← Chapters

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄-၆၆)

Vol. 5 Ch. 64-66

အခန်း (၆၄)

နှစ်သစ်ကူးမတိုင်မီ တစ်ရက်အလိုတွင် အန်းအန်းက ကျန်းရိုထံသို့ ဖုန်းဆက်လာလေသည်။ ဖုန်းထဲတွင် ကလေးမလေး၏ အသံမှာ အလွန် အားငယ်နေပြီး မေးလိုက်လေသည်။

"မာမား၊ ဘယ်တော့ ပြန်လာမှာလဲဟင်။ သမီး မာမားကို အရမ်းလွမ်းတာပဲ"

ကျန်းရို ကြားသောအခါ နှာခေါင်းထဲတွင် ချဉ်စူးသွားလေသည်။ သူမက ထမင်းစားရုံမှ ပြန်လာကာ ဆေးရုံစင်္ကြံတွင် ပင်ပန်းနွမ်းနယ်စွာ ထိုင်နေရခြင်းဖြစ်သည်။ ဆောင်းရာသီဖြစ်သော်လည်း အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားရသဖြင့် တစ်ကိုယ်လုံး အိုက်စပ်စေးကပ်နေကာ အလွန် နေရခက်လေသည်။

သူမလည်း ဘယ်တော့ ပြန်ရမည်ကို မသိသဖြင့် တိကျသော အဖြေမပေးနိုင်ဘဲ ပြန်မေးလိုက်လေသည်။

"အိမ်မှာ အခြေအနေ ဘယ်လိုရှိလဲ။ သမီး လိမ်လိမ်မာမာ စကားနားထောင်ရဲ့လား"

"နားထောင်ပါတယ်"

အန်းအန်းက အလွန်အလေးအနက်ထား၍ ပြန်ဖြေလေသည်။

"အိမ်မှာ အရမ်းကောင်းတယ်။ ဦးဦးတာ့ယိုက သမီးနဲ့ ဒေါ်လေးကို နေ့တိုင်း စားကောင်းတာတွေ လုပ်ကျွေးတယ်။ သူက စားကောင်းတာတွေ အများကြီး လုပ်တတ်တယ်။ ပါပါးကတော့ အရမ်းအလုပ်များပြီး အခန်းထဲမှာပဲနေပြီး ဖုန်းပဲပြောနေတာ"

နောက်ဆုံးတွင် သက်ပြင်းချကာ စကားတစ်ခွန်း ထပ်ပြောလိုက်သေးသည်။

"မာမားသာ ဦးဦးတာ့ယိုကို ယူခဲ့ရင် သိပ်ကောင်းမှာပဲ"

"......"

ထိုစကား ဆုံးသွားသည်နှင့် ဖုန်းထဲတွင် လီရှောင်း၏ အေးစက်သော သတိပေးသံ ချက်ချင်း ထွက်ပေါ်လာလေသည်။

"လီချင်းရှူ!"

နားထောင်ရသည်မှာ ဒေါသထွက်သွားပုံရလေသည်။

ဘေးတွင် ကျင်းတာ့ယို၏ ရယ်မောသံကိုလည်း ကြားလိုက်ရလေသည်။

ကလေးမလေးက အနည်းငယ်မျှ မကြောက်ဘဲ နှာခေါင်းရှုံ့လိုက်သေးသည်။

"ပါပါးကပဲ မာမားကို စိတ်ဆိုးအောင်လုပ်ပြီး ထွက်သွားအောင် လုပ်လိုက်တာလေ"

ကျန်းရို ဤစကားကို ကြားသည်နှင့် အန်းအန်း အထင်လွဲနေမှန်း သိလိုက်သဖြင့် အလျင်အမြန် ချော့မော့လိုက်လေသည်။

"မာမားက ပါပါး စိတ်ဆိုးအောင်လုပ်လို့ ထွက်သွားတာ မဟုတ်ပါဘူး၊ မာမားက အလုပ်ထွက်လုပ်တာပါ။ အန်းအန်း ပါပါးကို အထင်မလွဲပါနဲ့နော်၊ ပါပါး ဝမ်းနည်းသွားလိမ့်မယ်"

အန်းအန်း နားမလည်ပေ။

"အလုပ်လုပ်တာ ဘာလို့ အိမ်မပြန်တာလဲ။ ပါပါးက အရင်က ဘာလို့ နေ့တိုင်း ပြန်လာတာလဲ"

ကျန်းရိုက တတ်နိုင်သမျှ ရှင်းပြလိုက်လေသည်။

"ဘာလို့လဲဆိုတော့ မာမားက ဆရာဝန်လေ၊ အခု အပြင်မှာ လူတွေအများကြီး နေမကောင်းဖြစ်နေတော့ မာမားက ဆေးရုံမှာ သွားကူညီရတာပေါ့။ လုံခြုံရေးအတွက် မာမား လောလောဆယ် ပြန်လာလို့ မရသေးဘူးလေ။ ဒါကြောင့် အန်းအန်း အိမ်မှာ လိမ်လိမ်မာမာနေပြီး လျှောက်မပြေးနဲ့နော်၊ အပြင်မှာ အခု အရမ်းအန္တရာယ်များတယ်၊ သိလား"

"ကောင်းပါပြီ"

ကလေးမလေးမှာ အနည်းငယ် မပျော်မရွှင် ဖြစ်နေသေးသော်လည်း အလွန်သိတတ်စွာဖြင့် ပြောလိုက်လေသည်။

"အဲ့ဒါဆို မာမားလည်း သတိထားနော်"

"ကောင်းပါပြီ၊ မာမား သတိထားပါ့မယ်၊ ကျေးဇူးပါ အန်းအန်းလေး"

စဉ်းစားကြည့်ပြီးနောက် ပြောလိုက်လေသည်။

"ဖုန်းကို ပါပါးဆီ ပေးလိုက်ပါဦး၊ မာမား ပါပါးနဲ့ စကားနည်းနည်း ပြောချင်လို့"

ဖုန်းတစ်ဖက်တွင် အန်းအန်းက မဝေးလှသောနေရာ၌ တီဗွီကြည့်နေသော ပါပါးကို ကြည့်ကာ ခန္ဓာကိုယ်လေးကို လှည့်၍ ဖုန်းကို ဖွက်ထားချင်သည့်ပုံစံဖြင့် ဖုန်းထဲရှိ ကျန်းရိုကို ပြောလိုက်လေသည်။

"ပါပါးက စကားမပြောချင်ဘူးတဲ့၊ မာမား၊ သမီးပဲ ဆက်ပြောမယ်"

လီရှောင်း ထိုစကားကို ကြားသည်နှင့် ကျန်းရို သူမကို ဘာပြောလိုက်မှန်း ခန့်မှန်းမိသွားပြီး၊ သည်းခံလိုက်ကာ လက်လှမ်း၍ သမီးအရင်း၏ နားနားရှိ မိုဘိုင်းဖုန်းကို လုယူလိုက်လေတော့သည်။

လုယူပြီးနောက် သူ့နားအနားသို့ ကပ်လိုက်သော်လည်း လေသံကတော့ သိပ်မကောင်းလှပေ။

"ဘာပြောစရာ ရှိလို့လဲ"

အန်းအန်းက ဒေါသတကြီးဖြင့် ပါးစပ်ကို ဖောင်းထားလိုက်လေသည်။

"သမီးဟာကို"

လီရှောင်းက သူမကို ဂရုမစိုက်ဘဲ တစ်ဖက်မှ ကျန်းရို၏အသံကိုသာ နားထောင်နေလေသည်။

ကျန်းရိုက ကြားလိုက်ရသဖြင့် မနေနိုင်ဘဲ သဘောကျစွာ ပြုံးလိုက်ပြီးနောက် နူးညံ့သောအသံဖြင့် ပြောလိုက်လေသည်။

"ရှင်ပို့ပေးလိုက်တဲ့ မုန့်တွေအတွက် ကျေးဇူးတင်ပါတယ်။ အရမ်းစားလို့ကောင်းတယ်၊ အားလုံးက အရမ်းသဘောကျကြတယ်"

လီရှောင်းက ထိုစကားကို ကြားသောအခါ အသံက အနည်းငယ် ပိုအေးစက်သွားလေသည်။

"ငါ့ကို အဲ့ဒီလောက်တောင် အားနာနေရမှာလား"

"......"

ကျန်းရို တိတ်ဆိတ်သွားလေသည်။ ပြီးခဲ့သည့်အကြိမ် အဆင်မပြေဘဲ လမ်းခွဲခဲ့ပြီးကတည်းက သူတို့နှစ်ဦး ဖုန်းပြောတိုင်း သိပ်ပြီး သာယာမှု မရှိခဲ့ပေ။ သူမ ဘာပြောပြော သူက ပြန်လည် တိုက်ခိုက်ပြောဆိုလေ့ရှိပြီး၊ သူ ဒေါသအတော်လေးကြီးမှန်း သူမ ပထမဆုံးအကြိမ် တွေ့ရှိလိုက်ရခြင်း ဖြစ်လေသည်။

အနည်းငယ် ခံစားရခက်သည့်အပြင် အနည်းငယ် ဆန်းသစ်မှုလည်း ရှိနေလေသည်။ အရင်က သူမ၏ စိတ်ခံစားချက်များကို ဂရုစိုက်ရန်အတွက် သူ အမြဲတမ်း သူ့ကိုယ်သူ ဖိနှိပ်ထားခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

ထိုသို့ တွေးမိသောအခါ ကျန်းရိုက အနည်းငယ် အချိုသတ်သည့်ဟန်ဖြင့် ချော့မော့လိုက်လေသည်။

"ကျွန်မ ရှင့်ကို လွမ်းနေတာ"

ယခုတစ်ကြိမ်တွင် မျက်နှာချင်းဆိုင်မှ လီရှောင်း စကားမပြောတော့ပေ။ ထို့နောက် ဖုန်းထဲမှ အမျိုးသား မတ်တတ်ရပ်လိုက်သည့် လှုပ်ရှားသံများကို ကျန်းရို ကြားလိုက်ရပြီး၊ သားရေဆိုဖာပေါ်မှ ထကာ ဘေးသို့ လျှောက်သွားပုံရလေသည်။

ထင်သည့်အတိုင်းပင် မကြာမီမှာပင် အန်းအန်း၏ စပ်စုစွာ မေးမြန်းသံကို ကြားလိုက်ရလေသည်။

"ပါပါး ဘယ်သွားမလို့လဲ"

အမျိုးသားက ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်လေသည်။

"ကိုယ့်ဘာသာ တီဗီကြည့်"

ထို့နောက် တံခါးဖွင့်သံ၊ ပိတ်သံများ ထွက်ပေါ်လာပြီး၊ သူ ဖုန်းမချဘဲ အပြင်သို့ ရောက်မှသာ အေးစက်သောအသံဖြင့် မေးခွန်းထုတ်လေတော့သည်။

"ငါ့ထက် ပိုချစ်တဲ့သူတစ်ယောက် တွေ့ပါစေလို့ ဆုတောင်းပေးခဲ့တာ မဟုတ်ဘူးလား"

ကျန်းရို နှုတ်ခမ်းကို ကိုက်လိုက်ပြီး စိတ်မလုံမလဲဖြင့် ပြန်ပြောလိုက်လေသည်။

"ကျွန်မလည်း ကြောက်လို့ပါ၊ ပြီးတော့ ကျွန်မက တကယ်လို့လို့ ပြောတာလေ......"

"တကယ်လို့ ဆိုတာ မရှိဘူး!"

လီရှောင်းက ချက်ချင်း ဖြတ်ပြောလိုက်ပြီး အသံတွင် အနည်းငယ် တင်းကျပ်မှုများ ပါဝင်နေလေသည်။

"မင်း ဆေးရုံမှာ ဘာတွေလုပ်နေလဲဆိုတာ ငါ ဂရုမစိုက်ဘူး၊ မင်း ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်။ မင်းက တစ်ယောက်တည်း မဟုတ်ဘူး၊ မင်းနောက်မှာ မိသားစုတွေ ရှိသေးတယ်၊ ငါနဲ့ အန်းအန်း ရှိသေးတယ်"

ဤနေရာသို့ ရောက်သောအခါ အမျိုးသား၏ အသံမှာ အနည်းငယ် အက်ရှလာလေသည်။ ဤလောကကြီးတွင် သူ့နှင့် အန်းအန်းတို့အတွက် သူမမှလွဲ၍ အခြားဆွေမျိုး မရှိတော့ပေ။ ကျိုးကျန့်နှင့် ကျင်းတာ့ယိုတို့ ဘယ်လောက်ပဲ ကောင်းကောင်း၊ သူမကို အစားထိုး၍ မရနိုင်ပေ။

"မင်း ကျန်းကျန်းမာမာနဲ့ ပြန်လာခဲ့"

ကျန်းရိုက မျက်လုံးများ နီရဲလျက် ခေါင်းညိတ်လိုက်ပြီး ညင်သာစွာ 'အင်း' ဟု အသံပြုလိုက်ကာ တစ်ခုခု ဆက်ပြောရန် ပြင်လိုက်စဉ်၊ ရုတ်တရက် တစ်ယောက်ယောက်က သူမကို ခေါ်လိုက်သံကို ကြားလိုက်ရလေသည်။

"ကျန်းရို၊ သွားမယ်"

ဖုန်းထဲတွင် လီရှောင်းက စကားပြောနေဆဲပင်။

"အိမ်က ကိစ္စတွေကို မင်း စိတ်မပူနဲ့၊ ငါ အန်းအန်းကို သေချာ စောင့်ရှောက်ထားပါ့မယ်၊ မင်း......"

သူလည်း သူမကို တစ်ယောက်ယောက် ခေါ်လိုက်သည်ကို ကြားလိုက်ရသဖြင့် အသံ ရုတ်တရက် ရပ်တန့်သွားလေသည်။

"ထားလိုက်တော့၊ မင်း ကိုယ့်ကိုယ်ကိုယ် သေချာ ဂရုစိုက်"

ယခု သူ ဤစကားတစ်ခွန်းကိုသာ ပြောတတ်တော့လေသည်။

"ကောင်းပြီ"

ကျန်းရို ဖုန်းချလိုက်လေသည်။

…..

ယခုနှစ် နှစ်သစ်ကူးတွင် ကျန်းရို ဗီလာသို့ သွားရောက် ပေါင်းဆုံခြင်း မရှိဘဲ၊ အိမ်ရာရှိ အိမ်ဟောင်းသို့ တစ်ယောက်တည်း ပြန်လာခဲ့လေသည်။ သူမ ကိုယ်ပေါ်တွင် ဗိုင်းရပ်စ်များ သယ်ဆောင်လာမည်ကို စိုးရိမ်သဖြင့် ဓာတ်လှေကားကို မစီးရဲဘဲ ဆေးရုံမှ ထွက်လာပြီးနောက် ကိုယ်ပေါ်တွင် ပိုးသတ်ဆေးရည်များ အများအပြား ဖြန်းခဲ့သော်လည်း၊ လေ့ကျင့်ခန်းလုပ်သည့်အနေဖြင့် ဆယ့်သုံးထပ်သို့ လမ်းလျှောက်တက်ခဲ့လေသည်။

နေ့တိုင်း မနက်ည တစ်ခေါက်စီ လမ်းလျှောက်ရသည်မှာ အစပိုင်းတွင် ခြေနှစ်ဖက်လုံး မမနိုင်အောင် ပင်ပန်းခဲ့သော်လည်း၊ ယခုအခါ အတော်လေး ကျင့်သားရနေပြီဖြစ်သည်။

ဆယ့်သုံးထပ်သို့ ရောက်သောအခါ ကျန်းရိုက အိမ်တံခါးဝတွင် ပါဆယ်ထုပ်ထားသော ထမင်းဘူးကို တွေ့လိုက်ရသဖြင့် ပြုံးလိုက်လေသည်။ ဤသည်မှာ လီရှောင်း သူမအတွက် ပြင်ဆင်ပေးထားခြင်းဖြစ်ကြောင်း သိလိုက်လေသည်။ ဤရက်ပိုင်းအတွင်း သူမ ဤအိမ်တွင် ပြန်နေမှန်း သိသဖြင့် သူက နေ့တိုင်း ထမင်းဟင်းများ လာပို့ပေးလေ့ရှိလေသည်။

ကျန်းရိုက အိမ်ထဲသို့ ယူသွားပြီး အိတ်ကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် လီရှောင်း ရေးထားသော စာရွက်လေးတစ်ရွက်ကို တွေ့လိုက်ရသည်။ ထမင်းဟင်းများ အေးသွားပါက အိုးထဲထည့်၍ ကိုယ်တိုင် နွှေးစားရန်နှင့် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ရေးသားထားလေသည်။

သူ၊ အန်းအန်း၊ လီရှင်း၊ ကျင်းတာ့ယိုနှင့် ကျင်းတာ့ယို၏ မိခင်တို့ ပါဝင်သော ဓာတ်ပုံတစ်ပုံကိုလည်း ထည့်ပေးထားရာ လတ်တလောကမှ ရိုက်ထားခြင်း ဖြစ်ပုံရလေသည်။

အပေါ်တွင် အန်းအန်း တစ်ယောက်တည်းသာ အပျော်ရွှင်ဆုံး ပြုံးနေပြီး ကျန်သူများမှာ မပြုံးကြပေ။

ကျန်းရိုက အန်းအန်းနှင့် လီရှောင်းတို့ကို လက်ဖြင့် စမ်းသပ်ကြည့်လိုက်ရာ မျက်လုံးများ အနည်းငယ် စိုစွတ်လာလေသည်။

ထမင်းဟင်းများ သိပ်မပူတော့သော်လည်း ကျန်းရိုက ပျင်းသဖြင့် ဤအတိုင်းပင် စားလိုက်လေတော့သည်။

စားရင်းနှင့် တီဗွီကို ဖွင့်ကြည့်ရာ နွေဦးပွဲတော် စတင်နေပြီဖြစ်သည်။ ကျန်းရိုက လီရှောင်းထံသို့ ဖုန်းတစ်ချက် ဆက်လိုက်ရာ၊ ယခုအခါ လီရှောင်း၏ သဘောထားများ အများကြီး ပိုကောင်းလာပြီး သူမကို မကြောက်ရန်နှင့် သူနှင့် အန်းအန်းက အမြဲတမ်း ရှိနေမည်ဖြစ်ကြောင်း ပြောလေသည်။

သူ၏ အားပေးမှုကြောင့်လားမသိ၊ ကျန်းရို တကယ်ပင် သိပ်ပြီး အထီးကျန်မနေတော့သလို ခံစားလိုက်ရလေသည်။

ထမင်းစားပြီးနောက် ကျန်းရိုက ရေချိုးသန့်စင်ပြီး ယနေ့ည စောစောအိပ်ရန် ပြင်ဆင်လေသည်။

သို့သော် ယနေ့ညက ပြဿနာများစွာ ရှိသောည ဖြစ်ပုံရလေသည်။ သူမ ရေချိုးပြီး ထွက်လာသောအခါ လွတ်သွားသော ဖုန်းခေါ်ဆိုမှု နှစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ တစ်ခုက တုံမင်မင်ဖြစ်ပြီး၊ နောက်တစ်ခုက နင်ရှင်း ဖြစ်လေသည်။ ကျန်းရိုက တုံမင်မင်ထံသို့ အရင်ဖုန်းပြန်ခေါ်လိုက်ရာ၊ နှစ်သစ်ကူး နှုတ်ဆက်ခြင်းဖြစ်မည်ဟု ထင်မှတ်၍ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောရန် ပြင်လိုက်စဉ်၊ တစ်ဖက်မှ တုံမင်မင်၏ အားအင်ချည့်နဲ့နေသော အသံကို ကြားလိုက်ရလေသည်။

"ကျန်းရို၊ ငါ့အဖေ ဆုံးသွားပြီ"

ကျန်းရို အံ့အားသင့်သွားလေသည်။

"မင်မင်?"

တုံမင်မင်၏အသံမှာ အနည်းငယ် ရှိုက်ငိုသံ ပေါက်နေပြီး နှာခေါင်းရှုံ့လိုက်လေသည်။

"ငါ ဝမ်းမနည်းပါဘူး၊ စိတ်ထဲမှာ ဟာလာဟင်းလင်း ဖြစ်နေတာပါ။ သူ့အပြင်က မိန်းမက သူနဲ့ အနီးကပ် ထိတွေ့ခဲ့လို့ အခု သီးသန့် ခွဲခြားထားခံရပြီ။ အဲ့ဒီမိန်းမက ငါ့ဆီ ဖုန်းဆက်ပြီး သူ့သားကို ထုတ်ပေးဖို့ ပြောသေးတယ်၊ ငါ တိုက်ရိုက်ပဲ ဖုန်းချပစ်လိုက်တယ်"

"ငါ့အမေက အစက အရမ်း ဝမ်းနည်းနေတာ၊ ငါ သူ့ကို အဲ့ဒီလူနဲ့ အပြင်က မိန်းမရဲ့ ဓာတ်ပုံကို တိုက်ရိုက် ပြလိုက်တော့ ခုနကတင် ငိုရင်း သတိလစ်သွားတယ်။ ငါ မွန်းလွဲပိုင်းက သွားကြည့်သေးတယ်၊ သူ ဘာအသိစိတ်မှ မရှိတော့ဘဲ ဒီအတိုင်းပဲ ဆုံးသွားတာ၊ နောက်ဆုံးစကားတောင် မချန်ခဲ့နိုင်ဘူး။ ငါ့ရည်းစားက အချိန်ပို ဆင်းနေရလို့ ငါ သူ့ကို မနှောင့်ယှက်ချင်ဘူး၊ ငါ့အမေကလည်း သတိလစ်နေတော့ ငါ ဘယ်သူ့ဆီ ဖုန်းဆက်ရမှန်း မသိလို့။ ကျန်းရို၊ ငါ့မှာ အဖေ မရှိတော့ဘူး"

ကျန်းရို မည်သို့ နှစ်သိမ့်ပေးရမည်မှန်း မသိတော့ဘဲ စဉ်းစားကြည့်ပြီးနောက် ပြောလိုက်လေသည်။

"အကုန်လုံး ပြီးသွားမှာပါ၊ ရှေ့ကိုပဲ ဆက်ကြည့်ပါ။ တကယ်လို့ အရမ်းဝမ်းနည်းရင်လည်း ငိုချလိုက်ပါ၊ ရှက်စရာ ဘာမှမရှိပါဘူး။ သူ မကောင်းတာက သူ့ကိစ္စပဲ၊ ဒါပေမဲ့ နင်ကတော့ နင်ပဲလေ၊ ကိုယ့်ကိုယ်ကိုယ် အရမ်းကြီး ဖိအားမပေးပါနဲ့"

တုံမင်မင် ကြားပြီးနောက် နှာခေါင်းထဲတွင် ချဉ်စူးသွားလေသည်။

"အင်း"

ဤရက်ပိုင်းအတွင်း သူမ အလွန် ဒုက္ခရောက်ခဲ့ရသည်။ တစ်ဖက်တွင် သူ ဝဋ်လည်သည်ကို ရယ်မောနေသလို၊ အခြားတစ်ဖက်တွင်လည်း မိမိနှင့် မိခင်အတွက် မတန်ဘူးဟု ခံစားနေရကာ၊ ယခု မိမိကိုယ်တိုင် ဘာကြောင့် ဤသို့ အေးစက်စိမ်းကားသူတစ်ယောက် ဖြစ်လာရတာလဲဟု နားမလည်နိုင်အောင် ဖြစ်နေလေသည်။

အချို့စကားများကို မိခင်နှင့် ချစ်သူကို မပြောပြရဲဘဲ ရင်ထဲတွင်သာ မြိုသိပ်ထားရလေသည်။

"ငါ့စကားကို နားထောင်၊ ခေါင်းမာမနေနဲ့၊ စိတ်ထဲက ဘယ်လိုတွေးလဲ အဲ့ဒီအတိုင်းပဲ လုပ်လိုက်"

"အင်း"

ဖုန်းချပြီးနောက် ကျန်းရိုက နင်ရှင်းထံသို့ ဖုန်းပြန်ခေါ်လိုက်ရာ၊ ဖုန်းဝင်သွားသည်နှင့် ကျန်းရိုက မနေနိုင်ဘဲ မေးလိုက်လေသည်။

"နင်ရှင်း၊ ဘာဖြစ်လို့လဲ"

သူတို့နှစ်ဦးစလုံး ဆေးရုံတစ်ခုတည်းတွင် ရှိနေကြသော်လည်း ပုံမှန် တွေ့ဆုံခွင့် သိပ်မရကြဘဲ အလုပ်ဆင်းပြီးနောက် ဖုန်းဆက်လေ့လည်း သိပ်မရှိကြပေ။

နင်ရှင်းက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"ခုနက အတိုင်ပင်ခံဆရာက လူလွှတ်ပြီး ငါတို့ကို အကြောင်းကြားခိုင်းတယ်၊ ငါတို့ အတန်းထဲက ကျောင်းသားနှစ်ယောက် ကူးစက်ခံလိုက်ရပြီတဲ့၊ ငါတို့ကို ပုံမှန် သတိထားဖို့ ပြောတယ်"

ကျန်းရိုက ပါးစပ်ဟလိုက်သော်လည်း မယုံကြည်နိုင်စွာဖြင့် မေးလိုက်လေသည်။

"ဘယ်သူလဲ"

နင်ရှင်းက သက်ပြင်းချလိုက်လေသည်။

"အတန်းခေါင်းဆောင်နဲ့ ထျန်ထျန်လေ"

ထို့နောက် ဆက်ပြောလေသည်။

"နင်လည်း အရမ်း စိတ်မပူပါနဲ့၊ သူတို့ကို အချိန်မီ သိလိုက်ရလို့ သီးသန့်ခွဲခြားပြီး ကုသပေးနေပါပြီ"

ပြောပြီးနောက် အလေးအနက် သတိပေးလိုက်လေသည်။

"ကျန်းရို၊ နင် သေချာပေါက် သတိထားရမယ်နော်၊ ငါတို့ တတ်နိုင်သမျှ အသက်ရှင်လျက် ပြန်သွားကြမယ်"

ကျန်းရို၏အသံမှာ အက်ရှသွားလေသည်။

"အင်း"

…..

