အခန်း (၄၉-၅၁)
Vol. 4 Ch. 49-51
အခန်း (၄၉)
နောက်တစ်နေ့တွင် ကျန်းရိုသည် တုံမင်မင်အား သွားရောက်ကြည့်ရှုလေသည်။
ရောက်သွားသောအခါ တုံမင်မင်သည် သူမ၏မိခင်နှင့် ဖုန်းပြောနေပြီး ဖုန်းသံမှာ အတော်လေးကျယ်လောင်လှရာ ဖုန်းထဲမှ ညည်းတွားသံများကို ကျန်းရို ကြားနေရလေသည်။ "......တက္ကသိုလ်တက်ကတည်းက သမီးအရိပ်ကိုတောင် မမြင်ရတော့ဘူး၊ အိမ်မှာ အမေတစ်ယောက်တည်းရယ်။ သမီးအဖေကလည်း နေ့တိုင်း အလုပ်များနေတာပဲ"
တုံမင်မင်က ကြားပြီးနောက် တိတ်ဆိတ်သွားကာ၊ ချက်ချင်းပင် ပေါ့ပါးစွာ ပြုံးရယ်လျက် ပြောလိုက်သည်။
"တရုတ်တိုင်းရင်းဆေးပညာက ဘယ်လောက်သင်ရခက်လဲ အမေမသိလို့ပါ။ သမီး ဘာမှကို မတတ်တာ၊ ဟူး... ဆက်တောင် မသင်ချင်တော့ဘူး"
သူမ၏မိခင်က သက်ပြင်းချကာ မတတ်နိုင်သည့်လေသံဖြင့် ပြောလေသည်။
"အစကတည်းက မသင်ပါနဲ့ဆိုတာကို အတင်းသင်ချင်နေတာ၊ အခုတော့ နောင်တရနေပြီမလား။ သမီးက ငယ်ငယ်ကတည်းက ခေါင်းမာတာကိုး။ မသင်ချင်ရင်လည်း မသင်နဲ့တော့လေ။ အမေ သမီးအဖေကို ပြောလိုက်မယ်"
ပြောပြီးနောက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ဆက်ပြောလေသည်။
"ဒါနဲ့ သမီးအဖေရဲ့သူငယ်ချင်းက အရမ်းကောင်းတဲ့ ကောင်လေးတစ်ယောက်နဲ့ မိတ်ဆက်ပေးထားတယ်။ နိုင်ငံခြားကနေ ကျောင်းပြီးပြန်လာတာတဲ့။ အမေ ဓာတ်ပုံကြည့်ပြီးပြီ။ ရုပ်ရည်က တကယ်မဆိုးဘူး။ သမီးလည်း ချက်ချင်းကြီး ငြင်းမနေနဲ့ဦး။ စနေတနင်္ဂနွေကျရင် သွားတွေ့ကြည့်လိုက်ပါ။ တကယ်လို့ အဆင်မပြေရင်လည်း ထားလိုက်ပေါ့"
တုံမင်မင်၏မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားသော်လည်း 'အင်း' ဟုသာ ပြန်ထူးလိုက်လေသည်။
ဖုန်းထဲတွင် သူမ၏မိခင်က ထိုကောင်လေးအကြောင်း အနည်းငယ် ထပ်ပြောနေသေးရာ တုံမင်မင်က တိတ်ဆိတ်စွာ နားထောင်နေလိုက်သည်။ ဖုန်းချပြီးနောက် ကျန်းရိုအား ခါးသီးစွာ ပြုံးပြလျက် ပြောလိုက်သည်။
"ငါ့အမေကတော့ တကယ့်အရူးပဲ"
ကျန်းရိုက နှစ်သိမ့်လိုက်သည်။
"ဒေါ်လေးက အရမ်းရိုးသားလွန်းလို့ လူတွေကို အဆိုးဘက်က မတွေးတတ်တာနေမှာပါ"
တုံမင်မင်က ဆိုဖာပေါ်မှ ထရပ်လိုက်ကာ ပြောလေသည်။
"နင် ခဏထိုင်နေဦး။ ငါ သွားပြီး စားစရာနည်းနည်း ယူလာခဲ့မယ်။ မနေ့ညက ငါ့အမေက အိမ်ဖော်ကို စားစရာတချို့ လာပို့ခိုင်းထားတယ်"
ကျန်းရိုက အန်းအန်းကို သူမ၏ပေါင်ပေါ်တွင် သေချာထိုင်ခိုင်းလိုက်ပြီး ပြောလိုက်သည်။
"အရမ်းကြီး အများကြီး မယူခဲ့နဲ့နော်။ ငါ့သမီးက အစားတော်တော်မက်တာ။ သူက စားပြီဆိုရင် အတိုင်းအတာကို မသိတော့ဘူး။ နည်းနည်းပဲ ယူခဲ့"
တုံမင်မင်က ကြားပြီး ရယ်မောလိုက်ကာ ရေခဲသေတ္တာဆီသို့ သွား၍ ကိတ်မုန့်နှင့် သစ်သီးများကို ယူလာခဲ့လေသည်။
ကလေးမလေးက ကိတ်မုန့်ကို မှတ်မိပြီး ဤအရာမှာ စားကောင်းမှန်းသိသဖြင့် ခေါင်းမော့ကာ တုံမင်မင်အား ချိုသာစွာ ပြုံးပြလေသည်။
တုံမင်မင် ကြည့်ရင်း သဘောကျသွားကာ ကိတ်မုန့်နှင့် သစ်သီးများကို လက်ဖက်ရည်စားပွဲပေါ်တွင် တင်လိုက်လေသည်။
ကျန်းရိုက သူမ၏ကျန်းမာရေးအခြေအနေ မည်သို့ရှိသေးကြောင်း မေးလိုက်လေသည်။
တုံမင်မင်က ပြန်ဖြေလေသည်။
"အဖျားကတော့ တော်တော်လေး ကျသွားပါပြီ။ ကိုယ်လက်တွေ သိပ်မလှုပ်ချင်သေးတာလောက်ပဲ ရှိတာ"
ထို့နောက် သူမက စပ်စုလိုစိတ်ဖြင့် ကျန်းရိုအား မေးလိုက်သည်။
"နင့်အမျိုးသားက တကယ်တမ်း ဘာလုပ်တာလဲ"
ကျန်းရိုကလည်း မဖုံးကွယ်တော့ဘဲ တိုက်ရိုက်ပင် ပြောပြလိုက်လေသည်။
"သူက အရင်တုန်းက အိမ်ခြံမြေကုမ္ပဏီမှာ မန်နေဂျာချုပ်ရဲ့ လက်ထောက်အနေနဲ့ အလုပ်လုပ်တာ။ အခုတော့ ထွက်ပြီး ကိုယ်ပိုင်စီးပွားရေး လုပ်နေတာလေ။ "ဆယ့်နှစ်ရာသီဖွား"ဆိုတဲ့ မုန့်တံဆိပ်က သူလုပ်တာပဲ။ သေသေချာချာတော့ ငါလည်း သိပ်မသိပါဘူး။ သူ့အလုပ်ကိစ္စတွေကို ငါ သိပ်မမေးဖြစ်ဘူးလေ။ ဒါပေမဲ့ သူက ပုံမှန်ဆိုရင် ဧည့်ခံကျွေးမွေးရတာတွေ များတော့ ကိစ္စတော်တော်များများကို ကြားဖူးနေတာ"
တုံမင်မင်က ခေါင်းညိတ်လိုက်သည်။
"ဒါကြောင့်ကိုး"
တက္ကသိုလ်မြို့တော်တွင် လမ်းဘေးဈေးရောင်းသူတစ်ဦးက ဤမျှများပြားသောအကြောင်းအရာများကို မည်သို့သိနေသနည်းဟု သူမ တွေးနေခဲ့မိခြင်းဖြစ်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် တုံမင်မင်က ရုတ်တရက် ပြောလိုက်သည်။
"ကျန်းရို၊ နင် ပြန်သွားရင် နင့်အမျိုးသားကို ရန်ကျားဟောက်ဆိုတဲ့လူအကြောင်းလေး စုံစမ်းပေးဖို့ အကူအညီတောင်းပေးလို့ ရမလား။ အဲ့ဒါ ငါ့အဖေက ငါနဲ့ မိတ်ဆက်ပေးထားတဲ့ နိုင်ငံခြားပြန်ကောင်လေးလေ။ ငါက အဲ့ဒီလူအကြောင်း သိပ်မသိတော့ ပြဿနာတစ်ခုခုများ ရှိနေမလားဆိုတာ မသေချာလို့"
ပြောပြီးနောက် ဆက်ပြောလေသည်။
"ငါ့မှာ မြို့လယ်က ကုန်တိုက်ထဲမှာ ဆိုင်ခန်းတစ်ခန်းရှိတယ်။ နေရာက တော်တော်ကောင်းတယ်။ ငါ့အသက် ဆယ့်ရှစ်နှစ်ပြည့် မွေးနေ့တုန်းက ငါ့အဖေက လက်ဆောင်ပေးထားတာ။ နင့်အမျိုးသားကသာ ငါ့အတွက် သေချာစုံစမ်းပေးနိုင်ရင် အဲ့ဒီဆိုင်ခန်းကို သူ့ကို ပေးလိုက်မယ်"
ကျန်းရိုက အလျင်အမြန် လက်ခါပြလိုက်လေသည်။
"စုံစမ်းပေးရုံလေးပဲဟာ။ အဲ့ဒီလောက်ကြီး အားနာနေစရာ မလိုပါဘူး။ ငါ ပြန်ရောက်ရင် သူ့ကို ပြောပြလိုက်ပါ့မယ်။ ဆိုင်ခန်းကတော့ မလိုပါဘူးဟာ။ အဲ့ဒါက ပိုက်ဆံဘယ်လောက်တောင် တန်လိုက်မလဲ။ ငါ ဒီလိုလုပ်ပေးတာက နင့်ဆီက တစ်ခုခုလိုချင်လို့မှ မဟုတ်တာ"
သူမက တကယ်ပင် သဘောထားကြီးလွန်းသည်ဟု ကျန်းရို တွေးလိုက်မိသည်။ သူမအနေဖြင့် တစ်ခါမှ ဆိုင်ခန်းကို ဤသို့ လွယ်လွယ်ကူကူ လက်ဆောင်ပေးသူမျိုးကို မမြင်ဖူးခဲ့ပေ။
တုံမင်မင်က သူမ၏ စိုးရိမ်တကြီးဖြစ်နေသော မျက်နှာကို ကြည့်ကာ မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။
"နင် ငြင်းမနေပါနဲ့။ ငါ့မှာ တခြားဆိုင်ခန်းတွေ အများကြီး ရှိပါသေးတယ်။ ငါ နင်တို့ကို အရမ်းကျေးဇူးတင်တာ။ တကယ်ပြောတာပါ။ ငါ့အဖေကိစ္စကိုသာ နင်က သတိမပေးခဲ့ရင် ငါနဲ့ငါ့အမေက အနှေးနဲ့အမြန် ဒုက္ခရောက်ကြမှာပဲ။ ဒါက နင်တို့ ရသင့်ရထိုက်တဲ့ဟာပါ။ နင်တို့သာ မယူရင် ငါ့စိတ်ထဲမှာ နေလို့ကောင်းမှာ မဟုတ်ဘူး။ ငါက သူများကျေးဇူးကြွေးတင်နေတာမျိုးကို မကြိုက်ဘူး။ ကျေးဇူးဆပ်ပြီးမှသာ ငါတို့ ဆက်ပြီး သူငယ်ချင်း လုပ်လို့ရမှာ"
"အဲ့ဒီဆိုင်ခန်းက နင့်အတွက်တော့ ဈေးအရမ်းကြီးလိမ့်မယ်။ ဒါပေမဲ့ ငါ့အမြင်မှာတော့ ဘာမှမဟုတ်ပါဘူး။ ငါ့အဖေက အဲ့ဒီမယားငယ်ကို ပစ္စည်းတွေ ဘယ်လောက်တောင် ပေးထားလဲဆိုတာတောင် ငါ မသိဘူး။ ငါက နင့်ကို ဆိုင်ခန်းတစ်ခန်း လက်ဆောင်ပေးတာ ဘာဖြစ်လို့လဲ"
ကျန်းရိုမှာ ငိုရခက်ရယ်ရခက်ဖြစ်သွားပြီး ပြတ်သားစွာပင် ငြင်းဆန်လိုက်လေသည်။
တုံမင်မင်က ထပ်မံ၍ ဘာမျှမပြောတော့သော်လည်း ဆိုင်ခန်းကို မဖြစ်မနေပေးမည်ဟု စိတ်ထဲတွင် ဆုံးဖြတ်ထားလိုက်လေသည်။ အခြားသူက ကိုယ့်ကို ကူညီခြင်းမှာ သံယောဇဉ်ကြောင့်ဖြစ်ပြီး၊ မကူညီခြင်းမှာ သူတို့၏တာဝန်သာဖြစ်ကြောင်းကို သူမ ငယ်စဉ်ကတည်းက သိရှိထားခဲ့လေသည်။
ကျန်းရိုတို့ လင်မယားနှစ်ယောက်က သူမကို အကူအညီကြီးတစ်ခု ပေးခဲ့ရာ သူမအနေဖြင့် မသိချင်ယောင်ဆောင်နေ၍ မရနိုင်ပေ။
....
အိမ်ပြန်ရောက်သောအခါ ကျန်းရိုသည် တုံမင်မင်ပြောခဲ့သော စကားများကို ပြန်ပြောပြလိုက်သော်လည်း ဆိုင်ခန်းလက်ဆောင်ပေးမည့်ကိစ္စကိုမူ မပြောပြခဲ့ပေ။
သို့သော်လည်း လီရှောင်းက သူမအတွက် စုံစမ်းပေးခဲ့သည်။ မည်သို့လုပ်ဆောင်ခဲ့သည်ကို မသိရသော်လည်း နှစ်ရက်မပြည့်မီ ပြန်လာကာ ပြောလေသည်။
"မင်း ကိုယ့်ကို စုံစမ်းခိုင်းလိုက်တာ တော်သေးတယ်။ ချန်ဖုန်းရဲ့ သူငယ်ချင်း ပြောပြတာတော့။ အဲ့ဒီကောင်က ရုပ်ရည်ကသာ တည်တည်ငြိမ်ငြိမ်ပုံပေါက်နေတာ။ တကယ်တမ်း ကွယ်ရာမှာတော့ တော်တော်ရှုပ်တာတဲ့။ နိုင်ငံခြားမှာတုန်းက အိမ်ထောင်သည်မိန်းမတွေကိုပဲ လိုက်ရှာလေ့ရှိတာတဲ့။ တစ်ခါကဆို နိုင်ငံခြားသူရဲ့ယောက်ျားက အိပ်ရာထဲအထိ မိသွားလို့ ရိုက်သတ်ခံရမလိုတောင် ဖြစ်သွားသေးတယ်တဲ့။ ပြီးတော့ သူက မိန်းမရော ယောက်ျားပါ အကုန်စားတာတဲ့"
ကျန်းရိုက ကြားပြီးနောက် ရွံရှာသောမျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ရွံစရာကောင်းလိုက်တာ"
ယခုတစ်ကြိမ်တွင်မူ တကယ်ပင် ရွံရှာသွားမိလေသည်။ ဘယ်လိုလူမျိုးက ဒီလိုတွေလုပ်နိုင်ရတာလဲ။ ရောဂါရကုန်မှာမကြောက်ဘူးလားပဲ။
ကျန်းရို ဤသို့ပြောမည်ကို လီရှောင်း သိထားပြီးဖြစ်သဖြင့် ပြုံးကာ ပခုံးတွန့်ပြလိုက်လေသည်။
"မင်းပဲ ကိုယ့်ကို စုံစမ်းခိုင်းတာလေ"
"မင်းသူငယ်ချင်း သိမသိတော့ ကိုယ်မသိဘူး။ ရန်ကျားဟောက်က သူ့အဖေရဲ့ အရင်မိန်းမက မွေးတဲ့ကလေးတဲ့။ မိထွေးမွေးတဲ့ ညီဖြစ်သူက သူနဲ့ အသက်သိပ်မကွာဘူး။ အဲ့ဒီညီက အရမ်းတော်တာ။ ဆယ့်ခြောက်နှစ်နဲ့တင် တီတူတက္ကသိုလ်ကို ဝင်ခွင့်ရသွားတယ်။ အခုဆို အိုင်ဗီလိဂ် နာမည်ကြီးတက္ကသိုလ်မှာ ပညာသင်နေတာတဲ့။ ရန်မိသားစုရဲ့ ပိုင်ဆိုင်မှုက ကြီးမားပေမဲ့ သူ့လက်ထဲရောက်ဖို့ အခွင့်အလမ်းက သိပ်မများဘူး။ မင်းသူငယ်ချင်းသာ သူနဲ့ တကယ်ဖြစ်သွားရင် သေချာပေါက်ကို အလုပ်ရှုပ်ရတော့မှာပဲ"
ကျန်းရိုက မည်သည့်အဓိပ္ပာယ်ဖြစ်ကြောင်း နားလည်သွားလေသည်။ ယောက်ျားကိုလည်း ထိန်းရဦးမည်။ ပိုင်ဆိုင်မှုများကိုလည်း လုရဦးမည်ဆိုလျှင် အလုပ်ရှုပ်လွန်း၍ သေချင်စရာပင် ဖြစ်နေပေလိမ့်မည်။
.....
ဗုဒ္ဓဟူးနေ့ အတန်းတက်ချိန်တွင် ကျန်းရိုနှင့် တုံမင်မင်တို့ နေ့လယ်စာကို ထမင်းစားရုံ၌ အတူတူသွားစားရင်း ထိုကိစ္စကိုပါ တစ်ပါတည်း ပြောပြလိုက်လေသည်။
တုံမင်မင်မှာ ကြားပြီးသည်နှင့် တိုက်ရိုက်ပင် ရယ်မောလိုက်ကာ ကျန်းရိုအား ပြောလေသည်။
"ငါ့အဖေ ငါ့ကို ဘယ်လိုပြောလဲ နင်သိလား။ သူနဲ့ တစ်ဖက်က ကောင်လေးရဲ့အဖေက အရမ်းခင်တဲ့ သူငယ်ချင်းတွေတဲ့။ အဲ့ဒီကို အိမ်ထောင်ကျသွားရင် ယောက္ခမတွေ။ ယောက်မတွေနဲ့ ပြဿနာတက်စရာမရှိဘူးတဲ့။ ဝင်ဝင်ချင်းပဲ ချမ်းသာတဲ့အိမ်တော်က သခင်မလေးဖြစ်မှာတဲ့"
ယခုတစ်ကြိမ်တွင်မူ သူမ၏စိတ်နှလုံး တကယ်ပင် အေးစက်သွားခဲ့လေပြီ။
ကျန်းရိုက သူမကို နှစ်သိမ့်လိုက်သည်။
"အခု သိသွားတာလည်း ကောင်းတာပဲလေ။ အကြောင်းပြချက်တစ်ခုခုရှာပြီး ရှောင်လိုက်လို့ရတာပေါ့"
တုံမင်မင်က အင်းဟု အသံပြုလိုက်လေသည်။
"ငါ ဘယ်လိုလုပ်ရမလဲ သိပါတယ်"
ထို့နောက် နှစ်ရက်မကြာမီ ကျန်းရိုသည် လီရှောင်းထံမှ ဤသို့ကြားလိုက်ရလေသည်။
"မင်းသူငယ်ချင်းက တော်တော်ပြတ်သားတာပဲ။ မျက်နှာချင်းဆိုင်တွေ့တဲ့အချိန်မှာ ကောင်လေးဘက်နဲ့ ရန်ဖြစ်ကြပြီး နောက်ဆုံး လက်ပါတဲ့အထိဖြစ်လို့ ရဲစခန်းရောက်သွားကြတယ်။ ထမင်းစားတဲ့ စားသောက်ဆိုင်ကတော့ အစအနတောင်မကျန်အောင် ရိုက်ခွဲခံလိုက်ရတယ်"
"……"
လီရှောင်းက စုတ်သပ်လိုက်လေသည်။
"လူတိုင်း အဲ့ဒီအကြောင်းကို ပြောနေကြတာ။ အခုတော့ အသိုင်းအဝိုင်းတစ်ခုလုံး ပြန့်သွားပြီ"
ထို့နောက် သူက ရုတ်တရက် ဆက်ပြောလေသည်။
"အော်။ ဒါနဲ့ မင်းသူငယ်ချင်းက ကိုယ့်ကို မြို့လယ်ကုန်တိုက်က ဆိုင်ခန်းတစ်ခန်း ပေးသွားတယ်။ ကိုယ်က မယူဘူးဆိုတာကို သူက အတင်းထိုးပေးပြီးတာနဲ့ ထွက်ပြေးသွားတာပဲ"
ယနေ့နံနက်ကပင် ဖြစ်သည်။ သူနှင့် တွေ့ဆုံပြီးသည်နှင့် မျက်နှာချင်းဆိုင် တွေ့ဆုံပွဲသို့ သွားခဲ့ခြင်းဖြစ်ပေလိမ့်မည်။
ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်လေသည်။
"ဒီဟာက ယူလို့ဖြစ်ပါ့မလား"
ဤသည်မှာ ကျန်းရို၏ သူငယ်ချင်းပေးသော လက်ဆောင်ဖြစ်သဖြင့် သူ တကယ်ပင် မသေချာပေ။ သေချာသည်မှာ အလကားရသော ဆိုင်ခန်းကို သူ သဘာဝကျကျ သဘောကျမိသည်။ ဤမျှကောင်းမွန်သောကိစ္စမျိုးကို နောက်ထပ် အကြိမ်များစွာ ကြုံချင်နေမိသည်။ ကိစ္စလေးတစ်ခု စုံစမ်းပေးရုံလောက်သာ မဟုတ်လား။
အလုပ်မဆင်းမီ သူ လမ်းကြုံ၍ ထိုဆိုင်ခန်းကို သွားကြည့်ခဲ့သေးသည်။ နေရာမှာ တကယ်ပင် အလွန်ကောင်းမွန်လှပြီး ယွမ်သန်းအနည်းငယ်မျှ မရှိဘဲနှင့် ဝယ်၍မရနိုင်ပေ။
ကျန်းရိုက ထိုစကားကို ကြားသောအခါ ပြောလိုက်လေသည်။
"အဲ့ဒါဆိုလည်း ယူထားလိုက်ပါ။ အရင်တုန်းက ကျွန်မလည်း ငြင်းခဲ့သေးတယ်"
ထပ်၍ ငြင်းဆန်ပါက တုံမင်မင် စိတ်ဆိုးသွားမည်ကို စိုးရိမ်ရလေသည်။
ပြောပြီးနောက် ထရပ်ကာ အခန်းထဲသို့ ဝင်သွားလေသည်။
"ကျွန်မ သူ့ဆီ ဖုန်းဆက်ကြည့်လိုက်ဦးမယ်"
ကျန်းရို ဖုန်းခေါ်သော်လည်း မဝင်ခဲ့ပေ။
.....
တနင်္လာနေ့ အတန်းတက်ချိန်တွင်လည်း သူမကို မတွေ့ရပေ။ ခွင့်ယူထားသည်ဟု ကြားရပြီး လဝက်ခန့်ကြာပြီးမှသာ တုံမင်မင် မေဂျာပြောင်းသွားပြီဖြစ်ကြောင်း ကျန်းရို ကြားသိရလေသည်။
ပြောင်းရွှေ့သွားမည့်နေ့ မွန်းတည့်ချိန်တွင် တုံမင်မင်သည် ကျန်းရိုထံသို့လာကာ အတူတူ ထမင်းစားခဲ့ကြသည်။ သူမ၏ နှုတ်ခမ်းထောင့်တွင် ပလာစတာကပ်ထားပြီး လက်သည်းများကိုလည်း သပ်ရပ်စွာ ညှပ်ထားလေသည်။ ယခင်က သူမ၏လက်သည်းများကို အလွန်လှပအောင် ပြင်ဆင်ထားလေ့ရှိပြီး အပေါ်တွင် စိန်များပင် ကပ်ထားတတ်လေသည်။
တုံမင်မင်သည် ယနေ့မှသာ ကျောင်းသို့လာခြင်းဖြစ်သည်။ ထမင်းစားနေစဉ် သူမက ကျန်းရိုအား ထိုနေ့က တစ်ဖက်လူကို ဒေါသထွက်အောင် တမင်တကာ လုပ်ခဲ့ခြင်းဖြစ်ကြောင်း ပြောပြလေသည်။
"အဲ့ဒီကောင်က အဝတ်အစားကသာ သပ်သပ်ရပ်ရပ်ဝတ်ထားတာ။ တကယ်တော့ ဘာမှအသုံးမကျတဲ့ကောင်။ ငါ့ကို မြင်တာနဲ့ နှာဘူးမျက်လုံးတွေနဲ့ ကြည့်တာ။ ငါ တော်တော်ရွံသွားတာပဲ။ သူ ငါ့မျက်နှာကို ရိုက်တုန်းက ငါ မရှောင်လိုက်ဘူး။ အဲ့ဒါ တုံချန်းလေ့ကို ပြချင်လို့ပဲ။ နောက်ကြရင် သူ ငါ့ကို လူထပ်မိတ်ဆက်ပေးရင် ငါ တိုက်ရိုက်ပဲ ငြင်းတော့မယ်"
"ငါ အခု သူ့ကို မျက်နှာချင်းဆိုင် ပြတ်ပြတ်သားသား လုပ်လို့မရသေးဘူး။ ငါ့အဘိုးနဲ့အဘွားကလည်း မရှိတော့ဘူး။ တစ်ဦးတည်းသော ဦးလေးကလည်း နိုင်ငံခြားမှာ နေတာဆိုတော့ အဆက်အသွယ် သိပ်မရှိဘူးလေ။ အစတုန်းက အဘိုးက သူ့ပိုင်ဆိုင်မှုတစ်ဝက်ကို ငါ့အမေအတွက် လက်ဖွဲ့အနေနဲ့ ပေးခဲ့တာ။ တုံမိသားစုရဲ့ ပိုင်ဆိုင်မှုတွေက ငါ့ဟာပဲ ဖြစ်ရမယ်။ ငါ နည်းနည်းချင်းစီ ပြန်ယူမယ်"
"နင့်ကိုယ်နင်လည်း အရမ်းကြီး ဖိအားမပေးပါနဲ့"
"အင်း။ ငါ့စိတ်ထဲမှာ အစီအစဉ်ရှိပါတယ်"
ထို့နောက် သူမ၏ စိတ်ထဲရှိ အစီအစဉ်ဆိုသည်မှာ ရဲအရာရှိ ချစ်သူတစ်ဦး ရှာလိုက်ခြင်းပင်ဖြစ်သည်။ သူမ၏ချစ်သူအကြောင်း ပြောသောအခါ တုံမင်မင်၏ မျက်နှာပေါ်တွင် အပြုံးရိပ်အချို့ သန်းနေလေသည်။
"အဲ့ဒီ တိရစ္ဆာန်ကောင်နဲ့ ရန်ဖြစ်ပြီး ရဲစခန်းရောက်သွားတုန်းက သိခဲ့ရတာ။ အဲ့ဒီအချိန်တုန်းက စခန်းထဲရောက်တော့ သူက ငါ့ကို စကားနိုင်မလုနိုင်တော့ဘဲ ငါ့မျက်နှာကို ရိုက်ဖို့လုပ်သေးတာ။ အဲ့ဒါကို ရှန်ဟယ်က လက်တစ်ဖက်တည်းနဲ့ ဖမ်းဆုပ်ထားလိုက်တာလေ။ အဲ့ဒီ တိရစ္ဆာန်ကောင် နာလွန်းလို့ ငိုတောင်ငိုတော့မလိုပဲ။ တကယ် အသုံးမကျတဲ့ကောင်"
ပြောပြီးနောက် နှာခေါင်းရှုံ့လိုက်လေသည်။
"ငါ တုံချန်းလေ့ကို ရွံသွားအောင် တမင်လုပ်ချင်လို့ပဲ။ သူက ငါ့ချစ်သူက အဆင့်အတန်းနိမ့်တယ်။ ငါနဲ့မတန်ဘူးလို့ ပြောတယ်။ အဲ့ဒါနဲ့ ငါက သူ့ကိုယ်သူ အစတုန်းက ဘယ်အဆင့်အတန်းလဲဆိုတာ မေ့သွားပြီလားလို့ မေးလိုက်တယ်။ ကားမောင်းတဲ့ ဒရိုင်ဘာတစ်ယောက်က ငါ့ချစ်သူလောက်တောင် အဆင့်မရှိပါဘူး။ ငါ့ချစ်သူက အနည်းဆုံးတော့ တက္ကသိုလ်ကျောင်းဆင်းပဲ။ အစိုးရဝန်ထမ်းလည်း ဟုတ်တယ်။ နိုင်ငံတော်ကပေးတဲ့ ထမင်းကို စားရတဲ့သူပဲ"
"သူ့မျက်နှာ ဘယ်လောက်တောင် ပျက်သွားလဲဆိုတာ နင် မသိပါဘူး။ တွေးကြည့်လိုက်ရင်ကို ကျေနပ်စရာကောင်းတယ်"
ကျန်းရိုက ကြားပြီး စပ်စုလိုက်သည်။
"နင့်ချစ်သူက......"
တုံမင်မင်က ဟင်းရည်တစ်ဇွန်းခပ်သောက်ကာ တည်ငြိမ်သောအသံဖြင့် ပြောလေသည်။
"သူက အရမ်းကောင်းပါတယ်။ ငါက သူ့ကို လိုက်တာ။ လိုက်ရတာလည်း အရမ်းလွယ်တယ်။ ထမင်းနှစ်ခါလောက် ကျွေးလိုက်တာနဲ့ကို သဘောတူသွားတာပဲ။ သူက ငါ့အိမ်မှာ ပိုက်ဆံရှိမှန်း မသိဘူးလေ။ ငါ့မိဘတွေက ပိုက်ဆံအတွက် သမီးကို ရောင်းစားတယ်။ အဲ့ဒီလိုလူမျိုးနဲ့ မျက်နှာချင်းဆိုင် တွေ့ခိုင်းတယ်လို့ ထင်နေတာ။ ငါ့အပေါ် အရမ်းကောင်းတယ်။ ငါလည်း ဘာမှမပြောပြထားဘူး။ အခွင့်အရေးရရင် နင်တို့နဲ့ မိတ်ဆက်ပေးမယ်"
"ကောင်းပြီလေ"
ရဲအရာရှိများအပေါ် ကျန်းရို၏ စိတ်ထဲတွင် အမြဲတမ်း အမြင်ကောင်းရှိလေသည်။
.....
အသက်တစ်နှစ်ခွဲအရွယ် အန်းအန်းမှာ သေးခံဝတ်စရာမလိုတော့သည်အထိ နေနိုင်နေပြီဖြစ်ပြီး၊ စကားပြောဆိုရာတွင်လည်း ပို၍ ရှင်းလင်းလာကာ ပြေးပင်ပြေးတတ်နေပြီဖြစ်သည်။
ပုံမှန်အားဖြင့် အတန်းမများသောနေ့များတွင် ကျန်းရိုသည် သူမကို အတန်းထဲသို့ ခေါ်သွားလေ့ရှိသည်။ အန်းအန်းမှာ အလွန်လိမ်မာပြီး ခုံပေါ်တွင်ထိုင်ကာ မငိုဘဲ မဆူပူဘဲ နေတတ်သည်။ စာသင်ခုံမြင့်ပေါ်တွင် ပါမောက္ခ စာသင်နေချိန်တွင် ဘာမှနားမလည်သော်လည်း ခေါင်းမော့ကာ အလွန်အလေးအနက်ထားသည့်ပုံစံဖြင့် နားထောင်နေတတ်လေသည်။
ကျန်းရိုက သူမ၏ရှေ့တွင် စာရွက်နှင့် ခဲတံချထားပေးလိုက်ရာ သူမက ခဲတံကိုကိုင်၍ ပုံဆွဲလေသည်။ ပုံဆွဲရင်း ပါးစပ်မှလည်း သစ်ပင်ကြီး။ ပန်းပွင့်လေး။ မြက်ပင်လေး... စသည်ဖြင့် တီးတိုးရေရွတ်နေတတ်လေသည်။
အသံအနည်းငယ် ကျယ်လာသောအခါ ကျန်းရိုက လက်ညှိုးကို နှုတ်ခမ်းပေါ်တင်ကာ အသံတိုးတိုးလုပ်ရန် အချက်ပြလိုက်ရာ ကလေးမလေးက မေမေ့ပုံစံကို အတုခိုး၍ သူမ၏ လက်ဝတုတ်တုတ်လေးကို နှုတ်ခမ်းပေါ်တင်ကာ 'ရှူး' ဟုလုပ်ပြီးနောက် ထပ်မပြောတော့ပေ။
အန်းအန်းမှာ အလွန်လိမ်မာသဖြင့် အတန်းထဲရှိ ကျောင်းသားများကလည်း ဘာမျှမပြောကြပေ။ တစ်ခါတစ်ရံ စာသင်ပြီးသော်လည်း အတန်းဆင်းခေါင်းလောင်းမမြည်သေးပါက ဆရာက အန်းအန်းအနားသို့ လျှောက်လာကာ သူမကို စနောက်ပြီး နားလည်လားဟု မေးတတ်လေသည်။
ကလေးမလေးက လိမ်မာစွာဖြင့် ခေါင်းခါပြလေသည်။
"နားမလည်ဘူး။ အန်းအန်းက တုံးတယ်"
ဆရာက ပြုံးကာ သူမ၏ခေါင်းလေးကို ပွတ်သပ်ပေးလေ့ရှိသည်။
ကလေးမလေးကလည်း အူကြောင်ကြောင်ဖြင့် ရယ်မောလေသည်။
ဆရာ ထွက်သွားပြီးနောက် ကျန်းရိုက သူမ၏နားအနားသို့ ကပ်ကာ တိုးတိုးလေး ပြောလေ့ရှိသည်။
"အန်းအန်းက မတုံးပါဘူး။ အန်းအန်းက အရမ်းငယ်သေးလို့ပါ။ ကြီးလာရင် အရမ်းဉာဏ်ကောင်းလာမှာ"
ကလေးမလေးက ဝမ်းသာအားရ ရယ်မောလိုက်လေသည်။
"မာမားက အဉာဏ်ကောင်းဆုံးပဲ"
....
