အခန်း (၁၉-၂၁)
Vol. 2 Ch. 19-21
အခန်း (၁၉)
ကျန်းရို အိပ်ရာနိုးလာတော့ အပြင်မှာ မိုးလင်းနေပြီ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားသဖြင့် စိတ်ကြည်လင် လန်းဆန်းနေသည်။
မျက်လုံးဖွင့်လိုက်သည်နှင့် ကုတင်ခြေရင်းတွင် ရပ်နေသော လီရှောင်းကို တွေ့လိုက်ရသည်။
လီရှောင်းက ကလေးကုတင်ဘေးတွင် ကုန်းကွပြီး ကလေးအနှီးကို ကာယပြနေသလို ခက်ခက်ခဲခဲ လဲပေးနေသည်။
မနက်က နို့သောက်ပြီး ရေသောက်လိုက်တော့ ကလေးက ရှူးပေါက်ချလိုက်သည်။
အနှီးဘယ်လိုလဲရလဲ သူ သိပ်မသိ။ စောစောက အလယ်ကုတင်က ကိုယ်ဝန်ဆောင် အမျိုးသမီး ကလေးအနှီးလဲပေးနေတာကို သွားကြည့်ပြီး လေ့လာထားခြင်းဖြစ်သည်။
အလယ်ကုတင်က အမျိုးသမီးက လွန်ခဲ့တဲ့ နှစ်ရက်က မွေးထားခြင်းဖြစ်ကာ ဒီနေ့ ဆေးရုံဆင်းမယ်။ သူက ကလေးချီပြီး စောင့်နေတုန်း ကလေးကို နို့တိုက်၊ အနှီးလဲပေးနေတာ။ အိမ်ပြန်ဖို့ သုံးနာရီလောက် ကားစီးရမယ်တဲ့။
ထိုအမျိုးသမီးက သဘောကောင်းသည်။ လီရှောင်း အလေးအနက် သင်ယူနေတာမြင်တော့ လက်တွေ့ပြသရင်း သေချာရှင်းပြသည်။
လီရှောင်းက ကြည့်ရုံနဲ့ တတ်ပြီထင်နေပေမယ့် လက်တွေ့လုပ်ကြည့်တော့မှ ခေါင်းရှုပ်ကုန်သည်။ ကလေးခြေထောက်ကို မ,ဖို့ နေနေသာသာ ထိတောင် မထိရဲဘူး။ နာသွားမှာ စိုးလို့လေ။
နောက်ဆုံးတော့ အနှီးကစောင်းနေပြီး ဘောင်းဘီဝတ်ပေးလိုက်တော့ ဘယ်ဘက်ခြေထောက်နားမှာ ဖောင်းပွနေသည်။
တော်သေးတာက ကျန်းရို နိုးလာလို့။ သူမ ကြည့်မနေနိုင်တော့ဘဲ ကလေးကို ပွေ့လာခိုင်းလိုက်သည်။
အသံကြားတော့ လီရှောင်း သက်ပြင်းချလိုက်ပြီး ကလေးကို ဖွဖွလေးပွေ့ကာ ခေါ်လာပေးသည်။
အခုတော့ ကလေးချီရတာ မကြောက်တော့ပေမယ့် လှုပ်ရှားမှုက တောင့်တင်းနေတုန်း။ ပူဇော်သက္ကာကို မ,ထားရသလိုပဲ။
ကျန်းရို ရယ်လိုက်မိကာ ကုတင်ပေါ် ထထိုင်ပြီး ကလေးကို လှမ်းယူလိုက်သည်။
သူမက လီရှောင်းထက် ပိုကျွမ်းကျင်သည်။ သူမမရီး ကလေးမွေးတုန်းက ကလေးကို သူမ အရင်ဆုံး ပွေ့ခွင့်ရခဲ့သည်။ ရဲအရာရှိလောင်းမို့ အရှိန်အဝါ ကောင်းတယ်၊ မကောင်းဆိုးဝါးတွေကို မောင်းထုတ်နိုင်တယ် ဆိုပြီးတော့လေ။
အယူသည်းတာ မဟုတ်ပါဘူး။ မိသားစုဝင်သစ်အတွက် ဆုတောင်းပေးတာပါပဲ။
သူမက ပထမဆုံး ပွေ့ခဲ့လို့လား မသိဘူး။ တူလေးက သူမနဲ့ အရမ်းကပ်တယ်။
ဒါကြောင့် ကလေးထိန်းတာ၊ အနှီးလဲတာ၊ အဝတ်အစားလဲတာတွေကို သူမ ကျွမ်းကျင်သည်။
ကလေးကို ပေါင်ပေါ်တင်ပြီး ဘောင်းဘီ ချွတ်ပေးလိုက်သည်။
ကလေးဝတ်ထားတဲ့ အဝတ်အစားတွေက ကျန်းရို အထူးမှာထားတဲ့ ဂွမ်းအင်္ကျီလေးတွေ။ ရာသီဥတု အေးလာပြီမို့ မွေးရင် သူမ အကြာကြီး အိပ်ပျော်သွားမှာ၊ လီရှောင်း ဘာမှ နားမလည်မှာ စိုးလို့ အဝတ်အစားတွေကို တွဲပြီး ခေါက်ထားခဲ့တာ။ အထဲမှာ အနွေးထည်ပါးပါး၊ အပြင်က ဂျာကင်ပါးပါး။ ဆောင်းတွင်းရောက်မှ အပြင်က ထပ်ဝတ်ဖို့ ဂွမ်းအင်္ကျီအထူတစ်ထည် ထပ်ဝယ်ထားသည်။
ဂျာကင်က ကြိုးချည်၊ အနွေးထည်က ကြယ်သီးတပ်။
ဘောင်းဘီ ချွတ်လိုက်တော့ အနှီးက ညာဘက်ခြေထောက်နားမှာ စုနေပြီး ဘာမှ မကာကွယ်ထားနိုင်တာ တွေ့လိုက်ရသည်။
လီရှောင်း ဘေးနားမှာ ရပ်ကြည့်ရင်း မျက်နှာပူနေသည်။
သူ့ဘဝမှာ ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကိုယ် တုံးတယ်လို့ ခံစားလိုက်ရတဲ့ အချိန်ပါပဲ။
ကျန်းရို ရယ်လိုက်မိသည်။ ဖုန်းမရှိလို့သာ။ မဟုတ်ရင် ဓာတ်ပုံရိုက်ပြီး သိမ်းထားလိုက်မှာ။
ဒါ လီရှောင်း သူ့သမီးကို ပထမဆုံးအကြိမ် အနှီးလဲပေးတာလေ။
ကျန်းရိုက အနှီးဖြုတ်၊ ခြေထောက်လေးကို မ,ပြီး အနှီးအသစ် ခင်းပေး၊ ခြေထောက်ပြန်ချပြီး အနှီးကြိုး ချည်ပေးလိုက်သည်။
ကလေးက မျက်လုံးမှိတ်ပြီး အိပ်ကောင်းနေတုန်း။ လက်သီးဆုပ်လေးတွေကို ခေါင်းဘေးနား ကပ်ထားပြီး ညည်းတောင် မညည်းဘူး။ လီရှောင်း လုပ်ပေးတုန်းကလို မျက်မှောင်ကြုတ်ပြီး သည်းခံနေတဲ့ပုံ မဟုတ်တော့ဘူး။
ကျန်းရိုက ကလေးကို ပြင်ပေးပြီး ကုတင်ပေါ် ပြန်မပို့သေးဘဲ ရင်ခွင်ထဲ ထည့်ပြီး ပွေ့ထားလိုက်သည်။ ကလေးက အမေမှန်း သိလို့လား မသိဘူး။ သူမရင်ခွင်ထဲ တိုးဝင်လာသေးတယ်။
ကျန်းရို ရင်ထဲ နွေးထွေးသွားပြီးနောက် မေးစရာရှိတာ သတိရပြီး လီရှောင်းကို မေးလိုက်သည်။
"ကလေး ဘယ်အချိန် မွေးတာလဲ။ ပေါင်ချိန် ဘယ်လောက်လဲ"
မွေးတုန်းက နာလွန်းလို့ အချိန်တောင် မမှတ်မိ။ မနက်နိုးလာတော့လည်း ဗိုက်ဟောင်းလောင်း ဖြစ်နေသလို ခံစားရပြီး ထမင်းစားပြီးတာနဲ့ ပြန်အိပ်ပျော်သွားတာ။
အခုမှ သတိရပြီး မေးကြည့်မိလေသည်။
လီရှောင်းက အနှီးလဲတာ မကျွမ်းကျင်ပေမယ့် သူနာပြုပြောသမျှကို မှတ်မိသည်။
"မနက် ၂ နာရီ ၁၇ မိနစ်မှာ မွေးတာ။ ၆ ပေါင် ၁ အောင်စ ရှိတယ်။ အကောင် မကြီးပေမယ့် စံချိန်မီတယ်။ ကျန်းမာတယ်။ အမေကို သိပ်ဒုက္ခမပေးတဲ့ သမီးလိမ္မာလေး"
ဒီလောက် ကလေးလေးက လိမ်မာမလားဆိုတာ လီရှောင်း မသိပေမယ့် မြင်မြင်ချင်း ချစ်သွားတာတော့ အမှန်ပင်။ ရုပ်က သိပ်မလှ၊ အသားက နီရဲပြီး တွန့်လိပ်နေတယ်။ ခေါင်းကလည်း ချွန်နေသေးတယ်။
ကျန်းရိုက ကလေး လက်သီးဆုပ်လေးကို ကိုင်ကြည့်၊ ပါးလေးကို တို့ကြည့် လုပ်နေသည်။
လီရှောင်းလည်း စိတ်အေးသွားပြီး ဘေးနားက ခုံမှာ ဝင်ထိုင်လိုက်သည်။ အိတ်ကပ်ထဲက အဘိဓာန်အစုတ်တစ်အုပ်ကိုထုတ်ပြီး နံရံကိုမှီကာ နာမည် စဉ်းစားနေသည်။
ကျန်းရိုက နှုတ်ခမ်းမဲ့ပြီး စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။
အရင်တုန်းကဆို ယောကျ်ားလေး နာမည်တွေချည်း ရွေးနေတာ။ သားလိုချင်လို့လေ။ သူမ သတိပေးပေမယ့် မရဘူး။ သူ့မျိုးရိုးက သားချည်း မွေးတာတဲ့။
သားမမွေးရင်ပဲ သူ မစွမ်းဆောင်နိုင်သလိုလိုနဲ့။
ဒါပေမဲ့ ပါးစပ်ကတော့ သတိပေးလိုက်သေးတယ်။
"မေ တို့၊ ဟွာ တို့ မပေးနဲ့နော်။ တောဆန်လွန်းတယ်။ ရှက်စရာကြီး"
အခန်းထဲမှာ တိတ်ဆိတ်နေသည်။ အလယ်ကုတင်က မိသားစု ဆင်းသွားပြီဖြစ်သော်လည်း တံခါးနားက ကုတင်ပေါ်က အမျိုးသမီးက ကျောပေးပြီး အိပ်နေတယ်။ ဒါကြောင့် အသံကျယ်ကျယ် မပြောရဲဘူး။
လီရှောင်း တိတ်ဆိတ်သွားပြီး သူမကို တစ်ချက် ကြည့်လိုက်သည်။ ဘာမှ မပြော။
ဒါပေမဲ့ ဘောပင်နဲ့ စာလုံးအချို့ကို ခြစ်ထုတ်လိုက်သည်။
ကျန်းရို - "......"
သူ့အလှအပ ခံစားမှုအပေါ် မျှော်လင့်ချက်မထားတာ ကောင်းမယ်။
လီရှောင်း ခဏနေတော့ ထမင်းချက်ဖို့ ပြန်သွားသည်။ မသွားခင် နို့မှုန့် ဖျော်ပေးခဲ့ပြီး ကလေးတွန်းလှည်းကို သူမဘေးနား ရွှေ့ပေးခဲ့သည်။ ညောင်းရင် ထည့်သိပ်လို့ရအောင်ပင်။
ကျန်းရိုက ကလေး အိပ်နေသေးတော့ နို့အေးသွားမှာ စိုးလို့ စောင်ထဲထည့်ပြီး အနွေးဓာတ် ပေးထားလိုက်သည်။
လီရှောင်း ထွက်သွားပြီး မကြာခင် အခန်းတံခါးပွင့်လာပြီး လူအုပ်ကြီး ဝင်လာသည်။
ဆူညံသံကြောင့် ကျန်းရိုရင်ခွင်ထဲက ကလေး ညည်းတွားလာသည်။
ကျန်းရိုက ပြတင်းပေါက်ဘက် စောင်းလိုက်ပြီး ကလေးကိုပုတ်ကာ ချော့လိုက်သည်။
ကလေးက အိပ်မက်မက်ပြီး ပြန်အိပ်ပျော်သွားသည်။
ပထမကုတင်က ကလေးကတော့ လန့်နိုးပြီး အော်ငိုတော့သည်။
မိခင်ဖြစ်သူ ထပြီး ချော့ရသည်။
လူနာတင် တွန်းလှည်းတွန်းလာတဲ့ သူနာပြုနှစ်ယောက်က ပါလာတဲ့ လူအုပ်ကြီးကို "တိုးတိုးနေကြပါ။ တခြားလူနာတွေ ရှိသေးတယ်" ဟု သတိပေးလိုက်သည်။
ပါလာတဲ့ လူအုပ်ထဲက တစ်ယောက်ကို ကျန်းရို မှတ်မိသည်။ ဆေးရုံ စရောက်တုန်းက တွေ့ခဲ့တဲ့ လူလတ်ပိုင်း အမျိုးသား။
ဒါဆို တွန်းလှည်းပေါ်က လူက သူ့မိန်းမ ဖြစ်မယ်။
ဒီတစ်ခါတော့ သူတစ်ယောက်တည်း မဟုတ်။ သမီး လေးယောက် ပါလာသည်။ အကြီးဆုံးက သူ့အရပ်လောက် ရှိပြီး ၁၇၊ ၁၈ လောက် ရှိမယ်။ အငယ်ဆုံးက ၄၊ ၅ နှစ်လောက် ရှိမယ်။ အစ်မကြီးကျောပေါ်မှာ လိုက်လာတာ။
ကလေးတွေ ဝတ်ထားတဲ့ အဝတ်အစားတွေက ဖာထေးရာတွေနဲ့။ မျက်နှာတွေက ဝါဖျော့ဖျော့၊ ဆံပင်တွေက ခြောက်သွေ့နေသည်။
အာဟာရ မပြည့်တဲ့ပုံစံပင်။
မွေးကင်းစကလေးကိုတော့ အဘွားအိုတစ်ယောက်က ပွေ့ထားသည်။ မျက်နှာပေါ်က အရေးအကြောင်းတွေပေါ်အောင်ပြုံးနေပြီး "မြေးဦးလေးရေ... မျှော်လိုက်ရတာ" ဟု ပြောနေသည်။
လူလတ်ပိုင်း အမျိုးသားက ဘေးကနေ ကလေးချီချင်တဲ့ ပုံစံနဲ့ "ဒီကလေးက ကျွန်တော်နဲ့ တူတယ်" ဟု ပြောနေသည်။
သမီးမိန်းကလေးတွေကတော့ တိတ်ဆိတ်စွာ ရပ်နေကြသည်။ ဝမ်းသာတဲ့ပုံ မပေါ်။
သူနာပြုနှစ်ယောက်က တွန်းလှည်းကို အလယ်ကုတင်နား တွန်းပို့ပြီး "လူနာကို ဝိုင်းမ,ပေးကြပါဦး" ဟု ပြောလိုက်သည်။
အမျိုးသားက မကြားချင်ယောင်ဆောင်နေသည်။
သူနာပြုလေးတွေ မျက်နှာမကောင်းတော့။ သမီးတွေက အမေကို သနားပြီး ဝင်ကူကြသည်။
တစ်ယောက်က စောင်လှန်၊ ကျန်နှစ်ယောက်က မ,ပေးကြသည်။
ကျန်းရို လှည့်ကြည့်လိုက်တော့ လူနာမျက်နှာက ဖြူဖျော့ပြီး ပြာနှမ်းနေသည်ကို တွေ့လိုက်ရသည်။
သူနာပြုက မထွက်ခင် မှာလိုက်သည်။ "သွေးလွန်ထားလို့ သွေးအိတ်တွေ သုံးထားရတယ်။ ပိုက်ဆံ သွားထပ်သွင်းလိုက်ဦး။ ပြီးတော့ သန့်ရှင်းရေး ဂရုစိုက်။ အဝတ်အစား မကြာခဏ လဲပေး။ ပိုးဝင်တတ်တယ်"
ပိုက်ဆံသွင်းရမယ်ကြားတော့ အဘွားအိုနဲ့ အမျိုးသား မျက်နှာပျက်သွားကြသည်။ အမျိုးသားက နှမြောတသဖြစ်နေပြီး အဘွားအိုကတော့ ရန်တွေ့လေသည်။
"နင်တို့ ဆရာဝန်တွေ ညံ့လို့ ဖြစ်တာလေ။ ဘာလို့ ငါတို့က ပိုက်ဆံပေးရမှာလဲ။ နင်တို့ကတောင် လျော်ကြေး ပေးရမှာ။ ငါ့မြေး တစ်ခုခုဖြစ်ရင် နင်တို့ တတ်နိုင်မလား"
သူနာပြုနှစ်ယောက်က ဒီလိုလူမျိုးတွေနဲ့ တွေ့ဖူးနေကျမို့ ပြန်မပြောဘဲ ထွက်သွားကြသည်။
ခေါင်းဆောင် သွားခေါ်တာ ဖြစ်လောက်သည်။
သားအမိနှစ်ယောက်က သူတို့ကို ကြောက်သွားပြီထင်ပြီး အဘွားအိုက လိုက်အော်သေးသည်။
