ဒုတိယ ဘုရင်အဆင့် ကနဦးသို့ ရောက်ရှိသွားသော ရေခဲချီစွမ်းအင်နဂါး၊ အသိစိတ်ဟင်းလင်းပြင် ဖြစ်တည်လာခြင်း(၁)
Vol. 16 Ch. 156
ဝိညာဉ်နယ်မြေ အတွင်းပိုင်း နက်ရှိုင်းသော နေရာတွင် တည်ရှိပြီး မိုးထိမတတ် မြင့်မားသော ရေခဲချောက်ကမ်းပါးများ ဝန်းရံထားသည့် ဤတိတ်ဆိတ်သော ချိုင့်ဝှမ်းအတွင်း......
အရိုးခိုက်မတတ် အေးစက်သော လေပြင်းများက မျက်စိဖြင့်မမြင်ရသော ရေခဲဓားသွား သန်းပေါင်းများစွာအလား တိုက်ခတ်နေသည်။
သို့ရာတွင် ယခုအချိန်၌ ချိုင့်ဝှမ်း၏ အလယ်ဗဟို ဧရိယာမှာမူ ပတ်ဝန်းကျင်ရှိ အစွန်းရောက် အအေးဓာတ်နှင့် သေခြင်းတရားအလား တိတ်ဆိတ်မှုတို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်နေသည်။
စွမ်းအင်များ ရူးသွပ်စွာ သောင်းကျန်းနေပြီး ကောင်းကင်ကိုပင် တုန်လှုပ်သွားစေနိုင်သော ဟိန်းဟောက်သံများ ပြည့်နှက်နေသည့် တားမြစ်နယ်မြေတစ်ခုအဖြစ် ပြောင်းလဲသွားချေပြီ။
ဝုန်း...
ဂူပေါက်ဝဆီမှ ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေနိုင်သော ပေါက်ကွဲသံကြီးတစ်ခု ထပ်မံထွက်ပေါ်လာပြီး နာကျင်မှုနှင့် ဒေါသများ ရောယှက်နေသော ရေခဲချီစွမ်းအင်နဂါး၏ အသံကြီးလည်း ထွက်ပေါ်လာသည်။
ဂူပေါက်ဝတွင် ယခင်ကထက် ပိုမိုခန့်ညားထည်ဝါပြီး တောင့်တင်းခိုင်မာလာကာ မိုးပြာနက်နဲရေခဲ အမွေးအမျှင်များ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုက အမြောက်ဆံတစ်ခုအလား ပြေးထွက်လာသည်။
လေထဲတွင် အကြိမ်အနည်းငယ်ခန့် သွက်လက်စွာ လည်ထွက်သွားပြီးနောက် မြေပြင်ပေါ်သို့ တည်ငြိမ်စွာ ကျဆင်းလာကာ သူ၏ လက်သည်းလေးဖက်လုံး ရေခဲပြင်ထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားပြီး ရှည်လျားသော မြောင်းကြီးလေးကြောင်း ဖြစ်ပေါ်သွားတော့သည်။
ထိုပုံရိပ်မှာ လင်းထျန်းလုံပင် ဖြစ်လေသည်။
သူ အနည်းငယ် အသက်ရှူလိုက်ရာ ပါးစပ်မှ ထွက်လာသော အဖြူရောင် အငွေ့များထဲတွင် သေးငယ်သော ရေခဲသလင်းမှုန်များ ပါဝင်နေသည်။
အသစ်မွေးဖွားလာသော သူ၏ မိုးပြာနက်နဲဘုရင်မျက်ဝန်းများထဲတွင် ရေခဲပြာရောင်နှင့် လျှပ်စီးများ ယှက်နွယ်နေသည့် အလင်းတန်းက ဓားတစ်လက်အလား ထက်ရှနေပြီး ဂူပေါက်ဝဆီသို့ စူးစိုက်ကြည့်နေလေသည်။
သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အမွေးအမျှင်အသစ်များက သတ္တုနှင့် ရေခဲသလင်းတို့အလား ထူးဆန်းသော အရောင်အသွေးဖြင့် လင်းလက်နေသည်။
သူ၏ ဘယ်ဘက်လက်တွင် ထင်ရှားသော ဒဏ်ရာတစ်ခု ရှိနေပြီး ငွေပြာရောင် အလင်းစက်လေးများ ပါဝင်နေသော သွေးများ စီးကျနေသော်ငြား ဒဏ်ရာတစ်ဝိုက်ရှိ ကြွက်သားများက တွန့်လိမ်လှုပ်ရှားကာ သာမန်မျက်စိဖြင့် မြင်နိုင်လောက်သော အမြန်နှုန်းဖြင့် ပြန်လည်ကောင်းမွန်လာနေသည်။
ဤသည်မှာ ထာဝရတိုက်ပွဲဝိညာဉ် ပင်ကိုယ်စွမ်းရည်မှ ယူဆောင်လာပေးသော အံ့မခန်း အသက်စွမ်းအင်ကို ပြသနေခြင်းပင်။
လွန်ခဲ့သည့်ခဏက ဂူထဲတွင် သူသည် ရေခဲနဂါးအသွင်ပြောင်းခြင်းကို ပြီးစီးကာ အဆင့် ၃၈ သို့ ရောက်ရှိသွားသော ရေခဲချီစွမ်းအင်နဂါးနှင့် အလွန်အန္တရာယ်များလှသော အနီးကပ် တိုက်ပွဲတစ်ခုကို အချိန်တိုအတွင်း ဆင်နွှဲခဲ့ရသည်။
ဘုရင်အဆင့် စွမ်းအားများနှင့် အသစ်ဆင့်ကဲပြောင်းလဲထားသော မိုးပြာနက်နဲရေခဲ ဝံပုလွေသွေးမျိုးဆက်တို့ကြောင့် အင်အားနှင့် အမြန်နှုန်းတွင် နောက်ကောက်မကျဘဲ ချန်ရွှမ်းမိုးကြိုးရေခဲလက်သည်း၏ ဖျက်ဆီးနိုင်စွမ်းကပင် ပိုမိုသာလွန်နေသော်ငြား.....
ရန်သူ၏ လျှို့ဝှက်ရေခဲကြေးခွံချပ်ဝတ် စွမ်းရည် ခုခံနိုင်စွမ်းနှင့် အစွန်းရောက် ရေခဲနဂါးဝိညာဉ်၏ ရေခဲစွမ်းအင် တိုက်ခိုက်မှုများအပေါ် ထိခိုက်မှုလျှော့ချပေးစွမ်းရည်တို့က အမှန်တကယ်ပင် ဒုက္ခပေးလွန်းလှသည်။
ထို့ပြင် အပြည့်အဝ လှုပ်ရှားရန် ခက်ခဲသော ကျဉ်းမြောင်းသည့် ဂူအတွင်းနေရာနှင့် ပေါင်းစပ်လိုက်သောအခါ ယာယီအားဖြင့် အခြေအနေ တင်းမာသွားခဲ့သည်။
ပို၍အရေးကြီးသည်မှာ ရန်သူသည် လုံးဝ ဒေါသထွက်နေပြီး ပိုမိုကြောက်မက်ဖွယ်ကောင်းသော ပြောင်းလဲမှုတစ်ခုကို ပျိုးထောင်နေကြောင်း လင်းထျန်းလုံ ခံစားမိနေသည်။
သွေးမျိုးဆက် အနက်ထဲမှ မြစ်ဖျားခံလာသော ဂဏာမငြိမ်ဖြစ်မှုနှင့် စိတ်မသက်မသာဖြစ်မှုတို့ကြောင့် တိုက်ပွဲကို ပိုမိုကျယ်ဝန်းသော ချိုင့်ဝှမ်းဆီသို့ ရွှေ့ပြောင်းရန် သူ ပြတ်သားစွာ ရွေးချယ်လိုက်ခြင်း ဖြစ်သည်။
“ဖေဖေ...”
