← Chapters

အခန်း (၇၉-၈၀-အချပ်ပို ၁)

Vol. 6 Ch. 79-80-Extra 1

အခန်း (၇၉-၈၀-အချပ်ပို ၁)

Vol. 6 Ch. 79-80-Extra 1

အခန်း (၇၉)

လီရှောင်းက ပြောသည့်အတိုင်း လုပ်ဆောင်ခဲ့သည်။ အန်းအန်း အိမ်ပြန်ရောက်ပြီး နောက်တစ်နေ့တွင်ပင် သူမကို နိုင်ငံ r သို့ ပို့ဆောင်ပေးရန် လူစီစဉ်ပေးလိုက်လေသည်။

ထိုနေရာသို့ ရောက်ရှိသွားပြီးနောက် အန်းအန်းက ကျန်းရိုထံသို့ တစ်နေ့လျှင် ဗီဒီယိုခေါ်ဆိုမှု အများအပြား ခေါ်ဆိုလေ့ရှိပြီး နေ့တိုင်း အလွန်ပျော်ရွှင်စွာ ကစားနေလေသည်။ လဲ့လဲ့က သူမကို ကျောင်းသို့ပင် အတူတကွ ခေါ်သွားသေးရာ သူငယ်ချင်းသစ် အချို့ကိုပင် ရရှိခဲ့လေသည်။

ထိုနေရာတွင် သူမက နိုင်ငံခြားသူ ဖြစ်သွားသဖြင့် အားလုံးက သူမနှင့် ကစားချင်ကြလေသည်။

စကားနားမလည်သည်မှာ ပြဿနာဖြစ်သော်လည်း လဲ့လဲ့က နိုင်ငံ r ဘာသာစကား အနည်းငယ် တတ်ကျွမ်းထားသဖြင့် သူမအတွက် စကားပြန်အဖြစ် အားတင်း၍ လုပ်ပေးလေသည်။

…..

ကျဉ်းမြောင်းသော အခန်းငယ်လေး တစ်ခန်းအတွင်း။

မိသားစုသုံးယောက် စားပွဲတွင် ဝိုင်းထိုင်၍ ထမင်းစားနေကြသည်။ သုံးယောက်စလုံး ခေါင်းငုံ့ထားကြပြီး စကားတစ်ခွန်းမျှ မပြောကြရာ အပ်ကျသံကိုပင် ကြားရလောက်အောင် တိတ်ဆိတ်နေလေသည်။

ရုတ်တရက် ဧည့်ခန်းထဲမှ ဖုန်းက ကျယ်လောင်စွာ မြည်လာရာ စူးရှသော အသံကြောင့် သုံးယောက်စလုံး လန့်သွားကြလေသည်။

အမျိုးသားဖြစ်သူက တွေဝေစွာဖြင့် ထ၍ ဖုန်းသွားကိုင်လေသည်။ သူက စကားမပြောဘဲ အသက်ရှူသံသာ အနည်းငယ် ပြင်းနေပြီး တစ်စုံတစ်ရာကို ကြောက်ရွံ့နေသည့်ပုံစံ ရှိလေသည်။

ဖုန်းထဲမှ လူက သူ့အသက်ရှူသံကို ကြားသောအခါ တက်ကြွစွာဖြင့် စကားစလာလေသည်။

"ကျိုးတန်းတန်း မိသားစုလား။ မင်္ဂလာပါ၊ ခင်ဗျားတို့နဲ့ အရောင်းအဝယ်တစ်ခု လုပ်ချင်လို့ပါ......"

တစ်ဖက်လူက လှည့်ပတ်ပြောမနေဘဲ သူ့ရည်ရွယ်ချက်ကို ဖုန်းထဲတွင် တိုက်ရိုက်ပင် ပြောပြလေသည်။ သူတို့ သမီးအတွက် မျက်နှာပြင်ဆင်ခွဲစိတ်မှု ပြုလုပ်ပေးရန် ငွေထုတ်ပေးမည်ဖြစ်ပြီး၊ ကိစ္စပြီးဆုံးသွားပါက သူတို့ ကောင်းမွန်စွာ နေထိုင်နိုင်ရန် ငွေကြေးတစ်ရပ်ကိုပါ လက်ဆောင်အဖြစ် ပေးမည်ဖြစ်ကြောင်း၊ သူတို့ဘက်မှ လုပ်ဆောင်ပေးရန် လိုအပ်သည်မှာ ဝမ်မိသားစု၏ကိစ္စများကို ထွက်၍ ဖွင့်ချပေးရန်သာဖြစ်ကြောင်း ပြောလေသည်။

အမျိုးသားဖြစ်သူက ထိုစကားကို ကြားသောအခါ ထုံပေပေဖြစ်နေသော မျက်နှာပေါ်မှ မျက်လုံးများ လှုပ်ရှားသွားသော်လည်း မယုံကြည်ပေ။ ခေတ္တတိတ်ဆိတ်သွားပြီးနောက် ပြောလိုက်လေသည်။

"တောင်းပန်ပါတယ်၊ ကျွန်တော်တို့ မိသားစုက ထပ်ပြီး ဒုက္ခမခံနိုင်တော့ပါဘူး၊ ကောင်းကောင်းမွန်မွန်ပဲ နေချင်ပါတော့တယ်"

တစ်ဖက်လူက နားမလည်သကဲ့သို့ ဆက်ပြောလေသည်။

"ကျွန်တော် ခင်ဗျားအကောင့်ထဲကို ယွမ်တစ်သိန်း လွှဲပေးထားတယ်။ ကိစ္စပြီးရင် ခင်ဗျားသမီးကို နိုင်ငံခြားပို့ပြီး ကုသပေးမယ်။ ခင်ဗျားတို့ မိသားစုက လူကိုယ်တိုင် ထွက်လာပေးဖို့ပဲ လိုတယ်။ သေချာ စဉ်းစားပါ၊ နှစ်ရက်နေရင် ကျွန်တော် ပြန်ဆက်သွယ်ပါ့မယ်"

ပြောပြီးနောက် တစ်ဖက်လူက ဖုန်းချသွားလေသည်။

အမျိုးသားဖြစ်သူ ကြောင်အမ်းအမ်းဖြစ်သွားပြီး ဖုန်းကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်လိုက်လေသည်။ ထမင်းစားပွဲသို့ ပြန်ရောက်သောအခါ ဘေးမှ လူလတ်ပိုင်း အမျိုးသမီးက ဘာဖြစ်တာလဲဟု မေးလိုက်လေသည်။

အမျိုးသားဖြစ်သူက သူမကို တစ်ချက်ကြည့်လိုက်ပြီးနောက် စောစောက ဖုန်းထဲမှ လူပြောသွားသော ကိစ္စများကို သူမအား ပြောပြလိုက်လေသည်။

အမျိုးသမီးက ကြားသည်နှင့် မျက်ရည်များ စီးကျလာပြီး စဉ်းစားပင်မစဉ်းစားဘဲ ပြောလိုက်လေသည်။

"သူပြောတာကို နားထောင်လိုက်၊ ကျွန်မတို့ ပူးပေါင်းကြမယ်။ ဒီထက် ပိုဆိုးနိုင်ဦးမှာမို့လို့လား။ သေရမယ်ဆိုရင်တောင် အဲ့ဒီ တိရစ္ဆာန်လေးကို အသေခံ အဖော်ခေါ်သွားဦးမယ်"

ခေါင်းငုံ့ကာ တိတ်ဆိတ်စွာ ထမင်းစားနေသော မိန်းကလေးက လက်ထဲရှိ တူကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး အက်ရှပျက်စီးနေသော အသံဖြင့် ပြောလိုက်လေသည်။

"ဖေဖေ၊ သဘောတူလိုက်ပါ။ ပိုက်ဆံမရရင်တောင် သမီး သဘောတူတယ်၊ သမီး ကိုယ့်အတွက် တရားမျှတမှုကို တောင်းဆိုချင်တယ်"

အမျိုးသားဖြစ်သူက ပျက်စီးရုပ်ဆိုးနေသော သမီးဖြစ်သူ၏မျက်နှာကို ကြည့်ကာ ရင်ထဲတွင် ဆို့နင့်သွားပြီး မျက်လုံးများ နီရဲလျက် အင်းဟု ပြန်ဖြေလိုက်လေသည်။

…..

လဝက်အကြာတွင်၊ တစ်နေ့ နံနက်ပိုင်း၌ လီရှောင်းက s မြို့၏ ဒေသတွင်းသတင်းများကို ရုတ်တရက် ကြည့်ချင်သည်ဟု ဆိုလေသည်။ ခဏကြည့်ပြီးနောက် ကျန်းရိုက ကြယ်ငါးပွင့် ဟိုတယ်တံခါးဝတွင် မစင်ပက်ခံရသော သတင်းတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

ဟိုတယ်တံခါးဝတွင် "မွေးစားသား ဝမ်ပေထန်က အစ်ကိုကြီးကို နှင်ထုတ်ပြီး၊ ညီငယ်ကို သတ်ပစ်ခဲ့တယ်။ အခု သူ့သားက လူတွေရဲ့မျက်နှာကို ဖျက်ဆီးတာကိုတောင် အလိုလိုက်ထားသေးတယ်၊ အရမ်း အရှက်မရှိတာပဲ"၊ "ဝမ်ပေထန်၊ မင်း လိပ်ပြာသန့်ရဲ့လား" ဟူသော ဆိုင်းဘုတ်များကိုပါ ချိတ်ဆွဲထားလေသည်။

အနီရောင်နောက်ခံတွင် အဖြူရောင်စာလုံးများဖြင့် ရေးသားထားသော ဆိုင်းဘုတ်များစွာကို ဖြန့်ချထားရာ အပေါ်မှ စာလုံးများက အလွန်ထင်ရှားပေါ်လွင်နေလေသည်။ သတင်းထောက်များလည်း လာရောက်အင်တာဗျူးနေကြပြီး အလွန်ကြောက်စရာကောင်းသော မျက်နှာရှိသည့် မိန်းကလေးတစ်ဦးက ဆိုင်းဘုတ်ကိုကိုင်ကာ ကင်မရာရှေ့တွင် ငိုကြွေးနေလေသည်။

"ကျွန်မနာမည်က ကျိုးတန်းတန်း ပါ၊ မူလက တတိယအလယ်တန်းကျောင်းက ကျောင်းသူပါ။ ဒီဟိုတယ်ပိုင်ရှင်ရဲ့ သား ဝမ်ဟိုင်ပေါ်က ကျွန်မကို သဘောကျတယ်လို့ ပြောတယ်၊ ကျွန်မက လက်မခံတော့ သူက ကျွန်မကို ဆာလဖျူရစ်အက်ဆစ်နဲ့ ပက်ပြီး ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လုပ်ခဲ့တယ်။ ကျွန်မရဲ့မိဘတွေက တရားမျှတမှု တောင်းဆိုဖို့ သွားတော့၊ သူတို့ မိသားစုက အဆက်အသွယ်တွေကို သုံးပြီး ဒီကိစ္စကို ဖုံးဖိခဲ့တဲ့အပြင် ကျွန်မရဲ့မိဘတွေကိုပါ အလုပ်ပြုတ်အောင် လုပ်ခဲ့တယ်၊ ကျွန်မတို့ မိသားစုတစ်ခုလုံး အသက်ရှင်လို့မရအောင် ဖိအားပေးခဲ့တယ်......"

မိန်းကလေးက လက်ထဲရှိ ဆိုင်းဘုတ်ကို မြှောက်ကာ အသံကျယ်ကြီးဖြင့် ပြောလိုက်လေသည်။

"ဒါက ဝမ်မိသားစုရဲ့ မြေး ဝမ်ဟိုင်ပေါ်ပဲ"

ထို့နောက် အခြားတစ်ဖက်ကို လှည့်ပြလိုက်လေသည်။

"ဒါက ဝမ်ပေထန်ပဲ၊ သူက သားကို အလိုလိုက်ရုံတင်မကဘူး၊ သူကိုယ်တိုင်လည်း လူသတ်သမားပဲ။ သူက သူ့ညီကိုသတ်ပြီး မွေးစားအဖေမိသားစုရဲ့ ပိုင်ဆိုင်မှု အားလုံးကို လုယူခဲ့တာ။ ကျွန်မအဖေက သူ့ကို အမြဲတမ်း တိတ်တဆိတ် နောက်ယောင်ခံနေခဲ့တာ။ ဦးလေး ဝမ်လန်ရှန်း၊ ဦးလေးက ကိုယ့်သားကို သတ်ခဲ့တဲ့ လူသတ်သမားကို တကယ်ပဲ အကာအကွယ် ပေးတော့မလို့လား......"

တီဗွီက မျက်နှာဖုံးကွယ်ခြင်း မလုပ်ထားရာ လီရှောင်း ဘယ်လိုလုပ်လိုက်သည်မသိပေ။ ဆက်ကြည့်ရန် ပြင်လိုက်စဉ် တီဗွီမျက်နှာပြင်က ရုတ်တရက် မည်းမှောင်သွားလေသည်။

ချက်ချင်းပင် မနေနိုင်ဘဲ စိုးရိမ်တကြီးဖြင့် မေးလိုက်လေသည်။

"သူတို့ တစ်ခုခုများ ဖြစ်သွားမလား"

လီရှောင်း၏ သတ္တိက တကယ်ကို ကြီးမားလွန်းသည်၊ ဤမျှ တိုက်ရိုက်ကြီး ရင်ဆိုင်ရဲသည်ဟု ထင်မိလေသည်။

လီရှောင်းက အေးစက်စွာ နှာခေါင်းရှုံ့လိုက်လေသည်။

"ဘာမှမဖြစ်ဘူး၊ ကိုယ် အကုန် စီစဉ်ထားပြီးပြီ"

ပြောရင်းနှင့် မတ်တတ်ရပ်ကာ ဖုန်းထပ်ဆက်ရန် သွားလေသည်။

…..

ထို့နောက် နောက်တစ်နေ့တွင် လီရှောင်း ပြောပြ၍ ကျန်းရို ကြားသိရသည်မှာ၊ သူက လူမိုက်လေးတစ်စုကို ငှားရမ်းကာ ထိုမိသားစုသုံးယောက်နောက်သို့ လိုက်ပါစေပြီး ဝမ်မိသားစု ဟိုတယ်တံခါးဝတွင် ဆိုင်းဘုတ်များ ကိုင်ဆောင်၍ ဆန္ဒပြခိုင်းခဲ့ကြောင်း သိရလေသည်။

နောက်ဆုံးတွင် ဝမ်မိသားစု၏ သက်တော်စောင့်များက နှင်ထုတ်လိုက်သော်လည်း၊ ဤကိစ္စက အတော်လေး ကြီးကျယ်သွားခဲ့လေသည်။ အထူးသဖြင့် လီရှောင်းက ပိုက်ဆံအကုန်ခံရဲသဖြင့် ဒေသတွင်း သတင်းများတွင်ရော သတင်းစာများတွင်ပါ ပါလာခဲ့လေသည်။

ဝမ်မိသားစု၏အဖိုးကြီး မသေသေးသရွေ့ သေချာပေါက် ကြားသိရမည် ဖြစ်လေသည်။

ကျန်းရိုက စပ်စုစွာဖြင့် မေးလိုက်လေသည်။

"ဝမ်ပေထန်ရဲ့ အစ်ကိုနဲ့ ညီကို တကယ်ပဲ သူ သတ်ခဲ့တာလား"

လီရှောင်းက ပခုံးတွန့်ပြလိုက်လေသည်။

"ဘယ်သူ သိမလဲ"

သူက ပေါ့ပေါ့ပါးပါး အမူအရာဖြင့် ပြောလိုက်လေသည်။

"အမွေဆက်ခံသူတစ်ယောက်ကို လဲလှယ်ရတဲ့ တန်ဖိုးက အရမ်းကြီးလွန်းတယ်။ ဝမ်မိသားစုက အဲ့ဒီအဖိုးကြီးက မိန်းကလေးတစ်ယောက်အတွက်နဲ့ သူ့ရဲ့မွေးစားသားကို သေချာပေါက် စွန့်လွှတ်မှာ မဟုတ်ဘူး။ အလွန်ဆုံးက ဝမ်ဟိုင်ပေါ်ကို ဝမ်မိသားစုရဲ့ တံခါးဝကို ဝင်ခွင့်မပြုတော့တာလောက်ပဲ ရှိမှာပါ။ ဒါပေမဲ့ ဝမ်ပေထန် ရှိနေသရွေ့တော့ ဝမ်ဟိုင်ပေါ် ဆိုတဲ့ကောင်ရဲ့ နေ့ရက်တွေက သိပ်ဆိုးရွားမှာ မဟုတ်ဘူး၊ ဆက်ပြီး ရိုင်းစိုင်းမောက်မာနေဦးမှာပဲ။ တကယ်လို့ အန်းအန်းကို တစ်ချိန်လုံး လိုက်နှောင့်ယှက်နေရင် ဘယ်လိုလုပ်မလဲ။ ကိုယ် ယုယယုယ မွေးထားတဲ့ သမီးက ဒီကောင်စုတ် ဖျက်ဆီးဖို့ မဟုတ်ဘူး"

"ဒါပေမဲ့ မွေးစားသားက ဘယ်လိုလုပ် သားအရင်းကို မီနိုင်ပါ့မလဲ။ တကယ်လို့ အဖိုးကြီးက သူ့သားငယ်ရဲ့ ကားမတော်တဆမှုနဲ့ သားကြီး နှစ်ပေါင်းများစွာ အိမ်မပြန်တာတွေက ဝမ်ပေထန်နဲ့ ပတ်သက်နေတယ်လို့ သံသယဝင်သွားရင် ဘယ်လိုလုပ် ငြိမ်နေနိုင်တော့မှာလဲ"

"ဘာမှစုံစမ်းလို့မရရင်တောင်၊ သံသယမျိုးစေ့လေး ချထားလိုက်နိုင်ရင်ကိုပဲ အလွယ်တကူ နုတ်ပစ်လို့ မရနိုင်တော့ဘူးလေ"

လီရှောင်းက အမြစ်ပြတ်အောင်ရှင်းရမည့် သဘောတရားကို သေချာစွာ သိရှိထားသည်။ ဝမ်ဟိုင်ပေါ် ဤမျှ ရိုင်းစိုင်းမောက်မာနေခြင်းမှာ အနောက်တွင် သူ့ကို အားပေးထောက်ခံနေသော အဖေနှင့် ဝမ်မိသားစု ရှိနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် ဤကောင်လေးကို ရင်ဆိုင်ရာတွင် သူ့ကို ငိုယိုသွားအောင် ရိုက်နှက်ခြင်းထက်၊ သူ့ကို နောက်ခံအင်အားမဲ့သွားစေပြီး ထာဝရပြန်မထနိုင်အောင် လုပ်ပစ်ခြင်းကမှ အထိရောက်ဆုံးဖြစ်လေသည်။

ထို့အပြင် လီရှောင်းက ထိုကောင်လေးကို အလွန် မုန်းတီးရွံရှာလှသည်။ ဤတိရစ္ဆာန်လေးက သူ့အချစ်တော် သမီးလေးကို အကြံအစည်ရှိနေပြီး အန်းအန်းကို ကြောက်လန့်တကြား ငိုကြွေးစေခဲ့သည်ကို တွေးမိတိုင်း သူ လုံးဝ ညှာတာပေးရန် မစဉ်းစားခဲ့ပေ။

…..

