အသစ်ကနေ ပြန်စရန် အခွင့်အရေး
Vol. 15 Ch. 147
ကျစ်တာနှင့် ကျစ်ရော့လန်တို့သည် ထိုင်ခုံများပေါ်တွင် ခဏမျှ ငြိမ်သက်စွာ ထိုင်နေပြီးနောက် ကမန်းကတန်း ထရပ်ကာ လသာဆောင်မှနေ၍ ပတ်ဝန်းကျင်ကို လိုက်လံ ကြည့်ရှုနေကြသည်။
လမ်းမများကို အရင် ကြည့်လိုက်သော်လည်း ယန်ချင်းကို မတွေ့ရသလို၊ သွားလာနေသူများကလည်း ထူးခြားမှု တစ်ခုခုကို သတိထားမိပုံ မပေါ်ပေ။
ကောင်းကင်ယံဆီ အကြည့်ရောက်သွားပြန်သော်လည်း အရိပ်အယောင်ကိုမူ လုံးဝမမြင်ရပေ။
အခုလေးတင် အတူတူ အစားအသောက်များ စားပြီး စကားများ ပြောဆိုနေခဲ့သော ယန်ချင်းဆိုသည်မှာ စိတ်ကူးယဉ် အိပ်မက်တစ်ခုလိုပင် ပျောက်ကွယ်သွားခဲ့ပြီ။
ကျစ်ရော့လန်က မေးလိုက်သည်။ “အစ်ကိုကြီး... သူ ဘယ်ရောက်သွားတယ် ထင်လဲ...”
ကျောပြင်မှာ ချွေးသီးချွေးပေါက်များ ကျလာရင်း ကျစ်တာက ခြောက်ကပ်ကပ် ရယ်မောကာ ပြန်ဖြေလိုက်သည်။
“မသိဘူးလေ၊ ဒါပေမဲ့ မျက်နှာအမူအရာကို ကြည့်ရတာ တော်တော် အရေးကြီးတဲ့ ကိစ္စပေါ်လာပုံပဲ။ အစ်ကိုကြီးယန်ချင်း ဒီလောက်အထိ စွမ်းအားကြီးမယ်လို့ မထင်ထားဘူး။”
“ စကားမပြောရင်တောင် ကျင့်ကြံခြင်း အခြေခံနဲ့တင် မသိအောင် ဖုံးကွယ်ထားနိုင်တာ သိပ်များများစားစား ရှိမယ် မထင်ဘူး။”
“ကိုယ်ကတော့ သရုပ်ဆောင်စွမ်းရည်တွေနဲ့ လိမ်ရလွယ်တဲ့ သူဌေးဖောက်သည်တစ်ယောက် ရပြီဆိုပြီး ဘဝင်မြင့်နေခဲ့တာ...”
အင်အားကြီး ကျွမ်းကျင်သူတစ်ယောက်နှင့် နောက်ပြောင် ကစားနေခဲ့သည်ကို လုံးဝ မသိခဲ့ပေ။ တစ်ခုခုသာ မှားယွင်းသွားခဲ့လျှင် ညီမဖြစ်သူနှင့် နှစ်ယောက်လုံး ဘယ်လို သေသွားမှန်းတောင် သိလိုက်ရမည် မဟုတ်ပေ။
ကျစ်ရော့လန်က စိုးရိမ်တကြီး မေးလိုက်သည်။ “အစ်ကိုကြီးလို့ ဆက်ခေါ်ခွင့် ပေးပါဦးမလား...”