ဖုန်းပြောပြီးနောက် ကျန်းရိုက အခန်းထဲသို့ ပြန်ဝင်ကာ အိပ်လေသည်။ သို့သော် ကုတင်ပေါ်တွင် လှဲနေသော်လည်း အိပ်မပျော်နိုင်အောင် ဖြစ်နေလေသည်။ ယခုနှစ် နှစ်သစ်ကူးတွင် သူမ တစ်ယောက်တည်း ရှိနေသဖြင့် ဝမ်းနည်းနေခြင်းလား၊ သို့မဟုတ် စောစောက သတင်းဆိုး နှစ်ခုကို ကြားလိုက်ရသဖြင့်လား မသိပေ။ ဆေးရုံတွင် နေ့စဉ် လူများ သေဆုံးနေသော်လည်း တစ်ဦးကိုတစ်ဦး မသိကြသဖြင့် သူမတွင် ကြီးမားသော ဝမ်းနည်းမှုမျိုး မရှိခဲ့ပေ။ သို့သော် ဤကဲ့သို့သော ကိစ္စမျိုးက မိမိအနီးအနားရှိ လူများအပေါ်တွင် ဖြစ်ပေါ်လာသောအခါ သူမ တကယ်ကို မတည်ငြိမ်နိုင်တော့ပေ။

ကျန်းရိုက ကုတင်ပေါ်တွင် အကြိမ်များစွာ ဟိုဘက်ဒီဘက် လှိမ့်ပြီးနောက် နောက်ဆုံးတွင် စိတ်ရှုပ်ထွေးစွာ ထလာကာ မိုဘိုင်းဖုန်းကို ယူ၍ အပေါ်ဆုံးရှိ ဖုန်းနံပါတ်ကို ခေါ်ဆိုလိုက်လေသည်။

ဤအချိန်တွင် လီရှောင်းက နွေဦးပွဲတော်ကို ကြည့်နေဆဲဖြစ်မည်ဟု သူမ ထင်မှတ်ထားခဲ့သော်လည်း၊ ဖုန်းခေါ်ပြီး အသံအနည်းငယ် မြည်ပြီးနောက် ဖုန်းခေါ်ဆိုမှုကြောင့် နိုးသွားသည့်အလား အက်ရှရှအသံတစ်သံကို ကြားလိုက်ရလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းရိုက အနည်းငယ် အားနာစွာဖြင့် ပြောလိုက်လေသည်။

"ရှင့်ကို အနှောင့်အယှက် ပေးမိသွားလား။ အဲ့ဒါဆိုရင် ဆက်အိပ်လေ"

တစ်ဖက်မှ ချက်ချင်းပင် ပြောလာလေသည်။

"မဟုတ်ပါဘူး"

ထို့နောက် လှုပ်ရှားသံများကို ကြားလိုက်ရပြီး၊ ကျန်းရိုက သူ ခွက်ကိုယူကာ ရေတစ်ငုံ သောက်လိုက်သံကို ကြားလိုက်ရလေသည်။ ရေသောက်ပြီးနောက် သူ၏ အသံမှာ အများကြီး ပိုမို ကြည်လင်လာပြီး သူမကို မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ။ အိပ်မပျော်လို့လား"

ကျန်းရိုက အင်းဟု အသံပြုလိုက်ပြီးနောက် စောစောက ကြားခဲ့ရသော သတင်းဆိုး နှစ်ခုကို သူ့အား ပြောပြလိုက်လေသည်။

"ရှင့်တို့ကို အရမ်း စိတ်ပူနေလို့ပါ၊ ဒါနဲ့၊ အခု နှစ်သစ်ကူးနေပြီဆိုတော့ ရှင့်တို့ စက်ရုံက အလုပ်သမားတွေ ဘယ်လိုလုပ်ကြလဲ"

လီရှောင်းက ထိုစကားကို ကြားသောအခါ ရယ်ချင်လုနီးပါး ဖြစ်သွားလေသည်။ ဒီလိုအချိန်မျိုး ရောက်နေပြီကိုတောင် သူမက သူ့ကို စိတ်ပူနေဖို့ အားလပ်နေသေးသည်ပေါ့။

သို့သော်လည်း ပြန်ဖြေလိုက်လေသည်။

"အိမ်ပြန်သွားကြပြီ"

"အိမ်ပြန်သွားကြပြီ?"

ကျန်းရို အံ့အားသင့်သွားလေသည်။

"ဒီလိုအချိန်မျိုးမှာ အိမ်မပြန်သင့်ဘူးလေ"

လီရှောင်းက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"တားလို့မရဘူးလေ၊ နှစ်သစ်ကူးဆိုတော့ အားလုံးက ဇာတိကို ပြန်ချင်ကြတာပဲ"

ကျန်းရို မျက်မှောင်ကြုတ်လိုက်လေသည်။

သူမ ဘယ်လိုပြောရမည်မှန်း မသိတော့ပေ။ G ပြည်နယ်သို့ လာရောက် အလုပ်လုပ်ကိုင် စီးပွားရေးလုပ်သူများ အလွန်များပြားလှရာ၊ လွန်ခဲ့သောရက်အနည်းငယ်က ကူးစက်မှု အသေးစားလေး ဖြစ်ပွားခဲ့ခြင်းမှာ လူအသွားအလာ များပြားလွန်းခြင်းကြောင့် ဖြစ်လေသည်။

နှစ်သစ်ကူးတွင် လူအုပ်ကြီး အသွားအပြန်လှုပ်ရှားမှုများကြောင့် ထပ်မံ အန္တရာယ်များလာဦးမည် ဖြစ်လေသည်။

လီရှောင်းက သူမ၏ စိတ်ကူးကို သိသဖြင့် မနေနိုင်ဘဲ ပြောလိုက်လေသည်။

"ကျန်းရို၊ မင်း ကိုယ့်ကိုယ်ကိုယ် တကယ့် ဘုရားလောင်းလို့ မထင်ပါနဲ့၊ တချို့ကိစ္စတွေက ငါတို့ ထိန်းချုပ်လို့မရတဲ့ အရာတွေပါ။ မင်းက ငါ့ကို အမြဲတမ်း ပုံမှန်အတိုင်း သဘောထားဖို့ ပြောသလို၊ မင်းကိုယ်တိုင်လည်း ပုံမှန်အတိုင်း သဘောထားရမယ်"

"မင်း ယုံလား၊ နိုင်ငံတော်က လူတွေကို လျှောက်မသွားဖို့ မူဝါဒ ချမှတ်လိုက်ရင်တောင်၊ လျှောက်သွားတဲ့လူတွေ ရှိနေမှာပဲ"

သူပြောသည်မှာ မှန်ကန်ကြောင်း ကျန်းရို သိလေသည်။ နောင်ခေတ်များမှ ကပ်ရောဂါကို ဥပမာပေးရလျှင်၊ နိုင်ငံနှင့် မြို့များကို ပိတ်ဆို့ထားသည့်တိုင်အောင် လျှောက်သွားသူများ ရှိနေဆဲဖြစ်ပြီး ဆိုးရွားသော အကျိုးသက်ရောက်မှုများကို ဖြစ်ပေါ်စေခဲ့လေသည်။

သို့သော် သူမက ဘယ်လိုလုပ်ရမည်ကို သိနေပါလျက်နှင့် တားဆီး၍ မရနိုင်ခြင်းက ဤခံစားချက်မှာ တကယ်ကို နာကျင်စရာကောင်းလှလေသည်။

လီရှောင်းက ဆက်ပြောလေသည်။

"အများကြီး မတွေးပါနဲ့၊ သေချာ အိပ်လိုက်ဦး၊ မနက်ဖြန် အားလား"

"မအားဘူး"

"အဲ့ဒါဆို အိပ်တော့၊ ဖုန်းမပိတ်နဲ့၊ မင်း အိပ်ပျော်သွားတာကို ငါ နားထောင်မယ်"

"မလုပ်ပါနဲ့၊ ပိုက်ဆံကုန်ပါတယ်"

"ဒီလောက် ပိုက်ဆံလေးကို ငါ ဂရုမစိုက်ပါဘူး၊ အိပ်တော့"

ကျန်းရိုလည်း ပြန်လှဲအိပ်လိုက်ပြီး ဖုန်းကိုကြည့်ကာ ပိတ်ရမလား၊ မပိတ်ရဘူးလားဟု တွေဝေနေစဉ်၊ အထဲမှ လီရှောင်း၏ အသံ ထွက်ပေါ်လာပြန်လေသည်။

"လှဲလိုက်ပြီလား"

ဘာကြောင့်မှန်းမသိ၊ ယခုအချိန်တွင် အဖော်လုပ်ပေးမည့်သူ မရှိသော်လည်း သူ၏ အသံကို ကြားရရုံဖြင့်ပင် အလွန် ကျေနပ်နေမိပြီး ပြန်ဖြေလိုက်လေသည်။

"လှဲလိုက်ပြီ၊ ရှင်လည်း အိပ်တော့"

"အင်း"

ကျန်းရိုလည်း ဖုန်းကို မပိတ်တော့ဘဲ ကုတင်ခေါင်းရင်းတွင် တင်ထားလိုက်ပြီး စကားတစ်ခွန်း ပြောလိုက်လေသည်။

"ကျွန်မ အိပ်ပြီနော်"

"အင်း"

"ကောင်းသောညပါ၊ ရှင့်ကို ချစ်တယ်"

တစ်ဖက်မှ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အထဲမှ တိုးညှင်းသော ရယ်သံလေး ထွက်ပေါ်လာလေသည်။

"အင်း"

"......"

အင်း ဆိုတာ ဘာအဓိပ္ပာယ်လဲ။ ကိုယ်လည်း မင်းကို ချစ်တယ်လို့ ပြန်မပြောသင့်ဘူးလား။

မကျေနပ်မှုများနှင့် ညည်းတွားမှုများဖြင့် ကျန်းရိုသည် တဖြည်းဖြည်း အိပ်မောကျသွားလေတော့သည်။

…..

ထင်သည့်အတိုင်းပင် ကျန်းရို ခန့်မှန်းထားသည့်အတိုင်း နှစ်သစ်ကူးပြီး၍ သိပ်မကြာမီ ယွမ်ရှောင်းပွဲတော် (မီးပုံးပွဲတော်) အနီးဝန်းကျင်ခန့်တွင် ဆားစ် (SARS) ရောဂါက ထပ်မံ ပေါက်ကွဲလာခဲ့သည်။ သူမ၏ မိဘများ ယခင်က ပြောပြခဲ့သကဲ့သို့ပင်၊ လူအများအပြားက အစပိုင်းတွင် ဂရုမစိုက်ခဲ့ကြသော်လည်း၊ တဖြည်းဖြည်းနှင့် ဤရောဂါ၏ အန္တရာယ်ကို သိရှိလာကြပြီး လူထုကြားတွင် အထိတ်တလန့်ဖြစ်မှုများ ဖြစ်ပေါ်လာကာ ဈေးကွက်အတွင်းရှိ ရှာလကာရည်နှင့် ပန်းလန်ကန် (ဆေးဖက်ဝင်အပင်တစ်မျိုး) များမှာ တစ်ညတွင်းချင်းမှာပင် ရောင်းကုန်သွားခဲ့လေသည်။

နောက်ဆုံးတွင် ရှာလကာရည်နှင့် ပန်းလန်ကန်များမှာ မိုးပျံမတတ် ဈေးနှုန်းများအထိ တက်သွားသော်လည်း ဝယ်၍မရနိုင်အောင် ဖြစ်သွားခဲ့လေသည်။

မြို့တွင်းရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများက ကျောင်းပိတ်ကြောင်း အကြောင်းကြားစာများကို တစ်ခုပြီးတစ်ခု ထုတ်ပြန်လာကြပြီး၊ ဖျော်ဖြေရေးနေရာအားလုံး ပိတ်သိမ်းခံရကာ တက္ကသိုလ်များကိုလည်း ပိတ်ဆို့လိုက်လေသည်။

အထက်အာဏာပိုင်များက အစည်းအဝေးပြုလုပ်ပြီးနောက် ကူးစက်ခံရသူအားလုံးကို သီးသန့်ခွဲခြား ကုသရန် ဆုံးဖြတ်ခဲ့ကြသည်။ ကျန်းရိုကိုလည်း တာဝန်သစ်များ ပြန်လည်ခွဲဝေပေးခဲ့ပြီး ယာယီစခန်းများတွင် ပိုးသတ်ခြင်း၊ ရောဂါကာကွယ်ရေး ဗဟုသုတများ ဖြန့်ဝေခြင်းနှင့် ပြည်သူများ၏ ကိုယ်အပူချိန်ကို တိုင်းတာပေးခြင်းများကို ပြုလုပ်ရန် စေလွှတ်ခံရလေသည်။

ယခုအချိန်က နောင်ခေတ်များလောက် ဆေးပညာ မတိုးတက်သေးပေ။ နောင်တွင်ဆိုလျှင် အပူချိန်တိုင်းစက်များကို ဆေးဆိုင်များနှင့် အင်တာနက်ပေါ်တွင် ဝယ်ယူနိုင်သော်လည်း၊ ယခုအချိန်တွင် ထိုမျှ မများပြားဘဲ အားလုံးအတွက် ခွဲဝေပေးရန်ပင် မလုံလောက်သဖြင့် အများစု အသုံးပြုကြသည်မှာ ပြဒါးအပူချိန်တိုင်းကိရိယာများသာ ဖြစ်လေသည်။

ကျန်းရိုကို နန်ရှန်းလမ်းရှိ စခန်းတွင် တာဝန်ချထားပြီး သူမအပြင် ဘေးတွင် ယာဉ်ထိန်းရဲ နှစ်ဦးလည်း ရှိလေသည်။

လမ်းဘေးတွင် တဲငယ်လေးတစ်ခု ထိုးထားပြီး နံနက်ပိုင်း ရောက်လာပြီးနောက် ယာဉ်ထိန်းရဲ နှစ်ဦးနှင့်အတူ ကျေးလက်တွင် ပိုးသတ်ဆေးဖြန်းသည့် ပုံစံမျိုးရှိသော စည်ပိုင်းများကို လွယ်ကာ၊ အထဲတွင် ပိုးသတ်ဆေးရည်များ ထည့်ထားပြီး သူတို့သုံးဦးက ဤဒေသတစ်ဝိုက်ကို ပိုးသတ်ကြလေသည်။

ပိုးသတ်ပြီးနောက် ကျန်းရိုက တဲငယ်လေးထဲတွင် ထိုင်ကာ လူများ ကိုယ်အပူချိန် လာတိုင်းမည်ကို စောင့်နေရသည်။ အိမ်တွင် အပူချိန်တိုင်းကိရိယာ မရှိသူများက လာရောက်တိုင်းတာကြမည်ဖြစ်ပြီး လမ်းဖြတ်သွားသူများလည်း လာရောက် တိုင်းတာရမည် ဖြစ်လေသည်။

ကျန်းရိုက လွန်ခဲ့သောအချိန်က အလုပ်သင်ဆင်းစဉ် သမားတော်ကြီးနှင့် လိုက်ပါခဲ့ရသဖြင့် သွေးခုန်နှုန်း စမ်းသပ်ရာတွင် အတော်လေး တိုးတက်လာခဲ့ပြီး၊ ယခု လူများကို ကိုယ်အပူချိန် တိုင်းတာပေးနေစဉ် တစ်ပါတည်း သွေးခုန်နှုန်းပါ စမ်းသပ်ပေးလေ့ရှိရာ ဤသည်မှာလည်း ကျွမ်းကျင်မှု လေ့ကျင့်ခြင်းတစ်မျိုးပင် ဖြစ်လေသည်။

ယခင်က အတန်းထဲတွင် ဆရာက လူများကို သွေးခုန်နှုန်း မကြာခဏ စမ်းသပ်ပေးရန် ပြောခဲ့သော်လည်း၊ အရင်က စမ်းသပ်စရာလူ သိပ်မရှိဘဲ တစ်တန်းလုံး ပေါင်းမှ လူသုံးဆယ်ကျော်သာ ရှိပြီး၊ ထို့နောက် လီရှောင်းနှင့် အန်းအန်းတို့သာ ရှိရာ၊ ယခု သူမက စာသင်ခန်းစာများကို ပြန်လည်လေ့လာရန် အချိန်မရှိသဖြင့် ဤနည်းလမ်းဖြင့်သာ သင်ယူရတော့လေသည်။

သို့သော် ကျန်းရိုကို အံ့အားသင့်စေသည်မှာ ဆားစ် (SARS) ရောဂါ တိုက်ဖျက်ရေး စခန်းသို့ ရောက်လာသော ပထမဆုံးနေ့မှာပင် လီရှောင်း ရောက်လာခြင်းဖြစ်သည်။

သူမက ယမန်နေ့ညက ဖုန်းဆက်ပြီး ဤကိစ္စကို ပြောပြခဲ့သည်မှာ သူ့ကို စိတ်အေးစေချင်ရုံသာ ဖြစ်သော်လည်း၊ နံနက် ၈ နာရီကျော်တွင် သူက တကူးတက ကားမောင်း၍ ရောက်လာပြီး အနောက်တွင် တန်းပင် စီနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ကျန်းရိုက သူ့ကို မြင်သောအခါ မျက်လုံးများ နီရဲသွားလေသည်။

"ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ။ မြန်မြန် ပြန်သွား"

လီရှောင်း မသွားဘဲ သူမ၏ မျက်နှာချင်းဆိုင်တွင် တိုက်ရိုက် ဝင်ထိုင်လိုက်ရာ ကျန်းရိုလည်း သူ့ကို မနှင်ထုတ်သာတော့ဘဲ အပူချိန်တိုင်းကိရိယာ တစ်ချောင်းကိုထုတ်၍ ပိုးသတ်ပြီးနောက် သူ့ဂျိုင်းအောက်တွင် ထားခိုင်းလိုက်လေသည်။

လီရှောင်း ထိုအတိုင်း လုပ်ဆောင်ပြီးနောက် ကျန်းရိုက လက်အိတ်ကိုချွတ်ကာ လက်ကို သူ့လက်ကောက်ဝတ်ပေါ်တွင် တင်၍ သွေးခုန်နှုန်း စတင် စမ်းသပ်လေသည်။ စမ်းသပ်နေရင်း မျက်မှောင်ကြုတ်သွားလေသည်။

"ညဉ့်နက်တာ လျှော့ပါ၊ အနားယူတာကို ဂရုစိုက်ပါ၊ လတ်တလော ဆေးလိပ်သောက်ထားတာလား"

လီရှောင်းက သူမကို ကြည့်ကာ စကားမပြောပေ။

ကျန်းရိုက သူ့ကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး လက်ကို ပြန်ရုပ်ကာ လက်အိတ် ပြန်စွပ်ရန် ပြင်လိုက်စဉ်၊ ရုတ်တရက် သူ၏ ဖမ်းဆုပ်ခြင်းကို ခံလိုက်ရပြီး အမျိုးသားဖြစ်သူက သူမကို နက်နက်နဲနဲ ကြည့်ကာ လက်ကို မလွှတ်ပေးရက်အောင် ဖြစ်နေလေသည်။

ကျန်းရိုလည်း လူကို ကြည့်ကာ ရင်ထဲတွင် နူးညံ့သွားပြီး မျက်လုံးများ ကွေးညွတ်သွားအောင် ပြုံးလိုက်ကာ၊ ဘေးရှိ အရက်ပြန် ပိုးသတ်ဆေးရည်ကို ယူ၍ သူ့လက်ကို ပိုးသတ်ပေးလိုက်လေသည်။

လက်ကို ပြန်ဆွဲယူချိန်တွင် သူ၏ လက်ဖဝါးကို တစ်ချက် ကုတ်လိုက်လေသည်။

လီရှောင်း နှုတ်ခမ်းကို စေ့လိုက်ပြီး သူ၏လက်ကို ပြန်ရုပ်ကာ တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်လေသည်။

ထိုအချိန်မှစ၍ လီရှောင်းသည် နှစ်ရက် သုံးရက်ခြား တစ်ခါ ရောက်လာတတ်ပြီး ကျန်းရိုသာ မတားဆီးပါက နေ့တိုင်း မနက်ည တစ်ခေါက်စီ လာချင်နေလေသည်။

…..

အားလုံးက ညီညွတ်စွာဖြင့် ဆားစ် (SARS) ရောဂါကို တိုက်ဖျက်နေကြချိန်တွင်၊ ဧပြီလ ၁ ရက်နေ့ ည ၉ နာရီကျော်၌ ကျန်းရိုက မှတ်တမ်းများကို ဆေးရုံသို့ ပြန်ပို့ပြီး မနက်ဖြန်အတွက် အကာအကွယ်ဝတ်စုံများကို ယူဆောင်ရန် ဆေးရုံစင်္ကြံတွင် လမ်းလျှောက်နေစဉ် တာဝန်ကျ သူနာပြုလေးအချို့၏ ငိုသံကို ကြားလိုက်ရလေသည်။

ကျန်းရိုက ဆေးရုံတွင် နေလာသည်မှာ အတန်ကြာပြီဖြစ်ပြီး ပုံမှန်အားဖြင့် အကာအကွယ်ဝတ်စုံများ ဝတ်ဆင်ထားရသဖြင့် တစ်ဦးကိုတစ်ဦး မမြင်ရသော်လည်း အားလုံးက ဆက်ဆံရေး အတော်လေး ကောင်းမွန်ကြသဖြင့် စေတနာဖြင့် မေးကြည့်လိုက်လေသည်။

မေးကြည့်လိုက်မှသာ ယနေ့ မွန်းလွဲပိုင်းက ဟောင်ကောင်မှ နာမည်ကျော် ကြယ်ပွင့် ကျန်းကော်ရုံ ကွယ်လွန်သွားကြောင်း သိလိုက်ရလေသည်။

ကျန်းရို ထိုစကားကို ကြားသောအခါ နေရာတွင်ပင် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။ သူမက ဤကြယ်ပွင့်ကို သိသည်။ နောင်ခေတ်များတွင်လည်း သူ၏ ဒဏ္ဍာရီများ ရှိနေဆဲဖြစ်ပြီး လူပေါင်းများစွာ၏ လူငယ်ဘဝများကို အံ့မခန်း ဖြစ်စေခဲ့သူဖြစ်သည်။ ယခင်ဘဝက သူမ၏ မိခင် ငယ်ရွယ်စဉ်က ဤလူကို အလွန်သဘောကျခဲ့ပြီး သူ ကွယ်လွန်သွားပြီးနောက် မည်သည့်ကြယ်ပွင့်ကိုမျှ ထပ်မံ အားမပေးတော့ကြောင်း သိရလေသည်။

သူနာပြုလေးအချို့မှာ ရှိုက်ကြီးတငင် ငိုကြွေးနေကြလေသည်။

ကျန်းရိုက သူတို့ကို စကားအနည်းငယ်ဖြင့် နှစ်သိမ့်ပေးခဲ့ပြီး ဆေးရုံတံခါးမှ ထွက်လာသောအခါ ကြယ်များ တောက်ပနေသော ကောင်းကင်ယံကို မနေနိုင်ဘဲ မော့ကြည့်လိုက်ပြီး ရင်ထဲတွင် ခံစားချက်ပေါင်းစုံ ပြည့်နှက်သွားလေသည်။

…..

