အခန်း (၁၃-၁၅)
Vol. 1 Ch. 13-15
အခန်း (၁၃)
ကျန်းရိုက ပြီးခဲ့တဲ့ရက်ပိုင်းက ချုပ်ပေးထားတဲ့ ရှပ်အင်္ကျီနဲ့ ဘောင်းဘီရှည်ကို ထုတ်ပေးလိုက်သည်။ အဲဒီတုန်းက သူမ ကိုယ့်အတွက် အတွင်းခံဝယ်ရင်းနဲ့ သူ့အတွက်ပါ အတွင်းခံဘောင်းဘီ ၂ ထည် ဝယ်ပေးခဲ့တာပင်။
ရှပ်အင်္ကျီနဲ့ အတွင်းခံကို လျှော်ပြီးသားဆိုတော့ သန့်ရှင်းနေသည်။ ဘောင်းဘီရှည်ကတော့ မလျှော်ရသေးဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး၊ သူမ ဝတ်ရမှာမှ မဟုတ်တာ။
ကျန်းရို အဝတ်အစားတွေကို ခေါက်ပြီး ထိုင်ခုံပေါ် တင်ပေးလိုက်သည်။ ပြီးတော့ ထိုင်ခုံကို အခန်းတံခါးဝအထိ သယ်သွားပြီး "အဝတ်အစား ဒီမှာထားခဲ့မယ်" ဟု လှမ်းပြောလိုက်သည်။
ထို့နောက် ခေါင်းငုံ့ပြီး သူ့ကို မကြည့်ဘဲ အခန်းထဲ ဝင်သွားသည်။
လီရှောင်းက ရေချိုးတာ မြန်သည်။ ကျန်းရို ကုတင်ပေါ် လှဲလိုက်တဲ့အချိန်မှာ သူ ရေချိုးခန်းထဲက ထွက်လာပြီ။ ဆံပင်တိုထားတော့ ခေါင်းပါ လျှော်ခဲ့သေးသည်။
ရေသုတ်ပြီး အဝတ်အစား သွားယူတော့ ကျန်းရိုက သူ့အဖေ ဒါမှမဟုတ် အဘိုးရဲ့ အဝတ်ဟောင်းတွေ ရှာပေးထားမယ် ထင်နေတာ။ သူကတော့ ဂရုမစိုက်ပါဘူး။ သေသွားလည်း သူ့အဖေ၊ သူ့အဘိုးပဲ။ သရဲခြောက်လာမှာမှ မဟုတ်တာ။ ဒါပေမဲ့ အဝတ်အစားတွေကို ကိုင်ကြည့်လိုက်တော့ သူ တစ်ခါမှ မမြင်ဖူးတဲ့ အဝတ်အစားအသစ်တွေ ဖြစ်နေတာ တွေ့လိုက်ရတယ်။
မိုးပြာရောင် ရှပ်အင်္ကျီ၊ မီးခိုးစိမ်းရောင် ဘောင်းဘီရှည်၊ အတွင်းခံတောင် ပါသည်။ သူထွက်သွားပြီးမှ ကျန်းရို ဝယ်ပေးထားမှန်း ခန့်မှန်းမိသည်။
သူ ကုန်တိုက်ကြီးမှာ ကျန်းရိုအတွက် အဝတ်အစား ဝယ်တုန်းက ဘာမှမစဉ်းစားဘဲ ဝယ်ချင်လို့ ဝယ်ခဲ့တာ။ အခု သူမကလည်း အိမ်မှာ သူ့အတွက် အဝတ်အစားအသစ်တွေ ဝယ်ပေးထားတာ မြင်တော့ ရင်ထဲမှာ တစ်မျိုးကြီး ခံစားလိုက်ရသည်။
ဒီခံစားချက်က စိမ်းသက်ပေမယ့် မုန်းစရာတော့ မကောင်းဘူး။
သူ အဝတ်အစားတွေကို ပွတ်သပ်ကြည့်ရင်း စောစောက ကျန်းရို ပြောတဲ့ "ဝတ်တောင် မဝတ်ရက်ဘူး" ဆိုတဲ့ စကားကို နားလည်သွားသည်။ သူလည်း နည်းနည်း နှမြောနေသည်။
နှုတ်ခမ်းကို တင်းတင်းစေ့ပြီး အတော်ကြာမှ ဝတ်လိုက်သည်။
အဝတ်အစားအသစ် ဝတ်ထားလို့ ရေချိုးကန် သွန်တဲ့အချိန်မှာတောင် သတိထားနေရသည်။ ရေစိုမှာ စိုးလို့လေ။
လီရှောင်း အခန်းထဲ ပြန်ဝင်လာတော့ ကျန်းရို အိပ်ပျော်လုနီးပါး ဖြစ်နေပြီ။
အိပ်ချင်မူးတူးဖြစ်နေတုန်း အနီရောင် အထုပ်တစ်ထုပ် ခေါင်းဘေးနား လာကျတော့ လန့်နိုးသွားတယ်။
ကျန်းရို လန့်ဖျပ်သွားပြီး မျက်လုံးဖွင့်ကာ သူ့ကို စိုက်ကြည့်လိုက်သည်။ "ဘာလုပ်တာလဲ"
လေသံက မကျေမနပ် ဖြစ်နေသည်။
အမျိုးသားက သတိမထားမိဘဲ ရယ်မောကာ "ဖွင့်ကြည့်လိုက်ဦး"
ကျန်းရို စိတ်မပါတာနဲ့ မျက်လုံးပြန်မှိတ်ပြီး တစ်ဖက်လှည့်အိပ်လိုက်သည်။
ကုတင်ဘေးမှာ ရပ်နေတဲ့ လီရှောင်းက သူမ တုံ့ပြန်ပုံကို ကြည့်ပြီး ကြောင်သွားသည်။ နောက်မှ သူ စိတ်အနှောင့်အယှက်ပေးမိမှန်း သိသွားပြီး နှာခေါင်းကို ရှက်ရွံ့စွာ ပွတ်သပ်လိုက်သည်။ ဒါပေမဲ့ တောင်းပန်စကား မပြောတတ်ဘူး။ ခဏကြာတော့ ကုတင်ဘေးမှာ ဝင်ထိုင်ပြီး ဘောင်းဘီအနား ခေါက်ရင်း "ပိုက်ဆံ ဘယ်ကရလဲလို့ မေးနေတယ် မဟုတ်လား" ဟု မရည်ရွယ်သလို ပြောလိုက်သည်။
ကျန်းရိုက နိုးနေပြီဆိုတော့ ချက်ချင်း ပြန်မအိပ်နိုင်သေးပေ။
သူပြောတာ ကြားတော့ စိတ်ဆိုးတာ ခဏမေ့ပြီး ခေါင်းလှည့်ကြည့်လိုက်သည်။
အမျိုးသားက နောက်စေ့မှာ မျက်လုံးပါသလိုပဲ။ ခေါင်းလှည့်လာပြီး ကျန်းရိုရဲ့ မျက်ဝန်းတွေကို စိုက်ကြည့်ကာ ဂရုမစိုက်သလို ပုံစံနဲ့ "မသိချင်ရင်လည်း နေပါ"
ပြီးတော့ သူမ ခေါင်းဘေးက အနီရောင်အထုပ်ကို လှမ်းယူလိုက်သည်။
ကျန်းရိုက ဘာမှ မစဉ်းစားဘဲ လှည့်ကြည့်လိုက်သည်။ "ဘာသဘောလဲ"
သူက မြန်လွန်းတယ်။ အထုပ်ကို ယူပြီးသွားပြီ။ အဲဒီအချိန်မှာ အထုပ်ပေါ်က စာလုံးတွေကို ကျန်းရို မြင်လိုက်ရသည်။
သူမ အမြင်မမှားရင် ဒါ ဂုဏ်ပြုဆုတံဆိပ် အလံပဲ။
သူမ မျက်လုံးပြူးသွားလေသည်။ မြင်တာ မှားနေလားလို့ သံသယဝင်မိကာ ကုတင်ပေါ်က ထထိုင်ပြီး မျက်လုံးကို ပွတ်သပ်ကြည့်လိုက်သည်။ သူ ထွက်သွားတော့မယ် မြင်တော့ "ပြပါဦး" ဟု အမြန် ပြောလိုက်သည်။
အမျိုးသားက မကြားချင်ယောင်ဆောင်ပြီး မတ်တတ်ရပ်ကာ ထွက်သွားဖို့ ပြင်နေသည်။
ကျန်းရိုက သူ့အင်္ကျီစကို လှမ်းဆွဲလိုက်ကာ အားကုန်ဆွဲမှ ရပ်သွားသည်။
သူက လှည့်ကြည့်ပြီး မျက်ခုံးပင့်ကာ "ဘာဖြစ်လို့လဲ"
"......"
တမင်သက်သက် လုပ်နေတာလားလို့ သံသယဝင်မိလာသည်။
ကျန်းရို သူ့ကို ဂရုမစိုက်တော့ဘဲ လက်ထဲက ပစ္စည်းကို ဆွဲယူလိုက်သည်။
သူက ပြန်မဆွဲဘဲ သူမ ယူသွားတော့ ပြန်ထိုင်လိုက်သည်။
ကျန်းရို ချက်ချင်း မဖွင့်သေးဘူး။ အောက်ခြေကို လှန်ကြည့်လိုက်တော့ အနီရောင် အလံပေါ်မှာ "ဉာဏ်ပညာနှင့် သတ္တိ ပြည့်စုံသူ၊ ပြည်သူ့စံပြ" ဆိုတဲ့ ရွှေရောင်စာလုံးကြီး ၈ လုံးကို တွေ့လိုက်ရတယ်။ W မြို့ ရဲစခန်းလို့ ရေးထားပြီး ရက်စွဲက ၁၉၉၈ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်။
လွန်ခဲ့တဲ့ ရက်နည်းနည်းကပဲ။
အံ့သြစွာနဲ့ မော့ကြည့်လိုက်တယ်။ "ဒါ ရှင့်ဟာလား"
စိတ်ထဲမှာတော့ ခန့်မှန်းမိနေပြီ။
အမျိုးသားက ဒါကို သိပ်ဂရုမစိုက်တဲ့ပုံနဲ့ "အထဲကို ကြည့်လိုက်ဦး"
ကျန်းရို သူ့ကို တစ်ချက်ကြည့်လိုက်ပြီး အလံကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ အလံမြင်ပြီး အံ့သြထားရတော့ အထဲမှာ ပိုက်ဆံအများကြီး တွေ့လိုက်ရတဲ့အခါ သိပ်မအံ့သြတော့ဘဲ "ပိုက်ဆံတွေ အများကြီးပါလား"
ပိုက်ဆံတွေကို ကုတင်ပေါ် သွန်ချလိုက်ပြီး တွန့်ကြေနေတဲ့ အလံကို သေချာ ပြန်ခေါက်လိုက်သည်။ ပြီးမှ မော့ကြည့်ပြီး "ဒီအလံက ရှင့်ဟာ တကယ်လား" ဟု ထပ်မေးသည်။
လီရှောင်းက သူမ ဒီလိုတုံ့ပြန်မယ်လို့ မထင်ထားဘူး။ ခဏလောက် ကြောင်ကြည့်နေပြီးမှ "အဲဒါ အရေးကြီးလို့လား" ဟု ပြန်မေးသည်။
အမူအရာက တစ်မျိုးကြီးပဲ။
ကျန်းရိုက သူ အပိုစကားတွေ ပြောနေတယ်လို့ ထင်နေသည်။ အလံက အရေးမကြီးရင် ဘာက အရေးကြီးမှာလဲ။
ရဲစခန်းက အစ်ကိုချန် လူကယ်လို့ ဂုဏ်ပြုအလံရတုန်းက တစ်လလောက် ပြုံးဖြီးနေတာ။ စခန်းကလည်း ဓာတ်ပုံရိုက်ပြီး အွန်လိုင်းမှာ တင်ပေးတယ်။ မနက်ခင်း သတင်းမှာတောင် ပါတယ်။
နောက်ဆုံးတော့ အစ်ကိုချန်က အလံကို ဘောင်ခတ်ပြီး ဧည့်ခန်းမှာ ချိတ်ထားတယ်။ သူ့ကလေးတွေဆိုရင် ဘယ်သူ့တွေ့တွေ့ ကြွားနေတာ။
စခန်းက တခြားလူတွေ အားကျလိုက်ကြတာ။
ဒီပိုက်ဆံတွေကတော့၊ ဆောရီးပါ... ကျန်းရို သိပ်မခံစားရဘူး။ သူမ မိသားစုက သာမန်ဆိုပေမယ့် ပိုက်ဆံမရှားပါဘူး။ သူမအစ်ကိုနဲ့ မရီးက စီးပွားရေး အဆင်ပြေတော့ မုန့်ဖိုး ခဏခဏပေးတယ်။
ကျန်းရိုက သူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်သည်။ "ရှင် ဘယ်လိုထင်လဲ"
သူ ဂရုမစိုက်တဲ့ပုံစံ မြင်တော့ စိုးရိမ်တကြီး မေးလိုက်သည်။ "ရှင် ခိုးလာတာ မဟုတ်ပါဘူးနော်"
ရထားပေါ်မှာ သူများဆီက ပိုက်ဆံရော အလံရော ခိုးလာတာလားလို့ တွေးမိလိုက်တယ်။
လီရှောင်းက သူမကို အေးစက်စက် ကြည့်လိုက်သည်။ ကိုယ်ဝန်ဆောင်မို့ ဦးနှောက်ပျက်သွားပြီလို့ ထင်သည်။ သူ ခိုးရင်တောင် အလံကြီးတော့ ယူမလာပါဘူး။
ဒါပေမဲ့ သူမ မျက်လုံးထဲမှာ ဒီပိုက်ဆံတွေ အကုန်ပေါင်းတာက အဲဒီ အဝတ်စလောက် တန်ဖိုးမရှိဘူးဆိုတာ သူ နားလည်လိုက်သည်။
ကျန်းရိုက သူ ဘာမှမပြောတော့ ကြောက်သွားကာ သူ့လက်ကောက်ဝတ်ကို ဆွဲပြီး "ရှင် တကယ် အဲဒီလို လုပ်ခဲ့တာလား။ မဖြစ်ဘူး၊ အခုချက်ချင်း သွားဝန်ခံလိုက်"
"......"
