← Chapters

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇-၃၉)

Vol. 3 Ch. 37-39

အခန်း (၃၇)

ကျန်းရိုသည် ဆေးရုံတွင် သုံးရက်ခန့် ကြာအောင် နေထိုင်ခဲ့သည်။

နံနက်စာ စားသောက်ပြီးချိန်တွင် ကျန်းရိုသည် အိမ်မှ ယူဆောင်လာသော စာမေးပွဲ မေးခွန်းဟောင်းများကို ဝရန်တာသို့ ယူဆောင်ကာ သွားရောက် ဖတ်ရှုလေ့ရှိသည်။ ပင်ပန်းလာပါက မတ်တပ်ရပ်၍ အဝေးသို့ ငေးကြည့်ခြင်း သို့မဟုတ် ဘေးနားရှိ လီရှောင်း၏ အဝတ်ဟောင်းများကို ဖာထေးခြင်းများ ပြုလုပ်တတ်သည်။

လီရှောင်းသည် ချန်ရုန်ဟုခေါ်သော အထွေထွေမန်နေဂျာနှင့် လိုက်ပါလုပ်ကိုင်ပြီးနောက် လူပျိုဆောင် အခန်းတစ်ခန်း ရရှိခဲ့သည်။ မနေ့တစ်နေ့က လီရှောင်း ပြောပြသည်ကို ကြားသောအခါ ကျန်းရိုသည် ထိုနေရာသို့ အထူးတလည် သွားရောက်ကြည့်ရှုခဲ့သေးသည်။

ပြောရမည်ဆိုလျှင် ထိုအခန်းမှာ အလွန်အမင်း ညစ်ပတ်နေသည်တော့ မဟုတ်သော်လည်း ပစ္စည်းများမှာမူ ဖရိုဖရဲ ဖြစ်နေသည်။

ကျန်းရိုသည် အခန်းတွင်းရှိ ပစ္စည်းများကို သပ်ရပ်အောင် သိမ်းဆည်းပေးပြီးနောက် အဝတ်အစားများကိုပါ ဒီဘက်သို့ ယူဆောင်ကာ လျှော်ဖွပ်ပေးလိုက်သည်။ အချို့သော အဝတ်များနှင့် ခြေအိတ်များ ပေါက်ပြဲနေသည်ကို တွေ့ရလျှင် ဆက်လက် ဝတ်ဆင်နိုင်ရန်အတွက် ကျန်းရိုက ဖာထေးပေးရှာသည်။

ယောက်ျားရင့်မာကြီး တစ်ယောက်အနေဖြင့် အလွန်အမင်း အနုစိတ်နေရန် မလိုသော်လည်း အပြင်ပန်း ဝတ်ဆင်သည့် အဝတ်အစားများ မပေါက်မပြဲလျှင်ပင် တော်လှပြီဟု သူမ တွေးမိသည်။

လီရှောင်းသည် ဤသို့သော ပတ်ဝန်းကျင် အခြေအနေကို အလွန် သဘောကျသည်။ သမီးလေးကို ရင်ခွင်ထဲ ပွေ့ချီထားရင်း ခေါင်းမော့ကြည့်လိုက်တိုင်း အပြင်ဘက်ရှိ ကျန်းရိုကို မြင်တွေ့နေရသည်။ ဤကဲ့သို့ အဖော်ရှိနေသည့် ခံစားချက်မှာ စိတ်ကို များစွာ ကြည်နူးချမ်းမြေ့စေသည်။

နံနက် (၁၁) နာရီ ရောက်သောအခါ ကျန်းရိုသည် စာအုပ်များကို သိမ်းဆည်းကာ အပြင်ထွက်ရန် ပြင်ဆင်တော့သည်။ လီရှောင်း၏ အဆောင်မှာ ဆေးရုံနှင့် သိပ်မဝေးလှပေ။ ဘတ်စ်ကားစီးလျှင် မိနစ်နှစ်ဆယ်ခန့်သာ ကြာပြီး ခြေလျင်သွက်သွက် လျှောက်ပါက နာရီဝက်ခန့်သာ ကြာမြင့်သည်။ ထိုအဆောင်တွင် မီးဖိုချောင် ပါရှိသော်လည်း လီရှောင်း ကိုယ်တိုင်မှာမူ တစ်ခါမျှ အသုံးပြုဖူးခြင်း မရှိပေ။

ယခုမူ ကျန်းရိုက ထိုမီးဖိုချောင်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်သည်။ အပြင်စာများကို အမြဲ ဝယ်ယူစားသောက်နေပါက ငွေကုန်ကြေးကျ များလှသဖြင့် ကိုယ်တိုင်ချက်ပြုတ်ခြင်းက ပို၍ တွက်ခြေကိုက်သည်။

ကျန်းရိုသည် လီရှောင်းကို နှုတ်ဆက်ကာ အပြင်သို့ ထွက်လာခဲ့သည်။ သူမသည် လက်ထဲတွင် ဘာသာစကားလေ့ကျင့်ခန်းစာအုပ်ကို ကိုင်ဆောင်ထားကာ ဘတ်စ်ကား မစီးဘဲ လမ်းလျှောက်ရင်း စာအံလာခဲ့သည်။ ဤသို့ ပြုလုပ်ခြင်းဖြင့် လေ့ကျင့်ခန်းလည်း လုပ်ပြီးသားဖြစ်သဖြင့် သူမအတွက် အဆင်ပြေလှသည်။

လီရှောင်းအဆောင်သို့ ရောက်သောအခါ ကျန်းရိုသည် နံနက်က တည်ထားသော စွပ်ပြုတ်ရည်ကို ချလိုက်ပြီး ထမင်းချက်ရန် ပြင်ဆင်သည်။ ထို့နောက် နံနက်က ဝယ်လာသော ဟင်းသီးဟင်းရွက်များကို ဆေးကြောကာ ဟင်းသုံးပွဲ ချက်ပြုတ်လိုက်သည်။ ဟင်းအရသာမှာ အနည်းငယ် ပေါ့ပေါ့ပါပါး ဖြစ်စေရန် ပြုလုပ်ထားသည်။

မီးဖိုချောင်သုံး ပစ္စည်းများကို ကျန်းရိုက အသစ်ဝယ်ယူထားခြင်း ဖြစ်သည်။ အနီးနားတွင် အသုံးအဆောင်ဟောင်းများ ရောင်းချသည့် ဆိုင်တစ်ဆိုင် ရှိရာ ထိုဆိုင်တွင် မည်သည့် ပစ္စည်းမဆို ရရှိနိုင်သည်။ ကျန်းရိုသည် အသုံးပြု၍ ရနိုင်သေးသော ပန်းကန်ခွက်ယောက် အဟောင်းအချို့ကို ရွေးချယ်ဝယ်ယူကာ ရေနွေးဖြင့် နှစ်ကြိမ်ခန့် ပြုတ်၍ ပိုးသတ်ထားလိုက်သည်။

ဈေးမှာလည်း အလွန်နီးလှပြီး လမ်းတစ်ဖက်သို့ ကွေ့လိုက်သည်နှင့် ရောက်ရှိနိုင်သည်။ ဈေးမှာ အလွန်ကြီးမားပြီး ဟင်းသီးဟင်းရွက် အမျိုးအမည် စုံလင်လှသဖြင့် မိမိချက်ပြုတ်လိုသမျှကို ဝယ်ယူရရှိနိုင်သည်။

...

ကျန်းရိုသည် လီရှောင်းအဆောင်မှ ပြန်လာသောအခါ မွန်းတည့် (၁၂) နာရီကျော်နေပြီ ဖြစ်သည်။ အခန်းတံခါးကို တွန်းဖွင့်လိုက်သောအခါ သားအဖ နှစ်ဦးစလုံး ကုတင်ပေါ်တွင် ထိုင်လျက် တံခါးဝဘက်သို့ မျှော်လင့်တကြီး စိုက်ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။

သူမ ဝင်လာသည်ကို မြင်သောအခါ နှစ်ဦးစလုံး၏ မျက်လုံးများမှာ ဝင်းလက်သွားကြတော့သည်။

လီရှောင်းကမူ အနည်းငယ် ဟန်ဆောင်ကာ ပါးစပ်လေး ပြုံးရုံသာ ပြသော်လည်း၊ ကောင်မလေး အန်းအန်းမှာမူ အလွန်အမင်း ဝမ်းသာသွားပုံရသည်။ သူမသည် ချိုသာသော အပြုံးလေးကို ပြသလျက် လက်ကလေး နှစ်ဖက်ဖြင့် မိမိ၏ ခြေထောက်လေးကို ပုတ်ကာ အလွန် စိတ်လှုပ်ရှားနေသည့် ပုံစံမျိုး ပြုမူနေသည်။

ကျန်းရိုမှာ ထိုပုံစံကို မြင်သောအခါ စိတ်ထဲတွင် နူးညံ့သွားရကာ "အန်းအန်း ဗိုက်ဆာနေပြီလား" ဟု ပြုံးလျက် မေးလိုက်သည်။

ကောင်မလေးမှာ အနည်းငယ် လှုပ်ရှားကာ ကျန်းရို ချီပေးရန်အတွက် ထချင်နေသည်။ လီရှောင်းက သူမ လှုပ်ရှားရင်း ချော်ကျသွားမည် စိုးသဖြင့် သူမ၏ ဗိုက်ကလေးကို လက်ဖြင့် အလျင်အမြန် ဝိုင်းပတ် ကိုင်ထားပေးလိုက်သည်။

သူမ ထ၍မရအောင် ပါပါးက နှောင့်ယှက်နေသည်ကို မြင်သောအခါ ကောင်မလေးမှာ စိတ်တိုတိုဖြင့် လီရှောင်းကို တွန်းထုတ်ကာ မျက်မှောင်လေး ကြုတ်လိုက်တော့သည်။

လီရှောင်းက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း "အန်းအန်းက အခုဆိုရင် စိတ်ကြီးလာပြီနော်" ဟု ကျန်းရိုကို တိုင်တောလိုက်သည်။

ခုနက မတော်တဆ သူမကို နာအောင်လုပ်မိသဖြင့် လီရှောင်းကို ချီခွင့်မပေးတော့ဘဲ ခေါင်းလွှဲကာ ကျန်းရိုကိုသာ လိုက်ရှာနေခြင်း ဖြစ်သည်။ တစ်စုံတစ်ယောက်ကို အားကိုးရှာနေသည့် ပုံစံမျိုးပင်။

ကံကောင်းသည်မှာ သူမသည် အမေ့လွယ်သူ ဖြစ်သဖြင့် ခဏလောက် စနောက်လိုက်ရုံဖြင့် ထိုကိစ္စကို မေ့လျော့သွားရှာသည်။

ကျန်းရိုသည် စားပွဲလေးကို ကုတင်ပေါ်သို့ တင်ပေးလိုက်ပြီး ခြင်းတောင်းထဲမှ ဟင်းများကို ထုတ်ယူလိုက်သည်။ ထိုစကားကို ကြားသောအခါ သူမက "ဒါက ရှင့်အကျင့်အတိုင်း ပါလာတာလေ" ဟု တိုက်ရိုက် ပြန်ပြောလိုက်သည်။

လီရှောင်းမှာ မကျေမနပ် ဖြစ်သွားရသည်။ 'ငါက ဘယ်တုန်းက စိတ်ကြီးလို့လဲ၊ မင်းကသာ စိတ်ပိုကြီးတာပါ' ဟု သူတွေးမိသည်။

ကျန်းရိုသည် ပန်းကန်များကို ပြင်ဆင်ပြီးနောက် လီရှောင်းရင်ခွင်ထဲမှ ကောင်မလေးကို ပွေ့ချီလိုက်သည်။ သူမ၏ တင်ပါးလေးကို စမ်းကြည့်လိုက်ရာ အနည်းငယ် စိုစွတ်နေသည်ကို တွေ့သဖြင့် ဆိုဖာပေါ်သို့ ချီသွားကာ အနှီးလဲပေးရန် ပြင်ဆင်သည်။

ကောင်မလေးမှာ မာမားရင်ခွင်ထဲ ရောက်သည်နှင့် "အာ... အာ..." ဟု အော်ဟစ်ကာ လက်ကလေးဖြင့် နဖူးကို ပွတ်ပြနေသည်။

ကျန်းရိုက သဘောပေါက်သွားကာ "ဘာလဲ၊ ပါပါးက သမီးကို ရိုက်လို့လား" ဟု မေးလိုက်သည်။

ကောင်မလေးက မျက်နှာကို ကျန်းရို၏ လည်ပင်းကြားသို့ ဝှက်ထားကာ သူမကို ဖက်ထားလိုက်သည်။ အလွန်ပင် မတရား ခံရသည့် ပုံစံမျိုး ဖြစ်နေသည်။

ကျန်းရိုသည် ရယ်ချင်စိတ်ကို အောင့်ထားရင်း သူမ၏ ခေါင်းလေးကို နမ်းကာ "ရတယ်၊ မာမား သမီးအတွက် ပြန်ရိုက်ပေးမယ်"

ပြောပြောဆိုဆိုနှင့် ကျန်းရိုသည် လီရှောင်းကို ရိုက်သလိုမျိုး ဟန်ဆောင်ကာ လက်ကို မြှောက်၍ နှစ်ချက်ခန့် ရိုက်ပြလိုက်သည်။ ထို့နောက် သူမ၏ ခေါင်းလေးကို ပြန်ပွတ်ပေးကာ "တွေ့လား၊ မာမား သမီးအတွက် လက်စားချေပေးပြီးပြီ"

ကောင်မလေးက ထိုသည်ကို မြင်သောအခါ ကျန်းရို၏ ရင်ခွင်ထဲတွင် ပျော်ရွှင်စွာ ရယ်မောတော့သည်။

လီရှောင်း တစ်ယောက်သာ မယုံကြည်နိုင်သော မျက်နှာဖြင့် ကြည့်နေမိသည်။ 'သူက မေ့သွားပြီ ထင်နေတာ၊ တကယ်တော့ ကစားတာက သက်သက်၊ ရန်ငြိုးမှတ်ထားတာက သက်သက်ပဲကိုး' ဟု သူ တွေးလိုက်မိသည်။

လီရှောင်းသည် ငြိမ်သက်စွာ ထိုင်နေပြီး ကျန်းရိုက ကလေးကို အနှီးလဲပေးပြီး ပြန်လာသောအခါမှသာ ထမင်းစစားသည်။

ဟင်းသုံးပွဲနှင့် စွပ်ပြုတ်တစ်ခွက်။ ဟင်းတစ်ပွဲချင်းစီ၏ ပမာဏမှာ မများလှဘဲ လူနှစ်ဦး စားရန်အတွက် ကွက်တိပင် ဖြစ်သည်။ ကျန်းရိုသည် လှပမှုကို မြတ်နိုးသူ ဖြစ်သဖြင့် အဝတ်အစား ဝတ်ဆင်ရာတွင်သာမက စားသောက်မှုတွင်လည်း အနုစိတ်တတ်သည်။ အရသာ ကောင်းမွန်ရုံသာမက အရောင်အသွေးကိုပါ လှပအောင် ပြင်ဆင်ထားသည်။

ပန်းကန်ထဲတွင် အနီ၊ အဖြူ၊ အစိမ်း ရောယှက်နေသော ဟင်းရွက်များမှာ စားချင်စဖွယ် ဖြစ်လှသည်။ ပန်းကန်ထဲရှိ ထမင်းကိုပင် ရေမှော်၊ သခွားသီးနှင့် မုန်လာဥနီတို့ဖြင့် ကြောင်ကလေး မျက်နှာပုံစံ ပြုလုပ်ထားသေးသည်။

လီရှောင်းကဲ့သို့ ယောက်ျားရင့်မာကြီး တစ်ယောက်ပင် ထိုထမင်းကို မြင်သောအခါ စားရန်ပင် နှမြောနေမိသည်။

ကျန်းရိုသည် ကလေးကို လီရှောင်းထံ ကမ်းပေးလိုက်ပြီး သူမကိုယ်တိုင် တိုက်ရန်အတွက် ရေသွားယူပေးသည်။

ကောင်မလေးမှာလည်း ပန်းကန်ထဲရှိ ထမင်းကို မြင်သောအခါ ဆော့စရာဟု ထင်မှတ်ပုံရပြီး လက်ကလေးဖြင့် လှမ်းနှိုက်တော့သည်။ လီရှောင်း တားဆီးရန် ပြင်သော်လည်း မမီတော့ဘဲ ကောင်မလေးမှာ ပန်းကန်ထဲရှိ ကြောင်မျက်လုံးလေးကို နှိုက်ဖျက်လိုက်ပြီဖြစ်သည်။

သူမသည် မိမိ၏ လက်ဖောင်းဖောင်းလေးကို ကြည့်လိုက်၊ ပန်းကန်ကို ကြည့်လိုက်နှင့် ဇဝေဇဝါ ဖြစ်နေပုံရကာ ဆက်လက် နှိုက်ရန် ပြင်နေပြန်သည်။ ဤတစ်ကြိမ်တွင်မူ လီရှောင်းက ခွင့်မပြုတော့ဘဲ ပန်းကန်ကို အပေါ်သို့ မြှောက်ထားလိုက်တော့သည်။

ကျန်းရိုသည် နို့ဘူးကိုင်လျက် အနားသို့ ရောက်လာကာ ထိုမြင်ကွင်းကို မြင်သောအခါ ရယ်မောမိသည်။

ကောင်းမွန်စွာ စားသောက် အနားယူရသဖြင့် လီရှောင်း၏ ခြေထောက်မှာ သိသိသာသာ ပြန်လည် ကောင်းမွန်လာသည်။ ဆရာဝန် လာရောက် စစ်ဆေးသောအခါ နောက်ထပ် ရက်အနည်းငယ် ကြာလျှင် ဆေးရုံမှ ဆင်းနိုင်ပြီဖြစ်ကြောင်း၊ လေ့ကျင့်ခန်း လုပ်ရမည့် အချိန်ကျမှ ပြန်လာလျှင် ရပြီဖြစ်ကြောင်း ပြောကြားသွားသည်။

...

လီရှောင်းနှင့်ယှဉ်လျှင် ဘေးခန်းရှိ ချောင်ဝမ့်မှာ ပို၍ စိုးရိမ်ရသည်။ ညာဘက် လက်ကောက်ဝတ်ရှိ အကြော ပြတ်သွားသဖြင့် ပျောက်ကင်းသွားလျှင်ပင် ယခင်ကဲ့သို့ ပြန်လည် ကောင်းမွန်ရန် မဖြစ်နိုင်တော့ဘဲ အလုပ်ကြမ်းများကို လုပ်ကိုင်နိုင်တော့မည် မဟုတ်ပေ။

ဘေးခန်းမှ အဘွားအိုမှာ ကျန်းရိုကိုကြည့်ကာ ငိုယိုလျက် သူမ၏သားမှာ ညာလက်ကိုပင် ဆုပ်၍မရတော့ကြောင်း၊ အိမ်တွင်လည်း မြေးလေး တစ်ယောက်ကို ကျွေးမွေးရန် ရှိကြောင်း ပြောပြသည်။ ထို့ကြောင့် မန်နေဂျာချန်ကို ကူညီပြောပေးပါရန် ကျန်းရိုကို အကူအညီ တောင်းခံလာသည်။

ကျန်းရိုသည် ဘာပြောနိုင်မှာလဲ။ ချန်ရုန်သည် ညနေတိုင်း လာရောက်လေ့ရှိသော်လည်း သူမနှင့် စကားတစ်ခွန်းမျှ မပြောဖူးဘဲ လီရှောင်းနှင့်သာ စကားပြောလေ့ရှိသည်။

ကျန်းရိုသည် ယဉ်ကျေးစွာ ငြင်းဆိုလိုက်သော်လည်း အခန်းထဲ ပြန်ရောက်သောအခါ လီရှောင်းကို ဘေးခန်းမှ ချောင်ဝမ့်ကိစ္စ ဘယ်လိုစီစဉ်ပေးမှာလဲဟု စုံစမ်းပေးရန် ပြောကြားလိုက်သည်။

ချောင်ဝမ့်သည် လီရှောင်းနှင့် မတူပေ။ လီရှောင်းမှာ အလုပ်ကြမ်းရော ပညာပိုင်းပါ လုပ်ကိုင်နိုင်သူ ဖြစ်သည်။ သူ မရှိလျှင် ချန်ရုန်မှာ အမြဲတစေ အနားတွင် ခိုင်းစေရန် လူမရှိဟု ညည်းညူလေ့ရှိသည်။

သို့သော် ချောင်ဝမ့်မှာ ထိုသို့မဟုတ်ပေ။ ချန်ရုန်က လီရှောင်းတို့နှင့်အတူ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစဉ်က သူသည် ဘေးနားတွင် အလုပ်လုပ်နေခြင်း ဖြစ်သည်။ သူသည် ကံဆိုးစွာဖြင့် ထိုကိစ္စအတွင်း ပါဝင်သွားခြင်းဖြစ်ရာ လက် မသန်တော့ပါက မိသားစုကို ရှာဖွေကျွေးမွေးရန် မဖြစ်နိုင်တော့ပေ။

လီရှောင်းသည် ချောင်ဝမ့်အတွက် သိပ်ပြီး အကောင်းမမြင်လှပေ။ ချန်ရုန်သည် ရက်ရောသူဟု ဆိုနိုင်သော်လည်း သူသည် စီးပွားရေးသမားတစ်ဦး ဖြစ်သဖြင့် ချောင်ဝမ့်ကို တစ်သက်လုံး အလကား ကျွေးမထားနိုင်ပေ။ ထို့ပြင် ဤကိစ္စတွင် ချန်ရုန်ကိုယ်တိုင်ကလည်း မိမိကိုယ်ကိုယ် နစ်နာသူဟု ယူဆထားသည်။

သို့သော် ညနေပိုင်းတွင် ချန်ရုန် ရောက်ရှိလာသောအခါ လီရှောင်းက စုံစမ်းပေးလိုက်သည်။

ချန်ရုန်ကလည်း ဖုံးကွယ်မထားဘဲ တိုက်ရိုက်ပင် ပြောပြသည်။ "ဟို ပြဿနာရှာတဲ့ အလုပ်သမားတွေကိုတော့ ဖမ်းဆီးထားပြီးပြီ။ ဒါပေမဲ့ သူတို့ကတော့ လျော်ကြေးပေးမယ့်အစား ထောင်ပဲ ကျခံမယ်လို့ ပြောနေကြတယ်။ ဒီကိစ္စကို ငါ့ယောက်ဖ (အစ်မ၏ ခင်ပွန်း) သိသွားပြီး သူ့ရဲ့ ညီမလင်မယားကို ပြင်းပြင်းထန်ထန် ဆူပူလိုက်တယ်။ သူ့သဘောကတော့ အပြင်မှာပဲ ကျေအေးပြီး ငွေကြေးအချို့ လျော်ကြေးပေးချင်တဲ့ ပုံစံပဲ"

ဤသို့ ပြောနေစဉ် ချန်ရုန်၏ မျက်နှာမှာ မကောင်းလှပေ။ သူက လီရှောင်းကို သက်ပြင်းချရင်း "မင်းလည်း ငါ့ယောက်ဖအိမ်က အခြေအနေကို သိတာပဲ။ ငါ့အစ်မကတော့ ဒီလိုကိစ္စတွေကို ဘယ်တုန်းကမှ ဝင်မပါတတ်ဘူး။ ဒါပေမဲ့ ဒီတစ်ခါတော့ သူ တကယ် ထိတ်လန့်သွားပြီး ငါ့ယောက်ဖနဲ့ အကြီးအကျယ် ရန်ဖြစ်ကြသေးတယ်"

သူ့ယောက်ဖမှာ ညီမအရင်းကို လစ်လျူရှုမည် မဟုတ်သော်လည်း သူ့အစ်မအပေါ်ထားရှိသော သံယောဇဉ်မှာလည်း အလွန်နက်ရှိုင်းလှသည်။ ပြောရမည်ဆိုလျှင် သူ့အစ်မစိတ်ထဲတွင် ယောက်ဖထက်ပင် သူက ပို၍ အရေးပါသည်။

ယခုတစ်ကြိမ်တွင် လီရှောင်းသာ မရှိခဲ့လျှင် မည်ကဲ့သို့သော ဆိုးကျိုးများ ဖြစ်လာမည်ကို သူ မတွေးရဲပေ။

သူ့ယောက်ဖမှာလည်း သူ့အပေါ် အလွန်အားနာနေသဖြင့် သူ့ကို လုပ်ငန်းစီမံကိန်းအချို့ ပိုပေးရန် ပြင်ဆင်နေသည်။

သူ့အစ်မမှာ လောကီကိစ္စများတွင် ဝင်ရောက် ယှဉ်ပြိုင်လိုသူ မဟုတ်သော်လည်း သူကမူ ထိုသို့ မဟုတ်ပေ။ ရသင့်ရထိုက်သည်ကို ရယူရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက နောင်တစ်ချိန်တွင် သူ့တူလေးမှာ ထိုမိန်းမနှစ်ဦး၏ နှိပ်စက်ခြင်းကို ခံရပေလိမ့်မည်။

လီရှောင်းသည် သူနှင့်အတူ အလုပ်လုပ်ခဲ့သည်မှာ လအနည်းငယ်ရှိပြီဖြစ်သဖြင့် သူ၏ အိမ်တွင်းရေး အခြေအနေကို သိရှိထားပြီး ဖြစ်ရာ ခေါင်းညိတ်ပြလိုက်ကာ "သူတို့ကို ငွေမချို့ ပေးလိုက်ပြီး စီးပွားရေးအသေးစားလေး လုပ်ခိုင်းတာက လုပ်ငန်းခွင်မှာ လုပ်တာထက် ပိုတောင် ဝင်ငွေကောင်းနိုင်ပါသေးတယ်"

"ဟုတ်တယ်"

ချန်ရုန်ကလည်း ထိုအယူအဆကို သဘောတူသည်။ "အခုဆိုရင် လမ်းဘေးမှာ ရေခဲချောင်း ရောင်းတာတောင် တော်တော် ဝင်ငွေကောင်းနေတာပဲ။ လိုအပ်ရင် ငါကလည်း အနည်းငယ် ထပ်ဖြည့်ပေးလိုက်မယ်"

သူ ထွက်သွားပြီးနောက် ကျန်းရိုက "စီးပွားရေး လုပ်တယ်ဆိုတာ အဲ့လောက် လွယ်လို့လား။ အနည်းဆုံးတော့ အတတ်ပညာတစ်ခုခု ရှိဖို့လိုတာပေါ့"

လီရှောင်းက ဂရုမစိုက်ဟန်ဖြင့် "ဒါက ကိုယ်တို့ကိစ္စ မဟုတ်တော့ဘူး။ နောက်တစ်ခါ အဲ့ဒီ အဘွားကြီး မင်းကို စကားလာပြောရင်လည်း အဖက်မလုပ်နဲ့တော့"

ကျန်းရိုက သူ့ကို တစ်ချက်ကြည့်ကာ တိုးတိုးလေး ထူးလိုက်သည်။

ကျန်းရိုသည် ကလေးကို လီရှောင်းအား ပေးလိုက်ပြီး သူမကိုယ်တိုင် ပန်းကန်များကို သွားဆေးကာ ပြန်လာလျှင် ဆိုဖာဘေးတွင် ထိုင်၍ စာဖတ်နေသည်။

လီရှောင်းသည် သူမ၏ နောက်ကျောကို ကြည့်ရင်း ရုတ်တရက် မေးလိုက်သည်။ "တကယ်လို့ ကိုယ့်လက်ကသာ အဲ့ဒီလိုမျိုး ဖြစ်သွားရင် မင်း ဘယ်လိုလုပ်မလဲ"

ကျန်းရိုသည် ထိုစကားကို ကြားသောအခါ ခေါင်းမော့၍ ထိုအဖြစ်အပျက်ကို စဉ်းစားကြည့်သည်။ တကယ်လို့ လီရှောင်းလက်သာ ပျက်စီးသွားရင်...