ဆားစ် (SARS) ရောဂါ တိုက်ဖျက်ရေးစစ်ပွဲမှာ ဇွန်လ ရာသီဥတု ပူပြင်းလာချိန်အထိ ဆက်လက်ဖြစ်ပွားခဲ့ပြီးမှသာ တဖြည်းဖြည်း ကောင်းမွန်လာခဲ့လေသည်။

ကျန်းရိုတို့ကဲ့သို့ ကူးစက်မခံရသော ဆေးရုံ စေတနာ့ဝန်ထမ်းများကို အဆိုးဆုံးအခြေအနေကို ကာကွယ်ရန်အတွက် တစ်ပတ်ခန့် သီးသန့် ခွဲခြားထားပြီးမှသာ ထွက်ခွာခွင့် ပြုလေသည်။

သီးသန့်ခွဲခြားထားသည့် နေရာကို ဆေးရုံက တစုတစည်းတည်း စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။ မတ်လနှင့် ဧပြီလများမှာ ဆားစ် (SARS) ရောဂါ အဆိုးရွားဆုံး အချိန်ဖြစ်ပြီး၊ ထိုအချိန်က ဆေးရုံသည် ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအားလုံး၏ နေထိုင်စရာများကို တစုတစည်းတည်း စီစဉ်ပေးခဲ့လေသည်။

ထို့နောက်ပိုင်းတွင် ကျန်းရိုသည် အိမ်ရာရှိ အိမ်ဟောင်းသို့ တစ်ခါမှ ပြန်မသွားတော့ပေ။

ဆေးရုံမှ ထွက်လာပြီးနောက် ကျန်းရိုက လီရှောင်းထံသို့ အရင် ဖုန်းဆက်ကာ ဗီလာလိပ်စာကို မေးမြန်းလိုက်ပြီး၊ အိမ်ရာရှိ အိမ်ဟောင်းသို့ ကားမောင်းသွားကာ ရေချိုးပြီးမှသာ ဗီလာသို့ သွားရန် ပြင်ဆင်လေသည်။

ဤမျှ အချိန်ကြာမြင့်သွားပြီဖြစ်ရာ ကျန်းရိုမှာ ထိုစဉ်က ဗီလာလိပ်စာကို စောစောကတည်းက မေ့သွားခဲ့ပြီ ဖြစ်လေသည်။

အိမ်ရာရှိ အိမ်ဟောင်းသို့ ရောက်သောအခါ ကျန်းရိုက ပထမဆုံးအဖြစ် ရေချိုး၊ ခေါင်းလျှော်ခြင်းကို ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်တိတိ သေချာစွာ ဆေးကြောခဲ့ကာ ချွတ်ထားသော အဝတ်ဟောင်းများကို အမှိုက်ပုံးထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်လေသည်။

ရေချိုးခန်းထဲမှ ထွက်လာချိန်တွင် လူတစ်ကိုယ်လုံး လန်းဆန်းတက်ကြွနေသော်လည်း၊ သူမ မထင်မှတ်ထားသည်မှာ လီရှောင်းက တိုက်ရိုက် ရောက်လာခြင်းပင်ဖြစ်သည်။ ရေချိုးခန်း တံခါးဖွင့်သံကို ကြားသောအခါ လီရှောင်းက အိပ်ခန်းကြီးထဲမှ အိတ်ကြီးနှစ်လုံး ကိုင်ကာ ထွက်လာလေသည်။ တစ်အိတ်က အဝတ်အစားများဖြစ်ပြီး အခြားတစ်အိတ်က စာအုပ်များ ဖြစ်လေသည်။

သူက ကျန်းရိုကိုပင် မေးလိုက်သေးသည်။

"ဒီစာအုပ်တွေ ယူသွားရင် ရမလား"

ကျန်းရိုက သူ့ကို မြင်သောအခါ မျက်လုံးများ မနေနိုင်ဘဲ နီရဲသွားပြန်လေသည်။

"ရှင် ဘယ်လိုလုပ်ပြီး ရောက်လာတာလဲ"

လီရှောင်းက သူမကို တစ်ချက် ကြည့်လိုက်လေသည်။

"မင်း ပစ္စည်းတွေ များပြီး သယ်ရခက်မှာ စိုးလို့လေ"

တကယ်တော့ မဟုတ်ပါဘူး၊ သူက သူမကို စောစောတွေ့ချင်လို့ လာခဲ့ခြင်း ဖြစ်လေသည်။

ကျန်းရိုက ခေါင်းညိတ်လိုက်လေသည်။

"ကျွန်မကို ခဏလောက် စောင့်ပေးဦး၊ ငါ ဆံပင်မှုတ်ပြီးရင် သွားကြမယ်"

လီရှောင်းက အင်းဟု အသံပြုလိုက်ပြီး ရေချိုးခန်းထဲသို့ ဝင်၍ ပြန်လည် သိမ်းဆည်းလေသည်။

ကျန်းရို ဆံပင်မှုတ်နေချိန်တွင် လီရှောင်းက ဘေးတွင် ဆောင့်ကြောင့်ထိုင်ကာ ကြမ်းပြင်ပေါ်ရှိ ဆံပင်များကို သုတ်သင်ရှင်းလင်းနေလေသည်။

သုတ်ပြီးနောက် အမှိုက်အိတ်ကို အပြင်သို့ ထုတ်သွားပြီး နောက်ဆုံးတွင် လက်လာဆေးကာ၊ လက်ဆေးပြီးနောက်လည်း မထွက်သွားဘဲ ဘေးတွင် ရပ်လျက် ကျန်းရိုကို ကြည့်နေလေသည်။

ကျန်းရိုက မှန်ထဲရှိ မိမိကိုယ်ကို ကြည့်လိုက်၊ ဘေးရှိ သူ့ကို ကြည့်လိုက်ဖြင့် နှုတ်ခမ်းကိုစေ့ကာ ပြုံးလိုက်လေသည်။

ဆံပင်ကို ခြောက်အောင်မှုတ်ပြီး ပလပ်ဖြုတ်လိုက်ကာ ဆံပင်မှုတ်စက်ကိုပင် မသိမ်းတော့ဘဲ ဘေးတွင် ဖြစ်သလို ချထားလိုက်ပြီးနောက် လှည့်၍ လူကို တိုက်ရိုက် ဖက်လိုက်လေသည်။

လီရှောင်းက မသိစိတ်မှပင် လက်လှမ်းကာ သူမကို ပွေ့ဖက်လိုက်ပြီး သူတို့နှစ်ဦး မျက်နှာချင်းဆိုင် ကြည့်ကာ အလိုအလျောက်ပင် နမ်းရှိုက်မိသွားကြလေသည်။

အစပိုင်းတွင် မိမိကိုယ်ကို ထိန်းချုပ်နိုင်သေးသော်လည်း၊ မတွေ့ရသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်၍လားမသိ၊ သူတို့နှစ်ဦး၏ သံယောဇဉ်မှာ ယခုအချိန်ကဲ့သို့ တစ်ခါမှ မနက်ရှိုင်းခဲ့ဖူးပေ။ လီရှောင်းက ကျန်းရိုကို သူ၏ ခန္ဓာကိုယ်ထဲသို့ ပွတ်ချေသွင်းချင်နေရုံသာမက ကျန်းရိုကလည်း သူ့ကို တင်းကြပ်စွာ ဖက်တွယ်ထားပြီး မလွှတ်ပေးတော့ပေ။

နောက်ဆုံးတွင် နမ်းရင်း နမ်းရင်းဖြင့် အိပ်ခန်းထဲသို့ အတူတကွ လိမ့်ဝင်သွားကြလေတော့သည်။

......

ဘယ်လောက်ကြာသွားမှန်း မသိ၊ ပြီးဆုံးသွားပြီးနောက် ကျန်းရိုက ညင်သာစွာ အသက်ရှူရင်း လူ၏ လည်ပင်းကို ဖက်ထားကာ မလွှတ်ပေးဘဲ တိုးတိုးလေး ပြောလိုက်လေသည်။

"ကျွန်မ ရှင့်ကို အရမ်းလွမ်းတာပဲ၊ နေ့တိုင်း ရှင့်ကို လွမ်းနေတာ၊ အန်းအန်းကို လွမ်းတာထက်တောင် ပိုသေးတယ်"

လီရှောင်း ကြားပြီးနောက် နှာခေါင်းထဲတွင် ချဉ်စူးသွားသော်လည်း သူမ၏ တင်ပါးကို မနာမကျင်စေဘဲ တစ်ချက် ရိုက်လိုက်လေသည်။

"ဘယ်သူက ကိုယ့်ကို နောက်တစ်ယောက် အသစ်ရှာဖို့ ပြောပြီး သေတမ်းစာတောင် ရေးထားသေးတာလဲ မသိဘူး"

"......"

ဤကိစ္စကတော့ ပြီးသွားမှာ မဟုတ်တော့ဘူး။

မည်သို့ပင်ဖြစ်စေ ယခု လီရှောင်းက ဤစကားကို ပြောလိုက်သည်နှင့် ကျန်းရိုမှာ မိမိကိုယ်ကို တစ်ပန်းရှုံးနေသည်ဟု ခံစားရပြီး သူမ၏မျက်နှာကို သူ့ရင်ဘတ်ပေါ်တွင် ကပ်ထားကာ တိုးတိုးလေး ချော့မော့ပြောဆိုလိုက်လေသည်။

"မဟုတ်ပါဘူး၊ အဲ့ဒါက ကျွန်မက မာယာသုံးလိုက်တာပါ။ ရှင်သာ တကယ် နောက်တစ်ယောက် အသစ်ရှာမယ်ဆိုရင် ကျွန်မက သရဲဖြစ်သွားရင်တောင် ရှင့်ကို အလွတ်ပေးမှာ မဟုတ်ဘူး"

လီရှောင်းက သူမ၏ ကျောပြင်ကို ညင်သာစွာ ပွတ်သပ်ပေးနေပြီး ထိုစကားကို ကြားသောအခါ မသိစိတ်မှပင် နှုတ်ခမ်းထောင့်များ ကွေးတက်သွားလေသည်။

သူတို့နှစ်ဦးစလုံး စကားမပြောကြတော့ဘဲ ဤရခဲလှသော အေးချမ်းသည့် အချိန်လေးကို အလွန် နှစ်သက်နေကြလေသည်။

ထိုအချိန်တွင်ပင် လီရှောင်း၏ ဖုန်းက ရုတ်တရက် မြည်လာရာ လီရှောင်းက သိပ်မကိုင်ချင်သော်လည်း ကျန်းရိုက ယူကြည့်လိုက်ပြီး အပေါ်တွင် ဗီလာဖုန်းဟု မှတ်သားထားသည်ကို မြင်သောအခါ သူ၏ရှေ့သို့ တိုးပေးလိုက်လေသည်။

"အိမ်ကနေ ဆက်တာ"

လီရှောင်းက ပျင်းရိပျင်းတွဲဖြင့် မလှုပ်ရှားရာ ကျန်းရိုက တိုက်ရိုက်ပင် ဖုန်းကိုင်လိုက်ပြီး သူ၏ နားအနားသို့ တေ့ပေးလိုက်လေသည်။

ကျန်းရိုက သူ၏ ခြေထောက်ကို နင်းကာ အပေါ်သို့ အနည်းငယ် တိုးသွားပြီး သူ၏ နားအနားသို့ ကပ်ကာ ခိုးနားထောင်လေသည်။

ဖုန်းထဲတွင် အန်းအန်း၏ ကလေးသံလေး ထွက်ပေါ်လာလေသည်။

"ပါပါး၊ ဘာလို့ မာမားကို မကြိုလာသေးတာလဲဟင်"

အမျိုးသားက ဘေးရှိ ကျန်းရိုကို တစ်ချက်ကြည့်လိုက်ပြီး အက်ရှရှအသံဖြင့် ပြောလိုက်လေသည်။

"လမ်းမှာ ရောက်နေပြီ၊ အခုချက်ချင်း ပြန်လာတော့မယ်"

အန်းအန်းက ဤအဖြေကို သိပ်မကြိုက်ပုံရလေသည်။

"အခုချက်ချင်းဆိုတာ ဘယ်လောက်ကြာမှာလဲဟင်"

"ဆယ်မိနစ်"

"ကောင်းပါပြီ၊ အဲ့ဒါဆိုလည်း စောစောပြန်လာကြနော်"

ကျန်းရို "......"

အန်းအန်းက အဖြေရသွားသဖြင့် ကျေနပ်စွာဖြင့် ဖုန်းချသွားလေသည်။

သို့သော် သူမ ဖုန်းချလိုက်သည်နှင့် သူမ၏ပါပါးက ကိုယ်ကိုလှည့်ကာ သူမ၏မာမားကို ထပ်မံ နမ်းရှိုက်နေပြန်ပြီး ကုတင်ပေါ်မှ ထမည့် အရိပ်အယောင် လုံးဝ မရှိပေ။

ကျန်းရိုက အပေါ်မှ အမျိုးသားကို ရယ်ချင်စိတ်ဖြင့် တွန်းဖယ်လိုက်ပြီး ရယ်မောလျက် ပြောလိုက်လေသည်။

"ရှင်က ဆယ်မိနစ်နေရင် ပြန်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား"

လီရှောင်းက သူမ၏ နှာခေါင်းကို နမ်းလိုက်ပြီးနောက် ပြောလိုက်လေသည်။

"သူ့ကို ချော့လိုက်တာပါ"

သူက အရူးမှ မဟုတ်တာ။ ယနေ့ ကျန်းရို ပြန်သွားပါက ကလေးမလေးက ညဘက်တွင် အတူတူအိပ်ရန် သေချာပေါက် ပူဆာတော့မည်ဖြစ်ပြီး၊ ထိုအခါ သူက အစွန်တွင်သာ အိပ်ရတော့မည်ဖြစ်သည်။ မိန်းမကို ဖက်ဖို့ မပြောနှင့်၊ လက်လေးတစ်ချက် ကိုင်ဖို့တောင် ရနိုင်မည် မဟုတ်ပေ။

ကျန်းရို ရယ်မောလိုက်လေသည်။

….

ညဘက် သူတို့နှစ်ဦး ပြန်ရောက်သွားသောအခါ ကောင်းကင်က လုံးဝ မှောင်မိုက်နေပြီဖြစ်သည်။ ကလေးမလေးက ဆိုဖာပေါ်တွင် ခက်ထန်သောအမူအရာဖြင့် ထိုင်နေပြီး သူတို့နှစ်ဦး ပြန်လာသည်ကို မြင်သည်နှင့် ဒေါသတကြီးဖြင့် မတ်တတ်ရပ်ကာ အသံကျယ်ကျယ်ဖြင့် စွပ်စွဲလေတော့သည်။

"ပါပါး ထပ်လိမ်ပြန်ပြီ!"

ထို့နောက် ကျန်းရိုထံသို့ တိုက်ရိုက် ပြေးဝင်သွားကာ ဖက်ထားပြီး ငိုယိုလေတော့သည်။

"မာမား၊ သမီး မာမားကို အရမ်းလွမ်းတာပဲ"

ကျန်းရိုက ခါးကိုကိုင်းကာ သူမကို ချီလိုက်သည်။ မတွေ့ရသည်မှာ အလွန်ကြာမြင့်နေပြီဖြစ်ရာ ကျန်းရိုပင် သူမကို မချီနိုင်တော့အောင် ဖြစ်နေလေပြီ။ အန်းအန်းကို ချီပြီးနောက် သေချာ ကြည့်လိုက်ရာ ကလေးမလေးက အရပ်ရှည်လာရုံသာမက အနည်းငယ်လည်း ပိန်သွားကြောင်း တွေ့လိုက်ရလေသည်။

သူမ၏ ပါးပြင်လေးကို နမ်းလိုက်ပြီးနောက် ချစ်ခင်စွာဖြင့် သူမကို ချီကာ ဝင်သွားပြီး အောက်သို့ မချပေးရက်တော့ပေ။

အန်းအန်းက မာမား၏ လည်ပင်းကို မှီခိုအားထားစွာဖြင့် ဖက်ထားပြီး မျက်နှာကို ကျန်းရို၏ ပခုံးပေါ်တွင် အပ်ထားလေသည်။

လီရှောင်းက သားအမိနှစ်ယောက်၏ ကျောပြင်ကို ကြည့်ကာ လပေါင်းများစွာ နေထိုင်လာခဲ့ရသော အေးစက်ခြောက်ကပ်နေသည့် အိမ်ကြီးမှာ ရုတ်တရက် နွေးထွေးလာသကဲ့သို့ ခံစားလိုက်ရပြီး နှုတ်ခမ်းထောင့်များက မသိစိတ်မှပင် ကွေးတက်သွားလေသည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၆၅)

လီရှင်းက အသံကြားသောအခါ မီးဖိုချောင်ထဲမှ ပြေးထွက်လာပြီး ပျော်ရွှင်စွာ အော်ခေါ်လိုက်လေသည်။

"အစ်မ!"

လက်ထဲတွင် ဖျော်လက်စ သစ်သီးဖျော်ရည် တစ်ခွက်ကို ကိုင်ထားသေးသည်။ သို့သော် ထိုသစ်သီးဖျော်ရည်၏ အရောင်မှာ အနည်းငယ် ထူးဆန်းနေပြီး၊ အနီရောင်လည်း မဟုတ် အစိမ်းရောင်လည်း မဟုတ်သည့် ပုံစံမျိုး ပေါက်နေလေသည်။

အန်းအန်းက ဒေါ်လေး၏ လက်ထဲရှိ သစ်သီးဖျော်ရည်ကို မြင်သည်နှင့် ချက်ချင်းပင် ငြင်းဆန်သည့်ဟန်ဖြင့် ကိုယ်ကိုလှည့်ကာ မာမားကို တင်းကြပ်စွာ ဖက်ထားပြီး ချက်ချင်းပင် ပြောလိုက်လေသည်။

"ဒေါ်လေး သွားတော့"

ကျန်းရိုက ရင်ခွင်ထဲရှိ ကလေးမလေး၏ ခေါင်းကို ပွတ်သပ်ပေးကာ ထူးဆန်းစွာ မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ။ သမီးနဲ့ ဒေါ်လေးက အချစ်ဆုံး မဟုတ်ဘူးလား"

အန်းအန်းက ကျန်းရို၏ ပခုံးပေါ်တွင် မှောက်ကာ အသေကောင်လို ဟန်ဆောင်နေလေတော့သည်။

လီရှင်းက နှာခေါင်းကို ရှက်ရွံ့စွာ ပွတ်သပ်လိုက်ပြီး သဘောကောင်းစွာဖြင့် ပြောလိုက်လေသည်။

"မကြိုက်ဘူးလား။ အဲ့ဒါဆိုရင် ဒေါ်လေး နောက်တစ်ခွက် အသစ် ပြန်လုပ်ပေးမယ်လေ"

လီရှောင်းက လျှောက်လာပြီး ပြောလိုက်လေသည်။

"ထားလိုက်ပါတော့၊ ချထားလိုက်၊ ငါပဲ လုပ်ပေးမယ်"

ပြောရင်းနှင့် လီရှင်း၏ လက်ထဲမှ ဖန်ခွက်ကို ယူလိုက်ပြီး ညီအစ်မနှစ်ယောက်ကို ဆိုဖာပေါ်တွင် သွားထိုင်၍ စကားပြောခိုင်းလိုက်လေသည်။

လီရှင်းက ခွက်ကို ခဲအိုဖြစ်သူထံသို့ ကမ်းပေးလိုက်ပြီး ရင်ထဲတွင် ကြီးမားစွာ သက်သာရာရသွားလေသည်။

သူမက ဟင်းချက်ရာတွင် တကယ်ကို ဘာပါရမီမှ မရှိပေ။ အလွန်ဆုံး တတ်လှသည်မှာ အိမ်ဟင်း အနည်းငယ်မျှသာဖြစ်ပြီး၊ ထိုဟင်းများကလည်း ကျက်ရုံလောက်သာ ဖြစ်လေသည်။ အစ်မဖြစ်သူ အိမ်မှာ မရှိသည့် အချိန်များတွင် အစပိုင်း၌ ဟင်းချက်သည့် တာဝန်က ခဲအိုဖြစ်သူ၏ အပေါ်တွင် ကျရောက်ခဲ့သော်လည်း၊ ခဲအိုဖြစ်သူက နေ့တိုင်း အလုပ်များနေသဖြင့် သူ အိမ်မှာ မရှိချိန်ဆိုလျှင် သူမကသာ ချက်ရလေသည်။

အန်းအန်းမှာ လူကသာ ငယ်သော်လည်း အစားအသောက် အလွန်ရွေးသူဖြစ်သည်။ အရသာမကောင်းလျှင် ငတ်ခံမည်၊ လုံးဝ မစားပေ။ အထူးသဖြင့် ကျင်းတာ့ယို အိမ်မှာရှိခဲ့သည့် နေ့ရက်များတွင် သူက နေ့တိုင်း စားကောင်းသောက်ဖွယ်များကို ပုံစံအမျိုးမျိုးဖြင့် ချက်ပြုတ်ပေးခဲ့ရာ အန်းအန်း၏လျှာမှာ ပို၍ပင် အစားရွေးလာခဲ့လေသည်။

ကျင်းတာ့ယို မထွက်ခွာမီ ယောက်ဖဖြစ်သူအား မှာကြားသွားသေးသည်။ အန်းအန်းက အသက်ငယ်သေးသဖြင့် အသားချည်းပဲ အမြဲတမ်း စား၍မရကြောင်း၊ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများစားရမည်ဖြစ်ပြီး၊ ဟင်းသီးဟင်းရွက် မစားချင်ပါက ဖျော်ရည်ဖျော်၍ တိုက်နိုင်ကြောင်း ပြောခဲ့လေသည်။

ဖျော်ရည်ဖျော်သည့် ကိစ္စနှင့် ပတ်သက်၍ လီရှင်းမှာ အလွန် ခေါင်းကိုက်ရလေသည်။

"ကျွန်မက သူပြောတဲ့နည်းလမ်းအတိုင်း လုပ်တာပဲ၊ ဘာလို့ ကျွန်မ လုပ်လိုက်ရင် သောက်လို့ မကောင်းတာလဲ မသိဘူး"

ကျန်းရို ကြားပြီး ရယ်မောလိုက်လေသည်။

"ဟုတ်လား။ နောက်တစ်ခါကျရင် ငါ သူ့ဆီကနေ နည်းလမ်း တောင်းကြည့်လိုက်ဦးမယ်"

လီရှင်းက အလေးအနက်ထား၍ ခေါင်းညိတ်ပြလိုက်ပြီး သူမ၏အစ်မမှာ အရာရာ တတ်စွမ်းနိုင်သည်ဟု ထင်မှတ်နေလေသည်။ သူမ မလုပ်တတ်သည်များကို အစ်မဖြစ်သူက သေချာပေါက် လုပ်တတ်မည်ဖြစ်သည်။

ကျန်းရိုက သူမ၏ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အခြေအနေကို မေးမြန်းလိုက်လေသည်။

"စာမေးပွဲဖြေတာ ဘယ်လိုနေလဲ"

ဤကိစ္စကို လီရှင်းလည်း သေချာ မပြောတတ်ပေ။

"အဆင်ပြေလောက်ပါတယ်။ မေးခွန်းတွေ အကုန်လုံးတော့ ဖြေခဲ့တယ်၊ မရတာတော့ မရှိဘူး၊ ပေါ့ဆမှုကြောင့် မှားသွားတာ ဘယ်လောက်ရှိမလဲဆိုတာပဲ ကြည့်ရမှာပေါ့"

ကျန်းရိုက ခေါင်းညိတ်လိုက်လေသည်။

"အကုန်ရတယ်ဆိုရင် တော်ပါပြီ၊ ဘာပဲဖြစ်ဖြစ် သေချာပေါက် အောင်မှာပါ။ ဒီရက်ပိုင်းအတွင်း နင် အိမ်မှာ ကောင်းကောင်း အနားယူလိုက်ပါ၊ တက္ကသိုလ်ရောက်ရင်တော့ ဆက်ပြီး ကြိုးစားရဦးမယ်နော်"

"ဒါကိုတော့ ကျွန်မ သိပါတယ်"

ကျန်းရိုက ခေါင်းလှည့်၍ အိမ်ထဲကို တစ်ချက် ကြည့်လိုက်လေသည်။

"တာ့ယိုနဲ့ ဒေါ်လေးကို မတွေ့ပါလား၊ အိပ်နေကြတာလား"

"မအိပ်ပါဘူး၊ သူ သွားပြီလေ"

လီရှင်းက အနည်းငယ် ရှင်းပြလိုက်လေသည်။

"ကျင်းတာ့ယို သွားတာ ကြာပြီ၊ နှစ်သစ်ကူးပြီး ရက်အနည်းငယ်ကြာတော့ သူဖြေထားတဲ့ ဘွဲ့လွန်ကျောင်းက ဆရာက ဖုန်းဆက်လာတယ်၊ အင်တာဗျူးဖြေစရာ မလိုတော့ဘူးတဲ့၊ သူ့ကို တိုက်ရိုက် လာကူညီဖို့ ပြောလို့ သူ ထွက်သွားတာလေ"

ဤနေရာသို့ ရောက်သောအခါ လီရှင်းမှာ အနည်းငယ် အားကျနေသေးသည်။ ဘွဲ့လွန် အင်တာဗျူးဖြေရသည်မှာ အတော်လေး ခက်ခဲကြောင်း သူမ ကြားဖူးထားလေသည်။

"တီတူတက္ကသိုလ်လား"

"ဟုတ်တယ်"

ကျန်းရို ကြားသောအခါ အနည်းငယ် လေးနက်သွားလေသည်။ မတ်လနှင့် ဧပြီလများတွင် တီတူရှိ ဆားစ်ရောဂါမှာ အတော်လေး ဆိုးရွားခဲ့လေသည်။ လီရှောင်း မီးဖိုချောင်ထဲမှ ထွက်လာသည်ကို မြင်သောအခါ မနေနိုင်ဘဲ မေးလိုက်လေသည်။

"တာ့ယို အခု ဘယ်လိုနေလဲ။ ရှင်တို့ ဖုန်းအဆက်အသွယ် ရရဲ့လား"

လီရှောင်းက လိမ္မော်ရည် လေးခွက် ကိုင်ကာ ထွက်လာပြီး ထိုအမေးကို ကြားသောအခါ ပြောလိုက်လေသည်။

"သူ အရမ်းကောင်းပါတယ်။ မနေ့ညကတောင် ကိုယ့်ဆီ ဖုန်းဆက်သေးတယ်၊ အရင်တုန်းက သူ့နည်းပြဆရာနဲ့အတူ ကာကွယ်ဆေး သုတေသန လုပ်နေတာတဲ့"

ကျန်းရို ကြားပြီးနောက် အံ့အားသင့်သွားလေသည်။ နည်းပြဆရာနှင့်အတူ ကာကွယ်ဆေး သုတေသန ပြုလုပ်နိုင်သည်ဆိုလျှင် ကျင်းတာ့ယိုသည် သူတို့ ဆရာ၏ အလေးထားခြင်းကို အတော်လေး ခံရပုံရလေသည်။ သေချာသည်မှာ သူ အရည်အချင်းရှိ၍လည်း ဖြစ်ပေမည်။

နောက်တစ်ကြိမ် ထပ်မေးလိုက်လေသည်။

"ဒေါ်လေးကျီရော။ ဘယ်လိုဖြစ်လို့ လူကို မတွေ့ရတာလဲ"

"ဒီရက်ပိုင်း ကျိုးကျန့်အိမ်မှာ ရှိနေတယ်။ ကိုယ်က နေ့တိုင်း အလုပ်သွားရတယ်၊ လီရှင်းကလည်း စာဖတ်ရဦးမယ်ဆိုတော့ အိမ်မှာ ဒေါ်လေးကျီကို ပြုစုပေးမယ့်သူ မရှိလို့၊ ကျိုးကျန့်အိမ်မှာပဲ သွားနေလိုက်တာ။ လတ်တလော ဒေါ်လေးကျိုးဆီကနေ သိုးမွေးထိုးတာတောင် သင်နေတယ်လို့ ကြားတယ်"

ကျန်းရို ကြားပြီး ရယ်မောလိုက်လေသည်။

"အဲ့ဒါဆိုရင် တော်တော်လေး ကောင်းတာပေါ့"

လိမ္မော်ရည် သောက်ပြီးနောက် မိသားစုလေးယောက် တီဗွီ ခဏ ကြည့်ကြလေသည်။ သို့သော် အချိန်အတော်လေး လင့်နေပြီဖြစ်ရာ နာရီဝက်ခန့်သာ ကြည့်ပြီးနောက် အားလုံး အခန်းထဲသို့ ပြန်၍ အိပ်ကြလေသည်။ ကျန်သည်များကို မနက်ဖြန်မှ ဆက်ပြောရန် ပြင်ဆင်လိုက်ကြလေသည်။

….

