← Chapters

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆-၁၈)

Vol. 2 Ch. 16-18

အခန်း (၁၆)

ကျန်းရို ပြန်ထိုင်ပြီး ကိတ်မုန့်ကို ဆက်စားကာ ရှင်းပြချက်ကို ငြင်းပယ်လိုက်သည်။

ဒီလူ့ရဲ့ မေ့တတ်တဲ့ အကျင့်က သိပ်ဆိုးတာပဲ။

ထွက်သွားပါဆိုပြီး နှင်ထုတ်လိုက်တာနဲ့ ဘာကွာလို့လဲ။

ကျန်းရိုက ပူးပေါင်းဆောင်ရွက်ခြင်း မရှိသောအခါ လီရှောင်း ဒေါသထွက်လာ၏။ သူ့နဖူးမှ သွေးကြောများ ထောင်ထလာပြီး မည်းမှောင်နေသောမျက်နှာဖြင့် ကုတင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ သူမကို စိုက်ကြည့်ရင်း ကျောပြင်ကိုပင် အပေါက်ဖောက်တော့မည့်ဟန်ဖြင့် ကြည့်နေလေသည်။

ထိုအမျိုးသမီးကတော့ ဘာမှ မခံစားရသလို သူမ၏ကိတ်မုန့်ကိုသာ ဖြည်းဖြည်းချင်း စားနေပြီး သူ့ကို ဂရုစိုက်မည့်ပုံ မပေါ်ပေ။

ခဏကြာတော့ လီရှောင်း မနေနိုင်တော့ဘဲ နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

"တော်တော့ကွာ... စိတ်မဆိုးပါနဲ့တော့။ ပိုက်ဆံကိစ္စ မဟုတ်လား။ ငါ မလိုချင်တော့ပါဘူး။ မင်းသဘောအတိုင်း လုပ်ပါ့မယ်။ ဘာဖြစ်ဖြစ် အိမ်ပြန်ရောက်မှ ဆက်ပြောကြတာပေါ့"

ထိုစကားကို ကြားသောအခါ ကျန်းရို၏လက်များ တုံ့ခနဲ ရပ်တန့်သွားသည်။ သူမ မော့ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။

ဒီလူနဲ့ စကားပြောရတာ လုံးဝ အဆင်မပြေဘူးဟု ခံစားမိသည်။

ပိုက်ဆံကိစ္စ တစ်ခုတည်းကြောင့်တဲ့လား။

ပြန်မဖြေဘဲ တိတ်ဆိတ်နေသဖြင့် လီရှောင်း ရုတ်တရက် မတ်တတ်ထရပ်လိုက်သည်။ မျက်နှာက လုံးဝ မည်းမှောင်သွားပြီး အသံကလည်း ပိုအေးစက်လာ၏။

"ကျန်းရို... မင်း ဘာဖြစ်ချင်နေတာလဲ"

ကျန်းရိုလည်း ကိတ်မုန့် ဆက်မစားနိုင်တော့ဘဲ ရုတ်တရက် လှည့်ကြည့်ကာ မကျေမနပ် ပြောလိုက်သည်။

"ရှင် ဘယ်လိုလေသံနဲ့ ပြောနေတာလဲ"

"......"

ရုတ်တရက် သူမ၏ အေးစက်သော မျက်နှာလေးနှင့် မီးဝင်းဝင်းတောက်နေသော မျက်လုံးများကို ရင်ဆိုင်လိုက်ရသောအခါ လီရှောင်း ကြောင်သွားသည်။ ရင်ထဲတွင် ယားကျိကျိဖြစ်သွားပြီး ဗိုက်ထဲတွင် စုပြုံနေသော ဒေါသများမှာလည်း ရေစုန်မျောသလို ပျောက်ကွယ်သွားတော့သည်။

ဘာကြောင့်မှန်းမသိ၊ ဤမျှ ယုံကြည်မှုရှိရှိ ဒေါသထွက်နေသော ကျန်းရိုကို မြင်လိုက်ရသောအခါ သူ စကားဆက်ပြောရန် ခက်ခဲသွားသည်။

လီရှောင်း လည်ချောင်းရှင်းပြီး ကုတင်ပေါ် ပြန်ထိုင်လိုက်သည်။ ခဏကြာတော့ သဘာဝမကျသော အသံတိုးတိုးဖြင့် ချော့မော့ပြောလိုက်၏။

"ရပါပြီကွာ... ငါမှားပါတယ်။ နောက်ဆို ငါ့ပိုက်ဆံမဟုတ်ရင် ငါ တစ်ပြားမှ မယူတော့ဘူး။ ငါ့ကိုယ်ပေါ် လာပစ်တင်ပေးရင်တောင် ငါ မယူဘူးကွာ။ အိမ်ပြန်ရအောင်နော်"

သူ ခေါင်းငုံ့ပြီး တောင်းပန်နေသော်လည်း ကျန်းရို နားထဲတွင်တော့ ဟန်ဆောင်ပန်ဆောင် ပြောနေသလိုသာ ကြားနေရသည်။

သူမ သည်းခံရန် ကြိုးစားသော်လည်း နောက်ဆုံးတွင် မနေနိုင်တော့ဘဲ သူ့မျက်လုံးကို စိုက်ကြည့်ကာ ပြောလိုက်သည်။

"ဘယ်အိမ်ကို ပြန်ရမှာလဲ။ အဲဒါ ကျွန်မအိမ်မှ မဟုတ်တာ။ ကျွန်မက ရှင့်ကို မျက်နှာပြောင်တိုက်ပြီး တွယ်ကပ်နေတာလို့ ပြောတယ်မလား။ ရှင်ပြောတာ သိပ်မှန်ပါတယ်။ ဒါကြောင့် ရှင်နဲ့ လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပြီ။ နောက်ဆို ရှင်နဲ့ ဘာမှ မပတ်သက်တော့ဘူး။ စိတ်ချပါ... ကလေးကိုလည်း ရှင် ပြုစုပျိုးထောင်ပေးစရာ မလိုဘူး။ ကျွန်မဘာသာ ရအောင် ကျွေးမယ်။

ပိုက်ဆံ ပြန်ပေးတာ၊ မပေးတာကလည်း ရှင့်သဘောပဲ။ ရှင် ဘာလုပ်လုပ် ကျွန်မနဲ့ မဆိုင်တော့ဘူး။ ကျွန်မ ဝင်မပါတော့ဘူး။ ဒါကြောင့် ကျွန်မ ဘဝထဲ လာမရှုပ်ပါနဲ့တော့"

လီရှောင်း၏ မျက်နှာထားမှာ အနည်းငယ် လျော့ကျသွားသော်လည်း ထိုစကားများကို ကြားသောအခါ၊ အထူးသဖြင့် လမ်းခွဲမည်၊ ဘာမှ မပတ်သက်တော့ဘူး၊ သူ့ကိစ္စ သူမ ဂရုမစိုက်တော့ဘူး ဆိုသည့် စကားများကို ကြားလိုက်ရသောအခါ မျက်နှာထား အလွန်ဆိုးရွားသွားပြီး ရင်ထဲတွင်လည်း တင်းကျပ်သွားလေသည်။

သူမ ထိုစကားများကို ပြောသည်ကို သူ မကြိုက်ပေ။ သူမက သူ့ကို စိမ်းကားပြီး အဆက်ဖြတ်မည့်ပုံစံ လုပ်နေသည်ကို သူ မမြင်ချင်ပေ။

သို့သော် လီရှောင်းက အ,အမဟုတ်။ ဒီစကားတွေကို လမ်းမှာတုန်းကလည်း တစ်ခေါက် ပြောဖူးသည်။ အဲဒီတုန်းက သိပ်သတိမထားမိပေမယ့် အခု ပြန်စဉ်းစားကြည့်လိုက်တော့ တစ်ခုခုလွဲနေမှန်း သတိထားမိလိုက်သည်။ တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားပြီး သူမကို ထူးဆန်းစွာ ကြည့်ကာ နားမလည်နိုင်သလို မေးလိုက်၏။

"မဟုတ်သေးပါဘူး... မင်းက အဲဒီစကားတစ်ခွန်းတည်းနဲ့ ငါ့ကို ဒီလောက်ထိ စိတ်ဆိုးနေတာလား။ အိမ်ကပါ ဆင်းပြေးရတဲ့အထိလား"

ကျန်းရို နှုတ်ဆိတ်နေမိသည်။ သူ့ဦးနှောက်ထဲတွင် အာရုံကြောတစ်ချောင်းတည်းများ ရှိနေသလားဟု သံသယဝင်မိ၏။

သူနှင့် စကားပြောမရခြင်းက မီးစာဖြစ်ပြီး သူပြောလိုက်သော ဆဲရေးစကားက ကုလားအုတ်ကျောရိုးကို ချိုးလိုက်သည့် နောက်ဆုံး ကောက်ရိုးတစ်မျှင်ဖြစ်သည်။ နှစ်ခုစလုံးက အရေးကြီးသည်လေ။

သူမ ကိုယ်ကိုလှည့်ပြီး စားပွဲရှေ့သို့ ပြန်ထိုင်လိုက်သည်။

သူနဲ့ စကားထပ်မပြောချင်တော့ဘူး။ ရင်ဘတ်တွေတောင် အောင့်လာပြီ။

လီရှောင်းက သူမ လက်ကို လှမ်းဆွဲဖို့ ကြိုးစားသည်။ သူမ စကားမပြောဘဲ နေတာကို သူ မကြိုက်ပေ။

ကျန်းရိုက လက်ကို ရုန်းလိုက်ပြန်သည်။

"-ီးပဲ"

ထိုအမျိုးသား မတ်တတ်ရပ်ကာ ဆဲလိုက်ပြီး အခန်းထဲတွင် ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ကာ ဒေါသဖြေလိုက်သည်။ နောက်ဆုံးတွင် သူမ ဘေးနားသို့ ရောက်လာပြီး ရှင်းပြလိုက်၏။

"အဲဒီစကား ပြောမိတာ ငါ တကယ် မမှတ်မိဘူး။ ဒီလောက်ထိ စိတ်ဆိုးစရာ လိုလို့လား။ မနက်က မင်းလည်း ငါ့ကို ပြောတာပဲ မဟုတ်လား"

ဒီစကားတစ်ခွန်းကြောင့် သူမ ဒီလောက်ထိ ဒေါသကြီးပြီး အိမ်က ဆင်းပြေးကာ သူနဲ့ အဆက်ဖြတ်ချင်နေမှန်း သူ ဘယ်လိုလုပ် သိမှာလဲ။ တွေ့တုန်းကလည်း မျက်နှာကောင်း မပြခဲ့ဘူးလေ။

ဒီလိုဖြစ်မယ်မှန်းသိရင် မနက်က အသေရိုက်သတ်တောင် အဲဒီစကားကို ပြောမိမှာ မဟုတ်ဘူး။

ကျန်းရို ထပ်ပြီး ဒေါသထွက်လာသည်။

"ရှင် ဘာကို ဆိုလိုတာလဲ။ ကျွန်မကပဲ သဘောထားသေးသိမ်သလို ပြောနေပါလား။ ကိုယ့်ဘာသာ ပြန်စဉ်းစားကြည့်ပါဦး။ ကျွန်မတို့ ပြောနေတာက အတူတူပဲလား။ ပိုက်ဆံ ပြန်ပေးခိုင်းတာက ရှင်လုပ်တာ မမှန်လို့လေ။ ဆိုးဆိုးဝါးဝါးပြောရရင် အဲဒါ ဥပဒေနဲ့ မလွတ်ကင်းဘူး။ ရှင့်ကို လူကောင်းလူမွန်ဖြစ်စေချင်တာ မှားလို့လား။ ရှင်ကျတော့ရော... ကျွန်မကို ဆဲတယ်၊ စိတ်ပျက်တယ်၊ ကျွန်မက ရှင့်ကို ဒုက္ခပေးဖို့ ကပ်တွယ်နေတာလို့ ထင်နေတယ်မလား"

လီရှောင်း ခေါင်းကိုက်လာသည်။ သူမကို ငုံ့ကြည့်ပြီး စိတ်မရှည်စွာ ဖြတ်ပြောလိုက်၏။

"တော်တော့... ပြောလေ ဆိုးလေ ဖြစ်နေပြီ။ ငါ ဘယ်တုန်းက မင်းကို စိတ်ပျက်လို့လဲ။ ငါသာ စိတ်ပျက်ရင် မင်းအတွက် လက်ဆောင်တွေ ဝယ်လာပါ့မလား။ အဲဒီလက်ဆောင်တွေကို ငါ အကြာကြီး ရွေးခဲ့ရတာ။ အပေါ်ထပ်အင်္ကျီ တစ်ထည်တည်းနဲ့တင် တစ်ရာပေးရတယ်။ ငါ့ကိုယ်ငါတောင် အဲဒီလောက် မဝယ်ရဲဘူး"

"......" အဲဒီလောက် ရုပ်ဆိုးတဲ့ အင်္ကျီကို ရွေးစရာ လိုသေးလို့လား။

ကျန်းရို စိတ်ဆိုးနေဆဲမို့ နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး ဘာမှ မပြောပေ။

ထိုအချိန်တွင် အမျိုးသားက ရုတ်တရက် ဒူးတစ်ဖက်ထောက် ထိုင်ချလိုက်သဖြင့် နှစ်ယောက်သား မျက်လုံးချင်း ဆုံသွားသည်။ သူက နက်မှောင်သော မျက်ဝန်းများဖြင့် သူမကို စိုက်ကြည့်ရင်း ရုတ်တရက် ပြုံးလိုက်လေသည်။

မျက်ခုံးပင့်လိုက်ပြီး မျက်လုံးထဲတွင် နောက်ပြောင်ချင်သော အရိပ်အယောင်များ ပေါ်လာ၏။

ကျန်းရိုက သူ ရှင်းပြတော့ စိတ်ပြေသွားသော်လည်း ယခုလို ပေါ့ပေါ့တန်တန် ပြုံးနေသည်ကို မြင်တော့ စိတ်ပြန်တိုသွားသည်။

ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး သူ့ကို မကြည့်တော့ပေ။

လီရှောင်းသည် သူမ၏ ပန်းရောင်သန်းနေသော ဒေါသထွက်နေသည့် မျက်နှာလေးကို ကြည့်ရင်း ရယ်လိုက်မိသည်။

လေသံကို နှိမ့်ချကာ တိုးတိုးလေး ချော့လိုက်၏။

"ငါ့အမှားပါကွာ။ နောက်ဆို အဲဒီလိုစကားမျိုး မပြောတော့ပါဘူး။ စိတ်မဆိုးပါနဲ့တော့နော်။ ငါက ဒေါသထွက်နေတုန်းမို့ ပါးစပ်က ဘာထွက်သွားမှန်းတောင် ကိုယ့်ဘာသာ သတိမထားမိလိုက်လို့ပါ။ တခြားရည်ရွယ်ချက် မရှိပါဘူး။ ကိုယ့်ဘာသာ ဒေါသထွက်ပြီး ကျန်းမာရေး ထိခိုက်ကုန်ပါ့မယ်"

တစ်ခါလုပ်ဖူးတော့ နှစ်ခါကျ ကျွမ်းကျင်သွားပြီ။ ဒီတစ်ခါချော့ရတာ အရင်ကထက် ပိုသဘာဝကျပြီး လေသံလည်း ပျော့ပြောင်းလာသည်။

ကျန်းရို ဘာမှ မပြောပေ။

လီရှောင်း နှာခေါင်းကို ပွတ်သပ်ပြီး ထပ်ပြောလိုက်သည်။

"ငါနဲ့ အိမ်ပြန်လိုက်ခဲ့နော်... ဟုတ်ပြီလား"

ကျန်းရို နှစ်စက္ကန့်လောက် တွေဝေပြီးနောက် ပြတ်ပြတ်သားသား ပြောလိုက်သည်။

"မလိုက်ဘူး"

လီရှောင်းက သူမ စိတ်လျော့သွားမှန်း သိလိုက်သဖြင့် ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ... ပိုက်ဆံပေးပြီးပြီဆိုတော့ နေပြီးမှ သွားတာပေါ့"

ပြီးတော့ မေးလိုက်သေး၏။

"ဗိုက်ဆာလား။ တစ်ခုခု သွားဝယ်ပေးရမလား"

ကျန်းရိုက စိတ်မရှည်သလို လှည့်ကြည့်လိုက်သည်။

"ရှင် သိပ်ရှုပ်တာပဲ။ ကျွန်မ နေ့လယ်ခင်း အိပ်တော့မယ်"

လီရှောင်း အငြင်းခံရသော်လည်း စိတ်မဆိုးပေ။ သူ့ကိုယ်သူ အနည်းငယ် အောက်ကျသွားသည်ဟု ခံစားရသော်လည်း ကျန်းရိုက စကားပြန်ပြောလာသဖြင့် မျက်နှာကောင်းမပြလျှင်တောင် ရင်ထဲတွင် ပျော်ရွှင်နေမိသည်။

"အင်း... ဒါဆို အိပ်လိုက်ဦး။ ညနေကျမှ ငါ လာခဲ့မယ်"

ပြောပြီးသည်နှင့် သူမ ဗိုက်ကို လှမ်းကိုင်ရန် ကြိုးစားသော်လည်း ကျန်းရိုက မျက်နှာထားတင်းတင်းဖြင့် ပုတ်ထုတ်လိုက်သည်။

သူ နှာခေါင်းကို ပွတ်သပ်ပြီး ပြတင်းပေါက်ဘက်သို့ လျှောက်သွားလိုက်သည်။

ကျန်းရို မြင်တော့ မျက်မှောင်ကြုတ်ကာ အော်လိုက်၏။

"တံခါး မရှိလို့လား"

ထိုအမျိုးသားက ရယ်မောသံထွက်လာပြီး တံခါးဘက်သို့ လမ်းလျှောက်သွားလေသည်။

တံခါးပိတ်သံ ကြားတော့မှ ကျန်းရို လှည့်ကြည့်လိုက်သည်။ နားရွက်များ ရဲနေ၏။

သူမ သူ့ရယ်သံကို ကြားလိုက်သည်။ တမင်သက်သက် လုပ်တာ ဖြစ်လောက်၏။

.....

လီရှောင်း အိမ်ပြန်ရောက်သောအခါ ခြံဝင်းထဲသို့ ဝင်ဝင်ချင်း သစ်ပင်အောက်ရှိ လှုပ်ကုလားထိုင်ပေါ်တွင် ဟောက်ပြီး အိပ်ပျော်နေသော ကျိုးကျန့်ကို တွေ့လိုက်ရသည်။

မျက်မှောင်ကြုတ်လျက် လျှောက်သွားပြီး သူ့ကို ကုလားထိုင်ပေါ်မှ ဆွဲထူလိုက်သည်။ "မင်း ဒီမှာ ဘာလုပ်နေတာလဲ"

လှုပ်ကုလားထိုင်ပေါ်တွင် ပျော့အိသော အခင်း ခင်းထားသည်။ ကျန်းရို အမြဲထိုင်နေကျ နေရာကို သူက ဘာကိစ္စ လာထိုင်နေတာလဲ။ ညစ်ပတ်ကုန်မှာပဲ။

ကျိုးကျန့်က လီရှောင်း သူ့ကို စိတ်ထဲကနေ ရွံရှာနေမှန်း မသိပေ။ ရုတ်တရက် ဆွဲထူခံလိုက်ရသဖြင့် လန့်သွားပြီး သမ်းဝေလိုက်သည်။

"ရှောင်းကော... အခုမှ ပြန်လာတာလား။ ကျွန်တော်တောင် အိပ်ပျော်လုနီးပါး ဖြစ်နေပြီ"

ပြောပြီးသည်နှင့် ဘေးနားရှိ စားပွဲခုံလေးပေါ်မှ ထမင်းပန်းကန်ကို မေးငေါ့ပြလိုက်သည်။

"ရှောင်းကော မစားရသေးမှာစိုးလို့ လာပို့တာ။ မနက်က အမေ ဝက်သားနီချက်ထားလို့"

လီရှောင်း ဒါဆိုမှ သတိရလိုက်သည်။ ဒီနေ့က ကျိုးကျန့် မွေးနေ့ပဲ။

"အင်း"

လီရှောင်းက ပြန်ဖြေလိုက်ပြီး အားနာမနေတော့ဘဲ ထမင်းပန်းကန်ကို ယူကာ စောစောက ကျိုးကျန့် ထိုင်ခဲ့သောနေရာတွင် ဝင်ထိုင်ပြီး စားလိုက်တော့သည်။

မနက်စာရော နေ့လယ်စာပါ မစားရသေးသဖြင့် ဗိုက်နှင့်ကျော ကပ်လုနီးပါး ဆာလောင်နေပြီ ဖြစ်သည်။

ကျိုးကျန့်က လီရှောင်း၏ ဗိုလ်ကျတတ်သော အကျင့်ကို ယဉ်ပါးနေပြီဖြစ်၍ ဘေးနားမှ ခုံပုလေးကို ဆွဲယူကာ ထိုင်လိုက်သည်။ လီရှောင်း မျက်နှာကို အကဲခတ်ကြည့်သော်လည်း ဘာမှမပေါ်သဖြင့် စဉ်းစားကြည့်ပြီးနောက် မနေနိုင်ဘဲ မေးလိုက်သည်။

"အစ်မရိုကို ချော့လို့ ရသွားပြီလား"

လီရှောင်း ထမင်းစားနေသော လက် တုံ့ခနဲ ဖြစ်သွားပြီး တည်တည်ငြိမ်ငြိမ်ပင် ပြန်ဖြေလိုက်၏။

"ဘာကို ချော့ရမှာလဲ။ သူကမှ စိတ်မဆိုးတာ"

"......" အိမ်ကနေတောင် ဆင်းပြေးတာကို စိတ်မဆိုးဘူး ခေါ်သလား။

ကျိုးကျန့်က သူ ခေါင်းမာနေသည်ဟု ထင်လိုက်သည်။

သို့သော် ထုတ်မပြောရဲဘဲ "သြော်... ဟုတ်လား" ဟူသော အကြည့်ဖြင့်သာ ကြည့်နေလိုက်သည်။ သူ့အစ်ကိုကြီး၏ မျက်နှာကို ထောက်ထားသောအားဖြင့်ပေါ့။

လီရှောင်းက သူ့အကြည့်ကြောင့် နေရခက်လာသည်။ စောစောက ကျန်းရိုရှေ့တွင် အောက်ကျို့ခံခဲ့ရပုံကို ပြန်တွေးမိပြီး ရင်ထဲတွင် ထူးဆန်းသော ခံစားမှုတစ်ခု ဖြစ်ပေါ်လာသည်။ ဒီလောက် အသက်ကြီးတဲ့အထိ တစ်ပါးသူကို ခေါင်းငုံ့ပြီး ချော့မော့ဖူးသည်မှာ ဒါ ပထမဆုံးအကြိမ်ပင်။

ဒါပေမဲ့ ခံစားချက်က သိပ်မဆိုးလှပါဘူး။

ဒါပေမဲ့ ကျိုးကျန့်ကိုတော့ သိခွင့်မပေးနိုင်။ သူက တကယ် စိတ်ပူတာလား၊ အကွက်ချောင်းနေတာလား ဘယ်သူသိမှာလဲ။ ဒီကောင်က ကောက်ကျစ်တာ။

သူ့ကို တည်တည်ငြိမ်ငြိမ် တစ်ချက် ကြည့်လိုက်ပြီး "မင်းမှာ မိန်းမမှ မရှိတာ... ဘယ်နားလည်ပါ့မလဲ" ဟု ပြောလိုက်သည်။

"......"

ကျိုးကျန့် ဒေါသထွက်လွန်းလို့ စကားပင် မပြောချင်တော့။

ဒါ လူပြောတဲ့ စကား ဟုတ်ရဲ့လား။

.....

လီရှောင်း ထမင်းစားပြီးသည်နှင့် ကျိုးကျန့်ကို ပြန်လွှတ်လိုက်သည်။ တစ်ယောက်တည်း အိမ်မှာနေရင်း မနေ့ညက ကျန်းရို စိမ်ထားခဲ့သော အဝတ်များကို လျှော်ဖွပ်ကာ လှန်းလိုက်သည်။ မီးဖိုချောင်ကို သန့်ရှင်းရေးလုပ်ပြီး အိမ်တွင်းအိမ်ပြင် တစ်ခုမကျန် သန့်ရှင်းရေး လုပ်လိုက်၏။

ပြီးနောက် အခန်းထဲပြန်ဝင်ကာ အရင်တုန်းက သုံးခဲ့သော လွယ်အိတ်အစုတ်ကို ရှာထုတ်လိုက်သည်။ ကုတင်ပေါ် ပစ်တင်ထားခဲ့သော ပိုက်ဆံများကို သိမ်းဆည်းလိုက်၏။ ကျန်းရိုကို ပိုက်ဆံပြန်ပေးမည်ဟု ကတိပေးထားပြီးပြီမို့ သေချာပေါက် လုပ်ရမည်။

ဒီလောက် ကတိသစ္စာတော့ ရှိသေးသည်။

ဒီပိုက်ဆံတွေကို သုံးလို့မရတော့ သူ့ဆီမှာ တစ်ပြားမှ မကျန်တော့ပေ။

တကယ်တော့ ဒီတစ်ခေါက် တိုက်ရိုက်ရောင်းဝယ်ရေးအဖွဲ့ကို ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့က ဆုကြေးငွေ ပေးခဲ့သည်။ မနည်းလှပေ။ လီရှောင်း တစ်ယောက်တည်းတင် ယွမ် တစ်ထောင် ရခဲ့ပြီး ကျန်နှစ်ယောက်ကတော့ တစ်ယောက် သုံးရာစီ ရကြသည်။

အဲဒီတုန်းက လီရှောင်း သိပ်မတွေးခဲ့ဘဲ ဒီငွေတစ်ထောင်က အလကားရတာမို့ သုံးရတာ နှမြောစရာ မလိုဘူးဟု တွေးခဲ့သည်။ အဝတ်အစားနှင့် ရထားလက်မှတ် ဝယ်လိုက်သည်။ ကျူးချန်ကိုလည်း နှစ်ရာ ပေးလိုက်သေးသည်။ ဒီလိုနဲ့ ဘာမှ မကျန်တော့။

အခုတော့ ဒီတစ်ခေါက် တကယ်ပဲ တစ်ပြားမှ မမြတ်တော့ပေ။

လီရှောင်း အံကြိတ်လိုက်မိသည်။ သူ တကယ်ပဲ ဘိုးဘေးတစ်ယောက်ကို ယူထားမိတာပဲ။

ဘယ်သူ့မိန်းမကများ ကိုယ့်ဆီရောက်လာတဲ့ ပိုက်ဆံကို အပြင်ပြန်ကန်ထုတ်သလဲကွာ။

သို့သော် သူသည် မနက်က ကျန်းရို ပေးလိုက်သော ပိုက်ဆံ ငါးရာကို ယူပြီး အပြင်ထွက်လာခဲ့သည်။ ဘူတာရုံသစ်သို့ သွားပြီး မနက်ဖြန်အတွက် ရထားလက်မှတ် ဝယ်လိုက်သည်။ ပြီးတော့ သော့တစ်ချောင်း ဝယ်လိုက်၏။ မနက်က တံခါးကို သူ ဖျက်ဆီးလိုက်မိသဖြင့် တံခါးအသစ် လဲရမည်။

တံခါးတစ်ချပ် ဝယ်ရန် ပြင်လိုက်သော်လည်း ဈေးမေးကြည့်တော့ မသက်သာသဖြင့် သော့တစ်ချောင်းသာ ဝယ်လာခဲ့တော့သည်။

အိမ်ပြန်ရောက်တော့ အဘိုးဖြစ်သူ သုံးခဲ့ဖူးသော ကိရိယာများကို ထုတ်ယူပြီး ဖုန်တက်နေသော သစ်တုံးတစ်တုံးကို ဆွဲထုတ်ကာ ကိုယ်တိုင် ပရိဘောဂ လုပ်လေတော့သည်။

....

ညနေ လေးနာရီလောက် ရောက်မှ လက်စသတ်လိုက်သည်။ ကျန်းရို နိုးလောက်ပြီဟု တွေးကာ မျက်နှာသစ်၊ အဝတ်အစားလဲပြီး လွယ်အိတ်အစုတ်ကို လွယ်ကာ ထွက်လာခဲ့၏။

မနက်ဖြန် မနက်စောစော တည်းခိုခန်းကနေ တန်းထွက်မည်။ သုံးရက်အတွင်း ပြန်ရောက်လောက်သည်။

မထွက်ခင် အိမ်တံခါးမကို သေချာ ပိတ်ခဲ့သည်။ မီးဖိုချောင်ထဲ ဝင်သွားတော့ မနက်က အဒေါ်ဝမ် လာပို့ထားသော ဝက်အူချောင်းများကို တွေ့လိုက်ရ၏။

ကျန်းရို မရှိတော့ ဒါတွေကို ဘယ်လို လုပ်ရမှန်း သူ မသိပေ။

....