"လျော်ကြေး လျော့ပေးလို့ မရဘူးနော်။ မဟုတ်ရင် ရဲစခန်း သွားတိုင်ပစ်မယ်"
အသံက စူးလွန်းလို့ စင်္ကြံလမ်းတစ်လျှောက် ကြားရသည်။
တခြားကုတင်က ကလေး အငိုတိတ်ကာစ ရှိသေး။ အသံကြားပြီး ပြန်ငိုပြန်ရော။
အမျိုးသမီး၏မျက်နှာ ပျက်သွားပြီး ကလေးကို အောင့်အီးသည်းခံကာ ချော့လိုက်သည်။
ဒါကို အဘွားအိုက လှည့်ပြီး ရန်တွေ့လိုက်သေးသည်။
"နင့်ကလေး အငိုတိတ်အောင် လုပ်စမ်းပါ။ ငါ့မြေး အိပ်နေတာ နိုးကုန်တော့မယ်"
အမျိုးသမီး ဒေါသထွက်လွန်းလို့ တုန်တောင် တုန်လာသည်။ ဒီလိုလူမျိုး တစ်ခါမှ မတွေ့ဖူးဘူး။
လူလတ်ပိုင်း အမျိုးသားက သားကို ပွေ့ပြီး အော်ပြောသည်။ "အမေ... သားလေး ပါးစပ် လှုပ်နေတယ်။ ဗိုက်ဆာလို့လား"
အဘွားအိုက လူပါးဝဖို့ မေ့သွားပြီး မြေးကို သွားကြည့်သည်။
"မြန်မြန်... နင့်မိန်းမကို နှိုးပြီး နို့တိုက်ခိုင်း"
အမျိုးသားက မိန်းမကို သွားနှိုးသည်။ သမီးတွေက မကြည့်ရက်လို့ "အမေ အိပ်နေတယ်လေ" ဟု ဝင်ပြောကြသည်။
အမျိုးသားက ဂရုမစိုက်ဘဲ ဆက်နှိုးသည်။ အဘွားအိုက စိတ်မရှည်တော့ဘဲ ချွေးမအင်္ကျီကို လှန်ကြည့်လိုက်သည်။ ရင်ဘတ်က ပြားကပ်နေပြီး နို့မထွက်သေး။
ဒါပေမဲ့ ကလေးကို အတင်း တိုက်ခိုင်းသည်။ ကလေးက စို့ကြည့်ပေမယ့် မရတော့ ငိုမဲ့မဲ့ ဖြစ်လာသည်။
အဘွားအို မျက်နှာ မည်းသွားသည်။ "အသုံးမကျတဲ့ဟာမ"
သမီးတွေကို လှည့်ဆဲသည်။ "အိမ်ပြန်ပြီး ဆန်ပြုတ် သွားယူချည်။ ငါ့မြေး ဗိုက်ဆာလို့ တစ်ခုခုဖြစ်ရင် နင်တို့ အသေပဲ မှတ်"
သမီးလေးယောက် မျက်လုံးရဲရဲနဲ့ ပြေးထွက်သွားကြသည်။ အငယ်ဆုံးလေးတောင် ခေါင်းငိုက်စိုက်နဲ့ ပါသွားသည်။
အဘွားအိုနဲ့ အမျိုးသားက ကလေးချီပြီး အခန်းထဲ လှည့်ပတ်နေသည်။ အဘွားအိုက ကျန်းရိုကုတင်နားက အိတ်တွေကို မျက်စောင်းထိုး ကြည့်နေသည်။
ကျန်းရိုက ခေါင်းငုံ့နေလိုက်သည်။ ဒီလူတွေနဲ့ မပတ်သက်ချင်။ လီရှောင်း လာရင် ပြောပြရမည်။
သူမရင်ခွင်ထဲက ကလေးကတော့ အိပ်ကောင်းတုန်း။ ဆူညံသံတွေ ဂရုမစိုက်။
ကျန်းရို ရယ်ချင်သွားသည်။ ဒီကလေးက တကယ် အေးဆေးတာပဲ။
လူလတ်ပိုင်း အမျိုးသားက တစ်ခုခုတွေ့သွားသလို အမေဖြစ်သူကို တို့ပြီး ဟိုဘက်ကုတင်ကို ပြလိုက်သည်။
ဟိုဘက်က အမျိုးသမီးက ကလေးမငိုအောင် နို့တိုက်နေတာ။
အဘွားအိုက ကလေးချီပြီး တန်းသွားတော့သည်။
"ငါ့မြေး ဗိုက်ဆာနေပြီ။ ငါ့မြေးကိုလည်း တိုက်ပေးဦး"
အမျိုးသားလည်း ပါသွားသည်။
အမျိုးသမီးက လှည့်ကြည့်ပြီး လန့်သွားသည်။ "မလာကြနဲ့... ကျွန်မ နို့တိုက်နေတယ်"
အဘွားအိုက အော်ငေါက်သည်။ "ဘာဖြစ်တာလဲ။ ငါ့မြေး လန့်သွားဦးမယ်"
အမျိုးသားက မျက်လုံးအပြူးသားနဲ့ ကြည့်နေတုန်း။
"ရှင်..."
အမျိုးသမီး ဒေါသထွက်ပြီး စကားမပြောနိုင်တော့။ ကလေးက လန့်ပြီး နို့အန်ချလိုက်သည်။
အဘွားအိုက "အန်ကုန်ပြီ။ မတိုက်နဲ့တော့။ ငါ့မြေးကို တိုက်" ဟု ပြောလိုက်သည်။
ကျန်းရို သည်းမခံနိုင်တော့။ ကလေးနားကို လက်နဲ့ ပိတ်ပြီး အော်လိုက်သည်။ "ဆရာမရေ..."
ဟိုဘက်က အမျိုးသမီးလည်း သတိရပြီး လိုက်အော်သည်။ "ဆရာမ... ဆရာမ..."
အဘွားအို ကြောင်သွားသည်။ "ဘာလို့ အော်နေတာလဲ"
သူနာပြု ရောက်လာသည်။ "ဘာဖြစ်တာလဲ"
အမျိုးသမီးက ငိုပြီး တိုင်သည်။ "သူတို့ကို မောင်းထုတ်ပေးပါ။ ကျွန်မ နို့တိုက်နေတာကို ဒီလူကြီးက လာကြည့်နေတယ်။ ပြီးတော့ သူတို့ကလေးကို နို့တိုက်ခိုင်းနေလို့ ကျွန်မကလေး လန့်ပြီး နို့အန်ကုန်ပြီ"
အဘွားအိုက ပြန်ရန်တွေ့သည်။ "ဘယ်သူက ကြည့်လို့လဲ။ နို့နှစ်လုံးပဲ ဘယ်သူမရှိလို့လဲ။ တိုက်ခိုင်းတာ ဂုဏ်ယူရဦးမယ်..."
ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုနေသည်။
သူနာပြု မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။ "ဒါ ဆေးရုံပါ။ ရှင်တို့အိမ် မဟုတ်ဘူး။ ရန်ဖြစ်ချင်ရင် အိမ်ပြန်ဖြစ်ကြ။ လူနာစောင့်ချင်ရင် တခြားလူနာတွေကို မနှောင့်ယှက်ပါနဲ့။ နို့တိုက်နေရင် ယောကျ်ားလေးတွေ ရှောင်ပေးသင့်တယ်။ ဆက်လုပ်နေရင် ခေါင်းဆောင် ခေါ်လိုက်မယ်"
လူလတ်ပိုင်း အမျိုးသား၏မျက်နှာ နီရဲသွားသည်။
အဘွားအိုက မကျေနပ်။ "ဘာလဲဟဲ့... ဘယ်သူက ကြည့်ချင်လို့လဲ။ သူ့ဟာသူ ပိုနေတာ။ ငါတို့ရွာမှာဆို ဒီတိုင်း တိုက်ကြတာပဲ"
စကားမဆုံးခင် သူနာပြုခေါင်းဆောင်နဲ့အဖွဲ့ ရောက်လာသည်။ "ပိုက်ဆံမသွင်းဘဲ လျော်ကြေး တောင်းနေတာ သူတို့ပဲ"
ခေါင်းဆောင်က မျက်နှာထားတင်းတင်းနဲ့ ပြောဆိုပြီး သားအမိနှစ်ယောက်ကို ခေါ်ထုတ်သွားသည်။
အခန်းထဲ ပြန်ငြိမ်သွားသည်။
ဟိုဘက်က အမျိုးသမီးက ကျန်းရိုကို ကျေးဇူးတင်တဲ့အကြည့်နဲ့ ကြည့်လိုက်သည်။ သူမ တစ်ယောက်တည်းရှိနေတာတောင် ဝင်ကူညီပေးလို့ ကျေးဇူးတင်နေသည်။
ခဏကြာတော့ အဘွားအို ကလေးချီပြီး ပြန်ဝင်လာသည်။ မျက်နှာက မကောင်း။
ကျန်းရိုကလေးက နိုးလာကာ သမ်းဝေပြီး လက်ဆန့်တန်းနေသည်။
မျက်လုံး ခဏဖွင့်ပြီး ပြန်မှိတ်သွားသည်။
ကျန်းရို စောင်ထဲက နို့ဘူးကို ထုတ်ပြီး အပူချိန် စမ်းကြည့်သည်။ အနေတော်ပဲ။
နို့သီးခေါင်းကို ပါးစပ်နား တေ့ပေးလိုက်တော့ ကလေးက ပါးပါးနပ်နပ် စုပ်ယူလိုက်သည်။
အဘွားအို မြင်တော့ ဒေါသထွက်သွားသည်။ သူ့မြေး ဗိုက်ဆာနေတုန်းက မကျွေးဘဲ အခုမှ ထုတ်ကျွေးရသလား ဆိုပြီး။
ကျန်းရိုဆီ ပြေးလာပြီး ရိုက်မလို့ လက်ရွယ်လိုက်သည်။ "မိန်းမယုတ်... စိတ်ပုပ်လိုက်တာ။ နို့ရှိတာတောင် မထုတ်ပေးဘူး"
ကျန်းရို မျက်မှောင်ကြုတ်ပြီး မော့ကြည့်လိုက်သည်။ "ဘာလုပ်မလို့လဲ။ ဆရာမ ခေါ်လိုက်မှာနော်"
အဘွားအိုက မကြောက်ပေ။
ကျန်းရို တစ်ယောက်တည်းမို့ အနိုင်ကျင့်ချင်နေတာ။
ကျန်းရိုက အားမပြည့်သေးပေမယ့် အလျှော့မပေးချင်။ နို့ဘူးချပြီး ဘေးက ကပ်ကြေးကို ကောက်ကိုင်လိုက်သည်။
လီရှောင်း သလဲသီးခွဲတုန်းက သုံးခဲ့တာ။
ကပ်ကြေးကို မြှောက်ပြီး ခြိမ်းခြောက်လိုက်သည်။ "ရှေ့တိုးရဲ တိုးကြည့်လိုက်လေ"
အဘွားအို ကပ်ကြေးမြင်တော့ ခြေလှမ်းတုံ့သွားသည်။
ဟိုဘက်က အမျိုးသမီးဆိုရင် ကြောက်ချင်ကြောက်မယ်။ ဒီမိန်းကလေးကတော့ မျက်လုံးက စူးနေတာပဲ။
တကယ် ထိုးမယ့်ပုံနဲ့။
ဒါပေမဲ့ စိတ်မကျေနပ်လို့ ဆဲလိုက်သည်။ "ကြည့်ရတာ သမီးမိန်းကလေး မွေးထားတာပဲ။ ဒါကြောင့် တစ်ယောက်တည်း ဖြစ်နေတာ။ သမီးမိန်းကလေးက နို့သောက်ရသေးတယ်။ သေးပဲ သောက်လိုက်..."
ရိုင်းရိုင်းစိုင်းစိုင်း ဆဲနေတာကို ကျန်းရို သည်းခံနေလိုက်သည်။
ဒါပေမဲ့ ဟိုဘက်က အမျိုးသမီးက မျက်ရည်ဝဲလာသည်။
ကျန်းရိုက ပြန်ပြောလိုက်သည်။ "ရှင်ရော မိန်းမ မဟုတ်ဘူးလား။ ရှင်ကရော သေးသောက် ကြီးပြင်းလာတာလား။ အရသာ ရှိလား"
အဘွားအို ဆွံ့အသွားသည်။
ဟိုဘက်က အမျိုးသမီး ရယ်ချင်သွားသည်။
အဘွားအို ဒေါသထွက်ပြီး ထပ်ဆဲမလို့ လုပ်တုန်း တံခါးဝမှာ လူတစ်ယောက် ရောက်လာသည်။ မျက်နှာ မည်းမှောင်နေပြီး အထဲဝင်လာသည်။
အဘွားအို လှည့်ကြည့်ပြီး လန့်သွားသည်။ "မင်း ဘယ်သူ..."
စကားမဆုံးခင် ဗိုက်ကို အကန်ခံလိုက်ရသည်။ လီရှောင်းက အေးစက်စက် ပြောလိုက်သည်။ "နောက်တစ်ခွန်း ပြောကြည့်စမ်း"
အဘွားအို လဲကျသွားကာ အားလုံးလည်း ကြောင်သွားကြသည်။
လီရှောင်းက ပစ္စည်းတွေချပြီး ရှေ့တိုးသွားသည်။ အဘွားအိုက နာလို့အော်နေရင်း သူ လာတာ မြင်တော့ အသံတိတ်သွားသည်။
ကျန်းရိုက သက်ပြင်းချလိုက်ပြီး တားလိုက်သည်။ "တော်ပါပြီ... ကလေး ရှူးပေါက်နေပြီ"
အဘွားအိုကို သနားလို့ မဟုတ်ဘူး။ သူ ပြဿနာတက်မှာ စိုးလို့ပင်။
လီရှောင်း ရပ်လိုက်ပြီး အဘွားအိုကို စိုက်ကြည့်လိုက်သည်။ "မှတ်ထားလိုက်"
အဘွားအို ကြောက်ပြီး ထပြေးတော့သည်။
အခန်းထဲ ပြန်ငြိမ်သွားသည်။
ကျန်းရို ကလေးကို နို့ဆက်တိုက်လိုက်သည်။
ကလေးက ဘာမှ မသိ။ နို့သောက်ရင်း ဟိုကြည့်ဒီကြည့် လုပ်နေသည်။
ကျန်းရို မျက်နှာ ပူသွားပြီး ကလေးကို ပုတ်လိုက်သည်။ "နို့သောက်လေ"
လီရှောင်းက စားပွဲခင်းပြီး ထမင်းဟင်းတွေ ပြင်ပေးသည်။ ဟင်းတွေနဲ့ ခိုသားဟင်းရည် ပါသည်။
ဟင်းရည် မဖိတ်အောင် ပဝါနဲ့ ပတ်လာတာ ဖြေရတာ ကြာသွားသည်။
"တောဂျင်ဆင်း ရထားတယ်။ မနက်ဖြန် ပြုတ်တိုက်မယ်"
ကျန်းရိုက "ဈေးကြီးမှာပေါ့" ဟု ပြောလိုက်သည်။
လီရှောင်းက ကလေး နို့ကျန်ကို မော့သောက်လိုက်ရင်း "မကြီးပါဘူး။ သူငယ်ချင်းက လက်ဆောင်ပေးတာ" ဟု ပြောလိုက်သည်။
ကျန်းရို ဆက်မမေးတော့။
ခိုသားဟင်းရည်က မွှေးပေမယ့် အရသာမရှိ။
ဟင်းရည်သောက်ပြီးမှ ဟင်းစားသည်။
လီရှောင်းက ဟင်းရည်မအေးအောင် ပြန်ပတ်ထားလိုက်သည်။
ကျန်းရိုက စောစောက အဖြစ်အပျက်ကို တိုင်တောသည်။ လီရှောင်း မျက်မှောင်ကြုတ် နားထောင်နေသည်။ အထူးသဖြင့် ဟိုလူကြီးက တစ်ဖက်ကအမျိုးသမီးကို ကြည့်တဲ့ကိစ္စ။
သူက အေးဆေးစွာ ပြောလိုက်သည်။ "ရတယ်... ကိုယ့်တာဝန်ထား"
ကျန်းရို စိတ်အေးသွားသည်။
လီရှောင်းက ကလေးကို ကြည့်ပြီး ပြုံးလိုက်သည်။ "နာမည်ကို 'ဖိန်အန်း' လို့ ပေးမယ်။ လီဖိန်အန်း"
ဘေးကင်းကျန်းမာပါစေ ဆိုတဲ့ အဓိပ္ပာယ်။
ကျန်းရို ဇွန်းတုံ့သွားသည်။ အဓိပ္ပာယ် ကောင်းပေမယ့် နားထောင်လို့ မကောင်းဘူး။
အရင်ဘဝက နာမည် လီဖုန်း (နာနတ်သီး) ထက်တော့ ကောင်းပါတယ်။
"ရိုးလွန်းတယ်။ သမီးလေးက လှတာကို။ လီချင်းရှူ လို့ ပေးမယ်။ ချစ်စနိုးနာမည်ကို အန်းအန်း လို့ ခေါ်မယ်"
လီရှောင်းက မေးသည်။ "ဘယ် စာလုံးတွေလဲ"
ကျန်းရိုက စားပွဲပေါ် ရေးပြသည်။ "ကြည်လင်တဲ့ 'ချင်း' နဲ့ မိန်းမလှလေး 'ရှူ' လေ။ ကောင်းတယ်မလား"
လီရှောင်းက ရယ်လိုက်သည်။ "စာလုံးလှတာတွေ ရွေးပြီး ပေါင်းထားတာမလား"
"......"
