အသက်အန္တရာယ်ကြားမှ ဘုရင်အဆင့်သို့ ရောက်ရှိသွားသော လင်းထျန်းလုံ (၂)
Vol. 16 Ch. 155
ဤဖြစ်စဉ်၏ နာကျင်မှုက အရှင်လတ်လတ် အသားလွှာခံရသည်နှင့် အလားသဏ္ဌာန်တူလေသည်။ တစ်ပြိုင်နက်တည်းမှာပင် ရေခဲနဂါးလေး၏ မိစ္ဆာသားရဲအမြုတေမှာလည်း အရည်ပျော်သွားခဲ့သည်။
သို့သော် ၎င်းက ကြမ်းတမ်းသော စွမ်းအင်များကို ထုတ်လွှတ်မလာဘဲ ဝိညာဉ်စွမ်းအင် အဓိကထားသည့် အလွန်အေးစက်ပြီး ထူးဆန်းသော စွမ်းအားကို ထုတ်လွှတ်လာသည်။
ဤစွမ်းအားက မျက်စိဖြင့်မမြင်ရသော ရေခဲအပ်များအလား အသွေးအသား၊ အတားအဆီးများကို လျစ်လျူရှုကာ လင်းထျန်းလုံ၏ အသိစိတ်အနက်ထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်လာပြီး သူ၏ အတွေးများကို အေးခဲစေကာ ဝိညာဉ်အမှတ်အသားကို တိုက်စားရန် ကြိုးစားနေလေသည်။
ဤသည်မှာ မသေမျိုးဖြစ်တည်မှုကို ရှာဖွေနေသော ရေခဲနဂါးလေး၏ စွဲလမ်းမှုအကြွင်းအကျန်ဖြစ်ပြီး အေးစက်စက် နာကြည်းမှုများ၊ ထာဝရတိတ်ဆိတ်ခြင်းများဖြင့် ပြည့်နှက်နေသည်။
လုံးဝ ဆန့်ကျင်ဘက်ဖြစ်ပြီး အချင်းချင်း ပဋိပက္ခဖြစ်နေသော အစွမ်းထက် ရှေးဟောင်းစွမ်းအားနှစ်ခုက လင်းထျန်းလုံ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို စစ်မြေပြင်အဖြစ် အသုံးပြုကာ ရူးသွပ်စွာ ယှဉ်ပြိုင်နေကြသည်။
သူ၏ ခန္ဓာကိုယ်တစ်ခြမ်းတွင် မျက်စိကျိန်းမတတ် တောက်ပနေသော ငွေရောင်ရင့်ရင့် အလင်းတန်းများ ထွက်ပေါ်နေပြီး ကြွက်သားများ ဖောင်းကြွကာ သွေးကြောများက နဂါးများ ခွေလိပ်နေသကဲ့သို့ ပေါ်လွင်နေလျက် ရှေးဆန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ထုတ်လွှတ်နေသည်။
အခြားတစ်ခြမ်းမှာမူ နက်ရှိုင်းသော အပြာရောင် နှင်းခဲများ အလျင်အမြန် ဖုံးလွှမ်းသွားကာ အေးစက်စက် လေပြင်းများ ထွက်ပေါ်နေပြီး သွေးများပင် အေးခဲသွားတော့မတတ် ဖြစ်နေလျက် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော သေမင်းတမန်အလား တိတ်ဆိတ်ခြင်းမျိုးကို ထုတ်လွှတ်နေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်တွင် ငွေရောင်နှင့် အပြာရောင် အလင်းတန်းများက ရိုက်ခတ်၊ ယှက်နွယ်ကာ အချင်းချင်း ဝါးမြိုနေကြသဖြင့် လင်းထျန်းလုံ၏ ဧရာမကိုယ်ထည်ကြီးမှာ အလွန် မတည်မငြိမ် ဖြစ်နေသော စွမ်းအင်မီးဖိုကြီးတစ်ခုနှင့် တူနေတော့သည်။
