← Chapters

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅-၅၇)

Vol. 4 Ch. 55-57

အခန်း (၅၅)

ဟိုတယ်တံခါးဝတွင် အနီရောင်စာတန်းတစ်ခု ချိတ်ဆွဲထားပြီး ထိုအပေါ်တွင် "ချန်ယွမ်ဟောက် ကလေးလေး တစ်လပြည့်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ဆုမွန်ကောင်းတောင်းအပ်ပါသည်" ဟု စာလုံးကြီးများဖြင့် ရေးသားထားလေသည်။

ကျန်းရိုနှင့် လီရှောင်းတို့ ရောက်လာချိန်မှာ အနည်းငယ် နောက်ကျသည်ဟု ဆိုရမည်။ သူတို့နှစ်ဦးကို စားပွဲထိုးက တတိယထပ်သို့ ခေါ်ဆောင်သွားချိန်တွင် တတိယထပ်၌ လူအများအပြား ရောက်ရှိနေကြပြီဖြစ်သည်။

ကျယ်ဝန်းလှသော စားသောက်ဆိုင်ကြီးထဲတွင် အလွန်လှပခမ်းနားစွာ အလှဆင်ထားပြီး လေပူဖောင်းများနှင့် ပန်းများ အပြည့်ရှိနေသည်။ အရှေ့ဆုံးတွင် အရောင်အသွေးစုံလင်သော ပန်းများနှင့် လေပူဖောင်းများဖြင့် ဝန်းရံထားသော လူတစ်ရပ်စာအရွယ် ဓာတ်ပုံကြီးတစ်ပုံရှိပြီး ထိုဓာတ်ပုံထဲတွင် ချန်ရုန်က ကလေးကိုပွေ့ချီကာ လူငယ်အမျိုးသမီးတစ်ဦးနှင့် ယှဉ်တွဲရပ်နေလေသည်။

မသိသူများက သူတို့သည် မိသားစုသုံးယောက်ဟုပင် ထင်မှတ်သွားနိုင်လေသည်။

တံခါးဝတွင် ငွေလက်ခံသည့် သီးသန့်လူများရှိရာ လီရှောင်းက အနီရောင်စာအိတ်နှင့် ဖိတ်စာကို ထုတ်ကာ အတူတကွ ကမ်းပေးလိုက်လေသည်။

စားပွဲထိုးက လက်ခံယူပြီးနောက် စာရင်းစာအုပ်တွင် မှတ်သားကာ သူတို့ကို ဝင်ရန် ဖိတ်ခေါ်သည့်ဟန်ပြလေသည်။

လီရှောင်းက အန်းအန်းကိုချီကာ အရောင်အသွေးစုံလင်သော လေပူဖောင်းမုခ်ဦးကို ဖြတ်သန်းသွားသည်။ ဖြတ်သန်းသွားစဉ် လီရှောင်းက လက်လှမ်းကာ လေပူဖောင်းမုခ်ဦးပေါ်မှ ပန်းရောင်လေပူဖောင်းတစ်လုံးကို ဖြုတ်ယူ၍ ရင်ခွင်ထဲရှိ အန်းအန်း၏ လက်ထဲသို့ ထည့်ပေးလိုက်လေသည်။

အန်းအန်းက လက်ထဲတွင် ကိုင်ကာ လှုပ်ရမ်းဆော့ကစားနေလေသည်။

ကျန်းရိုက နောက်မှ လိုက်ပါလာသည်။ ကံကောင်းထောက်မစွာဖြင့် သူမက ယနေ့ ကျောင်းသို့သွား၍ လီရှင်းကို ကြည့်ရန် တွေးထားသဖြင့် အပြင်မထွက်မီ သူမကိုယ်တိုင်နှင့် အန်းအန်းအတွက် တကူးတက ပြင်ဆင်ခြယ်သလာခဲ့သည်။ သူမက အဖြူရောင် ငါးမြီးပုံစံ သိုးမွေးအင်္ကျီနှင့် စကတ်တွဲလျက် ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ခါးပတ်ပတ်ထားရာ လူကို သွယ်လျစေပြီး ကျက်သရေရှိစေသည်။ လွန်ခဲ့သောရက်အနည်းငယ်က ကျောင်းတံခါးဝတွင် ဆံပင်ညှပ်ဆိုင်အသစ် ဖွင့်လှစ်ထားရာ ကျန်းရိုက ဈေးလျှော့ပေးနေသည်ကို မြင်သဖြင့် ဝင်၍ ဆံပင်အဖြောင့် လုပ်ထားခဲ့သေးသည်။ ဆံပင်ကို ဖြန့်ချထားပြီး ဆင်စွယ်ရောင် ဒေါက်နိမ့်ဖိနပ်နှင့် အဖြူရောင် လက်ဆွဲအိတ်ကို တွဲဖက်ထားကာ မိတ်ကပ်ပါးပါးလေး လိမ်းခြယ်ထားလေသည်။

သူမက ယခုအခါ အဖြူရောင်ဝတ်ဆင်ရသည်ကို အလွန်နှစ်သက်နေပြီဖြစ်သည်။ ထိုသို့ဝတ်ဆင်ထားပါက ကြည့်ရသည်မှာ အလွန်နူးညံ့သိမ်မွေ့ပုံ ပေါက်လေသည်။

အန်းအန်း၏ ဝတ်စားဆင်ယင်မှုမှာမူ ပို၍ ချစ်စရာကောင်းလေသည်။ မတ်လရောက်ပြီဖြစ်၍ G ပြည်နယ်၏ ရာသီဥတုမှာ ဇာတိဘက်ရှိ ဧပြီလ၊ မေလလောက်နှင့် ညီမျှပြီး အပူချိန် မြင့်တက်လာပြီဖြစ်သည်။ ကျန်းရိုက သူမကို အဖြူရောင် လက်ဖောင်းအင်္ကျီနှင့် အပြာရောင် ဂျင်းဘောင်းဘီရှည်(ခေါင်းလောင်းပုံ) အောက်ခံကြိုးသိုင်းဘောင်းဘီကို ဝတ်ဆင်ပေးထားသည်။ လတ်တလောတွင် ဘောင်းဘီခေါင်းလောင်းပုံများ ခေတ်စားနေပြီး ဈေးကွက်ထဲတွင် ကလေးများအတွက်ပင် ဤကဲ့သို့သော ဘောင်းဘီမျိုး ရောင်းချနေပြီဖြစ်သည်။

သူမ၏ ဆံပင်များ ယခုအခါ အနည်းငယ် ရှည်လာပြီဖြစ်ရာ ကျန်းရိုက အနောက်ဘက်တွင် ကျစ်ဆံမြီးသေးသေးလေး နှစ်ခု ကျစ်ပေးထားပြီး တောက်ပနေသော ဆံထိုးလေး နှစ်ခုကိုပါ ညှပ်ပေးထားလေသည်။

ဝိုင်းစက်နေသော ပါးပြင်လေးများနှင့် ပေါင်းစပ်လိုက်သောအခါ မည်သို့ကြည့်ကြည့် အလွန်ချစ်စရာကောင်းနေလေသည်။

လီရှောင်းကမူ ကျန်းရိုကဲ့သို့ ပြင်ဆင်မထားဘဲ အနက်ရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီရှည်ကိုသာ ဝတ်ဆင်ထားသည်။ မူလက အပေါ်ဝတ်အင်္ကျီ ပါလာသော်လည်း စောစောက ချွတ်ကာ ကားပေါ်တွင် ထားခဲ့ခြင်းဖြစ်သည်။

ကျန်းရိုလည်း ချန်ရုန်က ဒီလောက်လူတွေအများကြီးနဲ့ ဘယ်လိုများသိကျွမ်းနေတာလဲဟု မတွေးတတ်အောင် ဖြစ်နေလေသည်။ စားသောက်ဆိုင်ကြီးတစ်ခုလုံးတွင် စားပွဲပေါင်း ရာချီ၍ ချထားပြီး အချို့က ထိုင်နေကြပြီဖြစ်ကာ အချို့ကမူ ဝိုင်ခွက်များကို ကိုင်ဆောင်လျက် ဟိုဟိုဒီဒီ စကားပြောဆိုနေကြလေသည်။

လီရှောင်း အန်းအန်းကိုချီကာ ဝင်လာပြီး မကြာမီမှာပင် ချန်ရုန်က မြင်တွေ့သွားပြီး မယားငယ်ကို ခေါ်ဆောင်ကာ နှုတ်ဆက်ရန် လာလေသည်။

"အို... သူဌေးလီ ရောက်လာပြီကိုး၊ ဒီနေ့ အလုပ်များနေလို့ မလာနိုင်ဘူးလားလို့တောင် စိတ်ပူနေတာ။ အခုတော့ သူဌေးလီက အရင်ကနဲ့ မတူတော့ဘူးလေ၊ အလုပ်များတဲ့ လူကြီးတစ်ယောက် ဖြစ်နေပြီကိုး"

ပါးစပ်မှ ချီးမွမ်းမြှောက်ပင့်သော စကားများကို ပြောနေသော်လည်း သေချာနားထောင်ကြည့်လျှင် အခြားအဓိပ္ပာယ်တစ်မျိုး ပါဝင်နေပုံရလေသည်။

လီရှောင်းက မျက်နှာအမူအရာမပျက်ဘဲ ဘာမှမကြားလိုက်ရသည့်အလား ပြုံးလျက် ပြောလေသည်။

"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဘယ်လောက်ပဲ အလုပ်များများ ခင်ဗျားရဲ့ ပွဲကိုတော့ ပျက်ကွက်လို့ မရပါဘူး။ ခင်ဗျားက ကျွန်တော့်ရဲ့ ကျေးဇူးရှင်ကြီးလေ၊ ဒီအသိုင်းအဝိုင်းထဲမှာ ဒီကိစ္စကို မသိတဲ့သူမှ မရှိတာ။ ကျွန်တော်သာ မလာရင် ကျွန်တော့်စိတ်ထဲမှာ နေလို့မကောင်းရုံတင် မကဘူး၊ တခြားသူတွေကပါ တံတွေးနဲ့ ဝိုင်းထွေးကြမှာ"

မနာမကျင်စေဘဲ ပြန်လည်တုံ့ပြန်လိုက်လေသည်။

ချန်ရုန် ကြားသောအခါ မျက်နှာမှာ အနည်းငယ် ရှက်ရွံ့သွားလေသည်။ သူတို့ကြားတွင် တကယ့် ကျေးဇူးရှင်ဆိုသည်မှာ လီရှောင်းသာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ထိုစဉ်က လီရှောင်းသည် သူ့ကို ကယ်တင်ရန်အတွက် ဒဏ်ရာရခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် လွန်ခဲ့သောအချိန်က လီရှောင်း ထွက်သွားသည့်ကိစ္စနှင့် ပတ်သက်၍ သူက အခြားသူများကို အများအပြား ညည်းတွားခဲ့ဖူးရာ၊ ဤကိစ္စကို သူ သိနေလိမ့်မည်ဟု မထင်ထားခဲ့ဘဲ ဤအချိန်တွင် ထုတ်ပြောလာလိမ့်မည်ဟု ပို၍ပင် မထင်ထားခဲ့ပေ။

လီရှောင်းမှာ ယခုအခါ အရင်ကနှင့် မတူတော့သဖြင့် ချန်ရုန်အနေဖြင့် သူ့ကို တကယ်ပင် မစော်ကားရဲပေ။ သူက အမျိုးသမီးဆုန့်မှတစ်ဆင့် လူအများအပြားကို သိကျွမ်းထားကြောင်း ကြားသိရသည်။ သူ၏ ယခုလက်ရှိ အဆက်အသွယ်များ မည်သို့ရှိသည်ကို မဆိုထားနှင့်၊ သူဌေးယို လင်မယားနှစ်ယောက်၏ မျက်စိကျခြင်းကို ခံရပြီး နွေဦးပွဲတော် ကြော်ငြာတွင်ပင် ပါဝင်ခဲ့ရခြင်းကြောင့် နောင်တွင် သူ့စီးပွားရေးလုပ်ငန်းမှာ ဆိုးရွားမည် မဟုတ်ပေ။

ချန်ရုန်က သူ့ပခုံးကို ပုတ်လိုက်လေသည်။

"ငါတို့ ညီအစ်ကိုနှစ်ယောက် ဆက်ဆံရေးကောင်းတယ်ဆိုတာကို အားလုံးက မျက်မြင်ကိုယ်တွေ့ပဲလေ။ လာရင် ပြီးတာပါပဲ၊ မဟုတ်ရင် အစ်ကိုက စိတ်ဆိုးမှာနော်"

လီရှောင်းက ပြုံးလိုက်ပြီး ဘေးရှိ လူအချို့နှင့် စကားစမြည် ပြောဆိုနေလေသည်။

ချန်ရုန်က ကျန်းရိုကိုလည်း မြင်တွေ့သွားသဖြင့် ပြုံးလျက် ဘေးရှိ မိန်းမကို ကျန်းရိုအား နှုတ်ဆက်ရန် ခိုင်းလိုက်လေသည်။

ကျန်းရိုက ဤမိန်းမနှင့် သိပ်ပြီး မဆက်ဆံချင်ပေ။ သူမက ကျောက်ယွင်နှင့် ဆက်ဆံရေး သိပ်ကောင်းလှသည်ဟု မဆိုနိုင်သော်လည်း၊ မည်သို့ပင်ဖြစ်စေ အကြိမ်အနည်းငယ် တွေ့ဆုံဖူးပြီး ကျောက်ယွင်က သူမကို ကူညီ၍ လီရှင်းအား တက္ကသိုလ်ကျောင်းခွဲသို့ ဝင်ခွင့်ရအောင် လုပ်ပေးခဲ့ဖူးသည်။ ဤကျေးဇူးကို သူမ အမြဲမှတ်ထားသဖြင့် စိတ်ထဲတွင် အနည်းငယ် ငြင်းဆန်လိုစိတ် ဖြစ်နေလေသည်။

အမျိုးသမီးက ပြုံးလျက် ကျန်းရိုထံသို့ လျှောက်လာလေသည်။

"ညီမလေး ကြည့်ရတာ တော်တော်လေး ငယ်သေးတယ်နော်"

သူမကိုယ်သူမ မရီးအဖြစ် တိုက်ရိုက်ပင် သတ်မှတ်လိုက်လေသည်။

လီရှောင်းက ကိုယ်ကိုစောင်းကာ ကလေးကို ကျန်းရိုထံသို့ ပေးလိုက်ပြီး လူအချို့ကို ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်လေသည်။

"မနက်က အပြင်ထွက်တာ ကမန်းကတန်းနဲ့ ဘာမှမစားခဲ့ရသေးဘူး၊ ကျွန်တော် ကလေးကိုခေါ်ပြီး တစ်ခုခု သွားစားလိုက်ဦးမယ်၊ ခင်ဗျားတို့ စကားပြောကြဦးလေ"

ပြောရင်းနှင့် ကျန်းရို၏ ပခုံးကိုဖက်ကာ တိုက်ရိုက်ပင် ထွက်သွားလေရာ မျက်နှာသာ သိပ်မပေးခဲ့ပေ။

ချန်ရုန်က သူ့ထံမှ အမျိုးသမီးဆုန့်၏အကြောင်းကို စုံစမ်းရန် ပြင်ဆင်နေခြင်းဖြစ်သည်။ သူဌေးယို၏ ရင်းနှီးမြှုပ်နှံမှုက ထက်မြက်သော်လည်း သူ့ဇနီးဖြစ်သူ၏ အဆက်အသွယ်များက တကယ်ကို ကျယ်ပြန့်လှသည်။ ကျောင်းနေဖက် အတော်များများမှာ လူကြီးပိုင်းများဖြစ်ကြပြီး သူ့ယောက်ဖဖြစ်သူပင်လျှင် ဤအမျိုးသမီးအကြောင်း ပြောရပါက အပြည့်အဝ ချီးကျူးတတ်လေသည်။ သို့သော် စကားပင် မစရသေးမီ လီရှောင်းက ဤသို့ ထွက်သွားလိမ့်မည်ဟု ဘယ်သူထင်ထားပါ့မလဲ။။

လီရှောင်း၏ ကျောပြင်ကို ကြည့်ကာ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်လေသည်။

"ဒီကောင့်ရဲ့ အဆင့်အတန်းက တကယ်ကို ပိုပိုပြီး ကြီးလာတာပဲ"

အရင်ကဆိုလျှင် ချန်ရုန် ဤစကားကို ပြောလိုက်ပါက ဘေးမှလူများက လိုက်၍ ထောက်ခံကြမည်ဖြစ်သည်။ သို့သော် ယခုအခါတွင် ပတ်ဝန်းကျင်မှ လူများက မကြားလိုက်သကဲ့သို့ ဟန်ဆောင်ကာ ချန်ရုန်၏ကလေး ချစ်စရာကောင်းကြောင်းကိုသာ ရယ်ရယ်မောမောဖြင့် ချီးကျူးနေကြလေသည်။

ချန်ရုန်သည် သားဖြစ်သူကို ချစ်သော်လည်း ဘာကြောင့်မှန်းမသိ၊ ယခုအချိန်တွင် ရုတ်တရက် အနည်းငယ် မကျေမနပ်ဖြစ်လာကာ လီရှောင်းမှာ အရင်ကနှင့် မတူတော့ကြောင်း တကယ်ကို ခံစားလိုက်ရလေသည်။

လီရှောင်းက ကျန်းရိုကိုခေါ်ကာ နေရာအနှံ့ လျှောက်သွားလေသည်။ ချန်ရုန်၏ သားလေး လပြည့်ပွဲကို အရှေ့တိုင်းနှင့် အနောက်တိုင်း ပေါင်းစပ်ထားသော ပုံစံဖြင့် ကျင်းပထားသည်။ အနောက်တိုင်းစတိုင် ဘူဖေးပုံစံလည်း ပါဝင်သလို၊ အရှေ့တိုင်းစတိုင် ထိုင်စားသည့် ရိုးရာပုံစံလည်း ပါဝင်သည်။ ချမ်းသာသည်ကတော့ တကယ် ချမ်းသာပါသည်။ သို့သော် အနည်းငယ် ရောနှောရှုပ်ထွေးနေလေသည်။

ဘူဖေးစားပွဲများကို ဆယ်ဂဏန်းခန့် ချထားပြီး အပေါ်တွင် မုန့်အမျိုးမျိုး၊ ကိတ်မုန့်၊ သစ်သီးနှင့် အရက်များ တင်ထားကာ စားချင်သည်ကို ကိုယ်တိုင် ယူစားနိုင်သည်။ စားပွဲထိုးများကလည်း အသစ်များကို မရပ်မနား လာချပေးနေလေသည်။ ကျန်းရိုက လူအချို့ မိမိတို့၏ အိတ်ကပ်ထဲသို့ ကြိုးစားပမ်းစား ထည့်နေကြသည်ကို မြင်သောအခါ မနေနိုင်ဘဲ လီရှောင်းအား ပြောလိုက်လေသည်။

"ကျွန်မတို့ ပြန်သွားရင်လည်း နည်းနည်းလောက် ထည့်ပြီး လီရှင်းကို သွားပေးရအောင်"

လီရှောင်းက ပန်းကန်ပြားကို ကိုင်ကာ ကိတ်မုန့်၊ သစ်သီးနှင့် ပေါင်မုန့်များကို ယူနေရင်း ထိုစကားကို ကြားသောအခါ စဉ်းစားပင်မစဉ်းစားဘဲ ခေါင်းညိတ်လိုက်လေသည်။

"ရတယ်လေ"

ကျန်းရို၏ ရင်ခွင်ထဲရှိ အန်းအန်းက ပါပါး စားကောင်းသောက်ဖွယ်များ ယူနေသည်ကို မြင်သောအခါ သွားရည်များပင် ကျလာပြီး လက်ထဲရှိ လေပူဖောင်းကိုပင် မလိုချင်တော့ဘဲ အလျင်စလို ပြောလေသည်။

"ကိတ်ကိတ်...."

ကျန်းရိုက သူမကို အားနှင့် ဖက်ထားလိုက်လေသည်။

"မလောနဲ့၊ သမီးပါပါး သမီးအတွက် ယူနေတယ်လေ"

လီရှောင်းက အနည်းငယ် များများယူလိုက်ရာ ပန်းကန်ပြားပေါ်တွင် တောင်ငယ်လေးတစ်ခုလို စုပုံနေလေသည်။ ကျန်းရိုက အလျင်အမြန် ပြောလိုက်လေသည်။

"နည်းနည်းလျှော့ယူပါ၊ စားလို့ ကုန်မှာမဟုတ်ဘူး"

လီရှောင်းက ဂရုမစိုက်သည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"စားလို့မကုန်ရင် ပါဆယ်ဆွဲသွားတာပေါ့"

လက်လှမ်းရာတွင် အနည်းငယ်မျှ အားနာခြင်းမရှိဘဲ ဈေးကြီးသည်များကိုသာ ရွေးယူလေသည်။ ပြောရင်းနှင့် ကာဗီယာ (ငါးဥ) ပုလင်းငယ် နှစ်ပုလင်းကိုပါ ယူလိုက်သေးသည်။

ကာဗီယာများကို အနက်ရောင် ပုလင်းငယ်လေးများဖြင့် ထည့်ထားရာ လာယူသူများစွာက မသိကြသဖြင့် အလှဆင်ပစ္စည်းဟု ထင်မှတ်နေကြသည်။ သူတို့ ယူကြသည်မှာ ပန်းကန်ပြားထဲတွင် တင်ထားသော ပုံစံအမျိုးမျိုးရှိသည့် ပေါင်မုန့်များသာ ဖြစ်သည်။ လီရှောင်းကသာ လတ်တလောတွင် သူဌေးယို၏ အနားတွင် လိုက်ပါနေသဖြင့် ဤအရာမှာ ဈေးကြီးကြောင်းသိရှိကာ ကျန်းရိုအား ပြောလေသည်။

"ဒီဟာကို နိုင်ငံခြားသားတွေက စားရတာ ကြိုက်ကြတယ်။ ဘာအရသာရှိလို့ စားမှန်းကို မသိဘူး၊ ညှီစော်နံပြီး ငန်ကျိကျိနဲ့"

ကျန်းရို တစ်ခါမှ မစားဖူးပေ။ တီဗွီထဲတွင်သာ မြင်ဖူးလေသည်။

လီရှောင်းက ထပ်ပြောသေးသည်။

"ကိုယ်တို့ အိမ်ပြန်ရောက်ရင် ချက်စားကြတာပေါ့"

"......"

လီရှောင်းက ကျန်းရိုကိုခေါ်ကာ စားပွဲတစ်လုံးကို ကျပန်းရှာ၍ ထိုင်လိုက်ပြီးနောက် မိသားစုသုံးယောက် စတင်စားသောက်ကြလေသည်။ ကျန်းရိုက ကိတ်မုန့်ငယ် တစ်ပိုင်းနှင့် သစ်သီးအချို့ကို စားပြီး၊ အန်းအန်းက ခရင်မ်နှစ်လုတ်ခန့် စားပြီးနောက် ပေါင်မုန့်ကို ဖက်၍ ကိုက်စားလေသည်။ ရှည်လျားသော ပေါင်မုန့်ချောင်းမှာ အနည်းငယ် မာကျောနေပြီး သူမ၏ သွားရည်များ အလွှာလိုက် ပေကျံနေရာ လီရှောင်းက အဖြူရောင် စားပွဲခင်းကို ယူ၍ သူမကို သုတ်ပေးလေသည်။

၁၁ နာရီကျော်ခန့်တွင် လူများစုံလုနီးပါး ဖြစ်သွားသောအခါ ဟိုတယ်စားပွဲထိုးများက ဟင်းများ စတင်လာချပေးလေသည်။ အရင်ဆုံး အအေးဟင်းပွဲအချို့ လာချပေးပြီးနောက် ဟင်းပွဲကြီးများဖြစ်သည့် ပင်လယ်စာ၊ ကင်းမွန်၊ ဂဏန်းဘုရင်၊ သိုးနံရိုး... စသည်တို့ကို လာချပေးရာ တစ်ပွဲချင်းစီတိုင်းမှာ ပမာဏ အလွန်များပြားလှသည်။

ကျန်းရို၏ပေါင်ပေါ်ရှိ အန်းအန်းမှာ ပေါင်မုန့်ကိုပင် မလိုချင်တော့ဘဲ အသားစားချင်ကြောင်း တိုက်ရိုက် လက်ညှိုးထိုးပြလေသည်။

ကျန်းရိုတို့ ထိုင်နေသော ဤစားပွဲမှ လူများမှာ ဝတ်စားဆင်ယင်မှု အတော်လေး ကောင်းမွန်ကြပြီး အနောက်တိုင်းဝတ်စုံများ ဝတ်ဆင်ထားကာ သားနားကြလေသည်။ အားလုံးက နည်းနည်းသာ စားကြပြီး အများအားဖြင့် စကားပြောဆိုခြင်းနှင့် အရက်သောက်ခြင်းကိုသာ ပြုလုပ်ကြသည်။ စားပွဲအချို့ကျော်ရှိ အခြားတစ်ဖက်နှင့် မတူပေ။ ထိုဘက်တွင် ဟင်းတစ်ပွဲ လာချတိုင်း လုယက်စားသောက်ကြလေသည်။ ကျန်းရို ကြားလိုက်ရသည်မှာ ထိုစားပွဲများမှာ ချန်မိသားစုနှင့် မိန်းမဘက်မှ ဆွေမျိုးများဖြစ်ပြီး ရုတ်တရက် ချမ်းသာလာသူများ၏ လုပ်ရပ်မျိုးဖြစ်ကာ တုံမိသားစုနှင့် နှိုင်းယှဉ်၍မရကြောင်း တစ်စုံတစ်ယောက်က လှောင်ပြောင်နေလေသည်။

သူမက မဝေးလှသောနေရာတွင် လူများနှင့် အရက်ခွက်ချင်းတိုက်ကာ ပျော်ရွှင်နေသော ချန်ရုန်ကို ကြည့်လိုက်ပြီး ဤမြင်ကွင်းမှာ အနည်းငယ် လှောင်စရာကောင်းနေသည်ဟု ရုတ်တရက် ခံစားလိုက်ရလေသည်။

ချန်ရုန်က ယနေ့ သူ့ကိုယ်သူ အောင်မြင်ဂုဏ်ယူနေသည်ဟု ထင်နေသော်လည်း၊ တကယ်တမ်းတွင် ကွယ်ရာ၌ သူ့ကို အထင်သေးနေသူ များစွာရှိနေလေသည်။

အပြင်ပန်းခမ်းနားမှုဆိုသည်ဖြစ်စေ၊ သားလေးဆိုသည်ဖြစ်စေ စစ်မှန်သော လေးစားမှုကို အစားထိုး၍ မရနိုင်ပေ။

လီရှောင်းနှင့်မူ မတူပေ။ သူက သူမ၏ဘေးတွင် အေးအေးဆေးဆေး ထိုင်ကာ စားရင်းနှင့် ကလေးကိုလည်း ခွံ့ကျွေး၊ သူမကိုလည်း ဟင်းခပ်ပေးနေသော်လည်း၊ လူအများအပြားက သူ့ထံလာ၍ နှုတ်ဆက်ကြပြီး ပါးစပ်မှလည်း စီးပွားရေးအကြောင်းများ ပြောဆိုကာ သတင်းအချက်အလက်များ အပြန်အလှန် ဖလှယ်နေကြလေသည်။

တစ်ဝက်ခန့် စားပြီးချိန်တွင် အန်းအန်းက တံခါးဝဘက်ကို ကြည့်ကာ ရုတ်တရက် စကားတစ်ခွန်း ပြောလိုက်လေသည်။

"လေ့လဲ့"

ကျန်းရိုက ခေါင်းငုံ့၍ ဟင်းစားနေပြီး လီရှောင်းက အကြားမှားသွားကာ ခေါင်းလှည့်၍ မေးလိုက်လေသည်။

"ပင်ပန်းသွားပြီလား (လေ့လဲ့)"

အန်းအန်း၏ လက်သေးသေးလေးက တံခါးဝကို လက်ညှိုးထိုးပြလေသည်။

"အစ်မ"

ကျန်းရိုနှင့် လီရှောင်းတို့က သူမ၏ ဆီပြန်နေသော လက်သေးသေးလေး ညွှန်ပြရာသို့ လိုက်ကြည့်လိုက်ရာ အမျိုးသားနှစ်ဦးက ကလေးနှစ်ယောက်ကို ခေါ်လာသည်ကို မြင်လိုက်ရသည်။ ဆံပင်များ ဖြူနှင်းနေသော အမျိုးသားက ချန်ရုန်၏ သမီးကြီး ချန်လေ့ကို ဆွဲထားပြီး၊ ဘေးရှိ လူလတ်ပိုင်းအရွယ် အမျိုးသားက သမီးငယ် ချန်လဲ့ကို ပွေ့ချီထားလေသည်။

သူတို့နှစ်ဦးစလုံး မျက်နှာထား တင်းမာနေပြီး အလွန်တည်ကြည်လေးနက်ပုံ ပေါက်လေသည်။

ကျန်းရိုက မသိစိတ်မှပင် လီရှောင်းကို ကြည့်လိုက်လေသည်။

လီရှောင်းက ညင်သာစွာ ခေါင်းညိတ်ပြလိုက်ပြီး ကျန်းရို၏ နားအနားသို့ တိုးကပ်ကာ ရှင်းပြလိုက်လေသည်။

"ချန်ရုန်ရဲ့ ယောက္ခမနဲ့ ယောက်ဖတွေလေ"

ကျန်းရို၏နားရွက်တွင် နားကပ်တပ်ထားသော နေရာက အနည်းငယ် နီရဲရောင်ရမ်းနေသည်ကို မြင်သောအခါ လက်မြှောက်၍ ထိကြည့်လိုက်လေသည်။

"ဒီနေရာက ဘာလို့ နီနေတာလဲ"

ကျန်းရိုက အကြည့်လွှဲလိုက်ပြီး လက်မြှောက်၍ သူမ၏နားရွက်ကို စမ်းကြည့်လိုက်ရာ အနည်းငယ် နေရခက်နေလေသည်။

"နားပေါက် ဖောက်ထားတာ သိပ်မကြာသေးလို့ နေမှာပါ"

နောက်တစ်ချက်က ဤနားကပ်ကို သူမက အလှကုန်ဆိုင်မှ ဝယ်လာခြင်းဖြစ်ပြီး အလွန်ဈေးပေါသဖြင့် ဓာတ်မတည့်ခြင်းလည်း ဖြစ်နိုင်လေသည်။

လီရှောင်းက မျက်မှောင်ကြုတ်လိုက်လေသည်။

"နောက်တစ်ခါ မတပ်နဲ့တော့"

"အင်း"

ကျန်းရို ပြန်ထူးလိုက်ပြီးသည်နှင့် မဝေးလှသောနေရာမှ "ဖြန်း—" ဟူသော ကျယ်လောင်သည့် အသံကြီးတစ်သံကို ကြားလိုက်ရလေသည်။ ဤပါးရိုက်သံမှာ အစစ်အမှန်ဖြစ်ပြီး ချန်ရုန်၏ လက်ထဲရှိ မိုက်ကရိုဖုန်းမှတစ်ဆင့် စားသောက်ဆိုင်တစ်ခုလုံးသို့ တိုက်ရိုက် ပျံ့နှံ့သွားရာ စားသောက်ဆိုင်တစ်ခုလုံး အံ့သြတိတ်ဆိတ်သွားလေသည်။

ချန်ရုန်မှာ စောစောက အစီအစဉ်တင်ဆက်သူ၏ ဖိတ်ကြားချက်အရ စင်ပေါ်သို့တက်ကာ စကားပြောကြားခဲ့ခြင်းဖြစ်သည်။ ယခု စကားပြောပြီး၍ စင်ပေါ်မှ ဆင်းလာချိန်ဖြစ်ပြီး အမျိုးသမီးက ကလေးကိုချီကာ နောက်မှ လိုက်ပါလာသည်။ သူက လက်တစ်ဖက်ဖြင့် မိုက်ကရိုဖုန်းကို တက်လာသော အစီအစဉ်တင်ဆက်သူထံသို့ ကမ်းပေးနေပြီး၊ အခြားလက်တစ်ဖက်က မယားငယ်ကို တွဲပေးရန် ပြင်နေလေသည်။

ဘေးမှ ရုတ်တရက် လက်တစ်ဖက် ထွက်လာကာ လူကို မြေကြီးပေါ်သို့ တိုက်ရိုက် လဲကျသွားအောင် ရိုက်ချလိုက်လေသည်။ လဲကျသွားစဉ် ဘေးရှိ အနောက်တိုင်းစားပွဲကို ဝင်တိုက်မိရာ စားပွဲမှာ ကြမ်းပြင်ပေါ်တွင် "ကျွီ—" ဟု စူးရှသောအသံဖြင့် ပွတ်တိုက်သွားပြီး အပေါ်ရှိ အရက်ပုလင်းများမှာလည်း မရပ်မနား ယိမ်းယိုင်သွားလေသည်။

အစီအစဉ်တင်ဆက်သူနှင့် မယားငယ်တို့မှာ အူကြောင်ကြောင်ဖြစ်သွားကြပြီး ချန်ရုန်လည်း ခနမျှ ဇဝေဇဝါဖြစ်သွားကာ မျက်နှာတစ်ခြမ်းကို အုပ်လျက် မတ်တတ်ရပ်လိုက်သည်။ သို့သော် နှစ်ချက်ခန့် ရပ်လိုက်သော်လည်း မငြိမ်ဘဲ လူမှာ အောက်သို့ လျှောကျသွားပြန်ရာ လက်ဖြင့် စားပွဲကိုသာ မထောက်ထားမိပါက မြေကြီးပေါ်သို့ ဖင်ထိုင်ရက် ကျသွားလောက်ပြီဖြစ်သည်။

သို့သော် သူ မတ်မတ်ရပ်နိုင်ရုံရှိသေးချိန်တွင် ကျောက်မိသားစု၏ ယောက်ဖဖြစ်သူက စားပွဲကို ခြေဖြင့် တစ်ချက် ကန်လိုက်ရာ ချန်ရုန်မှာ စုတ်ပြတ်သတ်စွာဖြင့် မြေကြီးပေါ်သို့ လဲကျသွားပြန်လေသည်။

အစီအစဉ်တင်ဆက်သူက အရင်ဆုံး သတိဝင်လာပြီး လက်လှမ်းကာ တားဆီးလေသည်။

"ခင်ဗျားတို့က ဘယ်သူတွေလဲ။ ဘယ်လိုဖြစ်လို့ အကောင်းကြီးကနေ လူလာရိုက်နေရတာလဲ"

"ရိုက်တာက ဒီကောင်ယုတ်မာကို ရိုက်တာပဲ"

ကျောက်မိသားစု၏ ယောက်ဖဖြစ်သူက အစီအစဉ်တင်ဆက်သူကို တွန်းဖယ်လိုက်ပြီး ရင်ခွင်ထဲရှိ ကလေးကို ချထားကာ အနောက်တိုင်းစားပွဲပေါ်ရှိ ပစ္စည်းများကိုယူ၍ ချန်ရုန်၏ ကိုယ်ပေါ်သို့ ပစ်ပေါက်လေတော့သည်။ အရက်ပုလင်းများက ချန်ရုန်၏ ကိုယ်ပေါ်သို့ ထိမှန်သွားရာ ခေါင်းကိုပိုက်ကာ ဟိုပြေးဒီပြေးဖြစ်သွားပြီး ဖန်ကွဲစများ ကြမ်းပြင်ပေါ် အနှံ့အပြား ကျသွားလေသည်။

မယားငယ်မှာ ကြောက်လန့်တကြား အော်ဟစ်ကာ ကလေးကိုပွေ့ချီ၍ ဘေးသို့ အလျင်အမြန် ပြေးပုန်းလေသည်။

ချန်ရုန်မှာ အလွန်နာကျင်နေပြီး မျက်နှာကို မော့၍ စမ်းကြည့်လိုက်ရာ သွေးများ အပြည့်ပေကျံနေသည်ကို မြင်သောအခါ ကြောက်လန့်တကြားဖြင့် အလျင်အမြန် တောင်းပန်လေတော့သည်။

"မရိုက်ပါနဲ့တော့၊ မရိုက်ပါနဲ့တော့......"

