← Chapters

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀-၇၂)

Vol. 5 Ch. 70-72

အခန်း (၇၀)

လီရှောင်းက ကျန်းရို၏ ပါးစပ်ကို ပိတ်ထားလိုက်ပြီး၊ သစ်သားကုတင်က ညတစ်ဝက်နီးပါး မြည်နေခဲ့လေသည်။

နောက်တစ်နေ့ နံနက်တွင် ကျန်းရိုက အိပ်ရာထ နောက်ကျသွားခဲ့သည်။ အန်းအန်းမှာ ယမန်နေ့ညက စောစောအိပ်ခဲ့သဖြင့် နံနက် ၆ နာရီမထိုးမီကပင် နိုးနေပြီး၊ နိုးလာသည်နှင့် တံခါးလာခေါက်ကာ ပါပါး မာမားတို့ကို နှိုးလေတော့သည်။

လီရှောင်းမှာ သူမ၏ ဆူညံမှုကို မခံနိုင်တော့ဘဲ သက်ပြင်းချကာ အဝတ်အစားဝတ်ပြီး အပြင်ထွက်၍ သူမကို ချီသွားလိုက်လေသည်။ သားအဖနှစ်ယောက် နှင်းလူရုပ်သွားလုပ်ရန် အပြင်ထွက်သွားကြလေသည်။

ကျန်းရိုက မထဘဲ ကိုယ်လှည့်ကာ စောင်ကို တင်းကြပ်စွာခြုံ၍ ဆက်အိပ်နေလေသည်။

တစ်ရေးပြန်အိပ်ပြီးနောက် နိုးလာချိန်တွင် ၈ နာရီခွဲ ရှိနေပြီဖြစ်သည်။ ဘေးအိမ်မှ အဒေါ်ဝမ်က သူတို့ ဇနီးမောင်နှံ အိပ်ရာမထနိုင်မှန်း တွက်ဆထားပြီး မနက်စာကို တကူးတက နောက်ကျမှ လာပို့ပေးလေသည်။

လီရှောင်းက အန်းအန်းကိုခေါ်၍ အပြင်သွားပြီး စားစရာဝယ်ရန် ပြင်ဆင်နေစဉ် အဒေါ်ဝမ် လာသည်ကို မြင်သောအခါ အပြင်မထွက်တော့ပေ။

အဒေါ်ဝမ်က ချမ်း၍ နီရဲနေသော အန်းအန်း၏ ပါးပြင်လေးကို ကြည့်ကာ ပြုံးလျက် မေးလိုက်လေသည်။

"သမီး မာမားရော"

အန်းအန်းက ခေါင်းမော့ကာ အလွန်ပျော်ရွှင်စွာ ပြုံးလျက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်လေသည်။

"မာမားက အိပ်ရာထ နောက်ကျနေတာ"

"မနေ့ညက သမီးတို့အိမ်မှာ ကြွက်တွေ အရမ်းများတယ်၊ တစ်ညလုံး အော်နေကြတာ"

လီရှောင်း "......"

အဒေါ်ဝမ်ကလည်း အများကြီး မတွေးဘဲ ဤအိမ်က လူမနေသည်မှာ အလွန်ကြာပြီဖြစ်သဖြင့် ကြွက်သိုက် အတော်များများ ရှိနေလိမ့်မည်ဟု ထင်မှတ်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။

"ဒီလောက်တောင် ကြွက်တွေ များနေတာလား"

ကျန်းရိုတို့က တောင်ပိုင်းဘက်တွင် ဇိမ်ကျကျ နေထိုင်လာခဲ့သဖြင့် ဇာတိဘက်ကို အနည်းငယ် အကျင့်မဖြစ်သေးဘူးဟု တွေးမိလေသည်။

အန်းအန်းက အားကြိုးမာန်တက် ခေါင်းညိတ်ပြလေသည်။

"ဟုတ်တယ်"

လီရှောင်းက ခေါင်းကို အခြားတစ်ဖက်သို့ လွှဲသွားပြီး မျက်နှာပေါ်ရှိ အရှက်ရမှုကို ဖုံးကွယ်လိုက်လေသည်။

အဒေါ်ဝမ်က သူ့ကို မှာကြားလိုက်သေးလေသည်။

"ဒီနေ့ အားရင် ကြွက်ဆေး သွားဝယ်လိုက်ဦး၊ ကြွက်တွေ ဒီလောက်များနေလို့ မဖြစ်ဘူး၊ အိမ်တွေ အကိုက်ခံရလိမ့်မယ်"

လီရှောင်းက ခေါင်းညိတ်လိုက်လေသည်။

အန်းအန်းက အလွန်အမင်း စိတ်မရှည်စွာဖြင့် ပါပါး၏လက်ကို ခါထုတ်လိုက်ပြီး အဒေါ်ဝမ်ထံသို့ ပြေးသွားလေသည်။

"အဘွား၊ ဘာစားကောင်းတာတွေလဲဟင်"

အဒေါ်ဝမ်က ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။

"အဘွား လုပ်ထားတဲ့ ပေါက်စီလေ၊ လာ စားကောင်းမကောင်း မြည်းကြည့်စမ်း"

"သေချာပေါက် အရမ်းစားလို့ကောင်းမှာပဲ"

"ဟားဟားဟား"

အဒေါ်ဝမ်မှာ အန်းအန်းကြောင့် ဟားဟားဟား ရယ်မောသွားပြီး အန်းအန်းလောက် ချစ်စရာကောင်းသော ကလေးမျိုး တစ်ခါမှ မမြင်ဖူးဘူးဟု တွေးမိလေသည်။

….

အိမ်ထဲတွင် ကျန်းရိုက ကုတင်ပေါ်၌ ခဏလှဲနေပြီးမှ ထလာသည်။ လီရှောင်းနှင့် အန်းအန်းတို့ ထမင်းစားပြီးသွားပြီဖြစ်ပြီး၊ အန်းအန်းက ခြံထဲတွင် ဆော့ကစားနေကာ၊ လီရှောင်းက အပြင်သို့ တစ်ခေါက် ထွက်သွားလေသည်။ လီရှင်းလည်း မရှိပေ။ သူမက အလယ်တန်းကျောင်းနေဖက်များနှင့် သွားတွေ့ရန် နံနက်စောစောကတည်းက အပြင်ထွက်သွားလေပြီ။

လီရှောင်းက ဘေးအိမ်မှ ဦးလေးဝမ်၏ သုံးဘီးဆိုင်ကယ်ကို ငှားကာ အချိန်တိုအတွင်း ပြန်ရောက်လာခဲ့သည်။ အဝါရောင်စက္ကူများ၊ ဗြောက်အိုးများ၊ စက္ကူအိမ်များနှင့် ငွေစက္ကူအတုများကို ဝယ်လာခဲ့ပြီး သူ့အဘိုးနှင့် အဘွားအတွက် သွားရောက် မီးရှို့ပူဇော်မည်ဟု ဆိုလေသည်။

ကျန်းရိုက လက်ကိုင်ပဝါဖြင့် ပါးစပ်ကို သုတ်လိုက်ပြီး မတ်တတ်ရပ်ကာ ပြောလိုက်လေသည်။

"အတူတူ သွားကြတာပေါ့၊ လက်ထပ်ပြီးကတည်းက အခုထိ ကျွန်မလည်း တစ်ခါမှ မသွားဖူးသေးဘူး၊ အန်းအန်းကိုလည်း သွားပြီး ဦးချခိုင်းရမယ်"

အန်းအန်းက အူကြောင်ကြောင်ဖြင့် ခေါင်းမော့ကာ ပါပါးကို ကြည့်နေပြီး၊ လက်ထဲတွင် ပေါက်စီတစ်လုံးကို ကိုင်ကာ စားနေရင်း သူတို့ ဘာပြောနေမှန်း နားမလည်ပေ။

စောစောက ဗိုက်ဝနေပြီဖြစ်သော်လည်း ယခု မာမား စားနေသည်ကို မြင်သောအခါ လက်လှမ်း၍ တောင်းနေသေးသည်။ စားတော့လည်း သေချာမစားဘဲ အထဲက အသားကိုသာ စားလေသည်။

ကောင်းမွန်သော ပေါက်စီကို ဖရိုဖရဲဖြစ်အောင် ကိုက်စားထားပြီး၊ ယခု ပါပါး ပြန်လာသည်ကို မြင်သောအခါ စဉ်းစားပင်မစဉ်းစားဘဲ လက်မြှောက်၍ ပါပါးထံသို့ ကမ်းပေးကာ သူမ ဆက်မစားချင်တော့ကြောင်း ပြသလေသည်။

လီရှောင်းက သူမကို မကျေမနပ်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး မရွံမရှာဘဲ တိုက်ရိုက်ယူကာ ပါးစပ်ထဲသို့ ထည့်လိုက်လေသည်။

ကျန်းရိုက အတူတူ သွားမည်ဟု ကြားသောအခါ လီရှောင်းက စဉ်းစားကြည့်ပြီး ခေါင်းညိတ်လိုက်ကာ စကားတစ်ခွန်း ပြောလိုက်လေသည်။

"အဝတ်အစား ပိုဝတ်ခဲ့၊ တောင်ပေါ်မှာ အေးတယ်"

ထို့နောက် မိသားစုသုံးယောက် အတူတကွ အပြင်ထွက်၍ စက္ကူသွားရှို့ကြလေသည်။ မထွက်ခွာမီ လီရှောင်းက ဓားမတစ်လက်ကို ယူသွားပြီး ကျန်းရိုက သူမနှင့် အန်းအန်းအတွက် သိုးမွေးအင်္ကျီ တစ်ထည်စီ ထပ်ဝတ်လိုက်လေသည်။

အန်းအန်းက ခရိုင်မြို့ရှိ အရာအားလုံးကို စပ်စုနေပြီး သုံးဘီးဆိုင်ကယ်ပေါ်သို့ တက်ရောက်ပြီးနောက် ခေါင်းလေးကို ဟိုဘက်ဒီဘက် လှည့်ကြည့်နေကာ မကြည့်နိုင်လောက်အောင်ပင် ဖြစ်နေလေသည်။

လီရှောင်းက သုံးဘီးဆိုင်ကယ်ကို မောင်းနှင်၍ ခရိုင်မြို့မှ ထွက်လာခဲ့သည်။ သူ့အဘိုးနှင့် အဘွားကို ခရိုင်မြို့အပြင်ဘက်ရှိ တောင်ပေါ်တွင် မြေမြှုပ်သင်္ဂြိုဟ်ထားခြင်းဖြစ်သည်။ ထိုတောင်ထိပ်က အရင်က လီရှောင်းတို့အိမ်ပိုင်ဖြစ်သော်လည်း နောက်ပိုင်းတွင် သူ့အဖေက ရောင်းစားလိုက်ပြီး၊ ရောင်းရသောငွေများကို တစ်ရက်တည်းနှင့် လောင်းကစားလုပ်ကာ ကုန်သွားခဲ့လေသည်။

ထိုအတိတ်ကိစ္စများကို ပြောရလျှင် လီရှောင်း၏မျက်နှာပေါ်တွင် အလွန် တည်ငြိမ်နေပြီး၊ ကျန်းရိုကိုပင် နောက်ပြောင်ပြောဆိုနိုင်သေးသည်။ သူ ငယ်စဉ်က ကျိုးကျန့်တို့ကို ခေါ်ကာ တောင်ပေါ်သို့ သရဲမီး သွားကြည့်ခဲ့ကြောင်း၊ ဒီဘက်တွင် "တတိယလ၊ သုံးရက်နေ့ သရဲတွေ တောင်ပေါ်က ဆင်းလာတယ်" ဟူသော အယူအဆရှိကြောင်း၊ ထိုအချိန်က သရဲတကယ်ရှိမရှိ သိချင်သဖြင့် သွားကြည့်ရာ တကယ်ပင် သရဲမီးများကို တွေ့ခဲ့ရကြောင်း၊ ညဘက် လမ်းပျောက်ပြီး တောင်ပေါ်မှ မဆင်းနိုင်ဘဲ တောင်ပေါ်တွင် တစ်ညလုံး နေခဲ့ရကာ လူအချို့ကို အတော်လေး ကြောက်လန့်သွားစေခဲ့ကြောင်း ပြောပြလေသည်။

ထိုစဉ်က သူ တကယ်တော့ စိတ်ထဲတွင် ကြောက်လန့်နေခဲ့သော်လည်း သူများ အထင်သေးမည်ကို စိုးရိမ်သဖြင့် အားတင်းထားခဲ့ခြင်း ဖြစ်လေသည်။

ကျန်းရို ကြားပြီးနောက် မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။ သူ့တွင် ဤမျှ ကလေးဆန်သော အချိန်များ ရှိခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။

လီရှောင်းက အနောက်မှ ကျန်းရို၏ ရယ်မောသံကို ကြားရသောအခါ မသိစိတ်မှပင် နှုတ်ခမ်းထောင့်များ ကွေးတက်သွားပြီး၊ သူ ယခင်က လုပ်ခဲ့ဖူးသော ယုတ်မာမှုအချို့ကို ထပ်မံ ပြောပြလေသည်။

မူလက လီရှောင်း၏ စိတ်ထဲတွင် ဇာတိဘက်၌ တမ်းတစရာ ဘာမှမရှိဟု ထင်ခဲ့သည်။ ဤတစ်ကြိမ် သူ ပြန်လာရခြင်းမှာ ကျန်းရိုက လွန်ခဲ့သောအချိန်က သူမ အိမ်လွမ်းကြောင်း၊ ဖေဖေ မေမေတို့ကို လွမ်းကြောင်း ပြောခဲ့သောကြောင့် ဖြစ်သည်။ သူက သူမ၏ ဤဆန္ဒကို မဖြည့်ဆည်းပေးနိုင်သဖြင့် ဒီဘက်ကလည်း သူတို့၏ အိမ်ဖြစ်သဖြင့် ပြန်လာကြည့်ရန် တွေးတောခဲ့ခြင်း ဖြစ်လေသည်။

ယခု ကြည့်ရသည်မှာ တကယ်တော့ ဒီဘက်ကလည်း စိတ်ညစ်စရာ ကိစ္စတွေချည်းပဲ မဟုတ်ပါဘူး။

သုံးဘီးဆိုင်ကယ်ကို နောက်ဆုံးတွင် လမ်းဘေး၌ ရပ်လိုက်ပြီး၊ လီရှောင်းက သားအမိနှစ်ယောက်ကို ခေါ်ကာ လယ်ကန်သင်းလမ်းလေးအတိုင်း လျှောက်သွားလေသည်။ အန်းအန်းက ကျန်းရိုကို ပွေ့ချီခွင့်မပြုဘဲ ကိုယ်တိုင် ဆင်းလျှောက်မည်ဟု ဆိုလေသည်။ လမ်းဘေး လယ်ကွင်းထဲမှ ရေများမှာ ရေခဲနေပြီဖြစ်ရာ သူမက မတော်တဆ ခြေချော်ပြီး ရေခဲပြင်ပေါ်သို့ နင်းမိသွားရာ၊ ကမ္ဘာသစ်တစ်ခုကို တွေ့ရှိသွားသကဲ့သို့ တိုက်ရိုက်ပင် လယ်ကွင်းထဲသို့ ပြေးဆင်းသွားလေတော့သည်။

ကျန်းရိုက အော်ခေါ်လိုက်လေသည်။

"အရမ်း အဝေးကြီး မပြေးနဲ့"

အန်းအန်းက နောက်လှည့်၍ ပြုံးလိုက်လေသည်။

"မာမားလည်း ဆင်းခဲ့လေ"

ကျန်းရို မဆင်းဘဲ သူမကို သတိထားရန် ပြောလိုက်လေသည်။

ထို့နောက် အန်းအန်းက လယ်ကွင်းထဲတွင် ပြေးလွှားနေပြီး အရှေ့သို့ရောက်လျှင် ခဏစောင့်ကာ၊ လီရှောင်းနှင့် ကျန်းရိုတို့ လျှောက်လာသောအခါ သူမက ရှေ့သို့ ထပ်ပြေးပြန်လေသည်။

ရှည်လျားသော လယ်ကန်သင်းလမ်း အပိုင်းအနည်းငယ်ကို ဖြတ်သန်းပြီးနောက် တောင်ခြေတစ်ခုသို့ ရောက်ရှိသွားလေသည်။ တောင်က မြင့်မားပြီး ကွေ့ကောက်နေသော လမ်းငယ်လေးက အပေါ်သို့ တောက်လျှောက် တက်သွားလေသည်။ ကျန်းရိုက အန်းအန်းကို ခေါ်လိုက်ပြီး လက်ဆန့်ထုတ်၍ သူမကို ချီရန် ပြင်လိုက်စဉ်၊ အန်းအန်းက ပြေးသွားပြီး ကိုယ်တိုင် လျှောက်မည်ဟု အတင်းပြောလေသည်။ နောက်ဆုံးတွင် ခြေလှမ်းအနည်းငယ်ပင် မလျှောက်ရသေးမီ မလျှောက်နိုင်တော့ဘဲ ရှေ့သို့ မှောက်လျက်လဲကျသွားကာ ကိုယ်ပေါ်ရှိ အဝတ်အစားများ ညစ်ပတ်သွားလေသည်။

သူမက အလျင်အမြန် ထလာပြီး မငိုဘဲ ကိုယ်ကိုလှည့်ကာ လက်နှစ်ဖက်ကို မြှောက်၍ မာမားကို ချီခိုင်းလေသည်။

ယခုအချိန်တွင် ကျန်းရိုက သူမကို ဘယ်လိုလုပ် ချီနိုင်တော့မည်နည်း။ ကိုယ်တိုင်ပင် အတော်လေး မောဟိုက်နေပြီဖြစ်ရာ ခါးကိုထောက်၍ အသက်ရှူရင်း ပြောလိုက်လေသည်။

"ခုနက ချီမယ်ဆိုတော့ သမီးက မလိုချင်ဘူး၊ အခုတော့ အကုန် ညစ်ပတ်ကုန်ပြီမလား။ သမီး ပါပါးကို ချီခိုင်းလိုက်၊ မာမား သမီးကို မချီနိုင်တော့ဘူး"

လီရှောင်းက ခါးကိုကိုင်းကာ လက်တစ်ဖက်ဆန့်ထုတ်၍ သူမကို ချီလိုက်လေသည်။ အန်းအန်းက ပါပါး၏ လည်ပင်းကို ဖက်ထားပြီး နှုတ်ခမ်းကို စူကာ လူလည်လေးလိုပင် ပါပါး၏ နားအနားသို့ တိုးကပ်၍ တိုးတိုးလေး တိုင်တောလေသည်။

"မာမား သမီးကို ဆူတယ်"

လီရှောင်းက ဘေးကို တစ်ချက်ကြည့်လိုက်ပြီး မျက်ခုံးပင့်ကာ ပြုံးလိုက်လေသည်။

"သမီး မာမား ကြားသွားသလိုပဲ"

အန်းအန်းက နောက်လှည့်၍ မာမားကို ကြည့်လိုက်ရာ မာမားကလည်း သူမကို ကြည့်နေသည်ကို တွေ့လိုက်ရသဖြင့်၊ လန့်သွားပြီး ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်ကာ ကိုယ်ကိုလှည့်၍ ပါပါးကို တင်းကြပ်စွာ ဖက်ထားပြီး မာမားကို ထပ်မကြည့်ရဲတော့ပေ။

ကျန်းရို "......"

ရှည်လျားသော လမ်းတစ်ပိုင်းကို ထပ်မံ လျှောက်သွားပြီးနောက် နောက်ဆုံးတွင် လီရှောင်း၏ အဘိုးနှင့် အဘွားတို့၏ အုတ်ဂူရှေ့သို့ ရောက်ရှိသွားလေသည်။ အချိန်ကြာမြင့်စွာ မည်သူမှ မလာရောက်ခဲ့သဖြင့် ပတ်ဝန်းကျင်တွင် မြက်ပင်များနှင့် ဆူးခြုံများ အပြည့်ပေါက်နေလေသည်။ လီရှောင်းက အန်းအန်းကို ချပေးလိုက်ပြီး ဓားမကို အသုံးပြု၍ ပတ်ဝန်းကျင်ရှိ မြက်ပင်များနှင့် ဆူးခြုံများကို ရှင်းလင်းလိုက်ကာ မြေပုံနှစ်ခုပေါ်ရှိ မြက်ပင်များကိုလည်း ရှင်းလင်းလိုက်လေသည်။

ကျန်းရိုက အန်းအန်းကို ဆွဲကာ အုတ်ဂူနှစ်ခုရှေ့တွင် ဒူးထောက်လိုက်လေသည်။ လီရှောင်းက မြက်ပင်များကို ရှင်းလင်းပြီးနောက် အိတ်ထဲမှ အဝါရောင်စက္ကူများ၊ ငွေစက္ကူအတုများနှင့် စက္ကူအိမ်များကို ထုတ်ယူကာ တစ်ခုချင်းစီ မီးရှို့လေသည်။

ကျန်းရိုက သူ အကုန်လုံးကို ထုတ်ယူရန် ပြင်နေသည်ကို မြင်သောအခါ မနေနိုင်ဘဲ တားဆီးလိုက်လေသည်။

"ရှင့်အဖေအတွက် နည်းနည်း ချန်ထားပေးဦး"

လီရှောင်း၏ လှုပ်ရှားမှု ရပ်တန့်သွားပြီး တိတ်ဆိတ်သွားပြီးနောက် အိတ်ထဲတွင် ငွေစက္ကူအတုများနှင့် အဝါရောင်စက္ကူ အနည်းငယ်ကို ချန်ထားလိုက်လေသည်။

အန်းအန်းက ဘာမှနားမလည်သဖြင့် ခေါင်းလှည့်ကာ မာမားကို ဒါဘာလုပ်နေတာလဲဟု မေးလိုက်လေသည်။

ကျန်းရိုက သေချာစွာ ရှင်းပြလိုက်လေသည်။

"ဒါက ပါပါးရဲ့ အဘိုးနဲ့ အဘွားလေ၊ သမီးက ဘေးဘိုးနဲ့ ဘေးဘွားလို့ ခေါ်ရမယ်၊ သူတို့ မရှိကြတော့ဘူး။ မာမားတို့က အခု လာပြီး ဂါရဝပြုတာ၊ သူတို့ကို စက္ကူနဲ့ ပိုက်ဆံလေး နည်းနည်း ရှို့ပေးလိုက်ရင်၊ သူတို့ အောက်မှာ စားစရာ နေစရာ မပူရတော့ဘူး၊ ဒါက ကျေးဇူးဆပ်တာပေါ့"

အန်းအန်းက မျက်လုံးပြူးကြီးများဖြင့် မေးလိုက်လေသည်။

"အဲ့ဒါဆို သူတို့က သရဲ ဖြစ်သွားတာလား"

"ဒီလိုပဲ ဆိုရမှာပေါ့"

"ဒါပေမဲ့ မာမားက လောကကြီးမှာ သရဲမရှိဘူးလို့ ပြောခဲ့တယ် မဟုတ်ဘူးလား"

"......"

အရင်က ကျန်းရိုက သူမကို တစ်ယောက်တည်း အိပ်ရန် ချော့မော့စဉ် လောကကြီးတွင် သရဲမရှိကြောင်း၊ ကြောက်စရာမလိုကြောင်း ပြောပြခဲ့ဖူးလေသည်။

ဘေးတွင် ဒူးထောက်နေသော လီရှောင်းက ထိုစကားကို ကြားသောအခါ အသံထွက်၍ ရယ်မောလိုက်လေသည်။

ကျန်းရိုမှာ အမေးခံရသဖြင့် အခက်တွေ့သွားပြီး နောက်ဆုံးတွင် ဖြစ်သလိုသာ ဖြေလိုက်ရလေသည်။

"မတူပါဘူး၊ အရင် ဦးချလိုက်"

အန်းအန်းက နှုတ်ခမ်းကို စူလိုက်သော်လည်း လိမ်မာစွာဖြင့် ဦးချလိုက်လေသည်။ ဦးချပြီးနောက် မာမားက မိသားစုတစ်ခုလုံး ဘေးကင်းလုံခြုံစေရန်နှင့် အရာရာ အဆင်ပြေချောမွေ့စေရန် ဆုတောင်းနေသည်ကို ကြားလိုက်ရလေသည်။

သူမလည်း မာမား၏ ပုံစံကို အတုခိုး၍ လက်အုပ်ချီကာ အလေးအနက်ထား၍ ပြောလိုက်လေသည်။

"ဘေးဘိုးနဲ့ ဘေးဘွားက မာမား ဘွဲ့လွန်စာမေးပွဲ အောင်ဖို့ စောင့်ရှောက်ပေးပါ"

ကျန်းရို ကြားရသောအခါ ရင်ထဲတွင် နူးညံ့သွားပြီး သူမ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေသည်။

လီရှောင်းကတော့ ဘာစကားမှ မပြောဘဲ လာကြည့်တယ်လို့သာပြောပြီး ခေါင်းငုံ့ကာ စက္ကူများကိုသာ ဆက်တိုက် ရှို့နေလေသည်။ အရွက်အနည်းငယ်စီ ရှို့ပြီးနောက် မတ်တတ်ရပ်ကာ ကျန်းရိုကို အန်းအန်းခေါ်၍ ဝေးဝေးသွားရန် ပြောလိုက်ပြီး သူက ဗြောက်အိုးများကို ဖောက်လေသည်။

ကျန်းရိုလည်း အန်းအန်းကိုခေါ်ကာ ဝေးရာသို့ လျှောက်သွားလေသည်။ တောင်ပေါ်တွင် ဖော်ထုတ်ထားသော လယ်ယာမြေများ ရှိသေးသည်။ အခြားနေရာများမှာ ဟာလာဟင်းလင်း ဖြစ်နေသော်လည်း ဟင်းသီးဟင်းရွက်ခင်း တစ်နေရာတွင်သာ စိမ်းလန်းသော ဟင်းသီးဟင်းရွက်များ ပေါက်ရောက်နေသေးရာ အန်းအန်းက အံ့အားသင့်စွာဖြင့် ဟင်းသီးဟင်းရွက်ခင်းကို လက်ညှိုးထိုးပြကာ ကျန်းရိုအား ပြောလေသည်။

"မာမား၊ ဟင်းသီးဟင်းရွက်တွေ ရှိတယ်"

ပြောရင်းနှင့် ထိုနေရာသို့ ပြေးသွားချင်နေသေးလေသည်။

ကျန်းရိုက အလျင်အမြန် သူမကို ဆွဲထားလိုက်လေသည်။

"အဲ့ဒါ သူများဟာတွေလေ၊ ငါတို့ ခူးလို့မရဘူး"

"အို"

ကလေးမလေး၏မျက်နှာပေါ်တွင် အနည်းငယ် စိတ်ပျက်သွားပုံ ရလေသည်။

သို့သော်လည်း ခဏသာ စိတ်ပျက်သွားခြင်းဖြစ်သည်။ နားကွဲမတတ် ဗြောက်အိုးဖောက်သံများကို ကြားရသောအခါ ကြောက်လန့်တကြားဖြင့် ကျန်းရို၏ ခြေထောက်နှစ်ဖက်ကို ဖက်ထားကာ စပ်စုစွာဖြင့် မေးလိုက်လေသည်။

"ဘေးဘိုးနဲ့ ဘေးဘွားက နှစ်သစ်ကူးနေတာလား"

သူမ၏ မှတ်ဉာဏ်ထဲတွင် နှစ်သစ်ကူးမှသာ ဗြောက်အိုးဖောက်လေ့ ရှိလေသည်။

ကျန်းရိုလည်း ဘယ်လိုပြန်ဖြေရမည်မှန်း မသိတော့ပေ။

"အင်း၊ အဲ့ဒီလိုပါပဲ"

အန်းအန်းက အဖြေရရှိသွားသဖြင့် အလွန်ပျော်ရွှင်သွားပြီး ကလေးသံလေးဖြင့် ပြောလိုက်လေသည်။

"နောက်တစ်ခါကျရင် သမီးတို့ ပိုက်ဆံတွေ အများကြီး ပိုရှို့ပေးရအောင်၊ ဒါမှ ဘေးဘိုးနဲ့ ဘေးဘွားက ပစ္စည်းတွေ အများကြီး ဝယ်နိုင်ပြီး နှစ်သစ်ကူးကို ကောင်းကောင်း ဖြတ်သန်းနိုင်မှာပေါ့"

ကျန်းရို ကြားရသောအခါ ရင်ထဲတွင် နူးညံ့သွားပြီး ဆောင့်ကြောင့်ထိုင်ကာ သူမကို ချီလိုက်ပြီး သူမ၏ ပါးပြင်လေးကို နမ်းလိုက်လေသည်။

အန်းအန်းက တကယ်ကို ကြင်နာတတ်သော နတ်သမီးလေးတစ်ပါးဖြစ်ပြီး အမြဲတမ်း ဤမျှ နွေးထွေးစေတတ်သည်ဟု တွေးမိလေသည်။

