← Chapters

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇-၉)

Vol. 1 Ch. 7-9

အခန်း (၇)

လီမိသားစု၏ အိမ်သည် မြို့နယ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိသည်။ ဤနေရာတွင် အိမ်ဟောင်းများ များပြားပြီး စီးပွားရေးအရ နောက်ကျကျန်နေခဲ့သည်။ ကျယ်ဝန်းသော အဓိကလမ်းမကြီးတစ်ခု၏ ဘေးတစ်ဖက်တစ်ချက်စီတွင် နေအိမ်များ ရှိကြသည်။ အိမ်များမှာ ကြီးမားကျယ်ဝန်းကြသော်လည်း ရှုပ်ပွပြီး စည်းစနစ်မကျပေ။

ယခုနှစ်ပိုင်းများတွင် အစိုးရမှ မြို့ပြတည်ဆောက်ရေး လုပ်ငန်းများကို အားစိုက်လုပ်ဆောင်နေသဖြင့် မြောက်ဘက်လမ်းနှင့် တောင်ဘက်လမ်းများတွင် ဖွံ့ဖြိုးတိုးတက်လာပြီဖြစ်သည်။ မြင့်မားလှပသော တိုက်တာအဆောက်အအုံများ ပေါ်ပေါက်လာပြီး တောင်ဘက်လမ်းတွင် ဈေးသစ်နှင့် ဘူတာရုံတို့ ရှိနေသည်။ ပိုက်ဆံရှိသူများသည် ထိုနေရာနှစ်ခုတွင် အိမ်နှင့် ဆိုင်ခန်းများ ဝယ်ယူကြသည်။

အနောက်ဘက်လမ်း အနီးတစ်ဝိုက်တွင်လည်း စီးပွားရေး လုပ်ကိုင်သူများရှိကြသည်။ လီရှောင်း၏အဘိုး အသက်ရှိစဉ်က လက်သမားဆရာဖြစ်ပြီး လက်ရာကောင်းသဖြင့် အလုပ်များစွာ ရရှိခဲ့ဖူးသည်။ ကံမကောင်းစွာဖြင့် အသုံးမကျသော သားတစ်ယောက် မွေးဖွားခဲ့သဖြင့် လက်သမားပညာကို ဆက်မခံနိုင်ရုံမက တစ်သက်လုံး စုဆောင်းထားသမျှ စည်းစိမ်ဥစ္စာများကိုပါ ဖြုန်းတီးပစ်လိုက်သည်။ ကျန်ရစ်ခဲ့သည်မှာ ဤအိမ်တစ်လုံးသာဖြစ်သည်။

လီရှောင်းကမူ လက်သမားပညာ တတ်မြောက်ပုံရသည်။ သူ့သမီးငယ်စဉ်က ရေးသားခဲ့သော စာစီစာကုံးတွင် သူသည် ကစားစရာများနှင့် ကားရုပ်များကို လုပ်ပေးခဲ့သဖြင့် အတန်းဖော်များက အားကျခဲ့ကြရကြောင်း ဖော်ပြထားသည်။ သို့သော် ထိုမျှသာဖြစ်ပြီး အဘိုးဖြစ်သူ၏ လက်သမားပညာကို ဆက်လက်လုပ်ကိုင်မည့် အစီအစဉ်တော့ ရှိပုံမရပေ။

လီမိသားစု၏ ဘေးတစ်ဖက်တစ်ချက်တွင် အိမ်နီးချင်းနှစ်ဦးရှိသည်။ တစ်ဦးမှာ ဝမ်မိသားစုဖြစ်ပြီး ကျန်တစ်ဦးမှာ လူမနေဘဲ အိမ်လွတ်ဖြစ်နေကာ ပြောင်းရွှေ့သွားကြပုံရသည်။ အိမ်နောက်ဖေးတွင်တော့ လျိုမျိုးရိုး အိမ်တစ်အိမ်ရှိသည်။

ဝမ်မိသားစု လင်မယားတွင် တက္ကသိုလ်တက်နေသော သမီးတစ်ဦးသာရှိသည်။ အမျိုးသားဖြစ်သူသည် ဈေးထဲတွင် ဆိုင်ခန်းငှားပြီး ဝက်သားရောင်းကာ ရံဖန်ရံခါ ကျေးလက်ဒေသများသို့ သွားရောက်ပြီး ဝက်သတ်ပေးလေ့ရှိသည်။ အမျိုးသမီးဖြစ်သူသည် ရံဖန်ရံခါ ဈေးဆိုင်သို့ သွားရောက်ကူညီလေ့ရှိသည်။ သူတို့၏ စီးပွားရေးအခြေအနေ ကောင်းမွန်ပုံရပြီး အနီးအနားတွင် တယ်လီဖုန်းနှင့်တီဗီ အရင်ဆုံး ဝယ်ယူနိုင်သူများဖြစ်ကြသည်။

သို့သော် "ကျန်းရို" အပြင်ထွက်ခဲသောကြောင့် အိမ်နီးချင်းများနှင့် တွေ့ဆုံမှု နည်းပါးသည်။

အဒေါ်ဝမ် လာခေါ်သောအခါ သူမသည် မျက်နှာစိမ်း ဖြစ်နေသည်။ အဒေါ်ဝမ်က စိတ်လှုပ်ရှားစွာဖြင့် "မြန်မြန်လာ၊ ရှောင်လီ ဖုန်းဆက်နေတယ်၊ ဖုန်းမချသေးဘူး" ဟု ပြောလိုက်သည်။

ကျန်းရို ကြားသောအခါ လိမ္မာစွာဖြင့် တံခါးပိတ်ပြီး သူမနောက်သို့ လိုက်သွားလိုက်သည်။

အဒေါ်ဝမ်သည် ပြည့်ပြည့်ဖောင်းဖောင်းနှင့် လူလတ်ပိုင်းအရွယ် အမျိုးသမီးဖြစ်သည်။ မျက်နှာဝိုင်းဝိုင်း၊ အသားအရေက အဝါရောင်သန်းပြီး နီမြန်းနေကာ ကျန်းမာရေးကောင်းမွန်ပုံရသည်။

လမ်းလျှောက်နေစဉ် သူမသည် ကျန်းရိုနှင့် ရင်းနှီးစွာ စကားပြောလာသည်။ "ဗိုက်က မသေးတော့ဘူးပဲ၊ ငါးလ ခြောက်လလောက် ရှိပြီလား"

ကျန်းရိုက လိမ္မာစွာဖြင့် "ခြောက်လကျော်ပါပြီ" ဟု ပြန်ဖြေလိုက်သည်။

အဒေါ်ဝမ် ကြားသောအခါ "အို... အို... အို" ဟု ရေရွတ်လိုက်သည်။

မျက်နှာတွင် သနားဂရုဏာသက်သော အရိပ်အယောင်များ ပေါ်လာပြီး "ညည်းက ပိန်လွန်းတယ်၊ ရှောင်လီကလည်း တကယ်ပါပဲ၊ ကလေးက ဒီလောက်ကြီးနေပြီကို အပြင်ထွက်သွားသေးတယ်။ ခဏနေရင် သူ့ကို သေချာပြောလိုက်ဦး၊ စောစောပြန်လာဖို့၊ နောက်ပိုင်းကျရင် ကိုယ်ဝန်က ပိုကြီးလာပြီး သွားလာရ ခက်ခဲလာလိမ့်မယ်၊ တချို့ဆို စောမွေးတတ်ကြတယ်" ဟု ပြောလိုက်သည်။

ကျန်းရို ပြုံးလိုက်သည်။ လီရှောင်း၏ သမီး မွေးနေ့သည် အောက်တိုဘာ ၁၇ ရက် ဖြစ်ကြောင်း သိထားသောကြောင့်သာ လီရှောင်းကို အပြင်ထွက်ခွင့် ပြုလိုက်ခြင်းဖြစ်သည်။

ကိုယ်ဝန်ဆောင်ချိန်တွင် ယောကျ်ားတစ်ယောက် ဘေးမှာရှိနေမှဖြစ်မည်ဟူသော အတွေးမျိုး သူမတွင် မရှိပေ။ သူမ၏ ပတ်ဝန်းကျင်ရှိ အမျိုးသမီးများသည် အလွန်တော်ကြသောကြောင့် ဖြစ်နိုင်သည်။ သူမ၏ တက္ကသိုလ် အတိုင်ပင်ခံဆရာမသည် ကလေးမွေးသည့်နေ့တွင်ပင် ဖုန်းဆက်ပြီး ကျောင်းသားများကို ဆူပူကြိမ်းမောင်းနေခဲ့သေးသည်။ ရဲစခန်းမှအစ်မကြီးများသည် ကိုယ်ဝန် ရှစ်လနှင့် ကားမောင်းကြသည်။ သူမ၏မရီးဆိုလျှင် ကိုယ်ဝန်ကြီးနှင့် မိတ်ကပ်လိမ်းပြီး စီးပွားရေးကိစ္စများ ဆွေးနွေးနေတတ်သည်။

လူတိုင်းက အသက်ရှင်ရပ်တည်နိုင်ရန် ကြိုးစားနေကြရသည်။

ထို့ကြောင့် သူမသည် ဤနေရာသို့ ရောက်လာပြီးနောက် လျင်မြန်စွာ အသားကျသွားခြင်းဖြစ်သည်။

အဒေါ်ဝမ်သည် လမ်းလျှောက်ရင်း ကျန်းရိုကို တိတ်တဆိတ် အကဲခတ်နေသည်။ နှစ်အိမ်ကပ်လျက် နေထိုင်ကြသော်လည်း လီရှောင်းနှင့် ကျန်းရို၏ အခြေအနေကို သူမ သိပ်မသိပေ။ ဤမိန်းကလေးသည် တစ်နေ့တွင် ရုတ်တရက် လီမိသားစုအိမ်သို့ ရောက်ရှိလာပြီး နေထိုင်ကြောင်းသာ သိသည်။ ပုံမှန်အားဖြင့် တံခါးပိတ်ထားပြီး အသံမထွက်သဖြင့် လူမရှိဟုပင် ထင်မှတ်ရသည်။ နောက်ပိုင်း အပြင်ထွက်လာမှ ဗိုက်ကြီးနေသည်ကို သတိထားမိလိုက်သည်။

လီရှောင်း၏ ဂုဏ်သတင်းမှာ ငယ်စဉ်ကတည်းက မကောင်းခဲ့ပေ။ သူများသမီးပျိုကို ဗိုက်ကြီးအောင် လုပ်လိုက်သည်မှာလည်း ဖြစ်နိုင်သည်ဟု ယူဆထားသည်။ ထိုကောင်လေးက ဘယ်လောက်ဆိုးဆိုး ရုပ်ရည်ကတော့ ပြောစရာ မလိုပေ။ ငယ်စဉ်ကတည်းက မိန်းကလေး ဘယ်နှစ်ယောက် သူ့နောက်လိုက်ပြီး အိမ်ပေါက်ဝအထိ ရောက်လာခဲ့သည်ကို မရေတွက်နိုင်အောင်ပင်။

အဒေါ်ဝမ်သည် လီရှောင်းအပေါ် အမြင်သိပ်မကြည်ပေ။ အကြောင်းမှာ သူမ၏ သမီးဖြစ်သူကလည်း ထိုကောင်လေးကို သဘောကျခဲ့ဖူးသောကြောင့် ဖြစ်သည်။ သို့သော် ယခု လီရှောင်းတွင် ကလေးပင် ရနေပြီဖြစ်သဖြင့် သူမ စိတ်ပူစရာ မလိုတော့ပေ။ လီရှောင်း၏အဘိုးသည် သူတို့မိသားစုအပေါ် ကျေးဇူးရှိခဲ့ဖူးသဖြင့် ပုံမှန် ဂရုစိုက်ပေးရုံလောက်က ကိစ္စမရှိပေ။

ယခု အနီးကပ် လေ့လာကြည့်လိုက်သောအခါ လီရှောင်းသာမက ဤမိန်းကလေးသည်လည်း ရုပ်ရည် အလွန်ချောမောနေသည်ကို တွေ့လိုက်ရသည်။ သေးငယ်သော ဘဲဥပုံမျက်နှာ၊ ဖြူဖွေးသော အသားအရေ၊ သွယ်လျသော မျက်ခုံးတန်းများနှင့် တောက်ပသော မျက်လုံးဝိုင်းလေးများ ရှိပြီး ပြုံးလိုက်လျှင် အလွန်ချိုသာပြီး ချစ်စရာကောင်းနေသည်။

လူမိုက်ခေါင်းဆောင် လီရှောင်းနှင့် လုံးဝ မလိုက်ဖက်ပေ။

စိတ်ထဲတွင် မတင်မကျဖြစ်သွားမိသည်။ လီရှောင်းသည် သူမ၏ သမီးနှင့် မတန်ဟု ထင်မြင်သော်လည်း ယခု လီရှောင်းက ဤမျှလှပသော မိန်းကလေးတစ်ယောက် ရထားသည်ကို တွေ့ရသောအခါ မကျေမနပ်ဖြစ်မိပြန်သည်။

သို့သော် ထိုသို့ တွေးမိခြင်းက မကောင်းကြောင်း သူမ သိသည်။ အိမ်နီးချင်းအချင်းချင်း သူများအဆင်ပြေတာ ဝမ်းသာစရာပဲဖြစ်သည်။ ပြီးတော့ သူတို့လင်မယား အဆင်ပြေလေ သူမ၏ သမီးမိုက်က စိတ်ကူးယဉ်တာတွေ လျော့လေဖြစ်မှာပေါ့။