မေးခွန်းတစ်ခု မေးနေပုံရသော်လည်း တကယ်တမ်းတွင် စိုးရိမ်ပူပန်မှုများကို ဖွင့်ဟနေသည်နှင့် ပိုတူသည်။
ကျစ်တာက သက်ပြင်းချလိုက်သည်။ “မသိဘူးလေ...” ယနေ့သည် လွယ်ကူသော နေ့တစ်နေ့တော့ မဟုတ်ပေ။
ဒီတစ်ပတ်အစမှာပင် မြွေပွေးနက်ဂိုဏ်းက ပေးရမည့် ဆက်ကြေး ရာခိုင်နှုန်းကို တိုးမြှင့်လိုက်သည်။ ညီမဖြစ်သူနှင့်အတူ အသက်ရှင်ရပ်တည်ရန် လုံလောက်သော ငွေကြေး ချန်ထားနိုင်ရန် ထိုသတ်မှတ်ချက် ပြည့်မီအောင် အသည်းအသန် ရုန်းကန်နေခဲ့ရသည်။
ဒီကနေ့ အစောပိုင်းက ပေးရမည့် ငွေပမာဏကို လျှော့ပေးရန် လုပ်ခဲ့သော်လည်း ဂိုဏ်းဝင် တစ်ယောက် မိသွားခဲ့သည်။
ကံကောင်း၍ အရိုက်ခံရရုံနှင့် ဒီနေ့မကုန်ခင် နှစ်ဆ ပြန်လျော်ရန် ဒဏ်ရိုက်ခံရတာနှင့်တင် ပြီးသွားခဲ့သည်။
အဲဒါကြောင့်ပင် ချမ်းသာမည့်ပုံ ပေါက်နေသော လူငယ်လေး ယန်ချင်းကို တွေ့လိုက်ရချိန်တွင် အလွန် ဝမ်းသာသွားခဲ့ခြင်း ဖြစ်သည်။
ထွက်ပေါက်တစ်ခုဟု ထင်ခဲ့သော်လည်း နောက်ဆုံးတော့ ကိုယ့်ဇာစ်မြစ်တွေသာ ပေါ်သွားပြီး၊ လိမ်ရလွယ်သည့် အခြေတည်အဆင့် လူငယ်လေးဟု ထင်ခဲ့သူမှာ ကြောက်မက်ဖွယ် ကျင့်ကြံခြင်း အခြေခံ ရှိသူ ဖြစ်နေခဲ့သည်။
တိမ်များကြားထဲတွင် ယန်ချင်းကိုများ တွေ့မလားဆိုသည့် မျှော်လင့်ချက်ဖြင့် ကောင်းကင်ကို တောက်ပသော မျက်လုံးလေးများဖြင့် မော့ကြည့်ရင်း ကျစ်ရော့လန်က ပြောလိုက်သည်။
“ခေါ်ခွင့်ပေးမယ် ထင်ပါတယ်။ သဘောကောင်းမယ့်ပုံပဲ။ တခြားသူတွေ ကြည့်တဲ့ အကြည့်မျိုးနဲ့ မကြည့်ဘူး။”
“ ဂျင်ဂိုလက်ဖက်ရည် တိုက်တာလေး တစ်ခုပဲ ရှိတာ... ကျန်တာ နေ့လယ်စာတောင် ဝယ်ကျွေးသေးတယ်...”
မျှော်လင့်ချက် အပြည့်ပါသော လေသံဖြင့် ကျစ်ရော့လန်က ထပ်ပြောသည်။
“ကူညီနိုင်လောက်တယ်၊ အသစ်ကနေ ပြန်စဖို့ ကူညီပေးနိုင်တယ်လို့ ပြောခဲ့တယ်လေ...”
ညီမဖြစ်သူကို ကြည့်ပြီး ကျစ်တာ သက်ပြင်းသညချလိုက်မိသည်။
စိတ်ထဲမှ တစ်စိတ်တစ်ပိုင်းကလည်း ရင်ထဲတွင် ရှင်သန်လာသော မျှော်လင့်ချက်လေးကို ဖက်တွယ်ထားချင်သော်လည်း၊ ရင်ဆိုင်နေရသောကိစ္စမှာ လွယ်ကူသည့် ကိစ္စမဟုတ်ကြောင်းကို သိနေသည်။
“ရော့လန်... လေထဲမှာ ရုတ်တရက် ပျောက်သွားတာကို ကြည့်ရင် အစ်ကိုကြီးယန်ချင်းက နန်းတော်အဆင့် ရောက်နေတဲ့သူ ဖြစ်နိုင်ပေမဲ့ မကူညီနိုင်တဲ့ အခြေအနေလည်း ရှိနိုင်တယ်...”