ညဘက်တွင် အန်းအန်းက မာမားနှင့် အိပ်ချင်သည်ဟု တကယ်ပင် ပူဆာလေတော့သည်။

ကျန်းရိုက သေချာပေါက် သဘောတူလိုက်လေသည်။ အန်းအန်းကို မတွေ့ရသည်မှာ အတော်ကြာပြီဖြစ်ရာ သူမ၏ စိတ်ထဲတွင်လည်း အလွန် လွမ်းဆွတ်နေမိလေသည်။

သားအမိနှစ်ယောက် ကုတင်ပေါ်တွင် လှဲပြီးနောက်တွင်လည်း ချစ်ခင်စွာဖြင့် ဖက်ထားကြလေသည်။ အန်းအန်းက မာမား၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အလွန်ပျော်ရွှင်စွာ ပြုံးရယ်နေပြီး နတ်ဘုရားပုံပြင် နားထောင်ချင်သေးသည်ဟု ပြောလေသည်။

ကျန်းရိုက ယခင်က အန်းအန်းကို သိပ်ရန်အတွက် နေ့စဉ် ပုံပြင်တိုလေးများ ပြောပြလေ့ရှိသည်။ ပုံပြင်အများစုမှာ သူမကိုယ်တိုင် ဖန်တီးထားခြင်းဖြစ်သည်။ သူမ ငယ်စဉ်က အနောက်တိုင်း ဒဏ္ဍာရီပုံပြင်များကို အများအပြား ဖတ်ဖူးခဲ့သော်လည်း ထိုစဉ်က ဘာမှမခံစားရခဲ့ပေ။ ကြီးလာ၍ အင်တာနက်နှင့် ထိတွေ့လာရမှသာ အချို့သော ပုံပြင်များ၏ အကြောင်းအရာများမှာ သိပ်မကောင်းကြောင်း တွေ့ရှိရလေသည်။

ထို့ကြောင့် သူမကိုယ်တိုင် ဖန်တီး၍ ပြောပြလာခဲ့ခြင်းဖြစ်သည်။ အန်းအန်းကလည်း အလွန် စိတ်ဝင်စားစွာဖြင့် နားထောင်လေ့ရှိသည်။ ဤကာလအတွင်း ကျန်းရို အိမ်မှာမရှိသဖြင့် လီရှောင်းက ပြောပြပေးခဲ့သော်လည်း၊ ခြောက်ကပ်ကပ် ပြောပြနေသဖြင့် အန်းအန်းက အလွန် မကျေမနပ် ဖြစ်နေခဲ့လေသည်။

ယခုအချိန်တွင် ကျန်းရိုက ပုံပြင်များကို ဆက်လက် ဖန်တီးပြောပြနေလေသည်။ မြေခွေးမလေးတစ်ကောင် လူအဖြစ်ပြောင်းလဲကာ တောင်ပေါ်မှ ဆင်းလာပြီးနောက် လူဆိုးများ၏ လိမ်လည်မှုကို ခံရကြောင်း၊ ထို့နောက် တာအိုဘုန်းကြီးငယ်လေး တစ်ပါးနှင့် တွေ့ဆုံကာ သူတို့နှစ်ဦး သူငယ်ချင်းများဖြစ်သွားပြီး အတူတကွ နတ်ဆိုးများကို နှိမ်နင်းကာ အဆင့်တက်လာခဲ့ကြကြောင်း ပြောပြလေသည်။

အန်းအန်းမှာ အသက်ငယ်သေးသဖြင့် ကျန်းရို၏ အသံကလည်း နူးညံ့ညင်သာရာ ခဏနားထောင်ပြီးနောက် တဖြည်းဖြည်း မျက်စိမှိတ်သွားလေတော့သည်။ အခြားတစ်ဖက်ရှိ လီရှောင်းကမူ အလွန် အလေးအနက်ထား၍ နားထောင်နေပြီး ကျန်းရို ရပ်သွားသောအခါ မေးလိုက်သေးလေသည်။

"ပြီးတော့ကော"

ကျန်းရိုက သူ့ကို ရယ်ချင်စိတ်ဖြင့် တစ်ချက်ကြည့်လိုက်လေသည်။

"ပြီးတော့ ဘာဖြစ်ရမှာလဲ။ အိပ်တော့မှာပေါ့"

လီရှောင်းက အိပ်မောကျနေသော သမီးဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲတွင် အနည်းငယ် မကျေမနပ် ဖြစ်သွားလေသည်။ မွန်းလွဲပိုင်း တွေ့ဆုံစဉ်က အန်းအန်းထက် သူ့ကို ပိုလွမ်းသည်ဟု ပြောခဲ့သဖြင့် သူ့ကို အတော်လေး ပျော်ရွှင်စေခဲ့သည်။

ယခုကြည့်ရသည်မှာ အမှန်လား အလိမ်လား မသိနိုင်တော့ပေ။

သို့သော်လည်း သူက အခန်းထဲရှိ မီးလုံးငယ်လေးကို ပိတ်လိုက်ပြီး ခန္ဓာကိုယ်ကို အလယ်သို့ အနည်းငယ် တိုးကာ လက်လှမ်း၍ ကျန်းရို၏လက်ကို ဆွဲထားလိုက်လေသည်။

ကျန်းရိုက လက်ဆွဲထားခံလိုက်ရပြီး ကိုယ်နေဟန်ထား အနည်းငယ် မသက်မသာ ဖြစ်နေသည်ဟု ခံစားရသော်လည်း ဘာမှတော့ မပြောဘဲ လက်ချောင်းဖြင့် သူ၏ လက်ဖဝါးကို တစ်ချက် ကုတ်လိုက်လေသည်။

…….

နောက်တစ်နေ့တွင် ကျန်းရို အလွန်စောစော နိုးလာလေသည်။ ဇီဝနာရီတစ်ခု ဖြစ်ပေါ်နေပြီဖြစ်သည်။ စေတနာ့ဝန်ထမ်း လုပ်ခဲ့သော ဤလဝက်ကျော်အတွင်း သူမက ညတိုင်း ၁၁ နာရီ ၁၂ နာရီတွင် အိပ်ပြီး မနက် ၅ နာရီကျော်တွင် ထလေ့ရှိလေသည်။

သူမ နိုးလာသောအခါ လီရှောင်းနှင့် အန်းအန်းတို့ မနိုးကြသေးပေ။ သားအဖနှစ်ယောက်မှာ မျက်နှာချင်း တူရုံသာမက အိပ်စက်ပုံကလည်း လုံးဝ တစ်ပုံစံတည်း ဖြစ်နေလေသည်။ နှစ်ယောက်စလုံး ညာဘက်ခြေထောက်ကို ကွေးထားပြီး ဘယ်ဘက်လက်ကို ခေါင်းအောက်တွင် ခုထားကာ အလွန် ပေါ့ပါးလွတ်လပ်စွာ အိပ်စက်နေကြလေသည်။

ကျန်းရိုက ကြည့်ပြီး ငိုရခက်ရယ်ရခက် ဖြစ်သွားလေသည်။

သူမက ကုတင်ပေါ်တွင် ခဏလှဲနေပြီး တကယ် အိပ်မပျော်တော့သဖြင့် တိတ်တဆိတ် ထကာ အပြင်သို့ ထွက်လာခဲ့လေသည်။ ထို့နောက် အောက်ထပ်ရှိ မီးဖိုချောင်သို့ သွား၍ မနက်စာ ပြင်ဆင်လေသည်။ ဗီလာမီးဖိုချောင်မှာ အလွန်ကြီးမားပြီး အထဲတွင် ရေခဲသေတ္တာကြီး နှစ်လုံး ရှိကာ ဟင်းသီးဟင်းရွက်များ အများအပြား ထည့်ထားလေသည်။

စောစောထလာသဖြင့် ကျန်းရိုက အချိန်အနည်းငယ် ပိုယူကာ ဟင်းသီးဟင်းရွက် ကြက်ဥပန်ကိတ်၊ ဖက်ထုပ်ကြော်၊ ခရမ်းသီးလိပ်နှင့် ပင်လယ်စာဆန်ပြုတ်တို့ကို လုပ်လိုက်ပြီး ကန်စွန်းဥနှင့် ပြောင်းဖူးများကိုပါ ပေါင်းလိုက်သေးလေသည်။

ပန်းကန်ပြားလေးချပ်ဖြင့် သီးခြားစီ ထည့်ထားရာ အရောင်အသွေး အလွန်လှပလေသည်။

လီရှောင်းတို့ ထလာချိန်တွင် ကျန်းရိုက သူတို့ကို မြန်မြန်လာစားရန် တိုက်တွန်းလေသည်။

အန်းအန်းက အလွန်အားပေးလှသည်။ ကြက်ဥပန်ကိတ်ကို ကိုင်ကာ အာဝူးဟု တစ်လုတ် ကိုက်စားလိုက်ပြီးနောက် ခေါင်းမော့ကာ ပြုံးလျက် ပြောလေသည်။

"အရမ်း စားလို့ကောင်းတာပဲ"

ကျန်းရို တိုက်ရိုက်ပင် ရယ်မောလိုက်လေသည်။

နံနက်ပိုင်းတွင် ကျန်းရိုက အန်းအန်းကိုချီကာ ကျိုးကျန့်တို့အိမ်သို့ အလည်သွားလေသည်။ လီရှောင်းက မနက်စာစားပြီးသည်နှင့် အလုပ်သွားလေသည်။ လီရှင်းက အိမ်တွင် စာဖတ်နေလေသည်။ သူမ ဖြေဆိုရမည့် မေဂျာမှာ ဥပဒေပညာဖြစ်ရာ ကျင်းတာ့ယို ယခင်က ဤဘက်တွင် နေထိုင်စဉ်က သူမကို ဥပဒေပညာ မေဂျာ၏ အခြေခံ ဗဟုသုတအချို့ကို ရှင်းပြပေးခဲ့သည်။ စာအုပ်များစွာ ကျက်မှတ်ရမည်ကို သိသောအခါ သူမက ကျင်းတာ့ယိုကို အကူအညီတောင်း၍ မည်သည့်စာအုပ်များဖြစ်ကြောင်း စုံစမ်းခိုင်းပြီးနောက် စာအုပ်အချို့ ဝယ်ယူကာ အိမ်တွင် ကြိုတင် ကျက်မှတ်နေပြီး အလွန် ကြိုးစားလေသည်။

အိမ်နှစ်လုံးက သိပ်မဝေးလှသဖြင့် ကျန်းရိုက အန်းအန်း၏ လက်ကိုဆွဲကာ တိုက်ရိုက် လမ်းလျှောက်သွားခဲ့လေသည်။ ဤဘက်ရှိ ရှုခင်းများက ကောင်းမွန်ပြီး လေထုကလည်း လတ်ဆတ်ကာ ရှူရှိုက်လိုက်ရုံဖြင့်ပင် လူကို ကြည်လင်လန်းဆန်းသွားစေလေသည်။

အန်းအန်းက လက်ထဲတွင် ဘောလုံးငယ်လေး တစ်လုံးကို ပွေ့ထားပြီး လက်ဖြင့် ရိုးအအ ပုတ်နေလေသည်။ ဤသည်မှာ လီရှောင်း သူမကို ဝယ်ပေးထားခြင်းဖြစ်သည်။

လီရှောင်းက ပေါ့ပေါ့ဆဆ နေတတ်သူဖြစ်ရာ အန်းအန်းအတွက် အရုပ်ဝယ်ပေးတိုင်း မျက်စိကျသည်ကိုသာ ဝယ်ပေးလေ့ရှိပြီး ယောကျ်ားလေး မိန်းကလေး ကွဲပြားမှုကို လုံးဝ မတွေးတောတတ်ပေ။ ကျန်းရိုက နံနက်ပိုင်း အိပ်ရာထ၍ အန်းအန်းအတွက် အဝတ်အစားများ ရှင်းလင်းပေးစဉ် အန်းအန်း၏ ဘောင်းဘီ နှစ်ထည်မှာ အရှေ့ဘက်တွင် အပေါက်ပါနေပြီး ယောကျ်ားလေးများ ဝတ်ဆင်သော ဘောင်းဘီမျိုး ဖြစ်နေကြောင်း တွေ့ရှိလိုက်ရလေသည်။

မေးကြည့်လိုက်လျှင် သူမအဖေ ဝယ်ပေးထားခြင်းဖြစ်ကြောင်း သိရလေသည်။

ကလေးများက မြန်မြန်ကြီးထွားကြသဖြင့် ယမန်နှစ်က ကျန်းရို ဝယ်ပေးထားသော နွေရာသီ ဘောင်းဘီများမှာ အန်းအန်း ဝတ်ဆင်ရန် အနည်းငယ် သေးငယ်နေပြီဖြစ်ရာ လီရှောင်းက သူမကို အသစ်များ ဝယ်ပေးခဲ့ခြင်းဖြစ်သည်။

အန်းအန်းလည်း နားမလည်ပေ။ မည်သို့ပင်ဖြစ်စေ သူမ ဝတ်ရသည်မှာ သက်တောင့်သက်သာ ရှိနေလျှင် ရပြီဖြစ်သည်။

ကျန်းရိုက အန်းအန်းကိုခေါ်၍ ကျိုးကျန့်အိမ်သို့ ရောက်သွားသောအခါ ကျိုးကျန့်အိမ်ရှေ့ရှိ ပန်းခြံကြီး တစ်ခုလုံးကို ဧကဝက်ခန့်ရှိသော ဟင်းသီးဟင်းရွက်ခင်းအဖြစ် တူးဆွထားပြီး၊ အပေါ်တွင် ဂျူးမြစ်၊ ခရမ်းသီး၊ ငရုတ်သီးများ စိုက်ပျိုးထားသည်ကို တွေ့လိုက်ရလေသည်။

"......"

သူမက အထဲသို့ အသံပြု၍ ခေါ်လိုက်သော်လည်း တုံ့ပြန်သံ မကြားရသဖြင့် သူစိမ်းမဆန်ဘဲ ဝင်သွားကာ လမ်းလျှောက်ရင်း အော်ခေါ်လေသည်။

"ဒေါ်လေး"

တံခါးက ဖွင့်ထားသဖြင့် ကျန်းရို အိမ်ထဲသို့ ဝင်သွားပြီးနောက် အနောက်ဘက်မှ အသံထွက်လာသည်ကို ကြားလိုက်ရလေသည်။

"ဘယ်သူလဲ"

ကျိုးမား၏ အသံသြသြကြီးကို ကြားရသောအခါ ကျန်းရိုပင် အံ့အားသင့်သွားသေးလေသည်။

အန်းအန်းက လက်သေးသေးလေးဖြင့် အနောက်ဘက်ကို လက်ညှိုးထိုးပြလေသည်။

"အဘွားက အနောက်ဘက်မှာ ကြက်စာကျွေးနေတာ၊ မာမား သမီး လိုက်ပို့ပေးမယ်"

"......"

ကျန်းရိုက အနည်းငယ် မယုံကြည်နိုင်စွာဖြင့် အန်းအန်း၏ နောက်မှလိုက်၍ အနောက်ဘက်သို့ သွားလိုက်ရာ၊ ကျိုးမိသားစု အိမ်နောက်ဘက်ရှိ မြက်ခင်းပြင်လေးကို ဧကအနည်းငယ်ရှိသော လယ်ကွက်အဖြစ် တူးဆွထားပြီး ပြောင်းဖူးနှင့် သစ်သီးပင်များ စိုက်ပျိုးထားသည်ကို တွေ့လိုက်ရလေသည်။ သစ်သီးပင်များအောက်တွင် ကြက်ကောင်ရေ ဒါဇင်ပေါင်းများစွာကို ခြံခတ်၍ မွေးမြူထားလေသည်။

မူလက လှပသော ရေကူးကန်မှာလည်း ယခုအခါ ရေကူးကန်သာမက ရေသိုလှောင်ကန်ပါ ဖြစ်နေပြီဖြစ်သည်။ ကျိုးမားနှင့် ဒေါ်လေးကျီတို့က ပြောင်းဖူးခင်းအနီး မဝေးလှသောနေရာတွင် လယ်ကွက်တစ်ခုကို ထပ်မံ ဖော်ထုတ်နေကြပြီး ရေကူးကန်ထဲမှ ရေကို ရေပိုက်ဖြင့် စုပ်ယူကာ ရေလောင်းနေကြသည်ကို မြင်တွေ့လိုက်ရလေသည်။

ကျိုးမိသားစု၏ သားနှစ်ယောက်မှာမူ ကြက်ခြံဘက်တွင် ကြက်ချေးများ လှည်းကျင်းနေကြလေသည်။

ကျန်းရိုက ဤမြင်ကွင်းကို ကြည့်ရင်း နံနက်ပိုင်းက သူမက လီရှောင်းအား အိမ်တွင် ကြက်ဥများ အများအပြား ဝယ်ထားသည်မှာ စားလို့ပင် မကုန်နိုင်အောင်ဖြစ်နေပြီး အလဟဿ ဖြစ်သွားမည်ကို စိုးရိမ်ကြောင်း မေးခဲ့သည်ကို သတိရသွားလေသည်။

ထိုစဉ်က လီရှောင်းက ပိုက်ဆံမကုန်ပါဘူးဟု တစ်ခွန်းသာ ပြောခဲ့လေသည်။

သူမက ပိုက်ဆံ သိပ်မကုန်ဘူးဟု ထင်ခဲ့သော်လည်း ယခုကြည့်ရသည်မှာ ကျိုးကျန့်အိမ်မှ ကြက်များ ဥထားခြင်း ဖြစ်ပုံရလေသည်။

ကျိုးမားက ကျန်းရိုကို မြင်သောအခါ အလွန်ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။

"ရှောင်ရို ပြန်ရောက်လာပြီလား။ ဒီဘက်ကို မလာခဲ့နဲ့၊ ဒီမှာ ညစ်ပတ်တယ်။ မင်း အရင် ခဏထိုင်နေဦး၊ နေ့လယ်ကျရင် ဒေါ်လေး မင်းအတွက် ကြက်တစ်ကောင် သတ်ကျွေးမယ်"

အန်းအန်းက လိမ်မာစွာဖြင့် နှာခေါင်းကို အုပ်ထားပြီး ကျန်းရို၏ အင်္ကျီကိုပါ ဆွဲထားလေသည်။

"မာမား ဟိုဘက် မသွားနဲ့၊ နံတယ်"

အနည်းငယ် အနံ့မကောင်းသည်မှာ အမှန်ပင်ဖြစ်ရာ ကျန်းရိုလည်း မသွားတော့ပေ။

မွန်းတည့်ချိန်တွင် ကျိုးမားက ကြက်နှစ်ကောင် သုံးကောင်ခန့် သတ်ကာ တစ်ကောင်ကို ကြော်ပြီး ကျန်းရိုအတွက် တစ်ကောင်ကို အိမ်သို့ သယ်သွားရန် ပေးလိုက်သေးလေသည်။

…..

ဇွန်လကုန်ပိုင်းတွင် ကျောင်း၌ ဘွဲ့ယူဓာတ်ပုံများ ရိုက်ကူးကြလေသည်။

မူလက အလွန်ပျော်ရွှင်စရာကောင်းသော ကိစ္စတစ်ခု ဖြစ်သော်လည်း၊ အတန်းနှစ်တန်းမှ ကျောင်းသား ၇၈ ယောက် စေတနာ့ဝန်ထမ်း သွားလုပ်ခဲ့ရာ နောက်ဆုံးတွင် ၇၆ ယောက်သာ ပြန်လာနိုင်ခဲ့လေသည်။ ကျန်းရိုတို့ အတန်းထဲတွင် ကျောင်းသူတစ်ဦး လျော့နည်းသွားပြီး၊ အတန်းခေါင်းဆောင်မှာ နောက်ပိုင်းတွင် ရောဂါပျောက်ကင်းသွားသော်လည်း ယခု အိမ်တွင် အနားယူနေရလေသည်။

ဓာတ်ပုံရိုက်သည့်နေ့တွင် လီရှောင်းက ကျန်းရိုနှင့်အတူ လိုက်ပါရန် တကူးတက တစ်ရက် အချိန်လွတ်ပေးထားပြီး အန်းအန်းကိုပါ ခေါ်ဆောင်လာခဲ့လေသည်။

သူက သူကိုယ်တိုင် ဝယ်ထားသော ကင်မရာကိုပါ ယူဆောင်လာခဲ့သေးသည်။

ကျန်းရိုက ဘွဲ့ဝတ်စုံကို ထုတ်ယူပြီး ဓာတ်ပုံရိုက်ရမည့် အချိန် မရောက်သေးမီတွင် သူတို့ မိသားစုသုံးယောက် အရင်ဆုံး ဆော့ကစားရင်း ဓာတ်ပုံရိုက်ကြလေသည်။ အဖွဲ့လိုက်ဓာတ်ပုံရော တစ်ကိုယ်တော် ဓာတ်ပုံများပါ ရိုက်ကြပြီး နောက်ဆုံးတွင် အန်းအန်းက ပါပါး မာမားကို ဓာတ်ပုံရိုက်ပေးတတ်လာလေသည်။

သေးငယ်သော သူမက မာမား၏ တောင်းဆိုချက်အရ မြေကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်ကာ ပါပါး မာမားအတွက် ခြေတံရှည်ရှည် ဓာတ်ပုံများ ရိုက်ပေးလေသည်။

မဝေးလှသောနေရာမှ ကျောင်းသားများက ဤမြင်ကွင်းကို မြင်တွေ့ရသောအခါ မနေနိုင်ဘဲ ရယ်ချင်သွားကြလေသည်။

ဤမိသားစုက တကယ်ကို စိတ်ဝင်စားဖို့ကောင်းသည်ဟု တွေးမိကြလေသည်။

တစ်တန်းလုံး အဖွဲ့လိုက်ဓာတ်ပုံ ရိုက်ချိန်တွင် အားလုံး သိပ်မပျော်ရွှင်ကြပေ။ အဘယ်ကြောင့်ဆိုသော် မည်သို့ပင်ဖြစ်စေ လူနှစ်ယောက် လျော့နည်းသွားခဲ့ပြီး အထူးသဖြင့် အတန်းဖော်တစ်ဦး မရှိတော့သောကြောင့် ဖြစ်လေသည်။

ကျန်းရို ဓာတ်ပုံရိုက်ပြီးသည်နှင့် ထွက်လာခဲ့သည်။ ယခုအခါ ဆားစ်ရောဂါ အခြေအနေ အများကြီး ကောင်းမွန်လာပြီဖြစ်သော်လည်း ကျန်းရိုက မလုံခြုံသေးဘူးဟု ခံစားရဆဲဖြစ်သည်။ ယခင်ကဆိုလျှင် သေချာပေါက် အပြင်ထွက်၍ လမ်းလျှောက် ထမင်းစားကြမည်ဖြစ်သော်လည်း ယခုအခါတွင်မူ လီရှောင်း၏ စက်ရုံသို့သာ အတူတကွ သွားကြလေသည်။

လီရှောင်း၏ ယခင်က ကာကွယ်ရေး အစီအမံများ မှန်ကန်ခဲ့၍လားမသိ၊ စက်ရုံမှ အလုပ်သမားများသည် သူဌေး၏ လွှမ်းမိုးမှုကြောင့် ကာကွယ်ရေးကို အတော်လေး ဂရုစိုက်ကြသဖြင့် သူတို့ စက်ရုံမှ အလုပ်သမားများထဲတွင် ကူးစက်ခံရသည့် အခြေအနေ မရှိခဲ့ပေ။ ကျိုးကျန့်လည်း ယခင်ဘဝကနှင့် မတူတော့ဘဲ ကောင်းကောင်းမွန်မွန် အသက်ရှင်နေလေသည်။