လီရှောင်းက ဘယ်လိုပဲဖြစ်ဖြစ် လူမိုက်တစ်ယောက်ပဲ။ တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ရမယ့်လူ။ တက္ကသိုလ်တက်နေတဲ့ သူမသမီးနဲ့ ဘယ်တူပါ့မလဲ။

ထိုသို့ တွေးလိုက်မိမှ အဒေါ်ဝမ် စိတ်သက်သာရာရသွားပြီး အမူအရာကပိုမိုပျူငှာလာကာ ကျန်းရိုကို အိမ်ထဲသို့ ခေါ်ဆောင်သွားပြီး ဖုန်းအမြန်ကိုင်ခိုင်းလိုက်သည်။ ဖုန်းမသုံးတတ်မည်ကို စိုးရိမ်သဖြင့် ဖုန်းကိုကောက်ကာ သူမ၏ နားနားသို့ တပ်ပေးလိုက်ပြီး "တန်းပြောလိုက်၊ သူ ကြားရတယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။

ကျန်းရို မျက်နှာပူသွားသည်။

ဖုန်းတစ်ဖက်မှ လီရှောင်းသည် အဒေါ်ဝမ်၏အသံကို ကြားလိုက်ရသဖြင့် "ကျန်းရို" ဟု လှမ်းခေါ်လိုက်သည်။

နက်ရှိုင်းပြီး ဆွဲဆောင်မှုရှိသော အသံသည် ကျန်းရို၏ နားနားမှ ကပ်၍ ထွက်ပေါ်လာသဖြင့် ခေါင်းတစ်ဖက်ခြမ်းပင် ထုံကျင်သွားသလို ခံစားလိုက်ရသည်။ သူမ နှုတ်ခမ်းကို ကိုက်လိုက်ပြီး "ဟုတ်တယ်... ကျွန်မပါ" ဟု တိုးတိုးလေး ပြန်ဖြေလိုက်သည်။

တစ်ဖက်လူကလည်း "အင်း" ဟု ပြန်ဖြေလိုက်ပြီးနောက် ဘာဆက်ပြောရမှန်း မသိသလို တိတ်ဆိတ်သွားပြန်သည်။

နှစ်ဦးသားက ရင်းနှီးသူများ မဟုတ်သည့်အပြင် ရက်အနည်းငယ် အတူနေထိုင်ဖူးသလောက် သူသည် စကားနည်းသူဖြစ်ကြောင်း ကျန်းရို သိရှိထားသည်။

ဤသို့ စကားမပြောဘဲနေ၍ မဖြစ်ပေ။ အထူးသဖြင့် ဘေးနားမှ အဒေါ်ဝမ်က မသွားဘဲ စားပွဲကို ဟန်ပြသုတ်ရင်း နားစွင့်နေသဖြင့် ကျန်းရို နေရခက်စွာ ကိုယ်ကိုစောင်းလိုက်ပြီး "ရှင် ဘယ်တော့ ရောက်တာလဲ၊ လမ်းမှာ အဆင်ပြေရဲ့လား" ဟု စတင်မေးမြန်းလိုက်ရသည်။

"ဒီနေ့မနက် ရောက်တာ၊ အဆင်ပြေတယ်"

အဖြေက တိုတောင်းလှသည်။

ကျန်းရို သက်ပြင်းချလိုက်ပြီး "အဆင်ပြေရင် ပြီးတာပါပဲ၊ ဒါပေမဲ့ ဒီလောက် ဝေးတာလား။ ဘေးမြို့မှာပဲ ဆို" ဟု မေးလိုက်သည်။

"အဲဒီဘက်က ပြီးသွားပြီ၊ အခု နေရာပြောင်းလိုက်တာ"

ကျန်းရို ရင်ထဲ ထိတ်ခနဲ ဖြစ်သွားသည်။ "နေရာပြောင်းလိုက်တယ် ဟုတ်လား။ ဝေးလား"

သူ အလိမ်ခံလိုက်ရပြီလားဟု သံသယဝင်မိသည်။ အလိမ်ခံရလျှင် ဖုန်းဆက်နိုင်မည် မဟုတ်ဟု တွေးမိသော်လည်း စိတ်ထဲတွင် မသန့်သဖြင့် တွန့်ဆုတ်စွာ ပြောလိုက်သည်။ "ရှင် ပြန်လာပါလား။ ဒီရက်ပိုင်း ကျွန်မ စိတ်ထဲ လေးနေလို့၊ လုပ်ငန်းခွင်က ပတ်ဝန်းကျင် မကောင်းဘူးလို့ ကြားတယ်။ ပိုက်ဆံရှာဖို့ နည်းလမ်းတွေ အများကြီးရှိတာပဲ၊ ဒါတစ်ခုတည်း မဟုတ်ပါဘူး"

တစ်ဖက်မှ အမျိုးသားက ရယ်မောလိုက်ပြီး "ကိစ္စမရှိပါဘူး၊ ဒီမှာ ပတ်ဝန်းကျင် ကောင်းတယ်၊ စားစရာသောက်စရာရှိတယ်၊ ပိုက်ဆံလည်း မနည်းဘူး၊ လျှောက်မတွေးနဲ့" ဟု ပြောလိုက်သည်။

ကျန်းရို မယုံသင်္ကာ ဖြစ်နေသည်။ "တကယ်လား"

"အင်း"

ပြောမရမှန်း သိလိုက်သဖြင့် ကျန်းရိုက "ဒါဆို ရှင် တစ်ယောက်တည်း အပြင်မှာ ဂရုစိုက်နော်၊ ပိုက်ဆံမရလည်း ကိစ္စမရှိဘူး၊ လူအန္တရာယ်ကင်းရင် ပြီးတာပဲ၊ စောစောပြန်လာခဲ့" ဟု ပြောလိုက်သည်။

ဖုန်းလိုင်း ကြာနေ၍လား မသိ၊ အတော်ကြာမှ တစ်ဖက်လူက အက်ကွဲကွဲ အသံဖြင့် "ကောင်းပြီ" ဟု စကားတစ်လုံးတည်း ပြန်ပြောလိုက်သည်။

"ဒါဆို ဖုန်းချလိုက်တော့မယ်"

"အင်း"

.....

အလင်းရောင် မှိန်ဖျော့ဖျော့ အခန်းထဲတွင်။

အသံတိတ်သွားသောအခါ အမျိုးသားသည် နားနားကပ်ထားသော ဖုန်းကို မချချင်ချင်ဖြင့် ချလိုက်ရသည်။

ဘေးနားမှ ပိန်ပိန်မည်းမည်း အမျိုးသားက မြင်သောအခါ ဝါနေသော သွားများကို ဖော်ကာ အလိုက်သင့် ပြုံးပြလိုက်သည်။ "အစ်ကို... ကျွန်တော် မလိမ်ပါဘူးနော်။ ခင်ဗျား ကျွန်တော်တို့နဲ့ လိုက်လုပ်ရင် ကျွန်တော်တို့က လူရင်းတွေ ဖြစ်သွားပြီ။ နောက်ဆို ပိုက်ဆံအများကြီးရလာရင် အစ်ကိုလည်း မရီးကို ကောင်းကောင်းထားနိုင်မှာ မဟုတ်လား"

လီရှောင်း ကြားသောအခါ ရယ်မောလိုက်ပြီး ခြေထောက်ကိုချိတ်ကာ ကိုယ်ကို နောက်သို့ မှီလိုက်သည်။ နားရွက်ကြားတွင် ညှပ်ထားသော ဆေးလိပ်ကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။

ဘေးနားမှ အမျိုးသားသည် အလိုက်တသိပင် စားပွဲပေါ်မှမီးခြစ်ကိုယူကာ ဆေးလိပ် မီးညှိပေးလိုက်သည်။

လီရှောင်း တစ်ဖွာ ဖွာလိုက်ပြီး ပါးစပ်ထဲမှ မီးခိုးငွေ့များကို မှုတ်ထုတ်ကာ ဂရုမစိုက်သော အပြုံးဖြင့် "လူရင်းတွေလား" ဟု မေးလိုက်သည်။

ပိန်ပိန်မည်းမည်း အမျိုးသားက "လူရင်းတွေပါ" ဟု အတည်ပြု ပြောကြားလိုက်သည်။

ရုပ်ရည်ချောမောပြီး စိတ်ဓာတ်မာကျောသော ဤလူကို သူ နှစ်ရက်ကြာအောင် စည်းရုံးပြောဆိုခဲ့သော်လည်း ဘာမှတုံ့ပြန်မှု မရှိခဲ့ပေ။ ယခု သူကိုယ်တိုင်က လက်အောက်ငယ်သားဖြစ်သွားရသည်။ အကယ်၍ တခြားသူများကို လိမ်မည်ဆိုလျှင်တော့ သေချာပေါက် လိမ်လို့ရမည်ဖြစ်သည်။

လီရှောင်း နှုတ်ခမ်းတွန့်လိုက်ပြီး "ကောင်းပြီလေ" ဟု ပြောလိုက်သည်။

ပြောပြီးသည်နှင့် ရှေ့မှ စားပွဲကို ခြေထောက်ဖြင့်ကန်ကာ မတ်တတ်ရပ်လိုက်သည်။ ဆွေးမြေ့နေသော စားပွဲသည် အသံမြည်ကာ ယိုင်နဲ့သွားပြီး အပေါ်ရှိ ရေခွက်နှင့် မန်ထိုပန်းကန် လှုပ်ခါသွားသည်။

သူ ခြေလှမ်းလှမ်းကာ ထွက်သွားပြီး "ဒါဆို လူရင်းတစ်ယောက် ဘယ်လိုဖြစ်လာမလဲဆိုတာ သင်ပေးစမ်းပါဦး" ဟု ပြောလိုက်သည်။

ပိန်ပိန်မည်းမည်း အမျိုးသားသည် သူ သဘောတူလိုက်ပြီဟု ထင်မှတ်ပြီး နောက်မှ အမြန်လိုက်သွားလေသည်။

အခန်းထဲတွင် လူ ၂၀၊ ၃၀ ခန့် ရှိနေသည်။ သူတို့သည် နံရံကပ်ကာထိုင်နေကြပြီး ကိုယ်ပေါ်တွင် ညစ်ပတ်နေကြသည်။ အားလုံးက ထမင်းစေ့မပါသော ဆန်ပြုတ်တစ်ခွက်စီ ကိုင်ထားကြသည်။ နှစ်ယောက်သား ထွက်သွားသည်ကို မြင်သော်လည်း မည်သူမျှ စားပွဲပေါ်မှ မန်ထိုကို မခိုးရဲကြပေ။

ထောင့်တစ်နေရာမှ ကျူးချန်သည် လီရှောင်း ထွက်သွားသော ကျောပြင်ကို ကြည့်ပြီး စိတ်မကောင်း ဖြစ်နေမိသည်။ အတူတူ အလိမ်ခံရပြီး ရောက်လာကြသော်လည်း ယခု လီရှောင်းက ခေါင်းဆောင် ဖြစ်နေပြီ၊ သူကတော့ ဆန်ပြုတ်သောက်နေရတုန်း။

.....

ကျန်းရို ဖုန်းချလိုက်ပြီး မော့ကြည့်လိုက်ရာ မျက်နှာချင်းဆိုင်မှ အဒေါ်ဝမ်က ပြုံးစစဖြင့် ကြည့်နေပြီး လက်ထဲတွင်လည်း စားပွဲသုတ်ဝတ်ကို ကိုင်ထားဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။ "ပြောလို့ပြီးပြီလား"

"......"

ကျန်းရိုလည်း ပြုံးပြလိုက်သည်။ "ဟုတ်ကဲ့ အဒေါ်ဝမ်... ကျွန်မ ပြန်တော့မယ်"

ဒီခေတ်က ဖုန်းပြောခ ပေးရမလား မသိသော်လည်း သူမအတွက် အလုပ်ရှုပ်ခံပြီး လာခေါ်ပေးသည့်အတွက် အိတ်ကပ်ထဲမှ ၅ မူး ထုတ်ပေးလိုက်သည်။ "ဒီနေ့ အဒေါ်ဝမ့်ကို ဒုက္ခပေးမိပြီ"

"အို... ဘာလုပ်တာလဲ၊ ဖုန်းကိုင်တာ ပိုက်ဆံမလိုပါဘူး"

အဒေါ်ဝမ်က စားပွဲပေါ်မှ ပိုက်ဆံကို ကျန်းရိုထံ ပြန်ထိုးပေးလိုက်သည်။ ကျန်းရိုက လက်မခံဘဲ အတင်းပြန်ပေးလိုက်သည်။ "နောက်ဆို အဒေါ်ဝမ့်အိမ်က ဖုန်းကို သုံးရဦးမှာ၊ ခဏခဏ ဒုက္ခပေးလို့ မဖြစ်ပါဘူး။ အဒေါ်ဝမ် ဒီလိုလုပ်နေရင် နောက်ဆို ကျွန်မ မလာရဲတော့ဘူး"

အဒေါ်ဝမ် ငြင်းမရမှန်း သိသဖြင့် လက်ခံလိုက်သည်။ သို့သော် ခဏစောင့်ခိုင်းပြီး မီးဖိုချောင်ထဲသို့ ဝင်ကာ ဝက်အူချောင်းတချို့ ယူလာပေးသည်။ ပြုံးရွှင်စွာဖြင့် "အိမ်မှာ တန်ဖိုးရှိတာ ဘာမှမရှိဘူး။ ဒီ ဝက်ကလီစာတွေပဲ ရှိတယ်။ သူများတွေ မစားကြဘူး။ ဒီမနက် နင့်ဦးလေး ရွာထဲသွားပြီး ဝက်သတ်ရာကနေ ပါလာတာ။ လတ်လတ်ဆတ်ဆတ်ပဲ။ နင် အိမ်ယူသွားပြီး ငရုတ်သီးနဲ့ ချက်စားကြည့်၊ စားလို့ရတယ်" ဟု ပြောလိုက်သည်။

