ပဋိညာဥ်သုံးချက်
Vol. 10 Ch. 956
၄င်းကား ကောင်းကင်ဧကရာဇ်ကိုယ်တိုင်ထံမှ ဓမ္မအမိန့်တစ်ခု ဖြစ်သည်။
ပိုင်ရှောင်ချန်းမှာ မြောက်ပိုင်းသားများနှင့် အရှေ့ပိုင်းသားနည်းတူ သိသိသာသာ မှင်တက်သွားတော့သည်။ တုလင်ဖေးနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီး၏ မျက်နှာများအပေါ်တွင် အတွေးများပြည့်သွား၏။
အချိန်အနည်းငယ်ကြာ တိတ်ဆိတ်ငြိမ်သက်နေပြီး နောက်ဆုံးတွင်မှ ပိုင်ရှောင်ချန်းမှာ စိတ်နှင့်ကိုယ်ပြန်ကပ်သွားတော့သည်။ ထိုအချိန်တွင် သူ၏နဖူးမှ ချွေးများစီးကျလာလေပြီ။ မြောက်ပိုင်းမှ လူတိုင်းက သူ့ကိုသဘောမကျကြသည် မဟုတ်ပါလော။
" အမ်၊ ကျွန်တော်က မသင့်တော်ပါဘူးခင်ဗျာ။ အရှေ့ပိုင်းပြန်ကြအောင်ဟေ့"
သူက အချိန်မရွေးအော်ငိုချင်လာပြီး တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ ဝုန်းခနဲ သွားလိုက်သည်။
သို့သော် သူ စတင်လှုပ်ရှားလိုက်သည့်အခိုက်အတန့်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးက အေးစက်စက်နှာမှုတ်လိုက်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ စွမ်းအားကြီးသော မမြင်နိုင်သည့် အချုပ်အနှောင်များက ပိုင်ရှောင်ချန်းကို ရစ်ပတ်လိုက်ပြီး နောက်တစ်လှမ်း မသွားနိုင်အောင် ဟန့်တားလိုက်သည်။
သို့ဖြစ်၍ ပိုင်ရှောင်ချန်းမှာ အရှေ့ပိုင်းသားများအားလုံး တည်နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထံ အပြေးအလွှားသွားပြီး ပျောက်ကွယ်သွားကြသည်ကို စိတ်မချမ်းမြေ့စွာ စောင့်ကြည့်နေရုံမှလွှဲ၍ မတတ်နိုင်တော့ပေ။
လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်နှင့် အခြားနတ်ကျင့်ကြံသူများအားလုံး လှောင်ပြောင်ရယ်မောလိုက်ကြ၏။ ပိုင်ရှောင်ချန်းသာ တမန်တော်ရာထူးအဖြစ်သို့ ရာထူးတိုးခဲ့လျှင် စဥ်းစားတွေးတောနေရပေဦးမည်။ သို့သော် သူက အစောင့်တစ်ယောက်ထက်မပိုပေ။ ထို့ကြောင့် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှာ သူ့ကိုပြဿနာရှာရန် နည်းလမ်းပေါင်းများစွာ ရှိလေသည်။
" ပိုင်ရှောင်ချန်းရေ၊ မင်းက ဒီမှာနေရလိမ့်မယ်လို့ ဘယ်သူမှ တွေးမထားမိဘူးကွာ။ ကောင်းပြီလေ၊ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှာ မင်း ကောင်းကောင်းနေရပါစေလို့ မျှော်လင့်ပါတယ် "