လီရှောင်း ဘာမှမပြောဘဲ ခေါင်းအုံးပေါ်က ပုဝါကို ဆွဲယူပြီး ကုတင်ပေါ်က ပိုက်ဆံတွေကို ထုပ်ပြီး ချည်လိုက်သည်။ ကျန်းရိုရဲ့ သဘောထားကြောင့်လား မသိဘူး၊ ပိုက်ဆံတွေကို သိပ်မမက်မောတော့ဘူး။ ခပ်လှမ်းလှမ်းက စားပွဲပေါ် ပစ်တင်လိုက်ပြီး မီးပိတ် အိပ်လိုက်တယ်။
ကျန်းရိုက ဘေးနားမှာ ဆက်ပြီး နားပူနားဆာ လုပ်နေတော့ စိတ်ရှုပ်လာပြီး "ဘာကို ခိုးရမှာလဲ။ ငါ အဲဒီလို အလုပ်မျိုး မလုပ်ဘူး" ဟု ပြန်အော်လိုက်သည်။
ထို့နောက် စောင်ဆွဲပြီး ခေါင်းမြီးခြုံ အိပ်လိုက်သည်။
ကျန်းရိုက ယုံတစ်ဝက် မယုံတစ်ဝက်နဲ့ လိုက်အိပ်သည်။ မအိပ်ခင် အလံကို အတွင်းဘက် သေချာ ထည့်ထားလိုက်သည်။ မနက်ကျမှ သေချာ သိမ်းဆည်းရမယ်။
ဒါပေမဲ့ စိတ်မချသေးလို့ သူ့ဘက် တိုးကပ်သွားပြီး "ဒါဆို ပိုက်ဆံတွေ ဘယ်ကရတာလဲ" ဟု တိုးတိုးလေး မေးလိုက်သည်။
ယခင်ဘဝက MLM ကို သတင်းပေးလို့ ဆုကြေးငွေ ရခဲ့တာ သူမ သိတယ်။ ဒါပေမဲ့ ဒီလောက် အများကြီး မဟုတ်ဘူး။
အကြွေတွေရောဆိုတော့ ဘယ်လိုကြည့်ကြည့် မသင်္ကာစရာပဲ။
ကျန်းရို ဘယ်လိုမေးမေး လီရှောင်းက အိပ်ချင်ယောင်ဆောင်ပြီး ဘာမှ မပြောဘူး။
ကျန်းရို ဒေါသထွက်ပြီး တွန်းလိုက်ပြီး တစ်ဖက်လှည့် အိပ်လိုက်တော့သည်။
အမျိုးသားက စောင်အောက်မှာ တိတ်တဆိတ် ရယ်မောလိုက်လေသည်။
....
နောက်တစ်နေ့မနက်ကျတော့ ကျန်းရို အမှန်တရားကို သိလိုက်ရသည်။ အလံက အစစ်ပါပဲ။ ဒါပေမဲ့ ပိုက်ဆံကတော့ နည်းနည်း မရိုးသားဘူး။
လီရှောင်းက မလိမ်ပါဘူး။ အဖြစ်အပျက် အားလုံးကို ပြောပြတယ်။ အစကတည်းက သူတို့ အလိမ်ခံလိုက်ရတာ။ ကျူးချန်ရဲ့ ဆွေမျိုးက လွန်ခဲ့တဲ့ ၂ နှစ်က ကမ်းရိုးတန်းဒေသကို အလုပ်သွားလုပ်ရင်း MLM ထဲ ရောက်သွားတာ။ နောက်ပိုင်း အဖွဲ့ကြီးလာတော့ ရည်မှန်းချက် ကြီးလာပြီး ပြည်တွင်း မြို့ကြီးတွေမှာပါ ဖြန့်ကျက်လာတယ်။ ကျူးချန်ရဲ့ ဆွေမျိုးက အဲဒီအထဲက တစ်ယောက်အပါအဝင်ပဲ။ ခေါင်းဆောင်ငယ်နောက်လိုက်ပြီး ဘေးမြို့ကို ရောက်လာတာ။ သူက ရာထူး သိပ်မကြီးဘူး။
MLM ရဲ့ စည်းမျဉ်းက တစ်ယောက်က တစ်ယောက်ကို လိမ်ရတာ။ ပိုက်ဆံမရှာနိုင်ရင် အပြစ်ပေးခံရတယ်။ ပေါ့ရင် ထမင်းမကျွေးဘူး၊ လေးရင် အရိုက်ခံရတယ်။ ပိုက်ဆံရတဲ့သူတွေ ရှိပေမယ့် အဲဒါ ခေါင်းဆောင်တွေပဲ။
ဒါကြောင့် အောက်ခြေလူတန်းစားတွေက အစာငတ်၊ အရိုက်ခံရမှာ ကြောက်လို့ ဆွေမျိုးတွေကို လိမ်ခေါ်ကြတယ်။ စကားကောင်းတွေပြောပြီး ပိုက်ဆံအများကြီးပါလာအောင် မြှူဆွယ်တယ်။ ရောက်လာရင် ဝိုင်းရိုက်၊ ပိုက်ဆံလု၊ အခန်းပိတ်၊ ထမင်းမကျွေးဘဲ ဦးနှောက်ဆေးပြီး အဖွဲ့ထဲ ဝင်ခိုင်းတယ်။
ကျူးချန်က နားယောင်လွယ်တော့ ပိုက်ဆံရမယ်၊ စားစရာပေါတယ်ဆိုတာကြားပြီး ဆွေမျိုးမို့ ယုံလိုက်တာ။
ရောက်သွားတော့ ဝိုင်းရိုက်ခံရတယ်။ လီရှောင်း တစ်ယောက်တည်းကိုပဲ အဓိကထား ရိုက်တာ။ ကျူးချန်ရဲ့ဆွေမျိုးက သူ့ညီကို အထိမခံဘူးလေ။ ဒါပေမဲ့ ထမင်းမကျွေးတာ၊ ပိုက်ဆံလုတာကတော့ အတူတူပဲ။
လီရှောင်းကတော့ ဘယ်ခံမလဲ။ သူက စိတ်ဓာတ်မာတယ်၊ လက်သီးပြင်းတယ်။ ရန်ဖြစ်ရင် သေအောင် သတ်တတ်တယ်။
လူအများကြီး ဝိုင်းရိုက်ပေမယ့် သူက ငယ်ငယ်ကတည်းက ရန်ဖြစ်လာတာဆိုတော့ အတွေ့အကြုံ ရှိတယ်။ တစ်ယောက်တည်းနဲ့ အကုန်လုံးကို ပြန်နှိပ်ကွပ်လိုက်တယ်။ နောက်ဆုံး တစ်ယောက်တည်းကို ရွေးပြီး သေလုမြောပါး ရိုက်လိုက်တာ သွေးတွေရွှဲပြီး မေ့လဲသွားတဲ့အထိပဲ။ ကျန်တဲ့လူတွေ ကြောက်ပြီး မကပ်ရဲတော့ဘူး။
အဲဒါကြောင့် သူ့ကို စည်းရုံးဖို့ ကြိုးစားလာကြသည်။ အသိုက်အမြုံကို ဖျက်ဆီးပစ်မှာ ကြောက်လို့လေ။
လီရှောင်းက စိတ်ရှည်တယ်။ သူတို့လုပ်ရပ်တွေကို သိသွားတော့ သူ့ကို ပြန်လွှတ်မှာ မဟုတ်မှန်း သိလိုက်တယ်။ ဒါကြောင့် သဘောတူချင်ယောင်ဆောင်လိုက်တယ်။
သူက ထွက်ပြေးမှာ သေချာတယ်။ ထွက်ပြေးရုံတင်မကဘူး၊ လက်စားပါ ချေရဦးမယ်။
ဒါကြောင့် လူနှစ်ယောက်ကို စည်းရုံးပြီး ညီအစ်ကို ဖွဲ့လိုက်သည်။ ပြီးတော့ ဒေသခံ ရဲတပ်ဖွဲ့ကို တိတ်တဆိတ် ဆက်သွယ်ပြီး MLM အသိုက်အမြုံ တစ်ခုလုံးကို ဖြိုခွင်းပစ်လိုက်သည်။
ဒါပေမဲ့ အဲဒီညီအစ်ကို နှစ်ယောက်ကို အလကား ခိုင်းတာတော့ မဟုတ်ဘူး။ ရဲမလာခင် သူတို့ လိမ်ယူထားတဲ့ ပိုက်ဆံတွေကို ရှာဖွေပြီး ခွဲယူလိုက်ကြတယ်။
စာရင်းမကိုက်ရင်တောင် ခေါင်းဆောင်တွေအပေါ် ပုံချလိုက်လို့ရတာပဲ။
ဒီကနေ လွတ်မြောက်သလို ပိုက်ဆံအများကြီးလည်းရမယ်ဆိုတော့ အဲဒီနှစ်ယောက်က သူ့နောက်လိုက်တာပေါ့။ ဒီကိစ္စကို ဘယ်သူ့မှ မပြောကြဘူး။
ရဲစခန်းရောက်တော့ သူတို့ ၃ ယောက်ကို တခြားလူတွေနဲ့အတူ ချုပ်ထားတယ်။ ဒါက ကြိုတင်စီစဉ်ထားတာ။ လက်စားချေခံရမှာ စိုးလို့လေ။
လီရှောင်းတို့ ၃ ယောက်က သူများကို မလိမ်ဖူးတော့ တခြား အပြစ်မရှိတဲ့သူတွေလိုပဲ ထွက်ဆိုချက်ပေးပြီး ပြန်လွတ်လာတယ်။ မပြန်ခင် ရဲတပ်ဖွဲ့က စီစဉ်ပေးတဲ့ အစည်းအဝေးခန်းမမှာ ဂုဏ်ပြုအလံနဲ့ ဆုကြေးငွေ ပေးအပ်ပြီး လူကြီးတွေနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ကြတယ်။
ပြန်လွတ်လာတော့ ၃ ယောက်သား အိမ်သာအောက်မှာ မြှုပ်ထားတဲ့ ပိုက်ဆံတွေကို တိတ်တဆိတ် သွားယူပြီး လမ်းခွဲခဲ့ကြတယ်။
ကျူးချန်ကတော့ သနားစရာပဲ။ သူ့ဆွေမျိုးနဲ့ ပတ်သက်နေလို့ ထွက်ဆိုချက်ပေးရတာ ကြာသွားတယ်။ လီရှောင်းက သူ့ကို ရက်နည်းနည်း စောင့်ပေးခဲ့ရတယ်။ သူလုပ်ခဲ့တာတွေကို ကျူးချန်ကို မပြောပြဘူး။ လျှို့ဝှက်ချက် မထိန်းနိုင်ဘဲ ပေါက်ကြားသွားမှာ စိုးလို့လေ။
ပိုက်ဆံကတော့ ခွဲပေးစရာ အကြောင်းမရှိဘူးပေါ့။
လီရှောင်းက တကယ်ပဲ အလုပ်ကြီး လုပ်တတ်သူပါ။ W မြို့က MLM အဖွဲ့ကို ဖမ်းဆီးပေးရုံသာမက ကမ်းရိုးတန်း G ပြည်နယ်က အသိုက်အမြုံကြီးကိုပါ ဖော်ထုတ်ပေးခဲ့တယ်။ သူက ဉာဏ်ကောင်းပြီး ရုပ်ချောတော့ အဖွဲ့က သူ့ကို ခေါင်းဆောင်လောင်းအဖြစ် မွေးမြူချင်နေတာ။ G ပြည်နယ်ကိုသွားပြီး သင်တန်းတက်ဖို့ စရိတ်ငြိမ်း စီစဉ်ပေးထားတာ။
ဒါကလည်း ဦးနှောက်ဆေးတာ တစ်မျိုးပါပဲ။ အောက်ခြေလူတန်းစားတွေကို မျှော်လင့်ချက် ပေးထားတာ။ သေချာကြိုးစားရင် တစ်နေ့ကျ ဒီလိုဖြစ်လာမယ် ဆိုပြီးတော့လေ။
ဒါပေမဲ့ သူတို့ မထင်မှတ်ထားတာက လီရှောင်းက အထက်ပိုင်း ခေါင်းဆောင်ကြီးတွေရဲ့ အချက်အလက်တွေ၊ သွားလာလှုပ်ရှားမှုတွေကို စုံစမ်းထောက်လှမ်းနေခဲ့တာပါပဲ။
ကျန်းရို နားထောင်ပြီးတော့ ဘယ်လိုတုံ့ပြန်ရမှန်း မသိတော့ဘူး။
သူ့အကြောင်း မှတ်တမ်းတွေကို ဖတ်ဖူးပေမယ့် စာရွက်ပေါ်က စာကြောင်းအနည်းငယ်နဲ့ လက်တွေ့ဘဝက ကွာခြားလွန်းတယ်။ ဒီလောက် ရှုပ်ထွေးမယ်လို့ မထင်ထားဘူး။ သူပြောတာ နားထောင်ရုံနဲ့တင် ရင်တုန်စရာ ကောင်းနေပြီ။
အခန်းထဲမှာ လူတစ်ဒါဇင်လောက် ဝိုင်းရိုက်တာကို ဘယ်လိုပြန်ချခဲ့လဲ မသိဘူး။ တောင်ပိုင်းအထိသွားပြီး ခေါင်းဆောင်ကြီးတွေနဲ့ တွေ့ဆုံစကားပြောခဲ့သေးတယ်။ ခေါင်းဆောင်ကြီး ဖြစ်လာတဲ့သူတွေက သာမန်မှ မဟုတ်တာ။ သူ ဘယ်လိုပါးနပ်စွာ ကိုင်တွယ်ခဲ့လဲဆိုတာ စဉ်းစားလို့တောင် မရဘူး။