ကျန်းရိုတွင် ဗုဒ္ဓဟူးနေ့တိုင်း လက်တွေ့စမ်းသပ်ခန်း အတန်းရှိသည်။ သူမသည် တရုတ်တိုင်းရင်းဆေးပညာ မေဂျာဖြစ်သော်လည်း ကျောင်းက အနောက်တိုင်းဆေးပညာဗဟုသုတအချို့ကိုလည်း သင်ကြားပေးလေ့ရှိသည်။ တစ်ခါတစ်ရံတွင် လက်တွေ့စမ်းသပ်ခန်းသို့ သွား၍ အတန်းတက်ရပြီး စီနီယာအစ်ကို အစ်မများကို ကူညီပေးရလေသည်။
ထို့ကြောင့် ယနေ့တွင် အန်းအန်းက လီရှောင်းနှင့်အတူ နေရလေသည်။ နောက်ဆုံးအတန်းချိန်မှာ စောဆင်းသဖြင့် ကျန်းရို အတန်းထဲမှ ထွက်လာသောအခါ ညနေ ငါးနာရီတိတိရှိပြီဖြစ်သည်။ တုံမင်မင်ကို သွားရှာရန် ပြင်ဆင်နေချိန်ဖြစ်သည်။ မွန်းတည့်ချိန်က ကျောင်းသားတစ်ဦးက တုံမင်မင် သူမကို ရှာနေကြောင်း ပြောခဲ့သည်။ ယနေ့မွန်းတည့်ချိန်က သူမ အိမ်ပြန်သွားသဖြင့် စာကြည့်တိုက်တွင် မရှိခဲ့ပေ။ သို့သော် မည်သည့်ကိစ္စဖြစ်မည်ကို အကြမ်းဖျင်း သိရှိထားလေသည်။ လွန်ခဲ့သောရက်အနည်းငယ်က တုံမင်မင်က သူမ၏အမေ M နိုင်ငံသို့ သွားမည်ဟု ပြောခဲ့သဖြင့် သူမအား လက်ဆောင်ပေးစရာရှိ၍ ဖြစ်ပေလိမ့်မည်။
သို့သော် ကျန်းရို ခြေလှမ်းအနည်းငယ် လျှောက်ရုံရှိသေးချိန်တွင် တစ်စုံတစ်ဦးက သူမကို လှမ်းခေါ်လိုက်လေသည်။
"ကျန်းရို။ တောင်ဘက်တံခါးကင်းတဲမှာ နင့်ကို လာရှာတဲ့သူ ရှိတယ်။ နင့်အမျိုးသားရဲ့ ညီအစ်ကိုလို့ ပြောတာပဲ"
ကျန်းရို အံ့အားသင့်သွားပြီး လီရှောင်း၏ ညီအစ်ကိုဟု ကြားလိုက်ရချိန်တွင် သူမ၏ ပထမဆုံးတုံ့ပြန်မှုမှာ ကျင်းတာ့ယိုပင်ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ ကျင်းတာ့ယိုမှလွဲ၍ ဤဘက်သို့ ရောက်လာမည့်သူ မရှိနိုင်ပေ။
သို့သော် ကျင်းတာ့ယိုသည် ကျောင်းတွင် အတန်းတက်နေရမည်မဟုတ်ပါလား။ ပြိုင်ပွဲတစ်ခုခု ဝင်ပြိုင်စရာရှိနေလို့များလား။
ကျန်းရိုသည် သံသယများဖြင့် တောင်ဘက်တံခါးဆီသို့ သွားလေသည်။
ရောက်ခါနီးအချိန်တွင် တံခါးဝ၌ ရပ်နေသော ရင်းနှီးနေသည့် ပုံရိပ်တစ်ခုကို အဝေးမှပင် မြင်လိုက်ရသည်။ ကျူးချန် ဖြစ်နေလေသည်။
ကျူးချန်ကလည်း သူမကို မြင်သွားပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။
"မရီး"
ကျန်းရိုက နားမလည်နိုင်စွာဖြင့် သူ့ကို ကြည့်လိုက်သည်။
"ကျူးချန်? ရှင် ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"
သူမ၏ စိတ်ထဲတွင် အလွန်အံ့သြနေမိသည်။ ကျူးချန် ဤနေရာသို့ လာမည်ဟု သူမ မည်သို့မျှ ထင်မထားခဲ့ပေ။
ကျူးချန်က ခေါင်းကို ပွတ်သပ်ကာ အနည်းငယ် အားနာသောဟန်ဖြင့် ပြုံးလျက် ပြောလေသည်။
"ကျွန်တော် ရှောင်းကော ဘယ်မှာရှိလဲမသိလို့ မရီးကို လာရှာတာပါ"
ကျန်းရို G ပြည်နယ်ရှိ နာမည်ကြီးတက္ကသိုလ်ကို ဝင်ခွင့်ရခဲ့ပြီး တရုတ်တိုင်းရင်းဆေးပညာကို သင်ယူနေခြင်းဖြစ်သည်။ ထိုစဉ်က အမှတ် (၁) အလယ်တန်းကျောင်းတွင် ဂုဏ်ပြုစာတန်းကို အချိန်အတော်ကြာ ချိတ်ဆွဲထားခဲ့ရာ ခရိုင်အတွင်းရှိ ရင်းနှီးသူများအားလုံး သိရှိခဲ့ကြပြီး သူလည်း အပါအဝင်ဖြစ်သည်။
ကျန်းရို၏ စိတ်ထဲတွင် အနည်းငယ် မသက်မသာဖြစ်သွားသည်။ အဓိကမှာ သူက ဘာအကြောင်းကြားမှုမျှမရှိဘဲ ဤသို့ တိုက်ရိုက် ရောက်လာခဲ့ခြင်းဖြစ်သည်။ သူသာ လီရှင်းနှင့် အဒေါ်ဝမ်တို့ကို သွားမေးခဲ့လျှင် သူမနှင့် လီရှောင်းတို့လည်း ဘာမှမသိဘဲ နေမည်မဟုတ်ပေ။
သို့သော် သူ့တစ်ကိုယ်လုံး စုတ်ပြတ်သတ်နေသော ပုံစံကို ကြည့်ကာ မေးလိုက်လေသည်။
"စားပြီးပြီလား"
ကျူးချန်က ခေါင်းခါလိုက်သည်။
"ဟင့်အင်း"
ပြောနေစဉ်မှာပင် သူ့ဗိုက်က ဆာလောင်၍ မြည်လာလေရာ သူက ဗိုက်ကို ပွတ်သပ်ကာ အရှက်ရနေသော မျက်နှာဖြင့် သူမကို ကြည့်လေသည်။
ကျန်းရိုက ခေါင်းညိတ်လိုက်သည်။
"ရှင် ခဏစောင့်နေဦး။ ကျွန်မ သွားပြီး လီရှောင်းဆီ ဖုန်းဆက်လိုက်ဦးမယ်"
"အင်း။ ကောင်းပါပြီ"
ကျန်းရိုက ဘေးရှိ ကင်းတဲသို့ သွားလေသည်။ ကင်းတဲတွင် ဖုန်းရှိပြီး ပုံမှန်အားဖြင့် ကျောင်းသားများ ဖုန်းခေါ်ဆိုပါက အခမဲ့ဖြစ်သည်။
သူမက လီရှောင်း၏ မိုဘိုင်းဖုန်းကို ခေါ်ဆိုပြီးနောက် ပြောလိုက်သည်။
"ကျူးချန် ရောက်လာတယ်။ သူ ထမင်းမစားရသေးဘူး။ ကျွန်မ သူ့ကို အရင်တစ်ခုခု သွားကျွေးလိုက်ဦးမယ်။ ဝမ်ရှောင်အာရဲ့ စားသောက်ဆိုင်မှာပဲ။ ရှင် ခဏနေရင် တန်းလာခဲ့လိုက်"
ဖုန်းထဲရှိ လီရှောင်းမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် 'အင်း' ဟု အသံပြုလိုက်လေသည်။
ဖုန်းချလိုက်ချိန်တွင် ကျန်းရိုသည် အထဲမှ အန်းအန်း၏ ကလေးသံလေးဖြင့် 'မာမား' ဟူသော အသံကို ကြားလိုက်ရလေသည်။
တကယ်ပင် ရင်ထဲအထိ ချိုမြိန်သွားစေသည်။
ကျန်းရို ထွက်လာပြီးနောက် ကျူးချန်အား ထမင်းသွားစားရန် ခေါ်လိုက်သည်။ ကျူးချန်က သူမ၏မျက်နှာပေါ်တွင် အပြုံးရိပ်များ တွဲခိုနေသည်ကို မြင်သောအခါ လီရှောင်းက သူမကို တစ်ခုခု ပြောလိုက်သည်ဟု ထင်မှတ်သွားကာ စိတ်အေးသွားပြီး အားနာမနေတော့ပေ။
"ကောင်းပါပြီ။ ဒါဆိုလည်း မရီးကို အနှောင့်အယှက် ပေးရတော့မယ်။ တစ်နေ့လုံး ဘာမှမစားရသေးတော့ ဗိုက်က တကယ်ကို ဆာနေပြီ"
ကျန်းရိုက ပြုံးလိုက်ပြီး သူ့ခရီးဆောင်အိတ်များ များနေသည်ကို မြင်သောအခါ နှစ်လုံးခန့် ကူဆွဲပေးလိုက်လေသည်။
ကျောင်းတံခါးမှ ထွက်လာပြီးနောက် ကျန်းရိုက ဗင်ကားတစ်စီးကိုခေါ်ကာ ဝမ်ရှောင်အာ စားသောက်ဆိုင်သို့ တိုက်ရိုက် သွားလေသည်။
စားသောက်ဆိုင်မှာ အပြင်မှကြည့်လျှင် မကြီးသော်လည်း အထဲတွင် အတော်လေး ကျယ်ဝန်းလှသည်။ အခန်းနှစ်ခန်းကို ဖောက်ချထားခြင်းဖြစ်ပြီး အပြင်ဘက်ရှိ စားပွဲအချို့တွင် လူများ ထိုင်နေကြပြီဖြစ်ရာ ကျန်းရိုက သူ့ကိုခေါ်၍ အတွင်းဘက်အခန်းသို့ ဝင်သွားကာ စားပွဲဝိုင်းတစ်လုံးကို ရှာ၍ ထိုင်လိုက်လေသည်။
"ရှင် ခဏထိုင်နေဦး။ ကျွန်မ သွားပြီး ဟင်းသွားမှာလိုက်ဦးမယ်"
ကျူးချန်က သူမကို အားနာနေလေသည်။
"မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်တော်ပဲ သွားမှာပါ့မယ်။ ကျွန်တော့်အစာအိမ်က နည်းနည်းကြီးတယ်"
ပြောရင်းနှင့် မတ်တတ်ရပ်လိုက်လေသည်။
ကျန်းရိုက ခွင့်မပြုပေ။
"ဒီဘက်ကလူတွေ စကားပြောတာကို ရှင် နားလည်မှာမဟုတ်ဘူး။ ကျွန်မပဲ သွားလိုက်မယ်။ ရှင်က ရေလေးအရင်သောက်ထား"
ထို့နောက် အပြင်ဘက်ရှိ ကောင်တာသို့ သွားလေသည်။
လီရှောင်းနှင့် ကျိုးကျန့်တို့ ရောက်လာချိန်တွင် ဟင်းများ တစ်ဝက်ခန့် ချပေးပြီးနေပြီဖြစ်သည်။ ကျန်းရိုက ဟင်းရှစ်ပွဲ မှာထားပြီး ထမင်းတစ်အိုးပါ မှာထားလေသည်။
ကျူးချန်က မစားသေးပေ။ ကျန်းရိုက သူ့ကို အရင်စားရန် တိုက်တွန်းသော်လည်း သူ မလှုပ်ရှားဘဲ ကျန်းရိုနှင့် စကားပြောနေကာ လီရှောင်း၏ကိစ္စအချို့ကိုပါ တစ်ပါတည်း စုံစမ်းမေးမြန်းနေလေသည်။ ကျန်းရိုကလည်း ရွေးချယ်၍သာ ပြောပြလိုက်လေသည်။
စားပွဲဝိုင်းမှာ ပြတင်းပေါက်နှင့် ကပ်လျက်ဖြစ်ရာ အပြင်ဘက်တွင် ကားပေါ်မှ ဆင်းလာသော လီရှောင်းနှင့် ကျိုးကျန့်တို့ကို ကျူးချန် တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရသည်။ လီရှောင်းက ကလေးကိုချီကာ နောက်ခန်းမှ ဆင်းလာပြီး ကျိုးကျန့်ကမူ ကားမောင်းသူနေရာတွင် ထိုင်လာခြင်းဖြစ်သည်။ ကျူးချန်၏စိတ်ထဲတွင် မည်သို့သော အရသာမှန်း မပြောတတ်အောင် ခံစားလိုက်ရပြီး ယခုအချိန်တွင် ကျိုးကျန့်ပင် သူ့ထက် သာလွန်နေပြီဖြစ်ကာ သူက လေးဘီးတပ်ကားကိုပင် မမောင်းတတ်ကြောင်း တွေးမိလေသည်။
သူက ဝမ်ထောင်ကဲ့သို့ မအပေ။ ကျိုးကျန့်က ယွမ်သန်းအနည်းငယ် အကြွေးတင်နေသည်ဟု ပြောသည်ကို ယုံလိုက်ရန်မဖြစ်နိုင်။ တကယ်လို့ အကြွေးတင်နေသည်ဆိုလျှင်ပင် သူတို့တွင် ထိုထက်ပို၍ ရှာဖွေနိုင်စွမ်း ရှိနေ၍သာဖြစ်မည်။ သို့မဟုတ်ပါက ဘယ်လိုလုပ် ချေးရဲမှာလဲ။
ကျူးချန်သည် အိမ်တွင် အချိန်အတော်ကြာ စဉ်းစားခဲ့ပြီးနောက် ပိုက်ဆံထက် အရေးကြီးသောအရာ ဘာမှမရှိဟု ယူဆကာ အံကြိတ်၍ ရောက်လာခဲ့ခြင်းဖြစ်သည်။
လီရှောင်းနှင့် ကျိုးကျန့်တို့ ဝင်လာသောအခါ ကျူးချန် အလျင်အမြန် မတ်တတ်ရပ်ကာ ဆီးကြိုလိုက်ပြီး မျက်နှာပေါ်တွင် အလွန်ရင်းနှီးသော အပြုံးဖြင့် ပြုံးလျက် ပြောလေသည်။
"သူဌေးကြီးနှစ်ယောက် ရောက်လာပြီပဲ။ လာလာလာ မြန်မြန်ထိုင်။ ခင်ဗျားတို့ကိုပဲ စောင့်နေတာ"
မည်မျှနွေးထွေးပျူငှာနိုင်သမျှ နွေးထွေးပျူငှာနေလေသည်။
ရှေ့မှ လျှောက်လာသော လီရှောင်း၏ပုံရိပ်မှာ ခေတ္တရပ်တန့်သွားပြီးနောက် ကျန်းရို၏ဘေးသို့ တန်းတန်းမတ်မတ် လျှောက်သွားကာ ထိုင်လိုက်ပြီး သူ့ရင်ခွင်ထဲတွင် ခန္ဓာကိုယ်ကို လိမ်ဖယ်ကာ မာမားကို ချီခိုင်းနေသော အန်းအန်းကို သူမထံသို့ ကမ်းပေးလိုက်လေသည်။
ကျန်းရို လှမ်းယူလိုက်ရာ ကလေးမလေးမှာ အလွန်ဝမ်းသာအားရ ရယ်မောနေပြီး သူမ၏လက်များကိုပါ ပြလေသည်။ လက်ကောက်ဝတ်နှစ်ဖက်စလုံးတွင် နာရီပုံဆွဲထားပြီး ပေါ့တန်တန် ဆွဲထားခြင်းဖြစ်ရာ သူမ၏အဖေ လုပ်ထားခြင်းဖြစ်ကြောင်း ကြည့်ရုံဖြင့် သိသာလေသည်။
ကျန်းရိုက သူမကို ချီကာ ချီးကျူးစကား တစ်ခွန်း ပြောလိုက်လေသည်။
ကလေးမလေးမှာ ပို၍ပင် ဝမ်းသာအားရ ရယ်မောလေတော့သည်။
ကျူးချန်က ကျိုးကျန့်ကို ဖက်ကာ ထိုင်လိုက်သော်လည်း ကျိုးကျန့်က သူ့အနားတွင် မထိုင်လိုသဖြင့် လမ်းလှည့်ကာ လီရှောင်း၏ အခြားတစ်ဖက်တွင် သွားထိုင်လေသည်။ ကျူးချန်ကလည်း အရှက်မရဘဲ ထိုင်လိုက်ပြီးနောက် ကျန်းရို၏ရင်ခွင်ထဲရှိ ကလေးလေး ချစ်စရာကောင်းကြောင်း ချီးမွမ်းလေသည်။
ကျန်းရိုက ပြုံးလိုက်ပြီး တူဖြင့် ငါးဗိုက်သားကို ညှပ်ကာ အန်းအန်းကို ခွံ့ကျွေးလေသည်။
ကျူးချန်က ထပ်မံထရပ်ကာ လီရှောင်းနှင့် ကျိုးကျန့်တို့အတွက် အရက်ငှဲ့ပေးလေသည်။
"မတွေ့ရတာ ဘယ်လောက်တောင် ကြာပြီလဲ။ ရှောင်းကောနဲ့ ကျန့်ကောတို့ ပေးတဲ့ခံစားချက်ကတောင် လုံးဝကို မတူတော့ဘူး။ ကြည့်လိုက်တာနဲ့ကို အောင်မြင်တဲ့လူတွေဆိုတာ သိသာတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကဆိုရင် အစ်ကိုကြီးနှစ်ယောက် အခုလို ကြီးမားတဲ့ အောင်မြင်မှုတွေ ရလာမယ်လို့ ကျွန်တော် ဘယ်ထင်မိမှာလဲ......"
ဤစကားမှာ တကယ်ပင် သူစိမ်းဆန်လွန်းပြီး အနေခက်စရာကောင်းလှသည်။
လီရှောင်းနှင့် ကျိုးကျန့်တို့ ကြားသောအခါ ဘာပြောရမှန်း မသိတော့ပေ။
ကျန်းရိုကပင် ဖြတ်ပြောလိုက်ရလေသည်။
"မြန်မြန် ထိုင်ပြီး ထမင်းစားရအောင်။ အားလုံးလည်း ဗိုက်ဆာနေပြီလေ"
"ဟုတ်တယ် ဟုတ်တယ်။ ထမင်းစားမယ်"
ကျူးချန်က သူ့အရက်ခွက်ကိုလည်း အပြည့်ငှဲ့လိုက်ပြီးနောက် ထပ်ပြောလေသည်။
"ထမင်းမစားခင် ကျွန်တော် အစ်ကိုကြီးနှစ်ယောက်ကို အရင်တောင်းပန်ပါရစေ။ အရင်တုန်းက ကျွန်တော်က မျက်စိအမှောင်ဖုံးပြီး တောင်ကြီးကို မမြင်ခဲ့တာပါ။ ကျွန်တော့်ညီအစ်ကိုတွေ ဒီလောက်စွမ်းမှန်း စောစောသိရင်။ အရင်တုန်းက အဲ့ဒီလူယုတ်မာတွေကို ကျွန်တော် ဘာလို့ သွားဖားနေမှာလဲ။ ဘာမှမရတဲ့အပြင် အတော်လေးကို အရှုံးပေါ်ခဲ့တယ်။ အခုတော့ အစ်ကိုကြီးနှစ်ယောက်က လူကြီးပီပီ လူငယ်ရဲ့အမှားကို မမှတ်ထားဘဲ ကျွန်တော့်ကို တစ်ခါလောက် ခွင့်လွှတ်ပေးပါ......"
ကျိုးကျန့် ကြားသောအခါ မနေနိုင်တော့ဘဲ ပြောလိုက်သည်။
"အရင်က လူတွေကို သွားဖားတုန်းကတော့ ကျေးဇူးရှင်ဆိုပြီး ပြောခဲ့တာလေ။ အခုတော့ လူယုတ်မာတွေ ဖြစ်သွားပြီလား။ အဲ့ဒါဆို နောက်ကြရင် ငါနဲ့ ရှောင်းကောလည်း လူယုတ်မာတွေ ဖြစ်သွားမှာပေါ့"
ကျန်းရို ကြားသောအခါ ရယ်ချင်သွားပြီး ကျိုးကျန့်၏ပါးစပ်မှာလည်း အတော်လေး အဆိပ်ပြင်းသည်ဟု တွေးလိုက်မိသည်။
ကျူးချန် ခေတ္တမျှ တန့်သွားပြီးနောက် တိုက်ရိုက်ပင် သူ့ကိုယ်သူ ပါးတစ်ချက် ရိုက်လိုက်လေသည်။
"မဟုတ်ဘူး မဟုတ်ဘူး။ ကျွန်တော် စကားမှားသွားတာပါ။ တခြားအဓိပ္ပာယ် မရှိပါဘူး။ အဓိကက ကျွန်တော့်ဦးနှောက်က အလုပ်မလုပ်တာပါ။ လာ ကျွန်တော့်ကိုယ်ကျွန်တော် အပြစ်ပေးတဲ့အနေနဲ့ တစ်ခွက် သောက်လိုက်မယ်"
လီရှောင်းက သူ့ကို ခပ်ဖျော့ဖျော့ တစ်ချက်ကြည့်လိုက်သည်။
"ထိုင်ပြီး စားပါတော့"
ကျိုးကျန့်မှာ အစက တစ်ခုခုဆက်ပြောချင်သေးသော်လည်း ထိုအခြေအနေကို မြင်သောအခါ မပြောတော့ဘဲ တူကိုကိုင်ကာ ဟင်းစားလေတော့သည်။
ကျူးချန်က ဝမ်းသာအားရ ပြောလေသည်။
"အင်း။ အစ်ကိုက သဘောထားကြီးတာပဲ။ လာလာလာ ကျွန်တော် အစ်ကို့ကို ဟင်းခပ်ပေးမယ်"
ဟင်းခပ်တူကိုသုံးကာ လူတိုင်းကို ဟင်းခပ်ပေးလေရာ တား၍ပင် မရပေ။ သူ ထိုင်ပြီးနောက်တွင် သူတို့ငယ်စဉ်က သံယောဇဉ် ဘယ်လောက်ကောင်းခဲ့ကြောင်းများကို စတင်ပြန်လည်ပြောပြလေသည်။ ထို့နောက် သူ့ကိုယ်သူ အသုံးမကျသူဟု အကြီးအကျယ်ဆဲရေးကာ မိန်းမတစ်ယောက်အတွက်နှင့် ညီအစ်ကိုများကို ခပ်စိမ်းစိမ်းဖြစ်စေခဲ့ကြောင်း။ သူ စောစောကတည်းက နောင်တရနေခဲ့ကြောင်းများကိုပါ ပြောလေသည်။
မည်သို့ပင်ဖြစ်စေ အမှားတစ်ထောင်၊ အမှားတစ်သောင်းရှိစေကာမူ အဓိကမှာ သူ့ဇနီးဖြစ်သူ၏ အမှားသာဖြစ်လေသည်။
ကျန်းရိုက ဘေးရှိ လီရှောင်းကို တစ်ချက်ကြည့်လိုက်ရာ သူက ဟင်းများကို တစ်လုတ်ပြီးတစ်လုတ် စားနေပြီး မျက်နှာပေါ်တွင် တည်ငြိမ်သောအမူအရာသာ ရှိလေသည်။
သို့သော် သူ သိပ်ပြီး ပျော်ရွှင်နေပုံမရကြောင်းကို သူမ ခံစားမိလေသည်။
ကျိုးကျန့်၏မျက်နှာပေါ်တွင်လည်း အပြုံးမရှိပေ။
ကျူးချန်ကလည်း သတိထားမိသွားပုံရကာ ထို့နောက်တွင် ခရိုင်မြို့မှလူများက သူတို့ကို ချီးမွမ်းကြသည့် စကားများကို စတင်ပြောလေသည်။ ညီအစ်ကိုနှစ်ယောက် အရည်အချင်းရှိသွားပြီဖြစ်ကြောင်း ပြောကြသည်ဟု ဆိုလေသည်။
ထိုစကားကို ကျိုးကျန့် အတော်လေး စိတ်ဝင်စားသွားရာ ကျူးချန်က ပို၍ များများပြောလေသည်။ ထို့အပြင် ချင်ဝမ်ကော အဖမ်းခံရကြောင်းကိုပါ ပြောပြလေသည်။
ကျန်းရိုက ထိုစကားကို ကြားသောအခါ ခေါင်းမော့၍ ကျူးချန်ကို တစ်ချက်ကြည့်လိုက်သည်။ ချင်ဝမ်ကောကို သူမ သိထားသည်။ ထိုစဉ်က လီရှောင်းကို ကုန်ပို့သည့်လမ်းကြောင်း ဖြတ်တောက်ရန် အတင်းအကျပ် ဖိအားပေးခဲ့သည့်ကောင်ဖြစ်သည်။ ယခင်ဘဝက အချက်အလက်များအရ ထိုလူမှာ နှစ်နှစ်အကြာတွင် ပြဿနာတက်မည်ဟု မှတ်တမ်းတင်ထားလေသည်။
ပြန်တွေးကြည့်လျှင် ယခုအချိန်နှင့် ကိုက်ညီနေပုံရသည်။
ကျူးချန်သာ မပြောပြလျှင် ကျန်းရို ထိုကိစ္စများကိုပင် မေ့လုနီးပါး ဖြစ်နေပြီဖြစ်သည်။
ကျိုးကျန့်က ထိုစဉ်က ချင်ဝမ်ကော မည်သို့ အနိုင်ကျင့်ခဲ့သည်ကို မှတ်မိနေသေးသဖြင့် ဆဲလိုက်လေသည်။
"မှတ်ကရော"
ကျူးချန်က ခေါင်းညိတ်ထောက်ခံလိုက်သည်။
"တကယ် မှတ်ကရောပဲ။ သူ ခရိုင်မြို့ကို ပြန်ရောက်တာနဲ့ အဖမ်းခံရတာပဲ။ သေဒဏ်ကျမယ်ထင်တယ်။ အဲ့ဒီနေ့ညက ခရိုင်ထဲမှာ ရဲကားသံတွေ ညတစ်ဝက်လောက် မြည်နေတာ။ ရဲတွေက သူ့ကိုဖမ်းဖို့ အချိန်အတော်ကြာ ပြင်ဆင်ထားခဲ့ပုံရတယ်။ သူ့တပည့်တွေကိုလည်း အကုန်လုံး ဖမ်းမိသွားတာပဲ။ ဘယ်လို မကောင်းမှုတွေ လုပ်ထားလဲဆိုတာတော့ မသိဘူး"
"ချင်ဝမ်ကောရဲ့ မိန်းမက နောက်နေ့ကျတော့ ပြေးသွားတာပဲ။ သူ့အဖေနဲ့အမေက နေ့တိုင်း အိမ်မှာ ငိုနေကြတယ်။ ဆွေမျိုးတွေကလည်း သူ့အိမ်က ပစ္စည်းတွေကို အကုန်လုယူသွားကြပြီ။ သူ့ရဲ့ အပြင်က မိန်းမတွေဆိုတာလည်း သူနဲ့ ပတ်သက်မှုမရှိဘူးလို့ ရှင်းရှင်းလင်းလင်းဖြစ်အောင် လုပ်ချင်နေကြတာ"
လွန်ခဲ့သောအချိန်ကဆိုလျှင် သူသည် ချင်ဝမ်ကောကို အတော်လေး အားကျခဲ့သေးသည်။ ထိုကောင်သည် လောကကြီးတွင် အလွန်အောင်မြင်နေသည်။ ပိုက်ဆံရှိသည်။ မိန်းမများရှိသည်။ အိမ်ကြီးအိမ်ကောင်းတွင်နေကာ ကားလေးများမောင်းနိုင်သည်ဟု တွေးခဲ့မိသည်။
သို့သော် ကံကောင်းထောက်မစွာဖြင့် လီရှောင်းက သူ့ကို ဆွဲထားသဖြင့် သိပ်မနီးစပ်ခဲ့ပေ။ ထိုအကြောင်းကို ပြောရလျှင် သူ့စိတ်ထဲတွင် မနေနိုင်ဘဲ လေးစားသွားမိသည်။ ထိုစဉ်က လီရှောင်းသည် ကုန်ပို့သည့်လမ်းကြောင်း ပြတ်တောက်သွားမည်ကို ရွေးချယ်ပြီး ချင်ဝမ်ကောနှင့် ဆက်လက်မပတ်သက်လိုခဲ့ပေ။ ထိုကဲ့သို့သော ပြတ်သားမှုမျိုးကို သာမန်လူများ မလုပ်နိုင်ပေ။
မဟုတ်ပါက သူတို့လည်း ပြဿနာတက်နိုင်ချေ ရှိလေသည်။
ပြောပြီးနောက် လီရှောင်းကို အမြင်ကျယ်ကြောင်း စတင်၍ အမွှမ်းတင်ပြန်လေသည်။ ပါးစပ်မှ ကောင်းသောစကားများမှာ ပိုက်ဆံပေးစရာမလိုသည့်အလားပင်။
....
ပြန်ရာလမ်းတွင် အန်းအန်းမှာ ကျန်းရို၏ရင်ခွင်ထဲ၌ အိပ်ပျော်သွားလေသည်။
ကလေးမလေးမှာ အိပ်ပျော်သွားပြီးနောက် နတ်သမီးလေးတစ်ပါးနှင့်တူနေပြီး နှုတ်ခမ်းထောင့်လေးများ အနည်းငယ် ကော့တက်နေကာ မည်သို့သော စားကောင်းသောက်ဖွယ်များကို အိပ်မက်မက်နေသည်မသိပေ။
ကားမှာ လမ်းဘေးတွင် ရပ်လိုက်ချိန်၌ ကျန်းရိုက မနေနိုင်ဘဲ မေးလိုက်လေသည်။
"ရှင် မပျော်ဘူးမလား"
လီရှောင်း သော့ကိုနုတ်လိုက်ပြီး ထိုစကားကို ကြားသောအခါ ခေါင်းလှည့်၍ သူမကို ကြည့်လေသည်။
"ဘာဖြစ်လို့ အဲ့လိုပြောတာလဲ"
ကျန်းရိုက နှုတ်ခမ်းကိုစေ့လိုက်သည်။
"ထမင်းစစားကတည်းက ရှင် စကားသိပ်မပြောတာ ကျွန်မ တွေ့တယ်။ စားတာလည်း ပုံမှန်လောက် မများဘူးလေ"
လီရှောင်းမှာ တိတ်ဆိတ်သွားလေသည်။
သူ မပြောချင်ပါက ကျန်းရိုကလည်း အတင်းအကျပ် မလုပ်ပေ။
.....
အိမ်ပြန်ရောက်၍ ရေချိုးသန့်စင်ပြီးနောက် ကုတင်ပေါ်တွင် လှဲနေစဉ် သူသည် အကြိမ်ပေါင်းများစွာ ဟိုဘက်ဒီဘက် လှိမ့်နေပြီး နောက်ဆုံးတွင် ကုတင်ပေါ်၌ ပက်လက်လှဲလျက် သက်ပြင်းတစ်ချက်ချကာ ရုတ်တရက် စကားစလိုက်လေသည်။
"ကျန်းရို၊ လူတစ်ယောက်က ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် အပြောင်းအလဲကြီး ပြောင်းလဲသွားနိုင်တာလဲ။ ကိုယ် တကယ်မထင်ထားခဲ့ဘူး။ အတူတူ ကြီးပြင်းလာတဲ့ ညီအစ်ကိုကောင်းက တစ်နေ့ကျတော့ ကိုယ် အမုန်းဆုံးပုံစံမျိုး ဖြစ်သွားလိမ့်မယ်လို့"
"ပြီးတော့ ကိုယ့်ကိုယ်ကိုယ်လည်း တော်တော်လေး ပြောင်းလဲသွားတယ်လို့ ခံစားရတယ်။ အရင်တုန်းကသာဆိုရင် ကိုယ် သေချာပေါက် ကျူးချန်ကို တိုက်ရိုက်ပဲ ထွက်သွားခိုင်းမိမှာ။ ဒါပေမဲ့ မွန်းလွဲပိုင်း ထမင်းစားနေတုန်းက ကိုယ့်ခေါင်းထဲမှာ တွေးနေတာက သံယောဇဉ်မပျက်ဘဲ သူဘာသာ ထွက်သွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာပဲ"
"ဒီကိုရောက်လာပြီး ကိုယ် အရာတော်တော်များများကို သင်ယူနိုင်ခဲ့ပေမဲ့ အရာတော်တော်များများကိုလည်း ဆုံးရှုံးသွားခဲ့ရသလိုပဲ"
အရင်ကလို သတ္တိမကြီးတော့သလို။ အရင်ကလို အလုပ်လုပ်ရာတွင် ပြတ်သားမှု မရှိတော့ဘဲ ကိစ္စတိုင်းကို အရှေ့အနောက် စဉ်းစားတွေးတောနေမိလေသည်။
"ကိုယ်လည်း တစ်နေ့ကျရင် ကျူးချန်လိုမျိုး မျက်လုံးထဲမှာ အကျိုးစီးပွားကလွဲပြီး တခြားဘာမှ မမြင်တော့တဲ့ပုံစံမျိုး ဖြစ်သွားမလားလို့ မင်းထင်လား"
ကျန်းရိုက အလွန်သေချာစွာဖြင့် ပြောလိုက်လေသည်။
"မဖြစ်ပါဘူး"
လီရှောင်းက မသိစိတ်မှပင် ခေါင်းလှည့်ကာ သူမကို ကြည့်လိုက်သည်။
ကျန်းရိုသည် သူ့ဘက်သို့ မျက်နှာမူကာ ဘေးတစောင်းလှဲနေပြီး သူ့ကို ကြည့်နေလေသည်။ သူ၏အကြည့်များနှင့် ဆုံသောအခါ အနည်းငယ် ပြုံးပြလိုက်လေသည်။
"ကျွန်မ ရှိနေတာပဲလေ။ ရှင့်ကို အဲ့လိုဖြစ်သွားအောင် ကျွန်မ ခွင့်မပြုပါဘူး"
သူသာ ကျူးချန်လို ဖြစ်သွားပါက သူမ သေချာပေါက် သူ့ကို နှိမ်နှင်းပစ်မည်ဖြစ်သည်။
ထိုစကားကို ကြားသောအခါ လီရှောင်း၏ စိတ်အတွင်းထဲတွင် အကြောင်းရင်းမသိဘဲ သက်သာရာရသွားလေသည်။ သူသည် မိမိကိုယ်တိုင် မုန်းတီးသောပုံစံမျိုး မဖြစ်လာတော့မည်ကို တွေး၍ သက်သာရာရသွားခြင်းလား။ သို့မဟုတ် သူမက အမြဲတမ်း အနားတွင် ရှိနေမည်ဟု ပြောသည်ကို ကြားရ၍ သက်သာရာရသွားခြင်းလား ဆိုသည်ကိုမူ သူ မသိပေ။
ခန္ဓာကိုယ်ကို စောင်းကာ လူကို တင်းကြပ်စွာ ဖက်ထားလိုက်ပြီး မျက်နှာကို သူမ၏ လည်ပင်းထဲတွင် အပ်ထားလိုက်ရာ ချက်ချင်းပင် နှိုင်းယှဉ်၍မရအောင် စိတ်အေးချမ်းသွားလေသည်။
ကျန်းရိုက သူ့ခေါင်းကို ပွတ်သပ်ပေးလိုက်ပြီးနောက် စိတ်ထဲတွင် ရုတ်တရက် အနည်းငယ် ခံစားရခက်သွားလေသည်။
သူသည် အမြဲတမ်း ခွန်အားကြီးနေသူ မဟုတ်ကြောင်း သူမ မနေနိုင်ဘဲ တွေးမိလိုက်သည်။ ကျူးချန် တစ်ယောက် ရောက်လာရုံဖြင့် သူ့ကို ဤမျှ များစွာတွေးတောစေခဲ့ရာ ယခင်ဘဝက သူ မည်သို့ ဖြတ်သန်းခဲ့ရမည်ကို မသိနိုင်ပေ။
ဤကဲ့သို့ ဟိုဘက်ဒီဘက် လှိမ့်ရင်း အိပ်မပျော်သော အချိန်များရော ရှိခဲ့မည်လား။
တကယ်လို့ ရှိခဲ့မည်ဆိုလျှင် ထိုအချိန်က သူ အလွန်နာကျင်ခဲ့ရပေမည်။ စကားအားလုံးကို ရင်ထဲတွင်သာ မြိုသိပ်ထားရမည်ဖြစ်သည်။
....
လီရှောင်းသည် ကျူးချန်ကို ချောင်ဝမ်ထံသို့ ထည့်ပေးလိုက်ပြီး စက်ရုံဆောက်လုပ်ရေး တိုးတက်မှုကို တာဝန်ယူခိုင်းလိုက်သည်။ အခြားကိစ္စများကို ကျူးချန် မလုပ်နိုင်သဖြင့် ဤကိစ္စသာ လွယ်ကူလေသည်။
လူကို ချောင်ဝမ်၏ရှေ့သို့ ခေါ်သွားသောအခါ ကျူးချန်က အလွန်ပလွှားစွာဖြင့် ကိုယ့်လူတွေချည်းပဲမို့ သူ့ကို အားနာနေစရာမလိုကြောင်း ပြောလေသည်။
ချောင်ဝမ်မှာ သူ ဖားခဲ့ဖူးသော လူလည်များနှင့် မတူပေ။ သူက တကယ်ပင် ရိုးသားသူဖြစ်ရာ သူ၏စကားထဲမှ အခြားအဓိပ္ပာယ်တစ်လွှာကို လုံးဝ နားမလည်ခဲ့သဖြင့် သူ့ကို တကယ်ပင် သူစိမ်းမဆန်ဘဲ မိမိနှင့်အတူ လိုက်ခိုင်းရန် စီစဉ်လေတော့သည်။
ချောင်ဝမ်သည် စက်ရုံဆောက်လုပ်ရေးကို ကြီးကြပ်ရန် တာဝန်ယူထားသော်လည်း ဤပိုက်ဆံကို အလကား မယူသင့်ဟု ခံစားရသဖြင့် လက်တစ်ဖက် ဒဏ်ရာရထားသည့်တိုင် အလုပ်သမားများနှင့်အတူ အလုပ်လုပ်ရန် အခိုင်အမာ ပြောဆိုလေသည်။ အုတ်သယ်ကူပေးခြင်း၊ ကိရိယာများ ကူယူပေးခြင်းတို့ဖြင့် မနက်မှညအထိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင်သာ နေလေသည်။
ကျူးချန်သည် သူနှင့်အတူ လိုက်ပါရသဖြင့် အံကြိတ်ကာ အတူတူ အလုပ်လုပ်ရုံသာ ရှိတော့သည်။
ချောင်ဝမ်သည် လီရှောင်း၏လူဖြစ်ပြီး အတော်လေး အလေးထားခံရပုံရသည်။ သူပင်လျှင် အလုပ်လုပ်နေမှတော့ မိမိအနေဖြင့် ဘေးမှရပ်ကြည့်နေ၍ မဖြစ်နိုင်ဟု တွေးမိလေသည်။
ဤကိစ္စကို ညည်းတွားချင်၍ပင် မရပေ။ အဘယ်ကြောင့်ဆိုသော် ချောင်ဝမ်မှာ သူ့ထက်ပင် ပို၍ အားသွန်ခွန်စိုက် လုပ်နေသောကြောင့်ဖြစ်သည်။
ရက်အနည်းငယ်အတွင်းမှာပင် လူမှာ မည်းသည်း၍ ပိန်ချုံးသွားလေတော့သည်။
......
သောကြာနေ့ နံနက်တွင် ကျန်းရိုသည် မှန်ရှေ့၌ရပ်ကာ ဆံပင်ဖြီးရင်း လီရှောင်းအား ကျူးချန်ကို မနက်ဖြန် အိမ်သို့ ထမင်းလာစားရန် ဖိတ်ခိုင်းလိုက်လေသည်။
လီရှောင်းက ကလေးကိုချီကာ အနောက်မှ ရပ်ကြည့်နေလေသည်။
ထိုစကားကို ကြားသောအခါ မျက်မှောင်ကြုတ်လိုက်လေသည်။
"အပြင်မှာစားရင် ရပြီဟာကို"
ကျန်းရိုက ခေါင်းပင်လှည့်မလာပေ။
"ကျွန်မက ဒါ ဘယ်သူ့အတွက် လုပ်နေတာလဲ"
စားသောက်ဆိုင်ငယ်လေးသို့ သွားစားပါက ကျူးချန်၏ စိတ်ထဲတွင် သူ့ကို အရေးမလုပ်ဟု သေချာပေါက် ထင်ပေလိမ့်မည်။ စားသောက်ဆိုင်ကြီးသို့ သွားစားပါကလည်း ဈေးအရမ်းကြီးသဖြင့် အိမ်သို့လာခြင်းကသာ တွက်ခြေကိုက်လေသည်။
လီရှောင်း ရယ်မောလိုက်ပြီး သူ့အတွက်မှန်း သိလိုက်လေသည်။
ရှေ့သို့ တစ်လှမ်းတိုးကာ ခေါင်းငုံ့၍ သူမ၏ ပါးပြင်ပေါ်သို့ ခိုးနမ်းလိုက်လေသည်။
ကျန်းရိုကလည်း ရယ်မောလိုက်ပြီး သူ့ကို တွန်းထုတ်လိုက်လေသည်။
"ရှင် ရှုပ်မနေနဲ့တော့"
အတော်လေး ကြိုးစားပြီးမှ ဖြီးလို့ ပြီးခါနီးဖြစ်နေသည်ကို အခုတော့ ထပ်ရှုပ်သွားပြန်ပြီ။
လီရှောင်းက မလှုပ်ရှားဘဲ ကလေးကိုချီကာ ဘေးတွင်ရပ်၍ ဆက်ကြည့်နေလေသည်။
ကလေးမလေးမှာ နို့ဘူးကိုကိုင်၍ နို့သောက်နေရင်း မာမားကို တစ်ချက်ကြည့်။ ခေါင်းလှည့်ကာ ပါပါးကို တစ်ချက်ကြည့်ပြီးနောက် နို့ဆက်မသောက်တော့ဘဲ နို့ဘူးကိုကိုင်ကာ ပါပါးကို တိုက်ရိုက်ပင် ရိုက်လိုက်လေသည်။
နို့ဘူးက လီရှောင်း၏ မေးစေ့ကို ထိသွားသဖြင့် နာကျင်စွာဖြင့် 'ရှီး' ဟု အသံထွက်သွားပြီး လီရှောင်းက ဒေါသတကြီးဖြင့် ခေါင်းငုံ့ကာ သူမကို ကြည့်လိုက်လေသည်။
ကလေးမလေးက နည်းနည်းလေးတောင် မကြောက်သည့်အပြင် ခေါင်းစောင်းကာ မျက်စောင်းထိုး၍ သူ့ကို ကြည့်နေပြီး အမူအရာမှာ အလွန်မာနထောင်လွှားနေကာ 'မာမားကို ထပ်အနိုင်ကျင့်ရဲ ကျင့်ကြည့်လေ' ဆိုသည့် ပုံစံမျိုး ပေါက်နေလေသည်။
ကလေးမလေးကလည်း နားမလည်ပေ။ မည်သို့ပင်ဖြစ်စေ ကျန်းရိုက လီရှောင်းကို ရိုက်တိုင်း သူမ၏စိတ်ထဲတွင် မာမား အနိုင်ကျင့်ခံရသည်ဟုသာ မှတ်ယူထားလေသည်။
ကျန်းရိုက မှန်ထဲမှ မြင်လိုက်ရပြီး အန်းအန်း၏ ထိုပုံစံလေးကြောင့် သဘောကျကာ ရယ်မောသွားလေသည်။
....