ထင်သည့်အတိုင်းပင် တစ်လပင် မပြည့်မီ အချိန်အတွင်း ဝမ်ဟိုင်ပေါ်မှာ ကျောင်းမှ ထွက်သွားခဲ့ရသည်။ နောက်ဆက်တွဲ အခြေအနေများကို ကျန်းရိုက လီရှောင်းအား မေးမြန်းရန် အချိန်မရလိုက်မီမှာပင် တုံမင်မင်က သူမကို ပြောပြလာခဲ့လေသည်။

တုံမင်မင်က မွန်းတည့်ချိန်တွင် ကျန်းရိုကို ထမင်းစားရန် ချိန်းဆိုပြီး ဝမ်မိသားစု၏ ကိစ္စများကိုပါ တစ်ပါတည်း ပြောပြခဲ့လေသည်။ အဘယ်ကြောင့်ဆိုသော် ယခင်က လီရှောင်းက ရှန်ဟယ်ကို အကူအညီတောင်း၍ ဝမ်မိသားစု၏ သားသုံးယောက် ပြဿနာဖြစ်ခဲ့သည့် အခြေအနေကို စုံစမ်းခိုင်းခဲ့သောကြောင့် ဖြစ်လေသည်။

အန်းအန်း အနိုင်ကျင့်ခံရကြောင်း သိကတည်းက သူမ ဤကိစ္စကို အမြဲတမ်း စိတ်ဝင်စားနေခဲ့လေသည်။

t မြို့မှ ဝမ်မိသားစု၏ကိစ္စကို လီရှောင်း လုပ်ခဲ့ခြင်းဖြစ်ကြောင်း တုံမင်မင် ခန့်မှန်းမိသွားပြီး လက်မထောင်ကာ မနေနိုင်ဘဲ ပြောလိုက်လေသည်။

"နင့်ယောက်ျားကတော့ ဒီလိုပဲ"

ယခုတစ်ကြိမ် လီရှောင်းက မျက်နှာတစ်ခါမှ မပြခဲ့သော်လည်း ရည်ရွယ်ချက်အားလုံး အောင်မြင်သွားခဲ့လေသည်။ ဝမ်မိသားစုက ခေါင်းကွဲမတတ် စဉ်းစားလျှင်တောင်မှ နောက်ကွယ်မှလူက G ပြည်နယ်မှ သူတို့နှင့် ဘာမှမပတ်သက်သော လီရှောင်း ဖြစ်နေမည်ဟု တွေးမိကြမည် မဟုတ်ပေ။

သူတို့က လုပ်ငန်းတူ တစ်ဦးဦးက မိန်းကလေး၏မိသားစုကိုအသုံးချကာ သူတို့ကို ဖြုတ်ချရန် လုပ်ဆောင်နေသည်ဟုသာ ထင်မှတ်ကြမည် ဖြစ်လေသည်။

တုံမင်မင်တို့မိသားစု၏ စီးပွားရေးလုပ်ငန်းများတွင် ဟိုတယ်လုပ်ငန်းလည်း ပါဝင်ရာ ဝမ်မိသားစုနှင့် အတော်အသင့် ဆက်ဆံရေးရှိခဲ့ဖူးသဖြင့် ပိုမိုသိရှိထားလေသည်။ သူမက ကျန်းရိုအား ဝမ်ပေထန် ရာထူးမှ ဖယ်ရှားခံလိုက်ရကြောင်း၊ ဝမ်မိသားစုမှ အဘွားကြီးမှာ ဤအရွယ်ရောက်နေပြီကို ကွာရှင်းမည်ဟု ပြဿနာရှာနေပြီး နေ့တိုင်း အိမ်တွင် အဖိုးကြီးကို လူမိုက်၊ ကျေးဇူးကန်းတဲ့ကောင်ကို မွေးထားပြီး ကိုယ့်သားအရင်းကို သေအောင်လုပ်တယ်ဟု ဆဲဆိုနေကြောင်း ပြောပြလေသည်။

"ဝမ်ပေထန် ဆိုတဲ့လူကလေ၊ မနှစ်က ငါ s မြို့မှာ အစည်းအဝေးသွားတုန်းက သူ့ကို တွေ့ခဲ့သေးတယ်။ အရည်အချင်း ဘယ်လိုရှိလဲတော့ မသိဘူး၊ ဒါပေမဲ့ စရိုက်ကတော့ တော်တော်လေး ဟန်ဆောင်ကောင်းတာပဲ။ လီရှောင်း လုပ်တာ မှန်တယ်၊ မဟုတ်ရင် နောက်ပိုင်း နင့်ဆီကိုများ စုံစမ်းမိသွားရင် ပြဿနာ တက်လွယ်တယ်။ အခု သူက သူ့မယားငယ်သားကို ဂရုစိုက်ဖို့ မပြောနဲ့ဦး၊ သူ့ကိုယ်သူတောင် မနည်း ကာကွယ်နေရတာ"

ပြောလေလေ လီရှောင်း၏ အရည်အချင်းက ကြီးမားလေလေဟု ထင်မိလေသည်။ ဤမျှ ဝေးကွာသော နေရာမှနေ၍ ဤအရာများကို လုပ်ဆောင်နိုင်ခြင်းက သာမန်လူ မဟုတ်ပေ။

စကားပြောရင်း နောက်ဆုံးတွင် သူမက အန်းအန်း ဘယ်တော့ ပြန်လာမလဲဟု မေးလိုက်လေသည်။ သူမအိမ်မှ သားကြီး သားငယ် နှစ်ယောက်စလုံးက အစ်မကို လွမ်းနေကြပြီ ဖြစ်လေသည်။

ကျန်းရိုက "မကြာတော့ပါဘူး၊ လီရှောင်း ကိုယ်တိုင်လည်း လွမ်းနေပြီ။ အိမ်မှာရှိတုန်းကတော့ အန်းအန်း စကားများတယ်ဆိုပြီး နေ့တိုင်း ညည်းနေတာပဲ၊ အိမ်မှာ မရှိတော့လည်း နေ့တိုင်း မေးနေတာပဲ"

တုံမင်မင် ကြားပြီး ရယ်မောလိုက်လေသည်။

….

ညဘက် လီရှောင်း ပြန်ရောက်လာသောအခါ လမ်းလျှောက်ရင်း ဖုန်းပြောလာကာ မျက်နှာပေါ်တွင် ပြုံးလျက် ပြောနေလေသည်။

"ကျန်တဲ့ ကိစ္စတွေကို မင်းကိုပဲ လွှဲလိုက်တော့မယ်၊ သူတို့အတွက် ကောင်းတဲ့ မျက်နှာခွဲစိတ်ဆရာဝန် တစ်ယောက် စီစဉ်ပေးလိုက်ပါ၊ ပိုက်ဆံကို ငါ ရှင်းမယ်"

ယခုအခါ လီရှောင်းက ပိုက်ဆံကို သိပ်ပြီး အရေးမကြီးတော့ဘဲ ပိုက်ဆံဖြင့် ဖြေရှင်း၍ရသော ကိစ္စရပ်များမှာ ပြဿနာမဟုတ်တော့ဘူးဟု ထင်မြင်နေပြီ ဖြစ်လေသည်။

အထူးသဖြင့် သူကိုယ်တိုင်လည်း သမီးရှိသူဖြစ်ရာ ကုသိုလ်လုပ်လိုက်သည်ဟုသာ သဘောထားလိုက်လေသည်။

ဖုန်းထဲရှိ လူက ရယ်မောလိုက်လေသည်။

"ဒီပိုက်ဆံလေးက ဘာများ အရေးပါလို့လဲ။ စိတ်ချပါ၊ အကုန်လုံး သေချာစီစဉ်ပေးလိုက်ပါ့မယ်။ ဒီမိသားစုက တော်တော်လေး မဆိုးပါဘူး၊ ဝမ်မိသားစုက သူတို့ကို လိုက်စုံစမ်းပေမဲ့ သူတို့က ပါးစပ် တော်တော်လေး လုံတယ်"

ပြောပြီးနောက် စကားတစ်ခွန်း ထပ်ဖြည့်ပြောလိုက်သေးလေသည်။

"အဲ့ဒီကောင်လေးက အရွယ်မရောက်သေးဘူးဆိုတော့ တရားစွဲရင်လည်း သိပ်အသုံးဝင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ဝမ်ပေထန် ဝမ်မိသားစုကနေ နှင်ထုတ်ခံလိုက်ရပြီးတဲ့နောက်၊ ဝမ်ပေထန်က အဲ့ဒီ သားအမိနှစ်ယောက်ကို ပေးထားတဲ့ ပိုင်ဆိုင်မှုတွေ အကုန်လုံးကို ဝမ်မိသားစုက ပြန်သိမ်းသွားပြီ။ အခု အဲ့ဒီ သားအမိနှစ်ယောက်က ဆင်းရဲသား ရပ်ကွက်ကို ပြောင်းသွားကြပြီ၊ အဲ့ဒီနေရာက အရမ်း ရှုပ်ထွေးတာလေ၊ နောက်ပိုင်း မင်းကိုယ်စား သူ့ကို ဆုံးမပေးမယ့်သူ ရှိလာမှာပါ"

"အဲ့ဒါဆိုရင် ကောင်းတာပေါ့၊ မင်း အလုပ်လုပ်တာ ငါ စိတ်ချပါတယ်"

…..

လဝက်ကျော်အကြာတွင် အန်းအန်း ပြန်ရောက်လာလေသည်။ ပစ္စည်းများ ခရီးဆောင်အိတ်ကြီး နှစ်လုံး ပါလာပြီး ပါပါး မာမားအတွက် လက်ဆောင်များ၊ ကျိုးဟုန် ကျိုးချန်၊ ညီမလေး မြန်မြန်နှင့် တုံမိသားစုမှ အမြွှာများအတွက် ကစားစရာများနှင့် မုန့်များ ပါဝင်လေသည်။

သူမက r နိုင်ငံတွင် အလွန် ပျော်ရွှင်စွာ ကစားခဲ့ရသဖြင့် ကျန်းရိုနှင့် လီရှောင်းတို့ကို ပြောပြလေသည်။

"ကိုကိုလဲ့လဲ့က သမီးကို နှင်းလျှောစီးဖို့တောင် ခေါ်သွားသေးတယ်၊ အရမ်း ပျော်စရာကောင်းတာပဲ။ အစပိုင်းတုန်းက သမီး မစီးရဲဘူး၊ ဒေါ်လေးဆုန့်က သမီးကို ခေါ်စီးပေးတာ၊ နောက်ပိုင်းတော့ သမီး စီးရဲသွားပြီ။ ပါပါး၊ သမီး နောက်နှစ်လည်း ကိုကိုလဲ့လဲ့ဆီ သွားလည်ချင်သေးတယ်"

လီရှောင်းက သမီးဖြစ်သူကို မမြင်ရသည်မှာ နှစ်လရှိပြီဖြစ်ရာ ယခုအချိန်တွင် အန်းအန်း ဘာပြောပြော သဘောကောင်းစွာဖြင့် သဘောတူလိုက်လေသည်။

"ကောင်းပြီလေ၊ နှစ်ကုန်ကျရင် ငါတို့ တစ်မိသားစုလုံး သွားလည်ကြတာပေါ့"

"ရေး"

အန်းအန်း ပို၍ပင် ပျော်ရွှင်သွားလေသည်။ နှစ်လတာ အချိန်အတွင်း ယခင်က မသာယာမှုများကို သူမ မေ့ပျောက်သွားခဲ့ပြီဖြစ်သည်။ ဝမ်ဟိုင်ပေါ်၏ နာမည်ကို ကြားရသောအခါ သူမ ယခင်ကကဲ့သို့ မကြောက်တော့ဘဲ မေးခွန်းတစ်ခွန်းသာ မေးလိုက်လေသည်။

"တကယ်လားဟင်"

ကျန်းရိုက ဘေးရှိ လီရှောင်းကို တစ်ချက်ကြည့်လိုက်လေသည်။

"သူ့အိမ်မှာ ကိစ္စရှိလို့ ထွက်သွားတယ်နဲ့ တူတယ်၊ နောက်ပိုင်း ပြန်လာတော့မှာ မဟုတ်ဘူး"

"အဲ့ဒါဆိုရင် အရမ်းကောင်းတာပေါ့"

အန်းအန်းက ဤသည်မှာ တကယ်ကို သတင်းကောင်းတစ်ခုဟု ထင်မိလေသည်။

….

တနင်္လာနေ့တွင် သူမက ကျောင်းလွယ်အိတ်လွယ်ကာ ကျောင်းသို့ သွားခဲ့ပြီး ယခင်ကကဲ့သို့ပင် ပျော်ရွှင်ရွှင်လန်းနေလေသည်။

ညဘက်တွင် ကျန်းရိုလည်း အန်းအန်းကို အတုခိုး၍ နေ့စဉ်မှတ်တမ်း ရေးသားလိုက်လေသည်။

၂၀၀၈ ခုနှစ် မေလ ၅ ရက်နေ့၊ အန်းအန်းက ကျောင်းထဲပြန်ရောက်သွားပြီး အရင်လို မျက်နှာပေါ်မှာ အပြုံးတွေ ပြန်ပွင့်လန်းလာပြီ။ သူမရဲ့အနာဂတ်က မသေချာမရေရာမှုတွေနဲ့ ပြည့်နှက်နေတုန်းဆိုပေမယ့် ငါနဲ့သူ့အဖေက တတ်စွမ်းသမျှ သူ့ကို ကာကွယ်ပေးသွားမယ်။ သူက ငါတို့ရဲ့အသည်းအသက်လေးဖြစ်တာမို့ သူ့ကို အချစ်တွေ နွေးထွေးမှုတွေကြားမှာ ကြီးပြင်းလာစေချင်တယ်။

မရေးပြီးသေးမီမှာပင် လီရှောင်းက အနောက်မှ ဖက်လာပြီး တစ်ချက်ကြည့်လိုက်ကာ မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။

"အရမ်း အချွဲမပိုလွန်းဘူးလား။ ငါတို့ရဲ့ အသည်းအသက်လေးတဲ့လား"

"......"

ကျန်းရိုက ဒေါသတကြီးဖြင့် စာအုပ်ကို ပိတ်လိုက်ပြီး တံတောင်ဆစ်ဖြင့် သူ့ကို ထိုးလိုက်လေသည်။

"ရှင် တကယ် စိတ်ရှုပ်စရာ ကောင်းတာပဲ၊ မကြည့်နဲ့"

….

နွေရာသီ ကျောင်းပိတ်ရက်တွင် လီရှင်း နိုင်ငံခြားမှ ပြန်ရောက်လာလေသည်။

သူမက ဆံပင်ရှည်များကို ညှပ်ပစ်လိုက်ပြီး သွက်လက်သော BoB cut ပုံစံ ပြောင်းလဲလိုက်ရာ၊ ထိုမျက်နှာလေးမှာ ပို၍ပင် လှပသေသပ်သွားပြီး အေးစက်စူးရှသော အသွင်အပြင် အနည်းငယ် ပိုလာလေသည်။

ကျန်းရိုက အစပိုင်းတွင် ပုံမှန်မဟုတ်သည်ကို သတိမထားမိခဲ့ပေ။ အန်းအန်းက စပ်စုစွာ မေးလိုက်မှသာ၊

"ဒေါ်လေးရဲ့ ယောကျ်ားရော။ သူ သမီးအတွက် လက်ဆောင် ဝယ်လာသေးလားဟင်"

လီရှင်း၏ အိတ်မွှေနေသော လှုပ်ရှားမှု ရပ်တန့်သွားပြီးနောက် လျင်မြန်စွာ ပြန်လည် တည်ငြိမ်သွားလေသည်။

"လမ်းခွဲလိုက်ပြီ၊ နောက်ပိုင်း ဒေါ်လေးရဲ့ယောက်ျား ဆိုတာ မရှိတော့ဘူး၊ အဲ့ဒီလို ဆက်မခေါ်နဲ့တော့"

ကျန်းရို အံ့အားသင့်သွားပြီး လက်ထဲရှိ ဂါဝန်ကို သိမ်းလိုက်ကာ အံ့အားသင့်စွာဖြင့် ခေါင်းမော့၍ သူမကို ကြည့်လိုက်လေသည်။

"ဘယ်လိုလုပ်ပြီး ရုတ်တရက်ကြီး လမ်းခွဲလိုက်ရတာလဲ"

လီရှင်းနှင့် ကျီယွီတို့ တွဲနေသည်မှာ နှစ်အတော်ကြာပြီဖြစ်ကြောင်း သူမ သိထားလေသည်။ ယခင်က ကျီယွီက နိုင်ငံခြားတွင်ရှိပြီး သူမက ပြည်တွင်းတွင် ရှိနေခဲ့သော်လည်း၊ နောက်ပိုင်း သူမက တက္ကသိုလ် နောက်ဆုံးနှစ်တွင် နိုင်ငံခြားသို့သွားခဲ့ပြီး ကျီယွီက ပြန်ရောက်လာခဲ့လေသည်။

ယခု သူတို့နှစ်ဦးစလုံး ပြည်တွင်း၌ ရှိနေကြပြီဖြစ်ရာ ကျန်းရိုက လီရှင်းအတွက် လက်ဖွဲ့ပစ္စည်းများကိုပင် တိတ်တဆိတ် ပြင်ဆင်ထားပြီးဖြစ်ကာ၊ ယခုနှစ်ကုန်တွင် လက်ထပ်ဖြစ်လောက်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း ဤအချိန်တွင် လမ်းခွဲသွားကြလိမ့်မည်ဟု မည်သို့မျှ မထင်ထားခဲ့ပေ။

လီရှင်းက ကျန်းရိုကို မဖုံးကွယ်ဘဲ တိုက်ရိုက်ပင် ပြောလိုက်လေသည်။

"သူ့အမေက သဘောမတူဘူးလေ၊ ကျီယွီအတွက် အဆင့်အတန်းတူတဲ့ ကောင်မလေးတစ်ယောက် ရွေးပေးထားတယ်။ ကျွန်မ ကြည့်ရတာ သူ အတော်လေး အခက်တွေ့နေပုံရလို့ ကိုယ်တိုင်ပဲ လမ်းခွဲဖို့ ပြောလိုက်တာ"

