← Chapters

ဂျင်ဂိုလက်ဖက်ရည်

Vol. 15 Ch. 142

ဂျင်ဂိုလက်ဖက်ရည်

Vol. 15 Ch. 142

သူတို့၏ အကြိုက်ကို ကြားသောအခါ ယန်ချင်း သဘောကျစွာ ရယ်မောလိုက်သည်။

အသက်ထက် ပို၍ ရင့်ကျက်သယောင် ဟန်ဆောင်နေတတ်သော်လည်း သူတို့ မကျော်လွှားနိုင်သော အရာများစွာ ရှိနေသေးပြီး ၎င်းမှာ အချိုတည်းစရာများကို နှစ်သက်ခြင်းပင် ဖြစ်သည်။

ယန်ချင်းက ခေါင်းခါယမ်းရင်း သဘောတူလိုက်သည်။

“ကောင်းပြီလေ”ဟု ပြောကာမှာကြားမှုကို အဆုံးသတ်လိုက်သည်။

“ကျွန်တော့်အတွက် ဆန်အရက်ကို အရင်ယူလာခဲ့ပေးပါ၊ ပန်းကန်လုံးအကြီးတစ်လုံးဆို ရပါပြီ၊ သူတို့အတွက်ကတော့ နှစ် ၅၀၀ သက်တမ်းရှိ ဂျင်ဂိုလက်ဖက်ရည်ယူလာပေးပါ”

ကျစ်တာက တွန့်ဆုတ်တွန့်ဆုတ်ဖြင့် အကြံပြုလိုက်သည်။

“အစ်ကိုကြီးယန်ချင်း... ကျွန်တော်တို့က ကျေးဇူးမသိတတ်တာ၊ အလိုက်မသိတာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ အဲဒီအစား ပုလဲနို့လက်ဖက်ရည်သောက်လို့ ရမလား”

ဂျင်ဂိုလက်ဖက်ရည် ဆိုသည့် အမည်ကို ကြားလိုက်ရချိန်တွင် မနှစ်မြို့ဖွယ် အမှတ်တရများ ဖိစီးနှိပ်စက်ခံလိုက်ရသည့်အလား သူနှင့် ကျစ်ရော့လန် နှစ်ယောက်လုံး တွန့်ဆုတ်သွားကြသည်။

ပို၍ လေးနက်သွားစေရန် မျက်လုံးများကို ကျဉ်းမြောင်းကာ ယန်ချင်းက တည်ကြည်စွာ ပြောလိုက်သည်။

“အဲဒါက မင်းတို့အတွက် ကောင်းတယ်၊ အထူးသဖြင့် မင်းတို့ရဲ့ ခန္ဓာကိုယ်တွေအတွက်ပေါ့၊ ငြင်းခွင့် မရှိဘူး... ဒါပေမဲ့ ဂျင်ဂိုလက်ဖက်ရည် သောက်ပြီးရင် ပုလဲနို့လက်ဖက်ရည်ပါ သောက်လို့ ရတယ်”

“အဓိကက ဂျင်ဂိုလက်ဖက်ရည်ကို အကုန်သောက်ရမယ်၊ မဟုတ်ရင် မင်းတို့ကို လမ်းပြအဖြစ်ကနေ အလုပ်ဖြုတ်ပစ်မယ်”

နှစ် ၅၀၀ သက်တမ်းရှိ ဂျင်ဂိုလက်ဖက်ရည်မှာ စားသောက်ဆိုင်အတွင်း ဝိညာဉ်ကျောက်တုံးဖြင့် ဝယ်ယူရသော အရာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်တုံး ကျသင့်သည်။

ထိုလက်ဖက်ရည်သည် အသုံးပြုသူ၏ သက်စောင့်စွမ်းအင်ကို ခိုင်မာစေခြင်းဖြင့် ရရှိလာသော ကုသခြင်းအာနိသင်များအပြင် အာရုံစူးစိုက်မှုနှင့် သွေးလည်ပတ်မှုကို တိုးတက်ကောင်းမွန်စေရန်အတွက် အလွန်အသုံးဝင်သည်။

သစ်ပင်၏ သက်တမ်း ရင့်လာလေလေ ထိုအကျိုးသက်ရောက်မှုများက ပိုမို သိသာလာလေလေဖြစ်ပြီး အရသာမှာလည်း ပို၍ ဆိုးရွားလာလေလေ ဖြစ်သည်။

သက်တမ်းရင့်လာသည်နှင့်အမျှ ပိုမို သိသာထင်ရှားလာသော သစ်သားအရသာ ခပ်ပြင်းပြင်းတစ်ခု အမြဲတမ်း ပါဝင်နေတတ်သည်။

