အခန်း (၂၅၉-၂၆၀)
Vol. 26 Ch. 259-260
အခန်း (၂၅၉) - ယင်းဟွမ်ဟွမ်၊ ရေခဲသခင်မဝင်စားသူ(၁)
ယွမ်အမြုတေမှ မူလဝိညာဉ်သို့ ပြောင်းလဲခြင်းသည် အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေသည်။
ကမ္ဘာ့သစ်ပင်၏ အကိုင်းအခက်များက အားကောင်းလှသော အသက်စွမ်းအင် အရည်များကို ဝူယွမ်အတွက် ကူညီထောက်ပံ့ပေးလိုက်သည်နှင့်အမျှ သူ၏ မူလဝိညာဉ်မှာ အစစ်အမှန် အရာတစ်ခုအဖြစ်သို့ လျင်မြန်စွာ ခိုင်မာလာခဲ့လေသည်။
ဤအချိန်တွင် ရွှေရောင်အရိပ်လေးကို ခပ်ရေးရေး မြင်တွေ့နိုင်ပြီး ၎င်း၏ ကိုယ်ဟန်အသွင်အပြင်နှင့် မျက်နှာအသွင်အပြင်များမှာ ဝူယွမ်နှင့် ထပ်တူကြနေကာ ဝူယွမ် ဗားရှင်းအသေးလေးတစ်ခုအလား ဖြစ်လေသည်။
၎င်းမှာ အတော်လေး သိမ်မွေ့ပြီး ချစ်စရာကောင်းနေခဲ့၏။
ယေဘုယျအားဖြင့်ပြောရလျှင် ကနဦး စုစည်းဖန်တီးထားသော မူလဝိညာဉ်သည် အများအားဖြင့် ဝေဝါးနေတတ်ပြီး မူလဝိညာဉ်တစ်ခု၏ အခြေခံ ပုံသဏ္ဍာန်မျှသာ ဖြစ်ကာ ဝူယွမ်၏ မူလဝိညာဉ်ကဲ့သို့ တိုက်ရိုက် ပုံပေါ်လာနိုင်ခြင်းမှာ အလွန် ရှားပါးလှပေသည်။
သို့သော် ကမ္ဘာ့သစ်ပင်၏ ပြုစုပျိုးထောင်ပေးသော စွမ်းအင်များကြောင့် ဝူယွမ်၏ မူလဝိညာဉ်သည် အစစ်အမှန် အရာတစ်ခုအဖြစ်သို့ ခိုင်မာလာစေသည့် အဆင့်ကို လျင်မြန်စွာ ပြီးမြောက်သွားခဲ့ခြင်း ဖြစ်သည်။
သို့မဟုတ်ပါက သူကိုယ်တိုင် ပြုစုပျိုးထောင်မည်ဆိုလျှင် အချိန်အတော်ကြာ ယူရမည်မှာ အသေအချာပင် ဖြစ်၏။
သူ၏ လက်ရှိ မူလဝိညာဉ်အဆင့်မှာ အကြီးအကဲကျန်းလောက် မခိုင်မာသေးသော်လည်း ညီငယ် နိဗ္ဗာန်အဆင့် ၈ တွင်သာ ရှိသေးသည် မဟုတ်လော။
သူ၏ မူလဝိညာဉ်ကို ဆက်လက်သန့်စင်ရန် သူ့ထံတွင် အချိန်များစွာ ရှိနေသေးပြီး အနာဂတ်တွင် သူ ဆန်းကြယ်ရှင်ခြင်းအဆင့်သို့ ဝင်ရောက်သွားသောအခါ သူ၏ မူလဝိညာဉ စွမ်းအားမှာ အဆင့်တူ အခြားသူများနှင့် ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် များစွာ သာလွန်နေမည်မှာ အသေအချာပင် ဖြစ်သည်။
ဝူယွမ်၏ မူလဝိညာဉ် စုစည်းသွားသည်နှင့်အမျှ သူ၏ ခန္ဓာကိုယ်သည်လည်း သိသာထင်ရှားသော အပြောင်းအလဲများကို ဖြတ်သန်းသွားခဲ့ရလေသည်။
ထူးဆန်းသော တုံးအိအိ မိုးကြိုးသံများက သူ၏ ကိုယ်တွင်း၌ ပဲ့တင်ထပ်နေပြီး ကြီးကျယ်ခမ်းနားသော စွမ်းအင်လှိုင်းများက လှိုင်းတံပိုးများအလား မူလဝိညာဉ်ထံမှ ရုတ်တရက် ထွက်ပေါ်လာကာ နောက်ဆုံးတွင် ဝူယွမ်၏ သွေးကြောများတစ်လျှောက် အပြင်းအထန် စီးဝင်သွားကြ၏။
ဤစွမ်းအင်များ သွေးကြောများတစ်လျှောက် စီးဆင်းသွားသည်နှင့်အမျှ အားကောင်းသော စွမ်းအင်များသည် သူ၏ စိတ်အာရုံထဲသို့လည်း တိုက်ရိုက် တိုးဝင်သွားကြပြီး နီ၀မ်နယ်ပယ် အတွင်းသို့ အတင်းအဓမ္မ ထိုးဖောက်ဝင်ရောက်ကာ ကြမ်းတမ်းသော မုန်တိုင်းတစ်ခုကို ချက်ချင်းပင် ဖြစ်ပေါ်စေခဲ့လေသည်။
ရွှေရောင် အလင်းတန်းများက ခန္ဓာကိုယ် အစိတ်အပိုင်း တိုင်းသို့ စိမ့်ဝင်သွားပြီး သူ၏ နီ၀မ်နယ်ပယ် အတွင်းရှိ ကမ္ဘာငယ်လေးကို လွှမ်းခြုံသွားခဲ့၏။
ဝူယွမ်သည် သူ၏ ကိုယ်တွင်းရှိ ယွမ်စွမ်းအင်နှင့် ဝိညာဉ်စွမ်းအင်များပင်လျှင် ဤအခိုက်အတန့်တွင် အံ့ဩစရာကောင်းလောက်အောင် မြင့်တက်သွားခဲ့ကြောင်းကို ရှင်းလင်းစွာ ခံစားမိလိုက်လေသည်။
သူ၏ ခန္ဓာကိုယ်သည် မူလဝိညာဉ်မှ ယူဆောင်လာသော အပြောင်းအလဲများနှင့် အသားကျအောင် ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။
ယခင်က ယွမ်အမြုတေမှာ မရှိတော့ဘဲ မူလဝိညာဉ်ဖြင့် အစားထိုးခံလိုက်ရပြီ ဖြစ်သည်။
ယွမ်စွမ်းအင်၏ အူတိုင်အဖြစ် မူလဝိညာဉ်သည် ယွမ်အမြုတေထက် ပိုမိုအားကောင်းလာရန် သေချာပေါက် ဆင့်ကဲပြောင်းလဲလာခဲ့ပြီ ဖြစ်သည်မှာ ထင်ရှားလှပေသည်။
တူညီသော စွမ်းအားပမာဏအတွက် မူလဝိညာဉ်သည် ယခင်ယွမ်စွမ်းအင်ထက် နှစ်ဆကျော် ပိုမိုအားကောင်းလေသည်။
ဤအချိန်တွင် ဝူယွမ်၏ ကိုယ်တွင်း စွမ်းအားများမှာ ဆူပွက်နေပြီး သူ၏ ဝိညာဉ်စွမ်းအင်နှင့် ယွမ်စွမ်းအင် နှစ်ခုစလုံးမှာ ကြီးမားစွာ တိုးတက်လာခဲ့၏။
“ဘန်း...”