ဘေးစားပွဲတွင် ထိုင်နေသူများမှာ မူလက ဝင်ဆွဲချင်ကြသော်လည်း တစ်ဖက်လူက အပြင်းအထန် ရိုက်နှက်နေသည်ကို မြင်သောအခါ ရှေ့မတိုးရဲကြတော့ဘဲ အဝေးမှသာ အော်ပြောကြလေသည်။

"တစ်ခုခုရှိရင် ကောင်းကောင်းမွန်မွန် ပြောကြပါ၊ ကိုယ်ထိလက်ရောက် မလုပ်ကြပါနဲ့......"

"ထပ်ရိုက်ရင် လူသေတော့မယ်၊ မြန်မြန် ရပ်လိုက်ပါ"

ကျောက်မိသားစု၏ ယောက်ဖဖြစ်သူက ဖခင်ဖြစ်သူကို တုံ့ဆိုင်းစွာ တစ်ချက်ကြည့်လိုက်ရာ အဘိုးအို၏ရိုက်နှာထားမှာ အလွန်အေးစက်နေလေသည်။

"ရိုက်! သေသွားရင် ငါတာဝန်ယူတယ်။ ငါ တစ်သက်လုံး စာသင်လာတာ၊ ဒီနေ့တော့ ငါ့သမီးကိုယ်စား ဒီလူယုတ်မာကောင်ကို ကောင်းကောင်း ဆုံးမပေးရမယ်"

အရက်များ ကြမ်းပြင်ပေါ် ဖိတ်ကျနေသဖြင့် ချန်ရုန်မှာ မတော်တဆ ချော်လဲသွားပြီး လက်နှစ်ဖက်စလုံး ဖန်ကွဲစများ စူးဝင်သွားလေသည်။ သူက ဤနှစ်များအတွင်း သက်သာချောင်ချိစွာ နေလာခဲ့ရသဖြင့် အနည်းငယ်မျှပင် ခုခံချင်၍ မရနိုင်တော့ပေ။

ကျောက်မိသားစု၏ ယောက္ခထီးက သူ့ကို အေးစက်စွာ ကြည့်ကာ မေးခွန်းထုတ်လေသည်။

"မင်း အဲ့ဒီတုန်းက ငါ့ကို ကတိပေးခဲ့တယ်လေ၊ ငါ့သမီးကို ယူပြီးရင် တစ်သက်လုံး သူ့အပေါ် ကောင်းကောင်းထားမယ်ဆို။ အခုရော၊ ဒါက မင်းရဲ့ ကောင်းကောင်းထားတာလား။ ငါ့သမီး ဆေးရုံတက်နေရချိန်မှာ မင်းက ဒီမှာ လပြည့်ပွဲ လုပ်နေတယ်ပေါ့"

သူ့မျက်လုံးများက မဝေးလှသောနေရာတွင် ကလေးကို ပွေ့ချီထားသော လူငယ်အမျိုးသမီးထံသို့ ရောက်သွားပြီးနောက် စည်ကားသိုက်မြိုက်ကာ ခမ်းနားစွာ အလှဆင်ထားသော စားသောက်ဆိုင်ကို ထပ်ကြည့်လိုက်လေသည်။

အသံများ ပို၍ပို၍ ကျယ်လောင်လာကာ ဒေါသတကြီးဖြင့် အော်ပြောလေတော့သည်။

"မင်း အဲ့ဒီတုန်းက ငါ့သမီးကို ယူတုန်းက ဘာမှမရှိခဲ့ဘူး၊ မင်္ဂလာဆောင်ကိုတောင် ငါတို့အိမ်က ပိုက်ဆံထုတ်ပြီး လုပ်ပေးခဲ့ရတာ။ မင်း အလုပ်အဆင်မပြေဖြစ်ပြီး လူတွေရဲ့ ဖယ်ကျဉ်တာ ခံရတုန်းကလည်း နေ့စားအလုပ်ကို ငါ့သားက ရှာပေးခဲ့တာပဲ။ နေ့စားအလုပ်လို့သာ ပြောတာ လစာက အမြဲတမ်းဝန်ထမ်းတွေထက် နည်းနည်းမှ မနည်းဘူး။ မင်းက ကျေးဇူးမတင်တဲ့အပြင် အခုလိုတောင် လူကို အနိုင်ကျင့်ရဲသေးတယ်၊ မင်းက လူရော ဟုတ်သေးရဲ့လား။ တိရစ္ဆာန်"

"ရှေးတုန်းက ချန်ရှီမေ့ ရှိခဲ့သလို အခုလည်း မင်း ချန်ရုန် ရှိနေတာပဲ။ ချန်ရှီမေ့က အနည်းဆုံးတော့ အရည်အချင်းနဲ့ ရုပ်ရည်ရှိသေးတယ်၊ မင်းမှာ ဘာရှိလဲ။ မှန်လေးဘာလေး သွားမကြည့်ဘူးလား၊ ဘာအရည်အချင်းမှ မရှိဘဲနဲ့ မိန်းမလုပ်ကျွေးတာ စားဖို့ကျတော့ ပထမနေရာကပဲ။ အရင်တုန်းက ငါ့သမီးလုပ်ကျွေးတာ စားတယ်၊ အခုကျတော့ မင်းအစ်မလုပ်ကျွေးတာ စားနေပြန်ပြီ။ မင်းလို အသုံးမကျတဲ့ကောင်က ဘယ်လိုလုပ်ပြီး လောကကြီးမှာ မျက်နှာပြရဲသေးတာလဲ"

စားသောက်ဆိုင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး အဘိုးအို၏ ကျယ်လောင်သော အသံက ခန်းမတစ်ခုလုံးသို့ ပျံ့နှံ့သွားရာ ထိုနေရာတွင် ရှိနေသူအားလုံး ကြားလိုက်ရလေသည်။

အဘိုးအိုက ဆက်ဆဲချင်သေးသော်လည်း ဟိုတယ်တာဝန်ခံက လုံခြုံရေးများကို ခေါ်လာကာ သားအဖနှစ်ယောက်ကို ဆွဲဖယ်လိုက်လေသည်။ ချန်ရုန်ကိုလည်း မြေကြီးပေါ်မှ ထူပေးလိုက်ကြသည်။ ချန်ရုန်မှာ အတော်လေး ဆိုးရွားစွာ အရိုက်ခံလိုက်ရသဖြင့် မတ်မတ်ပင် မရပ်နိုင်တော့ဘဲ ကျောပိုး၍ အပြင်သို့ ပို့ဆောင်လိုက်ရလေသည်။

စားသောက်ဆိုင်တစ်ခုလုံး ခနမျှ တိတ်ဆိတ်သွားပြီးနောက် စကားသံများ ဆူညံစွာ ထွက်ပေါ်လာလေသည်။ အချို့က တစ်ယောက်ပြီးတစ်ယောက် ထကာ ပြန်သွားကြပြီး အချို့ကမူ ဆက်လက်နေထိုင်ကာ စားသောက်နေကြလေသည်။

ကျန်းရိုတို့ ထိုင်နေသော စားပွဲမှ လူများမှာမူ အားလုံး ပြန်သွားကြပြီဖြစ်သည်။ ဤလူများမှာ အများအားဖြင့် သူဌေးငယ်များဖြစ်ပုံရပြီး ဤနေရာသို့ လာခြင်းမှာ လူကို ဖားယားရန်အတွက်သာ ဖြစ်သည်။ ယခု ချန်ရုန်ပင် မရှိတော့သဖြင့် ဆက်နေရန် အကြောင်းမရှိတော့ပေ။

သို့သော် ထိုင်နေသူများ ရှိသေးသဖြင့် ဟိုတယ်က ဆက်လက်၍ ဟင်းများ လာချပေးရလေသည်။ မည်သို့ပင်ဖြစ်စေ ချန်ရုန်က ပိုက်ဆံပေးပြီးပြီ မဟုတ်ပါလား။

ကျန်းရိုက စားပွဲထိုးကိုခေါ်ကာ ပါဆယ်ခွက်အချို့ ယူလာရန် ပြောလိုက်သည်။ သူမက ပါဆယ်ထုပ်၍ ယူသွားမည်ဖြစ်သည်။

စားပွဲထိုးက သူမကို နက်နက်နဲနဲ တစ်ချက်ကြည့်လိုက်ပြီးနောက် ခေါင်းညိတ်ကာ ထွက်သွားလေသည်။ ခဏအကြာတွင် လှပသော လက်ဆွဲထမင်းဘူး တစ်ဘူး ယူလာခဲ့သည်။ ချန်ရုန် ရွေးချယ်ထားသည်မှာ ကြယ်ငါးပွင့်အဆင့်ရှိ ဟိုတယ်ကြီးဖြစ်ရာ ပုံမှန်အားဖြင့် လူချမ်းသာများ လာရောက်၍ အစားအသောက်များ မှာယူပါက ဤဘူးများဖြင့် ပါဆယ်ထုပ်ပေးလေ့ရှိလေသည်။

ကျန်းရိုက ဘေးစားပွဲတွင် လူမရှိသည်ကို မြင်သောအခါ ဘယ်သူမှ မစားရသေးသော ဟင်းကောင်းအချို့ကို ရွေး၍ ထည့်လိုက်သည်။ ထမင်းဘူးမှာ သုံးထပ်ပါဝင်ပြီး အထပ်တိုင်းတွင် ဟင်းထည့်ရန် သီးသန့် သစ်သားဘူးလေးများ ပါရှိလေသည်။

ကျန်းရို ဤသို့လုပ်နေသည်ကို မြင်သောအခါ မဝေးလှသောနေရာမှ ဟင်းလုစားနေသော ဆွေမျိုးများကလည်း စားပွဲထိုးထံမှ ထမင်းဘူးများကို တောင်းကြလေတော့သည်။

ကျန်းရိုက ထမင်းဘူးတစ်ဘူးစာ ဟင်းများကို ပါဆယ်ထုပ်ရုံသာမက သန့်ရှင်းသော အိတ်များ တောင်းကာ အနောက်တိုင်းစားပွဲပေါ်ရှိ ပေါင်မုန့်၊ ကိတ်မုန့်၊ သကြားလုံးနှင့် အချိုရည်များကိုပါ ထည့်ယူလိုက်လေသည်။ ဘေးမှ လီရှောင်းက အန်းအန်းကိုချီလျက် ပြောလိုက်လေသည်။

"နည်းနည်း ပိုယူလိုက်ပါ၊ ကိုယ်တို့ မနက်ဖြန်မနက်လည်း ထမင်းမချက်ဘဲ နေလို့ရတာပေါ့"

နေ့တိုင်း မနက်ပိုင်း ထမင်းကြော်စားရသည်ကို သူလည်း အနည်းငယ် ငြီးငွေ့နေပြီဖြစ်သည်။

"အဓိပ္ပာယ်ရှိသားပဲ"

ကျန်းရိုက အိတ်နှစ်အိတ်စာ ထည့်ယူလိုက်ရာ အပြန်တွင် သယ်၍ပင် မနိုင်တော့သဖြင့် လီရှောင်းက သူမကို တစ်အိတ် ကူသယ်ပေးရလေသည်။

တံခါးအပြင်ရောက်သောအခါ ကျန်းရိုက မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။

"ဒီထမင်းတစ်နပ်က တကယ်ကို မရှုံးဘူး"

စားစရာလည်း ရသည်၊ ယူစရာလည်း ရသည့်အပြင် ပြဇာတ်ကောင်းတစ်ပုဒ်ကိုလည်း ကြည့်လိုက်ရသေးသည်။

လီရှောင်းက နှုတ်ခမ်းကို ကွေးလိုက်လေသည်။

......

သူတို့နှစ်ဦး ဟိုတယ်တံခါးမှ ထွက်လာပြီးနောက် လီရှင်းကို သွားရှာရန် ထွက်လာခဲ့ကြသည်။

ကားကို ကျောင်းဝင်းထဲသို့ မောင်းဝင်ခွင့် မပြုပေ။ ကျန်းရိုက မူလက စူပါမားကတ်တွင် တစ်ခုခု ဝယ်ရန် တွေးထားသေးသော်လည်း ယခုတော့ ဘာမှဝယ်စရာမလိုတော့ပေ။ ကျန်းရိုက အန်းအန်းကို ဆွဲထားပြီး လီရှောင်းက လက်တစ်ဖက်တွင် ထမင်းဘူးနှင့် အခြားလက်တစ်ဖက်တွင် ပေါင်မုန့်စသည်တို့ကို ကိုင်ဆောင်ထားလေသည်။ ယခုအချိန်က မွန်းလွဲ ၁ နာရီခွဲကျော်နေပြီဖြစ်ရာ လီရှင်းက အတန်းထဲတွင် နေ့လယ်အိပ်ချိန် ဖြစ်လောက်မည်ဖြစ်သည်။

တကယ်တမ်းတွင်လည်း မိသားစုသုံးယောက် အထက်တန်းပထမနှစ် အမှတ် ၃ အတန်းသို့ ရောက်သွားသောအခါ ပြတင်းပေါက်မှ အထဲသို့ ကြည့်လိုက်သည်နှင့် ဒုတိယတန်းတွင် စားပွဲပေါ်မှောက်၍ အိပ်နေသော လီရှင်းကို တစ်ချက်ကြည့်ရုံဖြင့် မြင်လိုက်ရလေသည်။

အတန်းထဲတွင် ကျောင်းသားအများအပြား ရောက်ရှိနေကြပြီဖြစ်သော်လည်း အားလုံးက တိတ်ဆိတ်နေကြသည်။ အချို့က အိပ်နေကြပြီး အချို့က စာဖတ်နေကြကာ စကားပြောသူ လုံးဝမရှိသလောက်ပင် ဖြစ်သည်။

ကျောင်းသားတစ်ယောက်က အပြင်ဘက် ပြတင်းပေါက်တွင် ရပ်နေသော ကျန်းရိုနှင့် လီရှောင်းတို့ကို မြင်သောအခါ တိုးတိုးလေး မေးလိုက်လေသည်။

"ဘယ်သူ့ကို ရှာတာလဲ"

ကျန်းရိုက တိုးတိုးလေး ပြန်ဖြေလိုက်လေသည်။

"ကျောင်းသားရေ၊ လီရှင်းကို တစ်ချက်လောက် ခေါ်ပေးလို့ ရမလား"

ပြတင်းပေါက်ဘေးမှ ကျောင်းသူလေးမှာ အနည်းငယ် အံ့အားသင့်သွားပြီး လီရှင်းကို လာရှာမည်ဟု မထင်ထားခဲ့ပေ။ ကိုယ်ကိုလှည့်၍ လူကို ခေါ်ရန် ပြင်လိုက်စဉ် အန်းအန်းမှာ မည်သည့်အချိန်က တံခါးဝသို့ ရောက်နေမှန်းမသိဘဲ ကလေးသံလေးဖြင့် အော်ခေါ်လိုက်လေသည်။

"ဒေါ်လေး..."

ဤအသံကြောင့် အတန်းထဲတွင် စာဖတ်နေသော ကျောင်းသားများအားလုံး ခေါင်းမော့လာကြလေသည်။

ပြတင်းပေါက်ဘေးမှ ကျောင်းသူလေးက ကိုယ်ကိုစောင်းကာ ဘောပင်ဖြင့် လီရှင်း၏လက်မောင်းကို ထိုးလိုက်လေသည်။

နှစ်ချက်ခန့် ထိုးလိုက်မှသာ လီရှင်း နိုးလာပြီး မူးဝေဝေဖြင့် မျက်လုံးဖွင့်လာကာ ခေါင်းမော့၍ ကိုယ်ကို မတ်လိုက်လေသည်။

တံခါးဝရှိ အန်းအန်းက လူများစွာက သူမကို ကြည့်နေသည်ကို မြင်သောအခါ ရှက်ရွံ့စွာဖြင့် ကျန်းရို၏ အနားသို့ ပြေးသွားပြီး၊ ခဏအကြာတွင် တံခါးဝသို့ ပြန်ပြေးလာကာ ခေါင်းလေးပြူ၍ ခိုးကြည့်နေလေရာ အတန်းထဲရှိ ကျောင်းသားများကို ရယ်မောသွားစေခဲ့လေသည်။

သူမကိုယ်တိုင်လည်း ရယ်မောနေလေသည်။

လီရှင်းလည်း ကျန်းရိုကို မြင်သွားပြီး ဝမ်းသာအားရဖြင့် မတ်တတ်ရပ်လိုက်လေသည်။

"အစ်မ"

ထို့နောက် ခြေလှမ်းကျဲကျဲဖြင့် အပြင်သို့ ထွက်လာပြီး တံခါးဝတွင် ခါးကိုကိုင်းကာ အန်းအန်းကို တစ်ချက်တည်းဖြင့် ပွေ့ချီလိုက်လေသည်။ အန်းအန်းက သူမ၏လည်ပင်းကို ပျော်ရွှင်စွာ ဖက်ထားပြီး ချိုသာစွာ အော်ခေါ်လေသည်။

"ဒေါ်လေး"

လီရှင်းလည်း အလွန်ပျော်ရွှင်နေလေသည်။

"အစ်မ၊ ခဲအို၊ ဘယ်လိုလုပ်ပြီး ရောက်လာကြတာလဲ"

ကျန်းရိုက ပြုံးလျက် ပြောလိုက်လေသည်။

"နင့်ကို လာကြည့်တာလေ။ အစက မနက်ပိုင်းက လာမလို့ပဲ၊ ဒါပေမဲ့ ကားစီးရင်း မှားသွားလို့ မင်းခဲအိုနဲ့အတူ မွေးနေ့ပွဲသွားစားလိုက်ရတယ်။ ပွဲမှာ ကိစ္စလေး နည်းနည်းဖြစ်သွားလို့ တခြားသူတွေက မစားဘဲ ပြန်သွားကြတယ်။ အဲ့ဒါနဲ့ ဟင်းပွဲတချို့ကို ဘယ်သူမှ မစားရသေးတာ တွေ့လို့ နင့်ကို အရသာမြည်းကြည့်ရအောင် နည်းနည်း ပါဆယ်ထုပ်လာခဲ့တာ။ ပြီးတော့ ပေါင်မုန့်၊ ကိတ်မုန့်၊ သကြားလုံးတွေလည်း ပါတယ်။ နင် စားမကုန်ရင် အခန်းဖော်တွေကို နည်းနည်း ဝေပေးလိုက်လေ"

လီရှင်းက ယောက်ဖဖြစ်သူ၏ လက်ထဲရှိ ပစ္စည်းများကို ကြည့်ကာ အပြုံးများ ပိုမိုတောက်ပလာလေသည်။

"ဟုတ်"

ကျန်းရိုက သူမကို မေးလိုက်လေသည်။

"အတန်းတက်ဖို့ ဘယ်နှမိနစ် လိုသေးလဲ။ ငါတို့ ပစ္စည်းတွေကို နင့်အဆောင်ကို သွားပို့ပေးမယ်လေ။ အခု ရာသီဥတုက မအေးတော့ဘူးဆိုတော့ ညကျရင် ထမင်းစားရုံကနေ ထမင်းနည်းနည်း ပါဆယ်ဆွဲလာခဲ့လိုက်ရုံပဲ"

လီရှင်းက နောက်လှည့်၍ အတန်းထဲရှိ နာရီကို တစ်ချက်ကြည့်လိုက်လေသည်။

"မိနစ်နှစ်ဆယ် လိုသေးတယ်၊ လုံလောက်ပါတယ်"

ထို့ကြောင့် ကျန်းရိုက သူမနှင့်အတူ အဆောင်သို့ လိုက်သွားလေသည်။

ထွက်ခွာသွားချိန်တွင် အတန်းထဲရှိ ကျောင်းသားများအားလုံးက စပ်စုစွာဖြင့် လည်ပင်းဆန့်၍ ကြည့်နေကြရာ ကျန်းရိုက ပြုံးလျက် သူတို့ကို လက်ရမ်းပြလိုက်သဖြင့် ထိုကျောင်းသားများအားလုံး အနည်းငယ် ရှက်သွားကြလေသည်။

....

မိန်းကလေးအဆောင်သို့ ရောက်သောအခါ လီရှောင်းက အောက်ထပ်တွင် ရပ်စောင့်နေလေသည်။ သူက အထဲသို့ ဝင်ခွင့်မရှိပေ။

ကျန်းရိုနှင့် လီရှင်းတို့က ပစ္စည်းများကို အဆောင်သို့ ပို့ပြီးနောက် အောက်သို့ ဆင်းလာကြသည်။ ကျန်းရိုလည်း အကြာကြီး မနေတော့ဘဲ အတန်းတက်ရတော့မည်ဖြစ်၍ စကားအနည်းငယ် ပြောပြီးနောက် သူမကို အတန်းထဲသို့ အမြန်ပြန်ရန် ပြောလိုက်လေသည်။

အန်းအန်းမှာ အဒေါ်ဖြစ်သူကို မခွဲခွာရက်သေးဘဲ ဖက်ထားကာ မလွှတ်ပေးပေ။

လီရှင်းက သူမ၏ မျက်နှာလေးကို နမ်းလိုက်လေသည်။

အပေါ်ထပ် အမှတ် ၃ အတန်းမှ ကျောင်းသားအချို့က ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ အံ့ဩသွားကြလေသည်။

လီရှင်း၏ စရိုက်မှာ အနည်းငယ် အေးစက်ပြီး ပုံမှန်အားဖြင့် အခြားသူများနှင့် သိပ်မဆက်ဆံတတ်ပေ။ အခန်းဖော်များ၊ အမှတ် ၁ အတန်းမှ ချန်လေ့နှင့် အထက်တန်းနောက်ဆုံးနှစ်မှ ကျီယွီတို့နှင့်သာ ဆက်ဆံရေး အနည်းငယ် များလေသည်။ ကျီယွီမှာ ကျောင်း၏ အချောဆုံးကောင်လေးဖြစ်ပြီး တစ်ကျောင်းလုံးရှိ လူအများအပြားက သူ့ကို တိတ်တဆိတ် သဘောကျနေကြသည်။ ထိုအထဲတွင် အထက်တန်းနောက်ဆုံးနှစ်မှ ကျောင်း၏ အချောဆုံးကောင်မလေးလည်း ပါဝင်လေသည်။

ကျောင်း၏ အချောဆုံးကောင်မလေးမှာ အလွန်ပြင်ဆင်တတ်ပြီး ဆံပင်ကို အဖြောင့်ဆွဲထားကာ ဝတ်စားဆင်ယင်မှုမှာလည်း အတော်လေး ခေတ်မီလေသည်။ သို့သော် အတန်းဖော်များ၏ အမြင်တွင်မူ လီရှင်းက ထိုအထက်တန်းနောက်ဆုံးနှစ်မှ အချောဆုံးကောင်မလေးထက် အများကြီး ပိုလှလေသည်။ ခန္ဓာကိုယ်အချိုးအစားက သွယ်လျပြီး အသားအရေက ဖြူဝင်းကာ၊ ပုံမှန်အားဖြင့် ဆံပင်ကို ဖြစ်သလိုသာ စည်းထားပြီး သိပ်မပြင်ဆင်တတ်ပေ။ အမြဲတမ်း ကျောင်းဝတ်စုံကိုသာ ဝတ်ဆင်ထားလေ့ရှိသော်လည်း ထိုသို့ဖြစ်နေလျှင်ပင် အလွန်လှပနေလေသည်။

လီရှင်းက လူသိမခံဘဲ နေတတ်ပြီး အချောဆုံးကောင်မလေးက အချောဆုံးကောင်လေးကို သဘောကျနေသဖြင့် အထက်တန်းနောက်ဆုံးနှစ်မှ လူများကြားတွင် လီရှင်း၏ ဂုဏ်သတင်းမှာ သိပ်မကောင်းလှပေ။ လီရှင်းက အချောဆုံးကောင်မလေးနှင့် အချောဆုံးကောင်လေးတို့၏ ဆက်ဆံရေးကြားတွင် ဝင်ရှုပ်သည်ဟု ထင်ကြလေသည်။ ချန်လေ့နှင့် အချောဆုံးကောင်လေးတို့မှာ ဆွေမျိုးများဖြစ်ကြသော်လည်း လီရှင်းက ဆွေမျိုးမဟုတ်ဘဲ အချောဆုံးကောင်လေးကို သူမအတွက် ဟင်းရည်ခပ်ခိုင်းခြင်း၊ ပန်းကန်ယူခိုင်းခြင်းများ ပြုလုပ်စေသောကြောင့် ဖြစ်လေသည်။

လီရှင်း အတန်းထဲသို့ ပြန်ရောက်သောအခါ အတန်းဖော်များက စည်ကားစွာ ဝိုင်းအုံလာကြပြီး စိတ်လှုပ်ရှားစွာ မေးမြန်းကြလေသည်။

"အဲ့ဒါ နင့်အစ်မနဲ့ ယောက်ဖလား။ ရုပ်ကလည်း အရမ်းချောလွန်းတယ် မဟုတ်လား"

"နင့်တူမလေးက တကယ်ကို အရမ်းချစ်စရာကောင်းတာပဲ"

"ဟေ့၊ နင့်ခဲအိုက ရင်းနှီးနေသလိုပဲလို့ နင်တို့ သတိမထားမိကြဘူးလား"

"လီရှင်း၊ နင်တို့ မိသားစုတစ်ခုလုံးက ဒီလောက်တောင် ရုပ်ချောကြတာလား။ နင်က လှလွန်းနေပြီလို့ ငါ ထင်ထားတာ၊ နင့်အစ်မကလည်း ဒီလောက်လှပြီး ကျက်သရေရှိမယ်လို့ မထင်ထားဘူး"

"နင့်ခဲအိုက ကျောင်းက အချောဆုံးကောင်လေးထက် အများကြီး ပိုချောတယ်လို့ ငါထင်တယ်။ တကယ်ပြောတာနော်၊ နင့်ခဲအိုကို မြင်ပြီးတော့မှ ကျောင်းက အချောဆုံးကောင်လေးက သာမန်ပါပဲလို့ ရုတ်တရက် ခံစားလိုက်ရတယ်"

အရင်က အထက်တန်းနောက်ဆုံးနှစ်မှ လူများ၏ အပြောအဆိုများကို နားထောင်ရသည်မှာ လီရှင်းက ကျောင်း၏ အချောဆုံးကောင်လေးကို အဆင့်မမီဘဲ မှန်းနေသကဲ့သို့ ဖြစ်နေခဲ့သည်။ ယခုတော့ သူတို့ကို လီရှင်း၏ခဲအိုကို တကယ် ကြည့်ခိုင်းသင့်ပြီဖြစ်သည်။ ကျောင်း၏ အချောဆုံးကောင်လေးက ဘာများ အရေးပါလို့လဲ။

လီရှင်းက သူတို့၏ ချီးမွမ်းစကားများကို ကြားရသောအခါ မိမိကိုယ်တိုင် ချီးမွမ်းခံရသည်ထက် ပို၍ ပျော်ရွှင်နေလေသည်။

"ငါ့ရဲ့ အစ်မနဲ့ ယောက်ဖပါ။ ငါ့အစ်မက ငယ်ငယ်ကတည်းက လှတယ်၊ စာလည်း အရမ်းတော်တယ်၊ တက္ကသိုလ်ကျောင်းသူလေ။ ငါ့ခဲအိုကလည်း အရမ်းတော်တာပဲ၊ သူက စက်ရုံကြီးတစ်ခု ဖွင့်ထားတာ"

....

အိမ်ပြန်ရောက်သောအခါ မွန်းလွဲ နှစ်နာရီကျော်နေပြီဖြစ်သည်။ လီရှောင်းက မွန်းလွဲပိုင်းတွင် စက်ရုံသို့ မသွားတော့ပေ။ အန်းအန်းလည်း နေ့လယ်အိပ်ရဦးမည်ဖြစ်ရာ ကျန်းရိုနှင့် လီရှောင်းတို့က သူမနှင့်အတူ ခဏအိပ်လိုက်ကြရာ မွန်းလွဲ လေးနာရီအထိ တစ်ရေးတည်း အိပ်ပျော်သွားကြလေသည်။

လီရှောင်း၏ဖုန်းသာ မမြည်ပါက ဇနီးမောင်နှံနှစ်ဦး ဆက်အိပ်နေကြဦးမည်ဖြစ်သည်။

အန်းအန်းမှာမူ စောစောကတည်းက နိုးနေပြီး ကုတင်ပေါ်တွင် တစ်ယောက်တည်း လိမ်မာစွာ ကစားနေကာ ပန်းချီဆွဲတံဖြင့် သူမအဖေ၏ ခြေသည်းများအားလုံးကို ခရမ်းရောင် သုတ်လူးထားလေသည်။

လီရှောင်းက ဖုန်းကို ကိုင်လိုက်ရာ အဒေါ်ဝမ်ထံမှ ခေါ်ဆိုခြင်း ဖြစ်လေသည်။

ကျန်းရိုက ထိုင်လိုက်ပြီး အန်းအန်းကို လက်သွားဆေးပေးရန် ပြင်လိုက်စဉ် ဖုန်းထဲမှ ရင်းနှီးသော အသံကို ကြားလိုက်ရသဖြင့် ရပ်တန့်သွားလေသည်။

အဒေါ်ဝမ်က ဘာတွေပြောနေသည်မသိ၊ လီရှောင်း၏ မျက်မှောင်များ ပို၍ပို၍ တွန့်ကျိုးလာပြီး ပါးစပ်မှလည်း မရပ်မနား 'အင်း' ဟု အသံပြုနေကာ နောက်ဆုံးတွင် ကောင်းပြီဟု တစ်ခွန်း ပြောလိုက်လေသည်။

ဖုန်းချပြီးနောက် ကျန်းရိုက မနေနိုင်ဘဲ မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ"

လီရှောင်းကလည်း သူမကို မဖုံးကွယ်ဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"အဒေါ်ဝမ် ပြောတာက ကိုယ့်ဦးလေးရဲ့ မိန်းမက ခရိုင်မြို့က အိမ်ဟောင်းကို မျက်စိကျနေပြီး ကိုယ်တို့မရှိတုန်း အိမ်ကို အပိုင်စီးဖို့ ပြင်နေတာတဲ့။ သူ သိသွားတော့ ဝမ်ယန်ရဲ့ အစ်ကိုကြီးကို သွားခေါ်ပြီး သူတို့ မိသားစုတစ်ခုလုံးကို မောင်းထုတ်လိုက်တယ်တဲ့။ အဲ့ဒီကိစ္စကို ကိုယ့်ကို လှမ်းပြောပြတာ"

ကျန်းရိုက ထိုစကားကို ကြားသောအခါ ပထမဆုံး တွေးမိသည်မှာ ဇာတိမှအိမ်ကို အပိုင်စီးခံရခြင်းအကြောင်း မဟုတ်ဘဲ မသိစိတ်မှပင် စကားတစ်ခွန်း ထွက်သွားလေသည်။

"ရှင့်မှာ ဆွေမျိုးတွေ ရှိသေးတာလား"

ဘာဖြစ်လို့ နှစ်သစ်ကူးတုန်းက တစ်ယောက်မှ မတွေ့ခဲ့ရတာလဲ။

လီရှောင်းက လှောင်ပြုံး ပြုံးလိုက်လေသည်။

"ဘာလို့ မရှိရမှာလဲ။ ကိုယ့်အဘိုးက မွေးစားခံထားရတာ၊ ညီအစ်ကိုအရင်းတွေ အများကြီး ရှိသေးတယ်။ ကိုယ့်ရဲ့ အဲ့ဒီ အဘိုးသုံးက ငယ်ငယ်ကတည်းက ကိုယ်တို့အိမ်က ခရိုင်မြို့မှာ နေရတာကို မနာလိုဖြစ်ပြီး သူ့သားကိုသုံးပြီး ကိုယ့်အဖေကို လမ်းမှားရောက်အောင် လုပ်ခဲ့တာလေ။ ကိုယ့်အဘိုး သေသွားပြီးတဲ့နောက်မှာတော့ ညီအစ်ကိုတွေ ပေါင်းပြီး ကိုယ်တို့အိမ်ကို အကုန် သယ်ထုတ်သွားကြတာပဲ"

ဤနေရာသို့ ရောက်သောအခါ လီရှောင်း၏ မျက်နှာပေါ်တွင် ရွံရှာသော အမူအရာ ပေါ်လာလေသည်။

"သူ့သားက ကိုယ့်ရဲ့ ဦးလေးလတ်လေ။ ငယ်ငယ်ကတည်းက ကိုယ့်အဖေကို သူ့စကားနားထောင်အောင် ချော့ပြီး ခိုးဝှက်လိမ်ညာတာတွေ လုပ်ခိုင်းခဲ့တာ။ ကြီးလာတော့ လောင်းကစားနဲ့ အရက်သောက်တာတွေပါ စွဲသွားတာပဲ"

ကျန်းရိုက နားမလည်နိုင်အောင် ဖြစ်သွားလေသည်။

"သူ ဘာလို့ အဲ့ဒီလို လုပ်ရတာလဲ။ ညီအစ်ကိုအရင်း၊ တူအရင်းတွေ မဟုတ်ဘူးလား"

လီရှောင်းက နှာခေါင်းရှုံ့လိုက်လေသည်။

"ဘာ ညီအစ်ကိုအရင်းလဲ၊ အကျိုးစီးပွားရှေ့မှာ ညီအစ်ကိုအရင်းဆိုတာ ဘာမှမဟုတ်ပါဘူး။ ကိုယ့်အဘိုးအိမ်မှာ ကလေးငါးယောက် ရှိတယ်၊ ရှေ့က လေးယောက်က ယောကျ်ားလေးတွေချည်းပဲ၊ အရမ်းဆင်းရဲတာလေ။ ရှေ့က သားနှစ်ယောက်က အသက်ကြီးတော့ အကျိုးခံစားခွင့်တွေ အကုန် သူတို့ပဲ ရသွားတယ်။ သူ့နဲ့ ကိုယ့်အဘိုး အလှည့်ရောက်တော့ ဘာမှ မကျန်တော့သလောက်ပဲ။ သူက မွေးစားခံချင်ခဲ့ပေမဲ့ ကိုယ့်ရဲ့ ဘေးဘိုးက သူ့ကို သဘောမကျဘူး၊ သူက စိတ်ထားကောက်ကျစ်လွန်းလို့ မွေးစားလို့ မရဘူးလို့ ထင်ခဲ့တာ"

