ထူးဆန်းသော အာဏာဖွဲ့စည်းပုံ
Vol. 15 Ch. 144
ကျစ်တာက ကျစ်ရော့လန် ဘီစကွတ် ကိုက်စားနေသည်ကို လျစ်လျူရှုကာ ခရမ်းမြို့တော်၏ အနေအထားကို ဆက်လက်ရှင်းပြရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ယန်ချင်းမှာ ဆန်အရက်ကို အပြည့်အဝ အရသာခံ သောက်သုံးနေသည်။
အဖွဲ့အစည်းရှိ စားသောက်ဆိုင်များတွင် စားနေကျကဲ့သို့ အရည်အသွေးမြင့် ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားခြင်း မဟုတ်သော်လည်း၊ ပါဝင်ပစ္စည်း အရည်အသွေး လိုအပ်ချက်ကို ဟင်းချက်နည်းပညာဖြင့် အပြည့်အဝ အစားထိုးနိုင်ခဲ့သည်။
ချိုမြိန်လန်းဆန်းသော အရသာရှိပြီး ၎င်းကို ဖြည့်စွက်ပေးသည့် ခပ်ဖျော့ဖျော့ ချဉ်ပြုံးပြုံး အေးမြမှုလေးလည်း ပါဝင်သည်။
ဇွန်းဖြင့် နောက်တစ်ခွက် ခပ်သောက်လိုက်ရင်း ယန်ချင်းက တွေးလိုက်သည်။ “သူတို့ရဲ့ နောက်ခံတွေ ဘာတွေ ဖယ်ထား... သူတို့ရဲ့ ဟင်းချက်စွမ်းရည်ကတော့ အစစ်အမှန်ပဲ”
ကမ္ဘာပေါ်တွင် အရသာအရှိဆုံး အစားအသောက်ကို စားနေရသည့်အလား မျက်လုံးများ မှိတ်ကျသွားသည်အထိ သဘောကျနေသော ယန်ချင်း၏ မျက်နှာအမူအရာကြောင့် ကျစ်တာနှင့် ကျစ်ရော့လန်တို့မှာ မနာလိုစွာဖြင့် ပန်းကန်လုံးကို စိုက်ကြည့်နေကြသည်။
သားကောင်ကို အခြားသားရဲများရန်မှ ကာကွယ်နေသည့် သားရဲတစ်ကောင်ကဲ့သို့ ပန်းကန်လုံးကို ကိုယ့်ဘက်သို့ ဆွဲယူလိုက်ရင်း ယန်ချင်းက ပြောလိုက်သည်။
“မင်းတို့ကို နည်းနည်းလေးတောင် မပေးနိုင်ဘူး၊ ဒီလောက် အဆင့်အတန်းရှိတဲ့ အစားအသောက်ကို အရသာခံနိုင်ဖို့ မင်းတို့က ငယ်လွန်းသေးတယ်၊ ဂျင်ဂိုလက်ဖက်ရည်နဲ့ ဘီစကွတ်ကိုပဲ စားကြ”
ကျစ်တာက မကျေမနပ်ဖြင့် တီးတိုး ရေရွတ်လိုက်သည်။
“ကျစ်... ကပ်စေးနဲတဲ့ အစ်ကိုကြီး”
သူတစ်ယောက်တည်း မဟုတ်ဘဲ ရှက်တတ်သော ကျစ်ရော့လန်ကလည်း ခြင်အော်သံလေးလို တိုးညှင်းသော အသံဖြင့် တစ်ခုခုကို တီးတိုးရေရွတ်နေလေသည်။