သူမလည်း ဤအချစ်ရေးကို အလွန်နှမြောမိပါသည်။ သူမ တက္ကသိုလ် တတိယနှစ်တွင် ကျီယွီက အထက်တန်းကျောင်းသားဟောင်းများ တွေ့ဆုံပွဲသို့ ပြန်လာတက်ရောက်ခဲ့ပြီး၊ သူမကို ရှာတွေ့ကာ သူမအတွက် တကူးတက ပြန်လာခဲ့ခြင်းဖြစ်ကြောင်း၊ သူမမှာ ရည်းစားရှိမရှိ၊ မရှိပါက သူ့ကို စဉ်းစားပေးနိုင်မလားဟု မေးမြန်းခဲ့လေသည်။

ထို့နောက် သူမ သဘောတူလိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် သူ့ထံမှ အခြားသူတစ်ဦး၏ သဘောကျမှုကို ခံရခြင်း၊ အလေးထားခံရခြင်းဟူသော ခံစားချက်ကို ရရှိခဲ့ပြီး ၎င်းက သူမကို လုံခြုံမှု အလွန် ရရှိစေခဲ့သောကြောင့် ဖြစ်လေသည်။

သို့သော် ယခု သူမ သိရှိလိုက်ရသည်မှာ၊ သူမက ကျီယွီကို သိပ်ပြီး နားလည်ပုံ မပေါ်ကြောင်းပင်ဖြစ်သည်။ ကျီယွီက အလွန်ကောင်းမွန်သော်လည်း သူက သူမအပေါ် ကောင်းမွန်ရုံသာမက အခြားသူများအပေါ်တွင်လည်း ကောင်းမွန်လေသည်။ သူ့ကို သဘောကျသူများ အလွန် များပြားလွန်းလှလေသည်။

သူမက ကျန်းရိုကို မပြောပြရသေးသော အချက်တစ်ချက်လည်း ရှိသေးသည်။ ကျီယွီ၏ မိခင်က လွန်ခဲ့သော ရက်အနည်းငယ်က သူမကို လာရှာခဲ့ဖူးသည်။ တစ်ဖက်လူက သူမ အရင်က အဘိုးကြီးတစ်ယောက်ထံ ရောင်းစားခံခဲ့ရဖူးကြောင်း စုံစမ်းသိရှိထားပြီး သူမ အပျို ဟုတ်မဟုတ် မေးမြန်းခဲ့လေသည်။ ထို့အပြင် ထိုစဉ်က ကျောက်ယွင်က သူတို့ မိသားစုကို သစ္စာဖောက်စဉ်က သူမ၏ အစ်မနှင့် ခဲအိုတို့က စောစောကတည်းက သိနေခဲ့ခြင်းလား ဟုလည်း မေးမြန်းခဲ့သေးလေသည်။

အစ်မဖြစ်သူက သူမကို ယခင်က ပြောခဲ့ဖူးသည်။ သူမ သိမ်ငယ်နေရန် မလိုကြောင်း၊ သူမက အလွန် ထူးချွန်သော မိန်းကလေးတစ်ဦးဖြစ်ပြီး အခြားသူများ၏ အမြင်ကျဉ်းမြောင်းမှုကြောင့် မိမိကိုယ်ကို သံသယဝင်နေစရာ မလိုကြောင်း ပြောခဲ့ဖူးလေသည်။ ထို့ကြောင့် ထိုအချိန်ကတည်းက သူမနှင့် ကျီယွီတို့ ရှေ့ဆက်ရန် မဖြစ်နိုင်တော့ကြောင်း လီရှင်း သိလိုက်ရလေသည်။

ဤစကားများကို သူမက အစ်မနှင့် ခဲအိုတို့ကို မပြောပြရဲပေ။ သူတို့ ဝမ်းနည်းသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အစ်မနှင့် ခဲအိုတို့က သူမကို အလွန် ချစ်ခင်ကြကြောင်း သူမ သိသောကြောင့် ဖြစ်လေသည်။

သူမက သက်သာရာရသွားသည့်အပြုံးဖြင့် ပြုံးလိုက်လေသည်။

"ကျွန်မ ဘာမှမဖြစ်ပါဘူး၊ စောစောကတည်းက သဘောပေါက်သွားပါပြီ၊ ဒါက ရေစက်ရှိပြီး ဖူးစာမပါတာ ဖြစ်မှာပါ"

ပြောရင်းနှင့် လီရှောင်းကိုပင် နောက်ပြောင်ပြောဆိုလိုက်သေးလေသည်။

"ခဲအို၊ ခဲအိုတို့ ကုမ္ပဏီမှာ အရည်အချင်းရှိတဲ့ လူငယ်လေးတွေရှိရင် ကျွန်မအတွက် တစ်ချက်လောက် သတိထားပေးဦးနော်"

လီရှောင်းက ဟင်းပွဲများကို ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာလေသည်။

"ဒါများ ဘာခက်တာမှတ်လို့၊ ခဲအိုက မင်းအတွက် ပိုကောင်းတဲ့သူ ရှာပေးမယ်လို့ အာမခံတယ်"

ကျန်းရိုလည်း အများကြီး ဆက်မပြောတော့ပေ။ သူမအမြင်တွင် ယောကျ်ားလေး မိန်းကလေး တွဲခြင်း၊ လမ်းခွဲခြင်းဆိုသည်မှာ အလွန် ပုံမှန်ကိစ္စရပ်များသာ ဖြစ်ရာ နှစ်သိမ့်ပေးလိုက်လေသည်။

"မကိုက်ညီဘူးဆိုတာ စောစောသိရတာလည်း ကောင်းပါတယ်။ မဟုတ်ရင် နောက်ပိုင်းမှ နောင်တရနေရင် အချိန်မမီတော့ဘူးလေ။ အဟောင်းမသွားရင် အသစ်မလာဘူး ဆိုတဲ့ စကားလိုပေါ့၊ နောက်ပိုင်း ပိုကောင်းလာမှာပါ"

သို့သော် ကျန်းရို ဘယ်လိုမှ မထင်မှတ်ထားသည်မှာ၊ မကြာမီမှာပင် ကျင်းတာ့ယို ဤကိစ္စကို သိသွားပြီး လီရှင်းကို အပူတပြင်း စတင်လိုက်လံပိုးပန်းတော့ခြင်းပင် ဖြစ်လေသည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အခန်း (၈၀)

နံနက်ပိုင်းတွင် အန်းအန်း ငိုရင်း နိုးလာလေသည်။ မနေ့က ပါပါးနှင့် မာမားတို့က မနက်ဖြန် ဇာတိသို့ ပြန်မည်ဟု ပြောထားသဖြင့် သူမ စောစောစီးစီး အိပ်ရာဝင်ခဲ့သော်လည်း၊ တစ်ညလုံး အိပ်မက်ဆိုးများ မက်နေလိမ့်မယ်လို့ ဘယ်သူထင်ပါ့မလဲ။

အိပ်မက်ထဲတွင် သူမ၌ မာမား မရှိသလို၊ ပါပါးကလည်း အိမ်တွင် အမြဲတမ်း မရှိပေ။ သေးငယ်သော သူမသည် အမြဲတမ်း အနိုင်ကျင့်ခံနေရပြီး၊ သူမဘက်မှ ရပ်တည်ပေးမည့်သူ မရှိပေ။ အတန်းဖော်များက သူမ၏ မာမားသည် သူများနောက်သို့ လိုက်ပြေးသွားပြီး၊ ပါပါးကလည်း သူမကို မလိုချင်တော့ဘူးဟု ပြောကြလေသည်။

သူငယ်တန်းတွင် ယောကျ်ားလေးတစ်ယောက်က သူမ၏လက်မောင်းကို နေ့တိုင်း ဆွဲဆိတ်ပြီး တံတွေးနှင့်လည်း ထွေးသေးသည်။ သူမက ငိုယိုပြီး ဆရာမကို သွားပြောရာ ဆရာမက သူစိမ်း အမျိုးသမီးတစ်ဦးကို ခေါ်လာလေသည်။ ထိုအမျိုးသမီးက ဇာတိမှ အဘွားတစ်ယောက်နှင့် အလွန်တူသော်လည်း အများကြီး ပိုမို နုပျိုနေလေသည်။

ထိုအမျိုးသမီး ရောက်လာသည်နှင့် သူမကို အရှုံးခံရတဲ့ ကောင်မလေးဟု ဆဲဆိုပြီး၊ သူမ ဘာအမှားလုပ်ခဲ့လို့လဲ၊ မဟုတ်ရင် သူက ဘာလို့ တခြားသူတွေကို အနိုင်မကျင့်ဘဲ နင့်ကိုမှ အနိုင်ကျင့်ရမှာလဲ ဟု ပြောလေသည်။ သူမက သူမ၏ပါပါးလိုပဲ မုန်းစရာကောင်းသည်ဟု ဆဲဆိုကာ သူမ၏တင်ပါးကို အကြိမ်ကြိမ်ရိုက်နှက်ပြီး နောက်ဆုံးတွင် သူမ၏နားရွက်ကိုလိမ်ကာ ဆွဲခေါ်သွားလေတော့သည်။

အနောက်တွင် အတန်းဖော်များ၏ လှောင်ပြောင်သံများ ပြည့်နှက်နေလေသည်။

သူမ အလွန် ဝမ်းနည်းပြီး စိတ်မကောင်းဖြစ်ရလေသည်။

အိမ်သို့ ခေါ်ဆောင်သွားခံရပြီးနောက်၊ အဘိုးတစ်ယောက်ကလည်း သူမကို ထူးဆန်းသော အကြည့်များဖြင့် အမြဲတမ်း ကြည့်နေတတ်ပြီး၊ လူလစ်လျှင် သူမ၏တင်ပါးကို လာကိုင်သေးသည်။ သူမ အလွန် ကြောက်ရွံ့နေပြီး၊ ညဘက်တွင် မှောင်မည်းနေသော အခန်းငယ်လေးထဲ၌ ပုန်းကွယ်ကာ မအိပ်ရဲဘဲ ငိုယိုရင်း ပါပါးကို တိုးတိုးလေး အော်ခေါ်နေမိလေသည်။

နောက်ပိုင်းတွင် ပါပါး ပြန်လာပြီး သူမကို ထိုအိမ်မှ ခေါ်ထုတ်သွားလေသည်။ ပါပါးက အလွန်လင်းထိန်သော အိမ်ကြီးတစ်လုံးဝယ်ပေးပြီး ထမင်းချက် အဝတ်လျှော်ရန် အိမ်ဖော်တစ်ယောက်ပါ ငှားပေးခဲ့သော်လည်း မာမားကိုတော့ မတွေ့ရပေ။

ခက်ခက်ခဲခဲဖြင့် အေးချမ်းသော ဘဝလေးကို ရရှိလာသော်လည်း၊ အသက် ကိုးနှစ်အရွယ်တွင် ထပ်မံ ဖျက်ဆီးခံလိုက်ရပြန်သည်။ အသက် ကိုးနှစ်အရွယ်တွင် ခရိုင်မြို့ရှိ မူလတန်းနှင့် အလယ်တန်းကျောင်းများ ပေါင်းစည်းလိုက်ရာ ကျောင်းတွင် အထက်တန်းမှ ယောကျ်ားလေးတစ်ယောက်က သူမကို ရည်းစားလုပ်ခိုင်းလေသည်။ အိပ်မက်ထဲမှ "သူမ" က သဘောမတူသဖြင့် ထိုယောကျ်ားလေး၏ ဦးဆောင်မှုဖြင့် အနိုင်ကျင့်ခံရလေတော့သည်။

သူမ၏ ကျောင်းလွယ်အိတ်က အမြဲတမ်း မြေကြီးပေါ် ပစ်ချခံရပြီး ညစ်ပတ်အောင် နင်းခံရလေ့ရှိသည်။ တစ်ခါတစ်ရံတွင် အမှိုက်ပုံးထဲသို့ပင် ရောက်နေတတ်သည်။ အိမ်စာများလည်း ဆုတ်ဖြဲခံရပြီး ကျောင်းတစ်ကျောင်းလုံးရှိ လူတိုင်းက သူမ၏ မာမားသည် သူများနောက်သို့ လိုက်ပြေးသွားပြီး ပါပါးကလည်း သူမကို မလိုချင်တော့ဘူးဟု သိနေကြကာ၊ သူမကို ပြည့်တန်ဆာမ၏ သမီး၊ ပြည့်တန်ဆာမလေး ဟု ပြောကြလေသည်။

သို့သော် ဤအရာများကို သူမ ပါပါးကို တစ်ခါမှ မပြောပြခဲ့ပေ။ ပါပါးက အရမ်းပင်ပန်းနေပြီဖြစ်ရာ ပါပါးကို စိတ်မပူစေချင်ပေ။ ပါပါးက ဖုန်းဆက်ပြီး မေးတိုင်း သူမက ပြုံးလျက် အတန်းဖော်များလည်း ကောင်းပြီး ဆရာမများလည်း ကောင်းကြောင်း ပြောလေ့ရှိသည်။

အသက် ဆယ်နှစ်အရွယ် ဆောင်းရာသီ ရောက်သည်အထိ "သူမ" သည် ကျောင်းဆင်းပြီးနောက် လူတစ်စု၏ ဆွဲခေါ်ခြင်းကို ခံရကာ ကျောင်းနောက်ဘက်ရှိ စွန့်ပစ်စက်ရုံဟောင်းထဲသို့ ရောက်သွားခဲ့သည်။ ထိုယောကျ်ားလေးများက သူမကို အထဲတွင် ပိတ်လှောင်ထားပြီး သူမ၏ အနွေးထည်ကို ဆွဲချွတ်ကာ ယောကျ်ားလေး၏ ကောင်မလေးက သူမ၏ ကိုယ်ပေါ်သို့ ရေဗူးအတော်များများ လောင်းချလိုက်ရာ၊ သူမမှာ ချမ်းလွန်း၍ တုန်ယင်နေလေတော့သည်။

လူများ ထွက်သွားပြီးနောက် သူမက အပြင်သို့ မရပ်မနားကြည့်ကာ တစ်ယောက်ယောက် သူမကို တွေ့ရှိလာရန် မျှော်လင့်နေခဲ့သည်။ နောက်ပိုင်းတွင် လူတစ်ယောက် တကယ် ရောက်လာခဲ့သော်လည်း သူမက မနက်ဖြန်၏ နေရောင်ခြည်ကို နောက်ထပ် မြင်တွေ့ခွင့် မရတော့ပေ......

အေးစက်သော မြစ်ရေက သူမ၏ခန္ဓာကိုယ်ကို ရစ်ပတ်လွှမ်းခြုံလာပြီး အရိုးထဲအထိ စိမ့်ဝင်လာအောင် ချမ်းအေးနေလေသည်။ မျက်စိမမှိတ်မီ စက္ကန့်ပိုင်းအလိုတွင် သူမက "ပါပါး" ဟု ညင်သာစွာ ခေါ်လိုက်လေသည်။

အန်းအန်း အသံကျယ်ကြီးဖြင့် ငိုယိုလေတော့သည်။

ဤအိပ်မက်က သူမအတွက် အရမ်း ကြောက်စရာကောင်းလွန်းလှသည်။ အိပ်မက်ထဲမှ ထိုမိန်းကလေးက သူမနှင့် တစ်ပုံစံတည်း တူညီနေပြီး၊ ၎င်းမှာ သူမကိုယ်တိုင် ဖြစ်နေသကဲ့သို့ပင်။

သို့သော် ထိုမိန်းကလေး၏ အသက် ၃ နှစ်မှ ၁၀ နှစ်အထိ အချိန်ကာလမှာ သူမ၏အခြေအနေနှင့် လုံးဝ မတူညီပေ။

ကျန်းရိုနှင့် လီရှောင်းတို့က အသံကြားသဖြင့် ပြေးလာကြည့်ရာ၊ ကျန်းရိုက အန်းအန်း အလွန် ဝမ်းနည်းစွာ ငိုကြွေးနေသည်ကို မြင်သောအခါ အလျင်အမြန် ပွေ့ဖက်ထားပြီး ညင်သာစွာ ပုတ်ပေးကာ၊ ခေါင်းလှည့်၍ လီရှောင်းကို နွားနို့တစ်ခွက် သွားယူလာရန် ပြောလိုက်လေသည်။

လီရှောင်း အလျင်အမြန် ထွက်သွားလေသည်။

အန်းအန်းက မာမားကို တင်းကြပ်စွာ ဖက်ထားပြီး ငိုရင်းနှင့် သူမ၏အိပ်မက်ကို ပြောပြလေသည်။

"မာမား၊ သမီး အရမ်းကြောက်တာပဲ၊ သမီး နိုးချင်ခဲ့တာ၊ ဒါပေမဲ့ ဘယ်လိုလုပ်လုပ် နိုးမလာဘူး၊ သူ အရမ်း သနားစရာကောင်းတယ်"

ကျန်းရို ဤစကားကို ကြားသောအခါ ရင်ထဲတွင် ဒိန်းခနဲ ဖြစ်သွားပြီး သူမကို ပို၍ တင်းကြပ်စွာ ဖက်ထားကာ ချော့မော့လိုက်လေသည်။

"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး၊ အကုန်လုံးက အိပ်မက်တွေပါ၊ တကယ် မဟုတ်ပါဘူး၊ ပါပါးနဲ့ မာမား နှစ်ယောက်စလုံး ဒီမှာ ရှိတယ်လေ"

အန်းအန်းက ရှိုက်ငိုလျက် အင်းဟု အသံပြုလိုက်သော်လည်း အိပ်မက်ထဲမှ မထွက်လာနိုင်သေးပေ။ အိပ်မက်ထဲမှ မိန်းကလေး၏ မျှော်လင့်ချက်မဲ့နေသော စိတ်အခြေအနေကို သူမ မပြောပြတတ်သော်လည်း ခံစားသိရှိနိုင်လေသည်။ တစ်ဖက်လူက တကယ်တော့ စောစောကတည်းက အသက်မရှင်ချင်တော့ဘူးဆိုတာကို၊ သို့သော် ပါပါးက သူမကို အရမ်းချစ်မှန်း သိနေသဖြင့်၊ သူမ မရှိတော့ပါက ပါပါး အရမ်း ဝမ်းနည်းရမည်ကို သိနေခဲ့သည်။ သူမက ဤလောကကြီးတွင် ပါပါး၏ တစ်ဦးတည်းသော ဆွေမျိုး ဖြစ်လေသည်။