လီရှောင်း တည်းခိုခန်းသို့ ရောက်သောအခါ လမ်းတွင် ဖက်ထုပ်တစ်ပွဲ ဝယ်လာခဲ့သည်။

ဝန်ထမ်းက တားမှာစိုးသဖြင့် ပြတင်းပေါက်မှ တက်လာခဲ့သည်။

ဒုတိယထပ်သို့ ကျွမ်းကျင်စွာ တက်လာပြီး ပြတင်းပေါက် ဖွင့်ထားသည်ကို တွေ့ရသည်။ မှန်တံခါးကို တွန်းဖွင့်လိုက်သောအခါ ကုတင်ပေါ်တွင် အိပ်မှုန်စုံမွှားဖြင့် မျက်လုံးများ စိုစွတ်နေကာ ပြတင်းပေါက်ကို ငေးကြည့်နေသော ကျန်းရိုကို တွေ့လိုက်ရ၏။

နှစ်ယောက်သား အကြည့်ချင်း ဆုံသွားပြီးနောက် သူမ အတော်ကြာမှ သတိဝင်လာသည်။ မျက်မှောင်ကြုတ်လျက် လီရှောင်း ခုန်ဝင်လာသည်ကို မြင်သောအခါ ခေါင်းအုံးနှင့် လှမ်းပေါက်လိုက်လေသည်။

မကျေမနပ်ဖြင့် "ရှင် ဘာလာလုပ်ပြန်တာလဲ" ဟု မေးလိုက်၏။

လီရှောင်းက ခေါင်းအုံးကို ဖမ်းယူလိုက်ပြီး ယူလာသော ပစ္စည်းများကို စားပွဲပေါ် တင်လိုက်သည်။ ထို့နောက် စကားလမ်းကြောင်း လွှဲလိုက်၏။

"အဒေါ်ဝမ်က မနက်က ဝက်အူချောင်းတွေ အများကြီး လာပို့ထားတယ်။ ဘယ်လိုလုပ်ရမလဲ လာမေးတာ"

ကျန်းရိုက သူချထားသော ပစ္စည်းများကို တစ်ချက် ကြည့်လိုက်သည်။ သူ ဆင်ခြေပေးနေမှန်း သိသော်လည်း တကယ်ကြီး မောင်းထုတ်ဖို့ ခက်နေသည်။ ဘာပဲဖြစ်ဖြစ် တခြားအရာတွေထက် ပိုက်ဆံရှာဖို့က ပိုအရေးကြီးသည်လေ။

သူမ မျက်နှာတွင် ဝေခွဲမရသော အရိပ်အယောင်များ ပေါ်လာသည်။ ဒီနေ့တော့ မပြန်ချင်သေးပေ။ ပြန်လိုက်ရင် သူ ချော့တာနဲ့ စိတ်ပြေသွားသလို ဖြစ်နေမှာပေါ့။

ကျန်းရို မပြန်ချင်မှန်း သိသာနေသဖြင့် လီရှောင်းက ဖြည့်စွက် ပြောလိုက်သည်။

"လုပ်နည်း ပြောပြလိုက်။ ငါ ပြန်လုပ်ထားလိုက်မယ်"

ကျန်းရို မော့ကြည့်ပြီး သံသယ မျက်လုံးများဖြင့် ကြည့်လိုက်၏။

"ရှင် ချက်တာက စားမကောင်းဘူး။ ဖြစ်ပါ့မလား"

လီရှောင်းက မျက်နှာသေဖြင့် ကြည့်နေသည်။

ကျန်းရို မလိုလားသော်လည်း ကုတင်ပေါ်မှ ဆင်းလိုက်ရသည်။ ပါးစပ်ဖြင့် မပြောပြဘဲ စာရေးပေးလိုက်မည်။ သူ မမှတ်မိမှာ စိုးလို့ရော၊ စကားမပြောချင်လို့ရော ဖြစ်သည်။

အိတ်ထဲမှ စာရင်းစာအုပ်နှင့် ဘောပင်ကို ထုတ်ပြီး စာရွက်တစ်ရွက် ဆွဲဖြဲကာ ရေးပေးလိုက်သည်။

သူမ စိတ်လျော့ပြီး ခွင့်လွှတ်လိုက်တာတော့ မဟုတ်။ စောစောက အကြာကြီး စဉ်းစားပြီးနောက် သူမ မိုက်မဲလို့ မဖြစ်ဘူးဟု ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ ဗိုက်ထဲက ကလေးက သူမတစ်ယောက်တည်း ပိုင်တာမှ မဟုတ်တာ။ ဘာကိစ္စ သူမတစ်ယောက်တည်း နစ်နာခံပြီး ပြုစုပျိုးထောင်ရမှာလဲ။ ကလေး ကြီးပြင်းပြီး ထူးချွန်လာမှ သူက အသီးအပွင့် လာခူးစားမှာလား။

ဒါဆို အရမ်းနစ်နာလွန်းရာ ကျတာပေါ့။

ပြီးတော့ အခု ကလေးတောင် မမွေးရသေးဘူး။ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မိဘတွေကိုလည်း အားကိုးလို့မရ။ ယောက္ခမကလည်း မကူညီ။ မွေးဖွားပြီးရင် သူမနဲ့ ကလေးကို ဘယ်သူပြုစုမှာလဲ။

စဉ်းစားကြည့်လိုက်တော့ သည်းခံလိုက်ရုံပဲ ရှိတော့သည်။

ကျန်းရိုက ဝက်အူချောင်းပေါင်း လုပ်လာတာကြာပြီမို့ လီမိသားစု မီးဖိုချောင်နှင့် အတော် ရင်းနှီးနေပြီ။ ရေ ဘယ်နှစ်ဇွန်း၊ ဟင်းခတ်အမွှေးအကြိုင် ဘယ်လောက်ထည့်ရမလဲဆိုတာ အကုန်သိသည်။ အသေးစိတ် ရေးပေးလိုက်၏။

ရေးပြီးတော့ မျက်နှာတည်တည်ဖြင့် ပေးလိုက်သည်။ "ရှင် ပြန်လို့ရပြီ"

လီရှောင်း စာရွက်ကို ယူကြည့်လိုက်သည်။ အရင်က ကျန်းရို လက်ရေးကို မမြင်ဖူးသဖြင့် ယခုမှ မျက်လုံးကို မှေးကြည့်ရသည်။

ပုရွက်ဆိတ်လောက် သေးတာပဲ။

သူ စကားပြောရင် အဆင်မပြေမှန်းသိသဖြင့် ဘာမှမပြောတော့ဘဲ ကျန်းရိုကို တစ်ချက် ကြည့်ကာ "ဖက်ထုပ် စားလိုက်ဦး။ ငါ ပြန်တော့မယ်" ဟု ပြောလိုက်သည်။

ကျန်းရိုက သူ့ကျောပြင်ကို ကြည့်ရင်း "ညကျရင် လာစရာ မလိုတော့ဘူး" ဟု ပြောလိုက်၏။

လီရှောင်း ပြန်မဖြေဘဲ ထွက်သွားလေသည်။

ပစ္စည်းတွေလည်း မယူသွားပေ။

.....

လီရှောင်း အိမ်ပြန်ရောက်ပြီး ကျန်းရို၏ နည်းအတိုင်း ဝက်အူချောင်းများကို ပေါင်းလိုက်သည်။ ပြီးသွားသည့်အချိန်တွင် မိုးချုပ်နေပြီ။

သူ မီးဖိုချောင်ရှိ ရေအိုးထဲ ရေဖြည့်ပြီး တံခါးနှင့် ပြတင်းပေါက်များကို စစ်ဆေးကာ ပိတ်ပြီး ထွက်လာခဲ့သည်။

....

တည်းခိုခန်း ရောက်တော့ ည ၉ နာရီ ကျော်နေပြီ။ ဒီတစ်ခါတော့ တံခါးပေါက်မှ ဝင်လာခဲ့သည်။

ညဘက် ကောင်တာဝန်ထမ်းက ငိုက်နေသဖြင့် သူ ရှေ့မှ ဖြတ်သွားသည်ကို သတိမထားမိလိုက်ပေ။

အပေါ်ထပ် ရောက်တော့ ပြတင်းပေါက်အနေအထားအရ ဒုတိယထပ် စင်္ကြံလမ်း နောက်ဆုံးက တတိယမြောက် အခန်းကို မှန်းပြီး သွားလိုက်သည်။ တံခါးကို နှစ်ချက် ခေါက်လိုက်ရာ တံခါးပွင့်လာပြီး အနီရောင်ဖျော့ဖျော့ ညအိပ်ဝတ်စုံ ပွပွကြီး ဝတ်ထားသော ကျန်းရိုကို တွေ့လိုက်ရ၏။

သူ ညအိပ်ဝတ်စုံဆိုတာ ဘာမှန်းမသိပေမယ့် ဒီအနီရောင် ဂါဝန်က သူမနဲ့ အရမ်း လိုက်ဖက်တယ်လို့ ခံစားရသည်။ အသားအရေက ဖြူဝင်းနေပြီး ခြေသလုံးလေးတွေက သွယ်လျနေ၏။

ရင်ထဲတွင် ယားကျိကျိ ဖြစ်သွားသည်။

ကျန်းရိုက သူ့ကို မြင်သော်လည်း အံ့ဩပုံ မရပေ။ မျက်စောင်းထိုးပြီး အခန်းထဲ ပြန်ဝင်သွားသည်။

လီရှောင်း နှာခေါင်းကို ပွတ်သပ်ပြီး နောက်မှ လိုက်ဝင်သွား၏။

တံခါးပိတ်ပြီး လှည့်ကြည့်လိုက်တော့ ကျန်းရိုက ကုတင်ပေါ် ရောက်နေပြီ။ မအိပ်သေးဘဲ ထိုင်ပြီး စာအုပ်ဖတ်နေသည်။

လီရှောင်း စားပွဲရှေ့သို့သွားပြီး မကုန်သေးသော ကိတ်မုန့်ကို လှီးစားလိုက်သည်။ တစ်လုပ်စားပြီးသည်နှင့် သိပ်မကြိုက်တော့။

ချိုလွန်းလို့ လည်ချောင်းထဲ အီသွားသည်။

ပြန်ထားမလို့ လုပ်တုန်းမှာပင် "ကုန်အောင် စား" ဟူသော အသံမာမာကို ကြားလိုက်ရသည်။

"......"

အေးပါ... ကုန်အောင် စားပါ့မယ်။

လီရှောင်း ထိုချိုအီနေသော ကိတ်မုန့်ကို ကုန်အောင် စားလိုက်ရပြီး ရေတစ်ခွက် အကုန်သောက်လိုက်ရသည်။

ထို့နောက် အဝတ်အစားယူကာ တံခါးဘေးရှိ ရေချိုးခန်းထဲ ဝင်သွားလိုက်သည်။

ဒီတည်းခိုခန်းမှာ သီးသန့် ရေချိုးခန်းပါတယ်လို့ ကြားဖူးသဖြင့် ညနေကတည်းက အဝတ်အစား ယူလာခဲ့ခြင်းဖြစ်သည်။

ဒီတည်းခိုခန်းက တော်တော်ကောင်းသည်။ ရေချိုးခန်းကြမ်းပြင်တွင် အပြာရောင် ပန်းပွင့်ကြွေပြားများ ခင်းထားပြီး မျက်နှာသစ်ရန် ဘေစင် သီးသန့်ပါသည်။ ရေချိုးသည့်နေရာကို ကြည့်လိုက်တော့ နံရံတွင် တပ်ဆင်ထားသော ရေပိုက်ခေါင်းကို တွေ့လိုက်ရ၏။ ဖွင့်လိုက်လျှင် ကြာပန်းပုံစံ ခေါင်းမှ ရေများ ပန်းထွက်လာသည်။

ရေက သူ့ကိုယ်ပေါ် ကျလာချိန်တွင် နည်းနည်း ပူနေသည်။ ကျန်းရို ရေချိုးထားသော အပူချိန်မှန်း သိလိုက်သည်။

သူ တစ်ချက် ရယ်လိုက်ပြီး သွားတိုက် မျက်နှာသစ်ကာ ကျန်းရို တင်ထားသော ဆပ်ပြာဖြင့် ကိုယ်ကို တိုက်လိုက်သည်။

ရေချိုးပြီးနောက် အိမ်က ယူလာသော အဝတ်အစားသစ်ကို ဝတ်လိုက်သည်။ မီးခိုးရောင်ဖျော့ဖျော့ ရှပ်အင်္ကျီနှင့် အဝါရောင်ဖျော့ဖျော့ ဘောင်းဘီရှည်ဖြစ်သည်။

သူ့အဝတ်အစား အများစုက အရောင်ရင့်များသာဖြစ်ပြီး ဒီလို အရောင်ဖျော့ဖျော့မျိုး ဝတ်ခဲသည်။ ဒါပေမဲ့ မှန်ထဲ ကြည့်လိုက်တော့ လိုက်ဖက်သားဟု ထင်မိ၏။

လဲလှယ်လိုက်သော အဝတ်အစားများကို လျှော်ဖွပ်ပြီး ကျန်းရို လှန်းထားသော အဝတ်များဘေးတွင် လှန်းလိုက်သည်။

ကုတင်ပေါ်တက်ပြီး ကျန်းရိုဘေးတွင် ဝင်လှဲလိုက်သည်။

ကျန်းရိုက အလယ်တည့်တည့်တွင် ထိုင်နေသဖြင့် သူ တက်လာတော့ ဘေးသို့ တိုးပေးလိုက်ရသည်။

အချိန်လင့်နေပြီဖြစ်၍ လီရှောင်း လှဲချလိုက်သောအခါ သူမလည်း စာအုပ်ကို ချလိုက်ပြီး အိမ်သာဝင်ကာ မီးပိတ် အိပ်လိုက်တော့သည်။

သူမ လှဲချလိုက်သည်နှင့် ဘေးမှ အမျိုးသားက ပြောလာ၏။

"မနက်ဖြန် မနက် ရထားလက်မှတ် ဝယ်ထားတယ်။ ပိုက်ဆံတွေကို ရဲစခန်းမှာ သွားအပ်လိုက်မယ်"

ကျန်းရို ဒီတစ်ခါတော့ စကားပြန်ပြောလိုက်သည်။

"ဒီတစ်ခေါက် ဆုကြေးငွေ ဘယ်လောက်ရလဲ"

"တစ်ထောင်... ဘာလို့ မေးတာလဲ"

ကျန်းရိုက သူမ ရှာထားသည့် ပိုက်ဆံများကို တွက်ချက်ကြည့်လိုက်တော့ စိုက်ထုတ်လိုက်တာနဲ့ ကွက်တိ ဖြစ်နေသည်။ သူ့အမေးကို ကြားတော့ မကျေမနပ် ပြောလိုက်၏။

"ရှင်က ပိုက်ဆံပြန်ပေးလိုက်ရင် ပြီးပြီ ထင်နေတာလား။ ဂုဏ်ပြုမှတ်တမ်းနဲ့ ဆုကြေးငွေက သေချာပေါက် ပြန်သိမ်းမှာပေါ့"

သူမ နားလည်ထားသလောက်ဆိုရင် လီရှောင်းရဲ့ ကုသိုလ်က ကြီးမားသည်။ တိုက်ရိုက်ရောင်းဝယ်ရေးဆိုတာက ကိုးဆယ်ခုနှစ် အစောပိုင်းမှာ တရုတ်ပြည်ကို ဝင်ရောက်လာပြီး အခုအချိန်က အဆိုးရွားဆုံးအချိန်ဖြစ်သည်။ မိသားစုပေါင်းများစွာကို ဒုက္ခပေးခဲ့ပြီး ဒီနှစ်ထဲမှာပဲ နိုင်ငံတော်က ပြင်းပြင်းထန်ထန် နှိပ်ကွပ်တော့မည်ဖြစ်သည်။

လီရှောင်းက ရဲတပ်ဖွဲ့ကို ဆက်သွယ်ပြီး အတွင်းလူအဖြစ် ထိပ်တန်းခေါင်းဆောင်များအကြောင်း စုံစမ်းပေးကာ ကြီးမားသော တိုက်ရိုက်ရောင်းဝယ်ရေး ဂိုဏ်းကြီးကို ဖြိုခွင်းရာတွင် ကူညီပေးခဲ့သည်။ ဒီကုသိုလ်က ဖျောက်ဖျက်မရနိုင်ပေ။ ထို့အပြင် သူက တက်တက်ကြွကြွ ဝန်ခံခဲ့သဖြင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနိုင်ပြီး သတိပေး ဆုံးမတာလောက်သာ လုပ်လောက်သည်။

"ရှင့်အိတ်ထဲမှာ ၁၃၀၀ ထည့်ပေးလိုက်တယ်။ ၁၀၀၀ က ဆုကြေးငွေအနေနဲ့ ပြန်ပေးလိုက်။ ၃၀၀ ကို ရှင် ယူထား။ တကယ်လို့ ရက်နည်းနည်းလောက် အချုပ်ခံရရင် ကိုယ့်ဘာသာ လူရှာပြီး အာမခံနဲ့ ထွက်လာခဲ့"

သူ့မှာ အဲဒီလောက် အရည်အချင်းရှိမယ်လို့ သူမ ယုံကြည်သည်။

လီရှောင်း တိတ်ဆိတ်သွားသည်။ ကျန်းရိုက အရမ်းရိုးဖြောင့်လွန်းတယ်လို့ ထင်ပေမယ့် သူမ ပြောတာ၊ လုပ်တာတွေ အားလုံးက သူ့အတွက် စဉ်းစားပေးတာတွေချည်း ဖြစ်နေသည်။

သူမက သူ့ကို ပိုက်ဆံပြန်ပေးခိုင်းပေမယ့် သူ့ကို လစ်လျူမရှုဘဲ နောက်လမ်းအတွက်ပါ စဉ်းစားပေးထားသည်။

ရင်ထဲတွင် စို့တက်လာပြီး တစ်ခါမှ မခံစားဖူးသော ဂရုစိုက်မှု၊ ချစ်ခင်မှုကို ခံစားလိုက်ရသည်။

သူ ရုတ်တရက် ကိုယ်ကို လှည့်လိုက်ပြီး သူမဘက်သို့ တိုးကပ်သွားလိုက်သည်။

ကျန်းရိုက ဘာမှ သတိမထားမိဘဲ နောက်တစ်မျိုး စိတ်ပူနေပြန်သည်။ "ရှင်က ဝန်ခံလိုက်တော့ ရှင့်ညီအစ်ကို နှစ်ယောက်က ရှင့်ကို မုန်းသွားမှာ စိုးရိမ်တယ်"

ကျန်းရိုက ငယ်ငယ်ကတည်းက သဘောကောင်းတယ်လို့ အပြောခံရတာ အကြောင်းမဲ့ မဟုတ်။ သူမက ကိုယ်တိုင် အနစ်နာခံတတ်တဲ့ လူမျိုး။

သူတစ်ပါးကို ထိခိုက်စေမယ့် ကိစ္စမျိုး ဘယ်တုန်းကမှ မလုပ်ခဲ့ဖူးပေ။

လီရှောင်း ရယ်ချင်သွားသည်။ သူမက သိပ်စိတ်ပူတတ်တာပဲ။ သူက ဒါတွေကို စိတ်ထဲတောင် မထားပေ။ ညီအစ်ကိုဆိုတာ အေးအတူ ပူအမျှ မဟုတ်လား။

ဒါပေမဲ့ နှစ်သိမ့်ပေးလိုက်သည်။

"မပူပါနဲ့။ ငါ့ဘာသာ သိပါတယ်။ သူတို့ စိတ်မဆိုးပါဘူး"

ကျန်းရိုက ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် "ဒါဆိုလည်း ပြီးတာပဲ။ စောစောအိပ်တော့" ဟု ပြောပြီး မျက်လုံး မှိတ်လိုက်သည်။

ခဏကြာတော့ သူမထံမှ ပုံမှန် အသက်ရှူသံ ထွက်ပေါ်လာသည်။

အခန်းတွင်း အမှောင်ကို မျက်လုံး ကျင့်သားရနေပြီဖြစ်သည်။ ကုတင်က ပြတင်းပေါက်နှင့် နီးသဖြင့် လမင်းရောင်ခြည်က လိုက်ကာပါးလေးကို ဖြတ်သန်းကာ ဝင်ရောက်လာသည်။ အခန်းက လုံးဝ မည်းမှောင်မနေပေ။ သူက ဘေးစောင်းလှဲရင်း ခေါင်းကို အနည်းငယ် မော့လိုက်ရုံဖြင့် အိပ်ပျော်နေသော အမျိုးသမီး၏ မျက်နှာဘေးတိုက်လေးကို မြင်နေရသည်။

ကြည့်ရင်း ကြည့်ရင်း စိတ်ကူးပေါက်လာကာ ရုတ်တရက် သူမနားသို့ ကပ်သွားပြီး နားရွက်လေးကို နှုတ်ခမ်းဖြင့် ဖွဖွလေး ထိလိုက်မိသည်။

.....

နောက်တစ်နေ့ မနက်တွင် လီရှောင်း မိုးမလင်းခင် ထသွားသည်။ ကျန်းရို မနေ့က ယူလာသော ပစ္စည်းများကို အိမ်ပြန်ပို့ပေးပြီး ဝက်အူချောင်းများကိုပါ အဒေါ်ဝမ်ဆီ သွားပို့လိုက်သည်။ ပြီးနောက် ဂုဏ်ပြုမှတ်တမ်းကို ယူ၊ မနက်စာဝယ်ပြီး တည်းခိုခန်းသို့ ပြန်လာခဲ့သည်။

အခန်းရောက်တော့ ကျန်းရို နိုးနေပြီ။ သူက ပြောလိုက်သည်။

"မြန်ရင် သုံးရက်အတွင်း ပြန်ရောက်မယ်။ အဒေါ်ဝမ်က ဝက်အူချောင်းတွေ ဇလုံအကြီးကြီးနဲ့ ထပ်ပို့ထားတယ်။ မင်း ဒီနေ့ ပြန်တော့။ အိမ်မှာ လူမရှိရင် မဖြစ်ဘူး။ ပြီးတော့ တံခါး ပျက်နေတယ်။ ဒီရက်ပိုင်း တံခါးတွေ၊ ပြတင်းပေါက်တွေ သေချာပိတ်အိပ်။ ငါပြန်လာမှ တံခါးလုပ်ပေးမယ်"

ပြောရင်းဆိုရင်း လွယ်အိတ်ကို လွယ်ကာ ထွက်ခွာသွားလေသည်။

ကျန်းရိုက သူ့နောက်ကျောကို ကြည့်ရင်း မနေနိုင်ဘဲ ပြောလိုက်မိသည်။

"လမ်းမှာ ဂရုစိုက်သွားဦး"

"အင်း"

လူထွက်သွားပြီးနောက် ကျန်းရို ခဏလောက် ဆက်လှဲနေပြီးမှ ထလိုက်သည်။ မျက်နှာသစ် သွားတိုက်ပြီး မနက်စာ စားရန် ပြင်လိုက်သောအခါ သူမ ယူလာသော မြွေရေခွံအိတ် ပျောက်နေသည်ကို တွေ့လိုက်ရသဖြင့် ရယ်ချင်သွားသည်။

သို့သော် ဘာမှ မပြောတော့ဘဲ မနက်စာ စားပြီးသည်နှင့် အခန်းအပ်ကာ ပြန်လာခဲ့တော့သည်။

.....

အခြားတစ်ဖက်တွင် လီရှောင်းသည် ပိုက်ဆံအားလုံး ယူပြီး W မြို့ ရဲစခန်းသို့ တန်းသွားလိုက်သည်။ သူက အထဲက လူအချို့နှင့် ရင်းနှီးနေပြီဖြစ်သည်။ အရင်က အတွင်းလူလုပ်တုန်းက ဒီက လူအချို့နှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ရသည်။

အနည်းငယ် ရှက်စရာကောင်းသော်လည်း သူက တက်တက်ကြွကြွပင် အပြစ်ကို ဝန်ခံလိုက်သည်။ သို့သော် ချက်ချင်း ပြန်ခွင့်မရဘဲ ရဲတပ်ဖွဲ့က ကျန်နှစ်ယောက်ကိုပါ ဖမ်းဆီးပြီး အခြေအနေ အသေးစိတ်ကို မေးမြန်းလေသည်။

....

ခြောက်ရက်ကြာသောအခါ သုံးယောက်သား ရဲစခန်းမှ ရှေ့ဆင့်နောက်ဆင့် ထွက်လာကြသည်။

လီရှောင်းက ပေါ့ပါးသွက်လက်စွာ ရှေ့မှ လျှောက်လာ၏။

နောက်မှ နွမ်းနယ်စွာ လိုက်လာသော နှစ်ယောက်က မျက်နှာ မည်းမှောင်နေသည်။ လမ်းအတန်ငယ် လျှောက်ပြီးနောက် နှစ်ယောက်သား ပြိုင်တူ ရှေ့တက်လာပြီး လီရှောင်းကိုဆွဲကာ ဘေးသို့ ခေါ်သွားပြီး ဒေါသတကြီး ပြောကြသည်။

"ရှောင်းကော... ခင်ဗျား သိပ်လွန်တာပဲ"

နောက်တစ်ယောက်က အသံနှိမ့်ကာ မကျေမနပ် ပြောသည်။

"ပြောထားပြီးသားလေ... ဘယ်လိုလုပ် ကျွန်တော်တို့ကို သစ္စာဖောက်ရတာလဲ"

လီရှောင်းက တည်ငြိမ်သော မျက်နှာထားဖြင့် သူတို့နှစ်ယောက်ကို ဆေးလိပ် ကမ်းပေးလိုက်သည်။ သူ့ဘာသာ တစ်လိပ် ယူပြီး မီးညှိဖွာလိုက်ကာ မျက်နှာမပျက်ပြောလိုက်၏။

"တော်ပါတော့ကွာ... ငါလည်း ကံဆိုးလို့ လူမိသွားတာပါ။ ကိုယ့်ဘာသာ လာမအပ်ရင် အကုန် အဖမ်းခံရမှာ။ ဒီတစ်ခါတော့ ငါ မင်းတို့ကို တောင်းပန်ပါတယ်"

သူတို့ကို စကားပြောခွင့် မပေးဘဲ ဆက်ပြောလိုက်သည်။

"နောက်နှစ်ကျရင် ငါ G ပြည်နယ်ဘက် သွားပြီး စီးပွားရှာမလို့။ အရင်က G ပြည်နယ် သွားတုန်းက ညီအစ်ကိုတစ်ယောက်နဲ့ ခင်ခဲ့တယ်။ ငါ အခြေအနေကောင်းလာရင် မင်းတို့ လိုက်လာခဲ့ကြ။ ငါ အသားစားရရင် မင်းတို့လည်း ဟင်းရည်တော့ သောက်ရစေမယ်"

ပိုက်ဆံတစ်ပြားမှ မရခဲ့သော်လည်း အလကားတော့ မဟုတ်ပေ။ G ပြည်နယ်ကို သွားပြီး တိုက်ရိုက်ရောင်းဝယ်ရေး ခေါင်းဆောင်များနှင့် ဆက်ဆံခဲ့ရစဉ်က လုံးဝမတူညီသော ကမ္ဘာတစ်ခုကို မြင်တွေ့ခဲ့ရသည်။ ဖွံ့ဖြိုးသော G ပြည်နယ်နှင့် ခေတ်နောက်ကျသော မြို့ငယ်လေးကို နှိုင်းယှဉ်ကြည့်လိုက်လျှင် မိုးနှင့်မြေလို ကွာခြားနေသည်။ သူ့ရင်ထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်နေ၏။

နှစ်ယောက်သား ထိုစကားကို ကြားတော့မှ မျက်နှာ အနည်းငယ် ကြည်လင်လာသည်။

သူတို့လည်း မအကြပေ။ လီရှောင်းက တကယ် အရည်အချင်းရှိသူဖြစ်သည်။ ပြီးတော့ သူက ကတိတည်သည်။ လူကိုလည်း အားကိုးရသည်။ ဒီတစ်ခါလည်း သူကပဲ သူတို့ကို ပြန်ထုတ်ပေးခဲ့တာ မဟုတ်လား။ လီရှောင်းနှင့် မတူတာက သူတို့က ပိုက်ဆံအချို့ သုံးပစ်လိုက်ကြပြီဖြစ်သည်။ သူ့နောက် လိုက်လုပ်ရင် မှားစရာမရှိဘူး။

ဒါပေမဲ့ ဒီကိစ္စကိုတော့ ကျူးချန်အပေါ် ပုံချလိုက်ကြသည်။ လီရှောင်းကို ပေါ်သွားစေတာက သေချာပေါက် ကျူးချန်ဆိုတဲ့ ကောင်ပဲဖြစ်ရမည်။

သူ့ပခုံးကို ပုတ်ပြီး နှစ်သိမ့်လိုက်ကြသည်။ "ရှောင်းကော... နောက်ဆို အပေါင်းအသင်း ထားရင် သတိထားဦး"

လီရှောင်း သူတို့ ဆိုလိုရင်းကို နားလည်သော်လည်း ရှင်းမပြတော့ပေ။ ကျန်းရိုကို အမြင်မစောင်းစေချင်။

တစ်ချက် ရယ်လိုက်ပြီး သူတို့ကို စာရွက်တစ်ရွက်စီ ပေးလိုက်သည်။ အဒေါ်ဝမ် အိမ်က ဖုန်းနံပါတ် ဖြစ်သည်။

"ရပြီ... ဒါ ငါ့အိမ်က ဖုန်းနံပါတ်။ ကိစ္စရှိရင် ဆက်လိုက်။ သွားပြီ"

....

လီရှောင်း ဒီတစ်ခေါက် အိမ်ပြန်လာတော့ မနက်ခင်း ဖြစ်သည်။ ရထားကို ညလုံးပေါက် စီးပြီး မြို့ပေါ်ရောက်၊ ထိုမှတစ်ဆင့် ကားနှစ်နာရီလောက် စီးပြီးမှ မြို့နယ်သို့ ရောက်သည်။

တော်သေးတာက အပြန်လမ်းမှာ ပိုက်ဆံမပါတော့ စိတ်ချလက်ချ အိပ်နိုင်ခဲ့သည်။

ဒါပေမဲ့ ပင်ပန်းနေသေးသည်။ ကျန်းရို ချက်ပေးသော ထမင်းကြော်ကိုစားပြီး ရေချိုးကာ အိပ်ရာဝင်လိုက်သည်။

.....