ကျန်းရိုက စက်ရုံအတွင်းရှိ တက်ကြွလန်းဆန်းနေသော အခြေအနေကို ကြည့်ကာ စိတ်အခြေအနေလည်း အများကြီး ပိုမို ကောင်းမွန်လာခဲ့လေသည်။

……

ဇူလိုင်လလယ်ခန့်တွင် လီရှင်း၏ ဝင်ခွင့်အကြောင်းကြားစာ ရောက်ရှိလာလေသည်။ ဆရာမက သူတို့အိမ်သို့ ဖုန်းဆက်လာချိန်တွင် စကားပြောသံမှာ အလွန် စိတ်လှုပ်ရှားနေလေသည်။

ယခုနှစ် ဆားစ်ရောဂါ အခြေအနေကြောင့် ကျောင်းများ လပေါင်းများစွာ ပိတ်ထားခဲ့ရပြီး၊ ဤလများအတွင်း ကျောင်းသားများမှာ အိမ်တွင်သာ ကိုယ်ပိုင်စာကျက်ချိန်ဖြင့် စာကျက်နေခဲ့ကြရသည်။ ယခင်က အမှတ်ကောင်းသော ကျောင်းသားအများအပြားမှာ စာမေးပွဲ ရလဒ် သိပ်မကောင်းကြဘဲ၊ ဆန့်ကျင်ဘက်အနေဖြင့် ပုံမှန် အမှတ်သာမန်သာရှိသော ကျောင်းသားအချို့က မျှော်လင့်မထားဘဲ အမှတ်ကောင်းသွားကြလေသည်။

လီရှင်းမှာ ထိုအထဲမှ မျှော်လင့်မထားဘဲ အမှတ်အကောင်းဆုံးသူ ဖြစ်လေသည်။

ဆရာမက သူမကို ယခင်က အားပေးခဲ့ဖူးပြီး ဆက်လက် ကြိုးစားပါက တီတူတက္ကသိုလ်သို့ ဝင်ခွင့်ရနိုင်ကြောင်း ပြောခဲ့ဖူးသော်လည်း၊ ၎င်းမှာ အားပေးမှုသက်သက်နှင့် စိတ်ကူးယဉ်မျှော်လင့်ချက် ပေးခြင်းမျိုးသာ ဖြစ်သည်။ လီရှင်း၏ အမှတ်က ကောင်းသော်လည်း တီတူတက္ကသိုလ်သို့ ဝင်ခွင့်ရရန်မှာမူ အနည်းငယ် ကွာဟချက် ရှိနေသေးလေသည်။

သို့သော် ဆရာမ မည်သို့မျှ မထင်ထားခဲ့သည်မှာ လီရှင်းက တကယ်ပင် တီတူတက္ကသိုလ်သို့ ဝင်ခွင့်ရသွားခဲ့ပြီး၊ ပြည်နယ်တစ်ခုလုံးတွင် အဆင့် ၁၇ နှင့် မြို့တစ်ခုလုံးတွင် အဆင့် ၄ ရရှိခဲ့ခြင်းပင် ဖြစ်လေသည်။

မိသားစုတစ်ခုလုံး ဤသတင်းကို သိရသောအခါ အလွန် စိတ်လှုပ်ရှားသွားကြသည်။ ဤရလဒ်မှာ သူတို့အမြင်တွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပထမဆုရသည်နှင့် မခြားပေ။

လီရှောင်းက ထိုနေရာတွင်ပင် ပြောလိုက်လေသည်။

"သေချာပေါက် ကြီးကြီးကျယ်ကျယ် ကျင်းပရမယ်၊ ငါ အခု ဟိုတယ်ကို ဆက်သွယ်လိုက်မယ်"

လီရှင်းက အနည်းငယ် အားနာနေလေသည်။

"မလိုပါဘူး၊ အစ်မတုန်းက အောင်တော့လည်း မကျင်းပခဲ့ပါဘူး"

ကျန်းရိုက သူမကို တားလိုက်လေသည်။

"ဒါက သေချာပေါက် ကျင်းပရမှာပဲ၊ ငါတို့ မိသားစုထဲကနေ တီတူတက္ကသိုလ် အောင်တဲ့သူ ထွက်လာတာလေ၊ အပြင်မှာ ပြောရတာ ဘယ်လောက် မျက်နှာပန်းလှလဲ"

သူမ ဝန်ထုပ်ဝန်ပိုးဖြစ်မည်ကို စိုးရိမ်သဖြင့် မနေနိုင်ဘဲ ရှင်းပြလိုက်သေးလေသည်။

"အရင်တုန်းက အိမ်မှာ ပိုက်ဆံမရှိလို့လေ၊ အဲ့ဒီတုန်းကသာ ပိုက်ဆံရှိရင် ငါ သေချာပေါက် ကျင်းပမှာပဲ"

လီရှောင်း ပျော်ရွှင်နေရုံသာမက ကျိုးကျန့်တို့ မိသားစုလည်း ပျော်ရွှင်နေကြသည်။ မိသားစုနှစ်စုက ဆက်ဆံရေးကောင်းမွန်ပြီး လီရှင်းကို ညီမလေးတစ်ယောက်လို သဘောထားကြရာ၊ ညီမလေး တီတူတက္ကသိုလ်ကို အောင်မြင်သွားသည်ဆိုမှတော့ ဘယ်လိုလုပ် ကြီးကြီးကျယ်ကျယ် မကျင်းပဘဲ နေမှာလဲ။

ကျိုးကျန့်ကပင် ရယ်မောကာ ပြောလိုက်သေးလေသည်။

"သူဌေးတစ်ယောက်ရဲ့ သားက တတိယအဆင့် တက္ကသိုလ် အောင်တာကိုတောင် သူတို့က အရမ်းစည်ကားအောင် ကျင်းပကြသေးတာပဲ၊ ငါတို့အိမ်က ရှင်းရှင်းက တီတူတက္ကသိုလ်ကို အောင်တာ၊ မကျင်းပလို့ ဘယ်ဖြစ်မလဲ"

ဤကိစ္စကို လီရှင်း ကိုယ်တိုင် ဆုံးဖြတ်၍ မရတော့ပေ။ မည်သို့ပင်ဖြစ်စေ မိသားစုတစ်ခုလုံး၏ အမြင်တွင် ဤသည်မှာ စည်ကားအောင် ကျင်းပခြင်းသက်သက် မဟုတ်ဘဲ မျက်နှာပန်းလှစေသော ကောင်းမွန်သည့် ကိစ္စရပ်တစ်ခု ဖြစ်လေသည်။

တကယ်တော့ လီရှင်းလည်း ပျော်ရွှင်နေပါသည်။ တက္ကသိုလ်ဝင်ခွင့်ရရန် သူမ မည်မျှ ကြိုးစားအားထုတ်ခဲ့ရသည်ကို သူမ ကိုယ်တိုင်သာ အသိဆုံးဖြစ်လေသည်။

ယခင်က တက္ကသိုလ်ရွေးချယ်ရာတွင် သူမ မရွေးချယ်ရဲဘဲ ပထမဦးစားပေးအဖြစ် G တက္ကသိုလ်ကိုသာ ရွေးချယ်ရန် ပြင်ဆင်ထားခဲ့သည်။ ကျန်းရို သိသွားမှသာ ဖုန်းဆက်၍ အကောင်းဆုံးကို ရွေးချယ်ရန် တိုက်တွန်းခဲ့ပြီး G တက္ကသိုလ်ကို ဒုတိယဦးစားပေးအဖြစ် ထားခိုင်းခဲ့ခြင်း ဖြစ်လေသည်။

တီတူတက္ကသိုလ်ဆိုသည်မှာ ယခင်က လီရှင်း၏ စိတ်ထဲတွင် မထိရဲသော အိပ်မက်တစ်ခု ဖြစ်ခဲ့သော်လည်း၊ ယခု ထိုအိပ်မက်မှာ တကယ် ဖြစ်လာခဲ့ပြီဖြစ်သည်။

ဝင်ခွင့်အကြောင်းကြားစာ ရရှိပြီး တစ်ပတ်အကြာတွင် လီရှောင်းက ကြယ်ငါးပွင့် ဟိုတယ်ကြီးတွင် ကြီးကျယ်ခမ်းနားစွာ ကျင်းပပေးခဲ့ပြီး စီးပွားရေးလောကမှ သူငယ်ချင်းများစွာကို ဖိတ်ကြားခဲ့သည်။ မူလက လီရှင်းမှာ အဓိကဇာတ်လိုက် ဖြစ်ရမည်ဖြစ်သော်လည်း နောက်ဆုံးတွင် အတင်းအကျပ်ပင် လီရှောင်း ဖြစ်သွားလေတော့သည်။

လီရှောင်းမှာ စကားများသူ မဟုတ်သော်လည်း၊ ထိုနေ့က သူတွေ့သမျှ လူတိုင်းကို တက္ကသိုလ်အောင်သွားသူမှာ သူ၏ ခယ်မလေးဖြစ်ကြောင်း၊ သူ၏ ဇနီးမှာလည်း G တက္ကသိုလ်မှ ကျောင်းသူဖြစ်ကြောင်း ပြောဆိုနေလေသည်။

ကျန်းရိုက မူလက သူ၏ဘေးတွင် အဖော်လုပ်ပေးနေသော်လည်း များများကြားရသောအခါ တကယ်ကို အားနာလာသဖြင့် အလျင်အမြန်ပင် အန်းအန်းကိုခေါ်ကာ စားပွဲတွင် သွားထိုင်၍ ထမင်းစားနေလေတော့သည်။

ဘေးတွင် လီရှင်းက လက်ထဲ၌ မိုဘိုင်းဖုန်းကို ကိုင်ကာ ခေါင်းငုံ့၍ ဘယ်သူနှင့် စကားပြောနေသည်မသိ၊ နှုတ်ခမ်းထောင့်များ အနည်းငယ် ကွေးတက်နေလေသည်။

ကျန်းရိုက အန်းအန်းကိုချီကာ ထိုင်လိုက်စဉ် မနေနိုင်ဘဲ ခိုးကြည့်လိုက်ရာ၊ အပေါ်တွင် "ရွှေခွေးစုတ်လေး" ဟု နာမည်မှတ်ထားသည်ကို တွေ့လိုက်ရလေသည်။

"......"

ဘယ်သူလဲဆိုတာ မခန့်မှန်းရဘဲနဲ့တောင် သူမ သိနေလေပြီ။

ဤစားပွဲသောက်ကြူးပွဲအတွက် ပိုက်ဆံအများအပြား ကုန်ကျခဲ့သော်လည်း ပြန်လည်ရရှိမှုလည်း မနည်းလှပေ။ ညဘက် မိသားစုသုံးယောက် ကုတင်ပေါ်တွင် ထိုင်၍ ပိုက်ဆံရေတွက်ရာ၊ အထပ်လိုက် အထပ်လိုက် များပြားလှပြီး အားလုံးကို သေတ္တာထဲသို့ ထည့်လိုက်ကြလေသည်။

"ကဲပါ၊ ရှင်းရှင်း တက္ကသိုလ် လေးနှစ်စာ ကျောင်းလခနဲ့ နေစရိတ်တော့ မပူရတော့ဘူးပေါ့"

ကျန်းရို ကြားပြီး ရယ်မောလိုက်လေသည်။

"မနက်ဖြန်ကျရင် ကျွန်မ သွားစုထားလိုက်မယ်"

လီရှောင်းက အန်းအန်းကိုပါ ပြောလိုက်သေးလေသည်။

"နောက်ပိုင်း စာသေချာလုပ်နော်၊ ပါပါး သမီးအတွက် ပိုကြီးကြီးမားမား ကျင်းပပေးမယ်"

အန်းအန်းက မအပေ။ တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"ပါပါးလည်း တက္ကသိုလ် ဖြေလို့ ရတာပဲကို"

ကျန်းရိုက လိုက်၍ ထောက်ခံလေသည်။

"ဟုတ်တယ်၊ အန်းအန်းကို အားကိုးဖို့က ဘယ်လောက်ကြာဦးမလဲ မသိဘူး၊ ရှင့်ကို အားကိုးတာကမှ ပိုကောင်းဦးမယ်"

လီရှောင်း ချက်ချင်း စကားပြောင်းသွားလေသည်။

"အဲ့ဒီအချိန်ကျရင် ကြည့်တာပေါ့၊ ဒါနဲ့၊ ဒီနေ့ ချန်ရုန် လာသွားသေးလား"

ကျန်းရိုက ခေါင်းခါပြပြီး သူမ မတွေ့မိကြောင်း ပြသလေသည်။

လီရှောင်း "အဲ့ဒါဆိုရင်လည်း ထားလိုက်ပါတော့၊ မနက်ဖြန် ကိုယ် ဖုန်းဆက်ပြီး မေးကြည့်လိုက်မယ်"

….

လီရှင်း၏ ကျေးဇူးဆပ်ပွဲ ပြီးဆုံးပြီးနောက် မကြာမီမှာပင် တုံမင်မင်၏ မင်္ဂလာပွဲ ရောက်လာလေသည်။ တုံမင်မင်က ယခင်ကတည်းက ကျောင်းပြီးလျှင် လက်ထပ်ရန် ရည်ရွယ်ထားခဲ့ပြီး၊ သူမက အမြဲတမ်း ပြောသည့်အတိုင်း လုပ်လေ့ရှိလေသည်။

မင်္ဂလာဆောင်သည့်နေ့တွင် ကျန်းရိုက အန်းအန်းနှင့် လီရှင်းတို့ကို ခေါ်သွားခဲ့သည်။ တုံမင်မင်၏ တကယ့် သူငယ်ချင်းကောင်းဆို၍ ကျန်းရိုနှင့် လင်းရှူကျွင်းတို့သာ ရှိသော်လည်း၊ သူတို့နှစ်ဦးစလုံး အိမ်ထောင်ကျပြီး ကလေးရနေပြီဖြစ်ရာ သတို့သမီးအရံ လုပ်ပေးရန် မသင့်တော်တော့သဖြင့် လီရှင်းကို အတင်းအကျပ် သတို့သမီးအရံ လုပ်ခိုင်းရလေတော့သည်။

တုံမင်မင်၏ ညီမဝမ်းကွဲနှင့်အတူ တုံမင်မင်၏ ဘယ်ညာ တစ်ဖက်စီတွင် အဖော်လုပ်ပေးရပြီး၊ ယောကျ်ားလေးဘက်မှမူ လုပ်ဖော်ကိုင်ဖက် ယောကျ်ားလေး အတော်များများ ရှိနေလေသည်။

ဤမင်္ဂလာပွဲမှာ အလွန်ကြီးကျယ်ခမ်းနားလှသည်ဟု မဆိုနိုင်ပေ။ အနည်းဆုံးတော့ လူချမ်းသာများ၏ အမြင်တွင် အနည်းငယ် ဆင်းရဲနွမ်းပါးနေသည်ဟု ထင်ရသော်လည်း တုံမင်မင်ကမူ အလွန် ကျေနပ်နေလေသည်။ မင်္ဂလာဝတ်စုံနှင့် နေရာတို့ကို သူမ၏ မိခင်နှင့် ယောက္ခမများက ကိုယ်တိုင်ကိုယ်ကျ စီစဉ်ပေးခဲ့ခြင်းဖြစ်ပြီး၊ ငွေအများစုကို ယောကျ်ားလေးဘက်မှ ထုတ်ပေးခဲ့ခြင်းဖြစ်သည်။ သူတို့က တုံမင်မင်၏မိသားစု ချမ်းသာမှန်း သိသော်လည်း အခွင့်အရေး မယူချင်ကြပေ။ ဤသည်မှာ သူတို့ ပေးနိုင်သမျှထဲတွင် အကောင်းဆုံး မင်္ဂလာပွဲပင် ဖြစ်လေသည်။

လာရောက်ဆင်နွှဲကြသော ဧည့်သည်များထဲတွင် တုံမင်မင်၏ စီးပွားရေးလောကမှ သူငယ်ချင်းအချို့နှင့် ယောကျ်ားလေးဘက်မှ လုပ်ဖော်ကိုင်ဖက်များ ပါဝင်လေသည်။

တုံမင်မင်၏ဖခင် ကွယ်လွန်ပြီးနောက် သူမက ကုမ္ပဏီတစ်ခုလုံးကို လွှဲပြောင်းရယူခဲ့သည်။ အစပိုင်းတွင် ကုမ္ပဏီမှ ဝန်ထမ်းဟောင်းများနှင့် အစုရှယ်ယာရှင်များ၏ အနိုင်ကျင့်ခြင်းကို ခံရနိုင်သော်လည်း သူမကလည်း ရန်စရန် မလွယ်ကူပေ။ လူများနှင့် တိုက်ရိုက်ရင်ဆိုင်ရဲပြီး အသေအလဲ တိုက်ခိုက်ကာ ပျော့တစ်လှည့် မာတစ်လှည့် မရပေ။

ယခုအခါ သူမက ကုမ္ပဏီ၏ အာဏာကို တဖြည်းဖြည်း ချုပ်ကိုင်နိုင်လာပြီဖြစ်သလို၊ မင်္ဂလာပွဲ ကျင်းပရန်လည်း အားလပ်ချိန် ရလာခြင်း ဖြစ်လေသည်။

သတို့သားမှာ သူမ၏ ရဲအရာရှိ ချစ်သူပင်ဖြစ်သည်။ ယောကျ်ားလေးဘက်မှ အပြင်ပန်းရုပ်ရည်မှာ အလွန် ထင်ရှားပေါ်လွင်ပြီး အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ထားရာ အလွန် သန့်ပြန့်សង្ဟာ ရှိလှလေသည်။

လှပပြီး အရှိန်အဝါကြီးမားသော တုံမင်မင်နှင့် ယှဉ်တွဲရပ်နေသောအခါ အလွန် လိုက်ဖက်ညီလှလေသည်။

လင်းရှူကျွင်းလည်း ရောက်လာပြီး ဘေးတွင် ဖုဖေးက သမီးလေးကို ပွေ့ချီထားလေသည်။

သူမ၏ သမီးလေးမှာ ငါးလအရွယ် ရှိနေပြီဖြစ်ပြီး အလွန်လှပကာ ဝဝကစ်ကစ် ဖြူဖြူနုနုလေးဖြစ်ပြီး မျက်လုံးများကလည်း ကြီးမားတောက်ပနေလေသည်။

အန်းအန်းက ကြည့်ပြီး မခွဲခွာရက်တော့ဘဲ ညီမလေးဘေးတွင် တွယ်ကပ်ကာ သူမ၏ လက်သေးသေးလေးကို ကစားနေလေသည်။

ညီမလေးကလည်း သူမကို အလွန်သဘောကျပြီး မျက်လုံးများက သူမကို အမြဲတမ်း စိုက်ကြည့်နေလေသည်။

ကျန်းရို ယခုအခါ လင်းရှူကျွင်းကို မြင်သောအခါ ယခင်ဘဝကလောက် မကြောက်တော့ပေ။ အရေးအကြီးဆုံးမှာ ဤဘဝမှ သင်တန်းဆရာမလင်းမှာ ယခင်ဘဝနှင့် နှိုင်းယှဉ်ပါက အများကြီး ကွာခြားနေပြီး စကားမပြောချိန်တွင်လည်း မျက်လုံးများထဲ၌ အပြုံးများ ပါဝင်နေလေသည်။

ဖုဖေးက ကလေးကိုချီထားပြီး လင်းရှူကျွင်းက ထမင်းစားရင်း သူ့အတွက် ဟင်းခပ်ပေးနေလေသည်။

ကျန်းရိုက မနေနိုင်ဘဲ ကလေးကို ချီးကျူးလိုက်လေသည်။

"တကယ်ကို ကောင်းကောင်းမွေးထားတာပဲ"

လင်းရှူကျွင်းက ပွင့်လင်းစွာ ပြောလိုက်လေသည်။

"မကောင်းလို့ ရမလား။ ဖုဖေးက လူလွှတ်ပြီး ဟောင်ကောင်ကနေ နို့မှုန့်တွေ ဝယ်ခိုင်းတာ၊ နိုင်ငံခြားက ပစ္စည်းဆိုပြီးတော့ ဈေးက အရမ်းကြီးတာပဲ"

ပြောပြီးနောက် သူမက အနည်းငယ် မကျေမနပ်ဖြစ်ကာ ဆက်ပြောလေသည်။

"အကုန်လုံးက နို့မှုန့်တွေချည်းပဲ မဟုတ်ဘူးလား။ ဘာတွေကွာခြားနေလို့လဲ၊ တစ်ဘူးတည်းနဲ့တင် ပြည်တွင်းက နို့မှုန့် ဘူးအများကြီး ဝယ်လို့ရနေပြီ"

ကျန်းရို ယခုတစ်ကြိမ်တွင် သူမကို ထောက်ခံခြင်း မပြုပေ။

"ဈေးကြီးရင် ဈေးကြီးတဲ့ အကြောင်းရင်း ရှိမှာပေါ့"

ပြည်တွင်းမှ နို့မှုန့်အချို့မှာ နောက်ပိုင်းတွင် ပြဿနာများစွာ ထွက်ပေါ်လာခဲ့သည်ကို သူမ မှတ်မိနေသေးလေသည်။

လင်းရှူကျွင်းက ခေါင်းခါလိုက်လေသည်။

"ဘာပဲဖြစ်ဖြစ် သူရှာတဲ့ ပိုက်ဆံပဲလေ၊ သူ ဘယ်လိုသုံးချင်သုံးချင် သုံးပါစေ"

ထို့နောက် အနည်းငယ် ညည်းတွားသည့် လေသံဖြင့် ဆက်ပြောလေသည်။

"ကလေးမွေးရတာ တကယ် ပိုက်ဆံကုန်တာပဲ၊ ငါ့အမေကတောင် ပြောသေးတယ်၊ အဲ့ဒီပိုက်ဆံတွေနဲ့ဆို သူက ကလေးတစ်အုပ်တောင် မွေးလို့ရနေပြီတဲ့"

သို့သော် သူမ၏ မိခင်ကလည်း ပါးစပ်မှသာ ပြောခြင်းဖြစ်ပြီး စိတ်ထဲတွင်တော့ ဖုဖေးကို ဘယ်လောက်တောင် သဘောကျနေလဲ မသိပေ။ ထို့အပြင် သူမကို ကောင်းမွန်သော ခင်ပွန်းတစ်ယောက် ရှာပေးခဲ့သည့် သူမ၏ သူငယ်ချင်းနှစ်ယောက်ကိုလည်း အထပ်ထပ် ကျေးဇူးတင်ခိုင်းသေးလေသည်။ သူမလို လူမျိုးက အပြောကောင်းအောင် ပြောရလျှင် ဖြောင့်မတ်သူဖြစ်ပြီး၊ အပြောဆိုးအောင် ပြောရလျှင် ဦးနှောက်မရှိသူဖြစ်ရာ သဘောထားချင်း မတိုက်ဆိုင်သူနှင့်သာတွေ့ပါက နောင်တွင် ဘယ်လောက်တောင် ဒုက္ခရောက်ရမည်ကို မသိနိုင်ပေ။

တကယ်တော့ ယမန်နှစ်က တုံမင်မင် သူမကို တောင်းပန်ခဲ့ဖူးသည်။ ထိုစဉ်က သူမကို လူမိတ်ဆက်ပေးချင်ခဲ့ရခြင်းမှာ တစ်ဖက်တွင် သူမက ခေါင်းဆောင်ရှန်ကို ချစ်မိသွားမည်ကို စိုးရိမ်၍ဖြစ်ပြီး၊ အခြားတစ်ဖက်တွင် မိမိအတွက် စကားပြောဖော် သူငယ်ချင်းတစ်ယောက် ရှာချင်၍ဖြစ်သည်။ ပုံမှန်အားဖြင့် ခေါင်းဆောင်ရှန်မှာ အလွန်အလုပ်များလွန်းရာ သူ တကယ် အလုပ်များနေခြင်းလား၊ ဟန်ဆောင် အလုပ်များနေခြင်းလား ဆိုသည်ကိုပင် သူမ မသိရပေ။

လင်းရှူကျွင်းကလည်း ဘာမှမဟုတ်ပါဘူးဟု ထင်ခဲ့သည်။ ဤသည်မှာ ရည်ရွယ်ချက်မရှိဘဲ စိုက်ပျိုးလိုက်သော မိုးမခပင်များက အရိပ်ရလာခြင်း ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ သူမက ဖုဖေးကို ရာနှုန်းပြည့် ကျေနပ်နေပြီး၊ ဖုဖေးကလည်း သူမအပေါ် အလွန်ကောင်းမွန်လေသည်။

ယခင်က ရဲစခန်းမှ အစ်ကိုကြီးတစ်ယောက် သူမကို မိတ်ဆက်ပေးရန် ပြင်ဆင်ထားခဲ့သော အမျိုးသားမှာ လတ်တလောတွင် ရဲစခန်းမှ လုပ်ဖော်ကိုင်ဖက် မိန်းကလေးတစ်ဦးကို မိတ်ဆက်ပေးလိုက်ရာ သူတို့နှစ်ဦး တွဲသွားကြလေသည်။ သူမလည်း ထိုလူကို မြင်တွေ့ခဲ့ရပြီး မဆိုးဘူးဟု ထင်ရသော်လည်း စရိုက်က အနည်းငယ် မှိုင်းတေနေပြီး သိပ်ပြီး နွေးထွေးမှု မရှိပုံရကာ၊ ဖုဖေး ထိုစဉ်က နွေးထွေးပျော်ရွှင်နေသော ပုံစံနှင့် တခြားစီပင် ဖြစ်လေသည်။

တကယ်တော့ သဘောထားကို ကြည့်ရုံဖြင့် အမျိုးသားတစ်ဦး၏ စိတ်ထဲတွင် သင်ရှိမရှိ ဆိုသည်ကို သိနိုင်လေသည်။

မင်္ဂလာပွဲ တက်ရောက်ပြီးချိန်တွင် ည ၉ နာရီရှိနေပြီဖြစ်သည်။ လီရှောင်းက ကျန်းရိုထံသို့ ဖုန်းအကြိမ်ကြိမ် ဆက်ခဲ့ပြီး၊ ကျန်းရိုက စိတ်ရှုပ်သည်ဟု မပြောရသေးမီ အန်းအန်းက ဒေါသတကြီးဖြင့် ဖုန်းကို လုကိုင်လိုက်လေသည်။

"ပါပါး ဘာလို့ အမြဲတမ်း ဖုန်းဆက်နေတာလဲ။ ပါပါး အသက် ဘယ်လောက်ရှိပြီလဲ"

ထို့နောက် ရိုင်းစိုင်းစွာ ပြောလိုက်လေသည်။

"ကိုယ့်ဘာသာ အိပ်တော့"

ကျန်းရိုကို ရယ်သေလုနီးပါး ဖြစ်စေခဲ့ပြီး သူမ၏ ပါးပြင်လေးကို နမ်းလိုက်လေသည်။

တစ်ဖက်မှ လီရှောင်းလည်း ရယ်မောလိုက်သော်လည်း မေးလိုက်လေသည်။

"ဘယ်အချိန် ပြန်လာမလဲ။ ကိုယ် လာကြိုမယ်လေ"

"မသိဘူး၊ မြန်လောက်ပြီထင်တယ်။ အခု ကျွန်မတို့က သတို့သားအိမ်သစ်မှာ ရောက်နေတာ၊ ယောကျ်ားလေးဘက်က သတို့သားသတို့သမီးကို နောက်ပြောင်ချင်ကြလို့ ကျွန်မတို့လည်း ဝင်ပြီး စည်ကားအောင် လုပ်ပေးနေတာ"

လီရှောင်းလည်း ဖုန်းထဲမှ ဆူညံနေသော အသံများကို ကြားလိုက်ရလေသည်။

"ကောင်းပြီလေ၊ ကိုယ် အောက်ထပ်မှာ စောင့်နေမယ်"

"ရောက်နေပြီလား။ အဲ့ဒါဆိုရင် ရှင်လည်း အပေါ်တက်လာပြီး လာကစားပါလား"

"မလာတော့ဘူး၊ ဆူညံတာ မကြိုက်လို့"

…..

