ကောင်းကင်ဧကရာဇ်၏တပည့်
Vol. 10 Ch. 957
" လူတစ်ယောက်က ဘယ်လိုလုပ် ဒီလိုနေရမှာတုန်းကွာ "
ပိုင်ရှောင်ချန်းမှာ စိတ်ပျက်ဖွယ်ကျင်းကြီးထဲတွင် ပိတ်မိနေသည့်အလား ခံစားနေရတော့သည်။ ဤအချိန်တွင် သူသည် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းကို အမှန်တကယ် စိတ်တိုနေပြီဖြစ်သည်။
ကံဆိုးစွာပင် ဤအခြေအနေနှင့်ပတ်သက်၍ သူ တတ်နိုင်သောအရာမရှိပေ။ သူ့ဘဝတစ်လျှောက်လုံးတွင် ထိုင်ပြီး ကောင်းကင်ကြီးအား မော့ကြည့်ရုံသာ တတ်နိုင်သည့် ယခုကဲ့သို့ အခြေအနေမျိုးဖြင့် ညှင်းပန်းနှိပ်စက်သည့်ဒဏ်ကို ဘယ်တုန်းကမှ မခံခဲ့ရဖူးပေ။
သူက နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်အား မကျင့်ကြံနိုင်သည့်အပြင် ထာဝရသွေးနှင့်ပတ်သက်လျှင်လည်း သက်စောင့်အားက လုံလုံလောက်လောက်မရှိချေ။
သူ့အနေဖြင့် ပျင်းပျင်းရိရိ ထိုင်နေရုံကလွဲ၍ တခြားလုပ်နိုင်သည်က ..... ပျင်းပျင်းရိရိထိုင်နေရုံသာ ဖြစ်တော့သည်။ နောက်ဆုံးတွင် တုလင်ဖေးက သူ့ကို လာတွေ့ပြီး သူ၏ဖရိုဖရဲဖြစ်နေသည့် ပုံစံအရ သူ မည်မျှ စိတ်ဓာတ်ကျနေပြီး ခက်ခက်ခဲခဲ သည်းခံနေရကြောင်း သူမ သိလိုက်သည်။
" ရှောင်ချန်း၊ နည်းနည်းလေးပဲ ထပ်စောင့်ပေးပါ " သူမက နှစ်သိမ့်စကားပြောလိုက်၏။
" ပြီးတော့ စိတ်လိုက်မာန်ပါလုံးဝမလုပ်နဲ့နော်။ ဒီမှာ ငါ့အဖေအတွက် လုပ်ပေးရမယ့် အရေးကြီးတာဝန်တစ်ခုရှိလို့ပါ။ တတ်နိုင်မျှ မြန်မြန်ပြီးအောင် ငါကြိုးစားပါ့မယ်။ ပြီးရင် ငါတို့ဒီနေရာက ထွက်သွားလို့ရပြီ "
ပိုင်ရှောင်ချန်းက ဘာမှမရှိသည့်နေရာကို စိုက်ကြည့်နေလျက် သူမကို လှည့်ပင်မကြည့်ဘဲ ပျင်းရိလေးတွဲစွာ ခေါင်းညိတ်လိုက်သည်။
တုလင်ဖေးက သက်ပြင်းချလိုက်ပြီး သူ့ကို အချိန်အနည်းငယ်ကြာကြည့်နေပြီးနောက် ဂိုဏ်းမှ ပျံထွက်သွားလေသည်။
ပိုင်ရှောင်ချန်းက လုပ်စရာမရှိဘဲ ထိုင်နေသည့်အတောအတွင်း နောက်ထပ် ခုနစ်ရက် ကုန်ဆုံးသွားပြန်၏။ နောက်ဆုံးတွင် မြောက်ပိုင်းသားများသည် သူက က္ကန္နြေရရနေကြောင်း သဘောပေါက်လိုက်ကြ၏။ သို့သော် သူတို့က အေးစက်စက်သာ နှာမှုတ်လိုက်ကြပြီး သူ့ကို အနီးကပ် ဆက်လက်စောင့်ကြည့်နေကြလေသည်။