ရုတ်တရက် ဆူပွက်နေသော စွမ်းအားများသည် ချုပ်နှောင်မှုများကို ထိုးဖောက်သွားခဲ့ချေပြီ။
အလွန်အမင်း ကြမ်းတမ်းပြီး ပူပြင်းလှသော လှိုင်းဂယက်တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာခဲ့၏။
အနက်ရောင် နိဗ္ဗာန်မီးတောက်များသည် သူ၏ အသားနှင့် သွေးများထဲမှ အလွှာလိုက် ထွက်ပေါ်လာပြီးနောက် ရူးသွပ်စွာ ဖျက်ဆီးမှုများကို စတင်ခဲ့လေသည်။
နိဗ္ဗာန် ကပ်ဘေး...
ဤအနက်ရောင် နိဗ္ဗာန်မီးတောက်များမှာ အလွန်အမင်း ကြမ်းတမ်းပြီး ရူးသွပ်သောင်းကျန်းနေကြလေသည်။
သူ၏ သွေး၊ သွေးကြောများ၊ အရိုးများနှင့် တစ်ကိုယ်လုံးမှာ လောင်ကျွမ်းခြင်း ခံနေရ၏။
ဝူယွမ်၏ နိဗ္ဗာန်ကပ်ဘေးမှာ အခြားသူများထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်သည်မှာ ထင်ရှားလှပေသည်။
မီးတောက်များ၏ စွမ်းအားက သူ၏ ခန္ဓာကိုယ်ကို ထိခိုက်ပျက်စီးမှု အချို့ ဖြစ်ပေါ်စေနိုင်လောက်အောင် အားကောင်းနေခဲ့သည်။
လူတိုင်း၏ နိဗ္ဗာန်ကပ်ဘေးမှာ မတူညီကြပေ။ ၎င်းကို ခန္ဓာကိုယ် အတွင်းမှ အသက်သွင်းခြင်း ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ အခြေခံအုတ်မြစ် ပိုအားကောင်းလေလေ အသက်သွင်းလိုက်သော နိဗ္ဗာန်ကပ်ဘေးကလည်း ပို၍ ပြင်းထန်လေလေပင် ဖြစ်သည်။ ၎င်းသည် အတွင်းမှ အပြင်သို့ အသက်သွင်းလိုက်သော ခန္ဓာကိုယ် စမ်းသပ်မှုတစ်ခုပဲ ဖြစ်လေသည်။
ဝူယွမ်၏ နိဗ္ဗာန် ကပ်ဘေးမှာ ကြမ်းတမ်းလွန်းလှပေသည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က ဝူယွမ်အတွက် အကာအကွယ် အလွှာတစ်ခု ထပ်မံ ထည့်သွင်းပေးလိုက်ပြီး သူ၏ နိဗ္ဗာန်မီးတောက်များက ၎င်း သေချာ စိမ်းလန်းစိုပြည်အောင် ဖန်တီးထားသော ကမ္ဘာကြီးကို ပြာကျသွားသည်အထိ မလောင်ကျွမ်းစေရန် တားဆီးပေးလိုက်လေသည်။
အလားတူပင် လင်းတုန်နှင့် ရှောင်ယန်တို့သည် မြေကမ္ဘာအူတိုင် သန့်စင်အရည်ကို စုပ်ယူနေကြချိန်တွင် ဟွမ်သည် ကမ္ဘာသစ်ပင်၏ အကိုင်းအခက်များကို အသုံးပြု၍ သူတို့အတွက် မူလဝိညာဉ် စုစည်းဖန်တီးနိုင်ရန် အသက်စွမ်းအင်များ ထောက်ပံ့ပေးခဲ့၏။
သို့သော် ဟွမ်သည် ယင်းဟွမ်ဟွမ်အတွက်မူ လုံးဝ မထောက်ပံ့ပေးခဲ့ပေ။
ကမ္ဘာသစ်ပင်တည်ရှိနေကြောင်းကို ယင်းဟွမ်ဟွမ် သိရှိသွားမည်ကို စိုးရိမ်သောကြောင့် မဟုတ်ဘဲ ဤအချိန်တွင် ယင်းဟွမ်ဟွမ်သည် အပြောင်းအလဲ အချို့ကို ဖြတ်သန်းနေရသောကြောင့်ပင် ဖြစ်သည်။
“ဒါက... ရေခဲသခင်မရဲ့ အရှိန်အဝါပဲ...”