လီရှောင်းက စက္ကူများ အကုန်ရှို့ပြီး ဗြောက်အိုးများ အကုန်ဖောက်ပြီးမှ ရောက်လာလေသည်။ ထို့နောက် သူတို့ကိုခေါ်ကာ မိမိဖခင်၏ အုတ်ဂူရှေ့သို့ သွားလေသည်။ လီရှောင်း ဖခင်၏ အုတ်ဂူမှာ မည်မျှကြာအောင် မည်သူမှ မလာရောက်ခဲ့သည်မသိ၊ လမ်းကိုပင် လုံးဝ မမြင်ရတော့ပေ။

သူက ဓားမကို ထုတ်၍ ဝှေ့ယမ်းကာ ခက်ခက်ခဲခဲဖြင့် လမ်းငယ်လေးတစ်ခုကို ရှင်းလင်းဖော်ထုတ်လိုက်လေသည်။ သူ့ဖခင် အုတ်ဂူမှာ သူ့အဘိုးအဘွားများ၏ အုတ်ဂူလောက် ခမ်းနားခြင်းမရှိဘဲ သေးငယ်သော အုတ်ဂူလေးတစ်ခုသာ ဖြစ်ပြီး၊ သူ့အဘိုးအဘွားများ၏ အုတ်ဂူရှေ့တွင် ဘိလပ်မြေ ခင်းထားသည်နှင့် မတူပေ။

အဝါရောင်စက္ကူများနှင့် ငွေစက္ကူအတုများကို ရှို့နေစဉ်၊ အန်းအန်းက ပါပါး၏ စိတ်အခြေအနေ အနည်းငယ် မကောင်းသည်ကို ရိပ်မိသွားပုံရကာ လိမ်မာစွာဖြင့် စကားအများကြီး မပြောတော့ပေ။

လီရှောင်း၏ ဖခင်ကို ဂါရဝပြုပြီးနောက် မိသားစုသုံးယောက် ထွက်ခွာလာခဲ့ကြသည်။ တောင်အောက်သို့ ရောက်သောအခါ လီရှောင်းက ရုတ်တရက် ခြေလှမ်းရပ်တန့်လိုက်ပြီး နောက်လှည့်၍ နက်နက်နဲနဲ တစ်ချက် ကြည့်လိုက်လေသည်။

ကျန်းရိုက သူ အနောက်မှ ပါမလာသည်ကို သတိပြုမိသွားသဖြင့် နေရာတွင် ရပ်၍ သူ့ကို စောင့်နေလေသည်။

လီရှောင်း နောက်လှည့်ကြည့်လိုက်ရာ အရှေ့ဘက် မဝေးလှသောနေရာတွင် ကျန်းရိုနှင့် အန်းအန်းတို့က သူ့ကို စောင့်နေကြသည်ကို မြင်တွေ့လိုက်ရသဖြင့် နှုတ်ခမ်းကို ကွေးလိုက်ပြီး လျှောက်သွားကာ ကျန်းရို၏လက်ကို ဆွဲလိုက်လေသည်။

"သွားကြမယ်"

လယ်ကန်သင်းလမ်းက အလွန်ကျဉ်းမြောင်းသဖြင့် လူတစ်ယောက်သာ ဖြတ်သွားနိုင်ရာ သူတို့နှစ်ဦးက ရှေ့နောက် တစ်ယောက်စီ လျှောက်သွားကြပြီး အလယ်တွင် ဆွဲထားသော လက်များက ဟိုယိမ်းဒီယိမ်း ဖြစ်နေလေသည်။

အရှေ့ဆုံးတွင် ပြေးနေသော အန်းအန်းက မြင်သွားသောအခါ ချက်ချင်းပင် နောက်လှည့်၍ သူတို့ထံသို့ ပြေးလာလေသည်။

"သမီးလည်း ဆွဲချင်တယ်"

……

ခရိုင်မြို့သို့ ပြန်ရောက်သောအခါ သူတို့သုံးဦးက အပြင်အဆင်ကောင်းမွန်သော စားသောက်ဆိုင်တစ်ဆိုင်ကို ရှာ၍ ထမင်းစားကြသည်။ မူလက အရင်က စားဖူးသော စားသောက်ဆိုင်ကို ရှာရန် တွေးထားသော်လည်း၊ နေရာကို ရှာတွေ့သောအခါ မဖွင့်တော့ဘဲ ဖိနပ်ရောင်းသောဆိုင် ဖြစ်နေပြီကို တွေ့ရှိရလေသည်။

ထို့နောက် ဆိုင်သစ်တစ်ဆိုင်ကို ထပ်ရှာကာ ဟင်းအချို့ မှာယူလိုက်ရာ အရသာက မဆိုးပေ။ ဤဘက်ရှိ ထမင်းဟင်းများက အရသာ အနည်းငယ် ပြင်းပြီး ဆီများ၊ အစပ်များလေသည်။ ကျန်းရိုနှင့် လီရှောင်းတို့က အလေ့အကျင့်ရှိသဖြင့် အဆင်ပြေသော်လည်း၊ အန်းအန်းမှာမူ မခံနိုင်တော့ဘဲ နှစ်လုတ်ခန့် စားပြီးသည်နှင့် ရေသောက်ချင်လာလေသည်။

ထမင်းစားပြီးနောက် မိသားစုသုံးယောက်က ဈေးသို့ ထပ်သွားကြပြန်သည်။ အဒေါ်ဝမ်အိမ်တွင် အမြဲတမ်း အခမဲ့ ထမင်းစားနေ၍ မဖြစ်ပေ၊ အဲ့ဒါက အရမ်း မျက်နှာပြောင်တိုက်လွန်းရာ ကျမည်ဖြစ်သည်။ ထို့ကြောင့် ဟင်းချက်စရာများ အများအပြားထပ်ဝယ်ကာ အဒေါ်ဝမ်တို့ကို ပြန်ပေးရန် ပြင်ဆင်လိုက်ကြလေသည်။

မိမိတို့အိမ်အတွက် ငါး၊ ဝက်သား၊ ဟင်းသီးဟင်းရွက်များ ဝယ်ယူခဲ့ပြီး ဝက်အူနှင့် ဝက်လျှာတို့ကိုပါ ဝယ်ယူခဲ့သေးရာ၊ လီရှောင်းက အန်းအန်းအား ပြောလိုက်လေသည်။

"ပြန်ရောက်ရင် ပါပါး သမီးအတွက် ဝက်အူပြုတ် လုပ်ကျွေးမယ်"

အန်းအန်းက အနည်းငယ် ရွံရှာစွာဖြင့် နှာခေါင်းကို ညှစ်ထားလိုက်လေသည်။

"ပါပါး၊ အဲ့ဒါကြီးက အရမ်းနံတာပဲ၊ သမီး မစားချင်ဘူး"

လီရှောင်း "မဟုတ်ဘူး၊ သမီး စားချင်တယ်"

ဝယ်လာသော ဟင်းများက များလွန်းသဖြင့် သုံးဘီးဆိုင်ကယ်ကို နီးပါး အပြည့်ဖြစ်သွားစေလေသည်။ အလွန် လေးလံလွန်း၍လားမသိ၊ ဦးလေးဝမ်၏ သုံးဘီးဆိုင်ကယ်က တစ်ခုန်ခုန်ဖြစ်နေပြီး အနည်းငယ် သေးငယ်သော ကုန်းတက်ကိုပင် မတက်နိုင်သဖြင့် လီရှောင်းက ကျန်းရိုနှင့် အန်းအန်းတို့ကို ဆင်းတွန်းခိုင်းလေသည်။

အန်းအန်းက မာမား၏ဘေးတွင် ဟူးဟူးဟဲဟဲဖြင့် အားကုန်သုံး၍ ကားကို တွန်းနေပြီး နှုတ်ခမ်းကို အလွန်အမင်း စူထားကာ မေးလိုက်လေသည်။

"ဘာလို့ ပါပါးက ဆင်းမတွန်းတာလဲ"

လီရှောင်းက အရှေ့တွင် ထိုင်လျက် တည်ငြိမ်စွာ ပြောလိုက်လေသည်။

"ပါပါးက လမ်းကြောင်း ကြည့်ရဦးမယ်လေ"

"ဟွန့်"

အိမ်ပြန်ရောက်၍ သုံးဘီးဆိုင်ကယ်ပေါ်မှ ဆင်းလာသောအခါ အန်းအန်းက သူမ၏ တင်ပါးလေးကို ပွတ်သပ်ရင်း ညည်းတွားလေသည်။

"သမီး နောက်ဆိုရင် ဒီကား လုံးဝ မစီးတော့ဘူး၊ အရမ်းနာတာပဲ၊ ခေါင်းလည်း မူးတယ်"

ကျန်းရိုလည်း အနည်းငယ် နေရခက်နေလေသည်။ လီရှောင်းက အေးအေးဆေးဆေး ဆင်းလာသည်ကို ကြည့်ကာ ဒေါသတကြီးဖြင့် သူ့ကို တစ်ချက် ရိုက်လိုက်လေသည်။

သူမ မမြင်ဘူးလို့ မထင်နဲ့၊ ချိုင့်ခွက်တွေနဲ့ တွေ့ရင် သူက ခိုးပြီး မတ်တတ်ရပ်တာ။

လီရှောင်းက နှာခေါင်းကို ပွတ်သပ်လိုက်လေသည်။

အဒေါ်ဝမ်က ယနေ့ အိမ်တွင် ရှိနေပြီး လှုပ်ရှားသံများကို ကြားသောအခါ အိမ်ထဲမှ ထွက်လာကြည့်လေသည်။

"အိုအို၊ ဘယ်လိုလုပ်ပြီး ဒီလောက်အများကြီး ဝယ်လာရတာလဲ"

ကျန်းရိုက ကားပေါ်မှ ဟင်းများကို ယူနေရင်း အသံကြားသောအခါ ပြုံးလျက် ပြောလိုက်လေသည်။

"ဒေါ်လေး ရောက်လာတာ အတော်ပဲ၊ ဒါက ဒေါ်လေးအတွက် ဝယ်လာတာ"

"ဒီလောက်အများကြီးကို? မင်းတို့ မြန်မြန် အိမ်ပြန်ယူသွားပြီး ကိုယ့်ဘာသာ စားကြပါ။ အိမ်မှာ ရှိပါတယ်"

"ဝယ်ပြီးသွားပြီ၊ အကုန်လုံး ရှိတယ်၊ ဒေါ်လေး ယူသွားပြီး ဦးလေးနဲ့ စားလိုက်ပါ"

ကျန်းရိုက လက်ထဲရှိ ဟင်းများကို အဒေါ်ဝမ်၏ လက်ထဲသို့ အတင်း ထိုးပေးလိုက်ရာ အဒေါ်ဝမ်က အနည်းငယ် အားနာစွာဖြင့် ပြုံးလိုက်လေသည်။

"မင်းတို့က တကယ်ပဲ အားနာတတ်လွန်းတယ်"

ပြောရင်းနှင့် တစ်ခုခုကို သတိရသွားသကဲ့သို့ ဆက်ပြောလေသည်။

"ဒါနဲ့၊ ခုနက ကျူးချန်က မင်းတို့ကို လာရှာသေးတယ်၊ မင်းတို့ မရှိတာတွေ့တော့ ပြန်သွားတယ်၊ ဒေါ်လေးကိုလည်း မင်းတို့ကို ပြောပြပေးဖို့ မှာသွားသေးတယ်။ မင်းတို့ကို ထမင်းကျွေးချင်လို့ ထင်ပါရဲ့၊ မင်းတို့ သွားချင်မသွားချင် ဒေါ်လေးလည်း မသိလို့ လက်မခံလိုက်ဘူး၊ ညည်းတို့ အားချင်မှ အားမှာလေလို့ ပြောလိုက်တယ်။ ခဏနေရင် သူ ထပ်လာလောက်တယ်"

ကျန်းရိုက လီရှောင်းကို ကြည့်လိုက်လေသည်။

လီရှောင်းက အနောက်တွင် လျှောက်လာရင်း ထိုစကားကို ကြားသောအခါ အဒေါ်ဝမ်ကို တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်လေသည်။

"ခဏနေ သူ လာရင် ကြည့်ကြတာပေါ့"

"အဲ့ဒါဆိုရင်လည်း ပြီးရော၊ မင်းတို့ဘာသာ မင်းတို့ ပြောကြပေါ့"

အဒေါ်ဝမ် ပြောတာ တကယ် မှန်လိုက်လေသည်။ ညနေစောင်းတွင် ကျူးချန် ထပ်ရောက်လာပြီး လီရှောင်းအား မနက်ဖြန်တွင် သူတို့ မိသားစုကို ထမင်းစားဖိတ်ချင်ကြောင်း ပြောလေသည်။

"အစ်ကိုတို့ ပြန်လာတယ်လို့ ကြားလို့ လာကြည့်တာ။ အရင်တုန်းက တောင်ပိုင်းမှာ အစ်ကိုတို့ရဲ့ စောင့်ရှောက်မှု အများကြီး ခံခဲ့ရပြီး အစ်ကိုတို့ကို ဒုက္ခတွေ အများကြီး ပေးခဲ့မိတယ်။ ပြန်လာတော့ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုတို့ကို ထမင်းတစ်နပ်လောက်တော့ ကျွေးရမှာပေါ့"

"ကျွန်တော် နောက်အိမ်ထောင် ထပ်ပြုလိုက်ပြီ၊ မနှစ်က သားလေးတစ်ယောက် ရထားတယ်၊ အစ်ကို့ကို လာပြရင်းနဲ့လေ။ တခြားသူတွေကို မခေါ်ပါဘူး၊ ကျွန်တော်တို့ နှစ်အိမ်တည်းပါပဲ"

ဤတခြားသူများဆိုသည်မှာ သေချာပေါက် ဝမ်ထောင်ကို ရည်ညွှန်းခြင်းဖြစ်သည်။ ကျူးချန်က တောင်ပိုင်းမှ ပြန်လာပြီးကတည်းက ဝမ်ထောင်တို့ မိသားစုနှင့် ဝေးဝေးနေခဲ့လေသည်။ ကျူးချန်က ထိုစဉ်က တောင်ပိုင်းသို့ သွားရာတွင် သူ၏ ကိုယ်ပိုင် အတ္တစိတ်များရှိခဲ့ကြောင်း ဝန်ခံပါသည်။ သူ တစ်ယောက်တည်း သွားပါက လီရှောင်းတို့ကို ဒုက္ခပေးရတာ နည်းမည်ဖြစ်ပြီး မောင်းထုတ်ခံရမည် မဟုတ်ဟု တွေးခဲ့မိသည်။ သို့သော် ဝမ်ထောင် ထိုကောင်က အလွန်အပေသည်။ သူ တောင်ပိုင်းသို့ သွားသည်ကို မြင်လျှင် တကယ်လို့သာ လိုက်လာခဲ့မည်ဆိုလျှင်လည်း ဘာမှဖြစ်မည် မဟုတ်ပေ။ လီရှောင်းနှင့် ကျိုးကျန့်တို့၏ စရိုက်အရ သူ့ကိုသာ ထားရစ်ခဲ့ပြီး ဝမ်ထောင်ကို မောင်းထုတ်မည် မဟုတ်ပေ။ သူက ကိုယ်တိုင် ကြိုးစားချင်စိတ်မရှိဘဲ သတ္တိမရှိသဖြင့် မလိုက်လာရဲဘဲ ကွယ်ရာတွင် စိတ်ကောက်ပြီး သူများမကောင်းကြောင်းသာ ပြောနေတတ်လေသည်။

ထို့အပြင် ကျူးချန်က သူသည် ထိုစဉ်က လီရှောင်းနှင့် ကျိုးကျန့်တို့အပေါ် အနည်းငယ် မတရားလုပ်ခဲ့မိသည်ဟု ခံစားရသော်လည်း၊ ဝမ်ထောင်ကိုတော့ လုံးဝ မတရားမလုပ်ခဲ့ဖူးပေ။ ထိုစဉ်က ဝမ်ထောင် ဇနီးမောင်နှံ ကျန်းနန်တည်းခိုခန်းသို့ ဝင်ရောက်နိုင်ခဲ့ခြင်းမှာ သူ့ကိုသာ အားကိုးခဲ့ရခြင်းဖြစ်သည်။ နောက်ပိုင်းတွင် သူ့ဦးလေး ထွက်သွားသောအခါ ဝမ်ထောင် ဇနီးမောင်နှံကလည်း သူ့ကို ဝေးဝေးရှောင်သွားခဲ့ကြရာ သူ အလွန် စိတ်ပျက်ခဲ့ရလေသည်။

သူ တစ်ယောက်တည်း တောင်ပိုင်းသို့ သွားခဲ့ရခြင်းမှာလည်း ဝမ်ထောင် ဇနီးမောင်နှံက မည်သို့သော လူမျိုးဖြစ်ကြောင်း သိရှိသောကြောင့်ဖြစ်သည်။ ဝမ်ထောင်၏ဇနီးမှာ တကယ်ကို အကြောင်းပြချက် မရှိဘဲ ပြဿနာရှာတတ်သော စရိုက်မျိုးဖြစ်ရာ မည်သူကမျှ သူမနှင့် ပေါင်းသင်း၍ အဆင်ပြေမည် မဟုတ်ပေ။

ဝမ်ထောင်က အရည်အချင်း မရှိသော်လည်း သူ့ဇနီးက လူတိုင်း သူမတို့အိမ်ထက် ပိုကောင်းနေသည်ကို မမြင်ချင်ပေ။ ဝမ်ထောင် ဇနီးမောင်နှံက ကွယ်ရာတွင် သူ ပိုမို ဆင်းရဲလာသည်ဟု လှောင်ပြောင်နေကြကြောင်းကို သူ မသိဟု မထင်နှင့်။ ၎င်းမှာ အမှန်တရားဖြစ်သော်လည်း ကြားရသည်မှာ စိတ်ထဲတွင် မသက်မသာ ဖြစ်ရလေသည်။

ကျူးချန်က ယခုအခါ အမြင်မှန်ရသွားပြီဖြစ်သည်။ သေချာသည်မှာ သူ အမြင်မှန်မရ၍လည်း မဖြစ်ပေ။ သူက လီရှောင်းတို့ကို လုံးဝ မယှဉ်နိုင်ပေ။ ထိုဘဝက အရမ်း ပင်ပန်းလွန်းသဖြင့် သူ မလုပ်နိုင်တော့ပေ။ ထို့အပြင် ယမန်နှစ်နှင့် ယခုနှစ်တွင် ဆားစ်ရောဂါဖြစ်ပွားခဲ့သဖြင့် သူ ပြန်လာခဲ့ရသည်ကို အလွန် ကံကောင်းသည်ဟု ထင်မိလေသည်။ ဤခရိုင်မြို့ဘက်တွင် ခေါက်ဆွဲဆိုင်ငယ်လေးတစ်ဆိုင် ဖွင့်ထားရာ ဘဝက အတော်လေး အဆင်ပြေနေလေသည်။

ကျူးချန် နောက်ထပ် မိန်းမတစ်ယောက် ယူလိုက်ပြီဖြစ်ကြောင်း လီရှောင်း သိထားလေသည်။ တစ်ဖက်လူမှာ သူ့ခေါက်ဆွဲဆိုင် မျက်နှာချင်းဆိုင်ရှိ အလယ်တန်းကျောင်းမှ ထမင်းစားရုံ အကူဝန်ထမ်းဖြစ်ပြီး ယခင်ကလည်း အိမ်ထောင်ကျဖူးသူဖြစ်သည်။ နောက်ပိုင်းတွင် ယောက်ျားက အပြင်တွင် ကြီးပွားလာပြီး အပြင်က မိန်းမနှင့်တွဲကာ ကွာရှင်းလိုက်သဖြင့် သမီးကိုခေါ်၍ ကျူးချန်နှင့် အိမ်ထောင်ပြုခဲ့ခြင်း ဖြစ်လေသည်။

ဤကိစ္စကို ကျန်းရိုက အဒေါ်ဝမ်ပြောပြ၍ ကြားခဲ့ရပြီးနောက် ကျန်းရိုက သူ့ကို ပြန်ပြောပြခဲ့ခြင်း ဖြစ်လေသည်။

လီရှောင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး စဉ်းစားကြည့်ကာ ပြောလိုက်လေသည်။

"ကောင်းပြီလေ"

လီရှောင်း သဘောတူလိုက်သည်ကို မြင်သောအခါ ကျူးချန် ပြုံးလိုက်လေသည်။

"အဲ့ဒါဆိုရင် ကောင်းပြီ၊ မနက်ဖြန် မွန်းတည့်ချိန် ငါတို့ ဟုန်ယဲ့ စားသောက်ဆိုင်မှာ တွေ့ကြမယ်၊ ရုပ်ရှင်ရုံ မျက်နှာချင်းဆိုင်မှာပဲ၊ မင်း သွားရင် သိလိမ့်မယ်"

လီရှောင်းက လူကို လိုက်ပို့ပြီးနောက် နောက်လှည့်ကြည့်လိုက်ရာ ကျန်းရိုက ခြံထဲတွင် အလုပ်များနေသည်ကို မြင်တွေ့ရသဖြင့် မေးလိုက်လေသည်။

"မနက်ဖြန် မင်း လိုက်မလား"

သူက မိမိကိုယ်တိုင်အတွက်သာ သဘောတူလိုက်ခြင်းဖြစ်ပြီး မနက်ဖြန် ကျန်းရို မလိုက်ပါက သူ တစ်ယောက်တည်း သွားလျှင်လည်း ရသည်ဟု တွေးထားလေသည်။

ကျန်းရိုက ခေါင်းမော့ကာ သူ့ကို ကြည့်လိုက်ပြီး တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်လေသည်။

"သွားမှာပေါ့၊ ဘာလို့ မသွားရမှာလဲ။ အရင်တုန်းက တောင်ပိုင်းမှာ သူ့ကို အကြိမ်တော်တော်များများ ကျွေးခဲ့ရတာပဲ၊ ကျွန်မတို့ တစ်ခါလောက်တော့ ပြန်စားသင့်တာပေါ့"

အဓိကအားဖြင့် အားလုံးက လူကြီးတွေဖြစ်ကြပြီဖြစ်ရာ မကျော်ဖြတ်နိုင်စရာ ဘာမှမရှိဘူးဟု ထင်မိလေသည်။ အရမ်း အသေးစိတ် တွက်ချက်နေပါက အားလုံး မပျော်ရွှင်ရပေ။

လီရှောင်း ရယ်မောလိုက်လေသည်။ ကျန်းရိုက သူ့ထက် ပို၍ အမြင်ကျယ်ကြောင်း သူ သိလေသည်။

……

နောက်တစ်နေ့တွင် မိသားစုသုံးယောက် အပြင်ထွက်ကြသည်။ လီရှင်း မလိုက်ပေ။ သူမက ဤရက်ပိုင်းအတွင်း အလွန်အလုပ်များနေပြီး နေ့တိုင်း အတန်းဖော်များက ဖုန်းဆက်၍ အပြင်ထွက်လည်ရန် ခေါ်နေကြလေသည်။

သူမက ယခင်က အမှတ် (၄) အလယ်တန်းကျောင်းတွင် တက်ရောက်ခဲ့ခြင်းဖြစ်သည်။ အမှတ် (၄) အလယ်တန်းကျောင်းရှိ ကျောင်းသားများကို သိပ်ပြီး တင်းကျပ်စွာ မထိန်းချုပ်ထားဘဲ ကျောင်းသားများက ဆော့ကစားရသည်ကို နှစ်သက်ကြရာ အတန်းဖော်များကြား ဆက်ဆံရေး အလွန်ကောင်းမွန်ကြလေသည်။ လီရှင်းက တစ်နှစ်သာ တက်ရောက်ခဲ့သော်လည်း အတန်းဖော်များက သူမ ပြန်လာကြောင်း သိရှိသွားသောအခါ သူမကို အပြင်ထွက်လည်ရန် လာခေါ်ကြလေသည်။

နံနက်ပိုင်း အပြင်မထွက်မီ ကျန်းရိုက ဘေးအိမ်သို့ သွားကာ အဒေါ်ဝမ်ကို မွန်းတည့်ချိန် ပြန်မလာတော့ကြောင်းနှင့် သူတို့အတွက် အချိုးအစား ပြင်ဆင်ရန် မလိုတော့ကြောင်း ပြောပြခဲ့လေသည်။

အဒေါ်ဝမ်က သူတို့ ကျူးချန်နှင့်အတူ အပြင်ထွက်၍ ထမင်းစားမည်ကို သိသဖြင့် သက်ပြင်းချကာ ပြောလိုက်လေသည်။

"ထမင်းတစ်နပ်လောက် စားတာလည်း ကောင်းပါတယ်။ ဘာပဲဖြစ်ဖြစ် ငယ်ငယ်ကတည်းက အတူတူ ကြီးပြင်းလာကြတာပဲ၊ အရေးအကြီးဆုံးက မင်းတို့က အခု သိပ်မပြန်ဖြစ်တော့ဘူးဆိုတော့ နောက်ပိုင်း တွေ့ရမယ့် အခွင့်အရေးတွေက ပိုပိုပြီး နည်းလာမှာလေ"

"ဟုတ်တယ်၊ ကျွန်မတို့လည်း အဲ့ဒီလိုပဲ တွေးတာပါ"

…..

