အခန်း (၂၂-၂၄)
Vol. 2 Ch. 22-24
အခန်း (၂၂)
နောက်တစ်နေ့မနက်တွင် နှစ်ယောက်လုံး အိပ်ယာထ နောက်ကျသွားသည်။
နိုးလာသောအခါ နှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက် ကြည့်ရမှာ ရှက်နေကြသည်။ ကျန်းရိုက ကလေးကိုပွေ့ပြီး ကျောပေးကာ နို့တိုက်လိုက်သည်။ လီရှောင်းက နှာခေါင်းကို ပွတ်သပ်ပြီး ဈေးဝယ်ထွက်၊ ထမင်းချက်ရန် အပြင်ထွက်သွားသည်။
ဒီနေ့မနက်တော့ အလျင်လိုစရာမရှိတော့။ သူ ဈေးထဲသွားပြီး လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် အသားများ ဝယ်လာသည်။ မနက်စာအတွက် အသားဟင်း နှစ်မယ်၊ အရွက်ဟင်း နှစ်မယ် ချက်သည်။ ဝက်လက်နှင့် ပဲပိစပ်ကိုလည်း အိုးထဲထည့်ပြီး ပေါင်းထားလိုက်သည်။
မနက်စာကို အခန်းထဲ ယူလာပြီး စားကြသည်။ ကျန်းရို ကုတင်ပေါ်မှ ဆင်းလာပြီး နှစ်ယောက်သား စားပွဲဝိုင်းလေးမှာ မျက်နှာချင်းဆိုင် ထိုင်စားကြသည်။ လီရှောင်းက စားနေရင်း ကျန်းရိုပန်းကန်ထဲ ဟင်းတွေ ခဏခဏထည့်ပေးသည်။
ကျန်းရိုလည်း ဘာမှမပြောဘဲ စားလိုက်ရာ နောက်ဆုံးတွင် ဗိုက်ကားသွားတော့သည်။
.......
မနက်ပိုင်းတွင် ကျူးချန် ရောက်လာသည်။
လီရှောင်းတို့ မနေ့က ဆေးရုံက ဆင်းလာပြီလို့ ကြားလို့ လာကြည့်ခြင်းဖြစ်ကာ လက်ထဲမှာ ပစ္စည်းတွေ အများကြီး ပါလာသည်။ ဇီးသီးခြောက်၊ သစ်အယ်သီး၊ သကြားနီနှင့် နို့မှုန့် နှစ်ဘူး။ အကုန်လုံးက ပစ္စည်းကောင်းတွေချည်းပင်။
ကလေးအခြေအနေ မေးကြည့်တော့ ကောင်းတယ်ဆိုလို့ ဝမ်းသာသွားသည်။
စကားပြောနေရင်း သူ မင်္ဂလာဆောင်မယ့်အကြောင်း ပြောပြသည်။
"ရက်ကတော့ နောက်လ ၂၃ ရက် သတ်မှတ်ထားတယ်။ အစကတော့ နှစ်ကုန်မှ လုပ်မလို့ပဲ။ ဒါပေမဲ့ နှစ်ကူးရင် ပစ္စည်းတွေ ဈေးတက်တော့ မကိုက်ဘူးလေ။ အခုလုပ်တာ ပိုကောင်းမယ် ထင်လို့။ စားသောက်ဆိုင်မှာပဲ ကျွေးမွေးမလို့ စိတ်ကူးထားတယ်။ ဦးလေးက စားဖိုမှူးဆိုတော့ သက်သာတာပေါ့"
ပြီးတော့ လီရှောင်းကို ပြုံးပြပြီး ပြောလိုက်သည်။ "ရှောင်းကော... အစ်မရိုကိုပါ ခေါ်လာပြီး များများစားကြနော်"
လီရှောင်း မနေနိုင်ဘဲ မေးလိုက်သည်။
"သေချာ စဉ်းစားပြီးပြီလား"
ကျူးချန် တိတ်ဆိတ်သွားပြီး ခေါင်းကုတ်ကာ ရယ်လိုက်သည်။
"အင်း... ဦးလေးက ကတိပေးထားတယ်။ နောက်နှစ်ကျရင် သူ့ကို ကျန်းနန်အပန်းဖြေစခန်းမှာ အလုပ်သွင်းပေးမယ်တဲ့။ နှစ်နည်းနည်းလောက်လုပ်ရင် မန်နေဂျာ ဖြစ်လာနိုင်တယ်ဆိုလို့ သူ သဘောတူလိုက်တာ"
အပြုံးထဲတွင်တော့ ဝမ်းနည်းမှု အရိပ်အယောင်များ ပါနေသည်။
ကျန်းနန်အပန်းဖြေစခန်းဆိုတာ မြို့နယ်ထဲမှာ အသစ်ဆောက်နေတဲ့ ကြယ်လေးပွင့် ဟိုတယ်ကြီးမှန်း လီရှောင်း သိသည်။ ကြယ်ဘယ်နှပွင့်ဆိုတာ သူ နားမလည်ပေမယ့် ဈေးကြီးမှန်းတော့ သိသည်။ မပြီးသေးခင်ကတည်းက အလုပ်ပြုတ်နေတဲ့ အလုပ်သမားတွေ အလုပ်ဝင်ချင်နေကြတာ။
ဒီကိစ္စနဲ့ပတ်သက်ပြီး လီရှောင်း ဘာပြောရမှန်း မသိ။ သူနဲ့ ကျန်းရိုတောင် မရေမရာ အခြေအနေနဲ့ စခဲ့ကြတာ။ သူများကို ဝေဖန်ဖို့ အခွင့်အရေး မရှိပါဘူး။ ဒါပေမဲ့ ကျူးချန်က ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ညီအစ်ကိုလေ။ လူက မဆိုးပါဘူး။ ငယ်ငယ်တုန်းကဆို အိမ်က စားစရာတွေ ခိုးခိုးကျွေးတာ။
လီရှောင်းအမြင်မှာ ကျူးချန်က ရုပ်ရည် နည်းနည်းလိုတာကလွဲရင် မိဘနှစ်ပါးစလုံး ရှိတယ်။ အစွမ်းထက်တဲ့ ဦးလေးတစ်ယောက် ရှိတယ်။ အရမ်းကောင်းတဲ့ မိန်းမ မရရင်တောင် အရမ်းဆိုးတာတော့ မရသင့်ဘူး။
ဟို မေ့ဇီဆိုတဲ့ မိန်းမကို ဘာတွေ သဘောကျနေလဲ မသိပါဘူး။ ရုပ်ရည်က ကျန်းရိုရဲ့ တစ်ဝက်တောင် မရှိဘူး။ စိတ်သဘောထားကတော့ ပြောမနေနဲ့တော့။
လီရှောင်း သူ့ပခုံးကို ပုတ်လိုက်ပြီး နှစ်သိမ့်လိုက်သည်။
"ဘဝဆိုတာ ကိုယ်တိုင် တည်ဆောက်ယူရတာပဲ။ အားလုံး အဆင်ပြေသွားမှာပါ"
ကျူးချန်က သက်ပြင်းချလိုက်သည်။ နှစ်သိမ့်နေမှန်း သိတာပေါ့။
"ရှောင်းကော... ကျွန်တော်လည်း အသက်ကြီးနေပြီ။ ဝမ်ထောင်ဆို သားတောင် လေးနှစ် ရှိနေပြီ။ ရှောင်းကောလည်း သမီး ရနေပြီ။ ကျိုးကျန့်တောင် မိန်းမရတော့မယ်။ ကျွန်တော် မစောင့်နိုင်တော့ဘူး။ နောက်ထပ်ရှာလည်း ဒီလိုပဲနေမှာ။ ပြီးတော့ သူ့အပေါ်မှာ ပိုက်ဆံတွေ အများကြီး သုံးထားပြီးပြီ"
တကယ်တော့ ဒီရက်ပိုင်း သူ နောင်တရမိသလို ဖြစ်နေသည်။ လမ်းမှား ရွေးလိုက်မိပြီလားလို့ တွေးမိနေသည်။
ဒါပေမဲ့ ပြန်လှည့်လို့ မရတော့ဘူး။
လီရှောင်း ဘာမှမတတ်နိုင်တော့ဘဲ ပခုံးကို ထပ်ပုတ်ပေးလိုက်သည်။
"အရမ်း မတွေးပါနဲ့။ ငါနဲ့ ကျန်းရိုလည်း အစတုန်းက အဆင်ပြေခဲ့တာမှ မဟုတ်တာ"
ဒါကို ကြားတော့မှ ကျူးချန် စိတ်သက်သာရာ ရသွားသည်။
"အင်း"
ရုတ်တရက် တစ်ခုခု သတိရသွားသည်။ "ဒါနဲ့... ကျန်းနန်အပန်းဖြေစခန်းက နှစ်ကုန်ရင် ဖွင့်တော့မယ်တဲ့။ အစ်မရို သွားလုပ်မလား"
လီရှောင်း ချက်ချင်း ငြင်းလိုက်သည်။ "မလုပ်ဘူး။ ကလေးက ငယ်သေးတော့ လူလိုတယ်"
ကျူးချန် နှမြောသွားသည်။ "ဟုတ်သားပဲ။ ဒါပေမဲ့ ဝမ်းမနည်းပါနဲ့။ နောက်ထပ် အခွင့်အရေးတွေ ရှိလာမှာပါ"
လီရှောင်း ခေါင်းညိတ်လိုက်သည်။
...
ပြန်သွားတော့ လီရှောင်း အခန်းထဲ ပြန်ဝင်လာသည်။ နှစ်စက္ကန့်လောက် စဉ်းစားပြီးမှ ကျူးချန် ပြောတာကို ကျန်းရိုကို ပြန်ပြောပြပြီး လုပ်ချင်လား မေးကြည့်သည်။
ကျန်းရို ကုတင်ပေါ်ထိုင်ပြီး စာဖတ်နေတာ။ ကြားတော့ ပြတ်ပြတ်သားသား ငြင်းလိုက်သည်။
"မလုပ်ဘူး။ တက္ကသိုလ် ဆက်တက်ချင်သေးတယ်"
အထက်တန်းပြီးတုန်းက ဟိုတယ်မှာ အလုပ်သင် ဝင်လုပ်ဖူးတယ်။ ပင်ပန်းပြီး အဆူခံရတာပဲ အဖတ်တင်တယ်။
လီရှောင်း စိတ်အေးသွားသည်။ သူလည်း စားပွဲထိုးလုပ်တာထက် တက္ကသိုလ်တက်တာ ပိုကောင်းတယ် ထင်တယ်။ ပိုက်ဆံဆိုတာ ဘယ်အချိန်မဆို ရှာလို့ရတာပဲ။ စားပွဲထိုးလုပ်ရတာ မလွယ်ဘူး။ ဖင်ကိုင်ခံရရင်တောင် ပြန်မဆဲရဲဘူး။
"တက်လေ... ငါ ပိုက်ဆံရှာပြီး ထားပေးမယ်"
ကျန်းရို လှည့်ကြည့်ပြီး မေးလိုက်သည်။ "ရှင်ကရော ဘာလို့ မတက်တာလဲ"
သူ့ဦးနှောက်နဲ့ စာမသင်တာ နှမြောစရာပဲ။ ကျောင်းတုန်းက တော်တဲ့လူတွေ မြင်ဖူးပေမယ့် သူလိုမျိုး စာနှစ်ခေါက် ဖတ်ရုံနဲ့ နားလည်တဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး။
ဒါပေမဲ့ အမျိုးသားက အေးဆေးပဲ ပြန်ဖြေသည်။ "ငါ အကုန် တတ်နေပြီလေ"
သူ့အတွက်တော့ စာသင်တာက ပိုက်ဆံကုန်၊ အချိန်ကုန်ပဲ။
"......"
ဒေါသထွက်စရာ ကောင်းလိုက်တာ။
ဒါပေမဲ့ ကျန်းရိုက ဆက်ပြောသည်။
"နောက်နှစ်နှစ်လောက်နေရင် အိမ်စီးပွားရေးကောင်းလာရင် လူကြီးတက္ကသိုလ်တက်ပြီး ဘွဲ့ယူလိုက်။ တတ်နေပေမယ့် ဘွဲ့လက်မှတ်မရှိရင် နစ်နာတယ်"
လီရှောင်း ခေါင်းညိတ်လိုက်သည်။ ကျန်းရိုက သူ့အတွက် စဉ်းစားပေးမှန်း သိတာပေါ့။
အခန်းထဲ အလင်းရောင်နည်းနေတော့ စာသိပ်မဖတ်ဖို့၊ မျက်လုံး ထိခိုက်မှာစိုးလို့ သတိပေးလိုက်သည်။
ကျန်းရိုလည်း သိပ်မဖတ်ချင်တော့တာနဲ့ စာအုပ်ချပြီး မေးလိုက်သည်။
"စောစောက ခြံထဲမှာ ကျူးချန်နဲ့ ဘာတွေ ပြောနေကြတာလဲ။ သူ ကောင်မလေးနဲ့ ပြတ်သွားပြီလား"
အတင်းမေးတဲ့ ရုပ်လေးနဲ့ပင်။
စောစောက အသံကျယ်ကျယ် ပြောနေကြတာ သူမ ကြားပေမယ့် သိပ်မရှင်းဘူး။ အခု သူ မျက်နှာမကောင်းတာ မြင်တော့ လျှောက်ထင်နေတာ။
လီရှောင်းက သူမ ခိုးနားထောင်မှန်း သိလိုက်သည်။
"မင်းက တကယ် အားနေတာပဲ"
ကျန်းရို မျက်စောင်းထိုးလိုက်သည်။
လီရှောင်း ချက်ချင်း လေသံပြောင်းလိုက်သည်။ "အေးပါ... ငါပဲ အားနေတာပါ"
အမှားဝန်ခံတာ မြန်လိုက်တာ။
သူ နားလည်သွားပြီ။ မိန်းမတွေနဲ့ အတည်ကြီး သွားမငြင်းရဘူး။ မဟုတ်ရင် အဟောင်းတွေ ပြန်ဖော်လာလိမ့်မယ်။
ကျူးချန် မင်္ဂလာဆောင်မယ့်ကိစ္စ ပြောပြလိုက်သည်။ ဒါပေမဲ့ စိတ်ထဲ မသိုးမသန့် ဖြစ်နေတုန်း။ သူက အေးစက်စက်နိုင်ပေမယ့် ငယ်ပေါင်းကြီးဖော်တွေကိုတော့ ခင်တွယ်တတ်တယ်။
ဟို မေ့ဇီ ဆိုတဲ့ မိန်းမကို စိတ်မချဘူး။
ကျန်းရိုက "ချီး" ဆိုပြီး နှာခေါင်းရှုံ့လိုက်သည်။ ဘာများလဲလို့။
သူ စိုးရိမ်လွန်နေတာပါ။ အရင်ဘဝက မှတ်တမ်းတွေထဲမှာ ကျူးချန်အကြောင်း သိပ်မပါဘူး။ တစ်ခုခုဖြစ်ရင် ပါမှာပေါ့။ ဥပမာ - ဆားစ်ရောဂါနဲ့ သေသွားတဲ့ ကျိုးကျန့်လိုမျိုး။
ကျိုးကျန့်ကို တွေးမိတော့ ဒီတစ်ခါ ကံကြမ္မာ ပြောင်းလဲသွားဖို့ မျှော်လင့်မိသည်။
......
နောက်ရက်တွေမှာ ကျန်းရိုက အိမ်မှာပဲ မီးနေသည်။ လီရှောင်းက ညဘက် ဝက်အူချောင်း ပေါင်း၊ နေ့ဘက် ပရိဘောဂလုပ်ပြီး ပိုက်ဆံရှာသည်။
အိမ်ထဲမှာ အသားပေါင်းနံ့ မွှေးနေလို့ ကျန်းရို သွားရည်ကျနေရသည်။
ကလေးကလည်း တစ်နေ့တစ်ခြား ပြောင်းလဲလာသည်။ ကျန်းရို အားဖြည့်ထားလို့ နို့ရည်ပေါများပြီး ကလေးက ဖြူဝင်းလာသည်။ မွေးကာစကလို နီတာရဲ မဟုတ်တော့ဘူး။ ပါးဖောင်းဖောင်းလေး ဖြစ်လာပြီး နှာခေါင်းချွန်တာလည်း ပျောက်သွားပြီ။ မျက်လုံးတွေက ဝိုင်းစက်ပြီး တောက်ပနေသည်။
တစ်ကိုယ်လုံး နို့နံ့လေး သင်းနေသည်။
အဓိကက လိမ်မာတာပဲ။ ကျန်းရို တူလေး ထိန်းတုန်းကဆို မရီးခမျာ အမေရော၊ သူနာပြုရော ဝိုင်းကူတာတောင် ပင်ပန်းလိုက်တာ။ ငိုလိုက်ရင် အိမ်ခေါင်မိုး ပွင့်မတတ်ပဲ။
ဒီကလေးကတော့ ကျေးဇူးဆပ်ဖို့ လာတာကျနေတာပဲ။ မငိုမယိုဘူး။ ည ၁၂ နာရီလောက်မှ နို့ထသောက်ပြီး မိုးလင်းတဲ့အထိ အိပ်တယ်။ မနက် နိုးလာရင်လည်း မဂျီဘူး။ မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ အဖေ ထလာပြီး အနှီးလဲပေး၊ နို့တိုက်ပေးမှာကို စောင့်နေတာ။
ဒီနေ့ည ကျန်းရို အချိန်မှန် နိုးလာသည်။ ကလေး နို့တိုက်ဖို့ ထလိုက်သည်။
သူမနဲ့ လီရှောင်းက တာဝန်ခွဲထားသည်။ ညဘက် သူမ တိုက်မယ်၊ မနက်ဘက် သူ တိုက်မယ်။ ဒါမှ နှစ်ယောက်လုံး အိပ်ရေးဝမှာ။
ကျန်းရို ထလိုက်တော့ လီရှောင်းက သူမဘက် လှည့်အိပ်ပြီး လက်ကို သူမခါးပေါ် တင်လာသည်။
ကျန်းရို လေးလို့ ဖယ်လိုက်သည်။
ရင်ခွင်ထဲက ကလေးက မျက်လုံးဝိုင်းလေးနဲ့ ကြည့်နေသည်။ နို့စို့ရင်း လက်က ကုတ်ဖဲ့နေသေးတယ်။ ကျန်းရိုက လက်ကို ဖယ်လိုက်ပြီး "သေချာ စို့" ဟု ပြောလိုက်သည်။
ကလေးက နားလည်သလိုပဲ သေချာစို့တော့သည်။ မြန်လည်း မြန်လာသည်။
ကျန်းရို ကြည့်ပြီး ပြုံးလိုက်မိသည်။
တစ်ဝက်လောက်ရောက်တော့ အပြင်က တံခါးခေါက်သံ ကြားလိုက်ရသည်။ ပြီးတော့ အဒေါ်ဝမ်ရဲ့ စိုးရိမ်တကြီး အသံကို ကြားလိုက်ရသည်။
"ကျန်းရို... မအိပ်သေးဘူးမလား"
ကျန်းရို ကြောင်သွားပြီး ဘေးက လူကို နှိုးလိုက်သည်။
အမျိုးသားက ချက်ချင်း နိုးလာသည်။ ကျန်းရိုက ပြောလိုက်သည်။
"အပြင်ထွက်ကြည့်ပါဦး။ အဒေါ်ဝမ်ရဲ့အသံပဲ"
လီရှောင်း ငြိမ်နားထောင်လိုက်တော့ ဟုတ်နေသည်။
ချက်ချင်း ထပြီး အဝတ်အစားဝတ်ကာ ထွက်သွားသည်။
ခဏနေတော့ ခြံထဲမှာ စကားပြောသံ ကြားရသည်။ အရေးကြီးကိစ္စ ဖြစ်ပုံရသည်။
ကျန်းရို ကလေးကို ချော့သိပ်ပြီး ပုခက်ထဲထည့်ကာ အပေါ်ထပ်အင်္ကျီ ကောက်ဝတ်ပြီး ထွက်ကြည့်လိုက်သည်။
ခြံဝင်းတံခါးဝမှာ အဒေါ်ဝမ်က မျက်ရည်စက်လက်နဲ့ ပြောနေသည်။
"ဦးလေးဝမ်က ဒီနေ့နေ့လယ်က စားပွဲသွားသောက်မယ်ဆိုပြီး ထွက်သွားတာ ပြန်မလာသေးဘူး။ ပုံမှန်ဆို ကတိတည်တယ်၊ နောက်ကျရင်တောင် လူကြုံပါးတတ်တယ်။ အခုထိ အရိပ်အယောင် မတွေ့တော့ စိတ်ပူလာပြီ။ မျက်ခွံတွေလည်း လှုပ်နေတယ်။ တစ်ခုခုဖြစ်နေပြီလား မသိဘူး"
ပြီးတော့ လီရှောင်းလက်မောင်းကို ဆွဲပြီး အသနားခံသည်။
"ရှောင်လီ... အဒေါ်နဲ့အတူ လိုက်ရှာပေးပါလား။ ဘယ်သူ့ကို အားကိုးရမှန်း မသိတော့လို့ပါ"
သူမ ဘာလုပ်ရမှန်း မသိတော့ဘူး။ စိတ်လေးနေလို့သာ လာနှောင့်ယှက်ရတာ။ သူမက အသက်ကြီးပြီ၊ မျက်စိမှုန်တယ်၊ အားမရှိတော့ဘူး။ တစ်ယောက်တည်း သွားရှာဖို့ မဖြစ်နိုင်ဘူး။
လီရှောင်း မျက်မှောင်ကြုတ်ပြီး နားထောင်ပြီးနောက် ချက်ချင်း ပြောလိုက်သည်။
"မပူပါနဲ့။ ကျွန်တော် ကျိုးကျန့်နဲ့ ဆိုင်ကယ်စီးပြီး လိုက်ရှာပေးမယ်။ အဒေါ် အိမ်ပြန်ပြီး သတင်းစောင့်နေ"
"ဒါပေမဲ့..." အဒေါ်ဝမ် တွန့်ဆုတ်နေသည်။
လီရှောင်းက ဦးလေးဝမ် ဘယ်ရွာသွားတာလဲ မေးလိုက်သည်။
"ချွန်းယန်ရွာ... မုစွမ်းမြို့နယ် အောက်ကလေ။ သွားတတ်လား။ အဒေါ် လိုက်ခဲ့ရမလား"
လီရှောင်း ခေါင်းညိတ်လိုက်သည်။
"သိတယ်။ ငယ်ငယ်က သွားဆော့ဖူးတယ်။ အဝတ်အစား သွားလဲလိုက်ဦးမယ်။ ချက်ချင်း သွားပေးမယ်"
ပြောပြီးတာနဲ့ အိမ်ထဲ ဝင်သွားသည်။ အနွေးထည်နဲ့ ဖိနပ် လဲဝတ်သည်။ ကျန်းရိုက ခေါင်းစည်းပဝါနဲ့ ပိုက်ဆံအချို့ ထုတ်ပေးသည်။ ညဘက်ဆို အေးတယ်လေ။
လီရှောင်း ပဝါပတ်ပြီး မှာလိုက်သည်။
"တစ်ယောက်တည်း နေခဲ့ရမှာ။ တံခါး သေချာပိတ်"
ကျန်းရို ခေါင်းညိတ်လိုက်သည်။ "ရှင်လည်း ဂရုစိုက်နော်"
"အင်း"
လီရှောင်း ထွက်သွားသည်။
အဒေါ်ဝမ် မပြန်သေးဘူး။ လီရှောင်း ထွက်သွားတာကို ငေးကြည့်နေသည်။ ကျန်းရို ရောက်လာတော့ ညည်းတွားလိုက်သည်။
"ငါက မသွားပါနဲ့ ပြောတာကို နားမထောင်ဘူး။ ဘာကိစ္စ သွားရတာလဲ။ ဝမ်းကွဲညီအစ်ကို သားမင်္ဂလာဆောင်ကို ဘာသွားလုပ်မှာလဲ။ ငယ်ငယ်က သူတို့လင်မယား နှိပ်စက်တာ ခံခဲ့ရတာ နည်းတာ မဟုတ်ဘူး။ ငါ့သမီးကိုတောင် ပါးစပ်ကွဲအောင် ရိုက်ဖူးတာ။ အခုတော့ ဒုက္ခရောက်ပြီ ထင်တယ်"
ကျန်းရိုက သူမ စိတ်ပူလွန်းလို့ လျှောက်ပြောနေမှန်း သိလိုက်သည်။
"အဒေါ် လျှောက်မတွေးပါနဲ့။ ဦးလေးက မူးပြီး သူများအိမ်မှာ အိပ်ပျော်သွားတာ ဖြစ်မှာပါ"
အဒေါ်ဝမ်က မဲ့ပြုံး ပြုံးလိုက်သည်။ ဒါပေမဲ့ စိတ်မချ။ သူ့ယောကျ်ားက အိုးနဲ့တိုက်တောင် မမူးတဲ့လူ။ ဘယ်လိုလုပ် သူများအိမ်မှာ အိပ်ပျော်သွားမှာလဲ။
ဒါပေမဲ့ ကျန်းရိုကို ပြောလိုက်သည်။
"သမီးလည်း တံခါးပိတ်ပြီး အိပ်တော့။ ဒီည အဒေါ် အားကိုးစရာမရှိလို့ လီရှောင်းကို ဒုက္ခပေးလိုက်ရတာ။ သမီး ပင်ပန်းနေဦးမယ်"
ကျန်းရို ခေါင်းခါလိုက်သည်။ "အိမ်နီးချင်းတွေပဲ။ ဘာအားနာစရာရှိလဲ။ အဒေါ်လည်း စောစော နားတော့"
"အေးပါ"
အဒေါ်ဝမ် စိတ်နဲ့ကိုယ် မကပ်ဘဲ ပြန်သွားသည်။
ကျန်းရို တံခါးပိတ်ပြီး အခန်းထဲ ပြန်ဝင်လာသည်။ ပုခက်ထဲက ကလေးကို ကြည့်လိုက်တော့ အိပ်ကောင်းနေတုန်း။ ပြုံးလိုက်ပြီး သူမလည်း ဝင်အိပ်လိုက်သည်။
....