ပိုင်ရှောင်ချန်းမှာ အဝေးသို့ ငေးကြည့်နေရုံကလွဲ၍ ဘာမှမတတ်နိုင်ပေ။ အမှန်တွင် သူသည် အခြား မည်သို့ပြုလုပ်နိုင်သည်ကို မသိပေ။ လိပ်ကလေးကို ဆက်သွယ်ရန် ကြိုးစားကြည့်သော်လည်း တုံ့ပြန်ချက်လေးတစ်ခုပင်မရပေ။
ခေါင်းတလားထဲရှိ ကလေးမလေးကိုမူ သူ့ကို နေ့နေ့ညညစောင့်ကြည့်နေသည့်မျက်လုံးများစွာ မရှိလျှင်ပင် အပြင်မထုတ်ရဲပေ။
နောက်ဆုံး၌ သူသည် လဝက်နီးပါး ပျင်းရိငြီးငွေ့စွာ ထိုင်နေခဲ့ရလေသည်။ တစ်ခုသောညနေခင်းတွင် သူသည် ပုစွန်ဆီရောင် လဲ့နေသော နေဝင်ချိန်နှင့် ကောင်းကင်ယံတွင် လမင်းကြီးပေါ်လာသည်ကို စောင့်ကြည့်ရင်း ခါတိုင်းကဲ့သို့ အသက်မပါစွာ ထိုင်နေ၏။
ထိုအခိုက်အတန့်တွင် သတိပေးချက်တစ်စုံတရာမရှိဘဲ ခပ်သဲ့သဲ့ သက်ပြင်းချသံတစ်ခုကို သူ ကြားလိုက်ရသည်။
သက်ပြင်းချသံနှင့်အတူ သူ၏အိတ်ထဲမှ အခိုးအငွေ့များကို သူ အာရုံရလိုက်လေသည်။
" အိမ်ရဲ့ အငွေ့အသက် "
ပိုင်ရှောင်ချန်းမှာ ပင့်သပ်ရှိုက်မိလုနီးပါးဖြစ်သွားသော်လည်း သူ့ကိုယ်သူ ထိန်းချုပ်နိုင်လိုက်သည်။ သူ၏နှလုံးသားအား အံ့ဩခြင်းလှိုင်းတံပိုးများ တဝုန်းဝုန်းဝင်ဆောင့်နေသည့်တိုင် သူက မျက်နှာပေါ်တွင် ပျင်းရိနေသည့်အမူအရာကို ထိန်းထားလေသည်။
ထို့နောက် သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ စိတ်ထဲတွင် စကားပြောလိုက်သည်။
" ခင်ဗျား ကျုပ်ကို စကားပြောနေတာလား၊ သန့်ရှင်းသောဝိညာဥ် "
အချိန်အနည်းငယ်ကြာသည်အထိ သူတုံ့ပြန်မှုတစ်ခုမှ မရလိုက်ပေ။ သူက စိတ်စောနေလျက် ခေါင်းတလားကို ထုတ်ကြည့်ရန် စဥ်းစားနေချိန် ခပ်တိုးတိုးအသံတစ်သံ သူ၏စိတ်ထဲ ထပ်မံရောက်ရှိလာတော့သည်။
" ငါပါ...။ ငါ့ကို နောက်တစ်ကြိမ် အိမ်ရဲ့အငွေ့အသက်ကို ခံစားခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် "
ပိုင်ရှောင်ချန်းမှာ အလွန့်အလွန် တုန်လှုပ်သွားတော့သည်။ သူအတိုင်းထက်အလွန်ပျင်းရိနေချိန် ကလေးမလေးနိုးထလာသည်မှာ သူ့ကို အလွန်အမင်း စိတ်လှုပ်ရှားသွားစေ၏။ ထို့ကြောင့် သူက ပြန်ပြောရန် တွန့်ဆုတ်မနေပေ။
" ခင်ဗျား အဏ္ဏဝါခေါ်သံဆေးလုံးမပါပဲ ဘယ်လိုလုပ် နိုးလာနိုင်တာတုန်း "
