အခန်း (၁-၃)
Vol. 1 Ch. 1-3
အခန်း (၁)
“ဒုန်း ဒုန်း ဒုန်း”
ကျန်းရိုသည် တံခါးခေါက်သံတစ်သံကြောင့် အိပ်ရာမှနိုးလာခဲ့သည်။ သူမသည် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး မာကျောသော ကုတင်ပေါ်မှ ငူငူငေါင်ငေါင်ဖြင့် ထထိုင်လိုက်၏။
ထထိုင်လိုက်သည့် လမ်းတစ်ဝက်တွင် အနည်းငယ် ခက်ခဲသွားသဖြင့် တစ်စုံတစ်ခုကို သတိရသွားကာ သူမသည် မျက်နှာကိုမဲ့လိုက်ပြီး စူထွက်နေသော ဗိုက်လုံးလုံးလေးကို လက်တစ်ဖက်ဖြင့် ပင့်မထားလိုက်ရသည်။
အပြင်ဘက်မှ တံခါးခေါက်သံ ရပ်တန့်သွားပြီး အမျိုးသမီးတစ်ဦး၏ အသံကျယ်ကြီးဖြင့် အော်ခေါ်သံ ထွက်ပေါ်လာလေသည်။ "ရှောင်ရို... အိမ်မှာရှိလား"
စဉ်းစားချိန်ပင် မရလိုက်ဘဲ ကျန်းရိုသည် အပြင်ဘက်သို့ လှမ်းအော်ကာ ပြန်ဖြေလိုက်၏။ "လာပါပြီ"
ထို့နောက် သူမသည် ခြေထောက်နှစ်ဖက်ကို နှေးကွေးစွာ ဆန့်ထုတ်လိုက်ပြီး ကုတင်အောက်မှ ဝါဂွမ်းဖိနပ်ကို ရှာဖွေကာ ဖောရောင်နေသော ခြေထောက်များကို ထိုအထဲသို့ ထိုးထည့်လိုက်သည်။ ထို့နောက် ကုတင်ကို လက်ဖြင့်ထောက်ကာ နှေးကွေးစွာ ထရပ်ပြီး အပြင်ဘက်သို့ လျှောက်သွားလေသည်။
ဗိုက်က အလွန်လေးလံနေသဖြင့် သံတုံးကြီးတစ်ခု ဆွဲထားရသကဲ့သို့ ခံစားနေရရာ သူမသည် လက်နှစ်ဖက်ဖြင့် ပွေ့မထားမှသာ သက်သာရာရသွား၏။
ခြံဝင်းထဲသို့ ရောက်သောအခါ ကျန်းရိုသည် ခြံတံခါးမကြီးမှ တံခါးမင်းတုံးကို ဖယ်ရှားလိုက်ပြီး တံခါးကို ဆွဲဖွင့်လိုက်ရာ အပြင်ဘက်တွင် ဈေးခြင်းတောင်းကို ချိတ်ဆွဲထားသော ပိန်ပိန်မည်းမည်း အမျိုးသမီးနှင့် တန်းတန်းမတ်မတ် မျက်နှာချင်းဆိုင် တွေ့လိုက်ရလေသည်။
ထိုအမျိုးသမီးသည် သူမထက် ခေါင်းတစ်ဝက်ခန့် ပုပြီး ဆံပင်များက ခြောက်သွေ့နေကာ မျက်နှာမှာလည်း ချောင်ကျနေသည်။ မျက်လုံးထောင့်နှင့် ပါးစပ်ထောင့်တို့တွင် အရေးအကြောင်းများ ထင်ရှားနေသော်လည်း မျက်နှာသွင်ပြင်မှာမူ အချိုးအစားကျနသဖြင့် ငယ်ရွယ်စဉ်က ရုပ်ရည်ချောမောခဲ့မည်ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
သူမသည် ကျန်းရို ထွက်လာသည်ကို မြင်လိုက်သောအခါ နှုတ်ခမ်းထောင့်များ ချက်ချင်းပင် အောက်သို့ ကွေးကျသွားပြီး ပါးနပ်ပုံရသော မျက်လုံးများဖြင့် သူမ၏ တစ်ကိုယ်လုံးကို အထက်အောက် စုန်ချည်ဆန်ချည် ကြည့်လိုက်လေသည်။ နောက်ဆုံးတွင် သူမ၏ အကြည့်များသည် အိပ်ရာရာကြောင့် အရေးအကြောင်းများ ထင်နေသော ကျန်းရို၏ ညာဘက်ပါးပြင်ပေါ်သို့ ကျရောက်သွားပြီး လေသံမာမာဖြင့် မကျေမနပ် မေးမြန်းတော့၏။
"နေ့ခင်းကြောင်တောင်ကြီး ဘာလို့ တံခါးပိတ်ထားတာလဲ။ ဘယ်အချိန်ရှိနေပြီလဲ အိပ်တုန်းရှိသေးတယ်၊ နင့်မှာ ယောကျ်ားတစ်ယောက်ရှိသေးတယ်ဆိုတာ မေ့နေတာလား"
ကျန်းရိုသည် အပြစ်ကင်းစင်ဟန်ဖြင့် မျက်တောင်ခတ်လိုက်ပြီး ခေါင်းငုံ့လိုက်လေသည်။
တောင်းပန်ပါတယ်၊ သူမ တကယ်ပဲ မေ့နေခဲ့ခြင်း ဖြစ်သည်။
လင်းမေ့ရူသည် သူမ၏ သစ်တုံးကဲ့သို့သော ပုံစံကြောင့် ဒေါသထွက်လွန်းသဖြင့် အသက်ရှူပင် မှားသွားမတတ် ဖြစ်သွားရ၏။ သူမ၏ သားဖြစ်သူက မည်ကဲ့သို့သော ကံဆိုးမိုးမှောင်ကျမှုကြောင့် ဤကဲ့သို့သော မိန်းမမျိုးနှင့် ငြိစွန်းမိသွားသည်ကို သူမ နားမလည်နိုင်တော့ချေ။
သူမသည် မျက်နှာထားတင်းတင်းဖြင့် ဘောင်းဘီအိတ်ကပ်ထဲမှ တွန့်ကြေနေသော ပိုက်ဆံအချို့ကို နှိုက်ထုတ်လိုက်ပြီး ကျန်းရို၏လက်ကို ဆွဲယူကာ ထိုးထည့်ပေးလိုက်သည်။ ထို့နောက် ဈေးခြင်းတောင်းထဲမှ သိပ်မလတ်ဆတ်တော့သော ဟင်းသီးဟင်းရွက်များကိုလည်း သူမထံသို့ ထိုးထည့်ပေးလိုက်ပြီး အသံမာမာဖြင့် ပြောလိုက်လေသည်။
"ခဏနေရင် စခန်းသွားပြီး လူသွားရွေးလိုက်၊ နင်က ရှက်စရာမကောင်းဘူးလို့ ထင်ရင်တောင် ငါက ရှက်တတ်သေးတယ်"
သူမသည် ကျန်းရိုကို နောက်ထပ်တစ်ချက်ပင် ကြည့်ချင်ပုံမရဘဲ ပြောပြီးသည်နှင့် ချက်ချင်း လှည့်ထွက်သွားတော့သည်။
အဝေးသို့ ရောက်သွားသည့်တိုင် သူမ၏ ပါးစပ်မှ "အကြွေးလာတောင်းတဲ့ကောင်မ" ၊ "လူပျင်းမ" စသဖြင့် ဆဲရေးတိုင်းထွာသံများကို ကြားနေရဆဲပင်။
ထိုလူ ထွက်သွားသည်ကို မျက်စိတစ်ဆုံး ကြည့်ပြီးနောက် ကျန်းရိုသည် တံခါးကို ပြန်ပိတ်လိုက်ပြီး ဟင်းသီးဟင်းရွက်များကို ပွေ့ပိုက်ကာ အိမ်ထဲသို့ ပြန်ဝင်လာခဲ့၏။
၁၉၉၈ ခုနှစ်၏ တောင်ဘက်ပိုင်း ဝေးလံခေါင်သီသော မြို့နယ်လေးတစ်ခု ဖြစ်သည့်အလျောက် တံခါးဖွင့်စီးပွားရေးစနစ်၏ အကျိုးကျေးဇူးများကို များစွာ မခံစားရသေးသဖြင့် ဒေသခံများသည် အုတ်စိမ်းခင်း၊ အမိုးနက် တိုက်ပုလေးများတွင်သာ အနေများကြသည်။
တံခါးပေါက်မှ ဝင်လိုက်သည်နှင့် ဧည့်ခန်းသို့ ရောက်ရှိသွားသည်။ ဧည့်ခန်းထဲတွင် အလင်းရောင် ကောင်းစွာမရရှိပေ။ တံခါးမကြီးနှင့် မျက်နှာချင်းဆိုင် နံရံပေါ်တွင် ဧည့်ကြိုထင်းရှူးပင် ပန်းချီကားချပ်ကြီး တစ်ခုကို ကပ်ထားပြီး ပန်းချီကား၏ ညာဘက်အပေါ်ဘက်တွင် သက်ကြီးရွယ်အိုတစ်ဦး၏ အဖြူအမည်း ဓာတ်ပုံတစ်ပုံကို ချိတ်ဆွဲထားသည်။ အောက်ဘက်တွင်မူ စက္ကန့်တံတရွေ့တိုင်း "တစ်" ဟူသော အသံမြည်သည့် ရှေးဟောင်း နာရီကြီးတစ်လုံး ရှိနေလေသည်။
နံရံအောက်တွင် မြင့်မားသော လက်ဖက်ရည်ပွဲ ခုံရှည်တစ်လုံးနှင့် လေးထောင့်စားပွဲတစ်လုံးကို ထားရှိထားသည်။ လေးထောင့်စားပွဲကို နံရံကပ်ထားပြီး ဘယ်ညာတစ်ဖက်စီတွင် ကုလားထိုင်တစ်လုံးစီ ရှိနေ၏။
ခေတ်ဟောင်းဆန်သော အငွေ့အသက်များဖြင့် ပြည့်နှက်နေပေသည်။
ကျန်းရိုသည် လျှောက်သွားလိုက်ပြီး ဟင်းသီးဟင်းရွက်များနှင့် ပိုက်ဆံများကို စားပွဲပေါ်သို့ တင်လိုက်သည်။ ထို့နောက် ရေနွေးအိုးကို ယူကာ မိမိအတွက် ရေကျက်အေးတစ်ခွက် ငှဲ့သောက်လိုက်၏။
ရေသောက်ပြီးနောက် သက်သောင့်သက်သာဖြင့် သက်ပြင်းချလိုက်ပြီး ဘေးနားရှိ ကုလားထိုင်တွင် ဝင်ထိုင်လိုက်သည်။ နဖူးပေါ်မှ ချွေးများကို သုတ်လိုက်ပြီး လက်ဖြင့် ယပ်ခတ်လိုက်လေသည်။ ကိုယ်ဝန်ကြောင့်လား မသိသော်လည်း ယခု သူမသည် အပူဒဏ်ကို အလွန်ကြောက်နေမိသည်။
ရဲတပ်ဖွဲ့သင်တန်းကျောင်းတွင် လေ့ကျင့်စဉ်ကပင် ဤမျှလောက် ပူအိုက်သည်ဟု မခံစားခဲ့ရဖူးပေ။
ရဲတပ်ဖွဲ့သင်တန်းကျောင်းအကြောင်း တွေးမိပြီးနောက် သူမ၏ လုံးဝန်းနေသော ဗိုက်ကို ငုံ့ကြည့်လိုက်မိရာ ကျန်းရို၏ စိတ်အခြေအနေမှာ ပြန်လည်ညှိုးငယ်သွားရပြန်သည်။
လွန်ခဲ့သော နှစ်ရက်က သူမ အိပ်ရာမှ နိုးလာသောအခါ လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကျော်သို့ ရောက်ရှိနေပြီး သံသယတရားခံ လီရှောင်း၏ ဇနီးဟောင်း ဖြစ်နေသည်ကို တွေ့ရှိခဲ့ရသည်။
နိမိတ်တစ်ခုခုရှိခဲ့သလားဟုဆိုရလျှင် လီရှောင်း အမှုပိတ်သိမ်းပြီး အဖမ်းခံရချိန်တွင် သူမသည် စင်္ကြံလမ်း၌ရပ်နေပြီး အတိအကျ မြင်တွေ့လိုက်ရခြင်းပင် ဖြစ်လိမ့်မည်။
မူလက မျက်နှာသေနှင့်ဖြစ်နေသော ထိုအမျိုးသားသည် လုပ်ဖော်ကိုင်ဖက်တစ်ဦးက သူမကို "ကျန်းရို" ဟု လှမ်းခေါ်လိုက်သည်ကို ကြားသောအခါ ရုတ်တရက် မျက်လွှာပင့်ကာ သူမကို တစ်ချက် ကြည့်လိုက်သည်။ ထိုအချိန်တွင် နှစ်ဦးသား၏အကြည့်များ အဝေးမှ ဆုံစည်းသွားခဲ့ပြီး အေးစက်ကာ ဂရုမစိုက်တတ်သော ထိုမျက်ဝန်းများသည် သူမ၏ ဦးနှောက်ထဲတွင် စွဲထင်ကျန်ရစ်ခဲ့ကာ ဖျောက်ဖျက်၍ မရနိုင်ခဲ့ပေ။
ထို့ကြောင့် နောက်ပိုင်းတွင် လီရှောင်း ယာဉ်တိုက်မှုဖြင့် သေဆုံးသွားကြောင်း ကြားသိရသောအခါ သူမသည် ညပေါင်းများစွာ ဆက်တိုက် အိပ်မက်ဆိုးများ မက်ခဲ့ရသည်။
လီရှောင်းအကြောင်းပြောရလျှင် ရဲစခန်းတစ်ခုလုံးတွင် မသိသူမရှိလောက်အောင် ကျော်ကြားသူဖြစ်သည်။ ကျန်းရို ကျောင်းတက်စဉ်က ဆရာသည် သူ့အကြောင်းကို ဥပမာပေးကာ သင်ကြားပေးခဲ့ဖူးသည်။ ထိုစဉ်က မှတ်တမ်းများတွင် ဖော်ပြထားသော လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်က သူနှင့်အတူ ထွက်ပြေးသွားသည့် ဇနီးဟောင်း၏ အမည်နှင့် သူမ၏ အမည်မှာ တစ်ပုံစံတည်း တူညီနေသည်ကို တွေ့ရသဖြင့် စိတ်ထဲတွင် ထူးဆန်းသလို ခံစားခဲ့ရဖူးသည်။
ကျန်းရိုသည် မိမိတွင် မည်သို့သော ကံတရားများ ရှိနေသည်ကို မသိချေ။ ဘွဲ့ရပြီး အလုပ်သင်ဆင်းချိန်တွင် သူ့အမှုနှင့် အတိအကျ ကြုံတွေ့ခဲ့ရသည်။ သူမသည် လူသစ်ဖြစ်သဖြင့် မည်သည့်အရာကိုမျှ နားမလည်ဘဲ ဆရာသမားများကို ကူညီကာ စာရွက်စာတမ်းများ စီစဉ်ပေးရုံသာ တတ်နိုင်ခဲ့သော်လည်း ထိုသို့လုပ်ဆောင်ရင်းဖြင့် ကျောင်းတွင် သိခဲ့ရသည်ထက် ပိုမိုရှင်းလင်းစွာ သိရှိလာခဲ့ရသည်။
