အခန်း (၁၀-၁၂)
Vol. 1 Ch. 10-12
အခန်း (၁၀)
ည ရှစ်နာရီကျော်တွင် ကျန်းရိုသည် ဝက်အူချောင်းများကို အိုးထဲသို့ ထည့်ပြီး မီးဖိုထဲသို့ ထင်းခြောက်တစ်စည်း ထိုးထည့်လိုက်သည်။
မီးဖိုချောင်မှ မထွက်မီ တံခါးနှင့် ပြတင်းပေါက်များ လုံခြုံစွာ ပိတ်ထားကြောင်း သေချာစေရန် စစ်ဆေးလိုက်သည်။
ဧည့်ခန်းသို့ ရောက်သောအခါ ခြံဝင်းအပြင်ဘက်မှ တံခါးခေါက်သံ ကြားလိုက်ရသဖြင့် အံ့သြသွားသည်။ ဒီနေ့ သူမကို လာရှာသူ များသည်ဟု တွေးမိလိုက်သည်။
တံခါးဝသို့ ရောက်သောအခါ တံခါးခေါက်သံ ရပ်တန့်သွားပြီး အမျိုးသားနှင့် အမျိုးသမီး စကားပြောသံများ ထွက်ပေါ်လာသည်။ "မိုးချုပ်နေပြီ၊ သူ အိပ်နေလောက်ပြီ။ ရှင်ကလည်း လောလိုက်တာ၊ မနက်ဖြန်မနက်မှ ပေးလည်း ရတာပဲကို"
"မင်း ဘာဝင်ရှုပ်တာလဲ၊ ငါ စိတ်မရှည်လို့ မရဘူးလား။ တော်ပါတော့၊ စကားများလိုက်တာ၊ ပြန်အိပ်ကြစို့"
အသံက မကျယ်သော်လည်း ညဘက် တိတ်ဆိတ်နေသဖြင့် အဒေါ်ဝမ်၏အသံမှန်း ကျန်းရို ချက်ချင်း သိလိုက်သည်။
"အဒေါ်ဝမ်လား" ဟု လှမ်းခေါ်လိုက်သည်။
အပြင်ဘက်မှ လူက အံ့သြဝမ်းသာစွာဖြင့် "ရှောင်ရို... ငါပါ၊ ငါတို့ အသံကြားပြီး နိုးသွားတာလား" ဟု ပြန်ဖြေလိုက်သည်။
ကျန်းရို စိတ်အေးသွားပြီး တံခါးဖွင့်ပေးလိုက်သည်။ တံခါးဝတွင် အရပ်ပုတစ်ယောက်၊ ရှည်တစ်ယောက် ရပ်နေသည်ကို မြင်သောအခါ ပြုံးပြလိုက်သည်။ "မဟုတ်ပါဘူး၊ စောစောက မီးဖိုချောင်ထဲမှာ ဝက်အူချောင်းပေါင်းလုပ်နေလို့ မကြားလိုက်တာပါ"
နှစ်ယောက်စလုံးကို အိမ်ထဲသို့ ဖိတ်ခေါ်ပြီးနောက် "ဦးလေးနဲ့ အဒေါ်ဝမ် အခုထိ အလုပ်လုပ်နေတုန်းလား။ ဗိုက်ဆာနေပြီလား။ အိမ်မှာ ပဲနီလေးပြုတ်ရည်ရှိတယ်၊ ယူလာပေးမယ်လေ" ဟု ဂရုတစိုက် မေးလိုက်သည်။
ကိုယ်ဝန်ရှိနေသဖြင့် ကျန်းရိုသည် အစားအသောက်ဆင်ခြင်ပြီး အေးသောဓာတ်ရှိသည့် ပဲစိမ်းအစား ပဲနီလေးကို ပြုတ်သောက်လေ့ရှိသည်။
ပဲနီလေးကို ဈေးထဲတွင် ဝယ်၍ရသလို ယခုအချိန်သည် ရာသီပေါ်ချိန်ဖြစ်သဖြင့် ကျေးလက်ဒေသများတွင်လည်း စိုက်ပျိုးကြသည်။ ဈေးသက်သာသည်။
လီမိသားစုတွင် ရှေးဟောင်း မြေမီးဖိုနှင့် အိုးငယ်လေးများ ရှိသည်။ ပဲနီလေးနှင့် ရေကို ထည့်ပြီး တစ်ညလုံး တည်ထားလိုက်လျှင် မနက်မိုးလင်းသောအခါ သကြားဖြူတစ်ဇွန်း ထည့်စားရုံဖြင့် နူးအိချိုမြိန်သော ပဲနီလေးပြုတ်ရည်ရရှိသည်။
ထမင်းချက်ရာတွင် ထင်းခြောက်ကို အသုံးပြုသဖြင့် မီးဖိုထဲမှ မီးသွေးခဲများကို အသုံးပြုနိုင်သည်။ ကျန်းရိုသည် ညနေ ၅ နာရီကတည်းက စတင်တည်ထားသဖြင့် ယခုအချိန်တွင် ကောင်းစွာ ကျက်နေပြီဖြစ်သည်။
အဒေါ်ဝမ်သည် ကျန်းရို၏ နောက်မှ လိုက်ပါလာသည်။ သူမ၏လက်ထဲတွင် ဓာတ်မီးကို ကိုင်ထားပြီး ကျန်းရိုအတွက် မီးပြပေးနေသည်။ မျက်နှာတွင် အားနာသလို ပြုံးနေပြီး "ဒုက္ခမပေးပါနဲ့တော့၊ ငါက စိတ်မြန်လို့ ဒီနေ့ ဝက်အူချောင်း အကုန်ရောင်းရတယ် ဆိုတာ လာပြောပြတာပါ" ဟု ပြောလိုက်သည်။
ပြောရင်းဆိုရင်း စိတ်လှုပ်ရှားလာပြီး ခြေလှမ်းကျဲကြီးများဖြင့် ကျန်းရိုကို လိုက်မီအောင် လျှောက်လိုက်သည်။ "ညည်း မသိလို့၊ ညနေပိုင်းနဲ့ ညဘက်ပိုင်းမှာ ဝယ်တဲ့သူတွေ အရမ်းများတာ။ အများစုက အလုပ်ဆင်းလာတဲ့ အမျိုးသမီးတွေ။ အိမ်ပြန်ရောက်ရင် ထမင်းမချက်ချင်တော့လို့ ငါတို့ဆိုင်မှာ အသင့်စား အသားရောင်းနေတာတွေ့တော့ တစ်ခါတည်း ဝယ်သွားကြတာ"
"တကယ်လား"
ကျန်းရို အံ့သြဝမ်းသာ ဖြစ်သွားသည်။ ပထမနေ့မို့ ရောင်းအား သာမန်လောက်ပဲရှိမယ်၊ ဝယ်တဲ့သူရှိရင် တော်ပြီလို့ တွေးထားတာ။ အခု အကုန်ရောင်းကုန်တယ် ကြားတော့ တကယ် ဝမ်းသာသွားတယ်။
ဧည့်ခန်းထဲ ရောက်တော့ အဒေါ်ဝမ်က ထိုင်တာနဲ့ အိတ်ကပ်ထဲက ပိုက်ဆံတွေ ထုတ်တယ်။ သူမယောက်ျားကတော့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ဘာမှမပြောဘူး၊ မျက်နှာထားကတော့ မတတ်သာတဲ့ ပုံစံမျိုး။
ကျန်းရို ပိုက်ဆံမြင်တော့ အပြုံးတွေ ပိုပီပြင်လာသည်။ "အဒေါ်ဝမ် ရေတွက်ထားလိုက်ဦး၊ ကျွန်မ ပဲနီလေးပြုတ်ရည် သွားထည့်လိုက်မယ်"
"အို... မလိုပါဘူးဆို၊ ငါတို့ ဗိုက်မဆာပါဘူး" အဒေါ်ဝမ်က အားနာပြီး လက်ကာပြသည်။
ကျန်းရို နားမထောင်ဘဲ မီးဖိုချောင်ထဲ ဝင်သွားကာ ပန်းကန်လုံး နှစ်လုံးဆေး၊ မီးဖိုပေါ်က အိုးကို မပြီး တစ်ယောက်တစ်ပန်းကန် ထည့်ပေးသည်။ ထို့အပြင် သကြားဖြူ တစ်ဇွန်းစီလည်း ထည့်လိုက်သေးသည်။
ပြီးတော့ ဧည့်ခန်းထဲ ယူလာပေးသည်။ "သောက်နှင့်ကြနော်၊ ကျွန်မ စာအုပ်နဲ့ ဘောပင် သွားယူလိုက်ဦးမယ်"
အခန်းထဲသွားပြီး ခဲတံနဲ့ စာအုပ်အစုတ် သွားယူတယ်။ စာအုပ် ရှေ့ပိုင်း စာမျက်နှာတွေကို ကလေးအင်္ကျီပုံစံ ဆွဲထားလို့ သုံးလို့ရတာ သုံးရွက်ပဲ ကျန်တော့တယ်။ မနက်ဖြန် အပြင်ထွက်ရင် စာရင်းစာအုပ်လုပ်ဖို့ စာအုပ်အသစ် ဝယ်ရမယ်လို့ တွေးလိုက်တယ်။
အဒေါ်ဝမ် စောစောက ပြောတာ အားနာလို့ ပြောတာပါ။ အခု ရဲရဲနီနီ မွှေးမွှေးကြိုင်ကြိုင် ပဲနီလေးပြုတ်ရည်က ရှေ့ရောက်လာတော့ ပိုက်ဆံရေဖို့ စိတ်မပါတော့ဘူး။ လင်မယားနှစ်ယောက် ဟူးဟူးမှုတ်ပြီး သောက်လိုက်ကြတာ အငမ်းမရပဲ။
ကျန်းရို ပြန်လာတာ မြင်တော့ အဒေါ်ဝမ်က ကျေနပ်အားရစွာ ပြုံးပြသည်။ "စားလို့ အရမ်းကောင်းတာပဲ၊ သကြားလည်း ပါတယ်။"
ပဲနီလေးတွေလည်း အများကြီးပဲ။ တစ်လုပ်စားလိုက်ရင် ရင်ထဲထိ ချိုမြိန်သွားတယ်။
ကျန်းရို ပြုံးလိုက်သည်။ "စားကြပါဦး၊ ကျွန်မ တွက်လိုက်မယ်"
စားပွဲအောက်က ခုံတန်းရှည်ကို ဆွဲထုတ်ပြီး ထိုင်လိုက်တယ်။ ပိုက်ဆံတွေကို တစ်ရွက်ချင်း ရေတွက်တယ်။ အများစုက ၁ မူးတန်၊ ၂ မူးတန်၊ ၅ မူးတန်တွေ။ စက္ကူပိုက်ဆံရော အကြွေစေ့ရော ပါတယ်။ ကျန်းရိုက ခွဲပြီး ရေတွက်တယ်။ နှစ်ခေါက်ပြန်ရေတာ ၁၀ မိနစ်လောက် ကြာသွားတယ်။ ရလဒ်က တူညီမှ စာအုပ်ထဲမှာ ဝင်ငွေ ၆၃ ယွမ် ၄ မူးလို့ မှတ်လိုက်တယ်။
ဝက်အူချောင်းကို ဦးလေးဝမ် ရွာထဲသွားပြီး ဝက်သတ်ရာကနေ အလကားရလာတာ။ ဆိုင်ခန်းကလည်း သူတို့ပိုင်တာ။ ကျန်းရိုဘက်က နည်းလမ်း၊ ဟင်းခတ်အမွှေးအကြိုင်နဲ့ ထင်း စိုက်ထုတ်ရတယ်။ အဲဒါကြောင့် အရင်းကို တွက်ဖို့ ခက်တယ်။ ကျန်းရို အစကတည်းက သေချာ မစဉ်းစားမိခဲ့ဘူး။
နောက်ဆုံးတော့ နှစ်ဖက်ညှိနှိုင်းပြီး တစ်ဝက်စီ ခွဲယူကြမယ်။ တစ်ယောက် ၃၁ ယွမ် ၇ မူးစီပေါ့။ အရင်းကို ထည့်မတွက်တော့ဘူး။
အဒေါ်ဝမ်က သူ့ဘက်က ပိုက်ဆံမစိုက်ရဘဲ ကူရောင်းပေးရုံနဲ့ ပိုက်ဆံရတယ်လို့ တွေးတယ်။ ကျန်းရိုကလည်း ကိုယ့်ဘက်က အရင်းအနှီး သိပ်မများဘူး၊ အိမ်မှာနေရင်း ပိုက်ဆံရှာရတာ အဆင်ပြေတယ်လို့ တွေးတယ်။
ဒါကြောင့် နှစ်ဖက်စလုံး ပျော်ရွှင်ကျေနပ်ကြသည်။
ကျန်းရို စာအုပ်ထဲ မှတ်ပြီး အဒေါ်ဝမ်တို့လင်မယားကို ပြလိုက်သည်။ အဒေါ်ဝမ်က လက်ကာပြပြီး "မလိုပါဘူး၊ ငါက စာမှ မတတ်တာ၊ ညည်း မှတ်ထားရင် ပြီးတာပါပဲ"
ပြီးတော့ ဝမ်းသာအားရ ဆက်ပြောသည်။ "ဒီနေ့က ပထမဆုံးရက်မို့၊ မနက်ဖြန်ဆို ပိုရမှာ။ အခု မြို့ပေါ်မှာ ပိုက်ဆံရှိတဲ့သူတွေ များတယ်။ ဒီနေ့ဆို တစ်ယောက်တည်းနဲ့ ၃ ကီလို ဝယ်သွားတာ ရှိတယ်"
ကျန်းရို ယွမ် ၃၀ ကျော်ကို သေချာသိမ်းဆည်းလိုက်တယ်။ အဒေါ်ဝမ် ပြောတာ ကြားတော့ ပြုံးလိုက်မိတယ်။ "ဒါဆို ကောင်းတာပေါ့။ ကလေးမွေးရင် နို့မှုန့် ဝယ်တိုက်လို့ ရပြီ"
အဒေါ်ဝမ် စိတ်မကောင်း ဖြစ်သွားသည်။ ကျန်းရို သနားစရာ ကောင်းလိုက်တာ။ သူမနဲ့ တွေ့လို့သာပေါ့၊ တခြားသူဆိုရင် အနိုင်ကျင့်ခံရမှာ သေချာတယ်။ ပိုက်ဆံရှာတတ်တဲ့ လက်ရာရှိပေမယ့် ဘေးမှာ ကာကွယ်ပေးမယ့်သူမရှိရင် အနိုင်ကျင့်ခံရမှာပဲ။
မိုးချုပ်နေပြီမို့ လင်မယားနှစ်ယောက် စကားနည်းနည်းပြောပြီး ပြန်သွားကြသည်။ မနက်ဖြန် စောစောထရဦးမယ်လေ။
....