ကျန်းရိုနှင့် လီရှောင်းတို့ ဟုန်ယဲ့ စားသောက်ဆိုင်သို့ ရောက်သွားချိန်တွင် ကျူးချန်က ထိုနေရာတွင် စောင့်နေပြီဖြစ်သည်။ ကျူးချန်က ဤနှစ်များအတွင်း အတော်လေး ဝလာလေသည်။ မနေ့က ကျန်းရို သူ့ကို မြင်သောအခါ အနည်းငယ်ပင် မမှတ်မိရဲအောင် ဖြစ်သွားခဲ့သည်။ သူမ၏ မှတ်ဉာဏ်ထဲရှိ ကျူးချန်မှာ အလွန် ပိန်ပါးသူဖြစ်သော်လည်း၊ ယခုလက်ရှိ သူကတော့ တဆေးဖောက်ထားသော ဂျုံမုန့်ကဲ့သို့ တစ်ကိုယ်လုံး ဖောင်းကားနေလေသည်။ နေ့တိုင်း ခေါက်ဆွဲကြော်နေရ၍လားမသိ၊ မျက်နှာပေါ်တွင်လည်း ဆီပြန်နေလေသည်။

လီရှောင်းနှင့် သူ အတူတကွ ရပ်နေသောအခါ ခေတ်နှစ်ခေတ်မှ လူနှစ်ယောက်နှင့် တူနေလေသည်။

ကျူးချန်က သူတို့ ရောက်လာသည်ကို မြင်သောအခါ အလျင်အမြန် ပြေးလာ၍ ကြိုဆိုလေသည်။

"ရောက်ပြီလား။ မြန်မြန် အိမ်ထဲဝင်၊ အပြင်မှာ အေးလွန်းလို့ သေတော့မယ်"

ပြောရင်းနှင့် လက်ကို ပွတ်သပ်နေကာ ဘယ်လောက်ကြာအောင် စောင့်နေခဲ့ရသည်မသိပေ။

လီရှောင်းက ရင်ခွင်ထဲရှိ အန်းအန်းကို အောက်ချပေးလိုက်ပြီး ကျူးချန်နှင့်အတူ အတွင်းဘက်သို့ ဝင်သွားလေသည်။

သူတို့ လေးဦး ဒုတိယထပ်ရှိ သီးသန့်အခန်းတစ်ခန်းသို့ သွားကြလေသည်။ အခန်းထဲတွင် လူရောက်နေပြီဖြစ်ပြီး သူတို့ တံခါးတွန်းဖွင့်၍ ဝင်သွားသောအခါ ကုလားထိုင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးက ကလေးကိုချီကာ မတ်တတ်ရပ်လိုက်ပြီး သဘာဝမကျစွာ ပြုံးနေကာ လူက အလွန် နေရခက်နေပုံရလေသည်။

ကျူးချန်က မျက်နှာပိုပြောင်လေသည်။

"လာ၊ ငါ မင်းတို့ကို မိတ်ဆက်ပေးမယ်။ ဒါက ငါ့မိန်းမ ချန်လင်၊ ဟိုဟာက ငါ့သမီး နှစ်ယောက် ရှန်ရှန်နဲ့ ဟွေးဟွေး၊ ရင်ခွင်ထဲမှာ ချီထားတာက ငါ့သားငယ် ဟောက်ဟောက်"

ထို့နောက် ချန်လင်ကို နှုတ်ဆက်ခိုင်းလေသည်။

"လာ၊ ဒါက ငါ မင်းကို ပြောပြဖူးတဲ့ ငါ့အစ်ကို လီရှောင်း၊ မရီး ကျန်းရို၊ ပြီးတော့ သူတို့ရဲ့ ကလေး အန်းအန်း"

"အစ်ကို မင်္ဂလာပါ၊ မရီး မင်္ဂလာပါ"

အမျိုးသမီးက လိမ်မာစွာ နှုတ်ဆက်လေသည်။ ကျူးချန်တို့ မထိုင်သေးသဖြင့် သူမလည်း မထိုင်ရဲပေ။

လူက အလွန် ရိုးသားပုံပေါက်လေသည်။

ကျန်းရိုက သူမ အနေခက်မည်ကို စိုးရိမ်သဖြင့် အရှေ့သို့ တစ်လှမ်းတိုးကာ ပြုံးလျက် ပြောလိုက်လေသည်။

"ဒီကလေးက ကျူးချန်နဲ့ တူတာပဲ၊ မြန်မြန်ထိုင်ပါ၊ ကလေးချီထားရတာ ပင်ပန်းနေရောပေါ့"

"မပင်ပန်းပါဘူး မပင်ပန်းပါဘူး"

ကျန်းရိုက ဘေးရှိ မိန်းကလေး နှစ်ဦးကို ထပ်ကြည့်လိုက်လေသည်။ အကြီးမလေးမှာ ကျူးချန်၏ ဇနီး ချန်လင်နှင့် ပိုတူပြီး အသားအရေ မည်းမည်းနှင့် ဖြစ်သော်လည်း မျက်နှာသွင်ပြင်က အနေတော်ဖြစ်ကာ မရုပ်ဆိုးပေ။ သူမက ကျူးချန်၏ ဇနီးနှင့် ယခင်ခင်ပွန်းတို့၏ ကလေး ဖြစ်ပုံရလေသည်။ အငယ်မလေးက ကျူးချန်နှင့် မတူဘဲ ကျူးချန်၏ ယခင်ဇနီး မေ့ဇီနှင့် တူကာ အလွန်လှပသော မိန်းကလေးငယ်တစ်ဦးဖြစ်သည်။ ကျန်းရို သူမကို မြင်သည်နှင့် ချက်ချင်း မှတ်မိသွားလေသည်။

အငယ်မလေးက သတ္တိပိုကောင်းလေသည်။ လူလာသည်ကို မြင်သောအခါ စပ်စုစွာဖြင့် ခေါင်းလေးစောင်း၍ ကြည့်နေပြီး၊ ထိုင်သောအခါတွင်လည်း ချန်လင်နှင့် ပို၍ နီးကပ်စွာ ထိုင်လေရာ ဤမိထွေးဖြစ်သူနှင့် အတော်လေး ရင်းနှီးပုံရလေသည်။

မိန်းကလေး နှစ်ဦးစလုံး အလွန် သန့်ရှင်းသပ်ရပ်စွာ ဝတ်စားဆင်ယင်ထားကြသည်။ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာ နာမည်ကြီး တံဆိပ်များ မဟုတ်သော်လည်း အလွန် သက်တောင့်သက်သာရှိသော ချည်ထည်များဖြစ်ရာ ကျူးချန်၏ဇနီးသည်က ကလေးနှစ်ယောက်အပေါ် အလွန်ဂရုစိုက်ကြောင်း သိသာထင်ရှားလှလေသည်။

ကျူးချန်က လီရှောင်းကို ထိုင်ရန် ဖိတ်ခေါ်လေသည်။

"လာလာလာ၊ အစ်ကို ဒီမှာ ထိုင်"

ပြောရင်းနှင့် စားပွဲကို တစ်ချက် ဝေ့ကြည့်လိုက်လေသည်။

"ဘာလို့ အခုထိ ဟင်းတွေ မလာသေးတာလဲ။ ငါ သွားပြီး သတိပေးလိုက်ဦးမယ်"

အန်းအန်းက စားပွဲ မြင့်လွန်းနေသည်ကို မြင်သောအခါ ပါပါး၏ပေါင်ပေါ်သို့ တိုက်ရိုက် တွယ်တက်လေသည်။ တစ်ဝက်ခန့် ရောက်သောအခါ လီရှောင်းက လက်လှမ်း၍ သူမကို ပေါင်ပေါ်သို့ တင်ကာ သေချာ ထိုင်ခိုင်းလိုက်လေသည်။ သူမက အနည်းငယ်မျှ အားနာခြင်းမရှိဘဲ စားပွဲပေါ်ရှိ ပန်းကန်ပြားကို လက်ညှိုးထိုးပြကာ ပြောလေသည်။

"ပါပါး၊ သမီး သကြားလုံး စားချင်တယ်"

လီရှောင်းက သူမ၏ လက်ကို ဆုပ်ကိုင်ကာ ပြန်ရုပ်လိုက်လေသည်။

"ခဏနေရင် ထမင်းစားရတော့မှာ၊ ထမင်းစားပြီးမှ စား"

အန်းအန်းက စားပွဲပေါ်ရှိ ကိုကာကိုလာ ဘူးကြီးကို ထပ်ကြည့်ပြန်ပြီး ထပ်ပြောလေသည်။

"ပါပါး၊ သမီး ကိုကာကိုလာ သောက်ချင်တယ်"

လီရှောင်း ယခုတစ်ကြိမ်တွင် မငြင်းပယ်တော့ဘဲ ကိုကာကိုလာကို တိုက်ရိုက်ဖွင့်ကာ ခွက်တစ်ဝက်ခန့် ငှဲ့တိုက်ရန် ပြင်လိုက်သည်။ ကျန်းရိုက ချန်လင်နှင့် စကားပြောနေစဉ် မြင်သွားသဖြင့် အလျင်အမြန် တားဆီးလိုက်ပြီး လက်ဖက်ရည်အိုးကို ယူကာ ရေနွေးပူပူဖြင့် ပန်းကန်ခွက်ယောက်များကို တစ်ကြိမ် အရင်ဆေးကြောလိုက်ပြီးမှ ခွက်ကို သူ့ထံသို့ ကမ်းပေးလိုက်လေသည်။ ထို့နောက် ဘေးရှိ မိန်းကလေး နှစ်ဦးကို မေးလိုက်လေသည်။

"သမီးတို့ သောက်မလား"

မိန်းကလေး နှစ်ဦးစလုံး အနည်းငယ် အားနာနေကြပြီး အကြီးမလေးက အလျင်အမြန် လက်ခါပြလေသည်။

"မသောက်တော့ပါဘူး မသောက်တော့ပါဘူး"

အငယ်မလေးက စကားမပြောဘဲ မျှော်လင့်တောင့်တစွာဖြင့်သာ ကြည့်နေပြီး လီရှောင်း၏ ပေါင်ပေါ်တွင် ထိုင်နေသော အန်းအန်းကို အနည်းငယ် အားကျနေလေသည်။

ကျန်းရိုက သူတို့ရှေ့ရှိ ခွက်များကိုပါ ဆေးကြောပေးလိုက်ပြီးနောက်၊ လီရှောင်းကို ခွက်အားလုံးထဲသို့ ကိုကာကိုလာ တစ်ဝက်စီ ငှဲ့ခိုင်းလိုက်ပြီး ကလေးနှစ်ယောက်ထံ ကမ်းပေးကာ ပြောလိုက်လေသည်။

"အများကြီး သောက်လို့ မရဘူးနော်၊ ဒါက အေးတယ်၊ အစာအိမ်အတွက် မကောင်းဘူး"

အကြီးမလေးက ယူပြီးနောက် နှုတ်ခမ်းကို သပ်လိုက်သော်လည်း တိုက်ရိုက် မသောက်သေးပေ။ အငယ်မလေး၏ မျက်လုံးများက ကွေးညွတ်သွားပြီး အလျင်အမြန် ပါးစပ်နားတေ့ကာ တစ်ငုံ မြည်းကြည့်လိုက်ပြီးနောက်၊ သောက်ပြီးပြီးချင်း အစ်မဖြစ်သူ၏ ဘေးသို့ တိုးကပ်သွားကာ တိုးတိုးလေး ပြောလိုက်လေသည်။

"အစ်မ၊ သောက်လို့ ကောင်းတယ်"

အစ်မဖြစ်သူက ကျန်းရိုတို့ကို တစ်ချက်ကြည့်လိုက်ပြီး သူတို့ကို မကြည့်နေသည်ကို မြင်မှသာ ခွက်ကိုကိုင်၍ တစ်ငုံ သောက်လိုက်လေသည်။

ကျူးချန်က အပြင်မှ ဝင်လာပြီး သူ၏ အနောက်တွင် ဟင်းများ ကိုင်ဆောင်လာသော စားပွဲထိုး နှစ်ဦး လိုက်ပါလာလေသည်။ သူ ဝင်လာပြီးနောက် လီရှောင်းအား ပြောလိုက်လေသည်။

"တခြားဟာတွေက လုပ်နေတုန်းပဲ၊ နှစ်သစ်ကူး ပြန်လာတဲ့လူတွေ အရမ်းများနေလို့၊ ခဏလောက် ထပ်စောင့်ပါဦး"

လီရှောင်းက သူ့ကို ထိုင်၍ စားရန် ပြောလိုက်လေသည်။

ထို့နောက် ကျူးချန်က လီရှောင်း၏ဘေးတွင် ထိုင်လိုက်ပြီး သူ့အရက်ခွက်ထဲသို့ အရက်အပြည့် ငှဲ့ပေးလိုက်လေသည်။ ငှဲ့ပြီးနောက် ကျန်းရိုကိုပါ သောက်မလားဟု မေးလိုက်သေးလေသည်။

ကျန်းရိုက အလျင်အမြန် လက်ရမ်းပြကာ သူတို့ဘာသာ သောက်ကြရန် ပြောလိုက်လေသည်။

ကျူးချန်က ခွက်ကို မြှောက်ကာ လီရှောင်းနှင့် အရက်သောက်ချိန်တွင်၊ လီရှောင်းက ညင်သာစွာ တစ်ငုံသာ သောက်လိုက်ပြီးနောက် ရင်ခွင်ထဲရှိ အန်းအန်းကို အသားခပ်ကျွေးလေသည်။

ချန်လင်၏ဘေးတွင် ထိုင်နေသော မိန်းကလေးငယ်လေးကလည်း ရုတ်တရက် အသားကို လက်ညှိုးထိုးပြကာ ကျူးချန်အား ခပ်ပေးရန် ပြောလေသည်။

"ဖေဖေ၊ သမီး အဲ့ဒါ စားချင်တယ်"

ကျူးချန်က တစ်ချက်ကြည့်လိုက်ပြီး စိတ်ထဲ မထားဘဲ ပြောလိုက်လေသည်။

"နင့်အမေကို ခပ်ခိုင်းလိုက်"

မိန်းကလေးငယ်လေး ပါးစပ်ကို ဖောင်းလိုက်ပြီး အနည်းငယ် မပျော်မရွှင် ဖြစ်သွားလေသည်။

သူမ၏ဘေးရှိ အစ်မကြီးက အသားတစ်တုံး ညှပ်ကာ သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

"စားလိုက်ပါ"

ချန်လင်က ကြားသဖြင့် တူကို ဆန့်ထုတ်ရန် ပြင်လိုက်စဉ် သမီးကြီးက ခပ်ပေးလိုက်သည်ကို မြင်သောအခါ တူကို ပြန်ရုပ်လိုက်ပြီး သူမအတွက် အာလူးတစ်တုံး ခပ်ပေးလိုက်လေသည်။

"ဒါလည်း စားလို့ ကောင်းတယ်"

မိန်းကလေးငယ်လေးက မျက်နှာချင်းဆိုင်တွင် အဖေဖြစ်သူ ရင်ခွင်ထဲ၌ ထိုင်ကာ အရသာရှိရှိ စားနေသော မိန်းကလေးကို ထပ်ကြည့်လိုက်ပြန်သည်။ သူမက ခေါင်းငုံ့ကာ စားလိုက်ပြီး စကားမပြောတော့ပေ။

သူမက အသက်ငယ်သေးသော်လည်း တစ်ခုခုကို နားလည်သွားပုံရလေသည်။

ဤထမင်းတစ်နပ်က အတော်လေး စည်ကားစွာ စားသောက်ခဲ့ရသည်။ မထွက်ခွာမီ လီရှောင်းက ကျူးချန်၏ပခုံးကို ပုတ်ကာ နောင်တွင် စီးပွားရေး အောင်မြင်ပါစေဟု ဆုတောင်းပေးခဲ့လေသည်။

ကျူးချန်၏မျက်လုံးများ ချက်ချင်း နီရဲသွားလေသည်။

"အစ်ကို၊ အရင်က ကိစ္စတွေအတွက် တောင်းပန်ပါတယ်။ ကျွန်တော်ကလေ၊ အမြင်ကျဉ်းပြီး ကိုယ့်ကိုယ်ကိုယ် အဉာဏ်အကောင်းဆုံးလို့ ထင်နေခဲ့တာ။ တကယ်တော့ အတုံးအအဆုံးက ကျွန်တော်ပါပဲ။ ကျွန်တော်သာ ဉာဏ်ကောင်းရင် ဒီအခြေအနေထိ ရောက်လာမှာ မဟုတ်ဘူး"

တောင်ပိုင်းမှ ပြန်လာပြီးကတည်းက သူ ရှင်းရှင်းလင်းလင်း သိသွားခဲ့ပြီဖြစ်သည်။ သူ ဤတစ်သက်တွင် လီရှောင်းတို့ အဆင့်အထိ ရောက်နိုင်မည် မဟုတ်ပေ။ မနာလိုဖြစ်နေစရာ ဘာမှမရှိဘူး၊ ကိုယ့်ကိုယ်ကိုယ်ပဲ ကောင်းအောင်နေတာ ပိုကောင်းပါတယ်ဟု တွေးမိလေသည်။

ထို့ကြောင့် သူက ချန်လင်ဆိုသော ဤဇနီးကို ရှာယူခဲ့ခြင်းဖြစ်သည်။ သူတို့နှစ်ဦးစလုံးက အဆင့်အတန်းတူများ ဖြစ်ကြပြီး တစ်ဦးကိုတစ်ဦး အထင်မသေးကြပေ။ သူ့မိခင်က အစပိုင်းတွင် သဘောမတူဘဲ သူ့အတွက် ပိုကောင်းသူတစ်ယောက် ရှာပေးကာ မေ့ဇီကို အနိုင်ယူချင်ခဲ့သေးသည်။ သူ နားမထောင်ခဲ့ပေ။ ငယ်ရွယ်လှပသူကို ရှာပါက ကိုယ်တိုင် ချော့မော့နေရမည်ဖြစ်ပြီး၊ ထိုကဲ့သို့သော ဘဝမျိုးကို သူ ထပ်မံ မဖြတ်သန်းချင်တော့ပေ။

သူက လီရှောင်း မဟုတ်ပေ။ ဘာမှမရှိချိန်ကတည်းက သူ့နောက်ကို လိုက်မည့် မိန်းမရှိခဲ့ပြီး၊ ကျန်းရိုက လှပပြီး ဉာဏ်ကောင်းကာ လီရှောင်းကို အသေအလဲ ချစ်မြတ်နိုးလေသည်။ ဤကဲ့သို့သော ကံကောင်းမှုမျိုးက လူတိုင်းတွင် ရှိနိုင်သည်မဟုတ်ရာ သူ အားကျ၍ မရနိုင်ပေ။

လီရှောင်း ကြားပြီးနောက် အတော်လေးခံစားသွားရပြီး သူ့ကို ကြည့်လိုက်၊ အဝေးရှိ ကားလမ်းကို ကြည့်လိုက်လုပ်ကာ၊ နောက်ဆုံးတွင် ခေါင်းညိတ်လိုက်ပြီး သက်သာရာရသွားသည့်ဟန်ဖြင့် စကားတစ်ခွန်း ပြောလိုက်လေသည်။

"အကုန်လုံး ပြီးသွားပါပြီ"

ဤစကားကို ပြောပြီးနောက် သူကိုယ်တိုင်လည်း သက်သာရာ ရသွားလေသည်။

ဤစကားက ကျူးချန်ကို ပြောပြခြင်းဖြစ်သလို သူ့ကိုယ်သူ ပြောပြခြင်းလည်း ဖြစ်သည်။ တကယ်ကို ပြီးဆုံးသွားခဲ့ပြီဖြစ်သည်။ ဤအချိန်တွင် ဤစကားကို ပြောလိုက်သည်နှင့်အမျှ ယခင်က မသာယာမှုများ အားလုံးကို မေ့ပစ်ရန် သူ ဆုံးဖြတ်လိုက်လေသည်။

ကျူးချန်က ခေါင်းမော့ကာ သူ့ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် ခေါ်လိုက်လေသည်။

"အစ်ကို"

လီရှောင်းက သူ၏ ပခုံးကို ထပ်မံ ပုတ်လိုက်လေသည်။

"သွားပြီ"

ထို့နောက် ဘေးရှိ ကျန်းရို၏ ခါးကို ဖက်ကာ သူမနှင့် ကလေးကိုခေါ်၍ ထွက်ခွာလာခဲ့လေသည်။

ကျူးချန်က သူ့ကျောပြင်ကို လိုက်ကြည့်ရင်း ငိုလိုက် ရယ်လိုက် ဖြစ်နေလေတော့သည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၇၁)

နှစ်သစ်ကူးနေ့တွင် မိသားစုနှစ်စုက အတူတကွ စားသောက်ကြပြီး၊ ကျန်းရိုက နံနက်စောစောကတည်းက လီရှင်းကိုခေါ်ကာ အဒေါ်ဝမ်တို့အိမ်သို့ သွားရောက် ကူညီပေးလေသည်။

လူစုစုပေါင်း ငါးယောက်သာ ရှိသော်လည်း အဒေါ်ဝမ်က ဟင်းလျာများ အများအပြား ပြင်ဆင်ထားရာ မီးဖိုချောင်တစ်ခုလုံး အပြည့်ဖြစ်နေလေသည်။

လီရှောင်း အိမ်တွင် မရှိပေ။ မိုးမလင်းမီကတည်းက သူက သုံးဘီးဆိုင်ကယ်ကို မောင်းကာ ဦးလေးဝမ်နှင့်အတူ အပြင်ထွက်သွားပြီး၊ အန်းအန်းကပါ အတင်းလိုက်ချင်နေသဖြင့် သူမကိုပါ ခေါ်သွားရလေသည်။

နံနက် ၁၀ နာရီကျော်တွင် သူနှင့် ဦးလေးဝမ်တို့က ဝက်တစ်ခြမ်းနှင့် ဝက်သွေးတစ်ပုံးကို သယ်ဆောင်လာခဲ့သည်။ အန်းအန်းမှာ နံနက်ပိုင်းက လှပသပ်ရပ်နေသော ပုံစံလေး လုံးဝ ပျောက်ကွယ်သွားပြီဖြစ်ပြီး၊ ခေါင်းပေါ်ရှိ ကျစ်ဆံမြီးလေးနှစ်ခုမှာလည်း ပြေလုနီးပါး ဖြစ်နေကာ ကိုယ်ပေါ်ရှိ အဝတ်အစားများမှာလည်း ညစ်ပတ်ပေရေနေလေသည်။ အထူးသဖြင့် ခြေထောက်ရှိ ချည်ဖိနပ်လေးနှစ်ရံပေါ်တွင် ရွှံ့များ အပြည့်ပေကျံနေပြီး၊ လက်သေးသေးလေး နှစ်ဖက်ဖြင့်လည်း အဆီခဲကြီးတစ်ခဲကို ဆုပ်ကိုင်ထားလေသည်။

သူမက အလွန်ပျော်ရွှင်နေပြီး သုံးဘီးဆိုင်ကယ်ပေါ်မှ ဆင်းလာပြီးနောက် မီးဖိုချောင်ထဲသို့ တောက်တောက်တောက်ဖြင့် ပြေးသွားကာ လူမရောက်မီကတည်းက အသံကျယ်ကြီးဖြင့် အော်ပြောလေသည်။

"မာမား၊ သမီး ပြန်လာပြီ"

ကျန်းရိုက အသံကြားသဖြင့် မီးဖိုချောင်ထဲမှ ထွက်လာရာ၊ သူမကို မြင်သောအခါ အသက်ရှူပင် ကျပ်သွားသလို ခံစားလိုက်ရလေသည်။

အဒေါ်ဝမ်လည်း ထွက်လာပြီး ပေါင်ကို ရိုက်ကာ ပြောလိုက်လေသည်။

"အိုအို၊ နင့်အဖေကလည်း နင့်ကို သေချာမကြည့်ဘူး၊ ဘယ်လိုလုပ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ"

အနီးသို့ကပ်၍ ကြည့်လိုက်ရာ သူမ၏ ပန်းရောင် အနွေးထည်လေးပေါ်တွင် ဝက်သွေးများ ပေကျံနေပြီး သွေးများပင် ခြောက်သွေ့နေကာ အကွက်လိုက် အကွက်လိုက် ဖြစ်နေသည်ကို မြင်သောအခါ ခေါင်းကိုက်စွာဖြင့် ပြောလိုက်လေသည်။

"ဒါကို ဘယ်လို လျှော်ရမလဲ။ ယောကျ်ားတွေက ကလေးကို သေချာ မထိန်းတတ်ဘူး"

အနောက်မှ ဝင်လာသော လီရှောင်းနှင့် ဦးလေးဝမ်တို့က ဝက်တစ်ခြမ်းကို ထမ်းကာ ဝင်လာရင်း ထိုစကားကို ကြားသောအခါ မျက်နှာများ ရှက်ရွံ့သွားလေသည်။ အန်းအန်း ညစ်ပတ်နေရုံသာမက သူ့ကိုယ်ပေါ်တွင်လည်း ညစ်ပတ်နေလေသည်။

စောစောက သတိမထားမိဘဲ ဝက်ဝယ်ပြီးနောက် တိုက်ရိုက်ပင် ပခုံးပေါ် ထမ်းတင်လိုက်မိသည်။ ဦးလေးဝမ်၏ ခြေထောက်က သိပ်မကောင်းသေးသဖြင့် ထိခိုက်မိမည်ကို စိုးရိမ်၍ ထိုသို့လုပ်ခဲ့ခြင်းဖြစ်ပြီး၊ ဝက်ကို ပခုံးပေါ်တင်ပြီးမှသာ အဝတ်အစားများ ညစ်ပတ်သွားနိုင်ကြောင်း သတိရသွားလေသည်။

အလျင်အမြန် ပြောလိုက်လေသည်။

"ခဏနေ ကျွန်တော် လျှော်လိုက်မယ်"

ကျန်းရိုနှင့် အဒေါ်ဝမ်တို့က ရှေ့တိုး၍ ကူထမ်းပေးရင်း မေးလိုက်လေသည်။

"ဘာလို့ ဒီလောက် အများကြီး ဝယ်လာတာလဲ"

လီရှောင်းက "ဒီဝက်က မဆိုးဘူး၊ အိမ်မှာ မွေးထားတာ၊ စီးပွားဖြစ် မွေးတဲ့ဝက်တွေနဲ့ မတူဘူး၊ အဲ့ဒါကြောင့် နည်းနည်း ပိုဝယ်လာလိုက်တာ။ နောက်ရက်အနည်းငယ်နေရင် အဒေါ်ဝမ်တို့အိမ်ကို လူလာဦးမှာဆိုတော့ စားလို့ကုန်လောက်ပါတယ်"

ကျန်းရိုက ခေါင်းညိတ်လိုက်လေသည်။

အဒေါ်ဝမ်က ပြုံးလျက် ပြောလိုက်လေသည်။

"မြန်မြန် နံရိုးတွေကို ခုတ်ပေးဦး၊ ဒေါ်လေး အန်းအန်းအတွက် ဝက်နံရိုးချိုချဉ် လုပ်ပေးမလို့"

အန်းအန်းက ဝက်နံရိုးချိုချဉ်ဟု ကြားသည်နှင့် ချက်ချင်း ဝမ်းသာသွားပြီး ပြောလိုက်လေသည်။

"သမီး ဝက်နံရိုးချိုချဉ် စားချင်တယ်"

အဒေါ်ဝမ်က ရယ်ချင်စိတ်ဖြင့် ပြောလိုက်လေသည်။

"မာမားကို သမီးကို မြန်မြန် သွားဆေးကြောပေးခိုင်းလိုက်ဦး၊ ဘယ်လောက်တောင် ညစ်ပတ်နေလဲ ကြည့်စမ်းပါဦး"

ကျန်းရိုက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"နင်က ဒီလိုပုံစံ ဖြစ်နေတာတောင် ပါပါးကို အနံ့နံတယ်လို့ ပြောရဲသေးတယ်"

အန်းအန်းက နှုတ်ခမ်းကို စူကာ လက်ထဲရှိ အဆီခဲကို မြှောက်ပြလေသည်။

"အဘွား၊ ဟင်းချက်စားဖို့"

အဒေါ်ဝမ်က သူမလက်ထဲရှိ ပုံပျက်ပန်းပျက်ဖြစ်နေသော အဆီခဲကို ကြည့်ကာ ငိုရခက်ရယ်ရခက် ဖြစ်သွားလေသည်။

"အို၊ ဒီကလေးက ဒါနဲ့ ဟင်းချက်စားရမယ်ဆိုတာတောင် သိနေသေးတယ်"

ကျန်းရိုလည်း ရယ်မောလိုက်လေသည်။

"သူက အကုန်သိတယ်၊ ဉာဏ်များလိုက်တာ လွန်ရော"

ထို့နောက် အန်းအန်း၏ ရုန်းကန်နေမှုများကို ဂရုမစိုက်ဘဲ ရေချိုးပေးရန် အိမ်သို့ တိုက်ရိုက် ဆွဲခေါ်သွားလေသည်။ ကျန်းရိုက သူမ၏ လက်သေးသေးလေးများ ညစ်ပတ်နေသည်ကို ရွံသဖြင့် သူမ၏ အင်္ကျီရင်ဘတ်ကို ဆွဲထားရာ၊ အန်းအန်းက မသွားချင်သဖြင့် ခြေနှစ်ဖက်ဖြင့် မြေကြီးပေါ်တွင် တရွတ်တိုက် ဆွဲပါလာလေသည်။

လူကြီးများက ကြည့်ရင်း ရယ်မောသွားကြလေသည်။

အဒေါ်ဝမ်၏မိခင်မှာ မြောက်ပိုင်းမှ အိမ်ထောင်ကျလာသူဖြစ်ရာ မြောက်ပိုင်းဓလေ့စရိုက်အချို့ ပါလာခဲ့သည်။ ထိုဝက်သွေးတစ်ပုံးမှာ အဒေါ်ဝမ်က ဦးလေးဝမ်ကို ဝယ်ခိုင်းလိုက်ခြင်းဖြစ်ပြီး ဝက်သွေးအူချောင်း လုပ်စားရန် ဖြစ်လေသည်။

ကျန်းရိုက အန်းအန်းကို ရေချိုးပေးကာ အဝတ်အစား သန့်သန့်လေးများ လဲပေးပြီးနောက် ပြန်လာ၍ ကူညီပေးလေသည်။ လီရှင်းက တံခါးမကြီးဝတွင် ထိုင်ကာ ဝက်မွှေးများ နှုတ်နေပြီး၊ လီရှောင်းနှင့် ဦးလေးဝမ်တို့က ခြံထဲတွင် ဝက်သားများ ခုတ်ထစ်နေကြသည်။ ဦးလေးဝမ်က ဘေးမှနေ၍ လမ်းညွှန်ပေးပြီး လီရှောင်းက ခုတ်ထစ်နေရာ လှုပ်ရှားမှုများက အလွန်သွက်လက်လှသည်။ ဦးလေးဝမ်က သူ့ကို ဝက်သတ်ရာတွင် အလွန်တော်ကြောင်း၊ ဝက်သတ်သမား မလုပ်ရသည်မှာ နှမြောစရာကောင်းကြောင်းပင် ချီးကျူးသေးလေသည်။

ခြံထဲသို့ ဝင်လာသော ကျန်းရိုကို အားရပါးရ ရယ်မောသွားစေခဲ့လေသည်။

နံနက်ပိုင်းတွင် ကျန်းရိုနှင့် အဒေါ်ဝမ်တို့က မီးဖိုချောင်တွင် အလုပ်များနေကြပြီး၊ ဖက်ထုပ်များ ထုပ်ခြင်း၊ ကြက်ဥအသားလိပ်ကြော်ခြင်း၊ အသားလုံးများ လုံးခြင်းနှင့် ကြာစွယ်မှုန့်လုံးများ ကြော်ခြင်းတို့ကို ပြုလုပ်ကြလေသည်။ ဤဘက်တွင် နှစ်သစ်ကူးပါက အချင်းချင်း စားစရာများ ပေးပို့လေ့ရှိရာ၊ ကျန်းရိုက ပဲဝါပြုတ်နှင့် သကြားညို ကောက်ညှင်းလုံးများ ပြုလုပ်ကာ၊ လီရှင်းနှင့် အန်းအန်းတို့ကို ဘေးအိမ်နီးချင်းအချို့ထံ သွားရောက် ပေးပို့ခိုင်းလေသည်။

လီရှင်းက ဤဘက်တွင် တစ်နှစ် နှစ်နှစ်ခန့် နေထိုင်ခဲ့ဖူးရာ၊ အများကြီး မဆက်ဆံခဲ့ရသော်လည်း အိမ်နီးချင်းများကိုတော့ အတော်လေး သိရှိနေပြီဖြစ်သည်။ တောင်းကိုဆွဲကာ အန်းအန်းကိုခေါ်၍ အပြင်ထွက်သွားပြီး၊ ပြန်လာချိန်တွင် တောင်းထဲ၌ အခြားသူများ ပြန်ပေးလိုက်သော လက်ဆောင်များ အပြည့်ပါလာလေသည်။ တိရစ္ဆာန်ပုံစံ ဖန်တီးထားသော မုန့်များ၊ ရွှေဝါရောင် ကြော်ထားသော ကောက်ညှင်းလုံးများ စသည်တို့ ပါဝင်လေသည်။

အန်းအန်း၏ ပါးစပ်လေးမှာ ဆီပြန်နေပြီး စားကောင်းသောက်ဖွယ် ဘယ်လောက်တောင် စားခဲ့ရသည်မသိပေ။

မွန်းလွဲပိုင်းတွင် လီရှောင်းက အန်းအန်းကိုခေါ်ကာ အိမ်သို့ ပြန်၍ သန့်ရှင်းရေးလုပ်ပြီး နှစ်သစ်ဆုတောင်းစာများ ကပ်ကြလေသည်။ နှစ်သစ်ဆုတောင်းစာများ မလောက်သဖြင့် အဒေါ်ဝမ်က သူမတို့အိမ်မှ စုတ်တံနှင့် မင်ရည်များကို ထုတ်ပေးလေသည်။ အားလုံးက မင်ကျွင်း အရင်က ဝယ်ထားခဲ့ခြင်းဖြစ်သည်။ အနီရောင်စက္ကူကိုမူ အဒေါ်ဝမ်က လွန်ခဲ့သောရက်အနည်းငယ်က ဝယ်ထားခြင်းဖြစ်ပြီး နှစ်သစ်ကူးတွင် ကလေးများအတွက် မုန့်ဖိုးပေးရန် ရည်ရွယ်ထားခြင်း ဖြစ်လေသည်။

လီရှောင်း၏ စုတ်တံလက်ရေးမှာ သာမန်သာဖြစ်သော်လည်း ကြည့်၍တော့ ရလေသည်။ သူ အရင်က မူလတန်းကျောင်းတက်စဉ်က သီးသန့် လက်ရေးလှသင်တန်း ရှိခဲ့ပြီး၊ ဆရာက အတန်းထဲတွင် စာရေးနည်းများကို သင်ပေးခဲ့သည်။ ကျန်းရိုနှင့် မတူပေ။ ကျောင်းတက်စဉ်က ကျောင်းက မတောင်းဆိုခဲ့သဖြင့် သူမတို့ အတန်းထဲတွင် စာရေးလှသူ အနည်းငယ်သာ ရှိလေသည်။

အန်းအန်းက ပါပါး စုတ်တံဖြင့် စာရေးနေသည်ကို မြင်သောအခါ သူမလည်း ရေးချင်သည်ဟု ပူဆာလေသည်။ သူမက ရှုပ်ရှုပ်ယှက်ယှက်ဖြင့် 'ကံကောင်းခြင်း' (Fu) စာလုံး အချို့ကို ရေးဆွဲလိုက်ရာ၊ သူမ၏ ပါပါးက အိမ်သာတံခါးပေါ်တွင် သွားကပ်ပေးလိုက်လေသည်။

…..