သစ်သားအရသာကို ဖြေဖျောက်ရန်အတွက် လက်ဖက်ရည်ကို မျက်စိစုံမှိတ်ကာ အောင့်အီး သောက်ချလိုက်ပြီးနောက် ချက်ချင်းပင် ဘီစကွတ်များကို အငမ်းမရ ကောက်စားလိုက်ကြသည်။
စားပွဲပေါ်ရှိ ဟင်းခတ်အမွှေးအကြိုင် ပုလင်းသုံးလုံးကို အင်အားစုသုံးခုအဖြစ် ကိုယ်စားပြု အသုံးပြုပြရင်း ကျစ်တာက ဆက်ပြောသည်။
“ခုနကပြောသလိုပဲ... ခရမ်းမြို့တော်ကို အုပ်ချုပ်နေတဲ့ အင်အားစုသုံးခု ယရှိတယ်၊ မြို့စားမင်းရဲ့ အုပ်ချုပ်ရေးအဖွဲ့၊ မှူးမတ်မျိုးနွယ်စုငါးစုနဲ့ အဖွဲ့အစည်းခြောက်ခုပေါ့”
“ဒါက ကိုယ်ပိုင်ခန့်မှန်းချက် သက်သက်ပါ... ဒါပေမဲ့ ဦးနှောက်နည်းနည်းရှိတဲ့ သူတိုင်း သတိထားမိမှာပါ၊ အဲဒီ သုံးခုထဲမှာ မှူးမတ်မျိုးနွယ်စုငါးစုက အားအနည်းဆုံးလို့ သတ်မှတ်လို့ ရတယ်”
“ဒါက တော်တော်လေး ရယ်စရာကောင်းတယ်၊ ဘာလို့လဲဆိုတော့ မြို့ထဲမှာ အာဏာပြတဲ့အခါ သူတို့က အသံအကျယ်ဆုံးပဲ။”
“ ဒီနေရာကို ပိုင်သလိုမျိုး ဟန်ရေးပြလေ့ ရှိပေမဲ့... အထူးသဖြင့် မျိုးဆက်သစ် လူငယ်တွေပေါ့... ဒါပေမဲ့ မြို့စားမင်းရဲ့ သီးခံနိုင်စွမ်းကို မကျော်လွန်စေမယ့် ကန့်သတ်ချက် တစ်ခုအတွင်းမှာပဲ အမြဲနေကြတယ်”
“ဒါကြောင့် မြို့စားမင်းက သူ့အကျိုးစီးပွားကို မထိခိုက်သရွေ့ လုပ်သမျှအရာအများစုကို မျက်ကွယ်ပြုထားလေ့ ရှိတယ်။ ထိခိုက်လာမှသာ ဝင်ပါတာ။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ အချင်းချင်းတိုက်ခိုက်နေတာကို လွှတ်ထားလေ့ရှိတယ်။”
“ မြို့စားမင်းကိုရော၊ အဖွဲ့အစည်းခြောက်ခုကိုရော၊ အချင်းချင်းကြားမှာပါ အမြဲတမ်း အသာစီးရအောင် ကြိုးစားနေကြတဲ့ ဆူညံပွက်လောရိုက်နေတဲ့ အုပ်စုတစ်ခုပဲ”
ကျစ်တာက သရော်သည့်ဟန်ဖြင့် ရယ်မောရင်း ဆက်ပြောသည်။
“အချင်းချင်းလည်း တော်တော်ရက်စက်ကြတယ်၊ အင်ပါယာတစ်ခုတည်းက လူတွေ ဟုတ်ရဲ့လားလို့တောင် သံသယဝင်စရာပဲ”
မေးစေ့ကိုကိုင်ကာ တွေးတောနေဟန်ဖြင့် ကျစ်တာက ရှင်းပြလိုက်သည်။