ကျန်းရို ဧည့်သည်ပြန်ပို့ပြီး ပိုက်ဆံနဲ့ စာရင်းစာအုပ်ကိုကိုင်ကာ အခန်းထဲ ဝင်သွားသည်။
နောက်တစ်နေ့ မိုးမလင်းခင် ကျန်းရို ထတယ်။ အိုးထဲက ပေါင်းထားတဲ့ ဝက်အူချောင်းတွေကို အဒေါ်ဝမ်အတွက် ထုပ်ပိုးပေးလိုက်တယ်။ ပြီးတော့ ပြန်အိပ်တယ်။
မိုးလင်းတော့ နိုးလာတယ်။ မနက်ပိုင်း ဘာမှလုပ်စရာ မရှိလို့ ဂိုဒေါင်ထဲဝင်ပြီး ပစ္စည်းရှာတယ်။ ဆာလာအိတ်ထဲ ထည့်ထားတဲ့ စာအုပ်တွေ တွေ့တယ်။ အများစုက မူလတန်း၊ အလယ်တန်း စာအုပ်တွေ။ အထက်တန်းစာအုပ်က ၇၊ ၈ အုပ်လောက်ပဲ ပါတယ်။ အထက်တန်း ပထမနှစ် သင်္ချာ၊ ရူပဗေဒ (ပထမတွဲ၊ ဒုတိယတွဲ)၊ ဓာတုဗေဒက ဒုတိယတွဲပဲ ရှိတယ်။ အထက်တန်း ဒုတိယနှစ် သင်္ချာနဲ့ တရုတ်စာ (ပထမတွဲ) ပဲ ပါတယ်။ ပြီးတော့ စာအုပ်အစုတ်တွေ နည်းနည်း ပါတယ်။
အံ့သြစရာကောင်းတာက စာအုပ်ထဲက လက်ရေးတွေက အရမ်းလှတယ်။ သပ်ရပ်ပြီး လှပနေတယ်။
သူမလို မဟုတ်ဘူး။ တက္ကသိုလ် ဘွဲ့ရပြီးတာတောင် လက်ရေးက ကလေးလက်ရေးလိုပဲ။ အလုပ်သင်ဆင်းတုန်းက အကြီးတန်းအရာရှိတွေက သေးလွန်းလို့ မမြင်ရဘူး၊ မှန်ဘီလူးနဲ့ ရှာရမယ်လို့ ပြောကြတယ်။ သူမက လက်ရေးမလှလို့ တမင် သေးသေးလေး ရေးတာပါလို့ ပြန်မပြောရဲခဲ့ဘူး။ သေးသေးလေးရေးတော့ သပ်ရပ်သယောင် ထင်ရတာကိုး။
ကျန်းရို သုံးလို့ရမယ့် စာအုပ်တွေကို ထုတ်ပြီး သန့်ရှင်းရေးလုပ်ကာ အခန်းထဲ သယ်သွားသည်။
နေ့လည်ကျတော့ အပြင်ထွက်ကာ တောင်ဘက်လမ်းက ဈေးကို သွားတယ်။ အဒေါ်ဝမ်တို့ ဆိုင်ကို အရင်ဝင်ကြည့်ပြီး ဝက်သား ၂ ပိဿာလောက် ဝယ်ပြီး ခွဲထုပ်ခိုင်းလိုက်တယ်။ ဆိုင်မှာ လူနည်းနည်း ရှိနေတော့ အဒေါ်ဝမ်တို့ အလုပ်ရှုပ်နေတာ မြင်ပြီး နှုတ်ဆက်ကာ ထွက်လာခဲ့တယ်။ ဟင်းသီးဟင်းရွက်နဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ ဝယ်တယ်။
ဝယ်ပြီးလို့ အထည်ဆိုင်သွားမလို့လုပ်တုန်း ဈေးပေါက်ဝမှာ မတွေ့တာကြာပြီဖြစ်တဲ့ ယောက္ခမနဲ့ ပက်ပင်းတိုးပါလေရော။
လင်းမေ့ရူက အရင်မြင်ပြီး ကျန်းရို အင်္ကျီကို ဆွဲထားကာ အံ့သြစွာနဲ့ "နင် ဘာလာလုပ်တာလဲ၊ ဘာတွေ ဝယ်လာလဲ"
လက်က ခြင်းတောင်းကို လှမ်းဆွဲပြီး ကြည့်တယ်။ အသားထုပ်တွေကို ဟင်းသီးဟင်းရွက် အောက်မှာ ထားထားလို့ သူမ မြင်လိုက်တာက ဟင်းရွက်တွေချည်းပဲ။
မျက်နှာအမူအရာ ချက်ချင်း ပျက်သွားသည်။ "ဘာလို့ သူများဆိုင်မှာ ဝယ်တာလဲ"
ကျန်းရိုက သူမရဲ့ အပြုအမူကို မကြိုက်ဘူး။ သူမလိုပဲ ပြန်ပြီး ခြင်းတောင်းကို လှမ်းဆွဲကြည့်တယ်။ နောင်တရသလို ပုံစံလုပ်ပြီး "အမေ့ဆိုင်က ရောင်းကောင်းလို့ ကုန်သွားပြီ ထင်နေတာ။ အမေ့ဆီမှာ ဟင်းကျန်သေးလား။ နည်းနည်းလောက် ပေးပါလား"
လင်းမေ့ရူက ကျန်းရို ဒီလိုလုပ်မယ် မထင်ထားဘူး။ ခြင်းတောင်းထဲမှာ ဝက်သားသုံးထပ်သား၊ အသားကောင်း၊ ဝက်လက်တစ်ချောင်း၊ ငါးနှစ်ကောင်၊ ဝက်အူချောင်းပေါင်းနဲ့ တို့ဖူးနှစ်တုံး အပြည့်ရှိနေတာကို ကျန်းရို အမိအရ မြင်လိုက်ရတယ်။
စားသောက်နေတာ ကောင်းလိုက်တာ။
ကျန်းရို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။
လင်းမေ့ရူ မျက်နှာပျက်သွားလေသည်။ ခြင်းတောင်းကို အနောက်ဘက် ကွယ်လိုက်ပြီး "ငါ့ဆိုင်က အပြင်ဘက်မှာ။ ထားလိုက်ပါတော့၊ ဟင်းရွက်နည်းနည်း ကျန်သေးတယ်။ အကုန် ယူသွားလိုက်"
ပြောရင်းနဲ့ ရှေ့ကနေ သုတ်ခြေတင် ထွက်သွားသည်။ လမ်းလျှောက်ရင်း ခေါင်းစဉ်လွှဲဖို့ ကြိုးစားသည်။ "နင့်ဗိုက်လည်း ကြီးနေပြီ။ ကလေးအတွက် အင်္ကျီချုပ်ပေးဦး။ နောက်နှစ်ရက်နေရင် ငါလည်း ကလေးအတွက် ဆွယ်တာအင်္ကျီ နှစ်ထည် ထိုးပေးမလို့"
ဟင်းရွက်နည်းနည်း ပေးမယ်ဆိုတဲ့အကြောင်း တစ်လုံးမှ မဟတော့ဘူး။
ကျန်းရိုက အနောက်ကနေ အေးဆေး လိုက်သွားသည်။ သူမ ပြောတာကို ကြားတော့ ရည်ရွယ်ချက် ရှိရှိလား မရှိရှိလား မသိဘဲ "ဒါဆို ကလေးကိုယ်စား ကျေးဇူးတင်ပါတယ် အဘွားရေ။ အင်္ကျီက ဒုတိယပါ၊ အခုတလော ဗိုက်ခဏခဏ ဆာနေတာပဲ ဒုက္ခ"
"......"
သူမဆိုင်ရောက်တော့ လင်းမေ့ရူက ခြင်းတောင်းထဲက ဟင်းရွက်အကျန်တွေကို လိပ်ပြီး ကျန်းရိုကို ပေးလိုက်သည်။
ကျန်းရိုက အားမနာဘဲ ယူလိုက်တယ်။ ဒါပေမဲ့ မပြန်သေးဘဲ ရပ်နေတယ်။
ဘာလဲဟ၊ သားအဖနှစ်ယောက်က အိမ်မှာ ကောင်းကောင်း စားသောက်နေကြပြီး ကိုယ်ဝန်သည်ဖြစ်တဲ့ သူမကျတော့ ငတ်နေရတာလား။
သူမ ဗိုက်ထဲက ကလေးက မြေးအရင်းလေ။
လင်းမေ့ရူ ကြည့်လိုက်တော့ ကျန်းရိုက မျက်နှာပြောင်တိုက်ပြီး မျက်တောင် ပုတ်ခတ်ပုတ်ခတ်နဲ့ ခြင်းတောင်းထဲကို လှမ်းကြည့်နေသည်။
"......"
နောက်ဆုံးတော့ လင်းမေ့ရူ မနေသာလို့ မလိုချင်ပေမယ့် ငါးတစ်ကောင် ထုတ်ပေးလိုက်သည်။ ကျန်းရိုက လက်မခံဘဲ အထဲက အသားတစ်တုံးနဲ့ တို့ဖူးတစ်တုံးပါ ထပ်ယူလိုက်သည်။
လင်းမေ့ရူ နှမြောလွန်းလို့ မျက်နှာတွေ ရှုံ့မဲ့နေသည်။ လက်ကာပြပြီး "နင်က တကယ့် အကြွေးတောင်းမပဲ။ မြေးက မိန်းကလေးလား ယောက်ျားလေးလားတောင် မသိရသေးဘဲနဲ့။ တော်ပြီ၊ သွားတော့ သွားတော့" ဟုပြောကာ မောင်းထုတ်လိုက်တော့သည်။
ဒီလောက် မျက်နှာပြောင်တိုက်တဲ့သူမျိုး မတွေ့ဖူးဘူး။
ကျန်းရိုက ချိုချိုသာသာ ပြုံးပြလိုက်သည်။ "ကျေးဇူးပါ အမေ"
ပြီးတော့ ကျေနပ်စွာ လှည့်ထွက်လာခဲ့ကာ အရင်တစ်ခေါက်က သွားခဲ့တဲ့ အထည်ဆိုင်ကို သွားလိုက်သည်။
သူမ အင်္ကျီချုပ်တာ နှေးလွန်းတယ်။ အခု ပိုက်ဆံရှာနိုင်နေပြီမို့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခမပေးတော့ဘူး။ ဒီတစ်ခါ ပိတ်သားကောင်းကောင်း ထူထူထဲထဲ အထည်တွေ ရွေးလေသည်။ အဆင်သင့် ပြင်ဆင်လာတဲ့ ပုံစံကို ပြပြီး ကလေးဝတ် အတွင်းခံ ၄ ထည်၊ ဆောင်းတွင်းဝတ် ဘော်ဒီဆက် ဂွမ်းအင်္ကျီ ၂ ထည်နဲ့ စောင်အသေး ၂ ထည် ချုပ်ခိုင်းလိုက်သည်။
အဲဒါတွေ မှာပြီးတော့ ဆိုင်ထဲ လှည့်ကြည့်သည်။ မိုးပြာရောင်တစ်စနဲ့ မီးခိုးရောင်တစ်စ ရွေးပြီး အမျိုးသားဝတ် ရှပ်အင်္ကျီ ၂ ထည် ချုပ်ခိုင်းလိုက်သည်။ "သူ့အရပ်က ၁၈၇၊ မဝမပိန်၊ နည်းနည်း ပွပွလေး လုပ်ပေးပါ"
နောက်ပြီး မီးခိုးစိမ်းရောင်နဲ့ ပိတ်ချောရောင် အထည် ၂ စ ထပ်ရွေးသည်။ "ဒီအရောင် လှတယ်။ ဘောင်းဘီ ၂ ထည် ထပ်ချုပ်ပေးပါ၊ ဆိုဒ်က အလတ်စားပဲ"
ကျန်းရို အိမ်ကထွက်တုန်းက ဒီအစီအစဉ် မရှိပါဘူး။ စောစောက ယောက္ခမရဲ့ သဘောထားကို မြင်ပြီး ဒေါသထွက်သွားလို့ပင်။ လီရှောင်းအမေက ဘက်လိုက်လွန်းတယ်။
အခန်းထဲက အဝတ်ဗီရိုထဲမှာ အင်္ကျီတစ်ထည်မှ မကျန်တော့တာ သတိရပြီး သူ့အတွက် ၂ စုံလောက် ချုပ်ပေးဖို့ ဆုံးဖြတ်လိုက်တာဖြစ်သည်။
အင်္ကျီလာယူမယ့်ရက် ချိန်းပြီးတော့ ကျန်းရို ကားဂိတ်ဟောင်းလမ်းဘက်ကို သွားလိုက်သည်။
ကျိုးကျန့် မရှိမှာ စိုးရိမ်ပေမယ့် တံခါး ၂ ချက်ခေါက်လိုက်တာနဲ့ လာဖွင့်ပေးကာ ကျန်းရိုကို မြင်တော့ အံ့သြသွားသည်။ "မရီး၊ ဘယ်လိုလုပ် ရောက်လာတာလဲ။ အိမ်ထဲ ဝင်ပါဦး"
"မဝင်တော့ပါဘူး၊ ထမင်းပြန်ချက်ရဦးမယ်။ အကူအညီလိုလို့ လာခဲ့တာ"
အိတ်ကပ်ထဲက စာရွက်တစ်ရွက် ထုတ်ပေးလိုက်သည်။ "အထက်တန်း ကျောင်းသုံးစာအုပ်တွေ ရှာပေးလို့ ရမလားဟင်"
ကျိုးကျန့် စာရွက်ကို ယူကြည့်တယ်။ ဘာမှ မစဉ်းစားဘဲ "ရတာပေါ့၊ စာအုပ်ရှာတာ ဘာခက်လို့လဲ။ သာ့ယိုက ဒီရက်ပိုင်းမှ စာမေးပွဲ ဖြေပြီးတာ၊ သူ့ဆီ သွားတောင်းလိုက်မယ်"
"ကျေးဇူးပါပဲ" ကျန်းရို ပြုံးပြီး ခြင်းတောင်းထဲက အသားတစ်တုံး ထုတ်ပေးလိုက်သည်။ "ဈေးကနေ လာတာ၊ ဒါ ယူထားလိုက်"
ကျိုးကျန့် အသားမြင်တော့ နောက်ဆုတ်သွားပြီး လက်ကာပြသည်။ "အစ်မကြီး၊ မယူပါရစေနဲ့။ အရင်တစ်ခေါက်က ပေးထားတာတောင် မကုန်သေးဘူး"
ကျန်းရိုက ရယ်မောလိုက်သည်။ "ရပါတယ်၊ နောက်ရက်တွေကျရင် ဒုက္ခပေးစရာ ရှိဦးမှာ"
"တကယ် မလိုပါဘူး" ကျိုးကျန့်ကပြောရင်း အိမ်ထဲ ပြေးဝင်သွားသည်။ "မရီး... ညကျရင် လာပို့ပေးမယ်"
ကျန်းရိုက သူများကျေးဇူး မယူချင်ပေမယ့် သူကြောက်လန့်နေတာမြင်တော့ ဆက်မပြောတော့ပေ။ "ကောင်းပြီလေ၊ ကျေးဇူးပဲ"
.....