မောင်နှမနှစ်ဦးကို ခေတ္တမျှ အကဲခတ်ကြည့်လိုက်ချိန်တွင် သူတို့၏ ခန္ဓာကိုယ်များမှာ စွမ်းအင် အလွန်အကျွံ ကုန်ဆုံးနေကြောင်း ယန်ချင်း သတိပြုမိခဲ့သည်။

ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်တွင် ရှိနေသူတစ်ဦးအနေဖြင့် ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် တန်ဖိုးကြီးမားသော ဆေးဖက်ဝင် အပင်များကို အသုံးပြုရုံသာမက၊ ခန္ဓာကိုယ်၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စွမ်းအင်ကြွယ်ဝသော အစားအစာများကို နေ့စဥ် အမြောက်အမြားစားသုံးပေးရန်လည်း လိုအပ်သည်။

ထိုကလေးနှစ်ဦးမှာ နေ့စဉ် လိုအပ်ချက်များကို သိသိသာသာ မဖြည့်ဆည်းနိုင်ကြသဖြင့် သူတို့၏ ခန္ဓာကိုယ်များမှာ အမြဲတမ်းအားနည်းနေတတ်သည်။

ရေတိုတွင် ပြဿနာ မရှိနိုင်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ခန္ဓာကိုယ်၏ အခြေခံအုတ်မြစ်များကို ထိခိုက်ပျက်စီးစေမည် ဖြစ်သည်။

ကုသ၍ ရနိုင်သေးသည်ဆိုသော်ငြားလည်း ကုန်ကျစရိတ် အလွန်ကြီးမားသွားပေလိမ့်မည်။

ဂျင်ဂိုလက်ဖက်ရည်က ထိုပြဿနာများကို အနည်းဆုံး တစ်လခန့်အထိ ကုသပေးနိုင်လိမ့်မည်။

ပိုမိုကောင်းမွန်သော အာနိသင်များ ရရှိစေရန်အတွက် သကြားလုံးများကဲ့သို့ စားသုံးလေ့ရှိသော သက်စောင့်စွမ်းအင် ပြန်လည်နုပျိုခြင်း ဆေးလုံးအချို့ကို ပေးချင်သော်လည်း၊ ထိုဆေးလုံးများကို သောက်သုံးရန် အနည်းဆုံး အခြေတည်အဆင့်၏ သတ္တမအဆင့်တွင် ရှိရန် လိုအပ်သည်။

မဟုတ်ပါက ထိုအဆင့်အောက်ရှိသူ တစ်ဦးဦးသာ သောက်သုံးမိလျှင် ဆေးလုံးများအတွင်း ပါဝင်သော စွမ်းအင်များကြောင့် ခန္ဓာကိုယ် ပေါက်ကွဲထွက်သွားမည် ဖြစ်သည်။

ကျစ်မောင်နှမနှစ်ဦးမှာ သာမန်သေမျိုးများနှင့် မကွာခြားလှသော ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်၏ ကြေးဝါအဆင့်တွင်သာ ရှိသေးသဖြင့် ထိုဆေးလုံးများကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ထို့ကြောင့် ၎င်းကို ရယူထားသော သစ်ပင်မှာ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်နှင့် ချီသန့်စင်ခြင်းအဆင့် ရှိသူများအပေါ် အကျိုးသက်ရောက်မှု ရှိစေသည့် မြေကမ္ဘာအဆင့်ဆေးပင်တစ်မျိုး ဖြစ်သောကြောင့် လက်ဖက်ရည်က ပို၍ သင့်လျော်သော အစားထိုးတစ်ခု ဖြစ်နေသည်။

…

မောင်နှမနှစ်ယောက်လုံး ခေါင်းငုံ့ကာ တိုးညှင်းစွာ နာခံလိုက်ကြသည်။

“ဟုတ်ကဲ့ပါ”

ယန်ချင်းနှင့် မောင်နှမနှစ်ဦးကြားရှိ အပြန်အလှန် ဆက်ဆံရေးကို ကြည့်နေသော အဘိုးအို၏ သားဖြစ်သူ မျက်လုံးများထဲတွင် ထူးဆန်းသော အရောင်တစ်ချက် လက်သွားသည်။

ချက်ချင်းပင် အရိုအသေပေးကာ မှာကြားချက်များကို မီးဖိုချောင်သို့ ပေးပို့ရန် ထွက်ခွာသွားလေသည်။

…..