မွန်းလွဲ နှစ်နာရီလောက်မှ နိုးလာသည်။ ထလာတော့ ကျန်းရိုက ခြံဝင်းထဲက သစ်ပင်အောက်မှာ ထိုင်ပြီး အေးခဲကြက်ခြေထောက်တွေကို ခြေသည်းညှပ်နေသည်ကို တွေ့လိုက်ရ၏။

သူ ဒီတစ်ခေါက် အဆင်ပြေပြေ လုပ်ဆောင်နိုင်ခဲ့သည်။ အပြင်မှာ ကုသိုလ်ကြီးလုပ်ခဲ့ပြီး နားဝင်ချိုစွာဖြင့် ပိုက်ဆံလည်း ပြန်ပေးခဲ့သည်။ ထို့ကြောင့် ဆုချသောအနေဖြင့် ဟင်းကောင်းကောင်း ချက်ကျွေးရန် ပြင်ဆင်နေခြင်းဖြစ်သည်။

လီရှောင်း နိုးလာတာ မြင်တော့ မော့ကြည့်ပြီး ပြောလိုက်သည်။

"အိုးထဲမှာ ထမင်း ချန်ထားတယ်"

လီရှောင်း သူမကို တစ်ချက် ကြည့်ပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။ အိုးအဖုံး ဖွင့်ကြည့်လိုက်တော့ ထမင်းတစ်ပန်းကန်လုံးနှင့် ဟင်းပန်းကန် တစ်လုံးကို နွေးထားသည်ကို တွေ့ရသည်။ ဒီဟင်းတွေက သူမ မစားခင် သက်သက်ဖယ်ထားပေးတာ ဖြစ်လောက်သည်။

တကယ်တော့ ဒီလို လုပ်စရာမလိုပါဘူး။ သူမ စားကြွင်းစားကျန် စားရလည်း ဘာမှ မဖြစ်ပါဘူး။

ဒါပေမဲ့ ရင်ထဲမှာတော့ ထူးခြားနေသည်။ အလေးထားခံရသလို ခံစားရသည်။

လီရှောင်းက ဟင်းတွေအကုန်လုံးကို ထမင်းပေါ် ပုံချလိုက်ပြီး ပန်းကန်ကိုကိုင်ကာ အရှေ့သို့ ထွက်လာခဲ့သည်။

ကျန်းရိုက သူ ထွက်လာတာမြင်တော့ ခရီးစဉ်အကြောင်း မေးလိုက်သည်။

လီရှောင်းက ထမင်းစားရင်း ပြောပြလိုက်သည်။ သူမ ထင်ထားသည့်အတိုင်း ဂုဏ်ပြုမှတ်တမ်းနှင့် ဆုကြေးငွေ ပြန်သိမ်းခံရသည်။ သို့သော် သူက ကုသိုလ်ကြီးပြီး ဝန်ခံရန် ဆန္ဒပြင်းပြခဲ့သဖြင့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ရခဲ့သည်။ သတိပေး ဆုံးမတာလောက်သာ ခံခဲ့ရ၏။

ဟိုနှစ်ယောက်ကတော့ နည်းနည်း ကံဆိုးသည်။ သူတို့က ပိုက်ဆံ နည်းနည်းပဲရသော်လည်း သုံးပစ်လိုက်ကြပြီ။ မူလက ရက်အနည်းငယ် အချုပ်ခံရမလိုဖြစ်သော်လည်း လီရှောင်းက ပိုက်ဆံ နှစ်ရာပေးပြီး ရွေးထုတ်လာခဲ့သည်။

"သူတို့ စိတ်မဆိုးပါဘူး။ ငါ နောက်နှစ် တောင်ဘက်ပိုင်းသွားပြီး စီးပွားရှာရင် သူတို့ကို ခေါ်မယ်လို့ ကတိပေးလိုက်တယ်"

"ရဲတွေက အလိမ်ခံရတဲ့ ပိုက်ဆံတွေကို နစ်နာသူတွေဆီ ပြန်ပေးလိုက်တယ်။ ဒါပေမဲ့ ပမာဏက မကိုက်ဘူး။ ဟိုလူတွေ သုံးပစ်လိုက်တာ များတယ်"

အထူးသဖြင့် G ပြည်နယ်က ငါးကြီးတွေက နိုင်ငံခြားနဲ့ပါ ပတ်သက်နေသည်။ အချိန်မီ မဖမ်းမိရင် နိုင်ငံခြားထွက်ပြေးပြီး စံစားနေလောက်ပြီ။

အဲဒီ ကိုးထောင်ဆိုတာက တိုက်ရိုက်ရောင်းဝယ်ရေး အဖွဲ့ကြီး လိမ်ယူထားတဲ့ ပိုက်ဆံတွေထဲမှာ အစွန်းထွက်လောက်ပဲရှိတာ။

ဒါပေမဲ့ လီရှောင်း ရဲစခန်းမှာနေတုန်းက သတင်းအချို့ ကြားခဲ့ရသည်။ ရဲတွေက ပိုက်ဆံပြန်ပေးဖို့ သွားတဲ့အခါ တချို့မိသားစုတွေက မရှိကြတော့ဘူး။ တချို့က ပိုက်ဆံအလိမ်ခံရလို့ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားကြတယ်။ တချို့က သားကွဲမယားကွဲ ဖြစ်ကုန်တယ်။ တချို့ကျတော့ ရောဂါဖြစ်ပြီး ကုဖို့ ပိုက်ဆံမရှိလို့ သေသွားကြတယ်။

ပိုက်ဆံက တော်တော်လိုနေပြီး တချို့မိသားစုတွေက တကယ် ဒုက္ခရောက်နေကြသဖြင့် ရဲအချို့က သူတို့ရတဲ့ ဆုကြေးငွေကိုတောင် စိုက်ထုတ်ပေးကြသည်။ ဒါပေမဲ့ ဆီကာရေပက်သလိုပါပဲ။

အဲဒီအချိန်တုန်းက ကျန်းရိုနဲ့ ရဲတွေရဲ့လုပ်ရပ်က မိုက်မဲတယ်လို့ထင်ခဲ့ပေမယ့် ကျန်းရိုရဲ့ ဖြောင့်မတ်မှန်ကန်မှုအတွက် ဂုဏ်ယူမိတာတော့ အမှန်ပင်။

သူက လူမိုက်ဖြစ်ပေမယ့် သူ့မိန်းမကတော့ လူကောင်းတစ်ယောက်ဖြစ်သည်။

ကျန်းရို ကြားရတော့ စိတ်မကောင်းဖြစ်သွားပြီး ဘာမှ မပြောတော့ပေ။

ရုတ်တရက် ကိစ္စတစ်ခု သတိရသွားပြီး လီရှောင်းကို ပြောလိုက်သည်။

"မနေ့က ကျိုးကျန့် လာရှာသွားတယ်။ ရှင့်သူငယ်ချင်း အမျိုးသားနေ့ ကျောင်းပိတ်လို့ ပြန်ရောက်နေတယ်တဲ့။ နှစ်ရက်နေရင် ပြန်တော့မှာမို့ ရှင့်ကို အပြင်မှာ တွေ့ချင်တယ်တဲ့"

ကြားလိုက်တာနဲ့ လီရှောင်း ဘယ်သူမှန်း သိလိုက်သည်။ သူတို့အဖွဲ့ထဲမှာ ကျင်းတာ့ယို တစ်ယောက်ပဲ တက္ကသိုလ် တက်နေတာ။ အမျိုးသားနေ့ ကျောင်းပိတ်လို့ ပြန်လာတာ သူပဲ ရှိမှာပေါ့။

ခေါင်းညိတ်လိုက်ပြီး "အင်း... သိပြီ" ဟု ပြောလိုက်သည်။

လီရှောင်း ထမင်းစားပြီးနောက် ခြံဝင်းထဲတွင် တံခါး လုပ်နေသည်။ ရေပေါ်ဖြင့် သစ်သားပြားကို ညီညာအောင် စားနေ၏။ ကျန်းရိုက သူ ကျွမ်းကျင်စွာ လုပ်နေသည်ကိုမြင်တော့ မနေနိုင်ဘဲ ပြောလိုက်သည်။

"ရှင် အားရင် ကလေးအတွက် ပုခက်နဲ့ တွန်းလှည်းလေး လုပ်ပေးပါလား။ မလုပ်တတ်ရင် ညကျရင် ကျွန်မ ပုံဆွဲပေးမယ်"

လီရှောင်းက ခေါင်းမမော့ဘဲ ရှေ့ရှိ သစ်သားစများကို မှုတ်ထုတ်ရင်း ချက်ချင်း လက်ခံလိုက်သည်။

"ရတယ်"

မကြာမီ ရက်ပိုင်းအတွင်း အလုပ်မရှိသေးသဖြင့် တည်းခိုခန်းကလို ရေချိုးခန်းမျိုး အိမ်မှာ လုပ်လို့ရမလား စဉ်းစားနေသည်။ အဲဒါက တကယ် အဆင်ပြေသည်။ နေရောင်ခြည်စွမ်းအင်သုံး စက်တစ်လုံး ဝယ်ရုံကလွဲရင် ကျန်တာ သူ လုပ်တတ်သည်။

လီရှောင်း လက်မြန်သည်။ သစ်သားတံခါးကို ပြီးခဲ့တဲ့အခေါက်က တစ်ဝက်လုပ်ထားပြီးပြီမို့ ညနေပိုင်းနှင့် ညပိုင်း အချိန်ပေးလိုက်တာနဲ့ ပြီးသွားသည်။ အရောင်တင်ဆီသုတ်ပြီး အပြင်မှာ လှန်းထားလိုက်သည်။

ကျန်းရို ညစာအတွက် သံပုရာ ကြက်ခြေထောက်သုပ် လုပ်သည်။ တကယ်တော့ ငရုတ်သီးချဉ်စိမ် ကြက်ခြေထောက် လုပ်မလို့ပေမယ့် စပ်လွန်းရင် ကိုယ်ဝန်နဲ့ မတည့်မှာစိုးလို့ မလုပ်ဖြစ်တော့။ ဈေးထဲမှာ သံပုရာသီးတွေ့တာနဲ့ ဒါကို သတိရသွားခြင်းဖြစ်သည်။

ပါဝင်ပစ္စည်းတွေက မများလှ။ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ကြက်သွန်မြိတ်၊ ကြက်သွန်ဖြူ စသည်တို့ကို ဈေးမှာ ဝယ်လို့ရသည်။ ကျန်တဲ့ ဟင်းခတ်အမွှေးအကြိုင်တွေက အိမ်မှာရှိပြီးသား။

လုပ်နည်းကလည်း ရိုးရှင်းသည်။ သန့်စင်ထားသော ကြက်ခြေထောက်ကို တစ်ဝက်ပိုင်းပြီး အရက်၊ ကြက်သွန်မြိတ်၊ ဂျင်းတို့ ထည့်ကာ အနံ့ပျောက်အောင် ပြုတ်ရသည်။ ဆယ်မိနစ်ခန့် ရေအေးဖြင့် ပြုတ်ပြီး ကျက်သွားလျှင် ရေအေးထဲ စိမ်ထားရသည်။ ဒါမှ ကြက်ခြေထောက်က ဝါးလို့ ကောင်းမည်။

နောက်ဆုံးတွင် စိမ်ထားသော ကြက်ခြေထောက်နှင့် ဖျော်ထားသော ဆော့စ်ကို ရောနယ်ပြီး တစ်ညသိပ်ထားလိုက်ရုံပင်။

တကယ်တော့ ရေခဲသေတ္တာထဲ ထည့်ထားတာ အကောင်းဆုံးပါပဲ။ အအေးခံထားတဲ့ ကြက်ခြေထောက်က ပိုစားကောင်းပြီး အရသာ ပိုဝင်သည်။ ဒါပေမဲ့ အိမ်မှာ ရေခဲသေတ္တာမရှိတော့ ကျန်းရိုက တစ်ည ဒီအတိုင်းထားလိုက်သည်။

လီရှောင်းက စောင့်နိုင်သူ မဟုတ်။ အမွှေးနံ့ ရသည်နှင့် ဗီရိုတံခါးဖွင့်ပြီး လက်ဖြင့် တစ်ခု ယူစားလိုက်သည်။ "စားလို့ ကောင်းသားပဲ"

ကျန်းရိုက သူ မနားတမ်း စားနေသည်ကို မြင်တော့ သတိပေးလိုက်သည်။

"ကုန်အောင် မစားနဲ့နော်။ မနက်ဖြန်ကျရင် ကျိုးကျန့်တို့ဆီ သွားပို့လိုက်ဦး။ ရှင် မရှိတုန်းက ကျိုးကျန့်က အများကြီး ကူညီပေးခဲ့တာ။ ပြီးတော့ ရှင်နဲ့ခင်တဲ့ ကျင်းမျိုးရိုး သူငယ်ချင်းကလည်း အထက်တန်းပြစာအုပ်တွေ တစ်စုံလုံး ပေးထားတာ"

ဒါတွေကို သူ မှတ်ထားသည်။

ကျိုးကျန့်နဲ့ ကျင်းတာ့ယိုကို ပေးမယ်ဆိုမှတော့ ကျူးချန်ကို မပေးလို့ မကောင်းဘူး။ ဒါကြောင့် သူမ ပိုလုပ်ထားသည်။ ဇလုံအကြီးကြီး တစ်လုံးစာရသည်။

.....

နောက်တစ်နေ့ မနက် ကိုးနာရီလောက်တွင် လီရှောင်း အိမ်မှ ထွက်သည်။ မထွက်ခင် ကျန်းရိုကို ပြောလိုက်သည်။

"နေ့လယ်စာ ပြန်မစားတော့ဘူး"

ကျန်းရို အခန်းထဲတွင် စာဖတ်နေသည်။ ကြားတော့ အပြင်ထွက်သွားသော အမျိုးသားကို မော့ကြည့်ပြီး ပြောလိုက်သည်။

"အင်း... ညနေ စောစော ပြန်လာခဲ့"

မနက်က သူမ ဟင်းချက်စရာတွေ အများကြီး ဝယ်ထားသည်။

လီရှောင်း အိမ်မှာရှိနေရင် သူမ ဘာမှ လုပ်စရာ မလိုတော့။ မနေ့ညက ဝက်အူချောင်းကို သူပဲ ပေါင်းသည်။ မနေ့ညက သူမ စောစော အိပ်ပျော်သွားတော့ ဒီမနက် စောစော နိုးသည်။ ဈေးသွားပြီး ဟင်းချက်စရာဝယ်၊ ချက်ပြုတ် လုပ်သည်။

ပြန်ရောက်တော့ လီရှောင်း အိပ်ရာက မထသေး။

"အင်း"

ထိုအမျိုးသားက ကြက်ခြေထောက် ထည့်ထားသော အိတ်ကို ဆွဲပြီး ထွက်သွားသည်။ မနက်က ကျန်းရို တို့ဖူးဝယ်တုန်းက ပါလာသော ပလတ်စတစ်အိတ်အဖြူကို ဆေးကြောပြီး ထည့်သွားခြင်းဖြစ်သည်။

သူ့မှာ မြို့ထဲတွင် မိတ်ဆွေ အများကြီးရှိသော်လည်း ငယ်ငယ်ကတည်းက ပေါင်းလာသော အရင်းနှီးဆုံး သူငယ်ချင်းဆိုလို့ ကျိုးကျန့်၊ ကျူးချန်၊ ဝမ်ထောင်နှင့် ကျင်းတာ့ယိုတို့သာ ရှိသည်။

ဝမ်ထောင်က လွန်ခဲ့တဲ့ တစ်နှစ်က အိမ်ထောင်ကျသွားပြီးနောက် သူတို့နဲ့ နည်းနည်း ဝေးသွားသည်။

ဒါကြောင့် သူ အပြင်ထွက်ရင် ကျိုးကျန့်ကိုပဲခေါ်လေ့ရှိပြီး ဝမ်ထောင်ကို ဒုက္ခမပေးတော့။

သူ့အိမ်က ကျိုးကျန့်အိမ်နှင့် အနီးဆုံးမို့ ကျိုးကျန့်ဆီ အရင်သွားသည်။ ပြီးမှ နှစ်ယောက်သား ကျူးချန်၊ ဝမ်ထောင်နှင့် ကျင်းတာ့ယိုတို့ကို လိုက်ခေါ်ကြသည်။ မြောက်ဘက်လမ်းနှင့် အရှေ့ဘက်လမ်း ဆုံရာရှိ စားသောက်ဆိုင်လေးတွင်ဆုံရန် ချိန်းထားကြ၏။

လီရှောင်း ကျင်းတာ့ယိုဆီ သွားသည်။ ကျင်းတာ့ယိုအိမ်က မြို့ပြင် ရပ်ကွက်တွင်ရှိသည်။ ဟောင်းနွမ်းသေးငယ်သော တိုက်တန်းလျားများရှိရာ နေရာဖြစ်သည်။ သူ့အိမ်က တတိယမြောက် အိမ်ဖြစ်သည်။ အဘိုးအဘွားများနှင့်နေရပြီး အခြေအနေ သိပ်မကောင်းလှ။

လီရှောင်း စက်ဘီးစီးလာခြင်းဖြစ်သည်။ လမ်းဘေးက ပြင်ဆိုင်မှာ စက်ဘီးဟောင်းတစ်စီး ငှားလာတာပင်။ လမ်းဘေးတွင် ခြေတစ်ဖက်ထောက် ရပ်လိုက်ပြီး ကျင်းတာ့ယိုအိမ်ဘက် လှမ်းအော်လိုက်သည်။ "တာ့ယိုရေ"

ကျင်းတာ့ယို အိပ်နေတုန်း ထင်သည်။ ဆူဆူညံညံ အော်ဟစ်ပြီး အခန်းပြတင်းပေါက် ဖွင့်လာသည်။ ဆံပင်တွေက ကြက်သိုက်လို ရှုပ်ပွနေ၏။

လီရှောင်းကို တွေ့တော့ မျက်နှာကို ပွတ်သပ်လိုက်သည်။ ဘာလာလုပ်တာလဲ မမေးဘဲ အသံအက်အက်ဖြင့် "နှစ်မိနစ် စောင့်" ဟု ပြောလိုက်သည်။

နှစ်မိနစ်ဆို နှစ်မိနစ်ပါပဲ။ သွက်လက်စွာ ထွက်လာပြီး တံခါးဝက ရေတွင်းနားမှာ သွားတိုက် မျက်နှာသစ်သည်။

တံခါးဝတွင် ခြင်းတောင်းရက်နေသော အဘိုးအိုကမြင်တော့ လီရှောင်းကို ပြုံးပြုံးရွှင်ရွှင် နှုတ်ဆက်သည်။

"ရှောင်လီ ပြန်ရောက်ပြီလား"

လီရှောင်းက ပြန်ဖြေလိုက်သည်။ "ဟုတ်ကဲ့... တာ့ယို ပြန်ရောက်တယ် ကြားလို့ လာခေါ်တာ"

အဘိုးအိုက ခေါင်းခါပြီး ရယ်လိုက်သည်။

"မင်းမိန်းမကလည်း မင်းကို မထိန်းဘူး။ ဒီလောက် အသက်ကြီးနေပြီကို လည်တုန်း ပတ်တုန်း"

လီရှောင်း ပြန်မပြောဘဲ နေလိုက်သည်။ ဒီအဘိုးကြီးက တစ်သက်လုံး မိန်းမနိုင်တာ ခံရသူမို့ ဘယ်သူ အိမ်ထောင်ကျကျ မိန်းမနိုင်တာ ခံစေချင်နေသည်။

ကျင်းတာ့ယိုက သူ့အဘိုးကို လှမ်းအော်လိုက်သည်။

"ကျွန်တော် ညကျရင် ကျိုးကျန့်အိမ်မှာ အိပ်မယ်။ ပြန်မလာတော့ဘူး"

အဘိုးအိုက သူ့ကို ဂရုမစိုက်။ ခေါင်းမမော့ဘဲ "အေး... အရက် လျှော့သောက်" ဟု ပြောလိုက်သည်။

ကျင်းတာ့ယိုက လီရှောင်း စက်ဘီးနောက်ခုံပေါ် ခုန်တက်လိုက်သည်။ စက်ဘီးလက်ကိုင်တွင် ချိတ်ထားသော အိတ်ထဲတွင် စားစရာများ ပြည့်နေသည်ကို တွေ့လိုက်ရသဖြင့် မေးလိုက်သည်။

"ကျင်းတာ့ယို... ဘာတွေ ယူလာတာလဲ"

လက်လှမ်းယူရန် ကြိုးစားသေးသည်။

လီရှောင်းက ပုတ်ထုတ်လိုက်သည်။ "မင်းမရီး လုပ်ပေးလိုက်တာ။ မင်းတို့ကို မြည်းကြည့်စေချင်လို့။ တော်ကြာကျရင် အတူတူစားကြမယ်"

"ကောင်းပြီလေ"

ကျင်းတာ့ယို စိတ်မပျက်သွားပေ။ မရီးက ကျိုးကျန့် ပြောသလိုပဲ သဘောကောင်းမည့်ပုံ ပေါ်သည်ဟု တွေးမိလိုက်သည်။

လွန်ခဲ့တဲ့ ရက်ပိုင်းက အိမ်ပြန်ရောက်တုန်း ကျိုးကျန့်နဲ့တွေ့တော့ မရီးအကြောင်း ပြောပြသည်။ တွေ့တိုင်း စားစရာတွေပေးတတ်လို့ အားတောင်နာတယ်တဲ့။

ကျင်းတာ့ယိုက ကျန်းရိုကို သိပ်မမှတ်မိ။ လီရှောင်းက အရင်တုန်းက ကျန်းရိုအကြောင်း သိပ်မပြောဖူးသလို ကျန်းရိုကလည်း သိုသိုသိပ်သိပ်နေတတ်သူမို့ သူတို့ရှေ့ ပေါ်မလာတတ်ပေ။

ကျူးချန်ရဲ့ကောင်မလေးကိုတော့ သူနဲ့ ကျိုးကျန့် မကြာခဏ တွေ့ဖူးသည်။ တွေ့တိုင်း ရွံရှာသလို မျက်နှာထားမျိုး လုပ်တတ်သဖြင့် နေရခက်စေသည်။

လီရှောင်း စက်ဘီးစီးပြီး စားသောက်ဆိုင်သို့ ရောက်သောအခါ ကျိုးကျန့် ရောက်နေပြီ။ သူတစ်ယောက်တည်း ဖြစ်သည်။

နှစ်ယောက်သား ဝင်လာတာ မြင်တော့ မျက်နှာမကောင်းဘဲ ချက်ချင်း တိုင်တောလေသည်။

"ကျူးချန်က ကျွန်တော်နဲ့ လိုက်လာမလို့ လုပ်နေတာ။ လမ်းမှာ သူ့ကောင်မလေးက ဆွဲခေါ်သွားတယ်။ ခင်ဗျားတို့ သူ့ကောင်မလေး မျက်နှာကို မမြင်လိုက်ရဘူး။ ကျွန်တော့်ကိုဆို အညစ်အကြေးတစ်ခုလို ကြည့်တာ။ -ီးပဲ... မိန်းကလေး ဖြစ်နေလို့။ မဟုတ်ရင် ကျွန်တော် ထိုးမိပြီ"

နောက်ဆုံးတွင် ဖြည့်စွက် ပြောလိုက်သည်။ "ဝမ်ထောင်က နောက်မှ လိုက်လာမယ်တဲ့။ ကျွန်တော်တို့ကို အရင်စားနှင့်တဲ့"

ပြောရင်း ပိုဒေါသထွက်လာသည်။ ဘာ အရင်စားနှင့်လဲ။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားရမှာ ကြောက်လို့ မဟုတ်လား။

ဒီဆိုင်ကို သူတို့ ခဏခဏလာစားနေကျ။ ပိုက်ဆံ အရင်ရှင်းပြီးမှစားရတာ အားလုံး အသိ။

ကျင်းတာ့ယိုက သူ့မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီး ထိုစကားကို ကြားသောအခါ ဝက်အော်သံလို ရယ်လိုက်မိသည်။ ဝမ်ထောင် ဒီကောင် တဖြည်းဖြည်းနဲ့ ရယ်ရလာပြီဟု ထင်မိ၏။

လီရှောင်းက ကြက်ခြေထောက်အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး ပြောလိုက်သည်။

"ဒါဆို သူ့ကို မစောင့်တော့ဘူး။ ငါ ဟင်းသွားမှာလိုက်မယ်"

"လုပ်လေ... ကျင်းတာ့ယို ဒီတစ်ခေါက် ပိုက်ဆံ အများကြီး ရလာတာဆိုတော့ ဒီတစ်နပ်တော့ ဒကာခံရမှာပေါ့"

လီရှောင်း သွားကိုက်ချင်သလို ဖြစ်သွားသည်။ ဒီတစ်ခေါက် တစ်ပြားမှ မရလာတဲ့အပြင် နောက်ပိုင်း ကျန်းရိုလုပ်စာ ထိုင်စားရတော့မယ်ဆိုတာကို ထုတ်မပြောရက်ပေ။

ဒါပေမဲ့ ကျန်းရိုက စိတ်မဆိုးပါဘူး။ မနက်ကတောင် ပိုက်ဆံလောက်ရဲ့လား မေးလိုက်သေးတယ်။

စဉ်းစားမိရင်း သူ ကောင်တာဘက်သို့ လျှောက်သွားလိုက်သည်။ သိပ်ဈေးကြီးတဲ့ ဟင်းတွေ မမှာခဲ့။

ကျင်းတာ့ယိုနှင့် ကျိုးကျန့်တို့က အိတ်ကို မစောင့်နိုင်တော့ဘဲ ဖွင့်ကြည့်လိုက်ကြသည်။ ကျိုးကျန့်က မေးလိုက်၏။

"ဘာဟင်းကောင်းလဲ"

ကျင်းတာ့ယိုက ပြုံးလိုက်သည်။ "မရီး လုပ်ပေးလိုက်တာတဲ့။ ရှောင်းကောက စောစောက ငါ့ကိုတောင် ပေးမစားဘူး"

ကျိုးကျန့် မျက်နှာ ဝင်းပသွားသည်။ "အစ်မရို လက်ရာလား။ ဒါဆို သေချာပေါက် စားကောင်းမှာ"

လက်မြန်ခြေမြန်ဖြင့် ကြက်ခြေထောက်တစ်ပိုင်းကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ပြီးတော့ မျက်လုံး အရောင်တောက်သွားပြီး ခေါင်းတညိတ်ညိတ်ဖြင့် "စားကောင်းတယ်" ဟု ပြောလိုက်၏။

ကျင်းတာ့ယိုက သူ့ကို ဂရုမစိုက်နိုင်တော့ဘဲ တစ်တုံးယူပြီး ပါးစပ်ထဲ ထည့်လိုက်သည်။

သူ အိပ်ရာထကာစမို့ ဘာမှ မစားရသေး။

လီရှောင်း ပြန်ရောက်လာချိန်တွင် နှစ်ယောက်သား ရှေ့၌ အရိုးပုံ တစ်ပုံစီ ဖြစ်နေပြီ။ "-ီးပဲ... ငါ့အတွက် မချန်တော့ဘူးလား" ဟု ဆဲလိုက်မိသည်။

သူတို့ လာတာ စောသဖြင့် ဆိုင်ထဲတွင် လူသိပ်မရှိသေး။ ဟင်းတွေက မြန်မြန် ရောက်လာသည်။

အာလူးကြော်၊ ခရမ်းသီးနှပ်၊ မြေပဲဆံနှင့် တို့ဖူးခြောက်တို့ မှာထားသည်။ ဘီယာ ပုလင်းအချို့လည်း မှာထား၏။

ကျိုးကျန့်က ဟင်းတွေကို ကြည့်ပြီး လီရှောင်းကို မျက်ဖြူလှန်ပြသည်။

"ရှောင်းကော... ဘာလို့ အသီးအရွက်တွေချည်းပဲလဲ"

လီရှောင်းက တည်တည်ငြိမ်ငြိမ်ပင်။ "ငါ အသား ယူလာတယ်လေ"

"......"

အေးပါကွာ... မိန်းမရပြီးတဲ့ ကောင်တွေက ကပ်စေးနည်းကြတယ်။

နောက်ဆုံးတွင် ကျိုးကျန့်က မနေနိုင်တော့ဘဲ ကောင်တာသို့သွားကာ ကြက်သား မှိုပေါင်း တစ်ပွဲ သွားမှာလိုက်သည်။

ယောကျ်ား သုံးယောက်၊ စားလိုက်ရင် နွားတစ်ကောင်စာလောက်ရှိသည်။ ဝမ်ထောင် ရောက်လာချိန်တွင် သုံးယောက်သား ဟင်းတွေကို ကုန်သလောက် စားပြီးနေကြပြီ။

ဝမ်ထောင်က မရွံမရှာဘဲ ထမင်းဖြူတစ်ပန်းကန်မှာပြီး ကျန်နေတဲ့ ဟင်းကျန်၊ ဟင်းရည်ကျန်တွေနဲ့ စားတော့သည်။

ကျိုးကျန့်က ကြည့်ရင်း စိတ်ပျက်လာသည်။ အစ်ကိုကြီးနဲ့ အစ်မရို အဆင်ပြေနေတာကို မမြင်ရရင် မိန်းမယူတာ ဒုက္ခရောက်တာပဲလို့ သူ ထင်မိတော့မည်။

အရင်တုန်းက ဝမ်ထောင်ဆိုတာ ရိုးသားဖြောင့်မတ်တဲ့ လူတစ်ယောက်။ အခုတော့ ဉာဏ်များတတ်လာပြီ။ ပြီးတော့ ကျူးချန်... ကောင်မလေး ရပြီးတာနဲ့ သူတို့နဲ့ တဖြည်းဖြည်း ဝေးကွာလာသည်။

နောက်ပိုင်းကျရင် အတူကြီးပြင်းလာတဲ့ ညီအစ်ကိုတွေ တဖြည်းဖြည်း ဝေးကွာသွားမှာကို သူ စိုးရိမ်မိသည်။

ကျင်းတာ့ယိုကတော့ သူလောက် မတွေး။ သူက အငယ်ဆုံးမို့ ဒါတွေကို မစဉ်းစားမိသေး။ ဝမ်ထောင်ကိုကြည့်ပြီး ရယ်နေသည်။

"မင်း ထမင်းမစားရတာ ဘယ်နှစ်ရက် ရှိပြီလဲ"

ဝမ်ထောင်က ပါးစပ်ထဲ ထမင်းအပြည့်ဖြင့် ဝါးရင်း "အိမ်က ဟင်းက ဒီလောက် မကောင်းဘူးကွ" ဟု ပြောရှာသည်။

သူ့မိန်းမက ပြည်နယ်က။ ဟင်းချက်ရင် ဆီတောင် မထည့်ဘူး။ သားလေး နောက်နှစ် ကျောင်းတက်ရမယ်၊ ပိုက်ဆံစုရမယ်ဆိုပြီး ပြောနေတာ။ သူ ရှာတဲ့ပိုက်ဆံက မများတော့ ဘာမှ ပြန်မပြောသာဘူး။

တကယ်တော့ သူ့မိန်းမက လီရှောင်း ကုန်သည်လုပ်တုန်းက အဆင်ပြေနေတာမြင်ပြီး သူ့ကိုလည်း လိုက်လုပ်ခိုင်းမလို့။ ဒါပေမဲ့ ရုတ်တရက် ပြဿနာတက်သွားတော့ ပြီးခဲ့တဲ့ ရက်ပိုင်းက သူ့ကို မျက်နှာချင်းဆိုင်တိုင်း မကြည်ကြည့် ကြည့်နေတော့တာ။ ကျူးချန်က လီရှောင်းကိုခေါ်ပြီး သူ့ကို မခေါ်လို့ သူငယ်ချင်းကောင်း မပီသဘူး ဘာညာ ပြောနေတာ။

ဝမ်ထောင်က ကျူးချန် အဲဒီလိုလူမဟုတ်မှန်း သိပေမယ့် ရင်ထဲတော့ မကောင်း။ ရေလှောင်တမံ စောင့်ရတဲ့ အလုပ်ရှိနေလို့ မခေါ်တာဖြစ်မယ်လို့ တွေးမိသည်။

ဒီနေ့ သူ ဂျူတီချိန်းလို့ အိမ်မှာ ရှိနေတာ။ သူ့မိန်းမက လီရှောင်း အပြင်မှာ ပိုက်ဆံရှာလာတယ် ကြားလို့ သူ့ကို လွှတ်လိုက်တာ။

ဝမ်ထောင် ထမင်းနှစ်ပန်းကန် စားပြီးနောက် လီရှောင်းကို အပြင်ကအခြေအနေ မေးသည်။

လီရှောင်းက ကျင်းတာ့ယိုနှင့် စကားပြောနေသည်။ အထက်တန်း ရူပဗေဒနှင့် သင်္ချာ မှတ်စုစာအုပ်တွေ ရှိသေးလားလို့ မေးနေတာပင်။

မနေ့ညက ကျန်းရို သက်ပြင်းချရင်း ခေါင်းကုတ်နေတာ မြင်ပြီး ဆံပင်တွေ ကျွတ်ကုန်မှာ စိုးရိမ်မိလို့လေ။