ဒါပေမဲ့ ကျန်းရိုအတွက် အခက်အခဲဖြစ်စေတာက သူပြန်ယူလာတဲ့ ပိုက်ဆံတွေပဲ။ ပိုက်ဆံနည်းရင် မျက်စိမှိတ်ထားလိုက်လို့ရပေမယ့် မနေ့ညက အများကြီး တွေ့လိုက်ရတယ်။ ဒီခေတ်မှာ ဒါ မနည်းဘူး။
ကျန်းရို ကုတင်ပေါ်က ဆင်းပြီး သူ မနေ့ညက ထုပ်ထားတဲ့ ပိုက်ဆံတွေကို ဖွင့်ရေတယ်။ ၃ ခေါက်ရေမှ အရေအတွက် မှန်တယ်။ အစွန်းထွက် ဖယ်လိုက်ရင် ၉၇၄၆ ယွမ် တိတိ ရှိတယ်။
သူမ စကားမပြောနိုင်တော့ဘူး။ ငယ်ငယ်ကတည်းက လိမ္မာတဲ့ ကလေးတစ်ယောက် ဖြစ်ခဲ့တယ်။ မသမာတဲ့ နည်းနဲ့ရတဲ့ ပိုက်ဆံ မပြောနဲ့၊ လမ်းမှာ ၅ မူး ကောက်ရရင်တောင် ဆရာမဆီ အပ်တဲ့သူ။
ငယ်ငယ်တုန်းက ကျောင်းဆင်းချိန် လမ်းမှာ ၁၀ ယွမ် ကောက်ရဖူးတယ်။ လမ်းတစ်ဝက်မှာ အစ်ကိုက လိမ်ပြီး မုန့်ဝယ်စားလိုက်လို့ အိမ်ရောက်တဲ့အထိ ငိုပြီး တိုင်ပြောဖူးတယ်။ မိဘတွေက ကိစ္စမရှိဘူး ပြောတာတောင် လက်မခံဘူး။ နောက်ဆုံး အဖေက ၁၀ ယွမ် ပြန်ထုတ်ပြီး ရဲစခန်းသွားအပ်မှ ကျေနပ်တော့တယ်။
အဲဒီကိစ္စကြောင့် အဖေက အစ်ကို့ကို အိမ်ပြန်ရောက်တော့ ရိုက်ဆုံးမလိုက်သေးတယ်။ ပြဿနာရှာတယ် ဆိုပြီးတော့လေ။
ဒီပိုက်ဆံတွေက မိသားစု ဘယ်နှစုရဲ့ သွေးချွေးတွေလဲ မသိဘူး။
လီရှောင်းက သူမ မျက်နှာပျက်နေတာ မြင်တော့ နည်းလို့ နှမြောနေတယ်ထင်ပြီး "မနည်းပါဘူး၊ ဟိုနှစ်ယောက်က ငါ့လောက် မရဘူး။ သေတ္တာထဲမှာ ပိုက်ဆံသိပ်မရှိတော့ နည်းနည်းတော့ ချန်ထားရမှာပေါ့" လို့ ရှင်းပြတယ်။
စာရင်းမကိုက်မှ ဟိုလူတွေ အချုပ်ထဲ ကြာကြာနေရမှာလေ။
သူက သဘောကောင်းတဲ့သူ မဟုတ်ဘူး။ သူများလာထိရင် ဘယ်လိုလုပ် ပြန်မတုံ့ပြန်ဘဲ နေမလဲ။
ကျန်းရို သူ လွဲနေမှန်း သိလိုက်တယ်။ သူ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့ သူမ ပတ်ဝန်းကျင် မတူဘူး။ သူက သတ္တိကောင်းတယ်၊ လက်ရဲတယ်။ တစ်ခါတလေ စည်းမရှိဘူး။ ဒီပိုက်ဆံကို သာမန်လူဆိုရင် ကြောက်လန့်ပြီး ယူရဲမှာ မဟုတ်ဘူး။ ယူထားရင်လည်း စိတ်သန့်မှာ မဟုတ်ဘူး။ သူကတော့ ကိုယ့်အရည်အချင်းနဲ့ ရှာထားတာမို့ သုံးရတာ စိတ်သန့်နေတယ်။
အရင်က ကျန်းရို သူ့မှတ်တမ်းဖတ်တုန်းက သူက ရှုပ်ထွေးတဲ့ လူတစ်ယောက်လို့ ထင်ခဲ့တယ်။ သူက စပြီး မကောင်းမှု မလုပ်ဘူး၊ အားနည်းသူကို မနိုင်ကျင့်ဘူး၊ ဥပဒေချိုးဖောက်တဲ့ ကိစ္စတွေ မလုပ်ဘူး။ ဒါပေမဲ့ အဲဒီကိစ္စတွေကို မြင်ရင်လည်း ဝင်မပါတတ်ဘူး။
သူ့သမီးအတွက် လက်စားချေဖို့ တစ်ယောက်တည်း စုံစမ်းပြီး လုပ်ဆောင်တာ မဆန်းပါဘူး။ သာမန်ဖခင်ဆိုရင် ဥပဒေနဲ့ ရဲတပ်ဖွဲ့ အကူအညီ ယူမှာပဲ။ ဒေသခံရဲက မလုပ်ပေးရင် အထက်အဆင့်ဆင့် တိုင်ကြားမှာပဲ။ သူကတော့ မဟုတ်ဘူး။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းတယ်။
ဥပဒေကို မယုံကြည်တာလည်း ဖြစ်နိုင်သလို အကြမ်းဖက်နည်းနဲ့ ဖြေရှင်းတာကို ပိုသဘောကျတာလည်း ဖြစ်နိုင်တယ်။
တစ်နည်းပြောရရင် သူက ကိုယ်ကျင့်တရားနဲ့ ဥပဒေအပေါ် လေးစားမှု အားနည်းတယ်။ လူမိုက်လောကရဲ့စည်းမျဉ်းကို ပိုယုံကြည်တယ်။
ဒါက အန္တရာယ်များတယ်။ သူက အန္တရာယ်ရှိတာ မဟုတ်ဘဲ သူ့ရဲ့ ဒီလို အတွေးအခေါ်က အန္တရာယ်ရှိတာ။
ကျန်းရို ကျောင်းတက်တုန်းက ဥပမာတွေ အများကြီး မြင်ဖူးတယ်။ တချို့က ဉာဏ်ကြီးရှင်တွေ ကျူးလွန်တဲ့ ပြစ်မှုတွေ။ သူတို့က ပါရမီရှင်တွေ၊ ဒါပေမဲ့ ကိုယ်ကျင့်တရား အားနည်းတော့ ကိုယ့်ဆန္ဒပြည့်ဖို့အတွက် ဥပဒေကို ချိုးဖောက်ပြီး ကြောက်မက်ဖွယ်ကိစ္စတွေ လုပ်ကြတယ်။
ဒီနေ့ ၁ သောင်းနီးပါး ရတယ်။ အရသာတွေ့သွားရင် နောက်တစ်ခါ သိန်းချီ၊ သန်းချီ ဖြစ်လာနိုင်တယ်။
အဲဒါကြောင့် ကျန်းရိုက "ဒီပိုက်ဆံ ပြန်ပေးလိုက်၊ ကျွန်မတို့ ယူလို့မဖြစ်ဘူး" ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။
လီရှောင်း ကြားတော့ နားကြားမှားတယ် ထင်ပြီး မော့ကြည့်ကာ"ဘာပြောလိုက်တာလဲ" ဟု သံသယနဲ့ မေးလိုက်သည်။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၁၄)
ကျန်းရိုသည် သူ့အား ကြည့်လိုက်ပြီး အလေးအနက်ထားကာ ပြောလိုက်၏။
"ဒါ ကျွန်မတို့ပိုက်ဆံ မဟုတ်ဘူး။ ဒီပိုက်ဆံတွေက အလိမ်ခံထားရတဲ့ အပြစ်မဲ့ ပြည်သူတွေရဲ့ ပိုက်ဆံတွေ။ ကျွန်မတို့က ဘဝရပ်တည်လို့ မရနိုင်လောက်အောင် ဆင်းရဲနေတာမှ မဟုတ်တာ။ ဘယ်လောက်ပဲ ဆင်းရဲပါစေဦး သူများတွေရဲ့ သွေးနည်း ချွေးနည်းစာ ပိုက်ဆံကိုတော့ မယူသင့်ဘူးလေ။ ရှင် ဒီပိုက်ဆံတွေကို သွားပြန်အပ်လိုက်ပါ။ ရဲတွေက ဆက်ပြီး စီစဉ်ဆောင်ရွက်ပေးပါလိမ့်မယ်။ ကျွန်မတို့ ဗိုက်ထဲက ကလေးလေးအတွက် ကုသိုလ်လုပ်တယ်လို့ သဘောထားလိုက်ပါနော်။ ဟုတ်ပြီလား"
လီရှောင်းသည် သူမစကားကို နားထောင်ပြီးနောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်လေသည်။ ပြီးနောက် 'မင်း ဘာတွေ လာနောက်နေတာလဲ' ဟူသော အမူအရာဖြင့် ပြောလိုက်သည်။
"မင်းပြောနေတဲ့ နစ်နာသူဆိုတဲ့ လူတွေက အချောင်လိုချင်ပြီး သူဌေးဖြစ်ချင်နေတဲ့ ကောင်တွေကွ။ မိုးပေါ်က မုန့်ကျတာ လိုချင်ရင်တော့ မုန့်ပိပြီး သေဖို့လည်း ပြင်ထားရမှာပေါ့။ လောင်းကစားလုပ်ပြီး ရှုံးမှ ပိုက်ဆံပြန်အမ်းပါလို့ တောင်းဆိုတဲ့လူမျိုး မင်း မြင်ဖူးလို့လား။ ဒီပိုက်ဆံတွေက သူတို့အတွက် သင်ခန်းစာတစ်ခု ဝယ်လိုက်တယ်လို့ပဲ သဘောထားလိုက်"
သူသည် ကိုယ်ချင်းစာစိတ် လုံးဝမရှိဘဲ ထိုစကားကို ပြောနေသည့်အချိန်တွင် နှုတ်ခမ်းထောင့်၌ အပြုံးတစ်ခုချိတ်ဆွဲထားကာ ဂရုမစိုက်သည့်ပုံစံ ပေါက်နေလေသည်။
ကျန်းရိုသည် သူ့ကို ပြန်မရန်တွေ့ဘဲ ငြင်သာသော လေသံဖြင့်သာ ဆက်ပြောလိုက်၏။
"ဒါပေမဲ့ ဒီပိုက်ဆံတွေက ကျွန်မတို့ ရှာထားတာမှ မဟုတ်တာ။ သုံးရတာ စိတ်မသန့်ဘူး။ အလိမ်ခံရတဲ့လူတွေရဲ့ ရည်ရွယ်ချက်က ဘာပဲဖြစ်ဖြစ် အမှန်တရားကတော့ ဒီပိုက်ဆံတွေက သူတို့ပိုက်ဆံတွေပဲလေ။ ပြန်ပေးလိုက်တာက ကျွန်မတို့ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ပဲ။ လူဆိုတာ ကိုယ့်သိက္ခာနဲ့ကိုယ် နေရတာ။ ကိုယ့်ပစ္စည်း မဟုတ်ရင် မယူရဘူး။ ပိုက်ဆံရှာဖို့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ရှင့်ရဲ့ အရည်အချင်းနဲ့ဆိုရင် နောက်ကျရင် ဒီထက်ပိုများတဲ့ ပိုက်ဆံတွေ ရှာနိုင်မယ်ဆိုတာ ကျွန်မ ယုံကြည်တယ်။ သန့်ရှင်းတဲ့ ပိုက်ဆံကို သုံးရတာက ပိုမကောင်းဘူးလား။ တစ်နေ့နေ့ကျရင် ကျွန်မတို့ ပိုက်ဆံပျောက်သွားလို့ တစ်ယောက်ယောက်က ကောက်ရပြီး ပြန်လာပေးရင် ရှင်လည်း ပျော်မှာပဲ မဟုတ်လား"
လီရှောင်းသည် ကျန်းရို၏ စကားကို နားထောင်ရင်း နှုတ်ခမ်းထောင့်မှ အပြုံးက ပို၍နက်ရှိုင်းလာကာ နောက်ဆုံးတွင် မေးခွန်းထုတ်လိုက်လေသည်။
"မင်း ကိုယ်ဝန်ဆောင်ရင်းနဲ့ ဦးနှောက်ပါ ပျက်သွားတာလား"
"......"