မနက် မိုးလင်းမှ နိုးလာခဲ့သည်။ အိမ်ထဲ တိတ်ဆိတ်နေမှ လီရှောင်း မနေ့ညက ထွက်သွားတာ သတိရလိုက်ကာ ကလေးကို သွားကြည့်လိုက်သည်။
ကလေးက နိုးနေတာ ကြာပြီ။ မျက်လုံး ဝိုင်းဝိုင်းလေးနဲ့ မျက်နှာကြက်ကို ကြည့်နေသည်။ သူမ ရောက်လာတာမြင်တော့ ခြေထောက်လေးကန်ပြီး ပျော်နေသည်။
ကျန်းရို ကလေးချီပြီး နို့တိုက်လိုက်သည်။ နို့တိုက်ပြီး ချလိုက်တုန်း တံခါးခေါက်သံ ကြားလိုက်ရသည်။ လီရှောင်း ထင်ပြီး သွားဖွင့်လိုက်တော့ အဒေါ်ဝမ် ဖြစ်နေသည်။
အဒေါ်ဝမ် မျက်နှာ နွမ်းနယ်နေသည်။ အတင်း ပြုံးပြီး ပြောလိုက်သည်။
"မနက်စာ မစားရသေးလောက်ဘူး ထင်လို့ ယူလာတာ"
ကျန်းရို ဘာပြောရမှန်း မသိ။ လီရှောင်း တစ်ညလုံး ပြန်မလာတော့ တကယ် ဒုက္ခရောက်နေပြီ ထင်တယ်။
အဒေါ်ဝမ်က ကျန်းရို နားချိန်ကို မနှောင့်ယှက်ချင်လို့ ပစ္စည်းပေးပြီး ပြန်သွားသည်။
ကျန်းရို မနက်စာစားပြီး ကလေးချီကာ အိမ်ထဲ လမ်းလျှောက်နေသည်။ လီရှောင်းရော အန္တရာယ်ရှိမလား ဆိုပြီး စိတ်ကလည်းပူနေသည်။
ကလေးနဲ့ ဆော့ပေးပြီး ကလေးအိပ်သွားတော့ တံမြက်စည်းလှည်းသည်။ အခန်းထဲက ထွက်လာတော့ ခြံထဲမှာ လှုပ်ရှားသံ ကြားလိုက်ရသည်။ ထူးဆန်းနေတုန်း ရေဆေးကန်ဘက် လျှောက်သွားတဲ့ ပုံရိပ်တစ်ခု တွေ့လိုက်ရသည်။
တံခါးပေါက်နား ဖြတ်သွားတုန်း ကျန်းရို မြင်လိုက်ရသည်။ နေ့ခင်းမို့ အိမ်တံခါးမကြီး မပိတ်ထားဘူး။ ခြံဝင်းတံခါးပဲ ပိတ်ထားတာ။
သွေးတွေနဲ့ ဖြစ်နေတာ မြင်တော့ လန့်ပြီး တံမြက်စည်း လွတ်ကျသွားသည်။
အမျိုးသားက အသံကြားတော့ လှည့်ကြည့်သည်။ ကျန်းရို တံခါးဝမှာ ရပ်နေတာ တွေ့တော့ ကြောင်သွားသည်။
ကျန်းရို အိပ်နေမယ်ထင်လို့ တံခါးမခေါက်ဘဲ ခြံစည်းရိုး ကျော်ဝင်လာတာ။
အဒေါ်ဝမ် လန့်သွားမှာ စိုးလို့။
အခုတော့ အဒေါ်ဝမ် မလန့်ဘဲ ကျန်းရို လန့်သွားပြီ။
သူ အမြန် ရှင်းပြလိုက်သည်။
"ငါ့သွေး မဟုတ်ဘူး။ ရေချိုးပြီးမှ ဘေးအိမ် သွားမလို့"
ရေမချိုးခင် မျက်နှာနဲ့လက်က သွေးစွန်းတာတွေကို ဆေးရဦးမယ်။ ရေချိုးခန်းထဲ သွေးနံ့ မကျန်အောင်လို့ တခါတည်း သန့်ရှင်းရေးပါလုပ်ရမယ်။
ကျန်းရို သူ ဘာမှမဖြစ်မှန်းသိတော့ စိတ်အေးသွားသည်။ ဒါပေမဲ့ မျက်မှောင်ကြုတ်လိုက်မိသည်။ လီရှောင်းသွေး မဟုတ်ရင် ဦးလေးဝမ် သွေး ဖြစ်မှာပေါ့။
မတွေးရဲတော့ဘဲ လီရှောင်းအတွက် အဝတ်အစား သွားယူပေးလိုက်သည်။ ရေချိုးခန်းတံခါး ခေါက်ပြီး "အဝတ်အစား ယူလိုက်ဦး" ဟု ပြောလိုက်သည်။
တံခါးဟသွားပြီး လက်ကြီးတစ်ဖက် ထွက်လာသည်။
အဝတ်အစား လှမ်းယူပြီး တံခါး ပြန်ပိတ်လိုက်သည်။ ကျစ်လျစ်တဲ့ ရင်အုပ်ကြီးကို တစ်ချက် မြင်လိုက်ရသည်။
....
လီရှောင်း ရေမြန်မြန်ချိုးသည်။ ၁၀ မိနစ်လောက်နဲ့ ပြီးသွားသည်။ သူမ ဆပ်ပြာ သုံးထားပုံရသည်။ မွှေးနေတာပဲ၊ ပုံမှန်ဆို သူက ကန့်ဆပ်ပြာပဲ သုံးတာ။ ဈေးပေါလို့။ ဒါပေမဲ့ အနံ့မကောင်းဘူး။
ဆံပင်သုတ်ရင်း ထွက်လာသည်။ ဆံပင် နည်းနည်းရှည်လာတော့ ကြာကြာ သုတ်ရသည်။
ကျန်းရိုက သူ့နှုတ်ခမ်း ဖြူဖျော့နေပြီး မျက်လုံးထဲမှာ အနီရောင်အစင်းတွေ ပေါ်နေတာ မြင်တော့ ရေတစ်ခွက် ခပ်ပေးလိုက်သည်။
"ဘယ်လိုလဲ။ ဦးလေးဝမ် အဆင်ပြေရဲ့လား"
လီရှောင်း ရေငတ်နေတာနဲ့ မော့သောက်လိုက်သည်။
"မသိဘူး။ တော်တော် ဆိုးပုံရတယ်"
ဆံပင် ခြောက်သွားတော့ တဘက်ကို ဝါးလုံးတန်းပေါ် လှမ်းတင်လိုက်သည်။
"မနက်စာ စားပြီးပြီလား"
"အင်း... အဒေါ်ဝမ် လာပို့သွားတယ်"
"အင်း... ငါ ဘေးအိမ် သွားလိုက်ဦးမယ်"
ပြောရင်း ထွက်သွားသည်။
အဒေါ်ဝမ်က လာမလို့ ပြင်နေခြင်းပင်။ ဘေးအိမ်က စကားသံကြားလို့ စိတ်ပူနေလေသည်။
တံခါးဖွင့်လိုက်တာနဲ့ လီရှောင်း ရောက်လာသည်။
လီရှောင်းက စကားအများကြီး မပြောဘဲ မနေ့ညက အဖြစ်အပျက်ကို အတိုချုံး ပြောပြလိုက်သည်။ အဒေါ်ဝမ်၏မျက်နှာ ဖြူဖျော့သွားတော့ ဆက်ပြောလိုက်သည်။
"အဒေါ် အိမ်ပြန်ပြီး ပစ္စည်းတွေ ပြင်ထားလိုက်။ အဝတ်အစား၊ ဇလုံ၊ တဘက်၊ ပြီးတော့ ခွဲစိတ်စရိတ်။ ခဏနေ ကျွန်တော် လာခေါ်ပြီး ဆေးရုံ လိုက်ပို့ပေးမယ်"
အဒေါ်ဝမ် အားကိုးရာရသွားသလို ခံစားလိုက်ရသည်။ မျက်လုံးတွေရဲလာပြီး လီရှောင်းလက်ကို ဆွဲကာ ကျေးဇူးတင်စကား ပြောရှာသည်။
"ကျေးဇူးပါပဲကွယ်... တကယ် ကျေးဇူးတင်ပါတယ်။ မင်းသာ မရှိရင် ဦးလေး မရှိတော့ဘူး။ အဒေါ် တကယ်..."
ပြောရင်း ငိုချလိုက်သည်။ တကယ် ကြောက်သွားတာ။
လီရှောင်း ခေါင်းခါလိုက်သည်။
"ကူညီသင့်တာပါ။ အဒေါ်လည်း ကျွန်တော်တို့ကို ကူညီခဲ့တာပဲ။ ပြင်ဆင်ထားလိုက်ဦး။ ကျွန်တော် ကျန်းရိုကို သွားကြည့်လိုက်ဦးမယ်"
"အေး... အေး"
အဒေါ်ဝမ် အမြန် ခေါင်းညိတ်ပြီး အိမ်ထဲ ပြေးဝင်သွားသည်။
လီရှောင်း မျက်နှာကို ပွတ်သပ်ပြီး အိမ်ပြန်လာခဲ့သည်။
အိမ်ထဲ ဝင်လိုက်တာနဲ့ မီးဖိုချောင်က အမွှေးနံ့ ရလိုက်သည်။ ခြေလှမ်းတုံ့သွားပြီး မီးဖိုချောင်ထဲ ဝင်ကြည့်လိုက်တော့ ခေါက်ဆွဲပြုတ်နေတဲ့ ကျန်းရိုကို တွေ့လိုက်ရသည်။
"မီးနေသည်လေ... ဘာလို့ ထလုပ်နေတာလဲ"
ကျန်းရို ပြုံးပြလိုက်သည်။
"ရှင် မစားရသေးဘူး ထင်လို့ ပြုတ်လိုက်တာ။ လာစား"
မီးနေသည်ဆိုပေမယ့် လှုပ်လို့မရတာမှ မဟုတ်တာ။ ပစ္စည်းတွေက အသင့်ရှိပြီးသား။
မနေ့ညက ခေါက်ဆွဲစားတုန်းက လီရှောင်းက ပိုနယ်ထားတာ။ လှီးထည့်လိုက်ရုံပဲ။
ဘေးက အိုးထဲမှာ ဝက်အူချောင်း ပေါင်းနေတုန်း။ အဒေါ်ဝမ် စိတ်ပူနေလို့ သတိရမှာ မဟုတ်ဘူး။ ကိုယ့်ဘာသာပဲ စားလိုက်ရတော့မယ်။
လီရှောင်း ရင်ထဲ နွေးထွေးသွားသည်။ တစ်ညလုံး ပင်ပန်းပြီး ရေမသောက် ထမင်းမစားရသေးတာကို ကျန်းရိုပဲ သတိထားမိတာ။
တကယ်လည်း ဗိုက်ဆာနေတာကြောင့် ခေါက်ဆွဲအကုန် ဆယ်ထည့်လိုက်သည်။ ကြက်ဥ နှစ်လုံးလည်း ပါတယ်။ ဝက်အူချောင်းတစ်တုံး လှီးထည့်လိုက်သည်။ ကြက်သွန်မြိတ် ဖြူးလိုက်သည်။
ငရုတ်သီးနှစ်ဇွန်းထည့်ပြီး အားရပါးရ စားလိုက်သည်။
ကျန်းရိုက ဖြည်းဖြည်းစားဖို့ ပြောရင်း မနေ့ညကအကြောင်း မေးသည်။
လီရှောင်း အကုန်ပြောပြလိုက်သည်။ သူနဲ့ ကျိုးကျန့် ဆိုင်ကယ်ငှားပြီး ရွာကို သွားကြည့်ကြတယ်။ ဆွေမျိုးတွေက ပြောတော့ ညနေ ၅ နာရီလောက်ကတည်းက ပြန်သွားပြီတဲ့။
ဦးလေးဝမ်က ခြေထောက်သန်တော့ ည ၇၊ ၈ နာရီလောက်ဆို အိမ်ရောက်သင့်ပြီ။
အစတုန်းက မယုံပေမယ့် အိမ်နီးချင်းတွေ မေးကြည့်တော့ ဟုတ်တယ်တဲ့။ မနက်ဖြန် ဝက်သတ်စရာရှိလို့ စောစောပြန်တာ၊ မိန်းမကြောက်လို့ပြန်တာ ဘာညာနဲ့ စနောက်နေကြသေးတယ်တဲ့။
သေချာပြီဆိုမှ ပြန်လာခဲ့ကြတာ။ ကျိုးကျန့်ကို မောင်းခိုင်းပြီး သူက ဓာတ်မီးနဲ့ လမ်းဘေး လိုက်ကြည့်တာ။ အဲဒီမှာ ထူးခြားတာ တွေ့လိုက်ရတယ်။
လမ်းဘေး မြက်ခင်းတွေ ဖိခံထားရသလို၊ မြေကြီးတွေ ပွတ်တိုက်ခံထားရသလို ဖြစ်နေတာ။
ပတ်ဝန်းကျင်က ပြောင်ချောနေပေမယ့် အဲဒီနေရာမှာ ဖုန်တွေ ထနေတယ်။
ဆင်းကြည့်တော့ သွေးစက်တွေ တွေ့တယ်။
နှစ်ယောက်သား သတ္တိကောင်းကောင်းနဲ့ လိုက်ရှာတော့ မြစ်ကမ်းနားမှာ သွေးအလိမ်းလိမ်းနဲ့ လူတစ်ယောက် တွေ့လိုက်ရတယ်။
ကျိုးကျန့်က ကြောက်ပြီး မကပ်ရဲဘူး။ လီရှောင်းပဲ သွားကြည့်တာ။ အသက်ရှူနေသေးတာ သေချာမှ ကျိုးကျန့်ကိုခေါ်ပြီး ထမ်းခေါ်လာတာ။ မြို့နယ်ဆေးရုံရောက်တော့ လက်မခံဘူး။ ဒဏ်ရာပြင်းထန်လွန်းလို့ မြို့ကြီးဆေးရုံ သွားခိုင်းတယ်။
သူ ပြန်လာချိန်မှာ ဦးလေးဝမ် ခွဲစိတ်ခန်း ဝင်နေပြီ။ ကျိုးကျန့်ကို စောင့်ခိုင်းခဲ့ပြီး သူက အဒေါ်ဝမ်ကို လာခေါ်တာပင်။
သွေးတွေ ပေနေလို့ ရေအရင်ချိုးပြီးမှ သွားပြောမလို့ပြင်ထားခြင်းဖြစ်သည်။
ကျန်းရို ကြောက်လန့်တကြား နားထောင်နေသည်။ "လူသတ်မလို့လား"
လီရှောင်း ခေါင်းခါလိုက်သည်။ "မဟုတ်လောက်ဘူး။ ဦးလေးဝမ်က ရန်ငြိုးမရှိပါဘူး။ ကားတိုက်ခံရတာ နေမယ်။ ကားသမားက လူသေပြီထင်ပြီး မြစ်နား ပစ်ထားခဲ့တာဖြစ်မယ်"
ဘီးရာတွေ တွေ့ခဲ့တယ်လေ။
ကျန်းရို မျက်မှောင်ကြုတ်လိုက်သည်။
ဒီခေတ်မှာ သတင်းအချက်အလက် မစုံလင်တော့ လူရှာဖို့ ခက်မှာပဲ။
ခဏနေတော့ အဒေါ်ဝမ် အိတ်ကြီးတစ်လုံး လွယ်ပြီး ရောက်လာသည်။
လီရှောင်း နှစ်လုပ်လောက် စားပြီး ပန်းကန်မဆေးတော့ဘဲ ထလိုက်သည်။
"နေ့လယ်ကျရင် ထမင်းပြန်လာချက်မယ်။ မင်း မလုပ်နဲ့။ ဗိုက်ဆာရင် နို့မှုန့် ဖျော်သောက်လိုက်"
ကျန်းရိုက မျက်လုံးတွေနီရဲပြီး မုတ်ဆိတ်ရိတ်မထားတဲ့ သူ့ကို ကြည့်ပြီး သနားသွားသည်။ "ဆိုင်ကယ် ဂရုစိုက်မောင်းနော်"
လီရှောင်း လှည့်ကြည့်ပြီး ထွက်သွားသည်။
အဒေါ်ဝမ်ကို ဆိုင်ကယ်ပေါ်တင်ပြီး မြို့ကြီးဆေးရုံကို ခေါ်သွားသည်။
...