ဤအမှုသည် အလွန်ရှုပ်ထွေးပြီး ပါဝင်ပတ်သက်သူ များပြားကာ အချိန်ကာလ ကြာမြင့်သော အမှုတစ်ခု ဖြစ်သည်။ အမှု၏အစမှာ အပြစ်ကင်းစင်သော ကလေးမလေးတစ်ဦး ကျောင်းတွင်းအနိုင်ကျင့်မှုကြောင့် သေဆုံးခဲ့ရသည့် ဖြစ်ရပ်ဖြစ်သည်။ သားကောင်ဖြစ်သူ ကလေးမလေး သေဆုံးပြီး တစ်နှစ်အတွင်းတွင် အနိုင်ကျင့်ခဲ့သူများမှာ တစ်ယောက်ပြီးတစ်ယောက် ထူးဆန်းစွာ သေဆုံးသွားခဲ့ကြသည်။ ထို့ကြောင့် အမြဲတမ်း ပျောက်ကွယ်နေခဲ့သော လီရှောင်းကို သံသယတရားခံအဖြစ် သတ်မှတ်ခဲ့ကြသည်။
ဆယ့်တစ်နှစ်ကြာပြီးနောက် သူ ရုတ်တရက် ပြန်လည်ပေါ်လာမှသာ အမှုနှင့်ပတ်သက်ပြီး အခြားတွေ့ရှိချက်များ ပေါ်ပေါက်လာခဲ့သည်။
လီရှောင်းသည် လူကောင်း ဟုတ်မဟုတ် ပြောရန်ခက်သော်လည်း သူ့သမီးဖြစ်သူမှာမူ အမှန်တကယ်ပင် အပြစ်ကင်းစင်သူဖြစ်သည်။
ကျန်းရိုသည် ထိုကလေးမလေး၏ ဓာတ်ပုံကို မြင်ဖူးသည်။ ကလေးမလေးသည် ဖခင်ဖြစ်သူ၏ ထူးခြားသော ရုပ်ရည်ကို အမွေရရှိထားပြီး အလွန်လှပကာ ပြုံးလိုက်လျှင် ကောင်းကင်တမန်လေးတစ်ပါးနှင့် တူလေသည်။ မှတ်တမ်းများအရ မိန်းကလေးသည် ငယ်စဉ်ကတည်းက စာတော်ပြီး နူးညံ့သိမ်မွေ့ကာ ကြင်နာတတ်သော စိတ်ထားရှိကြောင်း သိရသည်။
သူမကို အနိုင်ကျင့်ခဲ့ကြသူများမှာ အထက်တန်းကျောင်းသား ကောင်လေးအချို့ ဖြစ်ကြသည်။ ထိုကောင်လေးများ၏ မိသားစု အခြေအနေမှာ အလွန်ချမ်းသာကြွယ်ဝပြီး အားလုံးမှာ အရွယ်မရောက်သေးသူများဖြစ်ကြသဖြင့် ပြဿနာဖြစ်ပြီးနောက် ကျောင်းနှင့် ဒေသခံရဲစခန်းကို လျင်မြန်စွာ ရှင်းလင်းကာ အရာအားလုံးကို ဖုံးကွယ်ထားခဲ့ကြသည်။
စာသင်ခန်းထဲတွင် ဆရာက ဤအမှုအကြောင်း ရှင်းပြစဉ်က အခန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်ကို မှတ်မိနေသေးသည်။ အဘယ်ကြောင့်ဆိုသော် ဥပဒေ၏ ကျိုးကြောင်းဆီလျော်မှုနှင့် နှိုင်းယှဉ်လျှင် ကျောင်းသားများ ဖြစ်ကြသော သူတို့သည် ငယ်ရွယ်သူပီပီ သွေးသားဆန္ဒနှင့် ခံစားချက်များကို ဦးစားပေးတတ်ကြသောကြောင့် ဖြစ်သည်။
ထိုစဉ်က သူတို့အားလုံးသည် လီရှောင်းကို လူသတ်တရားခံဟု ထင်မှတ်ခဲ့ကြသော်လည်း သနားသည်ဟုတော့ မဆိုနိုင်ပေ။ သူ၏သမီးကို သေအောင်လုပ်ခဲ့သော ကလေးများသည် သနားစရာမကောင်းဟုသာ ခံစားခဲ့ကြရသည်။
အလွန်လှပပြီး လိမ္မာရေးခြားရှိသော မိန်းကလေးတစ်ယောက်၊ အကန့်အသတ်မရှိ လှပသော ဘဝတစ်ခုကို ပိုင်ဆိုင်ထားသူလေးသည် အသက်ဆယ်နှစ်အရွယ်မှာပင် ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။
အမှုပြီးဆုံးပြီးနောက် အဖွဲ့လိုက် ညစာစားပွဲတွင်ပင် ရဲလုပ်သက် ဆယ်နှစ်ကျော်ရှိသော ဝါရင့်ရဲအရာရှိအချို့က ဤအမှုသည် အလွန်ရင်နာစရာကောင်းကြောင်း ပြောဆိုခဲ့ကြသည်။ ကလေးမလေး၏ အပြစ်ကင်းစင်မှုအတွက် ရင်နာရသလို၊ သူတစ်ပါးကို ဒုက္ခပေးပြီး မိမိကိုယ်ကိုယ်လည်း ဖျက်ဆီးခဲ့သော ကောင်လေးများအတွက်လည်း ရင်နာရသည်။ ထို့ထက်ပို၍ ကလေးများကို ကောင်းမွန်စွာ မဆုံးမခဲ့သော မိဘများကြောင့် ဆယ်စုနှစ်နှင့်ချီသော ဤအဖြစ်ဆိုးကြီး ဖြစ်ပေါ်လာပြီး ပြန်လည်ပြုပြင်၍ မရနိုင်သော ရလဒ်ဆိုးများ ဖြစ်ပေါ်စေခဲ့သည့်အတွက် ပို၍ပင် ရင်နာရပေသည်။
အကယ်၍ ထိုကောင်လေးများသည် ကလေးမလေးကို စွန့်ပစ်စက်ရုံသို့ ခေါ်သွားပြီး အနိုင်ကျင့်ကာ ဆောင်းတွင်းကြီးတွင် ဘေးနားရှိ ရေခဲမြစ်ထဲသို့ တွန်းမချခဲ့လျှင်၊ ထိုနေရာတွင် ပုန်းအောင်းနေသော မူးယစ်ဆေးဝါး ရောင်းဝယ်သူများသည် ၎င်းတို့၏ ခြေရာခံမိသွားမည်ကို စိုးရိမ်ပြီး အမြစ်ဖြတ် သုတ်သင်ရန် ရွေးချယ်ခဲ့ကြမည် မဟုတ်ပေ။
လီရှောင်းသည် ကောင်းမွန်ခြင်းနှင့် ဆိုးသွမ်းခြင်းကြားတွင် ရှိနေသူဖြစ်ကြောင်း၊ သူ ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်သည် အလွန်ပုံပျက်ပန်းပျက် ဖြစ်နေသဖြင့် သူသည် အလွန်အန္တရာယ်များပြီး မှန်ကန်သော ဘဝအမြင်ကို မတည်ဆောက်နိုင်ခဲ့ကြောင်း မည်သူပြောခဲ့သည်ကိုတော့ မသိပေ။ တစ်ချိန်က သူ့သမီးသည် သူ့ကို အမှောင်ထုထဲမှ ဆွဲထုတ်ပေးခဲ့ပြီး လူကောင်းတစ်ယောက်ဖြစ်လာချင်အောင် ပြုလုပ်ပေးခဲ့သည်။
ကံမကောင်းစွာဖြင့် သူ့သမီး သေဆုံးသွားခဲ့ရသည်။ သေဆုံးပုံမှာလည်း အလွန်သနားစရာ ကောင်းလှသည်။ ထို့ကြောင့် လူကောင်းဖြစ်ချင်ခဲ့သော လီရှောင်းသည်လည်း လိုက်ပါ ပျောက်ကွယ်သွားခဲ့ပြီး သူ့ဘဝတွင် မီးခိုးရောင်နေ့ရက်များနှင့် ကလဲ့စားချေခြင်းများသာ ကျန်ရစ်ခဲ့တော့သည်။
ဤအမှုသည် အလွန်စိတ်ထိခိုက်စရာကောင်းသောကြောင့် ကျန်းရိုသည် အလုပ်သင်ဆင်းပြီးသည်နှင့် အလုပ်ထွက်ပြီး အေးအေးလူလူနေရမည့် အလုပ်တစ်ခုကို ရှာဖွေရန် ပိုမိုဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။
.....
အတွေးများလွန်းသွားသဖြင့် ဗိုက်ထဲမှ အသာအယာ ကန်လိုက်မှသာ သူမ အသိပြန်ဝင်လာခဲ့သည်။ ကျန်းရို၏မျက်ဝန်းများ နူးညံ့သွားပြီး ဗိုက်ကို ဂရုတစိုက် ပွတ်သပ်လိုက်လေသည်။
ထို့နောက် သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူမတွင် ရည်းစားပင်မရှိသေးဘဲနှင့် မိခင်ဖြစ်နေပြီဖြစ်သည်။
မိခင်၏လှုပ်ရှားမှုကို ခံစားမိ၍ ထင်သည်၊ ဗိုက်ထဲမှ ကလေးငယ်သည် နောက်ထပ် နှစ်ချက်ခန့် အသာအယာ ထပ်ကန်လိုက်ပြန်သည်။
ယားကျိကျိနှင့် လိမ္မာလိုက်တာ။ သူမ၏ အစ်မဝမ်းကွဲ ကိုယ်ဝန်ဆောင်စဉ်က မိုးမွှန်အောင် ဆိုးသွမ်းသော တူတော်မောင်နှင့် လုံးဝ မတူပေ။
ဗိုက်ထဲမှ ကလေးသည် လီရှောင်း၏ သမီး ဖြစ်သည်။
ကံကောင်းသည်မှာ ကျန်းရိုသည် စိတ်ထားပြတ်သားသူ ဖြစ်သည်။ အစပိုင်းတွင် လက်ခံရန် ခက်ခဲခဲ့သော်လည်း နှစ်ရက်ကြာ ဖြတ်သန်းပြီးနောက် သူမသည် တဖြည်းဖြည်း ဖြေသိမ့်နိုင်လာခဲ့ပြီ ဖြစ်သည်။
မဖြေသိမ့်၍လည်း မရပေ။ ယခုအချိန်တွင် တစ်လှမ်းချင်းလှမ်းကာ ကြည့်ရုံသာ ရှိတော့သည်။
စားပွဲပေါ်ရှိ ပိုက်ဆံများကို လှမ်းမြင်လိုက်သောအခါ သူမ အပြစ်ရှိသလို ခံစားလိုက်ရပြီး အကြည့်လွှဲလိုက်မိသည်။
လွန်ခဲ့သော ရက်အနည်းငယ်က လီရှောင်းသည် လူများနှင့် ရန်ဖြစ်ပြီး ရဲစခန်းသို့ ရောက်သွားခဲ့သည်။
လူသွားရွေးဖို့ကတော့ သေချာပေါက် သွားရွေးမည် မဟုတ်ပေ။ သူ အထဲမှာ ရက်နည်းနည်းလောက် ပိုနေရရင် ကောင်းမယ်ဟုပင် သူမ မျှော်လင့်နေသေးသည်။
ကျန်းရိုသည် အလုပ်သင် ရဲဝန်ထမ်းလေး တစ်ယောက်သာ ဖြစ်သည်။ ရဲတပ်ဖွဲ့သင်တန်းကျောင်းသို့ ဝင်ရောက်ဖြေဆိုခဲ့ခြင်းမှာလည်း ထိုစဉ်က စိတ်လိုက်မာန်ပါ လုပ်ဆောင်ခဲ့ခြင်းသာဖြစ်သည်။ အမှောင်လောက၏ အစွန်းတစ်ဖက်တွင် ကျင်လည်နေသော လီရှောင်းကဲ့သို့သော လူမိုက်ခေါင်းဆောင်ကြီးနှင့် ရင်ဆိုင်ရမည်ကို သူမ အမှန်တကယ်ပင် ကြောက်ရွံ့မိသည်။
...
မိုးချုပ်တော့မည်ကို မြင်လိုက်ရသဖြင့် ကျန်းရိုသည် စားပွဲပေါ်မှ ဟင်းသီးဟင်းရွက်များကို ယူကာ မီးဖိုချောင်သို့ ဝင်သွားလိုက်သည်။
မီးဖိုချောင်သည် ကျေးလက်ဒေသသုံး မြေမီးဖိုဖြစ်ပြီး ထင်းစိုက်ရလေသည်။ ကျန်းရိုသည် ဦးနှောက်ထဲမှ မှတ်ဉာဏ်များကို အသုံးပြုကာ မကျွမ်းကျင်စွာဖြင့် မီးမွှေးရန် လွှစာများကို မီးရှို့လိုက်ပြီး မီးဖိုပေါက်ထဲသို့ အကုန်ထိုးထည့်လိုက်ကာ သစ်သားစ အကျိုးအပဲ့များကိုပါ ထပ်ထည့်လိုက်သည်။
ဤအိမ်သည် လီရှောင်း၏အဘိုးပိုင်ဆိုင်သော အိမ်ဖြစ်သည်။ သူ့အဘိုးမှာ လက်သမားဆရာ ဖြစ်သည်။ ကျန်းရို ရောက်လာစဉ်က ခြံဝင်းထဲနှင့် ဧည့်ခန်းထဲတွင် သစ်သားများဖြင့် ပြည့်နှက်နေပြီး ရှုပ်ပွနေခဲ့သည်။ သူမသည် နှစ်ရက်ကြာအောင် ရှင်းလင်းခဲ့ရပြီး အသုံးဝင်သည်ဟု ထင်ရသော အရာများကို ဂိုဒေါင်ထဲသို့ပို့ကာ အသုံးမဝင်သော အရာများကို ထင်းအဖြစ် အသုံးပြုလိုက်ခြင်း ဖြစ်သည်။
ဟင်းနှစ်ခွက် ချက်လိုက်သည်။ မုန်ညင်းဖြူတစ်ခွက်၊ ဟင်းနုနွယ်ရွက်တစ်ခွက်ဖြစ်ပြီး ထမင်းချက်သည့်အခါတွင် ကြက်ဥပေါင်း တစ်ခွက်ပါ ပေါင်းထည့်လိုက်သည်။
မီးဖိုချောင်ထဲတွင် ပစ္စည်းပစ္စယ သိပ်မရှိပေ။ နှမ်းဆီ၊ ဆား၊ ရှာလကာရည်နှင့် ဝက်ဆီအနည်းငယ်သာရှိသည်။ ဤအိမ်၏အခြေအနေ အလွန်ဆိုးရွားကြောင်း သိသာထင်ရှားလှသည်။
.....