"ရှင် တက္ကသိုလ် ပြန်တက်ရမှာပေါ့။ ကျွန်မကတော့ ခနမတက်တော့ဘဲ နေမယ်။ ရှင် ကျောင်းပြီးလို့ ငွေရှာနိုင်တော့မှ ကျွန်မက ပြန်တက်မယ်။ ဒါပေမဲ့ အဲ့ဒီအချိန်ကျရင် ကျွန်မက လုပ်ငန်းရှင်ကြီး ဖြစ်နေလောက်ပြီဆိုတော့ ကျောင်းတက်ချင်စိတ် ရှိတော့မှာ မဟုတ်ဘူး"

တက္ကသိုလ်ကို သူမ တစ်ကြိမ်တက်ဖူးပြီးသားဖြစ်သည်။ ယခုတစ်ကြိမ် ပြန်တက်ရခြင်းမှာလည်း ဘွဲ့လက်မှတ် ရယူရန်နှင့် နောင်တွင် အလုပ်ကောင်းကောင်း ရရန်အတွက်ဖြစ်သည်။ သို့သော် ငွေများစွာ ရှာဖွေနိုင်နေပြီဆိုပါက စာကို ထိုမျှ ကြိုးစားဖတ်လိုသည့်စိတ် ရှိတော့မည် မဟုတ်ပေ။

သို့သော် မည်သို့ပင်ဖြစ်စေ အိမ်တွင် တစ်ယောက်ယောက်က ငွေရှာကျွေးရန် လိုအပ်သည်။ အထူးသဖြင့် ငွေကုန်ကြေးကျ များလှသော သမီးလေးကို ကျွေးမွေးရမည် မဟုတ်လား။

လီရှောင်းသည် ဘာမှပြန်မပြောဘဲ ရင်ခွင်ထဲရှိ လိမ္မာလှသော သမီးလေးကို ငုံ့ကြည့်နေမိသည်။ သူ မျှော်လင့်ထားသော အဖြေကို သူမဆီမှ မကြားရပေ။ သူမက သူ့ကို ရွံရှာမည် မဟုတ်ကြောင်း၊ နှစ်ဦးအတူ ကြိုးစားလျှင် ဘဝက ဆိုးမည် မဟုတ်ကြောင်း စသည့် စကားမျိုးကို သူ မျှော်လင့်ခဲ့ခြင်း ဖြစ်သည်။

သို့သော် သူမ ပြောလိုက်သော စကားမှာ သူ ကြားချင်သည်ထက် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ သူမသည် အမှန်တကယ် စဉ်းစားပြီးမှ ပြောလိုက်ခြင်းဖြစ်သည်။ သူမသည် အိမ်တွင်းရှိ ငွေရှာရမည့် တာဝန်ကို ယူရုံသာမက သူ့အတွက်ပါ မျှော်လင့်ချက် ပြည့်ဝသော အနာဂတ်ကို ပုံဖော်ပေးခဲ့သည်။

အခြားသူများအတွက် အလွန်ခက်ခဲလှသော ကိစ္စရပ်များမှာ သူမ၏မျက်လုံးထဲတွင် အရေးမကြီးလှသည့် ကိစ္စများကဲ့သို့ပင်။

မည်သည့် အခက်အခဲနှင့် ကြုံတွေ့ရသည်ဖြစ်စေ ကြောက်ရွံ့ရန် မလိုဘဲ အဖြေရှာနိုင်မည်ဟု သူမက သူ့ကို ခံစားရစေသည်။

လီရှောင်းသည် ခေါင်းငုံ့ကာ သမီးလေး၏ခေါင်းကို ဖွဖွလေး နမ်းလိုက်သည်။ စိတ်ထဲတွင် ရုတ်တရက် ပွင့်လင်းသွားကာ ဘာကိုမှ မကြောက်တော့သည့် ခံစားချက်မျိုး ရရှိလာသည်။ ထိုခံစားချက်မှာ သေခြင်းတရားကို ဂရုမစိုက်ခြင်းမျိုး မဟုတ်ဘဲ၊ မိမိ လုပ်ချင်သည်ကို ရဲရဲဝံ့ဝံ့ လုပ်ကိုင်နိုင်သည့် ခံစားချက် ဖြစ်သည်။ အကြောင်းမှာ သူမတို့က မိမိအနားတွင် အမြဲရှိနေမည်ကို သိထားသောကြောင့်ဖြစ်သည်။

သူသည်လည်း အားကိုးရာရှိသူတစ်ဦး ဖြစ်လာခဲ့ပြီ မဟုတ်လား။

သမီးလေးမှာ အနမ်းခံရသဖြင့် မျက်မှောင်လေး ကြုတ်ကာ သူ့ကို ကြည့်လိုက်သည်။ ထို့နောက် မုတ်ဆိတ်ရွှေးများဖြင့် စူးမိသော သူမ၏ခေါင်းလေးကို ပြန်စမ်းနေသည်။

သူမက ပြန်တိုင်တောတော့မည်ကို မြင်သောအခါ လီရှောင်းက သူမ၏ပါးစပ်လေးကို ခနပိတ်ထားလိုက်ပြီး ဘေးနားရှိ ဖဲထုပ်ကို ယူကာ တစ်ချပ်ချင်းစီ ထုတ်ပြလိုက်သည်။

သမီးလေးမှာ ချက်ချင်းပင် စိတ်ဝင်စားသွားကာ မျက်လုံးလေး ပြူးကြည့်နေပြီး သူမကိုယ်တိုင်လည်း လက်ဖြင့် နှိုက်ဆော့နေတော့သည်။

.....

ဆေးရုံတွင် အတော်ကြာနေထိုင်ပြီးနောက် ဆေးရုံဆင်းမည့်နေ့တွင် ချန်ရုန်မှာ အလုပ်များနေသဖြင့် မလာနိုင်ဘဲ ဖုဖေးက ကားမောင်း၍ လာကြိုသည်။

ဘေးခန်းမှ ချောင်ဝမ့်မှာမူ နောက်ထပ် အချိန်အနည်းငယ် ကြာအောင် ဆက်နေရဦးမည်ဖြစ်သည်။ လီရှောင်းတို့ ထွက်ခွာချိန်တွင် ဘေးခန်းမှ ယောက္ခမနှင့် ချွေးမတို့က ကလေးကို ချီကာ လိုက်လံ ပို့ဆောင်ကြသည်။ ကျန်းရို ရေချိုးခန်းတွင် ပစ္စည်းများ သိမ်းဆည်းနေစဉ် အဘွားအိုက ရုတ်တရက် တိုးဝင်လာပြီး လီရှောင်းတို့ ငွေဘယ်လောက်ရသလဲဟု တိုးတိုးလေး မေးမြန်းသည်။

ကျန်းရိုအနေဖြင့် မသိသလို၊ သိလျှင်လည်း ပြောပြမည့် ကိစ္စမျိုး မဟုတ်ပေ။ ဤသို့သော ကိစ္စကို မည်သို့ မေးမြန်းနိုင်ပါမည်နည်း။ ချန်ရုန် သိသွားပါက စိတ်ဆိုးမည် မဟုတ်လား။

ထို့ကြောင့် ကျန်းရိုက သတိပေးဟန်ဖြင့် "အဲ့ဒါတော့ မသိဘူး၊ ကျွန်မယောက်ျားက ကျွန်မကို မပြောဘူး။ ဒါတွေက မေးစရာလား၊ မန်နေဂျာချန်က လူကောင်းပါ၊ ကျွန်မတို့မိသားစု နှစ်စုလုံးကို နစ်နာအောင် မလုပ်ပါဘူး။ သူ ဘယ်လောက် အလုပ်များလဲ ကြည့်ပါဦး၊ နေ့တိုင်း ဆေးရုံကို လာတာပဲ။ ဘယ်သူဌေးက သူ့လောက်ကောင်းလို့လဲ"

အဘွားအိုမှာ အဖြေမရသဖြင့် မကျေမနပ် ဖြစ်သွားကာ "နင်က ဟန်ဆောင်နေတာလား။ မန်နေဂျာချန်က မနေ့ညက ငါတို့မိသားစုကို နှစ်သောင်း ပေးသွားတယ်။ နင်တို့ဆီကိုဆိုရင် ပိုတောင် ပေးမှာပေါ့" ဟု တိုးတိုးလေး ဆိုသည်။

ငွေနှစ်သောင်းမှာ အလွန်များလှသော်လည်း ထိုကဲ့သို့သော သူဌေးကြီးများအတွက်တော့ ဘာမှ မဟုတ်ပေ။ အဘွားအိုက သူမနစ်နာသည်ဟု ထင်နေသဖြင့် ဘေးခန်းကို စုံစမ်းခြင်းဖြစ်သည်။

"..."

ကျန်းရိုသည် ဘာပြောရမှန်း မသိတော့ပေ။ ဤအဘွားအိုမှာ ကြည့်ရသည်မှာ ပါးနပ်လှသော်လည်း စိတ်အတွင်းရှိ အကြံအစည်များမှာ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေသည်။ ကျန်းရိုက အံ့သြဟန်ဆောင်ကာ "အဲ့လောက်တောင် များတာလား။ ကျွန်မတို့ ရွာမှာဆိုရင် အိမ်တစ်လုံးတောင် ဝယ်လို့ရတယ်။ ကျွန်မတို့ဆီမှာတော့ အဲ့လောက် မရှိပါဘူး၊ ကျွန်မယောက်ျားက ခြေထောက်ပဲ ထိတာလေ"

အဘွားအိုက သူမကို မယုံကြည်သလို ကြည့်နေသည်။

ကျန်းရိုက ပြုံးပြလိုက်ကာ ပစ္စည်းများကို သပ်ရပ်စွာ သိမ်းဆည်းပြီး ထွက်လာခဲ့သည်။ ချန်ရုန်သည် မနေ့ညက သူတို့ကို ငွေမပေးခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ အကြောင်းမှာ လီရှောင်းသည် နောင်တွင် သူနှင့် ဆက်လက် အလုပ်လုပ်ရဦးမည်ဖြစ်ရာ ငွေထက်စာလျှင် အလုပ်အကိုင်က ပို၍ အရေးကြီးသောကြောင့်ဖြစ်သည်။

ထို့ပြင် ချန်ရုန်သည် မိမိ၏ လက်အောက်ငယ်သားကို နစ်နာအောင် လုပ်မည့်သူမျိုးလည်း မဟုတ်ပေ။

လူများကို ပို့ဆောင်ပြီးနောက် အဘွားအိုမှာ မိမိအခန်းသို့ ပြန်လာကာ ထိုကိစ္စကို သားဖြစ်သူအား ပြောပြသည်။

ကုတင်ပေါ်တွင် လဲလျောင်းနေသော ချောင်ဝမ့်မှာ ဘာမှ ပြန်မပြောပေ။ ကလေးကို ချီထားသော အမျိုးသမီးကမူ တိုးတိုးလေး "အိမ်ပြန်ပြီး အိမ်ဝယ်လိုက်တာ ပိုကောင်းမလား၊ ခရိုင်ထဲမှာ အိမ်တစ်လုံးတော့ ဝယ်လို့ရမှာပါ"

အဘွားအိုက ထိုစကားကို ကြားသောအခါ သူမကို စိုက်ကြည့်ရင်း "နင် ဘာသိလို့လဲ" ဟု ဆိုကာ သားဖြစ်သူကို "တာဝမ့်၊ မင်းကော ဘယ်လို ထင်လဲ" ဟု မေးလိုက်သည်။

ချောင်ဝမ့်က သွားကြိတ်ကာ "ကျွန်တော် မပြန်ချင်ဘူး၊ ရွာက အရမ်းဆင်းရဲတာ။ ဒီမှာပဲ ကောင်းတယ်။ ဒီမှာပဲ နေခဲ့ပြီး စီးပွားရေး အသေးစားလေး လုပ်ချင်တယ်"

အဘွားအိုက သားဖြစ်သူကို ချက်ချင်းပင် ထောက်ခံလိုက်ကာ "ဟုတ်တယ်၊ ရွာက ဘာကောင်းလို့လဲ။ ဒီမှာပဲ နေခဲ့မယ်၊ ဘာအခက်အခဲရှိရှိ သူဌေးကို သွားရှာမှာပေါ့။ သူကြောင့်သာ မဟုတ်ရင် မင်းက ဘာလို့ ဒီလို ဖြစ်ရမှာလဲ။ နှစ်သောင်းလောက်နဲ့ ငါတို့ကို နှင်ထုတ်ချင်တာလား၊ အိပ်မက်မက်နေလိုက်"

ချောင်ဝမ့်ကလည်း ထိုစကားကို ထောက်ခံလိုက်သည်။

ဘေးနားတွင် ရပ်နေသော အမျိုးသမီးမှာ သူတို့ကို တွန့်ဆုတ်စွာ ကြည့်လိုက်မိသည်။ ဤသို့ ပြုမူခြင်းမှာ မကောင်းလှဟု သူမ ထင်မြင်မိသည်။ ယောက္ခမ ပြောသည့်အတိုင်းသာ ပြုမူပါက နောင်တွင် ရန်သူများ ဖြစ်သွားနိုင်သည် မဟုတ်လား။

.....

လီရှောင်းအဆောင်ကို ကျန်းရိုက သိမ်းဆည်းပေးထားပြီး ဖြစ်သဖြင့် ပြန်ရောက်လာသောအခါ လီရှောင်းက "တကယ် သန့်ရှင်းသွားတာပဲ" ဟု ချီးကျူးမိသည်။

ကျန်းရိုက "မသန့်ရှင်းလို့ ဖြစ်မလား၊ အမှိုက်ကို နှစ်ခေါက်တောင် သွားပစ်ခဲ့ရတာ" ဟု မကျေမနပ် ပြန်ပြောသည်။

ဖုဖေးမှာ လီရှောင်းကို ပိုးထားရင်း အူလှိုက်သည်းလှိုက် ရယ်မိတော့သည်။

သူသည် လီရှောင်းကို ကုတင်ပေါ်သို့ ချပေးလိုက်ပြီး ဂျိုင်းထောက်နှင့် တစ်ကိုယ်ရေသုံးပစ္စည်းများကို အတွင်းသို့ ယူလာပေးသည်။

လီရှောင်းအဆောင်မှာ ဝန်ထမ်းအိမ်ရာဟောင်းတစ်ခုဖြစ်ပြီး ချန်ရုန်၏ ယောက်ဖက ဝယ်ယူထားခြင်း ဖြစ်သည်။ ထိုမြေကွက်ကို ဘာမှမလုပ်သေးဘဲ ကုမ္ပဏီ ဝန်ထမ်းများနှင့် အငှားချထားခြင်း ဖြစ်သည်။

သို့သော် ကျန်းရို၏ အမြင်အရ ဤမြေကွက်မှာ နေရာကောင်းလှသဖြင့် နောင်တွင် ဖော်ဆောင်လိုက်ပါက တန်ဖိုး မည်မျှ တက်လာမည်ကို မခန့်မှန်းနိုင်ပေ။ ထိုသူဌေးကြီးများ၏ အမြင်မှာ အလွန် အလှမ်းဝေးလှသည်ဟု ဆိုရမည်။

သို့သော် ယခုအချိန်တွင်မူ ဤနေရာမှာ သာမန် အရပ်သား အိမ်ရာများသာဖြစ်ပြီး နှစ်ထပ်၊ သုံးထပ် အဆောက်အအုံများ ဖြစ်သည်။ ကျဉ်းမြောင်းသော လမ်းကြားများမှာ မညီမညာဖြစ်နေပြီး အိမ်တိုင်း၏ တံခါးဝတွင် စက်ဘီးများထားရှိကာ ခေါင်းပေါ်တွင် လျှပ်စစ်ကြိုးများ ရှုပ်ထွေးစွာ ဆိုင်းထားသည်။

လီရှောင်းမှာ ပထမထပ်တွင် နေထိုင်သည်။ သူသည် နောက်ကျမှ ရောက်လာသူ ဖြစ်သဖြင့် အပေါ်ထပ်ရှိ အခန်းများမှာ လူပြည့်နေပြီ ဖြစ်ရာ အောက်ထပ်ရှိ အခန်းလွတ် တစ်ခန်းကိုသာ ယူလိုက်ခြင်း ဖြစ်သည်။ အခန်းမှာ ဧည့်ခန်း တစ်ခန်းနှင့် အိပ်ခန်း တစ်ခန်း ပါရှိသည်။

ပထမထပ်တွင် နေထိုင်ခြင်း၏ အားသာချက်မှာ မီးဖိုချောင်မှာ ဤအထပ်တွင်ပင် ရှိနေခြင်း ဖြစ်သည်။ လီရှောင်းကုမ္ပဏီတွင် ထမင်းကျွေးသဖြင့် လူများမှာ မီးဖိုချောင်သို့ ဆင်း၍ ချက်ပြုတ်လေ့ မရှိရာ မီးဖိုချောင်မှာ ယာယီအားဖြင့် ကျန်းရိုတစ်ဦးတည်းအတွက် ဖြစ်နေတော့သည်။

ဖုဖေးမှာလည်း ဤဘက်တွင်ပင် နေထိုင်သူဖြစ်သဖြင့် အကူအညီလိုပါက လာပြောရန် မှာကြားသွားသည်။

......

လူများ ထွက်သွားပြီးနောက် ကျန်းရိုသည် ပစ္စည်းများကို သိမ်းဆည်းကာ အဝတ်အစားများကို ဗီရိုထဲ ထည့်သည်။ ထို့နောက် မီးဖိုချောင်သို့ သွားကာ ရေနွေးတည်ပြီး ခဏကြာလျှင် ရေချိုးရန် ပြင်ဆင်သည်။

ကျန်းရို ရေချိုးနေစဉ်တွင် လီရှောင်းကို စာဖတ်ခိုင်းထားသည်။ ကဗျာနှစ်ပုဒ် ဖတ်ခိုင်းရာတွင် အချို့သော အဓိပ္ပာယ် ဖွင့်ဆိုချက်များကို သူမ မေ့နေသဖြင့် လီရှောင်းကပင် ပြန်လည် သတိပေးရသေးသည်။

နှစ်ဦးသား အမေးအဖြေလုပ်နေကြစဉ် ကုတင်ပေါ်တွင် ထိုင်နေသော သမီးလေးမှာ မိဘနှစ်ဦး စကားပြောနေပြီး သူမကို အဖက်မလုပ်သဖြင့် "အာ... အာ..." ဟု အော်ဟစ်နေသည်။ တစ်စုံတစ်ခုကို ထောက်ခံနေသည့် ပုံစံမျိုးပင်။

ညအချိန်တွင် မိသားစု သုံးဦး ကုတင်ပေါ်တွင် လဲလျောင်းနေကြသည်။ မီးရောင်မှာ အလွန်မလင်းလှသဖြင့် ကျန်းရို စာဖတ်၍ မရရာ လီရှောင်းကို သင်္ချာပုံသေနည်းများ မေးခိုင်းလိုက်သည်။

သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ... နှင့် သူမ မှတ်သားထားသော အဖြေပေးနည်း နည်းစနစ်များ။ လီရှောင်း မေးသမျှကို ကျန်းရိုမှာ အကုန်နီးပါး ဖြေဆိုနိုင်သည်။ သူမသည် စာအုပ် တစ်အုပ်လုံး၏ အနှစ်ချုပ်ကိုပင် ခြုံငုံပြောပြနိုင်သည်။

သမီးလေးမှာ နှစ်ဦးကြားတွင် လဲလျောင်းရင်း သူမ၏ လက်ကလေး၊ ခြေကလေးများနှင့် ဆော့ကစားနေသည်။ နားထောင်ရသည်မှာ ငြီးငွေ့လာသောအခါ အော်ဟစ်ကာ ဆန္ဒပြတတ်သေးသည်။

နှစ်နာရီခန့် ကြာအောင် စာအုပ်များကို ပြန်လည် နွှေးပြီးနောက် ကျန်းရိုသည် မှတ်စုစာအုပ်ကို ချလိုက်ကာ "ဒီနေ့တော့ ဒါပဲ၊ တာဝန် ပြီးဆုံးပြီ။ မနက်ဖြန်ကျရင် မေးခွန်းဟောင်း နှစ်စုံလောက် ထပ်လုပ်မယ်" ဟု အစီအစဉ် ချလိုက်သည်။

လီရှောင်းကလည်း လက်ထဲရှိ စာအုပ်ကို ပိတ်လိုက်ကာ "အင်း" ဟု ထူးပြီး "ဘယ်တော့ ပြန်မှာလဲ" ဟု မေးလိုက်သည်။

ကျန်းရိုသည် သမီးလေး၏ လုံးဝန်းသော တင်ပါးလေးကို ဆွဲညှစ်လိုက်ကာ "ကျွန်မ နည်းနည်း နောက်ကျမှ ပြန်မယ်။ ဆရာဝန်က ရှင့်ကို လေ့ကျင့်ခန်း လုပ်ရမယ် ပြောထားတာ၊ ရှင် မသွားမှာ စိုးလို့"

ထို့နောက် ခေါင်းမော့ကြည့်ကာ "မငြင်းနဲ့၊ ရှင် အဲ့လိုလုပ်နိုင်တယ်ဆိုတာ သိတယ်"

လီရှောင်းက နှာခေါင်းလေးကို ပွတ်ကာ "ဒါဆိုလည်း နောက်ထပ် ရက်အနည်းငယ်လောက် ထပ်နေဦးပေါ့"

သူလည်း သူမကို စောစော မပြန်စေချင်ပေ။ အချိန်များမှာ ခဏလေးအတွင်း ကုန်ဆုံးသွားသလို သူ ခံစားနေရသည်။

သမီးလေးမှာ နှစ်ဦးကြားတွင် လဲလျောင်းနေရင်း မိဘများနှင့်အတူ အိပ်ရသဖြင့် အလွန် စိတ်လှုပ်ရှားနေပုံရကာ ဟိုဘက် လှည့်လိုက်၊ ဒီဘက် လှည့်လိုက် လုပ်နေသည်။

ကျန်းရိုသည် သူမ၏နဖူးတွင် ချွေးများ ထွက်နေသည်ကို မြင်သောအခါ "ကဲ... မဆော့နဲ့တော့၊ အိပ်တော့" ဟု ဆိုကာ သူမကို ဖိထားလိုက်သည်။

သမီးလေးမှာ နားလည်သလိုမျိုး တစ်ဖက်သို့လှည့်ကာ ကျန်းရိုဘက်သို့ တိုးကပ်လာပြီး သူမ၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ နို့သောက်ရန် ပြင်ဆင်သည်။

ညအိပ်ခါနီးတိုင်း သူမသည် နို့သောက်လေ့ရှိသည်။ ကျန်းရိုသည် စောင်အပါးလေးကို ယူကာ သူမကို ဖုံးပေးလိုက်သည်။

ဤပြည်နယ်တွင် အလွန် ပူပြင်းလှသဖြင့် မေလရောက်လျှင်ပင် လူတိုင်း လက်တို အင်္ကျီများ ဝတ်ဆင်နေကြပြီ ဖြစ်သည်။ ကံကောင်းသည်မှာ ကျန်းရို ယူဆောင်လာသည်များမှာ နွေရာသီ ဝတ်စုံများဖြစ်သဖြင့် နေရာမယူဘဲ လျှော်ဖွပ်ရလည်း လွယ်ကူလှသည်။

ဂါဝန်အရှည်မှာ ဒူးအထိ ရှိပြီး ခါးမှာ ပွပွလေးဖြစ်သဖြင့် အပေါ်သို့ မတင်လိုက်ရုံဖြင့် နို့တိုက်ရန် အဆင်ပြေလှသည်။

သမီးလေးမှာ ယခုအခါ ပြင်ပစာများကို များစွာ စားနေပြီဖြစ်သဖြင့် နို့ကို ထိုမျှ မမက်တော့သော်လည်း နေ့စဉ် ပြုလုပ်နေကျ အလုပ်တစ်ခုကဲ့သို့ သောက်ရမှသာ ကျေနပ်ပုံရသည်။

နို့သောက်နေရင်း ခြေထောက်လေးကို မြှောက်လိုက်၊ လက်ကလေး နှစ်ဖက်ဖြင့် ကျန်းရို၏ ခန္ဓာကိုယ်ကို ဟိုနှိုက် ဒီနှိုက် လုပ်နေသည်။

စောင်ထဲတွင် အလွန် ပူအိုက်လာပုံရကာ သူမသည် လက်ကလေးဖြင့် စောင်ကို ဆွဲချလိုက်ရာ ကျန်းရို၏ ရင်ဘတ်ရှိ ဖြူဝင်းသော အသားစိုင်များမှာ ပေါ်ထွက်လာတော့သည်။

ထိုမြင်ကွင်းကို လီရှောင်းက ကွက်တိ မြင်လိုက်ရသည်။

လီရှောင်းသည် မျက်လုံးကို အလျင်အမြန် လွှဲလိုက်သော်လည်း ခုနက မြင်ကွင်းမှာ မျက်စိထဲမှ မထွက်တော့ပေ။ သူသည် အန်းအန်း မွေးစက ကျန်းရို နို့ပိတ်နေသဖြင့် သူ ကိုယ်တိုင် စုပ်ထုတ်ပေးခဲ့ရသည်ကို မရည်ရွယ်ဘဲ သတိရမိသွားသည်။

ထိုစဉ်က နှစ်ဦးသား စောင်ထဲတွင် ပုန်းနေခဲ့ကြပြီး မည်သို့ ခံစားရသည်ကို သူ မေ့နေပြီဖြစ်သော်လည်း အလွန်ပူပြင်းခဲ့သည်ကိုမူ မှတ်မိနေသည်။ စောင်ထဲမှာကော၊ ခန္ဓာကိုယ်မှာပါ အလွန် ပူနွေးခဲ့သည်။

ကျန်းရိုသည်လည်း အနည်းငယ် ရှက်သွားကာ စောင်ကို အပေါ်သို့ ပြန်ဆွဲတင်လိုက်ပြီး သမီးလေး၏ တင်ပါးကို ပုတ်ကာ "မကိုက်နဲ့နော်" ဟု ဆိုလိုက်သည်။

သမီးလေးမှာ မျက်တောင်လေး ခတ်ကာ သူမကို ကြည့်လိုက်သည်။ မိမိ အမှားလုပ်မိသည်ကို သိရှိပုံရကာ မျက်လုံးလေး မှိတ်လျက် ချိုသာစွာ ပြုံးပြပြီးနောက် ဆက်လက် သောက်နေပြန်သည်။

သို့သော် သူမမှာ ငြိမ်ငြိမ်မနေဘဲ ကိုယ်ကို လှည့်ပတ် လှုပ်ရှားနေရင်း ခြေထောက်လေးက သူမအဖေ၏မျက်နှာပေါ်သို့ ရောက်သွားသည်။

လီရှောင်းက သူမ၏ ခြေထောက်လေးကို ဖမ်းကိုင်လိုက်ရာ အနည်းငယ် ယားသွားပုံရကာ သမီးလေးမှာ ရယ်မောတော့သည်။

ထိုအခါ သူမမှာ နို့သီး သီးသွားကာ ချောင်းဆိုးသဖြင့် ကျန်းရိုက အလျင်အမြန် ပုတ်ပေးလိုက်ပြီး လီရှောင်းကို စိုက်ကြည့်ကာ "ရှင် ဘာလို့ သူ့ကို စတာလဲ၊ ခြေထောက်နဲ့ နည်းနည်းလောက် အနင်းခံရတာ ဘာဖြစ်လို့လဲ" ဟု ဆိုလိုက်သည်။ သူမမှာတော့ နေ့တိုင်း အနင်းခံနေရသည် မဟုတ်လား။

လီရှောင်း - "..."

သမီးလေးမှာ နို့မသောက်တော့ဘဲ သူမ၏အဖေနှင့် ဆော့ကစားရန် ဟိုဘက်လှည့်သွားသည်။

ကျန်းရိုလည်း သူမ သဘောအတိုင်း လွှတ်ထားလိုက်ကာ အဝတ်အစားများကို ပြန်လည် ပြင်ဆင်ပြီး လီရှောင်းကို "ရှင်ပဲ ချော့တော့" ဟု ဆိုကာ ဒုက္ခတစ်ခုကို လွှဲပေးလိုက်သလိုမျိုး တစ်ဖက်သို့ လှည့်အိပ်လိုက်တော့သည်။

လီရှောင်းမှာ သူမ၏နောက်ကျောကိုကြည့်ကာ သမီးလေးကို ကိုယ်တိုင် ချော့ရတော့သည်။

ကံကောင်းသည်မှာ သမီးလေး၏ အိပ်ချိန်မှာ ပုံမှန် ဖြစ်နေပြီဖြစ်သဖြင့် အချိန်တန်သည်နှင့် သမ်းဝေလာကာ ခဏချင်းအတွင်းမှာပင် လီရှောင်းရင်ခွင်ထဲတွင် အိပ်ပျော်သွားတော့သည်။

လီရှောင်းသည် သူမကို နံရံဘက်တွင် ထားလိုက်ပြီး ခြင်ထောင်ဖြင့် ကာထားလိုက်သဖြင့် သူမ တစ်ဝက်တစ်ပျက်တွင် ကုတင်ပေါ်မှ လိမ့်ကျသွားမည်ကို စိုးရိမ်စရာ မလိုတော့ပေ။

အားလုံး အဆင်ပြေသွားသောအခါ လီရှောင်းသည် ကျန်းရိုရှိရာသို့ တိုးကပ်သွားကာ သူမ၏ နောက်ကျောမှ ဖက်ထားလိုက်ပြီး သူမ၏ နားနားတွင် "အိပ်ပျော်သွားပြီ" ဟု တိုးတိုးလေး ပြောလိုက်သည်။

ကျန်းရိုသည် သူ့ဘက်သို့ လှည့်လာကာ မယုံကြည်သလိုမျိုး လက်ဖြင့် ကုတင်ကို ထောက်၍ သမီးလေးကို ကြည့်လိုက်သည်။ သမီးလေးမှာ လက်ကလေး ခြေကလေးများ ဆန့်၍ အိပ်ပျော်နေပြီး လီရှောင်းက သူမ ခြင်ထောင်နှင့် ထိပြီး ခြင်ကိုက်ခံရမည် စိုးသဖြင့် စောင်ကို လိပ်၍ သူမ ဘေးတွင် ဝိုင်းပတ်ပေးထားသည်။

နှစ်ဦးသား နီးကပ်စွာ ဖက်ထားကြသဖြင့် ကျန်းရို ကိုယ်ကို ကြွလိုက်ချိန်တွင် သူမ၏မျက်နှာမှာ လီရှောင်းမျက်နှာနှင့် ပွတ်တိုက်မိသွားသည်။

နှစ်ဦးစလုံး၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားကြသည်။

ကျန်းရို ပြန်လည် လဲလျောင်းလိုက်ချိန်တွင် လီရှောင်းက သူမ၏နောက်စေ့ကို အတင်းအကျပ် ဖိထားကာ သူမကို နမ်းလိုက်လေတော့သည်။

.......

