← Chapters

ငါဆေးရောင်းရမယ်

Vol. 10 Ch. 958

ငါဆေးရောင်းရမယ်

Vol. 10 Ch. 958

ပိုင်ရှောင်ချန်းမှာ အသက်ရှူသံများကို မထိန်းချုပ်နိုင်လုနီးပါးဖြစ်လာပြီး သူ၏မျက်လုံးများတွင် စူးရှသောအလင်းများဖြင့် တောက်ပလာတော့သည်။

ဤကံကောင်းခြင်းတရားအား တွေးလိုက်ရုံနှင့်ပင် မြောက်ပိုင်းနယ်မြေများဖြင့် ထုဆစ်ထားသော ဧရာမဓားကြီးတစ်ချောင်းကိုင်စွဲထားသည့် သူ့ကိုယ်သူ မြင်ယောင်လာလေသည်။ သူသည် သက်ရှိသက်မဲ့အရာခပ်သိမ်းအား လွှမ်းမိုးချုပ်ကိုင်၍ သူ့ထက်နိမ့်ကျသောကျင့်ကြံခြင်းအခြေခံများနှင့် မရေမတွက်နိုင်သော လူသားအပေါင်းသည် သူ့ကို ပြင်းပြသောစိတ်အဟုန်များဖြင့် တလေးတစား ကြည့်နေကြမည် ဖြစ်သည်။

ထိုသည်က စင်စစ် ဘဝ၏ အထွတ်အထိပ် ဖြစ်ပေမည်။ သူသည် ခေါင်းနောက်လှန်၍ အားပါးတရရယ်မောပြီးနောက်

" အင်္ကျီလက်တစ်ချက်ခါလိုက်တာနဲ့ ငါ ပိုင်ရှောင်ချန်း၊ ကောင်းကင်နဲ့မြေကြီးကို မီးလောင်ပြာချပစ်နိုင်တယ် “ ဟူ၍ အင်္ကျီလက်ကို ခါယမ်းကာ အေးစက်စက် ပြောမည့်သူ့အသွင်ကို စိတ်ကူးပုံဖော်ကြည့်လိုက်မိသည်။

သူက မြောက်ပိုင်း၏ အုပ်ချုပ်သူဖြစ်လာပါက ဖြစ်လာမည့်မြင်ကွင်းကို ဆက်လက်စိတ်ကူးကြည့်နေစဥ် လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်၊ ဒေါသကြီးသော ဖုန်းချန်နှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးတို့အားလုံး အင်္ကျီလက်စတစ်ဖက်တစ်ချက်စီထဲသို့ လက်များလျှိုသွင်း၍ ခေါင်းငုံ့ကာ ရှုံ့မဲ့နေကြမည်ကို မြင်ယောင်လာသည်။

သူ၏စိတ်လှုပ်ရှားမှုများ မြင့်တက်နေပြီ ဖြစ်သည်။ သို့သော် တခဏကြာသော် သူ တုံ့ဆိုင်းသွား၏။ ယခုကဲ့သို့ အံသြစရာကောင်းသော အရာတစ်ခု မိုးကောင်းကင်မှ သူ့ပေါင်ပေါ် ပြုတ်ကျလာသည်မှာ အတန်ငယ်ထူးဆန်းသည်။ တချိန်တည်းမှာပင် သူက အလွန် စိတ်အားထက်သန်နေသည့်အသွင်အပြင်ဖြစ်နေခြင်းက ကောင်းမည်မဟုတ်ကြောင်း သဘောပေါက်လိုက်သည်။

ထို့ကြောင့် သူက လည်ချောင်းရှင်းလိုက်ပြီးချီတုံချတုံပြောလိုက်သည်။

" အင်း အခြေအနေက... "

သို့သော် သူ နောက်ထပ်ဆက်မပြောနိုင်ခင်မှာပင် ကလေးမလေးက ကြားဖြတ်ပြောလိုက်သည်။

“ ငါ အကြာကြီး နိုးနေလို့မရဘူး။ နောက်တစ်ကြိမ် ငါနိုးလာရင် မင်းအဖြေပေး "