“အဖွဲ့အစည်းခြောက်ခုကတော့ မြို့စားမင်းရဲ့ အုပ်ချုပ်ရေးအဖွဲ့နဲ့ ဆက်ဆံရေး တော်တော်ကောင်းပုံရတယ်။”
“ မရှိတဲ့အရာ တစ်ခုကို ကိုယ်ပဲ တွေးလွန်နေတာလားတော့ မသိဘူး... ဒါပေမဲ့ အဲဒီအဖွဲ့အစည်းတွေနဲ့ ပတ်သက်လာရင် မြို့စားမင်းနဲ့ သူ့လူတွေရဲ့ သဘောထားက ထူးဆန်းတယ်လို့ အမြဲ ခံစားရတယ်”
ကျစ်ရော့လန်က ရုတ်တရက် ဝင်ပြောလိုက်သည်။ “သမီးလည်း အဲဒီလိုပဲ အမြဲ ခံစားရတယ်”
ဝင်ပြောချင်နေသည့်ပုံ ပေါက်နေသော ကျစ်ရော့လန်ဘက်သို့ လှည့်ကာ ယန်ချင်းက မေးလိုက်သည်။
“ဘယ်လိုမျိုး ထူးဆန်းတာလဲ”
ကျစ်တာက ဆက်ပြောရန် ဖိတ်ခေါ်သည့် လက်ဟန်အမူအရာ ပြုလုပ်ပြလိုက်သည်။
“ဘယ်လို ပြောရမလဲတော့ မသိဘူး။ ကွာခြားချက်က ခံစားမှု တစ်ခုလိုမျိုး ပိုဖြစ်နေတယ်၊ မြို့စားမင်း ရုံးတော်က လူတွေက မှူးမတ်မျိုးနွယ်စုတွေနဲ့ ဆက်ဆံတဲ့အခါ အမြဲတမ်း ကွဲပြားတဲ့ ဟန်ပန်တစ်ခု ရှိတယ်”
“ မှူးမတ်မျိုးနွယ်စုဆိုတဲ့ အဆင့်အတန်းကို သတိထားနေသေးပေမဲ့ အဲဒါက ကြောက်ရွံ့မှု ဒါမှမဟုတ် ရိုသေမှုကြောင့် မဟုတ်ဘဲ အခြေခံယဉ်ကျေးမှုနဲ့ စည်းကမ်းတွေကြောင့်သာ ဖြစ်တယ်”
“ပြုံးပြပြီး လေးစားမှု ပြသနိုင်ပေမဲ့၊ အဲဒီ မှူးမတ်မျိုးနွယ်စုက စည်းကမ်း ဖောက်ဖျက်လာရင်တော့ တစ်စက္ကန့်လေးတောင် မတွန့်ဆုတ်ဘဲ ချက်ချင်းအရေးယူလိမ့်မယ်”
“ဒါပေမဲ့ အဖွဲ့အစည်းခြောက်ခုနဲ့ ဆက်ဆံတဲ့အခါကျတော့ လုံးဝကွာခြားသွားပြန်ရော။”
“လက်အောက်ငယ်သားနဲ့ အထက်လူကြီး ဆက်ဆံသလိုမျိုး ဖြစ်နေပြီး၊ ဒီအခြေအနေမှာ မြို့စားမင်းရဲ့ အုပ်ချုပ်ရေးအဖွဲ့က လက်အောက်ငယ်သား နေရာကနေ ဆက်ဆံနေသလိုပဲ”
“အဖွဲ့အစည်းခြောက်ခု အချင်းချင်းပြိုင်ဆိုင်ကြလို့ တစ်ခါတလေ မြို့ ဒါမှမဟုတ် မြို့သူမြို့သားတွေကို ထိခိုက်နစ်နာမှုတွေ ဖြစ်လာတဲ့အခါ... အုပ်ချုပ်ရေးအဖွဲ့က ပြဿနာကို ဖြေရှင်းဖို့ တစ်ခုခု လုပ်နေသယောင် အမြဲဟန်ဆောင်လေ့ရှိပေမဲ့ တကယ်တမ်း ဘာမှမလုပ်ကြဘူး။”