"မာမား၊ မာမားက အမြဲတမ်း ရှိနေမှာ မလားဟင်"

ကျန်းရိုက သူမ၏ နဖူးလေးကို နမ်းလိုက်ပြီး အလေးအနက်ထား၍ ပြောလိုက်လေသည်။

"ဟုတ်တယ်၊ မာမားက သမီးကို အမြဲတမ်း အဖော်လုပ်ပေးမှာပါ"

ထိုစကားကို ကြားမှသာ အန်းအန်း၏ စိတ်ခံစားမှုက တဖြည်းဖြည်း တည်ငြိမ်လာလေသည်။

လီရှောင်းက နွားနို့တစ်ခွက်ကိုင်ကာ ဝင်လာပြီး အနီးသို့ ရောက်သောအခါ သူမထံ ကမ်းပေးလိုက်သည်။ ပုံမှန်လိုမျိုး စနောက်ခြင်း မပြုတော့ဘဲ သူမ၏ခေါင်းကို ပွတ်သပ်ပေးလိုက်လေသည်။

"ပါပါးနဲ့ မာမား အကုန်ရှိတယ်၊ မကြောက်နဲ့နော်"

အန်းအန်းက ခွက်ကို ယူ၍ တစ်ငုံချင်းစီ ဖြည်းဖြည်းချင်း သောက်လိုက်ပြီး၊ မျက်လုံးများက ပါပါးကို တစ်ချက်ကြည့်လိုက်၊ မာမားကို တစ်ချက်ကြည့်လိုက် လုပ်နေလေသည်။

သူတို့ နှစ်ယောက်စလုံး ရှိနေသည်ကို မြင်သောအခါမှ အနည်းငယ် သက်သာရာ ရသွားလေသည်။

နွားနို့သောက်ပြီးနောက် သူမ ပြန်လှဲအိပ်လိုက်သည်။ မိုးမလင်းသေးသဖြင့် ကျန်းရိုက သူမကို နောက်ထပ် တစ်ရေး ထပ်အိပ်ခိုင်းလိုက်လေသည်။

"ထွက်ဖို့ မလောပါဘူး၊ နောက်ကျမှ သွားလို့ရတယ်"

အန်းအန်းက နှာခေါင်းရှုံ့လိုက်ပြီး မျက်လုံးများ နီရဲလျက် မေးလိုက်လေသည်။

"မာမား၊ အရင်တုန်းက မာမား သမီးကို ပြောဖူးတယ်လေ၊ ဒီလောကကြီးမှာ အပြိုင်ကမ္ဘာတွေ ရှိနိုင်တယ်ဆို။ အဲ့ဒီ မိန်းကလေးက သမီးများ ဖြစ်နေမလားဟင်"

ကျန်းရို အံ့အားသင့်သွားပြီး ရုတ်တရက် အဖြေမပေးနိုင်အောင် ဖြစ်သွားလေသည်။

နောက်ဆုံးတွင် လီရှောင်းက ပြတ်သားစွာ ပြောလိုက်လေသည်။

"မဟုတ်ပါဘူး၊ အိပ်မက်တွေဆိုတာ အမြဲတမ်း ပြောင်းပြန်တွေချည်းပဲ။ သမီးက အိပ်မက်ဆိုးတစ်ခု မက်ရုံလေးပါ၊ နောက်ထပ် တစ်ရေးထပ်အိပ်လိုက်၊ နိုးလာရင် ကောင်းသွားလိမ့်မယ်"

အန်းအန်းက ခေါင်းညိတ်ပြလိုက်ပြီး ဤရှင်းပြချက်ကို လက်ခံလိုက်ပုံရလေသည်။

"ကောင်းပြီလေ"

…..

ဤတစ်ကြိမ် ဇာတိသို့ အပြန်ခရီးတွင် ဘေးပြည်နယ်မြို့တော် လမ်းကြောင်းမှ မသွားတော့ဘဲ၊ ဇာတိ ပြည်နယ်မြို့တော်တွင် ကားပြောင်းစီးရန် ဆုံးဖြတ်လိုက်ကြလေသည်။

ဇာတိ ပြည်နယ်မြို့တော်သို့ ရောက်ရှိပြီးနောက် ခရီးတစ်ထောက် နားကာ သုံးရက်ခန့် နေထိုင်ခဲ့ကြသည်။

ပထမဆုံး တစ်ည အနားယူလိုက်ပြီးနောက်၊ နောက်တစ်နေ့တွင် ကျန်းရိုက အန်းအန်းကို အပြင်ထွက်ပြီး ကိစ္စအနည်းငယ် လုပ်စရာရှိသည်ဟု ပြောကာ တည်းခိုခန်းတွင် ဒေါ်လေးနှင့်အတူ လိမ်မာစွာနေခဲ့ရန် မှာကြားပြီး လီရှောင်းနှင့်အတူ အပြင်ထွက်လာခဲ့ကြလေသည်။

လီရှောင်း တစ်ခုခုကို ရိပ်မိသွားသော်လည်း အများကြီးမမေးဘဲ သူမနောက်သို့လိုက်ကာ နံပါတ် ၁ ဘတ်စ်ကားကို စီး၍ မှတ်တိုင်အတော်များများ ဖြတ်ကျော်ပြီးနောက်၊ မြို့လယ်ခေါင်ရှိ အတော်လေး ဟောင်းနွမ်းနေသော လမ်းတစ်လမ်းတွင် ဆင်းခဲ့ကြသည်။ ထို့နောက် သူမနောက်သို့ လိုက်၍ လမ်းအနည်းငယ် ဆက်လျှောက်လာရာ နောက်ဆုံးတွင် သာမန် အိမ်ရာတစ်ခု၏ တံခါးဝသို့ ရောက်ရှိလာခဲ့လေသည်။

ကျန်းရိုက အိမ်ရာတံခါးဝတွင် အချိန်အတော်ကြာအောင် ရပ်နေခဲ့သည်။ လီရှောင်းက သူမ မလှုပ်ရှားသည်ကို မြင်သောအခါ ရှေ့သို့ တစ်လှမ်းတိုးကာ သူမ၏လက်ကို ဆုပ်ကိုင်လိုက်လေသည်။

ကျန်းရိုက ခေါင်းလှည့်ကာ သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဘာမှမပြောဘဲ သူ့ကိုခေါ်ကာ အထဲသို့ ဝင်သွားလေသည်။

အထဲသို့ လျှောက်ဝင်သွားသည်နှင့်အမျှ ဝေဝါးနေသော မှတ်ဉာဏ်များက တစ်စတစ်စ ရှင်းလင်းလာခဲ့သည်။ သူမ ငယ်စဉ်က ဤနေရာတွင် ကြီးပြင်းလာခဲ့ခြင်းဖြစ်ပြီး အသက် နှစ်ဆယ်အထိ နေထိုင်ခဲ့သည်။ နောက်ပိုင်းတွင် အစ်ကိုဖြစ်သူ ပိုက်ဆံရှာနိုင်လာမှသာ အိမ်အတွက် ဓာတ်လှေကားပါသော တိုက်ခန်းတစ်ခန်း ဝယ်ပေးနိုင်ခဲ့ပြီး သူတို့ မိသားစု ပြောင်းရွှေ့သွားခဲ့ကြခြင်း ဖြစ်လေသည်။

သို့သော် မှတ်ဉာဏ်အနက်ရှိုင်းဆုံးနေရာရှိ အိမ်နှင့်ပတ်သက်သော ပုံရိပ်များက ဤနေရာတွင်သာ ရှိနေလေသည်။

ကျန်းရိုက မှတ်ဉာဏ်ထဲရှိ ထိုအိမ်လေးကို ရှာတွေ့သွားသည်။ သူမ ခေါင်းမော့၍ ကြည့်လိုက်ရာ ခြောက်ထပ်ရှိသော အိမ်ဟောင်းလေးဖြစ်ပြီး သူမ၏ အိမ်က တတိယထပ်တွင် ရှိလေသည်။ မှတ်ဉာဏ်ထဲရှိ ထိုအိမ်လေးနှင့် လုံးဝ တစ်ပုံစံတည်း ဖြစ်နေပြီး ပြတင်းပေါက်ရှေ့ရှိ ပန်းအိုးများပင် တူညီနေလေသည်။

ကျန်းရိုက ရုတ်တရက် ရှေ့သို့ ဆက်မသွားရဲတော့ပေ။ သူမနှင့် တစ်ပုံစံတည်း တူညီသော သူမကိုယ်သူမ တွေ့မြင်ရမည်ကို အလွန် ကြောက်ရွံ့နေမိလေသည်။

ထိုအချိန်တွင်ပင် ကျန်းရို ရုတ်တရက် "ကျန်းဖုန်း" ဟူသော ခေါ်သံကို ကြားလိုက်ရလေသည်။

ကျန်းရိုက မသိစိတ်မှပင် နောက်လှည့်ကြည့်လိုက်လေသည်။

ထို့နောက် လူငယ် ဇနီးမောင်နှံ တစ်တွဲက ခရီးဆောင်အိတ်ကို ဆွဲကာ ဤဘက်သို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။ နောက်ဘက်ရှိ အမျိုးသမီးက ခေတ်ဆန်ဆန် ဝတ်စားဆင်ယင်ထားပြီး လက်တစ်ဖက်က ထီးဆောင်းကာ အခြားလက်တစ်ဖက်က ရေခဲချောင်းစားနေပြီး ရှေ့မှ အမျိုးသားအား ပြောလေသည်။

"ရှင် ဖြည်းဖြည်း လျှောက်ပါဦး"

အမျိုးသားက မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"သခင်မလေးရယ်၊ ငါ လျှောက်တာ အရမ်းနှေးနေပါပြီ"

ပြောသာ ပြောနေသော်လည်း ရပ်စောင့်နေလေသည်။

ကျန်းရို ကြောင်အမ်းအမ်း ဖြစ်သွားလေတော့သည်။ ထိုလူငယ် ဇနီးမောင်နှံက သူမ၏ မှတ်ဉာဏ်ထဲရှိ အစ်ကိုနှင့် မရီးတို့နှင့် လုံးဝ တစ်ပုံစံတည်း ဖြစ်နေသည်။ သို့သော် အများကြီး ပိုမို ငယ်ရွယ်နေကြလေသည်။ ဤနှစ်တွင် အစ်ကိုဖြစ်သူက Shamate ဆံပင်ပုံစံကို ညှပ်ထားပြီး ဆံပင်အရှေ့ကောက်များက အလွန် ထူထပ်များပြားလှသည်။ မရီးဖြစ်သူကမူ ကြိုးတစ်ချောင်းအင်္ကျီ နှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး အပြင်ဘက်တွင် ပန်းပွင့်ပုံစံအင်္ကျီကို ထပ်ဝတ်ထားလေသည်။

ဤအရာကို ကျန်းရို မှတ်မိနေသေးသည်။ ထိုစဉ်က မရီးဖြစ်သူ ပထမဆုံးအကြိမ် သူတို့အိမ်သို့ လာရောက်စဉ်က ဤသို့ပင် ဝတ်ဆင်လာခဲ့ခြင်းဖြစ်သည်။ သူမ၏မိခင်က အပြင်ပန်းတွင် ဘာမှ မပြောသော်လည်း၊ ကွယ်ရာတွင်မူ ဝတ်ထားသည်မှာ နည်းလွန်းသည်ဟု ပြောခဲ့ဖူးလေသည်။

သူတို့နှစ်ဦး သူမတို့ဘေးမှ ဖြတ်သွားချိန်တွင် ခေါင်းလှည့်ကာ စပ်စုစွာ တစ်ချက် ကြည့်သွားကြသေးသည်။ အထူးသဖြင့် မရီးဖြစ်သူက လီရှောင်းကို မြင်သောအခါ မျက်လုံးများ တောက်ပသွားပြီး ရိုင်းစိုင်းစွာဖြင့် လေချွန်လိုက်သေးလေသည်။

ဘေးမှ လျှောက်လာသော ကျန်းဖုန်း၏မျက်နှာမှာ စိမ်းဖျော့သွားပြီး ကြမ်းတမ်းစွာ ပြောလိုက်လေသည်။

"သွားမယ်"

အဝေးသို့ ရောက်သွားချိန်တွင် ကျန်းရိုက မရီးဖြစ်သူ၏ ညည်းတွားသံကို ကြားနေရသေးသည်။

"ဘာတွေ ကြမ်းပြနေတာလဲ။ ငါ မမြင်ဘူး မထင်နဲ့၊ နင် ခုနက အလှလေးရဲ့ ခြေတံတွေကို စိုက်ကြည့်နေတာမလား"

ကျန်းရိုက သူတို့နှစ်ဦး၏ကျောပြင်ကို ကြည့်ရင်း နှလုံးသားက အကြိမ်ကြိမ် ဆို့နင့်နေလေသည်။

သူတို့နှစ်ဦး လှေကားပေါ်သို့ မတက်မီလေးတွင် သူမက မနေနိုင်ဘဲ ရုတ်တရက် အသံထွက်၍ ခေါ်လိုက်လေသည်။

"ဟယ်လို?"

သူတို့နှစ်ဦး အသံကြားသောအခါ မသိစိတ်မှပင် နောက်လှည့်၍ တစ်ချက် ကြည့်လိုက်ကြလေသည်။

ကျန်းရိုက သူတို့၏ ဇဝေဇဝါဖြစ်နေသော အကြည့်များနှင့် ဆုံမိသောအခါ ဘေးရှိ လီရှောင်းကိုပင် ဂရုမစိုက်နိုင်တော့ဘဲ မေးလိုက်လေသည်။

"ကျွန်မ လူတစ်ယောက်အကြောင်း စုံစမ်းချင်လို့ပါ၊ ရှင်တို့ ကျန်းရို ကို သိကြလား"

ကျန်းရိုနှင့် လီရှောင်းတို့၏ ရုပ်ရည်က အလွန်ကြည့်ကောင်းလွန်းလှသဖြင့် ကျန်းဖုန်းက အများကြီး မတွေးတော့ဘဲ ခေါင်းခါပြကာ သဘောကောင်းစွာဖြင့် ပြောလိုက်လေသည်။

"ကျွန်တော် ဒီအိမ်ရာမှာနေလာတာ ဆယ်နှစ်ရှိပြီ၊ ကျန်းရိုဆိုတဲ့ နာမည်မျိုး တစ်ခါမှ မကြားဖူးဘူး"

ကျန်းရို အံ့အားသင့်သွားလေသည်။

"မရှိဘူးလား"

သူမ စောစောက ပေါ့ပေါ့ပါးပါး မေးကြည့်လိုက်ခြင်းသာ ဖြစ်သည်။ မိမိကိုယ်မိမိ နားလည်ထားမှုအရ အတန်းဖော်၏ မိခင်ဟူသော အကြောင်းပြချက်ဖြင့် ဤကမ္ဘာမှ 'မိမိ' အနီးသို့ ချဉ်းကပ်ရန် တွေးထားခဲ့ခြင်း ဖြစ်လေသည်။

"အို၊ ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ်"

ကျန်းဖုန်းက သူမကို ခေါင်းညိတ်ပြလိုက်ပြီး ကိုယ်လှည့်ကာ ခရီးဆောင်အိတ်ကို ဆွဲ၍ ထွက်သွားလေသည်။ သို့သော် လှေကားထစ် နှစ်ထစ်ခန့် တက်ပြီးနောက် သူ မနေနိုင်ဘဲ နောက်လှည့်၍ တစ်ချက် ကြည့်လိုက်မိလေသည်။ ဘာကြောင့်မှန်းမသိ၊ ထိုအမျိုးသမီးအပေါ် သူ အကြောင်းရင်းမရှိဘဲ ရင်းနှီးသော ခံစားချက်တစ်ခု ရရှိနေလေသည်။

ကျန်းရိုက သူ့အကြည့်များကို သတိပြုမိသွားပြီး သူ့ကို ပြန်ကြည့်လိုက်ရာ နှာခေါင်းထဲတွင် မနေနိုင်ဘဲ ချဉ်စူးသွားလေသည်။

ကျန်းဖုန်းက အားနာစွာဖြင့် အကြည့်များကို ပြန်လည် ရုပ်သိမ်းလိုက်ပြီး ကိုယ်လှည့်ကာ အပေါ်သို့ တက်သွားလေတော့သည်။

လီရှောင်းက ကျန်းရိုနှင့်အတူ အောက်တွင် ခဏကြာအောင် ရပ်နေပေးပြီး၊ ကျန်းရိုက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းငုံ့ကာ ထွက်ခွာရန် ပြင်လိုက်လေသည်။

သို့သော် လီရှောင်း မလှုပ်ရှားပေ။ သူက ကျန်းရို၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်ပြီး သူမကို မေးလိုက်လေသည်။

"ဘယ်လွှာမှာလဲ"

ကျန်းရိုက ခေါင်းလှည့်ကာ သူ့ကို ကြည့်လိုက်ပြီး လီရှောင်းကလည်း သူမကို ပြန်ကြည့်နေလေသည်။ သူ ဘာမှမပြောသော်လည်း အရာအားလုံးကို ပြောပြနေသကဲ့သို့ ဖြစ်နေလေသည်။

ကျန်းရို နှုတ်ခမ်းကို စေ့လိုက်လေသည်။

"တတိယထပ်"

ထို့နောက် လီရှောင်းက သူမ၏လက်ကိုဆွဲကာ အပေါ်သို့ တက်သွားလေတော့သည်။

သူတို့နှစ်ဦး ကွန်ကရစ် လှေကားပေါ်တွင် လျှောက်သွားကြပြီး၊ တတိယထပ်တွင် အိမ်တစ်အိမ်တည်းသာ ရှိလေသည်။ တံခါးဝသို့ ရောက်သောအခါ တံခါးကို သေချာ မပိတ်ထားသဖြင့် အထဲမှ ဆူညံပျော်ရွှင်နေသော အသံများကို ကြားနေရလေသည်။

ကျန်းရိုက မလှုပ်မယှက် ရပ်နေပြီး လီရှောင်းကသာ ရှေ့သို့ တစ်လှမ်းတိုးကာ တံခါးသွားခေါက်လိုက်လေသည်။

မကြာမီမှာပင် လူတစ်ယောက် လာရောက် တံခါးဖွင့်ပေးလေသည်။ ကျန်းအမေ၏မျက်နှာပေါ်တွင် အပြုံးများ ချိတ်ဆွဲထားပြီး၊ တံခါးဝရှိ လီရှောင်းနှင့် ကျန်းရိုတို့ကို မြင်တွေ့ရသောအခါ မျက်နှာပေါ်ရှိ အပြုံးများ ပျောက်ကွယ်မသွားဘဲ မျက်လုံးထဲတွင် အံ့အားသင့်မှုများပင် လျှပ်တစ်ပြက် ပေါ်လာသေးလေသည်။ ဤမျှ ကြည့်ကောင်းသော ယောကျ်ားလေး မိန်းကလေးကို တစ်ခါမှ မမြင်ဖူးသလို တီဗွီမှ နာမည်ကြီး မင်းသားမင်းသမီးများထက်ပင် ပိုမို လှပသည်ဟု ထင်မှတ်နေပုံရလေသည်။

မင်းသားမင်းသမီးများကို တွေးမိသောအခါ ကျန်းအမေက ရုတ်တရက် လီရှောင်းကို အနည်းငယ် ရင်းနှီးနေသလို ခံစားလိုက်ရလေသည်။

သူမက ယဉ်ကျေးစွာ မေးလိုက်လေသည်။

"မင်းတို့က ဘယ်သူတွေလဲ"

လီရှောင်းက ယဉ်ကျေးစွာ ခေါင်းညိတ်ပြလိုက်လေသည်။

"မင်္ဂလာပါ၊ ကျွန်တော်တို့ ကျန်းရိုကို ရှာချင်လို့ပါ"

"ကျန်းရို?"

