← Chapters

မောင်နှမနှစ်ဦးအတွက် ယန်ချင်း၏ အကြံပေးစကား

Vol. 15 Ch. 145

မောင်နှမနှစ်ဦးအတွက် ယန်ချင်း၏ အကြံပေးစကား

Vol. 15 Ch. 145

“ဒီလောက်ပါပဲ...”

ယန်ချင်းက တီးတိုးရေရွတ်လိုက်သည်။

ထိုမောင်နှမနှစ်ဦးနှင့် အပြန်အလှန်စကားပြောဆိုနေစဉ်အတွင်း သူတို့၏ဇစ်မြစ်ကို သံသယဝင်စရာဖြစ်စေသော စကားပြောဆိုပုံအပါအဝင် ပုံမှန်မဟုတ်သည့် အချက်အချို့ကို သတိပြုမိခဲ့သည်။

ဖုံးကွယ်ရန် ကြိုးစားနေကြသည့်တိုင် သိသာထင်ရှားစွာ ထိတ်လန့်နေကြသော မောင်နှမနှစ်ဦးကို တည်ငြိမ်သွားစေရန် ယန်ချင်းက ညင်သာစွာ ပြောလိုက်သည်။

“ဘာမှမပြောခင်လေး စိတ်မပူပါနဲ့၊ ငါက အင်ပါယာက လူမဟုတ်သလို သူတို့နဲ့ ဘာအဆက်အသွယ်မှလည်း မရှိပါဘူး...”

ဧကရာဇ်အာရုံကို အမြဲတမ်းဖွင့်ထားသဖြင့် သူတို့၏ ခြေထောက်များတုန်ရီနေမှု၊ နှလုံးခုန်နှုန်း မြန်ဆန်နေမှုနှင့် အသက်အောင့်ထားမှုများကိုပင် အာရုံခံမိနေသည်။

ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော အချက်ပြမှုတိုင်းကို ဧကရာဇ်အာရုံမှတစ်ဆင့် ရှင်းလင်းစွာ သိမြင်နေရသည်။

စကားက တင်းမာနေမှုများကို သက်သာစေရန် အထောက်အကူ မဖြစ်သည်ကို မြင်သောအခါ၊ ထိုကိစ္စကို ထုတ်ပြောလိုက်မိခြင်းက ဂရုမစိုက်ရာ ကျသွားသလားဟု တွေးရင်း သက်ပြင်းချလိုက်မိသည်။

သူတို့၏ မျက်လုံးများအရဆိုလျှင် အခွင့်အရေးသာရပါက လသာဆောင်မှ ခုန်ချပြီး လမ်းကြားထဲသို့ ထွက်ပြေးသွားကြမည့်ပုံ ပေါက်နေသည်။

ကြက်သွန်မြိတ်ပန်ကိတ် တစ်ခုကို ကောက်ယူရင်း ယန်ချင်းက တွေးလိုက်သည်။ “ဒီဇတ်လမ်းကို စပြီးမှတော့ အဆုံးထိ သွားလိုက်တာပဲ ကောင်းပါတယ်လေ...”

“ဒီလိုကွ... လှည့်စားတာတွေ ဒါမှမဟုတ် အဲဒါနဲ့ပတ်သက်တဲ့ တခြားနည်းစနစ်တွေမှာ သိပ်မတော်ပေမဲ့ အဲဒါတွေကို ရှာဖွေဖော်ထုတ်တဲ့ နေရာမှာတော့ ငါကတော်တော်လေး ကျွမ်းကျင်တယ်”

“အစပိုင်းမှာတော့ မကျွမ်းကျင်ခဲ့ပါဘူး... ဒါပေမဲ့ အလုပ်ရဲ့ သဘောသဘာဝအရ အချိန်ကြာလာတာနဲ့အမျှ လက်တွေ့အတွေ့အကြုံတွေ ရလာပြီး တော်တော်လေးကျွမ်းကျင်လာတာ”

“ မဟုတ်ရင် အမြဲတမ်းအပြစ်တင်ခံရ၊ ဒဏ်ရိုက်ခံရပြီး ကွင်းဆင်းအလုပ်တွေချည်းပဲ လုပ်နေရမှာ...”

“ဒါကြောင့် ကိုယ့်အကျိုးအတွက်ပဲ အာရုံစူးစိုက်မှုကို အလေ့အကျင့်တစ်ခု ဖြစ်လာတဲ့အထိ သွေးသွေးလာခဲ့တယ်”

“ အဲဒီလို လုပ်လာခဲ့လို့ တမင်မရည်ရွယ်ဘဲနဲ့တောင် ပတ်ဝန်းကျင်က အရာတချို့ကို မသိစိတ်ကနေ အလွန်အမင်းသတိထားမိနေတတ်တယ်၊ ပြီးတော့ သဘာဝအရကို စပ်စုတတ်တော့ ဒါကလည်း မကောင်းဘူးပေါ့...”