အခု သူ အိမ်မှာ ရှိနေတုန်း သင်ပေးလို့ရပေမယ့် နောက်နှစ် တောင်ဘက်ပိုင်း သွားရင် သူမဘာသာ ကြိုးစားရတော့မှာ။

ကျင်းတာ့ယိုက ကြားတော့ ထူးဆန်းနေသည်။

"ရှောင်းကော တက္ကသိုလ် တက်ချင်လို့လား"

ပြီးတော့ ခေါင်းညိတ်လိုက်သည်။

"တက်လေ... ရှောင်းကောဆို သေချာပေါက် အောင်မှာ"

အရင်တုန်းက စာမကျက်ဘဲနဲ့တောင် ပထမ ရခဲ့တာ။ ဟိုဟယ်မျိုးရိုးဆိုတဲ့ကောင် နှောင့်ယှက်လို့သာ မဟုတ်ရင် သူ့အစ်ကိုကြီး တက္ကသိုလ် ရောက်နေလောက်ပြီ။

သို့သော် လီရှောင်းက ခေါင်းခါပြီး ဘီယာတစ်ငုံ သောက်လိုက်သည်။

"မတက်ပါဘူး။ နောက်နှစ် တောင်ဘက်ပိုင်း သွားပြီး စီးပွားရှာမလို့။ မင်းမရီး ဖြေချင်နေလို့ပါ"

ကျိုးကျန့်နဲ့ ဝမ်ထောင်က ဘာမှမခံစားရပေမယ့် ကျင်းတာ့ယိုကတော့ ပြီးခဲ့တဲ့တစ်ခေါက် ကျိုးကျန့် စာအုပ်လာငှားတာကို သတိရသွားသည်။ အဲဒီတုန်းက မရီးရဲ့ မောင်နှမတွေ လိုချင်တာလို့ ထင်ခဲ့ပေမယ့် သူမကိုယ်တိုင်ကြည့်ဖို့ ဖြစ်နေတာကိုး။

ကျိုးကျန့်၊ ဝမ်ထောင်တို့လောက် အကြောမသေတဲ့ ကျင်းတာ့ယိုက အသက်ငယ်ပေမယ့် ဦးနှောက်ပြေးသည်။ တွေ့ကြုံဖူးတာလည်း များသည်။ ချစ်သူရည်းစားတွေ တက္ကသိုလ်ရောက်သွားရင် လမ်းခွဲကြတာ အများကြီး မြင်ဖူးသည်။

သူ့အခန်းဖော်ဆိုရင် ကျောင်းဖွင့်လို့ တစ်လမပြည့်သေးဘူး။ တခြားအတန်းက ကောင်မလေးနဲ့ တွဲနေပြီ။ အသက်ကြီးတယ်လို့ပဲ ထင်ထားတာ။ နောက်မှ အတန်းပိုင်ဆရာမ ရုံးခန်းမှာ ဖိုင်တွေ့တော့မှ နယ်မှာ ယောက်ျားနဲ့ ကလေး ရှိပြီးသား ဖြစ်နေတာ သိလိုက်ရတယ်။

လီရှောင်းနဲ့ ကျန်းရို ဘယ်လို ညားသလဲ ဆိုတာ သူ သိသည်။ ဒီကိစ္စက စိတ်မချရဘူးလို့ ထင်မိသည်။ အထူးသဖြင့် သူ့အစ်ကိုကြီးက ကျန်းရိုအပေါ် အတော်လေး စိတ်နှစ်ထားတာ မြင်ရတော့ စိုးရိမ်မိသည်။ မနေနိုင်ဘဲ သူ့အခန်းဖော်အကြောင်း ပြောပြလိုက်မိသည်။

သတိပေးချင်လို့ပါ။

ဒါပေမဲ့ လီရှောင်းက လုံးဝ ဂရုမစိုက်။ စဉ်းတောင် မစဉ်းစားဘဲ ပြောလိုက်သည်။

"ဖြစ်မှာ မဟုတ်ပါဘူး။ သူ့စိတ်က ငါ့ဆီမှာပဲရှိတာ"

အရင်တုန်းကဆိုရင် ကျန်းရိုအကြောင်း မသိလို့ ဒီစကားကြားရင် သံသယဝင်မိမှာ။ ဒါပေမဲ့ အခုတော့... ရိုးသားဖြောင့်မတ်ပါတယ်ဆိုတဲ့ စာလုံးကို နဖူးပေါ် ကပ်ထားသလိုနေတဲ့ သူမပုံစံကို ကြည့်ပြီး သူ့ကို သစ္စာဖောက်မယ်လို့ ယုံကြည်ရတာက လမ်းမှာ ပိုက်ဆံ တစ်သောင်း ကောက်ရတယ်ဆိုတာကို ယုံကြည်ရတာထက်တောင် ခက်သေးတယ်။

"......"

ကျင်းတာ့ယို ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

ဘေးက ကျိုးကျန့်ကလည်း ဝင်ပြောသည်။ "မင်း တွေးတာ များနေပါပြီ။ အစ်မရိုက တကယ် လူကောင်းပါကွ။ ရှောင်းကောကသာ တစ်ခါတလေ မဟုတ်တာ လုပ်တတ်တာ။ လွန်ခဲ့တဲ့ ရက်ပိုင်းက အစ်မရို စိတ်ဆိုးပြီး အိမ်က ဆင်းပြေးအောင် လုပ်သေးတယ်"

လီရှောင်း မျက်နှာ မကောင်းတော့။ ကျိုးကျန့် ပြောသလောက် သူ အိမ်မှာ မမိုက်ကန်းနိုင်ပါဘူး။ သူ အခု ကျန်းရိုရှေ့မှာ စကားတောင် ကျယ်ကျယ် မပြောရဲတော့ဘူး။

.....

သုံးနာရီလောက်ထိ သောက်ပြီးတော့ ကျိုးကျန့်က မြို့ထဲမှာ အသစ်ဖွင့်တဲ့ KTV သွားဖို့ အကြံပေးသည်။ ဝမ်ထောင်တောင် စိတ်ပါလာသည်။ ဒါပေမဲ့ လီရှောင်းက မတ်တတ်ထရပ်ပြီး ပြောလိုက်၏။

"မင်းမရီးက မနက်က ဟင်းတွေ အများကြီး ဝယ်ထားတယ်။ စောစောပြန်လာခဲ့လို့ ပြောထားလို့။ နောက်မှ ချိန်းကြတာပေါ့"

"......"

အေးပါ... မိန်းမရပြီးရင် ဒီလိုပါပဲ။

နောက်ဆုံးတော့ ကျိုးကျန့်နဲ့ ကျင်းတာ့ယိုပဲ သွားဖြစ်ကြသည်။ ဝမ်ထောင်က စဉ်းစားပြီးနောက် အိမ်ပြန်ဖို့ပဲ ရွေးချယ်လိုက်သည်။

ဆိုင်က ထွက်ပြီး လူချင်းခွဲကြသည်။ လီရှောင်း စက်ဘီးတွန်းပြီး အတန်ကြာ လျှောက်လာတော့ ဝမ်ထောင်က အနောက်က ပြေးလိုက်လာသည်။ သူက ခေါင်းကိုကုတ်ရင်း အားနာသလို မေးလိုက်၏။

"အစ်ကိုကြီး... ဒီတစ်ခေါက် အပြင်ထွက်တာ ဘယ်လိုလဲ။ ပိုက်ဆံ အများကြီး ရခဲ့လား"

ဝမ်ထောင်က အားလုံးထဲမှာ အသက်အကြီးဆုံးဖြစ်ပြီး ပုံမှန်ဆို ရှောင်လီလို့ပဲ ခေါ်လေ့ရှိသည်။ အစ်ကိုကြီးလို့ သိပ်မခေါ်။

လီရှောင်းက ဝမ်ထောင်ရဲ့စိတ်ကို သိသည်။ ကျူးချန်က နည်းနည်းဉာဏ်များပေမယ့် ဝမ်ထောင်ကတော့ တကယ် ရိုးသားသည်။ ခံစားချက်အားလုံး မျက်နှာပေါ်မှာ ပေါ်နေတတ်သည်။ သူ့ကို ဘာလုပ်လုပ် စိတ်ထဲ အငြိုးမထားတတ်။

သူ ဝမ်ထောင်၏ပခုံးကို ပုတ်လိုက်ပြီး မလိမ်ဘဲ ပြောလိုက်သည်။

"မရဘူးကွ... အလိမ်ခံလိုက်ရတယ်။ ပိုက်ဆံမရတဲ့အပြင် စိုက်တောင် လိုက်ရသေးတယ်"

လီရှောင်းက သူ ပါးစပ်ဟလိုက်တာနဲ့ ဘာတွေးနေမှန်း သိနေသည်။ သတိပေးလိုက်၏။

"မင်းစိတ်နဲ့ အပြင်ထွက်ရင် အဆင်မပြေဘူး။ အလိမ်ခံရတတ်တယ်။ မင်းအိမ်က ဝန်ထုပ်ဝန်ပိုးလည်း သိပ်မရှိဘူးဆိုတော့ တကယ် ပိုက်ဆံရှာချင်ရင် ဆိုင်ခန်းငှားပြီး စားစရာရောင်းကြည့်ပါလား။ ငါမှတ်မိသလောက်ဆို အဒေါ့်လက်ရာက ကောင်းတယ်လေ။"

ဝမ်ထောင် တွေဝေစွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ငါ ပြန်ပြီး ရှောင်ဖိန်နဲ့ တိုင်ပင်ကြည့်လိုက်မယ်"

ဒါပေမဲ့ သူနဲ့ ကျူးချန် အလိမ်ခံလိုက်ရတယ်ဆိုတာ တွေးမိပြီး စိုးရိမ်တကြီး မေးလိုက်သည်။

"မရီး ဆူမနေဘူးလား"

လီရှောင်းက စက်ဘီးပေါ် တက်လိုက်ပြီး ပုံမှန် မျက်နှာထားဖြင့် ပြောလိုက်သည်။

"မဆူပါဘူး။ မင်းမရီးက ငါ ဘေးကင်းကင်း ပြန်ရောက်တာနဲ့တင် ကျေနပ်ပါပြီတဲ့"

ဝမ်ထောင် ကြားတော့ လီရှောင်းကို အားကျစွာ ကြည့်လိုက်မိသည်။

သူ့မိန်းမသာဆိုရင် ပိုက်ဆံ စိုက်လိုက်ရဖို့ နေနေသာသာ၊ နည်းနည်းလောက် ရှာတာ နည်းသွားရင်တောင် ဆူပူနေတော့မှာ။

ဝမ်ထောင့် အကြည့်ကြောင့် လီရှောင်း ကျေနပ်သွားသည်။ လက်ပြနှုတ်ဆက်ပြီး စက်ဘီးစီးကာ ထွက်ခွာသွားလေသည်။

ကျောပြင်က ပေါ့ပါးလန်းဆန်းနေ၏။

.....

လီရှောင်း စက်ဘီး သွားအပ်ပြီး အိမ်ပြန်ရောက်တော့ ကျန်းရို မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေပြီ။

မီးဖိုခန်းတံခါး ပွင့်နေပြီး ဝက်နံရိုးချိုချဉ်၊ ငရုတ်ပွ မှိုနားရွက် ကြော်၊ ပဲပင်ပေါက်ကြော်နှင့် ပုစွန် ကြာဇံပေါင်းတို့ လုပ်ထားပြီး ဖြစ်သည်။ အိုးထဲတွင် ငါးပေါင်း တည်ထားသည်။ သူ ပြန်လာတာ မြင်တော့ မှိုဆေးခိုင်းသည်။ မှို တို့ဖူး အသားဟင်းချို ချက်မလို့တဲ့။

လီရှောင်း အမွှေးနံ့ရသဖြင့် မီးဖိုခန်းရှေ့ သွားပြီး ဝက်နံရိုးချိုချဉ် တစ်တုံး ယူစားလိုက်သည်။ အရသာ ကောင်းလွန်းသဖြင့် မျက်ခုံးပင့်လိုက်မိ၏။

ပြီးတော့ ကျန်းရို၏ကျောပြင်ကို သံသယဖြင့် ကြည့်လိုက်သည်။

"ဘာလို့ ရုတ်တရက် ဟင်းတွေ အများကြီး ချက်နေတာလဲ"

ငါ့ကို မဟုတ်တာ လုပ်ခိုင်းဦးမလို့လား။

ကျန်းရို အိုးအဖုံး ဖွင့်ရင်း လှည့်မကြည့်ဘဲ ပြောလိုက်သည်။

"ရှင် ဒီတစ်ခေါက် အပြင်မှာ ကုသိုလ်ကြီး လုပ်ခဲ့တယ်လေ။ လိမ်မာတယ်။ အမှားကိုသိပြီး ပြင်တယ်။ ပိုက်ဆံလည်း ပြန်ပေးခဲ့တယ်။ ဒါကြောင့် ဆုချတဲ့အနေနဲ့ လုပ်ပေးတာ"

လီရှောင်း ခိုးစားနေသော လက် တုံ့သွားသည်။ ကျန်းရိုကို ပြန်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အံ့ဩမှုနှင့် ကြောင်အမ်းအမ်းဖြစ်မှုတို့ ခဏတာ ပေါ်လာသည်။ ဒီအကြောင်းပြချက်ဖြစ်လိမ့်မည်ဟု လုံးဝ ထင်မထားခဲ့ပုံရသည်။

သို့သော် ရင်ထဲတွင် ဖော်ပြမရနိုင်သော ပျော်ရွှင်မှုတစ်ခု ဖြည်းဖြည်းချင်း ဖြစ်ပေါ်လာသည်။ ဒီပျော်ရွှင်မှုက စိမ်းသက်နေပြီး သူ့ကို ဘာလုပ်ရမှန်း မသိအောင် ဖြစ်စေသည်။

သူ နောက်ထပ် နံရံရိုးတစ်တုံးကို ပါးစပ်ထဲ ထည့်လိုက်သည်။ ဒီတစ်ခါတော့ ဖြည်းဖြည်းချင်း ဝါးရင်း အရသာခံလိုက်မိသည်။

ငယ်ငယ်တုန်းက တခြားကလေးတွေ စာမေးပွဲအောင်ရင် မိဘတွေ ဆုချတာကို မြင်ပြီး အားကျခဲ့ဖူးတာကို ပြန်သတိရသွားသည်။ ကြီးလာတော့ ဂရုမစိုက်သလိုနေခဲ့ပေမယ့် အခုမှ အဲဒီ ခံစားချက်ကို နောက်ကျမှ ခံစားလိုက်ရသလိုပင်။

သူမ ပြောသလောက်ကြီး သူ မကောင်းပေမယ့်လည်းပေါ့။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၁၇)

ကျန်းရို ဟင်းတွေ အများကြီး ချက်လိုက်မိသဖြင့် မကုန်မှာ စိုးရိမ်ပြီး ကျိုးကျန့်ကိုပါ ခေါ်စားရင် ကောင်းမလားဟု တွေးမိသည်။

လီရှောင်းက လူသွားခေါ်ရမှာ ပျင်းသဖြင့် "ငါတစ်ယောက်တည်း ကုန်အောင် စားနိုင်ပါတယ်" ဟု ပြောလိုက်သည်။

ကောင်းပြီလေ... ဒါဆို သူတို့နှစ်ယောက်တည်း စားကြတာပေါ့။ ဘာပဲဖြစ်ဖြစ် ရာသီဥတုက သိပ်မပူတော့ မကုန်ရင် မနက်ဖြန်မနက် ဆက်စားလို့ ရတာပဲ။

နောက်ဆုံးတော့ နှစ်ယောက်သား တကယ်ပဲ ကုန်အောင် စားနိုင်ခဲ့သည်။ ဒါပေမဲ့ ဗိုက်ကားသွားသဖြင့် ကျန်းရို အိမ်ရှေ့ခြံဝင်းထဲတွင် မိနစ် ၂၀ လောက် လမ်းလျှောက်ပြီး အစာချေလိုက်ရသည်။

သူမ လမ်းလျှောက်နေစဉ် လီရှောင်းက ဝယ်လာသော သော့ကို တံခါးတွင်တပ်ဆင်ပြီး အရောင်တင်ဆီသုတ်ထားသော တံခါးသစ်ကို တပ်ဆင်လိုက်သည်။ အဖွင့်အပိတ်စမ်းကြည့်တော့ ကွက်တိပင်။

တံခါးက သစ်သားထူထူဖြင့် လုပ်ထားပြီး အပေါ်တွင် ပန်းကနုတ်များ ထွင်းထားသဖြင့် ကြည့်ကောင်းနေသည်။ ကျန်သော သစ်သားစများဖြင့် ခြင်ထောင်ချိတ်ရန် ချိတ်နှစ်ခုပါ လုပ်လိုက်သေးသည်။

ရာသီဥတု အေးလာပြီဖြစ်သော်လည်း ကျန်းရိုက ခြင်ထောင်ကို မဖြုတ်သေးပေ။ ညလယ်ခေါင် ကုတင်ပေါ် ပိုးကောင်တွေတက်လာမှာ စိုးရိမ်သောကြောင့်ဖြစ်သည်။ လွန်ခဲ့တဲ့ ရက်ပိုင်းက အဒေါ်ဝမ် ပြောပြတာ ကြားလိုက်ရသည်။ အနောက်ဘက်မှာနေတဲ့ ဦးလေးလင်း ညဘက် ကင်းကိုက်ခံရတယ်တဲ့။

တခြားအကြောင်း မပြောနဲ့ဦး။ ညဘက်ရောက်ရင် အိမ်ထဲမှာ ပုရစ်အော်သံ ကြားရတာနဲ့တင် ကျန်းရို ခေါင်းကိုက်နေပြီ။ အဓိကက နေ့ခင်းဘက် ရှာမတွေ့တာပဲ။

တစ်နေ့နေ့ ကုတင်ပေါ် တက်လာမှာကို အရမ်း စိုးရိမ်မိသည်။

လီရှောင်းက တံခါးတပ်ပြီးတာနဲ့ မနားသေးဘဲ ခြံဝင်းထဲက ကိရိယာတွေကို အိမ်ရှေ့ခန်း မီးရောင်အောက် ရွှေ့ပြီး ကလေးအတွက် ပုခက် စလုပ်တော့သည်။

သူ့ဘေးနားက ခုံပုလေးပေါ်မှာ စာရွက်နဲ့ ဘောပင်တင်ထားသည်။ ကျန်းရိုက သူ လုပ်တာ မလှမှာ စိုးလို့ ပုံကြမ်း ဆွဲပေးထားသည်။ အသေးစိတ်ကိုတော့ သူ့ဘာသာ စဉ်းစားပြီး လုပ်ရမည်။

ဒါကြောင့် သူက တစ်ဖက်က လုပ်၊ တစ်ဖက်က ပုံဆွဲရင်း အာရုံစိုက် လုပ်ကိုင်နေသည်။

မီးရောင်အောက်က လူချော၊ လရောင်အောက်က လူလှ ဆိုသလိုပါပဲ။ ကျန်းရို အနားရောက်သွားချိန်တွင် မီးရောင်အောက်ရှိ သူက ပိုကြည့်ကောင်းနေသလို ခံစားလိုက်ရသည်။

မျက်တောင်ရှည်ကြီးများက ချောမောသော မျက်နှာပေါ်တွင် အရိပ်ကျနေပြီး နှာတံက စင်းနေသည်။ ပါးလွှာသော နှုတ်ခမ်းကို တင်းတင်းစေ့ထားပြီး မီးရောင်အောက်တွင် မျက်နှာက လင်းလိုက် မှောင်လိုက် ဖြစ်နေသဖြင့် တစ်ခါတစ်ရံ သေချာ မမြင်ရပေ။

သူက ခါးကို အနည်းငယ် ကိုင်းထားသည်။ ရှပ်အင်္ကျီအောက်စကို ဘောင်းဘီထဲ ထည့်ထားသဖြင့် ခါးက သွယ်လျနေသည်။ လက်ရှည်အင်္ကျီလက်ကို ပင့်တင်ထားသဖြင့် လက်မောင်းကြွက်သားများ ပေါ်လွင်နေ၏။ ခြေထောက်တစ်ဖက်ကို ခုံတန်းရှည်ပေါ်တင်ထားပြီး ကျန်တစ်ဖက်ကို ကြမ်းပြင်ပေါ်ချထားရာ ခြေတံရှည်ကြီးကို တွေ့ရသည်။

ကျန်းရိုက ဗိုက်ကို ပိုက်ထားပြီး သူ့ကို မနှောင့်ယှက်ရက်သဖြင့် ရှောင်ကွင်းကာ မီးဖိုချောင်ဘက်သို့ ထွက်သွားလိုက်သည်။

ည ၁၀ နာရီလောက်ထိ အလုပ်လုပ်ပြီးမှ နှစ်ယောက်သား အိပ်ရာဝင်ကြသည်။

ကျန်းရိုက နေ့လယ်က အိပ်ချိန်ကြာသွားသဖြင့် အိပ်မပျော်သေးပေ။ လီရှောင်း နေ့လယ်က ထမင်းသွားစားသည့် အကြောင်းကို မေးကြည့်လိုက်သည်။

သူ့ညီအစ်ကိုတွေအကြောင်းကို သူမ တော်တော် သိချင်နေသည်။ အရင်တုန်းက သူ့ဇာတိကို လာဖူးတဲ့ ရဲအရာရှိအစ်ကိုကြီး ပြောပြချက်အရ လီရှောင်းက အိမ်နီးနားချင်းတွေကြားမှာ နာမည် သိပ်မကောင်းပေမယ့် သူငယ်ချင်းတွေကြားမှာတော့ သစ္စာရှိပြီး အားကိုးရသူလို့ နာမည်ကြီးတယ်တဲ့။

သူ့ထက် အသက်ကြီးတဲ့ လူတွေတောင် သူ့ကို ခေါင်းဆောင်တင်ချင်ကြသတဲ့။

လီရှောင်းက စကားနည်းသူ ဖြစ်သည်။ သူငယ်ချင်းတွေနဲ့အတူရှိနေရင်တောင် စကား သိပ်မပြော။

အခုတော့ ကျန်းရိုက သူ့ကို သိပ်မကြောက်တော့။ သူ ဘာမှ ပြန်မပြောတာ မြင်တော့ ထပ်ခါထပ်ခါ မေးလိုက်သည်။

နောက်ဆုံးတော့ သူ အတိုချုံး ပြောပြလိုက်သည်။

"ကျူးချန်က လမ်းမှာ သူ့ကောင်မလေး လာခေါ်သွားလို့ မပါဘူး။ ငါတို့ ဟင်းပွဲနည်းနည်းမှာစားပြီး ဘီယာ သောက်ကြတယ်"

"အော်... ဒါနဲ့ သူတို့က မင်းလုပ်ပေးတဲ့ ကြက်ခြေထောက် အရမ်းစားကောင်းတယ်လို့ ပြောကြတယ်"

လေသံက ခြောက်ကပ်ကပ်နှင့် ခံစားချက် မပါပေ။

အမှောင်ထဲတွင် ကျန်းရို မျက်လုံး လှန်ကြည့်လိုက်မိသည်။

လီရှောင်း တစ်ခုခုသတိရသွားပြီး ထပ်ပြောလိုက်သည်။

"ကျင်းတာ့ယိုအိမ်မှာ မှတ်စုနဲ့ မေးခွန်းဟောင်းတချို့ ရှိသေးတယ်။ မင်း လိုချင်ရင် ငါ သွားယူခိုင်းလိုက်မယ်"

သူက တောင်းပေးမယ်လို့ မပြော။

ကျန်းရို သိပ်မစဉ်းစားမိဘဲ ကြားရတာ ဝမ်းသာသွားသည်။ ကျင်းတာ့ယိုဆိုတဲ့ သူငယ်ချင်းက သူ့ထက် ပိုဂရုစိုက်တတ်တယ်လို့ တွေးမိလိုက်သည်။

"လိုချင်တာပေါ့။ ဒါနဲ့... ရှင့်သူငယ်ချင်းက ဘယ်ကျောင်း တက်နေတာလဲ"

"ပြည်နယ် ဆေးတက္ကသိုလ်"

"ဝါး... တော်လိုက်တာ" ကျန်းရိုအမြင်တွင် ဆေးကျောင်းသားဆိုတာ လူတော်တွေပင်။

"ရှင်တို့က ငယ်ငယ်ကတည်းက အတူတူ ဆော့လာကြတာလား"

"မဟုတ်ဘူး။ ကျင်းတာ့ယိုက ငါတို့ထက် လေးနှစ် ငယ်တယ်"

ကျန်းရို အံ့ဩသွားသည်။ "ဒါဆို သူက ကျောင်းစောစော နေရတာပေါ့"

"အင်း... သူ့အိမ်က ဆင်းရဲတော့ အတန်းကျော်တက်တာ"

ကျန်းရို မေးတာ များလွန်းလို့ စိတ်ရှုပ်လာသည် ထင်သည်။ ကျင်းတာ့ယိုအိမ်က အကြောင်းကို တန်းပြောပြလိုက်တော့သည်။

"သူ့အပေါ်မှာ အစ်ကိုတစ်ယောက် ရှိသေးတယ်။ သူ့ထက် ပိုတော်တယ်။ ငါနဲ့ ရွယ်တူပဲ။ ဒါပေမဲ့ ပျောက်သွားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သူ့မိဘတွေ အပြန်အလှန် အပြစ်တင်ကြရင်း လမ်းခွဲသွားကြတယ်။ အရင်တုန်းကတော့ ရှာကြပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်ကမှ သူ့အဖေ လက်လျှော့ပြီး နောက်မိန်းမ ယူသွားတယ်။ သူ့အမေကတော့ ဘယ်ရောက်သွားမှန်း မသိဘူး။ ဘယ်သူမှ ပြန်မလာကြတော့ဘူး"

အဲဒီတုန်းက လင်းမေ့ရူ စက်ရုံမှာ လုပ်တုန်း။ စက်ရုံက မူလတန်းကျောင်း ဆောက်ပေးတော့ လီရှောင်းက အဲဒီမှာ ကျင်းတာ့ယိုအစ်ကိုနဲ့ ခင်သွားတာ။ ကျင်းတာ့ယိုမိဘတွေက စက်ရုံက ယာယီဝန်ထမ်းတွေ။

အဲဒီတုန်းက လီရှောင်းနဲ့ ကျင်းတာ့ဖုန်းက အသက်မပြည့်သေးပေမယ့် စာအတော်ဆုံးပဲ။

ဘယ်လို ပျောက်သွားသလဲဆိုတာ လီရှောင်း သေချာမသိပေမယ့် ဇနီးမောင်နှံနှစ်ယောက် ယောက္ခမအိမ်က ပြန်လာတုန်း လမ်းမှာ ရန်ဖြစ်ကြရင်း ကလေးကို ဂရုမစိုက်မိဘဲ ပျောက်သွားတာလို့ ကြားတယ်။ အဲဒီနေ့မနက်က ကျင်းတာ့ယို ဗိုက်နာနေလို့ မလိုက်သွားမိတာ။ မဟုတ်ရင် သူပါ ပျောက်သွားလောက်တယ်။

ကျန်းရို ကြားရတော့ စိတ်မကောင်း ဖြစ်သွားသည်။ ၈၀၊ ၉၀ ခုနှစ်တွေက လူကုန်ကူးမှု အဆိုးရွားဆုံး အချိန်တွေ ဖြစ်မှန်း သူမ သိသည်။

သူမ အလုပ်သင် စဆင်းတုန်းက အဖွဲ့ထဲက လုပ်ဖော်ကိုင်ဖက်တွေနဲ့ ထမင်းစားရင်း ပြောကြတာ ကြားဖူးသည်။ လွန်ခဲ့တဲ့ တစ်ပတ်က ဖမ်းမိတဲ့ တရားခံတစ်ယောက်က ငယ်ငယ်တုန်းက လူကုန်ကူး ခံခဲ့ရသူတဲ့။ သူ့မိဘအရင်းတွေက နောက်ပိုင်းမှာ သူဌေးကြီးတွေ ဖြစ်လာပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူ့ကို လိုက်ရှာရင်း ကားတိုက်ပြီး ဆုံးသွားကြတယ်။ ပိုင်ဆိုင်မှုအားလုံးကို မွေးစားသားက ရသွားတယ်။

သူ့မွေးစားမိဘတွေကတော့ သူ့ကို ဝယ်ပြီး နှစ်နှစ်အကြာမှာ သားရင်း မွေးလာတော့ သူ့ကို မချစ်တော့ဘူး။ အိမ်ကလည်း ဆင်းရဲတော့ မူလတန်းပြီးတာနဲ့ ကျောင်းထွက်ခိုင်းပြီး အလုပ်လုပ်ခိုင်းတယ်။ သူ့လုပ်အားခနဲ့ ညီဖြစ်သူကို ကျောင်းထားပေးတယ်။ နောက်တော့ အဖေဖြစ်သူ နေမကောင်းဖြစ်လို့ဆိုပြီး ပိုက်ဆံထပ်တောင်းတယ်။ နောက်ဆုံးတော့ လမ်းမှားရောက်ပြီး လမ်းပေါ်မှာ လုယက်ရင်း လူကို ဓားနဲ့ ထိုးမိသွားတယ်။

ထောင်ထဲရောက်တဲ့အထိ သူက မွေးစားသားမှန်း မသိခဲ့ဘူး။

အဖွဲ့ထဲက အစ်ကိုကြီးတစ်ယောက်က လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာက ပျောက်သွားတဲ့ ကလေးဓာတ်ပုံနဲ့တူနေလို့ သတိထားမိပြီး စစ်ဆေးကြည့်မှ သိရတာ။

အမှန်တရားကို သိပြီးနောက် အသက် ၃၀ အရွယ် ထိုအမျိုးသားသည် ကလေးတစ်ယောက်လို ရှိုက်ကြီးတငင် ငိုကြွေးကာ "သူတို့ ကျွန်တော့်ဘဝကို ဖျက်ဆီးလိုက်ပြီ"၊ "ကျွန်တော့်ဘဝက ဒီလို မဖြစ်သင့်ဘူး" ဟု ပြောရှာသည်။

ဒါက လူကုန်ကူးခံရတဲ့ ကလေးပေါင်းများစွာရဲ့ ဘဝပုံရိပ်လွှာတစ်ခုသာ ဖြစ်သည်။ ဒီထက် ဆိုးတာတွေလည်း ရှိသည်။

အဲဒီအချိန်ကစပြီး ကျန်းရို နားလည်လိုက်သည်မှာ လူ့အဖွဲ့အစည်းက ကျောင်းထက် ပိုရက်စက်တယ် ဆိုတာပါပဲ။ သူမက ကံကောင်းလို့ ဘေးကင်းကင်း ကြီးပြင်းလာရတာ။

ကျန်းရို ဗိုက်ကို ပွတ်သပ်လိုက်ပြီး စိတ်ထဲ ကတိပေးလိုက်သည်။ သူမ ဒီကမ္ဘာမှာရှိနေသရွေ့ ဒီကလေးကို ကောင်းကောင်း စောင့်ရှောက်သွားမည်။ ကျောင်းမှာ အနိုင်ကျင့်မခံရအောင် ကာကွယ်ပေးရုံသာမက တခြား မတော်တဆမှုတွေကနေလည်း ကာကွယ်ပေးမည်။

ဘေးကလူ ဘာမှမပြောတော့သဖြင့် လီရှောင်းက သူ့စကားကြောင့် လန့်သွားသည် ထင်ကာ လည်ချောင်းရှင်းပြီး ကိုယ်ကိုလှည့်ကာ သူမဗိုက်ကို လှမ်းကိုင်လိုက်သည်။

လက်ကြီးက မတော်တဆ ကျန်းရိုလက်ကို သွားထိမိသည်။ လက်က ပူနွေးပြီး ကြမ်းတမ်းနေသဖြင့် ကျန်းရို နေရခက်ကာ လက်ကို ရုပ်သိမ်းရန် ပြင်လိုက်သည်။

ဒါပေမဲ့ လီရှောင်းက မလွှတ်ပေးဘဲ ဆုပ်ကိုင်ထားလိုက်သည်။

"ဒီရက်ပိုင်း ကလေး လိမ္မာရဲ့လား"

သူ့အသံက အနည်းငယ် အက်ရှနေပြီး နားနားကပ်ပြောနေသလို ဖြစ်နေသဖြင့် ကျန်းရို ပိုပြီး နေရခက်လာသည်။ သူမ ကိုယ်ကိုရွှေ့ပြီး ဝေးရာသို့ တိုးရန် ကြိုးစားရင်း "ကောင်းပါတယ်" ဟု ဖြေလိုက်သည်။

ထိုအမျိုးသားက ဘာမှမဖြစ်သလို "အင်း... အိပ်တော့" ဟု ပြောလိုက်၏။

......