ကျန်းရို မျက်စောင်းထိုးလိုက်သည်။
လီရှောင်းက သဘောတူလိုက်သည်။ "ကောင်းပြီ... လီချင်းရှူ၊ အန်းအန်း။ မဆိုးပါဘူး"
ကျန်းရို စိတ်ထဲက မျက်စောင်းထိုးလိုက်ပြန်သည်။
ဟိုဘက်က အမျိုးသမီးက ပြုံးပြီး ပြောလိုက်သည်။ "ရှင်တို့ လင်မယားက သိပ်ချစ်ကြတာပဲနော်"
ကျန်းရို ရှက်သွားသည်။
လီရှောင်းကတော့ ဘာမှ မဖြစ်။ ကလေးကို ကုတင်ပေါ်ချပြီး ကျန်းရို စားကျန်တာတွေ ယူစားလိုက်သည်။ ဇွန်းတောင် မလဲဘဲနဲ့။
ကျန်းရို ဘာပြောရမှန်း မသိတော့။ တစ်ခါတလေ အရမ်းလိမ်မာပြီး တစ်ခါတလေ အရမ်းပျင်းတာပဲ။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၂၀)
ထမင်းစားပြီးနောက် လီရှောင်းက ကြွေခွက်များကို ယူ၍ ဆေးကြောရန် ထွက်သွားသည်။
အခန်းထဲတွင် ရေချိုးခန်း အသေးလေးပါသော်လည်း သေးလွန်း၍ သူ ခါးကိုင်းဝင်မှ ရသည်။ ထို့ကြောင့် ပစ္စည်းဆေးကြောစရာရှိတိုင်း စင်္ကြံလမ်းအဆုံးရှိ သန့်စင်ခန်းကျယ်ကျယ်သို့သာ သွားလေ့ရှိသည်။
လီရှောင်း ပြန်ရောက်လာချိန်တွင် လင်းမေ့ရူလည်း ပါလာသည်။ ဒီနေ့ ဟင်းရွက်တွေ ရောင်းကုန်သွားလို့ ကျန်းရို မွေးလောက်ပြီဟုတွေးကာ လာကြည့်ခြင်းဖြစ်သည်။ မဟုတ်လျှင် မနက်ဖြန် မာအိုက်ဟွာက သားလား၊ သမီးလား မေးလာလျှင် မဖြေနိုင်ဘဲ အတင်းပြောခံရမှာ စိုးလို့လေ။
သူမ အပေါ်ထပ်ရောက်တော့ မနေ့က အခန်းဘက်သွားမလို့လုပ်တုန်း လီရှောင်းနှင့် တွေ့လိုက်ရသည်။
မျက်နှာတည်တည်ဖြင့် မေးလိုက်သည်။
"မွေးပြီလား။ သားလား၊ သမီးလား"
လီရှောင်းက သူမကို ဂရုမစိုက်။ တစ်ချက်သာကြည့်ပြီး ရှောင်ထွက်သွားသည်။
ဒီအပြုအမူက လင်းမေ့ရူကို ဒေါသထွက်စေသည်။ မျက်လုံးများ မီးဝင်းဝင်းတောက်သွားပြီး လည်ပင်းကိုမော့ကာ ရပ်နေလိုက်သည်။ လူပျောက်သွားတော့မှ အံကြိတ်ပြီး နောက်ကလိုက်သွားသည်။
အခန်းထဲ ဝင်လိုက်တော့ လီရှောင်းက ကျန်းရိုကို ကုတင်ပေါ်မှ ပွေ့ချီလိုက်သည်ကို တွေ့ရသည်။ ကျန်းရိုက သူ့သား လည်ပင်းကို လက်နှစ်ဖက်ဖြင့် ဖက်ထားပြီး မျက်နှာတွင် ရှက်သွေးဖြာနေသည်။
ပုံမှန် မျက်နှာသေနှင့်နေတတ်သော သားဖြစ်သူက မျက်လွှာချထားပြီး နှုတ်ခမ်းထောင့်တွင် အပြုံးရိပ် သန်းနေသည်။ အပြုံးက လျင်မြန်စွာ ပျောက်ကွယ်သွားသော်လည်း လင်းမေ့ရူ မြင်လိုက်ရသည်။
နှစ်ယောက်သား ရင်းနှီးကျွမ်းဝင်နေပုံကိုကြည့်ပြီး လင်းမေ့ရူစိတ်ထဲ မကြည်မလင်ဖြစ်သွားသည်။
နှစ်စက္ကန့်လောက် တွေဝေပြီးမှ မျက်မှောင်ကြုတ်ကာ ရှေ့တိုးသွားသည်။
အလယ်ကုတင်ကို ဖြတ်သွားတော့ အဘွားအိုတစ်ယောက်က မကြားတကြား ပြောနေသည်။
"ရှူးပေါက်တာတောင် ဒီလောက် ကပ်နေရသလား။ အရှက်မရှိလိုက်တာ"
လင်းမေ့ရူ ကြားတော့ မျက်နှာပူသွားသည်။ ဒီနှစ်ယောက်က နေ့ခင်းကြောင်တောင် အရှက်မရှိဘူးဟု တွေးမိသည်။
ကလေးမွေးတာလောက်ကို... သူမတုန်းက မွေးပြီး နောက်တစ်နေ့တင် ထမင်းထချက်တာ။
လီရှောင်းက ကျန်းရိုကို ရေချိုးခန်းထဲ ပွေ့ခေါ်သွားပြီး ထိုင်နိုင်အောင် ကူညီပေးသည်။ ကျန်းရို အိမ်သာတက်နေစဉ် သူက အပြင်ထွက်ပြီး တံခါးပိတ်လိုက်သည်။ ပြီးတော့ လင်းမေ့ရူကို လှမ်းကြည့်လိုက်သည်။
လင်းမေ့ရူ နှုတ်ခမ်းကို စေ့ပြီး မျက်စောင်းထိုးကာ ကလေးကုတင်ဘေးသို့ တန်းသွားလိုက်သည်။
အိပ်ပျော်နေသော ကလေးလေးကို ငုံ့ကြည့်လိုက်သည်။
ကလေးက သိပ်လှသည်။ မျက်နှာလေးနီနေပြီး လည်ပင်းနှင့် လက်ကလေးတွေမှာ အရေးအကြောင်းတွေရှိနေပေမယ့် နှာခေါင်း၊ ပါးစပ်လေးတွေက သေသပ်လှပသည်။
ဒီကလေးက လီရှောင်းနဲ့ ပိုတူသည်။ နှာတံ ပေါ်သည်၊ နှုတ်ခမ်း ပါးသည်။ မျက်လုံးကိုတော့ မမြင်ရသေး။ ကျန်းရိုနဲ့ တူပါစေလို့ ဆုတောင်းမိသည်။ ကျန်းရို အကျင့်စရိုက် ဘယ်လိုပဲ ရှိရှိ၊ မျက်လုံးလေးတွေကတော့ ဝိုင်းစက်ပြီး လှသည်။ သူမသားလို မဟုတ်။ လီမျိုးရိုး ယောကျ်ားတွေလို မျက်လုံးက နက်မှောင်ပြီး ကြည့်ရဆိုးသည်။
ထိုအချိန်တွင် ကလေးက လက်သီးဆုပ်လေးလှုပ်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
အိပ်မက်မက်နေသလား မသိ။
ကလေးက လီမျိုးရိုးဘက် ပိုနွယ်နေတာကြောင့် ချစ်စရာကောင်းပေမယ့် လင်းမေ့ရူ သိပ်မပျော်ပေ။
သူမက ကလေး ကျား၊ မ သိချင်လို့ စောင်ကို လှန်ကြည့်ရန် ပြင်လိုက်သည်။
စောင်ကို နည်းနည်းလေး လှန်လိုက်ရုံရှိသေး လက်ကြီးတစ်ဖက်က လာတားသည်။ အမျိုးသားက မျက်နှာတည်တည်ဖြင့် ပြောလိုက်သည်။
"ကြည့်စရာ မလိုဘူး။ မိန်းကလေး"
ပြီးတော့ စောင်ကို ပြန်ဆွဲယူပြီး သေချာပြန်ဖုံးပေးလိုက်သည်။ ကလေးအေးသွားမှာ စိုးရိမ်နေသည့်အလားပင်။
လင်းမေ့ရူက မိန်းကလေးဆိုတာ ကြားလိုက်တာနဲ့ စိတ်ပျက်သွားသည်။ လီရှောင်းက ကလေးကို အသည်းအသန် ကာကွယ်နေတာမြင်တော့ ဒေါသထွက်လာပြီး မကျေမနပ် ပြောလိုက်သည်။
"ဘာလို့ မိန်းကလေး ဖြစ်ရတာလဲ"
လီရှောင်းကို မချစ်ပေမယ့် မြေးယောကျ်ားလေးတော့ လိုချင်သေးသည်။
အမျိုးသားက လှည့်ကြည့်လိုက်သည်။ အသံက ရေခဲရိုက်ထားသလို အေးစက်သွားသည်။
"ဘာပြဿနာ ရှိလို့လဲ"
နက်မှောင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေသည်။ မကောင်းပြောတာနဲ့ အသေဆော်မည့်ပုံ။
လင်းမေ့ရူက လီရှောင်းကို ဆဲရဲပေမယ့် သူ စိတ်မဆိုးမှသာ ရတာ။ တကယ် စိတ်ဆိုးလာရင် ဘာဖြစ်မယ်ဆိုတာ သူမ သိသည်။ အရင်တုန်းက မွေးစားသားက သူ့ကို သွားစမိလို့ အသေထိုးကြိတ်ခံလိုက်ရတာ သူမ မှတ်မိသေးသည်။ သွေးတွေ အများကြီး ထွက်သွားတာတောင် သူမနဲ့ အဘိုးကြီးဟယ် ဝင်ဆွဲလို့ မရခဲ့ဘူး။
အခုပြန်တွေးရင်တောင် သူ့ရဲ့ ဝံပုလွေလို ရက်စက်တဲ့ မျက်လုံးတွေကို မြင်ယောင်နေသေးသည်။
လင်းမေ့ရူ မျက်နှာပျက်သွားသည်။ ဘာမှ မပြောရသေးဘဲနဲ့။
တော်သေးတာက ရေချိုးခန်းထဲက ကျန်းရိုအသံ ထွက်လာသည်။
"လီရှောင်း..."
လီရှောင်း ချက်ချင်း အကြည့်လွှဲပြီး ကျန်းရိုကို သွားကြိုသည်။
လင်းမေ့ရူက သူမသားက ကျန်းရိုကို ရေချိုးခန်းထဲကနေ ပွေ့ချီလာပြီး ကုတင်ပေါ် တင်ပေးတာ၊ စောင်သေချာ ခြုံပေးတာတွေကို မြင်နေရသည်။
ကျန်းရိုက တစ်ကိုယ်လုံး လုံခြုံအောင်ဝတ်ထားပြီး ခေါင်းမှာ အနီရောင် ဝါဂွမ်းဦးထုပ် ဆောင်းထားကာ နဖူးတောင် မပေါ်။
ဂျုံနယ်ထားတဲ့ အရုပ်လေးလိုပဲ။ ထိလိုက်တာနဲ့ ကြေမွသွားမလား အောက်မေ့ရတယ်။
ဘယ်မီးနေသည်က ဒီလို ဆက်ဆံခံရဖူးလဲ။
ကျန်းရိုက လှဲချပြီးမှ လူကို မြင်သွားသည်။
"အမေ ဘယ်တုန်းက ရောက်နေတာလဲ"
မျက်နှာထားက တည်ငြိမ်နေသည်။ သမီးမိန်းကလေး မွေးလို့ ရှက်ရွံ့နေတဲ့ပုံမပေါ်ပေ။
လင်းမေ့ရူ စိတ်မကြည်တော့ဘူး။ သူမတုန်းက သားမွေးပြီးတောင် ဒီလို ဂရုစိုက်မခံရလို့ မကျေနပ်တာလား၊ ကျန်းရိုက အခွင့်ထူးခံဖြစ်နေလို့ မကျေနပ်တာလား မသိ။
"နင်က သားမွေးမယ် ပြောထားတာ မဟုတ်လား။ ငါ့မြေး ဘယ်ရောက်သွားလဲ"
လီရှောင်းကို အပြစ်မရှာရဲတော့ ကျန်းရိုဘက် လှည့်မဲသည်။
ကျန်းရိုက မကြောက်ပါဘူး။ မျက်နှာငယ်လေးနဲ့ ပြန်ပြောသည်။
"အမေရယ်... ဘယ်ခေတ်ရောက်နေပြီလဲ။ ယောကျ်ားလေး မိန်းကလေး ခွဲခြားနေတုန်းလား။ အခုခေတ်က ဒါမျိုး မရှိတော့ဘူး။ နိုင်ငံတော်ကတောင် လက်မခံတော့ဘူး။ ပြီးတော့ ရှင့်သားက သဘောကျနေတာပဲကို"
"......"
ကောင်းတာရော ဆိုးတာရော သူ့ပါးစပ်ထဲမှာချည်းပဲ။
ဘယ်သူကများ ဗိုက်ထဲက ကလေးကို အကြောင်းပြပြီး အခွင့်အရေးယူခဲ့တာလဲ။
လင်းမေ့ရူ ဒေါသထွက်ပြီး လီရှောင်းဘက် လှည့်ကြည့်လိုက်သည်။ သူ့မိန်းမ ဘယ်လိုပုံစံလဲဆိုတာ သိစေချင်လို့ပင်။
ဒါပေမဲ့ လီရှောင်းက ဇလုံတစ်လုံး ကိုင်ပြီး အနှီးတွေ၊ တဘက်တွေ သိမ်းနေတာ တွေ့လိုက်ရသည်။ ဆပ်ပြာခဲပါ ယူလိုက်သေးသည်။
သူမ ဒီမှာ ဆက်နေရင် သူ့မိန်းမနဲ့ သမီးကို ဒုက္ခပေးမှာ စိုးလို့ ထင်တယ်။
"သူတို့ အိပ်တော့မယ်။ ပြန်တော့"
မကြိုဆိုဘူးဆိုတာ မျက်နှာပေါ်မှာ အထင်းသား။
ကျန်းရိုက ထပ်ဖြည့်ပြောလိုက်သည်။
"ရှင့်သား လျှော်တဲ့ အနှီးတွေက သိပ်သန့်တာ"
လင်းမေ့ရူ - "......"