ထို့နောက် သူမ၏အသံက တဖြေးဖြေး ပျောက်ကွယ်သွားတော့သည်။

" ဟင် "

သူက တအံ့တသြဖြစ်လျက် သူ့ခေါင်းထဲတွင် အကြိမ်ရေအနည်းငယ် ထပ်အော်ခေါ်ကြည့်သော်လည်း ထူးသံမရှိပေ။ သူက ခေါင်းခါ၍ ကလေးမလေးက အမှန်တကယ် နောက်တစ်ကြိမ်မေ့မျောသွားကြောင်း သိလိုက်လေသည်။

" သူ မေ့သွားတာ တော်တော်မြန်တာပဲ။ ငါဖြင့် စကားတောင် ပြောလို့မပြီးသေးဘူး"

ဤအခိုက်အတန့်တွင် သူ၏နှလုံးသားသည် မျှော်လင့်ချက်များဖြင့် တရွရွဖြစ်လာတော့သည်။ ကလေးမလေး သူ့ကို ကမ်းလှမ်းခဲ့သည့် ကံကောင်းခြင်းတရားက အလွန်မက်မောဖွယ်ကောင်းသည်။

ဝမ်းနည်းစရာကောင်းစွာ ယခုတွင် သူ ဘာမှမလုပ်နိုင်ပေ။ ကလေးမလေးက အလွန်အားနည်းနေသည့်အတွက် ဆက်လက်မဆွေးနွေးခင် သူမ နောက်တစ်ကြိမ်နိုးလာမည်အထိ စောင့်ရမည်ဖြစ်သည်။ သူက သက်ပြင်းချ၍ ထိုအခိုက်အတန့်တွင်မှ တမင်အိပ်ပျော်သွားခဲ့သည်လား ရှာဖွေရန် ကြိုးစားလိုက်သည်။

ထိုကိစ္စအား အတန်ငယ် ခွဲခြမ်းစိတ်ဖြာပြီးနောက် သူက မသေချာသည့်အတွက် နောက်တစ်ကြိမ် သူမကို ပြောနိုင်သည့်အချိန် မည်သို့ပြောရမည်ကို တွေးလိုက်တော့သည်။

ကျန်နေ့ရက်များတွင် သူ၏ပုံစံက ပျင်းရိငြီးငွေ့ဟန်တူနေသော်လည်း အမှန်တွင် ထိုတွေးစရာခေါင်းစဥ်အသစ်ဖြင့် သူ့ခေါင်းထဲတွင် တွေးစရာအမြောက်အမြားရှိနေသည်။

ဆက်ရက်ကား လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွား၏။ ပိုင်ရှောင်ချန်းမှာ စောင့်ပြီးရင်း စောင့်နေခဲ့သော်လည်း ကလေးမလေးကား ဘယ်တော့မှ နိုးမလာခဲ့ပေ။ နောက်ဆုံးတွင် သူက အလွန်စိတ်စောနေသည်ဖြစ်၍ သူ၏နှလုံးသားထဲတွင် နေ့နေ့ညည ပုရွက်ဆိတ်ကလေးများ လျှောက်သွားနေသည့်အလား ခံစားလာရတော့သည်။

တချိန်တည်းမှာပင် သူက မြောက်ပိုင်းတွင် နေသားကျလာလေပြီ။ သူက ရာဇသံတိမ်လွှာမှလည်း မထွက်ခွာသလို ဆေးလည်းမဖော်ဘဲ ပတ်ဝန်းကျင်ရှိ မည်သည့်ကောင်းကင်နှင့်မြေကြီးမှ စွမ်းအင်ကို မစုပ်ယူဘဲ စည်းကမ်းများအားလုံးကို လိုက်နာနေ၏။

သူ က္ကန္ဒြေရရ ပြုမူနေပုံကြောင့် မြောက်ပိုင်းသားများမှာ သူ့ကို သဘောမကျသေးသည့်တိုင် တိုင်တန်းရန်လည်း မည်သည့်အရာမှ ရှာမတွေ့ပေ။