(ဝမ်စားသောက်ဆိုင်၏ မီးဖိုချောင်အတွင်း…)

အဘိုးအိုမှာ လက်များ တုန်ရီလျက် ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသော အညိုရောင် ခါးပတ်ဝတ်ဆင်ထားသည့် အဘွားအိုနှင့်အတူ အကြည့်များကို ဖလှယ်နေကြသည်။

သူမ၏ နဖူးမှ ချွေးသီးချွေးပေါက်များ ကျဆင်းနေလေသည်။အဘွားအိုက မေးလိုက်သည်။ “အဖိုးကြီး... သူ့ကိစ္စကို ဘယ်လို လုပ်ကြမလဲ”

“ငါတို့ ဘာလုပ်နိုင်မှာလဲ၊ သာမန်လို ဟန်ဆောင်ပြီး သူ့ရှေ့မှာ မတ်တပ်ရပ်နေနိုင်ဖို့တောင် ရှိသမျှ ခွန်အားတွေ အကုန်ထုတ်သုံးခဲ့ရတာ”

“သူ့ဆီကနေ ဘာဖိအားမှ ထွက်မလာဘူး၊ နည်းနည်းလေးတောင် မထွက်ဘူး၊ ဒါပေမဲ့ ငါ့ရဲ့ အရိုးတွေ၊ အာရုံတွေ အားလုံးက တတ်နိုင်သမျှ ဝေးဝေးကို ထွက်ပြေးဖို့ အော်ဟစ်နေကြတယ်”

“စစ်မြေပြင်မှာ ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေတစ်လျှောက်လုံး ဒီလို ခံစားချက်မျိုးကို ငါးကြိမ်တောင် မကြုံဖူးပါဘူး၊ ပြီးတော့ အဲဒီလို ခံစားရပြီးတိုင်း မကြာခင်မှာပဲ ဘေးအန္တရာယ်ကြီး တစ်ခု ကျရောက်လာတတ်တယ်”

မိမိကိုယ်ကိုယ် နှိမ့်ချဟန်ဖြင့် အားနည်းစွာ ပြုံးရင်း အဘိုးအိုက တုန်ရီနေဆဲဖြစ်သော လက်များကို မျက်လုံးရှေ့သို့ မြှောက်ကြည့်လိုက်သည်။

လက်များကို ငြိမ်သက်သွားစေရန် ကြိုးစားကာ အကြိမ်ကြိမ် ဆုပ်လိုက်ဖြန့်လိုက် လုပ်နေသော်လည်း လက်များက သူ့ကို သစ္စာဖောက်နေဆဲပင်။

အဘွားအိုက ဝင်ပြောလိုက်သည်။ “သူတို့ကို သွားပြောသင့်လား၊ သူက တခြားသူတွေ ငှားလာတဲ့ အပြင်လူ ဖြစ်နိုင်တယ်လေ”

အနည်းငယ် တုန်ရီနေဆဲဖြစ်သော ထိုင်ခုံမှ ထကာ စားပွဲကို အားပြု၍ မိမိကိုယ်ကိုယ် တည်ငြိမ်အောင် လုပ်လိုက်ပြီးနောက် အဘိုးအိုက ဘေးရှိ မီးဖိုချောင်သုံး ဓားနှင့် ပါဝင်ပစ္စည်း အချို့ကို ကောက်ကိုင်လိုက်ရင်း ပြန်ဖြေလိုက်သည်။

“အဲဒီလို လုပ်စရာ မလိုပါဘူး၊ သူလိုအဆင့်အတန်းရှိတဲ့ သူတစ်ယောက်ကို ငှားနိုင်ဖို့ဆိုတာ သူတို့အတွက် မဖြစ်နိုင်ဘူးလို့ ထင်တယ်”

“တကယ်လို့ ငှားနိုင်ခဲ့ရင်တောင် အခုလို အချိန်ဆွဲနေမယ့်အစား မုန်တိုင်းတစ်ခု ဖန်တီးလိုက်လောက်ပြီ၊ ပြီးတော့ သူ ခိုးဝင်လာတာ မဟုတ်ဘူးဆိုရင် ဒီကိစ္စကို တခြား တစ်ယောက်ယောက်က အကြောင်းကြားပြီးလောက်ပြီ”

“ဒါပေမဲ့ ခိုးဝင်လာတာတော့ မဖြစ်နိုင်ဘူး... သူ့ဆီကနေ အဲဒီလို ခံစားချက်မျိုး မရဘူး”