လီရှောင်း ဒီလောက် လိမ်မာမှန်း သူမ မသိခဲ့ပါလား။
လင်းမေ့ရူ ဆက်နေရင် ဒေါသထွက်ပြီး ရင်ကွဲသေမှာစိုးလို့ မျက်နှာမည်းမည်းနဲ့ ခြင်းတောင်းထဲက ပစ္စည်းတွေကို ချထားခဲ့သည်။ သကြားနီတစ်ထုပ်၊ သစ်အယ်သီးတစ်ထုပ်နဲ့ မက်မွန်သီးစည်သွပ်ဘူး တစ်ဘူးပါလေသည်။
လူပြန်သွားတော့ ဘေးကုတင်က အဘွားအိုက မနာလိုသံဖြင့် ပြောသည်။
"သမီးမိန်းကလေး မွေးတာတောင် ဒီလောက် စားကောင်းသောက်ကောင်း စားရသလား။ နှမြောစရာကြီး"
သူမအမြင်မှာ ဒီပစ္စည်းတွေက ပွဲလမ်းသဘင်မှ ပေးရတာ။ မိန်းကလေးက ဒါမျိုး စားခွင့်ရှိလို့လား။
သူ့ချွေးမက မွေးရခက်မယ်လို့ ဆရာဝန် ပြောလို့သာ ဆေးရုံလာရတာ။ မြေးလေး ဒုက္ခရောက်မှာ စိုးလို့ပေါ့ မဟုတ်ရင် မလာပါဘူး။
အခု ဟိုဘက်က မိန်းကလေးမွေးပြီး သူ့မြေးထက် ပိုစားကောင်းသောက်ကောင်းဖြစ်နေတာ မြင်တော့ မနာလို ဖြစ်နေသည်။
သူ့အိမ်က မြေးချစ်ပါတယ် ဆိုတာတောင် အဝတ်အစားသစ်တွေ၊ အနှီးသစ်တွေ၊ စောင်သစ်တွေ အများကြီး မလုပ်ပေးနိုင်ဘူး။ နို့မှုန့်ဆို ဝေလာဝေး။
သူ့မျက်လုံးထဲမှာတော့ ဟိုဘက်က မိန်းမက မြေခွေးမပဲ။ ယောကျ်ားကို မြှူဆွယ်ပြီး ခိုင်းစားနေတာ။
ကျန်းရိုက ဂရုမစိုက်။ တစ်ဖက်လှည့် အိပ်လိုက်သည်။
ညနေစောင်းတော့ ကျိုးကျန့်နဲ့ အဒေါ်ဝမ် ရောက်လာကြသည်။ ရှေ့ဆင့်နောက်ဆင့် ရောက်လာကြတာပင်။
ကျိုးကျန့်က အရင် ရောက်သည်။ ရက်အနည်းငယ် မတွေ့ရတာ မည်းသွားသည်။ လီရှောင်း ပြောပြချက်အရ လုံခြုံရေးအလုပ်ကထွက်ပြီး နယ်ကနေ ငါးတွေ၊ တောထွက်ပစ္စည်းတွေ သယ်ရောင်းနေတာတဲ့။ အရင်ကထက် ပိုရတယ်တဲ့။ နယ်က အမျိုးသမီးတစ်ယောက်နဲ့တောင် တွဲနေသတဲ့။
ကျိုးကျန့်က ဈေးဘက်ကနေ တန်းလာတာကြောင့် လက်ထဲမှာ ငါးကြင်း ငါးကောင်နဲ့ တောထွက်ပစ္စည်း အိတ်ကြီးတစ်လုံး ပါလာသည်။
"ရှောင်းကော အိမ်မှာ မရှိမှာစိုးလို့ ဒီကို တန်းလာတာ။ အမေက ပြောတယ်... အစ်မရို ငါးကြင်းပေါင်းရည် များများသောက်ရမယ်တဲ့။ ဒါကြောင့် ယူလာတာ။ မလောက်ရင် ပြော... ငါးတွေ အများကြီးရှိတယ်"
သူ လီရှောင်းဆီ တန်းသွားလိုက်သည်။ လီရှောင်းက ကလေးချီပြီး နို့တိုက်နေတာ။ သားအဖနှစ်ယောက် အေးချမ်းနေလိုက်ကြတာ။
တကယ်တော့ ကျန်းရို စိတ်ပူနေတာပင်။ ကလေးကို နို့မှုန့်ချည်း တိုက်လို့ မကောင်းဘူးလေ။ အခုခေတ် နို့မှုန့်က နောက်ခေတ်လို အသက်အရွယ်အလိုက် ခွဲခြားထားတာ မဟုတ်ဘူး။ ကလေး၊ လူငယ်၊ လူကြီး ဆိုပြီး သုံးမျိုးပဲ ရှိတာ။
ကျန်းရိုက နို့မလောက်ရင် ဖြည့်တိုက်ဖို့ ဝယ်ထားတာ။ အဓိကထား တိုက်ဖို့ မဟုတ်ဘူး။
ဒါပေမဲ့ ခန္ဓာကိုယ်ပိုင်ရှင်က ကျန်းမာရေး မကောင်းတော့ ကျန်းရို အားဖြည့်ထားပေမယ့် အခြေခံက မကောင်းဘူး။ ပထမကုတင်က ကိုယ်ဝန်ဆောင်ဆို မွေးပြီးတာနဲ့ နို့ထွက်တယ်။ သူမမရီးတုန်းကလည်း ဒီလိုပဲ။ ကျန်းရိုတစ်ယောက်ပဲ နို့မထွက်တာ။
ဒါကြောင့် လီရှောင်းကို နို့ထွက်စေမယ့် အစားအစာတွေ လုပ်ခိုင်းရတာ။
ကျိုးကျန့် အနားကပ်လာတော့ လီရှောင်းက ငါးညှီနံ့ ရလို့ နှာခေါင်းရှုံ့လိုက်သည်။
"ဝေးဝေးနေ... ငါ့သမီး နံသွားဦးမယ်"
ပြောရင်း ကိုယ်ကို ဘေးစောင်းလိုက်သည်။
ကျိုးကျန့်က မျက်နှာပြောင်တိုက်ပြီး ရှက်မနေပါဘူး။ ရှေ့မတိုးတော့ပေမယ့် လည်ပင်းရှည်ပြီး လှမ်းကြည့်သည်။ နို့သောက်နေတဲ့ ကလေးလေးကို ကြည့်ပြီး အားကျနေသည်။
"ချစ်စရာလေး... သေးလိုက်တာ"
လီရှောင်း နှုတ်ခမ်းထောင့် ကွေးသွားသည်။ သူ့သမီးလေး ချစ်ဖို့ကောင်းမှန်း သူလည်း သိတာပေါ့။
ကျန်းရိုက ဝင်ပြောလိုက်သည်။
"သူပြောတာ နားမထောင်နဲ့။ အန်းအန်းက သိပ်လိမ်မာတာ။ နည်းနည်းကပ်ကြည့်လည်း မနံပါဘူး"
ကျိုးကျန့် သဘောကျသွားသည်။ အစ်ကိုကြီးပြောတာ ဂရုမစိုက်ပေမယ့် အစ်မရိုက သူ့ကို ရွံမှာ စိုးရိမ်တာ။
"ကျွန်တော့်ကိုယ်က နည်းနည်း နံတာပါ"
ပြီးတော့ မေးလိုက်သည်။ "ကလေးနာမည် အန်းအန်းလား။ ကောင်းသားပဲ"
ကျန်းရိုက နာမည်အရင်း ပြောပြလိုက်သည်။
"နာမည်ရင်းက လီချင်းရှူ။ ကြည်လင်တဲ့ 'ချင်း'၊ မိန်းမလှလေး 'ရှူ'။ ရှင့်အစ်ကိုက လီဖိန်အန်း (လီဘေးကင်း) လို့ ပေးမလို့ လုပ်နေတာ။ ရိုးလွန်းလို့ အန်းအန်းလို့ပဲ ခေါ်လိုက်တာ"
ကျိုးကျန့်က ကျန်းရိုကို သဘောကျနေသူမို့ စဉ်းတောင် မစဉ်းစားဘဲ ထောက်ခံလိုက်သည်။
"အစ်မရိုက ပညာတတ်ဆိုတော့ နာမည်ပေးတာ ကောင်းတာပေါ့။ ရှောင်းကောစကား နားမထောင်နဲ့။ ဝမ်ထောင်ဆို သူ့သားနာမည်ကို ဝမ်တာ့ကျစ် (ဝမ်ရည်မှန်းချက်ကြီး) တဲ့။ အသက် ၃၀ ကျော် နာမည်ကြီးလိုပဲ။ နားထောင်လို့ မကောင်းဘူး"
"......"
ကျန်းရို ရယ်ချင်သွားသည်။ ဝမ်ထောင်က ဘာလို့ သူ့ကို နာမည်ပေးခိုင်းရတာလဲ။
ကျိုးကျန့်က ရှက်သွေးဖြာပြီး ပြောလိုက်သည်။
"အစ်မရို... နောက်ကျရင် ကျွန်တော့်ကလေးကိုလည်း နာမည်ပေးပါဦး"
သူက ဒီနာမည်ကို တကယ် သဘောကျနေတာ။ မြို့နယ်တစ်ခုလုံးမှာ တူတဲ့နာမည် ရှိမှာ မဟုတ်ဘူး။
ကျန်းရို လက်ခံလိုက်သည်။
"ရတာပေါ့"
ပြီးတော့ သူ့အခြေအနေကို မေးကြည့်လိုက်သည်။ လီရှောင်းက အမျိုးသမီးတစ်ယောက်ဆိုတာကလွဲရင် ဘာမှ မသိဘူးလေ။
ကျိုးကျန့်က မလိမ်ဘဲ အကုန် ပြောပြသည်။
"သူ့အိမ်က ဆင်းရဲတယ်။ အစ်ကိုတစ်ယောက် ရှိတယ်။ အရင်က အိမ်ထောင်ကျဖူးတယ်။ ဒါပေမဲ့ တစ်နှစ်မပြည့်ခင် ယောကျ်ားက ကားတိုက်ခံရပြီး ဆုံးသွားတယ်။ ယောက္ခမနဲ့ ခဲအိုတွေက လျော်ကြေးငွေလိုချင်လို့ သူ့ကို မောင်းထုတ်လိုက်တယ်။ အခု သူ့အစ်ကိုနဲ့အတူ တောထွက်ပစ္စည်းတွေ လိုက်စုနေတာ။ မိဘတွေက သိပ်မကြည်ပေမယ့် အစ်ကိုနဲ့ မရီးက သဘောကောင်းပါတယ်။ ဒါနဲ့... သူ့မှာ သုံးနှစ်အရွယ် သားတစ်ယောက်ရှိတယ်"
ပြောရင်း ရပ်သွားပြီး ဆက်ပြောသည်။
"သူ့အစ်ကိုက ပြောတယ်။ ကျွန်တော်တို့ ယူရင် ကလေးကို သူတို့ပဲ မွေးမယ်တဲ့။ ဒါပေမဲ့ ကျွန်တော် စဉ်းစားတယ်။ ယူပြီးမှတော့ ကလေးက ကျွန်တော့်ကို အဖေခေါ်မှာပဲ။ ထမင်းတစ်လုပ် ပိုကျွေးရရုံပဲရှိတာ။ ကိစ္စမရှိပါဘူး။ အစ်မရို ဘယ်လိုထင်လဲ"
အရင်တုန်းက သူ အိမ်ထောင်ပြုဖို့ မစဉ်းစားခဲ့ဖူးဘူး။ အမေနဲ့ ကိုယ့်ဝမ်းဝရင် ပြီးပြီထင်ခဲ့တာ။
မိန်းမယူပြီး ဘာလုပ်မှာလဲ။ ဝမ်ထောင်မိန်းမလို ကပ်စေးနည်း၊ ဒါမှမဟုတ် ကျူးချန်ကောင်မလေးလို စိတ်ကြီးရင် ဘဝက နေပျော်ပါ့မလား။
အစ်ကိုကြီး အဆင်ပြေလာတာမြင်မှ စိတ်ကူးပြောင်းသွားတာ။ အရင်က အစ်ကိုကြီးက သူ့လောက်တောင် အဆင်မပြေဘူး။ အဝတ်ကိုယ်တိုင်လျှော်၊ ထမင်းကိုယ်တိုင်ချက်။ အခုကျတော့ အဝတ်အစား သန့်သန့်ပြန့်ပြန့်နဲ့၊ အသားဟင်း စားရတယ်၊ မရီးကလည်း ဂရုစိုက်တယ်။ အခုဆို ကလေးတောင် ရနေပြီ။
သူ အားကျမိသည်။
သူ့အထင်လား မသိ။ အစ်ကိုကြီး စိတ်သဘောထား ပြောင်းသွားသလိုပဲ။
အမေပြောတာ မှန်တယ်။ မိန်းမကောင်း ရဖို့ လိုတယ်။ ဝမ်ယန်က ရုပ်ရည် သာမန်ပဲ။ အိမ်ထောင်ကျဖူးတယ်။ သားတစ်ယောက် ရှိတယ်။ သမီးဆိုရင် တော်သေးတယ်။ ကြီးလာရင် တင်တောင်းငွေ ရဦးမယ်။ သားဆိုရင်တော့ အရှုံးပေါ်မယ့် အရောင်းအဝယ်ပဲ။ ဒါကြောင့် ရွာက လူပျိုကြီးတွေတောင် မယူချင်ကြဘူး။
ကျိုးကျန့် အစတုန်းက တွန့်ဆုတ်မိသည်။ သူ့အိမ်ကလည်း ဆင်းရဲတာကိုး။ အဖေက မကူညီ၊ အမေက ကျန်းမာရေး မကောင်း။ အကြွေးကျေကာစ ရှိသေးတာ။ စုငွေ မရှိဘူး။
သူ့ကို မကြိုက်တာ မဟုတ်ပါဘူး။ ဖိအားများမှာ စိုးလို့။ ဒါပေမဲ့ ဒီအမျိုးသမီး အလုပ်လုပ်တာ မြင်တော့ စိတ်ပြောင်းသွားတယ်။ မိုးသည်းကြီးမဲကြီးထဲ သူ့အစ်ကိုတောင် မြစ်ထဲ မဆင်းရဲဘူး။ သူက ဆင်းတယ်။ အသက်ကို ပဓာနမထားဘူး။ သူ သနားသွားတယ်။
ဘဝက ဆင်းရဲပေမယ့် နှစ်ယောက်သားကြိုးစားရင် အဆင်ပြေမှာပါလို့ တွေးမိတယ်။
"သူက ကျွန်တော့်ထက် နှစ်နှစ်ကြီးတယ်။ လူကောင်းပါ။ တခြားလူတွေက ပစ္စည်းလာသွင်းရင် ကောင်းတာ၊ ဆိုးတာ ရောထားတတ်တယ်။ အလေးခိုးတယ်။ သူကတော့ ဘယ်လောက်ဆို ဘယ်လောက်ပဲ။ စကားနိုင် မလုဘူး။ အမေကလည်း သဘောကျတယ်။ အလုပ်လုပ်နိုင်တယ်၊ စိတ်သဘောထား ကောင်းတယ်တဲ့"
ကျန်းရို ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်လုံး လူကောင်းတွေပဲ။
"ဒါဆို သူ့ကို ကောင်းကောင်း ဆက်ဆံနော်။ သနားစရာ ကောင်းတယ်"
ကျိုးကျန့် စိတ်အေးသွားသည်။ ဒီကိစ္စကို ကျူးချန်တို့ သိတယ်။ ကျူးချန်ကောင်မလေးနဲ့ ဝမ်ယန်က တစ်ရွာတည်းသားတွေ။ အကြောင်းစုံ သိကြတယ်။
သူတို့က ကျိုးကျန့် ရူးနေပြီ ထင်ကြတယ်။ အသက်ကြီးတဲ့၊ အိမ်ထောင်ကျဖူးတဲ့၊ ကလေးပါတဲ့ မိန်းမကို ယူရမလား ဆိုပြီးပေါ့။
ကျန်းရိုတစ်ယောက်ပဲ ကောင်းကောင်းဆက်ဆံပါလို့ ပြောတာပင်။
ကျိုးကျန့် ခေါင်းကုတ်လိုက်သည်။
"ကျွန်တော် သိပါတယ်။ တိုင်ပင်ပြီးပြီ။ နောက်နှစ်အစလောက်ဆို လက်ထပ်ပြီး မြို့ပေါ် ခေါ်လာတော့မယ်"
ကျန်းရို ပြုံးလိုက်သည်။
"ကျွန်မ မီးထွက်ရင် အိမ်ခေါ်ပြီး ထမင်းကျွေးလိုက်ဦး။ ရှင့်အစ်ကိုက ရှင့်ကို ညီအစ်ကိုအရင်းလို သဘောထားတာ။ ကျွန်မကလည်း မရီးပီသအောင် လုပ်ပေးရမှာပေါ့။ သူများသားသမီးကို မနှိမ်ရဘူးလေ"
ကျန်းရိုက သိသည်။ လက်မထပ်ခင် ကြည့်ရဦးမှာ။ ကျိုးကျန့်အမေက ကျန်းမာရေး မကောင်း၊ စိတ်ပျော့တော့ လီရှောင်းနဲ့ သူကပဲ ဝင်ပါပေးရမှာ။
ကျိုးကျန့် ရင်ထဲ နွေးထွေးသွားသည်။ သူ့အိမ်က အားကိုးမရပေမယ့် အစ်ကိုကြီးနဲ့ မရီး ရှိနေသေးတာပဲ။ သူများထက် မနိမ့်ပါဘူး။
သူ လီရှောင်းကို လှမ်းကြည့်လိုက်သည်။ လီရှောင်းက မော့ကြည့်ပြီး ပြောလိုက်သည်။
"မင်းမရီး ပြောတဲ့အတိုင်း လုပ်"
"အင်း"
ကျိုးကျန့် အသံတိမ်ဝင်သွားသည်။
....