စနေနေ့ ညနေတွင် ကျန်းရိုက ထမင်းဟင်း တစ်စားပွဲကြီး ချက်ပြုတ်ထားပြီး ကျိုးကျန့်လည်း ရောက်လာလေသည်။
ယခုတစ်ကြိမ်တွင်မူ ကျူးချန်က စရောက်လာစဉ်ကလောက် စကားမများတော့ဘဲ ခေါင်းငုံ့၍သာ စားနေလေသည်။
ဘေးရှိ ကျိုးကျန့်က ကြည့်မနေနိုင်တော့သဖြင့် မနေနိုင်ဘဲ ပြောလိုက်လေသည်။
"နည်းနည်းလောက် လျှော့စားပါဦး။ ဟင်းတွေ မင်းချည်းပဲ စားလို့ ကုန်တော့မယ်"
ကျူးချန်က ခေါင်းမော့ကာ ပင်ပန်းကြောင်း အော်လေသည်။
"ကျွန်တော် တစ်နေ့လုံး အလုပ်လုပ်ထားရလို့ အရမ်းဗိုက်ဆာနေတာ"
ကျိုးကျန့်က မျက်လုံးလှန်ပြလိုက်သည်။
"ဘယ်သူက မပင်ပန်းတာ ရှိလို့လဲ။ အစတုန်းက ဒီဘက်ကို စရောက်လာတုန်းက အစ်ကိုဆိုရင် အလုပ်နှစ်ခုတောင် လုပ်ရတာ။ နေ့ဘက် အလုပ်လုပ်တယ်။ ညဘက်ကျတော့ ညလယ်လောက်အထိ လမ်းဘေးမှာ ဈေးရောင်းရတယ်။ လူတွေနဲ့ အရက်သောက်ရလွန်းလို့ ဆေးရုံရောက်သွားတဲ့အထိတောင် ပင်ပန်းတယ်လို့ မအော်ခဲ့ဘူး......"
အောက်ဘက်မှ ခြေထောက် ရုတ်တရက် အကန်ခံလိုက်ရလေသည်။
ကျိုးကျန့် စကားပြတ်သွားပြီး မိမိ မပြောသင့်သည်ကို ပြောမိသွားမှန်း သိလိုက်သဖြင့် စိတ်မလုံမလဲဖြင့် မျက်နှာချင်းဆိုင်ရှိ ကျန်းရိုကို ကြည့်လိုက်လေသည်။
ကျန်းရို နှုတ်ခမ်းကို စေ့လိုက်ပြီး လီရှောင်းကို ကြည့်လိုက်သည်။
လီရှောင်း အရှက်ရသွားပြီး တိုးညှင်းစွာ ပြောလိုက်လေသည်။
"အကုန် သက်သာသွားပါပြီ"
.....
လူများ ပြန်သွားပြီးနောက် လီရှောင်းက ပန်းကန်များသိမ်းရင်း ကျန်းရိုအား ကျိန်ဆိုလေသည်။
"တကယ် သက်သာသွားပါပြီ။ အဲ့ဒီတစ်ခါက မတော်တဆဖြစ်တာပါ။ စီမံကိန်းက အကျိုးတူပူးပေါင်းတဲ့သူက အရက်သောက်ရတာကို သဘောကျတာ။ မသောက်ရင် စိတ်ဆိုးတတ်တဲ့ လူစားမျိုးလေ။ ကိုယ်လည်း မတတ်နိုင်တော့ အတင်းအကျပ် ဝင်သောက်ခဲ့ရတာပါ။ နောက်ပိုင်း အဲ့ဒီလို စားပွဲသောက်ကြူးတာမျိုးဆိုရင် ရှောင်လို့ရသလောက် ရှောင်ပါတယ်။ အခုဆိုရင် အရက်ကို လုံးဝ မထိသလောက်ပါပဲ"
ကျန်းရိုက မယုံပေ။
"မနက်ဖြန် မနက်ပိုင်း အချိန်ခဏပေး။ ရှင် ဆေးရုံမှာ ဆေးစစ်ဖို့ ကျွန်မ လိုက်သွားပေးမယ်"
"မလိုပါဘူး" လီရှောင်းက စဉ်းစားပင်မစဉ်းစားဘဲ ပြောလိုက်သည်။ သူ့ကိုယ်သူ ရောဂါမရှိဟု ထင်နေခြင်းဖြစ်သည်။
ကျန်းရိုက စကားမပြောဘဲ သူ့ကို ဤသို့သာ ကြည့်နေလေသည်။
လီရှောင်းမှာ သူမ၏ ဤပုံစံကို ကြောက်သဖြင့် ချက်ချင်းပင် အလျော့ပေးလိုက်လေသည်။
"ကောင်းပါပြီ။ ဆေးရုံ သွားမယ်"
....
နောက်တစ်နေ့ နံနက်စောစောတွင် ကျန်းရိုနှင့် လီရှောင်းတို့ ကလေးကိုချီကာ ဆေးရုံသို့ သွားကြလေသည်။
နံနက်ပိုင်းတွင် ကလေးမလေးက ဆေးရုံသွားရမည်ကို သိသဖြင့် ကုတင်ပေါ်တွင် အိပ်ချင်ယောင်ဆောင်နေလေသည်။ ကျန်းရို မည်သို့ခေါ်ခေါ် မနိုးဘဲ သူမကို တွန်းလိုက်သောအခါ ဖင်ဘူးတောင်းထောင်ကာ အိပ်နေပြန်သည်။ နောက်ဆုံးတွင် လီရှောင်းက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
"ဆေးထိုးရမှာက ငါပါ။ မင်း ဆေးထိုးရမှာမှ မဟုတ်တာ။ မင်းက ဘာကိုကြောက်နေတာလဲ"
ထိုစကားကို ကြားသည်နှင့် အန်းအန်း၏ မျက်လုံးများ ပွင့်လာပြီး ဆံပင်များ ဖုတ်သိုက်ဖြစ်နေသော ခေါင်းလေးကို မော့လာလေသည်။
ကျန်းရိုမှာ ငိုရခက်ရယ်ရခက်ဖြစ်သွားပြီး သူမ၏ ခေါင်းလေးပေါ်ရှိ ထောင်နေသော ဆံပင်များကို သပ်ပေးလိုက်လေသည်။
"တကယ် ဉာဏ်များတဲ့ ကလေးလေး"
ကလေးမလေးက လီရှောင်းကို မျက်လုံးလေးများ တောက်ပစွာဖြင့် ကြည့်နေသေးသည်။
"ပါပါး ဆေးထိုးရမယ်"
လီရှောင်းမှာ ဒေါသထွက်လွန်း၍ ရယ်ချင်သွားလေသည်။
"ကျေးဇူးကန်းလေး"
.....
ဆေးရုံရောက်သောအခါ ကျန်းရိုက လီရှောင်းကို ခေါ်၍ ကျန်းမာရေးစစ်ဆေးရေးဌာနသို့ သွားကာ မှတ်ပုံတင်လိုက်သည်။ ထို့နောက် ကျန်းမာရေးစစ်ဆေးရေးဌာနမှ စာရွက်ကိုယူကာ စာရွက်ပေါ်ရှိ အချက်များအတိုင်း တစ်ခုပြီးတစ်ခု စစ်ဆေးမှုများ ပြုလုပ်လေသည်။
ဆေးရုံတွင် လူအနည်းငယ် များနေသဖြင့် စစ်ဆေးမှုအပြီး ဆေးရုံမှ ထွက်လာချိန်တွင် မွန်းတည့်ချိန် ရောက်နေပြီဖြစ်သည်။ အချို့စစ်ဆေးမှုများ၏အဖြေမှာ အနည်းငယ် နောက်ကျမှထွက်မည်ဖြစ်ရာ ဆရာဝန်က သူတို့ကို နှစ်ရက်အကြာမှ လာယူရန် ပြောလေသည်။
မိသားစုသုံးယောက် ဆေးရုံတံခါးမှ ထွက်လာပြီး ထမင်းသွားစားရန် ပြင်ဆင်နေစဉ် တံခါးဝတွင် ရင်းနှီးသူတစ်ဦးနှင့် တိုက်မိလေသည်။
ချန်ရုန်သည် အမျိုးသမီးငယ်တစ်ဦးကို ဖက်ကာ မျက်နှာချင်းဆိုင်မှ လျှောက်လာလေသည်။ ထိုအမျိုးသမီးမှာ ယခင်က ကျန်းရို ပြပွဲတွင် တွေ့ခဲ့ဖူးသူပင်ဖြစ်သည်။ သို့သော် ယနေ့တွင် သူမ၏ဝတ်စားဆင်ယင်မှုမှာ အလွန်ရိုးရှင်းပြီး အဖြူရောင်ဂါဝန်တစ်ထည်ကိုသာ ဝတ်ဆင်ထားကာ ခြေရာတွင် ဒေါက်မပါသော ဖိနပ်ကို စီးထားလေသည်။ သူမ၏လက်က ဗိုက်ကို မကြာခဏ ပွတ်သပ်နေပြီး မျက်နှာပေါ်တွင်လည်း အပြုံးတစ်ခု ပေါ်နေလေသည်။
ချန်ရုန်ကလည်း ပြုံးနေပြီး တစ်ကိုယ်လုံးတွင် ဝမ်းမြောက်စရာ ကောင်းသောအရှိန်အဝါများ လွှမ်းခြုံနေလေသည်။
ကျန်းရို၏စိတ်ထဲတွင် 'ဒိတ်' ခနဲ ဖြစ်သွားလေသည်။
ချန်ရုန်ကလည်း သူတို့ကို မြင်သွားပြီး လီရှောင်းကို ဦးစွာ နှုတ်ဆက်လေသည်။ လီရှောင်း၏ စီးပွားရေးမှာ ယခုအခါ ပို၍ပို၍ ကောင်းမွန်လာကြောင်းကို သူ သိထားသဖြင့် နှုတ်ဆက်ရာတွင် အနည်းငယ်မျှ ဆင်ခြင်ခြင်း မရှိပေ။
"မင်း အခုတလော ဘယ်လိုဖြစ်လို့ လူကို မတွေ့ရတာလဲ။ လျိုကျွမ်းက ဆိုင်ရှင်မကတောင် ငါ့ကို မင်းအကြောင်း ခဏခဏ မေးနေတာ"
ပြောပြီးနောက် မျက်စပစ်ပြကာ လီရှောင်းကို နောက်ပြောင်သည့်ဟန်ဖြင့် ကြည့်လေသည်။
သူ့အမြင်တွင် လီရှောင်းမှာ ယခုအခါ စီးပွားရေးအောင်မြင်နေပြီဖြစ်ရာ အိမ်ရှိမိန်းမကို ထပ်၍ ဂရုစိုက်နေရန် မလိုအပ်တော့ပေ။
အမျိုးသမီးများထက် အမျိုးသားတစ်ဦး၏ ဆွဲဆောင်မှုကို ပို၍ ထင်ရှားပေါ်လွင်စေနိုင်သောအရာ မရှိပေ။
လီရှောင်း အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
ကျန်းရိုက စကားမပြောဘဲ ခေါင်းလှည့်ကာ ဘေးရှိ အမျိုးသားကို တစ်ချက် ကြည့်လိုက်သည်။
လီရှောင်းက ပုံမှန်မျက်နှာထားဖြင့် ပြောလိုက်လေသည်။
"လတ်တလော တော်တော်လေး အလုပ်များနေလို့ပါ။ ချန်ကောလို မဟုတ်ဘူးလေ။ လူက မင်္ဂလာကိစ္စနဲ့ကြုံတော့ စိတ်ရွှင်လန်းနေတာပဲ။ ကြည့်ရတာ ကျွန်တော် မင်္ဂလာအရက် သောက်ရတော့မယ့်ပုံပဲ"
ချန်ရုန် ကြားသောအခါ အလွန်ပျော်ရွှင်သွားလေသည်။
"ဟားဟားဟား။ အဲ့ဒီအချိန်ကျရင် သေချာပေါက် ဖိတ်မှာပါ"
လက်ခံလိုက်သည့် သဘောပင်ဖြစ်သည်။
စကားအနည်းငယ် ပြောပြီးနောက် အသီးသီး လမ်းခွဲခဲ့ကြသည်။ ချန်ရုန်သည် မယားငယ်ကိုခေါ်ကာ ဆေးရုံထဲသို့ အလျင်စလို ဝင်သွားလေသည်။ ဘာစစ်ဆေးမည်ကိုမူ မသိရပေ။
....
ဆေးရုံတံခါးမှ ထွက်လာပြီးနောက် ကျန်းရိုက လီရှောင်းအား မေးလိုက်လေသည်။
"ဘာဆိုင်ရှင်မလဲ"
လီရှောင်း၏ မျက်နှာပေါ်တွင် ရွံရှာသောအမူအရာ ပေါ်လာပြီး ချက်ချင်းပင် ပြောလိုက်လေသည်။
"ဟိုတယ်တစ်ခုက ပိုင်ရှင်အမျိုးသမီးလေ။ သူ့ယောက်ျားက ငယ်ငယ်ကတည်းက လေဖြတ်သွားတာ။ သူက ဆိုင်ကို ဆက်ဖွင့်ထားတာ။ ရုပ်ရည်လေး နည်းနည်းရှိတော့ လူတော်တော်များများက သူ့ဆီသွားပြီး ထမင်းစားရတာကို သဘောကျကြတယ်။ ချန်ရုန်လည်း အပါအဝင်ပဲ။ ပုံမှန် ဧည့်ခံကျွေးမွေးရင် အဲ့ဒီမှာချည်းပဲ။ အစတုန်းက ကိုယ်လည်း လိုက်သွားဖူးတယ်။ တစ်ခါက သူ အရက်အတင်းတိုက်ခံရပြီး အသားယူခံရတာကို မြင်တော့ ကြည့်ရဆိုးလို့ ရှေ့ထွက်ပြီး တစ်ချက် ဝင်ကာပေးလိုက်တာပဲ ရှိတာပါ။ တခြား ဘာမှမရှိပါဘူး"
နောက်ပိုင်း သူသွားတိုင်း တစ်ဖက်လူက သူ့ကို ရေရောထားသော အရက်များ လဲပေးတတ်ကြောင်း။ ချန်ရုန်တို့လူစုကလည်း ထိုအရက်ဝင်ကာပေးသည့်ကိစ္စကို အမြဲထုတ်ကာ နောက်ပြောင်တတ်ကြပြီး ရိုင်းစိုင်းသော စကားအချို့ကိုပါ ပြောတတ်ကြကြောင်း။ အကြိမ်များစွာ ငြင်းဆိုခဲ့သော်လည်း အသုံးမဝင်ကြောင်းများကိုမူ သူ မပြောရဲပေ။ အထူးသဖြင့် ထိုအမျိုးသမီးမှာ သူ့ကို အမြဲတမ်း ခိုးကြည့်တတ်ပြီး နောက်ပြောင်ခံရလျှင်လည်း မရှင်းပြဘဲ သူတို့နှစ်ဦးကြား ပတ်သက်မှုရှိနေသည်ကို ဝန်ခံထားသည့်ပုံစံမျိုး ဖြစ်နေလေသည်။
ထိုသို့သော ခံစားချက်က သူ့ကို အလွန်ရွံရှာစေပြီး ချီးတစ်ပုံ အခွံ့ခံလိုက်ရသကဲ့သို့ ဖြစ်နေလေသည်။
နောက်ပိုင်းတွင် လီရှောင်း ထိုနေရာသို့ သွားရန် မနှစ်သက်တော့ပေ။ အကြိမ်တိုင်းတွင် အကြောင်းပြချက်ရှာ၍ ငြင်းပယ်ရန် ကြိုးစားခဲ့ပြီး ချန်ရုန်နှင့် ပြဿနာဖြစ်ပြီးနောက်တွင်မူ တစ်ကြိမ်မျှပင် မသွားဖြစ်တော့ပေ။
ကျန်းရို ကြားသောအခါ စိတ်ထဲတွင် အနည်းငယ် မသက်မသာ ဖြစ်သွားလေသည်။
"ရှင် ဘာလို့ ကျွန်မကို မပြောပြခဲ့တာလဲ"
လီရှောင်းက ကြားပြီးနောက် ဂရုမစိုက်သည့်မျက်နှာထားဖြင့် ပြောလိုက်သည်။
"ဒါက ပြောစရာမှ မလိုတာ။ အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာ"
ကျန်းရိုက ခေါင်းလှည့်ကာ သူ့ကို ကြည့်လိုက်ရာ သူ့အမူအရာမှာ သဘာဝကျနေပြီး တကယ်ပင် ထိုသို့တွေးနေသည့်အလား။ ဤသည်မှာ အလွန်သေးငယ်သော ကိစ္စလေးတစ်ခုဟု ထင်နေပုံရလေသည်။
စိတ်ထဲတွင် ဒေါသထွက်လွန်းသဖြင့် မနေနိုင်ဘဲ တစ်ခွန်း ပြောချလိုက်လေသည်။
"ဒါလည်း ဟုတ်တာပါပဲ။ ဘာပဲဖြစ်ဖြစ် ဘေးဘက်အတန်းက ကောင်လေး ကျွန်မကို ချစ်ရေးဆိုတဲ့ကိစ္စကိုလည်း ကျွန်မ ရှင့်ကို မပြောပြခဲ့ပါဘူး"
ပြောပြီးနောက် ကလေးကိုချီကာ ရှေ့သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားလေသည်။
လီရှောင်း ထိုစကားကို ကြားသောအခါ ချက်ချင်းပင် မတည်ငြိမ်နိုင်တော့ဘဲ အလျင်အမြန် လိုက်သွားကာ မေးလိုက်လေသည်။
"ဘယ်တုန်းက ကိစ္စလဲ။ မင်း ဘာလို့ ကိုယ့်ကို မပြောပြတာလဲ"
ကျန်းရိုက သူ့ကို တစ်ချက်ပင် မကြည့်ဘဲ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်လေသည်။
"ဒါက ပြောစရာမှ မလိုတာ။ အရေးကြီးတဲ့ ကိစ္စမှ မဟုတ်တာ"
"……"
လီရှောင်းမှာ စကားပိတ်သွားပြီး စိတ်ထဲတွင် တိတ်တဆိတ် ဆဲလိုက်ကာ ဆက်လက်၍ မေးခွန်းထုတ်လေသည်။
"ဒါက ဘယ်လိုလုပ်ပြီး အရေးမကြီးရမှာလဲ"
လက်လှမ်း၍ သူမကို ဆွဲရန်ပင် လုပ်လိုက်သေးသည်။
ကျန်းရိုက သူ့ကို စိတ်မရှည်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး လက်အဆွဲခံရပြီးနောက် ကလေးကို တိုက်ရိုက်ပင် သူ့ထံသို့ ထိုးပေးလိုက်လေသည်။
"ကျွန်မမှ သဘောမတူခဲ့တာ"
လီရှောင်းက ကလေးကို ဖမ်းယူလိုက်ပြီး စိတ်ထဲတွင် မသက်မသာ ဖြစ်နေလေသည်။
"ဒါက သဘောတူမတူ ပြဿနာလား"
"အဲ့ဒါဆို ဘာလဲ"
လီရှောင်း "မင်းဆီမှာ ခင်ပွန်းရှိနေပြီဆိုတာ မင်း သူ့ကို ပြောပြသင့်တာပေါ့"
"ကောင်းပြီလေ။ နောက်တစ်ခါကျရင် ပြောလိုက်မယ်"
"……"
.....
နောက်တစ်နေ့တွင် ကျန်းရိုသည် လှလှပပ ပြင်ဆင်၍ အတန်းတက်ရန် သွားလေသည်။
လီရှောင်းက ကလေးကိုချီကာ တံခါးဝတွင် ရပ်လျက် သူမ ထွက်သွားသည်ကို လိုက်ကြည့်နေလေသည်။ လူဝေးသွားသောအခါ သူက မျက်နှာသေဖြင့် အန်းအန်းကို တစ်ချက်ကြည့်လိုက်သည်။
"မင်းအမေ ဝတ်ထားတာ တကယ်ကို လှတာပဲ"
ကလေးမလေးက သူ့ကို အဖက်လုပ်ရန် ပျင်းရိနေပြီး သူ၏ရင်ခွင်ထဲတွင် လိမ်ဖယ်ကာ သူ့အပေါ်မှ ဆင်းချင်နေလေသည်။
"ကြက်ဥ စားမယ်"
လီရှောင်းက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။
"မင်းကလေ စားဖို့ပဲ သိတယ်"
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၅၀)
ဧပြီလလယ်ခန့်တွင် အိမ်သစ်အလှဆင်ခြင်း ပြီးစီးသွားပြီဖြစ်သည်။ စနေနေ့တွင် ကျန်းရိုနှင့် လီရှောင်းတို့သည် အချိန်လု၍ ထိုနေရာသို့သွားကာ သန့်ရှင်းရေး တစ်ကြိမ်လုပ်ကြပြီး အန်းအန်းကိုပါ ခေါ်သွားလေသည်။ ကျိုးကျန့်လည်း ရောက်လာကာ သန့်ရှင်းရေးလုပ်ရန် ကိရိယာအချို့ကို ကိုင်ဆောင်ထားလေသည်။ ကျန်းရိုက အစုံအလင် ပြင်ဆင်ထားပြီး သူမကိုယ်တိုင်နှင့် အန်းအန်းအတွက် ဦးထုပ်နှင့် ခါးပတ်စကို ဝတ်ဆင်ပေးထားလေသည်။
အန်းအန်းသည် အိမ်သစ်ထဲသို့ ဝင်ဝင်ချင်း ဝမ်းသာအားရဖြင့် နေရာအနှံ့ လျှောက်ပြေးနေပြီး ကျန်းရိုနှင့် တူတူပုန်းတမ်း ကစားနေသေးသည်။ တံခါးနောက်တွင် ပုန်းကာ မာမားဟု အော်ခေါ်နေပြီး အလွန်တက်ကြွနေလေသည်။
အိမ်သစ်သည် ကျန်းရို စိတ်ကူးထားသည်နှင့် အနည်းငယ် ကွာခြားနေသေးသည်။ ကြမ်းပြင်မှာ အဖြူရောင်စစ်စစ် မဟုတ်ဘဲ အရောင်မလက်သော မီးခိုးဖြူရောင်ကို ရွေးချယ်ထားရာ အေးသောအရောင်အသွေးမျိုး ဖြစ်နေသည်။ ကျန်းရို အလိုရှိသော အရောင်ကို ရှာမတွေ့ခဲ့သော်လည်း နံရံများကို နွေးထွေးသော အဖြူရောင် သုတ်ထားသဖြင့် အတော်အသင့် ကြည့်ကောင်းနေသေးသည်။
အဝတ်ဗီဒိုနှင့် တံခါးများမှာလည်း အဖြူရောင်များသာဖြစ်သော်လည်း အိမ်ရှိ ပစ္စည်းအသေးအမွှားများကို အနက်ရောင်အသွေးများ ရွေးချယ်ထားလေသည်။ ဥပမာအားဖြင့် တံခါးလက်ကိုင်နှင့် မီးသီးမီးဆိုင်းများ ဖြစ်ကြသည်။ ကျန်းရိုက ဆိုဖာနှင့် ထမင်းစားပွဲကိုလည်း အနက်ရောင် ရွေးချယ်ရန် ပြင်ဆင်ထားလေသည်။
မည်သို့ပင်ဖြစ်စေ လီရှောင်းသည် သန့်ရှင်းရေးလုပ်နေစဉ် ပါးစပ်မှ အရောင်အရမ်းနုလွန်းပြီး ရှင်းလွန်းသည်ဟု မရပ်မနား ညည်းတွားနေကာ မည်သည့်နေရာက လှနေမှန်း လုံးဝနားမလည်နိုင်အောင် ဖြစ်နေလေသည်။
ကျန်းရိုက သူ့ကို ဂရုမစိုက်ပေ။ တံမြက်စည်းကို အရင်ယူကာ ကြမ်းပြင်ပေါ်ရှိ ဖုန်များကို တံမြက်စည်းလှဲပစ်လိုက်ပြီးနောက် ကြမ်းတိုက်ဝတ်ကို ရေဆွတ်ကာ ကြမ်းပြင်ကို တစ်ကြိမ် အရင်တိုက်လိုက်လေသည်။
လီရှောင်းကမူ အဝတ်စကိုကိုင်ကာ ပြတင်းပေါက်များနှင့် ဗီဒိုများကို သုတ်လေသည်။
ကလေးမလေးမှာ သူတို့နှစ်ဦး၏အနောက်မှ လိုက်ပြေးနေပြီး မကြာမီမှာပင် သူမ၏ လက်သေးသေးလေးများမှာ မည်းသည်းသွားလေသည်။ ညစ်ပတ်နေသော လက်သေးသေးလေးများဖြင့် သူမအဖေ၏ ဘောင်းဘီပေါ်တွင် မတော်တဆ လက်ရာများ ထင်ကျန်ရစ်စေခဲ့သည်။ သူမက ပျော်စရာကောင်းသည်ဟု ထင်သွားပုံရကာ တမင်တကာပင် ဆောင့်ကြောင့်ထိုင်၍ လက်ဖြင့် ကြမ်းပြင်ကို ပွတ်သုတ်လိုက်ပြီး ညစ်ပတ်သွားသောအခါ သူမအဖေ၏ ဘောင်းဘီပေါ်တွင် တံဆိပ်တုံး လိုက်နှိပ်လေတော့သည်။
လီရှောင်း တစ်ခုခုမှားယွင်းနေမှန်း သတိထားမိချိန်တွင် သူ့ဘောင်းဘီပေါ်၌ လက်ဝါးရာမည်မျှ ထင်နေပြီမှန်းပင် မသိတော့ပေ။
ကလေးမလေးက ခေါင်းမော့ကာ အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် သူ့ကို ကြည့်လိုက်ပြီးနောက် သူ၏ဘောင်းဘီပေါ်ရှိ လက်ရာသေးသေးလေးများကို လက်ညှိုးထိုးကာ ပြောလေသည်။
"ပါပါး ညစ်ပတ်တယ်"
လီရှောင်းမှာ စကားပင်မပြောနိုင်တော့ပေ။
"ညစ်ပတ်မှန်းသိရက်နဲ့ ငါ့ကိုယ်ပေါ်ကို လာနှိပ်သေးတယ်ပေါ့"
အန်းအန်းက မျက်လုံးလေးများ ကွေးညွတ်သွားသည်အထိ ပြုံးရယ်လေသည်။
နံနက်ခင်းတစ်ခုလုံး သန့်ရှင်းရေးလုပ်လိုက်ရပြီး အမှိုက် မြွေရေခွံအိတ် နှစ်အိတ်စာ ရှင်းလင်းလိုက်ရသော်လည်း ရလဒ်မှာ သိသာထင်ရှားလှသည်။ အိမ်တစ်အိမ်လုံး သန့်ရှင်းတောက်ပလာလေသည်။
ကျန်းရိုက လာစဉ်က တံခါးဝတွင် ချထားခဲ့သော ပန်းအိုးအချို့ကိုလည်း အိမ်ထဲသို့ သယ်သွင်းလိုက်လေသည်။
လီရှောင်းက ကြည့်လိုက်ပြီး ခေါင်းညိတ်လေသည်။
"ဒီလိုကြည့်တော့လည်း တကယ် မဆိုးဘူးပဲ"
ကျန်းရိုက ပြုံးလိုက်သည်။
"ဟုတ်တယ်မလား"
ထို့နောက် ဧည့်ခန်းကို လက်ညှိုးထိုးပြလိုက်လေသည်။
"အဲ့ဒီနေရာမှာ ကော်ဇောနဲ့ ဆိုဖာထားမယ်။ အပေါ်မှာ ပန်းချီကားတစ်ချပ် ချိတ်မယ်။ ဒီနေရာက ထမင်းစားပွဲ၊ နံရံပေါ်မှာ နာရီတစ်လုံး ချိတ်လို့ရတယ်။ ဟိုနေရာက တီဗွီ......"
အကြမ်းဖျင်းအားဖြင့် သူ့ကို မိတ်ဆက်ရှင်းပြလေသည်။
လီရှောင်းက မြွေရေခွံအိတ်နှစ်အိတ်စာ အမှိုက်များကို ဆွဲမလိုက်လေသည်။
"သွားကြမယ်။ နောက်ရက်အနည်းငယ်နေရင် ကိုယ် ကုန်တိုက်သွားပြီး ပရိဘောဂတွေ သွားကြည့်လိုက်မယ်"
ကျန်းရိုက အလျင်အမြန် ပြောလိုက်သည်။
"ကျွန်မလည်း လိုက်မယ်"
သူ ရွေးချယ်လာမည့် ပရိဘောဂများ အရမ်းအရုပ်ဆိုးနေမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။
လီရှောင်းက ထိုစကားထဲမှ အဓိပ္ပာယ်ကို နားလည်သွားသဖြင့် သူမကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်လေသည်။
အိမ်စတင်အလှဆင်ကတည်းက ကျန်းရိုသည် သူ့အမြင်မကောင်းမည်ကို စိုးရိမ်သဖြင့် အမြဲတမ်း အနီးကပ်စောင့်ကြည့်နေခြင်းဖြစ်ပုံရကြောင်းကို သူ တဖြည်းဖြည်း သတိပြုမိလာခဲ့သည်။
ယခင်က သူဝယ်ပေးခဲ့သော အဝတ်အစားများကို သူမ တစ်ခါမှ မဝတ်ခဲ့ဖူးပေ။ ပါးစပ်မှတော့ နှမြော၍ မဝတ်ရက်ဟု အပြောကောင်းနေသော်လည်း အရုပ်ဆိုးသည်ဟု ထင်နေခြင်းဖြစ်ဖို့များလေသည်။
.....
အပြင်ထွက်ချိန်တွင် ဘေးခန်းမှ ကျိုးကျန့်လည်း သန့်ရှင်းရေးလုပ်၍ ပြီးလုနီးပါး ဖြစ်နေပြီဖြစ်သည်။ သူက ကျန်းရိုတို့ကဲ့သို့ အလေးအနက်ထား၍ သန့်ရှင်းရေးမလုပ်ဘဲ ကြမ်းပြင်ကို အကြမ်းဖျင်း လှဲကျင်းရုံသာ လုပ်ထားပြီး အခြားအရာများကို သူ့မိခင်နှင့် ဇနီးဖြစ်သူတို့ ရောက်လာမှသာ သန့်ရှင်းရေးလုပ်ရန် ပြင်ဆင်ထားလေသည်။
ကျန်းရိုက သူ့ကို သော့တစ်ချောင်း ပေးထားရန် ပြောလိုက်လေသည်။
"အိမ်သစ်က ချက်ချင်း ဝင်နေလို့ မရသေးဘူး။ အထဲမှာ ဖော်မယ်ဒီဟိုက်လို အန္တရာယ်ရှိတဲ့ ဓာတ်ပစ္စည်းတွေ ရှိနေသေးတယ်။ ကျွန်မ နောက်ကြရင် အိမ်သစ်ကို လေဝင်လေထွက်ကောင်းအောင် လာလုပ်တဲ့အခါ ရှင့်အိမ်ကိုပါ တစ်ခါတည်း လေဝင်လေထွက်ကောင်းအောင် လုပ်ပေးလိုက်မယ်"
"ဟုတ်ကဲ့။ အဲ့ဒါဆိုလည်း မရီးကို ဒုက္ခပေးရတော့မယ်"
ကျိုးကျန့်က အလျင်အမြန် သူ့သော့တွဲထဲမှ တစ်ချောင်းကို ဖြုတ်၍ သူမအား ပေးလိုက်လေသည်။
ထို့နောက်ပိုင်း အချိန်များတွင် ကျန်းရိုသည် အိမ်သစ်ကို လေဝင်လေထွက်ကောင်းစေရန် မကြာခဏ အချိန်လု၍ လာလေ့ရှိသည်။ ပန်ကာဟောင်းနှစ်လုံးကို ဝယ်ကာ ပြတင်းပေါက်သို့ မျက်နှာမူ၍ ဖွင့်ထားပြီး အိမ်ထဲတွင်လည်း ရေဇလုံအချို့ ချထားလေသည်။
ပရိဘောဂများလည်း တဖြည်းဖြည်း စုံလင်လာသည်။ ကုတင်၊ ဆိုဖာ၊ ထမင်းစားပွဲ၊ ဒယ်အိုး စသည်တို့ကို ဖြည့်တင်းထားလေသည်။
.....
ဇွန်လသို့ ရောက်သောအခါ အိမ်သစ်တစ်ခုလုံးမှာ တိုက်ရိုက်ဝင်နေ၍ရလုနီးပါး ဖြစ်နေပြီဖြစ်ပြီး ဘာမျှ လိုလေသေးမရှိတော့ပေ။
ကျိုးကျန့်သည် ကျန်းရို ဘာဝယ်သည်ကို ကြည့်ကာ အတုခိုး၍ လိုက်ဝယ်လေသည်။ အစပိုင်းတွင် သူလည်း လီရှောင်းကဲ့သို့ပင် အိမ်သစ်မှာ ဖြူလွန်းပြီး ဟာလာဟင်းလင်း ဖြစ်လွန်းသည်ဟု တွေးခဲ့မိသည်။ သို့သော် ပရိဘောဂများ ဖြည့်တင်းပြီးနောက်တွင် အိမ်မှာ တကယ်ပင် လှပသွားကြောင်း တွေ့ရှိလိုက်ရသည်။ နေရောင်ခြည်က အပြင်ဘက်မှ ဖြာကျလာသောအခါ အိမ်တစ်ခုလုံး နွေးထွေးတောက်ပနေပြီး ပန်းချီကားတစ်ချပ်ကဲ့သို့ပင် ဖော်ပြ၍မရနိုင်အောင် လှပနေလေသည်။
တစ်ခါတစ်ရံ တံခါးဝမှ ကြည့်နေရင်း သူ ဝင်ပင်မဝင်ရဲပေ။ ဤမျှကောင်းမွန်သော အိမ်မျိုးတွင် နေထိုင်ရန် မိမိနှင့် မတန်ဟုပင် ခံစားနေရလေသည်။
ကျူးချန်သည် တစ်ခါက ကျိုးကျန့်နှင့်အတူ အိမ်သစ်ကို လိုက်လာကြည့်ရာ ဤအိမ်ကို ဝယ်မည်ဆိုပါက ယွမ်ခုနစ်သိန်း ရှစ်သိန်းခန့် ကျသင့်မည်ဖြစ်သော်လည်း၊ ကျိုးကျန့်မှာ ယွမ်သုံးသိန်းသာ ကုန်ကျခဲ့ကြောင်း သိရသောအခါ သူ့အတွက်ပါ တစ်ခန်းလောက် လုပ်ပေးနိုင်မလားဟု အလျင်စလို မေးလေသည်။
ကျိုးကျန့်ကလည်း သူ့ကို မဖုံးကွယ်ထားပေ။
"အဲ့ဒီတုန်းက အခြေအနေက ထူးခြားနေလို့ပါ။ အစ်ကိုက အဲ့ဒီအချိန်တုန်းက အိမ်ခြံမြေကုမ္ပဏီမှာ အလုပ်လုပ်နေတာနဲ့ အံကိုက်ဖြစ်နေတာရယ်၊ ပြီးတော့ သူက အဲ့ဒီသူဌေးအပေါ်မှာ ကျေးဇူးရှိခဲ့တာရယ်ကြောင့် ငါ့အတွက် အတွင်းလူဈေးနဲ့ရအောင် လုပ်ပေးနိုင်ခဲ့တာ။ ဒါပေမဲ့ အခု အစ်ကိုက ထွက်လာပြီဆိုတော့ သူနဲ့ အဲ့ဒီသူဌေးရဲ့ ဆက်ဆံရေးကလည်း သိပ်မကောင်းတော့ဘူးလေ။ မင်း ဝယ်ချင်ရင်တော့ ပေါက်ဈေးအတိုင်းပဲ ရတော့မယ်"
"ငါ ဘဏ်ကနေ ယွမ်နှစ်သိန်းရှစ်သောင်း ချေးထားရတာ။ ဘဝရဲ့ ကျန်တဲ့အချိန်တွေ အကုန်လုံးနီးပါးကို ဒီအိမ်ပေါ်မှာပဲ မြှုပ်နှံလိုက်ရပြီ။ မင်း တကယ် ဝယ်ချင်ရင်တော့ စက်ရုံဘက်က အိမ်တွေကို ဝယ်ဖို့ အကြံပေးချင်တယ်။ အဲ့ဒီဘက်က နည်းနည်း ဈေးပိုပေါတယ်"
ကျူးချန် ကြားသောအခါ စကားမပြောတော့ပေ။ စက်ရုံဘက်ရှိ အိမ်များမှာ ဈေးပိုပေါကြောင်း သူ သေချာပေါက် သိထားသည်။ သို့သော် ထိုဘက်တွင် လူသူကင်းမဲ့ကာ ခြောက်ကပ်နေပြီး ကြည့်ရသည်မှာ သူတို့၏ဇာတိမြို့လောက်ပင် မကောင်းပေ။ ထို့အပြင် မည်မျှပင် ဈေးပေါစေကာမူ သူ့အတွက်တော့ ဈေးကြီးနေဦးမည်မှာ သေချာလေသည်။
ကျူးချန်သည် ဤဘက်တွင် အချိန်အတော်ကြာ အလုပ်လုပ်ခဲ့ပြီးမှ ယခုအကြိမ်တွင် ပထမဆုံးအကြိမ်အဖြစ် ဤမျှ ခွန်အားမဲ့နေသည်ဟု ခံစားလိုက်ရလေသည်။
နေ့စဉ် သေမတတ် ပင်ပန်းနေသော်လည်း အဆုံးသတ်ကို မမြင်ရပေ။
သူသည် တစ်ကြိမ်မက နောင်တရခဲ့မိသည်။ အစကတည်းကသာ သူသည် လီရှောင်းနှင့် ဆက်ဆံရေး မဆိုးရွားခဲ့ဘဲ တောင်ပိုင်းသို့ လိုက်လာခဲ့မည်ဆိုလျှင် ကျိုးကျန့်၏အိမ်မှာ သူ့အိမ် ဖြစ်နေနိုင်ကြောင်း တွေးမိလေသည်။
ကျူးချန်သည် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် သူသည် လီရှောင်းအား နှုတ်ဆက်ကာ မိမိအနေဖြင့် ဤဘက်ရှိ ဆင်းရဲဒုက္ခကို မခံနိုင်တော့သဖြင့် ဇာတိသို့ ပြန်ရန် ပြင်ဆင်ထားကြောင်း ပြောလေသည်။
မထွက်ခွာမီ လီရှောင်းနှင့် ကျိုးကျန့်တို့က သူ့ကိုခေါ်ကာ စားသောက်ဆိုင်တွင် ထမင်းတစ်နပ် သွားကျွေးကြပြီး ရထားဘူတာရုံအထိ ကိုယ်တိုင် လိုက်ပို့ပေးခဲ့ကြသည်။
လီရှောင်းသည် သူ့အပေါ် လျော့ရဲခြင်း မရှိခဲ့ပေ။ လစာ ယွမ်ငါးထောင်အပြင် သူကိုယ်တိုင် ယွမ်တစ်သောင်း ထပ်စိုက်ပေးလိုက်သေးသည်။ ထွက်ခွာမည့်အချိန်တွင် သူ့ပခုံးကို ပုတ်ကာ ပြောလိုက်လေသည်။
"ပြန်ရောက်ရင် ဒီပိုက်ဆံနဲ့ ထမင်းဆိုင်လေး ဖွင့်လိုက်။ မင်းရဲ့လက်ရာက မဆိုးဘူးဆိုတော့ အများကြီး ရှာနိုင်မှာပါ"
ဤစကားကို ကျူးချန်သာ ယုံကြည်ပေလိမ့်မည်။ ကျိုးကျန့်မှာမူ စိတ်ထဲတွင် မျက်လုံးလှန်ပြနေမိသည်။ ကျူးချန်၏ အချက်ပြုတ်အလေ့အကျင့်မှာ သူ့ဦးလေးဖြစ်သူ၏ ထက်ဝက်ခန့်ပင် မကောင်းပေ။ တကယ်ကို ရထားသည့်ဖဲကောင်းကို ဖျက်ဆီးပစ်လိုက်ခြင်းပင် ဖြစ်လေသည်။
ကျူးချန်က ခေါင်းညိတ်လိုက်ပြီး လီရှောင်းနှင့် ကျိုးကျန့်တို့ကို စိတ်လှုပ်ရှားကျေးဇူးတင်စွာဖြင့် တစ်ချက်ကြည့်လိုက်သည်။
"ကောင်းပြီ"
သူ ယခင်က လီရှောင်းနှင့် ကျိုးကျန့်တို့အပေါ် ထိုသို့ပြုမူခဲ့သော်လည်း သူတို့က သူ့အပေါ် ဤမျှကောင်းနေသေးသည်ကို သူ မထင်ထားခဲ့ပေ။
မနေနိုင်ဘဲ စကားတစ်ခွန်း ပြောလိုက်လေသည်။
"မင်းတို့ရဲ့ စီးပွားရေးတွေ တိုးတက်ပါစေ။ အရာရာတိုင်း အဆင်ပြေချောမွေ့ပါစေ။ မုန့်လုပ်ငန်းလည်း ပိုပိုပြီး အောင်မြင်ပါစေလို့ ဆုတောင်းပေးပါတယ်"
သူတို့ဘက်သို့ လက်ရမ်းပြလိုက်ပြီး အိတ်ကိုဆွဲကာ လှည့်၍ ရထားဆီသို့ လျှောက်သွားလေသည်။ ရထားပေါ်သို့ တက်မည့်အချိန်တွင် နောက်လှည့်ကြည့်လိုက်ရာ အနောက်တွင် ရပ်နေဆဲဖြစ်သော လီရှောင်းနှင့် ကျိုးကျန့်တို့ နှစ်ဦးကို တွေ့လိုက်ရသည်။
"ပြန်ကြတော့လေ"
စိတ်ထဲတွင် အနည်းငယ် ချဉ်စူးနာကျင်သွားလေသည်။ ယနေ့ ထွက်ခွာသွားပါက သူနှင့် သူတို့သည် လုံးဝ တစ်ကမ္ဘာတည်းမှ လူများ မဟုတ်တော့ကြောင်းကို သူ သိထားလေသည်။
......