ကျန်းရိုသည် ထမင်းစားပြီးနောက် ပန်းကန်များကို ဆေးကြောလိုက်ပြီး မီးဖိုပေါ်ရှိ ရေနွေးအိုးထဲမှ ရေနွေးများကိုခပ်ကာ အခန်းထဲသို့ သယ်သွားလိုက်သည်။ ရေနွေးတစ်ခေါက်၊ ရေအေးတစ်ခေါက်ဖြင့် နှစ်ခေါက်ခွဲကာ သယ်ရလေသည်။
ဤခန္ဓာကိုယ်သည် သိပ်မကျန်းမာပေ။ ကိုယ်ဝန်ရှိနေသော်လည်း လူက အလွန်ပိန်လှီနေပြီး အနည်းငယ်လေးလံသော ပစ္စည်းများကို မနိုင်ဝန်ထမ်းနေရသကဲ့သို့ ဖြစ်နေသည်။ သူမ၏ ယခင်ခန္ဓာကိုယ်နှင့်ယှဉ်လျှင် လုံးဝ နှိုင်းယှဉ်၍ မရပေ။
သူမသည် ယခင်ကလည်း ပိန်ပေမယ့် အာဟာရပြည့်ဝသဖြင့် ကျန်းမာသန်စွမ်းသော ပိန်ခြင်းမျိုး ဖြစ်သည်။ သို့မဟုတ်လျှင် ရဲတပ်ဖွဲ့သင်တန်းကျောင်းသို့ ဝင်ခွင့်ရခဲ့မည် မဟုတ်ပေ။
သို့သော် ဤလူက ရုပ်ရည်တော့ အလွန်ချောမောသည်။ ကျန်းရိုသည် ယခင်က "ကျန်းရို" ၏ ဓာတ်ပုံကို မမြင်ဖူးပေ။ မှတ်တမ်းထဲတွင် မပါရှိဘဲ "သူမ" နှင့် လီရှောင်း၏ ပတ်သက်မှုအကြောင်း စာတစ်ကြောင်း နှစ်ကြောင်းမျှသာ ဖော်ပြထားသည်။
သူမတို့နှစ်ယောက် နာမည်တူသော်လည်း ရုပ်ရည်နှင့် စရိုက်လက္ခဏာမှာမူ လုံးဝ ကွာခြားလေသည်။
သူမ၏ ကိုယ်ပိုင်ရုပ်ရည်မှာ ချစ်စရာကောင်းသော ပုံစံမျိုး ဖြစ်သည်။ ပေါက်စီကဲ့သို့ ဖောင်းနေသော မျက်နှာလေးနှင့် ပြုံးလိုက်လျှင် ပါးချိုင့်သေးသေးလေး နှစ်ခု ပေါ်လာတတ်သည်။ ထိုကဲ့သို့သော ရုပ်ရည်အားသာချက်ကြောင့် မိသားစုက သူမကို အမြဲတမ်း စိတ်ချခဲ့ကြသည်။ ထို့ကြောင့် ဆယ်ကျော်သက်အရွယ် နောက်ကျမှ ပုန်ကန်တတ်လာသော သူမက ရဲတပ်ဖွဲ့သင်တန်းကျောင်းသို့ လျှောက်ထားလိုက်သည်ကို သူတို့ လုံးဝ ထင်မှတ်မထားခဲ့ကြပေ။ ထို့ကြောင့် သူမ တစ်ချိန်ချိန်တွင် တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားမည်ကို အမြဲတမ်း စိုးရိမ်နေခဲ့ကြသည်။
ယခု "ကျန်းရို" မှာမူ လုံးဝ အခြားပုံစံတစ်မျိုး ဖြစ်သည်။ ရုပ်ရည်မှာ သန့်ရှင်းစင်ကြယ်ပြီး နူးညံ့သိမ်မွေ့ကာ မြင်လိုက်သူတိုင်း ကာကွယ်ပေးချင်စိတ် ပေါက်သွားစေမည့် "ပန်းဖြူလေး" ပုံစံမျိုး ဖြစ်သည်။ အထူးသဖြင့် သူမ၏ အသားအရေမှာဖြူဖျော့ပြီး ခန္ဓာကိုယ် သေးသွယ်ကာ မျက်ဝန်းများတွင် ဝမ်းနည်းမှုနှင့် ကြောက်ရွံ့မှုများ လွှမ်းမိုးနေသဖြင့် ကြည့်ရသည်မှာ ပို၍ပင် သနားစရာ ကောင်းနေလေသည်။
သို့သော် အတွင်းစိတ်ဝိညာဉ် လဲလှယ်လိုက်ခြင်းကြောင့် ဟုတ်မဟုတ် မသိသော်လည်း ကျန်းရိုသည် ဒီနေ့မနက် မှန်ကြည့်လိုက်သောအခါ လူက ပိုပြီး လန်းဆန်းတက်ကြွနေကာ မျက်လုံးများမှာ တောက်ပရွှန်းလဲ့နေပြီး ကြောက်ရွံ့အားငယ်သောပုံစံများ လျော့နည်းသွားသည်ကို တွေ့လိုက်ရသည်။
ကျန်းရိုသည် မောမောပန်းပန်းဖြင့် ရေနှစ်ခေါက်သယ်ပြီးနောက် အခန်းထဲရှိ ရေချိုးကန်ထဲသို့ လောင်းထည့်လိုက်ပြီး ယနေ့ နေလှန်းထားသော အဝတ်အစားများကို ကုတင်ပေါ်သို့ တင်လိုက်သည်။
အခြေအနေများက အလွန်ခက်ခဲကြမ်းတမ်းသဖြင့် ရေကို အမြန်ချိုးလိုက်ရသည်။ ရေချိုးပြီးနောက် မောပန်းနွမ်းနယ်စွာဖြင့် ရေချိုးကန်ကို အပြင်သို့ဆွဲထုတ်ကာ ရေသွန်ပစ်လိုက်ရပြန်သည်။
အဝတ်အစားများကိုလည်း မလျှော်တော့ဘဲ မနက်ဖြန်မနက်မှလျှော်ရန် ပြင်ဆင်ထားလိုက်သည်။
ဤခေတ်တွင် ဖျော်ဖြေရေးပစ္စည်းများလည်း မရှိ၊ ဤအိမ်ကလည်း အလွန်ဆင်းရဲသဖြင့် ဘာမှ မရှိပေ။
....
ကျန်းရိုသည် တံခါးကို သေချာပိတ်ပြီး အခန်းထဲသို့ဝင်ကာ ကုတင်ပေါ်တွင် လှဲလျောင်းရင်း ယပ်တောင်အကြီးကြီးဖြင့် ယပ်ခတ်နေလိုက်သည်။
ကုတင်ပေါ်တွင် ခြင်ထောင်ရှိသဖြင့် ခြင်ကိုက်မည်ကို မစိုးရိမ်ရပေ။
သို့သော် အလွန်ပူအိုက်လှသည်။ ရေချိုးပြီးစရှိသေးသော်လည်း ကိုယ်ပေါ်တွင် ချွေးများ ထွက်နေပြီ ဖြစ်သည်။ အိမ်တွင် လျှပ်စစ်ပန်ကာ အဟောင်းတစ်လုံးရှိသော်လည်း ဖွင့်လိုက်လျှင် အေးစက်စက် ဖြစ်နေပြန်သည်။
ကိုယ်ဝန်ဆောင်ရသည်မှာ တကယ်ပင် ဒုက္ခများလှသည်။
ကျန်းရိုသည် ကုတင်ပေါ်တွင် ဟိုလှိမ့်ဒီလှိမ့်လုပ်နေပြီး အိပ်မပျော်မီအချိန်ထိ ပြန်သွားနိုင်ရန် မျှော်လင့်နေမိသေးသည်။
ကံမကောင်းစွာဖြင့် မဖြစ်လာခဲ့ပေ။
.....
စောစောအိပ်သဖြင့် စောစောနိုးလာခဲ့သည်။
နောက်တစ်နေ့ မိုးမလင်းမီတွင် ကျန်းရို နိုးလာခဲ့သည်။ ဗိုက်ထဲမှ တဂွီဂွီ မြည်နေသဖြင့် သူမသည် ကံတရားကိုလက်ခံကာ ကုတင်ပေါ်မှ ထလိုက်ပြီး မီးဖိုချောင်သို့သွားကာ စားစရာ ပြင်ဆင်လေတော့သည်။
သူမသည် ကိုယ့်ကိုယ်ကိုယ် လုံးဝ အငတ်မထားပေ။ မူလခန္ဓာကိုယ်ပိုင်ရှင်သည် သားယောက်ျားလေးကို ဦးစားပေးပြီး သမီးမိန်းကလေးကို နှိမ်တတ်သော မိသားစုတွင် ကြီးပြင်းလာရသဖြင့် ငယ်စဉ်ကတည်းက အစာငတ်ခံခဲ့ရပြီး အစာနည်းနည်းသာ စားတတ်သောအကျင့်ဖြစ်နေခဲ့သည်။ ကျန်းရိုကမူ သည်းမခံနိုင်ပေ။ ဤခန္ဓာကိုယ်သည် အားနည်းလွန်းသဖြင့် လေတိုက်လျှင်ပင် လဲကျသွားမတတ်ဖြစ်နေသည်။ အသားဟင်းမစားရလျှင် ထမင်းနှစ်ပန်းကန် စားမည်။ မစားနိုင်လျှင်လည်း အတင်းထိုးထည့်မည်ဟု ဆုံးဖြတ်ထားသည်။
မနေ့က ကျန်နေသော ဟင်းသီးဟင်းရွက်အားလုံးကို ကြော်လိုက်ပြီး ကြက်ဥပေါင်း တစ်ခွက်ပါ ထပ်ပေါင်းလိုက်သည်။ အရသာက မဆိုးပေ။ သဘာဝကြက်ဥဖြစ်သောကြောင့် ထင်သည်၊ နှမ်းဆီတစ်စက်နှင့် ဝက်ဆီအနည်းငယ် ထည့်လိုက်ရုံဖြင့် အလွန်မွှေးကြိုင်နေတော့သည်။
....
ထမင်းစားပြီးနောက် ကျန်းရိုသည် ခြံဝင်းထဲတွင် လမ်းလျှောက်လိုက်ပြီး မနေ့ညက ချွတ်ထားသော အဝတ်အစားများကို လျှော်ဖွပ်လိုက်သည်။
ခြံဝင်းထဲတွင် ရေတွင်းတစ်တွင်း ရှိသည်။ ရေသုံးလိုလျှင် ကြိုးချည်ထားသော ပုံးကို အောက်သို့ချပြီး ရေခပ်ရသည်။ အလွန်လက်ဝင်သောကြောင့် အဝတ်အစားများကို သိပ်ပြီး သေသေချာချာ မလျှော်တော့ဘဲ ဖြစ်သလိုလျှော်ဖွပ်ပြီး လှန်းလိုက်တော့သည်။
ထိုအလုပ်များ ပြီးသွားသောအခါ လုပ်စရာ မရှိတော့သဖြင့် ခြံဝင်းထဲတွင် ကျန်နေသေးသော သစ်သားစ အနည်းငယ်ကို ရှင်းလင်းလိုက်သည်။
သပ်ရပ်ရှင်းလင်းသွားသော ခြံဝင်းနှင့် အိမ်ရှေ့ခန်းကို ကြည့်ပြီး ကျန်းရိုသည် ခါးထောက်ကာ ကျေနပ်အားရစွာ မျက်ခုံးပင့်လိုက်မိသည်။ သူမ တော်တော် အလုပ်လုပ်နိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ထင်မြင်မိလေသည်။
အလွန်အလုပ်လုပ်နိုင်သော မိမိကိုယ်ကိုယ် ဆုချသည့်အနေဖြင့် သူမသည် မနေ့က ယောက္ခမ ဖြစ်သူ ပေးသွားသော ပိုက်ဆံများကို ကိုင်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ အပြင်သို့ ထွက်လာခဲ့တော့သည်။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၂)
ရောက်ရှိလာသည်မှာ နှစ်ရက်ရှိပြီဖြစ်သော်လည်း ဤသည်မှာ ကျန်းရို၏ ပထမဆုံးအကြိမ် အပြင်ထွက်ခြင်းဖြစ်သည်။
အပြင်မထွက်ချင်၍ မဟုတ်ဘဲ အိမ်ရှိ ဗီရိုများနှင့် အံဆွဲများအားလုံးကို မွှေနှောက်ရှာဖွေခဲ့သော်လည်း ပိုက်ဆံတစ်ပြားတစ်ချပ်မှ ရှာမတွေ့ခဲ့သောကြောင့်ဖြစ်သည်။
"ကျန်းရို" ၏ ဦးနှောက်ထဲမှ မှတ်ဉာဏ်များအရ အိမ်ရှိပိုက်ဆံအားလုံးသည် လီရှောင်း၏ ကိုယ်ပေါ်တွင်သာရှိပြီး သူမအတွက် ပိုက်ဆံပုံမှန် ချန်ထားပေးလေ့ရှိကြောင်း သိရသည်။
ယခုတစ်ကြိမ် သူ အချုပ်ခန်းထဲ ရောက်သွားရခြင်းမှာလည်း ရုတ်တရက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ပြောရလျှင် "ကျန်းရို" နှင့် လီရှောင်းတို့၏ ဆက်ဆံရေးမှာ အနည်းငယ် ထူးဆန်းပြီး ပုံမှန်လင်မယားစုံတွဲ မဟုတ်ပေ။
ယခင်ဘဝက ရဲတပ်ဖွဲ့သည် လီရှောင်းအကြောင်းကို အသေအချာ စုံစမ်းစစ်ဆေးခဲ့သော်လည်း လီရှောင်းနှင့် သူ၏ဇနီးဟောင်းတို့ အတူနေထိုင်ခဲ့သည့် အချိန်ကာလမှာ မကြာမြင့်ခြင်း၊ ခေတ်ကာလ ကြာမြင့်နေပြီဖြစ်ခြင်းတို့ကြောင့် အကြောင်းအရာများစွာကို စစ်ဆေးရန် ခက်ခဲခဲ့သည်။ ထို့ကြောင့် သူ့ဇနီးဟောင်းသည် သမီးတစ်ယောက် မွေးပေးခဲ့ပြီး သမီးဖြစ်သူ သုံးနှစ်သမီးအရွယ်တွင် ကလေးကိုပစ်ထားခဲ့ကာ ဟောင်ကောင်မှ သူဌေးတစ်ဦးနောက်လိုက်ပြေးသွားခဲ့သည်ဟူ၍သာ သိရှိခဲ့ရသည်။ ယခင်က ရဲတပ်ဖွဲ့သည် ကာယကံရှင်ကို ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။ အချို့က နိုင်ငံခြားသို့ ရောက်သွားသည်ဟု ပြောကြပြီး အချို့က ရောဂါရပြီး သေဆုံးသွားပြီဟု ပြောကြသည်။
သို့သော် ယခု ကျန်းရို၏ ဦးနှောက်ထဲတွင်တော့ အရာအားလုံးက ပို၍ ရှုပ်ထွေးနေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မိဘများသည် သားယောက်ျားလေးကို ဦးစားပေးပြီး သမီးမိန်းကလေးကို နှိမ်တတ်ကြသည်။ အထက်တွင် အစ်မနှစ်ယောက်ရှိပြီး အောက်တွင် အမွှာမောင်နှမ တစ်စုံရှိသည်။ အိမ်က အလွန်ဆင်းရဲပြီး ကျွေးမွေးစောင့်ရှောက်ရန် မတတ်နိုင်သဖြင့် မိဘများက အငယ်ဆုံးညီမလေးကို သူများအိမ်သို့ မွေးစားရန် ပေးလိုက်ကြသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်မှာ အလယ်ကဖြစ်နေပြီး ငယ်စဉ်က ကျန်းမာရေးမကောင်းသဖြင့် သူများအိမ်သို့ပေး၍လည်း မရသောကြောင့် သိပ်ပြီး အရေးလုပ်မခံရသူ ဖြစ်လာခဲ့သည်။
မူလခန္ဓာကိုယ်ပိုင်ရှင် ကိုယ်တိုင်လည်း ဤအချက်ကို သိရှိသည်။ သူမသည် ကျောင်းနေ နောက်ကျပြီး ကိုးနှစ်အရွယ်မှသာ ကျောင်းစတက်ရသည်။ သူမသည် အလုပ်လုပ်ကိုင်နိုင်သော အစ်မများနှင့် မယှဉ်နိုင်သဖြင့် စာကြိုးစားခြင်းဖြင့်သာ မိခင်၏ မျက်နှာသာပေးမှုကို ရရန် ကြိုးစားခဲ့ရသည်။