ကျန်းအမေက ဇဝေဇဝါဖြင့် ပြောလိုက်လေသည်။

"ငါတို့အိမ်မှာ ကျန်းရိုဆိုတာ မရှိပါဘူး၊ မင်းတို့ အိမ်မှားလာတာလား"

"ဘယ်သူလဲ"

အခန်းထဲမှ ရုတ်တရက် မေးခွန်းထုတ်သံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ လူတစ်ယောက်က ဤဘက်သို့ လျှောက်လာလေသည်။ ကျန်းအဖေက ကျန်းအမေ၏ဘေးသို့ ရောက်လာပြီး အပြင်ဘက်ရှိ လီရှောင်းနှင့် ကျန်းရိုတို့ကို မြင်သောအခါ အမူအရာ အနည်းငယ် ပြေလျော့သွားလေသည်။

"မင်းတို့ ဘယ်သူ့ကို ရှာတာလဲ"

ကျန်းအမေက ကူညီ၍ ဖြေကြားပေးလေသည်။

"သူတို့က ကျန်းရိုကို ရှာချင်တယ်လို့ ပြောတယ်၊ ငါတို့အိမ်က ကျန်း မျိုးရိုးဖြစ်တာတော့ မှန်တယ်၊ ဒါပေမဲ့ ကျန်းရိုလို့ ခေါ်တဲ့သူ မရှိပါဘူး၊ ငါ့မှာ ကျန်းဖုန်း ဆိုတဲ့ သားတစ်ယောက်တည်းပဲ ရှိတာ"

ပြောရင်းနှင့် အိမ်ထဲသို့ လှမ်းခေါ်လိုက်လေသည်။

"ကျန်းဖုန်း"

"ဟုတ်ကဲ့"

အိမ်ထဲရှိ ယောကျ်ားလေးက လျင်မြန်စွာ ထူးလိုက်ပြီးနောက် တံခါးဝသို့ ပြေးလာလေသည်။

"ဘာဖြစ်လို့လဲ"

တံခါးအပြင်ဘက်ရှိ လီရှောင်းနှင့် ကျန်းရိုတို့ကို မြင်သောအခါ 'အို' ဟု အသံပြုလိုက်လေသည်။

"ခင်ဗျားတို့ ဖြစ်နေတာကိုး"

ကျန်းအဖေက မသိစိတ်မှပင် မေးလိုက်လေသည်။

"မင်းတို့ သိကြလို့လား"

ကျန်းဖုန်းက ပေါ့ပေါ့ပါးပါး မျက်နှာထားဖြင့် ပြောလိုက်လေသည်။

"ခုနက အောက်ထပ်မှာ သူတို့က ကျွန်တော့်ကို ကျန်းရိုကို သိလားလို့ မေးခဲ့သေးတယ်"

ကျန်းအမေက ထိုစကားကို ကြားသောအခါ လီရှောင်းနှင့် ကျန်းရိုတို့ကို အားနာသော အမူအရာဖြင့် တစ်ချက်ကြည့်လိုက်လေသည်။

"အားနာပါတယ်နော်၊ အဲ့ဒါဆိုရင် သေချာပေါက် မင်းတို့ မှားသွားတာ ဖြစ်မယ်၊ ငါတို့အိမ်မှာ ကျန်းရို မရှိပါဘူး"

ကျန်းရိုက လီရှောင်း၏လက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားလိုက်သည်။ နှမြောတသ ဖြစ်သွားခြင်းလား သို့မဟုတ် သက်သာရာရသွားခြင်းလား ဆိုသည်ကို သူမကိုယ်တိုင်ပင် မသိတော့ပေ။

လီရှောင်းက ကျန်းအဖေနှင့် ကျန်းအမေတို့ကို ကြည့်လိုက်လေသည်။

"ခင်ဗျားတို့မှာ သားတစ်ယောက်တည်း ရှိပြီး သမီး မရှိဘူးလား"

တံခါးဝရှိ ကျန်းအဖေ မဖြေရသေးမီမှာပင် ကျန်းအမေက တိုက်ရိုက်ပင် ဖြေကြားလိုက်လေသည်။

"ဟုတ်တယ်လေ၊ ငါ နောက်ပိုင်း တစ်ခါ ကိုယ်ဝန် ထပ်ရသေးတယ်၊ ဒါပေမဲ့ ကျန်းမာရေး မကောင်းလို့ ပျက်ကျသွားခဲ့တာ"

လီရှောင်းက ခေါင်းညိတ်လိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်လေသည်။

"အဲ့ဒါဆိုရင် သေချာပေါက် ကျွန်တော်တို့ မှားသွားတာ ဖြစ်မယ်၊ အားနာပါတယ်၊ အနှောင့်အယှက် ပေးမိသွားပြီ"

ပြောရင်းနှင့် လက်ထဲရှိ လက်ဆောင်များကို ပေးအပ်လိုက်လေသည်။

"ဒီပစ္စည်းတွေက ပေးစရာ မရှိတော့ဘူးဆိုတော့ ခင်ဗျားတို့ကိုပဲ လက်ဆောင် ပေးခဲ့ပါရစေ"

ကျန်းအမေက အလျင်အမြန် လက်ရမ်းပြလိုက်လေသည်။

"မလိုပါဘူး မလိုပါဘူး၊ အရမ်း အားနာစရာ ကောင်းလွန်းပါတယ်"

လီရှောင်းက အတင်းအကျပ် ပေးလိုက်လေသည်။

"ဘာမှ မဟုတ်ပါဘူး"

ပြောပြီးနောက် ခေါင်းတစ်ချက် ညိတ်ပြကာ ကျန်းရိုကိုခေါ်၍ တိုက်ရိုက် ထွက်သွားလေတော့သည်။

သဘောကောင်းလွန်းလှသဖြင့် ကျန်းမိသားစုဝင်များပင် အံ့ဩသွားကြလေသည်။

သူတို့နှစ်ဦး ထွက်သွားသည်ကို လိုက်လံ ကြည့်ရှုပြီးနောက် ကျန်းအဖေက တံခါးကို ပိတ်လိုက်ပြီး ဇနီးဖြစ်သူကို မကျေမနပ်ဖြင့် ပြောလိုက်လေသည်။

"မင်းက ဘာဖြစ်လို့ သူများတွေကို အကုန် လျှောက်ပြောနေရတာလဲ။ သူတို့က လိမ်တဲ့သူတွေ ဖြစ်နေမှာကို မကြောက်ဘူးလား"

ကျန်းအမေက မကျေမနပ်ဖြင့် ပြန်ပြောလေသည်။

"ဘာလိမ်တဲ့သူတွေလဲ။ ဒီလောက် သဘောကောင်းတဲ့ လိမ်တဲ့သူ ရှိလို့လား"

ပြောရင်းနှင့် လက်ဆောင်များကို ထုတ်ကြည့်လိုက်ရာ၊ မြင်တွေ့လိုက်ရသည်နှင့် လေပူတစ်ချက် ရှိုက်သွင်းလိုက်မိလေသည်။

"ဒါ... ဒါက အရမ်း ဈေးကြီးလွန်းတယ်"

ကျန်းအဖေနှင့် ကျန်းဖုန်းတို့က သူမ၏ လက်ထဲသို့ ကြည့်လိုက်ရာ သူတို့လည်း ကြောင်အမ်းအမ်း ဖြစ်သွားကြလေသည်။ မောက်ထိုင်း အရက်တွေရော၊ လက်ဝတ်ရတနာတွေရော၊ ထို့အပြင် ငှက်သိုက်နဲ့ ကမာကောင်တွေပါ ပါသေးတယ်...

ကျန်းအဖေက အလျင်အမြန် ပြောလိုက်လေသည်။

"မြန်မြန် သူတို့ကို ပြန်သွားပေးလိုက်"

ကျန်းအမေက ပစ္စည်းများကို ကျန်းဖုန်းထံသို့ ပေးလိုက်ပြီး လူများကို သွားလိုက်ရှာခိုင်းလေသည်။ ကျန်းဖုန်းက အောက်ထပ်သို့ အလျင်အမြန် ပြေးဆင်းသွားသော်လည်း လူများကို မတွေ့ရတော့ပေ။

သူ ပြန်ရောက်လာချိန်တွင် ကျန်းအမေက တီဗွီရှေ့တွင် ထိုင်နေရင်း ရုတ်တရက် အံ့အားသင့် ဝမ်းသာစွာဖြင့် ပြောလိုက်လေသည်။

"သူ ဘယ်သူလဲဆိုတာ ငါ မှတ်မိသွားပြီ။ နှစ်သစ်ကူး နွေဦးပွဲတော်တုန်းကလေ၊ နွေဦးပွဲတော် ကြော်ငြာမှာ ပါခဲ့ဖူးတဲ့ "ဆယ့်နှစ်ရာသီဖွား" ရဲ့ သူဌေးလေ၊ အိုအို၊ သေချာပေါက် အစီအစဉ် ရိုက်ကူးနေတာ ဖြစ်မယ်၊ ငါတို့ မိသားစုကို လက်ဆောင် လာပေးတာပဲ"

ထို့နောက် ကျန်းအဖေကို အလျင်အမြန် မေးလိုက်လေသည်။

"ငါ ခုနက သရုပ်ဆောင်တာ ကောင်းရဲ့လား"

ဤအကြောင်းများကို ပြောရလျှင် ကျန်းအဖေလည်း မှတ်မိသွားလေသည်။ အဘယ်ကြောင့်ဆိုသော် စောစောက ထိုအမျိုးသားမှာ အလွန် ချောမောလွန်းသဖြင့် မေ့ပစ်ရန် ခက်ခဲသောကြောင့် ဖြစ်လေသည်။

ယခုမှ စိတ်အေးသွားလေသည်။

"သူ ဟုတ်လောက်တယ်"

"သူပဲလေ၊ ကျွန်မ သူ့ကို အရမ်း သဘောကျတာ၊ သူ့သမီးလေးကလည်း လှတယ်"

"မင်းက သူ ရုပ်ချောတာကို သဘောကျနေတာ မလား"

"ရှင့် အပူပါလို့လား"

ကျန်းမိသားစုမှာ ဤကြားဖြတ် ဝင်ရောက်လာသော ကိစ္စလေးကြောင့် အထူး စည်ကားသွားလေတော့သည်။

…..

ကျန်းရို အောက်ထပ်သို့ ဆင်းလာပြီးနောက် မျက်လုံးများ နီရဲနေလေသည်။ နောက်ဆုံးတွင် လီရှောင်းကိုခေါ်ကာ အိမ်ရာအနောက်ဘက်ရှိ ကစားကွင်းသို့ သွားခဲ့ကြသည်။ ထိုနေရာတွင် ဒန်းတစ်ခု ရှိရာ သူမက အပေါ်တွင် ထိုင်နေပြီး လီရှောင်းက ဘာစကားမှ မပြောဘဲ သူမကို ဒန်းလွှဲပေးလေသည်။

နောက်ဆုံးတွင် ကလေးအချို့ ရောက်လာမှသာ ကျန်းရိုက မတ်တတ်ရပ်ကာ နေရာဖယ်ပေးလိုက်လေသည်။

လီရှောင်းက သူမကို အရိပ်ရသော နေရာသို့ ခေါ်သွားပြီး ရင်ခွင်ထဲတွင် ဖက်ထားလိုက်လေသည်။

ကျန်းရိုက ခေါင်းကို သူ၏ ပခုံးပေါ်တွင် တင်ထားလိုက်ရာ မျက်လုံးများက တဖြည်းဖြည်း မှုန်ဝါးလာပြီး အက်ရှနေသော အသံဖြင့် မေးလိုက်လေသည်။

"ရှင် မမေးတော့ဘူးလား"

လီရှောင်းက ခေါင်းခါပြလိုက်လေသည်။

"မမေးတော့ဘူး၊ မင်း ဖြစ်နေရင် ရပြီပဲ"

ကျန်းရိုက နှာသံဖြင့် ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ်၊ ကျွန်မ ခဏလေးပဲ ဝမ်းနည်းလိုက်ပါ့မယ်"

"ရပါတယ်၊ ကြာကြာ ဝမ်းနည်းလို့ ရပါတယ်၊ ကိုယ် မင်းကို အမြဲတမ်း အဖော်လုပ်ပေးမှာပါ"

"အင်း"

သို့သော် ကျန်းရိုက လျင်မြန်စွာပင် စိတ်ခံစားချက်များကို ပြန်လည် ညှိနှိုင်းနိုင်ခဲ့ပြီး လီရှောင်းနှင့်အတူ ဤနေရာမှ ထွက်ခွာလာခဲ့လေသည်။

အိမ်ရာတံခါးဝမှ ထွက်လာပြီးနောက် လီရှောင်းက ရုတ်တရက် ပြောလိုက်လေသည်။

"သွားမယ်၊ မင်းကို ပျော်စရာကောင်းတဲ့ နေရာတစ်ခုဆီ ခေါ်သွားမယ်"

ကျန်းရိုက ဘယ်လို ပျော်စရာကောင်းတဲ့ နေရာမျိုးလဲဟု ခန့်မှန်းနေဆဲဖြစ်သော်လည်း လီရှောင်း သူမကို ခေါ်သွားသည်မှာ ကစားကွင်းဖြစ်နေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

သူတို့နှစ်ဦး ကစားကွင်းတွင် တစ်မွန်းလွဲလုံး ကစားခဲ့ကြပြီး ပြီးဆုံးသွားသောအခါ ကျန်းရို၏ စိတ်အခြေအနေမှာ အများကြီး ပိုမို ကောင်းမွန်လာခဲ့လေသည်။

တည်းခိုခန်းသို့ ပြန်မည့် ကားပေါ်တွင် ထိုင်နေစဉ် ကျန်းရိုက အကြံပြုလိုက်လေသည်။

"ခရိုင်မြို့ကို ပြန်ရောက်ရင် ကျွန်မတို့ ဘုရားကျောင်းသွားပြီး အမွှေးတိုင် သွားထွန်းကြရအောင်"

သူမက ထိုကမ္ဘာရှိ ဖေဖေနှင့် မေမေတို့အတွက် အမွှေးတိုင်တစ်တိုင် ထွန်းပေးပြီး သူတို့ ဘေးကင်းလုံခြုံစေရန် ဆုတောင်းပေးချင်လေသည်။

လီရှောင်းက သူမ၏ နဖူးထောင့်ရှိ ချွေးများကို သုတ်ပေးလိုက်ပြီး အင်းဟု အသံပြုလိုက်လေသည်။

ကျန်းရိုက ပြတင်းပေါက် အပြင်ဘက်ရှိ အလျင်အမြန် ဖြတ်သန်းသွားသော ရှုခင်းများကို ကြည့်ရင်း ရုတ်တရက် စိတ်သက်သာရာ ရသွားလေသည်။

သူတို့က သူမကို မသိကြသော်လည်း သူတို့ ပျော်ရွှင်နေဖို့က အရေးအကြီးဆုံးပဲ မဟုတ်ပါလား။ သူမ မှတ်မိနေသရွေ့ လုံလောက်ပါပြီ။

သူမက ခေါင်းကို လီရှောင်း၏ ပခုံးပေါ်တွင် မှီထားလိုက်ပြီး သူတို့နှစ်ဦး အတူတကွ အပြင်ဘက်ကို ကြည့်နေကြစဉ်၊ လီရှောင်းက သူမ၏ လက်ကို ဆုပ်နယ်ပေးရင်း ပြောလိုက်လေသည်။

"နောက်ပိုင်း နှစ်တိုင်း ကိုယ်တို့ ဒီကို လာပြီး ခိုးကြည့်ကြမယ်၊ သူတို့ကို အသိမပေးဘဲနဲ့ပေါ့"

ကျန်းရို ပြုံးလိုက်လေသည်။

"ကောင်းပြီ"

ပြောပြီးနောက် ကိုယ်ကို မတ်မတ်ထားလိုက်ပြီး လီရှောင်း၏ ပါးပြင်ကို တစ်ချက် နမ်းလိုက်လေသည်။

"ရှင်က အရမ်းကောင်းတာပဲ"

လီရှောင်းလည်း ပြုံးလိုက်ပြီး မျက်လုံးများက ကွေးညွတ်သွားလေသည်။

….

တည်းခိုခန်းသို့ ပြန်ရောက်သောအခါ အန်းအန်းက မျက်စိရှင်ရှင်ဖြင့် မာမား၏ ဆံပင်ပေါ်တွင် သကြားမျှင်များ ကပ်နေသည်ကို တွေ့ရှိသွားပြီး ဒေါသတကြီးဖြင့် ပြောလေတော့သည်။

"မာမား ငှက်သိုက်မုန့် စားခဲ့တယ် မလား၊ သေချာပေါက် ကစားကွင်းသွားပြီး ခိုးကစားခဲ့ကြတာပဲ"

ကျန်းရိုက တွေဝေခြင်းမရှိဘဲ လီရှောင်းကို ရောင်းစားလိုက်လေသည်။

"နင့်ပါပါးက အတင်း ခေါ်သွားတာ၊ ငါနဲ့ မဆိုင်ဘူးနော်"

လီရှောင်း "......"