“အမူအရာတိုင်း၊ မျက်နှာအသွင်အပြင်တိုင်း၊ လက်ဟန်ခြေဟန်တိုင်း၊ ပြီးတော့ အဓိပ္ပာယ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စကားလုံးတိုင်းကို စူးစူးစိုက်စိုက်နဲ့ အကုန်မှတ်သားထားတတ်တယ်”

“ အဲဒီလောက် လုပ်ထားတာတောင် မျက်စိနဲ့ နားကနေ လွတ်သွားတဲ့အရာတွေ အများကြီး ရှိဦးမယ်ဆိုတာ သေချာတယ်...”

“ ဘာပဲဖြစ်ဖြစ် ဒီကမ္ဘာကြီးက ကျယ်ပြန့်တာကိုး... ဒါပေမဲ့ မင်းတို့ နှစ်ယောက်လုံးနဲ့ ပတ်သက်လာရင်တော့ ဒီကမဟုတ်ဘူးဆိုတာကို အသေအချာ ပြောရဲတယ်...”

ကြက်သွန်မြိတ်ပန်ကိတ်ကို တစ်ကိုက် ကိုက်စားလိုက်ရင်း ယန်ချင်းက ဆက်ပြောသည်။

“ပြီးတော့ ဒါကို ဘာလို့ ထုတ်ပြောနေရတာလဲပေါ့၊ နိုင်ငံတစ်ခုကနေ တစ်ခုကို ပြောင်းရွှေ့နေထိုင်ကြတာက ဆန်းကြယ်တဲ့ ကိစ္စမှ မဟုတ်တာ...”

“ ပြီးတော့ မြို့ထဲကို ဝင်လာတဲ့ လူတွေကို ကြည့်ရုံနဲ့တင် ကမ္ဘာကြီးရဲ့ လက်ရှိအနေအထားအရ အင်ပါယာမှာ ဝင်ရောက်အခြေချနေတဲ့ လူတွေ ရှားပါးနေတဲ့ပုံလည်း မပေါ်ဘူး...”

“တကယ်တော့ ဒီကိစ္စကို ထုတ်ပြောရတဲ့ အကြောင်းရင်းက မင်းတို့ အကျိုးအတွက်ပါ...”

“အင်း... ဒါလေး တော်တော်စားကောင်းတာပဲ၊ ဖက်ထုပ်နဲ့ တွဲစားကြည့်သင့်တယ်...”

ထိုသို့ပြောရင်း ယန်ချင်းက ပန်ကိတ်အနည်းငယ်ကို ကောက်ယူကာ နှစ်ယောက်လုံး၏ ပန်းကန်များထဲသို့ ထည့်ပေးလိုက်သည်။

လက်များ လှုပ်ရှားသွားချိန်တွင် တစ်ခုခု လုပ်မည်ကို စိုးရိမ်သဖြင့် ကျစ်တာက ညီမဖြစ်သူ၏ အရှေ့မှနေ၍ ကာကွယ်သည့်အနေဖြင့် လက်ကို ကာလိုက်သည်။

ယန်ချင်းက လေးနက်သော လေသံဖြင့် ရှင်းပြလိုက်သည်။ “ကျစ်တာ... မင်းရဲ့ တုံ့ပြန်မှုတွေကို ဖုံးကွယ်တဲ့ နေရာမှာ ဒီထက်ပိုကြိုးစားဖို့ လိုတယ်”

“ တစ်ယောက်ယောက်က မင်းရဲ့ဇစ်မြစ်ကို သံသယ နည်းနည်းလေးဝင်နေရင်တောင် အခုလို တုံ့ပြန်မှုက သေချာပေါက် တစ်ခုခု ရှိနေတယ်... အဲဒါကလည်း သေးသေးမွှားမွှားလေးမဟုတ်ဘူးဆိုတဲ့ သံသယတွေကို ပိုပြီး ခိုင်မာသွားစေတယ်...”