ကျိုးကျန့် ပြန်သွားပြီး မကြာခင် အဒေါ်ဝမ် ရောက်လာသည်။ လီရှောင်း ငါးတွေ ချက်မလို့ လုပ်တုန်း တားလိုက်သည်။ ထမင်းဟင်း ယူလာတယ်တဲ့။
လီရှောင်း အားမနာတော့ဘဲ လက်ခံကာ ထိုင်ခိုင်းလိုက်သည်။
အဒေါ်ဝမ်က နှစ်ပွဲစာ ယူလာသည်။ တစ်ပွဲက ကျန်းရိုအတွက် ဆားမပါတဲ့ ဟင်း။ နောက်တစ်ပွဲက လီရှောင်းအတွက်။ ကြွေခွက်အကြီးကြီးနဲ့ အောက်က ထမင်း၊ အပေါ်က ဟင်း။ အသားရော အရွက်ရော ပါသည်။
ဟင်းနံ့ရတော့ လီရှောင်းနဲ့ကျန်းရို မျက်လုံးပြူးသွားသည်။
အဒေါ်ဝမ် ရယ်လိုက်သည်။
"ကလေး ငါ့ပေး။ မင်း အပြင်သွားစားချည်"
လီရှောင်း တွန့်ဆုတ်နေသည်။ "လေမထုတ်ရသေးဘူး"
"ငါက မင်းထက် ပိုမသိဘဲနေမလား"
လီရှောင်း စဉ်းစားကြည့်တော့ ဟုတ်သားပဲ။ ကလေးပေးပြီး ထွက်စားလိုက်သည်။
ဒီရက်ပိုင်း ကျန်းရိုနဲ့အတူ အရသာမရှိတဲ့ ဟင်းတွေ စားနေရတာ အီနေပြီ။
အဒေါ်ဝမ်က ကလေးကို လေထုတ်ပေးပြီး ရင်ခွင်ထဲ ထည့်ကြည့်နေသည်။
"ငါ ပြောသားပဲ။ မင်းတို့လင်မယားက ရုပ်ချောတော့ ကလေးလည်း ချောမှာလို့။ တကယ်ပါပဲ။ ကြီးလာရင် အလှလေးဖြစ်မှာ"
မနက်က လီရှောင်းဆီက မိန်းကလေးမှန်း သိရတုန်းက စိတ်မကောင်းဖြစ်မှာစိုးလို့ ချော့ခဲ့ရသေးတယ်။ မိန်းကလေးလည်း ကောင်းတာပဲ၊ ကြီးလာရင် တက္ကသိုလ် တက်လို့ရတယ် ဘာညာနဲ့။
ဒါပေမဲ့ လီရှောင်းပုံစံက ချော့စရာ မလိုပါဘူး။ အန်းအန်း၊ အန်းအန်းနဲ့ တဖွဖွခေါ်နေတာ။ သဘောကျနေပုံပဲ။
လီရှောင်း မရှိတုန်း ကျန်းရိုက နို့မထွက်တဲ့အကြောင်း ပြောပြလိုက်သည်။
"နို့မှုန့်က မိခင်နို့လောက် ဘယ်ကောင်းမလဲ။ တစ်ခါနှစ်ခါလောက်ဆို ကိစ္စမရှိပေမယ့် များလာရင် အာဟာရ မပြည့်မှာ စိုးတယ်"
အဒေါ်ဝမ် မျက်မှောင်ကြုတ်လိုက်သည်။ "ယောက္ခမ မလာဘူးလား"
ကျန်းရို ပခုံးတွန့်လိုက်သည်။ "လာတယ်။ လာကြည့်ပြီး ပြန်သွားပြီ"
မိန်းကလေးမို့ မကြိုက်တဲ့ပုံပဲ။
ကျန်းရို အများကြီး မပြောပေမယ့် အဒေါ်ဝမ် သဘောပေါက်လိုက်သည်။ ဘေးဘက် လှည့်ပြီး ထွေးခနဲ တံတွေးထွေးလိုက်သည်။ "အိုကြီးအိုမကျရင် မွေးစားသားရဲ့ ပြုစုတာ ခံရမလား ကြည့်ရသေးတာပေါ့"
ကျန်းရို ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူမလည်း ပွဲကြည့်ဖို့ စောင့်နေတာ။
အဒေါ်ဝမ်က ကျန်းရိုအမေအကြောင်း မမေးတော့။ ဒီကလေးနှစ်ယောက်က သနားစရာ။
"မထင်ထားမိဘူး။ မပူပါနဲ့။ မနက်ဖြန်မနက် အဒေါ်လာပြီး နို့ပွင့်အောင် လုပ်ပေးမယ်။ နည်းနည်း နာမယ်နော်။ ကြိုပြင်ထား။ ဒီည အားရင် နှိပ်ပေးထား"
ကျန်းရို စိတ်အေးသွားသည်။
"ကျေးဇူးပါပဲ အဒေါ်"
သူမ ဒီရောက်လာပြီး လူထူးလူဆန်းတွေနဲ့ တွေ့ရပေမယ့် နွေးထွေးတဲ့ လူတွေနဲ့လည်း တွေ့ရပါတယ်။
အဒေါ်ဝမ် ရယ်လိုက်သည်။
"ရပါတယ်။ အဒေါ်က မင်းကို သဘောကျလို့ပါ။ ဘာမှ သဘောမထားတတ်ဘူး။ စိတ်သဘောထား ပြည့်ဝတယ်"
ကျန်းရို ပြုံးလိုက်မိသည်။
လီရှောင်း စားပြီးတော့ ပန်းကန်ဆေးသည်။ အဒေါ်ဝမ် ပြန်တော့ လိုက်ပို့ခိုင်းလိုက်သည်။ ငါးတစ်ကောင်နဲ့ တောထွက်ပစ္စည်းတချို့ ပေးလိုက်သည်။
ကျန်းရိုက ချီးကျူးလိုက်သည်။ "ရှင် အခု လူမှုဆက်ဆံရေး ကောင်းလာပြီပဲ။ ဟုတ်တယ်။ အဒေါ်ဝမ်က စေတနာနဲ့ ကူညီတာဆိုပေမယ့် ကိုယ်က အချောင်မယူသင့်ဘူးလေ"
လီရှောင်း ခေါင်းညိတ်လိုက်သည်။ သူတို့ သူငယ်ချင်းတွေကြားမှာတော့ ဒီလိုပဲနေတာ။ အခုကတော့ ကျန်းရိုဆီက သင်ထားတာပါ။
......
မိုးချုပ်တော့ အလယ်ကုတင်က အဘွားကြီး ပြန်သွားကာ ကလေးမလေးကို ထားခဲ့ပြီး ညဘက် မအိပ်နဲ့၊ မောင်လေးကို စောင့်ကြည့်ဆိုပြီး မှာသွားသေးတယ်။
ကလေးမလေးက ခေါင်းငုံ့ပြီး ဘာမှ မပြောရဲ။
လူတွေသွားတော့ ကုတင်ဘေးမှာ ထိုင်ပြီး မောင်လေးကို စောင့်နေရှာတယ်။
ပထမကုတင်က လူနာကတော့ တစ်နေ့လုံး လူမလာဘူး။ ထမင်းကို သူနာပြုက ဝယ်ပေးရတာ။
ကျန်းရို မမေးရက်တော့ဘူး။ ရေနွေးခပ်ရင် သူ့အတွက်ပါ တစ်ပုလင်း ခပ်ပေးခိုင်းလိုက်သည်။
ညဘက် ကျန်းရို ရေချိုးတော့ လီရှောင်း ကူညီပေးသည်။ အဒေါ်ဝမ် ပြောလို့ အရိုင်းရွက်ပြုတ်ရည်နဲ့ ရေချိုးသည်။ လီရှောင်းက ရွာကနေ အရိုင်းရွက်ခြောက်တွေ မှာထားတာ။ ရေနွေးနဲ့ စိမ်လိုက်ရင် မည်းမည်းအရည်တွေ ထွက်လာတယ်။ အဲဒါနဲ့ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုးရတယ်။
ကျန်းရို မွေးတုန်းက ချွေးတွေ ထွက်ထားတာ သန့်ရှင်းရေးလုပ်ရမယ်။
ဒါပေမဲ့ အားမရှိသေးတော့ လှုပ်ရင်တောင် မရချင်ဘူး။
လီရှောင်းကို အားမနာတော့ဘူး။ ရေချိုးခန်းထဲ ဝင်ခိုင်းပြီး တဘက်ညှစ်ခိုင်းသည်။
လီရှောင်းက အအေးမိမှာစိုးလို့ ရေနွေးပူပူနဲ့ လုပ်ပေးတာတာကြောင့် ကျန်းရို လည်ပင်းသုတ်လိုက်တော့ ပူလွန်းလို့ တွန့်သွားသည်။
"ရှီး"
လှည့်ကြည့်လိုက်တော့ သူက ခါးကိုင်းပြီး တဘက်ညှစ်နေတာ။ လက်တွေ နီရဲနေပြီ။
အသံမထွက်ဘူး။
သူမ အသံကြားတော့ ပြောလိုက်သည်။ "ပူမှ ကောင်းတာ။ အအေးမိလို့ မဖြစ်ဘူးတဲ့။ အဒေါ်ဝမ် ပြောတာ"
အခုတော့ အဒေါ်ဝမ် စကားက အမိန့်တော်ဖြစ်နေပြီ။
ကျန်းရို နားမလည်တော့ ငြိမ်နေလိုက်ရသည်။
တဘက်လှမ်းပေးပြီး အဝတ်လဲလိုက်သည်။
ရှေ့ဘက် ပြီးပြီ။ ကျောဘက် ကျန်သေးတယ်။ လီရှောင်း တဘက်ညှစ်ပြီးတာနဲ့ "ကျောကုန်း သုတ်ပေးပါဦး။ လက်မမှီလို့" ဟု ပြောလိုက်သည်။
အမျိုးသားက အင်္ကျီလှန်ပြီး တဘက်ပူပူနဲ့ ပွတ်ပေးလိုက်သည်။
ထိလိုက်တာနဲ့ အော်လိုက်သည်။ "ဖြည်းဖြည်း... ဖြည်းဖြည်း"
ပူလွန်းလို့။
အမျိုးသားက ရယ်လိုက်သည်။ "အင်း"
သူမ ရေချိုးနေကျ အပူချိန်ကို တွေးပြီး သူမလည်း အပူကြောက်တတ်မှန်း သိလိုက်သည်။
ကျန်းရို ရေချိုးပြီး ထွက်သွားသည်။ ကျန်တာ လီရှောင်း ဆက်လုပ်သည်။
ရေချိုးခန်း ရှင်းလင်းပြီး အဝတ်ဟောင်းတွေယူကာ အပြင်ဘက် သန့်စင်ခန်းမှာ သွားလျှော်သည်။
....
ကျန်းရို ကုတင်ပေါ် ပြန်ရောက်တော့ အလယ်ကုတင်က အမျိုးသမီး နိုးလာသည်။ တစ်ရေးအိပ်လိုက်လို့ မျက်နှာ နည်းနည်းကြည်လာပေမယ့် ကြည့်ရဆိုးနေတုန်းပဲ။
ထထိုင်ပြီး သမီးကြီးကို မောင်လေးအား ချီခိုင်းသည်။
ချီလာတော့ အင်္ကျီလှန်ကြည့်သည်။ သားမှန်း သိတော့ ငိုလိုက် ရယ်လိုက်နဲ့။ ပြီးတော့ သမီးကို ထမင်းဝယ်၊ ရေခပ် ခိုင်းသည်။
ကျန်းရိုကို လှည့်မေးသည်။ နေ့ခင်းက အခြေအနေကို ကျန်းရို ပြောပြလိုက်သည်။ နို့မထွက်တဲ့အကြောင်းကြားတော့ စိတ်မဆိုးတဲ့အပြင် အားနာနေသေးတယ်။ "အမေ အသုံးမကျလို့ပါ" တဲ့။
အဘွားအိုလောက် မဆိုးပေမယ့် သိပ်မထူးပါဘူး။ "ရှေ့က သမီးတွေ စို့လို့ ကုန်သွားတာနေမှာ" တဲ့။
ပြီးတော့ မျက်ရည်သုတ်နေသေးတယ်။ "ငါ့သားလေး သနားပါတယ်"
ကျန်းရို စကားမပြောချင်တော့ပေ။
အမျိုးသမီးက သတိရပြီး မေးသည်။ "သမီးလား၊ သားလား"
"သမီး"
"အော်..."
ဝမ်းသာသွားသလိုပဲ။ "ကိစ္စ မရှိပါဘူး။ ငယ်ပါသေးတယ်။ ထပ်မွေးလို့ ရတာပဲ။ ငါဆို လေးယောက်မြောက်မှ ရတာ"
ကျန်းရို သက်ပြင်းချလိုက်သည်။
"သမီးလေးက ကောင်းပါတယ်။ ကျွန်မတို့က သဘောကျတယ်။ ကျန်းမာရင် ပြီးတာပါပဲ။ ပြီးတော့ မိန်းကလေးလည်း ထူးချွန်နိုင်တာပဲ။ ကျွန်မ အိမ်နီးချင်းအဒေါ်ကြီးဆို သမီးတစ်ယောက်တည်း ရှိတာ။ တက္ကသိုလ် တက်နေတယ်။ ရပ်ကွက်ထဲမှာ အတော်ဆုံးပဲ။ အားလုံး အားကျနေကြတာ"
အမျိုးသမီးက မယုံဘူး။ တမင်ဖုံးချင်နေတာလို့ ထင်နေတယ်။
ပထမကုတင်က အမျိုးသမီးကတော့ စိတ်ဝင်စားသွားတယ်။ "တကယ်လား"
"တကယ်ပေါ့။ မနက်ဖြန် အဒေါ်ကြီး လာရင် မေးကြည့်။ သူ့သမီး ဘွဲ့ရရင် မိဘတွေကို မြို့ကြီးပေါ် ခေါ်တင်မလို့တဲ့"
အဒေါ်ဝမ်က ဝမ်းသာအားရ ပြောပြမှာပါ။
အမျိုးသမီးက ကလေးကို ငုံ့ကြည့်ပြီး မျက်လုံး အရောင်တောက်လာသည်။
အလယ်ကုတင်က အမျိုးသမီးကတော့ နှုတ်ခမ်းမဲ့လိုက်သည်။ သားမမွေးနိုင်လို့ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေတာလို့ ထင်နေသည်။
သမီးက ဘယ်လောက်တော်တော် သူများအိမ် ရောက်သွားမှာပဲ။ သားကမှ ကိုယ့်အိမ်မှာနေမှာ။
လီရှောင်း ပြန်ရောက်လာသည်။ ရေချိုးပြီး အဝတ်တွေ လျှော်ခဲ့သည်။ အဝတ်လှန်းစရာမရှိလို့ ပြတင်းပေါက် အပြင်ဘက်က တန်းမှာ လှန်းလိုက်သည်။
ကလစ်နဲ့ သေချာ ညှပ်ထားလိုက်သည်။
ပြီးတော့ ကလေးအနှီးလဲပေး၊ အနှီးလျှော်၊ ကျန်းရို ခြေဆေးဖို့ ရေနွေးခပ်။
မနားတမ်းလုပ်နေတာ မြင်တော့ တခြားကုတင်က လူနာတွေ အားကျနေကြသည်။
လီရှောင်းကတော့ ဘာမှမဖြစ်။
ကျန်းရိုက သူ့ကို ကျေးဇူးတင်နေသည်။ တခြားယောကျ်ားတွေလို ပစ်မထားလို့။
လီရှောင်း ခြေဆေးပေးနေတုန်း တိုးတိုးလေး ပြောလိုက်သည်။
"ညဘက် ကြမ်းပြင်မှာ မအိပ်နဲ့တော့။ ကုတင်ပေါ်မှာ တိုးအိပ်လို့ရပါတယ်"
ရာသီဥတု အေးလာပြီ။ စောင်ပါးလေးနဲ့ ကြမ်းပြင်မှာ အိပ်ရင် ဖျားလိမ့်မယ်။
လီရှောင်း မော့ကြည့်လိုက်သည်။ မျက်ခုံးပင့်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"ကောင်းပြီလေ"
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၂၁)
ကျန်းရို မျက်မှောင်ကြုတ်လိုက်သည်။
"ရှင် ဘယ်လိုကြည့်နေတာလဲ"
လီရှောင်း မျက်ခုံးပင့်ပြီး ပြုံးလိုက်သည်။ မျက်နှာကတော့ အပြစ်ကင်းဟန်ဆောင်နေသည်။
"ငါ ဘယ်လိုကြည့်နေလို့လဲ"
"ရှင့်အကြည့်က မမှန်ဘူး"
"ဒါဆို မမှန်တာက ဘယ်လိုလဲ"
သူမ ဘယ်လိုသိမှာလဲ။ ဒီတိုင်း သူ့အကြည့်က ထူးဆန်းနေတယ်လို့ ခံစားနေရတာပဲ။
ကျန်းရို မျက်စောင်းထိုးလိုက်ပြီး စကားဆက်မပြောတော့ပေ။
လီရှောင်းကလည်း ဂရုမစိုက်။ ကျန်းရို ခြေထောက်ကို ရေဇလုံထဲ ထည့်ပေးပြီးနောက် သူလည်း ခုံပေါ်ထိုင်ပြီး ရှူးဖိနပ်နှင့် ခြေအိတ် ချွတ်လိုက်သည်။ သူ့ခြေထောက်က ပိုကြီးသဖြင့် ဇလုံထဲ ထည့်လိုက်သည်နှင့် ကျန်းရို ခြေထောက်ကို ဘေးသို့ တွန်းပို့လိုက်သလိုဖြစ်သွားပြီး ရေမျက်နှာပြင်ကလည်း ခြေမျက်စိအထိ မြင့်တက်လာသည်။
နှစ်ယောက်သား ခြေထောက်ချင်း ပူးကပ်နေသဖြင့် အသားချင်းထိတွေ့မှုက သိသာနေသည်။ ကျန်းရိုက အရမ်းရင်းနှီးလွန်းနေသည်ဟု ခံစားရပြီး နေရခက်လာသဖြင့် ဟန်ဆောင် ညည်းညူလိုက်သည်။
"ရှင် ကျွန်မ ရေဆေးရည်ကို နံအောင်လုပ်လိုက်ပြီ"
လီရှောင်းက ကြားတော့ စိတ်မဆိုးဘဲ ရယ်လိုက်သည်။
"မင်းခြေထောက်ကရော ဘယ်လောက် မွှေးနေလို့လဲ။ မယုံရင် ကိုယ့်ခြေအိတ် ကိုယ်ပြန်နမ်းကြည့်ပါလား"
ပြောရင်းဆိုရင်း ဖင်အောက် ဖိထားသော ခြေအိတ်ကို ဆွဲထုတ်ပြီး သူမကို ပေးနမ်းမလို လုပ်လိုက်သည်။
"......"