ကျန်းရို တိတ်ဆိတ်သွားလေသည်။ ထူးဆန်းသော ဆွေမျိုးများအကြောင်း သူမ အများအပြား ကြားဖူးသော်လည်း ဤမျှအထိ ဆိုးရွားယုတ်မာသည်ကိုတော့ သူမ တကယ် မမြင်ဖူးခဲ့ပေ။ မွေးစားမခံရခြင်းကြောင့် အပြစ်ကင်းသောသူများအပေါ် အမုန်းတရားအားလုံးကို ပုံချခဲ့ခြင်းဖြစ်သည်။

လီရှောင်း၏ ဖခင်အရင်းအကြောင်းကို သူမ သိထားသည်။ ယခင်ဘဝက မှတ်တမ်းများတွင် ဖော်ပြထားဖူးရာ တကယ်ကို ငယ်စဉ်ကတည်းက လူကောင်းမဖြစ်ခဲ့ဘဲ မကောင်းတဲ့အကျင့်တွေ စွဲကပ်နေခဲ့ခြင်းဖြစ်သည်။

သူ့တွင် ထိုကဲ့သို့သော ဖခင်မျိုးရှိနေခြင်းကြောင့်သာမဟုတ်ပါက သူ၏ ယခင်ဘဝ ကံကြမ္မာမှာ အစကတည်းက ကွဲပြားခြားနားနေမည်မှာ အမှန်ပင်ဖြစ်သည်။

ယခုလက်ရှိ လီရှောင်း၏ အမြင်တွင်မူ အရာအားလုံးက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ယခုဘဝက အလွန်ကောင်းမွန်နေပြီဖြစ်သည်။

သို့သော် ယခင်ဘဝက သူနှင့် အန်းအန်းတို့ တကယ်တမ်း မည်သို့ ဖြတ်သန်းခဲ့ရသည်ကို သူ လုံးဝ မသိရှိခဲ့ပေ။

လီရှောင်းက ရယ်ပင်ရယ်လိုက်သေးသည်။

"ခရိုင်မြို့ဘက်မှာ နေရာတော်တော်များများက အိမ်ရာဖျက်သိမ်းရေးတွေ လုပ်နေတာ။ သူတို့အိမ်က ကိုယ်တို့အိမ်လည်း တစ်နေ့နေ့ ဖျက်သိမ်းခံရနိုင်တယ်လို့ တွေးပြီး အရင်ဆုံး အပိုင်စီးထားဖို့ တွေးထားတာလေ။ ဒီကိစ္စက ဘယ်လိုလုပ် လင်းမေ့ရူ နားထဲရောက်သွားလဲ မသိပါဘူး၊ သူက ဟယ်ဝမ်ဟွာရဲ့ မိန်းမကိုပါ ခေါ်ပြီး သွားရစ်ကြသေးတယ်"

သူမသေသေးဘဲလျက် ဤလူများက သူ၏အိမ်ကို မျက်စိကျနေကြပြီဖြစ်ရာ စိတ်ထဲတွင် သရော်ချင်စရာကောင်းသည်ဟုသာ ခံစားရလေသည်။

ကျန်းရိုက သူ့ကို ဒေါသတကြီးဖြင့် မျက်စောင်းထိုးလိုက်လေသည်။

"ရှင် ရယ်တောင် ရယ်နိုင်သေးတယ်ပေါ့"

"ကိုယ် ဘာလို့ မရယ်နိုင်ရမှာလဲ။ အဲ့ဒီအိမ်ကို သူများပေးရင် ပေးမယ်၊ သူတို့ကိုတော့ လုံးဝ မပေးနိုင်ဘူး"

ဤကိစ္စကို လီရှောင်းနှင့် ကျန်းရိုတို့က အလေးအနက် မထားခဲ့ကြပေ။ သို့သော် အချိန်အတန်ကြာပြီးနောက် လီရှောင်း၏ ထိုဦးလေးဖြစ်သူ၏သမီးက ရည်းစားကိုခေါ်ကာ လီရှောင်းထံသို့ လာရောက်ပြီး မာနတခွဲခွဲဖြင့် အလုပ်စီစဉ်ပေးရန် တောင်းဆိုလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထိုနေ့က တိုက်တိုက်ဆိုင်ဆိုင် စနေ၊ တနင်္ဂနွေ ဖြစ်နေသဖြင့် ကျန်းရိုက အန်းအန်းကိုချီကာ စက်ရုံသို့သွား၍ လီရှောင်းကို ရှာလေသည်။

၁၁ နာရီခန့်တွင် လီရှောင်းက စောစောအလုပ်ဆင်းကာ သူတို့ သားအမိနှစ်ယောက်ကိုခေါ်၍ အပြင်ထွက်စားရန် ပြင်ဆင်နေစဉ်၊ လက်ထောက်မုန်က ရောက်လာပြီး ကင်းတဲတွင် သူ၏ဆွေမျိုးဟုဆိုသော မိန်းကလေးနှင့် ယောကျ်ားလေး စုံတွဲတစ်တွဲ ရောက်နေကြောင်း ပြောလေသည်။

လီရှောင်းက သူ့တွင် မည်သည့်ဆွေမျိုးရှိကြောင်းကို စဉ်းစား၍မရသဖြင့် မျက်မှောင်ကြုတ်ကာ ကျန်းရိုနှင့် အန်းအန်းတို့ကိုခေါ်၍ ကားမောင်းထွက်လာစဉ် ကင်းတဲဘက်သို့ တစ်ချက် ကြည့်လိုက်ရာ ရင်းနှီးနေသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

လူငယ်စုံတွဲက မျက်နှာချင်းဆိုင် ရပ်လျက် တစ်ခုခုကို ရယ်မောပြောဆိုနေကြပြီး ကားတစ်စီး လာနေသည်ကို မြင်သောအခါ မသိစိတ်မှပင် ခေါင်းလှည့်ကြည့်လိုက်ကြသည်။ မိန်းကလေးက လီရှောင်းကို မြင်သောအခါ ချက်ချင်းပင် မှတ်မိသွားလေသည်။

"လီရှောင်း?"

ထို့နောက် လူကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေလေသည်။ လီရှောင်း ယခုအခါ ကောင်းကောင်းမွန်မွန် နေထိုင်နေရကြောင်း သူမ သိသော်လည်း ဤမျှအထိ ကောင်းမွန်နေမည်ဟု မထင်ထားခဲ့ဘဲ ကားပင် မောင်းနေနိုင်ပြီဖြစ်သည်။

လီရှောင်းလည်း လူကို မှတ်မိသွားပြီး အေးစက်စက် တစ်ချက်ကြည့်လိုက်ကာ အကြည့်လွှဲ၍ လီဗာကို နင်းကာ ထွက်သွားလေတော့သည်။

မိန်းကလေးက သူ ဤသို့ တုံ့ပြန်လိမ့်မည်ဟု မထင်ထားခဲ့ဘဲ "ဟေ့" ဟု အော်ခေါ်ကာ လိုက်သွားလေသည်။

ကား ပျောက်ကွယ်သွားသောအခါ သူမ၏အနောက်မှ ယောကျ်ားလေးက မနေနိုင်ဘဲ ညည်းတွားလေသည်။

"မင်းက ဆွေမျိုးတွေဆိုပြီး ဆက်ဆံရေးကောင်းတယ်ဆို။ ဘယ်လိုဖြစ်လို့ မင်းကို ဒီလို ဆက်ဆံရတာလဲ"

မိန်းကလေးက ဒေါသတကြီးဖြင့် ပြောလိုက်လေသည်။

"သူ ဒီလောက် ကျေးဇူးကန်းမယ်မှန်း ဘယ်သူသိမှာလဲ"

လီရှောင်း၏ကားက အတန်ကြာ မောင်းနှင်သွားပြီးနောက် ကျန်းရိုက ရုတ်တရက် သူ့ကို ရပ်ခိုင်းလိုက်ပြီး မသေချာစွာဖြင့် မေးလိုက်လေသည်။

"ရှေ့က ဟာက ချောင်ဝမ်ရဲ့ မိန်းမ မဟုတ်လား"

ကျန်းရို၏မှတ်ဉာဏ်က အလွန်ကောင်းနေ၍ မဟုတ်ဘဲ ထိုစဉ်က ချောင်ဝမ်၏ မိခင်အရင်းကို သူမ အလွန်မှတ်မိနေခဲ့သဖြင့် ချောင်ဝမ်၏ ဇနီးဖြစ်သူကိုပါ အလွန်မှတ်မိနေခဲ့ခြင်းဖြစ်သည်။ လူကို မြင်သည်နှင့် ချက်ချင်း မှတ်မိသွားလေသည်။

သို့သော် ယခုတစ်ကြိမ်တွင် ထိုအဘွားအိုကို မတွေ့ရဘဲ အမျိုးသမီးက ကလေးနှစ်ယောက်ကို ခေါ်ဆောင်ကာ လမ်းပေါ်တွင် တစ်ခုခုကို စိုးရိမ်တကြီး ရှာဖွေနေသည့်ပုံစံဖြင့် လမ်းလျှောက်နေလေသည်။

လီရှောင်းက ကားကို သားအမိသုံးယောက်၏ အရှေ့တွင် ရပ်လိုက်ရာ ကျန်းရိုက ကားပြတင်းပေါက်ကို ချကာ မေးလိုက်လေသည်။

"ချောင်ဝမ်ရဲ့ မိန်းမ မလား။ ကျွန်မက ကျန်းရိုပါ၊ ကျွန်မကို မှတ်မိသေးလား"

ချောင်ဝမ်၏ ဇနီးက ကျန်းရိုနှင့် လီရှောင်းတို့ကို မြင်သောအခါ ချက်ချင်းပင် မှတ်မိသွားပြီး မျက်နှာပေါ်တွင် အလွန်စိတ်လှုပ်ရှားသွားလေသည်။ သူမ၏ယောက်ျားက သူ ယခုအခါ သူဌေးလီ၏နောက်တွင် အလုပ်လုပ်နေကြောင်း ပြောပြဖူးသည် မဟုတ်ပါလား။

"မှတ်မိပါတယ် မှတ်မိပါတယ်။ ရှင့်တို့က အခု ကျွန်မယောက်ျားရဲ့ သူဌေးနဲ့ သူဌေးကတော်တွေပဲ။ ကျွန်မ ချောင်ဝမ်ကို လိုက်ရှာနေတာ"

လီရှောင်းက သူမကို တစ်ချက် ကြည့်လိုက်လေသည်။

"ကားပေါ် တက်ခဲ့လေ၊ ချောင်ဝမ် စက်ရုံမှာ မရှိဘူး။ ခဏနေရင် သူ့ကို လှမ်းခေါ်လိုက်မယ်၊ အတူတူ ထမင်းသွားစားကြတာပေါ့"

အမျိုးသမီးက ကားကို တစ်ချက်ကြည့်လိုက်ပြီး အလျင်အမြန် ခေါင်းခါပြလေသည်။

"မလိုပါဘူး မလိုပါဘူး၊ ကျွန်မ ဒီမှာပဲ စောင့်နေပါ့မယ်"

လီရှောင်းက ကျန်းရိုနှင့် အန်းအန်းတို့၏ ရှေ့တွင်မှလွဲ၍ အခြားသူများရှေ့တွင် သဘောကောင်းလေ့ မရှိပေ။ မျက်မှောင်ကြုတ်ကာ ပြောလိုက်လေသည်။

"တက်ခဲ့"

သူက စကားကို အကြိမ်များစွာ ထပ်ခါတလဲလဲ ပြောရသည်ကို မနှစ်သက်ပေ။

အမျိုးသမီးက သူတို့ကို တွေဝေစွာဖြင့် တစ်ချက် ကြည့်လိုက်လေသည်။

ကျန်းရိုက ကိုယ်ကို လှည့်ကာ အနောက်ဘက် ကားတံခါးကို ဖွင့်ပေးလိုက်ပြီး နူးညံ့စွာ ပြောလိုက်လေသည်။

"တက်ခဲ့ပါ၊ အားနာမနေပါနဲ့၊ အားလုံးက မိသားစုတွေပါပဲ။ ချောင်ဝမ်က ပုံမှန်ဆိုရင် အရမ်း အလုပ်လုပ်နိုင်တာ"

အမျိုးသမီးက ထိုစကားကို ကြားသောအခါ စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားပြီး ကလေးနှစ်ယောက်ကို ခေါ်ကာ လိမ်မာစွာဖြင့် ကားပေါ်သို့ တက်လာခဲ့လေသည်။ တက်လာပြီးနောက် တံခါးကို အားနှင့် မပိတ်ရဲပေ။ ကျန်းရိုက ခေါင်းလှည့်ကာ သတိပေးလိုက်လေသည်။

"အားနည်းနည်း သုံးလိုက်"

အမျိုးသမီးက အားအနည်းငယ် သုံးလိုက်ရာ တံခါးက "ဒုန်း" ဟူသောအသံဖြင့် ပိတ်သွားလေသည်။ အမျိုးသမီး၏မျက်နှာမှာ တောင့်တင်းသွားပြီး တံခါးပျက်သွားမည်ကို စိုးရိမ်နေလေသည်။

ကျန်းရိုက ပြုံးလျက် မေးလိုက်လေသည်။

"ဇာတိကနေ လာတာလား။ ဘာလို့ ချောင်ဝမ်ကို လာမကြိုခိုင်းလဲ"

အမျိုးသမီးက ကျန်းရို၏ မျက်နှာပေါ်တွင် အခြားအမူအရာ မရှိသည်ကို မြင်ရပြီး၊ အခြားတစ်ဖက်ရှိ လီရှောင်းကလည်း ကားကို ရှေ့သို့သာ ကြည့်၍ မောင်းနေကာ ဒေါသထွက်နေပုံမပေါ်သဖြင့် အနည်းငယ် စိတ်အေးသွားပြီး အလျင်အမြန် ပြောလိုက်လေသည်။

"ကျွန်မ သူ့ကို မပြောရသေးဘူး၊ သူ... သူ မသိဘူး"

ကျန်းရို ကြားသည်နှင့် အိမ်တွင်းရေးကိစ္စမှန်း သိလိုက်သဖြင့် ဆက်မမေးတော့ဘဲ ချောင်ဝမ်၏ ဤဘက်ရှိ အခြေအနေများကိုသာ ကိုယ်ချင်းစာနာစွာဖြင့် ပြောပြကာ ချောင်ဝမ်မှာ အလွန်အရည်အချင်းရှိကြောင်း ချီးမွမ်းလေသည်။

အမျိုးသမီးက ကြားရသည်မှာ အလွန်ပျော်ရွှင်နေပြီး သူမ၏ဘေးရှိ ကလေးကြီးမှာလည်း အနည်းငယ် သိတတ်နေပြီဖြစ်ရာ ဖခင်ဖြစ်သူ အရည်အချင်းရှိကြောင်း ကြားရသောအခါ မျက်နှာပေါ်တွင် အပြုံးရေးရေးလေး ပေါ်လာလေသည်။

လီရှောင်းက ကားမောင်းနေရင်း အားလပ်ချိန်တွင် ကျန်းရိုကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်သွားလေသည်။

သူမက တကယ်ကို မည်သူ့အပေါ်မဆို နားလည်စာနာပေးတတ်သူဟု တွေးမိလေသည်။

နောက်မှ လီရှောင်းကို လာရှာသော လူငယ်စုံတွဲက သူတို့၏ ကား ခဏရပ်သွားသည်ကို သတိပြုမိသွားသဖြင့် ကားငှား၍ နောက်မှ လိုက်လာခဲ့ကြသည်။ လီရှောင်းက စားသောက်ဆိုင်တစ်ဆိုင်သို့ ဝင်သွားသောအခါ သူတို့လည်း လိုက်ဝင်လာကြလေသည်။

ကျန်းရိုက ကလေးကိုချီကာ ချောင်ဝမ်၏ ဇနီးနှင့် မျက်နှာချင်းဆိုင် ထိုင်၍ စကားပြောနေပြီး၊ လီရှောင်းက ဟင်းသွားမှာနေလေသည်။ ထိုစုံတွဲထဲမှ မိန်းကလေးက ညစ်ပတ်နေသော ချောင်ဝမ်၏ ဇနီးနှင့် ကလေးများကို တစ်ချက်ကြည့်လိုက်ပြီး ရွံရှာစွာဖြင့် နှာခေါင်းရှုံ့လိုက်ကာ ကျန်းရို၏ဘေးတွင် တိုက်ရိုက်ပင် ဝင်ထိုင်လိုက်လေသည်။

ကျန်းရိုက ခေါင်းလှည့်၍ တစ်ချက် ကြည့်လိုက်ပြီးနောက် မမြင်ချင်ယောင်ဆောင်ကာ လက်ဖက်ရည်ခွက်ကို ကိုင်၍ ရေသောက်နေလေသည်။

သို့သော် သူမ၏ဘေးတွင် ထိုင်နေသော မိန်းကလေးက ရိုင်းစိုင်းစွာ မေးလိုက်လေသည်။

"နင်က အဲ့ဒီတုန်းက အရှက်မရှိ လီရှောင်းကို ကပ်တွယ်ခဲ့တဲ့ မိန်းမ မလား။ နည်းလမ်းတွေက တော်တော်လေး ထက်မြက်တာပဲနော်"

သူမ၏အသံမှာ အလွန်ကျယ်လောင်သဖြင့် ဘေးရှိ စားပွဲအချို့မှ လူများက မသိစိတ်မှပင် လှမ်းကြည့်လာကြလေသည်။

သူမ၏ရည်းစားက မထိုင်သေးဘဲ ထိုစကားကို ကြားသောအခါ သူမ၏ အင်္ကျီကို ဆွဲလိုက်လေသည်။

မိန်းကလေးက လက်ကို ခါထုတ်လိုက်လေသည်။

"ငါပြောတာ မှားလို့လား၊ သူ လုပ်ခဲ့တာပဲကို ငါက ပြောလို့မရဘူးလား။ ငါက လီရှောင်းနဲ့ ဆွေမျိုးတွေလေ၊ သူ့အဘိုးနဲ့ ငါ့အဘိုးက ညီအစ်ကိုအရင်းတွေ"

မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ချောင်ဝမ်၏ဇနီးက တွေဝေစွာဖြင့် ကျန်းရိုကို ကြည့်လိုက်ပြီး ဝင်ပြောသင့် မပြောသင့် မသိဖြစ်နေလေသည်။

ကျန်းရိုက လက်ထဲရှိ လက်ဖက်ရည်ခွက်ကို သူမ၏မျက်နှာပေါ်သို့ တိုက်ရိုက် ပက်လိုက်လေသည်။ ရေများက သူမ၏မျက်နှာပေါ်သို့ စင်သွားရာ မျက်နှာပေါ်ရှိ အရည်အသွေးညံ့ဖျင်းသော မိတ်ကပ်များမှာ ချက်ချင်းပင် ပျက်သွားလေသည်။ မိန်းကလေးက "အား" ဟု စူးရှစွာ အော်ဟစ်လိုက်ပြီး မတ်တတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် အပြစ်တင်လေတော့သည်။

"နင် ဘာလုပ်တာလဲ"

ကျန်းရိုက သူမကို ကြည့်လိုက်လေသည်။

"အော်၊ အဲ့ဒီတုန်းက ငါ့ယောက်ျားတို့ မိသားစုတစ်ခုလုံးကို အကုန်သယ်ထုတ်သွားတဲ့ ဓားပြတွေက နင်တို့ပဲကိုး။ ဒီအထိတောင် အရှက်မရှိ လိုက်လာရဲသေးတယ်ပေါ့"

"နင် ဘာစောက်ကောတွေ လာပြောနေတာလဲ"

မိန်းကလေးက လက်ဖက်ရည်အိုးကိုပါ ကျန်းရိုထံသို့ ပက်ရန် ကြိုးစားလိုက်သေးသော်လည်း လက်က လက်ဖက်ရည်အိုးကို ထိရုံရှိသေးချိန်တွင် တစ်စုံတစ်ယောက်က လက်ဦးမှုယူကာ လုယူသွားလေသည်။ သူမက မသိစိတ်မှပင် ခေါင်းမော့ကြည့်လိုက်ရာ လီရှောင်း၏ အေးစက်နေသော အကြည့်များနှင့် ဆုံသွားလေသည်။

စိတ်ထဲတွင် လန့်သွားသော်လည်း မိမိ မိသားစု၏ အခြေအနေကို သတိရသွားကာ ပြန်ပြောလိုက်လေသည်။

"လီရှောင်း၊ ငါတို့အိမ်က အဲ့ဒီတုန်းက နင့်အိမ်အပေါ် ကျေးဇူးရှိခဲ့တာနော်၊ နင့်မိန်းမက ငါတို့ကို ဒီလိုဆက်ဆံတာလား။ အဲ့ဒီတုန်းက ငါ့အဘိုးကသာ နင့်အိမ်ကို ပိုက်ဆံမချေးခဲ့ရင် နင့်အဘိုး သေတဲ့အချိန်မှာ သင်္ဂြိုဟ်စရာ ပိုက်ဆံရှိမှာလား။"

လီရှောင်းက လက်ဖက်ရည်အိုးကို ကိုင်ကာ ကျန်းရိုအတွက် ရေထပ်ထည့်ပေးနေရင်း ထိုစကားကို ကြားသောအခါ တိုးညှင်းစွာ ရယ်မောလိုက်ပြီးနောက် မျက်နှာသေဖြင့် မေးလိုက်လေသည်။

"အဲ့ဒါဆို မင်းက ဘယ်လိုလုပ်စေချင်လဲ"

မိန်းကလေးက သူ ရယ်သည်ကို ကြားသောအခါ ဝန်ခံလိုက်သည်ဟု ထင်သွားပြီး ထိုအမေးကိုပါ ကြားလိုက်ရသဖြင့် မျက်နှာပေါ်ရှိ ကြမ်းကြုတ်မှုများကို ရုပ်သိမ်းလိုက်ကာ၊ မလာမီကတည်းက စဉ်းစားထားသော တောင်းဆိုချက်များကို အလျင်အမြန် ထုတ်ပြောလေတော့သည်။

"ငါလည်း အများကြီး မတောင်းဆိုပါဘူး၊ နင် ငါ့ကို အလုပ်တစ်ခု စီစဉ်ပေးရုံပါပဲ။ လစာက တစ်လကို ယွမ်ငါးထောင်လောက်ပေါ့၊ ဒီဘက်မှာ လစာတွေ တော်တော်များတယ်လို့ ကြားတယ်။ ငါက ဘာပဲဖြစ်ဖြစ် ကောလိပ်ဆင်းပဲ၊ တခြားသူတွေထက်တော့ ညံ့လို့ မဖြစ်ဘူးလေ"

သူမ့ဘေးတွင် ရပ်နေသော ယောကျ်ားလေးက ချက်ချင်းပင် သူမ၏အင်္ကျီကို ဆွဲလိုက်ရာ၊ သူမက တစ်ခုခုကို သတိရသွားပုံရကာ အလျင်အမြန် ပြောလိုက်လေသည်။

"အော် ဟုတ်သားပဲ၊ ငါ့ရည်းစားအတွက်လည်း ပါရမယ်၊ သူက ဘွဲ့ရတစ်ယောက်နော်၊ နင်တို့စက်ရုံကို ဝင်တာကိုက အဆင့်လျှော့ပေးလိုက်တာပဲ။ နင်တို့စက်ရုံမှာ ဘွဲ့ရတွေ မရှိဘူးမလား၊ သူ့ရဲ့လစာက အနည်းဆုံးတော့ တစ်လကို ယွမ်ရှစ်ထောင်လောက်တော့ ရှိရမယ်။ အဲ့ဒါအပြင် နင် ငါတို့ကို နေစရာနေရာပါ စီစဉ်ပေးရမယ်၊ ငါတို့ အဆောင်မှာ မနေချင်ဘူး"

သူမ ရပ်သွားသည်ကို မြင်သောအခါ လီရှောင်းက မေးလိုက်လေသည်။

"ပြောလို့ ပြီးပြီလား"

မိန်းကလေးက တုံ့ဆိုင်းသွားလေသည်။

"ငါ ထပ်စဉ်းစားကြည့်ဦးမယ်"

လီရှောင်းက ဖြတ်ပြောလိုက်လေသည်။

"ထပ်စဉ်းစားနေစရာ မလိုတော့ဘူး၊ ပြောလို့ ပြီးရင် ထွက်သွားလို့ရပြီ"

မိန်းကလေး အံ့အားသင့်သွားလေသည်။

"နင် ဘာအဓိပ္ပာယ်လဲ။ နင်က စက်ရုံသူဌေးကြီး ဖြစ်နေပြီးတော့များ ငါတို့ကို အလုပ်စီစဉ်ပေးဖို့တောင် မရဘူးလား"

ပြောပြီးနောက် ဒေါသတကြီးဖြင့် ဆက်ပြောလေသည်။

"အဲ့ဒီတုန်းက ဘယ်သူက နင့်အိမ်ကို ပိုက်ဆံချေးခဲ့တာလဲဆိုတာ နင် မေ့သွားပြီလား။ နင်တို့အိမ်က ပိုက်ဆံတွေ အကုန်လုံးကို နင့်အဖေက ဖျက်ဆီးပစ်ခဲ့တာလေ၊ ငါ့အဘိုးသာ မရှိရင် နင့်အဘိုးကို သင်္ဂြိုဟ်နိုင်မှာလား။ ကျေးဇူးရှင်ကို ဒီလိုပဲ ဆက်ဆံရသလား"

လီရှောင်းက ထိုစကားကို ကြားသောအခါ လှောင်ပြောင်စွာဖြင့် စကားစလေသည်။

"ကျေးဇူးရှိတယ် ဟုတ်လား။ ဘာလို့ ငါ့အဘိုး သင်္ဂြိုဟ်ပြီးတာနဲ့ မင်းတို့အိမ်က လူတွေ လာပြီး ငါ့အိမ်ကို အကုန်သယ်ထုတ်သွားတာကိုကျတော့ မပြောတာလဲ"

လင်းမေ့ရူ ခြံထဲတွင် ထိုင်ငိုနေသည်ကို သူ မှတ်မိနေသေးသည်။ သူမ အိမ်ထောင်ကျကာစက အဘွားဖြစ်သူက သူမကို ပေးထားသော ရွှေလက်ကောက်တစ်ကွင်း ပျောက်သွားခဲ့ပြီး နောက်ပိုင်းတွင် လျိုရှောင်မေ့၏အမေ လက်ပေါ်တွင် သူ တွေ့ခဲ့ရလေသည်။

"မင်း တက္ကသိုလ်တက်ရတဲ့ ပိုက်ဆံတွေက ဘယ်ကရလာလဲဆိုတာ သိလား။ ငါတို့အိမ်ဆီကနေ တွက်ချက်ပြီး ယူသွားတာလေ"

"မင်း ဘာမှမသိဘူးလို့တော့ မပြောနဲ့နော်"

လျိုရှောင်မေ့ ကြားသောအခါ မျက်နှာပျက်သွားလေသည်။

"ဘယ်လိုလုပ် ဒီလိုပြောလို့ရမှာလဲ။ နင်တို့အိမ်က ပြန်မဆပ်နိုင်မှာကို စိုးရိမ်လို့ မဟုတ်ဘူးလား"

သူမ၏ဘေးရှိ ရည်းစားဖြစ်သူက မျက်မှောင်ကြုတ်လိုက်လေသည်။

"ဆွေမျိုးတွေကို ထည့်မပြောရင်တောင် ငါတို့က ဘာပဲဖြစ်ဖြစ် တက္ကသိုလ်ကျောင်းဆင်းတွေပဲလေ၊ နင်တို့စက်ရုံမှာ တက္ကသိုလ်ကျောင်းဆင်းတွေ ရှိလို့လား"

လီရှောင်း ကြားပြီး ရယ်မောလိုက်လေသည်။

"ဟုတ်လား။ အဲ့ဒီလောက် တော်နေရင် ငါ့ကို လာရှာနေတာ ဘာလုပ်ဖို့လဲ။ ကုမ္ပဏီကြီးတွေကို သွားလေ"

"ဟေ့၊ နင်ကတော့၊ ငါတို့က နင့်ကို မျက်နှာသာပေးလို့ လာခဲ့တာကို"

လီရှောင်းက အေးစက်စွာ ရယ်မောလိုက်လေသည်။

"မလိုဘူး"

ယောကျ်ားလေးမှာ အတော်လေး ဒေါသကြီးသူဖြစ်သည်။ ထိုစကားကို ကြားသောအခါ ရည်းစားဖြစ်သူ၏ လက်ကိုဆွဲကာ လှည့်၍ တိုက်ရိုက်ပင် ထွက်သွားလေသည်။ မိန်းကလေးက အနည်းငယ် မကျေမနပ်ဖြစ်နေပြီး ဆက်ပြောချင်သေးသော်လည်း၊ ယောကျ်ားလေးက သူမ၏လက်ကို ခါထုတ်ကာ သူ့ဘာသာ ထွက်သွားလေသည်။

"ငါတော့ မယုံဘူး၊ သူမရှိလည်း ငါ အလုပ်မရှာနိုင်တော့ဘူးလား ဆိုတာကို"

မိန်းကလေးက ထိုအခြေအနေကို မြင်သောအခါ အလျင်အမြန် စိုးရိမ်တကြီးဖြင့် နောက်မှ လိုက်သွားရလေတော့သည်။

မျက်နှာချင်းဆိုင်ရှိ ချောင်ဝမ်၏ဇနီးမှာ အနည်းငယ် နေရခက်စွာဖြင့် ထိုင်နေပြီး သိပ်မကောင်းသော ကိစ္စတစ်ခုကို ကြားလိုက်ရသည်ဟု ခံစားနေရလေသည်။

ကျန်းရိုကမူ အလွန်တည်ငြိမ်နေလေသည်။ သူမကို ရေထပ်ထည့်ပေးလိုက်ပြီး လီရှောင်းဘက်သို့ လှည့်ကာ မေးလိုက်လေသည်။

"ချောင်ဝမ်ဆီ ဖုန်းဆက်ပြီးပြီလား"

လီရှောင်းက ခေါင်းညိတ်လိုက်သည်။

"အခုချက်ချင်း လာခဲ့မယ်တဲ့"

အတန်ကြာ စောင့်ပြီးနောက် ချောင်ဝမ် ရောက်မလာသေးသော်လည်း ဟင်းများကမူ အတော်များများ ရောက်လာပြီဖြစ်သည်။ ကျန်းရိုက သူတို့ကို အရင်စားရန် ပြောလိုက်သည်။ ကလေးနှစ်ယောက်မှာ ဘယ်လောက်ကြာကြာ ဆာလောင်နေခဲ့သည်မသိ၊ ဗိုက်က အဆက်မပြတ် မြည်နေလေသည်။

ချောင်ဝမ်၏ဇနီးက သူတို့ ညစ်ပတ်သည်ကို ရွံမည်စိုးသဖြင့် ကလေးနှစ်ယောက်၏ ပန်းကန်ထဲသို့ ဟင်းများ ခပ်ထည့်ပေးကာ ပန်းကန်ထဲရှိ ဟင်းများကိုသာ စားခိုင်းလေသည်။

အန်းအန်းက အစ်ကိုနှစ်ယောက် ကိုယ့်ဘာသာ စားနေသည်ကို ကြည့်ကာ သူမလည်း ကိုယ်တိုင် စားချင်လေသည်။ လီရှောင်းက နားမထောင်ဘဲ သူမကို ပေါင်ပေါ်တွင် သေချာထိုင်ခိုင်းကာ တစ်ဇွန်းပြီးတစ်ဇွန်း ခွံ့ကျွေးလေသည်။ အန်းအန်းက ပါးစပ်ကို ဖောင်းလိုက်သော်လည်း နောက်ဆုံးတွင် ပါးစပ်ဟ၍ စားလိုက်လေသည်။

မျက်နှာချင်းဆိုင်ရှိ ချောင်ဝမ်၏ဇနီးက ဖြူဖြူဖွေးဖွေး ဝဝကစ်ကစ်လေး ဖြစ်နေသော အန်းအန်းကို ကြည့်နေလေသည်။ ထိုစဉ်က ဆေးရုံတွင် အန်းအန်းကို တွေ့ခဲ့ရသည်ကို သူမ မှတ်မိနေသေးသည်။ ထိုအချိန်ကတည်းက သူမကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ထားခဲ့ပြီး၊ နှစ်အနည်းငယ်ကြာပြီးနောက် ဤကလေးက ပိုပိုပြီး ကြီးထွားလာမည်ဟု မထင်ထားခဲ့ပေ။ သူမ၏ သားငယ်လေးမှာ သူမထက် အနည်းငယ် ကြီးသော်လည်း ကြည့်ရသည်မှာ အများကြီး ပို၍ ပိန်လှီနေလေသည်။

ထိုသို့ တွေးမိသောအခါ မျက်လုံးများ အနည်းငယ် နီရဲလာပြီး ကလေးကို နှိမ့်ချထားမိသည်ဟု ခံစားလိုက်ရလေသည်။

ချောင်ဝမ် ရောက်လာချိန်တွင် သူ့ကလေးနှစ်ယောက်မှာ ထမင်းတစ်ပန်းကန်စီ စားပြီးနေပြီဖြစ်သည်။ ကျန်းရိုက လီရှောင်းအား ကလေးများအတွက် နောက်ထပ် တစ်ပန်းကန်စီ သွားထည့်ပေးရန် ပြောလိုက်လေသည်။

လီရှောင်း ပြန်လာ၍ ထိုင်လိုက်သည်နှင့် ချောင်ဝမ်က တံခါးမှ ဝင်လာလေသည်။ သားအမိသုံးယောက်ကို မြင်သောအခါ မနေနိုင်ဘဲ မျက်မှောင်ကြုတ်လိုက်လေသည်။

"မင်းတို့ ဇာတိမှာ ရှိနေတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ်ပြီး ဒီကို ရောက်လာတာလဲ"

လေသံက အနည်းငယ် မကောင်းလှပေ။

သူ အလုပ်များနေချိန်တွင် သူဌေး၏ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိသဖြင့် အရေးကြီးသော ကိစ္စတစ်ခုခုဟု ထင်မှတ်ခဲ့သည်။ သို့သော် သူတို့ ရောက်လာခြင်းဖြစ်နေမည်ဟု မထင်ထားခဲ့ဘဲ သူ့ကို ပြဿနာပိုလာရှာသကဲ့သို့ ဖြစ်နေလေသည်။

ချောင်ဝမ်၏ဇနီးမှာ ကြားပြီး မျက်လုံးများ နီရဲသွားလေသည်။

"ရှင်က ကျွန်မကို ပိုက်ဆံမှ မပို့ပေးတာ၊ ကျွန်မတို့ အိမ်မှာ ထမင်းတောင် ဝအောင် မစားရဘူး၊ ကျွန်မက ရှင့်ကို လာမရှာရင် ဘယ်သူ့ကို သွားရှာရမလဲ"

"သားကြီးက ကျောင်းတက်ရမယ့် အရွယ်တောင် ရောက်နေပြီ။ အမေက ပြောတယ် ရှင် အပြင်မှာ အလုပ်အကိုင် အဆင်ပြေနေတယ်တဲ့၊ ဒါပေမဲ့ ကျွန်မတို့ သားအမိ သုံးယောက်က အရင်ကထက်တောင် ပိုဆင်းရဲနေသေးတယ်။ ကျွန်မက ဒီကို လာမရှာရင် ကလေးနှစ်ယောက်က ဘယ်လိုလုပ်မလဲ"

ချောင်ဝမ် ကြားသောအခါ မျက်မှောင်ကြုတ်လိုက်လေသည်။

"ငါ ဘယ်တုန်းက မင်းကို ပိုက်ဆံ မပို့ပေးဖူးလို့လဲ။ ငါ့လစာကို လတိုင်း အိမ်ကို ပို့ပေးနေတာပဲ"

ချောင်ဝမ်၏ ဇနီးက ခေါင်းလွှဲသွားလေသည်။

"ရှင် ပို့ပေးတာက အမေ့ဆီကိုလေ၊ ကျွန်မ မရဘူး"

ချောင်ဝမ်က လေသံမာမာဖြင့် ပြောလိုက်လေသည်။

"အမေ့ဆီ ပို့တယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ။ အားလုံးက မိသားစုတွေချည်းပဲ မဟုတ်ဘူးလား။ မင်း မြန်မြန် ပြန်သွားတော့၊ အမေက မြေးအရင်းတွေကို အငတ်ထားပါ့မလား"

ချောင်ဝမ်၏ဇနီးသည် မျက်ရည်များ ကျလာပြီး အသံလည်း အနည်းငယ် ကျယ်လာလေသည်။

"အမေ့မှာ သားကြီးနဲ့ သားငယ် မြေးနှစ်ယောက်တည်း ရှိတာမှ မဟုတ်တာ၊ တခြား မြေးတွေလည်း ရှိသေးတယ်။ သူက မတ်လေးအတွက်တောင် အိမ်ဆောက်ပေးလိုက်သေးတယ်၊ သူတို့က နေ့တိုင်း အသားတွေ စားနေရပြီး၊ ကျွန်မနဲ့ ကလေးတွေက ဟင်းရည်တောင် မသောက်ရဘူး......"

