အခန်း (၄၀-၄၂)
Vol. 3 Ch. 40-42
အခန်း (၄၀)
ကျန်းရိုသည် ထိုသတင်းကို ကြားသည်နှင့် ထိုနေ့မွန်းလွဲပိုင်းမှာပင် လီရှင်းနှင့်အတူ အန်းအန်းကိုချီပြီး ကျောင်းသို့ သွားခဲ့သည်။ အမှတ် (၁) အထက်တန်းကျောင်းမှာ နွေရာသီကျောင်းပိတ်ရက် ရောက်နေပြီဖြစ်သော်လည်း ကျောင်းဂိတ်ဝမှာမူ အလွန်စည်ကားနေသည်။ အဝေးမှကြည့်လျှင် ကျောင်းဂိတ်ဝအထက်တွင် နာမည်ကြီးတက္ကသိုလ်များသို့ အောင်မြင်သွားသည့် ကျောင်းသားစာရင်း ရိုက်နှိပ်ထားသည့် အနီရောင် နဖူးစည်းစာတန်းကြီး ချိတ်ဆွဲထားသည်ကို မြင်တွေ့ရသည်။
ကျန်းရို၏ အမြင်အာရုံမှာ အလွန်ကောင်းမွန်ရာ ဒုတိယမြောက်နာမည်မှာ သူမ၏နာမည်ဖြစ်သည်ကို မြင်လိုက်ရသည်။ ပထမဆုံးနေရာမှာမူ ဝိဇ္ဇာတန်းမှ ကျောင်းသားတစ်ဦးဖြစ်ပြီး နိုင်ငံ၏ ထိပ်တန်းတက္ကသိုလ်သို့ အောင်မြင်သွားခြင်းဖြစ်သည်။
အမှန်စင်စစ် ကျန်းရို၏အမှတ်မှာ ပို၍ကောင်းမွန်သောကျောင်းများကို လျှောက်ထားနိုင်သော်လည်း ထိုအချိန်က ဘာသာရပ်အရင်ရွေးချယ်ပြီးမှ အမှတ်ထွက်ခြင်းဖြစ်သောကြောင့် သူမအနေဖြင့် အလွန်ကောင်းလွန်းသော ကျောင်းများကို မလျှောက်ရဲခဲ့ဘဲ ရွေးချယ်ထားသည့် ဘာသာရပ်မှာလည်း သိပ်ပြီး ခေတ်မစားလှပေ။ သို့သော် ကျန်းရိုအတွက်မူ တက္ကသိုလ်ဝင်ခွင့်ရရှိခြင်းမှာပင် အလွန်ကောင်းမွန်နေပြီဖြစ်သည်။
ကျောင်းထဲသို့ ဝင်သွားသည့်အခါ ကျန်းရိုသည် ရင်းနှီးသော မျက်နှာအချို့ကို တွေ့လိုက်ရသည်။ အားလုံးမှာ အရင်က အတန်းဖော်များဖြစ်ကြပြီး သူမကိုတွေ့သည့်အခါ သူတို့၏မျက်နှာတွင် ရှုပ်ထွေးသော အရိပ်အယောင်များ ဖြတ်ပြေးသွားကြသည်။ ကျန်းရိုကမူ တည်ငြိမ်သော မျက်နှာထားဖြင့် စီမံရေးရာရုံးခန်းဘက်သို့ လျှောက်သွားခဲ့သည်။ စာသင်ဆောင်ကို ဖြတ်သွားသည့်အခါ အတန်းပိုင်ဆရာမ ကျန်းချန့်သည် ဆရာမတစ်စုနှင့် ပြုံးရယ်ကာ စကားပြောနေသည်ကို တွေ့လိုက်ရသည်။
"ဆရာမ မင်္ဂလာပါ" ဟု ကျန်းရိုက နှုတ်ဆက်လိုက်သည်။
ကျန်းချန့်က သူမဖြစ်ကြောင်း မြင်သည့်အခါ လက်လှမ်းပြကာ "ဒီကိုလာဦး" ဟု ခေါ်လိုက်သည်။ ထို့နောက် ဘေးနားရှိ ဆရာမများကို ဂုဏ်ယူစွာဖြင့် မိတ်ဆက်ပေးလေသည်။ "ဒါက ကျွန်မရဲ့ တပည့်မ ကျန်းရိုလေ။ ကျွန်မကိုပဲ အပြစ်တင်ရမှာပါ၊ အရင်က အမှတ်စာရင်းတွေ လျှောက်တဲ့အခါ ကျောင်းကောင်းကောင်းတွေ သိပ်မလျှောက်ခိုင်းမိလို့ အခုတော့ သူ့ကို နစ်နာစေသလို ဖြစ်သွားပြီ။ မဟုတ်ရင် သူက Z တက္ကသိုလ် ဒါမှမဟုတ် H တက္ကသိုလ်ကိုတောင် တက်နိုင်တာ၊ အခုတွေးကြည့်ရင် ရင်ထဲမှာ တကယ်မကောင်းဘူး။"
ကျန်းရိုက ပြုံးလျက် အနားသို့ လျှောက်သွားကာ "ဆရာမ အဲ့လိုမပြောပါနဲ့၊ ကျွန်မရဲ့ အရည်အချင်းက ဒီလောက်ပါပဲ။ ဆရာမက ပိုကောင်းတဲ့ ကျောင်းတွေ လျှောက်ခိုင်းရင်တောင် ကျွန်မ မလျှောက်ရဲပါဘူး၊ အခုက ကံကောင်းလို့ပါ။ နောက်ပြီး G တက္ကသိုလ်က ကျွန်မ အမြဲတမ်း တက်ချင်ခဲ့တဲ့ အိပ်မက်ထဲက တက္ကသိုလ်ပါ၊ ကျွန်မ အရမ်းကျေနပ်ပါတယ်။"
ကျန်းချန့်ဘေးက ဆရာမတစ်ဦးက ပြုံးလျက် "မင်း တရုတ်တိုင်းရင်းဆေး ဘာသာရပ်ကို လျှောက်ထားတယ်လို့ ငါအခုလေးတင် မြင်လိုက်တယ်။ နောင်ကျရင် ကောင်းကောင်းသင်ယူနော်။ ငါတို့ ဆရာမတွေဆိုတာ ခန္ဓာကိုယ်မှာ အနည်းနဲ့အများတော့ အလုပ်ကြောင့်ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေ ရှိတတ်ကြတယ်၊ ပညာတတ်လာရင် ငါတို့ကိုလည်း ကြည့်ပေးဦး။"
နောက်ထပ် ဆရာမတစ်ဦးကမူ "ဘာလို့ တိုင်းရင်းဆေးဘာသာရပ်ကို သင်ယူချင်ရတာလဲ။ မင်းရဲ့ အတန်းပိုင်က ပြောတာတော့ မင်းက အင်္ဂလိပ်စာ တော်တယ်ဆို၊ နောင်ကျရင် အင်္ဂလိပ်စာ ဘာသာရပ်က ပိုပြီး အခွင့်အလမ်းများတယ်၊ အလုပ်ရှာရတာလည်း လွယ်ကူလိမ့်မယ်။"
ကျန်းရို၏မျက်နှာတွင် အပြုံးများ ပို၍တောက်ပလာကာ "ကျွန်မ တရုတ်တိုင်းရင်းဆေး ယဉ်ကျေးမှုကို အရမ်းနှစ်သက်ပါတယ်၊ အဲ့ဒီနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိုပြီး သိချင်လို့ပါ။"
ဤစကားကို သူမ အလေးအနက် ပြောဆိုခြင်းဖြစ်သည်။ အရင်က ကျင်းတာ့ယို အိမ်သို့လာပြီး ထမင်းစားစဉ်က ပြောဖူးသည်မှာ သူတို့၏ အတန်းဖော်များက တိုင်းရင်းဆေးကို အထင်အမြင်သေးကြပြီး အလကားအမှိုက်များဟု ထင်မြင်နေကြကြောင်း၊ ထိုစကားကို ကြားသည့်အခါ သူ စိတ်မကောင်းဖြစ်ကာ နိုင်ငံခြားအရာတွေကိုပဲ အထင်ကြီးနေကြသည်ဟု ဆဲဆိုခဲ့ဖူးသည်။
ထိုစဉ်က သူမ ကြားခဲ့ရစဉ်ကလည်း စိတ်ထဲတွင် မသက်မသာဖြစ်ခဲ့ရသည်။ အကြောင်းကတော့ သူမသည် အရင်ဘဝက ရဲဝန်ထမ်းအလုပ်နှင့် ထိတွေ့ခဲ့ဖူးသဖြင့် ယဉ်ကျေးမှု ကျူးကျော်မှုများမှာ အမြဲတမ်းရှိနေသည်ကို ကောင်းစွာ သိရှိထားသောကြောင့် ဖြစ်သည်။ အထူးသဖြင့် တိုင်းရင်းဆေးလောကတွင် ပို၍ ဆိုးရွားလှသည်။ နိုင်ငံခြားသားများသည် တစ်ဖက်တွင် တိုင်းရင်းဆေး အသုံးမဝင်ကြောင်း ဝါဒဖြန့်ကာ ပြည်သူများ၏ယုံကြည်မှုကို ဖျက်ဆီးနေသော်လည်း အခြားတစ်ဖက်တွင်မူ တန်ဖိုးရှိသော ဆေးနည်းများကို ခိုးယူနေကြသည်။
အရင်က ကျောင်းနေစဉ်ကလည်း အတန်းဖော်များ ပြောဖူးသည်မှာ တိုင်းရင်းဆေးသည် မကောင်းသည်မဟုတ်ဘဲ ကောင်းမွန်သော ဆေးဖက်ဝင်အပင်များနှင့် ကုန်ကြမ်းများစွာမှာ နိုင်ငံခြားသို့ ရောက်ကုန်ကြသောကြောင့် ဖြစ်သည် ဆေးအာနိသင်မှာ ဆေးကုန်ကြမ်းပေါ်တွင် မူတည်ပြီး ထွက်ရှိရာ ဒေသအလိုက် အာနိသင်မှာ များစွာ ကွဲပြားသည်။ R နိုင်ငံသည် နှစ်စဉ် ငွေကြေးအမြောက်အမြား အသုံးပြုကာ အကောင်းဆုံး တိုင်းရင်းဆေး ကုန်ကြမ်းများကို ဝယ်ယူသွားပြီး မိမိနိုင်ငံသားများမှာမူ အခြားဒေသမှ ထွက်ရှိသည်များကိုသာ အသုံးပြုနေရသည်။
ကျောင်းတုန်းက ဆရာ ပြောပြဖူးသည့် ဖြစ်ရပ်တစ်ခုမှာ လွန်ခဲ့သော ဆယ်စုနှစ်များစွာက တိုင်းရင်းဆေးဆရာအိုကြီးတစ်ဦးသည် တန်ဖိုးရှိသော ဆေးနည်းတစ်ခုကို ကာကွယ်ရန်အတွက် မိသားစုတစ်ခုလုံး အသတ်ခံခဲ့ရဖူးသည် ထိုဖြစ်ရပ်မှာ အလွန်ပင် ရက်စက်လှသည်။
တိုင်းရင်းဆေးသည် အနောက်တိုင်းဆေးပညာထက် နိမ့်ကျသည်မဟုတ်ပေ။ အနာဂတ် နှစ်ပေါင်းနှစ်ဆယ်တွင် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားသည့်အခါ နိုင်ငံတော်မှ ကာကွယ်ဆေး ထုတ်လုပ်ရာတွင် တိုင်းရင်းဆေးမှာ အလွန်ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။
ကျန်းရိုသည် မိမိကိုယ်ကိုယ် အလွန်ပင် ကွဲလွဲနေသူတစ်ဦးဟု ခံစားရသည်။ အရင်က ရဲသင်တန်းတက်စဉ်နှင့် အလုပ်သင်ဆင်းစဉ်က အလွန်ပင် ပင်ပန်းဆင်းရဲသည်ဟု ခံစားရကာ အလုပ်လုပ်ရင်းနှင့်ပင် အလုပ်ပြောင်းရန် အမြဲတွေးနေခဲ့သူ ဖြစ်သည်။ သို့သော် အခု တက္ကသိုလ်လျှောက်သည့်အခါ စိတ်ထဲတွင် ရဲသင်တန်းကျောင်းကိုပင် လျှောက်ထားချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ အကြောင်းကတော့ ထိုအချိန်က ပင်ပန်းသော်လည်း ပြန်တွေးကြည့်သည့်အခါ အလွန်ပင် စိတ်ကျေနပ်မှုရှိပြီး လွမ်းဆွတ်ဖွယ် ကောင်းနေသောကြောင့်ဖြစ်သည်။
သို့သော်လည်း သူမသည် အလွန်ပင် ဆင်ခြင်တုံတရား ရှိပါသည်။ အခုလက်ရှိ သူမ၏ခန္ဓာကိုယ် အခြေအနေမှာ အရင်ဘဝက မိမိကိုယ်ကိုယ်နှင့် ယှဉ်၍မရမှန်း သူမ သိပါသည်။ အရင်ဘဝက သူမသည် လေ့ကျင့်ရေးများတွင် အမြဲတမ်း ထိပ်တန်းက ဖြစ်ခဲ့ပြီး မိသားစု နောက်ခံမှာလည်း အလွန်စင်ကြယ်ခဲ့သည်။
အခုတော့ ထားလိုက်ပါတော့။ လီရှောင်း အကျဉ်းကျခံခဲ့ရသည့် အကြိမ်ပေါင်းမှာ မနည်းလှပေ၊ ပြစ်မှုမှတ်တမ်း မရှိသော်လည်း စုံစမ်းကြည့်လျှင် ချက်ချင်း သိနိုင်သည်။ အရေးကြီးဆုံးမှာ ကျန်းရို၏မိဘများဘက်က မိသားစုမှာ အချိန်မရွေး ပေါက်ကွဲနိုင်သည့် ဗုံးတစ်လုံးကဲ့သို့ ဖြစ်နေခြင်းပင်။ သူမအနေဖြင့် ကျောင်းမပြီးခင် ထိုမိသားစုကြောင့် ဒုက္ခရောက်ရမည်ကို မလိုလားပေ။
ကျန်းချန့်က သူမ၏ပခုံးကို ပုတ်ကာ "ကောင်းကောင်း သင်ယူနော်၊ ဘယ်ဘာသာရပ်ပဲဖြစ်ဖြစ် တော်အောင် သင်ယူနိုင်ရင် လူတော်တစ်ယောက် ဖြစ်လာမှာပါ" ဟု အားပေးခဲ့သည်။ ကျန်းရိုကလည်း ခေါင်းညိတ်ကာ ထိုအမြင်ကို သဘောတူခဲ့သည်။
.....
စကားအနည်းငယ် ပြောပြီးနောက် လီရှင်းနှင့် အန်းအန်းကို ခေါ်ကာ ထွက်လာခဲ့သည်။ စီမံရေးရာ ရုံးခန်းသို့ ရောက်သည့်အခါ လှေကားပေါ်မှ ဆင်းလာသော လူအချို့ကို တွေ့လိုက်ရပြီး ထိုအထဲတွင် ကျန်းဖျင်လည်း ပါဝင်သည်။ ကျန်းဖျင်၏လက်ထဲတွင် ဝင်ခွင့်လက်မှတ် နှစ်စောင်ကို ကိုင်ထားပြီး ခြေသံကြားသဖြင့် မော့ကြည့်သည့်အခါ ကျန်းရို ဖြစ်နေသည်ကို မြင်သဖြင့် ပြုံးရွှင်စွာ လက်လှမ်းပြလိုက်သည်။ "နင့်ကို လာရှာမလို့ပဲ၊ လာလေ... ဒါ နင့်ရဲ့ ဝင်ခွင့်လက်မှတ်။"
ကျန်းရိုက အမြန်လျှောက်သွားကာ သူမ၏ အနီရောင် ဝင်ခွင့်လက်မှတ်ကို လှမ်းယူလိုက်သည်။ အပေါ်တွင် တက္ကသိုလ်အမည်နှင့် ကျောင်းဂိတ်ဝပုံရိပ်ပါရှိပြီး ကြည့်ရသည်မှာ အလွန်ပင် ခန့်ညားထည်ဝါလှသည်။ သူမက မပြုံးဘဲမနေနိုင်ဘဲ ကျန်းဖျင်ကို မေးလိုက်သည်။ "နင်ကရော ဘယ်ကျောင်းလဲ။"
ကျန်းဖျင်က ပခုံးတွန့်ကာ "ပထမဆုံး လျှောက်ထားတဲ့ ကျောင်းက မရဘူး၊ တော်သေးတာက ဒုတိယ လျှောက်ထားတဲ့ ကျောင်း ရသွားတယ်၊ ပြည်နယ်မြို့တော်က ဆရာအတတ်သင် တက္ကသိုလ်လေ။"
ကျန်းရိုက ထိုနေ့က သူမ ပြောပြဖူးသည်ကို မှတ်မိနေသည်။ ပထမဆုံး လျှောက်ထားသည်မှာ ပေကျင်းဆရာအတတ်သင် တက္ကသိုလ်ဖြစ်သည်။ ထို့ကြောင့် သူမက "ရပါတယ်၊ နောင်ကျရင် ပေကျင်းဆရာအတတ်သင် တက္ကသိုလ်မှာ မဟာတန်းကို ဆက်တက်လို့ ရတာပဲ" ဟု အားပေးလိုက်သည်။
"မဟာတန်း?"
မြို့ငယ်လေးတွင် သတင်းအချက်အလက်များမှာ ပိတ်ဆို့နေပြီး ကျောင်းသားများမှာလည်း ပြင်ပလောကအကြောင်း များစွာ မသိကြပေ။ သူတို့ အကြားရဆုံးမှာ တက္ကသိုလ်ဖြစ်ပြီး တက္ကသိုလ် တက်ရလျှင် အားလုံး ပြီးပြည့်စုံသွားပြီဟု ထင်မှတ်နေကြသည်။
ဘေးနားတွင် ရပ်နေသည့် ရုပ်ရည်သန့်ပြန့်သော လူငယ်လေးတစ်ဦးက ဝင်ပြောလိုက်သည်။ "အဲ့ဒါက မဟာတန်း ကျောင်းသားလေ၊ အဲ့ဒီထက် မြင့်ရင်တော့ ပါရဂူဘွဲ့ပေါ့။ မဟာတန်း ပြီးသွားရင် တက္ကသိုလ်မှာ ဆရာအဖြစ် လုပ်လို့ရတယ်။"
ကျန်းဖျင်က ထိုအရာများကို အလွန်ပင် အံ့အားသင့်ဖွယ် ကောင်းသည်ဟု ထင်မြင်ကာ မိမိနှင့် အလွန်ပင် ဝေးကွာလှသည်ဟု ခံစားရသဖြင့် "အဲ့ဒါက အောင်ဖို့ ခက်လား" ဟု တွန့်ဆုတ်စွာ မေးလိုက်သည်။ တက္ကသိုလ်ဆရာမ ဖြစ်ရန်ဆိုသည်မှာ သူမ တစ်ခါမှ မစဉ်းစားဖူးသည့် အရာပင်။ သူမ၏ မိဘများမှာ သာမန် လယ်သမားများဖြစ်ကြပြီး သူမအပေါ် အကြီးမားဆုံး မျှော်လင့်ချက်မှာ တက္ကသိုလ်ပြီးလျှင် မြို့သို့ပြန်လာကာ ရုံးအလုပ်တစ်ခု ရရှိရန်သာ ဖြစ်သည်။ ထိုအရာမှာ အကောင်းဆုံးဟု သူတို့ ထင်မြင်ကြသည်။
ကျန်းရိုက "စတုတ္ထနှစ်ရောက်မှ ဖြေရမှာပါ၊ နောက်ထပ် လေးနှစ်တောင် လိုသေးတယ်၊ နင် စောစောစီးစီး ပြင်ဆင်ထားရင် ရပါတယ်" ဟု ရှင်းပြလိုက်သည်။ ကျန်းဖျင်က ခေါင်းညိတ်လိုက်ပြီး စိတ်ထဲတွင် လှုပ်ခတ်သွားသည်။
ကျန်းဖျင်ဘေးတွင် ရပ်နေသည့် လူငယ်လေးက ကျန်းရိုကို ရုတ်တရက် မေးလိုက်သည်။ "နင်က ဘာလို့ G ပြည်နယ်ကို သွားဖြေရတာလဲ။ အရင်ကတော့ S မြို့က တက္ကသိုလ်တွေကို ဖြေချင်တယ်လို့ ပြောဖူးတယ် မဟုတ်လား။"
ကျန်းရိုက ထိုလူငယ်ကို မော့ကြည့်လိုက်သည်။ ဤသူမှာ ကျန်းဖျင်ပြောဖူးသည့် ဝမ်ယန် ဖြစ်ပေလိမ့်မည်။ ရုပ်ရည်မှာ သန့်သန့်ပြန့်ပြန့်နှင့် စာပေသမားပုံစံရှိသော်လည်း လီရှောင်းထက် ခေါင်းတစ်ဝက်ခန့် ပုသည်။ လီရှောင်းမှာ အလွန်အရပ်ရှည်ပြီး ၁.၈၆ မီတာ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ကျန်းရိုမှာလည်း မပုသော်လည်း နှစ်ယောက် အတူရပ်သည့်အခါ သူမ၏ အရပ်မှာ လီရှောင်း၏ မေးစေ့နားအထိသာ ရောက်သည်။
ဝမ်ယန်မှာ ၁.၇၈ မီတာခန့် ရှိမည်။ သူ့အကြည့်မှာ ကျန်းရို၏မျက်နှာမှတစ်ဆင့် နောက်က လီရှင်း ချီထားသည့် ကလေးငယ်ဆီသို့ ရောက်သွားသည်။ ဝိုင်းစက်ဖြူဖွေးနေသော ထိုမျက်နှာလေးမှာ လီရှောင်း၏ပုံရိပ်နှင့် ဆင်တူနေသည်။ သူသည် လီရှောင်းကို မှတ်မိနေသည်။ ထိုမျှလောက် ချောမောသော အမျိုးသားမှာ တွေ့ရခဲလှသည်။ ထိုကလေးမှာ ထိုအမျိုးသားနှင့် အလွန်တူလှသည်။ သူ့စိတ်ထဲတွင် အနည်းငယ် ခါးသက်သွားသည်။
ကျန်းရို စကားမပြောရသေးခင်မှာပင် မိန်းကလေးတစ်ဦးက ကြားဖြတ်၍ "သူ့ယောက်ျားက G ပြည်နယ်မှာ ရှိနေတာပဲ၊ မိသားစု အတူတူရှိနေတာ ပိုကောင်းတာပေါ့" ဟု စနောက်သလို ပြောလိုက်သည်။ ကျန်းရိုက ထိုမိန်းကလေးကို ကြည့်လိုက်သည့်အခါ သူမက ပြုံးနေသော်လည်း ကျန်းရို ကြည့်လိုက်သည့်အခါ အပြုံးကို သိမ်းလိုက်ပြီး "ငါ ခန့်မှန်းတာ မှားလို့လား" ဟု မသိနားမလည်ဟန်ဖြင့် မေးလေသည်။ ကျန်းရို မျက်မှောင်ကြုတ်သွားပြီး ထိုသူ၏အပြောအဆိုမှာ မနာလိုသလို ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
နောက်က လီရှင်းက ရှေ့သို့ တစ်လှမ်းတက်လာကာ ရုတ်တရက် ပြောလိုက်သည်။ "နင့်ကို ငါမှတ်မိတယ်၊ အရင်တုန်းက ကျောင်းလာအပ်တုန်းက နင် ငါ့မမနောက်ကနေ ကွယ်ရာမှာ လှောင်နေတာ မဟုတ်လား။ ကျောင်းတုန်းက စာမတော်ခဲ့ဘဲ အခု တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ဘာများ အောင်နိုင်မှာလဲလို့ ပြောခဲ့တာလေ။" ပြောပြီးနောက် သူမလက်ထဲက ဝင်ခွင့်လက်မှတ်ကို ကြည့်ကာ "ဩော်... ဒီမြို့က ဒုတိယတန်းစား ကောလိပ်ပဲကိုး၊ ငါ့မမလောက်တောင် မတော်ပါလား။"
ထိုကျောင်းသူမှာ မျက်နှာနီသွားပြီး လက်ထဲက ဝင်ခွင့်လက်မှတ်ကို နောက်သို့ အမြန်ဝှက်လိုက်ကာ "နင် ဘာတွေ လျှောက်ပြောနေတာလဲ" ဟု စိတ်ဆိုးမာန်ဆိုး ပြောလေသည်။
လီရှင်းက မျက်လုံးလှန်ပြကာ "ငါ လျှောက်ပြောတာ မဟုတ်ပါဘူး၊ နင်တို့တွေ အသံကျယ်ကျယ်နဲ့ ပြောနေကြတာပဲ၊ ငါတို့က နားမကန်းပါဘူး။" ဟု ပြောရင်း ကျန်သည့် လူများကိုလည်း ဝေ့ကြည့်လိုက်သည်။
ကျန်သည့် လူအချို့မှာလည်း ရှက်ကိုးရှက်ကန်း ဖြစ်သွားကြသည်။ အားလုံးမှာ ကျန်းရိုလောက် အမှတ်မကောင်းကြပေ။ ကျန်းရိုသည်လည်း အလျှော့ပေးမည့်သူ မဟုတ်ရာ လီရှင်းကို "သွားစို့၊ အရေးမပါတာတွေနဲ့ ငြင်းမနေနဲ့တော့၊ အရည်အချင်း မရှိတဲ့လူတွေကပဲ အသံကျယ်ကျယ်နဲ့ အော်တတ်ကြတာ" ဟု ပြောလိုက်သည်။ ပြောပြီးသည်နှင့် လှည့်ထွက်လာခဲ့သည်။
လီရှင်းက အန်းအန်းကို ချီလျက် ထိုလူများကို တစ်ချက်ကြည့်ကာ နောက်မှ လိုက်သွားခဲ့သည်။ စိတ်ထဲတွင် အလွန်ပင် ကျေနပ်သွားသည်။ ထိုမိန်းကလေးမှာ မျက်နှာပျက်ကာ ကျန်ရစ်ခဲ့ပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။
ဝမ်ယန်မှာမူ ကျန်းရို၏ ကျောပြင်ကို ကြည့်ရင်း ငေးနေမိသည်။ သူမှတ်မိသလောက် ကျန်းရိုမှာ အလွန်ပင် ကြောက်တတ်ပြီး နူးညံ့သိမ်မွေ့သူ ဖြစ်သည်။ သူတစ်ပါးက အနိုင်ကျင့်လျှင်တောင် ပြန်မပြောဘဲ တိတ်တဆိတ်သာ ခံတတ်သူ ဖြစ်သည်။ ယခုကဲ့သို့ ပြတ်ပြတ်သားသား ပြန်ပြောနိုင်လိမ့်မယ်လို့ သူ မထင်ထားခဲ့ပေ။
ကျန်းဖျင်မှာလည်း ခဏမျှ ကြောင်သွားပြီးမှ တစ်ခုခုကို သတိရသွားသလိုမျိုး နောက်မှ အမြန်လိုက်သွားခဲ့သည်။
လူမီသည့်အခါ သူမက ကျန်းရိုကို မဟာတန်းဖြေရန် မည်သို့ ပြင်ဆင်ရမည်ကို မေးလေသည်။ ကျန်းရိုက သူမကို ရှင်းပြလိုက်သည်။ "မဟာတန်း ဖြေရတာက တက္ကသိုလ်ဝင်ခွင့် စာမေးပွဲနဲ့ မတူဘူး။ မေးခွန်းက နင်လျှောက်တဲ့ ကျောင်းက ဆရာတွေက ထုတ်တာ။ စာမေးပွဲမှာ စာတွေ့နဲ့ လူတွေ့ ရှိတယ်။ စာတွေ့အတွက်ဆိုရင် အဲ့ဒီကျောင်းက အဲ့ဒီဘာသာရပ်တက်နေတဲ့ ကျောင်းသားတွေနဲ့ ဆက်သွယ်ပြီး အဲ့ဒီဆရာရဲ့ သင်ခန်းစာ မှတ်စုတွေကို ရှာကြည့်ရမယ်။ မရလည်း ကိစ္စမရှိဘူး၊ သတ်မှတ်ထားတဲ့ ဘာသာရပ်တွေရှိတယ်၊ အဲ့ဒီစာအုပ်တွေကို ပိုင်နိုင်အောင် ဖတ်ထားရင် ရပါပြီ။ လူတွေ့အတွက်ကတော့ အရင်ဖြေဖူးတဲ့ စီနီယာတွေကိုမေးပြီး အတွေ့အကြုံယူရမှာပေါ့..."