ညနေစောင်းတော့ ကျိုးကျန့် စာအုပ်တွေ လာပို့သည်။
အထက်တန်း ၃ နှစ်စာ စာအုပ်တွေ အကုန်ပါကာ မှတ်စုတွေ အပြည့်ရေးထားတယ်။ အမှတ်ကောင်းတဲ့ စာမေးပွဲစာရွက်တွေလည်း ပါတယ်။
ကျိုးကျန့် စာအုပ်တွေကို ဧည့်ခန်းက စားပွဲပေါ် တင်ပေးလိုက်သည်။ ကျန်းရိုက သူ ချွေးတွေထွက်နေတာ မြင်တော့ ရေတစ်ခွက် ငှဲ့ပေးသည်။ "ထမင်းစားပြီးပြီလား။ ဒီမှာ စားသွားပါလား"
"မစားတော့ပါဘူး။ အမေ ချက်ထားပါတယ်"
ကျန်းရိုကလည်း မေးကြည့်ရုံပါပဲ။ မိန်းမတစ်ယောက် ယောက်ျားတစ်ယောက် အတူထမင်းစားနေရင် သူများမြင်ရင် မကောင်းဘူးလေ။ "ဒါဆိုရင် မုန့်လုပ်ထားတယ်၊ နည်းနည်း ယူသွားလိုက်"
မီးဖိုချောင်ထဲဝင်ပြီး ညနေက လုပ်ထားတဲ့ ကြက်သွန်မြိတ်မုန့်နဲ့ နေ့လည်က လုပ်ထားတဲ့ ပဲဝါကျောက်ကျောထုပ် တချို့ ထည့်ပေးလိုက်သည်။
ကျိုးကျန့်က အားနာသလို ရယ်ပြီး ခေါင်းကုတ်ကာ "ကျေးဇူးပါ မရီး၊ မနက်ဖြန်မနက်ကျ ပန်းကန် လာပြန်ပေးပါ့မယ်"
လိုတာရှိလား မေးပြီး မရှိဘူးဆိုတော့ မုန့်ပန်းကန်ကိုင်ပြီး ပြန်သွားသည်။
.....
ကျန်းရို တံခါးပိတ်မလို့ လုပ်တုန်း အမျိုးသမီးကြီးတစ်ယောက် လမ်းလျှောက်လာတာ တွေ့လိုက်သည်။ သူမက ကျန်းရိုကို သေချာကြည့်ပြီး မျက်နှာလွှဲသွားသည်။
ကျန်းရိုလည်း ဂရုမစိုက်ပါဘူး။ နောက်ရက်တွေမှာ အိမ်မှာပဲ အေးအေးဆေးဆေးနေ၊ ကိုယ်ဝန်ဆောင်ကျန်းမာရေး လိုက်စား၊ စာဖတ်၊ ပိုက်ဆံရှာနဲ့ အချိန်ကုန်ဆုံးစေတယ်။
လီရှောင်းဆီက ဖုန်းမလာတော့ဘူး။ ပြန်လာခါနီးပြီလို့ ခန့်မှန်းမိတယ်။
ဒါပေမဲ့ လူပြန်မရောက်လာခင် ယောက္ခမက ဒေါသတကြီး ရောက်လာလေသည်။
မနက်ပိုင်း အဒေါ်ဝမ် ဝက်အူချောင်း လာယူတဲ့အချိန်ကို ရွေးလာတာ။ ကျန်းရိုကို ကြည့်တဲ့မျက်လုံးတွေက မီးဝင်းဝင်းတောက်နေကာ "ရှောင်ရို... နင် ဘာတွေ လုပ်နေတာလဲ" ဟု ဒေါသတကြီး မေးသည်။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၁၁)
တံခါးပေါက်မှ ထွက်ခါစ အဒေါ်ဝမ်၏ခြေလှမ်းများ တန့်သွားပြီး နေရာတွင်ပင် နေရခက်စွာ ရပ်နေမိသည်။
ပြောရမယ်ဆိုရင် လင်းမေ့ရူကလည်း ဈေးထဲမှာ ဈေးရောင်းနေသူ ဖြစ်သည်။ ကျန်းရိုက သူမနှင့် ပူးပေါင်းလုပ်ကိုင်နေသည်ဆိုတော့ သူမဘက်က အခွင့်အရေးယူသလို ဖြစ်နေသည်မှာ အမှန်ပင်။
သို့သော် ကျန်းရိုကတော့ အနည်းငယ်မျှ ကြောက်ရွံ့ခြင်း မရှိပေ။ ခြံဝင်းတံခါးဝတွင် ရပ်လျက် ဒေါသကြောင့် မျက်နှာနှင့် လည်ပင်းများ နီရဲနေသော ထိုလူကို ကြည့်ကာ တည်ငြိမ်စွာပင် ပြောလိုက်သည်။ "အမေ မြင်တဲ့အတိုင်းပါပဲ၊ အိမ်မှာ ပိုက်ဆံမရှိတော့လို့ အဒေါ်ဝမ်နဲ့ပေါင်းပြီး စီးပွားရေးအသေးစားလေး လုပ်နေတာ"
"စီးပွားရေး အသေးစားလေး ဟုတ်လား"
လင်းမေ့ရူ ထိုစကားကို ကြားသည်နှင့် ပေါက်ကွဲသွားတော့သည်။ "နင် ဈေးထဲက အခြေအနေကို သွားကြည့်ပါဦး၊ ဝယ်တဲ့လူ ဘယ်လောက်များလဲ၊ တစ်နေ့ကုန်ရင် ပိုက်ဆံဘယ်လောက်ရလဲ သိရဲ့လား။ ဒီလောက်ကောင်းတဲ့ကိစ္စကို နင်က တခြားလူကို သွားရှာတယ်၊ ငါ့ကိုကျ မရှာဘူးလား။ နင့်အမေ ငါက ဟင်းရွက်ရောင်းရတာ လွယ်တယ်များ မှတ်နေလား။ သူတို့က ဝက်သားရောင်းတာ၊ မူလကတည်းက ပိုက်ဆံရပြီးသား။ နင်က သူတို့အိမ်ကို ပိုက်ဆံသွားဖြည့်ပေးနေသေးတယ်။ တကယ့်ကို အိမ်ကြက်ချင်း အိုးမဲသုတ်၊ အိမ်တွင်းလူကို မကြည့်ဘဲ အပြင်လူကို ကြည့်နေတာ၊ အလိမ်ခံရတာတောင် မသိဘူး"
သူမသည် ဒေါသတကြီး ဆဲဆိုကြိမ်းမောင်းတော့သည်။ ဤချွေးမသည် တကယ်ပင် တုံးအပြီး ယုတ်မာသည်ဟု ထင်မြင်မိသည်။
ပိုက်ဆံရမည့် စီးပွားရေးလမ်းကြောင်း ကောင်းကောင်းကို ကိုယ့်လူရင်းကို မပေးဘဲ သူစိမ်းကို သွားပေးရသည်တဲ့လား။
သူမမှာတော့ နေ့စဉ် အသက်ထွက်မတတ် ဟင်းရွက်သယ် ဟင်းရွက်ရောင်း လုပ်နေရပြီး ရလာသည့် ပိုက်ဆံက မိသားစု စားဝတ်နေရေးအတွက် ကာမိရုံသာရှိသည်။
ဝမ်မိသားစု၏ စီးပွားရေး ကောင်းမွန်နေသည်ကို နေ့တိုင်းမြင်တွေ့နေရသဖြင့် သူမ မည်မျှ အားကျနေရသည်ကို ဤအရူးမ သိပါလေစ။
ယခု ထိုအရာသည် သူမချွေးမ၏ စီးပွားရေးဖြစ်ကြောင်း သိလိုက်ရသောအခါ ရင်ထဲ နာကျင်ရလွန်းလှသည်။
"ဟေး... နင့်စကားတွေက နားထောင်လို့ မကောင်းလိုက်တာ၊ ဘာကို အလိမ်ခံရတာလဲ။ ငါက ရှောင်ရိုကို ဘယ်အချိန်က လိမ်ဖူးလို့လဲ"
အဒေါ်ဝမ်သည် နားထောင်ရတာ မကျေနပ်သဖြင့် ဝင်ပြောလိုက်သည်။ "ငါနဲ့ ရှောင်ရိုရဲ့ စီးပွားရေးက ရှင်းရှင်းလင်းလင်း တွက်ချက်ထားတာ၊ အကုန်လုံး စာရင်းစာအုပ်ရှိတယ်။ လျှောက်ပြီး စွပ်စွဲမနေနဲ့"
လင်းမေ့ရူသည် ဒေါသအထွတ်အထိပ် ရောက်နေချိန်ဖြစ်သည်။ ထိုစကားကို ကြားသောအခါ ဒေါသအပေါ် ဒေါသဆင့်သွားပြီး သူမ၏ ချွေးမကို သူမနှင့် စိတ်ဝမ်းကွဲအောင် ဤအမျိုးသမီးက တစ်ခုခု ပြောထားသည်ဟု ထင်မြင်သွားသည်။ ထို့ကြောင့် အဒေါ်ဝမ်ဘက် လှည့်ကာ အော်ဟစ်လိုက်သည်။ "ငါ နင့်ကို စကားပြောနေတာ မဟုတ်ဘူး"
ထို့နောက် ကျန်းရိုကို လက်ညှိုးထိုးကာ ဆက်ဆဲလေသည်။ "နင်က တကယ့် ကျေးဇူးကန်းတဲ့ကောင်မပဲ၊ ငါ့သားက ဘယ်လိုကံဆိုးမိုးမှောင်ကျလို့ နင့်လိုမိန်းမကို ယူမိလဲ မသိဘူး။ ငါက နင့်ကို ဟင်းတွေ ခဏခဏ လာပို့ပေးသေးတယ်၊ ခွေးကျွေးလိုက်တာမှ မှတ်မိဦးမယ်။ နင် ဒီစီးပွားရေးကို ငါ့ကို မပေးရင် နင်စားထားတဲ့ ဟင်းတွေ အကုန်ပြန်အန်ထုတ်ပေး..."
ပြောရင်း ပြောရင်း ပိုဒေါသထွက်လာပြီး မျက်ရည်များပင် ဝဲလာသည်။ ရှေ့သို့ ခြေနှစ်လှမ်း တိုးလာပြီး ကျန်းရိုကို ဆွဲဖြဲတော့မည့် ပုံစံပေါက်နေသည်။
ကျန်းရိုသည် သူမကို ကြည့်ပြီး ပြောစရာစကားမရှိ ဖြစ်နေသည်။ အတော်လေး အဓိပ္ပာယ်မရှိဟု ခံစားရပြီး သူမကို ဦးနှောက်ဆေးပေးရန် လိုအပ်သည်ဟု ထင်မြင်မိသည်။ ထို့ကြောင့် သူမ၏ စကားကို ဖြတ်ပြောလိုက်သည်။ "ကျွန်မ ဘာလို့ အဒေါ်ဝမ်နဲ့ ပေါင်းလုပ်ပြီး အမေနဲ့ မလုပ်သလဲဆိုတာ အမေ့စိတ်ထဲမှာ အသိဆုံး မဟုတ်ဘူးလား"
"လီရှောင်း အိမ်မှာမရှိတုန်း ကျွန်မ ကိုယ်ဝန်ကြီးနဲ့ နေခဲ့ရတာ ဒီလောက်ကြာပြီ၊ အမေ ကျွန်မကို တစ်ရက်လောက်များ လာပြုစုဖူးလား။ ကျွန်မ အမေ့ကို မေးချင်နေတာ ကြာပြီ၊ အမေ့ရဲ့ သားအရင်းက လီရှောင်းလား ဒါမှမဟုတ် ဟယ်ဝမ်ဟွာလား။ ဟယ်ဝမ်ဟွာ အိမ်ပြန်လာရင် အမေက အသားတွေ ငါးတွေ ဝယ်ကျွေးတယ်။ လီရှောင်းကျတော့ရော။ သူအိမ်ပြန်လာတုန်းက အမေ မျက်နှာလေးတောင် လာမပြဘူး။ ဟိုတစ်လောက အမေ့ခြင်းတောင်းထဲက အသားတစ်တုံး ယူမိတာကို အမေ့အသား လှီးယူသွားသလို ဖြစ်နေတာ။ မသိတဲ့လူဆိုရင် အမေကမှ ဟယ်ဝမ်ဟွာရဲ့ အမေအရင်းလို့ ထင်လိမ့်မယ်"
"အမေနဲ့ ပူးပေါင်းလုပ်မယ်ဆိုရင်တောင် နောက်ဆုံး ရလာတဲ့ ပိုက်ဆံတွေက ဟိုသားအဖနှစ်ယောက်ရဲ့ အိတ်ကပ်ထဲပဲ ရောက်သွားမှာလေ၊ ကျွန်မနဲ့ လီရှောင်းအတွက် တစ်ပြားတစ်ချပ် ပါမှာတဲ့လား။ ကျွန်မကို သူများလိမ်တာ ခံရတယ်၊ အိမ်ကလူကို မကြည့်ဘဲ အပြင်လူကို ကြည့်တယ်လို့ အမေ ပြောတယ်ပေါ့။ ကျွန်မ အမြင်မှာတော့ အမေကမှ ကျွန်မကို အရူးတစ်ယောက်လို့ သတ်မှတ်ထားတာပါ။ ကျွန်မ အဒေါ်ဝမ်နဲ့ ပေါင်းလုပ်တာ အနည်းဆုံးတော့ အရင်းအနှီး သိပ်မများဘူး။ အမေ့မှာ ဘာရှိလို့လဲ။ နောက်ဆုံး ဒီစီးပွားရေးမှာ ကျွန်မဝေစု ရမရ ဆိုတာတောင် မသေချာဘူး"
"အမေ ကိုယ့်သဘောနဲ့ကိုယ် ဟိုသားအဖနှစ်ယောက်အတွက် ကျွန်ခံချင်ရင် ခံပါ၊ ကျွန်မနဲ့ လီရှောင်းရဲ့သွေးကို လာစုပ်ဖို့တော့ မစဉ်းစားပါနဲ့"
ကျန်းရိုသည် ဗိုက်ကိုပွတ်သပ်ရင်း တစ်ခွန်းပြီးတစ်ခွန်း ပစ်ပစ်နှစ်နှစ် ပြန်ပြောလိုက်သည်။
သူမသည် ငယ်စဉ်ကတည်းက အစ်ကိုဖြစ်သူနှင့် ရန်ဖြစ်လာခဲ့သူဖြစ်သည်။ ငယ်စဉ်က လက်ပါပြီး ကြီးလာသောအခါ နှုတ်လှန်ထိုးခဲ့သဖြင့် စကားစစ်ထိုးရာတွင် ကျွမ်းကျင်ပြီးသားဖြစ်သည်။
"နင်..."