ညဘက်တွင် အဒေါ်ဝမ်က ဟင်း ၁၀ ပွဲ ချက်ပြုတ်ခဲ့ပြီး ပြည့်စုံလုံလောက်ခြင်းဟူသော အဓိပ္ပာယ်ကို ဆောင်လေသည်။

အိမ်တွင် အတူတကွ နှစ်သစ်ကူးမည့်သူ ရှိနေခြင်းက တကယ်ကို မတူညီပေ။ အဒေါ်ဝမ်က ပြုံးရွှင်စွာဖြင့် ပြောလိုက်လေသည်။

"ဒီလောက် စည်ကားတဲ့ နှစ်သစ်ကူးကို မဖြတ်သန်းရတာ အတော်ကြာပြီ။ မင်ကျွင်း အိမ်ထောင်ကျသွားကတည်းက ဒေါ်လေးတို့ လင်မယား နှစ်ယောက်တည်းပဲ နှစ်သစ်ကူးခဲ့ရတာ၊ တအား ခြောက်ကပ်နေတာပဲ။ ဟင်းနှစ်ပွဲလောက် ဖြစ်သလို ချက်စားပြီး ပြီးသွားတာပဲ၊ အိမ်မှာ လူရှိတဲ့ အငွေ့အသက်လေးတောင် မရှိဘူး"

ကျန်းရိုက ပြုံးလျက် နှစ်သိမ့်ပေးလိုက်လေသည်။

"မလောပါနဲ့၊ နောက်ရက်အနည်းငယ်နေရင် အစ်မမင်ကျွင်း ပြန်လာတော့မှာပဲ"

"ပြန်လာပြီး ဘာလုပ်မှာလဲ"

အဒေါ်ဝမ်က နှာခေါင်းရှုံ့လိုက်လေသည်။

"ဒေါ်လေးကတော့ မြင်တာနဲ့တင် ဒေါသထွက်နေပြီ"

ဘေးမှ ဦးလေးဝမ်က မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"မင်းကလည်း တကယ်ပဲ၊ နှစ်သစ်ကူးကြီးမှာ ဒါတွေ လာပြောနေတယ်။ သမီး ပြန်မလာရင်လည်း ဒေါသထွက်တယ်၊ ပြန်လာရင်လည်း ရွံပြန်ရော။ ငါကြည့်ရတာ မင်းက သမီးပြောတဲ့ သွေးဆုံးကိုင်တဲ့ အရွယ် ရောက်နေပြီနဲ့ တူတယ်"

အဒေါ်ဝမ်က ကြားပြီး ဒေါသတကြီးဖြင့် သူ့ကို ပြန်ပြောလေသည်။

"ငါ ရှင့်ကို ပြောနေတာမှ မဟုတ်တာ၊ ရှင်က ဘာလို့ လောနေတာလဲ။ ရှင်ကတော့ ရှင်တို့ ဝမ်မိသားစုဘက်ကိုပဲ လိုက်နေတာပဲ......"

သူတို့ ရန်ဖြစ်တော့မည့် အခြေအနေကို မြင်သောအခါ အန်းအန်းက အလျင်အမြန် ပြောလိုက်လေသည်။

"မရန်ဖြစ်ကြနဲ့လေ၊ ဒီနေ့က နှစ်သစ်ကူးလေ၊ ပြုံးရမယ်"

ထိုစကားကို ကြားသောအခါ အဒေါ်ဝမ်နှင့် ဦးလေးဝမ်တို့ နှစ်ဦးစလုံး ရယ်မောသွားကြသည်။ အဒေါ်ဝမ်က တစ်ခုခုကို သတိရသွားသကဲ့သို့ ပြောလိုက်လေသည်။

"ဟုတ်တယ် ဟုတ်တယ်၊ ပြုံးရမယ်၊ မရန်ဖြစ်ပါဘူး"

ပြောရင်းနှင့် အသားတစ်တုံး ညှပ်ကာ အန်းအန်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။

"လာ၊ အန်းအန်း အသားစား"

အန်းအန်းက အလွန် အလေးအနက်ထား၍ ပြောလိုက်လေသည်။

"အဘိုးတို့ အဘွားတို့ လိမ်လိမ်မာမာ နေကြနော်"

ဦးလေးဝမ်က သဘောကောင်းစွာဖြင့် ထောက်ခံလေသည်။

"လိမ်မာပါတယ်၊ အားလုံး လိမ်မာပါတယ်"

ထိုအခါမှ အန်းအန်း ကျေနပ်သွားလေသည်။

လီရှောင်းက ပြုံးလျက် ခွက်ကို မြှောက်လိုက်လေသည်။

"လာ၊ အားလုံးပဲ တစ်ခွက် သောက်ကြမယ်။ အားလုံးရဲ့ နောက်ပိုင်း နေ့ရက်တွေ ပိုပိုပြီး ကောင်းမွန်လာပါစေ၊ ကျန်းမာရေး ကောင်းမွန်ပြီး စီးပွားရေးတွေ အောင်မြင်ပါစေ၊ ဘဝမှာ အရာရာ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်တော့် မိန်းမနဲ့ လီရှင်းရဲ့ ပညာရေးလည်း ပိုပြီး တိုးတက်ပါစေလို့ ဆုတောင်းပေးပါတယ်"

အားလုံးက မတ်တတ်ရပ်ကာ ခွက်များကို မြှောက်၍ တစ်ချက် တိုက်လိုက်ကြလေသည်။

"ဟုတ်တယ် ဟုတ်တယ်၊ အရေးအကြီးဆုံးက ကျန်းမာရေးပါပဲ"

"အားလုံးပဲ နှစ်စဉ်နှစ်တိုင်း ဒီနေ့လိုမျိုး ပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်"

......

ဤထမင်းတစ်နပ်ကို အလွန် စည်ကားသိုက်မြိုက်စွာ စားသောက်ခဲ့ကြသည်။ စောစောစားခဲ့ကြသဖြင့် နှစ်သစ်ကူး ညစာစားပြီးချိန်တွင် ၈ နာရီပင် မထိုးသေးပေ။ လီရှောင်းနှင့် ကျန်းရိုတို့က နွေဦးပွဲတော်ကြည့်ရန် မနေတော့ဘဲ၊ အန်းအန်းနှင့် လီရှင်းတို့ကို ခေါ်၍ ထွက်လာခဲ့ကြလေသည်။

အဒေါ်ဝမ်က သူတို့ ခရိုင်မြို့ပြင်ရှိ ဘုရားကျောင်းသို့သွား၍ ပထမဆုံး အမွှေးတိုင် သွားထွန်းမည်ကို သိသဖြင့် စဉ်းစားကြည့်ပြီး ပြောလိုက်လေသည်။

"ဒီနှစ်တွေထဲမှာ မကောင်းတဲ့ ကိစ္စတွေ အရမ်းများတယ်၊ သွားပြီး ဆုတောင်းတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ မင်းတို့ အဝတ်အစား ထူထူဝတ်သွားကြဦးနော်၊ အပြင်မှာ အရမ်းအေးတယ်၊ အအေးမိသွားကြဦးမယ်"

ကျန်းရိုက ခေါင်းညိတ်လိုက်လေသည်။

"သိုးမွေးအင်္ကျီ နှစ်ထည် ဝတ်ထားပါတယ်"

"အဲ့ဒါဆိုရင် ကောင်းတာပေါ့"

လီရှောင်းက သူတို့ကိုခေါ်ကာ အပြင်သို့ လျှောက်သွားလေသည်။ အရင်ဆုံး တောင်ဘက်လမ်း လမ်းဆုံရှိ ကားပြင်ဆိုင်တစ်ဆိုင်သို့ သွားလေသည်။ ကားပြင်ဆိုင်ရှေ့တွင် ကားများစွာ ရပ်ထားပြီး လီရှောင်း လူခေါ်လိုက်ချိန်တွင် ဆိုင်ရှင်က အိမ်ထဲတွင် နှစ်သစ်ကူး ညစာ စားနေလေသည်။ အသံကြားသောအခါ သော့ကိုကိုင်၍ ထွက်လာပြီး လီရှောင်းထံသို့ ကမ်းပေးကာ၊ တံခါးဝရှိ အနီရောင် ဗင်ကားတစ်စီးကို လက်ညှိုးထိုးပြလေသည်။

ကျန်းရိုနှင့် လီရှင်းတို့က အဝေးတွင် ရပ်နေသဖြင့် ကားပြင်ဆိုင်ပိုင်ရှင်က လီရှောင်း၏ ပခုံးကို ပုတ်လိုက်ပြီးနောက် လှည့်၍ အိမ်ထဲသို့ ပြန်ဝင်သွားသည်ကိုသာ မြင်လိုက်ရလေသည်။

လီရှောင်းက သူတို့ထံသို့ လျှောက်လာပြီး ပြောလိုက်လေသည်။

"ဒီကားပဲ"

ထို့နောက် မိသားစုလေးယောက် အနီရောင် ဗင်ကားပေါ်သို့ တက်ခဲ့ကြလေသည်။

အန်းအန်းမှာ နှစ်သစ်ကူး ညဘက်တွင် အပြင်ထွက်ရသည်ကို ပထမဆုံးအကြိမ် ကြုံဖူးသဖြင့် အလွန် ဆန်းသစ်သည်ဟု ထင်ကာ မနေနိုင်ဘဲ မေးလိုက်လေသည်။

"မာမား၊ သမီးတို့ ဘာသွားလုပ်ကြမလို့လဲဟင်"

ကျန်းရိုက သူမကို ပေါင်ပေါ်တွင် သေချာ ထိုင်ခိုင်းလိုက်လေသည်။

"မာမားတို့ တောင်ပေါ်သွားပြီး အမွှေးတိုင် သွားထွန်းမလို့လေ၊ ဘုရားနဲ့ ဘုရားလောင်းတွေကို သမီးတို့ မိသားစုတစ်ခုလုံး ဘေးကင်းလုံခြုံအောင် စောင့်ရှောက်ပေးဖို့ ဆုတောင်းမလို့ပါ"

"အို"

သူမက သေချာ နားမလည်ပုံရသော်လည်း၊ မာမား၏ ရင်ခွင်ထဲတွင် လိမ်မာစွာ မှီနေလေသည်။

…..

လီရှောင်းက ကားမောင်း၍ သူတို့ကို ခရိုင်မြို့ပြင်ရှိ ရှုခင်းသာနေရာသို့ တောက်လျှောက် ခေါ်ဆောင်သွားလေသည်။ ဘုရားကျောင်းက ရှုခင်းသာနေရာရှိ တောင်ပေါ်တွင် တည်ရှိသည်။ ဒေသခံမဟုတ်သူများ အပေါ်တက်မည်ဆိုပါက ပိုက်ဆံပေးရသော်လည်း၊ ဒေသခံများဆိုလျှင်မူ မလိုပေ။ ဒေသခံစကား တစ်ခွန်းလောက် ပြောလိုက်ရုံဖြင့် တိုက်ရိုက် တက်သွားနိုင်လေသည်။

နှစ်သစ်ကူး အချိန်အခါသမယဖြစ်၍ ကျန်းရိုနှင့် လီရှောင်းတို့က လူသိပ်မရှိဟု ထင်ထားခဲ့သော်လည်း၊ ရောက်သွားသောအခါ လူအတော်လေး များပြားနေကြောင်း တွေ့ရှိရပြီး အဝင်ဝတွင် တန်းပင် စီနေကြရာ ပထမဆုံး အမွှေးတိုင်ကို လာရောက် ထွန်းချင်ကြသူများ ဖြစ်ပုံရလေသည်။

အန်းအန်းက စပ်စုစွာဖြင့် ခေါင်းလေးကို လှည့်ကာ ပတ်ဝန်းကျင်ကို ကြည့်နေလေသည်။

ရှုခင်းသာနေရာသို့ ဝင်ရောက်ပြီးနောက် လီရှောင်းက ဆောင့်ကြောင့်ထိုင်ကာ အန်းအန်းကို သူ၏ ကျောပေါ်သို့ တက်ခိုင်းလေသည်။ အန်းအန်းက အနည်းငယ် မတက်ချင်သော်လည်း၊ ကျန်းရိုက သူမ၏ ဆန္ဒကို ဂရုမစိုက်ဘဲ လီရှောင်း၏ ကျောပေါ်သို့ တင်ပေးလိုက်လေသည်။

လီရှောင်းက မတ်တတ်ရပ်ကာ သမီးဖြစ်သူကို ကျောပိုး၍ ရှေ့သို့ ပြေးလေတော့သည်။

ကျန်းရိုက လီရှင်းကိုဆွဲကာ အနောက်မှ အလျင်အမြန် လိုက်ပါလာလေသည်။ အန်းအန်းက ကစားနေသည်ဟု ထင်ကာ အသံကျယ်ကျယ်ဖြင့် ရယ်မောပြီး ပါပါး၏ လည်ပင်းကို ဖက်လျက် အော်ဟစ်လေသည်။

"ပါပါး၊ ကျားယိုး"

လီရှောင်းက သူမကို အပေါ်သို့ တစ်ချက် ပင့်တင်လိုက်ပြီး ဆက်ပြေးလေသည်။

ကျန်းရိုနှင့် လီရှင်းတို့က အနောက်မှ ကပ်၍ လိုက်ပါလာကြသည်။ လီရှင်းမှာ အနည်းငယ် မပြေးနိုင်တော့ဘဲ အမောတကောဖြင့် ပြောလိုက်လေသည်။

"ဒီလောက်ထိ လုပ်ဖို့ လိုလို့လား"

ကျန်းရိုက သူမကို ကြည့်လိုက်လေသည်။

"နင့်ရဲ့ ကိုယ်ခံအားက ဘယ်လိုဖြစ်လို့ ဒီလောက် ညံ့နေရတာလဲ။ ငါ့ကိုတောင် မမီဘူး၊ ကျောင်းပြန်ရောက်ရင် လေ့ကျင့်ခန်း များများ လုပ်ဖို့ မမေ့နဲ့နော်"

လီရှင်းက မျက်နှာမဲ့ကာ ပြောလိုက်လေသည်။

"အချိန်မရှိဘူး"

ကျန်းရိုက မယုံကြည်ပေ။

"အချိန်မရှိဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ။ အချိန်ဆိုတာ ညှစ်ထုတ်ယူရတာပဲ၊ နင်က ပျင်းနေလို့ပါ"

မူလက အရှေ့မှ လျှောက်နေသော လမ်းသွားလမ်းလာများက ဤမိသားစုလေးယောက် ပြေးနေကြသည်ကို မြင်သောအခါ ချက်ချင်း စိုးရိမ်သွားကြပြီး အလျင်အမြန် လိုက်ပြေးကြလေတော့သည်။

ကံကောင်းထောက်မစွာဖြင့် တောင်ပေါ်တွင် ဘုရားကျောင်းတစ်ခုတည်း ရှိသည်မဟုတ်ပေ။ လီရှောင်းက အန်းအန်းကို ကျောပိုးကာ တောင်ပေါ်ရှိ အနောက်ဘက် ဘုရားကျောင်းသို့ ပြေးသွားပြီး၊ လူမရှိသော ဘုရားကျောင်းတံခါးတစ်ခုကို တွေ့မှသာ ရပ်တန့်လိုက်ကာ၊ မိသားစုလေးယောက်က ဘုရားကျောင်းတံခါးဝ နေရာကို နေရာယူထားလိုက်ကြလေသည်။

လီရှောင်းမှာ အတော်လေး ပင်ပန်းသွားပြီး မြေကြီးပေါ်တွင် တိုက်ရိုက် ပျော့ခွေထိုင်ချလိုက်လေသည်။ အန်းအန်းက ဘေးရှိ စင်္ကြံတွင် ဆော့ကစားနေလေသည်။

ကျန်းရို ရောက်လာသောအခါ လီရှောင်းက အားအင်ချည့်နဲ့စွာဖြင့် ပြောလိုက်လေသည်။

"ငါတို့သမီးက ပုံမှန်ဆိုရင် တကယ် အလကား မစားခဲ့ဘူးပဲ၊ ငါ့ ခြေထောက်နှစ်ဖက်လုံး အားပျော့သွားပြီ"

ကျန်းရို ကြားပြီး ရယ်မောလိုက်ကာ သူမလည်း ဝင်ထိုင်လိုက်ပြီး၊ လက်ထဲတွင် ကိုင်လာသော အိတ်ကို ဘေးတွင် သတိထား၍ ချထားလိုက်လေသည်။ အထဲတွင် အမွှေးတိုင်များနှင့် မီးခြစ် ပါဝင်လေသည်။

လီရှင်းက တိုင်ကိုမှီ၍ ရပ်နေပြီး လက်မြှောက်ကာ နာရီကို တစ်ချက် ကြည့်လိုက်လေသည်။

"၁၁ နာရီ ကျော်နေပြီ"

ကျန်းရိုက ခေါင်းညိတ်လိုက်လေသည်။

"ခဏလောက် ထပ်စောင့်ဦး"

ခဏအကြာ စောင့်ပြီးနောက် လူအချို့ ဤဘက်သို့ ရောက်လာကြပြီး၊ ဤဘုရားကျောင်း တံခါးဝတွင် လူရှိနေသည်ကို မြင်သောအခါ ထိုလူများလည်း ပြန်လှည့်သွားကြလေသည်။

၁၂ နာရီ မထိုးမီလေးတွင် ဘုန်းကြီးတစ်ပါး ရောက်လာပြီး တံခါးလာဖွင့်ပေးကာ လက်အုပ်ချီလျက် ပြုံးရွှင်စွာဖြင့် ပြောလေသည်။

"အောမိထောဖော၊ ဒကာကြီး ဒကာမကြီးတို့က သဒ္ဓါတရား ထက်သန်သူတွေပဲ၊ ဘုရားက သေချာပေါက် စောင့်ရှောက်ပေးမှာပါ"

ကျန်းရိုနှင့် လီရှင်းတို့က လက်အုပ်ချီကာ ပြန်လည် နှုတ်ဆက်လိုက်ကြလေသည်။

"ကျေးဇူးတင်ပါတယ် ဆရာတော်"

၁၂ နာရီ တိတိတွင် မိသားစုလေးယောက် ဝင်သွားကာ ၂၀၀၄ ခုနှစ်၏ ပထမဆုံး အမွှေးတိုင်ကို ထွန်းညှိပူဇော်ကြပြီး၊ ကျန်းရိုက အလှူငွေပုံးထဲသို့ ယွမ်လေးရာ ထည့်ဝင်လှူဒါန်းခဲ့လေသည်။

ဘုရားကျောင်းထဲမှ ထွက်လာပြီးနောက် အန်းအန်းက အပြစ်ကင်းစင်စွာဖြင့် မေးလိုက်လေသည်။

"မာမား၊ ဘုရားက သမီးကို နေ့တိုင်း သကြားလုံး စားရအောင် စောင့်ရှောက်ပေးမှာလားဟင်"

ကျန်းရိုမှာ ငိုရခက်ရယ်ရခက် ဖြစ်သွားလေသည်။

"သကြားလုံး စားဖို့ချည်းပဲ တွေးနေတာပဲ၊ သွားတွေ ပျက်စီးကုန်မှာကို မကြောက်ဘူးလား"

"မပျက်စီးပါဘူး၊ သမီး နေ့တိုင်း သွားတိုက်ပါတယ်"

အန်းအန်းက ခေါင်းမော့၍ ကောင်းကင်ကို ကြည့်ကာ ရုတ်တရက် လက်ညှိုးထိုးပြပြီး ပြောလိုက်လေသည်။

"မာမား၊ ကောင်းကင်ပေါ်မှာ ကြယ်တွေ အများကြီးပဲ၊ ဘုရားနဲ့ ဘုရားလောင်းတွေက ကြယ်တွေပေါ်မှာ နေကြတာလားဟင်"

ကျန်းရိုက သူမ၏ ကလေးသဘာဝ စိတ်ကူးစိတ်သန်းများကို ကြည့်ကာ ပြုံးလိုက်လေသည်။

"ဖြစ်နိုင်တာပေါ့၊ မာမားလည်း မသိဘူး"

အန်းအန်းက စဉ်းစားကြည့်ပြီး ပြောလိုက်လေသည်။

"သေချာပေါက် ဟုတ်မှာပါ၊ တီဗီပေါ်က ဘုရားနဲ့ ကွမ်ယင်မယ်တော်တို့က အလင်းရောင်တွေ ထွက်နေတယ်လေ၊ ကြယ်တွေကလည်း လင်းနေတာပဲ၊ တကယ် အားကျစရာပဲနော်"

သို့သော် သူမက ချက်ချင်းပင် စကားပြောင်းသွားပြန်လေသည်။

"ဒါပေမဲ့ သမီးတို့အိမ်ကလည်း အရမ်းလှပါတယ်"

ကျန်းရိုက ပြုံးလျက် သူမ၏ခေါင်းလေးကို ပွတ်သပ်ပေးလိုက်လေသည်။

ပထမဆုံး အမွှေးတိုင်ကို ထွန်းပြီးပြီဖြစ်ရာ ထို့နောက်ပိုင်းတွင် မိသားစုလေးယောက် အလောတကြီး မရှိတော့ဘဲ၊ တောင်အောက်သို့ ဆင်းလာစဉ် ဘုရားကျောင်းတစ်ကျောင်း တွေ့တိုင်း ဝင်ရောက်၍ ဦးချပူဇော်ကြလေသည်။

တောင်အောက်သို့ ဆင်းကာ ကားမောင်း၍ အိမ်ပြန်ရောက်ချိန်တွင် နံနက် ၄ နာရီကျော်နေပြီဖြစ်ပြီး၊ ပတ်ဝန်းကျင်မှ အိမ်နီးချင်းအချို့က ထ၍ ဗြောက်အိုးများ ဖောက်နေကြပြီဖြစ်သည်။

လီရှောင်းကလည်း ဗြောက်အိုးများကို တိုက်ရိုက်ပင် ဖောက်လိုက်ပြီးနောက် မိသားစုလေးယောက် အခန်းထဲသို့ ပြန်၍ အိပ်ကြလေသည်။ ဤတစ်ရေးတွင် မွန်းတည့် ၁၁ နာရီကျော်အထိ အိပ်ပျော်သွားကြပြီး၊ အခြားသူများ နေ့လယ်စာ စားချိန်တွင် သူတို့ မိသားစုက မနက်စာ စားကြလေသည်။ ကျန်းရိုက ထန်ယွမ် (ကောက်ညှင်းလုံး) နှင့် ဖက်ထုပ် အိုးကြီးတစ်အိုး ပြုတ်လိုက်လေသည်။

လီရှောင်းနှင့် လီရှင်းတို့က ထန်ယွမ် စားကြပြီး၊ အန်းအန်းက ကျန်းရိုနှင့် တူကာ ဖက်ထုပ်စားရသည်ကို နှစ်သက်လေသည်။ မွှေးကြိုင်နေအောင် စားသောက်ပြီးနောက်မှ မိသားစုလေးယောက် ဝမ်မိသားစုအိမ်သို့ သွားရောက်ကာ ပြန်လည်ပြသနေသော နွေဦးပွဲတော်ကို ကြည့်ရှုကြလေသည်။

လဆန်း နှစ်ရက်နေ့တွင် ဝမ်မင်ကျွင်းက ခင်ပွန်းဖြစ်သူနှင့် ကလေးကိုခေါ်၍ ပြန်လာခဲ့လေသည်။

ကျန်းရိုက အဒေါ်ဝမ်၏ သမက်ကို မြင်တွေ့ခဲ့ရသည်။ သူက အရပ်အမောင်း အလယ်အလတ်ရှိပြီး ရွှေရောင်ကိုင်း မျက်မှန်ကို တပ်ဆင်ထားကာ၊ မဝသော်လည်း ဗိုက်က အနည်းငယ် ပူထွက်နေလေသည်။

အိမ်ထောင်ကျပြီးသော ယောကျ်ားများအားလုံး ဝလာတတ်သလားတော့ မသိပေ၊ မည်သို့ပင်ဖြစ်စေ ကျန်းရို မြင်ဖူးသမျှ အတော်များများ ဝလာကြသည်။ ဥပမာ ကျိုးကျန့်၊ ကျူးချန်နှင့် သူမ၏ တက္ကသိုလ်ဆရာများပင် ဖြစ်လေသည်။

အဒေါ်ဝမ်က ကျန်းရိုအား ဤသမက်အကြောင်းကို အများအပြား ပြောပြခဲ့ပြီး သိပ်မကျေနပ်ပုံရကာ၊ ထိုစဉ်က သူ၏ ချိုသာသော စကားများဖြင့် ဝမ်မင်ကျွင်းကို လှည့်စားသွားခဲ့ကြောင်း၊ မဟုတ်ပါက သူမ၏ သမီးက အများကြီး ပိုကောင်းသူနှင့် အိမ်ထောင်ကျနိုင်ကြောင်း ပြောပြခဲ့လေသည်။

သို့သော် ကျန်းရို ကြည့်ရသည်မှာ သူက မဆိုးပါဘူး။ အဒေါ်ဝမ် ပြောသလောက် အလွန်အကျွံ မဟုတ်ဘဲ အလွန် သာမန်ဆန်သော ဇနီးမောင်နှံ တစ်တွဲသာ ဖြစ်သည်။ သိပ်ကောင်းလွန်းလှသည်ဟု မဆိုနိုင်သော်လည်း အရမ်းဆိုးရွားနေခြင်းလည်း မရှိပေ။ သူမက ယခင်က ဇာတ်လမ်းများစွာကို မြင်တွေ့ခဲ့ရပြီး ယောက္ခမနှင့် ချွေးမ၊ ခယ်မနှင့် မရီး၊ ယောက်မများကြား ပြဿနာများ၊ ထို့အပြင် တင်တောင်းငွေ၊ လက်ဖွဲ့ပစ္စည်း ကိစ္စများကိုပါ ကြားဖူးခဲ့လေသည်။

သူမ၏ မိဘအရင်းများကို ဥပမာပေးရလျှင် သူတို့လင်မယားမှာ သံယောဇဉ်ရှိကြပြီး တစ်ယောက် နေမကောင်းဖြစ်လျှင် အခြားတစ်ယောက်က သေချာစွာ ပြုစုပေးတတ်ကာ ပုံမှန်အားဖြင့်လည်း အဆင်ပြေပြေ ပေါင်းသင်းနိုင်ကြသည်။ သို့သော် သူမ၏ အစ်ကိုနှင့် မရီးတို့၏ လွတ်လပ်သော အချစ်ရေးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်တော့ အနည်းငယ် ကွာဟချက် ရှိနေသေးသည်။ သူမ၏ အစ်ကိုနှင့် မရီးတို့ကြားတွင်လည်း ပြဿနာများ ရှိသော်လည်း သူတို့နှစ်ဦးက အပြန်အလှန် အလျှော့ပေးတတ်ကြသည်။ သူမ၏ မိဘများမှာမူ မိခင်ဖြစ်သူက ဖခင်ဖြစ်သူကို ပိုမို နားလည်ခွင့်လွှတ်ပေးရလေ့ ရှိလေသည်။