ဟွမ်၏ နှလုံးသားမှာ တုန်ခါသွားပြီး လုံးဝ အံ့ဩမှင်တက်သွားခဲ့လေသည်။
ယင်းဟွမ်ဟွမ်သည် သစ်ပင်အောက်တွင် တိတ်ဆိတ်စွာ ထိုင်နေဆဲဖြစ်သော်လည်း ရုန်းကန်နေရသည့် အမူအရာတစ်ခုက သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ပေါ်လာခဲ့၏။
မူလက စည်းထားသော သူမ၏ ဆံပင်များမှာ ပြေကျသွားပြီး သူမ၏ နက်မှောင်သော ဆံပင်များမှာ ယခုအချိန်တွင် အနည်းငယ် ထူးဆန်းသော ရေခဲပြာရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့လေသည်။
ထူးဆန်းပြီး လှပသော ရေခဲပြာရောင် ဆံပင်ရှည်များသည် သူမ၏ ကျောပြင်ပေါ်သို့ ဖြာကျနေပြီး ခပ်ရေးရေး တောက်ပနေသော အပြာရောင် အလင်းတန်းလေးများ လင်းလက်နေသကဲ့သို့ ရှိနေခဲ့၏။
အရိုးကွဲမတတ် အေးစက်မှုတစ်ခုက လေထုထဲတွင် ပြန့်နှံ့နေခဲ့သည်။
ထိုအေးစက်မှုမှာ ပြင်းထန်လွန်းလှသည် မဟုတ်သော်လည်း လူတစ်ယောက်၏ ဝိညာဉ်ကိုပင် လုံးဝ အေးခဲသွားစေနိုင်လောက်သည့် အရိုးကွဲမတတ် အေးစိမ့်မှုမျိုး ပါဝင်နေခဲ့လေသည်။
ဟွမ်က ဝူယွမ်၏ စွမ်းအင် အကာအကွယ် အလွှာကို ချဲ့လိုက်ပြီး ယင်းဟွမ်ဟွမ်ကိုပါ ၎င်းအတွင်းသို့ လွှမ်းခြုံပေးလိုက်လေသည်။
ဤသည်မှာ ထိုနှစ်ဦးက လင်းတုန်နှင့် ရှောင်ယန်တို့ကို ထိခိုက်မှု မရှိစေရန်အတွက် တားဆီးပေးလိုက်ခြင်းပင် ဖြစ်သည်။
အကာအကွယ် အတွင်းတွင် တစ်ဦးက အနက်ရောင် နိဗ္ဗာန်မီးတောက်များ ပေါက်ကွဲထွက်နေပြီး အခြားတစ်ဦးက အားကောင်းလှသော အေးစက်မှုများ ပေါက်ကွဲထွက်နေခဲ့၏
စွမ်းအားနှစ်ခုမှာ အချင်းချင်း တိုက်မိသွားကြပြီး တစ်ခုကို တစ်ခု ချေဖျက်သွားကြလေသည်။
သို့သော် ယင်းဟွမ်ဟွမ်၏ ရေခဲစွမ်းအားမှာ အင်မတန် အားကောင်းလှပြီး ဝူယွမ်၏ နိဗ္ဗာန် မီးတောက်များကိုပင် ဖိနှိပ်ထားနိုင်ခဲ့လေသည်။
ကပ်ဘေးကို ဖြတ်သန်းနေရသော ညီငယ် ဝူယွမ်မှာ မူလက မီးလောင်ကျွမ်းနေပြီး သူ၏ ခန္ဓာကိုယ်မှာ အရည်ပျော်တော့မည့်အလား ခံစားနေရ၏။
ရုတ်တရက် ပြင်ပမှ အေးမြမှုတစ်ခုက သူ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီး နိဗ္ဗာန်ကပ်ဘေး မီးတောက်များကို ဖိနှိပ်ရန် သူ့အား အမှန်တကယ်ပင် ကူညီပေးနေခဲ့လေသည်။
သို့သော် ဤခံစားချက်မှာ တဖြည်းဖြည်း မှားယွင်းလာခဲ့၏။ ရေခဲစွမ်းအားမှာ ပိုမို၍ အားကောင်းလာပြီး သူ၏ နိဗ္ဗာန်အဆင့် မီးတောက်များကို အတင်းအဓမ္မ ငြှိမ်းသတ်ပစ်နေခဲ့သည်။
သေချာသည်ကတော့ ဝူယွမ်၏ နိဗ္ဗာန် ကပ်ဘေးသည်လည်း ဤအချိန်တွင် ပြီးဆုံးလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။
သို့သော် ဤရေခဲစွမ်းအား၏ အင်အားသည်လည်း ဝူယွမ် ထင်မှတ်ထားသည်ထက် ပိုမို ကြီးမားနေသဖြင့် သူ၏ ပူပြင်းနေသော ခန္ဓာကိုယ်မှာ စတင် အေးခဲလာခဲ့လေတော့သည်။
ဝူယွမ်မှာ ထိတ်လန့်တကြားဖြင့် မျက်လုံးများကို ဖွင့်လိုက်ရာ ရေခဲပြာရောင် လူရိပ်တစ်ခုကို ချက်ချင်း မြင်တွေ့လိုက်ရ၏
သူ၏ အရှေ့တွင် ယင်းဟွမ်ဟွမ်၏ ကျောပြင် ရှိနေပြီး သူမ၏ ရေခဲပြာရောင် ဆံပင်ရှည်များက သူ၏ မြင်ကွင်းထဲ တိုးဝင်လာခဲ့လေသည်။
ဝူယွမ်က ယင်းဟွမ်ဟွမ်ကို စစ်ဆေးရန် လျင်မြန်စွာ ထရပ်လိုက်၏။ နာကျင်နေသည့် အမူအရာတစ်ခုက သူမ၏ လှပသော မျက်နှာလေးပေါ်တွင် ပေါ်လွင်နေခဲ့သည်။
သူမ၏ ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ လေပေါ်သို့ ပျံတက်သွားပြီး ရေခဲပြာရောင် အလင်းစက်ဝန်းများက သူမ၏ ကိုယ်တွင်းမှ အဆက်မပြတ် ထွက်ပေါ်လာခဲ့လေသည်။