သို့သော် သူ အနီးကပ်စောင့်ကြည့်ခံနေရဆဲပင်။ နတ်အဆင့်ကျင့်ကြံသူခြောက်ဦးပင် သူ့ကို ရံဖန်ရံခါ မျက်ခြေမပြတ်စောင့်ကြည့်နေကြ၏။ ရာဇသံတိမ်လွှာပေါ်ရှိ မရေမတွက်နိုင်သော ဂိုဏ်းသားများသည် သူ့အတင်းတုပ်ပြီး အဝေးမှ သူ့နေအိမ်ကို ကြည့်၍ အေးတိအေးစက် ဟားတိုက်ရယ်ကြလေ့ရှိသည်။

" ပိုင်ရှောင်ချန်းက သောင်းကြမ်းတတ်လို့ နာမည်ကြီးပေမယ့် အခု မြောက်ပိုင်းမှာ ငြိမ်ကုပ်နေရပါလား။ မင်းသိလား၊ နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ဒီလို အနိုင်ကျင့်ရတာ တော်တော် အားရစရာကောင်းလိုက်တာ "

" နတ်အဆင့်ကျင့်ကြံသူတဲ့လား။ ဒီမြောက်ပိုင်းမှာ သူ ဘာဆိုဘာမှ မလုပ်နိုင်ဘူး။ မင်းတို့ကောင်တွေ သူ နေရာချထားခံရတုန်းက မြင်ခဲ့သင့်တာ။ တော်တော်ရယ်စရာကောင်းတယ်ကွာ "

" မင်းတို့သိလား။ ငါအရင်က ပိုင်ရှောင်ချန်း အကြောင်း ကြားဖူးတယ်။ သူသွားတဲ့နေရာတိုင်း ကပ်ဆိုက်တာပဲတဲ့။ ငါအမြဲထင်ခဲ့တာက သူက သဘာဝလွန်လူသားမကောင်းဆိုးဝါးကြီးပေါ့။ ဒါပေမယ့် အဲဒါတွေက လျှောက်ပြောထားတာတွေ ထင်ပါတယ်ကွာ "

ထိုကဲ့သို့ စကားများမှာ အချိန်တိုင်း လွင့်ပျံနေ၏။ ပိုင်ရှောင်ချန်းမှာ နားထောင်ရန် စိတ်မဝင်စားသော်လည်း သူ၏စူးရှသော နတ်ဘုရားအာရုံကြောင့် နားမထောင်ရန် မဖြစ်နိုင်သလောက်ပင်။

" ဒါကတော့ တရားလွန်သွားပြီ။ ငါ့ ဘာသာငါနေနေတာတောင် သူတို့က စောင်းပြောေနကြသေးတာ "

သူ ကြားနေရသည်နှင့်မျှ ပို၍ ဒေါသထွက်လာတော့သည်။ ထို့အပြင် ကလေးမလေးနိုးဦးမည်မဟုတ်ကြောင်း သေချာနေ၍ နောက်ဆုံး၌ သူ့အသွင် စိတ်မချမ်းမြေ့ဖွယ် တွားသွားနေသည့်ပုံပေါ်လာသည်အထိ ဖြစ်လာတော့သည်။

" ရပ်တန်းကရပ်တော့။ ငါ လွတ်လပ်လဲ ဂရုမစိုက်ဘူး။ ကျင့်ကြံအားထုတ်ဖို့လိုတယ် "

ပိုင်ရှောင်ချန်းက ဘယ်သောအခါကမှ သူ့ကိုယ်သူ ကျင့်ကြံအားထုတ်ရန် သဘောကျသည့်လူတစ်ယောက်အဖြစ် မတွေးခဲ့ဖူးပေ။ သို့သော် ယခု မြောက်ပိုင်းတွင် သူအမှန်တကယ် လွမ်းဆွတ်လာတော့သည်။

သူ တံခါးပိတ်ကျင့်ကြံအားထုတ်သည့်အချိန်တိုင်း အိပ်ပျော်သွားသည့်အလား ဖြစ်သည်မဟုတ်ပါလော။ အချိန်သည် မယုံနိုင်စရာကောင်းလောက်အောင် မြန်မြန်ကုန်ဆုံးမည်ဖြစ်သည်။