အဝေးရှိ စွတ်ဖားလှည်းပေါ်မှ ရှောင်ယင်းသည် လင်းထျန်းလုံကိုယ်ပေါ်ရှိ ဒဏ်ရာအသစ်များကို မြင်သောအခါ မျက်ရည်များဖြင့် အော်ဟစ်လိုက်မိပြီး သူမ၏ လက်သေးသေးလေးဖြင့် ဘေးနားရှိ ရှောင်လန်၏ အဝတ်စကို တင်းကျပ်စွာ ဆုပ်ကိုင်ထားမိလေသည်။
ရှောင်လန်၏ မျက်နှာအမူအရာမှာလည်း ရှောင်ယင်းနည်းတူ လေးနက်နေသော်လည်း သူမ၏ အကြည့်များကမူ ပိုမိုစူးရှနေခဲ့သည်။
သူမ၏ ဗလာဟင်းလင်းပြင်နယ်ပယ် ပင်ကိုယ်စွမ်းရည်က စွမ်းအင်အဆင့် အပြောင်းအလဲများကို ရှောင်ယင်းထက် ပိုမိုရှင်းလင်းစွာ သိမြင်နိုင်စေသည်။
“ဝံပုလွေဖေဖေရဲ့ အရှိန်အဝါက ဒဏ်ရာတွေကြောင့် အနည်းငယ် မတည်မငြိမ် ဖြစ်နေပေမယ့် အဲဒီကျယ်ပြန့်ပြီး အေးစက်တဲ့ အဓိကစွမ်းအားက ပိုပြီးတော့တောင် စုစည်းသိပ်သည်းလာသေးတယ်...”
“သူက ဘုရင်အဆင့် စွမ်းအားနဲ့ အသားကျအောင် လုပ်နေတာပဲ၊ ပြီးတော့... ရန်သူကို အပြင်မြားထုတ်လာမယ့်ပုံပဲ...” သူမ၏ စိတ်ထဲတွင် အလျင်အမြန် ပိုင်းခြားစိတ်ဖြာလိုက်ပြီး လင်းထျန်းလုံ၏ နည်းဗျူဟာ ရည်ရွယ်ချက်ကို ခပ်ရေးရေး နားလည်သွားသည်။
ရန့်မြဲ့နှင့် ထျန်းပင်းတို့၏ တိုးညင်းသော အမိန့်ပေးသံများအောက်တွင် နှင်းဝံပုလွေအုပ်စုက ခိုင်မာသော စက်ဝိုင်းပုံစံ ဖွဲ့စည်းပုံကို ဖွဲ့စည်းလိုက်ပြီး အလယ်ရှိ စွတ်ဖားလှည်းကို ကာကွယ်ထားကြသည်။
နှင်းဝံပုလွေတိုင်း ကြွက်သားများ တင်းမာနေပြီး သွားများကို ဖြဲပြကာ ဂူ၀ဆီသို့ ခြိမ်းခြောက်သည့် အသံနိမ့်များ ထုတ်လွှတ်နေကြသည်။
ဂူထဲရှိ အသက်ရှူကျပ်မတတ် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါ၊ သက်ရှိဇီ၀အဆင့် ကွာဟချက်ကြီးမားမှုကြောင့် ဖြစ်ပေါ်လာသည့် အလိုအလျောက် ကြောက်ရွံ့မှုကို ခံစားနေရသော်ငြား.....
ဝံပုလွေဘုရင်အပေါ် ထားရှိသော အကြွင်းမဲ့ယုံကြည်မှုနှင့် သစ္စာရှိမှုတို့ကြောင့် နောက်သို့ ခြေတစ်လှမ်းမျှ မဆုတ်ဘဲ ရပ်တည်နေကြလေသည်။
ထိုအချိန်မှာပင် ဂူထဲရှိ စွမ်းအင်လှိုင်းများက အရေးကြီးသော အခြေအနေသို့ ရောက်ရှိသွားချေပြီ။
“ဂါး... ဝေါင်း...”