ထို့ကြောင့် ကျန်းရိုက လီရှောင်း သူမအပေါ် ကောင်းမွန်မှုကို အလွန် တန်ဖိုးထားလေသည်။ လီရှောင်းက သူမ၏ ဖခင်၊ အစ်ကိုတို့နှင့် မတူပေ။ သူက စကားနည်းပြီး အလုပ်များများ လုပ်တတ်သူဖြစ်ကာ သူမ၏ စိတ်ခံစားချက်များကို ဂရုစိုက်ပေးပြီး ပြဿနာကြုံလာပါက အရှေ့မှ တက်ကြွစွာ ကာကွယ်ပေးတတ်လေသည်။ တကယ်တမ်း ကူးပြောင်းလာခဲ့သော ဤနှစ်များအတွင်း ကျန်းရိုက သူနှင့်အတူ ရှိနေစဉ် ဘာဒုက္ခမှ ကြီးကြီးမားမား မခံစားခဲ့ရပေ။ အစပိုင်း နှစ်နှစ်ခန့်က စာမေးပွဲအတွက် ပြင်ဆင်ရင်း ကလေးထိန်းရသဖြင့် အနည်းငယ် ပင်ပန်းခဲ့သည်မှလွဲ၍ ကျန်သည်များ အားလုံး အဆင်ပြေခဲ့လေသည်။

ဤအရာများကို အဒေါ်ဝမ်လည်း မျက်မြင်တွေ့ရှိခဲ့ပုံရလေသည်။ ယခင်က သူမက လီရှောင်းကို မည်မျှ အထင်သေးခဲ့သနည်းဆိုလျှင် ယခုအခါ မည်မျှ သဘောကျနေပြီဖြစ်သည်။ မသိစိတ်မှပင် မိမိ၏ သမက်နှင့် လီရှောင်းကို နှိုင်းယှဉ်မိပြီး နှိုင်းယှဉ်လေလေ စိတ်ထဲတွင် ပို၍ ခံစားရခက်လေလေ ဖြစ်လေသည်။

တကယ်တမ်းတွင်လည်း ပြန်ရောက်လာသည့် ဤရက်ပိုင်းအတွင်း အဒေါ်ဝမ်က လီရှောင်း၏ စွမ်းဆောင်နိုင်မှုများကို ဘယ်နှကြိမ်တောင် ချီးကျူးခဲ့သည်မသိပေ။ သူက ဘာမဆို လုပ်တတ်ကြောင်း၊ ဝမ်မိသားစု၏ တီဗွီက လိုင်းနှစ်လိုင်းသာ ဖမ်းမိသော်လည်း၊ လီရှောင်း ပြန်ရောက်လာပြီး ကိရိယာများဖြင့် ပြုပြင်လိုက်ရာ ကောင်းသွားပြီး လိုင်းဆယ်ဂဏန်းကျော် ဖမ်းမိသွားကြောင်း ပြောလေသည်။

အဒေါ်ဝမ်၏ ပါးစပ်မှ ကောင်းသောစကားများမှာ ပိုက်ဆံပေးစရာမလိုသည့်အလားပင် လီရှောင်း၏ ဉာဏ်ကောင်းမှုကို ချီးကျူးနေပြီး၊ ကျန်းရိုကိုလည်း သူ့ကို သေချာ စောင့်ကြည့်ရန် ပြောသေးလေသည်။

"အပြင်မှာ ပိုက်ဆံရှိတဲ့ ယောကျ်ားတွေကို သီးသန့်စောင့်ကြည့်နေတဲ့ မိန်းကလေးတွေ ရှိတယ်လို့ ဒေါ်လေး ကြားဖူးတယ်။ ရှောင်ရှောင်း (လီရှောင်း) က ရုပ်လည်းချောတယ်၊ ပိုက်ဆံလည်း ရှာနိုင်တော့ အလွယ်တကူ အစောင့်ကြည့်ခံရနိုင်တယ်။ သူ့ကို မပြောနဲ့ဦး၊ ဒေါ်လေး သမက်လိုပုံစံမျိုးကိုတောင် စောင့်ကြည့်နေတဲ့သူတွေ ရှိသေးတာ။ ဒေါ်လေးသမီး အရင်က ကလေးမွေးပြီး သားဖွားခွင့် ယူထားတုန်းက သူတို့ကျောင်းက အမျိုးသမီး အတိုင်ပင်ခံဆရာမတစ်ယောက်က သူ့ကို ခဏခဏ လာရှာသေးတာ။ ဒေါ်လေးသာ မျက်စိရှင်ရှင်ထားပြီး အဲ့ဒီလူကိုခေါ်ပြီး တစ်ခွန်းလောက် မပြောလိုက်ဘူးဆိုရင်၊ သူက တကယ်ပဲ အခက်အခဲရှိလို့ အတင်း လာကူညီခိုင်းနေတယ်လို့တောင် ထင်နေဦးမှာ"

ကျန်းရိုက အလွန်တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး၊ သူ့ကို သဘောကျတဲ့သူ ရှိသလို၊ ကျွန်မကို သဘောကျတဲ့သူလည်း ရှိတာပဲ"

သူမ အလုပ်သင်ဆင်းစဉ်က ဆေးရုံမှ လူငယ်ဆရာဝန်များ၏ စကားလာပြောခြင်းကို ခံရရုံသာမက လူနာအချို့ကလည်း ဖုန်းနံပါတ် တောင်းခဲ့ဖူးလေသည်။

လီရှောင်း ဤကိစ္စကို သိသွားသောအခါ ရက်အတော်ကြာအောင် စိတ်ကောက်နေခဲ့ပြီး သူမကို အပြင်ထွက်လျှင် မိတ်ကပ်မလိမ်းရန်ပင် ပြောခဲ့သေးသည်။ ကျန်းရိုက နားမထောင်သည့်အပြင် ကိုယ့်ကိုယ်ကိုယ် ပို၍ပင် လှပအောင် ပြင်ဆင်လိုက်ပြီး၊ သူ အပြင်တွင် အခြားသူများကို မျက်စိကျသွားမည်ကို ကာကွယ်ရန်အတွက် မိမိကိုယ်ကို အမြဲတမ်း ဆွဲဆောင်မှုရှိအောင် ထိန်းထားရမည်ဖြစ်ကြောင်း၊ သို့မှသာ နောင်တွင် ကွာရှင်းပါကလည်း နောက်တစ်ယောက်ကို ချက်ချင်း ရှာနိုင်မည်ဖြစ်ကြောင်း တိုက်ရိုက်ပင် ပြောလိုက်လေသည်။

ထိုအချိန်မှစ၍ လီရှောင်းက နေ့တိုင်း သူမ၏ဖုန်းကို စစ်ဆေးတော့လေသည်။

"......"

အဒေါ်ဝမ်က ကျန်းရို၏ လှပဖြူဝင်းသော မျက်နှာလေးနှင့် ရှည်လျားဖြောင့်စင်းသော အနက်ရောင် ဆံပင်များကို ကြည့်လိုက်ရာ၊ အပြင်ထွက်သွားပါက ဆယ့်ခုနစ် ဆယ့်ရှစ်နှစ်အရွယ်ဟု ပြောလျှင်ပင် ယုံမည့်သူ ရှိလေသည်။

ချက်ချင်း တိတ်ဆိတ်သွားပြီး ရုတ်တရက် ကျန်းရို ပြောသည်မှာလည်း အဓိပ္ပာယ်ရှိသည်ဟု ထင်သွားလေသည်။ လီရှောင်းက ရုပ်ချောပြီး ပိုက်ဆံရှိသလို ကျန်းရိုကလည်း မညံ့ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူမက ပို၍ပင် တော်သေးပြီး ဖြေဆိုအောင်မြင်ခဲ့သော တက္ကသိုလ်ကလည်း မိမိ၏ သမီးထက် မညံ့ပေ။ အထူးသဖြင့် ကျန်းရိုက ကြားထဲတွင် တစ်နှစ် ကျောင်းထွက်ခဲ့ရပြီး နောက်ပိုင်းမှ ကိုယ်တိုင် လေ့လာသင်ယူခဲ့ခြင်း ဖြစ်လေသည်။

ယခုနှစ်တွင် ဘွဲ့လွန်စာမေးပွဲကိုပင် ဖြေဆိုထားသေးသည်။ အရေးအကြီးဆုံးမှာ အပြင်ပန်းရုပ်ရည် အလွန် လှပပြီး ကြည့်လေလေ ပိုလှလေလေ ဖြစ်သော အမျိုးအစားမျိုး ဖြစ်လေသည်။

သူမက ယခင်က ကျန်းရိုသည် လီရှောင်းကို အသေအလဲ ချစ်မြတ်နိုးပြီး လီရှောင်းအတွက် ကျောင်းထွက်ကာ ကလေးမွေးပေးရန်ပင် ဆန္ဒရှိခဲ့သည်ဟု ထင်မှတ်ခဲ့သော်လည်း၊ ယခု ကြည့်ရသည်မှာ ကျန်းရိုက လီရှောင်းကို ဆုံးရှုံးရမည်ကို လုံးဝ စိုးရိမ်နေပုံမရပေ။ ဤသည်မှာလည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသောကြောင့် ဖြစ်ပေလိမ့်မည်။

အရာရာတိုင်းကို ဖျားယောင်းသွေးဆောင်ခံလိုက်ရပြီး သမီးမိန်းကလေးမွေးလိုက်၍ ယောက္ခမရှေ့တွင် ခေါင်းမမော့နိုင်တော့ဟု ထင်ကာ နေရာတိုင်းတွင် သည်းခံနေရသော သူမ၏ သမီးနှင့်တော့ မတူပေ။

ဝမ်မင်ကျွင်းက သမီးလေးတစ်ယောက် မွေးဖွားခဲ့ပြီး ရှောက်ရှောက်ဟု အမည်ပေးထားသည်။ စကား သိပ်မပြောတတ်သေးဘဲ တစ်လုံးချင်းစီသာ ပြောထွက်သေးလေသည်။ အန်းအန်းက သူမနှင့် ခဏကစားပေးပြီးနောက် ညီမလေးက ဒါလည်း မစားရ၊ ဟိုဟာလည်း မစားရ၊ ဆင်းပြေးလို့လည်း မရကြောင်း သိသွားသောအခါ သူမနှင့် ဆက်မကစားတော့ဘဲ အိမ်အနောက်ဘက်ရှိ အိမ်နီးချင်းများ၏ အစ်ကို၊ အစ်မများနှင့် သွားကစားရန် ထွက်သွားလေတော့သည်။

ရှောက်ရှောက်က အစ်မဖြစ်သူ၏ ကျောပြင်ကို မျှော်လင့်တောင့်တစွာကြည့်ရင်း လက်ရမ်းပြကာ အာအာအာ ဟု အော်ခေါ်ပြီး အစ်မကို လိုချင်နေလေသည်။ အစ်မ ပြန်မလာသည်ကို မြင်သောအခါ ပါးစပ်ဟ၍ ငိုလေတော့သည်။

ဝမ်မင်ကျွင်းမှာ အလွန်ခေါင်းကိုက်သွားပြီး ကလေးကို ညင်သာစွာ ချော့မော့နေလေသည်။ အတန်ကြာ ချော့သော်လည်း အဆင်မပြေပေ။ သို့သော် အန်းအန်းမှာမူ အရိပ်အယောင်ပင် မမြင်ရတော့ပေ။ နောက်ဆုံးတွင် ကျန်းရိုက သူမ၏ရင်ခွင်ထဲမှ ကလေးကို လွှဲယူလိုက်ရလေသည်။

ကျန်းရိုက ကလေးမွေးဖူးသဖြင့် ကလေးထိန်းရာတွင် အလွန် ကျွမ်းကျင်လေသည်။ ကလေးကို ရင်ခွင်ထဲတွင် ပွေ့ချီကာ ညင်သာစွာ ပုတ်ပေးပြီးနောက်၊ လက်ထဲတွင် ပဝါတစ်ထည်ကို ကိုင်ကာ မျက်လှည့်ပြသကဲ့သို့ အပေါ်သို့ ပစ်တင်ကာ ကစားပြလေသည်။

ရှောက်ရှောက်၏ ငိုသံများ တဖြည်းဖြည်း တိုးသွားပြီး မျက်လုံးပြူးလေးများက ကျန်းရို၏ လက်ထဲရှိ ပဝါကိုသာ စိုက်ကြည့်နေလေသည်။

ဝမ်မင်ကျွင်းက သက်သာရာရသွားလေသည်။

"ကျေးဇူးတင်ပါတယ်၊ ဒီကလေးက အရမ်းငိုလွန်းလို့ တစ်ခါတလေကျရင် တကယ် လွှင့်ပစ်ချင်စိတ်တောင် ပေါက်လာတယ်"

ကျန်းရိုက နှစ်သိမ့်ပေးလိုက်လေသည်။

"ကလေးတွေက ဒီလိုပါပဲ"

သို့သော် စိတ်ထဲတွင်တော့ အန်းအန်းက ငယ်ငယ်က အရမ်းလိမ်မာတာပဲဟု တွေးနေမိလေသည်။

….

ညဘက်တွင် မိသားစုနှစ်စု အတူတကွ ထမင်းစားကြပြန်သည်။ ဝမ်မင်ကျွင်း၏ ခင်ပွန်း လူကျားကျင်းမှာ ပညာတတ်တစ်ဦး၏ မာနမျိုး အနည်းငယ် ရှိပြီး၊ အစပိုင်းတွင် လီရှောင်းကို အနည်းငယ် အထင်သေးနေခဲ့သည်။ ကျန်းရို၏ ဘွဲ့လွန်စာမေးပွဲ အခြေအနေကိုသာ မေးမြန်းခဲ့ပြီးနောက် အတွေ့အကြုံရှိသူ တစ်ဦး၏ လေသံဖြင့် ကျန်းရိုကို စကားအနည်းငယ် လမ်းညွှန်ပြသလေသည်။ ကျန်းရိုက အဒေါ်ဝမ်၏မျက်နှာကို ထောက်၍ ဘာမှမပြောသာဘဲ ခေါင်းညိတ်ကာ မှတ်သားထားပါမည်ဟုသာ ပြသလိုက်လေသည်။

လီရှောင်းက လူများနှင့် စကားပြောနေချိန်တွင် လူကျားကျင်းက သိပ်မအဖက်လုပ်ပေ။ လီရှောင်း၏ မျက်နှာထားက မပြောင်းလဲပေ။ ပုံမှန်အားဖြင့် စီးပွားရေးလောကတွင် တွေ့ရသော လူများမှာ အမျိုးမျိုးအဖုံဖုံရှိရာ လူကျားကျင်းကဲ့သို့သော ပုံစံမျိုးက သူ့အပေါ် သက်ရောက်မှု မရှိပေ။

သို့သော် ကျန်းရို၏အမူအရာကတော့ အနည်းငယ် ဆိုးရွားသွားပြီး သူမက ယနေ့မွန်းလွဲပိုင်းတွင် တကယ် အကဲခတ်မှားသွားခဲ့သည်ဟု ထင်မိလေသည်။ အဒေါ်ဝမ်၏သမက်က တကယ်ကို ပြဿနာ အနည်းငယ် ရှိနေလေသည်။

ဝမ်မင်ကျွင်းက ခင်ပွန်းဖြစ်သူ၏ အဝတ်အစားကို တိတ်တဆိတ်ဆွဲကာ သူ့ကို သတိထားရန် ပြောလိုက်လေသည်။

အဒေါ်ဝမ်က လေထု အလွန်အနေခက်သွားမည်ကို စိုးရိမ်သဖြင့် လီရှောင်း၏ စီးပွားရေးလုပ်ငန်းများ အောင်မြင်နေကြောင်းနှင့် တောင်ပိုင်းတွင် ပိုက်ဆံ အများအပြား ရှာဖွေနိုင်ခဲ့ကြောင်း ချီးကျူးပြောဆိုလေသည်။

လူကျားကျင်းကလည်း မျက်နှာသာပေးသည့်အနေဖြင့် လီရှောင်း၏ စီးပွားရေးအကြောင်းများကို မေးမြန်းလေရာ၊ လီရှောင်းက နှိမ့်ချ၍ စကားအနည်းငယ် ပြောလိုက်သောအခါ သူက ပြောလေသည်။

"စီးပွားရေးလုပ်ရင် ပိုက်ဆံတစ်ခုတည်းကိုပဲ ကြည့်နေလို့ မရဘူးလေ။ ဥပမာ ကျွန်တော့်ရဲ့ အရင် ကျောင်းနေဖက်တစ်ယောက်ဆိုရင် တောင်ပိုင်းကို သွားပြီး စီးပွားရေးလုပ်တာ၊ အဝတ်အထည်လုပ်ငန်းပေါ့၊ တစ်နှစ်ကို ယွမ်သန်းနဲ့ချီပြီး ရတယ်။ ပြန်လာတော့ ကျောင်းနေဖက်ဟောင်းတွေကို အထင်သေးနေတာ။ လွန်ခဲ့တဲ့ ရက်ပိုင်းက တစ်ခုခုလုပ်ချင်တော့မှ ကျွန်တော်တို့ ကျောင်းနေဖက်ဟောင်းတွေဆီကို လာပြီး အသေအလဲ အကူအညီတောင်းနေရတာ"

"ပိုက်ဆံက အရာအားလုံး မဟုတ်ပါဘူး၊ အရေးကြီးတာက အဆက်အသွယ်နဲ့ လူမှုဆက်ဆံရေး ရှိဖို့ပဲ။ ကျွန်တော်လည်း အရင်က စီးပွားရေးလုပ်ဖို့ စဉ်းစားခဲ့ဖူးပါတယ်၊ ဒါပေမဲ့ နောက်ပိုင်းကျတော့ ပိုက်ဆံတွေ အရမ်းများလွန်းရင်လည်း အဓိပ္ပာယ်မရှိဘူး၊ သုံးလို့လည်း မကုန်ဘူးလို့ ထင်လာတယ်။ ဆရာလုပ်ရတာက ပိုကောင်းပါတယ်၊ သင်ပေးရတဲ့ ကျောင်းသားတွေများတော့ အဆက်အသွယ်တွေလည်း များတာပေါ့။ ကျွန်တော်တို့ ကျောင်းအုပ်ကြီးဆိုရင် ဘယ်သွားသွား လာကြိုမယ့် ကျောင်းသားတွေ ရှိတယ်"

လီရှောင်းက ကြားပြီးနောက် ညင်သာစွာ ပြုံးလိုက်လေသည်။

"ဆရာလူ ကသာ အဲ့ဒီတုန်းက စီးပွားရေးလုပ်ခဲ့ရင် သေချာပေါက် ကျွန်တော့်ထက် ပိုတော်မှာပါ။ ကျွန်တော်ကတော့ တောင်ပိုင်းမှာ ဒီလောက်နှစ်တွေအကြာကြီး အလုပ်လုပ်လာတာတောင် ဝမ်းရေးအတွက် မနည်း ရုန်းကန်နေရတုန်းပဲ၊ တကယ့် သူဌေးကြီးတွေနဲ့ ယှဉ်လို့မရပါဘူး"

ဤနေရာသို့ ရောက်သောအခါ တစ်ခုခုကို သတိရသွားသကဲ့သို့ ပြောလိုက်လေသည်။

"ဒါနဲ့၊ ခင်ဗျားတို့က n မြို့မှာ အိမ်အလုံးအတော်များများ ဝယ်ထားတယ်လို့ ကြားတယ်နော်။ n မြို့ရဲ့ အိမ်ခြံမြေဈေးကွက်က ဘယ်လိုနေလဲ။ ကျွန်တော်က အိမ်ခြံမြေတွေ ထပ်ဝယ်ဖို့ ပြင်ထားတာ၊ G ပြည်နယ်က အိမ်တွေက အရမ်းဈေးကြီးနေလို့၊ n မြို့ကို တော်တော်လေး သဘောကျမိတယ်"

ဝမ်မင်ကျွင်းက နားမလည်ဘဲ မိခင်ဖြစ်သူကို မသိစိတ်မှပင် လှမ်းကြည့်လိုက်ပြီး မိခင်ဖြစ်သူက အပိုတွေ ကြွားလုံးထုတ်ထားသည်ဟု ထင်မှတ်ကာ အလျင်အမြန် ရှင်းပြလေသည်။

"အလုံးအတော်များများ မဝယ်ထားပါဘူး၊ သုံးခန်းတွဲ တစ်လုံးတည်းပါ၊ တတိယမြို့ပတ်လမ်း အပြင်ဘက်မှာပါ"

လီရှောင်း၏မျက်နှာပေါ်တွင် အနည်းငယ် အံ့အားသင့်သွားသော အမူအရာ ပေါ်လာလေသည်။

"ဒီလိုလား၊ အဲ့ဒါဆိုရင် သေချာပေါက် ကျွန်တော် အကြားမှားတာ ဖြစ်မယ်။ ဆရာလူက အလုပ်လုပ်တာ နှစ်အတော်ကြာပြီဆိုတော့ မြို့လယ်ခေါင်မှာ အိမ်အလုံးအတော်များများ ဝယ်ထားလောက်ပြီလို့ ကျွန်တော် ထင်ထားတာ"

ပြောပြီးနောက် စေတနာကောင်းသည့်ဟန်ဖြင့် အကြံပေးလေသည်။

"ပိုက်ဆံရှိရင် အိမ်များများ ဝယ်ထားသင့်တယ်၊ နောက်ပိုင်း ဈေးတက်မယ်လို့ ကြားတယ်"

လူကျားကျင်း၏ မျက်နှာထားက အနည်းငယ် ရှက်ရွံ့သွားပြီး အတင်းဖန်တီးထားသော အပြုံးဖြင့် ပြုံးလိုက်လေသည်။

"အိမ်တွေ အများကြီး ဝယ်ပြီး ဘာလုပ်မလို့လဲ။ နေမယ့်သူမှ မရှိတာ၊ သုတေသန စာတမ်းတွေ များများထုတ်တာကမှ ပိုကောင်းဦးမယ်။ ပြီးတော့ ဈေးတက်ရင်လည်း ဘယ်လောက်အထိ တက်နိုင်မှာမို့လို့လဲ"

လီရှောင်းက မျက်မှောင်ကြုတ်လိုက်လေသည်။

"ဟုတ်လို့လား။ ကျွန်တော့် သူငယ်ချင်းရဲ့ဇနီးကတော့ အိမ်ခြံမြေလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံလို့ ရတယ်လို့ ပြောတယ်"

လူကျားကျင်းက ထိုစကားကို ကြားသောအခါ မျက်နှာထား အနည်းငယ် ပြေလျော့သွားပြီး ချက်ချင်းပင် ပြောလိုက်လေသည်။

"အဲ့ဒါဆိုရင် ခင်ဗျား သူငယ်ချင်းရဲ့ ဇနီးက အမြင် နည်းနည်း ကျဉ်းသွားပြီ။ အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံမယ့်အစား စတော့ရှယ်ယာတွေမှာ ရင်းနှီးမြှုပ်နှံတာက ပိုကောင်းပါတယ်။ နိုင်ငံခြားက ဖွံ့ဖြိုးပြီး နိုင်ငံတွေကို ကြည့်ကြည့်ပါလား၊ သူတို့က စတော့ရှယ်ယာတွေနဲ့ ငွေတိုက်စာချုပ်တွေကိုပဲ ဝယ်ကြတာ။ ကျွန်တော်တို့နိုင်ငံက တံခါးဖွင့်ဝါဒ ကျင့်သုံးပြီးကတည်းက အရင်းရှင် ဈေးကွက်က ပိုပိုပြီး စည်ကားလာတာ။ သေချာအောင် လုပ်ချင်ရင်တော့ စတော့ရှယ်ယာ ဝယ်ဖို့ပဲ အကြံပေးချင်တယ်"

လီရှောင်းက တိုးညှင်းစွာ ရယ်မောလိုက်လေသည်။

"မဖြစ်နိုင်ပါဘူး၊ ကျွန်တော့် အဲ့ဒီ သူငယ်ချင်းရဲ့ ဇနီးက ဟောင်ကောင်တက္ကသိုလ်က ကျောင်းသူလေ၊ ဘွဲ့လွန်နဲ့ ပါရဂူကို ဆက်တိုက် တက်ခဲ့တာ၊ နိုင်ငံခြား နာမည်ကြီး တက္ကသိုလ်ကနေ ပါရဂူဘွဲ့ ရထားတာ။ စီးပွားရေး ရင်းနှီးမြှုပ်နှံမှု အသိုင်းအဝိုင်းမှာလည်း နာမည်ကြီးတဲ့သူ တစ်ယောက်ပဲ၊ ကိုယ်ပိုင် အမှတ်တံဆိပ်ကိုတောင် တည်ထောင်ထားသေးတယ်၊ အခုဆိုရင် ပိုင်ဆိုင်မှုက ယွမ်သန်းတစ်ရာကျော်တောင် ရှိနေပြီ။ သူကများ အမြင်ကျဉ်းတယ်ဆိုရင် ဒီလောကမှာ အမြင်ကျယ်တဲ့သူ မရှိတော့ဘူး"

"......"