ဆေးရုံရောက်တော့ ကျိုးကျန့်ကို တွေ့သည်။ ကျိုးကျန့်က ပြေးလာပြီး ပြောသည်။
"အဆင်ပြေတယ်။ ဆရာဝန်က အသက်ကယ်လိုက်နိုင်ပြီတဲ့။ အချိန်မီ ရောက်လာလို့။ နောက်ကျရင် မရတော့ဘူးတဲ့"
အဒေါ်ဝမ် သက်ပြင်းချလိုက်ပြီး ငိုတော့သည်။ "ကျေးဇူးတင်ပါတယ်... တကယ် ကျေးဇူးတင်ပါတယ်"
ကျေးဇူးတင်စကားကလွဲရင် ဘာပြောရမှန်း မသိတော့။ ဘုရားသခင် မစတာပဲ။
လီရှောင်း ဖြတ်ပြောလိုက်သည်။ "အခန်းထဲ သွားကြည့်ရအောင်"
"အေး... အေး"
အဒေါ်ဝမ် ခေါင်းညိတ်လိုက်သည်။
ကျိုးကျန့်က အခန်းနံပါတ် ပြောပြတော့ လီရှောင်းက ၅ ယွမ် ထုတ်ပေးပြီး မုန့်သွားဝယ်ခိုင်းလိုက်သည်။ ပြီးတော့ အဒေါ်ဝမ်ကို ခေါ်သွားသည်။
အဒေါ်ဝမ်က အားတင်းထားတာ လျော့သွားတော့ ယိုင်သွားသည်။
လီရှောင်း တွဲလိုက်ပြီး အိတ်ကို ကူသယ်ပေးသည်။ "သွားစို့"
အဒေါ်ဝမ် မျက်ရည်သုတ်လိုက်သည်။
ဒီကလေးက ကျန်းရို ပြောသလိုပဲ။ အပြင်ပန်း အေးစက်ပေမယ့် စိတ်ထားကောင်းတယ်။
အခန်းရောက်တော့ ပတ်တီးအဖွေးသားနဲ့ ယောကျ်ားကိုမြင်ပြီး အဒေါ်ဝမ် ငိုလိုက်သည်။
လီရှောင်း အပြင်ထွက်ပြီး သူနာပြုနဲ့ စကားပြောသည်။ ပိုက်ဆံလိုသေးတယ်ဆိုလို့ အဒေါ်ဝမ်ကို ပြန်လာပြောသည်။
အဒေါ်ဝမ်က ဒါတွေ နားမလည်ဘူး။ ဆေးရုံတောင် တစ်ခါမှ မတက်ဖူးတာ။
ဒါပေမဲ့ လီရှောင်းကို ယုံကြည်ပြီး ပိုက်ဆံထုတ်ပေးလိုက်သည်။ မနက်က စိုက်ထားတာ ဘယ်လောက်လဲ မေးလိုက်သေးသည်။
လီရှောင်းက အလကား လူကောင်း မလုပ်ချင်ဘူး။ သူတို့လည်း ဆင်းရဲတာကိုး။ အမှန်အတိုင်း ပြောပြလိုက်သည်။
အောက်ဆင်းပြီး ပိုက်ဆံသွင်း၊ ဆရာဝန်ကို အခြေအနေ မေး၊ ထမင်းဝယ်ရမယ့်နေရာ စုံစမ်းပေးသည်။
အခန်းပြန်ရောက်တော့ သေချာ မှာကြားသည်။ ရေနွေး နှစ်ပုလင်း ခပ်ပေးသည်။
"အဒေါ် စောင့်နေလိုက်ဦး။ နေ့လယ်စာကို သူနာပြုကို မှာခဲ့လိုက်ပြီ။ ညစာကို ကိုယ့်ဘာသာ ဝယ်စား။ အပေါက်ဝကနေ ဘယ်ဘက်ချိုးရင် ဆိုင်တွေ အများကြီးရှိတယ်။ ရေနွေးခန်းက စင်္ကြံလမ်းအဆုံးမှာ။ စောင်တစ်ထည် လာပို့လိမ့်မယ်။ ညကျရင် အလယ်ကုတင်မှာ အိပ်လိုက်။ မနက်ဖြန် မနက်မှ ကျွန်တော် လာခဲ့မယ်"
အလယ်ကုတင်က လွတ်နေကာ ပထမကုတင်မှာ အဘွားအိုတစ်ယောက်ရှိပေမယ့် လူနာစောင့် မရှိဘူး။
အဒေါ်ဝမ် ခေါင်းညိတ်လိုက်သည်။ "အေး... မှတ်ထားပါ့မယ်။ မင်း လမ်းမှာ ဂရုစိုက်။ ပိုက်ဆံ လောက်ရဲ့လား"
ပိုက်ဆံ ထုတ်ပေးမလို့ လုပ်နေသည်။
လီရှောင်း မယူဘဲ လက်ပြပြီး ထွက်သွားသည်။
လူသွားတော့မှ အဒေါ်ဝမ် ငိုပြန်သည်။ ပထမကုတင်က အဘွားအိုက "သားက သိပ်လိမ်မာတာပဲ။ အကုန် စီစဉ်ပေးသွားတယ်" ဟု ပြောလိုက်သည်။
ဘာလို့ ငိုနေမှန်း မသိဘူး။ သူ့မှာသာ ဒီလိုသားမျိုးရှိရင် ပျော်လွန်းလို့ သေမှာ။
အဒေါ်ဝမ် ရယ်ချင်သွားပေမယ့် မငြင်းလိုက်ပါဘူး။
လီရှောင်း လုပ်ပေးတာတွေက သားအရင်းထက်တောင် ပိုကောင်းနေသေးတယ်။
အရင်တုန်းက လီရှောင်းကို အထင်သေးခဲ့ဖူးတယ်။ အခုတော့ သမီးက အဝေးရောက်နေလို့ အားကိုးမရပေမယ့် လီရှောင်းနဲ့ ကျန်းရိုကသာ တကယ် ကူညီပေးနိုင်တာ။
ဒီနေ့ လီရှောင်းသာမရှိရင် သူမ ဘယ်လိုလုပ်မလဲ။
လီရှောင်းက ကျိုးကျန့်ကို တင်ပြီး ပြန်လာသည်။ နှစ်ယောက်လုံး မအိပ်ရသေးလို့ ပင်ပန်းနေကြသည်။
ကျိုးကျန့်ကို အိမ်ပြန်ပို့ပြီးနောက် ဈေးဝင်ဝယ်ကာ အိမ်ပြန်လာခဲ့သည်။
.....
အိမ်မှာ ကျန်းရို ကလေးချီပြီး ချော့နေသည်။ ပုံမှန်ဆို ဒီအချိန် လီရှောင်း ထိန်းနေကျ။ ကလေးက မှတ်မိနေလို့လား မသိ။ မအိပ်ဘဲ မျက်လုံး ဝိုင်းဝိုင်းလေးနဲ့ လိုက်ရှာနေသည်။
ကျန်းရိုက "ဉာဏ်များလိုက်တာ" ဟု ပြောလိုက်သည်။
စကားဆုံးတာနဲ့ ဆိုင်ကယ်သံ ကြားလိုက်ရပြီး လူတစ်ယောက်ဝင်လာသည်။
ကျန်းရို ပြတင်းပေါက်က လှမ်းမြင်လိုက်ရပြီး ကလေးချီကာ ထွက်လာသည်။
နေ့လယ်စာကို ရိုးရိုးရှင်းရှင်းပဲ ချက်လိုက်သည်။
စားပြီးတာနဲ့ လီရှောင်း ရေချိုးပြီး အိပ်လိုက်သည်။ ကျန်းရိုက ကလေးချီပြီး ဘေးမှာ ဝင်လှဲသည်။ သားအဖနှစ်ယောက် စိတ်ချင်းဆက်နေသလား မသိ။ ကလေးက ချက်ချင်း အိပ်ပျော်သွားသည်။
ညနေ ၆ နာရီလောက်မှ လီရှောင်း နိုးလာသည်။
နိုးနိုးချင်း ကြောင်နေသေးကာ ပါးကို နူးညံ့တဲ့အရာတစ်ခု လာထိမှ သတိဝင်လာပြီး ဘေးကို လှည့်ကြည့်လိုက်သည်။
ကလေးမျက်နှာလေးနဲ့ တိုးမိသည်။ မျက်လုံး ဝိုင်းဝိုင်းလေးနဲ့ ကြည့်နေသည်။
အနောက်မှာ ကျန်းရို ရှိသည်။ သမီးကို ရှေ့တိုးပေးပြီး မေးလိုက်သည်။
"ဘာတွေ တွေးနေတာလဲ။ ရှင် မရှိတော့ သမီးက နေ့လယ်တုန်းက မအိပ်ဘဲ ရှာနေတာ"
လီရှောင်း ရယ်လိုက်မိသည်။ ကလေးကို ပွေ့ချီလိုက်သည်။ ရင်ထဲ နွေးထွေးသွားသည်။
သူ ဘာမှမတွေးပါဘူး။ မနေ့ညက လူကယ်လိုက်ရလို့ ပင်ပန်းပေမယ့် ပျော်နေမိတာပါ။ အဒေါ်ဝမ်က သူ့ကို ကိုယ့်လူလို သဘောထားပြီး လာအားကိုးတာကိုး။
အရင်တုန်းကဆို ဒါမျိုး ဖြစ်လာမှာ မဟုတ်ဘူးလေ။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၂၃)
နောက်တစ်နေ့ မနက်ပိုင်းတွင် လီရှောင်း ထမင်းချက်ပြီးတာနဲ့ မြို့ပေါ်ဆေးရုံကို ဆိုင်ကယ်စီးပြီး သွားလိုက်သည်။
ပြန်ရောက်တော့ မနက် ၁၁ နာရီခွဲလောက် ရှိပြီ။ ကျန်းရို မေးကြည့်တော့ လူက သတိမရသေးဘူးတဲ့။ အရိုးတွေ အများကြီး ကျိုးသွားတယ်။ အထူးသဖြင့် ညာဘက်လက်က ပိုဆိုးတော့ နောက်ဆို ဝက်သတ်လို့ရပါဦးမလား မသိဘူး။
ကျန်းရို မျက်မှောင်ကြုတ်လိုက်သည်။ "အသက်ရှင်နေတာပဲ တော်ပါပြီလေ"
လီရှောင်း ဘာမှ မပြောပေ။
ဦးလေးဝမ် ထိခိုက်သွားတော့ နှစ်အိမ်ပေါင်းပြီး စီးပွားလုပ်မယ့်ကိစ္စ ပျက်သွားပြီ။ လီရှောင်း ခန့်မှန်းရသလောက်ဆိုရင် ဦးလေးဝမ် အနည်းဆုံး တစ်လကျော်လောက် ဆေးရုံတက်ရလိမ့်မယ်။ ဝမ်မိသားစုအတွက် တစ်လလောက် ဝင်ငွေမရှိတာ ကိစ္စမရှိပေမယ့် သူတို့မိသားစုအတွက်တော့ မလွယ်ဘူး။ ပြီးတော့ နှစ်ကူးဖို့က နှစ်လလောက်ပဲ လိုတော့တာ။
....
စဉ်းစားပြီးနောက် လီရှောင်း နောက်တစ်ရက် နေ့လယ်မှာ အပြင်ထွက်လိုက်သည်။
သူ ဈေးဘက်ကို တန်းသွားသည်။ ကျိုးကျန့်က ဈေးနောက်ကျော လမ်းဘေးမှာ ဈေးရောင်းလေ့ရှိသည်။ လီရှောင်းက မနက်တိုင်း ဈေးဝယ်ထွက်နေကျဆိုတော့ သိနေတာ။ တစ်ခါတစ်လေတောင် တွေ့ဖူးသေးတယ်။
ဒါပေမဲ့ နောက်ကျောဘက် လမ်းဘေးဈေးသည်တွေက နေရာဖိုး ပေးစရာ မလိုတော့ နေရာမမြဲကြဘူး။ လီရှောင်း ဒီနေ့ အကြာကြီး ရှာမှ ထောင့်တစ်နေရာမှာ ကျိုးကျန့်ကို တွေ့လိုက်ရသည်။
ကြည့်ရတာ ဒီနေ့ နေရာကောင်း မရလိုက်ဘူး ထင်တယ်။
လီရှောင်း အနားရောက်သွားတော့ ကျိုးကျန့်က အဒေါ်ကြီးတစ်ယောက်နဲ့ ရယ်ရယ်မောမော စကားပြောရင်း ငါးကြင်းကြီးတစ်ကောင်ကို သွက်လက်စွာ သန့်စင်ပေးနေတာ တွေ့လိုက်ရသည်။
"အဒေါ် စိတ်ချပါ... ကျွန်တော့်ငါးတွေက လတ်ဆတ်တယ်။ မနေ့ညကမှ နယ်က မြစ်ထဲက ဖမ်းလာတာ။ စားကောင်းစေရမယ်။ ဟူး... ကျွန်တော် ပြောတာ မဟုတ်ပါဘူး။ အခုခေတ်လူတွေက ပျင်းလာကြတယ်။ တချို့ငါးသည်တွေက အစာကျွေးပြီးမွေးထားတဲ့ ငါးတွေ ရောင်းကြတာ။ အဲဒီငါးတွေက ဘယ်စားကောင်းမလဲ။ ညှီလည်း ညှီ၊ အီလည်း အီတယ်..."
လီရှောင်း လာတာ မြင်တော့ လက်ကို ပိုသွက်လိုက်သည်။ ငါးပါးဟက်နဲ့ သည်းခြေအိတ်ကို တစ်ခါတည်း ဆွဲထုတ်လိုက်ပြီး ကောက်ရိုးနဲ့ ချည်ကာ အဒေါ်ကြီးလက်ထဲ ထည့်ပေးလိုက်သည်။
"အစ်မကြီး... စားကောင်းရင် နောက်တစ်ခါ လာဝယ်ဦးနော်"
အစ်မကြီးလို့ အခေါ်ခံလိုက်ရတဲ့ အဒေါ်ကြီးက ကျေနပ်သွားပြီး ပြုံးလိုက်သည်။
"အေးပါ... နောက်တစ်ခါ နေရာကောင်းကောင်း ရအောင် ယူနော်"
"စိတ်ချပါ... အစ်မကြီးအတွက် စောစောလာပြီး နေရာဦးထားလိုက်မယ်"
အဒေါ်ကြီးက ပြုံးပျော်ပြီး ထွက်သွားသည်။
လီရှောင်း ဘေးကနေ ကြည့်ပြီး ဘာပြောရမှန်း မသိတော့။
လူသွားတော့ ကျိုးကျန့်က ဘေးက ရေပုံးထဲမှာ လက်ဆေးပြီး ဝမ်းသာအားရ ပြောသည်။
"ရှောင်းကော... ဘယ်လိုလုပ် ရောက်လာတာလဲ"
ပြီးတော့ ဆက်မေးသည်။ "ငါးလိုချင်လို့လား။ ပုံးထဲမှာ ငါးကြင်း နှစ်ကောင် ကျန်သေးတယ်။ ယူသွားပြီး အစ်မရိုကို ချက်ကျွေးလိုက်လေ"
လီရှောင်းက ငါးဆိုင်ကို ကြည့်ပြီး ငြင်းလိုက်သည်။
"မယူတော့ဘူး။ အိမ်မှာ အရှင်နှစ်ကောင် ကျန်သေးတယ်။ မင်းပေးထားတာတွေ မကုန်သေးဘူး။ ငါ မင်းကို ပြောစရာရှိလို့ လာတာ"
ပုံးထဲမှာ ငါးနည်းနည်းပဲ ကျန်တော့တာ မြင်တော့ ပြောလိုက်သည်။
"မင်း ရောင်းစရာရှိတာ ဆက်ရောင်းလိုက်ဦး။ ကုန်ရင် ထမင်းသွားစားကြမယ်"
သူက နေ့လယ်စာ ချက်ပြီး ထွက်လာတာ။ ကိုယ်တိုင် မစားရသေးဘူး။ နေ့လယ်ရောက်တော့မှာဆိုတော့ ကျိုးကျန့်နဲ့ အတူတူ စားလိုက်တော့မယ်။
ကျိုးကျန့်က သဘောကျသွားသည်။ အစ်မရို ဗိုက်ကြီးကတည်းက အစ်ကိုကြီးက သူ့ကို လာမရှာတော့တာ ကြာပြီ။
"ရတယ်... ခဏစောင့်နော် ရှောင်းကော။ ဒါတွေက ရောင်းထွက်တာ မြန်ပါတယ်"
"အင်း... ငါ ဟိုနားမှာ ဟင်းခတ်အမွှေးအကြိုင် သွားဝယ်လိုက်ဦးမယ်"
လီရှောင်းက မလှမ်းမကမ်းက ဆိုင်ကိုသွားပြီး လိုချင်တာတွေ ရွေးဝယ်လိုက်သည်။ ဝယ်ပြီးတော့ အမျိုးသမီး ခေါင်းစည်းကြိုး ရောင်းတဲ့ဆိုင်ကို လှမ်းမြင်လိုက်လို့ ဝင်ကြည့်လိုက်သေးသည်။
.....
ပြန်ရောက်တော့ ကျိုးကျန့်ဆိုင်မှာ ရင်းနှီးတဲ့ လူတစ်ယောက် ရောက်နေသည်။
အနားရောက်တော့ ဝမ်ထောင်ရဲ့ အသံကို ကြားလိုက်ရသည်။
"ဒီငါးလေး မဆိုးဘူး။ ထုတ်ပြပါလား"
ကျိုးကျန့်က မလှုပ်ပေ။ မျက်လုံးလှန်ကြည့်ပြီး မယဉ်မကျေး မေးလိုက်သည်။
"ပိုက်ဆံပါလား"
ဝမ်ထောင်က အမြန်ဖြေသည်။ "ပါတယ်။ ဒီနေ့ ပိုက်ဆံ ယူလာတယ်"
ကျိုးကျန့်က နှာခေါင်းရှုံ့လိုက်ပြီး ဝမ်ထောင် ရွေးထားတဲ့ ငါးကို ချိန်ပေးလိုက်သည်။ ငါးက ခုန်ဆွခုန်ဆွဖြစ်နေတော့ ဝမ်ထောင်က ပြောလိုက်သည်။
"ဒီလိုချိန်ရင် ဘယ်မှန်မလဲ။ သတ်ပြီးမှ ချိန်လေ"
ကျိုးကျန့် မျက်နှာ ပျက်သွားသည်။ ချိန်ခွင်ရော ငါးပါ မြေကြီးပေါ် ပစ်ချလိုက်ပြီး ဒေါသတကြီး မေးလိုက်သည်။
"ငါးသတ်ပြီးရင် ပိုက်ဆံမလောက်ဘူး ပြောဦးမယ် မဟုတ်လား"
"တောက်... ဝမ်ထောင်... မင်း ဒါ ဘယ်နှစ်ခါရှိပြီလဲ။ မင်းလို လုပ်နေရင် ငါ ဘယ်လို ဈေးရောင်းစားရမလဲ"
ဝမ်ထောင် မျက်နှာပျက်သွားသည်။ "ဒါ... ဒါက အိမ်မှာက ဆင်းရဲနေလို့ပါ။ ဒါဆို ငါးအသေးလေးနဲ့ လဲလိုက်လေ"
ကျိုးကျန့် မလှုပ်တော့ပေ။
ဝမ်ထောင် နေရခက်နေသည်။ အတင်းပြုံးပြနေပေမယ့် မသွားသေးပေ။
လီရှောင်းကပဲ ဝင်ဖြေရှင်းပေးလိုက်ရသည်။
"ဒီတစ်ကောင်ပဲ ထားလိုက်။ ငါ ရှင်းပေးမယ်"
ဝမ်ထောင် အခုမှ သူ့နောက်မှာ လီရှောင်း ရောက်နေမှန်း သိလိုက်ကာ တောင့်သွားလေသည်။
"အစ်ကိုကြီး"
လီရှောင်း ခေါင်းညိတ်ပြပြီး ဘာမှ မပြောတာကြောင့် ဝမ်ထောင် ခေါင်းငုံ့သွားလေသည်။
ကျိုးကျန့် စိတ်ကို လျှော့ပြီး လီရှောင်းမျက်နှာကိုထောက်ကာ ငါးကို သတ်ပေးလိုက်သည်။ ဒါပေမဲ့ မျက်နှာကတော့ တင်းမာနေတုန်းပဲ။
ငါးကမ်းပေးရင်း စကားတစ်လုံးပဲ ပြောလိုက်သည်။
"သွား"
ဝမ်ထောင် ငါးယူပြီး ပြေးတော့သည်။
သူ့ပုံစံကို ကြည့်ပြီး ကျိုးကျန့် ဆဲလိုက်သည်။ "သူ့မိန်းမက တကယ် ရွံစရာကောင်းတာပဲ"
လီရှောင်းလည်း ဝမ်ထောင့်ကျောပြင်ကို ကြည့်လိုက်သည်။ ဒီလူက သူသိတဲ့ "ဝမ်ထောင်" နဲ့ လုံးဝ တခြားစီဖြစ်နေသလို ခံစားလိုက်ရသည်။
ခဏတိတ်ဆိတ်သွားပြီးနောက် အကြည့်လွှဲလိုက်သည်။ အိတ်ကပ်ထဲက ပိုက်ဆံတစ်ရွက် ထုတ်ပြီး ကျိုးကျန့်ကို ပစ်ပေးလိုက်သည်။
"ကျန်တဲ့ ငါးတွေ ငါ ယူမယ်။ သွား... ထမင်းသွားစားရအောင်"
"မယူပါနဲ့။ ရှောင်းကောကို ပေးတာပါ။ အစ်မရို စားဖို့ဆိုရင် ကျွန်တော် အလကား ပေးရလည်း ကျေနပ်တယ်။ ဟို ဝမ်ထောင်မိန်းမက အစ်မရိုနဲ့ ယှဉ်လို့တောင် မရဘူး။ သူတို့ကို ပေးမယ့်အစား လွှင့်ပစ်လိုက်တာကမှ ကောင်းဦးမယ်"
လီရှောင်း ပြုံးလိုက်သည်။ ကျန်းရိုက ဘာလို့ လူချစ်လူခင်များရတာလဲ မသိဘူး။ အိမ်နီးနားချင်းတွေရော၊ ကျိုးကျန့်ပါ သူ့ကို သဘောကျကြတယ်။
စဉ်းစားကြည့်ရင် သူက ညီအစ်ကိုတွေထဲမှာ အခြေအနေအဆိုးဆုံးဖြစ်ပေမယ့် မိန်းမရတာတော့ အကောင်းဆုံးပဲ။
လမ်းမှာ ကျိုးကျန့်က ပွစိပွစိ ပြောလာသည်။ ဝမ်ထောင်က လူပြောင်းသွားပြီတဲ့။ ပြီးခဲ့တဲ့ တစ်ခေါက် ဝမ်ထောင်အိမ်ရှေ့ ဖြတ်သွားတုန်း သူ့မိန်းမ ဆဲနေတာ ကြားလိုက်ရတယ်တဲ့။ ကျူးချန်အိမ်က ဖျက်သိမ်းခံရလို့ လျော်ကြေးငွေ အများကြီး ရနိုင်တယ်။ သူတို့အိမ်ကတော့ ဘာမှမရဘူး ဆိုပြီး ဝမ်ထောင့်ကို အသုံးမကျဘူးလို့ ဆဲနေတာတဲ့။
"ရှောင်းကော... စဉ်းစားကြည့်ပါဦး။ ရူးနေတာလား မသိဘူး။ သူများ ကောင်းစားတာ ကိုယ်နဲ့ ဘာဆိုင်လို့လဲ။ မနာလိုရင် ကိုယ်တိုင်ရှာပါလား"
လီရှောင်း ဘာမှမပြောပေ။ စိတ်ထဲမှာတော့ ကျန်းရိုက ပိုကောင်းတယ်လို့ တွေးမိသည်။ သူမဆိုရင် ဒီလိုစကားမျိုး ပြောမှာ မဟုတ်ဘူး။
နှစ်ယောက်သား အနီးနားက စားသောက်ဆိုင် ဝင်ထိုင်ကြသည်။ လီရှောင်းက မြို့ပေါ်မှာ ဝက်အူချောင်းသွားရောင်းမယ့် အစီအစဉ်ကို ပြောပြလိုက်သည်။
ဦးလေးဝမ်က ခဏတဖြုတ် ဒဏ်ရာရတာဆိုပေမယ့် နောက်ပိုင်း ဘာဖြစ်မယ် မသိသေးဘူး။ မြို့နယ်မှာ ရောင်းရင် မကောင်းဘူး။ ပြီးတော့ မြို့ပေါ်မှာ လူများတော့ ပိုရောင်းရမှာ။
ကျိုးကျန့်က လီရှောင်းကို ရာနှုန်းပြည့် ယုံကြည်သူမို့ ကြားတာနဲ့ သဘောတူလိုက်သည်။
"ကောင်းပြီ... ရှောင်းကောသဘောပဲ"
လီရှောင်း ခေါင်းညိတ်လိုက်သည်။
"မင်း ဒီနေ့ သုံးဘီးဆိုင်ကယ်တစ်စီး သွားငှားလိုက်။ ငါ့အိမ်ကို တန်းမောင်းလာခဲ့။ ဒီရက်ပိုင်း ပြင်ဆင်စရာရှိတာ ပြင်ဆင်ရမယ်။ မနက်ဖြန်ကျရင် မြို့နယ်က ဝက်မွေးမြူရေးခြံကို သွားပြီး ကုန်ကြမ်း ရအောင် ယူကြမယ်။
အကြီးကြီး မလုပ်သေးဘူး။ နည်းနည်း စမ်းကြည့်ဦးမယ်။ အဆင်ပြေမှ ဆက်တိုးချဲ့မယ်"
ကျိုးကျန့် - "ဟုတ်ကဲ့... ခဏနေရင် ကျွန်တော် သွားငှားလိုက်မယ်"
သူက အစ်ကိုကြီးနဲ့ တွဲလုပ်ရတာ သဘောကျတယ်။ ပြီးခဲ့တဲ့ တစ်ခေါက် ကုန်သည်လုပ်တုန်းကလည်း အများကြီး ရလိုက်တာ။ အိမ်က အကြွေးတွေတောင် ကျေသွားတယ်။
နှစ်ယောက်သား စားရင်းသောက်ရင်း အသေးစိတ် ဆွေးနွေးကြသည်။
....