စာများများဖတ်လေ အမြင်ကျယ်လေဖြစ်လာပြီး ရွာထဲတွင် တစ်သက်လုံး ပိတ်မိနေမည့်ဘဝကို မလိုလားသဖြင့် ခရိုင်မြို့ရှိ အထက်တန်းကျောင်းသို့ဝင်ခွင့်ရရန် အသေအလဲ ကြိုးစားဖြေဆိုခဲ့သည်။
သို့သော် သူမသည် ယခင်က အမှတ်ကောင်းခဲ့သော်လည်း ထိုအမှတ်များမှာ စာကို အလွတ်ကျက်မှတ်ခြင်းဖြင့် ရရှိလာခြင်း ဖြစ်သည်။ အထက်တန်းကျောင်း ရောက်သောအခါ စာလိုက်နိုင်မှု သိသိသာသာ ကျဆင်းလာသည်။ ထို့အပြင် သူမ အရွယ်ရောက်လာပြီး ပိုမိုလှပလာသောအခါ မိဘများက မကောင်းသော အကြံအစည်များကို စတင်ကြံစည်လာကြသည်။ သူမကို မြို့နယ်ရှိ ပေါက်စီရောင်းသော ကျောက်ပေါက်မာနှင့် လူကြီးတစ်ယောက်အား ပေးစားချင်နေကြသည်။ ထိုလူဘက်က တင်တောင်းငွေ ယွမ်တစ်သောင်း ပေးထားလေသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်က သေချာပေါက် လက်မခံပေ။ ထိုကျောက်ပေါက်မာနှင့် လူကြီးမှာ အိုလည်းအို ရုပ်လည်းဆိုးသည်။ သူမ အိမ်ထောင်ပြုရမည်ဆိုလျှင်တောင် အနည်းဆုံး ခရိုင်မြို့သို့ ရောက်မှ ဖြစ်မည်။
မိဘများ၏ အကျပ်ကိုင်မှုအောက်တွင် သူမသည် အတန်းထဲမှ မိသားစုအခြေအနေ ကောင်းမွန်သော လူမိုက်ကောင်လေး တစ်ယောက်ကို မျက်စိကျခဲ့သည်။ ထိုသူနှင့် ငြိစွန်းမိစေရန်အတွက် ထိုလူမိုက်ကောင်လေး ညဘက်တွင် ကာရာအိုကေဆိုင်သို့ မကြာခဏ သွားတတ်ကြောင်း စုံစမ်းသိရှိထားသဖြင့် ညနေဘက် စာကြည့်ချိန်များတွင် ကျောင်းမှ ခိုးထွက်ပြီး ထိုဆိုင်တွင် စားပွဲထိုးအဖြစ် ဝင်ရောက်လုပ်ကိုင်ခဲ့သည်။
ထိုကာရာအိုကေဆိုင်မှာ ထိုလူမိုက်ကောင်လေး၏ ဦးလေး ပိုင်ဆိုင်သောဆိုင် ဖြစ်သည်။ လူမိုက်ကောင်လေးသည် သူ့သူငယ်ချင်းများကို ခေါ်ပြီး ထိုဆိုင်တွင် မကြာခဏ ညအိပ်လေ့ရှိကာ သူ့အတွက် သီးသန့်နားနေခန်းတစ်ခန်းလည်းရှိသည်။
ကံတရား၏ လှည့်စားမှုကြောင့် တစ်ညတွင် မူလခန္ဓာကိုယ်ပိုင်ရှင်သည် လူမိုက်ကောင်လေး အိပ်ပျော်နေချိန်တွင် အခွင့်ကောင်းယူကာ ဝင်ရောက်ခဲ့သည်။ သို့သော် တစ်ရေးအိပ်ပြီး နိုးလာသောအခါ လူမှားသွားမှန်း သိလိုက်ရပြီး ကျောင်းထွက်သွားသည်မှာ နှစ်အတော်ကြာပြီဖြစ်သော လီရှောင်း ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
လီရှောင်းကိုလည်း သူမ သိသည်။ သူမထက် တစ်တန်းကြီးပြီး အထက်တန်း ဒုတိယနှစ် ပထမနှစ်ဝက်တွင် ကျောင်းထုတ်ခံခဲ့ရသည်။ ထိုစဉ်က ထိုကိစ္စမှာ ကျောင်းတွင် အတော်လေး ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့သည်။
နှစ်နှစ်ကျော် ကြာသွားပြီဖြစ်သော်လည်း ကျောင်းတွင် သူ့အကြောင်းပြောဆိုသံများ ရှိနေဆဲပင်။
သို့သော် ဆန်က ကျက်ပြီးသား ထမင်းဖြစ်နေပြီဖြစ်သည့်အပြင် မိဘများကလည်း ကျောင်းအထိ လိုက်လာကြသဖြင့် "ကျန်းရို" သည် သူများတွေ ဘယ်လိုမြင်မလဲဆိုသည်ကို ဂရုမစိုက်တော့ဘဲ လီရှောင်း၏အိမ်သို့ တန်းပြီး ဝင်ရောက်နေထိုင်လိုက်တော့သည်။
နှစ်လကြာပြီးနောက် သူမ ကိုယ်ဝန်ရှိလာသဖြင့် လီရှောင်းသည် အသိအမှတ်မပြုချင်သော်လည်း ပြုလိုက်ရသည်။
သို့သော် သူတို့နှစ်ဦး၏ဆက်ဆံရေးမှာ အလွန်အေးစက်သည်။
လီရှောင်းသည် အိမ်ပြန်ခဲပြီး ပြန်လာလျှင်လည်း စကားပြောစရာ မရှိပေ။
သူသည် အမျိုးသမီးများကို ကိုယ်ထိလက်ရောက် မကျူးလွန်သော်လည်း အကွက်ဆင်ခံခဲ့ရသည်ကိုတော့ မှတ်ထားသည်။ ထို့အပြင် ဤအမျိုးသမီး လက်ထပ်ချင်ခဲ့သည်မှာ သူမဟုတ်ကြောင်းလည်း သိသည်။
မူလခန္ဓာကိုယ်ပိုင်ရှင်၏ စိတ်ထဲတွင်လည်း နာကျင်ခံစားနေရသည်။ တစ်ဖက်တွင် လီရှောင်း၏ ရုပ်ရည်နှင့် သူ၏ အနိုင်ယူတတ်သော စိတ်ဓာတ်ကို သူမ နှစ်သက်သည်။ သူရှိနေလျှင် မည်သူမျှ သူမကို အနိုင်မကျင့်ရဲပေ။ သို့သော် အခြားတစ်ဖက်တွင် လီရှောင်းသည် အလွန်ဆင်းရဲပြီး နာမည်ပျက်လည်းရှိနေသဖြင့် သူမ လိုချင်သော ဘဝမျိုးကို ပေးနိုင်စွမ်း မရှိပေ။
ယခင်ဘဝက မူလခန္ဓာကိုယ်ပိုင်ရှင် နောက်ဆုံးတွင် ထွက်ခွာသွားရခြင်းမှာ အစကတည်းက အရိပ်အယောင်များရှိနေခဲ့သည်ဟုသာ ဆိုရမည်။
......
"ကျန်းရို" ခရိုင်မြို့တွင် နေထိုင်သည်မှာ နှစ်ဝက်ခန့် ရှိပြီဖြစ်သော်လည်း ဈေးဝယ်ထွက်သည့် အကြိမ်အရေအတွက် နည်းပါးသဖြင့် လမ်း သိပ်မကျွမ်းကျင်ပေ။
ကျန်းရိုသည် မှတ်ဉာဏ်ထဲရှိ လမ်းကြောင်းအတိုင်း ဈေးသို့ သွားခဲ့သည်။ လီရှောင်း၏ မိခင်အရင်းမှာ ဈေးထဲတွင် ဟင်းသီးဟင်းရွက်ရောင်းနေသဖြင့် သူမသည် တမင်တကာ လမ်းကွေ့ပြီး အသားဆိုင်တစ်ဆိုင်သို့ သွားလိုက်သည်။ ရွေးချယ်ချိန်ဆပြီးနောက် အသားကောင်း တစ်ပိဿာကို လေးယွမ်ဖြင့် ဝယ်လိုက်သည်။ ထို့နောက် ဘေးနားရှိ ဟင်းသီးဟင်းရွက်ဆိုင်သို့ သွားပြီး ငရုတ်သီး၊ အာလူး၊ ပဲစိမ်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့ ဝယ်ယူရာ ၁.၇ယွမ် ကျသင့်လေသည်။
ခြင်းတောင်းလေးမှာ လေးလံသွားပြီဖြစ်သည်။
ဈေးဝယ်ပြီးနောက် ခါးကိုကိုင်းကာ ဈေးနောက်ပေါက်မှ တိတ်တဆိတ် ထွက်လာခဲ့သည်။ တံခါးပေါက်တွင် မုန့်ဆိုင်တစ်ဆိုင်ရှိသည်။ ဆိုင်ခန်းမှာ သိပ်မသန့်ရှင်းဘဲ မည်းတူးတူး ဖြစ်နေသော်လည်း ကျန်းရို ဂရုမစိုက်တော့ဘဲ ဖရုံသီးမုန့်နှင့် ဟွမ်းရှန်မုန့်တို့ကို နှစ်ယွမ်ဖိုး ချိန်ယူလိုက်သည်။
လမ်းလျှောက်ရင်း စားသောက်လာခဲ့သည်။ ဈေးမှ ပြန်ရန်အတွက် ခရိုင်မြို့၏ တစ်ဝက်ခန့်ကို ပတ်သွားရမည်ဖြစ်သည်။ လမ်းတစ်ဝက်ရောက်တော့ အီသွားသဖြင့် ကုန်စုံဆိုင်ကို ဖြတ်သွားစဉ် စိတ်ဆန္ဒကို မထိန်းနိုင်ဘဲ ပဲနီရေခဲချောင်း တစ်ချောင်း ဝယ်စားလိုက်ပြန်သည်။
ကုန်စုံဆိုင်သည် လမ်းဆုံလမ်းခွတွင်တည်ရှိပြီး မျက်နှာချင်းဆိုင်တွင် ခရိုင်မြို့ကို ဖြတ်သန်းစီးဆင်းနေသော မြစ်ကြီးတစ်စင်းနှင့် ကျောက်တံတားတစ်စင်း ရှိသည်။ မြစ်ကမ်းနှစ်ဖက်တွင် လက်ရန်းများ တပ်ဆင်ထားပြီး အကွာအဝေးတစ်ခုစီတိုင်းတွင် မိုးမခပင်များကို စိုက်ပျိုးထားသည်။
ဤနေရာတစ်ဝိုက်တွင် စီးပွားရေး အနည်းငယ်ဖွံ့ဖြိုးသဖြင့် ဘေးနားတွင် တိုက်တာအဆောက်အအုံများ ဆောက်လုပ်ထားသည်ကို တွေ့ရသည်။
လှမ်းကြည့်လိုက်လျှင် မိုးမခပင် အရိပ်အောက်တွင် လူအချို့ ဆေးလိပ်သောက်နေကြသည်ကို တွေ့ရသည်။ သူတို့သည် အသံကျယ်ကြီးများဖြင့် ဟီးဟီးဟားဟားပြောဆိုနေကြပြီး အရောင်တောက်တောက် အဝတ်အစားများကို ဝတ်ဆင်ထားကာ အချို့က မတ်တတ်ရပ်လျက်၊ အချို့က ဆောင့်ကြောင့်ထိုင်လျက်ဖြင့် ကြည့်ရဆိုးနေကြသည်။
ကျန်းရို တစ်ချက်ကြည့်လိုက်ရုံဖြင့် ထိုလူများသည် လူကောင်းများမဟုတ်ကြောင်း သိလိုက်သည်။
သူမသည် ဘေးဘီဝဲယာကို မကြည့်ဘဲ ခြင်းတောင်းကို ကိုင်ကာ ရှေ့သို့ ဆက်လျှောက်သွားသည်။
ဘေးဘက်သို့လည်း တမင်တကာ လမ်းအနည်းငယ် ကွေ့ရှောင်လိုက်သေးသည်။
သူမ ဖြတ်သွားသောအခါ ကျယ်လောင်စွာ စကားပြောနေသော ထိုလူများ၏အသံများ ရုတ်တရက် ရပ်တန့်သွားသည်။ ကျန်းရို၏ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး "ဒီဘက်ကို မလာကြပါစေနဲ့၊ ငါ အခု သူတို့ကို မနိုင်ဘူး" ဟု တိတ်တဆိတ် ဆုတောင်းနေမိသည်။
.....
သူမ အဝေးသို့ ရောက်သွားသောအခါ ကျိုးကျန့်သည် ဘေးနားရှိ အမျိုးသားကို တံတောင်ဖြင့် တွတ်လိုက်ပြီး မသေချာသော လေသံဖြင့် တိုးတိုးလေး မေးလိုက်သည်။ "ဒါ မရီး မဟုတ်လား"
မရီးက သူတို့ကို မြင်ပါလျက်နှင့် ဘာလို့ မနှုတ်ဆက်တာလဲ။
ထိုအမျိုးသားသည် သစ်ပင်ကို ကျောမှီထားပြီး ဘယ်ဘက်ခြေထောက်ကို မြေကြီးပေါ် ထောက်ကာ ညာဘက်ခြေထောက်ကို ကွေးပြီး သစ်ပင်ပင်စည်ကို နင်းထားသည်။ ပေါ့ပါးသော ဟန်ပန်ဖြင့် ရှိနေပြီး မည်းနက်သော မျက်ဝန်းများက တဖြည်းဖြည်း ဝေးကွာသွားသော ကျောပြင်ကို ကြည့်နေလေသည်။ ပါးစပ်ထဲမှ စီးကရက်ငွေ့ဖြူများကို မှုတ်ထုတ်လိုက်ပြီး မျက်လုံးကို မှေးကာ ဘာစကားမှ မပြောပေ။
ကျိုးကျန့်က မနေနိုင်ဘဲ ခန့်မှန်းပြောဆိုလိုက်သည်။ "စိတ်ဆိုးနေတာများလား"
ရက်အနည်းငယ်ကြာ အချုပ်ကျနေပြီး အိမ်မပြန်ဖြစ်ခဲ့သောကြောင့် ဖြစ်နိုင်သည်။
ထိုအမျိုးသားက ခေါင်းစောင်းပြီး သူ့ကို အေးစက်စက် တစ်ချက် ကြည့်လိုက်ရာ ကျိုးကျန့်က နှာခေါင်းကို ရှက်ရွံ့စွာ ပွတ်သပ်လိုက်ပြီး "စတာပါ" ဟု ပြောလိုက်ရသည်။
တခြားလူတွေ မသိရင်တောင် သူတို့နှစ်ယောက်ကြားက ကိစ္စကို သူ မသိဘဲ နေမလား။
ကျန်းရိုက ခေါင်းဆောင်ကြီးရှေ့ဆိုလျှင် အသံကျယ်ကျယ်ပင် မပြောရဲပေ။ စိတ်ဆိုးဖို့ဆိုသည်မှာ ပို၍ပင် ဝေးသေးသည်။
ထိုအမျိုးသားက ဂရုမစိုက်ပေ။ သူသည် နောက်ဆုံး တစ်ရှိုက် ရှိုက်လိုက်ပြီးနောက် စီးကရက်တိုကို မြေကြီးပေါ်သို့ ပစ်ချလိုက်သည်။ ခြေထောက်ဖြင့် ဖြစ်သလို နင်းချေလိုက်ပြီးနောက် မျက်ဝန်းများက ချက်ချင်းပင် ရက်စက်ကြမ်းကြုတ်သွားကာ "သွားမယ်၊ စာရင်းသွားရှင်းမယ်" ဟု ပြောလိုက်လေသည်။
တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းလှည့်ကာ ဆန့်ကျင်ဘက် လမ်းကြောင်းသို့ ထွက်ခွာသွားတော့သည်။
ကျိုးကျန့်သည် ချက်ချင်းပင် စိတ်လှုပ်ရှားသွားပြီး ဘာမှ ဆက်မတွေးတော့ဘဲ ကျန်လူများကို လှမ်းခေါ်လိုက်သည်။ "သွားကြမယ်ဟေ့"
"တောက်... ကျန်း မျိုးရိုးကောင်ကို မှတ်လောက်သားလောက်အောင် ပညာပေးမှ ဖြစ်မယ်"
"ရှောင်းကော... ဒီနေ့ ငါတို့ လက်စားချေရမယ်ကွ"
...