“အစောပိုင်းက ငါ့ဆီကို လာချဉ်းကပ်တုန်းက တကယ့်ခံစားချက်တွေကို အခုထက် ပိုကောင်းအောင် ဖုံးကွယ်ထားနိုင်ခဲ့တယ်”

“ ပြီးတော့ ဂျင်ဂိုလက်ဖက်ရည် မအေးသွားခင်နဲ့ အာနိသင်မပျောက်သွားခင် သောက်လိုက်ပါဦး၊ အဲဒါက အတွင်းဒဏ်ရာတွေနဲ့ ခန္ဓာကိုယ်ကို အမြဲတမ်း ထိခိုက်နေစေတဲ့ စွမ်းအင်အလွန်အကျွံကုန်ဆုံးနေမှုတွေကို ကုသပေးလိမ့်မယ်”

“ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်မှာ ရှိနေတဲ့ ကျင့်ကြံသူတွေဆီမှာတောင် အသားအရောင်တွေ ဖျော့တော့လာပြီဆိုရင် အဲဒါက လျစ်လျူရှုထားလို့ရတဲ့ သာမန်ကိစ္စလေး မဟုတ်တော့ဘူး”

“အချိန်အကြာကြီး လျစ်လျူရှုထားမယ်ဆိုရင် ကျွမ်းကျင်တဲ့ ဆေးဘက်ဆိုင်ရာ ပညာရှင်တစ်ယောက်ရဲ့ အကူအညီနဲ့ မြေကမ္ဘာအဆင့်ကနေ ကောင်းကင်အဆင့်အထိ ရှိတဲ့ တန်ဖိုးကြီးဆေးပင်တွေ သုံးပြီးမှ ဖယ်ရှားလို့ရမယ့် နာတာရှည် ရောဂါတစ်ခု ဖြစ်သွားလိမ့်မယ်...”

မျက်လုံးများကို ကျဉ်းမြောင်းကာ ပြောလိုက်သဖြင့် မောင်နှမနှစ်ဦးမှာ ကြောက်ရွံ့နေသည့်တိုင် မသိစိတ်မှ ခွက်များကို ကောက်ကိုင်ကာ သောက်လိုက်မိကြသည်။

“ဒီက မဟုတ်ဘူးဆိုတာ ဘယ်လို သိသွားလဲဆိုတာနဲ့ ဒါကို ပြောရတဲ့ အကြောင်းရင်းကို မပြောပြခင် နှစ်ယောက်လုံးကို အထူးသဖြင့် ကျစ်တာ... မင်းကို ပြောပြဖို့ လိုအပ်တယ်လို့ ခံစားရတဲ့ အရာတစ်ခု ရှိတယ်...”

“မင်းရဲ့ အသက် ဒါမှမဟုတ် ချစ်တဲ့သူတစ်ယောက်ယောက်ရဲ့ အသက်နဲ့ လဲလှယ်ပြီးမှ ထိန်းသိမ်းထားရမယ့် မာနဆိုတာ ဘာအဓိပ္ပာယ်မှ မရှိဘူး”

“အထူးသဖြင့် အဲဒီမာနက အသည်းအသန်လိုအပ်နေတဲ့ အကူအညီကို လက်မခံဖို့ ဒါမှမဟုတ် အကူအညီလိုအပ်နေတယ်ဆိုတာကို ဝန်မခံဖို့ တားဆီးနေတယ်ဆိုရင်ပေါ့...”

“ဒါကြောင့် မင်းက ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့ လိုတယ်... အဲဒီမာနကို ဆုပ်ကိုင်ထားတာက လက်ရှိအခြေအနေကနေ လွတ်မြောက်ဖို့ ကူညီပေးနေတာလား ဒါမှမဟုတ် ပိုပြီး နစ်မွန်းသွားစေတာလား...”

“တကယ်လို့ နောက်တစ်ခု ဆိုရင်ကော အဲဒါကိုဆက်ထိန်းထားလို့ ဘာအသုံးဝင်မှာလဲ။ အထူးသဖြင့် အခြေအနေမျိုးမှာ အကူအညီ တောင်းတာ၊ အကူအညီကို လက်ခံတာက ဘာမှမမှားဘူး”

“ အဲဒီလို လက်ခံရလို့ အရမ်းဝန်လေးနေတယ်ဆိုရင်လည်း ရခဲ့တဲ့ ကျေးဇူးတွေကို သေချာမှတ်ထားပြီး ပြန်ဆပ်နိုင်လောက်အောင် စွမ်းအားကြီးလာတဲ့အခါမှ ပြန်ဆပ်လိုက်ပေါ့”

“အကူအညီလက်ခံတာက ရိုင်းပျတဲ့ လုပ်ရပ်လို့ လွဲမှားစွာ ခံယူထားလို့ပဲဖြစ်ဖြစ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး အခြေအနေကို ဖြေရှင်းချင်လို့ပဲဖြစ်ဖြစ် အကူအညီတွေကို ငြင်းဆန်နေမယ့် အစားပေါ့...”