၎င်းက တဖျတ်ဖျတ်နှင့် ကျယ်လာလိုက်၊ ကျုံ့သွားလိုက် ဖြစ်နေပြီး ကြမ်းတမ်းသော စွမ်းအင်များ၏ ရိုက်ခတ်မှုအောက်တွင် အမွေးအမျှင်များ အမြောက်အမြား ကျွတ်ထွက်လောင်ကျွမ်းသွားပြီး ချက်ချင်းပင် အေးခဲသွားတော့သည်။
ဝံပုလွေဦးခေါင်းကြီးမှာ နာကျင်မှုကြောင့် တွန့်လိမ်နေပြီး ငွေပြာဘုရင်မျက်ဝန်းများထဲရှိ ရေခဲပြာရောင် အလင်းတန်းများကလည်း ကမောက်ကမ လင်းလက်နေကာ တစ်ခါတစ်ရံတွင် ကြယ်များအလား တောက်ပနေပြီး တစ်ခါတစ်ရံတွင် ပြာမှုန်များအလား မှေးမှိန်သွားတတ်သည်။
ဂူအတွင်းတွင် လင်းထျန်းလုံကို ဗဟိုပြု၍ ကြောက်မက်ဖွယ် စွမ်းအင်မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာခဲ့လေသည်။
ရေခဲစများနှင့် ကျောက်စရစ်ခဲများ လေဆင်နှာမောင်းထဲ မျောလွင့်ပါသွားကာ ငွေရောင်နှင့် အပြာရောင် စွမ်းအင်များ၏ ရိုက်ခတ်မှုကြောင့် ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားသည်။
အဝေးမှ ယဇ်ပလ္လင် အကြွင်းအကျန်များပင် ဤအင်အားကြောင့် ပြန့်ပြူးသွားရသည်။ ဂူတစ်ခုလုံး အချိန်မရွေး ပြိုကျတော့မည့်အလား ပြင်းထန်စွာ တုန်ခါနေတော့သည်။
“ဖေဖေ...”
ဂူအပြင်တွင်.... မတည်မငြိမ်ဖြစ်နေသော စွမ်းအင်များကြားမှတစ်ဆင့် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ ရှောင်ယင်းသည် မျက်ရည်များဖြင့် အော်ဟစ်လိုက်ပြီး သူမ၏ မျက်နှာလေးမှာ ကြောက်ရွံ့မှုကြောင့် သွေးဆုတ်ဖြူလျော်နေခဲ့သည်။
ရှောင်လန်လည်း သူမ၏ နှုတ်ခမ်းနုနုလေးကို တင်းတင်းကိုက်ထားပြီး လက်ဆစ်များ ဖြူရော်သွားသည်အထိ စွတ်ဖားလှည်း၏ အစွန်းကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလေသည်။
ထိုစွမ်းအားနှစ်ခုက မည်သည့်အရာများဖြစ်ကြောင်း တိတိကျကျ မသိသော်လည်း ပဋိပက္ခကြားရှိ အဖျက်စွမ်းအား အရှိန်အဝါက သူမ၏ ရင်ကို လေးလံသွားစေနိုင်ခဲ့လေသည်။
“ဒီလောက် အဆင့်မြင့်တဲ့ မူလစွမ်းအားနှစ်ခုကို တစ်ပြိုင်နက်တည်း အသက်သွင်းလိုက်တာက... အရမ်း ရဲတင်းလွန်းတယ်၊ အမှားအယွင်း နည်းနည်းလေး ဖြစ်သွားတာနဲ့ ခန္ဓာရော ဝိညာဉ်ပါ ပျက်စီးသွားလိမ့်မယ်...”