"ညီအစ်ကိုအရင်းတွေ အချင်းချင်း ကူညီတာ ဘာဖြစ်လို့လဲ။ မင်းကပဲ သဘောထားသေးသိမ်နေတာ၊ ငါ့ညီလေးလည်း ကြီးလာပြီလေ၊ အိမ်ဆောက်မှ မိန်းမရမှာပေါ့။ အမေက ပိုက်ဆံအကုန်လုံးကို သေချာပေါက် ပေးလိုက်မှာ မဟုတ်ပါဘူး၊ ငါ့မှာလည်း ကလေးနှစ်ယောက် ရှိသေးတာပဲ"

ချောင်ဝမ်၏ဇနီး ကြားသောအခါ ဒေါသထွက်လွန်း၍ တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

သူမ ဘယ်လိုပဲ ပြောပြော၊ ချောင်ဝမ်က သူ့မိခင်နှင့် ညီအစ်ကိုများဘက်ကိုသာ လိုက်နေလေသည်။

သူတို့နှစ်ဦး ရန်ဖြစ်တော့မည့် အခြေအနေကို မြင်သောအခါ ကျန်းရိုက စားပွဲအောက်မှနေ၍ လီရှောင်း၏ပေါင်ကို တိတ်တဆိတ် ဆိတ်လိုက်လေသည်။

လီရှောင်းမှာ နားထောင်လို့ကောင်းနေစဉ် အဆိတ်ခံလိုက်ရသဖြင့် သွားဖြီးသွားပြီး မတတ်သာဘဲ မတ်တတ်ရပ်ကာ ချောင်ဝမ်ကို အနောက်သို့ အနည်းငယ် ဆွဲလိုက်လေသည်။

"မင်း ဘယ်လိုဖြစ်နေတာလဲ။ ပုံမှန် အလုပ်လုပ်ရင် တော်တော်လေး စည်းကမ်းတကျ ရှိပါလျက်နဲ့ အိမ်တွင်းရေးကိစ္စမှာ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ။ မင်းရဲ့ ကလေးနှစ်ယောက်ကို ကြည့်စမ်းပါဦး၊ ငတ်လွန်းလို့ ပိန်ချုံးနေပြီလေ။ မင်းရဲ့သားငယ်က ငါတို့အိမ်က အန်းအန်းထက် ကြီးတယ်လို့ ငါမှတ်မိတယ်။ ဘယ်လိုဖြစ်လို့ ငါတို့အိမ်က အန်းအန်းလောက်တောင် အရပ်မရှည်ရတာလဲ"

"ညီအစ်ကိုအရင်းတွေကြား အချင်းချင်း ကူညီတာက မှန်ပါတယ်။ ဒါပေမဲ့ ကိုယ့်ရဲ့ မိသားစုငယ်လေးကိုတော့ နစ်နာအောင် မလုပ်ရဘူးလေ။ မင်းက သားတစ်ယောက်၊ အစ်ကိုတစ်ယောက် ဖြစ်ရုံတင်မကဘူး၊ မိသားစုရဲ့ အိမ်ထောင်ဦးစီး၊ ဖခင်တစ်ယောက်လည်း ဖြစ်တယ်။ မိသားစုကို ရှာဖွေကျွေးမွေးရမယ့် တာဝန်ကို ယူရမယ်။ မင်းရဲ့ ညီအစ်ကို မိသားစုမှာ မင်းမရှိလည်း ဘဝကို ထိခိုက်မှုမရှိဘူး၊ ဒါပေမဲ့ မင်းရဲ့ ကလေးနှစ်ယောက်မှာ မင်းမရှိရင် ဘယ်လိုလုပ် အသက်ရှင်နိုင်တော့မလဲ။ ငါသာ မင်းမိန်းမ နေရာမှာဆိုရင် ငါလည်း ဒေါသထွက်မိမှာပဲ"

ချောင်ဝမ်က ဇနီးဖြစ်သူ၏စကားကို နားမဝင်သော်လည်း လီရှောင်း၏စကားကိုမူ နားထောင်လေသည်။ ပိန်ချုံး၍ အရိုးပေါ်အရေတင်ဖြစ်နေသော ကလေးနှစ်ယောက်ကို ထပ်မံကြည့်လိုက်သောအခါ တကယ်ပင် အနည်းငယ် သနားသွားပြီး နှုတ်ခမ်းကို စေ့ကာ လီရှောင်းအား ပြောလိုက်လေသည်။

"သူဌေး၊ ခင်ဗျားတို့ ဆက်စားကြပါ၊ ကျွန်တော် သူတို့ကို စက်ရုံကို ခေါ်သွားလိုက်ပါ့မယ်"

"မလိုပါဘူး၊ ထိုင်ပြီး အတူတူ စားကြတာပေါ့"

လီရှောင်းက စားပွဲထိုးကို နောက်ထပ် ပန်းကန်တစ်စုံ ယူလာရန် ခေါ်လိုက်သည်။ ထမင်းစားပြီးနောက် လီရှောင်းက ကားမောင်း၍ သူတို့ကို စက်ရုံသို့ အတူတကွ လိုက်ပို့ပေးခဲ့သည်။ ကားပေါ်မှ ဆင်း၍ လမ်းခွဲချိန်တွင် လီရှောင်းက သူ့ကို ပြောလိုက်သေးသည်။

"ပြောစရာရှိရင် ကောင်းကောင်းမွန်မွန် ပြောပါ။ အဲ့ဒါ မင်းရဲ့ မိန်းမလေ၊ ရန်သူမှ မဟုတ်တာ"

ချောင်ဝမ်က ခေါင်းညိတ်လိုက်လေသည်။

"ဟုတ်ကဲ့"

"ငါတို့ စက်ရုံမှာ လူလိုသေးတယ်၊ တကယ်လို့ မဖြစ်နိုင်ရင် သူ့ကို နေခဲ့ခိုင်းလိုက်ပေါ့"

ချောင်ဝမ်က လီရှောင်းကို ကျေးဇူးတင်စွာဖြင့် တစ်ချက် ကြည့်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် သူဌေး"

လီရှောင်းက သူ၏ပခုံးကို ပုတ်လိုက်ပြီး ကျန်းရိုကိုခေါ်ကာ ထွက်သွားလေသည်။

.....

အဝေးသို့ရောက်သောအခါ ကျန်းရိုက မနေနိုင်ဘဲ ပြောလိုက်လေသည်။

"ကျွန်မ အရင်က ချောင်ဝမ်ကို ကြည့်ရတာ တော်တော်လေး ကောင်းတယ်လို့ ထင်ခဲ့တာ၊ ဘယ်လိုဖြစ်လို့ ဒီပုံစံမျိုး ဖြစ်နေရတာလဲ။ သူ့အမေက ကြည့်လိုက်တာနဲ့ကို လူကောင်းမဟုတ်မှန်း သိသာတယ်။ သူ့ပိုက်ဆံတွေကို ယူပြီး ညီလေးအတွက် အိမ်ဆောက်ပေးလိုက်တာကို သူက သူ့မိန်းမကိုတောင် အပြစ်တင်နေသေးတယ်၊ တကယ်ကို မိုက်မဲတဲ့ သားပဲ"

လီရှောင်းက ပုံမှန်လေသံဖြင့် ပြောလိုက်လေသည်။

"ပုံမှန်ပါပဲ၊ သူ့အမြင်မှာ သူရယ်၊ သူ့အမေရယ်၊ သူ့ညီလေးရယ်ကမှ တစ်မိသားစုတည်းလေ။ ရိုးသားတာကတော့ တကယ် ရိုးသားပါတယ်၊ ကောက်ကျစ်တဲ့ စိတ်ကူးတွေတော့ မရှိဘူး၊ ဒါပေမဲ့ နည်းနည်းတော့ အတုံးအအ ဖြစ်တာပေါ့"

ကျန်းရိုက ခေါင်းခါလိုက်လေသည်။

"သူ့မိန်းမကလည်း တကယ်ကို သည်းခံနိုင်တာပဲ။ ကျွန်မသာ သူ့နေရာမှာသာဆိုရင် ခုနက လူကို မြင်မြင်ချင်း သေချာပေါက် ပါးတစ်ချပ် အရင်ရိုက်ပြီးပြီ"

သူမက ဘေးမှကြည့်ရင်းပင် ဒေါသထွက်လွန်း၍ သေတော့မည်ဟု ထင်နေရလေသည်။

လီရှောင်း ကြားပြီး ရယ်မောလိုက်ကာ၊ ထိုစဉ်က အဒေါ်ဝမ် ပြောပြခဲ့သည်ကို သတိရသွားလေသည်။ လင်းမေ့ရူ အိမ်သို့ လာရောက်ပြဿနာရှာစဉ်က သူမ၏ပြောဆိုမှုကြောင့် အရှက်ကွဲကာ ထွက်ပြေးခဲ့ရသည်ဆိုသည်ကိုပင်။

သူမက ပုံမှန်အားဖြင့် အလွန်နူးညံ့သိမ်မွေ့လွန်းသဖြင့် သူမ၏ဒေါသက လုံးဝမသေးကြောင်းကိုပင် သူ မေ့လုနီးပါး ဖြစ်နေလေပြီ။

ကောင်းပါတယ်လို့ တွေးလိုက်မိသည်။ သူက ဒေါသကြီးတဲ့သူတွေကို သဘောကျတာပဲ။

......

အချိန်တွေက အလွန်မြန်မြန် ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် အန်းအန်း သူငယ်တန်း တက်ရမည့်အချိန်သို့ ရောက်ရှိလာလေပြီ။

သူငယ်တန်း ပထမဆုံးနေ့တွင် ကျန်းရိုနှင့် လီရှောင်းတို့ နှစ်ဦးစလုံး အတူတကွ လိုက်သွားကြသည်။ မနေ့ညက သေချာပေါက် သဘောတူထားသော်လည်း ကျောင်းတံခါးဝသို့ ရောက်သောအခါ ကလေးမလေးက သဘောမတူတော့ဟု ဘယ်သူထင်ပါ့မလဲ။

သူငယ်တန်းတံခါးဝတွင် ကလေးများ၏ ငိုသံများ ဆူညံနေပြီး အန်းအန်းက ဤအရာအားလုံးကို ကြောက်ရွံ့စွာ ကြည့်နေကာ ကျန်းရို၏ ကိုယ်ပေါ်တွင် တွယ်ကပ်နေပြီး အောက်သို့ မဆင်းချင်တော့ပေ။ ကျန်းရိုက ဆောင့်ကြောင့်ထိုင်ကာ သူမကို ချော့မော့လေသည်။

"ငါတို့ မနေ့ညက သဘောတူထားပြီးပြီလေ"

ကလေးမလေးက သူမ၏ ရင်ခွင်ထဲတွင် တွယ်ကပ်နေပြီး ငိုသံပါကြီးဖြင့် ပြောလေသည်။

"မသွားဘူး"

သူမက လက်လှမ်း၍ လီရှောင်းကို သူငယ်တန်းထဲသို့ တွန်းပို့လိုက်သေးသည်။

"ပါပါး သွား"

လီရှောင်းမှာ ကျောင်းတက်ရသည်ကို သိပ်ပြီး စိတ်အားထက်သန်သူ မဟုတ်ပေ။ သမီးဖြစ်သူက ဤမျှအထိ ကြောက်ရွံ့နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ ပြောလိုက်လေသည်။

"ဒီလိုလုပ်ရင်ကော......"

ကျန်းရိုက ခေါင်းမော့ကာ သူ့ကို မျက်စောင်းထိုးလိုက်လေသည်။

လီရှောင်း ချက်ချင်းပင် စကားမပြောရဲတော့ပေ။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၅၆)

အန်းအန်းမှာ ကျန်းရို၏ကိုယ်ပေါ်တွင် တွယ်ကပ်နေပြီး လုံးဝ ဆင်းမလာတော့ပေ။ ကလေးမလေးမှာ လူကသာ သေးငယ်သော်လည်း ငယ်စဉ်ကတည်းက ကောင်းကောင်းစား ကောင်းကောင်းသောက်ကာ အာဟာရပြည့်ဝနေ၍ဖြစ်မည်၊ လက်အားက အလွန်ကောင်းမွန်လှရာ ကျန်းရို နှစ်ကြိမ်ခန့် ဆွဲဖြုတ်သော်လည်း မရခဲ့ပေ။

ကျန်းရိုမှာ မတတ်သာဘဲ ပါးစပ်မှ ချော့မော့နေရလေသည်။

"မာမားနဲ့ ပါပါးက နေ့လယ်ပိုင်းကျရင် သမီးကို လာကြိုမှာပါ။ သမီးကြည့်စမ်း၊ သမီးနဲ့ အရွယ်တူ ကလေးလေးတွေ အများကြီးပဲ၊ ခဏနေရင် အတူတူ ကစားကြမယ်၊ မုန့်တွေ စားကြမယ်၊ အရမ်းစည်ကားပြီး ပျော်စရာကောင်းမှာနော်။ အချိန်တွေက မျက်တောင်တစ်ခတ်အတွင်း ကုန်သွားမှာပါ။ မာမားရဲ့ကျောင်းက ပျော်စရာ မကောင်းပါဘူး"

အန်းအန်းက သူမ၏ ရင်ခွင်ထဲတွင် လိမ်ဖယ်နေပြီး မျက်နှာကို ကျန်းရို၏ လည်ပင်းထဲတွင် အပ်ကာ ပြောလေသည်။

"မသွားဘူး၊ မာမားကိုပဲ လိုချင်တယ်"

လုံးဝ ချော့၍မရပေ။

ဘေးတွင် ရပ်နေသော လီရှောင်းက ကြည့်မနေနိုင်တော့ဘဲ သူမ၏ ရင်ခွင်ထဲမှ ကလေးကို ဆွဲယူလိုက်သည်။ အန်းအန်းက နှစ်ချက်ခန့် ရုန်းကန်သော်လည်း ပါပါးလောက် အားမသန်သဖြင့် လီရှောင်းက အားအနည်းငယ် သုံးလိုက်သည်နှင့် သူမ၏ လက်သေးသေးလေး နှစ်ဖက်မှာ ပြုတ်ထွက်သွားလေတော့သည်။

ကလေးကို ချီကာ မြေကြီးပေါ်သို့ တိုက်ရိုက် ချပေးလိုက်ပြီး ကျန်းရိုကိုဆွဲ၍ ပြေးလေတော့သည်။

သို့သော် အနောက်မှ အန်းအန်းက သူတို့နောက်သို့ လိုက်ပြေးလာပြီး ပါးစပ်မှလည်း အူဝဲဟု ငိုယိုကာ အော်ခေါ်လေသည်။

"မာမား"

သူငယ်တန်းဆရာမက တံခါးဝတွင် တားဆီးထားပြီး အန်းအန်းကို အပြင်ထွက်ခွင့် မပြုသဖြင့် ကလေးမလေးမှာ အသည်းအသန် ငိုယိုလေတော့သည်။

"မာမား"

ကျန်းရို ကြားသောအခါ ရင်နာလွန်း၍ သေတော့မလို ဖြစ်သွားလေသည်။ အန်းအန်း ဤမျှ ငိုယိုနေသည်ကို သူမ တစ်ခါမှ မမြင်ဖူးခဲ့သဖြင့် မနေနိုင်ဘဲ နောက်လှည့်ကြည့်လိုက်မိသည်။

လီရှောင်းလည်း အလွန်ရင်နာသွားပြီး ခြေလှမ်းများ ရပ်တန့်သွားလေသည်။

"ရပြီ၊ မင်း သွားပြီး အတန်းတက်တော့၊ ကိုယ် ဒီမှာနေပြီး သူ့ကို အဖော်လုပ်ပေးလိုက်မယ်"

ပြောရင်းနှင့် ကိုယ်ကိုလှည့်ကာ ကလေးကို သွားချီလိုက်လေသည်။

အန်းအန်းက ပါပါး ပြန်လာသည်ကို မြင်သောအခါ အနည်းငယ် သက်သာသွားပြီး လက်မောင်းသေးသေးလေး နှစ်ဖက်ဖြင့် ပါပါး၏ လည်ပင်းကို တင်းကြပ်စွာ ဖက်ထားကာ တိုးညှင်းစွာ ရှိုက်ငိုနေလေသည်။ မျက်ရည်ပေါက်ကြီးတစ်ပေါက်က မျက်ဝန်းထဲတွင် တွဲလွဲခိုနေပြီး ကျလုနီးပါး ဖြစ်နေရာ ကြည့်ရသည်မှာ အလွန်သနားစရာ ကောင်းလှသည်။

သူငယ်တန်းထဲရှိ ဆရာမအချို့က တံခါးဝတွင် ကလေးများကို ချော့မော့နေကြပြီး တစ်ယောက်စီ၏ လက်ထဲတွင် အကျယ်ကြီး အော်ငိုနေကြသော ကလေးငယ်များကို ဆွဲထားကြလေသည်။

ကျန်းရို ပြန်လှည့်လာပြီး အန်းအန်း၏ ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။

"အဲ့ဒါဆိုရင် ပါပါးက သမီးနဲ့အတူ ကျောင်းတက်ပေးလိမ့်မယ်၊ မာမားက နေ့လယ်ပိုင်း သမီးကို လာကြိုမယ်နော်"

အန်းအန်းက လက်လှမ်းကာ မာမားကို လိုချင်သေးသော်လည်း၊ လီရှောင်းက ကိုယ်ကိုလှည့်ကာ သူမကိုချီ၍ ဒန်းစီးရန် သွားလေသည်။ အန်းအန်း ဒန်းခဏစီးပြီးနောက် စိတ်လှုပ်ရှားမှုများ တဖြည်းဖြည်း ငြိမ်သက်သွားလေသည်။

သူငယ်တန်းဆရာမက လီရှောင်း တကယ် မပြန်တော့ဘဲ သူငယ်တန်းထဲတွင် သမီးဖြစ်သူကို အဖော်လုပ်ပေးနေသည်ကို မြင်သောအခါ မနေနိုင်ဘဲ ညည်းတွားလိုက်လေသည်။

"ကလေးနဲ့အတူ ကျောင်းလာတက်ပေးတဲ့ အဖေမျိုးကို ပထမဆုံးအကြိမ် မြင်ဖူးတာပဲ"

အခြားကလေးများ မည်မျှပင် အော်ငိုနေစေကာမူ၊ မိဘများက မည်မျှပင် ရင်နာနေစေကာမူ ကလေးနှင့်အတူ သူငယ်တန်း လိုက်တက်ပေးမည် မဟုတ်ပေ။

ကလေးကို အရမ်းအလိုလိုက်လွန်းသည်ဟု ထင်မိလေသည်။

အန်းအန်းကမူ ဂရုမစိုက်ပေ။ ပါပါးက သူမကို အဖော်လုပ်ပေးရန် ကျန်ခဲ့သည်ကို သိသောအခါ ပါပါး၏လက်ကိုဆွဲကာ သူငယ်တန်းထဲတွင် စတင်ဆော့ကစားလေတော့သည်။ အခြားကလေးများ ငိုနေသည်ကို မြင်သောအခါ စပ်စုလိုစိတ်ဖြင့် သွားရောက် ကြည့်ရှုလေသည်။

ကျန်းရိုက မွန်းလွဲပိုင်းတွင် အတန်းနှစ်ချိန်သာ ရှိသော်လည်း ဆရာက အချိန်အနည်းငယ် ဆွဲလိုက်သဖြင့် လေးနာရီမှ အတန်းဆင်းလေသည်။ သူမ စက်ဘီးစီး၍ ရောက်လာချိန်တွင် သူငယ်တန်း ကျောင်းမဆင်းသေးပေ။

သူမက စက်ဘီးကို လမ်းဘေးတွင် ရပ်ကာ သော့ခတ်လိုက်ပြီးနောက် သူငယ်တန်း သံပန်းတံခါးကြီးဆီသို့ လျှောက်သွားကာ ကြည့်လိုက်လေသည်။ ကလေးငယ်များက ဆရာမ၏ ဦးဆောင်မှုဖြင့် စွန်ရဲက ကြက်ပေါက်လေးများကို ဖမ်းသည့်ကစားနည်း ကစားနေကြသည်။ အန်းအန်းက အလယ်တွင် ညပ်နေပြီး မာမား ရောက်လာသည်ကို မြင်သောအခါ အခြားကလေးများကို ပစ်ထားခဲ့ကာ တိုက်ရိုက် ပြေးလာပြီး ပျော်ရွှင်စွာ အော်ခေါ်လေသည်။

"မာမား"

ဆရာမက ဤမြင်ကွင်းကို မြင်သောအခါ ငိုရခက်ရယ်ရခက် ဖြစ်သွားလေသည်။

"လီချင်းရှူ ကလေးလေး၊ မြန်မြန် ပြန်လာခဲ့၊ ကျောင်းမဆင်းသေးဘူး"

အန်းအန်းက နာမည်ကို ကြားသော်လည်း သူမကို ခေါ်နေမှန်း မသိပေ။ ပုံမှန်အားဖြင့် အိမ်တွင် ကျန်းရိုနှင့် လီရှောင်းတို့က သူမကို အန်းအန်းဟုသာ ခေါ်လေ့ရှိရာ သူမက သူမကိုယ်သူမ အန်းအန်းဟုသာ အမြဲတမ်း ထင်မှတ်ထားလေသည်။

ကျန်းရိုက သံပန်းတံခါးကြားမှနေ၍ သူမကို ဆက်ကစားရန် ပြောလိုက်လေသည်။

"ကျောင်းဆင်းခေါင်းလောင်း မြည်မှ အိမ်ပြန်လို့ရမှာ"

အန်းအန်းကလည်း ပြန်မသွားတော့ဘဲ သံပန်းတံခါးအတွင်းတွင် ဆောင့်ကြောင့်ထိုင်၍ စောင့်နေလေသည်။

နောက်ဆုံး မိနစ်အနည်းငယ် ကျန်ချိန်တွင် သူငယ်တန်းဆရာမက ကလေးများကို တန်းစီ၍ ထွက်ခိုင်းလေသည်။ မိဘများ ရောက်နေသူများက အရင်ဆုံး ကလေးကို ခေါ်သွားကြပြီး၊ မရောက်သေးသော ကလေးများက ဆက်လက် စောင့်ဆိုင်းနေရလေသည်။

ကျန်းရို ရောက်လာသည်မှာ အတော်လေး စောသည်ဟု ဆိုရမည်။ သူမက ကလေးလာကြိုရန် ရှေ့ဆုံးတွင် တန်းစီနေလေသည်။ သူငယ်တန်း သံပန်းတံခါး ဖွင့်လိုက်ချိန်တွင် ဆရာမက အန်းအန်း၏ နာမည်အပြည့်အစုံ ကပ်ထားသော ကျောင်းလွယ်အိတ်ကို ကျန်းရိုထံသို့ ကမ်းပေးလေသည်။

ကျန်းရိုက ဆောင့်ကြောင့်ထိုင်ကာ ကလေးကို ချီလိုက်ပြီး ဆရာမကို နှုတ်ဆက်ခိုင်းလိုက်လေသည်။

အန်းအန်းက လိမ်မာစွာဖြင့် လက်ရမ်းပြလိုက်လေသည်။

"တာ့တာ"

ဆရာမက ပြုံးလိုက်လေသည်။

"အန်းအန်းလေး တာ့တာ"

ကျန်းရိုက သူမကို စက်ဘီးနောက်တွင် သေချာထိုင်ခိုင်းလိုက်ပြီး ပြုံးလျက် မေးလိုက်လေသည်။

"ဒီနေ့ ပျော်ရဲ့လား"

ကလေးမလေးမှာ ယခုအချိန်တွင် နံနက်ပိုင်းက မသာယာမှုများကို လုံးဝ မေ့ပျောက်သွားပြီဖြစ်ပြီး ချိုသာစွာ ပြုံးလျက် ပြောလေသည်။

"ပျော်တယ်"

ကျန်းရို သက်ပြင်းချလိုက်ပြီး ဤကိစ္စ အဆင်ပြေသွားပြီဟု ထင်မှတ်လိုက်သော်လည်း နောက်တစ်နေ့ နံနက်တွင် ဤကလေးမလေး၏ ဉာဏ်များမှုကို အထင်သေးမိမှန်း မသိခဲ့ပေ။

.....

နောက်တစ်နေ့ နံနက်တွင် လီရှောင်းက ထ၍ ထမင်းချက်ပြီး၊ ကျန်းရိုက အန်းအန်းကို မျက်နှာသစ်၊ သွားတိုက်ပေးကာ အဝတ်အစား လဲပေးလေသည်။ ပြီးစီးသွားမှသာ ကျန်းရိုက သူမကိုယ်သူမ ပြင်ဆင်ပြီး သူမ၏ ကျောင်းလွယ်အိတ်နှင့် အန်းအန်း၏ ကျောင်းလွယ်အိတ်ငယ်လေးကို တစ်ကြိမ် စစ်ဆေးလေသည်။

အန်းအန်း၏ ကျောင်းလွယ်အိတ်ငယ်မှာ ဘေးလွယ်အိတ်ဖြစ်သော်လည်း ယခင်က ကျိုးဟုန် လွယ်လေ့ရှိသော အဝတ်ဟောင်းများဖြင့် ပြုလုပ်ထားသည့် အိတ်မျိုးနှင့် မတူပေ။ ကျန်းရိုက ကိုယ်တိုင် ပုံစံဆွဲကာ အထည်ဆိုင်ပိုင်ရှင်ကို ချုပ်ခိုင်းထားခြင်းဖြစ်သည်။ ပန်းရောင်အိတ်ငယ်လေးပေါ်တွင် အရှေ့နှင့်အနောက် နှစ်ဖက်စလုံး၌ အဝါရောင်အစဖြင့် အနားကွပ်ထားပြီး အထဲနှင့်အပြင်တွင် အိတ်ကပ်ငယ်လေး တစ်ခုစီ ပါရှိကာ အပြင်ဘက် အိတ်ကပ်ငယ်ပေါ်တွင် ပုလဲများဖြင့် ပန်းပွင့်ဖတ်ပုံစံ ထိုးထားလေသည်။

ကျောင်းလွယ်အိတ်ငယ်၏ ပမာဏမှာ မကြီးမားပေ။ ကျန်းရိုက အထဲတွင် လက်ကိုင်ပဝါငယ် နှစ်ထည်၊ တစ်ရှူးနှင့် မုန့်များ ထည့်ထားပြီး လက်ဆွဲအိတ်တစ်လုံး ထပ်ယူကာ အထဲတွင် သန့်ရှင်းသော အဝတ်အစားတစ်စုံနှင့် ရေဘူးတစ်ဘူး ထည့်ထားလေသည်။

မိသားစုသုံးယောက် ထမင်းစားပြီးနောက် ကျန်းရိုက ပန်းကန်သွားဆေးပြီး၊ လီရှောင်းက သူ၏ ပစ္စည်းများကို သွားသိမ်းဆည်းလေသည်။ အပြင်ထွက်ခါနီးတွင် ကျန်းရိုက အန်းအန်းကို ခေါ်သော်လည်း အတန်ကြာသည်အထိ အသံပြန်မထူးပေ။

သူမက ခေါင်းလှည့်ကာ လီရှောင်းကို ကြည့်ပြီး မေးလိုက်လေသည်။

"ကလေးရော။ ခုနကပဲ တွေ့လိုက်သေးတယ်"

လီရှောင်းလည်း အံ့အားသင့်သွားလေသည်။

"ဟုတ်သားပဲ၊ ကလေးရော။ ခုနကပဲ တွေ့လိုက်သေးတယ်"

သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ကြည့်လိုက်ကြပြီးနောက် အိမ်ထဲသို့ ပြန်ဝင်ကာ ရှာဖွေကြလေသည်။ အိမ်တစ်အိမ်လုံး ပတ်ရှာသော်လည်း အန်းအန်း၏ အရိပ်ကိုမျှ မတွေ့ရပေ။

"......"

ကျန်းရိုက တိုးညှင်းစွာ အော်ခေါ်နေလေသည်။

"အန်းအန်း? ထွက်ခဲ့တော့၊ ငါတို့ ကျောင်းသွားရတော့မယ်"

ဆောင့်ကြောင့်ထိုင်ကာ ကုတင်အောက်ကို ကြည့်သော်လည်း လူမရှိသဖြင့် မျက်မှောင်ကြုတ်လိုက်ပြီး ဗီဒိုများကို သွားဖွင့်ရှာလေသည်။

"မနေ့က အရမ်းပျော်ခဲ့တာ မဟုတ်ဘူးလား။ သူငယ်ချင်းသစ်တွေကို မလွမ်းဘူးလား"

ဗီဒိုထဲတွင်လည်း မရှိပေ။

လီရှောင်းက ဧည့်ခန်းနှင့် အိမ်သာကိုပါ တစ်ပတ်ရှာပြီးသော်လည်း ကလေးကို မတွေ့ရသဖြင့် ဘာကို စဉ်းစားမိသွားသည်မသိ၊ ရုတ်တရက် စကားစလိုက်လေသည်။

"ထားလိုက်တော့၊ ဒီနေ့ ကျောင်းမသွားတော့ဘူး။ လာ၊ အန်းအန်း ထွက်ခဲ့၊ ပါပါး အခု သမီးကို ကစားကွင်း ခေါ်သွားမယ်"

ကျန်းရို ထိုစကားကို ကြားသောအခါ သူ့ကို မျက်စောင်းထိုးလိုက်ပြီး တားဆီးရန် ပြင်လိုက်စဉ်၊ လီရှောင်းက မျက်စိလျင် လက်မြန်ဖြင့် ကုတင်ပေါ်ရှိ စောင်ကို လှန်လိုက်ရာ အထဲတွင် ပုန်းနေသော ကလေးမလေးကို တွေ့လိုက်ရလေသည်။

ကလေးမလေးမှာ အရှာခံလိုက်ရပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် တခစ်ခစ် ရယ်မောလေတော့သည်။

နံနက်ပိုင်း အိပ်ရာထချိန်တွင် အလျင်စလိုဖြစ်နေသဖြင့် ကျန်းရိုနှင့် လီရှောင်းတို့မှာ အိပ်ရာမသိမ်းခဲ့ကြဘဲ စောင်များက စုပုံနေရာ ကလေးမလေးက ဤအထဲတွင် ဝင်ပုန်းနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လီရှောင်းက ပြုံးလျက် အန်းအန်းကို ကုတင်ပေါ်မှ ချီချလာပြီး အကြောင်းပြချက်မရှိဘဲ ချီးကျူးစကား တစ်ခွန်း ပြောလိုက်သေးသည်။

"ငါ့သမီးက ဉာဏ်ကောင်းတာပဲ"

ကျန်းရို ဒေါသထွက်လွန်း၍ သူ့ကို ရိုက်လိုက်လေသည်။

"ရှင် အလိုလိုက်ထားလို့လေ၊ လန့်သေတော့မလို့ပဲ"

သူမက ကလေးပျောက်သွားပြီထင်ပြီး အပြင်ထွက်ရှာရန်ပင် ပြင်နေခဲ့ခြင်းဖြစ်သည်။

အန်းအန်းက ဆံပင်များ ဖုတ်သိုက်ဖြစ်နေလျက် ပျော်ရွှင်စွာ ပြုံးရယ်နေပြီး ပြောလေသည်။

"ကစားကွင်း သွားမယ်"

ကျန်းရိုက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"ကစားကွင်း သွားမယ် ဟုတ်လား၊ နင့်အသား ယားနေပြီထင်တယ်"

နောက်ဆုံးတွင် အန်းအန်း၏ ဟန်ဆောင်ငိုယိုမှုများကို ဂရုမစိုက်ဘဲ လီရှောင်းနှင့်အတူ လူကို သူငယ်တန်းသို့ ပို့ဆောင်လိုက်လေသည်။ လီရှောင်းက အစက ကျန်ခဲ့ချင်သေးသော်လည်း ကျန်းရိုက သူ့ကို မောင်းထုတ်လိုက်လေသည်။

"မငိုရဘူး၊ ဒီနေ့ ကျောင်းမှာ သေချာနေခဲ့။ မာမား သိတယ် သမီး လုပ်နိုင်တယ်ဆိုတာ၊ ဒီနေ့ နေ့လယ်ကျရင် ပါပါး သမီးကို လာကြိုလိမ့်မယ်၊ လိမ်လိမ်မာမာနေခဲ့ရင် ညကျရင် မာမား ဝက်သားနီချက် ချက်ကျွေးမယ်"

ကလေးမလေးကလည်း သူမ မာမားကို စိတ်ဆိုးအောင် လုပ်မိသွားပြီဖြစ်ကြောင်း သိပုံရကာ လက်သေးသေးလေး နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ပွတ်သပ်နေပြီးနောက် သနားစရာမျက်နှာလေးဖြင့် ပါပါးကို ကြည့်လေသည်။

လီရှောင်းက ပခုံးတွန့်ပြလိုက်လေသည်။

"သမီး မာမား စိတ်ဆိုးသွားပြီလေ၊ ပါပါးလည်း သမီးကို မကူညီရဲဘူး"

ကလေးမလေးက နှုတ်ခမ်းကို ကိုက်လိုက်ပြီးနောက် ကျန်းရိုကို မျက်နှာချိုသွေးကာ ပြောလေသည်။

"မငိုဘူး၊ အန်းအန်း မငိုဘူး"

ကျန်းရိုက တည်ငြိမ်စွာဖြင့် 'အင်း' ဟု အသံပြုလိုက်လေသည်။

"ကောင်းပြီ၊ ပြောတဲ့အတိုင်း လုပ်ရမယ်နော်၊ မာမား ဆရာမကို မေးကြည့်မယ်"

ကလေးမလေးက ဆရာမ၏ ဆွဲခေါ်ခြင်းကိုခံရကာ အခန်းထဲသို့ ဝင်သွားပြီး ခြေတစ်လှမ်းလှမ်းတိုင်း နောက်သို့ သုံးကြိမ် ပြန်ကြည့်နေလေသည်။

.....