လူကျားကျင်းလည်း ယခုအခါ သဘောပေါက်သွားလေပြီ။ လီရှောင်းက သူနှင့် စကားပြောနေခြင်း မဟုတ်ဘဲ သူ့ကို အရှက်ရစေရန် အဆင့်ဆင့် ထောင်ချောက်ဆင်နေခြင်းသာ ဖြစ်လေသည်။

သူက ပိုက်ဆံရှိခြင်းက အဆက်အသွယ်ရှိခြင်းကို မမီဘူးဟုပြောပြီး အိမ်ဝယ်ခြင်းက စတော့ရှယ်ယာဝယ်ခြင်းကို မမီဘူးဟု ပြောခဲ့ရာ၊ တစ်ဖက်လူက သူ့ကို ပိုက်ဆံရှိရုံသာမက အဆက်အသွယ်လည်း ရှိကြောင်းနှင့် ဟောင်ကောင်တက္ကသိုလ်မှ ထူးချွန်ကျောင်းသူဖြင့်ပင် သူ့ကို နှိုင်းယှဉ်ကာ နှိမ့်ချသွားခဲ့လေသည်။

သူက တက္ကသိုလ်ဆရာတစ်ဦး ဖြစ်သော်လည်း ဟောင်ကောင်တက္ကသိုလ်နှင့်တော့ လုံးဝ နှိုင်းယှဉ်၍ မရနိုင်ပေ။ ထို့အပြင် သူက ပြန်လည်ငြင်းခုံ၍လည်း မရနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူက အစမှအဆုံးတိုင်အောင် သူ့ကို မကောင်းကြောင်း တစ်ခွန်းမျှ မပြောခဲ့ဘဲ သူကိုယ်တိုင်သာ မိမိကိုယ်ကို ဆဲဆိုမိသကဲ့သို့ ဖြစ်သွားသောကြောင့်ဖြစ်သည်။

လူကျားကျင်း၏မျက်နှာမှာ တစ်ခါစိမ်း တစ်ခါဖြူဖြစ်သွားပြီး စကားတစ်ခွန်းမျှ မပြောနိုင်အောင် ဖြစ်သွားလေသည်။

အဒေါ်ဝမ်က လေထု အနည်းငယ် အနေခက်သွားသည်ကို ရိပ်မိသဖြင့် အလျင်အမြန် ပြုံးလျက် ဝင်ဖျန်ဖြေလေသည်။

"စားကြ စားကြ၊ စကားချည်းပဲ ပြောမနေနဲ့ စားဖို့လည်း မမေ့ကြနဲ့၊ အလဟဿ ဖြစ်ကုန်လိမ့်မယ်"

ပြောရင်းနှင့် လီရှောင်းအတွက် ပြန်ပြောပေးသည့်အနေဖြင့် သမက်ဖြစ်သူအား ပြောလိုက်သေးလေသည်။

"မင်း ရှောင်ရှောင်းကို အထင်မသေးနဲ့နော်၊ မင်းရဲ့ အဲ့ဒီ သူငယ်ချင်းက တစ်နှစ်ကို ယွမ်သန်းချီပြီး ရတယ်ဆိုတာ တကယ် ဟုတ်မဟုတ်တောင် မသိရသေးဘူး။ တကယ်လို့ အဲ့ဒီလောက်တောင် ပိုက်ဆံရှာနိုင်ရင် ဘာလို့ မင်းတို့ကို လာရှာနေဦးမှာလဲ။ ရှောင်ရှောင်းက နွေဦးပွဲတော် ကြော်ငြာမှာတောင် ပါခဲ့ဖူးတဲ့သူနော်၊ နွေဦးပွဲတော် ကြော်ငြာကို သိတယ်မလား။ ၅ စက္ကန့်လေးကို ယွမ်သန်းပေါင်းများစွာ ပေးရတာ၊ အဆက်အသွယ် မရှိရင်တောင် လုပ်လို့မရဘူး။ သူ ပြန်လာတော့ ခရိုင်ထဲက လူကြီးတွေကတောင် သူ့ဆီ ဖုန်းဆက်ပြီး ထမင်းကျွေးချင်သေးတာ၊ မင်းရဲ့ အဲ့ဒီ သူငယ်ချင်းက ရှောင်ရှောင်းနဲ့ ဘယ်လိုလုပ် ယှဉ်လို့ရမှာလဲ။ ရှောင်ရှောင်းက နောက်နှစ်ဆိုရင် ကုမ္ပဏီကြီး ဖွင့်တော့မှာ"

ဘေးမှ လီရှင်းကလည်း လိုက်၍ ခေါင်းညိတ်လေသည်။

"ကျွန်မတို့ ဆရာကလည်း ပြည်တွင်းက အိမ်ခြံမြေတွေ ဈေးတက်မယ်လို့ ပြောတယ်"

အဒေါ်ဝမ်က ချက်ချင်းပင် ပြောလိုက်လေသည်။

"ရှင်းရှင်းက တီတူတက္ကသိုလ်ကလေ၊ သူတို့ ဆရာတွေ ပြောတဲ့စကားက သေချာပေါက် ယုံကြည်ရမှာပေါ့"

လူကျားကျင်း၏မျက်နှာထားက ပို၍ပင် မသဘာဝမကျ ဖြစ်သွားလေသည်။

လီရှောင်းကတော့ စိတ်အခြေအနေ ကောင်းမွန်နေပြီး တည်ငြိမ်သော အမူအရာဖြင့် ဟင်းများကို စားနေကာ ကျန်းရိုကိုပင် တစ်ဇွန်း ခပ်ပေးလိုက်သေးလေသည်။

ကျန်းရိုက ခေါင်းလှည့်ကာ သူ့ကို ရယ်ချင်စိတ်ဖြင့် တစ်ချက်ကြည့်လိုက်လေသည်။

ထမင်းစားပြီးသည်အထိ လူကျားကျင်း ထပ်မံ စကားမပြောတော့ပေ။

လီရှောင်းနှင့် ကျန်းရိုတို့ ထွက်ခွာသွားချိန်တွင် ဝမ်မင်ကျွင်းက ကလေးကိုချီကာ သူတို့ကို တံခါးဝအထိ လိုက်ပို့ပေးလေသည်။ ဝမ်မင်ကျွင်းနှင့် ကျန်းရိုတို့က အနောက်တွင် ယှဉ်လျက် လျှောက်လာကြပြီး မျက်နှာပေါ်တွင် အနည်းငယ် အားနာသော အမူအရာ ရှိနေလေသည်။

"ငါ့ယောက်ျား ခုနက ပြောသွားတဲ့ စကားတွေကို အရမ်းကြီး စိတ်ထဲမထားပါနဲ့။ သူ့စရိုက်က အဲ့ဒီလိုပါပဲ၊ ဘာစိတ်ယုတ်မာမှတော့ မရှိပါဘူး။ ပုံမှန်အားဖြင့် ကျောင်းသားတွေကို ဆုံးမတာ များတော့ အကျင့်ပါသွားတာနေမှာပါ၊ တကယ်တော့ လူက ကောင်းပါတယ်"

ဝမ်မင်ကျွင်းက ဤသို့ ပြောလာသဖြင့် ကျန်းရိုက သေချာပေါက် ဘာမှ ဆက်မပြောတော့ပေ။ သူမအမြင်တွင် ဝမ်မင်ကျွင်းက အရာရာတိုင်း ကောင်းမွန်သော်လည်း အဒေါ်ဝမ် ဇနီးမောင်နှံ၏ အကာအကွယ်ပေးမှုလွန်ကဲလွန်းသဖြင့် ငယ်စဉ်ကတည်းက ဘာကိုမှပူပန်စရာ မလိုခဲ့ပေ။ ထို့အပြင် ကျောင်းကဲ့သို့သော သန့်ရှင်းသည့် ပတ်ဝန်းကျင်တွင်သာ အမြဲတမ်း နေထိုင်ခဲ့ရသဖြင့် ကြုံတွေ့ရသူများမှာလည်း အလွန်ကောင်းမွန်သူများသာ ဖြစ်ကြလေသည်။

စံပြ ကလေးလိမ္မာ၊ ကျောင်းသူကောင်းလေး ပုံစံမျိုးပင် ဖြစ်လေသည်။

သူမ၏ ခင်ပွန်းမှာမူ မိမိကိုယ်ကို ယုံကြည်မှုလွန်ကဲပြီး ဆုံးမရသည်ကို နှစ်သက်သော ဆရာတစ်ဦးဖြစ်ရာ ကျောင်းသူကောင်းလေးက ဆရာနှင့် တွေ့သောအခါ သဘာဝကျစွာပင် ဆရာက ပိုမို ဩဇာလွှမ်းမိုးသွားခြင်း ဖြစ်လေသည်။

ကျန်းရိုက သူမ၏စကားအတိုင်း လိုက်၍ ပြန်ပြောလိုက်လေသည်။

"နင်လည်း နင့်ယောက်ျားကို တစ်ချက်လောက် ပြောပြထားလိုက်ပါ၊ အရမ်းကြီး စိတ်ထဲမထားဖို့ပေါ့။ လီရှောင်းက စကားပြောရင် အဲ့ဒီလိုပဲ၊ နည်းနည်း ပွင့်လင်းတယ်၊ တစ်ခါတလေ လူတွေကို စော်ကားမိသွားတာတောင် သူကိုယ်တိုင် မသိလိုက်ဘူး၊ ဒါပေမဲ့ စိတ်ထားကတော့ ကောင်းပါတယ်"

ဝမ်မင်ကျွင်းက သဘောမပေါက်ဘဲ ခေါင်းညိတ်လိုက်ပြီး သူတို့ကို လမ်းလျှောက်တာ သတိထားရန် ပြောလိုက်လေသည်။

သို့သော် ရှေ့မှ လျှောက်နေသော လီရှောင်းက ကြားသွားပြီး ကျန်းရိုက သူ့ကို ကာကွယ်ပေးနေမှန်း သိလိုက်လေသည်။

နှုတ်ခမ်းကို ကွေးလိုက်ပြီး တံခါးဝတွင် ရပ်၍ ခဏစောင့်နေလေသည်။

ကျန်းရို လိုက်မီလာသောအခါ ကျွမ်းကျင်စွာဖြင့် လက်ဆန့်ထုတ်၍ သူမ၏ ခါးကို ဖက်လိုက်ပြီးနောက် ခေါင်းလှည့်ကာ ကိုယ်ကို အနည်းငယ် ကိုင်း၍ တိုးတိုးလေး မေးလိုက်လေသည်။

"ကိုယ် ခုနက လုပ်တာ ကောင်းလား"

ကျန်းရို ကြားပြီး ရယ်မောလိုက်လေသည်။

"ရှင်က အတော်ဆုံးပါပဲ၊ ရပြီမလား"

လီရှောင်းက တိုးညှင်းစွာ ရယ်မောလိုက်လေသည်။

ဝမ်မင်ကျွင်း၏ ရှုထောင့်မှ ကြည့်လျှင် အရပ်တစ်ရှည် တစ်ပု ကျောပြင်နှစ်ခုက အလွန် ရင်းနှီးနွေးထွေးသောပုံစံဖြင့် အတူတကွ လျှောက်သွားကြသည်ကို မြင်တွေ့ရပြီး၊ ဤသို့ ကြည့်နေရုံဖြင့်ပင် လူကို ပျော်ရွှင်စေလေသည်။

မနေနိုင်ဘဲ အံ့အားသင့်သွားပြီး သူမနှင့် ခင်ပွန်းဖြစ်သူတို့ တစ်ခါမှ ဤသို့ မရင်းနှီးခဲ့ဖူးကြောင်း ရုတ်တရက် တွေ့ရှိသွားကာ စိတ်ထဲတွင် အကြောင်းရင်းမသိဘဲ အနည်းငယ် နှမြောတသ ဖြစ်သွားမိလေသည်။

ကျန်းရိုနှင့် လီရှောင်းတို့ အိမ်ပြန်ရောက်သောအခါ အန်းအန်းက သူတို့၏ကုတင်ပေါ်သို့ တိတ်တဆိတ် ရောက်နေပြီဖြစ်သည်။ ကလေးမလေးက အလွန်ဉာဏ်များလှသည်။ ပါပါးနှင့် မာမားတို့က သူမနှင့် အတူမအိပ်ချင်မှန်း သိသဖြင့် ကုတင်ပေါ်သို့ အရင်သွားရောက်ကာ စောင်ထဲတွင် ပုန်းနေလေသည်။

ကျန်းရိုနှင့် လီရှောင်းတို့ ရေချိုးသန့်စင်ပြီးနောက် အခန်းထဲသို့ အသီးသီး ပြန်ဝင်လာကြသည်။ ကျန်းရိုက အရင်ရေချိုးခြင်းဖြစ်ပြီး ရေချိုးပြီးနောက် ကုတင်ပေါ်သို့ တိုက်ရိုက် မတက်ဘဲ စားပွဲရှေ့တွင် ရပ်ကာ အသားအရေ ထိန်းသိမ်းမှုများ ပြုလုပ်နေလေသည်။ လီရှောင်း ရေချိုးပြီးချိန်အထိ သူမက အသားအရေ ထိန်းသိမ်းမှု မပြီးသေးပေ။

သူတို့နှစ်ဦးက အခန်းထဲတွင် လူမရှိဘူးဟု ထင်မှတ်ထားကြသည်။ လီရှောင်းက တံခါးပိတ်လိုက်ပြီးနောက် အနောက်မှနေ၍ ကျန်းရိုကို ဖက်လိုက်ပြီး သူမ၏လည်ပင်းကို နမ်းကာ အပေါ်ဝတ်အင်္ကျီကိုပါ ကူညီ၍ ချွတ်ပေးလေသည်။

ကျန်းရိုကလည်း မတားဆီးဘဲ သူ၏ လှုပ်ရှားမှုအတိုင်း အပေါ်ဝတ်အင်္ကျီကို ချွတ်လိုက်ပြီး မျက်နှာလိမ်းပြီးသွားသောအခါ လီရှောင်းက လူကို တိုက်ရိုက်ပင် ပွေ့ချီလိုက်လေသည်။

သူတို့နှစ်ဦး ကုတင်ပေါ်သို့ လှဲချလိုက်ရာ ကုတင်က ကျွီခနဲ အသံမည်သွားလေသည်။

ကျန်းရိုက လက်နှစ်ဖက်ဖြင့် သူ့ပခုံးကို ဖက်တွယ်ထားပြီး တိုးတိုးလေး ပြောလိုက်လေသည်။

"လှုပ်ရှားတာနည်းနည်း တိုးတိုးလုပ်"

လီရှောင်းက ဂရုမစိုက်သည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ကိစ္စမရှိပါဘူး၊ တံခါးပိတ်ထားတာ ကြားရမှာ မဟုတ်ပါဘူး"

မကြားရဘူး ဆိုတာ ယုံစရာလား။

သူမ မသိဘူး မထင်နဲ့၊ အန်းအန်းက ညတိုင်း ကြွက်တွေ သောင်းကျန်းနေတယ်လို့ ထင်နေတာ။

တစ်ခုခုဆက်ပြောရန် ပြင်လိုက်စဉ် လီရှောင်းက သူ၏ အပေါ်ပိုင်းရှိ သိုးမွေးအင်္ကျီကို ချွတ်လိုက်ပြီး အထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်ကာ အတွင်းဘက်ရှိ ဆောင်းတွင်းဝတ် အင်္ကျီကိုပါ ချွတ်ရန် ပြင်လေသည်။

သူ၏ ခန္ဓာကိုယ် အချိုးအစားက အလွန်ကောင်းမွန်ပြီး အနည်းငယ်မျှပင် ဝဖြိုးလာသည့်ပုံ မပေါက်ပေ။ ဝမ်းဗိုက်တွင် ပြီးပြည့်စုံသော absခြောက်ခုရှိပြီး ရေသူမလိုင်းများကလည်း လှပနေလေသည်။ သူက ဆောင်းတွင်းဝတ် အင်္ကျီကို ဆွဲချွတ်လိုက်ပြီးနောက် ခေါင်းငုံ့ကာ ကျန်းရိုကို နမ်းလိုက်ပြီး လက်နှစ်ဖက်ကလည်း အနည်းငယ် အငြိမ်မနေတော့ပေ။

ကျန်းရိုမှာ အသက်ရှူ မဝတော့ဘဲ မျက်စိမှိတ်ကာ မီးပိတ်ရန် သူ့ကို သတိပေးရန် ပြင်လိုက်လေသည်။

ဘေးရှိ စောင်က ရုတ်တရက် လှုပ်ရှားသွားပြီး အထဲမှ ခေါင်းလေးတစ်လုံး ထွက်လာလေသည်။ ကလေးမလေးက အိပ်ချင်မူးတူးဖြင့် မျက်လုံးများကို ပွတ်သပ်လိုက်ပြီး ပါပါးနှင့် မာမားတို့က သူမကို မတွေ့သေးသည်ကို မြင်သောအခါ မနေနိုင်ဘဲ စပ်စုစွာ မေးလိုက်လေသည်။

"ပါပါး မာမား၊ ဘာတွေလုပ်နေကြတာလဲဟင်"

"......"

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၇၂)

လီရှောင်းက မျက်နှာမပျက်ဘဲ စောင်ကိုဆွဲယူ၍ သူနှင့် ကျန်းရို၏ကိုယ်ပေါ်တွင် လွှမ်းခြုံလိုက်ပြီးနောက် ထထိုင်ကာ တည်ငြိမ်စွာ ပြောလိုက်လေသည်။

"မာမားက ဒီရက်ပိုင်း အရမ်း ပင်ပန်းနေလို့ ပါပါးက မာမားကို နှိပ်နယ်ပေးနေတာ"

ထို့နောက် ပြန်လည်မေးခွန်းထုတ်လိုက်လေသည်။

"သမီးက ဘယ်လိုလုပ် ဒီကို ရောက်နေတာလဲ။ ပါပါးနဲ့ မာမားတောင် လန့်သွားတာပဲ"

အန်းအန်းမှာ ယခု ကြီးလာပြီဖြစ်ရာ လှည့်စား၍ မလွယ်တော့ပေ။ မျက်မှောင်လေးကြုတ်ကာ ပြောလိုက်လေသည်။

"ဒါပေမဲ့ နှိပ်နယ်ပေးတာက ဘာလို့ ပါးစပ်ချင်း နမ်းရတာလဲဟင်"

"ကျန်းကျန်းရဲ့မေမေက ပြောတယ်၊ ပါးစပ်ချင်းနမ်းရင် ကလေးလေး မွေးလာတတ်တယ်တဲ့"

လီရှောင်းက လည်ချောင်းဟန့်လိုက်လေသည်။

"ပါပါးနဲ့ မာမားက ပါးစပ်ချင်း နမ်းနေတာ မဟုတ်ပါဘူး၊ ပါပါးက မာမားကို အသက်ရှူကူပေးနေတာ (CPR) ပါ"

"......"

ကျန်းရို တကယ်ကို ဆက်နားမထောင်နိုင်တော့သဖြင့် စောင်ထဲမှနေ၍ လီရှောင်းကို တိတ်တဆိတ် တစ်ချက် ကန်လိုက်လေသည်။ ဒီလူက တကယ်ကို ပြောလေလေ အရှက်မရှိလေလေ ဖြစ်နေသည်။

အန်းအန်းက အသက်ရှူကူညီပေးခြင်းအကြောင်းကို ကြားဖူးလေသည်။ ယခင်က ကျန်းရို သူမကို ပြောပြဖူးသဖြင့် လူကယ်သည့်အရာမှန်း သိထားလေသည်။

နားလည်သလိုလို နားမလည်သလိုလိုဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပါပြီ၊ အဲ့ဒါဆိုလည်း ပါပါး ဆက်ပြီး မာမားကို နှိပ်ပေးလိုက်ပါ"

ထို့နောက် သူမက တိုက်ရိုက် လှဲချလိုက်ပြီး သူတို့ကို လိမ်မာစွာ ကြည့်နေလေသည်။

လီရှောင်း မည်မျှပင် မျက်နှာပြောင်စေကာမူ သမီးဖြစ်သူ၏ ရှေ့တွင်တော့ အရမ်းမလုပ်ရဲပေ။

"မလိုတော့ဘူး၊ မင်းအမေ သက်သာသွားပြီ"

သက်ပြင်းတစ်ချက်ချကာ သူလည်း ပြန်လှဲလိုက်လေသည်။

"ကဲ၊ အိပ်တော့"

အန်းအန်းက ပါပါး သူမကို နှင်မထုတ်သည်ကို မြင်သောအခါ ချက်ချင်းပင် သူတို့နှစ်ဦးကြားသို့ တိုးဝင်သွားပြီး တိုးဝင်သွားရင်းနှင့် ပြောလိုက်သေးလေသည်။

"ပါပါး၊ သမီး ပါပါးကို ချစ်တယ်နော်"

လူကို ဒေါသထွက်ချင်လျှင်ပင် ထွက်၍မရအောင် လုပ်နိုင်လေသည်။

….

ကျန်းရိုနှင့် လီရှောင်းတို့ ခရိုင်မြို့မှ မထွက်ခွာမီ၊ လင်းမေ့ရူက သူတို့ ပြန်ရောက်နေကြောင်း ဘယ်က ကြားလာသည်မသိ၊ တကူးတက ရောက်လာခဲ့လေသည်။

သူမက လက်ထဲတွင် ကလေးတစ်ယောက်ကို ဆွဲထားပြီး တံခါးဝတွင် ခိုးကြောင်ခိုးဝှက်ဖြင့် ခေါင်းပြူကြည့်နေလေသည်။ ဇာတိဘက်ရှိ ဆောင်းရာသီက အေးမြပြီး၊ နှစ်သစ်ကူးအပြီး ဤရက်ပိုင်းအတွင်း နှင်းများပင် ကျနေသေးရာ ကျန်းရိုနှင့် လီရှောင်းတို့က အိမ်ထဲတွင်သာ ပုန်းအောင်း၍ မီးလှုံနေကြလေသည်။

ဝမ်မင်ကျွင်းတို့ ဇနီးမောင်နှံ ပြန်ရောက်လာပြီးနောက် ကျန်းရိုနှင့် လီရှောင်းတို့က ဘေးအိမ်သို့ သိပ်မသွားချင်တော့ပေ။ ယနေ့ နှင်းကျနေ၍သာ ဖြစ်သည်၊ သို့မဟုတ်ပါက လီရှောင်းက ကျန်းရိုတို့ကိုခေါ်၍ မြစ်ကမ်းဘေးသို့ ငါးသွားမျှားရန်ပင် ပြင်ဆင်ထားသေးလေသည်။

လီရှင်းလည်း အခန်းထဲတွင်သာ ပုန်းအောင်းနေပြီး အပြင်မထွက်လာဘဲ၊ အန်းအန်း တစ်ယောက်တည်းသာ အပြင်ဘက်တွင် ရူးသွပ်စွာ ဆော့ကစားနေလေသည်။

ဤကလေးက ငယ်စဉ်ကတည်းက ကောင်းကောင်းစား ကောင်းကောင်းသောက်ခဲ့ရ၍ ဖြစ်မည်၊ ခန္ဓာကိုယ်က အလွန်ကျန်းမာပြီး ပုံမှန်အားဖြင့် ဖျားနာခဲလေသည်။ သူမ အပြင်ထွက်ကစားချင်သည်ကို ကျန်းရိုနှင့် လီရှောင်းတို့လည်း မတားဆီးဘဲ သူမသဘောအတိုင်းသာ လွှတ်ထားလိုက်လေသည်။

လင်းမေ့ရူက ခြံတံခါးဝတွင် ပုန်းကွယ်၍ ခိုးကြည့်နေချိန်တွင် အန်းအန်းက အလျင်အမြန်ပင် တွေ့ရှိသွားလေသည်။ ကလေးမလေးက အပြင်ရောက်လျှင် သတ္တိနည်းသော်လည်း အိမ်တွင်ရှိနေချိန်၌ ပါပါးနှင့် မာမားတို့ ရှိနေသည်ကို အားကိုးကာ သတ္တိပိုကောင်းလာပြီး၊ တံခါးဝသို့ တောက်တောက်တောက်ဖြင့် ပြေးသွားကာ လင်းမေ့ရူ၏ပုံစံကို အတုခိုး၍ ခေါင်းလေးကို တိတ်တဆိတ် ထုတ်ကြည့်လေသည်။

လင်းမေ့ရူက ခေါင်းပြူထွက်လာသည်နှင့် ရုတ်တရက် မျက်နှာလေးတစ်ခုနှင့် ဆုံသွားရာ တိုက်ရိုက်ပင် လန့်သွားပြီး "အမလေး အမေရေ" ဟု အသံထွက်အောင် အော်လိုက်လေသည်။

အန်းအန်းလည်း လန့်သွားပြီး စဉ်းစားပင်မစဉ်းစားဘဲ ခေါင်းလှည့်ကာ အိမ်ထဲသို့ အော်ခေါ်လေတော့သည်။

"မာမား"

လင်မယားနှစ်ယောက် လှုပ်ရှားသံကို ကြားသောအခါ အလျင်အမြန် ထွက်လာကြည့်ရာ၊ လင်းမေ့ရူက ရင်ဘတ်ကိုဖိကာ မရပ်မနား ပုတ်နေပြီး အန်းအန်းကို လက်ညှိုးထိုးကာ ဒေါသတကြီးဖြင့် ပြောနေသည်ကို တွေ့လိုက်ရလေသည်။

"ဒီကလေးက ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ဆော့ရတာလဲ၊ လန့်သေတော့မလို့ပဲ"

အန်းအန်းက သူမကို အပြစ်ကင်းစင်စွာ ကြည့်နေပြီး အနောက်မှ မာမားက သူမကို ခေါ်လိုက်သံကို ကြားသောအခါ ကိုယ်လှည့်၍ အနောက်သို့ ပြေးသွားကာ ကျန်းရို၏အနောက်တွင် ပုန်းကွယ်နေလေတော့သည်။

ကျန်းရိုက အေးခဲနေသော သူမ၏ လက်သေးသေးလေးများကို ဆုပ်နယ်ပေးကာ သူမ၏လက်များကို ဆုပ်ကိုင်ထားပေးလိုက်ပြီး၊ တံခါးဝရှိ လင်းမေ့ရူကို ကြည့်လိုက်လေသည်။

နှစ်အနည်းငယ်ကြာ မတွေ့ရသည့်အတွင်း လင်းမေ့ရူမှာ သူမ မှတ်မိနေသော ပုံစံထက် အများကြီး ပိုအိုမင်းသွားလေသည်။ ဆံပင်တစ်ဝက်နီးပါးက ဖြူဖွေးနေပြီး၊ မျက်နှာပေါ်ရှိ အရေးအကြောင်းများကလည်း ပိုများလာကာ လူကလည်း အများကြီး ပိန်သွားလေသည်။ မျက်နှာတစ်ခုလုံး ချိုင့်ဝင်သွားပြီး အနည်းငယ် ကြမ်းတမ်းခက်ထန်သော အသွင်အပြင်မျိုး ပေါက်နေလေသည်။

သူမ၏ဘေးတွင် အသက် သုံးလေးနှစ်ခန့်ရှိသော ယောကျ်ားလေးတစ်ယောက် ရပ်နေသေးသည်။ မည်သူကမျှ ပြင်ဆင်ပေးခြင်း မရှိသည့်ပုံစံဖြင့် ဝတ်စားဆင်ယင်မှုက အလွန် စုတ်ပြတ်သတ်နေလေသည်။ ကိုယ်ပေါ်ရှိ အနွေးထည်တွင် အပေါက်အတော်များများ ဖြစ်နေပြီး အတွင်းမှ ဂွမ်းများပင် ထွက်နေလေသည်။ အနွေးထည်၏ မူလအရောင်ကိုပင် မမြင်ရတော့ဘဲ ညစ်ပတ်ပေရေနေကာ၊ မျက်နှာနှင့် လက်သေးသေးလေးများပေါ်တွင် နှာရည်များ ပေကျံနေပြီး ထိုနှာရည်များ ခြောက်သွေ့သွားကာ အကွက်လိုက် အကွက်လိုက် အခွံများ ဖြစ်နေလေသည်။

သူ့နှာခေါင်းလေးက ရှုံ့ချည်ပွချည် ဖြစ်နေသေးပြီး၊ မပြောင်စင်ပါက လက်မောင်းကို မြှောက်၍ သုတ်လိုက်ရာ အဝါရောင် နှာရည်များက လက်ခုံပေါ်တွင် ပေကျံသွားလေသည်။

ကျန်းရို၏ အနောက်မှ အန်းအန်းက မြင်သွားသောအခါ မာမား၏ ဘောင်းဘီကို ဆွဲကာ တိုးတိုးလေး ပြောလိုက်လေသည်။

"မာမား၊ သူက သန့်ရှင်းရေး ဂရုမစိုက်ဘူး"

ပုံမှန်အားဖြင့် ကျန်းရိုက အန်းအန်း၏ တစ်ကိုယ်ရည်သန့်ရှင်းရေးကို အလွန်ဂရုစိုက်လေသည်။ ရေမကြာခဏချိုး၊ ခေါင်းမကြာခဏလျှော်ရန်၊ ထမင်းမစားမီ လက်ဆေးရန် စသည်ဖြင့် ပြောပြထားလေ့ရှိရာ ကလေးမလေးက အကြိမ်များစွာ ကြားဖူးပြီး မှတ်မိနေခြင်း ဖြစ်လေသည်။

ကျန်းရိုက သူမ၏ လက်သေးသေးလေးများကို ဆုပ်နယ်ပေးလိုက်ပြီး စကားမပြောပေ။ ဤကလေး ညစ်ပတ်နေရုံသာမက၊ လင်းမေ့ရူလည်း အများကြီး ပိုညစ်ပတ်လာလေသည်။ ယခင်က သူမသည် ဘဝကို မည်သို့ဖြတ်သန်းခဲ့ရသည်ကို မပြောလိုသော်လည်း အနည်းဆုံးတော့ မိမိကိုယ်ကိုယ် သန့်ရှင်းသပ်ရပ်အောင် ပြင်ဆင်လေ့ရှိခဲ့သည်။ ယခုကဲ့သို့ မဟုတ်ပေ။ ကိုယ်ပေါ်ရှိ အဝတ်အစားများက ဒီဇိုင်းဟောင်းများဖြစ်ပြီး မည်မျှကြာအောင် မလျှော်ရသေးမှန်းမသိ၊ လက်ကောက်ဝတ်နှင့် ရင်ဘတ်တွင် ညစ်ပတ်သော အကွက်များ ရှိနေလေသည်။

လင်းမေ့ရူက လီရှောင်းနှင့် ကျန်းရိုတို့ ထွက်လာသည်ကို မြင်သောအခါ၊ ချက်ချင်း မမှတ်မိရဲဘဲ သူတို့ကို အူကြောင်ကြောင်သာ ကြည့်နေပြီး၊ တစ်ခုခုကို သတိပြုမိသွားသကဲ့သို့ တိုးတိုးလေး ခေါ်လိုက်လေသည်။

"လီရှောင်း? ကျန်းရို?"