သူမ၏ ရင်ထဲတွင် စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေတော့သည်။
ရန့်မြဲ့၊ ထျန်းပင်းနှင့် အခြား နှင်းဝံပုလွေအုပ်စုဝင်များမှာ ဂဏာမငြိမ် ဖြစ်နေကြသည်။
သူတို့၏ ဘုရင်မှာ စိတ်ကူးဖြင့်ပင် မှန်းဆ၍မရနိုင်သော နာကျင်မှုနှင့် ကြီးမားလွန်းသော အန္တရာယ်ကို ရင်ဆိုင်နေရကြောင်း သူတို့ ရှင်းလင်းစွာ ခံစားသိရှိနေကြလေသည်။
စွမ်းအင်မုန်တိုင်းကြီးကြောင့် ဂူအနီးသို့ပင် ချဉ်းကပ်၍မရနိုင်ဘဲ ကူကယ်ရာမဲ့စွာဖြင့် ဒေါသတကြီး ဟိန်းဟောက်နေရုံမှလွဲ၍ အခြားမတတ်နိုင်ကြပေ။
ရေခဲနဂါးအသွင်ပြောင်းခြင်း ပြီးစီးခါစဖြစ်ပြီး ခန္ဓာကိုယ်တစ်ဝက်ခန့် ပိုမိုကြီးမားလာသော ရေခဲချီစွမ်းအင်နဂါးမှာလည်း တိုက်ခိုက်မှုကို ခေတ္တရပ်တန့်လိုက်သည်။
ကြည်လင်နေသော ဒေါင်လိုက်မျက်ဝန်းများထဲတွင် မသေချာမရေရာမှုများနှင့်အတူ... သတိထားစောင့်ကြည့်လိုသော အရိပ်အယောင်တစ်ခုက ပထမဆုံးအကြိမ်အဖြစ် ပေါ်ထွက်လာခဲ့သည်။
ငွေရောင်နှင့် အပြာရောင်စွမ်းအင်များ ယှက်နွယ်နေသော ထိုမုန်တိုင်းထဲမှနေ၍ သူ၏ နဂါးသွေးများကိုပင် ဆူပွက်လာစေလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော အလားအလာတစ်ခုကို ပျိုးထောင်နေကြောင်း ခံစားလိုက်ရသည်။
ထိုအရာက ယခင်က သူ ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ သဘောထားခဲ့သော နှင်းဝံပုလွေ မဟုတ်တော့ဘဲ အမျိုးအမည်အသိ သက်ရှိအဆင့်တစ်ခုဆီသို့ ရူးသွပ်စွာ ဆင့်ကဲပြောင်းလဲနေသော မိစ္ဆာကောင်ကြီးတစ်ကောင် ဖြစ်နေချေပြီ။
ထိုဖြစ်စဉ်ကို ကြားဖြတ်ဟန့်တားရန်ဆန္ဒများ အလိုအလျောက် ဖြစ်ပေါ်လာသော်လည်း စွမ်းအင်မုန်တိုင်း၏ တွန်းကန်မှုက အလွန်ပြင်းထန်လှသဖြင့် ချဉ်းကပ်ရန် ခက်ခဲနေသည်။
ဧရာမနဂါးအမြီးကြီးကို ဂဏာမငြိမ်ဖြစ်စွာ ရမ်းခါလိုက်ရာ ပတ်ဝန်းကျင်ရှိ ရေခဲနံရံများကို ရိုက်မိပြီး နံရံပေါ်တွင် အက်ကွဲကြောင်းများ အပြည့်ဖြစ်သွားတော့သည်။
စွမ်းအင်မုန်တိုင်း၏ ဗဟိုချက်တွင်မူ လင်းထျန်းလုံ၏ အသိစိတ်မှာ အဆုံးမဲ့ နာကျင်မှုများနှင့် စွမ်းအားနှစ်ခုကြားရှိ လွန်ဆွဲပွဲများကြားတွင် လုံးဝ နစ်မြုပ်လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ငွေပြာဝံပုလွေဘိုးဘေး၏ လွှမ်းမိုးနိုင်စွမ်းရှိသော အလိုဆန္ဒက သူ့အား သန့်စင်သော သတ်ဖြတ်ရေးစက်ရုပ်တစ်ရုပ်အဖြစ် ပြောင်းလဲပစ်ချင်နေပြီး ရေခဲနဂါးလေး၏ မသေမျိုးစွဲလမ်းမှုကလည်း သူ့ကို ထာဝရတိတ်ဆိတ်ခြင်း ချောက်ကမ်းပါးဆီသို့ ဆွဲချချင်နေသည်။
သူ၏ အသိစိတ် လုံးဝ ပျောက်ကွယ်သွားတော့မည့်ဆဲဆဲတွင်.....