" ငါ့ထာဝရသွေးက သက်စောင့်အားလိုပေမယ့် ငါ့မှာ ကျင့်ကြံခြင်းရင်းမြစ်ဘာတစ်ခုမှ သုံးခွင့် မရှိဘူး။ ပြီးတော့ ငါရှာတွေ့ခဲ့တဲ့ ရွှေရောင်အရိုးစုကြီးလဲ အပြင်ထုတ်လို့မရဘူး။ ငါ နေလခင်းကျင်း ကောင်းကင်စစ်တလင်း မန္တန်က ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်ကို လိုအပ်ပေမယ့် မြောက်ပိုင်းသားတွေက ငါ့ကို စုပ်ယူခွင့်မပေးပြန်ဘူး "

၄င်းမှာ အတောမသတ်နိုင်သော ပျင်းရိငြီးငွေ့ခြင်းစက်ဝန်းအလား အမှန်တကယ် စိတ်ပျက်ဖွယ်ကောင်းလှသည်။ သူမည်သည့် အကြံပေါ်လာစေကာမူ ဖြစ်နိုင်သည့်ပုံမပေါ်ပေ။ ပဋိညာဥ်သုံးချက်ကို ရှောင်တိမ်းပြီး ကျင့်ကြံအားထုတ်နိုင်မည့် နည်းလမ်းတစ်ခုဖြစ်ရန် လိုအပ်သည်။

ရက်အနည်းငယ်ကြာသော် သူ ခေါင်းမော့လိုက်၏။ သူ၏ဆံပင်များ ရှုပ်ပွနေပြီး သူ၏မျက်လုံးများက နီရဲနေသည့်တိုင် တဖျပ်ဖျပ်တောက်ပနေသေးသည်။ သူက ပေါက်ကို ဖြန်းခနဲရိုက်၍ တဟားဟားရယ်လိုက်သည်။

" ငါ ပိုင်ရှောင်ချန်းက ဉာဏ်ကြီးရှင်တစ်ယောက်ပဲ။ ဟားဟားဟား။ ရာဇသံတိမ်လွှာက ထွက်ခွင့်မပေးဘူးလား ။ ရတယ်။ မထွက်ဘူး။ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအင်ကို စုပ်ယူခွင့်မပေးဘူးလား။ ရတယ်။ မယူဘူး။ ဆေးဖော်ခွင့််မပေးဘူးလား။ ရတယ်။ မဖော်ဘူး။ ငါ အမြဲ ဆေးလုံးတွေ သွားရောင်းလို့ရတာ ပဲ"

သူသည် ဆေးလုံးအချို့ရောင်းချခြင်းဖြင့် ဝိညာဥ်ကျောက်တုံးများ ရနိုင်မည်ဖြစ်၍ စိတ်လှုပ်ရှားလာပြီ ဖြစ်သည်။

ထို့နောက် သူ၏ နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်အား ကျင့်ကြံရန် ထိုဝိညာဥ်ကျောက်တုံးများကို သုံးနိုင်သည်။ သူ မြန်မြန်ကျင့်ကြံအားထုတ်နိုင်ရန်အတွက် သူ ဝိညာဥ်ကျောက်တုံးမည်မျှရနိုင်လဲအပေါ်တွင် မူတည်နေသည်။

" သာမန်ဆေးလုံးတွေက ရောင်းဖို့လွယ်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ငါ့မှာ သေချာပေါက် အလုပ်ဖြစ်မယ့် ဆေးလုံးအမျိုးအစား နှစ်မျိုးရှိတယ် "

ထို့နောက် သူက အိတ်ကိုပုတ်ကာ ဆေးပုလင်းနှစ်လုံး ထုတ်လိုက်သည်။

သူက ထိုဆေးပုလင်းနှစ်လုံးကို ငုံ့ကြည့်၍ သူ၏မျက်လုံးများသည် ပြင်းပြသောစိတ်အဟုန်များ၊ ဂုဏ်ယူခြင်းများဖြင့် တောက်ပလာတော့သည်။