တကယ်ပါပဲ... ပုံမှန်ဆို စကားနည်းသလောက်ပြောလိုက်ရင် လူကို ပြန်မပြောနိုင်အောင် လုပ်တတ်တယ်။
ကျန်းရို သူ့ခြေထောက်ကို အားပါပါနဲ့ နှစ်ချက် နင်းလိုက်သည်။
လီရှောင်းက ရယ်ရင်း သူမ စိတ်ရှိလက်ရှိ နင်းတာကို ခံလိုက်သည်။
ခြေဆေးပြီးနောက် လီရှောင်းက ရေသွန်လိုက်သည်။ တခြားကုတင်နှစ်လုံးက လူနာတွေ ထမလာကြတော့ မေးလိုက်သည်။
"မီးပိတ်လိုက်တော့မလား"
အလယ်ကုတင်က အမျိုးသမီး ဘာမှမပြောပေမယ့် ပထမကုတင်က အမျိုးသမီးက ပြောလိုက်သည်။
"ပိတ်လိုက်ပါတော့။ တံခါးတော့ မပိတ်နဲ့ဦး"
လီရှောင်း မျက်မှောင်ကြုတ်လိုက်သော်လည်း မီးပိတ်ပြီး တံခါးကိုတော့ စေ့ထားရုံသာ စေ့လိုက်သည်။
မီးပိတ်လိုက်တော့ အခန်းထဲ မှောင်မိုက်သွားသည်။
အလယ်ကုတင်က အမျိုးသမီးက ကလေးကုတင်နားမှာ စောင့်နေတဲ့ သမီးကို မှာနေသည်။ ညကျရင် သတိထား၊ မအိပ်ပျော်စေနဲ့တဲ့။
ကျန်းရို နားထောင်လို့ အဆင်မပြေတော့ဘူး။ မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
"ဒီလောက်ထိ လိုလို့လား။ ကလေးမလေးလည်း ပင်ပန်းနေမှာပေါ့"
ဒီနေ့နေ့လယ်က အဘွားအို ပြန်သွားတုန်းက ပြောသံကြားလိုက်တာ။ သူတို့ရွာက မြို့နဲ့ အတော်ဝေးတယ်တဲ့။ ဒီကောင်မလေးက မနက်တစ်ခေါက် လာပြီးပြီ။ ကြားထဲမှာ အိမ်ပြန်ပြီး မောင်လေးအတွက် ထမင်းသွားချက်ပေးရသေးတယ်။ အသွားအပြန် ခေါက်တုံ့ခေါက်ပြန်နဲ့ ဘယ်သူက ခံနိုင်မှာလဲ။
ဒါပေမဲ့ အမျိုးသမီးက ပြန်ပက်သည်။
"ရှင်က သမီးမွေးထားတာဆိုတော့ မပူရဘူးလေ"
ကျန်းရို ဒေါသထွက်လွန်းလို့ အသက်ရှူတောင် မှားချင်သွားသည်။
အရင်တုန်းက အမေပြောပြလို့ လူကြီးတွေ ယောကျ်ားလေးဆို ဦးစားပေးတတ်မှန်းသိပေမယ့် ဒီလောက်ထိ ဆိုးမယ် မထင်ခဲ့ဘူး။
လီရှောင်း လျှောက်လာပြီး ပြောလိုက်သည်။
"ဒီလိုလူနဲ့ စကားပြောနေရတာ အပိုပဲ"
သူမကိုယ့်ဘာသာ အောင့်အီးခံနေရတာလို့ ထင်နေပုံရသည်။ ဒီလိုလူမျိုးတွေရဲ့စိတ်ထဲမှာ သားယောကျ်ားလေးပဲ ရှိတာ။ သူ ငယ်ငယ်ကတည်းက မြင်ဖူးတယ်။ မွေးကင်းစ သမီးမိန်းကလေးကို မစင်ကျင်းထဲပစ်ချပြီး သတ်ပစ်တာတောင် မြင်ဖူးတယ်။
သူက အသံမနှိမ့်ဘဲ ပြောလိုက်တော့ အလယ်ကုတင်က အမျိုးသမီး ကြားသွားသည်။ ဒါပေမဲ့ လီရှောင်းပြောတာမို့ ပြန်မပြောရဲ။
တချို့လူတွေက ကြည့်လိုက်တာနဲ့ မလွယ်မှန်း သိသာတယ်လေ။
ကျန်းရို စိတ်ပျက်လက်ပျက် လှဲချလိုက်သည်။ သူ လျှောက်လာတာ မြင်တော့ မကျေမနပ် ပြောလိုက်သည်။
"ဒီလိုဆို ကျပ်နေမှာပေါ့။ တစ်ယောက်တစ်ဖက် အိပ်ရအောင်"
ကုတင်က ကျဉ်းကျဉ်းလေး။ တစ်ဖက်တည်း ခေါင်းအုံးအိပ်ရင် ပက်လက်တောင် အိပ်လို့မရဘူး။
လီရှောင်းက နားမထောင်။ သူမဘက်ကိုပဲ တိုးဝင်လာပြီး ပြန်ပြောလိုက်သည်။
"မင်းပဲ ငါ့ခြေထောက် နံတယ်ဆို"
"......"
ကျန်းရို စဉ်းစားကြည့်တော့ ဟုတ်သားပဲ။ ဒီလူက အရပ်ရှည် ခြေတံရှည်ဆိုတော့ ဟိုဘက်လှည့်အိပ်ရင် ခြေထောက်က သူမမျက်နှာပေါ် ရောက်နေလောက်ပြီ။
ထားလိုက်ပါတော့လေ။
ဒါပေမဲ့ နှစ်ယောက်သား တစ်ဖက်တည်း အိပ်တော့ ကျပ်နေတာ အမှန်ပင်။ ကျန်းရိုက ပက်လက်မအိပ်ဘဲ ဘေးစောင်းအိပ်လိုက်ရသည်။ အတွင်းဘက်က ကလေးကုတင်ဘက် မျက်နှာမူပြီး အိပ်လိုက်တော့ လီရှောင်းက အနောက်ကနေ ကပ်လာသည်။
သူ့လက်က ထားစရာမရှိသလို ဟိုရွှေ့ဒီရွှေ့လုပ်နေပြီး နောက်ဆုံးတော့ သူမခါးပေါ် တင်လိုက်သည်။
ကျန်းရို ယားလို့ တွန့်လိမ်လိုက်ပေမယ့် နောက်ဆုံးတော့ ငြိမ်နေလိုက်သည်။
အခန်းက တိတ်ဆိတ်လွန်းလို့လား၊ သူမနားက ပါးလွန်းလို့လား မသိ။ အနောက်က အမျိုးသားရဲ့ အသက်ရှူသံနဲ့ ကိုယ်ငွေ့ကို ရှင်းရှင်းလင်းလင်း ခံစားနေရသည်။
မျက်လုံးမှိတ်ပြီး အိပ်ဖို့ ကြိုးစားပေမယ့် အိပ်မပျော်။ တစ်ကိုယ်လုံး တောင့်တင်းပြီး ညောင်းလာပေမယ့် စိတ်က ကြည်နေတုန်း။
ကျန်းရို စဉ်းစားပြီးနောက် ကိုယ်ကို လှည့်လိုက်သည်။ အလယ်ကုတင်က အမျိုးသမီး နိုးလာတုန်းကအကြောင်း ပြောပြပြီး သတိပေးလိုက်သည်။
"သမီးမိန်းကလေးလည်း ထူးချွန်နိုင်တာပဲ။ ရှင် သူများတွေလို မလုပ်နဲ့နော်"
ပြောပြီးမှ ကိုယ့်ဘာသာ အတွေးလွန်နေမှန်း သတိထားမိလိုက်သည်။ အရင်ဘဝက လီရှောင်း ဘာလုပ်ခဲ့လဲ မသိပေမယ့် ဒီရက်ပိုင်း သူ့အပြုအမူကိုကြည့်ရင် အဖေကောင်း၊ "ယောကျ်ား" ကောင်း ပီသပါတယ်။
လီရှောင်း အိပ်ချင်နေပြီ။ သူမကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး ပြောလိုက်သည်။
"လျှောက်မတွေးနဲ့။ ငါ့သမီးက ဘယ်သူ့ထက်မှ မညံ့ဘူး။ အိပ်တော့"
"အင်း"
ကျန်းရို မျက်နှာက သူ့လည်ပင်းထဲ ရောက်သွားသည်။ ရုန်းကြည့်ပေမယ့် မရတော့ သက်သောင့်သက်သာဖြစ်မယ့်အနေအထား ပြင်ပြီး အိပ်လိုက်တော့သည်။
လီရှောင်း ဘေးမှာ ရှိနေလို့လား မသိ။ ကျန်းရို အိပ်ရာမရွေးဘဲ မကြာခင် အသက်ရှူသံမှန်လာသည်။
အိပ်ပျော်သွားတော့ သူ့ရင်ခွင်ထဲ ပိုတိုးဝင်သွားသေးသည်။
အမျိုးသားက အိပ်ပျော်နေပေမယ့် သတိရှိနေတုန်း။ တစ်ခါတစ်လေ လက်နဲ့ စမ်းပြီး သူမကျောဘက် စောင်လုံရဲ့လား စစ်ဆေးတယ်။ တစ်ခါတစ်လေ ခေါင်းထောင်ပြီး ကလေးကုတင်ကို လှမ်းကြည့်တယ်။
.....
သန်းခေါင်ယံမှာ အပြင်က တံခါးတွန်းသံ ကြားတော့ သူ ချက်ချင်း နိုးလာသည်။
မျက်လုံးဖွင့်ပြီး နားစွင့်လိုက်သည်။ မမှားဘူး သေချာတော့မှ မျက်မှောင်ကြုတ်ပြီး လှည့်ကြည့်လိုက်သည်။ ပြီးတော့ ကျန်းရိုကို ရင်ခွင်ထဲကနေ ဖြည်းဖြည်းချင်းထုတ်ပြီး ကုတင်ပေါ်က ဆင်းလိုက်သည်။
ဖိနပ်စီးပြီး အပြင်ထွက်မလို့လုပ်တော့ အလယ်ကုတင်က ကလေးကုတင်နား ဖြတ်သွားသည်။ မောင်လေးကို စောင့်နေတဲ့ ကောင်မလေးက မအိပ်သေးဘူး။ အသံကြားတော့ ကြောက်လန့်တကြား တံခါးဘက် လှည့်ကြည့်ပြီး လီရှောင်း ထလာတာမြင်မှ သက်ပြင်းချနိုင်သွားသည်။ လီရှောင်းကို တိုးတိုးလေး ပြောသည်။
"သမီး အိပ်ပျော်သွားမှာစိုးလို့ တံခါး ထသွားပိတ်လိုက်တာ"
အသံကြားတော့ အမေကို နှိုးရမလား တွေးနေတာ။
လီရှောင်း တစ်ချက်ကြည့်ပြီး ဘာမှမပြော။ ရှောင်ထွက်ပြီး တံခါးသွားဖွင့်လိုက်သည်။
သူက ကျန်းရိုလို စိတ်မနုဘူး။ သူများ အိပ်တာ မအိပ်တာ သူ ဂရုမစိုက်။
အခန်းတံခါးက ဟောင်းနေပြီမို့ ဖွင့်လိုက်ရင် အသံမြည်သည်။
လီရှောင်း အသံမမြည်အောင် ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ တံခါးပွင့်တော့ အပြင်မှာ အရပ်အလယ်အလတ် အမျိုးသားတစ်ယောက် ရပ်နေတာ တွေ့လိုက်ရသည်။
အမျိုးသားက ပင်ပန်းနေပုံရသည်။ တံခါးခေါက်မလို့ လက်မြှောက်လိုက်တုန်း တံခါးပွင့်လာပြီး လူချောတစ်ယောက်နဲ့ ပက်ပင်းတိုးလိုက်ရတာ။
ကြောင်သွားသည်။
"ခင်ဗျား..."
လီရှောင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဘယ်သူလဲ။ ညကြီးမင်းကြီး ဘာလာလုပ်တာလဲ"
အမျိုးသားက အခုမှ သတိဝင်လာပြီး ရှင်းပြသည်။
"ကျွန်တော့်မိန်းမ မွေးလို့လေ။ ဒီအခန်းမှာ တက်နေတာ"
မယုံမှာစိုးလို့ ထပ်ပြောသည်။
"သူ့နာမည် ဟွမ်ယင်း။ မနေ့ညက ကျွန်တော် လာပါသေးတယ်။ ကျွန်တော်က ကားမောင်းရတော့ နေ့ခင်းဘက် မလာနိုင်လို့ပါ"
လီရှောင်း ဒီနေ့နေ့လယ်က ကျန်းရိုနဲ့ ပထမကုတင်က ကိုယ်ဝန်ဆောင် စကားပြောနေတာ ကြားလိုက်သည်။ နာမည်က ဟွမ်ယင်း တဲ့။
ခေါင်းညိတ်လိုက်သည်။
"အသံတိုးတိုး လုပ်။ အားလုံး အိပ်နေကြတယ်"
ပြောပြီးတာနဲ့ လှည့်ဝင်သွားသည်။ အနောက်ကလူ ဘာဖြစ်ဖြစ် ဂရုမစိုက်။
လီရှောင်း ကုတင်ပေါ် ပြန်လှဲလိုက်သည်။ အလယ်ကုတင်က ကောင်မလေးက တစ်ခုခုမေးချင်ပုံရပေမယ့် လီရှောင်းမျက်နှာထား တင်းမာနေတော့ မမေးရဲတော့။ အပြင်က ဝင်လာတဲ့ အမျိုးသားကို သတိထားပြီး ကြည့်နေသည်။
မကြာခင် ပထမကုတင်က ရှိုက်သံသဲ့သဲ့ ကြားလာရသည်။ အမျိုးသမီး နိုးလာပြီ ထင်တယ်။
လီရှောင်း ကျန်းရိုကို ပြန်ဖက်ထားလိုက်သည်။ ကျန်းရိုက ဆူညံသံကြောင့် ညည်းညူလာသည်။ လီရှောင်းက သူမခေါင်းပေါ်က စောင်းနေတဲ့ ဦးထုပ်ကို ပြင်ပေးပြီး နောက်ဘက်ကို မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"အသံတိုးတိုး လုပ်"
ပထမကုတင်က အမျိုးသမီး ရှိုက်သံတိတ်သွားပြီး နှုတ်ခမ်းကိုကိုက်ကာ အသံတိတ်လိုက်သည်။
ဒါပေမဲ့ ခဏကြာတော့ မနေနိုင်ဘဲ ယောကျ်ားဖြစ်သူကို ထုရိုက်ပြီး တိုးတိုးလေး ပြောရှာသည်။
"ကျွန်မ မွေးတာ သုံးရက် ရှိပြီ။ ရှင်တို့အမေက မြေးမိန်းကလေးမှန်း သိတာနဲ့ လှည့်ပြန်သွားတာ နောက်တစ်ခေါက်တောင် လာမကြည့်ဘူး။ မြေးမလေးက လူမဟုတ်လို့လား။ သူများသမီးတွေလည်း တက္ကသိုလ် တက်နေကြတာပဲ"
အမျိုးသားက စိတ်မရှည်။
"တော်ပါတော့ကွာ... ငါ ပင်ပန်းလှပြီ။ ဒါတွေ လာပြောနေတယ်"
အမျိုးသမီး စိတ်ပျက်သွားသည်။ ခဏကြာတော့ ယောကျ်ားဖြစ်သူ ဟောက်သံကို ကြားလိုက်ရသည်။
ဝမ်းနည်းလွန်းလို့ မျက်ရည်ကျမိသည်။ လူချင်းတူတူ ဘာလို့ ကံကြမ္မာ ကွာခြားရတာလဲ မသိဘူး။
ကျန်းရိုက ပြောတယ်။ သူ့ယောကျ်ားက အစတုန်းက သားလိုချင်တာတဲ့။ ဒါပေမဲ့ မွေးလာတော့ သမီးဖြစ်နေပေမယ့် သူမထက်တောင် ပိုချစ်နေသေးတယ်။ နို့တိုက်တာ၊ အနှီးလျှော်တာ အကုန်လုပ်ပေးတယ်တဲ့။
မျက်ရည် ထပ်ကျလာပြန်သည်။ မိဘစကား နားမထောင်ဘဲ အဝေးကလူကို ယူမိတဲ့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိတော့သည်။
နောက်တစ်နေ့ မနက် မိုးမလင်းခင် ပထမကုတင်က အမျိုးသား ပြန်သွားသည်။ မသွားခင် ပိုက်ဆံနည်းနည်းနဲ့ မနေ့ညက ဝယ်လာတဲ့ ကြက်ကင်တစ်ဝက် ထားခဲ့သည်။ သူ့မိန်းမအတွက် သက်သက် ဝယ်လာတာတဲ့။
အမျိုးသမီးက ကလေးကို နို့တိုက်ရင်း ဘာမှမပြော။
ရင်ထဲ နာကျင်နေသည်။ မွေးပြီးကာစ လူက ဒါတွေ စားလို့ ရပါ့မလား။
ကျန်းရိုယောကျ်ားရဲ့ တစ်ဝက်လောက် ဂရုစိုက်ရင်တောင် ဒါကို ကုသိုလ်ယူစရာလုပ်နေမှာ မဟုတ်ဘူး။
အမျိုးသားက ပြောလိုက်သည်။
"ကျန်းမာရေး ဂရုစိုက်ဦး။ ငါ သွားပြီ"
ပြောပြီးတာနဲ့ လှည့်မကြည့်ဘဲ ထွက်သွားသည်။
အစအဆုံး ကလေးကို တစ်ချက်ကလေးမှ မကြည့်သွား။
အမျိုးသမီး မျက်ရည်ဝဲလာပြန်သည်။ ကျန်းမာရေးဂရုစိုက်ဆိုတာ နောက်ထပ် ကလေးထပ်မွေးဖို့ ပြောမှန်း သိတာပေါ့။
ဒါပေမဲ့ သူမ မကျေနပ်ဘူး။ ရင်ခွင်ထဲက နို့စို့နေတဲ့ ကလေးကို ငုံ့ကြည့်ပြီး စိတ်ထဲ ဆုံးဖြတ်လိုက်သည်။ အသက်နဲ့ရင်းရပါစေ... သမီးကို တက္ကသိုလ်ရောက်အောင် ထားမယ်။ လူရာဝင်အောင် လုပ်မယ်။ သူမလို အနှိမ်ခံ မဖြစ်စေရဘူး။
....