သူမက များစွာ ရှင်းပြခဲ့ရာ ကျန်းဖျင်က သေချာနားထောင်နေခဲ့သည်။ ကျောင်းဂိတ်ဝသို့ ရောက်သည့်အခါ ကျန်းရိုက "ဖြေချင်ရင် ကြိုးစားပြီး ဖြေကြည့်ပါ၊ သာမန် ကောလိပ်ကနေ ပေကျင်းတက္ကသိုလ်မှာ မဟာတန်း တက်ခွင့်ရတဲ့လူတွေတောင် ရှိတာပဲ၊ နင်လည်း သေချာပေါက် ဖြစ်နိုင်မှာပါ" ဟု ပြောခဲ့သည်။
ကျန်းဖျင်မှာ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ကာ "ငါ အရင်က နွေရာသီ ပိတ်ရက်မှာ S မြို့ကို သွားပြီး အလုပ်လုပ်မလို့ စဉ်းစားထားတာ၊ အခုတော့ မသွားတော့ဘူး။ မြို့မှာပဲ အလုပ်တစ်ခုခု ရှာလုပ်ရင်း အားတဲ့အချိန်မှာ စာဖတ်မယ်"
ကျန်းရိုက လက်ယမ်းပြကာ "ငါ သွားတော့မယ်နော်၊ နောက်မှ ဆက်သွယ်ကြတာပေါ့" ဟု နှုတ်ဆက်လိုက်သည်။
ကျန်းဖျင်ကလည်း ရပ်နေရင်း "အေး... နောက်မှ ဆက်သွယ်မယ်" ဟု ပြန်နှုတ်ဆက်ခဲ့သည်။
.....
အပြန်လမ်းတွင် ကျန်းရိုသည် ကိတ်မုန့် စားချင်စိတ် ဖြစ်ပေါ်လာသည်။ အခုက မွေးနေ့မဟုတ်သော်လည်း မိမိကိုယ်ကိုယ် ဆုချသည့်အနေဖြင့် ဝယ်စားရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ကလေးကိုချီကာ လီရှင်းနှင့်အတူ တောင်ဘက်လမ်းသို့ သွားခဲ့သည်။ ထိုလမ်းတွင် နာမည်ကြီး ကိတ်မုန့်ဆိုင် တစ်ဆိုင် ရှိသည်။ ကျန်းရိုက ရှစ်လက်မ ကိတ်မုန့်တစ်လုံးကို မှာယူလိုက်သည်။ ခဏစောင့်ရဦးမည် ဖြစ်သဖြင့် စျေးသို့ တစ်ခေါက် သွားခဲ့သည်။
တစ်နာရီခန့် လျှောက်ကြည့်ကာ အသားနှင့် ဟင်းသီးဟင်းရွက်များ ဝယ်ပြီးနောက် ကိတ်မုန့်ဆိုင်သို့ ပြန်သွားကာ ကိတ်မုန့်ယူပြီး အိမ်သို့ တန်းပြန်ခဲ့သည်။ သူတို့ သုံးယောက်မှာ လမ်းကြားလေးအတိုင်း လျှောက်လာကြသည်။ ထိုလမ်းမှာ ပို၍နီးသည်။ အန်းအန်းမှာ ကျန်းရို၏ရင်ခွင်ထဲတွင် ငြိမ်နေပြီး သိပ်ပြီး တက်ကြွမနေပေ။ အခုက မွန်းတည့်ချိန်နီးနေပြီဖြစ်သဖြင့် အနည်းငယ် ပူအိုက်နေသည်။
ကျန်းရိုက ကြည့်ပြီး စိတ်မကောင်းဖြစ်ကာ အခုလေးတင် ဝယ်လာသည့် စပျစ်သီးတစ်လုံးကို အခွံနွှာပြီး ကျွေးလိုက်သည်။ စပျစ်သီးက အနည်းငယ် ချဉ်သော်လည်း ကလေးငယ်က မြည်းကြည့်ပြီးနောက် မျက်နှာလေး ရှုံ့သွားသည်။ ကျန်းရိုက ရယ်မောကာ စပျစ်သီးကို အနည်းငယ် ခွာလိုက်ပြီး "စားဦးမလား" ဟု မေးလိုက်သည်။
ကလေးငယ်က ပါးစပ်လေး လှုပ်လှုပ်ရွရွ လုပ်ကာ လက်ကလေး လှမ်းနေသဖြင့် စားချင်သေးမှန်း သိရသည်။ စပျစ်သီးထဲတွင် အစေ့ပါသဖြင့် ကျန်းရိုက တစ်လုံးလုံး မကျွေးရဲဘဲ သူမလက်ထဲမှာ ကိုင်ထားပြီး အပြင်ဘက်အသားကိုသာ ကျွေးသည်။ ကလေးငယ်မှာ သွားအကုန် မပေါက်သေးသဖြင့် စပျစ်သီးလုံးပေါ်တွင် သွားရာလေး သုံးခု ထင်ကျန်နေခဲ့သည်မှာ အလွန်ပင် ချစ်စရာ ကောင်းလှသည်။
ထိုစဉ် ရှေ့က လျှောက်နေသည့် လီရှင်းက ရုတ်တရက် ရပ်လိုက်ပြီး "မမ... ဟိုရှေ့က ဟိုဟယ်ဝမ်ဟွာရဲ့မိန်းမ မဟုတ်လား" ဟု တိုးတိုးလေး မေးလိုက်သည်။ ကျန်းရို ကြားသည်နှင့် မော့ကြည့်လိုက်သည်။ လမ်းကြားရှေ့ မလှမ်းမကမ်းတွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ဆွဲလားရမ်းလားဖြင့် လျှောက်လာနေကြသည်။ ထိုအမျိုးသားမှာ ဟယ်ဝမ်ဟွာမှတစ်ပါး အခြားသူ မဟုတ်သည်ကို သူမ တစ်ချက်ကြည့်ရုံနှင့် သိလိုက်သည်။ အမျိုးသမီးမှာမူ သူမအတွက် စိမ်းနေသည်။ အသားမှာ ဝါကျင်ကျင်ရှိပြီး ခန္ဓာကိုယ်မှာ အနည်းငယ် ဝဝဖိုင့်ဖိုင့်ရှိကာ ရင်ခွင်ထဲတွင် ကလေးတစ်ဦးကို ချီထားသည်။
ထိုအမျိုးသမီး၏အသံမှာ စူးရှလှသည်။ "ရှင် ဘယ်သူ့ကို မျက်နှာပျက်ပြနေတာလဲ။ ဟန်မဆောင်ပါနဲ့၊ အရင်က ရှင့်ညီ လီရှောင်းကို ကျောင်းထုတ်ခိုင်းတာ ရှင့်အမိန့်နဲ့ ကျွန်မလုပ်ခဲ့တာလေ။ အခုတော့ သူများရှေ့မှာ သားကောင်းယောင် ဆောင်နေတာလား။ ရှင့်ရဲ့ စိတ်ပုပ်စိတ်ယုတ်တွေကို ဘယ်သူမှ မသိဘူး ထင်နေလား၊ အခုတော့ အပြစ်အားလုံးကို ကျွန်မခေါင်းပေါ် ပုံချနေတယ်..."
လီရှင်းက ကျန်းရိုအနားသို့ တိုးကပ်လာကာ "သူပဲ... အရင်တစ်ခေါက်က ကျွန်မနဲ့ အဒေါ်ဝမ် စျေးသွားတုန်းက တွေ့ခဲ့တာ၊ အဒေါ်ဝမ်က ကျွန်မကို ပြဖူးတယ်"
ကျန်းရိုက ခေါင်းညိတ်ကာ လူကိုဆွဲပြီး ဘေးနားရှိ သစ်ပင်အောက်တွင် ဝှက်လိုက်သည်။ ထိုလမ်းကြားမှာ အနည်းငယ် ကျယ်ဝန်းပြီး ညာဘက်အရှေ့တွင် အများသုံးအိမ်သာ ရှိသည်။
အဝေးတွင် ဟယ်ဝမ်ဟွာမှာ မျက်နှာပျက်လျက် ရှေ့မှ လျှောက်နေပြီး ထိုစကားကို ကြားသည့်အခါ ရုတ်တရက် လှည့်၍ ထိုအမျိုးသမီးကို ပါးတစ်ချက် ရိုက်လိုက်သည်။ "ဖြန်း" ဟူသော အသံမှာ အလွန်ပင် ကျယ်လောင်လှပြီး အားပါလှသည်ကို သိသာစေသည်။ အမျိုးသမီးမှာ ရိုက်ခံရသဖြင့် ကြောင်သွားပြီးမှ "ရှင် ကျွန်မကို ရိုက်တယ်လား။ ရှင် ကျွန်မကို ရိုက်ရဲတယ်ပေါ့" ဟု အော်ဟစ်ကာ "ရှင့်ကျောင်းကို သွားပြီး ရှင်အရင်က ဘာတွေ လုပ်ခဲ့လဲဆိုတာ အကုန်ပြောပြလိုက်မယ်ဆိုတာ ယုံလား" ဟု ငေါ့တော့တော့ အော်လေသည်။
ဟယ်ဝမ်ဟွာ၏ မျက်နှာမှာလည်း အလွန်ပင် ကြည့်မကောင်းလှပေ။ "ပြောလေ... သွားပြော။ လီရှောင်းဆိုတဲ့ အကောင်က အရွယ်မရောက်သေးတဲ့ ကလေးနဲ့ အိပ်ခဲ့တယ်ဆိုပြီး ငါ့ကို ခြိမ်းခြောက်ခိုင်းတာ မဟုတ်လား" ဟု ဆိုလိုက်သည်။
ထိုအမျိုးသမီး၏ မျက်နှာမှာ ခဏမျှ တုံ့သွားသည်။ ဟယ်ဝမ်ဟွာက သူမ၏ လည်ပင်းကို တစ်ဖက်တည်းဖြင့် ညှစ်ကာ "နင့်ကို ငါလက်ထပ်လိုက်တာက နင့်ကို ကြောက်လို့လို့ မထင်နဲ့။ နင်လုပ်နိုင်ရင် လုပ်ကြည့်လိုက်လေ၊ နင့်ကို ငါဘယ်လို သတ်ပစ်မလဲဆိုတာ ကြည့်ထားလိုက်" ဟု ရက်စက်သော မျက်နှာထားဖြင့် ပြောလေသည်။
ထိုအမျိုးသမီးမှာ ဟယ်ဝမ်ဟွာ၏ ဤကဲ့သို့သော ပုံစံမျိုးကို တစ်ခါမှ မတွေ့ဖူးသဖြင့် အလွန်ပင် ကြောက်လန့်သွားကာ နာကျင်စွာဖြင့် သူ့လက်ကို တွန်းဖယ်နေပြီး မျက်လုံးများတွင် ထိတ်လန့်ရိပ်များ ထင်ဟပ်နေသည်။ ဟယ်ဝမ်ဟွာ၏ လက်ထဲက အရှိန်မှာ ပို၍ ပြင်းလာသည်။ သူမရင်ခွင်ထဲက ကလေးမှာ တစ်ခုခုကို သိသွားသလိုမျိုး ရုတ်တရက် "ဝါး" ခနဲ ငိုချလိုက်သည်။ ဟယ်ဝမ်ဟွာက တစ်ချက်ကြည့်ကာ လက်ကို ဖြုတ်လိုက်ပြီး လှည့်ထွက်သွားခဲ့သည်။ သို့သော် လှည့်လိုက်သည်နှင့် ကျန်းရိုနှင့် တည့်တည့် တိုးလေတော့သည်။
ကျန်းရိုသည် ကလေးငိုသံကို ကြားသဖြင့် ထွက်လာခဲ့ခြင်းဖြစ်သည်။ အခုတော့ ထိုသူနှင့် တည့်တည့်တိုးသော်လည်း သူမ မကြောက်ပေ။ တည်ငြိမ်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူ့နောက်က အမျိုးသမီးကို ဝေ့ကြည့်လိုက်သည်။ ထို့နောက် ဘာမှမဖြစ်ခဲ့သလိုမျိုး ကလေးကိုချီကာ ရှေ့သို့ ဆက်လျှောက်သွားခဲ့သည်။ လီရှင်းမှာ ဟင်းသီးဟင်းရွက်နှင့် ကိတ်မုန့်ကိုကိုင်ကာ နောက်မှ လိုက်လာခဲ့သည်။
ဟယ်ဝမ်ဟွာမှာ ခဏရပ်သွားပြီး ကျန်းရို ဘေးမှ ဖြတ်သွားသည့်အခါ လှည့်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။ အဝေးသို့ ရောက်သည့်အခါ လီရှင်းက "သူတို့ အခုနက ပြောနေတာ အစ်ကို့အကြောင်းလား" ဟု မေးလိုက်သည်။ တစ်ခုခုမှားနေသည်ကို သူမ သတိထားမိလိုက်သည်။
ကျန်းရိုက "အင်း" ဟု ပြန်ဖြေကာ အရင်က လီရှောင်း၏အကြောင်းကို အကြမ်းဖျင်း ပြောပြလိုက်သည်။ "ဒါကြောင့် နောင်ကျရင် ဘယ်သူမဆို အစ်ကို့အကြောင်း ပြောတာကြားရင် နင် ပြန်ဆဲလိုက်။ သူက အပြစ်မရှိဘဲ စွပ်စွဲခံရတာ"
လီရှင်းက ကြားရသည်နှင့် အလွန်ပင် စိတ်တိုသွားကာ "ဘယ်လိုတောင်လဲ။ ခဲအိုက သူ့ကို ဘာလို့ သတ်မပစ်တာလဲ" ဟု ပြောရင်း ဘေးနားက နံရံကို တစ်ချက် ကန်လိုက်သည်။
ကျန်းရို: "..." သူမ သိလိုက်ပြီ။ ဤကောင်မလေးမှာ အပြင်ပန်းကြည့်လျှင် အေးဆေးသော်လည်း စိတ်ထဲတွင်မူ ဒေါသကြီးသူ ဖြစ်နေသည်။ သူမက အမြန်ချော့ရသည်။ "နင့်အစ်ကိုက ရိုက်ပြီးပါပြီ၊ သူတို့လည်း ခံလိုက်ရတာပဲ။ နင့်အစ်ကို့ဆီက ဒါမျိုးတွေကို လျှောက်မသင်နဲ့၊ တစ်ခုခုဆိုရင် ဦးနှောက်သုံးရမယ်၊ သတ်မယ်ဖြတ်မယ်ပဲ မလုပ်နဲ့၊ လူမိုက်နဲ့ တူနေလိမ့်မယ်။"
လီရှင်းက ဘာမှပြန်မပြောသော်လည်း စိတ်ထဲတွင်မူ မကျေနပ်သေးပေ။
......
အိမ်သို့ပြန်ရောက်ပြီး ထမင်းစားပြီးနောက် ကျန်းရိုသည် ပစ္စည်းများ စတင်သိမ်းဆည်းတော့သည်။ ကလေးငယ်မှာ အခုဆိုလျှင် လူတွဲပေးပါက လမ်းလျှောက်နိုင်နေပြီဖြစ်သည်။ လီရှင်းက သူမ၏ချိုင်းနှစ်ဖက်မှ မပေးထားလျှင် သူမ၏ခြေထောက်တိုတိုလေးများမှာ ယိုင်တိုင်တိုင်ဖြင့် လမ်းလျှောက်နေတော့သည်။ ကျန်းရိုက အခန်းထဲတွင် ပစ္စည်းသိမ်းရင်း လျှောက်သွားသည့်အခါ သူမက နောက်က လိုက်ပြေးပြီး ကျန်းရို၏ ခြေထောက်ကို ဖက်ကာ မော့ကြည့်ပြီး သွားသုံးချောင်းလေး ပေါ်အောင် ရယ်ပြတတ်သည်။ ထိုအခါ ကျန်းရိုက ငုံ့ပြီး သူမကို တစ်ချက် နမ်းလိုက်ရသည်။
လီရှင်းက သူမကို ပုန်းတမ်းကစားနည်း သင်ပေးထားရာ နှစ်ယောက်သား တံခါးဝတွင် ပုန်းနေကြပြီး အခန်းထဲက ကျန်းရိုကို ချောင်းကြည့်နေကြသည်။ ကျန်းရိုကလည်း မသိချင်ယောင်ဆောင်ပေးကာ "ဟယ်... အန်းအန်း ဘယ်ရောက်သွားပါလိမ့်။ အန်းအန်း ဘယ်ကို ပြေးသွားတာလဲ" ဟု ရည်ရွယ်ချက်ရှိရှိ မေးလိုက်သည်။ ထိုအခါ ကလေးငယ်မှာ အလွန်ပင် ပျော်ရွှင်သွားပြီး ကျန်းရိုက သူမကို တွေ့သွားသည့်အခါ ပို၍ပင် စိတ်လှုပ်ရှားကာ ထပ်ပြီး ပြေးချင်နေတော့သည်။ အလွန်ပင် ဆော့ကစားတတ်သော ကလေးလေး ဖြစ်သည်။
အိမ်မှာ ကြည့်ရသည်မှာ ပစ္စည်း သိပ်မရှိသလို ထင်ရသော်လည်း သိမ်းဆည်းသည့်အခါ အလွန်ပင် များပြားလှသည်။ ကျန်းရိုနှင့် အန်းအန်း၏ အဝတ်အစားများ၊ ဖိနပ်များ၊ စောင်များနှင့် အခင်းများ... အထုပ်ကြီး နှစ်ထုပ်မက ရှိနေသည်။ ကျန်းရိုက ပစ္စည်းသိမ်းခြင်းကို ခဏရပ်ကာ မနက်ဖြန်မှ ဆက်သိမ်းရန် ဆုံးဖြတ်လိုက်သည်။
ညဘက်တွင် ကျန်းရိုနှင့် လီရှင်းတို့သည် ကျန်ရှိနေသော ကိတ်မုန့်ကို စားလိုက်ကြသည်။ အန်းအန်းမှာ ထိုကိတ်မုန့်ကို အလွန်ပင် ကြိုက်ပုံရပြီး ပါးစပ်တစ်ဝိုက်တွင် အဖြူရောင်များ ပေပွနေသည်။ သို့သော် ကျန်းရိုက သူမကို အများကြီး မကျွေးဘဲ စပျစ်သီးကိုသာ ကျွေးသည်။
ကျန်းရိုက ကိတ်မုန့် နှစ်တုံးကို လှီးပြီး ဘေးအိမ်က အဒေါ်ဝမ်ဆီသို့ သွားပို့ခဲ့သည်။ အဒေါ်ဝမ်မှာ ကျန်းရိုတို့ သန်ဘက်ခါ သွားမည်ကို သိထားသဖြင့် နောက်တစ်နေ့ မနက်တွင် နို့ခဲသကြားလုံး နှစ်ဗူး လာပို့ပေးကာ လမ်းတွင် စားရန် ပြောခဲ့သည်။ ကျန်းရိုက လီရှင်းကို ကျိုးကျန့်၏အိမ်သို့ တစ်ခေါက်လွှတ်ကာ တစ်ခုခုလိုသလား မေးခိုင်းခဲ့သည်။ လီရှင်း ပြန်လာသည့်အခါ ဝက်အူချောင်း၊ ငါးခြောက်နှင့် ဘဲကင် အိတ်တစ်ဝက်ခန့် ပါလာခဲ့သည်။ လီရှင်းက "မမက အရမ်း ဖော်ရွေတယ်၊ ဒါတွေကို မိသားစု နှစ်ခု ခွဲစားဖို့ ပြောလိုက်တယ်"
ကျန်းရိုမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားပြီး သယ်မသွားနိုင်မှာ စိုးသဖြင့် သူမ၏ပစ္စည်းအချို့ကို ဖယ်ထုတ်လိုက်ရသည်။ ဟိုရောက်မှ ဝယ်ယူရန် ဆုံးဖြတ်လိုက်သည်။ မွန်းလွဲပိုင်းတွင် ကျန်းရိုနှင့် လီရှင်းတို့သည် အိမ်ကို တစ်ခေါက် သန့်ရှင်းရေး လုပ်လိုက်ကြသည်။ အသုံးမလိုသည့် ပစ္စည်းများကို ဆေးကြောပြီး သိမ်းလိုက်ကာ အဝတ်ဟောင်းများကိုလည်း နေပူလှန်းလိုက်ကြသည်။
အလုပ်လုပ်နေစဉ်မှာပင် ကျန်းယန်သည် ရုတ်တရက် ရောက်လာခဲ့သည်။ သူမမှာ လမ်းလျှောက်လာပုံရပြီး တစ်ကိုယ်လုံး ချွေးများ ရွှဲနေသည်။ သူမသည် အိမ်ထဲဝင်လာသည်နှင့် ကျန်းရိုကို တွေ့ကာ "နင် အောင်သွားတယ်လို့ ငါကြားတယ်" ဟု အလောတကြီး မေးလိုက်သည်။ မေးခွန်းပုံစံ ဖြစ်သော်လည်း အတည်ပြုနေသည့် ပုံစံမျိုးဖြစ်သည်။
ရွာထဲက ဟွမ်ချင်းချင်း၏ကလေးမှာ မအောင်သဖြင့် အိမ်မှာငိုနေပြီး သူမ၏ မိဘများက သူမကို အသုံးမကျဘူးဟု ဆဲဆိုကာ ကျန်းရိုကိုတောင် မမီဘူးဟု ပြောခဲ့ကြသည်။ ထိုစကားမှာ ရွာထဲတွင် ပြန့်သွားပြီး နောက်ဆုံးတွင် ကျန်းရိုသည် နာမည်ကြီးတက္ကသိုလ်သို့ အောင်မြင်သွားကြောင်း၊ တစ်ကျောင်းလုံးမှာ ပထမဖြစ်ကြောင်း သတင်းများ ပြန့်နှံ့သွားခဲ့သည်။
ကျန်းယန်မှာ ကျန်းရို ဤမျှလောက် တော်လိမ့်မယ်လို့ မထင်ထားခဲ့ပေ။ သူမ ဤမျှလောက် စာတော်မည်မှန်း သိလျှင် သူမကို မြို့ထဲက လူနှင့် လက်ထပ်ခိုင်းမည် မဟုတ်ပေ။ တက္ကသိုလ်ကျောင်းသားဆိုသည်မှာ အလွန်ပင် ရှားပါးလှပြီး မြို့ကြီးပေါ်မှာတောင် အလွန်ပင် တန်ဖိုးရှိလှသည်။ ကျန်းယန်မှာ စိတ်ထဲတွင် အလွန်ပင် နောင်တရနေခဲ့သည်။
သူမသည် အခုတစ်ခေါက်တွင် ကြက်ဥတစ်ခြင်း သယ်လာခဲ့ပြီး ပြုံးရွှင်စွာဖြင့် "အန်းအန်း ဘယ်မှာလဲ။ ဘာလို့ မတွေ့ရတာလဲ၊ ငါ သူ့အတွက် ကြက်ဥတွေ ယူလာခဲ့တယ်" အရင်က နှိမ်ခဲ့သည့် ပုံစံမျိုးမဟုတ်ဘဲ အလွန်ပင် ရင်းနှီးဖော်ရွေနေသည့် ပုံစံမှာ လူနှစ်ယောက်ကဲ့သို့ပင်။
ကျန်းရိုက စိတ်ကုန်စွာဖြင့် "မလိုပါဘူး၊ အန်းအန်းက ကြက်ဥနဲ့ မတည့်ဘူး၊ အိမ်ပြန်ယူသွားပြီး မောင်လေးကိုပဲ ကျွေးလိုက်ပါ"
ကျန်းယန်က မကြားသလိုမျိုး "နင် ဒါ ပစ္စည်းတွေ သိမ်းနေတာလား။ ဘယ်ကို သွားမလို့လဲ" ဟု မေးလေသည်။ ကျန်းရိုက သူမကို ပြန်မဖြေဘဲ ရေတိုင်ကီဘက်သို့ သွားကာ ဖိနပ်များကို ဆေးကြောနေခဲ့သည်။ ကျန်းယန်က သူမ ဘာမှပြန်မပြောသဖြင့် သက်ပြင်းချကာ စေတနာရှင် ပုံစံမျိုးဖြင့် "နင် ငါအရင်က လုပ်ခဲ့တာတွေကို စိတ်နာနေတာ ငါသိပါတယ်။ ဒါပေမဲ့ ငါက နင့်အမေပဲ၊ နင့်ကို ဒုက္ခပေးမလား။ နင်အရင်က စာမတော်ခဲ့တာလည်း အမှန်ပဲလေ။ အဲ့ဒီလူက ရုပ်ဆိုးပေမယ့် ပိုက်ဆံရှိတယ်၊ နင့်အပေါ် ကောင်းမှာပဲ။ နင့်အဖေလို ရုပ်လည်းဆိုး၊ ဆင်းလည်းဆင်းရဲတဲ့သူနဲ့ဆိုမှ ဘဝက ပိုခက်ခဲမှာ။"
"ဒါပေမဲ့ နင် ဒီလောက် တော်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး။ နင် တက္ကသိုလ်တက်နိုင်မှန်း စောစောသိရင် နင့်ကို အိမ်ထောင်ချပေးပါ့မလား။ တခြားသူတွေထက် နင့်ကို ငါအချစ်ဆုံး မဟုတ်လား။"
ကျန်းရိုသည် ထိုအပြောအဆိုများကို နားမထောင်ချင်သဖြင့် "အခု ဒါတွေပြောနေလို့ ဘာထူးမှာလဲ။ ကျွန်မ အိမ်ထောင်ကျနေပြီပဲ" ဟု ပြန်ပြောလိုက်သည်။
ကျန်းယန်က ပို၍ ရင်းနှီးစွာ ပြုံးလျက် "အူကြောင်ကြောင် မလုပ်နေနဲ့၊ အိမ်ထောင်ကျလည်း ကွာရှင်းလို့ ရတာပဲ။ လီရှောင်းဆိုတဲ့အကောင်က ဘာများ အနှစ်သာရရှိလို့လဲ၊ လူမိုက်တစ်ယောက်ပဲလေ၊ သူ့နောက်လိုက်ရတာ ဘယ်လောက်နစ်နာလဲ။"
ကျန်းရိုက မယုံကြည်နိုင်စွာဖြင့် သူမကို လှည့်ကြည့်လိုက်သည်။ ကျန်းယန်က မျက်လုံးလေး မှိတ်ကာ ပြုံးလျက် "အမေက နင့်အတွက် စေတနာနဲ့ ပြောတာပါ။ ငါတို့ ရွာထဲမှာလည်း ဒါမျိုးတွေ ရှိတာပဲ၊ ကလေးမွေးပြီးရင်လည်း ပြေးကြတာပဲ။ မိန်းကလေးတစ်ယောက်တည်းကို ဘာတွေ နှမြောနေမှာလဲ၊ နင်တကယ် စိတ်မချရင် အမေ့ကို ပေးမွေးခိုင်းလေ၊ အမေက ဝဖြိုးနေအောင် မွေးပေးမယ်။ လီရှောင်းက ရုပ်ကလွဲလို့ ဘာရှိသေးလဲ။"
"အပြင်လောကမှာ အရမ်းရှုပ်ထွေးတယ်လို့ ငါကြားတယ်။ သူက အဲ့ဒီလို ရုပ်မျိုးနဲ့ဆိုရင် သူက မိန်းမ မရှာရင်တောင် မိန်းမတွေက သူ့ကို လာရှာမှာပဲ။ ယောက်ျားတွေက သားကိုပဲ ကြိုက်ကြတာ၊ နင်က သမီးတစ်ယောက်ပဲ မွေးထားတာ၊ နောက်ပြီး သူ့နောက်လိုက်တာကလည်း နင်ကိုယ်တိုင် ကပ်ပါသွားတာလေ။ သူအပြင်မှာ တခြားတစ်ယောက်နဲ့ တွေ့သွားရင်... အမေ မသတိပေးဘူး မပြောနဲ့ဦး။"
"..."