" အရှေ့ပိုင်းမှာဆိုရင် မင်းဘယ်လိုခေါင်းရှောင်နေပါစေ အရေးမကြီးဘူး။ ဒီနေရာက မြောက်ပိုင်း၊ မင်း ခေါင်းငုံ့နေရုံကလွဲပြီး တခြားရွေးစရာမရှိဘူး "
နတ်အဆင့်ကျင့်ကြံသူများအတွက် ပိုင်ရှောင်ချန်းကို သူတို့ မသတ်နိုင်သည့်တိုင် သူတို့ပိုက်နက်မှာ ဖြစ်သည်ကို ထည့်တွက်ပါက သူ့အား နှိပ်စက်ရန် နည်းလမ်းပေါင်းစွာ သေချာပေါက်ပေါ်လာမည်ဖြစ်သည်။
အဆင့်နိမ့်ကျင့်ကြံသူများအားလုံးသည်လည်း ထိုနည်းတူ ဟားတိုက်ရယ်မော လှောင်ပြောင်နေကြတော့သည်။ မည်သည့်အကျိုးဆက်ကိုမှ မကြောက်လန့်ဘဲ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ပြက်ရယ်ပြုနိုင်ရန်မှာ ရှားပါးသော ကိစ္စရပ်တစ်ခုဖြစ်ပေသည်။
ထိုအရာအားလုံးက ကျိုးကြောင်းညီညွတ်ပေသည်။ ပိုင်ရှောင်ချန်းက ရှေးဦးလျှပ်စီးတိမ်တိုက်သခင်ကို သတ်ဖြတ်ခဲ့၍ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်နှင့် ကိုယ်ရေးကိုယ်တာရန်ငြိုးမှအစပြုကာ မြောက်ပိုင်းသားအားလုံး ပါဝင်သည်အထိ ရန်မီးများ တိုးပွားလာတော့သည်။
ပိုင်ရှောင်ချန်းမှာ နောက်ပြန်လှည့်၍မရကြောင်း သိသည်။
" ငါဒီမှာ မနေချင်ဘူး "
သူက စိတ်ထဲတွင် ငိုကြွေးမြည်တမ်းနေတော့သည်။ တုလင်ဖေးမှာမူ ခပ်ယဲ့ယဲ့ပြုံးလိုက်၏။ သူမ၏အဖေ မည်သို့တွေးတောနေသည်လဲ သူမ အတိအကျမသိပါသော်လည်း သူမမှာ မြောက်ပိုင်း၌ ကိစ္စရှိလေသည်။ သူမက ပိုင်ရှောင်ချန်းနှင့် အတူတူရှိနေရန် မမျှော်လင့်ခဲ့သော်လည်း သူမ ပြောင်းလဲရန် ဘာမှမတတ်နိုင်ပေ။
ထိုအချိန်တွင် ဖုန်းချန်က ပိုင်ရှောင်ချန်းကို အေးစက်စက် ကြည့်လိုက်ပြီးနောက် ရှေ့သို့ လျှောက်သွားပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးနှင့် တုလင်းဖေကို ဂါဝရပြုသည့်အသွင်ဖြင့် လက်နှစ်ဖက်ယှက်လိုက်လိုက်သည်။
" ခေါင်းဆောင်ကြီး "
သူက ကျယ်လောင်စွာ ပြောလိုက်သည်။
" ဒီပိုင်ရှောင်ချန်းက ကောင်းကင်တံတားတမန်တော်ရဲ့ အထူးအစောင့်တစ်ယောက်အဖြစ် ခန့်အပ်ခံလိုက်ရလို့ မြောက်ပိုင်းမှာ နေပါလိမ့်မယ်။ ဒါပေမဲ့ သူ ဘယ်လောက်အန္တရာယ်များလဲ စဥ်းစားကြည့်ရင် ကျုပ်တို့ သူ့အပေါ် ချုပ်ချယ်ကန့်သတ်မှုတွေ အခုချက်ချင်း ထိထိရောက်ရောက်ထားသင့်တယ်လို့ အကြံပြုပါတယ် "