မြွေသံမဟုတ်တော့ဘဲ ရှေးခေတ်မှ လာသကဲ့သို့ ရှေးဟောင်းနဂါးအရှိန်အဝါများ ပါဝင်နေသော ကြောက်မက်ဖွယ် နဂါးဟိန်းဟောက်သံကြီးက ဂူအနက်ထဲမှ ရုတ်တရက် ပေါက်ကွဲထွက်ပလာသည်။
ဤနဂါးဟိန်းဟောက်သံကြောင့် ဖြစ်ပေါ်လာသော အသံလှိုင်းများက ရုပ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုအလား ချိုင့်ဝှမ်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားတော့သည်။
“အာဝူး...”
ဝံပုလွေအုပ်စုထဲရှိ အဆင့်နိမ့် နှင်းဝံပုလွေများစွာမှာ ချက်ချင်းပင် ခြေလက်များ အားပြတ်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားကြပြီး မျက်လုံးများထဲတွင် နာကျင်မှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။
ရန့်မြဲ့နှင့် ထျန်းပင်းတို့ကဲ့သို့ အဓိက စစ်သူကြီးများပင်လျှင် ဤနဂါးအရှိန်အဝါကြောင့် မျက်စိဖြင့်မမြင်ရသော တောင်ကြီးတစ်လုံးကို ထမ်းထားရသည့်အလား လှုပ်ရှားမှုများ တောင့်တင်းသွားကြသည်။
ဤသည်မှာ ရိုးရှင်းသော စွမ်းအင်ဖိအား မဟုတ်ဘဲ အဆင့်မြင့်သက်ရှိတစ်ခုမှ အဆင့်နိမ့် သက်ရှိများဆီသို့ ဦးတည်ထားသော ဝိညာဉ်အနက်ထဲမှ ခြိမ်းခြောက်မှုပင် ဖြစ်သည်။
စွတ်ဖားလှည်းပေါ်ရှိ ရှောင်ယင်းနှင့် ရှောင်လန်တို့လည်း တစ်ပြိုင်နက်တည်း ညည်းတွားလိုက်ကြပြီး မျက်နှာလေးများမှာ ချက်ချင်း သွေးဆုတ်ဖြူလျော်သွားကြသည်။
ရှောင်ယင်းသည် သူမ၏ ခေါင်းထဲတွင် တူကြီးတစ်လက်ဖြင့် ရိုက်ခံလိုက်ရသကဲ့သို့ “ဝီ” ခနဲ ဖြစ်သွားပြီး အမြင်အာရုံများ မည်းမှောင်သွားသည်။
ရှောင်လန်ကမူ သူမ၏ အသိစိတ်ပင်လယ်ကို ကျူးကျော်ဝင်ရောက်ရန် ကြိုးစားနေသော အေးစက်သည့် ဆန္ဒတစ်ခုကို ခံစားလိုက်ရသည်။
သူမ၏ အစွမ်းထက်သော ဝိညာဉ်မူလစွမ်းအားက အလိုအလျောက် ခုခံလိုက်သော်လည်း သွေးများ ကမောက်ကမ ဖြစ်သွားကာ အလွန်အမင်း နေရခက်သွားစေခဲ့သည်။
“နဂါးအရှိန်အဝါ... စစ်မှန်တဲ့ နဂါးအရှိန်အဝါပဲ၊ ပါးလျနေသေးပေမယ့် သူ့ရဲ့ အနှစ်သာရက အဆင့်မြင့်လွန်းတယ်...” ရှောင်လန် အံ့သြသွားသည်။
အတိတ်ဘဝတွင် သူမသည် နဂါးသွေးမျိုးဆက်ရှိသော အစွမ်းထက်ရန်သူများနှင့် ရင်ဆိုင်ခဲ့ဖူးသော်လည်း ဤမျှ သန့်စင်သော နဂါးအရှိန်အဝါမျိုးမှာ အလွန်ရှားပါးလှပေသည်။