နောက်ဆုံးတွင် ည ၉ နာရီကျော်အထိ နောက်ပြောင်ကစားခဲ့ကြသည်။ တုံမင်မင်က ဆက်ကစားချင်သေးသော်လည်း၊ နောက်ဆုံးတွင် သူမ၏ ခင်ပွန်းက ကြည့်မနေနိုင်တော့ဘဲ ကစားရတာ လွန်သွားသော လုပ်ဖော်ကိုင်ဖက်များကို အပြင်သို့ မောင်းထုတ်ခဲ့ရသည်။ ကံကောင်းထောက်မစွာဖြင့် ယောက္ခမဖြစ်သူက သူ့ဘက်မှ ရပ်တည်ပေးသဖြင့် အတူတကွ လူများကို ဆွဲထုတ်နိုင်ခဲ့လေသည်။

လီရှင်းလည်း ထွက်လာခဲ့ပြီး ကစားထားသဖြင့် မျက်နှာလေးများ နီမြန်းနေလေသည်။ ကစားနည်းအချို့မှာ ကျန်းရို တွေးထားခြင်းဖြစ်ပြီး နောင်ခေတ်များမှ ဖျော်ဖြေရေးအစီအစဉ်များကို အတုခိုးထားခြင်းဖြစ်သည်။ စကားလုံးအချို့ကို ရေးထားပြီး လူများကို ခန္ဓာကိုယ်လှုပ်ရှားမှုများဖြင့် ဖော်ပြခိုင်းကာ တစ်ယောက်မှတစ်ယောက်သို့ လက်ဆင့်ကမ်းပြီး နောက်ဆုံးလူက ခန့်မှန်းရသော စကားလုံးအရေအတွက် အများဆုံးသူက အနိုင်ရခြင်းဖြစ်သည်။ တုံမင်မင်က သဘောကျသဖြင့် အနိုင်ရသူများကို ပိုက်ဆံပေးလေသည်။

တစ်ယောက်စီတိုင်း အားရပါးရ ကစားကြပြီး အားလုံးကိုလည်း တဝါးဝါး တဟားဟား ရယ်မောစေခဲ့လေသည်။

စည်လည်းစည်ကားသလို အောက်တန်းကျသည်ဟုလည်း မထင်ရပေ။

လီရှင်းက ဉာဏ်ကောင်းသဖြင့် တုံမင်မင်က သူမကို နောက်ဆုံးတွင် ခန့်မှန်းရန် နေရာချထားပေးခဲ့ရာ၊ သတို့သမီးအရံကြေးအပြင် နောက်ထပ် ပိုက်ဆံအများကြီးကိုပါ ရှာနိုင်ခဲ့လေသည်။

အပြင်ထွက်လာသောအခါ ကျန်းရိုက သူမ၏ လက်နှစ်ဖက်စလုံးတွင် ပိုက်ဆံများ အပြည့်ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။

အန်းအန်းလည်း အားရပါးရ ကစားခဲ့ပြီး အသစ်သိကျွမ်းသော ကစားဖော်အချို့နှင့်အတူ အိမ်သစ်ထဲတွင် လျှောက်ပြေးနေသဖြင့် ဆံပင်များပင် ဖရိုဖရဲ ဖြစ်နေလေသည်။

သူတို့သုံးဦး အောက်ထပ်သို့ ဆင်းလာပြီးနောက် လီရှောင်း၏ ကားကိုရှာ၍ တက်ထိုင်လိုက်ကြသည်။ လီရှောင်းက သူတို့၏ ပုံစံကို မြင်သည်နှင့် အလွန်ပျော်ရွှင်စွာ ကစားခဲ့ကြမှန်း သိလိုက်သဖြင့် တိုးညှင်းစွာ ရယ်မောလိုက်လေသည်။

"အဲ့ဒီလောက်တောင် ပျော်နေကြတာလား"

ကျန်းရိုက ယာဉ်မောင်းဘေးခုံတွင် ထိုင်လျက် အိတ်ကပ်ထဲမှ မင်္ဂလာသကြားလုံး တစ်လုံးကို ထုတ်ယူကာ သူ၏ ပါးစပ်ထဲသို့ ခွံ့ပေးလိုက်လေသည်။

"လာ၊ ရှင့်ကိုလည်း မင်္ဂလာသတင်းလေး ကူးစက်စေရအောင်"

လီရှောင်းက ပြုံးလျက် သူမကို တစ်ချက်ကြည့်လိုက်ပြီး ပါးစပ်ဟ၍ စားလိုက်လေသည်။

ပါးစပ်ထဲရောက်မှသာ တစ်ခုခု မှားယွင်းနေသည်ကို ခံစားလိုက်ရပြီး မျက်နှာသေဖြင့် ပြောလိုက်လေသည်။

"ဒီသကြားလုံးပေါ်မှာ ဘာလို့ သွားရာတွေ ရှိနေတာလဲ"

ကျန်းရိုက သိသွားပြီဖြစ်ကြောင်း မြင်သောအခါ မနေနိုင်ဘဲ အသံထွက်၍ ရယ်မောလိုက်လေသည်။

၎င်းမှာ မွန်းလွဲပိုင်းက အန်းအန်း တစ်လုတ်စားကြည့်ပြီးနောက် အရသာမကောင်းမှန်းသိသဖြင့် စက္ကူပေါ်သို့ ပြန်ထွေးထုတ်ထားခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က အမှိုက်ပုံးမရှိသဖြင့် ကျန်းရိုက အိတ်ကပ်ထဲသို့ ပြန်ထည့်ထားခဲ့ခြင်း ဖြစ်လေသည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၆၆)

ဩဂုတ်လလယ်ခန့်၊ ကျောင်းဖွင့်ရန် ခုနစ်ရက် ရှစ်ရက်ခန့် လိုသေးချိန်တွင် ကျင်းတာ့ယိုက တစ်ခေါက် ရောက်လာခဲ့သည်။ အဓိကအားဖြင့် သူ့မိခင်ကို လာကြည့်ရန် ဖြစ်လေသည်။

နှစ်သစ်ကူးပြီးနောက် တီတူသို့ ဘွဲ့လွန်သွားတက်ကတည်းက သူက နည်းပြဆရာနောက်တွင်သာ သုတေသနများ တစ်ချိန်လုံး လုပ်နေခဲ့ရပြီး၊ လတ်တလောမှသာ အားလပ်ချိန် ရလာခဲ့ခြင်းဖြစ်သည်။ ပုံမှန်ဆိုလျှင် ဖုန်းဆက်ရန်ပင် အချိန်လု၍ ဆက်ရလေသည်။

အဒေါ်ကျိုး၏ အဖော်ပြုပေးမှုကြောင့်လား၊ သို့မဟုတ် ကျင်းတာ့ယိုပေါ်လာတာကြောင့်လားမသိ၊ ဒေါ်လေးကျီ၏ လက်ရှိအခြေအနေမှာ အများကြီး ပိုမိုကောင်းမွန်လာခဲ့ပြီဖြစ်သည်။ အနည်းဆုံးတော့ စိတ်ခံစားမှု တည်ငြိမ်နေပြီး တစ်ခါတစ်ရံတွင်လည်း အသိစိတ် ပြန်ဝင်လာကာ အတိတ်က ကိစ္စရပ်များကို ပြန်လည်အမှတ်ရနိုင်လေသည်။ သို့သော် ကျင်းတာ့ဖုန်း၏ နာမည်ကိုတော့ မဟရဲပေ။ 'တာ့ဖုန်း' ဟူသော နာမည်ကို ကြားသည်နှင့် လူက အလွန်စိတ်လှုပ်ရှားသွားတတ်သဖြင့် အားလုံးက ဤနာမည်ကို တတ်နိုင်သမျှ ရှောင်ရှားကြလေသည်။

ကျင်းတာ့ယိုက လေးငါးရက်ခန့် နေထိုင်ခဲ့သည်။ လီရှင်းနှင့် မွေးရာပါ ရန်သူများဖြစ်နေ၍လားမသိ၊ ဤနှစ်ဦးက တွေ့သည်နှင့် အပြန်အလှန် ရန်ဖြစ်ကြလေသည်။

လီရှင်း ဖြေဆိုထားသည်မှာ တီတူတက္ကသိုလ်ဖြစ်ရာ၊ ကျန်းရိုက မူလက အချိန်လု၍ လီရှင်းကို ကျောင်းသို့ လိုက်ပို့ရန် စီစဉ်ထားခဲ့သည်။ မည်သို့ပင်ဖြစ်စေ ပစ္စည်းများက မနည်းလှသလို လီရှင်းကလည်း လှပသဖြင့် တစ်ယောက်တည်း ကျောင်းသွားရမည်ကို ကျန်းရိုက အနည်းငယ် စိတ်မချဖြစ်မိလေသည်။ ယခု ကျင်းတာ့ယို ရောက်လာသဖြင့် ကျန်းရိုက ညီမဖြစ်သူကို သူ့လက်ထဲသို့ တိုက်ရိုက် အပ်လိုက်ပြီး၊ သူ့ကို လမ်းကြုံ လီရှင်းအား ကျောင်းသို့ လိုက်ပို့ရန် ပြောလိုက်လေသည်။

လီရှောင်းက ကျင်းတာ့ယိုကို ညီအရင်းတစ်ယောက်လို သဘောထားရာ တွက်ကြည့်မည်ဆိုလျှင် ကျင်းတာ့ယိုကလည်း လီရှင်း၏အစ်ကိုပင်ဖြစ်သည်။ အစ်ကိုက ညီမကို လိုက်ပို့သည်မှာ အလွန် ပုံမှန်ကိစ္စပင် ဖြစ်လေသည်။

ကျန်းရိုကလည်း အကြိမ်ကြိမ်သွားနေရမည့် ဒုက္ခမှ သက်သာသွားလေသည်။ လတ်တလောတွင် ကျန်းရိုက လီရှောင်းနှင့်အတူ ကျေးဇူးဆပ်ပွဲ(တက္ကသိုလ်ဝင်ခွင့်ရပွဲ)များနှင့် အောင်ပွဲခံပွဲများစွာကို တက်ရောက်ခဲ့ရသဖြင့် တကယ်ကို အနည်းငယ် ပင်ပန်းနေပြီဖြစ်ပြီး အိမ်တွင်သာ အနားယူချင်နေတော့လေသည်။

ကျင်းတာ့ယိုက ထိုစကားကို ကြားသောအခါ ဆိုဖာ၏ အခြားတစ်ဖက်ရှိ လီရှင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြုံးစိစိဖြင့် ပြန်ပြောလိုက်လေသည်။

"ရပါတယ်"

လီရှင်းလည်း ကြားလိုက်ရပြီး သိပ်မပျော်ရွှင်စွာဖြင့် နှုတ်ခမ်းကို ရွဲ့လိုက်သော်လည်း ဘာမှတော့ မပြောခဲ့ပေ။

ဒီဘက်မှနေ၍ တီတူသို့ သွားရသည်မှာ တကယ်ပင် အတော်လေး ဝေးကွာပြီး သွားရပြန်ရ အလုပ်ရှုပ်ကာ ပိုက်ဆံလည်း ကုန်လေသည်။

သူမ အမုန်းဆုံးအရာမှာ အစ်မဖြစ်သူကို ဒုက္ခပေးရမည်ကိုပင် ဖြစ်လေသည်။

ကျင်းတာ့ယိုက သူမ၏ ရွံရှာနေသော မျက်နှာထားကို မြင်သောအခါ မျက်လုံးထဲတွင် အပြုံးရိပ်များ သန်းသွားလေသည်။

…..

ဩဂုတ်လ ၂၆ ရက်နေ့တွင် လီရှင်းက ခရီးဆောင်အိတ်ကြီး နှစ်လုံး သိမ်းဆည်းကာ ကျင်းတာ့ယို၏ အနောက်မှလိုက်၍ ရထားပေါ်သို့ တက်ခဲ့လေသည်။

ခရီးဆောင်အိတ်ကြီး နှစ်လုံးစလုံးကို ကျင်းတာ့ယိုက ဆွဲပေးထားပြီး၊ သူမက ဖောင်းကားနေသော အိတ်ငယ်လေး တစ်လုံးကိုသာ လွယ်ထားရလေသည်။ ရထားပေါ်တက်ချိန်တွင် မကြာခဏဆိုသလို မခွဲခွာရက်စွာ နောက်လှည့်ကြည့်နေမိသည်။ လီရှင်း သိထားသည်မှာ ဤတစ်ကြိမ် ထွက်ခွာသွားပါက နှစ်သစ်ကူးမှသာ အစ်မဖြစ်သူကို ပြန်လည်တွေ့ရတော့မည် ဖြစ်လေသည်။

ကျန်းရိုက သူမကို လက်ရမ်းပြလိုက်ပြီး အနည်းငယ်မျှ အားနာခြင်းမရှိဘဲ မှာကြားလိုက်လေသည်။

"ကိစ္စရှိရင် နင့်ကိုကို တာ့ယိုကို သွားရှာ"

ရှေ့မှ လျှောက်နေသော ကျင်းတာ့ယိုက ကြားသွားပြီး နောက်လှည့်၍ တစ်ချက် ကြည့်လိုက်လေသည်။

လီရှောင်းက အန်းအန်းကိုချီကာ ကျန်းရို၏ ဘေးတွင် ရပ်လျက် တစ်ပါတည်း မှာကြားလိုက်သေးလေသည်။

"လီရှင်းကို ညီမအရင်းလို ဂရုစိုက်ပေးပါ၊ အနိုင်မကျင့်နဲ့နော်"

ကျင်းတာ့ယိုက သွားဖြီးပြလိုက်ပြီး သူက ဘယ်တုန်းကများ အနိုင်ကျင့်ဖူးလို့လဲ။

အန်းအန်းက အလွန် မခွဲခွာရက်စွာဖြင့် လက်ရမ်းပြလေသည်။

"ဒေါ်လေး တာ့တာ၊ သမီး တီတူဘဲကင် စားချင်တယ်"

လီရှင်း ကြားပြီး ရယ်မောလိုက်လေသည်။

"ကောင်းပြီ၊ ပြန်လာရင် သမီးအတွက် ဝယ်လာခဲ့မယ်"

…..

လီရှင်း ထွက်သွားပြီးနောက် အန်းအန်း ကျောင်းဖွင့်ရန်လည်း သိပ်မလိုတော့ပေ။ ကလေးမလေးက အလွန် မပျော်မရွှင် ဖြစ်နေလေသည်။ အဘယ်ကြောင့်ဆိုသော် ယခုအခါ မာမားက ကျောင်းသွားစရာ မလိုတော့ကြောင်း သူမ တွေ့ရှိသွားသောကြောင့်ဖြစ်သည်။ မာမားက နောက်ပိုင်းတွင် အိမ်မှာပဲနေပြီး ကစားနေတော့မည်ဖြစ်သည်။ ကျန်းရိုက အိမ်တွင် စာဖတ်ပြီး စာမေးပွဲအတွက် ပြင်ဆင်နေကြောင်း ရှင်းပြသော်လည်း၊ အန်းအန်းက နားမလည်ဘဲ အိမ်မှာနေလျှင် ကစားနေခြင်းသာဖြစ်သည်ဟု အမြဲ ထင်နေကာ ကျန်းရိုကို သူမအတွက်ပါ ခွင့်တိုင်ပေးရန် ပူဆာလေသည်။ သူမလည်း အိမ်တွင် အိပ်ရာထ နောက်ကျချင်သေးသည်ဟု ဆိုလေသည်။

ဒီကလေးရဲ့ အိပ်ရာထနောက်ကျတဲ့ အကျင့်က ဘယ်သူနဲ့ တူမှန်းကို မသိတော့ပေ။ ငယ်ငယ်က အစောဆုံး နိုးတတ်တာက သူမ ဖြစ်ပါလျက်နဲ့၊ အခုတော့ ဘယ်လောက်စောစော အိပ်အိပ် မနက်ဆို မထနိုင်တော့ဘဲ သူမအဖေကိုယ်တိုင် ဆွဲထူရတဲ့အထိ ဖြစ်နေလေပြီ။

ထို့ကြောင့် ကျန်းရိုက သူမ၏ကျန်းမာရေး တစ်ခုခုချို့ယွင်းနေသလားဟု စိုးရိမ်ကာ ဆေးရုံသို့ပင် တကူးတက ခေါ်သွားပြခဲ့သေးသည်။ နောက်ဆုံးတွင် ကျန်းမာရေး အလွန်ကောင်းမွန်ကြောင်း တွေ့ရှိရပြီး ပျင်းရိနေခြင်းသာ ဖြစ်လေသည်။

ကျန်းရိုက သူမ အိမ်မှာ မရှိခဲ့သော ဤခြောက်လအတွင်း လီရှောင်းက အကျင့်ဆိုးများ သင်ပေးခဲ့သည်ဟု သံသယဝင်ကာ မနေနိုင်ဘဲ ညည်းတွားလိုက်လေသည်။

"အရင်က အန်းအန်း အစောကြီး ထတတ်တာ ကျွန်မ မှတ်မိပါသေးတယ်။ အခု ဘယ်လိုလုပ်ပြီး ဒီလောက်တောင် အိပ်ရာထ နောက်ကျနေရတာလဲ။ ကျွန်မ အိမ်မှာ မရှိတဲ့အချိန်တုန်းက ရှင်တို့ မနက်စာ မစားကြဘူးလား"

လီရှောင်း ထိုစကားကို ကြားသောအခါ အနည်းငယ် စိတ်မလုံမလဲဖြင့် ပဲနို့ကို မော့သောက်လိုက်လေသည်။

"ဘယ်ကသာ။ ကိုယ်က နေ့တိုင်း ထပြီး မနက်စာ လုပ်ပါတယ်"

ပါပါး မနက်စာ လုပ်သည်ဟု ကြားသည်နှင့် အန်းအန်းက ချက်ချင်းပင် အသံကျယ်ကျယ်ဖြင့် ကန့်ကွက်လေတော့သည်။

"ပါပါးက နေ့တိုင်း ထမင်းကြော်ပဲ လုပ်တာ။ သမီး မစားချင်တာကို ပါပါးက အတင်း စားခိုင်းသေးတယ်"

ပြောပြီးနောက် ထပ်ဖြည့်ပြောလိုက်သေးလေသည်။

"ဒေါ်လေးကလည်း ကြက်ဥခေါက်ဆွဲပဲ လုပ်တတ်တာ၊ စားလို့ မကောင်းဘူး"

မာမား လုပ်သော ကြက်ဥခေါက်ဆွဲက မွှေးကြိုင်ပြီး အရသာရှိသလို၊ ဦးဦးတာ့ယို လုပ်သော မနက်စာများကလည်း အလွန်စုံလင်လှသည်။ ပါပါးနှင့် ဒေါ်လေး လုပ်သော ထမင်းများကတော့ အမြဲတမ်း အဲ့ဒီနှစ်မျိုးတည်းသာ ဖြစ်ပြီး၊ အထူးသဖြင့် ဒေါ်လေး၏ ကြက်ဥခေါက်ဆွဲဆိုလျှင် ငန်ရင်ငန်၊ မငန်ရင် ပေါ့နေတတ်လေသည်။

"သမီးက မစားရင်လည်း သူတို့က သမီးကို အစားရွေးတယ်လို့ အပြစ်တင်ကြသေးတယ်"

အန်းအန်းမှာ ယခု ကြီးလာပြီဖြစ်ရာ တိုင်တောတတ်နေပြီဖြစ်သည်။ ဤစကားများကို ပြောဆိုရာတွင် သူမ၏ မျက်နှာထားက အလွန် မကျေမနပ်ဖြစ်နေပုံရရာ၊ ကျန်းရို အိမ်မှာမရှိခဲ့သော အချိန်ကာလအတွင်း သူမ တကယ်ကို အလွန်ဝမ်းနည်းခဲ့ရပုံရလေသည်။

ကျန်းရိုမှာ အလွန်ရင်နာသွားပြီး လီရှောင်းကို ဒေါသတကြီးဖြင့် မျက်စောင်းထိုးလိုက်လေသည်။

လီရှောင်းက ခေါင်းငုံ့ကာ ထမင်းစားနေလေသည်။ ကျန်းရို အိမ်မှာမရှိချိန်တွင် သူက ဟင်းတွေ အများကြီး ချက်ရမှာ ပျင်းသဖြင့် အကြိမ်တိုင်းတွင် ဖြစ်သလိုသာ လုပ်လေ့ရှိပြီး ဗိုက်ဝလျှင် ရပြီဟုသာ ထင်ခဲ့မိလေသည်။

ကလေး အိပ်ရာထနောက်ကျသည့် ကိစ္စနှင့်ပတ်သက်၍မူ လီရှောင်းက လုံးဝ ဂရုမစိုက်ပေ။ ကလေးက အိပ်ချင်သလောက် အိပ်ပါစေပေါ့။ အိမ်တွင် ကျန်းရို ရှိနေသကဲ့သို့ နေ့တိုင်း မနက်စာ စားရန် အတင်းစောင့်ကြည့်နေမည် မဟုတ်ပေ။ သူက အိုးထဲတွင် ထမင်းချန်ထားခဲ့ပြီး ဘယ်အချိန်ထထ ဘယ်အချိန်စားစားဟုသာ သဘောထားခဲ့လေသည်။

….