ကျန်းရိုက ပါးစပ်ဟပြီး သူ့ကို နားချရန် ကြိုးစားနေသေးသည်ကို မြင်သောအခါ ထိုအမျိုးသား၏ မျက်နှာထားက စိတ်မရှည်သလို ဖြစ်လာတော့သည်။
သူက အေးစက်စက် ပြုံးလျက် ပြောလိုက်၏။
"ဒီပိုက်ဆံက ဘာလို့ ငါရှာထားတာ မဟုတ်ရမှာလဲ။ ဒါ ငါ့အရည်အချင်းနဲ့ ငါရှာထားတာ။ ဘာကိစ္စ ပြန်ပေးရမှာလဲ။ ငါက သူတို့ကို လိမ်ထားတာလည်း မဟုတ်ဘူး။
ငါသာ ပိုက်ဆံပျောက်သွားရင် ကံဆိုးတယ်လို့ပဲ မှတ်လိုက်မှာ"
ကျန်းရိုသည် သူ၏ ခေါင်းမာပြီး ပြောမရဆိုမရ ပုံစံကို ကြည့်ရင်း ဒေါသထွက်ကာ အောင့်အီးမထားနိုင်တော့ဘဲ ပြောလိုက်လေသည်။
"ကျွန်မ မသိဘူး။ ရှင် ဒီပိုက်ဆံကို ပြန်သွားပေး။ ဒီပိုက်ဆံကို ကျွန်မ သုံးမှာမဟုတ်ဘူး။ ရှင်လည်း သုံးခွင့်မရှိဘူး"
"မင်းက ငါ့ကို လာထိန်းချုပ်နေတာလား"
လီရှောင်း၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားပြီး နက်မှောင်သော မျက်ဝန်းများဖြင့် ကျန်းရိုကို စူးစိုက်ကြည့်လိုက်သည်။
သူ့ပုံစံကို မြင်လိုက်ရသောအခါ ကျန်းရို ရင်ထဲ ထိတ်ခနဲ ဖြစ်သွားပြီး သူသည် စိတ်သဘောထား နူးညံ့သူ မဟုတ်ကြောင်း မေ့လုနီးပါး ဖြစ်သွား၏။
သူမ နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သော်လည်း အရှုံးမပေးခဲ့ပေ။ ဤကဲ့သို့သော မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်မျိုးတွင် သူမ ခေါင်းငုံ့ခံမည် မဟုတ်ပါ။
သူမ ခေါင်းမာမာဖြင့် သူ့ကို ပြန်ကြည့်လိုက်သော်လည်း လေသံကိုတော့ အနည်းငယ် လျှော့လိုက်လေသည်။
"ကျွန်မ ရှင့်ကို ထိန်းချုပ်နေတာ မဟုတ်ပါဘူး။ ရှင် အမှားတွေ မလုပ်မိစေချင်လို့ပါ။ ဒီပိုက်ဆံက ကျွန်မတို့ဟာ မဟုတ်တော့ တကယ် မယူသင့်ဘူးလေ။ လူပဲ... အောက်ဆုံး စည်းတစ်ခုတော့ ရှိသင့်တာပေါ့..."
စကားမဆုံးခင်မှာပင် ထိုအမျိုးသားက လှောင်ပြုံး ပြုံးလိုက်လေသည်။
"စည်း ဟုတ်လား။ မင်းက ငါ့ကို စည်းအကြောင်း လာပြောနေတာလား။ အစတုန်းက လူမှား အိပ်မိပြီး ငါ့ကို အသေကပ်ထားတာ ဘယ်သူလဲ"
ကျန်းရို အသံတိတ်သွားလေသည်။ သူမသည် လှောင်ပြုံး ပြုံးနေသော ထိုအမျိုးသား၏ မျက်နှာကို ကြည့်လိုက်၏။ မျက်နှာက ပြုံးနေသော်လည်း မျက်လုံးများက အေးစက်နေကာ သူမကို စိုက်ကြည့်နေသည့် အကြည့်များက စိမ်းသက်နေလေသည်။
သူ နောက်နေတာလား၊ တကယ်ပြောနေတာလားဆိုတာ သူမ ရုတ်တရက် ဝေခွဲမရဖြစ်သွားသည်။ သူ့စိတ်ထဲမှာ တကယ်ပဲ ဒီလို တွေးနေတာ ဖြစ်လောက်၏။
အစတုန်းက အကြံအစည် ခံလိုက်ရသူမှာ သူဖြစ်သည့်အတွက် သူ့စိတ်ထဲ နာကြည်းနေသည်မှာလည်း ဖြစ်သင့်ပါသည်။
ဒါပေမဲ့ ကျန်းရိုကျတော့ရော တရားမျှတရဲ့လား။
သူမသည် ဤနေရာသို့ မည်သို့မည်ပုံ ရောက်ရှိလာမှန်းမသိဘဲ ကူးပြောင်းရောက်ရှိလာကာ ရည်းစားပင် မထားဖူးဘဲ ကိုယ်ဝန်သည် ဖြစ်လာခဲ့ရသည်။ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်း ချန်ထားခဲ့သော မဆီမဆိုင် အကြွေးများကိုလည်း ဆပ်နေရသေး၏။
ယခု သူက ဤစကားများဖြင့် သူမကို စော်ကားလိုက်သောအခါ သူမ ပြန်ပင် မချေပနိုင်တော့ချေ။
ကျန်းရိုသည် သူ့အကြည့်ကြောင့် စိတ်နာသွားရသည်။
သူမ နှုတ်ဆိတ်သွား၏။
နှစ်ယောက်သား ခေတ္တမျှ ကြည့်နေကြပြီး ဘယ်သူမှ အလျှော့မပေးကြပေ။
နောက်ဆုံးတွင် ကျန်းရိုက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် ပြောလိုက်လေသည်။
"ကောင်းပြီလေ... ရှင် ဖြစ်ချင်သလိုသာ လုပ်တော့။ ဘာပဲဖြစ်ဖြစ် အားလုံးက ကျွန်မအမှားတွေပါ။ ကျွန်မ ရှင့်ကို တွယ်ကပ်ထားမိတာ ကျွန်မအမှားပါ။ စိတ်ချပါ... နောက်ဆို ဖြစ်တော့မှာ မဟုတ်ပါဘူး"
ပြောပြီးသည်နှင့် သူ့ကို တစ်ချက်ကလေးမှ လှည့်မကြည့်တော့ဘဲ ကုတင်ပေါ်မှဆင်းကာ အပြင်သို့ ထွက်သွားလေသည်။ ခဏကြာတော့ မျက်နှာတည်တည်ဖြင့် အပြင်မှ မြွေရေခွံအိတ်တစ်လုံး ယူလာပြီး ဗီရိုထဲရှိ အသစ်ဝယ်ထားသော ပစ္စည်းများကို အိတ်ထဲသို့ အကုန် ထိုးထည့်လိုက်၏။
လီရှောင်းသည် ကုတင်ပေါ်မှ ထထိုင်ကာ သူမကို ကြည့်လိုက်သည်။ သူမက သူ့ကို မျက်နှာချင်း မဆိုင်ဘဲ ပစ္စည်းများသိမ်းကာ ထွက်သွားတော့မည့်ပုံ ပေါက်နေသဖြင့် စိတ်ဆိုးသွားမှန်း သိလိုက်သော်လည်း သူက အလျှော့မပေးချင်ပေ။ သူက ဘယ်တုန်းကမှ ဘယ်သူ့ကိုမှ ခေါင်းငုံ့မခံခဲ့ဖူးသူ ဖြစ်သည်။
ပြီးတော့ ဘာလဲ... သူကပဲ ပြောခွင့်ရှိပြီး ငါက ပြောခွင့်မရှိဘူးလား။
သူ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှမပြောသော်လည်း မျက်နှာထားက တဖြည်းဖြည်း မည်းမှောင်လာလေသည်။
အခန်းထဲမှ လေထုက ရုတ်ချည်း လေးလံသွား၏။
နောက်ဆုံးတွင် ကျန်းရိုသည် စုဆောင်းငွေများ ထည့်ထားသော ခြေအိတ်ကို ထုတ်လိုက်ပြီး ထိုအထဲမှ ပိုက်ဆံ ငါးရာကို ယူကာ စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် တည်ငြိမ်သော အသံဖြင့် ပြောလိုက်၏။
"ဒါက နှစ်ဝက်စာ စားစရိတ်ပါ။ ရှင် ပြန်ယူလိုက်"
သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ မြွေရေခွံအိတ်ကို ဆွဲကာ လှည့်ထွက်သွားပြီး တံခါးကိုပါ ဆွဲပိတ်သွားလေသည်။
သူမက တမင် ရည်ရွယ်ခြင်းမရှိသော်လည်း အားပါသွားသဖြင့် တံခါးမှာ "ဒုန်း" ခနဲ အသံအကျယ်ကြီးမြည်လျက် ပိတ်သွား၏။
ကျန်းရို၏ခြေလှမ်းများ တစ်ချက် တုံ့သွားသော်လည်း ဂရုမစိုက်တော့ဘဲ အပြင်သို့ ဆက်ထွက်သွားလေသည်။
အခန်းထဲရှိ လီရှောင်းသည် သူမ ပိုက်ဆံထုတ်ပေးလိုက်သည့် အခိုက်အတန့်တွင် မျက်နှာ မည်းမှောင်သွား၏။ တွေဝေခြင်းမရှိဘဲ ထွက်ခွာသွားပြီး တံခါးကိုပါ ဒေါသတကြီး ဆောင့်ပိတ်သွားသည်ကို မြင်လိုက်ရသောအခါ သူ၏ မျက်နှာထားမှာ အလွန်အမင်း ဆိုးရွားသွားပြီး ဘေးတွင် ချထားသော လက်သီးနှစ်ဖက်ကို တင်းတင်း ဆုပ်ထားလိုက်မိသည်။
သူ့ရှေ့တွင် ဒီလောက်ထိ ဘုကလန့်တိုက်ရဲသူဆိုလို့ ဒါ ပထမဆုံးအကြိမ်ပင်။
အိမ်ရှေ့ခြံဝင်းတံခါး ဖွင့်သံ ပိတ်သံကို ကြားလိုက်ရသောအခါ ထိုအမျိုးသား၏ ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်လာပြီး နောက်ဆုံးတွင် အံကြိတ်ကာ ဆဲလိုက်မိသည်။
"-ီးပဲ"
သူသည် စောင်ကို ကြမ်းတမ်းစွာ ဖယ်ရှားပြီး ကုတင်ပေါ်မှ ဆင်းလိုက်သည်။ တံခါးသွားဖွင့်သည့်အခါ တံခါးက ပွင့်မလာပေ။
မျက်မှောင်ကြုတ်လျက် တံခါးလက်ကိုင်ဘုလုံးကို လှည့်ကြည့်လိုက်သော်လည်း တုပ်တုပ်မျှ မလှုပ်ပေ။ စောစောက ဆောင့်ပိတ်လိုက်မှုကြောင့် အရှိန်ပြင်းကာ တံခါးမှာ နံရံဘက်သို့ ကျွံဝင်သွားပြီး သော့လည်း ပျက်သွားပုံရသည်။
"......"