လင်းထျန်းလုံသည် ရှေ့ဆုံးမှရပ်နေသဖြင့် နဂါးအရှိန်အဝါကို အပြင်းထန်ဆုံး ခံစားလိုက်ရသည်။
သို့သော် သူက အေးစက်စွာ နှာမှုတ်လိုက်ရုံသာဖြစ်ပြီး အသစ်တဖန် ပြန်လည်မွေးဖွားလာသော မိုးပြာနက်နဲဘုရင်မျက်ဝန်းများက တောက်ပလင်းလက်လာသည်။
ဝံပုလွေဘုရင်တစ်ပါး၏ ကြီးစိုးလွှမ်းမိုးမှုနှင့် နက်နဲရေခဲဥပဒေသတို့၏ ရက်စက်ကြမ်းကြုတ်မှုတို့ကို ပေါင်းစပ်ထားသော အစွမ်းထက်သည့် အရှိန်အဝါတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားသည်။
၎င်းက သူ့အပေါ် သက်ရောက်နေသော နဂါးအရှိန်အဝါကို ချက်ချင်း ချေဖျက်ပစ်လိုက်ရုံသာမက သာမန်မျက်စိဖြင့်မမြင်နိုင်သော အကာအကွယ်တစ်ခုအဖြစ် ပြောင်းလဲသွားကာ သူ၏ နောက်ကွယ်ရှိ ဝံပုလွေအုပ်စုတစ်ခုလုံးကို လွှမ်းခြုံပေးလိုက်သည်။
“အာဝူး...”
ဘုရင်၏ အကာအကွယ်ကို ခံစားလိုက်ရသဖြင့် ဝံပုလွေအုပ်စုအပေါ် ကျရောက်နေသော ဖိအားများ အလွန်အမင်း လျော့ကျသွားကြသည်။
နှင်းဝံပုလွေများသည် ပြန်လည် မတ်တတ်ရပ်လာကြပြီး ယခင်ကထက်ပင် ပိုမိုဒေါသထွက်ကာ ပြတ်သားသော ဟိန်းဟောက်သံများ ထုတ်လွှတ်လိုက်ကြသည်။
နောက်တစ်ခဏတွင် ဧကရီနှစ်ပါးနှင့် ဝံပုလွေတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက်တွင် ဂူပေါက်ဝရှိ ကျန်ရစ်နေသော ရေခဲသလင်း အတားအဆီးများက ပျက်စီးလွယ်သော ဖန်ခွက်တစ်ခုအလား လုံးဝ ကွဲအက်သွားတော့သည်။ စ
အဖျက်စွမ်းအင် အရှိန်အဝါများကို သယ်ဆောင်လာသည့် ဧရာမပုံရိပ်ကြီးတစ်ခုက ဖြည်းညင်းစွာ “တွားသွား” ထွက်လာခဲ့လေသည်။
မဟုတ်သေး တွားသွားနေခြင်း မဟုတ်တော့ဘဲ ဘုရင်တစ်ပါး တိုင်းခန်းလှည့်လည်ကြည့်ရှုနေသကဲ့သို့ မြေပြင်မှ လက်မအနည်းငယ်ခန့် မြောက်တက်နေကာ လေထဲတွင် လမ်းလျှောက်လာခြင်း ဖြစ်သည်။
ဤအချိန်တွင် ရေခဲချီစွမ်းအင်နဂါး၏ ပုံပန်းသဏ္ဌာန်မှာ ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေနိုင်သော အပြောင်းအလဲကြီးတစ်ခု ဖြစ်ပေါ်နေပြီဖြစ်သည်။
၎င်း၏ ခန္ဓာကိုယ်ကြီးမှာ ယခင်ကထက် တစ်ဝက်ခန့် ပိုမိုကြီးမားလာပြီး အရှည် မီတာသုံးဆယ်ကျော်ကာ တောင်ထွတ်ငယ်တစ်ခုအလား တုတ်ခိုင်နေသည်။
တစ်ကိုယ်လုံးရှိ နက်ရှိုင်းသော ရေပြာရောင်ကြေးခွံများက ပိုမိုနက်မှောင်လာပြီး ကြေးခွံအစွန်းများတွင် ရွှေနီရောင် အလင်းတန်းများ စီးဆင်းနေကာ ရေခဲအောက်တွင် ချော်ရည်များ စစီးဆင်းနေသည့်အလားပင်။