သူတို့က စီးပွားရေးသမားများဖြစ်သဖြင့် ဖော်ရွေကြသည်။ အဓိကကတော့ ကျန်းရိုက ယဉ်ကျေးသိတတ်ပြီး သူတစ်ပါး အခွင့်အရေးကို မယူတတ်သောကြောင့် ဖြစ်သည်။ သူမအိမ်သို့ ဖုန်းလာဆက်သူ များပြားသော်လည်း ကျန်းရိုတစ်ယောက်သာ ပိုက်ဆံပေးခြင်းဖြစ်သည်။

ဝက်အူချောင်းများကို အဒေါ်ဝမ်က ကောက်ရိုးဖြင့် ဖြစ်သလိုစည်းကာ ကျန်းရိုကို ပေးလိုက်သည်။

သူမ ထိုသို့ ပြောလာမှတော့ ကျန်းရိုလည်း အားနာမနေတော့ဘဲ ပြုံးပြုံးရွှင်ရွှင် လက်ခံလိုက်သည်။ "ကျေးဇူးပါ အဒေါ်ဝမ်"

"ရပါတယ်"

စကားအနည်းငယ် ပြောပြီးနောက် ကျန်းရိုသည် ဗိုက်ကိုကိုင်ကာ ပြန်လာခဲ့သည်။ အဒေါ်ဝမ်က ခြံဝင်းတံခါးဝအထိ လိုက်ပို့ပြီး လမ်းလျှောက်တာ သတိထားဖို့ မှာကြားလိုက်သည်။

ကျန်းရို လက်ပြလိုက်ပြီး "မပို့ပါနဲ့တော့၊ ရပါတယ်" ဟု ပြောလိုက်သည်။

ဝက်အူချောင်းများကို ကိုင်ကာ ဘေးအိမ်သို့ ပြန်လာခဲ့သည်။

....

အချိန်က စောသေးသည်။ အိမ်တွင် ဟင်းသီးဟင်းရွက်များလည်း ကုန်ခါနီးပြီ ဖြစ်သဖြင့် ကျန်းရိုသည် ထီးတစ်ချောင်းဆောင်းကာ ဈေးသို့ ထွက်လာခဲ့သည်။ ဈေးတွင် ဟင်းသီးဟင်းရွက်များအပြင် ဟင်းခတ်အမွှေးအကြိုင်အချို့ကိုပါ ဝယ်ယူလိုက်သည်။ ဝက်အူချောင်းကို ငရုတ်သီးနှင့် ချက်စားသည်ထက် ပေါင်းစားသည်ကို ပိုကြိုက်သည်။ ယခု ရာသီဥတုပူသဖြင့် ပေါင်းထားလျှင် အထားခံမည်ဖြစ်သည်။

သူမ ဟင်းချက်တတ်ခြင်းမှာ မိခင်ဖြစ်သူ၏ လက်ရာကောင်းမွန်မှုကြောင့် ငယ်စဉ်ကတည်းက မြင်ဖူးတွေ့ဖူးနေရခြင်းကြောင့်သာမက သူမကိုယ်တိုင်ကလည်း အစားအသောက် ကြိုက်နှစ်သက်သူ ဖြစ်သောကြောင့်ဖြစ်သည်။ နောင်ခေတ်တွင် အင်တာနက်ဖွံ့ဖြိုးလာသဖြင့် အစားအသောက်ဗီဒီယိုများနှင့် ချက်ပြုတ်နည်းများကို စုဆောင်းထားပြီး အားလပ်ရက်များတွင် အိမ်၌ ချက်ပြုတ်လေ့ရှိသည်။

ကျန်းရိုသည် သူမ၏ ကိုယ်ပိုင်အကြိုက်အတွက်သက်သက် မဟုတ်ဘဲ အဒေါ်ဝမ်၏ "ဝက်ကလီစာတွေ အများကြီးရှိတယ်" ၊ "ငရုတ်သီးနဲ့ ချက်စားရင် စားလို့ရတယ်" ဟူသော စကားများကြောင့် စိတ်ကူးတစ်ခုရရှိသွားခြင်း ဖြစ်သည်။ ဒီဘက်ကလူတွေ ဝက်ကလီစာ သိပ်မစားကြသလို ကောင်းကောင်း ချက်မစားတတ်ကြဘူးဆိုတာ သိသာသည်။

စဉ်းစားကြည့်လျှင် နိုင်ငံထူထောင်စကနေ ယခုအချိန်အထိ နိုင်ငံတစ်ဝန်းလုံး ပစ္စည်းရှားပါးသော ကာလဖြစ်နေသေးသည်။ တံခါးဖွင့် စီးပွားရေးစနစ်ကြောင့် ချမ်းသာသူများ ပေါ်ပေါက်လာသော်လည်း အများစုမှာ စားဝတ်နေရေး ရုန်းကန်နေရဆဲ သို့မဟုတ် ဆင်းရဲမွဲတေနေဆဲ ဖြစ်သည်။

တကယ့် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်မှာ ၂၀၀၀ ခုနှစ် နောက်ပိုင်းမှသာဖြစ်သည်။

စားဖို့တောင် မလောက်ငှတဲ့အချိန်မှာ အရသာကို ဘယ်သူက ဂရုစိုက်နိုင်မှာလဲ။ တံခါးဖွင့် စီးပွားရေးစနစ် ကျင့်သုံးလာတာ အနှစ် ၂၀ ရှိပြီဆိုပေမယ့် ဒီမြို့နယ်လေးအပေါ် သက်ရောက်မှုကတော့ အလုပ်လက်မဲ့တွေများလာတာနဲ့ လမ်းမပေါ်မှာ တစ်နိုင်တစ်ပိုင် ဆိုင်ခန်းလေးတွေ တိုးလာတာလောက်ပဲရှိသေးတယ်။

တောင်ပိုင်းကလာတဲ့ ခေတ်မီအဝတ်အစားဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေ၊ အခွေငှားဆိုင်တွေနဲ့ ခေါက်ဆွဲဆိုင် ထမင်းဆိုင်တွေ...

ဒီလိုဆိုရင် သူမလည်း ဈေးရောင်းပြီး ပိုက်ဆံရှာလို့ ရတာပေါ့။ သူမ အများကြီး မစဉ်းစားထားပါဘူး။ နောင်ဘာဖြစ်မယ်ဆိုတာ အစီအစဉ်မရှိသေးပေမယ့် လက်ရှိ အရေးအကြီးဆုံးကတော့ ကိုယ်နဲ့ ကလေးအတွက် ကောင်းကောင်းနေနိုင်အောင် ပိုက်ဆံရှာဖို့ပါပဲ။

အနည်းဆုံးတော့ သူမ ဗိုက်ထဲက ကလေး မွေးလာရင် နို့မှုန့်တိုက်နိုင်ချင်တယ်။

ကျန်းရိုမှာ တခြားအရည်အချင်း မရှိပေမယ့် ဟင်းကောင်းကောင်း ချက်တတ်တယ်။

ဒါကြောင့် ညနေပိုင်းမှာ ကျန်းရို အိမ်မှာနေပြီး အဒေါ်ဝမ် ပေးလိုက်တဲ့ ဝက်အူချောင်းတွေကို ဆေးကြောတယ်။ ဝက်အူချောင်း ဆေးရတာ လက်ဝင်တယ်။ အရင်ဆုံး ရေနဲ့ တစ်ခါဆေး၊ ပြီးရင် ဆား၊ မုန့်ဖုတ်ဆိုဒါ၊ ကော်မှုန့်တို့ကို အချိုးကျထည့်ပြီး ၃၊ ၄ မိနစ်လောက် နယ်ရတယ်။ ပြီးမှ ရေနဲ့ သုံးခါလောက် ထပ်ဆေးရတယ်။ ဆေးပြီးရင် အတိုဖြတ်၊ အထဲအပြင်လှန်ပြီး ဆက်ဆေးရတယ်။ အဆီတွေ အကုန်မကုန်အောင် ဆေးရတယ်။ အဆီတွေ အကုန်ပြောင်သွားရင် ပေါင်းတဲ့အခါ မမွှေးတော့ဘူး။

သန့်ရှင်းရေးလုပ်ပြီးသွားရင် ဇလုံထဲထည့်၊ အရက်၊ မုန့်ဖုတ်ဆိုဒါနဲ့ ကော်မှုန့်ထည့်ပြီး ထပ်နယ်၊ ရေနဲ့ ခါခါဆေး၊ နောက်ဆုံးမှာ ရေအေးအိုးထဲထည့်၊ ဂျင်းပြားနဲ့ အရက်ထည့်ပြီး ရေနွေးဖျော၊ ဆယ်ယူပြီး ရေနွေးနွေးနဲ့ ဆေးကြောသန့်စင်ပြီး အသင့်ထားရတယ်။

ဝက်အူချောင်းက အနံ့ပြင်းတော့ သေချာမဆေးရင် ညှီနံ့က မွှေးနံ့ကို ဖုံးသွားတတ်တယ်။

အဒေါ်ဝမ်က မလုပ်တတ်လို့ ငရုတ်သီးနဲ့ ချက်စားခိုင်းတာ နေမှာပါ။

နောက်တစ်ဆင့်က အဓိကပဲ။ ကျန်းရို ချက်ချင်း မပေါင်းသေးဘဲ ညအိပ်ခါနီးမှ မီးဖိုချောင်သွားပြီး ဒယ်အိုးကို အပူပေး၊ ဆီထည့်၊ ဆီပူလာရင် သကြားခဲထည့်၊ သကြား အရည်ပျော်ပြီး ညိုရောင်သန်းလာမှ ကြက်သွန်မြိတ်၊ ဂျင်း၊ နာနတ်ပွင့်၊ သစ်ကြံပိုးခေါက်၊ ငရုတ်သီးခြောက်၊ ကရဝေးရွက်၊ စမုန်စပါးနဲ့ ငရုတ်ကောင်းစေ့တွေ ထည့်ပြီး ဆီသတ်၊ ပြီးမှ ရေအများကြီး ထည့်ရတယ်။

အဒေါ်ဝမ်က သဘောကောင်းတော့ ဝက်အူချောင်း အများကြီး ပေးလိုက်တာမို့ ရေလည်း အများကြီး ထည့်ရတယ်။

ရေထည့်ပြီးရင် ဝက်အူချောင်းတွေ ထည့်၊ ပဲငံပြာရည် ဇွန်းကြီး ၂ ဇွန်း၊ ဆား ဇွန်းငယ် ၂ ဇွန်းနဲ့ ခရုဆီ ဇွန်းကြီးတစ်ဝက် ထည့်တယ်။

ခရုဆီက ဒီခေတ်မှာ ဟင်းခတ်အမွှေးအကြိုင် အသစ်အဆန်းပဲ။ ကမ်းရိုးတန်းဒေသဘက်ကနေ ရောက်လာတာ။ ဒီမှာက ကုန်းတွင်းပိုင်းဆိုတော့ ဘယ်လိုသုံးရမှန်း မသိကြဘူး။ ဝယ်တဲ့လူ နည်းတော့ ဈေးလည်း သိပ်မကြီးဘူး။

အဲဒါတွေ ပြီးတော့ ကျန်းရို မီးဖိုထဲ ထင်းတွေ အများကြီး ထိုးထည့်ပြီး မီးအေးအေးနဲ့ တည်ထားလိုက်တယ်။ မနက်ဖြန်မနက်မှ ရလဒ်ကို ကြည့်ရမယ်။

.....

