းလုံ ချက်ချင်းပင် အသံကျယ်ကြီးဖြင့် ဟိန်းဟောက် အမိန့်ပေးလိုက်သည်။ “ရန့်မြဲ့၊ ထျန်းပင်း၊ စွတ်ဖားလှည်းကို ကာကွယ်ပြီး ဂူထဲကနေ မြန်မြန်ထွက်သွားကြ...”
လင်းထျန်းလုံ၏ အသိစိတ်က မိုးကြိုးပစ်ချလိုက်သကဲ့သို့ ပေါက်ကွဲထွက်လာခဲ့သည်။
ဤမျှ ကျဉ်းမြောင်းသော နေရာတွင် ဤကဲ့သို့သော ရန်သူမျိုးနှင့် တိုက်ခိုက်ရခြင်းက နှင်းဝံပုလွေအုပ်စုကို သေချာပေါက်
အထိနာစေမည် ဖြစ်သည်။
ရန့်မြဲ့နှင့် ထျန်းပင်းတို့သည် ဟိန်းဟောက်လိုက်ပြီး အမိန့်ကို တွန့်ဆုတ်ခြင်းမရှိ လိုက်နာကာ စွတ်ဖားလှည်းကို ကာကွယ်ရင်း အလျင်အမြန် ဆုတ်ခွာသွားကြသည်။
စွတ်ဖားလှည်းပေါ်ရှိ ရှောင်လန်နှင့် ရှောင်ယင်းတို့၏ မျက်နှာလေးများမှာ ဖြူရော်နေပြီး ကြောက်မက်ဖွယ် ရေခဲနဂါးကြီးကို စိုးရိမ်တကြီး စူးစိုက်ကြည့်နေကြလေသည်။
လင်းထျန်းလုံသည် အစွန်းရောက်အရိပ်လျှပ်စီးခြေလှမ်းကို အစွမ်းကုန် ပေါက်ကွဲထုတ်လိုက်ရာ ထိုကိုက်ချက်ကို သီသီလေး ရှောင်တိမ်းနိုင်သွားသည်။
ရေခဲနဂါး၏ ဧရာမပါးစပ်ကြီးက ယဇ်ပလ္လင်၏ အောက်ခြေကို ကိုက်မိသွားပြီး ချက်ချင်းပင် ရေခဲအဖြစ် ပြောင်းလဲကာ အစိတ်စိတ်အမွှာမွှာ ကျိုးပဲ့သွားတော့သည်။
ပစ်မှတ်လွဲချော်သွားသော်လည်း ရေခဲနဂါး၏ ရှည်လျားသော အမြီးကြီးက နောက်ပြန်စီးဆင်းလာသော ရေခဲမြစ်ကြီးတစ်စင်းအလား အရိုးကွဲမတတ် အေးစက်သော လေကြမ်းများနှင့်အတူ ရိုက်ခတ်လာသည်။
လင်းထျန်းလုံက ထိုအမြီးကြီးကို ငွေပြာမိုးကြိုးလက်သည်းဖြင့် ထိပ်တိုက် ရင်ဆိုင်လိုက်ရတော့သည်။
“ဝုန်း...”
ရေခဲစများနှင့် လျှပ်စီးတန်းများ အရပ်မျက်နှာအနှံ့ လွင့်စဉ်သွားလေသည်။ ပြင်းထန်လွန်းသော အင်အားကြောင့် လင်းထျန်းလုံ နောက်သို့ လျောတိုက်လွင့်စင်သွားပြီး ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ ကမောက်ကမ ဖြစ်သွားရသည်။
ရေခဲနဂါး၏ အမြီးပေါ်ရှိ ကြေးခွံတစ်ချို့လည်း လျှပ်စီးကြောင့် ပေါက်ကွဲလွင့်စဉ်သွားကာ အပြာရောင်သွေးများ ယိုစီးကျလာသော်လည်း ၎င်းက ဂရုစိုက်ပုံမပေါ်ပေ။
နဂါးမင်းအရှိန်အဝါဖိအား ပေါက်ကွဲထွက်လာပြီး မျက်မြင်မရသော ဖိအားကြီးတစ်ခုက ရေခဲတောင်ကြီးတစ်လုံး ဖိချလိုက်သကဲ့သို့ ကျဆင်းလာသည်။