ဆယ်ရက်ခန့် ကြာသောအခါ ချန်ရုန် ရောက်ရှိလာသည်။

သူသည် ယခုရက်ပိုင်းတွင် အလွန် အလုပ်များနေသည်။ သူ့ယောက်ဖက သူ့အစ်မကို ချော့မော့ရန်အတွက် သူ့အား စီမံကိန်း သုံးခုကို စီမံခန့်ခွဲရန် ပေးထားရာ သူကလည်း အမှားအယွင်း မခံဘဲ ကြိုးစား လုပ်ကိုင်နေသည်။

သို့သော် သူ့အနားတွင် အားကိုးရမည့် လူမရှိသဖြင့် လီရှောင်း ဆေးရုံဆင်းသည်မှာ ကြာပြီဖြစ်ရာ အခြေအနေ လာရောက် မေးမြန်းခြင်း ဖြစ်သည်။ သူသည် လီရှောင်းကို ကျေးဇူးဆပ်သည့် အနေဖြင့် စီမံကိန်းတစ်ခုလုံးကို တာဝန်ယူ စီမံခွင့်ပေးလိုသည်။

လီရှောင်းသည် ထိုစကားကို ကြားသောအခါ အလွန် စိတ်လှုပ်ရှားသွားသည်။

ဒါက ငွေရမည့်ကိစ္စသာမက လူမှုဆက်ဆံရေး နယ်ပယ်ကိုပါ ချဲ့ထွင်နိုင်မည့် အခွင့်အရေးဖြစ်သည်။ သူသည် ချန်ရုန်နှင့်အတူ အလုပ်လုပ်ခဲ့သည့် ကာလအတွင်း အရည်အချင်းရှိရုံဖြင့် မလုံလောက်ဘဲ လူသိများရန်နှင့် အရင်းအမြစ်များရှိရန် လိုအပ်သည်ကို သိရှိလာခဲ့သည်။

အိမ်ခြံမြေလုပ်ငန်းတွင် သိရှိရလေလေ၊ ထိုလုပ်ငန်းမှာ နက်နဲလှသည်ကို တွေ့ရှိရလေ ဖြစ်သည်။ လူတိုင်း ဤလုပ်ငန်းမှ အကျိုးအမြတ် မရရှိနိုင်ဘဲ အချို့မှာ ဘဝပျက်သွားသည်အထိ ဖြစ်တတ်သည်။

ချန်ရုန်၏ အစ်မနှင့် ယောက်ဖတို့မှာ ဒုတိယ အိမ်ထောင်များ ဖြစ်ကြပြီး မတော်တဆ သိကျွမ်း၍ လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ လက်မထပ်မီက ချန်ရုန်နှင့် သူ့အစ်မမှာ သာမန် လူတန်းစားများသာ ဖြစ်ကြသည်။ အထက်တန်းလွှာ နယ်ပယ်တွင် ခွဲခြားဆက်ဆံမှုမှာ ပြင်းထန်လှပြီး ထိုသူဌေးကြီးများက ချန်ရုန်၏ ယောက်ဖကို လေးစားကြသော်လည်း ချန်ရုန်ကိုမူ အထင်မကြီးကြပေ။

လုပ်ငန်းခွင်တွင် ချန်ရုန်မှာ အရှင်သခင် ဖြစ်သော်လည်း ထိုသူဌေးများ၏ မျက်လုံးထဲတွင်မူ ချန်ရုန်ကို လူရှေ့သူရှေ့တွင် ဖားယားနေသည့် ခွေးတစ်ကောင်ကဲ့သို့ လှောင်ပြောင်တတ်ကြသည်။

လီရှောင်းက ဤအခွင့်အရေးမှာ ရခဲလှသည်ဟု တွေးမိသည်။

သူက သဘောတူရန် ပြင်ဆင်နေစဉ် ကျန်းရို၏မျက်နှာမှာ မကောင်းလှသည်ကို မြင်လိုက်ရသည်။

ထို့ကြောင့် သူက အနည်းငယ် စဉ်းစားဦးမည်ဟု တွန့်ဆုတ်စွာ ပြောလိုက်သည်။

ချန်ရုန်ကလည်း စိတ်မဆိုးဘဲ ပုံမှန်ပင်ဖြစ်သည်ဟု ယူဆသည်။ ထိုကဲ့သို့သော လုပ်ငန်းကြီးတစ်ခုကို သူကိုယ်တိုင်ပင် ယခင်က လက်ခံရန် မဝံ့မရဲ ဖြစ်ခဲ့ဖူးသည် မဟုတ်လား။

သူက လီရှောင်းပခုံးကို ပုတ်ကာ ကောင်းကောင်း အနားယူရန် မှာကြားပြီး ထွက်သွားသည်။

လူထွက်သွားသည်နှင့် ကျန်းရိုက "ခြေထောက်က အရေးကြီးလား၊ ငွေက အရေးကြီးလား။ ဆရာဝန်က ရှင့်ကို ခြောက်လလောက် နားခိုင်းထားတာလေ၊ ရှင်က ခြေမသန်တဲ့လူ ဖြစ်ချင်လို့လား"

အခြားအရာများကို သူမ မသိသော်လည်း လုပ်ငန်းခွင်စီမံကိန်းများ လုပ်ကိုင်ပါက နေ့တိုင်း လုပ်ငန်းခွင်သို့ သွားနေရမည်ကို သူမ သိသည်။ လီရှောင်းသည် ယခင်ဘဝက ဒဏ်ရာမပျောက်ကင်းမီ လုပ်ငန်းခွင်သို့ သွားရောက် လုပ်ကိုင်ခဲ့သဖြင့် ခြေထောက် မသန်မစွမ်းဖြစ်ခဲ့ရသည်ဟု သူမ သံသယ ရှိနေသည်။

လီရှောင်းက နှာခေါင်းကိုပွတ်ကာ "အဲ့လောက်တော့ မဆိုးလောက်ပါဘူး" ဟု တိုးတိုးလေး ဆိုသည်။

ကျန်းရိုက သူ့ကို စိုက်ကြည့်သည်။

လီရှောင်းမှာ ချက်ချင်းပင် စကား မပြောရဲတော့ပေ။

ကျန်းရိုက "ရှင် ငွေဘယ်လိုရှာရှာ၊ တောင်းစားတာတောင် ကျွန်မ ဝင်မပါဘူး။ ဒါပေမဲ့ တစ်ခုပဲ ရှိတယ်၊ ခြေထောက် ဒဏ်ရာ မပျောက်မချင်း လျှောက်မသွားရဘူး။ ချန်ရုန်က အထွေထွေမန်နေဂျာ မဟုတ်လား၊ ရှင်က ရုံးပိုင်းဆိုင်ရာ အလုပ်တွေကိုပဲ ကူညီပေးလို့ ရတယ်။ တခြားဟာ မရဘူး" ဟု ပြတ်ပြတ်သားသား ပြောလိုက်သည်။

"ကျွန်မ သဘက်ခါ ပြန်တော့မယ်။ နောက်ပိုင်း လေ့ကျင့်ခန်း လုပ်ရမှာတွေကို ဆေးရုံကို ကိုယ်တိုင် သွားပါ။ ပျင်းမနေနဲ့ဦး၊ တကယ်လို့ ခြေထောက်သာ မသန်မစွမ်းဖြစ်သွားရင် ကျွန်မတို့ ကွာရှင်းမယ်။ ကျွန်မကတော့ ခြေထောက်မသန်တဲ့ ယောက်ျားနဲ့ မနေချင်ဘူး"

လီရှောင်းသည် ထိုစကားကို ကြားသောအခါ အံ့သြသွားကာ "ဘာလို့ ဒီလောက်တောင် စောစော ပြန်မှာလဲ"

ကျန်းရိုက "ဘာစောတာလဲ၊ ကျွန်မ ဒီမှာ နေတာ တစ်လ ရှိပြီလေ"

ထို့နောက် "နောက်ထပ် တစ်လဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေရတော့မယ်။ ကျွန်မ ပြန်ပြီး ရက်နည်းနည်းလောက် ကြိုတင် ပြင်ဆင်ရဦးမယ်"

လီရှောင်းမှာ ဘာမှ မပြောနိုင်တော့ပေ။

....

ညအချိန် ကုတင်ပေါ်တွင် လဲလျောင်းနေစဉ် လီရှောင်းသည် သူမကို တင်းကျပ်စွာ ဖက်ထားရင်း အများကြီး စဉ်းစားပြီးနောက် "တကယ်လို့ ကိုယ်က အစကနေ ပြန်စပြီး အိမ်ခြံမြေလုပ်ငန်းကို မလုပ်တော့ရင် နောင်မှာ ငွေမရှာနိုင်တော့တာမျိုး ဖြစ်လာနိုင်တယ်။ အဲ့ဒါဆိုရင် မင်း သဘောတူလား"

ကျန်းရိုက ဘာမှမစဉ်းစားဘဲ "ရှင် လုပ်ချင်တာကိုသာ လုပ်ပါ။ ကျွန်မကတော့ အပြည့်အဝ ထောက်ခံတယ်။ ဒါပေမဲ့ ရှေးစကားအတိုင်းပဲ၊ ရှင့်ရဲ့ဘေးကင်းလုံခြုံမှုကို အရင်ဆုံး အာမခံနိုင်ရမယ်။ အခု ရှင်က ဒဏ်ရာရထားတာဆိုတော့ အတင်းအကျပ် မလုပ်နဲ့"

လီရှောင်းသည် ထိုစကားကို ကြားသောအခါ ရင်ထဲတွင် နွေးထွေးသွားရကာ သူမကို အားရပါးရ နမ်းလိုက်ပြီး "ကောင်းပါပြီ" ဟု လေးနက်စွာ အဖြေပေးလိုက်လေတော့သည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၃၈)

မထွက်ခွာမီ ကျန်းရိုသည် ချန်ရုန်နှင့် ဖုဖေးတို့ကို အိမ်သို့ဖိတ်ကာ ထမင်းတစ်နပ် ကျွေးမွေးရန် ပြင်ဆင်လေသည်။

မည်သို့ပင်ဖြစ်စေ လီရှောင်းသည် သူတို့၏ စောင့်ရှောက်မှုကို များစွာ ရရှိခဲ့သည် မဟုတ်လား။ လီရှောင်း ဆေးရုံတက်နေစဉ်အတွင်း ချန်ရုန်သည် နေ့စဉ်လာရောက် ကြည့်ရှုခဲ့သည်။ လီရှောင်းက သူ့ကို ကယ်တင်ခဲ့သည်မှာ ကိစ္စတစ်ခုဖြစ်သော်လည်း၊ တစ်ဖက်လူ၏ စေတနာကောင်းမှုကိုမူ သူတို့ လစ်လျူရှု၍ မရပေ။

လူမှုဆက်ဆံရေး နယ်ပယ်တွင် ကျန်းရိုသည် လီရှောင်းထက် ပို၍ ပါးနပ်လှသည်။ ဤသည်မှာ သူမ၏မိသားစု ပတ်ဝန်းကျင်ကြောင့်လည်း ဖြစ်နိုင်သည်။ ကျန်းရိုသည် အရင်က ဤသို့သော ကိစ္စများကို ကိုယ်တိုင် မဖြေရှင်းဖူးသော်လည်း၊ သူမ၏ အစ်ကိုနှင့် မရီးတို့ လုပ်ဆောင်သည်များကို မြင်တွေ့ခဲ့ဖူးသဖြင့် အထိုက်အလျောက် နားလည်ထားခြင်း ဖြစ်သည်။

အမှန်တကယ်တော့ ဟင်းအချို့ ချက်ပြုတ်ကျွေးမွေးရုံသာ ဖြစ်သည်။

မနေ့က ဖုဖေး လာစဉ်တွင် ကျန်းရိုက လီရှောင်းအား ထိုအကြောင်းကို ပြောခိုင်းခဲ့သည်။ လီရှောင်း၏ သဘောအရမူ ဒီလောက်အထိ အလုပ်မရှုပ်ချင်ဘဲ၊ ဒဏ်ရာပျောက်ကင်းသွားမှသာ ထိုသူနှစ်ဦးကို စားသောက်ဆိုင်သို့ ခေါ်သွားချင်နေခြင်းဖြစ်သည်။

ကျန်းရိုကမူ သဘောမတူပေ။ အိမ်သို့ ဖိတ်ကြားခြင်းက ပို၍ စိတ်ရင်းမှန်ရာ ရောက်သလို၊ အပြင်တွင် စားပါကလည်း ငွေကုန်ကြေးကျ များလှသည်ဟု သူမက ဖျောင်းဖျခဲ့သည်။

နောက်ဆုံးတွင် လီရှောင်းမှာ ကျန်းရို၏စကားကို နားထောင်လိုက်ရတော့သည်။

ထို့ကြောင့် နှစ်ဦးသားသည် မနက်စောစောတွင် ကလေးတွန်းလှည်းကိုတွန်းကာ ဈေးသို့ ထွက်လာခဲ့ကြသည်။ ဈေးသို့ သွားပါက စောစောသွားမှသာ လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို ရရှိနိုင်မည် ဖြစ်သည်။ အဘိုးအဘွားအချို့မှာ မိုးမလင်းမီကပင် အပြင်ထွက်၍ ဟင်းသီးဟင်းရွက်များနှင့် ညဘက်တွင် တံငါသည်များ ဖမ်းဆီးလာသော ပင်လယ်စာများကို ရွေးချယ် ဝယ်ယူလေ့ရှိကြသည်။ နောက်ကျပါက လက်ကျန်များကိုသာ ရွေးရပေလိမ့်မည်။

ကျန်းရိုသည် ရှေ့မှနေ၍ ကလေးကို တွန်းသွားသည်။

လီရှောင်းကမူ ဂျိုင်းထောက်ကို အားပြုကာ နောက်မှ လိုက်လာသည်။

သူ့လက်ထဲရှိ ဂျိုင်းထောက်မှာ အနည်းငယ် တိုနေသဖြင့် အသုံးပြုရသည်မှာ သိပ်ပြီး အဆင်မပြေလှသော်လည်း အောင့်ကာနမ်း၍ သုံးစွဲနေရခြင်းဖြစ်သည်။

ကလေးငယ်မှာ ဤမျှ စောစော အပြင်ထွက်ရသည်မှာ ပထမဆုံးအကြိမ် ဖြစ်သဖြင့်၊ လူသူကင်းမဲ့နေသော လမ်းမများကို စူးစမ်းကြည့်ရင်း ကိုယ်လေးကို ရှေ့သို့ ယိုင်ကာ စပ်စုနေရှာသည်။

ဈေးသို့ ရောက်သောအခါ ကျန်းရိုသည် ကလေးတွန်းလှည်းကို လီရှောင်းထံ လွှဲပေးခဲ့ပြီး၊ သူမကိုယ်တိုင် ရှေ့မှနေ၍ ဟင်းများကို ရွေးချယ် ဝယ်ယူလေသည်။ သူမသည် ပင်လယ်ငါး၊ ပုစွန်ထုပ်၊ ပင်လယ်ဂဏန်း၊ အမဲသားနှင့် ဟင်းသီးဟင်းရွက်အချို့ကို ဝယ်ယူခဲ့သည်။

ဝယ်ယူသော ပစ္စည်းများမှာ များပြားလှသဖြင့် ကျန်းရိုတစ်ဦးတည်း မနိုင်တော့ပေ။ လီရှောင်းက လေးလံသော အိတ်အချို့ကို ယူကာ တွန်းလှည်း၏လက်ကိုင်တွင် ချိတ်ဆွဲလိုက်သည်။

တွန်းလှည်း၏ အလေးချိန်မှာ မညီမညာ ဖြစ်သွားသဖြင့် ရှေ့ဘက်မှာ အပေါ်သို့ ကြွတက်သွားသော်လည်း၊ ကလေးငယ်မှာ မကြောက်ရုံမက ယိမ်းထိုးနေသည်ကို သဘောကျကာ တခိခိ ရယ်မောနေတော့သည်။

ကျန်းရိုက ရှေ့ဘီးကို အမြန်နင်း၍ ထိန်းလိုက်ကာ "ကျွန်မကို အိတ်အချို့ ပေးပါဦး"

လီရှောင်းက နားမထောင်ဘဲ လက်တစ်ဖက်ဖြင့် ဂျိုင်းထောက်ကို ကိုင်ကာ၊ အခြားလက်တစ်ဖက်ဖြင့် တွန်းလှည်းကို အားပြုတွန်းလျက် "ရပါတယ်" ဟု ဆိုကာ ရှေ့သို့ ဆက်လျှောက်သွားသည်။

ကျန်းရိုလည်း ဘာမှထပ်မပြောတော့ဘဲ ဈေးနောက်ဘက် တံခါးအနားတွင် အဝတ်အစားနှင့် အလှကုန်ပစ္စည်းများ ရောင်းချနေသည်ကို မြင်တွေ့ရသဖြင့် လိုက်လံ ကြည့်ရှုလေသည်။

သူမသည် လီရှင်းနှင့် အဒေါ်ဝမ်တို့အတွက် လက်ဆောင်အချို့ ဝယ်ယူချင်နေခြင်းဖြစ်သည်။

ထိုနေရာတွင် ဆိုင်ခန်းငယ်လေးများ စီတန်းနေကာ၊ တံခါးဝရှိ စင်များပေါ်တွင် အဝတ်အစားနှင့် အလှကုန်များ ပြည့်နှက်နေသည်။ နံရံနှင့် အမိုးများတွင်လည်း အဝတ်အစားများစွာ ချိတ်ဆွဲထားလေသည်။

မနက်စောစောဖြစ်သဖြင့် ဈေးဝယ်သူ များစွာ မရှိပေ။ ကျန်းရိုသည် ဆိုင်တစ်ဆိုင်သို့ ဝင်ကြည့်လိုက်ရာ၊ အသက်လတ်ပိုင်း ဆိုင်ရှင်အမျိုးသမီးမှာ သမ်းဝေရင်း ရောက်လာကာ၊ သူမ၏ကုန်ပစ္စည်းများမှာ ဟောင်ကောင်မှ လာသော တံဆိပ်ကောင်းများဖြစ်ကြောင်း ကြွားဝါပြောဆိုလေသည်။

ကျန်းရိုသည် အပြာနှင့် အဖြူရောင် ရောယှက်ထားသော ရေတပ်ဝတ်စုံပုံစံ ဂါဝန်လေးတစ်ထည်ကို သဘောကျသွားသည်။ ဈေးမေးကြည့်ရာ (၂၀) ယွမ် ဖြစ်သဖြင့် ကျန်းရိုက အနည်းငယ် ဈေးကြီးသည်ဟု ယူဆကာ နှစ်ယွမ်ခန့် လျှော့ပေးရန် ပြောဆိုလေသည်။

ဘေးနားရှိ လီရှောင်းမှာ ထိုပုံစံကို ကြည့်ကာ စိတ်မရှည်တော့ဘဲ "ငါးယွမ်ပဲ ပေးမယ်" ဟု တိုက်ရိုက် ပြောချလိုက်သည်။

ဆိုင်ရှင်မှာ အိပ်ချင်စိတ်များပင် ပျောက်ကွယ်သွားကာ "ငါးယွမ် ဟုတ်လား။ ရှင်က ဓားပြတိုက်နေတာလား" ဟု ချက်ချင်း ငြင်းဆိုတော့သည်။

"ဒါဆိုလည်း ထားလိုက်တော့လေ။"

လီရှောင်းက ဂုဏ်မရှိသကဲ့သို့ ပုံစံမျိုးဖြင့် တွန်းလှည်းကို တွန်းကာ ချက်ချင်းပင် လှည့်ထွက်သွားလေသည်။

ကျန်းရိုကလည်း သူ ထွက်သွားသည်ကို မြင်သောအခါ ပစ္စည်းကို ချလိုက်ပြီး နောက်မှ ချက်ချင်း လိုက်သွားတော့သည်။

ဆိုင်ရှင်အမျိုးသမီးသည် ထိုမိသားစုတွင် အမျိုးသားကသာ ဆုံးဖြတ်ချက်ချသည်ကို မြင်လိုက်ရသလို၊ အမှန်တကယ် မဝယ်တော့ဟု ယူဆသဖြင့် "ဆယ့်ငါးယွမ်... ဆယ့်ငါးယွမ်နဲ့ ယူသွားလိုက်ပါတော့" ဟု အလျင်အမြန် လှမ်းခေါ်လေသည်။

လီရှောင်း ခြေလှမ်းရပ်လိုက်ကာ မျက်မှောင်ကြုတ်၍ နောက်သို့ လှည့်ကြည့်ပြီး "ခုနစ်ယွမ်" ဟု ထပ်ပြောသည်။

"ခုနစ်ယွမ်ဆိုရင်တော့ ကျွန်မ အရှုံးပေါ်မှာပေါ့။ ဆယ့်နှစ်ယွမ်... ဆယ့်နှစ်ယွမ်ဆိုရင်ကော။ အသားကို ကြည့်ပါဦး။"

"ပိုက်ဆံ မရှိဘူး။"

"... ဆယ့်တစ်ယွမ်၊ ဒါထက်တော့ လျှော့လို့ မရတော့ဘူး။"

"ရှစ်ယွမ်... ဒါဆို နောက်ထပ် တစ်ထည် ထပ်ဝယ်မယ်။"

နောက်ဆုံးတွင် ကျန်းရိုသည် ထိုဂါဝန်လေးကို (၈) ယွမ်ဖြင့် ဝယ်ယူနိုင်ခဲ့သည်။ သူမ လက်ထဲသို့ ရောက်ရှိလာချိန်တွင်ပင် မယုံကြည်နိုင်ဘဲ ဖြစ်နေမိသည်။ လီရှောင်းက သူမအား ကိုယ်တိုင်အတွက်လည်း တစ်ထည် ရွေးချယ်ခိုင်းလေသည်။

ထိုအပြာနှင့် အဖြူရောင် ဂါဝန်လေးမှာ ကောင်မလေးများ ဝတ်သည့် ပုံစံဖြစ်သဖြင့် လီရှောင်းက ကျန်းရို၏ညီမလေးအတွက် ဝယ်ခြင်းဖြစ်ကြောင်း ခန့်မှန်းမိပုံရသည်။

ကျန်းရိုမှာ အစက မဝယ်ချင်တော့ပေ။ သူမသည် မိမိကိုယ်ကိုယ် ညှင်းပန်းမည့်သူ မဟုတ်ရာ၊ အရင်တုန်းကလည်း မိမိဘာသာ ဂါဝန်အချို့ ချုပ်လုပ်ဝတ်ဆင်ခဲ့သဖြင့် ဝတ်ရသည်မှာ သက်သောင့်သက်သာ ရှိလှသည်။

သို့သော် လီရှောင်းက ခရမ်းရောင်အထည်ကြီး တစ်ထည်ကို ကောက်ကိုင်လိုက်သည်ကို မြင်သောအခါ၊ ကျန်းရိုမှာ စိတ်မချသဖြင့် လက်ပြတ် အဖြူအမဲ ကွက်ကျား ဂါဝန်လေးတစ်ထည်ကို အမြန် ရွေးလိုက်ပြီး "ဒါပဲ ယူမယ်" ဟု ဆုံးဖြတ်လိုက်သည်။

လီရှောင်းက ကြည့်လိုက်ကာ သိပ်မလှဟု ထင်မှတ်ပုံရပြီး "နောက်တစ်ထည် လဲဦးမလား" ဟု မေးသည်။ သူ ကိုင်ထားသော အထည်က ပိုလှသည်ဟု သူ ထင်နေခြင်း ဖြစ်သည်။

ကျန်းရိုက ခေါင်းခါကာ ဤတစ်ထည်ကိုသာ ယူမည်ဟု ဇွတ်ပြောလေသည်။

ကျန်းရို၏ အထည်မှာ အနည်းငယ် ပိုဈေးကြီးသော်လည်း လီရှောင်းက (၁၂) ယွမ်အထိ ဈေးဆစ်ပေးခဲ့သည်။

သူတို့နှစ်ဦး ထွက်ခွာလာချိန်တွင် ဆိုင်ရှင်အမျိုးသမီးမှာ အရှုံးပေါ်ပြီဟု ညည်းညူကျန်ရစ်သည်ကို ကြားလိုက်ရသေးသည်။

ကျန်းရိုက မနေနိုင်ဘဲ "ရှင် ဒါတွေကို ဘယ်သူ့ဆီက သင်ထားတာလဲ" ဟု မေးမြန်းလိုက်သည်။

သူမ၏ မိခင်ထက်ပင် ဈေးဆစ်ရာတွင် ပို၍ ကျွမ်းကျင်နေသည် မဟုတ်လား။

လီရှောင်းက မျက်ခုံးပင့်လျက် "ဒါက သင်စရာ လိုလို့လား။ သူတို့က လူပါးဝတဲ့သူတွေလေ။ မင်းက ဒီဒေသရဲ့စကား မပြောတတ်ဘူးဆိုတာ သိရင် သူတို့က ဈေးတင်မှာပဲ။ ဒီအဝတ်အစားတွေက ဘယ်လောက်တန်မယ် ထင်လို့လဲ။ အရင်းက တစ်ယွမ်၊ နှစ်ယွမ်တောင် မရှိပါဘူး" ဟု ရှင်းပြသည်။

သူသည် ငယ်စဉ်ကတည်းက လူမိုက်များနှင့် ပေါင်းခဲ့သူဖြစ်ရာ မြို့ထဲရှိ ကိစ္စအဝဝကို ကောင်းကောင်း သိရှိထားသူ ဖြစ်သည်။ ဤကဲ့သို့ လမ်းဘေးဈေးသည်များမှာ အဝတ်အစားများကို ကျင်းလိုက် ချိန်၍ ဝယ်ယူကြခြင်း ဖြစ်သည်ကို သူ သိရှိထားသည်။

"ဒီဘက်မှာ နိုင်ငံခြားကုမ္ပဏီတွေ အများကြီး ရှိတယ်လေ။ စံမမီတဲ့အထည်တွေကို ဖျက်ဆီးပစ်ရတာ ထုံးစံပဲ။ ဒါပေမဲ့ အချို့ စက်ရုံတွေက အဲ့ဒီအထည်တွေနဲ့ အစုတ်အပြတ်တွေကို ခိုးရောင်းကြတယ်။ ဆိုင်ငယ်လေးတွေက အဲ့ဒါတွေကို ပြန်ယူပြီး နာမည်ကြီး တံဆိပ်တွေတပ်ပြီး ဈေးပေါပေါနဲ့ ပြန်ရောင်းကြတာလေ။"

ကျန်းရိုသည် နားထောင်ရင်း အံ့သြသွားရသည်။ လီရှောင်း ဤမျှ သိရှိနေသည်ကို အံ့သြခြင်း မဟုတ်ဘဲ၊ ထိုအရာများမှာ နောင်ခေတ်၏ အွန်လိုင်းဈေးကွက်မှ "လက်ကျန်ပစ္စည်း" ဆိုင်များနှင့် ဆင်တူနေသောကြောင့်ဖြစ်သည်။

နှစ်ဦးသား ဆက်လက် လည်ပတ်ကြရာ၊ ကျန်းရိုက အဒေါ်ဝမ်အတွက် ပိုးပုဝါတစ်ထည်၊ ဦးလေးဝမ်အတွက် ခါးပတ်တစ်ခုနှင့် ကျိုးကျန့်တို့ မိသားစုအတွက်လည်း လက်ဆောင်များ ဝယ်ယူခဲ့သည်။

လီရှောင်းက ဒီလောက်အထိ ဝယ်ရန် မလိုဟု ယူဆသော်လည်း ကျန်းရိုက နားမထောင်ပေ။ အချို့သော ကိစ္စများတွင် တွန့်တို၍ မရသည်ကို သူမ သိရှိထားသည်။

....