ကျန်းရို နေ့လည်စာကို အပြင်၌ပင် စားခဲ့သည်။ ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ဖြတ်သွားရင်း ဖက်ထုပ်တစ်ပွဲ မှာစားလိုက်သည်။
ဒီခေတ်က အလုပ်သမားပြည်သူများသည် ရိုးသားဖြောင့်မတ်ကြသည်ဟု ပြောရမည်။ ဖက်ထုပ်ဆိုလျှင် တကယ့်ကို ဖက်ထုပ်အစစ်ပင် ဖြစ်သည်။ အလုံးကြီးပြီး အစာသွပ်ထားသည်မှာလည်း များပြားလှသည်။ ထဲတွင် အသားတစ်ဝက်၊ ဟင်းသီးဟင်းရွက်တစ်ဝက် ပါဝင်ပြီး ပန်းကန်လုံးကြီးတစ်လုံးထဲတွင် အလုံးနှစ်ဆယ် ပါဝင်လေသည်။
အရသာလည်း မဆိုးပေ။ စားပြီးသောအခါ ဗိုက်တင်းလွန်း၍ မတ်တတ်ပင် မရပ်နိုင်တော့ချေ။
အိမ်ပြန်ရောက်သောအခါ စောသေးသည်။ နေ့လည် တစ်နာရီခန့်သာ ရှိသေးသည်။ ကျန်းရိုသည် ရေအေးတစ်ဇလုံ ခပ်ယူပြီး မျက်နှာနှင့် လည်ပင်းကို သုတ်လိုက်သည်။ ထိုအချိန်တွင် အစာလည်း အနည်းငယ်ကြေသွားပြီဖြစ်သဖြင့် အခန်းထဲသို့ဝင်ကာ နေ့လည်ခင်း တစ်ရေးအိပ်လိုက်သည်။
ဒီနေ့တော့ သိပ်ကြာကြာ မအိပ်ဖြစ်ပေ။ အဘယ်ကြောင့်ဆိုသော် မအိပ်မီတွင် အရေးကြီးသော ကိစ္စတစ်ခုကို ရုတ်တရက် သတိရသွားသောကြောင့် ဖြစ်သည်။ ယခင်က သူမ၏ အစ်မဝမ်းကွဲ ကိုယ်ဝန်ရှိစဉ်က တစ်မိသားစုလုံး ပြာပြာသလဲ ဖြစ်နေခဲ့ကြသည်။ သူမ၏ အမေနှင့် အစ်မဝမ်းကွဲတို့သည် ကိုယ်ဝန်ရှိမှန်း စသိကတည်းက ကလေးပစ္စည်းများကို စတင်ပြင်ဆင်နေခဲ့ကြပြီဖြစ်သည်။ ဝယ်ရမည့် နို့မှုန့်တံဆိပ်များကို ရှာဖွေခြင်း၊ ဒိုက်ပါများ၊ သွားရည်ခံများ၊ အင်္ကျီလေးများ၊ ခြေအိတ်လေးများ အများအပြားကို ကြိုတင်ဝယ်ယူ စုဆောင်းထားခြင်းများ ပြုလုပ်ခဲ့ကြသည်။
ထိုစဉ်က သူမ တက္ကသိုလ် တက်နေဆဲဖြစ်ပြီး နိုင်ငံခြားသို့ ပညာသင်သွားသော သူငယ်ချင်းကို အကူအညီတောင်းကာ နို့မှုန့်နှင့် နို့ဘူးများကို ဝယ်ယူစေခဲ့ဖူးသဖြင့် ဤကိစ္စများကို အသေအချာ သိရှိနေခြင်းဖြစ်သည်။
သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ကိုယ်ဝန်ရှိနေသည်မှာ ကြာပြီဖြစ်သော်လည်း ဤကိစ္စများကို လုံးဝ တွေးမိပုံမရပေ။ အိမ်တွင် ကလေးအဝတ်အစား မပြောနှင့်၊ အနှီးပင် မရှိသေးချေ။
စိတ်ထဲတွင် စိုးရိမ်ပူပန်စရာရှိနေသဖြင့် ကျန်းရိုသည် နေ့လည်ခင်း အိပ်စက်ရာတွင်လည်း ကောင်းစွာ မပျော်ဝင်နိုင်ပေ။ နှစ်နာရီကျော်လောက်တွင် ထလိုက်ပြီး အခန်းထဲရှိ အဝတ်ဗီရိုကို မွှေနှောက်ရှာဖွေကြည့်ရာ ဗလာဟင်းလင်းဖြစ်နေသည်။ ဆောင်းတွင်းဝတ် အဝတ်အစားဟူ၍ သုံးလေးစုံသာရှိပြီး လီရှောင်း၏ အဝတ်အစားက ပို၍ပင် နည်းပါးသည်။ လျှော်ဖန်များ၍ ဖြူဖျော့နေသော ကော်လာခေါက် ရှပ်အင်္ကျီအနက်တစ်ထည်၊ စစ်သုံး ဘောင်းဘီရှည်တစ်ထည်နှင့် ဂွမ်းအင်္ကျီတစ်ထည်သာ ရှိသည်။
အောက်ဘက် အကန့်ထဲတွင် အဝတ်အစားဟောင်းအချို့ရှိသော်လည်း မည်မျှကြာအောင် ထားထားသည် မသိ၊ ထုတ်လိုက်သည်နှင့် မှိုနံ့များ နံလာလေသည်။
ထို့အပြင် ဤအဝတ်အစားများသည် လီရှောင်း၏ ကွယ်လွန်သွားသော အဘိုးနှင့် အဖေတို့၏ အဝတ်အစားများ ဖြစ်ပုံရသည်။ အနှီးလုပ်ရန်အတွက်ပင် မသင့်တော်ဟု သူမ ခံစားရသည်။
ကျန်းရို စိတ်ဆင်းရဲသွားသည်။ သူမ၏ တူတော်မောင် မွေးဖွားစဉ်က ရရှိခဲ့သော အခွင့်အရေးများနှင့် သူမ၏ ဗိုက်ထဲမှ ကလေးကို နှိုင်းယှဉ်ကြည့်မိသည်။
သူမသည် လမ်းကြုံဝင်လာသော မိခင်ဖြစ်သော်လည်း ဗိုက်ထဲမှ ကလေးကို ဆင်းရဲဒုက္ခ မခံစေချင်ပေ။
လီရှောင်းသည်လည်း ချက်ချင်းကြီး ဖခင်ကောင်းတစ်ယောက် ဖြစ်လာမည် မဟုတ်ပေ။ ကျန်းရိုအနေဖြင့် မျှော်လင့်ချက်အားလုံးကို သူ့တစ်ယောက်တည်းအပေါ်တွင် ပုံအပ်ထား၍လည်း မဖြစ်ပေ။
ထို့အပြင် ထိုအမျိုးသားသည် နောင်တွင် ဖခင်ကောင်းတစ်ယောက် ဖြစ်လာလျှင်တောင်မှ ခင်ပွန်းကောင်းတစ်ယောက် ဖြစ်လာမည်ဟု မသေချာပေ။
ကျန်းရိုသည် ယခင်ဘဝက "ကျန်းရို" ကဲ့သို့ သုံးနှစ်ကြာပြီးနောက် ခင်ပွန်းနှင့် သမီးကို စွန့်ပစ်ထားခဲ့ခြင်းမျိုး မလုပ်နိုင်သော်လည်း လီရှောင်းနှင့် တစ်သက်လုံး ပေါင်းသင်းနေထိုင်ရန်လည်း မစဉ်းစားထားပေ။ ဘဝခရီးက ရှည်လျားသေးသည်။ ပြန်သွားနိုင်မလားဆိုသည်ကို ခဏထားဦး၊ သူမအနေဖြင့် ကိုယ့်ကိုယ်ကိုယ်အတွက် ကြိုတင်ပြင်ဆင်ထားမှဖြစ်မည်။
.....
ထိုသို့ တွေးမိပြီးနောက် ကျန်းရိုသည် ပိုက်ဆံယူကာ အပြင်သို့ ထပ်ထွက်လာခဲ့သည်။ မနက်က ဈေးသွားစဉ် အနီးအနားတွင် အထည်ဆိုင်တစ်ဆိုင် ရှိသည်ကို တွေ့ခဲ့ရသည်။
မနေ့က ယောက္ခမ ပေးသွားသော ယွမ် ၃၀ ထဲမှ မနက်က ၁၀ ယွမ် သုံးလိုက်ပြီ ဖြစ်သည်။ ကျန်းရိုသည် ပိုက်ဆံ နှမြောသော်လည်း အထည်ဆိုင်သို့ ရောက်သောအခါ ဝါဂွမ်းထည် အများအပြားနှင့် ဂွမ်းအချို့ကို ဝယ်ယူလိုက်ရာ ၈ ယွမ် ကုန်ကျသွားသည်။ ဤဆိုင်တွင် အဝတ်အစားပါ ချုပ်ပေးသော်လည်း လက်ခပေးရမည်ဖြစ်သဖြင့် ကျန်းရို မအပ်ခဲ့ပေ။
သူမ အများအပြား ဝယ်ယူသည်ကို မြင်သောအခါ ဆိုင်ရှင်က သူမကို အပ်ချည်တစ်ထုပ် လက်ဆောင်ပေးလိုက်သည်။
ကျန်းရိုသည် ပစ္စည်းများကို ခြင်းတောင်းထဲထည့်ကာ ပြန်လာခဲ့သည်။ လမ်းလျှောက်ရင်း ယခင်က သူမ၏ တူတော်မောင် ဝတ်ဆင်ခဲ့သော အဝတ်အစား ဒီဇိုင်းများကို စဉ်းစားကြည့်ရာ သိပ်ခက်ခဲပုံ မရပေ။
ကလေးမွေးမည့်အချိန်က ရာသီဥတုအေးနေပြီဖြစ်သဖြင့် ဆောင်းတွင်းဝတ် ဂွမ်းအင်္ကျီနှင့် စောင်ထူထူလေးများကို ပြင်ဆင်ထားရမည်။
ဒါနဲ့၊ အဲဒီအချိန်ကျရင် သူမ မီးနေသည်ကာလ ရောက်နေပြီဖြစ်လို့ ကောင်းကောင်းစား ကောင်းကောင်းဝတ်ပြီး နေမှဖြစ်မယ်။
နို့မှုန့်နှင့် အားဆေးအချို့လည်း ဝယ်ထားလျှင် ပိုကောင်းမည်။
စဉ်းစားလေ လိုအပ်တာတွေများလေဖြစ်ပြီး ကျန်းရိုတစ်ယောက် စိတ်ညစ်လာတော့သည်။
......
ထို့ကြောင့် အိမ်ပြန်ရောက်သောအခါ စိတ်အခြေအနေ သိပ်မကောင်းတော့ပေ။ စိတ်ရှုပ်ထွေးနေသော သူမသည် ဒီနေ့ဝယ်လာသော အသားအားလုံးကို ချက်ပစ်လိုက်သည်။ ငရုတ်သီး ဝက်သားမွှေကြော်၊ အာလူးချဉ်စပ်ကြော်နှင့် ပဲစိမ်း ကြက်ဥဟင်းချိုတို့ ဖြစ်သည်။
ကျန်းရို ထမင်းအိုး တည်ထားလိုက်ခါစ ရှိသေးသည်၊ အပြင်ဘက်မှ တံခါးကို "ဒုန်း ဒုန်း ဒုန်း" နှင့် အားကုန်ထုနေသံကို ကြားလိုက်ရသည်။
နားစွင့်ပြီး သေချာနားထောင်လိုက်ရာ မှားကြားခြင်း မဟုတ်ကြောင်း သေချာသွားသဖြင့် မျက်မှောင်ကြုတ်ကာ အိုးဖုံးကို ပိတ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ ခြံဝင်းထဲ ရောက်သောအခါ ချက်ချင်း တံခါးမဖွင့်ပေးဘဲ "ဘယ်သူလဲ" ဟု မေးလိုက်သည်။
အပြင်ဘက်မှ အသံပြောင်းခါစ ကောင်လေးတစ်ယောက်၏ အက်ကွဲကွဲအသံ ထွက်ပေါ်လာသည်။ "အစ်မ (၃)... ကျွန်တော်ပါ၊ တံခါးဖွင့်"
ပြောပြီးသည်နှင့် တံခါးကို အားကုန် ထပ်ထုပြန်သည်။
ကျန်းရို ကြားလိုက်သည်နှင့် ခြေလှမ်းတန့်သွားသည်။ မူလက လီရှောင်း ပြန်လာသည်ဟု ထင်မှတ်ထားသဖြင့် အနည်းငယ် ထိတ်လန့်နေသော်လည်း တံခါးဖွင့်ပေးရန် ပြင်ဆင်ထားခြင်းဖြစ်သည်။
ယခု "အစ်မ (၃)" ဟူသော အသံကို ကြားလိုက်ရသည်နှင့် ဘယ်သူမှန်း သိလိုက်ပြီ ဖြစ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မောင်ဖြစ်သူ၊ လစဉ်လတိုင်း ပိုက်ဆံလာတောင်းနေကျ အညံ့ကောင်လေး ဖြစ်သည်။
အမှန်တော့ လီရှောင်း ပေးသော ပိုက်ဆံသည် မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် လုံလောက်ပါသည်။ သို့သော် မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် သူမ၏ အစ်မနှစ်ယောက်သည် ငယ်စဉ်ကတည်းက မောင်လေးကို ထောက်ပံ့ကူညီရမည်ဟု သွန်သင်ဆုံးမခံခဲ့ရသဖြင့် မောင်လေး လာတောင်းတိုင်း ပေးလေ့ရှိသည်။ ပြီးခဲ့သည့်လက ပေးလိုက်ပြီးပြီဖြစ်သော်လည်း ဒီလတွင် လီရှောင်းက အချုပ်ကျနေပြီး ပြန်မလာသေးသဖြင့် အိမ်တွင် ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မရှိခြင်း ဖြစ်သည်။
အပြင်ဘက်မှ လူက ဆက်အော်နေသည်။ "အစ်မ (၃)... ကျွန်တော် ဗိုက်ဆာနေပြီ၊ ဘာဟင်းတွေ ချက်နေတာလဲ၊ မွှေးလိုက်တာ၊ ကျွန်တော်လည်း စားမယ်"
ကျန်းရိုသည် မောင်ဖြစ်သူကို အလိုလိုက်ပြီး ထောက်ပံ့ပေးမည့်သူ မလုပ်ချင်ပေ။ စဉ်းစားမနေတော့ဘဲ အသံကိုညှစ်ကာ အပြင်သို့ လှမ်းအော်လိုက်သည်။ "နင့်အစ်မ ပြောင်းသွားပြီ၊ ငါ နင့်အစ်မ မဟုတ်ဘူး"
အပြင်ဘက်မှ တံခါးခေါက်သံ ခဏတာ ရပ်တန့်သွားသော်လည်း မကြာမီ ပို၍ ကျယ်လောင်စွာ ထပ်ထွက်လာပြန်သည်။ "ခင်ဗျား လိမ်နေတာ၊ စောစောက ခင်ဗျားအသံက ဒီလိုမဟုတ်ပါဘူး"
ပြောပြီးနောက် စိတ်ဆိုးသွားပုံရကာ တံခါးကို ခြေထောက်ဖြင့် ကြမ်းတမ်းစွာ ကန်လေတော့သည်။ "ကျန်းရို... ဒီကောင်မစုတ်၊ ငါ့ကို တံခါးဖွင့်ပေးစမ်း"
တံခါးကို ကန်လိုက်သဖြင့် "ဝုန်း" ခနဲ အသံမြည်သွားပြီး တံခါးမင်းတုံး လျော့ရဲသွားကာ လက်မဝက်ခန့် တံခါးဟသွားလေသည်။
ကျန်းရို လန့်ဖျပ်သွားပြီး နောက်သို့ ခြေနှစ်လှမ်း ဆုတ်လိုက်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