နောက်ရက်များတွင် လီရှောင်း အိမ်မှာနေရင်း ပုခက်နှင့် တွန်းလှည်း လုပ်သည်။ ပြီးသွားတော့ မနားဘဲ ပေတံတစ်ချောင်းကိုင်ကာ မျက်နှာချင်းဆိုင်အခန်းကို တိုင်းတာနေပြန်သည်။ အဲဒီအခန်းက လီရှောင်းအဘိုးနေခဲ့တဲ့ အခန်းဖြစ်ပြီး အဘိုးဆုံးပြီးကတည်းက အလွတ်ထားထားခြင်း ဖြစ်သည်။

ကျန်းရို အိမ်မှာနေသော်လည်း အဲဒီအခန်းထဲ တစ်ခါမှမဝင်ဖူးပေ။

သူ တိုင်းတာပြီးနောက် အပြင် ခဏခဏ ထွက်သည်။ ဘိလပ်မြေ၊ သံချောင်းနှင့် ကြွေပြားများ သယ်လာသည်။

မေးကြည့်မှ အဲဒီအခန်းကို ရေချိုးခန်း လုပ်မလို့တဲ့။

ကျန်းရို စိတ်ပူသွားသည်။ "ရှင်တစ်ယောက်တည်း ဖြစ်ပါ့မလား။ လူငှားလိုက်ပါလား"

သူ ပြန်မဖြေ။ ပါးစပ်မှာ ဘောပင်ကို ကိုက်ထားပြီး လက်တစ်ဖက်က စာအုပ်ကိုင်ကာ ပေတံဖြင့် တစ်စုံတစ်ခုကို တိုင်းတာ တွက်ချက်နေသည်။

ဒါကြောင့် ကျန်းရို သူ့ကို မနှောင့်ယှက်တော့ဘဲ လွှတ်ထားလိုက်သည်။

....

ကျင်းတာ့ယို ကျောင်းမပြန်ခင် တစ်ခေါက် လာလည်သည်။ ကျန်းရိုနှင့် လူချင်း တွေ့လိုက်ရသည်။ ပိန်ပိန်ပါးပါး၊ အရပ်ရှည်ရှည်နှင့် အပြုံးချိုသော လူငယ်လေး ဖြစ်သည်။ အိမ်ထဲ ဝင်လာကတည်းက ပြန်သွားတဲ့အထိ မျက်နှာပေါ်မှာ အပြုံးမပျက်ပေ။ မျက်လုံးလေးတွေက ကွေးနေသည်။ အရမ်း ချောမောသူ မဟုတ်သော်လည်း ကြည့်ရတာ သက်သောင့်သက်သာရှိသည်။

လီရှောင်း ပြောတာ မမှားဘူး။ သူက ဘယ်နေရာရောက်ရောက် အဆင်ပြေမယ့်သူပဲ။

သူက ကျန်းရိုကို မှတ်စုစာအုပ်တွေနဲ့ မေးခွန်းဟောင်းတွေပေးပြီး လေ့လာနည်းတချို့ ပြောပြသည်။

ကျန်းရိုက ကျေးဇူးတုံ့ပြန်သောအနေဖြင့် အိမ်လုပ် ငရုတ်သီးဆီချက် နှစ်ပုလင်း လက်ဆောင်ထည့်ပေးလိုက်ရာ လီရှောင်းမျက်နှာ မကောင်းတော့။

ဒါ သူအကြိုက်ဆုံးလေ။ ခေါက်ဆွဲပြုတ်စားရင် နှစ်ဇွန်းလောက် ထည့်စားနေကျ။

ကျင်းတာ့ယိုက ပြုံးပြုံးရွှင်ရွှင်ပင် ယူသွားသည်။ အားမနာတတ်ဘူး။

လီရှောင်း၏လက်ရာက ကျန်းရိုကို အံ့အားသင့်စေသည်။ သူမ အထင်တွင် အိမ်ပြင်ဆင်တာက ကျွမ်းကျင်လုပ်သား လိုအပ်သည်ဟု ထင်ထားသည်။ သူမအဖေဆိုရင် ရေချိုးခန်းမီးလုံး ပျက်တာကို ပိုက်ဆံချွေတာချင်လို့ ကိုယ်တိုင် လဲမယ်လုပ်တာ တစ်ပတ်ကြာတာတောင်မရလို့ နောက်ဆုံး လူခေါ်ပြင်လိုက်ရသည်။

ဒီတစ်ခါတော့ လီရှောင်းက မျက်နှာကြက် တပ်ဆင်တာ၊ မီးကြိုးသွယ်တာ၊ နံရံတွေကို သံချောင်း ဘိလပ်မြေနဲ့ ခိုင်ခံ့အောင်လုပ်တာ၊ ကြွေပြား ကပ်တာတွေကို ကိုယ်တိုင်လုပ်သွားသည်။

တစ်ခုပဲ ရှိတယ်။ အလှအပ ခံစားမှုတော့ သိပ်မရှိဘူး။ ကြွေပြားအရောင်က ပန်းရောင်နဲ့ အပြာရောင် ရောနေသည်။

ဒါပေမဲ့ ကြည့်လို့တော့ ကောင်းသား။ အခန်းက သိပ်မကျယ်ပေမယ့် ကုတင်နဲ့ ပရိဘောဂတွေ ရှင်းထုတ်လိုက်တော့ ကျယ်ဝန်းသွားသည်။

ပြင်ဆင်ပြီးသွားတော့ ဝင်ဝင်ချင်း ဘေစင်၊ ပြီးတော့ အိမ်သာခွက်၊ အတွင်းဘက် အမြင့်ပိုင်းမှာ ရေချိုးတဲ့နေရာ လုပ်ထားသည်။

ကျန်းရို အကြိုက်ဆုံးက အိမ်သာပါပဲ။ ပတ်ဝန်းကျင်က အိမ်တွေက ဆောက်တာ ကြာပြီမို့ လမ်းနောက်ကျောက အိမ်သာကို သုံးရသည်။ ကျန်းရို သွားတိုင်း အသက်ကို ပြင်းပြင်းရှူပြီး အောင့်ထားရသည်။

လီရှောင်းက မှန်တစ်ချပ်ဝယ်ပြီး ဘေစင်ရှေ့မှာ တပ်ပေးသည်။ ဘေးနားမှာ ကျန်းရို အလိုရှိသည့်အတိုင်း စင်တစ်ခု လုပ်ပေးထားသည်။

အခွင့်ကောင်းယူပြီး ကျောက်ပြားအဝတ်လျှော်ကန် တစ်ခုပါ ဝယ်လာပြီး ခြံစည်းရိုးနံရံဘက်မှာ တပ်ဆင်လိုက်သည်။

ဒါက ဈေးပေါလို့ ဝယ်လာတာတဲ့။ ကျောက်ပြားရောင်းတဲ့ဆိုင်က ဖြတ်လာရင်း တွေ့လို့ ဝယ်လာတာ။ အဝတ်လျှော်ရင် ထိုင်လျှော်ရတာ ညောင်းလို့တဲ့။

မီးဖိုချောင်ထဲမှာလည်း ရေကန်တစ်ခု တပ်လိုက်သည်။ ရေပုပ်ရေစပ်တွေ သွန်ရလွယ်အောင်လို့။

ကျန်တဲ့ ဘိလပ်မြေနဲ့ ရေတွင်းကို ပိတ်ပြီး လက်နှိပ်ရေတိုင်အဖြစ် ပြောင်းလိုက်သည်။

ကလေးမွေးလာရင် ရေတွင်းထဲ ပြုတ်ကျမှာ စိုးရိမ်လို့။ ဒီလိုကိစ္စတွေက ဖြစ်လေ့ရှိတယ်။ ကျန်းရို မရီးတောင် ပြောဖူးတယ်။ လုပ်ဖော်ကိုင်ဖက် ယောက္ခမက နယ်မှာ ကလေးထိန်းရင်း မာကျောက် ကစားနေတာ ကလေးပျောက်သွားမှန်း မသိလိုက်ဘူး။ ရှာတွေ့တော့ ရေတွင်းထဲ ကျပြီး သေနေပြီတဲ့။

ဒီကိစ္စကို သူမ အကြာကြီး မှတ်ထားမိသည်။

ကျန်းရိုက သူ လုပ်ပေးတာတွေကို သိပ်သဘောကျသည်။ အရင်တုန်းက ကူးပြောင်းမလာခင် ဘဝက ဘယ်လောက် အဆင်ပြေမှန်း မသိခဲ့ဘူး။ ဒီရောက်မှ လူကြီးတွေ ဘယ်လောက် ပင်ပန်းလဲဆိုတာ နားလည်တော့သည်။ ရေပိုက်ခေါင်း မရှိ၊ ထမင်းပေါင်းအိုး မရှိ၊ အဝတ်လျှော်စက် မရှိ၊ လျှပ်စစ်ဆိုင်ကယ် မရှိ။

သွားရေးလာရေး ပြောရရင် မြို့ထဲမှာ ဘတ်စ်ကားရှိပေမယ့် ခဏခဏ မလာဘူး။ သွားရလာရ ခက်ခဲပြီး လူကျပ်သည်။ ကျန်းရို တစ်ခါမြင်ဖူးပြီး လန့်သွားသည်။ ဗိုက်ကို ထိခိုက်မှာ စိုးလို့ မသွားဖြစ်တော့ပေ။

အရင်တုန်းကဆို အမေ့ လျှပ်စစ်ဆိုင်ကယ်လေးနဲ့ လိုရာခရီး ရောက်တယ်။

နှစ် ၂၀ ဆိုတာ မကြာပေမယ့် နိုင်ငံဖွံ့ဖြိုးတိုးတက်မှုက မြန်ဆန်လွန်းတယ်။ အခု ဖုန်းတောင် မတွင်ကျယ်သေးပေမယ့် နောက် နှစ် ၂၀ ကျော်ရင် 5G တောင် ပေါ်နေပြီ။

ကျန်းရို လွမ်းဆွတ်မိသလို ခံစားရပြီးနောက် လီရှောင်းနောက်လိုက်ကာ အိမ်သုံးပစ္စည်းသစ်များကို လိုက်ကြည့်သည်။ ပြီးတော့ ဖြည့်စွက် ပြောလိုက်၏။

"ရေချိုးခန်းထဲမှာ ရေမြှုပ်တံတစ်ချောင်း လိုတယ်။ ရေချိုးစီး ဖိနပ်တစ်ရန် လိုတယ်။ ပြီးတော့ ဒီနေရာမှာ အဝတ်နဲ့ မျက်နှာသုတ်ပုဝါ ချိတ်ဖို့ စင်လေးတစ်ခု လုပ်ပေးဦး..."

လီရှောင်းက နားထောင်ရင်း နံရံကို လက်ဖြင့် ဖိကြည့်နေသည်။ ခြောက်ပြီလားလို့ စမ်းတာပင်။

....

ဒါတွေ ပြီးသွားတော့ အောက်တိုဘာ လလယ် ရောက်သွားပြီ။ ကျန်းရို မွေးဖို့ ရက်မလိုတော့ပေ။ ကျန်းရိုက ဘယ်နေ့ မွေးမလဲဆိုတာသိပေမယ့် လီရှောင်းကို ပြောမပြဘဲ ဒီရက်ပိုင်း အိမ်မှာပဲ နေခိုင်းသည်။

တော်သေးတာက သူ့မှာ သွားစရာကိစ္စ သိပ်မရှိ။ ရေချိုးခန်းလုပ်ပြီးသွားတော့ သစ်သားပန်းပု နည်းနည်း လုပ်သည်။ နေ့တိုင်း ခြံဝင်းထဲမှာ ပရိဘောဂလုပ်နေသည်။

လက်ကျန် သစ်သားစတွေနဲ့ ကလေးထိုင်ဖို့ ခုံပုလေးတွေ၊ စားပွဲလေးတွေနဲ့ အရုပ်တွေ လုပ်ပေးသည်။

ဂျင်တစ်ခုလည်း ပါသည်။ ကျန်းရို အရင်ယူဆော့ကြည့်သေးသည်။ စိတ်ဝင်စားစရာ ကောင်းသား။ သူမ ငယ်ငယ်က ဒါမျိုး မဆော့ဖူးဘူး။ မူလတန်းတုန်းကတော့ ယိုယိုခေတ်စားခဲ့ဖူးတယ်။

အစ်ကို့ ယိုယိုကို ခိုးယူပြီး သူငယ်ချင်းကို လက်ဆောင်ပေးဖူးသေးတယ်။

....

၁၅ ရက်နေ့ မနက်မှာ ကျန်းရိုက ကလေးအဝတ်အစားတွေနဲ့ စောင်တွေကို ထုတ်လှန်းသည်။ သုံးခါ လျှော်ထားပြီးသား။ မရီး ကလေးမွေးတုန်းက အမေ လုပ်ပေးသလိုမျိုးပေါ့။ များများလျှော်လေ အဝတ်သား ပျော့လေ၊ ကလေးအသားအရေ မထိခိုက်တော့ဘူး။ ဓာတုဆေးဝါးတွေလည်း ကုန်စင်သွားရော။

လွန်ခဲ့တဲ့ ရက်ပိုင်းက မိုးရွာထားတော့ အစိုဓာတ်ပြယ်အောင် ထုတ်လှန်းလိုက်တာဖြစ်သည်။

အဝတ်လှန်းတုန်း ရှိသေးတယ်။ လူတစ်ယောက် ရောက်လာတယ်။

လီရှောင်း အိမ်မှာ ရှိနေတော့ နေ့ခင်းဘက် ခြံဝင်းတံခါး မပိတ်ထားဘူး။ ဒါကြောင့် ဝင်လာတာနဲ့ မြင်လိုက်ရသည်။

အမျိုးသမီးက အရပ်အလတ်စား၊ ရုပ်ရည် သာမန်။ မျက်လုံး၊ နှာခေါင်း သေးသေးလေးတွေနဲ့။ ထူးခြားမှု မရှိပေမယ့် အသားအရေကောင်းသည်။ အမဲစက် မရှိ၊ မမည်းဘူး။

ဆံပင်ဂုတ်ဝဲကို သပ်သပ်ရပ်ရပ် ဖီးထားသည်။ အပေါ်အင်္ကျီ အနက်ရောင် အဟောင်းနဲ့ ဘောင်းဘီအဟောင်း ဝတ်ထားသည်။ ခြေထောက်မှာ ရှေးဟောင်း သိုင်းကြိုးတပ် ဖိနပ် စီးထားသည်။ ဖိနပ်က ကြာနေပြီမို့ ပါးနေပြီ။ ဒါပေမဲ့ သန့်ရှင်းသပ်ရပ်နေသည်။

ခါးကုန်းနေပြီး မျက်နှာ ဝါဖျော့ဖျော့ ယောက္ခမနဲ့ ယှဉ်လိုက်ရင် ဒီလူက အများကြီး ပိုပျိုသည်။

ကြည့်ရတာ သဘောကောင်းမည့်ပုံ ပေါ်သည်။ ကျန်းရိုကို မြင်တော့ ပြုံးပြပြီး ခြင်းတောင်းကို ကိုင်ကာ ရင်းရင်းနှီးနှီး ဝင်လာသည်။

"မွေးတော့မယ်ဆိုလို့ လာကြည့်တာ"

ကျန်းရို အခုမှ သတိရလိုက်သည်။ ဒါ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ အမေအရင်းပဲ။

နာမည်က ကျန်းယန်။ ရွာထဲမှာ နာမည်ကြီး။ ပေါင်းသင်းရ ခက်တယ်တဲ့။ သဘောထား တင်းမာပြီး ဗိုလ်ကျတတ်တယ်။ "ကျန်းရို" အဖေနဲ့ လက်ထပ်ပြီး နှစ်နှစ်မပြည့်ခင် ယောက္ခမတွေနဲ့ မတည့်လို့ အိမ်ခွဲဆင်းခဲ့ရတာ။

အိမ်နီးနားချင်းတွေနဲ့လည်း ခဏခဏရန်ဖြစ်တယ်။ အချိန်မှန် ရန်ဖြစ်လေ့ရှိတယ်။ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ မှတ်ဉာဏ်ထဲမှာ ငယ်ငယ်တုန်းက အိမ်နီးချင်းတွေ အိမ်လာပြီး ရန်ရှာတာ ခဏခဏပဲ။ အဖေက အမြဲ အရိုက်ခံရဆုံးပဲ။

အမေက သိပ်ဗိုလ်ကျလို့လား မသိဘူး။ အဖေနဲ့ သားသမီးတွေက ပျော့ညံ့ကြတယ်။ အစ်မကြီးဆို အိမ်ထောင်ကျတာ ကြာပြီ။ အခုထိ အမေ ခြယ်လှယ်တာ ခံနေရတုန်း။ အစ်မကြီးတို့ လင်မယားက သိပ်မချမ်းသာတော့ အိမ်လာပြီး လုပ်အားပေးရုံလောက်ပဲ လုပ်ပေးနိုင်တယ်။ အစ်မလတ်ကတော့ ချောတော့ ယောကျ်ားကောင်းရတယ်။ မိဘအိမ်ကို အဓိက ထောက်ပံ့ပေးနေသူပေါ့။

"ကျန်းရို" အရွယ်ရောက်လာတော့ အချောဆုံး ဖြစ်လာသည်။ ကျန်းယန်က မျှော်လင့်ချက် ကြီးကြီး ထားသည်။ ဒါကြောင့်လည်း ကျောင်းဆက်ထားတာ။ ဒါပေမဲ့ ဒီမျှော်လင့်ချက်က တန်ဖိုးကြီးတဲ့ တင်တောင်းငွေနဲ့တွေ့ရင် ပျက်စီးသွားတတ်တာပါပဲ။

သမီးအတွက်ပါဆိုတဲ့ ခေါင်းစဉ်တပ်ပြီးတော့ပေါ့။

ကျန်းရို ကိုယ်ဝန်ရှိကတည်းက ကျန်းယန် တစ်ခါမှ မလာဖူးဘူး။

အခု ရုတ်တရက်ရောက်လာတာ သူ့ပါးစပ်က ပြောသလိုတော့ မဖြစ်နိုင်ဘူး။

လီရှောင်း အပြင်မှာ ပိုက်ဆံရှာလာတယ်ဆိုတဲ့ သတင်းကြားလို့ ဖြစ်ဖို့များသည်။

ဒီအကြောင်းပြောရရင် ကျန်းရို ရယ်ချင်သွားသည်။

လွန်ခဲ့တဲ့ ရက်ပိုင်းက လီရှောင်းသူငယ်ချင်း ဝမ်ထောင် အိမ်ရောက်လာပြီး မေးတယ်။ အပြင်မှာ အလိမ်ခံရတယ်ဆို။ ဘယ်လိုလုပ် ကျူးချန် ပါးစပ်ကနေ ပိုက်ဆံအများကြီး ရလာတယ် ဖြစ်သွားတာလဲတဲ့။

လီရှောင်း နားမလည်နိုင် ဖြစ်သွားသည်။ သူ အပြင်ထွက်လိုက်တိုင်း လူတွေက ဘာလို့ ပိုက်ဆံရလာတယ်လို့ ထင်နေကြတာလဲ။

နောက်ဆုံးတော့ ကျန်းရိုက ဝင်ရှင်းပြလိုက်ရသည်။ လီရှောင်း ပိုက်ဆံ မရလာတဲ့အပြင် အိမ်က ပိုက်ဆံတောင် ပါသွားသေးတယ်လို့။

ကျန်းရို ကိုယ်တိုင်ပြောမှ ဝမ်ထောင် ယုံသွားသည်။ သူက အိမ်ပြန်ရောက်တော့ မိန်းမကို ပြောပြတာ မိန်းမက မယုံဘူး။ လီရှောင်း တမင်လိမ်ပြောတာတဲ့။

ဝမ်ထောင်ကတော့ လီရှောင်းကို ယုံတယ်။ လီရှောင်းက စိတ်ကြီးပေမယ့် ဘယ်တော့မှ မလိမ်ဘူး။ ဒီကို လာတာက စိတ်ချချင်လို့ပါ။ ပြီးတော့ သူ့မိန်းမက ဆိုင်ဖွင့်ဖို့ သဘောမတူတဲ့အကြောင်း ပြောပြတယ်။ ပင်ပန်းပြီး ပိုက်ဆံမရဘူးတဲ့။

လီရှောင်း ဘာမှမပြောတော့။ သူ့သဘောပဲလေ။

မိန်းမကောင်းရဖို့ အရေးကြီးကြောင်း နက်နက်နဲနဲ ခံစားလိုက်ရသည်။

ဝမ်ထောင်က သူ့ကို ညီအစ်ကိုလို သဘောထားလို့ လာမေးတာ။ မဟုတ်ရင် စိတ်ထဲမှာပဲ ထားပြီး ကြာလာရင် သွေးကွဲသွားနိုင်တယ်။

လူပြန်သွားတော့ လီရှောင်းက ကျူးချန်ဆီ သွားမေးသည်။ ကျူးချန်က သူ့ကောင်မလေး အထင်သေးမှာစိုးလို့ လိမ်ပြောလိုက်တာတဲ့။

အခု သူက ယာယီဝန်ထမ်း ဝင်လုပ်နေလို့ အလုပ်ရှုပ်နေသည်။

ပြီးတော့ ဒီရက်ပိုင်း လီရှောင်းက အိမ်မှာ ရေချိုးခန်းလုပ်နေတော့ အဒေါ်ဝမ်က လိုက်ဖြန့်တာနဲ့ လူတွေက တကယ် ထင်သွားကြတာ။

လီရှောင်း မျက်နှာကြီးမည်းပြီး ပြန်လာတာမြင်တော့ ကျန်းရို ရယ်လိုက်ရတာ မောတောင်မောသည်။

လူတွေ အများကြီးလာပြီး အလုပ်အကိုင် မေးကြတယ်။ ကျူးချန်ကို ရှာမတွေ့တော့ သူ့ဆီ လာကြတာ။

မြို့ထဲမှာ အလုပ်ထွက်လုပ်ချင်သူများပေမယ့် လမ်းစ မရှိကြဘူး။

ကျူးချန်၏ကောင်မလေးအကြောင်း ကျန်းရို နည်းနည်း ကြားဖူးသည်။ လူက ဘယ်လိုလဲ မသိပေမယ့် မျက်နှာနည်းနည်းများသည်။ ရွာက လာတာချင်း တူပေမယ့် အစ်ကိုဖြစ်သူက မသန်စွမ်း။ ဆင်းရဲလို့ အထက်တန်းအောင်ပေမယ့် ကျောင်းမတက်ရဘူး။ ဆွေမျိုးအကူအညီနဲ့ စားသောက်ဆိုင်မှာ စားပွဲထိုးလုပ်ရင်း ကျူးချန်နဲ့ တွေ့တာပင်။

ကျူးချန်က စာညံ့တော့ စာတော်တဲ့လူဆို လေးစားတယ်။ စာတော်ပြီး ချောတဲ့ ကောင်မလေးကို လက်ဖဝါးပေါ် တင်ထားမတတ် ချစ်တာ။

မိန်းကလေးဘက်ကတော့ ယောကျ်ားလေး လိုချင်တာမျိုး မရှိပေမယ့် ကိုယ့်ဂုဏ်ကိုယ် ဖော်ချင်တာရယ်၊ အစ်ကိုကို ပြုစုချင်တာရယ်ကြောင့် တင်တောင်းငွေ များများ တောင်းသည်။

ငယ်ငယ်ကတည်းက စာတော်လို့ မိဘအလိုလိုက်ခံရပြီး ကြီးပြင်းလာတော့ မာနကြီးတယ်။ ကျူးချန်ရဲ့ လူမိုက် သူငယ်ချင်းတွေကို အထင်သေးတယ်။

ကျူးချန်မိဘတွေက မိန်းကလေးဘက်မှာ မသန်စွမ်း အစ်ကိုတစ်ယောက်ရှိမှန်းသိတော့ သိပ်ဘဝင်မကျဘူး။

ဘဝင်မကျလည်း နှစ်ကုန်ရင် မင်္ဂလာဆောင်ရတော့မှာ။

အခု အပြင်လူတွေက လီရှောင်း ပိုက်ဆံအများကြီးရလာတယ် ထင်နေကြတော့ နေရခက်သား။

မရဘူး ပြောရင်လည်း မယုံကြဘူး။

အမှန်တိုင်း ပြောလို့လည်း မရဘူး။ လီရှောင်း အပြင်မှာ လုပ်ခဲ့တာတွေကို ဘယ်သူ့ကိုမှ မပြောဖို့ ကျန်းရို မှာထားသည်။ တော်ကြာ လက်ကျန်ဂိုဏ်းသားတွေ လာလက်စားချေရင် ဒုက္ခ။

လီရှောင်းလည်း သဘောပေါက်သည်။

ကျူးချန်ကတော့ MLMလုပ်ရင်း အလိမ်ခံရတယ်ဆိုတာ ပြောမှာ မဟုတ်ဘူး။ ရှက်စရာကြီး။

...

ကျန်းရိုက ဧည့်သည်ကို အိမ်ထဲ ဖိတ်ပြီး ရေသွားခပ်ပေးသည်။

ကျန်းယန်က မနေနိုင်ဘဲ မေးသည်။ "လီရှောင်း ပြန်ရောက်တယ် ကြားတယ်။ ဘယ်မှာလဲ"

မျက်လုံးက ကျန်းရိုကို အကဲခတ်နေသည်။ ပြီးခဲ့တဲ့တစ်ခေါက် သားဖြစ်သူ အရိုက်ခံရတုန်းက လာမလို့ပဲ။ ဒါပေမဲ့ လီရှောင်းက လူမိုက်။ ကျန်းရိုကို အနိုင်ကျင့်တုန်းက သူ ယောကျ်ားခေါ်ပြီး လာရန်တွေ့တာ ယောကျ်ားကို ထိုးရုံမက သူ့ကိုပါ ဆွဲပေါက်လိုက်လို့ ခါးနာသွားသေးတယ်။

ဒါကြောင့် သားအရိုက်ခံရတာတောင် မလာရဲဘူး။ ဒီသမက်က စိတ်ဆိုးရင် လူကြီးသူမ နားမလည်ဘူး။ တကယ် ထိုးမယ့်ကောင်။

အခု ပြောင်းလဲသွားတဲ့ ကျန်းရိုကိုကြည့်ပြီး အံ့ဩနေသည်။ ခြောက်လလောက် မတွေ့ရတာ ဝလာတယ်။ မျက်နှာ ပြည့်လာတယ်။ အသားအရေက ဖြူဝင်းနေတယ်။ အရင်လို ကြောက်ရွံ့နေတဲ့ပုံ မဟုတ်တော့ဘဲ ခါးမတ်မတ်နဲ့ လမ်းလျှောက်နေတယ်။

ကြည့်ရတာ စိမ်းနေသလိုပဲ။

ကျန်းရိုက မျက်နှာပြောင်တိုက်ပြီး ပြောလိုက်သည်။

"သူ့ကို သတိရလို့လား။ အခန်းထဲမှာ အိပ်နေတယ်။ သွားနှိုးလိုက်မယ်"

ပြောရင်း လှည့်ထွက်မလို လုပ်လိုက်သည်။

ကျန်းယန် လန့်သွားပြီး လှမ်းဆွဲထားလိုက်ရသည်။ "ဒီကလေး... ဘာသွားလုပ်မလို့လဲ။ အိပ်ပါစေ"

စိတ်ထဲမှာတော့ မကျေမနပ် ဖြစ်နေသည်။ နေဖင်ထိုးနေပြီ အိပ်နေတုန်း။ ပျင်းလိုက်တာ။ ဒီကောင်မလေး ဘာကို ကြိုက်သွားတာလဲ မသိပါဘူး။

ကျန်းရိုက ဟန်လုပ်ပြလိုက်တာပါ။ မနေ့ညက ၁၂ နာရီလောက်မှ အိပ်ရတာမို့ ဒီ "အမေ" အတွက်နဲ့ သူ့ကို မနှောင့်ယှက်ချင်ဘူး။

ဘေးက ခုံပုလေးမှာ ဝင်ထိုင်လိုက်သည်။ ခုံပေါ်မှာ စာအုပ်တစ်အုပ် တင်ထားသည်။ ပေါင်ပေါ် တင်ပြီး လှန်ဖတ်လိုက်သည်။

ကျန်းယန်ဘက်က စကားစတာကို စောင့်နေလိုက်သည်။

ကျန်းယန်က သူမ ပုံစံကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ ပြီးတော့ လေသံပြောင်းပြီး ဆုံးမစကား ဆိုလေသည်။

"နင့်အဖေ ခြေထောက် ကျိုးနေတာတောင် ပြန်မကြည့်ဘူး။ နင် တော်တော် ကျေးဇူးကန်းလာပြီပဲ။ အထက်တန်း ပေးမတက်ခဲ့သင့်ဘူး။ အဲ့ဒါတွေကြောင့် စိတ်ကြီး ဝင်လာတာကိုး။

ငါ နင့်ဆီ မလာပေမယ့် စိတ်ထဲ အမြဲသတိရနေတာ။ ပြောစမ်းပါဦး... သမီး သုံးယောက်ထဲမှာ နင့်ကို အချစ်ဆုံး မဟုတ်ဘူးလား။ အစ်မကြီးက ငယ်ငယ်ကတည်းက အလုပ်လုပ်ရတယ်။ အစ်မလတ်က အိမ်မှုကိစ္စနိုင်တယ်။ နင်ကတော့ ကျန်းမာရေးမကောင်းလို့ အေးအေးဆေးဆေးလေး ထားခဲ့ရတာ။ အခုတော့ ယောကျ်ားအိမ်လိုက်နေပြီး ဗိုက်ပါ ကြီးလာတယ်။ ငါတို့ မိသားစု မျက်နှာ အိုးမဲသုတ်လိုက်တာပဲ။ နင့်ကြောင့် နင့်အစ်မလတ်လည်း စိတ်လေပြီး ယောကျ်ားနဲ့ ကွဲမယ် လုပ်နေတယ်..."