“ပါဝင်နေတဲ့ အဖွဲ့အစည်းက ဘယ်လောက်ပဲ အင်အားကြီးကြီး... အစ်ကိုကြီးယန်ချင်းရဲ့ စကားတစ်ခွန်းတည်းနဲ့ သူတို့တောင် မသိတဲ့ ခန္ဓာကိုယ်သန့်စင်ခြင်း အဆင့်က ကလေးနှစ်ယောက်ကို ကာကွယ်ပေးဖို့အတွက် မျိုးနွယ်စုကို ရန်စရဲမယ် ထင်လို့လား...”
မျက်လုံးများထဲတွင် နက်ရှိုင်းသော ဝမ်းနည်းမှုများနှင့် နာကျင်မှုများ ဖြတ်ပြေးသွားရင်း အံကြိတ်ကာ ကျစ်တာက စကားကို ခေတ္တရပ်လိုက်သည်။
“အင်အားကြီးမျိုးနွယ်စုတွေ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးကို မြင်ဖူးတယ်။ ဘယ်လောက်ပဲ ပါရမီ ပါပါ... မျိုးနွယ်စုရဲ့ အကျိုးစီးပွားက လူတစ်ဦးချင်းစီထက် အမြဲတမ်း ပိုအရေးကြီးတယ်။ အဖေနဲ့ အမေတုန်းက အဲဒါကို တစ်ခါမြင်ခဲ့ရပြီးပြီပဲ...”
ကျစ်ရော့လန်က ထိုင်ခုံဆီ ပြန်သွားထိုင်လိုက်ပြီး နှုတ်ခမ်းများ တုန်ရီလာကာ မျက်လုံးထဲတွင် မျက်ရည်များ ဝဲတက်လာသည်။
“ရော့လန်... မျှော်လင့်ချက်တွေကို ဖျက်ဆီးချင်လို့ မဟုတ်ပါဘူး။ ဒါပေမဲ့ ကလေးနှစ်ယောက်အတွက်နဲ့ နယ်မြေအဆင့် ကျွမ်းကျင်သူ တွေ အများကြီး ရှိတယ်လို့ နာမည်ကြီးပြီး နှစ်ပေါင်း ၁၀၀,၀၀၀ နီးပါး ရပ်တည်လာခဲ့တဲ့ မျိုးနွယ်စု တစ်ခုနဲ့ ရန်ဖြစ်ခံမယ့်သူ ရှိမယ် မထင်ဘူး...”
“ဒါပေမဲ့ ဒါက အတွေးသက်သက်ပါ... အစ်ကိုကြီးယန်ချင်း ပြန်လာရင် အကူအညီ တောင်းကြည့်ပါ့မယ်...”
“ပြီးခဲ့တဲ့ နှစ်အနည်းငယ်က မလွယ်ကူခဲ့ဘူး။ အခွင့်အရေး ဘယ်လောက်ပဲ နည်းပါစေ... အသစ်ကနေ ပြန်စခွင့် ရမယ်ဆိုရင်တော့ မဆိုးပါဘူး။”
“ပြီးတော့ ဘာလို့လဲတော့ မသိဘူး... တစ်နေ့လုံး တစ်ယောက်ယောက်က စောင့်ကြည့်နေသလိုမျိုး စိတ်လေးနေတယ်...”
ကျစ်ရော့လန်၏ ဆံပင်များကို ပွတ်သပ်ပေးရင်း ကျစ်တာက ပြောလိုက်သည်။
“မြွေပွေးနက်ဂိုဏ်းက တစ်ခုခုအတွက် ပြင်ဆင်နေသလိုမျိုး အခုတလော အဖွဲ့ဝင်သစ်တွေ အများကြီး လက်ခံပြီး လှုပ်ရှားမှုတွေ အများကြီး လုပ်နေတယ်”
“အစ်ကိုကြီးယန်ချင်းက မကူညီရင်တောင် မြွေပွေးနက်ဂိုဏ်းက ဘာအကြံအစည်ပဲ ရှိနေရှိနေ... အဲဒီထဲကို မပါသွားခင် တခြားတစ်နေရာရာကို ခေါ်သွားပေးရင်တောင် အဆင်ပြေပါတယ်...”