ကျောင်းတက်သည်မှာ ရက်အနည်းငယ် ကြာပြီးနောက် အန်းအန်းသည် သူငယ်တန်းဘဝနှင့် တဖြည်းဖြည်း ရင်းနှီးကျွမ်းကျင်လာလေသည်။ နေ့စဉ် နံနက်သွားချိန်တွင် ညည်းတွားနေဆဲဖြစ်သော်လည်း မွန်းလွဲပိုင်း သွားကြိုချိန်တွင် သူမ အလွန်ပျော်ရွှင်စွာ ကစားနေသည်ကို မြင်တွေ့ရလေ့ရှိသည်။ တစ်ခါက ကျန်းရို သွားကြိုချိန်တွင် ကလေးအချို့က သူမနှင့်အတူ အိမ်သို့ လိုက်သွားချင်သည်ဟုပင် ပူဆာနေကြသေးလေသည်။

ဆရာမက ဆွဲထား၍ပင် မရပေ။

သောကြာနေ့တွင် လီရှင်း ပြန်ရောက်လာသည်။ သူတို့ကျောင်းက အပိတ်စနစ်ဖြင့် စီမံအုပ်ချုပ်ပြီး ကျောင်းသားများကို ပုံမှန်အချိန်တွင် အပြင်ထွက်ခွင့် မပြုပေ။ ထို့အပြင် လဝက်လျှင် တစ်ခါသာ ကျောင်းပိတ်ပေးသဖြင့် အလွန်တင်းကျပ်သော်လည်း ကျောင်းသားများ၏ ရလဒ်များမှာလည်း အလွန်ကောင်းမွန်လှလေသည်။

ပြီးခဲ့သည့် စာသင်နှစ်က လီရှင်း၏ရလဒ်မှာ တစ်တန်းလုံးတွင် အဆင့်တစ်ဆယ် နေရာ၌ ရှိနေသည်။ ဤအတိုင်းသာ ဆက်လက်ထိန်းထားနိုင်ပါက တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် တီတူတက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်ကြောင်း ဆရာက ကျန်းရိုကို ပြောပြခဲ့လေသည်။

လီရှင်းသည် အခြားကျောင်းသားများနှင့် နှိုင်းယှဉ်ပါက အခြေခံအားနည်းသည့် အားနည်းချက် ရှိနေလေသည်။ သူမက အမှတ် ၃ အတန်းတွင် ရှိနေပြီး၊ အမှတ် ၁ နှင့် ၂ အတန်းမှ ကျောင်းသားများမှာ ပြိုင်ပွဲဝင်မည့် အမျိုးအစားများဖြစ်ကာ အားလုံးက ဆုများ မရေမတွက်နိုင်အောင် ရရှိထားကြသူများဖြစ်သည်။ နောင်တွင် တစ်ဝက်ကျော်ခန့်က တိုက်ရိုက်ဝင်ခွင့်ရရှိမည် သို့မဟုတ် နိုင်ငံခြားရှိ နာမည်ကြီးတက္ကသိုလ်များသို့ တိုက်ရိုက် ဖြေဆိုသွားကြမည်ဖြစ်သည်။ အမှတ် ၃ နှင့် ၄ အတန်းမှ ကျောင်းသားများမှာမူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲအတွက် အလေးအနက် ပြင်ဆင်နေကြသူများ ဖြစ်လေသည်။

လီရှင်းသည် မိမိတွင် အနုပညာစွမ်းရည် မရှိကြောင်း သိသလို၊ ပြိုင်ပွဲများ ဝင်ပြိုင်ရန်လည်း မကျွမ်းကျင်ကြောင်း သိရှိထားသဖြင့် သူမ၏ စိတ်နှလုံးတစ်ခုလုံးကို မေးခွန်းများ လေ့ကျင့်ရာတွင်သာ အာရုံစိုက်ထားလေသည်။

မည်သို့ပင်ဖြစ်စေ လဝက်တစ်ခါ ပြန်လာတိုင်း လီရှင်း ပိန်သွားသည်ဟု ကျန်းရို ခံစားရလေသည်။

ညဘက်တွင် မိသားစုသုံးယောက် အပြင်ထွက်၍ အစားအသောက်ကောင်းများ စားသောက်ကြလေသည်။ လီရှောင်း ညဘက် ပြန်မလာပေ။ ယနေ့ညတွင် သူ စားပွဲရှိလေသည်။

အရသာ အတော်လေး ကောင်းမွန်သော စားသောက်ဆိုင်တစ်ဆိုင်ကို ရှာ၍ ဟင်း လေးငါးပွဲခန့် မှာယူလိုက်ကြသည်။

ထမင်းစားနေချိန်တွင် လီရှင်းက ကျန်းရိုအား ချန်လေ့ ကျောင်းမလာသည်မှာ တစ်လရှိပြီဖြစ်ကြောင်း ပြောပြလေသည်။

ချန်လေ့ဆိုသည်မှာ ချန်ရုန်၏သမီးကြီးဖြစ်သည်။ ကျန်းရိုက သူမကို သိထားပြီး လီရှင်းပြောပြချက်အရ ထိုကလေးမှာ စာသင်ရာတွင် အလွန်တော်ကြောင်း၊ ငယ်စဉ်က စာသင်ရာတွင် အတန်းကျော်တက်ခဲ့ဖူးပြီး အသက် ၁၃ နှစ်နှင့် အထက်တန်းပထမနှစ်ကို တက်ရောက်နေကာ သူတို့အတန်းတွင် အသက်အငယ်ဆုံးဖြစ်ကြောင်း သိရလေသည်။

ကျန်းရိုက မျက်မှောင်ကြုတ်ကာ မေးလိုက်လေသည်။

"ဘာကိစ္စ ဖြစ်လို့လဲ"

လီရှင်းက တစ်ရှူးယူကာ အန်းအန်း၏ ပါးစပ်ကို သုတ်ပေးလိုက်ပြီး ခေါင်းခါပြလေသည်။

"သေချာမသိဘူး၊ ကျောင်းဖွင့်တုန်းက ရက်အနည်းငယ်က လာသေးတယ်၊ နောက်ပိုင်းတော့ လူကို လုံးဝ မတွေ့ရတော့ဘူး"

မူလက သူမ၊ ချန်လေ့နှင့် ကျီယွီတို့သည် မွန်းတည့်ချိန်တွင် အတူတူ ထမင်းစားလေ့ရှိပြီး စာသင်ခန်းစာများကိုလည်း ဆွေးနွေးလေ့ရှိကြသည်။ လတ်တလောတွင် ချန်လေ့ကို မတွေ့ရသဖြင့် အခြားသူများ အထင်လွဲမည်ကို စိုးရိမ်သောကြောင့် သူမနှင့် ကျီယွီတို့လည်း အတူတူ ထမင်းမစားဖြစ်တော့ပေ။

"ကျွန်မ ကျီယွီကို မေးကြည့်တော့ သူ့အမေ နေမကောင်းလို့တဲ့"

ကျန်းရိုက ယခင် ချန်ရုန်၏သားလေး လပြည့်ပွဲတွင် ကျောက်ယွင်၏ဖခင်က ကျောက်ယွင် နေမကောင်းဖြစ်နေကြောင်း ပြောခဲ့သည်ကို သတိရသွားသည်။ သို့သော် ထိုစဉ်က ကျန်းရို ထင်ခဲ့သည်မှာ ကျောက်ယွင် ဒေါသထွက်သွားခြင်းသာ ဖြစ်မည်ဟု တွေးခဲ့မိသည်။ နောက်ပိုင်းတွင် ကျန်းရိုက ကျောက်ယွင်ထံသို့ ဖုန်းဆက်ကြည့်ခဲ့သော်လည်း ဖုန်းမကိုင်ခဲ့ပေ။

လီရှောင်းနှင့် ချန်ရုန်တို့မှာ ယခုအခါ ဆက်ဆံရေး သာမန်သာဖြစ်ရာ ကျန်းရိုလည်း သူ့ကို သွားရောက် စုံစမ်းခိုင်းရန် အားနာနေလေသည်။

သို့သော် တကယ်လို့ ရောဂါကြီးကြီးမားမား ဖြစ်နေပါကတော့ သွားကြည့်သင့်ပေသည်။

ထို့ကြောင့် ညဘက် လီရှောင်း ပြန်ရောက်လာသောအခါ ကျန်းရိုက မနေနိုင်ဘဲ လီရှင်း၏ စကားများကို သူ့အား ပြောပြလိုက်ပြီးနောက် မေးလိုက်လေသည်။

"ကျောက်ယွင် တစ်ခုခုများ ဖြစ်နေတာလား။ မဟုတ်ရင် ကလေးက ကျောင်းတောင် မသွားဘဲ နေပါ့မလား"

လီရှောင်းက တဘက်ဖြင့် ခေါင်းသုတ်နေသော လှုပ်ရှားမှု ရပ်တန့်သွားလေသည်။

"မသိဘူး၊ ဒါပေမဲ့ ချန်ရုန်ကတော့ လတ်တလော တော်တော်လေး အခြေအနေ မကောင်းဘူးလို့ ကြားတယ်။ နှစ်ဝက်ပိုင်းတုန်းက သူ့ယောက်ဖရဲ့ ရိုက်နှက်တာကို ခံရလို့ ဆေးရုံမှာ လဝက်လောက် နေလိုက်ရတယ်။ သူ့အစ်မကလည်း အဲ့ဒီကိစ္စကို သိသွားတော့ တော်တော်လေး စိတ်ဆိုးပြီး ဝင်မပါတော့ဘူးလေ။ ချန်ရုန်ကလည်း အိမ်ကို လုံးဝ မပြန်တော့ဘူး။ လတ်တလော သူ့လက်ထဲက စီမံကိန်းတချို့လည်း တစ်ခုပြီးတစ်ခု ပြဿနာတွေ တက်နေတယ်၊ သူက အဆိုးနဲ့ ကြုံနေရတယ်ထင်ပြီး သားကိုခေါ်ပြီး ဘုရားကျောင်းသွားပြီး ဘုရားသွားဖူးနေတယ်"

သူ့ထံသို့ပင် ရောက်လာပြီး နည်းလမ်းတစ်ခု စဉ်းစားပေးရန် အကူအညီတောင်းခဲ့သေးသည်။ လီရှောင်းမှာ တကယ်ပင် ဒေါသမရှိသူ မဟုတ်ပေ။ အရင်က ထိပ်တိုက်မရင်ဆိုင်ခဲ့ခြင်းမှာ နောက်ဆုံးတွင် အရှုံးပေါ်မည်မှာ မိမိကိုယ်တိုင်ဖြစ်ကြောင်း သိနေသောကြောင့်ဖြစ်သည်။ သို့သော် ထိုစဉ်က ချန်ရုန် ကွယ်ရာတွင် အနှောင့်အယှက်ပေးခဲ့သည့် ကိစ္စများကို လီရှောင်းက ရှင်းလင်းစွာ မှတ်မိနေသေးလေသည်။

သူက အခက်တွေ့နေသူကို ထပ်ဒုက္ခမပေးခြင်းမှာပင် သဘောထားကြီးလွန်းနေပြီဖြစ်သည်။ သူ့ကို နည်းလမ်းရှာပေးရန် အကူအညီတောင်းရဲသေးသည်ပေါ့။ နည်းလမ်းရှိလျှင်တောင် သူ ပြောပြမည် မဟုတ်ပေ။

လူချမ်းသာများ အယူသီးတတ်ကြောင်း လီရှောင်း သိထားသည်။ ချန်ရုန်ကဲ့သို့ ပညာမတတ်သော လူချမ်းသာများမှာ ပို၍ပင် အယူသီးတတ်ကြလေသည်။ လူဆိုးနှင့် ကြုံနေရသလားဟု မေးလာသဖြင့် ဗေဒင်ဆရာတစ်ဦးကို ရှာ၍ ဖြေရှင်းကြည့်ရန် အကြံပြုလိုက်လေသည်။

ချန်ရုန်က တကယ် ယုံသွားပုံရပြီး အမွှေးတိုင်သွားထွန်းကာ ဘုရားသွားဖူးလေတော့သည်။

လီရှောင်းမှာ တိုက်ရိုက်ပင် ရယ်ချင်သွားပြီး တကယ်လို့ နတ်ဘုရားများ တကယ်ရှိနေလျှင်တောင် ဒီလို လူယုတ်မာမျိုးကို စောင့်ရှောက်ပေးမည် မဟုတ်ဘူးဟု စိတ်ထဲတွင် တွေးလိုက်မိလေသည်။

ကျန်းရိုက လူကောင်းတစ်ယောက်မှန်း လီရှောင်း သိသဖြင့် ပြောလိုက်လေသည်။

"မင်း စိတ်ပူနေတယ်ဆိုရင် ကိုယ် သွားပြီး စုံစမ်းပေးမယ်လေ"

ကျန်းရိုက ခေါင်းညိတ်လိုက်သည်။

"အရမ်း အလုပ်ရှုပ်မယ်ဆိုရင်တော့ ထားလိုက်ပါတော့"

လီရှောင်းက တဘက်ကို မိတ်ကပ်စားပွဲပေါ်သို့ ပစ်တင်လိုက်ပြီး ကိုယ်လှည့်ကာ လူကို ဖက်လိုက်လေသည်။

"ဒါက ဘာအလုပ်ရှုပ်စရာ ရှိလို့လဲ။ ချန်ရုန်က အခု သူ့ကိုယ်သူတောင် မကယ်နိုင်တော့ဘူး၊ သူ့ယောက်ဖက သူ့ရာထူးကို သိမ်းလိုက်ပြီလေ။ နောက်ပိုင်း သူ သိသွားပြီး စိတ်ဆိုးရင်တောင် ကိုယ်က မိန်းမတွေကိစ္စ ဝင်မပါဘူးလို့ ပြောလိုက်ရုံပဲ"

လီရှောင်းသည် စီးပွားရေးလောကတွင် သူနှင့် ဇနီးဖြစ်သူ၏ ဆက်ဆံရေးကောင်းမွန်ကြောင်းကို မည်သည့်အခါမျှ မဖုံးကွယ်ခဲ့ပေ။ ချန်ရုန်ကဲ့သို့သော လူများက သူ့ကို မိန်းမကြောက်သည်ဟု ထင်ကာ အထင်သေးကြသော်လည်း၊ အချို့ကမူ သူသည် ယုံကြည်အားထားရသူတစ်ဦးဟု ထင်ကြပြီး၊ ထိုနောက်မှလူများမှာ များသောအားဖြင့် အလွန်အောင်မြင်သူများ ဖြစ်ကြလေသည်။

ထို့အပြင် လီရှောင်းက အလွန်စိတ်ဝင်စားဖွယ်ကောင်းသော အချက်တစ်ချက်ကိုလည်း တွေ့ရှိခဲ့သေးသည်။ တကယ်အောင်မြင်သော သူများ၏ အများစုမှာ မိသားစု သဟဇာတဖြစ်ပြီး ဇနီးမောင်နှံ ဆက်ဆံရေး ကောင်းမွန်ကြသည်။ သို့သော် အလယ်အလတ်အဆင့်ရှိ သူများ၊ ဥပမာ ကုမ္ပဏီကြီးတစ်ခုမှ အရာရှိများ သို့မဟုတ် ချမ်းသာသော သူဌေးငယ်များမှာမူ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်းနည်းပါးပြီး အမျိုးသမီးများနှင့် ဆက်ဆံရေး ရှုပ်ထွေးတတ်ကြလေသည်။

.....

လီရှောင်း၏ သတင်းစုံစမ်းမှု အမြန်နှုန်းမှာ အလွန်မြန်ဆန်လှသည်။ နောက်တစ်နေ့တွင် သူ ပြန်လာကာ ကျောက်ယွင်က ဆဋ္ဌမဆေးရုံ၏ VIP လူနာခန်း အမှတ် ၁၄၀၂ တွင် ရှိနေကြောင်း ပြောလေသည်။

"ဖုဖေး ကိုယ့်ကို ပြောပြတာ။ ချန်ရုန်က သူ ဆေးရုံတက်နေတာကို စောစောကတည်းက သိပေမဲ့ တစ်ခေါက်မှ မသွားဘူးတဲ့၊ လင်မယားနှစ်ယောက် ဆက်ဆံရေးက အရမ်းတင်းမာနေတာ ရောဂါအခြေအနေ ဘယ်လိုရှိလဲဆိုတာကိုတော့ ဖုဖေးလည်း သေချာမသိဘူး၊ သူက အခု ချန်ရုန်ရဲ့ကိစ္စတွေကို ဝင်မပါချင်တော့ဘူးလေ။ ချန်ရုန်က အားကိုးလို့မရတော့ဘူးလို့ ထင်ပြီး အလုပ်သစ် ပြန်ရှာဖို့ ပြင်နေတာ"

လီရှောင်းက ဖုဖေးထံမှ သတင်းအချက်အလက်များကို စုံစမ်းနေစဉ်၊ ဖုဖေးက သူ့ကို ရင်ဖွင့်စကားများ အများအပြား ပြောခဲ့လေသည်။ လီရှောင်း ထွက်သွားပြီးကတည်းက ချန်ရုန်သည် လက်ထောက် ခုနစ်ယောက် ရှစ်ယောက်ခန့် ပြောင်းခဲ့သော်လည်း မကျေနပ်ခဲ့ကြောင်း၊ သူက အင်ဂျင်နီယာကောင်းတစ်ယောက် ဖြစ်ပါလျက်နှင့် ယခုတော့ ချန်ရုန်၏ နှိပ်စက်မှုကြောင့် လက်ထောက်တစ်ယောက် ဖြစ်သွားခဲ့ရပြီး ဘာကိစ္စမဆို သူက ဖြေရှင်းပေးနေရကြောင်း၊ မယားငယ်၏အိမ်သစ် အလှဆင်ခြင်းကိုပင် သူက ကြီးကြပ်ပေးရကြောင်း ပြောလေသည်။

ထိုမယားငယ်မှာလည်း ပြဿနာရှာတတ်သူတစ်ဦးဖြစ်သည်။ ဒါလည်း မကျေနပ်၊ ဟိုဟာလည်း မကြိုက်ဖြင့် သူမနှင့် အချိန်အတန်ကြာ ပေါင်းသင်းရသည်မှာ အသက်အတော်များများ တိုသွားသလိုပင်။

ပြောရင်းနှင့် လီရှောင်း ထွက်သွားသည်ကို ကောင်းသည်ဟု ချီးကျူးနေသေးသည်။ မဟုတ်ပါက ကံဆိုးရမည်မှာ လူနှစ်ယောက် ဖြစ်သွားမည်ဟု ဆိုလေသည်။

ကျန်းရိုက ဖုဖေးကို မှတ်မိနေသေးသည်။ ထိုစဉ်က တောင်ပိုင်းသို့ စရောက်စဉ်က ထိုလူမှာ လီရှောင်းနှင့်အတူ ချန်ရုန်၏ လက်အောက်တွင် အလုပ်လုပ်ခဲ့ပြီး၊ လူမှုဆက်ဆံရေးတွင် အလွန်နားလည်စာနာတတ်ကာ စရိုက်လည်း အတော်လေး ကောင်းမွန်လေသည်။

"သူက အလုပ်ရှာရတာ လွယ်မှာပါ၊ ဘယ်လိုဖြစ်လို့ ချန်ရုန်ရဲ့ လက်အောက်မှာ အမြဲတမ်း လုပ်နေရတာလဲ"

လီရှောင်းက တည်ငြိမ်စွာ ပြန်ဖြေလေသည်။

"သူက အရူးမှ မဟုတ်တာ၊ အရင်ကသာ ထွက်သွားရင် ချန်ရုန်က သူ့ကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူးလေ။ ပြီးတော့ သူ့မှာ အရင်က အိမ်တစ်လုံး အကြွေးမကျေသေးဘူး"

ယခု သူ့အိမ်အကြွေးကျေသွားပြီဖြစ်ပြီး၊ ချန်ရုန်ကိုလည်း အထင်မကြီးတော့သဖြင့် သဘာဝကျကျ အခြားအစီအစဉ် ရှိလာခြင်းဖြစ်သည်။

ဖုဖေးကဲ့သို့သော လူလည်တစ်ယောက်က ဤသို့ပြောရဲသည်ဆိုလျှင် ချန်ရုန် တကယ် အခြေအနေ မကောင်းတော့သည်မှာ သေချာလေသည်။

ကျန်းရိုက ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် မေးခွန်းတစ်ခု မေးလိုက်လေသည်။

"ဖုဖေးမှာ ရည်းစား ရှိလား"

လီရှောင်း ထိုစကားကို ကြားသောအခါ တစ်ခဏမျှ စဉ်းစား၍မရဖြစ်သွားပြီး ထူးဆန်းစွာ မေးလိုက်လေသည်။

"မင်း အဲ့ဒါ ဘာလုပ်ဖို့ မေးတာလဲ"

ကျန်းရိုကလည်း မဖုံးကွယ်ဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"တုံမင်မင်ကြောင့်လေ။ သူ့ချစ်သူရဲ့ မှုခင်းနှိမ်နင်းရေးအဖွဲ့က ဒီနှစ် အသစ်နှစ်ယောက် ခေါ်တယ်တဲ့၊ အဲ့ဒီအထဲက မိန်းကလေးတစ်ယောက်က ရုပ်ရည် မဆိုးဘူးတဲ့။ တုံမင်မင်လောက် မလှပေမဲ့ သူက စိုးရိမ်စိတ်တွေ ဝင်နေတာလေ၊ လတ်တလော အရည်အချင်းရှိတဲ့ လူပျိုလေးတွေကို လိုက်ရှာပြီး အဲ့ဒီမိန်းကလေးနဲ့ မိတ်ဆက်ပေးချင်နေတာ။ အဲ့ဒါဆိုရင် အန္တရာယ်ကိုလည်း ဖြေရှင်းပြီးသားဖြစ်သွားသလို သူ့ချစ်သူကို စောင့်ကြည့်ပေးမယ့် သူလျှိုတစ်ယောက်လည်း ပိုရလာတာပေါ့"

"......"

လီရှောင်း ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်လေသည်။

"ဘာတွေ လျှောက်လုပ်နေတာလဲ"

ကျန်းရို မကျေမနပ်ဖြစ်သွားလေသည်။

"ဘာလို့ လျှောက်လုပ်ရမှာလဲ။ ဒီအကြံက တော်တော်လေး ကောင်းတယ်လို့ ကျွန်မထင်တယ်။ အားလုံး အရှုံးမရှိဘူးလေ"

သူက နောက်ပိုင်းခေတ်တွင် ယောကျ်ားလေး မိန်းကလေးများ ရည်းစားရှာရသည်မှာ မည်မျှခက်ခဲကြောင်းကို လုံးဝ မသိပေ။ ကျောင်းတက်နေစဉ်တွင် မိဘများနှင့် ဆရာများက ရည်းစားထားခွင့် မပြုကြဘဲ၊ တက္ကသိုလ်တက်စဉ်က ထားခဲ့သူများမှာလည်း များသောအားဖြင့် ကျောင်းပြီးသည်နှင့် လမ်းခွဲကြလေသည်။ အလုပ်ခွင်ဝင်သောအခါ လူတိုင်းက လက်တွေ့ကျလာကြပြီး အိမ်အကြောင်း၊ လစာအကြောင်း ပြောလာကြသည်။ မည်သို့ပင်ဖြစ်စေ ထိုစဉ်က သူမ အလုပ်ခွင်ဝင်ပြီးနောက် သူမ၏မိခင်က တက္ကသိုလ်တက်စဉ်က ဘာကြောင့် တစ်ယောက်မှ မထားခဲ့သနည်းဟု မေးခဲ့သေးလေသည်။

"ကျွန်မမှတ်မိသလောက်ဆို ဖုဖေးက အသက်သိပ်မကြီးသေးဘူး။ ရုပ်ရည်ကလည်း မဆိုးဘူးလေ၊ ဒါနဲ့ သူက လူဘယ်လိုနေလဲ။ ကစားတတ်တဲ့သူလား"

လီရှောင်း စကားမပြောဘဲ ဤကိစ္စကို မယုံကြည်နိုင်စရာဟု ထင်နေလေသည်။

ကျန်းရိုက သူ့ကို ဒေါသတကြီးဖြင့် တစ်ချက် တွန်းလိုက်လေသည်။

"မေးနေတယ်လေ"

လီရှောင်းလည်း မတတ်သာဘဲ ပြန်ဖြေရလေတော့သည်။

"အတော်အသင့်ပါပဲ၊ လူက ပိုက်ဆံကို နည်းနည်း ခုံမင်တယ်၊ နည်းနည်းလည်း ဉာဏ်များတယ်။ တခြားဟာတွေကတော့ အဆင်ပြေပါတယ်၊ ချန်ရုန်ရဲ့အနားမှာနေပေမဲ့ အကျင့်ဆိုးတွေ ဘာမှ ကူးမလာဘူး။ သူ့အဖေက ငယ်ငယ်တုန်းက ရေနစ်တဲ့သူကို ကယ်ရင်း သေသွားတာ၊ အမေက နောက်ပိုင်း နောက်အိမ်ထောင်ပြုသွားတော့ အဘိုးကပဲ ကြီးပြင်းအောင် ကျွေးမွေးခဲ့တာ"

ကျန်းရိုက ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါဆိုရင် ရပါတယ်၊ ရည်းစား ရှိလား"

လီရှောင်း။ "မရှိဘူး၊ သူက မိန်းမတွေကို စိတ်မချဘူး။ သူ့အဖေ သေသွားပြီး နှစ်လတောင် မပြည့်သေးဘူး သူ့အမေက နောက်အိမ်ထောင်ပြုသွားတာလေ။ သူက ပိုက်ဆံပဲ ရှာချင်တာ"

ခေါင်းလှည့်ကာ သူမကို ကြည့်လိုက်လေသည်။

"မင်း တကယ်ပဲ မိတ်ဆက်ပေးမလို့လား။ နောက်ဆုံး အဆင်မပြေရင် သူတို့က မင်းကို မုန်းသွားမှာကို မကြောက်ဘူးလား"

"ဒါက ဘာမုန်းစရာရှိလို့လဲ"

ကျန်းရိုက သူ့ကို စကားမပြောချင်သည့် အမူအရာဖြင့် ကြည့်လိုက်လေသည်။

"ကျွန်မက သူတို့ကို အတင်း လက်ထပ်ခိုင်းနေတာမှ မဟုတ်တာ။ ဒီတိုင်း မိတ်ဆက်ပေးရုံလေးပဲဟာ။ သူတို့က သင့်တော်တယ် ထင်ရင် ဆက်တွဲလို့ရတယ်၊ မသင့်တော်ရင်လည်း ထမင်းတစ်နပ် စားရုံလောက်ပါပဲ"

သူက အရမ်း အလေးအနက်ထားလွန်းနေသည်ဟု ထင်မိလေသည်။

လီရှောင်းက ကျန်းရို၏ ဂရုမစိုက်သည့် အမူအရာကို ကြည့်ကာ စိတ်ထဲတွင် တစ်မျိုးကြီး ဖြစ်သွားလေသည်။

"အော်၊ မင်းက တော်တော်လေး သိတာပဲ"

ကျန်းရိုက သူ့ကို အဖက်လုပ်ရန်ပင် ပျင်းရိနေလေသည်။

"တနင်္လာနေ့ကျရင် ကျွန်မ တုံမင်မင်ကို မိန်းကလေးရဲ့ အခြေအနေ သွားမေးကြည့်လိုက်မယ်။ နင်လည်း အားရင် ဖုဖေးကို တစ်ချက်ပြောကြည့်လိုက်ဦး။ မိန်းမတိုင်းက မကောင်းတာမှ မဟုတ်တာ၊ သူများက ရဲမေလေးနော်"

လီရှောင်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ"

....

နောက်တစ်နေ့တွင် ကျန်းရိုသည် အန်းအန်းကိုချီကာ ဆဋ္ဌမဆေးရုံသို့ သွားလေသည်။

ကျန်းရိုက ဆေးရုံတံခါးဝတွင် သစ်သီးများနှင့် ကိတ်မုန့်များ ဝယ်ယူကာ အန်းအန်း၏လက်ကိုဆွဲ၍ ဆေးရုံတံခါးမကြီးထဲသို့ ဝင်သွားလေသည်။

အန်းအန်းမှာ ယခုအခါ ကိုယ်တိုင် လမ်းလျှောက်ရသည်ကို နှစ်သက်နေလေပြီ။

ဆဋ္ဌမဆေးရုံမှာ ပုဂ္ဂလိကဆေးရုံတစ်ခုဖြစ်ပြီး VIP လူနာများမှာ လူနာဆောင်၏ အနောက်ဘက်ရှိ အဆောက်အအုံတစ်လုံးတွင် ဖြစ်သည်။ ကျန်းရိုက အန်းအန်းကိုခေါ်၍ တက်သွားသောအခါ ဤအဆောက်အအုံတွင် တစ်ထပ်လျှင် လူနာခန်း နှစ်ခန်းသာ ရှိကြောင်း တွေ့ရှိရလေသည်။

ကျန်းရိုက ရှေ့တိုး၍ တံခါးခေါက်လိုက်ရာ အထဲမှ ကျောက်ယွင်၏ အသံ လျင်မြန်စွာ ထွက်ပေါ်လာလေသည်။

"ဝင်ခဲ့ပါ"

ကျန်းရို တံခါးဖွင့်၍ ဝင်သွားရာ ကျောက်ယွင်မှာ လူနာကုတင်ပေါ်တွင် ထိုင်လျက် တီဗွီ ကြည့်နေလေသည်။ အခန်းမှာ အလွန်ကြီးမားပြီး သူမ၏ လက်ထဲတွင် ပန်းကန်ပြားကိုင်ကာ သစ်သီးစားနေလေသည်။ ပြတင်းပေါက်အနီးရှိ ဆိုဖာနှင့် လက်ဖက်ရည်စားပွဲပေါ်တွင် သမီးငယ် ချန်လဲ့က မှောက်၍ အိမ်စာလုပ်နေပြီး၊ သမီးကြီးမှာ မှန်တံခါးအနောက်ရှိ မီးဖိုချောင်ထဲတွင် တစ်ခုခုလုပ်နေလေသည်။

ဤလူနာခန်းမှာ အလွန်လှပစွာ ပြင်ဆင်ထားပြီး အိမ်တစ်အိမ်ကဲ့သို့ပင် ဖြစ်သည်။ အခြားတစ်ဖက်တွင် အခန်းအချို့ပင် ရှိသေးလေသည်။

ကျောက်ယွင်က ကျန်းရိုကို မြင်သောအခါ မနေနိုင်ဘဲ အံ့အားသင့်သွားပြီး ချက်ချင်းပင် ပြုံးလိုက်လေသည်။

"ညီမလေး ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ မြန်မြန် လာထိုင်"

ကျန်းရိုက ပြုံးလျက် ပြောလိုက်လေသည်။

"ကျွန်မရဲ့ညီမလေးဆီကနေ လေ့လေ့ ကျောင်းမသွားတာ တစ်လရှိပြီဆိုတာကြားလို့ အစ်မကို နည်းနည်း စိတ်ပူသွားလို့ပါ။ အမျိုးသားကို အစ်မရဲ့အခြေအနေလေး စုံစမ်းကြည့်ခိုင်းလိုက်တော့ အစ်မ ဆေးရုံတက်နေရတယ်ဆိုတာ သိရတာနဲ့ လာကြည့်တာပါ။ ဘာမှမဖြစ်ပါဘူးနော်"

ကျောက်ယွင်၏ မျက်နှာပေါ်တွင် အနည်းငယ် စိတ်လှုပ်ရှားသွားပုံရပြီး လက်ထဲရှိ ပန်းကန်ပြားကို ချကာ ကိုယ်ကို မတ်လိုက်လေသည်။

"ဘာဖြစ်ရမှာလဲ။ ဒီလိုပါပဲလေ၊ မြန်မြန် လာထိုင်ပါ"

ထို့နောက် ကျန်းရို၏ ရင်ခွင်ထဲရှိ အန်းအန်းအား ပြောလိုက်လေသည်။

"အန်းအန်း၊ ဒေါ်လေးကို မှတ်မိသေးလား"

အန်းအန်းက လိမ်မာစွာဖြင့် "ဒေါ်လေး" ဟု ခေါ်လိုက်လေသည်။

လက်ဖက်ရည်စားပွဲပေါ်တွင် မှောက်၍ အိမ်စာလုပ်နေသော ချန်လဲ့က အန်းအန်းကို မြင်သောအခါ ဘောပင်ကိုပစ်ချကာ ပြုံးလျက် ပြေးလာလေသည်။

"အန်းအန်း"

အန်းအန်းလည်း ကျန်းရို၏ကိုယ်ပေါ်မှ လျှောဆင်းကာ အစ်မဖြစ်သူနှင့် သွားကစားချင်နေလေသည်။

ကျန်းရိုက လက်ထဲရှိ သစ်သီးများနှင့် ကိတ်မုန့်များကို ချထားလိုက်ပြီးနောက် သူမကို မြေကြီးပေါ်သို့ ချပေးလိုက်လေသည်။

ကျောက်ယွင်က မီးဖိုချောင်ထဲရှိ ချန်လေ့အား ပြောလိုက်လေသည်။

"လေ့လေ့၊ လိမ္မော်ရည် နှစ်ခွက် ထည့်လာခဲ့ပေး"

ကျန်းရိုက ယဉ်ကျေးစွာဖြင့် ပြောလိုက်လေသည်။

"ဒီလောက် ဒုက္ခခံမနေပါနဲ့၊ ရေနှစ်ခွက်ဆို ရပါပြီ"

ကျောက်ယွင်က လက်ရမ်းပြလိုက်လေသည်။

"အစ်မနဲ့ လာအားနာမနေပါနဲ့။ အဖေနဲ့ အစ်ကိုကြီးကလွဲရင် ညီမလေးက အစ်မကို ပထမဆုံး လာကြည့်တဲ့သူပဲ"

ချန်ရုန် ကြီးပွားလာပြီးကတည်းက အရင်က သူငယ်ချင်းများနှင့် အဆက်အသွယ် နည်းသွားခဲ့သည်။ အချို့က အဝေးသို့ ရှောင်သွားကြပြီး၊ အချို့ကမူ ပိုက်ဆံချေးရန် ကပ်လာကြရာ နောက်မှလူများကို သူမလည်း အဖက်မလုပ်ချင်တော့ပေ။

လီရှောင်းနှင့် ချန်ရုန်တို့ ဆက်ဆံရေး ပျက်ပြားသွားသော်လည်း သူမက ဤလင်မယားနှစ်ယောက်ကို အတော်လေး သဘောကျမိသည်။ ကျန်းရို လာကြည့်သည်ကို မြင်သောအခါ စိတ်ထဲတွင် အနည်းငယ် ဝမ်းသာသွားလေသည်။

ကျန်းရိုလည်း ဘေးရှိ ကုလားထိုင်ပေါ်တွင် ထိုင်လိုက်ရာ ကုလားထိုင်ပေါ်တွင် အင်္ဂလိပ်စာအုပ်နှင့် ရိုးရာတရုတ်စာပြဋ္ဌာန်းစာအုပ်များ တင်ထားသည်ကို မြင်တွေ့ရသဖြင့် စိတ်ထဲတွင် အနည်းငယ် ထူးဆန်းသွားလေသည်။

ကျောက်ယွင်လည်း မြင်တွေ့သွားပြီး ပြောလိုက်လေသည်။

"စာအုပ်တွေကို ဒီနေရာမှာပဲ ထားလိုက်ပါ"

လူနာကုတင်ဘေးရှိ ဗီဒိုကို ပုတ်ပြလေသည်။

ကျန်းရိုက ထိုအတိုင်းလုပ်ကာ ထိုင်ပြီးနောက် ကျောက်ယွင်က သူမ၏ လတ်တလော အခြေအနေများကို မေးမြန်းလေသည်။ ကျန်းရိုကလည်း ရွေးချယ်၍သာ ပြောပြလိုက်သည်။ စာသင်ရသည်မှာ အနည်းငယ် တင်းကျပ်ကြောင်း၊ အန်းအန်း သူငယ်တန်း တက်နေပြီဖြစ်ကြောင်း၊ လီရှောင်းမှာ လတ်တလောတွင် ပို၍ပို၍ အလုပ်များလာပြီး လူပင် ပိန်သွားကြောင်း ပြောပြလေသည်။

ကျောက်ယွင်က ကြားပြီးနောက် သက်ပြင်းချကာ အားကျစွာဖြင့် ပြောလိုက်လေသည်။

"တကယ် ကောင်းတာပဲ"

"အဖေနဲ့ အစ်ကိုကြီးက အစ်မကို မှတ်ရောပဲလို့ ဆဲကြတယ်။ အစ်မသာ အဲ့ဒီတုန်းက စကားနားထောင်ခဲ့ရင် အခုလို အရှုပ်အရှင်းတွေ ဖြစ်လာမှာ မဟုတ်ဘူးတဲ့။ အမှန်တိုင်းပြောရရင် အစ်မ တကယ် နောင်တရနေပြီ။ သူ ဒီလောက်အထိ ရက်စက်မယ်လို့ မထင်ထားခဲ့ဘူး"

ကျန်းရိုလည်း ဘာပြောရမည်မှန်း မသိသဖြင့် သူမကို စိတ်ဖြေရန်သာ နှစ်သိမ့်ပေးလိုက်လေသည်။

လူနာခန်းထဲတွင် ခဏထိုင်ပြီးနောက် ကျန်းရိုက ကျောက်ယွင် အခြေအနေ ကောင်းမွန်သည်ကို မြင်သောအခါ အန်းအန်းကိုခေါ်၍ ပြန်လာခဲ့လေသည်။

.......