လီရှောင်း၏ အေးစက်သော အကြည့်များနှင့် ဆုံမိသောအခါ အကြည့်များက အနည်းငယ် ကြောက်ရွံ့သွားသော်လည်း ထွက်မသွားပေ။ လက်နှစ်ဖက်ဖြင့် အင်္ကျီစွန်းကို ဆုပ်နယ်ကာ အနည်းငယ် အချိုသတ်သည့်ဟန်ဖြင့် ပြောလိုက်လေသည်။

"မင်းတို့ ပြန်လာတယ်လို့ ကြားလို့ လာကြည့်တာပါ"

လီရှောင်းက သူ့၏ ဤမိခင်အရင်းအပေါ် ကောင်းမွန်သော မျက်နှာထား မရှိဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"အခု တွေ့ပြီးပြီဆိုတော့ ပြန်တော့လေ"

ပြောရင်းနှင့် ကိုယ်လှည့်ကာ အိမ်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်လေသည်။

လင်းမေ့ရူက ထိုအခြေအနေကို မြင်သောအခါ မနေနိုင်ဘဲ စိုးရိမ်တကြီး ဖြစ်သွားလေသည်။

"အို၊ နင် ဒီကလေးကတော့၊ ငါက နင့်အမေလေ၊ နင်က ဘယ်လို အချိုးမျိုး လာချိုးနေတာလဲ"

လီရှောင်း၏ ခြေလှမ်းများ မရပ်တန့်သည်ကို မြင်သောအခါ အလျင်အမြန် ပြောလိုက်လေသည်။

"ငါ အရင်က မကောင်းခဲ့တဲ့ နေရာတွေ ရှိတယ်ဆိုတာ ငါသိပါတယ်။ ဒါပေမဲ့ ငါတို့က သားအမိတွေလေ၊ သွေးက ရေထက် ပိုပြစ်တယ်မဟုတ်လား။ နင် တောင်ပိုင်းမှာတုန်းက ဝေးလို့ မဂရုစိုက်နိုင်တာ ထားလိုက်ပါတော့၊ ဒါပေမဲ့ နင် ပြန်လာတာ ဒီလောက်ရက်တွေ ကြာနေပြီကို၊ ငါ့ကို လာကြည့်ရကောင်းမှန်းလည်း မသိဘူး၊ နင့်မှာ လိပ်ပြာသန့်သေးရဲ့လား။ ငါ အများကြီး မတောင်းဆိုပါဘူး၊ ငါ ကွာရှင်းနိုင်အောင် နင် ကူညီပေး၊ ပြီးရင် မြို့ပေါ်မှာ အိမ်တစ်လုံး ဝယ်ပေး။ နင် တောင်ပိုင်းမှာ ပိုက်ဆံတွေ အများကြီး ရှာနိုင်ပြီး တိုက်ခန်းတွေမှာ နေနိုင်တယ်လို့ ငါ ကြားတယ်၊ ဒီလောက် တောင်းဆိုတာလေးက မလွန်ပါဘူးနော်"

လီရှောင်းက ထိုစကားကို ကြားသောအခါ နောက်လှည့်၍ အံ့အားသင့်စွာဖြင့် တစ်ချက် ကြည့်လိုက်လေသည်။

လင်းမေ့ရူက သူနှင့် မျက်လုံးချင်း ဆုံလိုက်ရသောအခါ၊ ဘာကြောင့်မှန်းမသိ အကြောင်းရင်းမရှိဘဲ စိတ်မလုံမလဲ ဖြစ်သွားပြီး အသက်ရှူပင် မှားသွားလေသည်။

တကယ်တော့ နှစ်အနည်းငယ်သာ မတွေ့ရသေးသော်လည်း၊ လင်းမေ့ရူက မိမိ၏သားဖြစ်သူသည် လုံးဝ အခြားလူတစ်ယောက်အဖြစ် ပြောင်းလဲသွားပြီဟု ခံစားမိလေသည်။ အရင်ကဆိုလျှင် အပြင်ပန်းရုပ်ရည် ခက်ထန်ကြမ်းတမ်းသော်လည်း၊ ယခုအခါ အပြင်ပန်းတွင် မကြမ်းတမ်းတော့ဘဲ လူတစ်ကိုယ်လုံးက ပို၍ ကြောက်စရာကောင်းလာကာ၊ ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် သူမကို ခေါင်းမမော့ရဲအောင် ဖြစ်စေလေသည်။

သို့သော် ဤခရီးစဉ်၏ရည်ရွယ်ချက်ကို တွေးမိသောအခါ၊ သူမက အားတင်းကာ ထွက်မသွားဘဲ သူ့ကို အတင်းအကျပ် သဘောတူစေချင်သည့် ပုံစံမျိုး လုပ်နေလေသည်။

ဤသားဖြစ်သူထက်စာလျှင် ယခု ဟယ်မိသားစုက သူမအတွက် ပို၍ ကြောက်စရာကောင်းနေလေသည်။ လီရှောင်းတို့ဇနီးမောင်နှံ တောင်ပိုင်းသို့ သွားပြီးကတည်းက လင်းမေ့ရူ၏ နေ့ရက်များမှာ ပို၍ပို၍ ခက်ခဲလာခဲ့လေသည်။

ဟယ်ဝမ်ဟွာက အိမ်မှာ မရှိပေ။ သူ ကျောင်းပြီးနောက် ဘေးမြို့သို့ သွားရောက်ခဲ့ရာ ချွေးမဖြစ်သူကလည်း သူ့ကို ဘာမှမလုပ်နိုင်တော့ဘဲ ဒေါသများကို သူမအပေါ် ပုံချလေတော့သည်။ လင်းမေ့ရူက သူမကို မနိုင်သဖြင့် နေ့တိုင်း အနိုင်ကျင့်ခံနေရလေသည်။ အဖိုးကြီးဟယ်ကလည်း ချွေးမ၏ မိဘဆွေမျိုးများ ရိုက်နှက်မှုကြောင့် လေဖြတ်သွားရာ ဘာမှမလုပ်နိုင်တော့ဘဲ စားသောက်စွန့်ပစ်မှု အားလုံးကို သူမကသာ ရှင်းလင်းပေးရပြီး၊ မလုပ်ပေးပါက ဒေါသထွက်လေသည်။ ဟယ်ဝမ်ယင်းကလည်း မကြာခဏဆိုသလို အခွင့်အရေးလာယူတတ်ရာ၊ မိသားစုတစ်ခုလုံးက သူမကို အနိုင်ကျင့်နေကြလေသည်။

လင်းမေ့ရူက ထိုအိမ်တွင် တကယ် ဆက်မနေချင်တော့သဖြင့်၊ လီရှောင်း ပြန်လာပြီဟု ကြားသောအခါ အလျင်အမြန် ရောက်လာခဲ့ခြင်းဖြစ်သည်။ သူမ၏ မှတ်ဉာဏ်ထဲတွင် ဤသားဖြစ်သူမှာ အလွန်စွမ်းဆောင်နိုင်ပြီး ပြဿနာဖြစ်တိုင်း သူ့ကိုရှာပါက ဖြေရှင်းပေးနိုင်ခဲ့လေသည်။

လီရှောင်းက လင်းမေ့ရူ၏ ဖြူဖွေးနေသော ဆံပင်များနှင့် အိုမင်းရင့်ရော်နေသော မျက်နှာကို ကြည့်ကာ တိုးညှင်းစွာ ရယ်မောလိုက်သော်လည်း၊ လေသံကတော့ အလွန် ပြတ်သားနေလေသည်။

"ပိုက်ဆံမရှိဘူး၊ ဒီကိစ္စကို ခင်ဗျား ဟယ်ဝမ်ဟွာကို သွားရှာသင့်တယ်"

လင်းမေ့ရူက ဟယ်ဝမ်ဟွာကို ဘယ်လိုလုပ် သွားရှာရဲမှာလဲ။ ဟယ်ဝမ်ဟွာက ယခု သူမကို မြင်တိုင်း အကြည့်များက အလွန် ကြောက်စရာကောင်းပြီး သူမက သူ့ရန်သူတစ်ယောက်လိုပင် ဖြစ်နေလေသည်။ ထို့အပြင် သူမထံမှတစ်ဆင့် လီရှောင်း၏အကြောင်းများကို အမြဲတမ်း စုံစမ်းမေးမြန်းလေ့ရှိပြီး သူမ မသိသည်ကို မြင်သောအခါ၊ လီရှောင်း၏ ယခု နေ့ရက်များကို အများအပြား ပြောပြလေသည်။ လီရှောင်းက သူဌေးကြီး ဖြစ်နေပြီဖြစ်ကြောင်း၊ တစ်နှစ်လျှင် ယွမ်သန်းပေါင်းများစွာ ရှာနိုင်ပြီး အိမ်ကြီးအိမ်ကောင်းတွင် နေထိုင်နေကြောင်း ပြောပြလေသည်။

သူမက အစပိုင်းတွင် အလေးအနက် မထားခဲ့သော်လည်း၊ များများကြားလာရသောအခါ အနည်းငယ် ယုံကြည်လာခဲ့သည်။ အထူးသဖြင့် လီမိသားစု၏ ဘေးအိမ်တွင် နေထိုင်သော မာအိုက်ဟွာက လီရှောင်း ဇနီးမောင်နှံ တောင်ပိုင်းမှ ပို့လိုက်သော ပစ္စည်းကောင်းများကို မကြာခဏ ရရှိနေသည်ကို ကြားရသောအခါ၊ စိတ်ထဲတွင် အနည်းနှင့်အများတော့ နောင်တရမိလေသည်။ မူလက ဤအရာများအားလုံး သူမ ရရှိသင့်သောအရာများ ဖြစ်လေသည်။

လင်းမေ့ရူက မာအိုက်ဟွာကို အကြိမ်ပေါင်းများစွာ တိတ်ဆိတ် သွားရှာခဲ့ပြီး သူမထံမှတစ်ဆင့် လီရှောင်းနှင့် ဆက်သွယ်ရန် ကြိုးစားခဲ့သည်။ သို့သော် မာအိုက်ဟွာ ထိုလူက အလွန် ဆိုးသွမ်းလှပြီး အမြဲတမ်း ဟန်ဆောင်ကာ လှည့်စားလေ့ရှိလေသည်။ နောက်ပိုင်း ခက်ခက်ခဲခဲဖြင့် ဆက်သွယ်မိသွားချိန်တွင်လည်း လီရှောင်းက သူမကို ဂရုမစိုက်ခဲ့ပေ။

ထိုစကားကို ကြားသောအခါ လင်းမေ့ရူက စိုးရိမ်တကြီးဖြင့် ပြောလေသည်။

"ဟယ်ဝမ်ဟွာက အိမ်မှာ မရှိဘူးလေ၊ ငါ သူ့ကိုတောင် မတွေ့ရဘူး။ နင်လည်း ငါ့သားပဲဟာ၊ နင် ငါ့ကို လုံးဝ ပစ်မထားနိုင်ပါဘူး"

လီရှောင်း၏မျက်နှာထားက ရုတ်တရက် အေးစက်သွားပြီး လေသံကင်းမဲ့စွာဖြင့် မေးလိုက်လေသည်။

"အဲ့ဒီတုန်းက ခင်ဗျားဘာသာ ယူချင်ခဲ့တာလေ၊ ကျွန်တော် မတားခဲ့ဘူးလား"

လင်းမေ့ရူမှာ အမေးခံရသဖြင့် စကားပိတ်သွားလေသည်။ သေချာပေါက် တားခဲ့ဖူးသည်၊ သို့သော် ထိုစဉ်က သူမ နားမထောင်ခဲ့ဘဲ၊ နောင်တွင် အဖေသစ်နှင့် အစ်ကိုအသစ် ရှိလာမည်ဖြစ်ပြီး မိသားစုတစ်ခုလုံး ကောင်းကောင်းမွန်မွန် အတူတကွ နေထိုင်သွားမည်ဟုပင် သူ့ကို ပြောခဲ့သေးသည်။ နောက်ပိုင်းတွင် ဘယ်လိုဖြစ်သွားသည်မသိ၊ လီရှောင်းက ဟယ်မိသားစုအိမ်မှ ပြောင်းရွှေ့သွားခဲ့ပြီး နောက်ထပ် တစ်ခါမှ ပြန်မလာတော့ပေ။

သူမက ထိုစဉ်က မိမိ၏သားဖြစ်သူမှာ အကျင့်စရိုက်ထူးဆန်းပြီး မည်သူနှင့်မျှ အဆင်မပြေဘဲ သူ၏ ဖခင်အရင်းနှင့် တူသည်ဟုပင် ထင်မှတ်ခဲ့သေးလေသည်။

တုံ့ဆိုင်းစွာဖြင့် စကားစလိုက်လေသည်။

"အဲ့ဒါ... အဲ့ဒါကလည်း ငါ မသိခဲ့လို့ပါ၊ သူတို့က ဘယ်လိုလူမျိုးတွေလဲဆိုတာ ငါသာ သိခဲ့ရင် ဘယ်လိုလုပ် ယူပါတော့မလဲ"

လီရှောင်းက အေးစက်စွာ ရယ်မောလိုက်လေသည်။ သူမ မသိဘူးလား။ မဟုတ်ပါဘူး၊ သူမက တကယ်တော့ အကုန်သိနေခဲ့တာပါ။ ကိုယ့်ဆီကို မီးမဟပ်သေးလို့ လုံးဝ ဂရုမစိုက်ခဲ့တာပဲ ဖြစ်လေသည်။

ထိုစဉ်က သူ ဟယ်မိသားစုအိမ်တွင် နေထိုင်ခဲ့ရသော နှစ်များအတွင်း၊ သူမက အမြဲတမ်း နားထောင်ရဆိုးသော စကားများကို ပြောဆိုလေ့ရှိပြီး ဟယ်ဝမ်ဟွာကို မျက်နှာလိုက်ခဲ့သည်။ ၎င်းမှာ ဟယ်ဝမ်ဟွာက သူ့ကို မောင်းထုတ်ချင်နေသည်ကို မြင်သဖြင့် အခွင့်အရေးယူကာ မီးထိုးပေးလိုက်ခြင်းသာ ဖြစ်လေသည်။

လင်းမေ့ရူက သူ့ကို သားအဖြစ် မသတ်မှတ်ခဲ့လျှင်၊ သူကကော သူမကို ဘယ်လိုလုပ် မိခင်အဖြစ် သတ်မှတ်နိုင်မှာလဲ။

လီရှောင်းက သူမကို မမုန်းပါဘူး။ ဤနှစ်များအတွင်း ကျန်းရိုနှင့် အန်းအန်းတို့က သူ့အနားတွင် အဖော်ပြုပေးနေသဖြင့် ဤကဲ့သို့သော ဘဝမျိုးကို သူ အလွန် ကျေနပ်နေပြီဖြစ်သည်။ ကျန်းရို သူ့ကို ပြောခဲ့သကဲ့သို့ပင် မည်သူ့ဘဝကမှ ချောမွေ့နေသည် မဟုတ်ပေ။ ပြည့်စုံမှုရှိလျှင် သေချာပေါက် နောင်တဆိုတာလည်း ရှိမည်ဖြစ်ရာ အများကြီး အတင်းအကျပ် မတောင်းဆိုသင့်ပေ။

သို့သော် ဤသည်မှာ လီရှောင်းက ဘာကိုမှ ဂရုမစိုက်တော့ဘူးဟု ဆိုလိုခြင်း မဟုတ်ပေ။ သူက ကျူးချန်ကို ခွင့်လွှတ်နိုင်ခြင်းမှာလည်း ကျူးချန်က သူ့အပေါ် တကယ့် ထိခိုက်နစ်နာမှုမျိုး မဖြစ်စေခဲ့သောကြောင့်ဖြစ်သည်။ သူတို့နှစ်ဦးက အတူတကွ ကြီးပြင်းလာခဲ့ဖူးသဖြင့် သံယောဇဉ် ရှိလေသည်။ သို့သော် လင်းမေ့ရူကကော ဘာရှိလို့လဲ။ သူ့ကို မွေးဖွားပေးခဲ့သော ကျေးဇူးကို စောစောကတည်းက ဆပ်ပြီးသွားခဲ့ပြီ ဖြစ်လေသည်။

ထိုနှစ်က ဟယ်မိသားစုအိမ်မှ ထွက်လာကတည်းက နောင်တွင် သူ့၌ ဆွေမျိုးမရှိတော့ဘူးဟု စိတ်ထဲတွင် ကိုယ့်ကိုယ်ကိုယ် ပြောခဲ့ပြီး ဖြစ်လေသည်။

"ခင်ဗျား သွားတော့၊ ကျွန်တော် စောစောကတည်းက ရှင်းရှင်းလင်းလင်း ပြောပြီးပြီ၊ ခင်ဗျားကိစ္စက ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး၊ ခင်ဗျား တကယ် ကွာရှင်းချင်ရင် ဟယ်ဝမ်ဟွာကို သွားရှာလို့ရတယ်၊ သူ သေချာပေါက် ကူညီမှာပါ၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားက သူ့ကို နှစ်ပေါင်းများစွာ အမေလုပ်ပေးခဲ့တာပဲ"

လင်းမေ့ရူမှာ ပထမဆုံးအကြိမ်အဖြစ် ဒုက္ခရှိသော်လည်း ပြောမထွက်သော အရသာကို ခံစားလိုက်ရလေသည်။ သူမက လီရှောင်းကို ဟယ်ဝမ်ဟွာ ယခု သူမအပေါ် သိပ်မကောင်းကြောင်း အလွန် ပြောပြချင်သော်လည်း၊ ယခင်က သူမသည် လီရှောင်းထက် ဟယ်ဝမ်ဟွာကို ပို၍ ရင်းနှီးခဲ့သည်ကို တွေးမိသောအခါ ဤစကားများကို ပြောရန် အနည်းငယ် ခက်ခဲနေလေသည်။

"ငါ......"

လီရှောင်းကို မျှော်လင့်တောင့်တစွာဖြင့် ကြည့်နေလေသည်။

လီရှောင်းက ပခုံးတွန့်ပြလိုက်ပြီး ဘာမှ မတတ်နိုင်သည့်ပုံစံဖြင့် ကျန်းရိုအနောက်ရှိ အန်းအန်းကို ခါးကိုင်း၍ ချီကာ တိုက်ရိုက်ပင် အိမ်ထဲသို့ ဝင်သွားလေတော့သည်။

အန်းအန်းက ပါပါး၏ ပခုံးပေါ်တွင် မေးစေ့ကို တင်ထားပြီး ခြံထဲရှိ သူစိမ်း အဘွားအိုနှင့် ကောင်လေးကို ကြည့်နေကာ၊ ကောင်လေး၏ စပ်စုသော အကြည့်များနှင့် ဆုံသောအခါ ညင်သာစွာ နှုတ်ခမ်းကိုစေ့၍ ပြုံးပြလိုက်လေသည်။

သို့သော် ကောင်လေးက သူမကို ကြမ်းတမ်းစွာ မျက်စောင်းထိုးလိုက်လိမ့်မည်ဟု ဘယ်သူထင်ထားမှာလဲ။

အန်းအန်း အံ့အားသင့်သွားပြီးနောက် ကြောက်လန့်တကြားဖြင့် မျက်နှာကို ပါပါး၏လည်ပင်းထဲတွင် အပ်ထားလိုက်လေတော့သည်။

လင်းမေ့ရူက ကျန်းရိုကို တစ်ခုခုဆက်ပြောချင်သေးသော်လည်း၊ ကျန်းရိုက အိတ်ကပ်ထဲမှ ယွမ်နှစ်ရာကို ထုတ်ကာ သူမအား ပေးလိုက်လေသည်။

"သူ့ကိစ္စတွေကို ကျွန်မ ဆုံးဖြတ်လို့ မရပါဘူး၊ ဒီဟာကိုပဲ ရှင် ယူသွားလိုက်ပါ"

လင်းမေ့ရူက တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ရွံရှာသွားသော်လည်း လက်လှမ်း၍ ယူလိုက်ကာ စိတ်ထဲတွင် ခံစားရခက်စွာဖြင့် ပြောလိုက်လေသည်။

"သူ့ကို နည်းနည်းလောက် ကူပြီး ဖျောင်းဖျပေးပါဦး၊ ဒီနေ့ရက်တွေက တကယ် လူနေတဲ့ ဘဝမျိုး မဟုတ်ပါဘူး၊ ငါက ဘာပဲဖြစ်ဖြစ် သူ့အမေအရင်းလေ"

ကျန်းရိုက သူမ၏ မျက်နှာပေါ်တွင် လျှပ်တစ်ပြက် ပေါ်လာသော ရွံရှာသည့် အမူအရာကို မြင်သောအခါ ရင်ထဲတွင် နင့်သွားလေသည်။

"မလိုချင်ရင် ပြန်ပေး"

လက်ဆန့်ထုတ်ကာ ပြန်ယူမည့် ဟန်ပြင်လိုက်လေသည်။

လင်းမေ့ရူက အလျင်အမြန် ပိုက်ဆံကို အိတ်ကပ်ထဲသို့ ထိုးထည့်လိုက်ပြီး ကိုယ်လှည့်ကာ ကလေးကို ဆွဲ၍ ပြေးလေတော့သည်။ ခြံတံခါးအပြင်ရောက်မှ စိတ်မချစွာဖြင့် တစ်ခွန်း လှမ်းမှာလိုက်သေးလေသည်။

"လီရှောင်းကို ကူပြီး ပြောပေးဖို့ မမေ့နဲ့နော်"

ကျန်းရိုက သူမ ထွက်သွားသော ကျောပြင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အိမ်ထဲသို့ ပြန်ဝင်လာရာ၊ အခန်းထဲတွင် လီရှောင်းက အန်းအန်း၏ စိုနေသော အပေါ်ဝတ်အင်္ကျီနှင့် ဖိနပ်များကို ချွတ်ပေးပြီး မီးဖိုထဲသို့ ထည့်ကာ မီးလှုံပေးနေလေသည်။

အန်းအန်းက မာမား ဝင်လာသည်ကို မြင်သောအခါ မျက်နှာမော့ကာ ပြုံးလျက် အော်ခေါ်လိုက်လေသည်။

"မာမား..."

ကျန်းရိုက သူမ၏ မျက်နှာလေးကို ဆုပ်နယ်ပေးလိုက်ပြီး လီရှောင်းကို မေးလိုက်လေသည်။

"တကယ် ဂရုမစိုက်တော့ဘူးလား။ ကျွန်မ ကြည့်ရတာ သူ အခု နေရတာ တကယ် သိပ်အဆင်ပြေပုံ မရဘူး"

သေချာသည်မှာ အရင်ကလည်း ဘယ်လောက်မှ မကောင်းခဲ့ပါဘူး၊ သို့သော် ထိုအချိန်က လင်းမေ့ရူမှာ ကိုယ့်ဘာသာ ပျော်မွေ့နေပြီး စိတ်အခြေအနေ အလွန်ကောင်းမွန်ခဲ့သည်။ သို့သော် ယခု ကြည့်ရသည်မှာ လူတစ်ကိုယ်လုံး မျက်မှောင်ကြုတ်ကာ မျက်နှာငယ်နေလေသည်။

လီရှောင်း ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"ကိုယ် ဂရုမစိုက်ချင်ဘူး"

လင်းမေ့ရူက ဘယ်လို စရိုက်မျိုးလဲဆိုတာကို သူ အသိဆုံးဖြစ်သည်။ ဂရုစိုက်လိုက်ပါက သူ့အပေါ်တွင် မှီခိုလာမည်ဖြစ်ပြီး သူ့ကို လူအ ထင်ကာ အားရပါးရ အနိုင်ကျင့်မည်ဖြစ်သည်။ အပြင်လူ၏ စကားတစ်ခွန်းက သူလို သားအရင်းပြောသော စကားတစ်ရာထက် ပိုအသုံးဝင်လေသည်။ ထိုအချိန်ရောက်လျှင် ဟယ်ဝမ်ဟွာက ပေါ့ပေါ့ပါးပါး နှစ်ခွန်းခန့် ချော့လိုက်ရုံဖြင့် အခြားသူများအတွက် ထပ်မံ၍ ကျွဲနွားလို အလုပ်အကျွေးပြုနေဦးမည် ဖြစ်လေသည်။

ကိုယ့်ကိုယ်ကိုယ် အပြစ်ရှာခံနေစရာ မလိုပေ။

ကျန်းရိုက ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီ၊ ကျွန်မ အကုန်လုံး ရှင့်စကားကိုပဲ နားထောင်မယ်"

လီရှောင်းက သူမကို တစ်ချက်ကြည့်လိုက်ပြီး ညင်သာစွာ အင်းဟု အသံပြုလိုက်လေသည်။

…..

နှစ်ကူးပြီး ၆ ရက်နေ့တွင် လီရှောင်းတို့ မိသားစုသုံးယောက် ပြန်ရန် ပြင်ဆင်ကြပြီး ကျိုးကျန့်နှင့် ကျင်းတာ့ယိုတို့ မိသားစုနှစ်စုကတော့ နောက်ထပ် ရက်အနည်းငယ်နေမှ ပြန်ရန် ပြင်ဆင်ကြလေသည်။

ယခုတစ်ကြိမ် ပြန်ရာတွင် လိုက်ပို့မည့်သူ ရှိလေသည်။ အဒေါ်ဝမ်တို့ မိသားစုအပြင် ကျူးချန် ဇနီးမောင်နှံလည်း ကလေးများကိုခေါ်ကာ ရောက်လာကြလေသည်။ ကျူးချန်က ဇနီးဖြစ်သူ၏ မိဘအိမ်မှ ပြုလုပ်သော ပဲငံပြာရည် နှစ်ပုံးနှင့် နှမ်းဆီတို့ကို သယ်ဆောင်လာခဲ့ပြီး၊ သူ၏ ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲကြော်ရာ၌ ပဲငံပြာရည် ထည့်ပြီးနောက် စီးပွားရေး ပိုကောင်းလာကြောင်း၊ နှမ်းဆီကလည်း အိမ်တွင် ကိုယ်တိုင်ကြိတ်ထားခြင်းဖြစ်သဖြင့် အလွန်မွှေးကြိုင်ကာ အပြင်တွင် ဤမျှ မွှေးကြိုင်သည်ကို ဝယ်၍မရနိုင်ကြောင်း ပြောလေသည်။

အဒေါ်ဝမ်က လီရှောင်းအတွက် ဘဲဥဆားနယ် အထုပ်ကြီးတစ်ထုပ်ကို ထည့်ပေးလိုက်ပြီး အိမ်တွင် ကိုယ်တိုင်ပြုလုပ်ထားသော မုန်ညင်းချဉ်နှင့် ဝက်သားခြောက်တို့ကို မြွေရေခွံအိတ် တစ်ဝက်ခန့် ထည့်ပေးလိုက်လေသည်။ နောက်ဆုံးတွင် ကျန်းရိုနှင့် လီရှင်းတို့က ခရီးဆောင်အိတ်များကို ဆွဲကာ၊ လီရှောင်းက မြွေရေခွံအိတ်ကို ထမ်းပြီး ပဲငံပြာရည်နှင့် နှမ်းဆီတို့ကို သယ်ဆောင်လာခဲ့လေသည်။

အန်းအန်းက လူတိုင်းကို လက်ရမ်းပြပြီးမှ ကျေနပ်စွာဖြင့် ဘတ်စ်ကားပေါ်သို့ လှည့်တက်သွားလေသည်။ မျက်နှာပေါ်တွင် အလွန်ပျော်ရွှင်စွာ ပြုံးနေပြီး အဒေါ်ဝမ်ကိုပါ ပြောလိုက်သေးလေသည်။

"အဘွား၊ သမီး နောက်ကြရင် ထပ်လာလည်မယ်နော်"

"ကောင်းပါပြီ၊ အန်းအန်း ပါပါးနဲ့ မာမား စကားကို လိမ်လိမ်မာမာ နားထောင်ရမယ်နော်"

"ဟုတ်၊ နားထောင်ပါ့မယ်"

လီရှောင်းနှင့် ကျန်းရိုတို့က ဘတ်စ်ကား အလယ်တန်းရှိ နေရာကို ရွေးချယ်လိုက်ကြသည်။ ကျန်းရိုက အတွင်းဘက်တွင် ထိုင်ကာ အန်းအန်းကို ချီထားပြီး လီရှောင်းက အိတ်များကို ချထားပြီးနောက် ဝင်ထိုင်လိုက်လေသည်။ သူ ထိုင်လိုက်ချိန်တွင် ပြတင်းပေါက်အပြင်ဘက်သို့ တစ်ချက်ကြည့်လိုက်ရာ ဘာကို မြင်လိုက်သည်မသိ၊ အကြည့်များ ရပ်တန့်သွားလေသည်။

ကျန်းရိုက သူ၏ ပုံမှန်မဟုတ်သော အခြေအနေကို ရိပ်မိသွားသဖြင့် မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ"

ဘတ်စ်ကား စက်နှိုးသွားပြီး လီရှောင်း၏အကြည့်များက အပြင်ဘက်သို့ နောက်တစ်ကြိမ် ဖြတ်သန်းသွားကာ တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ကိုယ် ဝမ်ထောင်ကို မြင်လိုက်သလိုပဲ"

ကျန်းရိုက မသိစိတ်မှပင် အပြင်သို့ တစ်ချက် ကြည့်လိုက်သော်လည်း ကားက အတန်ကြာ မောင်းနှင်သွားပြီဖြစ်ရာ အနောက်ဘက်မှ အခြေအနေများကို မမြင်ရတော့ပေ။

ထို့ကြောင့် နှစ်သိမ့်လိုက်လေသည်။

"ကိစ္စမရှိပါဘူး၊ နောက်နှစ်ကျရင် ကျွန်မတို့ ထပ်ပြန်လာပြီး အဲ့ဒီအချိန်ကျရင် စုကြတာပေါ့။ တကယ်တော့ အခု ပြန်တွေးကြည့်ရင် ဘာမှကြီးကြီးမားမား မဟုတ်ပါဘူး"

လီရှောင်းက ခေါင်းညိတ်လိုက်ပြီး ကောင်းပြီဟု ပြန်ဖြေလိုက်လေသည်။

ကိစ္စရပ်များနှင့် လူများကို အများအပြား မြင်တွေ့ခဲ့ရပြီးဖြစ်၍လားမသိ၊ ထိုစဉ်က အသေးအမွှား ကိစ္စလေးများကို သူ သိပ်ပြီး စိတ်ထဲမထားတော့ပေ။

…..