အံ့ဩစရာအကောင်းဆုံးမှာ ရေခဲနဂါး၏ ဦးခေါင်းပင် ဖြစ်သည်။
ရေခဲသန္တာကျောက်နှင့်တူသော အဖုအတက်များ ပျောက်ကွယ်သွားပြီး အေးစက်စက် အလင်းတန်းများ လင်းလက်နေသည့် ကြောက်မက်ဖွယ်ကောင်းသော အကိုင်းအခတ်များ ပါဝင်သည့် ရွှေနီရောင် နဂါးဦးချိုနှစ်ချောင်းက အစားထိုး ဝင်ရောက်လာသည်။
ထို့ပြင် ဝမ်းဗိုက်အောက် တစ်ဖက်တစ်ချက်စီတွင် သေးငယ်သော ရွှေနီရောင်ကြေးခွံများ ဖုံးလွှမ်းနေသည့် ထက်ရှသော လက်သည်းနှစ်ဖက်လည်း (အနည်းငယ် နုနယ်နေသေးသော်လည်း နဂါးလက်သည်းပုံစံ ရှိနေပြီဖြစ်သော) ထွက်ပေါ်လာခဲ့ချေပြီ။
၎င်း၏ အရှိန်အဝါက ပွက်ပွက်ဆူနေသော သမုဒ္ဒရာကြီးတစ်ခုအလား ရူးသွပ်ကြမ်းတမ်းနေပြီး ပထမ ဘုရင်အဆင့်၏ နယ်နိမိတ်ကိုပင် ထိုးဖောက်သွားကာ ထိတ်လန့်ဖွယ်ကောင်းသော အဆင့် ၄၀ (ဒုတိယ ဘုရင်အဆင့် စဦးပိုင်း) သို့ ရောက်ရှိသွားတော့သည်။
[စနစ်အသိပေးချက်]။ ။ ပစ်မှတ် ရေခဲချီစွမ်းအင်နဂါးသည် ရှေးဟောင်းသွေးမျိုးဆက် အမှတ်အသားကို အတင်းအဓမ္မ အသက်သွင်းရန်အတွက် သူ၏ နဂါးသွေးအဆီအနှစ်နှင့် အသက်ဝိညာဉ်အနှစ်သာရ အားလုံးကို မီးရှို့လိုက်ပြီး နဂါးအတုအသွင်ပြောင်းခြင်း အခြေအနေသို့ ဝင်ရောက်သွားပါပြီ။
စွမ်းအင်အဆင့် အဆင့် ၄၀ သို့ ယာယီ တိုးမြှင့်သွားသည်။
သတိပေးချက်။ ။ဤအခြေအနေသည် အလွန်အမင်း မတည်မငြိမ်ဖြစ်နေသည် ပစ်မှတ်သည် အစွန်းရောက် ဖျက်ဆီးနိုင်စွမ်းနှင့် မိမိကိုယ်ကိုပင် ဖျက်ဆီးပစ်လိုသော သဘောထားများ ရှိနေပါသည်။
“နဂါးအတုအသွင်ပြောင်းခြင်း... အသက်ကို လောင်ကျွမ်းပြီးမှ ရလာတဲ့ စွမ်းအားလား...” လင်းထျန်းလုံသည် မိုးပြာနက်နဲဘုရင်မျက်ဝန်းများဖြင့် ရန်သူ၏ ဧရာမစွမ်းအင်များအောက်တွင် အလျင်အမြန် ဆုတ်ယုတ်နေသော အသက်မီးတောက်ကို ရှင်းလင်းစွာ မြင်လိုက်ရပြီး နားလည်သွားသည်။
သို့သော် ဤသည်က အန္တရာယ် လျော့ကျသွားသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် ရူးသွပ်မှုထဲသို့ ကျဆင်းသွားပြီး မည်သည့်အရာကိုမဆို လုပ်ဆောင်မည့် နဂါးတုတစ်ကောင်က ပို၍ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။
“ဂါး... ဂရား...”