ပိုင်ရှောင်ချန်းမှာ ပြန်ပြောချင်သော်လည်း ယခုအချိန်တွင် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးက သူ့အပေါ် ထားရှိထားသည့် အနှောင်အဖွဲ့များကြောင့် စကားပြော၍မရပေ။ သူက စိတ်ထဲတွင် ကျိန်ဆဲနေရုံသာ တတ်နိုင်တော့သည်။
အခြားနတ်အဆင့်ကျင့်ကြံသူသုံးယောက်၊ အထူးသဖြင့် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်က ချက်ချင်း သဘောတူလိုက်ပြီး သူတို့၏သဘောတူညီမှုကို ပြောကြားတော့သည်။
" လုံးဝအဓိပ္ပါယ်ရှိပါတယ်။ သူက အထူးအစောင့်တစ်ယောက် ဖြစ်ရင် ဖြစ်မယ်။ ဒါပေမဲ့ သူစိမ်းနတ်အဆင့်ကျင့်ကြံသူတစ်ယောက်သာ ဖြစ်ပါတယ်။ ကျုပ်တို့ဂိုဏ်းမှာ သူလုပ်ချင်သလို လုပ်ခွင့်မပေးနိုင်ဘူး "
" ဟုတ်ပါတယ်၊ ခေါင်းဆောင်ကြီး။ ဒီပိုင်ရှောင်ချန်းကို တစ်ချက်လေးကြည့်လိုက်တာနဲ့ သူ့မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိတာ မြင်နိုင်ပါတယ်။ အကောင်းဆုံးကတော့ သူ့ကို စောင့်ကြည့်နေဖို့ စည်းမျဥ်းတွေ ချမှတ်သင့်ပါတယ် "
ပိုင်ရှောင်ချန်း၏ စိုးရိမ်သောကများ မြင့်တက်လာပြီး တုလင်ဖေး မျက်မှောင်ကြုတ်သွား၏။
နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးက ဖုန်းချန်၏အဆိုကို ပွင့်ပွင့်လင်းလင်း သဘောမတူသော်လည်း ဝင်ရောက်စွက်ဖက်ခြင်းဖြစ်စေ၊ ငြင်းဆိုခြင်းဖြစ်စေ မရှိပေ။ ထို့ကြောင့် ဖုန်းချန်က ပြုံးပြီး ထပ်မံလက်ယှက်လိုက်ပြန်သည်။
" ခေါင်းဆောင်ကြီး ပိုင်ရှောင်ချန်း ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှာ နေသရွေ့ ပဋိညာဥ်သုံးချက်ကို လိုက်နာဖို့ ကျုပ်အဆိုတင်သွင်းပါတယ် "
" ပထမတစ်ချက်၊ သူ့ကို အနက်ရောင်ခေါင်းတလားမှာ နေခွင့်မပေးဘူး။ ရာဇသံတိမ်လွှာမှာ သူနေနိုင်တယ်။ ဒါပေမဲ့ အပြင်ကို ခြေတစ်လှမ်းတောင် မချရဘူး။ သူခြေချရင် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းရဲ့ မိုးကြိုးအကျဥ်းထောင်မှာ ပိတ်လှောင်ခံရမယ် "
ပိုင်ရှောင်ချန်းမှာ ဒေါသတကြီးဖြစ်လျက် ရင်တဒိန်းဒိန်းခုန်လာပါသော်လည်း စိတ်ထဲတွင် ကျိန်ဆဲနေရုံသာ တတ်နိုင်လေသည်။
ဖုန်းချန်က ပိုင်ရှောင်ချန်း မည်သို့ တုံပြန်မည်ကို ခန့်မှန်းနိုင်ပြီး သူ့ကို စိုက်ကြည့်၍ပင် ဆက်ပြောတော့သည်။
" ဒုတိယ။ သူ မြောက်ပိုင်းမှာ နေတဲ့အချိန် ဆေးမဖော်ရဘူး။ သူ့ဆေးတာအိုပညာက ထူးဆန်းတယ်ပြီး သိပ်အစွမ်းထက်တာကြောင့် မြစ်ဝဂိုဏ်းတစ်ဂိုဏ်းကိုတောင် ဖျက်စီးနိုင်ပါတယ်။ ဒါကြောင့် ဒီဒုတိယအချက်ကို သူလိုက်နာရမယ်။ မလိုက်နာရင် မိုးကြိုးအကျဥ်းထောင်မှာ ထောင်ချခံရရုံတင်မကဘူး၊ သေဒဏ်ပေးပြီး ကွပ်မျက်ခံရမယ် "