ဝိညာဉ်ကူးပြောင်းလာသူတစ်ဦး၏ ဝိညာဉ်စွမ်းအင်နှင့် ဝံပုလွေအုပ်စုအပြင် သမီးငယ်လေးများကို ကာကွယ်ပေးမည်ဟူသော အလွန်ခိုင်မာသည့် ယုံကြည်ချက်များက အမှောင်ထုထဲရှိ နောက်ဆုံးသော မသေနိုင်သည့် မီးပွားလေးတစ်ခုအလား ရုတ်တရက် လင်းလက်လာခဲ့သည်။
“ငါက လင်းထျန်းလုံပဲ၊ ငါက နှင်းဝံပုလွေဘုရင်ပဲ၊ ဘယ်သူမှ ငါ့ရဲ့ဆန္ဒကို လွှမ်းမိုးလို့မရဘူး၊ ငွေပြာဝံပုလွေဘိုးဘေးလည်း မရသလို ရေခဲနဂါးလေးရဲ့ စွဲလမ်းမှုကလည်း အုပ်စိုးခွင့်မရှိဘူး...”
လင်းထျန်းလုံသည် သူ၏ ရင်တွင်းမှ လှိုက်တက်လာသော ပြင်းပြသည့် ရည်မှန်းချက်များနှင့်အတူ ခိုင်မာပြတ်သားစွာ ရေရွတ်လိုက်သည်။
သူ့ကိုယ်ပိုင်ဝိညာဉ်မှ မြစ်ဖျားခံလာသော ဤအစွမ်းထက်သည့် ယုံကြည်ချက်က မျက်စိဖြင့်မမြင်ရသော ထက်ရှသည့်ဓားတစ်လက်အလား ကမောက်ကမဖြစ်နေသော အသိစိတ်ပင်လယ်ကို အတင်းအဓမ္မ ခွဲခြမ်းပစ်လိုက်သည်။
ထိုယုံကြည်ချက်က စွမ်းအားနှစ်ခုကိုဖိနှိပ်ရန် သို့မဟုတ် နှင်ထုတ်ရန် မကြိုးစားဘဲ နက်နဲလွန်းသော နည်းလမ်းဖြင့် လမ်းညွှန်ကာ သဟဇာတဖြစ်အောင် စတင်ပေါင်းစပ်ပေးလိုက်သည်။
ငွေပြာရောင်သွေးမျိုးဆက်၏ အလားအလာများ အပြည့်အဝ နိုးကြားလာခဲ့ပြီဖြစ်သည်။
အစောပိုင်းကကဲ့သို့ ငြိမ်ခံမနေတော့ဘဲ ကျူးကျော်ဝင်ရောက်လာသော ရှေးဟောင်း ငွေပြာရောင် ဝံပုလွေ သွေးအဆီအနှစ်ကို တက်ကြွစွာ ဝါးမြိုပေါင်းစပ်လိုက်ကာ ဘိုးဘေးမူလစွမ်းအင်များကို သန့်စင်စုပ်ယူပြီး မိမိကိုယ်ကို အဆင့်မြှင့်တင်ရန် အရင်းအမြစ်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူ၏ ဝိညာဉ်မှ ခိုင်မာသော ဆန္ဒတစ်ခုက ခိုင်ခံ့သော ဆည်တမံကြီးတစ်ခုအဖြစ် ပြောင်းလဲသွားကာ နှင်းခဲဝိညာဉ်မသေမျိုးစွမ်းအား၏ ဝိညာဉ်တိုက်စားမှုဒဏ််ကို ခုခံရင်း ၎င်းအတွင်း၌ရှိသော မသေမျိုးဥပဒေသ အပိုင်းအစများကို စတင်ပိုင်းခြားစိတ်ဖြာရင်း နားလည်လာခဲ့သည်။
ဤသည်မှာ အလွန်တရာ အန္တရာယ်များလွန်းသော ဖြစ်စဉ်တစ်ခုဖြစ်ပြီး ဧရာမချောက်ကမ်းပါးကြီးပေါ်တွင် ကြိုးတန်းလမ်းလျှောက်နေရသကဲ့သို့ပင်။