ဗိုက်ထဲမှကလေး လန့်သွားမည်ကို စိုးရိမ်သဖြင့် လက်ဖြင့် အမြန်ပွတ်သပ်ပေးလိုက်သည်။ တံခါးကြားမှတစ်ဆင့် အပြင်ဘက်တွင် တံခါးကို ကန်နေသော မျက်နှာထား ဆိုးဆိုးနှင့် ဝဝမည်းမည်း ကောင်လေးတစ်ယောက်ကို တွေ့လိုက်ရသည်။ တံခါးကန်ရသည်မှာ ထိရောက်သည်ဟု ထင်မြင်သွားပုံရပြီး ခြေထောက်ကို မြှောက်ကာ ပို၍ အားရပါးရ ကန်နေတော့သည်။
ကန်ရင်းနှင့်လည်း ဆဲဆိုနေသေးသည်။ "ကောင်မစုတ်... ငါ နင့်ကို တွေ့တယ်နော်"
မူလခန္ဓာကိုယ်ပိုင်ရှင်၏ မောင်ဖြစ်သူမှာ ဤမျှအထိ ဆိုးသွမ်းလိမ့်မည်ဟု ကျန်းရို ထင်မထားခဲ့ပေ။ သူမ၏အမူအရာ ပျက်ယွင်းသွားသည်။ ယခု သူမတွင် ကိုယ်ဝန်ရှိနေသဖြင့် ထိပ်တိုက်ရင်ဆိုင်ရန် မကောင်းပေ။ စဉ်းစားမနေတော့ဘဲ အိမ်ထဲသို့ ပြေးဝင်ရန် ပြင်လိုက်သည်။
အိမ်မကြီး၏ တံခါးတွင် မင်းတုံး သုံးချောင်းရှိသဖြင့် လွယ်လွယ်ကူကူနှင့် ကန်၍ ပျက်မည် မဟုတ်ပေ။
အပြင်ဘက်မှ ကောင်လေးက မြင်သွားပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။ "နင် ပြေးရဲသေးတယ်ပေါ့၊ ခဏနေ ငါဝင်လာရင် နင့်ကို သေအောင်ရိုက်မယ် ကြည့်နေ"
"ကောင်မစုတ်... အမေ့ကို ပြန်တိုင်မယ်၊ နင် ငါ့ကို အိမ်ထဲ ပေးမဝင်ဘူးလို့"
ကျန်းရိုက သိပ်ပြီး တုံ့ပြန်မှု မရှိပေ။ တည်ငြိမ်စွာဖြင့် ဗိုက်ကို ကာကွယ်လျက် တံခါးခုံသို့ အမြန်လျှောက်သွားလိုက်သည်။ အိမ်ထဲသို့ဝင်ရန် ပြင်လိုက်စဉ်မှာပင် သူမ၏ အနောက်ဘက်မှ "ဒုန်း" ဟူသော ကျယ်လောင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် ကောင်လေး၏ "အား..." ဟူသော နာကျင်စွာ အော်ဟစ်လိုက်သံကိုလည်း ကြားလိုက်ရသည်။
ချက်ချင်းဆိုသလိုပင် အမျိုးသားတစ်ဦး၏ အေးစက်ပြီး မှောင်မိုက်နေသော အသံ ထွက်ပေါ်လာလေသည်။ "မင်းကို ဘယ်သူက သတ္တိတွေပေးလိုက်လို့ ဒီမှာ လာရမ်းကားနေရတာလဲ"
ထိုအသံကို ကြားလိုက်ရသဖြင့် ကျန်းရို၏ခြေလှမ်းများ တန့်သွားသည်။ လက်က တံခါးဘောင်ကို ကိုင်လျက် အသိစိတ်မဲ့စွာ နောက်သို့ လှည့်ကြည့်လိုက်သည်။ ထိုအခါ စောစောက မောက်မာစွာဖြင့် တံခါးကန်နေသော ကောင်လေးသည် တံခါးပျဉ်ချပ်နှင့်အတူ မြေကြီးပေါ်သို့ လဲကျနေသည်ကို တွေ့လိုက်ရသည်။ နဖူးနှင့် ပါးစပ်တို့တွင် သွေးများ ထွက်နေပြီး တစ်ကိုယ်လုံး နာကျင်လွန်းသဖြင့် သွားများကို စေ့ထားကာ ခန္ဓာကိုယ်တုန်ရီနေလေသည်။
ခြံဝင်းတံခါးပေါက်ဝတွင် မည်သည့်အချိန်က ရောက်နေမှန်း မသိသော အရပ်ရှည်ရှည်နှင့် လူရိပ်တစ်ခု ရပ်နေသည်။ ထိုလူရိပ်သည် အပြင်ဘက်မှ လျှောက်ဝင်လာရာ သူ၏ရုပ်ရည်သွင်ပြင်ကို တဖြည်းဖြည်း ထင်ရှားစွာ မြင်လာရသည်။
ထိုသူသည် ပုံမှန်မဟုတ်လောက်အောင် ချောမောခန့်ညားသော အမျိုးသားတစ်ဦးဖြစ်သည်။ မျက်ခုံးမွှေးများက ထူထဲပြီး အပေါ်သို့ အနည်းငယ် ကော့တက်နေသည်။ ကျဉ်းမြောင်းသော မျက်ဝန်းများက နက်မှောင်ပြီး နက်ရှိုင်းလှသည်။ နှာတံကဖြောင့်စင်းပြီး တောင်တစ်လုံးကဲ့သို့ မြင့်မားကာ ဓားဖြင့် ထွင်းထုထားသကဲ့သို့ ပေါ်လွင်နေသည်။ အောက်ဘက်တွင် နီရဲသော နှုတ်ခမ်းပါးများကို တင်းတင်းစေ့ထားပြီး နှုတ်ခမ်းထောင့်တွင် အညိုအမဲစွဲနေသော ဒဏ်ရာတစ်ခု ရှိနေသော်လည်း သူ့ရုပ်ရည်ကို အနည်းငယ်မျှ ထိခိုက်စေခြင်း မရှိပေ။ သေသပ်လှပပြီး အပြစ်ပြောစရာမရှိသော မျက်နှာသွင်ပြင်နှင့် ပြီးပြည့်စုံသော မျက်နှာပုံစံတို့ ပေါင်းစပ်ထားသည်မှာ တစ်ရွေးမပို တစ်ရွေးမလို အရာအားလုံးက အချိုးအစားကျနနေသည်။
သို့သော် သူသည် ဆံပင်အရှည် ထားထားသည်။ ပခုံးကျော်ကျော်ရှိသော မညီမညာ ဆံပင်နက်များသည် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များ ပါဝင်နေသည့် အေးစက်စက် မျက်ဝန်းများနှင့် လိုက်ဖက်နေပြီး မိန်းမဆန်သော အသွင်အပြင် လုံးဝမရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ၏ တစ်ကိုယ်လုံးတွင် အန္တရာယ်များပြီး ဆိုးသွမ်းသော ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေစေသည်။ ကာတွန်းထဲတွင်ပင် ရေးဆွဲ၍ မရနိုင်လောက်သော ရုပ်ရည်မျိုး ဖြစ်နေသည်။
ထို့အတူ ဤမျက်နှာသည် တစ်ကြိမ်မြင်ဖူးရုံဖြင့် မည်သူမျှ မေ့ပျောက်နိုင်တော့မည့် မျက်နှာမျိုး မဟုတ်ပေ။
သူသည် မြေကြီးပေါ်တွင် ဝပ်နေသော ဝက်ပုတ်ကလေးထံသို့ ပေါ့ပေါ့ပါးပါး လျှောက်သွားလိုက်သည်။ လမ်းလျှောက်လိုက်တိုင်း သူ့ခန္ဓာကိုယ်အထက်ပိုင်းတွင် ဝတ်ဆင်ထားသော ဝါညစ်ညစ် ရှပ်အင်္ကျီဖြူ၏ အနားစများက ယိမ်းထိုးလှုပ်ရှားနေသည်။ အင်္ကျီကို ပွပွချောင်ချောင် ဝတ်ဆင်ထားပြီး အလယ်ကြယ်သီး နှစ်လုံးသာ တပ်ထားသဖြင့် ကြွက်သားအမြှောင်းမြှောင်း ထနေသော ဂျုံညိုရောင် ရင်အုပ်ကို ဖော်ပြထားလေသည်။
အနားသို့ ရောက်သောအခါ သူသည် ဝက်ပုတ်ကလေး၏မျက်နှာကို ခြေထောက်ဖြင့် နင်းလိုက်ပြီး အားဖြင့် နှစ်ချက်ခန့် ဖိချေလိုက်ကာ အသံအေးစက်စက်ဖြင့် ပြောလိုက်သည်။ "ဒါ ဘယ်သူ့အိမ်လဲဆိုတာ သိလား"
ဝက်ပုတ်ကလေးသည် နာကျင်လွန်းသဖြင့် တအီအီငိုရှိုက်နေပြီး စကားမပီမသဖြင့် တောင်းပန်လေသည်။ "အစ်ကိုကြီး... ကျွန်တော် မှားသွားပါပြီ၊ နောက်တစ်ခါ မလုပ်တော့ပါဘူး"
ထိုအမျိုးသားက မြင်သောအခါ "ဟွန်း" ဟု လှောင်ပြောင်လိုက်ပြီး "နောက်တစ်ခါ ထပ်လာရင် မင်းခြေထောက်ကို ရိုက်ချိုးပစ်မယ်၊ သွားတော့" ဟု ပြောလိုက်သည်။
ခြေထောက်ကို ဖယ်လိုက်သော်လည်း ဝက်ပုတ်ကလေး၏ လက်မောင်းကို အားဖြင့် တစ်ချက် ထပ်ကန်လိုက်သေးသည်။
ဝက်ပုတ်ကလေးထံမှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာပြီးနောက် မျက်နှာတစ်ခုလုံး သွေးများ မျက်ရည်များဖြင့် မြေကြီးပေါ်မှ ကုန်းထကာ လက်မောင်းကို အုပ်ကိုင်လျက် ထော့နဲ့ထော့နဲ့ဖြင့် အပြင်သို့ ပြေးထွက်သွားတော့သည်။ နှေးကွေးနေလျှင် ထပ်ကန်ခံရမည်ကို စိုးရိမ်သည့်အလား တစ်ခဏမျှပင် မရပ်တန့်ရဲပေ။
သူထွက်သွားသောအခါ ခြံဝင်းထဲတွင် တိတ်ဆိတ်ငြိမ်သက်သွားသည်။
ကျန်းရိုသည် ဝက်ပုတ်ကလေးအပေါ်မှ အကြည့်ကို ရုပ်သိမ်းလိုက်ပြီး တစ်စုံတစ်ခုကို သတိထားမိလိုက်သကဲ့သို့ အခြားတစ်ဖက်သို့ ဂရုတစိုက် လှမ်းကြည့်လိုက်သည်။ ထိုအခါ ရင်းနှီးနေသော ဂရုမစိုက်တတ်သည့် မျက်ဝန်းတစ်စုံနှင့် တန်းတန်းမတ်မတ် ဆုံတွေ့လိုက်ရလေသည်။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၃)
ကျန်းရိုသည် ဤမျက်ဝန်းများကို အလွန်အမင်း မှတ်မိနေခဲ့သည်။ နှစ်ပေါင်းနှစ်ဆယ်ကြာပြီးနောက်မှတွေ့ရမည့် ထိုအမျိုးသားကို ရုတ်တရက် မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။
လီရှောင်းကို ပထမဆုံးအကြိမ်မြင်ဖူးခဲ့သည့် မြင်ကွင်းကို သူမ မှတ်မိနေသေးသည်။ ဆရာဖြစ်သူက သူမကိုခေါ်ပြီး စစ်ဆေးမေးမြန်းရန် သွားခဲ့ကြသည်။ ထိုအမျိုးသားသည် စစ်ဆေးရေးအခန်းထဲတွင် ထိုင်နေပြီး တံခါးဖွင့်လိုက်သောအခါ မော့ကြည့်လာခဲ့သည်။ ထိုအချိန်တွင် သူသည် အသက်လေးဆယ်ရှိနေပြီဖြစ်ပြီး မျက်နှာတွင် ဘဝအနိမ့်အမြင့် ဒဏ်ရာဒဏ်ချက်များ ထင်ဟပ်နေသော်လည်း သူမကို အံ့အားသင့်သွားစေခဲ့သည်။
တွန့်ကြေနေသော အဝတ်အစားဟောင်းများကို ဝတ်ဆင်ထားပြီး တစ်ကိုယ်လုံး ဆင်းရဲနွမ်းပါးသည့် ပုံစံပေါက်နေသော်လည်း မျက်လုံးမခွာနိုင်လောက်အောင် ကြည့်ကောင်းနေလိမ့်မည်ဟု သူမ တစ်ခါမျှ မတွေးမိခဲ့ပေ။
သူသည် အေးစက်ပြီး ရက်စက်ကြမ်းကြုတ်ပုံရသည်။ နှုတ်ခမ်းထောင့်တွင် ဂရုမစိုက်သော အပြုံးတစ်ခုကို ချိတ်ဆွဲထားပြီး ရက်စက်သော မျက်ဝန်းများထဲတွင် လှောင်ပြောင်သရော်မှုများ အပြည့်ရှိနေသည်။
ရဲတပ်ဖွဲ့အပေါ်တွင်လည်း မွေးရာပါ ရန်လိုမုန်းတီးမှုများရှိနေသည်။ ဤသည်မှာ သူ့သမီးကိစ္စကြောင့်သာမက သူကြီးပြင်းလာခဲ့ရသည့် ပတ်ဝန်းကျင်ကြောင့်လည်း ပါဝင်သည်။
မှတ်တမ်းများအရ သူ့ဖခင်သည် အိမ်တွင်းအကြမ်းဖက်တတ်ပြီး အရက်သမားဖြစ်သည်။ သူ ကိုးနှစ်သားအရွယ်တွင် မတော်တဆမှုတစ်ခုကြောင့် သေဆုံးသွားခဲ့သည်။ မိခင်ဖြစ်သူသည် နောက်ပိုင်းတွင် နှစ်ကြိမ်တိုင်တိုင် နောက်အိမ်ထောင်ပြုခဲ့သော်လည်း ထိုအမျိုးသားနှစ်ဦးစလုံးမှာ သိပ်မကောင်းလှသဖြင့် သူ့ကို မည်သူကမျှ ဂရုမစိုက်ခဲ့ကြပေ။
သူသည် ဒေသခံ လူမိုက်အုပ်စုများနှင့်အတူ ကြီးပြင်းလာခဲ့ရပြီး ရန်ဖြစ်လိုက်၊ ရိုက်နှက်လိုက် လုပ်နေရသည်မှာ ပုံမှန်ကိစ္စလိုဖြစ်နေသလို အချုပ်ခန်းထဲ ဝင်လိုက်ထွက်လိုက် လုပ်ရသည်မှာလည်း ထမင်းစားရေသောက်သကဲ့သို့ ဖြစ်နေသည်။
ထို့ကြောင့် သူသည် ကိုယ်တိုင်လာရောက် အဖမ်းခံခဲ့သော်လည်း သိပ်ပြီး ပူးပေါင်းဆောင်ရွက်မှု မရှိခဲ့ပေ။
ရန်စနေခြင်းလည်းဖြစ်သလို ဂရုမစိုက်ခြင်းလည်းဖြစ်သည်။