နောက်ရက်တွေမှာ လီရှောင်းက ပရိဘောဂ အော်ဒါအချို့ကို ငြင်းလိုက်သည်။ လက်ကျန် အော်ဒါတွေကို အမြန်ဖြတ်ပြီး ရတဲ့ပိုက်ဆံ တစ်ဝက်ကို ကျန်းရိုပေး၊ ကျန်တစ်ဝက်ကို အရင်းအနှီး ထည့်လိုက်သည်။
ကျန်းရိုက သူ့ကို ကြည့်ပြီး နေ့တိုင်း အပြင်ထွက်နေတာ၊ ဒယ်အိုးကြီးတစ်လုံး ဝယ်လာတာ၊ မီးဖိုချောင်က စားပွဲနေရာမှာ မီးဖိုသစ်တစ်ခု လုပ်တာတွေကို တွေ့နေရသည်။ ခေါက်သိမ်းလို့ရတဲ့ စားပွဲတစ်လုံးနဲ့ စဉ့်နှီတုံး၊ ဓား ထည့်စရာ သေတ္တာတစ်လုံးပါ လုပ်လိုက်သေးသည်။
မေးကြည့်တော့ လီရှောင်းက မလိမ်ဘဲ ပြောပြသည်။ ကျိုးကျန့်နဲ့အတူ မြို့ပေါ်မှာ ဝက်အူချောင်း သွားရောင်းမလို့တဲ့။
ကျန်းရိုက အကြံပေးလိုက်သည်။ ကြက်ခြေထောက်ပေါင်း၊ ဝက်နားရွက်၊ ဝက်လျှာ စတာတွေပါ ရောရောင်းဖို့ပေါ့။
လီရှောင်း နားထောင်ပြီး မှတ်သားထားလိုက်သည်။ ကျိုးကျန့်နဲ့ ကုန်သွားယူတဲ့အခါ ပိုဝယ်လာခဲ့သည်။
သူနဲ့ ကျိုးကျန့်က အလုပ်ကြိုးစားသူတွေ ဖြစ်သည်။ ရက်အနည်းငယ်အတွင်း အကောင်အထည် ဖော်နိုင်ခဲ့သည်။ ကျန်းရိုက မီးတွင်းထဲမှာမို့ လီရှောင်းက ညဘက် အိမ်မှာပေါင်းသည်။ နေ့ခင်းဘက် ကျိုးကျန့်က မြို့ပေါ်တက်ရောင်းသည်။
ကျိုးကျန့်ကောင်မလေးလည်း လက်ရှိအလုပ်ကို ခဏနားပြီး လိုက်ကူညီပေးသည်။
လီရှောင်း တွေးထားသလိုပါပဲ။ မြို့ပေါ်မှာ ဝယ်သူ ပိုများသည်။ ကျိုးကျန့်က ဈေးရှေ့မှာ နေရာလွတ်တစ်ခုရှာပြီး ရောင်းတာတောင် လာဝယ်သူများလွန်းလို့ တစ်မနက်တည်းနဲ့ ကုန်သွားသည်။
ညနေ ပြန်ရောက်ပြီး တွက်ကြည့်တော့ အရင်းနှုတ်ပြီး တစ်ယောက် ၁၀၀ နီးပါး ရသည်။ ဒါက ပထမဆုံးနေ့ပဲ ရှိသေးတာ။
လီရှောင်းနဲ့ ကျိုးကျန့် အားတက်သွားကြသည်။ ပိုလုပ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။
ကျန်းရို နိုဝင်ဘာ ၂၂ ရက်နေ့မှာ မီးတွင်းက ထွက်သည်။ သူမက ကျန်းမာရေး သိပ်မကောင်းလို့ ရက်နည်းနည်း ပိုနေလိုက်တာ။ မီးတွင်းထွက်တဲ့နေ့မှာ ခေါင်းလျှော် ရေချိုးလိုက်သည်။ ရေချိုးခန်းထဲက ထွက်လာတော့ ပေါင်ချိန်နည်းနည်း ကျသွားသလို ခံစားလိုက်ရသည်။
ကိုယ့်ဘာသာ ချိုးပြီးတာနဲ့ မကျေနပ်သေးဘဲ ကလေးကိုပါ ချိုးပေးချင်လာသည်။ ရာသီဥတု အေးလာပြီမို့ ကလေး ငယ်လွန်းသေးလို့ ရေမချိုးပေးရဲဘဲ ရေပတ်ဝတ်ပဲ တိုက်ပေးနေရတာ။
ဒီတစ်ခါ ကလေးရေချိုးပေးဖို့ လီရှောင်းက အပြင်ထွက်ပြီး ပလတ်စတစ် လိုက်ကာ ဝယ်လာသည်။ ဒီပစ္စည်းကို ကျန်းရို မမြင်ဖူးဘူး။ ဒီခေတ်ရဲ့ ထူးခြားချက် ဖြစ်မယ်။ ရှေးခေတ် ဥရောပက မင်းသမီး ကုတင် လိုက်ကာလိုမျိုး အပေါ်ကကျဉ်းပြီး အောက်က ကားနေတာ။ အရှည်ကြီး။ မျက်နှာကြက်ကနေ ကြမ်းပြင်ထိ ထိတယ်။
ဒါက ပလတ်စတစ်နဲ့ လုပ်ထားတာ။ ဒီဘက်ကလူတွေ ဆောင်းတွင်း ရေချိုးရင် ဒါကို ချိတ်ပြီး ချိုးကြတယ်။ အထဲမှာဆို မအေးတော့ဘူးတဲ့။
အခု အိမ်တွေမှာ ရေချိုးခန်းတပ်ဆင်သူနည်းပါးလို့ လီရှောင်း အရင်ကပြုပြင်တုန်းက အပူပေးစက်ရှိမှန်း မသိခဲ့ဘူး။
လီရှောင်းက ကြိုးတစ်ချောင်းနဲ့ ထိပ်ကို ချည်လိုက်သည်။ ပြီးတော့ ရေချိုးခန်း မျက်နှာကြက်မှာ သံရိုက်ပြီး ကြိုးတစ်ဖက်ကို ချည်လိုက်သည်။
ပြီးတော့ သမီးအတွက် လုပ်ပေးထားတဲ့ ရေချိုးကန်လေးထုတ်ပြီး ရေနွေးထည့်လိုက်သည်။
နှစ်ယောက်သား ပလတ်စတစ်တဲထဲ ဝင်သွားကြသည်။ ကျန်းရိုက ကလေးပွေ့ထားသည်။ လီရှောင်းက ရေအပူချိန် စမ်းနေသည်။ သူက ဆောင့်ကြောင့်ထိုင်နေသည်။ ဘေးက ခုံပုလေးပေါ်မှာ တဘက်နဲ့ အဝတ်အစားတွေ တင်ထားသည်။
သူတို့နှစ်ယောက်လုံး ကလေးရေချိုးပေးတာ မကျွမ်းကျင်ကြဘူး။ ကျန်းရိုက ကလေးကိုယ်ကို ထိန်းပေးထားသည်။ မျက်နှာချင်းဆိုင်က လီရှောင်းကို ခေါင်းလျှော်ခိုင်းသည်။ သူက ဆပ်ပြာက ကလေးအသားကို ထိခိုက်မှာစိုးလို့ လက်ကို အရင်စိုအောင် လုပ်၊ ဆပ်ပြာကို ကိုင်ကြည့်၊ အမြှုပ်ထွက်အောင် ပွတ်ပြီးမှ ကလေးခေါင်းကို ဖွဖွလေး ပွတ်ပေးသည်။ လုပ်ပုံက နည်းနည်း အူကြောင်ကြောင်နိုင်ပေမယ့် လက်ကတော့ ပေါ့ပါးသည်။
ကလေးခေါင်းပေါ်မှာ အမြှုပ်တွေပြည့်သွားမှ တဘက်ကိုရေစွတ်ပြီး အကြိမ်ကြိမ် ပြောင်အောင် သုတ်ပေးသည်။
ကျန်းရိုက ကလေးငိုမှာ စိုးရိမ်နေတာ။ သူမ တူလေးတုန်းကဆို ခေါင်းလျှော်ရင် နှိပ်စက်ခံရသလိုပဲ အော်ငိုတာ။
ဒါပေမဲ့ အံ့ဩစရာ ကောင်းတာက ဒီကောင်မလေး မငိုတဲ့အပြင် မျက်လုံးလေး မှေးစင်းပြီး ဇိမ်ခံနေသေးတယ်။
ခေါင်းလျှော်ပြီးတော့ လီရှောင်းက ဇလုံထဲက ရေတွေ သွန်လိုက်သည်။ ရေပန်းနဲ့ ဇလုံကို ဆေးပြီး ရေနွေးသစ် ထပ်ထည့်သည်။
ဇလုံထဲမှာ ချောမွတ်တဲ့ သစ်သားပြား တစ်ချပ် ခံလိုက်သည်။ အပေါ်က တဘက်အုပ်လိုက်သည်။ ကျန်းရိုက ကလေးအဝတ်အစား ချွတ်ပြီး အပေါ်မှာ ဖြည်းဖြည်းချင်း တင်ပေးလိုက်သည်။ လီရှောင်းက ရေပန်းနဲ့ ဗိုက်ကလေး၊ ခြေထောက်လေးတွေကို လောင်းပေးသည်။ ရေအပူချိန်က အနေတော်ပဲ။
ကောင်မလေးက အမေ့ရင်ခွင်ထဲက ထွက်လိုက်ရတော့ မှေးနေတဲ့ မျက်လုံးတွေ ပြူးလာပြီး ကိုယ်လေး တွန့်လိမ်လာသည်။ ကျန်းရိုက လီရှောင်းကို ထိန်းခိုင်းပြီး ကိုယ်တိုင် တိုက်ပေးသည်။
လီရှောင်းလက်မှာ အသားမာတွေရှိတော့ ကလေးအသား နာမှာ စိုးလို့လေ။
ကျန်းရိုက ဆပ်ပြာကိုင်ပြီး လီရှောင်းလိုပဲ လက်ပေါ်မှာ အမြှုပ်ထအောင် ပွတ်သည်။ ပြီးမှ ကလေး လည်ပင်းကနေ စပြီး ဖွဖွလေး ပွတ်တိုက်ပေးသည်။
"ကြည့်စမ်း... သမီးလေး ဘယ်လောက် ဇိမ်ရှိလဲ။ ဖေဖေနဲ့ မေမေ နှစ်ယောက်လုံး ဝိုင်းပြုစုပေးနေရတာ"
လီရှောင်းက ကလေး အေးမှာစိုးလို့ ရေနွေးနဲ့ ခဏခဏ လောင်းပေးနေသည်။
ကောင်မလေးက တကယ် ဇိမ်တွေ့နေပုံရသည်။ မလှုပ်တော့ဘဲ လက်ကလေး ဝှေ့ယမ်းပြီး "အာ... အာ" နဲ့ အော်နေသည်။ ကျန်းရိုကို ပြန်ပြောနေသလိုပဲ။
ရေမချိုးရတာ ကြာလို့လား မသိ။ ကျန်းရိုက ကလေး လက်မောင်းလေးကို ပွတ်လိုက်တော့ ဂျီးတွေ လိပ်ထွက်လာသည်။ လီရှောင်း ရယ်လိုက်မိသည်။
"ဘာလို့ ဒီလောက် ရှည်နေရတာလဲ"
ကျန်းရိုလည်း ရယ်လိုက်သည်။
"လုံးပြီး ရှင် ညစာစားဖို့ ပေးလိုက်မယ်"
လီရှောင်း မျက်ခုံးပင့်လိုက်သည်။
"လုပ်လေ... ငရုတ်သီးဆီချက် တစ်ဇွန်းလောက် ထည့်ပေး"
ကျန်းရို ရယ်လိုက်မိသည်။
သူ့ကို မနိုင်ဘူး။ ပြောလေ ရွံစရာ ကောင်းလေ ဖြစ်နေပြီ။
....
နောက်တစ်နေ့မှာ လီရှောင်းနဲ့ ကျိုးကျန့် အလုပ်နားပြီး ကျူးချန်၏မင်္ဂလာဆောင် သွားကြသည်။
ကျိုးကျန့်က မနက်စောစော လီရှောင်းဆီ ရောက်လာပြီး ပိုက်ဆံ ဘယ်လောက်ထည့်ရမလဲ မေးသည်။
အရင်တုန်းကဆို လီရှောင်းက လက်ဖွာသည်။ ဒါပေမဲ့ ဒီရက်ပိုင်း အိမ်စရိတ်ကြီးနေသည်။ ကျန်းရိုက နို့တိုက်နေရတော့ အစားကောင်းစားရသည်။ အနပ်တိုင်း အသား၊ အရွက် စုံအောင် စားရသည်။
အန်းအန်း မွေးပြီးကတည်းက သူ ဆေးလိပ်တစ်လိပ်မှ မသောက်ရသေးပေ။ တကယ် သောက်ချင်လာရင် ကျန်းရို ဝယ်ထားတဲ့ မုန့်ပဲ စားလိုက်ရတာ။
ပြီးတော့ ကလေးက ကြီးထွားတာ မြန်တော့ ကျန်းရိုက နောက်နှစ်အတွက် အဝတ်အစားတွေ၊ ဖိနပ်တွေ စုနေပြီ။
လီရှောင်းက တံခါးကပ် စာရွက်အနီကို ဆုတ်ပြီး ပိုက်ဆံ ၃၀ ထည့်လိုက်သည်။
ကျိုးကျန့်လည်း ၃၀ လိုက်ထည့်သည်။ သူ့မှာ ၁၀၀ ပါလာပေမယ့် မထည့်ဖြစ်တော့။
အစ်ကိုကြီးမှာ ကလေး ရှိသလို သူ့မှာလည်း အိမ်စရိတ်တွေရှိတာပဲ။ ပြီးတော့ သူလည်း မင်္ဂလာဆောင်တော့မှာဆိုတော့ ချွေတာရမယ်လေ။
ကျန်းရိုက ကျိုးကျန့်ကို မနက်စာ ဝင်စားခိုင်းပေမယ့် ကျိုးကျန့်က အိမ်က စားလာပြီဆိုပြီး ငြင်းလိုက်သည်။
ကျန်းရိုလည်း အတင်းမခေါ်တော့ပေ။ လီရှောင်းနဲ့အတူ စားပွဲမှာ ဝင်ထိုင်လိုက်သည်။ ဘေးနားက ပုခက်ထဲမှာ ကောင်မလေးက မျက်လုံးဝိုင်းဝိုင်းလေးနဲ့ ခေါင်းပေါ်က လေတိုက်ခေါင်းလောင်းလေးကို ကြည့်နေသည်။
ဒါ လီရှောင်း လုပ်ပေးထားတာ။ သိပ်မမြည်ပေမယ့် သစ်သားနဲ့ တိရိစ္ဆာန်ရုပ်လေးတွေ လုပ်ပြီး ချိတ်ထားတာ။ ၅ တန်း၊ ၆ တန်းလောက် ရှိမယ်။ အောက်မှာ ခေါင်းလောင်းလေးတွေ ပါတယ်။ လက်နဲ့ တို့လိုက်ရင် လှုပ်ပြီး အသံမြည်တယ်။
ကောင်မလေးက သဘောကျတယ်။ တစ်နေကုန် ကြည့်နေနိုင်တယ်။
ကျန်းရိုက ထမင်းစားရင်း လက်နဲ့ လှမ်းတို့ပေးလိုက်ရင် ကောင်မလေးက မျက်လုံးလေး ကလည်ကလည်နဲ့ လိုက်ကြည့်တယ်။ သိပ်လိမ်မာတာပဲ။
ကျိုးကျန့်က ကြည့်ပြီး အသည်းယားနေသည်။ ပုခက်ဘေးမှာ မှီပြီး ပြုံးဖြီးဖြီးနဲ့ ကြည့်နေသည်။ ဆေးရုံမှာတုန်းကတော့ မျောက်စုတ်လေး။ အခုတော့ လုံးဝ ပြောင်းလဲသွားပြီ။ အသားဖြူဖြူ၊ ပါးဖောင်းဖောင်း၊ မျက်လုံးဝိုင်းဝိုင်းနဲ့ မျက်တောင်ကော့ကော့လေး။
ဆံပင်လေးတွေ ရှည်လာပြီ။ နှဖူးပေါ်မှာ ရောင်စုံကလစ်လေးတွေ တပ်ထားသေးတယ်။
ကြည့်ရင်းနဲ့ အရည်ပျော်သွားမတတ်ပဲ။
သားယောကျ်ားလေးဆိုတာ သိပ်မကောင်းပါဘူးလို့ တွေးမိလိုက်သည်။ ဝမ်ထောင်သားကို ကြည့်လေ။ မည်းမည်းတုတ်တုတ်နဲ့ ဝက်ပေါက်စကျနေတာပဲ။ သူ့အစ်ကိုကြီး သမီးလို နတ်သမီးလေးနဲ့ ဘယ်တူမလဲ။
လီရှောင်းကို မော့ကြည့်ပြီး မနာလိုစွာ ပြောလိုက်သည်။
"ရှောင်းကော... နောက်ကျရင် ကျွန်တော် သားမွေးရင် ခမည်းခမက် တော်ကြမယ်"
သူ့မှာ မွေးစားသားရှိပေမယ့် အဲဒီကလေးက အန်းအန်းနဲ့ မတန်ဘူးလို့ ထင်တယ်။ ကိုယ်တိုင်ပဲ မွေးလိုက်တော့မယ်။ သူက ရုပ်မဆိုးပါဘူး။ သားမွေးလာရင် ကြည့်ပျော်ရှုပျော် ရှိလောက်ပါတယ်။
လီရှောင်း ခေါင်းမမော့ဘဲ ပြောလိုက်သည်။
"သွားစမ်း"
ကျိုးကျန့် စိတ်မဆိုးပါဘူး။ ပုခက်ထဲက ကလေးကို ရယ်ပြလိုက်သည်။
"အန်းအန်း... အန်းအန်း... ဦးလေးကို မှတ်မိလား။ ဦးလေးက သမီးရဲ့ ခေါင်းကိုင်အဖေလေ"
ခမည်းခမက်ကနေ ခေါင်းကိုင်အဖေ ဖြစ်သွားပြန်ပြီ။
ကျန်းရို ရယ်ချင်သွားသည်။
"ဒီအပတ် စနေ၊ တနင်္ဂနွေ အားလား။ ရှင့်ကောင်မလေးကို ခေါ်ပြီး ထမင်းလာစားလေ"
ကျိုးကျန့် မော့ကြည့်လိုက်သည်။ ဒီလောက်ကြာနေပြီမို့ အစ်မရို မေ့နေပြီ ထင်ထားတာ။ စိတ်ထဲ မှတ်ထားတုန်းပဲ။
ရယ်ကျဲကျဲနဲ့ ပြောလိုက်သည်။ "ဒါဆို ဒုက္ခပေးရတော့မယ် အစ်မရို"
ကျန်းရို မျက်စောင်းထိုးလိုက်သည်။ "ဘာတွေ အားနာနေတာလဲ"
....