လင်းမေ့ရူသည် ပြန်ပြောစရာ စကားလုံး ရှာမတွေ့တော့ပေ။ မျက်နှာက ပြာလိုက် ဖြူလိုက် ဖြစ်နေပြီး အတော်ကြာမှ စကားတစ်ခွန်း ညှစ်ထုတ်လိုက်သည်။ "နင် ပြောနေတာတွေက လူစကား ဟုတ်ရဲ့လား။ ငါက သူ့ကို ဘယ်နေရာမှာ သားမတော်ခဲ့လို့လဲ။ နင်က ဘာလို့ ဒီလောက် သဘောထားသေးသိမ်ရတာလဲ၊ နင့်ကို အသားပေးခဲ့တယ် မဟုတ်ဘူးလား"
မနက်ခင်းစောစော ဖြစ်သဖြင့် အလုပ်သွားမည့်သူများ အိမ်မှ မထွက်ကြသေးပေ။ ဆူညံသံကြားသဖြင့် အသံလာရာသို့ ထွက်ကြည့်ကြရာ လူအုပ်ကြီး ဖြစ်လာသည်။ ထမင်းပန်းကန်ကိုင်ပြီး ထွက်ကြည့်သော ကလေးအချို့လည်း ပါဝင်သည်။
ကျန်းရိုသည် လူများလာသည်ကို မြင်သောအခါ အသံကို မြှင့်လိုက်သည်။ "အမေက လီရှောင်းကို သားအရင်းလို သဘောထားတယ် ဟုတ်လား။ ကောင်းပြီလေ... ဒီနေ့ ဒီနေရာမှာပဲ အမေနဲ့ ကျွန်မ သေချာစာရင်းရှင်းကြတာပေါ့"
"လီရှောင်း ငယ်ငယ်ကတည်းက အမေ သူ့ကို ဂရုစိုက်ဖူးလား။ လီရှောင်းက မလိမ္မာဘူး၊ ငယ်ငယ်ကတည်းက လူမိုက်တွေနဲ့ ပေါင်းတယ်လို့ သူများတွေ ပြောကြတယ်။ သူက မွေးလာကတည်းက လူမိုက်တွေနဲ့ အတူရှိနေတာမို့လို့လား။ တခြားမိဘတွေဆိုရင် ကိုယ့်သားသမီး လမ်းမှားရောက်နေရင် တုတ်နဲ့ရိုက်ပြီး လမ်းမှန်ရောက်အောင် ဆုံးမကြတယ်။ အမေကျတော့ရော... ဘေးကနေဝင်ပြီး သူက ငယ်ငယ်ကတည်းက ဆိုးတာပါလို့ လိုက်ပြောနေတယ်။ ကျွန်မ မေးပါရစေ၊ လီရှောင်း အဖေဆုံးပြီးနောက်ပိုင်း အမေ သူ့ကို မနက်စာ ဘယ်နှစ်ခါ ချက်ကျွေးဖူးလဲ။ မိုးရွာတဲ့ရက်တွေမှာ ထီး ဘယ်နှစ်ခါ သွားပို့ဖူးလဲ။ သူကျောင်းတက်တုန်းက အမှတ်စာရင်း ဘယ်လိုနေလဲ။ အတန်းပိုင်ဆရာမက ဘယ်သူလဲ။ သူ ဘယ်အခန်းမှာ တက်ခဲ့ရတာလဲ"
လီရှောင်းက နာမည်ပျက်ရှိနေတာ သူ ကျင့်သားရနေပါပြီ။ ဒါပေမဲ့ ကျန်းရိုက ဒီကလေးနဲ့အတူ ဒီမှာ ဆက်နေရဦးမှာ။ နောက်ပိုင်း အပြင်ထွက်ရင် သူများတွေက အကဲခတ်တဲ့ မျက်လုံးတွေနဲ့ ကြည့်တာကို သူမ မလိုချင်ဘူး။
ကလေးမွေးလာပြီး ကျောင်းတက်ရင်လည်း သူများတွေ လက်ညှိုးထိုး ဝေဖန်တာကို မခံစေချင်ဘူး။ အနိုင်ကျင့်ခံရရင်တောင် သူများတွေက "ဒါ ဖြစ်သင့်တာပဲ" လို့ ပြောကြမယ့် အဖြစ်မျိုး မလိုချင်ဘူး။
လင်းမေ့ရူ ကိစ္စကတော့၊ သူမ လုပ်ရဲမှတော့ သူများပြောမှာ ကြောက်နေဦးမှာလား။
မျက်နှာချင်းဆိုင်မှ လင်းမေ့ရူမှာ သူမ မေးသမျှကြောင့် မျက်နှာနီရဲနေပြီး တစ်ခုမှ ပြန်မဖြေနိုင်ပေ။ နောက်ဆုံးတွင် အားမပါသော အသံဖြင့် အော်ပြောလိုက်သည်။ "နင် ငါ့ကို ဟိုဟာဒီဟာတွေ လာမပြောနဲ့၊ အခုပြောနေတာက နင် ဝက်အူချောင်း ရောင်းတဲ့ကိစ္စ"
ကျန်းရို အေးစက်စက် ပြုံးလိုက်သည်။ သူမကို ဆင်ခြေပေးခွင့် မပြုဘဲ တန်းပြောလိုက်သည်။ "အမေ မသိဘူး မဟုတ်လား။ ကျွန်မ ပြောပြမယ်... တစ်ခါမှ မလုပ်ပေးဖူးဘူး။ သူ အလယ်တန်းတက်တုန်းက နေ့တိုင်းမနက် အစာငတ်ခံပြီး ကျောင်းသွားရလို့ အခုထိ အစာအိမ်ရောဂါ အပျော့စား ရှိနေတယ်။ သူ့အမှတ်စာရင်းက ကျောင်းတစ်ကျောင်းလုံးမှာ အမြဲတမ်း ထိပ်ဆုံး ၅ ယောက်စာရင်းဝင်တယ်။ အထက်တန်းဝင်ခွင့်ကို ပထမအဆင့်နဲ့ အမှတ် ၉ အထက်တန်းကျောင်းကို တက်ခွင့်ရခဲ့တယ်။ အလယ်တန်း အတန်းပိုင်ဆရာမက လျန်မေ့လီ၊ အထက်တန်းတုန်းက အခန်း ၃ မှာ တက်ရတယ်၊ အတန်းပိုင်ဆရာမက ဝမ်ယင်း"
"အမေ ဘာမှ မသိဘူး။ အမေက ဟယ်ဝမ်ဟွာအကြောင်းပဲ သိတယ်။ ဟယ်ဝမ်ဟွာ ဗိုက်ဆာမှာ၊ အေးမှာ၊ ပိန်သွားမှာပဲ စိတ်ပူတယ်။ ဟယ်ဝမ်ဟွာက ၃ နှစ်ကျပြီး တက္ကသိုလ် မဝင်နိုင်တာတောင် အမေက စိတ်ပါလက်ပါ ဆက်ထားပေးတယ်။ လီရှောင်းက သူများစွပ်စွဲလို့ ကျောင်းထွက်လိုက်ရတဲ့အချိန်မှာ အမေက ကျောင်းကို တစ်ခေါက်တောင် လာမကြည့်ခဲ့ဘူး"
"ဘယ်ကလေးရဲ့ အမေက အမေ့လိုမျိုး လုပ်လို့လဲ။ အဒေါ်ဝမ့်သမီး အထက်တန်းနောက်ဆုံးနှစ်တုန်းက အဒေါ်ဝမ်က နေ့တိုင်း ကျောင်းကို ထမင်းသွားပို့တယ်။ မိုးရွာလည်း တစ်ရက်မှ မပျက်ဘူး။ သမီး တက္ကသိုလ်ဝင်ခွင့်ရသွားတော့လည်း မနားဘူး။ သမီးအတွက် မင်္ဂလာကြေး စုပေးမယ်ဆိုပြီး ပိုက်ဆံပိုရှာနေတာ။ အမေကျတော့ရော... အမေ ဘာလုပ်ပေးဖူးလဲ"
"တခြားလူတွေအကြောင်း ကျွန်မ မသိဘူး။ လီရှောင်းက သူများမျက်လုံးထဲမှာ လူဆိုးတစ်ယောက် ဖြစ်လာရတာ အမေ့မှာ တာဝန်အရှိဆုံးပဲ။ ငယ်ငယ်တုန်းက အမေ ဂရုမစိုက်ဘူး။ ကြီးလာတော့ သူများအနိုင်ကျင့်တာ ခံရတဲ့အချိန်မှာ ဖြေရှင်းပေးဖို့၊ ကာကွယ်ပေးဖို့ မစဉ်းစားဘဲ ဘေးကနေ ဝင်ဆဲတယ်။ ရှာတဲ့ ယောကျ်ားတွေကလည်း တစ်ယောက်ထက်တစ်ယောက် ပိုဆိုးတယ်။ အမေ မေ့နေပြီလား။ အရင်ယောက်ျား ရိုက်နှက်တာခံရတုန်းက ဘယ်သူက အမေ့ဘက်ကရပ်ပြီး ရွာထဲကနေ ပြန်ခေါ်လာပေးခဲ့တာလဲ။ ဟယ်ဝမ်ဟွာလား။ အမေ့ရဲ့ အခုယောက်ျားလား။ ဘယ်သူမှ မဟုတ်ဘူး၊ ၁၃ နှစ်အရွယ် လီရှောင်းလေ"
"သူက အမေ့ကို အမေအရင်းလို သဘောထားပေမယ့် အမေကရော သူ့ကို သားအရင်းလို သဘောထားဖူးလား"
ဒီစကားတွေကို ကျန်းရိုက ယခင်ဘဝ လီရှောင်း၏မှတ်တမ်းများကို ဖတ်ကတည်းက ပြောချင်နေခဲ့ခြင်း ဖြစ်သည်။ လီရှောင်း၏ဖခင်က စောစောစီးစီး ဆုံးပါးသွားသည်။ အကယ်၍ သူမသာ မကောင်းသော ယောကျ်ားများကို ရတနာသဖွယ် သဘောမထားဘဲ လီရှောင်းနှင့်အတူ ကောင်းမွန်စွာ နေထိုင်ခဲ့မည်ဆိုလျှင် အရာအားလုံးက ပြောင်းလဲသွားနိုင်သည်။
သူမသာ လီရှောင်းအပေါ် ဂရုစိုက်မှု အနည်းငယ်ပေးခဲ့လျှင်၊ လီရှောင်း တောင်ပိုင်းသို့ ဆင်းသွားချိန်တွင် မြေးမလေးကို သေချာဂရုစိုက်ပေးခဲ့လျှင်၊ မြေးမလေး ကျောင်းတွင်းအနိုင်ကျင့်ခံနေရသည်ကို မသိဘဲ နေမည် မဟုတ်ပေ။ အရိပ်အယောင်များကို စောစီးစွာတွေ့ရှိပြီး လီရှောင်းကို ပြောပြခဲ့လျှင် နွေးထွေးစွာ ပြုံးတတ်သော ထိုကလေးမလေးသည် အသက်ရှင်ကျန်ရစ်နိုင်မည် ဖြစ်ပြီး လီရှောင်းလည်း ထိုအခြေအနေထိ ရောက်သွားမည် မဟုတ်ပေ။
လင်းမေ့ရူသည် ဒေါသတကြီးဖြစ်နေသော ကျန်းရိုကိုကြည့်ပြီး ခေါင်းမဖော်ဝံ့အောင် ဖြစ်နေသည်။ ချွေးမပြောသော စကားများကို တစ်ခွန်းမှ ဝန်မခံချင်သော်လည်း ပါးစပ်ဟလိုက်သည်နှင့် တစ်လုံးမှ ထွက်မလာပေ။
ဘေးပတ်ဝန်းကျင်မှ အကြည့်များ သူမအပေါ် ကျရောက်နေသည်ကို မြင်သောအခါ အဝတ်ဗလာနှင့် ဖြစ်နေသကဲ့သို့ ခံစားရပြီး မျက်နှာပူလွန်းသဖြင့် နေစရာနေရာ မရှိတော့ပေ။
စောစောက ဘယ်လောက်တောင် ကြီးကျယ်နေခဲ့လဲ၊ အခုတော့ ဘယ်လောက်တောင် ရှက်စရာကောင်းလိုက်လဲ။
ထိုအချိန်တွင် အဒေါ်ဝမ်ကလည်း မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။ တမင်တကာ အသံကျယ်ကြီးဖြင့် အခြားသူများ ကြားအောင် အော်ပြောလိုက်သည်။ "တကယ်ကို အဲဒီလိုပါပဲ။ ကလေးမွေးတယ်ဆိုတာ သိမ်မွေ့တဲ့ အလုပ်ပါ၊ ထမင်းကျွေး၊ အဝတ်ဝတ်ပေးရုံနဲ့ မပြီးဘူး၊ ထိန်းကျောင်းရသေးတယ်။ ငါ့သမီး ငယ်ငယ်တုန်းကဆိုလည်း စကားမနားထောင်ဘူး။ ငါနဲ့ ငါ့ယောက်ျား မနည်းရိုက်ဆုံးမခဲ့ရတာ။ ရိုက်ရင်းနဲ့ လိမ္မာသွားတာ။ ကျောင်းတက်တော့လည်း သူ့အမှတ်စာရင်းကို အမြဲဂရုစိုက်ရတယ်။ ကြွားတာတော့ မဟုတ်ဘူး၊ ငါ့သမီး တက္ကသိုလ်ဝင်ခွင့်ရတာ ငါနဲ့ ငါ့ယောက်ျားရဲ့ကုသိုလ် တစ်ဝက်ပါတယ်"
