← Chapters

အခန်း (အချပ်ပို၂-၃.၇)

Vol. 6 Ch. Extra 2-3.7

အခန်း (အချပ်ပို၂-၃.၇)

Vol. 6 Ch. Extra 2-3.7

အချပ်ပို ၂ ။ အန်းအန်းxလဲ့လဲ့

ယနေ့သည် သောကြာနေ့ဖြစ်သည်။ အန်းအန်းသည် မွန်းလွဲပိုင်းကတည်းက စိတ်လှုပ်ရှားနေမိကာ အတန်းတစ်ချိန်ပြီးတိုင်း သူမ၏ဖုန်းကို အမြဲစစ်ဆေးနေမိသည်။ မွန်းတည့်ချိန်က ဦးလေးဖြစ်သူ ကျင်းသာ့ယိုက မိသားစု Group ထဲတွင် အဒေါ်ဖြစ်သူ လီရှင်း ဗိုက်နာနေပြီဖြစ်ကြောင်း လှမ်းပြောခဲ့သော်လည်း ယခုအချိန်အထိ မည်သည့်သတင်းမျှ ထပ်မံထွက်ပေါ်မလာသေးပေ။ အခြေအနေ မည်သို့ရှိသည်ကို သူမ မသိရသဖြင့် အမေဖြစ်သူ ကျန်းရုံထံ မက်ဆေ့ခ်ျပို့သော်လည်း အမေကလည်း ပြန်မဖြေပေ။

မွန်းလွဲပိုင်းမှ သင်ခန်းစာ လေးချိန်စလုံးကို အန်းအန်း အာရုံမစိုက်နိုင်ခဲ့ပေ။ ထို့ကြောင့် ကျောင်းဆင်းခေါင်းလောင်းသံ ကြားသည်နှင့် အသင့်ပြင်ထားသော ကျောင်းလွယ်အိတ်ကို လွယ်ကာ အပြင်သို့ ပြေးထွက်ခဲ့တော့သည်။ နောက်ကွယ်မှ ကျန်းကျန်း လှမ်းခေါ်နေသည်ကိုပင် သူမ အဖက်မလုပ်နိုင်ဘဲ လက်ယမ်းပြကာ ပြေးထွက်ခဲ့ခြင်း ဖြစ်သည်။

အန်းအန်း စာသင်ဆောင်တံခါးဝသို့ ရောက်ချိန်တွင် နောက်ကွယ်မှ လဲ့လဲ့၏ အသံ ထွက်ပေါ်လာသည်။ "အန်းအန်း" လဲ့လဲ့မှာ ယခုအခါ အရပ်အလွန်ရှည်လာကာ ၁.၈ မီတာကျော် ရှိနေပြီ ဖြစ်သည်။ သူသည် ခြေလှမ်းအနည်းငယ်အတွင်း သူမနောက်သို့ မှီလာပြီး "ဘာလို့ ဒီနေ့ ဒီလောက်အထိ အပြေးအလွှား သွားနေရတာလဲ?" ဟု မေးမြန်းလိုက်သည်။

အန်းအန်းက နဖူးကို ရိုက်လိုက်ကာ "အို... နင့်ကို ပြောဖို့ မေ့သွားတယ်၊ ငါ ဒီနေ့ နင်နဲ့ အတူတူ မပြန်နိုင်တော့ဘူး။ ငါ့အဒေါ် ဒီနေ့ ကလေးမွေးမှာမို့လို့ အခု ဆေးရုံကို သွားရမှာလေ" ဟု ဆိုကာ လေးလံလှသော အိတ်ကို သူ့ရင်ခွင်ထဲသို့ အတင်းထိုးထည့်လိုက်သည်။ "ဒါလေး ခဏကိုင်ထားပေးပါဦး၊ မနက်ဖြန်ကျမှ ငါ နင့်ဆီလာပြီး အိမ်စာတွေ အတူတူ လုပ်မယ်နော်။" ပြောပြီးသည်နှင့် ကိုယ်ကိုလှည့်ကာ ပြေးထွက်သွားတော့သည်။

လဲ့လဲ့သည် အိတ်ကို ပွေ့ချီလျက် သူမ၏ ကျောပြင်ကို ကြည့်ကာ မတတ်သာဟန်ဖြင့် "ဖြည်းဖြည်းသွားဦး" ဟု လှမ်းအော်လိုက်ရသည်။

"သိပါပြီ!"

အန်းအန်း ပျောက်ကွယ်သွားမှသာ လဲ့လဲ့၏အတန်းဖော်က အနားသို့ ရောက်လာပြီး ပုခုံးကို ပုတ်ကာ မောဟိုက်စွာဖြင့် မေးလေသည်။ "ဘယ်လိုလဲ... မင်းရဲ့ ငယ်ကျွမ်းဆွေကို မမီလိုက်ဘူးလား?"

ဆုန့်ပိုင်ချင့် (လဲ့လဲ့၏ နာမည်ရင်း) ၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားရကာ "ဘယ်က ငယ်ကျွမ်းဆွေလဲ? အဲ့ဒီလို လျှောက်မပြောနဲ့" ဟု ဟန့်လိုက်သည်။ ငယ်ကျွမ်းဆွေ ဆိုသော စကားလုံးမှာ အဓိပ္ပာယ်တစ်မျိုး သက်ရောက်နေသည် မဟုတ်လား။ အန်းအန်းမှာ ငယ်သေးသည့်အပြင် ဘာမှလည်း မသိနားမလည်သေးပေ။

သူ့အတန်းဖော်က စိတ်ပျက်လက်ပျက်ဖြင့် "မိန်းကလေးကတောင် မင်းလောက် မရှက်ဘူး။ နင်ကတော့ နှေးကန်နေလိုက်တာ၊ မင်းရဲ့ ငယ်ကျွမ်းဆွေလေးကို တခြားလူ လုသွားမှတော့ နောင်တရမနေနဲ့ဦး" ဟု ဆိုလေသည်။ လီချင်းရှူ (အန်းအန်း၏ နာမည်ရင်း) မှာ ၎င်းတို့ကျောင်းတွင် မည်မျှအထိ နာမည်ကြီးသည်ကို သူ သိရှိထားသည်။ ကျောင်းစဝင်ကတည်းက ကျောင်းအလှလေးအဖြစ် သတ်မှတ်ခြင်း ခံခဲ့ရသူ မဟုတ်လား။ စီနီယာ ကျောင်းအလှလေး ကျောင်းပြီးသွား၍ တော်သေးသည်ဟုပင် ကျောင်းသားများက စနောက်ကြသည်အထိ ဖြစ်သည်။

သို့သော် ဆုန့်ပိုင်ချင့်ကိုယ်တိုင်ကလည်း အလွန်ပင် ခန့်ညားလှသူ ဖြစ်သည်။ သူသည် ၁၁ တန်းတွင်မှ ပြောင်းလာခဲ့သူ ဖြစ်သော်လည်း ကျောင်းသားထုကြားတွင် အခန့်ညားဆုံး ကျောင်းသားအဖြစ် သတ်မှတ်ခြင်း ခံထားရသည်။ စာလည်းတော်၊ စရိုက်လည်းကောင်းသည့်အပြင် ရုပ်လည်းချောသဖြင့် မိန်းကလေးများစွာက သူ့အား တိတ်တဆိတ် သဘောကျနေကြခြင်း ဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် သူ၌ စိတ်ဝင်စားသူ ရှိနေပြီဖြစ်သည်။ သူငယ်ချင်းအရင်း ဖြစ်သဖြင့် ဆုန့်ပိုင်ချင့်သည် လီချင်းရှူနောက်သို့ တမင် လိုက်လာခဲ့ခြင်းဖြစ်မှန်း သူ သိရှိထားလေသည်။ ဆုန့်ပိုင်ချင့်မှာမူ ဘာမှ ပြန်မပြောပေ။

….

အခြားတစ်ဖက်တွင် အန်းအန်းသည် ကျောင်းတံခါးဝသို့ ရောက်ရှိချိန်တွင် ဖခင်ဖြစ်သူ လီရှောင်း ကားဖြင့် စောင့်နေသည်ကို တွေ့ရှိလိုက်ရသည်။ သူမသည် ကားနောက်ခန်းသို့ အလျင်အမြန် တက်လိုက်ကာ "ပါပါး" ဟု လှမ်းခေါ်လိုက်သည်။

လီရှောင်းက မှန်မှတစ်ဆင့် လှမ်းကြည့်ကာ "ကျောင်းလွယ်အိတ်ကော?" ဟု မေးသည်။

"လဲ့လဲ့ကို ပေးခဲ့လိုက်ပြီ။ မရတဲ့ ပုစ္ဆာနည်းနည်းရှိလို့ မနက်ဖြန်ကျရင် သူ့ကို မေးမလို့လေ။"

လီရှောင်းက ရယ်မောလိုက်ကာ "ငါကြည့်ရတာတော့ လဲ့လဲ့တို့အိမ်မှာ သွားစားချင်လို့ ဆင်ခြေပေးနေတာ ထင်တယ်" ဟု ဆိုလိုက်ရာ၊ အန်းအန်းမှာ အကြံမိသွားသဖြင့် ဖခင်ဖြစ်သူအား မျက်စောင်းထိုးလိုက်တော့သည်။

လီရှောင်းက သူမ၏ ကျောင်းနေပျော်၊ မပျော် မေးမြန်းရာ၊ အန်းအန်းက လွန်ခဲ့သော နှစ်ပတ်အတွင်း ဖြစ်ပျက်သမျှကို ပြောပြလေသည်။ သူမ ယခုတက်နေသည်မှာ G ပြည်နယ် တက္ကသိုလ်တွဲဖက် အထက်တန်းကျောင်းဖြစ်သည်။ ဤကျောင်းမှာ စည်းကမ်း အလွန်ကြီးမားလှကာ ကျောင်းသားများကို ပြင်ပနှင့် အဆက်အသွယ်ဖြတ်၍ ပိတ်ထားလေ့ရှိပြီး ရက်သတ္တပတ် နှစ်ပတ်လျှင် တစ်ကြိမ်သာ အိမ်ပြန်ခွင့် ပြုခြင်း ဖြစ်သည်။ အန်းအန်းသည် အလယ်တန်းပြီးကတည်းက မိမိ၏ လမ်းကြောင်းကို မိမိဘာသာ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ သူမသည် ပြည်တွင်းရှိ တက္ကသိုလ်တစ်ခုခုသို့ တက်ရောက်လိုသဖြင့် ယခင်ကတက်ခဲ့သော နိုင်ငံတကာကျောင်း နှင့် မကိုက်ညီတော့ပေ။ နိုင်ငံတကာကျောင်းမှာ ပြည်ပသို့ သွားမည့်သူများအတွက်သာဖြစ်ပြီး၊ ပြည်တွင်းတက္ကသိုလ်ဝင်ခွင့်အတွက်မူ ခက်ခဲလှသည် မဟုတ်လား။

ထို့ကြောင့်ပင် သူမသည် သူမ၏ အဒေါ် တက်ခဲ့ဖူးသော ဤကျောင်းသို့ ပြောင်းလာခဲ့ခြင်းဖြစ်သည်။ ဤကျောင်းတွင် စာသင်ကြားမှုမှာ အလွန်ပင် ဖိအားများလှပေသည်။ အရင်က အန်းအန်းသည် ဝါသနာပါရာများကို လုပ်ဆောင်နိုင်ခဲ့သော်လည်း ယခုအခါတွင်မူ အချိန်များစွာ မရှိတော့ပေ။ သို့သော် စာပေများကိုမူ ပိုမို ခိုင်ခိုင်မာမာ သင်ယူနိုင်ခဲ့သည်။ လဲ့လဲ့သည်လည်း သူမ ဤကျောင်းသို့ ပြောင်းလာမှန်း သိရှိချိန်တွင် လိုက်ပါပြောင်းရွှေ့လာခဲ့ခြင်း ဖြစ်သည်။

…..

လီရှောင်းသည် သူမအား ဆေးရုံသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။ ၎င်းတို့ မီးဖွားဆောင်သို့ ရောက်ရှိချိန်တွင် ကျင်းသာ့ယိုမှာ တံခါးဝ၌ စိုးရိမ်တကြီးဖြင့် လမ်းလျှောက်နေပြီး၊ အသက် ၆ နှစ်အရွယ် သားဖြစ်သူ ကျင်းပိုင်ဟန်မှာမူ ကုလားထိုင်တွင်ထိုင်လျက် လိမ္မာစွာပင် အိမ်စာလုပ်နေလေသည်။ ကလေးငယ်မှာ တစ်ခါတစ်ရံ မီးဖွားဆောင် တံခါးကို မျက်မှောင်ကြုတ်၍ လှည့်ကြည့်နေတတ်ရာ၊ သူ့ဖခင်ကဲ့သို့ပင် အလေးအနက်ထားဟန် ရှိသည်။

အန်းအန်းက ပြေးသွားကာ "ဦးလေး... ဟန်ဟန်" ဟု လှမ်းခေါ်လိုက်သည်။

ကျင်းသာ့ယိုက လှည့်ကြည့်ကာ "အစ်ကို... အန်းအန်း လည်း လိုက်လာတာလား?" ဟု နှုတ်ဆက်လေသည်။ ကျင်းပိုင်ဟန်က ထရပ်လျက် "ဦးဦး... မမ" ဟု လိမ္မာစွာ ခေါ်ဆိုသည်။ အန်းအန်းက ပြေးသွားကာ သူ၏ဖောင်းအိနေသော ပါးလေးကို လှမ်းဆွဲလိုက်ရာ၊ ကျင်းပိုင်ဟန်က အတည်ပေါက်ဖြင့် "မမ... ကျွန်တော့်ပါးကို မဆွဲနဲ့လေ၊ ကျွန်တော်က ယောက်ျားလေး ဖြစ်နေပြီ" ဟု ဆိုသဖြင့် အန်းအန်းမှာ ရယ်မောမိတော့သည်။

သူမသည် ဤမောင်လေးမှာ မည်သူနှင့် တူသည်ကို စဉ်းစားမရပေ။ အသက် ၆ နှစ်သာ ရှိသေးသော်လည်း စရိုက်မှာ အလွန်ပင် တည်ကြည်လေးနက်လှသည်။ သူမ၏အဒေါ်မှာ အနည်းငယ် အေးစက်သော်လည်း၊ သူမ၏ဦးလေးမှာမူ လူတိုင်းနှင့် တည့်အောင် ပေါင်းတတ်သူ မဟုတ်လား။ အဘယ်ကြောင့် ဤမျှအထိ ရှေးဆန်သော ကလေးမျိုး မွေးလာရတာလဲ။

အန်းအန်းက "ဟန်ဟန်... မာမားက ညီလေး မွေးမှာလား၊ ညီမလေး မွေးမှာလား ဘယ်သူ့ကို ပိုလိုချင်လဲ?" ဟု မေးရာ၊ ပိုင်ဟန်လေးက "ဘယ်သူမွေးမွေး ကျွန်တော် ချစ်မှာပါ။ မာမား အမြန်ပြန်ထွက်လာရင် ပြီးတာပါပဲ" ဟု လိမ္မာစွာ ပြန်ဖြေလျက် မီးဖွားဆောင်တံခါးကို စိုးရိမ်တကြီး လှမ်းကြည့်နေပြန်သည်။

လီရှောင်းက သားအဖ နှစ်ဦးကို ကြည့်ကာ "မစားရသေးဘူး မဟုတ်လား? ငါ သွားဝယ်ပေးမယ်၊ မင်းတို့ ဒီမှာပဲ စောင့်နေကြ" ဟု ဆိုလေသည်။

ကျင်းသာ့ယိုမှာ ဗိုက်မဆာသော်လည်း သားဖြစ်သူအတွက်ကြောင့် ခေါင်းညိတ် သဘောတူလိုက်ရသည်။ မီးဖွားဆောင်အတွင်းရှိ လီရှင်းအတွက် ကျင်းသာ့ယိုမှာ စိုးရိမ်ပူပန်နေမိသည်။ ဤကလေးမှာ မျှော်လင့်မထားဘဲ ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းတို့ ဇနီးမောင်နှံမှာ သားဆက်ခြားနည်းများကို သေသေချာချာ လုပ်ဆောင်ခဲ့သော်လည်း၊ ကိုယ်ဝန်ရှိမှန်း သိချိန်တွင် ၄ လပင် ရှိနေပြီ ဖြစ်သည်။ လီရှင်းမှာ အရင်က ကျန်းမာရေးမကောင်းခဲ့သဖြင့် လက်ထပ်ပြီးနောက် ကျင်းသာ့ယိုက သေသေချာချာပြုစုပေးခဲ့ရာ ယခုအခါ များစွာ ကောင်းမွန်နေပြီ ဖြစ်သည်။ သို့သော် ကိုယ်ဝန်ဖျက်ချပါက သူမ၏ခန္ဓာကိုယ်ကို ထိခိုက်မည်ကို စိုးရိမ်သဖြင့် ဤကလေးအား ဆက်လက် မွေးဖွားရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။

မီးဖွားဆောင်အတွင်းမှ အသံအချို့ ထွက်ပေါ်လာသဖြင့် ကျင်းသာ့ယိုမှာ တံခါးဝတွင် ကပ်၍ နားစွင့်နေမိသည်။

လီရှောင်း ထွက်သွားသောအခါ အန်းအန်းက မောင်လေးဘေးတွင် ဝင်ထိုင်ကာ အဖော်ပြုပေးလေသည်။

"မမ... မာမား ဘယ်တော့ ထွက်လာမှာလဲ?" ဟု ပိုင်ဟန်လေးက စိုးရိမ်တကြီး မေးသည်။ အန်းအန်းကလည်း မသေချာသော်လည်း "မကြာတော့ပါဘူး၊ အရင်က မောင်လေးကို မွေးတုန်းကလည်း ဒီလိုပဲ အကြာကြီး စောင့်ခဲ့ရတာလေ။ စိတ်မပူနဲ့နော်" ဟု ချော့မော့လျက် "ညီလေး၊ ညီမလေးအတွက် နာမည်စဉ်းစားပြီးပြီလား?" ဟု မေးလိုက်သည်။

ပိုင်ဟန်လေးက ခေါင်းညိတ်ကာ "စဉ်းစားပြီးပြီ။ ညီလေးဆိုရင် ကျင်းစုန်းချန်လို့ ပေးမယ်တဲ့၊ ညီမလေးဆိုရင်တော့ ကျင်းရှီးယွဲ့ပေါ့။ မာမားကတော့ ပါပါးတို့မျိုးရိုးက နာမည်ပေးတာ နားထောင်လို့မကောင်းဘူးလို့ ပြောတယ်" ဟု ပြန်ဖြေလေသည်။

အန်းအန်းမှာ ထိုစကားကြောင့် ရယ်မောလျက် ကလေး၏ ခေါင်းကို ပုတ်ပေးနေမိသည်။

မကြာမီမှာပင် အမေဖြစ်သူ ကျန်းရုံ ရောက်ရှိလာခဲ့ကာ၊ ခဏအကြာတွင် တုံမင်မင်က ဒေါ်လေးကျီကို ခေါ်ဆောင်၍ ရောက်ရှိလာပြန်သည်။ ကျန်းရုံသည် ကျင်းသာ့ယိုနှင့် စကားပြောလျက် လီရှင်း၏ အခြေအနေကို မေးမြန်းလေသည်။

လီရှင်းမှာ မွန်းတည့်ချိန်တွင် ရေမြွှာပေါက်ခဲ့ခြင်းဖြစ်ကာ သူမကိုယ်တိုင်ပင် ကားမောင်း၍ ဆေးရုံသို့ လာခဲ့ခြင်း ဖြစ်သည်။ ကျင်းသာ့ယိုအား မက်ဆေ့ခ်ျပို့၍ အသိပေးပြီးနောက်၊ သူမဘာသာ ဆရာဝန်နှင့် တွေ့ဆုံကာ မီးဖွားရန် ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ ကျန်းရုံမှာ ထိုအကြောင်းကြားရသည်နှင့် "သတ္တိကတော့ သိပ်ကောင်းတာပဲ၊ သူ ထွက်လာရင်တော့ ငါ ဆူရဦးမယ်" ကျင်းသာ့ယိုကမူ နဖူးမှ ချွေးများကို သုတ်လျက် မီးဖွားဆောင်ကိုသာ စိုက်ကြည့်နေတော့သည်။

……

ည ၉ နာရီကျော်အချိန်တွင် လီရှင်း မီးဖွားဆောင်မှ ထွက်လာခဲ့ပြီ ဖြစ်သည်။ ကျင်းသာ့ယိုက ဇနီးဖြစ်သူထံသို့ အပြေးအလွှား သွားရောက်ကာ၊ ကျန်းရုံကမူ နာပြုဆရာမ၏ လက်ထဲမှ ကလေးငယ်ကို လှမ်းယူလိုက်သည်။ အန်းအန်းက လှမ်းကြည့်ရာ ညီမလေးမှာ အလွန်ပင် သေးငယ်လှကာ၊ ကိုယ်လုံးလေးမှာ နီရဲလျက် မျက်လုံးများပင် မပွင့်သေးသည်ကို တွေ့ရသည်။ ပိုင်ဟန်လေးမှာလည်း အမေ့ရင်ခွင်ထဲသို့ တိုးဝင်ကာ ညီမလေးကို အားကျမနာ ကြည့်နေရှာသည်။ မီးဖွားဆောင် တံခါးဝတွင် အလွန်ပင် ပျော်ရွှင်စရာ ကောင်းနေတော့သည်။

ညဘက်တွင် ကျင်းသာ့ယိုမှာ ဆေးရုံ၌ လူနာစောင့်ရန် ကျန်ရစ်ခဲ့ကာ၊ ပိုင်ဟန်လေးမှာမူ အန်းအန်းတို့နှင့်အတူ အိမ်သို့ လိုက်ပါလာခဲ့သည်။ သူသည် အလွန်ပင် လိမ္မာလှကာ မငို၊ မယဉ်ဘဲ ကျင်းသာ့ယိုအား "ပါပါး... မေမေ့ကို သေသေချာချာဂရုစိုက်နော်" ဟု မှာကြားခဲ့သေးသည်။

….

ဒုတိယနေ့ နံနက်တွင် အန်းအန်းသည် အမေနှင့်အတူ ဆေးရုံသို့ သွားရောက်ခဲ့သည်။ လူနာခန်းအတွင်း၌ လီရှင်းမှာ ကုတင်ပေါ်တွင် လဲလျောင်းလျက်၊ ကျင်းသာ့ယိုက သမီးလေးအား ချီ၍ လေထုတ်ပေးနေသည်ကို ပြုံးရွှင်စွာ ကြည့်နေလေသည်။ ပိုင်ဟန်လေးမှာလည်း ဖခင်နောက်မှ တကောက်ကောက် လိုက်ပါလျက် ညီမလေးကို ကြည့်ကာ ပျော်ရွှင်နေရှာသည်။ ကျန်းရုံမှာ အလုပ်ကိစ္စကြောင့် ခဏအကြာတွင် ထွက်ခွာသွားခဲ့သည်။

အန်းအန်းသည် အဒေါ်ဖြစ်သူ၏အနားတွင် ခဏမျှ ထိုင်နေစဉ်၊ လီရှင်း၏ မျက်နှာပေါ်မှ အပြုံးများမှာ ပျောက်ကွယ်သွားခြင်း မရှိသည်ကို သတိပြုမိလိုက်သည်။ အထူးသဖြင့် သူမ၏ အကြည့်များမှာ ထိုသားအဖ သုံးဦးအပေါ်သို့ ကျရောက်ချိန်တွင် အလွန်ပင် နူးညံ့လှပေသည်။ ထိုကဲ့သို့သော နူးညံ့မှုမျိုးမှာ သူမ၏ အမေဖြစ်သူ ကျန်းရုံက အဖေဖြစ်သူ လီရှောင်းအပေါ် ကြည့်လေ့ရှိသော အကြည့်မျိုးနှင့် အလွန်ပင် ဆင်တူလှသည်။ အန်းအန်းသည် အရင်က အဒေါ်ဖြစ်သူကို သတိရလိုက်မိသည်။ အရင်က လီရှင်းမှာ ပြုံးလျှင်ပင် မထိတထိသာ ပြုံးတတ်ကာ၊ အပြင်လူများရှေ့တွင် အမြဲတမ်း စိမ်းသက်သော ပုံစံမျိုး ရှိခဲ့သည် မဟုတ်လား။ ထိုစဉ်က သူမ ငယ်သေးသဖြင့် အဒေါ်ဖြစ်သူ၏ စရိုက်မှာ ထိုအတိုင်းသာ ဖြစ်လိမ့်မည်ဟု ယူဆခဲ့သော်လည်း၊ နောက်ပိုင်းတွင်မူ သူမသည် အမြဲတမ်း ပြုံးပျော်နေတတ်သူ တစ်ဦး ဖြစ်လာခဲ့သည် မဟုတ်လား။ အမေဖြစ်သူက သူမအား ပြောပြခဲ့ဖူးသည်မှာ - "တစ်ခုခုရှိရင် ပွင့်ပွင့်လင်းလင်း ပြောရတယ် သမီးရဲ့၊ အဒေါ် လိုမျိုး စိတ်ထဲမှာပဲ ကြိတ်ပြီး သိမ်းမထားနဲ့။ နောက်ဆုံးတော့ ကိုယ်ပဲ ခံစားရမှာလေ" ဟု ဖြစ်သည်။ ထို့ကြောင့်ပင် အန်းအန်းသည် တစ်စုံတစ်ခုဖြစ်ပွားတိုင်း မိဘများကို အမြဲ တိုင်ပင်လေ့ ရှိခြင်းဖြစ်သည်။

…….

အဒေါ်ဖြစ်သူ၏ အခန်းမှ ထွက်လာသောအခါ အန်းအန်းသည် လဲ့လဲ့ထံသို့ သွားခဲ့သည်။ လဲ့လဲ့၏ အိမ်တွင် ယနေ့ ဧည့်သည်များရှိနေသဖြင့် ဆူညံနိုင်သည်ဟုဆိုကာ စာကြည့်တိုက်တွင် ဆုံရန် ချိန်းဆိုထားခြင်းဖြစ်သည်။ မွန်းတည့်ချိန်တွင် မြို့လယ်ရှိ ဆိုင်အသစ်တစ်ခု၌ အနောက်တိုင်းစာ အတူစားရန်လည်း စီစဉ်ထားကြသည်။ အန်းအန်းသည် စာကြည့်တိုက်သို့ ရောက်ရှိချိန်တွင် လဲ့လဲ့မှာ သူမအတွက် နေရာဦးထားပေးသည်ကို တွေ့ရသည်။ သူသည် ပြတင်းပေါက်နားတွင် ထိုင်နေကာ၊ အသက် ၁၇ နှစ်အရွယ် လူငယ်လေးပီပီ အသားဖြူစင်လျက် ရုပ်ရည်မှာ အလွန်ပင် ကျော့ရှင်းလှသည်။ သူ၏ မျက်ဝန်းများအတွင်း၌မူ သူ၏ အသက်အရွယ်နှင့် မလိုက်အောင် တည်ကြည်သော အရှိန်အဝါမျိုး ရှိနေလေသည်။ သူသည် အဖြူရောင် တီရှပ်နှင့် ဘောင်းဘီအနက်ကိုသာ ဝတ်ဆင်ထားစေကာမူ စာကြည့်တိုက်အတွင်းရှိ လူတိုင်း၏ အာရုံစိုက်ခြင်းကို ခံနေရသူ ဖြစ်သည်။ အန်းအန်း၏အဖေ ပြောပြချက်အရ - လဲ့လဲ့၏ ဖခင်မှာ ကျန်းမာရေး မကောင်းသဖြင့် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း လဲ့လဲ့အား ကုမ္ပဏီ အလုပ်များကို စတင် သင်ကြားပေးနေပြီ ဖြစ်သည်။ ဖခင်ဖြစ်သူက သူမအားလည်း လဲ့လဲ့ကို ကျော်တက်နိုင်အောင် ကြိုးစားရန် တိုက်တွန်းလေ့ရှိသည်။ အန်းအန်းကမူ သူမသည် စာလေ့လာခြင်းကိုသာ ဝါသနာပါပြီး သိပ္ပံပညာရှင် ဖြစ်လိုသူဖြစ်ရာ ဖခင်ဖြစ်သူ အများကြီး တွေးနေခြင်းသာဖြစ်သည်ဟု ယူဆထားသည်။ ထို့ကြောင့်ပင် ဖခင်ဖြစ်သူအား နောက်ထပ် ကလေးတစ်ဦး ထပ်ယူရန် သူမက အကြံပေးခဲ့သော်လည်း၊ အမေဖြစ်သူ ကျန်းရုံကမူ အသက်ကြီးနေပြီဖြစ်သဖြင့် အရှက်ရသည်ဟုဆိုကာ ငြင်းဆိုခဲ့သည် မဟုတ်လား။

အန်းအန်း အနားသို့ မရောက်မီမှာပင် မိန်းကလေး နှစ်ဦးက ရှက်ကိုးရှက်ကန်းဖြင့် လဲ့လဲ့ထံသို့ ချဉ်းကပ်ကာ WeChat လိပ်စာ တောင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ လဲ့လဲ့က ယဉ်ကျေးသော်လည်း စိမ်းသက်သော အမူအရာဖြင့် ငြင်းပယ်လိုက်သည်။ ထိုမိန်းကလေးများ ထွက်သွားချိန်မှသာ အန်းအန်း ပေါ်ထွက်လာခဲ့ရာ၊ လဲ့လဲ့သည် သူမအား မြင်သည်နှင့် ချက်ချင်းပင် ပြုံးရွှင်သွားကာ လေသံမှာလည်း များစွာ နူးညံ့သွားတော့သည်။ "ရောက်ပြီလား?"