လူကို မမြင်ရတော့မှသာ ကျိုးကျန့်က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။
"သူ့ကို ဘာလို့ ပိုက်ဆံတွေ အဲ့လောက်အများကြီး ပေးလိုက်ရတာလဲ။ တကယ် နှမြောစရာပဲ"
သူသည် ကျူးချန်အပေါ် စောစောကတည်းက စိတ်ပျက်ခဲ့ပြီးဖြစ်သည်။ ယခုအချိန်တွင် ထိုလူ ဘာလုပ်လုပ် သူ့အနေဖြင့် အမြင်ကြည်လင်မှု မရှိတော့ပေ။
လီရှောင်းက လှည့်ထွက်သွားပြီး တည်ငြိမ်သောမျက်နှာထားဖြင့် ပြောလိုက်လေသည်။
"ဒီအဆင့်အထိတောင် ရောက်နေပြီပဲ။ ကိစ္စတွေကို ပိုလှပအောင် လုပ်လိုက်ရင် အားလုံးအတွက် ပိုမကောင်းဘူးလား"
ထို့နောက် ခေါင်းလှည့်၍ သူ့ကို ကြည့်လိုက်သည်။
"မင်းအမေ၊ မင်းမိန်းမနဲ့ ယောက္ခမမိသားစု တစ်ခုလုံးက ခရိုင်မြို့မှာ ရှိနေတာလေ။ သူ ပြန်သွားပြီး တစ်ခုခုများလျှောက်ပြောလိုက်ရင် မင်းမိသားစုတစ်ခုလုံး ဒုက္ခရောက်ဖို့ လုံလောက်နေပြီ။ ပိုက်ဆံနည်းနည်းလေး သုံးပြီး ဖြေရှင်းလို့ရရင် အရှုံးပေါ်တယ်လို့ မဆိုနိုင်ပါဘူး"
တစ်ခါတစ်ရံတွင် ပုရွက်ဆိတ်လေးတစ်ကောင်သည်လည်း သစ်ပင်ကြီးတစ်ပင်လုံးကို တုန်ခါသွားစေနိုင်သည်။ ဤသည်မှာ အဘယ်ကြောင့် အထက်တန်းလွှာသို့ ရောက်လေလေ ထိုသူများမှာ ပို၍ သဘောကောင်းပုံပေါ်လေလေ ဖြစ်ရသည့် အကြောင်းရင်းပင်ဖြစ်သည်။
သူတို့တွင် ဒေါသအမျက်မရှိ၍ မဟုတ်ဘဲ မိမိ၏ထက်မြက်မှုကို ရုပ်သိမ်းထားတတ်ကာ မလိုအပ်သော နာကျင်မှုများကို လျှော့ချတတ်သောကြောင့် ဖြစ်လေသည်။
ချန်ရုန်ကဲ့သို့သော လူမျိုးမှာ အနှေးနဲ့အမြန် တစ်နေ့တွင် အရှုံးကြီးရှုံးပေလိမ့်မည်။
.....
ကျူးချန် ထွက်သွားပြီးနောက် မကြာမီတွင် လီရှင်းသည် အလယ်တန်းအထက်တန်းဝင်ခွင့်စာမေးပွဲ ဖြေဆိုပြီးစီး၍ ရောက်လာလေသည်။ သူမ၏ စာမေးပွဲရလဒ်များကိုပါ ယူဆောင်လာခဲ့ရာ အလွန်ကောင်းမွန်စွာ ဖြေဆိုနိုင်ခဲ့ပြီး ခရိုင်တစ်ခုလုံးတွင် တတိယရရှိခဲ့လေသည်။ အမှတ် (၄) အလယ်တန်းကျောင်းက သူမအား ပညာသင်ဆု ယွမ်တစ်ထောင် ချီးမြှင့်ခဲ့ပြီး အမှတ် (၁) အလယ်တန်းကျောင်းမှ ဆရာကလည်း ကျောင်းသို့ တကူးတက သွားရောက်ရှာဖွေခဲ့လေသည်။
ကျန်းရို ဤသတင်းကို သိရသောအခါ အလွန်ဝမ်းသာသွားပြီး သူမကိုခေါ်၍ ဈေးသို့သွားကာ ဟင်းသီးဟင်းရွက်များ အများအပြား ဝယ်ယူခဲ့လေသည်။
ထမင်းစားနေချိန်တွင် လီရှင်းက အလွန်သိတတ်စွာဖြင့် ပြောလိုက်လေသည်။
"အစ်မ၊ ကျွန်မ ခရိုင်မြို့မှာပဲ အထက်တန်းဆက်တက်တာလည်း တော်တော်လေး ကောင်းပါတယ်။ အစ်မနဲ့ ကျောင်းတူတူတောင် ဖြစ်သွားဦးမယ်"
မည်သို့ပင်ဖြစ်စေ အထက်တန်းတက်ပြီးပါကလည်း ကျောင်းအိပ်ကျောင်းစား နေရမည်များသဖြင့် ဤဘက်သို့လာပါက အစ်မနှင့် ခဲအိုဖြစ်သူကို ဒုက္ခပေးသလို ဖြစ်မည်ကို စိုးရိမ်ကာ စိတ်ထဲတွင် အတော်လေး နေရခက်နေလေသည်။
ကျန်းရိုက သူမကို ဟင်းခပ်ပေးလိုက်သည်။
"အခုချက်ချင်း ဆုံးဖြတ်ချက် မချနဲ့ဦး။ အစ်မ စာမေးပွဲဖြေပြီးသွားရင် နင့်ကို အနီးအနားက အထက်တန်းကျောင်းတွေကို လိုက်ပြမယ်။ နီးနီးနားနား နေလို့ရရင် နီးနီးနားနား နေရတာ ပိုကောင်းပါတယ်"
လီရှင်းက ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့"
တကယ်တော့ သူမလည်း အစ်မဖြစ်သူနှင့် သိပ်မဝေးချင်ပေ။ အဒေါ်ဝမ်က လူကောင်းတစ်ယောက်ဖြစ်ပြီး ပုံမှန်အားဖြင့် ညစာတစ်နပ်သာ စားရသော်လည်း သူမ၏စိတ်ထဲတွင် အတော်လေး အနေရခက်နေမိပြီး သူတစ်ပါးကို အကြွေးတင်နေသည်ဟု အမြဲခံစားနေရလေသည်။
သူမ၏အစ်မနှင့်မူ မတူပေ။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် တူညီသော သွေးများ စီးဆင်းနေသည်ကို တွေးမိတိုင်း သူမ၏စိတ်ထဲတွင် အလွန်လုံခြုံငြိမ်းချမ်းသည်ဟု ခံစားရလေသည်။
လီရှင်း ရောက်လာပြီးနောက် အန်းအန်းမှာ နေ့တိုင်း သူမ၏အဖေနှင့်အတူ အပြင်သို့ လိုက်သွားစရာ မလိုတော့ပေ။ တောင်ပိုင်းဘက်တွင် ရာသီဥတုက စောစီးစွာ ပူပြင်းလာသဖြင့် ရက်အနည်းငယ်အတွင်းမှာပင် ကလေးမလေးမှာ နေလောင်၍ မည်းသွားလေသည်။ သူမ၏ခေါင်းပေါ်တွင်လည်း ညိုမည်းနေသော အကွက်တစ်ခုရှိနေပြီး ၎င်းမှာ လွန်ခဲ့သောရက်အနည်းငယ်က ကိုယ့်ဘာသာ ခိုက်မိထားခြင်း ဖြစ်လေသည်။
ကျန်းရို စာမေးပွဲအတွက် အလေးအနက် စာကျက်နေချိန်တွင် လီရှင်းက အိမ်၌ ကလေးကို ကူထိန်းပေးလေသည်။ နံနက်ပိုင်းတွင် ထမင်းခွံ့ခြင်း၊ ဆံပင်ကျစ်ဆံမြီး ကျစ်ပေးခြင်းတို့ကို လုပ်ပေးပြီး၊ မွန်းလွဲပိုင်းတွင် ကလေးမလေးက အပြင်ထွက်လည်ချင်ပါက လီရှင်းက သူမကိုခေါ်၍ ကျောင်းထဲသို့ သွားကစားလေသည်။ အန်းအန်းမှာ အလွန်တက်ကြွနေပြီး မည်မျှကြာကြာ လည်ပတ်စေကာမူ မပင်ပန်းပေ။ အဓိကမှာ တက္ကသိုလ်ကျောင်းဝင်းထဲတွင် စည်ကားနေသောကြောင့်လည်း ဖြစ်လေသည်။
တက္ကသိုလ်၏ အမှတ် (၁) ထမင်းစားရုံထဲတွင် စူပါမားကတ်တစ်ခုလည်း ရှိသေးသည်။ ကျန်းရိုက သူမကို ခေါ်သွားဖူးပုံရသည်။ ထမင်းစားရုံတံခါးသို့ ဝင်ဝင်ချင်း သူမက ဒေါ်လေး၏ အင်္ကျီကိုဆွဲကာ စူပါမားကတ်ထဲသို့ ဦးတည်သွားပြီး ပါးစပ်မှလည်း "သကြားလုံးဝယ်မယ်" ဟု ရေရွတ်နေလေသည်။
ပိုက်ဆံပေး၍ ဝယ်ရမှန်းပင် သိနေသေးလေသည်။
လီရှင်းကလည်း သူမကို တုတ်ထိုးသကြားလုံး တစ်ချောင်း ဝယ်ပေးလိုက်လေသည်။
ထို့နောက် သူတို့နှစ်ဦးသည် ထမင်းစားရုံရှိ စားပွဲတွင်ထိုင်ကာ ကျန်းရိုကို စောင့်နေကြလေသည်။
ကလေးမလေးမှာ အလွန်သိတတ်လှသည်။ မေမေ လာသည်ကို မြင်သောအခါ ပါးစပ်ထဲမှ စားမကုန်သေးသော တုတ်ထိုးသကြားလုံးကို ထုတ်ကာ ကျန်းရိုကို ကျွေးလေသည်။
အပေါ်တွင် သွားရည်များ အလွှာလိုက် ပေကျံနေလေသည်။
ကျန်းရိုမှာ ငိုရခက်ရယ်ရခက်ဖြစ်သွားပြီး သူမ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေသည်။
"ကိုယ့်ဘာသာ စားပါ"
ကလေးမလေးက လက်မခံဘဲ တုတ်ထိုးသကြားလုံးကို မြှောက်ကာ ကျန်းရို၏ ပါးစပ်နားသို့ တိုးပေးလေသည်။
ကျန်းရိုမှာ မတတ်နိုင်တော့သဖြင့် ခေါင်းငုံ့ကာ တစ်လုတ်မြည်းကြည့်သည့် ပုံစံလုပ်လိုက်ရလေသည်။
"တကယ် စားလို့ကောင်းတာပဲ။ ကျေးဇူးပါ အန်းအန်းလေး"
ကလေးမလေး ကျေနပ်သွားပြီး ဝမ်းသာအားရ ပြုံးရယ်လျက် တုတ်ထိုးသကြားလုံးကို သူမ၏ပါးစပ်ထဲသို့ ပြန်ထည့်လိုက်လေသည်။
ဘေးမှ သကြားလုံးဝယ်ပေးသော လီရှင်းမှာမူ ဤကဲ့သို့ အခွင့်အရေး မရခဲ့ပေ။
....
ကျန်းရို စာမေးပွဲဖြေပြီးသောအခါ လီရှင်းကိုခေါ်၍ အိမ်သစ်သို့ သွားကြည့်လေသည်။ လီရှင်း၏ အခန်းကိုလည်း ကျန်းရိုကပင် ပြင်ဆင်ပေးထားခြင်းဖြစ်သည်။ မင်းသမီးစတိုင် အဖြူရောင်သံပန်းကုတင်ဖြစ်ပြီး အပေါ်တွင် ဆင်စွယ်ရောင် ခြင်ထောင်ဇာပါးကို ချိတ်ဆွဲထားလေသည်။ ကုတင်ပေါ်တွင် စောင်များ မခင်းရသေးသော်လည်း ကုတင်ခေါင်းရင်းတွင် ဖက်လုံးအချို့ ရှိနေလေသည်။
အခန်းထဲတွင် အဝတ်ဗီဒို၊ မိတ်ကပ်စားပွဲနှင့် ပြတင်းပေါက်ဘေးတွင် စာကြည့်စားပွဲတစ်ခု ရှိပြီး အခန်း၏ ဒီဇိုင်းမှာ ဆယ်ကျော်သက်မိန်းကလေးဆန်ဆန် ဖြစ်လေသည်။
လီရှင်းက ပထမဆုံးအကြိမ် မြင်လိုက်ရသည်နှင့် သဘောကျသွားလေသည်။
"ဒါက ကျွန်မအခန်းလား"
"ဟုတ်တာပေါ့"
အန်းအန်းက ဒေါ်လေး၏လက်ကို ဆွဲကာ သူမ၏အခန်းကို သွားကြည့်ရန် ခေါ်လေသည်။
အန်းအန်း၏ အခန်းမှာမူ ပို၍ပင် ချစ်စရာကောင်းလှသည်။ ကုတင်ခေါင်းရင်း နံရံပေါ်တွင် ရောင်စုံတုတ်ထိုးသကြားလုံးကြီးတစ်ချောင်းနှင့် ဖဲပြားအချို့ ရှိနေလေသည်။ ကုတင်မှာ အလွန်နိမ့်ပြီး သူမ တိုက်ရိုက်တက်နိုင်ရန် တာတာမီပုံစံမျိုး လုပ်ထားလေသည်။
သူမ၏အခန်းက အနည်းငယ် ပိုကျယ်ပြီး ပြတင်းပေါက်နှင့် နီးသောနေရာတွင် ကော်ဇောနှင့် ဆိုဖာလေးတစ်ခု ချထားကာ နံရံထဲတွင် မြှုပ်ထားသော စာအုပ်စင်တစ်ခုလည်း ရှိသေးသည်။
အပေါ်တွင် ထိုင်၍ အရုပ်များ ကစားနိုင်လေသည်။
ကျန်းရိုက သူမ အနည်းငယ် ကြီးလာသောအခါ အခန်းကို ထပ်မံ၍ ပြင်ဆင်မွမ်းမံပေးရန် ပြင်ဆင်ထားလေသည်။
အန်းအန်းမှာ ထိုဆိုဖာလေးကို အလွန်သဘောကျပြီး သူမ တိုက်ရိုက် တက်ထိုင်နိုင်လေသည်။
လီရှင်းက ကြည့်ပြီး ရယ်မောလိုက်သည်။
"အရမ်းချစ်စရာကောင်းတာပဲ"
အန်းအန်းက သူမ သဘောကျသည်ဟု ထင်သဖြင့် သူမကိုပါ လာထိုင်ရန် ဆွဲခေါ်လေသည်။
....
ညဘက်တွင် လီရှောင်း ထမင်းပြန်မစားပေ။ ကျန်းရိုက အန်းအန်းကို ချော့သိပ်ပြီးမှသာ သူ ပြန်ရောက်လာပြီး ခြေသံလုံအောင် လျှောက်ကာ ရေချိုးသန့်စင်ပြီးနောက် ကုတင်ပေါ်သို့ တက်လာလေသည်။
ကျန်းရိုမှာ အိပ်ပျော်လုနီးပါး ဖြစ်နေပြီဖြစ်သော်လည်း သူက သူမကို ဖက်၍ နမ်းနေသေးသည်။ နှစ်ချက်ခန့် တွန်းထုတ်သော်လည်း မရသဖြင့် သူမက လက်လှမ်းကာ သူ၏မေးစေ့ကို စမ်းကြည့်လိုက်ရာ မုတ်ဆိတ်မွေးကြမ်းများက စူးနေလေသည်။
အမျိုးသားဖြစ်သူက အနည်းငယ် ယားကျိကျိဖြစ်သွားပုံရကာ တိုးညှင်းစွာ ရယ်မောလိုက်ပြီးနောက် မျက်နှာကို သူမ၏ လည်ပင်းထဲတွင် အပ်ကာ နမ်းရှိုက်လေသည်။
ယခုတစ်ကြိမ်တွင်မူ ကျန်းရိုဘက်မှ အနည်းငယ် ယားကျိကျိဖြစ်သွားကာ မနေနိုင်ဘဲ ပြောလိုက်လေသည်။
"ရှင် အရမ်းလေးတာပဲ"
အမျိုးသားဖြစ်သူက အသံမထွက်ဘဲ သူမ၏ခြေထောက်ကို မလိုက်လေသည်။
ပြီးဆုံးသွားသောအခါ လီရှောင်းက သူမကို အနောက်မှ ဖက်ထားလေသည်။ ကျန်းရိုက အနည်းငယ် ပူအိုက်သည်ဟု ခံစားရသဖြင့် အတွင်းဘက်သို့ အနည်းငယ် တိုးသွားသော်လည်း လူကို ဖယ်ထုတ်၍ မရခဲ့ပေ။
အနောက်မှ လီရှောင်းက တိုးတိုးလေး ပြောလိုက်လေသည်။
"ဒီနေ့ ကျောက်ယွင်နဲ့ တွေ့ခဲ့တယ်။ သူက မင်းကို မတွေ့ရတာ ရက်အတော်ကြာပြီမို့ ဒီတစ်ပတ် စနေနေ့ကျရင် ထမင်းကျွေးချင်တယ်လို့ ပြောတယ်"
ထိုစဉ်က ကျောက်ယွင်သည် ချန်ရုန်၏အစ်မနှင့်အတူ ဈေးဝယ်ထွက်နေရင်း ထိုစကားတစ်ခွန်းကို တကူးတက ပြောခဲ့ခြင်းဖြစ်သည်။
ကျန်းရို ကြားသောအခါ သိပ်နားမလည်ပေ။ သူမနှင့် ကျောက်ယွင်၏ ဆက်ဆံရေးမှာ ထိုမျှအထိ ကောင်းမွန်ပုံမရပေ။ မတွေ့ရတာ ရက်အတော်ကြာပြီဆိုသည်မှာ ဘာအဓိပ္ပာယ်လဲ၊ တကယ်တမ်း တွေ့ဖူးသည်မှာ အကြိမ်အနည်းငယ်သာဖြစ်ပြီး နောက်ဆုံးအကြိမ် တွေ့ခဲ့သည်မှာလည်း လွန်ခဲ့သော လအနည်းငယ်ကပင် ဖြစ်လေသည်။
"သူ ကျွန်မကို တစ်ခုခု ကိစ္စရှိလို့များလား"
လီရှောင်းက သူမ၏နားအနားသို့ ကပ်ကာ ပြောလိုက်သည်။
"ဘာကိစ္စ ရှိနိုင်ဦးမှာလဲ။ ချန်ရုန်ပေါ့။ သူက မင်းကို ချန်ရုန်ရဲ့အခြေအနေနဲ့ပတ်သက်ပြီး မေးလာရင် တိုက်ရိုက်သာ ပြောပြလိုက်။ အဲ့ဒီအချိန်ကျရင် သူက မင်းညီမလေးရဲ့ ကျောင်းကိစ္စကို သေချာပေါက် ကူညီဖြေရှင်းပေးလိမ့်မယ်။ ကိုယ်တို့အတွက် အရှုံးမရှိဘူး"
ကျန်းရို ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် နားလည်သွားလေသည်။
"ချန်ရုန် ဘာဖြစ်လို့လဲ"
လီရှောင်းက လှောင်ပြုံး ပြုံးလိုက်လေသည်။
"ချန်ရုန်က သူ့မိန်းမလောက် ဉာဏ်မကောင်းဘူးလေ။ ကိုယ်တိုင် လျှို့ဝှက်ထားနိုင်တယ်လို့ ထင်နေတာ။ တကယ်တော့ သူ့မိန်းမက စိတ်ထဲမှာ အကုန်သိနေပြီးသား။ မင်းကို ထမင်းကျွေးတာကလည်း အတည်ပြုချင်လို့ ဖြစ်ဖို့များတယ်။ သူက မင်းကို စုံစမ်းလာရင် သူ့ရဲ့အပြင်က မိန်းမဗိုက်ထဲက ကလေးက ယောကျ်ားလေးလို့သာ ပြောလိုက်"
ကျန်းရိုက ရုတ်တရက် ကိုယ်ကို လှည့်လိုက်လေသည်။
"ဘာလဲ။ စစ်ကြည့်လို့ သိသွားပြီလား"
လီရှောင်းက သူမ၏နှုတ်ခမ်းကို တစ်ချက်နမ်းလိုက်ပြီးနောက် ညင်သာစွာ 'အင်း' ဟု အသံပြုလိုက်လေသည်။
"ကိုယ်တို့ ဆေးရုံမှာ တွေ့လိုက်တဲ့ အဲ့ဒီတစ်ခေါက် ဖြစ်ဖို့များတယ်။ သူကိုယ်တိုင် ပြောတာလေ။ အဲ့ဒီမိန်းမကလည်း တော်တော်လေး ဂုဏ်ဆာနေပြီး အိမ်ကြီးအိမ်ကောင်း ပြောင်းနေချင်နေတာ"
ကျန်းရိုမှာ အတော်လေး ရွံရှာသွားမိသည်။ ပြီးခဲ့သည့်အကြိမ် ချန်ရုန်နှင့် ဆုံတွေ့စဉ်က သူက သူမ၏ရှေ့တွင်ပင် ထိုစကားများကို ပြောဆိုခဲ့ပြီး လီရှောင်းကို အပြင်တွင် မိန်းမရှာရန် အားပေးအားမြှောက်လုပ်နေသကဲ့သို့ ဖြစ်ခဲ့သည်ကို မှတ်မိနေသေးသည်။ မနက်ဖြန်တွင် ကျောက်ယွင်က လီရှင်းအတွက် ကျောင်းကိစ္စ မစီစဉ်ပေးလျှင်တောင် သူမ သေချာပေါက် ပြောပြမည်ဟု တွေးလိုက်လေသည်။
ဒီယောက်ျားက အရမ်းရွံစရာကောင်းတာပဲ။
ထိုသို့ တွေးမိသောအခါ စိတ်ထဲတွင် မနေနိုင်ဘဲ ခံစားရခက်သွားလေသည်။
"သိသွားရင်ကော ဘာလုပ်နိုင်မှာလဲ"
သူမ ဤကဲ့သို့သော ကိစ္စမျိုးကို အများအပြား ကြားဖူးခဲ့သည်။ နောက်ဆုံးတွင် အမျိုးသမီးအများစုမှာ ဘာမှမလုပ်နိုင်ဘဲ အမျိုးသားဖြစ်သူ အပြင်တွင် ဆက်လက်ရှုပ်ပွေနေသည်ကို ခွင့်ပြုလိုက်ရသည်သာ များလေသည်။
လီရှောင်းကမူ သူမလောက် အဆိုးမြင်ခြင်း မရှိဘဲ ပေါ့ပါးသော လေသံဖြင့် ပြောလိုက်လေသည်။
"အဲ့ဒါက မသေချာဘူးလေ။ ကျောက်ယွင်လို လူစားမျိုးက အိမ်ရှင်မဖြစ်နေလို့ တော်သေးတာပေါ့။ ကိုယ် စီးပွားရေးလောကမှာ အကြောက်ဆုံးက သူ့လိုလူမျိုးနဲ့ ဆုံရမှာပဲ။ နှစ်ယောက် ပူးပေါင်းလုပ်ရင်တော့ တော်သေးတယ်။ တကယ်လို့ ပြိုင်ဘက်သာဆိုရင် သေချာပေါက် မင်းအားနည်းနေချိန်မှာ မင်းအသက်ကိုပါ ယူသွားနိုင်တယ်။ အဲ့ဒါကလည်း တစ်ချက်တည်းနဲ့ သေစေလောက်တဲ့ အမျိုးအစားမျိုးမို့ အချိန်တိုင်း အာရုံကြောတွေ တင်းမာပြီး သတိထားနေရမှာ"
"သူက ပြုံးရွှင်နေပြီး ပေါင်းသင်းရလွယ်တယ်လို့ မထင်နဲ့။ ချန်ရုန်က သူ့လောက်တောင် စိတ်ကောက်ကျစ်မှု တစ်ဝက်မရှိဘူး။ မင်း မယုံရင် စောင့်ကြည့်နေ။ ချန်ရုန် ငိုရမယ့်ရက်တွေက နောက်ပိုင်းမှာ ရှိသေးတယ်"
ချန်ရုန် ဤအဆင့်အထိ ရောက်လာခြင်းမှာ သူမ နောက်ကွယ်မှ အကြံဉာဏ်ပေးခဲ့မှုများ မနည်းလှပေ။ သို့မဟုတ်ပါက ချန်ရုန်တစ်ယောက်တည်းဖြင့် သူ့ယောက်ဖဖြစ်သူ၏ ဇနီးဟောင်းမှရသော ကလေးနှစ်ယောက်နှင့် ထိုယောက်မဖြစ်သူတို့ကို ရင်ဆိုင်နိုင်မည်လား။
လီရှောင်းက ကျောက်ယွင်အပေါ် ဤမျှအထိ အကဲဖြတ်မှု မြင့်မားမည်ဟု ကျန်းရို မထင်ထားခဲ့ပေ။
....
နောက်တစ်နေ့တွင် ကျန်းရိုသည် အိမ်၌ ကျောက်ယွင်၏ဖုန်းကို လက်ခံရရှိခဲ့ပြီးနောက် အနောက်တိုင်း စားသောက်ဆိုင်တစ်ဆိုင်တွင် ထမင်းစားရန် ချိန်းဆိုလိုက်လေသည်။
ကျန်းရိုက လီရှင်းနှင့် အန်းအန်းတို့ကိုပါ ခေါ်သွားခဲ့ပြီး စားသောက်ဆိုင်သို့ ရောက်သောအခါ သူတို့ကို တံခါးဝရှိ စားပွဲတစ်လုံးတွင် ထိုင်ခိုင်းကာ အချိုပွဲနှစ်ခုနှင့် အအေးတစ်ခွက် မှာပေးခဲ့ပြီး သူမကိုယ်တိုင်ကမူ ကျောက်ယွင်၏ စားပွဲသို့ သွားလေသည်။
ကျောက်ယွင်က ပြတင်းပေါက်အနီးရှိ နေရာတွင် ထိုင်နေသည်။ သူမက ကျန်းရို ဝင်လာသည်ကို စောစောကတည်းက သတိထားမိပြီး အမြဲတမ်း ကြည့်နေခဲ့ရာ ကျန်းရို ရောက်လာမှသာ ပြုံး၍ နှုတ်ဆက်လေသည်။
"မြန်မြန်လာထိုင်။ တို့လည်း အခုမှ ရောက်တာ။ မင်း ဘာသောက်ရတာ ကြိုက်လဲမသိလို့ သကြားထည့်ထားတဲ့ ကော်ဖီတစ်ခွက် မှာထားပေးလိုက်တယ်"
ကျန်းရိုက ခေါင်းညိတ်လိုက်သည်။
"ရပါတယ်"
ကျန်းရို ထိုင်ပြီးနောက် ကျောက်ယွင်က တံခါးဝရှိ လီရှင်းနှင့် အန်းအန်းတို့ကို တစ်ချက်ကြည့်ကာ ပြုံးလျက် ပြောလေသည်။
"မင်းရဲ့ ညီမက တကယ်ကို ကြီးလာလေ ပိုလှလာလေပဲနော်။ ဒီနှစ် အလယ်တန်းဝင်ခွင့်စာမေးပွဲ ဖြေပြီးပြီမလား။ ရလဒ်တွေ ဘယ်လိုနေလဲ"
ကျန်းရိုက ပြုံးလျက် ပြောလိုက်သည်။
"တော်တော်လေး ကောင်းပါတယ်"
"အဲ့ဒါဆိုရင် ကောင်းတာပေါ့။ မနှစ်က တို့ မင်းကို ပြောဖူးတာ မှတ်မိသေးလား။ တက္ကသိုလ်ကျောင်းခွဲက မဆိုးဘူးလေ။ တို့သူငယ်ချင်းက အဲ့ဒီမှာ စာသင်နေတာ။ တို့အဖေကလည်း အရင်တုန်းက အဲ့ဒီကျောင်းက ဆရာပဲ။ ဒါပေမဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အငြိမ်းစားယူသွားပြီ။ မင်းရဲ့ ညီမသာ အမှတ်ကောင်းရင် ဝင်ရတာ မခက်လောက်ပါဘူး"
ကျောက်ယွင်၏ ဤစကားမှာ အလွန်ပွင့်လင်းလှပြီဖြစ်သည်။
ကျန်းရိုကလည်း အရူးမဟုတ်ပေ။ ခရိုင်မြို့ရှိ အမှတ် (၁) အလယ်တန်းကျောင်း၏ သင်ကြားရေးအရည်အသွေး မည်မျှပင် ကောင်းမွန်စေကာမူ ဤဘက်နှင့် နှိုင်းယှဉ်၍မရနိုင်ပေ။ ထို့အပြင် လီရှင်းမှာ ကြီးလာလေ ပိုလှလာလေဖြစ်ရာ သူမကို ခရိုင်မြို့တွင် တစ်ယောက်တည်း ထားခဲ့ရမည်ကို ကျန်းရို အနည်းနှင့်အများ စိတ်မချဖြစ်မိလေသည်။
သူမသည် လီရှင်း၏ အုပ်ထိန်းသူအဖြစ် ဆောင်ရွက်ရန် ရွေးချယ်ခဲ့ပြီးမှတော့ ထိုက်တန်သော တာဝန်များကို ထမ်းဆောင်ရမည်ဖြစ်ပြီး တတ်နိုင်သမျှ သူမကို ကောင်းမွန်သောအရာများ ပေးစွမ်းရမည်ဖြစ်သည်။
စဉ်းစားပြီးနောက် ပြောလိုက်လေသည်။
"တက္ကသိုလ်ကျောင်းခွဲကို ဝင်ရမယ့် လုပ်ငန်းစဉ်က ဘယ်လိုမျိုးလဲဟင်။ ကျွန်မညီမရဲ့ ဒီနှစ် စာမေးပွဲအမှတ်က မဆိုးဘူး။ ခရိုင်တစ်ခုလုံးမှာ တတိယရတယ်။ စုစုပေါင်းအမှတ် ခုနစ်ရာ့ငါးဆယ်မှာ သူက ခုနစ်ရာ့တစ်ဆယ့်ခြောက်မှတ် ရတယ်"
ကျောက်ယွင်က ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
"အဲ့ဒါက တကယ်ကို အရမ်းကောင်းနေပြီပဲ။ ဒီအမှတ်နဲ့ဆိုရင် တို့မရှိရင်တောင် သူ ဝင်လို့ရပါတယ်။ လုပ်ထုံးလုပ်နည်းလေး နည်းနည်း ရှုပ်ထွေးရုံပါပဲ။ မင်းသာ တို့ကို ယုံကြည်တယ်ဆိုရင် နောက်ရက်အနည်းငယ်နေရင် တို့ သူ့ကိုခေါ်ပြီး ကျောင်းမှာ မေးခွန်းစာရွက် တချို့ ဖြေခိုင်းကြည့်မယ်"
ကျန်းရိုက တုံ့ဆိုင်းနေပြီးမှ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့။ ဒါဆို အစ်မကို ဒုက္ခပေးရတော့မယ်"
ထိုစဉ်မှာပင် စားပွဲထိုးက ဟင်းများလာချပေးလေသည်။ ကျောက်ယွင်သည် သပ်ရပ်လှပသော ဟင်းလျာ ငါးပွဲကို မှာထားရာ အလွန်လှပသော်လည်း ပမာဏမှာ သိပ်မများလှပေ။
ကျန်းရို စောစောက လီရှင်းနှင့် အန်းအန်းတို့အတွက် ကိတ်မုန့်နှင့် အအေးများ မှာစဉ်ကတည်းက ဤဆိုင်မှ ပစ္စည်းများမှာ အလွန်ဈေးကြီးကြောင်းကို သတိထားမိခဲ့လေသည်။
ချန်ရုန်၏မိသားစုမှာ အတော်လေး ချမ်းသာမည်ဟု စိတ်ထဲတွင် မနေနိုင်ဘဲ တွေးမိလိုက်လေသည်။
ကျောက်ယွင်က တူကို မကိုင်သေးဘဲ ကော်ဖီကို ကောက်ကိုင်ကာ တစ်ငုံသောက်လိုက်ပြီးမှ စကားစလေသည်။
"အစ်မလည်း ညီမကို ဟန်ဆောင်မနေတော့ပါဘူး။ ရင်းရင်းနှီးနှီးပဲပြောကြတာပေါ့။ ဒီနေ့ ညီမကို ထမင်းစားဖို့ ဖိတ်ရတဲ့ အဓိကအကြောင်းရင်းက အစ်မယောက်ျားရဲ့ကိစ္စကို မေးချင်လို့ပါ။ ဒီရက်ပိုင်းအတွင်း သူ့ကို အမြဲတမ်း မတွေ့ရဘူး။ လီရှောင်းက နေ့တိုင်း အပြင်မှာ သွားလာနေတော့ အစ်မထက် ပိုသိလောက်မယ်လို့ ထင်လို့ပါ။ လီရှောင်းက ညီမကို သူ့အကြောင်းတွေ ပြောပြဖူးလား"
ကျောက်ယွင်က ဤမျှ တိုက်ရိုက်မေးလာမည်ဟု ကျန်းရို မထင်ထားခဲ့သဖြင့် ခေါင်းမော့ကာ သူမကို တစ်ချက်ကြည့်လိုက်လေသည်။
ကျောက်ယွင်က ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး။ ညီမ တိုက်ရိုက်ပဲ ပြောလိုက်ပါ။ သူ အပြင်မှာ တခြားမိန်းမရှိနေတယ်ဆိုတာကို အစ်မ စောစောကတည်းက သိထားပါတယ်။ ဒါပေမဲ့ လတ်တလော နည်းနည်း ထူးခြားနေလို့ပါ။ အိမ်ပြန်မလာတာ ခဏခဏဖြစ်နေလို့ အစ်မ မနေနိုင်တော့ဘဲ လာမေးရတာပါ"
ကျန်းရို မည်သို့ စကားစရမည်မှန်းမသိဘဲ နှုတ်ခမ်းကို စေ့လိုက်ကာ တုံ့ဆိုင်းစွာဖြင့် ပြောလိုက်လေသည်။
"ကျွန်မ ပြီးခဲ့တဲ့တစ်ခေါက် လီရှောင်းနဲ့ ဆေးရုံသွားတုန်းက မန်နေဂျာချန်က မိန်းမတစ်ယောက်ကိုခေါ်ပြီး ဆေးရုံလာတာကို တွေ့ခဲ့တယ်"
ထိုစကားကို ကြားသောအခါ ကျောက်ယွင်၏မျက်နှာမှာ အနည်းငယ် ဖြူရော်သွားလေသည်။
ကျန်းရိုက နောက်ထပ်ပြောမည့်စကားမှာ အနည်းငယ် ရက်စက်လွန်းသည်ဟု ခံစားရသဖြင့် အသံကိုနှိမ့်ကာ ပြောလိုက်လေသည်။
"လီရှောင်း ပြောတာတော့ အဲ့ဒီမိန်းမဗိုက်ထဲမှာ စစ်ကြည့်တာက ယောကျ်ားလေးတဲ့"
မျက်နှာချင်းဆိုင်ရှိ ကျောက်ယွင်၏ ခွက်ကိုကိုင်ထားသော လက်မှာ အနည်းငယ် တုန်ယင်သွားပြီး ခွက်ကို စားပွဲပေါ်သို့ ဝုန်းခနဲ ချလိုက်ကာ လက်ကို လက်သီးဆုပ်အဖြစ် တင်းကြပ်စွာ ဆုပ်ထားလေသည်။
သူမက နှုတ်ခမ်းကို အားကုန်ကိုက်ထားရာ လည်ပင်းမှ သွေးကြောများပင် ဖောင်းတက်လာပြီး အသက်ရှူသံများ မြန်ဆန်နေလေသည်။
အချိန်အတော်ကြာသည်အထိ စကားမပြောဘဲ စားပွဲပေါ်ရှိ လေထုမှာ အနည်းငယ် တင်းမာနေလေသည်။ ကျန်းရိုသည် မဝေးလှသောနေရာမှ အန်းအန်း၏ ကလေးသံလေးဖြင့် စကားပြောသံကို ကြားနေရပြီး ဘာပြောလိုက်သည်မသိ။ သူမဘာသာ တခစ်ခစ် ပြုံးရယ်နေလေသည်။
ရယ်သံလေးမှာ အပြစ်ကင်းစင်ကာ ချစ်စရာကောင်းလှသည်။
ကျောက်ယွင်မှာ ထိုရယ်သံလေး ကူးစက်သွားပုံရကာ လူမှာ တဖြည်းဖြည်း သတိပြန်ဝင်လာလေသည်။ သို့သော် မျက်လုံးများမှာ အနည်းငယ် နီရဲနေပြီး သူမက အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ကာ ခေါင်းလှည့်၍ လက်ကိုမြှောက်ကာ မျက်လုံးကို အလျင်အမြန် သုတ်လိုက်ပြီး အပြုံးတစ်ခုကို အတင်းဖန်တီးလိုက်လေသည်။
"ရယ်စရာ ဖြစ်သွားပြီပဲ"
ကျန်းရိုက ခေါင်းခါပြလိုက်သည်။
ကျောက်ယွင်က အန်းအန်းရှိရာဘက်သို့ ကြည့်လိုက်ပြီး ဘာကို သတိရသွားသည်မသိ။ ရုတ်တရက် ပြောလိုက်လေသည်။
"အစတုန်းက သူ အပြင်မှာ ဖောက်ပြန်နေတယ်ဆိုတာကို သိလိုက်ရတော့ ကောင်းကင်ကြီး တစ်ခုလုံး ပြိုကျသွားသလို ခံစားလိုက်ရတယ်။ နောက်ပိုင်းကျတော့ အဲ့ဒီအကြောင်းရင်းက ပိုက်ဆံကြောင့်လို့ အစ်မ သတ်မှတ်လိုက်တယ်။ အရင်တုန်းက ပိုက်ဆံမရှိချိန်မှာ အစ်မတို့ မိသားစုလေးယောက် သာမန်လေးနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ကြတယ်။ ပိုက်ဆံက အစ်မရဲ့မိသားစုကို ဖျက်ဆီးပစ်လိုက်တာပါ။ ဒါပေမဲ့ ချန်ရုန်က အတိတ်က ဆင်းရဲတဲ့နေ့ရက်တွေကို ပြန်မသွားနိုင်သလို အစ်မကိုယ်တိုင်လည်း ပြန်မသွားနိုင်ဘူးဆိုတာကို အစ်မ နားလည်ထားတယ်။ ဒါကြောင့် သည်းခံဖို့ပဲ အစ်မ ရွေးချယ်ခဲ့တာပါ"
"သူက အရင်တုန်းက သမီးလေးက အကောင်းဆုံးပဲ။ သူက သမီးမိန်းကလေးပဲ သဘောကျတယ်လို့ ပြောခဲ့တာ။ ဒါပေမဲ့ အခုတော့။ တကယ်ကို ရယ်စရာကောင်းလိုက်တာ......"