"လီရှောင်းကတော့ နှမြောစရာပဲ၊ အဲဒီကလေးက ဦးနှောက်အရမ်းပြေးတာ၊ သူသာ ကောင်းကောင်း ကျောင်းတက်ရရင် တက္ကသိုလ် ဝင်ခွင့်ရတာ ကြာပေါ့"
ခပ်လှမ်းလှမ်းတွင် ရပ်ကြည့်နေသော လူအချို့ကလည်း ထိုစကားကို ကြားသောအခါ ခေါင်းညိတ် ထောက်ခံကြသည်။ "ဟုတ်တယ်... ငါ့သား ၃ တန်းတုန်းကလည်း လူမိုက်တွေနဲ့ ပေါင်းသင်းမိသွားဖူးသေးတယ်။ ငါကတော့ နေ့တိုင်း တုတ်ဆွဲပြီး လိုက်ရှာတာပဲ၊ အခုတော့ စာမေးပွဲဖြေတိုင်း ထိပ်ဆုံး ၁၀ ယောက် ဝင်နေပြီ"
"ဒါပေါ့... ရှေးလူကြီးတွေပြောသလို သားသမီးမကောင်းတာ မိဘအပြစ် ဆိုတာလေ။ လီရှောင်းမှာ အဖေမရှိဘူး၊ လင်းမေ့ရူကလည်း ဂရုမစိုက်တော့ လမ်းမှားရောက်သွားတာ မဆန်းပါဘူး။ တော်သေးတာက အဲဒီကလေး အခု အများကြီး ပြောင်းလဲလာတာ တွေ့ရတယ်။ အပြင်ထွက် ပိုက်ဆံရှာပြီး မိသားစုကို ကျွေးမွေးဖို့ သိနေပြီဆိုတော့ သိပ်အဆိုးကြီး မဟုတ်ပါဘူး။ ငယ်ရွယ်လို့ နားမလည်တာပဲ ရှိမှာပါ၊ ငယ်ငယ်ကတည်းက ထိန်းကျောင်းမယ့်သူရှိရင် ကလေးကောင်း ဖြစ်လာမှာ"
တချို့လူတွေက လင်းမေ့ရူကို မကျေမနပ် ပြောကြသည်။ "နင့်ချွေးမ ဗိုက်က ဒီလောက်ကြီးနေပြီ၊ နင်က လာပြီး ပြဿနာရှာနေသေးတယ်။ လင်မယားနှစ်ယောက်ကို မကူညီချင်နေပါ၊ လီရှောင်း အပြင်ထွက် ပိုက်ဆံရှာနေတုန်း အခွင့်ကောင်းယူပြီး အိမ်ပေါက်စေ့ လာအနိုင်ကျင့်နေတာ နင် လူဟုတ်ရဲ့လား"
"ဟုတ်တယ်၊ အရင်ကတည်းက ငါပြောချင်နေတာ။ ကိုယ့်သားအရင်းကို မလိုချင်ဘဲ သူများအိမ်သွားပြီး နောက်မိထွေး လုပ်နေတယ်။ ယောက်ျား ဒီလောက်တောင် ငတ်နေလား။ အရင်က ဂရုမစိုက်ဘဲ အခု လင်မယားနှစ်ယောက် သူတို့ဘာသာ ကောင်းကောင်းမွန်မွန် နေနေကြတာကို နင်က လာမွှေနှောက်နေပြန်ပြီ။ နင့်ကို ဘာပြောရမှန်းတောင် မသိတော့ဘူး။ နင့်သား ကောင်းစားမှာကို မနာလိုဖြစ်နေတာလား"
"နောက်အိမ်ထောင်ပြုပြီးပြီပဲ ဘာလာလုပ်သေးလဲ။ ရှက်စရာကောင်းလိုက်တာ။ နင့်ချွေးမက နင့်ထက် အများကြီး အသိဉာဏ်ရှိတယ်"
လင်းမေ့ရူ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ ယခင်က သူမကို စာနာခဲ့ကြသော အိမ်နီးချင်းဟောင်းများသည် ကျန်းရို၏ စကားအနည်းငယ်ကြားရုံဖြင့် ရုတ်တရက် ပြောင်းလဲသွားကြသည်။
ယခင်က သူမသည် လီရှောင်းအဖေ ရိုက်နှက်သည့်အကြောင်း၊ လီရှောင်း အသုံးမကျသည့်အကြောင်းပြောလိုက်တိုင်း သူတို့က သူမကို ဖြေသိမ့်ပေးတတ်ကြသည်။ ယခုတော့ အားလုံးက အပြစ်များကို သူမအပေါ် ပုံချနေကြသည်။
ဒါပေမဲ့ သူမ ဘာမှ မလုပ်ခဲ့ဘူးလေ။
လီရှောင်း လမ်းမှားရောက်တာ ဘယ်လိုလုပ် သူမအပြစ် ဖြစ်ရမှာလဲ။ သူ့အဖေတူမို့လို့ နေမှာပေါ့။
သူမ ဝန်ခံပါသည်။ ဟယ်ဝမ်ဟွာအပေါ် အနည်းငယ် ပိုပြီး မျက်နှာလိုက်မိသည်။ ဒါပေမဲ့ အဲဒါကလည်း လင်ပါသားက လိမ္မာပြီး သူမရဲ့ ကျေးဇူးကို သိတတ်လို့လေ။
လီရှောင်းက သားအရင်းဖြစ်တော့ရော ဘာဖြစ်လဲ။ နောင်အသက်ကြီးလာရင် သူမ အားကိုးရမှာက မွေးစားသားပဲ ရှိတာ။
လင်းမေ့ရူ စဉ်းစားလေ ဝမ်းနည်းလေ ဖြစ်လာသည်။ ဒီလူတွေက ပွဲကြည့်ကောင်းရုံလောက်ပဲ သိကြတာ၊ သူမ ဘာတွေ ခံစားခဲ့ရလဲဆိုတာ လုံးဝ မသိကြဘူးဟု တွေးမိသည်။ နောက်ဆုံးတွင် မျက်လုံးများ နီရဲလျက် ကျန်းရိုကို ဒေါသတကြီး ပြောလိုက်သည်။ "ကောင်းပြီ... ငါ နင့်ကို မပြောနိုင်ဘူး၊ နောက်ဆို ဘယ်တော့မှ လာပြီး မျက်နှာလုပ်မှာ မဟုတ်ဘူး။ ငါ့မှာ နင့်လိုချွေးမ မရှိဘူးလို့ပဲ သဘောထားလိုက်မယ်"
ကျန်းရို ဗိုက်ကိုပွေ့ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "သဘောပဲ"
"......"
လင်းမေ့ရူသည် သူမကို မုန်းတီးစွာ တစ်ချက်ကြည့်ပြီး သုတ်ခြေတင် ထွက်ပြေးသွားတော့သည်။
လူထွက်သွားသည်နှင့် ကျန်ပွဲကြည့်ပရိသတ်များလည်း တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်သွားကြသည်။
မပြန်ခင် လူအချို့က ကျန်းရိုကို လာရောက်နှစ်သိမ့်ပေးကြသည်။ အရမ်းဝမ်းနည်းမနေဖို့နှင့် လီရှောင်းနှင့်အတူ ကောင်းမွန်စွာ နေထိုင်ဖို့ ပြောကြသည်။ အခြားကိစ္စများကိုတော့ အများကြီး မမေးမြန်းကြပေ။
အဒေါ်ဝမ် နောက်ဆုံးမှပြန်သည်။ ကျန်းရိုကို ကြည့်ပြီး မနေနိုင်ဘဲ ပြောလိုက်သည်။ "ငါ့အိမ်မှာပဲ ချက်လိုက်ပါလား၊ ဒါဆို လူတွေ သတိမထားမိတော့ဘူးပေါ့"
ကျန်းရို သူမကို တစ်ချက် ကြည့်လိုက်ပြီး ဘာမှ ပြန်မပြောပေ။
အဒေါ်ဝမ် မျက်နှာပျက်သွားသည်။ "နင် လျှောက်မတွေးနဲ့၊ ငါက တခြားရည်ရွယ်ချက် မရှိပါဘူး။ ကဲ... သွားတော့မယ်။ နင် တစ်ယောက်တည်း ကောင်းကောင်းနေ၊ ကိစ္စရှိရင် လာရှာ"
ကျန်းရို ထိုအခါမှ ပြုံးလိုက်သည်။
"အဒေါ်ဝမ် ကောင်းကောင်းသွားပါ" ဟု ပြန်ပြောလိုက်သည်။
အဝေးရောက်သွားသောအခါ အဒေါ်ဝမ်ကို လာကြိုသော ဦးလေးဝမ်က မနေနိုင်ဘဲ ပြောလိုက်သည်။ "မင်း မျက်စိကန်းနေပြီ။ သူ့ဆီမှာ နည်းလမ်းရှိနေသရွေ့ ဘယ်သူနဲ့ပဲ ပူးပေါင်းလုပ်လုပ် ရတာပဲ။ မင်း လောဘမတက်စမ်းပါနဲ့။ လူကို အပြင်တွန်းထုတ်လိုက်ရင် ငါတို့အတွက် ဘာအကျိုးမှ မရှိဘူး။ သူ့စိတ်သဘောထား ကောင်းလို့သာပေါ့၊ လီရှောင်းသာဆိုရင် မျက်နှာမည်းကြီးနဲ့ ဘယ်လိုနေမလဲ စဉ်းစားကြည့်"
အဒေါ်ဝမ် မျက်နှာမကောင်းပေ။ "ကျွန်မက တခြားရည်ရွယ်ချက် ရှိလို့ မဟုတ်ပါဘူး၊ သူ့ယောက္ခမရဲ့ မြှောက်ပင့်တာ ခံရမှာ စိုးလို့ပါ"
ဒီရက်ပိုင်း သူတို့ဆိုင် ရောင်းကောင်းတာ မြင်တော့ တခြားလူတွေလည်း လိုက်ပြီး ဝက်အူချောင်း ရောင်းကြသည်။ ဒါပေမဲ့ အရသာ မတူကြဘူး။
ကျန်းရိုနဲ့ လင်းမေ့ရူက ဘာပဲဖြစ်ဖြစ် မိသားစုလေ။ ဘယ်လောက်ပဲ ရန်ဖြစ်ဖြစ် နောက်ပိုင်း အဆက်အသွယ် ပြတ်သွားမှာ မဟုတ်ဘူး။
အကယ်၍ သူတို့အိမ် လာလုပ်ရင် သူမလည်း ဘယ်လိုလုပ်လဲဆိုတာ သိရမှာပေါ့။
ဦးလေးဝမ်က နှာခေါင်းရှုံ့လိုက်သည်။ "မြှောက်ပင့်ခံရရင်လည်း သူတို့အိမ်ကိစ္စပဲလေ။ ငါတို့ နည်းနည်း လျှော့မြတ်လိုက်ရုံပေါ့။ မင်းက လီရှောင်းကောင်လေးကို အနိုင်ကျင့်လို့ လွယ်မယ် ထင်နေလား။ သူပြန်လာလို့ မင်း သူ့မိန်းမကို အကြံအစည်မရိုးသားတာ သိသွားရင်၊ အိမ်တိုင်ရာရောက် လာမရှာဘူးလို့ ထင်နေလား"
အဒေါ်ဝမ် စကားမပြောရဲတော့ပေ။
စိတ်ထဲတွင်လည်း လီရှောင်းကို မထိရဲပေ။
ဦးလေးဝမ် မပြောလိုက်သည့် အချက်တစ်ချက် ရှိသေးသည်။ ကျန်းရိုသည် အပြင်ပန်း ကြည့်သလောက် အနိုင်ကျင့်ရလွယ်သူ မဟုတ်ဟု သူ ထင်သည်။ ဒီနေ့မနက် ပြဿနာဖြစ်ပြီးနောက် အစက ဘယ်လိုပဲ ဖြစ်ခဲ့ဖြစ်ခဲ့၊ ယခုအချိန်မှစ၍ အိမ်နီးနားချင်းများသည် လီရှောင်းအပေါ် အမြင်ကောင်းသွားကြပြီဖြစ်သည်။
လီရှောင်းသာ နောက်ပိုင်း မမိုက်မရိုင်းတော့ဘူး ဆိုရင် လူတိုင်းက ဒီလင်မယားလေးနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံချင်ကြမှာ သေချာသည်။
.....