***

ပြီးပါပြီ။

အချပ်ပိုဆက်လာပါမယ်။

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အချပ်ပို ၁ ။ လီရှင်းxကျင်းတာ့ယို

လီရှင်းက ကျင်းတာ့ယိုကို ပထမဆုံး မြင်တွေ့ခဲ့တဲ့ မြင်ကွင်းကို မှတ်မိနေသေးသည်။ အဲဒီအချိန်က သူမကို အစ်မနဲ့ ခဲအိုက အိမ်ပြန်ခေါ်လာကာစ၊ ဆံပင်တွေ ရိတ်ထားရပြီး လူက အရိုးပေါ်အရေတင် ပိန်လှီနေတာ။ သူမရဲ့ အရုပ်ဆိုးဆုံး၊ အဆိုးဝါးဆုံး ပုံစံပေါ့။

ပါးစပ်ကသာ ဂရုမစိုက်ဘူး ပြောပေမယ့် စိတ်ထဲမှာတော့ အားငယ်နေမိတယ်။ ကိုယ့်ကိုယ်ကိုယ် ညစ်ပတ်တယ်လို့ ထင်နေတာ။ မွေးစားမိဘတွေက အဘိုးကြီးတစ်ယောက်ဆီ ရောင်းစားလိုက်တဲ့ ကိစ္စက ပြောရတာ မကောင်းဘူးလေ။ သူမက အစာငတ်ခံ ဆန္ဒပြလို့ အဘိုးကြီးက မီးဖိုချောင်ထဲမှာပဲ ပိတ်လှောင်ထားခဲ့ပေမယ့် သူများတွေက အဲဒီလို ထင်မှာ မဟုတ်ဘူး။

သူမက ဒီကိစ္စကို သူများတွေ သိသွားမှာ၊ ထူးဆန်းတဲ့ မျက်လုံးတွေနဲ့ ကြည့်ကြမှာ ကြောက်နေတယ်။ ဒါကြောင့် အစ်မတို့အိမ် ရောက်တော့ အပြင်မထွက်တော့ဘူး။ ဘေးအိမ်က အဒေါ်ဝမ် လာလည်ရင်တောင် အခန်းထဲမှာပဲ ပုန်းနေတတ်တယ်။

ကံကောင်းတာက သူမမှာ အစ်မကောင်းတစ်ယောက် ရှိတယ်။ အစ်မက သူများတွေကို မွေးစားမိဘတွေ နှိပ်စက်လို့ ဆိုပြီး ပြောပြတယ်။ အဘိုးကြီးဆီ ရောင်းစားခံရတဲ့အကြောင်း မပြောဘူး။

အဲဒီနှစ်က သူမ အသက် ၁၃ နှစ်။ အလုပ်ပင်ပန်းပြီး အာဟာရ မပြည့်ဝလို့ ခန္ဓာကိုယ် အားနည်းနေတယ်။ ကျင်းတာ့ယိုက ခဲအိုသူငယ်ချင်း အနေနဲ့ သူမ ကျန်းမာရေး လာကြည့်ပေးတာ။

အဲဒီတုန်းက ကျင်းတာ့ယိုက သူမကို မြင်တာနဲ့ ဆရာလေး ဆိုပြီး လှောင်တယ်။

အဲဒီတုန်းက လီရှင်း သိပ်စိတ်မဆိုးပါဘူး။ စိတ်ထဲမှာ အားငယ်နေတာ ပိုများတယ်။ အားငယ်လို့ မဖော်ပြရဲဘူး။ သူများတွေ သိသွားရင် လှောင်ကြမှာ ကြောက်လို့။ ဒါကြောင့် မျက်နှာ တင်းထားလိုက်တယ်။ သူမကို အနိုင်ကျင့်လို့ မရဘူး ဆိုတာ သိအောင်လို့။

နောက်တော့ ပြန်စဉ်းစားကြည့်မှ သူတို့နှစ်ယောက်က လူတန်းစားတူတူပဲ။ သူမက မာနနဲ့ အားနည်းချက်ကို ဖုံးကွယ်ထားတယ်။ ကျင်းတာ့ယိုက ရယ်မောပြီး ဝမ်းနည်းမှုတွေကို ဖုံးကွယ်ထားတယ်။

သူတို့နှစ်ယောက်လုံး ကိုယ့်ကိုယ်ကိုယ် ထုတ်ဖော်ပြသဖို့ မတတ်ကြဘူး။ ဘယ်သူမှ မသင်ပေးခဲ့ဖူးလို့။

အဲဒီနှစ်က ကျင်းတာ့ယို ၁၇ နှစ်။ ပြည်နယ် ဆေးတက္ကသိုလ်က ကျောင်းသား။ အစ်မ ပြောပြတာတော့ သူက ကြည့်ရင်သာ ပေါ့ပေါ့ပါးပါး နေပေမယ့် တကယ်တော့ တော်တယ်တဲ့။ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ပြည်နယ် အဆင့်ဝင်တယ်တဲ့။

ပြည်နယ်ထဲမှာပဲ နေတာက မတော်တဆ ကိစ္စတချို့ကြောင့်တဲ့။

ဆေးသေချာ သောက်ဖို့၊ ကျင်းတာ့ယိုကို မုန်းလို့ ကိုယ့်ကျန်းမာရေး မထိခိုက်စေနဲ့လို့ မှာတယ်။

အစ်မက သူမ ကျင်းတာ့ယိုကို မုန်းတယ် ထင်နေတာ။ တကယ်တော့ မမုန်းပါဘူး။ ပြောင်းပြန်အနေနဲ့ သူ့ကို အားကျပြီး လေးစားနေမိတယ်။ ၁၆ နှစ်နဲ့ တက္ကသိုလ် တက်ခွင့်ရတယ် ဆိုတာ သူမ မလုပ်နိုင်တဲ့ အရာလေ။ အပြင်လောကကြီးကို မြင်ခွင့်ရတာကို အားကျမိတယ်။

သူမ ရွာမှာ တက္ကသိုလ်ဝင်ခွင့်ရတဲ့ တစ်ဦးတည်းသော လူတော်တောင် ၂ နှစ် ပြန်ဖြေမှ ရတာ။

အဲဒီတုန်းက သူမအမြင်မှာ တက္ကသိုလ်ဝင်ခွင့် ရတဲ့သူတွေက တော်တဲ့လူတွေပဲ။ နောက်ပိုင်း သူမ ပေကျင်းတက္ကသိုလ် ဝင်ခွင့်ရတုန်းကတောင် သူ့ကို အထင်မသေးခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူမက အစ်မနဲ့ ခဲအို အကူအညီနဲ့ G ပြည်နယ်က အထက်တန်းကျောင်းကောင်းကောင်း တက်ခွင့်ရလို့။ ပညာရေး အခွင့်အလမ်း ကောင်းကောင်း ရခဲ့လို့။ ကျင်းတာ့ယိုကျတော့ ဘာမှ မရှိခဲ့ဘူး။

ဒါကြောင့်လည်း သူမ ကျင်းတာ့ယို သူမကို ကြိုက်လာမယ်လို့ တစ်ခါမှ မတွေးဖူးဘူး။ သူက သူမရဲ့ အရုပ်ဆိုးဆုံး ပုံစံကို မြင်ဖူးတယ်။ သူမရဲ့ မကောင်းတဲ့ အတိတ်ကို သိတယ်။ ဘယ်လိုကြည့်ကြည့် သူတို့နှစ်ယောက် မဖြစ်နိုင်ဘူး။

တကယ်တော့ လီရှင်း ဘယ်သူ့ကိုမှ မပြောဖူးဘူး။ ကျင်းတာ့ယိုက သူမအပေါ် သက်ရောက်မှု ကြီးမားတယ် ဆိုတာ။

အစ်မနဲ့ ခဲအိုက ဆွေမျိုးမေတ္တာနဲ့ အချစ်တွေ ပေးပြီး သူမရဲ့ အိပ်မက်ဆိုးတွေကို ကုစားပေးခဲ့တယ်။ ကျင်းတာ့ယိုကျတော့ သူမကို ဘဝကို ပြုံးပြုံးရွှင်ရွှင် ရင်ဆိုင်တတ်အောင် သင်ပေးခဲ့တယ်။

အစ်မ တက္ကသိုလ်ဝင်ခွင့်ရတဲ့ နှစ်မှာ သူမက အိမ်ထောင်စုစာရင်း ပြဿနာကြောင့် မြို့နယ်မှာပဲ ကျောင်းတက်ခဲ့ရတယ်။ ကျင်းတာ့ယို တက်ခဲ့တဲ့ အမှတ် ၄ အထက်တန်းကျောင်းမှာ။

ရေစက်ပါလို့လား မသိ။ သူမ ထိုင်တဲ့ခုံက ကျင်းတာ့ယို ထိုင်ခဲ့တဲ့ခုံ ဖြစ်နေတယ်။ စားပွဲပေါ်မှာ "ကျင်းတာ့ယို ဒီကို ရောက်ခဲ့သည်" ဆိုတဲ့ စာတန်း ထွင်းထားသေးတယ်။

ကျင်းတာ့ယိုက အမှတ် ၄ အထက်တန်းကျောင်းရဲ့ ဂုဏ်ယူစရာပဲ။ သူ့ဓာတ်ပုံကို ကျောင်းကြော်ငြာသင်ပုန်းမှာ ကပ်ထားတယ်။ ဓာတ်ပုံထဲမှာ သူက ပေါ့ပေါ့ပါးပါး ရယ်မောနေတယ်။

ဆရာတွေက စာသင်ရင် သူ့ကို နမူနာ ထားပြီး ပြောလေ့ရှိတယ်။ သူ ကျောင်းပြေးတဲ့ အကြောင်းတွေလည်း ပြောပြတတ်တယ်။

အဲဒီတုန်းက လီရှင်း နားမလည်ဘူး။ သူ ဘယ်လိုလုပ် အဲဒီလောက် ပျော်ရွှင်နေနိုင်တာလဲ။ စိတ်ညစ်စရာ မရှိသလိုပဲ။

နောက်ပိုင်း သူမ ပြောင်းလဲဖို့ ကြိုးစားလာတယ်။ အတန်းဖော်တွေနဲ့ ဆက်ဆံလာတယ်။

ဒါကြောင့် သူမ တက္ကသိုလ်ဝင်ခွင့်ရပြီး မြို့နယ်ပြန်ရောက်တော့ အတန်းဖော်တွေ လာရှာကြသေးတယ်။ ကျောင်းသားဘဝမှာ နောင်တ သိပ်မကျန်ခဲ့ဘူး။

သူမ ရယ်မောတတ်လာတယ်။ သူများတွေ ပြောသလို ကျောင်းသားကောင်း ဖြစ်လာတယ်။ တစ်ခါက အတန်းဖော်တွေ ပြောတာ ကြားလိုက်ရတယ်။ "အမှတ် ၃ ကျောင်းသားတွေက ဘာမို့လို့ လူအထင်သေးရတာလဲ။ ငါတို့အတန်းက လီရှင်းက စာတော်ပေမယ့် ငါတို့နဲ့ ကစားရင် တစ်ခါမှ အထင်မသေးဘူး" တဲ့။

ဒါကြားတော့ သူမ ပျော်သွားတယ်။ အသိအမှတ်ပြုခံရသလို ခံစားလိုက်ရတယ်။

G ပြည်နယ် ရောက်သွားပြီး အထက်တန်း တက်တော့ ဒီလူကို မေ့သလို ဖြစ်သွားတယ်။ တစ်ခါတလေ လုံးဝ သတိမရတော့ဘူး။

တစ်ခါတလေ အစ်မနဲ့ ခဲအို ပြောမှ သတိရတယ်။ တော်တော့ ဘာလုပ်ရမှာလဲ။ စိတ်ပျက်စရာ ကောင်းတာပဲ ရှိတာလို့ စိတ်ထဲက တွေးမိတယ်။

နောက်ပိုင်း အစ်မက ကျင်းတာ့ယိုအမေကို ရှာတွေ့ပြီပြောမှ သူလည်း ဘဝမကောင်းပါလား ဆိုတာ သိလိုက်ရတယ်။

အစ်မ ပြောတာတော့ ကျင်းတာ့ယိုမှာ အစ်ကိုတစ်ယောက် ရှိတယ်၊ လူကုန်ကူးခံရတာ၊ မိဘတွေက အစ်ကို့ကို လိုက်ရှာနေလို့ သူ့ကို ပြန်မကြည့်ကြဘူးတဲ့။ အဖေက နောက်မိန်းမ ယူသွားပြီ၊ အမေက ရူးသွားပြီတဲ့...

သူ ပြည်နယ်ထဲက တက္ကသိုလ် ရွေးတာကလည်း ကျောင်းပိတ်ရက် အစ်ကို့ကို လိုက်ရှာချင်လို့တဲ့။

အဲဒီ နွေရာသီကျောင်းပိတ်ရက်မှာ လီရှင်း ကျင်းတာ့ယိုအမေကို တွေ့ခဲ့တယ်။ လူမမှတ်မိတော့ဘူး။ ပါးစပ်က "တာ့ဖုန်း" လို့ပဲ ရွတ်နေတာ။ နောက်ထပ် သားတစ်ယောက် ရှိသေးတယ် ဆိုတာ မေ့နေသလိုပဲ။

ကျင်းတာ့ယိုကတော့ အမေဘေးမှာ ဆောင့်ကြောင့်ထိုင်ပြီး လက်တွေကို ညင်ညင်သာသာ သုတ်ပေးနေတယ်။

အဲဒီတုန်းက လီရှင်း တွေးမိတယ်။ သူ ဝမ်းနည်းနေမှာပဲလို့။

သူမ နားမလည်ခဲ့တာ တစ်ခုက သူမ မိဘအရင်းတွေက ဘာလို့ သူမကို မလိုချင်ကြတာလဲ ဆိုတာပဲ။

အဲဒီတုန်းက လီရှင်းနဲ့ ကျင်းတာ့ယို သိပ်မရင်းနှီးသေးဘူး။ နောက်ပိုင်း သူမ ပေကျင်းတက္ကသိုလ် ဝင်ခွင့်ရတော့ အစ်မနဲ့ ခဲအိုက ကျင်းတာ့ယိုကို အကူအညီတောင်းပြီး ကျောင်းလိုက်ပို့ခိုင်းတာ။ ဂရုစိုက်ခိုင်းတာ။ အဲဒီကျမှ ရင်းနှီးလာကြတာ။

ကျင်းတာ့ယိုအပေါ် သူမ အမြင်တွေ ပြောင်းလဲလာတယ်။ အရင်တုန်းက ပေါ့ပေါ့ပါးပါး နေတတ်သူ၊ မုန်းစရာကောင်းပေမယ့် တော်တဲ့သူလို့ ထင်ခဲ့တာ။ နောက်တော့ သူက အပြင်ပန်းလောက် မပျော်ရွှင်ဘူးလို့ ထင်လာတယ်။ တစ်ခါတုန်းက အမေအခန်းထဲက ထွက်လာတော့ မျက်လုံးတွေ နီနေတာ တွေ့ဖူးတယ်။ နောက်တော့ သူက ဟင်းချက်ကောင်းတယ်၊ ကလေးထိန်း တော်တယ်၊ အန်းအန်းကို ပျော်အောင် ထားတတ်တယ် ဆိုတာ သိလာတယ်။

နှစ်ယောက်သား ရထား အတူစီးတော့ လီရှင်း နေရခက်နေတယ်။ အစ်မနဲ့ ခဲအို မပါတော့ ဘာပြောရမှန်း မသိဘူး။

မထင်မှတ်ဘဲ ကျင်းတာ့ယိုက ရှေ့ကနေ လူအုပ်ကို တိုးဝှေ့ပြီး နေရာရှာပေးတယ်။ ညဘက် မျက်နှာသစ်ရင် အိမ်သာရှေ့မှာ စောင့်ပေးတယ်။ ရထားပြောင်းစီးတော့ သူမနေရာကို အဘွားကြီးတစ်ယောက် ဝင်လုတာ သူက မျက်နှာတည်တည်နဲ့ မောင်းထုတ်ပေးတယ်။ ပုံမှန်လို သဘောကောင်း မနေဘူး။

တက္ကသိုလ် ၂ နှစ်လုံး သူက အစ်ကိုတစ်ယောက်လို စောင့်ရှောက်ပေးခဲ့တယ်။

အဲဒီတုန်းက လီရှင်း သိလိုက်တယ်။ သူက အပြင်ပန်းသာ ဟားတိုက်နေပေမယ့် တကယ်တော့ ဂရုစိုက်တတ်တဲ့သူပဲ။

ပြောရရင် သူတို့ ဆက်ဆံရေးက ရှုပ်ထွေးတယ်။ အစ်မနဲ့ ခဲအို ရှိရင် ရင်းရင်းနှီးနှီး စနောက်ကြပေမယ့် အပြင်ရောက်ရင် အကွာအဝေး တစ်ခု ရှိနေသလိုပဲ။ စကားသိပ်မပြောကြဘူး။

တစ်ခါတည်းသော ရင်းနှီးမှုက ဒုတိယနှစ် နွေရာသီကျောင်းပိတ်ရက်မှာ။ လီရှင်း အတန်းဖော်တွေနဲ့ တွေ့ဆုံပွဲ သွားပြီး ညနေ ပြန်လာတော့ သတိမထားမိဘဲ ရေချိုးခန်း တံခါး ဖွင့်လိုက်မိတယ်။ သူ့ကို အထဲမှာ တွေ့လိုက်ရတယ်။

သူ အဝတ်အစား မဝတ်ထားဘူး။ လက်ထဲမှာ ဆပ်ပြာကိုင်ထားတယ်။ အသံကြားလို့ လှည့်ကြည့်လိုက်တာလေ။

မမြင်သင့်တာတွေ မြင်လိုက်ရတယ်။ အဲဒီနောက်ပိုင်း ကျင်းတာ့ယိုကို မြင်တိုင်း အဲဒီပုံရိပ်ကို မတော်တဆ ပြန်သတိရမိတယ်။

ဒီကိစ္စကို နှစ်ယောက်လုံး မဖြစ်ခဲ့သလို နေလိုက်ကြတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း နှစ်ယောက်ကြား အခြေအနေက ထူးဆန်းနေတယ်။

ကျင်းတာ့ယို သူမနဲ့ စကားပြောရင် မျက်လုံးချင်းဆုံတိုင်း နားရွက်တွေ နီလာတယ်။

ကျင်းတာ့ယိုမှာ ကြိုက်တဲ့ကောင်မလေး ရှိတယ်လို့ မကြားရင် သူမကို စိတ်ဝင်စားနေတယ်လို့ ထင်မိမှာ။

အဲဒီနေ့က တိုက်ဆိုင်သွားတာ။ အစ်မနဲ့ ခဲအိုက သူမ မုန်လမုန့်ပွဲတော် ပြန်မလာနိုင်မှန်း သိလို့ မုန့်လမုန့်နဲ့ မုန့်တွေ ကြိုပို့ပေးထားတာ။ ကျင်းတာ့ယိုအတွက်လည်း တစ်စုံ ပါလာတယ်။