ကျောက်ယွင်က အိတ်ကိုကိုင်ကာ မတ်တတ်ရပ်လိုက်လေသည်။
"ဒီနေ့အတွက် ကျေးဇူးတင်ပါတယ်။ ညီမလေးရဲ့ ညီမကိစ္စကို အစ်မ သေချာဖြေရှင်းပေးပါ့မယ်"
လူက အပြင်ဘက်သို့ လျှောက်သွားပြီး ခြေလှမ်းအနည်းငယ်အကွာတွင် ရုတ်တရက် ခေါင်းလှည့်လာကာ ခေတ္တရပ်တန့်၍ ပြောလေသည်။
"စေတနာနဲ့ သတိပေးလိုက်မယ်။ ကိုယ့်ယောက်ျားကို သေချာစောင့်ကြည့်ထား။ အခုတော့ ကောင်းနေပေမဲ့ နောက်ပိုင်းကျရင်တော့ တကယ် မသေချာဘူး"
ကျန်းရိုက သူမကို ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ကဲ့ပါ"
ကျောက်ယွင် ထွက်သွားလေသည်။ သူမ၏ကျောပြင်ကို မတ်မတ်ထားလျက်ပင်။
....
ကျောက်ယွင်ထွက်သွားပြီးနောက် ကျန်းရိုက လီရှင်းကို လက်ယပ်ခေါ်ကာ အန်းအန်းကိုပါ ခေါ်လာရန် ပြလိုက်သည်။ ဟင်းများကို တစ်လုတ်မျှ မစားရသေးသဖြင့် အလေအလွင့် မဖြစ်စေချင်ပေ။
လီရှင်းက အန်းအန်းကို ချီကာ ရောက်လာရာ ကလေးမလေးမှာ စားထားသဖြင့် ပါးစပ်တစ်ဝိုက်တွင် မည်းနေလေသည်။
ကျန်းရိုက သူမကို လွှဲယူလိုက်ပြီး အမဲသားကို လှီးကာ သူမကို ခွံ့ကျွေးလေသည်။
လီရှင်းက ပြန်လှည့်သွားကာ စားမကုန်သေးသော ကိတ်မုန့်နှင့် အအေးများကို ယူလာပြီးနောက် ကျန်းရို၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်လေသည်။
"အစ်မ စောစောက ဒေါ်လေးက ဘာမှမဖြစ်ဘူးမလား"
သူမ အစတုန်းက စူပါမားကတ်တွင် ထိုလူနှင့်ဆုံခဲ့ပြီး တစ်ဖက်လူက သူမကို နောက်ပြောင်ခဲ့သည်ကို မှတ်မိနေသေးသည်။ ထိုလူမှာ ဒေါသထွက်လွယ်သူ မဟုတ်ဘဲ သူမ ပေါ့ပေါ့ဆဆ လုပ်မိသည်ကိုပင် ဘာမျှမပြောဘဲ ပြန်၍ပင် နှစ်သိမ့်ပေးခဲ့သေးလေသည်။
အခြားသူများ၏ စေတနာကို အနည်းငယ်မျှပင် ဖြစ်စေကာမူ လီရှင်းက စိတ်ထဲတွင် မှတ်သားထားတတ်လေသည်။
ကျန်းရိုက မူလက မပြောပြချင်သော်လည်း ခေါင်းမော့လိုက်ရာ သူမ၏ လှပသန့်စင်သော မျက်နှာလေးကို မြင်လိုက်ရသဖြင့် စဉ်းစားပြီးနောက် ကျောက်ယွင်ကြုံတွေ့ခဲ့ရသော ကိစ္စများကို ပြောပြလိုက်လေသည်။
လီရှင်းက ကြားပြီးနောက် ရွံရှာသောမျက်နှာထားဖြင့် ပြောလိုက်လေသည်။
"သူ့ယောက်ျားက အရမ်းရွံစရာကောင်းတာပဲ။ ယောက်ျားတွေက ကောင်းတဲ့ကောင်တွေ မဟုတ်ဘူး"
ပြောပြီးနောက် တစ်ခုခုကို သတိရသွားပုံရကာ။
"ခဲအိုကလွဲရင်ပေါ့"
ကျန်းရို ရယ်မောလိုက်ပြီး သူမ ထိုသို့ပြောမည်ကို သိထားပြီးဖြစ်သည်။
"ပြဿနာကို ဒီလို မကြည့်ရဘူးလေ။ မကောင်းတဲ့ မိန်းမတွေလည်း အများကြီး ရှိတာပဲ။ အစ်မ နင့်ကို ဒါတွေပြောပြတာက နင့်ကို သတိထားစေချင်လို့။ နောက်ကြရင် ရည်းစားရှာတဲ့အခါ မျက်စိရှင်ရှင်ထားဖို့ပဲ။ နင့်အပေါ် ကောင်းတာတစ်ခုတည်းကိုပဲ တစ်ခုတည်းသော စံနှုန်းအဖြစ် မသတ်မှတ်နဲ့။ သူက နင့်အပေါ် ကောင်းသလို သူများအပေါ်လည်း ကောင်းနိုင်တာပဲ။ လူတစ်ယောက်ရဲ့ စိတ်နေသဘောထားကို ပထမနေရာမှာထားပြီး လူတွေနဲ့ ဆက်ဆံတဲ့နေရာမှာ သေချာအကဲခတ်ရမယ်။ တကယ်လို့ ရွေးမှားသွားခဲ့ရင်လည်း မကြောက်နဲ့။ အချိန်မီ ရုန်းထွက်လိုက်။ ကျန်နေတဲ့ အချိန်တွေကို လူမှားအပေါ်မှာ မဖြုန်းတီးပစ်နဲ့"
လီရှင်းက တစ်ခုခုကို တွေးတောနေဟန်ဖြင့် ခေါင်းညိတ်လိုက်လေသည်။
.....
ကျန်းရိုက အန်းအန်း ယခုအခါ စကားပြော ပို၍လည်လာသည်ကို မြင်သောအခါ သူမကို ဘာသင်ပေးရမည်မသိသဖြင့် နေ့စဉ် ထန်ခေတ်ကဗျာတစ်ပုဒ် ကျက်မှတ်ရန် သင်ပေးလိုက်လေသည်။ ကလေးမလေးမှာ မှတ်ဉာဏ်အလွန်ကောင်းပြီး စာမတတ်သေးသော်လည်း ကျန်းရိုက နှစ်ခေါက်ခန့် သင်ပေးလိုက်လျှင် သူမ မှတ်မိနေပြီဖြစ်သည်။
နောက်နှစ် ဤအချိန်လောက်တွင် သူမ သူငယ်တန်း တက်ရတော့မည်ဖြစ်ရာ ရိုးရှင်းသော အင်္ဂလိပ်စာ အချို့ကိုပါ တစ်ပါတည်း သင်ပေးရန် ကျန်းရို တွေးလိုက်လေသည်။
ကလေးမလေးက လိမ်မာစွာဖြင့် လိုက်ဖတ်ပြီး တတ်သွားသောအခါ သူမ၏အဖေကိုပါ သွားရောက် ကြွားလုံးထုတ်လေသည်။
လီရှောင်းသည် ယခင်က ကျန်းရိုနှင့်အတူ အင်္ဂလိပ်စာ သင်ယူခဲ့သော်လည်း နောက်ပိုင်းတွင် အလွန်အလုပ်များသွားသဖြင့် ဆက်မသင်ဖြစ်တော့ပေ။ ထို့အပြင် သူသည် မျက်နှာပန်းလှချင်သူဖြစ်ရာ ကျန်းရို၏ရှေ့တွင် ထုတ်ပြောရန် ရှက်ရွံ့နေလေသည်။
အင်္ဂလိပ်စာသည် မည်သို့ပင်ဖြစ်စေ စကားပြောဘာသာရပ်တစ်ခုဖြစ်ရာ နှုတ်မှ ပြောမထွက်ပါက သင်ယူ၍လည်း အလကားပင်ဖြစ်သဖြင့် ရလဒ်မှာ သိပ်မကောင်းလှပေ။
သို့သော် အန်းအန်းမှာ သူ့ကဲ့သို့ မဟုတ်ပေ။ သူမသည် မွေးရာပါစရိုက်အရ အနည်းငယ် ရှက်တတ်သော်လည်း ကျန်းရိုက သေချာသင်ပေးထားသဖြင့် ယခုအခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော ကလေးငယ်တစ်ဦးဟု ဆိုနိုင်လေသည်။ ကျန်းရိုက သူမကို လိုက်ဖတ်ခိုင်းရာ အသံထွက်မမှန်လျှင်တောင် အလွန်အလေးအနက်ထား၍ ဖတ်ပြပြီး စကားလုံးအသစ်များ သင်ယူရသောအခါ ဒေါ်လေးနှင့် သူမ၏အဖေကို သွားပြောပြလေသည်။
နေ့စဉ် လီရှောင်း ပြန်လာသောအခါ သူမက သူ့ကိုဆွဲကာ ကဗျာရွတ်ပြပြီး သူမ နေ့ခင်းဘက်က ဆွဲထားသော ပန်းချီကားများကို သူ့အား ပြသလေသည်။
အဖြူရောင် လေ့ကျင့်ခန်းစာရွက်ပေါ်တွင် ထူးဆန်းသော ရုပ်ရည်ရှိသည့် မေမေ၊ စကတ်ဝတ်ထားသော ဒေါ်လေး၊ သူတို့နှစ်ဦးကြားတွင် သူမကို ဆွဲထားပြီး ပါပါးကမူ ညာဘက်အပေါ်ထောင့် ကောင်းကင်ယံတွင် ပျံသန်းနေလေသည်။
ဘာကြောင့်လဲဟု မေးသောအခါ သူမက ပါပါးက စူပါမင်းဖြစ်သည်ဟု ဆိုလေသည်။
လီရှောင်းမှာ ဝမ်းသာချိန်ပင် မရလိုက်ပေ။
ကျန်းရိုက အားနာခြင်းအလျဉ်းမရှိဘဲ ဖောက်ခွဲလိုက်လေသည်။
"တကယ်တော့ ဆွဲစရာနေရာ မရှိတော့လို့ပါ"
ကလေးမလေးက ခေါင်းမော့ကာ သူမ၏အဖေကို ချိုသာစွာ ပြုံးပြလိုက်လေသည်။
"ပါပါး စိတ်မဆိုးနဲ့နော်။ အန်းအန်း ပြန်ဆွဲပေးမယ်"
ပြောပြီးနောက် အခန်းထဲသို့သွားကာ ခဲတံယူလာပြီး စာရွက်ကျောဘက်တွင် လီရှောင်းအတွက် အသစ်တစ်ပုံ ပြန်ဆွဲပေးလေသည်။ ဘေးတွင် ကျန်းရိုကိုပါ ဆွဲပေးထားပြီး ကျန်းရို၏ ခေါင်းပေါ်တွင် ပန်းပွင့်များစွာ ဆွဲပေးထားကာ ပါးစပ်မှလည်း ကလေးသံလေးဖြင့် "ပါပါးနဲ့ မာမား လက်ထပ်ပြီ" ဟု ရေရွတ်နေလေသည်။
ညဘက်တွင် လီရှောင်းက သမီးလေးဆွဲထားသော ပန်းချီကားကို သေချာစွာ ခေါက်သိမ်းထားလိုက်လေသည်။
ကျန်းရိုသည် ဤမြင်ကွင်းကို မြင်တွေ့ရသည်မှာ အကျင့်ပါနေပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ လီရှောင်း၏ မျက်လုံးထဲတွင် အန်းအန်း ဘာလုပ်လုပ် အကောင်းဆုံးချည်းသာ ဖြစ်လေသည်။
ယခင်က ကျောက်ယွင် သူမကို လီရှောင်းအား သေချာစောင့်ကြည့်ရန် သတိပေးခဲ့စဉ်က သေချာကြည့်ထားလည်း အလကားပင်ဖြစ်မည်ဟု သူမ တွေးခဲ့မိသည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ လုံးဝ ကိုယ်ပိုင်အသိတရားအပေါ်၌သာ မူတည်လေသည်။ သူမ၏အတွေးများမှာ အမြဲတမ်း ရှင်းလင်းနေပြီး မူဝါဒပိုင်းဆိုင်ရာ အမှားမျိုး ကျူးလွန်ပါက အချိန်မီ အဆုံးသတ်လိုက်မည်ဖြစ်သည်။
သူမသည် ယခင်က ကျောက်ယွင်ကို အတော်လေး နားမလည်နိုင်ခဲ့ပေ။ ကွာရှင်းမပြတ်စဲဘဲ မိမိကိုယ်ကိုယ် ရွံရှာခံနေရန် မလိုအပ်ဟု တွေးခဲ့မိသည်။ သို့သော် ယခုအခါတွင် ကျောက်ယွင်သည် ပိုက်ဆံကြောင့်သာမကဘဲ ချန်ရုန်အပေါ် သံယောဇဉ်ရှိနေသေး၍ သူ မိသားစုထံ ပြန်လာနိုင်မည်ဟု မျှော်လင့်နေခြင်းလည်း ဖြစ်နိုင်ကြောင်း သူမ တွေးမိလေသည်။
ယခုအချိန်နှင့်ဆိုလျှင် သူမနှင့် လီရှောင်းတို့ကို ကွာရှင်းခိုင်းပါက သူမ၏စိတ်ထဲတွင် နှမြောနေမိမည်ဖြစ်သည်။ သူက ကလေးနှင့် သူမကို စိတ်ထဲတွင်ထားရှိသော ပုံစံမျိုးကို နှမြောနေမိပြီး ဤကဲ့သို့ အချစ်ခံရ၊ အကြင်နာခံရသည့် ခံစားချက်မျိုးက တကယ်ပင် လူကို စွဲလမ်းစေလေသည်။
လီရှောင်း ကုတင်ပေါ်သို့ ပြန်ရောက်သောအခါ ကျန်းရိုကို ဖက်ထားပြီး လီရှင်း ကျောင်းတက်ရမည့်နေ့မှာ ဘယ်နေ့လဲဆိုတာ မေးလေသည်။
အန်းအန်းမှာ အထဲတွင် အိပ်ပျော်နေပြီဖြစ်ရာ ကျန်းရိုက တိုးတိုးလေး ပြောလိုက်လေသည်။
"သူတို့က စစ်သင်တန်း ရက်သုံးဆယ် တက်ရမယ်။ ဩဂုတ်လ နှစ်ဆယ်ရက်နေ့ သွားရမှာ"
"အင်း။ အဲ့ဒီနေ့ကျရင် ကိုယ် အချိန်လုပြီး မင်းတို့ကို ကားနဲ့ လိုက်ပို့ပေးမယ်"
ကျန်းရိုက သူ့ရင်ခွင်ထဲတွင် သက်တောင့်သက်သာရှိသော အနေအထားတစ်ခုကို ရှာယူလိုက်လေသည်။
"ကောင်းပြီလေ။ ကျွန်မတို့ အဲ့ဒီအနားက သူငယ်တန်းကျောင်းကိုပါ တစ်ခါတည်း ဝင်ကြည့်ရအောင်။ အထဲက အဆောက်အအုံတွေ မဆိုးဘူးလို့ ကြားတယ်။ နောက်နှစ်ဆိုရင် ကျွန်မတို့ အန်းအန်းလည်း ကျောင်းတက်ရတော့မှာလေ"
ထိုစကားကို ကြားသောအခါ လီရှောင်း၏စိတ်ထဲတွင် အနည်းငယ် ခံစားရခက်သွားလေသည်။
"ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ကြီးလာရတာလဲ။ အခုမှ မွေးခါစလေးလိုပဲ ခံစားရသေးတယ်"
ကျန်းရို ကြားသောအခါ ရယ်ချင်သွားလေသည်။
"ရှင့်ကို ပါပါးလို့ ခေါ်နေတာတောင် ဒီလောက်ကြာနေပြီကို။ အခုမှ မွေးခါစ ဟုတ်လား"
လီရှောင်းမှာ ရယ်၍မထွက်နိုင်တော့ဘဲ ခေါင်းလှည့်ကာ အတွင်းဘက်တွင် ဘေးတစောင်းအိပ်နေသော ကျောပြင်သေးသေးလေးကို တစ်ချက်ကြည့်လိုက်ပြီး မနေနိုင်ဘဲ လက်လှမ်းကာ သူမ၏ကျောပြင်ကို အသာလေး ထိုးလိုက်လေသည်။
ကျန်းရို တားဆီးရန်ပင် အချိန်မမီလိုက်တော့ဘဲ ကလေးမလေးက နှစ်ချက်ခန့် ညည်းတွားပြီးနောက် ရုတ်တရက် ထိုင်ရက်ဖြစ်သွားသည်ကို ကြားလိုက်ရလေသည်။ ထို့နောက် အူကြောင်ကြောင် မျက်နှာလေးဖြင့် ခေါင်းလှည့်ကြည့်ကာ ပါးစပ်မှလည်း ပီပီသသမရှိဘဲ "မာမား" ဟု အော်ခေါ်လေသည်။
ကျန်းရိုမှာ ဒေါသထွက်လွန်း၍ လူကို တိုက်ရိုက်ပင် တွန်းထုတ်လိုက်လေသည်။
လီရှောင်းက အရှက်ရစွာဖြင့် နှာခေါင်းကို ပွတ်သပ်လိုက်လေသည်။
"သူ ဒီလောက်မြန်မြန် နိုးလာလိမ့်မယ်လို့ ကိုယ်လည်း မထင်ထားဘူးလေ"
ကျန်းရိုက သူ့ကို အဖက်လုပ်ရန်ပင် ပျင်းရိနေလေသည်။ အန်းအန်း ညဘက်အိပ်ရာဝင်လျှင် အများအားဖြင့် သူမကသာ ချော့သိပ်ရခြင်းဖြစ်ရာ အစပိုင်းတွင် အိပ်ပျော်သွားလျှင်တောင် အလွယ်တကူ နိုးလာနိုင်ကြောင်း သူမ စိတ်ထဲတွင် ရှင်းလင်းစွာ သိထားလေသည်။
သူ့ဗိုက်ပေါ်မှ တိုက်ရိုက်ပင် ခြေတစ်လှမ်း ကျော်ခွလိုက်ပြီး အတွင်းဘက်ရှိ အန်းအန်းကိုချီကာ လှဲအိပ်၍ တခါပြန်လည် ချော့သိပ်လေတော့သည်။
လီရှောင်းမှာ အနင်းခံရသဖြင့် အံကြိတ်သွားရသော်လည်း အသံမထွက်ရဲပေ။
ခေတ္တမျှ အိပ်ထားသဖြင့် ကလေးမလေးမှာ အလွန်တက်ကြွနေပြီး ညသန်းခေါင်ရောက်မှသာ အိပ်ပျော်သွားလေတော့သည်။
.....
ဩဂုတ်လ နှစ်ဆယ်ရက်နေ့တွင် လီရှောင်းသည် ဗင်ကားကိုမောင်းကာ မိသားစုတစ်စုလုံးကိုခေါ်၍ တက္ကသိုလ်ကျောင်းခွဲသို့ သွားလေသည်။
ကျောင်းခွဲတံခါးဝတွင် မိဘများနှင့် ကျောင်းသားသစ် အများအပြား ရောက်ရှိနေကြပြီဖြစ်သည်။ ကျန်းရိုသည် ကလေးကိုချီကာ ကားပေါ်မှဆင်းလာပြီးနောက် ကျောက်ယွင်ကိုပါ မြင်တွေ့လိုက်ရသည်။ ကျောက်ယွင်၏ဘေးတွင် သမီးနှစ်ယောက်နှင့် အရပ်ရှည်ရှည် ကောင်လေးတစ်ယောက် ရပ်နေလေသည်။
ထိုကောင်လေးကို ကျန်းရို မြင်ဖူးသည်။ ချန်ရုန်၏ အစ်မကြီးနှင့် ခင်ပွန်းဟောင်းတို့၏ ကလေးဖြစ်ပြီး ယခုနှစ်တွင် အထက်တန်းနောက်ဆုံးနှစ် ဖြစ်လောက်မည်ဖြစ်သည်။
ကျောက်ယွင်ကလည်း ကျန်းရိုတို့ မိသားစုကို မြင်သွားပြီး ချက်ချင်းပင် လျှောက်လာခဲ့ပြီး အနီးသို့ရောက်သောအခါ ပြုံး၍ နှုတ်ဆက်လေသည်။
"ဘယ်လိုဖြစ်လို့ မိသားစု တစ်စုလုံး ရောက်လာကြတာလဲ"
ကျန်းရိုက ပြုံးလိုက်သည်။
"ဘာတွေယူလာရမလဲ မသိတာနဲ့ပဲ ခပ်များများ ယူလာလိုက်တာပါ"
ကျောက်ယွင်သည် လီရှောင်းက ကားပေါ်မှ စောင်နှင့် အခြားပစ္စည်းများကို ချနေသည်ကို မြင်သောအခါ စိတ်ထဲတွင် အနည်းငယ် အားကျသွားမိသည်။ သူမ၏ယောက်ျား အရင်တုန်းကဆိုလျှင်ပင် လီရှောင်းကဲ့သို့ ဤမျှ ဂရုစိုက်မှု မရှိခဲ့ပေ။ ကလေးကို ကျောင်းလိုက်ပို့ရန်အတွက် လက်ထဲရှိ ကိစ္စများကို ချထားခဲ့ခြင်းဖြစ်ပြီး။ ထိုကလေးမှာ အခြားသူမဟုတ်ဘဲ ခယ်မလေးသာ ဖြစ်နေသေးသည် မဟုတ်ပါလား။
သူမက ကျန်းရိုအား ပြောလိုက်လေသည်။
"ကလေးကို အရင် စာရင်းသွားသွင်းခိုင်းလိုက်။ ဆရာတွေက တံခါးဝမှာပဲ ရှိတယ်။ ပိုက်ဆံသွင်းပြီး အဆောင်နံပါတ် ယူပြီးတာနဲ့ တန်းသွားလို့ရပြီ။ စောစောသွားလုပ်ရင် ကုတင်နေရာကောင်းလေး ရနိုင်သေးတယ်"
ကျန်းရိုက ခေါင်းညိတ်လိုက်ပြီး လီရှင်းကို အရင်စာရင်းသွားသွင်းခိုင်းကာ သူမနှင့် လီရှောင်းက အနောက်မှ ပစ္စည်းများကို ယူလာခဲ့ကြသည်။
လီရှင်းက အလျင်အမြန်ပင် တံခါးဝရှိရာသို့ လျှောက်သွားလေသည်။
ကျောက်ယွင်၏ဘေးတွင် ရပ်နေသော ကောင်လေးက လီရှင်းရှိရာသို့ ကိုယ်တိုင်ကိုယ်ကျ လျှောက်သွားကာ သူမကို စာရင်းသွင်းရန် ခေါ်သွားလေသည်။
ကျန်းရိုနှင့် လီရှောင်းတို့က ကားထဲမှ ဇလုံ၊ ရေနွေးပုလင်း အစရှိသော ပစ္စည်းများကို ထုတ်ယူနေစဉ် ကျောက်ယွင်က မြင်သွားပြီး ရယ်မောလိုက်လေသည်။
"တကယ် အများကြီး ယူလာတာပဲနော်။ အစ်မ သမီးကြီးလည်း ဒီနှစ် အထက်တန်းပထမနှစ် တက်ရမှာလေ။ အစ်မ သူ့ကိုခေါ်ပြီး သွားဝယ်ပေးမလို့ပဲ။ ဒါနဲ့ ခဏနေရင် အတူတူ ထမင်းသွားစားကြရအောင်"
ကျန်းရိုက ပြုံးလျက် ပြန်ဖြေလိုက်သည်။
"ဒါတွေက အိမ်မှာ ရှိနေတော့ ပိုက်ဆံအကုန်ခံပြီး မဝယ်ချင်တော့လို့ပါ"
ထို့နောက် ထပ်ပြောလိုက်လေသည်။
"ခဏနေရင် ကျွန်မတို့ အန်းအန်းကိုခေါ်ပြီး အနီးအနားက သူငယ်တန်းကျောင်းကို ဝင်ကြည့်မလို့ ပြင်ထားတာ။ နောက်နှစ်ဆိုရင် သူလည်း ကျောင်းတက်ရတော့မှာမို့ပါ။ နောက်တစ်ခါမှပဲ စားကြတာပေါ့"
ကျောက်ယွင်ကလည်း သဘောအရပြောခြင်းသာဖြစ်ပြီး တကယ် ထမင်းစားရမည်ဟု ဆိုလိုခြင်း မဟုတ်ပေ။
"အဲ့ဒါဆိုလည်း ရပါတယ်။ နောက်တစ်ခါ အားမှပဲ စားကြတာပေါ့"
သူတို့၏ ပစ္စည်းများ များနေသည်ကို မြင်သောအခါ သူမက ကိုယ်တိုင် ရှေ့တိုး၍ အနည်းငယ် ကူသယ်ပေးလေသည်။
ကျန်းရိုက ပြုံးလျက် ကျေးဇူးတင်စကား ပြောလိုက်သည်။ အန်းအန်းကို ကျန်းရိုက မြေကြီးပေါ်တွင် ချထားပေးရာ သူမ၏လက်က အမေဖြစ်သူ၏အင်္ကျီကို လိမ်မာစွာ ဆွဲထားပြီး ခေါင်းလှည့်၍ ကျေးဇူးတင်စကား လိုက်ပြောလေသည်။
ကျောက်ယွင်သည် လီရှောင်းက ကျန်းရို၏လက်ထဲမှ စာအုပ်များထည့်ထားသော ရေပုံးကို ယူလိုက်ပြီး ပေါ့ပါးသော တစ်ရှူးလိပ်အချို့ကိုသာ သူမအား ပေးကိုင်ထားသည်ကို သတိထားမိလိုက်သည်။
လွှဲပြောင်းယူနေချိန်တွင် ကျန်းရိုက လက်မြှောက်ကာ သူ့နဖူးပေါ်ရှိ ချွေးများကို သုတ်ပေးလိုက်ပြီးနောက် လက်ကို သူ့ရင်ဘတ်ပေါ်တွင် တစ်ချက်ပွတ်သုတ်လိုက်ရာ အမျိုးသားဖြစ်သူက ရယ်မောလိုက်ပြီး ကျန်းရိုလည်း ရယ်မောလေသည်။
တစ်ချက်ကြည့်ရုံဖြင့် သူတို့၏ သံယောဇဉ် အလွန်ကောင်းမွန်ကြောင်းကို လူတိုင်း သိနိုင်လေသည်။
ကျောက်ယွင်၏ဘေးရှိ သမီးငယ်လေးကလည်း မြင်သွားပြီး မနေနိုင်ဘဲ မေမေ့ကို တိုးတိုးလေး မေးလေသည်။
"ဘာလို့ ဖေဖေက မေမေ့ကို အဲ့လိုမပြုံးပြတာလဲဟင်"
ကျောက်ယွင်၏ရင်ထဲတွင် ချဉ်စူးနာကျင်သွားလေသည်။ ဤမေးခွန်းကို သူမ ပြန်မဖြေနိုင်ခဲ့ပေ။
တကယ်တော့ အရင်တုန်းကလည်း ပြုံးပြခဲ့ဖူးပါသည်။ သို့သော် လူအချို့က လျှောက်ရင်း လျှောက်ရင်းဖြင့် ကွဲကွာသွားခဲ့ခြင်းသာ ဖြစ်လေသည်။
....
ကျောင်းထဲသို့ ဝင်ပြီးနောက် အတန်ကြာ စောင့်ပြီးချိန်တွင် လီရှင်းက စစ်သင်တန်းဝတ်စုံနှင့် အဆောင်နံပါတ်ကို ရရှိခဲ့သည်။ မိန်းကလေးအဆောင် ၃၀၅ ဖြစ်လေသည်။
ထို့နောက် အဆောင်သို့ အတူတူ သွားခဲ့ကြသည်။ အဆောင်ထဲတွင် မိန်းကလေးတစ်ယောက် ရောက်နေပြီဖြစ်ပြီး တစ်ဖက်လူက ပြတင်းပေါက်နှင့်ကပ်လျက် အပေါ်ထပ်ကုတင်ကို ရွေးချယ်ထားရာ ကျန်းရိုက လီရှင်းကို အခြားတစ်ဖက်ရှိ အပေါ်ထပ်ကုတင်ကို ရွေးချယ်ခိုင်းလိုက်သည်။ အားလုံး ပြီးစီးလုနီးပါးဖြစ်သွားမှသာ ကျန်းရိုတို့ နှုတ်ဆက်ခဲ့ကြပြီး။ မထွက်ခွာမီ ကျန်းရိုက သူမအား နေလောင်ခံခရင်မ် လိမ်းရန် သတိပေးခဲ့သေးလေသည်။
လီရှင်းက အန်းအန်းကိုချီကာ ရယ်မောလိုက်ပြီးနောက် မခွဲခွာရက်စွာဖြင့် သူမ၏ မျက်နှာလေးကို အကြိမ်များစွာ နမ်းရှိုက်လိုက်လေသည်။
အန်းအန်းက တခစ်ခစ်ရယ်မောကာ မေမေရှိရာသို့ ပုန်းကွယ်သွားလေသည်။
လီရှောင်းက ကားမောင်း၍ ကျောက်ယွင်ကို အနီးရှိ စူပါမားကတ်သို့ လိုက်ပို့ပေးပြီးနောက် နှုတ်ဆက်ကာ ကားကိုပြန်ကွေ့၍ အနီးရှိ သူငယ်တန်းကျောင်းသို့ သွားလေသည်။
သူငယ်တန်းကျောင်းက ကျောင်းမဖွင့်သေးသဖြင့် ကျောင်းဝင်းထဲတွင် ဟာလာဟင်းလင်း ဖြစ်နေသော်လည်း။ သံပန်းတံခါးအပြင်ဘက်မှနေ၍ အထဲရှိ ကလေးသဘာဝ အငွေ့အသက်များ ပြည့်နှက်နေသော ပုံစံကို မြင်တွေ့နိုင်လေသည်။ မှိုပွင့်လေးပုံစံ စာသင်ခန်း၊ တံခါးဝရှိ ကျယ်ဝန်းသော နေရာတွင် ဆော့ကစားစရာ ကိရိယာများဖြစ်သည့် ဒန်း၊ လျှောစောက်၊ ဆီးဆော... စသည်တို့ အပြည့်ရှိနေလေသည်။
ကလေးမလေးမှာ ချက်ချင်းပင် ကြည့်ရင်း နစ်မျောသွားလေသည်။ သူမ၏ခန္ဓာကိုယ်မှာ သေးငယ်သဖြင့် လက်သေးသေးလေး နှစ်ဖက်ဖြင့် သံပန်းတံခါးကို တင်းကြပ်စွာ ဆွဲကိုင်ထားပြီး ခေါင်းကိုပါ အထဲသို့ သွင်း၍ ကြည့်နေလေသည်။ ကြည့်ရင်း ကြည့်ရင်းဖြင့် လူတစ်ကိုယ်လုံး အထဲသို့ ဝင်သွားလေတော့သည်။
"......"
ကျန်းရိုက ကြည့်ပြီး ရယ်မောလိုက်ကာ သူမကိုယ်တိုင်လည်း ကိုယ်ကိုစောင်း၍ အထဲသို့ တိုးဝင်လိုက်လေသည်။ သူမအတွက်မူ အနည်းငယ် ကျပ်နေသော်လည်း ကံကောင်းထောက်မစွာဖြင့် အဝတ်အစားများများ မဝတ်ထားသဖြင့် အားနည်းနည်းသုံးလိုက်ရုံဖြင့် ဝင်သွားနိုင်ခဲ့လေသည်။
လီရှောင်းအတွက်သာ အခက်တွေ့သွားလေသည်။ သူ စမ်းကြည့်သော်လည်း တကယ်ကို တိုးဝင်၍ မရနိုင်သဖြင့် နောက်ဆုံးတွင် သံပန်းတံခါးပေါ်သို့ တွယ်တက်၍ ခုန်ချလိုက်လေတော့သည်။
အန်းအန်း မြင်သွားသောအခါ 'ဝိုး' ဟု အသံထွက်သွားပြီး မျက်လုံးလေးများ တောက်ပစွာဖြင့် ချီးကျူးလေသည်။
"ပါပါး အရမ်းတော်တာပဲ"
လီရှောင်းက ဂုဏ်ဆာစွာဖြင့် လက်ခုပ်တီးလိုက်သေးသည်။
"အသေးအဖွဲလေးပါ"
ကျန်းရိုက အန်းအန်းကိုခေါ်ကာ လျှောစောက်နှင့် ဆီးဆောကို ခေတ္တမျှ ဆော့ကစားစေပြီးနောက် မေးလိုက်လေသည်။
"ဆော့လို့ ကောင်းလား။ နောက်နှစ်ကျရင် သမီးကို ဒီမှာ လာဆော့ဖို့ ပို့ပေးရမလား"
အန်းအန်းက စဉ်းစားပင်မစဉ်းစားဘဲ ပြောလိုက်လေသည်။
"မာမား ပါပါး အတူတူ"
ကျန်းရိုက သူမကို ချော့မော့ကာ ပြောလိုက်လေသည်။
"လိမ်မာတဲ့ ကလေးလေးတွေပဲ ဒီကို လာလို့ရတာလေ။ မာမားနဲ့ ပါပါးက အန်းအန်းလောက် မလိမ်မာတော့ လာလို့မရဘူး"
အန်းအန်းက မျက်မှောင်ကြုတ်ကာ စဉ်းစားလိုက်ပြီးနောက် ပြောလေသည်။
"အန်းအန်း ပိုပြီး လိမ်မာရင် မာမား လာလို့ရပြီပေါ့"
မဝေးလှသောနေရာမှ လီရှောင်းက ကြားသွားသောအခါ မနေနိုင်ဘဲ မေးလိုက်လေသည်။
"အဲ့ဒါဆို ပါပါးရော"
အန်းအန်းက အလွန်အလေးအနက်ထား၍ ပြောလိုက်လေသည်။
"ပါပါးက မာမားလောက် မလိမ်မာတော့ အန်းအန်း မကူညီနိုင်တော့ဘူး"
"......"