မနက်ခင်းက ဖြစ်ပွားခဲ့သော ပြဿနာကို ကျန်းရို စိတ်ထဲ မထားပေ။ ဆန့်ကျင်ဘက်အနေဖြင့် စိတ်ထဲရှိတာ ပြောလိုက်ရသဖြင့် စိတ်အခြေအနေ ပိုမိုကောင်းမွန်လာခဲ့သည်။
မနက်ပိုင်းတွင် သူမ တောင်ဘက်လမ်းသို့ သွားရောက်ပြီး အပ်ထားသော အဝတ်အစားများနှင့် စောင်ငယ်လေးများကို ယူဆောင်လာခဲ့သည်။ ဤတစ်လကျော်ကာလအတွင်း သူမသည် အဒေါ်ဝမ်နှင့် ပူးပေါင်းကာ ယွမ် ၂၀၀၀ နီးပါး ရှာဖွေနိုင်ခဲ့သည်။ နေ့စဉ် ယွမ် တစ်ရာ၊ နှစ်ရာခန့် ဝင်ငွေရှိသည်။
ပိုက်ဆံရှိလာပြီဖြစ်သဖြင့် ကျန်းရိုသည် ဒီဇိုင်းအသစ်အချို့ ထပ်ဆွဲကာ ဝါဂွမ်းထည် နူးနူးညံ့ညံ့များကို ရွေးချယ်ပြီး ဦးထုပ်လေးများ၊ လက်အိတ်လေးများနှင့် ဖိနပ်လေးများကို ချုပ်လုပ်ခိုင်းလိုက်သည်။ သူမအတွက်လည်း အဝတ်နှစ်စုံ ချုပ်လိုက်သည်။
သူမ ပစ္စည်းများကို အိမ်သို့ သယ်ဆောင်လာပြီး ကလေးအတွက် အတွင်းခံ အင်္ကျီလေးများနှင့် လီရှောင်း၏ ရှပ်အင်္ကျီနှစ်ထည်ကို လျှော်ဖွပ်ကာ လှန်းလိုက်သည်။
ကျန်ရှိနေသော စောင်ငယ်လေးများကိုတော့ လီရှောင်းပြန်လာမှ လျှော်ခိုင်းရန် ပြင်ဆင်ထားသည်။
မနက်က သူမပြောသော စကားများသည် ဩဇာသက်ရောက်မှု ကြီးမားသွား၍လား မသိ၊ ညနေပိုင်းတွင် အသက်ကြီးကြီး အဖွားအိုအချို့သည် ကလေးများကို ခေါ်ဆောင်ကာ အလည်ရောက်လာကြသည်။ လက်ထဲတွင် ဟင်းသီးဟင်းရွက်များနှင့် မုန့်များကို ကိုင်ဆောင်လာကြသည်။ အချို့က မြေးများ ငယ်စဉ်က ဝတ်ဆင်ခဲ့သော အဝတ်အစားဟောင်းများကို ယူလာပေးပြီး လျှော်ဖွပ်ကာ ကလေးကို ဝတ်ပေးရန် ပြောကြသည်။
ကျန်းရိုသည် ပြုံးပြုံးရွှင်ရွှင်လက်ခံပြီး ခြံဝင်းထဲသို့ ဖိတ်ခေါ်ကာ စကားစမြည် ပြောဆိုသည်။ မီးဖိုချောင်မှ သူမ ကိုယ်တိုင်လုပ်ထားသော ထန်းလျက်ကောက်ညှင်းမုန့်များကို ယူလာပြီး ကလေးများကို ကျွေးမွေးသည်။
အဖွားအိုများသည် သူမကို သင်ပေးမည့်သူမရှိမည် စိုးရိမ်သဖြင့် ကိုယ်ဝန်ဆောင်ချိန်နှင့် မီးဖွားပြီးချိန် သတိထားရမည့် အချက်များကို စိတ်ပါလက်ပါ ပြောပြကြသည်။
နောက်ဆုံးတွင် တစ်ယောက်က ပြောလိုက်သည်။ "ညည်းနဲ့ လီရှောင်းက ရုပ်ချောကြတော့ မွေးလာမယ့် ကလေးက သေချာပေါက် ချောမှာပဲ။ သေချာ ဂရုစိုက်မွေးနော်။ နင့်ယောက္ခမလို မလုပ်နဲ့။ မွေးပြီး မကျွေးမွေးရင် ကလေးဘဝ တစ်လျှောက်လုံး ဒုက္ခရောက်ရတာ။ လီရှောင်းက အရင်က ဆိုးသွမ်းခဲ့ပေမယ့် ငါတို့ရှေ့မှာ ကြီးပြင်းလာတာပဲ၊ လူမဆန်တဲ့ အလုပ်တွေတော့ မလုပ်ဖူးပါဘူး"
"ယောက်ျားလေးဆိုတာ ဒီလိုပါပဲ။ ဆော့ချင်တယ်။ ဟောင်ကောင် ရုပ်ရှင်တွေထဲကလို ရန်ဖြစ်တာ၊ လူမိုက်လုပ်တာတွေ အတုခိုးကြတာပဲ။ တကယ် ဆိုးသွမ်းတာတော့ မဟုတ်ပါဘူး။ တကယ် ဆိုးတာက မြောက်ဘက်လမ်းက ကျန်း ဆိုတဲ့ကောင်လေး။ လူမိုက်ခေါင်းဆောင် နောက်လိုက်ပြီး လောင်းကစား၊ သောက်စားမူးယစ်တာ အကုန်လုပ်တာ။ အဲဒါမှ ကယ်မရတာ"
"ဟုတ်တယ်။ နင့်ယောက္ခမက ငယ်ငယ်ကတည်းက အချိုးမပြေတာ။ သူများကို အနိုင်ကျင့်တတ်တယ်။ နောက်တစ်ခါ ထပ်လာရင် အသံကျယ်ကျယ် အော်လိုက်။ ငါတို့ လာကူမယ်။ နောက်ယောက်ျားတောင် ယူပြီးပြီ၊ ဒီလာပြီး ဆရာလုပ်ချင်သေးတယ်။ သားရင်းကို မလိုချင်ဘဲ ဟန်ဆောင်ကောင်းတဲ့ကောင်ကို မွေးစားထားတာ ဦးနှောက်ပျက်နေလို့ပဲ။ လီရှောင်းလေး သနားစရာပါ"
အသက်ကြီးသူများသည် စကားစမြည်ပြောရသည်ကို နှစ်သက်ပြီး စိတ်ထားနူးညံ့ကြသည်။ မနက်က ကျန်းရို ပြောသော စကားများကို ကြားပြီးနောက် လီရှောင်းသည် ဆိုးသွမ်းသော်လည်း လူမဆန်သော အလုပ်များ မလုပ်ခဲ့ကြောင်း၊ ဆန့်ကျင်ဘက်အားဖြင့် အခြားကလေးများနှင့် ယှဉ်လျှင် ပို၍ သနားစရာကောင်းကြောင်း၊ ငယ်စဉ်ကတည်းက အဖေမရှိ၊ အမေကလည်း မရှိသလောက်ဖြစ်ပြီး ကြီးပြင်းလာရသည့်တိုင် ဤအခြေအနေထိ ရောက်လာသည်မှာ မဆိုးလှကြောင်း သုံးသပ်မိလာကြသည်။
ကျန်းရိုသည်လည်း စကားပြောကောင်းသူဖြစ်ပြီး ဗဟုသုတစုံလင်သဖြင့် ကျန်းမာရေးလိုက်စားနည်းများကို ပြောပြရာ စကားပြောကောင်းလွန်း၍ မိုးချုပ်သွားသည့်တိုင် အိမ်ပြန်ရန် နှမြောနေကြသည်။ ထမင်းပြန်ချက်ရမည့် အချိန်ရောက်မှသာ ပြန်သွားကြသည်။
မပြန်ခင် ကျန်းရိုကို သဘောကျသဖြင့် သူတို့အိမ်သို့ လာလည်ရန် ဖိတ်ခေါ်သွားကြသေးသည်။
.......
ဧည့်သည်များကို ပြန်ပို့ပြီးနောက် ကျန်းရို ထမင်းချက်သည်။
ညအိပ်ခါနီးတွင် ပုံမှန်အတိုင်း ဝက်အူချောင်း ပေါင်းလိုက်သည်။
တစ်နေကုန် ပင်ပန်းထားသဖြင့် စောစောအိပ်ချင်လာပြီး ကုတင်ပေါ် လှဲလိုက်သည်နှင့် အိပ်ပျော်သွားတော့သည်။
သန်းခေါင်ယံတွင် အပြင်ဘက်မှ တံခါးခေါက်သံ ကြားသော်လည်း ကျန်းရို မနိုးပေ။
နောက်ဆုံးတွင် ပြတင်းပေါက်ကို လာပုတ်မှသာ သူမ မျက်လုံးပွင့်လာသည်။ မျက်လုံးကို ပွတ်သပ်ပြီး အိပ်မှုန်စုန်မွှားဖြင့် "ဘယ်သူလဲ" ဟု လှမ်းမေးလိုက်သည်။
အပြင်ဘက်မှ "ငါပါ၊ တံခါးဖွင့်" ဟု ပြန်ဖြေလိုက်လေသည်။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၁၂)
အမျိုးသား၏အသံသည် နက်ရှိုင်းပြီး အက်ကွဲနေသည်။
သို့သော် ကျန်းရိုသည် ချက်ချင်း မှတ်မိလိုက်ပြီး "လီရှောင်းလား" ဟု မသေချာသလို လှမ်းခေါ်လိုက်သည်။
တစ်ဖက်မှ အဖြေကို မစောင့်ဘဲ ဗိုက်ကိုပွေ့လျက် ကုတင်ပေါ်မှ ကမန်းကတန်း ထထိုင်လိုက်ရာ ကုတင်က "ကျွီ" ခနဲ အသံမြည်သွားသည်။ အပြင်ဘက်မှ အမျိုးသားက "ဖြည်းဖြည်းလုပ်ပါ" ဟု စိုးရိမ်စွာ သတိပေးလိုက်သည်။
သူ၏ အသံနက်နက်ထဲတွင် အပြုံးရိပ်သဲ့သဲ့ ပါဝင်နေသည်။
ကျန်းရို သတိမထားမိလိုက်ပေ။ သူမသည် မီးဖွင့်လိုက်ပြီး ကုတင်အောက်မှ ဖိနပ်ကို ရှာစီးကာ အခန်းတံခါးကို သွားဖွင့်ပေးလိုက်သည်။ ထို့နောက် ခြံဝင်းတံခါးကိုပါ သွားဖွင့်ပေးလိုက်သည်။
အမျိုးသားသည် ခြံဝင်းတံခါးပေါက်ဝတွင် ရောက်နှင့်နေပြီဖြစ်သည်။ ပခုံးပေါ်တွင် ဆာလာအိတ်တစ်လုံး ထမ်းထားပြီး ကျန်လက်တစ်ဖက်တွင် ခရီးဆောင်အိတ်တစ်လုံးကို ဆွဲထားကာ တံခါးခုံကို ကျော်ဖြတ် ဝင်ရောက်လာသည်။
ကျန်းရိုသည် ဘေးသို့ ဖယ်ပေးလိုက်ပြီး တစ်စုံတစ်ခုကိုသတိရသွားကာ ဧည့်ခန်းမီးကို သွားဖွင့်လိုက်သည်။
ဧည့်ခန်းမီးသီးကို အသစ်လဲထားခြင်းဖြစ်သည်။ ယခင်မီးသီးမှာ မှိန်လွန်းသဖြင့် တစ်ယောက်တည်း နေရသည့်ညများတွင် ကြောက်ရွံ့သောကြောင့် ဧည့်ခန်းနှင့် မီးဖိုချောင်မီးသီးများကို ဝပ် ၁၀၀ မီးသီးများဖြင့် လဲလှယ်ထားလိုက်ခြင်းဖြစ်သည်။
စူးရှသော အလင်းရောင်ဖြူဖြူသည် ဧည့်ခန်းတစ်ခုလုံးကို လင်းထိန်သွားစေပြီး အမျိုးသားကိုလည်း ရှင်းလင်းစွာ မြင်တွေ့ရစေသည်။
နှစ်လနီးပါး မတွေ့ရသည့်အတောအတွင်း လီရှောင်းသည် သိသိသာသာပိန်သွားပြီး အနည်းငယ် ဖြူလာကာ မျက်နှာသွင်ပြင် ပိုမိုထင်ရှားလာသည်။
အပြောင်းအလဲ အများဆုံးမှာ သူ၏ ဆံပင်ရှည်များကို ညှပ်ပစ်လိုက်ပြီး ကတုံးဆံပင်တိုတိုလေး ထားလိုက်ခြင်းပင်ဖြစ်သည်။
ပုံမှန်လူများအတွက် အဆင်မပြေနိုင်သော ကတုံးဆံပင်သည် သူ့အတွက်မူ ပို၍ပင် လိုက်ဖက်နေသည်။ သူ့ခေါင်းပုံစံမှာ လှပပြီး နောက်စေ့မှာ လုံးဝန်းနေသည်။ ဆံပင်ရှည်များ ဖုံးအုပ်မထားတော့သဖြင့် ရှည်လျားချောမောသော မျက်နှာနှင့် မျက်နှာသွင်ပြင် အားသာချက်များ ပိုမိုပေါ်လွင်လာသည်။ အချိုးအစားကျနပြီး မျက်ခုံးမျက်လုံးများ ထင်ရှားနေသည်။
ဆံပင်ရှည်ထားစဉ်က လူမိုက်ဆန်ဆန် ချောမောခဲ့သော်လည်း ဆံပင်ညှပ်လိုက်သောအခါ ရက်စက်ပြတ်သားသော အလှတရားမျိုးဖြစ်လာပြီး အန္တရာယ်များသော ဆွဲဆောင်မှုရှိနေသည်။
အန္တရာယ်များမှန်းသိလျက်နှင့် ချဉ်းကပ်ချင်စရာကောင်းနေသော ယောက်ျားပီသမှုမျိုး ဖြစ်သည်။
ကျန်းရိုသည် ခဏတာ ငေးမောကြည့်နေမိသည်။ အမျိုးသားသည် သူမ စိုက်ကြည့်နေသဖြင့် နေရခက်လာပြီး သူ့ဆံပင်ပုံစံအသစ်မှာ ထူးဆန်းနေသည်ဟု ထင်မှတ်သွားသည်။
သူသည် ဆံပင်ရှည်က အလုပ်ရှုပ်သည်ဟု ယူဆကာ ဆံပင်ညှပ်ဆိုင်တစ်ဆိုင်တွေ့စဉ် ဝင်ညှပ်လိုက်ခြင်း ဖြစ်သည်။
လက်ထဲမှ အိတ်များကို ကြမ်းပြင်ပေါ်ချလိုက်ပြီး ခေါင်းကို တစ်ချက်ပွတ်သပ်လိုက်ကာ စားပွဲကြီးဆီသို့ လျှောက်သွားလိုက်သည်။ စားပွဲပေါ်တွင် ရေနွေးအိုးနှင့် ရေကရားသာရှိပြီး ခွက်မရှိပေ။ လီရှောင်း သောက်နေကျခွက်ကို ကျန်းရိုက ဆေးကြောပြီး ဗီရိုထဲတွင် သိမ်းထားလိုက်ပြီ ဖြစ်သည်။ သူမ၏ခွက်မှာမူ အခန်းထဲတွင် ရှိသည်။
အမျိုးသားသည် ဂရုမစိုက်ဘဲ ရေကရားကိုမကာ ပါးစပ်ဖြင့် တေ့ပြီး အငမ်းမရသောက်လိုက်သည်။ ရေအလွန်ငတ်နေပုံပင်။
ကျန်းရိုသည် သူ့ကိုကြည့်ပြီး အချိန်အတော်ကြာ မတွေ့ရသဖြင့် စိမ်းသက်နေသော်လည်း စိတ်မကောင်း ဖြစ်သွားသည်။ "ခေါက်ဆွဲကြော် သွားလုပ်ပေးမယ်" ဟု ပြောပြီး မီးဖိုချောင်သို့ ဝင်သွားလိုက်သည်။
ညနေက သူမ ခေါက်ဆွဲကြော် စားခဲ့သည်။ မနက်ဖြန် စားရန်အတွက် တမင်တကာ ပိုနယ်ထားလိုက်ခြင်း ဖြစ်သည်။ တစ်ယောက်တည်းနေရသူမို့ အလုပ်သက်သာအောင် ကြံဖန်လုပ်တတ်သည်။
သူမ မီးမွှေးနေစဉ် အမျိုးသား ရောက်လာသည်။ ပခုံးပေါ်တွင် မျက်နှာသုတ်ပဝါ အဖြူတစ်ထည် တင်ထားသည်။ သူသည် မျက်နှာသစ်စင်ရှေ့သို့ တန်းသွားပြီး ကျန်းရို သုံးနေကျ မျက်နှာသစ်ဇလုံကိုယူကာ ရေပုံးထဲမှ ရေအေးတစ်ဇလုံ ခပ်လိုက်သည်။