“ဟန်ရေးပြရုံသက်သက်ပဲ ပြောကြတာ၊ ဒါပေမဲ့ မှူးမတ်မျိုးနွယ်စုတွေကျတော့ သူတို့ရဲ့ ရန်ပွဲတွေက သတ်မှတ်ထားတဲ့ အတိုင်းအတာ တစ်ခုကို ရောက်သွားတာနဲ့ အုပ်ချုပ်ရေးအဖွဲ့က သြဇာအာဏာကို အသုံးပြုပြီး နှိမ်နင်းဖို့ ဘယ်တော့မှ မတွန့်ဆုတ်ဘူး”
ခြောက်ကပ်နေသော လည်ချောင်းကို စိုစွတ်စေရန် ဂျင်ဂိုလက်ဖက်ရည် ခွက်ကို လှမ်းယူရင်း ကျစ်ရော့လန်က တိုးညှင်းစွာ ပြောလိုက်သည်။
“အနည်းဆုံးတော့ အမြဲတမ်း ခံစားရတာက အဲဒီလိုပဲ၊ အစ်ကိုကြီးယန်ချင်းအနေနဲ့ သမီးရဲ့ အကဲခတ်ချက်တွေကို ယုံချင်ယုံ မယုံချင်နေလို့ ရပါတယ်” တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ခွက်ကို မပြီးနောက် တစ်ကျိုက်တည်း မော့သောက်လိုက်လေသည်။
တူညီသော နှိပ်စက်မှုကို ခံစားနေရသူ နှစ်ဦး၏ ရဲဘော်ရဲဘက် စိတ်ဓာတ်ဖြင့် ကျစ်တာသည်လည်း ခွက်ကို မော့သောက်လိုက်ရင်း ညီမဖြစ်သူကို အားကျမှုနှင့် သနားကြင်နာမှု ရောယှက်နေသော အကြည့်ဖြင့် ကြည့်လိုက်သည်။
ကျစ်တာက ညင်သာစွာ ရယ်မောရင်း ပြောလိုက်သည်။ “ ဒီကိစ္စနဲ့ ပတ်သက်ပြီး ညီမလေးနဲ့ အမြင်တူတယ်၊ ပြီးတော့ အဘိုးဝမ်နဲ့ အဘွားဝမ် လည်း အမြင်တူမယ် ထင်တယ်။”
“ဘာလို့လဲဆိုတော့ အဲဒီ အဖွဲ့အစည်းတွေရဲ့ တံခါးဝမှာ ပြဿနာမရှာဖို့ အမြဲတမ်းပူညံပူညံ လုပ်နေတတ်လို့လေ၊ ပြဿနာရှာနိုင်တဲ့စွမ်းရည် ဒါမှမဟုတ် အချိန်ရှိနေတာလည်း မဟုတ်ဘဲနဲ့၊ တစ်ခါတလေ အရမ်းစိုးရိမ်လွန်ပြီး ပူညံပူညံလုပ်လွန်းတယ်”
နှစ်ယောက်လုံးကို ချီးကျူးသည့်အနေဖြင့် ယန်ချင်းက ပြောလိုက်သည်။ “အင်း... မျှဝေပေးခဲ့တဲ့ အချက်အလက်တွေက တော်တော်လေး စိတ်ဝင်စားစရာ ကောင်းတယ်”
“သတင်းအချက်အလက်အဖွဲ့အစည်းတစ်ခု ဖွင့်ချင်တယ်ဆိုတဲ့ အိပ်မက်က တကယ်အလုပ်ဖြစ်နိုင်တယ်”
နှိမ့်ချဟန်ဖြင့် ကျစ်တာက ပြန်ဖြေလိုက်သည်။ “ဘာမှ မဟုတ်ပါဘူး၊ မျက်လုံးတွေကို သေချာ အသုံးချရုံ သက်သက်ပါပဲ”
သို့သော် ချီးကျူးခံလိုက်ရသဖြင့် စိမ့်ထွက်လာသော ဝင့်ကြွားသည့် အရှိန်အဝါကိုမူ အထင်းသား မြင်တွေ့နေရသည်။