ကျန်းရိုသည် သူမ၏ အူကြောင်ကြောင်နှင့် အလေးအနက်ဖြစ်နေသော မျက်နှာလေးကို ကြည့်ကာ အသံထွက်၍ ရယ်မောလိုက်ပြီး သူမက တကယ်ကို အရမ်းချစ်စရာကောင်းသည်ဟု ထင်နေမိလေသည်။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အခန်း (၅၁)
အောက်တိုဘာလ ၁ ရက်နေ့၊ အမျိုးသားနေ့ရုံးပိတ်ရက်တွင် ကျန်းရိုနှင့် လီရှောင်းတို့ အိမ်သစ်သို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ကြသည်။
လီရှောင်း၏အလိုအရ နွေရာသီကျောင်းပိတ်ရက်ကတည်းက ပြောင်းရွှေ့ချင်ခဲ့ခြင်းဖြစ်သည်။ အိမ်ကို သန့်ရှင်းရေးလုပ်ပြီးသွားပြီဖြစ်ကာ အနံ့အသက်လည်း မရှိတော့သဖြင့် ပြောင်းချင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ကျန်းရိုကသာ အခိုင်အမာ ငြင်းဆန်ခဲ့ခြင်းဖြစ်သည်။ ယခင်က သူမ ကြားဖူးသည်မှာ နွေရာသီသည် ဖော်မယ်ဒီဟိုက် အမြန်ဆုံးထွက်ပေါ်လာသည့် ရာသီဖြစ်ပြီး အပူချိန်မြင့်မားကာ စိုစွတ်မှုရှိသောကြောင့်ဟု ဆိုသည်။ ထို့ကြောင့် သူမက အိမ်ထဲတွင် ရေဇလုံအချို့ကိုပင် ထပ်ထည့်ထားခဲ့သေးသည်။
အောက်တိုဘာလရောက်၍ ရာသီဥတု အနည်းငယ် အေးမြလာမှသာ၊ ၎င်းမှာလည်း အမျိုးသားနေ့ရုံးပိတ်ရက်နှင့် တိုက်ဆိုင်နေသဖြင့် ဤနေ့တွင် ပြောင်းရွှေ့ရန် တိုင်ပင်ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။
လီရှင်းလည်း ကျောင်းမှ ပြန်ရောက်လာပြီဖြစ်သည်။ ကျောင်းက ခုနစ်ရက် ပိတ်ပေးထားပြီး ထိုအထဲတွင် စနေ၊ တနင်္ဂနွေ နှစ်ရက်ပါဝင်ကာ ကျန်ရက်များကို ကျောင်းက နောက်မှ ပြန်အစားထိုးပေးမည်ဖြစ်သည်။
အိမ်တွင် ပစ္စည်းများ အနည်းငယ် များပြားနေသဖြင့် လီရှောင်းက သူ၏ ဗင်ကားအဟောင်းလေးကို မောင်းကာ အကြိမ်များများ သယ်ယူရန် ပြင်ဆင်ထားလေသည်။ ပြောင်းရွှေ့ရမည့် ပစ္စည်းများကို အရင်ဆုံး သိမ်းဆည်းကာ ခြံထဲသို့ ထုတ်ထားလိုက်သည်။ တီဗွီ၊ စောင်အချို့၊ အဝတ်အစားများ၊ အိုးခွက်ပန်းကန်များ... စသည့် အသေးအမွှား ပစ္စည်းများက ခြံထဲတွင် တစ်ခြံလုံး ပြည့်နှက်သွားလေသည်။
ကျန်းရိုနှင့် လီရှင်းတို့က ကလေးကိုခေါ်ကာ ပထမတစ်ခေါက် အရင်သွားကြပြီး၊ လီရှောင်းက ပစ္စည်းများကို အောက်ထပ်တွင် ချပေးပြီးနောက် ကျန်ရှိနေသော ပစ္စည်းများကို သယ်ယူရန် ကားကို နောက်ပြန်ကွေ့၍ ပြန်သွားလေသည်။
ကျန်းရိုနှင့် လီရှင်းတို့က အောက်ထပ်ရှိ ပစ္စည်းများကို ဓာတ်လှေကားထဲသို့ တစ်ခေါက်တည်းဖြင့် သယ်သွင်းလိုက်ကြသည်။ လီရှင်းက ပစ္စည်းသယ်ရင်း စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်လေသည်။
"ဓာတ်လှေကားရှိတာက တကယ် အဆင်ပြေတာပဲနော်"
သူတို့၏အဆောင်က တတိယထပ်တွင်ရှိရာ ရေနွေးခပ်ပြီးတိုင်း အပေါ်သို့ ဆွဲတင်ရသဖြင့် လက်တွေ ညောင်းညာရသည်နှင့် မတူပေ။ သူတို့ကျောင်းက အတော်လေး ဟောင်းနွမ်းနေပြီဖြစ်ရာ ရေနွေးကို ထမင်းစားရုံဘေးရှိ ဘွိုင်လာခန်းတွင် သွားခပ်ရလေသည်။ ရေနွေးပုလင်းအသစ်များဆိုလျှင် အမှတ်အသား လုပ်ထားရပြီး၊ သို့မဟုတ်ပါက အလွယ်တကူ အခိုးခံရတတ်လေသည်။ သူတို့အဆောင်တွင်လည်း အခိုးခံရသူ ရှိဖူးလေသည်။ သူမကတော့ ကံကောင်းသည်ဟု ဆိုရမည်။ အိမ်မှ ယူလာသော ရေနွေးပုလင်းက အဟောင်းဖြစ်နေသဖြင့် မည်သူမှ မယူကြပေ။
ဓာတ်လှေကားရောက်သောအခါ ကျန်းရိုက စောင်ပေါ်တွင် ထိုင်နေသော အန်းအန်းကို ပွေ့ချကာ အပြင်သို့ ချပေးလိုက်ပြီးနောက် လီရှင်းနှင့်အတူ ဓာတ်လှေကားထဲရှိ ပစ္စည်းများကို အပြင်သို့ သယ်ထုတ်ကြလေသည်။ သယ်ပြီးသောအခါ ကျန်းရိုက တံခါးသွားဖွင့်လေသည်။
အန်းအန်းက အလွန်သိတတ်စွာဖြင့် ကူညီပေးလေသည်။ သူမ၏ တိရစ္ဆာန်ပုံ ခွေးခြေခုံလေးကို အိမ်သစ်ထဲသို့ သယ်သွင်းကာ ကျန်းရိုကို ပြောလိုက်လေသည်။
"မာမား နား"
ကျန်းရို ကြားသောအခါ ရင်ထဲတွင် နူးညံ့သွားလေသည်။
လီရှင်းက သိပ်နားမလည်သဖြင့် အန်းအန်းကိုကြည့်ကာ "ဟင်" ဟု အသံပြုလိုက်လေသည်။
အန်းအန်းမှာ စကားပြောတတ်သော်လည်း ကလေးသံလေးဖြင့်ဖြစ်ရာ တစ်ခါတစ်ရံ အသံထွက်များ မပီသတတ်ပေ။ နေ့တိုင်း နားမထောင်ရသူများဆိုလျှင် ပုံမှန်အားဖြင့် သိပ်နားလည်လေ့မရှိပေ။
ကလေးမလေးက နောက်တစ်ကြိမ် ထပ်ပြောပြပြီး သူမက နာမ်စားပြောင်းရန်ပင် သိနေသေးလေသည်။
"မာမား၊ ဒေါ်လေး နား"
ယခုတစ်ကြိမ်တွင်မူ လီရှင်း နားလည်သွားပြီး စိတ်နှလုံးများ အရည်ပျော်ကျသွားကာ ခါးကိုကိုင်း၍ သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေသည်။
"အန်းအန်းက တကယ် လိမ်မာတဲ့ ကလေးလေးပဲ"
ကလေးမလေးမှာ ချီးမွမ်းခံရသဖြင့် အလွန်ပျော်ရွှင်နေလေသည်။
အိမ်သစ်ပြောင်းရသဖြင့် အန်းအန်းမှာ အလွန်ပျော်ရွှင်နေပြီး ကျန်းရိုနှင့် လီရှင်းတို့၏ နောက်မှ တကောက်ကောက် လိုက်ပြေးနေကာ၊ သူတို့ ဘယ်သွားသွား သူမလည်း လိုက်သွားလေသည်။
ဤတစ်ခေါက် ပစ္စည်းများ သိမ်းဆည်း၍ ပြီးလုနီးပါးဖြစ်ချိန်တွင် လီရှောင်းလည်း ရောက်လာလေသည်။ အိမ်ရှိ ဆန်၊ ဂျုံ၊ အိုးခွက်ပန်းကန်များနှင့် ပရိဘောဂအချို့ကို ယူဆောင်လာခဲ့သည်။ ထိုပရိဘောဂများကို ကျန်းရိုက အစကတည်းက သိပ်မလိုချင်ခဲ့ပေ။ အနည်းငယ် အရုပ်ဆိုးပြီး အိမ်သစ်၏ အလှဆင်ထားမှုနှင့် မလိုက်ဖက်ဟု ထင်သောကြောင့်ဖြစ်သည်။
လီရှောင်းက လိုက်ဖက်မှု ရှိမရှိကို နားမလည်ပေ။ သူက လွှင့်ပစ်ရမည်ကို နှမြောသဖြင့် ကျန်းရိုအား ပြောလိုက်လေသည်။
"အဲ့ဒါဆိုရင် ကျိုးကျန့်ကို ပေးလိုက်ရအောင်"
အရုပ်ဆိုးရမည်မှာ ကျိုးကျန့်၏ အိမ်ဖြစ်သွားလေသည်။
ကောင်းတာပေါ့၊ ကျန်းရိုလည်း ဝမ်းသာအားရ သဘောတူလိုက်လေသည်။
ကျိုးကျန့်လည်း ယနေ့ အိမ်ပြောင်းခြင်းဖြစ်သည်။ သူက ဇာတိသို့ ကြိုတင်၍ ဖုန်းဆက်ထားသော်လည်း ဘယ်လိုအကြောင်းကြောင့် ယခုအထိ ရောက်မလာသေးသည်ကို မသိရပေ။
လီရှောင်းက သူ့ကို ပရိဘောဂအချို့ ပေးမည်ဟု သိရသောအခါ သူ အလွန်ပျော်ရွှင်စွာဖြင့် လက်ခံလိုက်လေသည်။
နောက်ဆုံးတစ်ခေါက်တွင် လီရှောင်းသည် တီဗွီကို ယူဆောင်လာခဲ့သည်။ တီဗွီကို ဧည့်ခန်းရှိ ဗီဒိုပုလေးပေါ်တွင် တင်ထားလိုက်သည်။ အိမ်ရှိ စလောင်းဗန်းမှာ ကြီးလွန်းသဖြင့် သူက ဆိုင်သို့သွားရောင်းကာ စလောင်းဗန်းအသေးတစ်လုံးနှင့် လဲလှယ်လာခဲ့ပြီး လသာဆောင်အပြင်ဘက် နံရံပေါ်တွင် တိုက်ရိုက်တပ်ဆင်လိုက်လေသည်။ လျှပ်စစ်လွန်ကို အသုံးပြု၍ နံရံတွင် အပေါက်ဖောက်ကာ သေချာစွာ တပ်ဆင်လိုက်ပြီး နေရာအချို့ကို ချိန်ညှိကာ အန်းအန်းကို လိုင်းပေါ်မပေါ် သွားကြည့်ခိုင်းလေသည်။
ကလေးမလေးမှာ ဧည့်ခန်းနှင့် လသာဆောင်ကြား အသွားအပြန် ပြေးလွှားနေပြီး တစ်ခါတစ်ရံ လိုင်းပေါ်သည်ဟုဆိုကာ တစ်ခါတစ်ရံ မပေါ်ဘူးဟု ဆိုလေသည်။
လီရှောင်းလည်း သူမကြောင့် ဇဝေဇဝါ ဖြစ်သွားသဖြင့် သူမကို ကျန်းရိုအား သွားခေါ်ခိုင်းလိုက်လေတော့သည်။
ကလေးမလေးက လိမ်မာစွာဖြင့် အခန်းထဲသွား၍ မာမားကို ခေါ်လေသည်။
ကျန်းရို ထွက်လာပြီး အဝေးထိန်းခလုတ်ကို ကိုင်ကာ လိုင်းအနည်းငယ် ပြောင်းကြည့်လိုက်ရာ လိုင်းအချို့ မပေါ်ကြောင်း တွေ့ရှိရသော်လည်း ပုံမှန်ကြည့်နေကျ လိုင်းများ ပေါ်နေသဖြင့် ရပြီဟု ပြောလိုက်လေသည်။
လီရှောင်း အပြင်မှ ပြန်ဝင်လာသောအခါ အန်းအန်းက ဆိုဖာပေါ်သို့ ပျော်ရွှင်စွာ ခုန်တက်နေသည်ကို မြင်လိုက်ရသည်။ ခြေထောက်တိုတိုလေးများဖြင့် ကျွမ်းကျင်စွာ အတက်အဆင်း လုပ်နေသည်ကို မြင်သောအခါ လီရှောင်းက မနေနိုင်ဘဲ ပြောလိုက်လေသည်။
"ညကျရင် တစ်ယောက်တည်း အိပ်လို့ ရမလား"
အန်းအန်းက စဉ်းစားပင်မစဉ်းစားဘဲ ငြင်းပယ်လိုက်လေသည်။
"မရဘူး၊ ပါပါး တစ်ယောက်တည်း အိပ်၊ ပါပါး ခြေထောက်နံတယ်"
ကျန်းရိုကို ရယ်လိုက်ရသည်မှာ အမောပင်။
လီရှောင်းလည်း ရယ်မောလိုက်လေသည်။
.....
ညဘက်တွင် မိသားစုတစ်စုလုံး အိမ်သစ်တက် ထမင်းတစ်နပ်ကို စည်ကားသိုက်မြိုက်စွာ စားသောက်ကြပြီးနောက် အိမ်သစ်ထဲသို့ တရားဝင် ဝင်ရောက်နေထိုင်ကြလေတော့သည်။
အိမ်သစ်တွင် ဂတ်စ်မီးဖို၊ ပန်းကန်ဆေးကန်နှင့် သန့်ရှင်းတောက်ပသော ရေချိုးခန်းပါရှိရာ အရာရာတိုင်း ပိုမိုအဆင်ပြေလာသည်ဟု ဆိုရမည်ဖြစ်သည်။ ကျန်းရိုက ထမင်းချက်ရန် တာဝန်ယူပြီး၊ လီရှောင်းက ပန်းကန်ဆေးရန် တာဝန်ယူကာ၊ လီရှင်းက အန်းအန်းနှင့် ကစားပေးရန် တာဝန်ယူလေသည်။
အိပ်ခန်းကြီးထဲတွင်လည်း အိမ်သာပါရှိရာ ကျန်းရိုနှင့် လီရှောင်းတို့သည် အိပ်ခန်းကြီးထဲရှိ အိမ်သာတွင် ရေချိုးကြလေသည်။ ကလေးမလေးအတွက် သီးသန့် ရေချိုးဇလုံတစ်လုံးရှိပြီး ယနေ့ညတွင် ကျန်းရိုက သူမကို ရေချိုး၊ ခေါင်းလျှော်ပေးကာ သန့်ရှင်းသော အဝတ်အစားများ လဲပေးပြီးနောက် ကုတင်ပေါ်သို့ တင်ပေးလိုက်ပြီး သူမအဖေထံသို့ လွှဲပေးလိုက်လေသည်။
လီရှောင်းက ယနေ့ အရင်ရေချိုးခြင်းဖြစ်သည်။ သူ၏ ရေချိုးနှုန်းမှာ အလွန်မြန်ဆန်ပြီး မိနစ်အနည်းငယ်အတွင်း ပြီးစီးသွားလေသည်။ သမီးဖြစ်သူကို လွှဲယူပြီးနောက် သူမ၏ ဆံပင်များကို သုတ်ပေးလေသည်။
ကျန်းရို၏ ရေချိုးနှုန်းကို သူ သိထားသည်။ ယခင် ဇာတိတွင်လည်း ထိုအတိုင်းပင်ဖြစ်သည်။ သူသာ အိမ်တွင် ကလေးထိန်းပေးထားပါက သူမ တစ်ယောက်တည်း ရေချိုးခန်းထဲတွင် တစ်နာရီ၊ နှစ်နာရီခန့် အချိန်ဖြုန်းနေတတ်ပြီး ဘာတွေလုပ်နေမှန်း မသိရပေ။
မည်သို့ပင်ဖြစ်စေ ယနေ့လည်း ထိုအတိုင်းပင်ဖြစ်သည်။ သူမ ရေချိုးပြီး ထွက်လာချိန်တွင် အန်းအန်း၏ ဆံပင်များမှာ ခြောက်သွေ့နေပြီဖြစ်သည်။ လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက် ယှဉ်လျက် လှဲနေကြပြီး တစ်ပုံစံတည်း ခြေထောက်ချိတ်ကာ ထိုင်နေကြလေသည်။
ကျန်းရို ကုတင်ပေါ်သို့ တက်လာသောအခါ ကလေးမလေးက တစ်ပတ်လိမ့်၍ လာကာ ပျော်ရွှင်စွာ ပြောလိုက်လေသည်။
"မွှေးမွှေး မာမား"
ကျန်းရိုက သူမကို ဖက်၍ တစ်ချက် နမ်းလိုက်လေသည်။
......
ကျိုးကျန့်က သူ့မိခင်နှင့် ဇနီးဖြစ်သူအတွက် အနည်းငယ် စိုးရိမ်နေခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် လဆန်းသုံးရက်နေ့ မွန်းလွဲပိုင်းတွင် သူ့မိခင်နှင့် ဇနီးဖြစ်သူတို့ ရောက်လာခဲ့ကြသည်။ အထုပ်ကြီးအထုပ်ငယ်များကို ဆွဲကာလာကြပြီး၊ အထူးသဖြင့် ဝမ်ယန်မှာ ရှေ့ဘက်တွင် သားငယ်လေးကို ချီထားကာ ကျောဘက်တွင်လည်း ဖောင်းကားနေသော အိတ်ကြီးတစ်လုံးကို လွယ်ထားပြီး ပခုံးနှစ်ဖက်စလုံးတွင်လည်း မြွေရေခွံအိတ် တစ်အိတ်စီ ထမ်းထားလေသည်။
ကျိုးဟုန်မှာ အသက်ငယ်သေးသော်လည်း လက်ထဲတွင် အိတ်တစ်လုံး ကိုင်ထားလေသည်။
မိသားစုတစ်စုလုံး အိမ်သစ်တံခါးဝတွင် ရပ်ကာ အထဲသို့ ကြည့်ရင်း ပါးစပ်မစိနိုင်အောင် ပြုံးရယ်နေကြလေသည်။
"ဒါ တကယ်ပဲ ငါတို့အိမ်လား။ အရမ်းလှလွန်းတယ်"
ခြေလှမ်းချ၍ပင် မဝင်ရဲကြပေ။
ကျိုးကျန့်မှာ အလွန်ပျော်ရွှင်စွာဖြင့် ပြုံးရယ်နေလေသည်။
"ဘာလုပ်ဖို့ ရပ်နေကြတာလဲ၊ မြန်မြန် ဝင်လာကြလေ။ ဒါက ငါတို့အိမ်ပဲ၊ နောက်ကြရင် ကိုယ်တိုင်နေရမယ့်နေရာပဲဟာ၊ ဒီလောက် စိတ်လှုပ်ရှားနေဖို့ လိုလို့လား"
သူကိုယ်တိုင် ပထမဆုံးအကြိမ် အလှဆင်ထားသော အိမ်သစ်ကို မြင်တွေ့ရစဉ်က အထဲသို့ မဝင်ရဲခဲ့ကြောင်းကိုမူ သူ မပြောရဲပေ။
နောက်ဆုံးတွင် ကျိုးဟုန်က သတ္တိရှိစွာဖြင့် ပစ္စည်းများကို ချကာ အိမ်ထဲသို့ ဝင်သွားလေသည်။
ကျိုးကျန့်က ပျော်ရွှင်စွာဖြင့် သူ၏ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။
"ငါ့သားပီသတယ်"
ကျိုးဟုန်က သွားဖြီးကာ ရယ်ပြလေသည်။
ကျိုးမားနှင့် ဝမ်ယန်တို့လည်း ရှေ့နောက် တစ်ယောက်ပြီးတစ်ယောက် ဝင်လာကြလေသည်။ ကျိုးမားက လသာဆောင်ဆီသို့ သွားကြည့်ကာ ပါးစပ်မှ အံ့သြချီးကျူးနေပြီး ဝမ်ယန်ကိုပါ ခေါ်လိုက်သေးသည်။
"ယန်ယန်၊ မြန်မြန် လာကြည့်စမ်း၊ ဒီတိုက်က တကယ်မြင့်တာပဲနော်"
ဝမ်ယန်က ကလေးကိုချီကာ သွားကြည့်ပြီး အောက်ဘက်ရှိ ရှုခင်းများကို မြင်သောအခါ အနီးသို့ပင် မကပ်ရဲဘဲ အနည်းငယ် ကြောက်လန့်နေလေသည်။
ကျိုးကျန့်မှာ သွားများပေါ်သည်အထိ ပြုံးရယ်နေလေသည်။ ထိုစဉ်က အလှဆင်ထားသော အိမ်သစ်ကို ပထမဆုံးအကြိမ် မြင်တွေ့ရချိန်ကတောင် ဤအချိန်လောက် လူကို ပျော်ရွှင်စေမည် မထင်ကြောင်း ခံစားရလေသည်။ လှည့်ကာ သူတို့ကိုခေါ်၍ အိမ်ကို လိုက်ပြလေသည်။
"အမေ၊ ဒီအခန်းက အမေ့အတွက်၊ လာ... ရှောင်ဟုန်၊ ဒီအခန်းက သားနဲ့ ညီလေးအတွက်၊ ဒီနေရာက အိမ်သာ......"
ကျိုးမားမှာ ကြည့်လေလေ သဘောကျလေလေ ဖြစ်နေလေသည်။ ယခင်က သားဖြစ်သူက G ပြည်နယ်ဘက်တွင် အိမ်ကြီးတစ်လုံးရှိသည်ဟု ပြောသည်ကို ကြားခဲ့ရစဉ်က သားပြောသော အိမ်ကြီးမှာ ဇာတိရှိ အိမ်ထက် အနည်းငယ် ပိုကြီးရုံသာဟု ထင်ခဲ့မိသည်။ ဤကဲ့သို့ဖြစ်နေမည်ဟု ဘယ်လိုမှ မထင်ထားခဲ့ပေ။
မနေနိုင်ဘဲ သက်ပြင်းချကာ ပြောလိုက်လေသည်။
"ဒါက ရှေးခေတ်က မြေရှင်ကြီးတွေ နေတာထက်တောင် ပိုကောင်းသေးတယ်၊ ငါ့သားက တကယ် အရည်အချင်းရှိတာပဲ"
ဘေးမှ ဝမ်ယန်ကလည်း မရပ်မနား ခေါင်းညိတ် ထောက်ခံနေလေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်က သူမသည် ဤမျှကောင်းမွန်သော အိမ်မျိုးတွင် နေရလိမ့်မည်ဟု မည်သို့မျှ မထင်ထားခဲ့ပေ။
ကျိုးကျန့်က ကြားပြီး မျက်နှာပေါ်တွင် ဂုဏ်ယူဝင့်ကြွားသော အမူအရာ ပေါ်လာလေသည်။
....
ဘေးအိမ်မှ ကျန်းရိုသည် မီးဖိုချောင်တွင် ထမင်းချက်နေစဉ် လှုပ်ရှားသံများကို ကြားရသဖြင့် အဒေါ်ကျိုးတို့ ရောက်လာပြီဖြစ်ကြောင်း သိလိုက်လေသည်။
လီရှောင်းကို ထွက်ရှာလိုက်ရာ လီရှောင်းမှာ ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် လှဲနေလေသည်။ သူက မွန်းတည့်ချိန်တွင် လူများနှင့် အရက်အနည်းငယ် သောက်လာခဲ့သဖြင့် ပြန်ရောက်သည်နှင့် ဆိုဖာပေါ်တွင် လှဲနေပြီး မလှုပ်ချင်တော့ပေ။ အန်းအန်းက အရှေ့ဘက် ကော်ဇောပေါ်တွင် ထိုင်ကာ သစ်သားတုံးများနှင့် ကစားနေပြီး အလွန်လိမ်မာကာ နတ်သမီးလေးတစ်ပါးနှင့် တူနေလေသည်။
အမေဖြစ်သူ ထွက်လာသည်ကို မြင်သောအခါ ချက်ချင်းပင် ခေါင်းမော့၍ အပြုံးလေးဖြင့် ကြည့်ကာ သူမ၏လက်ထဲရှိ သစ်သားတုံးကို မြှောက်ပြလေသည်။
တကယ်ကို ချစ်စရာကောင်းလွန်းလှသည်။
ကျန်းရိုက မျက်စိမှိတ်၍ အနားယူနေသော လီရှောင်းကို အားနာခြင်းအလျဉ်းမရှိဘဲ လှုပ်နှိုးလိုက်လေသည်။
"ရှင် ဘေးအိမ်ကို သွားကြည့်လိုက်ဦး။ သူတို့ကို ညဘက် ဒီဘက်မှာ လာစားဖို့ ပြောလိုက်၊ ပြီးတော့ အောက်ဆင်းပြီး ဟင်းချက်စရာလေးတွေ သွားဝယ်ပေးပါဦး"
လီရှောင်း မျက်လုံးဖွင့်လာပြီး အကြောဆန့်ကာ 'အင်း' ဟု အသံပြုလိုက်လေသည်။
ကျန်းရိုက အိုးထဲရှိဟင်းများ တူးသွားမည်ကို စိုးရိမ်သဖြင့် ပြောပြီးသည်နှင့် လှည့်၍ မီးဖိုချောင်ထဲသို့ ပြန်ဝင်သွားလေသည်။
လီရှောင်းသည် ဆိုဖာပေါ်တွင် ခေတ္တမျှ ဆက်လှဲနေပြီးမှ နှေးကွေးစွာဖြင့် သမီးဖြစ်သူကိုချီကာ အတူတူ ထွက်သွားလေတော့သည်။
တံခါးအပြင်ထွက်၍ ဘေးအိမ်တံခါးကို ခေါက်လိုက်ပြီး ကျိုးမားနှင့် ဝမ်ယန်တို့ကို နှုတ်ဆက်ကာ ခဏနေလျှင် အိမ်သို့ ထမင်းလာစားရန် ပြောပြီးနောက် အန်းအန်းကိုချီကာ ထွက်သွားလေသည်။
....
လီရှောင်းပြန်သွားပြီးနောက် တံခါးပိတ်လိုက်သောအခါ ကျိုးမားက မနေနိုင်ဘဲ ပြောလိုက်လေသည်။
"လီရှောင်းက တကယ်ကို တိုးတက်လာတာပဲ၊ အရင်တုန်းကတည်းက ငါပြောခဲ့သားပဲ၊ သူက အလုပ်ကြီးအကိုင်ကြီး လုပ်မယ့်သူလို့"
ကျိုးကျန့်က ကြားပြီး တိုက်ရိုက်ပင် ဖြတ်ပြောလိုက်လေသည်။
"အမေ ဘယ်တုန်းက ပြောဖူးလို့လဲ။ ကျွန်တော်တော့ မမှတ်မိပါဘူး"
ဝမ်ယန် ကြားပြီး ရယ်မောလိုက်လေသည်။
....
ညဘက်တွင် ကျန်းရိုက ဟင်းရှစ်ပွဲ ချက်ပြုတ်ခဲ့ပြီး ထိုအထဲမှ လေးပွဲမှာ လီရှောင်း ဝယ်လာခဲ့ခြင်းဖြစ်သည်။ မွန်းလွဲပိုင်းက ကျန်းရို၏အဓိပ္ပာယ်မှာ သူ့ကို အိမ်ရာအနီးရှိ ဈေးသို့သွားကာ ဟင်းချက်စရာအချို့ ဝယ်လာပြီး ချက်ပြုတ်ရန် ပြောခဲ့ခြင်းဖြစ်သည်။ သို့သော် သူက အနီးအနားရှိ စားသောက်ဆိုင်မှ ချက်ပြီးသား ဟင်းအချို့ကို တိုက်ရိုက် ဝယ်လာခဲ့မည်ဟု ဘယ်သူထင်မှာလဲ။
ထားလိုက်ပါတော့၊ သူမ ကိုယ်တိုင် ချက်ရမည့်အလုပ် သက်သာသွားသည်ဟု မှတ်ယူလိုက်ရမည်။
လီရှောင်းက ကိုကာကိုလာ ဘူးကြီးတစ်ဘူးကိုလည်း ဝယ်လာသေးသည်။ ကျန်းရိုက အန်းအန်းပါ သောက်ချင်မည်ကို စိုးရိမ်သဖြင့် ဝမ်ကျိုက်နွားနို့ နှစ်ဘူးကို ရေနွေးစိမ်ထားပေးလိုက်လေသည်။
ကျိုးမားနှင့် ဝမ်ယန်တို့မှာ ကိုကာကိုလာ မသောက်ဖူးကြပေ။ ဝမ်ယန်က ကျိုးဟုန်အတွက် ဝယ်ပေးဖူးသော်လည်း သူမကိုယ်တိုင် တစ်ငုံမျှပင် မသောက်ရက်ခဲ့ပေ။ ကျိုးဟုန်က သူမကို သောက်ရန် ကိုယ်တိုင်ပေးသော်လည်း မကြိုက်ဘူးဟုသာ ပြောခဲ့လေသည်။
ပထမဆုံးအကြိမ် မြည်းကြည့်လိုက်သောအခါ အမျိုးသမီးနှစ်ဦးစလုံး၏ မျက်နှာအမူအရာမှာ အတော်လေး သက်ဝင်လှုပ်ရှားနေပြီး ပါးစပ်ထဲတွင် လေများကို သောက်လိုက်ရသကဲ့သို့ ခံစားရလေသည်။ သို့သော် နှစ်ငုံခန့် ထပ်သောက်လိုက်သောအခါ အနည်းငယ် စွဲလမ်းသွားကြလေသည်။ ကျိုးမားက ရှက်ရွံ့စွာဖြင့် ပြုံးလျက် ပြောလိုက်သေးသည်။
"ဒါကြောင့် ကလေးတွေက ဒါကို သောက်ရတာ ကြိုက်ကြတာကိုး"
မိသားစုနှစ်စုမှာ အလွန်ရင်းနှီးနေကြပြီဖြစ်ရာ ကျန်းရိုလည်း များစွာ စိုးရိမ်မနေတော့ဘဲ ဇာတိမှ အတင်းအဖျင်းများကို တိုက်ရိုက်ပင် စတင်မေးမြန်းလေတော့သည်။
"ခရိုင်မြို့ဘက်မှာ အဆင်ပြေကြရဲ့လားဟင်။ အဒေါ်ဝမ်နဲ့ ဦးလေးဝမ်တို့ရော ဘယ်လိုနေကြလဲ"
"အဆင်ပြေပါတယ်"
ကျိုးမားက မနေနိုင်ဘဲ ကိုကာကိုလာကို နောက်တစ်ငုံ ထပ်သောက်လိုက်သေးသည်။ တစ်သက်လုံး ဤမျှ သောက်ကောင်းသောအရာမျိုးကို မသောက်ဖူးဘူးဟု ထင်နေမိသည်။
"ဝမ်လင်မယား နှစ်ယောက်ကတော့ ဈေးနားမှာပဲ နေနေကြတာပေါ့။ မာအိုက်ဟွာရဲ့ အကျင့်ကို သမီးလည်း သိသားပဲ၊ ဘယ်နေရာ စည်ကားသလဲ အဲ့ဒီနေရာကို သွားစုတာပဲ။ ဒီခရိုင်မြို့ထဲမှာ သူ မသိတဲ့ကိစ္စဆိုတာ မရှိသလောက်ပဲ။ မထွက်လာခင် တစ်ရက်အလိုကတောင် သူ လာနှုတ်ဆက်ရင်း အဒေါ်တို့ကို စကားတွေ အများကြီး ပြောသွားသေးတယ်"
"ဒါနဲ့၊ ကျူးချန် ဒီဘက်မှာ တစ်ခုခုများ ထိခိုက်သွားသေးလားမသိဘူး။ ပြန်ရောက်တော့ လူတွေ့တာနဲ့ မင်းတို့ကောင်းကြောင်း ပြောနေပြီး တောင်ပိုင်းကို မင်းတို့နဲ့အတူ မလိုက်သွားရကောင်းလားဆိုပြီး နောင်တတွေ ရနေတာ။ သူက ကျောင်းနားမှာ ဆိုင်ခန်းတစ်ခန်း ငှားပြီး ခေါက်ဆွဲကြော်၊ ထမင်းကြော် ရောင်းတဲ့အလုပ် စလုပ်နေပြီ။ ဈေးချိုချိုနဲ့ ရောင်းတော့ စီးပွားရေး တော်တော်လေး ကောင်းတယ်တဲ့"
"ဝမ်ထောင်နဲ့ ဆက်ဆံရေးကတော့ အရင်လောက် မကောင်းတော့ဘူး။ ဝမ်ထောင်မိန်းမက အိမ်မှာ သူ့ကို လူဆိုးဆိုပြီး ဆဲနေတာ။ တောင်ပိုင်းကို သွားတာ ဝမ်ထောင်ကို မခေါ်ဘဲ သူတစ်ယောက်တည်း ခိုးကြောင်ခိုးဝှက် သွားတယ်တဲ့။ ကျူးချန် မရှိတော့ ဝမ်ထောင်လည်း ကျန်းနန်ရှန်းကျွမ်းဟိုတယ်ကနေ လူတွေရဲ့ ဖယ်ကျဉ်တာကို ခံလိုက်ရတယ်။ ကျူးချန်ကလည်း မုန်းနေတာပဲ၊ သူတို့တွေက သူ့မိန်းမကို သေချာမစောင့်ကြည့်ပေးလို့ မေ့ဇီက တခြားလူနဲ့ ပြေးသွားတာလို့ အပြစ်တင်နေတာ"
ထိုစကားကို ကြားသောအခါ ကျန်းရိုသည် မသိစိတ်မှပင် ခေါင်းမော့လာလေသည်။
ကျိုးကျန့်လည်း အံ့အားသင့်သွားလေသည်။
"ဘာအဓိပ္ပာယ်လဲ။ မေ့ဇီက တခြားလူနဲ့ ပြေးသွားတယ် ဟုတ်လား"
လီရှောင်းပင်လျှင် လက်ထဲရှိ တူကို ရပ်တန့်လိုက်လေသည်။
ကျိုးမားက ကျိုးကျန့်ကို ကြည့်လိုက်သည်။
"ဘာလဲ၊ အမေ နင့်ကို မပြောပြရသေးဘူးလား"
သူမက ယခင်က ဖုန်းထဲတွင် ပြောပြပြီးပြီဟု ထင်နေခဲ့ခြင်းဖြစ်သည်။
ကျိုးကျန့်က ခေါင်းခါလိုက်သည်။
"ဘယ်တုန်းက ကိစ္စလဲ"
ကျိုးမားက ပြောလေသည်။
"ကျူးချန် တောင်ပိုင်းကို လာတဲ့အချိန်တုန်းကပေါ့။ မေ့ဇီက သမီးမိန်းကလေး တစ်ယောက် မွေးတယ်။ နင်တို့လည်း သိတဲ့အတိုင်းပဲ၊ ကျူးချန်အမေက အမြဲတမ်း မျက်နှာကြီးနေတာလေ။ အရင်ကတည်းက မေ့ဇီမိသားစုရဲ့ ကိစ္စတွေကြောင့် သူ့ကို မကျေမနပ်ဖြစ်နေတာ၊ သမီးမိန်းကလေး မွေးလိုက်တော့ ပိုဆိုးသွားတာပေါ့။ နေ့တိုင်း ဆဲဆိုနေပြီး စားကြွင်းစားကျန်တွေကိုပဲ စားခိုင်းတာတဲ့။ ငါပြောရရင် ကိစ္စတွေကလည်း ဖြစ်ပြီးနေပြီပဲ၊ ကလေးလည်း မွေးပြီးပြီဆိုတော့ ဆက်ပြီး အပြစ်တင်နေလည်း အပိုပဲလေ၊ သေသေချာချာ အိမ်ထောင်ရှင်ဘဝကို ဖြတ်သန်းတာက ပိုမကောင်းဘူးလား။ ပိုက်ဆံက ဘယ်လောက်ပဲ အရေးကြီးကြီး လူလောက်တော့ အရေးမကြီးဘူး မဟုတ်လား"
"ပြီးတော့ ငါကြည့်ရသလောက်ဆိုရင် အဲ့ဒီမေ့ဇီလည်း မှားမှန်းသိနေပါပြီ။ အဲ့ဒီအချိန်ကစပြီး မိဘအိမ်ကို တစ်ခေါက်မှ ပြန်မသွားတော့ဘဲ ကျူးမိသားစုမှာပဲ အလုပ်တွေကို လုလုပ်နေတာတဲ့။ မိန်းမတွေဆိုတာ ဒါက မကောင်းတာပဲ၊ အားကိုးစရာဆိုလို့ မိဘအိမ်နဲ့ ယောက္ခမအိမ်ပဲ ရှိတာ။ တကယ်လို့ ဒီနှစ်ခုလုံးက သူ့ကို အားကိုးစရာ မပေးနိုင်တော့ဘူးဆိုရင် သူ့မှာ ဘာမှမကျန်တော့ဘူးလေ။ အခုတော့ လူကို အကျပ်အတည်းဖြစ်အောင် လုပ်လိုက်တော့ ထွက်ပြေးဖို့ နည်းလမ်းရှာတာပေါ့"
ဤနေရာသို့ ရောက်သောအခါ ကျိုးမားမှာ အနည်းငယ် ဝမ်းနည်းသွားလေသည်။
"အဲ့ဒီကလေးလေးပဲ သနားစရာကောင်းတာပေါ့။ သူ့အမေက တည်းခိုခန်းက သူဌေးကြီးတစ်ယောက်နဲ့ ပြေးသွားတာဆိုတော့ သူ့ရှေ့ရေးက ဘယ်လိုလုပ်မလဲ"
နောင်တွင် ကျူးမိသားစု၌ နေထိုင်ရခက်ခဲရုံသာမက ကြီးလာ၍ ကျောင်းတက်လျှင်လည်း အနိုင်ကျင့်ခံရနိုင်ချေ ရှိလေသည်။
ကျိုးကျန့်သည် ကိုကာကိုလာ တစ်ငုံသောက်လိုက်ပြီး အချိန်အတော်ကြာမှ ဤအံ့သြဖွယ်ကောင်းသော သတင်းထဲမှ သတိပြန်ဝင်လာလေသည်။
ကျန်းရိုလည်း အံ့သြသွားလေသည်။ မူလက 'ကျန်းရို' ၏ ကိုယ်ပေါ်တွင် ဖြစ်ပျက်ခဲ့သော ကိစ္စများက ကျူးချန်၏ ဇနီးအပေါ်တွင် ပြန်လည်ဖြစ်ပေါ်လာလိမ့်မည်ဟု ဘယ်တုန်းကမှ မထင်ထားခဲ့ပေ။
လီရှောင်းက ရှားရှားပါးပါး စကားစလိုက်လေသည်။
"ကျူးချန်ကရော......"