အန်းအန်းမှာ အနည်းငယ် ကြောင်သွားရသည်။ ခုနက သူများတွေအပေါ် ထားရှိသော အေးစက်လှသော အမူအရာနှင့် ယခု မိမိအပေါ် ထားရှိသော နူးညံ့မှုမှာ လူနှစ်ယောက်အလား ကွဲပြားလှသည် မဟုတ်လား။ အရင်က ကျန်းကျန်းတို့ ပြောပြခဲ့သည်မှာ မှန်ပေသည်။ ဆုန့်ပိုင်ချင့် (လဲ့လဲ့) သည် သူမရှေ့တွင်သာ စကားပြောကောင်းသူဖြစ်သည် မဟုတ်လား။

အန်းအန်းသည် လဲ့လဲ့၏မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်စဉ်၊ လဲ့လဲ့က ချစ်စရာကောင်းသော အိတ်လေးတစ်အိတ်ကို ထုတ်ပေးလေသည်။ သူသည် သူမအတွက် စားစရာများ ယူဆောင်လာခြင်း ဖြစ်သည်။ အန်းအန်းက ဖွင့်ကြည့်လိုက်ရာ အတွင်း၌ လှပသော စားသောက်ဖွယ်ရာများ ပါရှိနေသဖြင့် ကျေနပ်စွာ ပြုံးလျက် "အရမ်း စားကောင်းတာပဲ" ဟု တိုးတိုးလေး ဆိုလေသည်။ လဲ့လဲ့ကလည်း "အကုန်လုံး နင့်အတွက်ပဲ၊ အေးဆေးစားပါ" ဟု ဆိုကာ ပြုံးနေတော့သည်။

အန်းအန်းသည် စားရင်းနှင့် အဒေါ်ဖြစ်သူ ညီမလေး မွေးသည့်အကြောင်းကို ပြောပြရာ၊ လဲ့လဲ့ကလည်း "နင်ကတော့ တကယ်ကို တော်တဲ့သူပဲ၊ အခုဆိုရင် ညီမလေး နှစ်ယောက်တောင် ရှိသွားပြီပေါ့" ဟု ဆိုကာ ဂုဏ်ပြုလေသည်။ အန်းအန်းက ညီမလေး တစ်ယောက်မှာ မြန်မြန် ဖြစ်ကြောင်း၊ သူမမှာ သီချင်းဆို အလွန်တော်ကာ နောင်တွင် မင်းသမီးကြီး ဖြစ်လာမည့်သူဖြစ်ကြောင်း ဂုဏ်ယူစွာ ပြောပြနေမိသည်။ လဲ့လဲ့က သူမအား ချစ်ခင်သော အကြည့်ဖြင့် ကြည့်လျက် "နင်လည်း တော်ပါတယ်၊ ဒီတစ်ခေါက် ရူပဗေဒ စစ်ဆေးမှုမှာ အမှတ် ၁ ရခဲ့တာလေ" ဟု ချီးမွမ်းလိုက်သည်။

"ဒါနဲ့တော့ မလုံလောက်သေးဘူး၊ နောက်ပိုင်းမှာ ကျင်းပမယ့် ရူပဗေဒ ပြိုင်ပွဲမှာ ဆုရချင်သေးတာ" ဟု အန်းအန်းက ဆိုလိုက်ရာ၊

လဲ့လဲ့က "နင် သေချာပေါက် လုပ်နိုင်မှာပါ" ဟု အားပေးလေသည်။

နှစ်ဦးသား တစ်မနက်လုံး အတူတူ အိမ်စာလုပ်ခဲ့ကြပြီးနောက်၊ မွန်းတည့်ချိန်တွင် စာကြည့်တိုက်မှ ထွက်လာစဉ် လဲ့လဲ့၏ အတန်းဖော်များနှင့် ဆုံတွေ့ခဲ့သည်။ ၎င်းတို့မှာ ၁၂ တန်း ကျောင်းသားများ ဖြစ်ကြပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန် တစ်လခန့်သာ လိုတော့သဖြင့် အားလပ်ရက်မှာပင် စာကြည့်တိုက်၌ စာစုလုပ်နေကြခြင်း ဖြစ်သည်။ အတန်းဖော်များက လဲ့လဲ့အား နှုတ်ဆက်ကြရာ၊ မိန်းကလေး တစ်ဦးက အန်းအန်းအား ကြည့်လျက် "ဒါ နင့်ရဲ့ ညီမလေးလား?" ဟု ပြုံး၍ မေးမြန်းလိုက်သည်။ လဲ့လဲ့၏ မျက်နှာမှ အပြုံးများ ချက်ချင်း ပျောက်ကွယ်သွားကာ "ကျွန်တော်တို့မှာ ကိစ္စရှိလို့ သွားတော့မယ်" ဟုသာ တိုတိုတုတ်တုတ် ပြန်ဖြေလျက် အန်းအန်းအား ခေါ်ဆောင်၍ ထွက်ခွာခဲ့တော့သည်။ ထိုမိန်းကလေးမှာ မျက်နှာပျက်ကာ ကျန်ရစ်ခဲ့ရလေသည်။

အန်းအန်းမှာ အရင်ကကဲ့သို့ ဘာမှမသိသော ကလေးမဟုတ်တော့ပေ။ သူမ ၆ တန်းတုန်းက ကျန်းကျန်းက သူမအား အချစ်ဝတ္ထုများကို စတင် မိတ်ဆက်ပေးခဲ့သည် မဟုတ်လား။ ထို့ကြောင့်လည်း ခုနက မိန်းကလေး၏အကြည့်မှာ လဲ့လဲ့အပေါ် မည်သို့ သဘောထားသည်ကို သူမ ရိပ်မိလိုက်သည်။ လဲ့လဲ့အား သဘောကျသော မိန်းကလေးများ များစွာရှိနေမှန်း သူမ ယခုမှ သတိပြုမိလိုက်ခြင်း ဖြစ်သည်။ လမ်းလျှောက်နေစဉ်အတွင်း အန်းအန်းသည် ဘေးနားရှိ လဲ့လဲ့အား မကြာခဏ လှည့်ကြည့်မိသည်။ လဲ့လဲ့မှာ မည်သည့်အချိန်က ဤမျှအထိ အရပ်ရှည်သွားသည်ကို သူမ မသိလိုက်ပေ။ သူမသည် သူ့မေးစေ့အထိသာ ရှိတော့သဖြင့် သူ့အား မော့ကြည့်နေရသည် မဟုတ်လား။ လဲ့လဲ့သည် သူမ၏အကြည့်ကို သတိပြုမိသဖြင့် နားရွက်များ နီမြန်းသွားရကာ "ဘာဖြစ်လို့လဲ?" ဟု မေးမိသည်။

အန်းအန်းက အများကြီးမစဉ်းစားဘဲ "လဲ့လဲ့... နင် ကြိုက်နေတဲ့ မိန်းကလေး ရှိလား?" ဟု မေးလိုက်သည်။ လဲ့လဲ့သည် ယခုအခါ သူ့အား 'လဲ့လဲ့' ဟု ခေါ်သည်ကို မနှစ်သက်တော့သဖြင့် မျက်မှောင်ကြုတ်သွားရာ၊

အန်းအန်းက အလျင်အမြန် ပြင်ခေါ်လိုက်သည်။ "ဆုန့်ပိုင်ချင့်... နင် အခု ကြိုက်နေတဲ့သူ ရှိလား?" သူက လေသံကို နှိမ့်လျက် "ဘာလို့ မေးတာလဲ?" ဟု ပြန်မေးသည်။

အန်းအန်းက "လူတစ်ယောက်ကို ကြိုက်တာ ဘယ်လို ခံစားရလဲ သိချင်လို့လေ။ အဖေနဲ့အမေကို မေးတော့လည်း မပြောပြကြဘူး"

လဲ့လဲ့က ခဏမျှ တိတ်ဆိတ်သွားပြီးနောက် - "ကြားဖူးတာတော့... လူတစ်ယောက်ကို ကြိုက်ပြီဆိုရင် သူ့ကိုပဲ အမြဲ သတိရနေတတ်သတဲ့။ သူ ပျော်ရင် ကိုယ်လည်း ပျော်တယ်၊ သူ စိတ်မကောင်းရင် ကိုယ်လည်း စိတ်မကောင်းဖြစ်ရတယ်။ သူမအနားကို တိုးကပ်လိုက်ရင်လည်း ရင်ခုန်သံတွေက မြန်လာတတ်တယ်တဲ့"

အန်းအန်းက မျက်လုံးဝိုင်းကြီးများဖြင့် - "နင်က ဘယ်လိုလုပ် အဲ့ဒီလောက်အထိ အသေးစိတ် သိနေရတာလဲ? နင် တကယ်ပဲ ကြိုက်နေတဲ့သူ ရှိတာလား? ဘယ်သူလဲဟင်?" ဟု အသည်းအသန် မေးမြန်းတော့သည်။

လဲ့လဲ့မှာ ထိုအခါမှ တိတ်ဆိတ်သွားတော့သည်။ အန်းအန်းကမူ စပ်စုချင်စိတ်ဖြင့် ထပ်ခါတလဲ့လဲ့ မေးမြန်းနေသဖြင့်၊ နောက်ဆုံးတွင် လဲ့လဲ့ စိတ်တိုသွားဟန်ဖြင့် - "နင်ကတော့ တကယ်ကို ငတုံးပဲ။ ငါ ဘယ်သူ့ကို ကြိုက်လဲဆိုတာ နင် တကယ်ပဲ မသိဘူးလား?" ဟု ဆိုကာ ရှေ့မှ အပြေးအလွှား ထွက်ခွာသွားတော့သည်။

အန်းအန်းမှာ ဘာကို ဆိုလိုမှန်း မသိဘဲ ကြောင်အမ်းအမ်း ကျန်ရစ်ခဲ့ရသည်။ သူ ဘယ်သူ့ကို ကြိုက်သလဲဆိုတာ သူမက ဘယ်လိုလုပ် သိမှာလဲ။ အတန်းတူတာမှ မဟုတ်ဘဲ။

…..

နောင်တွင် သူမ မည်မျှပင် မေးမြန်းပါစေ၊ လဲ့လဲ့ကမူ လုံးဝ ထုတ်မပြောတော့ပေ။ တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးချိန်တွင်၊ လဲ့လဲ့၏ မိခင်ဖြစ်သူ ဆုန့်ယင်းက ကျန်းရုံနှင့် စကားပြောရာ၌ - လဲ့လဲ့မှာ စာမေးပွဲ ရလဒ် မကောင်းသဖြင့် အန်းအန်းနှင့် တစ်တန်းတည်းနေနိုင်ရန် တစ်နှစ် ထပ်မံ ဖြေဆိုမည်ဟု ပြောဆိုသံကို ကြားရမှသာ အန်းအန်း တစ်စုံတစ်ခုကို သတိပြုမိလိုက်ခြင်းဖြစ်သည်။ လဲ့လဲ့၏ရမှတ်မှာ အလွန်ပင် ကောင်းမွန်လှသည် မဟုတ်လား။ ဘာလို့ ရလဒ် မကောင်းဘူးလို့ ပြောရတာလဲ။ စာမေးပွဲ အမှတ်စာရင်းထွက်စဉ်က သူမကိုယ်တိုင်ပင် အတူကြည့်ပေးခဲ့သည် မဟုတ်လား။ နောက်ဆုံးတွင် အတန်းဖော်ဖြစ်လာသော လဲ့လဲ့အား အန်းအန်းက မအောင့်နိုင်ဘဲ "နင် ဘာလို့ ငါတို့ကျောင်းကို ပြောင်းလာတာလဲ?" ဟု တိုးတိုးလေး မေးမိသည်။

သူက သူမအား - အရင်ကကဲ့သို့ သူမ အနိုင်ကျင့်ခံရမည်ကို စိုးရိမ်သဖြင့် ကာကွယ်ပေးရန် လိုက်လာခြင်းဖြစ်ကြောင်း ဆိုခဲ့ဖူးသည်။ ထိုစဉ်က သူမသည် သူ့အား အစ်ကိုအရင်း တစ်ဦးကဲ့သို့သာ ယူဆခဲ့ခြင်းဖြစ်သည်။ ယခုမူ... အန်းအန်း တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့ပြီ ဖြစ်သည်။ လဲ့လဲ့သည် အိမ်စာများကို အလေးအနက် လုပ်ဆောင်နေရင်းမှ၊ သူမအား တစ်ချက် လှည့်ကြည့်ကာ စာအုပ်ပေါ်တွင် စာသားတစ်ခုကို ရေးသား၍ တွန်းပေးလိုက်သည်။ ထိုစာသားမှာ - "ငါ့ရဲ့ ငယ်ကျွမ်းဆွေလေးကို သူများတွေ လုသွားမှာ စိုးလို့လေ" ဟု ဖြစ်သည်။

အန်းအန်းမှာ ထိုစာသားကြောင့် မျက်နှာတစ်ခုလုံး ရဲခနဲ ဖြစ်သွားရတော့သည်။ ယုန်သည် မိမိတွင်းနားမှ မြက်ကို မစား ဟူသော စကားပုံ ရှိသည် မဟုတ်လား။ သူမသည် သူ့အား အမြဲတမ်း အစ်ကိုတစ်ဦးကဲ့သို့သာ သဘောထားခဲ့သည် မဟုတ်လား။ သို့သော် ထိုအချိန်မှစ၍ ၎င်းတို့ကြားမှ ဆက်ဆံရေးမှာမူ အရင်ကကဲ့သို့ မဟုတ်တော့ဘဲ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ၁၂ တန်း ပထမနှစ်ဝက် အကုန်တွင် ၎င်းတို့ နှစ်ဦးမှာ တိတ်တဆိတ် ချစ်သူများ ဖြစ်လာခဲ့ကြသည်။

ချစ်သူဖြစ်ပြီးနောက် အန်းအန်းက "နင် ငါ့ကို ဘယ်တုန်းက စပြီး ကြိုက်ခဲ့တာလဲ?" ဟု မေးရာ၊ လဲ့လဲ့က "မသိဘူးလေ၊ ငယ်ငယ်ကတည်းက ဖြစ်မှာပါ" ဟု ပြန်ဖြေသည်။

အန်းအန်းက အံ့သြစွာဖြင့် "ဒါဆို အရင်က ငါ နင့်ကို သူများတွေရဲ့ ရည်းစားစာတွေပေးတာကို ဘာလို့ လက်ခံခဲ့တာလဲ?" ဟု မေးရာ၊ လဲ့

လဲ့က အေးစက်စက် မျက်နှာထားဖြင့် "မင်းက သူများဆီက စားစရာတွေ အများကြီး ယူစားထားတာလေ၊ ငါက လက်မခံလို့ ရမလား?" ဟု ပြန်လည် ချေပလိုက်လေသည်။

"..." သူက အစကတည်းက သိနေခဲ့ခြင်း ဖြစ်သည်။

အန်းအန်းသည် မိဘများကို တက္ကသိုလ်တက်မှသာ ရည်းစားထားမည်ဟု ကတိပေးထားခဲ့သဖြင့်၊ ဤကိစ္စကို သူမ ထုတ်မပြောဝံ့ပေ။ ဖခင်ဖြစ်သူ လီရှောင်းက ဖုန်းကို စစ်ဆေးမည်ကို စိုးရိမ်သဖြင့် သူမသည် လဲ့လဲ့နှင့် စကားပြောလျှင် Taobao app မှတစ်ဆင့်သာ ပြောဆိုလေ့ရှိပြီး၊ WeChat တွင်မူ စာပေကိစ္စများကိုသာ ပြောဆိုကြခြင်းဖြစ်သည်။ ၎င်းတို့ နှစ်ဦးစလုံးမှာ ပထမဆုံးအကြိမ် ချစ်သူဖြစ်ကြခြင်းဖြစ်ရာ၊ ဘာလုပ်ရမည်မှန်း မသိကြပေ။ အားလပ်ရက်များတွင် တိတ်တဆိတ် ရုပ်ရှင်သွားကြည့်ခြင်းမှတစ်ပါး အခြားမရှိပေ။ တစ်ခုတည်းသော ရင်းနှီးမှုမှာ ဆောင်းဦး အားလပ်ရက်တွင် ကစားကွင်းသို့ သွားရောက်စဉ်၊ လမ်းထောင့်တစ်ခု၌ တိတ်တဆိတ် နမ်းခဲ့ခြင်းပင် ဖြစ်သည်။ နမ်းပြီးနောက် ခံစားချက်ကို မသိရသော်လည်း မျက်နှာမှာမူ အလွန်ပင် ပူထူနေခဲ့သည်ကိုတော့ သူမ မှတ်မိနေသည်။

အန်းအန်းသည် သူမ သေသေချာချာ ဖုံးကွယ်ထားနိုင်သည်ဟု ယူဆခဲ့သော်လည်း၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြီးဆုံးချိန်တွင် သူမက သူငယ်ချင်းများနှင့် ခရီးသွားမည်ဟု ပြောဆိုရာ၊ လီရှောင်းက ရယ်မောလျက် - "ချိန်းတွေ့တာကို ချိန်းတွေ့တယ်လို့ ပြောပါလား၊ ဘာလို့ သူငယ်ချင်းတွေနဲ့ သွားမှာလဲ?" ဟု ဖွင့်ပြောလိုက်လေသည်။

ကျန်းရုံကလည်း တည်ငြိမ်စွာပင် - "နင်တို့ နှစ်ယောက်လုံး ငယ်သေးတယ်ဆိုတော့၊ ကာကွယ်မှုတွေကိုတော့ သေသေချာချာ လုပ်ကြနော်" ဟု မှာကြားလိုက်ရာ၊

"..." အန်းအန်းမှာ မှင်သက်သွားရကာ "ရှင်တို့ သိနေတာလား?" ဟု မေးမိသည်။

လီရှောင်းက "နင့်ရဲ့ သရုပ်ဆောင်ချက်က ဘယ်လောက်တောင် ညံ့သလဲဆိုတာ နင်ကိုယ်တိုင် ပြန်ကြည့်ဦး။ အရင်က ဖုန်းကို ဖြစ်သလို ပစ်ထားတဲ့သူက အခုကျမှ ဖုံးဖုံးဖိဖိ လုပ်နေတာလေ။ နောက်ပြီး နှစ်သစ်ကူးတုန်းက နင့်နှုတ်ခမ်းတွေ ဖူးနေတာကို ငါက မမြင်ဘူး ထင်နေလား" ဟု ဆိုလိုက်ရာ၊ အန်းအန်းမှာ မျက်နှာ နီမြန်းလျက် အိတ်ကို ဆွဲကာ အလျင်အမြန် ထွက်ပြေးခဲ့ရတော့သည်။

ခြံဝင်းတံခါးဝသို့ ရောက်ချိန်တွင် လဲ့လဲ့မှာ ကားဖြင့် ရောက်ရှိနေပြီ ဖြစ်သည်။ ၎င်းတို့ နှစ်ဦး ကားပေါ်သို့ ရောက်ချိန်တွင် အန်းအန်းက ဤအကြောင်းကို ပြောပြရာ၊ လဲ့လဲ့ကမူ - "ဒါက သဘာဝပဲလေ" ဟု တည်ငြိမ်စွာ ဆိုလေသည်။ လဲ့လဲ့၏ မိဘများဖြစ်သော ဆုန့်ယင်း နှင့် ယိုရှောင် တို့မှာလည်း သူတို့နှစ်ဦး ချစ်သူဖြစ်နေမှန်း ကြိုတင် သိရှိထားကြပြီးဖြစ်သည်။

လဲ့လဲ့သည် အန်းအန်းအား သူ ပိုင်ဆိုင်သော ကျွန်းကလေး တစ်ကျွန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ ထိုကျွန်းကို သူ လွန်ခဲ့သော နှစ်နှစ်က ဝယ်ယူခဲ့ခြင်း ဖြစ်သည်။ လဲ့လဲ့သည် ရွက်လှေ မောင်းနှင်တတ်သဖြင့် သူမအား လိုက်လံ ပို့ဆောင်ပေးခဲ့ရာ အန်းအန်းသည်လည်း ရွက်လှေ မောင်းနှင်ခြင်းကိုပါ တစ်ခါတည်း သင်ယူနိုင်ခဲ့သည်။ ထို့နောက် ၎င်းတို့သည် သဲကန္တာရသို့ သွားရောက်ကာ ကြယ်ကြည့်ခြင်း၊ သိုးသားကင် စားခြင်းများဖြင့် ပျော်ရွှင်စွာ အချိန်ကုန်လွန်စေခဲ့ကြသည်။

……

ကျောင်းဖွင့်ချိန်တွင် အန်းအန်းသည် ရူပဗေဒ ဘာသာရပ်ကို တက်ရောက်ခဲ့ကာ၊ လဲ့လဲ့မှာမူ ဘဏ္ဍာရေးဘာသာရပ်ကို တက်ရောက်ခဲ့သည်။ အန်းအန်း၏အတန်းဖော်များမှာ စာကိုသာ အသည်းအသန် လေ့လာကြသူများဖြစ်ရာ၊ အန်းအန်း ကျောင်းစဝင်စဉ်က အနည်းငယ် ဆူညံခဲ့သော်လည်း နောက်ပိုင်းတွင်မူ သူမအား လူတိုင်းက မေ့လျော့သွားကြသည်။ လဲ့လဲ့မှာမူ ရုပ်ရည်ရော အရည်အချင်းပါ ပြည့်စုံသူဖြစ်သည့်အပြင်၊ အရင်ကလည်း စီးပွားရေး မဂ္ဂဇင်းများတွင် ပါဝင်ခဲ့ဖူးသူဖြစ်ရာ ကျောင်းတွင် အလွန်ပင် နာမည်ကြီးလှသည်။ မိန်းကလေးများစွာက သူ့နောက်သို့ တကောက်ကောက် လိုက်နေကြသဖြင့် အန်းအန်းမှာ မကြာခဏ သဝန်တိုခဲ့ရလေသည်။

လဲ့လဲ့ကမူ ထိုကိစ္စကို ဖြေရှင်းရန်အတွက် - အန်းအန်း၏ ဓာတ်ပုံပါသော တီရှပ်များကို မှာယူကာ ထိုအောက်တွင် "ကျွန်တော့်ရဲ့ ချစ်သူ" ဟူသော စာသားကိုပါ ထည့်သွင်း ဝတ်ဆင်ခဲ့လေသည်။ ဤဖြစ်ရပ်မှာ ကျောင်း၏ Website ပေါ်တွင်ပင် နာမည်ကြီးခဲ့ကာ၊ ကျောင်းသား၊ ကျောင်းသူများက လဲ့လဲ့၏ ရဲတင်းမှုကို ချီးမွမ်းခဲ့ကြသည် မဟုတ်လား။

၎င်းတို့ နှစ်ဦး၏သံယောဇဉ်မှာ အမြဲတမ်း ချောမွေ့နေခဲ့သော်လည်း၊ အန်းအန်းမှာ စာလေ့လာရာတွင် အချိန်ကုန်လွန်နေသဖြင့် လဲ့လဲ့အား အချိန်မပေးနိုင်ခြင်းမှာ တစ်ခုတည်းသော ပြဿနာ ဖြစ်ခဲ့သည်။ သို့သော် လဲ့လဲ့သည် မျက်ကွင်းများ ညိုမည်းနေစေကာမူ မိမိနှင့်အတူ ရုပ်ရှင်ကြည့်ပေးနေသော အန်းအန်းကို မြင်တွေ့ချိန်မှစ၍ ထိုကိစ္စကို ထပ်မံမပြောတော့ပေ။

…..

တက္ကသိုလ်ပြီးဆုံးချိန်တွင် သူတို့ လက်ထပ်ခဲ့ကြသည်။ လဲ့လဲ့သည် ဖခင်၏ကုမ္ပဏီကို တိုက်ရိုက် ဦးစီးခဲ့ကာ၊ အန်းအန်းကမူ ပါရဂူဘွဲ့ရရှိသည်အထိ ဆက်လက် ပညာသင်ကြားခဲ့သည်။ လဲ့လဲ့သည် သူမ စိတ်အေးလက်အေး သုတေသန လုပ်နိုင်ရန်အတွက် ကိုယ်ပိုင်ဓာတ်ခွဲခန်းတစ်ခုကိုပါ တည်ဆောက်ပေးခဲ့သည်။

……

မင်္ဂလာဆောင်သည့်နေ့တွင် အန်းအန်းက လဲ့လဲ့အား - "ငါ အရင်က အဖေတို့၊ အမေတို့နဲ့ အဒေါ်တို့ရဲ့ အချစ်ကို အရမ်းအားကျခဲ့တာ။ ငါလည်း စာအုပ်ထဲကလို အချစ်မျိုး ရပါစေလို့ ဆုတောင်းခဲ့ဖူးတယ်။ အခုတော့ ငါလိုချင်တဲ့ အရာတွေကို ငါ အစကတည်းက ရရှိထားခဲ့မှန်း သိလိုက်ရပြီ" ဟု ဆိုလေသည်။

လဲ့လဲ့သည် သူမအား နူးညံ့စွာ ပြုံး၍ ကြည့်နေမိသည်။ သူသည် ငယ်စဉ်ကတည်းက သူမအား လက်ထပ်ရန် ဆုံးဖြတ်ထားခဲ့သူဖြစ်သည်။ မိခင်ဖြစ်သူက - အန်းအန်းသည် သူ၏ အသက်သခင် ကျေးဇူးရှင်ဖြစ်ကြောင်း၊ အန်းအန်းက ကစားကွင်း သွားချင်သည်ဟု မပြောပါက ကျန်းရုံသည် သူ့အား ရှာတွေ့လိမ့်မည် မဟုတ်ကြောင်း ပြောပြခဲ့သည် မဟုတ်လား။ ထို့ကြောင့်ပင် သူ့နှလုံးသားအတွင်း၌ အန်းအန်း ဆိုသော မိန်းကလေးမှာ ငယ်စဉ်ကတည်းက အခြေချ နေထိုင်ခဲ့ခြင်းဖြစ်သည်။

…..

လက်ထပ်ပြီး မကြာမီမှာပင် အန်းအန်းတွင် ကိုယ်ဝန် ရှိလာခဲ့သည်။ လဲ့လဲ့သည် သူမ၏ ကျောင်းအနီးတွင် အိမ်တစ်လုံး ဝယ်ယူကာ နေထိုင်ခဲ့ကြသည်။ ကလေး မွေးဖွားပြီးနောက်တွင်မူ လီရှောင်းသည် သူ၏ စီးပွားရေးများကို မြို့တော်ဘက်သို့ တဖြည်းဖြည်း ရွှေ့ပြောင်းလာခဲ့သည်။ ကျန်းရုံသည်လည်း သူမ၏ တစ်ဦးတည်းသော သမီးနှင့် မြေးလေး အနားတွင် ရှိနေလိုသဖြင့် လိုက်ပါလာခဲ့သည်။

ယခုနှစ်တွင် အားလုံးမှာ လူလားမြောက်သွားခဲ့ကြပြီ ဖြစ်သည်။ အန်းအန်း၏ သူငယ်ချင်းအရင်း ဖြစ်သူ ချင်းချင်းမှာ နာမည်ကြီး စာရေးဆရာမ တစ်ဦး ဖြစ်လာခဲ့သည်။ သူမသည် အရင်က အချစ်ဝတ္ထုများ ရေးသားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ၊ နောက်ပိုင်းတွင် သူဌေးကြီးများ၏ အရှုပ်အထွေးများကို နောက်ခံထားသော ဝတ္ထုများ ရေးသားချိန်တွင်မှ အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ သူမ၏မိသားစုမှာ သူဌေးများ ဖြစ်ကြသည့်အပြင်၊ အန်းအန်းထံမှ ကြားသိရသော အတင်းအဖျင်းများကြောင့် သူမ၏ ဝတ္ထုများမှာ ပိုမို အသက်ဝင်ခဲ့ခြင်း ဖြစ်သည်။ ကျန်းကျန်းမှာမူ နာမည်ကြီး ခရီးသွား Blogger တစ်ဦး ဖြစ်လာခဲ့ကာ၊ ပြင်သစ်လူမျိုး ချစ်သူတစ်ဦးနှင့် လက်တွဲနေပြီ ဖြစ်သည်။ တုံမိသားစုမှ မောင်လေး နှစ်ဦးမှာလည်း တစ်ဦးက နိုင်ငံခြားသို့ ပညာသင်သွားကာ၊ အခြားတစ်ဦးမှာမူ စစ်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။

အံ့သြစရာ အကောင်းဆုံးမှာ မြန်မြန်ပင် ဖြစ်သည်။ သူမသည် အမှန်တကယ်ပင် ထိပ်တန်း မင်းသမီးကြီးတစ်ဦး ဖြစ်လာခဲ့သည်။ အသက် ၁၅ နှစ်နှင့်ပင် ရုပ်ရှင်ရိုက်ကူးခွင့် ရရှိခဲ့ကာ၊ ယခုအခါတွင်မူ သူမ၏ဖခင် ဖုဖေး ထက်ပင် ဝင်ငွေ ပိုမိုများပြားနေပြီဖြစ်သည်။

နှစ်သစ်ကူးညတွင် မြန်မြန်သည် သူမ၏ Weibo စာမျက်နှာပေါ်၌ မိသားစုဝင်များ အတူတူ ထမင်းစားနေသော ဓာတ်ပုံများကို တင်လိုက်သည်။ ထိုဓာတ်ပုံများမှာ ချက်ချင်းပင် နာမည်ကြီးသွားခဲ့ကာ၊ ပရိသတ်များက ဓာတ်ပုံထဲမှ လူများ၏ ရုပ်ရည်ကို အသည်းအသန် ချီးမွမ်းကြလေသည်။

"ဘုရားရေ... ဆိုဖာပေါ်မှာ ထိုင်နေတဲ့ အစ်ကိုကြီးနဲ့ အစ်မကြီးက ဘယ်လောက်တောင် လှသလဲလို့။ ဒီရုပ်မျိုးနဲ့ အနုပညာလောကထဲ မဝင်တာ တကယ် နှမြောစရာပဲ။"

"ဒါက လူအစစ်တွေလား? ပြင်ထားတာတော့ မဟုတ်ပါဘူးနော်?"

"ဒီအစ်မကြီးက တကယ် လှတာပဲ။ မြန်မြန်ရေ... ငါတော့ အဲ့ဒီအစ်မနောက် ပါသွားပြီ ထင်တယ်"

"အဲ့ဒီ ယောက်ျားရဲ့ အချက်အလက်တွေကို ငါ အခုချက်ချင်း သိချင်တယ်၊ အရမ်း ခန့်တာပဲ"

မြန်မြန်က ပြန်လည် ဖြေကြားခဲ့သည်မှာ - "အားလုံးပဲ စိတ်လျှော့ကြပါ၊ သူတို့က လင်မယားတွေပါ။" ဟု ဖြစ်သည်။ ထို့နောက် သူမသည် အန်းအန်း၏မျက်နှာကို အနီးကပ် ဓာတ်ပုံရိုက်၍ "ပြင်ထားတာ မဟုတ်ပါဘူးနော်၊ အပြင်မှာ ဒီထက်တောင် ပိုလှသေးတယ်" ဟု ထပ်မံ တင်လိုက်ပြန်သည်။

ပရိသတ်များမှာ ပို၍ပင် ရူးသွပ်သွားကြရသည်။ မြန်မြန်သည် လီရှောင်း၊ ကျန်းရုံ နှင့် လီရှင်း တို့၏ ဓာတ်ပုံများကိုပါ ထပ်မံ တင်ပေးလိုက်ရာ၊ "အန်းအန်း ရဲ့ ပါပါး၊ မာမား နဲ့ အဒေါ်တို့ပါ၊ လှကြတယ် မဟုတ်လား?" ဟု မေးမြန်းလိုက်သည်။

ပရိသတ်များမှာ လုံးဝပင် မှင်သက်သွားကြရတော့သည်။

"ဟာ... ဒီမိသားစု တစ်ခုလုံးက ဘယ်လိုတောင် ချောကြတာလဲ?"

"အန်းအန်း က အလှဆုံးလို့ ထင်နေတာ၊ သူ့အဖေက ပိုခန့်နေပါလား။ မာမား... ဘာလို့ ကျွန်တော့်ကို နောက်ကျမှ မွေးခဲ့တာလဲ?"