ရေခဲပြာရောင် အလင်းစက်ဝန်းများ ပြန့်နှံ့သွားသည်နှင့်အမျှ သူတို့ကို ဖုံးလွှမ်းထားသော အလွှာမှာ အက်ကွဲသွားပြီး နောက်ဆုံးတွင် အပြာရောင်အဖြစ်သို့ ပြောင်းလဲသွားကာ ဟွမ်၏ စွမ်းအင် အကာအကွယ်ကိုပင် အေးခဲသွားစေခဲ့လေသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသည်မှာ ယင်းဟွမ်ဟွမ်၏ ရေခဲပြာရောင် ဆံပင်ရှည်များမှာ လျင်မြန်စွာ ကြီးထွားရှည်လျားလာကာ လေမတိုက်ဘဲ လှုပ်ရှားနေခြင်းပင်။
ရေခဲပြာရောင် ဆံပင်များသည် ယင်းဟွမ်ဟွမ်၏ အနောက်ဘက်တွင် နှင်းပွင့်များနှင့်အတူ ရောနှော၍ လှုပ်ရှားကခုန်နေကြပြီး သူမကို ရေခဲ နှင်းနတ်သမီးပျိုလေး တစ်ဦးအလား ထင်မှတ်ရစေလေသည်။
ဤအချိန်တွင် ယင်းဟွမ်ဟွမ်မှာ ယှဉ်ပြိုင်၍ မရနိုင်လောက်အောင် လှပနေခဲ့၏။
ရေခဲနှင့် နှင်းကမ္ဘာမှ နတ်သမီးလေး တစ်ပါးအလား၊ ကောင်းကင်ဘုံတောင်တန်းများမှ နှင်းသမီးပျိုလေး တစ်ဦးအလား သန့်စင်ပြီး စွဲမက်ဖွယ်ကောင်းလှပေသည်။
သူမ မျက်လုံးများ ရုတ်တရက် ပွင့်လာခဲ့သည်။ မူလက တောက်ပပြီး နက်မှောင်နေသော သူမ၏ မျက်လုံးများမှာ ထူးဆန်းသော ရေခဲပြာရောင် မျက်ဆန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့ချေပြီ။
ထိုရေခဲပြာရောင် မျက်ဝန်းများထဲတွင် ဝူယွမ်သည် စိတ်ခံစားမှုလှိုင်းဂယက် အနည်းငယ်မျှပင် မမြင်တွေ့ရဘဲ သူစိမ်းတစ်ယောက်ကို ရင်ဆိုင်နေရသကဲ့သို့ ခံစားလိုက်ရလေသည်။
သူမက ဝူယွမ်ဘက်သို့ လှည့်လာသော်လည်း သူမ၏ အကြည့်များသည် ညီငယ် ဝူယွမ်ကို လေ့လာကြည့်နေခြင်း မဟုတ်ပေ။
ထိုကဲ့သို့သော အကြည့်မျိုးသည် သတ္တဝါအားလုံးကို အပေါ်စီးမှ ငုံ့ကြည့်နေသော နတ်ဘုရားမတစ်ပါး၏ အကြည့်မျိုးနှင့်တူပြီး ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်းနှင့် အကောင်း၊ အဆိုး မည်သည့်အရာမျှ မပါဝင်နေပေ။
ဤဖြစ်ရပ်က ဝူယွမ်၏ ရင်အတွင်း၌ အနည်းငယ် မသက်မသာ ဖြစ်သွားစေခဲ့၏။
သူ ကြိုတင် ပြင်ဆင်ထားခဲ့သော်လည်း တက်ကြွပြီး ချစ်စရာကောင်းကာ စိတ်အားထက်သန်သော မိန်းကလေး တစ်ဦးမှ ဤကဲ့သို့သော ရေခဲလို အေးစက်သည့် ပုဂ္ဂိုလ်တစ်ဦးအဖြစ် ရုတ်တရက် ပြောင်းလဲသွားခြင်းကို သူ လက်ခံနိုင်စွမ်း မရှိသေးပေ။
ဤအချိန်တွင် တောက်ပသော ရေခဲပြာရောင် အလင်းတန်း တစ်ခုက သူမ၏ ဖြူဖွေးသော နဖူးပြင်လေးပေါ်တွင် ရုတ်တရက် စုစည်းလာပြီးနောက် ထိုအလင်းတန်းက ပြန့်ထွက်သွားကာ သူမ၏ နဖူးပေါ်တွင် ရှေးဟောင်း ရေခဲပြာရောင် သင်္ကေတ တစ်ခုကို ဖန်တီးလိုက်လေသည်။
“ဝင်စားခြင်းအမှတ်အသားလား...”
ရှောင်တျောင်းက ထိတ်လန့်တကြားဖြင့် ပြောလိုက်လေသည်။
သူ၏ မရီး၏ မည်သူမည်ဝါ ဖြစ်ကြောင်းကို သူ ခန့်မှန်းထားခဲ့ပြီး ဖြစ်သော်လည်း ယခုအချိန်တွင် ရှိနေသော သူ၏ မရီးမှာ သူ့အား မသက်မသာ ဖြစ်စေဆဲပင် ဖြစ်သည်။
လင်းတုန်နှင့် ရှောင်ယန်တို့သည်လည်း သူတို့၏ မူလဝိညာဉ်များကို အောင်မြင်စွာ စုစည်းဖန်တီးနိုင်ခဲ့ကြပြီး ယင်းဟွမ်ဟွမ်၏ ဆူညံမှုကြောင့် လန့်နိုးသွားခဲ့ကြလေသည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်၏ ကျောက်တိုင်ဝိညာဉ်က လောကဓံကို အလူးအလဲ ခံစားထားရသည့် အဘိုးအို တစ်ဦး၏ ပုံစံကိုပင် ဖန်တီးလိုက်ပြီး ယင်းဟွမ်ဟွမ်ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်နေခဲ့၏။
“ရေခဲသခင်မ ပြန်ရောက်လာတာလား...”
သူက တီးတိုးရေရွတ်လိုက်လေသည်။
ရှေးဟောင်းခေတ် ကာလက ရေခဲသခင်မကို သူ အလွန် ရင်းနှီးခဲ့သည် မဟုတ်လော
“ရေခဲသခင်မလား...”
ရှောင်တျောင်းနှင့် လင်းတုန်တို့ အားလုံးက မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်ကို ကြည့်လိုက်ကြလေသည်။
“လောကကြီးမှာ ဘိုးဘေးအဆောင် ရှစ်ခုရှိတယ်... အဲ့ဒီ ဘိုးဘေးအဆောင် ရှစ်ခုကို ပထမဆုံး ထိန်းချုပ်နိုင်ခဲ့တဲ့ အရှင်သခင်တွေက ဘိုးဘေးအဆောင် သခင်တွေပဲ... သူမက ရေခဲ ဘိုးဘေးအဆောင်ရဲ့ အရှင်သခင်ဖြစ်တဲ့ ရေခဲသခင်မပဲ...”