ညနေပိုင်း အိပ်ရာနိုးသောအခါ ကျန်းရိုသည် အလုပ်စတင်တော့သည်။ လီရှောင်းက သိပ်ပြီးမကူညီနိုင်သဖြင့် ဘေးနားတွင် ရပ်လျက် ဟင်းသီးဟင်းရွက်များ ဆေးပေးရှာသည်။

ဟင်းရွက်ဆေးပေးရင်း သူက "ကိုယ် အစားအသောက် လုပ်ငန်းလုပ်ဖို့ ပြင်ဆင်နေတယ်။ ဒီလုပ်ငန်းက ကိုယ် နည်းနည်း အတွေ့အကြုံ ရှိတယ်လေ။ ဒီဘက်က လူတွေက စားတာ သောက်တာ ဝါသနာပါကြသလို၊ စားလို့ကောင်းတာတွေလည်း အများကြီးပဲ။ ဒါပေမဲ့ အားနည်းချက်ကတော့ အကုန်လုံးက ချက်ချင်းလုပ်၊ ချက်ချင်းရောင်းတာတွေချည်းပဲ။ ကိုယ် အရင်က ကုန်တိုက်တွေကို သွားကြည့်ဖူးတယ်။ စင်ပေါ်မှာ တင်ထားတဲ့ မုန့်တွေက နိုင်ငံခြားက လာတာတွေများတယ်၊ ထုပ်ပိုးတာကတော့ လှပါရဲ့ ဒါပေမဲ့ အရသာက သိပ်မကောင်းဘူး၊ ဈေးလည်း ကြီးသေးတယ်။ အချို့ဆိုရင် ချိုလွန်းလို့ သေတောင် သေနိုင်တယ်။ ကိုယ်တို့နိုင်ငံက ထွက်တဲ့ မုန့်တွေကျတော့လည်း ထုပ်ပိုးတာက အရမ်းညံ့လွန်းတော့ ဈေးပေါသလို ဖြစ်နေပြီး စင်ရဲ့အောက်ဆုံးမှာပဲ ထားကြတယ်လေ။"

"အဲ့ဒါနဲ့ ကိုယ် စဉ်းစားမိတယ်။ ကိုယ်သာ ထုပ်ပိုးတာလည်းလှ၊ အရသာလည်း ကောင်းတဲ့ မုန့်တွေကို လုပ်နိုင်ရင် နိုင်ငံခြားအထိတောင် ရောင်းလို့ရနိုင်မလားလို့ပေါ့။"

အမှန်တော့ ဒဏ်ရာရခဲ့သည့် နေ့ကတည်းက သူသည် ဤအကြောင်းကို အမြဲ စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ ဆောက်လုပ်ရေးလုပ်ငန်းမှာ သူ မြင်တွေ့နေရသရွေ့ အနာဂတ် များစွာ မရှိလှပေ။ အကျိုးအမြတ်များကို လူကြီးများက ခွဲဝေယူထားကြပြီး ကျန်ရှိသော အပိုင်းအစများကိုသာ လူအများက လုယက်နေကြရခြင်း ဖြစ်သည်။

ယခုတစ်ကြိမ် ဒဏ်ရာရခြင်းက သူ့အား သတိပေးချက်တစ်ခု ပေးလိုက်ခြင်းဖြစ်သည်။ အဆက်အသွယ်နှင့် အင်အားမရှိဘဲ ဤလုပ်ငန်းတွင် ခြေကုပ်ယူရန် ခက်ခဲလှသည်ကို သူ နားလည်လိုက်သည်။ ချန်ရုန်ပေးမည့်အခွင့်အရေးကိုသာ သူ အမြဲမျှော်လင့်နေ၍ မရပေ။

ချန်ရုန်က သူ့အား စီမံကိန်းတစ်ခု ပေးစဉ်က သူသည် ထင်သလောက် စိတ်မလှုပ်ရှားခဲ့ပေ။ အထူးသဖြင့် ကျန်းရို ပြောပြခဲ့သော စကားများက သူ့စိတ်ကို များစွာ ပြောင်းလဲစေခဲ့သည်။

ကျန်းရိုသည် သူ လုပ်ချင်သည်ကို မတားဆီးသော်လည်း ကျန်းမာရေးကိုမူ အဓိကထားစေချင်သည်။

အမှန်တကယ်ပင် သူ ယခုအချိန်တွင် တစ်ခုခုဖြစ်၍မရပေ။ အရင်က လူပျိုဘဝတုန်းကမူ တစ်ခုခုဖြစ်လျှင် ဘာမှ မဖြစ်သော်လည်း၊ ယခုတွင်မူ အန်းအန်းလေးမှာ ငယ်ပါသေးသည်။ သူ တစ်ခုခု ဖြစ်သွားပါက ဝန်ထုပ်ဝန်ပိုး အားလုံးမှာ ကျန်းရိုပေါ်သို့ ကျရောက်သွားပေလိမ့်မည်။

သူမကို ထိုသို့ ဒုက္ခ မရောက်စေချင်ပေ။

ကျန်းရိုသည် ထိုစကားများကို ကြားသောအခါ မျက်လုံးများ ဝင်းလက်သွားရသည်။ ဤသည်မှာ နောင်ခေတ်၏ အဆာပြေမုန့် ဆိုင်ကြီးများ မဟုတ်လား။ အထူးသဖြင့် အွန်လိုင်းဈေးကွက် ပေါ်ပေါက်လာချိန်တွင် ထိုလုပ်ငန်းများ၏ ရောင်းအားမှာ အလွန်ကြောက်စရာကောင်းလှသည်။

"ဒါ တကယ် ကောင်းတာပဲ။ နောင်ကျရင် ကိုယ်ပိုင်တံဆိပ်နဲ့ ကုမ္ပဏီတွေ၊ စက်ရုံတွေ ထောင်ပြီး တစ်နိုင်ငံလုံးကို ရောင်းလို့ရတာပေါ့။ ဒါပေမဲ့ သန့်ရှင်းမှုနဲ့ အရည်အသွေးကိုတော့ အဓိက ဂရုစိုက်ရမယ်နော်။ စားသောက်ကုန်ဆိုတာ အရသာရှိဖို့ထက် ကျန်းမာရေးနဲ့ ညီညွတ်ဖို့က ပိုအရေးကြီးတယ်။ မဟုတ်ရင် ပြဿနာ တက်နိုင်တယ်လေ။"

နောင်ခေတ်တွင် အစားအသောက် ဘေးကင်းလုံခြုံရေးမှာ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်သည်ကို သူမ သိရှိထားသည်။

လီရှောင်းသည် ကျန်းရိုက သူ့ကို မဆိုင်းမတွ ထောက်ခံလိမ့်မည်ကို သိရှိထားသဖြင့် ပြုံးလျက် "အင်း" ဟု ပြန်ထူးလိုက်သည်။

...

ညစာအတွက် ဟင်းရှစ်ပွဲ ပြင်ဆင်လိုက်သည်။ ညနေ ၅ နာရီကျော်တွင် ဖုဖေးက ကားမောင်း၍ ချန်ရုန်နှင့်အတူ ရောက်ရှိလာကြကာ၊ အားလုံး ပျော်ပျော်ပါပါး ထမင်းစားကြလေသည်။

ချန်ရုန် ပြန်ခါနီးတွင် လီရှောင်းမှာ ဇနီးကောင်း ရထားသည်ဟု ချီးမွမ်းပြောဆိုသွားသည်။

လီရှောင်းက ပြုံးလျက် ကျန်းရိုကိုယ်စား ရှင်းပြလိုက်သည်။ "သူမက မနက်ဖြန် ပြန်တော့မှာလေ။ အဲ့ဒါကြောင့် ခင်ဗျားတို့ရဲ့ စောင့်ရှောက်မှုတွေအတွက် ကျေးဇူးတင်ချင်လို့ ချက်ကျွေးတာပါ။ ကျွန်တော်ကတော့ အပြင်မှာပဲ ကျွေးဖို့ စဉ်းစားပေမဲ့၊ သူကတော့ အိမ်မှာ ချက်ကျွေးမှ စိတ်ရင်းမှန်ရာ ရောက်မယ်လို့ ပြောလို့ပါ။"

ချန်ရုန်နှင့် ဖုဖေးတို့မှာ ထိုစကားကြောင့် စိတ်လှုပ်ရှားသွားရကာ ကျန်းရိုအား ကျေးဇူးတင်စကား အထပ်ထပ် ပြောဆိုကြလေသည်။

ကျန်းရိုနှင့် လီရှောင်းတို့သည် သူတို့အား လမ်းထိပ်အထိ လိုက်လံပို့ဆောင်ခဲ့ကြသည်။

ပြန်လာချိန်တွင် ကျန်းရိုက လီရှောင်း၏အင်္ကျီကိုဆွဲကာ "ရှင် ခုနက ဘာလို့ အဲ့ဒီလို ပြောရတာလဲ" ဟု မေးလိုက်သည်။

သူမက သူ့အတွက် မျက်နှာပွင့်အောင် လုပ်ပေးခြင်း ဖြစ်သော်လည်း၊ နောက်ဆုံးတွင် သူမသာ ချီးမွမ်းခံရသလို ဖြစ်သွားသည် မဟုတ်လား။

လီရှောင်းသည် သူမ၏ရင်ခွင်ထဲမှ ကလေးကို လွှဲယူလိုက်ကာ "ဒါက မင်းရဲ့ စေတနာပဲဥစ္စာ၊ ဘာလို့ မပြောရမှာလဲ" ဟု တည်ငြိမ်စွာ ပြန်ဖြေသည်။

ကျန်းရိုသည် အိမ်ထဲသို့ ဝင်သွားသော သူ့ကျောပြင်ကို ကြည့်ရင်း မသိမသာ ပြုံးမိသွားသည်။

လီရှောင်း ထိုသို့ ပြောလိုက်ခြင်းကို သူမ အမှန်တကယ်ပင် ကျေနပ်မိသည်။

အရင်က သူမသူငယ်ချင်းတစ်ဦး၏ ရည်စားမှာ လူကောင်းတစ်ဦး ဖြစ်သော်လည်း၊ သူငယ်ချင်းများ ရှေ့တွင်မူ မိမိ၏ရည်စားကို အမြဲနှိမ်၍ ပြောတတ်ကာ မိမိကိုယ်ကိုယ်သာ အစွမ်းထက်သူဖြစ်ကြောင်း ကြွားဝါတတ်သူ ဖြစ်သည်။

လီရှောင်းတွင်မူ ထိုကဲ့သို့သော အကျင့်ဆိုးများ မရှိပေ။

....

ညဘက်တွင် ကလေးကို ချော့သိပ်ပြီးနောက် နှစ်ဦးသား အတူတူ လဲလျောင်းရင်း စကားပြောကြသည်။

လီရှောင်းသည် ပက်လက် လဲလျောင်းကာ လက်တစ်ဖက်ကို ခေါင်းအောက်တွင် ထားလျက်၊ ကျန်းရိုကို လက်တစ်ဖက်ဖြင့် ဖက်ထားပြီး "မင်း ပြန်ရောက်ရင် ကျိုးကျန့်ကို ဒီဘက် လာခိုင်းလိုက်" ဟု တိုးတိုးလေး ဆိုသည်။

ကျန်းရိုက "အင်း... ပြန်ရောက်ရင် ပြောလိုက်ပါ့မယ်"

လီရှောင်းက သူမ၏ကျောပြင်ကို အသာအယာ ပွတ်သပ်ပေးရင်း သူမ မနက်ဖြန် ပြန်တော့မည်ကို သတိရကာ စိတ်မကောင်းဖြစ်နေမိသည်။ "စာမေးပွဲ ဖြေပြီးတာနဲ့ ချက်ချင်း လာခဲ့လို့ မရဘူးလား။ အဲ့ဒီအချိန်ကျရင် ကျောင်းအနားမှာ အိမ်တစ်လုံး ငှားထားလိုက်မယ်လေ။"

ကျန်းရိုမှာ ထိုစကားကြောင့် ရယ်မိသွားသည်။ စာပင် မဖြေရသေးဘဲ အိမ်ငှားရန် စဉ်းစားနေပြီ မဟုတ်လား။

သူမက အနေအထားကို အနည်းငယ်ပြင်လိုက်ကာ သူ၏ ခေါင်းကို အသာအယာ ပွတ်ပေးရင်း "မလောပါနဲ့ဦး၊ ကျွန်မ အောင်စာရင်း ထွက်မှပဲ စဉ်းစားတာပေါ့။ ရှင်ကလည်း ဒီမှာ ဒဏ်ရာ ပျောက်အောင် သေချာ နားပါဦး၊ ကျွန်မတို့ ဖြည်းဖြည်းချင်း သွားကြတာပေါ့" ဟု ချော့မော့လိုက်သည်။

လီရှောင်းက "အင်း" ဟု ပြန်ထူးသော်လည်း စိတ်ဓာတ်ကမူ သိပ်မတက်ကြွလှပေ။

ကျန်းရိုက စကားလမ်းကြောင်း လွှဲရန်အတွက် "ကျွန်မ အရင်က ရှင့်အင်္ကျီ အိတ်ထဲမှာ ထည့်ပေးလိုက်တဲ့ စာကိုကော ဖွင့်ကြည့်ပြီးပြီလား" ဟု ပြုံးလျက် မေးမြန်းလိုက်သည်။

လီရှောင်းမှာ ထိုအခါမှ စိတ်ဝင်စားသွားကာ "မကြည့်ရသေးဘူး" ဟု ပြန်ဖြေသည်။

ထို့နောက် သူက "အထဲမှာ ဘာတွေ ရေးထားလို့လဲ" ဟု စပ်စုမေးမြန်းလေသည်။

ကျန်းရိုက အံ့သြသွားကာ သူ ကြည့်ပြီးပြီဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ "မပြောဘူး၊ ရှင် နောက်မှ ဖွင့်ကြည့်လိုက်ရင် သိမှာပေါ့။"

လီရှောင်းမှာ မစောင့်နိုင်တော့ဘဲ "ဒါဆို အခုပဲ သွားယူပြီး ကြည့်မယ်" ဟု ဆိုကာ ထရန် ပြင်လေသည်။

ကျန်းရိုက သူ့ကို အတင်းပြန်ဖက်ထားကာ "မသွားရဘူး" ဟု တားမြစ်လိုက်သည်။

လီရှောင်းက ရယ်မောလိုက်ကာ သူမကို ငုံ့ကြည့်လိုက်သည်။ သူမ၏အကြည့်နှင့် ဆုံသွားသောအခါ သူ ငြိမ်ကျသွားတော့သည်။

သူ့လက်များက သူမ၏ခါးကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်ကာ ခေါင်းကို ဖြည်းဖြည်းချင်း နှိမ့်ချလိုက်သည်။ နှစ်ဦးသား၏မျက်နှာချင်း နီးကပ်သွားကာ၊ နှာခေါင်းချင်း ထိတွေ့သွားသောအခါ သူက အသာအယာ ပွတ်သပ်လိုက်လေသည်။

ထို့နောက် သူသည် မျက်နှာချင်း ခနခွာလိုက်ကာ ကျန်းရိုကို လေးနက်စွာ ကြည့်နေမိသည်။ ကြည့်ရင်း ကြည့်ရင်းနှင့်ပင် ထပ်မံ တိုးကပ်လာကာ ကျန်းရို၏ နှုတ်ခမ်းလေးပေါ်သို့ အသာအယာ နမ်းလိုက်သည်။ ထိုအနမ်းမှာ နှုတ်ခမ်းမှတစ်ဆင့် ပါးပြင်၊ ထို့နောက် လည်ပင်းသားများဆီသို့ တဖြည်းဖြည်း ရောက်ရှိသွားတော့သည်။

အထက်မှ အောက်သို့ ဖြည်းဖြည်းချင်း ဆင်းလာကာ၊ နောက်ဆုံးတွင်မူ စုပ်ယူနမ်းရှိုက်သည့် အဆင့်သို့ ရောက်ရှိသွားသည်။

ကျန်းရိုမှာ ယားကျိကျိ ဖြစ်နေသော်လည်း မတားဆီးပေ။ သူမသည် နှုတ်ခမ်းကို တင်းတင်းစေ့ကာ မျက်လုံးမှိတ်ရန် ပြင်စဉ်တွင်၊ အထဲဘက်တွင် အိပ်နေသော ကလေးငယ်မှာ မည်သည့်အချိန်က နိုးလာသည်မသိဘဲ ထိုင်လျက် မျက်လုံးဝိုင်းကြီးများဖြင့် သူတို့အား စူးစမ်းကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းရို လန့်သွားကာ လီရှောင်းကို အားဖြင့် တွန်းထုတ်လိုက်လေသည်။

လီရှောင်းမှာ မမျှော်လင့်ဘဲ တွန်းထုတ်ခံလိုက်ရသဖြင့် နောက်သို့ လန်ကျသွားသော်လည်း၊ သူ့ခန္ဓာကိုယ်မှာ သွက်လက်သူဖြစ်သဖြင့် လက်ဖြင့် ကုတင်ကို ထောက်၍ ထိန်းလိုက်နိုင်သည်။ သူသည် အသက်ရှူ မြန်နေကာ ဘာဖြစ်သလဲဟု မသိဘဲ "ဘာဖြစ်လို့လဲ" ဟု အသံဩရှရှဖြင့် မေးမြန်းလိုက်သည်။

ကျန်းရိုက မျက်နှာပူပူဖြင့် သူ့နောက်ဘက်သို့ ညွှန်ပြလိုက်သည်။

လီရှောင်း နောက်သို့ လှည့်ကြည့်လိုက်ရာ၊ မိမိ၏အနားတွင်ရှိနေသော ဖြူဝင်းလှပသော မျက်နှာလေးနှင့် ဆုံတွေ့လိုက်ရတော့သည်။

"..."

ကလေးငယ်မှာလည်း သူမ၏ပါပါးကို ငုံ့ကြည့်လိုက်၊ အဝေးမှ သူမ၏မာမားကို ကြည့်လိုက်နှင့် တစ်ခုခုကို အထင်မှားသွားဟန်ရှိသည်။ သူမသည် ဖခင်ဖြစ်သူ၏မျက်နှာကို လက်ဖြင့် ပြင်းထန်စွာ တစ်ချက် ရိုက်လိုက်လေတော့သည်။

"ဖြန်း" ဟူသော မြည်သံနှင့်အတူ အခန်းလေးမှာ တစ်ခဏအတွင်း တိတ်ဆိတ်သွားတော့သည်။

လီရှောင်းမှာ ကြောင်အကျန်ရစ်ခဲ့ရ၏။

ကျန်းရိုမှာမူ မနေနိုင်ဘဲ တဟားဟား ရယ်မောလိုက်တော့သည်။

နောက်ဆုံးတွင် ကလေးငယ်မှာ သူမ၏အဖေကို လုံးဝ အနားမကပ်ခိုင်းတော့ဘဲ ကျန်းရိုကိုသာ တင်းတင်း ဖက်ထားတော့သည်။ အိပ်ပျော်သွားချိန်တွင်ပင် လက်မလွှတ်ပေ။

ကျန်းရို၏ရင်ထဲတွင် နွေးထွေးသွားကာ၊ ကလေးငယ်မှာ ဖခင်ဖြစ်သူက သူမအား အနိုင်ကျင့်နေသည်ဟု အထင်မှားသွားခြင်းဖြစ်ကြောင်း သိရှိလိုက်ရသဖြင့် သူမ၏ပါးပြင်လေးကို နမ်းလိုက်မိတော့သည်။

...

နောက်တစ်နေ့ မနက်တွင် လီရှောင်းက ကျန်းရိုတို့ သားအဖကို ရထားဘူတာသို့ လိုက်လံပို့ဆောင်ပေးသည်။

ကျန်းရိုက ကလေးကို တွန်းကာ၊ လီရှောင်းကမူ ပြည့်နှက်နေသော ကျောပိုးအိတ်ကို လွယ်ထားလေသည်။

မနက် ၈ နာရီ ရထားဖြစ်သဖြင့် ဘူတာသို့ ရောက်ပြီး မကြာမီမှာပင် ရထားပေါ်သို့ တက်ခဲ့ကြသည်။ လီရှောင်းက သူမတို့ သားအဖကို ရထားတွဲအတွင်း အခြေကျသည်အထိ လိုက်ပို့ပေးခဲ့သည်။ ကျန်းရိုသည် အောက်ဆုံး ကုတင်ကို ဝယ်ယူထားခြင်း ဖြစ်သည်။

ခွဲခွာရတော့မည့် အချိန်တွင် ကျန်းရိုမှာ မခွဲနိုင်မခွာရက်ဖြစ်လာကာ လီရှောင်းကို အားရပါးရ ဖက်လိုက်မိသည်။

လီရှောင်းသည်လည်း မခွဲနိုင်ပေ။ သူသည် အိတ်ကို ကုတင်ပေါ်သို့ ပစ်တင်လိုက်ကာ ကျန်းရို၏ခါးကို ဖက်၍ သူမ၏ပါးပြင်ကို နမ်းကာ "လမ်းမှာ သတိထားသွားနော်" ဟု မှာကြားလေသည်။

"အင်း။"

ကျန်းရိုက ခေါင်းညိတ်ပြသည်။

ရထားထွက်တော့မည့် အချက်ပေးသံကို ကြားရသောအခါ လီရှောင်းက သူမ၏ နဖူးကို ထပ်မံ နမ်းလိုက်ပြီးမှ လက်ကို လွှတ်ကာ ဂျိုင်းထောက်ကို အားပြုလျက် အပြင်သို့ ထွက်ခွာသွားလေသည်။

ကလေးငယ်မှာ တွန်းလှည်းအတွင်းမှ ကိုယ်ကို လှည့်၍ အပြင်သို့ ကြည့်နေကာ၊ ပါပါး ထွက်သွားသည်ကို မြင်သောအခါ တစ်ခုခုကို သိရှိသွားဟန်ဖြင့် "ဝူး... ဝူး..." ဟု အော်ငိုတော့သည်။

သူမ၏ ပါးစပ်မှ "ဘာ... ဘာ... ဘာ..." (ပါပါး) ဟူသော အသံများ ထွက်ပေါ်လာကာ လက်ကလေးလှမ်း၍ ချီခိုင်းတော့သည်။

တံခါးဝသို့ ရောက်နေသော လီရှောင်းသည် ထိုအသံကို ကြားသောအခါ နောက်သို့ လှည့်ကြည့်လိုက်ရာ၊ ထိုတစ်ချက်တည်းနှင့်ပင် သူ့မျက်ဝန်းများ နီမြန်းလာတော့သည်။

ထို့နောက် သူက သားအဖ နှစ်ဦးကို လက်ယမ်း နှုတ်ဆက်လိုက်လေသည်။

ကျန်းရိုက ကလေးကို ချီ၍ ချော့မြူလိုက်သည်။ "မငိုနဲ့တော့နော် သမီး၊ ခဏနေရင် မာမားတို့တွေ ပါပါးနဲ့ ပြန်တွေ့ရမှာပါ" ဟု ဆိုကာ သူမ၏ပါးပြင်လေးကို နမ်းလိုက်သည်။

ကလေးငယ်မှာ ပါးစပ်လေးကို စူကာ ကျန်းရိုကို တင်းတင်း ဖက်ထားရှာသည်။

အပြင်ဘက်တွင် လီရှောင်းသည် ပြတင်းပေါက်မှနေ၍ သူမတို့ကို စောင့်ကြည့်နေလေသည်။

ရထား စတင်ထွက်ခွာချိန်တွင် ကျန်းရိုက လက်ယမ်း နှုတ်ဆက်လိုက်တော့သည်။

.....

ရက်အနည်းငယ်ကြာအောင် ခရီးနှင်ပြီးနောက် ကျန်းရိုသည် ညနေ ၃ နာရီကျော်တွင် ခရိုင်မြို့သို့ ပြန်လည် ရောက်ရှိလာခဲ့သည်။

လီရှင်းမှာ ခြံထဲတွင် ထိုင်၍ စာဖတ်နေစဉ် အသံကြားသဖြင့် မော့ကြည့်လိုက်ရာ၊ ကျန်းရို ပြန်လာသည်ကို မြင်တွေ့သွားသဖြင့် မျက်နှာတွင် ဝမ်းသာအားရ ဖြစ်သွားကာ "အစ်မ..." ဟု အော်ခေါ်လိုက်လေသည်။

သူမသည် အလျင်အမြန် ထ၍ ကျန်းရိုထံသို့ ပြေးလာသည်။

ကျန်းရိုသည် သူမ လာသည်ကို မြင်သောအခါ ညောင်းညာနေသော သူမ၏လက်မောင်းများကို အမြန် ခါလိုက်သည်။ ကလေးမှာ တစ်နေ့ထက်တစ်နေ့ ပို၍ လေးလာသဖြင့် လှေကားထစ်များကို တွန်းလှည်းနှင့်အတူ သူမ တစ်ဦးတည်း မနိုင်တော့ပေ။

လီရှင်းက ပြေးလာကာ နှစ်ဦးသား အတူတူ တွန်းလှည်းကို ခြံထဲသို့ မသွင်းလိုက်ကြသည်။

ကလေးငယ်မှာ ဒေါ်လေးကို မြင်ရသဖြင့် အလွန်ဝမ်းသာနေကာ၊ အချီခံရချိန်တွင် သူမ၏ရင်ခွင်ထဲ၌ ငြိမ်သက်စွာ မှီနေတော့သည်။

ဘေးအိမ်မှ အဒေါ်ဝမ်လည်း အသံကြားသဖြင့် စားစရာအချို့ယူကာ ရောက်လာသည်။ "ပြန်လာပြီလား၊ မင်းညီမလေးမှာ နေ့တိုင်း တံခါးဝမှာ စောင့်နေတာလေ" ဟု ပြုံးလျက် ဆိုသည်။

လီရှင်းမှာ ထိုစကားကြောင့် အနည်းငယ် ရှက်သွားကာ ခေါင်းငုံ့နေရှာသည်။

ကျန်းရိုက သူမ၏ခေါင်းကို အသာအယာ ပွတ်ပေးလိုက်သည်။

အဒေါ်ဝမ်က လီရှောင်း၏အခြေအနေကို မေးမြန်းလာသည်။ "ဘာမှမဖြစ်ဘူး မဟုတ်လား။ ကျိုးကျန့်ဆိုရင် လီရှောင်း တစ်ခုခုဖြစ်သွားမှန်း သိကတည်းက ငါတို့အိမ်ကို ခဏခဏ လာမေးနေတာလေ။"

ကျန်းရိုက ခေါင်းခါပြကာ လီရှောင်း၏အခြေအနေကို အနှစ်ချုပ် ပြောပြလိုက်သည်။ "ဆေးရုံမှာ လဝက်လောက် နေခဲ့ရတယ်၊ အခုတော့ အဓိကက နားနားနေနေ နေဖို့ပါပဲ၊ ဆေးရုံမှာ လေ့ကျင့်ခန်း ပုံမှန် သွားလုပ်ရင် ရပါပြီ။ သူက အဆိုးဆုံး မဟုတ်သေးပါဘူး၊ ဘေးနားက အလုပ်သမား တစ်ယောက်ဆိုရင် မတော်တဆ ဝင်ပါသွားလို့ လက်ပါ မသန်တော့ဘူးလေ၊ အရင်လို ပြန်ကောင်းဖို့ မလွယ်တော့ဘူး။"

အဒေါ်ဝမ်က ထိုစကားကြောင့် သက်ပြင်းချကာ "လီရှောင်းက တကယ်ကို ရိုးသားလွန်းပါတယ်၊ သူတို့ သူဌေးကတော့ သူ့ကို သေချာကျေးဇူးတင်ရမှာပေါ့၊ မဟုတ်ရင် လီရှောင်း ဒီလောက်အထိ ဒဏ်ရာရခဲ့တာနဲ့ မတန်ဘူး"

ထို့နောက် သူမက "အပြင်မှာ အလုပ်လုပ်ရတာ တကယ် အန္တရာယ် များပါတယ်၊ ပိုက်ဆံ ရှာရတာ မလွယ်ဘူးနော်"

"ဟုတ်ပ။"

ထိုသို့ပြောရင်း ကျန်းရိုက "သူတို့ သူဌေးက သူ့ကို စီမံကိန်းတစ်ခုပေးမလို့လေ၊ ကျွန်မသာ အဲ့ဒီမှာ မရှိရင် သူက လက်ခံလိုက်မှာ သေချာတယ်။ အဲ့ဒီလိုဆိုရင်တော့ သူ့ခြေထောက်က ကောင်းဖို့ မမျှော်လင့်နဲ့တော့" ဟု မကျေမနပ် ဆိုလိုက်သည်။

အဒေါ်ဝမ်က ဝင်၍ ဆဲဆိုသည်။ "ယောက်ျားတွေက အဲ့ဒီလိုချည်းပါပဲ၊ မင်းဦးလေးကို ကြည့်လေ၊ အဲ့ဒီတုန်းက မသွားဖို့ ငါ အတန်တန် တားတာကို မနားဘူး၊ အခုတော့ ကြည့်လေ အလုပ်ကြမ်း ဘာမှ မလုပ်နိုင်တော့ဘူး။ မနေ့ကတောင် နောင်တရတယ်လို့ ပြောနေသေးတာ။ သူ အိမ်မှာ လှဲနေတဲ့ အချိန်တောအတွင်းမှာ သူ့တူက တစ်ခါများ လာကြည့်ဖူးလား၊ ငါကတော့ သူ့အကြောင်း ပြောတောင် မပြောချင်တော့ဘူး။"

ဤစကားကို အဒေါ်ဝမ် ပြောခဲ့သည်မှာ အကြိမ်ပေါင်း မနည်းတော့သဖြင့်၊ ကျန်းရိုမှာ ထိုစကားလမ်းကြောင်းကို စမိသည်ကိုပင် နောင်တရမိတော့သည်။

"တစ်ခါတလေကျတော့လည်း ငါတို့တွေက တားမှ ရမှာလေ၊ မဟုတ်ရင် ငါတို့တွေပဲ ဒုက္ခရောက်မှာ။"

"ဟုတ်တယ်။"

"ဒါပေါ့၊ ဒါပေမဲ့ လူဘာမှ မဖြစ်တာက အရေးကြီးဆုံးပါပဲ၊ လီရှောင်းက ကံကောင်းလို့ပေါ့။ စိတ်သိပ်မပူပါနဲ့၊ ဒီကလေးက ကံကောင်းမယ့် သူပါ။ ရှေ့မှာ ဒုက္ခရောက်ခဲ့သမျှ နောက်ပိုင်းကျရင် ချိုမြိန်လာမှာပါ။"

အဒေါ်ဝမ်၏ စကားမှာ စိတ်ရင်းမှန်လှသည်။ အရင်က လီရှောင်း မည်သို့ပုံစံ ရှိခဲ့သည်ကို သူမ မှတ်မိနေသေးရာ၊ ယခုနှင့် နှိုင်းယှဉ်၍ပင် မရတော့ပေ။

ကျန်းရို ရောက်လာပြီးကတည်းက ဘေးအိမ်မှာ များစွာ ပြောင်းလဲသွားခဲ့သည်ကို ကြည့်ခြင်းဖြင့် ကျန်းရိုမှာ မိသားစုကို ကံကောင်းစေသူဖြစ်ကြောင်း သူမ ယူဆထားခြင်း ဖြစ်သည်။

.....