တစ်ဖက်လူထွက်သွားတာ စောလွန်းလို့ ကျန်းရို နိုးလာတဲ့အထိ ညက လူလာသွားမှန်း မသိလိုက်။
မနေ့ညက အိပ်မကောင်းသလို ခံစားရလို့ အိပ်ရာရွေးနေသလား သံသယ ဝင်မိတာပင်။
လီရှောင်းက သမ်းဝေရင်း ကလေး နို့တိုက်နေတာ။ သူမပြောတာ ကြားတော့ မျက်စောင်းထိုးလိုက်သည်။
"မင်းကများ အိပ်မကောင်းဘူးတဲ့။ သွားရည်တွေ ငါ့ကိုယ်ပေါ် ရွှဲနေပြီ"
သူကမှ အိပ်မကောင်းတာ။ -ီးပဲ... တစ်ညလုံး ဆူညံနေတာ။ မနက်ကျတော့လည်း ဘိုးဘေးလေးက နိုးလာပြီး နို့သောက်ချင်လို့ ဂျီကျနေသေးတယ်။
ကျန်းရို မခံချင်တော့။
"ဘယ်သူက သွားရည်ကျလို့လဲ"
သူမကို စွပ်စွဲတယ်ပေါ့။ ဒါပေမဲ့ သူ့ရင်ဘတ်ကို ကြည့်လိုက်တော့ စိုနေတာ တွေ့လိုက်ရလို့ မျက်နှာပူသွားသည်။
လီရှောင်းက ပြုံးစိစိနဲ့ ကြည့်လိုက်သည်။
"နမ်းကြည့်မလား"
"......"
ကျန်းရို မကြားချင်ယောင်ဆောင်ပြီး ဟိုဘက် လှည့်လိုက်သည်။ ပထမကုတင်က အမျိုးသမီး မျက်လုံးတွေ မို့အစ်နေတာ တွေ့လိုက်ရသည်။ ငိုထားတဲ့ပုံပဲ။
မကြည့်ရဲတော့။ သူများ နေရခက်မှာစိုးလို့လေ။
လီရှောင်းက သူမရဲ့ သတ္တိမရှိတဲ့ပုံကို ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
နို့တိုက်ပြီးတော့ ကလေးကို ကျန်းရိုလက်ထဲထည့်ပေးပြီး အိမ်ပြန် ထမင်းသွားချက်သည်။
....
ကျန်းရို ကလေးချီပြီး စောင့်နေတုန်း သူ ပြန်ရောက်လာသည်။ အဒေါ်ဝမ်လည်း ပါလာသည်။
အဒေါ်ဝမ်က ခြင်းတောင်း ဆွဲလာသည်။ ဝင်လာတာနဲ့ ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
"အဒေါ် စားစရာတွေ ယူလာတယ်။ ဒီမနက် ပြန်စရာ မလိုတော့ဘူး"
"အဒေါ်"
ကျန်းရို အံ့ဩသွားသည်။ ဒီလောက် စောစောစီးစီး လာမယ် မထင်ထားလို့။
အဒေါ်ဝမ်က ရင်းရင်းနှီးနှီး လျှောက်လာသည်။
"ထမင်း အရင်စား။ ပြီးရင် နို့ပွင့်အောင် လုပ်ပေးမယ်"
"ဟုတ်ကဲ့"
ကျန်းရို ပြုံးပြီး ခေါင်းညိတ်လိုက်သည်။
မနေ့ညကလိုပဲ။ သူမနဲ့ လီရှောင်း ထမင်းဟင်းက သီးသန့်။
အဒေါ်ဝမ်က လီရှောင်းကို ရေနွေးသွားခပ်ခိုင်းသည်။ လီရှောင်းက ထမင်းနဲ့ ရေနွေးပုလင်းကိုင်ပြီး ထွက်သွားသည်။ တန်းစီရင်း စားမလို့ပင်။
ကျန်းရို တစ်ခုခု သတိရသွားပြီး ပထမကုတင်က ဟွမ်ယင်းကို ပြောလိုက်သည်။
"အစ်မဟွမ်... ဒါ ကျွန်မပြောတဲ့ အဒေါ်ကြီးလေ။ သမီးက တက္ကသိုလ်တက်နေတာ။ သိပ်တော်တာ"
ပြီးတော့ မနေ့ညကကိစ္စကို အဒေါ်ဝမ်ကို အတိုချုံး ပြောပြလိုက်သည်။
အဒေါ်ဝမ် မျက်နှာမှာ အပြုံးတွေ ဝေသွားသည်။ သူမနဲ့ ကျန်းရိုက ဘာလို့ ဒီလောက် အဆင်ပြေလဲဆိုတာ သိပြီ။
ပထမကုတင်က အမျိုးသမီးဘက် လှည့်ပြီး ပြောလိုက်သည်။
"မိန်းကလေးဆိုတာ မညံ့ပါဘူး။ အဒေါ့် သမီးဆို ငယ်ငယ်ကတည်းက စာတော်တာ။ ယောကျ်ားလေးတွေတောင် မမှီဘူး။ အခု N မြို့မှာ တက္ကသိုလ် တက်နေတာ။ အတန်းထဲမှာ စာတော်လို့ ဆရာတွေ အကုန်ချစ်ကြတယ်။
အိမ်မှာဆို ဆုတံဆိပ်တွေက နံရံတစ်ဖက် ပြည့်နေပြီ။ တက္ကသိုလ် ရောက်တော့ ပညာသင်ဆုတောင် ရသေးတယ်။ ပြီးခဲ့တဲ့ စာသင်နှစ်တုန်းက နှစ်ရာတောင် ပြန်ယူလာတယ်"
ကိုယ့်သမီးအကြောင်း ပြောရရင် အဒေါ်ဝမ်က ရပ်မရတော့။ မျက်နှာမှာ ဂုဏ်ယူမှုတွေ ပြည့်လို့။
ဒီအတိုင်းပြောရတာ အားမရလို့ အန်းအန်းကို ပွေ့ပြီး ဟိုဘက်ကုတင်နားသွားကာ သေချာရှင်းပြနေလေသည်။
ကျန်းရို ကြည့်ပြီး ရယ်လိုက်မိသည်။
ပထမကုတင်က အမျိုးသမီးက မူလက စိတ်မကောင်းဖြစ်နေပေမယ့် ဒီစကားတွေ ကြားရတော့ စိတ်သက်သာရာရသွားပြီး စိတ်ကူးယဉ် ကြည့်မိလာသည်။
အဒေါ်ဝမ်က မျက်စိရှင်သည်။ မျက်လုံးတွေ မို့နေတာ မြင်တာနဲ့ ဝမ်းနည်းစရာ ကြုံထားရမှန်း သိလိုက်ပြီး နှစ်သိမ့်ပေးလိုက်သည်။
ကျန်းရို စားပြီးတော့ အဒေါ်ဝမ်က ပြောတာ မဝသေး။
လီရှောင်း ရေနွေးခပ် ပြန်ရောက်လာသည်။ အဒေါ်ဝမ်က ဇလုံနဲ့ တဘက်သန့် နှစ်ထည် ယူခိုင်းလိုက်သည်။
လီရှောင်းကလည်း ချက်ချင်း လုပ်ပေးသည်။
အဒေါ်ဝမ်က ကျန်းရိုကို ပက်လက်လှန်ခိုင်းသည်။ လူကြီးတွေက ရှက်စရာမလိုဘူး ထင်လို့ အင်္ကျီ တန်းလှန်ခိုင်းသည်။ ကျန်းရိုက ရှက်လို့ ဟိုကြည့်ဒီကြည့် လုပ်နေသည်။
အဒေါ်ဝမ်က ရိုက်လိုက်သည်။ "အမေ ဖြစ်နေပြီ။ ရှက်နေသေးတယ်"
ကျန်းရို မျက်နှာရဲရဲနဲ့ အင်္ကျီ လှန်လိုက်ရသည်။ လီရှောင်းကိုတော့ ကလေးချီပြီး အပေါက်ဝမှာ စောင့်ခိုင်းလိုက်သည်။ တခြားလူ ဝင်မလာအောင်လို့လေ။
အဓိကက ဒုတိယကုတင်က မိသားစု ရောက်လာမှာ စိုးလို့။ မိန်းမဆို တော်သေးတယ်။ ယောကျ်ား ပါလာရင် ဒုက္ခ။
အဒေါ်ဝမ်က တဘက်နှစ်ထည်ကို ရေစိုဝတ် လုပ်လိုက်သည်။ တစ်ထည်ကို ကျန်းရိုကို ကိုက်ခိုင်းထားပြီး နောက်တစ်ထည်ကို ရေနွေးထဲ စိမ်လိုက်သည်။
"အောင့်ထားနော်... နို့မထွက်တာက အထဲမှာ ပိတ်နေလို့။ ပွင့်သွားရင် ရပြီ"
ကျန်းရို နာမယ်ဆိုတာ ကြားကတည်းက ပြင်ဆင်ထားပြီးသား။ ကလေးမွေးတာလောက်တော့ မနာလောက်ပါဘူးလို့ တွေးထားတာ။
ဒါပေမဲ့ အဒေါ်ဝမ်က ရေနွေးပူပူ တဘက်နဲ့ အုပ်ပြီး အားကုန်သုံးကာ ဖိချေလိုက်တဲ့အခါ...
ကျန်းရို အသားတွေ အရည်ပျော်သွားသလို ခံစားလိုက်ရသည်။ အဒေါ်ဝမ် ဖိချေလိုက်တဲ့ နာကျင်မှုက လက်မြှောက်အရှုံးပေးချင်လောက်အောင်ပါပဲ။
မျက်လုံး ပြူးကျယ်သွားပြီး အော်ချင်ပေမယ့် တဘက်ကိုက်ထားရလို့ "အူး... အူး... အူး" လို့ပဲ အသံထွက်နိုင်တော့သည်။
အဒေါ်ဝမ်က သူမ နာမှန်းသိလို့ "သည်းခံ... ခဏလေးပဲ" ဟု ပြောလိုက်သည်။
ဒီ "ခဏလေး" ဆိုတာက ကျန်းရိုအတွက်တော့ တစ်ကမ္ဘာလောက် ကြာသလိုပဲ။
အဒေါ်ဝမ် လက်ဖယ်လိုက်တော့ သူမ ကုတင်ပေါ်မှာ အရုပ်ကြိုးပြတ် လဲကျသွားသည်။ အဒေါ်ဝမ်က ပြောသည်။
"ရလောက်ပါပြီ။ ဒီနေ့ သေချာ နှိပ်ပေး။ ညကျရင် မထွက်သေးရင် ရှောင်လီ့ကို စုပ်ခိုင်းလိုက်"
ကျန်းရို - "......"
အလယ်ကုတင်က အမျိုးသမီးက မြင်တော့ ဝင်ပြောသည်။ "အဒေါ်... ကျွန်မကိုလည်း လုပ်ပေးပါလား။ ကျွန်မလည်း နို့မထွက်လို့"
အဒေါ်ဝမ်က သဘောကောင်းပြီး သွားကြည့်ပေးသည်။ အင်္ကျီလှန်ကြည့်ပြီးတော့ ခေါင်းခါလိုက်သည်။
"သမီးဟာက မရဘူး။ ရှောင်ရိုက ပိတ်နေလို့။ သမီးက လုံးဝ မရှိတာ။ ကောင်းကောင်း အားဖြည့်မှ ရမယ်"
တကယ်တော့ အားဖြည့်လည်း ရမယ်မထင်တော့။ ခန္ဓာကိုယ်က ခြောက်ခမ်းနေပြီ။ ဒုက္ခ ဘယ်လောက် ခံခဲ့ရလဲ မသိပါဘူး။
အမျိုးသမီးက ကြားတော့ မကျေမနပ် ဖြစ်သွားသည်။ သားမွေးထားလို့ မနာလိုဖြစ်ပြီး တမင် ပြောတာလားလို့ သံသယ ဝင်မိသည်။
"ဘယ်လိုလုပ် မရှိရမှာလဲ။ ကျွန်မလည်း တင်းနေသလို ခံစားရတာပဲ"
အဒေါ်ဝမ် ရှင်းပြမလို့ လုပ်တုန်း ကျန်းရိုက ဖြတ်ပြောလိုက်သည်။
"အဒေါ်... လာကြည့်ပါဦး။ နို့ထွက်လာပြီလားလို့"
အဒေါ်ဝမ် ကျန်းရိုဘက် လှည့်သွားသည်။
အမျိုးသမီးလည်း ဘာမှမပြောတော့။ မျက်နှာမကောင်းဘဲ နှုတ်ခမ်းမဲ့နေလိုက်သည်။
ကျန်းရိုကို လုပ်ပေးပြီးတော့ အဒေါ်ဝမ် ပြန်သွားသည်။
.....