လီရှောင်း တံခါးကို တစ်ချက် ကန်လိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်၏။
နောက်တစ်ကြိမ် လက်မြှောက်ကာ တံခါးကို ဖွင့်ရန် ကြိုးစားလိုက်သည်။ ဒီတစ်ခါတော့ အားသုံးပြီး တံခါးသော့ကို လိမ်ချိုးပစ်လိုက်လေသည်။
တံခါးတွင် အပေါက်ကြီးတစ်ပေါက် ဖြစ်သွားသော်လည်း သူ ဂရုမစိုက်တော့ဘဲ မည်းမှောင်နေသော မျက်နှာထားဖြင့် အပြင်သို့ ထွက်လာခဲ့သည်။
အိမ်ကြီးတံခါးမကို ဖွင့်ရန် ပြင်လိုက်စဉ် ခြံဝင်းအပြင်ဘက်မှ တံခါးတွန်းဖွင့်သံကို ကြားလိုက်ရသဖြင့် လက်ကို ရပ်တန့်လိုက်မိသည်။ တစ်စုံတစ်ယောက် နောင်တရပြီး ပြန်လာသည်ဟု ထင်လိုက်သဖြင့် မျက်နှာထား အနည်းငယ် လျော့ကျသွား၏။
သူ တံခါးကို ဆွဲဖွင့်လိုက်ပြီး လှောင်ပြောင်သည့် စကားအချို့ပြောရန် ပြင်လိုက်သော်လည်း တံခါးတွန်းဖွင့်ပြီး ဝင်လာသူမှာ အဒေါ်ဝမ် ဖြစ်နေသည်ကို မြင်လိုက်ရသည်။
အဒေါ်ဝမ်က တံခါးကို တစ်ချက် ထူးဆန်းသလို ကြည့်လိုက်၏။ သူမက တံခါးခေါက်ရန် ပြင်နေသော်လည်း ထိလိုက်ရုံဖြင့် တံခါးပွင့်သွားသဖြင့် မနေ့ညက ကျန်းရို မေ့ပြီး တံခါးမပိတ်ခဲ့ဟု ထင်သွားလေသည်။
လှုပ်ရှားသံကြားသဖြင့် မော့ကြည့်လိုက်ပြီး ကျန်းရိုကို သတိပေးရန် ပြင်လိုက်သော်လည်း တံခါးဝတွင် ရပ်နေသော မျက်နှာမည်းမည်းနှင့် အမျိုးသားကို တွေ့လိုက်ရ၏။
လီရှောင်း ကြီးပြင်းလာပြီးနောက်ပိုင်း သူမနှင့် မျက်နှာချင်းဆိုင် တွေ့ရခဲသည်။ အဝေးကသာ လှမ်းမြင်ရသည်က များ၏။ ဒီကလေးက ရုပ်ရည်သန့်ပြန့်သော်လည်း အလွန် ကြမ်းတမ်းပြီး စိတ်ကြီးသည်။ လူမိုက်များနှင့် အပေါင်းအသင်းလုပ်လေ့ရှိသဖြင့် သူမ တွေ့လျှင်တောင် ရှောင်သွားလေ့ရှိသည်။ ထို့ကြောင့် သူ့မျက်နှာ မည်းမှောင်နေသည်ကို သတိမထားမိဘဲ ပုံမှန် မျက်နှာထားဟုသာ ထင်လိုက်မိ၏။
လူကိုမြင်တော့ သူမက ပြုံးပြုံးရွှင်ရွှင်ပင် နှုတ်ဆက်လိုက်သည်။
"ရှောင်လီ ပြန်ရောက်ပြီလား။ ဒီတစ်ခေါက် အပြင်ထွက်တာ ပိုက်ဆံ တော်တော်ရလာတယ် မဟုတ်လား"
သူမလက်ထဲတွင် ဝက်အူချောင်းအပြင် လတ်ဆတ်သော အသားနှစ်ကျင်းနှင့် ဝက်လျှာတစ်ချောင်းပါလာ၏။ မနေ့က သူမ၏ မကောင်းသော စိတ်ကူးလေးအတွက် ပြန်ချော့သိပ်သည့် သဘောဖြစ်သည်။
သူမက အားနာမနေဘဲ အိမ်ဝင်းထဲသို့ ဝင်လာခဲ့သည်။ မျက်လုံးက လီရှောင်း၏ နောက်ကျောဘက်သို့ ဝေ့ဝဲကြည့်လိုက်ပြီး လူမတွေ့သဖြင့် အသံနှိမ့်ကာ မေးလိုက်၏။
"ရှောင်ရိုရော... မထသေးဘူးလား။ ဒါဆိုလည်း ဆက်အိပ်ပါစေလေ။ အဒေါ် အသားနှစ်ကျင်း ယူလာတယ်။ မင်းတို့လင်မယား အားရှိအောင် ချက်စားကြ"
"ဒီမနက် မင်း ရှိနေတာ ကောင်းသားပဲ။ မင်းအမေက မဟုတ်မဟပ်တွေနဲ့ ရှောင်ရိုကို လာစွပ်စွဲနေတာမျိုး သက်သာတာပေါ့။ ဒီကလေးမလေးခမျာ သနားပါတယ်"
ပြောရင်းဆိုရင်း သူမသည် သစ်သားဇလုံနှင့် ချိန်ခွင်ကိုကိုင်ကာ အိမ်ထဲသို့ ဝင်သွားလေသည်။ ဒီတစ်ခေါက် အပြင်ထွက်ရတာ အဆင်ပြေရဲ့လား ဟုလည်း မေးလိုက်သေး၏။
ရင်းနှီးနေပုံမှာ ကိုယ့်အိမ်ကိုယ့်ယာက လူကြီးတစ်ယောက်လိုပင်။
လီရှောင်း မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။ အဒေါ်ဝမ်၏မျက်နှာတွင် ဤမျှ ရင်းနှီးသော အမူအရာမျိုး တစ်ခါမှ မမြင်ဖူးသဖြင့် ထူးဆန်းနေမိ၏။
သူ အိမ်က ထွက်သွားတဲ့ အချိန်အတောအတွင်း ဘာတွေဖြစ်ပျက်ခဲ့မှန်း သူ မသိပေ။
သူ ပွင့်နေသော တံခါးမကြီးကို ကြည့်လိုက်ပြီး နှုတ်ခမ်းကို စေ့ထားလိုက်သည်။ ကျန်းရိုနှင့် ရန်ဖြစ်ထားသည့် ကိစ္စကို ထုတ်မပြောတော့ချေ။
သို့သော် မျက်မှောင်ကြုတ်ကာ မေးလိုက်မိသည်။
"ကျွန်တော့်အမေ လာသွားတာလား"
အဒေါ်ဝမ်က ထိုစကားကို ကြားသောအခါ လှည့်ကြည့်လိုက်သည်။ မနေ့က ကျန်းရိုပြောလိုက်သော စကားများက သူမ၏ မိခင်စိတ်ကို ထိရှသွားစေသဖြင့် ယခုအခါ လီရှောင်းကို ကြောက်သည်ထက် သနားစိတ်က ပိုနေမိသည်။ ဒီကလေးက သနားစရာကောင်းပြီး မိသားစုက ဒုက္ခပေးနေသည်ဟု သူမ ထင်မြင်မိ၏။
ထို့ကြောင့် သူ အထင်လွဲသွားမည်စိုးသဖြင့် မနေ့က ဖြစ်ပျက်ခဲ့သမျှကို အစအဆုံး ပြန်ပြောပြလိုက်သည်။ ပြီးနောက် ဖြည့်စွက် ပြောလိုက်သေး၏။
"အဒေါ်နဲ့ ရှောင်ရိုနဲ့ ဈေးရောင်းတာက စာရင်းဇယား အတိအကျနဲ့ လုပ်တာပါ။ ဘယ်သူမှ မနစ်နာစေရဘူး။ မင်းအမေက ဘယ်သူ့ဆီက ကြားလာလဲ မသိပါဘူး။ ရောက်လာတာနဲ့ ရမ်းကိုက်တော့တာပဲ။ ရှောင်ရိုခမျာ ဗိုက်ကြီးတစ်လုံးနဲ့ တံခါးဝမှာ ရပ်ပြီး ရှင်းပြနေရတာ အဒေါ် မြင်ရတာတောင် စိတ်မကောင်းဘူး"
"ရှောင်လီရေ... ရှောင်ရိုက မင်းအပေါ် တကယ် ကောင်းတာ။ အဒေါ်က အပြင်လူဆိုတော့ အများကြီး ဝင်မပြောကောင်းပါဘူး။ ဒါပေမဲ့ ရှောင်ရို ဒီလို စီစဉ်တာကလည်း မမှားပါဘူး။ မင်းတို့နှစ်ယောက်က အိမ်ထောင်ခွဲထွက်ပြီးပြီပဲ။ ဗိုက်ထဲမှာလည်း ကလေးရှိနေပြီဆိုတော့ ကိုယ့်အတွက်၊ ကလေးအတွက် ထည့်စဉ်းစားရတော့မှာပေါ့။ မင်းအမေရဲ့ စိတ်က ဟိုဘက်အိမ်ကိုပဲ ပုံထားတာလေ။ အဒေါ်က ဈေးရောင်းနေကျဆိုတော့ သိတာပေါ့။ ဟိုဘက်အိမ်မှာ အသားဟင်းကို မပြတ်ဘူး။ ရှောင်ရိုခမျာ ပိုက်ဆံရှာနိုင်တာတောင် အဲဒီလို ကောင်းကောင်းမွန်မွန် မစားရက်ဘူး။ မင်းအနေနဲ့ မိန်းမကို အဲဒီလို အဖြစ်မခံသင့်ဘူး"
အဒေါ်ဝမ်သည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး အိုးထဲရှိ ပေါင်းထားသော ဝက်အူချောင်းများကို ဆယ်ကာ ရေစစ်လိုက်သည်။ ထို့နောက် ဇလုံထဲရှိ လျှော်ဖွပ်ထားသော အဖြူရောင် ဝါဂွမ်းစပေါ်တွင်တင်ကာ ချိန်ခွင်ဖြင့် ချိန်လိုက်၏။
လက်က အလုပ်လုပ်နေရင်း ပါးစပ်ကလည်း လီရှောင်းကို ပြောမနားပေ။ ပြီးခဲ့သည့်ရက်ပိုင်းက သူမ ကြားခဲ့ရသည့် ကျန်းရိုနှင့် အတန်းဖော် ပြောစကားများကိုပါ ပြန်ဖောက်သည်ချလိုက်သေးသည်။ ထိုစကားများထဲတွင် ကျန်းရိုက လီရှောင်းဘက်မှ အမြဲ ကာကွယ်ပြောဆိုခဲ့သည်ချည်း ဖြစ်သည်။
အဒေါ်ဝမ်က လောကအကြောင်း နောကျေနေပြီဖြစ်ရာ ယောကျ်ားတွေ ဘယ်လောက် စိတ်မချရလဲဆိုတာ သိသည်။ အရင်တုန်းက သူမယောကျ်ားဆိုလျှင် အမေပြောသမျှ ခေါင်းငုံ့ခံခဲ့သူ ဖြစ်သည်။ လီရှောင်းကိုလည်း ထိုကဲ့သို့ ဖြစ်မည်စိုးရိမ်မိ၏။ ကျန်းရိုနှင့် ဆက်ဆံရသည့် အချိန်အတောအတွင်း ဒီကလေးမလေးက တကယ်ကို လူကောင်းလေးဖြစ်သည်ဟု ခံစားမိသဖြင့် မနေနိုင်ဘဲ ပိုပြောမိလိုက်ခြင်း ဖြစ်သည်။
လီရှောင်းသည် နေရာတွင် ကြောင်အမ်းအမ်း ရပ်နေမိပြီး ထိုစကားများကို ကြားရသောအခါ ဘာမှ ပြန်မပြောနိုင်ဘဲ ဖြစ်နေလေသည်။
အူချောင်း အချိန် ၂၀ ကျော်သည် ပေါင်းပြီးသောအခါ အနည်းငယ် အလေးချိန် လျော့သွားတတ်သည်။ အဒေါ်ဝမ်က ချိန်ခွင်အလေးတုံးကို ရွှေ့လိုက်ပြီး ရလာသည့် အလေးချိန်ကို လီရှောင်းအား ပြလိုက်သည်။
"၁၈.၃ ကျင်း ရှိတယ်။ မှတ်ထားလိုက်ဦး။ အဒေါ်တို့က ၁ ကျင်းကို ၅ ယွမ် နှုန်းနဲ့ တွက်တာ။ လဝက်တစ်ခါ ရှင်းမယ်"
လီရှောင်းသည် ချိန်ခွင်ကို မကြည့်ဘဲ အက်ကွဲသောအသံဖြင့် မေးလိုက်သည်။
"သူ တကယ်ပဲ အဲဒီလိုပြောခဲ့တာလား"
အဒေါ်ဝမ်က သူ မယုံဘူးထင်ပြီး မျက်စောင်းထိုးကာ ပြောလိုက်၏။
"အဒေါ်က မင်းကို လိမ်ပြောစရာလား။ မယုံရင် ကိုယ့်ဘာသာ ကြည့်လေ။ အိမ်ထဲအိမ်ပြင် သန့်ရှင်းသပ်ရပ်နေတာပဲ။ ပိုက်ဆံလည်း ရှာတတ်သေးတယ်။ ဒီလောက်ကောင်းတဲ့ မိန်းမမျိုး ဘယ်မှာ သွားရှာမလဲ။ မင်းက မိုက်မိုက်ကန်းကန်းနဲ့ သူ့ကို အနိုင်မကျင့်နဲ့ဦး။ တစ်နေ့ကျလို့ သူများနောက် ပါသွားမှ ဒုက္ခလှလှတွေ့နေမယ်"
သူမက ပါးစပ်ထဲရှိရာ ပြောလိုက်ခြင်း ဖြစ်သော်လည်း လီရှောင်း ကြားလိုက်ရသောအခါ မျက်နှာ အရောင် ပြောင်းသွားလေသည်။
အဒေါ်ဝမ် ဘာမှ ဆက်မပြောနိုင်ခင်မှာပင် "ကျွန်တော် အပြင်သွားစရာရှိသေးလို့။ အဒေါ် ပြန်ရင် တံခါးစေ့သွားပေးပါ" ဟု ပြောပြီး လှည့်ပြေးထွက်သွားတော့သည်။
"ဟေ့..."