"အပေါ်ကလူရေ... အန်းအန်းရဲ့ အမေကိုလည်း ကြည့်ဦးလေ၊ နင် စောစောမွေးလည်း အခွင့်အရေး ရှိမှာ မဟုတ်ပါဘူး"

"အန်းအန်း ရဲ့ အဒေါ်ကို ကြိုက်တယ်၊ ကြည့်ရတာ တကယ်ကို စမတ်ကျတဲ့ အမျိုးသမီးပဲ"

ထိုညတွင် မြန်မြန်၏ Weibo မှာ Hot Search ဝင်သွားခဲ့ကာ၊ လူအချို့က လီရှောင်း ငယ်စဉ်က အန်းအန်းနှင့်အတူ ကြော်ငြာရိုက်ခဲ့သော ဗီဒီယိုကိုပါ ပြန်လည် ဖော်ထုတ်ခဲ့ကြသည်။ ထိုကြော်ငြာမှာ ယခုခေတ်နှင့် ကြည့်လျှင် ဟောင်းနွမ်းနေစေကာမူ၊ ဗီဒီယို တစ်ခုလုံးတွင်မူ ၎င်းတို့ သားအဖ၏ ရုပ်ရည်ကို ချီးမွမ်းသော စာတန်းများဖြင့် ပြည့်နှက်နေလေသည်။ "ဆယ့်နှစ်ရာသီဖွား" မုန့်များ ဤမျှအထိ ရောင်းကောင်းခဲ့ခြင်းမှာ ဤသားအဖ နှစ်ဦး၏ ရုပ်ရည်ကြောင့် ဖြစ်လိမ့်မည်ဟု လူအများက ယူဆလိုက်ကြသည်။

အန်းအန်းကိုမူ "နှစ်တစ်နှစ်၏ အကောင်းဆုံး စံပြပုဂ္ဂိုလ်" အဖြစ် ပရိသတ်များက သတ်မှတ်ခဲ့ကြသည်။ သူမ၏ ဖခင်မှာ "ဆယ့်နှစ်ရာသီဖွား" ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်ကာ၊ ဤကုမ္ပဏီမှာ နှစ်ပေါင်းများစွာအတွင်း အစားအသောက် ဘေးကင်းလုံခြုံမှုနှင့် ပတ်သက်၍ တစ်ခါမျှ ပြဿနာမတက်ခဲ့ဖူးသော ထိပ်တန်းကုမ္ပဏီကြီး ဖြစ်သည်။ သူမ၏ မိခင်မှာလည်း နာမည်ကြီး တိုင်းရင်းဆေးဆရာဝန်ကြီး တစ်ဦး ဖြစ်သည်။ အန်းအန်းကိုယ်တိုင်မှာမူ ချမ်းသာလှသော မိသားစုမှ မွေးဖွားလာစေကာမူ၊ မိသားစု စီးပွားရေးကို ဆက်ခံခြင်း မရှိဘဲ သိပ္ပံ သုတေသန လုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ်ကာ လူသားမျိုးနွယ် တိုးတက်ရေးအတွက် အစွမ်းကုန် ကြိုးစားနေသူဖြစ်သည်။

ဒါဟာ တကယ်ကို အားလုံး အတုယူသင့်တဲ့ စံပြလူငယ်တစ်ဦးပဲ မဟုတ်လား။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အချပ်ပို ၃.၁ ။ လီရှောင်းပြန်လည်မွေးဖွားခြင်း

ဒီရက်ပိုင်းအတွင်း ကျန်းရုံ အိပ်လို့မပျော်ခဲ့ပေ။ အလုပ်သင်ဆင်းနေရတာ ပင်ပန်းလွန်းလို့လား၊ ဒါမှမဟုတ် တခြားအကြောင်းကြောင့်လားမသိ၊ သူမ မကြာခဏဆိုသလို ထူးဆန်းသော အိပ်မက်တွေ မက်နေတတ်သည်။

လွန်ခဲ့တဲ့ နှစ်လက လီရှောင်းတစ်ယောက် ရဲစခန်းမှာ လာရောက်အဖမ်းခံပြီးကတည်းက၊ သူမဟာ လီရှောင်းရဲ့ ဇနီးဟောင်း ဖြစ်နေတယ်လို့ အိပ်မက်မက်နေရတာဖြစ်သည်။ အိပ်မက်ထဲမှာ သူမဟာ သူနဲ့ သမီးလေးတစ်ယောက်တောင် မွေးထားသေးသည်။ အိပ်မက်တွေက ပြတ်တောင်းပြတ်တောင်းနှင့်၊ မနေ့ညကဆိုရင် လီရှောင်းက လှပတဲ့ ကျွန်းကလေးတစ်ခုပေါ်မှာ ပန်းတွေ၊ မိုးပျံပူဖောင်းတွေနဲ့ ခမ်းနားထည်ဝါတဲ့ မင်္ဂလာဆောင်ကြီး လုပ်ပေးနေတယ်လို့ မက်ပြန်သည်။

"..."

ဒါက တကယ်ကို ထူးဆန်းလွန်းလှသည်။ သူမက ဘာလို့ ဒီလိုတွေ မက်နေရတာလဲ။ သူ့ဇနီးဟောင်းနဲ့ နာမည်တူနေရုံလေးနဲ့လား။ အဓိကကတော့ ဒီလိုအိပ်မက်မျိုးတွေက အရမ်းရှက်ဖို့ကောင်းနေတာဖြစ်သည်။ သူများတွေသိသွားရင် သူမကို ယောက်ျားရူးလို့ ထင်သွားမှာစိုးလို့ ဘယ်သူ့ကိုမှလည်း မပြောရဲပေ။

ဒီနေ့က အမှုပိတ်ရမယ့် နောက်ဆုံးနေ့။ ဘာမှ အဆင်မပြေတာမရှိရင် လီရှောင်း ပြန်လွတ်လာတော့မှာဖြစ်သည်။ ဒီလူက တကယ်ကို ဉာဏ်ကောင်းပြီး သည်းခံနိုင်စွမ်းရှိတာ။ ဆယ်နှစ်တိုင်တိုင် အချိန်ယူပြီး သူ့သမီးကို သေအောင်လုပ်ခဲ့တဲ့သူတွေကို တစ်ယောက်မကျန် ကလဲ့စားချေခဲ့ပေမယ့် ကိုယ်တိုင်ကတော့ ဘာအမှားမှ မကျူးလွန်ခဲ့ဘူး။ အရင်က လာအဖမ်းခံတာတောင်မှ ငါးကြီးကြီးကို မျှားဖို့အတွက် အကွက်ချထားတာလေ။

မနက်ဖြန် အားလပ်ရက်ဆိုတော့ ကျန်းရုံက ညဘက်ကျရင် အမေ့ဆီ ဖုန်းဆက်ပြီး မနက်ဖြန် ဘုရားကျောင်း သွားဖို့ အဖော်စပ်ရမယ်လို့ စဉ်းစားထားသည်။ ဒီလို အိပ်မက်ဆိုးတွေ ဆက်မမက်ချင်တော့ဘူး။

ဒီရက်ပိုင်း အိပ်ရေးမဝလို့လားမသိ၊ ကျန်းရုံဟာ မနက်ကတည်းက စိတ်မကြည်မလင် ဖြစ်နေသည်။ မျက်မှောင်တွေလည်း တလှုပ်လှုပ်နဲ့ ရင်ထဲမှာလည်း တစ်မျိုးကြီး မတင်မကျဖြစ်နေပြီး လူက လူလိုမနေဘူး။

မနက် ၁၀ နာရီ ၄၅ မိနစ်မှာ ကျန်းရုံ ရင်ဘတ်ကို ဖိလိုက်မိသည်။ ရုတ်တရက် အသက်ရှူရတာ ကျပ်လာသလိုပဲ။ အဲ့ဒီအချိန်မှာပဲ ရုံးခန်းထဲက လုပ်ဖော်ကိုင်ဖက်တစ်ယောက်က ဖုန်းကို ကိုင်ပြီး ဝုန်းခနဲ ထရပ်လိုက်ကာ "ခုနလေးတင် လီရှောင်းက တရားရုံးက ထွက်လာတုန်း လမ်းမှာ ကားတိုက်ခံရပြီး ပွဲချင်းပြီး ဆုံးသွားပြီတဲ့" လို့ အော်ပြောလိုက်သည်။

ထိုစကားအဆုံးမှာပဲ ကျန်းရုံဟာ မျက်စိရှေ့မှာ မှောင်အတိကျသွားပြီး သတိလစ်သွားတော့သည်။

……

ပြန်နိုးလာတဲ့အခါ ကျန်းရုံဟာ ကားတစ်စီးပေါ်မှာ ထိုင်နေမိမှန်း သိလိုက်ရသည်။ သူမဟာ မျက်တောင်တခတ်ခတ်နဲ့ ကြောင်ကြည့်နေမိပြီး ကားပြတင်းပေါက် အပြင်ဘက်က စိမ်းသက်နေတဲ့ အဆောက်အဦးတွေနဲ့ စကားပြောနေတဲ့ လူအချို့ကို လှမ်းကြည့်လိုက်သည်။ ဒီလူတွေကို သူမ တစ်ယောက်မှ မသိဘူး။ တစ်ယောက်က ဒေသသံဝဲဝဲနဲ့ မန်ဒရင်းစကားပြောနေပြီး ကျန်နှစ်ယောက်ကတော့ ဟောင်ကောင်လေသံနဲ့ စကားပြောနေကြတာဖြစ်သည်။

ကျန်းရုံက G ပြည်နယ်မှာ လေ့ကျင့်ရေးဆင်းဖူးလို့ အဲ့ဒီဘက်က စကားတွေကို အနည်းငယ် နားလည်သည်။ ကိုယ်တိုင် သိပ်မပြောတတ်ပေမယ့် အကြမ်းဖျင်းတော့ နားလည်တာပေါ့။

မန်ဒရင်းစကားပြောနေတဲ့ အနက်ရောင် ဝတ်စုံနဲ့ အမျိုးသားက အလယ်က လူလတ်ပိုင်း အမျိုးသားကို အလွန်ရိုသေစွာနဲ့ "စိတ်ချပါ... ကျန်တဲ့ကိစ္စတွေအားလုံး ကျွန်တော့်တာဝန်ထားလိုက်ပါ။ တစ်ယောက်ယောက်က မေးလာရင်လည်း ကျန်းရုံက ခရီးထွက်သွားတယ်လို့ပဲ ပြောလိုက်မယ်၊ ဘယ်သူမှ သိမှာမဟုတ်ပါဘူး" လို့ ပြောနေသည်။

ဗိုက်ပူပူနဲ့ လူလတ်ပိုင်းအမျိုးသားက ခေါင်းညိတ်လိုက်ပြီး "အေး... ပြီးရင် သူ့အိမ်ကိုလည်း နည်းနည်းပါးပါး ထောက်ပံ့ပေးလိုက်ဦး။ ဘာပဲဖြစ်ဖြစ် သူ ငါ့နောက် လိုက်ခဲ့တာဆိုတော့ သူ့စိတ်ထဲမှာ နောင်တ မရစေချင်ဘူး"

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ စိတ်ချပါ သူဌေးဝမ်။ ဘယ်လိုလုပ်ရမလဲဆိုတာ ကျွန်တော် သိပါတယ်"

"အင်း။"

မှာကြားပြီးနောက် သူဌေးဝမ်လို့ ခေါ်တဲ့လူက ပြုံးဖြဲဖြဲနဲ့ ကားရဲ့ အခြားတစ်ဖက်ကို ပတ်ပြီး တက်လာသည်။ သူ့နောက်က လူငယ်ကတော့ အတွင်းရေးမှူး ဒါမှမဟုတ် လက်ထောက် ဖြစ်ပုံရတယ်၊ တံခါးဖွင့်ပေးပြီး ရိုရိုသေသေ လုပ်ပေးကာ ရှေ့ခန်းက ဒရိုင်ဘာဘေးမှာ ဝင်ထိုင်လိုက်သည်။ ကားပေါ်မှာ ဒရိုင်ဘာတစ်ယောက်လည်း ပါသေးသည်။

သူဌေးဝမ်က ကျန်းရုံဘေးမှာ ဝင်ထိုင်လိုက်ပြီး တက်တက်ချင်းမှာပဲ ကျန်းရုံခြေထောက်ပေါ် လက်လှမ်းတင်လိုက်သည်။ ကျန်းရုံ လန့်သွားပြီး ခြေထောက်ကို ဝုန်းခနဲ ဆွဲဖယ်လိုက်ကာ သူ့ကို မျက်လုံးအပြူးသားနဲ့ စိုက်ကြည့်မိတော့သည်။ သူမ ဘာတွေဖြစ်နေမှန်း လုံးဝ နားမလည်တော့ဘူး။ အိပ်မက်မက်နေတာလားလို့ သံသယဝင်မိပေမယ့် ဒီအိပ်မက်က အရမ်းကို လက်တွေ့ဆန်လွန်းနေသည်။ ဒါကြောင့် သူမဟာ 'ကူးပြောင်းခြင်း' များ ဖြစ်သွားတာလားလို့ စတင် ခန့်မှန်းမိသည်။

နှစ်ပေါင်းများစွာ သင်ယူခဲ့တဲ့ ပညာအရဆိုရင် ဒါမျိုးက မဖြစ်နိုင်ဘူး။ ကောင်းပြီလေ၊ သူမဟာ ရံဖန်ရံခါ အယူသီးတတ်ပေမယ့် အဲ့ဒါက စိတ်ဖြေရုံသက်သက်ပဲလေ။ ဒါပေမယ့် အခု အခြေအနေကတော့ ရှင်းပြလို့ မရဘူး။ အထူးသဖြင့် ခေါင်းကလည်း နည်းနည်း ကိုက်နေပြီး ဦးနှောက်ထဲမှာ ဘာမှ မရှိသလို ဟာနေတာဖြစ်သည်။

လူလတ်ပိုင်းအမျိုးသားက သူမ ငြင်းဆန်တာကို စိတ်မဆိုးဘဲ ရယ်မောရင်း "ဘာလဲ... မခွဲနိုင် မခွာရက် ဖြစ်နေတာလား?" လို့ မေးသည်။

ကျန်းရုံက မျက်မှောင်ကြုတ်ပြီး "ဘာကိုလဲ?" လို့ ပြန်မေးလိုက်သည်။

သူဌေးဝမ်က ပြုံးပြီး "ဒါကတော့ သဘာဝပါပဲ။ ကိုယ့်သမီးအရင်းပဲဥစ္စာ။ ငါကလည်း ရက်စက်တဲ့သူ မဟုတ်ပါဘူး၊ တကယ်လို့ မခွဲနိုင်ဘူးဆိုရင် သမီးကိုပါ တစ်ခါတည်း ခေါ်သွားလို့ ရပါတယ်"

ကျန်းရုံက အလိုအလျောက် ခေါင်းခါလိုက်မိသည်။ သမီးကိုသာ ခေါ်သွားရင် 'အဲ့ဒီလူ' က သူမကို လုံးဝ လွှတ်ပေးမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီအတွေး ဝင်လာတာနဲ့ ကျန်းရုံ ကြောင်သွားသည်။ သူမ ကြောက်နေရတဲ့ အဲ့ဒီလူက ဘယ်သူလဲဆိုတာ ချက်ချင်း စဉ်းစားမရဘူး။ ဒါပေမယ့် ရင်ထဲမှာ ထိတ်လန့်နေတာက သူမမှာ သမီးတစ်ယောက် ရှိနေတယ်လို့ စိတ်ထဲက ခံစားနေရတာပဲဖြစ်သည်။

သူဌေးဝမ်က သူမရဲ့ လှပနုနယ်တဲ့ မျက်နှာလေးကိုကြည့်ပြီး စိတ်မထိန်းနိုင်ဘဲ ပုခုံးကို လှမ်းကိုင်ဖို့ လက်ကို ထပ်ဆန့်လိုက်ပြန်သည်။ ကျန်းရုံက ထပ်ပြီး ရှောင်ဖယ်လိုက်ကာ သူ့ကို သတိနဲ့ စိုက်ကြည့်ပြီး "ရှင် ဘာလုပ်တာလဲ!" လို့ အော်ငေါက်လိုက်သည်။

အမျိုးသားက အငေါက်ခံရလို့ ကြောင်သွားပြီး မျက်နှာပျက်သွားသည်။ ဒီရက်ပိုင်း သူမကို အလိုလိုက်ထားလို့ မာနတက်နေပြီလို့ သူ ထင်သွားတာ။ မိန်းမတွေ မူတာကို သူ သဘောကျပေမယ့် သူ့ခေါင်းပေါ် လာနင်းတာကိုတော့ သူ မကြိုက်ဘူး။ ပြောရရင် ကျန်းရုံဟာ သူ အပြင်မှာထားမယ့် 'မယားငယ်' လေးပဲလေ။ ကြိုက်ရင် အလိုလိုက်မယ်၊ မကြိုက်ရင် ပစ်လိုက်ရုံပဲဖြစ်သည်။

သူ့လေသံက အေးစက်သွားပြီး "ဘာလဲ... အခု သမီးကိုတောင် ပစ်ပြီး ငါနဲ့ ခိုးရာလိုက်လာပြီလေ၊ ကိုယ့်ကိုယ်ကိုယ် ဘာကောင်မမို့လို့ မူနေတာလဲ?"

"ငါ့ရဲ့ ဒုတိယမယား လုပ်ဖို့ ရွေးချယ်ပြီးမှတော့ ငါ့ကို ချော့ဖို့ပဲ ကြိုးစားစမ်းပါ။ ငါက နင့်ကို လာချော့နေမှာ မဟုတ်ဘူး။ မဟုတ်ရင်လည်း ကားပေါ်က အခု ဆင်းသွားတော့!"

ကျန်းရုံဟာ ထိုစကားကို ကြားလိုက်ရတော့ ခေါင်းကိုက်တာတွေတောင် မေ့သွားပြီး သူ့ကို မှင်သက်စွာ ကြည့်နေမိသည်။ ခုနက သူပြောတဲ့ 'ခရီးထွက်တာ' ဆိုတာကို ရုံးက အကြီးအကဲနဲ့ ခရီးသွားတယ်လို့ပဲ ထင်နေတာ။ ဒီလို လက်သရမ်းတဲ့ အကြီးအကဲမျိုးကို လက်ကို ရိုက်ချိုးရမလား၊ ခြေထောက်ကို ကန်ရမလားလို့ စဉ်းစားနေတာဖြစ်သည်။

မထင်မှတ်ဘဲ 'ခိုးရာလိုက်တာ' တဲ့။ အဓိကက ဒီရုပ်ဆိုးဆိုး အဘိုးကြီးနဲ့လား။ ဒါက သူမကို စော်ကားနေတာပဲဖြစ်သည်။

သူဌေးဝမ်က သူမ ကြောင်နေတာကို မြင်တော့ မိမိ စကားပြောတာ ပြင်းသွားပြီလို့ ထင်သွားပုံရသည်။ သူမရဲ့ လှပတဲ့ မျက်နှာလေးကို မြင်တော့ စိတ်ပြန်ပျော့သွားပြီး "ကဲပါ... မင်းသာ လိမ္မာမယ်ဆိုရင် ငါ မင်းကို ကောင်းကောင်း ထားမှာပါ" လို့ ဆိုသည်။

"ကောင်းကောင်းထားတာလား၊ နင့်အမေကို ကောင်းကောင်းထားလိုက်!"

ကျန်းရုံ တစ်ခါတည်း ဆဲလိုက်ပြီး ရှေ့က ဒရိုင်ဘာကို "ကားရပ်!" လို့ အော်ပြောလိုက်သည်။ ဒရိုင်ဘာက လန့်သွားပြီး ဘရိတ်ကို ဝုန်းခနဲ အုပ်လိုက်သည်။ ကျန်းရုံက သွက်သွက်လက်လက်ပဲ ကားတံခါးကို ဖွင့်ပြီး ဆင်းလိုက်ကာ "ဒုန်း" ခနဲ မြည်အောင် ပြန်ပိတ်လိုက်သည်။

ကားထဲက သူဌေးဝမ်ကတော့ ကျန်းရုံ ဤမျှ စရိုက်ကြမ်းလိမ့်မယ်လို့ မထင်ထားတာကြောင့် မျက်နှာကြီး မည်းသွားတော့သည်။ ရှေ့ခန်းက လက်ထောက်ကလည်း ထိတ်လန့်တကြားနဲ့ "သူဌေး... ကျွန်တော် အောက်ဆင်းကြည့်လိုက်ရမလား?"

သူဌေးဝမ်ကလည်း စိတ်ထားကောင်းသူ မဟုတ်တာကြောင့် "သွားမယ်! မိန်းမတွေက ပေါမှပေါပဲ၊ ငါက သူ့တစ်ယောက်တည်းကို ငတ်နေတာ မဟုတ်ဘူး" လို့ အေးစက်စွာ ပြောလိုက်သည်။

…….

ကျန်းရုံဟာ လူတွေ လိုက်လာမှာစိုးလို့ လမ်းကြားလေးတွေထဲ ပြေးဝင်သွားခဲ့သည်။ နောက်ဆုံးတော့ လမ်းမကြီးတစ်ခုပေါ် ရောက်လာသည်။ ဘယ်နေရာမှန်း သူမ မသိဘူး၊ ပတ်ဝန်းကျင်က အရာအားလုံးက စိမ်းသက်နေသည်။ အရေးကြီးဆုံးက အဆောက်အဦးတွေက လွန်ခဲ့တဲ့ ဆယ်နှစ်၊ နှစ်ဆယ်ကျော်က ပုံစံမျိုးတွေ ဖြစ်နေတာပဲဖြစ်သည်။

အိမ်တွေက သိပ်မမြင့်ဘူး၊ နံရံတွေမှာ ဖန်ကွဲစတွေပါတဲ့ အစိမ်းရောင် သဲနံရံတွေ။ ဒါမျိုးက သူမ ငယ်ငယ်တုန်းကပဲ တွေ့ဖူးတာ၊ နောက်ပိုင်းမှာ မရှိတော့ဘူး။ ကျန်းရုံက လက်ကအိတ်လေးကို ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံအထပ်လိုက်၊ မှတ်ပုံတင်၊ နှုတ်ခမ်းနီ တစ်ချောင်းနဲ့ စက္ကူနဲ့ ထုပ်ထားတဲ့ ရွှေဆွဲကြိုး နှစ်ကုံးကို တွေ့ရသည်။ တကယ်ပဲ သူဌေးထားတဲ့ ပုံစံမျိုးပါပဲ။

သူမ ပိုက်ဆံတစ်ရွက်ကို ထုတ်ကြည့်လိုက်တော့ ၁၀၀ တန်က အစိမ်းရောင် ဖြစ်နေသည်။ သူမ မြင်ဖူးနေကျ ပိုက်ဆံနဲ့ မတူဘူး။ ပိုက်ဆံပေါ်က ခုနှစ်က ၁၉၉၀ တဲ့။

ကျန်းရုံ ပတ်ဝန်းကျင်ကို လှည့်ကြည့်ပြီး အဝတ်အထည်ဆိုင် တစ်ဆိုင်ထဲ ဝင်သွားလိုက်သည်။ ဆိုင်ထဲမှာ အဝတ်တွေ ကြည့်ချင်ယောင်ဆောင်ရင်း မှန်ရှေ့ရောက်သွားတဲ့အခါ သူမ မှင်သက်သွားတော့သည်။ သူမသာ ရဲသင်တန်းမှာ လေ့ကျင့်ထားတဲ့သူ မဟုတ်ရင် အခုလောက်ဆို လူပုံအလယ်မှာ ပြာပြာသလဲ ဖြစ်နေလောက်ပြီ။ ဒါပေမယ့် သူမ မျက်နှာကတော့ ဖြူဖတ်ဖြူလျော် ဖြစ်သွားသည်။

ဒါ အိပ်မက် မဟုတ်ဘူးဆိုတာ သူမ အခု သေသေချာချာ သိလိုက်ပြီ။ အိပ်မက်ဆိုတာ ဒီလောက် မရှင်းလင်းဘူး။

ဆိုင်ရှင်က ပြုံးရွှင်စွာနဲ့ လာမေးတယ် "ညီမလေး ရွေးတတ်လိုက်တာ။ ဒီဂါဝန်က ညီမလေးနဲ့ သိပ်လိုက်တာပဲ၊ စမ်းဝတ်ကြည့်မလား?"

ကျန်းရုံ ရင်ထဲက တုန်လှုပ်မှုကို အတင်းဖုံးဖိပြီး "ဘယ်လောက်လဲ?" လို့ တည်ငြိမ်ဟန်ဆောင် မေးလိုက်သည်။

"၉ ယွမ် ပါ။"

"..."

သူမ စီးတဲ့ ခြေအိတ်တောင် ဒီလောက် မပေါဘူး။ ကျန်းရုံက နားကြားမှားတာလားလို့ ဆိုင်ရှင်ကို တစ်လှည့်၊ အဝတ်ကို တစ်လှည့် ကြည့်နေမိသည်။ ဆိုင်ရှင်က သူမ ဘာမှမပြောတော့ "ဒီဂါဝန်က တောင်ပိုင်းကနေ တိုက်ရိုက်ယူထားတာနော်။ ဟောင်ကောင်က မိန်းကလေးတွေ သိပ်ကြိုက်တာ။ ဒီဇိုင်းကြည့်တာနဲ့ သိသာတယ်၊ တခြားဆိုင်မှာ ရှာလို့ မရဘူး။ ၉ ယွမ်ဆိုတာ မများပါဘူး" လို့ ပြောသည်။

ကျန်းရုံကတော့ မဝယ်ဘူးလို့ ပြောဖို့ အားနာတာနဲ့ "နည်းနည်းလောက် လျှော့ပေးပါဦး" လို့ သူမ အမေဆီက ပါလာတဲ့ အကျင့်အတိုင်း ဈေးဆစ်လိုက်သည်။

ဆိုင်ရှင်က "၈ ယွမ်ပဲ ထားလိုက်မယ်၊ ဒီထက်တော့ လျှော့လို့ မရတော့ဘူး" တဲ့။

"အင်း... ရပါတယ်။"

ကျန်းရုံ အဲ့ဒီဂါဝန်ကို ဝယ်ပြီး ထွက်လာခဲ့သည်။ လမ်းလျှောက်ရင်း ဗိုက်ဆာလာတာနဲ့ ခေါက်ဆွဲဆိုင် တစ်ဆိုင်ဝင်ပြီး ခေါက်ဆွဲတစ်ပွဲ စားလိုက်သည်။ ဗိုက်ဝသွားတော့မှ သူမဟာ 'ကူးပြောင်းလာပြီ' ဆိုတဲ့ အချက်ကို လက်ခံလိုက်တော့သည်။ သူမဟာ ကြောက်တတ်တဲ့သူ မဟုတ်ဘူး။ ခေါင်းကလည်း နည်းနည်း ကိုက်နေသေးတာကြောင့် ဟိုတယ်တစ်ခုခုမှာ အရင် အိပ်စက်အနားယူဖို့ ဆုံးဖြတ်လိုက်သည်။

ခေါက်ဆွဲဆိုင်က ထွက်ပြီး လမ်းအနည်းငယ် လျှောက်တဲ့အခါ "ကျန်းရုံ" လို့ လှမ်းခေါ်သံ ကြားလိုက်ရသည်။ အလိုအလျောက် လှည့်ကြည့်လိုက်တော့ ရင်းနှီးသလိုရှိတဲ့ အဒေါ်ကြီး တစ်ယောက်။ သူမဟာ နာမည်တူတဲ့ လူတစ်ယောက်ရဲ့ ကိုယ်ထဲ ရောက်နေမှန်း သေချာသွားပြီ။

သူမဟာ တစ်ခုခု ရိပ်မိသွားမှာစိုးလို့ ခေါင်းကိုကိုင်ပြီး ဟန်ဆောင်ယိုင်ပြလိုက်သည်။ အဒေါ်ကြီးက အနားကို အပြေးအလွှား လာတွဲပြီး "အို... ဘာဖြစ်တာလဲ?" လို့ စိုးရိမ်တကြီး မေးသည်။ "ငါက လူမှားသလားလို့။ မင်း အခု ဘာလို့ ဒီမှာ ရှိနေတာလဲ?"

ကျန်းရုံက အားမရှိတဲ့ လေသံနဲ့ "ဒီနေ့ နေမကောင်းလို့ ခွင့်ယူလိုက်တာပါ။ ဒါပေမယ့် လမ်းလျှောက်ရင်း လမ်းတွေ မှားနေလို့" အဒေါ်ကြီးက သူမရဲ့ နဖူးကို စမ်းကြည့်တော့ မပူဘူး။ ဒါပေမယ့် မျက်နှာ ဖြူဖတ်ဖြူလျော်ဖြစ်နေတာကြောင့် "ဆေးရုံ သွားမလား?" လို့ မေးသည်။

ကျန်းရုံက "မသွားတော့ပါဘူး၊ အိမ်ပြန်ပြီး ခဏ အိပ်လိုက်ရင် ရပါပြီ" လို့ ငြင်းလိုက်သည်။

"ဒါဆိုလည်း လာ... ငါ လိုက်ပို့မယ်။"

"ကျေးဇူးတင်ပါတယ် အဒေါ်။"

ဒီလိုနဲ့ ကျန်းရုံဟာ အဒေါ်ကြီးရဲ့ တွဲခေါ်မှုနဲ့အတူ အိမ်လေးတစ်လုံးရှေ့ ရောက်လာသည်။ ဒီနေရာက လမ်းမကြီးနဲ့ နည်းနည်းဝေးပြီး လူသူရှင်းသည်။ အုတ်တံတိုင်း ပတ်ပတ်လည်နဲ့ အထဲမှာတော့ ရှေးဟောင်း အိမ်လေးတစ်လုံး။ ကျန်းရုံ အိတ်ထဲမှာ သော့ရှာပေမယ့် ရှာမတွေ့ဘူး။ "ကျွန်မ သော့တွေ ဘယ်ရောက်ကုန်ပါလိမ့်?" လို့ သူမ ရေရွတ်လိုက်သည်။

အဒေါ်ဝမ်က သူမကို ကြည့်ပြီး "နင် စိတ်တွေ ထွေပြားနေတာ ထင်တယ်။ ငါ့အိမ်မှာပဲ အရင် ခဏ အိပ်လိုက်ပါလား။ ငါအိမ်က ကပ်လျက်ပဲဥစ္စာ။ အိမ်မှာလည်း ဘယ်သူမှ မရှိဘူး၊ မင်ကျွင်းရဲ့ အခန်းမှာပဲ အိပ်လိုက်။ သူ တက္ကသိုလ်တက်သွားကတည်းက အခန်းက အလွတ်ပဲ၊ ငါ အမြဲ သန့်ရှင်းရေး လုပ်ထားပါတယ်" လို့ ဆိုပြီး သူမရဲ့ အိမ်တံခါးကို ဖွင့်လိုက်သည်။

ဒီတော့မှ ကျန်းရုံဟာ သူတို့နှစ်အိမ်က ကပ်လျက်မှန်း သိလိုက်ရသည်။ ကျန်းရုံလည်း အားမနာတော့ဘဲ "ဒါဆို ဒုက္ခပေးမိပြီ အဒေါ်။ မနက်ကတည်းက ခေါင်းက အရမ်းကိုက်နေလို့၊ ခဏနေရင် သက်သာမလားလို့ စောင့်ပေမယ့် ပိုပိုကိုက်လာတာနဲ့"

"ကြည့်ရတာ တော်တော် ပြင်းပုံရတယ်၊ ဆေးရုံ သွားပြသင့်တာ။"

"အားရင် သွားလိုက်ပါ့မယ်၊ ပင်ပန်းလို့ ဖြစ်မှာပါ။"

အဒေါ်ဝမ်က ခေါင်းညိတ်ပြီး ကျန်းရုံကို သနားသွားသည်။ လီရှောင်းက အဝေးမှာ အလုပ်သွားလုပ်နေတော့ သူမ တစ်ယောက်တည်း အလုပ်လည်းလုပ်၊ ကလေးလည်း ထိန်းရတာ တကယ် ပင်ပန်းမှာပဲလို့ တွေးမိတာဖြစ်သည်။

ကျန်းရုံဟာ အဒေါ်ဝမ်ရဲ့ အိမ်မှာ အိပ်စက်အနားယူလိုက်သည်။ သူမက မအပါဘူး၊ အထဲမဝင်ခင် ပတ်ဝန်းကျင်ကို အရင် အကဲခတ်သည်။ အိမ်ရှေ့ခန်း နံရံမှာ အမျိုးသားတစ်ဦးရဲ့ အဖြူအမည်း ဓာတ်ပုံ ချိတ်ထားတာ တွေ့ရသည်။ ဓာတ်ပုံထဲက လူရဲ့ အသက်အရွယ်အရ ဒါဟာ အဒေါ်ဝမ်ရဲ့ အမျိုးသား ဖြစ်နိုင်မှန်း ခန့်မှန်းလိုက်သည်။ သူမဟာ 'မင်ကျွင်း' ရဲ့ အခန်းထဲမှာ အိပ်စက်လိုက်သည်။ အခန်းက သန့်ရှင်းပြီး စာအုပ်တွေ၊ စာပွဲတင်မီးအိမ်တွေ ရှိသည်။ ဘေးကင်းတယ်လို့ ယူဆပြီး သူမ အိပ်ပျော်သွားတော့သည်။

ဘယ်လောက်ကြာအောင် အိပ်မိသွားလဲ မသိဘူး။ ပြန်နိုးလာတော့ အခန်းထဲက အရာတွေကိုကြည့်ပြီး ခဏမျှ ကြောင်နေမိသေးသည်။ အပြင်ကနေ အဒေါ်ဝမ်နဲ့ ကလေးမလေး တစ်ယောက်ရဲ့ စကားပြောသံ ကြားမှသာ သူမဟာ အမှန်တကယ် ကူးပြောင်းလာပြီမှန်း သတိရလိုက်တော့သည်။

ရင်ထဲမှာတော့ နောင်တ အနည်းငယ် ရှိနေမိသည်။ တကယ် အိပ်မက် မဟုတ်ဘူးပဲ။

ကျန်းရုံ အခန်းထဲက ထွက်လာတော့ အဒေါ်ဝမ်က တံခါးဝမှာ ဟင်းသီးဟင်းရွက်တွေ သင်နေသည်။ ဘေးနားမှာတော့ အသက် ၂ နှစ်၊ ၃ နှစ်အရွယ် အရမ်းလှတဲ့ ကောင်မလေး တစ်ယောက် ထိုင်နေသည်။ သူမက ဆံပင်လေးကို နှစ်ဖက်ခွဲစည်းထားပြီး လက်ထဲမှာ ကိတ်မုန့်ဝါဝါလေး တစ်ခုကို စားနေတာဖြစ်သည်။ ကျန်းရုံကို မြင်တာနဲ့ ကလေးမလေးက ပြုံးပျော်သွားပြီး "မာမား" လို့ အော်ခေါ်လိုက်သည်။

"..."