လင်းထျန်းလုံ၏ ငွေပြာဘုရင်မျက်ဝန်းများ တောက်ပလင်းလက်သွားပြီး နဂါးမင်းအရှိန်အဝါကို အတင်းအဓမ္မ ချေဖျက်ပစ်လိုက်သည်။
ထို့နောက် အလယ်အလတ် စိတ်ထိန်းချုပ်ခြင်းကို အသုံးပြု၍ နှင်းခဲဝိညာဉ်မသေမျိုး အမြုတေကို ထောင့်တစ်နေရာသို့ လွင့်ပျံသွားစေကာ သားရဲကြီး၏ အာရုံကို လွှဲပြောင်းလိုက်လေသည်။
ထိုအခွင့်အရေးကို အမိအရ ဆုပ်ကိုင်လျက် ရေခဲနဂါး၏ လည်ပင်းအောက်ရှိ အားနည်းသော ပြောင်းပြန်အကြေးခွံရှိရာ နေရာဆီသို့ တိုက်ခိုက်လိုက်တော့သည်။
ငွေပြာကောင်းကင်ဆုတ်ဖြဲလက်သည်း။
သို့ရာတွင် လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ်၏ ခုခံနိုင်စွမ်းက သူစိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသည်။
အစွန်းရောက်ရေခဲနဂါးဝိညာဉ်၏ ထိခိုက်မှုလျှော့ချပေးနိုင်စွမ်းနှင့် ပေါင်းစပ်လိုက်သောအခါ ဤတိုက်ခိုက်မှုက အကြေးခွံများကိုသာ ပျက်ဆီးစေနိုင်ပြီး သေစေနိုင်သော ဒဏ်ရာမျိုး မပေးနိုင်ခဲ့ပေ။
ဆန့်ကျင်ဘက်အနေဖြင့် ရေခဲနဂါးက ဤအခွင့်အရေးကို အရယူ၍ ရေခဲတံဆိပ်ချုပ်နှောင်ခြင်းကို အသက်သွင်းလိုက်ရာ အလွန်အေးစက်သော လေစီးကြောင်းများက လင်းထျန်းလုံ၏ ခြေလက်များကို ချက်ချင်း ရစ်ပတ်သွားတော့သည်။
“ချလက်...”
ရေခဲလွှာများ အလျင်အမြန် ပြန့်နှံ့လာသည်။ လုံးဝ အေးခဲသွားတော့မည့် အခြေအနေကို မြင်လိုက်ရသဖြင့် လင်းထျန်းလုံ ဟိန်းဟောက်လိုက်လေသည်။
ငွေပြာရောင်နိုးထခြင်းနှင့် သွေးဆာရူးသွပ်တိုက်ပွဲတို့ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်လာပြီး ရေခဲများကို အတင်းအဓမ္မ ခွဲထုတ်ပစ်လိုက်သည်။ သို့သော် ရေခဲနဂါး၏ ရေခဲဆုတ်ဖြဲလက်သည်းက အထက်မှနေ၍ ကျဆင်းလာနေပြီ ဖြစ်သည်။
ရှောင်တိမ်းရန် လမ်းစမရှိတော့ပေ။
လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် ရူးသွပ်မှုအရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားတော့သည်။
အနည်းငယ်မျှ တွန့်ဆုတ်ခြင်းမရှိဘဲ စွမ်းအင်အားလုံးကို လက်သည်းများထဲသို့ စုစည်းလိုက်ကာ ငွေပြာမိုးကြိုးလက်သည်းနှင့် ငွေပြာကောင်းကင်ဆုတ်ဖြဲလက်သည်းတို့၏ စွမ်းအင်များကို အတင်းအဓမ္မ ထပ်မံပေါင်းစပ်လျက် ကျဆင်းလာသော နဂါးလက်သည်းကို ပြန်လည် တန်ပြန်တိုက်ခိုက်လိုက်လေသည်။
“ဝုန်း...”