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။
အခန်း (၂၆၀) - ယင်းဟွမ်ဟွမ်၊ ရေခဲသခင်မဝင်စားသူ(၂)
ရေခဲသခင်မသည် သူ့ အရှင်သခင်၏ တပည့်ဖြစ်ပြီး တစ်ချိန်က သူ့ အရှင်သခင်၏ အဆင့်အတန်းသို့ ရောက်ရှိရန် မျှော်လင့်ချက် အရှိဆုံး သူတစ်ဦးပင် ဖြစ်ခဲ့လေသည်။
“အခု သူမက ယင်းဟွမ်ဟွမ်လား ဒါမှမဟုတ် ရေခဲသခင်မလား...” လင်းတုန်က မေးလိုက်လေသည်။
မဟာရှေးဟောင်းတောရိုင်းကျောက်တိုင်က ခေါင်းခါယမ်းရင်း ပြောလိုက်လေသည်။ “သူမ ပြန်မနိုးထလာသေးဘူးလေ... ဒါကြောင့် အရာအားလုံးက ပြောဖို့ခက်နေသေးတယ်၊ ပြန်နိုးထလာပြီးမှသာ သူ့ခန္ဓာကိုယ်ကို ဘယ်သူက ဦးဆောင်သွားမလဲဆိုတာ ငါတို့ မြင်ရမှာ... ဒါပေမယ့် ဘာပဲဖြစ်ဖြစ်ပါလေ...”
ဝူယွမ်၏ စိတ်ခံစားချက်မှာ အနည်းငယ် ရှုပ်ထွေးနေခဲ့၏။ မူလဇာတ်လမ်းထဲမှ လင်းတုန်၏ ခံစားချက်များကို သူ နောက်ဆုံးတွင် နားလည်နိုင်သွားခဲ့ပြီ ဖြစ်သည်။
ရေခဲသခင်မသည် မည်သည့်အခါကမျှ ယင်းဟွမ်ဟွမ် မဟုတ်ခဲ့ပေ။ ရေခဲသခင်မကို ရင်ဆိုင်ရချိန်တွင် ဝူယွမ်၏ နှလုံးသားမှာ အေးစက်သွားခဲ့ရ၏။
ဤအမျိုးသမီးသည် တက်ကြွလှုပ်ရှားသော ကောင်မလေး ယင်းဟွမ်ဟွမ်သာ ဖြစ်နေပါစေရန် သူ မျှော်လင့်နေဆဲပင် ဖြစ်သည်။
“ရေခဲသခင်မနဲ့ ပတ်သက်ပြီးတော့ကတော့... ငါ့ရဲ့ စွမ်းအားကို မြန်မြန် မြှင့်တင်ဖို့ လိုသေးတယ်... နောက်ပိုင်းမှာ ရေခဲသခင်မ ပြန် နိုးထလာဖို့ မလိုတော့ဘဲ ငါကိုယ်တိုင် ကပ်ဘေးကို ရင်ဆိုင်ဖြေရှင်းနိုင်ပါစေလို့ မျှော်လင့်ပါတယ်...”
ဝူယွမ်က သူ့ဘာသာ တွေးလိုက်လေသည်။ အရာအားလုံး ချောချောမွေ့မွေ့ ပြေလည်သွားသရွေ့ ယင်းဟွမ်ဟွမ်သည် ရေခဲသခင်မဖြစ်လာရန် လိုအပ်မည် မဟုတ်ပေ။ သူမသည် အမြဲတမ်း ယင်းဟွမ်ဟွမ်သာ ဖြစ်နေမည် ဖြစ်သည်။
အချိန်အနည်းငယ် ကြာပြီးနောက် အလွှာလိုက် ဖြစ်နေသော ရေခဲပြာရောင် အလင်းစက်ဝန်းများ အားလုံးမှာ ယင်းဟွမ်ဟွမ်၏ ခန္ဓာကိုယ် အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြလေသည်။
သူမ၏ အလွန် ရှည်လျားသော ရေခဲပြာရောင် ဆံပင်များမှာလည်း လျင်မြန်စွာ ပြန်လည်တိုတောင်းသွားပြီး ထိုသို့ ဖြစ်ပေါ်နေစဉ်အတွင်း ရေခဲပြာရောင်များမှာ မှေးမှိန်သွားကာ သူမ၏ ပုံမှန် အနက်ရောင်သို့ ပြန်လည် ရောက်ရှိသွားခဲ့၏။
ယင်းဟွမ်ဟွမ်၏ ဆံပင်များ ပုံမှန် အရောင်သို့ လုံးဝ ပြန်လည်ရောက်ရှိသွားသောအခါ သူမ၏ ခန္ဓာကိုယ်သည်လည်း လေပေါ်မှ ကျဆင်းလာခဲ့လေသည်။
၎င်းကို မြင်သောအခါ ဝူယွမ်က ရှေ့သို့ တစ်လှမ်း တိုးသွားပြီး သူမ၏ ခါးလေးကို လှမ်းဖက်လိုက်လေသည်။ သူ၏ ရင်ခွင်ထဲရှိ နူးညံ့သော ခါးလေးက သူ့နှလုံးသားကို အနည်းငယ် တုန်ခါသွားစေခဲ့၏။
ထို့နောက် သူ ငုံ့ကြည့်လိုက်ရာ ကောင်မလေး၏ နက်မှောင်သော မျက်လုံးများက သူ့ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်ကို မြင်တွေ့လိုက်ရလေသည်။
သူတို့နှစ်ဦးသည် အချင်းချင်း စိုက်ကြည့်နေခဲ့ကြ၏။ ဝူယွမ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲခြင်း မရှိဘဲ ဤရိုမန်တစ်ဆန်သော အနေအထားက သူနှင့် မသက်ဆိုင်သကဲ့သို့ ရှိနေခဲ့သည်။
ယင်းဟွမ်ဟွမ်မှာမူ ခဏတာမျှ အကြည့်ချင်း ဖလှယ်ပြီးနောက် နောက်ဆုံးတွင် အရှုံးပေးလိုက်ရပြီး သူမ၏ ဖြူဖွေးလှပသော ပါးပြင်လေးများသည် ရှက်ရွံ့မှုကြောင့် နီရဲလာခဲ့လေတော့သည်။
သူမ ယခုလေးတင် ရေခဲသခင်မ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်ကို သူမသိရှိပုံမရပေ။
မြေကမ္ဘာအူတိုင် သန့်စင်အရည်၏ စွမ်းအားက သူမကို ယာယီအားဖြင့် ရေခဲသခင်မ အသွင်အပြင်အဖြစ်သို့ ပြောင်းလဲသွားစေခဲ့ခြင်း ဖြစ်ပုံရသည်။
“ကျွန်မ ကျင့်ကြံနေတာ မဟုတ်ဘူးလား... ရှင့်ရင်ခွင်ထဲကို ဘယ်လိုလုပ် ရောက်လာတာလဲ...”