ကျန်းရိုရဲ့ လက်ရာကတော့ ပြောစရာ မလိုပါဘူး။ နောက်တစ်နေ့မနက် ထလာတော့ ဝက်အူချောင်းအိုးက လုံးဝ ပြောင်းလဲသွားပြီ။ ဟင်းရည်က ပျစ်နှစ်နေပြီး အရောင်ကလည်း စားချင်စဖွယ် ဖြစ်နေတယ်။ အဖုံးဖွင့်လိုက်တာနဲ့ မွှေးကြိုင်တဲ့ အနံ့က ညှီနံ့တွေကို ဖုံးလွှမ်းသွားတယ်။

အဲဒီမနက်မှာပဲ ကျန်းရို ဝက်အူချောင်းပေါင်းနဲ့ ခေါက်ဆွဲတစ်ပွဲ လုပ်စားလိုက်တယ်။

မနက်ပိုင်းရောက်တော့ ကျန်းရို ချုပ်လက်စ ကလေးအင်္ကျီနဲ့ ဝက်အူချောင်းပေါင်း တစ်ပန်းကန်ကို ကိုင်ပြီး ဘေးအိမ်ကို သွားလိုက်တယ်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၈)

ကျန်းရို ဘေးအိမ်သို့ ရောက်သောအခါ အဒေါ်ဝမ်သည် အိမ်တွင် အဝတ်လျှော်နေသည်။

ကျန်းရိုကဲ့သို့ တစ်ယောက်စာ သန့်ရှင်းသော အဝတ်အစားများ လျှော်ရသည်မျိုး မဟုတ်ဘဲ ဦးလေးဝမ်သည် ဝက်သားရောင်း၊ ဝက်သတ်သောအလုပ်ကို လုပ်သဖြင့် အဝတ်အစားများ ညစ်ပတ်နေတတ်ရာ ပြာရည်ဖြင့် စိမ်လျှော်ရသည်။ အိမ်တွင် ဆပ်ပြာမှုန့်ရှိသော်လည်း ခဏသုံးကြည့်ပြီးနောက် ငွေကုန်ကြေးကျ များသည်ဟု ယူဆကာ ပိုက်ဆံမကုန်သော ပြာရည်ကိုသာ သုံးစွဲကြသည်။

အဒေါ်ဝမ်၏ ခြံဝင်းတံခါးမှာ ကျယ်လောင်စွာ ပွင့်နေပြီး ကျန်းရို ရောက်လာသည်ကို မြင်သောအခါ ဝမ်းသာအားရ မော့ကြည့်လိုက်သည်။ "ရောက်လာပြီလား"

သူမသည် ချက်ချင်း ထရပ်လိုက်ပြီး ရေစိုနေသော လက်ကို ခါးတွင်ပတ်ထားသော ခါးစည်းဖုံးဖြင့် သုတ်လိုက်ကာ အိမ်ထဲမှ ကုလားထိုင်တစ်လုံး ယူလာပေးသည်။ ပါးစပ်မှလည်း ဝမ်းသာအားရ ပြောဆိုနေသည်။ "အမယ်... ငါ့သမီး တက္ကသိုလ်တက်ဖို့ ထွက်သွားကတည်းက အိမ်က ခြောက်ကပ်သွားတာ၊ နေ့တိုင်း တစ်ယောက်တည်းပဲ၊ စကားပြောဖော် သိပ်ရချင်နေတာ"

ကုလားထိုင်ကို ကျန်းရို၏ နောက်ဘက်သို့ ချပေးလိုက်ပြီး "လာ... ထိုင်ပါဦး" ဟု ပြောလိုက်သည်။

ကျန်းရို စိတ်ထဲတွင် ရယ်ချင်နေမိသည်။ ဒီအဒေါ်ကြီးကို မနေ့ကမှ စသိခဲ့သော်လည်း စကားပြောတိုင်း နှစ်ခွန်းမပြည့်ခင် သမီးတက္ကသိုလ်တက်နေကြောင်း ထည့်ပြောတတ်သည်ကို သတိထားမိလိုက်သည်။ ပါးစပ်သီးနေပြီ ဖြစ်ပုံရသည်။

လက်ထဲမှ ပန်းကန်ကို ကမ်းပေးလိုက်ပြီး "အဒေါ်ဝမ်... မနေ့ညက ကျွန်မ ဝက်အူချောင်းပေါင်း လုပ်ထားလို့၊ နည်းနည်း မြည်းကြည့်ပါဦး၊ ကြိုက်မလားတော့ မသိဘူး" ဟု ပြောလိုက်သည်။

အဒေါ်ဝမ်သည် "အို... အို..." ဟု ရေရွတ်လိုက်ပြီး လက်ကို အတင်းကာပြလိုက်သည်။ "ညည်းကတော့ တကယ်ပါပဲ၊ ငါပေးလိုက်တဲ့ ပစ္စည်းကို ဘယ်လိုလုပ် ပြန်လာပေးရတာလဲ။ အားနာစရာကြီး၊ တန်ဖိုးရှိတာလည်း မဟုတ်ဘဲနဲ့၊ ပြန်ယူသွားပြီး စားလိုက်ပါ"

"အိမ်မှာ ရှိပါသေးတယ်၊ ကျွန်မ တစ်ယောက်တည်း မကုန်နိုင်လို့ အရသာမြည်းကြည့်ရအောင် ယူလာတာပါ" ကျန်းရိုက ပန်းကန်ကို သူမလက်ထဲ အတင်းထိုးထည့်လိုက်သည်။

ကျန်းရို နောက်ပြောင်နေခြင်းမဟုတ်ကြောင်း သိလိုက်ရသဖြင့် အဒေါ်ဝမ်သည် နှစ်ခါလောက် ငြင်းပြီးနောက် လက်ခံလိုက်သည်။ "ကောင်းပြီလေ... ဒါဆို ယူထားလိုက်မယ်"

ကျန်းရို၏ပန်းကန်ကို ယူလိုက်ပြီး အလိုက်သင့်ပင် တစ်ဖတ်ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ မူလက သိပ်မထင်ထားဘဲ ငရုတ်သီးနှင့် ကြော်ထားသည်ထက် အနံ့မွှေးသည်ဟုသာ ထင်မြင်မိသည်။ သို့သော် တစ်ကိုက် ကိုက်လိုက်သည်နှင့် မျက်လုံးများ ပြူးကျယ်သွားပြီး မနေနိုင်ဘဲ နောက်တစ်ဖတ် ထပ်ယူစားလိုက်မိသည်။ သူမသည် ကျန်းရိုကို ကြည့်ပြီး "အရသာ ကောင်းလိုက်တာ၊ အနံ့ဆိုးလည်း မရှိဘူး၊ ဘယ်လိုလုပ်ထားတာလဲ၊ ငါလုပ်တာထက် အများကြီး ပိုကောင်းတယ်" ဟု ပြောလိုက်သည်။

စားလိုက်လျှင် မွှေးကြိုင်ပြီး အဆီအနှစ်ပြည့်ဝသော်လည်း အီမနေဘဲ ဝါးလို့ကောင်းနေသည်။

ကျန်းရို ပြုံးလိုက်ပြီး "အဒေါ်ဝမ် ကြိုက်တယ်ဆို ကျေနပ်ပါပြီ၊ မကြိုက်မှာ စိုးနေတာ" ဟု ပြောလိုက်သည်။

အဒေါ်ဝမ်က ဘာမှ ထပ်မစဉ်းစားဘဲ ရယ်မောကာ ပြောလိုက်သည်။ "အရမ်းစားကောင်းတယ်၊ နင့်ဦးလေးလည်း ကြိုက်မှာ သေချာတယ်၊ ပန်းကန် လဲပေးမယ်"

ပန်းကန်ကို ကိုင်ကာ မီးဖိုချောင်သို့ ဝင်သွားပြီး ဝက်အူချောင်းများကို အိမ်မှ ပန်းကန်လုံးထဲ ပြောင်းထည့်ကာ ကျန်းရို၏ပန်းကန်ကို ဆေးကြောပေးလိုက်သည်။

.......

ခြံဝင်းထဲသို့ ပြန်ရောက်သောအခါ ကျန်းရိုသည် ကုလားထိုင်ပေါ်ထိုင်ကာ ကလေးအင်္ကျီ ချုပ်နေသည်ကို တွေ့လိုက်ရသည်။ နှစ်ချက်ခန့် ကြည့်လိုက်ပြီး အင်္ကျီပုံစံက ထူးဆန်းနေသဖြင့် မေးချင်စိတ် ပေါက်သွားပြန်သည်။ ဝက်အူချောင်း ဘယ်လိုလုပ်လဲ မေးမလို့ ရှိသော်လည်း အင်္ကျီကို တွေ့တော့ "ဒါ ကလေးအင်္ကျီ မဟုတ်လား" ဟု မေးလိုက်သည်။

ကျန်းရို ခေါင်းညိတ်လိုက်သည်။ "ဟုတ်တယ်... ဘော်ဒီဆက်အင်္ကျီလေ"

အင်္ကျီကို ဖြန့်ပြလိုက်ပြီး ပုံစံကို ရှင်းပြလိုက်သည်။

အဒေါ်ဝမ် နားထောင်ရင်းနှင့် သဘောကျသွားသည်။ နောက်ဆို သူမသမီး အိမ်ထောင်ကျပြီး ကိုယ်ဝန်ရှိလာရင် သူမလည်း ဒီလိုအင်္ကျီမျိုး ချုပ်ပေးလို့ ရပြီဟု တွေးမိလိုက်သည်။

ထိုသို့ တွေးမိပြီး စိတ်ကျေနပ်သွားကာ လီရှောင်း မိန်းမရတာ ကံကောင်းသည်ဟု ထင်မြင်မိသည်။ ပိန်ပိန်ပါးပါးလေး ဖြစ်ပေမယ့် အလုပ်လုပ်နိုင်လိုက်တာ။

ကျန်းရိုက ဒီအင်္ကျီလေးရဲ့ အားသာချက်တွေကို သေချာရှင်းပြနေသည်။ "ကလေးမွေးတဲ့အချိန်ဆို ရာသီဥတု အေးနေပြီ။ ရှူးပေါက်လို့ ဘောင်းဘီလဲရင် အဆင်မပြေဘူး။ ဖျားလွယ်တယ်။ ဒီလိုအင်္ကျီမျိုးဆို အဆင်ပြေတယ်။ ကြယ်သီးဖြုတ်လိုက်ရုံပဲ"

"ညည်းက တကယ် စေ့စပ်တာပဲ"

ကျန်းရို ပြုံးပြုံးလေးနဲ့ နောက်ထပ် အကြောင်းအရာတွေ ပြောပြပြီး ကိုယ်ဝန်ဆောင်ချိန် သတိထားရမယ့် ကိစ္စတွေကို မေးမြန်းလိုက်တယ်။ အဒေါ်ဝမ်က စကားပြောရတာ ကြိုက်တဲ့သူ၊ ကျန်းရို မိဘတွေက အနားမှာမရှိ၊ ယောက္ခမကလည်း အားကိုးမရတဲ့သူဆိုတော့ သူမ ကိုယ်ဝန်ဆောင်တုန်းက အတွေ့အကြုံတွေကို အကုန်ပြောပြတော့တာပဲ။ စိတ်ပါလာတဲ့အချိန်မှာ သူမ ယောက္ခမ အရင်က လုပ်ခဲ့တဲ့ မကောင်းတာတွေကိုပါ ဆဲဆိုလိုက်သေးတယ်။

ပြီးတော့ ကျန်းရိုကို ပြန်နှစ်သိမ့်သည်။ "ညည်း ယောက္ခမ အနားမှာမရှိတာ ကောင်းပါတယ်။ ငါ့တုန်းကဆို ကိုယ်ဝန် ၈ လနဲ့ မွေးခါနီးနေပြီ၊ တစ်မိသားစုလုံးရဲ့ အဝတ်တွေကို မြစ်ဆိပ်မှာ သွားလျှော်ခိုင်းတယ်။ ဆောင်းတွင်းကြီး အေးလိုက်တာ၊ လျှော်ပြီးတော့ လက်တွေတောင့်ခဲ၊ လူလည်း မထနိုင်တော့ဘူး။ ပြန်လာတဲ့လမ်းမှာ ရေခဲကျင်းထဲ ခြေချော်ကျလို့ ဘောင်းဘီတစ်ဖက် ရေစိုသွားသေးတယ်။ အခုပြန်စဉ်းစားရင်တောင် စိတ်ဆင်းရဲတုန်း"

ကျန်းရို မျက်မှောင်ကြုတ်ပြီး နားထောင်နေသည်။ "အဒေါ်ဝမ် မလွယ်ခဲ့ဘူးပဲ"

"ဒါပေါ့"

အဒေါ်ဝမ်က ပြောရင်းနဲ့ စိတ်ပါလာသည်။ အရင်တုန်းက ဒီအကြောင်းတွေကို သူမ ယောက်ျားကို ပြောပြပေမယ့် အဲဒါက သူ့အမေအရင်းလေ၊ ပြောလည်း အလကားပဲ။ သူမ စိတ်ကူးယဉ်နေတာလားလို့တောင် ပြန်မေးသေးတယ်။ ဒေါသထွက်လွန်းလို့ ဗိုက်တောင် အောင့်တယ်။

သမီးကို ပြောပြတော့လည်း သမီးက ကြားကနေ ဖြန်ဖြေပေးတယ်။ အဘွားက သူ့ကိုတော့ ချစ်တာကိုး။ ငယ်ငယ်က ထိန်းကျောင်းပေးခဲ့ဖူးတော့ မြေးမအနေနဲ့ ဘာမှမပြောသာဘူး။

အခုတော့ နားထောင်ပေးမယ့်သူ တွေ့ပြီဆိုတော့ အားရပါးရ ပြောပစ်လိုက်သည်။

နောက်ဆုံးကျမှ ကျန်းရိုက ပြန်နှစ်သိမ့်ပေးသည်။ "အဒေါ်ဝမ် အခုတော့ ဒုက္ခတွေ ကျော်လွန်သွားပါပြီ။ သမီးက တက္ကသိုလ်တက်နေပြီ၊ အိမ်စီးပွားရေးလည်း ကောင်းတယ်၊ ပတ်ဝန်းကျင်ကလူတွေ အဒေါ်ဝမ့်ကို အားမကျတဲ့သူ ဘယ်သူရှိလို့လဲ"

အဒေါ်ဝမ်က ကျန်းရို စကားပြောတာ အရမ်းကောင်းတယ်လို့ ထင်သွားသည်။ စကားတိုင်းက သူမ ရင်ထဲကို ထိမှန်နေသည်။ သွားကျဲလေးပေါ်အောင် ရယ်မောလိုက်ပြီး "မဆိုးပါဘူး၊ ဖြည်းဖြည်းချင်း ကြိုးစားရတာပေါ့၊ နောက်ဆို ပိုကောင်းလာမှာပါ။ ငါကတော့ သမီးကျောင်းပြီးရင် မြို့ပေါ်ခေါ်သွားပြီး ကောင်းကောင်းထားဖို့ပဲ မျှော်လင့်နေတာ"