မနက်စာ စားပြီးတာနဲ့ လီရှောင်းနဲ့ ကျိုးကျန့် ထွက်သွားကြသည်။ မင်္ဂလာဆောင်က အလုပ်ရှုပ်တယ်။ သူတို့က ကျူးချန်ရဲ့ညီအစ်ကိုတွေဆိုတော့ စောစောသွား ကူညီရမှာပေါ့။
ကျန်းရိုကတော့ မလိုက်တော့ဘူး။ ကလေးက ငယ်သေးတော့ လူများတဲ့နေရာ မသွားချင်ဘူး။
လူတွေသွားတော့ ကျန်းရိုက ကလေးချီပြီး ခြံထဲမှာ နေပူစာလှုံရင်း ပုံပြင်ပြောပြနေသည်။ နားလည်လား၊ မလည်လား မသိဘူး။ အိပ်ပျော်သွားတော့ အိမ်ထဲပြန်ခေါ်သွားပြီး ပုခက်ထဲ ထည့်ကာ စာထိုင်ဖတ်နေလိုက်သည်။
နေ့လယ်ကျတော့ ဖက်ထုပ် လုပ်စားသည်။ ကလေးကို ဂျုံနယ်ထားတဲ့ အလုံးလေး ပေးကစားတာ ပါးစပ်ထဲ ကောက်ထည့်လိုက်လို့ လန့်ပြီး ပြန်ထုတ်လိုက်ရသည်။
"အငမ်းမရနဲ့။ နင့်အဖေနဲ့ တူလိုက်တာ"
လီရှောင်း သူမ မုန့်တွေ ခိုးစားတာ သူမ မသိဘူး မထင်နဲ့။
ညနေ ၄ နာရီခွဲလောက်မှာ ကျန်းရို ညစာချက်သည်။ လီရှောင်း သန်းခေါင်လောက်မှ ပြန်လာမယ်ထင်လို့ ဟင်းသိပ်မချက်ဘူး။ အသားဟင်းတစ်မယ်၊ အရွက်ဟင်းတစ်မယ်နဲ့ ကြက်ဥပေါင်း တစ်ပွဲပဲ လုပ်ထားသည်။
မထင်မှတ်ဘဲ ထမင်းစားပြီးခါစမှာ အပြင်က စကားပြောသံ ကြားလိုက်ရသည်။
ကလေးချီပြီး ထွက်ကြည့်လိုက်တော့ လီရှောင်းနဲ့ ကျိုးကျန့် မျက်နှာမကောင်းဘဲ ဝင်လာတာ တွေ့လိုက်ရသည်။
ကြောင်သွားသည်။ "စောလှချည်လား"
လီရှောင်း ပြန်မဖြေဘဲ မေးလိုက်သည်။ "ထမင်း ကျန်သေးလား"
ကျန်းရို ဘာဖြစ်မှန်း သိပေမယ့် ကလေးကို သူ့လက်ထဲ ထည့်ပေးလိုက်သည်။
"ခေါက်ဆွဲ ပြုတ်ပေးမယ်"
လီရှောင်း ကလေးကို ပွေ့လိုက်သည်။ "မလုပ်နဲ့တော့။ ဘာရှိလဲ စားလိုက်မယ်"
"ဒုက္ခမများပါဘူး။ အဆင်သင့် ရှိပါတယ်။ နေ့လယ်က ဖက်ထုပ်လုပ်တုန်းက ဂျုံ ကျန်နေလို့"
ဒါဆိုလည်း လီရှောင်း ဘာမှမပြောတော့။ ပင်ပန်းနွမ်းနယ်စွာဖြင့် အိမ်ရှေ့ခန်းမှာ ဝင်ထိုင်လိုက်သည်။
အိမ်မှာ ဟင်းမကျန်တော့ပေ။ ဟင်းရွက် နည်းနည်းပဲ ကျန်တော့သည်။ ကျန်းရို ဆီချက်ခေါက်ဆွဲ လုပ်ပေးလိုက်သည်။
ခဏလေးနဲ့ ပြီးသွားသည်။
လီရှောင်း ကလေးကို ပုခက်ထဲ ထည့်လိုက်ပြီး ရေနွေးတစ်ဇလုံခပ်ကာ ကျိုးကျန့်နဲ့အတူ မျက်နှာသစ်၊ လက်ဆေးလိုက်သည်။ နှစ်ယောက်သား တစ်နေ့လုံး အလုပ်လုပ်ထားရတာ။ လူကြို၊ ပစ္စည်းသယ်နဲ့။ လက်တွေ ခြေထောက်တွေ အေးခဲနေပြီ။
ကျန်းရို ခေါက်ဆွဲပန်းကန် ချပေးလိုက်တော့ လီရှောင်းနဲ့ ကျိုးကျန့် အငမ်းမရ စားကြသည်။ ဗိုက်ဆာနေပုံရသည်။
သူမ ကလေးကို ပြန်ချီပြီး မေးလိုက်သည်။
"ဘာဖြစ်လာတာလဲ"
ကျိုးကျန့်က လီရှောင်းလို စကားနည်းသူ မဟုတ်ပေ။ ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေကို ဒေါသတကြီး ပြောပြသည်။
နှစ်ယောက်သား ဒီနေ့ တစ်နေ့လုံး ကူညီပေးခဲ့ပေမယ့် နောက်ဆုံးကျတော့ ကျူးချန်မိန်းမက သူတို့ကို မင်္ဂလာခန်းထဲ ပေးမဝင်ဘူး။ လူတွေကို တားခိုင်းထားတယ်။
"လူတွေအများကြီး ကြည့်နေတာ... အစ်မရို... ကျွန်တော်တို့ ရှက်ဖို့မကောင်းဘူးလား"
ပြီးတော့ ဒေါသတကြီး ဆက်ပြောသည်။
"ရှောင်းကောက ပြဿနာမရှာခိုင်းလို့... ကောင်းပြီလေ... ဒီနေ့ ကျူးချန် မင်္ဂလာဆောင်ဆိုတော့ မျက်နှာထောက်လိုက်မယ်။ အောက်ဆင်းပြီး ထမင်းစားမယ်လုပ်တော့ ဘာဖြစ်တယ် ထင်လဲ။ ကျွန်တော်တို့အတွက် နေရာမရှိဘူး"
ပြောရင်း မျက်နှာတွေ နီလာသည်။
"ကျွန်တော်က ရှောင်ယန်နဲ့ ကလေးကိုပါ ခေါ်သွားတာ။ ရှောင်ယန်က မီးဖိုချောင်မှာ တစ်မနက်လုံး ကူလုပ်ပေးထားတာ။ ကျွန်တော်တို့က အလုပ်သမား သက်သက် ဖြစ်သွားတာလား။ သူများတွေ ကူလုပ်ရင် ပိုက်ဆံရသေးတယ်။ ကျွန်တော်တို့က ပိုက်ဆံစိုက်ပြီး လုပ်ပေးရတာလား"
"ဝမ်ထောင်မိန်းမက တော်တယ်။ ဝမ်ထောင်ကို ပေးမသွားဘူး။ ကျွန်တော်တို့ ၃၀ ဆုံးတာပဲ အဖတ်တင်တယ်။ ဪ... မဟုတ်သေးပါဘူး။ ရှောင်ယန်လည်း ၂၀ ထည့်လိုက်သေးတယ်။ ပိုက်ဆံရှာရတာ လွယ်တာမှတ်လို့။ ဒီပိုက်ဆံနဲ့ ကျွန်တော့်သားကို အသားဝယ်ကျွေးတာမှ ကောင်းဦးမယ်"
"ရှောင်ယန်က သဘောကောင်းလို့။ တခြားလူသာဆို ကျွန်တော်နဲ့ ရန်ဖြစ်နေပြီ"
"-ီးပဲ... ဒီတစ်သက် ဒီလောက် စိတ်မဆိုးဖူးဘူး"
နောက်ဆုံးတော့ လီရှောင်းတောင် မျက်နှာပျက်သွားပြီး ထမင်းမစားဘဲ နှစ်ယောက်လုံးကို ခေါ်ထုတ်လာခဲ့သည်။ ဝမ်ယန်က ကလေးခေါ်ပြီး ကျိုးကျန့်အိမ်ကို ပြန်သွားသည်။ ကျိုးကျန့်က လီရှောင်းနဲ့ လိုက်လာပြီး ခဏနေ ကုန်သွားယူမလို့ပင်။
ဘာပဲဖြစ်ဖြစ် ပိုက်ဆံတော့ ဆက်ရှာရမယ်လေ။
ကျန်းရို ကြားတော့ မျက်မှောင်ကြုတ်လိုက်သည်။ ကျူးချန်မိန်းမ လွန်လွန်းတယ် ထင်မိသည်။
"ကျူးချန် သိလား"
ကျိုးကျန့်က မဲ့ပြုံး ပြုံးလိုက်သည်။
"အရင်က မသိရင်တောင် အခု သိလောက်ပါပြီ။ ကျွန်တော်တော့ နောက်ဆို သူ့ကို ညီအစ်ကို မတော်တော့ဘူး။ သူက လူချမ်းသာဖြစ်သွားပြီ။ ကျွန်တော်တို့နဲ့ မတန်တော့ဘူး"
တွေးလေ နာလေပဲ။ ငယ်ငယ်တုန်းက ကျူးချန်က ပိန်ပိန်ညောင်ညောင်နဲ့ အနိုင်ကျင့်ခံရတာ။ အစ်ကိုကြီး ကာကွယ်ပေးလို့သာ အသက်ရှင်လာတာ။
လီရှောင်းက ဘာမှ မပြောပေ။ စားပြီးတော့ ကျိုးကျန့်ပန်းကန်ပါ ယူပြီး မီးဖိုချောင်ထဲ ဝင်ဆေးလိုက်သည်။
ပြန်ထွက်လာတော့ ကျိုးကျန့်ကို ခေါ်ပြီး ကုန်သွားယူသည်။
မသွားခင် ကျန်းရိုကို မှာလိုက်သည်။
"ငါ နောက်ကျမှ ပြန်ရောက်မယ်။ စောစောအိပ်"
ကျန်းရို ခေါင်းညိတ်လိုက်သည်။
......
နောက်တစ်နေ့မနက်တွင် ကျန်းရိုနဲ့ လီရှောင်း ကလေးချီပြီး အိမ်ထောင်စုစာရင်း သွားသွင်းကြသည်။
ဒီမှာက စာရင်းသွင်းဖို့ အချိန်အများကြီး ပေးထားသည်။ ကျန်းရို အစ်ကိုနဲ့ မရီးတုန်းကတော့ ကလေးမွေးပြီး တစ်ပတ်အတွင်း သွင်းလိုက်ကြတာ။ ဒီမှာတော့ သုံးလအတွင်း သွင်းရင်ရသည်။
ဒါကြောင့် အခုမှ သွားသွင်းဖြစ်တာပင်။
နှစ်ယောက်သား လိုအပ်တဲ့ စာရွက်စာတမ်းတွေယူပြီး နယ်မြေရဲစခန်းကို သွားကြသည်။ ကလေးကို လီရှောင်း၏အိမ်ထောင်စုစာရင်းထဲ ထည့်လိုက်သည်။
ရဲစခန်းမှာ လူမများတော့ နာရီဝက်လောက်နဲ့ ပြီးသွားသည်။
ပြီးတော့ ကျန်းရိုက လီရှောင်းကို ဆွဲပြီး အနားက ဓာတ်ပုံဆိုင်ကို ခေါ်သွားသည်။
လီရှောင်း အစတုန်းက မသွားချင်ဘူး။ "အဲဒါ ဘာကောင်းလို့လဲ"
ကျန်းရိုက ဂရုမစိုက်ပေ။ သူ မသွားချင်နေ။ သူမနဲ့ ကလေးပဲ ရိုက်မယ်။
ဒီခေတ်မှာ ဖုန်းမရှိလို့သာ။ မဟုတ်ရင် နေ့တိုင်း တစ်ပုံ ရိုက်ပြီးပြီ။ အန်းအန်းက ဒီလောက် ချစ်ဖို့ကောင်းတာ။ ဘယ်လိုလုပ် မရိုက်ဘဲနေမလဲ။
ပြီးတော့ ဒီနေ့ အန်းအန်း ပထမဆုံး အပြင်ထွက်တဲ့နေ့မို့ သေချာပြင်ဆင်ပေးထားသည်။ ဂွမ်းအင်္ကျီအပါးလေး ဝတ်ထားပြီး အပေါ်ကနေ သိုးမွေးကုတ်အင်္ကျီ အနီရောင်လေး ထပ်ဝတ်ပေးထားသည်။ ကုတ်အင်္ကျီက သူမ ပိတ်စဝယ်ပြီး ပုံစံဆွဲကာ ချုပ်ခိုင်းထားတာ။ အနီရောင်အင်္ကျီလေးက ကလေးရဲ့ အသားဖြူဖြူလေး၊ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ လိုက်ဖက်နေသည်။ ခေါင်းပေါ်မှာ ဆံပင် တစ်လက်မလောက်ရှိတဲ့ ကြက်တောင်လေးနှစ်စုကို ထောင်ထားသေးသည်။
လီရှောင်းက အငြိမ်မနေနိုင်ဘဲ မြင်တိုင်း ဆွဲဆွဲကြည့်တတ်သည်။
ဆံပင်စည်းတဲ့ ကြိုးရောင်စုံလေးတွေကို လီရှောင်း ဝယ်ပေးတာလေ။ တကယ်တော့ ကျန်းရိုအတွက် ဝယ်ပေးတာ။ ကြိုးရောင်စုံတွေအပြင် ပန်းပွင့်ကြီးတွေလည်း ပါတယ်။
ကျန်းရို ငယ်ငယ်တုန်းက ကပြပွဲတွေမှာ သုံးဖူးပေမယ့် နှစ်တန်းလောက်ကတည်းက မသုံးတော့ဘူး။
လီရှောင်းက ဘာစိတ်ကူးနဲ့ ဒါတွေ ဝယ်ပေးလဲ မသိဘူး။
ကျန်းရိုက မသုံးပေမယ့် သိမ်းထားလိုက်သည်။ သမီးလေး ၄၊ ၅ နှစ်လောက် ရောက်ရင် သုံးလို့ရအောင်လို့။
ဓာတ်ပုံဆိုင်မှာ လူမကျတာကြောင့် ကျန်းရို ကလေးချီပြီး ဝင်သွားကာ ဓာတ်ပုံရိုက်ချင်ကြောင်း ပြောလိုက်သည်။
ဆိုင်ရှင်က အပေါ်ထပ် ခေါ်သွားသည်။ အပေါ်ထပ်မှာ အခန်းကျယ်ကြီး ရှိသည်။ အလယ်မှာ ကင်မရာ ထောင်ထားသည်။ ဘေးနံရံမှာ အဝတ်အစားတွေ ချိတ်ထားတဲ့ စင်တွေရှိသည်။ လူကြီးရော ကလေးပါ ပါတယ်။
ကင်မရာ မျက်နှာချင်းဆိုင်မှာ နောက်ခံကားချပ်ရှိသည်။ နောက်ခံကားချပ်တွေက အမျိုးမျိုး ရွေးလို့ရသည်။
ကျန်းရို အဝတ်အစား မလဲတော့ဘူး။ စင်ပေါ်က အဝတ်တွေက လူဘယ်နှယောက် ဝတ်ပြီးပြီလဲ မသိဘူး။ မဝတ်ချင်ဘူး။ ဒါပေမဲ့ ထောင့်နားမှာ ပစ္စည်းတချို့ တွေ့လို့ မွှေကြည့်လိုက်တော့ ကလေးဆောင်းတဲ့ မန်ချူးခေါင်းဆောင်းလေးတွေ့လို့ သမီးခေါင်းပေါ် တင်ပေးလိုက်သည်။
စောစောက စိတ်မဝင်စားတဲ့ မျက်နှာနဲ့ လူကြီးက မြင်တော့ ပြုံးလိုက်သည်။ သမီးခေါင်းပေါ်က ခေါင်းဆောင်းကို သေချာပြင်ပေးပြီး ကျန်းရိုလက်ထဲက ကလေးကို လှမ်းယူလိုက်သည်။
"တစ်ပုံလောက်တော့ ရိုက်လိုက်မယ်"
နောက်ခံကားချပ်ရှေ့က ခုံမှာ ဝင်ထိုင်လိုက်သည်။
"......"
ဒီလောက် မျက်နှာပြောင်းတာ မြန်တဲ့လူမျိုး မတွေ့ဖူးဘူး။
ကျန်းရို နောက်ခံကားချပ် သွားရွေးလိုက်သည်။ မိုးပြာရောင် ကောင်းကင်နဲ့ တိမ်ဖြူဖြူတွေပါတဲ့ ကလေးဆန်ဆန် ကားချပ်ကို ရွေးလိုက်သည်။
"ဒါ ယူမယ်"
ဆိုင်ရှင်က ကားချပ် လာလဲပေးသည်။
စုစုပေါင်း ၁၂ ပုံ ရိုက်လိုက်သည်။ ကြားထဲမှာ ခေါင်းဆောင်းတွေ အမျိုးမျိုး လဲပေးလိုက်သေးသည်။ ပန်းပွင့်တွေ၊ မီးအိမ်တွေ၊ တိရစ္ဆာန်ရုပ် ဦးထုပ်တွေနဲ့။
ကလေးက ငြိမ်ငြိမ်လေး နေပေးသည်။ ခေါင်းလေးလှည့်ပြီး ပတ်ဝန်းကျင်ကို စူးစမ်းနေသည်။ ပထမဆုံး အပြင်ထွက်ဖူးတာမို့ မျက်လုံးလေး ကလည်ကလည်နဲ့ လိုက်ကြည့်နေတာ။
ကြာတော့ စိတ်မရှည်လို့ ခြေထောက် ကန်ကျောက်လာသည်။
ရိုက်ပြီးတော့ လီရှောင်း ကလေးချီပြီး သွားကြည့်သည်။ ကျေနပ်ပုံရသည်။
"ဘယ်တော့ ရမလဲ"
ဆိုင်ရှင်လည်း ကျေနပ်သည်။ ဒီဓာတ်ပုံတွေကို ဆိုင်ရှေ့မှာ ကပ်ပြီး ဧည့်သည်ခေါ်လို့ ရတယ်လို့ တွေးနေသည်။
"သဘက်ခါ ရမယ်"
လီရှောင်းက ကြာတယ်လို့ထင်ပြီး မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းရိုကတော့ သဘောကောင်းသည်။
"ပလတ်စတစ် လောင်းပေးဖို့ မမေ့နဲ့နော်"
ဓာတ်ပုံတွေက ပလတ်စတစ် မလောင်းရင် ကြာရင် ပျက်စီးလွယ်တယ်။
"ရပါတယ်"
.....
စနေ၊ တနင်္ဂနွေမှာ ကျိုးကျန့်က သူ့ကောင်မလေး ဝမ်ယန်နဲ့ သုံးနှစ်အရွယ် သားလေးကို ခေါ်ပြီး ထမင်းလာစားသည်။
ဝမ်ယန်က ကျိုးကျန့်ထက် အသက်ကြီးပုံရသည်။ ဆံပင်နက်နက်တွေကို ကျစ်ဆံမြီး ကျစ်ပြီး ခါးအထိ ချထားသည်။ မျက်နှာဝိုင်းဝိုင်း၊ မျက်ခုံးမွှေးပါးပါး၊ အသားမည်းမည်းနဲ့ တောင့်တောင့်ဖြောင့်ဖြောင့်ပင်။
လှတယ်လို့ မဆိုနိုင်ပေမယ့် ကြည့်ရတာ သက်သောင့်သက်သာရှိသည်။ ရင်းနှီးချင်စရာ ကောင်းသည်။
ကလေးလေးက အမေနဲ့တူကာ မျက်နှာဝိုင်းဝိုင်း၊ အသားက မည်းနီနေသည်။ စကားနည်းပုံလည်းရသည်။ အမေ ခြေထောက်နား ကပ်ပြီး အင်္ကျီစ ဆွဲထားသည်။
လွန်ခဲ့တဲ့ ရက်ပိုင်းက ဝမ်ယန်က သူ့အလုပ်တွေထားခဲ့ပြီး ကျိုးကျန့်ကို လာကူညီတုန်း သူတို့ လက်ထပ်လက်မှတ် သွားယူလိုက်ကြသည်။ ကျိုးကျန့်က အသက်မပြည့်သေးပေမယ့် မှတ်ပုံတင်ထဲမှာ အသက် ၂ နှစ် ပိုကြီးနေလို့ ရသွားတာပင်။
လက်မှတ်ရတော့ ဝမ်ယန်က ကျိုးကျန့်အိမ်မှာ တရားဝင် နေလို့ရပြီ။
ဝမ်ယန်က ကလေးနာမည်ပါ ပြောင်းလိုက်သည်။ အခု ကျိုးမျိုးရိုးလိုက်ပြီး ကျိုးဟုန်လို့ ပေးလိုက်သည်။ အရင်က ဝမ်ရှင်း။ ကျိုးကျန့် ပြောပြချက်အရ သူမက ဝမ်ဖေးဟုန် ရုပ်ရှင် ကြိုက်လို့တဲ့။
ဒါ ကျိုးကျန့် သူမကို ပထမဆုံး လိုက်ပြတဲ့ ရုပ်ရှင်ပဲ။
ဒီကိစ္စကြောင့် ဝမ်ယန် ယောက္ခမဟောင်းက မိဘအိမ်ကို လာရန်ရှာသေးတယ်။
ကျန်းရိုက ဝက်သားခြောက်ပြားလေးတွေ ထုတ်ကျွေးသည်။ ကလေးက မယူဘဲ ခေါင်းခါနေသည်။
တံတွေးမြိုချသံ ကြားနေရပေမယ့်ပေါ့။
ကျိုးကျန့်ကတော့ အားမနာပါဘူး။ ပန်းကန်လိုက်ယူပြီး ကလေးရင်ခွင်ထဲ ထည့်ပေးလိုက်သည်။
"အဒေါ် ပေးတာ... ယူစားလိုက်"
ဝမ်ယန် မြင်တော့ တွန်းဖယ်ကာ ဒေသခံလေသံဝဲဝဲဖြင့် ပြန်ပြောလိုက်သည်။
"ရှင် ဘာလုပ်တာလဲ။ နှစ်ခုလောက် ယူရင် ရပြီပေါ့။ အများကြီး ယူပြီး ရူးနေလား"
ကျိုးကျန့် အားမနာတတ်လို့ စိတ်ဆိုးနေတာပင်။
သူမက ကျိုးကျန့်သူငယ်ချင်းတွေကို ကြောက်နေပြီ။ နောက်ထပ် အမုန်းခံရမှာ စိုးလို့လေ။
ကျိုးကျန့်က နားမလည်ပေ။ ကလေးကို ဆက်ပေးနေသည်။
"အစ်မရိုက သဘောကောင်းပါတယ်။ အားမနာနဲ့"
ဝမ်ယန် ခေါင်းကိုက်သွားသည်။
"ပြန်ပေးလိုက်။ ဘယ်လိုဖြစ်နေတာလဲ..."