နဂါးအတုအသွင်ပြောင်းခြင်းကို အသုံးပြုထားသော ရေခဲချီစွမ်းအင်မိစ္ဆာနဂါး၏ ဒေါင်လိုက်မျက်ဝန်းများမှာ ရူးသွပ်မှုများဖြင့် လုံးဝ လွှမ်းမိုးခံထားရသည်။
ရေခဲချီစွမ်းအင်နဂါးသည် လင်းထျန်းလုံကို စူးစိုက်ကြည့်နေပြီး အထူးသဖြင့် သူ အချိန်ကြာမြင့်စွာ တောင့်တခဲ့သော စွမ်းအားနှစ်ခု ပေါင်းစပ်ထားသည့် အရှိန်အဝါကို ခံစားလိုက်ရပြီးနောက်တွင် နောက်ဆုံးကျန်ရှိနေသည့် အသိဉာဏ်အနည်းငယ်ပင် လုံးဝ ပျောက်ကွယ်သွားတော့သည်။
ရေခဲနဂါးကြီးကက ဧရာမပါးစပ်ကြီးကို ရုတ်တရက် ဟလိုက်လေသည်။
ဤတစ်ကြိမ် ထွက်ပေါ်လာသည်မှာ အေးစက်သော ရေခဲငွေ့များ မဟုတ်တော့ဘဲ အနီရောင်နှင့် အပြာရောင်ရင့်ရင့် ရောယှက်နေကာ အဖျက်စွမ်းအင်များ ပါဝင်သည့် နဂါးသက်ပြင်း (ရေခဲနှင့် မီး မှုတ်ထုတ်ခြင်း) ပင် ဖြစ်သည်။
ဤနဂါးသက်ပြင်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဟင်းလင်းပြင်ကြီး တွန့်လိမ်သွားပြီး ဘယ်ဘက်ခြမ်းမှာ မိုင်ထောင်ချီ အေးခဲသွားကာ ညာဘက်ခြမ်းမှာမူ ချော်ရည်ပူများ ဖြစ်ပေါ်သွားသည်။
ထိုစွမ်းအားသည် ယခင်က အကြွင်းမဲ့ရေခဲတိုက်ကွက်ထက် အဆပေါင်းများစွာ သာလွန်နေတော့သည်။
ဒုတိယ ဘုရင်အဆင့် အလယ်အလတ် ဘုရင်တစ်ပါးကိုပင် ခြိမ်းခြောက်နိုင်လောက်သော ဤကြောက်မက်ဖွယ် တိုက်ခိုက်မှုကို ရင်ဆိုင်လိုက်ရချိန်တွင် လင်းထျန်းလုံ၏ မျက်လုံးများထဲရှိ တိုက်ခိုက်လိုစိတ်များက အဆုံးစွန် တောက်လောင်လာခဲ့သည်။
သူ မည်သည့်အရာကိုမျှ ဆက်လက်ဖုံးကွယ်ထား၍ မရတော့ကြောင်း ကောင်းစွာ သိလိုက်လေသည်။
“ဂါး...”
ကမ္ဘာမြေကိုပင် တုန်လှုပ်သွားစေနိုင်သော ဝံပုလွေဟိန်းဟောက်သံကြီးကို ထုတ်လွှတ်လိုက်ပြီး ထာ၀ရတိုက်ပွဲဝိညာဉ် ပင်ကိုယ်စွမ်းရည်ကို အပြည့်အဝ အသက်သွင်းလိုက်သည်။