ကျောင်းရောက်တာ ကြာပြီ။ ကျင်းတာ့ယိုကို သွားမရှာဖြစ်ဘူး။ ကိစ္စရှိရင် ဖုန်းပဲ ဆက်တာ။ အဲဒီနေ့ ဖုန်းဆက်တော့ အသံအက်နေတာ ကြားလို့ နေမကောင်းဘူး ထင်ပြီး သွားကြည့်တာ။ အဆောင်ရောက်တော့ အဆောင်အောက်မှာ ကောင်မလေးတစ်ယောက်နဲ့ ရယ်မော စကားပြောနေတာ တွေ့လိုက်ရတယ်။

နှစ်ယောက်သား ယှဉ်ရပ်နေတာ လိုက်ဖက်လွန်းတယ်။

ကျင်းတာ့ယို သူမကို မြင်တော့ ကောင်မလေးကို တစ်ခုခုပြောလိုက်တယ်။ ကောင်မလေး ထွက်သွားတယ်။

ပြီးတော့ သူမဆီ လျှောက်လာတယ်။ ဒါပေမဲ့ မျက်နှာမှာ အပြုံး မရှိတော့ဘူး။

လီရှင်း ရင်ထဲ ဘယ်လိုနေလဲ မသိဘူး။ နည်းနည်း ဝမ်းနည်းသွားသလိုပဲ။

အမျိုးသားနေ့တုန်းက ခဲအိုက ကျင်းတာ့ယိုနဲ့ ကိစ္စရှိလို့ ဖုန်းဆက်တာ မကိုင်လို့ သူမကို သွားရှာခိုင်းတယ်။

လီရှင်း သွားရှာတော့ အနီးနားက ဆေးရုံရုံးခန်းထဲမှာ သူများတွေနဲ့ စကားပြောနေတာ တွေ့တယ်။ တံခါးဝမှာ စောစောက ကောင်မလေးနဲ့ တိုးတယ်။ ကောင်မလေးက ဆရာဝန် ဂျူတီကုတ် အဖြူ ဝတ်ထားတယ်။ သူမထက် အရင်ဝင်သွားတယ်။

တံခါးဝက လီရှင်း အထဲက လုပ်ဖော်ကိုင်ဖက်တွေ စနောက်တာ ကြားလိုက်ရတယ်။ "ကျင်းတာ့ယို... မင်း နတ်သမီးလေး လာရှာတယ်"

လီရှင်း တံခါးဝမှာ ခဏ ရပ်နေပြီးမှ တံခါးခေါက် ဝင်သွားတယ်။ သူတို့ပြောပြီးမှ ဝင်မလို့ လုပ်ပေမယ့် တစ်ယောက်တည်း ရပ်နေရတာ ရှက်စရာကောင်းလို့ ဝင်လိုက်တာ။

ဝင်သွားတော့ ရုံးခန်းထဲ တိတ်ဆိတ်သွားတယ်။ လီရှင်း ဘာမှမသိသလိုပဲ ခဲအို ရှာနေကြောင်း ပြောလိုက်တယ်။

ကျင်းတာ့ယို ဖုန်းထုတ်ကြည့်မှ ဖုန်းပိတ်ထားမိမှန်း သိလိုက်တယ်။

လီရှင်း သူများတွေ ကြည့်နေတာ မခံချင်လို့ နှုတ်ဆက်ပြီး ထွက်လာခဲ့တယ်။

တံခါးဝရောက်တော့ ကောင်မလေးက သူမ ဘယ်သူလဲ မေးတာ ကြားလိုက်ရတယ်။

ကျင်းတာ့ယို လုပ်ဖော်ကိုင်ဖက်တွေနဲ့ အခန်းဖော်တွေက "တာ့ယို ညီမလေးပါ။ စိတ်မပူပါနဲ့" လို့ ဖြေပေးကြတယ်။

လီရှင်း ခြေလှမ်းတုံ့သွားပြီးတော့ ဘာမှ မကြားသလိုပဲ မြန်မြန် ထွက်လာခဲ့တယ်။

ကောင်မလေးကို စိတ်မပူပါနဲ့ ပြောတာ ဘာသဘောလဲ သူမ မစဉ်းစားတော့ဘူး။ သူမနဲ့ မဆိုင်ဘူးလေ။

ဒါကြောင့် ကျီယွီ နှစ်သစ်ကူးနေ့ ညဘက် နှင်းတွေကြားထဲ လာပြီး ရည်းစားစကား ပြောတော့ လီရှင်း သူ့မျက်လုံးထဲက ရိုးသားမှုနဲ့ ချစ်ခြင်းမေတ္တာကို ကြည့်ပြီး စိတ်နူးညံ့သွားတယ်။ ဒါ အချစ်ပဲလို့ ထင်လိုက်တာ။

လီရှင်းက အလေးအနက် ထားတတ်တယ်။ ကျီယွီ သူမကို ချစ်သလောက် သူမ မချစ်ပေမယ့် လက်ခံလိုက်ပြီ ဆိုရင်တော့ သေချာ တွဲမှာပဲ။

ကျင်းတာ့ယို သူမ ရည်းစားရသွားမှန်းသိတော့ တကူးတက လာမေးသေးတယ်။ အဲဒီတုန်းက သူမ ဘာမှ မတွေးဘဲ ဝန်ခံလိုက်တယ်။

သူ ခဏ တိတ်ဆိတ်သွားတယ်။ ပြီးတော့ ပြုံးပြီး ဂုဏ်ပြုကြောင်း ပြောတယ်။ သူမကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမလို့ လုပ်နေတာ၊ လူတစ်ယောက်က သူမအကြောင်း မေးနေလို့ ဆိုပြီးတော့။

လီရှင်းလည်း ပြုံးလိုက်ပြီး "မလိုပါဘူး။ ငါ့ရည်းစားက ကောင်းပါတယ်"

ကျင်းတာ့ယို လက်ဝှေ့ယမ်းပြပြီး "ဒါဆို ကောင်းတာပေါ့" လို့ ပြောလာတယ်။

လီရှင်း တစ်ချက်ပဲ ကြည့်ပြီး စာဆက်ဖတ်နေလိုက်သည်။ စတုတ္ထနှစ် နိုင်ငံခြားထွက်ဖို့ ပြင်ဆင်နေလို့လေ။

နောက်ပိုင်း သူမရော ကျင်းတာ့ယိုရော အလုပ်ရှုပ်နေကြလို့ တွေ့ခွင့် နည်းသွားတယ်။

နောက်ဆုံး သူမ နိုင်ငံခြား သွားတော့မယ်ဆိုတာသိတော့ အဲဒီ နွေရာသီကျောင်းပိတ်ရက်မှာ သူ G ပြည်နယ် ရောက်လာတယ်။ ထမင်းစားဖို့ ခေါ်တယ်။ ဒါပေမဲ့ လီရှင်း ငြင်းလိုက်တယ်။ မလိုအပ်ဘူး ထင်လို့လေ။ ပြီးတော့ ကျီယွီက ကြိုလာကြိုနေပြီ။

….

အခု ၄ နှစ်တာ သံယောဇဉ်တွေ ပျက်စီးသွားပြီ။ လီရှင်း နောင်တရသလို စိတ်သက်သာရာလည်း ရတယ်။ အရမ်း ဝမ်းနည်းတာတော့ မရှိပါဘူး။ ဒီဆက်ဆံရေးမှာ သူမ အကြွေးမတင်ခဲ့ဘူးလေ။

ကျီယွီက ကောင်းပါတယ်။ ဒါပေမဲ့ သူမ ဒီဆက်ဆံရေးအတွက် အများကြီး ပေးဆပ်ခဲ့ရတယ်။

နောက်ထပ် ရည်းစားမထားချင်တော့ဘူး။ အချစ်ရေးက သူမအတွက် ပျော်ရွှင်မှုထက် နာကျင်မှု ပိုများတယ်။

ခဲအိုကို လူရည်မွန်တွေ ရှာပေးဖို့ ပြောတာကလည်း သူတို့ စိတ်မပူအောင်လို့ပါ။ သူမ သိပ်မဝမ်းနည်းကြောင်း သိစေချင်လို့။

ဒါပေမဲ့ သူမ ပင်ပန်းနေမှန်း ကိုယ်တိုင်ပဲ သိတယ်။

နူးညံ့သိမ်မွေ့တာက ကျီယွီရဲ့ အပေါ်ယံပဲ။ တကယ်တော့ သူက လုံခြုံမှု မရှိဘူး။ သူမ ဘာလုပ်နေလဲ အမြဲ သိချင်တယ်။ သူမမှာ ကိုယ်ပိုင်အချိန် မရှိဘူး။ သူက သူများကို မျက်နှာလိုမျက်နှာရ လုပ်တတ်တယ်။ သူများ အမြင်ကို ဂရုစိုက်တယ်။ စိတ်ခံစားလွယ်တယ်။ သူမက သူ့အတွက် အမြဲ အလျှော့ပေးနေရတယ်။

ကျီယွီအမေ မပါရင်တောင် သူတို့နှစ်ယောက် ရှေ့ဆက်ဖို့ ခက်လိမ့်မယ်။

ဒါပေမဲ့ လီရှင်း မထင်မှတ်ထားတာက အိမ်ပြန်ရောက်ပြီး ရက်နည်းနည်း အကြာမှာ ကျင်းတာ့ယိုက သူမ လမ်းခွဲလိုက်မှန်း သိသွားပြီး အသည်းအသန် လိုက်တော့တာပဲ။

လီရှင်း ငြင်းလိုက်တယ်။ သူများကို ထပ်ပြီး နာကျင်ခွင့် မပေးချင်တော့ဘူး။

လီရှင်း အစ်မတို့လင်မယားနဲ့ ရွာပြန်တော့ ကျင်းတာ့ယိုလည်း လိုက်လာတယ်။

လီရှင်း မပြန်ဖြစ်တာ ကြာပြီမို့ ပြောင်းလဲသွားတဲ့ မြို့နယ်က စိမ်းနေတယ်။

အတန်းဖော်ဟောင်း အများစု အိမ်ထောင်ကျကုန်ပြီ။ မကျသေးတဲ့သူတွေကလည်း မြို့ကြီးတွေမှာ အလုပ်သွားလုပ်နေကြတယ်။

အတန်းဖော်တွေက အရင်လို ဖော်ရွေကြတုန်းပဲ။ သူမ ပြန်ရောက်မှန်း သိတော့ ထမင်းစားပွဲ စီစဉ်ကြတယ်။

စားသောက်ဆိုင်မှာ စားကြပေမယ့် လီရှင်း ထင်သလောက် မပျော်ဘူး။ အားလုံးက အလုပ်အကြောင်း၊ ကလေးအကြောင်း၊ ပိုက်ဆံအကြောင်းတွေပဲ ပြောနေကြတာ။ သူမ ဝင်မပြောနိုင်ဘူး။

ဒါပေမဲ့ လမ်းခွဲခါနီး အလယ်တန်းက အတန်းဖော်က ပြောလာတယ်။ သူမရဲ့ အလယ်တန်း ဆင်းပွဲ ဓာတ်ပုံနဲ့ စာမေးပွဲ စာရွက်တွေကို တစ်ယောက်ယောက်က တောင်းသွားတယ်တဲ့။

အတန်းဖော်က အမှတ် ၄ အထက်တန်းကျောင်းမှာ ဆရာလုပ်နေတာ။ လီရှင်းနဲ့ သူငယ်ချင်းမို့ ပြောပြတာပေါ့။

လီရှင်း ကြောင်သွားပြီး ပြန်မေးလိုက်တယ်။ "ဘယ်သူလဲ"

"ကျင်းတာ့ယိုလေ။ အရင်တုန်းက ဆရာ ပြောပြောနေတဲ့ အဆင့် ၁ လေ။ နင်တို့ သိကြတယ် မလား"

လီရှင်း ဘာမှ မပြောတော့ဘူး။

…..

နောက်တစ်နေ့ အမှတ် ၄ ကျောင်းကို သွားကြည့်ခဲ့တယ်။

နွေရာသီ ကျောင်းပိတ်ရက်မို့ ကျောင်းက တိတ်ဆိတ်နေပြီး သူမ ရင်းနှီးသလိုလို စိမ်းသလိုလို ကျောင်းထဲ လျှောက်ကြည့်ရင်း စိတ်ခံစားမှုတွေ ရှုပ်ထွေးနေတယ်။ နောက်ဆုံး စာသင်ဆောင်နားက ကြော်ငြာသင်ပုန်းရှေ့ ရောက်သွားတော့ သင်ပုန်းပေါ်မှာ ကျောင်းသားတွေ ပိုများလာတယ်။ ဒါပေမဲ့ ထိပ်ဆုံးမှာ ကျင်းတာ့ယို ရှိနေတုန်းပဲ။ သူမက ကျင်းတာ့ယို ဘေးမှာ။ နှစ်ယောက်သား ယှဉ်ရက်သား။

တစ်ယောက်က ပေါ့ပေါ့ပါးပါး ပြုံးနေတယ်။ တစ်ယောက်က တည်တည်ငြိမ်ငြိမ် ထိုင်နေတယ်။

လီရှင်း ရယ်ချင်သွားတယ်။

သူမတင် မကဘူး။ အနောက်ကလည်း ရယ်သံ ကြားလိုက်ရတယ်။

လှည့်ကြည့်လိုက်တော့ ကျင်းတာ့ယိုနဲ့ တိုးတော့တာပဲ။

ကျင်းတာ့ယို နှာခေါင်း ပွတ်သပ်လိုက်ပြီး "ကြည့်ကောင်းလား။ ငါ လုပ်ထားတာ" လို့ပြောလာခဲ့တယ်။

သူမ သံသယနဲ့ ကြည့်လိုက်ပြီး သူမ ဓာတ်ပုံကို ပြန်ကြည့်လိုက်တော့မှ အောက်က နာမည်နဲ့ မိတ်ဆက်စာသားတွေက ဖြတ်ညှပ်ကပ် လုပ်ထားမှန်း သိလိုက်ရတယ်လေ။

ကျင်းတာ့ယိုက အရှက်မရှိ ပြောသေးတယ်။ "ဒီလိုဆို လိုက်ဖက်တယ် မဟုတ်လား"

"......"

သူမလည်း ဂရုမစိုက်ဘဲ ထွက်သွားလိုက်တယ်။

ကျင်းတာ့ယို နောက်က လိုက်လာပြန်တယ်။ "ဒီတစ်ခါ G ပြည်နယ်မှာပဲ နေတော့မှာလား။ နောက်နှစ် ငါလည်း ပြန်လာတော့မယ်။ ဆရာနဲ့ ညှိလိုက်ရင် ဘွဲ့ရတော့မယ်။ အဲဒီကျ G ပြည်နယ် လာခဲ့မယ်။ ကျောင်းတက်ရင်း ပိုက်ဆံစုထားတာ အိမ်ဝယ်နိုင်လောက်ပါပြီ..."

သူမ ခြေလှမ်းရပ်ပြီး လှည့်ကြည့်လိုက်တယ်။ "ငါ နင်နဲ့ တွဲမယ်လို့ လက်မခံရသေးဘူးနော်"

ကျင်းတာ့ယိုက ပြုံးလိုက်ပြီး "ကိစ္စမရှိပါဘူး။ ငါ့အခြေအနေ အရင် ပြောပြတာပါ။ အပြန်အလှန် နားလည်အောင်လို့"

သူမ ပျင်းရိစွာနဲ့ ဆက်လျှောက်နေတုန်း ကျင်းတာ့ယိုက ဘေးကနေ တတွတ်တွတ် ပြောရင်းလိုက်လာပြန်တယ်။

….

G ပြည်နယ် ပြန်ရောက်တော့ သူမ အလုပ်ရှာခဲ့ပြီး နာမည်ကြီး ရှေ့နေရုံး တစ်ခုမှာ အလုပ်ရသွားတယ်။

အစတုန်းက အလုပ်သင်။ တစ်လနေရင် အတည်ဖြစ်မယ်။

ကျင်းတာ့ယိုလည်း ပြန်ရောက်လာတယ်။ ပြန်ရောက်တာနဲ့ နေ့လယ်တိုင်း ဟင်းကောင်းတွေ ချက်ပြီး လာပို့တယ်။ သူမအတွက်တင် မကဘူး၊ လုပ်ဖော်ကိုင်ဖက်တွေအတွက်ပါ ပါတယ်။ နောက်ဆုံး ဘယ်လိုလုပ်လိုက်လဲ မသိဘူး။ လီရှင်းထက်တောင် ပိုရင်းနှီးနေကြပြီ။

သူဌေးနဲ့ လုပ်ဖော်ကိုင်ဖက်တွေက တာ့ယို တာ့ယို နဲ့ ခင်ခင်မင်မင် ခေါ်နေကြပြီ။

ဒီလူက မျက်နှာပြောင်တိုက်လွန်းတယ်။ လီရှင်း မောင်းထုတ်လည်း မသွားဘူး။ နေ့တိုင်း ညနေထိ နေပြီး အိမ်ပြန်လိုက်ပို့တယ်။

တစ်ခါတလေ ရုပ်ရှင်ကြည့်ဖို့ ပူဆာသေးတယ်။

ကျောင်းပြန်တက်ဖို့ ထွက်သွားခါနီးအထိ လီရှင်း သဘောမတူသေးဘူး။ သူ စိတ်ပူလာပုံရတယ်။ "နင့်ရည်းစားဟောင်း ပြန်လာရင် လက်မခံဘူးမလား" လို့ မေးလာတယ်။

အဲဒီကျရင် သူက နိုင်ငံခြား ရောက်နေမှာ။ တားချင်လည်း တားလို့ မရတော့ဘူး။ အရင်တုန်းကလို လွဲချော်သွားမှာ စိုးရိမ်နေတာပေါ့။

သူမ တည်တည်ငြိမ်ငြိမ်ပဲ ပြန်ပြောလိုက်တယ်။ "မသိဘူး။ ဒါကြောင့် ငါ့ကို မလိုက်နဲ့တော့။ ငါတို့နှစ်ယောက် မဖြစ်နိုင်ဘူး"

သူမ ငြင်းလိုက်တယ်။ နောက်ဆုံး လက်ဗလာနဲ့ ကျန်ခဲ့မယ့်အစား တစ်ယောက်တည်း နေတာ ပိုကောင်းတယ် ထင်လို့လေ။

ကျင်းတာ့ယိုက ကြည့်ပြီး ရုတ်တရက် ပြုံးလိုက်တယ်။ "ဘာလို့ မဖြစ်နိုင်ရမှာလဲ။ နင် မမေ့နဲ့နော်... အရင်တုန်းက နင် ငါ့ကို အကုန်မြင်ဖူးတယ်လေ။ တာဝန်မယူတော့ဘူးလား"

"......"