သို့သော် လင်းထျန်းလုံသည် မလျှော့သော ဇွဲလုံ့လ၊ ထူးခြားသော ဝိညာဉ်အနှစ်သာရတို့ဖြင့် အခြေအနေကို တည်ငြိမ်အောင် ထိန်းချုပ်နိုင်ခဲ့ပေသည်။
တဖြည်းဖြည်းနှင့် သူ၏ ခန္ဓာကိုယ်ထဲတွင် ရိုက်ခတ်နေသော ငွေရောင်နှင့် အပြာရောင် အလင်းတန်းများမှာ စတင်ပြောင်းလဲလာခဲ့သည်။
၎င်းတို့က သိသာထင်ရှားစွာ ဆန့်ကျင်ဘက်ဖြစ်မနေတော့ဘဲ အချင်းချင်း စိမ့်ဝင်ပေါင်းစပ်လာကြသည်။
ငွေရောင်ရင့်ရင့် အလင်းတန်းများထဲတွင် နက်ရှိုင်းအေးစက်သော အပြာရောင် အရိပ်အယောင်တစ်ခု ပေါ်ထွက်လာကာ တိတ်ဆိတ်သော ရှေးဟောင်းဆန်ဆန် စွမ်းအင်တစ်ခုဖြစ် ပြောင်းလဲသွားတော့သါည။
“ဝီ...”
အသက်စွမ်းအင်၏ မူလအရင်းအမြစ်မှ ထွက်ပေါ်လာသကဲ့သို့ တိုးညှင်းသော မြည်သံတစ်ခု လင်းထျန်းလုံ၏ ကိုယ်တွင်းမှ ထွက်ပေါ်လာခဲ့သည်။
ယခင်က နာကျင်မှုကြောင့် တွန့်လိမ်နေသော သူ၏ ခန္ဓာကိုယ်က တဖြည်းဖြည်း ပြေလျော့သွားပြီး မီးလောင်ကျွမ်းနေသော အမွေးအမျှင်များ ကျွတ်ထွက်သွားသည့် နေရာများတွင် အမွေးအသစ်များ သိသိသာသာ ပြန်လည်ပေါက်ရောက်လာသည်။
ဤအမွေးအသစ်များက သန့်စင်သော ငွေပြာရောင် မဟုတ်တော့ဘဲ ပိုမိုနက်ရှိုင်းပြီး မြင့်မြတ်သော အရောင်အသွေးဖြင့် ဖြစ်လာကာ ရေခဲသလင်းအရောင်အဝါများ ခပ်ရေးရေး စီးဆင်းနေသည်။
၎င်းမှာ ရေခဲငွေပြာရောင် ဖြစ်လာခဲ့သည်။
ရင်ဘတ်ပေါ်ရှိ ကြောက်မက်ဖွယ် ဒဏ်ရာကြီးမှာလည်း အပြာရောင် စွမ်းအင်များ၏ ပေါင်းစပ်ဖြည့်တင်းမှုကြောင့် အလျင်အမြန် ပြန်လည်သက်သာလာခဲ့သည်။
သူ၏ အရိုးများမှာ ပုံစံအသစ်ဖြင့် ပြန်လည်ဖွဲ့စည်းခံခဲြရပြီး ယခင်ကထက်ပင် ပိုမိုမာကျောလာလေသည်။
အဆင့် ၂၉ (ခြေလှမ်း၀က်ဘုရင်အဆင့်)၊ တိုးတက်ရန်ခက်ခဲသော အတားအဆီးမှာ ဤရှေးဟောင်းစွမ်းအားနှစ်ခု၏ ရိုက်ခတ်မှုအောက်တွင် စက္ကူပါးလေးတစ်ရွက်အလား အလွယ်တကူ ပေါက်ပြဲသွားတော့သည်။
[စနစ်အသိပေးချက်]။ ။ပိုင်ရှင်သည် ရှေးဟောင်း ငွေပြာဝံပုလွေ သွေးအဆီအနှစ် (အပိုင်းအစ) ကို အောင်မြင်စွာ စုပ်ယူနိုင်ခဲ့သည်။