လီရှောင်း လိုက်ပို့ပြီး ပြန်လာတော့ ကျန်းရိုက ဆေးရုံဆင်းချင်ကြောင်း ပြောသည်။ အိမ်မှာ နေရတာ ပိုကောင်းတယ်လို့ ခံစားရလို့။
ကျဉ်းလည်း ကျဉ်း၊ ဆူလည်း ဆူတယ်။ ရေချိုးခန်းက အများသုံးဆိုပေမယ့် တချို့က အပြင်ဘက်ကို ရှူးပေါက်ထားကြတယ်။
လီရှောင်း စဉ်းစားပြီး ပြောလိုက်သည်။
"နေ့လယ်ကျရင် ငါ အိမ်ပြန်ပြီး သုံးဘီးဆိုင်ကယ် သွားယူလိုက်မယ်။ ညနေကျရင် ပြန်ကြတာပေါ့"
သူလည်း ဒီမှာ မနေချင်တော့။ ညဘက် အိပ်မရဘူး။
ကျန်းရို ခေါင်းညိတ်လိုက်သည်။
အရင်တုန်းက သူမမရီးက ဗိုက်ခွဲမွေးလို့ ဆေးရုံမှာ ရက်ကြာကြာနေရပေမယ့် သူမက တစ်ညအိပ်ပြီးတာနဲ့ သက်သာလာပြီ။
တစ်ရက်စောပြီး ဆင်းလို့ ရလောက်တယ်။
အလယ်ကုတင်က အမျိုးသမီးကတော့ သူတို့ထက် စောပြန်သည်။ မနက် ၉ နာရီလောက်မှာ တစ်မိသားစုလုံး ရောက်လာကြသည်။ မနေ့က အမျိုးသားကို မတွေ့ပေမယ့် ဒီနေ့တော့ တွေ့လိုက်ရသည်။ မျက်နှာတွေ ဖူးရောင်ပြီး ခြေထောက်က ထော့နဲ့ထော့နဲ့ ဖြစ်နေသည်။
ကျန်းရို လီရှောင်းကို မသိမသာ လှမ်းကြည့်လိုက်သည်။ လီရှောင်းက နို့သောက်ပြီးတဲ့ ကလေးကို ချီပြီး ကစားနေသည်။ ဒီလောက် ကလေးလေးက ဘာကစားတတ်မှာလဲ။ ဒါပေမဲ့ သူက အားရပါးရ ကစားနေသည်။ ဂျင်လေး ကိုင်ပြီး စနေသည်။
"မျက်လုံးဖွင့်ပြီး အဖေလို့ ခေါ်"
"ဖွင့်ရင် ပေးဆော့မယ်"
"ဖွင့်... ဟုတ်ပြီ... မျက်လုံး ဖွင့်"
ကလေးက နားလည်သလိုပဲ မျက်လုံး ဖွင့်ဖို့ ကြိုးစားနေသည်။
ကျန်းရို ရယ်လိုက်မိသည်။ ဒီကလေးက အတိတ်မမေ့ဟင်းရည်မသောက်ဘဲ လူပြန်ဝင်စားလာတာလား မသိ။
လီရှောင်းလည်း ပြုံးနေသည်။ နှုတ်ခမ်းထောင့် ကွေးနေသည်။ ကလေးက မျက်လုံး မှေးစင်းစင်းလေး ဖွင့်လာတော့ ပိုဖွင့်ခိုင်းနေသေးတယ်။
"အဖေ့ကို မှတ်မိပြီလား"
ပြီးတော့ ဟိုဘက် လှည့်ပေးလိုက်သည်။ "ဒါ အမေ"
လက်လေးကို ကိုင်ပြီး ဝှေ့ယမ်းပြသည်။ "အမေ့ကို နှုတ်ဆက်လိုက်"
ကျန်းရို ရယ်ချင်သွားသည်။
မိသားစု သုံးယောက် ပျော်ရွှင်နေကြသည်။
အလယ်ကုတင်မှာ ပစ္စည်းကူသိမ်းနေတဲ့ တတိယသမီးလေးက အစ်မနှစ်ယောက်ရဲ့ အင်္ကျီလက်ကို ဆွဲပြီး မသိမသာ ညွှန်ပြသည်။ တိုးတိုးလေး ပြောသည်။
"သူတို့အိမ်မှာ မွေးရတာ ကောင်းလိုက်တာ"
အဝတ်အစား အသစ်တွေ ဝတ်ရတယ်၊ စားကောင်းသောက်ကောင်း စားရတယ်၊ အဖေနဲ့ အမေကလည်း အရမ်း ချစ်ကြတယ်။ သမီးမိန်းကလေးဖြစ်တာတောင် မနှိမ်ဘူး။
ဒုတိယအစ်မက ခေါင်းငုံ့ပြီး ဘာမှ မပြော။ အစ်မကြီးကတော့ တိုးတိုးလေး ဟန့်လိုက်သည်။
"လျှောက်မကြည့်နဲ့"
ဒါပေမဲ့ သူမကိုယ်တိုင်လည်း ခိုးကြည့်မိသည်။ ရင်ထဲမှာတော့ ဟုတ်တယ်လို့ ထောက်ခံမိသည်။ မနေ့ညက အဲဒီဦးလေးကြီးက ကလေးအနှီး လျှော်ပေးတာ၊ ခြေထောက်လေးကို နမ်းတာ တွေ့လိုက်တယ်။
သူတို့ရွာမှာဆို မိန်းကလေးဆိုရင် အရှုံးပေါ်တဲ့ ကုန်ပစ္စည်းပဲ။ သမီးမိန်းကလေးကို ဒီလောက်ချစ်တဲ့ အဖေမျိုး တစ်ခါမှ မမြင်ဖူးဘူး။
အားကျစရာပဲ။
သူတို့ မပြန်ခင် ဆရာဝန်က လာတားသေးသည်။ ဒါပေမဲ့ အဘွားအိုက ပြန်ဆဲလွှတ်လိုက်သည်။ ပိုက်ဆံညှစ်ချင်လို့ တားနေတာ၊ ဘယ်သူမဆို ကလေးမွေးရင် ဒီလိုပဲ နေမကောင်းဖြစ်တာပဲ ဘာညာနဲ့။
ဆရာဝန် ဘာမှမပြောတော့။
လူတွေသွားတော့ အခန်းထဲ တိတ်ဆိတ်သွားသည်။
....
လီရှောင်း ပစ္စည်းစသိမ်းသည်။ နေ့လယ်က အိမ်ပြန်တုန်း မြွေရေခွံအိတ် တစ်လုံး သယ်သွားပြီးပြီ။ ထမင်းလာပို့တော့ သုံးဘီးဆိုင်ကယ် မောင်းလာတာ။
"မင်း စားနှင့်။ ငါ အောက်ဆင်းပြီး ဆေးရုံဆင်းဖို့ စာရွက်စာတမ်း သွားလုပ်လိုက်မယ်"
ကျန်းရို ခေါင်းညိတ်လိုက်သည်။
လီရှောင်း အောက်ထပ်ဆင်းသွားပြီး ကျန်းရို စားပြီးတော့မှ ပြန်တက်လာသည်။ ကျန်းရိုက အိတ်ထဲက အနွေးထည် ထုတ်ဝတ်ထားပြီးဖြစ်တာကြောင့် လီရှောင်း ရောက်လာတော့ နှစ်ယောက်သား သိမ်းဆည်းပြီး ပြန်ဖို့ ပြင်ကြသည်။
ပထမကုတင်က အမျိုးသမီးက နှမြောတသ ကြည့်နေလေသည်။ "ပြန်တော့မလို့လား"
ကျန်းရို ပြုံးပြလိုက်သည်။
"ကျွန်မ အိပ်ရာရွေးတတ်လို့။ အိမ်ပြန်ချင်လို့ပါ"
"ဟုတ်တာပေါ့။ အိမ်က သက်သောင့်သက်သာ ရှိတာပေါ့"
ကျန်းရို လက်ပြနှုတ်ဆက်ပြီး လီရှောင်းအင်္ကျီစဆွဲကာ ထွက်လာခဲ့သည်။
သူမဘေးတွင် လီရှောင်းက လက်တစ်ဖက်နဲ့ ကလေးချီ၊ ကျန်လက်တစ်ဖက်နဲ့ အိတ်ဆွဲထားသည်။
မိသားစု ထွက်ခွာသွားတဲ့ ကျောပြင်ကို ကြည့်ရင်း အမျိုးသမီး ရင်ထဲ အားကျစိတ်တွေ ဖြစ်ပေါ်လာပြန်သည်။ သူမယောကျ်ားက ပိုက်ဆံပိုရှာနိုင်ပေမယ့် ဟိုဘက်အိမ်လောက် ဂရုမစိုက်၊ မနွေးထွေးဘူး။
အောက်ထပ်ရောက်တော့ လီရှောင်းက သုံးဘီးဆိုင်ကယ်ကို တံခါးဝအထိ မောင်းလာသည်။ ဆိုင်ကယ်နောက်တွဲမှာ ကောက်ရိုးတွေ အထပ်လိုက် ခင်းထားပြီး အပေါ်ကနေ စောင်အစုတ်တစ်ထည် ခင်းထားသည်။
လီရှောင်းက အိတ်ကို တင်လိုက်ပြီး ကျန်းရိုကို တွဲတင်ပေးသည်။ အိတ်ကို ညွှန်ပြပြီး ပြောလိုက်သည်။
"ဒါကို မှီလိုက်"
ကျန်းရို လိမ်မာစွာဖြင့် အိတ်ကို မှီထိုင်လိုက်သည်။
လီရှောင်းက ကလေး ကမ်းပေးလိုက်သည်။ ကျန်းရို လှမ်းယူလိုက်တော့ ကလေးစောင် သုံးထည် ထုတ်ပြီး သားအမိနှစ်ယောက်ကို လုံအောင် ပတ်ပေးလိုက်သည်။ "ခဏနေရင် အိမ်ရောက်ပြီ"
"အင်း"
.....
အိမ်ရောက်တော့ ကျန်းရို ကလေးချီပြီး အခန်းထဲ တန်းဝင်လိုက်သည်။ အိမ်ကို လီရှောင်း ရှင်းလင်းထားလို့ သန့်ရှင်းသပ်ရပ်နေသည်။
နှစ်ရက်ပဲ မပြန်ရသေးပေမယ့် အကြာကြီးနေမှ ပြန်ရောက်သလို ခံစားရသည်။
ကလေး အိပ်ပျော်နေပြီဖြစ်၍ ပုခက်ထဲ ထည့်လိုက်သည်။ ဒါ လီရှောင်း ကိုယ်တိုင် လုပ်ထားခြင်းဖြစ်ကာ ဆေးရုံက ကုတင်ထက် ကြီးပြီး အောက်မှာ ဘီးပါတော့ အဆင်ပြေသည်။
ကျန်းရိုလည်း တစ်ရေးအိပ်လိုက်သည်။ မနေ့ညက ကောင်းကောင်း မအိပ်ရဘူးလေ။
အိပ်ပျော်ပြီး သိပ်မကြာခင် ဘေးနားမှာ လူတစ်ယောက် လာလှဲသည်။
......
ည ၇ နာရီလောက်မှ နိုးလာကြတာကြောင့် လီရှောင်းကို ချက်ပြုတ်မနေနဲ့တော့၊ ခေါက်ဆွဲပဲ ပြုတ်စားရအောင်လို့ ပြောလိုက်သည်။
လီရှောင်း မီးဖိုချောင်ဝင်ပြီး ခေါက်ဆွဲပြုတ်သည်။ မနေ့က ကျိုးကျန့်ပေးတဲ့ ငါး မကုန်သေးလို့ ဇလုံထဲ ထည့်မွေးထား၍ ငါးကြင်းဟင်းရည်နဲ့ ခေါက်ဆွဲပြုတ်သည်။ ကျန်းရိုအတွက် အရင် ဆယ်ထားပြီးမှ သူ့အတွက် ဆားတစ်ဇွန်း၊ ငရုတ်သီးနှစ်ဇွန်း ထည့်စားသည်။
ကျန်းရို သွားရည်ကျမှာစိုးလို့ မီးဖိုချောင်ထဲမှာပဲ ခိုးစားသည်။
ဒါပေမဲ့ အခန်းပြန်ရောက်တော့ ကျန်းရို အနံ့ရတာပါပဲ။ ဘာမှ မပြောတော့ဘူး။
ညဘက် ကျန်းရို ရေချိုးပြီး ကလေး နို့တိုက်ဖို့ ကြိုးစားသည်။ အဒေါ်ဝမ် ပြောသလို တစ်နေ့လုံး နှိပ်နယ်ထားတော့ မပိတ်တော့သလို ခံစားရသည်။
ဒါပေမဲ့ လီရှောင်း ရေချိုးပြီး ပြန်လာတဲ့အထိ ကလေးက စို့လို့ မရသေးဘူး။ မျက်နှာလေး ရဲနေပြီ။
အားကုန်သုံးထားရပုံပဲ။
ကျန်းရိုက အားပေးနေသည်။ "အန်းအန်း... ကြိုးစားထား။ နောက်နည်းနည်းဆို ရပြီ"
လီရှောင်း ဆံပင်သုတ်ရင်း ကြည့်လိုက်သည်။ ကလေးက လက်သီးဆုပ်ပြီး တစ်ကိုယ်လုံး တင်းခံနေတာ။
ကျန်းရိုက သူ ဝင်လာတာ မြင်တော့ ဘေးစောင်းပြီး ကွယ်လိုက်သည်။
လီရှောင်း ကြည့်မနေနိုင်တော့ဘဲ သမီးကို သနားလာသည်။ "နို့မှုန့်ပဲ တိုက်လိုက်ပါလား"
ကျန်းရို စိတ်မရှည်။ "ရှင်ပဲ အဖေအရင်း ဖြစ်နေတာကိုး"
သူမရော မသနားဘူးလား။ ကလေးအတွက်ပဲလေ။
နောက်ဆုံးတော့ တကယ် မရတော့ ကလေးက "အူဝဲ" ဆိုပြီး ငိုတော့သည်။
ဒါ ဒုတိယအကြိမ် ငိုတာ။ ပထမအကြိမ်က မွေးကာစတုန်းက။ ဒီနှစ်ရက်အတွင်း ဗိုက်ဆာရင်တောင် ညည်းရုံပဲ ညည်းတာ။ သိပ်လိမ်မာတာ။
ကျန်းရို မျက်နှာမကောင်းတော့။ လီရှောင်းကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
"နို့မှုန့်ပဲ တိုက်လိုက်ရမလား"
လီရှောင်း ရယ်ချင်သွားသည်။ နို့မှုန့် သွားဖျော်ပေးလိုက်သည်။
......
ကလေးကို နို့တိုက် သိပ်လိုက်တော့ ည ၁၀ နာရီ ကျော်နေပြီ။ ကျန်းရိုနဲ့ လီရှောင်း ကုတင်ပေါ် လှဲလိုက်ကြသည်။ နေ့လယ်က အိပ်ထားတော့ ကျန်းရို အိပ်မပျော်။ ကုတင်ပေါ် ဟိုလှည့်ဒီလှည့် လုပ်ပြီးနောက် အပြင်ဘက်က လီရှောင်းဘက် လှည့်လိုက်သည်။ ဆုံးဖြတ်ချက်ချလိုက်သလို သူ့ကို တွန်းပြီး တိုးတိုးလေး ပြောလိုက်သည်။
"ရှင် စုပ်ပေး"
"......"
လီရှောင်း အိပ်ပျော်လုနီးပါး ဖြစ်နေတာ။ ရုတ်တရက် အတွန်းခံရတော့ လန့်သွားကာ စကားကြားတော့ ပိုတောင်ကြောင်သွားသည်။
ထို့နောက် အမူအရာပျက်ယွင်းစွာဖြင့် အတွင်းဘက်ကို ကြည့်လိုက်သည်။ လည်ချောင်းရှင်းပြီး မသိချင်ယောင်ဆောင် မေးလိုက်သည်။
"ဘာပြောတာလဲ"
ကျန်းရို မျက်နှာ ပူထူသွားသည်။ ပြောပြီးမှ နောင်တရမိသည်။ တစ်ကုတင်တည်း အိပ်နေပေမယ့် ဒီထက်ပို ရင်းနှီးတာမျိုး မလုပ်ဖူးဘူးလေ။
"ထားလိုက်ပါတော့"
ရှက်ရှက်နဲ့ တစ်ဖက် လှည့်သွားသည်။
လီရှောင်းက လှမ်းတားလိုက်သည်။ ရုတ်တရက် ပြောလိုက်၏။
"ငါပဲ လုပ်ပေးမယ်။ မနက်ဖြန် နို့မှုန့် ထပ်တိုက်နေရဦးမယ်"
ကျန်းရို - "......"
မကြားဘူး ဆို။
လီရှောင်း အသံမကြားရတော့ မီးထဖွင့်လိုက်သည်။ ပြီးတော့ ဘေးစောင်းပြီး ကျန်းရိုအင်္ကျီကို လှမ်းချွတ်လိုက်သည်။
သူမကို ငုံ့ကြည့်နေသည်။ ချောမောသော မျက်နှာပေါ်တွင် ဘာခံစားချက်မှ မပေါ်ပေမယ့် လှမ်းလာသော လက်က တုန်နေသည်။
ကျန်းရိုလည်း စိတ်လှုပ်ရှားသွားပြီး အင်္ကျီလည်ပင်းကို ဆွဲထားလိုက်သည်။
"မီးပိတ်လိုက်"
လီရှောင်း တုံ့သွားသည်။ ပြီးတော့ လက်လှမ်းပြီး မီးပိတ်လိုက်သည်။
အခန်းထဲ မှောင်မိုက်သွားသည်။ အမှောင်ထဲမှာ အမျိုးသားက တိုးကပ်လာသည်။
ကျန်းရိုကတော့ မီးပိတ်လိုက်တော့မှ ပိုစိတ်လှုပ်ရှားဖို့ ကောင်းမှန်း သိလိုက်ရသည်။
***