ကျန်းရိုသည် စိတ်ထဲတွင် တစ်ဖန် တအံ့တဩ ဖြစ်သွားရသည်။ ကျန်းမိသားစုဝင်အားလုံး သူမ၏ အလိုကျ ဖြစ်နေရသည်မှာလည်း မဆန်းပေ၊ သူမ၏နှုတ်မှုစွမ်းရည်မှာ အလွန်ပင် ကောင်းမွန်လှပြီး လူတစ်ယောက်၏ စိတ်နာစရာနေရာကိုပဲ ရွေးပြောတတ်သည်။ ဤစကားများကို ဘယ်သူကြားကြား စိတ်ထဲတွင် တစ်ခုခု ဖြစ်သွားမှာ အမှန်ပင်။ အရင်ဘဝက "ကျန်းရို" လည်း ဤစကားများကို ကြားခဲ့ဖူးပြီး အခြားသော အကြောင်းအရင်းများကြောင့် အန်းအန်းကို ထားခဲ့ကာ ပိုက်ဆံရှိသူနောက်သို့ လိုက်ပြေးခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ကျန်းရိုသည် လက်ထဲက ဖိနပ်ကို အားနှင့် ခါလိုက်ရာ ဖိနပ်ပေါ်က ရေများမှာ ကျန်းယန်၏ ကိုယ်ပေါ်သို့ စင်သွားခဲ့သည်။ သူမက ဂရုမစိုက်ဘဲ ခြံထဲသို့ သွားကာ ဖိနပ်များကို နေလှန်းလိုက်သည်။ ကျန်းယန်မှာ ရုတ်တရက် ရေစင်ခံလိုက်ရသဖြင့် မျက်နှာ ပျက်သွားကာ "နင် ဒီကလေးကတော့" ဟု ဆိုလေသည်။
ကျန်းရိုက မတ်တတ်ရပ်ကာ သူမကိုတွေ့သည့်အခါ အံ့အားသင့်ဟန်ဖြင့် "ဟယ်... အမေ ရှိသေးတာပဲလား။ အမေ ပြန်သွားပြီ ထင်နေတာ၊ ဘာလို့ ခုနက ဘာသံမှမထွက်တာလဲ" ဟု မေးလိုက်သည်။
"..."
ကျန်းယန်မှာ ကျန်းရို ရည်ရွယ်ချက်ရှိရှိလုပ်နေသည်ကို မသိဘဲ နေမလား။ သူမ၏မျက်နှာမှာ နီတလှည့် ဖြူတလှည့် ဖြစ်သွားကာ ဒေါသကြောင့် ရင်ဘတ်မှာ နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ဤကဲ့သို့သော ခေါင်းမာသူမျိုးကို သူမ တစ်ခါမှ မတွေ့ဖူးပေ။
လီရှင်းသည် အပြင်က အသံများကို ကြားသဖြင့် အန်းအန်းကိုချီကာ ထွက်လာကြည့်ရာ ကျန်းယန်ကို မြင်သည့်အခါ မျက်နှာ ချက်ချင်းပျက်သွားသည်။ ကျန်းယန်ကလည်း သူမကို မြင်သည့်အခါ ဝေဖန်သည့် အကြည့်ဖြင့် ကြည့်လေသည်။ ရှေ့က ကောင်မလေးမှာ ဖြူဖြူစင်စင်နှင့် လှပလှရာ ကျန်းရိုထက် မနိမ့်ပေ။ သူမသည် ဖုရှောင်ယွဲ့၏အကြောင်းကိုလည်း ကြားဖူးသဖြင့် "ဒါက ရှောင်ဝူလား" ဟု မေးလိုက်သည်။
ကျန်းရိုက မျက်မှောင်ကြုတ်ကာ လီရှင်း၏ရှေ့တွင် ရပ်လိုက်ပြီး "မဟုတ်ဘူး၊ ဒါက လီရှင်းလေ၊ လီရှောင်းရဲ့ ဝမ်းကွဲညီမ။ ရှောင်ဝူကတော့ တခြားသူက မွေးစားသွားလို့ မွေးစားမိဘတွေနဲ့အတူ တခြားမြို့ကို လိုက်သွားပြီ" ဟု ဆိုလိုက်သည်။ ကျန်းယန်က လီရှောင်း၏ ဝမ်းကွဲညီမ ဖြစ်ကြောင်း ကြားသည်နှင့် စိတ်ပျက်သွားသည်။ သူမ၏စိတ်ထဲတွင် လီမျိုးရိုးဆိုလျှင် ဘာမှမကောင်းဟု ထင်နေသည်။
သူမကို ပြန်လွှတ်လိုက်ပြီးနောက် လီရှင်းက ကျန်းရိုကို "မမ... သူမ ထပ်လာဦးမလား" ဟု မေးလိုက်သည်။
ကျန်းရိုက "မကြောက်နဲ့၊ နောင်ကျရင် ဘယ်သူမေးမေး နင်က လီရှောင်းရဲ့ ဝမ်းကွဲညီမလို့ပဲ ပြော၊ ဒီအချက်ကိုပဲ မြဲအောင် လုပ်ထား"
"ဟုတ်ကဲ့။"
.....
ညဘက်တွင် ကျန်းရိုသည် ဟင်းကောင်းများစွာ ချက်ပြုတ်ကာ အဒေါ်ဝမ်နှင့် ဦးလေးဝမ်ကို ဧည့်ခံခဲ့သည်။ "အဒေါ်... ဦးလေး... နောက်တစ်နှစ်အတွက် ကျွန်မ ညီမလေးကို အကူအညီတောင်းပါရစေ။ သူတို့ကျောင်းမှာ နေ့လည်စာကျွေးပေမယ့်လည်း ညဘက်ပြန်လာရင် ကိုယ်တိုင်ချက်စားရမှာ အခက်တွေ့မှာစိုးလို့ အဒေါ်တို့အိမ်မှာပဲ လာစားခိုင်းမလို့ပါ။ ဟင်းကောင်းတွေ မလိုပါဘူး၊ အဒေါ်တို့ စားတာကိုပဲ သူစားပါလိမ့်မယ်၊ သူက အစားမရွေးပါဘူး။"
အဒေါ်ဝမ်က အလွန်ပင် ဝမ်းသာအားရဖြင့် "အို... ဒါမျိုးက အားနာစရာ မလိုပါဘူး၊ ပြောလိုက်ရုံပါပဲ။ ဒါတွေကိုတောင် အများကြီး ချက်ထားသေးတယ်၊ လီရှောင်းက ဦးလေးကို ကယ်ခဲ့တာကို ဘယ်လို ကျေးဇူးဆပ်ရမှန်းတောင် မသိတာ။ အခု ကျွင်းကျွင်းက တက္ကသိုလ်တက်သွားတော့ အိမ်မှာ ပျင်းနေတာ၊ လီရှင်း လာစားရင် ပိုတောင်စည်ကားဦးမယ်"
ကျန်းရိုက ပြုံးလျက် လီရှင်းကို မတ်တတ်ရပ်ကာ အရိုအသေပေးခိုင်းပြီး "ငါ အိမ်မှာ မရှိတဲ့အချိန်မှာ နင်က အလုပ်လုပ်ပေးနော်၊ ကျောင်းပိတ်ရက်ဆိုရင် အဒေါ့်ရဲ့ဆိုင်ကို သွားကူပေး၊ အိမ်မှာနေရင်လည်း အလုပ်ကို ဦးအောင်လုပ်၊ သိလား" ဟု မှာကြားခဲ့သည်။
လီရှင်းကလည်း ခေါင်းညိတ် နားထောင်ခဲ့သည်။
အဒေါ်ဝမ်က "ဒါမျိုးတွေ အားနာစရာ မလိုပါဘူး" ဟု ဆိုရင်း "ဘယ်တော့ သွားမှာလဲ" ဟု မေးလေသည်။
ကျန်းရိုက "မနက်ဖြန် မနက်ပဲ၊ ပစ္စည်းတွေက နည်းနည်း များနေတယ်၊ လီရှင်းက ကျွန်မနဲ့အတူ တောင်ဘက်ကို လိုက်မယ်၊ ကျောင်းဖွင့်ခါနီးမှ ပြန်လာခိုင်းလိုက်မယ်"
"တောင်ဘက်ကို သွားကြည့်တာ ကောင်းပါတယ်၊ အဲ့ဒီမှာက မြို့ကြီးပြကြီးလေ၊ အခု ဒီမှာနဲ့ ယှဉ်လို့မရဘူး၊ အတွေ့အကြုံသစ်တွေ ရတာပေါ့၊ နောင်ကျရင် မင်းလည်း အဲ့ဒီကို သွားနိုင်အောင် ကြိုးစား" ဟု အဒေါ်က အားပေးခဲ့သည်။
.....
နောက်တစ်နေ့ မနက်၊ မိုးမလင်းခင်မှာပင် ကျန်းရိုနှင့် လီရှင်းတို့ ထွက်ခွာခဲ့ကြသည်။ ဘေးအိမ်က အဒေါ်ဝမ်သည်လည်း စောစောထကာ လာကူပေးခဲ့သည်။ ကျန်းရိုမှာ စိတ်ထဲတွင် အလွန်ပင် ထိမိသွားကာ ကလေးကို အဒေါ့်ကို ပေးချီခိုင်းလိုက်ပြီး လီရှင်း၏လက်ထဲက အိတ်တစ်လုံးကို ကူသယ်ခိုင်းလိုက်သည်။ လမ်းတွင် အဒေါ်ဝမ်က အများကြီးမှာခဲ့ပြီး နောင်ကျရင်တွေ့ရဖို့ ခက်သွားမှာကို နှမြောသလို၊ ကျန်းရိုနှင့် လီရှောင်းတို့ကိုလည်း တောင်ဘက်မှာ အောင်မြင်အောင် ကြိုးစားကြဖို့၊ လင်းမေ့ရူတို့ လူစုကို အထင်မသေးနိုင်အောင် လုပ်ပြဖို့ အားပေးခဲ့သည်။ လူကြီးတစ်ဦးကဲ့သို့ပင်။
ကျန်းရိုကို ကားပေါ် တင်ပေးသည့်အခါ အဒေါ်ဝမ်မှာ မျက်ရည် ဝဲနေခဲ့သည်။ "အားတဲ့အခါ ပြန်လာလည်ဦးနော်။"
ကျန်းရိုလည်း စိတ်မကောင်းဖြစ်ကာ လက်ယမ်းပြလျက် "သေချာပေါက် ပြန်လာပါ့မယ်၊ အဒေါ် ကျန်းမာအောင်နေနော်၊ နောင်ကျရင် အဒေါ့်ကို တောင်ဘက်မှာ လာလည်ဖို့ ခေါ်မယ်"
"အေး... အေး..."
.....
အန်းအန်းမှာ ကားပေါ်ရောက်သည်နှင့် နိုးလာခဲ့သည်။ ကားစထွက်သည့်အခါ သူမက ပြတင်းပေါက် မှန်ပေါ်မှာ ကပ်ပြီး အပြင်ကို ကြည့်နေသည်။ ကျန်းရိုက သူမ၏လက်ကလေးကို လှုပ်ခါပေးကာ "ဝမ်အဘွားကို နှုတ်ဆက်လိုက်ဦး" ကလေးငယ်မှာ ဘာမှနားမလည်သော်လည်း ထိုအချိန်တွင် လက်ကလေးကို အဆက်မပြတ် လှုပ်ခါနေခဲ့သည်။ ကျန်းရိုက သူမ၏ခေါင်းလေးကို ငုံ့နမ်းကာ "ဝမ်းမနည်းနဲ့နော်၊ နောက်ရက်အနည်းငယ်နေရင် ပါပါးနဲ့ တွေ့ရတော့မယ်" ပါပါးဟု ကြားသည်နှင့် အန်းအန်းက ကျန်းရိုကို မော့ကြည့်ကာ သူမ၏ရင်ခွင်ထဲသို့ ခေါင်းလေး တိုးဝင်သွားခဲ့သည်။
လေးရက်အကြာတွင် ကျန်းရိုသည် G ပြည်နယ် မီးရထားဘူတာသို့ ရောက်ရှိခဲ့သည်။ သူမနှင့် လီရှင်းတို့သည် အထုပ်အပိုးများကိုဆွဲကာ အပြင်သို့ ထွက်လာခဲ့ကြသည်။
ကျန်းရိုက "မဝေးတော့ဘူး၊ အပြင်ထွက်ရင် မျက်နှာချင်းဆိုင်မှာ ဘတ်စ်ကားဂိတ် ရှိတယ်" ဟု အားပေးနေခဲ့သည်။ သို့သော် ဘူတာအပြင်သို့ ထွက်လိုက်သည်နှင့် အပြင်မှာ စောင့်နေသည့် လီရှောင်းကို တွေ့လိုက်ရသည်။ သူ့ဘေးမှာ ဟောင်းနွမ်းနေသော ဗင်ကားတစ်စီး ရှိနေသည်။
လီရှောင်းကလည်း သူတို့ကို မြင်သည့်အခါ အမြန်လာ၍ ပစ္စည်းများကို ကူသယ်ပေးသည်။ ကျန်းရိုနှင့် လီရှင်းအတွက် အလွန်ပင် လေးလံလှသော အိတ်ကြီးများကို သူက တစ်ဖက်တစ်လုံးစီဖြင့် အသာလေး မကာ ကားထဲသို့ ထည့်လိုက်သည်။ ကျန်းရိုနှင့် လီရှင်းတို့မှာ သက်ပြင်းချနိုင်တော့သည်။ ကျန်းရိုက အန်းအန်းကိုချီကာ နောက်က လိုက်လာပြီး လီရှောင်းက ပစ္စည်းများ ထည့်ပြီးနောက် လှည့်ကြည့်ကာ "ကိုယ် G တက္ကသိုလ် အပြင်ဘက်က အိမ်အသေးလေးတစ်လုံး ငှားထားတယ်၊ အခန်း နှစ်ခန်း ပါတယ်၊ အခန်းတစ်ခန်းက လီရှင်းအတွက် အတော်ပဲ"
ကျန်းရိုက "ကျိုးကျန့်ကော" ဟု မေးလိုက်သည်။
လီရှောင်းက အနားသို့ လာကာ အန်းအန်းကို ချီရန် လက်လှမ်းရင်း "သူက ဒီမှာ မနေဘူး၊ ကိုယ် အရင်က နေခဲ့တဲ့ အိမ်မှာပဲ နေတယ်၊ အဲ့ဒီမှာက ဆိုင်နဲ့ ပိုနီးတယ်" ဟု ပြန်ဖြေသည်။
ကျန်းရိုက ခေါင်းညိတ်လိုက်သည်။ သူမ၏ ရင်ခွင်ထဲက အန်းအန်းမှာမူ အသားညိုသွားသော ပါပါးက လက်လှမ်းလာသည်ကို မြင်သည့်အခါ ကိုယ်ကိုလှည့်ကာ ကျန်းရို၏လည်ပင်းကို တင်းတင်းဖက်ထားပြီး အချီမခံပေ။
ကျန်းရိုမှာ ရယ်ရမလို ငိုရမလို ဖြစ်သွားကာ သူမ၏နဖူးလေးကို နမ်းပြီး "ဘာဖြစ်လို့လဲ။ ဒါက ပါပါးလေ"
လီရှောင်းကလည်း သူမ၏ ခေါင်းလေးကို ပွတ်ကာ "ကိုယ့်အဖေကို မမှတ်မိတော့ဘူးလား" ဟု ဆိုလေသည်။
ကလေးငယ်မှာ ခေါင်းလေးကို လှည့်ကာ အကိုင်မခံပေ။
ကျန်းရိုက ရယ်လျက် "အိမ်မှာတုန်းကတော့ ပါပါးဆီ သွားရမယ်ဆိုပြီး အရမ်းပျော်နေတာ မဟုတ်လား" ဟု ပြောရင်း လီရှောင်းကို "ရှင့်ဆီ လာရမယ်မှန်း သိကတည်းက နှုတ်ကနေ မပြတ် ပြောနေတာ၊ အခုဆိုရင် သူက ရှင့်နာမည်ကိုတောင် ခေါ်တတ်နေပြီ"
ခေါ်တာတော့ သိပ်မပီပေ၊ လီရှောင်း နားထောင်ရသည်မှာ "နိဟောင်" (မင်္ဂလာပါ) ဟု ပြောနေသလိုပင်။ "သူက ငယ်ပေမယ့် ပြောတဲ့စကားတွေ အကုန်နားလည်တယ်၊ မှတ်ဉာဏ်လည်း အရမ်းကောင်းတယ်။ ကျွန်မသင်ပေးတဲ့ ပုံစံလေးတွေ၊ ဥပမာ- လက်အုပ်ချီတာ၊ နှုတ်ဆက်တာတွေဆို တစ်ခါသင်ရုံနဲ့ ရတယ်၊ ဒါပေမယ့် စကားသိပ်မပြောချင်ဘူး" ဟု ကျန်းရိုက ရှင်းပြသည်။ လီရှောင်းသည် ထိုအကြောင်းများကို နားထောင်ရသည်ကို အလွန်ပင် နှစ်သက်သဖြင့် မျက်နှာတွင် အပြုံးများ ပို၍ တောက်ပလာခဲ့သည်။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၄၁)
လီရှောင်းသည် ဟောင်းနွမ်းနေသော ဗင်ကားလေးကို မောင်းနှင်ကာ ကျန်းရိုတို့ကို ငှားရမ်းထားသော အိမ်သို့ တိုက်ရိုက် ခေါ်ဆောင်လာခဲ့သည်။
ကားမောင်းနေစဉ် ကျန်းရိုမှာ စိတ်မချနိုင်ဘဲ "ရှင့်ခြေထောက်က ကောင်းသွားပြီလား" ဟု မေးမိရာ၊ လီရှောင်းက "ဖြည်းဖြည်းမောင်းရင် ရပါတယ်၊ ဘာမှမဖြစ်ဘူး" ဟု ပေါ့ပေါ့ပါပါးပင် ပြန်ဖြေလေသည်။ ကျန်းရိုလည်း သူ့ကို ဘာပြောရမှန်း မသိတော့ဘဲ တိတ်တဆိတ်သာ မျက်စောင်းထိုးလိုက်တော့သည်။
ငှားရမ်းထားသော အိမ်မှာ G တက္ကသိုလ်၏ နောက်ဘက်တွင်ရှိသည်။ လီရှောင်းက ကျန်းရိုကို G တက္ကသိုလ်၏ တောင်ဘက်မုခ်ဦးမှတစ်ဆင့် ပတ်မောင်း၍ ပြသရာ၊ ခန့်ညားထည်ဝါလှသော ကျောင်းဂိတ်ဝကြီးကို ကြည့်ပြီး နောက်ခန်းမှ လီရှင်းမှာ မှင်သက်သွားရသည်။
ကျန်းရို၏ ရင်ခွင်ထဲမှ ကလေးငယ်လေးမှာလည်း မှင်သက်သွားပုံရကာ ပါးစပ်လေး အနည်းငယ်ဟလျက်၊ လက်ညှိုးလေးထိုးကာ "အာ... အာ..." ဟု အော်ဟစ်ကာ ကျန်းရိုကို ပြနေရှာသည်။
ဆယ်မီတာကျော် မြင့်မားသော ကျောက်သား မုခ်ဦးကြီးပေါ်တွင် တက္ကသိုလ်အမည်ကို အနီရောင် လက်ရေးလှဖြင့် ရေးထိုးထားသည်။ ဂိတ်ဝကို ဖြတ်ကျော်ဝင်ရောက်လိုက်သည်နှင့် အတွင်း၌ ရှေးဟောင်းပညာရှိတစ်ဦး၏ ကျောက်ရုပ်တုကို မြင်တွေ့ရသည်။ ကျန်းရိုအနေဖြင့် ထိုရုပ်တုမှာ ဟွာထော် လား သို့မဟုတ် ပြန်ချွဲ လား မသေချာပေ။ ရုပ်ရုပ်တုဘေးတွင် လူတစ်ရပ်ခန့် မြင့်သော ကျောက်တုံးကြီး တစ်တုံးရှိကာ၊ အပေါ်တွင် စာသားအချို့ ရေးထိုးထားသည်မှာ ကျောင်း၏ ဆောင်ပုဒ် ဖြစ်ဟန်တူသည်။
ကျန်းရိုက ကားမှန်ကို ချပေးလိုက်ရာ အန်းအန်းလေးမှာ မှန်တံခါးပေါ် လက်ကလေးတင်ကာ ခေါင်းလေးပြူ၍ စူးစမ်းကြည့်တော့သည်။
ကျောင်းပိတ်ရက် ဖြစ်သော်လည်း ကျောင်းဂိတ်ဝတွင် ကျောင်းသားအဝင်အထွက် အတော်များသည်။ ကားနားမှ ဖြတ်သွားသော ကျောင်းသားတစ်ဦးက မနေနိုင်ဘဲ ကလေး၏ ခေါင်းကို အသာအယာ ပွတ်သပ်သွားရာ၊ အန်းအန်းမှာ လန့်သွားပြီး ကိုယ်ကိုလှည့်ကာ ကျန်းရို၏ ရင်ခွင်ထဲသို့ အမြန်တိုးဝင်သွားတော့သည်။
ကျန်းရိုက သူမကို ပွေ့ချီကာ ကျောလေးကို ပုတ်ပေးရင်း "သမီးက အိမ်ထဲမှာပဲ ဟောင်တတ်တဲ့ ခွေးလေးကျနေတာပဲ" ဟု ဆိုလိုက်သည်။
လီရှောင်းသည် ကားကို တက္ကသိုလ်နောက်ဖေး တံခါးဘက်သို့ မောင်းဝင်ခဲ့သည်။ ထိုနေရာတွင် လူနေအိမ်တိုက်တန်းများ ရှိပြီး လမ်းမကြီးတစ်ခု ရှိသော်လည်း တိတ်ဆိတ်လှသည်။ သူငှားထားသော အိမ်မှာ G တက္ကသိုလ်နှင့် တံတိုင်းတစ်ခုသာ ခြားသော်လည်း လမ်းကြားမှာ အနည်းငယ် နက်သဖြင့် ခြေကျင်လျှောက်ပါက မိနစ်အနည်းငယ် ကြာမြင့်သည်။
"မင်းတို့ကျောင်းက တော်တော်ကျယ်တာပဲ။ ကိုယ် လိုက်ကြည့်ပြီးပြီ၊ ကျောင်းဖွင့်ရင် စက်ဘီးတစ်စီး ဝယ်ပေးမယ်၊ ဒါမှ ကျောင်းတက်ရတာ မပင်ပန်းမှာ" ဟု လီရှောင်းက ပြောသည်။
ဤသည်မှာ ကျန်းရိုအတွက် ပြောခြင်းဖြစ်ကာ၊ အကယ်၍ သူသာဆိုလျှင် တံတိုင်းကို ကျော်ခွ၍သာ ဝင်ပေလိမ့်မည်။
ဗင်ကားမှာ လမ်းကြားထဲအထိ ဝင်၍မရသဖြင့် လီရှောင်းသည် ကားကို လမ်းကြားထိပ်ရှိ သစ်ပင်အောက်တွင် ရပ်ထားခဲ့ကာ၊ လက်တစ်ဖက်လျှင် အိတ်တစ်လုံးစီဖြင့် အားလုံးကို အိမ်သို့ ခေါ်ဆောင်လာခဲ့သည်။
လမ်းကြားနှစ်ဖက်စလုံးတွင် အိမ်များရှိပြီး တံတိုင်းများမှာ မြင့်မားလှသဖြင့် အတွင်းပိုင်းကို မမြင်ရပေ။ လီရှောင်းသည် လမ်းကြားအလယ်လောက်တွင် ရပ်တန့်ကာ အိတ်ကပ်ထဲမှ သော့ကိုထုတ်၍ တံခါးဖွင့်လိုက်သည်။
တံခါးဖွင့်လိုက်သည်နှင့် သေးငယ်သော ခြံဝင်းလေးကို မြင်တွေ့ရသည်။ ရွာကအိမ်နှင့် ယှဉ်၍မရပေ။ ရွာကအိမ်မှာ သစ်ပင်ရှိ၊ ရေတွင်းရှိပြီး ကျယ်ဝန်းလှသော်လည်း၊ ဤနေရာမှာမူ ကိုယ်ကို လှည့်လိုက်သည်နှင့် ကျဉ်းမြောင်းသလို ခံစားရကာ အဝတ်လှန်းရန်လောက်သာ နေရာရှိသည်။
သို့သော် အလွန်သန့်ရှင်းလှသည်။ ခြံထဲတွင် ဘိလပ်မြေခင်းထားကာ အလယ်တွင် ရေပိုက်ခေါင်းတစ်ခု ရှိပြီး၊ ဘေးတွင် အမိုးအကာဖြင့် မီးဖိုချောင်လေး တစ်ခုကို ဆောက်လုပ်ထားသည်။
လီရှောင်းက ပစ္စည်းများကို ချရင်း "အခုတော့ အောင့်အည်းပြီး နေကြတာပေါ့၊ နောက်နှစ်နှစ်လောက်နေရင် ကိုယ်တို့ တိုက်ခန်းဝယ်နိုင်အောင် ကြိုးစားမယ်။ အဲ့ဒီကျရင် ဓာတ်လှေကားပါတဲ့ တိုက်မြင့်ကြီးပေါ်မှာ နေရမှာ၊ ကိုယ်တိုင် တက်စရာ မလိုတော့ဘူး"
ကျန်းရိုက "အခု စီးပွားရေးက အဆင်ပြေရဲ့လား" ဟု မေးရာ၊ လီရှောင်းက "မဆိုးပါဘူး၊ အခုတော့ ဒီအတိုင်းပဲ ရောင်းဦးမယ်၊ နောက်နှစ် ပစ္စည်းအသစ်တွေ ထွက်လာမှ ဆိုင်ပုံစံပြောင်းမယ်" ဟု ပြန်ဖြေသည်။ နှစ်လအတွင်း လီရှောင်းမှာ အသားညိုသွားပြီး ပိန်သွားသည်ကို ကြည့်ခြင်းဖြင့် သူ မည်မျှပင်ပန်းနေမည်ကို ကျန်းရို ခန့်မှန်းမိပါသည်။
ကျန်းရိုသည် ကလေးကို လီရှင်းထံ ခဏအပ်ကာ လီရှောင်းနှင့်အတူ ပစ္စည်းများ သိမ်းဆည်းသည်။ အိမ်ထဲတွင် လီရှောင်းက သေချာ သန့်ရှင်းရေးလုပ်ထားသဖြင့် အလွန်သန့်ရှင်းကာ ဖုန်ပင်မရှိချေ။ အနံ့အသက်ဆိုးများလည်း မရှိဘဲ၊ အခန်းထဲတွင် စားပွဲတစ်လုံး၊ ထိုင်ခုံသုံးလုံးနှင့် ကုတင်နှစ်လုံးသာရှိသဖြင့် အနည်းငယ် ဟာလာဟင်းလင်းဖြစ်နေသည်။
အလယ်တွင် ဧည့်ခန်းရှိကာ စားပွဲနှင့် ထိုင်ခုံများကို တံခါးဝတွင် ထားရှိသည်။ ဘယ်ဘက်နှင့် ညာဘက်တွင် အခန်းများရှိကာ ဘယ်ဘက်အခန်းကြီးမှာ ကျန်းရိုတို့ လင်မယားအတွက်ဖြစ်ပြီး၊ ညာဘက် အခန်းငယ်မှာ လီရှင်းအတွက်ဖြစ်သည်။
အန်းအန်းလေးမှာ ထိုင်ခုံကိုကိုင်၍ မတ်တပ်ရပ်ကာ၊ ဤနေရာမှာ ဘယ်နေရာလဲဟု သိလိုသဖြင့် ခေါင်းလေးကို ဟိုဟိုဒီဒီ လှည့်ကြည့်နေရှာသည်။
အခန်းထဲရှိ ကုတင်ပေါ်တွင် စောင်နှစ်ထည် ရှိသော်လည်း မခင်းရသေးပေ။ "ဒါက ဒီမနက်မှ ယူလာတာလေ၊ မပြင်ရသေးခင် မင်းတို့ကို သွားကြိုရတာ" ဟု လီရှောင်းက ရှင်းပြသည်။
သူက ကုတင်ပေါ်တွင် စောင်များကို ခင်းကျင်းလိုက်ရာ၊ ကျန်းရိုက စောင်တစ်ထည်ကို ယူ၍ လီရှင်းအခန်းသို့ သွားပို့ပေးသည်။
ကျန်းရို ပြန်လာချိန်တွင် လီရှောင်းက အိပ်ရာခင်း ခင်းရန် ပြင်နေသည်ကို မြင်သဖြင့် သူ့ကို တားလိုက်ကာ၊ မိမိ၏ အိတ်ထဲမှ အိမ်မှ ယူလာသော အခင်းကို ထုတ်လိုက်သည်။