ကျန်းရို နားထောင်ရတာ နားခါးလာသည်။ အဖြူကို အမည်းဖြစ်အောင် ပြောနိုင်ပါပေတယ်။

မော့ကြည့်ပြီး ပြုံးကာ ဖြတ်ပြောလိုက်သည်။

"အမေ လာတာ ကောင်းတယ်။ အရင်တုန်းက မောင်လေးနဲ့ ပိုက်ဆံတွေ အများကြီး ပေးလိုက်တာ ပြန်ပေးပါလား။ လီရှောင်း အပြင်ထွက်တုန်းက အဘွားကြီးတစ်ယောက်ရဲ့ ငွေညှစ်တာ ခံလိုက်ရလို့ အိမ်က ပိုက်ဆံတွေပါသွားပြီ။ အခု ကလေးမွေးတော့မယ်။ အမေ သမီးကို ချစ်တယ်ဆိုရင် မြေးမလေးမွေးလာရင် ငတ်မှာကိုတော့ ကြည့်မနေဘူး မဟုတ်လား"

ထိုစကား ကြားသည်နှင့် အသံတိတ်သွားလေသည်။

ပြုံးနေသော မျက်နှာက တောင့်တင်းသွားပြီး အသံစူးစူးဖြင့် မေးလိုက်သည်။

"ငွေညှစ်ခံရတယ်ဆိုတာ ဘာလဲ"

မျက်နှာအရောင်ပြောင်းသွားပြီး စိုးရိမ်တကြီး မေးလိုက်သည်။ "ဘယ်လောက် ပါသွားလဲ"

နှမြောတသဖြစ်နေပုံက သူ့ပိုက်ဆံ ပါသွားသလိုပင်။

ကျန်းရိုက ကလေး လန့်သွားမှာစိုးလို့ ကိုယ်ကို စောင်းလိုက်ပြီး ဗိုက်ကိုပွတ်ကာ မျက်နှာငယ်လေးဖြင့် ပြောလိုက်သည်။

"ဘယ်သူက လီရှောင်း ပိုက်ဆံရလာတယ်လို့ လျှောက်ပြောလဲ မသိပါဘူး။ မသမာသူတွေ ကြားသွားတာ နေမှာပေါ့။ အပြင်ထွက်တော့ အဘွားကြီးတစ်ယောက်နဲ့ တိုက်မိတယ်။ သူက လဲချပြီး လီရှောင်း တွန်းတယ်ဆိုပြီး ပိုက်ဆံတောင်းတော့တာပဲ။ လျော်ပေးလိုက်ရတယ်"

ပြီးတော့ မော့ကြည့်ပြီး သနားစရာ မျက်လုံးများဖြင့် ပြောလိုက်သည်။ "အမေ... အရင်တုန်းက မောင်လေးကို ပိုက်ဆံ အများကြီး ပေးလိုက်တာလေ။ အမေ တောင်းခိုင်းတာ ဆို"

"......"

ဒီကောင်မလေး သူ့ကို လာနောက်နေတာလားလို့ သံသယဝင်မိသည်။

မတွေ့တာကြာတော့ ဒီကောင်မလေးကို ထိန်းချုပ်ရခက်လာပြီ။ အရင်တုန်းကဆို ဘယ်လောက် လိမ်မာလဲ။ ပိုက်ဆံတောင်းရင် တောင်းသလောက် ပေးတာ။

သူ့လင်မယားက လူမိုက်ဆိုတော့ စိတ်ပုပ်တယ်။ သူ သင်ပေးလိုက်တာ နေမှာ။

အခု ပိုက်ဆံ ပြန်တောင်းနေတယ်။

သူ့မှာ ဘယ်က ပိုက်ဆံရှိမှာလဲ။ သားလေးကို ပေးလိုက်ပြီလေ။

ကျန်းယန်၏မျက်နှာ မကောင်းတော့။ ဆက်ပြောမယ့် စကားတွေ ပျောက်ကုန်ပြီ။

ပြောရင်းဆိုရင်း လူရောက်လာသည်။ သူမ စကားဆက်မလို့လုပ်တုန်း အသံအက်အက်ကြီး ကြားလိုက်ရသည်။

"အမေ ဘာလာလုပ်တာလဲ"

လီရှောင်း မျက်နှာကို ပွတ်သပ်ရင်း ထွက်လာသည်။ မျက်မှောင်ကြုတ်ထားပြီး စိတ်မရှည်သော ပုံပေါက်နေသည်။ အထူးသဖြင့် ကျန်းယန်ကို ကြည့်သော အကြည့်များက အေးစက်နေသည်။

ကျန်းယန်က လီရှောင်းကို မြင်တော့ ခါးပြန်နာလာသလို ခံစားလိုက်ရသည်။ မျက်နှာ ဖြူလိုက် ပြာလိုက် ဖြစ်နေပြီး စကားမထွက်တော့။

ကျန်းရိုက ဝင်ပြောလိုက်သည်။ "အမေ ပြောစရာရှိရင် ပြောလေ။ အပြင်လူမှ မဟုတ်တာ"

ကျန်းယန်က ကျန်းရိုကို မျက်စောင်းထိုးလိုက်သည်။ တကယ် တုံးတာလား၊ ဟန်ဆောင်တာလား မသိဘူး။

သမီးကို ချော့ပြီး ပိုက်ဆံချေးမလို့ လုပ်ထားတာ။ အခု လီရှောင်း ပိုက်ဆံလျော်လိုက်ရတယ်ဆိုတော့ စိတ်ထဲ ယုံသွားပြီ။ ရွာထဲမှာလည်း သတင်းကြားထားတာကိုး။ လူတွေက မျက်စိကျနေကြတာ ပုံမှန်ပါပဲ။

ပိုက်ဆံမရှိမှတော့ ကြာကြာ မနေချင်တော့။ ခြင်းတောင်းကို ကောက်ကိုင်ပြီး ပြန်ဖို့ ပြင်လိုက်သည်။

"ဘာမှမရှိပါဘူး။ နင့်ကို လာကြည့်တာပါ။ ပြီးတော့ ကြက်ဥ လာရောင်းတာ။ နင့်အဖေ ဆေးဖိုး လိုနေလို့"

ပြီးတော့ ကျန်းရို ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"အိမ်မှာက ဆင်းရဲနေတော့ အမေ ပိုက်ဆံ လိုနေလို့ပါ။ နောက်မှ ကောင်းတာတွေ ယူလာခဲ့မယ်"

ကျန်းရို - "......"

လီရှောင်းအမေနဲ့ ယှဉ်လိုက်ရင် ကျန်းယန်က လူပါးဝတာ အများကြီးသာသည်။ မိသားစုကို နိုင်တာ မပြောနဲ့တော့။

ဒါပေမဲ့ ရွာသားတွေက အ,တာမှ မဟုတ်တာ။ ကြာရင် သိလာကြတာပဲ။

ကျန်းရို ထလိုက်သည်။ လီရှောင်းက အေးစက်စက် ပြောလိုက်၏။

"ငါ လိုက်ပို့မယ်"

ကျန်းရို ပြန်ထိုင်လိုက်သည်။

ကျန်းယန် မျက်နှာ ပျက်သွားသည်။ စကားမဆုံးသေးဘူးလေ။ အိမ်မှာ ပိုက်ဆံမရှိပေမယ့် ပစ္စည်းတွေတော့ ရှိမှာပဲ။

ခြံထဲမှာ လှန်းထားတဲ့ ကလေးအဝတ်အစားတွေက အသစ်စက်စက်တွေ။ ပိုက်ဆံ အများကြီး ပေးထားရမှာ။

လီရှောင်း လျှောက်လာတာမြင်တော့ မကျေမနပ်ဖြင့် ထွက်သွားရတော့သည်။

ခြံဝင်းအပြင်ရောက်မှ သတ္တိမွေးပြီး မေးလိုက်သည်။

"သမက်လေး... ဒီတစ်ခေါက် ဘယ်သွားပြီး ပိုက်ဆံရှာတာလဲ"

လီရှောင်း ရယ်ချင်သွားသည်။ အရင်တုန်းက လာရန်တွေ့တုန်းကတော့ "ခွေးကောင်"၊ "မုဒိမ်းကောင်" နဲ့။ အခုကျတော့ "သမက်လေး" တဲ့။

သူက လှောင်ပြုံး ပြုံးလိုက်သည်။

"ကျွန်တော် အမေလို့ ခေါ်လိုက်တာနဲ့ တကယ် ထင်သွားတာလား"

လူကို မျက်နှာ ပူသွားစေသည်။

ကျန်းယန်က အပြင်မှာ ဘယ်လိုနေနေ အိမ်မှာတော့ ဘုရင်မ။ သမက်နှစ်ယောက်က သူ့ကို အမေအရင်းလို ဆက်ဆံကြတာ။

လီရှောင်းတစ်ယောက်ပဲ သူ့ကို အဖတ်မလုပ်တာ။

ဒါပေမဲ့ ပျော့တဲ့လူက မာတဲ့လူကို ကြောက်ရတယ်။ မာတဲ့လူက မိုက်တဲ့လူကို ကြောက်ရတယ်။

လီရှောင်းက မိုက်တဲ့လူလေ။

လီရှောင်းက အေးစက်စက်ကြည့်ပြီး ပြောလိုက်သည်။

"နောက်ဆို လာမရှုပ်နဲ့တော့။ မဟုတ်ရင် ခင်ဗျားသား ဘာဖြစ်သွားမလဲ မပြောတတ်ဘူး"

ကျန်းယန်က သူ့မျက်လုံးတွေကို ကြည့်ပြီး ကြက်သီးထသွားသည်။

ခြင်းတောင်းဆွဲပြီး အမြန်လှည့်ပြေးတော့သည်။ စိတ်ထဲမှာတော့ ကျန်းရိုကို ကျိန်ဆဲသွားသည်။ ငယ်ငယ်ကတည်းက လူပေးလိုက်ရင် ကောင်းသား။ ဘာမှ အကျိုးမပေးတဲ့အပြင် ဒီလို မကောင်းဆိုးဝါးနဲ့ သွားပတ်သက်တယ်။

.....

လီရှောင်း အိမ်ထဲ ပြန်ဝင်လာတော့ ကျန်းရိုက လည်ပင်းရှည်ပြီး လှမ်းကြည့်နေတာ တွေ့လိုက်ရသည်။

"ပြန်သွားပြီ"

လင်းမေ့ရူကိုတောင် ထွက်ပြေးအောင် ဆဲနိုင်ပြီး သူ့အမေအရင်းကျတော့ စကားတစ်ခွန်း မပြောရဲဘူး။ အိမ်ကြက်မို့လား။ ဒါမှမဟုတ် သူ့ကို ကာကွယ်ချင်စိတ် ပြင်းပြလွန်းလို့လား။

"မနက်ဖြန် ငါ သွားကြည့်လိုက်မယ်။ မင်းအဖေ တကယ်ကျိုးတာဆိုရင် ပိုက်ဆံနည်းနည်း ပေးလိုက်မယ်" ကျန်းရိုမိဘတွေကို သူ ထောက်ပံ့နိုင်ပါတယ်။ ဒါပေမဲ့ လူနုံအဖြစ်တော့ မခံနိုင်ဘူး။

"မသွားနဲ့"

ကျန်းရို ချက်ချင်း ငြင်းလိုက်သည်။ မနက်ဖြန် ဆေးရုံသွားရမှာလေ။ လီရှောင်း မရှိရင် ဘယ်လို လုပ်မလဲ။ "ဟန်ဆောင်တာ သိသာနေတာကို။ ဘယ်နှစ်ခါ ရှိနေပြီလဲ"

သမက်တွေဆီက ပိုက်ဆံတောင်းချင်လို့။ အစ်မကြီးယောကျ်ားက ရိုးတော့ ပါးစပ်ကပဲ ပွစိပွစိ ပြောတာ။ အစ်မလတ်ကတော့ သနားစရာ။ ယောကျ်ားက မြို့နယ်မှာ စူပါမားကတ် ဖွင့်ထားတော့ စီးပွားရေးကောင်းတယ်။ ဒါကြောင့် ယောက္ခမအိမ် မျက်နှာကြည့်နေရတာ။ အနိုင်ကျင့်ခံနေရတာ။

အစ်မလတ်ယောကျ်ားက လူနေတတ်တယ်။ သွားတိုင်း လက်ဆောင်တွေ အများကြီး ယူသွားတယ်။ ကျန်းမိသားစုမှာ အစ်မလတ်ကလွဲရင် ကျန်တဲ့လူတွေ အကုန်လုံးက ဒီသမက်ကို သဘောကျကြတယ်။

ကျန်းရိုကိုယ်တိုင်တောင် အရင်တုန်းက အမေပြောတာယုံပြီး အစ်မလတ်က အသုံးမကျဘူး၊ ယောကျ်ားကို မနိုင်ဘူးလို့ ထင်ခဲ့ဖူးတယ်။

ကျန်းမိသားစု သမီးသုံးယောက်လုံး အမေ့စကား နားထောင်ကြတယ်။ အစ်မကြီးဆို အမေ ဘာတောင်းတောင်း ပေးတာ။

လီရှောင်း ကြားတော့ ဝင်မပါတော့ပေ။

......

နေ့လယ်ကျတော့ ကျန်းရို အစားတစ်ခုခု စားချင်လာသည်။ မီးဖွားပြီးရင် စားကောင်းသောက်ကောင်း စားရတော့မှာ မဟုတ်ဘူးလေ။ ဒါနဲ့ လီရှောင်းကို ခေါ်ပြီး အပြင်ထွက်စားကြသည်။

ဒါ သူတို့နှစ်ယောက် ပထမဆုံးအကြိမ် အတူတူ အပြင်ထွက်စားတာ။ လီရှောင်းက ကျူးချန်၏ဦးလေး စားဖိုမှူးလုပ်တဲ့ ဆိုင်ကို ခေါ်သွားသည်။ ဝက်သားနီ၊ သိုးသားဟင်း၊ ပီကင်းဘဲကင်၊ ဆလပ်ရွက်ကြော်နဲ့ ဟင်းနုနယ် တို့ဖူးဟင်းချို မှာလိုက်သည်။

နည်းနည်းများသွားသည်။ နှစ်ယောက်သား အကြာကြီး စားလိုက်ရသည်။ ကျန်းရိုက အာသီသ ပြေရုံလောက်ပဲစားပြီး ထမင်းနှစ်ပန်းကန်နဲ့ တော်လိုက်သည်။ ကျန်တာတွေ လီရှောင်း ဗိုက်ထဲ ရောက်သွားသည်။

ပြန်ထွက်လာတော့ တံခါးဝမှာ ကျူးချန်နဲ့ တွေ့သည်။ သူက အလုပ်ထွက်လိုက်ပြီ။ အခု ကောင်မလေးကို လာကြိုတာပင်။

နှစ်ယောက်သား တံခါးဝမှာ မျက်နှာချင်းဆိုင် တွေ့ကြသည်။ ကျန်းရိုက သူ့ကို သေချာကြည့်လိုက်သည်။ အသားဖြူဖြူ၊ မျက်ခွံတစ်ထပ်နဲ့ ရုပ်သန့်သန့်လေး။

ဒါပေမဲ့ လူက နည်းနည်း အေးစက်စက်နိုင်တယ်။ သူတို့ကို မြင်တော့ ခေါင်းလွှဲသွားသည်။

အထင်မကြီးတဲ့ပုံစံမျိုး။

ကျန်းရို နှုတ်ဆက်မလို့လုပ်ပေမယ့် မြင်တော့ ကြောင်သွားပြီး ပြုံးပြကာ ဗိုက်ကိုသာ ငုံ့ကြည့်နေလိုက်သည်။

စောစောက ဝင်လာတုန်းက မြင်လိုက်ပေမယ့် နောက်တော့ မတွေ့တော့ဘူး။ တမင် ရှောင်နေတာဖြစ်မယ်။

ကျူးချန်ကတော့ မျက်နှာမကောင်းပေ။ "ရှောင်းကော... အစ်မရို" ဟု နှုတ်ဆက်လိုက်သည်။

လီရှောင်းက စိတ်ကြည်နေခဲ့သော်လည်း ဒါကို မြင်တော့ မျက်နှာပျက်သွားသည်။ ကျူးချန်ကောင်မလေးက သူ့ကို အထင်မကြီးတာ ကိစ္စမရှိ။ ကျန်းရိုကို မျက်နှာမကောင်းပြတာတော့ သူ မကြိုက်ပေ။

ကျူးချန်ကို ဂရုမစိုက်ဘဲ ကျန်းရိုပခုံးကို ဖက်ပြီး ထွက်သွားလိုက်သည်။

ဝေးသွားတော့မှ ချန်မေ့က စိတ်မရှည်သလို ပြောလိုက်သည်။ "သွားရအောင်... ပြန်ချင်ပြီ"

ကျူးချန်က အဝေးက လူနှစ်ယောက်ကို လှမ်းကြည့်လိုက်သည်။ ဘာမှမလုပ်ပေမယ့် ရင်းနှီးကျွမ်းဝင်မှုက သိသာနေသည်။ သူနဲ့ အလှမ်းဝေးဝေးမှာ ရပ်နေတဲ့ ချန်မေ့ကို ကြည့်ပြီး ငြိမ်ကျသွားသည်။

ချန်မေ့က ဂရုမစိုက်ဘဲ လှည့်ထွက်သွားသည်။

ကျူးချန် ခဏရပ်ပြီးမှ နောက်က လိုက်သွားသည်။

အခြားတစ်ဖက်တွင်... ကျန်းရိုက ရုပ်ရှင်ကြည့်ချင်တယ် ပြောသည်။

အရင်တုန်းက ဖုန်းတွေ၊ ကွန်ပျူတာတွေရှိတုန်းက တီဗီကို စိတ်မဝင်စားခဲ့ဘူး။ အခု ဘာအပန်းဖြေစရာမှမရှိတော့ လွမ်းမိတယ်။

ဆုံးရှုံးသွားမှ တန်ဖိုးရှိမှန်း သိတာကိုး။

လီရှောင်းက သူမကို ငုံ့ကြည့်ပြီး "ရုပ်ရှင်က ဘာကောင်းလို့လဲ။ ရည်းစားထားတဲ့ ကားတွေပဲဟာ" ဟု ပြောလိုက်သည်။

ကျန်းရို ဂရုမစိုက်ဘဲ ရုပ်ရှင်ရုံဘက် ဦးတည်သွားလိုက်သည်။

မြို့ထဲမှာနေတာကြာတော့ ရင်းနှီးနေပြီ။

ရုပ်ရှင်ရုံရောက်တော့ ရင်းနှီးတဲ့ ဇာတ်ကားတစ်ကား တွေ့လိုက်သည်။ တိုက်တန်းနစ်။

သတိရသွားပြီ။ အမေ ပြောဖူးတယ်။ ဒီကားက တရုတ်ပြည်မှာ အရမ်းပေါက်တာ။ ခြောက်လလောက် ရုံတင်တာ။ အဖေနဲ့ လေးငါးခါ ကြည့်ဖူးတယ်တဲ့။

ကျန်းရိုက ပြန်ကြည့်ချင်စိတ်နဲ့ လက်မှတ်ဝယ်လိုက်သည်။ လီရှောင်းကတော့ စိတ်မဝင်စား။ ဘေးမှာ လက်ပိုက်ပြီး ပိုစတာတွေကို လိုက်ကြည့်နေသည်။

လက်မှတ်ဝယ်ပြီး စောင့်နေတုန်း ဇီးယိုနဲ့ အချိုရည်ရောင်းတာတွေ့တော့ စားချင်လာသည်။ လီရှောင်းကို မေးတော့ ခေါင်းခါသည်။ ကျန်းရိုက ဇီးယိုတစ်ချောင်းနဲ့ ကိုလာတစ်ပုလင်း ဝယ်လိုက်သည်။

နည်းနည်းစားပြီး မစားနိုင်တော့။ လီရှောင်းက သိနေသလိုပဲ ယူစားလိုက်သည်။

တစ်လုပ်စားပြီးတာနဲ့ အချိန်ကျလာသည်။

နှစ်ယောက်သား ခန်းမထဲ ဝင်သွားကြသည်။

ရုပ်ရှင်က ကောင်းပါတယ်။ ကွန်ပျူတာမှာ ကြည့်သလောက်တော့ မကြည်ဘူး။ ဒါပေမဲ့ အပြည့်အစုံ ပြတာ။ အချိန် နည်းနည်းကြာတယ်။

မင်းသမီး ရို့စ် ရေပေါ်မျောနေပြီး ကယ်ဆယ်ရေးအဖွဲ့ အသံကြားတော့ မင်းသား ဂျက်ခ်ကို နှိုးတဲ့အခန်းရောက်တော့ ခန်းမထဲမှာ ရှိုက်သံတွေ ကြားလာရသည်။

ကျန်းရိုလည်း မျက်ရည်သုတ်နေမိသည်။

ဒီကားကို နှစ်ခေါက် ကြည့်ဖူးပေမယ့် အခုထိ ခံစားရတုန်းပဲ။

ပြန်ထွက်လာတော့ ကျန်းရို စိတ်မကောင်း ဖြစ်နေတုန်း။ ဘေးက အမျိုးသားက ပြောလိုက်သည်။

"ဇာတ်ကားက မဆိုးပါဘူး"

ကျန်းရို - "......"

ဘယ်သူကများ ရုပ်ရှင် မကောင်းဘူး ပြောခဲ့တာလဲ။

ပြီးတော့ ရုတ်တရက် မေးလိုက်သည်။

"ငါ သေသွားရင် မင်း နောက်အိမ်ထောင်ပြုမှာလား"

ကျန်းရို လှည့်ကြည့်လိုက်သည်။ ဘာလို့ ဒါကို မေးတာလဲ။ သူတို့က ဒီလောက်ထိ ချစ်ကြလို့လား။

အမျိုးသားကလည်း သူမကို ငုံ့ကြည့်နေသည်။ မျက်လုံးချင်းဆုံရာမှ သူ့ရင်ထဲက အတွေးကို သူမ နားလည်လိုက်သလို ခံစားလိုက်ရသည်။ ရင်ထဲ လှုပ်ရှားသွားသည်။

နှုတ်ခမ်းကို စေ့ပြီး အလေးအနက် ဖြေလိုက်သည်။

"ရှင့်ဘက်က အိမ်ထောင်မပြုရင် ကျွန်မလည်း မပြုဘူး"

ဒီအခြေအနေက ဖြစ်မှမဖြစ်နိုင်တာ။ ဒါပေမဲ့ အမျိုးသားက ကျေနပ်စွာ ပြုံးလိုက်သည်။ မျက်ခုံးပင့်လိုက်၏။

သူ ပထမဆုံးအကြိမ် ကျန်းရိုလက်ကို လှမ်းကိုင်လိုက်သည်။ ခဏကြာတော့ အသံနက်နက်ဖြင့် ပြောလိုက်၏။

"ငါ ပြုမှာ မဟုတ်ဘူး"

ကျန်းရို ရုန်းကြည့်ပေမယ့် မရတော့ လွှတ်ထားလိုက်သည်။

ကောင်းကင်က ကြယ်တွေကို မော့ကြည့်ရင်း စိတ်ထဲမှာ ယုံကြည်လိုက်မိသည်။

နောက်တစ်နေ့ မနက်မှာ လီရှောင်းက ကလေးပစ္စည်းတွေ ထည့်ထားတဲ့ အိတ်ကြီးကိုလွယ်ပြီး ကျန်းရိုနဲ့အတူ ဆေးရုံသို့ သွားကြလေသည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၁၈)

ကျန်းရို သယ်စရာပစ္စည်းတွေက များလွန်းလှသဖြင့် တစ်ခေါက်တည်းနှင့် မပြီးနိုင်ပေ။ သူမသည် ဆေးရုံတွင် လေးရက်ခန့်နေရန် စီစဉ်ထားရာ ကလေးအဝတ်အစား၊ စောင်၊ နို့မှုန့်၊ ပန်းကန်ခွက်ယောက်၊ သူမ၏ အဝတ်အစားနှင့် ဇလုံ စသည်တို့ကို ထည့်လိုက်ရာ မြွေရေခွံအိတ်ကြီး နှစ်အိတ်စာရလေသည်။

ဒီရက်ပိုင်း အိမ်စရိတ်က ကျပ်တည်းနေသော်လည်း တော်သေးသည်မှာ လီရှောင်းအဘိုး မဆုံးပါးခင်က မြေးဖြစ်သူအတွက် တိတ်တဆိတ် ချန်ထားပေးခဲ့သော ပိုက်ဆံတစ်ချို့ရှိနေခြင်းပင်။ လီရှောင်းက ထိုပိုက်ဆံကို မထိဘဲထားခဲ့သော်လည်း လွန်ခဲ့သောရက်ပိုင်းက အိမ်စရိတ်များလာသည်ကိုတွေ့မှ ထိုပိုက်ဆံရှိကြောင်း ရုတ်တရက် သတိရသွားသည်။

ဘဏ်မှ ပိုက်ဆံထုတ်လာပြီးနောက် တစ်ဝက်ကို ရေချိုးခန်းပြင်ဆင်ရာတွင် သုံးလိုက်ပြီး ကျန်တစ်ဝက်ကို ကျန်းရိုအား ပေးလိုက်သည်။

ကျန်းရိုလည်း အားနာမနေဘဲ ပိုက်ဆံကိုရေတွက်ကြည့်ရာ စုစုပေါင်း ငါးရာ့ခုနစ်ဆယ် ရှိသည်။

သူမလက်ထဲတွင်လည်း ဆေးရုံတက်ရန် ဖယ်ထားသော ယွမ်နှစ်ရာရှိသေးရာ ဒီပိုက်ဆံနှင့်ဆိုလျှင် မီးတွင်းကာလအတွက် လုံလောက်ပြီဖြစ်သည်။

......