" ငါ့ခန္ဓာကိုယ်က မနိုးဘူး " အသံ ထွက်ပေါ်လာ၏။
“ ငါ့စိတ်ပဲ။ မြောက်ပိုင်းက ငါ့အိမ်ဖြစ်ခဲ့ဖူးလို့ ဒီနေရာရဲ့ စိတ်စွမ်းအင်တွေက ငါ့အတွက် အရမ်းအကျိုးရှိတယ်။ ငါသာ လုံလုံလောက်လောက်စုပ်ယူနိုင်ရင် အသက်ရှိုက်၁၀၀ကြိမ်စာ အဏ္ဏဝါခေါ်သံဆေးလုံးတစ်လုံးလို ထိရောက်တယ်။ ကံဆိုးတာက ငါ့စိတ်ကတောင် အခုအချိန်မှာ အချိန်သိပ်ကြာကြာ နိုးမနေနိုင်သေးဘူး "
သူမက ထပ်မံအိပ်ပျော်သွားမည်ကို စိုးရိမ်သဖြင့် သူက ကပျာကယာစကားဆက်လိုက်သည်။
“ အိမ်ရဲ့ အငွေ့အသက်။ စိတ်စွမ်းအင်ခေါင်းဆောင်ကြီးက ကျုပ်ကို တစ်ခါပြောဖူးတယ်။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက မြောက်ပိုင်းက မြစ်ဝဂိုဏ်းတစ်ဂိုဏ်း ဖြစ်ခဲ့ဖူးတယ်တဲ့။ ဟန်ဇောင်ကျောင်းတော်ဆိုပဲ။ ခင်ဗျား ပြောတာ အဲဒါလား"
" ဟန်ဇောင်ကျောင်းတော် "
ကလေးမလေးက နူးညံ့ညင်သာစွာ ရယ်မောလိုက်သည်။ ၎င်းမှာ အတိတ်ကို ပြန်ပြောင်းသတိရခြင်းများဖြင့် ပြည့်နှက်နေပုံရသော ခါးသက်သက်ရယ်သံတစ်ခုဖြစ်ပေသည်။
“ ဟုတ်တယ်။ ဟန်ဇောင်ကျောင်းတော်ပဲ။ ဟိုးအရင်တုန်းက ငါက ကောင်းကင်ဧကရာဇ်ရဲ့ ထိပ်တန်းတပည့်တစ်ယောက်ပဲ။ သူနဲ့ ဗဟိုဧကရာဇ်နိုင်ငံရဲ့ တိုက်ပွဲမှာ ငါ ကောင်းကင်ဘုရင် အများကြီးကို သတ်ဖြတ်ခဲ့တယ်။ နောက်ဆုံးမှာ အဲဒီနိုင်ငံကို ကောင်းကင်တံတားဒေသကနေ လုံးဝမောင်းထုတ်နိုင်တဲ့အထိ ငါ သူ့ကို ကူညီပေးခဲ့တယ်။ နောက်ပိုင်းကျတော့ မြောက်ဘက်မြစ်ဒေသကို ကူညီကာကွယ်ပေးဖို့ ငါဒီနေရာမှာ မြစ်ဝဂိုဏ်း ဟန်ဇောင်ကျောင်းတော်ကို တည်ထောင်ခဲ့တယ် "
" ဘယ်လို "
သူက အံ့ဩမှင်သက်လျက် ပြောလိုက်သည်။ သူသည် အစက အများအားဖြင့် ပျင်းသောကြောင့်သာ စကားစမြည်ပြောရန် စိတ်ဝင်စားခဲ့သည်။ မေးခွန်းလေးတစ်ခုက အံအားသင့်ဖွယ်လျှို့ဝှက်ချက်များကို ဖော်ထုတ်လိမ့်မည်ဟု သူ မထင်ထားခဲ့မိပေ။ ဤကလေးမလေးက ကောင်းကင်ဧကရာဇ်၏ ထိပ်ဆုံးတပည့်တစ်ခါ ဖြစ်ခဲ့ဖူးသည်မှာ လုံးဝ မယုံနိုင်စရာကောင်းနေတော့သည်။ ကောင်းကင်ဧကရာဇ်၏လက်ရှိတပည့်များမှာ မြစ်ဝဂိုဏ်းလေးဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးများ ဖြစ်သည် မဟုတ်ပါလော။
" ဘယ်လို..."