သူမသည် ကုတင်ဘေးသို့ သွားကာ လက်ချောင်းလေးဖြင့် လီရှောင်းအိပ်ရာခင်းကို မ၍ "ဒါ အရင်က အဖြူရောင် မဟုတ်လား" ဟု မကျေမနပ် မေးလိုက်သည်။
ယခုမူ ဝါကျင်ကျင် ဖြစ်နေသဖြင့် သူမ ထွက်သွားပြီးကတည်းက တစ်ခါမျှ မလျှော်ရသေးဟု သူမ ထင်မှတ်နေခြင်းဖြစ်သည်။ လီရှောင်းက ပြုံးစိစိဖြင့် ဘာမှပြန်မပြောပေ။ ကျန်းရိုလည်း သူ့ကို မျက်စောင်းသာ တစ်ချက် ထိုးလိုက်တော့သည်။
လီရှောင်းသည် အလုပ်မှ တစ်ဝက်ခွင့်ယူထားခြင်း ဖြစ်သဖြင့်၊ နေ့လည်စာအတွက် အလွယ်တကူပင် ချက်ပြုတ်လိုက်သည်။ မီးဖိုချောင်တွင် လိုအပ်သော ပစ္စည်းများကို သူ အစုံအလင် ပြင်ဆင်ထားရုံမက ဆန်နှင့် ဂျုံများကိုပါ ဝယ်ယူထားသည်။
ခေါက်ဆွဲအိုးကြီးတစ်လုံး ပြုတ်ကာ ကျန်းရို အိမ်မှယူလာသော ငရုတ်နှစ် နှစ်ဇွန်းခန့် ခပ်ကျွေးရာ အရသာမှာ အလွန်ထူးကဲလှသည်။
ညနေပိုင်းတွင်မူ လီရှောင်း ပြန်လာကာ ညဘက် အပြင်မှာ သူတို့ မိသားစုနှင့် ကျိုးကျန့်တို့ အတူတူ စားကြမည်ဖြစ်သည်။
လီရှောင်းကပင် ကားမောင်းကာ လမ်းအကွာအဝေး တစ်ခုအထိ သွားပြီးနောက်၊ လမ်းဘေးဆိုင်လေး တစ်ဆိုင်သို့ ရောက်ရှိခဲ့သည်။ အပြင်ပန်းကြည့်လျှင် သာမန်ဆိုင်လေးဖြစ်သော်လည်း အထဲတွင်မူ လူအလွန်စည်ကားလှသည်။
ကျိုးကျန့်မှာ ရောက်နှင့်နေပြီဖြစ်ကာ ဝိုင်းတစ်ခုကို ဦးအောင် ယူထားလေသည်။ ကျန်းရိုကို မြင်သည်နှင့် သူက သွားဖြူဖြူကြီးများ ပေါ်အောင် ရယ်မောရင်း "မရီး" ဟု နှုတ်ဆက်လေသည်။
ကျန်းရိုက လီရှောင်း အသားညိုသွားပြီဟု ထင်ခဲ့သော်လည်း၊ ကျိုးကျန့်ကို ကြည့်လိုက်မှ ကျိုးကျန့်က ပို၍ အသားညိုနေကြောင်း သိလိုက်ရသည်။ ကျိုးကျန့်က အားရပါးရ ထရပ်ကာ "မြန်မြန်လာပါ မရီးရယ်၊ ကျွန်တော် ဝိုင်းရအောင် အကြာကြီး စောင့်နေရတာ။ ဒီဆိုင်က သေးပေမဲ့ အရသာကတော့ တကယ် ရှယ်ပဲ၊ ဒါက အစ်ကိုကြီး ရှာထားတဲ့ဆိုင်လေ"
ကျန်းရိုက ကလေးကိုချီ၍ ထိုင်လိုက်သည်။ စားပွဲရှည်ကြီးမှာ နံရံဘက်တွင် ကပ်ထားသဖြင့် လီရှောင်းက ကျိုးကျန့်ဘေးတွင် ဝင်ထိုင်ကာ ကျန်းရိုနှင့် မျက်နှာချင်းဆိုင် ဖြစ်နေသည်။ လီရှင်းက ကျန်းရိုဘေးတွင် ထိုင်လေသည်။
အန်းအန်းလေးမှာ စပ်စုချင်စိတ် များသူဖြစ်ရာ ဆိုင်ထဲသို့ ရောက်သည်နှင့် ကျန်းရို၏ ရင်ခွင်ထဲမှ ခေါင်းပြူ၍ လိုက်ကြည့်နေသည်။ လီရှင်းက သူမ၏ အမြင်ကို ကာနေသဖြင့် လက်ကလေးဖြင့် တွန်းဖယ်နေသေးသည်။ လီရှင်းက ရယ်မောကာ ကိုယ်ကို နောက်သို့ ယိုင်ပေးလိုက်ရသည်။
လီရှောင်းက စားပွဲပေါ်ရှိ ဟင်းစာရင်းကို ယူကြည့်ကာ ဟင်းခြောက်မျိုး မှာယူလိုက်ပြီး ကျန်းရိုအား လိုအပ်သည် ရှိမရှိ ပြသလေသည်။ ကျန်းရိုက ကြည့်လိုက်ကာ အန်းအန်းနှင့် လီရှင်းအတွက် မုန့်အချို နှစ်မျိုးကို ထပ်တိုးမှာယူလိုက်သည်။
လီရှောင်းက ထိုဟင်းစာရင်းကို ယူ၍ ပိုက်ဆံသွားရှင်းလေသည်။
ကျန်းရိုသည် ကျိုးကျန့် မမေးမီမှာပင် သူ၏ မိသားစု အခြေအနေများကို အရင် ပြောပြလိုက်သည်။ "အဒေါ်ကြီးရဲ့ကျန်းမာရေးက အရင်ထက် ပိုကောင်းလာပြီနော်၊ မနေ့ကတောင် အိမ်မှာ ပဲပြား လုပ်နေသေးတယ်။ ရှင့်မိန်းမ ဗိုက်ထဲက ကလေးကတော့ ဇာတ်လမ်းဝါသနာပါပုံပဲ၊ အဒေါ်ကြီး သီချင်းဆိုတိုင်း ဗိုက်ထဲမှာ လူးလာတုံ့ပြန်နေတာပဲတဲ့၊ အရမ်း အားပေးတာပဲ။"
"ရှင့်မိန်းမ ကျန်းမာရေးလည်း ကောင်းပါတယ်၊ စားလို့လည်း ဝင်တယ်။ ရှင့်သားလေးကတော့ အခုဆို အရပ်နည်းနည်း ရှည်လာပြီး စကားပြောလည်း ပီလာပြီ။ ရှင့်ယောက်ဖကြီးကလည်း အိမ်ကို ခဏခဏ လာကြည့်ပေးတော့ ဘယ်သူမှ မနှောင့်ယှက်ရဲကြဘူး။"
ကျိုးကျန့်က နားထောင်ရင်း မျက်နှာတွင် အပြုံးများ ဝေဆာလာကာ "ဒါဆိုရင်တော့ ကောင်းတာပေါ့၊ ကျွန်တော် ဒီမှာ အဆင်ပြေပေမဲ့ သူတို့ကိုတော့ နည်းနည်း လွမ်းနေတာ"
ကျန်းရိုက ပြုံးလျက် "သူတို့လည်း ရှင့်ကို လွမ်းနေကြတာပေါ့၊ လာခါနီးတုန်းက အသားခြောက် အိတ်တစ်ဝက်လောက် ပေးလိုက်သေးတယ်။ ရှင် ဒါမျိုးကြိုက်မှန်း သိလို့တဲ့လေ။"
ကျိုးကျန့်က အားနာဟန်ဖြင့် "ဘာလို့ ဒီလောက်အများကြီး ပေးလိုက်ရတာလဲ၊ မရီးကို အားနာလိုက်တာ"
ကျန်းရိုက "ဒါတွေ အကုန်လုံး ရှင့်အတွက် မဟုတ်ဘူးနော်၊ ရှင့်မိန်းမက ကျွန်မတို့ကို တစ်ဝက် ခွဲပေးလိုက်တာ" ဟု ရယ်မောကာ ပြောလိုက်သည်။
ကျိုးကျန့်က တဟားဟား ရယ်မောလျက် "ဒါဆိုရင်တော့ ဟုတ်ပြီ၊ ကျွန်တော့်ယောက်ဖအိမ်က လုပ်တဲ့ အသားခြောက်က တကယ် စားကောင်းတာ"
လီရှောင်း ပိုက်ဆံရှင်းပြီး ပြန်လာသောအခါ နှစ်ဦးသား ပျော်ပျော်ပါပါး စကားပြောနေသည်ကို မြင်သဖြင့် "ဘာတွေ ပြောနေကြတာလဲ" ဟု မေးလိုက်သည်။
သူက ရေနွေးအိုးကို ယူလာပြီး ကျန်းရိုအတွက် ရေတစ်ခွက် အရင် ငှဲ့ပေးလိုက်သည်။ ကျန်းရိုမှာ အမှန်တကယ်ပင် ရေဆာနေသဖြင့် တစ်ငုံ သောက်လိုက်သည်။
ဘေးမှ ကျိုးကျန့်က ခုနက စကားများကို လီရှောင်းအား ပြန်ပြောပြလေသည်။
မကြာမီမှာပင် ဟင်းများ ရောက်ရှိလာသည်။ အရင်ဆုံး ရောက်လာသည်မှာ မုန့်အချိုများဖြစ်ကာ၊ ကျန်းရိုက တစ်ပွဲပိုနေသည်ကို သတိပြုမိလိုက်သည်။ လီရှောင်းက ပိုနေသော ပန်းကန်ကို ကျန်းရိုရှေ့သို့ တိုက်ရိုက် ချပေးလိုက်သည်။
ကျန်းရိုက မော့ကြည့်ကာ "အန်းအန်းက အကုန်မစားနိုင်ဘူးလေ၊ ကျွန်မက သူနဲ့ အတူတူ စားမလို့ပါ"
လီရှောင်းက တည်ငြိမ်စွာဖြင့် "မကုန်ရင် ကိုယ်စားမယ်" ဟု ပြန်ဖြေသည်။
ကောင်းပါပြီ။ ဒါပေမယ့် သူက အချို မကြိုက်ဘူး မဟုတ်လား။
....
ဤထမင်းဝိုင်းမှာ နှစ်နာရီခန့် ကြာမြင့်ခဲ့သည်။ အိမ်ပြန်ရောက်သောအခါ ည ၇ နာရီ၊ ၈ နာရီ ရှိနေပြီဖြစ်ကာ မှောင်နေပြီဖြစ်သည်။
အန်းအန်းလေးမှာ ကျန်းရို၏ရင်ခွင်ထဲတွင် အိပ်ပျော်နေပြီ ဖြစ်သည်။ လီရှောင်းက ရေနွေးသွားတည်ပေးကာ၊ အားလုံး သန့်စင်ပြီးနောက် ကိုယ့်အခန်းကိုယ် ပြန်ကြသည်။
အခန်းထဲတွင် ကျန်းရိုက နေ့လည်က ဝယ်ထားသော ခြင်ထောင်ကို ချိတ်ဆွဲလိုက်သည်။ အန်းအန်းမှာ ခြင်ကိုက်ခံရလွယ်သူဖြစ်ရာ ခြင်ထောင်မပါဘဲ အိပ်၍ မရပေ။
အခန်းထဲတွင် ရပ်၍သုံးရသော လျှပ်စစ်ပန်ကာ တစ်လုံး ရှိကာ အနည်းငယ် ဟောင်းနေသော်လည်း အသုံးပြု၍ ရနေဆဲ ဖြစ်သည်။ ကျန်းရိုက ပန်ကာကို နံပါတ် ၂ တွင် ထား၍ လည်ခိုင်းထားသည်။
ကလေးငယ်မှာ ကုတင်ပေါ်တွင် ဟိုဘက်ဒီဘက် မှောက်လှန်နေသဖြင့်၊ ကျန်းရိုက သူမကို ဖမ်းယူကာ ပေါင်ပေါ်တင်၍ ဆော့ကစားပေးရာ၊ ကောင်မလေးမှာ ကျန်းရို၏လက်မောင်းများကို ကိုင်ကာ တခိခိနှင့် အလွန် ပျော်ရွှင်နေတော့သည်။
လီရှောင်းသည် အပြင်မှာ ရေချိုးနေရင်း ထိုအသံများကို ကြားနေရသည်။ သူ အခန်းထဲ ဝင်လာချိန်တွင် ဘောင်းဘီတိုတစ်ထည်သာ ဝတ်ဆင်ထားသည်။
သူ့ဆံပင်များမှာ ယခုအခါ အနည်းငယ် ရှည်လာပြီဖြစ်ကာ၊ တစ်ခါ ညှပ်ထားသဖြင့် ပုံကျနေသည်။ သူက ဆံပင်များကို ပုဝါဖြင့် သုတ်လိုက်ပြီးနောက် လက်ဖြင့် အပေါ်သို့ လှန်တင်လိုက်ရာ၊ ခန့်ညားလှသော နဖူးပြင်နှင့် မျက်ခုံး၊ မျက်လုံးများမှာ ထင်ရှားစွာ ပေါ်ထွက်လာသည်။
ကိုယ်အထက်ပိုင်းမှာ ကြွက်သားများဖြင့် သန်မာနေကာ၊ ဗိုက်သားတွင်လည်း ကြွက်သား ခြောက်ခု အထင်အသား ရှိနေသည်။ အသားအရေမှာ ပျားရည်ရောင် ဖြစ်နေသော်လည်း လက်မောင်းများမှာမူ နေပူထဲတွင် အလုပ်လုပ်ရသဖြင့် ပို၍ ညိုနေသည်။
ဆံပင်မှ ရေများ မကျတော့သည့်အခါ သူက ပုဝါကို ကုတင်ခြေရင်းတွင် တင်လိုက်ကာ ခြင်ထောင်ထဲသို့ ဝင်လာခဲ့သည်။
ကုတင်မှာ ၁.၈ မီတာခန့် ကျယ်သော်လည်း သူ တက်လာသည့်အခါ ကျဉ်းမြောင်းသွားသလို ခံစားရသည်။ ကောင်မလေးမှာ သူနှင့် ဝေးရာ အထဲဘက်သို့ လိမ့်သွားလေသည်။
လီရှောင်းက ထိုပုံစံကို မြင်သဖြင့် ရယ်မောကာ သူမ၏ ခြေထောက်လေးကို လှမ်းဖမ်းပြီး အသာအယာ ဆွဲလိုက်သည်။ ကောင်မလေးမှာ စိတ်လှုပ်ရှားစွာဖြင့် "အာ... အာ..." ဟု အော်ဟစ်ကာ ခြေထောက်လေးများကို ရုန်းကန်နေတော့သည်။
ကျန်းရိုမှာ ဆံပင်သုတ်နေရင်း ထိုမြင်ကွင်းကို ကြည့်ကာ ရယ်မောမိသည်။
အစပိုင်းတွင် အန်းအန်းမှာ လီရှောင်းကို အနည်းငယ် ငြင်းဆန်နေသော်လည်း၊ ခဏလောက် ဆော့ကစားပြီးနောက်တွင်မူ ပြန်လည် ရင်းနှီးသွားကာ လီရှောင်းက သူမကို ကျောပေါ်တင်၍ ကုတင်ပေါ်တွင် လျှောက်သွားပေးလေသည်။
ကောင်မလေးမှာ ပါပါး၏ ကျောပေါ်တွင် မှီလျက် "ဘာ... ဘာ... ဘာ... ဘာ..." (ပါပါး) ဟု အော်ခေါ်ရင်း အလွန် ပျော်ရွှင်နေရှာသည်။ တစ်ခါတစ်ရံ "မား... မား" သို့မဟုတ် "ဒါ" ဟူသော အသံများလည်း ထွက်ပေါ်လာသည်။
လီရှောင်းသည်လည်း ကလေးနှင့်အတူ ပျော်ရွှင်နေကာ၊ သမီးကို ကျောပေါ်တင်လျက် ကျန်းရိုအနားသို့ တိုးကပ်လာပြီး "မင်းလည်း တက်မလား" ဟု ရယ်မောကာ မေးလိုက်သည်။
"..." အဓိပ္ပာယ် မရှိတာ။
ကျန်းရိုက မျက်နှာနီသွားကာ သူ့ကို တွန်းလိုက်ပြီး "မတက်ပါဘူး၊ ရှင့်သမီးနဲ့ ရှင်ပဲ ဆော့ပါ"
လီရှောင်းက သမီးကို ကျောပေါ်တင်၍ ကုတင်ပေါ်တွင် နှစ်ပတ်ခန့် ထပ်မံ ပတ်ပြေးပြီးနောက်၊ အိပ်ချိန်ရောက်သဖြင့် ကလေးကို ချခိုင်းသော်လည်း သူမက မဆင်းချင်သေးပေ။
ကျန်းရိုက သူမ၏တင်ပါးကို တစ်ချက်ပုတ်ကာ "အိပ်တော့" ဟု ဆိုလိုက်သည်။
ကောင်မလေးမှာ ပါပါး၏ လည်ပင်းကို ဖက်ထားသော လက်များကို လွှတ်လိုက်ကာ ကျန်းရို၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။
ကျန်းရိုက သူမ၏ ကျောလေးကို အသာအယာ ပုတ်ပေးရင်း သီချင်း တိုးတိုးလေး ဆိုပြရာ၊ ကောင်မလေးမှာ ပင်ပန်းနေသဖြင့် ခဏချင်းအတွင်း အိပ်ပျော်သွားတော့သည်။
အန်းအန်း အိပ်ပျော်သွားသည့်အခါ လီရှောင်းက သူမကို အထဲဘက်သို့ ဂရုတစိုက် ရွှေ့ပေးလိုက်ကာ၊ သူကိုယ်တိုင် အလယ်တွင် ဝင်အိပ်လေသည်။
သူလှုပ်ရှားမှု များလွန်း၍လား သို့မဟုတ် အခန်းထဲတွင် တိတ်ဆိတ်လွန်း၍လား မသိဘဲ၊ ကုတင်ဟောင်းကြီးမှ ကျွီကျွီ ကျွီကျွီ နှင့် အသံများ ထွက်ပေါ်လာသည်။
ကျန်းရိုက လီရှောင်း တိုးကပ်လာသည်ကို မြင်သဖြင့် နှုတ်ခမ်းကို ဖိကာ "ရှင် ဖြည်းဖြည်း လုပ်ပါဦး" ဟု အသံကို နှိမ့်၍ ဆိုလိုက်သည်။
ထို့နောက် သူမက အပြင်ဘက်သို့ အနည်းငယ် တိုးအိပ်လိုက်သည်။
လီရှောင်းက "ကိုယ်က ကုတင်အကြီးကြီးကို တမင် ဝယ်ထားတာလေ၊ အရည်အသွေး ကောင်းပါတယ်" ဟု တိုက်ရိုက် ပြောချလိုက်သည်။
ကျန်းရိုက ထိုစကားကို အခြားအဓိပ္ပာယ်ဟု ထင်မှတ်ကာ ရှက်ကိုးရှက်ကန်းဖြင့် "... ရှင်ကတော့ တကယ်ကို အရှက် မရှိတာပဲ" ဟု ဆူလိုက်သည်။
အမျိုးသားက တိုးတိုးလေး ရယ်ကာ "ဒါက ဘာဖြစ်လို့လဲ" ဟု ဆိုကာ သူမအနားသို့ တိုးကပ်လာသည်။ သူမ၏ ခါးကို ဖက်လိုက်ကာ ပါးပြင်လေးကို စမ်းကြည့်ပြီးနောက် ငုံ့၍ နမ်းလိုက်လေသည်။
သူ၏လက်ကြီးက ကျန်းရို၏ ခန္ဓာကိုယ်အတိုင်း လိုက်လံ ထိတွေ့ရင်း သူမ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ လက်ချောင်းချင်း ယှက်သွယ်ပြီးနောက် ကျန်းရို၏ ခေါင်းထက်တွင် တင်ထားလိုက်သည်။
အချိန်အတော်ကြာ မတွေ့ရသဖြင့် လွမ်းဆွတ်နေကြပုံရကာ ထိုအနမ်းမှာ ပို၍ ပြင်းထန်လာသည်။ နောက်ဆုံးတွင် ကျန်းရိုပေါ်သို့ ဖိအုပ်လိုက်ကာ ခါးမှနေ၍ အင်္ကျီများကို ချွတ်ရန် ပြင်ဆင်သည်။ သို့သော် သူ အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ကုတင်ကြီးမှာ ကျွီကျွီ ကျွီကျွီ နှင့် အသံကြီး ထွက်ပေါ်လာတော့သည်။
ကျန်းရိုမှာ ထိတ်လန့်သွားကာ သူ့ကို အမြန် တားမြစ်လိုက်သည်။ "ဒါ ရှင့်ရဲ့ ကုတင်ကောင်းကြီးလား"
ဘေးနားက အန်းအန်း နိုးသွားမည်ကို ထားပါဦး၊ အခြားအခန်းမှ လီရှင်းတောင် ကြားနိုင်သည်ဟု သူမ သံသယ ဝင်နေမိသည်။
လီရှောင်းမှာ အသက်ရှူ မြန်နေကာ မယုံကြည်နိုင်ဘဲ ထပ်မံ လှုပ်ရှားကြည့်ရာ ကုတင်မှ အသံများ ဆက်လက် ထွက်ပေါ်နေသည်။ ရပ်လိုက်လျှင်မူ အသံ ပျောက်သွားသည်။
သူသည် မနေနိုင်ဘဲ ဆဲဆိုမိတော့သည်။
ကျန်းရိုမှာ ရယ်ချင်စိတ်ကို အောင့်ထားရင်း သူ့ရင်ဘတ်ကို တွန်းကာ "ဖယ်ပါဦး၊ လေးလွန်းလို့ သေတော့မယ်" ဟု ဆိုလိုက်သည်။
လီရှောင်းက မဖယ်ဘဲ မျက်နှာကို သူမ၏ လည်ပင်းသားထဲတွင် ဝှက်ထားဆဲပင်။ ကျန်းရိုသည် သူ၏ ပူနွေးသော ခန္ဓာကိုယ်ကို ခံစားရင်း နှုတ်ခမ်းကို ဖိကာ နောက်ဆုံးတွင် သူ့နားနားသို့ ကပ်၍ စကားတစ်ခွန်း တိုးတိုးလေး ပြောလိုက်သည်။
အမျိုးသား၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားကာ သူမကို ခက်ခဲစွာ မော့ကြည့်ရင်း "တကယ်လား" ဟု မေးလိုက်သည်။
ကျန်းရိုက သူ၏ ပူလောင်သော အကြည့်များနှင့် ဆုံတွေ့လိုက်ရသဖြင့် အနည်းငယ် အနေရခက်စွာ ခေါင်းညိတ်ပြလိုက်သည်။
လီရှောင်းက သူမကို တစ်ချက် နမ်းလိုက်ပြီးနောက် ကုတင်ပေါ်မှ မဆိုင်းမတွ ဆင်းသွားတော့သည်။ ခဏအကြာတွင် အခန်းထဲ၌ အသက်ရှူသံများသာ ထွက်ပေါ်နေတော့သည်။
.....
နောက်တစ်နေ့တွင် လီရှောင်း တစ်ယောက် စောစော အပြင်ထွက်သွားသည်။
ကျန်းရိုနှင့် လီရှင်းတို့သည် မနေ့က လဲလှယ်ထားသော အဝတ်များကို လျှော်ဖွပ်လှန်းလိုက်ကြသည်။ သူမတို့ အိပ်ရာနိုးချိန်မှာ အနည်းငယ် နောက်ကျသဖြင့် လီရှောင်း ဝယ်လာပေးသော မုန့်များမှာ အေးနေပြီဖြစ်သော်လည်း၊ ရာသီဥတု ပူသဖြင့် ပဲနို့နှင့် အီကြာကွေးမှာ အေးသော်လည်း စား၍ ကောင်းနေဆဲ ဖြစ်သည်။
ကလေးငယ်အတွက်မူ ကြက်ဥပေါင်း တစ်ပွဲ ပြင်ဆင်ပေးလိုက်ရုံဖြင့် လုံလောက်လှသည်။
စားပြီးနောက် ကျန်းရိုသည် ကလေးကိုချီကာ လီရှင်းနှင့်အတူ ဆိုင်သို့ သွားကြည့်ကြသည်။
မနေ့ညက ထမင်းစားစဉ်အတွင်း ကျိုးကျန့်က ဆိုင်လိပ်စာကို ပြောပြခဲ့ဖူးသည်။ ဤနေရာနှင့် သိပ်မဝေးလှဘဲ ဘတ်စ်ကား နံပါတ် ၃ ကို စီးလိုက်လျှင် တိုက်ရိုက် ရောက်နိုင်ကြောင်း ဆိုသည်။
နှစ်ဦးသား မနက် ၈ နာရီ ၄၀ တွင် ထွက်လာခဲ့ကြရာ ၉ နာရီ ၁၀ မိနစ်ခန့်တွင် ကားပေါ်မှ ဆင်းခဲ့ကြသည်။ ကားဂိတ်မှ ဆိုင်သို့ ရောက်ရန် အနည်းငယ် လမ်းလျှောက်ရသေးသည်။ ဤနေရာမှာ မြို့လယ်ခေါင်ဒေသဖြစ်သဖြင့် အလွန် စည်ကားလှသည်။ လီရှင်းမှာ ဤမျှ စည်ကားသော နေရာသို့ တစ်ခါမျှ မရောက်ဖူးသဖြင့် ကျန်းရို၏ဘေးတွင် ကပ်၍ လိုက်ပါလာသည်။
အန်းအန်းမှာလည်း အတူတူပင်၊ ကျန်းရို၏လည်ပင်းကို ဖက်ထားရင်း မျက်လုံးဝိုင်းကြီးများဖြင့် ဘေးပတ်ဝန်းကျင်ကို စူးစမ်းကြည့်နေရှာသည်။
ဤတစ်ဝိုက်မှာ ဆိုင်ခန်းများချည်း ဖြစ်ကာ စားသောက်ကုန် အများဆုံး ရှိသည်။ အထူးသဖြင့် သစ်သီးဆိုင်များမှာ တစ်ဆိုင်ပြီး တစ်ဆိုင် စီတန်းနေကာ ဒူးရင်းသီး၊ လိုင်ချီးသီး၊ မက်မွန်သီး၊ သရက်သီး၊ ငှက်ပျောသီး... စသည်ဖြင့် ကြည့်မကုန်အောင် ရှိနေသည်။
ဤနေရာတွင် လိုင်ချီးသီးမှာ အလွန်ပေါလှသည်။ ရွာဘက်တွင်လည်း ရောင်းသော်လည်း ဈေးနှုန်းမှာ အလွန်ကြီးမားလှသဖြင့် ကျန်းရို တစ်ခါမျှ မဝယ်ဖူးပေ။ ဤနေရာတွင်မူ တစ်ကျင်းလျှင် တစ်ယွမ်ခန့်သာ ရှိသည်။
ကျန်းရိုက နှစ်ယွမ်ဖိုး ဝယ်ယူကာ လီရှင်းအား သယ်ခိုင်းလျက် လမ်းလျှောက်ရင်း စားလာခဲ့ကြသည်။
အန်းအန်းလည်း စားရသည်ကို သဘောကျ၏။ လီရှင်းက အခွံနွှာကာ အစေ့ထုတ်ပြီး ကျွေးလိုက်ရာ၊ သူမ မြည်းကြည့်သည်နှင့် မျက်လုံးများ ဝင်းလက်သွားကာ သွားလေးသုံးချောင်းဖြင့် အဆက်မပြတ် ဝါးနေတော့သည်။ အသားက ကြီးလွန်းသဖြင့် သူမ မျိုမချနိုင်ဘဲ အရသာ ကုန်သည်နှင့် ပြန်ထွေးထုတ်လိုက်ကာ ထပ်မံ တောင်းနေပြန်သည်။
ကျန်းရိုသည် ကလေးအပေါ်တွင် အလိုလိုက်သူဖြစ်သဖြင့် နှမြောခြင်းမရှိဘဲ သူမ ထွေးထုတ်သမျှကို လွှင့်ပစ်ကာ လီရှင်းအား နောက်တစ်လုံး ထပ်နွှာခိုင်းလေသည်။
.....