နှစ်ယောက်သား ဆေးရုံရောက်သောအခါ လီရှောင်းက ပစ္စည်းများကို ဧည့်ခန်းမဆောင်တွင် ထားခဲ့ပြီး မှတ်ပုံတင်ကတ်ပြားကို ကိုင်ဆောင်ကာ ဆေးရုံတက်ရန် စာရင်းသွင်းလိုက်သည်။

ထို့နောက် နောက်ဘက်ရှိ အဆောက်အအုံ လေးထပ်သို့ သွားကြသည်။ ထိုအချိန်က မြို့နယ်ဆေးရုံတွင် ဓာတ်လှေကား မရှိသေးသဖြင့် လှေကားမှတက်ကြရသည်။ လီရှောင်းက လက်တစ်ဖက်ဖြင့် မြွေရေခွံအိတ်ကို ထမ်းထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကျန်းရို၏လက်မောင်းကို တွဲထားပေး၏။

လူက ကြည့်ရတာ သိပ်မသန်မာဘူးထင်ရပေမယ့် အားအင်သန်စွမ်းပြီး လက်မောင်းများက သံမဏိကဲ့သို့ မာကျောကာ သူမအတွက် အားကိုးစရာဖြစ်စေသည်။

ကိုယ်ဝန် ရင့်လာသည်နှင့်အမျှ ကျန်းရိုသည် အစားအသောက်ကို သတိထားပြီး လျှော့စားခဲ့သည်။ ဗိုက်အရမ်းကြီးသွားလျှင် မွေးရခက်မည် စိုးသောကြောင့်ဖြစ်သည်။

သို့သော် အာဟာရကိုတော့ မျှတအောင် စားသည်။ အနပ်တိုင်းတွင် အသားနှင့် ဟင်းသီးဟင်းရွက် ပါသော်လည်း ထမင်းကိုတော့ လျှော့စားသည်။

ထို့ကြောင့် သူမကို ကြည့်ရသည်မှာ ပြည့်ဖြိုးရုံသာရှိပြီး ဝ,မနေပေ။

ထို့အပြင် ထမင်းစားပြီးတိုင်း ခြံဝင်းထဲတွင် လမ်းလျှောက်ပြီး ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်း လုပ်လေ့ရှိသည်။

ယခု လေးထပ်သို့ တက်လာရသော်လည်း နည်းနည်းမောရုံသာရှိပြီး ခြေကုန်လက်ပန်းကျသည့် အခြေအနေမျိုး မဟုတ်ပေ။

ဤအဆောက်အအုံမှာ အတော်ကြီးမားပြီး စင်္ကြံလမ်းရှည်ကြီး၏ ဘေးတစ်ဖက်တစ်ချက်တွင် လူနာခန်းများရှိသည်။ လီရှောင်းက ကျန်းရိုကို နေရာတွင် ခေတ္တစောင့်ခိုင်းပြီး သူက စာရွက်ကိုကိုင်ကာ ဘယ်ညာလျှောက်ကြည့်လိုက်သည်။ ညာဘက်ခြမ်းက သားဖွားခန်း၊ ဘယ်ဘက်ခြမ်းက အရိုးကုသဆောင်ဖြစ်ကြောင်း သိလိုက်ရသည်။

ထို့နောက် ပြန်လာပြီး ကျန်းရိုကိုတွဲကာ ညာဘက်သို့ ခေါ်သွားပြီး လှေကားအနီးဆုံး အခန်းကို ရှာတွေ့လိုက်သည်။

အခန်းထဲတွင် လူရှိနေပြီဖြစ်သည်။ အထဲဘက်အကျဆုံး ကုတင်သာ လွတ်နေသော်လည်း ကုတင်ပေါ်တွင် ပစ္စည်းများ တင်ထားသည်။ အလယ်ကုတင်တွင် ကိုယ်ဝန်ဆောင်တစ်ဦး လှဲနေပြီး ဗိုက်နာ၍ အော်ဟစ်နေ၏။ ဘေးနားတွင် လူလတ်ပိုင်း အမျိုးသားတစ်ဦး ထိုင်နေပြီး ဘာမှ မကြားသလိုမျိုး ရေကိုသာ ထိုင်သောက်နေသည်။

လီရှောင်းသည် ကျန်းရိုကို တံခါးနှင့် အနီးဆုံး ကုတင်သို့ တွဲပို့ပြီး ထိုင်ခိုင်းလိုက်သည်။

သူ မြွေရေခွံအိတ်ကို ချလိုက်ပြီး မေးလိုက်၏။

"ရေသောက်မလား"

ကျန်းရို ခေါင်းခါလိုက်သည်။

နှစ်ယောက်သား စကားတစ်ခွန်း မပြောရသေးခင်မှာပင် သူနာပြုတစ်ဦး ဝင်လာသည်။

အလယ်ကုတင်ကို အရင်သွားကြည့်ရာ ထိုလူလတ်ပိုင်း အမျိုးသားက မတ်တတ်ထရပ်ပြီး မျှော်လင့်တကြီး မေးလိုက်သည်။

"သူ စောစောကထက် ပိုနာနေတယ်ဆိုတော့ မွေးတော့မှာလားဟင်"

သူနာပြုဆရာမ၏မျက်နှာတွင် စိတ်မရှည်မှုများ ပေါ်လာပြီး ပြန်ပြောလိုက်သည်။

"စောစောက ဆရာဝန် လာပြောသွားတယ်မလား။ လိုပါသေးတယ်ဆို"

ထို့နောက် ကိုယ်ဝန်ဆောင်သည်ကို သာမိုမီတာတစ်ချောင်း ပေးလိုက်သည်။

ထိုအမျိုးသားက အကဲခတ်တတ်ပုံ မရဘဲ ထပ်မေးပြန်သည်။

"ကျွန်တော် ကြားတာတော့ ဆေးရုံမှာ သားလား၊ သမီးလား ကြည့်လို့ရတယ်ဆို။ ဆရာမ... အခု ကြည့်လို့ရမလား"

သူနာပြုဆရာမ၏ မျက်နှာထား ပိုဆိုးသွားသည်။

"ဘာဖြစ်လို့လဲ။ သမီးမိန်းကလေးဆိုရင် မမွေးတော့ဘူးလား"

သူ့ကို မျက်စောင်းတစ်ချက် ထိုးလိုက်ပြီး ကျန်းရိုတို့ဘက် လှည့်လာကာ မျက်နှာထား အနည်းငယ်လျှော့ပြီး မေးလိုက်သည်။

"ရှင်တို့က ဘာဖြစ်လို့လဲ"

ကျန်းရိုက ဘေးကုတင်မှ အမျိုးသား၏ စိတ်ပျက်သွားသော မျက်နှာကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ဖြေလိုက်၏။

"မနက်က အိပ်ရာထတော့ ဗိုက်နည်းနည်း နာသလို ဖြစ်နေလို့ပါ။ မွေးတော့မယ် ထင်လို့"

သူနာပြုဆရာမက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ... ဆရာဝန်ကို လာကြည့်ခိုင်းလိုက်မယ်"

ကျန်းရို ပြုံးလိုက်သည်။

"ကျေးဇူးပါပဲ။ ဒုက္ခပေးရပါပြီ"

သူနာပြုထွက်သွားပြီး ခဏအကြာတွင် အသက်ကြီးကြီး ဆရာဝန်မကြီး တစ်ဦးကို ခေါ်လာခဲ့သည်။

လီရှောင်းက မတ်တတ်ရပ်ပြီး နေရာဖယ်ပေးလိုက်သည်။ ဆရာဝန်မကြီးက ရှေ့တိုးလာပြီး ကျန်းရို၏ ဗိုက်ကို စမ်းသပ်ကာ ကိုယ်ဝန်အခြေအနေကို မေးမြန်းသည်။ ကျန်းရိုလည်း အမှန်အတိုင်း ဖြေလိုက်ပြီး လီရှောင်းကို မြွေရေခွံအိတ်ထဲမှ စာအိတ်အနီလေး တစ်အိတ်ကို ယူခိုင်းလိုက်သည်။

ဒါက ကျန်းရို အရင်တုန်းက ဆေးရုံလာပြီး စစ်ဆေးထားသော မှတ်တမ်းစာရွက်များ ဖြစ်သည်။

ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းက ကိုယ်ဝန်ဆောင်စဉ်က ဒါတွေကို မစဉ်းစားခဲ့ပေ။ ကျန်းရို ရောက်လာမှ စိတ်မချသဖြင့် လာစစ်ဆေးခဲ့ခြင်းဖြစ်သည်။ ဗိုက်ထဲက ကလေး ကျန်းမာမှန်း သိသော်လည်း အာဟာရ လိုအပ်ချက် ရှိမရှိ သိရအောင် လာစစ်ဆေးခဲ့သည်။

ဆရာဝန်မကြီးက ယူကြည့်လိုက်ပြီး ခေါင်းညိတ်သည်။

"မဆိုးဘူး"

ကျန်းရို ကြည့်နေမိသည်။ ဒီနေရာက ဆေးကုသမှု အခြေအနေက သူမ၏ မရီး မွေးတုန်းကလောက် မကောင်းပေ။ သူမမရီးတုန်းက သီးသန့်အခန်း၊ စစ်ဆေးမှုပေါင်းစုံ လုပ်ခဲ့ရပြီး ဆေးရုံဆင်းတာနဲ့ မီးနေသည် စောင့်ရှောက်ရေး စင်တာကို တန်းသွားခဲ့ရသည်။

ဒီဆရာဝန်မကြီးကတော့ ဗိုက်ကို ထပ်စမ်းကြည့်ပြီး ပြောလိုက်သည်။

"ကလေးက ထွက်ချင်နေပြီ။ ရေမြွာပေါက်မှ ပြန်လာကြည့်ပေးမယ်"

"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ဆရာမ"

ကျန်းရို ဒီအချိန်တွင် အထူးယဉ်ကျေးနေသည်။ မွေးဖွားရေးကိစ္စ အားလုံးက သူတို့လက်ထဲတွင် ရှိသည် မဟုတ်လား။

လီရှောင်းက ခုံတစ်လုံးယူကာ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည်။ ဘေးကုတင်မှ နာကျင်လွန်း၍ လူးလှိမ့်နေသော အမျိုးသမီးနှင့် သက်ပြင်းချနေသော အမျိုးသားကိုကြည့်ရင်း မျက်မှောင်ကြုတ်လိုက်မိသည်။ ရုတ်တရက် ကျန်းရို၏လက်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။

"သားလေးဖြစ်ဖြစ် သမီးလေးဖြစ်ဖြစ် ငါကတော့ အကုန်ချစ်တယ်"

မိန်းမက မွေးတော့မယ်။ ဒီလူက သားလား သမီးလား ဆိုတာကိုပဲ ဂရုစိုက်နေတယ်။ စိတ်ထဲတွင် အထင်သေးလိုက်မိသည်။

ကျန်းရိုက ထိုစကားကိုကြားသော်လည်း စိတ်လှုပ်ရှားသွားခြင်းမရှိဘဲ မျက်စောင်းသာ ထိုးလိုက်သည်။

ပြီးတော့ ခနဲ့တဲ့တဲ့ ပြန်ပြောလိုက်၏။

"ဒါဆိုလည်း ကျေးဇူးပါပဲ"

"......"

လီရှောင်း နှာခေါင်းကို ပွတ်သပ်လိုက်ပြီး ကိုယ့်ဘာသာ အပိုစကားပြောမိမှန်း သိလိုက်သည်။

ကိုယ့်သမီး ကိုယ်မချစ်လို့ သူများသားကို သွားချစ်ရမှာလား။

ကျန်းရိုက လွန်ခဲ့တဲ့ လပိုင်းတွေက လေ့ကျင့်ခန်း လုပ်ထားလို့ပဲလား၊ ဒါမှမဟုတ် စားကောင်းသောက်ကောင်း စားပြီး စိတ်ပျော်ရွှင်နေလို့ပဲလား မသိ။ ဘေးကုတင်ကလူလောက်တော့ မနာကျင်ပေ။

နေ့လယ်ရောက်တော့ လီရှောင်းကို အပြင်ထွက်ပြီး ထမင်းသွားဝယ်ခိုင်းလိုက်သည်။

လီရှောင်းက ကျန်းရိုကို သိပ်ချစ်သည်။ လမ်းအဝေးကြီးကို ပတ်ပြီး ကျူးချန်ဦးလေးရဲ့ စားသောက်ဆိုင်အထိသွားကာ ဟင်းသုံးမျိုး၊ ဟင်းရည်တစ်မျိုး ဝယ်လာသည်။ ကြွေခွက် သုံးလုံးပါ ယူသွားပြီး တစ်ခုက ဟင်း၊ တစ်ခုက ထမင်း၊ နောက်တစ်ခုက ဟင်းရည် ထည့်လာသည်။

အခန်းပြန်ရောက်တော့ ထမင်းဟင်းတွေက ပူနေတုန်းပင်။

ကျန်းရို အရင်စားပြီး မကုန်မှ လီရှောင်း ယူစားသည်။

မွှေးကြိုင်နေသော ထမင်းဟင်းများကို ဘေးကုတင်က လင်မယား ခဏခဏ လှမ်းကြည့်နေကြသည်။

ထိုလူလတ်ပိုင်း အမျိုးသားက သူ့မိန်းမကို ပြောလိုက်သည်။

"သားလေး မွေးလာရင် မင်းကို ဝယ်ကျွေးမယ်"

အမျိုးသမီးက စိတ်ပျက်ခြင်းမရှိဘဲ မျှော်လင့်တကြီးဖြင့် ဗိုက်ကို ပွတ်သပ်နေသည်။ သူမလည်း သားလေး လိုချင်ပုံရ၏။

ကျန်းရို ဘာပြောရမှန်းပင် မသိတော့။

......

မွန်းလွဲပိုင်း အလုပ်မရှိသဖြင့် ကျန်းရို ကုတင်ပေါ်လှဲကာ စာဖတ်နေသည်။ လီရှောင်းက အိမ်ပြန်ပြီး ကျန်တဲ့ပစ္စည်းတွေကို သွားသယ်သည်။ အဒေါ်ဝမ်ကိုလည်း ဒီရက်ပိုင်း ဝက်အူချောင်း မလုပ်ဖြစ်တော့မည့်အကြောင်း ပြောခဲ့လိုက်သည်။

အဒေါ်ဝမ်က ဈေးထဲမှာ လင်းမေ့ရူကို ဘာသွားပြောလိုက်လဲ မသိ။ ညနေ လေးနာရီလောက်မှာ လင်းမေ့ရူ ဆေးရုံ ရောက်လာသည်။

သားဖွားခန်း ဘယ်နားမှာလဲမေးပြီး လေးထပ်သို့ တက်လာသည်။

ညာဘက် လှေကားမှ တက်လာလာချင်း မျက်နှာချင်းဆိုင် အခန်းဝတွင် ရပ်နေသော လီရှောင်းကို တွေ့လိုက်ရသည်။

သူက ရေနွေးပုလင်းကို ကိုင်ကာ ရေနွေးသွားဖြည့်ရန်ပြင်နေစဉ် လှည့်လိုက်ရာ လင်းမေ့ရူနှင့် ပက်ပင်းတိုးတော့သည်။

လူကိုမြင်တော့ အလိုလို မျက်မှောင်ကြုတ်မိသွားသည်။

"ခင်ဗျား ဘာလာလုပ်တာလဲ"

လေသံက လုံးဝမယဉ်ကျေးသဖြင့် လင်းမေ့ရူ မျက်နှာပျက်သွားသည်။

ကိုယ့်သားအရင်းထက် မွေးစားသားကို ပိုချစ်မိတာ မလွန်ပါဘူးဟု စိတ်ထဲ တွေးလိုက်မိသည်။ ဒီကလေးက အကြွေးလာတောင်းတဲ့အတိုင်းပဲ။

သူမက ခြင်းတောင်းကိုကိုင်ပြီး အခန်းထဲ ဝင်လိုက်ရာ ကုတင်ပေါ်တွင် ဇိမ်ကျကျလှဲပြီး သလဲသီး စားနေသော ကျန်းရိုကို တွေ့လိုက်ရသည်။

စားပုံကလည်း မခေ။ သလဲသီးစေ့တွေကို ပန်းကန်လုံးထဲ ထည့်ပြီး ဇွန်းနဲ့ ခပ်စားနေတာ။

ပါးစပ်ထဲ အပြည့်အမောက်နှင့်။

မွေးတော့မယ်ဆို။ ဒါက လာပြီး စံစားနေတာများလား။

လင်းမေ့ရူက သူမ လီရှောင်းကို မွေးတုန်းက အကြောင်းကို ပြန်စဉ်းစားမိသည်။ သူ့အဖေက အရိပ်အယောင်တောင် မမြင်ရ။ ယောက္ခမက သစ်သွားဝယ်နေတယ်။ သူမ နာလွန်းလို့ အော်ဟစ်နေမှ ဘေးအိမ်က မာအိုက်ဟွာ ကြားပြီး လက်သည်ခေါ်ပေးလို့ တစ်ရက်နဲ့ တစ်ညကြာမှ မွေးနိုင်ခဲ့တာ။

ဒီကလေးက မွေးကတည်းက သူ့ကို ဒုက္ခပေးဖို့ လာတာ။ သူ့အဖေလိုပဲ။

အခုလည်း တုံးတုံးအအမိန်းမတစ်ယောက်ကို ယူပြီး သူ့ကို လာဒုက္ခပေးနေပြန်ပြီ။

ကျန်းရို သက်သောင့်သက်သာဖြစ်နေတာကို မြင်တော့ လင်းမေ့ရူ မကျေမနပ်ဖြစ်လာပြီး လေသံမာမာဖြင့် ပြောလိုက်သည်။

"မွေးတော့မယ်ဆို... ဟုတ်ရဲ့လား"

တကယ့်ကို ဇာတ်နာနေကြတာ။

ဘေးကုတင်က လင်မယားက အသံကြားတော့ လှည့်ကြည့်ကြသည်။ အမျိုးသမီးရဲ့ ညည်းသံတောင် တိုးသွားသည်။

ကျန်းရိုက လင်းမေ့ရူကို မော့ကြည့်လိုက်သည်။ မကြောက်ဘဲ ပြန်မေးလိုက်၏။

"အမေ ဘာစားစရာကောင်းတွေ ယူလာလဲ"

"စား... စား... နင်က စားဖို့ပဲ သိတာလား"

လင်းမေ့ရူက ကျန်းရို စကားပြောလိုက်သည်နှင့် စိတ်တိုသွားသည်။

"နင်က စားတာကလွဲရင် ဘာလုပ်တတ်သေးလဲ"

ပြီးခဲ့တဲ့ကိစ္စကို တွေးပြီး ဒေါသထွက်လာသည်။ စောစောက မာအိုက်ဟွာက သူမ အသားဝယ်နေတာ တွေ့တော့ အသံကုန်အော်ပြီး ပြောနေတာ။ ချွေးမက ဆေးရုံမှာ ကလေးမွေးနေတာကို မွေးစားသားစားဖို့ အသားဝယ်နေတယ်၊ စိတ်ထားမကောင်းဘူး ဘာညာနဲ့ ပြောဆိုနေလို့ အသားမဝယ်ဘဲ ပြန်လာခဲ့ရတာ။

ကျန်းရို ပြန်မပြောရသေးခင်မှာပင် ကုတင်ခြေရင်းတွင် ရပ်နေသော လီရှောင်းမျက်နှာ မည်းမှောင်သွားပြီး ထိုအမျိုးသမီးကို အခန်းပြင်သို့ ဆွဲထုတ်လိုက်လေသည်။

သူ့အားက သန်လွန်းသဖြင့် လင်းမေ့ရူ ရုန်း၍ပင် မရလိုက်။ ဒယိမ်းဒယိုင် ပါသွားသည်။

လီရှောင်းက လူကို အခန်းဝတွင် လွှတ်ချလိုက်ပြီး စိတ်မရှည်စွာ ပြောလိုက်သည်။

"နောက်ဆို လာမနေနဲ့။ ကျွန်တော်တို့လည်း ခင်ဗျားကို သိပ်မတွေ့ချင်ဘူး"

လင်းမေ့ရူ ယိုင်နဲ့နေရာမှ ပြန်မတ်လိုက်ပြီး ထိုစကားကို ကြားသောအခါ လီရှောင်းကို မယုံကြည်နိုင်စွာ မော့ကြည့်လိုက်သည်။

"နင်... နင် ဘာစကား ပြောလိုက်တာလဲ ဟမ်"

ပါးစပ်ဟတာနဲ့ ရန်တွေ့တော့သည်။

"နင်က ငါ့ကို ဒီလို ဆက်ဆံတယ်ပေါ့လေ။ နင့်မှာ ယုံကြည်မှုဆိုတာ ရှိသေးရဲ့လား။ ငါ နင့်ကို မွေးတုန်းက တစ်ရက်နဲ့ တစ်ည နာကျင်ခံခဲ့ရတာ။ အခု မိန်းမရတော့ အမေကို မေ့ပြီပေါ့လေ။ နင့်မိန်းမက ငါ့ကို မျက်နှာလိုက်တယ် ပြောတယ်။ နင်ကရော... နင့်အသည်းနှလုံး ခွေးစားသွားပြီလား။ အပြင်မှာ ပိုက်ဆံတွေ အများကြီး ရှာလာပြီး ငါ့ကို လာမကြည့်ဘူး။ အခု ငါ့ကို မတွေ့ချင်ဘူး ဟုတ်လား။ ဒီလိုကောင်မျိုး မွေးလာမယ်မှန်း သိရင် မွေးကတည်းက အိမ်သာထဲပစ်ချပြီး နှစ်သတ်လိုက်ပါတယ်..."

ဆဲသံက ကျယ်လောင်လွန်းသဖြင့် လှည့်ကင်းလှည့်နေသော သူနာပြု ရောက်လာသည်။

"ဘာတွေ ဆူညံနေတာလဲ။ လူနာတွေ နားဖို့ လိုတယ်။ ဒါ ရှင်တို့အိမ် မဟုတ်ဘူး"

လင်းမေ့ရူ လန့်ပြီး လည်ပင်းကျုံ့သွားသည်။ သူမက လီရှောင်းရှေ့မှာသာ အော်ရဲတာ။ တခြားလူတွေကိုတော့ မအော်ရဲပေ။

လီရှောင်းကို မျက်စောင်းထိုးပြီး အသံနှိမ့်ကာ ဆက်ဆဲသည်။

"နင် တကယ် မိုက်မဲသွားပြီပဲ။ ငါ ကြည့်ရတာ နင့်မိန်းမတင် မဟုတ်ဘူး၊ နင်လည်း အသုံးမကျတဲ့ကောင်ပဲ။ နင့်အဖေလိုပဲ။ နင့်ကို မွေးမိတာ ငါ နောင်တရတယ်..."

လင်းမေ့ရူ ဆဲနေချိန်တွင် လီရှောင်းက ဘေးမှာ မျက်နှာသေဖြင့် ရပ်နေသည်။ သူမကို မကြည့်ပေ။ နားထောင်ရင်း ဘောင်းဘီအိတ်ထဲမှ စီးကရက်တစ်ဘူး ထုတ်လိုက်သည်။

ဒီဆေးလိပ်က ဆရာဝန်ကို ပေးမလို့ ဝယ်ထားတာ။ ဒါပေမဲ့ ဒီအဆောင်မှာ အမျိုးသမီး ဆရာဝန်နဲ့ သူနာပြုတွေချည်းရှိနေတော့ မပေးဖြစ်တော့။

စီးကရက်တစ်လိပ်ကို နှုတ်ခမ်းမှာ တပ်လိုက်ပြီး မီးခြစ်ဘူးထုတ်ကာ ညှိမလို့ လုပ်တုန်း ဒီအထပ်က ကိုယ်ဝန်ဆောင်တွေချည်းရှိတာ သတိရပြီး ရပ်လိုက်သည်။

လင်းမေ့ရူ အမုန်းဆုံးက သူ့ရဲ့ ဒီပုံစံပဲ။ ငယ်ငယ်ကတည်းက စကားမပြောဘဲ နေတတ်တာ။ ဆဲလည်း ဘာမှပြန်မပြော။ တကယ် စိတ်ဆိုးရင် လှည့်ထွက်သွားပြီး ရက်အကြာကြီး ပျောက်သွားတတ်တာ။

ဆဲလို့ ဝသွားတော့ လင်းမေ့ရူလည်း ပြောစရာ ကုန်သွားသည်။ လီရှောင်းက သူမကို အေးစက်စက် ကြည့်ပြီး မေးလိုက်၏။

"ဆဲလို့ ပြီးပြီလား"

"......"

လင်းမေ့ရူ ဒေါသကို မြိုသိပ်ပြီး မျက်နှာမည်းမည်းဖြင့် လှည့်ပြန်သွားတော့သည်။

ခြင်းတောင်းထဲက သကြားညိုကိုလည်း မပေးခဲ့တော့။ အခု မပေးချင်တော့ဘူး။

လီရှောင်း သူမ၏ကျောပြင်ကိုကြည့်ရင်း မျက်နှာထားက အလွန်အမင်း အေးစက်နေသည်။

လူပျောက်သွားတော့ ချက်ချင်း အခန်းထဲ ပြန်မဝင်ဘဲ စင်္ကြံလမ်းအဆုံးရှိ ပြတင်းပေါက်နားသို့ သွားကာ ပါးစပ်ထဲက ဆေးလိပ်ကို မီးညှိသောက်လိုက်မိသည်။

ဒီရက်ပိုင်း သူ ဆေးလိပ် မသောက်ဖြစ်။ ကျန်းရိုက ဆေးလိပ်သောက်ရင် ကလေးကို ထိခိုက်တယ်ပြောလို့ အိမ်မှာ မသောက်ရဲ။ တကယ် ဆေးလိပ်သောက်ချင်လာရင် ထုတ်ပြီး အနံ့ပဲ ရှူလိုက်ရတာ။

လင်းမေ့ရူ ပြောတဲ့ စကားတွေနဲ့ သူက ယဉ်ပါးနေပြီ။ ဆဲလိုက်ရင် ဒါတွေချည်းပဲ။ အရင်တုန်းကတော့ ဘာမှမခံစားရပေမယ့် အခုတော့ နံရံတစ်ဖက်ခြားက ကျန်းရိုဗိုက်ထဲမှာ သူ့ကလေးလေး ရှိနေပြီ။ မကြာခင် မွေးတော့မယ်ဆိုတာ တွေးမိပြီး ရင်ထဲ မကောင်းဖြစ်မိသည်။

လီရှောင်း ဆေးလိပ်ကို တစ်ဖွာချင်း ဖွာရင်း ငယ်ငယ်တုန်းက လင်းမေ့ရူက သူ့ကို ထားခဲ့ပြီး ယောကျ်ားနောက် လိုက်သွားတဲ့ ကျောပြင်ကို မြင်ယောင်လာသည်။ လင်းမေ့ရူက ဟယ်ဝမ်ဟွာကို ချီးကျူးပြီး သူ့ကိုတော့ အဆိပ်ပြင်းတဲ့ စကားလုံးတွေနဲ့ ဆဲရေးခဲ့တာတွေကို ပြန်သတိရလာသည်။ အစတုန်းကတော့ စိတ်ဆိုးမိပေမယ့် နောက်တော့ ထုံသွားသည်။ မှတ်မှတ်ရရဖြစ်နေတာက ၁၉၉၂ ခုနှစ် နှစ်သစ်ကူးညတုန်းက... အဖျားတက်နေတဲ့ သူက ဟယ်မိသားစု အိမ်ရှေ့ ရောက်သွားတုန်း အထဲကနေ လင်းမေ့ရူက "သူ အပြင်မှာ သေသွားတာကမှ ကောင်းဦးမယ်" လို့ ရွံရှာစက်ဆုပ်စွာ ပြောလိုက်တာကို ကြားခဲ့ရခြင်းပင်။

အဲဒီတုန်းက နှင်းထဲမှာ သူ အကြာကြီးရပ်နေခဲ့ပြီး တိတ်တဆိတ် လှည့်ထွက်လာခဲ့တာ၊ နောက်ပိုင်း ဘယ်တော့မှ ပြန်မသွားတော့တာကို သူ မှတ်မိနေသေးသည်။

လီရှောင်း နောက်ဆုံး ဆေးလိပ်ငွေ့ကို ရှိုက်သွင်းပြီး ဆေးလိပ်တိုကို ပြတင်းပေါက်ဘောင်ပေါ် ဖိချေလိုက်သည်။ ဖုန်ထူထူများအောက်တွင် ဆေးလိပ်တို ပျောက်ကွယ်သွား၏။ သူကတော့ ဘဝကို ဖြစ်သလိုနေခဲ့ပေမယ့် သူ့ကလေးကိုတော့ အဲဒီလို အဖြစ်မခံနိုင်ဘူးဟု တွေးလိုက်မိသည်။

သူ့ကလေးမှာ အဖေချစ်၊ အမေချစ် ရှိရမည်။

.....

ပြတင်းပေါက်နားမှာ ဆေးလိပ်နံ့ပျောက်အောင် ခဏနေပြီးမှ အခန်းထဲ ပြန်ဝင်လာသည်။ ဝင်ဝင်ချင်း ကျန်းရို၏ စိုးရိမ်တကြီး အကြည့်နှင့် ဆုံလိုက်ရသည်။

ရင်ထဲ နူးညံ့သွားပြီး ပြုံးကာ ပြောလိုက်သည်။

"ငါ ထမင်း သွားဝယ်ပေးမယ်"

ကျန်းရို ဘာမှ မပြောတော့ဘဲ ခေါင်းညိတ်လိုက်သည်။

"စောစော ပြန်လာနော်"

"အင်း"

လီရှောင်း ဝယ်လာတဲ့ ညစာကလည်း ဟင်းကောင်းတွေပင်။ အသားဟင်း နှစ်မျိုး၊ အရွက် နှစ်မျိုး၊ မုန့်တစ်ပွဲနှင့် သလဲသီး တစ်အိတ် ပါလာသည်။

"ဟိုလူ မသွားသေးဘူး။ မင်း ကြိုက်တယ်ဆိုလို့ များများ ဝယ်လာခဲ့တယ်"

နေ့လယ်တုန်းက လီရှောင်း ထမင်းသွားဝယ်ရင်း သလဲသီး နှစ်လုံး ဝယ်လာပေးသည်။ တွန်းလှည်းနဲ့ ရောင်းနေတာ တွေ့လို့တဲ့။

ကျန်းရိုက အရင်တုန်းက ရည်းစားမထားဖူးပေ။ ကျောင်းတက်တုန်းက မိဘတွေက စည်းကမ်းကြီးသည်။ အမေက အလယ်တန်း အင်္ဂလိပ်စာပြ ဆရာမ၊ အဖေက အထက်တန်း သမိုင်းဆရာ။ ပြီးတော့ အစ်ကိုက မိတ်ဆွေပေါတယ်။ သတင်းစုံတယ်။ သူများတွေ အချစ်ဇာတ်လမ်းတွေနဲ့ သာယာနေချိန်မှာ သူမကတော့ စာလုပ်လိုက်၊ ဆော့လိုက်နဲ့ပဲ အချိန်ကုန်ခဲ့သည်။

ဒီလို ဖိအားတွေကြားထဲမှာ သူမ မဆိုးသွမ်းသွားတာပဲ ကံကောင်း။

တက္ကသိုလ်ရောက်တော့ ကျောင်းမှာ ယောကျ်ားလေးတွေများပေမယ့် ရည်းစားထားဖို့ အချိန်မရ။ နေ့တိုင်း လေ့ကျင့်ရေးဆင်း၊ စာလုပ်နဲ့ အလုပ်ရှုပ်နေတာ။ ညဘက် အဆောင်ပြန်ရောက်ရင် ဖုန်းတောင် မကစားနိုင်ဘဲ အိပ်ပျော်သွားတာ။

ဒါကြောင့် ကျန်းရိုက ယောကျ်ားလေးနဲ့ ပတ်သက်ရင် အတွေ့အကြုံ မရှိ။ ဒါပေမဲ့ လီရှောင်းရဲ့ မသိမသာ ဂရုစိုက်မှုတွေကိုတော့ သူမ ခံစားမိသည်။ အထူးသဖြင့် သူမအစ်ကို ပျင်းတာနဲ့ ယှဉ်လိုက်ရင် လီရှောင်းက အများကြီး သာတယ်လို့ ထင်မိသည်။

ကျန်းရို ထမင်းစားတဲ့အခါ ဇလုံထဲက ထမင်းကို နှစ်ပိုင်းခွဲလိုက်ပြီး တစ်ပိုင်းပဲ စားသည်။ ကျန်တစ်ပိုင်းကို မထိဘဲ ထားလိုက်သည်။

ဟင်းတွေကိုလည်း ထို့အတူပင်။

လီရှောင်း တစ်ချက်ကြည့်ပြီး ဘာမှမပြော။ သလဲသီး တစ်လုံးယူကာ အခွံခွာပြီး အစေ့တွေကို ပန်းကန်လုံးထဲ ခြွေထည့်ပေးနေသည်။ သူမ ထမင်းစားပြီးရင် စားဖို့ပေါ့။

လီရှောင်းက စကားနည်းသည်။ ကျန်းရိုကပဲ ပြောနေရသည်။

ကျန်းရိုက စားရင်းသောက်ရင်း ပြောလိုက်သည်။

"ကလေးက ထွက်ချင်နေပြီလို့ ခံစားရတယ်။ ရှင် ဒီည အိမ်မပြန်နဲ့တော့"

သန်းခေါင်ကျော်ကြီးမွေးလာရင် သူ မရှိမှာစိုးလို့ပင်။

လီရှောင်းက ခေါင်းငုံ့ပြီး သလဲသီး ခွာနေရာမှ မော့မကြည့်ဘဲ "အင်း" ဟု တိုးတိုးလေး ဖြေလိုက်သည်။

အလယ်ကုတင်က လင်မယားက ထမင်းနံ့ရတော့ ခဏခဏ လှမ်းကြည့်နေကြသည်။ အမျိုးသမီးက ဗိုက်လည်းနာ၊ ဗိုက်လည်းဆာမို့ ယောကျ်ားဖြစ်သူကို ပြောလိုက်သည်။

"ရှင် ထမင်း သွားဝယ်ပါလား"

အမျိုးသားက တခြား ကုတင်လွတ်တစ်လုံးမှာ လှဲနေသည်။ နေ့လယ်က မွေးသွားတဲ့ လူနာနေရာမှာ သူ ဝင်အိပ်နေခြင်းဖြစ်သည်။

သူလည်း ဗိုက်ဆာသော်လည်း စိတ်တိုတိုဖြင့် ကိုယ်ကို လှည့်လိုက်သည်။

"ရေများများ သောက်လိုက်"

အမျိုးသမီး မျက်နှာ မကောင်းတော့။ ဒါပေမဲ့ ဘာမှလဲပြန်မပြောရဲ။

သူမ မမွေးသေးလို့ ဆေးရုံစရိတ် တစ်ရက်ပိုကုန်မှာကို ယောကျ်ားဖြစ်သူက စိတ်ဆိုးနေမှန်း သိသည်။

ကျန်းရို ကြည့်မနေနိုင်တော့ဘဲ လီရှောင်း ဝယ်လာတဲ့ မုန့်တစ်ဝက်ကို ပေးလိုက်သည်။ "ရော့... စားလိုက်"

လီရှောင်းကနေ တစ်ဆင့်လှမ်းပေးခိုင်းလိုက်သည်။

လီရှောင်းက မုန့်ထုပ်ကို အလယ်ကုတင်ပေါ် တင်ပေးလိုက်သည်။

အမျိုးသမီးက ဝမ်းသာအားရနှင့် အားနာသော မျက်လုံးများဖြင့် ကျန်းရိုကို ကြည့်လိုက်သည်။

ကျန်းရိုက ပြုံးပြပြီး ထမင်း ဆက်စားနေလိုက်သည်။

ဟိုဘက်ကုတင်က ယောကျ်ားက ကြားတော့ လှည့်ကြည့်ပြီး ရုတ်တရက် ပြုံးဖြီးဖြီး လုပ်ကာ မိန်းမကို ပြောလိုက်သည်။

"ကျေးဇူးတင်ပါတယ်လို့ ပြောလိုက်လေ"

အမျိုးသမီးက သတိရသွားပြီး "ကျေးဇူးပါပဲ" ဟု အမြန် ပြောလိုက်သည်။

ပြီးတော့ သစ်အယ်သီးမုန့်တစ်ခုကို ဂရုတစိုက် ယူစားလိုက်သည်။ သာမန်မုန့်လေးဖြစ်သော်လည်း သူမအတွက်တော့ တန်ဖိုးရှိလှသည်။

ဒါပေမဲ့ နှစ်လုပ်လောက်ပဲ ရှိသေးတယ်။ ဘေးကုတင်က ယောကျ်ားက ထလာပြီး မုန့်ကို ယူစားလေသည်။

ကျန်းရိုနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော လီရှောင်းမျက်နှာ မည်းမှောင်သွားပြီး ထရန် ပြင်လိုက်စဉ် ကျန်းရိုက သူ့လက်ကို ဖိထားလိုက်သည်။

ထိုအမျိုးသားက မော့ကြည့်လိုက်သည်။

ကျန်းရိုက ခေါင်းခါပြပြီး ဝင်မပါဖို့ တားလိုက်သည်။

သူသာ ဝင်ဆုံးမလိုက်ရင် လူကွယ်ရာကျရင် ဒီယောကျ်ားက မိန်းမကို ပိုနှိပ်စက်လိမ့်မည်။

နောက်ဆုံးခံရမှာက ဒီအမျိုးသမီးပဲ။

လီရှောင်း မျက်မှောင်ကြုတ်ထားသော်လည်း ငြိမ်နေလိုက်သည်။

ကျန်းရိုက သူ့ပုံစံကိုကြည့်ပြီး ပြုံးလိုက်သည်။ အသားတစ်ဖတ်ကို ဇွန်းနဲ့ ကော်ပြီး သူ့နှုတ်ခမ်းနား တေ့ပေးလိုက်၏။

ထိုအမျိုးသား ကြောင်သွားပြီး နှုတ်ခမ်းနားရောက်နေသော အသားကို ငုံ့ကြည့်လိုက်သည်။ ပြီးတော့ သူမကို ပြန်ကြည့်သည်။

ကျန်းရို ရှက်သွားသော်လည်း လုပ်မိလျက်သားဖြစ်နေပြီမို့ ပြန်ရုပ်သိမ်းဖို့ မဖြစ်နိုင်တော့။ တည်ငြိမ်ချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။

"စားလေ"

လီရှောင်း သူမကို စူးစိုက်ကြည့်ပြီး ပါးစပ်ဟကာ အသားကို စားလိုက်သည်။

ဖြည်းဖြည်းချင်း ဝါးရင်း အရသာခံလိုက်သည်။ အရသာ ဘယ်လိုရှိမှန်း သေချာမသိပေမယ့် အရင်က စားဖူးတာတွေနဲ့ မတူသလို ခံစားလိုက်ရသည်။

....