ကျယ်လောင်သော စွမ်းအင်ပေါက်ကွဲမှု အသံကြီးကြောင့် ဂူတစ်ခုလုံး ပြိုကျမတတ် ဖြစ်သွားခဲ့ရသည်။ လင်းထျန်းလုံမှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်အလား နောက်သို့ လွင့်စဉ်သွားပြီး ဂူနံရံနှင့် ပြင်းထန်စွာ တိုက်မိသွားတော့သည်။
ရေခဲစများ ရောနှောနေသော သွေးများကို အန်ချလိုက်ရပြီး ဘယ်ဘက်ရှေ့လက်သည်းမှာလည်း ပုံမှန်မဟုတ်ဘဲ ကောက်ကွေးနေကာ ပြင်းထန်စွာ ဒဏ်ရာရသွားကြောင်း ထင်ရှားလှပေသည်။
ရေခဲချီစွမ်းအင်နဂါးလည်း အခြေအနေ သိပ်မကောင်းလှပေ။ သူ၏ လက်သည်းတစ်ဖက်မှ အကြေးခွံများ လွင့်စဉ်ကာ သွေးသံရဲရဲ ဖြစ်သွားပြီး နာကျင်ဒေါသထွက်စွာ အော်ဟစ်လိုက်သည်။
၎င်း၏ ရက်စက်ကြမ်းကြုတ်မှုက ပိုမိုတိုးပွားလာကာ ခန္ဓာကိုယ်တစ်ဝိုက်တွင် နက်ရှိုင်းသော ရေပြာရောင်အလင်းများ လျှံတက်လာသည်။ ရေခဲနဂါးအသွင်ပြောင်းခြင်းကို အသက်သွင်းတော့ပေမည်။
ဂူတစ်ခုလုံးရှိ အပူချိန်မှာ အနိမ့်ဆုံးအမှတ်အထိ ထိုးကျသွားပြီး လေထုပင် အစိုင်အခဲအဖြစ် ပြောင်းလဲသွားမတတ် ဖြစ်နေလေသည်။
ဂူအပြင်တွင် နှင်းဝံပုလွေအုပ်မှာ ဂဏာမငြိမ် ဖြစ်နေကြသည်။
ရန့်မြဲ့နှင့် ထျန်းပင်းတို့သည် အထဲသို့ ဝင်ရောက်ရန် အကြိမ်ကြိမ် ကြိုးစားသော်လည်း ကြောက်မက်ဖွယ်ကောင်းသော ဘုရင်အဆင့် အရှိန်အဝါနှင့် အကြွင်းမဲ့အအေးဓာတ်တို့ကြောင့် နောက်သို့ တွန်းထုတ်ခံနေရလေသည်။
ရှောင်ယင်း၏ မျက်လုံးလေးများမှာ စိုးရိမ်မှုကြောင့် နီရဲနေပြီး ရှောင်လန်ကမူ နှုတ်ခမ်းကို ကိုက်ထားကာ ရင်ထဲတွင် တုန်လှုပ်နေလျက် တီးတိုးရေရွတ်လိုက်သည်။
“ဒီရေခဲနဂါးရဲ့ ရေခဲဥပဒေသစွမ်းအင်တွေက မူလအဆင့်ကိုတောင် ထိတွေ့နေပြီပဲ၊ ဝံပုလွေဖေဖေ...အဆင်ပြေပါ့မလား...”
ဂူအတွင်းတွင်.... လင်းထျန်းလုံ အားယူ၍ မတ်တတ်ရပ်လိုက်သည်။
လင်းထျန်းလုံမှာ အဆက်မပြတ် မြင့်တက်လာနေသော ရန်သူ၏ အရှိန်အဝါကို ကြည့်လိုက်၊ လက်တစ်ကမ်းအကွာတွင် ရှိနေသော်လည်း ထိတွေ့ခွင့်မရသေးသော ရှေးဟောင်း ငွေပြာဝံပုလွေ သွေးအဆီအနှစ်ကို ကြည့်လိုက်နှင့်၊ သူ၏ စိတ်ထဲတွင် ရူးသွပ်သော အတွေးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။
သူက စိတ်ထိန်းချုပ်ခြင်းကို အသုံးပြု၍ ငွေရောင်ရင့်ရင့် သွေးအဆီအနှစ် အစုအဝေးကို ရုတ်တရက် ရစ်ပတ်လိုက်သည်။
ထို့နောက် ဖြည်းဖြည်းချင်း စုပ်ယူရန် မကြိုးစားတော့ဘဲ ရင်ဘတ်ပေါ်ရှိ ပြင်းထန်သော ဒဏ်ရာထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်တော့သည်။ တစ်ချိန်တည်းမှာပင် ရေခဲနဂါးလေး၏ မိစ္ဆာသားရဲအမြုတေကိုလည်း လှမ်းယူလိုက်သည်။
“ငါ ဒါတွေကို ဝါးမြိုပြီး ခွန်အားတိုးအောင်လုပ်ရမယ် ဒါမှမဟုတ်... ဒီနေရာမှာပဲ ဟိုကောင်ကြီးနဲ့အတူ အသေခံလိုက်မယ်...”