ဆိုင်သို့ ရောက်ချိန်တွင် ကောင်မလေးမှာ သုံးလုံးခန့် စားပြီးနေပြီဖြစ်သည်။ ကျန်းရိုက ဗိုက်အောင့်မည်စိုးသဖြင့် ဆက်မကျွေးတော့ပေ။
လီရှောင်းနှင့် ကျိုးကျန့်တို့ ပူးပေါင်းဖွင့်ထားသော ဆိုင်အမည်မှာ "ညီအစ်ကိုနှစ်ယောက် အစားအသောက်ဆိုင်" ဖြစ်ကာ၊ ရိုးရှင်းသော်လည်း တိုက်ရိုက် ဆန်လှသည်။ ဆိုင်တည်နေရာမှာ သိပ်မကောင်းလှဘဲ လမ်းဆုံတစ်နေရာတွင် ရှိသော်လည်း၊ လမ်းလျှောက်ဈေးတန်းမှာသာ လူအစည်ကားဆုံး ဖြစ်သည်။ သို့သော် လမ်းလျှောက်ဈေးတန်းရှိ ဆိုင်ခန်းများမှာမူ ငှားရမ်းခ အလွန်ကြီးမားလှသည်။
သူတို့နှစ်ဦးသည် အစက ဝက်အူချောင်းဆိုင်ဖွင့်ရန် စဉ်းစားခဲ့သော်လည်း၊ လီရှောင်းက လမ်းလျှောက် ကြည့်ရှုပြီးနောက် မနက်စာဆိုင်အဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ဝက်အူချောင်း ခေါက်ဆွဲအမျိုးမျိုးနှင့် ပဲနို့၊ ဆန်ပြုတ် စသည်တို့ကို ရောင်းချခြင်းဖြစ်သည်။
မနက်စာဆိုင်ဟု ဆိုသော်လည်း တစ်နေ့လုံး ဖွင့်လှစ်ထားခြင်းဖြစ်ကာ ညနေ ၆ နာရီ၊ ၇ နာရီခန့်တွင် ပိတ်သိမ်းသည်။ ထိုသို့ ပိတ်သိမ်းပြီးနောက်တွင်လည်း သူတို့ မနားကြဘဲ၊ နေ့ခင်းက လက်ကျန် မုန့်များကို တက္ကသိုလ်ဝင်းအတွင်းသို့ သွားရောက်ရောင်းချကြသေးသည်။
ဟုတ်သည်၊ သူတို့ မုန့်အချိုများကိုပါ ရောင်းချခြင်း ဖြစ်သည်။ ဆိုင်ရှေ့တွင် ပြတင်းပေါက်ငယ်လေးတစ်ခု ဖွင့်ထားကာ၊ သက်လတ်ပိုင်းအရွယ်အမျိုးသမီးတစ်ဦးက အဖြူရောင် ဦးထုပ်ကို ဆောင်းလျက် မုန့်များကို ချက်ချင်းဖုတ်ကာ ရောင်းချနေသည်။ အရောင်းအဝယ်မှာ မဆိုးလှဘဲ အပြင်တွင် လူတန်းစီနေသည်ကို တွေ့ရသည်။
ကျန်းရိုမှာ အချိန်တိုအတွင်း သူတို့ ဒီလောက်အထိ လုပ်ဆောင်နိုင်လိမ့်မယ်လို့ မထင်မှတ်ထားခဲ့ပေ။
ကျိုးကျန့်မှာ တံမြက်စည်း လှည်းနေရင်း ကျန်းရို ရောက်လာသည်ကို မြင်သောအခါ အမြန် ထားလိုက်ပြီး "မရီး ဘာလို့ လာတာလဲ၊ မြန်မြန် ထိုင်ပါဦး"
ကျန်းရိုက ပတ်ပတ်လည်ကို ကြည့်လိုက်ရာ အကျယ်အဝန်းမှာ စတုရန်း မီတာ ၁၀၀ ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ယခု ၉ နာရီကျော်နေပြီဖြစ်သဖြင့် ဝယ်သူများစွာ မရှိဘဲ၊ များသောအားဖြင့် လူကြီးများက သူတို့၏မြေးများကို ခေါ်လာခြင်း ဖြစ်သည်။ "အကျယ်ကြီးပဲနော်၊ ရှင်တို့ ပြောသလို သေးသေးလေး မဟုတ်ပါဘူး" ဟု သူမက ဆိုလိုက်သည်။
ကျိုးကျန့်က ပြုံးလျက် ကျန်းရိုရှေ့တွင် ရေတစ်ခွက် ငှဲ့ပေးကာ "သေးတယ်လို့ ပြောတာက အရင်က ကျွန်တော်တို့တွေ လျှောက်ထားတဲ့ လမ်းလျှောက် ဈေးတန်းက ဆိုင်ကို ပြောတာပါ။ ဒီနေရာရဲ့ တစ်ဝက်တောင် မရှိဘူး၊ ဒါပေမဲ့ ငှားခကတော့ ဒီထက် နှစ်ဆ ပိုကြီးတယ်လေ။ အဲ့ဒီတုန်းက ကျွန်တော်တို့ ငှားဖို့တောင် ပြင်ဆင်နေကြပြီ၊ ကျွန်တော်လည်း ဆိုင်ပြင်ဖို့ ပစ္စည်းတွေတောင် ကြည့်ထားပြီးပြီ။ အဲ့ဒါကို အစ်ကိုကြီးက ရုတ်တရက် မငှားတော့ဘူးလို့ ပြောတာ"
"ဒီနေရာက အစ်ကိုကြီးရဲ့ သူငယ်ချင်းရဲ့ သူငယ်ချင်းပိုင်တာလေ။ အရင်က ထမင်းဆိုင် ဖွင့်တာ၊ အရောင်းအဝယ် မကောင်းလို့ ပိတ်ဖို့ ပြင်နေတာနဲ့ အစ်ကိုကြီးက ငှားလိုက်တာ။ ဆိုင်ပြင်စရာတောင် မလိုဘူး၊ ဒီအတိုင်း တန်းသုံးလို့ ရတာပဲ"
အမှန်ပင် အဆက်အသွယ်ရှိခြင်းက အလုပ်ကို များစွာ အဆင်ပြေစေသည်။ ကျိုးကျန့်သည် တောင်ပိုင်းသို့ ရောက်ရှိလာသော ဤနှစ်လအတွင်း သူ အရင်အနှစ်နှစ်ဆယ်အတွင်း သင်ယူခဲ့ရသည်ထက် ပိုမို သိရှိလာခဲ့သည်။ တစ်ခါတစ်ရံ မိမိက ပင်ပင်ပန်းပန်းလုပ်ဆောင်နေသည်ထက် သူငယ်ချင်းတစ်ယောက်၏ စကားတစ်ခွန်းက ပို၍ အသုံးဝင်လှသည်။
လီရှောင်းသာ နောက်ကွယ်မှ ရှိမနေပါက၊ သူသည် ဤနေရာတွင် ဆယ်ရက်ခန့်ပင် တောင့်ခံနိုင်မည် မဟုတ်ဘဲ အိမ်ပြန်ရပေလိမ့်မည်။
တောင်ပိုင်းတွင် ပိုက်ဆံရှာရသည်မှာ မလွယ်ကူလှကြောင်း လူအများက ပြောဆိုကြသည်မှာ အမှန်ပင် ဖြစ်သည်။ သူသည် အရင်က လူများ ချမ်းသာသွားသည်ကိုသာ မြင်ဖူးသော်လည်း၊ ဘဝပျက်သွားသူ မည်မျှ များပြားသည်ကိုမူ ယခုမှ သိရှိလိုက်ရခြင်းဖြစ်သည်။
"အစက မနက်စာဆိုင်ပဲ ဖွင့်မလို့ပါ၊ ဒါပေမဲ့ အရောင်းအဝယ်က ထင်ထားတာထက် ကောင်းနေတာလေ။ အနီးနားမှာ လူနေအိမ်တွေများသလို ပန်းခြံလည်းရှိတယ် မဟုတ်လား။ အဘိုးအဘွားတွေ ပန်းခြံသွားပြီး ပြန်လာရင် ကျွန်တော်တို့ဆိုင်မှာ ဝင်စားကြတာပေါ့။"
"အဓိကက ကျွန်တော်တို့ဆိုင်က ဈေးသက်သာလို့ပါ။ အရင် ထမင်းဆိုင်က ဈေးကြီးလွန်းလို့ အဆင်မပြေတာလို့ အစ်ကိုကြီးက ပြောတယ်။ ဒီဘက်က လူတွေက သာမန် လူတန်းစားတွေ များတော့ ဈေးကြီးတာကို မစားကြဘူးလေ။ ပိုက်ဆံရှိတဲ့ လူတွေကျတော့လည်း ဒီနေရာက ဆူညံတယ်ဆိုပြီး မလာကြပြန်ဘူး။"
"ဖွင့်တာ တစ်လကျော်ပြီဆိုတော့ အခြေအနေလေးက တဖြည်းဖြည်း ကောင်းလာတာပေါ့။ မနက်ပိုင်းနဲ့ မွန်းတည့်ချိန်မှာ လူအများဆုံးပဲ၊ ညဘက်ကတော့ သာမန်ပါပဲ။ ဒါပေမဲ့ တက္ကသိုလ်ဝင်းထဲမှာတော့ ညဘက် အရောင်းအဝယ် တကယ် ကောင်းတယ်"
သို့သော် သူတို့ အခုမှ စတင်ဖွင့်လှစ်ခြင်းဖြစ်သဖြင့် အမြတ်ထက် ရင်းနှီးရသည်က ပိုများနေသေးသည်။ ထို့ပြင် လီရှောင်းအနေဖြင့် ယခုဆိုင်မှာ သူ၏ မူလ ရည်ရွယ်ချက်နှင့် အနည်းငယ် ကွဲပြားနေသည်ကို သတိပြုမိလိုက်သည်။ သူသည် အဆာပြေမုန့်လုပ်ငန်းကို လုပ်ဆောင်လိုခြင်း ဖြစ်သော်လည်း၊ ယခုမူ ထမင်းဆိုင်ကဲ့သို့ ဖြစ်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် မုန့်ဖုတ်တတ်သော အဒေါ်ကြီးတစ်ဦးကို ရှာဖွေကာ မုန့်များကိုပါ ရောင်းချစေခြင်းဖြစ်သည်။
သေချာသည်မှာ ထိုအကြောင်းများကို ကျိုးကျန့်က ကျန်းရိုအား မပြောပြပေ။ သူတို့ ညီအစ်ကို နှစ်ဦးကို ကျန်းရိုက လှောင်ပြောင်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
ကျန်းရိုသည်လည်း ဆိုင်၏အပြင်အဆင်မှာ မနက်စာဆိုင်နှင့် လုံးဝ မအပ်စပ်ဘဲ ခန့်ညားလှသည်ကို သတိပြုမိလိုက်သည်။ သစ်သား စားပွဲကြီးများနှင့် ထိုင်ခုံများ၊ ကြမ်းပြင်ရှိ ကျောက်ပြားများမှာ လက်ရာမြောက်လှရုံမက၊ တိုင်များတွင်လည်း နဂါးရုပ်များ ထွင်းထုထားသေးသည်။
သို့သော်လည်း ငွေရှင်းကောင်တာတွင်မူ ပဲနို့၊ အီကြာကွေး၊ ပေါက်စီ၊ ခေါက်ဆွဲ... စသည့် ဈေးနှုန်းများကို လူတစ်ရပ်ခန့် ရှိသော စက္ကူချပ်ပေါ်တွင် ရေးသား ချိတ်ဆွဲထားလေသည်။
ကျန်းရိုသည် ကျိုးကျန့်ကို အနှောင့်အယှက်မပေးလိုသဖြင့် လိုင်ချီးသီးများကို ပေးခဲ့ကာ၊ သူမကိုယ်တိုင် ကလေးကိုချီ၍ ထွက်လာခဲ့သည်။
အပြင်ရောက်သောအခါ လီရှင်းက "ဈေးနှုန်းကိုသာ မသိရင် ကျွန်မတော့ အထဲကို ဝင်ရဲမှာ မဟုတ်ဘူး" ကြည့်လိုက်သည်နှင့် ဈေးကြီးမည့်ပုံ ပေါ်နေသောကြောင့်ဖြစ်သည်။
ကျန်းရိုက ရယ်မောလိုက်သည်။
လီရှင်းက ဆက်လက်၍ "ဒါပေမဲ့ ဈေးမကြီးမှန်း သိသွားရင်တော့ ကျွန်မကတော့ ခဏခဏ လာမှာပဲ။ ထိုင်ခုံကလည်း ထိုင်လို့ကောင်းသလို၊ စားပွဲကလည်း အကျယ်ကြီးပဲ၊ သန့်လည်း သန့်တယ်လေ။ ခေါင်းပေါ်မှာလည်း ပန်ကာ ရှိတော့ လမ်းဘေးက ဆိုင်တွေထက် အများကြီး သာတာပေါ့"
ကျန်းရိုသည် လီရှင်းကိုခေါ်၍ လမ်းလျှောက်ဈေးတန်းသို့ သွားခဲ့သည်။ ထိုနေရာတွင် အဝတ်အထည်ဆိုင်များ အများဆုံး ရှိသလို စားစရာများလည်း ရှိသည်။ ကျိုးကျန့် ပြောသကဲ့သို့ပင် စားသောက်ဆိုင်များမှာ သေးငယ်လှပြီး ပါဆယ် ထုတ်ယူသွားကြသူများသာ များပြားသည်။
နှစ်ဦးသား လမ်းလျှောက်ရင်း စားလာခဲ့ကြရာ ဗိုက်ပင် တင်းသွားတော့သည်။ အန်းအန်းလေးမှာလည်း လက်ထဲမှ ပေါက်စီကို ကိုက်နေရှာသည်။ ကျန်းရိုက အန်းအန်းအတွက် ဂါဝန်လေးတစ်ထည်၊ လီရှင်းအတွက် ဖိနပ်တစ်စုံနှင့် မိမိအတွက် ဂျင်းဘောင်းဘီ တစ်ထည် ဝယ်ယူခဲ့သည်။
.....
ညနေ ၅ နာရီတွင် လီရှောင်း ပြန်လာခဲ့သည်။ ကျန်းရိုက ထမင်းဟင်းများ ပြင်ဆင်ပြီးစီးနေပြီဖြစ်ကာ ငါးပေါင်း၊ အမဲသား ငရုတ်သီးကျော်၊ သခွားသီးသုပ်နှင့် ဘူးသီးဟင်းရည်တို့ ပါဝင်သည်။
ထမင်းစားပြီးနောက် လီရှောင်းက ပြန်ထွက်ရန် ပြင်ဆင်စဉ် "တက္ကသိုလ်ဝင်းထဲမှာ လူအများကြီးပဲ၊ ညဘက် မလာနဲ့တော့နော်" ဟု မှာကြားလေသည်။
ကျန်းရိုက "ဘာဖြစ်လို့လဲ။ လူများတာ စည်ကားတာပေါ့" ဟု ဂုဏ်မရှိသကဲ့သို့ ပြန်ပြောလိုက်သည်။
လီရှောင်း၏ မျက်နှာပေါ်တွင် တွန့်ဆုတ်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။ ကျန်းရိုက "ဘာဖြစ်လို့လဲ" ဟု စူးစမ်းမေးမြန်းလိုက်သည်။
လီရှောင်းက နှုတ်ခမ်းကို ဖိကာ "ဘာမှ မဟုတ်ပါဘူး၊ သတိထားဖို့ ပြောတာပါ" ဟု ဆိုကာ အမြန် ထွက်ခွာသွားလေတော့သည်။
ကျန်းရိုသည် သူ့ကျောပြင်ကို ကြည့်ကာ သူမပဲ အတွေးများနေမိသလားဟု ထင်မှတ်နေမိသည်။ သူမသည် အဝတ်များ လျှော်ဖွပ်ပြီးနောက် ည ၇ နာရီကျော်တွင် လီရှင်းနှင့်အတူ တက္ကသိုလ်ဝင်းအတွင်းသို့ လမ်းလျှောက် ထွက်လာခဲ့သည်။ လီရှောင်းတို့၏ဆိုင်ကို ရှာတွေ့သောအခါမှသာ၊ ဘာကြောင့် သူ သူမကို မလာစေချင်သလဲ ဆိုသည်ကို နားလည်လိုက်တော့သည်။
ကျိုးကျန့် ပြောသော "အရောင်းအဝယ် တကယ် ကောင်းသည်" ဆိုသည်မှာ ဤသို့ ဖြစ်သည်။
သူတို့၏ ဆိုင်ရှေ့တွင် မိန်းကလေး အုပ်စုကြီးတစ်စုက ဝိုင်းနေကြခြင်း ဖြစ်သည်။ ကျိုးကျန့်မှာ ပိုက်ဆံသိမ်းရင်း ပါးစပ်ပင် မစိနိုင်အောင် ပြုံးနေကာ၊ လီရှောင်းကမူ တည်ငြိမ်သော မျက်နှာထားဖြင့် ပစ္စည်းများကို အလျင်အမြန် ထုပ်ပိုးပေးနေသည်။
ကျန်းရို အနားသို့ တိုးသွားချိန်တွင် မိန်းကလေး အချို့က လီရှောင်းကို စကားပြောနေကြသည်ကို ကြားလိုက်ရသည်။ "ဒီမုန့်က ရှင်တို့ ကိုယ်တိုင် လုပ်တာလား။ တကယ် စားကောင်းတာပဲ။"
လီရှောင်းကမူ မကြားသကဲ့သို့ ခေါင်းပင် မမော့ပေ။
ကျိုးကျန့်ကမူ ရယ်မောလျက် "ဒါပေါ့၊ ကျွန်တော်တို့ မနက်ကတည်းက အစောကြီး ထပြီး လုပ်ထားတာလေ၊ အရသာကတော့ ရှယ်ပဲ။ သန့်ရှင်းမှုလည်း စိတ်ချရတယ်၊ နောက်နေ့အထိ မထားပါဘူး" ဟု ဝင်ပြောလေသည်။
လူတွေက တစ်သုတ်ပြီး တစ်သုတ် ရောက်လာကြသဖြင့် ကျန်းရိုမှာ ကလေးချီလျက် တိုး၍ပင် မရပေ။
ကျိုးကျန့်က ပိုက်ဆံသိမ်းရင်း ခေါင်းမော့ကြည့်လိုက်ရာ ကျန်းရိုကို မြင်တွေ့သွားသဖြင့် မျက်နှာတွင် အနည်းငယ် ပျက်သွားကာ၊ ဘေးရှိ လီရှောင်းကို လှမ်းကြည့်လိုက်မိသည်။
ကျန်းရိုက ပြုံးလျက် လက်ယမ်းပြလိုက်ကာ ကလေးကိုချီ၍ ရှေ့သို့ ဆက်လက် လည်ပတ်နေလိုက်သည်။
ကျန်းရို ထွက်သွားသည်နှင့် ကျိုးကျန့်က အခွင့်အရေး ယူကာ လီရှောင်းကို "အစ်ကို... ခုနက မရီး လာသွားတယ်" ဟု တိုးတိုးလေး ပြောလိုက်သည်။
လီရှောင်း၏လက်များ တုန်ယင်သွားကာ အမြန် ခေါင်းမော့ကြည့်လေသည်။
ကျိုးကျန့်က "ထွက်သွားပြီ၊ မရီးကတော့ စိတ်ဆိုးပုံ မရပါဘူး၊ ကျွန်တော့်ကိုတောင် ပြုံးပြသွားသေးတယ်" ဟု အမြန် ရှင်းပြရသည်။
လီရှောင်းက သွားကြိတ်ကာ "မင်း ဘာလို့ အခုမှ ပြောတာလဲ"
ကျိုးကျန့်က "ကျွန်တော်လည်း မမျှော်လင့်ထားလို့ပါ" ဟု အားနာစွာ ပြန်ဖြေရှာသည်။
"သွားစမ်း..."