ယင်းဟွမ်ဟွမ်က နားမလည်နိုင်သည့် အမူအရာဖြင့် မေးလိုက်ပြီး သူမ၏ သံသယဖြစ်နေသော မျက်လုံးလေးများဖြင့် ဝူယွမ်ကို စိုက်ကြည့်နေခဲ့လေသည်။
“ရှင် ဘယ်လိုလုပ်လိုက်တာလဲ...”
“ကျွန်မကို အခုအောက်ချပေး...”
သူမက ရှက်ရွံ့စွာဖြင့် ပြောလိုက်လေသည်။ လူအများကြီး ရှေ့တွင် ဤသို့ မြင်တွေ့ခံလိုက်ရသဖြင့် သူမ အလွန် ရှက်ရွံ့နေခဲ့၏။
“အို... ငါ့ရဲ့ မူလဝိညာဉ်ကို အောင်မြင်စွာ စုစည်းဖန်တီးနိုင်ခဲ့ပြီပဲ...”
ယင်းဟွမ်ဟွမ်မှာ ဝမ်းသာအားရ ဖြစ်သွားခဲ့လေသည်။ ဤကျင့်ကြံခြင်းက အလွန် ထူးဆန်းလွန်းလှပေသည်။ မည်သို့မည်ပုံ ဖြစ်ပျက်သွားသည်ကို သူမကိုယ်တိုင်ပင် မသိလိုက်ပေ။
သူမ အိပ်ပျော်သွားပြီးနောက် နိုးလာသောအခါ ဝူယွမ်၏ ရင်ခွင်ထဲသို့ ရောက်ရှိနေပြီး သူမ၏ မူလဝိညာဉ်ကိုလည်း စုစည်းဖန်တီးနိုင်ခဲ့ပြီ ဖြစ်သည်။
“နင်တို့အားလုံး အောင်မြင်စွာ စုစည်းနိုင်ခဲ့ကြပြီလား...”
ဝူယွမ်နှင့် အခြားသူများ အားလုံး ခေါင်းညိတ်ပြလိုက်ကြလေသည်။
ယင်းဟွမ်ဟွမ်က ပြောလိုက်၏။ “ဒီမြေကမ္ဘာအူတိုင် သန့်စင်အရည်က တကယ်ကို အံ့ဩစရာကောင်းတာပဲ...”
ဝူယွမ်သည် ယင်းဟွမ်ဟွမ်ကို အောက်သို့ ချပေးလိုက်ပြီး သူမနှင့် စကားဆက်မပြောတော့ဘဲ ရှောင်တျောင်းနှင့် ရှောင်ယန်တို့ကို ကြည့်လိုက်လေသည်။
“ထွက်သွားရမယ့် အချိန် ရောက်ပြီ... ငါတို့ ဂိုဏ်းကို ပြန်သင့်ပြီ၊ မင်းတို့ အပြင်ဘက်မှာ ဆက်ပြီးလေ့ကျင့်ချင်သေးလား... ဒါမှမဟုတ် ရှေးဟောင်းကျောက်တိုင်နယ်မြေထဲမှာပဲ နေမလား...”
“အခု ရှေးဟောင်းကျောက်တိုင်နယ်မြေထဲမှာ မသေမျိုးအနှစ်သာရ ရှေးဟောင်းသစ်ပင် ရှိနေပြီဆိုပေမဲ့ မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးတွေက နိဗ္ဗာန်အဆင့်မှာ ရှိနေတဲ့ သူတွေအတွက်ပဲ အရမ်း အသုံးဝင်တော့တာ..."
“ကျွန်တော်တို့က နိဗ္ဗာန်အဆင့် ၉ ကို ထိုးဖောက်ဝင်ရောက်ဖို့ နီးစပ်နေပြီဆိုတော့ သစ်သီးရဲ့ အစွမ်းသက်ရောက်မှုက သိပ်မကြီးမားတော့ဘူးလေ...”
ရှောင်တျောင်းက ဖြေကြားလိုက်လေသည်။ “ရှောင်ယန်နဲ့ ကျွန်တော်က အပြင်ဘက်မှာပဲ ဆက်ပြီး လေ့ကျင့်လိုက်ပါ့မယ်...”
“အစ်ကိုကြီးက ဂိုဏ်းပြိုင်ပွဲမှာ ဝင်ပါရမှာလေ၊ အရှေ့ဘက် ရွှမ်းဒေသရဲ့ ဂိုဏ်းပြိုင်ပွဲကို ကမ္ဘာခြားနတ်ဆိုး နယ်မြေမှာ အမြဲတမ်း ကျင်းပလေ့ရှိတယ်၊ အဲ့ဒီကျမှ ကမ္ဘာခြားနတ်ဆိုး နယ်မြေမှာ ငါတို့ ပြန်ဆုံကြတာပေါ့...”
“ကောင်းပြီ... ဒါဆိုရင် ရှောင်ယန် ကျင့်ကြံဖို့အတွက် ဒီမသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးတွေကို ယူသွားလိုက်...”