နှစ်ယောက်သား တိုးတိုးတိုးတိုး ပြောနေကြသည်။ ကျိုးကျန့် ပြောတာ ကျန်းရို နားလည်ပေမယ့် ဝမ်ယန် ပြောတာကျတော့ တစ်လုံးမှ နားမလည်ပေ။
ကျန်းရို နားထောင်ကြည့်ပြီး ဘေးက လီရှောင်းကို တို့ကာ တိုးတိုးလေး မေးလိုက်သည်။
"သူ ဘာပြောနေတာလဲ"
လီရှောင်းက သမီးချီပြီး ပုခုံးတွန့်ပြသည်။
"ဘယ်သိမလဲ"
ပြောပြီး အိမ်ထဲ ဝင်သွားသည်။
ကျန်းရို မျက်စောင်းထိုးလိုက်သည်။ ပြီးတော့ ပြုံးပြုံးရွှင်ရွှင် ပြောလိုက်သည်။
"လာ... ထမင်း လာစားကြ။ ဒီနေ့ ဟင်းတွေ တစ်ဝက်လောက်က ရှင့်အစ်ကိုကြီး ချက်ထားတာ"
"တကယ်လား"
ကျိုးကျန့် စိတ်လှုပ်ရှားသွားသည်။ ဝက်သားခြောက်ကို ကလေးရင်ခွင်ထဲ ထည့်ပေးပြီး ပြောလိုက်သည်။
"ဒါဆို မြည်းကြည့်ရမယ်။ ငယ်ငယ်တုန်းက ရှောင်းကော ထမင်းချက်ကျွေးတာ မီးဖိုချောင် မီးလောင်မလို့ ဖြစ်ဖူးတယ်"
ဝမ်ယန် ခေါင်းကိုက်သွားသည်။ ကျန်းရိုကို အားနာသလို ပြုံးပြလိုက်သည်။
"ဒုက္ခပေးမိပြီ"
ကျန်းရို နားမလည်ပေမယ့် ပြုံးပြလိုက်သည်။
"လာစားကြ။ မျှော်နေတာ ကြာပြီ"
......
ထမင်းစားတော့ ဝမ်ယန်နဲ့ ကလေးက အားနာနေကြသည်။ အထူးသဖြင့် ကလေးက လူကြီးတွေ ထည့်ပေးမှ စားရဲသည်။
မျက်နှာချင်းဆိုင်က ကောင်မလေးကတော့ ဘာမှ မသိ။ နို့သောက်ပြီးပြီ။ အခုတလော နိုးရင် ချီထားမှ ကြိုက်တာ။ ဒါကြောင့် ထမင်းစားရင် လီရှောင်းက တစ်ဖက်က ချီ၊ တစ်ဖက်က စားနေရတာ။
တစ်လကျော် နို့သောက်ထားတော့ ကိုယ်အလေးချိန် တက်လာသည်။ ကျန်းရိုဆို ကြာကြာချီရင် လက်ညောင်းတယ်။
လီရှောင်း စားနေတာကြည့်ပြီး သူလည်း စားချင်လာလို့ လက်ကို ပါးစပ်ထဲ ထည့်စုပ်နေသည်။
လီရှောင်းက မကြိုက်။ မသန့်ဘူး ဆိုပြီး လက်ကို ဆွဲထုတ်၊ တံတွေးခံပဝါနဲ့ သုတ်ပေးသည်။
ပြီးတော့ တည်တည်ငြိမ်ငြိမ်ပဲ ဆက်စားသည်။
ကျိုးကျန့်ကတော့ မြင်ဖူးနေကျမို့ မထူးဆန်းတော့။ လွန်ခဲ့တဲ့ ရက်ပိုင်းက လာတုန်းက အစ်ကိုကြီးက အန်းအန်းကို ခြေသည်းညှပ်ပေးနေတာတောင် တွေ့ခဲ့သေးတယ်။
ငယ်ငယ်ကတည်းက အစ်ကိုကြီးကို ဂျက်မင်းသားလို အထင်ကြီးခဲ့တာ။
အခုတော့ သမီးခြေသည်းညှပ်ပေး၊ တစ်ချောင်းညှပ်ပြီး တစ်ခါနမ်းလုပ်နေတာမြင်တော့ မယုံနိုင်စရာပဲ။
ဒါကြောင့် တံတွေးသုတ်ပေးတာလောက်က အဆန်း မဟုတ်တော့ဘူး။
ကျိုးကျန့်ဘေးက ကလေးလေးကတော့ အားကျတဲ့ မျက်လုံးတွေနဲ့ ခိုးကြည့်နေသည်။
ကျန်းရို မြင်တော့ ကျိုးကျန့်ကို သတိပေးလိုက်သည်။ ကလေးကို ဟင်းထည့်ပေးဖို့။
ကျိုးကျန့် သတိရပြီး သားကို ဟင်းတွေ အများကြီး ထည့်ပေးသည်။ ပြီးတော့ ဝမ်ယန်ကို ထည့်ပေးသည်။
ဝမ်ယန်က ဟင်းတွေ ပုံနေတာ မြင်တော့ ရှက်သွားသည်။
မွန်းလွဲ ၂ နာရီလောက်ထိ စားကြသည်။
ခြံဝင်းထဲက ထွက်လာတော့ တိတ်ဆိတ်နေတဲ့ ကျိုးဟုန်က ကျိုးကျန့်လက်ကို လှမ်းဆွဲပြီး တိုးတိုးလေး ခေါ်လိုက်သည်။
"ဖေဖေ"
ကျိုးကျန့် ကြားတော့ ကြောင်သွားပြီး စိတ်လှုပ်ရှားစွာဖြင့် သားကို ပွေ့ချီလိုက်သည်။
"နောက်တစ်ခေါက် ခေါ်ပါဦး"
ကျိုးဟုန် ရှက်နေပေမယ့် ထပ်ခေါ်လိုက်သည်။
"ဖေဖေ"
သူ အကုန် နားလည်ပါတယ်။
ရွာထဲက ကလေးတွေက ပြောကြတယ်။ သူ့မှာ အဖေ မရှိတော့ဘူးတဲ့။ အမေက နောက်အဖေ ယူရင် နောက်ထပ် ကလေးတွေ ရလာမယ်တဲ့။ ဒါပေမဲ့ သူက အဖေအရင်းကို မမှတ်မိဘူး။ ဒီ နောက်အဖေက သူ့ကို ကောင်းကောင်း ဆက်ဆံတယ်ဆိုတာပဲ သိတယ်။
ကျိုးကျန့် ပြုံးဖြီးသွားသည်။ သားကို ပခုံးပေါ် တင်လိုက်သည်။ ငယ်ငယ်က အဖေမရှိတော့ သူများတွေ အဖေပခုံးပေါ် စီးရတာကို အရမ်းအားကျခဲ့ဖူးတယ်။
ကျိုးဟုန်က ရှက်နေပေမယ့် မျက်လုံးတွေက တောက်ပနေသည်။
ဘေးက အမျိုးသမီးက ပျော်ရွှင်စွာ ပြုံးနေသည်။
အနောက်က တံခါးဝမှာ ရပ်ကြည့်နေတဲ့ လီရှောင်းလည်း ပြုံးလိုက်မိသည်။
ထိုအချိန် ကျန်းရိုက ကလေးချီပြီး အနားကပ်လာသည်။
"ပန်းကန်မဆေးဘဲ ဘာရပ်ကြည့်နေတာလဲ"
"......"
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၂၄)
နှစ်ရက်ကြာသောအခါ ကျန်းရိုသည် ကလေးချီပြီး ဓာတ်ပုံရွေးရန် အပြင်ထွက်ခဲ့သည်။
လီရှောင်းသည် ဒီရက်ပိုင်းတွင် ကျိုးကျန့်နှင့်အတူ မြို့ပေါ်သို့သွားပြီး ဝက်အူချောင်းများ ရောင်းနေသည်။ ဝက်အူချောင်းသာမက ကျိုးကျန့်က ငါး၊ တောထွက်ပစ္စည်းနှင့် တောဟင်းရွက်များကိုပါ တွဲရောင်းသဖြင့် မနက်တိုင်း သုံးဘီးဆိုင်ကယ်ပေါ်တွင် ပစ္စည်းများ ပြည့်နေတတ်သည်။
ဝင်ငွေလည်း ကောင်းသည်။ လီရှောင်းက မကြာခဏ မြို့ပေါ်ဈေးကနေ ဟင်းသီးဟင်းရွက်တွေ ဝယ်လာတတ်သည်။ တစ်ခါက နယ်ကသယ်လာတဲ့ ဂဏန်းအကြီးကြီးတွေတောင် ပါလာသေးတယ်။ အခုအချိန်က ဂဏန်းတွေ စားလို့ကောင်းတဲ့အချိန်မို့ ပေါင်းလိုက်ရင် အခွံခွာလိုက်တာနဲ့ ဂဏန်းဥတွေ အပြည့်ပါလာတတ်တယ်။
ဈေးတော့ နည်းနည်းကြီးတယ်။ တစ်ကောင်ကို ယွမ်အနည်းငယ် ပေးရတယ်။ လီရှောင်းက သုံးကောင် ဝယ်လာပြီး သူ့ဘာသာ တစ်ကောင် စားကာ ကျန်နှစ်ကောင်ကို ကျန်းရိုကို ပေးလိုက်သည်။
ကျန်းရိုက အားနာလို့ သူ့ကို ခြေထောက်နှစ်ချောင်းလောက် ပြန်ဖဲ့ပေးလိုက်သေးတယ်။
လီရှောင်းက မနက် လေးနာရီခွဲဆို အိမ်က ထွက်ပြီး ဈေးရောင်းသွားသည်။ နေ့လယ် တစ်နာရီ၊ နှစ်နာရီလောက်မှ ပြန်ရောက်သည်။
ဒီနေ့လည်း ထုံးစံအတိုင်းပါပဲ။ ကျန်းရိုက အိုးထဲမှာ ထမင်းဟင်း ချန်ထားပေးသည်။ သူပြန်ရောက်တာနဲ့ ရေတွင်းက ရေခပ်ပြီး မျက်နှာသစ်၊ လက်ဆေးလိုက်သည်။ သူက ရေတွင်းနား ကပ်ပြီး ခါးကိုင်းကာ အားရပါးရ ဆေးကြောနေသည်။
ရာသီဥတု အေးနေပြီမို့ ကျန်းရိုက အိမ်မှာ ဝါဂွမ်းအင်္ကျီတောင် ဝတ်ထားရပြီ။ သူကတော့ အအေးဒဏ် ခံနိုင်ပုံရသည်။
ရေတွင်းရေက ဆောင်းတွင်းရောက်ရင် သိပ်မအေးတာလည်း ပါတာပေါ့။
မျက်နှာသစ်၊ လက်ဆေးပြီးတာနဲ့ အခန်းထဲ ဝင်ပြီး နေ့လယ်စာ အိပ်နေတဲ့ သမီးလေးကို ဝင်ကြည့်သည်။ ပြီးမှ မီးဖိုချောင်ထဲ ဝင်ပြီး ထမင်းစားသည်။
ဒီနေ့ အခန်းထဲက ထွက်လာတော့ စားပွဲပေါ်မှာ စာအိတ်တစ်အိတ် တင်ထားတာ တွေ့လိုက်ရသည်။
ကုတင်ပေါ်မှာ စာဖတ်နေတဲ့ ကျန်းရိုကို မေးလိုက်သည်။
"ဒါ ဘာလဲ"
ကျန်းရို မော့ကြည့်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြန်ဖြေသည်။
"ဓာတ်ပုံလေ... ဒီနေ့ သွားယူလာတာ"
အမျိုးသား ခြေလှမ်းတုံ့သွားသည်။ ပြီးတော့ လမ်းကြောင်းပြောင်းပြီး စားပွဲနား သွားထိုင်လိုက်သည်။
စာအိတ်က ပိတ်မထားဘူး။ အထဲက ဓာတ်ပုံတွေကို ထုတ်ကြည့်လိုက်သည်။ ပထမဆုံးပုံက အန်းအန်း မန်ချူးခေါင်းဆောင်းလေး ဆောင်းထားတဲ့ပုံ။ သူနဲ့ ကျန်းရို ယှဉ်ထိုင်နေကြတယ်။ သူက သမီးကို ပွေ့ထားပြီး ဘေးနားက ကျန်းရိုက မျက်လုံးလေးတွေ ကွေးနေအောင် ပြုံးနေတယ်။
အန်းအန်းကတော့ အခြေအနေ မသိသလို ခေါင်းစောင်းပြီး အပေါ်ကို မော့ကြည့်နေတယ်။ မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ ကြည့်ရတာ အူကြောင်ကြောင်လေး။
သူကတော့ ကျန်းရိုလောက် ဟက်ဟက်ပက်ပက် မပြုံးပေမယ့် မျက်လုံးထဲမှာ အပြုံးရိပ်တွေ ရှိနေတယ်။
ဓာတ်ပုံထဲမှာ ကိုယ့်ပုံစံက ဒီလိုမှန်း သူ မသိခဲ့ဘူး။
အရင်ကလည်း ဓာတ်ပုံရိုက်ဖူးတယ်။ မူလတန်း၊ အလယ်တန်း ကျောင်းပြီးတုန်းက တစ်တန်းလုံး စုရိုက်တာ။ သူ မှတ်မိနေသေးတယ်... သူက အမြဲတမ်း နောက်ဆုံးတန်းမှာပဲ နေရတာ။
သူက ငယ်ငယ်ကတည်းက စာတော်ပေမယ့် ဆရာတွေ မျက်စိထဲမှာတော့ အမြင်ကပ်စရာပဲ ဖြစ်နေခဲ့တာ။
လီရှောင်း ဓာတ်ပုံတွေကို တစ်ပုံချင်း ကြည့်နေသည်။ နောက်ဆုံးပုံရောက်တော့ အန်းအန်း သမ်းဝေနေတဲ့ပုံ ပါလာသည်။ ကလေးမလေးက ပျင်းနေတဲ့ပုံပဲ။
မနေနိုင်ဘဲ ရယ်လိုက်မိသည်။
ကျန်းရိုက သူ မလှုပ်မယှက် ထိုင်နေတာ ကြည့်ပြီး သတိပေးလိုက်သည်။
"ထမင်း မစားတော့ဘူးလား။ ဟင်းတွေ အေးကုန်တော့မယ်"
လီရှောင်းက "အင်း" လို့ ပြောပြီး ဓာတ်ပုံတွေကိုပါ ယူသွားသည်။
ထပ်ကြည့်ချင်သေးလို့လေ။
ကျန်းရို မြင်တော့ မျက်စောင်းထိုးလိုက်မိသည်။ ဘယ်သူကများ ဓာတ်ပုံရိုက်ရတာ မကောင်းဘူး ပြောခဲ့တာလဲ။
....
ထမင်းစားပြီးတော့ လီရှောင်း နာရီဝက်လောက် အိပ်ပြီး ပြန်ထွက်သွားသည်။
သူက အလုပ်လုပ်ရင် သေချာလုပ်တတ်သူမို့ ကုန်ပစ္စည်းယူတိုင်း ကိုယ်တိုင်စစ်ဆေးလေ့ရှိသည်။ အလိမ်ခံရမှာ စိုးလို့လေ။
ဝက်မွေးမြူရေးခြံ ရောက်တော့မှ သိလိုက်ရတာ။ တချို့က စိတ်ပုပ်ပြီး ဝက်နာတွေကို သတ်ရောင်းတတ်ကြတယ်တဲ့။
လီရှောင်း မထွက်ခင် ဝမ်ထောင် ရောက်လာသည်။
စကားတွေ ဝေ့လည်ကြောင်ပတ် ပြောနေလို့ လီရှောင်း စိတ်မရှည်တော့ဘဲ မေးလိုက်သည်။
"ပြီးခဲ့တဲ့ တစ်ခေါက်က ငါးဖိုး ၂ ယွမ် လာပေးတာလား"
"......"
ဝမ်ထောင် အခုမှ သတိရသွားသည်။ ပြီးခဲ့တဲ့ တစ်ခေါက် ကျိုးကျန့်ဆီက ငါးဝယ်တုန်းက လီရှောင်း ရှင်းပေးမယ် ပြောတာကို သူက အလကားရတယ်လို့ ထင်သွားတာ။
စကားလမ်းကြောင်းလွှဲပြီး လာရင်းကိစ္စ ပြောလိုက်သည်။
"ကျူးချန်က မင်္ဂလာဆောင်နေ့က ကိစ္စအတွက် တောင်းပန်ချင်လို့တဲ့။ အဲဒီတုန်းက သူ မသိလိုက်လို့ပါတဲ့။ မင်း အားလားလို့ မေးခိုင်းလိုက်တယ်။ ညီအစ်ကိုတွေ အပြင်ထွက်စားကြမယ်တဲ့"
လီရှောင်း မျက်နှာ တည်သွားသည်။
ဝမ်ထောင်က ဆက်ပြောနေသည်။
"ငါတို့က ညီအစ်ကိုတွေပဲကွာ။ ဒီလောက်ထိ ဖြစ်စရာ မလိုပါဘူး။ ကျူးချန် အကြောင်းလည်း မင်း သိတာပဲ။ အထင်လွဲတာ နေမှာပါ။ ထားလိုက်ပါတော့... ငါတို့က သဘောထားကြီးကြီး ထားလိုက်ကြတာပေါ့"
ပြီးတော့ ဆက်ပြောသည်။
"အစ်ကိုကြီး... ကျူးချန်က အခု အခြေအနေ ကောင်းနေပြီ။ သူ့အိမ်ဘက်က ဖျက်သိမ်းခံရလို့ လျော်ကြေးငွေ အများကြီး ရတော့မှာ။ ပြီးတော့ မကြာခင် ကျန်းနန်အပန်းဖြေစခန်းမှာ စားဖိုမှူး ဝင်လုပ်တော့မယ်။ တစ်နေ့ ယွမ် ၃၀ ရမယ်တဲ့။ တစ်လဆို ၉၀၀ တောင် ရှိပြီ။ ငါတို့နဲ့ ခင်တာမို့ သူ နေရာရရင် ငါတို့ကိုပါ သွင်းပေးမယ်တဲ့..."
လီရှောင်းက ပျော်ရွှင်စွာပြောနေတဲ့ ဝမ်ထောင့်ကိုကြည့်ရင်း ရွံရှာလာသည်။
သူ့စိတ်ထဲက ဝမ်ထောင်ဆိုတာ လမ်းဘေးက ကြောင်လေးတွေကို ကိုယ်တိုင်အငတ်ခံပြီး ကျွေးတတ်တဲ့ လူကောင်းလေး။ ကျောင်းပိတ်ရက်တိုင်း သူတို့နဲ့ လျှောက်လည်ပြီး ကျောင်းဖွင့်ခါနီးမှ အိမ်စာမပြီးလို့ ငိုပြီး လိုက်ကူးတတ်တဲ့ ရိုးသားသူလေး။
ဒါပေမဲ့ အခုတော့ အဲဒီ ဝမ်ထောင်ဆိုတဲ့လူ ပျောက်ဆုံးသွားသလိုပဲ။ အရိပ်အယောင်တောင် ရှာမတွေ့တော့ဘူး။
လီရှောင်း ရုတ်တရက် မေးလိုက်သည်။
"ဝမ်ထောင်... မင်း ဘယ်လိုဖြစ်သွားတာလဲ"
စကားကောင်းနေတဲ့ ဝမ်ထောင် ရပ်သွားပြီး လီရှောင်းကို ကြောင်တောင်တောင် ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ... ငါ ဘာမှ မဖြစ်ပါဘူး"
လီရှောင်း တိတ်ဆိတ်သွားသည်။ ပြန်မဖြေတော့ဘဲ တိုက်ရိုက် ငြင်းလိုက်သည်။
"မင်း ကျူးချန်ကို ပြန်ပြောလိုက်။ ငါ မအားဘူးလို့"
ဒီကိစ္စက သူ့တစ်ယောက်တည်းကိစ္စ မဟုတ်ဘူး။ ကျိုးကျန့်လည်း ပါတယ်။ ကျိုးကျန့်က သူ့ကောင်မလေးကို ခေါ်သွားတာ။ သူတို့ လက်ထပ်စာချုပ် ယူပြီးပြီမို့ မျက်နှာဖော်ချင်လို့ ခေါ်သွားတာ။ ဒါပေမဲ့ ထိုင်စရာနေရာတောင် မပေးဘူး။
လူကို ဖိနပ်အောက် ထည့်နင်းသလိုပဲ။
သူ ဘေးမှာ ရှိနေလို့သာ။ လူတွေအများကြီးက သူတို့ကို ထူးဆန်းသလို ကြည့်နေကြတာ။ တော်သေးတာက ကျန်းရို မပါလာလို့။ မဟုတ်ရင် သူ ဒီလောက်နဲ့ ပြီးမှာ မဟုတ်ဘူး။
ဝမ်ထောင်က လီရှောင်း မျက်နှာပျက်သွားတာ မြင်တော့ ကြောက်သွားသည်။
"အေးပါ... အေးပါ... ငါ ပြန်ပြောလိုက်မယ်"
သုတ်ခြေတင် ပြေးတော့သည်။
ဒီကိစ္စကြောင့် လီရှောင်း အိမ်က ထွက်လာတော့ မျက်နှာ မကောင်းဘူး။ ဒါပေမဲ့ တံခါးသေချာပိတ်ဖို့ ကျန်းရိုကို မှာခဲ့သေးသည်။
ကျန်းရိုလည်း စကားပြောသံ ကြားလိုက်သည်။ ဘာမှ မပြောဘဲ ဆိုင်ကယ်စီးတာ သတိထားဖို့ မှာလိုက်သည်။
....