သမီးအကြောင်း ထပ်ကြားရပြန်ပြီ။ ကျန်းရို ရယ်ချင်စိတ်ကို ထိန်းပြီး သူမ စကားအတိုင်း လိုက်ပြောပေးလိုက်သည်။ "အဒေါ်ဝမ်က ကံကောင်းတဲ့သူပါ။ ဦးလေးရဲ့ စီးပွားရေးက အဆင်ပြေတယ်၊ သမီးကလည်း တက္ကသိုလ်တက်ပြီး ထူးချွန်တယ်။ ဒါတွေက အဒေါ်ဝမ်ရဲ့ အိမ်မှုထိန်းသိမ်းမှု ကောင်းလို့ပါပဲ။ ကျွန်မလည်း အဒေါ်ဝမ့်ကို အတုယူရဦးမယ်။"

ပြောပြီးတော့ မျက်လုံးထဲမှာ အားကျတဲ့ အရိပ်အယောင်လေးတွေ ထည့်လိုက်ပြီး "အားရှောင်း ဒီတစ်ခါ ခရီးဝေးထွက်သွားတာ ကျွန်မ စိတ်မချဘူး။ သူ ပိုက်ဆံအများကြီး ရှာနိုင်ဖို့ မမျှော်လင့်ပါဘူး။ လူအန္တရာယ်ကင်းရင် ပြီးတာပါပဲ။ ဒါပေမဲ့ တော်သေးတာက သူ အခု လိမ္မာသွားပြီ။ မိသားစုကို ရှာဖွေကျွေးမွေးရကောင်းမှန်း သိလာပြီ။ ဟိုတစ်လောက အချုပ်ထဲ ဝင်ရတာကလည်း သူများတွေ အနိုင်ကျင့်လွန်းလို့ သည်းမခံနိုင်တော့ဘဲ ဖြစ်သွားတာ။ နောက်ဆို ဘယ်တော့မှ ရန်မဖြစ်တော့ပါဘူးလို့ ကျွန်မကို ကတိပေးထားတယ်"

အဒေါ်ဝမ်ကတော့ လီရှောင်းရဲ့ စကားကို မယုံပါဘူး။ အဲဒီကလေးက ငယ်ငယ်ကတည်းက ဆိုးသွမ်းလာတာ၊ ဘယ်လိုလုပ် ပြုပြင်လို့ ရမှာလဲ။

ဒါပေမဲ့ သူမက ကျန်းရိုကို သဘောကျတဲ့အတွက် စေတနာနဲ့ သင်ပြပေးလိုက်သည်။ "ယောက်ျားတွေကို သင်ပြပေးရတယ်။ ငါ့ယောက်ျားလည်း အရင်က ဂရုစိုက်တတ်တာ မဟုတ်ဘူး။ အခုကြည့်ပါလား၊ အိမ်မှုကိစ္စရော အပြင်ကိစ္စရော အကုန်လုပ်တတ်နေပြီ။ လီရှောင်းကလည်း အရမ်းဆိုးတာတော့ မဟုတ်ပါဘူး။ သူ့ကို အပြင်က လူမိုက်တွေနဲ့ မပေါင်းခိုင်းနဲ့။ ရံဖန်ရံခါ ချော့လိုက်၊ ငိုပြလိုက် လုပ်ရင် သူ နင့်စကား နားထောင်လာလိမ့်မယ်"

"ဟုတ်ကဲ့"

ကျန်းရိုက ရှက်သလို ခေါင်းငုံ့လိုက်သည်။ ဗိုက်ကို ပွတ်သပ်ရင်း တစ်ခုခု သတိရသွားသလို မော့ကြည့်ပြီး အားနာသလို မေးလိုက်သည်။ "အဒေါ်ဝမ်... ကျွန်မ လုပ်ထားတဲ့ ဝက်အူချောင်း အရသာ ဘယ်လိုနေလဲဟင်။ ရောင်းရင် ဝယ်မယ့်သူ ရှိမလား"

အဒေါ်ဝမ် အဝတ်လျှော်နေရင်း ရပ်သွားတယ်။ အံ့သြစွာနဲ့ ကျန်းရိုကို ကြည့်လိုက်သည်။ "နင် ဝက်အူချောင်း ရောင်းချင်လို့လား"

ကျန်းရိုက မျက်နှာပူသလို ကြည့်လိုက်ကာ ပြောရခက်နေပုံ ရပေမယ့် ဆက်ပြောလိုက်သည်။ "အိမ်မှာ ပိုက်ဆံ သိပ်မရှိတော့ဘူး။ အားရှောင်း ထွက်သွားတုန်းက ပိုက်ဆံတချို့ ထားခဲ့ပေးပေမယ့် ကျွန်မက ရှေ့ရေးတွေးမိလို့ပါ။ ကလေးမွေးလာရင် ပိုက်ဆံသုံးစရာတွေ များလာမှာ။ သူကလည်း အပြင်မှာ ပိုက်ဆံရှာနိုင်မလား မရှာနိုင်ဘူးလား မသေချာဘူးလေ"

အဒေါ်ဝမ်က လီရှောင်း ထားခဲ့တဲ့ ပိုက်ဆံ နည်းလွန်းလို့ မလောက်ဘူးလို့ ထင်သွားသည်။ ချက်ချင်းပဲ ဒေါသတကြီး ထောက်ခံလိုက်သည်။ "ယောက်ျားတွေက အတူတူပဲ။ မိန်းမတွေက အိမ်မှာ ရေပဲသောက်ပြီး နေတယ်လို့ ထင်နေတာ။ ဆီ၊ ဆား၊ ငါးပိ၊ ငါးခြောက် ဘယ်ဟာက ပိုက်ဆံမလိုလို့လဲ..."

ကျန်းရိုက လိုက်လျောညီထွေ ပြောလိုက်သည်။ "ဟုတ်တယ် အဒေါ်ဝမ်၊ ဒါကြောင့် အဒေါ်ဝမ်နဲ့ ပူးပေါင်းလုပ်ဖို့ စဉ်းစားမိတာ"

"ငါနဲ့ ပူးပေါင်းမယ် ဟုတ်လား" အဒေါ်ဝမ် အံ့သြသွားသည်။

လက်ထဲက အလုပ်တောင် ရပ်သွားလေသည်။

ကျန်းရို ဆက်ပြောလိုက်သည်။ "အဒေါ်ဝမ်တို့က ဝက်ကလီစာတွေ ထောက်ပံ့ပေး၊ ကျွန်မက ပေါင်းပေးမယ်။ ပြီးရင် ဈေးထဲမှာ ဆိုင်ခန်းလေး တစ်ခန်းငှားပြီး အတူတူရောင်းကြမယ်။ အရင်းနှုတ်ပြီး အမြတ်ကို တစ်ဝက်စီ ခွဲယူကြမယ်လေ။ ဘယ်လိုသဘောရလဲ"

"ဒီဝက်အူချောင်းပေါင်းနည်းက အားရှောင်း အဘွားရဲ့ စာအုပ်ဟောင်းထဲက တွေ့ထားတာ။ ကျွန်မလည်း နားမလည်ပါဘူး။ ကောင်းမယ်ထင်လို့ စမ်းလုပ်ကြည့်တာ တကယ် စားကောင်းနေတယ်။ နှမြောစရာကောင်းတာက ဒီနည်းလမ်းလေး တစ်ခုပဲရှိတယ်။ ဒါပေမဲ့ လုံလောက်မယ် ထင်ပါတယ်။ အဒေါ်ဝမ် စဉ်းစားကြည့်လေ၊ ဒီဝက်အူချောင်းပေါင်းက အရသာကောင်းတယ်။ ဝယ်သွားရင် တန်းစားလို့ရတယ်။ အချိန်ကုန် လူပင်ပန်း သက်သာတယ်။ စက်ရုံက အမျိုးသမီးတွေ သဘောကျမှာ သေချာတယ်"

အဒေါ်ဝမ် စိတ်ဝင်စားသွားကာ ချက်ချင်း ပြန်ပြောလိုက်သည်။ "ဆိုင်ခန်း ငှားစရာ မလိုပါဘူး။ နင့်ဦးလေးရဲ့ အသားဆိုင်ဘေးမှာ နေရာနည်းနည်း ဖယ်ပြီး ရောင်းလိုက်ရင် ရတာပဲ"

"အဲဒါ မကောင်းဘူး ထင်တယ်"

"ဘာမကောင်းစရာ ရှိလို့လဲ။ ဝက်အူချောင်း ဘယ်သူစားလို့လဲ။ နှစ်သစ်ကူးကျမှ ဝက်အူချောင်းသွပ်ဖို့ ဝယ်ကြတာ။ ဈေးထဲမှာ ဘယ်သူမှ ဒါကို မရောင်းကြဘူး။ ငါတို့က ဈေးနည်းနည်းတင်ပြီး တစ်ပိဿာ ၅ ကျပ်နဲ့ ရောင်းမယ်။ နင်လုပ်၊ ငါရောင်း..."

စဉ်းစားလေ စိတ်လှုပ်ရှားလေ ဖြစ်လာပြီး ပိုက်ဆံရေနေရတဲ့ ပုံစံတောင် မြင်ယောင်လာပြီ။

သူမတို့အိမ်က ဝက်သားရောင်းတယ်ဆိုပေမယ့် ဈေးထဲမှာ တခြားဆိုင်တွေလည်းရှိတော့ အမြတ်က သိပ်မများလှဘူး။ ဖောက်သည်တွေက သူမတို့ဆိုင်မှာ ဝက်အူချောင်းပေါင်း လာဝယ်ရင်း အသားပါ ဝယ်သွားနိုင်တာပဲ။

စီးပွားရေးသမားဆိုတော့ အဒေါ်ဝမ်က အကွက်မြင်တယ်။ ဒီစီးပွားရေး လုပ်လို့ရမယ်လို့ ထင်တယ်။

ပိုက်ဆံရမယ့် အလုပ်ပဲ၊ ဘာလို့ ငြင်းရမှာလဲ။ လီရှောင်း မရှိလို့၊ ကျန်းရို ဗိုက်ကြီးနေလို့သာ သူမဆီ ဒီအခွင့်အရေး ရောက်လာတာ။ မဟုတ်ရင် သူမအလှည့် ရောက်မှာ မဟုတ်ဘူး။

သူမမှာ သမီးတစ်ယောက်တည်းရှိတာ။ ညီအစ်ကိုမောင်နှမ မရှိဘူး။ အခု သမီးကလည်း တက္ကသိုလ်တက်နေပြီဆိုတော့ ပိုက်ဆံများများရှာမှ စိတ်ချရမှာ။

အဲဒါနဲ့ အဒေါ်ဝမ် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ညီမလေး... ခဏစောင့်၊ အိမ်မှာ ဝက်အူချောင်းအလတ်တွေ ရှိသေးတယ်။ ဒီနေ့ ယူသွားပြီး ပေါင်းလိုက်။ မနက်ဖြန် စရောင်းကြမယ်။ ငါ ဒီနေ့ညနေ နင့်ဦးလေးဆိုင်ကို သွားရှင်းလိုက်မယ်။ နင့်အိမ်မှာ ထင်းလောက်ရဲ့လား၊ ငါ နည်းနည်း ခွဲပေးရမလား"

ကျန်းရိုကလည်း အားမနာနေတော့ဘူး။ "ရပါတယ်၊ အဒေါ်ဝမ့်ဆီမှာ ရှိသလောက် ပေးလိုက်ပါ။ ဝက်အူချောင်းပေါင်းက နှစ်ရက်လောက် အထားခံတယ်။ မကုန်မှာ မပူရဘူး။ မနက်ဖြန်မနက်ဆို ရပြီ။ ထင်းကတော့ မလိုပါဘူး။ အိမ်မှာ ရှိပါသေးတယ်"

"ကောင်းပြီ"

အဒေါ်ဝမ် အဝတ်မလျှော်တော့ဘဲ မီးဖိုချောင်ထဲဝင်ပြီး ဝက်အူချောင်း သွားယူသည်။ လေးနေမှာစိုးလို့ ကျန်းရိုကို အိမ်အထိ လိုက်ပို့ပေးလိုက်သေးသည်။

ပြီးတော့ ကမန်းကတန်း ပြန်ထွက်သွားသည်။ စိတ်ထဲမှာတော့ ကျန်းရိုက မိန်းမကောင်းလေးပေမယ့် ကံဆိုးပြီး လီရှောင်းနဲ့ ယူလိုက်ရတယ်လို့ တွေးနေတယ်။ ကိုယ်ဝန်ကြီးနဲ့ ပိုက်ဆံရှာဖို့ ကြိုးစားနေရတာ သနားစရာပဲ။ ဒါပေမဲ့ လီရှောင်းနဲ့ ယူလိုက်လို့သာ ဒီနည်းလမ်းကို သိရတာလေ။

လီရှောင်းအဘွားက အရင်တုန်းက မြေပိုင်ရှင်အိမ်မှာ အိမ်ဖော်လုပ်ခဲ့ဖူးတယ်လို့ ကြားဖူးသည်။ မြေပိုင်ရှင်အိမ်က ရလာတဲ့နည်းလမ်းဆိုတော့ ကောင်းမှာ သေချာတာပေါ့။

.....