ငွေပြာရောင်သွေးမျိုးဆက် (ရွှေရောင် . အလယ်အလတ်အဆင့်) သည် တိုးတက်ပြောင်းလဲသွားပြီး မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက် (ရွှေရောင်·အဆင့်မြင့်) သို့ အဆင့်တက်သွားပါပြီ။
[စနစ်အသိပေးချက်]။ ။ပိုင်ရှင်သည် နှင်းခဲဝိညာဉ်မသေမျိုး၏ ဥပဒေသအပိုင်းအစအချို့ကို အောင်မြင်စွာ နားလည်သဘောပေါက်သွားပါပြီ။
ပင်ကိုယ်စွမ်းရည် သွေးဆာရူးသွပ်တိုက်ပွဲ (ခရမ်းရောင်· အလယ်အလတ်အဆင့်) သည် ဥပဒေသအပိုင်းအစများနှင့် ပေါင်းစပ်သွားပြီး ထာ၀ရတိုက်ပွဲဝိညာဉ် (ရွှေရောင်·အဆင့်မြင့်) သို့ အဆင့်တက်သွားပါပြီ။]
[စနစ်အသိပေးချက်]။ ။ပိုင်ရှင် အဆင့်တက်သွားပါပြီ။ လက်ရှိအဆင့် - ၃၁ (ဘုရင်အဆင့်)။]
[စနစ်အသိပေးချက်]။ ။ပိုင်ရှင်၏ စွမ်းရည်များဖြစ်သော ငွေပြာမိုးကြိုးလက်သည်းနှင့် ငွေပြာကောင်းကင်ဆုတ်ဖြဲလက်သည်းတို့သည် သွေးမျိုးဆက်စွမ်းအားနှင့် ရေခဲဥပဒေသတို့ ပေါင်းစပ်သွားပြီး ချန်ရွှမ်းမိုးကြိုးရေခဲလက်သည်း (ရွှေရောင်·အဆင့်မြင့်) နှင့် နက်နဲရေခဲကောင်းကင်ဆုတ်ဖြဲလက်သည်း (ရွှေရောင်·အဆင့်မြင့်) သို့ အလိုအလျောက် အဆင့်တက်သွားပါပြီ။
[စနစ်အသိပေးချက်]။ ။ပိုင်ရှင်၏ ပင်ကိုယ်စွမ်းရည်ဖြစ်သော ကနဦး စိတ်ချင်းဆက်သွယ်ခြင်းသည် ဝိညာဉ်စွမ်းအင်များ၏ ဖြည့်တင်းမှုအောက်တွင် အလယ်အလတ် စိတ်ချင်းဆက်သွယ်ခြင်းသို့ အဆင့်တက်သွားပါပြီ။
စနစ်အသိပေးချက်များ တစ်သီတစ်တန်းကြီးက လင်းထျန်းလုံ၏ အသိစိတ်ထဲတွင် ရေတံခွန်တစ်ခုအလား စီးဆင်းလာခဲ့သည်။
၏
ယခင်က တစ်ခါမှ မခံစားဖူးလောက်အောင် အားအင်များ ပြည့်ဝနေသည့် ခံစားချက်ကြီးက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဒီရေအလား ရိုက်ခတ်သွားလေသည်။
သူ ရုတ်တရက် ခေါင်းမော့လိုက်ပြီး ငွေပြာဘုရင်မျက်ဝန်းများမှာ သိသာထင်ရှားစွာ ပြောင်းလဲသွားချေပြီ။
သူ၏ မျက်၀န်းအနက်ပိုင်းထဲတွင် ရေခဲသလင်းများနှင့် လျှပ်စီးတန်းများက ယှက်နွယ်ကာ လင်းလက်နေသကဲ့သို့ ရှိသည်။
သူ၏ အကြည့်များ ကျရောက်သွားသည့် နေရာတိုင်းတွင် လေထုပင် အစိုင်အခဲအဖြစ် ပြောင်းလဲသွားမတတ်ပင်။
သူသည် ဘုရင်အဆင့်သို့ အောင်မြင်စွာ ထိုးဖောက် ဝင်ရောက်သွားနိုင်ခဲ့ပြီဖြစ်သည်။