နောက်တစ်နေ့မနက်မှာ ကျူးချန် လက်ဆောင်ထုပ်တွေနဲ့ ရောက်လာသည်။
လီရှောင်း မရှိတော့ ကျန်းရို တံခါးဖွင့်ပေးလိုက်သည်။
ကျူးချန်က ကျန်းရိုကို မြင်တော့ မအံ့ဩဘူး။ မင်္ဂလာဆောင်ပြီးကာစမို့ မျက်နှာမှာ အပြုံးတွေ ဝေနေသည်။
"အစ်မရို နေကောင်းလား"
ကျန်းရို အံ့ဩသွားသည်။ "ရှင် ဘာလာလုပ်တာလဲ။ လီရှောင်း မရှိဘူး"
"ဟုတ်လား"
ကျူးချန် နှမြောသွားပုံရသည်။ ဒါပေမဲ့ ချက်ချင်း ပြန်ပြုံးလိုက်သည်။
"ရပါတယ်။ အစ်မရိုကို ပြောလည်း ရတာပဲ"
"ဟူး... ဘယ်က စပြောရမှန်းတောင် မသိပါဘူး။ မင်္ဂလာဆောင်နေ့က ကိစ္စပါ။ အဲဒီနေ့က အရမ်း ရှုပ်နေတော့ လူတွေ မှားကုန်ကြတာ။ မေ့ဇီဘက်က ဆွေမျိုးတွေက ရှောင်းကောနဲ့ ကျိုးကျန့်ကို မသိတော့ အပြင်မှာ တားလိုက်မိတာ။ အဲဒီကိစ္စကို ကျွန်တော် မနေ့ကမှ သိရတာ"
"အဲဒီညက ရှောင်းကောကို မတွေ့လို့ လိုက်ရှာနေသေးတယ်။ အလုပ်ရှုပ်လွန်းလို့ မမေးမိလိုက်ဘူး။ မနေ့ကမှ ကြားပြီး ဒေါသထွက်သွားတာ။ မနေ့က ကျန်းနန်အပန်းဖြေစခန်းမှာ အလုပ်ရှုပ်နေလို့ မလာနိုင်ဘူး။ ဒါကြောင့် ဝမ်ထောင့်ကို စကားပါးခိုင်းလိုက်တာ။ သူ ဘယ်လိုပြောလိုက်လဲ မသိဘူး။ ရှောင်းကောက ငြင်းလိုက်တယ်တဲ့။ ဒါကြောင့် ဒီနေ့ လက်ဆောင်တွေနဲ့ လာတောင်းပန်တာပါ။ ရှောင်းကောက သဘောထားကြီးပါတယ်။ ဒီလောက်ကိစ္စနဲ့ စိတ်ဆိုးနေမှာ မဟုတ်ပါဘူး။ မေ့ဇီရဲ့ဆွေမျိုးတွေကလည်း ပုံမှန်ဆို အဆက်အသွယ် သိပ်မလုပ်ကြပါဘူး။ ဝေးတယ်"
ပြီးတော့ သနားစရာမျက်နှာ လုပ်ပြသည်။
"အဲဒီနေ့က မင်္ဂလာခန်း ဝင်မယ်လုပ်တော့ သူတို့က ပိုက်ဆံ ၂၀၀ တောင်းမှ လွှတ်ပေးတာလေ။ ဒီလို ဆွေမျိုးတွေရှိနေတာ တကယ် ခေါင်းကိုက်စရာပဲ"
ကျန်းရို နားထောင်ပြီး အံ့ဩသွားသည်။ စားသောက်ဆိုင်မှာ လုပ်တဲ့လူမို့ စကားပြော ကောင်းလိုက်တာ။
ဒါပေမဲ့ သူမက မအပါဘူး။ နားထောင်လိုက်ရင် အပြစ်က သူ့မိန်းမ ဆွေမျိုးတွေနဲ့ ဝမ်ထောင်အပေါ် ပုံချလိုက်တာ။ သူနဲ့ ဘာမှမဆိုင်သလိုပဲ။
ဒါပေမဲ့ သူမ ကြားတာက မိန်းမဘက်က ဆွေမျိုးတွေက လူကြားထဲမှာ လီရှောင်းနဲ့ ကျိုးကျန့်က ထောင်ကျဖူးတယ်၊ ကျက်သရေ မရှိဘူး ဆိုပြီး ပြောလို့ မင်္ဂလာခန်းထဲ ပေးမဝင်တာတဲ့။
တကယ် အဆက်အသွယ် မလုပ်တဲ့ ဆွေမျိုးတွေဆိုရင် ဘယ်လိုလုပ် ဒီလောက် ရဲတင်းမှာလဲ။
ကျူးချန်က တကယ် မသိတာလား၊ မသိချင်ယောင် ဆောင်တာလား။
ကျန်းရို ဘာပြန်ပြောရမှန်း မသိတော့ ပြုံးလိုက်သည်။
"ရှင် ကျွန်မကို ပြောလည်း အလကားပဲ။ ကျွန်မက ဘာဖြစ်ခဲ့မှန်းမှ မသိတာ။ လီရှောင်း ပြန်လာမှ ပြောပါလား"
ကျူးချန် သဘောတူလိုက်သည်။
"ကောင်းပြီလေ... ပစ္စည်းတွေ ထားခဲ့လိုက်မယ်။ ရှောင်းကော ပြန်လာရင် ကျွန်တော် လာရှင်းပြမယ်လို့ ပြောပေးပါ"
ပြောရင်း ပစ္စည်းတွေ ချမလို့ လုပ်လိုက်သည်။
ကျန်းရို လက်မခံဘူး။ လီရှောင်း ခွင့်လွှတ်မလား မသိဘဲ လက်ဆောင် ယူထားလို့ မဖြစ်ဘူးလေ။
အမြန် တားလိုက်သည်။ "မလုပ်နဲ့... ပြန်ယူသွား။ ပစ္စည်းတွေ မလိုပါဘူး။ ရှင် အရင်ပြန်လိုက်ဦး။ လီရှောင်းက နေ့လယ် ၂ နာရီလောက်မှ ပြန်ရောက်မှာ။ အဲဒီကျမှ လာပြောလည်း ရတာပဲ"
ကျူးချန်က "အာ... မကောင်းလိုက်တာ။ ကျွန်တော် ခဏနေရင် ကိစ္စရှိလို့ သွားရတော့မှာ။ ဒီလိုလုပ်ပါလား။ ကျွန်တော် ပစ္စည်းတွေ ထားခဲ့လိုက်မယ်။ ရှောင်းကော ပြန်ရောက်ရင် အစ်မရိုက ဝင်ပြောပေးပါလား။ နောက်ရက် အားမှ လာရှင်းပြတော့မယ်"
"......"
ဒီစကားကြားမှ ကျန်းရို သဘောပေါက်သွားသည်။
သူက လီရှောင်းကို မျက်နှာချင်းဆိုင် တောင်းပန်ဖို့ စိတ်ကူးမရှိဘူး။ လက်ဆောင် ထားခဲ့ပြီး သူမကို ကြားဝင်ခိုင်းချင်နေတာ။
သူမက ကလေးအမေ၊ လီရှောင်းမိန်းမ ဆိုတော့ သူမ ပြောရင် ဝမ်ထောင် ပြောတာထက် ပိုထိရောက်မယ်။ ပြီးတော့ လက်ဆောင်တွေ လက်ခံလိုက်ရင် လီရှောင်း စိတ်ဆိုးချင်ရင်တောင် ဆိုးလို့မရတော့ဘူး။
ရက်နည်းနည်းကြာလို့ စိတ်ပြေသွားမှ သူက လာတောင်းပန်ရင် ပြီးပြီပေါ့။
ဉာဏ်များလိုက်တာ။
ကျန်းရိုသာ လောဘကြီးတဲ့ မိန်းမဆိုရင် လက်ဆောင်တွေမြင်ပြီး လက်ခံလိုက်မှာ။ ဒါပေမဲ့ ကျန်းရိုက အဲဒီလိုလူ မဟုတ်ဘူး။ ကျူးချန်ရဲ့ လုပ်ရပ်ကို ရွံတောင် ရွံသေးတယ်။
ကိုယ့်အပြစ် ကိုယ်မယူဘဲ သူများအပေါ် လွှဲချတာ လူမပီသဘူး။
ဝမ်ထောင့်ကို ပြောခိုင်းလို့ မရတော့ သူမကို လာဆွဲထည့်နေတယ်။
ကျူးချန်က အိတ်ဖွင့်ပြသေးတယ်။ အထဲမှာ အာဟာရဖြည့်စွက်စာတွေ၊ ဗီတာနို့၊ ချောကလက်၊ နှမ်းမဲမှုန့်... တန်ဖိုးကြီးတာတွေချည်းပဲ။
ကျန်းရို အပြုံးပျောက်သွားသည်။ ယဉ်ကျေးစွာ ငြင်းလိုက်သည်။
"ဈေးကြီးလွန်းတယ်။ ကျွန်မ လက်မခံနိုင်ပါဘူး။ ရှင် လီရှောင်းကို အထင်လွဲနေတာဖြစ်မယ်။ သူ ဒီရက်ပိုင်း အလုပ်ရှုပ်နေလို့ပါ။ ရှင်နဲ့ စိတ်ဆိုးတယ်လို့ မကြားမိပါဘူး။ ပစ္စည်းတွေ ပြန်ယူသွားပါ။ သူ ပြန်လာရင် ပြောပြလိုက်ပါ့မယ်"
ကျူးချန်က ကျန်းရို ဒီလိုတုံ့ပြန်မယ် မထင်ထားဘူး။ ဝမ်ထောင်အိမ် သွားတုန်းက ဘာမှမပါဘဲ သွားတာတောင် ဝမ်ထောင်မိန်းမက ပြုံးဖြီးနေတာ။ ဝမ်ထောင် စကားမဆုံးခင် သူ့ကို မောင်းထုတ်ပြီး လီရှောင်းအိမ် လွှတ်လိုက်တာ။
ညီအစ်ကိုတွေ အတူတူ ကြီးပြင်းလာကြပေမယ့် ဝမ်ထောင်နဲ့ ယှဉ်ရင် လီရှောင်းက သူ့စိတ်ထဲမှာ ပိုအရေးပါတာ အမှန်ပဲ။ သူ သိတယ်... ဒီတစ်ခါ လီရှောင်းကို တကယ် စိတ်ဆိုးအောင် လုပ်မိလိုက်ပြီ။
လီရှောင်း စိတ်သဘောထားအရ ဒီတစ်ခါ သူငယ်ချင်း မလုပ်နိုင်တော့မှာ စိုးရိမ်မိသည်။
ဒီလို တွေးမိတော့ သူက အသနားခံတဲ့ လေသံနဲ့ ပြောသည်။
"အစ်မရို... ဒီတစ်ခါတော့ ကူညီပါ။ ဝင်ပြောပေးပါဦး။ ကျွန်တော်က ဒီရက်ပိုင်း တကယ် မအားလို့ပါ။ ကျန်းနန်အပန်းဖြေစခန်းမှာ လူလိုနေလို့ သွားကူရဦးမယ်။ မဟုတ်ရင် အလုပ်ပြုတ်သွားလိမ့်မယ်။ ကျွန်တော် သွားရတော့မယ်။ ပစ္စည်းတွေ ထားခဲ့မယ်နော်"
ပြောရင်း ကုန်းချမလို့ လုပ်လိုက်သည်။
ကျန်းရိုက သူ့ထက် မြန်သည်။ တားလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"ဒီပစ္စည်းတွေ တကယ် မယူဘူး။ ကျူးချန်... ရှင် ပြန်ယူသွား။ မဟုတ်ရင် ကလေးချီပြီး ရှင့်အိမ် လာပို့ရလိမ့်မယ်။ လီရှောင်း ရှိရင်လည်း ရှင့်ပစ္စည်းတွေ လက်ခံမှာ မဟုတ်ဘူး။ အပြင်လူ ပြောစရာဖြစ်နေမယ်"
ကျန်းရိုက တကယ် မလိုချင်တာပါ။ သူမက အခု လီရှောင်းနဲ့ ပေါင်းသင်းနေတာ ဆိုတော့ သူ့ဘက်က စဉ်းစားပေးရမယ်။ ဒီကိစ္စ အစအဆုံး သူမ သိတယ်။ ကျူးချန်က မသိချင်ယောင်ဆောင်ပြီး အနိုင်ကျင့်တာ သိသာတယ်။ တောင်းပန်တာလည်း စေတနာ မပါဘူး။ သူ့အတွက်နဲ့ လီရှောင်းကို စိတ်မချမ်းသာအောင် ဘာလို့ လုပ်ရမှာလဲ။
သူမ မှတ်မိသေးတယ်။ အရင်တုန်းက အစ်ကိုဖြစ်သူက မိဘတွေနဲ့ ရန်ဖြစ်တုန်းက ပြောဖူးတယ်။ အလယ်တန်းတုန်းက လှေကားပေါ်က တွန်းချခံရလို့ လက်ကျိုးပြီး ပြိုင်ပွဲ ဝင်ခွင့်မရလိုက်တဲ့ ကိစ္စ။ အဲဒီတုန်းက တွန်းချတဲ့ ကောင်လေးရဲ့ အမေက ကလေးခေါ်ပြီး အိမ်လာတောင်းပန်တော့ မိဘတွေက သဘောကောင်းပြီး ခွင့်လွှတ်လိုက်တယ်။
ဒါပေမဲ့ အစ်ကိုက ဒီကိစ္စကို အသက်ကြီးတဲ့အထိ မမေ့နိုင်ဘူး။
ကျန်းရိုက လီရှောင်းကိုယ်စား ခွင့်လွှတ်ပေးဖို့ အရည်အချင်း မရှိဘူးလို့ ထင်တယ်။
ကျူးချန်က သူမ ကလေးပွေ့ပြီး ပြန်လာပို့မယ် ပြောတော့ တကယ် မလိုချင်မှန်း သိလိုက်သည်။ ယဉ်ကျေးနေတာ မဟုတ်ဘူး။
မျက်နှာမကောင်း ဖြစ်သွားကာ ကျန်းရိုကို တစ်ချက်ကြည့်ပြီး သက်ပြင်းချကာ ပစ္စည်းတွေ ပြန်ယူသွားသည်။
....
လီရှောင်း ညနေမှ ပြန်ရောက်သည်။ ဆေးရုံဝင်ပြီး အဒေါ်ဝမ်တို့ကို ဝင်ကြည့်ခဲ့သေးသည်။ ဦးလေးဝမ် မကြာခင် ဆင်းရတော့မယ်တဲ့။
ကျန်းရို အခန်းထဲမှာ စာဖတ်နေတာ။ သူ ပြောတာ နားထောင်ပြီးတော့ မနက်က ကျူးချန် လာတဲ့အကြောင်း ပြောပြလိုက်သည်။
လီရှောင်း မျက်မှောင်ကြုတ်လိုက်သည်။ "ပစ္စည်းတွေရော"
ကျန်းရို အမှန်အတိုင်း ဖြေလိုက်သည်။ "မယူဘူး။ ပြန်ယူသွားခိုင်းလိုက်တယ်။ ဈေးကြီးလွန်းလို့"
လီရှောင်း အစက စိတ်မကြည်ပေမယ့် ဒါကြားတော့ ရယ်လိုက်မိသည်။ ကျူးချန်တော့ ကိုယ့်ရှူးကိုယ်ပတ်ပြီ။ လူတိုင်းက မေ့ဇီတို့၊ ဝမ်ထောင်မိန်းမတို့လို မဟုတ်ဘူးဆိုတာ မသိဘူး။
ကျန်းရိုက သူများပစ္စည်း အလကား မလိုချင်ဘူး။ ပိုဈေးကြီးလေ ပိုမလိုချင်လေပဲ။
ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။
"နောက်ဆို ကျူးချန်နဲ့ သိပ်မပတ်သက်တော့ဘူး။ လူချင်း မတူတော့ဘူး။ သူ နောက်တစ်ခါ ပစ္စည်းလာပေးရင် မယူနဲ့။ လိုချင်ရင် ငါ ဝယ်ပေးမယ်"
ကျန်းရို ပြုံးလိုက်သည်။ "ကောင်းပြီ"
ခေါင်းငုံ့ပြီး စာဆက်ဖတ်နေလိုက်သည်။
လီရှောင်း သူမရဲ့ နူးညံ့တဲ့ မျက်နှာဘေးတိုက်ကို ကြည့်ပြီး ရင်ထဲ နွေးထွေးသွားသည်။
မွေးကတည်းက သူ့ပိုင်ဆိုင်မှုဆိုတာ သိပ်မရှိခဲ့ဘူး။ ဒါကြောင့် ဘေးနားက လူတွေကို တန်ဖိုးထားခဲ့တာ။ အခုတော့ မသင့်တော်ရင် ဆက်ပေါင်းနေစရာ မလိုဘူးလို့ ထင်လာပြီ။
ကျန်းရိုနဲ့ ကလေး ရှိနေတော့ ဘာမှ ဆုံးရှုံးရမှာ မကြောက်တော့ဘူး။
......
ဒီဇင်ဘာ လလယ်လောက်မှာ လီရှောင်း မြို့ပေါ်သွားပြီး ဝက်အူချောင်း ရောင်းရာကနေ အပြန် ဦးလေးဝမ်တို့ လင်မယားကို ခေါ်လာခဲ့သည်။ ဦးလေးဝမ်က ဒဏ်ရာမပျောက်သေးလို့ ဝှီးချဲ စီးထားရသည်။
အိမ်ရှေ့ရောက်တော့ လီရှောင်းက ဦးလေးဝမ်ကို ကုန်းပိုးပြီး ရှေ့က သွား၊ အဒေါ်ဝမ်က ဝှီးချဲတွန်းပြီး နောက်က လိုက်လာသည်။
ရုံးဆင်းချိန်မို့ အိမ်နီးနားချင်းတွေ မြင်ပြီး မေးမြန်းကြသည်။
ရပ်ကွက်ကျဉ်းကျဉ်းလေးမို့ ဝမ်မိသားစုအကြောင်းက ပျံ့နေပြီးသား။
ဦးလေးဝမ် ဒဏ်ရာရတော့ အဒေါ်ဝမ် စိတ်ဆင်းရဲနေမယ် ထင်ထားကြတာ။ အခု တစ်လလောက် မတွေ့ရတဲ့ အဒေါ်ဝမ်ကို မြင်တော့ မပိန်တဲ့အပြင် ပြုံးတောင် ပြုံးနေသေးတာ တွေ့လိုက်ရသည်။
ဆံပင်တိုတိုနဲ့ အဒေါ်ကြီးတစ်ယောက်က မနေနိုင်ဘဲ မေးလိုက်သည်။
"အိုက်ဟွာ... နင့်ယောကျ်ား ဘယ်လိုနေလဲ။ ကားသမားကို မိပြီလား"
အဒေါ်ဝမ်က မကျေမနပ် ပြန်ဖြေသည်။
"ဘယ်မိမလဲ။ ရှောင်လီက ရဲတိုင်ပေးပေမယ့် သတင်းမရဘူး။ အဲဒီလမ်းက လူပြတ်တော့ ဘီးရာလောက်ပဲ တွေ့တာ။ ဘာမှ မသိရဘူး။ ငါ ပြောသားပဲ။ မသွားပါနဲ့ဆို။ သူက ဇွတ်သွားတာ။ သူ့အပြစ်နဲ့ သူပဲ"
ပြောရင်း ဒေါသထွက်လာသည်။ ဆေးရုံမှာ နေတုန်းက စကားပြောဖော်မရှိလို့ အောင့်အီးနေရတာ။ အခု လူတွေ မေးတော့ အကုန် ဖွင့်ပြောချင်နေသည်။ သူမ ဘယ်လောက် ကံဆိုးကြောင်း၊ အသက်ကြီးမှ ဒုက္ခရောက်ရကြောင်း၊ ဆေးရုံမှာ အစားဆင်းရဲ အနေဆင်းရဲဖြစ်ခဲ့ရကြောင်း၊ လီရှောင်းသာမရှိရင် ဒုက္ခရောက်မယ့်အကြောင်းတွေ ပြောပြသည်။
"နင်တို့ မသိပါဘူး။ လီရှောင်းက သိပ်ကောင်းတာ။ အဲဒီညက သူသာ သွားမရှာရင် ငါ့ယောကျ်ား သေပြီ။ ဆရာဝန်ကတောင် ပြောတယ်။ နောက်ကျရင် မရတော့ဘူးတဲ့။ ကြောက်စရာ မကောင်းဘူးလား။ ဒီရက်ပိုင်း သူပဲ လာကြည့်နေတာ။ ငါ လူလိမ်နဲ့ တွေ့တာတောင် သူ ကူညီပေးလို့ ပိုက်ဆံ မပါသွားတာ..."