ဝူယွမ်က လက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရာ သစ်ပင်ပေါ်မှ သစ်သီးထောင်ချီ၍ သူ၏ သိုလှောင်အိတ်ထဲသို့ ရောက်ရှိလာပြီး ရှောင်ယန်ကို ပေးလိုက်လေသည်။
“ဟေး... ဒါတွေက ငါတို့တောင်ဂိုဏ်းရဲ့ သစ်သီးပင်တွေလေ... နင်က နင့်ညီတွေအတွက် ပေးဖို့ အားလုံးကို ခူးသွားတာလား၊ နည်းနည်းလောက်တော့ ချန်ထားဦးလေ...” ယင်းဟွမ်ဟွမ်က နှုတ်ခမ်းစူကာ ပြောလိုက်လေသည်။
ဝူယွမ်မှာ အလွန်အမင်း ဖြုန်းတီးလွန်းသည်ဟု သူမ ထင်နေမိ၏။ ဤအရာများမှာ မသေမျိုးအနှစ်သာရ ဝိညာဉ်သစ်သီးများ ဖြစ်ကြသည် မဟုတ်ပါလား။
“စိတ်မပူပါနဲ့... ငါတို့ ဂိုဏ်းကို ပြန်ရောက်တာနဲ့ သစ်သီးအသစ်တွေ ပေါက်လာလိမ့်မယ်၊ အကြီးအကဲ ဟွမ်က သစ်သီးတွေ သီးဖို့အတွက် မဟာရှေးဟောင်းကျမ်းကို အသုံးပြုထားတာဆိုတော့ အရမ်း မြန်ပါတယ်...” ဝူယွမ်က ပေါ့ပေါ့ပါးပါးပင် လိမ်ပြောလိုက်လေသည်။
ဤအချိန်တွင် သစ်ပင်ပေါ်၌ သစ်သီး အသေးစားလေးများ မျက်စိဖြင့် မြင်နိုင်လောက်အောင် လျင်မြန်သော အမြန်နှုန်းဖြင့် ပေါက်လာကြလေသည်။
နှုတ်ဆက်ပြီးနောက် ဝူယွမ်နှင့် အခြားနှစ်ဦးတို့သည် တောင်ဂိုဏ်းသို့ ပြန်လာခဲ့ကြလေသည်။
သူတို့ တောင်ဂိုဏ်းနယ်မြေသို့ ဝင်ရောက်လိုက်သည်နှင့် ဂိုဏ်း၏ ဥပဒေစိုးမိုးရေးအဖွဲ့နှင့် ဆုံတွေ့လိုက်ကြ၏။
သူတို့ သုံးဦးလုံး စတင် စိုးရိမ်လာကြချိန်တွင် တစ်ဖက်လူက ပြောဆိုလာခဲ့လေသည်။
“ညီငယ်ဝူယွမ်၊ ညီငယ်လင်းတုန်၊ ညီမလေးဟွမ်ဟွမ်... ဂိုဏ်းချုပ်ကြီးက မင်းတို့ကို ခေါ်ခိုင်းလိုက်တယ်...”
“ပြီးတော့ ကောင်းကင်ဖီးနစ်စောင်းကိုလည်း မြန်မြန် ပြန်ပေးလိုက်ပါဦး... ဦးလေးချီလဲ့က စိတ်ပူလွန်းလို့ သေတော့မယ်...”
သူတို့ သုံးဦးမှာ အလွန်အမင်း အနေရခက်သွားကြပြီး ဝူတောင်ဆီသို့ လျင်မြန်စွာ ပြေးသွားကြလေတော့သည်။
သူတို့သုံးယောက်လုံး ယင်းရွှမ်းဇီ၏ ဝါးအိမ်လေးသို့ ရောက်ရှိလာကြ၏။
ယင်းဟွမ်ဟွမ် ခေါင်းကို ငုံ့ထားပြီး ယင်းရွှမ်းဇီကို မကြည့်ရဲပေ။
“သမီး...”
ယင်းရွှမ်းဇီက ယင်းဟွမ်ဟွမ်ကို လက်ညှိုးထိုးကာ ခေါ်လိုက်လေသည်။
သူ၏ သမီးဖြစ်သူနှင့် ပတ်သက်၍ သူ ဘာပြောရမည်ကိုပင် မသိတော့ချေ။
“အဖေ...”
ယင်းဟွမ်ဟွမ်က ချိုသာပြီး ချွဲနွဲ့သော အသံလေးဖြင့် ခေါ်လိုက်လေသည်။
“ကောင်းပြီ... သမီး ကောင်းကင်ဖီးနစ်စောင်းကို ကောင်းကင်ခန်းမဆီ အရင် သွားပြန်ပေးလိုက်ဦး...”
ယင်းရွှမ်းဇီက မတတ်သာသည့် အမူအရာဖြင့် ပြောလိုက်လေသည်။
“ဟုတ်ကဲ့ပါ ဖေဖေ...” ယင်းဟွမ်ဟွမ်က လျင်မြန်စွာ ပြေးထွက်သွားလေတော့သည်။
ယင်းဟွမ်ဟွမ် ထွက်သွားပြီးနောက် ယင်းရွှမ်းဇီသည် ထိုင်ချလိုက်ပြီး ထိုနှစ်ဦးကို နက်နဲသော အဓိပ္ပာယ်ပါသည့် အကြည့်ဖြင့် ကြည့်ကာ မေးလိုက်လေသည်။
“ဒီတစ်ခေါက် ဟွမ်ဟွမ်မှာ အထူး အပြောင်းအလဲတွေများ ရှိခဲ့လား...”
ဝူယွမ်နှင့် လင်းတုန်တို့ အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ယင်းရွှမ်းဇီ၏ ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားခဲ့ကြ၏။ သူသည် ဝင်စားခြင်းအမှတ်အသား အကြောင်းကို မေးမြန်းနေခြင်း ဖြစ်သည်။
“ဂိုဏ်းချုပ်ကြီးက ဝင်စားခြင်းအမှတ်အသား အကြောင်းကို ပြောနေတာလား...” ဝူယွမ်က သက်ပြင်းတစ်ချက်ကို နက်နက်ရှိုင်းရှိုင်း ရှူသွင်းလိုက်ပြီး မေးလိုက်လေသည်။
“ဟုတ်တယ်... ဟွမ်ဟွမ်က သူမရဲ့ မူလဝိညာဉ်ကို စုစည်းဖန်တီးနိုင်ခဲ့ပြီဆိုတာကို ငါ မြင်လိုက်ရတယ်... ဒါကြောင့်မို့လို့ သူမက အဲဒီ ဝင်စားခြင်း စွမ်းအားကို ထပ်ပြီး ထိတွေ့ခဲ့ရပြီဆိုတာ ငါ သိလိုက်တာပေါ့..."