ကန့်သတ်ချက်သို့ ရောက်လုနီးပါး ဖြစ်နေသော လင်းထျန်းလုံ၏ အသိစိတ်ထဲတွင် ဤအတွေးက လျှပ်စီးတစ်ခုအလား ဖြတ်ပြေးသွားသည်။
ရေခဲနဂါးအသွင်ပြောင်းခြင်းကို လုပ်ဆောင်နေသည့် ကြောက်မက်ဖွယ် အစွန်းရောက်အရှိန်အဝါကို ပိုင်ဆိုင်ထားသော ရေခဲချီစွမ်းအင်နဂါးနှင့် ရင်ဆိုင်ရာတွင် သမားရိုးကျ နည်းလမ်းများဖြင့်ဆိုလျှင် အနိုင်ရရန် အခွင့်အရေး လုံးဝမရှိပေ။
အသက်ရှင်သန်ခွင့် အမျှင်တန်းလေး ရရှိရန်အတွက် ဤရှေးဟောင်းစွမ်းအားနှစ်ခုကို အသုံးပြုကာ အသက်စွန့် စွန့်စားရတော့မည် ဖြစ်သည်။
သူ ဆက်လက် တွန့်ဆုတ်မနေတော့ပေ။ အလယ်အလတ် စိတ်ထိန်းချုပ်ခြင်းကို အစွမ်းကုန် လည်ပတ်လိုက်လေသည်။
ယင်းနောက် ငွေရောင်ရင့်ရင့် ရှေးဟောင်း ငွေပြာဝံပုလွေ သွေးအဆီအနှစ် အစုအဝေးနှင့် နှင်းခဲဝိညာဉ်မသေမျိုး၏ လျှို့ဝှက်ချက်များ ပါဝင်သော ရေခဲပြာရောင် သားရဲအမြုတေတို့အား သာမန်မျက်စိဖြင့်မမြင်ရသော စွမ်းအားဖြင့် အတင်းအဓမ္မ ဆွဲယူလိုက်သည်။
ထို့နောက် နဂါးလက်သည်းကြောင့် အသားများပြဲလန်ကာ အရိုးဖြူများ ငေါထွက်နေသော လင်းထျန်းလုံ၏ ရင်ဘတ်ပေါ်ရှိ ဒဏ်ရာထဲသို့ ပြင်းထန်စွာ ရိုက်သွင်းလိုက်တော့သည်။
“ဖောက်...”
သွေးအဆီအနှစ်နှင့် မိစ္ဆာသားရဲအမြုတေတို့ကို ပွက်ပွက်ဆူနေသော ဝံပုလွေသွေးများနှင့် ပျက်စီးနေသော ကြွက်သားများကို ထိတွေ့သွားပြီး ညင်သာစွာ ပေါင်းစပ်သွားခြင်းမျိုး မဟုတ်ခဲ့ပေ။
ယင်းအစား ရဲရဲတောက်နေသော သံချောင်းကို ရေထဲသို့ နှစ်ချလိုက်သကဲ့သို့ ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေနိုင်သော အလွန်ကြမ်းတမ်းသည့် တုံ့ပြန်မှုတစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။
“ဝုန်း... ဘုန်း...”
လင်းထျန်းလုံမှာ သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ဘဲ နှလုံးသားဆွဲဆုတ်ခံရသကဲ့သို့ နာကျင်စွာ ဟိန်းဟောက်လိုက်မိသည်။
ထိုနာကျင်မှုက ယခင်ရရှိခဲ့ဖူးသော ဒဏ်ရာအားလုံးထက် များစွာ သာလွန်နေသည်။
ရှေးဟောင်း ငွေပြာဝံပုလွေ သွေးအဆီအနှစ်ထဲတွင် ငွေပြာဝံပုလွေဘိုးဘေး၏ သန့်စင်ပြီး ပြိုင်ဘက်ကင်း လွှမ်းမိုးနိုင်စွမ်းရှိသော မူလစွမ်းအင်များ ပါဝင်နေသည်။
ထိုစွမ်းအင်များက ဆည်ကျိုးကျလာသော ရှေးဟောင်းရေစီးကြောင်းကြီးအလား အရာခပ်သိမ်း ဖျက်ဆီးပစ်မည့် ဆန္ဒများကို သယ်ဆောင်လျက် သူ၏ ခြေလက်များ၊ သွေးကြောများနှင့် အပေါက်တိုင်းသို့ ရူးသွပ်စွာ ဝင်ရောက်လာသည်။
သွေးအဆီအနှစ် ဖြတ်သန်းသွားသော နေရာတိုင်းရှိ လင်းထျန်းလုံ၏ မူလ ငွေပြာရောင်သွေးမျိုးဆက်ကို အတင်းအဓမ္မ ဆုတ်ဖြဲဝါးမြိုနေပြီး ပုံစံအသစ်ဖြင့် ပြန်လည်ဖွဲ့စည်းနေသည်။