လမ်းဘေး ဈေးတန်းမှာ အလွန်ရှည်လျားလှသည်။ ကျန်းရိုနှင့် လီရှင်းတို့ အပြန်လမ်းတွင်မူ လီရှောင်းတို့ အရောင်းအဝယ် ပြီးဆုံးသွားပြီဖြစ်ကာ ဆိုင်သိမ်းနေကြသည်ကို တွေ့ရသည်။
ကျန်းရို အနားသို့ တိုးသွားရာ လီရှောင်းမှာ ချွေးများ ရွှဲနေသည်ကို မြင်သဖြင့် သူမ၏ အိတ်ကပ်ထဲမှ ပုဝါကို ထုတ်၍ သုတ်ပေးလိုက်သည်။ ကလေးနှင့်အတူ အပြင်ထွက်တိုင်း ကျန်းရိုသည် ပုဝါတစ်ထည်ကို အမြဲဆောင်ထားလေ့ရှိသည်။
လီရှောင်းက မျက်မှောင်ကြုတ်ကာ လက်ကို ပုတ်ထုတ်ရန် ပြင်သော်လည်း၊ ကျန်းရို ဖြစ်နေသည်ကို မြင်သောအခါ လက်များ လေထဲတွင် ရပ်တန့်သွားကာ ကျန်းရို၏လက်ကို အလိုအလျောက် ဆုပ်ကိုင်လိုက်လေသည်။ သူ၏ မျက်နှာပေါ်မှ တင်းမာမှုများလည်း ပျောက်ကွယ်သွားကာ "မပြန်သေးဘူးလား" ဟု မေးမြန်းလိုက်သည်။
ကျန်းရိုက လက်ကို ရုန်းသော်လည်း မလွတ်သဖြင့် "ရှင်နဲ့အတူ ပြန်မလို့ စောင့်နေတာ"
လီရှောင်းက သူမ၏လက်ကို တင်းတင်း ဆုပ်ကိုင်လိုက်ကာ၊ သူမ၏ ပုဝါကိုယူ၍ အိတ်ကပ်ထဲ ထည့်လိုက်ပြီး မိမိ၏လက်မောင်းဖြင့်သာ ချွေးများကို သုတ်လိုက်သည်။ ထိုပုဝါကို သူ မသုံးချင်ဘဲ သိမ်းထားချင်နေခြင်းဖြစ်သည်။ "ခဏနေရင် ပြီးပြီ" ဟု ဆိုကာ ဆက်လက် သိမ်းဆည်းလေသည်။
ကျန်းရိုက ကြည့်လိုက်ကာ၊ ထိုပုဝါမှာ အန်းအန်း၏တင်ပါးကို သုတ်ပေးရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်းကိုမူ သူ့အား မပြောပြရဲတော့ပေ။
လီရှောင်းနှင့် ကျိုးကျန့်တို့ ဆိုင်သိမ်းပြီးနောက် ပစ္စည်းများကို ဗင်ကားပေါ် တင်ကြသည်။ လီရှောင်းက ကျိုးကျန့်ကို အရင် လိုက်ပို့ပြီးမှ ကျန်းရိုတို့ကိုခေါ်၍ အိမ်သို့ ပြန်လာခဲ့သည်။
အိမ်ရောက်သောအခါ ကျန်းရိုက စိုစွတ်သော ပုဝါဖြင့် အိပ်ပျော်နေသော အန်းအန်း၏မျက်နှာ၊ လည်ပင်းနှင့် လက်ခြေများကို သုတ်ပေးလိုက်သည်။ ကျန်းရိုမှာ အိပ်ချင်စိတ် မရှိသေးသဖြင့် ကုတင်ပေါ်တွင် ထိုင်၍ လီရှောင်းကို စောင့်နေမိသည်။
ကုတင်ပေါ်တွင် လီရှောင်း နေ့ခင်းက ယူဆောင်လာသော စာရွက်စာတမ်းများ ပြန့်ကျဲနေသည်။ အိမ်တွင် စားပွဲ အပို မရှိသဖြင့် သူက ကုတင်ပေါ်တွင်သာ တင်ထားခြင်း ဖြစ်သည်။ ကျန်းရိုက ယူကြည့်လိုက်သည်။
ပထမဆုံး စာရွက်ပေါ်တွင် "ဆယ့်နှစ်ရာသီဖွား" ဟူသော စာလုံးကြီး လေးလုံးကို ရေးသားထားသည်။ ကျန်းရိုက အစက နားမလည်ဘဲ၊ သူက အိမ်ခြံမြေကုမ္ပဏီမှာ အလုပ်လုပ်နေတာ မဟုတ်လား၊ ဆယ့်နှစ်ရာသီဖွားနှင့် ဘာဆိုင်လို့လဲဟု တွေးတောနေမိသည်။
စာရွက်များကို လှန်ကြည့်လိုက်မှသာ ၎င်းမှာ သူ နောင်တွင် လုပ်ကိုင်မည့် အဆာပြေမုန့် တံဆိပ်အမည်ဖြစ်ကြောင်း သိရှိလိုက်ရသည်။ ပစ္စည်းများကို ဆယ့်နှစ်မျိုး ခွဲခြားထားကာ ထုပ်ပိုးမှု ပုံစံများကိုပါ ဆွဲသားထားလေသည်။
ထိုစာရွက်များထဲတွင် ကုန်ပစ္စည်း၏ အဓိပ္ပာယ် ဖွင့်ဆိုချက်၊ မိတ်ဆက်၊ ထုတ်လုပ်မှု လမ်းကြောင်း စသည်တို့ ပါဝင်နေကာ အတော်လေး စုံလင်လှသည်။
လီရှောင်း ရေချိုးပြီး အခန်းထဲ ဝင်လာချိန်တွင် ကျန်းရိုက "ဒါတွေ အကုန်လုံး ရှင် စဉ်းစားထားတာလား" ဟု မနေနိုင်ဘဲ မေးလိုက်သည်။
လီရှောင်းက "အင်း" ဟု ပြန်ထူးလိုက်သည်။ မူလက သူသည် "ညီအစ်ကို" ဟူသော အမည်ကို ပေးရန် စဉ်းစားခဲ့သော်လည်း၊ လမ်းပေါ်တွင် "ညီအစ်ကို" ဆိုင်များစွာ ရှိနေသဖြင့် အသစ်အဆန်း မဖြစ်ဟု ယူဆကာ၊ တိုက်ခန်းများတွင် နံပါတ် ၁၊ ၂၊ ၃ ခွဲခြားသကဲ့သို့ သူသည်လည်း အဆာပြေမုန့်များကို ဆယ့်နှစ်ရာသီဖွားဖြင့် ခွဲခြားလိုက်ခြင်းဖြစ်သည်။
"ဒါက အကြမ်းဖျင်းပဲ ရှိသေးတာပါ" ဟု သူက ဆိုသည်။
ကျန်းရိုက သူ့ကို လေးစားသော အကြည့်ဖြင့် ကြည့်ကာ "ဒီအတွေးက တကယ်ကို တော်တာပဲ" ဟု ဆိုလိုက်သည်။
သူသည် အနာဂတ်ခေတ်ကို မသိရှိသော်လည်း၊ ယခုခေတ်၏ အဆာပြေမုန့် အမည်များနှင့် ထုပ်ပိုးမှုများမှာ ကျန်းရို၏အမြင်တွင်မူ အိုမင်းနေပြီ ဖြစ်သည်။ "ဆယ့်နှစ်ရာသီဖွား" ဟူသော အမည်မှာ ရှေးဟောင်း ယဉ်ကျေးမှုကို ဖော်ဆောင်ရုံမက၊ အသစ်အဆန်းလည်းဖြစ်ကာ မှတ်မိလွယ်လှသည်။
ဤအစီအစဉ်များမှာ အနာဂတ်ခေတ်နှင့် နှိုင်းယှဉ်လျှင်ပင် အားနည်းချက် များစွာ မရှိလှပေ။
ကျန်းရိုသည် ဤလူမှာ မည်သည့်အရာမဆို လုပ်နိုင်သူဖြစ်ကြောင်း စိတ်ထဲမှ ချီးကျူးမိတော့သည်။
လီရှောင်းသည် သူမ၏အကြည့်ကြောင့် အနည်းငယ် အနေရခက်ကာ "ပုံတွေကိုတော့ တက္ကသိုလ်ကျောင်းသားတစ်ယောက်ကို ဆွဲခိုင်းထားတာလေ၊ သိပ်တော့ မကျေနပ်လှဘူး၊ ဒါပေမဲ့ ဈေးကတော့ ပေါပါတယ်"
ကျန်းရိုက ထိုပုံများကို ကြည့်လိုက်ရာ၊ ရေးဆွဲပုံမှာ ရှေးဟောင်း ပန်းချီကားများနှင့် ဆင်တူကာ အဆာပြေမုန့်များ၏ ပေါ့ပေါ့ပါပါး ပုံစံနှင့် သိပ်မလိုက်ဖက်လှပေ။
"ကျွန်မ ဒီရက်ပိုင်း စမ်းပြီး ဆွဲကြည့်ပေးမယ်လေ၊ ရှင့်အတွက် အဆင်ပြေမလား ကြည့်တာပေါ့" ဟု သူမက ဆိုလိုက်သည်။ သူမသည် စနစ်တကျ သင်ယူဖူးခြင်း မရှိသော်လည်း၊ အရင်ဘဝက မိမိဘာသာ လေ့လာထားဖူးသဖြင့် ကာတွန်းပုံများ ဆွဲတတ်သူဖြစ်သည်။
လီရှောင်းက သူမအား တစ်ချက်ကြည့်ကာ "ကောင်းပြီ"
ကျန်းရိုက ဆက်လက်၍ "ပစ္စည်း အမျိုးအမည်က နည်းနည်း နည်းနေသေးတယ်၊ ကျွန်မလည်း စားစရာတချို့ သိထားတော့ ဒီရက်ပိုင်း စာရင်း ပြုစုပေးမယ်နော်"
မီးပိတ်၍ အိပ်ရာဝင်ချိန်တွင် ကျန်းရိုမှာ အိပ်မပျော်သေးဘဲ ရှိနေသည်။ သူမသည် အကယ်၍ အရင်ဘဝက လီရှောင်းသာ ထိုကဲ့သို့သော ဒုက္ခများ မကြုံတွေ့ခဲ့ရပါက၊ သူ့ဉာဏ်ရည်နှင့် အရည်အချင်းအရ အစောကြီးကတည်းက ချမ်းသာနေလောက်ပြီဟု တွေးတောမိကာ စိတ်မကောင်း ဖြစ်နေမိသည်။
ထိုစဉ် အမျိုးသားက နောက်မှနေ၍ သူမကို ဖက်လိုက်ကာ သူမ၏ နားနားသို့ ကပ်၍ "ဒီည နောက်တစ်ခါ ထပ်လုပ်လို့ ရမလား" ဟု တိုးတိုးလေး မေးမြန်းလိုက်သည်။
ကျန်းရိုမှာ ဘာမှ ပြန်မပြောနိုင်တော့ပေ။ သူမက သူ့အတွက် စိတ်မကောင်းဖြစ်နေသည်ကို၊ သူကမူ ထိုကဲ့သို့သာ စဉ်းစားနေသည် မဟုတ်လား။
....
နောက်တစ်နေ့မှာ စနေနေ့ ဖြစ်သဖြင့် နှစ်ဦးသား အိပ်ရာထ နောက်ကျကြသည်။
အန်းအန်းလေးမှာ အစောကြီး နိုးနေပြီဖြစ်ကာ၊ မိဘများ အိပ်ယာထ နောက်ကျသည်ကို သူမ ကျင့်သားရနေပြီ ဖြစ်သည်။ သူမသည် နို့သောက်ပြီးနောက် ကုတင်ပေါ်တွင် ကိုယ့်ဘာသာ ပျော်ရွှင်စွာ ဆော့ကစားနေရှာသည်။
လီရှောင်းသည် ပူအိုက်နေသည်ကိုပင် ဂရုမစိုက်ဘဲ ကျန်းရိုကို နောက်မှ ဖက်ထားရင်းမှ "ဒါနဲ့... ဒီနေ့ နေ့လည် ချန်ရုန်က ကိုယ်တို့တွေကို ထမင်းဖိတ်ကျွေးထားတယ်" ဟု သတိရဟန်ဖြင့် ပြောလိုက်သည်။
ကျန်းရိုမှာ အိပ်ချင်စိတ်များ ချက်ချင်း ပျောက်ကွယ်သွားကာ ကုတင်ပေါ်မှ အမြန် ထထိုင်လိုက်ပြီး "ဘာလို့ စောစော မပြောတာလဲ" ဟု အော်ဟစ်လိုက်သည်။
လီရှောင်းက သူမကို ကြည့်ကာ နှာခေါင်းကို ပွတ်လျက် "မေ့သွားလို့ပါ" ဟု ပြန်ဖြေသည်။ မနေ့ညက ထိုကိစ္စကိုသာ အာရုံရောက်နေသောကြောင့် ဖြစ်သည်။
ကျန်းရိုမှာ စိတ်တိုတိုဖြင့် သူ့ကို ထုရိုက်တော့သည်။ သူမ၏ဆံပင်များမှာပင် စေးကပ်နေပြီ မဟုတ်လား။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၄၂)
ကျန်းရိုနှင့် လီရှောင်းတို့သည် ချန်ရုန်၏အိမ်သို့ သွားကြလေသည်။ မသွားမီ အိမ်၌ ခေါင်းအမြန်လျှော်ကာ သေတ္တာထဲမှ အဝတ်အစားများကို အတော်ကြာအောင် ရွေးချယ်ပြီးနောက် နောက်ဆုံးတွင် အပြာနုရောင် ရှီဖွန်ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီတိုကို လဲလှယ်ဝတ်ဆင်လိုက်ကာ ဆံပင်ကိုမူ အပေါ်သို့ ဝိုင်း၍ ထုံးလိုက်သည်။
မိတ်ကပ်မလိမ်းဘဲ နှုတ်ခမ်းနီအဆီလေးသာ ဆိုးထားလိုက်၏။
ထို့နောက် အန်းအန်းကိုလည်း အဝတ်အစား အသစ်လဲပေးကာ ပြင်ဆင်ပေးလိုက်သည်။ အသစ်ဝယ်ထားသော ဂါဝန်လေး၊ ဇာပါသော ခြေအိတ်အဖြူလေးနှင့် ဖိနပ်အေးလေးများကို ဝတ်ပေးလိုက်ကာ ဆံပင်ကိုမူ ကလစ်နှစ်ခုဖြင့် ညှပ်ပေးထားသဖြင့် ကလေး၏ ဝိုင်းစက်သော မျက်နှာလေးနှင့် ပြောင်လက်နေသော နဖူးပြင်လေးမှာ ပေါ်လွင်နေတော့သည်။
လီရှောင်းက မနက်စာ ချက်ပြုတ်ပြီးစီးသော်လည်း ကျန်းရိုမှာ အလုပ်ရှုပ်နေဆဲ ဖြစ်သည်။ ထမင်းဟင်းများကို စားပွဲပေါ်သို့ တင်ပြီးနောက် လီရှင်းမှာ အေးအေးလူလူ တံမြက်စည်းလှည်းနေသည်ကို မြင်သဖြင့် သူမကိုလည်း အဝတ်အစား အမြန်လဲရန် ပြောလိုက်သည်။
လီရှင်းက မစဉ်းစားဘဲ ခေါင်းခါကာ "ကျွန်မ မလိုက်တော့ဘူး၊ ကျွန်မဆံပင်တွေလည်း စေးနေပြီ" ဟု ငြင်းဆိုလေသည်။
သူမသည် သူစိမ်းအိမ်သို့ ဧည့်သည်အဖြစ် သွားရသည်ကို မနှစ်သက်ပေ၊ အထူးသဖြင့် မရင်းနှီးသောသူများ ဖြစ်နေ၍ပင်။
လီရှောင်းမှာ ဘာပြောရမှန်းမသိဘဲ ဆံပင်စေးနေခြင်းနှင့် ဧည့်သည်သွားခြင်းမှာ မည်သို့ပတ်သက်သည်ကို သူ နားမလည်နိုင်ပေ။
ဆယ်နာရီကျော်တွင် ကျန်းရိုသည် ကလေးကိုချီကာ လီရှောင်းနှင့်အတူ အပြင်သို့ ထွက်လာခဲ့သည်။ လီရှင်းအတွက်မူ ကိုယ်တိုင်မချက်ချင်ပါက အပြင်တွင် ဝယ်စားနိုင်ရန် ပိုက်ဆံချန်ထားပေးခဲ့သည်။
ချန်ရုန်၏အိမ်မှာ သူတို့ကုမ္ပဏီပိုင် အဆင့်မြင့်အိမ်ရာဝင်းတစ်ခုအတွင်း၌ ရှိသည်။ မည်မျှအထိ အဆင့်မြင့်သလဲဆိုသော် ကျန်းရိုသည် လီရှောင်းနှင့်အတူ အိမ်ရာဝင်းဂိတ်ဝသို့ ဝင်လိုက်သည်နှင့် သူမတို့ငှားနေသောအိမ်နှင့် လုံးဝကွဲပြားခြားနားသော ကမ္ဘာတစ်ခုသို့ ရောက်သွားသကဲ့သို့ ခံစားလိုက်ရကာ နောင်ခေတ်သို့ ပြန်ရောက်သွားသကဲ့သို့ပင် ထင်မှတ်မိတော့သည်။
အိမ်ရာဝင်းအတွင်းရှိ သစ်ပင်ပန်းမန် ပတ်ဝန်းကျင်မှာ အလွန်ကောင်းမွန်လှသည်။ ကျောက်တောင်အတု၊ ရေကန်၊ ဇရပ်လေးများအပြင် ကလေးကစားကွင်းများလည်း ပါရှိသည်။ လမ်းများမှာ ကျယ်ဝန်းသဖြင့် ကားများ အဝင်အထွက်လွယ်ကူကာ ၂၀-၃၀ ထပ်မြင့်သော အဆောက်အအုံများမှာလည်း အလွန်သစ်လွင်လှသည်။
ကျန်းရိုက မနေနိုင်ဘဲ "ဒီကအိမ်တွေက တော်တော်ဈေးကြီးမှာပဲနော်" ဟု မေးမိသည်။
တည်နေရာကလည်း ကောင်းမွန်လှသဖြင့် တိတ်ဆိတ်အေးချမ်းလှသည်။
လီရှောင်းက "အင်း၊ စဖွင့်တုန်းက တစ်အိမ်ကို ၁ သန်း ဝန်းကျင်ပဲ၊ အခုတော့ ၂ သန်း ကျော်သွားပြီ" ဟု ပြန်ဖြေသည်။
ကျန်းရိုက "ကျစ်" ခနဲ အသံထွက်သွားမိသည်။ သိန်းနှစ်ဆယ်ဆိုသည်မှာ နောက်နှစ်ပေါင်းနှစ်ဆယ်တွင် သာမန်ဈေးနှုန်းဟု ထင်ရသော်လည်း ယခုခေတ်တွင်မူ နတ်ပြည်ကဈေးနှုန်းပင် ဖြစ်သည်။
သို့သော် ယခုခေတ်တွင်ပင် ချမ်းသာသောသူများ များစွာရှိနေသေးကြောင်း ဝရန်တာများပေါ်တွင် လှန်းထားသော အဝတ်အစားများနှင့် စောင်များကို ကြည့်ခြင်းဖြင့် သိနိုင်သည်။
သူမက "ရှင် ကြိုးစားလုပ်နော်၊ ကျွန်မလည်း ဒီလိုအိမ်ကြီးမျိုးမှာ နေချင်တယ်" ဟု မနာလိုသလို လေသံဖြင့် ဆိုလိုက်သည်။
သူမသည် မျှော်လင့်ချက်ကို လီရှောင်းအပေါ်တွင်သာ ပုံထားရန် ဆုံးဖြတ်လိုက်သည်။ သူမအနေဖြင့်မူ ရဲဝန်ထမ်းဖြစ်စေ၊ တိုင်းရင်းဆေးဆရာဖြစ်စေ ချမ်းသာမည့်အလုပ်များ မဟုတ်လှပေ။
လီရှောင်းက ရယ်မောလျက် "ကောင်းပါပြီ" ဟု ချက်ချင်းပင် ကတိပေးလိုက်သည်။
ကျန်းရိုက သူ့အပေါ် မျှော်လင့်ချက်ကြီးကြီးမာမား ထားသည်ကို သူ အတော်လေး သဘောကျနေမိသည်။
ချန်ရုန်၏အိမ်မှာ အမှတ် (၈) အဆောက်အအုံ၏ ၁၃ ထပ်တွင် ရှိသည်။ အခန်းမှာ အကျယ်ကြီးဖြစ်ကာ ဓာတ်လှေကားတစ်ခုတွင် အိမ်တစ်အိမ်သာ ရှိပြီး စတုရန်းပေ ၁၅၀ ခန့် ကျယ်ဝန်းသည်။
လီရှောင်းက ပစ္စည်းများကို ကိုင်၍ ရှေ့မှလျှောက်ကာ ကျန်းရိုက အန်းအန်းကိုချီလျက် နောက်မှ လိုက်လာသည်။ တံခါးကို နှစ်ချက်ခန့် ခေါက်လိုက်သည်နှင့် အတွင်းမှ ပွင့်လာကာ ချန်ရုန်က ပြုံးရွှင်စွာဖြင့် "မြန်မြန်ဝင်လာကြပါ၊ ဖိနပ်လဲနေစရာ မလိုပါဘူး၊ မင်းတို့မရီးက ဟင်းတွေအများကြီး ချက်ထားတယ်၊ မင်းတို့ကိုပဲ စောင့်နေတာ" ဟု ဖိတ်ခေါ်လေသည်။
ထိုသို့ပြောသော်လည်း လီရှောင်းနှင့် ကျန်းရိုတို့က တံခါးဝတွင် အိမ်တွင်းစီးဖိနပ် လဲစီးခဲ့ကြသည်။ အန်းအန်းကမူ လဲစရာမလိုပေ၊ သူမ ဖိနပ်ဝတ်ထားသော်လည်း မြေကြီးနှင့် တစ်ခါမျှ မထိဖူးသောကြောင့် ဖြစ်သည်။
ကလေးငယ်မှာ သူစိမ်းနေရာသို့ ရောက်သော်လည်း ယခုအခါ တည်တည်ငြိမ်ငြိမ် ရှိနေတတ်ပြီ ဖြစ်သည်။ စူးစမ်းကြည့်ရုံသာ ကြည့်ပြီး ကျန်းရို၏ရင်ခွင်ထဲသို့ ကြောက်လန့်တကြား တိုးဝင်ခြင်း မရှိတော့ပေ။
ပြောရမည်ဆိုလျှင် သူမသည် အသက်ငယ်သော်လည်း ကျန်းရိုနှင့်အတူ နေရာအနှံ့ ရောက်ဖူးသဖြင့် အတွေ့အကြုံ များနေပြီ ဖြစ်သည်။
ချန်ရုန်မှာ အိမ်တွင် ပေါ့ပေါ့ပါပါးပင် တီရှပ်၊ ဘောင်းဘီတိုနှင့် အိမ်တွင်းစီးဖိနပ်ကို ဝတ်ထားသည်။ သူက လီရှောင်းတို့လင်မယားကို ဧည့်ခန်းသို့ ခေါ်ဆောင်လာခဲ့ရာ၊ ဧည့်ခန်းမှာ အလွန်ခမ်းနားလှပြီး စကျင်ကျောက်များ ခင်းထားကာ နံရံများကိုလည်း ရွှေရောင်သုတ်ထားသည်။ ဆိုဖာမှာ ဥရောပနန်းတွင်းပုံစံဖြစ်သဖြင့် အလွန်ပင် ထည်ဝါလှသည်။
အရွယ်ကြီးတစ်ဦး၊ ငယ်တစ်ဦးဖြစ်သော မိန်းကလေးနှစ်ဦးမှာ ဆေးကြောထားသော သစ်သီးများကို စားပွဲပေါ်တွင် လာတင်ကြသည်။ ချန်ရုန်က "ဒါ ငါ့သမီးနှစ်ယောက်လေ၊ ချန်လေ နဲ့ ချန်လော့" ဟု ပြုံးလျက် မိတ်ဆက်ပေးသည်။
ထို့နောက် သမီးနှစ်ယောက်ကို "လေလေ၊ လော့လော့... ဦးဦးနဲ့ အဒေါ်ကို နှုတ်ဆက်လိုက်ဦး"
မိန်းကလေးနှစ်ဦးက လီရှောင်းတို့လင်မယားကို ကြည့်ကြသည်။ အကြီးမမှာ ၁၂-၁၃ နှစ်ခန့် ရှိပြီဖြစ်ကာ အငယ်မမှာ ၄-၅ နှစ်ခန့် ရှိသည်။
အကြီးမက အရင်နှုတ်ဆက်သည်။ "ဦးဦးလီ မင်္ဂလာပါ၊ ဒေါ်လေးကျန်း မင်္ဂလာပါ။"
အငယ်မလေးကလည်း ကလေးသံလေးဖြင့် လိုက်နှုတ်ဆက်သည်။ "ဦးဦးလီ မင်္ဂလာပါ၊ ဒေါ်လေးကျန်း မင်္ဂလာပါ။"
လီရှောင်းက ခေါင်းညိတ်ပြသည်။
ကျန်းရိုက ပြုံးလျက် "မင်္ဂလာပါနော်" ဟု ပြန်နှုတ်ဆက်ကာ အန်းအန်း၏ လက်ကလေးကို လှုပ်ယမ်းပြရင်း "ဒါက အန်းအန်းလေ၊ သူက စကားကောင်းကောင်း မပြောတတ်သေးဘူး"
မိန်းကလေးနှစ်ဦးမှာ ကျန်းရို၏ရင်ခွင်ထဲမှ အန်းအန်းကို မြင်ကတည်းက သဘောကျနေကြခြင်း ဖြစ်သည်။ ဤညီမလေးမှာ အလွန်ချစ်စရာကောင်းကာ မျက်လုံးလေးများမှာလည်း တောက်ပနေသည်ဟု သူတို့ ယူဆကြသည်။
အငယ်မလေးက မနေနိုင်ဘဲ ရှေ့သို့တိုးကာ "ညီမလေးကို ချီလို့ရမလားဟင်" ဟု မော့မေးရှာသည်။
"ရတာပေါ့။"
စကားပြောနေစဉ်မှာပင် မီးဖိုချောင်ထဲမှ ချန်ရုန်၏ဇနီးမှာ လက်သုတ်ရင်း ထွက်လာသည်။ "လီရှောင်း ရောက်ပြီလား။"
သူမသည် လူကိုမြင်သည်နှင့် ကလေးနှစ်ယောက်ကို ရေနွေးကြမ်း ငှဲ့ခိုင်းလေသည်။
ကျန်းရိုက "အားမနာပါနဲ့၊ ကျွန်မတို့ ရေမဆာပါဘူး" ဟု အမြန်တားလိုက်သည်။
ကျောက်ယွင်က ပြုံးလျက် ကျန်းရိုကို ဆွဲ၍ ထိုင်ခိုင်းလိုက်သည်။ "ဘာတွေ အားနာနေတာလဲ၊ အိမ်ကို ဧည့်သည်လာတာ ရေတစ်ခွက်တောင် မတိုက်လို့ ဖြစ်မလား။"
"လာ... ထိုင်ပါဦး၊ မင်းက ကျန်းရို မဟုတ်လား။ တို့ယောက်ျားပြောပြောနေတာ မင်းက ရုပ်လည်းလှ၊ ဟင်းလည်း တော်တယ်ဆိုလို့ တို့က မယုံချင်ဘူး။ အခုကြည့်တော့ တကယ်ပဲ လှတာကိုး။ လီရှောင်းတစ်ယောက် ဘာလို့ ဒီလောက်အစောကြီး အိမ်ထောင်ပြုတာလဲဆိုတာ အခုမှ သိတော့တယ်။ တို့သာဆိုရင်လည်း ဒီလောက်လှတာကို စောစောစီးစီး အိမ်ထဲ သိမ်းထားမှာပဲ။"
သူမက ကျန်းရိုကို ကြည့်ရင်း ခုနကစကားကို စိတ်ရင်းမှန်ဖြင့် ပြောခြင်း ဖြစ်သည်။
အရင်က သူမ ကျန်းရိုအပေါ် ထားရှိသော အထင်မှာ ရွာဘက်က တောသူပုံစံမျိုးသာ ဖြစ်လိမ့်မယ်လို့ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ G ပြည်နယ်တွင် ယောက်ျားနောက် လိုက်လာသော တောသူအမျိုးသမီးများစွာ ရှိရာ၊ ထိုအမျိုးသမီးများမှာ မြို့သူများအတိုင်း ဆံပင်ကောက်၊ မိတ်ကပ်လိမ်းသော်လည်း မဖုံးကွယ်နိုင်သော တောအငွေ့အသက်များ ရှိနေတတ်သည်။
ကျောက်ယွင်က လူကို နှိမ်ခြင်းမဟုတ်ဘဲ စကားပြောမတည့်ဘဲ အနေရခက်မည်ကို စိုးရိမ်ခဲ့ခြင်း ဖြစ်သည်။ အရင်က လီရှောင်းကို ပထမဆုံး မြင်စဉ်က သူ စကားပြောလျှင် ဒေသန္တရလေသံ ပါနေသဖြင့် နားလည်ရန် ခက်ခဲခဲ့သည်။
သို့သော် လီရှောင်းမှာ ဉာဏ်ကောင်းသူဖြစ်ရာ မကြာမီမှာပင် သူ၏စကားပြောပုံမှာ မြို့ခံများအတိုင်း ဖြစ်သွားခဲ့သည်။
သို့သော် ကျောက်ယွင် မမျှော်လင့်ထားသည်မှာ လီရှောင်းဇနီးမှာ ဒီလောက်အထိ လှပနေခြင်းပင်။ သူမ၏ မျက်နှာအင်္ဂါရပ်များမှာ အလွန်ပင် သန့်စင်လှပလှသည်။ အထူးသဖြင့် မျက်ဝန်းများမှာ နူးညံ့ကာ အသက်ဝင်လှသည်။ အသားအရေမှာလည်း ဖြူစင်ဝင်းပနေကာ၊ အသက်ငယ်သေးသဖြင့် ကလေးအမေဟုပင် မထင်ရပေ။ ကိုယ်လုံးကိုယ်ပေါက်မှာလည်း သွယ်လျလှပကာ ရှပ်အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ဆံပင်ကို ခပ်လျော့လျော့ ထုံးထားသဖြင့် အလွန်ပင် ကြည့်ကောင်းလှသည်။