“အဲ့ဒီအချိန်တုန်းက သူမရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အားလုံးကို ငါ့ကို ပြောပြပါ...” ယင်းရွှမ်းဇီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
ထိုအချိန်တုန်းက သူတို့သည် မဟာရှေးဟောင်းတောရိုင်းကျောက်တိုင် အတွင်းတွင် ရှိနေခဲ့သဖြင့် ယင်းရွှမ်းဇီ အာရုံမခံနိုင်ခဲ့ပေ။
ဝူယွမ်က မည်သည့်အရာကိုမျှ ဖုံးကွယ်မထားဘဲ ဟွမ် ပြောပြခဲ့သော ရေခဲသခင်မ မည်သူမည်ဝါဖြစ်ကြောင်း အပါအဝင် အရာအားလုံးကို ချက်ချင်းပင် ပြောပြလိုက်လေသည်။
“တကယ်ကြီး ရေခဲသခင်မ ဖြစ်နေခဲ့တာလား...”
ယင်းရွှမ်းဇီ အနည်းငယ် မှင်တက်သွားခဲ့၏။ ယင်းဟွမ်ဟွမ်၏ ပုံးကွယ်နေသော ဝင်စားသူဇာစ်မြစ်မှာ ဤမျှ အရေးပါလိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိပေ။
“ဟူး... ဟွမ်ဟွမ်က ရေခဲသခင်မရဲ့ ဝင်စားခြင်း စွမ်းအားကို ဖိနှိပ်ထားနိုင်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့...” ယင်းရွှမ်းဇီက အားအင်ကုန်ခမ်းနေသော အသံဖြင့် ပြောလိုက်လေသည်။
ဖခင်အိုကြီး တစ်ဦးအနေဖြင့် သူ၏ သမီးဖြစ်သူနေရာတွင် အခြားတစ်ယောက်ဖြင့် အစားထိုးခံရမည်ကို သူ လုံးဝ မလိုလားခဲ့ပေ။
“ဟွမ်ဟွမ်က ဝင်စားသူ တစ်ယောက်ဆိုတဲ့ အချက်ကို ဘယ်သူ့ကိုမှ မပြောပါနဲ့နော်... တကယ်လို့ ယွမ်ဂိုဏ်းကသာ သိသွားမယ်ဆိုရင် သူတို့က ဟွမ်ဟွမ်ကို လျှို့ဝှက်စွာ တိုက်ခိုက်လာနိုင်တယ်..."
“ဘာပဲဖြစ်ဖြစ် သူမ ပြန်လည် နိုးထလာပြီဆိုရင် အဲ့ဒါက အတော်လေးကို အံ့ဩစရာ ကောင်းသွားမှာပဲ...” ယင်းရွှမ်းဇီက သူတို့ကို သတိပေးလိုက်လေသည်။
ဝင်စားသူများဆိုသည်မှာ ဤလောကတွင် အားအကောင်းဆုံးသော ပုဂ္ဂိုလ်များ ဖြစ်ကြပြီး တစ်ဦးချင်းစီက တိုက်ကြီး၏ အင်အားချိန်ခွင်လျှာကို ပြောင်းလဲပစ်နိုင်စွမ်း ရှိကြပေသည်။
အကယ်၍ ယွမ်ဂိုဏ်းသာ သိသွားမည်ဆိုပါက ယင်းဟွမ်ဟွမ်ကို ကြီးထွားလာရန် သူတို့ သဘာဝကျကျပင် ခွင့်ပြုထားမည် မဟုတ်ချေ။
“ဂိုဏ်းချုပ်ကြီး... စိတ်ချပါ၊ ကျွန်တော်တို့ ညီအစ်ကိုတွေက ဒီလို ကိစ္စမျိုးကို ဘယ်သူ့ကိုမှ ဖွင့်ပြောမှာ မဟုတ်ပါဘူး...” ဝူယွမ်က အေးအေးဆေးဆေးပင် ပြောလိုက်လေသည်။
သူတို့၏ လက်ရှိအဆင့်အတန်းဖြင့် မည်သည့် အာမခံချက်မျှ ပေးရန် မလိုအပ်တော့ပေ။ သူတို့သည် ယွမ်ဂိုဏ်း၏ အကြီးအကဲ တစ်ဦးကိုပင် သတ်ဖြတ်ခဲ့ပြီးပြီ မဟုတ်ပါလော။
“ဒီတစ်ခေါက် အန္တရာယ်တွေက မသေးပေမယ့် မင်းတို့အားလုံး အကျိုးအမြတ် အများကြီး ရခဲ့ကြပါတယ်... မူလဝိညာဉ်ကို စုစည်းဖန်တီးနိုင်ခဲ့တာက ဒီစွန့်စားခန်းကို တန်ဖိုးရှိစေခဲ့တာပဲ...”
ယင်းရွှမ်းဇီက သူတို့ကို ခေါင်းညိတ်ပြလိုက်လေသည်။
သူ လျှို့ဝှက်စောင့်ကြည့်နေခဲ့ပြီး ဝူယွမ်၏ စွမ်းဆောင်ရည်ကြောင့် အလွန်အမင်း အံ့ဩသွားခဲ့ရ၏။
အဘယ်ကြောင့်ဆိုသော် ဝူယွမ်သည် ယွမ်ဂိုဏ်း အကြီးအကဲကို တစ်ယောက်တည်းဖြင့် အနိုင်ယူ သတ်ဖြတ်နိုင်ခဲ့သောကြောင့်ပင်။
သူ၏ သမီးဖြစ်သူ ပွေ့ဖက်ခံခဲ့ရသည်မှလွဲ၍ ယင်းရွှမ်းဇီသည် အခြားအရာအားလုံးကို အလွန် ကျေနပ်နေခဲ့လေသည်။
အထူးသဖြင့် သူက ရန်ယွမ်ဇီ၏ လိုက်လံ ဖမ်းဆီးမှုကို ဟန့်တားခဲ့ချိန်တွင် ရန်ယွမ်ဇီမှာ ဒေါသထွက်ကာ ခြေဆောင့်ခဲ့ရပြီး ဤကဲ့သို့သော ပြိုင်ဘက်ဟောင်းကြီး တစ်ဦး အရှုံးပေါ်သွားသည်ကို လျှို့ဝှက်စွာ မြင်တွေ့လိုက်ရသဖြင့် သူ အလွန်ကျေနပ်နေခဲ့၏။
“ပြန်သွားပြီး ဂိုဏ်းပြိုင်ပွဲအတွက် သေချာ ပြင်ဆင်ကြတော့...”