ည ကိုးနာရီကျော်တွင် ကျန်းရို အိမ်သာတက်ပြီး ပြန်လာတော့ ဘောင်းဘီ စိုနေသည်ကို သတိထားမိလိုက်သည်။

ရှူးပေါက်ချသလားဟု ထင်ပြီး စမ်းကြည့်လိုက်ရာ လက်မှာ စိုရွှဲသွားပြီး ခြေထောက်တစ်လျှောက် ပူနွေးသော အရည်များ စီးကျလာသည်ကို ခံစားလိုက်ရသဖြင့် တစ်ခုခုမှားနေပြီမှန်း သိလိုက်သည်။ လီရှောင်းကို အမြန်လှမ်းခေါ်လိုက်၏။

"ရေမြွာပေါက်သွားပြီ ထင်တယ်"

လီရှောင်းက အပြင်ဘက် စင်္ကြံလမ်းမှာ အိပ်ရာခင်းပြီး အိပ်နေတာပင်။ ဆေးရုံစင်္ကြံလမ်းမှာ လူနာစောင့်တွေ အများကြီး အိပ်နေကြသည်။

သူ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ပျော်သေးသဖြင့် ကျန်းရိုအသံကြားတာနဲ့ မျက်လုံးပွင့်လာပြီး အခန်းထဲ ပြေးဝင်လာသည်။

ကျန်းရိုက ခဏတာ ထိတ်လန့်သွားသော်လည်း သူ ဝင်လာတာမြင်တော့ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဆရာမကို သွားခေါ်ပေး။ ရေမြွာပေါက်ပြီလို့ ပြောလိုက်"

လီရှောင်း မျက်နှာတည်တည်ဖြင့် ပြန်ထွက်သွားသည်။

ဘေးက လင်မယားက အသံကြားတော့ နိုးလာကြသည်။ အလယ်ကုတင်က အမျိုးသမီးက နာလွန်းလို့ ညည်းနေတုန်း။ ယောကျ်ားဖြစ်သူက စောင်ခြုံအိပ်နေရင်း ကျန်းရို ဗိုက်နာနေတာ ကြားတော့ စောင်လှန်ကြည့်သည်။ သူ့မိန်းမ မဟုတ်မှန်းသိတော့ ပွစိပွစိ ပြောပြီး ပြန်အိပ်သည်။

အလယ်ကုတင်က အမျိုးသမီးခမျာ အသံတောင် မထွက်ရဲတော့။

မကြာမီ ဆရာဝန်နှင့် သူနာပြု ရောက်လာသည်။ ဆရာဝန်က ကျန်းရိုဗိုက်ကို စမ်း၊ အပူချိန်တိုင်းပြီး သားအိမ်ခေါင်း စစ်ဆေးရာ ကျန်းရို နာလွန်းလို့ အော်ဟစ်မိသည်။

ဘေးကုတင်က ကိုယ်ဝန်ဆောင်တောင် လန့်သွားသည်။

လီရှောင်း တံခါးဝမှာ ရပ်နေရင်း မျက်နှာဖြူဖျော့နေသည်။

လူတွေ အများကြီး ရောက်လာတော့ ဘေးကုတင်က လူလည်း အိပ်မရတော့။ လူလတ်ပိုင်း အမျိုးသားက လီရှောင်းနား ကပ်လာပြီး တိုးတိုးလေး ပြောသည်။

"မင်းမိန်းမ ဗိုက်ပုံစံကြည့်ရတာ မိန်းကလေး လာမယ့်ပုံပဲ"

သူ့မိန်းမက ကလေး ခဏခဏမွေးဖူးတော့ သူ ကျွမ်းကျင်နေပြီ။ ဗိုက်ဝိုင်းရင် မိန်းကလေး၊ ဗိုက်ချွန်မှ ယောကျ်ားလေးတဲ့။

ဒီအမျိုးသမီး ဗိုက်က လုံးဝန်းနေတာဆိုတော့ သေချာပေါက် မိန်းကလေးပဲ။

လီရှောင်း ကြားတော့ မျက်နှာမည်းမှောင်သွားပြီး သူ့ကို စိမ်းစိမ်းကြီး ကြည့်လိုက်သည်။

သူ ကျန်းရိုကို ကြည့်နေတာ မကြိုက်။

ထိုအမျိုးသားက လီရှောင်း ပခုံးလောက်သာရှိသည်။ အကြည့်ခံလိုက်ရတော့ ကြက်သီးထသွားပြီး ဒီလူနဲ့ ရန်မဖြစ်သင့်မှန်း သိလိုက်သည်။

သူ့စကား မကြိုက်ဘူးထင်ပြီး ကုပ်ကုပ်လေး ထွက်သွားသည်။

စိတ်ထဲမှာတော့ ကျေနပ်နေသည်။ သူ့မိန်းမကတော့ သေချာပေါက် သားလေး မွေးမှာ။

ဆရာဝန် စစ်ဆေးပြီး ခဏကြာတော့ သူနာပြုတစ်ယောက် တွန်းလှည်းယူလာသည်။ သူနာပြုနှစ်ယောက် ဝိုင်းပြီး ကျန်းရိုကို တွန်းလှည်းပေါ် တင်ပေးသည်။ လီရှောင်းက လိုက်သွားရန် ပြင်လိုက်သည်။

ဒီအချိန်ထိ ကျန်းရိုက သတိရနေသေးသည်။ လှည့်ပြီး မှာလိုက်၏။

"ပစ္စည်းတွေ ကြည့်ထားနော်။ မပျောက်စေနဲ့"

အခန်းဖော် နှစ်ယောက်ကို စိတ်မချပေ။

"......"

လီရှောင်းက သူမကို ပစ်မထားနိုင်။ မြွေရေခွံအိတ်ကြီး နှစ်လုံးကို ထမ်းပြီး နောက်က လိုက်လာလေသည်။

.....

အပေါ်ထပ် သားဖွားခန်းသို့ ရောက်သွားကြသည်နှင့် လီရှောင်းက တံခါးဝတွင် စောင့်နေသည်။

တံခါးဝမှာ သူတစ်ယောက်တည်း မဟုတ်။ မျက်နှာချင်းဆိုင် သားဖွားခန်းမှာ လူတစ်ယောက် မွေးနေသည်။ အထဲက စူးစူးဝါးဝါး အော်သံတွေ ကြားနေရသည်။

အပြင်မှာ မိသားစုတစ်စုလုံး ရောက်နေကြသည်။ ကျား၊ မ စုံလို့။

အိတ်ကြီးနှစ်လုံး ထမ်းထားသော လီရှောင်းကို ထူးဆန်းသလို ကြည့်နေကြသည်။

လီရှောင်း ဂရုမစိုက်ပေ။ ခဏကြာတော့ ရင်းနှီးနေသော သူနာပြုတစ်ယောက် စာရွက်စာတမ်းတွေ ကိုင်လာပြီး လက်မှတ်ထိုးခိုင်းသည်။

ဖွင့်ကြည့်လိုက်တော့ ဘာပဲဖြစ်ဖြစ် ဆေးရုံနှင့် ဆရာဝန်မှာ တာဝန်မရှိကြောင်း ဝန်ခံကတိပြုလွှာ ဖြစ်သည်။ လီရှောင်း မျက်နှာဖြူဖျော့သွားပြီး လက်တုန်တုန်ဖြင့် နာမည် ထိုးပေးလိုက်သည်။

ပြီးတာနဲ့ နံရံကို မှီပြီး ခွေကျသွားသည်။ မျက်လုံးက သားဖွားခန်းကို စိုးရိမ်တကြီး လှမ်းကြည့်နေသည်။

ညလုံးပေါက် စောင့်လိုက်ရသည်။ မနက် ၁ နာရီခွဲလောက်ရောက်မှ သားဖွားခန်းထဲက ကျန်းရိုရဲ့ အော်သံ ကြားလိုက်ရသည်။

အပြင်မှာ စောင့်နေတဲ့ လီရှောင်း ပထမဆုံးအကြိမ် ကြောက်ရွံ့လာသည်။ မျက်နှာမှာ သွေးရောင် မရှိတော့။ ဆေးလိပ် ထုတ်သောက်ချင်ပေမယ့် လက်က တုန်လွန်းလို့ အိတ်ထဲက ဆေးလိပ်ကို နှိုက်မရ ဖြစ်နေသည်။ နောက်ဆုံးတော့ လက်လျှော့ပြီး နံရံကပ်ကာ ထိုင်ချလိုက်သည်။

ခေါင်းထဲတွင် ဗလာဖြစ်နေသည်။

ဘယ်လောက်ကြာသွားမှန်း မသိ။ သူ့ဘဝရဲ့ အရင်အနှစ် ၂၀ ထက်တောင် ပိုကြာတယ်လို့ ခံစားလိုက်ရသည်။ နောက်ဆုံးတော့ သားဖွားခန်းထဲမှ "အူဝဲ" ဟူသော ကလေးငိုသံ ထွက်ပေါ်လာသည်။

သားဖွားခန်းနှစ်ခုက မျက်နှာချင်းဆိုင်မို့ ဟိုဘက်မိသားစုလည်း စိုးရိမ်တကြီး စောင့်နေကြသည်။ အသံကြားတော့ ကိုယ့်မြေး မွေးပြီထင်ပြီး ပြုံးမလို့လုပ်တုန်း လီရှောင်း ပြုံးလိုက်တာ မြင်လိုက်ရသည်။

နှစ်ဖက်လုံး ကြောင်သွားကြသည်။

ထိုအချိန်တွင် လီရှောင်းဘက်က တံခါးပွင့်လာပြီး သူနာပြုတစ်ယောက် အလျင်အမြန် ထွက်လာကာ ပြောလိုက်သည်။

"ကလေး အဝတ်အစားနဲ့ စောင် ပြင်ထားပြီလား"

လီရှောင်း အခုမှ သတိဝင်လာပြီး ထစ်ထစ်ငေါ့ငေါ့ ဖြေလိုက်သည်။

"ပြင်... ပြင်ထားပါတယ်"

အိတ်ထဲက ပစ္စည်းတွေကို ကုန်းကွပြီး အလျင်အမြန် ရှာလိုက်သည်။

တော်သေးတာက ကျန်းရိုက သေသေချာချာ ထည့်ပေးထားလို့ အလွယ်တကူ ယူလို့ရသည်။

သူနာပြုက အဝတ်တွေယူပြီး ပြန်ဝင်သွားသည်။ လီရှောင်း အခြေအနေ မမေးလိုက်ရ။

ဒါပေမဲ့ သက်ပြင်းချလိုက်နိုင်ပြီ။ ဘာမှမပြောဘူးဆိုတော့ အားလုံး အဆင်ပြေတယ် ဆိုတဲ့ သဘောပေါ့။

မျက်နှာပေါ်တွင် ပျော်ရွှင်ရိပ်များ ယှက်သန်းလာသည်။

ဟိုဘက် မိသားစုက နေရခက်စွာဖြင့် လီရှောင်းကို ပြုံးပြလိုက်ကြသည်။

ပြီးတော့ ဆက်စောင့်နေကြပြန်သည်။

မနက် ၂ နာရီ ၃၇ မိနစ်တွင် သားဖွားခန်းတံခါး ပွင့်သွားသည်။ သူနာပြုနှင့် ဆရာဝန် ထွက်လာကြသည်။ သူနာပြုတစ်ယောက်က ကလေးကို ပွေ့ထားပြီး ကျန်နှစ်ယောက်က လူနာတင်တွန်းလှည်းကို တွန်းလာကြသည်။ ဆရာဝန်က ဘေးမှာ ပင်ပန်းနွမ်းနယ်စွာ လျှောက်လာသည်။

လီရှောင်းက ကျန်းရိုကို အရင် ကြည့်လိုက်သည်။ လှဲနေသော အမျိုးသမီးက မျက်လုံး တစ်ဝက်မှိတ်ထားပြီး မျက်နှာထားက တွေဝေငေးငိုင်နေသည်။ သူ့ကို မြင်တော့ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး မျက်လုံးထဲတွင် စိမ်းသက်သော အရိပ်အယောင်များ ပါနေသည်။

လီရှောင်း ကြောင်သွားပြီး ခြေလှမ်း တုံ့သွားသည်။

ဆရာဝန်က ရှင်းပြသည်။

"မောပြီး အိပ်ချင်နေတာ။ တစ်ရေးလောက် အိပ်လိုက်ရင် သက်သာသွားလိမ့်မယ်"

ဒါပေမဲ့ စောစောက ကျန်းရိုရဲ့အကြည့်က လီရှောင်းခေါင်းထဲက မထွက်တော့။ ရင်ထဲတွင် ရုတ်တရက် ကြောက်ရွံ့မှုတစ်ခု ဖြစ်ပေါ်လာသည်။

ဘေးနားတွင် ချထားသော လက်သီးကို မသိမသာ ဆုပ်လိုက်မိသည်။

ဘေးနားက သူနာပြုက ရှေ့တိုးလာပြီး စောင်လေးကို လှပ်ပြကာ ပြုံးပြီး ပြောလိုက်သည်။

"ကြည့်ပါဦး... အရမ်းလှတဲ့ သမီးလေးနော်"

လီရှောင်း ငုံ့ကြည့်လိုက်ရာ မွေးကင်းစ ကလေးလေးက တစ်ကိုယ်လုံး နီရဲနေပြီး ပြုတ်ထားတဲ့ ဘဲသားလေးလိုပင်။

ရင်ထဲတွင် နူးညံ့သွားမိသည်။

သူနာပြုက ကျန်းရိုကို အခန်းပြောင်းပေးလိုက်သည်။ ဒီတစ်ခါတော့ ပြတင်းပေါက်နားက ကုတင် ရသည်။

အခန်းထဲက ကျန်ကုတင်နှစ်လုံးမှာ လူရှိနေပြီဖြစ်ကာ ကုတင်တိုင်းဘေးမှာ ကလေးကုတင်လေးတွေ ရှိသည်။

သူနာပြုက စောင်နှစ်ထည် ယူလာပြီး ခင်းပေးသည်။

လီရှောင်းက ကျန်းရိုကို ပွေ့ပြီး ကုတင်ပေါ် တင်ပေးလိုက်သည်။ ကလေးက သူမဘေးမှာ အိပ်နေသည်။

ဆရာဝန်နဲ့ သူနာပြု ထွက်သွားတော့ လီရှောင်းက အိတ်ထဲက မျက်နှာသုတ်ပုဝါထုတ်ပြီး ရေနွေးစွတ်ကာ ကလေးကုတင်ကို သုတ်လိုက်သည်။

ခြောက်သွားတော့ စောင်လေးသုံးထည် ထုတ်ပြီး ခင်းပေးလိုက်သည်။

ပြီးတော့ ခုံတစ်လုံးယူကာ ကုတင်ဘေး ထိုင်ပြီး သားအမိနှစ်ယောက် အိပ်နေတာကို ထိုင်ကြည့်နေလိုက်သည်။

မနက် မိုးမလင်းခင် ကျန်းရိုဘေးက ကောင်မလေးက အော်ငိုတော့သည်။ သူနာပြုရောက်လာပြီး ကလေးကို ချော့ကာ ဗိုက်ဆာလို့ ဖြစ်မယ်၊ အမေကို နှိုးပြီး နို့ထွက်မထွက် ကြည့်ခိုင်းလိုက်သည်။

လီရှောင်းက ကျန်းရိုကို မနှိုးချင်သဖြင့် "ကျွန်တော်တို့ နို့မှုန့် ပါတယ်" ဟု ပြောလိုက်သည်။

ကျန်းရို မှာထားတာ သူ မှတ်မိနေသေးသည်။ ကလေးနို့မှုန့်ကို ရေနွေးနွေးလေးနဲ့ ဖျော်ရမယ်။ အစပိုင်းမှာ ၅၀ မီလီလီတာလောက် ဖျော်ရင် ရပြီ။ နို့မှုန့် နှစ်ဇွန်းထည့်၊ ဘယ်ညာ ဖြည်းဖြည်းချင်း လှုပ်ပေးရမယ်။ အထက်အောက် မလှုပ်ရဘူး။

သူနာပြုက သူ နို့ဘူးထုတ်လာတာ မြင်တော့ အံ့ဩသွားသည်။ ဒီမြို့နယ်မှာ ကလေးကို ဒီလောက် ချစ်တဲ့သူ ရှားသည်။

နို့ထွက်ရင် နို့တိုက်၊ နို့မထွက်ရင် ဆန်ပြုတ်တိုက်ကြတာ များသည်။

လီရှောင်းက ဖျော်ထားတဲ့ နို့ဘူးကို သူနာပြုဆီ ပေးလိုက်သည်။ သူနာပြုက ကြည့်ပြီး နို့သီးခေါင်းကို ကလေးပါးစပ်ထဲ ထည့်ပေးလိုက်သည်။

ကောင်မလေးက တကယ် ဗိုက်ဆာနေပုံရသည်။ ပါးစပ်ဟပြီး စုပ်ယူလိုက်တာ တပြွတ်ပြွတ်နဲ့ စားကောင်းနေသည်။

သူနာပြုက ရယ်လိုက်သည်။ "ဒီကလေး ကြီးလာရင် လှမှာပဲ"

အသားအရေနီနေပေမယ့် ကြီးလာရင် အသားဖြူမည့် ကလေးလေး။ မျက်လုံးမှိတ်ထားပေမယ့် မျက်ရစ်ပါတာ မြင်ရသည်။ နှာတံ ပေါ်သည်။ နှုတ်ခမ်းလေးက နီနီလေး။ မိဘနှစ်ပါးက ရုပ်ရည်သန့်တော့ ကလေးကလည်း အကောင်းဆုံးနေရာတွေချည်း ရွေးပြီး ယူထားသလိုပဲ။

စိတ်သဘောထားလည်း ကောင်းပုံရသည်။ နို့ကို ငြိမ်ငြိမ်လေး သောက်သည်။ သောက်ပြီးတော့ လေထုတ်ပေးလိုက်ရာ နှစ်ချက်လောက်နဲ့ လေထွက်လာပြီး မျက်လုံးမှိတ် အိပ်သွားပြန်သည်။

သူနာပြုက ပြုံးပြီး ကလေးကို လီရှောင်းဆီ ပေးလိုက်သည်။ "ခဏလောက် ချီကြည့်ပါလား"

လီရှောင်း တောင့်တောင့်ကြီး လှမ်းယူလိုက်သည်။ ကောင်မလေးက ကြောင်ကလေးလိုပဲ။ ပျော့လွန်းလို့ အားတောင်မထည့်ရဲဘဲ မလှုပ်မယှက် ရပ်နေမိသည်။

တော်သေးတာက ကလေးက လိမ်မာသည်။ အနေအထားမကျလို့ မငိုဘဲ သမ်းဝေနေသေးသည်။

သူနာပြုက အနေအထားပြင်ပေးပြီး ဘေးကုတင်ဘက် ကူးသွားသည်။

လီရှောင်း ခဏလောက် ချီပြီးနောက် ကလေးကုတင်ပေါ် ပြန်သိပ်လိုက်သည်။

အလယ်ကုတင်က အမျိုးသားက စစ်မှုထမ်းဟောင်း တစ်ယောက်။ လီရှောင်းက သူ့ကို ကလေး ခဏကြည့်ပေးဖို့ပြောပြီး ရေနွေးသွားခပ်လိုက်သည်။

ထိုအမျိုးသားက သဘောတူလိုက်သည်။ လီရှောင်း ရေနွေးပုလင်းကိုင်ပြီး ထွက်သွားသည်။

မနက်ပိုင်း ရေနွေးခပ်သူများသဖြင့် အကြာကြီး စောင့်လိုက်ရသည်။ ရေခပ်ပြီး ပြန်ထွက်လာတော့ ရေနွေးခန်းအဝတွင် စစ်မှုထမ်းဟောင်းနှင့် တွေ့သည်။ ထိုလူက ပြုံးပြပြီး ပြောလိုက်သည်။ "မင်းမိန်းမ နိုးလာပြီ"

လီရှောင်း တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

သူ ခေါင်းညိတ်ပြပြီး အခန်းဘက်သို့ လျှောက်သွားလိုက်သည်။ အခန်းဝရောက်တော့ ခြေလှမ်း တုံ့သွားသည်။ နှုတ်ခမ်းကို တင်းတင်းစေ့ပြီး တံခါးကို ဖွဖွလေး တွန်းဖွင့်လိုက်သည်။ ပြီးတော့ ပြတင်းပေါက်နားက လူကို လှမ်းကြည့်လိုက်သည်။

ကုတင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးက သတိထားမိပုံရပြီး လှည့်ကြည့်လာသည်။ သူနှင့် အကြည့်ချင်းဆုံသောအခါ မျက်လုံးလေးများ ကွေးညွတ်သွားအောင် ပြုံးပြလိုက်၏။

ရင်းနှီးနေသော အပြုံးကို မြင်လိုက်ရတော့မှ လီရှောင်း လည်ချောင်းထဲ တစ်ခုခုဆို့တက်လာပြီး မျက်ရည်ဝဲချင်သွားသည်။ ကိုယ်တိုင်တောင် သတိမထားမိဘဲ ဝမ်းသာသွားမိ၏။

သူ ကုတင်နားသို့ ခြေလှမ်းကျဲကြီးဖြင့် လျှောက်သွားပြီး တိုးတိုးလေး မေးလိုက်သည်။

"နိုးပြီလား"

ကျန်းရို အားမရှိသလို ခေါင်းညိတ်ပြသည်။

"အခုပဲ နိုးတာ"

မျက်နှာက နွမ်းနယ်နေသေးသည်။

လီရှောင်းက သူမကို နို့တစ်ခွက် ဖျော်ပေးလိုက်သည်။

"မအိပ်နဲ့ဦးနော်... ငါ အိမ်ပြန်ပြီး စားစရာ သွားလုပ်လိုက်ဦးမယ်။ စားပြီးမှ အိပ်"

စောစောက ကျန်းရိုရော ကလေးပါ အိပ်နေလို့ သူတို့သားအမိကို ပစ်မထားရဲ။ အခု ကျန်းရို နိုးလာပြီဆိုတော့မှ ထွက်သွားရဲလေသည်။

ကျန်းရို ခေါင်းညိတ်ပြီး စောစောပြန်လာဖို့ ပြောလိုက်သည်။

လီရှောင်းက ချက်ချင်း ပြန်လာမယ်ပြောပြီး ထွက်သွားခဲ့သည်။

....

အောက်ဆင်း၊ စက်ဘီးစီးပြီး ဈေးထဲ အမြန်သွားကာ ခို၊ ငါးကြင်း၊ ဝက်လက်၊ ပဲပိစပ်နှင့် ဟင်းသီးဟင်းရွက် အချို့ ဝယ်လိုက်သည်။

လွန်ခဲ့တဲ့ ရက်ပိုင်းက အဒေါ်ဝမ် ပြောပြထားသည့် မီးနေသည် အစားအစာများကို သူ အကုန် မှတ်ထားသည်။

အိမ်ရောက်တော့ ဟင်းအမြန်ချက်သည်။ ခို၊ ဝက်လက်နှင့် ပဲပိစပ်တို့ကို ပေါင်းလိုက်သည်။ ဒါက ကျန်းရိုရဲ့ နေ့လယ်စာနှင့် ညစာအတွက်။

ထမင်း မချက်တော့ဘဲ စားသောက်ဆိုင်ကနေ ဝယ်လိုက်သည်။ ထမင်းချက်ရင် အချိန်ကြာမှာစိုးလို့လေ။

...

ဆေးရုံ ပြန်ရောက်တော့ တစ်နာရီပဲ ကြာသည်။

ကျန်းရိုက သူ ပျံပြီးရောက်လာတယ်လို့တောင် ထင်မိလေသည်။

ဒါပေမဲ့ ချွေးတွေ ရွှဲနေတာ မြင်တော့ စိတ်မကောင်းဖြစ်သွားသည်။

"ဒီလောက် လောစရာ မလိုပါဘူး။ သိပ် ဗိုက်မဆာသေးပါဘူး။ ထိုင်ပြီး နားပါဦး"

"အင်း"

လီရှောင်းက ပါးစပ်က ပြောနေပေမယ့် ထမင်းဟင်းတွေ ပြင်ဆင်ပြီးတာနဲ့ ဇလုံနဲ့ အရိုင်းရွက်ကို ထုတ်၊ ရေနွေးထည့်ပြီး အအေးခံထားလိုက်သည်။ ကျန်းရို စားပြီးရင် မျက်နှာသစ်ဖို့ပင်။

ပြီးတော့ ရေနွေးပုလင်းကို ကိုင်ပြီး ရေနွေး ထပ်သွားခပ်သည်။

လီရှောင်း အလုပ်ရှုပ်နေသည်ကို ကြည့်ပြီး ဘေးကုတင်က အမျိုးသမီးက ရယ်ကာ ပြောလိုက်သည်။

"ညီမ ယောကျ်ားက သိပ်ကောင်းတာပဲ"

ကျန်းရိုလည်း ပြုံးလိုက်မိသည်။ ရင်ထဲ ကျေနပ်နေ၏။

မွေးတုန်းက နာလွန်းလို့ ဝမ်းနည်းခဲ့ရသည်။ သူမ မရီး မွေးတုန်းက တစ်မိသားစုလုံး အပြင်မှာ ရှိနေပေမယ့် သူမမှာတော့ ဆွေမျိုးသားချင်း တစ်ယောက်မှ မရှိ။

ဒါပေမဲ့ အခု လီရှောင်းကိုကြည့်ရတာ စကားနည်းပေမယ့် သူမကို ကောင်းကောင်း ပြုစုပေးသည်။

ညည်းညူစရာ မရှိတော့ပါဘူး။

....

ကျန်းရို စားပြီးနောက် လီရှောင်းက သွားတိုက် မျက်နှာသစ်ပေးသည်။ သူမလည်း စားသောက်ပြီးတော့ အိပ်ချင်လာပြန်သည်။

အိပ်ပျော်သွားတော့မှ လီရှောင်း သူမလက်ကို ကိုင်ရဲပြီး အမူအရာက နူးညံ့သွားလေသည်။

အခန်းထဲမှာ တိတ်ဆိတ်နေသည်။ သူက သူမ လက်ဖဝါးလေးကို ဖွဖွလေး ပွတ်သပ်ပေးနေရင်း အတန်ကြာမှ နားနားကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။

"မင်းက ဘယ်သူပဲဖြစ်ဖြစ်... မထွက်သွားပါနဲ့နော်... ဟုတ်ပြီလား"

အမျိုးသမီးက ဆူတယ် ထင်လို့လား မသိ။ ညည်းညူရင်း ခေါင်းလွှဲသွားသည်။ လီရှောင်း ပြုံးလိုက်ပြီး သူမ နားထင်ကို နမ်းလိုက်လေသည်။

***

All Chapters