ဒါကြားတော့ ပြောစရာရှိတာတွေ ပျောက်ကုန်ပြီး သူမ ပါးစပ်ပိတ်သွားပြီး မျက်နှာ ရဲလာတယ်။

"ငါ မမြင်ပါဘူး"

ကျင်းတာ့ယို နှာခေါင်းရှုံ့လိုက်ပြီး "ဘာဝန်မခံစရာ ရှိလဲ။ ဘယ်သူက အကြာကြီး ကြည့်ပြီး မသွားချင် ဖြစ်နေတာလဲ"

"ပါးစပ်ပိတ်ထား။ အဲဒီလောက် တိုတာ ဘယ်သူက ကြည့်ချင်မှာလဲ"

ဒီတစ်ခါ ကျင်းတာ့ယို မရယ်နိုင်တော့ဘူး။ လက်ကို ဆွဲပြီး အံကြိတ်ကာ တိုးတိုးလေး ပြောတယ်။ "ဘယ်သူက တိုလို့လဲ။ ပေတံနဲ့ တိုင်းကြည့်မလား"

လီရှင်း မျက်နှာရဲရဲနဲ့ လက်ရုန်းပြီး တွန်းထုတ်ကာ ထွက်သွားမိတော့တယ်။

……

ကျင်းတာ့ယို မသွားခင် စုထားတဲ့ ပိုက်ဆံတွေ အကုန် သူမဆီ ထားခဲ့တယ်။ သူမ မယူမှာစိုးလို့ ခိုးထားခဲ့ပြီး ထွက်တောင်ပြေးသွားတာလေ။

သူမ နောက်မှ တွေ့ပြီး ဒေါသထွက်သွားတယ်။ ဒီပိုက်ဆံကို ကျင်းတာယိုရဲ့အမေ ပေးမလို့ လုပ်ပေမယ့် စိတ်မမှန်လို့ ပျောက်သွားမှာ စိုးရိမ်တယ်။ နောက်ဆုံးတော့ သူမပဲ သိမ်းထားပေးလိုက်ရတယ်။

အစ်မနဲ့ ခဲအိုကို ဘာလို့ မပေးလဲ ဆိုတာတော့ သူမကိုယ်တိုင်လည်း မသိဘူး။

ကျင်းတာ့ယို နိုင်ငံခြား ရောက်သွားပေမယ့် နေ့တိုင်း ဖုန်းဆက်တယ်။ အစတုန်းက သူမ သိပ်ဂရုမစိုက်ပေမယ့် နောက်တော့ စကားပြန်ပြောဖြစ်တယ်။

ဘာလို့လဲဆိုတော့ ကျင်းတာ့ယိုက ပျော်စရာတွေ ပြောပြလို့။ နိုင်ငံခြားက လူနာတွေ အကြောင်း၊ ထူးဆန်းတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အကြောင်း ပြောပြတယ်။

သူမ အတော်လေး ရယ်မောခဲ့ရတယ်။

ဒီလို ပျော်ရွှင်မှုမျိုး ကျီယွီနဲ့တုန်းက မရခဲ့ဖူးဘူး။

ဒါပေမဲ့ ကျင်းတာ့ယို ပြောတာ မှန်တယ်။ ကျီယွီ ပြန်လာရှာတယ်။ အမျိုးသားနေ့ ပြီးကတည်းက ဖုန်းဆက်နေတာ။

ခရစ္စမတ်မှာ ကျင်းတာ့ယို ပြန်လာတယ်။ ခရစ္စမတ်က နိုင်ငံခြားမှာ လဝက် ပိတ်တယ်လေ။ ပြည်တွင်း နှစ်သစ်ကူးနဲ့ တိုက်ဆိုင်နေတယ်။ အဲဒီနေ့ ကျင်းတာ့ယိုတင် မကဘူး၊ ကျီယွီပါ ရောက်လာတယ်။

ထမင်းစားဖို့ ချိန်းပေမယ့် သူမ သဘောမတူဘူး။ ပြတ်ရင် ပြတ်သားသင့်တယ် ထင်လို့။ ဆက်သွယ်စရာ မလိုတော့ဘူးလေ။

မထင်မှတ်ဘဲ ကျီယွီက ရုံးခန်းရှေ့ ရောက်လာပြီး နှင်းဆီပန်းစည်းကြီးနဲ့ စောင့်နေတယ်။

လီရှင်း လုပ်ဖော်ကိုင်ဖက်တွေရဲ့ စပ်စုတဲ့ မျက်လုံးတွေကို ကြည့်ပြီး နေရခက်နေတယ်။ နောက်ဆုံး သူနဲ့အတူ ထွက်လာခဲ့ရတယ်။ စားသောက်ဆိုင် တစ်ဆိုင်မှာ ရှင်းရှင်းလင်းလင်း ပြောဖို့ပေါ့။

ကျီယွီက အရင်တောင်းပန်တယ်။ သူ့အမေကိစ္စ ဖြေရှင်းမယ်၊ သူ့ကို မစွန့်လွှတ်ပါနဲ့ ပြောတယ်။

သူမအမြန်ပဲ သူ့စကားကို ဖြတ်ပြောလိုက်တယ်။ "ကျီယွီ... တို့နှစ်ယောက် မဖြစ်နိုင်တော့ဘူး..."

ဆက်ပြောမလို့ လုပ်တုန်း ပြတင်းပေါက် အပြင်ဘက် လမ်းမပေါ်က ရင်းနှီးတဲ့ ပုံရိပ်ကို တွေ့လိုက်လို့ ဘာကြောင့်မှန်းမသိ မြင်လိုက်တာနဲ့ စိတ်ညစ်နေတာတွေ ပျောက်ပြီး အေးချမ်းသွားသလို ခံစားလိုက်ရတယ်။

အဲဒီအချိန်မှာ သူမ ခေါင်းထဲ အများကြီး တွေးလိုက်သလို၊ ဘာမှ မတွေးလိုက်သလိုပဲ။ ပြီးတော့ မသိစိတ်က အပြင်က လူကို လက်ဝှေ့ယမ်းပြလိုက်မိတယ်။

အပြင်က ကျင်းတာ့ယို ကြောင်သွားပြီး ကိုယ့်ကိုယ်ကိုယ် လက်ညှိုးထိုးပြပြီး မေးလာတယ်။

သူမ ခေါင်းညိတ်လိုက်တာနဲ့ ကျင်းတာ့ယို ကြည့်ပြီး စားသောက်ဆိုင်ထဲ ခြေလှမ်းကျဲကြီးတွေနဲ့ ဝင်လာတယ်။

မျက်နှာချင်းဆိုင်က ကျီယွီ သူမကြည့်ရာ လိုက်ကြည့်ပေမယ့် ကျင်းတာ့ယိုက ဝင်လာပြီမို့ မမြင်ရတော့ဘူး။ "ဘယ်သူလဲ"

"ငါ့ရည်းစား"

ကျီယွီ ကြောင်သွားသလို သူတင် မကဘူး။ ပြေးဝင်လာတဲ့ ကျင်းတာ့ယိုပါ ကြောင်သွားခဲ့တယ်။

သူမ ထရပ်လိုက်ပြီး ကျီယွီကို ပြောလိုက်တယ်။ "တောင်းပန်ပါတယ်။ ငါတို့ တကယ် မဖြစ်နိုင်တော့ဘူး။ ငါ့မှာ ရည်းစား ရှိနေပြီ။ သူပဲ"

ပြောရင်း ကျင်းတာ့ယို လက်မောင်းကို ချိတ်လိုက်တယ်။

ကျင်းတာ့ယို ချက်ချင်း သဘောပေါက်သွားပြီး ကျီယွီကို လက်ကမ်းပေးပြီး "မင်္ဂလာပါ။ ရည်းစားဟောင်း။ ကျွန်တော်က လက်ရှိရည်းစား ကျင်းတာ့ယိုပါ"

"......"

သူမ နောင်တရသွားပြီး သူ့ပါးစပ် ပိတ်ပစ်ချင်လိုက်တာ။

ကျီယွီ မျက်နှာ ပျက်သွားတယ်။ ထရပ်ပြီး နှစ်ယောက်လုံးကို ကြည့်လိုက်တယ်။ လီရှင်းက လှတယ်၊ တော်တယ်၊ မာနကြီးတယ်။ နန်းတော်ထဲက ဘုရင်မလေးလိုပဲ။ အရမ်းတော်တဲ့သူမှ သူမနဲ့ ထိုက်တန်မယ် ထင်ခဲ့တာ။ ဒါပေမဲ့ အခု ရှေ့က ပိန်ပိန်ရှည်ရှည်၊ သာမန်ပုံစံနဲ့ အမျိုးသားကို ကြည့်ပြီး မလိုက်ဖက်ဘူးလို့ ထင်မိတယ်။ ဒါပေမဲ့ ဘာကြောင့်မှန်းမသိ လိုက်ဖက်နေသလို ခံစားရတယ်။

ရုပ်ရည် လိုက်ဖက်တာ မဟုတ်ဘဲ စိတ်ချင်း ဆက်နွယ်နေသလိုမျိုး။ လီရှင်းက သူ့ဘေးမှာ ရပ်နေတော့ မျက်လုံးတွေက တစ်ခါမှ မမြင်ဖူးတဲ့ အရောင်တွေ တောက်ပနေတယ်။

…..

သူမနဲ့ ကျင်းတာ့ယို ထွက်လာကြတဲ့အချိန် ကျင်းတာ့ယိုက စိတ်လှုပ်ရှားပြီး ပွေ့ချီကာ ပြေးတော့တာပဲ။

သူမလည်း လန့်ပြီး လည်ပင်း ဖက်ထားလိုက်ပြီး "ဘာရူးနေတာလဲ။ နင့်ကို အသုံးချပြီး ငြင်းလိုက်တာပါနော်"

"ငါ နားမကြားတော့ဘူး။ ငါ သိတာက ငါက နင့်ရည်းစားပဲ"

"သွားစမ်း"

နှစ်ယောက်သား ဆက်ဆံရေး တည်ငြိမ်သွားတော့ ကျင်းတာ့ယိုက စုထားတဲ့ ပိုက်ဆံတွေနဲ့ လီရှင်းရုံးခန်းနားမှာ အိမ်ဝယ်လိုက်တယ်။ မရီးကို အကူအညီတောင်းပြီး ပြင်ဆင်ခိုင်းလိုက်တယ်။ တစ်ပြားမှ မချေးဘူး။ အကုန် သူ့ပိုက်ဆံပဲ။

သူမ ပိုက်ဆံမလောက်မှာ စိုးရိမ်နေတုန်း သူက ဘဏ်စာအုပ် နှစ်အုပ် ထုတ်ပေးလာတယ်။ ဂဏန်းတွေ ကြည့်ပြီး သူမ တိတ်ဆိတ်သွားမိတယ်။ "နင် ကျောင်းတက်နေတာ မဟုတ်ဘူးလား။ ဘယ်က ပိုက်ဆံတွေလဲ"

"ရှယ်ယာ ကစားတာလေ။ နင် စောင့်ရမှာ ကြောက်လို့ များများ ရှာထားတာ"

"......"

လီရှင်း ဒေါသထွက်ပြီး ရိုက်ချင်သွားတယ်။ ဘယ်သူက မစောင့်နိုင်လို့လဲ။

ကျောင်းပိတ်ရက်က မကြာဘူး။ လမ်းခရီး ဖယ်လိုက်ရင် ရက်နည်းနည်းပဲ နေရတာ။ အိမ်ဝယ်ပြီးတာနဲ့ ပြန်သွားရပြီ။

ဒီတစ်ခါ သူမကပဲ လေဆိပ် လိုက်ပို့ပေးတယ်။

လေဆိပ်မှာ သူမ မနေနိုင်ဘဲ မေးလိုက်မိတယ်။ "နင့်မှာ ကြိုက်တဲ့ကောင်မလေး ရှိတယ် မဟုတ်လား။ ဘာလို့ ငါ့ကို လာလိုက်နေတာလဲ"

ကျင်းတာ့ယို ကြားတော့ ထူးဆန်းသလို ကြည့်လာပြီး "ငါ့မှာ ဘယ်တုန်းက ကြိုက်တဲ့ကောင်မလေး ရှိလို့လဲ။ ငါ ကြိုက်တာ နင်လေ"

လီရှင်း အံ့ဩသွားသည်။

ကျင်းတာ့ယို သူမမျက်နှာ ကြည့်ပြီး တစ်ခုခု နားလည်သွားသည်။ မေးမလို့ လုပ်တုန်း လေယာဉ်တက်ချိန် ရောက်သွားသည်။

ကျောင်းရောက်တော့ လီရှင်းကို ဗီဒီယို ဖုန်းဆက်ပြီး မေးသည်။

လီရှင်း မဖုံးကွယ်ဘဲ အထင်လွဲမှုအကြောင်း ပြောပြလိုက်သည်။

ကျင်းတာ့ယို ကြားတော့ မျက်နှာ မည်းသွားသည်။ "-ီးပဲ... အဲဒီတုန်းက သူတို့ကို မနောက်ပါနဲ့ ပြောတာ နားမထောင်ကြဘူး"

"ငါ့ကို ဒုက္ခပေးလိုက်တာပဲ။ ငါ နင့်ကို ကြိုက်နေတာ ၆ နှစ် ရှိပြီ။ အခုမှ ရတာ"

"......"

လီရှင်း မျက်လုံး ပြူးကျယ်သွားသည်။

"သူတို့က ငါ့ကို ဘယ်လို မိန်းကလေး ကြိုက်လဲ မေးကြတယ်။ ငါက ပြုံးရင် လှတဲ့သူ ကြိုက်တယ် ပြောလိုက်တာ။ သူတို့က ဌာနက အလှမယ်လို့ ထင်သွားကြတာ။ တကယ်တော့ ငါ ပြောတာ နင်လေ"

လီရှင်း အထက်တန်း တတိယနှစ်တုန်းက သူ G ပြည်နယ် လာလည်တုန်းက တစ်ညနေ သူ၊ လီရှင်းနဲ့ အန်းအန်း ဆိုဖာပေါ်မှာ ကစားကြတယ်။ သူက စိတ်ဆိုးအောင် လုပ်မိလို့ အကြာကြီး ချော့လိုက်ရတယ်။ ပြန်ပြုံးလာတော့ အရမ်း လှတယ်လို့ ထင်ခဲ့တာ။ ရင်တွေ ခုန်လာခဲ့တာ။

အဲဒီတုန်းက အချစ်ဆိုတာ ဘာလဲ နားမလည်သေးဘူး။ ခိုးကြည့်ချင်တယ်၊ စကားပြောချင်တယ် ဆိုတာလောက်ပဲ သိတာ။ နောက်တော့ သိလာတယ်။ ဒါပေမဲ့ သူက ဘာမှ မရှိသေးတော့ မထိုက်တန်ဘူး ထင်ပြီး စောင့်နေခဲ့တာ။ ပိုက်ဆံရမှ လိုက်မယ် ဆိုပြီးတော့။

မထင်မှတ်ဘဲ လွဲချော်သွားခဲ့တာ။

အခု ဒါကြားတော့ လီရှင်းက အရင်ကတည်းက သူ့ကို စိတ်မဝင်စားတာ မဟုတ်မှန်း သိလိုက်ရတယ်။

ကျင်းတာ့ယို အံကြိတ်ပြီး ပြောသည်။ "မပြောတော့ဘူး။ ဟိုကောင်စုတ်တွေကို သွားဆဲလိုက်ဦးမယ်"

ဒီဒေါသကို မျိုမချနိုင်ဘူး။ အဲဒီကောင်တွေကြောင့် သူ့ကောင်မလေး သူများနဲ့ နှစ်အတော်ကြာ တွဲသွားတာ။ သူက ဘေးက ကြည့်နေခဲ့ရတာ။

လီရှင်း ရယ်မောပြီး ဖုန်းချလိုက်သည်။

သူမ စိတ်မဆိုးပါဘူး။ နှစ်အတော်ကြာ လွဲချော်ခဲ့ပေမယ့် အစ်မ ပြောသလိုပဲ။ လူတိုင်းက သာမန်လူတွေပါ။ အနာဂတ်မှာ ဘာဖြစ်မလဲ ဘယ်သူမှ မသိဘူး။ စိတ်ရင်းအတိုင်း လုပ်ရင် ပြီးတာပါပဲ။

အစကတည်းက ကျင်းတာ့ယိုနဲ့ တွဲခဲ့ရင်တောင် ဖြောင့်ဖြူးချင်မှ ဖြောင့်ဖြူးမှာ။ လွဲချော်ခဲ့လို့ အခု ပိုတန်ဖိုးထားတတ်လာတာ ဖြစ်မယ်။

တစ်နှစ်ကြာတော့ ကျင်းတာ့ယို ပြန်ရောက်လာပြီး မင်္ဂလာဆောင်လိုက်ကြသည်။

လီရှင်းက ဒီလောက် မြန်မြန် မယူချင်သေးဘူး။ ရည်းစားဘဝကို ခံစားချင်သေးတယ်။ ကျင်းတာ့ယိုက သူမကို အရမ်း ဂရုစိုက်တယ်။ ဘာတောင်းတောင်း ရတယ်။ နေ့တိုင်း ဟင်းကောင်းတွေ ချက်ကျွေးတယ်။

တစ်ခုပဲ ဆိုးတာက ပါးစပ်သရမ်းတာ။ လီရှင်းက ရှေ့နေ ဖြစ်ပေမယ့် တစ်ခါတလေ မနိုင်ဘူး။ နောက်တော့ အစ်မကို အတုယူပြီး လက်ပါလိုက်တော့တာပဲ။

ငယ်ဘဝ မကောင်းခဲ့ကြလို့ ကိုယ့်အိမ်လေးကို တန်ဖိုးထားကြတယ်။ နွေးထွေးအောင် ပြင်ဆင်ထားတယ်။ ပိုက်ဆံ ဘယ်လောက်ရရ အိမ်လေးမှာပဲ နေကြတယ်။ အိမ်ဖော် မငှားဘူး။ သူများတွေ နှောင့်ယှက်မှာ မလိုလားဘူး။

လက်ထပ်ပြီးတော့ လီရှင်း ကိုယ့်ကိုယ်ကိုယ် ကံကောင်းတယ် ထင်တယ်။ ဘဝ ပထမပိုင်းမှာ အစ်မနဲ့ ခဲအိုကို တွေ့ခဲ့တယ်။ ဒုတိယပိုင်းမှာ ကျင်းတာ့ယိုနဲ့ ပေါင်းဖက်ခွင့် ရခဲ့တယ်။ သူက သူမကို အိမ်အစစ်အမှန် ပေးခဲ့တယ်။

***

All Chapters