ထပ်မံချီးကျူးခံချင်သည့်အလား ခေါင်းကို မော့ကာ ကျစ်ရော့လန်ကလည်း တခစ်ခစ် ရယ်မောလိုက်လေသည်။
မောင်နှမနှစ်ဦး၏ တုံ့ပြန်မှုများကြောင့် ခေါင်းခါယမ်းရင်း ယန်ချင်းက မေးလိုက်သည်။
“ဒါဆို မျိုးနွယ်စုငါးစုက ဘယ်သူတွေလဲ”
ခရမ်းမြို့တော်ကို အုပ်ချုပ်နေသော အင်အားစု သုံးခု အနက် မျိုးနွယ်စုငါးစုအကြောင်းကို လုံးဝ မသိပေ။
သို့သော် အဖွဲ့အစည်းခြောက်ခုနှင့် ပတ်သက်လာလျှင်မူ မမေးဘဲနှင့်ပင် အမည်များကို အကြမ်းဖျင်း သိထားပြီး ဖြစ်သည်။ အထူးသဖြင့် မြေနွယ်စားသောက်ဆိုင်နှင့် အဆင့်အတန်း တူညီမည်ဆိုပါက ပို၍ပင် သေချာသည်။
ထိုအကြမ်းဖျင်း သိရှိမှုမှာ အကဲဖြတ်မှုများ ပြုလုပ်ရမည့် နယ်မြေများအတွင်း ပျံ့နှံ့တည်ရှိနေသော မတူညီသည့် အဖွဲ့အစည်းများ၏ နောက်ဆုံးရ စာရင်းပါဝင်သော စာလိပ်ထံမှ ရရှိခဲ့ခြင်း ဖြစ်သည်။
မြေနွယ်စားသောက်ဆိုင်ကို အမှတ်မထင် တွေ့ရှိချိန်က မေပယ်နီအင်ပါယာအတွင်းရှိ အဖွဲ့အစည်းအချို့ကို ဖြတ်ကျော် ဖတ်ရှုခဲ့ပြီး ဖြစ်သည်။
ထိုအချိန်ကတည်းက ခရမ်းမြက်ခရိုင်တွင် မြေနွယ်စားသောက်ဆိုင်နှင့် အဆင့်အတန်း တူညီသော နောက်ထပ် အဆင့် ၄ အဖွဲ့အစည်း ငါးခု ရှိနေခြင်းက ထူးခြားနေကြောင်း သတိပြုမိခဲ့သည်။
ခရီးစဉ်တစ်လျှောက် ဖတ်ရှုလေ့လာခဲ့သော သတင်းအချက်အလက်များကို ယန်ချင်း ပြန်လည် စဉ်းစားနေမှုမှာ အစားအသောက် ပန်းကန်များ ရောက်ရှိလာခြင်းကြောင့် ပြတ်တောက်သွားသည်။
ဒယ်အိုးကပ် ဖက်ထုပ်ကြော်များ အပြည့်ထည့်ထားသော ပန်းကန် နှစ်ချပ် ပါလာသည်။ ကျစ်မောင်နှမနှစ်ဦး၏ တောက်ပနေသော မျက်လုံးများက ထိုပန်းကန်များပေါ်တွင် ကပ်ငြိနေကြသည်။
တစ်ချိန်တည်းမှာပင် ယန်ချင်း၏ ရှေ့၌ ထမင်းကြော် တစ်ပွဲ၊ အမဲသားနှင့် ပန်းဂေါ်ဖီစိမ်းကြော် အပြည့်ထည့်ထားသော ပန်းကန်လုံးကြီးတစ်လုံး၊ တန်တန်ခေါက်ဆွဲတစ်ပွဲ၊ ကြွပ်ရွနေသော ရွှေရောင်ကြက်သွန်မြိတ် ပန်ကိတ်ပူပူလေးများနှင့် ခရမ်းချဉ်သီး ကြက်ဥဟင်းချိုတစ်ပွဲတို့ ရောက်ရှိလာသည်။