ကျန်းရို အိမ်ရောက်တော့ မနက် ၁၁ နာရီ ထိုးလုနီးပါး ဖြစ်နေပြီ။ သူမ မလောပါဘူး။ နေ့လည်စာ အရင်ချက်စားတယ်။ စားပြီးတော့ တစ်ရေးအိပ်လိုက်သေးတယ်။ အိပ်ရာထမှ ဝက်အူချောင်း စဆေးတယ်။

ပိုက်ဆံရှာမယ့်အလုပ် ရပြီဆိုတော့ ကလေးအင်္ကျီ မချုပ်တော့ဘူး။ ပိုက်ဆံရရင် လူငှားချုပ်ခိုင်းလိုက်မယ်။ သူမချုပ်တာက နှေးလည်းနှေး၊ ရုပ်လည်းဆိုးတယ်။ အဲဒီအစား ဒိုက်ပါနဲ့ သွားရည်ခံပဲ လုပ်တော့မယ်။

သူမလည်း ဉာဏ်နည်းနည်း သုံးလိုက်တာပါ။ သူမအစ်ကိုနဲ့ မရီးက စီးပွားရေးသမားတွေဆိုတော့ ထမင်းစားပွဲမှာ စီးပွားရေးအကြောင်း ပြောတာတွေ ကြားဖူးနားဝရှိတယ်။ အဒေါ်ဝမ်နဲ့ စကားပြောတုန်းက တမင်တကာ မြှောက်ပင့်ပြောပြီး သနားအောင် လုပ်ပြလိုက်တာ။ သူများကို မြှောက်ပေးလိုက်တော့ စီးပွားရေးအတူလုပ်တဲ့အခါ ကိုယ့်ကို အနိုင်ကျင့်ဖို့ ခက်သွားတာပေါ့။

လီရှောင်းအကြောင်း ထည့်ပြောတာကလည်း သနားအောင် လုပ်တာသက်သက် မဟုတ်ဘူး။ သူမနောက်မှာ လူရှိတယ်၊ လီရှောင်းလို လူမိုက်ကို သွားမစနဲ့လို့ သတိပေးလိုက်တာပဲ။

အဒေါ်ဝမ် ဘယ်လိုတွေးတွေး ကျန်းရို ရည်ရွယ်ချက်ကတော့ အောင်မြင်သွားပါပြီ။

......

နောက်တစ်နေ့မနက် အဒေါ်ဝမ်က ပေါင်းထားတဲ့ ဝက်အူချောင်း လာယူတော့ နောက်ထပ် ဝက်အူချောင်းအလတ် တစ်ခြင်း ထပ်ပေးသွားသည်။ ဒါပေမဲ့ ပြန်ခါနီးမှာ "ပထမနေ့ဆိုတော့ အရောင်းပါးရင်လည်း ပါးလိမ့်မယ်။ အရမ်းကြီး မျှော်လင့်မထားနဲ့ဦး။ ဖြည်းဖြည်းချင်းပေါ့" လို့ ကြိုပြောသွားသည်။

ရောင်းမကောင်းရင် ကျန်းရို စိတ်ပျက်သွားမှာစိုးလို့ပါ။ သူမတို့က ဒါကို အားကိုးပြီး စားတာမဟုတ်ပေမယ့် ကျန်းရိုကတော့ ဒါကိုပဲ မျှော်လင့်နေမှာလေ။

ကျန်းရိုက လိမ္မာတဲ့ပုံစံလေးနဲ့ ခေါင်းညိတ်ပြသည်။ "နားလည်ပါတယ် အဒေါ်ဝမ်။ အဒေါ်ဝမ်လည်း သိပ်ဝန်ပိမနေပါနဲ့။ ကျွန်မတို့ မလောပါဘူး"

ပြန်တောင် နှစ်သိမ့်ပေးလိုက်သေးသည်။

"အေးပါ"

အဒေါ်ဝမ် စိတ်သက်သာရာ ရသွားသည်။ ကျန်းရိုနဲ့ ပေါင်းရတာ တကယ် နေလို့ကောင်းတယ်လို့ တွေးမိသည်။

ဝက်အူချောင်းပေါင်း ဇလုံကြီးကို ကိုင်ပြီး တက်ကြွစွာ ထွက်ခွာသွားသည်။

.....

မနက်ပိုင်း ကျန်းရို အလုပ်မလုပ်ဘူး။ အဝတ်ပဲ လျှော်လိုက်တယ်။ ပြီးတော့ ခြံထဲက သစ်ပင်အောက်မှာ ထိုင်ပြီး ကလေးဒိုက်ပါ ချုပ်နေသည်။

မနက် ၁၀ နာရီလောက်မှာ ခြံဝင်းတံခါး ခေါက်သံ ကြားလိုက်ရသည်။ ကျန်းရို ဘာမှမထင်ဘဲ အဒေါ်ဝမ်လို့ ထင်ပြီး "ဘယ်သူလဲ" လို့ လှမ်းမေးလိုက်သည်။

အပြင်ဘက်က ခဏတိတ်သွားပြီးမှ မိန်းကလေးတစ်ယောက်ရဲ့ အသံ ထွက်လာတယ်။ "ကျန်းရို... ငါပါ"

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၉)

ကျန်းရို အသံကို ကြားသော်လည်း မည်သူမှန်း ချက်ချင်း မသိလိုက်သဖြင့် ခဏတာ ကြောင်အမ်းအမ်း ဖြစ်သွားသည်။

သူမ ထပြီး တံခါးသွားဖွင့်လိုက်သောအခါ ခြံဝင်းတံခါးဝတွင် ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော မိန်းကလေးနှစ်ဦး ရပ်နေသည်ကို တွေ့လိုက်ရသည်။ ခဏတာ အံ့သြသွားပြီးနောက် မူလခန္ဓာကိုယ်ပိုင်ရှင်၏ အထက်တန်းကျောင်း သူငယ်ချင်းများ ဖြစ်ကြောင်း သိရှိလိုက်ရသည်။ သူတို့ထဲမှ တစ်ယောက်သည် သူမနှင့် ရွာတူသူ ဖြစ်သည်။

ကျောင်းသူနှစ်ဦး၏ အမည်မှာ ကျန်းဖင်နှင့် ဟွမ်ချင်းချင်း ဖြစ်သည်။

ကျန်းဖင် ဆိုသူမှာ ဆံပင်ဂုတ်ဝဲနှင့် မျက်နှာဝိုင်းဝိုင်းလေး ရှိသည်။ ကျန်းရို ထွက်လာသည်ကို မြင်သောအခါ သွားလေးများ ပေါ်အောင် ရယ်မောလိုက်ပြီး "ရှောင်ရို" ဟု ခေါ်လိုက်သည်။

ဘေးနားမှ ရွာတူသူ ဟွမ်ချင်းချင်းမှာ ဆံပင်ရှည်ကို မြင့်မြင့်စည်းထားသဖြင့် နဖူးပြောင်နေသည်။ သူမသည် စကားမပြောဘဲ မျက်လုံးများက ကျန်းရို၏ကိုယ်ပေါ်သို့ ရောက်လာပြီး လှည့်ပတ်ကြည့်ရှုနေသည်။ နောက်ဆုံးတွင် လုံးဝန်းနေသော ဗိုက်ပေါ်သို့ အကြည့်ရောက်သွားပြီး မျက်ဝန်းများထဲတွင် အထင်သေးသော အရိပ်အယောင်များ ပေါ်လာသည်။

ကျန်းရိုသည် ရဲတပ်ဖွဲ့သင်တန်းကျောင်းဆင်းဖြစ်သဖြင့် ခန္ဓာကိုယ် ပြောင်းလဲသွားသည့်တိုင် သူတစ်ပါး၏ အကြည့်နှင့် အမူအရာများကို အလွန်အကဲခတ်တတ်သည်။

ဤရွာတူ မိန်းကလေးသည် သူမအပေါ် သဘောထား သိပ်မကောင်းလှကြောင်း ခံစားလိုက်ရသည်။

သူမ ဘာမှ မပြောဘဲ ကျန်းဖင်ဘက်သို့လှည့်ကာ ဖော်ရွေစွာ ပြောလိုက်သည်။ "ဘယ်လိုလုပ် ရောက်လာကြတာလဲ။ လာ... အိမ်ထဲဝင် ထိုင်ကြ"

ကျန်းဖင်၏ လက်ထဲတွင် သစ်တော်သီးစိမ်းများ ထည့်ထားသော ပိုက်ကွန်အိတ်တစ်လုံး ပါလာသည်။ သူမသည် ကျန်းရိုနောက်မှ အားနာသလို လိုက်ပါလာခဲ့သည်။ သူတို့နှစ်ယောက်သည် အလယ်တန်းကတည်းက အတန်းဖော်များဖြစ်ခဲ့ကြပြီး အထက်တန်းရောက်သောအခါ အတန်းမတူတော့သော်လည်း အဆောင်အတူတူနေခဲ့ကြသဖြင့် ဆက်ဆံရေးအကောင်းဆုံး သူငယ်ချင်းများ ဖြစ်ကြသည်။

ထို့ကြောင့် စကားပြောရာတွင် အားနာမှု နည်းပါးသည်။ သူမသည် အိမ်ထဲသို့ ခေါင်းပြူကြည့်လိုက်ပြီး "လူမရှိဘူးမလား" ဟု တိုးတိုးလေး မေးလိုက်သည်။

"လူ" ဆိုသည်မှာ မည်သူ့ကို ရည်ညွှန်းမှန်း ပြောစရာပင် မလိုပေ။

ကျန်းရိုသည် သူမ၏ သတိထားနေပုံကို ကြည့်ပြီး ရယ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။ "မကြောက်ပါနဲ့၊ သူ အိမ်မှာ မရှိပါဘူး"

ကျန်းဖင် ကြားသောအခါ ဟီးဟီး ဟု ရယ်မောလိုက်ပြီး စိတ်အေးသွားပုံရသည်။ "ငါတို့ ဒီနေ့မှ ကျောင်းပိတ်တာ၊ ညနေကျမှ အိမ်ပြန်မလို့ နင့်ဆီ အရင်လာကြည့်တာ"

လွန်ခဲ့သော ရက်အနည်းငယ်က တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ကျင်းပခဲ့သဖြင့် ပထမနှစ်နှင့် ဒုတိယနှစ် ကျောင်းသားများကို ကျောင်းပိတ်ပေးထားသည်။ ထို့ကြောင့် စာမေးပွဲပြီးမှ သူတို့ ရက်အနည်းငယ် ပိုတက်ခဲ့ရခြင်းဖြစ်သည်။

ကျန်းရိုသည် သူတို့ကို သစ်ပင်အောက်သို့ ခေါ်သွားပြီး ထိုင်ခိုင်းလိုက်သည်။ ခြံဝင်းထဲတွင် မက်မွန်ပင်တစ်ပင်ရှိသည်။ အသီးသိပ်မသီးသော်လည်း အရိပ်တော့ ကောင်းကောင်းရသည်။

လီမိသားစုတွင် အခြားပစ္စည်းများမရှိသော်လည်း သစ်သားစများနှင့် ပရိဘောဂများ များပြားသည်။ မီးဖိုချောင်ဘေးရှိ ဂိုဒေါင်ထဲတွင် လီရှောင်း၏အဘိုး ချန်ထားခဲ့သော ပရိဘောဂများ အပြည့်ရှိနေသည်။ ကုလားထိုင်အသေးလေးများနှင့် စားပွဲအသေးလေးများဖြစ်သည်။

လွန်ခဲ့သော ရက်အနည်းငယ်က ကျန်းရိုသည် အသုံးဝင်မည့် ပစ္စည်းအချို့ကို ရှာဖွေပြီး သန့်ရှင်းရေး လုပ်ထားသည်။ လှုပ်ကုလားထိုင်တစ်လုံးကိုလည်း ရှာတွေ့သဖြင့် သစ်ပင်အောက်သို့ ဆွဲထုတ်ထားလိုက်သည်။

အားလပ်ချိန်များတွင် ထိုကုလားထိုင်ပေါ် ထိုင်ကာ ယပ်တောင်ခတ်ရင်း ဘေးနားတွင် သကြားညိုရေ တစ်ခွက်ထားကာ သောက်လေ့ရှိသည်။

ဘဝက အလွန်သက်တောင့်သက်သာ ရှိလှသည်။

ဗိုက်ထဲမှ ကလေးငယ်ကလည်း သဘောကျပုံရသည်။ သူမ သကြားညိုရေသောက်တိုင်း ကလေးငယ်က တက်ကြွစွာ ကန်တတ်သည်။

ဒီရက်ပိုင်း ကောင်းကောင်းစား ကောင်းကောင်းသောက်ပြီး စိတ်လက်ပေါ့ပါးနေ၍လား မသိ၊ မှန်ကြည့်လိုက်သောအခါ မျက်နှာအသားအရေ ကြည်လင်လာပြီး မေးလေးအနည်းငယ် ပြည့်လာကာ ကျန်းမာလာသည်ကို သတိပြုမိလိုက်သည်။

ကျန်းဖင်လည်း ထိုအချက်ကို သတိပြုမိသည်။ ယခင်က ကျန်းရိုသည် လှပသော်လည်း ပိန်လွန်းသဖြင့် လေတိုက်လျှင်ပင် လွင့်ပါသွားမတတ်ဖြစ်နေသည်။ မျက်နှာကလည်း အမြဲတမ်း ညှိုးငယ်နေပြီး ခေါင်းငုံ့ထားတတ်သည်။

ယခု သူမ၏မျက်ဝန်းများ ကြည်လင်တောက်ပနေပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ချိတ်ဆွဲထားကာ နူးညံ့သိမ်မွေ့နေသဖြင့် ရုတ်တရက် မမှတ်မိချင်စရာပင်ဖြစ်နေသည်။

ကျန်းဖင်သည် မလာခင်က ပြောစရာစကားများ အများကြီး စဉ်းစားလာခဲ့သော်လည်း ယခု ဘယ်က စပြောရမှန်း မသိတော့ပေ။ လူတစ်ယောက် နေကောင်းမကောင်းဆိုသည်မှာ အပြင်ပန်း ကြည့်ရုံနှင့် သိသာနေပြီဖြစ်သည်။