သူ စကားစလိုက်သော်လည်း တွေဝေတွန့်ဆုတ်နေသည်။
" ငါ ဘာကြောင့် ဒီလို အဆုံးသတ်သွားရလဲ၊ ဟန်ဇောင်ကျောင်းတော်က ဘာကြောင့် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းနဲ့အစားထိုးခံလိုက်ရလဲ မင်းသိချင်တယ်မလား “
" အင်း အဖြေက ရိုးရှင်းပါတယ်။ ကောင်းကင်ဧကရာဇ်က အဲဒီလိုဖြစ်စေချင်တာလေ။ မဟုတ်ရင် ကျိုးတောက်ရီက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်နေရင်တောင်မှ ငါ့အတွက် ပြိုင်ဘက်ဖြစ်နိုင်မှာ မဟုတ်ဘူး"
ပိုင်ရှောင်ချန်းမှာ မျက်လုံးများ ပြူးကျယ်၍ ရင်တဒိန်းဒိန်းခုန်လာတော့သည်။ ကလေးမလေးထံမှ အနှီသတင်းအသစ်ကား အလွန်အံ့သြဖွယ်ကောင်းလွန်းသည်။ ဟန်ဇောင်ကျောင်းတော်၏ နတ်ဘုရားတစ်ပိုင်းအဆင့်ပညာရှင်က မည်သည်ကိုလုပ်ခဲ့၍ ကောင်းကင်ဧကရာဇ်က ဆရာတပည့်သံယောဇဥ်ကို လျစ်လျူရှုပြီး သူမအား သတ်ခဲ့သည်ကို သူအလွယ်တကူ စိတ်မကူးကြည့်နိုင်တော့ပေ။ထို့ပြင် မည်သည့်အတွက်ကြောင့် သူမက ကလေးမလေးတစ်ယောက်၏ အကောင်အထည်မရှိသော ဝိညာဥ်ပုံစံဖြင့် ရှိနေသေးရသနည်း။
ကလေးမလေးက ပိုင်ရှောင်ချန်း မည်သို့တွေးတောနေသည်ကို အာရုံရလိုက်သည်။ တခဏကြာတိတ်ဆိတ်သွားပြီးနောက် သူမက ဆက်ပြောသည်။
“ ကလေး မင်းယူရဲရင် ငါမင်းကို အံသြစရာကောင်းတဲ့ ကံကောင်းခြင်းတရားပေးဖို့ ပြင်ထားပြီးပြီ "
တခဏတာ ချီတုံချတုံဖြစ်နေပြီးနောက် သူက မေးလိုက်သည်။
" အန္တရာယ်များလား "
ဤတစ်ကြိမ်တွင် အမွှေးတိုင်တစ်ဝက် လောင်ကျွမ်းချိန်ကြာပြီးနောက်မှ သူမ၏အသံက သူ့ခေါင်းထဲ ပြန်ရောက်လာ၏။
" စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက မင်းကို ငါ့ခေါင်းတလား ဘာလို့ ပေးခဲ့လဲ အရမ်းသိချင်မိတယ် "
ပိုင်ရှောင်ချန်းမှာ အတန်ငယ်ရှက်သွားလျက် သူ့ဘာသာသူရှင်းပြရန် ဆုံးဖြတ်လိုက်သည်။
" အာ.... ကျုပ်က ပစ္စည်းတွေကို သိမ်းထားရတာသဘောကျလို့ ထင်တာတာပဲ။ဟားဟားဟား "
ကလေးမလေးက သူ့ကို လျစ်လျူရှု၍ ဆက်ပြောသည်။