အဒေါ်ဝမ်က လှည့်ကြည့်ပြီး "နိုးပြီလား။ မင်း အိပ်နေတာနဲ့ ငါပဲ 'ရှောင်ဖုန့်' ကို ကျောင်းကနေ ကြိုလာပေးတာ" လို့ ပြောသည်။

ရှောင်ဖုန့်လို့ ခေါ်တဲ့ ကလေးမလေးက ကျန်းရုံဆီ ပြေးလာပြီး လက်ထဲက ကိတ်မုန့်ကို မြှောက်ပေးကာ "မာမား စား။"

အဒေါ်ဝမ်က ရယ်ပြီး "ဒီကလေးက သိပ်သိတတ်တာပဲ။ ကိတ်မုန့်တစ်ခုကို အကြာကြီး စားနေတာ၊ မေမေ့အတွက် ချန်ထားတာကိုး" လို့ ဆိုသည်။ ရှောင်ဖုန့်က သူမ အမေ မယူမချင်း ခြေဖျားလေး ထောက်ပြီး မြှောက်ပေးနေတာဖြစ်သည်။

ကျန်းရုံ ကလေးမလေးရဲ့ မျက်နှာကို ကြည့်လိုက်တော့ လှတာတော့ လှပါရဲ့၊ ဒါပေမယ့် အလွန် ပိန်နေပြီး ဆံပင်တွေက ဝါကျင်ကျင်နဲ့ အာဟာရ ချို့တဲ့နေပုံပဲဖြစ်သည်။ ကလေးမလေးရဲ့ ကိတ်မုန့်ကို ကြည့်ရင်း ကျန်းရုံနှာခေါင်းထဲမှာ စစ်ခနဲ ဖြစ်သွားပြီး မျက်ရည် ဝဲလာမိသည်။ ဒါဟာ ခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ကျန်ရှိနေတဲ့ ခံစားချက်လား၊ ဒါမှမဟုတ် သူမကိုယ်တိုင်ကပဲ ကလေးကို သနားသွားတာလား မသိဘူး။

ဒီနေ့ မနက်တင်ပဲ၊ ဒီကလေးရဲ့ အမေအရင်းက သူမကို ပစ်ပြီး ခိုးရာလိုက်ဖို့ ကြိုးစားခဲ့တာလေ။

ကျန်းရုံ ကလေးရဲ့ ခေါင်းကို ပုတ်ပေးပြီး "မာမား ဗိုက်မဆာဘူး၊ သမီးပဲ စားလိုက်နော်"

ရှောင်ဖုန့်က ပိုပြီး ပြုံးပျော်သွားပြီး ကိတ်မုန့်ကို နှစ်ပိုင်းခွဲကာ အကြီးဆုံးအပိုင်းကို ထပ်မြှောက်ပေးပြန်တယ် "မာမား ဒါစား။"

ကျန်းရုံ ရင်ထဲ နွေးထွေးသွားပြီး "အင်း... ကောင်းပါပြီ" လို့ ပြောကာ ယူစားလိုက်သည်။

ပြီးတော့ အဒေါ်ဝမ်ကို "အဒေါ်... ဒီနားမှာ သော့ပြင်တဲ့သူ ဘယ်မှာရှိလဲ သိလား။ ကျွန်မ သော့အသစ် လဲချင်လို့" လို့ မေးလိုက်သည်။

အဒေါ်ဝမ်က သူမ သော့ပျောက်သွားတယ် ထင်ပြီး "ဒါများ ခက်တာမှတ်လို့။ ငါ ဖုန်းဆက်ပေးမယ်၊ ခဏနေရင် လာလိမ့်မယ်။ ညကျရင်လည်း မပြန်နဲ့တော့၊ ဒီမှာပဲ တစ်ခါတည်း စားလိုက်" လို့ ဆိုပြီး ဖုန်းသွားဆက်ပေးသည်။

ညစာ စားပြီးနောက် သော့ပြင်သမားရောက်လာပြီး ခြံတံခါးနဲ့ အိမ်တံခါး သော့တွေကို အကုန်လဲပေးလိုက်သည်။ အဲ့ဒီနောက် ကျန်းရုံဟာ ကလေးကိုခေါ်ပြီး 'အိမ်' ကို ပြန်လာခဲ့သည်။ ဒီအိမ်က အဒေါ်ဝမ်တို့အိမ်နဲ့ ပုံစံတူပေမယ့် အလွန်ညစ်ပတ်နေသည်။ ခြံထဲမှာ သစ်သားစတွေ၊ ဖုန်မှုန့်တွေနဲ့ ပြည့်နေတာပဲဖြစ်သည်။ မိုးချုပ်နေပြီမို့ သူမ အဲ့ဒါတွေကို ဂရုမစိုက်နိုင်သေးဘဲ ကလေးကို အခန်းထဲ အရင်ပို့ပြီး ရေနွေးတည်ဖို့ ပြင်သည်။

ကလေးမလေးကတော့ သူမနောက်ကနေ တကောက်ကောက် လိုက်နေတာဖြစ်သည်။ ကျန်းရုံ ရေနွေးရတော့ ကလေးကို အရင် ရေချိုးပေးသည်။ ကလေးမလေးက လိမ္မာလိုက်တာမှ ရေချိုးပေးတာကို ငြိမ်ငြိမ်လေး ခံနေတာဖြစ်သည်။ ကျန်းရုံက သူမကို သေသေချာချာ တိုက်ချွတ်ပေးပြီး ကုတင်ပေါ်မှာ ထိုင်ခိုင်းထားကာ သူမကိုယ်တိုင်လည်း ရေချိုးလိုက်သည်။

ပြန်လာတော့ ကလေးမလေးက ပြောတဲ့အတိုင်း ငြိမ်ငြိမ်လေး ထိုင်စောင့်နေတာဖြစ်သည်။

"မာမား... ဒီနေ့ မာမားက သိပ်ကောင်းတာပဲ။ သမီးကို အများကြီး ပြုံးပြတယ်၊ ဟင်းတွေလည်း ခပ်ကျွေးတယ်၊ အခု ရေလည်း ချိုးပေးတယ်" လို့ ကလေးမလေးက ပြောတော့ ကျန်းရုံ စိတ်မကောင်း ဖြစ်သွားရသည်။

"မာမား... မနက်ဖြန်ကျရင်လည်း ဒီလိုပဲ ပျော်နေမှာလား?" လို့ ကလေးမလေးက စိုးရိမ်တကြီး မေးတော့ ကျန်းရုံက "အင်း... ပျော်မှာပေါ့" လို့ ကတိပေးလိုက်သည်။

ညအိပ်တဲ့အခါ ကလေးမလေးက သူမနားကို တိုးတိုးလာပြီး "မာမား... သမီး မားမားကို အရမ်းချစ်တာပဲ" လို့ တိုးတိုးလေး ပြောပြီး အိပ်ပျော်သွားတော့သည်။

….

နောက်ရက်တွေမှာ ကျန်းရုံဟာ ဒီကမ္ဘာအကြောင်းကို တိတ်တဆိတ်စုံစမ်းရင်း ကလေးကို ပြုစုစောင့်ရှောက်နေခဲ့သည်။ သူမမှာ အရင်လူရဲ့ မှတ်ဉာဏ် မရှိပေမယ့် အလိုက်သင့် နေထိုင်တတ်သည်။ အရင်လူရဲ့ အလုပ်က ဟိုတယ်တစ်ခုမှာ ဖြစ်နိုင်မှန်း သူမ ခန့်မှန်းမိသည်။ ဒါပေမယ့် သူမ အဲ့ဒီကို ပြန်မသွားတော့ဘူး။ သူမ အိတ်ထဲမှာ ပိုက်ဆံတွေ ရှိနေသေးတာပဲလေ။

သူမဟာ ကလေးအတွက် အဝတ်အစားသစ်တွေ၊ ဖိနပ်တွေ ဝယ်ပေးပြီး အိမ်ကိုလည်း သန့်ရှင်းရေး လုပ်လိုက်သည်။ ကလေးကို ကျောင်း (မူကြို) ပို့ပေးပြီး ညနေတိုင်း သွားကြိုသည်။ ကလေးမလေးက သူမကို တွေ့တာနဲ့ သူငယ်ချင်းတွေကို ကြွားနေတော့တာပဲ "ဒါ ငါ့မာမားလေ၊ ငါ့မာမားက အရမ်းလှတာ" တဲ့။

စတုတ္ထမြောက်နေ့ သောကြာနေ့ ညနေမှာ ကျန်းရုံ ကလေးကို ကြိုပြီး အပြင်မှာ ထမင်းစားကာ အရုပ်လေး တစ်ရုပ် ဝယ်ပေးခဲ့သည်။

အိမ်ပြန်ရောက်တော့ ဘေးအိမ်က အဒေါ်ဝမ်က "အခုမှ ပြန်လာတာလား။ မင်း ယောက်ျား ပြန်ရောက်နေပြီ၊ မင်း တို့ကို ရှာဖို့ အခုလေးတင် ထွက်သွားတယ်"

ကျန်းရုံ ရင်ထဲ ဒိန်းခနဲ ဖြစ်သွားသည်။ ဒီခန္ဓာကိုယ်ရဲ့ ခင်ပွန်းနဲ့ ရင်ဆိုင်ရတော့မည်။ သူမ အိမ်ထဲဝင်ပြီး ခြံထဲက အိတ်တွေကို ကောက်ယူနေတုန်းမှာပဲ ကလေးမလေးက ဝမ်းသာအားရ အော်လိုက်တယ် "ပါပါး"

ကျန်းရုံ အလိုအလျောက် မော့ကြည့်လိုက်တော့ တံခါးဝမှာ ရပ်နေတဲ့ အမျိုးသားကို မြင်လိုက်ရသည်။ သူ့မျက်နှာကို မြင်လိုက်ရတဲ့အခါ ကျန်းရုံဟာ အသက်ရှူမှားသွားပြီး "လီရှောင်း?" လို့ ရေရွတ်လိုက်မိသည်။

ပြီးတော့ သူမဟာ လူသေကို မြင်လိုက်ရသလိုမျိုး လန့်ဖြန့်သွားပြီး လက်ထဲက အိတ်ကို ပစ်ချလိုက်ကာ ကလေးကို လှမ်းခေါ်လိုက်တယ် "ရှောင်ဖုန့်... ဒီကိုလာ!"

တံခါးဝက အမျိုးသားကတော့ သူမကို ကြည့်ပြီး မျက်မှောင်ကြုတ်သွားလေသည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အချပ်ပို ၃.၂ ။ လီရှောင်းပြန်လည်မွေးဖွားခြင်း

ကျန်းရုံ ထိုစကားကို ပြောပြီးသည်နှင့် ချက်ချင်း နောင်တရသွားသည်။ အဘယ်ကြောင့်ဆိုသော် မိမိရှေ့ရှိ လီရှောင်းမှာ များစွာ ပိုမို နုပျိုနေသည်ကို သတိပြုမိလိုက်သောကြောင့် ဖြစ်သည်။ နှစ်ဦးသား လေဟာနယ်ထဲမှတစ်ဆင့် တစ်ဦးကိုတစ်ဦး စူးစမ်းသော အကြည့်များဖြင့် စိုက်ကြည့်နေမိကြသည်။

"ပါပါး"

ရုတ်တရက် ကြားဖြတ်ထွက်ပေါ်လာသော အသံလေးကြောင့် နှစ်ဦးသား၏ အကြည့်ချင်းဆုံမှု ပြတ်တောက်သွားသည်။ အမျိုးသားသည် အကြည့်ကို ရုပ်သိမ်းလိုက်ကာ သူ၏ ငယ်ရွယ်လှသော သမီးငယ်လေးဘက်သို့ လှည့်ကြည့်လိုက်ရာ၊ သမီးလေး၏ ပြောင်းလဲမှုကို သတိပြုမိသွားသည်။

သမီးလေးသည် သူမနှင့်လိုက်ဖက်သော ချစ်စရာအဝတ်အစား သန့်သန့်ပြန့်ပြန့်လေးကို ဝတ်ဆင်ထားကာ၊ ဆံပင်လေးကိုလည်း အရောင်ပါသော ဘောလုံးလေးများဖြင့် လှပစွာ စည်းနှောင်ထားပြီး၊ မျက်နှာပေါ်တွင်လည်း သူတစ်ခါမျှ မမြင်ဖူးခဲ့သော အပြုံးများ ဝေဆာနေလေသည်။ သူ၏ မှတ်ဉာဏ်ထဲမှ ရှောင်ဖုန့်မှာ အမြဲတမ်း ခေါင်းငုံ့ထားတတ်ကာ အလွန် ကြောက်တတ်သဖြင့်၊ သူကိုယ်တိုင်ပင် သူမအား အသံကျယ်ကျယ်နှင့် စကားမပြောဝံ့ခဲ့ပေ။

သို့သော် ယခု မြင်တွေ့နေရသော သူမမှာ သက်ဝင်လှုပ်ရှားပြီး တက်ကြွသော အရှိန်အဝါလေးများ ရှိနေလေသည်။ လီရှောင်းအကြည့်မှာ ခဏမျှ ရပ်တန့်သွားသည်။ ကျန်းရုံသည်လည်း ထိုအခါမှ သတိဝင်လာကာ - ရှောင်ဖုန်း (လေညင်း) မဟုတ်ဘဲ ရှောင်ဖုန့် (ဖီးနစ်) ဖြစ်မှန်း သိရှိလိုက်သည်။ ဟုတ်ပေသည်။ လီရှောင်းမှတ်တမ်းများတွင် သူ၏သမီးအမည်မှာ လီဖုန့် ဟု ဖော်ပြထားရာ၊ သူမ နားကြားလွဲခဲ့ခြင်း ဖြစ်သည်။

သူမသည် လီရှောင်း၏ ဇနီးဟောင်း "ကျန်းရုံ" ၏ ကိုယ်ထဲသို့ ကူးပြောင်းရောက်ရှိလာခြင်း ဖြစ်သည်။ ဒါဆိုရင်... အဲ့ဒီအိပ်မက်တွေက တကယ်ဖြစ်ပျက်ခဲ့တာလား။ ချက်ချင်းပင် ကျန်းရုံတစ်ကိုယ်လုံး မအီမသာ ဖြစ်သွားရတော့သည်။

…..

ထိုင်ကာ ခေါင်းငုံ့၍ စားသောက်နေလေသည်။ ကျန်းရုံကမူ စကားတစ်ခွန်းမျှ မဆိုဘဲ သူ့အား စိုက်ကြည့်နေမိသည်။

ကလေးမလေးက ပါပါး၏ ပန်းကန်ထဲတွင် ဘာမှမရှိသည်ကို မြင်သောအခါ၊ ကျန်းရုံ၏ပေါင်ပေါ်မှ ဆင်းကာ မီးဖိုချောင်သို့ တန်းပြေးပြီး ဆော့စ်ဗူး တစ်ဗူးကို သယ်ဆောင်လာခဲ့သည်။ သူမက လက်ကလေးကို မြှောက်လျက် - "ပါပါး စားလေ၊ ဒါ မာမား လုပ်ထားတဲ့ ဆော့စ်၊ အဘွားဝမ်က အရမ်းစားကောင်းတယ်လို့ ပြောတယ်" ဟု ဆိုကာ ကမ်းပေးလေသည်။

လီရှောင်းက တစ်ချက်ကြည့်ကာ "အင်း" ဟု ပြန်ထူးလျက် ဆော့စ်ဗူးကို လှမ်းယူသော်လည်း မဖွင့်ဘဲ ပန်းကန်ဘေးတွင်သာ တင်ထားလိုက်သည်။

ကလေးမလေးမှာ အသည်းအသန်ပင် အမေ့ပေါင်ပေါ်သို့ ပြန်တက်ကာ ထိုင်လိုက်ပြီး၊ သူမအဖေ မစားသေးသည်ကို မြင်သောအခါ - "ပါပါး မစားဘူးလား?" ဟု မအောင့်နိုင်ဘဲ မေးမိပြန်သည်။

လီရှောင်း တူကို ကိုင်ထားသော လက်မှာ ခဏ ရပ်တန့်သွားကာ "ပါပါး မကြိုက်လို့ပါ" ဟု ပြန်ဖြေလေသည်။

ကျန်းရုံ သတိပြုမိသည်မှာ - ဤလူသည် ထမင်းစားနေချိန်တွင်ပင် တစ်ကိုယ်လုံး တောင့်တင်းနေတတ်ခြင်းဖြစ်သည်။ သူမ ခံစားရသည်မှာ သူ မကြိုက်၍ မဟုတ်ဘဲ၊ သူတစ်ပါး ပေးသော အရာများကို မယုံကြည်သဖြင့် မစားခြင်းဖြစ်ကာ၊ ထို "သူတစ်ပါး" ဆိုသည့်အထဲတွင် သူ့သမီးလေးပင် ပါဝင်နေပုံ ရလေသည်။

ကလေးမလေးက "ဪ" ဟု လိမ္မာစွာ ပြန်ထူးလိုက်သည်။ ကျန်းရုံမှာ မျက်နှာချင်းဆိုင်တွင် ထိုင်နေရသဖြင့် ဆူးပေါ်တွင် ထိုင်နေရသကဲ့သို့ မနေတတ်မထိုင်တတ် ဖြစ်နေရသည်။ နောက်ဆုံးတွင် တင်ပါးများ ထုံကျင်လာသဖြင့် အနည်းငယ် လှုပ်ရှားလိုက်ရာ၊ မျက်နှာချင်းဆိုင်မှ အမျိုးသားက ထက်မြက်လှသော အကြည့်များဖြင့် သူမအား စိုက်ကြည့်လိုက်သည်။ သူ၏ အကြည့်များမှာ နက်ရှိုင်းလှကာ၊ သားကောင်ကို စောင့်ကြည့်နေသော မုဆိုးတစ်ဦးနှင့်ပင် တူလှပေသည်။

ကြည့်ရသည်မှာ အသက် ၂၀ ကျော် လူငယ်တစ်ဦးဖြစ်သော်လည်း၊ သူမသည် သူ၏ အပြင်ပန်းရုပ်ရည်ကို အမြဲတမ်း လျစ်လျိုရှုမိကာ အရင်က သူမ မြင်တွေ့ဖူးသော လီရှောင်းကိုသာ ပြေးမြင်နေမိခြင်း ဖြစ်သည်။ ကျန်းရုံမှာ ချက်ချင်းပင် တောင့်ခဲသွားရကာ၊ နှစ်ဦးသား တစ်ပြိုင်နက် အကြည့်လွှဲလိုက်ကြပြီး တိတ်ဆိတ်ခြင်းများသာ လွှမ်းမိုးသွားတော့သည်။ ကလေးမလေး တစ်ဦးတည်းသာလျှင် ပျော်ရွှင်နေလေသည်။

အမျိုးသားသည် ခေါက်ဆွဲစားပြီးနောက် မီးဖိုချောင်သို့ ဝင်သွားသည်။ ပန်းကန်ဆေးသံများကို ကြားရသဖြင့် ကျန်းရုံသည် ခဏ ထိုင်နေပြီးမှ၊ တွေဝေစွာဖြင့် ကလေးကို ပွေ့ချီလျက် မီးဖိုချောင်သို့ လိုက်သွားခဲ့သည်။ သူမသည် တံခါးဝတွင် ရပ်လျက် တိုးတိုးလေး ဆိုလိုက်သည်။ "ကျွန်မ ရှောင်ဖုန့်ကို ရေချိုးပေးမလို့လေ။"

လီရှောင်းသည် အိုးကို သန့်ရှင်းရေး လုပ်နေရင်းမှ နောက်သို့ လှည့်ကာ သူမအား တည်ငြိမ်စွာ တစ်ချက်ကြည့်လျက် "အင်း" ဟု ပြန်ထူးလေသည်။ ထို့နောက် သူသည် အဝတ်စကို ချထားလိုက်ကာ၊ အသံပင် မထွက်ဘဲ အပြင်သို့ ထွက်သွားခဲ့သည်။ ကျန်းရုံ၏ဘေးမှ ဖြတ်သန်းသွားချိန်တွင် သူမသည် အလိုအလျောက် နောက်သို့ နှစ်လှမ်းခန့် ဆုတ်လိုက်မိသည်။ အမျိုးသား၏ကျောပြင်ကိုကြည့်ရင်း သူသည် လမ်းလျှောက်လျှင် အသံ လုံးဝမထွက်မှန်း သတိပြုမိလိုက်သဖြင့် မျက်မှောင်ကြုတ်မိသွားသည်။

ကျန်းရုံသည် စိတ်လေးလံစွာဖြင့် ကလေးကို ရေချိုးပေးရင်း မိမိ တစ်စုံတစ်ခုကို လျစ်လျိုရှုမိနေပြီဟု ခံစားနေရသည်။ ကလေးကို ရေချိုးပေးပြီး အခန်းထဲသို့ ပြန်ပို့ကာ သူမကိုယ်တိုင် ရေချိုးနေစဉ်အတွင်းမှာမှ သတိရလိုက်တော့သည်။ မှတ်တမ်းများအရ - လီရှောင်းဇနီး ထွက်ပြေးသွားပြီးနောက် သူ့မိခင်က ဖုန်းဆက်ခေါ်သဖြင့်သာ သူ အိမ်ပြန်လာခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုတစ်ကြိမ်တွင် သူမက မထွက်ပြေးခဲ့ပေ...။ ဒါဆိုရင်... သူက ဘာလို့ ပြန်ရောက်လာတာလဲ။ ကျန်းရုံ ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားရတော့သည်။

……

ကျန်းရုံ ရေချိုးပြီး အခန်းထဲ ပြန်ဝင်လာပြီးနောက်၊ ခဏအကြာတွင် ခြံထဲ၌ ရေလောင်းသံများ ကြားလိုက်ရကာ၊ မကြာမီမှာပင် လီရှောင်းသည်လည်း အခန်းထဲသို့ ဝင်လာခဲ့သည်။ အခန်းထဲတွင် ကုတင် တစ်လုံးတည်းသာ ရှိနေသည်ကို မြင်သောအခါ သူ့ခြေလှမ်းများမှာ ခဏ ရပ်တန့်သွားသည်။

ကလေးမလေး တစ်ဦးတည်းသာ အပျော်ဆုံး ဖြစ်နေလေသည်။ သူမက ကုတင်ကို ပုတ်လျက် "ပါပါး... မြန်မြန် တက်လာလေ" ဟု လှမ်းခေါ်သည်။

လီရှောင်းက ကျန်းရုံအား မော့ကြည့်လိုက်ရာ၊ ကျန်းရုံကလည်း သူ့အား ပြန်ကြည့်နေမိသည်။ အကြည့်ချင်း ဆုံတွေ့နေကြသော်လည်း မည်သူမျှ စကားမဆိုကြပေ။ လီရှောင်းသည် တည်ငြိမ်စွာပင် ကုတင်ပေါ်သို့ တက်လိုက်ရာ၊ ကျန်းရုံသည်လည်း အတွင်းဘက်သို့ အနည်းငယ် တိုးပေးလိုက်ရသည်။

ကလေးမလေးက လီရှောင်းအား ပြုံးကြည့်လျက် "ပါပါး... ဘာလို့ ပြန်လာတာလဲ?" ဟု မေးမြန်းလိုက်သည်။ ၎င်းမှာ ကျန်းရုံ သိချင်နေသော မေးခွန်းလည်း ဖြစ်သဖြင့် သူမသည်လည်း သူ့အား လှမ်းကြည့်မိသည်။ အမျိုးသားကမူ စကားနည်းစွာဖြင့် "ကိစ္စရှိလို့" ဟုသာ ပြန်ဖြေလေသည်။ "ဪ" ဟု ကလေးမလေးက လိမ္မာစွာ ခေါင်းညိတ်ပြသည်။ ပါပါး ရောက်လာသဖြင့် သူမသည် အလွန် စိတ်လှုပ်ရှားနေကာ၊ အလယ်တွင် ဟိုလှိမ့်ဒီလှိမ့်လုပ်လျက် အမေနှင့် အဖေကို တစ်လှည့်စီကြည့်ပြီး ပြုံးပျော်နေတော့သည်။

ကျန်းရုံသည် ကလေးမလေး ဆော့ကစားရင်း ဗိုက်လေး ပေါ်လာသည်ကို မြင်သဖြင့် အင်္ကျီကို အောက်သို့ ဆွဲချပေးကာ စောင်ပါးလေးဖြင့် ဖုံးအုပ်ပေးလျက် - "မစောတော့ဘူး၊ အိပ်တော့နော်" ဟု ချော့မော့လိုက်သည်။ ကလေးမလေးမှာ ပါပါးကို ချစ်သော်လည်း၊ အတူနေချိန် နည်းပါးလှသည့်အပြင် လွန်ခဲ့သော ရက်ပိုင်းအတွင်း အမေဖြစ်သူ၏ ပြောင်းလဲမှုများကြောင့် ယခုကဲ့သို့ နူးညံ့သော အမေကို ပိုမို ချစ်မြတ်နိုးနေခြင်းဖြစ်သည်။ သူမသည် ကျန်းရုံအနားသို့ တိုးကပ်ကာ "မာမား... ပုံပြင် နားထောင်ချင်သေးတယ်" ဟု ချွဲလေသည်။

ယခုရက်ပိုင်းအတွင်း အိပ်ရာဝင်တိုင်း ကျန်းရုံက ပုံပြင်ပြောပြလေ့ရှိသဖြင့် သူမ အလွန် သဘောကျနေခြင်း ဖြစ်သည်။ ကျန်းရုံမှာမူ ယခုအခါ ပုံပြင်ပြောရန် စိတ်ကူးမရှိသော်လည်း၊ ကလေးမလေး၏ တမ်းတနေသော မျက်ဝန်းများကို မြင်သောအခါ မတတ်သာဘဲ အစပြုလိုက်ရတော့သည်။ "ဟိုးရှေးရှေးတုန်းက စင်ဒရဲလား လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက် ရှိသတဲ့၊ သူမမှာ အလွန်ပျော်ရွှင်စရာကောင်းတဲ့ မိသားစုလေးတစ်ခု ရှိခဲ့တယ်..."

ပြောရင်းနှင့်ပင် ကျန်းရုံသည် မိမိကိုယ်မိမိ အလွန်ပင် အသုံးမကျဟု ယူဆကာ လျှာကိုပင် ကိုက်ဖြတ်ပစ်ချင်တော့သည်။ ၎င်းမှာ အနောက်တိုင်း ပုံပြင်ဖြစ်ကာ နောင်ခေတ်တွင် လူတိုင်း သိရှိထားကြသော်လည်း၊ လွန်ခဲ့သော နှစ်ပေါင်း နှစ်ဆယ်ကျော်က ဤကဲ့သို့သော ဝေးလံသည့် ခရိုင်မြို့လေးတွင် သိရှိသူ နည်းပါးလှပေလိမ့်မည်။ အထူးသဖြင့် လီရှောင်းဇနီးဟောင်း၏ မိသားစု အခြေအနေနှင့်ဆိုပါက ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းမှာ အမျိုးသား၏ သံသယကို ဖြစ်ပေါ်စေမည်လား သူမ စိုးရိမ်မိသည်။

သို့သော် သူမ၏ ဆရာဖြစ်သူက လီရှောင်းမှာ အလွန် ပါးနပ်ပြီး သတိကြီးသူဖြစ်ကြောင်း ပြောပြခဲ့ဖူးရာ၊ အကယ်၍ သူ သံသယ ဝင်မည်ဆိုပါက အစကတည်းက ရိပ်မိနေလောက်ပြီဖြစ်သည်။ ကျန်းရုံမှာ ရင်တုန်ပန်းတုန်ဖြင့် အခြား မည်သည့်နေရာတွင် အမှားလုပ်မိသေးသလဲဟု ပြန်လည် စဉ်းစားနေမိသည်။ ထိုအခါမှ သူမသည် မိမိ၏ အပြုအမူ အားလုံးမှာ မူလပိုင်ရှင်နှင့် လုံးဝ ကွဲပြားနေမှန်း သိရှိလိုက်ရတော့သည်။

"..." ကြည့်ရတာ သိပ်တော့ မသိသာလောက်ပါဘူးနော်?

လီရှောင်းသည် ကုတင်အပြင်ဘက်တွင် ထိုင်ကာ ဆံပင်သုတ်နေရင်း၊ မျက်လုံးအိမ်ထောင့်မှနေ၍ အတွင်းဘက်ရှိ အမျိုးသမီး၏ စိုးရိမ်ပူပန်နေသော ပုံစံကို မြင်တွေ့လိုက်ရရာ၊ သူ့မျက်ဝန်းများအတွင်း၌ သဘောပေါက်သွားသော အရိပ်အယောင် အချို့ ဖြတ်သန်းသွားသည်။ သူသည် ဆံပင်သုတ်ပြီးနောက် လဲလျောင်းလိုက်သည်။

အတွင်းဘက်မှ ကျန်းရုံသည်လည်း လိုက်ပါ၍ လဲလျောင်းလိုက်ရာ၊ အလယ်ရှိ ကလေးမလေးမှာ အိပ်ပျော်သွားခဲ့ပြီ ဖြစ်သည်။ သူမက "မီးလေး ပိတ်ပေးပါဦး၊ ကျေးဇူးပါ" ဟု တိုးတိုးလေး ဆိုလိုက်သည်။

လီရှောင်းက ဘာမှပြန်မပြောဘဲ မီးကြိုးကို လှမ်းဆွဲ၍ ပိတ်ပေးလိုက်သည်။

အခန်းအတွင်း ချက်ချင်း မှောင်အတိ ကျသွားတော့သည်။ ခဏမျှ လဲလျောင်းပြီးနောက် ကျန်းရုံမှာ မီးပိတ်လိုက်မိသည်ကိုပင် နောင်တရမိသွားသည်။ မီးလင်းနေချိန်တွင် အပြင်ဘက်၌ လူတစ်ဦးရှိနေမှန်း မြင်နိုင်သော်လည်း၊ ယခုအခါတွင်မူ တစ်ဖက်လူ၏ တည်ရှိမှုကို သူမ လုံးဝ ခံစား၍ မရတော့ပေ။ သူမ ကြားရသည်မှာ ဘေးနားရှိ ကလေးမလေး၏ အသက်ရှူသံသာ ဖြစ်ကာ၊ လီရှောင်းမှာမူ ထိုလူ လုံးဝ မရှိသကဲ့သို့ အလွန်ပင် တိတ်ဆိတ်နေလေသည်။

ကျန်းရုံ အိပ်မပျော်ပေ။ သူမ စိတ်ထဲတွင် အတွေးတွေများနေမိသည်။ ဘေးနားရှိ လီရှောင်းမှာ တစ်ခုခု ထူးဆန်းနေသည်ဟု သူမ ပိုမို ခံစားလာရသည်။ နေ့လည်က သူမ မတော်တဆပြောမိသော စကားကို သူ သေချာပေါက် ကြားခဲ့သော်လည်း ဘာမှ မတုံ့ပြန်ခဲ့ပေ။ ထို့ပြင် သူက ဘာကြောင့် ဒီအချိန်ကြီး ပြန်ရောက်လာရတာလဲ။ ကျန်းရုံ (ဇနီးဟောင်း) ထွက်ပြေးမည်ကို သူ ကြိုတင် သိရှိနေသည့်အလားပင်။ ယခုခေတ်တွင် ရထားများမှာ မမြန်လှသလို၊ လမ်းတစ်ဝက်တွင်လည်း ကားပြောင်းစီးရသေးရာ G ပြည်နယ်မှ ပြန်လာရန် ရက်ပေါင်းများစွာ ပေးရသည် မဟုတ်လား။ တွက်ကြည့်လျှင် သူသည် မူလပိုင်ရှင် ခိုးရာမလိုက်မီကတည်းကပင် ထွက်ခွာလာခဲ့ခြင်း ဖြစ်ရပေလိမ့်မည်။ လေယာဉ်စီးသည် ဆိုလျှင်ပင် လက်မှတ်ခမှာ အလွန်ဈေးကြီးလှရာ၊ သူကော ထိုပိုက်ဆံကို အကုန်အခံပါ့မလား။

ကျန်းရုံသည် ရေချိုးနေစဉ်ကတည်းက စိုးရိမ်ဖွယ်ရာ ခန့်မှန်းချက်တစ်ခု ရှိနေခဲ့သည် - လီရှောင်းသည်လည်း သူမကဲ့သို့ပင် ကူးပြောင်းလာခြင်း (သို့မဟုတ်) ပြန်လည်မွေးဖွားလာခြင်းလား ဆိုသည့်အချက်ပင် ဖြစ်သည်။ ကျန်းရုံသည်ပင် ကူးပြောင်းလာနိုင်သေးလျှင် လီရှောင်း အဘယ်ကြောင့် အတိတ်မေ့ ပြန်မလာနိုင်ရမည်နည်း။ ထိုသို့ တွေးမိသည်နှင့် သူမ ပို၍ပင် အိပ်မပျော်တော့ပေ။ နောက်ဆုံးတွင် သူမသည် တွန့်ဆုတ်စွာဖြင့် စမ်းသပ်၍ မေးမြန်းလိုက်တော့သည်။

"ရှင်... ပြန်န်လည်မွေးဖွားလာတာမဟုတ်လား?"