အဘွားအိုကလည်း သူ၏ လုပ်ရပ်အတိုင်း လိုက်လုပ်ကာ ထိုင်ခုံမှ ထ၍ ပါဝင်ပစ္စည်း အချို့ကို စတင် ပြင်ဆင်လေသည်။

သူတို့၏ အလုပ်များကို ဆက်လက် လုပ်ဆောင်နေစဉ် မီးဖိုချောင်းအတွင်း လေထုမှာ လေးလံနေလေသည်။

ယန်ချင်း၏ အော်ဒါကို ယူလာသော သားဖြစ်သူ ဝင်လာချိန်တွင်မှ ထိုတိတ်ဆိတ်မှုကြီး ကျိုးပျက်သွားလေသည်။

လေထုမှာ ထူးဆန်းလွန်းနေသဖြင့် ဝင်လာချိန်တွင် သားဖြစ်သူက မျက်မှောင်ကြုတ်လိုက်မိသည်။

ပုံမှန်ဆိုလျှင် ဟင်းချက်နေစဉ်အတွင်း အချင်းချင်း အငြင်းပွားနေကြသော မိဘနှစ်ပါးကိုသာ မြင်တွေ့ရလေ့ရှိသော်လည်း၊ ယခုအချိန်တွင်မူ တိတ်ဆိတ်မှုနှင့်အတူ တင်းမာပြီး ကြောက်မက်ဖွယ် လေထုတစ်ခုက နေရာယူထားသည်။

တွေးတောနေဟန်ဖြင့် သားဖြစ်သူက မေးလိုက်သည်။ “တစ်ခုခု မှားယွင်းနေလို့လား”

သားဖြစ်သူအား တင်းမာသော အကြည့်ဖြင့် စိုက်ကြည့်ရင်း အဘိုးအိုက မေးလိုက်သည်။

“ဧည့်သည် အော်ဒါ မှာပြီးပြီလား”

ထိုအကြည့်ကြောင့် သားဖြစ်သူမှာ ဆက်မေးချင်နေသော မေးခွန်းများကို ပြန်လည် မျိုချလိုက်ရသည်။ ထိုအကြည့်၏ အဓိပ္ပာယ်ကို ကောင်းစွာ သိသည်။

သူတို့၏ ကိစ္စများထဲသို့ ဆက်လက်ဝင်ရောက် စွက်ဖက်ရန် ကြိုးစားနေပါက ရိုက်နှက်မှုကိုသာ ရရှိလိမ့်မည် ဖြစ်သည်။

အတွေးများ ဤနေရာသို့ ရောက်လာချိန်တွင် နာကျင်စွာ သက်ပြင်းချလိုက်မိသည်။ အသက် ၄၀ နီးပါး ရှိနေပြီဖြစ်သော်လည်း မိဘနှစ်ပါးစလုံးထံမှ ရိုက်နှက်ခံရမည်ကို ကြောက်ရွံ့စွာဖြင့် နေထိုင်နေရဆဲပင်။

သူနှင့် ညီဖြစ်သူတို့သည် တစ်ကြိမ်မက ထွက်ပြေးရန် စဉ်းစားခဲ့ဖူးသော်လည်း အဘိုးကြီး၏ အဆက်အသွယ်များနှင့်ဆိုလျှင် တစ်ရက်အတွင်း အရှာခံရမည်ဖြစ်ပြီး ထွက်ပြေးရန် ကြိုးစားမှုအတွက် ကမ္ဘာပျက်မတတ် ရိုက်နှက်ခံရပေလိမ့်မည်။

မျက်လုံးများထဲတွင် မျှော်လင့်ချက် မီးတောက်အသစ်တစ်ခု လင်းလက်လာရင်း သားဖြစ်သူက မနာလိုစွာ တွေးလိုက်သည်။

“ဒါက ကျစ်တာနဲ့ ကျစ်ရော့လန်ကို အလိုလိုက်နေတဲ့ မကောင်းဆိုးဝါးကြီးရော ဟုတ်သေးရဲ့လား၊ သူတို့က တစ်ခါမှ မသိခဲ့ဖူးတဲ့ အခြမ်းတစ်ခုကို အမြဲတမ်း ပြသတတ်တယ်၊ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို ရောက်သွားရင်တော့ ရိုက်ခံရတာ သိပ်မနာလောက်တော့ပါဘူး”

သို့သော် အဘိုးအိုထံမှ စိတ်မရှည်သော စူးရဲသည့်အကြည့်ကို သတိပြုမိလိုက်ချိန်တွင် ထိုမျှော်လင့်ချက် မီးတောက်လေးမှာ ချက်ချင်း ငြိမ်းအေးသွားလေတော့သည်။

All Chapters