ပြောလိုက်သည့်စကားလုံးများက ပြင်းထန်လှသည့်အတွက် ပိုင်ရှောင်ချန်း၏ရင်ထဲတွင် တောက်လောင်နေသော ဒေါသများအတွင်း ခြောက်ခြားမှုအနည်းငယ် စိမ့်ဝင်လာသည်။
မကြာသေးမီက ရှင်းကုံကျစ်တာအိုဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သည်များကို စဥ်းစားတွေးတော၍ သူက မည်သည့်ဆေးဖော်စပ်ခြင်းမှ မလုပ်ဆောင်ရန် စီစဥ်ထားခဲ့သည်မဟုတ်ပါလော။
" အခု တတိယအချက်၊ ဟမ့်.. မြောက်ပိုင်းက ကောင်းကင်နဲ့မြေကြီးရဲ့ စိတ်စွမ်းအားတွေဟာ မြောက်ပိုင်းသားကျင့်ကြံသူ ကျုပ်တို့နဲ့ပဲ သက်ဆိုင်ပါတယ်။ ကျုပ်တို့က သူစိမ်းတစ်ယောက် ကျင့်ကြံအားထုတ်ဖို့အတွက် ဘာကြောင့် အသာတကြည်ပေးနိုင်ရမှာတုန်း။ ပိုင်ရှောင်ချန်းက ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှာ ရှိနေသရွေ့ကာလတစ်လျှောက်လုံး စိတ်စွမ်းအားတစ်စက်လေးတောင် စုပ်ယူရင် မိုးကြိုးအကျဥ်းထောင်မှာ အကျဥ်းချခံရပါမယ် "
ထိုပဋိညာဥ်သုံးချက်ကား အနိမ့်ဆုံးပြောရလျှင် ပြင်းထန်ရက်စက်လွန်းလှသည်။ ဝန်းရံနေကြသော မြောက်ပိုင်းသားများအားလုံးက ပိုင်ရှောင်ချန်းအား အကျယ်ချုပ်ချ၍ မျှော်လင့်ချက်များ ပျက်သုဥ်းသွားစေမည်ဖြစ်ကြောင်း ယုံကြည်သည်။ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်ပင် အံ့သြသွားပြီး ဖုန်းချန်အား လုံးဝအသိအမှတ်ပြုကာ လှမ်းကြည့်လိုက်သည်။
ဖုန်းချန်ပြောသမျှမှာ ကျိုးကြောင်းညီညွတ်ပြီး မြောက်ပိုင်း၏ အကျိုးအမြတ်အတွက် အကွက်ချထားဟန်တူသည်။ အကြောင်းမခိုင်လုံသော တတိယတောင်းဆိုချက်ကပင်လျှင် ဝိုင်းနေကြသော ကျင့်ကြံသူများအားလုံး၏ သဘောထားနှင့် ကိုက်ညီနေသည်။
မြောက်ပိုင်းရှိ စိတ်စွမ်းအင်သည် မြောက်ပိုင်းသားများနှင့် သက်ဆိုင်သည့်အတွက် အရှေ့ပိုင်းမှ လူတစ်ယောက် ယူရန်မှာ အခြေခံအားဖြင့် ခိုးမှုမြောက်လေသည်။
ပိုင်ရှောင်ချန်းမှာ ရူးတော့မတတ် ခံစားလိုက်ရပြီး တဆတ်ဆတ် တုန်ယင်လာတော့သည်။ သို့သော် သူက ရင်ထဲတွင် အော်ဟစ်နေရုံမှ လွဲ၍ ဘာမှ မတတ်နိုင်သေးပေ။
" အယုတ်တမာတွေ ။ လုံးဝအယုတ်တမာကောင်တွေ "