သူသည် ဝတ္ထုများ မဖတ်သဖြင့် နားမလည်မည် စိုးကာ အခြားတစ်မျိုး ပြောင်းမေးလိုက်သည်။ "ရှင် ကားတိုက်ခံရပြီးနောက်မှာ ဒီကို ရောက်လာတာ မဟုတ်လား?"

အပြင်ဘက်တွင် လဲလျောင်းနေသော အမျိုးသားမှာ ဘာမှ ပြန်မပြောသော်လည်း၊ ကျန်းရုံကမူ သူ မအိပ်သေးမှန်း သိရှိထားသည်။ သူ စကားမဆိုသဖြင့် သူမ၏ ခန့်မှန်းချက်မှာ ပိုမို သေချာသွားကာ - "ရှင်ပဲ၊ ဟုတ်တယ် မဟုတ်လား? မဟုတ်ရင် ရှင် ဘာလို့ G ပြည်နယ်ကနေ အခုအချိန်မှာ ပြန်လာရမှာလဲ?" ဟု ထပ်မံ မေးမြန်းလိုက်ပြီး၊ သူ ငြင်းဆန်မည် စိုးသဖြင့် - "ရှင့်ရဲ့ အကြည့်တွေကို ကျွန်မ မှတ်မိနေတယ်" ဟု ဖြည့်စွက် ပြောဆိုလိုက်သည်။

မှောင်မည်းနေသော အခန်းအတွင်း၌ လီရှောင်းသည် ဖြည်းညှင်းစွာ မျက်လုံးဖွင့်လိုက်ကာ၊ နက်မှောင်လှသော မျက်ဝန်းများဖြင့် အပေါ်ရှိ ခြင်ထောင်ကို စိုက်ကြည့်နေမိသည်။ မျက်လုံးမှာ အမှောင်ထဲတွင် အသားကျသွားသောအခါ အခန်းအတွင်းရှိ အရာများကို လရောင်ဖြင့် ဝေဝါးစွာ မြင်တွေ့နိုင်လာသည်။ ထိုစကားကို ကြားလိုက်ရချိန်တွင် လီရှောင်းမှတ်ဉာဏ်ထဲ၌ တက်ကြွလှသော ပုံရိပ်တစ်ခု ချက်ချင်း ပေါ်ထွက်လာသည်။ သူမ မသိသည်မှာ - သူသည်လည်း သူမ၏အကြည့်များကို မှတ်မိနေခြင်းပင် ဖြစ်သည်။

အတွေ့အကြုံ ရင့်ကျက်လှသော ရဲအရာရှိကြီးများကြားတွင်၊ အလွန်ပင် နုနယ်ပျိုမြစ်လှသော မိန်းကလေးတစ်ဦးမှာ ထူးခြားစွာ ပေါ်လွင်နေခဲ့သည် မဟုတ်လား။ သူမသည် မိမိကိုယ်မိမိ သေသေချာချာ ဖုံးကွယ်ထားသည်ဟု ယူဆထားသော်လည်း၊ သူမ မိမိအား စိုက်ကြည့်သော အကြည့်များမှာ အလွန်ပင် သိသာလှကာ၊ အနည်းဆုံးတော့ သူ့အား နေရခက်စေခဲ့သည်မှာ အမှန်ပင် ဖြစ်သည်။ တစ်ဖက်လူက ဤမျှအထိ ပွင့်လင်းစွာ ပြောဆိုလာလိမ့်မည်ဟု သူ မထင်မှတ်ထားသဖြင့်၊ ခဏမျှ မည်သို့တုံ့ပြန်ရမည်မှန်း မသိဘဲ ဖြစ်သွားရသည်။ သို့သော် သူသည် မည်သူ့ကိုမျှ အထင်သေးမည့်သူ မဟုတ်ရာ၊ ခဏ စဉ်းစားပြီးနောက် ဩရှရှ အသံဖြင့် တည်ငြိမ်စွာ မေးမြန်းလိုက်သည်။ "မင်းက... အဲ့ဒီ ကျန်းရုံ ဆိုတဲ့ အလုပ်သင်လေးလား?"

မေးခွန်းပုံစံ ဖြစ်သော်လည်း သူ့လေသံမှာမူ သေချာနေပုံ ရလေသည်။ ကျန်းရုံမှာ ထိုအခါမှ အမှန်တကယ်ပင် မှင်သက်သွားရတော့သည်။ သူက သူမ၏ ခန့်မှန်းချက်ကို ဝန်ခံလိုက်ရုံမက၊ သူမ မည်သူဖြစ်သည်ကိုပင် သိရှိနေသည် မဟုတ်လား။ ထို့ကြောင့် သူမက - "ရှင် ကျွန်မကို သိတယ်ပေါ့?" ဟု တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။

မှောင်မည်းနေသော အခန်းအတွင်းမှ အမျိုးသားမှာ နှုတ်ခမ်းကို တွန့်ရုံမျှ ပြုံးလိုက်မိသည်။ ဘယ်လိုလုပ် မသိဘဲ နေမှာလဲ။ သူမ မိမိအား ထွက်ဆိုချက်များ မှတ်တမ်းတင်ပေးစဉ်က၊ မိမိကိုယ်ပေါ်မှ အသေးစိတ် အချက်အလက် တစ်ခုမှ မကျန်စေရန် မျက်လုံးအပြူးသားနှင့် စိုက်ကြည့်နေခဲ့သည် မဟုတ်လား။ ထိုမျက်ဝန်းအစုံမှာ အပေါ်မှ မီးရောင်ထက်ပင် ပိုမို တောက်ပနေခဲ့သည်။ ထိုနေ့က သူ လူနာဆောင် လမ်းလျှောက်လာစဉ် တစ်စုံတစ်ဦးက သူမ၏အမည်ကို လှမ်းခေါ်သံ ကြားလိုက်ရသဖြင့်၊ သူမ၏ အမည်မှာလည်း ကျန်းရုံ ဖြစ်မှန်း မှတ်သားထားခဲ့ခြင်းဖြစ်သည်။

သူမ၏အမည်မှာ သူ့ဇနီးဟောင်းနှင့် တူညီသော်လည်း၊ ပုံစံမှာမူ လုံးဝ မတူညီကြပေ။ သူသည် ထိုဇနီးဟောင်းအကြောင်း မတွေးမိသည်မှာ ကြာပြီဖြစ်ရာ၊ သူမ၏ရုပ်ရည်ကိုပင် မမှတ်မိတော့ပေ။ သူ သိထားသမျှမှာ ထိုအမျိုးသမီးသည် မိမိအား အလွန်ကြောက်ရွံ့ကာ အတူရှိချိန်တွင် စကားပင် မပြောဝံ့သူ ဖြစ်သည်ဟူသောအချက်သာ ဖြစ်သည်။ သို့သော် ယခု ကျန်းရုံမှာမူ ပြုံးပျော်တတ်ကာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသည့်အပြင်၊ လူ့လောကအတွင်းသို့ ယခုမှ စတင်ခြေချလာသော ပျိုမြစ်သည့် အူကြောင်ကြောင်ဟန်လေးများလည်း ရှိနေသဖြင့်၊ ဖန်လုံအိမ်အတွင်း၌ ပြုစုပျိုးထောင်ထားသော ပန်းကလေးနှင့်ပင် တူလှပေသည်။ ထိုစဉ်က သူသည် - ဤကဲ့သို့သော မိန်းကလေးမျိုးအား ဘယ်လိုမိသားစုကများ ပျိုးထောင်ပေးခဲ့တာလဲဟုတွေးမိသည်အထိ ကောင်းနေခဲ့သည်။

အကယ်၍ သူ့သမီးလေးသာ အသက်ရှင်နေပါက ယခုလောက်ဆိုလျှင် ဤမျှအထိ ကြီးပြင်းနေလောက်ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူ ပြန်လည် နိုးထလာသည်နှင့် ဇာတိမြေသို့ ချက်ချင်း ပြန်လာခဲ့ခြင်းဖြစ်ကာ၊ ယခုတစ်ကြိမ်တွင်မူ သမီးလေးအား သေသေချာချာ ကာကွယ်ပေးရန် သူ ဆုံးဖြတ်ထားခြင်းဖြစ်သည်။ သို့သော် ကျန်းရုံပါ ဤနေရာသို့ ရောက်နေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ပေ။ ယခုအခါ ကျန်းရုံသည် သူ့ဇနီး "ကျန်းရုံ" ဖြစ်နေခဲ့ပြီပေါ့။ လောကဓံကို အကြိမ်ကြိမ် ဖြတ်သန်းလာခဲ့သော လီရှောင်းပင်လျှင် ဤဖြစ်ရပ်ကြောင့် အံ့သြမှုကို မထိန်းနိုင်ဘဲ ရှိနေရသည်။ သူက "အင်း" ဟုသာ ပြန်ထူးလိုက်ပြီး ထပ်မံ ရှင်းပြခြင်း မရှိတော့ပေ။

သေချာသော အဖြေကိုရရှိပြီးနောက် ကျန်းရုံလည်း စကားမဆိုတော့ပေ။ သူမ ထပ်မံ၍ မပြောရဲတော့ခြင်းဖြစ်သည်။ ထပ်ပြောပါက မိမိ၏အကြောင်းစုံကို သူ သိရှိသွားမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။ သူမတွင် ဖုံးကွယ်စရာ များစွာ မရှိသော်လည်း၊ ဤလူ၏ စိတ်ကူးများမှာ အလွန်ပင် နက်ရှိုင်းလှသည် မဟုတ်လား။ သူမဘက်မှ စတင်၍ စကားမဟပါက၊ သူသည်လည်း ထိုအကြောင်းများကို ထုတ်ဖော် ပြောဆိုလိမ့်မည် မဟုတ်ပေ။ သူမသည် အနာဂတ်အတွက် စတင် စဉ်းစားကာ၊ အဆိုးဆုံးသော အခြေအနေများအတွက်ပါ ကြိုတင်ပြင်ဆင်နေမိတော့သည်။ အကယ်၍ သူမ ပြန်သွား၍ မရပါက မိမိ၏ဘဝလမ်းကြောင်းကို သေသေချာချာ စီစဉ်ရမည် မဟုတ်လား။ သို့သော် တွေးရင်းနှင့်ပင် သူမ၏မျက်ခွံများမှာ လေးလံလာခဲ့သည်။

ဘေးနားရှိ လီရှောင်းမှာမူ သူမ ထပ်ပြောလာမည့် စကားများကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။ သူသည် ဤရဲအလုပ်သင်လေးနှင့် တိုက်ရိုက် မပတ်သက်ခဲ့ဖူးစေကာမူ၊ သူမ၏ ဆရာဖြစ်သူနှင့် အကြိမ်ကြိမ် ဆုံတွေ့ဖူးသဖြင့် သူမအား အကြိမ်ပေါင်းများစွာ မြင်တွေ့ခဲ့ဖူးသည်။ သူသည် မှတ်ဉာဏ်ကောင်းသူ ဖြစ်သည့်အပြင်၊ ဆယ်နှစ်တိုင်တိုင် ပုန်းအောင်းနေထိုင်ခဲ့ရသော ဘဝကြောင့် အရာရာကို အလျင်အမြန် မှတ်သားနိုင်သော အကျင့် ရှိနေခဲ့သည်။ ထို့ကြောင့် ခဏမျှ တွေးတောလိုက်သည်နှင့် ထိုမိန်းကလေး၏ ပုံရိပ်မှာ သူ့ဦးနှောက်ထဲ၌ ရှင်းလင်းစွာ ပေါ်ထွက်လာသည်။ သူမမှာ ငယ်ရွယ်လှကာ၊ အသားဖြူစင်လျက် မျက်ဝန်းများမှာ ကြည်လင်နေပြီး၊ ပြုံးလိုက်လျှင် ပါးချိုင့်လေး နှစ်ဖက် ပါရှိတတ်သူ ဖြစ်သည်။ သူမမှာ အရပ် သိပ်မရှည်သော်လည်း ခါးကိုမူ အမြဲတမ်း မတ်မတ် ထားတတ်သူ ဖြစ်သည်။

သို့သော် ထိုစဉ်က သူသည် ဤကဲ့သို့သော အလုပ်သင်လေးအား အဖက်မလုပ်ခဲ့ပေ။ သူမ၏ ခံစားချက် အားလုံးမှာ မျက်နှာပေါ်တွင် ပေါ်လွင်နေတတ်သလို၊ သူမ၏ဆရာဖြစ်သူက တစ်စုံတစ်ခု ပြောပြထားသောကြောင့်လား မသိဘဲ၊ မိမိအား မြင်တိုင်း သူမ၏မျက်ဝန်းများတွင် စပ်စုချင်စိတ်နှင့် သတိထားနေသော အရိပ်အယောင်များကို အမြဲ မြင်တွေ့နေရသောကြောင့် ဖြစ်သည်။ လူ့လောက၏ နှိပ်စက်မှုများကို မခံရသေးသဖြင့် သူမ၌ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိသော မာနအရိပ်အယောင်များလည်း ရှိနေသေးရာ၊ အာရုံမစိုက်ဘဲနေရန်မှာပင် ခက်ခဲလှသည် မဟုတ်လား။ သို့သော် လီရှောင်းမှာ အတန်ကြာ စောင့်ဆိုင်းသော်လည်း ဘေးနားမှ အသံ ထပ်မံ ထွက်မလာတော့ဘဲ၊ သူမ၏ အသက်ရှူသံမှန်မှန်လေးကိုသာ ကြားလိုက်ရတော့သည်။

"..."

ဤရဲအလုပ်သင်လေးမှာ သူ ထင်မှတ်ထားသည်ထက် များစွာ စိတ်အေးလက်အေး ရှိလှပေသည်။ ယခုကဲ့သို့ အခြေအနေမျိုးမှာပင် အိပ်ပျော်သွားနိုင်သည် မဟုတ်လား။ လီရှောင်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် မျက်လုံးကို မှိတ်လိုက်သော်လည်း၊ အိပ်စက်ရန်မူ စိတ်ကူးမရှိပေ။ သူသည် လူစိမ်းရှိနေချိန်တွင် အိပ်ပျော်လေ့မရှိသဖြင့် ဤတစ်ညလုံးကို အနားယူခြင်းမရှိဘဲ ဖြတ်သန်းရန် ဆုံးဖြတ်လိုက်သည်။

……

သို့သော် ရက်ပေါင်းများစွာ ရထားစီးခဲ့ရသဖြင့် ပင်ပန်းနေသောကြောင့်လား၊ သို့မဟုတ် ဘေးနားမှ လူ၏ အိပ်မောကျနေသော အရှိန်အဝါကြောင့်လား မသိဘဲ၊ သူသည်လည်း အသိစိတ်များ ဝေဝါးလာကာ အိပ်ပျော်သွားခဲ့တော့သည်။ သူ ပြန်နိုးလာချိန်တွင် ဒုတိယနေ့ နံနက်သို့ ရောက်ရှိနေပြီဖြစ်သည်။ သူ နိုးလာချိန်မှာ မစောတော့ဘဲ အပြင်ဘက်တွင် မိုးလင်းနေပြီဖြစ်သည်။ သူသည် မိမိ ဤမျှအထိ နှစ်ခြိုက်စွာ အိပ်ပျော်သွားခဲ့သည်ကို အံ့သြမိရုံမက၊ ဒီလောက်အထိအေးဆေးစွာ မအိပ်စက်ရသည်မှာ ဘယ်လောက်တောင် ကြာမြင့်ခဲ့ပြီလဲဟုပင် မသိရှိတော့ပေ။ အခန်းအတွင်းရှိ ရင်းနှီးသော မြင်ကွင်းများကို ကြည့်ရင်း၊ သူသည် အတိတ်သို့ ပြန်လည် ရောက်ရှိနေပြီဖြစ်ကာ အိမ်မက်ဆိုးများမှာ မဖြစ်ပွားသေးမှန်း သတိပြုမိလိုက်သည်။

ထိုသို့ တွေးမိသည်နှင့် သူသည် တစ်စုံတစ်ခုကို အတည်ပြုလိုသည့်အလား ဘေးသို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။ ထိုအခါတွင် ကုတင်အတွင်းဘက်၌ အိပ်စက်ရမည့် ကျန်းရုံမှာ ကုတင်အလယ်သို့ ရောက်ရှိနေကာ ကိုယ်လက်များ ဖြန့်လျက် အပိုင်စီးထားသည်ကို မြင်တွေ့လိုက်ရပြီး၊ သမီးဖြစ်သူ ရှောင်ဖုန့်မှာမူ သူ့လက်မောင်းကို မှီလျက် ဘေးသို့ ကပ်နေရရှာသည်။ ကုတင်ပေါ်ရှိ စောင် နှစ်ထည်စလုံးမှာလည်း ထိုအမျိုးသမီး၏ ကိုယ်ပေါ်သို့ ရောက်ရှိနေကာ၊ ရှောင်ဖုန့်မှာမူ ချမ်းအေးစွာဖြင့် သူ့အနားသို့သာ တိုးကပ်နေရခြင်း ဖြစ်သည်။ လီရှောင်းသည် ခဏမျှ မှင်သက်သွားပြီးမှ ကုတင်ပေါ်မှ ဆင်းကာ ကလေးအား အပြင်ဘက်သို့ အနည်းငယ် ရွှေ့ပေးလိုက်သည်။ သူ့အပြုအမူမှာ ညင်သာလှသော်လည်း ရှောင်ဖုန့်မှာ နိုးသွားခဲ့သည်။

ကလေးမလေးမှာ မျက်လုံးကို ပွတ်သပ်လျက်၊ ရှေ့ရှိလူမှာ အဖေဖြစ်မှန်း သိရှိချိန်တွင် ချိုသာစွာ ပြုံးပြလေသည်။ သို့သော် သူမသည် အဖေ၏ အပြုအမူကို အဖက်မလုပ်ဘဲ၊ ကိုယ်ကို လှည့်၍ ကုတင်အလယ်ရှိ ကျန်းရုံထံသို့ တိုးဝင်ကာ သူမအား မှီလျက် ဆက်လက် လဲလျောင်းနေတော့သည်။ လီရှောင်းသည် ထိုနှစ်ဦးအားကြည့်ရင်း ခဏမျှ မှင်သက်သွားရတော့သည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အချပ်ပို ၃.၃ ။ လီရှောင်းပြန်လည်မွေးဖွားခြင်း

ကျန်းရိုသည် နိုးလာသောအခါ ရှစ်နာရီကျော်နေပြီ ဖြစ်သည်။ သူမသည် လိုက်လျောညီထွေ နေထိုင်တတ်သူတစ်ဦးဖြစ်ရာ လွန်ခဲ့သော နှစ်ရက်ခန့်က သူစိမ်းအိမ်ဖြစ်၍ အိပ်မပျော်ဘဲ အိပ်ရေးဆတ်နေခဲ့သော်လည်း ယခုမူ အသားကျသွားပြီ ဖြစ်၏။

သူမသည် အပျင်းကြောဆန့်လိုက်ရင်း ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်ရာ အပြင်တွင် နေ့အလင်းရောင် အတော်လင်းနေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

သမီးငယ်လေးမှာ စောစောစီးစီး နိုးနေခဲ့ပြီးဖြစ်ကာ မိခင်ဖြစ်သူ၏ ရင်ခွင်ထဲတွင် လိမ်လိမ်မာမာလေး ကပ်အိပ်နေသည်။ မိခင်ဖြစ်သူ နိုးလာသည်ကို မြင်သောအခါ ကလေးမလေး၏ မျက်နှာတွင် အပြုံးများ ဝေဆာသွားတော့သည်။

အိပ်ချိန်ကြာသွားသဖြင့် ကျန်းရို၏ ဦးနှောက်မှာ ကြည်လင်ခြင်း မရှိသေးသော်လည်း ရင်ခွင်ထဲမှ သမီးငယ်လေး၏ အပြုံးကို မြင်လိုက်ရသောအခါ နှလုံးသားတစ်ခုလုံး ချိုမြိန်သွားရသည်။ သူမသည် မနေနိုင်ဘဲ ငုံ့လိုက်ကာ ကလေးမလေး၏ ဦးခေါင်းကို "ပြွတ်" ခနဲ မြည်အောင် ကျယ်ကျယ်လောင်လောင် နမ်းလိုက်လေသည်။

သမီးငယ်လေးက ပို၍ ပျော်ရွှင်သွားပြီး အသံချိုချိုလေးဖြင့် နွဲ့ဆိုးဆိုးကာ ခေါ်လိုက်သည်။ "မာမား.."

ကျန်းရိုသည် သမီးငယ်လေးကို ခေါ်၍ ထလိုက်ပြီး အဝတ်အစားလဲကာ အပြင်သို့ ထွက်လာခဲ့သည်။ မီးဖိုချောင်သို့ ရေပုံးတစ်ပုံး သယ်သွားသော လီရှောင်းကို မြင်လိုက်မှသာ မနေ့က ဘာတွေဖြစ်ပျက်ခဲ့သည်ကို သတိရသွားတော့သည်။

ကျန်းရိုသည်လည်း သူ့ကို အားနာမနေတော့ဘဲ မျက်နှာသစ်၊ ကိုယ်လက်သန့်စင်ပြီးနောက် မိမိနှင့် သမီးငယ်လေးအတွက် ထမင်းဟင်းများ ခပ်ယူကာ တံခါးဝတွင် ထိုင်စားလေသည်။

အကြီးနှင့် အငယ် နှစ်ယောက်သား မျက်နှာချင်းဆိုင်ထိုင်ကာ စားနေကြသည်။ လီရှောင်းသည် အိမ်ရှေ့ခန်းရှိ စားပွဲကြီးတွင် ထိုင်နေရင်း သူတို့ကို တစ်ချက်ကြည့်ကာ အကြည့်ပြန်လွှဲလိုက်၏။

ကျန်းရိုက ထမင်းကို တစ်လုတ် မြည်းကြည့်လိုက်သည်။ အင်း... ဘယ်လိုပြောရမလဲ၊ ကျက်ရုံပဲ ကျက်တယ်လို့ပဲ ဆိုရပေမည်။

သမီးငယ်လေးမှာမူ အစားမရွေးဘဲ ထမင်းကို အားပါးတရ စားနေသော်လည်း ဤရက်ပိုင်းအတွင်း မိခင်ဖြစ်သူ၏ လက်ရာကြောင့် ပါးစပ်အရသာ အတော်တက်နေပြီဖြစ်ရာ အရသာ ရှိ၊ မရှိကို ခွဲခြားနိုင်နေပြီဖြစ်သည်။ ထို့ကြောင့် သူမ၏ မျက်ခုံးလေးများမှာ အတော်လေး ကြုံ့နေရှာသည်။

ကျန်းရိုသည် အများကြီးမစားဘဲ စားပြီးသည်နှင့် ပန်းကန်ကို မီးဖိုချောင်သို့ ယူသွားလိုက်သည်။ လီရှောင်းက အစားမြန်သူဖြစ်ရာ သူသည် မီးဖိုချောင်တွင် ပန်းကန်ဆေးနေပြီ ဖြစ်သည်။

ကျန်းရို လာသည်ကို မြင်သောအခါ သူက "ငါ့ကို ပေးလိုက်"

ကျန်းရိုသည် ပန်းကန်ကို သူ့အား ပေးလိုက်သည်။ ထိုထဲတွင် ထမင်းတစ်ဝက်ခန့် ကျန်နေသေးသဖြင့် သူမက အနည်းငယ် အားနာစွာဖြင့် "ကျွန်မ ဗိုက်ဝသွားလို့ပါ" ဟု ရှင်းပြလိုက်၏။

မကြာမီ သမီးငယ်လေးလည်း စားပြီးသွားကာ မီးဖိုချောင်ရှိ မီးဖိုဘေးသို့ တကောက်ကောက် ပြေးဝင်လာသည်။ သူမသည် လက်ကလေးနှစ်ဖက်ဖြင့် ပန်းကန်ကို မြှောက်ပြကာ "ပါပါး၊ သမီး စားလို့ ပြီးပြီ"

ဤရက်ပိုင်းအတွင်း သူမ ထမင်းစားပြီးတိုင်း မာမားက သူမကို အမြဲတမ်း တော်လိုက်တာဆိုပြီး ချီးကျူးလေ့ရှိသည်။

လီရှောင်းသည် ကလေးမလေး၏ မျက်ဝန်းထဲမှ မျှော်လင့်ချက်ကို မြင်သောအခါ တစ်ခုခုကို နားလည်သွားပုံရသည်။

အကယ်၍ သူသည် အမှန်တကယ် အသက်နှစ်ဆယ်အရွယ်သာ ရှိသေးပါက သမီးဖြစ်သူ၏ စိတ်ကူးလေးကို သတိပြုမိလိမ့်မည် မဟုတ်ဟု လီရှောင်း ခံစားရသည်။

သို့သော် ယခုအချိန်တွင်မူ သူသည် သာမန်ဖခင်တစ်ဦးကဲ့သို့ သမီး၏ခေါင်းလေးကို ပွတ်သပ်ပေးကာ သူမ အလွန်တော်ကြောင်း ပြောပြချင်နေမိသည်။ သို့သော် လီရှောင်း၏ ဘယ်ဘက်လက်ကို ဆန့်ထုတ်လိုက်စဉ်မှာပင် သူ၏ မပြည့်စုံသော လက်သန်းလေးကို မြင်လိုက်ရသဖြင့် လက်မှာ လေထဲတွင် ရပ်တန့်သွားသည်။ သူသည် မည်သည့်စကားမှ ပြော၍မရတော့ကြောင်း သိလိုက်ရသည်။

ဆယ်နှစ်တိုင်တိုင် ပုန်းအောင်းနေခဲ့ရသဖြင့် သူသည် လူတကာနှင့် မည်သို့ ပုံမှန်ဆက်ဆံရမည်ကို မသိတော့ချေ။

သမီးငယ်လေးမှာမူ ဖခင်ဖြစ်သူ၏ချီးကျူးမှုကို မရရှိသဖြင့် မျက်နှာလေး ညိုးငယ်သွားသော်လည်း မကြာခင်မှာပင် လိမ်မာစွာ ပြုံးလိုက်ပြီး "ပါပါး ပန်းကန်ဆေးရတာ ပင်ပန်းနေမှာပဲ၊ ရှောင်ဖုန့် ပါပါးကို မနှောင့်ယှက်တော့ဘူးနော်"

လီရှောင်းက အသာအယာ ထူးလိုက်ပြီး ထွက်ခွာသွားသော သူမ၏ကျောပြင်လေးကို ကြည့်နေမိသည်။

မကြာခင်မှာပင် အပြင်ဘက်မှ သက်ဝင်လှုပ်ရှားသော စကားပြောသံများကို လီရှောင်း ကြားလိုက်ရသည်။ ရှောင်ဖုန့်က ကျန်းရိုဆိုသော ရဲသင်တန်းသူလေးကို သူမ ထမင်းတွေ အကုန်စားလိုက်ပြီဖြစ်ကြောင်း ပြောနေခြင်းပင်။

ထိုမိန်းမသည် သူနှင့်မတူပေ။ သူမက "ဝိုး... ဒီလောက်တောင် တော်တာလား။ သမီးက မာမားငယ်ငယ်တုန်းကထက် အများကြီး ပိုတော်တာပဲ။ မာမားငယ်ငယ်တုန်းက ထမင်းမစားလို့ အဘွားရဲ့ အရိုက်ခံရတာ ခဏခဏပဲ၊ ဦးလေးကလည်း နားရွက်ကို ဆွဲသေးတယ်... အား... ဒါပေမဲ့ အရမ်းဆိုးတာပေါ့၊ သမီးလို မလိမ်မာဘူး" ဟု ပိုပိုသာသာလေး ချီးကျူးလိုက်သည်။

သူမသည် မိမိပြောလိုက်သည်မှာ မသင့်တော်ကြောင်း သတိပြုမိသွားပုံရကာ စကားကို အမြန်ဖြတ်လိုက်သည်။

သို့သော် သူမ၏ စကားအနည်းငယ်ကို ကြားရုံဖြင့် သူမသည် ချမ်းသာကြွယ်ဝပြီး ပျော်ရွှင်သော မိသားစုတွင် ကြီးပြင်းလာသူဖြစ်ကြောင်း သိနိုင်ပါသည်။

ရှောင်ဖုန့်ကမူ ထိုအချက်ကို နားမလည်ဘဲ "မာမားက အရမ်းလိမ်မာပါတယ်၊ ရှောင်ဖုန့် မျက်လုံးထဲမှာ မာမားက အလိမ်မာဆုံး အလိမ်မာဆုံး မာမားပဲ" ဟု အမြန်ပြောလိုက်သည်။

"ဟုတ်လား၊ ရှောင်ဖုန့်ကလည်း မေမေ့မျက်လုံးထဲမှာ ကမ္ဘာပေါ်မှာ အလိမ်မာဆုံးနဲ့ အတော်ဆုံး ကလေးလေးပဲ"

စကားအနည်းငယ်ဖြင့်ပင် ကလေးကို အလွန်ပျော်ရွှင်အောင် ချော့မြူလိုက်နိုင်သည်။

လီရှောင်းသည် မျက်လွှာချလိုက်ကာ ပန်းကန်များကို ဆက်ဆေးနေ၏။

သူ အပြင်ထွက်လာသောအခါ ခုနက ဗိုက်ဝပြီဟု ပြောထားသော တစ်စုံတစ်ယောက်သည် ရှောင်ဖုန့်ကို ခေါ်၍ မုန့်များ စားနေပြီး နှစ်ယောက်သား အလွန်ပျော်ရွှင်စွာ ရယ်မောနေကြသည်ကို တွေ့လိုက်ရသည်။

သူ သူတို့နှစ်ဦးအနားမှ ဖြတ်သွားစဉ် တွေဝေနေပြီးမှ စကားတစ်ခွန်း ပြောလိုက်သည်။ "ငါ အပြင် ခဏ သွားဦးမယ်"

ကျန်းရိုက သူ့ကို မော့ကြည့်ကာ ခဏစဉ်းစားပြီးနောက် "ကောင်းပြီလေ"

နံနက်ပိုင်းတွင် ရှောင်ဖုန့်မှာ အိမ်စာလုပ်နေသည်။ ယနေ့မှာ စနေနေ့ ကျောင်းပိတ်ရက် ဖြစ်သဖြင့် ဆရာမက ပုံဆွဲအိမ်စာ ပေးထားခြင်းဖြစ်သည်။ ကျန်းရိုသည် ကုလားထိုင်နှင့် ငုတ်တုတ်ထိုင်ခုံကို အိမ်ရှေ့ခန်း တံခါးဝတွင် ထုတ်ချပေးလိုက်သည်။ ရှောင်ဖုန့် ပုံဆွဲနေစဉ် ကျန်းရိုကလည်း စက္ကူတစ်ရွက်ကို ယူကာ ဘေးနားတွင် စာရေးနေလေသည်။

သူမသည် လီရှောင်း၏ ဇနီးဟောင်းကိုယ်ထဲသို့ ရောက်နေသော်လည်း သူ့၏ တကယ့်ဇနီး မဟုတ်သဖြင့် ဤလူနှင့် တစ်ဘဝလုံး အတူနေရန်မှာ မဖြစ်နိုင်ပေ။

ထို့ကြောင့် သူတို့နှစ်ဦး ကွာရှင်းရမည်ဖြစ်သည်။

ကလေးကို အတူတူ ပြုစုပျိုးထောင်နိုင်သော်လည်း ဤရက်ပိုင်းအတွင်း သူမသည် ဤနေရာတွင် ခဏနေထိုင်မည်ဖြစ်ကာ သင့်တော်သော နေအိမ်တွေ့ရှိမှသာ ပြောင်းရွှေ့မည်ဖြစ်သည်။

အကယ်၍ သူ အလုပ်ရှုပ်နေပါက ကလေးကို သူမ အရင်ကြည့်ပေးထားနိုင်သော်လည်း ကလေးအတွက် ကုန်ကျစရိတ်အားလုံးကို သူက တာဝန်ယူရမည်ဖြစ်ပြီး သူမ၏စရိတ်ကိုမူ သူမဘာသာ တာဝန်ယူမည်။

ထို့အပြင် သူမ ဤနေရာမှ မထွက်ခွာမီအထိ နှစ်ဦးစလုံးမှာ လွတ်လပ်ခွင့်ရှိရမည်၊ တစ်ဦးကိုတစ်ဦး ချုပ်ချယ်ခြင်း မပြုရ၊ ကိုယ်ထိလက်ရောက် ထိတွေ့ခြင်း မရှိရ၊ အိမ်မှုကိစ္စများကို တစ်ဝက်စီ ခွဲဝေလုပ်ဆောင်ရမည်၊ ကွာရှင်းချိန်တွင်လည်း ပိုင်ဆိုင်မှုများကို မိမိဘာသာ ခွဲယူရမည်...