မြန်လွန်းသဖြင့် အဒေါ်ဝမ်ပင် ကြောင်သွားလေသည်။ "ဒီကလေးကတော့..."
အပြင်ဘက်တွင် မိုးလင်းစ ပြုနေပြီ။ လီရှောင်း အိမ်ပေါက်ဝမှ ပြေးထွက်လာသည်နှင့် အိမ်နီးနားချင်း အချို့နှင့်တိုးကာ လှမ်းဆွဲထားခြင်း ခံလိုက်ရသည်။
အရင်တုန်းက သူ့ကို မသိချင်ယောင်ဆောင်ခဲ့ကြသော အိမ်နီးချင်းများက ယခု သူ့ကို မြင်သောအခါ ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်နေကြ၏။
"လီရှောင်း ပြန်ရောက်လာပြီလား"
"မနက်စာ စားပြီးပြီလား။ အဒေါ် အီကြာကွေး ဝယ်လာတယ်။ နည်းနည်းလောက် ယူသွားလေ"
"လီရှောင်း... မင်းမိန်းမ ဒီနေ့ အားလားဟင်။ ငါ့အမေကို ကောက်ညှင်းမုန့်လုပ်နည်းလေး သင်ပေးပါဦးလို့ ပြောပေးပါလား။ ကလေးတွေက စားချင်လို့ ပူဆာနေကြလို့ပါ"
"......" လီရှောင်းသည် သူ့ရှေ့မှ မြင်ကွင်းများကို ထူးဆန်းစွာ ကြည့်နေမိသည်။
သူ အပြင်ထွက်သွားတာ နှစ်လပဲ ရှိသေးသည်။ ဘာလို့ ပတ်ဝန်းကျင်က လူတွေအကုန် ပြောင်းလဲသွားရတာလဲ။
လူများကို ဖြေရှင်းပြီးနောက် သူ မြို့ပြင်ဘက်သို့ ထွက်လာခဲ့သည်။ သူမမှာ ဒီမြို့ထဲတွင် ဆွေမျိုးသားချင်း မရှိပေ။ သွားစရာ နေရာဆိုလို့ အိမ်ပြန်တာ တစ်ခုပဲရှိသည်။
သို့သော် လီရှောင်း မြို့ပြင်ထိ ရောက်အောင် ပြေးလာခဲ့သော်လည်း လူအရိပ်အယောင်မျှ မတွေ့ရပေ။ သူ စိတ်မချသဖြင့် ရှေ့ဆက်သွားကြည့်သော်လည်း လမ်းပေါ်တွင် တစ်ယောက်မှ မရှိတော့မှ သူမ အိမ်ပြန်သွားခြင်း မဟုတ်ကြောင်း သိလိုက်ရသည်။
စိတ်ပျက်လက်ပျက်ဖြင့် "ကျွတ်" ခနဲ စုပ်သပ်လိုက်မိသည်။ စဉ်းစားကြည့်ပြီးနောက် ကျိုးကျန့် အိမ်ဘက်သို့ ပြေးသွားလိုက်ပြန်သည်။
သူမက မြို့ထဲတွင် သိတဲ့လူ သိပ်မရှိ။ ဒီနှစ်လ သူ မရှိတုန်း ကျိုးကျန့်နှင့်တော့ ရင်းနှီးလောက်မည်။
ကျိုးကျန့်အိမ်သို့ ရောက်သောအခါ ကျိုးကျန့်က အိပ်ရာထကာစ၊ တံခါးဝတွင် ထိုင်ပြီး သွားတိုက်နေသည်ကို တွေ့ရ၏။
လူလာတာ မြင်တော့ ဝမ်းသာအားရ မနှုတ်ဆက်နိုင်ခင်မှာပင် လီရှောင်းပြောပြသည့် ကိစ္စကို ကြားလိုက်ရပြီး မျက်နှာ ပျက်သွားလေသည်။
"ရှောင်းကောရာ... ရှောင်းကော အစ်မရိုကို ဘယ်လိုလုပ် အဲဒီလို လုပ်ရက်တာလဲ။ အစ်မရိုက သိပ်ကောင်းတာ။ ရှောင်းကောကတော့... ခွေးချေးကံကောင်းလို့ ရထားတာကို တန်ဖိုးမထားဘူး။ ကျွန်တော်တို့ကို ဘယ်လိုဆက်ဆံဆက်ဆံ ကိစ္စမရှိပေမယ့် အစ်မရိုက မိန်းကလေးလေ... ချော့ရမှာပေါ့"
ကျူးချန်က မေ့ဇီအပေါ်ဆိုရင် လက်ဖဝါးပေါ် တင်ထားမတတ် ဆက်ဆံတာ။ မေ့ဇီရဲ့ ရုပ်ရည်က အစ်မရိုရဲ့ တစ်ဝက်တောင် မရှိဘူး။
လီရှောင်း စိတ်ထဲ အလွန် ရှုပ်ထွေးနေပြီဖြစ်သည်။ ကျန်းရို ဒီမှာမရှိမှန်း သိလိုက်သဖြင့် လှည့်ထွက်လာခဲ့၏။
"ရပြီ ရပြီ... ငါ့ဘာသာ ငါသိတယ်"
ကျိုးကျန့်က မြင်တာနဲ့ သွားမတိုက်တော့ဘဲ ပါးစပ်ကို ဖြစ်သလို ပလုတ်ကျင်းပြီး နောက်ကနေ လိုက်လာလေသည်။
တစ်လမ်းလုံး ပြေးလိုက်လာရင်း ပါးစပ်ကလည်း ပွစိပွစိ ရွတ်နေ၏။
"ရှောင်းကော... လူဆိုတာ ကိုယ်ချင်းစာတရား ရှိရတယ်ဗျ။ အစ်မရိုက တကယ် လူကောင်း။ ကျွန်တော့်အမေတောင် ပြောတယ်... သူက သဘောကောင်းတယ်တဲ့။ ရှောင်းကော သူ့ကို ယူရတာ ကံကောင်းလွန်းလို့တဲ့။ အဲဒီလို လူကောင်းကို ရှောင်းကောက စိတ်ဆိုးပြီး ထွက်ပြေးအောင် လုပ်တယ်ဆိုတော့... နည်းနည်းတော့ လွန်တာပေါ့"
လီရှောင်း နားငြီးလာသဖြင့် လှည့်ကြည့်ပြီး အေးစက်စက် စိုက်ကြည့်လိုက်သည်။
အရင်တုန်းကဆို လီရှောင်း ဒီလိုကြည့်ရင် ကျိုးကျန့် ကြောက်နေကျ ဖြစ်သော်လည်း ယခုအကြိမ်တွင်တော့ မကျေမနပ်ဖြင့် ပြန်ကြည့်လေသည်။
"ရှောင်းကော... ခင်ဗျားက ကျွန်တော့်ကို မျက်လုံးပြူးပြရဲသေးတယ်ပေါ့။ ရှင်းရှင်းလင်းလင်းကြီးကို ရှောင်းကော အမှားလေ။ အစ်မရို ထွက်ပြေးတာလည်း မပြောနဲ့။ ရှောင်းကောရဲ့ ဒီစိတ်ဓာတ်မျိုး ဘယ်သူက ခံနိုင်မှာလဲ"
လီရှောင်း ခြေလှမ်းရပ်တန့်လိုက်ပြီး မည်းမှောင်သော မျက်နှာထားဖြင့် သူ့ကို စိုက်ကြည့်လိုက်၏။
ကျိုးကျန့်က လည်ပင်းကို မော့ထားပြီး အရှုံးမပေးပေ။
"......"
"-ီးပဲကွာ"
လီရှောင်းက ကတုံးဆံပင်ကို တစ်ချက် သပ်လိုက်ပြီး တိုးတိုးလေး ဆဲလိုက်သည်။
"ငါ မှားသွားတယ်... ကျေနပ်ပြီလား"
ပြောပြီးသည်နှင့် လှည့်ထွက်သွားလေသည်။
ဒါဆိုမှ ကျိုးကျန့် ကျေနပ်သွားပြီး ပြန်လိုက်လာခဲ့၏။
"ဘယ်လို ရှာကြမလဲ"
လီရှောင်းက သူ့ကို မကြည့်ဘဲ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။
"လမ်းခွဲရှာမယ်။ မင်းက ကျောင်းဘက် သွားကြည့်။ ငါက နီးစပ်ရာတည်းခိုခန်းတွေကို သွားမေးကြည့်မယ်။ ခဏနေကျရင် မြောက်ဘက်လမ်းဆုံမှာ ပြန်တွေ့မယ်"
ပြောပြီးသည်နှင့် နောက်လှည့်မကြည့်ဘဲ ထွက်ခွာသွားလေသည်။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၁၅)
လီရှောင်းသည် အနီးအနားရှိ တည်းခိုခန်းများအားလုံးကို ပတ်ရှာခဲ့သည်။ သူသည် ငယ်စဉ်ကတည်းက မြို့ထဲတွင် သောင်းကျန်းလာသူဖြစ်သဖြင့် ဘယ်နေရာမှာ ဘာရှိမှန်းကို အကုန်သိသည်။ နောက်ဆုံး ချောင်ကျိုချောင်ကြားမှ တည်းခိုခန်း အသေးစားလေးများအထိ သူ သိနေ၏။
လီရှောင်းသည် အနီးဆုံး တည်းခိုခန်းများမှ စ၍ တစ်ခုပြီးတစ်ခု လိုက်ရှာသည်။ အထူးသဖြင့် ဈေးသက်သာသော တည်းခိုခန်းများကို ပိုအာရုံစိုက်ရှာ၏။
ကျန်းရိုက ပိုက်ဆံချွေတာတတ်သူမို့ ဈေးကြီးပေးရသည့် နေရာမျိုးတွင် တည်းခိုမည် မဟုတ်ဟု တွေးမိသောကြောင့်ဖြစ်သည်။
မြို့က ဖွံ့ဖြိုးမှု နှေးကွေးသော်လည်း ဧရိယာကတော့ မသေးလှပေ။ လမ်းအချို့ လျှောက်ပြီးသည်နှင့် သူ အတော်လေး မောပန်းလာ၏။
သို့သော် လူကိုတော့ ရှာမတွေ့သေးပေ။
လီရှောင်း ရှာလေ ပိုလန့်လေ ဖြစ်လာသည်။ မြောက်ဘက်လမ်းဆုံသို့ ရောက်သောအခါ ကျိုးကျန့်က ကြိုရောက်နှင့်ပြီး စောင့်နေသည်ကို တွေ့ရ၏။ သူသည် လီရှောင်းကို မြင်သောအခါ စိတ်ပူနေသော အမူအရာဖြင့် ခေါင်းခါပြလိုက်သည်။
"ကျောင်းမှာ မရှိဘူး။ ဂိတ်စောင့်အဘိုးကြီးကလည်း လူဝင်သွားတာ မမြင်ဘူးတဲ့။ နောက်ပေါက်ဘက် သွားကြည့်တော့လည်း သံတံခါးကြီးက သော့ခတ်ထားတယ်"
လီရှောင်း ရင်ထဲ ထိတ်ခနဲဖြစ်သွားပြီး မျက်နှာထားက တည်တင်းသွားလေသည်။
ကျိုးကျန့်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
"အစ်မရို လမ်းမှာများ တစ်ခုခု..."