မိသားစု သုံးဦး အတူရပ်နေသည်မှာ ကျန်းရိုနှင့် ကလေးမှာ ချမ်းသာသော မိသားစုမှ ယဉ်ကျေးစွာ ပျိုးထောင်ထားသော သားအမိများကဲ့သို့ဖြစ်ပြီး၊ လီရှောင်းမှာမူ လောကဓံကို ကြံ့ကြံ့ခံထားသော ကျောက်တုံးကြီးတစ်ခုကဲ့သို့ ရဲရင့်သော ပုံစံရှိသည်။
သို့သော် အတူရပ်နေသည်မှာမူ အလွန်ပင် လိုက်ဖက်ညီလှသည်။
ကျောက်ယွင်မှာ သူမ၏ အတွေးကြောင့် ရယ်ချင်မိသွားကာ သစ်သီးပန်းကန်ကို ကျန်းရိုရှေ့သို့ တိုးပေးလိုက်သည်။ "သစ်သီးစားပါဦး၊ ဒီမနက်မှ ဝယ်ထားတာတွေပါ။"
ပြောရင်းနှင့် ကျန်းရို၏ရင်ခွင်ထဲမှ ကလေးကို လှမ်းစနောက်လေသည်။ "ဒါ အန်းအန်း မဟုတ်လား၊ တကယ် လှတာပဲ။ တို့တစ်သက်မှာ ဒီလောက်လှတဲ့ ကလေးမျိုး မမြင်ဖူးဘူး။"
အန်းအန်းလေးမှာ သူစိမ်းနှင့် အကိုင်မခံလိုသဖြင့် သူမ၏လက်ကလေးကို အမြန်ရုပ်သိမ်းကာ ကျန်းရို၏ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။
ကျောက်ယွင်က ပို၍ ရယ်မောကာ ကလေးတွေက ဘာလုပ်လုပ် ချစ်ဖို့ကောင်းသည်ဟု ဆိုလေသည်။
ချန်လေနှင့် ချန်လော့တို့က ရေနွေးကြမ်း နှစ်ခွက် ယူလာကြသည်။ အငယ်မလေးမှာ ဝဝတုတ်တုတ်နှင့် ကြည့်ရသည်မှာ ကြည်နူးစရာ ကောင်းလှသည်။ သူမသည် ခွက်ကို ချပေးပြီးနောက် ထွက်မသွားဘဲ စားပွဲဘေးတွင် ရပ်လျက် အန်းအန်းကို စောင်းငဲ့ကြည့်နေသည်။
အန်းအန်းကလည်း သူမကို မြင်သောအခါ ခေါင်းလေးကို တစ်ဖက်သို့ လွှဲလိုက်ပြီး အကြည့်မခံပေ။
ကျန်းရိုက သူမ၏ခေါင်းကို ပွတ်သပ်ပေးရင်း "ညီမလေးက နည်းနည်း ကြောက်တတ်လို့ပါ" ဟု ပြုံးလျက် ရှင်းပြလိုက်သည်။
ချန်လော့က ရယ်မောလျက် ပန်းကန်ထဲမှ ငှက်ပျောသီးတစ်လုံးကို ယူ၍ အခွံနွှာလိုက်သည်။ "ညီမလေးက တကယ် လှတာပဲ။"
ထို့နောက် အခွံနွှာပြီးသော ငှက်ပျောသီးကို ကျန်းရိုထံ ယဉ်ကျေးစွာ ကမ်းပေးလိုက်သည်။ "ဒေါ်လေး... ညီမလေးကို ကျွေးလိုက်ပါ။"
ကျန်းရိုမှာ ရင်ထဲတွင် နူးညံ့သွားရကာ "ကျေးဇူးတင်ပါတယ် ချန်လော့ရယ်" ဟု ဆိုရင်း ငှက်ပျောသီးကို ယူလိုက်သည်။
သူမက အန်းအန်းရှေ့သို့ ငှက်ပျောသီး ကမ်းပေးလိုက်ကာ "အန်းအန်း... ကြည့်ပါဦး၊ ဒါ မမချန်လော့က အခွံနွှာပေးတာနော်"
ကောင်မလေးမှာ ကျန်းရို၏ ပေါင်ပေါ်တွင် ထိုင်နေရင်း ခေါင်းမော့ကြည့်ပြီးမှ ပါးစပ်ဟ၍ စားလေသည်။
သို့သော် တစ်ဖက်က ချန်လော့ကိုမူ လုံးဝ လှည့်မကြည့်ပေ။
အပြင်ထွက်လျှင် သူမ၏ ပါပါးအတိုင်း အလွန်ပင် မာနကြီးလှသည်။
သို့သော် စားရင်းစားရင်းနှင့် သူမဘာသာ ကျန်းရို၏ ပေါင်ပေါ်မှ လျောဆင်းသွားကာ ကျန်းရို၏ ခြေထောက်ကို ကိုင်၍ မတ်တပ်ရပ်နေတော့သည်။
ချန်လော့က အံ့ဩတကြီးဖြင့် "ညီမလေးက တကယ် ချစ်စရာကောင်းတာပဲ" သူမ လျောဆင်းသည့် ပုံစံလေးကိုပင် သဘောကျနေခြင်း ဖြစ်သည်။
ကျန်းရိုမှာ ရယ်ရခက်၊ ငိုရခက် ဖြစ်သွားရ၏။
ကျောက်ယွင်က ထရပ်ကာ "ခဏ ထိုင်နေကြဦးနော်၊ အခုပဲ ပြီးတော့မှာ။ ဟင်းက နည်းနည်းပဲ ကျန်တော့တယ်" ဟု ဆိုကာ မီးဖိုချောင်သို့ ဝင်သွားလေသည်။
ကျန်းရိုက "မရီး... အများကြီး မချက်ပါနဲ့၊ မကုန်ရင် နှမြောစရာကြီး" ဟု လှမ်းပြောလိုက်သည်။
"မများပါဘူး၊ အခုပဲ ပြီးတော့မှာ။"
ပြောပြောဆိုဆိုနှင့် သူမ မီးဖိုချောင်သို့ ဝင်သွားတော့သည်။
အခြားတစ်ဖက်တွင်မူ လီရှောင်းနှင့် ချန်ရုန်တို့မှာ ဆိုဖာပေါ်တွင် စကားစမြည် ပြောဆိုနေကြပြီ ဖြစ်သည်။
ချန်မိသားစုမှ ညီအစ်မ နှစ်ဦးစလုံး ကျန်းရို၏ ဘေးတွင် ထိုင်ကာ အန်းအန်းကို ကြည့်နေကြပြီး သူမကို ကိုင်ကြည့်ချင်နေကြသည်။ သို့သော် လက်လှမ်းလိုက်တိုင်း ကောင်မလေးက မျက်နှာကို ကျန်းရို၏ ပေါင်ကြားထဲ ဝှက်၍ ရှောင်ဖယ်နေလေသည်။
ညီအစ်မ နှစ်ဦးမှာ နောက်ဆုံးတွင် စားစရာများဖြင့် ချော့မြူကြတော့သည်။ တစ်ဦးက စပျစ်သီး အခွံနွှာပေးကာ၊ အခြားတစ်ဦးက လိုင်ချီးသီး အခွံနွှာပေးရာ အားလုံးမှာ ကောင်မလေး ကြိုက်တတ်သော အရာများ ဖြစ်နေသည်။
မကြာမီမှာပင် အန်းအန်းမှာ ချော့မြူခြင်း ခံလိုက်ရကာ သူမတို့နှင့် အတူတူ ဆော့ကစားတော့သည်။ တစ်ဦးကို တစ်လုပ်စီဖြင့် အချိုးကျ စားနေရှာသည်။
အငယ်မလေးက ကျန်းရိုကို မော့ကြည့်ကာ "ဒေါ်လေး... သမီး သူ့ကို ချီလို့ရမလားဟင်" ဟု မေးပြန်သည်။
ကျန်းရိုက ပြုံးလျက် "စမ်းကြည့်လေ" ဟု ဆိုလိုက်သည်။
ချန်လော့က အန်းအန်း၏ နောက်ဘက်တွင် ရပ်ကာ ဂျိုင်းအောက်မှ မ၍ ချီရန် ပြင်သည်။
သူမ စမ်းကြည့်သော်လည်း မနိုင်ပေ၊ ကလေးက အတော်လေး လေးလွန်းလှသည်။
ချန်ရုန်က ဘေးမှ မြင်သဖြင့် "သတိထားဦးနော်၊ ညီမလေးကို လွတ်မကျစေနဲ့" ဟု သတိပေးလိုက်သည်။
နောက်ဆုံးတွင် အစ်မဖြစ်သူက လာရောက်၍ အန်းအန်းကို ချီလိုက်ကာ ကျန်းရိုကို "ကျွန်မတို့ သူ့ကို ခဏ လိုက်ပြဦးမယ်နော်"
ကျန်းရိုက သဘောတူလိုက်သည်။ "ရတာပေါ့၊ ဒေါ်လေးလည်း ခဏလောက် အနားရတာပေါ့၊ ကျေးဇူးတင်ပါတယ်ကွယ်။"
မိန်းကလေးနှစ်ဦးမှာ ပျော်ရွှင်စွာဖြင့် အန်းအန်းကိုချီကာ အိမ်ထဲတွင် လိုက်လံ ပြသနေကြတော့သည်။
ကျန်းရိုက ထရပ်ကာ မီးဖိုချောင်သို့ သွား၍ ကူညီလေသည်။ ကျောက်ယွင်မှာ ဟင်းကျော်နေစဉ် ကျန်းရို လာသည်ကို မြင်သောအခါ "ဒီမှာ အနံ့တွေ နံလိမ့်မယ်၊ အပြင်မှာပဲ နေပါ" ဟု အတင်းနှင်ထုတ်လေသည်။
ကျန်းရိုက နားမထောင်ဘဲ ပြုံးလျက် ဝင်လာကာ ဘေစင်ရှိ ပန်းကန်များကို ကူဆေးပေးသည်။
ကျောက်ယွင်က အားနာစွာဖြင့် "အို... အဲ့ဒါတွေက ညစ်ပတ်တယ်လေ၊ ဆီတွေလည်း ပါတယ်၊ ထားလိုက်ပါ တို့ နောက်မှ ဆေးပါ့မယ်" ဟု တားသော်လည်း၊
ကျန်းရိုက "ဒါက ဘာဖြစ်လို့လဲ၊ ကျွန်မလည်း အိမ်မှာ အလုပ်လုပ်နေတာပဲဥစ္စာ" ဟု ပြုံးလျက် ပြန်ဖြေသည်။
ကျောက်ယွင်သည် ထိုစကားကြောင့် ရင်ထဲတွင် ကျေနပ်သွားရသည်။ အိမ်သို့ ဧည့်သည်လာတိုင်း ဧည့်ခန်းတွင် ထိုင်စောင့်ကာ ထမင်းစားရန်သာ ပြင်ဆင်ကြသော်လည်း၊ သူမကို ကူညီပေးမည့်သူ တစ်ဦးမျှ မရှိခဲ့ဖူးပေ။
အမှန်တော့ သူမသည် လီရှောင်းအကြောင်းကို သူမယောက်ျားထံမှ အစောကြီးကတည်းက ကြားဖူးထားခြင်း ဖြစ်သည်။ ရုပ်ချောကြောင်း၊ အရည်အချင်းရှိကြောင်းပေါ့။ လီရှောင်းကို ပထမဆုံး မြင်စဉ်က သူမ အမှန်တကယ်ပင် အံ့သြသွားခဲ့ရသည်။ ယောက်ျားတစ်ယောက်က ဒီလောက်အထိ ချောမောနိုင်လိမ့်မယ်လို့ သူမ မထင်မှတ်ခဲ့ပေ။ တီဗွီထဲက မင်းသားတွေတောင် သူ့ကို မမီနိုင်ချေ။
ထိုစဉ်က သူမသည် လီရှောင်းအား အောင်သွယ်တော် လုပ်ပေးရန်ပင် ကြံစည်ခဲ့သော်လည်း၊ သူ အိမ်ထောင်ရှိမှန်း သိလိုက်ရသောအခါ နှမြောတသ ဖြစ်ခဲ့ရသည်။
သို့သော် နောက်ပိုင်းတွင် သူမ၏ခင်ပွန်းက လီရှောင်းမှာ မိန်းမကြောက်သူ ဖြစ်ကြောင်း၊ အခြားသူများ KTV သွားသော်လည်း သူကမူ ဇနီးဖြစ်သူ သိသွားပါက ကွာရှင်းမည်စိုးသဖြင့် မလိုက်ရဲကြောင်း စသည်ဖြင့် လှောင်ပြောင်ပြောဆိုသည်ကို ကြားခဲ့ရသည်။
သူမသည် အစက ရယ်ချင်မိသော်လည်း၊ နောက်ပိုင်း စဉ်းစားကြည့်မှ ရယ်စရာကောင်းနေသူမှာ သူမ၏ ခင်ပွန်းသာ ဖြစ်ကြောင်း သိရှိလိုက်ရသည်။ လီရှောင်းဇနီးမှာ ရွာမှာ ရှိနေခြင်းဖြစ်ရာ၊ သူ သွားလျှင်လည်း ဇနီးဖြစ်သူက သိနိုင်မည် မဟုတ်ပေ။ ဤသည်မှာ မိန်းမကြောက်ခြင်း မဟုတ်ဘဲ မိမိကိုယ်တိုင်က မသွားချင်ဘဲ မိမိကိုယ်ကိုယ် ထိန်းသိမ်းခြင်းသာ ဖြစ်ပေလိမ့်မည်။
ထိုကိစ္စကြောင့် သူမသည် လီရှောင်းအပေါ် အထင်ကြီးသွားခဲ့သည်။ သူမ၏ခင်ပွန်းကဲ့သို့ မဟုတ်ပေ။ သူမ၏မရီးက ချမ်းသာသောသူနှင့် ညားပြီးနောက်တွင် သူမ၏ခင်ပွန်းမှာလည်း များစွာ ပြောင်းလဲသွားကာ၊ ကလပ်များသို့ သွားလာပြီး မရေရာသော လူများနှင့် ပတ်သက်နေခဲ့သည် မဟုတ်လား။
လီရှောင်းကဲ့သို့သော သူမျိုးမှာ အမှန်တကယ် ရှားပါးလှသည်ဟု သူမ ယူဆသည်။
ထို့ကြောင့် သူမသည် ရွာက အမျိုးသမီးမှာ ဤမျှ ကောင်းမွန်သော အမျိုးသားနှင့် မလိုက်ဖက်ဟု အမြဲ တွေးတောနေခဲ့ခြင်း ဖြစ်သည်။ သူမ၏ တူမဖြစ်သူ တက္ကသိုလ်ကျောင်းသူနှင့်သာ ပို၍ လိုက်ဖက်မည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က လီရှောင်းမှာ သူမ၏ခင်ပွန်းကို ကယ်တင်ရင်း ဒဏ်ရာရခဲ့စဉ်၊ သူ၏ ဇနီးမှာ ကလေးကိုချီကာ မိုင်ပေါင်းများစွာ ဝေးသောနေရာမှ လာရောက် ပြုစုခဲ့ကြောင်း ကြားသိရသောအခါ...
ထိုလင်မယား နှစ်ဦး၏ သံယောဇဉ်မှာ အလွန် နက်ရှိုင်းလှကြောင်း သူမ ရိပ်မိလိုက်ကာ၊ သူမ၏ အရင်က အတွေးများအတွက် အတော်လေးအားနာမိတော့သည်။
နှစ်ဦးသား အလုပ်လုပ်ရင်း စကားပြောကြရာ၊ ကျန်းရို ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် အောင်မြင်သွားကြောင်း သိရှိလိုက်ရသောအခါ ကျောက်ယွင်မှာ ထပ်မံ၍ အံ့အားသင့်သွားရပြန်သည်။
.....
နေ့လည်စာအတွက် ဟင်းကိုးမျိုးကို စားပွဲအပြည့် ပြင်ဆင်ထားလေသည်။ ကျောက်ယွင်က အန်းအန်းအတွက် ဆန်ပြုတ်နှင့် ပင်လယ်စာများကို အထူး ချက်ပြုတ်ပေးထားသည်။
ကောင်မလေးမှာ အလွန်သဘောကျပုံရကာ ပန်းကန်လုံးတစ်လုံးလုံး ကုန်အောင် စားလိုက်ရှာသည်။ စားပြီးနောက် မမနှစ်ဦးက သူမကို ခေါ်၍ စန္ဒရားတီး သင်ပေးကြသည်။ သူမမှာ ဘာမှ နားမလည်သော်လည်း လက်ဖောင်းဖောင်းလေးများဖြင့် စန္ဒရားကို လိုက်နှိပ်ရင်း အသံထွက်လာသည်ကို သဘောကျကာ အလွန် ပျော်ရွှင်နေတော့သည်။
ချန်ရုန်တို့အိမ်မှ ထွက်လာသောအခါ လီရှောင်းက ရုတ်တရက် "နောက်ကျရင် အန်းအန်းအတွက် အဲ့ဒီ သံတုတ်တီးတဲ့ဟာ ဝယ်ပေးမယ်"
ကျန်းရိုက "စန္ဒရား လို့ ခေါ်တာပါ" ဟု သတိပေးလိုက်သည်။
လီရှောင်းက ဂုဏ်မရှိသကဲ့သို့ "ဘာပဲဖြစ်ဖြစ် အတူတူပါပဲ၊ ဟိုနှိပ်ဒီနှိပ် လုပ်ရတဲ့ဟာလေ" ဟု ဆိုလေသည်။
ကျန်းရို: "..." ဘယ်လိုလုပ်ပြီး အတူတူ ဖြစ်နိုင်မှာလဲ။
....
နောက်ပိုင်း ရက်များတွင် ကျန်းရိုသည် ပန်းချီဆွဲလိုက်၊ တိုင်းရင်းဆေး စာအုပ်များ ဖတ်လိုက်ဖြင့် အချိန်ကုန်ဆုံးခဲ့သည်။
မကြာမီမှာပင် လကုန်ပိုင်းသို့ ရောက်ရှိလာတော့သည်။ ဩဂုတ်လ ၂၄ ရက်နေ့တွင် ကျန်းရိုနှင့် လီရှောင်းတို့သည် လီရှင်းကို ရထားဘူတာသို့ လိုက်လံ ပို့ဆောင်ကြသည်။ ရထားစောင့်နေစဉ် ကျန်းရိုက သေချာ မှာကြားလေသည်။ "တစ်ယောက်တည်း သွားရမှာဆိုတော့ သတိထားနော်၊ ရထားပေါ်မှာ သူခိုး များတယ်၊ ပိုက်ဆံကို ခွဲထားပါ။ လူကုန်ကူးတဲ့သူတွေလည်း ရှိနိုင်တော့ ဘယ်သူ စကားလာပြောပြော အဖက်မလုပ်နဲ့၊ အကူအညီ လာတောင်းရင်လည်း မကူညီနဲ့ဦး။ သူများ ပေးတဲ့ စားစရာနဲ့ ရေကို လုံးဝ မသောက်နဲ့၊ ညဘက် အိပ်ရင်လည်း နိုးနိုးကြားကြား ရှိပါစေ။"
လီရှင်းက ခေါင်းညိတ်သည်။ "ကျွန်မ အကုန် သိပါတယ် အစ်မ။"
ကျန်းရိုက ဆက်လက်၍ "အဒေါ်ဝမ်အိမ်မှာ ညစာ သွားစားတာကိုလည်း အားမနာနဲ့၊ အစ်မ ပိုက်ဆံ ပေးခဲ့ပြီးသားပဲ။ အဲ့ဒီမှာ နေတာမှ မဟုတ်တာ၊ ထမင်း တစ်နပ်ပဲ စားတာလေ။ မင်းရဲ့ အဓိက တာဝန်က စာကျက်ဖို့ပဲ။ ခဲအိုက မင်းအတွက် စက်ဘီးတစ်စီး စီစဉ်ပေးထားတယ်၊ ပြန်ရောက်ရင် ကိုယ်တိုင် လေ့ကျင့်လိုက်ဦး။ အမှတ် (၄) ကျောင်းက သိပ်မဝေးဘူးဆိုတော့ စက်ဘီးစီးသွားတာက လေ့ကျင့်ခန်း လုပ်ပြီးသား ဖြစ်တာပေါ့"
လီရှင်းက အဆက်မပြတ် ခေါင်းညိတ်ပြကာ "ဟုတ်ကဲ့ပါ" ဟု ဆိုရှာသည်။
ကျန်းရိုက သူမ၏အင်္ကျီလည်ပင်းကို ပြင်ပေးရင်း "ဒါဆိုလည်း လမ်းမှာ သတိထားသွားနော်" ဟု နှုတ်ဆက်လိုက်သည်။
"ဟုတ်ကဲ့... ဟုတ်ကဲ့။"
လီရှင်းမှာ စိတ်ထဲတွင် အလွန်ကျေနပ်နေမိသည်။ အစ်မဖြစ်သူ၏ ဂရုစိုက်မှုကို ခံရသည်မှာ အမှန်တကယ် ကောင်းမွန်သော ခံစားချက် ဖြစ်သည်။
ရထားဆိုက်လာသောအခါ လီရှောင်းနှင့် ကျန်းရိုတို့က သူမကို အတွင်းအထိ လိုက်ပို့ကာ၊ အိပ်ရာနေရာကို ရှာဖွေပေးပြီး အားလုံး အဆင်ပြေမှသာ ပြန်ထွက်လာခဲ့ကြသည်။
အပြင်သို့ ထွက်လာချိန်တွင် အန်းအန်းလေးမှာ နောက်သို့ လှည့်ကြည့်ရင်း ကလေးသံလေးဖြင့် "ဒေါ်... ဒေါ်..." ဟု အော်ခေါ်နေရှာသည်။
ကျန်းရိုက သူမ၏ ပါးပြင်ကို နမ်းလိုက်ကာ "ဟုတ်တယ်၊ ဒေါ်လေးကို နှုတ်ဆက်လိုက်ဦး"
ကောင်မလေးမှာ ပါးစပ်လေးကို စူထားရှာသည်။
လီရှင်းက သူမကို လက်ယမ်းပြကာ "အန်းအန်း တာ့တာ၊ ပါပါးနဲ့ မာမား စကားကို နားထောင်နော်" ဟု လှမ်းပြောလေသည်။
ရထားပေါ်မှ ဆင်းလာချိန်တွင် ကောင်မလေးမှာ ကျန်းရို၏လည်ပင်းကို ဖက်ထားရင်း အလွန် ဝမ်းနည်းနေပုံရသည်။
သို့သော် ပို၍ ဝမ်းနည်းစရာမှာ နောက်ပိုင်းတွင် ရှိနေသေးသည်။
.....
လီရှင်း ထွက်သွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ကျန်းရိုလည်း ကျောင်းစတက်ရတော့မည် ဖြစ်သည်။
ကျောင်းမဖွင့်မီ တစ်ရက်တွင် လီရှောင်းက ကျန်းရိုအတွက် အမျိုးသမီးစီး စက်ဘီးအသစ် တစ်စီး ယူဆောင်လာပေးသည်။ အစိမ်းရင့်ရောင်ဖြစ်ကာ အရှေ့တွင် ခြင်းတောင်း အမည်းလေး ပါရှိသဖြင့် အလွန် လှပလှသည်။
သို့သော် ကြည့်လိုက်သည်နှင့် ဈေးကြီးမှန်း သိသာသဖြင့် ကျန်းရိုက နှမြောမိသွားသည်။ "ဘာလို့ အသစ် ဝယ်ရတာလဲ။ အဟောင်းတစ်စီး ဝယ်ရင် ရတာပဲဥစ္စာ။"
လီရှောင်းက သူမအတွက် ထိုင်ခုံအမြင့်ကို ညှိပေးရင်း ခေါင်းပင်မမော့ဘဲ "မင်းက တက္ကသိုလ်ကျောင်းသူလေ၊ စက်ဘီးအစုတ်စီးနေရင် သူများတွေ လှောင်နေဦးမယ်" ဟု ပေါ့ပေါ့ပါပါးပင် ပြန်ဖြေလေသည်။
ကျန်းရိုက သူ့ကို တစ်ချက်ကြည့်ကာ "ရှင်ကတော့ တကယ်ကို ဂုဏ်မက်တာပဲ၊ ကျွန်မကတော့ ဂရုမစိုက်ပါဘူး" ဟု ဆိုလိုက်သည်။
လီရှောင်းက ခပ်တိုးတိုး ရယ်မောမိသည်။
ကျန်းရို၏ စိတ်ထားမှာ အလွန်ကောင်းမွန်သည်ဟု သူ ယူဆသည်။ အခြားသူများ တက္ကသိုလ်အောင်လျှင် တစ်လောကလုံး သိအောင် ကြွားဝါကြသော်လည်း၊ သူမမှာမူ အောင်စာရင်း ထွက်စဉ်က လမ်းဘေးတွင် ဟင်းပွဲများ ကျွေးမွေးနေကြချိန်၌ ဘာမှ မပြောဘဲ ပုံမှန်အတိုင်းသာ နေထိုင်ခဲ့သူ ဖြစ်သည်။
တက္ကသိုလ်တက်ရခြင်းမှာ သူမအတွက် သာမန် ကိစ္စတစ်ခုကဲ့သို့ပင်။
....
ညဘက် အိပ်ရာဝင်ချိန်တွင် လီရှောင်းက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် "မင်းကို ပစ္စည်းကောင်းတစ်ခု ပြမယ်" ဟု ဆိုလာသည်။
ကျန်းရိုမှာ စိတ်ဝင်စားသွားကာ "ဘာပစ္စည်းလဲ" ဟု မော့ကြည့်လိုက်သည်။
လီရှောင်းက ခေါင်းအုံးအောက်သို့ လက်နှိုက်၍ ရှာဖွေနေသော်လည်း ဘာမှ ထွက်မလာပေ။ သူ မျက်မှောင်ကြုတ်သွားကာ၊ နောက်ဆုံးတွင် ထထိုင်၍ ရှာဖွေသော်လည်း မတွေ့သဖြင့် ကျန်းရိုကို "မင်း ခေါင်းအုံးစွပ် လဲလိုက်တာလား" ဟု မေးတော့သည်။
ကျန်းရိုက နားမလည်ဘဲ "မလဲပါဘူး၊ ကျွန်မ ဘာမှ မလုပ်ဘူးလေ။" ဟု ဆိုကာ "ရှင် ဘာရှာနေတာလဲ" ဟု မေးမြန်းလိုက်သည်။
လီရှောင်းက စကားမပြောဘဲ ကုတင်တစ်ခုလုံးကို နှစ်ပတ်ခန့် လှန်လှောရှာဖွေကာ၊ စောင်ကိုပင် ခါထုတ်လိုက်သေးသည်။ နောက်ဆုံးတွင် သူ တစ်ခုခုကို သတိရသွားဟန်ဖြင့် အထဲဘက်တွင် အိပ်မောကျနေသော ကောင်မလေးကို လှည့်ကြည့်လိုက်သည်။
သူမ၏ ကိုယ်လေးကို အသာအယာ ဖယ်ကြည့်သော်လည်း မတွေ့ပေ။ သို့သော် သူမ၏ လက်ကလေးထဲတွင် တစ်ခုခုကို တင်းတင်း ဆုပ်ကိုင်ထားသည်ကို သတိပြုမိလိုက်သည်။ လက်ချောင်းလေးများကို တစ်ခုချင်းစီ ဖြည်ကြည့်လိုက်သောအခါ၊ သူ ဝှက်ထားသော ပစ္စည်းများ ဖြစ်နေသည်ကို တွေ့လိုက်ရကာ၊ တစ်ဖက်လျှင် တစ်ခုစီ ကိုင်ထားခြင်းဖြစ်သည်။
"..."
ကျန်းရိုလည်း မြင်တွေ့သွားရာ ၎င်းမှာ အကာအကွယ်ပစ္စည်း (ကွန်ဒုံး) များ ဖြစ်နေသဖြင့် မျက်နှာလေး နီမြန်းသွားရသည်။
လီရှောင်းက တည်ငြိမ်စွာဖြင့် ထိုပစ္စည်းများကို ပြန်လည်သိမ်းဆည်းလိုက်သည်။
ကျန်းရိုက ရုတ်တရက် "ကျွန်မ ရှင့်ကို ပြောဖို့ မေ့နေတာ၊ ကျွန်မ ဓမ္မတာ (ရာသီ) လာနေတယ်" ဟု ဆိုလိုက်သည်။
လီရှောင်းက နားမလည်ဘဲ "ဓမ္မတာ ဆိုတာ ဘယ်သူလဲ" ဟု မေးမိသည်။
"ရာသီ လာနေတာလို့ ပြောတာလေ။"
"..."
အမျိုးသားမှာ မျက်မှောင်ကြုတ်၍ သူမကို စိုက်ကြည့်နေပြီး၊ အတော်ကြာမှ ရာသီလာခြင်းမှာ ဘာလဲဆိုသည်ကို သဘောပေါက်သွားကာ၊ စိတ်တိုတိုဖြင့် ဆဲဆိုမိတော့သည်။
ကျန်းရိုမှာ တဟားဟား ရယ်မောလိုက်ရာ၊ ကုတင်ကြီးမှာပင် တုန်ခါသွားတော့သည်။
လီရှောင်းမှာ စိတ်ပျက်နေသဖြင့် ကျန်းရိုက သူ့ကို ပြန်ဖက်ထားလိုက်ကာ "ရှင်က အလုပ်ကြီးအကိုင်ကြီး လုပ်မယ့်သူပဲ၊ ဒါတွေကိုပဲ စိတ်မရောက်နေပါနဲ့ဦး" ဟု ချော့မော့လိုက်သည်။
လီရှောင်းက သူမကို မျက်စောင်းထိုးကာ "ရယ်ထားလိုက်ဦး၊ မင်း နေကောင်းသွားမှတော့ ကြည့်ထားလိုက်" ဟု ခြိမ်းခြောက်လေသည်။
ကျန်းရိုမှာ မျက်နှာနီသွားကာ သူ၏ စကားပြောပုံမှာ ရိုင်းစိုင်းလှသည်ဟု ယူဆသဖြင့် သူ့ကို စိုက်ကြည့်ပြီး ကျောခိုင်းအိပ်လိုက်တော့သည်။
လီရှောင်းမှာမူ နှုတ်ခမ်းလေး ပြုံးလျက် ကျန်ရစ်ခဲ့သည်။
.....