ကျန်းရိုသည် မီးဖိုထဲသို့ ထင်းခြောက်တစ်စည်း ထိုးထည့်ပြီး မတ်တတ်ရပ်လိုက်စဉ် ထိုမြင်ကွင်းကို မြင်လိုက်ရသည်။ နှုတ်ခမ်းမဲ့လိုက်မိသော်လည်း ဘာမှမပြောဘဲ သည်းခံလိုက်သည်။ သို့သော် မနက်ကျရင် ထိုဇလုံကို သေချာပြန်ဆေးရမည်ဟု စိတ်ထဲတွင် တွေးလိုက်သည်။
ဒယ်အိုးထဲ ရေထည့်ပြီး ဗီရိုထဲမှ ခေါက်ဆွဲများကို ထုတ်လိုက်သည်။ စက်တင်ဘာလကုန် ဖြစ်သဖြင့် ရာသီဥတုအေးလာပြီဖြစ်ရာ ခေါက်ဆွဲကို တစ်ညထားလည်း မသိုးနိုင်ပေ။
သူမသည် အိမ်တွင် ကျန်နေသော ဟင်းရွက်အနည်းငယ်၊ မုန်လာဥနီ၊ ပဲပင်ပေါက်နှင့် ကြက်ဥနှစ်လုံးကို ယူလိုက်သည်။ ဟင်းရွက်များကို ဆေးကြောပြီး မုန်လာဥနီကို အမျှင်လေးများ လှီးကာ ကြက်ဥကို ပန်းကန်လုံးထဲ ထည့်ခေါက်လိုက်သည်။
ရေဆူလာသောအခါ ခေါက်ဆွဲထည့်ပြုတ်သည်။ ၇၀၊ ၈၀ ရာခိုင်နှုန်း ကျက်သောအခါ ဆယ်ယူပြီး ရေအေးထဲ စိမ်ထားလိုက်သည်။ ထို့နောက် ဒယ်အိုးကို ဆေးကြောပြီး ဆီထည့်သည်။ ဦးစွာ ကြက်ဥကြော်ပြီး ယောက်မဖြင့် အပိုင်းပိုင်း ချေလိုက်သည်။ ထို့နောက် ဟင်းသီးဟင်းရွက်များနှင့် ခေါက်ဆွဲကိုထည့်ပြီး မီးပြင်းပြင်းဖြင့် ကြော်သည်။ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ၊ ပဲငံပြာရည်၊ ခရုဆီနှင့် ဆားအနည်းငယ် ထည့်လိုက်သည်။
ကျန်းရိုသည် ဘေးနားရှိ ဝက်အူချောင်းပေါင်းအိုးထဲမှ ဝက်အူချောင်းတစ်ချောင်းကို ဆယ်ယူကာ အတုံးကြီးကြီးလှီးပြီး ခေါက်ဆွဲထဲ ထည့်ကြော်လိုက်သည်။
လီရှောင်းသည် မျက်နှာသစ်ပြီးနောက် မီးဖိုပေါက်ရှေ့တွင်ထိုင်ကာ မီးကြည့်ပေးနေသည်။ မီးဖိုထဲမှ တောက်လောင်နေသော မီးတောက်များကို ကြည့်ရင်း၊ မီးဖိုချောင်ထဲတွင် ပျံ့လွင့်နေသော မွှေးကြိုင်သည့် အနံ့များကို ရှူရှိုက်ရင်း သူ၏စိတ်နှလုံးသည် အမှန်တကယ် အနားယူသွားနိုင်ပြီ ဖြစ်သည်။
ရထားပေါ်ရောက်ကတည်းက အိမ်ကို လွမ်းနေမိသည်။ ကျန်းရိုကို လွမ်းသည်။ သူမ၏ဗိုက်ထဲမှ ကလေးကို လွမ်းသည်။ အဘယ်ကြောင့် ဤသို့ဖြစ်နေမှန်း သူ မသိပေ။ ငယ်စဉ်ကတည်းက အိမ်နှင့်ပတ်သက်ပြီး ထူးခြားသော ခံစားချက် မရှိခဲ့ပေ။ သူ့အတွက် ဤနေရာသည် အိမ်တစ်လုံး သက်သက်သာ ဖြစ်သည်။ ငယ်စဉ်က အိမ်ပြန်ရမည်ကိုပင် မုန်းတီးခဲ့ဖူးသည်။ အိမ်ပြန်ရောက်သည်နှင့် ဖခင်ဖြစ်သူ၏ ဆဲဆိုသံများ၊ မိခင်ဖြစ်သူ၏ ငိုယိုသံများကို ကြားရမည် ဖြစ်သောကြောင့် ဖြစ်သည်။
အမှန်တော့ သူနှင့် ကျန်းရို အတူနေထိုင်ခဲ့သည့် အချိန်မှာ မကြာလှပေ။ နှစ်ဦးသား ရင်းနှီးသည်ဟုပင် မဆိုနိုင်ပေ။ သို့သော် ဤခရီးစဉ်တွင် သူ့ခေါင်းထဲ၌ သူမအကြောင်းကိုသာ အများဆုံး တွေးမိနေသည်။ သူမ အိမ်မှာ ထမင်းမှန်မှန် စားရဲ့လား၊ ဗိုက်က ဘယ်လောက် ကြီးလာပြီလဲ၊ အခက်အခဲ တစ်စုံတစ်ရာရှိနေမလား စသဖြင့် တွေးပူနေမိသည်။
စောစောက လူကို မြင်လိုက်ရမှသာ စိတ်အေးသွားတော့သည်။
လီရှောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ သူသည် အိမ်ရှိသောသူ ဖြစ်နေပြီ။
ကျန်းရိုက အမယ်များများ ထည့်ထားသဖြင့် ခေါက်ဆွဲကြော် ကျက်သောအခါ ပန်းကန်လုံးအကြီးနှင့်ပင် မဆံ့ပေ။ သူမလည်း ဗိုက်နည်းနည်း ဆာနေသဖြင့် ပန်းကန်လုံးအသေး တစ်လုံးယူကာ နည်းနည်း ခပ်ယူလိုက်သည်။
နှစ်ယောက်သား ခေါက်ဆွဲပန်းကန်များကိုင်ကာ ဧည့်ခန်းသို့ သွားပြီး မျက်နှာချင်းဆိုင် ထိုင်စားကြသည်။
မတွေ့ရတာကြာသဖြင့် အနည်းငယ် စိမ်းသက်နေသော်လည်း ယခု အနီးကပ်ထိုင်ပြီး ခေါက်ဆွဲစားနေရသည့်အပြင် မျက်နှာချင်းဆိုင်မှ အမျိုးသားက ဗိုက်စာနေပုံရပြီး ခေါင်းငုံ့ကာ အားရပါးရ စားသောက်နေသဖြင့် ရင်းနှီးမှု ပြန်ရလာသည်။
စိမ်းသက်မှုများ လျော့ပါးသွားပြီး ကျန်းရိုသည် သူ့ကိုကြည့်ကာ "ဖြည်းဖြည်းစားပါ၊ ဘယ်လောက်တောင် ဗိုက်ဆာနေတာလဲ၊ ရက်ပေါင်းများစွာ ထမင်းမစားရဘူးလား" ဟု သတိပေးလိုက်မိသည်။
သူမအိမ်မှာသာဆိုရင် သူမအမေက ဆူပူနေလောက်ပြီ။
ပြောရင်းဆိုရင်း သူမသည် ခေါက်ဆွဲအနည်းငယ်ကိုယူကာ အသံမထွက်စေဘဲ ဖြည်းဖြည်းချင်း ဝါးစားလိုက်သည်။
အမျိုးသားက ခေါင်းမမော့ဘဲ "မနက်က ရထားမီအောင် လိုက်ရလို့ မစားလိုက်ရဘူး" ဟု ပြန်ဖြေသည်။
အဓိကကတော့ ကျူးချန်က မပြန်ချင်ဘဲ အချိန်ဆွဲနေလို့ပါ။ ဒီတစ်ခေါက် ခရီးမှာ ပိုက်ဆံတစ်ပြားမှမရတဲ့အပြင် ပါသွားတာတွေပါ အလိမ်ခံလိုက်ရလို့ ပြန်လာဖို့ မျက်နှာပူနေတာ။ သူ့ကောင်မလေး မေ့ကျီ စိတ်ဆိုးမှာလည်း ကြောက်နေတယ်။ သူက ကာလာတီဗီ ဝယ်ပေးမယ်လို့ ကတိပေးထားတာကိုး။
ဒါပေမဲ့ လီရှောင်းက မစောင့်နိုင်တော့ဘူး။ ရထားထွက်ခါနီးပြီမို့ သူ့ကို ယွမ် ၂၀၀ ထိုးပေးပြီး ရထားပေါ် တက်လာခဲ့လိုက်တာ။
ရထားပြောင်းစီးတဲ့ ဘူတာမှာ တစ်ဝက်ဆင်းပြီး ဘေးမြို့က ကုန်တိုက်ကြီးမှာ ပစ္စည်းတွေ အများကြီး ဝယ်လာခဲ့တယ်။
ကျူးချန်က သူ့ကောင်မလေး စိတ်ဆိုးမှာ ကြောက်နေတဲ့ပုံစံကိုတွေးမိပြီး လီရှောင်းက ကျန်းရိုကို ကြည့်ကာ "ဒီတစ်ခေါက် ပိုက်ဆံမရဘူး၊ အလိမ်ခံလိုက်ရတယ်" ဟု ရုတ်တရက် ပြောလိုက်သည်။
သူ့အကြည့်များသည် ကျန်းရို၏ မျက်နှာပေါ်သို့ ကျရောက်နေပြီး သူမ၏ မျက်နှာအမူအရာ အပြောင်းအလဲကို အလွတ်မပေးဘဲ ကြည့်နေသည်။
ကျန်းရိုက ခေါင်းငုံ့ပြီး အရသာရှိရှိ စားနေသည်။ ထိုစကားကို ကြားသော်လည်း ကြီးကြီးမားမား တုံ့ပြန်မှု မရှိဘဲ "ပိုက်ဆံမရလည်း နေပါစေ၊ လူဘေးကင်းကင်းနဲ့ ပြန်ရောက်ရင် ပြီးတာပဲ" ဟု ပုံမှန်လေသံဖြင့် ပြောလိုက်သည်။
စိတ်ဆိုးဖို့နေနေသာသာ စိတ်လှုပ်ရှားမှုလေးတောင် မရှိပေ။
သူ ပြန်ရောက်လာတာက အရေးကြီးဆုံး၊ ပိုက်ဆံက အရေးမကြီးဘူးဆိုသည့်ပုံစံမျိုး ဖြစ်နေသည်။
လီရှောင်း၏ တူကိုင်ထားသော လက် ရပ်တန့်သွားသည်။
ကျန်းရိုသည် တစ်ဖက်မှ အသံမကြားရသဖြင့် မော့ကြည့်လိုက်ရာ သူ့မျက်နှာထား မမှန်သည်ကို တွေ့လိုက်ရသဖြင့် "ဘာဖြစ်လို့လဲ" ဟု ထူးဆန်းစွာ မေးလိုက်သည်။
သူမ ပြောသည့်စကားတွင် အမှားပါသည်ဟု မထင်ပေ။ သူမ ဘဝကူးပြောင်းလာသည့်အတွက် အခြေအနေများ ပြောင်းလဲသွားသည်ဟု ယူဆထားသည်။ သူ ဒီတစ်ခေါက် MLM (ပိရမစ် အရောင်းအဖွဲ့) ထဲ ရောက်မရောက်၊ လူဆိုးတွေကို ဖမ်းမိမမိ သူမ မမေးတော့ပေ။
ယခင်ဘဝက အချိန်ကာလကြာမြင့်နေပြီဖြစ်သည့်အပြင် ဘေးမြို့ ရဲစခန်းမှတ်တမ်းများကလည်း မပြည့်စုံသဖြင့် ကျန်းရိုသည် သူ ရဲတပ်ဖွဲ့နှင့် ပူးပေါင်းပြီး MLM အသိုက်အမြုံကို ဖြိုခွင်းခဲ့ကြောင်းလောက်သာ သိရှိထားသည်။ အသေးစိတ် အချက်အလက်များကို မသိရပေ။
မဟုတ်လျှင် သူမကိုယ်တိုင် ဖုန်းဆက်ပြီး တိုင်ကြားလိုက်မည်ဖြစ်သည်။
ယခု သူမသည် လူဘေးကင်းကင်းနှင့် ပြန်ရောက်လာသည်ကို အမှန်တကယ် ဝမ်းသာမိသည်။
လီရှောင်း ခေါင်းငုံ့လိုက်ပြီး "ဘာမှ မဖြစ်ပါဘူး၊ ခေါက်ဆွဲက နင်နေလို့" ဟု အသံအက်အက်ဖြင့် ပြောလိုက်သည်။
ဘယ်နေရာက နင်တာလဲ။
ကျန်းရို စားရတာ အဆင်ပြေနေတာပဲ။
သူ့ပုံစံကိုကြည့်ပြီး မာနထိခိုက်သွား၍ ပြောရခက်နေသည်ဟု ထင်မှတ်လိုက်သည်။ ယခင်ဘဝက သူသည် MLM ထဲ ရောက်သွားသော်လည်း ဆုကြေးငွေရရှိခဲ့သည်။ ယခုဘဝတွင် အတွေ့အကြုံ ကွာခြားသွားသော်လည်း အခြားပြဿနာများနှင့် ကြုံတွေ့ခဲ့ရပုံရသည်။
ကံမကောင်းရှာဘူး။
ကျန်းရိုက သူဌေး ပိုက်ဆံလိမ်ပြေးသွားတာများလားဟု တွေးမိလိုက်သည်။ နောင်ခေတ်တွင် ထိုကဲ့သို့သော သတင်းများ မကြာခဏ ကြားရတတ်သည်။ ထို့ကြောင့် "ပိုက်ဆံဆိုတာ ရှာလို့ မကုန်ပါဘူး၊ လူကသာ အရေးကြီးဆုံးပါ၊ မတွေးပါနဲ့တော့၊ ခေါက်ဆွဲသာ ကုန်အောင်စား၊ လူလည်း ပိန်သွားတယ်၊ ဖြည်းဖြည်းချင်းပေါ့၊ အချိန်တန်ရင် အဆင်ပြေသွားမှာပါ" ဟု နှစ်သိမ့်လိုက်သည်။
လီရှောင်း ဘာမှပြန်မပြောပေ။
ကျန်းရို စားပြီးသောအခါ ပန်းကန်လုံးကို မီးဖိုချောင်သို့ ယူသွားသည်။ မဆေးသေးဘဲ လီရှောင်း စားပြီးလျှင် အတူတူဆေးခိုင်းရန် စီစဉ်ထားသည်။
သူမသည် စောစောက လီရှောင်း မျက်နှာသစ်ထားသော ဇလုံကိုယူကာ ဆပ်ပြာမှုန့် အများအပြား ထည့်လိုက်သည်။ ထို့နောက် ရေနွေးတစ်ဝက်ခန့် ထည့်ပြီး ဧည့်ခန်းသို့ ယူသွားသည်။ မီးဖိုချောင်မှ ထွက်လာစဉ် "ရှင် ဒီရက်ပိုင်း အိမ်မှာ ကောင်းကောင်းနားလိုက်ပါ၊ ကျွန်မ အိမ်မှာနေရင်း ပိုက်ဆံအများကြီး ရှာထားတယ်၊ ကျွန်မတို့ အကြာကြီး သုံးလို့ရတယ်" ဟု ဂုဏ်ယူစွာ ပြောလိုက်သည်။
လီရှောင်း မော့ကြည့်ပြီး မျက်ခုံးပင့်ပြလိုက်သည်။
စောစောက ဝက်အူချောင်းပေါင်းအိုးကို မြင်သော်လည်း သူ မမေးခဲ့ပေ။
ကျန်းရိုသည် ဇလုံကို လီရှောင်း၏အိတ်များဘေးတွင် ချလိုက်ပြီး သူ သယ်လာသော အဝတ်အစားများကို စိမ်ရန် ပြင်ဆင်လိုက်သည်။
လီရှောင်း အဝတ်လျှော်သည်ကို သူမ မြင်ဖူးသည်။ ဖြစ်သလို လျှော်ခြင်းဖြစ်သည်။ သူမ၏ အဝတ်အစားများက မညစ်ပတ်သဖြင့် ကိစ္စမရှိသော်လည်း လီရှောင်း၏ အဝတ်အစားများမှာမူ ညစ်ပတ်နေတတ်ရာ သူလျှော်ပြီးလျှင်လည်း ညစ်ပတ်နေဆဲဖြစ်သည်။
ချွေးနံ့နှင့် အစွန်းအထင်းများ ပျောက်စေရန် ဆပ်ပြာရည်တွင် အကြာကြီး စိမ်ထားရမည်။
ခေါက်ဆွဲစားနေသော လီရှောင်းသည် ထိုမြင်ကွင်းကို ကြည့်နေသော်လည်း ဘာမှမပြောပေ။
ကျန်းရိုသည် ဆာလာအိတ်ကို အရင်ဖွင့်လိုက်သည်။ အထဲမှ အဝတ်အစားများကို မွှေနှောက်လိုက်ရာ အနံ့ဆိုးထွက်နေသော လုံးထွေးနေသည့် အဝတ်အချို့ ထွက်လာသည်။
"အီး..."