ကျိုးကျန့်သည် သတင်းကို ချက်ချင်း သိရှိကာ ညနေပိုင်းတွင် အပြေးအလွှား ရောက်လာလေသည်။

လီရှောင်း ဘာမှမဖြစ်ကြောင်း သိရမှသာ သူ သက်ပြင်းချနိုင်တော့သည်။ ကျန်းရိုကလည်း သူ့ကို သွားရှာရန် ကြံစည်နေစဉ် သူကိုယ်တိုင် ရောက်လာသဖြင့် လီရှောင်း၏ မှာကြားချက်များကို ပြောပြလိုက်သည်။

ကျိုးကျန့်သည် လီရှောင်းက သူ့အား ထိုဘက်သို့ လာခိုင်းသည်ကို သိရသောအခါ မျက်နှာတွင် ဝမ်းသာအားရဖြစ်သွားသည်။ သူသည် တစ်ခါမျှ အဝေးသို့ ခရီးမသွားဖူးသဖြင့် စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။

ကျန်းရိုသည် သူ ဤမျှ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ စိတ်ဓာတ်ကျအောင် မပြောလိုတော့ပေ။ လီရှောင်းမှာ ထိုဘက်တွင် ဘာမှမရှိသေးဘဲ အစကနေ ပြန်စရမည်ဖြစ်ရာ၊ နောင်တွင် ပင်ပန်းဆင်းရဲမှုများ ကြုံတွေ့ရဦးမည်ဖြစ်သည်။

ကျိုးကျန့်မှာ ထိုအရာများကို မစဉ်းစားဘဲ G ပြည်နယ်၏ အခြေအနေများကိုသာ တောက်လျှောက် မေးမြန်းနေလေသည်။ ကျန်းရိုကလည်း သူမ သိရှိသမျှကို ပြောပြရုံမက၊ သွားရမည့် လမ်းကြောင်းများကိုပါ အသေးစိတ် ရေးသားပေးလိုက်သည်။ လမ်းတစ်ဝက်တွင် ရထားလဲစီးရမည့် အချက်များ၊ ကားဂိတ်ရောက်လျှင် ဘယ်ဘတ်စ်ကားကို စီးရမည်၊ ဘယ်နေရာတွင် ဆင်းရမည် စသည်တို့ကိုပါ တစ်ခုမကျန် ရေးပေးလိုက်ခြင်းဖြစ်သည်။

ကျိုးကျန့်က ထိုစာရွက်ကို ကျေးဇူးတင်စွာဖြင့် လက်ခံလိုက်ကာ "မရီး၊ ကျွန်တော် သဘက်ခါကျရင် ထွက်တော့မယ်၊ အဲ့ဒီမတိုင်ခင် တစ်ခေါက် လာခဲ့ဦးမယ်။ အစ်ကို့အတွက် ပေးစရာ ရှိတာတွေကို ကျွန်တော့်ဆီ ပေးလိုက်ရုံပါပဲ"

ကျန်းရိုက ခေါင်းညိတ်ပြလိုက်သော်လည်း၊ ကျိုးကျန့်ကို လိုက်ပို့ပြီးမှ ပေးစရာပစ္စည်း ဘာမှမရှိသည်ကို သတိပြုမိလိုက်သည်။

ကျိုးကျန့် တံခါးဝသို့ ရောက်သောအခါ တစ်ခုခုကို သတိရသွားဟန်ဖြင့် "ဒါနဲ့ မရီး... ကျောင်းကနေ လျှောက်လွှာတွေ တင်ခိုင်းနေပြီနော်၊ မရီးသာ ပြန်မလာရင် ကျွန်တော် မနက်ဖြန် သွားဖြည့်ပေးမလို့ပဲ" ဟု လှမ်းပြောလေသည်။

ကျန်းရို ထိုအခါမှ သတိရသွားသည်။ ယခုခေတ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ မဖြေမီကတည်းက မိမိ တက်ချင်သော ကျောင်းများကို ကြိုတင် လျှောက်ထားရခြင်းဖြစ်သည်။

.....

နောက်တစ်နေ့ မနက်စောစောတွင် ကျန်းရိုနှင့် လီရှင်းတို့သည် ကလေးကိုခေါ်၍ ကျောင်းသို့ သွားကြလေသည်။

မနှစ်က ကျောင်းအပ်စဉ်ကမူ လီရှောင်းက ကူညီပေးခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က သူမမှာ မီးဖွားပြီးကာစဖြစ်သဖြင့် မသွားနိုင်ခဲ့ပေ။ လီရှောင်း ကျောင်းသို့ သွားသောအခါမှ သူမ၏အတန်းပိုင် ဆရာမက သူမ၏ ကျောင်းသား အခြေအနေကို အမြဲထိန်းသိမ်းပေးထားကြောင်းနှင့် အဆောင်ရှိ ပစ္စည်းများမှာလည်း ရှိနေဆဲဖြစ်ကြောင်း သိရှိခဲ့ရသည်။

အတန်းပိုင် ဆရာမက ကျန်းရိုကိုယ်တိုင် ကျောင်းမတက်တော့ပါဟု ပြောသည်ကို မကြားရမချင်း စာမေးပွဲ ပြီးဆုံးသည်အထိ စောင့်ဆိုင်းပေးမည်ဟု ဆိုခဲ့ဖူးသည်။ ထိုစဉ်က ကျန်းရိုမှာ အလွန် စိတ်လှုပ်ရှားခဲ့ရသည်။

ကျန်းရိုသည် မှတ်ဉာဏ်ထဲကအတိုင်း အတန်းပိုင် ဆရာမ၏ ရုံးခန်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ဆရာမမှာ အခန်းထဲတွင်မရှိသဖြင့် ကျန်းရိုသည် ထိုင်ခုံတစ်ခုယူကာ ခနစောင့်ဆိုင်းနေလိုက်သည်။

ရုံးခန်းအတွင်း၌ အခြား ဆရာတစ်ဦးလည်း ရှိနေကာ၊ ဘေးအတန်းမှ ဆရာ ဖြစ်သည်။ သူတို့အား မြင်သောအခါ သူသည် မနေနိုင်ဘဲ ခဏခဏ လှည့်ကြည့်နေလေသည်။

လီရှင်း၏ရင်ခွင်ထဲမှ ကလေးငယ်မှာ မငြိမ်မသက်ဖြစ်လာကာ ကျန်းရိုအား ချီခိုင်းလေသည်။ သူမသည် စိမ်းသက်သော ပတ်ဝန်းကျင်တွင် ကျန်းရိုကိုသာ ပို၍ အားကိုးခြင်းဖြစ်သည်။

လီရှင်း၏ဆံပင်များမှာ အတော်လေး ရှည်လာပြီ ဖြစ်ကာ နားရွက်အထိ ရောက်ရှိနေသဖြင့် သူမ၏ သေးငယ်သော မျက်နှာလေးမှာ ပို၍ ထင်ရှားလှသည်။ သူမသည် အသက်ငယ်သူဖြစ်သဖြင့် သေချာပြုစုပျိုးထောင်လိုက်သောအခါ အမြန်ပင် ပြန်လည်ကောင်းမွန်လာကာ၊ အရင်က အရိုးနှင့်အရေ ဘဝနှင့် လုံးဝ ကွဲပြားသွားလေပြီ။

ဆံပင်များမှာ နက်မှောင် သိပ်သည်းလာကာ၊ မျက်နှာလေးမှာလည်း လှပလာပြီး၊ ကျန်းရို ဝယ်ပေးလိုက်သော ရေတပ်ဝတ်စုံလေးနှင့်ဆိုပါက အလွန်ပင် လှပသော မိန်းကလေးငယ်လေး ဖြစ်နေတော့သည်။

ကလေးငယ်မှာလည်း လှပနေသော ဒေါ်လေးကို အလွန်သဘောကျသဖြင့် အပြင်ထွက်လျှင် သူမကိုသာ ချီခိုင်းလေ့ရှိသည်။

သို့သော် ယခုအချိန်တွင်မူ မိခင်ဖြစ်သူကိုသာ ပို၍ တမ်းတနေသဖြင့် ကျန်းရိုက လွှဲယူကာ ပေါင်ပေါ်တင်၍ အသာအယာ လှုပ်ယမ်းပေးရာ ကလေးငယ်မှာ ပျော်ရွှင်စွာ ရယ်မောနေတော့သည်။

ဆယ်မိနစ်ခန့် စောင့်ပြီးနောက် ကျောင်းဆင်းခေါင်းလောင်းသံ ကြားလိုက်ရကာ၊ မကြာမီမှာပင် အတန်းပိုင် ဆရာမ ရောက်ရှိလာလေသည်။

ကျန်းရို၏ အတန်းပိုင် ဆရာမမှာ "ကျန်းချန့်" ဟု အမည်ရကာ၊ လူလတ်ပိုင်း အမျိုးသမီး တစ်ဦး ဖြစ်ပြီး ကြည့်ရသည်မှာ အလွန်တည်ကြည်လှသည်။ ကျန်းရို၏မှတ်ဉာဏ်ထဲတွင် ထိုဆရာမမှာ "ကျန်းရို" အပေါ်တွင် များစွာ အာရုံစိုက်ခဲ့ခြင်း မရှိပေ။

သို့သော် လူကို အပြင်ပန်းနှင့် ဆုံးဖြတ်၍ မရပေ။ အကယ်၍ သူမသာ ကျန်းရို၏ ကျောင်းသား အခြေအနေကို မထိန်းသိမ်းပေးခဲ့ပါက၊ မနှစ်က ကျောင်းအပ်ရန်မှာ များစွာခက်ခဲပေလိမ့်မည်။

ကျန်းရိုသည် ကလေးကိုချီကာ ထရပ်လိုက်သည်။

အတန်းပိုင်ဆရာမ ကျန်းချန့်မှာ ကျန်းရိုကို မြင်သော်လည်း အံ့သြဟန်မရှိဘဲ လက်ကာပြကာ ထိုင်ခိုင်းလေသည်။ ထို့နောက် စားပွဲအံဆွဲကိုဖွင့်၍ လျှောက်လွှာပုံစံကို ထုတ်ပေးကာ ဖြည့်စွက်ခိုင်းလေသည်။

ကျန်းရိုသည် ထိုင်ခုံကို ဘေးသို့ တိုးလိုက်ကာ၊ သူမ၏ပေါင်ပေါ်တွင် ထိုင်နေသော ကလေးငယ်မှာမူ လူကြောက်ခြင်းမရှိဘဲ ဆရာမကို စူးစမ်းကြည့်နေရှာသည်။

ကျန်းချန့်သည် ကလေးငယ်၏ အပြစ်ကင်းစင်သော မျက်လုံးလေးများကို မြင်သောအခါ စိတ်ပျော့သွားကာ "ငါ ချီထားပေးမယ်၊ မင်း သွားဖြည့်လိုက်လေ"

ကျန်းရိုက သူမကို တစ်ချက်ကြည့်ကာ ပြုံးလျက် ကလေးကို ကမ်းပေးလိုက်ပြီး "သူက နည်းနည်း လေးတယ်နော်" ဟု သတိပေးလိုက်သည်။

ကျန်းချန့် ကလေးကို ချီလိုက်သောအခါ အမှန်တကယ်ပင် လက်ထဲတွင် စီးနေသည်ကို တွေ့ရှိလိုက်ရသဖြင့် ပြုံးလျက် "ဒီကလေးကို သေချာစောင့်ရှောက်ထားတာပဲ"

ကျန်းရိုက ပြုံးလျက် ထိုင်ကာ အချက်အလက်များကို ဖြည့်စွက်လေသည်။ မသေချာသော နေရာများကိုမူ ဆရာမအား မေးမြန်းလေသည်။

ကျန်းချန့်သည် ကျန်းရို၏ နူးညံ့တည်ငြိမ်သော မျက်နှာကို ကြည့်ရင်း၊ လွန်ခဲ့သော တစ်နှစ်က ဝမ်းနည်းပူဆွေးနေသော ပုံစံနှင့် များစွာ ကွဲပြားခြားနားနေသည်ကို သတိပြုမိလိုက်သည်။ သူမ အခုအခါ အဆင်ပြေပြေ နေထိုင်နေရမည်ဖြစ်ကြောင်း ဆရာမက ခန့်မှန်းမိလိုက်သည်။

အမှန်တကယ်ပင် ကိစ္စရပ်များကို လူပြောသူပြောနှင့် ဆုံးဖြတ်၍ မရပေ။

ဆရာမက "ကျောင်းအများကြီး လျှောက်ထား၊ အကုန်လုံးကို ကျောင်းကောင်းကြီးတွေချည်းပဲ မရွေးနဲ့။ အသက်မွေးဝမ်းကျောင်း ကျောင်းတွေရလည်း မဆိုးပါဘူး" ဟု အကြံပေးလေသည်။

"ဟုတ်ကဲ့ပါ။"

ကျန်းရိုက ဖြည့်စွက်ပြီးသော လျှောက်လွှာကို ပေးလိုက်သောအခါ၊ ကျန်းချန့်က ကြည့်လိုက်ရာ ကျန်းရို ရွေးချယ်ထားသော ကျောင်းများမှာ G ပြည်နယ် (တောင်ပိုင်း) မှ ကျောင်းများချည်း ဖြစ်နေသဖြင့် အံ့သြသွားရသည်။

ကျန်းရိုက ဆရာမထံမှ ကလေးကို ပြန်လည် ချီယူလိုက်ကာ "သူ့အဖေက အခု တောင်ပိုင်းမှာ အလုပ်လုပ်နေတာလေ၊ ကျွန်မတို့ မိသားစု အတူတူနေချင်လို့ပါ" ဟု ရှင်းပြလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းချန့်က "လီရှောင်းက အခု အဆင်ပြေရဲ့လား" ဟု မနေနိုင်ဘဲ မေးမြန်းလေသည်။

သူမသည် အရင်က လီရှောင်းကို ရူပဗေဒဘာသာရပ် သင်ကြားပေးခဲ့ဖူးသည်။ သူသည် အလွန် ဉာဏ်ကောင်းသော ကလေးတစ်ဦးဖြစ်သော်လည်း နောက်ပိုင်း ကျောင်းထွက်သွားရသဖြင့် သူမ အလွန်နှမြောခဲ့ရသည်။

ကျန်းရိုသည် လီရှောင်းအကြောင်း မေးမြန်းသည်ကို ကြားသောအခါ မျက်နှာတွင် အပြုံးများ ပိုမို ပေါ်လွင်လာကာ "အဆင်ပြေပါတယ်၊ ကုမ္ပဏီကြီးတစ်ခုမှာ လက်ထောက်အဖြစ် လုပ်ကိုင်နေပါတယ်၊ သူဌေးကလည်း သူ့ကို အရမ်းအလေးထားပါတယ်" ဟု ပြန်ဖြေလိုက်သည်။

လီရှောင်းအတွက် မျက်နှာပွင့်အောင် သူမက အနည်းငယ် ကြွားဝါပြောဆိုလိုက်ခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လီရှောင်း ကျောင်းမှထွက်ခွာခဲ့စဉ်ကပုံစံမှာ အလွန်ပင် မကောင်းခဲ့သည် မဟုတ်လား။

ကျန်းချန့်က ခေါင်းညိတ်ကာ "ဒီတစ်ခါ စာမေးပွဲကို သေချာဖြေ၊ ရလဒ် ဘယ်လိုပဲဖြစ်ဖြစ် စာသင်တာကိုတော့ လက်မလွှတ်နဲ့" ဟု မှာကြားလေသည်။

"ဟုတ်ကဲ့ပါ။"

မထွက်ခွာမီ ဆရာမက စာမေးပွဲ မေးခွန်းဟောင်း အချို့ကိုပါ သူမအား ပေးလိုက်ကာ အိမ်တွင် လေ့ကျင့်ရန် မှာကြားလိုက်သည်။

ကျန်းရိုက ဝမ်းသာအားရ ယူလိုက်ကာ "ကျေးဇူးတင်ပါတယ် ဆရာမ" ဟု ဆိုလိုက်သည်။

....

ရုံးခန်းတံခါးဝမှ ထွက်လာချိန်တွင် ကျန်းရိုသည် အတန်းဖော် အချို့နှင့် တိုးလေသည်။ ထိုအထဲတွင် ရင်းနှီးသော မျက်နှာတစ်ခု ပါဝင်နေကာ၊ မနှစ်က သူမအား လာရောက် ကြည့်ရှုခဲ့ဖူးသော "ကျန်းဖျင်" ဖြစ်သည်။ သူမသည် စာမေးပွဲ မေးခွန်းများစွာကို ပွေ့လာရင်း ကျန်းရိုကို မြင်သောအခါ ကြောင်အသွားကာ "ကျန်းရို?" ဟု အံ့သြတုန်လှုပ်စွာ ခေါ်လိုက်လေသည်။

ကျန်းရိုသည် စူးစမ်းသော သို့မဟုတ် မနှစ်မြို့သော အကြည့်အချို့နှင့် ဆုံတွေ့လိုက်ရသော်လည်း၊ ပြုံးရုံသာ ပြုံးပြကာ ဘာမှမပြောဘဲ ခေါင်းညိတ်နှုတ်ဆက်၍ ကလေးကို ချီကာ ထွက်လာခဲ့သည်။

လီရှင်းက မေးခွန်းဟောင်းများကို ကိုင်ကာ နောက်မှ လိုက်ပါလာသည်။

သူတို့ ဝေးမသွားသေးမီမှာပင် နောက်မှနေ၍ လှောင်ပြောင်သံအချို့ ထွက်ပေါ်လာသည်။ "အိမ်ထောင်ကျပြီး ကလေးတောင်ရနေပြီကို ဘာလာလုပ်တာလဲ။"

"စာမေးပွဲ ဝင်ဖြေချင်လို့ နေမှာပေါ့။"

"နောက်မနေပါနဲ့၊ သူမ ပုံစံနဲ့ စာမေးပွဲဖြေမယ် ဟုတ်လား။ ကျောင်းတုန်းကလည်း စာက အဲ့လောက် မတော်ပါဘူး၊ အခု တစ်နှစ်ကျော်လောက် ကျောင်းမတက်ဘဲနဲ့ ဘာအောင်မှာလဲ။"

ကျန်းဖျင်မှာ ထိုစကားများကို နားမခံနိုင်တော့ပေ။ ကျန်းရိုသည် သူတို့အပေါ် မည်သည့် အမှားမှ မလုပ်ခဲ့ဖူးဘဲ ဘာကြောင့် ကွယ်ရာတွင် ဤသို့ ပြောဆိုနေကြသလဲ။ "တော်ကြတော့၊ ကျန်းရိုက နင်တို့ကို ဘာလုပ်လို့လဲ။ ဘာလို့ ဒီလောက်အထိ ရန်လိုနေကြတာလဲ။"

သူမသည် သူတို့ ဘာတွေးသည်ကို ဂရုမစိုက်တော့ဘဲ မေးခွန်းများကို ပွေ့ကာ အခန်းထဲသို့ ဝင်သွားတော့သည်။

နောက်မှ ကျန်ရစ်သူများမှာ မျက်နှာပျက်သွားကြကာ၊ တစ်ဦးကမူ "အရူးမပဲ၊ သူ့ကို ပြောတာမှ မဟုတ်တာ" ဟု တိုးတိုးလေး ဆဲဆိုလေသည်။

......

အပြန်လမ်းတွင် ကျန်းရိုသည် ဈေးသို့ ဝင်ခဲ့သည်။ ဟင်းသီးဟင်းရွက်များ ဝယ်ယူရုံမက၊ ဘေးရှိ အထည်ဆိုင်တွင် အတွင်းခံ အင်္ကျီအချို့နှင့် ခြေအိတ်များကိုပါ ဝယ်ယူခဲ့သည်။ လွန်ခဲ့သော ရက်အနည်းငယ်က လီရှောင်းထံသွားစဉ် သူ့အတွင်းခံများ ပေါက်ပြဲနေသည်ကို မြင်တွေ့ခဲ့ရသော်လည်း၊ သူကမူ လွှင့်ပစ်ရန် သဘောမတူဘဲ ဤဘက်တွင် ဝတ်ရကောင်းသော အထည်ရှာမရဟု အကြောင်းပြခဲ့သည်။

အတွင်းခံတစ်မျိုးတည်း ပေးပို့ပါကလည်း မသင့်တော်လှသဖြင့် ကျိုးကျန့် မြင်ပါက လှောင်ပြောင်ခံရပေလိမ့်မည်။ ထို့ကြောင့် ကျန်းရိုသည် လူကြီးများ ဝတ်ဆင်လေ့ရှိသော အဖြူရောင် စွပ်ကျယ် နှစ်ထည်ကိုပါ ဝယ်ယူခဲ့သည်။ ဈေးမှာလည်း အလွန် ပေါလှကာ တစ်ထည်လျှင် တစ်ယွမ်သာ ကျသင့်သည်။ ထို့ပြင် အနက်ရောင်နှင့် မီးခိုးရောင် ဘောင်းဘီတို ပွပွ နှစ်ထည်ကိုပါ ဝယ်ယူခဲ့သေးသည်။

ပစ္စည်းများကို သေချာထုပ်ပိုးပြီးနောက် ကျန်းရိုသည် ကျိုးကျန့်အိမ်သို့ တိုက်ရိုက်သွားလိုက်သည်။

ကျိုးကျန့်အိမ်တွင် ကျူးချန်နှင့် ဝမ်ထောင်တို့ကိုပါ တွေ့ရှိရသည်။ ထိုနှစ်ဦးမှာ ကျိုးကျန့် တောင်ပိုင်းသို့ သွားမည်ဟူသော သတင်းကြောင့် လာရောက်ကြည့်ရှုကြခြင်းဖြစ်သည်။

ကျိုးကျန့်မှာ သူတို့ကို အဖက်လုပ်ရန် အချိန်မရှိဘဲ ပစ္စည်းများကို အလုပ်ရှုပ်စွာ သိမ်းဆည်းနေလေသည်။

သူသည် မနက်ဖြန် မနက်တွင် ထွက်ခွာတော့မည်ဖြစ်သည်။

ကျန်းရို လာသည်ကို မြင်သောအခါ ကျိုးကျန့်က အံ့သြသွားကာ "မရီး ဘာလို့ လာတာလဲ၊ ကျွန်တော်က ညနေကျမှ မရီးဆီ လာမလို့ပဲ"

ကျန်းရိုက ခြံထဲတွင် ပြည့်နှက်နေသော ပစ္စည်းများကို ကြည့်ကာ "ဒီလောက် များတာကို သယ်သွားလို့ ဖြစ်ပါ့မလား" ဟု မေးလိုက်သည်။

"ဖြစ်ပါတယ်၊" ကျိုးကျန့်က စိတ်လှုပ်ရှားစွာဖြင့် "ကျွန်တော် ပခုံးတစ်ဖက်စီမှာ တစ်ထုပ်စီ ထမ်းသွားမှာပေါ့"

ကောင်းပါပြီ၊ ကျန်းရိုလည်း ထပ်မတားတော့ဘဲ လက်ထဲမှ ပစ္စည်းကို ကမ်းပေးလိုက်သည်။ "ဒါတွေက အသစ် ဝယ်ထားတာတွေလေ၊ မလျှော်ရသေးဘူး။ ရှင့်အစ်ကိုကို ရောက်ရင် လျှော်ပြီးမှ ဝတ်ဖို့ ပြောလိုက်ဦးနော်။"

သို့သော် ကျန်းရို သိရှိထားသော လီရှောင်း၏စရိုက်အရမူ သူသည် တန်းပြီးသာဝတ်ဆင်လိမ့်မည်မှာ သေချာလှသည်။

ကျိုးကျန့်သည်လည်း ထိုသို့ပင် ထင်မှတ်သော်လည်း၊ ခေါင်းညိတ်ပြကာ ပစ္စည်းများကို လက်ခံလိုက်သည်။

ကျန်းရိုသည် သူ အလုပ်ရှုပ်နေသည်ကို မြင်သဖြင့် အကြာကြီး မနေတော့ဘဲ စကားအနည်းငယ် ပြောပြီးနောက် ထွက်လာခဲ့သည်။

....