ညဘက် လီရှောင်း ပြန်ရောက်လာသောအခါ သူမကို အခြေအနေ မေးသေးလေသည်။

ကျန်းရိုက နေ့ခင်းက မြင်တွေ့ခဲ့ရသည်များကိုသာ ပြောပြလိုက်လေသည်။

"ကျွန်မကြည့်ရတာ သူ့မျက်နှာလေး တော်တော်လေး ကောင်းပါတယ်၊ ကိစ္စကြီးကြီးမားမားတော့ ရှိမှာ မဟုတ်ပါဘူး"

လီရှောင်းက ခေါင်းညိတ်လိုက်လေသည်။

....

တနင်္လာနေ့ ကျောင်းသွားချိန်တွင် ကျန်းရိုနှင့် တုံမင်မင်တို့ နေ့လယ်စာ စားကြရင်း၊ အခြေအနေကောင်းသော လူပျိုလေးများ တွေ့ပြီလားဟု မေးလိုက်လေသည်။

တုံမင်မင်မှာလည်း အတော်လေး စိတ်ညစ်နေလေသည်။

"ရှာမတွေ့ပါဘူး၊ ငါ့ဘေးနားမှာ ဘယ်လိုလူမျိုးတွေပဲ ရှိလဲဆိုတာ နင်လည်း သိသားပဲ။ အဲ့ဒီ သူဌေးသားတွေက အရမ်းရှုပ်တာ၊ ရည်းစားပြောင်းတာ အဝတ်အစားလဲသလိုပဲ။ ငါတို့အတန်းထဲမှာတော့ မဆိုးတဲ့ ကောင်လေး တချို့ ရှိပါတယ်။ ဒါပေမဲ့ အကုန်လုံး ရည်းစားရှိနေကြပြီ၊ ပြီးတော့ အသက်လည်း ငယ်သေးတယ်။ အဲ့ဒီ မိန်းကလေးက ဒီနှစ် ၂၅ နှစ်တောင် ရှိနေပြီလေ"

ကျန်းရိုက ဖုဖေး၏ အခြေအနေကို ပြောပြလိုက်လေသည်။

"ငါ လီရှောင်းကို သွားမေးခိုင်းထားတယ်။ ဒါပေမဲ့ နင်လည်း အရမ်းကြီး မျှော်လင့်မထားနဲ့ဦး၊ သူက မိန်းမယူချင်မှ ယူချင်မှာ။ ဒါပေမဲ့ ငါ အကြိမ်အနည်းငယ် တွေ့ဖူးတယ်၊ ရုပ်ရည်က မဆိုးဘူး၊ အသက် ၂၇-၂၈ လောက် ရှိပြီ၊ နည်းနည်းတော့ ကြီးပေမဲ့ အရမ်းကြီးတယ်လို့တော့ မဆိုနိုင်ပါဘူး။ အဓိကက အရမ်း အရည်အချင်းရှိတယ်၊ ကိုယ်ပိုင်အိမ်လည်း ဝယ်ထားပြီးပြီ၊ အလုပ်နည်းနည်း များတာပဲ ရှိတယ်၊ အင်ဂျင်နီယာလေ။ ချန်ရုန်ကို နင် သိတယ်မလား။ သူ့လက်အောက်မှာ အလုပ်လုပ်တာ၊ လတ်တလော အလုပ်သစ် ပြန်ရှာဖို့ ပြင်နေတယ်၊ ဒါပေမဲ့ သူ့အလုပ်အကိုင်က ကောင်းတော့ ရှာမရမှာတော့ မပူရပါဘူး"

တုံမင်မင်က ကြားပြီး မျက်လုံးများ တောက်ပသွားလေသည်။

"အဲ့ဒါဆိုရင်တော့ တကယ် မဆိုးဘူးပဲ"

ထို့နောက် သူမ၏လက်ကို ဖမ်းဆုပ်လိုက်လေသည်။

"နင် ငါ့အတွက် သေချာသွားမေးပေးရမယ်နော်။ ငါ့ချစ်သူက တကယ်ကို ကောင်းလွန်းလို့ တခြားသူတွေ လုသွားမှာကို ငါ မလိုလားဘူး။ သူက အလုပ်များတယ်၊ ငါကလည်း နောက်ပိုင်း အလုပ်ပိုများလာမှာဆိုတော့ ကြိုတင် ပြင်ဆင်ထားမှရမယ်"

သူမအဖေ၏ကိစ္စပြီးနောက် သူမ ယခုအခါ ယောကျ်ားများအပေါ် အနည်းငယ် စိတ်မချဖြစ်နေပြီဖြစ်သည်။

ကျန်းရိုက သူမ စောစော ပြောလိုက်မိသည်ကို နောင်တရသွားပြီး အားတင်းကာ ပြောလိုက်လေသည်။

"ငါ တတ်နိုင်သလောက် ကြိုးစားပေးပါ့မယ်"

......

တစ်ပတ်ခန့် စောင့်သော်လည်း ဖုဖေး၏ သတင်းကို မရရှိခဲ့ဘဲ၊ စနေနေ့တွင် အန်းအန်း၏ အတန်းဖော်မိခင်ထံမှ ဖုန်းခေါ်ဆိုမှုကိုသာ လက်ခံရရှိခဲ့လေသည်။

လီရှောင်း ပြောသည်မှာ ဖုဖေးက ဇာတိသို့ တစ်ခေါက် ပြန်သွားကြောင်း၊ သူ့အဘိုးဖြစ်သူ ကျန်းမာရေး သိပ်မကောင်းပုံရကြောင်း၊ တစ်ပါတည်း အလုပ်ပါ ထွက်လိုက်ကြောင်း၊ အတိအကျ မည်သို့ရှိသည်ကိုမူ သူလည်း သေချာမသိကြောင်း ဆိုလေသည်။

စနေနေ့တွင် လီရှောင်း အိမ်၌မရှိဘဲ ကျန်းရို တစ်ယောက်တည်း အိမ်တွင် ကလေးထိန်းနေရလေသည်။ နံနက်ပိုင်းတွင် သူမက သန့်ရှင်းရေးလုပ်ပြီး အန်းအန်းကမူ ကော်ဇောပေါ်တွင် လိမ်မာစွာထိုင်၍ ကာတွန်းကား ကြည့်နေလေသည်။

ကျန်းရို၏ အိပ်ခန်းထဲမှ မိုဘိုင်းဖုန်းက မြည်လာရာ လီရှောင်းဖြစ်မည်ထင်၍ သွားယူရန် ပြင်လိုက်စဉ် အန်းအန်းက ကြမ်းပြင်ပေါ်မှ ထလာပြီး အခန်းထဲသို့ ပြေးဝင်ကာ သူမအတွက် မိုဘိုင်းဖုန်းကို ယူလာပေးလေသည်။

ကျန်းရိုက ပြုံးလိုက်လေသည်။

"ကျေးဇူးပါ အန်းအန်းလေး"

အန်းအန်းက ပျော်ရွှင်စွာဖြင့် ကော်ဇောပေါ်သို့ ပြန်သွားထိုင်ကာ တီဗွီ ဆက်ကြည့်နေလေသည်။

သို့သော် ကျန်းရို ဖုန်းကိုင်လိုက်သောအခါ အထဲမှ မိန်းကလေးငယ်တစ်ဦး၏ အသံကျယ်ကြီးဖြင့် ငိုယိုနေသောအသံ ထွက်ပေါ်လာလေသည်။

"အန်းအန်း၊ သမီး အန်းအန်းကို လိုချင်တယ်"

ထို့နောက် အမျိုးသမီးတစ်ဦး၏ မတတ်နိုင်သောအသံ ထွက်ပေါ်လာလေသည်။

"မင်္ဂလာပါ၊ အန်းအန်းရဲ့ မေမေလား။ ကျွန်မက ကျန်းကျန်းရဲ့ မေမေပါ။ အနှောင့်အယှက်ပေးမိတာ အားနာပါတယ်။ ကျွန်မသမီးက အခု အိမ်မှာ အန်းအန်းကို တွေ့ချင်တယ်ဆိုပြီး ပူဆာနေလို့ပါ။ မွန်းလွဲပိုင်း အားများအားမလား မသိဘူး၊ ကျွန်မ ရှင်နဲ့ကလေးကို အပြင်မှာ ထမင်းတစ်နပ်လောက် ကျွေးချင်လို့ပါ"

အန်းအန်းကလည်း ဖုန်းထဲမှ နားကွဲမတတ် ငိုသံကြီးကို ကြားလိုက်ရပုံရကာ အလျင်အမြန် ထလာပြီး ကျန်းရို၏အနားသို့ ပြေးလာကာ အော်ခေါ်လေသည်။

"ကျန်းကျန်း"

ဖုန်းထဲရှိ မိန်းကလေးငယ်၏ငိုသံမှာ ချက်ချင်း ရပ်တန့်သွားပြီး ရှိုက်ငိုကာ ပြောလေသည်။

"အန်းအန်း၊ ငါ နင့်ကို အရမ်းလွမ်းတာပဲ"

ကျန်းရိုက ငိုရခက်ရယ်ရခက်ဖြင့် ဖုန်းကို အန်းအန်းထံသို့ ပေးလိုက်ရာ အန်းအန်းက လွှဲယူပြီး အလျင်အမြန် ပြောလိုက်လေသည်။

"ကျန်းကျန်း၊ ငါလည်း နင့်ကို အရမ်းလွမ်းတာပဲ"

"ငါ နင့်ကို အရမ်းအရမ်း လွမ်းတာ"

"ငါ နင့်ကို အရမ်းအရမ်းအရမ်း လွမ်းတာ"

......

ချစ်စရာ ကလေးငယ်နှစ်ဦးက ဤသို့ဖြင့် စကားပြောဆိုနေကြလေတော့သည်။

မွန်းတည့်ချိန်တွင် ကျန်းရိုက မူလက အန်းအန်းကို စက်ရုံသို့ခေါ်သွားကာ လီရှောင်းနှင့်အတူ စားရန် တွေးထားခဲ့သော်လည်း၊ ယခု ဤသို့ဖြစ်သွားသဖြင့် ကျန်းရိုက လီရှောင်းထံသို့ ဖုန်းတစ်ချက် ဆက်လိုက်ပြီးနောက် အန်းအန်းကိုခေါ်ကာ အပြင်ထွက်လာခဲ့လေသည်။

ကျန်းကျန်း၏ မိခင်နှင့် ချိန်းဆိုထားသော စားသောက်ဆိုင်သို့ သွားကြလေသည်။ ကားပေါ်မှ ဆင်းဆင်းချင်းပင် တံခါးဝတွင် စောင့်နေသော ကလေးမလေးကို တွေ့လိုက်ရသည်။ ကလေးမလေးက အန်းအန်းကို မြင်သောအခါ ပျော်ရွှင်စွာ ပြေးလာလေသည်။

"အန်းအန်း"

အန်းအန်းလည်း အလွန်စိတ်လှုပ်ရှားနေပြီး ကျန်းရို၏ ရင်ခွင်ထဲမှ လျှောဆင်းကာ မိန်းကလေးငယ်ထံသို့ ပြေးသွားလေသည်။

ချစ်စရာ ကလေးငယ်နှစ်ဦးက တင်းကြပ်စွာ ဖက်ထားကြလေသည်။

"အရမ်းလွမ်းနေတာ"

"ငါရောပဲ"

မသိသူများက သူတို့ ဘယ်လောက်တောင် မတွေ့ရတာ ကြာပြီလဲဟု ထင်မှတ်သွားနိုင်လေသည်။

ကျန်းရိုနှင့် ကျန်းကျန်း၏ မိခင်တို့က အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်ကာ ပြုံးလိုက်ကြပြီး ဤကလေးနှစ်ယောက်ကြောင့် ရယ်မောသွားကြလေသည်။

စားသောက်ဆိုင်ထဲတွင် ထိုင်လိုက်သောအခါ ကျန်းကျန်း၏ မိခင်က ပြုံးလျက် ပြောလေသည်။

"ဒီနေ့ ကျောင်းသွားစရာမလိုမှန်း သိတော့ ကျွန်မကလေးက မနက်စောစော ထကတည်းက ငိုနေတာပဲ၊ အန်းအန်းကို တွေ့ချင်တယ်ဆိုပြီး ပူဆာနေတာ၊ လွမ်းတယ်တဲ့"

"ကျွန်မကလေးက နေ့တိုင်း ပြန်လာရင် အန်းအန်း သူ့ကို ဘာစားစရာတွေ ယူလာပေးတယ်ဆိုပြီး ပြောပြောနေတာ၊ ကျွန်မဖြင့် သူက ရှင့်သမီးရဲ့ စားစရာတွေကို အကုန်စားပစ်လိုက်မှာတောင် စိုးရိမ်နေတာ"

ကျန်းရိုက ပြုံးလိုက်လေသည်။

"သူ့အဖေက မုန့်စက်ရုံ ဖွင့်ထားတာလေ၊ ကျွန်မအိမ်မှာ မုန့်တွေ အများကြီး ရှိတယ်။ သူက အခု အိမ်က မုန့်တွေကို သိပ်မစားတော့လို့ ကျောင်းကို နည်းနည်းယူသွားပြီး သူငယ်ချင်းတွေကို ဝေကျွေးဖို့ တွေးလိုက်တာပါ"

ထိုအခါမှ ကျန်းကျန်း၏ မိခင်က သက်သာရာရသွားလေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏သမီးက နေ့တိုင်း စားရုံသာမက အိမ်သို့ပါ အများအပြား ယူလာတတ်ပြီး ထိုမုန့်များမှာ ကြည့်ရသည်မှာ ဈေးမပေါသောကြောင့် ဖြစ်လေသည်။

စည်ကားသိုက်မြိုက်စွာ ထမင်းတစ်နပ် စားပြီးနောက် ပြန်ခါနီးတွင် ချစ်စရာ ကလေးငယ်နှစ်ဦးက စားသောက်ဆိုင်တံခါးဝ၌ ခွဲခွာရခက်သည့် ပြဇာတ်ကြီး တစ်ပုဒ်ကို ကပြနေကြပြန်သည်။

ကျန်းရိုနှင့် ကျန်းကျန်း၏ မိခင်တို့မှာ ဆွဲခွာ၍ပင် မရနိုင်အောင် ဖြစ်နေလေသည်။

ဆွဲခွာနေစဉ်အတွင်း ကျန်းရိုက ရင်းနှီးနေသော ပုံရိပ်တစ်ခု စားသောက်ဆိုင်ထဲသို့ ခပ်သုတ်သုတ် ဝင်သွားသည်ကို တွေ့လိုက်ရသည်။ ထိုသူက သူ့ကိုယ်သူ အလွန်လုံခြုံအောင် ဖုံးကွယ်ထားသဖြင့် မျက်နှာကို မမြင်ရပေ။

အနည်းငယ် အံ့အားသင့်သွားပြီး ထိုကျောပြင်မှာ ကျောက်ယွင်နှင့် တူသည်ဟု မှတ်မိသွားလေသည်။

လမ်းတွင် ကျန်းရိုက ကလေးကို မေးလိုက်လေသည်။

"အန်းအန်း၊ ပါပါး သမီးအတွက် ဝယ်ပေးထားတဲ့ မုန့်တွေကို သူများတွေကိုပဲ ပေးစားလိုက်တာလား"

အန်းအန်းက ခေါင်းမော့ကာ သူမကို ကြည့်ပြီး အလွန်အလေးအနက်ထား၍ ပြောလိုက်လေသည်။

"သူတို့ စားချင်လို့"

ကျန်းရိုက အံ့အားသင့်စွာ မေးလိုက်လေသည်။

"သူတို့ စားချင်တာနဲ့ သမီးက ပေးလိုက်တာလား"

အန်းအန်းက အပြစ်ကင်းစင်စွာ ခေါင်းညိတ်ပြလေသည်။

ကျန်းရို "......"

သူမနှင့် လီရှောင်းတို့မှာ ပုံမှန်အားဖြင့် ဤမျှ သဘောကောင်းသူများ မဟုတ်ကြဘဲ၊ သူမ ဘာကြောင့် ဤမျှ လိမ်မာနေမှန်း မသိတော့ပေ။

သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေသည်။

"ကောင်းပါပြီလေ၊ သမီး ပျော်ရင် ရပါပြီ"

အန်းအန်းက သူမ၏လက်ကိုဆွဲကာ ခြေလှမ်းကျဲကျဲ လှမ်းနိုင်ရန် ကြိုးစားနေပြီး မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အမူအရာများ ရှိနေလေသည်။

....

ညဘက် လီရှောင်း ပြန်ရောက်လာသောအခါ ကျန်းရိုက နေ့ခင်းက အန်းအန်းနှင့် သူမ၏ သူငယ်ချင်းလေးတို့အကြောင်းကို ပြန်ပြောပြလေသည်။ လီရှောင်းမှာ ကိုယ်တိုင် မမြင်တွေ့ခဲ့ရသော်လည်း ကျန်းရို၏ဖော်ပြချက်ကိုနားထောင်ရုံဖြင့် မည်မျှ ရယ်စရာကောင်းကြောင်းကို သိရှိနိုင်လေသည်။

ချက်ချင်းပင် ရယ်မောလိုက်ပြီး သူ၏သမီးလေးက တကယ်ကို ချစ်စရာကောင်းသည်ဟု တွေးမိလေသည်။

ကျန်းရိုက စားသောက်ဆိုင်တံခါးဝတွင် တွေ့ခဲ့ရသော ထိုကျောပြင်ကို သတိရသွားသဖြင့် တစ်ပါတည်း ပြောပြလိုက်လေသည်။

"ဟုတ်မဟုတ်တော့ မသိဘူး၊ ကြည့်ရတာတော့ တူတယ်"

လီရှောင်းက ဖုဖေး ယခင်က သူ့အား ပြောပြခဲ့သော သတင်းကို သတိရသွားလေသည်။ ချန်ရုန်က သူ၏ လက်ရှိစီမံကိန်းများ မကြာခဏ ပြဿနာတက်နေသဖြင့် အတွင်းလူရှိနေသည်ဟု သံသယရှိခဲ့သော်လည်း အချိန်အကြာကြီး ရှာဖွေခဲ့သော်လည်း မတွေ့ခဲ့ကြောင်း၊ နောက်ပိုင်းတွင် သူက ကျောက်ယွင် ဖြစ်နိုင်သည်ဟု ခန့်မှန်းမိကြောင်း ဖုဖေးက ပြောပြခဲ့လေသည်။

ဖုဖေး၏ မူလစကားများမှာ ဤသို့ဖြစ်သည်။ ချန်ရုန်က အိမ်ခြံမြေလုပ်ငန်းကို စတင်လုပ်ကိုင်စဉ်က သူ့အနားတွင် အသုံးချနိုင်သူ တစ်ယောက်မှ မရှိခဲ့ပေ။ ချန်ရုန်၏ ယောက်ဖဖြစ်သူ၏ ဇနီးဟောင်းနှင့် ယောက်မဖြစ်သူ၏ လူအချို့ပင် ရှိနေသေးရာ၊ ထိုအချိန်က ကျောက်ယွင်က သူ့ကို တည်ငြိမ်အောင် ကူညီပေးခဲ့ပြီး သူ့အတွက် ကိစ္စရပ်များကို ဖြေရှင်းပေးခြင်းနှင့် လူများကို စည်းရုံးခြင်းများအထိ သင်ယူခဲ့လေသည်။ ဆိုလိုသည်မှာ ကျောက်ယွင်သည် ချန်ရုန်၏အလုပ်ကိစ္စများနှင့် ထိတွေ့ခွင့်ရှိနေခြင်းဖြစ်သည်။

တကယ်လို့ ဝန်ထမ်းက အတွင်းလူဆိုလျှင် တိုက်ရိုက် အလုပ်ထုတ်ပစ်လိုက်ရုံသာဖြစ်သည်။ သို့သော် ခေါင်းအုံးနားမှလူ ဖြစ်နေမည်ဆိုပါက ဖုဖေး တကယ်ကို မတွေးရဲတော့ပေ။ ချန်ရုန်တို့ လင်မယားနှစ်ယောက် ယခုအခါ ဆက်ဆံရေး တင်းမာနေသော်လည်း မည်သို့ပင်ဖြစ်စေ လင်မယားများ ဖြစ်ကြသည်။ ကျောက်ယွင် ဤသို့လုပ်ခြင်းက ချန်ရုန်၏ နောက်ဆုံးလမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။ ထို့အပြင် ချန်ရုန်၏ ယောက်ဖဖြစ်သူ၏ အိမ်ခြံမြေကုမ္ပဏီတစ်ခုလုံး နောက်ပိုင်းတွင် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်လာမည်ကိုပင် သူ သံသယရှိနေလေသည်။

လီရှောင်းက ဤကိစ္စကို ကျန်းရိုအား ပြောပြလိုက်ပြီးနောက် စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်လေသည်။

"ကျောက်ယွင်က အနိုင်ကျင့်လို့ လွယ်တဲ့သူ မဟုတ်ဘူးလို့ ကိုယ် မင်းကို စောစောကတည်းက ပြောခဲ့သားပဲ"

ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု ကျန်းရို လုံးဝ မထင်ထားခဲ့ပေ။ ဝေဝေဝါးဝါးဖြင့် မေးလိုက်လေသည်။

"တကယ်လား"

လီရှောင်းက ခေါင်းညိတ်လိုက်သည်။

"ဖုဖေးကတောင် ပြောရဲတယ်ဆိုရင်တော့ ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းလောက် သေချာနေပြီပေါ့။ မဟုတ်ရင် သူက အကြောင်းပြချက်ရှာပြီး ဇာတိကို ထွက်ပြေးပါ့မလား"

ကျန်းရို မနေနိုင်ဘဲ အတွေးနက်သွားလေသည်။ သူမ ရုတ်တရက် သတိရသွားသည်မှာ ယခင်ဘဝက ချန်ရုန် ယောက်ဖ၏ အိမ်ခြံမြေကုမ္ပဏီ ဒေဝါလီခံသွားခြင်းမှာ နောက်ပိုင်းတွင်မှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သို့သော် ထိုကိစ္စမှာ လီရှောင်း G ပြည်နယ်မှ ထွက်ခွာသွားပြီးနောက်မှ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယခင်ဘဝက ချန်ရုန် ယောက်ဖ၏ အိမ်ခြံမြေကုမ္ပဏီ ဒေဝါလီခံရခြင်းမှာ ကျောက်ယွင်၏ လက်ချက်များ ဖြစ်နေမလား။

ထိုစဉ်က ချန်ရုန်၏ အနားတွင် လီရှောင်းနှင့် ဖုဖေးတို့ ရှိနေသဖြင့် လီရှောင်း၏ အရည်အချင်းအရ ကြိုတင်သိရှိနိုင်မည်မှာ သေချာသဖြင့် ကျောက်ယွင်က တစ်ချိန်လုံး လက်မရဲခဲ့ဘဲ နှစ်ပေါင်းများစွာ စောင့်ဆိုင်းပြီးမှသာ အခွင့်အရေးကို ရှာဖွေနိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဤဘဝတွင် လီရှောင်းက ချန်ရုန်ထံမှ စောစောစီးစီး ထွက်ခွာသွားခဲ့ပြီး ဖုဖေးမှာလည်း လူလည်တစ်ယောက်ဖြစ်ရာ မိမိကိုယ်တိုင် မထိန်းချုပ်နိုင်တော့သည်ကို မြင်သောအခါ အခွင့်အရေးယူ၍ ထွက်ပြေးရန် တွေးတောခဲ့သဖြင့် ကျောက်ယွင်က စောစောစီးစီး စတင်လှုပ်ရှားလာခြင်း ဖြစ်လေသည်။

ကျန်းရိုက ယခင်က လူနာခန်းထဲတွင် တွေ့ခဲ့ရသော ချန်လေ့၏ စာအုပ်များကို ထပ်မံ သတိရသွားပြန်သည်။ အင်္ဂလိပ်စာအုပ် ဖတ်သည်ကို နားလည်နိုင်သော်လည်း ရိုးရာတရုတ်စာ ပြဋ္ဌာန်းစာအုပ်များ ဖတ်နေခြင်းမှာမူ အနည်းငယ် စဉ်းစားစရာ ဖြစ်နေလေသည်။

T ပြည်နယ်နှင့် ဟောင်ကောင်တို့တွင် ရိုးရာတရုတ်စာကို အသုံးပြုကြလေသည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၅၇)

သိကျွမ်းသည့် ကစားဖော်များ ပိုမိုများပြားလာသည်နှင့်အမျှ အန်းအန်းသည် သူငယ်တန်းကျောင်းကို တဖြည်းဖြည်း သဘောကျလာလေပြီ။ ကျောင်းပိတ်၍ အိမ်တွင်နေရလျှင်ပင် ကျန်းရိုကို ဖုန်းဆက်ခိုင်းကာ ကလေးများနှင့် အဆက်အသွယ် လုပ်လေ့ရှိသည်။ ကျန်းရို၏ ဖုန်းများမှာ သူမလောက်ပင် မများလှပေ။ ကျန်းကျန်း၊ လန်လန် စသည်ဖြင့် အမျိုးမျိုးရှိပြီး လတ်တလောတွင် ဟောက်ဟောက်နှင့် ထန်ထန်တို့ပါ ထပ်တိုးလာလေသည်။

ဖုန်းပြောတိုင်း အလွန်ကြာမြင့်လေ့ရှိပြီး သူငယ်ချင်းများ များလာ၍လားမသိ၊ ယခုအခါ သူမ စကားပြောသည်မှာ ပို၍ပို၍ ချောမွေ့လာပြီး ဖော်ပြရာတွင်လည်း ရှင်းလင်းလာသည်။ ယခင်ကကဲ့သို့ ကျန်းရိုနှင့် လီရှောင်းတို့ပင်လျှင် တစ်ဝက်နားထောင် တစ်ဝက်ခန့်မှန်းနေရသည်မျိုး မဟုတ်တော့ပေ။

ထို့အပြင် ယခုအခါ ကလေးမလေးက သူတို့၏ ဆရာမယန်၏ စကားကို အလွန်နားထောင်လေသည်။ ကျန်းရို၏ စကားများပင်လျှင် ဆရာမယန်၏ စကားလောက် အသုံးမဝင်ပေ။ ဆရာမယန်က သူမကို အနီရောင်ပန်းပွင့်လေး တစ်ပွင့် ပေးလိုက်ပါက သူမက တစ်နေကုန် ပျော်ရွှင်နေတတ်လေသည်။

ကျောင်းဆင်းပြီးနောက် သူမ၏လက်ကို ဆွဲသောအခါ သူမက မာမားကို အခြားလက်တစ်ဖက် ပြောင်းဆွဲခိုင်းတတ်သည်။ မာမားက သူမ၏ ဘယ်ဘက်လက်ကျောပေါ်ရှိ အနီရောင်ပန်းပွင့်လေးကို ပျောက်သွားအောင် လုပ်မိမည်စိုးသောကြောင့် ဖြစ်လေသည်။

ကျန်းရိုက စက်ဘီးဖြင့် သူမကို တင်လာစဉ် အနီရောင်ပန်းပွင့်လေး လေလွင့်သွားရာ၊ သူမက အနောက်မှနေ၍ အလျင်စလို အော်ဟစ်လေသည်။

"မာမား၊ ပန်းပွင့်လေး ပျောက်သွားပြီ၊ မြန်မြန် ရပ်ပါဦး၊ ကယ်ကြပါဦး"

"ကယ်ကြပါဦး" ဟူသော စကားလုံးနှစ်လုံးပင် ထွက်လာလေသည်။

ကျန်းရိုမှာ မတတ်သာဘဲ ပြုံးလျက် စက်ဘီးကို ရပ်လိုက်ရပြီးနောက် ပြန်လှည့်သွားကာ သူမအတွက် အနီရောင်ပန်းပွင့်လေးကို သွားရှာပေးရလေသည်။

အနီရောင်ပန်းပွင့်လေးကို ရှာတွေ့ပြီးနောက် အိတ်ကပ်ထဲသို့ တိုက်ရိုက် ထည့်လိုက်လေသည်။

"မာမား သမီးအတွက် အရင် သိမ်းထားပေးမယ်၊ ပြန်ရောက်မှ ပြန်ပေးမယ်နော်"

အန်းအန်းက လိမ်မာစွာ ခေါင်းညိတ်လိုက်သော်လည်း ခဏအကြာတွင် စိတ်မချဖြစ်ကာ မေးလိုက်သေးသည်။

"မာမား၊ ပန်းပွင့်လေးရော"

"အိတ်ကပ်ထဲမှာ ရှိတယ်"

အန်းအန်း ကျေနပ်သွားသော်လည်း မကြာမီတွင် နောက်တစ်ကြိမ် ထပ်မေးပြန်ရာ၊ ကျန်းရိုမှာ မငြီးမငြူဘဲ သူမကို ပြန်လည်ဖြေကြားနေရလေသည်။

.......

ညဘက် လီရှောင်း ပြန်ရောက်လာသောအခါ အန်းအန်းက သူ့အရှေ့သို့ ချက်ချင်း ပြေးသွားပြီး လက်ကျောပေါ်ရှိ အနီရောင်ပန်းပွင့်လေးကို သူ့အား မြှောက်ပြလေသည်။ လီရှောင်းကလည်း သေချာမကြည့်ဘဲ သူမ လက်ညစ်ပတ်နေသည်ဟု ထင်ကာ အနီရောင်ပန်းပွင့်လေးကို ကလော်ထုတ်လိုက်ပြီး ဘေးရှိ အမှိုက်ပုံးထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်လေသည်။

အန်းအန်းက အလျင်စလိုဖြင့် အမှိုက်ပုံးရှေ့တွင် ဆောင့်ကြောင့်ထိုင်လိုက်လေသည်။

"ပန်းပွင့်လေး၊ သမီးရဲ့ ပန်းပွင့်လေး.."

ကျန်းရိုက အသံကြားသဖြင့် မီးဖိုချောင်ထဲမှ ထွက်လာရာ လီရှောင်းမှာ မတတ်နိုင်သည့် မျက်နှာထားဖြင့် ခါးကိုကိုင်းကာ အမှိုက်ပုံးထဲတွင် တစ်ခုခုကို ရှာဖွေနေသည်ကို မြင်လိုက်ရပြီး၊ အန်းအန်း၏ ပါးစပ်မှ ပြောနေသော စကားများကို ကြားလိုက်ရသောအခါ ဘာဖြစ်သည်ကို အကြမ်းဖျင်း ခန့်မှန်းမိသွားပြီး ရယ်မောမိသွားလေသည်။

....