ပူပူနွေးနွေး အစားအသောက်များထံမှ ထွက်ပေါ်လာသော ရနံ့လေးကပင် သုံးဦးစလုံး၏ ဗိုက်များကို အကျယ်ကြီး တဂွီဂွီ မြည်လာစေသည်။
“သုံးဆောင်လို့ရပါပြီခင်ဗျာ”
အဘိုးဝမ်၏ သားဖြစ်သူက ပြောလိုက်ပြီးနောက် ယန်ချင်းက အားလုံးကို နှစ်ပွဲစီ မှာထားသဖြင့် ကျန်ရှိနေသော မှာကြားချက်များကို ယူလာရန် လှည့်ထွက်သွားလေသည်။
…
“ဘယ်ရောက်သွားပြီလဲ... အာ... မျိုးနွယ်စုငါးစု...၊ မျိုးနွယ်စုငါးစုက မိုမျိုးနွယ်စု၊ ကျန်းမျိုးနွယ်စု၊ ကုန်းမျိုးနွယ်စု၊ ချန်မျိုးနွယ်စုနဲ့ နောက်ဆုံး ကွေ့မျိုးနွယ်စုတို့ပဲ”
“အဲဒီ ငါးစုထဲမှာ မိုမျိုးနွယ်စုက အင်အားအကြီးဆုံးလို့ သတ်မှတ်လို့ ရတယ်၊ တကယ်တော့ မှူးမတ်မျိုးနွယ်စုတွေကို အုပ်ချုပ်သူအင်အားစုတစ်ခုအဖြစ် သတ်မှတ်နိုင်ရတဲ့ အကြောင်းရင်းရဲ့ တစ်စိတ်တစ်ပိုင်းက မိုမျိုးနွယ်စု ရှိနေလို့ပဲ။”
“အင်အားက အကြီးဆုံးဖြစ်ပြီး ကြားဖူးသလောက် ခေါင်းဆောင်က နန်းတော်အဆင့် ကျွမ်းကျင်သူတစ်ယောက်တဲ့”
ကျစ်တာက စွပ်စွဲချက်များကို အဆက်မပြတ် ပြောဆိုတော့မည့်ဟန်ဖြင့် စတင်လိုက်သည်။ “ဒါကြောင့်များ နာမည်အဆိုးဆုံး ဖြစ်နေတာလား မသိဘူး။ အထူးသဖြင့် မျိုးဆက်သစ် လူငယ်တွေက...”
သို့သော် ရုတ်တရက် စကားရပ်သွားပြီး ပတ်ဝန်းကျင်ကို သတိကြီးစွာဖြင့် အကဲခတ်လိုက်သည်။
စိုးရိမ်နေသော အမူအရာကို မြင်သောအခါ ယန်ချင်းက နှစ်သိမ့်လိုက်သည်။ “အတားအဆီး ရှိနေတုန်းပဲ၊ ဘယ်သူမှ မကြားရပါဘူး”
ကျစ်တာက ရှင်းပြလိုက်သည်။ “အစ်ကိုကြီးယန်ချင်းက နောက်ခံကောင်းတဲ့ သူတစ်ယောက်မှန်း သိသာပါတယ်... ဒါပေမဲ့ တတ်နိုင်ရင် ဥယျာဉ်ဖြူစံအိမ်ကို သွားတာ ရှောင်ပေးပါ”
“ဧည့်သည်အများစုက အဲဒီကို သွားရတာ သဘောကျကြတယ်၊ အစားအသောက်၊ သောက်စရာ ဒါမှမဟုတ် အနားယူဖို့ အကောင်းဆုံး နေရာအဖြစ် နာမည်ကြီးလို့ နားလည်ပေးလို့ ရပါတယ်...”