ပြီးတော့ သက်ပြင်းချလိုက်သည်။
"သမီးက တက္ကသိုလ်တက်နေလို့ ဂုဏ်ယူခဲ့တာ။ အခုတော့ ဘာမှ သုံးစားမရဘူး။ ကျောင်းကို ဖုန်းဆက်တော့ ပြိုင်ပွဲသွားလို့ မရှိဘူးတဲ့။ လီရှောင်းကမှ အားကိုးရသေးတယ်။ ဘေးကုတင်က အဘွားကြီးကတောင် ငါ့ကို သားကောင်း မွေးထားတယ်လို့ ချီးကျူးနေတာ။ သားရင်းထက်တောင် ပိုကောင်းနေသေးတယ်"
အဒေါ်ဝမ်၏အသံက ကျယ်တော့ နောက်ဖေးမှာ ထမင်းချက်နေတဲ့ ကျန်းရိုတောင် ကြားရသည်။
ဒယ်အိုးချပြီး ကလေးချီကာ ထွက်ကြည့်လိုက်သည်။ အဒေါ်ဝမ်ကို လူအုပ် ဝိုင်းနေသည်။ သူမက လူအများ အာရုံစိုက်တာ ခံရလို့ ပျော်နေပုံရသည်။ ပါးစပ်က မနားတမ်း ပြောနေတာ။
ကျန်းရို လူအုပ်အပြင်ဘက် လျှောက်သွားသည်။
ဘေးအိမ် တံခါးမကြီး ပွင့်နေသည်။ လီရှောင်းက တံခါးဝ ပိတ်ဆို့နေတာ မြင်တော့ ထွက်ရမလား မထွက်ရမလား တွေးနေသည်။
ကျန်းရို ကြည့်ပြီး ပြုံးလိုက်သည်။ အမျိုးသားက သူမ အကြည့်ကို သတိထားမိပြီး လှမ်းကြည့်သည်။ မျက်လုံးချင်း ဆုံတော့ သူလည်း နှုတ်ခမ်းထောင့် ကွေးပြီး ပြုံးပြလိုက်သည်။
နောက်ဆုံးတော့ ဦးလေးဝမ် နားငြီးလာပြီး အော်လိုက်လေသည်။
"မာအိုက်ဟွာ... တော်တော့"
အဒေါ်ဝမ်က မကြောက်ပါဘူး။ ပရိသတ်ကို လှည့်ပြောလိုက်သေးသည်။
"တွေ့လား... စိတ်ကြီးပဲ ရှိတယ်။ ငါပဲ သည်းခံနိုင်တာ"
လူတွေကို နှုတ်ဆက်ပြီး အားမရသေးဘဲ အိမ်ထဲ ဝင်သွားသည်။ မကြာခင် ဘေးအိမ်ကနေ ဒေါ်ကြီးဝမ်ရဲ့ ဆူညံသံတွေ ပိုကျယ်လောင်စွာ ထွက်ပေါ်လာသည်။
လီရှောင်းက ဘေးအိမ်ကနေ ခြံစည်းရိုး ကျော်ဝင်လာသည်။ ကျန်းရိုထက် အရင် ရောက်နေသည်။ သူ အိမ်ထဲ မဝင်ဘဲ ကျန်းရို ပြန်လာတာ မြင်တော့ လက်ထဲက အန်းအန်းကို လှမ်းယူလိုက်သည်။
"ဒီနေ့ လိမ္မာလား"
ကျန်းရို ပြန်ပြောလိုက်သည်။
"ရှင့်သမီးအကြောင်း ရှင် မသိဘူးလား။ စားလိုက် အိပ်လိုက်ပဲ"
၂ လတည်းနဲ့ ဝက်ပေါက်စလေးလို ဝလာပြီ။
အခု လူပါးဝလာပြီ။ ဒီရက်ပိုင်း ချောင်းနည်းနည်း ဆိုးနေလို့ လမ်းထိပ်က ဆရာဝန်ကြီးက ဆေးမတိုက်ဘဲ ပီပါးရွက် ပြုတ်တိုက်ခိုင်းထားတယ်။
မနေ့ညက အိမ်နီးချင်းဆီက ပီပါးရွက် တောင်းပြီး ပြုတ်တိုက်လိုက်တယ်။ လီရှောင်း တိုက်တာ။ သောက်ပြီးတော့ ဒီနေ့ သက်သာသွားတယ်။
ဒါပေမဲ့ မပျောက်သေးမှာစိုးလို့ ကျန်းရို ဒီနေ့ ထပ်တိုက်တာ မသောက်တော့ဘူး။ ပါးစပ်ပိတ်ထားတယ်။ အရသာ မကြိုက်လို့။
ကျန်းရို ဒီအကြောင်း ပြောပြတော့ လီရှောင်း သဘောကျသွားသည်။ သမီးကို မြှောက်လိုက်၊ ချလိုက် လုပ်ပြီး "အမေ့ကို အနိုင်ကျင့်တာလား" လို့ မေးနေသေးသည်။
ကျန်းရိုက စည်းကမ်းကြီးပေမယ့် စိတ်ပျော့သည်။ ကလေး ဂျီကျရင် လိုက်လျောတတ်သည်။ ဥပမာ - ခြေအိတ် မဝတ်ချင်ရင် မဝတ်ခိုင်းတော့ဘူး။
လီရှောင်းကတော့ မရဘူး။ သူက သဘောကောင်းတယ် ထင်ရပေမယ့် တစ်ခုခု ဆုံးဖြတ်ပြီးရင် မလျော့ပေးဘူး။ ဥပမာ - ကလေးက သူ့ရှေ့မှာ လက်မစုပ်ရဲတော့ဘူး။
သူ မရှိရင်တော့ စုပ်တာပေါ့။
မနက်ပိုင်း သူ နို့တိုက်ရင် ကလေးက မြန်မြန်သောက်တယ်။ ကျန်းရို တိုက်ရင်တော့ ပုတ်ပေးမှ သောက်တယ်။ တော်ကြာ စိတ်လွင့်သွားသေးတယ်။
ကလေးက လိမ်မာပေမယ့် ဉာဏ်များတယ်ဆိုတာ ကျန်းရို သိလိုက်ပြီ။
နှစ်ယောက်သား မီးဖိုချောင် ဝင်ကြသည်။ အဒေါ်ဝမ်က အခုမှ ပြန်ရောက်တာဆိုတော့ အလုပ်ရှုပ်နေမှာမို့ ကျန်းရိုက ဟင်းပိုချက်ပြီး လီရှောင်းကို သွားပို့ခိုင်းလိုက်သည်။
လီရှောင်းက သမီးပါ ချီသွားသည်။
ကျန်းရိုက ဆန်ဆေး အိုးတည်ပြီး မီးဖိုချောင် ရှင်းနေလိုက်သည်။ ကြာတာတောင် ပြန်မလာသေးဘူး။
အသံကြားလို့ ထွက်ကြည့်တော့ တံခါးဝမှာ လီရှောင်းနဲ့ သမီးကို အဒေါ်ကြီးတွေ ဝိုင်းနေကြတာ တွေ့လိုက်ရသည်။ လက်ထဲမှာ ဟင်းခွက်တွေ ကိုင်ထားကြတယ်။
"အိမ်မှာ ဟင်းပိုချက်မိလို့ လာပေးတာ"
"အို... အန်းအန်း... ဘွားဘွားကို မှတ်မိလား။ မနေ့ကတောင် ချီထားသေးတယ်လေ"
"ဟော... အန်းအန်းက လက်လှမ်းနေတယ်။ စားချင်လို့လား။ မရသေးပါဘူး။ ငတ်ကြီးကျနေတာပဲ"
...
အဒေါ်ကြီးတွေက ကျန်းရိုကို မြင်တော့ ဟင်းတွေ ယူခိုင်းကြသည်။
ကျန်းရိုလည်း အားမနာတော့ဘဲ ပန်းကန်လုံး ယူပြီး ထည့်လိုက်သည်။
"ကျေးဇူးပါပဲ အဒေါ်တို့"
အဒေါ်ကြီးတွေက ရယ်မောပြီး ပြောကြသည်။
"ရှောင်လီက ကလေးကောင်းပါ။ အရင်က ငါတို့ အထင်လွဲခဲ့ကြတာ"
"ရှောင်လီ စိတ်မရှိပါနဲ့။ နောက်ဆို အဒေါ်တို့ မပြောတော့ပါဘူး"
"ဟုတ်တယ်။ နောက်ဆို ကလေးခေါ်ပြီး လာဆော့ကြဦး။ အဒေါ့်သမီးက အန်းအန်းကို သိပ်ချစ်တာ"
ကျန်းရို လူတွေကို လိုက်ပို့ပြီး ပြန်ဝင်လာတော့ ပျော်နေသည်။
လီရှောင်းက တံခါးဝမှာ ရပ်ကြည့်နေရင်း မေးလိုက်သည်။
"ဘာလို့ ဒီလောက် ပျော်နေတာလဲ"
ကျန်းရို ပြုံးလိုက်သည်။ "ရှင့်အတွက် ပျော်တာလေ။ လူတွေအများကြီးက ရှင့်ကို သဘောကျနေကြတာ မပျော်ဘူးလား"
လီရှောင်း သူမကို ကြည့်ပြီး ဘာမှ မပြော။ ကလေးချီပြီး မီးဖိုချောင်ထဲ ဝင်သွားသည်။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်သည်။ ပျော်လား။
နည်းနည်းတော့ ပျော်မိပါတယ်လေ။
....
ညစာစားပြီးတော့ လီရှောင်းက ဆေးရည်ထပ်ပြုတ်ပြီး ကလေးကို တိုက်သည်။ တစ်ဖက်က ချီ၊ တစ်ဖက်က ဇွန်းနဲ့ တိုက်သည်။ မျက်နှာသေနဲ့။
ကလေးက သူ့ရင်ခွင်ထဲမှာ ငြိမ်နေသည်။ မလှုပ်မယှက်နဲ့ တစ်ဇွန်းတိုက် တစ်ဇွန်းသောက်။ သိပ်လိမ်မာတာ။
တိုက်ပြီးတော့ လီရှောင်းက ကျန်းရိုကို မျက်ခုံးပင့်ပြသည်။
ကျန်းရို မျက်စောင်းထိုးလိုက်သည်။ ကလေးကို လှမ်းယူပြီး ရေဆေးပေးဖို့ ပြောလိုက်သည်။
လီရှောင်း ပန်းကန်ယူပြီး မီးဖိုချောင် ဝင်သွားသည်။
သူသွားတာနဲ့ ကလေးပါးစပ်က ဆေးရည်တွေ ယိုကျလာသည်။ ကျန်းရို ကြောင်သွားပြီး ကလေးမျက်လုံးကို ကြည့်လိုက်သည်။
သဘောပေါက်သွားပြီး ရယ်လိုက်မိသည်။ လီရှောင်းကို တိုင်တောလိုက်သည်။
"ရှင်လည်း မရပါဘူး။ ရှင့်သမီးက ရှင်တိုက်တာတွေကို ထွေးထုတ်ပစ်တာ"
ကဲ့ရဲ့သံ ပါနေသည်။
မယုံမှာစိုးလို့ မီးဖိုချောင်ထဲ ဝင်ပြလိုက်သည်။
ပန်းကန်ဆေးနေတဲ့ လီရှောင်းက လှည့်ကြည့်လိုက်တော့ သမီးလည်ပင်းက ပဝါလေးမှာ အဝါရောင် အရည်တွေ စွန်းနေတာ တွေ့လိုက်ရသည်။
"......"
ကျန်းရို ပြောသလိုပဲ ဒီကလေးက မွေးခါစမှာ အတိတ်မေ့စွပ်ပြုတ် မသောက်ခဲ့ဘူးလားလို့ သံသယ ဝင်မိသည်။
ငယ်ငယ်လေးနဲ့ ဉာဏ်များလိုက်တာ။
....
နောက်တစ်နေ့မနက်မှာ ကျန်းရို ကလေးချီပြီး ဘေးအိမ် သွားလည်သည်။
အဒေါ်ဝမ်က အန်းအန်းကို မတွေ့ရတာ တစ်လကျော်ပြီ။ ဆေးရုံမှာတုန်းက သတိရနေတာ။ အခုတော့ ပွေ့ချီပြီး အသည်းတွေ ယားနေသည်။
အန်းအန်းကလည်း လူမကြောက်ဘူး။ အချီခံရင်း ဟိုကြည့်ဒီကြည့် လုပ်နေသည်။
ဦးလေးဝမ်က ကုတင်ပေါ်ကနေ လှမ်းကြည့်ပြီး အားကျနေသည်။ ဒီလောက်လှတဲ့ ကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူး။ နှစ်သစ်ကူး ပိုစတာထဲက ကလေးလေးတွေလိုပဲ။
"ဒါ အန်းအန်းလား။ လှလိုက်တာ"
သူ အန်းအန်းကို မမြင်ဖူးသေးပေ။ လီရှောင်းတို့လင်မယား ကလေးမွေးတတ်တယ်လို့တောင် တွေးမိသည်။
ကျန်းရိုက ပြန်ဖြေသည်။ "ဟုတ်တယ်။ ရုပ်ကတော့ လီရှောင်းနဲ့ တူတယ်။ စိတ်ကတော့ မတူဘူး။ ပိုလိမ်မာတယ်။ ကျွန်မ သိပ်မပင်ပန်းရဘူး"
ကလေးက ငယ်သေးပေမယ့် ကျန်းရိုက အပြင်မှာ ကလေးအကြောင်းပြောရင် သတိထားပြောသည်။ ကိုယ့်ကလေးကို နှိမ်မပြောဘူး။ အပြင်လူတွေက မိဘပြောတာကို ကြည့်ပြီး ကလေးကို အကဲခတ်တတ်ကြတာ။
လီရှောင်းက သာဓကပဲ။ လင်းမေ့ရူက အနိုင်ကျင့်တတ်တဲ့သူ။ လီရှောင်းအဖေက အိမ်တွင်းအကြမ်းဖက်တတ်တယ်။ သူမက ကိုယ့်ကိုယ်ကိုယ် သနားစရာကောင်းအောင်ပြောပြီး လီရှောင်းတို့ သားအဖကို မကောင်းပြောတော့ အိမ်နီးချင်းတွေက လီရှောင်းကို အမြင်မကြည်ကြဘူး။
လင်းမေ့ရူတင် မကဘူး။ မိဘတော်တော်များများက ကိုယ့်ကလေးကို သူများရှေ့မှာ နှိမ်ပြောတတ်ကြတယ်။ တချို့က သူများချီးကျူးတာ ခံချင်လို့။ တချို့က ကလေးကို နှိပ်ကွပ်ရတာ ပျော်လို့။ ဘာပဲဖြစ်ဖြစ် မိဘနှိမ်တာခံရတဲ့ ကလေးတွေက ကြီးလာရင် စိတ်ပိုင်းဆိုင်ရာပြဿနာ ရှိတတ်ကြတယ်။
စိတ်ပျော့တဲ့သူက ယုံကြည်မှု မရှိဘဲ ဖြစ်လာမယ်။ စိတ်မာတဲ့သူကတော့ အေးစက်ပြီး ကိုယ်ချင်းစာစိတ် မရှိသူ ဖြစ်လာမယ်။
လီရှောင်းက နောက်တစ်မျိုး ဖြစ်လောက်တယ်။
ဒါပေမဲ့ တချို့လူတွေက မွေးရာပါ အေးစက်တာ မဟုတ်ပါဘူး။ လီရှောင်း အခု ပြောင်းလဲလာတာကို ကျန်းရို သတိထားမိသည်။ အရင်က မှတ်တမ်းတွေထဲက လူနဲ့ အများကြီး ကွာခြားနေပြီ။
.....
ကျန်းရို အဒေါ်ဝမ်နဲ့ စကားပြောပြီး ပြန်လာခဲ့သည်။
အိမ်ဝင်းထဲ ဝင်လိုက်တာနဲ့ လင်းမေ့ရူကို တွေ့လိုက်ရသည်။
လင်းမေ့ရူက ကျန်းရိုလက်ထဲက အန်းအန်းကို ကြည့်ပြီး မဲ့ပြုံး ပြုံးလိုက်သည်။ သိပ်ပျော်တဲ့ပုံ မပေါ်။
ပြီးတော့ ကျန်းရိုကို မေးလိုက်သည်။
"လီရှောင်း ဘယ်တော့ ပြန်လာမလဲ"
ကျန်းရိုက ကလေးချီပြီး အိမ်ထဲ ဝင်လိုက်သည်။ အိမ်တံခါး သော့ဖွင့်ရင်း ပြန်ဖြေလိုက်သည်။
"အမေ ဘာလာလုပ်တာလဲ"
လင်းမေ့ရူ မျက်လုံး လှန်ကြည့်လိုက်သည်။
"နင့်ကို ပြောစရာ မလိုဘူး။ လီရှောင်းကိုပဲ ပြောမယ်"
"သူက ညမှ ပြန်လာမှာ။ အမေ ပြန်နှင့်လေ။ သူပြန်လာမှ လွှတ်လိုက်မယ်"
လီရှောင်း လာရမယ်ဆိုတော့ လင်းမေ့ရူ တွန့်ဆုတ်သွားသည်။ လီရှောင်းနဲ့ အဘိုးကြီးဟယ်က မတည့်ဘူး။ တွေ့ရင် ရန်ဖြစ်မှာ စိုးရိမ်တယ်။
စဉ်းစားပြီးတော့ ပြောလိုက်သည်။
"နင် ပိုက်ဆံ နည်းနည်း ပေး။ အရင်တုန်းက လီရှောင်း အချုပ်ကျတုန်းက ငါ ရွေးပေးခဲ့တာလေ။ အဲဒီပိုက်ဆံ ပြန်ပေး။ နင်တို့ အခု ပိုက်ဆံရှာနိုင်နေပြီပဲ။ မြို့ပေါ်ထိတောင် စီးပွားသွားလုပ်နေတယ် ကြားတယ်။ ယွမ် ၂၀၀ လောက် ပေးလိုက်ရင် ရပြီ"
"......"
၂၀၀ လောက် ပေးလိုက်ရင် ရပြီတဲ့။ နည်းတဲ့ ပိုက်ဆံ ကျနေတာပဲ။
ကျန်းရို မေးလိုက်သည်။
"ပိုက်ဆံ ဘာလုပ်မလို့လဲ။ ဟယ်ဝမ်ဟွာ ပြဿနာတက်လို့လား"
လင်းမေ့ရူ မကျေမနပ် ဖြစ်သွားသည်။ "နင် ဘာစကား ပြောတာလဲ။ စိတ်ပုပ်လိုက်တာ"
ပြီးတော့ ဂုဏ်ယူစွာ ပြောလိုက်သည်။
"အားဟွာက အောင်မြင်တော့မှာ။ ကျောင်းက ရွေးချယ်ခံရပြီး ပေကျင်းကို သင်္ချာပြိုင်ပွဲ သွားပြိုင်ရမှာ။ နေစရိတ်၊ စားစရိတ် လိုလို့။ နင်က သူ ကောင်းစားမှာ မလိုလားဘူး မဟုတ်လား"
ကျန်းရို နားမလည်။ "ကျောင်းက ရွေးပြီး ပြိုင်ပွဲသွားပြိုင်တာ ကျောင်းက စရိတ်ငြိမ်း မဟုတ်ဘူးလား။ ဘာလို့ ကိုယ်တိုင် စိုက်ရမှာလဲ"
မဖြစ်နိုင်ဘူး ထင်တယ်။
လင်းမေ့ရူက အထင်သေးစွာ ကြည့်လိုက်သည်။ "နင် ဘာနားလည်လို့လဲ။ အထက်တန်းတောင် မပြီးဘဲနဲ့"
"......" ဟယ်ဝမ်ဟွာ တက်နေတာကလည်း နာမည်ကြီးကျောင်းမှ မဟုတ်တာ။
၁၀ တန်းကို ၃၊ ၄ နှစ် ဖြေပြီးမှ တက္ကသိုလ် ရောက်တာ။ သူက ပေကျင်း သွားပြိုင်မယ်တဲ့လား။
ယုံစရာ မကောင်းဘူး။
ဒါပေမဲ့ လင်းမေ့ရူက ယုံကြည်နေသည်။ "ပိုက်ဆံ ပေးမှာလား၊ မပေးဘူးလား"
"မရှိဘူး"
ကျန်းရို ငြင်းလိုက်သည်။
"ပိုက်ဆံတွေ လီရှောင်းဆီမှာ။ သူ ဘယ်မှာ သိမ်းထားလဲ မသိဘူး"
လင်းမေ့ရူ မျက်နှာ မကောင်းတော့။ ဒါပေမဲ့ သံသယ မဝင်ဘူး။ ဆဲပြီး ပြန်သွားသည်။
"သားအဖတွေ တူတူပဲ"
"အသုံးကိုမကျဘူး"
ဒေါသတကြီး ထွက်သွားလေသည်။
.....
ညနေ လီရှောင်း ပြန်လာတော့ ပြောပြလိုက်သည်။
လီရှောင်းက ထမင်းစားရင်း သမီးကို စနေသည်။ ကြားတော့ မျက်နှာမပျက်ဘဲ ပြောလိုက်သည်။
"ဂရုမစိုက်နဲ့။ လာရင် မရှိဘူးပဲ ပြော"
ခဏကြာတော့ ထပ်ပြောသည်။
"ဒီရက်ပိုင်း ပိုက်ဆံ ပိုရှာပြီး နောက်နှစ်ကျရင် တောင်ဘက်ပိုင်း သွားကြည့်မယ်"
ကျန်းရို မျက်မှောင်ကြုတ်လိုက်သည်။ "သွားမှ ဖြစ်မှာလား"
အခု အခြေအနေက ကောင်းနေပြီလေ။ စားဝတ်နေရေး မပူရတော့ဘူး။
လီရှောင်းက သမီးရဲ့ ပါးဖောင်းဖောင်းလေးကို ကြည့်ပြီး "အင်း" လို့ ဖြေလိုက်သည်။
အရင်က သူ လူရာဝင်ဖို့ စိတ်မဝင်စားခဲ့ဘူး။ အခုတော့ မတူတော့ဘူး။ အန်းအန်း ကြီးလာရင် ဆင်းရဲလို့ သူများ အထင်သေးခံရမှာ မလိုလားဘူး။ ကျန်းရို လူရွေးမှားတယ်လို့ သူများ ပြောမှာလည်း မလိုလားဘူး။
သူ့မှာ အခု မိန်းမရှိပြီ၊ ကလေးရှိပြီ။ သူတို့အတွက် ကောင်းကင်တစ်ခု ဖန်တီးပေးပြီး ကောင်းကောင်း ထားချင်တယ်။
.....
အဒေါ်ဝမ် ပြန်ရောက်လာတော့ ခြံဝင်းထဲ စည်ကားသွားသည်။ အန်းအန်းက ငယ်သေးပေမယ့် လူစုလူဝေး ကြိုက်သည်။
နေ့တိုင်း မနက်၊ ညနေ ဘေးအိမ် သွားလည်ကြသည်။
အဒေါ်ကြီးတွေရဲ့ အတင်းပြောနိုင်စွမ်းကို လျှော့မတွက်နဲ့။ ရက်အနည်းငယ်ကြာတော့ ဝမ်ထောင်နဲ့ ကျူးချန် ပေါင်းမိသွားပြီး ကျူးချန်က ဝမ်ထောင်မိန်းမကို အလုပ်သွင်းပေးလိုက်တယ် ဆိုတဲ့ သတင်း ကြားလိုက်ရသည်။
...
ကျန်းရို ညဘက် လီရှောင်းကို ပြောပြသည်။ ကျူးချန်က ဟိုတစ်ခေါက်ပြီးကတည်းက ပေါ်မလာတော့ဘူး။ နှစ်ယောက်သား အဆက်အသွယ် ဖြတ်လိုက်ကြပြီ။
ပြောပြီးတော့ သူ စိတ်မကောင်းဖြစ်မှာစိုးလို့ နှစ်သိမ့်လိုက်သေးသည်။
"ဘဝဆိုတာ ခရီးသွားသလိုပဲ။ လမ်းခွဲတွေ တွေ့ရစမြဲ။ ရွေးချယ်မှု မတူရင် လမ်းကွဲသွားမှာပဲ။ ဝမ်းမနည်းပါနဲ့။ နောက်ထပ် သူငယ်ချင်းကောင်းတွေ တွေ့ဦးမှာပါ"
သူမ စကားက ဒဿနဆန်ပြီး ခံစားမှု ပါတယ်လို့ ထင်နေတာ။ လီရှောင်း ကြားရင် စိတ်ထိခိုက်သွားမယ် ထင်နေတာ။
ဘယ်သူထင်မှာလဲ... အမျိုးသားက မော့ကြည့်ပြီး "မင်း ဘာတွေ လာပြောနေတာလဲ" ဆိုတဲ့ မျက်နှာထားနဲ့ ပြောလိုက်သည်။
"ငါ ဝမ်းနည်းစရာလား"
ကျန်းရို - "......"
သူနဲ့ စကားမပြောချင်တော့ဘူး။
***