" ကောင်းကင်ဧကရာဇ်က ငါ့ကို သတ်ဖို့ ကြံနေတယ်လို့ သဘောပေါက်လိုက်တုန်းက ငါပြင်ဆင်မှုတွေ အများကြီးလုပ်ခဲ့တယ်။ ငါ့ခန္ဓာကိုယ်အစစ်က သေသွားပေမယ့် ငါ ဝိညာဥ်ကိုယ်ပွားတစ်ခုကို ထုတ်နိုင်လိုက်တယ်။ ဝိညာဥ်ကိုယ်ပွားက သန့်ရှင်းသောဝိညာဥ်တစ်ဦးရဲ့ကိုယ်ကို ပိုင်ဆိုင်ပြီးတော့ ငါ့အရှိန်အဝါအစအနေအားလုံးကို ဖျက်စီးပေးတယ်လေ။ ဒါကြောင့် ကောင်းကင်ဧကရာဇ်က ငါ့ကို သတိမထားမိတာ “
" ဒါပေမဲ့ ငါ့ပထမအစီအစဥ်က မအောင်မြင်ခဲ့လို့ သန့်ရှင်းဝိညာဥ်ကိုပဲ ငါ ပိုင်ဆိုင်ခဲ့တာ။ အစက ငါက ကမ္ဘာရတနာတစ်ခုကို ပိုင်ဆိုင်ချင်ခဲ့တာ။ ကမ္ဘာရတနာက အချိန်မီမပြီးမြောက်ခဲ့ဘူးလေ။ ပြီးခဲ့လို့ကတော့ အဲဒီအချိန်က ကောင်းကင်ဧကရာဇ်ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ဆိုရင် ငါသူ့ကို ရှင်းပစ်နိုင်လောက်မှာ "
ပိုင်ရှောင်ချန်းမှာ မျိုသိပ်မထားနိုင်တော့ဘဲ မေးလိုက်သည်။
" ကမ္ဘာရတနာ "
" မြောက်ပိုင်းတစ်ခုလုံးရဲ့ ကုန်းမြေတွေက ကမ္ဘာရတနာတစ်ပါးရဲ့ အုတ်မြစ်ပဲ။ ကမ္ဘာရတနာကို ဒီက ရေခဲထုကြီးရဲ့ ဟိုးအောက်ဆုံးအလွှာတွေကနေစပြီး ထုလုပ်ထားတာ။ ငါဘယ်လို ရတနာမျိုးကို ပြောနေလဲ မင်းနားလည်လား။ ကမ္ဘာရတနာတစ်ပါးပဲ "
ဤအခိုက်တန့်တွင် ကလေးမလေးသည် သြဇာအာဏာကြီးမားပြီး စွမ်းအားကြီးမားဟန်တူသည်။
ပိုင်ရှောင်ချန်းမှာမူ ဦးခေါင်းခွံထဲမှ မျက်လုံးများ ထွက်ကျတော့မတတ်ပင်။
" ခင်ဗျားက မြောက်ဘက်ကုန်းမြေတွေအားလုံးကို ယူပြီး ရတနာတစ်ပါးဖန်တီးခဲ့တာ။ ဒါပေမဲ့ မြောက်ပိုင်းက အကြီးကြီးလေ "
မြောက်ပိုင်းသည် အရှေ့ပိုင်းကဲ့သို့ အရွယ်အစားအရ နယ်မြေကြီးတစ်ခုဖြစ်နေသည် မဟုတ်ပါလော။
သို့သော် ယခု အနှီကလေးမလေးက ထိုနေရာများကို မပြီးမြောက်ခဲ့သော မှော်ပစ္စည်းတစ်ခု၏ အခြေခံအုတ်မြစ်အဖြစ်အသုံးပြုခဲ့သည်ဟု ပြောနေလေသည်။
နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည့်တိုင် ဤသည်မှာ ပိုင်ရှောင်ချန်းအတွက် ဒဏ္ဍာရီပုံပြင်တစ်ပုဒ်သဖွယ် ဖြစ်နေတော့သည်။
"ဘုရားဘုရား " သူကတွေးလိုက်၏။