သို့သော် ဟွမ်ချင်းချင်းကမူ ထိုသို့ မစဉ်းစားပေ။ ထိုင်လိုက်ပြီးသည်နှင့် မရည်ရွယ်သလိုဖြင့် ပြောလိုက်သည်။ "ကျန်းရို... နင် သိလား၊ ဝမ်ယန် ဒီနှစ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ ဖြေတယ်လေ။ သူက အရမ်းတော်တာဆိုတော့ သေချာပေါက် အောင်မှာပဲ"

ကျန်းရိုသည် အိမ်ထဲမှ ရေခွက်အသန့်များ ယူလာပေးရင်း ထိုစကားကို ကြားလိုက်ရသဖြင့် ခြေလှမ်းတန့်သွားသည်။ မှတ်ဉာဏ်ထဲတွင် ဝမ်ယန် ဆိုသူမှာ မည်သူဖြစ်ကြောင်း ပြန်ရှာကြည့်လိုက်သည်။

မူလခန္ဓာကိုယ်ပိုင်ရှင်၏ အတန်းမှ စာလေ့လာရေးမှူး ဖြစ်သည်။ စာအလွန်တော်ပြီး မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် အပြန်အလှန် သဘောကျခဲ့ဖူးပုံရသည်။ သို့သော် ထိုသူ၏ မိသားစုအခြေအနေမှာလည်း သိပ်မကောင်းလှပေ။

ကျန်းရို ဘာမှမပြောရသေးခင်မှာပင် ဘေးနားမှ ကျန်းဖင် မျက်နှာပျက်သွားပြီး ဟွမ်ချင်းချင်းကို မျက်မှောင်ကြုတ် ကြည့်လိုက်သည်။ "နင် ဘာလို့ ဒီအကြောင်း ပြောရတာလဲ"

သူမ မကျေမနပ် ဖြစ်သွားသည်။ ကျန်းရို ကိုယ်ဝန်ကြီးနှင့် ဖြစ်နေပြီ။ ဒါက စိတ်ဆင်းရဲအောင် လုပ်တာ မဟုတ်ဘူးလား။

မူလက သူမတစ်ယောက်တည်း ကျန်းရိုကို လာကြည့်မလို့ ဖြစ်သည်။ လမ်းတွင် ဟွမ်ချင်းချင်းနှင့်တွေ့ပြီး ဟွမ်ချင်းချင်းက အတင်းလိုက်မည်ဆိုသဖြင့် ခေါ်လာခဲ့ခြင်းဖြစ်သည်။ ရွာတူသူချင်းမို့ ရင်းနှီးမည် ထင်ခဲ့သော်လည်း ပါးစပ်ဟလိုက်သည်နှင့် ပြဿနာရှာတော့သည်။

ဝမ်ယန်က စာတော်သည်၊ ရုပ်ချောသည်။ ကျောင်းမှ မိန်းကလေး အများစုက သူ့ကို သဘောကျကြသည်။ သို့သော် သူနှင့် ကျန်းရိုသည် ကံမပါခဲ့ပေ။

ကျန်းရိုသည် သူဘယ်သူမှန်း သိပြီးနောက် တည်ငြိမ်သွားသည်။ သူမနှင့် ဘာမှမပတ်သက်ဘူးလေ။

သို့သော် ဟွမ်ချင်းချင်း၏စကားက သူမကို သတိပေးလိုက်သလို ဖြစ်သွားသည်။ သူမသည် ယခင်ဘဝက တက္ကသိုလ်တက်ခဲ့သော်လည်း ယခုဘဝတွင် အထက်တန်းပင် မပြီးဆုံးသေးပေ။ မည်သည့်ခေတ်တွင်မဆို ပညာအရည်အချင်းသည် အရေးကြီးသည်။

ဟွမ်ချင်းချင်းသည် ကျန်းဖင် အော်ငေါက်သော်လည်း ဂရုမစိုက်ပေ။ ကျန်းရိုဘက်သို့လှည့်ကာ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်မှုများ အပြည့်ဖြင့် ပြောလိုက်သည်။ "ငါပြောတာ မှားလို့လား။ ကျန်းရို... နင် ကိုယ့်ဘာသာ ပြောကြည့်စမ်း၊ နင်က တကယ် နားမလည်တာလား။ ယောက်ျားယူမယ်ဆိုရင်တောင် ရွေးချယ်သင့်တာပေါ့။ နင့်မိဘတွေပေးစားမယ့် ကျောက်ပေါက်မာကြီးကတောင် လီရှောင်းထက် သာသေးတယ်။ ရုပ်ချောတော့ရော ဘာလုပ်ရမှာလဲ။ မိန်းကလေးတွေကို အနိုင်ကျင့်တယ်၊ ထောင်ကျဖူးတယ်၊ ပိုက်ဆံလည်း မရှိဘူး။ အခု နင် ကျောင်းလည်း မတက်ရတော့ဘူး၊ တစ်နေ့တစ်နေ့ ထိုင်စားနေရတာ ဘာကို မျှော်ကိုးနေတာလဲ"

ကျန်းဖင်မှာ ပြောစရာ စကားမရှိ ဖြစ်သွားသည်။

ကျန်းရိုကမူ ထိုစကားကို ကြားသောအခါ မကျေမနပ် ဖြစ်သွားသည်။ ဒီမိန်းကလေး ဘာဖြစ်နေတာလဲ။ အရင်က မူလခန္ဓာကိုယ်ပိုင်ရှင်နှင့်လည်း မရင်းနှီးပေ။ လမ်းမှာတွေ့ရင် နှုတ်တောင် မဆက်သော ဆက်ဆံရေးမျိုးသာဖြစ်သည်။ စောစောက ရွာတူဖြစ်နေလို့၊ ကျန်းဖင်နှင့် ပါလာလို့သာ အိမ်ထဲ ပေးဝင်လိုက်တာ။ ထိုင်လိုက်တာနဲ့ လှောင်ပြောင်သရော် ပြောနေတော့တာပဲ။

လီရှောင်း ဘယ်လောက်ဆိုးဆိုး သူမ လာဝေဖန်စရာ အကြောင်းမရှိဘူး။ ဆရာကြီးလုပ်ပြီး ပြောနေသေးတယ်။

မျက်နှာထား ချက်ချင်း အေးစက်သွားပြီး အားမနာတမ်း ပြန်မေးလိုက်သည်။ "ငါ့ယောက်ျား လီရှောင်း ဘယ်တုန်းက ထောင်ကျဖူးလို့လဲ။ သူက ရန်ဖြစ်လို့ အချုပ်ထဲ ရက်နည်းနည်း နေရတာ။ ထောင်ကျတာနဲ့ မတူဘူးဆိုတာ နင် စာတွေ ဒီလောက်သင်နေပြီး မသိဘူးလား"

ကျန်းရိုက ပြန်ပက်လိုက်တော့ ဟွမ်ချင်းချင်း မျက်နှာပျက်သွားသည်။ ကျန်းရို နောင်တရပြီး ငိုပွဲကျမယ် ထင်နေတာ၊ အခုတော့ လီရှောင်းဘက်ကတောင် ကာကွယ်ပေးနေသေးတယ်။

မကျေမနပ်နဲ့ သူမက ပြန်ပြောသည်။ "ကျန်းရို... နင့်လေသံက ဘာလဲ။ ငါက စေတနာနဲ့ လာကြည့်တာကို နင်က ဒီလိုပြန်ပြောရလား။ ငါပြောတာ ရိုင်းတယ် မထင်ပါနဲ့၊ ငါက နင့်အတွက် ပြောပေးနေတာ။ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်၊ ငါပြောတာ မှားလို့လား။ သူ ထောင်မကျဖူးရင်တောင် မိန်းကလေးတွေကို အနိုင်ကျင့်လို့ ကျောင်းထုတ်ခံရတာ နင်မသိဘူးလား။ အပြင်ထွက်ပြီး စုံစမ်းကြည့်ပါဦး၊ နင်ယူထားတဲ့ ယောက်ျားက ဘယ်လိုကောင်လဲဆိုတာ။ နင်တစ်ယောက်တည်း အဟုတ်ထင်နေတာ။"

မျက်နှာပေါ်မှာ လှောင်ပြောင်တဲ့အမူအရာ အပြည့်နဲ့ ဆက်ပြောသည်။ "နင်ကတော့ ရှက်ရကောင်းမှန်း မသိဘူး။ ဒီလိုယောက်ျားနောက် တကောက်ကောက်လိုက်၊ ဗိုက်ကြီးသည်အထိ ဖြစ်လာတယ်။ ငါတို့ရွာရဲ့သိက္ခာကို နင် ဖျက်ဆီးပစ်လိုက်တာ..."

"ဟွမ်ချင်းချင်း"

ကျန်းဖင်က သူပြောတာတွေ လွန်လာလို့ နားမခံသာတော့ဘူး။ အတူခေါ်လာမိတာ နောင်တရနေပြီ။

ကျန်းရိုက ရေခွက်ကို စားပွဲပေါ် "ဒုန်း" ခနဲ ဆောင့်ချလိုက်ပြီး ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ "သူ မိန်းကလေးတွေကို အနိုင်ကျင့်တာ နင် မြင်ဖူးလို့လား။ နင်က ကျောင်းတက်နေတာလား၊ အတင်းပြောနေတာလား။ မသိရင် အာချောင်မနေနဲ့။ ဟိုဟာစိတ်ပူ ဒီဟာစိတ်ပူနေမယ့်အစား နင့်စာမေးပွဲအမှတ်တွေ စိတ်ပူလိုက်ဦး။ တော်ကြာ ကျောက်ပေါက်မာကြီး ယူရမယ့်သူက နင် ဖြစ်နေဦးမယ်"

"ငါ့ယောက်ျား လီရှောင်းက အရမ်းကောင်းတယ်။ အဝတ်လျှော်တတ်တယ်၊ ထမင်းချက်တတ်တယ်၊ ပိုက်ဆံရှာတတ်တယ်။ ငါ ကျေနပ်တယ်။ နင် ဝမ်ယန်ကို ကြိုက်တာ နင့်ကိစ္စ။ ငါ့ရှေ့လာပြီး ရွဲ့မနေနဲ့။ ငါ့ကောင်းကျိုးအတွက် ပြောတာပါဆိုပြီး ခေါင်းစဉ်မတပ်နဲ့။ နင့်စိတ်ထဲ ဘာရှိလဲ ငါမသိဘူးများ မှတ်နေလား"

"အမှန်အတိုင်းပြောရရင် ငါမရှိရင်တောင် ဝမ်ယန်က နင့်ကို ကြိုက်မှာ မဟုတ်ဘူး။ ငါ့ရှေ့လာပြီး အသာစီးရချင်နေတာ ပျော်စရာကောင်းလို့လား။ ရွံစရာကောင်းတယ်"

"နင်..."

ဟွမ်ချင်းချင်း မျက်နှာနီရဲသွားသည်။ သူမရဲ့ အတွင်းစိတ်ကို အကုန်ဖတ်ပြလိုက်သလို ဖြစ်သွားလို့ပင်။ ပြီးတော့ သူများရှေ့မှာ ဗြောင်ဖွင့်ပြောခံလိုက်ရတယ်။ အထူးသဖြင့် နောက်ဆုံးမှာ "ရွံစရာကောင်းတယ်" ဆိုတဲ့ စကားလုံးက သူမ ကြားဖူးသမျှထဲမှာ အဆိုးဆုံးပဲ။ မျက်နှာထားစရာ မရှိအောင် ဖြစ်သွားတယ်။

သူမ ဒေါသတကြီး မတ်တတ်ရပ်လိုက်တယ်။ နှုတ်ခမ်းတွေ တုန်ရီနေတယ်။

ကျန်းရိုရဲ့ တည်ငြိမ်တဲ့ မျက်ဝန်းတွေကို ကြည့်ပြီး စိတ်ထဲ ဒိတ်ခနဲ ဖြစ်သွားတယ်။ စကားများရင် အမှားများမယ်ဆိုတာ သိလို့ နောက်ဆုံးမှာ "စေတနာ စော်ကားတယ်၊ နောင်တရမယ့်အချိန်ကို စောင့်ကြည့်နေမယ်" လို့ မုန်းတီးစွာပြောပြီး ပြေးထွက်သွားတော့သည်။

ကျန်းဖင်တစ်ယောက်တည်း ကြောင်တောင်တောင် ကျန်ရစ်ခဲ့ကာ ထိုင်ရမလို ထရမလို ဖြစ်နေသည်။ "ကျန်းရို"

ကျန်းရိုက သကြားညိုရေ တစ်ငုံသောက်ပြီး စိတ်ကို လျှော့လိုက်သည်။ "ကိစ္စမရှိပါဘူး"

"အော်... အင်း"

ကျန်းဖင် ခေါင်းညိတ်လိုက်တယ်။ ဘာပြောရမှန်း မသိတော့ဘူး။

သူမ သိထားတဲ့ ကျန်းရိုက နူးညံ့သိမ်မွေ့ပြီး စိတ်ကောက်လွယ်တဲ့သူ။ အသံကျယ်ကျယ်တောင် မပြောဖူးဘူး။ အခုလို ရန်တွေ့တာ ပထမဆုံး မြင်ဖူးတာပဲ။ စကားလုံးတွေက ထက်မြက်လိုက်တာ ပြန်ပြောစရာတောင် မရှိဘူး။