ကျိုးမားက သက်ပြင်းတစ်ချက်ချလိုက်သည်။
"ဒေါသထွက်တာပေါ့။ ကလေးကိုပွေ့ပြီး မေ့ဇီရဲ့ မိဘအိမ်ကို သွားပြီး ဖြေရှင်းချက် တောင်းသေးတယ်။ ဒါပေမဲ့ အဲ့ဒီမိသားစုက တံခါးကို ပိတ်ထားပြီး အပြင်မထွက်လာဘူး။ ကျူးချန်က ကလေးကို တံခါးဝမှာ ချထားခဲ့ပြီး ဒီကလေးက သူ့ကလေးမဟုတ်ဘူးလို့ သံသယဝင်နေတာ။ နောက်နေ့ကျတော့ အဲ့ဒီကလေးကို ရဲတွေက ပြန်ပို့ပေးတယ်။ တစ်ဖက်က ရဲကို တိုင်လိုက်တာတဲ့"
"ဒါပေမဲ့ အများဆုံး ဒေါသထွက်တာကတော့ အဲ့ဒီတုန်းက ယွမ်တစ်သောင်း ရေစုန်မျောသွားတာကိုပဲ။ တကယ်လို့ ထပ်ပြီး မိန်းမယူမယ်ဆိုရင် တင်တောင်းငွေ အသစ်ပြန်ပေးရဦးမယ်လေ။ ဒါပေမဲ့ ကြားရတာက ကျူးချန်အမေရဲ့ သဘောထားက မုဆိုးမတစ်ယောက် ရှာပေးဖို့ ပြင်ဆင်နေတယ်တဲ့"
သူမ မာအိုက်ဟွာထံမှ ကြားခဲ့ရသည်မှာ ကျူးချန်၏မိခင်သည် ဝမ်ယန်ကဲ့သို့ မုဆိုးမတစ်ဦးကို ရှာဖွေလိုကြောင်း၊ ကျေးလက်မှဖြစ်သော်လည်း မိသားစုအခြေအနေ ကောင်းမွန်ရမည်၊ ကလေးမွေးနိုင်ရမည်၊ အဓိကမှာ ကြိုးစားပမ်းစား အလုပ်လုပ်ပြီး ပြဿနာမရှာရမည့်အပြင် တင်တောင်းငွေ အနည်းငယ်မျှပင် မလိုချင်သူမျိုးဖြစ်ရမည်ဟု ဆိုလေသည်။
ယခင်က ပတ်ဝန်းကျင်မှ အိမ်နီးချင်းများက သူတို့အိမ်မှ ကျိုးကျန့်သည် မုဆိုးမတစ်ဦးကို ယူကာ အလိုလို အဖေဖြစ်သွားရသည်ဟု ကွယ်ရာတွင် ပြောဆိုခဲ့ကြသော်လည်း၊ နောက်ပိုင်းတွင် ဘယ်သူကများ သူတို့၏ ကျိုးကျန့် မျက်စိစူးရှသည်ကို အားမကျဘဲ နေမှာလဲ။ ဇနီးဖြစ်သူက အလုပ်လုပ်နိုင်သည်၊ ကလေးမွေးနိုင်သည်၊ ယောက်ဖဖြစ်သူက စီးပွားရေးလုပ်တတ်ပြီး စားစရာသောက်စရာများ မကြာခဏ လာပို့ပေးတတ်ကာ မိသားစုတစ်ခုလုံး၏ ဆက်ဆံရေးမှာ ကောင်းမွန်လှသည်။ အချို့က သူမ၏သားဖြစ်သူ ယခုအခါ ပို၍ပို၍ ကောင်းမွန်လာခြင်းမှာလည်း ဝမ်ယန်က ကံကောင်းခြင်းများကို အိမ်ထဲသို့ သယ်ဆောင်လာခြင်းကြောင့်ဖြစ်သည်ဟု ပြောဆိုကြသေးသည်။
ကျိုးမားအနေဖြင့် ကံကောင်းခြင်း ဟုတ်မဟုတ်ကိုမူ သေချာမသိပေ။ သူမ သိသည်မှာ လင်မယားနှစ်ယောက် အဆင်ပြေပြေ နေထိုင်နိုင်ခြင်းက မည်သည့်အရာထက်မဆို ပိုကောင်းသည်ဆိုခြင်းပင်ဖြစ်သည်။ ဝမ်ယန်၏မိဘအိမ်က သူတို့အိမ်ကို နေရာတိုင်းတွင် ဂရုစိုက်ပေးစဉ်က သူမ မောက်မာမနေခဲ့သလို၊ ယခု သူမ၏သားဖြစ်သူ ကြီးပွားလာချိန်တွင်လည်း ချွေးမဖြစ်သူကို အထင်အမြင်သေးမည် မဟုတ်ပေ။ ထိုသို့မှသာ မိသားစုအတွင်း သဟဇာတဖြစ်မည်ဖြစ်လေသည်။
ကျန်းရိုသည် လီရှောင်း၏ရင်ခွင်ထဲရှိ အန်းအန်းကို တစ်ချက်ကြည့်လိုက်ရာ ကလေးမလေးမှာ စားထားသဖြင့် ပါးစပ်လေး ဆီပြန်နေပြီး ပူပင်သောကကင်းမဲ့ကာ အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ရှိနေလေသည်။
လီရှောင်းက လက်ကိုင်ပဝါကို ရှာမတွေ့သဖြင့် သူမ၏ လက်မောင်းသေးသေးလေးကို တိုက်ရိုက်ပင်ယူကာ ပါးစပ်လေးကို သုတ်ပေးလိုက်လေသည်။
ကလေးမလေးက ပါးစပ်ကိုဟပြကာ မျက်မှောင်ကြုတ်လျက် သူမ၏ပါးစပ်ကို လက်ညှိုးထိုးပြပြီး ပြောလိုက်လေသည်။
"အသား ရှိတယ်"
သူမ၏ သွားကြားထဲတွင် အသားညပ်နေကြောင်း အချက်ပြခြင်းဖြစ်သည်။
လီရှောင်းက တိုက်ရိုက်ပင် သူ၏လက်ဖြင့် သူမ၏ သွားကြားထဲရှိ အသားကို ကလော်ထုတ်ပေးလိုက်ပြီးနောက် ထွက်လာသောအခါ သူ၏လက်ကို သူမ၏ကိုယ်ပေါ်တွင် အလွယ်တကူ သုတ်ပစ်လိုက်လေသည်။
သားအဖနှစ်ယောက် ဆက်လက်၍ စားသောက်ကြလေတော့သည်။
"......"
ကျန်းရို၏ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားလေသည်။
.....
ညဘက် အိပ်ရာဝင်ချိန်တွင် လီရှောင်းက ကျန်းရို တစ်ချိန်လုံး စကားမပြောသည်ကို မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ"
သူမ စိတ်အခြေအနေ မကောင်းဖြစ်နေသည်ကို သတိထားမိလိုက်ခြင်းဖြစ်သည်။
ကျန်းရိုက အလယ်တွင် အိပ်နေသော အန်းအန်းကို ညင်သာစွာ ပုတ်ပေးနေလေသည်။ ယခုအခါ အခန်းထဲရှိ ကုတင်မှာ နံရံနှင့် ကပ်မထားသဖြင့် အန်းအန်းကို အစွန်တွင် အိပ်ခိုင်းရန် မရဲတော့ပေ။
အန်းအန်းမှာ လက်ခြေများ ဖြန့်ကားကာ အိပ်ပျော်နေပြီး ဝမ်းဗိုက်လေးမှာ နိမ့်ချည်မြင့်ချည်ဖြစ်နေကာ ကြည့်ရသည်မှာ အလွန်ချစ်စရာကောင်းလှသည်။
ကျန်းရိုက တိုးတိုးလေး ပြောလိုက်လေသည်။
"အဲ့ဒီကလေးလေး အရမ်းသနားစရာကောင်းတယ်လို့ တွေးမိလို့ပါ"
ထိုကလေးလေးမှာ ယခင်ဘဝက အန်းအန်းထက်ပင် ငယ်ရွယ်သေးသည်။ ထို့အပြင် သူမ တွေ့ရှိလိုက်ရသည်မှာ အချို့ကိစ္စများသည် ပြောင်းလဲလိုက်ရုံဖြင့် မဖြစ်ပေါ်လာတော့မည်မဟုတ်ဘဲ၊ ယခင်ဘဝက လီရှောင်းနှင့် အန်းအန်းတို့အပေါ်တွင် ဖြစ်ပျက်သင့်သော ကိစ္စများမှာ ဤဘဝတွင် သူတို့ ရှောင်လွှဲနိုင်ခဲ့သော်လည်း ကျူးချန်အပေါ်တွင် သွားရောက် အကျိုးသက်ရောက်သွားခြင်းဖြစ်သည်။
ဤသည်မှာ ကံကြမ္မာဆိုသည့်အရာ ဖြစ်ပေလိမ့်မည်။ လူတစ်ယောက်၏ ဘဝလမ်းကြောင်း ပြောင်းလဲသွားပါက ပတ်ဝန်းကျင်ရှိ အရာအားလုံးကလည်း လိုက်၍ ပြောင်းလဲသွားလေသည်။
ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မသိနိုင်ပေ။
လီရှောင်းကမူ တည်ငြိမ်သောအမူအရာဖြင့် ရှိနေလေသည်။
"လောကကြီးမှာ သနားစရာကောင်းတဲ့လူတွေ အများကြီးပါ။ သနားစရာ မလိုပါဘူး၊ ကြီးလာရင် အဆင်ပြေသွားမှာပါ၊ ကိုယ်လည်း ဒီလိုပဲလေ"
ကျန်းရိုက ခေါင်းလှည့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။
"ရှင် ငယ်ငယ်တုန်းက ဘယ်လိုပုံစံမျိုးလဲ"
တကယ်တော့ သူမ သိထားပါသည်။ သူ ငယ်စဉ်က အလွန်ကြမ်းတမ်းသူဖြစ်ကြောင်း မှတ်တမ်းများတွင် ရေးသားထားလေသည်။ အလွန်ငယ်ရွယ်စဉ်ကတည်းက လူကို ခေါင်းကွဲအောင် ကျောက်ခဲဖြင့် ပေါက်ခဲ့ဖူးလေသည်။
တကယ်တမ်းတွင်လည်း လီရှောင်းက တည်ငြိမ်သောအသံဖြင့် ပြောလိုက်လေသည်။
"ရန်ဖြစ်တာပေါ့၊ နေ့တိုင်း လူတွေနဲ့ ရန်ဖြစ်တာပဲ။ ကိုယ့်အဖေက အိမ်ကို ဂရုမစိုက်ဘူး၊ အမေအရင်းကလည်း မကြည့်ဘူးဆိုတော့ ခရိုင်ထဲက ကလေးတွေက ကိုယ့်ကို အနိုင်ကျင့်ကြတာပေါ့။ အစတုန်းက ကိုယ် ပြန်မချနိုင်ဘူး၊ နောက်ပိုင်းကျတော့ ဘယ်သူမှ ကိုယ့်ကို လာမစရဲတော့ဘူး"
"ငယ်ငယ်တုန်းက ကိုယ် ကျိုးကျန့်တို့ကို အားကျခဲ့တယ်။ သူတို့အားလုံးမှာ ချစ်ပေးမယ့် အဖေ၊ အမေ ရှိကြတယ်လေ။ တစ်ခါက ကိုယ်တို့တွေ အပြင်မှာ မိုးချုပ်တဲ့အထိ ကစားနေကြတုန်း သူတို့အားလုံးကို အိမ်ကလူတွေက လာခေါ်ပြီး ထမင်းပြန်စားခိုင်းကြတယ်။ ကိုယ်တစ်ယောက်တည်းပဲ မရှိခဲ့တာ"
ထိုစဉ်က သူ အသက်ဘယ်လောက် ရှိမည်နည်း။ ခြောက်နှစ် ခုနစ်နှစ်ခန့် ရှိမည်ထင်သည်။ သိသင့်သိထိုက်သည်များကို သိနေပြီဖြစ်သည်။
ကျန်းရို ထိုစကားကို ကြားသောအခါ ခေါင်းထဲတွင် ပုံရိပ်များ ပေါ်လာကာ အသက်အနည်းငယ်သာ ရှိသေးသော လီရှောင်းလေး၏ အထီးကျန်ဆန်သော ကျောပြင်လေးက ထိုနေရာတွင် ရပ်လျက် ကစားဖော်များ တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်အော်ခေါ်ခံရသည်ကို ကြည့်နေရသည့် မြင်ကွင်းကို မြင်ယောင်လာလေသည်။
အခြားကစားဖော်များ လွတ်လပ်စွာ ဆော့ကစားနိုင်ခြင်းမှာ အိမ်တွင် သူတို့ကို စောင့်နေသူရှိမှန်း သိသောကြောင့်ဖြစ်သည်။ သူကမူ အိမ်ပြန်ရောက်ပါကလည်း တစ်ယောက်တည်း ဖြစ်နေမည်ကို ကြောက်ရွံ့နေခဲ့ခြင်းဖြစ်သည်။
ရုတ်တရက် စကားမပြောနိုင်အောင် ဖြစ်သွားလေသည်။ ဤအရာများသည် သူမ တစ်ခါမှ မကြုံဖူးသော အရာများဖြစ်သည်။ သူမ၏ ပထမ အနှစ်နှစ်ဆယ်သည် အလွန်ပျော်ရွှင်သော မိသားစုတစ်ခုတွင် ကြီးပြင်းလာခဲ့ပြီး၊ ချစ်ခင်ကြင်နာတတ်သော ဖေဖေ မေမေ ရှိသည်၊ သူမကို အနိုင်ကျင့်သော်လည်း ကာကွယ်ပေးတတ်သော အစ်ကို ရှိသည်၊ နောက်ပိုင်းတွင် အမျိုးသမီးစွမ်းဆောင်ရှင် သူငယ်ချင်းဖြစ်သူ မရီး ရှိလာသေးသည်။
သူနှင့် သူမသည် မတူညီသော ကမ္ဘာနှစ်ခုတွင် နေထိုင်ခဲ့ကြသည့်အလားပင်။
လီရှောင်းက သူမ စကားမပြောသည်ကို မြင်သောအခါ ပြုံးလိုက်ပြီး ပြောလေသည်။
"ဒါတွေက ဘာဖြစ်လို့လဲ။ အကုန်လုံး ပြီးသွားခဲ့ပြီပဲ၊ မတွေးမိရင် ကိုယ်တောင် မေ့နေပြီ"
သူ တကယ်ကို ဂရုမစိုက်တော့ပေ။ ကြီးလာသောအခါ ဂရုမစိုက်တော့ပေ။ ယခုဘဝကို သူ အလွန်ကျေးဇူးတင်ပြီး ဤအတိုင်း အမြဲတမ်း ဆက်လက်တည်ရှိသွားစေရန် မျှော်လင့်မိလေသည်။
ကျန်းရိုက ကိုယ်ကို လှည့်လိုက်ပြီး လက်လှမ်းကာ အလယ်ရှိ အန်းအန်းနှင့်အတူ လီရှောင်းကိုပါ ဖက်ထားလိုက်လေသည်။
.....
အောက်တိုဘာလ ၁၇ ရက်နေ့တွင် ကျန်းရိုသည် နံရံပေါ်ရှိ ပြက္ခဒိန်ကို ဆုတ်လိုက်ပြီး ရုတ်တရက် နောက်လှည့်ကာ လီရှောင်းအား မေးလိုက်လေသည်။
"အန်းအန်းရဲ့ မွေးနေ့က ပြီးသွားပြန်ပြီလား"
အန်းအန်း မွေးဖွားသည့်နေ့မှာ အင်္ဂလိပ်လ အောက်တိုဘာလ ဆယ့်ခုနစ်ရက်နေ့ဖြစ်ပြီး တရုတ်လသို့ ပြောင်းလိုက်ပါက ၉လပိုင်း ဆယ့်နှစ်ရက်နေ့ဖြစ်သည်။ သို့သော် ယနေ့မှာ ၁၀လပိုင်း ငါးရက်နေ့ ရောက်နေပြီဖြစ်သည်။
လီရှောင်းက ထမင်းစားပွဲမှ ခေါင်းမော့လာပြီး ထိုစကားကို ကြားသောအခါ အနည်းငယ် ဇဝေဇဝါဖြစ်သွားလေသည်။ နှစ်ယောက်သား မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် တစ်ပြိုင်နက်တည်း ဆိုဖာပေါ်တွင် ထိုင်ကာ တီဗွီ ကြည့်နေသော ကလေးမလေးကို ကြည့်လိုက်ကြလေသည်။
လီရှောင်းသည် ငယ်စဉ်ကတည်းက ကြီးလာသည်အထိ မွေးနေ့မကျင်းပခဲ့ဖူးသဖြင့် မွေးနေ့ဆိုသောအရာကို တစ်ခါမှ စိတ်ထဲမထားခဲ့ဖူးသလို၊ အထူးတလည် မှတ်သားထားရန်လည်း ပို၍ပင် မတွေးဖူးခဲ့ပေ။ ကျန်းရိုမှာမူ ပုံမှန် ပေါ့တန်တန်နေတတ်သူဖြစ်ပြီး သူမ၏မွေးနေ့ကိုပင် မမှတ်မိတတ်ဘဲ မွေးနေ့ရောက်တိုင်း သူမ၏မိခင်က သတိပေးမှ သိလေ့ရှိလေသည်။
ယမန်နှစ်က အန်းအန်း၏ တရုတ်လ မွေးနေ့ကိုလည်း ကျန်းရို မမှတ်မိခဲ့ဘဲ ရက်အနည်းငယ် ကြာပြီးမှသာ လွန်သွားပြီဖြစ်ကြောင်း နောက်ကျမှ သတိပြုမိခဲ့လေသည်။ ထို့နောက် မိသားစုသုံးယောက် ကိတ်မုန့်ငယ်လေးတစ်ခုဝယ်ကာ သူမကို ကျွေးခဲ့သည်။ သေချာသည်မှာ အန်းအန်းက အနည်းငယ်သာ စားခဲ့ပြီး ကျန်တာများ အားလုံးက ကျန်းရို၏ ဗိုက်ထဲသို့ ရောက်သွားခဲ့ခြင်းဖြစ်သည်။
ယခုနှစ်တွင် သေချာပေါက် မှတ်ထားမည်ဟု ပြောထားသော်လည်း မေ့သွားပြန်မည်ဟု မထင်ထားခဲ့ပေ။
လီရှောင်းက အန်းအန်းကို တစ်ချက် ထပ်ကြည့်လိုက်လေသည်။
"အဲ့ဒါဆိုလည်း ဒီနေ့ပဲ ကျင်းပလိုက်တော့လေ၊ ဘာပဲဖြစ်ဖြစ် အတူတူပဲဟာကို"
ဒီလိုပဲ လုပ်ရတော့မည်ဖြစ်သည်။ အဓိကမှာ ယခုခေတ် မိုဘိုင်းဖုန်းများတွင် အပိုလုပ်ဆောင်ချက်များ မပါဝင်သောကြောင့်ဖြစ်သည်။ မဟုတ်ပါက သတိပေးချက်တစ်ခု လုပ်ထား၍ ရနိုင်လေသည်။
ကျန်းရိုက ဆိုဖာပေါ်ရှိ ကလေးမလေးအား မေးလိုက်လေသည်။
"အန်းအန်း၊ ဒီနေ့ နေ့လယ် ကစားကွင်း သွားဆော့ချင်လား၊ ဒါမှမဟုတ် ရုပ်ရှင်သွားကြည့်ချင်လား"
ယနေ့ သူမတွင် အတန်းတစ်ဝက်သာရှိသဖြင့် သူမကို အပြင်ခေါ်သွား၍ ရနိုင်လေသည်။
အန်းအန်းက အပြင်ထွက်ကစားရမည်ဟု ကြားသည်နှင့် ချက်ချင်းပင် ခေါင်းလှည့်ကာ ကျန်းရိုကို ကြည့်လိုက်ပြီး ကလေးသံလေးဖြင့် ပြောလိုက်လေသည်။
"ကစားကွင်း"
ပြီးခဲ့သည့်အကြိမ်က ကစားကွင်းတွင် ဆော့ကစားရသည်ကို အလွန်ပျော်ရွှင်ခဲ့ကြောင်း မှတ်မိနေသေးလေသည်။
တကယ်တော့ ကျန်းရိုက ရုပ်ရှင်သွားကြည့်ချင်ခြင်းဖြစ်သည်။ ကစားကွင်းသို့ သွားပါက မျက်စိအောက်မှ အပျောက်မခံဘဲ ကြည့်နေရမည်ဖြစ်ပြီး ရုပ်ရှင်ရုံထဲတွင်မူ တိုက်ရိုက်ထိုင်နေရုံဖြင့် ရနိုင်လေသည်။
သို့သော်လည်း ပြောလိုက်လေသည်။
"ကောင်းပြီလေ၊ ဒါဆို မာမား မွန်းလွဲပိုင်း သမီးကို ကစားကွင်း ခေါ်သွားမယ်"
အန်းအန်းက ဆိုဖာပေါ်မှ မတ်တတ်ရပ်ကာ ပျော်ရွှင်စွာ ခုန်ပေါက်လိုက်လေသည်။
"မာမားက လူကောင်းကြီး"
ကျန်းရို ကြားပြီး ရယ်လိုက်လေသည်။
"အဲ့ဒါ အန်းအန်း ဒီနေ့ မွေးနေ့ဖြစ်နေလို့လေ"
အန်းအန်းက အပြစ်ကင်းစင်သော မျက်နှာလေးဖြင့် ပြောလိုက်လေသည်။
"အန်းအန်းက နေ့တိုင်း မွေးနေ့လုပ်ချင်တာ"
"အဲ့ဒါတော့ မရဘူးလေ၊ မွေးနေ့က တစ်နှစ်မှာ တစ်ခါပဲ ရှိတာ။ နောက်တစ်ခေါက်က နောက်နှစ်မှ ရောက်မှာ"
အန်းအန်းက မျက်မှောင်ကြုတ်လိုက်ပြီး တစ်နှစ်ဆိုသည်မှာ မည်မျှကြာကြာ စောင့်ရဦးမည်ကို နားမလည်ပုံရလေသည်။
လီရှောင်းက ထမင်းစားပွဲရှေ့တွင် ထိုင်လျက် ပြောလိုက်လေသည်။
"ကစားကွင်းလား။ အဲ့ဒါဆို ကိုယ် နေ့လယ်ပိုင်း လာကြိုမယ်"
"ကောင်းပြီလေ"
......
မွန်းတည့်ချိန် အတန်းဆင်းပြီးနောက် ကျန်းရိုသည် အန်းအန်းကိုခေါ်ကာ ကျောင်းတံခါးဝရှိ ကိတ်မုန့်ဆိုင်သို့ အရင်သွားပြီး ရှစ်လက်မအရွယ် သစ်အယ်သီး ကိတ်မုန့်တစ်ခုကို မှာယူလိုက်သည်။ ထို့နောက်မှ သူမကို အိမ်သို့ခေါ်သွားကာ ထမင်းစားစေပြီး ဗိုက်ဝအောင် အိပ်ခိုင်းလိုက်လေသည်။ ထို့နောက် ဘေးအိမ်တံခါးကို သွားခေါက်လေသည်။
"ဒီနေ့ အန်းအန်း မွေးနေ့လေ၊ ကျွန်မ သူ့ကို ကစားကွင်း ခေါ်သွားမလို့ ပြင်ထားတာ၊ ရှင်တို့ လိုက်မလား"
ဝမ်ယန်က ကစားကွင်းဆိုသည်မှာ မည်သည့်အရာမှန်း မသိပေ။ သူမက ယောက္ခမကို ကြည့်လိုက်ရာ ကျိုးမားက ကျိုးဟုန်၏မျက်လုံးထဲတွင် မျှော်လင့်တောင့်တနေသော အကြည့်များကို မြင်တွေ့ရသဖြင့် တိုက်ရိုက်ပင် ဆုံးဖြတ်ချက်ချလိုက်လေသည်။
"သွားမယ်၊ ငါတို့ကို ခဏစောင့်ဦး"
"ဟုတ်ကဲ့"
ထို့နောက် လူကြီးသုံးယောက်၊ ကလေးသုံးယောက် အတူတူ ဘတ်စ်ကားစီးကာ ကစားကွင်းသို့ သွားကြလေသည်။
ဝမ်ယန်တို့ ဤဘက်သို့ ရောက်နေသည်မှာ ရက်အနည်းငယ် ရှိနေပြီဖြစ်သော်လည်း လူစိမ်း၊ နေရာစိမ်းဖြစ်နေသဖြင့် ဝမ်ယန်တို့မှာ အိမ်ထဲတွင်သာ နေ၍ တီဗွီ ကြည့်နေရုံသာ တတ်နိုင်ကြလေသည်။
သို့သော် ကျိုးကျန့်က အဆက်အသွယ်ရှာထားပြီး ကျိုးဟုန်ကို အနီးအနားရှိ မူလတန်းကျောင်းသို့ ပို့ရန် ပြင်ဆင်ထားလေသည်။ သူ့အသက်မှာ ငယ်ရွယ်သေးသဖြင့် ပထမတန်းကို နှစ်နှစ် တက်ခိုင်းရန် ပြင်ဆင်ထားပြီး ရက်အနည်းငယ်အတွင်း ကျောင်းသွားတက်ရတော့မည်ဖြစ်သည်။
ထိုအချိန်ကျလျှင် ကျိုးမားက အိမ်တွင် ကလေးအကြိုအပို့နှင့် ထမင်းချက်ရန် တာဝန်ယူမည်ဖြစ်ပြီး ဝမ်ယန်က စက်ရုံထမင်းစားရုံသို့ သွား၍ ကူညီမည်ဖြစ်သည်။ စက်ရုံမှာ အရာအားလုံး စတင်ခါစသာဖြစ်ရာ ထမင်းစားရုံလစာမှာ မများနိုင်သော်လည်း ယွမ်နှစ်ရာ သုံးရာခန့်တော့ ရှိပေမည်။
ယွမ်နှစ်ရာ သုံးရာ မဆိုထားနှင့် တစ်ပြားတစ်ချပ်မှ မရလျှင်တောင် ဝမ်ယန်က သွားရောက်ကူညီရန် ဆန္ဒရှိလေသည်။
ကစားကွင်းမှာ လူသွားလမ်းနှင့် အလွန်နီးလေသည်။ ဘတ်စ်ကားပေါ်မှ ဆင်းပြီးနောက် ကျန်းရိုက သူတို့ကို လူသွားလမ်းဘက်မှ တကူးတက လမ်းလှည့်ကာ ဖြတ်သွားစေပြီး လူသွားလမ်းအဝင်ဝရှိ ဆိုင်ခန်းတစ်ခန်းကို လက်ညှိုးထိုးပြလေသည်။
"အဲ့ဒီတုန်းက လီရှောင်း၊ ကျိုးကျန့်တို့ ဖွင့်ခဲ့တဲ့ မနက်စာဆိုင်က ဒီနေရာပဲလေ၊ ပိုက်ဆံ တော်တော်လေး ရတယ်"
မနက်စာဆိုင်အကြောင်း ဝမ်ယန်နှင့် ကျိုးမားတို့လည်း ကျိုးကျန့် ပြောပြ၍ ကြားဖူးလေသည်။ ထိုစဉ်က သူတို့မှာ အလွန်စိုးရိမ်ပူပန်ခဲ့ရပြီး သူတို့ ညီအစ်ကိုနှစ်ယောက် တောင်ပိုင်းတွင် ဆက်မရပ်တည်နိုင်တော့မည်ကို စိုးရိမ်ခဲ့ကြသည်။ ကံကောင်းထောက်မစွာဖြင့် နောက်ပိုင်းတွင် သူတို့ဘာသာ ဖြေရှင်းနိုင်ခဲ့ကြလေသည်။
တံခါးတွင် 'ဆိုင်ခန်းလွှဲပြောင်းမည်' ဟု ရေးထားသော စာရွက်ကို ကပ်ထားသည်ကို ကျန်းရို ပြောပြ၍ ဝမ်ယန်က ဆဲလိုက်လေသည်။
"မှတ်ကရောပဲ"
ကျန်းရိုက မနက်စာဆိုင်ဘေးရှိ ပန်းခွေနှင့် ဈာပနအဝတ်အစားများ ရောင်းသော ဆိုင်ငယ်လေးကို ကြည့်လိုက်ရာ ဘေးမှ ဖြတ်သွားဖြတ်လာ လမ်းသွားလမ်းလာများပင် လမ်းလွှဲသွားချင်နေကြသည်ကို မြင်တွေ့ရသဖြင့် မနေနိုင်ဘဲ ရယ်ချင်သွားလေသည်။
ဤကိစ္စမျိုးကို လီရှောင်းသာ လုပ်နိုင်ပေလိမ့်မည်။
ထိုစဉ်က ဤကိစ္စအတွက် ချန်ရုန်သည် လီရှောင်းထံသို့ ပြေးလာခဲ့သေးသည်။ လီရှောင်းက သူနှင့် အပြစ်ကင်းဟန်ဆောင်ကာ မနက်စာဆိုင် ဖွင့်မရတော့သဖြင့် သူက ဆိုင်ငယ်လေးကို လွှဲပြောင်းပေးလိုက်ခြင်းဖြစ်ပြီး တစ်ဖက်လူ ဘာရောင်းမည်ကို သူ မတတ်နိုင်ကြောင်း ပြောခဲ့လေသည်။
နောက်ဆုံးတွင် ချန်ရုန် တစ်ဖက်လူနှင့် သွားရောက်ညှိနှိုင်းခဲ့သလားဆိုသည်ကိုမူ ကျန်းရို မသိပေ။ သို့သော် ဤဆိုင်ငယ်လေး ဆက်လက်ဖွင့်လှစ်နေဆဲဖြစ်သည်ကို ကြည့်ခြင်းအားဖြင့် အကျိုးအမြတ် မရခဲ့ကြောင်း တွေးကြည့်နိုင်လေသည်။
ကျန်းရိုသည် သူတို့ကို လူသွားလမ်းနှင့် အနောက်ဘက်ရှိ ပန်းခြံကို ကွေ့ပတ်ကာ ကစားကွင်းတံခါးဝသို့ ရောက်ရှိလာပြီး ပိုက်ဆံပေး၍ အတူတူ ဝင်သွားကြလေသည်။
ဝင်ဝင်ချင်းပင် စက်ဘီးပေါ်တွင် လေပူဖောင်းများ အပြည့်တင်ထားသော အဘိုးအိုတစ်ဦးကို တွေ့လိုက်ရသဖြင့် ကျန်းရိုက ကလေးများအတွက် လေပူဖောင်း သုံးလုံး ဝယ်ပေးလိုက်လေသည်။
ဝမ်ယန်က ပိုက်ဆံပေးချင်သေးသော်လည်း ကျန်းရိုက တားလိုက်လေသည်။
"ပိုက်ဆံ ဘယ်လောက်မှ မကျပါဘူး၊ ခဏနေရင် နင်ပေးပေါ့၊ ငါလည်း နင့်ကို အားနာနေမှာ မဟုတ်ဘူး"
ဝမ်ယန်က သက်ပြင်းချလိုက်ပြီး ကျန်းရိုကို အမြဲတမ်း အခွင့်အရေးယူနေသလို မဖြစ်ချင်ပေ။
အန်းအန်းက ကျန်းရို၏ကိုယ်ပေါ်မှ လျှောချလိုက်ပြီး လက်တစ်ဖက်က လေပူဖောင်းကို ကိုင်ထားကာ၊ အခြားလက်တစ်ဖက်က မေမေ့ကို ဆွဲထားပြီး ပျော်ရွှင်စွာ တစ်ခုန်ခုန်ဖြင့် သွားနေလေသည်။ ထို့အပြင် ခေါင်းလှည့်ကာ ကျိုးဟုန်ကိုပါ ပြောလိုက်သေးသည်။
"ကိုကို၊ သေချာလိုက်ခဲ့နော်"
ကျိုးမား ကြားပြီး ရယ်လိုက်လေသည်။
"အော်၊ အန်းအန်းက ငါတို့ကို သေချာလိုက်ခဲ့ဖို့ ပြောတာလား"
အန်းအန်းက အလေးအနက်ထား၍ ခေါင်းညိတ်ပြလေသည်။
ကျိုးမားနှင့် ဝမ်ယန်တို့ ထပ်မံရယ်မောလိုက်ကြပြန်သည်။
"ဒီကလေးက သိပ်မကြီးသေးပေမဲ့ ဘယ်လိုလုပ် ဒီလောက် ဉာဏ်ကောင်းနေရတာလဲ၊ ငါတို့ကို သေချာလိုက်ခဲ့ဖို့တောင် သိနေသေးတယ်"
ကျန်းရိုလည်း ရယ်မောလိုက်သည်။ ဤသည်မှာ သူမ သင်ပေးထားခြင်း တကယ်မဟုတ်ပေ။ ငယ်စဉ်ကတည်းက အပြင်တွင် လျှောက်သွားခဲ့ရခြင်းကြောင့် ဖြစ်ပေလိမ့်မည်။ အပြင်ရောက်သည်နှင့် အန်းအန်းက သူမနှင့် လီရှောင်းကို အလွန်ကပ်တွယ်တတ်ပြီး လုံးဝ လျှောက်မပြေးတတ်ပေ။
ကျန်းရိုက သူမ၏လက်ကိုဆွဲကာ ရှေ့မှ လျှောက်သွားပြီး သွားရင်းနှင့် သူတို့ကို ကစားစရာများကို မိတ်ဆက်ပေးလေသည်။ ထို့နောက် သူတို့ကိုခေါ်၍ ချားရဟတ်ကြီး၊ ချားရဟတ်၊ ရေပေါ်ကစားကွင်း... စသည်တို့ကို ကစားစေလေသည်။ အချို့သော စိတ်လှုပ်ရှားဖွယ် ကစားစရာများကိုမူ ကျန်းရိုက သူတို့ကို မခေါ်သွားတော့ဘဲ ဘေးမှသာ ရပ်ကြည့်နေခဲ့သည်။ သို့သော် ကျိုးဟုန်မှာ သတ္တိကောင်းသဖြင့် ရိုလာကိုစတာ စီးချင်သဖြင့် ကျန်းရိုက သူ့ကို စမ်းကြည့်ခိုင်းလိုက်လေသည်။
ထို့နောက် သူက ပျော်ရွှင်စွာ တက်သွားပြီး မျက်နှာဖြူရော်စွာဖြင့် ဆင်းလာသည်ကို မြင်တွေ့ရလေသည်။ ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် ခြေနှစ်ဖက်လုံး အားပျော့သွားကာ လဲကျလုနီးပါးပင် ဖြစ်သွားလေသည်။
ကျိုးမားကို အလွန်ရယ်ရစေခဲ့ပြီး ခပ်မြန်မြန်လျှောက်သွားကာ သူ့ကို ချီလိုက်လေသည်။
"ကစားမယ်ဆို"
ကျိုးဟုန်က အနည်းငယ် ရှက်ရွံ့နေလေသည်။
အန်းအန်းက ရှေ့တိုးကာ သူ့ကို နှစ်သိမ့်လေသည်။
"ကိုကို၊ အရမ်းတော်တာပဲ"
ထိုစကားကို ကြားသောအခါ ကျိုးဟုန်က သူ၏ရင်ဘတ်လေးကို ကော့လိုက်လေသည်။
ကျန်းရိုက ပြန်လျှောက်လာသော အန်းအန်းကို ကြည့်ကာ ရင်ထဲတွင် နွေးထွေးသွားပြီး သူမက တကယ်ကို နတ်သမီးလေးတစ်ပါးဟု တွေးမိလေသည်။
မနေနိုင်ဘဲ သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေသည်။
အန်းအန်းက ခေါင်းမော့ကာ သူမကို ကြည့်လိုက်သေးသည်။
"မာမား၊ ကိုကိုက တော်တယ်။ မရယ်နဲ့နော်"
ပြောရင်းနှင့် အလေးအနက်ထား၍ လက်ကို ယမ်းပြနေလေသည်။
ကျန်းရိုက ညင်သာစွာ ပြန်ထူးလိုက်သည်။
"ကောင်းပါပြီ၊ မာမား မရယ်တော့ဘူး"
အန်းအန်းက ကျေနပ်သွားပြီး သူမ၏လက်ကိုဆွဲကာ တစ်လှမ်းချင်း ရှေ့သို့ လျှောက်သွားပြီး ငှက်သိုက်မုန့် စားချင်လေသည်။
ငှက်သိုက်မုန့်နားနေသူ အနည်းငယ် များနေသဖြင့် ကျန်းရိုက အန်းအန်း၏လက်ကိုဆွဲကာ အပြင်ဘက်ဆုံးတွင် စောင့်နေလေသည်။ ဘေးတွင် လူများ အနားယူရန် ထိုင်ခုံတစ်ခုလည်း ရှိသေးပြီး အပေါ်တွင် သပ်သပ်ရပ်ရပ် ဝတ်စားထားသော ကောင်လေးတစ်ယောက် ထိုင်နေလေသည်။ ထိုယောကျ်ားလေးမှာ အလွန်လှပပြီး နှုတ်ခမ်းနီနီ၊ သွားဖြူဖြူ၊ မျက်လုံးနက်နက်တောက်တောက်လေးများနှင့် ဆံပင်များကို ဂျယ်လ်လိမ်းထားသကဲ့သို့ စည်းကမ်းတကျ ဖြီးသင်ထားလေသည်။
ကျန်းရိုက မနေနိုင်ဘဲ နှစ်ချက်ခန့် ပိုကြည့်မိလိုက်ရာ သူမ၏လက်ထဲရှိ အန်းအန်းကလည်း သူမ၏လက်ကို လှုပ်ရမ်းလိုက်ပြီး တိုးတိုးလေး ပြောလေသည်။
"မာမား၊ အဲ့ဒီကိုကို့ဆီမှာ သကြားလုံးရှိတယ်"
ကျန်းရိုမှာ ငိုရခက်ရယ်ရခက်ဖြစ်သွားပြီး သူမက ကောင်လေး၏ လက်ထဲရှိ ရောင်စုံတုတ်ထိုးသကြားလုံးကိုသာ မြင်လိုက်ခြင်းဖြစ်မည်ဟု မထင်ထားခဲ့ပေ။
"မာမား အခုချက်ချင်း သမီးအတွက် ဝယ်ပေးမယ်နော်"
ကလေးမလေးက ပျော်ရွှင်စွာ ပြန်ထူးလိုက်လေသည်။
"ဟုတ်"
ကျန်းရို၏ အလှည့်ရောက်လုနီးပါးဖြစ်ချိန်တွင် လီရှောင်းနှင့် ကျိုးကျန့်တို့ ရောက်လာကြလေသည်။ ကျိုးကျန့်မှာ ကစားကွင်းတွင် မကစားဖူးသဖြင့် ကျိုးဟုန်ကို ပခုံးပေါ်တင်ကာ မိသားစုအကြီးအငယ်အားလုံးကို ခေါ်၍ စိတ်လှုပ်ရှားဖွယ် ကစားစရာများကို ကစားရန် သွားလေတော့သည်။
လီရှောင်းကမူ ထိုသို့စိတ်ဝင်စားမှုမျိုး မရှိပေ။ သူကလည်း အန်းအန်းကို ပခုံးပေါ်တင်ကာ ကာတွန်းဇာတ်ကောင်များ ရှိရာသို့ လှည့်၍ လျှောက်သွားလေသည်။ အန်းအန်းမှာ ပါပါး၏ ပခုံးပေါ်တွင် ထိုင်နေသဖြင့် သူမ၏ မြင်ကွင်းမှာ ချက်ချင်းပင် ကျယ်ဝန်းသွားကာ ပါပါးကို ဖက်၍ ပျော်ရွှင်စွာ ရယ်မောနေပြီး ကလေးသံလေးဖြင့် ပြောလိုက်သေးသည်။