" လူတိုင်းလူတိုင်း တစ်သက်မှာ တစ်ခါတော့ ကာမအားတိုးဆေးလိုတယ်။ ပြီးတော့ မူးယစ် ဆေးလုံးစားပြီးတာနဲ့ ဘယ်တော့မှ နဂိုစိတ်အခြေအနေကို ပြန်သွားချင်မှာမဟုတ်တော့ဘူး "

သူက သက်ပြင်းချ၍ ရှင်းကုံကျစ်တာအိုဂိုဏ်းမှာရှိစဥ်က အားလပ်ချိန်များတွင် ဆေးလုံးများစွာ ဖော်စပ်ခဲ့သည်မှာ ကောင်းသောအရာဖြစ်ကြောင်း တွေးလိုက်သည်။ သူ စုဆောင်းခဲ့သည်များသာမရှိလျှင် သူ၏ဘဝက မြောက်ပိုင်းတွင် အမှန်တကယ် အဆုံးသတ်သွားလိမ့်မည်ဖြစ်သည်။

သူက ဆေးလုံးများရောင်းရန်နှင့်ပတ်သက်၍ အကောင်းဆုံးနည်းလမ်းကို စဥ်းစားထားပြီးဖြစ်သည်။ သူသည် ထိုဆေးလုံးနှစ်လုံးအား ရောင်းရုံသာ မရနိုင်သည့်အတွက် အခြားပစ္စည်းအမျိူးမျိုးကိုလည်း ရောထည့်ပြီး အကုန်လုံး အတူတူရောင်းမည်ဖြစ်သည်။ အားလုံးအဆင်သင့်ပြင်ပြီးနောက် သူ၏ရင်ထဲတွင် တုံ့ဆိုင်းခြင်းအနည်းငယ် ကိန်းအောင်းနေ၏။ သို့သော် မြောက်ပိုင်းသားများက မည်မျှတရားလွန်ပြီး သူ့ကို စောင်းမြောင်းလှောင်ပြောင်နေကြသည့်မြင်ကွင်းများ၊ ထို့နောက် ဟန်ဇောင်ကျောင်းတော်နှင့် ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းအကြားရှိ သွေးကြွေးရန်ငြှိုးများကို တွေးတောမိသောအခါဝယ် သူက အံတင်းတင်းကြိတ်လိုက်သည်။

" မင်းတို့က ငါ့ကို ဒီလိုလုပ်ဖို့ ဖိအားပေးနေတာပဲ"

သူက တံခါးဆီသို့ အပြေးအလွှားသွားနေလျက် ရေရွတ်လိုက်သည်။

သူ အပြင်ထွက်လာသည်နှင့် တစ်ပြိုင်နက် မရေမတွက်နိုင်သော မြောက်ပိုင်းသားများ၏ လှောင်ပြောင်သရော်သော အကြည့်များ သူ့အပေါ်ကျရောက်လာ၏။ အများစုက ဗြောင်ကျကျထုတ်ပြောကြလေသည်။ ဤသည်မှာ သူတို့အတွက် နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ကို ပေါ်တင်အနိုင်ကျင့်နိုင်သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး အများစု နှစ်သက်သဘောကျလာခဲ့သည့်အရာဖြစ်သည်။

သူတို့က သူတို့၏ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီး၏ မပြောဘဲသိသာသော အတည်ပြုမှုကို ရထားသောကြောင့် မည်သည့်အကျိုးဆက်ကိုမဆို တစ်ယောက်မှ စိတ်မပူကြပေ။ သို့သော် ဤအချိန်တွင် ပိုင်ရှောင်ချန်းက ဂရုမစိုက်ပေ။ အမှန်တွင် သူ့အတွက် အာရုံစိုက်သူများလေလေ ပိုကောင်းလေလေဖြစ်ပေသည်။