သူမ ကိုယ်ကို နောက်သို့ ဆုတ်လိုက်ပြီး မျက်နှာလွှဲလိုက်သည်။ လက်တစ်ဖက်ဖြင့် နှာခေါင်းပိတ်ကာ ကျန်လက်တစ်ဖက်ဖြင့် အဝတ်အစားများကို လှမ်းကိုင်ပြီး ဇလုံထဲသို့ အမြန်ပစ်ထည့်လိုက်သည်။
အနံ့က တော်တော်ဆိုးတာပဲ။
လီရှောင်းသည် ခေါက်ဆွဲတစ်ပန်းကန်လုံး ကုန်အောင် စားလိုက်သဖြင့် ဗိုက်အနည်းငယ် တင်းသွားသည်။ ကုလားထိုင်နောက်မှီကို မှီလိုက်ပြီး ရေကရားလိုက်ကိုမကာ ရေအနည်းငယ် ထပ်သောက်လိုက်သည်။ စားသောက်ပြီးစီးသဖြင့် လူက ပျင်းရိလာသည်။
ညာဘက်ခြေထောက်ကို ဘယ်ဘက်ခြေထောက်ပေါ်တင်ပြီး လှုပ်ရမ်းနေကာ အလွန်အေးဆေးသည့် ပုံစံပေါက်နေသည်။
ကျန်းရို သူ့အဝတ်အစား အနံ့ကြောင့် ဒုက္ခရောက်နေသည်ကို မြင်သောအခါ ရယ်မောလိုက်ပြီး "နောက်အိတ်ကို ကြည့်လိုက်ဦး" ဟု ပြောလိုက်သည်။
ကျန်းရို မော့ကြည့်လိုက်သည်။ သူက ဘာမှဆက်မပြောဘဲ ပြုံးသလိုလို မပြုံးသလိုလိုနှင့် ဆန်းကြယ်သော အမူအရာ လုပ်နေသည်။
"ဘာပစ္စည်းကောင်းတွေမို့လို့လဲ"
ကျန်းရို မနေနိုင်တော့ဘဲ ဆာလာအိတ်ကို ပစ်ချကာ ခရီးဆောင်အိတ်ကို ဖွင့်ကြည့်လိုက်သည်။ ဇစ်ဆွဲလိုက်သည်နှင့် အထဲတွင် ပစ္စည်းများ ပြည့်ကျပ်နေသည်ကို တွေ့လိုက်ရသည်။ အပေါ်မှ အဝတ်အစားအချို့ကို ဆွဲထုတ်ကြည့်လိုက်ရာ တံဆိပ်ပါသော ကလေးအဝတ်အစားများဖြစ်နေသည်။
သူမ မျက်လုံးပြူးသွားပြီး အံ့သြဝမ်းသာစွာဖြင့် ထိုင်နေသော အမျိုးသားကို မော့ကြည့်လိုက်သည်။
သူ ကလေးအဝတ်အစားတွေ ဝယ်လာလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး။ "ရှင် ပိုက်ဆံမရဘူးဆို"
လီရှောင်း ထိုမေးခွန်းကို မဖြေဘဲ နှုတ်ခမ်းထောင့် ကွေးညွှတ်ကာ "အောက်မှာ ရှိသေးတယ်" ဟု ပြောလိုက်သည်။
ကျန်းရို ဆက်လက် မွှေနှောက်ကြည့်လိုက်ရာ အပေါ်ပိုင်း တစ်ဝက်ခန့်မှာ ကလေးအဝတ်အစားများ ဖြစ်နေသည်။ သူ သေချာ မရွေးခဲ့ပုံရသည်။ တချို့ကကြီးနေပြီး တချို့က သေးနေသည်။ သို့သော် အရောင်တောက်တောက်လေးတွေဖြစ်ပြီး အသားကောင်းသည်။ ကိုင်ကြည့်လိုက်လျှင် နူးညံ့နေသည်။ ကလေးဆွယ်တာအင်္ကျီ နှစ်ထည်နှင့် အပေါ်ထပ်အင်္ကျီ တစ်ထည်လည်း ပါသည်။
မဆိုးဘူး... ကလေးမွေးရင် ရာသီဥတုအေးမယ်ဆိုတာ တွေးမိသားပဲ။ ဒီအဖေက စိတ်ထားရှိသားပဲ။
ဒါပေမဲ့ အလှအပအမြင်ကတော့ သိပ်မကောင်းလှဘူး။ ဒီဇိုင်းက ခေတ်မမီတာ ထားလိုက်ပါတော့၊ အရောင်တွေက ဘယ်လိုတွဲတွဲ ကြည့်ရဆိုးနေတယ်။
အောက်ဘက်တွင် လူကြီးဝတ် အဝတ်အစားများ ရှိနေသည်။ ကျန်းရို ထုတ်ကြည့်လိုက်သည်။
မြစိမ်းရောင် သိုးမွေးကုတ်အင်္ကျီတို တစ်ထည် ထွက်လာသည်။ ဖြန့်ကြည့်လိုက်ရာ ရင်ဘတ်တွင် ပန်းနီကြီးသုံးပွင့် ထိုးထားပြီး ပခုံးနှစ်ဖက်တွင် ပခုံးအခံ ထူထူကြီးများ ပါရှိသည်။
ကြည့်ရသည်မှာ မိန်းမဝတ်နှင့် တူသည်။
သူမအတွက် ဝယ်လာသည်ဟု လုံးဝ မတွေးမိပေ။ ဒီအရောင်၊ ဒီဒီဇိုင်းကို သူမ ဝတ်ရဲပါ့မလား။
ကျန်းရို ပြုံးရွှင်စွာဖြင့် မတ်တတ်ရပ်ကာ ကိုယ်ပေါ်တွင် တိုင်းကြည့်လိုက်ရာ အနည်းငယ် ပွနေသည်။ ထို့နောက် ချီးကျူးသော မျက်နှာထားဖြင့် "ဒါ အမေ့အတွက် လက်ဆောင်လား၊ လှလိုက်တာ၊ အမေ သေချာပေါက် ကြိုက်မှာ" ဟု ပြောလိုက်သည်။
သူမ ဝတ်ရမှာမှ မဟုတ်တာ၊ မြှောက်ပြောလိုက်လို့ ဘာမှ ဖြစ်မသွားပါဘူး။
သို့သော် အမျိုးသားက "ဟွန်း" ခနဲ ရယ်လိုက်ပြီး "သူ့ကို ဘာလို့ ဝယ်ပေးရမှာလဲ၊ မင်းအတွက်" ဟု ပြောလိုက်သည်။
ပြောပြီးနောက် မတ်တတ်ရပ်ကာ ပန်းကန်လွတ်ကိုကိုင်ပြီး မီးဖိုချောင်သို့ ဝင်သွားလေသည်။
ကျန်းရို တစ်ယောက်တည်း ကြောင်တောင်တောင် ကျန်ရစ်ခဲ့သည်။ ထို့နောက် အင်္ကျီကို ရှေ့ပြန်နောက်ပြန် သေချာ ကြည့်လိုက်သည်။ ဒီအင်္ကျီက သူမအတွက် ဝယ်လာတာဆိုတာကို ယုံတောင် မယုံနိုင်ပေ။
ရုပ်ဆိုးလွန်းလိုက်တာ။
မီးဖိုချောင်ထဲမှ "အောက်မှာ ဒေါက်ဖိနပ်တစ်ရံ ရှိသေးတယ်၊ အဲဒါလည်း မင်းအတွက်ပဲ" ဟု လှမ်းပြောသံ ကြားလိုက်ရပြန်သည်။
ကျန်းရို မနေနိုင်တော့ဘဲ ဒေါက်ဖိနပ်ကို ရှာထုတ်လိုက်သည်။
ထင်ထားသည့်အတိုင်းပင်၊ အဆိုးဆုံး မဟုတ်၊ ပိုဆိုးတာပဲ ရှိသည်။
ဒေါက်ဖိနပ်က အနီရောင်တောက်တောက်ဖြစ်ပြီး ဒေါက်တုံးနှင့် ထိပ်ချွန်ပုံစံ ဖြစ်သည်။ သိုင်းကြိုးက ပြာပြီး အပေါက်ဖောက် ပန်းပွင့်ပုံစံဖြစ်သည်။ ချိတ်နေရာတွင် ဇာပန်းဖြူလေးတစ်ပွင့် ရှိသေးသည်။
"......"
အိတ်ထဲတွင် နောက်ထပ် နှစ်ခု ကျန်သေးသည်။ ကျန်းရို မယုံနိုင်စွာဖြင့် အကုန်ထုတ်ကြည့်လိုက်သည်။ ခရမ်းရောင် လည်စည်း၊ အနက်ရောင် သားရေဘောင်းဘီနှင့် ဝိုင်နီရောင် သားရေလက်အိတ်တစ်စုံ တို့ဖြစ်သည်။
အမှန်အတိုင်းပြောရရင် ဒီအဝတ်အစားတွေကို ယခင်ဘဝက သူမအမေတောင် မဝတ်ပါဘူး။
အမျိုးသားသည် ပန်းကန်ဆေးပြီးနောက် ရေနွေးတစ်ပုံး ဆွဲကာ ထွက်လာသည်။ ကျန်းရိုက မျက်လုံးအဝိုင်းသားဖြင့် အဝတ်အစားများကို ကြည့်နေသည်ကို မြင်သောအခါ ဝမ်းသာလွန်း၍ ကြောင်သွားသည်ဟု ထင်မှတ်ပြီး "ကြိုက်လား" ဟု မေးလိုက်သည်။
ကျန်းရို ရှုပ်ထွေးသော မျက်နှာထားဖြင့် မော့ကြည့်လိုက်သည်။ ဒါဟာ ဆန့်ကျင်ဘက်လိင်ဆီက ပထမဆုံးရဖူးတဲ့ လက်ဆောင်ပဲ။
ကျောင်းတက်တုန်းက သူမကို ကြိုက်တဲ့ကောင်လေးတွေရှိပေမယ့် ဖွင့်ပြောတာ၊ လက်ဆောင်ပေးတာမျိုး မရှိခဲ့ဘူး။ သူမအစ်ကိုက ကြိုပြီး သတိပေးထားလို့လေ။
အပြုံးတစ်ခု ညှစ်ထုတ်ပြီး "ဘယ်လိုလုပ် မကြိုက်ဘဲ နေမလဲ၊ အရမ်းလှတာပဲ။ အဝတ်အစား လှလှလေးတွေ အများကြီးပဲ၊ ဝတ်တောင် မဝတ်ရက်ဘူး။ နောက်... ချွေးမလေးအတွက် ချန်ထားပေးလိုက်မယ်" ဟု ပြောလိုက်သည်။
အမျိုးသားက "အပိုတွေ" ဟု မကျေမနပ် ပြောလိုက်သည်။
သူမကို ကျော်ပြီး ရေချိုးကန် သွားယူသည်။ ခြေလှမ်းများ ပေါ့ပါးသွက်လက်နေပြီး စိတ်အခြေအနေ ကောင်းမွန်နေပုံရသည်။
ကျန်းရိုသည် အဝတ်အစားများကို အိတ်ထဲသို့ အမြန်ပြန်ထည့်ပြီး အခန်းထဲ ယူသွားလိုက်သည်။
ဒီအဝတ်အစားတွေကို သေတောင် မဝတ်ဘူး။
ခြံဝင်းတံခါးဝသို့ ရောက်သောအခါ ခြံထဲတွင် ရေချိုးရန် ပြင်ဆင်နေသော အမျိုးသားကို "ရှင် ပိုက်ဆံမရဘူးဆို၊ ဓားပြသွားတိုက်လာတာလား" ဟု မေးလိုက်သည်။
ဒီလောက်များတဲ့ အဝတ်အစားတွေ ဝယ်လာတာ ဈေးပေါမှာ မဟုတ်ဘူး။
အမှန်တော့ သူ အပြင်မှာ ဘာတွေလုပ်ခဲ့သလဲ ဆိုတာကို ပိုသိချင်နေမိသည်။
အမျိုးသားသည် ရေအေးတစ်ပုံးသယ်လာပြီး ခြေထောက်ဖြင့် တံခါးပိတ်လိုက်သည်။ ရေပုံးချပြီး ရေနွေးရောထည့်ကာ အဝတ်အစား စတင်ချွတ်လေတော့သည်။
ကျန်းရိုသည် သူ၏ တောင့်တင်းသော ကျောပြင်ကို မြင်လိုက်ရသဖြင့် အခန်းထဲသို့ အမြန်ပြန်ဝင်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပေ။
ခြေလှမ်းနှစ်လှမ်း လှမ်းလိုက်သည်နှင့် အနောက်မှ "အဝတ်အစား ရှာပေးဦး" ဟူသော အသံ ထွက်ပေါ်လာသည်။
***