မတွေ့တာ ကြာလို့လား မသိဘူး၊ ဒီလို ကျန်းရိုက နည်းနည်း စိမ်းသက်နေသလိုပဲ။ နောက်ဆုံးတော့ စကားနည်းနည်းပဲ ပြောပြီး ပြန်သွားသည်။

ကျန်းရိုက သူမအပေါ် သဘောကောင်းပါတယ်။ မနက်က လုပ်ထားတဲ့ ပဲဝါကျောက်ကျောထုပ်ကို ပေးလိုက်တယ်။ ကျန်းဖင်က မယူချင်ပေမယ့် အတင်းပေးလို့ ယူသွားလိုက်ရတယ်။

မပြန်ခင်မှာ ကျန်းရိုကို ပြုံးပြပြီး "သူ့စကားတွေ နားမထောင်နဲ့နော်၊ ကိုယ့်ဘဝ ကိုယ်နေတာ၊ ပျော်ဖို့ အရေးကြီးတယ်" လို့ နှစ်သိမ့်ပေးလိုက်သည်။

သူမ ဒီလောက်ပဲ တတ်နိုင်တာကိုး။

ဟွမ်ချင်းချင်း ပြောတာကို မကြိုက်ပေမယ့် ရင်ထဲမှာတော့ သူပြောတာ ဟုတ်တယ်လို့ ထင်မိတယ်။ ကျန်းရိုမှာ ယောက်ျားနဲ့ ကလေး ရှိနေပြီဆိုတော့ ဒီဘဝက ဒီလောက်ပါပဲ။ သူတို့နဲ့ တဖြည်းဖြည်း ဝေးကွာသွားတော့မှာ။

သနားမိသလို နှမြောမိသလို ခံစားရတယ်။

ကျန်းရိုက သူမလက်ကို ပုတ်ပြီး ပြုံးပြလိုက်တယ်။ ဘာမှတော့ ဆက်မပြောတော့ဘူး။

သူမကို တံခါးဝအထိ လိုက်ပို့လိုက်တယ်။ သူမ အဝေးရောက်သွားလို့ ပြန်လှည့်မယ် လုပ်တုန်း ဘေးအိမ်က အဒေါ်ဝမ် ခေါင်းပြူထွက်လာတာ တွေ့လိုက်ရတယ်။

အဒေါ်ဝမ်က ကျန်းရိုကို မြင်တော့ အားနာသလို ပြုံးပြသည်။ "နင့်ဦးလေး ဆိုင်စောင့်နေလို့ ငါ နေ့လည်စာ ပြန်လာချက်တာ။ မနက်က အခြေအနေ လာပြောမလို့ပဲ။ ဒါပေမဲ့ ခြံထဲမှာ လူသံကြားလို့ မဝင်တော့တာ။ ဘာမှ မဖြစ်ဘူးမလား"

နောက်ဆုံးမှာ စပ်စုချင်တဲ့ လေသံလေးနဲ့ မေးလိုက်သည်။

ခြံထဲမှာ စကားပြောသံတွေက ကျယ်လွန်းတော့ အဒေါ်ဝမ် မနေနိုင်ဘဲ ခိုးနားထောင်လိုက်မိတယ်။ ပြီးတော့ ကျန်းရို ပြောလိုက်တဲ့ စကားတွေကို ကြားလိုက်ရတယ်။ ရုပ်ရည်သနားကမားလေးနဲ့ စိတ်ဆိုးရင် ဒီလောက် ကြောက်စရာကောင်းမယ်၊ ကိုယ့်လူကို ဒီလောက် ကာကွယ်ပေးမယ်လို့ မထင်ထားဘူး။ လီရှောင်းအကြောင်းပြောရင် ကောင်းတာတွေချည်းပဲ။

ဒီကလေးမလေးက မဆိုးဘူး၊ လီရှောင်း လူရွေးမှန်တယ်လို့ တွေးမိတယ်။

လူဆိုတာ ဒီလိုပါပဲ။ လူတိုင်းက ဒီလူမကောင်းဘူးပြောနေရင် ကိုယ့်ကို ဘာမှ မလုပ်ဖူးရင်တောင် မကောင်းဘူးလို့ ထင်လာတတ်တယ်။

ဒါပေမဲ့ တစ်နေ့ကျရင် တစ်ယောက်ယောက်က သူ့ဘက်က ရပ်တည်ပေးလာရင်၊ တစ်ယောက်တည်းပဲ ဖြစ်ဖြစ်၊ စိတ်ထဲမှာ အမြင်ပြောင်းလာတတ်တယ်။

အဒေါ်ဝမ်က အဲဒီလိုပါပဲ။ လီရှောင်းအပေါ် အမြင်မပြောင်းသေးပေမယ့် ကျန်းရိုရဲ့ သဘောထားကို ကြိုက်သွားတယ်။ ဒီကလေးမလေးက လီရှောင်းနဲ့ တကယ်ပေါင်းသင်းချင်တာပဲ၊ ရိုးသားတယ်၊ ငါ့မှာသာ သားရှိရင် သေချာပေါက် တောင်းရမ်းမှာပဲလို့ တွေးမိတယ်။

ဒီလောက် လိမ္မာတဲ့မိန်းမ ရထားမှတော့ လီရှောင်းလည်း ဆက်ပြီး ဆိုးသွမ်းနေမှာ မဟုတ်လောက်ဘူး။

ကျန်းရိုက ဂရုမစိုက်သလို ပြုံးလိုက်သည်။ "ကိစ္စမရှိပါဘူး၊ အရင်က အတန်းဖော်တွေပါ၊ သိပ်မရင်းနှီးပါဘူး"

ဆက်မပြောချင်တော့လို့ အဒေါ်ဝမ်ကို မေးလိုက်သည်။ "မနက်က အခြေအနေ ဘယ်လိုလဲဟင်။ ဝယ်တဲ့သူ ရှိလား"

အဒေါ်ဝမ်ကလည်း မျက်နှာရိပ်မျက်နှာကဲ နားလည်တော့ ဆက်မမေးတော့ဘူး။ ဒါပေမဲ့ လီရှောင်း ပြန်လာရင်တော့ ဒီအကြောင်း သေချာပြောပြဦးမှ၊ ကျန်းရိုကို စိတ်ဆင်းရဲအောင် မလုပ်နဲ့လို့ မှာရမယ်။

ငယ်ငယ်ရွယ်ရွယ်နဲ့ သူ့နောက်လိုက်လာတာ ဒုက္ခခံဖို့မှ မဟုတ်တာ။

သူမမေးတာကို ပြုံးပြုံးရွှင်ရွှင်နဲ့ ဖြေလိုက်သည်။ "ရှိတာပေါ့။ နင့်ဦးလေးက နင်ပြောတဲ့အတိုင်း တစ်ယောက်တစ်ဖတ် မြည်းစမ်းခိုင်းလိုက်တာ စားပြီးတဲ့သူ အကုန်နီးပါး ဝယ်သွားကြတယ်။ နင့်ဦးလေးက တစ်မနက်တည်းနဲ့ ဒီလောက်ရောင်းရရင် နောက်ဆို ပိုကောင်းလာမှာပဲတဲ့။ နင့်ကို စိတ်အေးအောင် လာပြောပြတာ"

"ဒါဆို တော်ပါသေးရဲ့"

အဒေါ်ဝမ် ထမင်းပြန်ချက်ရဦးမှာမို့ စကားဆက်မပြောတော့ဘူး။ ကျန်းရိုလည်း အိမ်ပြန်ပြီး ထမင်းချက်တယ်။

.....

ဒီနေ့ ဒီလိုပဲ ကုန်ဆုံးသွားပြီ ထင်နေတာ။ ညနေစောင်းကျတော့ အိမ်ကို ဧည့်သည် ထပ်ရောက်လာတယ်။ ဒီတစ်ခါတော့ လီရှောင်းရဲ့ သူငယ်ချင်း။

အရပ်အလတ်စား၊ အသားမည်းမည်း၊ ပြုံးလိုက်ရင် ညာဘက်ပါးမှာ ပါးချိုင့်လေး ပေါ်လာသည်။

ကျန်းရို မသိမှာစိုးလို့ သူ့နာမည် အရင်မိတ်ဆက်သည်။ "မရီး... ကျွန်တော် ကျိုးကျန့်ပါ။ အစ်ကိုကြီး သွားတုန်းက မှာခဲ့တယ်။ ဒီဘက်ကို လာကြည့်ပေးပါတဲ့။ လိုအပ်တာ ရှိလား"

ဒီတစ်ခါ သူလည်း လိုက်သွားဖို့ ပြင်ထားပေမယ့် အမေ နေမကောင်းလို့ အိမ်မှာပဲ နေခဲ့ရတယ်။ မသွားခင် လီရှောင်းက ပိုက်ဆံ ၁၀၀ ပေးပြီး မကြာခဏ လာကြည့်ပေးဖို့၊ လိုတာရှိရင် ဖြည့်ဆည်းပေးဖို့ မှာခဲ့တာ။

ဒါကြောင့် သူ ရောက်လာတာပင်။

နာမည်ကြားတာနဲ့ ကျန်းရို သိလိုက်ပြီ။ လီရှောင်းရဲ့ ငယ်ပေါင်းကြီးဖော် သူငယ်ချင်း။ မှတ်တမ်းထဲမှာတော့ ဒီလူက နောက်ပိုင်း လီရှောင်းနဲ့ တောင်ပိုင်းဆင်းပြီး စီးပွားရှာတုန်း ဆားစ်ရောဂါ (SARS) နဲ့ သေသွားတယ်လို့ ပါတယ်။ မုဆိုးမအမေလည်း စိတ်ထိခိုက်ပြီး ဆုံးပါးသွားတယ်။ လီရှောင်းကပဲ သူတို့သားအမိကို သင်္ဂြိုဟ်ပေးခဲ့ရတာ။

အဲဒါကြောင့် လီရှောင်းရဲ့နာမည်က ရွာမှာ ပိုပျက်သွားတယ်။ သူများကို သေအောင်လုပ်တယ်လို့ ပြောကြတယ်။

သူ့နောက်လိုက်ပြီး ပိုက်ဆံရှာတာ အသက်ပါ ပေးလိုက်ရတယ် ဆိုပြီးတော့လေ။

ကျန်းရိုက ရှေ့က အပြုံးတောက်ပတဲ့ လူငယ်လေးကို ကြည့်ပြီး စိတ်မကောင်း ဖြစ်မိသည်။ "ဘာမှ မလိုပါဘူး။ အိမ်မှာ အကုန်ပြည့်စုံပါတယ်။ စိတ်မပူပါနဲ့"

"ဟုတ်ကဲ့၊ မရီး ကိစ္စရှိရင် လာခေါ်နော်။ ကျွန်တော့်အိမ်က ကားဂိတ်ဟောင်းလမ်းရဲ့ နောက်ဆုံးအိမ်ပါ"

"ကောင်းပါပြီ"

ပြန်တော့မယ့် ကျိုးကျန့်ကို တားလိုက်ပြီး အိမ်ထဲကနေ သူမလုပ်ထားတဲ့ ဝက်အူချောင်းပေါင်းနဲ့ ကြက်ခြေထောက် ပန်းကန်လုံးအကြီးကြီး ယူလာပေးသည်။ "ဒါ ယူသွားစားလိုက်"

ကျိုးကျန့် လန့်သွားပြီး လက်ကာပြသည်။ "ဟာ... မယူပါရစေနဲ့ မရီး။ ဈေးကြီးပါတယ်။ မရီးပဲ စားပါ"

"ရပါတယ်၊ ကိုယ်တိုင်လုပ်တာဆိုတော့ ပိုက်ဆံသိပ်မကုန်ပါဘူး။ အိမ်မှာ ရှိပါသေးတယ်။ ယူသွားစားလိုက်ပါ။ လီရှောင်းက ဘယ်တော့ပြန်လာမယ် မသိဘူး။ နောက်ဆို ဒုက္ခပေးရဦးမှာ"

ကျန်းရို ဒီလိုပြောမှ ကျိုးကျန့် ငြင်းမရတော့ဘဲ ယူသွားလိုက်ရသည်။

ပြန်တဲ့လမ်းမှာ ရင်ထဲ နွေးထွေးနေသည်။ အစ်ကိုကြီး မှာလို့သာ လာကြည့်တာ။ ဘာမှ မမျှော်လင့်ခဲ့ပါဘူး။ အခု ကျန်းရိုက ဒီလောက် ဖော်ရွေတော့ လာရကျိုးနပ်တယ်၊ မရီးက ငါ့ကျေးဇူးကို သိတတ်တယ်လို့ တွေးမိတယ်။

အိမ်ရောက်တော့ ဝက်အူချောင်းနဲ့ ကြက်ခြေထောက်ကို အမေ့ဆီ အရင်ယူသွားပေးသည်။ ဘယ်ကရလဲ သိရတော့ အမေက "ဒီကလေးမလေးက လိမ္မာလိုက်တာ၊ ရှောင်လီ ကံကောင်းတယ်။ နင့်အလှည့်ကျရင် ဘယ်တော့မှ ချွေးမရမလဲ မသိဘူး" လို့ ညည်းတွားလိုက်သည်။

ကျိုးကျန့် ပြောစရာ စကားမရှိ ဖြစ်သွားလေသည်။ အမေကတော့ စိတ်ကူးယဉ်နေပြန်ပြီ။ သူက ရှောင်းကောလောက် မချောဘူး၊ အရည်အချင်းလည်း မရှိဘူး၊ ဆင်းရဲသေးတယ်။ ဘယ်က မိန်းမ ရမှာလဲ။ ဝ၀လင်လင် စားရရင်ပဲ တော်လှပြီ။

***

All Chapters