ကံဆိုးစွာပင် ဤအခြေအနေနှင့် ပတ်သက်၍ သူလုပ်နိုင်သောအရာမရှိပေ။ တုလင်ဖေးက ဤနေရာတွင် မည်သည့်အလုပ်လုပ်ရန် တာဝန်ပေးခံရသည်ကို သူ အတိအကျမသိသော်လည်း ကောင်းကင်ဧကရာဇ်က နတ်မီးလျှံစမ်းသပ်ပွဲတွင် ေခါင်းပိတ်ရိုက်ခဲ့ခြင်းအတွက် လက်စားပြန်ချေခြင်းဖြစ်ကြောင်း အတော်အသင့် ယုံကြည်နေသည်။
ယခုအခါ တုလင်ဖေးက ဖုန်းချန်ကို စိန်းစိန်းကားကားကြည့်နေပြီး သူမ၏ ဒေါသနှင့် သတ်ဖြတ်လိုသော အရှိန်အဝါများကို ဖုံးကွယ်မနေတော့ပေ။
" အဓိပ္ပါယ်မရှိလိုက်တာ "
သူမက အေးစက်စက်ပြောလိုက်သည်။
" ဒီလိုပဋိညာဥ်သုံးချက်ကို ကောင်းကင်တံတားတမန်တော်ရဲ့အစောင့်တစ်ယောက်အပေါ် အတင်းအကြပ်ချမှတ်တာ ရယ်စရာကောင်းလိုက်တာ "
ဖုန်းချန်က တွန့်ဆုတ်သွားသော်လည်း တစ်ခွန်းမှပြန်မပြောပေ။ တခဏကြာသော် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူက ခပ်တိုးတိုးရယ်လိုက်သည်။
"ငါကတော့ သိပ်ကောင်းတဲ့ အကြံလို့ ထင်တယ် " သူက ပြောသည်။
" လုပ်ကြတာပေါ့ "
" အမှတ်လေး အစ်ကိုကြီး "
တုလင်ဖေးက ပြောသည်။
" ရှင်..."
" ပိုင်ရှောင်ချန်းနဲ့မင်းရဲ့ ပတ်သက်မှုကို ငါ အသေးစိတ်မသိဘူး ညီမလေး။ ဒါပေမဲ့ မင်းအေးအေးဆေးဆေး အနားယူနိုင်ပါတယ်။ အထူးအစောင့်တစ်ယောက်ဖြစ်လို့ မြောက်ပိုင်းသားတစ်ယောက်ယောက်ကို သူ မသတ်သရွေ့ သူ့အသက်ဆုံးရှုံးမှာ မဟုတ်ပါဘူး။ ငါ မင်းကို သတိတော့ပေးချင်တယ်၊ ဒါက မြောက်ပိုင်းနော် "
သူက ထပ်မံရယ်မော၍ လှည့်ကာ ပျောက်ကွယ်သွားတော့သည်။
သူ ထွက်သွားသည်နှင့် ပိုင်ရှောင်ချန်းအား လှုပ်မရအောင် ချုပ်နှောင်ထားသည့် အနှောင်အဖွဲ့များ ပျောက်ကွယ်သွားလေသည်။ သူသည် တုလင်ဖေးက သူ့ကို မည်သို့ကာကွယ်ခဲ့ကြောင်းနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီး၏ စိမ်းကားသော သဘောထားကိုလည်း မြင်ခဲ့ရ၍ ၄င်းက သူ့ကို ခိုကိုးရာမဲ့သွားစေတော့သည်။
" အာ ဘာဖြစ်ဖြစ် "
သူက သက်ပြင်းချ၍ တွေးလိုက်သည်။
" အကောင်းဆုံး နေလိုက်ရုံပေါ့။ တုတုလေးရဲ့ စစ်ဆေးတဲ့ခရီး မကြာခင် အဆုံးသတ်ပါစေကွာ "
တုလင်ဖေးမှာ အလွန်စိုးရိမ်နေဟန်တူ၏။ သူမ၏ဖခင်က ဒဏ်ရာရနေဆဲဖြစ်ပြီး နတ်မီးလျှံစမ်းသပ်ပွဲက မည်သို့ ဆိုးဆိုးဝါးဝါးဖြစ်ခဲ့သည်ကို စဥ်းစားကြည့်လျှင် ကောင်းကင်ဧကရာဇ်အား မကျေမနပ်ဖြစ်နေသည်မှာ မြောက်ပိုင်းက နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးသာ မဟုတ်ပေ။