“တကယ်လို့ ကမ္ဘာကြီးက အဲဒီလိုသာ လည်ပတ်နေမယ်ဆိုရင် ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေ ဒါမှမဟုတ် တခြားအဖွဲ့အစည်းတွေ ရှိနေဖို့ မလိုတော့ဘူးလေ”

“ လူတွေက ဘယ်သူ့အကူအညီမှ မပါဘဲ ကိုယ့်ဘာသာကြိုးစားပြီး ထိပ်ဆုံးကိုရောက်သွားကြ၊ အင်အားကြီးပုဂ္ဂိုလ်တွေ ဖြစ်သွားကြမှာပေါ့”

“ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အဲဒီလို မဖြစ်ဘူးလေ။ တစ်ယောက်တည်း ကြိုးစားပြီး ထိပ်ဆုံးကို ရောက်သွားနိုင်တဲ့ ထူးချွန်တဲ့ပုဂ္ဂိုလ်တွေ ရှိကောင်းရှိနိုင်ပေမဲ့ အဲဒီလိုလူတွေ ဘယ်နှစ်ယောက်လောက် ရှိလဲ”

“အဲဒီလို ရောက်သွားတဲ့ သူတွေမှာတောင် များသောအားဖြင့် အဲဒီလို ဖြစ်လာစေမယ့် အထူးအခြေအနေတွေ ရှိတတ်ကြတယ်...”

ယန်ချင်းက ဆက်မေးလိုက်သည်။ “ကျစ်တာ... မင်းက အဲဒီလို လူမျိုးလား၊ ကျစ်ရော့လန် ရော...”

ထိုစကားများကြောင့် ကလေးနှစ်ဦးမှာ အပြစ်ရှိသလို ရှက်ရွံ့စွာဖြင့် ခေါင်းငုံ့သွားကြသည်။

ယန်ချင်းက အဓိပ္ပာယ်ပါပါ ပြုံးရင်း ညင်သာစွာ ရှင်းပြလိုက်သည်။

“အဲဒီလို လူမျိုးတွေ မဟုတ်ဘူးဆိုရင် အသက်ရှင်ဖို့အတွက်... အသက်ရှင်ရုံ သက်သက်မဟုတ်ဘဲ တကယ့်ကို ရှင်သန်နိုင်ဖို့အတွက်... မင်းတို့မှာရှိတဲ့ အရာအားလုံးကို အသုံးချပါ။”

“ လူတစ်ယောက်အနေနဲ့ အခြေခံစည်းမျဉ်းတွေကို မကျော်လွန်သရွေ့ပေါ့၊ ဒါနဲ့ ပတ်သက်ပြီး ထပ်ပြောစရာ မလိုတော့ပါဘူး၊ နှစ်ယောက်လုံးက ဉာဏ်ကောင်းတဲ့ ကလေးတွေမို့ ဘာကို ဆိုလိုချင်လဲဆိုတာ သိမှာပါ...”

အဘိုးဝမ်ဇနီးမောင်နှံက ကလေးနှစ်ဦးကို ကူညီရန် ကြိုးစားခဲ့ဖူးမည်ဟု ခံစားမိသည်။

သူတို့၏ စွမ်းဆောင်ရည်များနှင့်ဆိုလျှင် ကလေးနှစ်ဦးမှာ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်၏ ကြေးဝါအဆင့်တွင် တစ်ဝဲလည်လည် ဖြစ်နေမည် မဟုတ်သလို၊ ခန္ဓာကိုယ် စွမ်းအင်များ အလွန်အကျွံကုန်ဆုံးနေမည်လည်း မဟုတ်ပေ။ ကလေးနှစ်ဦးကသာ သူတို့၏ အကူအညီကို ငြင်းပယ်ခဲ့ခြင်း ဖြစ်ရမည်။

ကျစ်တာက ခေါင်းမော့ကာ လေးနက်စွာဖြင့် ဖြေလိုက်သည်။

“သိပါတယ်...”

ကျစ်ရော့လန်ကလည်း စက္ကန့်အနည်းငယ် အကြာတွင် တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ခေါင်းမော့လာသော်လည်း မျက်နှာပေါ်တွင် အပြစ်ရှိသလို ခံစားနေရမှုက ထင်ရှားနေသည်။

အပြစ်ရှိသလို ခံစားချက်ကြောင့် ဖြစ်ပေါ်လာသော အနေရခက်မှုကို ဖုံးကွယ်ရန်အတွက် ဘီစကွတ်များကိုပင် စိုးရိမ်တကြီးဖြင့် ဟိုရွှေ့ဒီရွှေ့ လုပ်နေလေသည်။

All Chapters