လူအတော်များများ သူ့ကို သတိထားမိစေရန် ဟိုဟိုသည်သည်လျှောက်ပတ်သွားပြီးနောက် သူက ရာဇသံတိမ်လွှာရှိ လူအများက နတ်မီးလျှံစမ်းသပ်ပွဲအတွက် စုဝေးကြသည့်နေရာအနီးနားရှိ မြေကွက်လပ်ကို ရွေးချယ်လိုက်၏။

မြေကွက်လပ်အတွင်း ကွဲပြားသော ရှေးဟောင်းအမွေအနှစ်နယ်မြေကိုးခုကို ဦးတည်သည့် ဂိတ်ကိုးခုရှိသည်။ ရှင်းကုံကျစ်တာအိုဂိုဏ်းကဲ့သို့ပင် အမွေအနှစ်နယ်မြေများအတွင်းဝင်ရောက်သည့် ဂိုဏ်းသားများသည် သူတို့၏လုပ်ဆောင်မှုများအလိုက် အဆင့်သတ်မှတ်ခံရမည်ဖြစ်သည်။ ထို့အတွက် ၄င်းသည် ဂိုဏ်းသားများအတွက် ပြိုင်ပွဲဗဟိုချက်ကြီးတစ်ခု ဖြစ်သည်။

သူက သင့်တော်သော နေရာတစ်နေရာရှာပြီးနောက် ထိုင်ချလိုက်ပြီး သူ၏ရှေ့တွင် အဝတ်စဖြူတစ်ခုခင်း၍ သူ့အိတ်ထဲက ပစ္စည်းများကို ဆွဲထုတ်လိုက်သည်။ သူ့ရှေ့ရှိ အဝတ်စဖြူပေါ်တွင် သူသည် မှော်ပစ္စည်းများ၊ ဆေးလုံးများနှင့် အခြားကြုံရာကျပန်းပစ္စည်းများအား နေရာချလိုက်သည်။ လက်ရှိအချိန်တွင် သူသည် ကာမအားတိုးဆေးကိုဖြစ်စေ၊ မူးယစ်ဆေးလုံးကိုဖြစ်စေ ရောင်းရန် မထုတ်ထားပေ။

အကုန်လုံးအား သင့်တင့်လျှောက်ပတ်သလို နေရာချပြီးနောက် သူက ဝယ်သူများကို စောင့်လိုက်သည်။

သူ၏လုပ်ဆောင်မှုများသည် အတော်လေးစိတ်ဝင်စားစရာကောင်းသည့်အတွက် မကြာမီ ဂိုဏ်းသားများက ဖြစ်ပျက်နေသည်များအား ကြည့်ရှုရန် လာကြတော့သည်။ သူတို့မြင်သောအခါ ပါးစပ်များအဟောင်းသားဖြစ်သွားကြပြီး အများစုက ဟားတိုက်ရယ်မောကြလေသည်။

" သူက လမ်းဘေးစျေးထိုင်ရောင်းတယ်လား။ ကြီးကျယ်မြင့်မြတ်တဲ့ နတ်အဆင့်ကျင့်ကြံသူကြီးက လမ်းပေါ်မှာ စျေးရောင်းနေတယ်။ ဟားဟားဟား "

" ကြည့်ရတာ ငါတို့ကြောင့် သူတကယ်ရူးသွားပုံပဲ။ ထွက်လဲ မသွားနိုင်။ ဆေးလဲ မဖော်နိုင်။ ကျင့်ကြံအားထုတ်လို့လဲ မရတော့ လမ်းပေါ်မှာ ကြုံရာပစ္စည်းလေးတွေ လျှောက်ရောင်းဖို့ကလွဲပြီး ရွေးစရာ ဘယ်ရှိတော့မလဲကွာ"

မြေကွက်လပ်ရှိ ကျင့်ကြံသူများသာလျှင် သတိထားမိပြီး လှောင်ပြောင်ကြသည်မဟုတ်ပေ။ အနက်ရောင်ခေါင်းတလားရှိ နတ်အဆင့်ကျင့်ကြံသူများပင် သတိထားမိကြပြီး စောင့်ကြည့်ရန် နတ်ဘုရားအာရုံစီးကြောင်းများပင် ပို့လွှတ်လိုက်ကြသည်။

All Chapters