ဘတ်စ်ကား အဝေးသို့ ရောက်သွားပြီးမှသာ မိသားစုနှစ်စု လှည့်၍ ထွက်ခွာလာခဲ့ကြသည်။

ကျူးချန်က ကားမောင်းလာခဲ့ခြင်းဖြစ်သည်။ အိမ်တွင် ဗင်ကားဟောင်းတစ်စီး ဝယ်ထားရာ အဒေါ်ဝမ်ကို နှုတ်ဆက်ပြီးနောက် ဇနီးနှင့် ကလေးကိုခေါ်၍ ထွက်သွားလေသည်။

ဗင်ကားက သေးငယ်လွန်းသဖြင့် လူမဆံ့ပေ။ သို့မဟုတ်ပါက သူက လမ်းကြုံ သူတို့ကိုပါ အိမ်အထိ လိုက်ပို့ပေးနိုင်လေသည်။

အဒေါ်ဝမ်၏ အိမ်မှာ ကားဂိတ်နှင့် သိပ်မဝေးသဖြင့် သူတို့ လူတစ်စုက တိုက်ရိုက်ပင် လမ်းလျှောက်ပြန်ခဲ့ကြသည်။ ဝမ်မင်ကျွင်းနှင့် သူမ၏ခင်ပွန်းလည်း ရောက်လာကြပြီး သူတို့နှစ်ဦး အနောက်တွင် လျှောက်လာကြသည်။ လူကျားကျင်းက စောစောက ယောက္ခမဖြစ်သူက လီရှောင်း ဇနီးမောင်နှံကို မြွေရေခွံအိတ် တစ်ဝက်စာ ပစ္စည်းများ ပေးလိုက်သည်ကို တွေးမိသောအခါ မနေနိုင်ဘဲ ပြောလိုက်လေသည်။

"မင်းအမေက ဘယ်လိုဖြစ်လို့ အပြင်လူကို မင်းထက်တောင် ပိုကောင်းနေရတာလဲ။ အဲ့ဒီလောက် အများကြီး ပေးလိုက်တာ၊ ပြီးခဲ့တဲ့တစ်ခေါက် ငါတို့ ပြန်လာတုန်းကတောင် အဲ့ဒီလောက် မရခဲ့ဘူး"

ဝမ်မင်ကျွင်း ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်လေသည်။

"ဒီလို ပြောလို့မရပါဘူး၊ ကျန်းရိုတို့ ပြန်လာတော့ ငါ့အဖေနဲ့ အမေအတွက် ပစ္စည်းကောင်းတွေ အများကြီး ဝယ်လာတာပဲလေ၊ အဲ့ဒီအထဲမှာ ငှက်သိုက်နဲ့ ကမာကောင်တွေတောင် ပါသေးတယ်"

ဤပစ္စည်းများမှာ တစ်ချက်ကြည့်ရုံဖြင့် ဈေးမပေါကြောင်း သိသာလှလေသည်။

လူကျားကျင်းမှာ အနည်းငယ် မသက်မသာ ဖြစ်နေဆဲပင်။

"ဒီလိုဆိုရင်တောင် အပြင်လူကို မျက်နှာလိုက်ဖို့ မလိုပါဘူး။ အပြင်လူက ဘယ်လောက်ပဲ ကောင်းကောင်း သမီးအရင်းလောက် ရင်းနှီးပါ့မလား"

ဝမ်မင်ကျွင်းလည်း သူမ၏မိခင်က ကျန်းရိုအပေါ် အထူးကောင်းမွန်နေကြောင်း ခံစားမိလေသည်။ သူမနှင့် နှိုင်းယှဉ်လျှင်ပင် မညံ့တော့ပေ။ နေ့တိုင်း နံနက်ပိုင်း ထမင်းဟင်းများ ချက်ပြုတ်ကာ ဘေးအိမ်သို့ သွားပို့ပေးပြီး အန်းအန်းအတွက်လည်း သိုးမွေးအင်္ကျီ နှစ်ထည်ပင် ထိုးပေးသေးရာ အားလုံးက သိုးမွေးကောင်းများ ဖြစ်လေသည်။

လူကျားကျင်း၏ အသံမှာ တကူးတက နှိမ့်ထားခြင်းမရှိဘဲ ယောက္ခမဖြစ်သူကို ကြားစေချင်၍ ဖြစ်ပုံရလေသည်။

ရှေ့မှ လျှောက်နေသော အဒေါ်ဝမ်က တကယ်ပင် ကြားသွားပြီး ခြေလှမ်းရပ်တန့်ကာ နောက်လှည့်၍ သမီးဖြစ်သူကို ဆဲဆိုလေတော့သည်။

"နင် စာသင်လာတာ ခွေးဗိုက်ထဲ ရောက်သွားပြီလို့ ငါထင်တယ်။ ကျားကျင်း မသိတာ ထားလိုက်ပါတော့၊ နင့်စိတ်ထဲမှာ မသိဘူးလား။ နင့်အဖေ အဲ့ဒီတုန်းကသာ လီရှောင်း မရှိရင် လူတောင် ရှိတော့မှာ မဟုတ်ဘူး၊ ငါက ကျန်းရိုတို့ကို ပိုကောင်းပေးတာ ဘာဖြစ်လို့လဲ။ အဲ့ဒီပစ္စည်းတွေ အကုန်ပေါင်းလိုက်ရင်တောင် ကျန်းရို ငါတို့ကို ပေးတဲ့ဟာရဲ့ တစ်ဝက်လောက်တောင် ဈေးမကြီးဘူး။ နင် အဲ့ဒီတုန်းက အပြင်မှာ စာသင်နေတုန်း၊ နင့်ဆီကို ဖုန်းဆယ်ခါလောက် ဆက်တာ တစ်ခါမှ မကိုင်ဘူး၊ အကုန်လုံး လီရှောင်း တစ်ယောက်တည်း ကူညီပေးခဲ့တာပဲ။ ညတွင်းချင်း နင့်အဖေကို မြို့ပေါ်က ဆေးရုံဆီ ပို့ပေးခဲ့တာ၊ အဲ့ဒီရက်တွေမှာလည်း သူ ရှိနေလို့သာ ငါ တောင့်ခံနိုင်ခဲ့တာ။ တစ်ခန်းတည်း လူနာအဘွားကြီးနဲ့ ဆေးရုံက သူနာပြု၊ ဆရာဝန်တွေ အကုန်လုံးက သူ့ကို ငါ့သားအရင်းလို့တောင် ထင်နေကြတာ"

"လီရှောင်းနဲ့ ကျန်းရိုက ငါ့ရဲ့ သားသမီးအရင်းတွေ မဟုတ်ပေမဲ့ နင့်ထက် နည်းနည်းလေးမှ မညံ့ဘူး။ နောက်ဆိုရင် ဒီစကားတွေပြောတာ ငါ့ကို ပေးမကြားနဲ့တော့၊ မဟုတ်ရင် နောက်ကြရင် နင်တို့ ပြန်မလာနဲ့တော့။ ငါက နင်တို့လောက် စာမတတ်ပေမဲ့ လူလုပ်ရင် ကျေးဇူးမကန်းရဘူး ဆိုတာကိုတော့ သိတယ်"

ပြောပြီးနောက် မျက်နှာထား တင်းမာစွာဖြင့် ဘေးရှိ ဦးလေးဝမ်ကို ဆွဲကာ လှည့်၍ ထွက်သွားလေတော့သည်။

ယခုတစ်ကြိမ်တွင် ဦးလေးဝမ်က သမီးအရင်းကို မကူညီတော့ပေ။ စိတ်ထဲတွင် ကိုယ့်သမီးကို သေချာ မဆုံးမနိုင်ခဲ့ဟု ထင်မိလေသည်။ နားယောင်လွယ်ပြီး သူများ ဘာပြောပြော ယုံကြည်ကာ စိတ်သဘောထား သေးသိမ်သော သမက်ကို ရှာထားမိလေသည်။

ဝမ်မင်ကျွင်းမှာ အဆဲခံရသဖြင့် မျက်နှာများ နီရဲလာလေသည်။ သူမ၏မိခင်ကသာ မပြောလျှင် သူမ ဤကိစ္စကိုပင် မေ့လုနီးပါး ဖြစ်နေလေပြီ။

ကလေးကိုချီကာ အလျင်အမြန် လိုက်သွားပြီး စိုးရိမ်တကြီး အော်ခေါ်လိုက်လေသည်။

"အမေ"

အနောက်မှ လူကျားကျင်း၏ မျက်နှာထားမှာ အနည်းငယ် ရှက်ရွံ့နေလေသည်။ ယောက္ခမဖြစ်သူက အပြင်ပန်းတွင် သမီးကို ဆဲနေသော်လည်း၊ တကယ်တမ်းတွင် သူ့ကို ဆဲနေခြင်းဖြစ်ကြောင်း သိလေသည်။

သူက ဝမ်မင်ကျွင်းအပေါ် ဒေါသထွက်ရဲသော်လည်း သြဇာကြီးမားသော ယောက္ခမအပေါ်တွင်မူ အနည်းငယ် မရဲတော့ပေ။

…..

ရထား သုံးရက်စီးပြီးနောက် မိသားစုသုံးယောက် နောက်ဆုံးတွင် အိမ်သို့ ပြန်ရောက်လာကြလေသည်။

ဇာတိနှင့် ဤဘက်ရှိ အပူချိန်ကွာဟချက် ကြီးမားလွန်း၍လားမသိ၊ အန်းအန်းက ပြန်ရောက်သော ညမှာပင် ဖျားနာလေတော့သည်။ အစပိုင်းတွင် နှာရည်အနည်းငယ်ကျပြီးနောက် ညဘက်တွင် စတင်၍ အဖျားတက်လာလေသည်။

အန်းအန်းက ညဘက်အိပ်လျှင် စောင်ကန်လေ့ရှိရာ၊ ကျန်းရိုနှင့် လီရှောင်းတို့က သန်းခေါင်ယံတွင် ထ၍ သွားကြည့်လေ့ရှိကြသည်။ ကျန်းရို ထိုနေ့ညက သွားကြည့်ချိန်တွင် အန်းအန်း အိပ်ရေးမဝဘဲ ညည်းတွားနေကာ အလွန်နေရခက်နေသည့် ပုံစံရှိကြောင်း တွေ့ရှိလိုက်ရလေသည်။

ကျန်းရိုက သူမ၏နဖူးကို စမ်းကြည့်လိုက်ရာ လန့်သွားပြီး မျက်နှာချင်းဆိုင် အခန်းရှိ လီရှောင်းကို ချက်ချင်း လှမ်းခေါ်ကာ အပူချိန်တိုင်းကိရိယာ ယူလာရန် ပြောလိုက်လေသည်။

လီရှောင်း အသံကြားသောအခါ အပူချိန်တိုင်းကိရိယာ ယူလာပြီး အပူချိန်တိုင်းကြည့်ရာ ၃၉.၇ ဒီဂရီ ရှိနေပြီး အဖျားကြီးသည့် အဆင့်သို့ ရောက်နေလေပြီ။

သူက အိမ်သုံး အရေးပေါ်ဆေးသေတ္တာထဲမှ အရက်ပြန်ကိုဖွင့်ကာ ပဝါကိုစွတ်၍ အန်းအန်း၏ နဖူး၊ လည်ပင်း၊ လက်သေးသေးလေးများနှင့် ခြေထောက်လေးများကို သုတ်ပေးလေသည်။ ကျန်းရို ဆေးပညာသင်ယူနေသည်မှာ နှစ်အတော်ကြာပြီဖြစ်ရာ သူလည်း လိုက်၍ အနည်းငယ် တတ်ကျွမ်းနေပြီဖြစ်သည်။

ကျန်းရိုက အန်းအန်းကို သွေးခုန်နှုန်း စမ်းသပ်ပေးနေသည်။ စမ်းကြည့်ရသည်မှာ သွေးခုန်နှုန်းက နစ်နေပြီး နှေးကွေးနေရာ၊ ဇာတိသို့ ပြန်ရောက်ပြီးနောက် အအေးဓာတ် ဝင်သွားခြင်း ဖြစ်ပုံရလေသည်။ လွန်ခဲ့သောရက်အနည်းငယ်က အလွန်အမင်း စိတ်လှုပ်ရှားစွာ ကစားခဲ့ပြီး၊ ယနေ့ ပြန်ရောက်လာသောအခါ စိတ်အခြေအနေက ရုတ်တရက် ပြေလျော့သွားသဖြင့် ပေါက်ကွဲထွက်လာခြင်း ဖြစ်လေသည်။

ကျန်းရိုက သူမ သင်ယူထားသော ဆေးပညာက အဆင့်မမီမည်ကို စိုးရိမ်သဖြင့် လီရှောင်းကို အလျင်အမြန် ကားသွားထုတ်ခိုင်းကာ အန်းအန်းကို ဆေးရုံသို့ ခေါ်သွားပြရန် ပြောလိုက်လေသည်။

လီရှောင်းက စကားတစ်ခွန်းမျှ မဆိုဘဲ လှည့်၍ အပြင်ထွက်သွားလေသည်။

ကျန်းရိုက အန်းအန်းကို စောင်ဖြင့် ပတ်ကာ ချီပြီး အနောက်မှ လိုက်လာခဲ့သည်။ အပေါ်ထပ်မှ လီရှင်းက လှုပ်ရှားသံများကို ကြားသဖြင့် ဆင်းလာကြည့်ရာ၊ သူတို့ အပြင်ထွက်မည့် ပုံစံကို မြင်သောအခါ အလျင်အမြန် မေးလိုက်လေသည်။

"ဘာဖြစ်လို့လဲ"

ကျန်းရိုက ပြောလိုက်လေသည်။

"အန်းအန်း ဖျားနေလို့လေ၊ ငါနဲ့ နင့်ယောက်ဖက သူ့ကို ဆေးရုံ သွားပြမလို့ပါ၊ ပြဿနာ သိပ်မကြီးပါဘူး၊ နင် ပြန်အိပ်တော့"

လီရှင်းက ခေါင်းညိတ်လိုက်သော်လည်း မသွားဘဲ သူတို့ကို တံခါးဝအထိ လိုက်ပို့ပေးလေသည်။

…..

ကျန်းရိုနှင့် လီရှောင်းတို့ ကားမောင်း၍ အန်းအန်းကို ဆေးရုံသို့ ပို့ဆောင်ကာ စစ်ဆေးမှုအချို့ ပြုလုပ်ပြီးနောက် ဆေးရည် နှစ်နာရီကြာ ချိတ်ပေးရလေသည်။

ဆေးရုံမှ ထွက်လာချိန်တွင် နံနက် ၃ နာရီကျော်နေပြီဖြစ်သည်။ အန်းအန်းက ဆေးထိုးရသည်ကို ကြောက်သဖြင့် ဆေးရည်ချိတ်ချိန်တွင် ခဏငိုထားရာ ယခု မျက်လုံးများ နီရဲနေပြီး လူတစ်ကိုယ်လုံး ကျန်းရို၏ ရင်ခွင်ထဲတွင် ကျုံ့နေလေသည်။ ယခု ဆေးရုံမှ ထွက်လာပြီဖြစ်ရာ မကြောက်တော့ဘဲ မေးချင်စိတ်ပင် ပေါ်လာသေးလေသည်။

"မာမား၊ သမီး နေမကောင်းဖြစ်နေတော့ နောက်ရက်နည်းနည်းနေရင် ကျောင်းသွားစရာ မလိုတော့ဘူးလားဟင်"

"......"

ရှေ့မှ လျှောက်နေသော လီရှောင်းလည်း ကြားသွားပြီး မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"သမီး ကျောင်းဖွင့်တဲ့အချိန်ကျရင် ရောဂါက စောစောကတည်းက ပျောက်နေပြီ၊ ကျောင်းသွားရမှာကတော့ သွားရမှာပဲ"

အန်းအန်းက အနည်းငယ် မပျော်မရွှင်ဖြင့် နှုတ်ခမ်းကို စူလိုက်လေသည်။

"နောက်ရက်နည်းနည်း နောက်ကျမှ နေမကောင်းဖြစ်ရင် သိပ်ကောင်းမှာပဲ"

ကျန်းရိုက ဒေါသတကြီးဖြင့် သူမ၏ နှာခေါင်းလေးကို ညှစ်လိုက်လေသည်။

"ဆေးထိုးအပ် နောက်ထပ်နည်းနည်းလောက် ထပ်ထိုးသင့်တယ်"

…..

နောက်ရက်အနည်းငယ်အတွင်း အန်းအန်းက အိမ်တွင် လိမ်မာစွာဖြင့် ရောဂါကုသနေရသည်။ ဤရောဂါက အလွန်ပြင်းထန်ပြီး အကြိမ်ကြိမ်ပြန်ဖြစ်နေသဖြင့် ရက်အတော်ကြာ ဆေးရည်ချိတ်ပြီးမှသာ ပျောက်ကင်းသွားလေသည်။ အဖျား လုံးဝ ကျသွားပြီးနောက် အန်းအန်းမှာ ပေါင်အနည်းငယ်လောက် ပိန်သွားသကဲ့သို့ ထင်ရလေသည်။

မည်သို့ပင်ဖြစ်စေ လီရှောင်း၏အမြင်တွင်မူ အလွန်ဆိုးရွားပြီး သမီးဖြစ်သူ၏ မျက်နှာလေးပင် သေးသွားသည်ဟု ထင်နေလေသည်။

ပါးစပ်မှ မှတ်ကရောဟု ပြောနေသော်လည်း တကယ်တမ်း ဘယ်လောက် ရင်နာနေသလဲဆိုတာကို သူ ကိုယ်တိုင်သာ သိလေသည်။ နေ့တိုင်း စောစောထ၍ သမီးဖြစ်သူအတွက် စားကောင်းသောက်ဖွယ်များ လုပ်ပေးပြီး၊ ကြက်ပေါင်းရည်ရော သိုးသားပေါင်းပါ ကလေးကို အားဖြည့်ပေးရန် ပြုလုပ်ပေးလေသည်။

အလိုလိုက်ထားသဖြင့် ကလေးမလေးမှာ အနည်းငယ် အတင့်ရဲလာပြီး ပါပါးကို သူမ၏အခန်းထဲတွင် တီဗွီတစ်လုံး ဝယ်ထားပေးရန် တောင်းဆိုလေတော့သည်။

အဲ့ဒါ ဘယ်ဖြစ်မလဲ။

တကယ်လို့ သူမ၏ အခန်းထဲတွင် တီဗွီ တစ်လုံး ထားပေးလိုက်ပါက ညဘက် သေချာပေါက် အိပ်တော့မည် မဟုတ်ပေ။

ယမန်နှစ်ကကဲ့သို့ပင် သူမက ညသန်းခေါင်ကြီး မအိပ်ဘဲ တစ်ယောက်တည်း တိတ်တဆိတ် ထလာကာ အောက်ထပ်သို့ဆင်း၍ တီဗွီ သွားကြည့်လေသည်။ လီရှောင်းက အိပ်ရေးဆတ်သဖြင့် လှုပ်ရှားသံကို ကြားကာ အောက်သို့ ဆင်းကြည့်လိုက်၍သာ မဟုတ်ပါက၊ သူမတွင် ဤမျှ အရည်အချင်းရှိမှန်း သိမည်မဟုတ်ပေ။

ဒါကြောင့် နေ့တိုင်း မနက်ပိုင်း အိပ်ရာထ မထနိုင်တာ မဆန်းပါဘူး၊ ဒီကိစ္စကို သူမ ဘယ်လောက်ကြာအောင် လုပ်ခဲ့လဲ မသိဘူး။

ထိုအချိန်မှစ၍ လီရှောင်းက ညအိပ်ရာမဝင်မီ တီဗွီ အနောက်ဘက်ရှိ ကြိုးများကို ဖြုတ်ထားတော့လေသည်။

……

ယွမ်ရှောင်းပွဲတော် (မီးပုံးပွဲတော်) မတိုင်မီ တစ်ရက်အလိုတွင် ကျင်းတာ့ယိုတို့လည်း ရောက်လာကြသည်။ ကျင်းတာ့ယိုက သူ့မိခင်ကို ဒီဘက်သို့ အရင်လာပို့လေသည်။ ဒေါ်လေးကျီက ကျိုးမားနှင့် ဆက်ဆံရေး ကောင်းမွန်ပြီး၊ အတူတကွ ကြက်များနှင့် ကောက်ပဲသီးနှံများကို အများအပြား မွေးမြူစိုက်ပျိုးထားကြရာ၊ သူတို့နှစ်ဦးမှာ ယခုအခါ မခွဲခွာရက်အောင် ဖြစ်နေကြလေပြီ။

ကျိုးမားက မရောက်လာသေးသဖြင့် ဤရက်ပိုင်းအတွင်း ဒေါ်လေးကျီက ကျန်းရိုတို့အိမ်တွင် နေထိုင်လေသည်။ ကျင်းတာ့ယိုက ရှန်ဟယ်နှင့် ရှန်ဟယ်၏မွေးစားမိဘများကို အိမ်ပြန်ပို့ပေးရန် သွားရောက်ခဲ့ပြီး၊ ရှန်ဟယ်တို့အိမ်တွင် တစ်ည အိပ်ခဲ့သေးသည်။ တုံမင်မင်၏မိခင်က သူ့ကို အလွန် သဘောကျပြီး သူ့ကို အောင်သွယ်ပေးချင်နေကာ၊ သူမတွင် တူမလေးတစ်ယောက် ရှိကြောင်း၊ တော်တော်လေး ကောင်းကြောင်း ပြောလေရာ၊ ကျင်းတာ့ယိုမှာ လန့်သွားပြီး လီရှောင်းတို့အိမ်သို့ ပြေးလာကာ ပုန်းအောင်းနေရလေတော့သည်။

လီရှောင်းတို့အိမ်သို့ ရောက်ရှိသွားသောအခါ ချက်ချင်းပင် အများကြီး သက်သာရာ ရသွားလေသည်။

ရှန်ဟယ်က သူ့အစ်ကိုအရင်း ဖြစ်သော်လည်း၊ ကြားထဲတွင် အနှစ်နှစ်ဆယ်ကြာ ဟာလာဟင်းလင်း ဖြစ်နေခဲ့သဖြင့် ချက်ချင်းကြီး ရင်းနှီး၍ မရနိုင်သေးပေ။ လီရှောင်းနှင့် ကျန်းရိုတို့နှင့် မတူပေ။ သူ့အတွက်တော့ အစ်ကိုအရင်း၊ မရီးအရင်းများနှင့် မခြားတော့ပေ။

သူ ရောက်လာသောအခါ လီရှောင်းလည်း သူ့ကို အားနာမနေဘဲ တစ်နေ့ သုံးနပ်လုံးကို တာဝန်ယူခိုင်းလိုက်လေသည်။ အန်းအန်းက သူလုပ်သော ထမင်းဟင်းများကို အကြိုက်ဆုံး ဖြစ်နေသောကြောင့် ဖြစ်လေသည်။

အန်းအန်းက ထမင်းစားပွဲတွင် ထိုင်ကာ အရသာရှိသော ထမင်းဟင်းများကို စားရင်း ရုတ်တရက် စကားစလာလေသည်။

"ဦးဦးတာ့ယို၊ သမီး ကြီးလာရင် ဦးဦးကို ယူမယ်"

"......"

ထိုစကားကို ကြားသောအခါ ထမင်းစားပွဲပေါ်ရှိ လူအားလုံး အံ့အားသင့်သွားကြလေသည်။

အထူးသဖြင့် လီရှောင်းဖြစ်သည်။ ခဏမျှ အံ့အားသင့်သွားပြီးနောက် မျက်နှာက ချက်ချင်း မည်းမှောင်သွားကာ ခေါင်းလှည့်၍ ကျင်းတာ့ယိုကို အန္တရာယ်ရှိသော အကြည့်ဖြင့် ကြည့်လိုက်လေသည်။

ကျင်းတာ့ယိုမှာ လန့်သွားပြီး ချောင်းဆိုးသွားကာ အလျင်အမြန် ရှင်းပြလေသည်။

"ကျွန်တော်နဲ့ မဆိုင်ဘူးနော်၊ ကျွန်တော် ဘာမှ မလုပ်ထားဘူး"

လီရှောင်းက အန်းအန်းကို ပြန်ကြည့်ကာ ဒေါသကို ကြိုးစားဖိနှိပ်လျက် ပြောလိုက်လေသည်။

"သမီးက ဘယ်လောက်မှ မရှိသေးဘူး၊ အိမ်ထောင်ပြုဖို့ တွေးနေပြီလား။ သမီး ကြီးလာတဲ့အချိန်ကျရင် သမီးရဲ့ ဦးဦးတာ့ယိုက အဘိုးကြီး ဖြစ်နေပြီ၊ အဘိုးကြီးဆိုတာ သိတယ်မလား။ နှစ်သစ်ကူးတုန်းက သမီး တွေ့ခဲ့ရတဲ့ အဘိုးဝမ် လိုမျိုးပေါ့"

အန်းအန်းက ခေါင်းလေးစောင်းကာ အဘိုးဝမ်၏ ပုံစံကို စဉ်းစားကြည့်လိုက်သည်။ ခေါင်းလယ်တွင် ပြောင်နေပြီး၊ အသားအရေက မည်းမည်းနှင့်၊ ဗိုက်က အကြီးကြီးဖြစ်သည်။ ထို့နောက် ချောမောသော ဦးဦးတာ့ယိုကို ပြန်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် အနည်းငယ် တွေဝေသွားလေသည်။

"ဒါပေမဲ့ ဦးဦးတာ့ယိုက ထမင်းချက်တာ စားလို့ကောင်းတယ်လေ"

"......"

သူမထက် အစားမက်သော ကလေးမျိုး တစ်ခါမှ မမြင်ဖူးခဲ့ပေ။

လီရှောင်း အနည်းငယ် ခေါင်းကိုက်သွားလေသည်။

"လောကကြီးမှာ ထမင်းချက်တတ်တာ သမီးရဲ့ ဦးဦးတာ့ယို တစ်ယောက်တည်းမှ မဟုတ်တာ"

ကျန်းရိုက ပြုံးလျက် ဘေးမှနေ၍ ထောက်ခံလေသည်။

"ဟုတ်တယ်လေ၊ သမီး နောက်ကြရင် ထမင်းချက်တာ ပိုကောင်းတဲ့ ကောင်လေးနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ"

အန်းအန်းက နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပါပါး မာမားတို့ကို တစ်ချက်ကြည့်လိုက်၊ ကျင်းတာ့ယိုကို တစ်ချက်ကြည့်လိုက်ဖြင့် တွေဝေနေပုံရကာ၊ နောက်ဆုံးတွင် ဘာကို တွေးမိသွားသည်မသိ၊ ရုတ်တရက် မျက်လုံးများ တောက်ပသွားလေသည်။

"အဲ့ဒါဆိုရင် ဒေါ်လေးကို ဦးဦးတာ့ယိုနဲ့ ပေးစားလိုက်မယ်၊ အဲ့ဒါဆိုရင် သမီး အကုန်လုံး စားလို့ရပြီပေါ့"

"......"

ကျန်းရို ကြားပြီး ငိုရခက်ရယ်ရခက် ဖြစ်သွားလေသည်။ ဤကလေးက တကယ်ကို လောဘကြီးလှသည်။ စားကောင်းတာလေး စားရဖို့အတွက် အဒေါ်အရင်းကိုတောင် တွန်းထုတ်လိုက်သေးလေသည်။

လီရှင်းက ထိုစကားကို ကြားသောအခါ မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"နင်ကတော့ ငါ့ရဲ့ တူမကောင်းလေး တကယ် ဟုတ်ပါတယ်"

အန်းအန်းက ဟီးဟီးဟီး ရယ်မောနေပြီး၊ ဒေါ်လေးက သူမကို ချီးကျူးနေသည်ဟုပင် ထင်မှတ်နေလေသည်။

ကျင်းတာ့ယိုက မျက်နှာချင်းဆိုင်ရှိ လီရှင်းကို တစ်ချက် ကြည့်လိုက်ပြီး မျက်လွှာချကာ ထမင်းစားနေလေသည်။ စကားမပြောသော်လည်း နားရွက်များက အနည်းငယ် နီရဲနေလေသည်။

ယွမ်ရှောင်းပွဲတော် (မီးပုံးပွဲတော်) နေ့ ညဘက်တွင် မိသားစုတစ်ခုလုံး စောစောစီးစီး ထမင်းစားပြီးနောက်၊ ည ၇ နာရီကျော်တွင် ကျန်းရိုနှင့် လီရှောင်းတို့က ကျင်းတာ့ယိုနှင့် လီရှင်းတို့ကို လေဆိပ်သို့ လိုက်ပို့ပေးကြသည်။ သူတို့နှစ်ဦး ကျောင်းပြန်ရတော့မည် ဖြစ်လေသည်။

ရှန်ဟယ်နှင့် တုံမင်မင်တို့လည်း ရောက်လာကြပြီး ဇနီးမောင်နှံနှစ်ဦးက ပစ္စည်းအများအပြား ယူလာကာ ကျင်းတာ့ယိုကို သယ်သွားခိုင်းလေသည်။

ကျင်းတာ့ယိုနှင့် လီရှင်းတို့ကို လိုက်ပို့ပြီးနောက် အန်းအန်း ကျောင်းဖွင့်တော့မည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ကျန်းရို၏ ရေးဖြေစာမေးပွဲ ရလဒ်များထွက်ပေါ်လာပြီး အဆင့် ၂ ဖြင့် အောင်မြင်သွားခဲ့လေသည်။

ကျောင်းမဖွင့်မီတွင် လီရှောင်း၏ ကျေးဇူးရှင် သူဌေးယို ပြဿနာတက်သွားလေသည်။

***

All Chapters