သူမ ထွက်သွားသည်နှင့် ခြံထဲရှိ ကျူးချန်နှင့် ဝမ်ထောင်တို့လည်း ဆက်မနေတော့ဘဲ လိုက်ထွက်လာကြသည်။ သူတို့သည် ကျန်းရိုကို လမ်းတွင် မှီသွားကာ လီရှောင်း တောင်ပိုင်းတွင် အခြေအနေ မည်သို့ရှိသလဲဟု မေးမြန်းကြလေသည်။

ကျန်းရိုက အကောင်းများစွာ မပြောဘဲ၊ သူသည် ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်းနှင့် ယခုအခါ ကိုယ်ပိုင်စီးပွားရေးစတင်ရန် ပြင်ဆင်နေကြောင်းသာ ပြောပြလိုက်သည်။

ကျူးချန်၏မျက်နှာပေါ်တွင် အနည်းငယ် ပေါ့ပါးသော အမူအရာ ပေါ်ထွက်လာကာ၊ ကျန်းရိုအား စေတနာနှင့် ဖျောင်းဖျဟန်ဖြင့် ခေါင်းခါလျက် "တောင်ပိုင်းမှာ အခြေကျဖို့ မလွယ်ဘူးနော်၊ အဲ့ဒီမှာ နယ်သားတွေကို အနိုင်ကျင့်တတ်တယ်လို့ ကြားတယ်။ အဆင်မပြေရင် ပြန်လာတာက ပိုကောင်းပါတယ်။ ကျွန်တော်တို့ခရိုင်မြို့ကလည်း မဆိုးပါဘူး၊ အခုဆိုရင် သူဌေးကြီးတွေ အများကြီး လာလည်နေကြတာ၊ ကျန်းနန် ဟိုတယ်မှာဆိုရင် ပိုက်ဆံ တော်တော် ရတာပဲ"

ဘေးမှ ဝမ်ထောင်ကလည်း ထောက်ခံသည်။ "ဟုတ်တယ်၊ ကျူးချန်ဆိုရင် မနေ့တစ်နေ့ကတင် နိုင်ငံခြားသားတစ်ယောက်ဆီက မုန့်ဖိုး ယွမ် ၅၀၀ တောင် ရသေးတယ်လေ။"

ထိုသို့ ပြောဆိုစဉ် ဝမ်ထောင်၏မျက်နှာတွင် မနာလိုသော အမူအရာများ ပြည့်နှက်နေလေသည်။

ကျန်းရိုသည် ထိုစကားကို ကြားသောအခါ အနည်းငယ် အနေရခက်သွားကာ မည်သို့ ပြန်ပြောရမှန်း မသိဘဲ "အင်း... အဲ့ဒီမှာဆိုရင်တော့ ပိုက်ဆံရတာပေါ့။ ဒါပေမဲ့ ကျွန်မတို့ အိမ်မှာတော့ ကျွန်မက ဆုံးဖြတ်လို့ မရဘူးလေ၊ လီရှောင်းက အဲ့ဒီမှာပဲ နေချင်တယ်ဆိုတော့လည်း ကျွန်မက သူ့စကား နားထောင်ရုံပဲ ရှိတာပေါ့" ဟု ပြန်ဖြေလိုက်သည်။

ကျန်းရို၏ လိမ္မာယဉ်ကျေးသော ပုံစံကို မြင်တွေ့ရသောအခါ ကျူးချန်သည် လီရှောင်းကို မနာလို ဖြစ်မိသွားသည်။ သူသည် မိမိကိုယ်ကိုယ် လီရှောင်းထက် မနိမ့်ကျဟု ယူဆထားသော်လည်း၊ အဓိကမှာ မိန်းမကောင်းနှင့် မတွေ့ရခြင်းဖြစ်သည်ဟု သူ ထင်မှတ်နေမိသည်။

ထိုသို့မဟုတ်ပါက လီရှောင်းက သူ့အား ဒီလောက်အထိ ကျော်တက်သွားစရာ အကြောင်းမရှိပေ။ ယခုအခါ သိကျွမ်းသူများက လီရှောင်းအကြောင်းပြောလျှင် ချီးမွမ်းစကားများသာ ပြောဆိုကြပြီး၊ သူ့အကြောင်းပြောလျှင်မူ "ရှိသမျှ အခွင့်အရေးကို ဖြုန်းတီးပစ်သူ" ဟုသာ ပြောဆိုကြသည် မဟုတ်လား။

ဤသည်ကို တွေးမိသောအခါ ကျူးချန်၏ ရင်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်မိသွားသည်။

သူသည် လီရှောင်းတစ်ယောက် တောင်ပိုင်းတွင် ခဏသာနေပြီး ပြန်လာရန်နှင့်၊ ထိုဘက်တွင် ထင်သလောက် အောင်မြင်မှု မရရှိရန်သာ ဆုတောင်းနေမိတော့သည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၃၉)

ကျိုးကျန့် ထွက်ခွာသွားလေပြီ။

သူ ထွက်သွားပြီး မကြာမီမှာပင် ကျန်းရိုသည် ကျင်းတာ့ယိုထံမှ စာတစ်စောင် လက်ခံရရှိသည်။ ထူထဲသော ထိုစာအိတ်အတွင်း၌ တက္ကသိုလ်ဝင်စာမေးပွဲအတွက် သတိထားရမည့် အချက်အလက်များကို အပြည့်အစုံ ရေးသားထားလေသည်။ ရေနည်းနည်းပဲသောက်ရန်၊ ဖြစ်နိုင်ပါက စာမေးပွဲမဖြေမီ တစ်ရက်ကြိုတင်၍ စာစစ်ဌာနသို့ သွားရောက်ကြည့်ရှုရန်၊ မိမိခုံနံပါတ်နှင့် အိမ်သာတည်နေရာကို ရှာဖွေထားရန်၊ စာမေးပွဲဖြေဆိုသည့်အခါ မေးခွန်းလွှာရသည်နှင့် မိမိပုံမှန် လေ့ကျင့်နေကျအတိုင်း အစဉ်လိုက်ဖြေဆိုရန်၊ အရေးကြီးဆုံးမှာ စိတ်ကို တည်ငြိမ်အောင် ထားရန်နှင့် စာမေးပွဲမေးခွန်းများမှာ ထင်သလောက် မခက်ခဲကြောင်း စသည်ဖြင့် အားပေးစကားများ ရေးသားထားခြင်းဖြစ်သည်။

သူ့အပြင် ဝမ်မင်ကျွင်းကလည်း ဖုန်းဆက်လာကာ စာမေးပွဲမဖြေမီ ပြင်ဆင်ရမည့် ပစ္စည်းများအကြောင်း ပြောပြရုံမက၊ စိတ်အေးအေးထားရန်နှင့် မသိတာရှိပါက သူမထံ ဖုန်းဆက်မေးမြန်းနိုင်ကြောင်း ဆိုသည်။

ကျန်းရိုသည် ထိုစကားများကို ကြားရသဖြင့် ရင်ထဲတွင် နွေးထွေးသွားရကာ၊ သူတို့အားလုံးမှာ အမှန်တကယ် စိတ်ထားကောင်းသူများဖြစ်သည်ဟု ခံစားလိုက်ရသည်။

.....

ဇူလိုင်လ ၇ ရက်နေ့တွင် ကျန်းရိုသည် လီရှင်းနှင့် ကလေးငယ်တို့၏ လိုက်လံပို့ဆောင်မှုဖြင့် စာမေးပွဲဖြေဆိုမည့် ကျောင်းဝင်းအတွင်းသို့ ဝင်ရောက်ခဲ့လေသည်။

ကျန်းရို၏ စာစစ်ဌာနမှာ အမှတ် (၃) အထက်တန်းကျောင်းတွင်ဖြစ်ပြီး၊ လိုက်လံကြီးကြပ်ပေးသော ဆရာမှာ သင်္ချာဆရာ ဖြစ်သည်။ အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသားများမှာ ကျောင်းတွင်ပင် နေထိုင်ကြကာ၊ နံနက်ပိုင်းတွင် ကျောင်းမှ ငှားရမ်းထားသော ဘတ်စ်ကား သုံးစီးဖြင့် စာစစ်ဌာနသို့ အတူတူ သွားကြရသည်။

ကျန်းရိုမှာမူ သူတို့နှင့်အတူ မလိုက်ဘဲ နံနက်ပိုင်းတွင် အိမ်မှ တိုက်ရိုက်ထွက်လာခြင်းဖြစ်သည်။ လီရှင်းက သူမနှင့်အတူ လိုက်ပို့ချင်သဖြင့်၊ ကျန်းရိုသည် တစ်ရက်ကြိုတင်၍ လမ်းဘေးရှိ ဝပ်ရှော့တစ်ခုတွင် သုံးဘီးဆိုင်ကယ် တစ်စီးကို ငှားရမ်းထားခဲ့သည်။ ၎င်းမှာ အရင်က လီရှောင်း မြို့ထဲသို့ ဝက်အူချောင်း သွားရောင်းစဉ် ငှားရမ်းလေ့ရှိသော အမျိုးအစားမျိုးပင်ဖြစ်သည်။ ကျန်းရိုက ရှေ့မှ မောင်းနှင်ကာ၊ လီရှင်းကမူ ကလေးကိုချီ၍ နောက်မှ ထိုင်လိုက်လေသည်။

ကလေးငယ်မှာ အလွန်သဘောကျနေပုံရကာ ဘေးပတ်ဝန်းကျင်မှ မြင်ကွင်းများ နောက်ကျန်ရစ်သည်ကိုကြည့်ရင်း ဟိုဟိုဒီဒီ စူးစမ်းကာ တခိခိ ရယ်မောနေတော့သည်။

ဤသည်မှာ ကျန်းရိုအတွက်မူ အသစ်အဆန်းဖြစ်သော အတွေ့အကြုံတစ်ခုပင်။ ညီမဖြစ်သူနှင့် ကလေးကို သုံးဘီးဆိုင်ကယ်ပေါ်တင်၍ တက္ကသိုလ်ဝင်စာမေးပွဲ လာဖြေသူဟူ၍ သူမတစ်ဦးတည်းသာ ရှိပေလိမ့်မည်။

ကျောင်းတံခါးဝသို့ ရောက်သောအခါ ကျန်းရိုသည် သုံးဘီးဆိုင်ကယ်ကို သစ်ပင်ကြီးတစ်ပင်အောက်တွင် ရပ်နားလိုက်ကာ၊ ဆရာ့ထံသို့ သွား၍ ဖြေဆိုခွင့်ကတ်သွားယူလေသည်။

အချိန်စောနေသေးသဖြင့် ဖြေဆိုခွင့်ကတ် ရရှိပြီးနောက် ကျန်းရို ပြန်ထွက်လာခဲ့သည်။

ကျောင်းတံခါးဝတွင် မုန့်ဆိုင်များရှိသဖြင့် ကျန်းရိုသည် အချဉ်မုန့် နှစ်ခု၊ ပဲနီလေးပေါက်စီ တစ်ခုနှင့် ပဲနို့ တစ်ထုပ် ဝယ်ယူခဲ့သည်။

သူမနှင့် လီရှင်းတို့က အချဉ်မုန့်ကို ခွဲစားကြကာ၊ ပဲနီလေးပေါက်စီကိုမူ အစာများကို ခွဲ၍ ကလေးငယ်ကို ကျွေးလေသည်။ ချိုအိနူးညံ့သော ပဲနီလေးအစာကို ကလေးငယ်မှာ မြည်းကြည့်သည်နှင့် သဘောကျသွားကာ လက်ဖြင့်ပါ လှမ်းနှိုက်ရန် ကြိုးစားတော့သည်။ ကျန်းရိုက ပေးမနှိုက်ဘဲ သေချာ မှုတ်ပေးပြီးမှ သူမ၏ ပါးစပ်နားသို့ ကပ်ပေးလေသည်။

ပဲနို့မှာ ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားခြင်းဖြစ်ကာ အပူရှိန်မှာလည်း အနေတော်ပင်။ ကျန်းရိုက ကလေးကို အရင်တိုက်ရာ၊ သူမက လည်ပင်းကိုဆန့်၍ သောက်ပြီးနောက် ချိုမြိန်သော အရသာကြောင့် ကျန်းရိုကို ကြည့်ကာ ပြုံးပြပြန်သည်။

ကျန်းရိုက သူမ ဗိုက်တင်းသွားမည်စိုးသဖြင့် အများကြီးမတိုက်ဘဲ ကျန်ရှိသမျှကို လီရှင်းနှင့်အတူ ခွဲသောက်လိုက်ကြသည်။

စာမေးပွဲခန်းထဲသို့ ဝင်ရတော့မည့် အချိန်တွင် ကျန်းရိုက ကလေးကို ဖက်လိုက်ကာ "မာမား စာမေးပွဲဖြေပြီးရင် ချက်ချင်း ထွက်လာခဲ့မယ်နော်၊ မနက်ဖြန်ကျရင် ဒေါ်လေးနဲ့အတူတူ ပျော်ပျော်ဆော့နေ" ဟု မှာလိုက်သည်။

ကျန်းရိုသည် စာရေးကိရိယာများကို ကိုင်ဆောင်ကာ ကျောင်းဝင်းအတွင်းသို့ ပြေးဝင်သွားချိန်တွင်၊ လီရှင်းက ကလေးကိုချီ၍ အခြားတစ်ဖက်သို့ လမ်းလျှောက်သွားကာ ဆော့စရာများကို လိုက်လံ ပြသနေလေသည်။ ကောင်မလေးမှာ အာရုံစိုက် ကြည့်နေသဖြင့် သူမ၏ မိခင်ဖြစ်သူ တိတ်တဆိတ် ထွက်သွားသည်ကိုပင် သတိမထားမိရှာပေ။

စာမေးပွဲမှာ စုစုပေါင်း နှစ်ရက် ကြာမြင့်သည်။ နောက်ဆုံးနေ့တွင် စာမေးပွဲ ဖြေဆိုပြီးသောအခါ ကျန်းရိုသည် စိတ်လှုပ်ရှားစွာဖြင့် လီရှင်းနှင့် ကလေးကို သုံးဘီးဆိုင်ကယ်ပေါ်တင်၍ စားသောက်ဆိုင်သို့ ခေါ်သွားလေသည်။ ဟင်းလေးမျိုး မှာယူလိုက်ရုံမက၊ ကလေးအတွက်လည်း ကော်လဂျင်စွပ်ပြုတ်တစ်ပွဲ မှာပေးလိုက်သည်။

ကလေးငယ်မှာလည်း ဤနှစ်ရက်အတွင်း မိခင်ဖြစ်သူ အလုပ်များနေသည်ကို ရိပ်မိပုံရကာ၊ ဂျီမကျဘဲ ဒေါ်လေးနောက်သို့ တကောက်ကောက် လိုက်နေရှာသည်။

ယခု ကျန်းရိုက သူမကို ပြန်ချီသောအခါတွင်မူ အတင်းဖက်တွယ်ကာ မလွှတ်တော့ပေ။ ကျန်းရိုက အိမ်သာခနသွားချင်သဖြင့် လီရှင်းထံလွှဲပေးရန် ပြင်သော်လည်း သူမက လုံးဝ လက်မခံပေ။

မတတ်သာသဖြင့် ကျန်းရိုမှာ အောင့်ထားလိုက်ရတော့သည်။

....

ထမင်းစားပြီး အိမ်ပြန်ရောက်သောအခါ ကျန်းရိုသည် လီရှောင်းထံ ဖုန်းဆက်လေသည်။

ဖုန်းထဲတွင် လီရှောင်းက သူ အိမ်တစ်လုံး သဘောကျထားကြောင်း ပြောပြသည်။ "G တက္ကသိုလ်ရဲ့ နောက်ဘက်မှာလေ၊ ခြေကျင်လျှောက်ရင် ငါးမိနစ်လောက်ပဲ ကြာတယ်။ ခြံဝင်းလေးလည်း ပါသေးတယ်၊ အရင်က G တက္ကသိုလ် ဆရာတွေ နေခဲ့တဲ့နေရာတဲ့။ အခု ကျောင်းကနေ ဆရာတွေအတွက် တိုက်ခန်းအသစ်တွေ ဆောက်ပေးလိုက်တော့ ဒီဘက်က အိမ်တွေမှာ လူမရှိတော့ဘူးလေ။ ဈေးကလည်း သက်သာပါတယ်၊ တစ်လကို ယွမ် ၈၀ ပဲ။"

ဤဈေးနှုန်းမှာ ခရိုင်မြို့လေးအတွက်ဆိုလျှင် အလွန်ကြီးလှသော်လည်း၊ G ပြည်နယ်တွင်မူ မများလှပေ။ ထိုဘက်တွင် ဆောက်လုပ်ရေး အလုပ်သမားတစ်ဦးလျှင် တစ်နေ့ကို ၂၀၊ ၃၀ ယွမ် ရှာနိုင်ကြကာ၊ လီရှောင်းမှာမူ ယခုအခါ တစ်လလျှင် လစာ နှစ်ထောင်ယွမ် ရရှိနေပြီဖြစ်သည်။

လီရှောင်းက သူမအား အရင်တစ်ခါက ပြောပြဖူးသည်မှာ ဟောင်ကောင်ဘက်မှ လေယာဉ်မယ်များဆိုလျှင် တစ်လလျှင် သုံးထောင်ယွမ်ကျော် ရရှိကြကြောင်း၊ ထိုအလုပ်မှာ အလွန်ပင် သက်သောင့်သက်သာ ရှိလှကြောင်း၊ ကောင်းကင်ပေါ်တွင် ပျံသန်းရုံမက ရေခပ်ပေး၊ လက်ဖက်ရည်ချပေးရုံသာဖြစ်သဖြင့် လူအိုင်း တစ်ယောက်ပင် လုပ်နိုင်ကြောင်း စသည်ဖြင့် ပြောဆိုခဲ့ဖူးသည်။

ကျန်းရိုမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားကာ သူ အလွန်လောနေသည်ဟု ခံစားရသည်။ "ကျွန်မက အခုမှ ဖြေပြီးတာလေ၊ အောင်စာရင်းကို အရင်စောင့်ရဦးမှာပေါ့။ ကျွန်မကတော့ ဖြေနိုင်တယ်လို့ ထင်တာပဲ၊ တက္ကသိုလ်တော့ အောင်မှာပါ။ ဒါပေမဲ့ G တက္ကသိုလ်ကို တက်ခွင့်ရမလား ဆိုတာကတော့ ရလဒ်ထွက်မှ သိမှာပေါ့။"

"အင်း။ ဒါဆိုလည်း နောက်ထပ် ကျောင်းချို့ကို ငါ လိုက်ကြည့်ပေးထားမယ်"

ကျန်းရိုက စိုးရိမ်တကြီးဖြင့် "ရှင် အလုပ်တွေရော အားရဲ့လား" ဟု မေးလိုက်သည်။

လီရှောင်းက ရယ်မောလျက် "ရပါတယ်"

သူနှင့် ကျိုးကျန့်တို့သည် စနစ်တကျ လုပ်ဆောင်ရန် ပြင်ဆင်နေကြသည်။ အရင်ဆုံး ဆိုင်ဖွင့်ကာ ရင်းနှီးငွေ ရှာဖွေရင်း နာမည်ရအောင် အရင်လုပ်ဆောင်မည်ဖြစ်သည်။ နောက်နှစ်တွင် ပိုက်ဆံရှိလာမှသာ ကုန်ပစ္စည်းများကို ထုတ်လုပ်မည်။

ထိုအချိန်အတွင်း သူသည် ကျိုးကျန့်နှင့်အတူ ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်နိုင်သည်။ သူတို့ လုပ်ကိုင်လိုသည်မှာ အဆာပြေမုန့်လုပ်ငန်းဖြစ်သည်။ အသေးစိတ်လေ့လာကြည့်သောအခါ လုပ်ဆောင်ရမည့် အရာများစွာရှိနေသည်ကို တွေ့ရသည်။ ကုန်ကြမ်း၊ ထုပ်ပိုးမှု၊ ပူးပေါင်းမည့် စက်ရုံစသည်ဖြင့်...

အလွန်များပြားလှကာ အရာအားလုံးမှာ ပိုက်ဆံ လိုအပ်သည်။

ထို့ကြောင့် သူသည် အလုပ်မှ မထွက်သေးဘဲ ဤကာလကို ကျော်ဖြတ်ရန် ပြင်ဆင်နေခြင်းဖြစ်သည်။ အကယ်၍ ရှုံးနိမ့်ခဲ့လျှင်ပင် သူ့လစာဖြင့် ထိန်းထားနိုင်ပေလိမ့်မည်။ ဆိုင်မှာ အမြတ်ထွက်လာမှသာ အလုပ်မှ ထွက်မည်ဖြစ်သည်။

"ကိုယ်တို့တွေ မြို့လယ်ခေါင်မှာ ဆိုင်ခန်းတစ်ခန်း ငှားလိုက်ပြီ၊ ကျိုးကျန့်က အခု ပြင်ဆင်ဖို့ လူလိုက်ရှာနေတယ်လေ။"

သူသည် ချန်ရုန်နောက်သို့ လိုက်နေသဖြင့် ဆောက်လုပ်ရေး သမားများစွာကို သိရှိထားရာ၊ ဆိုင်ပြင်ဆင်ခြင်းအတွက် ငွေကုန်သက်သာမည့် လမ်းကြောင်းများစွာကို ရှာဖွေနိုင်လေသည်။

လီရှောင်း ပြောပြနေသည်များကို ကျန်းရို သိပ်ပြီးနားမလည်ပေ။ သူမသည် ဆိုင်မဖွင့်ဖူးသော်လည်း၊ ယခုခေတ်တွင် အင်တာနက် မတွင်ကျယ်သေးသဖြင့် အဆာပြေမုန့် ရောင်းချချင်ပါက နာမည်ရအောင် အရင်လုပ်ရမည်ဖြစ်ကာ၊ ဝယ်သူရှိမှသာ ထုတ်လုပ်မှုကို တိုးချဲ့နိုင်မည် ဖြစ်ကြောင်းကိုမူ သူမ နားလည်သည်။

"ရှင့်မှာ အစီအစဉ်ရှိရင်တော့ ကောင်းတာပေါ့။ နောင်ကျရင် သူများတွေလို တီဗွီမှာ ကြော်ငြာထည့်တာတွေ လုပ်လို့ ရတာပဲ။ လူတိုင်းက ပြောကြတယ်လေ ရှင့်ရုပ်က တီဗွီထဲက မင်းသားတွေထက်တောင် ပိုချောတယ်လို့။ မထူးပါဘူး ရှင်ကိုယ်တိုင်ပဲ ကြော်ငြာဝင်လိုက်ပေါ့၊ ဒါဆိုရင်တော့ သေချာပေါက် ရောင်းကောင်းမှာပဲ။"

လီရှောင်းသည် ထိုစကားကြောင့် ရယ်မောသွားကာ "မင်းကော ဘယ်လို ထင်လဲ" ဟု မေးလိုက်သည်။

ကျန်းရို နားမလည်ဘဲ "ဘာကိုလဲ" ဟု ပြန်မေးမိသည်။

လီရှောင်းက အသံကို နှိမ့်ကာ "မင်းလည်း ကိုယ့်ကို မင်းသားတွေထက် ပိုချောတယ်လို့ ထင်လို့လား"

"..."

ကျန်းရို၏ မျက်နှာလေး နီမြန်းသွားရသည်။ သူ ဒီလောက်အထိ တဲ့တိုးကြီးမေးလိမ့်မယ်လို့ သူမ မထင်မှတ်ခဲ့ပေ။ မည်သို့ ပြန်ဖြေရမှာလဲ။ ပိုချောသည်ဟု ပြောလျှင် သူက ဂုဏ်ယူနေပေလိမ့်မည်၊ မပြောပြန်လျှင်လည်း မိမိကိုယ်ကိုယ် ဇွတ်ငြင်းနေသလို ဖြစ်ပေလိမ့်မည်။

သူမသည် နှုတ်ခမ်းကို ဖိကာ ပြုံးလျက် "မှန်းကြည့်လေ" ဟု ပြန်ပြောလိုက်သည်။

လီရှောင်းက တိုးတိုးလေး ရယ်ကာ "ခန့်မှန်းလို့ မရဘူး။"

"ဒါဆိုလည်း ထားလိုက်တော့။"

ကျန်းရိုက သူ ထပ်မေးမည်စိုးသဖြင့် စကားလမ်းကြောင်း လွှဲလိုက်သည်။ "အဆာပြေမုန့်ဆိုင်ဖွင့်ရင် လိုင်စင်တွေ အများကြီးလိုတယ်လို့ ကြားတယ်၊ ရှင် လုပ်ပြီးပြီလား။"

လီရှောင်းက "တချို့တော့ လုပ်နေပြီ" ဟု ပြန်ဖြေသည်။

ကျန်းရို၏ လေသံမှာ တည်ကြည်သွားကာ "သေချာပေါက် လုပ်ရမယ်နော်၊ မဟုတ်ရင် နောင်ကျရင် ပြဿနာတက်နိုင်တယ်" ဟု မှာကြားလေသည်။

"ကောင်းပါပြီ။"

ဖုန်းမချမီ ကျန်းရိုက ဘေးတွင် ထိုင်နေသော ကောင်မလေးကို ပါပါးဟု ခေါ်ခိုင်းလေသည်။ ကောင်မလေးမှာ ယခုအခါ ကိုယ်အလေးချိန် တက်လာသဖြင့် ကျန်းရို တစ်ဦးတည်း မချီနိုင်တော့ပေ။ ထို့ကြောင့် သူမကို ဖုန်းဘေးတွင် ထိုင်ခိုင်းကာ ကျန်းရိုက ရှေ့မှ ကာကွယ်ထားခြင်းဖြစ်သည်။

ဖုန်းအခြားတစ်ဖက်မှ လီရှောင်းသည် တစ်ခုခုထပ်ပြောရန် ပြင်ဆင်နေသော်လည်း၊ ကျန်းရို၏ စကားကြောင့် ချက်ချင်း ငြိမ်ကျသွားကာ သမီးလေး ခေါ်မည်ကို စောင့်ဆိုင်းနေလေသည်။

သို့သော် ကောင်မလေးမှာမူ မျက်နှာကို အနည်းငယ်မျှပင် မထောက်ဘဲ "မား... မား... မား... မား..." ဟုသာ မပီမသ ခေါ်လေတော့သည်။

ကျန်းရိုမှာ တဟားဟား ရယ်မောရင်း ဖုန်းထဲသို့ "ဒါ ကျွန်မကြောင့် မဟုတ်ဘူးနော်၊ မနက်ကတော့ ရှင့်ကို ခေါ်သားပဲ" ဟု ပြောလိုက်သည်။

ဖုန်းထဲမှ လီရှောင်းသည်လည်း ရယ်မောကာ "အန်းအန်း... ပါပါးလို့ ခေါ်စမ်းပါ"

ကောင်မလေးမှာ လက်လှမ်း၍ ဖုန်းကြိုးကို ဆွဲတော့သည်။ ကျန်းရိုက သူမ ဖုန်းကြိုးကို ဖျက်ဆီးမည်စိုးသဖြင့် ဖုန်းကို အပေါ်သို့ မြှောက်ထားလိုက်ရာ၊ ကောင်မလေးက လက်မလျှော့ဘဲ ဖုန်းတင်သည့် ခွက်ထဲမှ ထွက်နေသော ခလုတ်လေးကို လက်ဖြင့် ဖိချလိုက်လေသည်။

ကျန်းရို၏ နားထဲတွင် "တီ——" ဟူသော အသံကို ကြားလိုက်ရကာ နှစ်ဖက်စလုံး ဖုန်းပြတ်သွားတော့သည်။

ဖုန်းမပြတ်မီ တစ်ခဏလေးတွင် လီရှောင်းက အန်းအန်းကို ပါပါးဟု ခေါ်ခိုင်းနေဆဲ ဖြစ်သည်။

"..."

ကောင်မလေးမှာမူ အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ကျန်းရိုကို ကြည့်ကာ ပြုံးရယ်နေရှာသည်။ ဆန်စေ့ခန့်ရှိသော သွားဖုံးလေးမှ သွားဖြူဖြူ သုံးချောင်း ပေါ်ထွက်နေသဖြင့် အလွန်ပင် ချစ်စရာကောင်းလှသည်။

ကျန်းရိုက သူမ၏ပါးပြင်လေးကို နမ်းလိုက်ကာ "မင်းကတော့ တကယ့်ကို မင်းအဖေရဲ့ သမီးဆိုတဲ့အတိုင်းပဲ" ဟု ဆိုလိုက်တော့သည်။

......