အန်းအန်း ကျောင်းဖွင့်သည့်နေ့တွင် ကျန်းရိုနှင့် လီရှောင်းတို့ ကိုယ်တိုင်လိုက်ပို့ပေးခဲ့သည်။ အန်းအန်းက သူငယ်တန်း တက်လာသည်မှာ နှစ်နှစ်ရှိပြီဖြစ်ပြီး ယခုနှစ်တွင် အတန်းကြီးသို့ ရောက်ရှိနေပြီဖြစ်ရာ၊ ပထမနေ့ကကဲ့သို့ ငိုယိုပြီး မတက်ချင်ဘူးဟု မပူဆာတော့ဘဲ တံခါးဝတွင် ပါပါး မာမားတို့နှင့် လိမ်မာစွာ လက်ရမ်းနှုတ်ဆက်ကာ သူမ၏ သူငယ်ချင်းကောင်းများကို ရှာရန် တစ်ခုန်ခုန်ဖြင့် ပြေးဝင်သွားလေတော့သည်။

လွန်ခဲ့သောရက်အနည်းငယ်က ကျန်းရိုက သူမကို လှပသော ပန်းရောင် ကျောင်းလွယ်အိတ်လေးတစ်လုံး ဝယ်ပေးခဲ့ပြီး အထဲတွင် မုန့်များနှင့် ကစားစရာလေးများ ထည့်ပေးထားရာ သူမက သူငယ်ချင်းများကို ဝေမျှချင်နေလေပြီ။

ကျန်းရိုက ကျောင်းတံခါးဝတွင် သူဌေးယိုတို့ မိသားစုနှင့်လည်း ဆုံတွေ့ခဲ့သေးသည်။ သူဌေးယိုတို့ ဇနီးမောင်နှံက စီးပွားရေးတွင် မည်မျှပင် အောင်မြင်နေပါစေ၊ သာမန်မိဘများကဲ့သို့ပင် သားဖြစ်သူကို ကျောင်းတံခါးဝအထိ လိုက်ပို့ပေးကြပြီး ကိစ္စအချို့ကို သေချာစွာ မှာကြားနေကြလေသည်။

လဲ့လဲ့က လိမ်မာစွာဖြင့် အဆက်မပြတ် ခေါင်းညိတ်နေပြီး ကျန်းရိုကို မြင်သောအခါ မျက်လုံးများ တောက်ပသွားလေသည်။

"ဒေါ်လေး၊ အန်းအန်းရော"

ကျန်းရိုက ယောကျ်ားလေး၏ လှပပြီး လိမ်မာသော မျက်နှာလေးကို ကြည့်ကာ ပြုံးလိုက်လေသည်။

"သူ ဝင်သွားပြီလေ၊ သား သွားရှာပြီး ဆော့လိုက်ပါ။ သူက ဒီနေ့မနက် မြေခွေးရုပ်လေးတစ်ခု ယူလာပြီး သားကို ပေးမလို့တဲ့"

လဲ့လဲ့ ကြားသောအခါ အလွန်ဝမ်းသာသွားပြီး ကျန်းရိုနှင့် ပါပါး မာမားတို့ကို ချက်ချင်း လက်ရမ်းပြလိုက်လေသည်။

"အဲ့ဒါဆို သားလည်း ဝင်သွားပြီနော်၊ ပါပါး မာမား တာ့တာ၊ ဦးဦး ဒေါ်လေး တာ့တာ"

ပြောပြီးနောက် ကျောင်းထဲသို့ စိတ်လှုပ်ရှားစွာ ပြေးဝင်သွားလေတော့သည်။

အမျိုးသမီးဆုန့်က ကြည့်ရင်း ငိုရခက်ရယ်ရခက် ဖြစ်သွားလေသည်။

"ဖြည်းဖြည်း ပြေးပါ"

ပြောပြီးနောက် မတတ်နိုင်သည့်ဟန်ဖြင့် ကျန်းရိုကို ကြည့်လိုက်လေသည်။

"လဲ့လဲ့က မနက်စောစောကတည်းက အန်းအန်းအကြောင်းကိုပဲ ပြောနေတာ၊ ပြီးတော့ စားကောင်းတာတွေလည်း အများကြီး တကူးတက ယူလာသေးတယ်၊ အဲ့ဒီ ကျောင်းလွယ်အိတ် တစ်အိတ်လုံးက စားစရာတွေချည်းပဲ"

ကျန်းရိုက အနည်းငယ် အားနာစွာဖြင့် ပြုံးလိုက်လေသည်။

"ရှင့်အိမ်က ကျွန်မအတွက် သားလေးတစ်ယောက် ကူမွေးပေးနေသလိုပဲ ခံစားရတယ်"

အမျိုးသမီးဆုန့် ကြားပြီး ရယ်မောလိုက်လေသည်။

"ရတာပေါ့၊ ကျွန်မက သမီးတစ်ယောက် ပိုရလာတာကို လိုတောင် လိုချင်သေးတယ်"

စိတ်ထဲတွင်တော့ ဤကလေးနှစ်ယောက် ကြီးလာလျှင် တကယ်ပဲ အဖူးအစပ် တည့်သွားနိုင်သည်ဟု တွေးနေမိလေသည်။ သူမသားက အန်းအန်းအပေါ် ဤမျှ ရင်းနှီးခင်မင်နေသည်ကို ကြည့်ရသည်မှာ ကြီးလာလျှင် သူများနောက်က တကောက်ကောက် လိုက်နေမည်ကိုပင် စိုးရိမ်ရလေသည်။

သို့သော်လည်း သူမက အန်းအန်းဆိုသည့် ကလေးကို အလွန်သဘောကျလေသည်။ ကျန်းရိုနှင့် လီရှောင်းတို့၏ ရုပ်ရည်ကို ကြည့်ရုံဖြင့် ဤကလေး ကြီးလာလျှင် မည်မျှ ထူးခြားလှပလာမည်ကို သိနိုင်လေသည်။ ထို့အပြင် အန်းအန်း၏ စရိုက်က တကယ်ကို ကောင်းမွန်လှသည်။ လိမ်မာပြီး နူးညံ့ကာ အလွန် အလိုက်သိတတ်ပြီး ကျန်းရိုတို့ ဇနီးမောင်နှံက လက်ဝါးပေါ်တင်၍ အလိုလိုက်ထားသော်လည်း အကျင့်ဆိုးများ ကူးစက်လာခြင်း မရှိပေ။

အမျိုးသမီးဆုန့်က ဤမျှအထိ အဝေးကြီး တွေးနေပြီဟု ကျန်းရို လုံးဝ မထင်ထားခဲ့ပေ။ သူမက အန်းအန်း၏ ယခုပုံစံလေးက တကယ်ကောင်းသည်ဟုသာ ထင်မိလေသည်။ ကစားဖော်ကောင်းတွေရှိတယ်၊ အစ်ကိုရှိတယ်၊ မိသားစု သဟဇာတဖြစ်မှုကြောင့် အန္တရာယ်မရှိသော အကျင့်ဆိုးလေးများ၊ အလိုလိုက်ခံချင်စိတ်လေးများ ရှိနေခြင်းက ကောင်းမွန်သည်ဟု ထင်မိလေသည်။

သိတတ်ပြီး ဒေါသမရှိသော ကလေးများက မိဘများကို သက်သာစေသည်မှာ မှန်သော်လည်း၊ ယခင်ဘဝက အန်းအန်းသည် အလွန် သတိထားပြီး နေထိုင်ခဲ့ရမည်ကို ခန့်မှန်းမိလေသည်။ ဆန့်ကျင်ဘက်အနေဖြင့် ယခုပုံစံလေးကသာ ကလေးတစ်ယောက် ရှိသင့်ရှိထိုက်သော ပုံစံမျိုး ဖြစ်လေသည်။

ကျန်းရိုက သူမကို အခြားသူများ၏ ပါးစပ်ဖျားမှ စံပြကလေးတစ်ယောက် ဖြစ်လာစေရန် မလိုလားပေ။ သူမက အန်းအန်းကို ပျော်ရွှင်စွာ အသက်ရှင်နေထိုင်စေချင်ရုံသာ ဖြစ်လေသည်။

အခြားတစ်ဖက်တွင် လီရှောင်းက သူဌေးယိုနှင့် စကားပြောနေပြီဖြစ်သည်။ သူတို့နှစ်ဦး ဘာတွေပြောကြသည်မသိ၊ လမ်းခွဲချိန်တွင် လီရှောင်း၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ချိတ်ဆွဲထားလေသည်။

……

ထို့နောက်ပိုင်း အချိန်များတွင် ကျန်းရိုက စာမေးပွဲအတွက် အလေးအနက် ပြင်ဆင်နေလေတော့သည်။

နေ့ခင်းဘက် အိမ်တွင် စာဖတ်ရသည်မှာ၊ ဗီလာ၏ ပတ်ဝန်းကျင်က တကယ်ကို ကောင်းမွန်ကြောင်း ဝန်ခံရမည်ဖြစ်သည်။ တိတ်ဆိတ်ပြီး ရှုခင်းလည်းလှသည်။ အိမ်တွင် အခန်းများစွာရှိသဖြင့် ကျန်းရိုက တတိယထပ်တွင် သူမအတွက် သီးသန့် စာကြည့်ခန်းတစ်ခု ပြင်ဆင်ထားပြီး စာဖတ်၍ ပင်ပန်းလာလျှင် ပြတင်းပေါက်တွင်ရပ်ကာ အပြင်ဘက် ရှုခင်းများကို ကြည့်ရှုလေ့ရှိသည်၊ သို့မဟုတ် အောက်ထပ်သို့ဆင်းကာ မြက်ခင်းပြင်ပေါ်တွင် စာကျက်လေ့ရှိလေသည်။

အနောက်ဘက် မြက်ခင်းပြင်ပေါ်တွင် လီရှောင်းက ဒန်းတစ်ခု ဆောက်ပေးထားပြီး၊ ရေကူးကန်ဘေးတွင်လည်း စားပွဲကုလားထိုင်များနှင့် နေကာထီးကြီးတစ်လက် ရှိသေးရာ၊ ကျန်းရိုက ထိုင်ချင်သည့် နေရာတွင် ထိုင်နိုင်ပြီး မည်သူကမှ လာရောက် နှောင့်ယှက်မည် မဟုတ်ပေ။

ကျောင်းနှင့် မတူပေ။ ဘွဲ့လွန်ဖြေဆိုမည့်သူ များပြားလွန်းသဖြင့် ကိုယ်ပိုင်စာကျက်ခန်းကို လုရရုံသာမက စာကျက်မည့်နေရာကိုပါ လုရလေသည်။ အချို့က စာကျက်သံ ကျယ်လောင်လွန်းသဖြင့် အတော်ဝေးဝေးအထိ ပြေးသွားရသည်များပင် ရှိလေသည်။

လီရှောင်းက နေ့ခင်းဘက်တွင် အိမ်၌မရှိရာ၊ သူမ တစ်ယောက်တည်း စာဖတ်နေရသဖြင့် ထမင်းချက်ရန် အချိန်မရှိမည်ကို စိုးရိမ်ကာ သူမအတွက် အိမ်ဖော်တစ်ယောက် ငှားပေးရန်ပင် ပြင်ဆင်သေးလေသည်။ သို့သော် ကျန်းရိုက သဘောမတူဘဲ ပိုက်ဆံဖြုန်းရာကျသည်ဟု ထင်သလို၊ အိမ်တွင် သူစိမ်းတစ်ယောက် ပိုလာပါက အမြဲတမ်း နေရခက်သည်ဟု ခံစားရသောကြောင့်ဖြစ်သည်။ နောက်ဆုံးတွင် လီရှောင်းက ကျိုးမားကို အသိပေးကာ ကျန်းရိုကို မွန်းတည့်ချိန်တွင် သွားရောက် ထမင်းစားခိုင်းလိုက်လေသည်။

ထို့ကြောင့် နောက်ဆုံးတွင် ကျန်းရိုသည် နေ့တိုင်း ဘာမှလုပ်စရာမလိုဘဲ အပေါ်ထပ်တွင် စာဖတ်နေရုံသာ ဖြစ်လေတော့သည်။

ဤမျှကောင်းမွန်သော စာဖတ်ရန် အခြေအနေများ ရှိသော်လည်း၊ လူက မကြိုးစားဘဲ ဘေးတွင် အဖော်လုပ်ပေးမည့်သူ မရှိသဖြင့် ကျန်းရို၏ စာဖတ်စွမ်းရည်မှာ တိုက်ရိုက် ကျဆင်းသွားလေသည်။ တစ်ခါတစ်ရံ စာကျက်နေရင်းနှင့်ပင် ငေးမောသွားတတ်ပြီး ခေါင်းထဲတွင် လီရှောင်း ဘာလုပ်နေမလဲ၊ အန်းအန်း ထမင်းစားပြီးပြီလား ဆိုသည်တို့ကို မထိန်းချုပ်နိုင်ဘဲ တွေးမိနေကာ၊ နောင်တွင် သူမ စာမေးပွဲအောင်သွားပါက ဖြစ်လာမည့် မြင်ကွင်းများကိုပင် စိတ်ကူးယဉ်နေမိသေးလေသည်။

နောက်ပိုင်းတွင် ကျန်းရိုကလည်း ဤအတိုင်း ဆက်သွား၍ မဖြစ်တော့ကြောင်း သိလာသဖြင့် လီရှောင်းနှင့် တိုင်ပင်ကာ ကျောင်းသို့ သွားချင်သည်ဟု ပြောလေသည်။

လီရှောင်းက အကြောင်းရင်းကို သေချာမေးမြန်းပြီးနောက် မနေနိုင်ဘဲ ရယ်ချင်သွားကာ အကြံပေးလေသည်။

"ကျောင်းကို သွားပြီး ဘာလုပ်မလို့လဲ။ မင်းတို့ ကျောင်းမှာ မင်းအတွက် သီးသန့် အခန်း ရှိလို့လား။ သွားရင်လည်း ဆူညံတယ်ဆိုပြီး မင်းက သေချာပေါက် ညည်းနေဦးမှာပဲ"

ပြောပြီးနောက် စဉ်းစားကြည့်ကာ ဆက်ပြောလေသည်။

"ဒီလိုလုပ်လေ၊ ကိုယ် လူလွှတ်ပြီး ကိုယ့်ရုံးခန်းဘေးက အခန်းကို ရှင်းခိုင်းလိုက်မယ်၊ မင်းအတွက် ယာယီရုံးခန်း လုပ်ပေးမယ်လေ။ ပြီးတော့ ကိုယ့်နေရာက ထမင်းစားရုံနဲ့လည်း နီးတယ်၊ မင်း ကျောင်းက ထမင်းစားရုံကို တစ်ခေါက်သွားဖို့ အသွားအပြန် မိနစ် ၂၀၊ ၃၀ လောက် ကြာမှာ၊ အစားအသောက်ကလည်း ကိုယ်တို့လောက် မကောင်းဘူး"

အခြားအရာများထက် နောက်ဆုံးအချက်က ကျန်းရိုကို တကယ် ဆွဲဆောင်နိုင်ခဲ့လေသည်။ အရင်က ကျောင်းကို စရောက်စဉ်က ကျောင်းထမင်းစားရုံ၏ အရသာက မဆိုးဘူးဟု ထင်ခဲ့သော်လည်း၊ နောက်ပိုင်း များများစားလာသောအခါ သာမန်သာဖြစ်ကြောင်း ခံစားလာရလေသည်။ လီရှောင်း၏ စက်ရုံထမင်းစားရုံနှင့် မတူပေ။ သီးသန့် စားဖိုမှူးငှားထားပြီး ဆီ၊ ဆား အလျှံအပယ် သုံးကာ အလွန်လည်း သန့်ရှင်းသဖြင့် အစားအသောက်က တကယ် ကောင်းမွန်လှပြီး တစ်ပတ်လုံး ထပ်တူညီသော ဟင်းများ မရှိပေ။

ကျန်းရိုက သဘောတူလိုက်လေသည်။

"အဲ့ဒါဆိုလည်း ကောင်းပြီလေ၊ ရှင့်ကို ဒုက္ခပေးသလိုများ ဖြစ်သွားမလား။ ရှင့်ဘေးက အခန်းက ဘယ်သူ့ရုံးခန်းလဲ"

"မဖြစ်ပါဘူး၊ လူတွေကို ဒုတိယထပ်ကို ပြောင်းခိုင်းလိုက်ရင် ရပြီပဲ"

ထို့နောက် ကျန်းရိုက လီရှောင်း၏ စက်ရုံသို့ သွား၍ စာဖတ်လေတော့သည်။ လီရှောင်းက ကျန်းရိုအတွက် အလွန်ကြီးမားသော ရုံးစားပွဲကြီးတစ်လုံး ပြင်ဆင်ပေးထားသည်။ သူဌေးကြီးများ အသုံးပြုသော သစ်ကနက်စားပွဲမျိုးဖြစ်ပြီး နှစ်မီတာခန့် ရှည်လျားလေသည်။ ကုလားထိုင်ကလည်း သားရေကုလားထိုင်ဖြစ်ရာ ထိုင်ရသည်မှာ အလွန်သက်တောင့်သက်သာ ရှိလှလေသည်။

ကျန်းရို ဖတ်ရမည့် စာအုပ်များအားလုံးကို စားပွဲပေါ်တွင် ပုံထားသော်လည်း ကျပ်ကျပ်တည်းတည်း မဖြစ်ပေ။ ရုံးခန်းထဲတွင် ဆိုဖာနှင့် ရေသန့်စက်ပါရှိရာ ရေဆာလျှင်သောက်ရန် အလွန်လွယ်ကူပြီး၊ မွန်းတည့်ချိန်တွင် ဆိုဖာပေါ်၌ တစ်ရေးအိပ်နိုင်သေးလေသည်။

အရေးအကြီးဆုံးမှာ ကျန်းရို၏ စာဖတ်စွမ်းရည် တက်လာခြင်းပင်ဖြစ်သည်။ လီရှောင်းက ဘေးခန်းတွင် ရှိနေပြီး စက်ရုံထဲတွင် အခြားသူများလည်းရှိနေသည်ဟု တွေးမိတိုင်း ကျန်းရိုမှာ အားအင်အပြည့် ဖြစ်လာပြီး တစ်ယောက်ယောက်က သူမကို ကြည့်နေသည်ဟု အမြဲ ခံစားနေရလေသည်။

လီရှောင်းကလည်း သူမကို မနှောင့်ယှက်ဘဲ နေ့တိုင်း မွန်းတည့်ချိန်တွင် လာကြည့်တတ်သည် သို့မဟုတ် အပြင်ထွက်၍ စီးပွားရေးကိစ္စ ဆွေးနွေးပြီး ပြန်လာလျှင် သူမအတွက် စားစရာ၊ သောက်စရာများ ယူလာပေးတတ်လေသည်။

အန်းအန်း သိသွားသောအခါ အနည်းငယ် မပျော်မရွှင် ဖြစ်သွားခြင်းသာ ရှိလေသည်။ မာမားကို ပါပါးက လုယူသွားပြီဟု အမြဲ ထင်နေကာ ကန့်ကွက်ရန် ကြိုးစားသော်လည်း သူမအဖေ၏ နှိမ်နင်းခြင်းကို ခံလိုက်ရလေသည်။

…..

နိုဝင်ဘာလ ၁၀ ရက်နေ့သည် စာရင်းသွင်းရမည့်နေ့ဖြစ်သည်။ ယခုအချိန်တွင် ဘွဲ့လွန်စာမေးပွဲကို အွန်လိုင်းမှ စာရင်းသွင်း၍ မရသေးဘဲ ဒေသဆိုင်ရာ ကျောင်းဝင်ခွင့်ရုံးသို့ မဖြစ်မနေ သွားရောက်ရသဖြင့် အနည်းငယ် ရှုပ်ထွေးလေသည်။

ထိုနေ့တွင် လီရှောင်းက ကျန်းရိုကို အဖော်လုပ်ပေးရန် တကူးတက တစ်ရက် အချိန်လွတ်ပေးထားပြီး သူတို့နှစ်ဦး နံနက်စောစောကတည်းက ထွက်လာခဲ့ကြသည်။ အန်းအန်းကို ကျောင်းသို့ အရင်ပို့ပြီးနောက် ကျောင်းဝင်ခွင့်ရုံးသို့ ကားမောင်းသွားကြလေသည်။

စာရင်းလာသွင်းသူ အလွန်များပြားရာ ကျန်းရိုတို့ ရောက်သွားချိန်တွင် တန်းအရှည်ကြီး စီနေကြပြီဖြစ်သည်။ လမ်းဘေး မဝေးလှသော နေရာတွင် မနက်စာရောင်းသူများ ရှိနေပြီး၊ ကျန်းရိုနှင့် လီရှောင်းတို့က မနက်စာ စားပြီးမှ ထွက်လာကြခြင်းဖြစ်သော်လည်း အနံ့ရသောအခါ အနည်းငယ် ဆာလောင်လာသလို ခံစားရလေသည်။

ကျန်းရိုက လီရှောင်းကို သူမကိုယ်စား တန်းစီပေးရန် ပြောလိုက်ပြီး သူမက အီကြာကွေး အချို့နှင့် မုန်ညင်းချဉ်ပန်ကိတ် နှစ်ခု သွားဝယ်လာခဲ့လေသည်။ ထို့နောက် သူတို့နှစ်ဦး တန်းစီရင်းနှင့် အီကြာကွေးနှင့် မုန်ညင်းချဉ်ပန်ကိတ်များကို ခွဲစားကြလေသည်။

သန့်ရှင်းမှု ရှိမရှိကို အရင်မပြောနှင့်ဦး၊ အရသာကတော့ တကယ်ကို မဆိုးပေ။

လီရှောင်းက စားပြီးနောက် အိတ်ကပ်ထဲမှ လက်ကိုင်ပဝါကို ထုတ်ကာ ကျန်းရို၏ ပါးစပ်ကို သုတ်ပေးလိုက်ပြီးနောက်၊ အိမ်မှ ယူလာသော ရေနွေးဘူးကို ဖွင့်ကာ ရေတစ်ခွက် ငှဲ့၍ ကျန်းရို စားပြီးသည်နှင့် ကမ်းပေးလိုက်လေသည်။

ကျန်းရိုက ပြုံးရွှင်စွာဖြင့် သူ့ကို ပြောလိုက်လေသည်။

"ကိစ္စတွေ ပြီးသွားလို့ စောသေးရင်၊ ကျွန်မ တို့ ရုပ်ရှင် သွားကြည့်ကြရအောင်"

သူမက လီရှောင်းနှင့် သီးသန့် ဒိတ်မလုပ်ရသည်မှာ အတော်လေး ကြာနေပြီဖြစ်သည်။

လီရှောင်းက ထိုစကားကို ကြားသောအခါ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာလေသည်။

"ကောင်းပြီလေ"

အနည်းငယ် မျှော်လင့်နေသည့် ပုံစံပင် ပေါက်နေလေသည်။

ကျန်းရို သောက်ပြီးသောအခါ သူက ခေါင်းမော့၍ ခွက်ထဲတွင် ကျန်နေသည်များကို အကုန်သောက်လိုက်ပြီးနောက်၊ ခွက်ကို ရေနွေးဘူးအပေါ်တွင် ပြန်ဖုံးကာ ဘယ်ဘက်လက်ဖြင့် ကိုင်ထားပြီး ညာဘက်လက်ဖြင့် ကျန်းရို၏ လက်ကို ဆွဲထားလိုက်လေသည်။

…

သူတို့နှစ်ဦး နံနက် ၉ နာရီအထိ စောင့်ဆိုင်းပြီးမှ ကိစ္စများ ပြီးစီးသွားလေသည်။ အချိန်က စောလွန်းခြင်းလည်း မရှိ၊ နောက်ကျလွန်းခြင်းလည်း မရှိသဖြင့် သူတို့နှစ်ဦး တိုက်ရိုက်ပင် ရုပ်ရှင်သွားကြည့်လိုက်ကြလေသည်။ ရုပ်ရှင်ရုံထဲတွင် လတ်တလော ကြည့်ကောင်းသော ရုပ်ရှင်များ သိပ်မရှိဘဲ နိုင်ငံခြားကားတစ်ကားဖြစ်သော 《The IncrediBle Hulk》 ကို ပြသနေပြီး အတော်လေး ရေပန်းစားနေပုံရလေသည်။

ကျန်းရိုက ဤရုပ်ရှင်နာမည်ကို ကြားဖူးသော်လည်း သူမ အရင်က မကြည့်ဖူးသဖြင့် ကောင်းမကောင်း မသိဘဲ ဤရုပ်ရှင်ကိုသာ ရွေးချယ်လိုက်လေသည်။ ဖန်သားပြင်ပေါ်တွင် ပြသထားသော ဒါရိုက်တာနာမည်ကို မြင်သောအခါ ကျန်းရို အနည်းငယ် အံ့အားသင့်သွားသေးသည်။ ဤဒါရိုက်တာကို သူမ သိထားပြီး သူက တရုတ်လူမျိုးဖြစ်ကာ နောင်ခေတ်များတွင် အလွန်နာမည်ကြီးပြီး နိုင်ငံတကာဆုများစွာကို ရရှိခဲ့ဖူးသူ ဖြစ်လေသည်။

သို့သော် ကျန်းရိုက ဤကဲ့သို့သော တိုက်ခိုက်ရေးရုပ်ရှင်များကို သိပ်မစိတ်ဝင်စားလှပေ။ နောင်ခေတ်များမှ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်များကို အကြည့်များထား၍လည်း ဖြစ်နိုင်ပြီး ယခုခေတ် ရုပ်ရှင်အထူးပြုလုပ်ချက်များက သူမအပေါ် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိလှပေ။

ထို့ကြောင့် ခဏကြည့်ပြီးနောက် ကျန်းရိုက မနေနိုင်ဘဲ ဟိုဟိုဒီဒီ လိုက်ကြည့်နေမိလေသည်။ ယနေ့က တနင်္လာနေ့ဖြစ်ပြီး ရုပ်ရှင်ရုံသို့ လာကြည့်သူများ သိပ်မရှိလှပေ။ အထူးသဖြင့် နံနက် ၉ နာရီကျော် အချိန်ဖြစ်ရာ ရုပ်ရှင်ရုံတစ်ခုလုံးတွင် လူငါးယောက်သာ ရှိလေသည်။ ရှေ့တွင် သက်ကြီးရွယ်အို ဇနီးမောင်နှံတစ်တွဲရှိပြီး နောက်ဘက်ထောင့်တွင် ပေါက်ပေါက်ဆုပ်စားနေသော မိန်းကလေးတစ်ယောက် ရှိလေသည်။

ကျန်းရို အာရုံလွင့်နေသည်ကို သတိထားမိ၍လားမသိ၊ လီရှောင်းက ခေါင်းလှည့်ကာ သူမကို အကြိမ်ကြိမ် ကြည့်နေပြီး၊ သူမ၏လက်ကိုဆွဲကာ သူ့ပေါင်ပေါ်တွင်တင်၍ ညင်သာစွာ ဆုပ်ကိုင်ပေးနေလေသည်။