နောက်တစ်နေ့ မနက်တွင် ကျန်းရို ကျောင်းသွား၍ ကျောင်းအပ်ရတော့မည် ဖြစ်သည်။
မနက်စာ စားနေစဉ် လီရှောင်းက လိုက်ပို့ရမလားဟု မေးမြန်းလေသည်။
ကျန်းရိုက ခနစဉ်းစားပြီးမှ "မလိုပါဘူး၊ တန်းပြီး စာသင်မလား မသိသေးဘူးလေ၊ ကျွန်မ တစ်ယောက်တည်း သွားလိုက်ပါ့မယ်"
လီရှောင်းက ခေါင်းညိတ်ကာ "ဒါဆို အန်းအန်းကို ကိုယ် ထိန်းထားလိုက်မယ်"
ကျန်းရိုက ဝေခွဲမရစွာဖြင့် "ရှင် ထိန်းလို့ ဖြစ်ပါ့မလား" ဟု မေးမိသည်။
လီရှောင်းက "ဖြစ်ပါတယ်၊ ကိုယ့်မှာ ကိုယ်ပိုင်ရုံးခန်း ရှိတာပဲ။ သူ့ကို အထဲမှာပဲ ဆော့ခိုင်းထားလိုက်မယ်" ဟု ဆိုကာ "ကိုယ် သူ့အတွက် ဆော့စရာ တစ်ခုခု သွားဝယ်လိုက်ဦးမယ်" ဟု ထပ်ပြောလိုက်သည်။
ကျန်းရိုက ခေါင်းညိတ်ပြကာ၊ ယနေ့ ကလေးကို ခေါ်သွားရန် မလွယ်ကူသည်မှာ အမှန်ပင် ဖြစ်သဖြင့် "ဒါဆိုရင်တော့ သေချာကြည့်ထားဦးနော်၊ သူမက အခုမှ လမ်းစလျှောက်တာဆိုတော့၊ ရှင့်ရုံးခန်းက စားပွဲ၊ ထိုင်ခုံတွေနဲ့ တိုက်မိမှာ စိုးလို့" ဟု မှာကြားလေသည်။
"ကောင်းပါပြီ။"
မနက်ပိုင်း ခွဲခွာချိန်တွင် အန်းအန်းလေးမှာ သူမ၏ မာမားက စက်ဘီးစီး၍ ထွက်သွားပြီး မိမိကို မခေါ်သည်ကို မြင်သောအခါ၊ ပါးစပ်လေးကို စူကာ "မား... မား... ဝူး... ဝူး..." ဟု အော်ငိုတော့သည်။
အလွန်ပင် ဝမ်းနည်းနေရှာသည်။
လီရှောင်းက သူမကို ချီကာ "ပါပါး ရှိတာပဲဥစ္စာ၊ မာမားက ကျောင်းသွားတာလေ" ဟု ချော့မော့သည်။
ကောင်မလေးမှာ နားမထောင်ဘဲ ကိုယ်ကို လှုပ်ရှားကာ မာမားနောက် လိုက်ချင်ကြောင်း လက်လှမ်းပြ၍ ငိုနေဆဲ ဖြစ်သည်။
လီရှောင်းမှာ စိတ်မကောင်းဖြစ်ရသဖြင့် သူမကို အိမ်ထဲသို့ ပြန်ချီသွားရာ၊ ကောင်မလေးက စိတ်တိုတိုဖြင့် သူ့ကို ထုရိုက်တော့သည်။
လီရှောင်းက ရယ်မောလျက် "မာမားရှေ့မှာကျတော့ လိမ္မာပြီး၊ ငါ့ရှေ့ကျမှ ဘာလို့ ဒီလို ဖြစ်နေတာလဲ" ဟု ဆိုလိုက်သည်။
အန်းအန်းမှာမူ မရပ်မနား ငိုယိုနေဆဲ ဖြစ်သည်။
....
ကျန်းရို ကျောင်းသို့ ရောက်ရှိလာခဲ့သည်။ သူမသည် အစောဆုံး ရောက်လာသူ မဟုတ်ပေ၊ အချို့ ကျောင်းသားများမှာ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက ရောက်ရှိနေကြကာ၊ မိုးမလင်းမီကပင် အထုပ်အပိုးများဖြင့် ကျောင်းထဲသို့ ဝင်ရောက်နေကြခြင်းဖြစ်သည်။
မနက်ပိုင်းတွင် ကျောင်းအပ်ခြင်းနှင့် စောင်၊ ရေဘူး စသည်တို့ကို ထုတ်ယူရသည်။ ထိုပစ္စည်းများကို အခမဲ့ပေးခြင်းဖြစ်သဖြင့် ကျန်းရိုလည်း ထုတ်ယူခဲ့ကာ အထုပ်ကြီးကို စက်ဘီးနောက်တွင် ချည်နှောင်လိုက်သည်။ အချိန်စောနေသေးသဖြင့် သူမသည် ထိုပစ္စည်းများကို အိမ်သို့ အရင် ပြန်ပို့ခဲ့သည်။
ထို့နောက် ကျောင်းသို့ ပြန်လာကာ အသင်းအဖွဲ့များရှိရာသို့ သွားရောက်၍ စေတနာ့ဝန်ထမ်းလက်ပတ်တစ်ခု တောင်းယူကာ၊ စီနီယာများနှင့်အတူ ကျောင်းသားသစ်များကို လိုက်လံ ကြိုဆိုပေးနေခဲ့သည်။
ယနေ့ ကျောင်းဖွင့်သဖြင့် ထမင်းစားဆောင်လည်း ဖွင့်လှစ်ထားပြီ ဖြစ်သည်။ ကျန်းရိုက လီရှောင်းအား မွန်းတည့်ချိန်တွင် ပြန်မလာတော့ဘဲ ကျောင်းမှာပင်စားမည်ဟု ပြောထားခဲ့သည်။
ထို့ကြောင့် နေ့လည်စာကို ထမင်းစားဆောင်တွင် စားသောက်ပြီးနောက်၊ ညနေ ၁ နာရီကျော်တွင် သင်တန်းမှူးက မီဒီယာအခန်းတွင် အစည်းအဝေးရှိကြောင်းနှင့် စာအုပ်များ ထုတ်ပေးမည်ဖြစ်ကြောင်း အကြောင်းကြားလာခဲ့သည်။
ကျန်းရိုသည် လမ်းမေးကာ မီဒီယာအခန်းသို့ သွားခဲ့သည်။ အခန်းအမှတ် ၁၀၁ သို့ ရောက်ရှိချိန်တွင် အတန်းထဲ၌ လူများစွာ ထိုင်နေကြပြီဖြစ်သည်။
အားလုံးမှာ ပထမနှစ် ကျောင်းသားသစ်များ ဖြစ်ကြကာ၊ တစ်ဦးနှင့်တစ်ဦး မသိကြသော်လည်း အလွန် စည်ကားစွာ စကားပြောနေကြသည်။ ကျောင်းသားအချို့မှာ လက်ကိုင်ဖုန်းများကို ကိုင်ဆောင်ထားကြသည်ကို တွေ့ရသည်။
အရင်က လီရှောင်းက ကျန်းရိုအတွက် ဖုန်းဝယ်ပေးရန် ကြံစည်ခဲ့သော်လည်း ကျန်းရိုက တားမြစ်ခဲ့ခြင်း ဖြစ်သည်။ ယခုခေတ်တွင် ဖုန်းဈေးနှုန်းမှာ အလွန်ကြီးမားလှကာ အစုတ်ဆုံး ဖုန်းပင်လျှင် နှစ်ထောင်၊ သုံးထောင်ခန့် ပေးရရုံမက၊ လိုင်းကြေးမှာလည်း အလွန် မြင့်မားလှသည်။ အသုံးဝင်မှု များစွာ မရှိသေးသဖြင့် မလိုအပ်ဟု သူမ ယူဆခြင်းဖြစ်သည်။
ကျန်းရိုသည် နေရာလွတ်တစ်ခုတွင် ဝင်ထိုင်လိုက်သည်။ အတန်ကြာသောအခါ သင်တန်းမှူး ဆရာမ ရောက်ရှိလာကာ သူမ၏ အမည်မှာ "ဆရာမ ရှူ" ဖြစ်ကြောင်း မိတ်ဆက်လေသည်။
ဆရာမ ရှူ က စကားအနည်းငယ် ပြောပြီးနောက်၊ သူမနှင့်အတူ ပါလာသော ဒုကျောင်းအုပ်ကြီးအား စင်ပေါ်သို့ ဖိတ်ခေါ်ကာ အားပေးစကား ပြောကြားစေသည်။ အားလုံးက လက်ခုပ်တီး၍ ကြိုဆိုကြလေသည်။
ဤမြင်ကွင်းမှာ ကျန်းရိုအတွက် အလွန် ရင်းနှီးနေသည်။ အရင်ဘဝက ရဲသင်တန်းကျောင်း တက်စဉ်ကလည်း သင်တန်းမှူးနှင့် လူကြီးများက စင်ပေါ်မှနေ၍ အားပေးစကားများ ပြောကြားခဲ့သည် မဟုတ်လား။ လွန်ခဲ့သော အနှစ်နှစ်ဆယ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် ထိုခံစားချက်ကို သူမ ထပ်မံ ရရှိလိုက်ခြင်းဖြစ်သည်။
လူကြီးများ စကားပြောပြီးနောက် သင်တန်းမှူးက အတန်း နှစ်ခုစလုံးမှ အမျိုးသား ကျောင်းသားများကို စာအုပ်များနှင့် စစ်သင်တန်းဝတ်စုံများ သွားသယ်ခိုင်းလေသည်။ သယ်လာသော စာအုပ်များမှာ အလွန်ပင် ထူထဲလှသည်။
အလုပ်ပြီးသွားချိန်တွင် ညနေ ၂ နာရီခွဲ ရှိနေပြီ ဖြစ်သည်။ သင်တန်းမှူးက အားလုံးကို ညနေ ၆ နာရီတွင် အားကစားကွင်း၌ စစ်သင်တန်းအတွက် လူစုရန် မှာကြားကာ လူစုခွဲလိုက်သည်။
ကျန်းရိုမှာ ရုတ်တရက် သတိရသွားကာ၊ ကျောင်းသားသစ်များမှာ စစ်သင်တန်းတက်ရမယ် မဟုတ်လား။
သို့သော် သူမသည် အပြင်တွင် နေထိုင်သူဖြစ်သဖြင့် အနည်းငယ် အခက်အခဲ ရှိနေသည်။ သူမသည် စာအုပ်များကို ပွေ့ချီကာ သင်တန်းမှူးနောက်သို့ လိုက်သွားပြီး သူမ၏ အခြေအနေကို ရှင်းပြလိုက်သည်။ "ဆရာမ... ကျွန်မက အတန်း (၁) က ကျန်းရို ပါ။ ကျွန်မ အခြေအနေက နည်းနည်း ထူးခြားနေလို့ပါ။ ကျွန်မမှာ အိမ်ထောင်ရှိပြီး ကလေးလည်း ရှိနေတဲ့အတွက် အပြင်မှာ အိမ်ငှားနေတာပါ။ စစ်သင်တန်း ကာလအတွင်းမှာ သန်းခေါင်ယံ အရေးပေါ်လူစုတာမျိုးရှိရင် ကျွန်မ မသိနိုင်မှာ စိုးလို့ပါ"
သင်တန်းမှူးမှာ ကျန်းရို၏စကားကို ကြားသည်နှင့် သူမ ဘယ်သူဖြစ်ကြောင်း သိရှိသွားဟန်ဖြင့် တစ်ချက် ကြည့်လိုက်ကာ "ရပါတယ်၊ ကျွန်မ နည်းပြဆရာကို ပြောပြထားလိုက်မယ်။ ဒါပေမဲ့ ဒီည ၆ နာရီ လူစုတာကိုတော့ လာခဲ့ရမယ်နော်၊ နည်းပြဆရာက အချက်အလက်အချို့ ပြောပြဖို့ ရှိလို့ပါ"
"ဟုတ်ကဲ့ပါ။"
ကျန်းရို စိတ်အေးသွားကာ သင်တန်းမှူး ထွက်သွားသည်ကို ကြည့်ပြီးနောက်၊ စက်ဘီးကို အလျင်အမြန် စီး၍ အိမ်သို့ ပြန်လာခဲ့သည်။ စာအုပ်များကို ချထားပြီးနောက် လီရှောင်းထံသို့ ချက်ချင်း သွားရှာလေသည်။
တစ်နေ့လုံး အန်းအန်းကို မမြင်ရသဖြင့် သူမ အလွန် လွမ်းဆွတ်နေခြင်းဖြစ်သည်။
ကျန်းရိုသည် ဘတ်စ်ကားစီး၍သွားခဲ့ရာ ၁၀ မိနစ်ခန့် စောင့်ပြီးမှ ကားရရှိခဲ့သည်။ လီရှောင်းကုမ္ပဏီသို့ ရောက်သောအခါ လေးထပ်သို့ တက်ခဲ့လေသည်။
ဤသည်မှာ ကျန်းရို လီရှောင်းကုမ္ပဏီသို့ ပထမဆုံးအကြိမ် ရောက်ရှိခြင်းဖြစ်ကာ အတော်လေး ကျယ်ဝန်းလှသည်။ အပြင်အဆင်မှာလည်း ဟောင်ကောင် ရုပ်ရှင်များထဲမှ ရုံးခန်းများနှင့် ဆင်တူလှသည်။
သူမကို ဘယ်သူမှ မတားဆီးဘဲ ကျန်းရိုသည် လီရှောင်းရုံးခန်းကို ရှာဖွေတွေ့ရှိခဲ့သည်။ သူ၏ ရုံးခန်းမှာ အရှေ့ဘက်ဆုံး အခန်းတွင်ရှိကာ၊ သစ်သားတံခါးပေါ်တွင် သူ၏ ရာထူးနှင့် အမည်ကို ရေးသားထားသော ဆိုင်းဘုတ် ချိတ်ဆွဲထားသည်။
ကျန်းရို တံခါးဖွင့်လိုက်သည်နှင့် ရုံးခန်းအတွင်း၌ အန်းအန်းလေးမှာ သူမ၏ ပါပါးနှင့် ပျော်ရွှင်စွာ ဆော့ကစားနေသည်ကို တွေ့လိုက်ရသည်။ လီရှောင်းမှာ ကုလားထိုင်ပေါ်တွင် ထိုင်၍ စာရွက်စာတမ်းများ ဖတ်နေကာ၊ အန်းအန်းကမူ သူ့ခြေထောက်ကို ဒန်းကဲ့သို့ အသုံးပြု၍ တက်ခွထားလေသည်။ လီရှောင်းက ခြေထောက်ကို အထက်အောက် လှုပ်ရှားပေးနေသဖြင့် ကောင်မလေးမှာ တခိခိ ရယ်မောနေရှာသည်။
ကျန်းရို ဝင်လာသည်ကို မြင်သောအခါ ကောင်မလေးမှာ ချက်ချင်းပင် ပါးစပ်လေး စူကာ ငိုရန် ပြင်တော့သည်။
အလွန်ပင် မတရားခံရသည့်ပုံစံမျိုး ဖြစ်နေသည်။ ခုနက ပျော်ရွှင်နေသူမှာ သူမ မဟုတ်သည့်အလားပင်။
ကျန်းရိုက ရယ်မောလျက် "ဘာဖြစ်လို့လဲ သမီးရဲ့" ဟု မေးလိုက်သည်။
လီရှောင်းက အသံကြားသဖြင့် မော့ကြည့်လိုက်ရာ ကျန်းရိုကို မြင်သည်နှင့် မျက်ဝန်းများ နူးညံ့သွားကာ "ဘာလို့ ရောက်လာတာလဲ" ဟု မေးမြန်းလိုက်သည်။
ကျန်းရိုက အနားသို့ သွားကာ အန်းအန်းကို ချီလိုက်သည်။ "ရှင်တို့ကို လာကြည့်တာလေ။"
သူမက ကောင်မလေး၏ ပါးပြင်ကို နမ်းလိုက်ရာ၊ အန်းအန်းလေးမှာ ကျန်းရို၏လည်ပင်းကို တင်းတင်း ဖက်ထားတော့သည်။
ညဘက်တွင် အပြင်ထွက်၍ ထမင်းစားကြကာ၊ ကျန်းရိုသည် မနက်ဖြန်အတွက် နေလောင်ကာခရင်မ်ကိုပါ ဝယ်ယူခဲ့သည်။
.....
အိမ်ပြန်ရောက်သောအခါ ညနေ ၅ နာရီ ရှိနေပြီဖြစ်သဖြင့် ကျန်းရိုသည် စစ်သင်တန်း ဝတ်စုံကို လဲလှယ်ဝတ်ဆင်လိုက်သည်။ ထိုဝတ်စုံကို ဝတ်လိုက်ချိန်တွင် သူမသည် အတိတ်သို့ ပြန်လည် ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
အခန်းထဲမှ ထွက်လာချိန်တွင် ကျန်းရိုသည် လီရှောင်းအား စံနမူနာပြ စစ်သားတစ်ဦးကဲ့သို့ အလေးပြုပြလိုက်သည်။
ကိုယ်ဟန်အနေအထားမှာ မတ်မတ်ရှိကာ အကြည့်များမှာလည်း စူးရှထက်မြက်လှသည်။
လီရှောင်းသည် အန်းအန်းကိုချီကာ ထိုင်နေရင်းမှ ထိုမြင်ကွင်းကို မြင်သောအခါ မှင်သက်သွားရသည်။
ကျန်းရိုက အလေးပြုပြီးနောက် ခေါင်းငုံ့၍ ခါးပတ်ကို ပြန်လည် ပြင်ဆင်နေလေသည်။
အန်းအန်းလေးမှာ ထူးဆန်းနေသော သူမ၏အမေကို ကြည့်ကာ ချီခိုင်းသဖြင့်၊ ကျန်းရိုက ခါးပတ်ပြင်ပြီးနောက် သူမကို ချီ၍ နမ်းလိုက်သည်။
လီရှောင်းက အသံဩရှရှဖြင့် "မင်း ဒီလိုဝတ်ထားတာ တကယ် လှတာပဲ"
ကျန်းရိုက ယုံကြည်မှုအပြည့်ဖြင့် ပြုံးလျက် "ဒါပေါ့" ဟု ပြန်ဖြေလိုက်သည်။
လီရှောင်းမှာမူ သူမအား ငေးကြည့်နေမိသည်။ သူမ၏ ဤကဲ့သို့သော ယုံကြည်မှုရှိသည့် ပုံစံမျိုးကို သူ တစ်ခါမျှ မမြင်ဖူးပေ။ တစ်ကိုယ်လုံးမှာ တောက်ပနေသကဲ့သို့ဖြစ်ကာ ထိုဝတ်စုံမှာ သူမနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ပင်။
သူမသည် "တကယ်လား" ဟုလည်း မမေးသလို၊ "မဆိုးပါဘူး" ဟုလည်း နှိမ့်ချ မပြောပေ။ ထိုအခိုက်အတန့်တွင် လီရှောင်းမှာ တစ်ခုခုကို နားလည်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သူမ၏ ကြည်လင်သော မျက်ဝန်းများကို ကြည့်ရင်း သူ့ရင်ထဲတွင် နူးညံ့သွားရကာ၊ သူမသည် အရင်က အမှန်တကယ်ပင် ထူးချွန်သောသူ တစ်ဦး ဖြစ်လိမ့်မယ်လို့ သူ တွေးတောနေမိတော့သည်။
၅ နာရီခွဲတွင် ကျန်းရို ထွက်ခွာသွားခဲ့သည်။ အန်းအန်းကိုမူ လီရှောင်းက စောင်ဖြင့်ပတ်၍ ကျောပိုးကာ သူမနောက်မှ လိုက်ပါ ပို့ဆောင်ခဲ့သည်။ ကောင်မလေးမှာ ပါပါးကျောပေါ်မှနေ၍ မာမားကို လှည့်ကြည့်နေကာ၊ နောက်ဆုံးတွင်မူ လက်လျှော့လိုက်ဟန်ဖြင့် ပါပါးကျောပေါ်တွင် ငြိမ်သက်စွာ မှီနေတော့သည်။
.....
နောက်ပိုင်းရက်များတွင် ကျန်းရိုသည် ပင်ပန်းလှသော စစ်သင်တန်း ဘဝကို ဖြတ်သန်းခဲ့ရသည်။ သူမ၏ ခန္ဓာကိုယ်မှာ အားနည်းလွန်းသဖြင့် လမ်းတစ်ဝက်တွင် နှစ်ကြိမ်ခန့် မူးလဲခဲ့သေးသည်။
ထိုအကြောင်းများကိုမူ သူမ လီရှောင်းအား မပြောရဲပေ။ အကယ်၍ သူ သိသွားပါက ပြဿနာ ရှာပေလိမ့်မယ်လို့ သူမ ခံစားရသောကြောင့် ဖြစ်သည်။
ရက်ပေါင်း ၄၀ တိတိ စစ်သင်တန်းတက်ပြီးနောက်၊ ကျန်းရိုသည် သူမ၏ အရေခွံတစ်လွှာ ကွာကျသွားသကဲ့သို့ ပင်ပန်းနွမ်းနယ်နေခဲ့သည်။ ဒီလောက်အထိ မပင်ပန်းဖူးပေ။
သူမ၏ ခန္ဓာကိုယ်မှာ မလိုက်နိုင်သော်လည်း၊ နည်းပြဆရာက သူမ၏ စိတ်ဓာတ်နှင့် အပြုအမူမှာ အကောင်းဆုံးဖြစ်ကြောင်းနှင့် လှုပ်ရှားမှုများမှာလည်း အမှန်ကန်ဆုံးဖြစ်ကြောင်း ချီးမွမ်းပြောဆိုခဲ့သည်။
သူမသည် နေ့တိုင်း အစောဆုံး ရောက်ရှိလာသူဖြစ်ကာ မည်သည့်အခါမျှ ညည်းညူခြင်း မရှိခဲ့ပေ။
ကျန်းရိုမှာမူ စိတ်ထဲတွင် အားနာနေမိသည်။ အကြောင်းကတော့ သူမ အရင်ဘဝက ကြုံတွေ့ခဲ့ရသော လေ့ကျင့်ခန်းများမှာ ဤထက် များစွာ ပို၍ ပြင်းထန်ခဲ့သောကြောင့် ဖြစ်သည်။
.....
သင်တန်းပြီးဆုံးသည့် ညတွင် ကျန်းရိုသည် ကုတင်ပေါ်၌ မလှုပ်မယှက် လဲလျောင်းနေစဉ်၊ လီရှောင်းက ကျွမ်းကျင်စွာဖြင့် သူမ၏ ခြေသလုံးများကို နှိပ်ပေးလေသည်။ အန်းအန်းလေးမှာမူ ဘေးနားတွင် ပျော်ရွှင်စွာ လမ်းလျှောက်နေရှာသည်။ ယခုကဲ့သို့ အချိန်မျိုးမှသာ သူမ၏ မာမားကို မြင်တွေ့ရသောကြောင့် ဖြစ်သည်။
ကျန်းရို မသိရှိလိုက်သည့် အချိန်အတွင်းမှာပင် ကောင်မလေးမှာ ဘယ်သူမှ မတွဲဘဲ ကိုယ်တိုင် လမ်းလျှောက်တတ်နေပြီ ဖြစ်သည်။
သို့သော် လမ်းလျှောက်ပုံမှာ ယိုင်တိုင်တိုင်နှင့် ပင်ဂွင်းလေး တစ်ကောင်ကဲ့သို့ ဖြစ်နေသဖြင့် လဲကျမည်ကို စိုးရိမ်နေရသည်။
လီရှောင်းမှာ လက်အား သန်သူဖြစ်သဖြင့် ကျန်းရို၏ ခြေထောက်ကို နှိပ်ပေးသည့် အားမှာ အနေတော်ပင် ဖြစ်သည်။ သို့သော် နှိပ်ရင်းနှိပ်ရင်းနှင့် သူ၏ လက်များမှာ အခြားနေရာများသို့ ရောက်ရှိသွားသဖြင့် ကျန်းရိုက ယားကျိကျိ ဖြစ်လာကာ သူ့ကို ကန်၍ "ရှင် သေချာ နှိပ်စမ်းပါ" ဟု ဆူလိုက်သည်။
လီရှောင်းက မျက်ခုံးပင့်လျက် "ဘယ်မှာ မသေချာလို့လဲ" ဟု ပြန်မေးသည်။
ကောင်မလေးမှာ အသံကြားသဖြင့် လှည့်ကြည့်ကာ၊ မာမားနှင့် ပါပါးကို တစ်လှည့်စီ ကြည့်ပြီးနောက်၊ ဖခင်ဖြစ်သူထံသို့ မဆိုင်းမတွ လျှောက်သွားကာ လက်ဖြင့် ရိုက်တော့သည်။
ကျန်းရိုသည် ထိုပုံစံကို မြင်သောအခါ အားရပါးရ ရယ်မောလိုက်တော့သည်။
လီရှောင်းမှာ အားကိုးရာမဲ့စွာဖြင့် သမီးဖြစ်သူအား "မင်းကတော့ မင်းအမေဘက်ကပဲ အမြဲ ပါနေတာပဲ" ဟု ဆိုလိုက်သည်။
အန်းအန်းမှာ နားလည်သလား မသိဘဲ ကုတင်ပေါ်တွင် ထိုင်ချလိုက်ကာ ကျန်းရိုအနားသို့ တိုးသွားလေသည်။ ကျန်းရိုက သူမကို ဖက်၍ အားရပါးရ နမ်းလိုက်တော့သည်။
ကောင်မလေး၏ မျက်လုံးဝိုင်းကြီးများမှာ မှေးစင်းသွားတော့သည်။
လီရှောင်းသည် ထိုသားအမိ နှစ်ဦး၏ ပျော်ရွှင်နေသော ပုံစံကို ကြည့်ရင်း မနေနိုင်ဘဲ ပြုံးမိသွားသည်။
သန်းခေါင်ယံ အချိန်တွင် နှစ်ဦးသား ကလေးကို ချော့သိပ်ပြီးနောက် တိတ်တဆိတ် အပြင်သို့ ထွက်လာခဲ့ကြသည်။
ကျန်းရိုမှာ အမှန်တကယ် မလှုပ်ချင်သော်လည်း လီရှောင်းက လက်မခံဘဲ သူမကို ပွေ့ချီသွားလေသည်။ "ကိုယ် တစ်လတောင် စောင့်ခဲ့ရတာလေ၊ နောက်ရက်အနည်းငယ်ဆိုရင် မင်းရဲ့ ရာသီက ပြန်လာတော့မှာ"
ကျန်းရိုက စိတ်တိုတိုဖြင့် သူ့ကို ထုရိုက်ကာ "ရှင်ကတော့ တကယ်ကို... မရိုးနိုင်ဘူး" ဟု ဆဲဆိုမိတော့သည်။
ရက်စွဲများကိုပင် သူက မှတ်သားထားသည် မဟုတ်လား။
လီရှောင်းကမူ ရယ်မောလျက် သူမ ဆဲသမျှကို ခံယူနေလေသည်။
အပြင်ဘက်တွင် အသက်ရှူသံများနှင့် တိုးညှင်းသော စကားသံများ ထွက်ပေါ်လာသည်။ နှစ်ဦးသားမှာ အစပြုသူများဖြစ်ကြသဖြင့် လုပ်ငန်းစဉ်မှာ သိပ်ပြီး အဆင်မပြေလှသော်လည်း၊ ပထမဆုံးအကြိမ်ကို ဖရိုဖရဲဖြင့် အဆုံးသတ်နိုင်ခဲ့ကြကာ၊ မိုးလင်းခါနီး ၂ နာရီခန့်မှသာ အခန်းထဲသို့ တိတ်တဆိတ် ပြန်ဝင်ခဲ့ကြလေတော့သည်။
မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်နေ့တွင် နှစ်ဦးသား အိပ်ရာထ နောက်ကျခဲ့ကြလေသည်။
***