ထို့ကြောင့် အဖြစ်အပျက်များ၏ ရလဒ်ကိုပြောင်းရန် နည်းလမ်းမရှိသဖြင့် ပိုင်ရှောင်ချန်းမှာ မျက်ရည်များ ရစ်ဝဲနေလျက် တည်ကြည်ပြီးပညာရှိဆန်သော ရုပ်တုကြီးအပေါ်ရှိ အဖြူရောင်တိမ်တိုက်ကြီးထံ လိုက်ပို့ခံလိုက်ရတော့သည်။ ထိုနေရာတွင် သူ့အား ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်း၏ ပထမကောင်းကင်ဂိုဏ်းသားတစ်ယောက် ပိုင်ဆိုင်ရသော နေအိမ်တစ်လုံး ပေးအပ်ခံရသည်။
၄င်းသည် သာမန်အကြမ်းထည်ဖြစ်ပြီး တိမ်လွှာပေါ်က ချောင်ကျသော နေရာတစ်နေရာတွင် တည်ရှိသည်။ ပိုင်ရှောင်ချန်းက ထိုသည်အား မြင်သောအခါ သက်ပြင်းချလိုက်ပြီး တစ်လမ်းလုံးဆူပုတ်လျက် အထဲဝင်သွားလိုက်သည်။
နေ့ရက်များ ကုန်ဆုံးသွားပြီး မကြာမီ ပိုင်ရှောင်ချန်းမှာ ရူးချင်လာတော့သည်။ ရာဇသံတိမ်လွှာထဲတွင် သူ မည်သည့်နေရာသွားစေကာမူ လူအများက သူ့ကို မျက်စောင်းထိုးကြသည်။ အလွန်နိမ့်သော ကျင့်ကြံသူများပင် ပါဝင်၏။ ထိုလူများမှာ သူ အားစိုက်စရာမလိုဘဲ သတ်နိုင်သူများဖြစ်သည့်တိုင် သူတို့က သူ့ကို သူတို့ထက်နိမ့်ကျသော ကျင့်ကြံခြင်းအခြေခံနှင့် အကျဥ်းသားတစ်ယောက်ကို ကြည့်သကဲ့သို့ အထင်သေးသည့်အကြည့်မျိုးဖြင့် ကြည့်ကြလေသည်။
ရာဇသံတိမ်လွှာ၏ အစပ်နားသို့ သူ ကပ်သွားတိုင်း နတ်အဆင့်နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်းက သူ့ကို ချုပ်နှောင်လေသည်။
သိသာစွာပင် သူသာ တိမ်တိုက်အပြင်ဘက် ခြေလှမ်းချလျှင် ထောင်သွင်းအကျဥ်းချခံရပေမည်။
သူက ကျင့်ကြံအားထုတ်၍ မရဘဲ အဆက်မပြတ်စောင့်ကြည့်ခံနေရသည်ကိုလည်း အာရုံရနေသောကြောင့် ကောင်းကင်နှင့်မြေကြီး၏ စိတ်စွမ်းအားမြူမှုန်လေးပင် စုပ်ယူမိလျှင် ပဋိညာဥ်သုံးချက်ကို ချိုးဖောက်မိမည်ဖြစ်ပြီး အပြစ်ပေးခံရပေမည်။
သူသည် ယခင်က ထိုကဲ့သို့ နည်းလမ်းဖြင့် ဘယ်တုန်းကမှ အချုပ်မခံခဲ့ရသည်ဖြစ်ရာ သည်းမခံနိုင်တော့သည့် အတိုင်းအတာသို့ ရောက်လာတော့သည်။ သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် ဆေးဖော်စပ်နိုင်ပါစေကြောင်း ဆုတောင်းနေမိတော့၏။ ဤနေရာတွင် ထူးဆန်းသည့်ကိစ္စတစ်ခုခုဖြစ်လျှင်တောင်မှ သူ အပြစ်ရှိသလိုခံစားရမည် မဟုတ်ပေ။ အမှန်တွင် ထိုသို့ဖြစ်စေရန်ပင် သူ ဆုတောင်းဦးမည်ဖြစ်သည်။
"ဒါပေမယ့်လဲ အဲဒီခွေးကောင်တွေက ငါဆေးဖော်လို့မရဘူးလို့ ပြောခဲ့တာလေ "