မွန်းတည့်ချိန်တွင် ဘေးအိမ်မှ အဒေါ်ဝမ်သည် ငရုတ်သီးအနှစ် ဘယ်လိုလုပ်ရသလဲဟု လာမေးသည်။ သူမက အရသာရှိသည်ဟု ထင်သောကြောင့် သမီးဖြစ်သူထံ ပို့ပေးချင်နေခြင်းပင်။

လွန်ခဲ့သော နှစ်နှစ်က သူမ၏ အမျိုးသား ဆုံးပါးသွားပြီးကတည်းက သူမနှင့် သမီးဖြစ်သူမှာ ခြိုးခြံချွေတာစွာ နေထိုင်ခဲ့ကြရသည်။ သူမ၏သမီးမှာ အလွန်လိမ်မာပြီး အပြင်တွင် တက္ကသိုလ်တက်နေကာ ယမန်နှစ် နှစ်သစ်ကူးတွင် ပြန်လာစဉ်က အတော်လေး ပိန်သွားခဲ့သည်။

ထို့ကြောင့် ကျန်းရိုသည် ရှောင်ဖုန့်ကို လိမ်လိမ်မာမာ ပုံဆွဲခိုင်းထားခဲ့ပြီး ဘေးအိမ်သို့ သွားလိုက်သည်။

….

ဘေးအိမ်မှ ပြန်လာသောအခါ လီရှောင်းမှာ အိမ်သို့ ပြန်ရောက်နေပြီဖြစ်ကာ ခြံထဲတွင် လက်သမားလုပ်နေသည်။

သူ ပြန်လာစဉ် အသားနှင့် နို့များကို ဝယ်လာခဲ့ပြီး ရှောင်ဖုန့်မှာ နို့သောက်ရင်း ပုံကို သေချာဆွဲနေ၏။

မာမား ပြန်လာသည်ကို မြင်သောအခါ ရှောင်ဖုန့်က ခေါင်းမော့ကာ ပျော်ရွှင်စွာ အော်ခေါ်လိုက်သည်။ "မာမား.."

ထို့နောက် အိမ်ထဲရှိ နို့ဗူးများကို ညွှန်ပြကာ "ပါပါးက နို့တွေအများကြီး ဝယ်လာတယ်၊ မာမားလည်း သောက်ဦး"

ကျန်းရိုက သူမ ညွှန်ပြရာသို့ ကြည့်လိုက်ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ "နို့က ကလေးတွေ သောက်ဖို့လေ၊ အရပ်ရှည်လာအောင်လို့။ မာမားက လူကြီးဖြစ်နေပြီဆိုတော့ မလိုတော့ပါဘူး"

ပြောပြီးနောက် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။ "သမီး ပုံဆက်ဆွဲနေနော်၊ မာမား ထမင်းသွားချက်လိုက်ဦးမယ်"

ရှောင်ဖုန့်က လိမ်မာစွာ ပြန်ထူးလိုက်သည်။ "ဟုတ်ကဲ့ပါ"

ကျန်းရိုသည် မီးဖိုချောင်သို့ သွားရန် ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် အပြင်ဘက်ရှိ လီရှောင်းကို အချက်ပေးလိုက်သည်။ "ရှူး.. ရှူး.."

လီရှောင်းသည် အသံကြားသောအခါ လက်ထဲမှ အလုပ်ကို ခဏရပ်လိုက်ပြီး သူမကို လှည့်ကြည့်ရာ သူမ၏ လျှို့ဝှက်ချက် တစ်ခုခုရှိနေသည့် ပုံစံကို တွေ့လိုက်ရသည်။

သူ မျက်မှောင် အနည်းငယ် ကြုံ့လိုက်မိသည်။

ရှောင်ဖုန့်လည်း ကြားလိုက်ရသဖြင့် မသိစိတ်အရ ခေါင်းလှည့်ကာ စပ်စုကြည့်သည်။

ကျန်းရို၏ မျက်နှာမှာ ချက်ချင်းပင် တည်ငြိမ်သွားကာ သူမကို ပြုံးပြလိုက်သည်။ "လိမ်လိမ်မာမာ ပုံဆွဲနော်"

ရှောင်ဖုန့်သည် နားထောင်မှုရှိစွာဖြင့် ခေါင်းကို ပြန်လှည့်သွား၏။

လီရှောင်းသည် ကျန်းရိုက သူ့ကို မျက်ရိပ်ပြနေသည်ကို မြင်သောအခါ ခဏမျှ တိတ်ဆိတ်သွားပြီးမှ လက်ထဲရှိ ပစ္စည်းများကိုချကာ မီးဖိုချောင်သို့ လိုက်သွားလေသည်။

သူ မီးဖိုချောင်သို့ ရောက်သောအခါ ကျန်းရိုသည် သူမ နံနက်ပိုင်းက ရေးထားသော သဘောတူညီချက် စာရွက်အချို့ကို ထုတ်ပေးလိုက်သည်။ "ဒါကို ကြည့်ကြည့်လိုက်ဦး"

လီရှောင်းက သူမကို တစ်ချက်ကြည့်ပြီးနောက် စာရွက်ကို ယူကာ ငုံ့ကြည့်လိုက်သည်။

ကျန်းရိုက ဘေးမှနေ၍ မေးလိုက်သည်။ "ကျွန်မကတော့ လောလောဆယ် ဒီလောက်ပဲ စဉ်းစားမိသေးတယ်၊ ရှင် ဘာများ ထပ်ဖြည့်ချင်သေးလဲ"

သူ သဘောမတူမှာ စိုးရိမ်သဖြင့် သူမက မနေနိုင်ဘဲ ရှင်းပြလိုက်သည်။ "ကျွန်မတို့က တကယ့် လင်မယားတွေ မဟုတ်သလို ကြားထဲမှာလည်း သံယောဇဉ် မရှိဘူးလေ၊ ဒါကို ရှင် နားလည်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

လီရှောင်းသည် သူမ၏ လုပ်ရပ်အပေါ် အံ့သြခြင်းမရှိသော်လည်း သူမက ရှောင်ဖုန့်၏ ပြုစုစောင့်ရှောက်ရေးတာဝန်ကို ဦးဆောင်တောင်းဆိုလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ဤအချက်မှာ ရှောင်ဖုန့်၏ အမေအရင်း 'ကျန်းရို' ပင်လျှင် မလုပ်ဆောင်နိုင်သည့် အရာဖြစ်ပြီး သူမမှာမူ သူစိမ်းတစ်ယောက်သာ ဖြစ်သည်။

လီရှောင်းသည် အမှားအမှန်ခွဲခြားရန် သူမကို စိုက်ကြည့်လိုက်ရာ ကြည်လင်တောက်ပသော မျက်ဝန်းတစ်စုံနှင့် ဆုံတွေ့လိုက်ရသည်။

ကျန်းရိုက အလေးအနက် ပြောလိုက်သည်။ "ရှင် စိတ်ချပါ၊ ကျွန်မ အခု သူမ- ဖြစ်လာပြီဆိုမှတော့ ဒါက ရှောင်ဖုန့်ရဲ့ အမေပဲ။ ကျွန်မရဲ့ တာဝန်ကို ထမ်းဆောင်မှာဖြစ်ပြီး ရှောင်ဖုန့်အပေါ် ကောင်းပေးမှာပါ"

ဘာကြောင့်မှန်းမသိ၊ သူတို့နှစ်ဦး အတူတူရှိနေသည့် အချိန်မှာ မကြာသေးသော်လည်း သူမ ပြောသည့်စကားကို လီရှောင်း ယုံကြည်သွားမိသည်။ သူ ခဏတိတ်ဆိတ်သွားပြီးမှ စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။ "အားလုံးကို ငါ သဘောတူတယ်။ ပြီးတော့ မင်း ဒီမှာ အမြဲတမ်း နေလို့ရတယ်၊ ကလေးရဲ့ကုန်ကျစရိတ်အပြင် မင်းရဲ့စရိတ်ကိုပါ ငါပေးမယ်။ မင်း ဘယ်အချိန် ထွက်သွားချင်လဲ ဆိုတာလည်း မင်းသဘောပဲ။ ဒါပေမဲ့ တစ်ခုပဲ ရှိတယ်၊ ကွာရှင်းမယ့်ကိစ္စကို ရှောင်ဖုန့်ကို လောလောဆယ် မပြောပြဖို့ ငါ မျှော်လင့်တယ်"

ကျန်းရိုက ဤတောင်းဆိုချက်မှာ မလွန်ဟု ထင်သဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ရပါတယ်၊ တနင်္လာနေ့ အားလား"

"အားတယ်"

"ကောင်းပြီလေ၊ ဒါဆို ရှင် သွားအလုပ်လုပ်တော့"

လီရှောင်း ထွက်သွားလေသည်။

သူတို့နှစ်ဦးကြားတွင် အခြားစကား ပြောစရာ မရှိတော့ချေ။

….

မွန်းတည့်ချိန်တွင် ကျန်းရိုက ဟင်းသုံးမျိုးနှင့် စွပ်ပြုတ်တစ်မျိုး ချက်လိုက်သည်။ လီရှောင်းသည် ကျန်းရိုချက်သော ထမင်းဟင်းများကို မြည်းကြည့်ရာ အလွန်အရသာရှိလှသည်။ သူ ဤမျှနှစ်ပေါင်းများစွာအတွင်း စားခဲ့ဖူးသမျှ အကောင်းဆုံး ထမင်းတစ်နပ်ဟုပင် ဆိုနိုင်သည်။

သမီးငယ်လေးကလည်း အလွန်ကြိုက်နှစ်သက်သဖြင့် ပန်းကန်ကို ကိုင်ကာ အားပါးတရ စားနေရှာသည်။ ကျန်းရိုသည် သူမ နောက်ထပ် တစ်ပန်းကန် ထပ်စားချင်နေသည်ကို မြင်သော်လည်း သဘောမတူဘဲ သူမ၏ ဖောင်းကားနေသော ဗိုက်လေးကို ပွတ်သပ်ပေးကာ ကုလားထိုင်ပေါ်မှ ချ၍ သွားကစားခိုင်းလိုက်သည်။

လီရှောင်းသည် ရှောင်ဖုန့်က စားပွဲပေါ်ရှိ ထမင်းဟင်းများကို မျက်တောင်မခတ် တမ်းတမ်းတတ ကြည့်နေသည်ကို မြင်သောအခါ ဤကလေးမှာ ယခင်က ကောင်းကောင်းမစားခဲ့ရကြောင်း သိလိုက်ရသည်။ ထိုမိန်းမသည် ထမင်းဟင်း သိပ်မချက်တတ်သလို သမီးအပေါ်လည်း စိတ်မဝင်စားသဖြင့် ကလေး အစားအစာမက်မောနေသည်မှာ ရှောင်လွှဲ၍ မရပေ။

ဤသည်ကို တွေးမိသောအခါ သူက မနေနိုင်ဘဲ "ကလေးကို နောက်ထပ် ထမင်းတစ်ဝက်လောက် ထပ်ကျွေးလိုက်ပါလား"

ကျန်းရိုက ခေါင်းလှည့်ကာ သူ့ကို အံ့သြတကြီး ကြည့်လိုက်ပြီး ဘာမှမစဉ်းစားဘဲ ငြင်းဆိုလိုက်သည်။ "ကလေးရဲ့ အစာအိမ်က မကြီးဘူး၊ အတင်းကျွေးရင် ဗိုက်အောင့်လိမ့်မယ်။ သူမ ဗိုက်ဝနေပြီပဲ"

ပြောရင်းနှင့် သူမလည်း ထရပ်လိုက်သည်။ "ကျွန်မ စားပြီးပြီ၊ ကလေးကိုခေါ်ပြီး အပြင် လမ်းလျှောက်ထွက်လိုက်ဦးမယ်။ နေ့လည်စာက ကျွန်မ ချက်တာဆိုတော့ ခဏနေရင် ရှင် ပန်းကန်ဆေးလိုက်တော့"

သူ့ထံမှ အဖြေကို မစောင့်ဘဲ သမီးငယ်လေးကို ခေါ်ကာ ဘေးအိမ်မှ ဒေါ်လေးအိမ်သို့ သွားလည်လေသည်။

လီရှောင်းသည် ဘာမှ ထပ်မပြောတော့ချေ။ ကလေးကို ပညာပေးရာတွင် သူသည် အမှန်တကယ် နားမလည်ဘဲ ဝဝလင်လင် စားရလျှင် လုံလောက်ပြီဟု ထင်ခဲ့ခြင်းဖြစ်သည်။ သူ ငယ်ငယ်ကလည်း ဤသို့ပင် ကြီးပြင်းလာခဲ့ရသည် မဟုတ်လား။

သူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်ပြီးနောက် သူသည် ကျန်ရှိနေသော ဟင်းများကို အကုန်စားလိုက်သည်။

ကျန်းရိုမှာ ထမင်းစားလျှင် အမြဲတမ်း အနည်းငယ် ချန်ထားတတ်လေ့ရှိရာ သူသည်လည်း အလဟဿ မဖြစ်စေရန် သူမ၏ ပန်းကန်ထဲမှ ကျန်နေသော ထမင်းများကို မိမိပန်းကန်ထဲ ထည့်ကာ အကုန်စားပစ်လိုက်သည်။

နေလည်ပိုင်းတွင် လီရှောင်းသည် အပြင်သို့ တစ်ခေါက် ထပ်ထွက်သွားပြီး အတော်နောက်ကျမှ ပြန်ရောက်လာသည်။ သူသည် အခန်းထဲသို့ မပြန်ဘဲ တစ်ဖက်အခန်းတွင်သာ အိပ်လိုက်သည်။

…..

နောက်တစ်နေ့ မနက်တွင်လည်း လူကို မတွေ့ရသော်လည်း အိမ်သို့ ပစ္စည်းများစွာ ဝယ်လာခဲ့သည်။ ဂျုံမှုန့်၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအပြင် လတ်ဆတ်သော အသားများ၊ အမဲသားနှင့် ဆိတ်သားများကိုလည်း အလေးချိန် အများကြီး ဝယ်လာခဲ့သည်။

ကျန်းရို၏လက်ရာမှာ အတော်လေး ကောင်းမွန်သည်။ သူမကိုယ်တိုင်ကလည်း အစားအသောက် မက်သူဖြစ်ရာ ပုံမှန်အားဖြင့် အားလပ်ရက်များတွင် အိမ်၌ အင်တာနက် ဗီဒီယိုများကို ကြည့်ကာ အရသာရှိသော အစားအစာများကို လုပ်စားလေ့ရှိသည်။

ဤသည်မှာ သမီးငယ်လေးကို အလွန်ပျော်ရွှင်စေပြီး နှစ်သစ်ကူးပွဲတော် ရောက်နေသကဲ့သို့ ခံစားရစေသည်။ ညစာ စားနေစဉ်တွင် သူမက ရုတ်တရက် "ပါပါးနဲ့ မာမား ရှိတာ တကယ်ကောင်းတာပဲ"

ဤစကားကြောင့် ကျန်းရိုနှင့် လီရှောင်းတို့ နှစ်ဦးစလုံး ခဏမျှ မှင်တက်သွားကြသည်။

ညဘက် ကိုယ်လက်သန့်စင်ပြီးနောက် သမီးငယ်လေးမှာ ဘာမှနားမလည်ဘဲ ပါပါးကို သူတို့နှင့်အတူ အိပ်ရန် အတင်းပူဆာနေတော့သည်။

ကျန်းရို ရေချိုးပြီး အခန်းထဲ ပြန်ဝင်လာသောအခါ အဖေဖြစ်သူကို ဖက်ထားပြီး လက်မလွှတ်နိုင်ဖြစ်နေသည့် သမီးငယ်လေးကို တွေ့လိုက်ရသည်။ မျက်နှာကြက်မှ မီးရောင်သည် လီရှောင်း၏ ပေါ်လွင်ထင်ရှားသော မျက်နှာကျပေါ်သို့ ကျရောက်နေပြီး သူ့တစ်ကိုယ်လုံးကို အလွန်နူးညံ့သိမ်မွေ့စေသည်။

ဤသည်မှာ သူမ၏ စိတ်ထင်မဟုတ်ဘဲ ဤလူသည် သူ့သမီးနှင့် ရင်ဆိုင်ရချိန်တွင် မျက်နှာအမူအရာမှာ မသိစိတ်အရ နူးညံ့သွားတတ်ကြောင်း ကျန်းရို သတိပြုမိလိုက်သည်။

သားအဖနှစ်ဦး၏ သံယောဇဉ်ကို စိတ်လှုပ်ရှားသွား၍လား မသိ၊ ကျန်းရိုသည် ရှားရှားပါပါး စိတ်ပျော့သွားကာ "ထားလိုက်ပါတော့၊ ရှင် ဒီမှာပဲ အိပ်လိုက်ပါ"

သူမသည် လူသားမဆန်သူ တစ်ယောက် မဟုတ်သလို၊ ဟိုဘက်အခန်းမှာ ယခင်က လီရှောင်း၏ ကွယ်လွန်သွားသော အဘိုး နေထိုင်ခဲ့သည့် အခန်းဟု ကြားထားသဖြင့် တွေးကြည့်ရုံနှင့်ပင် အတော်လေး ကြောက်စရာကောင်းနေသည်။

သမီးငယ်လေးသည် မိခင်ဖြစ်သူ၏ စကားကို ကြားသောအခါ ချက်ချင်းပင် ပျော်ရွှင်စွာ ရယ်မောပြီး "ပါပါး၊ မာမား စိတ်မဆိုးတော့ဘူးနော်၊ ပါပါး ဒီည ပြန်လာအိပ်လို့ ရပြီ"

သမီးငယ်လေးက ဘယ်သူ့ဆီက ထင်ယောင်ထင်မှား ဖြစ်သွားသည်မသိ၊ ပါပါး ဟိုဘက်မှာ သွားအိပ်တာက မာမား စိတ်ဆိုးနေလို့ဟု သူမက အထင်ရောက်နေရှာသည်။

"..."

ကျန်းရိုနှင့် လီရှောင်းတို့မှာ မသိစိတ်အရ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် အနေခက်စွာဖြင့် အကြည့်လွှဲလိုက်ကြသည်။ သမီးငယ်လေး၏ စကားကြောင့် သူတို့နှစ်ဦးမှာ တကယ့်လင်မယားများကဲ့သို့ ဖြစ်သွားရသည်။

…..

နောက်တစ်နေ့ မနက်တွင် ကျန်းရိုနှင့် လီရှောင်းတို့သည် ကလေးကို သူငယ်တန်းသို့ အတူတူ လိုက်ပို့ကြသည်။

ဤသည်မှာ သမီးငယ်လေးအတွက် ပါပါးနှင့် မာမား နှစ်ယောက်စလုံး လိုက်ပို့ပေးသည့် ပထမဆုံးအကြိမ် ဖြစ်သဖြင့် အလွန်ပျော်ရွှင်နေပုံရကာ လမ်းတစ်လျှောက်လုံး ခုန်ပေါက်နေတော့သည်။ သူငယ်တန်း တံခါးဝသို့ ရောက်သောအခါ သူမသည် နှစ်ဦးစလုံး၏လက်ကိုဆွဲကိုင်ကာ တံခါးဝတွင် တစ်ပတ်ပတ်နေပြီး တမင်တကာ အတွင်းသို့ မဝင်သေးပေ။

ကျန်းရိုက မေးလိုက်သောအခါ သူမက ရှက်ကိုးရှက်ကန်း ပြုံးလျက် "သမီးက တခြားလူတွေကို ပါပါးနဲ့ မာမားကို မြင်စေချင်လို့ပါ" ဟု ဖြေသည်။

ကျန်းရို၏ရင်ထဲတွင် စိတ်မကောင်း ဖြစ်သွားရသည်။

နောက်ဆုံးတွင် ဆရာမ ရောက်လာမှသာ သမီးငယ်လေးမှာ မချင့်မရဲဖြင့် အတွင်းသို့ ဝင်သွားတော့သည်။

သို့သော် သူမ မဝင်မီတွင် လွယ်အိတ်ထဲမှ ပုံဆွဲစာရွက်ကို ထုတ်ပြလိုက်သည်။ မနေ့က သူမသည် ပန်းပွင့်လေးများကို ရယူပြီး ပါပါးနှင့် မာမားကို ပေးချင်ကြောင်း၊ သို့သော် သူမ၏ပုံမှာ မလှသဖြင့် တစ်ခါမှ မရဖူးကြောင်း ကျန်းရို ကြားခဲ့ရသည်။

ထို့ကြောင့် ကျန်းရို စိတ်ပျော့သွားကာ သူမအတွက် ဆွဲပေးလိုက်ခြင်းဖြစ်သည်။ တောင်တန်းများ၊ တံတားလေးများကို ဆွဲပေးထားပြီး သစ်ရွက်များကို အိမ်ပုံစံ ညှပ်ကာ ကပ်ပေးထားသည်။ နောက်ဆုံးအဆင့်တွင် ကျန်းရိုက သူမ၏ လက်ကလေးကို ကိုင်ကာ အရောင်ခြယ်ပေးခဲ့ခြင်းဖြစ်ရာ သူမ ဆွဲသည်ဟု ဆိုနိုင်ပါသည်။

ထိုအချိန်တွင် ခြံထဲ၌ ကလေးအတွက် စာရေးစားပွဲ လုပ်ပေးနေသော လီရှောင်းက ဤရဲသင်တန်းသူလေးမှာ စံနှုန်းနှစ်မျိုး ရှိနေကြောင်း သတိပြုမိလိုက်သည်။ အချို့အရာများကို သူလုပ်လျှင် မရသော်လည်း သူမလုပ်လျှင်မူ ရနေတတ်သည်။

ဥပမာအားဖြင့် ကလေးကို အများကြီး မကျွေးရ၊ ဗိုက်အောင့်လိမ့်မည်ဟု ဆိုသော်လည်း သူမကိုယ်တိုင်မူ ထမင်းစားပြီးနောက် ကလေးကို မုန့်များ ကျွေးတတ်သည်။

နောက်ထပ်တစ်ခုမှာ သမီးဖြစ်သူက ပန်းပွင့်လေးများ လိုချင်သည်ကို ကြားသောအခါ သူက ပန်းပွင့်လေးများမှာ မည်သို့ပုံစံလဲဟု မေးမြန်းပြီး သမီးအတွက် နှစ်ခုလောက် ဝယ်ပေးရန် ပြင်ဆင်ခဲ့သည်။ သို့သော် ကျန်းရိုက သူ့ကို တားမြစ်ကာ ဤသို့လုပ်ခြင်းမှာ မကောင်းကြောင်း၊ ကလေးကို ပို၍ သိမ်ငယ်စိတ် ဝင်စေကာ သူများထက် ညံ့သည်ဟု ခံစားရစေနိုင်ကြောင်း ပြောခဲ့သည်။ သို့သော် သူမကိုယ်တိုင်မူ ကလေးတစ်ယောက် မဆွဲနိုင်သည့် ပုံမျိုးကို ကလေးအတွက် ဆွဲပေးလိုက်သည်။

သမီးငယ်လေးမှာ ဖုံးကွယ်တတ်သူ မဟုတ်သဖြင့် ပုံကိုကိုင်ကာ ပျော်ရွှင်စွာ ဝင်သွားပြီး အတန်းရှေ့တွင် သူငယ်ချင်းများနှင့် တွေ့သောအခါ "ဒါက ငါ့မာမား ဆွဲပေးတာ၊ အပေါ်က အရောင်တွေကို ငါတို့ အတူတူ ခြယ်ထားတာ" ဟု မနေနိုင်ဘဲ ကြွားလိုက်ရှာသည်။

တံခါးဝတွင် ရပ်နေသော ကလေးအချို့မှာ သူမကို ဝိုင်းအုံကြည့်ကြပြီး မချီးကျူးဘဲ မနေနိုင်ကြပေ။ "ဝိုး... နင့်မာမား ဆွဲပေးတာ အရမ်းလှတာပဲ"

"လီဖုန်း... နင် ဒီလောက်တော်တဲ့ မာမားရှိတာ ငါ တကယ်အားကျတယ်"

...

သမီးငယ်လေးမှာ ချီးကျူးသံများကြားတွင် တောက်ပသော အပြုံးလေးကို ပြသနေသည်။

သူငယ်တန်း တံခါးဝတွင် ရပ်နေသော လီရှောင်းသည် မြင်လိုက်ရကာ ဘာကြောင့်မှန်းမသိ မျက်ဝန်းများ ရုတ်တရက် စိုစွတ်လာရသည်။

သူ့သမီးမှာ အပြင်တွင် ဤမျှလောက် စိုးရိမ်ကြောင့်ကြမှု ကင်းကင်းနှင့် ရယ်မောနိုင်လိမ့်မည်ဟု သူ တစ်ခါမှ မသိခဲ့ပေ။

သူသည် ဘေးနားရှိ ကျန်းရိုကို လှည့်ကြည့်လိုက်ရာ သူမသည်လည်း ကလေးကို ကြည့်နေပြီး နှုတ်ခမ်းထောင့်တွင် အပြုံးလေး ချိတ်ဆွဲထားကာ မျက်ဝန်းထဲတွင်လည်း ဂုဏ်ယူနေသည့် အရိပ်အယောင်များ ရှိနေသည်ကို တွေ့လိုက်ရသည်။

ကလေးငယ်လေးများ၏ ချီးကျူးမှုကို ရရှိခြင်းက သူမကို အလွန်ဂုဏ်ယူစေပုံရသည်။

သူ့မျက်ဝန်းများမှာ မသိစိတ်အရ နူးညံ့သွားရသည်။

သူငယ်တန်းမှ ထွက်လာပြီးနောက် နှစ်ယောက်သား ပြည်သူ့ရေးရာဌာနသို့ သွားကြသည်။

ပြည်သူ့ရေးရာဌာနသို့ ရောက်သောအခါ နံနက် ရှစ်နာရီခွဲ ရှိနေပြီဖြစ်သော်လည်း ရုံးတံခါး မဖွင့်သေးသဖြင့် နှစ်ဦးသား တံခါးဝတွင် ခဏစောင့်နေကြသည်။ တံခါးဝတွင် အခြားသူများလည်း ရှိနေသော်လည်း အားလုံးမှာ လူငယ်များသာဖြစ်ကြရာ လက်ထပ်စာချုပ် လာလုပ်ကြသူများ ဖြစ်ပုံရသည်။

လူလတ်ပိုင်း ဇနီးမောင်နှံတစ်စုံသာ မျက်နှာမကောင်းဘဲရှိပြီး အစတွင် စကားများနေကြရာမှ နောက်ပိုင်းတွင် လက်ပါလာကြတော့သည်။

ကျန်းရိုလည်း အများကြီး မစဉ်းစားတော့ဘဲ မသိစိတ်အရ ရှေ့သို့တက်ကာ နှစ်ယောက်သားကို ဆွဲဖယ်လိုက်သည်။

ဘယ်သိပါ့မလဲ၊ သူမသည် ယခု သူမ၏ ခန္ဓာကိုယ်အခြေအနေကို ထည့်မတွက်ခဲ့မိချေ။ လူကို ဆွဲမဖယ်နိုင်သည့်အပြင် ထိုလူလတ်ပိုင်း အမျိုးသမီး၏ အတင်းတွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် သူမတစ်ကိုယ်လုံး နောက်သို့ အရှိန်ဖြင့် လန်သွားတော့သည်။

ထိုအမျိုးသမီးက ဒေါသကို သူမအပေါ်သို့ ပုံချလိုက်သည်။ "ဘာလာဆွဲတာလဲ၊ လက်ထပ်တော့မှာကို အပြင်မှာ ဟိုလူနဲ့ရှုပ် ဒီလူနဲ့ရှုပ်နေတာ၊ ကြည့်ရတာ နင်ကလည်း အရှက်မရှိတဲ့ ဖာသည်မပဲ ဖြစ်မှာ..."