“ ငါက ဒီအတိုင်း ပျင်းလို့ စကားပြောစရာလူလိုချင်တာတာပါ။ စကားပြောတာက ဒီလောက်ခမ်းနားကြီးကျယ်လိမ့်မယ်လို့ ဘယ်သူက တွေးမိမှာတုန်း "
သူသည် အောက်ရှိ မြေကြီးကို ငုံ့ကြည့်လိုက်ပြီး ဧရာမမှော်ပစ္စည်းကြီး၏ အစိတ်အပိုင်းအဖြစ် မတွေးကြည့်မိဘဲ မနေနိုင်တော့ပေ။
ထိုအချိန်တွင် ကလေးမလေးက စကားဆက်ပြောသည်။
" နှစ်ပေါင်းများစွာ ကုန်လွန်သွားပြီးတဲ့နောက် မှော်ပစ္စည်းက ပုံစံအပြည့်အဝဖြစ်သွားတာကို ငါ အာရုံရလိုက်တယ်။ ဒီကိစ္စပြီးဆုံးဖို့ ငါ မင်းရဲ့ အကူအညီလိုတယ်။ ငါ ရတနာစောင့်ဝိညာဥ်ဖြစ်တာနဲ့ မင်းကို အဲဒီပစ္စည်းနဲ့ ချိတ်ဆက်ပေးနိုင်လောက်တယ် "
" ငါ တောင်းဆိုချင်တဲ့ တစ်ခုတည်းသောအရာက မင်း ကောင်းကင်ဧကရာဇ်ကို သတ်ပေးဖို့ပဲ “
" ရတနာက မယုံနိုင်စရာကောင်းလောက်အောင် အစွမ်းထက်တယ်။ အဲဒါက မြောက်ပိုင်းကုန်းမြေအားလုံးကို ကောင်းကင်တံတားဒေသကနေ ဖယ်ရှားပြီး ဟန်ဇောင်မဟာဓားအဖြစ် ပြောင်းပစ်လိမ့်မယ် “
" မြောက်ပိုင်းမှာ နေတဲ့ ကျင့်ကြံသူတွေနဲ့ ဒီနေရာမှာ မွေးဖွားတဲ့ သက်ရှိ အရာအားလုံး မသေဘူး။ သူတို့က မှော်ပစ္စည်းရဲ့ ကမ္ဘာထဲမှာ နေရလိမ့်မယ်။ ဓားက မင်းနဲ့ ချိတ်ဆက်သွားတာနဲ့ တစ်ပြိုင်နက် မင်းက ပိုင်ရှင်၊ မင်းက သခင် ဖြစ်သွားလိမ့်မယ် “
" တချိန်တည်းမှာပဲ ငါ ကမ္ဘာရတနာနဲ့ ပေါင်းစပ်တဲ့အခါ ငါမင်းကို နှစ်ပေါင်းများစွာ ဖြစ်တည်လာခဲ့တဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ အကန့်အသတ်မရှိတဲ့ စိတ်စွမ်းအင်တွေ ပေးနိုင်တယ်။ အချိန်တိုလေးနဲ့ မင်းရဲ့ ကျင့်ကြံခြင်းအခြေခံက နတ်ဘုရားတစ်ပိုင်းအဆင့်အထိ ကောင်းကောင်းခုန်တက်သွားလိမ့်မယ် “
" ဒါက ငါမင်းကို ပေးချင်တဲ့ ကံကောင်းခြင်းတရားပဲ။ အခု မင်း ယူရဲလား၊ မယူရဲဘူးလား ငါ့ကို ပြောဖို့လိုတယ် "
ကလေးမလေးက သံချောင်းများကိုပျက်စီးစေ၍ သံမဏိကိုဖြတ်တောက်နိုင်သော ပြတ်သားခြင်းများဖြင့် ပြောလိုက်လေသည်။
#ရှေ့တုံးက ရေးသားခဲ့တဲ့ နတ်ရေစင်ဆေးလုံးနေရာမှာ အဏ္ဏဝါခေါ်သံဆေးလုံးအဖြစ် ပြောင်းလဲရေးသားသွားပါမည်။