စစ်ဆေးမေးမြန်းခြင်း မပြုမီ ညက ကျန်းရိုသည် သက်ဆိုင်ရာ မှတ်တမ်းများစွာကို ဖတ်ရှုခဲ့ပြီး သတင်းအချက်အလက်များ မှတ်သားခြင်း၊ စစ်ဆေးမေးမြန်းခြင်း နည်းစနစ်များ၊ တရားခံ၏ မျက်နှာအမူအရာကို လေ့လာခြင်း စသည်တို့ကို ပြန်လည်လေ့လာခဲ့သည်။ မည်သည့် သဲလွန်စကိုမျှ လက်လွတ်မခံရန် ပြင်ဆင်ထားခဲ့သည်။
သို့သော် ထိုအမျိုးသားသည် သူတို့အား လုံးဝ အဖက်မလုပ်ခဲ့သည်ကိုတော့ ထင်မှတ်မထားခဲ့ပေ။
ဘာမေးမေး သူသည် တိတ်ဆိတ်နေရုံသာ နေခဲ့သည်။
အားလုံးကို လက်မှိုင်ချသွားစေခဲ့သည်။
သုံးရက်ကြာပြီးနောက်မှသာ သူ ရုတ်တရက် စကားစပြောလာသည်။ ပထမဆုံး ပြောသည့်စကားမှာ ဆေးလိပ်တောင်းခြင်းဖြစ်သည်။
ဆေးလိပ်တစ်လိပ် ကမ်းပေးလိုက်သောအခါ သူသည် မသောက်ဘဲ လက်ထဲတွင်ကိုင်ကာ ကြည့်နေခဲ့သည်။
ထို့နောက်ပိုင်းတွင် အတော်လေး ပူးပေါင်းဆောင်ရွက်လာခဲ့သည်။
ထိုအချိန်က သူ ဘာတွေတွေးနေခဲ့သည်ကို မည်သူမျှ မသိနိုင်ပေ။
အကယ်၍ သူမ၏ဆရာက အမှုတွဲတွင် သံသယဖြစ်စရာ အချက်တစ်ချက်ကို ရှာမတွေ့ခဲ့လျှင် အမှုပိတ်လိုက်ရမည့် အခြေအနေ ဖြစ်သွားနိုင်သည်။
နှစ်ပေါင်းနှစ်ဆယ်ကြာပြီးနောက် လီရှောင်းသည် တည်ငြိမ်ရင့်ကျက်ပြီး လိမ္မာပါးနပ်သည်ဟု ဆိုရလျှင် ငယ်ရွယ်စဉ်ကမူ သူသည် ထက်မြက်သော ဓားသွားတစ်ချောင်းကဲ့သို့ ထက်ရှပြီး မျက်ဝန်းများထဲတွင် ရိုင်းစိုင်းမှုနှင့် ပုန်ကန်လိုစိတ်များ ကိန်းအောင်းနေသည်။
ကြည့်ရုံဖြင့် မလွယ်ကြောမှန်း သိသာလှသည်။
ကျန်းရိုသည် လီရှောင်း ငယ်ရွယ်စဉ်က ဓာတ်ပုံကို မြင်ဖူးသော်လည်း ယခုလက်ရှိ ပုံစံမျိုးတော့ မဟုတ်ပေ။ ယခင်က လူများသည် ဓာတ်ပုံသိပ်မရိုက်ကြသဖြင့် လီရှောင်း၏ဓာတ်ပုံမှာ ပို၍ပင် ရှားပါးသည်။ တစ်ပုံတည်းသော ဓာတ်ပုံမှာ သူသည် လေးနှစ်အရွယ် သမီးလေးနှင့်အတူ နှင်းတောထဲတွင် ရပ်နေသည့်ပုံဖြစ်သည်။
ကောင်မလေးက သူ့ပခုံးပေါ်တွင် ထိုင်နေပြီး လက်နှစ်ဖက်ဖြင့် သူ့ဆံပင်တိုတိုလေးကို ဆွဲကာ နေမင်းလေးကဲ့သို့ တောက်ပစွာ ပြုံးနေသည်။
အောက်မှ သူသည်လည်း ပြုံးနေသည်။ သို့သော် အပြုံးက သိပ်မပီပြင်ပေ။ နှုတ်ခမ်းထောင့်များ အနည်းငယ် ကော့တက်နေပြီး ချောမောကာ ဆိုးသွမ်းသော မျက်နှာပေါ်တွင် ဂရုမစိုက်သော၊ ပျင်းရိသော၊ လေးကန်သော အမူအရာများရှိနေသော်လည်း သတိထားကြည့်လျှင် ချစ်မြတ်နိုးမှု အရိပ်အယောင် အနည်းငယ်ကို တွေ့မြင်နိုင်သည်။ သာမန်ဖခင်များနည်းတူပင် ဖြစ်သော်လည်း သူ့ရုပ်ရည်က အလွန်ချောမောနေခြင်းသာ ကွာခြားသည်။ နောင်တစ်ချိန်တွင် သမီးအတွက် လက်စားချေရန် ဆယ်စုနှစ်နှင့်ချီပြီး သည်းခံစောင့်ဆိုင်းမည့်သူ ဖြစ်လာလိမ့်မည်ဟု လုံးဝ ထင်မှတ်မထားနိုင်ပေ။
.......
ယခုတွင် တူညီသော မျက်ဝန်းတစ်စုံဖြစ်သော်လည်း ကြားထဲတွင် နှစ်ပေါင်းနှစ်ဆယ်ကြာ ကာလတစ်ခု ခြားနားနေပြီဖြစ်သည်။
ကျန်းရို၏စိတ်ထဲတွင် ရှုပ်ထွေးသွားပြီး နှုတ်ခမ်းကို ဖိလိုက်မိသည်။ တစ်စုံတစ်ခု ပြောသင့်မပြောသင့် တွေးတောနေစဉ် ထိုအမျိုးသားသည် သူမကို ဂရုမစိုက်စွာ တစ်ချက်သာကြည့်ပြီး လှည့်ထွက်သွားကာ မြေကြီးပေါ်မှ တံခါးပျဉ်ချပ်ကို ကုန်းကောက်လိုက်သည်။
ထို့နောက် တံခါးပျဉ်ချပ်ကို သယ်ကာ ခြံဝင်းတံခါးပေါက်ဆီသို့ လျှောက်သွားလေသည်။
ကျန်းရို သက်ပြင်းချလိုက်ပြီး သူ ကျောခိုင်းသွားချိန်တွင် အိမ်ထဲသို့ အမြန်ဝင်ကာ နောက်ဖေး မီးဖိုချောင်သို့ သွားလိုက်သည်။
ခြေသံများ ဝေးကွာသွားသောအခါ တံခါးဝတွင် တံခါးတပ်ဆင်နေသော အမျိုးသားသည် နောက်သို့ လှည့်ကြည့်လိုက်ပြီး မျက်လုံးများတွင် စဉ်းစားခန်းဝင်နေသော အရိပ်အယောင်များ ပေါ်လာသည်။
တံခါးတပ်ဆင်ပြီးနောက် သူသည် တံခါးပိတ်ကာ ခြံဝင်းထဲသို့ ဝင်လာသည်။ ခြေလှမ်းနှစ်လှမ်း လှမ်းပြီးနောက် တစ်စုံတစ်ခုကို သတိထားမိသွားသကဲ့သို့ ခြေလှမ်းများ ရပ်တန့်သွားသည်။ သန့်ရှင်းကျယ်ဝန်းနေသော ခြံဝင်းကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။
.....
မီးဖိုချောင်ထဲတွင် အိုးထဲမှ ထမင်းများ ဆူပွက်နေပြီဖြစ်သည်။ ရေအနည်းငယ် များသွားသဖြင့် ကျန်းရိုသည် ထမင်းရည်တစ်ခွက် ငှဲ့လိုက်သည်။ ထို့နောက် အိုးဖုံးအုပ်ပြီး ထမင်းနှပ်ထားစဉ် မီးဖိုချောင်ရှိ မီးဖိုခုံကို ရှင်းလင်းလိုက်သည်။
ရဲတပ်ဖွဲ့သင်တန်းကျောင်းတက်စဉ်က ပင်ပန်းခဲ့သော်လည်း ကျန်းရိုသည် အလေ့အကျင့်ကောင်းများစွာ ရရှိခဲ့သည်။ ဥပမာအားဖြင့် ပစ္စည်းများကို သပ်သပ်ရပ်ရပ်နှင့် သန့်ရှင်းစွာ ထားသိုတတ်ခြင်းမျိုးဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က မည်းနက်ပြီး မှိုတက်နေသော မီးဖိုခုံသည် ယခုအခါ ဖြူဖွေးသန့်ရှင်းနေပြီဖြစ်သည်။ ဆီပုလင်းနှင့် ဆားအိုးများကိုလည်း သပ်သပ်ရပ်ရပ် စီထားသည်။ ဘေးနားရှိ ဗီရိုကိုလည်း အဝတ်စုတ်ဖြင့် အကြိမ်ကြိမ် သုတ်သင်ရှင်းလင်းထားသဖြင့် မူလအရောင် ပြန်ပေါ်လာပြီး အတွင်းရှိ ပန်းကန်ခွက်ယောက်များကိုလည်း အကြီးအသေး အစီအစဉ်အလိုက် စီထားသည်။
မီးဖိုချောင် ကြမ်းပြင်တွင် မူလက သစ်သားစများ၊ ထင်းခြောက်များ ပြန့်ကျဲနေခဲ့သည်။ ဤအိမ်သည် လီရှောင်း၏ အဘိုးပိုင်ဆိုင်သော အိမ်ဖြစ်ပြီး လီရှောင်း၏အဖေ လက်ထပ်စဉ်က တစ်ကြိမ် ပြုပြင်မွမ်းမံခဲ့ဖူးသည်။ သို့သော် သားအဖများ အားလုံးမှာ သန့်ရှင်းမှုကို ဂရုစိုက်သူများ မဟုတ်ကြပေ။ အဘိုးဖြစ်သူ၏ သစ်သားစများကို ဖြစ်သလို ပစ်ထားခဲ့ကြပြီး လီရှောင်းကလည်း အိမ်ကပ်ခဲသူ ဖြစ်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်မှာလည်း ဤနေရာအပေါ် သံယောဇဉ် သိပ်မရှိသဖြင့် သန့်ရှင်းရေးလုပ်ရန် ပျင်းရိနေခဲ့သည်။
"ကျန်းရို" ၏ နေအိမ်သည် ဒီထက်ပို၍ ရှုပ်ပွပြီး ညစ်ပတ်သည်။ သူမသည် ငယ်စဉ်ကတည်းက ထိုကဲ့သို့သော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့သဖြင့် ဒါတွေက သာမန်ကိစ္စဟု ထင်မှတ်နေခဲ့သည်။
ထို့ကြောင့် ကျန်းရိုသည် လွန်ခဲ့သော နှစ်ရက်က ရောက်ရှိလာစဉ် အိပ်ခန်းမှလွဲ၍ ကျန်နေရာများတွင် ဖုန်များ၊ တံခါးနှင့် ပြတင်းပေါက်များတွင် ပင့်ကူအိမ်များ ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။
အိပ်ခန်းသည်လည်း သိပ်ကြည့်၍မကောင်းပေ။ အဝတ်အစားများ ကြမ်းပြင်ပေါ် ကျနေလျှင်လည်း မကောက်၊ ရေသောက်သည့် ခွက်တွင်လည်း အညစ်အကြေးများ အထပ်လိုက်ဖြစ်နေသည်။
ထိုအချိန်တွင် သူမ၏ အမေက အဖေနှင့် အစ်ကိုဖြစ်သူအပေါ် မည်မျှ စိတ်ပျက်အားလျော့ခဲ့ရသည်ကို သူမ နားလည်သွားခဲ့သည်။
မီးဖိုခုံကို သန့်ရှင်းရေးလုပ်ပြီးနောက် ကျန်းရိုသည် ဟင်းပန်းကန်များကိုကိုင်ကာ ဧည့်ခန်းသို့ သွားလိုက်သည်။ လီရှောင်း ဝင်လာသည်နှင့် တိုးမိမတတ် ဖြစ်သွားသည်။ သူ့လက်ထဲတွင် ရေတစ်ပုံး ဆွဲထားပြီး သူမကို တစ်ချက်ပင် မကြည့်ဘဲ ရှောင်ကွင်းကာ မီးဖိုချောင်သို့ ဝင်သွားလေသည်။
ကျန်းရို ဟင်းပန်းကန်များ ချလိုက်စဉ် မီးဖိုချောင်ထဲမှ ရေလောင်းထည့်လိုက်သော "ဝေါ" ခနဲ အသံကို ကြားလိုက်ရသည်။ သူသည် မီးဖိုချောင်ထဲရှိ ရေစည်ပိုင်းထဲသို့ ရေဖြည့်နေခြင်းဖြစ်သည်။
မီးဖိုချောင်ထဲတွင် လူတစ်ရပ်ခန့် မြင့်သော ရေစည်ပိုင်းတစ်လုံးရှိသော်လည်း ဤနှစ်ရက်အတွင်း ကျန်းရို အသုံးမပြုခဲ့ပေ။ သူမသည် ပင်ပန်းမည်စိုးသဖြင့် သုံးသလောက်သာ ရေခပ်သုံးစွဲခဲ့သည်။
ယခု သူ ရေခပ်ထည့်နေသည်ကို မြင်သောအခါ ကျန်းရို၏စိတ်ထဲတွင် အံ့သြမိသွားသည်။ ဤလူသည် အိမ်မှုကိစ္စများကို တက်တက်ကြွကြွ လုပ်ဆောင်လိမ့်မည်ဟု သူမ မယုံကြည်နိုင်ဖြစ်နေသည်။
သူမ၏ စိတ်ကူးထဲမှ ပုံရိပ်နှင့် တစ်နည်းနည်းဖြင့် ကွဲလွဲနေသလို ခံစားရသည်။
ထိုသို့ တွေးမိသော်လည်း ကျန်းရိုသည် မျက်နှာတွင် မည်သည့် အမူအရာမှ မပြပေ။ ထိုလူ မီးဖိုချောင်ထဲမှ ထွက်လာမှသာ သူမ ဝင်သွားပြီး ဟင်းပန်းကန်များ ဆက်သယ်လိုက်သည်။
စုစုပေါင်း ဟင်းသုံးပွဲသာရှိသဖြင့် ခဏလေးနှင့် သယ်ပြီးသွားသည်။ ကျန်းရို လုပ်စရာမရှိသလို ထမင်းကလည်း မကျက်သေးသဖြင့် ဧည့်ခန်းရှိ ကုလားထိုင်တွင်ထိုင်ကာ ခြေထောက်ကို ဟန်လုပ်ပြီး နှိပ်နယ်နေလိုက်သည်။
ထိုအမျိုးသားသည် ရေပြည့်နေသော ပုံးကို ဆွဲကာ အကြိမ်ကြိမ် ဖြတ်သွားသော်လည်း နှစ်ဦးသား စကားတစ်ခွန်းမျှ မပြောကြပေ။
ငါးခေါက် ခြောက်ခေါက်ခန့် သွားပြီးနောက် သူသည် ရေစည်ပိုင်းကို ဖြည့်ပြီးသွားပြီ ထင်သည်၊ မီးဖိုချောင်ထဲမှ ထွက်မလာတော့ပေ။
အိမ်ခန်းထဲတွင် ရုတ်တရက် တိတ်ဆိတ်သွားသည်။
ကျန်းရိုသည် တစ်ယောက်တည်းနေရသည်ထက် ပိုပြီး နေရခက်သလို ခံစားလိုက်ရသည်။ သူမ ခေါင်းလှည့်ပြီး နာရီကို ကြည့်လိုက်ရာ ဆယ်မိနစ်ကျော် ကုန်ဆုံးသွားပြီဖြစ်သည်။