လီရှောင်းသည် သူမကို မြဲမြံစွာ တွဲပေးလိုက်ပြီး ရှေ့သို့ တက်ရပ်လိုက်ကာ ထိုလူကို အေးစက်သော မျက်နှာဖြင့် ကြည့်လိုက်သည်။

အန္တရာယ်ကင်းပုံရသော ကျန်းရိုနှင့်ယှဉ်လျှင် သူသည် သိသိသာသာပင် အနိုင်ကျင့်ရန် မလွယ်ကူသော ပုံစံရှိသည်။

ထိုအမျိုးသမီးမှာ ထိုအခါမှသာ အသံတိတ်သွားတော့သည်။

တစ်ဖက်ရှိ လူလတ်ပိုင်း အမျိုးသားမှာမူ ဘေးတွင်ရပ်နေပြီး စကားတစ်ခွန်းမှ မပြောပေ။

ကိုးနာရီတွင် ပြည်သူ့ရေးရာဌာန တံခါးဖွင့်ရာ လီရှောင်းနှင့် ကျန်းရိုတို့သည် အနောက်ဆုံးမှ လိုက်ဝင်သွားကြသည်။ အထဲသို့ ရောက်သောအခါ ကွာရှင်းသည့် ပြတင်းပေါက်တွင် လူမရှိဘဲ ခုနက လူလတ်ပိုင်း ဇနီးမောင်နှံသာ ရှိနေပြီး နှစ်ယောက်သား အထဲတွင် ထပ်မံ စကားများနေကြပြန်သည်။

ကျန်းရိုနှင့် လီရှောင်းတို့မှာ ဆက်လက် စောင့်ဆိုင်းနေကြရသည်။ စောင့်ဆိုင်းနေစဉ်အတွင်း ကျန်းရိုသည် ခုနက လီရှောင်း၏ ကာကွယ်ပေးမှုကြောင့် သူ့အပေါ် အထင်အမြင် အတော်လေး ကောင်းသွားသဖြင့် စကားစမြည် မေးလိုက်သည်။ "ရှင် နောက်ပိုင်းမှာ နောက်အိမ်ထောင် ထပ်ပြုဦးမှာလား"

ယခင်ဘဝက သူ့အကြောင်းကိုတော့ မပြောတော့ပါ။ သမီးအတွက် ကလဲ့စားချေပြီးကာမှ အေးအေးဆေးဆေး နေရတော့မည့်အချိန်တွင် ကားအက်စီးဒင့်ဖြစ်ပြီး ဆုံးပါးသွားခဲ့ရသည်။

တကယ့်ကို သနားစရာကောင်းလှသည်။

လီရှောင်းသည် သူမ၏မျက်ဝန်းထဲမှ စပ်စုလိုစိတ်ကို သတိပြုမိလိုက်သော်လည်း စကားကို လိုရင်းတိုရှင်းသာ ပြောလိုက်သည်။ "မပြုတော့ဘူး"

ကျန်းရိုက ခေါင်းညိတ်ပြလိုက်သည်။ သူမလည်း ပြုဖြစ်လိမ့်မည် မဟုတ်ပေ။ ယခင်ဘဝကတည်းက သူမသည် လက်မထပ်ချင်ခဲ့သော်လည်း သူမ၏မိဘများမှာ အလွန်စိုးရိမ်နေကြပြီး သူမ ကျောင်းပြီးသည်နှင့် သူမ၏အစ်ကိုကို လူမိတ်ဆက်ပေးခိုင်းကာ စေ့စပ်ပေးရန် စီစဉ်ခဲ့ကြသည်။

စကားပြောပြီးနောက် နှစ်ဦးသား ပြန်လည် တိတ်ဆိတ်သွားကြပြန်သည်။ အဓိကမှာ လီရှောင်းမှာ စကားနည်းသူဖြစ်သဖြင့် ကျန်းရိုအနေဖြင့် စကားပြောရန် အနည်းငယ် ခက်ခဲနေခြင်းပင်။

သူမသည် ခုနက အတွန်းခံလိုက်ရသဖြင့် နာကျင်နေသော သူမ၏ လက်မောင်းကို ပွတ်သပ်လိုက်ရာ ဖြူဖွေးသော လက်မောင်းပေါ်တွင် အသားများ ညိုမည်းနေသည်ကို တွေ့လိုက်ရသည်။

လီရှောင်းသည် မျက်လွှာချကာ တစ်ချက်ကြည့်လိုက်ပြီးနောက် ခဏမျှ တိတ်ဆိတ်သွားပြီးမှ ရုတ်တရက် စကားပြောလိုက်သည်။ "နောက်ဆိုရင် ဒီလိုမျိုးကိစ္စတွေနဲ့ တွေ့ရင် ဝေးဝေးက ရှောင်နေ"

ကျန်းရို လက်မောင်းကို ပွတ်နေသည့် လက်မှာ ရပ်တန့်သွားပြီး မသိစိတ်အရ သူ့ကို မော့ကြည့်လိုက်ရာ အမျိုးသား၏ တည်ငြိမ်သော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသဖြင့် စိတ်ထဲတွင် အနည်းငယ် အံ့သြသွားသော်လည်း အသာအယာသာ ပြန်ထူးလိုက်လေသည်။ "အင်း..."

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အချပ်ပို ၃.၄ ။ လီရှောင်းပြန်လည်မွေးဖွားခြင်း

အတော်ကြာအောင် စောင့်ဆိုင်းပြီးနောက်တွင်တော့ အထဲမှ လူလတ်ပိုင်းဇနီးမောင်နှံမှာ ကွာရှင်းခြင်းကိစ္စ ပြီးမြောက်သွားကြလေသည်။

သူတို့နှစ်ဦး အပြင်သို့ထွက်လာစဉ် ထိုအမျိုးသမီးမှာ ကျန်းရိုတို့နှစ်ယောက်ကို မြင်သွားပြီး လှောင်ပြောင်ချင်သော်လည်း လီရှောင်း၏ အေးစက်လှသော အကြည့်နှင့်ဆုံလိုက်ရသဖြင့် ချက်ချင်းပင် ပါးစပ်ပိတ်သွားတော့သည်။

သူမသည် ခေါင်းလှည့်ကာ အနောက်မှလိုက်လာသည့် သူမ၏အမျိုးသားမှာ အသုံးမကျကြောင်း လှည့်၍ဆဲဆိုလေသည်။ ထိုအခါ အမြဲတမ်း နှုတ်ဆိတ်နေတတ်သော ထိုအမျိုးသားမှာ သူမကို တွန်းဖယ်ကာ ထွက်သွားတော့၏။

အမျိုးသမီးမှာ ခဏမျှ မှင်တက်သွားပြီးနောက် ဘာမှမစဉ်းစားတော့ဘဲ အနောက်မှ လိုက်၍ အော်ဟစ်ဆဲဆိုတော့သည်။ "လျိုချန်ကန်း... နင့်လို အသုံးမကျတဲ့ကောင်က..."

ကျန်းရိုနှင့် လီရှောင်းတို့ အထဲသို့ ဝင်သွားကြသည်။ အထဲရှိ အိမ်ထောင်ရေးမှတ်ပုံတင်အရာရှိမှာ သူတို့နှစ်ဦးကို ကြည့်၍ အနည်းငယ် အံ့သြသွားပုံရသည်။ ဤမျှ ငယ်ငယ်ရွယ်ရွယ်နှင့် ကွာရှင်းရန် ရောက်လာကြလိမ့်မည်ဟု မထင်ထားပုံပင်။

ကျန်းရိုနှင့် လီရှောင်းတို့က မှတ်ပုံတင်နှင့် လိုအပ်သည့် စာရွက်စာတမ်းများကို တင်ပြလိုက်ကြသည်။

အရာရှိက စာရွက်စာတမ်းများကို လက်ခံယူကာ စစ်ဆေးပြီးနောက် ကွာရှင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များကို ရှင်းပြပြီး နှစ်ဦးသဘောတူ ဆန္ဒရှိပါသလားဟု မေးမြန်းသည်။

ကျန်းရိုက "ဟုတ်ကဲ့" ဟု ချက်ချင်းပြန်ဖြေပြီး ဘေးနားရှိ လီရှောင်းကမူ ခဏမျှ တုံ့ဆိုင်းနေပြီးမှ "ဟုတ်ကဲ့" ဟု လိုက်ဆိုလေသည်။

အရာရှိသည် သားသမီးရေးရာနှင့် ပိုင်ဆိုင်မှုကိစ္စများကို ထပ်မံမေးမြန်းပြီးနောက် အားလုံးအဆင်ပြေကြောင်း အတည်ပြုပြီးမှ "ကွာရှင်းမှတ်ပုံတင် လျှောက်ထားလွှာ" ကို ထုတ်ပေးကာ နှစ်ဦးစလုံးကို လက်မှတ်ထိုးခိုင်းလိုက်သည်။

ထို့နောက် ကျန်းရိုနှင့် လီရှောင်းတို့သည် "ကွာရှင်းမှတ်ပုံတင် စစ်ဆေးခြင်းပုံစံ" နှင့် ကွာရှင်းလက်မှတ်များကို ဖြည့်စွက်ကြသည်။

နောက်ဆုံးတွင် သူတို့၏ လက်ထပ်စာချုပ်မှာ တံဆိပ်တုံးထု၍ ပယ်ဖျက်ခြင်း ခံလိုက်ရပြီ ဖြစ်သည်။

ကွာရှင်းလက်မှတ်ကို ရရှိပြီးနောက် ကျန်းရိုနှင့် လီရှောင်းတို့ အပြင်သို့ ထွက်လာခဲ့ကြသည်။ ကျန်းရိုသည် လမ်းလျှောက်နေရင်း ထိုလက်မှတ်ကို အသစ်အဆန်းသဖွယ် လှန်လှောကြည့်နေပြီး စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားနေရ၏။

တံခါးဝသို့ ရောက်သောအခါ ကျန်းရို တစ်ခုခုကို သတိရသွားသည်။ "ဒါနဲ့... ရှင် ကျွန်မကို အကူအညီတစ်ခုလောက် ပေးနိုင်မလား"

လီရှောင်းက ခေါင်းလှည့်ကြည့်သော်လည်း မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိပေ။

ကျန်းရိုလည်း သူ ဘာကိုဆိုလိုမှန်း မသိသဖြင့် မျက်နှာပြောင်တိုက်ကာ ပြောလိုက်သည်။ "ရှင့်ရဲ့ ဇနီးဟောင်းမှာ ညီမလေးတစ်ယောက် ရှိတယ်မလား၊ အဲဒီကလေးကို ရှာပေးလို့ ရမလား"

ဤသို့ပြောလိုက်စဉ် ကျန်းရို မျက်မှောင်ကြုံ့လိုက်မိသည်။ အဓိကမှာ ထိုအိပ်မက်ထဲမှ ပုံရိပ်များက သူမ၏စိတ်ထဲတွင် စွဲထင်နေသောကြောင့် ဖြစ်၏။ အိပ်မက်ထဲမှ လူအချို့ကို ယခုထက်ထိ တကယ်ဖြစ်ပျက်ခဲ့သကဲ့သို့ သူမ မှတ်မိနေသေးသည်။

အိပ်မက်ထဲတွင် သူမသည် မိမိ၏ ညီမအရင်းလေးကို ကယ်တင်ခဲ့သည်။ ထိုညီမလေးမှာ အစပိုင်းတွင် ဘဝ၌ အလွန်ပင်ပန်းဆင်းရဲခဲ့ရသော်လည်း နောက်ပိုင်းတွင် သူမ၏ အကူအညီဖြင့် နာမည်ကြီး တက္ကသိုလ်တစ်ခုသို့ တက်လှမ်းနိုင်ခဲ့ကာ သူမချစ်ရသူနှင့်လည်း လက်ထပ်ခဲ့ရသည်။

ထိုလူမှာလည်း သူမနှင့် ရင်းနှီးသူဖြစ်သော်လည်း ယခုအချိန်တွင်မူ ထိုသူမှာ မည်သူဖြစ်ကြောင်း ကျန်းရို လုံးဝစဉ်းစား၍ မရတော့ချေ။

ကျန်းရိုအနေဖြင့် ဤတောင်းဆိုချက်ကို ပြောရခြင်းမှာ ထိုအိပ်မက်မှာ အမှန်တကယ် ဟုတ်၊ မဟုတ် စူးစမ်းလိုခြင်းအပြင် ထိုညီမလေးကို အမှန်တကယ်ပင် ကူညီချင်သောကြောင့်ဖြစ်သည်။ အကယ်၍ အိပ်မက်က အမှန်ဖြစ်ခဲ့လျှင်ပေါ့။

လီရှောင်းသည် သူမက ဘာကြောင့် ရုတ်တရက် 'ကျန်းရို' ၏ ညီမကို ရှာချင်နေမှန်း မသိပေ။ သူ မှတ်မိသလောက်ဆိုလျှင် 'ကျန်းရို' ၌ ညီမတစ်ယောက် ရှိသော်လည်း ထိုကလေးမှာ ငယ်ငယ်ကတည်းက သူတစ်ပါးထံ အမွေစားအမွေခံ ပေးလိုက်ရသူ ဖြစ်သည်။

ယခင်ဘဝက 'ကျန်းရို' ၏ ညီမကို မွေးစားမိဘများက လူပျိုကြီးတစ်ဦးထံ ရောင်းစားခဲ့ကြသည်။ လီရှောင်း ဤမျှ သေသေချာချာ မှတ်မိနေရခြင်းမှာ တစ်နှစ်တွင် သူမ၏ အစ်မကြီးဖြစ်သူ လာလည်စဉ်က ဤကိစ္စကို ပြောပြခဲ့သောကြောင့်ဖြစ်သည်။ ထိုစဉ်က 'ကျန်းရို' မှာ စိတ်မဝင်စားသည့်အပြင် အမွေစားအမွေခံ ပေးလိုက်ပြီဖြစ်၍ သူတို့နှင့် မပတ်သက်တော့ကြောင်း၊ သူများကိစ္စ ဝင်မပါရန် အစ်မဖြစ်သူကိုပင် ပြန်ပြောခဲ့သေးသည်။

ထိုစဉ်က လီရှောင်း အလွန်အံ့သြခဲ့မိသည်။ သူနှင့် 'ကျန်းရို' နှစ်ဦးစလုံးမှာ အေးစက်သောသူများ ဖြစ်ကြပါလျက် ရှောင်ဖုန့်ကဲ့သို့ ကြင်နာတတ်သော ကလေးမျိုး မည်သို့ မွေးဖွားလာခဲ့သလဲဟုပင်။

သူသည် ကျန်းရိုကို ကြည့်လိုက်ရာ သူမမှာ မိမိနှင့် မသက်ဆိုင်သော ညီမလေးအတွက် စိုးရိမ်နေသဖြင့် မျက်မှောင်များ ကြုံ့နေသည်ကို တွေ့လိုက်ရသည်။

လီရှောင်း၏ စိတ်ထဲတွင် အနည်းငယ် လှုပ်ခတ်သွားရသည်။ သူမ၏ ဆန္ဒကို နားလည်သဖြင့် သူက "ငါ အခု သွားကြည့်လိုက်မယ်" ဟု လိုက်လျောလိုက်လေသည်။

ကျန်းရို အမှန်တကယ်ပင် ဝမ်းသာသွားကာ "ဒါဆိုရင်တော့ အရမ်းကောင်းတာပဲ" ဟု အမြန်ပြောလိုက်တော့သည်။

….

နေလည်ပိုင်း သုံးနာရီခွဲတွင် ကျန်းရိုသည် သူငယ်တန်းသို့ ကလေးသွားကြိုသည်။ ကလေးကို ပြန်ခေါ်လာပြီးနောက် သူမ မီးဖိုချောင်သို့ သွား၍ ထမင်းချက်နေစဉ် သမီးငယ်လေးမှာ တံခါးဝရှိ စာရေးစားပွဲအသစ်လေးတွင် ပုံဆွဲနေသည်။

ပါပါး ပြန်လာသည်ကို မြင်သောအခါ သူမက ပျော်ရွှင်စွာ အော်ခေါ်လိုက်သည်။ "ပါပါး…"

ထို့နောက် မချင့်မရဲဖြင့် ပြောပြလေသည်။ "သမီး ဒီနေ့ ပန်းပွင့်လေး ရခဲ့တယ်နော်"

လီရှောင်း ခြံထဲသို့ ဝင်လာစဉ် သူမ၏အပြုံးလေးကို မြင်လိုက်ရပြီး မီးဖိုချောင်ရှိ မီးခိုးခေါင်းတိုင်မှ မီးခိုးဖြူဖြူလေးများ ထွက်နေသည်ကို မြင်သောအခါ ဘာကြောင့်မှန်းမသိ ရင်ထဲ၌ နွေးထွေးမှု တစ်ခုခုကို ခံစားလိုက်ရသည်။

ညနေစာတွင် ကျန်းရိုက ဟင်းသုံးမျိုးနှင့် စွပ်ပြုတ်တစ်မျိုးကို ယခင်အတိုင်း ချက်ထားသည်။ အမဲသား အာလူးကြော်၊ ပုစွန် ကြက်ဥမွှေ၊ ခရမ်းသီးဆီပြန်ဟင်းနှင့် ပဲပြား ဟင်းရွက်စွပ်ပြုတ်တို့ ဖြစ်၏။

သမီးငယ်လေးမှာ အစားကောင်းကောင်း စားနိုင်ရှာသည်။ ထမင်းတစ်ပန်းကန်လုံး ကုန်အောင် စားသည့်အပြင် စွပ်ပြုတ်တစ်ပန်းကန်ကိုလည်း သောက်လိုက်သေးသည်။

ထမင်းစားနေစဉ် ကျန်းရိုက စတင်မေးမြန်းမှသာ လီရှောင်းက စကားပြောလာသည်။ "မင်းညီမလေးက အခု လူငယ်လူငယ်ထိန်းသိမ်းရေးဂေဟာမှာ"

ကျန်းရို ကြားလိုက်ရသဖြင့် မှင်တက်သွားကာ လီရှောင်းကို အံ့သြတကြီး ကြည့်လိုက်သည်။

လီရှောင်းမှာ တစ်စုံတစ်ယောက်က သူ့ကို ဤသို့ စိုက်ကြည့်သည်ကို မနေတတ်သဖြင့် မျက်လွှာချကာ အကြည့်ရှောင်လိုက်ပြီးမှ ထပ်ပြောပြသည်။ "လွန်ခဲ့တဲ့ နှစ်အနည်းငယ်က သူမကို မွေးစားမိဘတွေက တောင်ပေါ်က လူပျိုကြီးတစ်ယောက်ဆီ ရောင်းစားခဲ့ကြတယ်။ နောက်ပိုင်းမှာ သူက အဲ့ဒီလူကို မှားယွင်းသတ်မိသွားခဲ့တယ်"

ထိုလူပျိုကြီး၏ အိမ်တွင်လည်း လူသိပ်မရှိတော့ပေ။ ထိုစဉ်က ကလေးမလေးမှာ ဆယ့်သုံးနှစ်သာ ရှိသေးသော်လည်း သူမ၏ မွေးစားမိဘများက ရွာထဲတွင် အရှက်ရမည်စိုးသဖြင့် အသက်ကို လိမ်ညာကာ သူမကို လူငယ်ထိန်းသိမ်းရေးဂေဟာသို့ ပို့လိုက်ကြခြင်းဖြစ်သည်။

ကျန်းရို စကားပင် မပြောနိုင်တော့ပေ။ အိပ်မက်ထဲတွင်မူ ထိုညီမလေး၏ ဘဝမှာ ဤသို့မဟုတ်ခဲ့ချေ။ သူမသည် နာမည်ကြီး တက္ကသိုလ်တက်ခဲ့ပြီး အလွန်လှပသော ဘဝတစ်ခု ရှိခဲ့သည်။

လီရှောင်းက တည်ငြိမ်စွာပင် "သူမ မကြာခင် ပြန်လွတ်တော့မှာပါ"

ကျန်းရို ခဏမျှ တိတ်ဆိတ်သွားပြီးမှ မေးလိုက်သည်။ "ကျွန်မ သူ့ကို ကူညီလို့ ရမလား"

လီရှောင်းက သူမကို တစ်ချက်ကြည့်ကာ ထမင်းဆက်စားရင်း "မင်းသဘောပါ"

သို့သော် သူက စကားတစ်ခွန်း ထပ်ဖြည့်လိုက်သေးသည်။ "ငါ့သူငယ်ချင်းတစ်ယောက်က အပြင်မှာ ကျောင်းသွားတက်နေတော့ သူ့အိမ်က အားနေတယ်။ အိမ်မှာ အဘွားအိုတစ်ယောက်ပဲ ရှိတာ။ မင်း ကူညီချင်တယ်ဆိုရင် သူမကို အဲဒီအိမ်မှာ ပေးနေလိုက်ပါ။ ပိုက်ဆံနည်းနည်း သုံးပြီး ကျောင်းဆက်ထားပေးလို့လည်း ရပါတယ်"

သူက "မင်းသဘော" ဟု ဆိုသော်လည်း ကျန်းရိုအတွက် အားလုံး စီစဉ်ပေးပြီးသားဖြစ်သည်။

သို့သော်လည်း သူမကို အိမ်သို့ ခေါ်လာရန် မစီစဉ်ခဲ့ပေ။ အကြောင်းမှာ သူမသည် လူသတ်မှု ကျူးလွန်ခဲ့ဖူးသူ ဖြစ်သည့်အပြင် ထိန်းသိမ်းရေးစခန်းတွင်လည်း နေခဲ့ဖူးသဖြင့် ရှောင်ဖုန့်တို့နှင့် တစ်အိမ်တည်းတွင် အတူနေရန်မှာ လီရှောင်းအတွက် မဖြစ်နိုင်သောကြောင့်ဖြစ်၏။

သူ့အမြင်တွင်မူ ကျန်းရို၏ စိတ်ဓာတ်မှာ ရှောင်ဖုန့်ထက် အနည်းငယ်သာ ပိုသိတတ်ပြီး အလွန်အမင်း ရိုးသားလွန်းသည့်အပြင် အသိဉာဏ်မဲ့သော ကူညီလိုစိတ်နှင့် တရားမျှတလိုစိတ် ရှိနေသူ ဖြစ်သည်။

မဟုတ်လျှင် သူသည် 'လီရှောင်း' ဖြစ်ကြောင်း သိရက်နှင့်ပင် ဆက်ဆံရဲမည် မဟုတ်သလို ရှောင်ဖုန့်ကို ပြုစုစောင့်ရှောက်မည့် တာဝန်ကိုလည်း ယူရဲမည် မဟုတ်ပေ။

လီရှောင်းမှာ အလွန်စိတ်ကောင်းရှိသူ မဟုတ်ကြောင်း ကျန်းရို သိသော်လည်း သူ ယခုကဲ့သို့ လုပ်ပေးခြင်းမှာ သူမအတွက် ဖြစ်မည်ဟု တွေးမိသည်။ အကြောင်းရင်းက မည်သို့ပင်ဖြစ်စေ ကျန်းရို အလွန်ကျေးဇူးတင်မိ၏။

သူမသည် ဟင်းဖတ်များကို ဇွန်းနှင့်ခပ်၍ သူ၏ ပန်းကန်ထဲ ထည့်ပေးလိုက်ကာ ချော့မော့သည့် လေသံဖြင့် "ရှင် အများကြီး စားနော်"

လီရှောင်း ခေါင်းမော့၍ ကျန်းရိုကို ကြည့်လိုက်ရာ မျက်လုံးလေးများ တောက်ပလျက် ပြုံးနေသော သူမကို တွေ့လိုက်ရသဖြင့် သူသည် မသိမသာ မျက်လွှာချလိုက်ကာ ရင်ထဲမှ မူမမှန်သော နွေးထွေးမှုကို လျစ်လျိုရှုရန် ကြိုးစားလိုက်သည်။

ဘေးနားရှိ သမီးငယ်လေးမှာ မာမားက ပါပါးကို ဟင်းခပ်ပေးသည်ကို မြင်သောအခါ သူမ၏ ပန်းကန်လေးကို မြှောက်ပြကာ လိုချင်ကြောင်း ပူဆာပြန်သည်။

ကျန်းရိုကမူ မပေးဘဲ "သမီး ဘယ်လောက်တောင် စားထားပြီလဲ၊ ဗိုက်အောင့်မှာ မကြောက်ဘူးလား"

သမီးငယ်လေးမှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း စိတ်မဆိုးဘဲ လိမ်မာစွာဖြင့် ပါပါးနှင့် မာမားကို ဟင်းများ ပြန်ခပ်ပေးနေတော့သည်။

ညဘက်တွင် လီရှောင်းမှာ မိခင်နှင့် သမီးတို့နှင့်အတူ ဆက်အိပ်ရဆဲပင်။ သို့သော် ယခုမူ သူသည် သန်းခေါင်ယံအချိန်တွင် နိုးလာပြီး သမီးဖြစ်သူကို စောင်ခြုံပေးရုံသာမက စောင်ကန်တတ်သည့် တစ်စုံတစ်ယောက်ကိုပါ စောင်ပြန်ခြုံပေးရလေသည်။

ကျန်းရိုမှာ အိပ်လျှင် အလွန်နေရာယူတတ်သူ ဖြစ်သည်။ အေးလျှင် စောင်ကို လိပ်ထားတတ်ပြီး ပူလျှင် စောင်ကို ကန်ပစ်တတ်သည်။ ကုတင်တစ်လုံးလုံးတွင် သူမတစ်ယောက်တည်းက သုံးပုံနှစ်ပုံခန့်ကို နေရာယူထား၏။

အတူနေသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော်လည်း လီရှောင်းမှာ ဤအခြေအနေကို အသားကျနေပြီ ဖြစ်ပုံရကာ သူမ၏ လက်မောင်းအောက်တွင် ပိနေသော သမီးဖြစ်သူကို အသာအယာ ဆွဲထုတ်ပေးလိုက်သည်။

အမျိုးသမီး၏ ဖြူဖွေးနူးညံ့သော လက်မောင်းလေးကို မလိုက်စဉ် လီရှောင်း၏ လက်ချောင်းများမှာ မသိစိတ်အရ တင်းကျပ်သွားပြီး အိပ်ပျော်နေသော သူမ၏မျက်နှာလေးကို မကြည့်ဘဲ မနေနိုင် ဖြစ်ရသည်။

……

မနေ့က ကျန်းရိုအတွက် သတင်းသွားစုံစမ်းပေးသည့် လမ်းတွင် သူငယ်ချင်းဟောင်းများနှင့် ဆုံခဲ့သဖြင့် ယနေ့ ထမင်းအတူစားရန် ချိန်းထားခဲ့သည်။

ချိန်းထားသည့် နေရာသို့ ရောက်သောအခါ ကျူးချန်နှင့် ဝမ်ထောင်တို့မှာ ရောက်နှင့်နေကြပြီဖြစ်ကာ ဟင်းများစွာကိုလည်း မှာထားကြသည်။

လီရှောင်း အခန်းထဲသို့ ဝင်လာသောအခါ သူတို့နှစ်ဦးကို မြင်ပြီး စိတ်ထဲတွင် များစွာ ခံစားလိုက်ရသည်။

ကျူးချန်နှင့် ဝမ်ထောင်အတွက်မူ သူတို့သည် လီရှောင်းနှင့် မတွေ့ရသည်မှာ ခဏမျှသာ ရှိသေးသော်လည်း လီရှောင်းအတွက်မူ ဆယ်နှစ်ကျော်ကြာမှ ပြန်လည်ဆုံတွေ့ရသော သူငယ်ချင်းဟောင်းများ ဖြစ်ကြသည်။

သူ့စိတ်ထဲတွင် သိနေသည်။ ထိုစဉ်က သူငယ်ချင်းဟောင်းများမှာ နောက်ပိုင်းတွင် မည်သို့ပင်ဖြစ်စေ သူ အခက်အခဲနှင့် တွေ့သောအခါ တစ်ဦးချင်းစီက တိတ်တဆိတ် ကာကွယ်ပေးခဲ့ကြသည်ကိုပေါ့။

ကျူးချန်နှင့် ဝမ်ထောင်တို့က သူ ပြန်လာသည်ကို မြင်သောအခါ ပိုက်ဆံတွေ အများကြီး ရလာပြီလားဟု မနာလိုသလိုလိုဖြင့် စနောက်ကြပြီး အရက်များ တိုက်ကြတော့သည်။

ဆူညံလှုပ်ရှားနေသော ထမင်းဝိုင်းတွင် လီရှောင်းက စကားသိပ်မပြောဘဲ ကျူးချန်နှင့် ဝမ်ထောင်တို့၏ စကားများကိုသာ နားထောင်နေသည်။ ဝမ်ထောင်မှာ ကျူးချန်နှင့်အတူ ဟိုတယ်တွင် အလုပ်လုပ်နေခြင်းဖြစ်ရာ ဝင်ငွေ သိပ်မများသော်လည်း အဆင်ပြေနေပုံရသည်။

ထမင်းတစ်နပ်လုံးတွင် ဝမ်ထောင်က ကျူးချန်ကို အားတက်သရော မြှောက်ပင့်ပြောဆိုနေသည်ကို တွေ့ရသည်။

လီရှောင်းမှာ စိတ်ထဲမှ ရယ်မောမိရင်း အရက်သောက်ကာ သူတို့ ကြွားလုံးထုတ်နေသည်ကို ကြည့်နေမိသည်။

ထမင်းစားပြီးနောက် တံခါးဝတွင် လူခွဲကြစဉ် ကျူးချန်က လီရှောင်းကို ဘေးသို့ ရုတ်တရက် ဆွဲခေါ်သွားပြီး တိုးတိုးလေး သတိပေးလေသည်။ "အစ်ကို... ဟိုလေ... ကျွန်တော့်အမြင်အရတော့ အစ်ကို ပိုက်ဆံရှာတာက ရှာတာပေါ့၊ ဒါပေမဲ့ အိမ်ကိုလည်း ဂရုစိုက်ဦး။ ကျွန်တော်က ဟိုတယ်မီးဖိုချောင်မှာ အလုပ်များနေတော့ သိပ်မကြည့်ပေးနိုင်ဘူး။ ဒါပေမဲ့ မရီးက အရမ်းလှတော့ သူမအကြောင်း လာစုံစမ်းနေကြတဲ့လူတွေ အများကြီးပဲလို့ ကြားတယ်..."

ဤစကားမှာ အတော်လေး လိမ္မာပါးနပ်စွာ ပြောခြင်းဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်က ဟိုတယ်တွင် မရီးဖြစ်သူမှာ လူတစ်ယောက်နှင့် ခိုးရာလိုက်ပြေးတော့မည်ဟု သတင်းများ ထွက်နေသဖြင့် သူ အတော်လေး လန့်သွားပြီး လိုက်ရှာခဲ့ရသေးသည်။

ကံကောင်းထောက်မစွာဖြင့် နားလည်မှုလွဲခြင်းသာ ဖြစ်သော်လည်း မရီးဖြစ်သူမှာ အတော်လေး ဇွတ်တရွတ်နိုင်ပြီး ဘာအလိုမကျဖြစ်သည်မသိဘဲ အိမ်သို့ တိုက်ရိုက်ပြန်သွားသဖြင့် သူပင်လျှင် ဟိုတယ်မန်နေဂျာ၏ ဆူပူခြင်းကို ခံခဲ့ရသေးသည်။

လီရှောင်းက "သူမက အရမ်းကောင်းပါတယ်၊ စိတ်မပူပါနဲ့" ဟု ပြန်ပြောလိုက်သည်။

အမှန်တကယ်ပင် စိတ်ပူစရာ မလိုပေ။ ကျန်းရိုနှင့် 'ကျန်းရို' မှာ မတူညီကြပေ။

လီရှောင်းက ထိုသို့ပြောလိုက်သဖြင့် ကျူးချန်လည်း ဘာမှ ထပ်မပြောတော့ချေ။

သို့သော် စိတ်ထဲတွင်မူ အလွန်အံ့သြသွားမိသည်။ လီရှောင်းသည် ယခင်က ကျန်းရိုအပေါ် ဤသို့ တစ်ခါမှ မမှတ်ချက်ပေးဖူးသလို သူမကို ကောင်းသည်ဟုလည်း မချီးကျူးဖူးသောကြောင့်ဖြစ်သည်။

လီရှောင်း အိမ်သို့ တန်းမပြန်ဘဲ မြို့ထဲရှိ လူငယ်လူငယ်ထိန်းသိမ်းရေးဂေဟာသို့ တစ်ခေါက် သွားခဲ့သည်။

သူ အိမ်ပြန်ရောက်သောအခါ ထမင်းစားချိန် ရောက်နေပြီဖြစ်သည်။ အိမ်ရှေ့သို့ ရောက်သည်နှင့် ကျိုးကျန့်က ဖုန်းဆက်လာပြီး ချန်ရုန်က သူ့ကို နေ့တိုင်း လာရှာနေကြောင်း ပြောသည်။

လီရှောင်းက အိမ်တွင် အလုပ်ရှိနေကြောင်းသာ ပြောလိုက်သည်။ လီရှောင်းသည် ချန်ရုန်နှင့်အတူ ဆယ်နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့ပြီး ကိစ္စများစွာကို ဖြေရှင်းပေးခဲ့သည်။ နောက်ပိုင်းတွင် ရှောင်ဖုန့်သာ ကိစ္စမဖြစ်ခဲ့လျှင် သူ ထွက်လာဖြစ်လိမ့်မည် မဟုတ်ပေ။ သူ ထွက်လာပြီး နှစ်အနည်းငယ်အကြာတွင် ချန်ရုန်၏ယောက်ဖဖြစ်သူ မိသားစုမှာ ဒေဝါလီခံလိုက်ရသည်ကို သူ မှတ်မိနေသည်။

ယခုတစ်ကြိမ်တွင် လီရှောင်းသည် G ပြည်နယ်သို့ ပြန်မသွားရန် ဆုံးဖြတ်ထားသည်။ ထိုနေရာမှာ အိမ်နှင့် အလွန်ဝေးကွာလှသည်။ အထူးသဖြင့် နောက်နှစ်တွင် ကျိုးကျန့် တစ်ခုခုဖြစ်လိမ့်မည်။

ကျိုးကျန့်က သူ အိမ်တွင် အလုပ်ရှိသည်ဟုပြောသဖြင့် ကလေးနေမကောင်းဖြစ်သည်ဟု ထင်မှတ်ကာ ဘာမှ ထပ်မပြောတော့ပေ။

….