ညဘက် ထမင်းစားနေချိန်တွင် လီရှောင်းက သူမကို အန်းအန်းဟု ခေါ်လိုက်ရာ၊ ကလေးမလေးက အလွန်အလေးအနက်ထား၍ ပြောလိုက်လေသည်။

"ဆရာမက ဒီနေ့ သမီးနာမည်က နားထောင်လို့ကောင်းတယ်လို့ ချီးကျူးတယ်။ နောက်ကြရင် သမီးကို လီချင်းရှူလို့ ခေါ်ရမယ်၊ အန်းအန်းလို့ မခေါ်ရဘူး"

"အဲ့ဒါဆိုရင် လီချင်းရှူ ကလေးလေး၊ သမီး ဟင်းသီးဟင်းရွက် နည်းနည်းလောက် စားလို့ ရမလား"

လီရှောင်းက ပြောရင်းနှင့် ဟင်းသီးဟင်းရွက် တစ်ချောင်းကို ညှပ်ကာ သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

အန်းအန်းက ပါးစပ်ကို ဖောင်းလိုက်သော်လည်း လိမ်မာစွာဖြင့် လက်ဖြင့် ဟင်းသီးဟင်းရွက်တစ်ချောင်းကို ကောက်ယူကာ ပါးစပ်ထဲသို့ ထည့်စားလိုက်လေသည်။

လီရှောင်းက သူမ လိမ်မာစွာ ဟင်းစားနေသည်ကို မြင်သောအခါ ဆက်မပြောတော့ဘဲ သူမကို ဟင်းအချို့ ခပ်ထည့်ပေးရင်း ကျန်းရိုကိုပါ ဝက်နံရိုးအချို့ တစ်ပါတည်း ခပ်ထည့်ပေးလိုက်လေသည်။

ကျန်းရိုက ဝက်နံရိုးစားရင်း တစ်ခုခုကို ရုတ်တရက် သတိရသွားကာ ခေါင်းမော့၍ သူ့ကို မေးလိုက်လေသည်။

"ဒါနဲ့၊ ချောင်ဝမ် မိန်းမ လတ်တလော အဆင်ပြေရဲ့လား"

ချောင်ဝမ်၏ဇနီးသည် ပြီးခဲ့သည့်တစ်ခေါက်က ရောက်လာပြီးကတည်းက ပြန်မသွားတော့ဘဲ စက်ရုံတွင် အလုပ်တစ်ခု ရှာလုပ်နေခဲ့သည်။ ကလေးနှစ်ယောက်လည်း အနီးအနားရှိ ကျောင်းသို့ သွားတက်နေကြသော်လည်း ထိုကျောင်းမှာ သိပ်မကောင်းလှပေ။ အနီးအနားရှိ စက်ရုံလုပ်သားများ၏ ကလေးများသာ ထိုနေရာတွင် တက်ကြပြီး မူလတန်းပြီးသည်အထိသာ တက်ခွင့်ရှိလေသည်။ နောက်ပိုင်း အိမ်ထောင်စုစာရင်း ပြောင်းမလာနိုင်သေးပါက အလယ်တန်းကို ဇာတိသို့ ပြန်တက်ရမည် ဖြစ်လေသည်။

ချောင်ဝမ်က လီရှောင်းနောက်သို့ လိုက်လာကတည်းက ပိုက်ဆံအများအပြား ရှာနိုင်ခဲ့သည်။ စက်ရုံဘက်ရှိ အိမ်များမှာ ယခုအခါ ဈေးအလွန်ပေါနေပြီး သူရှာထားသော ပိုက်ဆံများဖြင့် တကယ်တော့ ကနဦးပေးသွင်းငွေပေး၍ ရနေပြီဖြစ်သည်။ လီရှောင်းကလည်း ထိုစဉ်က သူ့ကို အကြံပေးခဲ့ဖူးသော်လည်း သူ နားမထောင်ဘဲ အားလုံးကို ဇာတိသို့ ပို့လိုက်လေသည်။ တွေးကြည့်လိုက်လျှင် အတော်လေး နှမြောစရာကောင်းလေသည်။

လီရှောင်းက ဘာကို တွေးမိသွားသည်မသိ၊ မျက်မှောင်ကြုတ်လိုက်လေသည်။

"သူ့မိန်းမက လတ်တလော ကိုယ်ဝန်ရှိနေတယ်၊ ဒါပေမဲ့ မမွေးချင်ဘူးထင်တယ်။ ချောင်ဝမ်ရဲ့ သဘောထားကတော့ မွေးပြီးရင် သူ့အမေကို လာထိန်းခိုင်းမလို့တဲ့"

ပြောပြီးနောက် ခေါင်းခါလိုက်လေသည်။

"သူတို့နှစ်ယောက်ရဲ့ ကိစ္စတွေကိုတော့ ကိုယ်လည်း ရှင်းရှင်းလင်းလင်း မပြောတတ်ပါဘူး။ ဒါပေမဲ့ သူ့မိန်းမက အလုပ်လုပ်တာ တော်တော်လေး သွက်လက်တယ်၊ သူ့ယောက်ျားထက် ပိုဉာဏ်ကောင်းတယ်။ လူကလည်း ပိုပြီး သေချာစေ့စပ်တယ်၊ ကိုယ်က အစက လူရှာပြီး သူ့ကို သင်ပေးခိုင်းမလို့ပဲ၊ နောက်ပိုင်းကြရင် ကုန်ပစ္စည်းသွင်းတဲ့အပိုင်းကို သူ့ကို တာဝန်ယူခိုင်းဖို့ ပြင်ထားတာ။ ဒါပေမဲ့ အခု ကိုယ်ဝန်ရှိနေပြီဆိုတော့ နားရတော့မှာပေါ့။ ဖုဖေးက အရင်တုန်းက ကိုယ့်ကို လူတစ်ယောက် ထောက်ခံပေးထားတယ်၊ မဆိုးဘူးလို့ ပြောတယ်"

ကျန်းရို ကြားသောအခါ အံ့အားသင့်သွားလေသည်။

"ကိုယ်ဝန်ရှိနေတယ် ဟုတ်လား။ အခု ကလေးမွေးဖို့ မလွယ်လောက်တော့ဘူးနော်၊ နိုင်ငံတော် မူဝါဒကလည်း ရှိနေတယ်လေ"

လီရှောင်း၏ မျက်နှာထားက တည်ငြိမ်နေလေသည်။

"သေချာမသိဘူး၊ သူတို့ အိမ်တွင်းရေးကိစ္စတွေကို ကိုယ်လည်း ဝင်စွက်ဖက်လို့ မကောင်းပါဘူး။ နှမြောစရာကောင်းတယ်လို့ပဲ ထင်တာပါ။ ချောင်ဝမ်ရဲ့ မိန်းမက တော်တော်လေး ဉာဏ်ကောင်းတယ်လို့ ကိုယ်ထင်တယ်။ အရင်က စက်ရုံအနီးက အိမ်တွေကို ချေးငွေနဲ့ ဝယ်လို့ရလားဆိုပြီး ကိုယ့်ဆီလာမေးဖူးတယ်။ ပြီးတော့ ဈေးဘယ်လောက်လဲလို့လည်း မေးသေးတယ်။ အဲ့ဒါပြီးတော့ အရောင်းဝန်ထမ်း သွားလုပ်ချင်တယ်လို့ ပြောတယ်၊ ကိုယ်တို့ စက်ရုံက အရောင်းဝန်ထမ်းတွေက ကော်မရှင်ရတယ်လေ။ ကြည့်ရတာ စိတ်ထဲမှာ အစီအစဉ်ရှိတဲ့သူပဲ၊ သူ့ယောက်ျားထက် အများကြီး ပိုတော်တယ်"

"အဲ့ဒီတုန်းက ကျိုးကျန့်လည်း ရှိနေတယ်၊ ဘာဖြစ်လို့လဲလို့ စပ်စုပြီး မေးကြည့်တော့ သူက မြို့ကြီးတွေက ကောင်းတယ်၊ သားနှစ်ယောက်ကို မြို့မှာပဲ ကျန်ခဲ့စေချင်တယ်တဲ့။ ဇာတိကနေ တက္ကသိုလ်အောင်တဲ့ ကလေးတွေက မြို့ကြီးတွေကိုပဲ လာချင်ကြတာလေ၊ အဲ့ဒါဆိုရင် သူ့သားက နှစ်ပေါင်းများစွာ သွားရမယ့်လမ်းကို သက်သာသွားတာပေါ့တဲ့"

ဤနေရာသို့ ရောက်သောအခါ လီရှောင်း ရယ်မောလိုက်လေသည်။

"ချောင်ဝမ်ကတော့ ဒီလောက်အထိ တွေးတတ်မှာ မဟုတ်ဘူး။ နားလည်ရခက်အောင် ပြောရရင်၊ အရင်တုန်းက ကိုယ့်လက်ထဲမှာ လူလိုနေတာရယ်၊ သူကလည်း ရိုးသားယုံကြည်ရတာနဲ့ အံကိုက်ဖြစ်နေလို့ ရိုးရှင်းတဲ့ ကိစ္စတချို့ကို သူ့ကို စီမံခိုင်းလိုက်တာ။ ဒါပေမဲ့ အခု စက်ရုံရဲ့ အရွယ်အစားက ပိုပိုပြီး ကြီးလာပြီ၊ လက်အောက်က တော်တဲ့လူတွေကလည်း ပိုပိုပြီး များလာပြီဆိုတော့၊ သူ့ကို အစားထိုးဖို့က အရမ်းလွယ်ကူသွားပြီ။ ကိုယ်က သံယောဇဉ်ကို ငဲ့နေရင်တောင် သူကိုယ်တိုင်က တိုးတက်ဖို့ လမ်းကြောင်းပြောင်းဖို့ မတွေးဘဲ လက်ရှိအခြေအနေမှာပဲ ရောင့်ရဲနေတယ်ဆိုရင်တော့ ကိုယ်လည်း ဘာမှမတတ်နိုင်ဘူး။ ကိုယ်က သူဌေးတစ်ယောက်အနေနဲ့ သေချာပေါက် တော်တဲ့လူ၊ အသုံးတည့်တဲ့လူကိုပဲ သုံးရမှာပေါ့"

ဤသည်မှာလည်း သူက ချောင်ဝမ်၏ကိစ္စများကို အဘယ်ကြောင့် ဝင်မပါချင်တော့သည့် အကြောင်းရင်းပင်ဖြစ်သည်။ အကျိုးအမြတ် ပြန်မရနိုင်ပေ။ ချောင်ဝမ်က ကျိုးကျန့်နှင့် မတူပေ။ ကျိုးကျန့်က သူ့ညီအစ်ကိုဖြစ်ပြီး ငယ်စဉ်ကတည်းက သူ့စကားကို နားထောင်ခဲ့သည်။ လီရှောင်းက သူ့ကို ကုန်ပစ္စည်းသွင်းရန် လမ်းကြောင်းသစ်များ ရှာဖွေခိုင်းသောအခါ သူက လူတစ်စုကိုခေါ်ကာ တစ်နိုင်ငံလုံးအနှံ့ သွားရောက်ခဲ့သည်။ လီရှောင်းက သူ့ကို ယခု ကုန်ပစ္စည်းသွင်းသည့် ကိစ္စများကို တဖြည်းဖြည်း လွှတ်ချကာ နောက်ကွယ်မှ စီမံခန့်ခွဲမှုဘက်သို့ ကူးပြောင်းရန် ပြောသောအခါ ကျိုးကျန့်က အာဏာများကို လွှဲပြောင်းပေးကာ မိမိအနားတွင် စီမံခန့်ခွဲမှုကိစ္စများကို သင်ယူရန် စတင်ခဲ့ပြီး အနည်းငယ်မျှပင် တုံ့ဆိုင်းနေခြင်း မရှိခဲ့ပေ။

ချောင်ဝမ်နှင့် သူ့ဆက်ဆံရေးမှာ ထိုအဆင့်အထိ ရင်းနှီးခြင်းမရှိသလို အခြားသူများ၏ အကြံပြုချက်များကိုလည်း နားမဝင်ပေ။ ထို့ကြောင့် လီရှောင်းကလည်း သဘာဝကျကျ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပေ။ ထို့အပြင် ယခု သူ့စိတ်ထဲတွင် ချောင်ဝမ်ကို အစားထိုးရန် မည်သူ့ကို ထားမည်ကိုပင် စဉ်းစားထားပြီး ဖြစ်လေသည်။

ကျန်းရို ကြားပြီးနောက် စိတ်ထဲတွင် သက်ပြင်းချမိလေသည်။ လီရှောင်းက လက်တွေ့ဆန်ပြီး အေးစက်သည်ဟု သူမ မထင်မိပေ။ သူက သူဌေးတစ်ယောက်ဖြစ်ရာ စီမံအုပ်ချုပ်မှု မမျှတပါက လက်အောက်ငယ်သားများက သူ့ကို လေးစားမည် မဟုတ်ပေ။

ချောင်ဝမ်၏ဇနီးအတွက်သာ နှမြောမိလေသည်။

"အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်ပြီး ကလေးမွေးရတဲ့ စရိတ်က အရမ်းမြင့်မားလွန်းတယ်။ တကယ်လို့ ဒီကလေးကို မွေးလိုက်မယ်ဆိုရင် နှစ်နှစ်၊ သုံးနှစ်လောက် အချိန်နှောင့်နှေးသွားနိုင်တယ်။ ဒီနှစ်နှစ်၊ သုံးနှစ်အတွင်းမှာ စက်ရုံရဲ့ အပြောင်းအလဲက ဘယ်လောက်တောင် ကြီးမားလာမလဲ မသိနိုင်ဘူး"

ပြောပြီးနောက် မနေနိုင်ဘဲ ဆဲဆိုလိုက်လေသည်။

"ချောင်ဝမ်ကလည်း တကယ်ပဲ၊ ကလေးနှစ်ယောက်တောင် ရှိနေပြီကို ထပ်မွေးချင်သေးတယ်။ သူ ကျွေးနိုင်လို့လား။ ရှေ့က ကလေးနှစ်ယောက်ကိုတောင် သူက တာဝန်မကျေသေးဘူး၊ ကျွန်မသာ သူ့မိန်းမနေရာမှာဆိုရင် တိုက်ရိုက်ပဲ ကွာရှင်းလိုက်မယ်၊ နေရတာ အရမ်းပင်ပန်းလွန်းတယ်"

လီရှောင်း စကားမပြောတော့ပေ။ ဤအချိန်တွင် စကားမပြောခြင်းက အကောင်းဆုံးဖြစ်ကြောင်း သူ သိလေသည်။ မဟုတ်ပါက ပြဿနာရှာခံရနိုင်ချေ ရှိလေသည်။

....

အလွန်လျင်မြန်စွာပင် အန်းအန်း၏ မွေးနေ့သို့ ထပ်မံရောက်ရှိလာပြန်သည်။ တရုတ်ပြက္ခဒိန်၏ ဆယ်လပိုင်း ၅ ရက်နေ့မှာ စနေနေ့ဖြစ်သည်။ ကျန်းရိုက နံနက်စောစောကတည်းက ထပြီး သူမအတွက် ကွတ်ကီးဘီစကွတ်လေးများစွာ ပြုလုပ်ပေးလေသည်။ လွန်ခဲ့သော ရက်အနည်းငယ်က အိမ်တွင် Ovenတစ်ခု ထပ်တိုးလာခဲ့လေသည်။

ဤOvenမှာ ကျိုးဟုန်ကြောင့် ရရှိလာခြင်းဖြစ်သည်။ ကျိုးကျန့်တို့ မိသားစုတစ်ခုလုံး အပြင်ထွက်၍ ထမင်းစားစဉ် ကုန်တိုက်မှ ပန်းကန်ရောင်းသောဆိုင်တွင် မဲဖောက်သည့် အစီအစဉ်တစ်ခု ပြုလုပ်နေရာ ဒုတိယဆုမှာ Ovenဖြစ်လေသည်။ ကျိုးကျန့်က ပျော်စရာကောင်းသည်ဟု ထင်သဖြင့် ယွမ်ငါးယွမ်ပေးကာ ပန်းကန်အချို့ ဝယ်ယူပြီး ကျိုးဟုန်ကို မဲသွားနှိုက်ခိုင်းလေသည်။ မဲနှိုက်ခွင့် သုံးကြိမ်ရရာ ပထမနှစ်ကြိမ်မှာ ကျေးဇူးတင်ပါတယ် ဟုသာပါရှိပြီး နောက်ဆုံးတစ်ကြိမ်တွင် မျှော်လင့်ချက်ပင် မထားတော့ပေ။ သို့သော် ရမ်းသမ်း၍ နှိုက်လိုက်ရာ ဒုတိယဆု ပေါက်သွားလိမ့်မည်ဟု ဘယ်သူထင်မှာလဲ။ မိသားစုတစ်ခုလုံး အလွန်ပျော်ရွှင်သွားကြသည်။ ဤပစ္စည်းကို သူတို့ အသုံးမပြုတတ်သလို လျှပ်စစ်မီး ကုန်သည်ဟု ထင်ကြသော်လည်း အလကားရသောအရာကို ဘယ်သူက မပျော်ဘဲနေပါ့မလဲ။

နောက်ဆုံးတွင် တိုက်ရိုက်ပင် သူတို့မိသားစုကို ပေးလိုက်ပြီး စားကောင်းသောက်ဖွယ် တစ်ခုခု လုပ်ဖြစ်ပါက သူတို့ကို အနည်းငယ် ဝေပေးရန်သာ ပြောလေသည်။

ကျန်းရိုက ကွတ်ကီးဘီစကွတ် တစ်အိတ်ကိုထည့်ကာ အန်းအန်းကို ဘေးအိမ်သို့ သွားပို့ခိုင်းလေသည်။

အန်းအန်းက လိမ်မာစွာဖြင့် အိတ်ကို ယူသွားပြီးနောက် လမ်းလျှောက်ရင်း စားသွားရာ လမ်းတစ်လျှောက်လုံး အစအနများ ကျကျန်ရစ်လေသည်။

ကျန်းရိုက အလျင်အမြန် ပြောလိုက်လေသည်။

"မစားနဲ့ဦး၊ အိမ်မှာ ရှိသေးတယ်လေ"

ကလေးမလေးမှာ တကယ် ဉာဏ်များလှသည်။ ခေါင်းလှည့်ကာ ပြုံးလျက် သူမကို တစ်ချက်ကြည့်ပြီးနောက် ခြေလှမ်းခပ်မြန်မြန်ဖြင့် ပြေးသွားလေတော့သည်။

ကျန်းရိုက သဘောကျစွာဖြင့် မီးဖိုချောင်သို့ ပြန်ဝင်ကာ ဝက်နံရိုးကင် ထပ်လုပ်ရန် ပြင်ဆင်လေသည်။

ယနေ့ အန်းအန်း မွေးနေ့ဖြစ်သဖြင့် လီရှောင်းက မွန်းလွဲပိုင်းတွင် စောစောပြန်လာခဲ့သည်။ ပြန်လာချိန်တွင် လက်ထဲ၌ ကိတ်မုန့်ဆွဲလာသည့်အပြင် ငှားလာသော ကင်မရာတစ်လုံးပါ ပါလာလေသည်။

ညဘက်တွင် ယမန်နှစ်ကကဲ့သို့ပင် ကျိုးကျန့်တို့ မိသားစုလည်း ရောက်လာကြပြီး မိသားစုနှစ်စု အတူတကွ အန်းအန်းအတွက် မွေးနေ့ကျင်းပပေးကြလေသည်။ ကျန်းရိုက ကလေးကို တရုတ်ပြက္ခဒိန် မွေးနေ့ဖြင့် ကျင်းပပေးခြင်းဖြစ်ရာ ကိတ်မုန့်ပေါ်တွင် ဖယောင်းတိုင်ငယ် လေးတိုင် စိုက်ထားလေသည်။

ဤတစ်နှစ်အတွင်း မိသားစုနှစ်စုစလုံး၏ ဘဝများ ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်သည်။ မျက်နှာထားများကို ကြည့်ရုံဖြင့်ပင် သိနိုင်လေသည်။ ယမန်နှစ်က ကျိုးမားနှင့် ဝမ်ယန်တို့မှာ ကိုကာကိုလာ ထည့်ထားသော ခွက်ကို ကိုင်ကာ တစ်ငုံပြီးတစ်ငုံ သောက်ခဲ့ကြပြီး ကိတ်မုန့်ကိုလည်း အလွန်သတိထား၍ စားခဲ့ကြလေသည်။

ယခုနှစ်တွင်မူ အားလုံးက ရယ်ရယ်မောမော စကားပြောဆိုနေကြပြီး စားပွဲအပြည့် စားကောင်းသောက်ဖွယ်များကိုလည်း အေးအေးဆေးဆေး စားသောက်နေကြလေသည်။ ကျန်းရိုကို အပျော်ရွှင်ရဆုံးဖြစ်စေသည်မှာ ကျိုးဟုန်လည်း တဖြည်းဖြည်း ပိုမို ယုံကြည်မှု ရှိလာခြင်းပင်ဖြစ်သည်။ ဤအပတ် အသေးစားစာမေးပွဲတွင် သူက အတန်းထဲ၌ အဆင့် ၅ ရရှိခဲ့ရာ ဆရာမက သူ၏ တိုးတက်မှုကြီးမားကြောင်း ချီးကျူးခဲ့ပြီး သူ့ကို အဖွဲ့ခေါင်းဆောင်အဖြစ်ပါ ခန့်အပ်ခဲ့လေသည်။

နောက်ဆုံးတွင် လီရှောင်းက ကင်မရာကို ထုတ်ကာ သူတို့အတွက် အဖွဲ့လိုက် ဓာတ်ပုံတစ်ပုံ ရိုက်ပေးလေသည်။ ဓာတ်ပုံရိုက်ချိန်တွင် အန်းအန်းက ကျန်းရို၏ ပေါင်ပေါ်တွင် ထိုင်နေပြီး၊ ကျန်းရိုက နောက်ပြောင်ချင်စိတ်ဖြင့် ခရင်မ်အနည်းငယ်ကိုယူ၍ သူမ၏နှာခေါင်းလေးပေါ်တွင် သုတ်လိမ်းလိုက်လေသည်။ အန်းအန်းက အံ့အားသင့်သွားပုံရကာ မသိစိတ်မှပင် ခေါင်းမော့၍ မာမားကို ကြည့်လိုက်ရာ၊ ထိုမြင်ကွင်းကို ပါပါးက တိုက်ရိုက် ဓာတ်ပုံရိုက်ယူသွားလေတော့သည်။

ထို့ကြောင့် နှစ်ပေါင်းများစွာ ကြာပြီးနောက်တွင် အန်းအန်းက ဤဓာတ်ပုံကို မြင်ရတိုင်း မနေနိုင်ဘဲ ညည်းတွားလေ့ရှိလေသည်။

"ဘာလို့ အားလုံးက ပျော်ပျော်ရွှင်ရွှင် ရယ်နေကြပြီး သမီးကျမှ ဒီလောက် တုံးအတဲ့ပုံ ပေါက်နေရတာလဲ"

ပါးစပ်ဟကာ မျက်လုံးလှန်နေပြီး နှာခေါင်းပေါက်များကိုပါ ဓာတ်ပုံရိုက်ခံလိုက်ရလေသည်။

လီရှောင်း ရိုက်ပြီးနောက် ကျိုးကျန့်က သူတို့ မိသားစုကို နောက်ထပ် ဓာတ်ပုံအချို့ ထပ်ရိုက်ပေးလေသည်။

ညဘက် ရေချိုးသန့်စင်ပြီးနောက် မိသားစုသုံးယောက် ကုတင်ပေါ်တွင် လှဲနေကြသည်။ အန်းအန်းက ခဏလှဲပြီးနောက် မတ်တတ်ရပ်ကာ ကုတင်ပေါ်တွင် ခုန်ပေါက်နေလေသည်။ ယနေ့ သူမ၏ မွေးနေ့မှန်း သိသဖြင့် အလွန်ပျော်ရွှင်နေလေသည်။

ကျန်းရိုက ကုတင်ပေါ်တွင် ပက်လက်လှဲလျက် ခြေထောက်များကို မြှောက်ကာ လေထဲတွင် ကန်နေလေသည်။ ယနေ့ည ခရင်မ်များများ စားထားသဖြင့် သူမ လေ့ကျင့်ခန်း လုပ်ရမည်ဖြစ်သည်။

လီရှောင်းက ဤမြင်ကွင်းကို စောစောကတည်းက ကျင့်သားရနေပြီဖြစ်ရာ ခန္ဓာကိုယ်ကို ဘေးသို့ အနည်းငယ် ရွှေ့လိုက်ပြီးနောက် တစ်ခုခုကို သတိရသွားသကဲ့သို့ ရုတ်တရက် ပြောလိုက်လေသည်။

"ဒါနဲ့၊ ဖုဖေး ဇာတိကနေ ပြန်ရောက်လာပြီ။ မင်း သူ့ကို လူမိတ်ဆက်ပေးမယ့်ကိစ္စကို ကိုယ် ပြောပြလိုက်တော့ သူက တော်တော်လေး စိတ်ဝင်စားပုံရတယ်၊ တစ်ဖက်လူနဲ့ ဘယ်တော့လောက် တွေ့လို့ရမလဲလို့တောင် မေးနေတယ်"

လီရှောင်းသာ မပြောလျှင် ကျန်းရို ထိုကိစ္စကိုပင် မေ့လုနီးပါး ဖြစ်နေလေပြီ။ ခေါင်းလှည့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီး မနေနိုင်ဘဲ မေးလိုက်လေသည်။

"သူက ရည်းစား မရှာချင်ဘူးလို့ ရှင် ပြောခဲ့တာ မဟုတ်ဘူးလား"

လီရှောင်းက တစ်ခုခုကို ရုတ်တရက် မြင်လိုက်ရသဖြင့် မျက်နှာပျက်သွားကာ ရုတ်တရက် ထလာပြီး အောက်သို့ ပြုတ်ကျလုနီးပါးဖြစ်နေသော အန်းအန်းကို လှမ်းဖမ်းလိုက်လေသည်။

အန်းအန်းက ပါပါး၏ ဖမ်းဆွဲခြင်းကို ခံလိုက်ရပြီး လေထဲတွင် တွဲလွဲခိုနေသော်လည်း မကြောက်ရွံ့ဘဲ ခေါင်းလှည့်ကာ သူ့ကို ပြုံးပြလေသည်။

လီရှောင်းက လက်တစ်ဖက်ဖြင့် သူမကို ဆွဲမကာ ကုတင်အလယ်သို့ တင်ပေးလိုက်သည်။ ကျန်းရို မြင်သောအခါ လန့်သွားပြီး အလျင်အမြန် ထလာကာ သူမကို ဖက်ထားလိုက်ပြီးနောက် စောင်ထဲသို့ ထည့်ကာ ထပ်မခုန်တော့ရန် ပြောလိုက်လေသည်။

လီရှောင်းက ထိုအမေးကို ကြားသောအခါ မျက်နှာ ပြန်လည်တည်ငြိမ်သွားပြီး တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"အရင်က ကိုယ် ဒီတိုင်း ခန့်မှန်းကြည့်တာပါ။ သူက အန်းအန်းလို လှတဲ့ သမီးလေးတစ်ယောက် မွေးချင်တယ်လို့ ပြောတယ်။ ပြီးတော့ တစ်ဖက်လူက ရဲမေဆိုတာ ကြားတော့ တော်တော်လေး ယုံကြည်အားထားရမယ်လို့ ထင်သွားပုံရတယ်"

လီရှောင်းက ဤသို့ ပြောလာသဖြင့် ကျန်းရိုက မနေနိုင်ဘဲ အသေးစိတ် စတင်မေးမြန်းလေတော့သည်။

"အရင်တုန်းက သူ အိမ်ဝယ်ထားတယ်လို့ ရှင်ပြောတယ်မလား၊ အိမ်က ဘယ်နားမှာလဲ။ သူ့ဆီမှာ စုငွေတွေရော ရှိသေးလား"

လီရှောင်းက သူမကို ထူးဆန်းစွာ ကြည့်လိုက်လေသည်။

ကျန်းရိုက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"ဘာလို့ ဒီလိုကြည့်နေတာလဲ။ ကျွန်မက သူ့ကို လူမိတ်ဆက်ပေးရမှာဆိုတော့ သေချာပေါက် အသေးစိတ် မေးရမှာပေါ့၊ မဟုတ်ရင် ဟိုဘက်က မိန်းကလေးက မေးလာရင် ကျွန်မက ဘယ်လို ပြန်ပြောရမလဲ"

လီရှောင်းလည်း ထိုအရာများကို နားမလည်သဖြင့် ဖြေလိုက်လေသည်။

"သူက ဉာဏ်ကောင်းတယ်။ ဝယ်ထားတာ ဝူစန်းလမ်းဘက်က အိမ်ကိုလေ၊ အိမ်က တော်တော်ကောင်းတယ်။ အခု အဲ့ဒီဘက်မှာ ဈေးတွေ တော်တော်တက်နေပြီ၊ အမှတ် (၁) အလယ်တန်းကျောင်းနဲ့လည်း နီးတယ်၊ မြို့လယ်ခေါင်နဲ့လည်း နီးတယ်။ ပိုက်ဆံကတော့ သူ့ဆီမှာ သေချာပေါက် ရှိမှာပေါ့၊ သူ အရင်က ချန်ရုန်အနားမှာ အလုပ်လုပ်ရတာ မပျော်ဘူးလို့သာ ကြည့်မနေနဲ့၊ တကယ်လို့ ပိုက်ဆံသာ မရှိရင် သူ အဲ့ဒီလောက် အကြာကြီး နေမှာ မဟုတ်ဘူး။ ဒီကောင်က စိတ်လေးတော့ မဆိုးပါဘူး၊ ရှုပ်ရှုပ်ယှက်ယှက် လုပ်တတ်တဲ့သူ မဟုတ်ဘူး၊ နည်းနည်းလေး လူလည်ကျတတ်တာပဲ ရှိတယ်၊ လူရှေ့သူရှေ့ စကားပြောတတ်တယ်"

ကျန်းရိုက ခေါင်းညိတ်လိုက်သည်။ တနင်္လာနေ့ ကျောင်းသွားချိန်တွင် ထိုကိစ္စကို တုံမင်မင်အား ပြောပြလိုက်လေသည်။ တုံမင်မင်က ကျန်းရို ပြောသော ဖုဖေးဆိုသည့်သူမှာ ပျက်သွားပြီဟုပင် ထင်နေခဲ့ပြီး ထိုကိစ္စကိုပင် မေ့လုနီးပါး ဖြစ်နေခဲ့သည်။ လတ်တလောတွင် ချစ်သူကို သွားတွေ့ရင်း ထိုမိန်းကလေးနှင့်ပင် သူငယ်ချင်းတွေ ဖြစ်နေပြီဖြစ်သည်။

တုံမင်မင်က သူမကို မေးလေသည်။

"ငါ နင့်ကို ပြောမယ်၊ သူက တော်တော်ကောင်းတယ်၊ စကားပြောတာ ပွင့်လင်းတယ်၊ ငါ သူ့ကို တော်တော်လေး သဘောကျတယ်။ နင်သာ တွေ့ရင် သေချာပေါက် သဘောကျမှာ။ နင်ပြောတဲ့သူက တကယ်ရော ယုံရရဲ့လား။ ငါ့ချစ်သူ ပြောတာတော့ သူတို့အလုပ်က ရည်းစားရှာရတာ အရမ်းခက်တယ်တဲ့၊ ယုံကြည်ရတဲ့သူ မဟုတ်ရင် မမိတ်ဆက်ပေးနဲ့တဲ့"

ကျန်းရိုက သူမ၏ ချစ်သူပြောသော အချက်ကို အလွန်သဘောတူလေသည်။ သူမလည်း ထိုစဉ်က ရည်းစားရှာရန် အလွန်ခက်ခဲခဲ့သည်။ တက္ကသိုလ်လေးနှစ်လုံး စာသင်လိုက် လေ့ကျင့်လိုက်ဖြင့် အချစ်ရေးအတွက် အချိန်ဘယ်မှာ ရှိမှာလဲ။ အလုပ်သင်ဆင်းချိန်တွင် မိဘများက ရည်းစားရှာပေးရန် ကြိုးစားသော်လည်း၊ ယောကျ်ားလေးဘက်က သူမ ရဲဖြစ်နေသည်ကို ကြားသည်နှင့် အနည်းငယ် ငြင်းဆန်ချင်ကြသည်။ ရဲများက အလွန်အလုပ်များသဖြင့် အိမ်ထောင်ကို ဂရုမစိုက်နိုင်ဟု ထင်ကြပြီး၊ ဆရာမများနှင့် အားလပ်သော အစိုးရဝန်ထမ်းများကသာ မျက်နှာချင်းဆိုင် တွေ့ဆုံပွဲများတွင် ရေပန်းစားသူများ ဖြစ်ကြလေသည်။

သူမ၏ မိဘများက သူမကို စကားနားမထောင်ကြောင်း၊ အစကတည်းက ဆရာအတတ်သင်ကျောင်းကို ဝင်ဖြေသင့်ကြောင်း တစ်ကြိမ်မက ပြောခဲ့ကြဖူးလေသည်။

ကျန်းရိုက တွေးတောနေလေသည်။

"အဲ့ဒါဆိုရင် မလုပ်နဲ့တော့လေ"

တုံမင်မင်က ခေါင်းညိတ်လိုက်ပြီး သူငယ်ချင်းကို ဒုက္ခမပေးချင်ပေ။ သို့သော် သူမ၏ ပါးစပ်က အလွန်ဖွာသဖြင့် နောက်တစ်နေ့တွင် ကျန်းရိုအား ပြန်ပြောပြလေသည်။ ယမန်နေ့ မွန်းလွဲပိုင်းက သူမ ချစ်သူကို သွားတွေ့ရင်း မတော်တဆ နှုတ်ချော်၍ ထိုကိစ္စကို ပြောပြမိရာ၊ ထိုရဲမေလေးက ယနေ့ သူမကို တွေ့ချင်ကြောင်း၊ မွန်းတည့်ချိန် အားမလား၊ အတူတူ အပြင်ထွက်စားရအောင်ဟု မေးကြောင်း ပြောလေသည်။

ကျန်းရိုကလည်း အများကြီး မတွေးတော့ဘဲ သူငယ်ချင်းအသစ်တစ်ယောက် တိုးလာသည်ဟုသာ သဘောထားကာ အလွန်ပျော်ရွှင်စွာဖြင့် တုံမင်မင်နှင့်အတူ စားကောင်းသော စားသောက်ဆိုင်တစ်ဆိုင်ကို ရွေးချယ်လိုက်လေသည်။

သူတို့နှစ်ဦး ဟင်းမှာပြီးသည်နှင့် လူရောက်လာလေသည်။ တုံမင်မင်က စားသောက်ဆိုင် တံခါးဝသို့ မျက်နှာမူ၍ ထိုင်နေရာ ခေါင်းမော့လိုက်သည်နှင့် လူကို မြင်လိုက်ရသဖြင့် ပြုံးလျက် လက်ယပ်ခေါ်လိုက်လေသည်။

"ဒီဘက်မှာ"

ကျန်းရိုက မသိစိတ်မှပင် ခေါင်းလှည့်ကြည့်လိုက်ရာ၊ တံခါးမှ ဝင်လာသော မိန်းကလေးကို မြင်သောအခါ အသက်ရှူပင် မှားသွားပြီး လူမှာ မထိန်းချုပ်နိုင်ဘဲ ချက်ချင်း မတ်တတ်ရပ်လိုက်မိလေသည်။ သူမသာ အသိစိတ် အနည်းငယ် ကျန်မနေပါက အလေးပြုပြီး "ဆရာမ" ဟု အသံကျယ်ကြီးဖြင့် အော်ခေါ်လိုက်မိလောက်ပြီဖြစ်သည်။

တုံမင်မင်က ကျန်းရို မတ်တတ်ရပ်လိုက်သည်ကို မြင်သောအခါ သူမပါ လိုက်၍ မတ်တတ်ရပ်လိုက်လေသည်။

"မြန်မြန် လာထိုင်၊ ငါ နင်တို့ကို မိတ်ဆက်ပေးမယ်။ ဒါက ကျန်းရို၊ ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်း၊ ဒါက လင်းရှူကျွင်း၊ ငါ့ရဲ့ သူငယ်ချင်းသစ်"

လင်းရှူကျွင်းက ကျန်းရိုထံသို့ လက်ကို အရင်ကမ်းပေးလိုက်ပြီး ပွင့်လင်းစွာ ပြုံးလျက် ပြောလေသည်။

"မင်္ဂလာပါ"

ကျန်းရို၏မျက်နှာထားမှာ အနည်းငယ် ဝေဝါးနေလေသည်။ တုံမင်မင် မိတ်ဆက်ပေးသော ရဲမေလေးမှာ ယခင်ဘဝက တောင်ပိုင်းသို့ လာရောက်လေ့ကျင့်စဉ်က သူမ၏ သင်တန်းဆရာမ ဖြစ်နေလိမ့်မည်ဟု မည်သို့မျှ မထင်ထားခဲ့ပေ။

ယခင်ဘဝက သူတို့ကျောင်းသည် နှစ်စဉ် ကျောင်းပေါင်းစုံ ပူးပေါင်းလေ့ကျင့်ရေးတစ်ရပ်ကို ကျင်းပလေ့ရှိပြီး သူတို့ကို ဦးဆောင်သော သင်တန်းဆရာများမှာ လုပ်သက်ရင့်ပြီး အတွေ့အကြုံများသော မှုခင်းစုံထောက်များ ဖြစ်ကြသည်။ ထိုစဉ်က သူတို့အတန်းကို ဦးဆောင်သူမှာ လင်းရှူကျွင်းဖြစ်ပြီး အလွန်တင်းကျပ်လှသည်။ ကျန်းရိုမှာ ပုံမှန်အားဖြင့် အတန်းထဲတွင် အတော်လေး ကောင်းမွန်စွာ လုပ်ဆောင်နိုင်သူဖြစ်သော်လည်း သူမ၏ အပြင်းအထန် ဆူပူမှုကို ခံခဲ့ရဖူးလေသည်။