စကားမဆုံးသေးခင်မှာပင် လီရှောင်း မျက်နှာထားက ရုတ်ချည်း မည်းမှောင်သွားပြီး အေးစက်စက် အကြည့်ဖြင့် သူ့ကို လှမ်းကြည့်လိုက်၏။
ကျိုးကျန့် လန့်သွားပြီး ချက်ချင်း ပါးစပ်ပိတ်လိုက်ရသည်။
လီရှောင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ပြောလိုက်သည်။
"နေရောင်ခြည် တည်းခိုခန်းဘက် အရင်သွားကြည့်မယ်။ အဲဒီမှာမှမရှိရင် မင်း တခြားကောင်တွေကိုပါခေါ်ပြီး ဝိုင်းရှာခိုင်းလိုက်"
ထိုစကားကို ပြောနေစဉ် သူ့အသံမှာ သိသိသာသာ တုန်ယင်နေပြီး စိတ်ထဲတွင်လည်း အဆိုးဆုံး အခြေအနေအတွက် ပြင်ဆင်ထားလိုက်သည်။
သူ့ခေါင်းထဲတွင် ချင်ဝမ်ကောကို ပြေးမြင်လိုက်မိ၏။ ဒီမြို့နယ်ထဲတွင် သူ့ကို ရန်စရဲသူဆိုလို့ ချင်ဝမ်ကော တစ်ယောက်ပဲရှိသည်။ သူနှင့် ချင်မျိုးရိုးတို့က ဗြောင်ကျကျ ရန်သူတွေ ဖြစ်သွားကြပြီ။ ပုံမှန်ဆိုရင်တော့ တစ်ဖက်လူက ဒီလောက်ထိ လုပ်ရဲမည် မဟုတ်သော်လည်း မတော်တဆ ဖြစ်လာနိုင်သည်ကို စိုးရိမ်မိသည်။
ထိုသို့ တွေးမိသည်နှင့် ခြေလှမ်းများက ပိုမြန်လာ၏။
ကျိုးကျန့်လည်း နောက်မှလိုက်ရင်း နေရောင်ခြည်တည်းခိုခန်းတွင် ရှိလောက်မည်ဟု မျှော်လင့်ချက် သိပ်မထားမိပေ။
နေရောင်ခြည်တည်းခိုခန်းက လီမိသားစုအိမ်နှင့် အတော်ဝေးပြီး မြောက်ဘက်လမ်း၏ နောက်ကျောဘက်တွင် ရှိသည်။ အစ်မရို တကယ် တည်းခိုချင်သည်ဆိုလျှင်တောင် ဘာကိစ္စ ဒီလောက်ဝေးတဲ့ နေရာထိ လာပါ့မလဲ။ ပြီးတော့ နေရောင်ခြည် တည်းခိုခန်းက ဈေးလည်း အရမ်းကြီးသည်။ တစ်ညတည်းခိုခ ယွမ် ၂၀၊ ၃၀ လောက် ပေးရ၏။ မြို့နယ်ထဲတွင် တစ်ခုတည်းသော ကြယ်သုံးပွင့်အဆင့် တည်းခိုခန်းဖြစ်ပြီး အစိုးရက ရင်းနှီးမြှုပ်နှံသူများကို ဆွဲဆောင်ရန်နှင့် ဧည့်ခံရန် ရည်ရွယ်ဆောက်လုပ်ထားခြင်း ဖြစ်သည်။
ပုံမှန်လူတန်းစားဆိုလျှင် တည်းခိုနိုင်မည် မဟုတ်ပေ။
နှစ်ယောက်သား မြောက်ဘက်လမ်းသို့ လျှောက်လာခဲ့ကြသည်။ ဤနေရာသည် တောင်ဘက်လမ်းထက် ပို၍ တိတ်ဆိတ်ပြီး ပတ်ဝန်းကျင်အနေအထားလည်း ပိုကောင်းသည်။ လမ်းများက သန့်ရှင်းသပ်ရပ်သော ကွန်ကရစ်လမ်းများဖြစ်ပြီး လမ်းဘေးဝဲယာရှိ အဆောက်အအုံများကလည်း ထုံးဖြူသုတ်ထားသော တိုက်အိမ်လှလှလေးများ ဖြစ်သည်။
ပတ်ဝန်းကျင်တွင် စာအုပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်၊ အဝတ်အထည်ဆိုင်နှင့် စားသောက်ဆိုင်များလည်း ရှိလေသည်။
ကျိုးကျန့်က ကြည့်ရင်း အားကျလာပြီး ပြောလိုက်သည်။
"ဒီနားမှာ နေရတာ သိပ်ကောင်းမှာပဲ။ ဘာလိုချင်ချင် လမ်းနည်းနည်းလျှောက်လိုက်တာနဲ့ အကုန်ရတယ်"
သူက ဟိုကြည့်သည်ကြည့် လုပ်နေရင်း ရှေ့မှလူ ရုတ်တရက် ရပ်လိုက်သည်ကို သတိမထားမိဘဲ လီရှောင်း ကျောကုန်းကို ဝင်တိုက်မိသွားသည်။ ပခုံးကို ပွတ်ရင်း မေးလိုက်၏။
"ဘာဖြစ်လို့လဲ ရှောင်းကော"
မော့ကြည့်လိုက်သောအခါ လီရှောင်းက လမ်းတစ်ဖက်ခြမ်းကို မျက်တောင်မခတ် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။ ကျိုးကျန့် ဘာမှမစဉ်းစားဘဲ သူကြည့်ရာဘက်သို့ လိုက်ကြည့်လိုက်ရာ တစ်ဖက်လမ်းရှိ အဆင့်မြင့် စားသောက်ဆိုင်မှ ထွက်လာသော ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။
ထိုစားသောက်ဆိုင်ကို သူသိသည်။ ယခင်က နိုင်ငံပိုင် စားသောက်ဆိုင်ဖြစ်ခဲ့ဖူးပြီး မြို့နယ်အစိုးရရုံး အရှေ့ဘက်က နိုင်ငံပိုင်ဆိုင်လောက် မကြီးသော်လည်း အရောင်းအဝယ် ကောင်းသည်။ လူအများအပြား တကူးတက လာစားကြသည့် ဆိုင်ဖြစ်သည်။
ဒါပေမဲ့ ဘယ်သူကများ သူ့ကို ရှင်းပြပေးနိုင်မလဲ။ အစ်မရိုက ဘာလို့ ဒီမှာ ရောက်နေရတာလဲ။
ထိုအမျိုးသမီးက လက်တစ်ဖက်ဖြင့် ဗိုက်ကို ပိုက်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကိတ်မုန့်ဘူး ဆွဲကာ အေးအေးလူလူ လမ်းလျှောက်နေသည်။
သူမပုံစံကို ကြည့်ရသည်မှာ အိမ်ကနေ စိတ်ဆိုးပြီး ဆင်းပြေးလာသူနှင့် လုံးဝ မတူပေ။
ကျိုးကျန့်၏အမြင်တွင် အိမ်နီးနားချင်း လင်မယားတွေရန်ဖြစ်ပြီး မိန်းမလုပ်သူက ပစ္စည်းသိမ်းကာ အိမ်ပြန်သွားလျှင် သနားစရာကောင်းလှသည်။ မျက်ရည်၊ နှပ်ချေးတွေနဲ့ ငိုယိုပြီး ပြန်သွားတာမျိုး၊ ဒါမှမဟုတ် အစားမဝင် အိပ်မပျော် ဖြစ်နေတာမျိုးတွေသာ တွေ့ဖူးသည်။
အစ်မရိုလို ဘာမှမဖြစ်သလိုပုံစံမျိုး တစ်ခါမှ မတွေ့ဖူးပေ။
သူသာ ကြောင်အမ်းအမ်း ဖြစ်သွားသည် မဟုတ်၊ ရှေ့တွင် ရပ်နေသော လီရှောင်းလည်း ကြောင်သွားလေသည်။ ပြီးမှ မျက်နှာတည်ကာ ပြောလိုက်၏။
"မင်း ပြန်တော့"
ထိုစကားတစ်ခွန်းတည်း ပြောခဲ့ပြီး လမ်းတစ်ဖက်သို့ လျှောက်သွားလေသည်။
.....
ကျိုးကျန့်က စိတ်မချသဖြင့် မပြန်သေးဘဲ နေရာတွင် ရပ်ကြည့်နေလိုက်သည်။ ရှောင်းကောက လမ်းဟိုဘက်ကူးသွားပြီး အစ်မရို၏ လက်ကို လှမ်းဆွဲလိုက်သည်ကို တွေ့ရ၏။ သို့သော် အစ်မရိုက လက်ကို ရိုက်ထုတ်လိုက်လေသည်။
အစ်မရိုက သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ဘဲ ခေါင်းလွှဲကာ ဆက်လျှောက်သွားသည်။
"......" တစ်ခုခုတော့ လွဲနေသလိုပဲ။
ဆက်ကြည့်လိုက်တော့ နှစ်ယောက်သား ဝေးရာသို့ ရောက်သွားပြီး လမ်းချိုးကွေ့တစ်ခုတွင် ပျောက်ကွယ်သွားကြသည်။
ဘာမှ မမြင်ရတော့သည့်အခါမှ ကျိုးကျန့် စိတ်မကောင်း ဖြစ်သွားရသည်။
......
အခြားတစ်ဖက်တွင်...
လီရှောင်းသည် ကျန်းရို၏ နောက်မှ လိုက်လာခဲ့သည်။ သူမ လမ်းလျှောက်တာ မြန်လွန်းသဖြင့် ဗိုက်ထဲက ကလေး ထိခိုက်မှာ စိုးရိမ်ကာ သူမလက်မောင်းကို လှမ်းဆွဲလိုက်မိသည်။ သို့သော် မထိလိုက်ရခင်မှာပင် ဖြတ်ရိုက်ခံလိုက်ရသဖြင့် "ဖြောင်း" ခနဲ အသံ မြည်သွား၏။
ထိုအမျိုးသမီးက သူ့ကို လှည့်ကြည့်ကာ မျက်စောင်းထိုးပြီး အေးစက်စက် ပြောလိုက်သည်။
"လာမထိနဲ့"
ထို့နောက် ဆက်လျှောက်သွားလေသည်။
"......"
လီရှောင်း ဒီလောက်ထိ အရှက်ကွဲခံရဖူးသည်မှာ ပထမဆုံးအကြိမ်ပင်။
မျက်နှာပူသွားသော်လည်း သူမ၏ ကျောပြင်ကို ကြည့်ရင်း သည်းခံလိုက်ရသည်။ မျက်နှာကို တစ်ချက်ပွတ်သပ်ပြီး နောက်မှ ဆက်လိုက်သွား၏။ ဒီတစ်ခါတော့ လှမ်းမဆွဲတော့ဘဲ အသံမာမာဖြင့် မေးလိုက်သည်။
"မင်း ဘယ်သွားမလို့လဲ။ ငါ မင်းကို ရှာနေတာ တစ်မနက်လုံး ရှိပြီ။ ဘာဖြစ်ဖြစ် အိမ်ပြန်ရောက်မှ ပြောကြတာပေါ့"
ထိုအမျိုးသမီးက ဘာမှ မကြားသလိုမျိုး ဆက်လျှောက်သွားလေသည်။
ဒေါသကြီးလိုက်တာ မပြောပါနဲ့တော့။
လီရှောင်း သူမ၏ အေးစက်သော မျက်နှာဘေးတိုက်လေးကို ကြည့်ရင်း စိတ်ထဲတွင် "-ီးပဲ" ဟု ဆဲလိုက်မိသည်။ အဒေါ်ဝမ်နဲ့ ကျိုးကျန့်က သူမ စိတ်သဘောထား ကောင်းတယ်လို့ ပြောကြတယ်။ ငါဖြင့် မမြင်မိပါဘူး။
ဒါပေမဲ့ သူ ဆက်လိုက်သွားလိုက်သည်။ စဉ်းစားကြည့်ပြီးနောက် နောက်ဆုံးတွင် အလျှော့ပေးလိုက်တော့သည်။
"ကောင်းပြီလေ... မင်းသဘောအတိုင်း ငါ လိုက်လျောပါ့မယ်။ အဲဒီပိုက်ဆံတွေကို ငါ သွားပြန်ပေးလိုက်မယ်။ ရပြီလား။ နောက်ဆို ငါတို့ပိုက်ဆံမဟုတ်ရင် ငါ တစ်ပြားမှ မယူတော့ဘူး"
ပြောပြီးသည်နှင့် ကျန်းရို၏ မျက်နှာကို အကဲခတ်လိုက်သော်လည်း သူမ မျက်နှာတွင် မည်သည့် ခံစားချက်မျှ မပေါ်ဘဲ မျက်တောင်ပင် မခတ်ပေ။
လီရှောင်း မျက်နှာပျက်စပြုလာကာ သူမ လက်မောင်းကို ဆွဲထားလိုက်ပြီး ဆက်မလျှောက်စေတော့ပေ။ လေသံကလည်း အေးစက်လာ၏။
"မင်း ဘာဖြစ်ချင်တာလဲ။ ပြောလေ"
ကျန်းရိုက လက်ကို နှစ်ချက်လောက် ရုန်းကြည့်သော်လည်း မရသဖြင့် သူ့ကို မော့ကြည့်လိုက်သည်။ သူက သူမထက် ခေါင်းတစ်လုံးစာလောက် ပိုရှည်သဖြင့် မျက်နှာကို ငုံ့ကြည့်နေ၏။ ပါးလွှာသော နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး နက်မှောင်သော မျက်ဝန်းများတွင် စိတ်မရှည်မှုနှင့် ဒေါသအရိပ်အယောင်များ ယှက်သန်းနေသည်။ တစ်စုံတစ်ခုကို အောင့်အီးသည်းခံနေပုံရ၏။
အရင်တုန်းကဆိုလျှင် သူ့ကို ကြည့်ပြီး ကျန်းရို ကြောက်မိမည် ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူမကိုယ်တိုင်လည်း ဒေါသထွက်နေသဖြင့် ဂရုမစိုက်နိုင်တော့ပေ။ နှစ်ယောက်သား ပြတ်စဲလုနီးပါး ဖြစ်နေပြီမို့ သူ စိတ်ဆိုးလည်း ဘာတတ်နိုင်မှာလဲ။ သူမကို ဘာလုပ်နိုင်မှာမို့လို့လဲ။
သူမက သူ့အကြည့်ကို ပြန်ရင်ဆိုင်ပြီး မတုန်မလှုပ် ပြောလိုက်သည်။
"ကျွန်မ ဘာမှ မဖြစ်ချင်ပါဘူး။ ကျွန်မတို့ အတူနေဖို့ မသင့်တော်ဘူးလို့ ထင်ရုံပါပဲ။ မနက်ကတည်းက ကျွန်မ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးပြီလေ။ နောက်ဆို ကျွန်မ ရှင့်ကို တွယ်ကပ်နေမှာ မဟုတ်တော့ဘူး။ ဒီနေ့ကစပြီး ကျွန်မတို့နှစ်ယောက် ဘာမှ မပတ်သက်တော့ဘူး။ ရှင် ဘာလုပ်ချင်ချင် ရှင့်သဘောပဲ။ ရှင် ကြိုက်သလိုသာ နေတော့"
လီရှောင်း ထိုစကားများကို ကြားသောအခါ မျက်နှာထား ပျက်ယွင်းသွားပြီး မည်းမှောင်သော မျက်နှာဖြင့် သူမကို စိုက်ကြည့်လိုက်သည်။
"မင်း နောက်တစ်ခေါက် ပြန်ပြောစမ်း။ ဘာမှ မပတ်သက်ဘူးဆိုတာ ဘာစကားလဲ။ မင်းဗိုက်ထဲက ကလေးက ငါ့ကလေးနော်"
ကျန်းရိုက ပုံမှန်အားဖြင့် စိတ်သဘောထားကောင်းသော်လည်း တကယ် စိတ်ဆိုးလာလျှင် တစ်မိသားစုလုံး ဘယ်သူမှ အသံကျယ်ကျယ် မထွက်ရဲကြပေ။
လီရှောင်းရှေ့တွင်ဆိုလျှင်ပင် သူမက ခေါင်းမာမာဖြင့် ပြန်တုံ့ပြန်ရဲသည်။ သူမက လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး ပြောလိုက်၏။
"အခု မဟုတ်တော့ဘူးလေ"
သူမ လက်ကို ဆက်ရုန်းနေသော်လည်း ထိုအမျိုးသား၏ လက်က သံချောင်းလို မာကျောနေသဖြင့် ရုန်း၍ မရပေ။ သူမ မော့ကြည့်ပြီး မျက်နှာသေဖြင့် ပြောလိုက်သည်။
"ဒီမယ်... ရှင် လွှတ်ပေး"
"......"