နောက်ပိုင်းရက်များတွင် ကျန်းရိုသည် အိမ်၌ သတင်းများကို စောင့်ဆိုင်းနေလေသည်။

အလယ်တန်း ကျောင်းများ မပိတ်သေးမီ ကျန်းရိုသည် လီရှင်းကိုခေါ်၍ ခရိုင်မြို့ရှိ အလယ်တန်းကျောင်းများသို့ သွားရောက် ကြည့်ရှုခဲ့သည်။ ခရိုင်မြို့တွင် ကျောင်းနှစ်ကျောင်း ရှိကာ၊ အမှတ် (၃) နှင့် အမှတ် (၄) အထက်တန်းကျောင်းများ ဖြစ်ကြသည်။

ကျောင်းနှစ်ကျောင်းစလုံးမှာ ကိုယ်ပိုင် အားသာချက်များ ရှိကြသည်။ အမှတ် (၃) ကျောင်းမှာ သက်တမ်းကြာမြင့်ပြီဖြစ်ကာ ဆရာ အင်အား တောင့်တင်းလှသည်။ အမှတ် (၄) ကျောင်းမှာမူ ဖွင့်လှစ်သည်မှာ မကြာသေးဘဲ၊ နောင်ခေတ်၏ ပုဂ္ဂလိက ကျောင်းများနှင့် ဆင်တူကာ သင်ကြားရေး ကိရိယာများမှာ အသစ်များ ဖြစ်ကြသည်။ အချို့ မိဘများမှာ မိမိတို့ကလေး၏ စာမေးပွဲ ရလဒ် မကောင်းပါက အမှတ် (၃) ကျောင်းတွင် အခြားသူများနှင့် ယှဉ်ပြိုင်လျှင် ဆရာများ၏ ဂရုစိုက်မှုကို မခံရမည်စိုးသဖြင့် အမှတ် (၄) ကျောင်းသို့ ပို့လေ့ရှိကြသည်။

အမှတ် (၄) ကျောင်းမှာ ဤနှစ်များအတွင်း အတော်လေး နာမည်ရလာကာ၊ စာမေးပွဲ ရလဒ် သာမန်ရှိသော ကျောင်းသားအချို့ ဝင်ရောက်သွားပါက အလယ်တန်းအဆင့် စာမေးပွဲတွင် ရလဒ် အလွန်ကောင်းမွန်လာတတ်သည်။ သို့သော် ထိုသို့သော ကျောင်းသားမှာ အနည်းငယ်သာ ဖြစ်ကာ၊ အများစုမှာမူ ပုံမှန်သာရှိကြသည်။

ကျန်းရိုသည် မည်သည့်ကျောင်းကို ရွေးချယ်ရမည်ကို မသေချာသဖြင့် လီရှင်းကိုခေါ်၍ နှစ်ကျောင်းစလုံးသို့ သွားရောက် ကြည့်ရှုခဲ့သည်။

နောက်ဆုံးတွင် လီရှင်းက အမှတ် (၄) ကျောင်းကိုသာ ရွေးချယ်ခဲ့သည်။

အမှတ် (၃) ကျောင်း မကောင်း၍ မဟုတ်ဘဲ၊ လီရှင်းမှာ တစ်နှစ်ခန့် ကျောင်းထွက်ထားခဲ့ဖူးသဖြင့်၊ ထိုကျောင်းသို့ တက်ရောက်လိုပါက ၈ တန်းမှ ပြန်စရမည် ဖြစ်ရုံမက၊ လုပ်ထုံးလုပ်နည်းများမှာလည်း အလွန်ရှုပ်ထွေးလှသောကြောင့် ဖြစ်သည်။

သို့သော် အမှတ် (၄) ကျောင်းမှာမူ ထိုသို့ မဟုတ်ပေ။ ထိုကျောင်းမှာ စာမေးပွဲရလဒ်ကိုသာ အဓိကထားသည်။ လီရှင်းမှာ အရင်က စာတော်ခဲ့သူဖြစ်ကြောင်း သိရှိသဖြင့်၊ သူမအား ၈ တန်း သင်္ချာမေးခွန်းလွှာ တစ်စုံကို ချက်ချင်း ဖြေဆိုခိုင်းလေသည်။ လီရှင်းသည် တစ်နာရီခွဲခန့် အချိန်ယူ၍ ဖြေဆိုခဲ့ရာ၊ ရမှတ် ၁၀၀ တွင် ၈၂ မှတ် ရရှိခဲ့သည်။ ဤရလဒ်မှာ အလွန်ပင် ကောင်းမွန်လှ၏။ အကြောင်းကတော့ ထိုမေးခွန်းမှာ ခက်ခဲလှသဖြင့် တစ်ကျောင်းလုံးတွင် ၈၀ ကျော် ရရှိသူမှာ လက်ချိုးရေတွက်၍ ရနိုင်သောကြောင့်ဖြစ်သည်။ ထို့ထက် ပို၍ဆိုးသည်မှာ ဤသည်မှာ သူမ၏ ကိုယ်တိုင် လေ့လာထားသော ရလဒ်သာ ဖြစ်သောကြောင့်ပင်။

ဆရာဖြစ်သူက ထိုနေရာ၌ပင် လုပ်ထုံးလုပ်နည်းများ လုပ်ရန်မလိုတော့ကြောင်း၊ ကျောင်းကနေ အားလုံး စီစဉ်ပေးမည်ဖြစ်ကြောင်းနှင့်၊ အကယ်၍ နောက်တစ်နှစ်တွင် အလယ်တန်းအဆင့် စာမေးပွဲတွင် ရလဒ် ထူးချွန်ပါက ကျောင်းက ပညာသင်ဆုပါ ပေးမည်ဖြစ်ကြောင်း ကတိပေးလိုက်လေသည်။

ပညာသင်ဆုဟူသော စကားကို ကြားရသောအခါ လီရှင်း၏ မျက်လုံးများ ဝင်းလက်သွားရသည်။

သို့သော် ဆရာ၏ နောက်ဆက်တွဲ စကားမှာ - "ကျင်းတာ့ယိုဆိုတဲ့ ကျောင်းသားအကြောင်း ကြားဖူးလား။ ငါတို့ကျောင်းကနေ ထွက်သွားတာလေ။ ကျောင်းစတက်တုန်းက ဘာသာရပ် နှစ်ခုစလုံး သုည ရခဲ့တာ၊ ဒါပေမဲ့ နောက်ဆုံး အလယ်တန်း စာမေးပွဲမှာတော့ ဒုတိယနဲ့ အမှတ် (၁) အထက်တန်းကျောင်းကို တက်ခဲ့တာလေ။ မနှစ်ကဆိုရင် ပြည်နယ်မြို့တော် ဆေးတက္ကသိုလ်ကိုတောင် အောင်သွားခဲ့သေးတယ်။ မင်းလည်း ကြိုးစားပါ၊ ဆရာကတော့ မင်းကို အားကိုးတယ်နော်။" ဟူ၍ ဖြစ်သည်။

"..."

လီရှင်းမှာ မရယ်နိုင်တော့ပေ။

စိတ်ထဲတွင်မူ အလွန်ပင် ကံဆိုးလှသည်ဟု ယူဆနေမိသည်။ ဘယ်နေရာသွားသွား ဒီလူ့အကြောင်းကိုသာ ကြားနေရသည် မဟုတ်လား။

ကျန်းရိုကမူ ရယ်ချင်နေမိသည်။ ကျင်းတာ့ယို၏ကိစ္စကို သူမ သိထားသည်။ နှစ်သစ်ကူးစဉ်က အိမ်တွင် ထမင်းစားရင်း သူကိုယ်တိုင် ပြောပြဖူးသည် မဟုတ်လား။ မူလတန်း နောက်ဆုံးနှစ် စာမေးပွဲနေ့ နေ့လည်တွင် လီရှောင်းက သူ့အား ထမင်းစားရန် ခေါ်ခဲ့ကြောင်း၊ သူကလည်း စိတ်ပါလာသဖြင့် အိမ်ပြန်ပြီး အဘိုးဝှက်ထားသော အရက်များကို ခိုးယူလာခဲ့ကြောင်း၊ ထို့နောက် အားလုံး မူးပြီး တစ်နေ့လည်လုံး အိပ်ပျော်သွားသဖြင့် ဘာသာရပ် နှစ်ခုကို မဖြေလိုက်ရခြင်းဖြစ်ကြောင်း စသည်ဖြင့်ပေါ့။

နောက်ဆုံးတွင် အမှတ် (၃) ကျောင်းက သူ့ကို လက်မခံသဖြင့် အမှတ် (၄) ကျောင်းသို့ တက်ခဲ့ရခြင်း ဖြစ်သည်။ ထိုစဉ်က အမှတ် (၄) ကျောင်းမှာ ဖွင့်လှစ်စဖြစ်သဖြင့် ကျောင်းသား မရှိသလောက် ရှားပါးလှရာ၊ သူသည် ထိုကျောင်းတွင် အထူးအခွင့်အရေးများရရှိခဲ့သည်။ စာမေးပွဲ ရလဒ် မကျဆင်းသရွေ့ ကျောင်းပြေးလျှင်ပင် ဆရာများက အရေးမယူခဲ့ကြပေ။

ထို့ကြောင့် နောက်ပိုင်း အထက်တန်းကျောင်း ရောက်သောအခါ သူ အလွန်ပင် ဒုက္ခရောက်ခဲ့ရသည်။ အတန်းပိုင် ဆရာမက သူ့ကို နေ့တိုင်း စောင့်ကြည့်နေခဲ့သောကြောင့် ဖြစ်သည်။

အမှတ် (၄) ကျောင်းမှ ထွက်လာချိန်တွင် လီရှင်း၏ မျက်နှာမှာ တည်ငြိမ်နေလေသည်။

ကျန်းရိုက သူမ စိတ်မကျေနပ်ဟု ထင်မှတ်ကာ "မကြိုက်ရင် အစ်မတို့တွေ အမှတ် (၃) ကျောင်းကို သွားတက်မယ်လေ။ အဲ့ဒီကျောင်းက ဆရာတွေ ပိုကောင်းတာတော့ အမှန်ပဲ၊ လုပ်ထုံးလုပ်နည်းတွေ ရှုပ်တာကတော့ ဘာမှ မဖြစ်ပါဘူး၊ စာတော်ဖို့က အဓိကပဲဥစ္စာ"

လီရှင်းက အမြန် ခေါင်းခါပြကာ "မလိုပါဘူး အစ်မ၊ အမှတ် (၄) ကျောင်းကပဲ အဆင်ပြေပါတယ်။"

အမှတ် (၃) ကျောင်းဆိုလျှင် ၈ တန်းကနေ ပြန်တက်ရမည် ဖြစ်သဖြင့် သူမ အချိန်မဖြုန်းချင်တော့ပေ။ သူမ၏အစ်မ ပြောထားသည် မဟုတ်လား၊ အကယ်၍ ခဲအိုက နောက်နှစ်တွင် တောင်ပိုင်း၌ အခြေကျသွားပါက သူမကိုပါ အဲ့ဒီဘက်ကို ခေါ်သွားမည်ဖြစ်ကြောင်းပေါ့။ ဒါဆိုလျှင် မိသားစုအားလုံး အတူတူပြန်နေရတော့မည်ဖြစ်သည်။

"အစ်မ စိတ်ချပါ၊ အရင်က ကျွန်မ နားမလည်ခဲ့တဲ့ စာတွေကို ဆရာတွေကို သေချာမေးပါ့မယ်။"

ကျန်းရိုက ခေါင်းညိတ်ပြကာ "ဟုတ်တယ်၊ ကိုယ့်ဘက်ကနေ အစပျိုးရမယ်၊ ဆရာတွေက မင်းကို သဘောကျနေတာပဲ" ဟု အားပေးလိုက်သည်။

လီရှင်းက ပြုံးပြလေသည်။

နှစ်ဦးသား ငှားရမ်းထားသော သုံးဘီးဆိုင်ကယ်လေးဖြင့် အိမ်သို့ ပြန်လာခဲ့ကြသည်။ အပြင်တွင် နေပူသဖြင့် ကျန်းရိုသည် အန်းအန်းအတွက် ကောက်ရိုးဦးထုပ်လေးတစ်လုံး ဝယ်ပေးထားသည်။

ဦးထုပ်မှာ ကလေး၏ခေါင်းထက် ကြီးနေသဖြင့် သူမ၏ မျက်နှာလေးကိုပင် မမြင်ရတော့ပေ။

လီရှင်းက သုံးဘီးဆိုင်ကယ် နောက်ဘက်တွင်ထိုင်ကာ၊ လက်တစ်ဖက်ဖြင့် ကလေးကို ဖက်ထားပြီး၊ အခြားလက်တစ်ဖက်ဖြင့် ထီးအမည်းကြီး တစ်လက်ကို ဆောင်းထားပေးလေသည်။

အဝေးမှ ကြည့်လျှင်မူ နှစ်ဦးသား၏ပုံစံမှာ အနည်းငယ် ရယ်စရာကောင်းလှပေသည်။

.....

အိမ်ပြန်ရောက်သောအခါ မွန်းတည့်ချိန် ရှိနေပြီ ဖြစ်သည်။ ဆိုင်ကယ် ရပ်လိုက်သည်နှင့် ဘေးအိမ်မှ အဒေါ်ဝမ် ထွက်လာလေသည်။

ကျိုးကျန့် ထွက်သွားပြီးနောက် သူမတို့၏ ဝက်အူချောင်းလုပ်ငန်းမှာ ရပ်နားသွားခဲ့သည်။ မကြာသေးမီက သူမသည် ကျန်းရိုအား ဆိုင်ငယ်လေး တစ်ဆိုင် ဖွင့်ချင်ကြောင်းနှင့်၊ ဈေးထဲတွင် ဈေးပေါသော ဆေးလိပ်နှင့် အရက်များ ရောင်းချချင်ကြောင်း ပြောပြခဲ့ဖူးသည်။

ဤလုပ်ငန်းမှာ သူမနှင့် ဦးလေးဝမ်တို့အတွက် သင့်တော်လှသည်။ အိမ်မှာ ထိုင်နေရုံဖြင့် ပိုက်ဆံ သိမ်းနိုင်သည် မဟုတ်လား။

သူမသည် တစ်ခုခုကို စဉ်းစားမိလျှင် ချက်ချင်း လုပ်တတ်သော စရိုက်ရှိသူဖြစ်သဖြင့် ကျန်းရိုအား ပြောပြပြီး နောက်တစ်နေ့မှာပင် အသားဆိုင်ကို အခြားသူထံ လွှဲပြောင်းကာ၊ နေရာအသစ်တစ်ခုကို ငှားရမ်း၍ အလုပ်စတင်နေခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် သူမကို မြင်တွေ့ရသောအခါ ကျန်းရိုမှာ အနည်းငယ် အံ့သြသွားမိသည်။

အဒေါ်ဝမ်သည် သုံးဘီးဆိုင်ကယ် အသံကြားသဖြင့် ထွက်ကြည့်ခြင်းဖြစ်ကာ၊ ကျန်းရိုကို မြင်သည်နှင့် ရယ်မောတော့သည်။ "မိန်းမတစ်ယောက်က ဒီလို ဆိုင်ကယ်မျိုးမောင်းတာ ငါ ပထမဆုံး မြင်ဖူးတာပဲ၊ မင်းကတော့ တကယ် သတ္တိရှိတာပဲ။"

ကျန်းရို ဆိုင်ကယ်ပေါ်မှ ဆင်းကာ ကလေးကို ချီရန် ပြင်သည်။ ကောင်မလေးမှာ ဆင်းချင်ပုံ မရဘဲ လက်ကလေးဖြင့် ဆိုင်ကယ်၏ လက်ရန်းများကို ပုတ်နေရှာသည်။

လက်ရန်းမှာ သံဖြင့် ပြုလုပ်ထားခြင်းဖြစ်ကာ နေပူနေသဖြင့် သူမ ထိလိုက်သည်နှင့် ပူသွားကာ လက်ကို ချက်ချင်း ပြန်ရုပ်လိုက်ရသည်။

ပါးစပ်မှလည်း "ဝူး... ဝူး..." ဟု အော်ဟစ်ကာ ကျန်းရို၏ ရင်ခွင်ထဲသို့ တိုးဝင်ပြီး သူမ၏လည်ပင်းကို အားငယ်စွာ ဖက်ထားတော့သည်။

ကျန်းရိုက အဒေါ်ဝမ်ကို ပြုံးပြကာ "ဒါက စက်ဘီးထက် နည်းနည်း ပိုမြန်တာပဲရှိတာပါ၊ ဘာမှ မခက်ပါဘူး"

ကလေးငယ် လက်ပူသွားသည်ကို မြင်သောအခါ သူမ၏လက်ကလေးကို ယူ၍ အသာအယာ မှုတ်ပေးရင်း "ပူသွားပြီလား။ နောက်ကျရင် လျှောက်မကိုင်နဲ့တော့နော်" ဟု ချော့မော့လိုက်သည်။

ကောင်မလေးမှာ သူမ၏လည်ပင်းထဲတွင် မျက်နှာဝှက်ထားလေသည်။

ကျန်းရိုမှာ ကိုယ်တိုင်လည်း ပူအိုက်နေရသည့်အကြား၊ ဤကဲ့သို့သော မီးဖိုလေးတစ်ခု၏ ဖက်ထားခြင်းကို ခံရသောအခါ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်သွားတော့သည်။

လီရှင်းက ထီးကိုပိတ်ကာ ဆိုင်ကယ်ပေါ်မှ ခုန်ဆင်းလိုက်သည်။

အဒေါ်ဝမ်သည် လီရှင်းတစ်ယောက် ပျော်ရွှင်ကျန်းမာနေသည်ကို မြင်ရသဖြင့် စိတ်ချမ်းသာနေမိသည်။ အရင်က ကျန်းရို အိမ်မှာမရှိစဉ်က သူမအား ထမင်းလာစားရန်ခေါ်တိုင်း လီရှင်းက မလာခဲ့ပေ။ လာလျှင်ပင် အလွန် အားနာနေတတ်သည်။ ယခုမူ ခေါင်းပေါ်တွင် တောက်တောက်ပပ ကလစ်လေးများ တပ်ကာ၊ လှပသော ဂါဝန်လေးကို ဝတ်ဆင်ထားသဖြင့် သာမန် မိန်းကလေးငယ်လေးများနှင့် ဘာမှမခြားတော့ပေ။

ကျန်းရိုက အဒေါ်ဝမ်မှာ သူမအား တမင်စောင့်နေသည်ဟု ထင်သဖြင့် "လီရှောင်း ဖုန်းဆက်လာလို့လား" ဟု မေးမြန်းလိုက်သည်။

အဒေါ်ဝမ် ထိုအခါမှ သတိရသွားကာ "အို... ငါ့မှတ်ဉာဏ်ကိုကတော့ဖြင့်၊ မေ့တော့မလို့ပဲ" ဟု ဆိုကာ၊ မနက်က ဈေးထဲတွင် ကြားခဲ့ရသော သတင်းများကို ပြောပြလေသည်။

"မင်းရဲ့ ယောက္ခမအကြောင်းလေ။ ငါ ဒီရက်ပိုင်း ဈေးထဲမှာပဲ ရှိနေတာ မဟုတ်လား။ ဒီနေ့ လူတွေနဲ့ စကားပြောရင်း သတိရတာက မင်းယောက္ခမရဲ့ အရိပ်အယောင်တောင် မမြင်ရတာ ရက်အတော်ကြာပြီလေ။ အဲ့ဒါနဲ့ မေးကြည့်တော့မှ သိရတာက မင်းယောက္ခမမှာ သူ့ရဲ့ လင်ပါသမီးနဲ့ သမက်ရဲ့ ရိုက်နှက်တာကို ခံလိုက်ရတယ်တဲ့။"

"ကိစ္စက တော်တော် ကြီးသွားပုံရတယ်။ မင်းယောက္ခမရဲ့ အသံကလည်း ပြဲတာကိုး၊ အဲ့ဒီနားက လူတွေအကုန် သိကြတယ်လေ။ သူ့ရဲ့ လင်ပါသမီး မွေးတဲ့သားက ပိုက်ဆံခိုးတာကို မင်းယောက္ခမက တွန်းလိုက်မိတယ် ထင်တယ်၊ အဲ့ဒါနဲ့ လင်မယား နှစ်ယောက်လုံးက ဝိုင်းရိုက်ကြတာတဲ့။"

သူမက ခဏလောက် ရပ်ကာ "ငါ စဉ်းစားကြည့်တော့ မင်းကို ပြောပြထားတာ ပိုကောင်းမယ်လို့ ထင်လို့ပါ။ မင်းယောက္ခမက လူဆိုးဆိုတာ မှန်ပေမဲ့၊ ကိစ္စက ဒီလောက်အထိ ကြီးသွားတာလေ။ မင်း တကယ် မသိဘူးဆိုရင်တောင် လူတွေက ယုံမှာ မဟုတ်ဘူး။ လီရှောင်းကလည်း အိမ်မှာ မရှိဘူးဆိုတော့၊ မင်းသာ လစ်လျူရှုထားပြီး တစ်ခုခုဖြစ်သွားရင် လူတွေက ချွေးမဖြစ်တဲ့ မင်းကိုပဲ အပြစ်တင်ကြမှာလေ။"

ဤသည်မှာ ချွေးမ လုပ်ရခြင်း၏ အခက်အခဲပင် ဖြစ်သည်။ အရင်က သူမ၏ယောက္ခမက သူမအပေါ် မည်မျှဆိုးခဲ့သည်ဖြစ်စေ၊ သေခါနီးအချိန်တွင် သူမကိုယ်တိုင် ပြုစုခဲ့ရသည် မဟုတ်လား။ သူမသာ မပြုစုပါက လူများက သူမ၏ လင်ယောက်ျားကို အပြစ်မတင်ဘဲ၊ ချွေးမဖြစ်သူ၏ စိတ်နှလုံး ရက်စက်မှုကိုသာ ပြောကြပေလိမ့်မည်။

ထို့ကြောင့် သူမသည် သူမ၏သမီးကို စာသင်ခိုင်းခြင်းဖြစ်သည်။ သူမကဲ့သို့ ဘာမှမသိဘဲ ဒုက္ခမခံစေချင်သောကြောင့်ဖြစ်သည်။

ဤသည်ကို တွေးမိကာ သူမက ထပ်မံ သတိပေးလိုက်သည်။ "မင်းယောက္ခမက မနှစ်က နှစ်စပိုင်းမှာတော့ မင်းတို့ဆီကို ဟင်းတွေ လာပို့သေးတယ်လေ။ အဲ့ဒီဟင်းတွေ ကောင်းမကောင်းကို ထားပါဦး၊ လူမြင်ကွင်းမှာတော့ သူမက ယောက္ခမကောင်း တစ်ယောက် ဖြစ်ခဲ့တာပဲ။ မင်းတို့ လင်မယား နှစ်ယောက်လုံးက ကလေးကောင်းတွေပါ၊ ဒီလို ကိစ္စမျိုးမှာ အရှုံးမခံနဲ့။"

ကျန်းရိုက ခေါင်းညိတ်ပြကာ "ကျေးဇူးတင်ပါတယ် အဒေါ်၊ ကျွန်မ သိပါပြီ။ ကျွန်မ အမှန်တကယ် မသိခဲ့လို့ပါ" ဟု အားနာစွာ ဆိုလိုက်သည်။

အဒေါ်ဝမ်သည် သူမအား မိသားစုဝင်သဖွယ် သဘောထားသဖြင့်သာ ဤသို့ ပြောဆိုခြင်းဖြစ်ကြောင်း သူမ သိရှိထားသည်။

အဒေါ်ဝမ်က ကလေးငယ်၏ ခြေထောက်လေးကို စမ်းကြည့်လိုက်ကာ "ငါ မင်းကို သိတာပေါ့။ သိရင်တော့ မင်းက ဒီအတိုင်း နေမှာ မဟုတ်ပါဘူး။ ဟယ်မိသားစုဘက်ကိုတော့ သတိထားသွားဦးနော်၊ ဖြစ်နိုင်ရင် တစ်ယောက်ယောက်ကို အဖော်ခေါ်သွားတာ ပိုကောင်းမယ်" ဟု အကြံပေးလေသည်။

ကျန်းရိုလည်း ထိုသို့ပင် စဉ်းစားထားသည်။ ဟယ်မိသားစုမှာ သူမအတွက်တော့ ဝံပုလွေဂူသဖွယ်ပင်။ လီရှောင်းနှင့် သူတို့မှာ အဆင်မပြေကြသလို၊ ယခု သူ အိမ်မှာမရှိခိုက် သူမ တစ်ဦးတည်း သွားပါက အနိုင်ကျင့်ခံရနိုင်သဖြင့်၊ ခိုင်မာသော အဖော်တစ်ဦးရှာဖွေရန်လိုအပ်သည်ဟု သူမ ယူဆလိုက်သည်။

ထိုသို့ တွေးတောရင်း ကျန်းရိုသည် အဒေါ်ဝမ်ကို နှုတ်ဆက်ကာ ကလေးကိုချီ၍ အိမ်ထဲသို့ ဝင်ခဲ့လေသည်။

....

နေ့လည်စာ စားပြီးနောက် ကျန်းရိုသည် ကလေးကို အိပ်အောင် ချော့သိပ်လိုက်ကာ၊ သူမ တစ်ဦးတည်း သုံးဘီးဆိုင်ကယ်ကို မောင်း၍ အပြင်သို့ ထွက်လာခဲ့သည်။ ဈေးသို့ သွားကာ အသားနှစ်ကျင်း ဝယ်ယူပြီးနောက် ကျိုးကျန့်အိမ်သို့ ဦးတည်ခဲ့လေသည်။

ဝမ်ယန့်၏ ဗိုက်မှာ ခုနစ်လ ရှိနေပြီ ဖြစ်ကာ၊ ကျိုးကျန့် ထွက်သွားပြီးကတည်းက သူမသည် အလုပ်ကြမ်း ဘာမှမလုပ်ရတော့ပေ။ ကျိုးကျန့်၏ မိခင်မှာလည်း မနှစ်ကထက် ကျန်းမာရေး များစွာ ကောင်းမွန်လာခဲ့သည်။ ဝမ်ယန့်၏ အစ်ကိုဖြစ်သူက တောင်ပေါ်တွင် တောတောင်ဂျင်ဆင်း ရှာဖွေတွေ့ရှိကာ ပြုစုပေးခဲ့သောကြောင့်ဖြစ်သည်ဟု ကြားသိရသည်။ ယောက္ခမရှိနေသဖြင့် ဝမ်ယန့်မှာ ယခုအခါ အိမ်တွင် အေးဆေးစွာ ကိုယ်ဝန်ဆောင်နေရုံသာ ရှိတော့သည်။

သူမကိုယ်တိုင်ပင် ပြောပြဖူးသည်မှာ အရင် လင်ယောက်ျားနှင့် နေစဉ်ကမူ ကိုယ်ဝန် ရှစ်လရှိချိန်တွင်ပင် မြစ်ဆိပ်၌ အဝတ်လျှော်၊ ရေခပ်လုပ်ခဲ့ရကြောင်း၊ ယခုဘဝမှာမူ သူမအတွက် နတ်ဘုံနတ်နန်းသို့ ရောက်နေရသကဲ့သို့ပင် ဖြစ်ကြောင်းဆိုသည်။

ကျန်းရိုသည် အိမ်ထဲသို့ ဝင်လာပြီးနောက် အားမနာဘဲ ကိစ္စရပ်များကို ပြောပြလိုက်ကာ "ရှင်တို့လည်း ကျွန်မတို့အိမ်က အခြေအနေကို သိတာပဲ။ လီရှောင်းအမေ လက်ထပ်ထားတဲ့ မိသားစုက ဘယ်လိုလူတွေလဲ ဆိုတာလေ။ လီရှောင်းကလည်း သူတို့ကို အကုန် အငြိုးထားထားတာ၊ နှစ်သစ်ကူးတုန်းကတောင် လူကို ကန်ထုတ်ခဲ့သေးတာလေ။ ကျွန်မကတော့ အဲ့ဒီအိမ်ကို တစ်ယောက်တည်း မသွားရဲဘူး။ အဲ့ဒါကြောင့် ရှင့်အစ်ကိုကို ကျွန်မနဲ့အတူ တစ်ခေါက်လောက် လိုက်ပေးဖို့ အကူအညီ လာတောင်းတာပါ"

"ဘေးအိမ်က အဒေါ်ဝမ် ပြောတာလည်း မှန်ပါတယ်။ တကယ်လို့ လစ်လျူရှုထားရင် လီရှောင်းနဲ့ ကျွန်မရဲ့ နာမည်က ပျက်စီးသွားမှာလေ။ လီရှောင်းတစ်ယောက် ခက်ခက်ခဲခဲနဲ့ ဒီအခြေအနေထိ ရောက်လာတာကို၊ လူတွေရဲ့ ပါးစပ်ထဲမှာ လူဆိုး ပြန်ဖြစ်သွားမှာကို ကျွန်မ မလိုလားဘူး။"

ဝမ်ယန့်က အလျင်အမြန်ပင် "မရီး မစိုးရိမ်ပါနဲ့၊ ကျွန်မ အခုပဲ အစ်ကို့ကို သွားခေါ်ခိုင်းလိုက်မယ်၊ သူ အခု ဈေးထဲမှာ ရှိနေမှာပါ" ဟု ဆိုကာ ကျိုးဟုန်ကို လှမ်းခေါ်လိုက်သည်။ "ဟုန်ဟုန်... ဦးလေးကြီးကို သွားခေါ်လိုက်စမ်းပါ၊ ကိစ္စရှိလို့လို့ ပြောလိုက်နော်။"

ကျန်းရိုက ကျေးဇူးတင်လွန်းသဖြင့် "တကယ်ပဲ အားနာလိုက်တာ။"

ဝမ်ယန့်က လက်ကာပြကာ "ဘာမှ မဟုတ်ပါဘူး မရီးရယ်၊ မရီးကလည်း တို့ကို အများကြီး ကူညီပေးခဲ့တာပဲဥစ္စာ။"