လွန်ခဲ့သော လေးနှစ်က ကျစ်ရော့လန်နှင့်အတူ နောက်ဆုံး ကျန်သည့် စုဆောင်းငွေလေးဖြင့် ခရမ်းမြို့တော်ကို ရောက်လာစဉ်က ဒီလောက်အထိ အသက်ရှင်နိုင်မည်ဟု မထင်ခဲ့ပေ။
ဉာဏ်ကောင်းမည်၊ အကင်းပါးမည်၊ ပြီးတော့ နောက်ခံမှ ရလာသော အားကိုးစရာ စွမ်းရည် တချို့ ရှိနိုင်သော်လည်း... ခွန်အားကသာ အရာအားလုံးကို ဆုံးဖြတ်သော ကမ္ဘာကြီးတွင် ဉာဏ်တစ်ခုတည်းဖြင့် အသက်ရှင်နိုင်မည်ဟု ထင်လောက်အောင်အထိတော့ ဘဝင်မမြင့်ခဲ့ပေ။
ဒီလောက်အထိ အသက်ရှင်နိုင်ခဲ့တာ ကံကောင်း၍သာ ဖြစ်ကြောင်း အမြဲ ခံစားခဲ့ရပြီး ယခုနောက်ပိုင်း ထိုကံတရားကလည်း ကုန်ခမ်းလာပြီဟု ထင်ရသည်။
အကူအညီတောင်းရန် ယန်ချင်းပြောခဲ့သော စကားများက သူ့ကိုသတိဝင်သွားစေသည်။
တကယ်တမ်းမှာ အတိတ်က စိတ်ကူးယဉ်အိပ်မက်များနှင့် ညီမဖြစ်သူမှလွဲ၍ ဘာမှမရှိတော့သည့်တိုင် နောက်ခံအင်အားနှင့်နှင့် အခွင့်ထူးများ ရှိနေသေးသယောင် ပြုမူနေမိတုန်းပင်။
နောင်တရသလို ပြုံးရင်း ကျစ်တာက တိတ်ဆိတ်စွာ ရေရွတ်လိုက်သည်။
“ကျိုးလီ မဟုတ်တော့ဘူး... အခု ကျစ်တာ ဖြစ်နေပြီ၊ အဲဒီအမှန်တရားကို လက်ခံရမယ့် အချိန်ရောက်ပြီ...”
ကျစ်ရော့လန်၏ မျက်လုံးများကို စိုက်ကြည့်ရင်း ကျစ်တာက ပြောလိုက်သည်။
“အစ်ကိုကြီးယန်ချင်းရဲ့ အကူအညီကို ယူချင်တယ်ဆိုရင် အတိတ်အကြောင်း အကုန်လုံးကို ပြောပြရလိမ့်မယ်... ဒါမှ သူဘာနဲ့ ရင်ဆိုင်ရမလဲဆိုတာ သိမှာ။”
“မျှော်လင့်ထားသလို ဖြစ်မလာနိုင်လို့ နောက်ဆက်တွဲ ဖြစ်လာမယ့် အကျိုးဆက်တွေအတွက် နှစ်ယောက်လုံး ပြင်ဆင်ထားဖို့ လိုတယ်...”
“အင်း...”
ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် ကျစ်ရော့လန်က ခေါင်းညိတ်လိုက်သည်။
ကျစ်တာက သက်ပြင်းချလိုက်သည်။ “အဘိုးဝမ်၊ အဘွားဝမ် နဲ့ တခြားသူတွေ ရှိတဲ့ ဒီနေရာလေးကိုတော့ သတိရနေတော့မှာပဲ...”
ဝမ်းနည်းသော လေသံဖြင့် ကျစ်ရော့လန်က တိုးတိုးလေး ရေရွတ်လိုက်သည်။
“အတူတူပဲ...”
…..
(မီးဖိုချောင်အတွင်း)
လက်ထဲမှဓား ပြုတ်ကျသွားသည်အထိ တုန်ရီနေသော အသံဖြင့် အဘွားဝမ်က မေးလိုက်သည်။
“ရှင်အဲဒါကို ခံစားမိလိုက်လား...”