လီရှောင်း ဒါမျိုး တစ်ခါမှ မကြုံဖူးပေ။ ငယ်စဉ်ကတည်းက မိန်းမဆိုသည်မှာ သူ့အမေလို လူမျိုးလို့သာ မှတ်ယူထားသည်။ ငိုမယ်၊ အတင်းပြောမယ်... စိတ်ရှုပ်စရာကောင်းသည်ဟုသာ ထင်ခဲ့သည်။
ကျောင်းတက်သည့်အရွယ် ရောက်သောအခါ သူ မိန်းကလေးများနှင့် လုံးဝ မပတ်သက်ခဲ့။ စကားပင် မပြောခဲ့ပေ။ ယောကျ်ားလေး အချင်းချင်းကတော့ ရန်ဖြစ်လိုက်၊ ပြန်တည့်လိုက်နှင့် ကိစ္စမရှိ။ တစ်ခုခုပြောမိ၊ လုပ်မိလျှင်တောင် အပြင်ထွက်စားလိုက်တာနဲ့ အဆင်ပြေသွားကြသည်။
ထို့ကြောင့် ကျန်းရို ဘာကို စိတ်ဆိုးနေမှန်း သူ နားမလည်နိုင်။ ဘာလို့ ပြတ်စဲချင်ရတာလဲ။ သူ ပိုက်ဆံယူလိုက်မိလို့လား။
ဒါပေမဲ့ သူ ပိုက်ဆံ ပြန်ပေးမယ်လို့ ကတိပေးပြီးပြီပဲလေ။
လီရှောင်းသည် သူ့ကို မျက်နှာသေဖြင့်ကြည့်နေသော ထိုအမျိုးသမီးကိုကြည့်ရင်း ခေါင်းနပန်းကြီးလာ၏။ သူမသည် ဆူးတွေ အများကြီး ပေါက်နေသည့် ဖြူကောင်လေးလိုပင် စူးရှနေသည်။
မိန်းမဆိုတာ ချော့ရတယ်ဆိုသည့် ကျိုးကျန့်၏စကားကို ပြန်ကြားယောင်မိပြီး ဆဲချင်စိတ် ပေါက်လာသည်။ ဘယ်သူကများ မိန်းမကို ဘယ်လို ချော့ရမလဲဆိုတာ သိလို့လဲ။
သူ ဒီလောက်အသက်ကြီးလာတဲ့အထိ ဘယ်သူ့ကိုမှ မချော့ဖူးပေ။
ကျန်းရိုက ခေါင်းငုံ့ပြီး လက်ကို အတင်း ရုန်းနေသည်ကို ကြည့်ရင်း သူ နေရခက်လာသည်။ ထို့နောက် တောင့်တောင့်ကြီးဖြင့် လေသံလျှော့ကာ ပြောလိုက်၏။
"မင်း စိတ်မဆိုးပါနဲ့တော့..."
စကားမဆုံးသေးခင် ဘေးနားမှ လူတစ်ယောက် လျှောက်လာသည်ကို မျက်လုံးထောင့်မှ မြင်လိုက်ရသဖြင့် လီရှောင်း အလန့်တကြား ကျန်းရိုလက်ကို လွှတ်ပေးလိုက်ပြီး မတ်တတ်ရပ်ကာ ဘေးသို့ နှစ်လှမ်းလောက် ဆုတ်လိုက်မိသည်။
လက်သီးဆုပ်ပြီး ပါးစပ်နားတေ့ကာ ချောင်းဟန့်လိုက်ပြီး ခေါင်းကို တခြားဘက်သို့ လှည့်ကာ ရှုခင်း ကြည့်နေသလို ဟန်ဆောင်လိုက်၏။
ကျန်းရိုလည်း သူ ဘာပြောလိုက်မှန်း မကြားလိုက်ပေ။ ခြင်ညည်းသံလောက်သာရှိသဖြင့် သူ့ကို မျက်စောင်းထိုးပြီး လှည့်ထွက်သွားလိုက်သည်။
လမ်းသွားလမ်းလာ လွန်သွားသောအခါ လီရှောင်းက အဝေးရောက်နေပြီဖြစ်သော ကျန်းရိုကို လှမ်းကြည့်လိုက်ပြီး နှာခေါင်းကို ပွတ်သပ်ကာ အမြန် ပြေးလိုက်သွားလေသည်။
ကျန်းရိုသည် မြောက်ဘက်လမ်း နောက်ကျောရှိ နေရောင်ခြည်တည်းခိုခန်းသို့ တန်းသွားလိုက်သည်။ သူမ မြို့အကြောင်း သိပ်မသိသော်လည်း လက်ရှိတွင် အကောင်းဆုံး တည်းခိုခန်းမှာ ဤနေရာဖြစ်ကြောင်း သိထားသည်။ နောက်ထပ် ပိုကောင်းသော တည်းခိုခန်းတစ်ခု ဆောက်နေသော်လည်း မပြီးသေးပေ။ ဒီနှစ်လအတွင်း အပြင်ထွက်ရင်း လူတွေပြောနေကြသည်ကို ကြားခဲ့ရသည်။ အဲဒီ တည်းခိုခန်းအသစ်မှာ အလုပ်လျှောက်ချင်ကြသည်ဟု ပြောနေကြ၏။
ကျန်းရိုက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်မည့်သူ မဟုတ်။ လီမိသားစုအိမ်မှ ထွက်လာပြီးနောက် ဒီဘက်သို့ တန်းလာခဲ့သည်။ လမ်းတွင် မနက်စာအဖြစ် အီကြာကွေး နှစ်ချောင်း၊ အသားပေါက်စီ နှစ်လုံးနှင့် တို့ဖူးပျော့တစ်ပွဲ စားခဲ့သေးသည်။
အစားစားချင်စိတ် ရှိသေးသည်။
မနက်ခင်း တစ်ရေးအိပ်လိုက်ပြီး ၁၁ နာရီလောက်တွင် တည်းခိုခန်းမှထွက်ကာ နေ့လယ်စာ စားခဲ့သည်။ လမ်းကြုံ ကိတ်မုန့်တစ်ဘူးပါ ဝင်ယူခဲ့၏။ မနက်က လမ်းကြုံရင်း မှာခဲ့သော ကိတ်မုန့်ဖြစ်သည်။
စိတ်မကြည်တဲ့အခါ အချိုစားပေးရသည်။
နေရောင်ခြည် တည်းခိုခန်းသို့ ရောက်သောအခါ လီရှောင်း၏ ရှုပ်ထွေးသော အကြည့်များအောက်တွင် တည်တည်ငြိမ်ငြိမ်ပင် ဝင်သွားလိုက်သည်။
ထိုအမျိုးသားက နောက်မှ ကပ်လိုက်လာသော်လည်း လှေကားထစ်အရောက်တွင် တားခံလိုက်ရသည်။
"လူကြီးမင်း... အပေါ်တက်ချင်ရင် အခန်းအရင် ငှားရပါတယ်"
ပုံမှန်အားဖြင့် တည်းခိုခန်းတွင် လာနေသူနည်းသဖြင့် ဝန်ထမ်းများက ဧည့်သည်များကို မှတ်မိနေကြသည်။
လီရှောင်းက ရှင်းပြလိုက်သည်။
"ကျွန်တော်က သူ့အဖော်ပါ"
ထောင့်ချိုးကွေ့သို့ ရောက်နေပြီဖြစ်သော ကျန်းရိုကို လက်ညှိုးထိုးပြလိုက်၏။
ကျန်းရိုက ထိုစကားကို ကြားသောအခါ အောက်ထပ်ရှိ ဝန်ထမ်းကို လှမ်းအော်ပြောလိုက်သည်။
"ကျွန်မ သူ့ကို မသိဘူး"
လီရှောင်း - "......"
ဝန်ထမ်းက ရှေ့တိုးလာပြီး လီရှောင်းကို လမ်းပိတ်ရပ်လိုက်ကာ ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်သည်။
"လူကြီးမင်း... အခန်းငှားမလို့လား"
လီရှောင်း ခေါင်းကို ကုတ်လိုက်မိသည်။
"ကျွန်တော်က သူ့ယောကျ်ားပါ။ သူ စိတ်ဆိုးနေလို့ပါ"
ဝန်ထမ်းက ပျောက်ကွယ်သွားပြီဖြစ်သော ကျန်းရိုကို လှမ်းကြည့်ပြီး ဆက်လက် ပြုံးထားလိုက်သည်။
"တောင်းပန်ပါတယ် လူကြီးမင်း... နားလည်ပေးပါ"
လီရှောင်း စိတ်ပျက်လက်ပျက်ဖြင့် "ကျွတ်" ခနဲ စုပ်သပ်လိုက်ပြီး လှည့်ပြန်ခဲ့ရတော့သည်။
....
ခဏကြာတော့ အခန်းထဲတွင် ကိတ်မုန့်စားနေသော ကျန်းရိုသည် အလင်းရောင် ရုတ်တရက် ကွယ်သွားသည်ကို သတိထားမိလိုက်သည်။ မော့ကြည့်လိုက်ရာ ထိုအမျိုးသားက မျက်နှာမည်းမည်းဖြင့် ပြတင်းပေါက်ပေါ် တက်လာသည်ကို တွေ့လိုက်ရ၏။
သူမ ထပြီး ပြတင်းပေါက် ပိတ်ရန် ပြင်လိုက်သော်လည်း ထိုလူက ပိုမြန်နေသည်။ သူမလက် ပြတင်းပေါက်ကို မထိခင်မှာပင် သူက ပြတင်းပေါက်မှန်ကို ဆွဲကိုင်ပြီး ဆွဲဖွင့်ကာ အထဲသို့ ခုန်ဝင်လာတော့သည်။
ကျန်းရို မျက်နှာထား တင်းမာသွားပြီး မေးလိုက်သည်။
"ရှင် သိပ်နှောင့်ယှက်တာပဲ။ ရှင်ပဲ ကျွန်မကို ထွက်သွားဆို"
"......"
လီရှောင်း လည်ချောင်းထဲ သွေးတစ်လုပ် ဆို့တက်လာသလို ခံစားလိုက်ရပြီး ဒေါသကို ထိန်းကာ ပြန်မေးလိုက်သည်။
"ငါ ဘယ်တုန်းက မင်းကို ထွက်သွားခိုင်းလို့လဲ"
***