ထို့အပြင် သွေးမျိုးဆက်နှင့် ပင်ကိုယ်စွမ်းရည်များသည်လည်း မဟာဆင့်ကဲပြောင်းလဲမှုကြီးကို ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။
ဤအခိုက်အတန့်တွင် လင်းထျန်းလုံထံမှ ထွက်ပေါ်လာသော အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသည့်ခံစားချက်၊ သူ့ထက် ပိုမိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ခံစားလိုက်ရသောအခါ ရေခဲချီစွမ်းအင်နဂါးမှာ သူ၏ ရင်ထဲရှိ ကြောက်ရွံ့မှုနှင့် ကြမ်းတမ်းမှုများကို မဖိနှိပ်ထားနိုင်တော့ပေ။
သူ ဆက်လက်စောင့်ဆိုင်းနေ၍ မရနိုင်တော့ကြောင်းကို ကောင်းစွာ သိရှိလိုက်သည်။
“ရှီး... ဂါး...”
အပြင်းအထန် တိုက်ခိုက်တော့မည့်အလား ဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်လေသည်။
ဧရာမခန္ဓာကိုယ်ကြီး တွန့်လိမ်သွားပြီး ပါးစပ်ကြီးပွင့်လာကာ သူ၏ စွမ်းအားအားလုံးကို စုစည်းထားသော အကြွင်းမဲ့ရေခဲတိုက်ကွက်ဖြင့် အပြာရောင် သေမင်းတမန်မြစ်ကြီး တစ်စင်းအလား စွမ်းအင်မုန်တိုင်း ဗဟိုချက်အတွင်းရှိ အသွင်ပြောင်းလဲခြင်း ပြီးစီးခါစဖြစ်သော လင်းထျန်းလုံကို တိုက်ခိုက်လိုက်လေသည်။
ရေခဲမြစ်ကြီး ဖြတ်သန်းသွားသော နေရာတိုင်းရှိ ဟင်းလင်းပြင်ကြီး အေးခဲသွားသဖွယ် ရှိနေသည်။
ဘုရင်အဆင့် သားရဲတစ်ကောင်ကိုပင် အေးခဲသွားစေနိုင်လောက်သော ဤသေမင်းတမန်တိုက်ကွက်ကို ရင်ဆိုင်လိုက်ရသော်ငြား အဆင့်တက်လှမ်းပြီးခါစ ဖြစ်သော လင်းထျန်းလုံ၏ မျက်လုံးများထဲတွင် အေးစက်ပြီး ဂရုစိုက်ဟန်မရကာ သတ်ဖြတ်လိုစိတ်များသာ ရှိနေသည်။
သူသည်။ ရေခဲငွေပြာရောင် အမွေးအမှင်များ ဖုံးလွှမ်းနေသည့် ညာဘက် ရှေ့လက်သည်းတစ်ဖက်ကို ဖြည်းညင်းစွာ မြှောက်လိုက်သည်။
သူ၏ လက်သည်းများပေါ်တွင် နက်ရှိုင်းသော အပြာရောင် လျှပ်စီးတန်းများနှင့် နက်နဲလွန်းသော ရေခဲစွမ်းအားများ ပြီးပြည့်စုံစွာ ပေါင်းစပ်သွားကာ လောကကြီး၏ အရောင်အသွေးကိုပင် ပြောင်းလဲသွားစေနိုင်သော ကြောက်မက်ဖွယ်အရှိန်အဝါများ ထွက်ပေါ်လာလေတော့သည်။