လေးနက်သော မျက်နှာထားဖြင့် အဘိုးဝမ်က ပြန်ဖြေလိုက်သည်။
“တကယ်ပဲ သူကနန်းတော်အဆင့်မှာ ရှိနေတာ... ပြီးတော့ အဲဒီ အရှိန်အဝါကို ကြည့်ရတာ တုန်းချိုးထက်တောင် ပိုပြီး အားကောင်းနေတဲ့ပုံပဲ...”
ယန်ချင်း ထွက်သွားချိန်တွင် အလျင်လိုနေသောကြောင့် အရှိန်အဝါ အနည်းငယ် ထွက်ပေါ်သွားသည်။
သတိကြီးကြီးထားပြီး ဝိညာဉ်အာရုံများကို ဖွင့်ထားသော အဘိုးဝမ်နှင့် အဘွားဝမ်တို့မှာ ထိုအရှိန်အဝါ၏ ရိုက်ခတ်မှုကို ခံလိုက်ရသည်။
ခဏလေး ထိတွေ့လိုက်ရုံနှင့်ပင် ခန္ဓာကိုယ်များမှာ ကြောက်ရွံ့မှုကြောင့် အေးခဲသွားခဲ့သည်။
….
(ခရမ်းမြို့တော်အပြင်ဘက် ကောင်းကင်ယံအထက်တွင်)
လက်မောင်းတွင် ရွှေချည်ထိုးထားပြီး အင်္ကျီပေါ်တွင် ရွှေရောင်ဝါးပင်ပုံစံ ချုပ်လုပ်ထားသော အဖြူရောင်ဝတ်ရုံကို ခမ်းနားစွာ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်က ပြောလိုက်သည်။
“တကယ့်ကို မြင့်မြတ်သွေးမျိုးဆက်ရှိတဲ့ ဝိညာဉ်သားရဲဆိုတဲ့အတိုင်း ထိုက်တန်ပါပေတယ်...”
ရွှေရောင် ဆံပင်များ ရှိပြီး အသက် ၃၀ အစောပိုင်း အရွယ်လောက်သာ ရှိမည့်ပုံ ပေါက်နေကာ၊ ဆံပင်များကို ရွှေရောင်ဆံထိုး တစ်ချောင်းဖြင့် ထုံးဖွဲ့ထားသည်။
လက်ရှိတွင်တော့ ကျယ်လောင်သော ငှက်အော်သံများ ထွက်ပေါ်နေသည့် လေဆင်နှာမောင်းတစ်ခုထဲတွင် ပုန်းအောင်းနေသော တစ်စုံတစ်ရာကို ချည်နှောင်ထားသည့် ရွှေရောင်ကြိုး တစ်ချောင်းကို ဆွဲနေသည်။
လက်သင်္ကေတ အနည်းငယ်ကို ဖန်တီးလိုက်ရာ ကြိုးပေါ်တွင် အနီရောင်အလင်းဖျော့ဖျော့လေး ပေါ်လာပြီး ကြိုး၏ အရွယ်အစားမှာ ပိုမိုကြီးမားလာသည်။
လေဆင်နှာမောင်းကို ဝိုင်းရံထားသော မျက်နှာချင်းဆိုင်မှ လူနှစ်ယောက်ကို ရွှေရောင်ဆံပင်နှင့် လူငယ်က ပြောလိုက်သည်။
“ရေနဂါးအရွတ်ကြိုးနဲ့ လှုပ်ရှားမှုတွေကို ချည်နှောင်ထားပြီး... ခင်ဗျားတို့ နှစ်ယောက်သာ စွမ်းအင်တွေ ကုန်သွားတဲ့အထိ တိုက်ခိုက်နေမယ်ဆိုရင် အောင်အောင်မြင်မြင်ဖမ်းမိဖို့က အချိန်တစ်ခုပဲ လိုတော့တယ်...”