“ ဒါပေမဲ့ အဲဒီနေရာက ဒီမှူးမတ်မျိုးနွယ်စုတွေက မျိုးဆက်တွေ အထူးသဖြင့် မိုမျိုးနွယ်စုက လူတွေ အမြဲလာတတ်တဲ့နေရာပဲ”
“အဲဒီနေရာကို ကိုယ်ပိုင်ခြံဝင်းလို သဘောထားကြပြီး အဲဒီတံခါးတွေရဲ့ နောက်ကွယ်မှာ ကိစ္စတွေအများကြီး ဖြစ်ခဲ့ဖူးတယ်၊ နောက်ခံမရှိတဲ့ အပြင်လူတစ်ယောက်အနေနဲ့ အဲဒီကို မသွားဖို့ အကြံပေးချင်ပါတယ်”
ကျစ်တာက လေးနက်စွာ ဆက်ပြောလိုက်သည်။
“တည်းခိုဖို့ နေရာလိုတယ်ဆိုရင် ကောင်းတဲ့နေရာတချို့ကို သိတယ်၊ ဥယျာဉ်ဖြူစံအိမ်လောက်တော့ ခမ်းနားမှာ မဟုတ်ပေမဲ့ အနည်းဆုံးတော့ အေးအေးချမ်းချမ်း အနားယူနိုင်ပြီး လုံခြုံရေးအတွက်လည်း အာမခံချက် ရှိတယ်”
“စံအိမ်မှာ ရှိနေတုန်း အဲဒီ မျိုးဆက်တွေထဲက တစ်ယောက်ယောက်ကများ မျက်စိကျသွားရင် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ ယှဉ်ရင် အများကြီးပိုကောင်းပါတယ်”
ယန်ချင်းက ကျေးဇူးတင်စွာ ပြုံးရင်း ပြန်ပြောလိုက်သည်။ “ဂရုစိုက်မှုအတွက် ကျေးဇူးအများကြီးတင်ပါတယ် ကျစ်တာ၊ သတိထားပါ့မယ်”
ထို့နောက် ယန်ချင်းက မေးလိုက်သည်။ “မင်းတို့ နှစ်ယောက်လုံးကို တစ်ခုလောက် မေးလို့ ရမလား၊ ဖြေရတာ အဆင်မပြေဘူးဆိုရင် ငြင်းလို့ ရပါတယ်”
ကျစ်တာက နားမလည်နိုင်သော မျက်နှာထားဖြင့် ပြန်မေးလိုက်သည်။
“ဘာများလဲ”
ယန်ချင်းက ဖြည်းညှင်းစွာ မေးလိုက်သည်။
“မင်းတို့ နှစ်ယောက်လုံး ဒီက မဟုတ်ဘူး မလား”
နောက်သို့ လန်ကျသွားပြီးနောက် အရာအားလုံး အဆင်ပြေကြောင်းနှင့် မေးခွန်းကြောင့် အံ့အားသင့်မသွားကြောင်း ဟန်ဆောင်ရန် ကိုယ်နေဟန်ထားကို အလျင်အမြန်ပြင်ဆင်ရင်း ကျစ်တာက မေးလိုက်သည်။
“ဘာကို ဆိုလိုတာလဲ”
တုန်ယင်နေသောအသံမှာ အနည်းငယ်ကျယ်သွားသဖြင့် အလျင်အမြန် ဖုံးကွယ်ရန် ကြိုးစားလိုက်သည်။ ဘေးရှိ ကျစ်ရော့လန်မှာမူ ထိုမေးခွန်းကို ကြားလိုက်ရချိန်တွင် ကြောက်ရွံ့မှုကြောင့် သူငယ်အိမ်များ ကျုံ့ဝင်သွားလေသည်။