အားလုံးက ကွယ်ရာတွင် သူမကို "ထိုက်ရှန်းဟွမ် (အင်ပါယာဘုရင်ကြီး)" ဟု နာမည်ပြောင် ပေးထားကြသည်။ အဘယ်ကြောင့်ဆိုသော် သူမက ခေတ်ဟောင်းဗားရှင်း ဝူကျီထျန်နှင့် အနည်းငယ် တူသည်ဟု ထင်ကြသောကြောင့်ဖြစ်သည်။ တစ်ကိုယ်လုံး အေးစက်တည်ကြည်နေပြီး တစ်ခါမှ ပြုံးသည်ကို မမြင်ဖူးခဲ့ပေ။ အခြား သင်တန်းဆရာများမှာ လေ့ကျင့်ချိန်တွင် တင်းကျပ်သော်လည်း ကွယ်ရာတွင် အလွန်သဘောကောင်းကြသည်။ သူမ တစ်ယောက်တည်းသာ မျက်နှာထား တင်းမာနေလေ့ရှိရာ အားလုံးက သူမ တစ်ခါမှ မပြုံးဖူးဘူးလားဟုပင် ခန့်မှန်းကြလေသည်။

ယခု ဤရင်းနှီးနေသော၊ သို့သော် နှစ်နှစ်ဆယ်ခန့် ပိုမိုနုပျိုနေသော မျက်နှာထားက သူမကို ပြုံးပြနေသည်ကို မြင်သောအခါ ရုတ်တရက် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

တုံမင်မင်က လူကို ဆွဲလိုက်လေသည်။

"လာ၊ ဒီဘက်မှာ ထိုင်"

လင်းရှူကျွင်းကလည်း အားနာမနေဘဲ သူမ၏ဘေးတွင် ထိုင်လိုက်လေသည်။

ကျန်းရိုလည်း လိုက်၍ ထိုင်လိုက်လေသည်။

အနှစ်နှစ်ဆယ် မတိုင်မီက လင်းရှူကျွင်းမှာ ကျန်းရို၏ မှတ်ဉာဏ်ထဲရှိ ထိုလူထက် အများကြီး ပို၍ ပွင့်လင်းတက်ကြွပြီး ကျန်းရိုကို ပြုံးလျက် တိုက်ရိုက်ပင် မေးလိုက်လေသည်။

"မင်မင် ပြောတာတော့ နင်က ငါ့ကို လူမိတ်ဆက်ပေးမလို့ဆို"

ကျန်းရိုက တုံမင်မင်ကို ကြည့်လိုက်ရာ တုံမင်မင်က စိတ်မလုံမလဲဖြင့် အကြည့်လွှဲသွားလေသည်။ သူမက တကယ်ကို မတော်တဆ နှုတ်ချော်သွားခြင်းဖြစ်ပြီး တစ်ဖက်လူက အလေးအနက်ထားသွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

လင်းရှူကျွင်းက တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"ငါ့အိမ်က အခြေအနေ သိပ်မကောင်းဘူး၊ ကျေးလက်ကလေ၊ အောက်မှာ မောင်လေးတစ်ယောက် ရှိသေးတယ်။ ဒါပေမဲ့ ငါ့မောင်ကို ငါက ဂရုစိုက်စရာ မလိုပါဘူး၊ သူ တက္ကသိုလ်တက်နေပြီ။ ဒါပေမဲ့ ငါက အစ်မတစ်ယောက်အနေနဲ့ အိမ်ကို နည်းနည်းတော့ ကူညီချင်လို့ လတိုင်း ငါ့လစာရဲ့ တစ်ဝက်ကို အိမ်ကို ပို့ပေးတယ်။ သူ တက္ကသိုလ်ပြီးသွားရင်တော့ ငါ ဝင်မပါတော့ဘူး။ တစ်ဖက်လူက အဲ့ဒါကို စိတ်ထဲမထားဘူးဆိုရင် ငါတို့ တွေ့ကြည့်လို့ ရပါတယ်"

ကျန်းရို။ "......" ဒီလောက်တောင် တိုက်ရိုက်ကျလွန်းတာလား။

တကယ်ကို ရင်းနှီးနေတဲ့ ပုံစံပဲ။

ကျန်းရိုက တိတ်ဆိတ်စွာ ထိုင်နေပြီး တစ်ဖက်လူ၏ ရင်းနှီးနေသော မျက်ခုံးနှင့် မျက်လုံးများကို ကြည့်ကာ ရုတ်တရက် အနှစ်နှစ်ဆယ် နောက်ကို ပြန်ရောက်သွားသကဲ့သို့ ခံစားလိုက်ရပြီး နှာခေါင်းထဲတွင် အကြောင်းရင်းမသိဘဲ ချဉ်စူးသွားလေသည်။ ဤသည်မှာ သူမ ယခင်ဘဝက ရင်းနှီးသူကို ပထမဆုံးအကြိမ် ပြန်လည်တွေ့မြင်ရခြင်း ဖြစ်လေသည်။

ထိုသို့ တွေးနေရင်း သူမ ရုတ်တရက် ကိစ္စတစ်ခုကို သတိရသွားလေသည်။ သူမ ကူးပြောင်းမလာမီ အချိန်လေးတွင် အခန်းဖော်က တစ်ည၌ ရုတ်တရက် ဖုန်းဆက်လာပြီး သင်တန်းဆရာမလင်း တာဝန်ထမ်းဆောင်နေစဉ် ပြဿနာတက်သွားကြောင်း၊ လူတစ်ကိုယ်လုံး ဓားဒဏ်ရာ ဒါဇင်ပေါင်းများစွာ အခုတ်ခံရပြီး တောင်ပေါ်တွင် ပစ်ထားခံရကြောင်း ပြောလေသည်။ နောက်ပိုင်းတွင် လူကို ကယ်တင်နိုင်ခဲ့သော်လည်း မှုခင်းစုံထောက် ဆက်လုပ်၍မရနိုင်တော့ကြောင်း၊ နောင်တွင် သူမနှင့် ကလေး ဘယ်လိုဆက်လုပ်မည်ကို မသိကြောင်း ပြောပြခဲ့လေသည်။ အခန်းဖော်က တစ်စုံတစ်ယောက်က သဲလွန်စ ပေးလိုက်ခြင်းဖြစ်ပုံရသည်ဟုလည်း ပြောသေးသည်။ အတိအကျကိုမူ အခန်းဖော်လည်း သေချာမသိပေ။ သူမက ကျောင်းပိတ်ရက်တွင် သွားကြည့်ချင်ကြောင်း၊ ကျန်းရို လိုက်မလားဟု မေးခဲ့လေသည်။

ကျန်းရိုက သဘောတူခဲ့သော်လည်း လူကို သွားမကြည့်ရသေးမီမှာပင် သူမကိုယ်တိုင် ပြဿနာတက်သွားခဲ့လေသည်။

ထိုအကြောင်းကို တွေးမိသောအခါ ကျန်းရို၏ စိတ်ထဲတွင် အတော်လေး ရှုပ်ထွေးသွားလေသည်။ အဘယ်ကြောင့်ဆိုသော် ထိုစဉ်က အခန်းဖော်က သူမကို ထိုကိစ္စ ပြောပြချိန်တွင် သူမက အရူးလိုပင် "ဆရာမလင်းရဲ့ ယောက်ျားရော၊ ဘာလို့ ကလေးအကြောင်းပဲ ပြောနေတာလဲ" ဟု မေးခဲ့သေးသောကြောင့်ဖြစ်သည်။

အခန်းဖော်က ကြားပြီးနောက် ထူးဆန်းစွာ ပြန်မေးခဲ့လေသည်။ နင် မသိဘူးလား၊ သူ ကွာရှင်းထားတာ ကြာပြီလေ။ ဆရာမလင်းရဲ့ ယောက်ျားက သူ အလုပ်အရမ်းများပြီး အိမ်ကို ဂရုမစိုက်နိုင်ဘူးလို့ ထင်လို့ ကွာရှင်းဖို့ တောင်းဆိုခဲ့တာလေ။

ထိုအချိန်က ကျန်းရို၏ခေါင်းထဲတွင် အလွန်မှတ်မိနေသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။ ထိုစဉ်က လေ့ကျင့်နေစဉ် သူမ ဓမ္မတာလာသဖြင့် မွန်းတည့်ချိန်တွင် စူပါမားကတ်သို့သွား၍ အမျိုးသမီးလစဉ်သုံးပစ္စည်း သွားဝယ်ရာ လမ်းတွင် ဆရာမလင်းနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံခဲ့လေသည်။ ဆရာမလင်းက သူမ မျက်နှာဖြူရော်နေသည်ကို မြင်သောအခါ သူမကို တိုက်ရိုက်ပင် အဆောင်သို့ ခေါ်သွားပြီး သကြားညိုရေ တစ်ခွက်ပင် ဖျော်တိုက်ခဲ့သေးသည်။ ထိုနေရာတွင် ကျန်းရိုက စားပွဲပေါ်၌ တင်ထားသော ဓာတ်ပုံတစ်ပုံကို မြင်ခဲ့ရပြီး၊ ဓာတ်ပုံထဲတွင် ဆရာမလင်းက ကလေးကိုပွေ့ချီကာ ပြုံးနေသော်လည်း သူမ၏ခင်ပွန်းကိုတော့ မတွေ့ရပေ။

ထိုအချိန်ကတည်းက သူမ အနည်းငယ် ထူးဆန်းသည်ဟု ထင်ခဲ့မိသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ အဖေ၊ အမေနှင့် အစ်ကိုတို့၏ ရုံးစားပွဲများပေါ်တွင် တင်ထားသည်မှာ မိသားစုဓာတ်ပုံများသာ ဖြစ်သောကြောင့်ဖြစ်သည်။

ခေါင်းမော့ကာ လူကို ကြည့်လိုက်ပြီး လီရှောင်း ပြောပြထားသော ဖုဖေး၏ အခြေအနေများကို ပြောပြလိုက်ပြီးနောက် စကားတစ်ခွန်း ထပ်ဖြည့်လိုက်လေသည်။

"သူ့အဖေက စောစောဆုံးသွားတာ၊ သူ့အမေကလည်း မြန်မြန် နောက်အိမ်ထောင်ပြုသွားတော့ ငယ်ငယ်ကတည်းက မိန်းကလေးတွေကို သိပ်ယုံကြည်မှု မရှိဘူး။ အခုတော့ အသက်နည်းနည်း ကြီးလာလို့ အိမ်ထောင်ပြုပြီး ကလေးယူချင်နေတာ နေမှာပါ"

"ကျွန်မ ထင်တာကတော့ ရှင်တို့အားလုံးက အရမ်းတော်တဲ့ လူငယ်တွေဆိုတော့ သိကျွမ်းခွင့်တစ်ခု ပိုရတာ တော်တော်လေးကောင်းပါတယ်။ အတူတူပေါင်းဖက်ရမယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး၊ အဓိကက ရှင်တို့ကိုယ်တိုင် သဘောကျမကျပေါ်မှာပဲ မူတည်ပါတယ်"

"မဆိုးပါဘူး၊ ၂၈ နှစ်ဆိုတာ အရမ်းမကြီးသေးပါဘူး"

လင်းရှူကျွင်းက ခေါင်းညိတ်လိုက်ပြီး နားလည်နိုင်ကြောင်း ပြသကာ မေးလိုက်လေသည်။

"အဲ့ဒါဆိုရင် ဘယ်တော့ တွေ့ကြမလဲ"

ကျန်းရို ချက်ချင်း အံ့အားသင့်သွားလေသည်။

"အာ? ရှင်က တောင်းဆိုချက်တွေ ဘာတွေ မပြောတော့ဘူးလား"

လင်းရှူကျွင်း။ "ငါ့မှာ ဘာတောင်းဆိုချက်မှ မရှိပါဘူး၊ ရဲ မဟုတ်ရင် ရပါပြီ။ လင်မယားနှစ်ယောက်စလုံး အန္တရာယ်များတဲ့ အလုပ်လုပ်ရတာ သိပ်မကောင်းဘူးလေ။ အင်း၊ ရုပ်ရည်လေး နည်းနည်းချောရင်၊ စိတ်သဘောထား ကောင်းရင်၊ အိမ်ထောင်ကို ဂရုစိုက်တတ်ရင် ပိုကောင်းတာပေါ့"

ကျန်းရိုက 'ကောင်းပါပြီ' ဟု ပြန်ဖြေလိုက်လေသည်။

"အဲ့ဒါဆိုရင် ကျွန်မ ပြန်သွားပြီး သူ့ကို မေးကြည့်လိုက်ဦးမယ်၊ ဘယ်အချိန် အားလဲ တွေ့ရအောင်လို့"

လင်းရှူကျွင်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီ၊ အဲ့ဒါဆိုရင် ဒီလောက်ပဲ။ ငါ့မှာ ကိစ္စရှိသေးလို့၊ နင်တို့ ဆက်စကားပြောကြဦး"

ပြောပြီးသည်နှင့် လူက လေလိုမုန်တိုင်းလို ထွက်သွားလေတော့သည်။

ထွက်သွားပြီးမှသာ တုံမင်မင် အသက်ရှူရဲတော့လေသည်။

"တော်တယ် မလား။ ငါ သူ့ရှေ့မှာ စကားတောင် အများကြီး မပြောရဲဘူး၊ ငါ တစ်ခုခု စကားမှားသွားမှာ ကြောက်လို့။ ငါက ငါ့စရိုက် ပွင့်လင်းတယ်လို့ ထင်နေတာ၊ သူက ပိုပြီးတောင် ပွင့်လင်းသေးတယ်။ ငါ မနေ့ညက ဒီတိုင်း ပေါ့ပေါ့ပါးပါး ပြောလိုက်တာကို သူက ယောကျ်ားလေးဘက်က ဘယ်လိုနေလဲလို့မေးပြီး တွေ့ချင်တယ်လို့ ပြောလာတာ"

ကျန်းရို အချိန်အတော်ကြာ စကားမပြောသည်ကို မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ"

ကျန်းရိုက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"သူက လင်းရှူကျွင်းဆိုတာကို နင် ဘာလို့ ငါ့ကို မပြောတာလဲ"

သူမက သင်တန်းဆရာမလင်းကိုပါ အောင်သွယ်ပေးနေမိလေပြီ။ ဤကိစ္စကိုသာ ယခင် အတန်းဖော်များ သိသွားပါက ကျားပါးစပ်ထဲမှ နှုတ်ခမ်းမွှေးကို ဆွဲနုတ်ရဲသည်ဟု သူမကို သေချာပေါက် ချီးကျူးကြပေလိမ့်မည်။

တုံမင်မင် နားမလည်ပေ။

"ဘာလို့လဲ။ နင် သူ့ကို သိလို့လား။ ဒါပေမဲ့ ခုနက ကြည့်ရတာ သိတဲ့ပုံစံမျိုးလည်း မဟုတ်ပါဘူး"

ကျန်းရို "......"

ဒါကို သူမ ဘယ်လိုပြောရမလဲ၊ သက်ပြင်းအရှည်ကြီး တစ်ချက်သာ ချလိုက်လေသည်။

တုံမင်မင်က သူမကို နှစ်သိမ့်လေသည်။

"ဒါက ဘာဖြစ်လို့လဲ။ တွေ့ပြီး ထမင်းတစ်နပ် စားရုံလေးပဲဟာကို။ လက်ထပ်လိုက်တာမှ မဟုတ်တာ၊ စိတ်ချပါ၊ အဲ့ဒီအချိန်ကျရင် ငါ သူ့ကို ပြောပြလိုက်ပါ့မယ်"

နောက်ဆုံးတွင် ကြာသပတေးနေ့ မွန်းတည့်ချိန်၌ တွေ့ဆုံရန် ချိန်းဆိုလိုက်ကြသည်။ ကျန်းရိုကတော့ မသွားဖြစ်တော့ပေ။ မွန်းတည့်ချိန်တွင် သူမက လက်တွေ့စမ်းသပ်ခန်းသို့ သွားရမည်ဖြစ်၍ နှစ်ဖက်စလုံးကို အချိန်နှင့် နေရာကိုသာ ပြောပြထားလိုက်ပြီး အတိအကျ မည်သို့ဖြစ်သည်ကိုမူ တုံမင်မင်ကသာ သူမကို ပြန်လည်ဖော်ပြလေသည်။

"သူတို့နှစ်ယောက် စကားပြောရတာ တော်တော်လေး အဆင်ပြေပုံရတယ်။ ငါက ဘေးမှာ ကော်ဖီနှစ်ခွက်သောက်၊ ကိတ်မုန့်တစ်ပိုင်းစားပြီးတာတောင် သူတို့ စကားပြောလို့ မပြီးသေးဘူး။ နောက်ဆုံးတော့ ဖုဖေးဆိုတဲ့သူက သူ့ကို ကားနဲ့တောင် လိုက်ပို့ပေးလိုက်သေးတယ်"

"နင် မသိပါဘူး၊ မနေ့ညနေက ငါ ငါ့ချစ်သူကို သွားတွေ့တုန်းက စခန်းထဲက အစ်ကိုကြီးတစ်ယောက်က ရှူကျွင်းကို လူမိတ်ဆက်ပေးချင်သေးတာ။ ယောကျ်ားလေးဘက်က ဒေသခံပဲတဲ့၊ အိမ်မှာ တိုက်ခန်းနှစ်ခန်းရှိတယ်၊ အစိုးရဝန်ထမ်းလည်း ဟုတ်တယ်၊ တော်တော်လေး အရည်အချင်းရှိတယ်တဲ့။ အရင်က မိန်းကလေးတစ်ယောက်နဲ့ တွဲဖူးပေမဲ့ နောက်ပိုင်း ကိစ္စတချို့ကြောင့် ပြတ်သွားတာတဲ့။ ဒါပေမဲ့ ကောင်လေးက တကယ်ကို ကောင်းပါတယ်၊ ရုပ်ရည်ကလည်း မဆိုးဘူး။ သူက ချက်ချင်းပဲ ငြင်းလိုက်တယ်လေ၊ သူ့မှာ ရည်းစားရှိနေပြီတဲ့"

"အဲ့ဒီတုန်းက ငါက သူ့ကို တိုက်ရိုက် မငြင်းဖို့ ပြောသေးတယ်။ တကယ်လို့ သူနဲ့ အဲ့ဒီဖုဖေး နောက်ပိုင်း အဆင်မပြေရင် ဒီတစ်ယောက်ကို ဆက်တွဲလို့ရတာပဲလို့။ ဒါပေမဲ့ သူက ခေါင်းမာလိုက်တာ၊ ဖုဖေးက ကောင်းပါတယ်၊ ပြောင်းစရာ မလိုတော့ပါဘူးတဲ့"

"ငါ အရင်တုန်းကတော့ ငါ့ကိုယ်ပိုင် အကြံအစည်လေး နည်းနည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခု သူ ဒီလိုပုံစံဖြစ်နေတာကို မြင်တော့ တကယ်ကို စိတ်မချဖြစ်မိတယ်"

ကျန်းရို "......"

တကယ်ကို သူတို့ သင်တန်းဆရာမရဲ့ စရိုက်အတိုင်းပဲ။

ကျန်းရိုက တုံမင်မင်၏ မတတ်နိုင်သော မျက်နှာထားကို ကြည့်ကာ ရေစက်ဆိုသည်မှာ တကယ် ဆန်းကြယ်လှသည်ဟု စိတ်ထဲတွင် သက်ပြင်းချမိလေသည်။ ယခင်ဘဝက တုံမင်မင်၏အခြေအနေကို ကျန်းရို မသိပေ။ သူမ၏ဖခင် လှည့်စားမှုကြောင့် အိမ်ထောင်ပြုသွားခြင်းလည်း ဖြစ်နိုင်သလို၊ နှစ်အနည်းငယ်ကြာပြီးနောက် ဖခင်၏မျက်နှာအစစ်အမှန်ကို သိရှိသွားကာ တန်ပြန်တိုက်ခိုက်ခြင်းမျိုးလည်း ဖြစ်နိုင်လေသည်။ သို့သော် ယခုကဲ့သို့ ရဲအရာရှိ ချစ်သူတစ်ဦး ထားရှိကာ တစ်ဖက်တွင် အချိန်ကိုက်စောင့်ဆိုင်းရင်း ချစ်သူနှင့် ချိုမြိန်စွာ နေထိုင်နေမည်ကား သေချာပေါက် မဟုတ်ပေ။ ထို့ကြောင့် သဘာဝကျစွာပင် သင်တန်းဆရာမလင်းနှင့်လည်း ဆုံတွေ့မည် မဟုတ်ပေ။

ဤဘဝတွင် သင်တန်းဆရာမလင်းသည်လည်း မတူညီသော ဇာတ်သိမ်းတစ်ခု ရှိလာမည်လား။

သို့သော် တုံမင်မင်၏ စိုးရိမ်ပူပန်မှုမှာ မကြာမီမှာပင် ချဉ်စူးစူး ဖြစ်သွားလေတော့သည်။ အဘယ်ကြောင့်ဆိုသော် လင်းရှူကျွင်းမှာ ပို၍ပို၍ လှပလာကြောင်း သူမ တွေ့ရှိလိုက်ရသောကြောင့်ဖြစ်သည်။ အဝတ်အစားများ ပိုများလာရုံသာမက လည်ပင်းနှင့် လက်ကောက်ဝတ်များတွင်လည်း လက်ဝတ်ရတနာများ ပိုလာလေသည်။ မေးကြည့်လျှင် ဖုဖေး ဝယ်ပေးထားခြင်းဖြစ်ကြောင်း သိရလေသည်။

ဖုဖေးကလည်း လင်းရှူကျွင်းအတွက် စားစရာများ မကြာခဏ လာပို့ပေးတတ်ပြီး တစ်ခါတစ်ရံ ရုံးခန်းတစ်ခုလုံးအတွက်ပါ ပါလေ့ရှိသည်။

တုံမင်မင်၏ ချစ်သူကလည်း လက်ဆောင်များ ပေးတတ်သော်လည်း အားလုံးက အလွန်အရုပ်ဆိုးပြီး ဖုဖေး ပေးသောပစ္စည်းများနှင့် လုံးဝ မတူညီပေ။ ဖုဖေးပေးသော ပစ္စည်းများမှာ အမြင်မရိုင်းသော်လည်း အရည်အသွေးကောင်းမွန်ပြီး ပစ္စည်းသိသူများ ကြည့်လိုက်သည်နှင့် ဈေးမပေါကြောင်း သိနိုင်လေသည်။

ဤအချက်ကို ကျန်းရိုလည်း သူမကို မကူညီနိုင်ပေ။ ဖုဖေးက မည်သို့ပင်ဖြစ်စေ ယခင်က ချန်ရုန်၏ နောက်တွင် လိုက်ခဲ့သူဖြစ်ရာ အမျိုးသမီးများကို လက်ဆောင်ပေးသည့် ကိစ္စတွင် အတွေ့အကြုံ အတော်များများ ရှိပေလိမ့်မည်။

သို့သော် သူမ အတော်လေး အံ့ဩမိသည်။ လီရှောင်း ပြောစဉ်က ဖုဖေးမှာ ပိုက်ဆံကို အတော်လေး အရေးထားသူဟု ကြားခဲ့ရသော်လည်း၊ ရည်းစားထားပြီးနောက်တွင် ဤမျှ သဘောထားကြီးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

.....

ကျန်းရို၏ မွေးနေ့မှာ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ဖြစ်သည်။ မွေးနေ့တွင် လီရှောင်းက တကူးတက စောစောပြန်လာခဲ့သည်။ မွေးနေ့ရက်စွဲများကို တစ်ခါမှ မမှတ်မိတတ်သော သူသည် လတ်တလောတွင် ကျန်းရို၏ မွေးနေ့ကို မေ့သွားမည်စိုးသဖြင့် နေ့စဉ် အပြင်မထွက်မီ ပြက္ခဒိန်ကို တစ်ချက် ကြည့်လေ့ရှိလေသည်။

အန်းအန်းကို အရင်သွားကြိုပြီးနောက် အတူတကွ ကားမောင်း၍ ကျောင်းသို့သွားကာ ကျန်းရိုကို စောင့်နေလေသည်။

ကျန်းရို ကျောင်းမှ ထွက်လာသောအခါ သားအဖနှစ်ယောက် လမ်းဘေးတွင် ဆောင့်ကြောင့်ထိုင်၍ စကားပြောနေကြသည်ကို မြင်လိုက်ရသည်။ ဘာတွေပြောနေကြသည်မသိ၊ ကျန်းရို ထွက်လာသည်ကို မြင်သောအခါ အန်းအန်းက ချက်ချင်းပင် မတ်တတ်ရပ်ကာ ပြေးလာလေသည်။

"မာမား"

ကျန်းရိုက ခါးကိုကိုင်းကာ သူမကို ချီလိုက်ပြီး ယနေ့ ကျောင်းမှာ ကစားရတာ ပျော်ရဲ့လားဟု မေးလိုက်လေသည်။

အန်းအန်းက ပြုံးစိစိဖြင့် ပြောလိုက်လေသည်။

"ပျော်တယ်"

ထို့နောက် ကျန်းရို၏ မျက်နှာကို ဖက်ကာ 'ဘွတ်' ခနဲ တစ်ချက် နမ်းလိုက်လေသည်။

"မာမား မွေးနေ့မှာ ပျော်ရွှင်ပါစေ"

ကျန်းရို၏ ရင်ထဲတွင် နူးညံ့သွားပြီး သူမ၏ နဖူးလေးကိုလည်း ပြန်နမ်းလိုက်လေသည်။

လီရှောင်းက ရုတ်တရက် လျှောက်လာပြီး သူမ၏ ရင်ခွင်ထဲမှ အန်းအန်းကို လွှဲယူလိုက်လေသည်။

"ကဲ၊ ကားပေါ်တက်"

အန်းအန်းကို ကားနောက်ခန်းထဲသို့ တိုက်ရိုက် ထိုးသွင်းလိုက်ရာ အန်းအန်းကလည်း ရှားရှားပါးပါး သူမကို ကပ်မနေတော့ပေ။

ကျန်းရို အံ့အားသင့်သွားလေသည်။

လီရှောင်းက ယာဉ်မောင်းဘက်မှ ကားတံခါးကို ဖွင့်ထားပြီးဖြစ်သည်ကို မြင်သောအခါ၊ မတတ်သာဘဲ ယာဉ်မောင်းဘေးခုံ တံခါးရှေ့သို့ လျှောက်သွားကာ တံခါးကို ဆွဲဖွင့်လိုက်ရာ၊ ယာဉ်မောင်းဘေးခုံပေါ်တွင် ပန်းစည်းကြီးတစ်စည်း ရှိနေသည်ကို တွေ့လိုက်ရလေသည်။

ကျန်းရိုက အမျိုးသားဖြစ်သူကို အနည်းငယ် မယုံကြည်နိုင်စွာဖြင့် တစ်ချက် ကြည့်လိုက်လေသည်။

"ရှင် ပေးတာလား"

သူက ပန်းပေးရမယ်ဆိုတာကိုတောင် သိနေသေးတာလား။

လီရှောင်းက နှာခေါင်းကို ပွတ်သပ်လိုက်ပြီး အနည်းငယ် နေရခက်နေပုံရကာ လည်ချောင်းဟန့်လျက် ပြောလိုက်လေသည်။

"ဖုဖေး ပြောတာတော့ မိန်းမတွေက ဒါကို သဘောကျတယ်တဲ့။ ကိုယ်ပြောရရင်တော့ ရွှေလက်စွပ် တစ်ကွင်းဝယ်ပြီး စွပ်ထားတာကမှ ပိုကောင်းဦးမယ်၊ ဒါကြီးက ရက်အနည်းငယ်နေရင် ညှိုးသွားမှာကို၊ ဒီလောက် ဈေးကြီးပေးရောင်းရတာ မရှက်ဘူးလား မသိဘူး"

ကျန်းရို "......" ရိုမန်းတစ်ဆန်တာတော့ ရှိတယ်၊ ဒါပေမဲ့ သိပ်မများဘူး။

သူမ ပြောသားပဲ၊ လီရှောင်းရဲ့ခေါင်းနဲ့ ဘယ်လိုလုပ်ပြီး ဒါကိုဝယ်ဖို့ စဉ်းစားမိမှာလဲ။ သူရဲ့ မျက်လုံးထဲမှာတော့ စားစရာနဲ့ ရွှေလောက် ဘာမှ မကောင်းဘူးလေ။ စားစရာက ကိုယ့်ဗိုက်ထဲ ရောက်သွားမှာဖြစ်ပြီး၊ ရွှေကတော့ တန်ဖိုးရှိလို့လေ။

သို့သော် ကျန်းရိုက အလွန်သဘောကျနေဆဲဖြစ်ပြီး ပြုံးရွှင်စွာဖြင့် ပန်းစည်းကို ပွေ့ချီကာ ယာဉ်မောင်းဘေးခုံတွင် ဝင်ထိုင်လိုက်လေသည်။

ခေါင်းငုံ့ကာ အကြိမ်များစွာပင် နမ်းရှိုက်လိုက်သေးသည်။

လီရှောင်းက သူမ ဝမ်းသာနေသည်ကို ကြည့်ကာ မနေနိုင်ဘဲ ပြုံးလျက် မေးလိုက်လေသည်။

"တကယ် သဘောကျတာလား"

ကျန်းရိုက သူ့ကို ပြုံးကြည့်လိုက်လေသည်။

"ဒါပေါ့၊ ဒါက ကျွန်မ သူများဆီကနေ ပထမဆုံးအကြိမ် ပန်းလက်ဆောင် ရဖူးတာလေ။ အင်း၊ အရမ်းလှတယ်"

ပြောပြီးနောက် ထပ်ဖြည့်ပြောလိုက်လေသည်။

"နောက်ရက်အနည်းငယ်နေလို့ ညှိုးတော့မယ့်အချိန်ကျရင် ကျွန်မက အခြောက်ခံပြီး သိမ်းထားမှာ"

လီရှောင်းက တိုးညှင်းစွာ ရယ်မောလိုက်လေသည်။

"အဲ့ဒီလောက် လုပ်စရာ မလိုပါဘူး၊ မင်း သဘောကျရင် နောက်ကြရင် ကိုယ် ခဏခဏ ဝယ်ပေးမယ်လေ"

ထိုသို့ ပြောနေသော်လည်း သူ၏ နှုတ်ခမ်းထောင့်မှ အပြုံးများကတော့ ပျောက်ကွယ်မသွားခဲ့ပေ။

အနောက်တွင် ထိုင်နေသော အန်းအန်းက မာမား၏ လက်ထဲရှိ ပန်းများကို မျှော်လင့်တောင့်တစွာ ကြည့်နေပြီးနောက် ပြောလိုက်လေသည်။

"မာမား၊ သမီးလည်း လိုချင်တယ်"

ကျန်းရိုက ပန်းစည်းထဲမှ တစ်ပွင့် ဆွဲထုတ်ကာ သူမကို ပေးရန် ပြင်လိုက်စဉ် လီရှောင်းက ရှေ့မှ လမ်းကို ကြည့်နေရင်း ခေါင်းပင်မလှည့်ဘဲ ပြောလိုက်လေသည်။

"ဒီနေ့ မာမား မွေးနေ့လေ၊ မာမားက အကြီးဆုံးပဲ။ မနက်ဖြန်ကျရင် သမီးအတွက် ပါပါး ဝယ်ပေးမယ်"

ထို့နောက် ကျန်းရိုအား ထပ်ပြောလေသည်။

"သူ့ကို မပေးနဲ့၊ ခဏနေရင် ဆွဲဖြဲပစ်လိမ့်မယ်"

အန်းအန်းက လိမ်မာစွာဖြင့် ပြောလိုက်လေသည်။

"အဲ့ဒါဆိုလည်း ပြီးရော"

ကျန်းရိုက ထိုအခြေအနေကို မြင်သောအခါ ပြုံးလျက် လက်ကို ပြန်ရုပ်လိုက်ပြီး၊ နောက်လှည့်ကာ အန်းအန်းကို ပြုံးလျက် ပြောလိုက်လေသည်။

"မာမား ပြန်ရောက်ရင် ပန်းတွေကို သေချာ ထိုးထားမယ်နော်၊ အတူတူ ကြည့်ကြတာပေါ့"

အန်းအန်း ချက်ချင်း ပြုံးသွားလေသည်။

"ဟုတ်"

လီရှောင်းက နောက်ကြည့်မှန်မှတစ်ဆင့် သမီးဖြစ်သူ၏ အပြုံးမျက်နှာလေးကို မြင်ရပြီး၊ ဘေးရှိ ကျန်းရို၏ နူးညံ့သော မျက်နှာလေးကို ထပ်ကြည့်လိုက်ရာ မျက်လုံးထဲတွင် အပြုံးများ ပြည့်နှက်နေလေသည်။

ညဘက်တွင် မိသားစုသုံးယောက် စားသောက်ဆိုင်သို့ သွား၍ စားကောင်းသောက်ဖွယ် ညစာတစ်နပ် စားခဲ့ကြသည်။ စားပြီးနောက် လီရှောင်းက ကျန်းရိုကို သေတ္တာလေးတစ်လုံး ပေးလိုက်ရာ၊ ကျန်းရိုက ဖွင့်ကြည့်လိုက်သောအခါ နားကပ် သုံးရံဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

ဒါပေမဲ့ ဒီဒီဇိုင်းတွေက ဘယ်လိုဖြစ်လို့ ကြည့်ရတာ......

လီရှောင်းက ရှင်းပြလေသည်။

"ဘယ်လိုပုံစံက လှလဲ ကိုယ်လည်း မသိဘူးလေ။ မင်းရဲ့ လက်ဝတ်ရတနာသေတ္တာထဲကနေ သုံးခုယူပြီး ပုံစံတူ လုပ်ခိုင်းလိုက်တာ။ နောက်ကြရင် ဒါပဲ တပ်တော့၊ ဈေးပေါတာတွေ မတပ်နဲ့တော့၊ နားအတွက် မကောင်းဘူး"

အရင်က ကျန်းရို နားကပ်တပ်လျှင် နားရွက်များ နီလာတတ်ရာ၊ သူမက နားပေါက်ဖောက်ထားသည်မှာ မကြာသေး၍ဟု ပြောခဲ့သည်။ နောက်ပိုင်းတွင် လီရှောင်းက သူမ ထပ်တပ်ပါက နားရွက်များ နီလာဆဲဖြစ်ကြောင်း တွေ့ရှိခဲ့ရလေသည်။

ကျန်းရို "......"

သူမက ပြောသားပဲ၊ လတ်တလော နားကပ်တွေ ဘာလို့ တစ်ဖက်စီ ပျောက်နေရတာလဲလို့။ အန်းအန်း ဆော့ရင်း ပျောက်သွားတာလို့ ထင်နေခဲ့တာ။

ထိုစကားကို ကြားရသောအခါ မီးရောင်အောက်ရှိ ချောမောသော အမျိုးသား၏ မျက်နှာကို ခေါင်းမော့ကြည့်လိုက်ပြီး ရင်ထဲတွင် ချဉ်စူးနူးညံ့သွားလေသည်။ ထိုမျှ သေးငယ်သော ကိစ္စလေးကို သူက အမြဲတမ်း မှတ်ထားလိမ့်မည်ဟု မထင်ထားခဲ့ပေ။

***

All Chapters