သူတို့ထဲမှ တစ်ယောက်မှာ ဓားကဲ့သို့ ချွန်မြသော မျက်လုံးများ၊ လိမ္မော်နီရောင်ဆံပင်များ ရှိပြီး ရွှေရောင်ဆံပင်နှင့် လူငယ်ထက် မနိမ့်ကျသော ဝတ်ရုံကို ဝတ်ဆင်ထားသည်။
နောက်ဆုံးတစ်ယောက်သည် အနည်းငယ်ဝသော ခန္ဓာကိုယ်ရှိသည့် အဘိုးအိုတစ်ယောက်ဖြစ်ပြီး သာမန်အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားသော်လည်း ဝတ်ရုံပေါ်တွင် ရွှေရောင်ဝါးပင်သင်္ကေတ ပါရှိသည်။
လိမ္မော်နီရောင်ဆံပင်နှင့်လူက သက်ပြင်းချကာ ဓားဖြင့် အတင်းဝင်ရောက် တိုက်ခိုက်လိုက်ပြီး၊ အဘိုးအိုကတော့ လှုပ်ရှားလိုက်သည်နှင့် ကျားဟိန်းသံကဲ့သို့ ထွက်ပေါ်လာစေသော အားပြင်းသည့် လက်သီးတစ်ချက်ကို ထိုးချလိုက်သည်။
တိုက်ခိုက်မှု စည်းချက်များမှာ ပြီးပြည့်စုံစွာ ကိုက်ညီနေပြီး၊ ရွှေရောင်ဆံပင်နှင့် လူငယ်၏ မျက်လုံးများထဲတွင် လောဘ အရိပ်အယောင်လေးများနှင့်အတူ မျှော်လင့်ချက်များ၊ စိတ်လှုပ်ရှားမှုများ အထင်းသား ပေါ်လွင်နေသည်။
“မင်းတို့ကများ ရဲတင်းလှချည်လား”
တိမ်များပင် ကွဲထွက်သွားမတတ် ယန်ချင်း၏ ဒေါသတကြီး ဟိန်းဟောက်သံက ထိုဧရိယာ တစ်ဝိုက်တွင် ပဲ့တင်ထပ်သွားသည်။
အသံပိုင်ရှင်က ဘယ်သူလဲဆိုတာကို သုံးယောက်လုံး မသိလိုက်ခင်မှာပင်... ကျယ်လောင်သော ပေါက်ကွဲသံကြီးနှင့်အတူ ရွှေရောင်ကြိုးမှာ ပြတ်တောက်သွားသည်။
ခရမ်းရောင်လျှပ်စီးများ ပါဝင်နေသော မျက်စိကျိန်းမတတ် အဖြူရောင်အလင်းတန်းကြီးက အဘိုးအို၏ လက်သီးကို အရင်ဆုံး ဝင်တိုက်လိုက်ရာ မီတာရာအနည်းငယ် အကွာအထိ လွင့်စင်သွားသည်။
ထို့နောက် ခရမ်းရောင်လျှပ်စီးများက အဖြူရောင်အလင်းတန်းထဲမှ ခွဲထွက်လာပြီး လိမ္မော်နီရောင်ဆံပင်နှင့် လူ၏ဓားကို ဝင်တိုက်လိုက်သည်။
ခရမ်းရောင်လျှပ်စီးနှင့် လိမ္မော်နီရောင်ဆံပင်နှင့် လူ၏ဓားတို့ ထိခိုက်မိချိန်တွင် သတ္တုချင်း ရိုက်ခတ်သံကဲ့သို့ ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာသည်။
မျက်နှာပေါ်တွင် တင်းမာသောအမူအရာ ပေါ်လာပြီး ဓားက တကျွိကျွိ မြည်ကာ နောက်သို့ တွန်းပို့ခံလိုက်ရသည်။
ထိုဖြစ်စဉ်အတွင်း လက်များမှာ တံတောင်ဆစ်အထိ မီးလောင်ကျွမ်းသွားသော်လည်း အလျင်အမြန်ပင် ပြန်လည် ကောင်းမွန်လာသည်။
အဖြူရောင်အလင်းတန်း ပျောက်ကွယ်သွားပြီး ထိုနေရာတွင် ခံစားချက်မဲ့နေသော မျက်နှာထားဖြင့် ယန်ချင်းမှာ ရုတ်တရက် ပေါ်လာလေသည်။