"ပါပါး၊ အရမ်းချစ်တယ်"
လီရှောင်းက နှုတ်ခမ်းကို ကွေးလိုက်လေသည်။
ကျန်းရိုက သူတို့ မိသားစုသုံးယောက်ကို ဓာတ်ပုံတစ်ပုံ ရိုက်ခိုင်းလိုက်သေးသည်။
ဓာတ်ပုံရိုက်ပြီးနောက် ကျန်းရိုက အိမ်သာသွားချင်သဖြင့် အိတ်ကို လီရှောင်းအားပေးကာ နေရာတွင် ခဏစောင့်နေရန် ပြောလိုက်သည်။ လီရှောင်းက နားမထောင်ဘဲ အန်းအန်းကိုခေါ်ကာ သူမနောက်မှ အိမ်သာသို့ အတူတူ လိုက်သွားပြီးနောက် တံခါးအပြင်ဘက်တွင် စောင့်နေလေသည်။
အမျိုးသမီးအိမ်သာထဲတွင် လူအနည်းငယ်များနေသဖြင့် ကျန်းရိုက အထဲတွင် အတန်ကြာ စောင့်လိုက်ရသည်။ ထွက်လာချိန်တွင် လက်ဆေးလိုက်ပြီး လီရှောင်းနှင့် အန်းအန်းတို့ မစောင့်နိုင်တော့မည်ကို စိုးရိမ်သဖြင့် ခြေလှမ်းခပ်မြန်မြန်ဖြင့် အပြင်သို့ လျှောက်သွားလေသည်။ သူမ လျှောက်တာ မြန်လွန်း၍လား၊ တစ်ဖက်လူက လူကို မမြင်၍လား မသိ၊ တံခါးဝ အကွေ့တွင် အမျိုးသမီးတစ်ဦးနှင့် တိုက်မိသွားလေသည်။
အမျိုးသမီးက သူမကို တစ်ချက်ပင် မကြည့်ဘဲ အင်္ကျီဖြင့် ရင်ခွင်ထဲရှိ ကလေးကို တင်းကြပ်စွာ ဖုံးအုပ်ကာ အထဲသို့ လျှောက်သွားလေသည်။ မျက်နှာပေါ်ရှိ အမူအရာမှာလည်း အလွန်အမင်း တည်ငြိမ်အေးစက်လွန်းနေလေသည်။
ကျန်းရိုကလည်း စိတ်ထဲမထားဘဲ မသိစိတ်မှပင် တောင်းပန်စကား ဆိုလိုက်သော်လည်း ထပ်ကြည့်လိုက်သောအခါ လူမှာ သူမကိုကွေ့ပတ်၍ အိမ်သာထဲသို့ ခပ်သုတ်သုတ် ဝင်သွားပြီဖြစ်ပြီး တုံ့ပြန်သံ တစ်ခွန်းမျှပင် မရှိပေ။
မျက်မှောင်ကြုတ်လိုက်ပြီး မနေနိုင်ဘဲ ခေါင်းလှည့်ကြည့်လိုက်သော်လည်း ဘာမှမမြင်ရတော့ဘဲ လူမှာ တံခါးဝတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။
ကျန်းရို အိမ်သာမှ ထွက်လာသောအခါ တံခါးဝနှင့် မဝေးလှသောနေရာတွင် လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက် မျက်နှာချင်းဆိုင် ဆောင့်ကြောင့်ထိုင်ကာ မြေကြီးကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။ လီရှောင်း၏လက်ထဲတွင် သစ်ကိုင်းတစ်ကိုင်းကို ကိုင်ထားပြီး တစ်ခုခု ရေးခြစ်နေကာ အန်းအန်းကလည်း အတုခိုး၍ မြေကြီးပေါ်တွင် လက်ဖြင့် ရိုးအအ ထိုးဆွနေလေသည်။
လီရှောင်းက သူမကို အရင်မြင်သွားပြီး တိုက်ရိုက်ပင် မတ်တတ်ရပ်ကာ မေးလိုက်လေသည်။
"နောက်ထပ် ဘာကစားမလဲ"
အန်းအန်းက သူမအဖေ၏ ဘောင်းဘီကိုဆွဲကာ မတ်တတ်ရပ်လိုက်ပြီး ခေါင်းမော့၍ ပြောလေသည်။
"ဘမ်းဘမ်း ကစားမယ်"
ပြီးခဲ့သည့်အကြိမ်က ကစားခဲ့သော တိုက်ကားကို မှတ်မိနေသေးလေသည်။
လီရှောင်းက ချက်ချင်း သဘောတူလိုက်လေသည်။
"ရတယ်"
ကျန်းရို အနီးသို့ရောက်လာပြီး လီရှောင်း၏ ကိုယ်ပေါ်ရှိ အိတ်ထဲမှ ရေနွေးပုလင်းကို ထုတ်ကာ ဆောင့်ကြောင့်ထိုင်၍ အန်းအန်းကို ရေနှစ်ငုံခန့် တိုက်လိုက်လေသည်။
လီရှောင်းက ရှေ့မှ လျှောက်သွားပြီး ကျန်းရိုက အန်းအန်း၏ လက်ကိုဆွဲကာ နောက်မှ လိုက်သွားလေသည်။ သို့သော် လျှောက်လေလေ စိတ်ထဲတွင် စိုးရိမ်ပူပန်မှုများ ပိုဖြစ်လာလေလေ ဖြစ်လေသည်။ သူမ၏ ဆဋ္ဌမအာရုံက စောစောက အမျိုးသမီးမှာ တစ်ခုခုမှားယွင်းနေပုံရကြောင်း ပြောပြနေလေသည်။
ယခင်က ကျောင်းတက်စဉ်က ဆရာက သူတို့ကို ပြောဖူးသည်။ ဆဋ္ဌမအာရုံကို ယုံကြည်စိတ်ချရမှုမရှိဟု မထင်ရန်၊ များသောအားဖြင့် သင် တစ်ခုခု မှားယွင်းနေသည်ဟု ခံစားရသောအခါ တကယ်တော့ သင် ပုံမှန် စုဆောင်းထားသော ဗဟုသုတများက သင့်ကို မျက်မြင်မရသော စွမ်းအားတစ်ခုဖြင့် သတိပေးနေခြင်းဖြစ်ကြောင်း၊ သင်က ထိုဗဟုသုတကို မည်သည့်နေရာမှ သင်ယူခဲ့ဖူးသည်ကို ယာယီ မမှတ်မိခြင်းသာ ဖြစ်ကြောင်း ပြောခဲ့ဖူးလေသည်။
ကျန်းရို ရုတ်တရက် ရှေ့သို့ တစ်လှမ်းတိုးကာ လီရှောင်းကို ဆွဲထားလိုက်ပြီး လေးနက်စွာ ပြောလိုက်လေသည်။
"နေဦး၊ ကျွန်မတို့ ခဏနေမှ သွားမယ်"
ထို့နောက် လူကိုဆွဲ၍ ပြန်လှည့်သွားကာ အိမ်သာတံခါးဝတွင် စောင့်နေလေသည်။
လီရှောင်းက သူမဆွဲရာနောက် ပါလာပြီး တံခါးဝတွင် ရပ်လျက် ထူးဆန်းစွာ မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ"
အန်းအန်းကလည်း ခေါင်းမော့ကာ အလွန်စပ်စုသော အမူအရာဖြင့် မေမေ့ကို ကြည့်နေလေသည်။
ကျန်းရို မျက်မှောင်ကြုတ်လိုက်ပြီး စောစောက ကိစ္စကို သူ့အား ပြောပြလိုက်ကာ ဆက်ပြောလေသည်။
"ကျွန်မ သံသယလွန်ကဲနေတာလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ တစ်ခုခု မှားနေတယ်လို့ ခံစားရလို့ နည်းနည်း စိတ်မချဖြစ်နေတယ်။ လူထွက်လာတဲ့အထိ စောင့်ကြည့်ချင်လို့ပါ၊ မထွက်သွားလောက်သေးပါဘူးနော်"
လီရှောင်းက ကျန်းရို မျက်မှောင်ကြုတ်ထားသည်ကို ကြည့်ကာ သူမကို အပိုအလုပ်လုပ်သည်ဟု မပြောဘဲ ချက်ချင်းပင် သဘောတူလိုက်လေသည်။
"အဲ့ဒါဆိုလည်း ထပ်စောင့်ကြည့်ကြတာပေါ့"
ကျန်းရိုက သူ့ကို ကျေးဇူးတင်စွာဖြင့် တစ်ချက်ကြည့်လိုက်ပြီး သူမကို ဤသို့ တွေဝေခြင်းမရှိဘဲ ထောက်ခံပေးသည့် သူ၏ လုပ်ရပ်ကို အလွန်သဘောကျမိလေသည်။
သို့သော် အချိန်အတော်ကြာ စောင့်နေသော်လည်း လူကို မတွေ့ရသဖြင့် ကျန်းရို အနည်းငယ် လောလာလေသည်။
"ထွက်သွားပြီလား မသိဘူး"
လီရှောင်းက စဉ်းစားပင်မစဉ်းစားဘဲ ပြောလိုက်လေသည်။
"မဖြစ်နိုင်ဘူး၊ တကယ်လို့ လူကုန်ကူးတဲ့သူသာဆိုရင် သူက ကလေးကို သေချာပေါက် အပြောင်းအလဲ တချို့ လုပ်မှာပဲ။ ဆံပင်ညှပ်တာ ဒါမှမဟုတ် အဝတ်အစားလဲတာ၊ ဒါမှမဟုတ် နှစ်ခုလုံး လုပ်တာပေါ့။ အဲ့ဒါတွေက အချိန်ယူရတယ်"
ဤလှည့်ကွက်များကို သူ ဤမျှ ရှင်းလင်းစွာ သိထားလိမ့်မည်ဟု ကျန်းရို မထင်ထားခဲ့ပေ။
လီရှောင်းက ရုတ်တရက် သူမကို မေးလိုက်လေသည်။
"စောစောက အဲ့ဒီအမျိုးသမီး ဘယ်လိုအဝတ်အစား ဝတ်ထားလဲ"
ကျန်းရိုက စဉ်းစားလိုက်ပြီး သိပ်မသေချာစွာဖြင့် ပြောလိုက်လေသည်။
"ပုံမှန် အနက်ရောင် အပေါ်ဝတ်အင်္ကျီပဲ ထင်တယ်"
"မင်း စောစောက ပြောတာ မင်းတို့ တိုက်မိပြီးသွားတော့ သူက အင်္ကျီနဲ့ ရင်ခွင်ထဲက ကလေးကို လုံလုံခြုံခြုံ ဖုံးထားတယ်ဆို"
"ဟုတ်တယ်"
ပြန်ဖြေပြီးသည်နှင့် သူမ တစ်ခုခုကို သတိပြုမိသွားကာ ခေါင်းမော့၍ လီရှောင်းကို ကြည့်လိုက်သည်။ ဟုတ်သားပဲ၊ သူမ ကိုယ်ပေါ်တွင် အပေါ်ဝတ်အင်္ကျီ ဝတ်ထားသည်ဆိုလျှင် ကလေးကို ဖုံးအုပ်ရန် အဝတ်အစား ဘယ်လိုလုပ် ရှိနေဦးမှာလဲ။
သေချာသည်မှာ အပြင်ထွက်စဉ်က လူကြီးအဝတ်အစား နောက်တစ်ထည်ကို တကူးတက ပိုယူလာခြင်းလည်း ဖြစ်နိုင်လေသည်။
လီရှောင်းက ထပ်မေးလေသည်။
"မင်းတို့ တိုက်မိတဲ့အချိန်တုန်းက သူ့ရဲ့ မျက်နှာအမူအရာက ဘယ်လိုမျိုးလဲ"
ကျန်းရိုက မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။
"အဲ့ဒါကပဲ ကျွန်မကို အထူးဆန်းဆုံးဖြစ်စေတာ။ တကယ်လို့ တစ်ယောက်ယောက်က အန်းအန်းကို ဝင်တိုက်မိရင် ကျွန်မ သေချာပေါက် စိတ်ထဲမှာ မကျေနပ်ဖြစ်မိမှာပဲ။ ဒါပေမဲ့ အဲ့ဒီလူက မျက်နှာထားက တည်ငြိမ်နေပြီး မျက်မှောင်တောင် တစ်ချက် မကြုတ်ဘူး။ ကလေးကို အဝတ်နဲ့ အရင်ဆုံး ဖုံးအုပ်လိုက်ပြီး ချက်ချင်းပဲ အထဲကို ဝင်သွားတာ။ ကျွန်မက တောင်းပန်စကား ပြောတာကိုတောင် တစ်ချက်လေးမှ လှည့်မကြည့်ဘူး"
မူလက သူမ တစ်ခုခု မှားယွင်းနေသည်ဟုသာ ခံစားခဲ့ရသော်လည်း၊ ယခု လီရှောင်း ဤသို့ မေးလိုက်သောအခါ သံသယဖြစ်စရာ နေရာများ ပိုများလာသည်ဟု ခံစားရလေသည်။
လီရှောင်းက တိုးညှင်းစွာ 'အင်း' ဟု အသံပြုလိုက်လေသည်။
"တကယ်လို့ လူကုန်ကူးတဲ့သူသာဆိုရင် လက်ရည်ဝတဲ့သူ ဖြစ်ရမယ်"
ကျန်းရိုမှာ သူ ဤသို့ပြောလိုက်သဖြင့် စိတ်ထဲတွင် ထိတ်လန့်သွားလေသည်။
"ရှင်လည်း အဲ့လိုပဲ ထင်တာလား"
လီရှောင်းက အိမ်သာတံခါးဝကို ကြည့်ကာ မျက်လုံးကို မှေးလိုက်လေသည်။
"မင်းရဲ့ အကဲဖြတ်မှုကို ကိုယ် ယုံတယ်"
သူတို့နှစ်ဦး တံခါးဝတွင် အတန်ကြာ စောင့်နေခဲ့ကြပြီး လူတစ်ယောက်ပြီးတစ်ယောက် ထွက်လာသည်ကို မြင်တွေ့ခဲ့ရသည်။ လီရှောင်းပင်လျှင် အနည်းငယ် စိတ်မရှည်ဖြစ်လာချိန်တွင်၊ အိမ်သာညာဘက်တံခါးမှ လူငယ်ဆန်ဆန် လှပသော အမျိုးသမီးတစ်ဦး ထွက်လာလေသည်။ အမျိုးသမီးက ဒေါက်မြင့်ဖိနပ်စီးထားပြီး ရင်ခွင်ထဲတွင် အိပ်မောကျနေသော ကလေးတစ်ဦးကို ပွေ့ချီထားလေသည်။ ကလေး၏ အသားအရည်မှာ ဖြူဝင်းနေသော်လည်း ခေါင်းပေါ်ရှိ ဆံပင်များမှာ အလွန်တိုပြီး ဦးရေပြားနှင့် ကပ်နေလေသည်။ အမျိုးသမီးက အဝတ်ဖြင့် ဖုံးအုပ်ထားသဖြင့် မျက်နှာကို တည့်တည့် မမြင်ရပေ။
ကျန်းရိုကမူ တစ်ခုခုကို တွေ့ရှိသွားသကဲ့သို့ ပြောလိုက်လေသည်။
"သူပဲ၊ လက်ကောက်ဝတ်မှာ ရွှေလက်ကောက် ရှိတယ်"
ဟုတ်တယ်၊ သူမ မှတ်မိသွားပြီ။ ထိုစဉ်က ထိုသူ လက်မြှောက်လိုက်ချိန်တွင် လက်ကောက်ဝတ်မှ ရွှေရောင်တစ်ချက် လက်သွားခဲ့လေသည်။
လီရှောင်း ကြားသည်နှင့် ချက်ချင်းပင် ရှေ့သို့ ပြေးထွက်သွားကာ လူကို တားဆီးလိုက်လေသည်။ အန်းအန်းက နားမလည်စွာဖြင့် ပါပါးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းရိုကို တစ်ချက် ထပ်ကြည့်လိုက်လေသည်။
"မာမား?"
ကျန်းရိုက သူမကို ချီလိုက်လေသည်။
"ဘာမှမဖြစ်ဘူး၊ ပါပါးက ကောင်းတဲ့အလုပ် လုပ်နေတာ"
မဝေးလှသောနေရာမှ ထိုအမျိုးသမီးက ကလေးကိုချီကာ ဆဲဆိုနေလေသည်။
"ရှင်က ဘယ်သူလဲ။ ဘယ်သူ လာကူညီကြပါဦး၊ ဒီလူက လူကုန်ကူးတဲ့သူပဲ၊ သူ့ကို ကျွန်မ လုံးဝ မသိဘူး"
လီရှောင်းက လှောင်ပြုံး ပြုံးလိုက်လေသည်။
"ငါက လူကုန်ကူးတဲ့သူဆိုတာ မင်း ဘယ်လိုသိလဲ။ ဒါမှမဟုတ် မင်းလုပ်နေတာက လူကုန်ကူးတဲ့ အလုပ်လား"
အိမ်သာတံခါးဝတွင် မူလကတည်းက လူများနေသဖြင့် လီရှောင်းနှင့် အမျိုးသမီးကို တဖြည်းဖြည်း ဝိုင်းရံလာကြလေသည်။ ယောကျ်ားအချို့က လီရှောင်း၏ ခက်ထန်သည့်ပုံကို မြင်သောအခါ လီရှောင်းကို ရှေ့တိုး၍ ဆွဲရန်ပင် လုပ်ကြသော်လည်း လီရှောင်းက ခြေတစ်ချက် ကန်ထုတ်လိုက်လေသည်။
"ထွက်သွား"
ကျန်းရိုက လီရှောင်း ရှုံးမည်ကို စိုးရိမ်သဖြင့် အန်းအန်းကိုချီကာ အလျင်အမြန် တိုးဝင်သွားပြီး အော်ပြောလိုက်လေသည်။
"ဘယ်သူက လူကုန်ကူးတဲ့သူလဲဆိုတာ ရဲစခန်းသွားပြီး ရှင်းကြမယ်။ အားလုံးပဲ ခဏလောက် မကူညီကြပါနဲ့ဦး၊ ဒါ ကျွန်မအမျိုးသားပါ၊ ကျွန်မတို့ သုံးယောက်က တစ်မိသားစုတည်းပါ။ ဒီအမျိုးသမီးက လူကုန်ကူးတဲ့သူလို့ ကျွန်မတို့ သံသယရှိလို့ပါ"
တိုးဝင်လာသော ကျန်းရိုနှင့် သူမ၏ရင်ခွင်ထဲရှိ အန်းအန်းကို မြင်တွေ့ရပြီး ထိုစကားကိုပါ ကြားရသောအခါ လီရှောင်းကို ဝိုင်းရံထားသော ယောကျ်ားအချို့မှာ ချက်ချင်းပင် တွေဝေသွားကြပြီး တဖြည်းဖြည်း နောက်ဆုတ်သွားကြကာ တစ်ခဏချင်းမှာပင် မည်သူက အမှန်ပြောနေမှန်း မသိတော့ပေ။
"ဒါက......"
"သူတို့ကမှ လူကုန်ကူးတဲ့သူတွေ၊ ဒါက သူတို့ရဲ့ အကြံအစည်ပဲ၊ အလိမ်မခံကြပါနဲ့၊ ကျေးဇူးပြုပြီး ကျွန်မကို ကူညီကြပါဦး......"
ကျန်းရိုက အလျင်အမြန် ပြောလိုက်လေသည်။
"ဘယ်သူ့မှာ ဖုန်းရှိလဲ။ ဖုန်းလေး ဆက်ပေးကြပါ၊ ကျွန်မတို့ ရဲတိုင်ရမှာ မကြောက်ပါဘူး။ ရှင်းပြလို့မရမှတော့ ရဲလာတဲ့အထိ အတူတူ စောင့်ကြတာပေါ့"
လီရှောင်း၏ ဖမ်းချုပ်ခြင်းကို ခံထားရသော အမျိုးသမီးသည် တစ်စုံတစ်ဦးက ဖုန်းတကယ် ထုတ်လာသည်ကို မြင်သောအခါ မျက်နှာပျက်သွားပြီး ချက်ချင်းပင် အပြင်းအထန် ရုန်းကန်လေတော့သည်။
ပတ်ဝန်းကျင်ရှိ လူများမှာလည်း အရူးများ မဟုတ်ကြပေ။ ဤမြင်ကွင်းကို မြင်သောအခါ မည်သူ့စိတ်ထဲတွင် မလုံမလဲ ဖြစ်နေသည်ကို သေချာပေါက် သိကြလေသည်။
ရုန်းကန်နေစဉ်အတွင်း အမျိုးသမီး၏ အပြင်ဘက်မှ ဝတ်စုံမှာ ပြေကျသွားပြီး ထိုကလေးကို သူမကိုယ်ပေါ်တွင် ကြိုးဖြင့် ချည်ထားကြောင်း တွေ့လိုက်ရသည်။ ဤမျှ ရုန်းကန်နေသော်လည်း မနိုးလာသည်ကို ကြည့်ခြင်းအားဖြင့် မေ့ဆေး ဘယ်လောက်တောင် တိုက်ထားသည်မသိပေ။
ကျန်းရို၏ရင်ခွင်ထဲရှိ အန်းအန်းမှာ မျက်မှောင်လေး ကြုတ်ထားပြီး ရုတ်တရက် ကျန်းရိုအား ပြောလိုက်လေသည်။
"သကြားလုံးရှိတဲ့ ကိုကိုပဲ"
ကျန်းရို အံ့အားသင့်သွားပြီး ထိုအမျိုးသမီး၏ ရင်ခွင်ထဲရှိ ကလေးကို ကြည့်လိုက်ရာ စောစောက ငှက်သိုက်မုန့် ဝယ်စဉ်က တွေ့ခဲ့ရသော ကောင်လေးဖြစ်ကြောင်း မှတ်မိသွားလေသည်။
လီရှောင်းသည် ရဲများရောက်လာမှသာ အမျိုးသမီးကို လွှတ်ပေးလိုက်လေသည်။ ရဲများက လီရှောင်းကို သိနေပုံရပြီး သူ့ကိုမြင်သောအခါ ပြုံးလျက် သူ့ပခုံးကိုပင် ပုတ်လိုက်သေးသည်။ သူတို့ မိသားစုသုံးယောက် ရဲကားပေါ်တက်ကာ ထွက်ဆိုချက်ပေးရန် လိုက်သွားကြလေသည်။ လမ်းတွင် လီရှောင်းက ကျန်းရိုအား ရှင်းပြရာ သူ ယခင်က MLM ထဲသို့ ဝင်ရောက်ခဲ့စဉ်က သူတို့နှင့် အဆက်အသွယ်ရှိခဲ့ကြောင်း ပြောလေသည်။
ကျန်းရို ကြားသောအခါ မျက်နှာပူသွားပြီး ဤရဲစခန်းထဲတွင်ပင် ရင်းနှီးသူများ ရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။
လမ်းတွင် လီရှောင်းက ကျိုးကျန့်ထံသို့ ဖုန်းဆက်ကာ အကြမ်းဖျင်း ရှင်းပြလိုက်ပြီးနောက် သူတို့ကို အရင်ပြန်ရန် ပြောလိုက်လေသည်။
ရဲစခန်းတွင် ထွက်ဆိုချက်ပေးရသည်မှာ လီရှောင်းအတွက် အလွန်ကျွမ်းကျင်နေပြီဟု ဆိုနိုင်သော်လည်း အန်းအန်း တစ်ယောက်သာ မရင်းနှီးသဖြင့် စပ်စုစွာဖြင့် ဘယ်ညာ ကြည့်နေလေသည်။ ရဲမေလေးက သူမ ချစ်စရာကောင်းသည်ကို မြင်သဖြင့် သကြားလုံးပင် ယူကျွေးသေးလေသည်။
အန်းအန်းက ချိုသာစွာ ပြုံးပြလိုက်ပြီး အလွန်ပျော်ရွှင်နေလေသည်။
ထိုကောင်လေးမှာ ရဲစခန်းရောက်ပြီးနောက် နိုးလာခဲ့သည်။ သူက မိသားစုဝင်များကို သေချာမမှတ်မိတော့သော်လည်း ဂဏန်းများအပေါ် အလွန် အာရုံခံစားလွယ်ပြီး ဖုန်းနံပါတ်နှင့်တူသော ဂဏန်းတွဲတစ်ခုကို မှတ်မိနေသော်လည်း အပြည့်အစုံတော့ မဟုတ်ပေ။
လီရှောင်း အစက ပြန်တော့မည်ဖြစ်သော်လည်း ထိုဖုန်းနံပါတ်တွဲကို ကြားလိုက်ရသောအခါ ရုတ်တရက် ပြန်ထိုင်လိုက်ပြီး မေးခွန်းတစ်ခွန်း မေးလိုက်လေသည်။
"မင်းအဖေ မျိုးရိုးနာမည်က ယို လား"
ကောင်လေးက မူးဝေဝေဖြင့် ပြောလိုက်လေသည်။
"ဦးဦး၊ သား မမှတ်မိတော့ဘူး၊ ကြားဖူးသလိုတော့ ရှိတယ်"
ဘေးမှ ရဲက ရှင်းပြလေသည်။
"ဆရာဝန်ပြောတာတော့ မေ့ဆေးများသွားလို့ လောလောဆယ် မမှတ်မိတာ ပုံမှန်ပါပဲတဲ့"
လီရှောင်းက အပြည့်အစုံဖြစ်သော ဖုန်းနံပါတ်တွဲတစ်ခုကို တိုက်ရိုက်ပင် ရွတ်ပြလိုက်လေသည်။
"ဒီနံပါတ်ကို ခေါ်ပြီး မေးကြည့်ပါလား"
ရဲက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ထိုဖုန်းနံပါတ်ကို ခေါ်လိုက်လေသည်။
ဖုန်းထဲရှိ အမျိုးသားမှာ အစည်းအဝေးလုပ်နေပုံရပြီး ရဲ၏စကားကို ကြားသောအခါ အလွန်ယဉ်ကျေးပျူငှာစွာဖြင့် ပြောလိုက်လေသည်။
"ခင်ဗျားတို့ မှားနေပြီထင်တယ်၊ ကျွန်တော့်သားက အခု စန္ဒရားအတန်း တက်နေတာပါ......"
ရဲက ထိုစကားကို ကြားသောအခါ အနည်းငယ် တွေဝေသွားပြီး တကယ်ပဲ မှားနေသလားဟု သံသယဝင်သွားလေသည်။ လီရှောင်းက ထရပ်ကာ ဖုန်းကိုယူ၍ တိုက်ရိုက်ပင် စကားစလိုက်လေသည်။
"အစ်ကိုယို၊ ကျွန်တော်ပါ၊ လီရှောင်းပါ"
လီရှောင်းက ဖုန်းကိုကိုင်ထားပြီး ကိုယ်ကိုစောင်းကာ အူကြောင်ကြောင်ဖြစ်နေသော ကောင်လေးကို ကြည့်၍ သူ၏ ရုပ်ရည်သွင်ပြင်လက္ခဏာများကို တစ်ချက်ချင်း ဖော်ပြလိုက်လေသည်။ ဖုန်းထဲရှိ အမျိုးသားမှာ ကြားလေလေ တိတ်ဆိတ်သွားလေလေဖြစ်ပြီး နောက်ဆုံးတွင် လီရှောင်းက မေးလိုက်လေသည်။
"အစ်ကို့သား ကိုယ်ပေါ်မှာ မွေးရာပါအမှတ်တို့ ဘာတို့ ရှိလား"
အမျိုးသား၏အသံမှာ ခြောက်ကပ်စွာဖြင့် ထွက်ပေါ်လာလေသည်။
"သူ့မှာ မွေးရာပါအမှတ် မရှိဘူး၊ ဒါပေမဲ့ ညာဘက် နားရွက်နောက်မှာ မှဲ့နက်တစ်လုံး ရှိတယ်"
ဘေးမှ ရဲကလည်း ကြားသွားပြီး ထရပ်ကာ ယောကျ်ားလေး၏ နားရွက်နောက်ကို သွားကြည့်ပြီးနောက် လီရှောင်းကို ခေါင်းညိတ်ပြလိုက်လေသည်။
လီရှောင်းက ဖုန်းထဲရှိ အမျိုးသားကို ပြောပြလိုက်လေသည်။
အမျိုးသား၏ အသက်ရှူသံမှာ ချက်ချင်းပင် ပြင်းထန်လာပြီး လေသံမှာလည်း စောစောကကဲ့သို့ တည်ငြိမ်မနေတော့ဘဲ စိုးရိမ်တကြီးဖြင့် ပြောလိုက်လေသည်။
"ကျွန်တော် အခုချက်ချင်း လာခဲ့မယ်"
ကုလားထိုင်က ကြမ်းပြင်ပေါ်တွင် "ကျွီ" ဟု စူးရှသောအသံဖြင့် ပွတ်တိုက်သွားသံကိုပါ ကြားလိုက်ရလေသည်။
လီရှောင်း ကျန်းရို၏ဘေးတွင် ပြန်ထိုင်လိုက်ရာ ကျန်းရိုက သူ့ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်လေသည်။
"သူဌေးယိုလား"
လီရှောင်းက ညင်သာစွာ ခေါင်းညိတ်လိုက်လေသည်။
ကျန်းရို၏စိတ်ထဲတွင် တိုက်ဆိုင်လှချည်လားဟု အံ့သြသွားမိသည်။
စောင့်ဆိုင်းနေစဉ်အတွင်း အန်းအန်းက မေမေ့ပေါင်ပေါ်မှ လျှောဆင်းကာ ကျန်းရို၏ ခြေထောက်ကို ကိုင်၍ ကောင်လေးကို ခိုးကြည့်နေလေသည်။ ကောင်လေးက တွေ့သွားသောအခါ ချိုသာနူးညံ့စွာ ပြုံးပြလိုက်လေသည်။
ကောင်လေးကလည်း ပြုံးပြလေသည်။
....
သူဌေးယို၏ အမြန်နှုန်းမှာ အလွန်မြန်ဆန်လှသည်။ သူ တစ်ယောက်တည်း ကားမောင်းလာခြင်းဖြစ်ပြီး ရုံးခန်းထဲသို့ ပြေးဝင်လာကာ ဆံပင်တိုတို အညှပ်ခံထားရသော သားဖြစ်သူကို မြင်လိုက်ရသောအခါ ခြေနှစ်ဖက်လုံး အားပျော့သွားပြီး "လဲ့လဲ့" ဟု အော်ခေါ်လိုက်လေသည်။
လူကို ရင်ခွင်ထဲသို့ တိုက်ရိုက်ပင် ပွေ့ဖက်လိုက်လေတော့သည်။
ကောင်လေးက အဖေဖြစ်သူကို မြင်သောအခါ တစ်ခုခုကို မှတ်မိသွားပုံရပြီး မျက်လုံးများလည်း နီရဲလာကာ "ဖေဖေ" ဟု ခေါ်လိုက်လေသည်။
ယခုတစ်ကြိမ်တွင်မူ လီရှောင်း ဆက်မစောင့်တော့ဘဲ နှုတ်ဆက်ကာ အလိုက်တသိ ထွက်လာခဲ့လေသည်။ သို့သော် သူဌေးယို၏ လီရှောင်းအပေါ် ကျေးဇူးတင်စိတ်မှာ ယခုအချိန်တွင် စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်တော့ပေ။
"ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်......"
ကျေးဇူးတင်ပါတယ်ဟူသော စကားကိုသာ မရပ်မနား ပြောဆိုနေလေတော့သည်။
အပြင်ရောက်သောအခါ ကျန်းရိုက စပ်စုလိုစိတ်ဖြင့် ပေါ့ပေါ့ပါးပါး မေးလိုက်လေသည်။
"အဲ့ဒီကလေး နာမည်က ဘယ်လိုခေါ်လဲဟင်"
လီရှောင်းက မျက်မှောင်ကြုတ်လိုက်လေသည်။
"ဆုန့်ပိုင်ချင့်လို့ ခေါ်တယ် ထင်တယ်၊ သူ့အမေရဲ့ မျိုးရိုးကို ယူထားတာ။ တော်တော်လေး ရှုပ်ထွေးတာပဲ။ သူဌေးယိုက တကူးတက ဗေဒင်ဆရာကိုတောင် တွက်ခိုင်းဖူးတယ်တဲ့၊ ဗေဒင်ဆရာက ဒီကလေးက အရင်ဘဝကတည်းက ဒီနာမည်ပဲတဲ့၊ သူ့အတွက် သင့်တော်တယ်တဲ့"
သူ ဤစကားကို ပြောစဉ်က လေသံမှာ ပေါ့ပါးနေပြီး ရယ်စရာတစ်ခုအနေဖြင့်သာ နားထောင်ခဲ့ပုံရလေသည်။
သို့သော် ကျန်းရိုက ထိုနာမည်ကို ကြားသောအခါ မျက်နှာမှာ ချက်ချင်းပင် ထူးဆန်းသွားလေသည်။ ဤနာမည်ကို သူမ ရင်းနှီးနေသည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က ရဲစခန်းသို့ စတင်ဝင်ရောက်စဉ် စီနီယာများ ပြောပြသော လူကုန်ကူးမှု အမှုတစ်ခုကို ကြားခဲ့ရသောကြောင့်ဖြစ်သည်။ ထိုကောင်လေး၏ မူလအမည်မှာ ဆုန့်ပိုင်ချင့် ဖြစ်သည်ဟု သူမ မှတ်မိနေသည်။ စခန်းထဲရှိ အစ်မကြီးအချို့က ထိုနာမည်မှာ နားထောင်ကောင်းပြီး ရှေးခေတ် ကဗျာဆရာနှင့်တူသဖြင့် လူကို ချက်ချင်း မှတ်မိစေသည်ဟု ပြောခဲ့ကြသဖြင့် ကျန်းရိုလည်း တစ်ခေါက်ကြားရုံဖြင့် မှတ်မိနေခဲ့ခြင်းဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့ 'ဝေ့၊ ချန်၊ ကျန်း' (တရုတ်လူမျိုးများ အသုံးများသော နာမည်များ) ဟု အများအားဖြင့် ခေါ်ဝေါ်လေ့ရှိသော ခေတ်တွင် ဤမျှ ထူးခြားသော နာမည်ပေးသူ အလွန်နည်းပါးသောကြောင့် ဖြစ်လေသည်။
ထိုလူကုန်ကူးခံရသော ကောင်လေးမှာ နောက်ပိုင်းတွင် လျိုလဲ့လဲ့ဟု အမည်ရသွားခဲ့သည်။ သူ၏ မွေးစားမိဘများက အိမ်သို့ စတင်ဝယ်လာစဉ်က အရူးတစ်ယောက်လိုဖြစ်နေပြီး လဲ့လဲ့ဟု ခေါ်မှသာ ထူးသည်ဟု ဆိုလေသည်။
သူသည် အဆုံးအစမရှိ လှပသော ဘဝတစ်ခုကို ပိုင်ဆိုင်သင့်သော်လည်း လူကုန်ကူးခံရမှုကြောင့် အဆုံးအစမရှိသော အဖြစ်ဆိုးများထဲသို့ ကျဆင်းသွားခဲ့ရသည်။ ငယ်ရွယ်စဉ်က မိဘများ၏ ရိုက်နှက်ဆဲဆိုခြင်းကို ခံရပြီး၊ နောက်ပိုင်းတွင် ကျောင်းထွက်ကာ မိသားစုကို ရှာဖွေကျွေးမွေးရန် အတင်းအကျပ် ဖိအားပေးခံရသည်။ နောက်ဆုံးတွင် ဖခင်၏ ဆေးဖိုးဝါးခအတွက် ခြိုးခြံချွေတာကာ အလုပ်ပေါင်းများစွာကို တစ်ပြိုင်နက်တည်း လုပ်ကိုင်ခဲ့ရသည်။ မျှော်လင့်ချက် မမြင်ရတော့သောအခါ ခိုးယူရန် သင်ယူခဲ့ပြီး ပထမဆုံးအကြိမ် ခိုးယူမှုမှာပင် မတော်တဆ လူသတ်မှု ဖြစ်သွားခဲ့သည်။ ရဲစခန်းသို့ ရောက်မှသာ အမြဲတမ်း သွေးစုပ်နေခဲ့သော မိသားစုမှာ အတုအယောင်များသာဖြစ်ပြီး သူ၏ မိဘအရင်းများမှာ သူ့ကို ရှာဖွေရာလမ်းတွင် ကားအက်ဆီးဒင့်ဖြစ်၍ နှစ်ဦးစလုံး သေဆုံးသွားခဲ့ကြောင်း သိလိုက်ရလေသည်။ မိဘများ၏ မွေးစားသားဖြစ်သူက သပ်ရပ်၍ တန်ဖိုးကြီးသော အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ကာ ရဲစခန်းသို့ သူ့ကို တစ်ကြိမ်သာ လာကြည့်ခဲ့ပြီး ထို့နောက်တွင် မည်သည့်အခါမျှ ထပ်မံပေါ်မလာတော့ပေ။
ထိုစဉ်က ထိုဇာတ်လမ်းကို ကြားရသောအခါ ကျန်းရိုမှာ ရက်အတော်ကြာ စိတ်အခြေအနေ မကောင်းခဲ့ပေ။
စတင် ကူးပြောင်းလာစဉ်က သူမက ဤအရာအားလုံးကို တားဆီးချင်ခဲ့သော်လည်း ဤလူ၏ အချက်အလက်များနှင့် ပတ်သက်၍ များများစားစား မသိခဲ့သလို၊ သူ့ဇာတိ မည်သည့်နေရာတွင် ရှိသည်ကိုလည်း မသိခဲ့ပေ။ သို့သော် သူ့မွေးစားမိဘများ မည်သည့်ခရိုင်တွင် ရှိသည်ကိုတော့ သူမ သိထားသဖြင့် နှစ်အနည်းငယ်ကြာလျှင် ရဲတိုင်ကာ သူ့မိသားစုကို ပြန်ရှာပေးရန်သာ တွေးထားခဲ့လေသည်။
သူမ ယခင်က သူဌေးယို၏ နာမည်ကို ကြားစဉ်က ရင်းနှီးနေသည်ဟု ထင်ရခြင်းမှာ 《အနောက်အရပ်သို့ခရီးသွားခြင်း》 စာရေးဆရာနှင့် တူနေ၍ မဟုတ်ဘဲ၊ ယခင်ဘဝက ဤနာမည်ကို ကြားဖူးခဲ့သောကြောင့် ဖြစ်နေတာကိုး။
***