တွေဝေနေပြီးနောက် သူမ မတ်တတ်ရပ်ကာ မီးဖိုချောင်သို့ ဝင်သွားလိုက်သည်။ ဝင်လိုက်သည်နှင့် မီးဖိုပေါက်ရှေ့တွင် ထိုင်နေသော ထိုအမျိုးသား၏ မြင့်မားကြီးမားသော ခန္ဓာကိုယ်ကို တွေ့လိုက်ရသည်။ မှိန်ဖျော့ဖျော့ မီးရောင်သည် သူ၏ အချိုးအစားထင်ရှားသော ဘေးတိုက်မျက်နှာကို လင်းလက်နေစေသည်။
ကျန်းရိုသည် ဗီရိုထဲမှ ပန်းကန်လုံးနှစ်လုံးနှင့် တူနှစ်စုံကို ထုတ်ယူကာ ရေနွေးတစ်ခွက်ဖြင့် ဆေးကြောလိုက်သည်။ ထို့နောက် အိုးဖုံးကိုဖွင့်ပြီး မိမိအတွက် ထမင်းတစ်ပန်းကန် ခပ်လိုက်သည်။
သူ့ပန်းကန်ကိုတော့ မခပ်ပေးဘဲ ထားလိုက်သည်။ စဉ်းစားပြီးနောက် နောက်ဆုံးတွင် သတ္တိမွေးကာ အောက်တွင် ထိုင်နေသော လူကို တိုးတိုးလေး ပြောလိုက်သည်။ "ထမင်း ကျက်ပြီ"
သူ့ကိုလည်း မကြည့်ဘဲ တူကိုကိုင်ကာ လှည့်ထွက်လာခဲ့တော့သည်။
အောက်တွင် ထိုင်နေသော အမျိုးသားက မော့ကြည့်လိုက်သော်လည်း စကားမပြောပေ။ လူထွက်သွားမှသာ မတ်တတ်ရပ်လိုက်သည်။
ဤထမင်းစားပွဲသည် ကျန်းရိုအတွက် အလွန်ဆင်းရဲဒုက္ခ ရောက်လှသည်။
နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်နေကြသော်လည်း မည်သူမျှ စကားမစကြပေ။ သူမသည် ခေါင်းငုံ့ထားသဖြင့် မျက်နှာချင်းဆိုင်မှ အမျိုးသား၏ မျက်နှာထား မည်သို့ရှိနေသည်ကို မမြင်ရသော်လည်း စက္ကန့်တိုင်းသည် နှစ်နှင့်ချီ ကြာမြင့်နေသလို ခံစားနေရသည်။
နေ့လည်က မုန့်တွေ အများကြီး စားထားသဖြင့် ကျန်းရိုသည် ထမင်းတစ်ပန်းကန်နှင့်ပင် ဗိုက်ဝနေပြီ ဖြစ်သည်။ သူမသည် တမင်တကာ ဖြည်းဖြည်းချင်း စားနေခြင်းဖြစ်သည်။ မျက်နှာချင်းဆိုင်မှ အမျိုးသား စားပြီးသည်နှင့် ပန်းကန်များကို ယူဆေးရန် စောင့်ဆိုင်းနေခြင်းဖြစ်သည်။ တစ်ဖက်လူက လုပ်ပေးလိမ့်မည်ဟု မမျှော်လင့်ထားပေ။
တစ်ဖက်လူက ထမင်းနှစ်ကြိမ် ထပ်ထည့်သည်။ နောက်ဆုံးတွင် အိုးကပ် ဂျိုးများကိုပါ မချန် စားသောက်လိုက်သည်။ နောက်ဆုံး အချိန်ရောက်သောအခါ ကျန်းရိုသည် ထမင်းစေ့များကို ရေတွက်နေရသလို ဖြစ်နေသည်။
သို့သော် ကျန်းရို အံ့သြသွားရသည်မှာ မျက်နှာချင်းဆိုင်မှ အမျိုးသားသည် စားပြီးသည်နှင့် ဦးစွာ ထရပ်လိုက်ပြီး ကျန်းရိုလက်ထဲမှ ပန်းကန်နှင့် တူများကို ဆွဲယူကာ ဟန်မပျက်ဘဲ ပန်းကန်အခွံများကို သိမ်းဆည်းပြီး မီးဖိုချောင်သို့ ယူဆောင်သွားခြင်းပင်ဖြစ်သည်။
ကျန်းရိုသည် အနည်းငယ် အံ့သြစွာဖြင့် မော့ကြည့်လိုက်မိသည်။
ထိုအမျိုးသားက သူမကို မကြည့်ဘဲ အေးစက်သော ကျောပြင်ကိုသာ ချန်ထားရစ်ခဲ့သည်။
မကြာမီ မီးဖိုချောင်ထဲမှ ပန်းကန်ဆေးသည့် ရေကျသံ ထွက်ပေါ်လာသည်။
ကျန်းရိုသည် နေရာတွင် ခေတ္တမျှထိုင်နေပြီးမှ ထရပ်ကာ အပြင်ဘက်မှ အဝတ်အစားများကို သိမ်းဆည်းလိုက်သည်။ ထို့နောက် အခန်းထဲသို့ သွားပြီး ရေချိုးကန်ကို ရှာဖွေသည်။
ပြီးမှ သူမ မီးဖိုချောင်သို့ သွားပြီး ရေနွေးခပ်လိုက်သည်။
အခန်းတံခါးဝမှ ထွက်လိုက်သည်နှင့် ထိုအမျိုးသားသည် သူမ၏ဘေးမှဖြတ်ကာ ထွက်သွားသည်။ ကျန်းရိုသည်လည်း ဘေးဘီဝဲယာမကြည့်ဘဲ ရေနွေးခပ်ကာ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ လူကို မမြင်ရလည်း စိတ်ထဲ မထားတော့ပေ။
သူ ဒီည ပြန်မလာရင် ကောင်းမယ်ဟုပင် စိတ်ထဲတွင် တိတ်တဆိတ် မျှော်လင့်နေမိသေးသည်။
.....
ကံမကောင်းစွာဖြင့် ဆန္ဒနှင့် ဘဝ ထပ်တူမကျခဲ့ပေ။ သူမ ရေချိုးပြီး ပြန်ထွက်လာသောအခါ ထိုအမျိုးသားသည် ခြံဝင်းတံခါးကို တွန်းဖွင့်ပြီး ဝင်လာသည်နှင့် တိုးလေသည်။ လက်ထဲတွင် အသားနှင့် ဟင်းသီးဟင်းရွက်များ ကိုင်ထားပြီး ပါးစပ်တွင် ဆေးလိပ်တစ်လိပ် ကိုက်ထားသည်။ သူမ ရေချိုးကန်ကို ဆွဲထုတ်လာသည်ကို မြင်သောအခါ ပါးစပ်ထဲမှ မကုန်သေးသော ဆေးလိပ်ကို လွှင့်ပစ်လိုက်သည်။
ထို့နောက် လှည့်ထွက်သွားပြီး ပုံးတစ်ပုံးကိုယူကာ အသားနှင့် ဟင်းသီးဟင်းရွက်များကို ရေတွင်းထဲသို့ ချကာ အအေးခံထားလိုက်သည်။
ထိုအချိန်တွင် မိုးချုပ်နေပြီဖြစ်သဖြင့် ကျန်းရိုသည် အခန်းထဲသို့ပြန်ဝင်ပြီး ကုတင်ပေါ် တက်အိပ်လိုက်တော့သည်။
မကြာမီ ထိုအမျိုးသား ဝင်လာပြီး ဗီရိုထဲမှ တစ်စုံတစ်ခုယူကာ ပြန်ထွက်သွားသည်။ ထို့နောက် ခြံဝင်းထဲတွင် ရေချိုးသံများ ကြားလိုက်ရသည်။
ကျန်းရို၏ခေါင်းထဲတွင် ပုံရိပ်များ ပေါ်လာပြီး မျက်နှာရဲသွားမိသည်။ ဤလူက ဤမျှအထိ စည်းကမ်းမရှိဖြစ်လိမ့်မည်ဟု သူမ ထင်မထားခဲ့ပေ။ ဘယ်သူကများ ခြံဝင်းထဲမှာ ရေချိုးလို့လဲ။
ကျန်းရိုသည် သူ့အပေါ် မည်သည့် ခံစားချက်မျှမရှိသော်လည်း သူ့အစား ရှက်မိနေသည်။
အထူးသဖြင့် ခဏနေရင် နှစ်ယောက်သား ကုတင်တစ်လုံးတည်းပေါ် အတူအိပ်ရတော့မည်ကို တွေးမိပြီး စိတ်ထဲတွင် ပို၍ နေမထိထိုင်မသာဖြစ်လာသဖြင့် ဘေးဘက်သို့ အစွမ်းကုန် တိုးကပ်သွားမိသည်။
ထို့ကြောင့် လီရှောင်း ရေချိုးပြီး ဆံပင်ရေသုတ်ကာ အခန်းထဲဝင်လာသောအခါ ကျန်းရိုသည် နံရံနှင့် ကပ်နေပြီဖြစ်သည်။
ထိုအမျိုးသားသည် ဆံပင်ကို အားဖြင့် အကြိမ်အနည်းငယ် သုတ်လိုက်ပြီးနောက် တဘက်ကို ပြတင်းပေါက်ရှေ့ စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ နံရံထောင့်တွင် ကွေးကွေးလေးဖြစ်နေသော ကျောပြင်ကို တစ်ချက်ကြည့်လိုက်ပြီး ကုတင်ခြေရင်းရှိ လျှပ်စစ်ပန်ကာကိုဖွင့်ကာ ဖိနပ်ကို ကန်ချွတ်ပြီး ကုတင်ပေါ် တက်လာလေသည်။
သစ်သားကုတင်က "ကျွီ" ခနဲ မြည်သွားပြီး ကုတင်တစ်ခုလုံး နိမ့်ဆင်းသွားသည်။
အမှန်တကယ် ကျယ်ဝန်းသော နှစ်ယောက်အိပ်ကုတင်ဖြစ်သော်လည်း သူတက်လာလိုက်သည်နှင့် ချက်ချင်း ကျဉ်းမြောင်းသွားသလို ဖြစ်သွားသည်။
ကျန်းရိုသည် ဤလူကို အနည်းငယ် ကြောက်သဖြင့် အတွင်းဘက်သို့ ထပ်တိုးလိုက်သည်။
အပြင်ဘက်တွင် အိပ်သော အမျိုးသားက မီးပိတ်လိုက်သည်။ သူ၏ လှုပ်ရှားမှု အရိပ်က နံရံပေါ်တွင် ပေါ်နေသည်။ သူက ခြင်ထောင်ကို အကြမ်းပတမ်း ဖွင့်လိုက်သည်ကို ကျန်းရို မြင်လိုက်ရသည်။
သည်းခံပြီးရင်း သည်းခံနေသော်လည်း ခဏကြာသောအခါ မနေနိုင်တော့ဘဲ တိုးတိုးလေး သတိပေးလိုက်သည်။ "ခြင်ထောင်ကို သေချာဖိထားဦးနော်"
သေချာ မဖိထားလျှင် ခြင်ဝင်လိမ့်မည်။ ကျန်းရိုသည် ဤရက်ပိုင်းအတွင်း ခြင်ကိုက်ခံရသည့် ဒဏ်ကို အလူးအလဲ ခံစားခဲ့ရပြီးဖြစ်သည်။
အနောက်ဘက်မှ တရှဲရှဲ အသံများ ထွက်ပေါ်လာသည်။
သူ စကားပြောရ လွယ်ကူသည်ကို တွေ့ရပြီး သူ၏ ယခင် လုပ်ရပ်များကိုပါ ဆက်စပ်တွေးကြည့်လိုက်သောအခါ ကျန်းရို အနည်းငယ် စိတ်သက်သာရာရသွားပြီး သူသည် သူမ ထင်သလောက် မကြောက်မက်ဖွယ်ကောင်းကြောင်း တွေ့ရှိလိုက်ရသည်။
သတ္တိ အနည်းငယ် ပိုရှိလာသည်။ ဘေးစောင်း အကြာကြီး အိပ်လိုက်သဖြင့် ကိုယ်တစ်ခြမ်း တောင့်တင်းနေပြီဖြစ်ရာ သူမသည် ဂရုတစိုက် ကိုယ်ကို လှည့်လိုက်ပြီး သူ့ဘက်သို့ မျက်နှာမူလိုက်သည်။
အခန်းထဲတွင် မှောင်မည်းနေသည်။ ကုတင်နှင့် မျက်နှာချင်းဆိုင် ပြတင်းပေါက်မှ လရောင်ဖျော့ဖျော့ ဝင်ရောက်နေသဖြင့် သူ့ကျောပြင်ကို ဝါးတားတား မြင်နေရသည်။
စိတ်ထဲတွင် အကြောင်းကိစ္စရှိနေသဖြင့် ခဏတာ စဉ်းစားပြီးနောက် သူမ တိုးတိုးလေး ထပ်ပြောလိုက်သည်။ "ဟိုလေ... ကလေးက နောက်လနည်းနည်းကြာရင် ထွက်လာတော့မှာ၊ သမီးလေးအတွက် ပစ္စည်းတချို့ ပြင်ဆင်ထားရမယ်"
လီရှောင်းသည် အိမ်တွင် မကြာခဏ မရှိတတ်ပေ။ မနက်ဖြန်မနက် နိုးလာလျှင် လူပျောက်နေမည်ကို ကျန်းရို မသေချာသဖြင့် ပိုက်ဆံထားခဲ့ရန် မေ့သွားမည်ကို စိုးရိမ်မိသည်။
သူ့ကိုယ်ပေါ်တွင် ပိုက်ဆံရှိမရှိ သူမ မသေချာသော်လည်းပေါ့။
စကားသံဆုံးသွားပြီးနောက် အခန်းထဲတွင် ပြန်လည် တိတ်ဆိတ်သွားသည်။
သူမ ပြောသည်မှာ သွယ်ဝိုက်လွန်းအားကြီး၍ တစ်ဖက်လူ နားမလည်တာများလားဟု ကျန်းရို သံသယဖြစ်နေစဉ် ထိုအမျိုးသားသည်လည်း ကိုယ်ကို လှည့်လိုက်သည်။ သူသည် ကုတင်ပေါ်တွင် ပက်လက်လှန်လိုက်ပြီးနောက် ပြုံးသလိုလို မပြုံးသလိုလို လှောင်ပြောင်သော လေသံဖြင့် သူမကို မေးလိုက်သည်။ "ငါ မင်းကို ပေးထားတဲ့ ပိုက်ဆံတွေ ဘယ်ရောက်သွားလဲ"
ကျန်းရို ပြန်မဖြေနိုင်ပေ။ မူလခန္ဓာကိုယ်ပိုင်ရှင်က မောင်ဖြစ်သူကို ပေးလိုက်ပြီဖြစ်သည်။
"သူမ" ၏ အကျင့်စရိုက်ကို သိနေ၍ ထင်သည်၊ ထိုအမျိုးသားက အေးစက်စက် တစ်ချက်ရယ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
သူ့ပုံစံကိုကြည့်ပြီး ကျန်းရို အနည်းငယ် ကြောက်လန့်သွားပြန်သည်။ သူရဲဘောကြောင်စွာဖြင့် တစ်ဖက်သို့ ပြန်လှည့်သွားပြီး စကားထပ်မပြောရဲတော့ပေ။
တကယ်လို့ မဖြစ်ရင်လည်း ပေါပေါပဲပဲ ယောက္ခမကို သွားရှာလိုက်မယ်၊ အလွန်ဆုံးတော့ ဟင်းသီးဟင်းရွက် ကူရောင်းပေးလိုက်တာပေါ့ဟု စိတ်ထဲတွင် တွေးလိုက်သည်။
ဗိုက်ကို ပွတ်သပ်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။ သူမဘဝက တကယ်ကို သနားစရာ ကောင်းလိုက်တာ။
အမှောင်ထဲတွင် ထိုအမျိုးသားသည် ခေါင်းငဲ့ကာ ဘေးနားကို မျက်နှာသေဖြင့် တစ်ချက်ကြည့်လိုက်လေသည်။
***