ကျန်းရိုက ရုပ်ရှင်ရုံထဲတွင် လူမများသည်ကို မြင်သောအခါ ခေါင်းကို သူ၏ ပခုံးပေါ်တွင် တင်ထားလိုက်ရာ၊ လီရှောင်းကလည်း အလိုက်တသိ ကိုယ်ကို စောင်းပေးကာ သူမကို ပို၍ သက်တောင့်သက်သာရှိအောင် မှီခိုင်းထားလိုက်လေသည်။

ကျန်းရိုက သူ့လက်မောင်းကို ချိတ်ထားပြီး ခဏကြည့်ပြီးနောက် ဘယ်နှနာရီ ရှိပြီလဲဟု မေးလိုက်လေသည်။

လီရှောင်းက မိုဘိုင်းဖုန်းကို ဖွင့်ကြည့်လိုက်ပြီးနောက် သူမကိုပါ ပြလိုက်လေသည်။ ၉ နာရီ ၄၃ မိနစ်၊ မိနစ် ၂၀ သာ ကြာသေးပြီး တစ်နာရီကျော် လိုသေးလေသည်။

သူက မနေနိုင်ဘဲ တိုးတိုးလေး မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ။ ဆက်မကြည့်ချင်တော့ဘူးလား။ ဒါမှမဟုတ် ထမင်းသွားစားကြမလား"

ကျန်းရိုက ခေါင်းခါပြလိုက်လေသည်။

"ဗိုက်မဆာသေးဘူး"

"အဲ့ဒါဆို ကိုယ်တို့ ကစားကွင်း သွားဆော့ကြမလား"

"ကစားကွင်းမှာလည်း လူရှိမှာ မဟုတ်ဘူး၊ မပျော်ရပါဘူး"

ကစားကွင်း၏ တကယ့်ပျော်စရာကောင်းသော နေရာမှာ ကစားစရာများ မဟုတ်ဘဲ၊ စည်ကားနေသော လူအုပ်ကြီးကို ကြည့်ရင်း မိမိကိုယ်တိုင်လည်း စည်ကားပျော်ရွှင်နေသည်ဟု ခံစားရခြင်းပင် ဖြစ်လေသည်။

လီရှောင်းက မျက်မှောင်ကြုတ်လိုက်ပြီး ပျော်စရာကောင်းသော နေရာတစ်ခုခုကို စဉ်းစားနေလေသည်။

ကျန်းရိုက ရုတ်တရက် ခေါင်းလှည့်ကာ သူ့နားအနားသို့ လေမှုတ်လိုက်လေသည်။

"ကျွန်မတို့ ဟိုတယ် သွားကြမလား"

"ဟိုတယ် သွားပြီး ဘာလုပ်မလို့လဲ"

လီရှောင်းက ချက်ချင်း သဘောမပေါက်ဘဲ ခေါင်းလှည့်ကာ သူမကို ထူးဆန်းစွာ ကြည့်လိုက်ပြီးနောက်၊ ကျန်းရို၏ ရမ္မက်ဆန်သော မျက်နှာထားနှင့် ဆုံသောအခါ ချက်ချင်းပင် သဘောပေါက်သွားလေတော့သည်။

နှုတ်ခမ်းထောင့်များက မသိစိတ်မှပင် ကွေးတက်သွားပြီး မျက်ခုံးပင့်ကာ သူမ၏ခါးကိုဖက်၍ မတ်တတ်ထရပ်လိုက်လေသည်။

ကျန်းရိုက သူ ဤမျှ လောလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမက ဒီတိုင်း ပေါ့ပေါ့ပါးပါးပြောပြီး သူ့ကို နောက်ပြောင်ရုံသာ ဖြစ်လေသည်။

သို့သော် လီရှောင်းက သူမနှင့် နောက်ပြောင်မနေဘဲ သူမ၏လက်ကိုဆွဲကာ တိုက်ရိုက် ထွက်လာခဲ့ပြီး၊ အနီးအနားရှိ အကောင်းဆုံး ဟိုတယ်တစ်လုံးသို့ ကားမောင်းသွားကာ ဇိမ်ခံမြို့ပြရှုခင်း အခန်းတစ်ခန်းကို ငှားလိုက်လေသည်။

ထို့နောက် သူတို့နှစ်ဦးမှာ ရှက်ရွံ့ခြင်းကင်းမဲ့စွာဖြင့် ဟိုတယ်ထဲတွင် တစ်နေ့လုံး နေထိုင်ကြပြီး၊ မွန်းတည့်ချိန်တွင်ပင် မထဘဲ ဟိုတယ်မှ ထမင်းဟင်းများကိုသာ မှာစားကြလေသည်။

မွန်းလွဲ ၄ နာရီရောက်ပြီး အန်းအန်း ကျောင်းဆင်းတော့မည့် အချိန်ရောက်မှသာ သူတို့ မထမဖြစ် ထလာကြပြီး အဝတ်အစားများကို ကမန်းကတန်း ဝတ်ဆင်ကာ အခန်းအပ်ရန် အောက်ထပ်သို့ ဆင်းလာခဲ့ကြလေသည်။

ကျန်းရိုက အဝတ်အစား ဝတ်ပြီးနောက် အရမ်း အကြည့်ရမဆိုးစေရန် အခန်းကိုပါ သန့်ရှင်းရေး လုပ်ပေးခဲ့သေးလေသည်။

လီရှောင်းက ပြုံးလျက် အင်္ကျီကြယ်သီးများကို တပ်နေလေသည်။

သူတို့နှစ်ဦး အခန်းအပ်ချိန်တွင် ဟိုတယ်ဧည့်ကြိုက သူတို့ကို ထူးဆန်းစွာ တစ်ချက် ကြည့်လိုက်သေးသည်။ အဘယ်ကြောင့်ဆိုသော် နံနက်ပိုင်းက အခန်းငှားပြီး မွန်းလွဲပိုင်းတွင် အခန်းပြန်အပ်သူ အလွန် ရှားပါးသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ကျန်းရိုနှင့် လီရှောင်းတို့ တံခါးအပြင် ထွက်သွားပြီးနောက်၊ ဧည့်ကြိုနှစ်ဦးက သူတို့သည် အိမ်ကို လျှို့ဝှက်၍ အပြင်ထွက်ကာ ဖောက်ပြန်နေကြသူများလားဟုပင် သံသယဝင်သွားကြလေသည်။

….

သူတို့နှစ်ဦး ကားမောင်း၍ သူငယ်တန်းသို့ ရောက်သွားချိန်တွင် အန်းအန်းမှာ စောစောကတည်းက ကျောင်းဆင်းနေပြီဖြစ်ပြီး ကစားဖော်များမှာလည်း အားလုံးနီးပါး ပြန်သွားကြပြီဖြစ်သည်။ သူမ တစ်ယောက်တည်းသာ တံခါးဝတွင် ဆောင့်ကြောင့်ထိုင်ကာ မျှော်လင့်တောင့်တစွာ ကြည့်နေလေသည်။

ပါပါး မာမားတို့ ရောက်လာသည်ကို မြင်သောအခါ ကလေးမလေးက ချက်ချင်းပင် ပျော်ရွှင်စွာ ပြုံးလိုက်လေသည်။

"မာမား"

ထိုအခါမှ တံခါးစောင့်နှင့် ဆရာမက သူမကို အပြင်သို့ ထွက်ခွင့်ပြုလိုက်ပြီး လီရှောင်းက ဆရာမ၏ လက်ထဲမှ ကျောင်းလွယ်အိတ်ကို လွှဲယူလိုက်လေသည်။

ကျန်းရိုက အန်းအန်း၏ လက်သေးသေးလေးကို ဆွဲကာ သူမကို တောင်းပန်လိုက်လေသည်။

"အားနာပါတယ်နော်၊ ပါပါး မာမားတို့ နောက်ကျသွားတယ်"

အန်းအန်းက အလွန် သဘောထားကြီးစွာဖြင့် ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး၊ မာမား ဒီနေ့ စာမေးပွဲ စာရင်းသွားသွင်းရတာဆိုတော့ သေချာပေါက် အရမ်းအလုပ်များနေလို့ သမီးကို လာမကြိုနိုင်တာ နေမှာပါ။ အန်းအန်း စိတ်မဆိုးပါဘူး"

"......"

ကျန်းရိုက စိတ်မလုံမလဲဖြင့် လီရှောင်းနှင့် အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြလေသည်။

လီရှောင်းကတော့ အလွန်တည်ငြိမ်နေပြီး စကားတစ်ခွန်းပင် ထပ်ဖြည့်ပြောလိုက်သေးလေသည်။

"ဒီနေ့ လူတွေ တကယ် များတယ်"

အန်းအန်းက အားကြိုးမာန်တက် ခေါင်းညိတ်ပြပြီး နားလည်စာနာစွာဖြင့် ပြောလိုက်လေသည်။

"နောက်ကြရင် စောစောလာရင် ရပါပြီ"

အန်းအန်းကို လျော်ကြေးပေးသည့်အနေဖြင့် ကျန်းရိုက ရှားရှားပါးပါး သူမကို KFC သွားစားရန် ခေါ်သွားပြီး ကိုကာကိုလာ တစ်ခွက် သောက်ခွင့်ပြုလိုက်ရာ ကလေးမလေးက အလွန်ပျော်ရွှင်သွားပြီး စားကောင်းသောက်ဖွယ်များ အများအပြား မှာယူလေတော့သည်။

…..

စာရင်းသွင်းပြီး ရက်အနည်းငယ်အကြာ၊ တစ်ပတ်ခန့်သာ ရှိသေးချိန်တွင် နိုင်ငံပိုင်တီဗွီသတင်း၏ 《အပတ်စဉ် အရည်အသွေး အစီရင်ခံစာ》 တွင် ရုတ်တရက် ကျင်းဟွာ အဆိပ်သင့် ဝက်ပေါင်ခြောက် (DDVP-treated Jinhua Ham) အကြောင်း ပေါက်ကြားလာရာ တစ်ချိန်တည်းမှာပင် လူထုကြားတွင် အထိတ်တလန့် ဖြစ်သွားစေခဲ့လေသည်။

DDVP ဆိုသည်မှာ ဘာလဲဆိုတာ လူတိုင်း သိကြသည်။ အင်းဆက်ပိုးသတ်ဆေးဖြစ်ပြီး စားမိပါက သေဆုံးနိုင်လေသည်။ ယခင်ကလည်း အစားအစာ ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်သည့် ကိစ္စများ ရှိခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင် နိုင်ငံပိုင်တီဗွီမှ ဖော်ထုတ်လိုက်ခြင်းဖြစ်ရာ လူထု၏ တုံ့ပြန်မှုမှာ အလွန် ပြင်းထန်လေသည်။

စာမေးပွဲအတွက် စာကျက်ရန် လိုအပ်သဖြင့် ကျန်းရိုက နေ့တိုင်း သတင်းကြည့်လေ့ရှိသည်။ ယနေ့မှာ တနင်္ဂနွေနေ့ဖြစ်ပြီး မိသားစုသုံးယောက် နေ့လယ်စာ စားပြီးခါစဖြစ်ရာ အနားယူရင်း သတင်းကြည့်နေကြခြင်း ဖြစ်လေသည်။

ဤသတင်းကို မြင်လိုက်ချိန်တွင် လီရှောင်း၏လက်ထဲ၌ ဝက်ပေါင်ခြောက် တစ်တုံး ကိုင်ထားပြီး စားနေဆဲဖြစ်ရာ မျက်နှာမှာ ချက်ချင်း စိမ်းဖျော့သွားလေတော့သည်။

အန်းအန်း၏လက်ထဲတွင်လည်း ပါးလွှာသော ဝက်ပေါင်ခြောက်တစ်ဖတ် ကိုင်ထားလေသည်။ သူမက တီဗွီကို တစ်ချက်ကြည့်လိုက်၊ လက်ထဲရှိ အသားကို တစ်ချက်ကြည့်လိုက်ဖြင့် သဘောမပေါက်သေးသည့်ပုံစံ ရှိလေသည်။

အန်းအန်းက စာများများစားစား မဖတ်တတ်သေးဘဲ ပုံမှန်အားဖြင့် သတင်းများကိုလည်း သိပ်စိတ်မဝင်စားပေ။ သူမက ဆိုဖာပေါ်တွင် ဟိုဘက်ဒီဘက် တွားသွားနေသော်လည်း ရုပ်ပုံများကိုတော့ နားလည်လေသည်။ တီဗွီပေါ်တွင် ပြသနေသော ဝက်ပေါင်ခြောက်က အိမ်က မီးဖိုချောင်ထဲရှိ ဝက်ပေါင်ခြောက်နှင့် အလွန်တူနေရာ သူမက အနည်းငယ် မသေချာဖြစ်နေသေးပုံရပြီး ဆိုဖာပေါ်မှဆင်းကာ တောက်တောက်တောက်ဖြင့် မီးဖိုချောင်ထဲသို့ ပြေးသွားကြည့်ပြီးနောက် ဇဝေဇဝါ မျက်နှာထားဖြင့် မေးလိုက်လေသည်။

"ပါပါး၊ သမီးတို့အိမ်မှာလည်း ဝက်ပေါင်ခြောက် ရှိတယ်၊ ဆက်စားလို့ ရသေးလားဟင်"

ကျန်းရိုက သူမ အနည်းငယ် နှမြောနေသေးပုံရသည်ကို မြင်သောအခါ အလျင်အမြန် ထသွားပြီး သူမလက်ထဲရှိ အသားကို ယူကာ အမှိုက်ပုံးထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်ပြီးနောက် လီရှောင်းကို မေးလိုက်လေသည်။

"ဒါက ဘာ ဝက်ပေါင်ခြောက်လဲ"

လီရှောင်းလည်း အနည်းငယ် မသေချာဖြစ်နေလေသည်။

"သေချာ မမှတ်မိတော့ဘူး၊ သူများတွေ လာပေးတုန်းက သေချာ နားမထောင်လိုက်မိဘူး၊ ပစ္စည်းကောင်းပဲ၊ တော်တော်လေး ဈေးကြီးတယ်လို့တော့ ပြောတာပဲ"

ပြောပြီးနောက် သူက မျက်နှာမည်းမှောင်ကာ မီးဖိုချောင်ထဲသို့ သွားကြည့်ရန် ထလိုက်လေသည်။ ထုပ်ပိုးထားသော အိတ်ကို ရှာမတွေ့တော့သလို ဝက်ပေါင်ခြောက်ပေါ်တွင်လည်း တံဆိပ် မရှိတော့ပေ။

ကျန်းရို အနည်းငယ် စိတ်မချဖြစ်သွားလေသည်။ ဤဝက်ပေါင်ခြောက်မှာ လွန်ခဲ့သော နှစ်ရက်က လီရှောင်း၏ စီးပွားရေးလောကမှ သူငယ်ချင်းတစ်ဦး ပေးလာခြင်းဖြစ်သည်။ ကျန်းရိုက ဆေးပညာ စတင်သင်ယူကတည်းက အစားအသောက်များကို အတော်လေး ဂရုစိုက်လာခဲ့ပြီး၊ ဤကဲ့သို့သော အစားအစာမျိုးဆိုလျှင် ဈေးကြီးလျှင်တောင် သူမ သိပ်မစားပေ။ အိမ်သို့ ယူလာသော နေ့ကသာ နှစ်တုံးခန့် မြည်းကြည့်ခဲ့ပြီး ဤရက်ပိုင်းအတွင်း လီရှောင်းနှင့် အန်းအန်းတို့သာ စားနေကြခြင်းဖြစ်သည်။ သားအဖနှစ်ယောက်က အသားစားရသည်ကို ကြိုက်နှစ်သက်ကြပြီး ပါးပါးလွှာလွှာလေး လှီးကာ မုန့်အဖြစ် စားနေကြခြင်း ဖြစ်လေသည်။

လီရှောင်းလည်း အနည်းငယ် ကြောက်လန့်သွားလေသည်။ သူက DDVP စားမိသွားပြီဟု တွေးမိသည်နှင့် လူတစ်ကိုယ်လုံး အနည်းငယ် နေမထိထိုင်မသာ ဖြစ်သွားလေသည်။ သူကတော့ ထားလိုက်တော့၊ အန်းအန်းက အသက်ငယ်သေးသည်လေ။

သူက အိတ်ကပ်ထဲမှ မိုဘိုင်းဖုန်းကို ထုတ်ကာ သူငယ်ချင်းကို ဖုန်းဆက်မေးရန် ပြင်လိုက်စဉ် ဖုန်းမခေါ်ရသေးမီမှာပင် သူငယ်ချင်း၏ ဖုန်းက ဝင်လာပြီး စိုးရိမ်တကြီး မေးမြန်းလေသည်။

"အစ်ကို၊ အစ်ကို့ဆီက ဝက်ပေါင်ခြောက် စားပြီးပြီလား။ မြန်မြန် လွှင့်ပစ်လိုက်၊ ကျွန်တော် ခုနက တီဗီကြည့်နေတာ၊ ပြဿနာတက်သွားပြီနဲ့ တူတယ်"

လီရှောင်း "...... ငါလည်း တွေ့လိုက်တယ်"

တစ်ဖက်မှ သတိထား၍ စကားစလာလေသည်။

"အစ်ကို ဆေးရုံ သွားပြကြည့်မလား"

အလွန် နောင်တရနေသော လေသံဖြင့် ဆက်ပြောလေသည်။

"ဒါက ကျွန်တော်လည်း သူငယ်ချင်းတစ်ယောက်ဆီကနေ ရလာတာပါ၊ ဈေးကြီးတာတွေ့လို့ ပစ္စည်းကောင်း ထင်မှတ်ပြီး။ ကျွန်တော့် ယောက္ခမအိမ်ကိုတောင် နှစ်ကောင် သွားပေးလိုက်သေးတယ်၊ ကျွန်တော့် ယောက္ခမက တစ်ကောင်တောင် စားလို့ ကုန်သွားပြီ၊ လုပ်ဖော်ကိုင်ဖက် တစ်ယောက်ကိုလည်း တစ်ကောင် ပေးလိုက်သေးတယ်။ ကျွန်တော် တကယ် မသိခဲ့တာပါ......"

ကျန်းရိုက ကားသော့ကို ယူလာခဲ့ပြီဖြစ်သည်။

"သွားမယ်၊ ဆေးရုံ အရင် သွားကြည့်ရအောင်"

လီရှောင်းက ယခုတစ်ကြိမ်တွင် မငြင်းဆန်တော့ဘဲ အန်းအန်းကိုချီကာ ဖုန်းပြောရင်းနှင့် သူမနောက်မှ လိုက်၍ အပြင်ထွက်လာခဲ့လေသည်။

မိသားစုသုံးယောက် ဆေးရုံသို့သွား၍ ခန္ဓာကိုယ်တစ်ခုလုံး စစ်ဆေးမှု ပြုလုပ်ခဲ့ရာ မွန်းလွဲပိုင်း တစ်ပိုင်းလုံး အလုပ်များသွားခဲ့ပြီး သွေးတစ်ပိုက်ပင် ဖောက်ခံလိုက်ရလေသည်။ အန်းအန်းမှာ နှာခေါင်းလေး နီလာသည်အထိ ငိုထားရပြီး သွေးဖောက်ပြီးနောက် မာမား၏ ရင်ခွင်ထဲတွင် ရှိုက်ငိုကာ ပါးစပ်ကြီးဟလျက် ဝမ်းနည်းစွာ ပြောလေတော့သည်။

"သမီး နောက်ဆိုရင် ဝက်ပေါင်ခြောက် လုံးဝ မစားတော့ဘူး"

ကျန်းရိုက ငို၍ နီရဲနေသော သူမ၏ မျက်နှာလေးကို သဘောကျစွာ ပွတ်သပ်ပေးလိုက်လေသည်။

"သမီး စားချင်ရင်တောင် မာမားက ဝယ်မကျွေးဘူး"

ကံကောင်းထောက်မစွာဖြင့် နောက်ဆုံး စစ်ဆေးချက်ရလဒ်များမှာ ကျန်းမာရေးကောင်းမွန်နေပြီး ကြီးကြီးမားမား သက်ရောက်မှု မရှိခဲ့ပေ။ စားတာ နည်းသွားသောကြောင့် ဖြစ်ပုံရလေသည်။

သို့သော် ဝက်ပေါင်ခြောက်ကိစ္စက မပြီးသေးပေ။ နောက်ရက်အနည်းငယ်အတွင်း ကျန်းရိုက စာမေးပွဲအတွက် ပြင်ဆင်ရန် အလုပ်များနေသလို၊ လီရှောင်းလည်း ကျန်းမာရေးအရည်အသွေး စစ်ဆေးမှုများကို ရင်ဆိုင်ရန် အလုပ်များနေရလေသည်။ ဝက်ပေါင်ခြောက်ကိစ္စ ပေါက်ကြားလာပြီးနောက် လူထုက အစားအသောက်များနှင့် ပတ်သက်၍ ပြင်းထန်စွာ တုံ့ပြန်လာကြရာ သက်ဆိုင်ရာ ဌာနများက စစ်ဆေးမှုများကို တိုးမြှင့်လုပ်ဆောင်လာခဲ့ပြီး သန့်ရှင်းရေးစံနှုန်းမမီသော အစားအစာများစွာကို ရှာဖွေတွေ့ရှိခဲ့လေသည်။

လီရှောင်း ဖွင့်လှစ်ထားသည်မှာ မုန့်စက်ရုံဖြစ်ရာ အကြိမ်ကြိမ် စစ်ဆေးခြင်း ခံရလေသည်။ ကံကောင်းထောက်မစွာဖြင့် သူ့စက်ရုံမှာ ဘာပြဿနာမှ မရှိခဲ့ပေ။ သို့သော် ကျိုးကျန့်က သူ့ကို ပြောပြသော ကိစ္စတစ်ခုက သူ့ကို အနည်းငယ် ကြောက်လန့်သွားစေခဲ့သည်။ ကျိုးကျန့် ပြောပြသည်မှာ လွန်ခဲ့သော ရက်အနည်းငယ်က စက်ရုံထဲသို့ သတင်းထောက်တစ်ဦး လျှို့ဝှက်ဝင်ရောက်လာပြီး ဓာတ်ပုံများစွာ ခိုးရိုက်သွားကာ၊ အလုပ်သမားများကိုလည်း ကိစ္စအချို့ မေးမြန်းစုံစမ်းခဲ့ပြီး မည်သည့် ပြဿနာမှမရှိကြောင်း သိရမှသာ ပြန်ထွက်သွားခဲ့ကြောင်း ပြောပြလေသည်။

ထိုစကားကို ကြားသောအခါ လီရှောင်းက ကျန်းရို၏ စကားကို နားထောင်ပြီး အရည်အသွေးနှင့် သန့်ရှင်းရေးကို အမြဲတမ်း တင်းကျပ်စွာ တောင်းဆိုခဲ့ကာ၊ ခိုးကြောင်ခိုးဝှက် အလုပ်များကို မလုပ်ခဲ့မိသည်ကို မနေနိုင်ဘဲ ကျေးဇူးတင်မိလေသည်။

မဟုတ်ပါက ဖော်ထုတ်ခံရပြီး ဤကဲ့သို့သော အချိန်မျိုးနှင့်သာ တိုးသွားပါက စက်ရုံ သေချာပေါက် ဒေဝါလီခံရမည် ဖြစ်လေသည်။

သို့သော် အခြားစက်ရုံများမှာမူ ထိုမျှ ကံမကောင်းကြပေ။ စက်ရုံ ခုနစ်ရုံ ရှစ်ရုံခန့် ပြဿနာရှိကြောင်း တွေ့ရှိရပြီး သတင်းထဲတွင် တိုက်ရိုက် ပါလာလေသည်။ သတင်းထဲတွင် အတူတကွ ပါလာသည်မှာ "ဆယ့်နှစ်ရာသီဖွား" ဖြစ်သော်လည်း၊ အစီအစဉ်တင်ဆက်သူ၏ ချီးကျူးခြင်းကို ခံရပြီး "ဆယ့်နှစ်ရာသီဖွား"မှာ ယုံကြည်စိတ်ချရသော ကုမ္ပဏီဖြစ်ကြောင်း ပြောဆိုခဲ့လေသည်။

လတ်တလော အစားအစာ ဘေးကင်းလုံခြုံရေးက လူထုကြားတွင် အထိတ်တလန့် ဖြစ်စေခဲ့သဖြင့် မကောင်းသော သက်ရောက်မှုများ မဖြစ်ပေါ်စေရန်အတွက် သတင်းထဲတွင် "ဆယ့်နှစ်ရာသီဖွား"ကို တကူးတက နာမည်တပ်၍ ပြောဆိုခဲ့ခြင်း ဖြစ်ပုံရလေသည်။ အဘယ်ကြောင့်ဆိုသော် ဖော်ထုတ်ခံရသော အစားအစာပြဿနာများက ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို အန္တရာယ်ဖြစ်စေရုံသာမက ပြည်တွင်း အစားအသောက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကိုပါ ထိခိုက်စေသောကြောင့် ဖြစ်လေသည်။

ဤကိစ္စကြောင့် ထုတ်ကုန်အချို့ကို စူပါမားကတ်များမှ ဖြုတ်ချလိုက်ရသော်လည်း၊ "ဆယ့်နှစ်ရာသီဖွား"အပေါ် သက်ရောက်မှု မရှိသည့်အပြင် အရောင်းပမာဏကိုပင် တိုးလာစေခဲ့သဖြင့် ယခုနှစ်တွင် လီရှောင်းသည် နွေဦးပွဲတော်ကြော်ငြာအတွက် ပိုက်ဆံအကုန်ခံရန်ပင် မလိုတော့ပေ။

***

All Chapters