ဘေးတွင် ထိုင်နေသော ကျိုးကျန့်မိခင်ကလည်း "ငါတို့နှစ်အိမ်ကြားမှာ ဘာတွေအားနာနေတာလဲ။ လီရှောင်းက ငယ်ငယ်ကတည်းက ကျိုးကျန့်ကို စောင့်ရှောက်လာတာလေ၊ သူတို့နှစ်ယောက်က ညီအစ်ကို အရင်းတွေထက်တောင် ပိုပြီး ရင်းနှီးကြတာ" ဟု ဝင်ပြောလေသည်။

ကျိုးဟုန်လေးမှာ အလျင်အမြန် ပြေးထွက်သွားကာ၊ မကြာမီမှာပင် လူတစ်ဦးကို ခေါ်လာခဲ့သည်။

ဝမ်ယန့်၏အစ်ကိုဖြစ်သူကို ကျန်းရို အရင်က အဝေးမှ မြင်ဖူးထားသည်။ သူသည် အလွန်အရပ်ရှည်ပြီး သန်မာထွားကြိုင်းသူဖြစ်ရာ၊ ကြည့်လိုက်သည်နှင့် ဘယ်သူမှမစော်ကားရဲသော ပုံစံမျိုး ရှိသည်။

ကျန်းရို ဘာမှမပြောရသေးမီမှာပင် ဝမ်ယန့်က အဖြစ်အပျက်များကို ရှင်းပြလိုက်လေသည်။

ကျန်းရိုက ထပ်လောင်း၍ "အစ်ကိုကြီးဝမ်... အစ်ကိုကြီးကို ကျွန်မနဲ့အတူ လိုက်ကြည့်ပေးစေချင်တာပါ။ လူ ဘာမှမဖြစ်ရင်တော့ ထားလိုက်ပေါ့၊ တကယ်လို့ တစ်ခုခုဖြစ်နေရင်တော့ ကူညီပြီး ခေါ်ထုတ်လာပေးပါ၊ ကျွန်မတို့တွေ ဆေးရုံ အတူတူ ပို့ကြတာပေါ့" ဟု ဆိုလိုက်သည်။

"ကောင်းပါပြီ။"

ဝမ်ဝေ့သည် ကျိုးဟုန်၏ လောဆော်မှုကြောင့် အရေးကြီးကိစ္စဟု ထင်မှတ်ကာ ရောက်လာခြင်း ဖြစ်သည်။ သူသည် ငါးသတ်နေရင်းမှ ဇနီးဖြစ်သူအား ဆိုင်ကြည့်ခိုင်းကာ၊ လက်ပင် မဆေးရသေးဘဲ၊ ရှေ့ဖုံးတွင် ငါးကြေးခွံနှင့် သွေးစများ ပေကျံနေဆဲ ပုံစံဖြင့်ပင် ရောက်လာခဲ့ခြင်းဖြစ်သည်။

"ဒါဆို ငါတို့ အခုပဲ သွားကြရအောင်။"

ကျန်းရိုသည် အန်းအန်း နိုးလာပြီး သူမကို မတွေ့ပါက ကြောက်လန့်မည်စိုးသဖြင့်၊ လူကို ခေါ်၍ ချက်ချင်း ထွက်လာခဲ့သည်။

ဝမ်ယန့်သည် သူမ၏ဗိုက်ကိုထိန်းကာ တံခါးဝအထိ လိုက်လံ ပို့ဆောင်ပေးသည်။ ကျိုးဟုန်လေးမှာ သူ့ဦးလေးကြီး သုံးဘီးဆိုင်ကယ်ပေါ် တက်လိုက်သည်ကို မြင်သောအခါ၊ သူသည်လည်း လိုက်၍ တက်လေသည်။

ဝမ်ဝေ့က "မင်းက ဘာလို့ လိုက်တာလဲ၊ ဆင်းစမ်း" ဟု ဟန့်သော်လည်း၊ ကျိုးဟုန်က နားမထောင်ဘဲ ပြုံးလျက် ဘေးသို့ ရှောင်နေလေသည်။

ဝမ်ဝေ့ကလည်း အပျော်သဘောသာ ပြောခြင်းဖြစ်သဖြင့် ဆက်မတားတော့ပေ။

ကျန်းရိုသည် ဆိုင်ကယ်ကို ဟယ်မိသားစုရှိရာ လမ်းကြားသို့ မောင်းနှင်ခဲ့သည်။ သုံးဘီးဆိုင်ကယ်ကို အပြင်ဘက်တွင် ရပ်နားကာ၊ လူကိုခေါ်၍ အတွင်းသို့ ဝင်ခဲ့လေသည်။

ဟယ်မိသားစု၏ ခြံဝင်းအပြင်ဘက်တွင် ရပ်လိုက်ကာ "ဒီအိမ်ပဲ" ဟု ညွှန်ပြလိုက်သည်။

ခြံတံခါးမှာ ပွင့်နေကာ၊ ခြံအတွင်းရှိ ထောင့်တစ်နေရာမှာ အလွန် ညစ်ပတ်နေပြီး၊ အမှိုက်များနှင့် ဝါးစုတ်များ ပြန့်ကြဲနေသဖြင့် ခြေချစရာပင် မရှိသလောက်ဖြစ်နေသည်။

ခြံထဲတွင် လူမရှိသော်လည်း အိမ်ထဲမှ စကားပြောသံများကို ကြားနေရသည်။ စကားပြောသံများနှင့်အတူ တရှုံ့ရှုံ့ ငိုကြွေးသံ အချို့ကိုလည်း ကြားနေရကာ၊ ထိုအသံမှာ အလွန် တိုးညှင်းလှသဖြင့် သေချာ နားစွင့်မှသာ ကြားနိုင်သည်။

ကျန်းရိုက နှုတ်ခမ်းကို ဖိကာ "ကျွန်မယောက္ခမ ငိုနေပုံရတယ်"

ဝမ်ဝေ့သည်လည်း ကြားလိုက်ရသဖြင့် "မင်းတို့ အပြင်မှာ ခနစောင့်နေပါ၊ ကျွန်တော် တစ်ယောက်တည်း ဝင်သွားလိုက်မယ်"

သူသည် ကျန်းရို၏ အိမ်တွင်းရေးကိစ္စအချို့ကို ကြားသိထားသူ ဖြစ်သည်။ ညီမဖြစ်သူ ကျိုးကျန့်နှင့် ညားပြီးနောက်တွင် ကျိုးမိသားစုနှင့် လီရှောင်းလင်မယားအကြောင်းကို အများဆုံး ကြားခဲ့ရခြင်း ဖြစ်သည်။ ထို့အပြင် သူ့ဇနီးမှာလည်း စကားပြော ဝါသနာပါသူဖြစ်ရာ၊ ဈေးထဲတွင် ဈေးရောင်းရင်း လူများနှင့် စကားပြောလေ့ရှိသဖြင့် ခရိုင်မြို့လေးအတွင်းရှိ ကိစ္စအဝဝကို ကောင်းကောင်း သိရှိထားခြင်း ဖြစ်သည်။

ဝမ်ဝေ့သည် ထိုအတိုင်းပင် အထဲသို့ တိုက်ရိုက်ဝင်သွားလေသည်။

ကျန်းရိုသည် ကျိုးဟုန်၏လက်ကိုဆွဲကာ အပြင်တွင် စောင့်နေစဉ်၊ ခဏအကြာ၌ အတွင်းမှ ငြင်းခုံသံများ ထွက်ပေါ်လာသည်။ အမျိုးသမီးများ၏အော်သံ၊ အမျိုးသားများ၏ ဆဲဆိုသံနှင့် ကလေးငယ်၏ ငိုသံများ...

ဝမ်ဝေ့၏ အသံကိုမူ မကြားရဘဲ၊ ခဏအကြာတွင် "ဂျိမ်း" ဟူသော မြည်သံကြီးနှင့်အတူ တံခါးကို ကန်ဖွင့်လိုက်သည့် အသံကို ကြားလိုက်ရသည်။

ငြင်းခုံသံများ အားလုံး ချက်ချင်းပင် ရပ်တန့်သွားတော့သည်။

ခဏအကြာတွင် ဝမ်ဝေ့သည် လူတစ်ဦးကို ကျောပိုး၍ ထွက်လာလေသည်။

ကျန်းရိုသည် ထိုသူကို မမြင်ရသည်မှာ အချိန်အတန်ကြာခဲ့ပြီ ဖြစ်သည်။ ယခုအခါ လင်းမေ့ရူတွင် ဆံပင်ဖြူများ များစွာ တိုးပွားလာကာ၊ မျက်နှာပေါ်ရှိ အရေးအကြောင်းများမှာလည်း ပို၍ ထင်ရှားလာသဖြင့် အသက် ၆၀ ကျော် အဘွားကြီးတစ်ဦးနှင့်ပင် တူနေတော့သည်။

လင်းမေ့ရူ၏ နှုတ်ခမ်းများမှာ ဖြူဖတ်ဖြူလျော်ဖြစ်နေကာ၊ အပြင်ဘက်ရှိ ကျန်းရိုကို မြင်သည်နှင့် မျက်ရည်များ ဝဲလာကာ "ဘာလို့ အခုမှ လာတာလဲ... ငါ နာလှပြီ" ဟု အားအင်ကုန်ခမ်းစွာ ဆိုရှာသည်။

ကျန်းရိုက သူမကို တစ်ချက်ကြည့်ကာ တည်ငြိမ်သော မျက်နှာထားဖြင့် ကျိုးဟုန်၏လက်ကိုဆွဲ၍ အပြင်သို့ ထွက်လာခဲ့သည်။

သူတို့၏နောက်ကွယ်မှ ဟယ်မိသားစုဝင်များ လိုက်လာကြကာ၊ ဟယ်ဝမ်ယင်းက "သတ္တိရှိရင် ပြန်မလာနဲ့တော့" ဟု ဆဲဆိုကျန်ရစ်လေသည်။

ကျန်းရိုသည် လင်းမေ့ရူအပေါ် မျက်နှာသာ မပေးသော်လည်း၊ ဟယ်မိသားစုကိုမူ ပို၍ပင် မနှစ်မြို့ပေ။ သူမသည် နောက်သို့ လှည့်ကြည့်ကာ "ငါ့ယောက်ျား သေသွားပြီလို့ ထင်နေတာလား" ဟု ပြင်းထန်စွာ ပြန်အော်ဟစ်လိုက်သည်။

ဟယ်ဝမ်ယင်းမှာ လီရှောင်းအကြောင်းကို သတိရသွားဟန်ဖြင့် ချက်ချင်းပင် စကားပြန်မပြောရဲတော့ဘဲ မျက်နှာပျက်သွားတော့သည်။

ဘေးပတ်ဝန်းကျင်မှ အိမ်နီးချင်းများမှာလည်း အသံကြားသဖြင့် ထွက်ကြည့်ကြရာ၊ ကျန်းရိုနှင့် ဝမ်ဝေ့ ကျောပိုးလာသော လင်းမေ့ရူကို မြင်သောအခါ သက်ပြင်းချမိကြတော့သည်။ တစ်စုံတစ်ဦးကမူ "မထင်ရဘူးနော်၊ နောက်ဆုံးတော့လည်း ချွေးမအရင်းကပဲ လာကယ်ရရှာတယ်" ဟု ဆိုလေသည်။

ကျန်းရိုသည် လူကို ဆေးရုံသို့ ပို့ဆောင်ကာ အခြေကျအောင် စီစဉ်ပေးလိုက်သည်။

ဝမ်ဝေ့ ထွက်ခွာခါနီးတွင် "မင်းယောက္ခမကလည်း အနိုင်ကျင့်ခံရမယ့်သူ မဟုတ်ပါဘူး၊ ကျွန်တော်က မင်း လွှတ်လိုက်တဲ့သူမှန်း သိသွားတော့မှ ကုတင်အောက်မှာ ဝှက်ထားတဲ့ ပိုက်ဆံတွေကိုပါ ထုတ်ယူလာခဲ့သေးတယ်" ဟု ပြောပြသွားလေသည်။

"..."

ကျန်းရိုသည် လူနာခန်းထဲသို့ ပြန်ဝင်ရန် ပြင်စဉ်တွင် အတွင်းမှ တစ်စုံတစ်ဦး၏ နာကျင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။

လင်းမေ့ရူသည် တံခါးဖွင့်သံ ကြားသဖြင့် လှည့်ကြည့်လိုက်ရာ၊ ကျန်းရိုကို မြင်သည်နှင့် "လီရှောင်းဆီကို ဖုန်းဆက်လိုက်စမ်းပါ၊ ဟယ်ဝမ်ယင်းတို့ လင်မယားက ငါ့ကို ဝိုင်းရိုက်ကြတယ်လို့ ပြောလိုက်။ သူတို့က လူတွေ မဟုတ်ဘူး၊ သူ့ရဲ့သားက ငါ့ပိုက်ဆံခိုးတာကို ငါက နည်းနည်းလေး တွန်းလိုက်မိတာပါ၊ ဘာမှတောင် မဖြစ်ဘူး၊ အဲ့ဒါကို သူတို့ လင်မယားက ငါ့တစ်ယောက်တည်းကို ဝိုင်းနှိပ်စက်ကြတာ" ဟု အားမနာတမ်း ပြောတော့သည်။

ကျန်းရိုက သူမကို တည်ငြိမ်စွာကြည့်ကာ "အရင်တုန်းကကော ဘာတွေလုပ်နေတာလဲ။ အခုမှ လီရှောင်းကို သတိရရအောင်၊ ဟယ်ဝမ်ဟွာကို သွားရှာရမှာပေါ့။"

"ဒါနဲ့... ရှင့်မှာ မြေးလေး မွေးပေးထားတဲ့ ချွေးမကောင်း တစ်ယောက်လည်း ရှိသေးတာပဲ မဟုတ်လား။"

ထိုစကားကို ကြားသောအခါ လင်းမေ့ရူမှာ မကျေမနပ် ဖြစ်သွားသော်လည်း၊ ဂုဏ်သိက္ခာအတွက် ဘာမှ ပြန်မပြောဘဲ "ဝမ်ဟွာက အိမ်မှာ မရှိဘူးလေ၊ ကျောင်းမပိတ်သေးဘူး" ဟုသာ ဆိုရှာသည်။

ကျန်းရိုက မျက်စောင်းထိုးကာ "လီရှောင်းလည်း အိမ်မှာ မရှိဘူး၊ ကျွန်မ ဖုန်းမဆက်ပေးနိုင်ဘူး"

ထို့နောက် သူမက ထပ်လောင်း၍ "ရှင် ထွက်လာတုန်းက ပိုက်ဆံ ပါလာတယ်ဆိုတော့၊ ကျန်တဲ့ ဆေးဖိုးတွေကိုတော့ ကိုယ်တိုင်ပဲ ပေးလိုက်ပါတော့။ ဗိုက်ဆာရင် သူနာပြုကို ဝယ်ခိုင်းလိုက်ပေါ့၊ ကျွန်မမှာ ကိစ္စတွေရှိသေးလို့ နောက်ပိုင်း လာမှာ မဟုတ်ဘူး"

ပြောပြီးသည်နှင့် သူမသည် ချက်ချင်းပင် ထွက်လာခဲ့သည်။ လင်းမေ့ရူအပေါ်တွင် သူမ ဘယ်လိုမှ သနားစိတ် မရှိပေ။

လင်းမေ့ရူက နောက်မှနေ၍ "နင် ဘာလို့ ဒီလောက် စိတ်ပုပ်ရတာလဲ။ ငါ ဒီလောက် ဒဏ်ရာရနေတာကို" ဟု အော်ဟစ်ကျန်ရစ်လေသည်။

"ကျွန်မ ရှင့်အပေါ် ဘာမှအကြွေးမရှိဘူး။"

ထိုတစ်ခွန်းကိုသာ ချန်ထားခဲ့ပြီး ကျန်းရို ထွက်လာခဲ့တော့သည်။

တံခါးဝတွင် ပျောက်ကွယ်သွားသော ကျန်းရို၏အရိပ်ကို ကြည့်ရင်း၊ လင်းမေ့ရူသည် မိမိကိုယ်ကိုယ် အပယ်ခံရသူတစ်ဦးသဖွယ် ခံစားရကာ၊ လူတိုင်းက သူမကို မချစ်ကြတော့ဟု ယူဆကာ ဝမ်းနည်းနေမိတော့သည်။

.....

ကျန်းရို အိမ်ပြန်ရောက်ပြီးနောက် ညနေပိုင်းတွင် လီရှောင်းထံ ဖုန်းဆက်ကာ ထိုအကြောင်းကို ပြောပြလိုက်သည်။

ဖုန်းထဲတွင် လီရှောင်းသည် ခဏလောက် တိတ်ဆိတ်သွားပြီးနောက် အေးစက်သော အသံဖြင့် "သူ့ကို မေ့ထားလိုက်ပါ၊ နောက်ကျရင်လည်း ဝင်မပါနဲ့တော့၊ ကောင်းတာဆိုးတာ သူ့ဘာသာ သူ ခံစားပါစေ"

"အင်း။"

.....

ညနေစောင်းတွင် ကျန်းဖျင်သည် ရုတ်တရက် ရောက်လာလေသည်။

ကျန်းရိုသည် လီရှင်းနှင့်အတူ ခြံထဲတွင် ညစာ စားနေခိုက်ဖြစ်သည်။ အပြင်ဘက်တွင် အလင်းရောင် အနည်းငယ်ရှိနေသေးသဖြင့် စားပွဲလေးကို အပြင်ထုတ်ကာ၊ တစ်ဖက်တစ်ချက်စီတွင် ထိုင်ခုံပုလေးများဖြင့် ထိုင်စားရင်း၊ ဘေးရှိ ဖျာပေါ်တွင် လူးလာတုံ့ပြန် မှောက်လှန်နေသော ကလေးငယ်ကို ကြည့်နေကြခြင်းဖြစ်သည်။

ကလေးငယ်မှာ ဗိုက်စည်းလေးတစ်ခုနှင့် ဘောင်းဘီတိုလေး တစ်ထည်သာ ဝတ်ထားကာ၊ အလွန်ပင် သွက်လက်စွာ မှောက်လှန်နေရှာသည်။ သူမသည် ဖျာအပြင်ဘက်မှာ ညစ်ပတ်သည်ကို သိရှိဟန်ဖြင့် ဖျာပေါ်တွင်သာ ဆော့ကစားနေပြီး၊ ပင်ပန်းလာလျှင် ကျန်းရို၏အနားသို့ လိမ့်လာကာ ရေသောက်ချင်ကြောင်း သို့မဟုတ် စားချင်ကြောင်း ပြသတတ်သည်။

လက်ကလေး နှစ်ဖက်ဖြင့် စားပွဲကို အားပြုကာ မတ်တပ်ရပ်ရန်လည်း ကြိုးစားနေသေးသည်။

ကျန်းဖျင် ရောက်လာသောအခါ ကျန်းရိုက အတူတူထမင်းစားရန် ဖိတ်ခေါ်လေသည်။

ကျန်းဖျင်က မစားတော့ပါဟု ငြင်းဆိုရန် ပြင်စဉ်မှာပင် သူမ၏ဗိုက်မှ တဂွီဂွီမြည်သံ ထွက်ပေါ်လာတော့သည်။

သူမ မျက်နှာနီသွားကာ ကျန်းရိုကဆွဲ၍ ထိုင်ခိုင်းလိုက်ရာ၊ လီရှင်းက လိမ္မာစွာဖြင့် ထရပ်ကာ သူမအတွက် ထမင်းတစ်ပန်းကန် သွားခူးပေးလေသည်။

ကျန်းဖျင်က လာရသည့် အကြောင်းရင်းကို ပြောပြသည်။ မွန်းတည့်ချိန်တွင် အတန်းဖော်များ ကျောင်းသို့ သွားရောက်၍ အမှတ်ခန့်မှန်းကြသည်ကို ကြားသိရသဖြင့် သူမလည်း သွားခဲ့ခြင်းဖြစ်သည်။ "ဝမ်ယန်လည်း ရောက်နေတယ်၊ ဒီနေ့ ကျောင်းမှာ ငါတို့တွေကို အမှတ်ခန့်မှန်းပေးနေတာလေ။ ဆရာမဆီကနေ နင်လည်း စာမေးပွဲ ဖြေတယ်လို့ ကြားတာနဲ့၊ ငါလည်း လာကြည့်တာ။ မေးခွန်းလွှာတွေလည်း ငါ ယူလာခဲ့တယ်၊ နင် ကိုယ်တိုင် တွက်ကြည့်လိုက်ဦး။"

သူမသည် ကျောပိုးအိတ်ထဲမှ စာမေးပွဲ မေးခွန်းလွှာအချို့ကို ထုတ်ပေးလိုက်သည်။ "ဒါတွေက ဝမ်ယန်နဲ့ အတန်းတိုင်းက စာတော်တဲ့ ကျောင်းသားတွေ ဖြေထားတာတွေကို၊ အတန်းပိုင် ဆရာမနဲ့ ဘာသာရပ်ဆရာတွေက ဆွေးနွေးပြီး ပြန်ပြင်ထားတာတွေလေ။ အဖြေမှန်နဲ့ အတော်လေး နီးစပ်ပါတယ်၊ နင် ကြည့်လိုက်ဦး။"

ကျန်းရိုသည် လက်ထဲမှ တူကို အမြန်ချကာ မေးခွန်းလွှာများကို ယူကြည့်လိုက်ရာ၊ ပထမဆုံး စာရွက်ပေါ်ရှိ လက်ရေးမှာ ဝမ်ယန်၏လက်ရေး ဖြစ်နေသည်ကို တွေ့ရသည်။

သူမ မှတ်မိနေပါသေးသည်။ ဝမ်ယန်ဆိုသည်မှာ မူလပိုင်ရှင်နှင့် တစ်ဦးကိုတစ်ဦး တိတ်တဆိတ် ချစ်ကြိုက်ခဲ့ဖူးသူဖြစ်သည်။ သူမအနေဖြင့် ထိုသူ့အပေါ် ခံစားချက်မရှိသော်လည်း၊ လက်ရေးကို မြင်လိုက်ရသည်နှင့် အလွန်ပင် ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။

ကျန်းရိုသည် စိတ်ကို တည်ငြိမ်အောင်ထားကာ၊ အခန်းထဲသို့ ဝင်၍ ဖောင်တိန်နှင့် စာရွက် ယူလာပြီး အမှတ်စတင် ခန့်မှန်းလေသည်။

မိမိဘာသာပြန်စဉ်းစားလျှင် အကုန်လုံး မှတ်မိမည် မဟုတ်သော်လည်း၊ မေးခွန်းနှင့် အဖြေ ပေးနည်းများကို ကြည့်လိုက်သောအခါ သူမ၏မှတ်ဉာဏ်များ ပြန်လည်ပွင့်လင်းလာတော့သည်။

မှန်သည်များကို ခဲတံဖြင့် အမှန်ခြစ်ကာ၊ မသေချာသည်များကို မေးခွန်းသင်္ကေတ ပြုလုပ်ထားလေသည်။

ဘာသာစကားကိုမူ သူမ မကြည့်တော့ပေ။ အရင်က သူမဘာသာ စာအုပ်လှန်ကြည့်ပြီးသားဖြစ်ကာ၊ သူမ ဖြေဆိုနိုင်သည်များမှာ အားလုံး မှန်ကန်နေသဖြင့် ရမှတ်မှာ ၁၁၀ နှင့် ၁၂၀ ကြားတွင် ရှိပေလိမ့်မည်။

ကျန်ရှိသော ဘာသာရပ်များကို တိုက်ရိုက်ကြည့်လိုက်ရာ၊ အင်္ဂလိပ်စာတွင် ရွေးချယ်မှု မေးခွန်း သုံးခု မှားနေသည်။

သင်္ချာတွင် ရွေးချယ်မှု မေးခွန်း နှစ်ခု မှားနေကာ၊ နောက်ဆုံး ပုစ္ဆာကြီးတွင်မူ တွက်ချက်မှု အနည်းငယ် မှားယွင်းသွားပုံရသည်။

ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ... ဘာသာရပ်တိုင်းတွင် အမှားအချို့ ရှိသော်လည်း များစွာ မရှိပေ။

ခန့်မှန်းရမှတ်မှာ ၆၃၀ နှင့် ၆၅၀ ကြားတွင် ရှိနေသည်။ မနှစ်က သိပ္ပံဘာသာတွဲ၏ ပထမအဆင့် အမှတ်စာရင်းမှာ ၅၅၅ မှတ် ဖြစ်သဖြင့်၊ ကျန်းရို၏ရမှတ်မှာ များစွာ သာလွန်နေလေသည်။

ကျန်းရိုသည် ဤရလဒ်အပေါ် အံ့သြခြင်း မရှိပေ။ သူမ အရင်ဘဝက တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်မှာ ၆၆၂ မှတ် ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ အချိန်တိုအတွင်း ပြင်ဆင်ခဲ့ရသဖြင့် အရင်အဆင့်ကို မမီနိုင်သည်မှာ သဘာဝကျလှသည်။

သို့သော် ကျန်းဖျင်မှာမူ မှင်သက်သွားတော့သည်။ သူမသည် မေးခွန်းလွှာများကိုယူ၍ ပြန်လည် တွက်ချက်ကြည့်ရာ၊ ကျန်းရို အမှန်ခြစ်ထားသည်များမှာ အားလုံး မှန်ကန်နေလေသည်။ နှစ်ကြိမ်တိုင်တိုင် ပြန်တွက်ပြီးနောက် အနိမ့်ဆုံး ရမှတ်ပင်လျှင် ၆၃၂ မှတ် ရှိနေသည်ကို တွေ့ရှိလိုက်ရသည်။

ဤရမှတ်မှာ တစ်ကျောင်းလုံးတွင် ပထမရသော ကျန်းလျန် ခန့်မှန်းထားသည့် ၆၁၀ နှင့် ၆၂၀ ထက်ပင် သာလွန်နေသေးသည်။ ယခုနှစ်တွင် လူတိုင်း စာမေးပွဲ ဖြေဆိုနိုင်မှုမှာ ထင်သလောက် မကောင်းကြချေ။ ဝမ်ယန်သာ မနှစ်က မအောင်ခဲ့လျှင် ယခုနှစ်တွင် ရမှတ်မြင့်သူ ရှိနိုင်ပေလိမ့်မည်။

ကျန်းရိုမှာမူ သက်ပြင်းချနိုင်သွားကာ၊ သူမ လျှောက်ထားခဲ့သော တက္ကသိုလ်သို့ သေချာပေါက် တက်ခွင့်ရလိမ့်မယ်လို့ ယူဆလိုက်သည်။

ကျန်းဖျင်သည် ကျန်းရိုကို လေးနက်သော အကြည့်ဖြင့် ကြည့်ကာ "နောက်ထပ် အချိန်နည်းနည်းကြာရင် အောင်စာရင်း ထွက်လာလိမ့်မယ်၊ အဲ့ဒီအချိန်ကျရင် ကျောင်းက နင့်ဆီ ဖုန်းဆက်လိမ့်မယ်၊ သွားယူဖို့ မမေ့နဲ့ဦးနော်"

"အင်း... ကျေးဇူးတင်ပါတယ်နော်။" ကျန်းရို၏မျက်နှာတွင် ပျော်ရွှင်သော အပြုံးများ ပေါ်ထွက်လာသည်။

ကျန်းဖျင်သည်လည်း စိတ်ရင်းဖြင့် ပြုံးမိသွားသည်။ ကျန်းရို စာမေးပွဲဖြေမည်ဟု ကြားစဉ်ကတည်းက သူမ အမှန်တကယ် ဝမ်းသာခဲ့ခြင်းဖြစ်သည်။

သူမ၏ အထက်တန်းကျောင်းတုန်းက အခင်ဆုံးသူငယ်ချင်းမှာ စောစောစီးစီး အိမ်ထောင်ကျသွားသဖြင့် ဘဝတစ်ခုလုံး ပျက်စီးသွားရသည်ကို နောင်နှစ်ပေါင်းများစွာ ကြာချိန်တွင် ပြန်လည်အမှတ်ရရမည်ကို သူမ မလိုလားသောကြောင့်ပင်။

လဝက်ခန့် ကြာပြီးနောက်၊ ဘေးအိမ်မှ အဒေါ်ဝမ်သည် စိတ်လှုပ်ရှားစွာဖြင့် ကျန်းရိုကို လှမ်းခေါ်ကာ၊ တစ်စုံတစ်ဦးက သူမအား ဝင်ခွင့်စာလွှာသွားယူရန် ဖုန်းဆက်နေကြောင်း ပြောပြလေတော့သည်။

***

All Chapters