အိမ်ပြန်ရောက်သောအခါ လီရှောင်းက ကျန်းရိုကို ပြောလိုက်သည်။ "မင်းညီမလေးက သဘက်ခါ ထွက်လာလိမ့်မယ်၊ မင်း သွားကြိုမလား"

ကျန်းရိုက သူ့ကို မော့ကြည့်ကာ ခဏစဉ်းစားပြီးနောက် "ကျွန်မ သွားကြည့်လိုက်မယ်လေ"

လီရှောင်းက ထမင်းတစ်လုတ် စားလိုက်ပြီး မည်သည့်စိတ်ကူးနှင့် ပြောလိုက်သည်မသိဘဲ "ငါ နောက်ပိုင်း G ပြည်နယ်ကို ပြန်မသွားတော့ဘူး၊ S မြို့ကို သွားဖို့ ပြင်ဆင်နေတယ်။ အဲဒီအချိန်ကျရင် ဘေးအိမ်က ဒေါ်လေးကို ကလေးကူထိန်းခိုင်းဖို့ ခေါ်ပေးမယ်။ ငါ အဲဒီမှာ အခြေကျသွားရင် မင်းတို့ကို လာခေါ်မယ်"

ဤသို့ပြောလိုက်စဉ် သူ့လေသံမှာ မရေမရာ ဖြစ်နေသည်။ အကြောင်းမှာ ထိုအချိန်တွင် ကျန်းရိုက သူနှင့်အတူ လိုက်ချင်ပါ့မလား မသေချာသောကြောင့် ဖြစ်၏။

သို့သော် သူ့စိတ်ထဲတွင်မူ သူမကို လိုက်စေချင်သည်။ အကြောင်းရင်းကိုမူ လီရှောင်း ကိုယ်တိုင်ပင် အလေးအနက် မစဉ်းစားလိုတော့ပေ။

ကျန်းရိုက အံ့သြစွာ မော့ကြည့်သည်။ "S မြို့ကို သွားမလို့လား"

လီရှောင်းက "အင်း... G ပြည်နယ်က ဒီမှာနဲ့ အရမ်းဝေးတော့ ပြန်လာရတာ မလွယ်ဘူး"

ကျန်းရို ခေါင်းညိတ်လိုက်သည်။ အမှန်ပင် ဖြစ်၏။ S မြို့မှာမူ ဤနေရာမှ တိုက်ရိုက် ကားကြီးများ ရှိပြီး မနက်သွားလျှင် ညနေ ရောက်နိုင်သည်။

"ငါ အရင်က S မြို့မှာ နှစ်အနည်းငယ် နေခဲ့ဖူးတော့ အဲဒီနေရာကို ပိုကျွမ်းကျင်တယ်"

G ပြည်နယ်သို့မူ နောက်ပိုင်းတွင် သူ တစ်ခါမှ ပြန်မသွားဖြစ်ခဲ့ပေ။

အထူးသဖြင့် ရှောင်ဖုန့်မှာ ယခု အရွယ်ရောက်လာပြီဖြစ်ရာ G ပြည်နယ်သို့ သွားလျှင် စကားမတူသဖြင့် အသားကျရန် ခက်ခဲလိမ့်မည်။

ဤသည်မှာ ယခင်က သူ ကလေးကို G ပြည်နယ်သို့ မခေါ်သွားရသည့် အကြောင်းရင်းလည်း ဖြစ်သည်။ သူ အလုပ်ရှုပ်လျှင် မိမိကိုယ်ကိုပင် ဂရုမစိုက်နိုင်သဖြင့် ကလေးကို ဂရုစိုက်ရန်မှာ ပို၍ မဖြစ်နိုင်ပေ။ ထိုစဉ်က သူသည် နေရင်းအရပ်မှာ ပို၍ အသားကျပြီး ရှောင်ဖုန့်အတွက် ပို၍ လွတ်လပ်လိမ့်မည်ဟု ထင်ခဲ့ခြင်းဖြစ်သည်။

ကျန်းရိုက ခေါင်းညိတ်သည်။ "ရှင့်ဘာသာ ဆုံးဖြတ်တာက အကောင်းဆုံးပါပဲ။ ကျွန်မလည်း တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြန်ဖြေဖို့ ပြင်နေတယ်။ S မြို့က တက္ကသိုလ်တစ်ခုခုကို ဖြေပြီး ကလေးကို စောင့်ရှောက်ဖို့ အဆင်ပြေအောင်လုပ်မယ်"

ပြောပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ စာမေးပွဲ ပြန်ဖြေရမည်ကို တွေးမိသည်နှင့် တစ်ကိုယ်လုံး မောဟိုက်သွားရသည်။

လီရှောင်းသည် သူမ၏ အားပျက်နေသော ပုံစံကို မြင်သောအခါ မျက်ဝန်းထဲတွင် အပြုံးရိပ်အချို့ ဖြတ်ပြေးသွားသည်။

သမီးငယ်လေးမှာ ဘာမှနားမလည်ဘဲ မာမား ဘာဖြစ်တာလဲဟု မေးရှာသည်။

ကျန်းရိုက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ "မာမားက သမီးကို အားကျလို့ပါ။ သမီးက အခု အရမ်းပျော်ဖို့ ကောင်းတာပဲ၊ သူငယ်တန်း တက်ရတဲ့ ရက်တွေကို တန်ဖိုးထားနော်"

ကလေးမလေးမှာ နားမလည်သော်လည်း မာမား သူမခေါင်းကို ပွတ်ပေးသည်ကို ကြိုက်သဖြင့် မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးနေတော့သည်။

ကျန်းရို တစ်ခုခုကို သတိရသွားကာ လီရှောင်းကို အမြန်မေးလိုက်သည်။ "ကျွန်မ ကလေးနာမည်ကို ပြောင်းပေးလို့ ရမလား"

လီရှောင်းမှာ သူမ၏ ဦးနှောက်က ဘာကြောင့် ဤမျှ မြန်နေရတာလဲဟု အံ့သြသွားမိသည်။ ခုနကတင် စာမေးပွဲအတွက် စိတ်ညစ်နေပြီး ယခုမူ ကလေးနာမည်ဆီသို့ ရောက်သွားပြန်ပြီ။ သူက မသိစိတ်အရ "ဘာလို့လဲ" ဟု မေးလိုက်သည်။

ကျန်းရိုက ဝေဖန်လေသည်။ "ဒီနာမည်က အရမ်း ခေတ်နောက်ကျတယ်လို့ ရှင် မထင်ဘူးလား။ ကျွန်မ အစက 'ရှောင်ဖုန်း' (လေပြေ) လို့ ထင်နေတာ။ စွန်လွှတ်တဲ့ လေ၊ ဒါမှမဟုတ် သစ်ရွက် လေညင်း... အဲဒါဆိုရင် တော်သေးတယ်။ ဒါပေမဲ့ 'ဖုန့်' (ဖီးနစ်ငှက်) ဆိုတော့... ဒါက ကျွန်မကို 'ပန်းနု' တို့ 'နွေဦး' တို့လို နာမည်တွေကိုပဲ သတိရစေတယ်... ဟားဟားဟား..."

ပြောရင်းနှင့် သူမဘာသာ ရယ်မောမိတော့သည်။

သမီးငယ်လေးမှာ ဘာမှ မသိသော်လည်း မာမား ရယ်သဖြင့် လိုက်ရယ်နေရှာသည်။

ကျန်းရိုက ထပ်မေးလိုက်သေးသည်။ "ဒီနာမည်ကို ရှင်ပဲ ပေးထားတာ မဟုတ်လား"

သူ ဘာမှ ပြန်မပြောသည်ကို မြင်သောအခါ သူမက ရယ်သံကို အောင့်ထားရင်း ဟန်ဆောင်ပန်ဆောင် နှစ်သိမ့်လိုက်သည်။ "တကယ်တော့လည်း အဆင်ပြေပါသေးတယ်... ဟားဟားဟား..."

စကားအဆုံးတွင်မူ သူမ မအောင့်နိုင်ဘဲ ထပ်၍ ရယ်မောမိပြန်သည်။

လီရှောင်းက သူမကို တစ်ချက်ကြည့်ကာ မိမိဘာသာ ထမင်းဆက်စားနေ၏။

ကျန်းရိုက ပို၍ ဆိုးလာကာ လက်ဖြင့် လက်ဖက်ရည်ခွက်ထဲမှ ရေကို တို့၍ စားပွဲပေါ်တွင် နာမည်တစ်ခု ရေးပြလိုက်သည်။ ထိုအိပ်မက်ထဲတွင် သူမ၏ သမီးနာမည်မှာ "လီချင်းရှူ" ဖြစ်ကြောင်း သူမ မှတ်မိနေသည်။

ရေးပြီးနောက် သူမက တမင်တကာ မေးလိုက်သည်။ "ဒီနာမည် ဘယ်လိုလဲ၊ ကျွန်မ စဉ်းစားထားတာ"

လီရှောင်းက တစ်ချက်ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။ "လှတဲ့ စာလုံးနှစ်လုံးကို အတင်းကပ်ထားတာ မဟုတ်ဘူးလို့ သေချာလား"

ကျန်းရို မှင်တက်သွားကာ ဤစကားမှာ တစ်နေရာရာတွင် ကြားဖူးသလို ခံစားလိုက်ရသည်။

သို့သော် သူမ သေသေချာချာ မစဉ်းစားရသေးမီမှာပင် အပြင်ဘက်မှ လီရှောင်းကိုခေါ်သံ ကြားလိုက်ရသည်။

ကျူးချန် ရောက်လာသောအခါ အတွင်းမှ ဆူညံသော စကားပြောသံများကို ကြားလိုက်ရသဖြင့် အံ့သြသွားကာ ခြံထဲသို့ ဝင်ကြည့်လိုက်သည်။ ထိုအခါ အထဲတွင် မိသားစုသုံးယောက် ဝိုင်းဖွဲ့ကာ ထမင်းစားနေကြသည်ကို တွေ့လိုက်ရသည်။ မီးရောင်မှာ မှိန်ဖျော့သော်လည်း ပတ်ဝန်းကျင်မှာမူ အလွန်ပင် နွေးထွေးနေ၏။

သူသည် ခြံထဲတွင် အတော်ကြာအောင် အသံမထွက်ဘဲ ရပ်နေမိသည်။ အကြောင်းမှာ သူ အမြဲတမ်း ထင်မြင်ခဲ့သော အစ်ကိုဖြစ်သူ၏ အိမ်ထောင်ရေး မပျော်ရွှင်မှုမှာ မှားယွင်းနေကြောင်း သူ သိလိုက်ရသောကြောင့် ဖြစ်သည်။ သူ ရောက်ရှိနေသည့် မိနစ်အနည်းငယ်အတွင်းမှာပင် အစ်ကိုဖြစ်သူက မရီးကို အကြိမ်ပေါင်းများစွာ ကြည့်နေသည်ကို တွေ့လိုက်ရသည်။

မရီးက ရယ်မောကာ စကားပြောနေချိန်တွင် အစ်ကို့မျက်ဝန်းထဲ၌လည်း အပြုံးများ ရှိနေသည်။

ဤသို့သော နွေးထွေးသည့် မြင်ကွင်းမျိုးမှာ သူ့အိမ်တွင်ပင် မရှိပေ။ လူတကာက သူ ကျူးချန်မှာ ဘဝအဆင်ပြေသည်ဟု ထင်နေကြသည်။ ဦးလေးမှာ ဟိုတယ်စားဖိုမှူးဖြစ်ပြီး သူလည်း အလုပ်အမြဲတမ်း ဖြစ်သွားပြီ၊ ဇနီးဖြစ်သူကလည်း ဟိုတယ်၏ ခေါင်းဆောင်ငယ်လေး တစ်ယောက်... အမှန်တကယ်တွင်မူ အပြင်ပန်းသာဖြစ်ပြီး သူ့အိမ်တွင် အမြဲတမ်း ရန်ဖြစ်သံများသာရှိသည်။

သူတို့ စကားပြောသံ တိုးသွားမှသာ ကျူးချန်က အသံပေးလိုက်သည်။

လီရှောင်းက ထရပ်၍ ကြိုဆိုသည်။ ကျန်းရိုနှင့် စကားပြောနေသဖြင့် ကျူးချန် မည်သည့်အချိန်က ရောက်လာသည်ကို သူ သတိမထားမိခဲ့ပေ။

ကျူးချန်မှာ စားစရာအချို့ လာပို့ခြင်းဖြစ်သည်။ သူ ဟိုတယ်မှ အလုပ်ဆင်းလာစဉ် ဟင်းအချို့ကို ပါဆယ်ထုတ်လာခဲ့ခြင်းဖြစ်၏။ မရီးဖြစ်သူမှာ ထမင်းဟင်း သိပ်မချက်တတ်ကြောင်း ကြားထားသဖြင့် အစ်ကို ပြန်လာသည့် ခဏတာအတွင်း ကောင်းကောင်းစားရအောင် ဟင်းအချို့ လာပို့ပေးခြင်း ဖြစ်သည်။

သို့သော် အထဲသို့ ဝင်ကြည့်လိုက်သောအခါ စားပွဲပေါ်ရှိ ဟင်းများမှာ အတော်လေး ကောင်းမွန်နေပြီး ထက်ဝက်ကျော်ပင် ကုန်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။

ရုတ်တရက် သူ့အမေ ပြောစကားမှာလည်း မှန်ကောင်းမှန်နိုင်သည်ဟု သူ တွေးမိသွားသည်။ မေ့ဇီမှာ သူထင်ထားသလောက် မရိုးရှင်းဘဲ မရီးအကြောင်း မကောင်းသည်များကို အမြဲပြောပြတတ်သည်။ မရီးက လူချမ်းသာများနှင့် ပတ်သက်နေကြောင်း၊ ထမင်းဟင်း မချက်တတ်ဘဲ ပျင်းရိကြောင်း... သူ့ရှေ့မှာတင် ဤသို့ပြောနေလျှင် အခြားသူများရှေ့တွင် မည်သို့ သတင်းဖြန့်ထားဦးမည်ကို မသိနိုင်ပေ။

လီရှောင်းက သူ့ကို ထမင်းစားရန် ဖိတ်ခေါ်သည်။

ကျူးချန်က "မရီး" ဟု တစ်ချက်ခေါ်လိုက်ပြီးနောက် ပြုံးလျက် ငြင်းဆိုလိုက်သည်။ "အိမ်မှာ ထမင်းချက်ပြီးသားမို့ နောက်မှ စားတော့မယ်၊ သွားဦးမယ်နော်"

လီရှောင်းက သူ့ကို လိုက်ပို့သည်။

အိမ်ရှေ့ခန်း တံခါးဝသို့ ရောက်သောအခါ ကျူးချန်က လိုက်မပို့ရန် တားသဖြင့် လီရှောင်းလည်း တံခါးဝတွင် စက္ကန့်အနည်းငယ် ရပ်နေပြီးမှ အိမ်ထဲသို့ ပြန်ဝင်၍ ထမင်းဆက်စားလေသည်။

ခြံတံခါးဝသို့ ရောက်သောအခါ ကျူးချန်မှာ မနေနိုင်ဘဲ နောက်သို့ ပြန်လှည့်ကြည့်လိုက်မိသည်။ မိသားစုသုံးယောက်မှာ သူ ယူလာပေးသော ဟင်းများကို ပျော်ရွှင်စွာ ထုတ်စားနေကြပြီး မရီးဖြစ်သူက "ဒီလို သူငယ်ချင်းမျိုးတွေ များများလာရင် ကောင်းမှာပဲ" ဟု ပြောသံကို ကြားလိုက်ရသည်။

အစ်ကိုဖြစ်သူ၏မျက်နှာတွင် အပြုံးများ ဝေဆာနေသည်ကို မြင်လိုက်ရသည်။

မြင်ကွင်းတစ်ခုလုံးမှာ အလွန်ပင် ကြည်နူးစရာကောင်းလှသည်။

ဤသည်မှာ သူ့ကိုပင်လျှင် အားကျစိတ် အနည်းငယ် ဖြစ်ပေါ်စေတော့သည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အချပ်ပို ၃.၅ ။ လီရှောင်းပြန်လည်မွေးဖွားခြင်း

နောက်တစ်နေ့တွင် ကျန်းရိုသည် သမီးငယ်လေးကို ကျောင်းခွင့်တိုင်ပေးလိုက်ပြီး နာမည်ပြောင်းရန်အတွက် လီရှောင်းနှင့်အတူ ခေါ်ဆောင်သွားလေသည်။

နံနက်ခင်းတစ်ခုလုံး အလုပ်ရှုပ်ပြီးမှ ရဲစခန်းမှ ထွက်လာနိုင်ကြသည်။ မွန်းတည့်ချိန်တွင် မိသားစုသုံးယောက် အပြင်၌ ထမင်းစားကြပြီးနောက် အချိန်စောနေသေးသည်ကို တွေ့သဖြင့် ကျန်းရိုက သမီးငယ်လေးကို ရုပ်ရှင်လိုက်ပြရန် ပြင်ဆင်လိုက်သည်။

ငယ်ရွယ်စဉ်က လီရှောင်းမှာ ပေါ့ဆ၍လား၊ သို့မဟုတ် အခြားအကြောင်းကြောင့်လားမသိ၊ အိမ်တွင် တီဗီဝယ်မထားခဲ့ပေ။ သမီးငယ်လေးမှာ ဤမျှအရွယ်ရောက်သည်အထိ ဘေးအိမ်မှ ဒေါ်လေးတို့အိမ်တွင်သာ တီဗီကြည့်ဖူးရှာသည်။

ရုပ်ရှင်ရုံရှေ့မှ ဖြတ်သွားစဉ် ကျန်းရိုက သူမကို တိုက်ရိုက်ခေါ်ဝင်သွားလိုက်၏။

သမီးငယ်လေးမှာ အလွန်ပျော်ရွှင်နေပြီး မေမေ့လက်ကို ဆွဲကာ လှုပ်ယမ်းနေတော့သည်။ ရုပ်ရှင်ရုံထဲ ရောက်သောအခါ သူမသည် ခေါင်းတလှည့်လှည့်ဖြင့် ဟိုဟိုဒီဒီ လိုက်ကြည့်နေမိသည်။

ကျန်းရိုက သူမအတွက် ကိုကာကိုလာတစ်ခွက်နှင့် ပြောင်းဖူးပေါက်ပေါက် ဝယ်ပေးလိုက်ရာ သူမ ပို၍ပင် ပျော်သွားတော့သည်။ သို့သော် သူမသည် ပေါက်ပေါက်နှင့် ကိုလာကို ရသည်နှင့် ပထမဆုံးအလုပ်မှာ ပါပါးနှင့် မာမားကို အရင်ကျွေးခြင်းပင် ဖြစ်သည်။

ကျန်းရိုက ငုံ့၍ စားလိုက်သော်လည်း လီရှောင်းကမူ မစားဘဲ သူမဘာသာစားရန် ပြောလိုက်သည်။

ထိုအခါမှ သမီးငယ်လေးမှာ ကျေနပ်သွားကာ အလေးအနက် စားတော့သည်။ သူမသည် ချက်ချင်းကုန်သွားမှာ နှမြောသကဲ့သို့ အလွန်ဖြည်းဖြည်းချင်း စားနေရှာသည်။

ကျန်းရိုက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း လီရှောင်းဘက်သို့ လှည့်ကာ ပြောလိုက်သည်။ "နောက်ဆိုရင် သူမကို KFC သွားကျွေးရမယ်၊ ကလေးတွေက အဲဒါကို အကြိုက်ဆုံးပဲ"

နှမြောစရာကောင်းသည်မှာ ယခုအချိန်တွင် ခရိုင်မြို့လေး၌ KFC မရှိသေးခြင်းပင်။ ရှိပါက ကျန်းရို ယခုပင် ခေါ်သွားမိမည် ဖြစ်သည်။

သမီးငယ်လေးလည်း ကြားသွားသဖြင့် မေမေ့ကို မော့ကြည့်ကာ စပ်စုမေးမြန်းသည်။ "KFCဆိုတာ ဘာလဲဟင်"

ကျန်းရိုက ရယ်မောလျက် "စားလို့ကောင်းတဲ့ဟာလေ၊ နောက်ဆိုရင် ပါပါး ပိုက်ဆံတွေ အများကြီး ရှာနိုင်တဲ့အခါ ကျရင် ငါတို့ကို ခေါ်သွားကျွေးလိမ့်မယ်"

သမီးငယ်လေးမှာ မျှော်လင့်ချက်အပြည့် ရှိနေသော်လည်း လိမ်မာစွာဖြင့် "ပါပါး သိပ်မပင်ပန်းပါနဲ့နော်" ဟု ဆိုရှာသည်။

လီရှောင်း ဘာမှမပြောရသေးမီမှာပင် ကျန်းရိုက စိတ်လှုပ်ရှားသွားကာ ဆောင့်ကြောင့်ထိုင်၍ ကလေးကို ဖက်လိုက်ပြီး ပါးပြင်လေးကို "ဘွတ်" ခနဲ မြည်အောင် နမ်းလိုက်သည်။ "ရှောင်ဖုန်းက ဘာလို့ ဒီလောက်တောင် လိမ်မာရတာလဲ။ မာမား သမီးကို တကယ်ချစ်နေပြီ"

သမီးငယ်လေးက ရှက်ကိုးရှက်ကန်း ပြုံးလျက် "ရှောင်ဖုန်းလည်း မေမေ့ကို ချစ်တယ်" ဟု ပြန်ပြောသည်။

သားအမိနှစ်ဦး စနောက်နေသည့် မြင်ကွင်းကို ကြည့်ရင်း ဘေးမှ တိတ်ဆိတ်နေသော လီရှောင်း၏ မျက်ဝန်းများမှာ ပို၍ နူးညံ့သွားရသည်။

ရုပ်ရှင်ကြည့်ပြီးနောက် ကျန်းရို အိမ်သာသွားလိုက်သည်။ သူမ အိမ်သာမှ ထွက်လာသောအခါ အိမ်ရှေ့ခန်းမတွင် စောင့်နေသည့် သားအဖနှစ်ယောက်ကို လိုက်ရှာရာ အနားယူသည့် ကုလားထိုင်များပေါ်တွင် တွေ့လိုက်ရသည်။

ရှောင်ဖုန်းမှာ ကုလားထိုင်ပေါ်တွင် လိမ်မာစွာ ထိုင်နေပြီး လီရှောင်းမှာ ဘေးနားတွင်ရပ်၍ ဖုန်းပြောနေသည်။

သူမ အနားသို့ လျှောက်သွားစဉ်မှာပင် ကောင်လေးတစ်ယောက်က သူ့လက်ထဲမှ ဖန်ဂေါ်လီလုံးဖြင့် ရှောင်ဖုန်းကို ပစ်ပေါက်နေသည်ကို မြင်လိုက်ရသည်။

ရှောင်ဖုန်းမှာ အလွန်ကြောက်တတ်သူဖြစ်ရာ အပစ်ခံရသော်လည်း အသံမထွက်ရဲဘဲ မျက်ရည်ဝဲလျက် ထိုကောင်လေးကို ကြောက်ကြောက်လန့်လန့် ကြည့်နေရှာသည်။

ကောင်လေးမှာ သူမ ငိုတော့မည့်ပုံစံကို မြင်သောအခါ ပျော်ရွှင်စွာ ရယ်မောပြီး ဂေါ်လီလုံးဖြင့် ဆက်ပေါက်နေ၏။

ဘေးနားရှိ လီရှောင်းမှာ အသံကြားသဖြင့် လှည့်ကြည့်လိုက်ရာ ထိုကောင်လေး၏လုပ်ရပ်ကို မြင်သည်နှင့် သူ့မျက်ဝန်းများ ချက်ချင်း မှောင်ကျသွားသည်။

သူ ခြေလှမ်းပြင်လိုက်စဉ်မှာပင် ကျန်းရိုက အရင်ဆုံး ပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ ကျန်းရိုက မြေပြင်ပေါ်ရှိ ဂေါ်လီလုံးနှစ်လုံးကို ကောက်ယူကာ ရှောင်ဖုန်း၏လက်ထဲ ထည့်ပေးလိုက်သည်။ "ပြန်ပေါက်လိုက်"

ရှောင်ဖုန်းမှာ ဂေါ်လီလုံးကို ကိုင်ထားသော်လည်း မလုပ်ရဲဘဲ ကျန်းရိုကို ဝမ်းနည်းစွာ မော့ကြည့်သည်။ "မာမား"

ကျန်းရိုက သူမ၏ လက်ကလေးကို ဆုပ်ကိုင်လိုက်ကာ "မကြောက်နဲ့၊ မာမား ဒီမှာရှိတယ်။ သူ့ကို ပြန်ပေါက်လိုက်၊ သူ သမီးကို ဘယ်လိုပေါက်လဲ၊ သမီးလည်း သူ့ကို အဲဒီလိုပဲ ပြန်ပေါက်" ဟု အားပေးသည်။

ရှောင်ဖုန်းသည် စိတ်ဆိုးနေသော မာမားနှင့် မလှမ်းမကမ်းရှိ အဖေဖြစ်သူကို ကြည့်လိုက်ပြီးနောက် သတ္တိမွေးကာ လက်ထဲမှ ဂေါ်လီလုံးကို ပြန်ပစ်ပေါက်လိုက်ရာ ထိုကောင်လေးကို ထိသွားတော့သည်။

ကောင်လေးမှာ ချက်ချင်းပင် စိတ်ဆိုးသွားကာ လက်ကျန်ဂေါ်လီလုံးများဖြင့် ရှောင်ဖုန်းကို ဆက်ပေါက်သော်လည်း သူပစ်သမျှ ဂေါ်လီလုံးများကို ကျန်းရိုက အတိအကျ ဖမ်းယူလိုက်သည်။

ကျန်းရိုက ဖမ်းမိသည်နှင့် ရှောင်ဖုန်းကို ကမ်းပေးလိုက်သည်။ "ဆက်ပေါက်"

အကြိမ်အနည်းငယ် အပစ်ခံရပြီးနောက်တွင်တော့ ထိုကောင်လေးမှာ ဒေါသထွက်ကာ ငိုယိုတော့သည်။ "မာမား... သားကို အနိုင်ကျင့်နေကြတယ်"

ထိုအခါ လက်မှတ်ကိုင်ထားသော အမျိုးသမီးငယ်တစ်ဦးမှာ ဒေါသတကြီး ပြေးလာပြီး "ရှင်တို့ ဘာလုပ်နေတာလဲ" ဟု အော်ဟစ်မေးမြန်းသည်။

အမျိုးသမီးမှာ သူမ၏သားကို ဖက်လိုက်ကာ နာကျင်သွားသည့်နေရာများကို ဖွဖွလေး ပွတ်ပေးရင်း ကျန်းရိုကို လှည့်၍ ဆဲဆိုလေသည်။ " နင် ကလေးကို ဘယ်လိုဆုံးမနေတာလဲ။ ငါ့သားကို ဝိုင်းပြီး အနိုင်ကျင့်နေကြတယ်၊ ငါ့ယောကျ်ားက ဘယ်သူလဲဆိုတာ နင် သိရဲ့လား"

ကျန်းရိုက ကလေးကို ကာကွယ်ရင်း ရှေ့သို့ တစ်လှမ်းတက်လိုက်သည်။ "ဘယ်သူလဲ။ ပြောကြည့်ပါဦး၊ ကျွန်မကတော့ တကယ်မကြောက်ဘူး။ ကျွန်မတို့ ခရိုင်ထဲမှာ ဘယ်လို လူကြီးလူကောင်းတွေ ထွက်လာဦးမလဲဆိုတာ ကြည့်ချင်သေးတယ်"

"ပြီးတော့ ကျွန်မကို ကလေး ဘယ်လိုဆုံးမလဲလို့ လာမေးရဲသေးတယ်ပေါ့။ ကိုယ့်ကိုယ်ကိုယ် အရင် ပြန်ဆန်းစစ်ဦး။ ဒီဂေါ်လီလုံးတွေက ကျွန်မတို့ဟာလား"

အမျိုးသမီးမှာ ထိုစကားကြောင့် စွန့်အသွားရသည်။ ကျန်းရိုက ဤသို့ တုံ့ပြန်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ သူမ၏မျက်နှာမှာ အလွန်ပျက်သွားကာ ကျန်းရိုတို့အုပ်စုကို လက်ညှိုးထိုးရင်း အံကြိတ်ကာ ပြောသည်။ "ကောင်းပြီ၊ နင် သတ္တိရှိရင် ဒီမှာပဲ စောင့်နေ။ ဖုန်းတစ်ချက်လောက် ဆက်လိုက်မယ်၊ နင် ဆက်ပြီး စကားတင်းနိုင်ဦးမလား ကြည့်ရသေးတာပေါ့"

ကောင်လေးမှာ အိမ်တွင် အလိုလိုက်ခံထားရသူဖြစ်ရာ မိခင်ဖြစ်သူ၏ အားပေးမှုကို ရသည်နှင့် အလွန်ရဲတင်းလာကာ "မာမား... သူတို့ ဝိုင်းရိုက်ကြတာ၊ မာမား သူတို့ကို ပြန်ရိုက်ပေး"

ကျန်းရိုက လုံးဝ မကြောက်ပေ။ "ဖုန်းဆက်မယ် ဟုတ်လား။ ဖုန်းရှိတာ ရှင်တစ်ယောက်တည်း မဟုတ်ဘူး။ လီရှောင်း... ဖုန်းပေးဦး၊ ကျွန်မလည်း ဖုန်းတစ်ချက် ဆက်လိုက်မယ်။ ရှင် တစ်ယောက်ခေါ်ရင် ကျွန်မ ဆယ်ယောက်ခေါ်မယ်၊ ဘယ်သူ့ကို ကြောက်ရမှာလဲ"

"ရှင့်ယောကျ်ားက ခရိုင်ခေါင်းဆောင်ဆိုရင် ကျွန်မ အထက်ကို တိုင်မယ်။ မြို့နယ်က မသိချင်ယောင်ဆောင်ရင် ပြည်နယ်ကို တိုင်မယ်၊ ပြည်နယ်က မလုပ်ပေးရင် ဗဟိုကို တိုင်မယ်။ မြို့တော်ဝန်ဖုန်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူးဖုန်း၊ စစ်ဆေးရေးဌာန ဖုန်းနံပါတ်တွေ အကုန်လုံး ကျွန်မ သိတယ်။ ကျွန်မကတော့ မယုံဘူး၊ နိုင်ငံတော် တည်ထောင်လာတာ ဒီလောက်ကြာနေပြီ၊ ဒီလို လူယုတ်မာတွေ အများကြီး ရှိနေဦးမလားဆိုတာ။ ရှင် သတ္တိရှိရင် လူခေါ်လိုက်လေ၊ တစ်ယောက်လာရင် တစ်ယောက် တိုင်ပစ်မယ်၊ ဒါဟာ နိုင်ငံတော်ရဲ့ ဆိုရှယ်လစ် တည်ဆောက်ရေးမှာ ကူညီပေးတာပဲ"

လီရှောင်းသည် ထိုစကားကို ကြားသောအခါ ဖုန်းထဲသို့ စကားတစ်ခွန်းပြောလိုက်ပြီး ချက်ချင်း ချလိုက်ကာ ဖုန်းကို ကျန်းရိုထံ ကမ်းပေးလိုက်သည်။

အမျိုးသမီးမှာ ကျန်းရိုတွင်လည်း ဖုန်းရှိလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသည် လူမိုက်မဟုတ်ပါ။ ယခုခေတ်တွင် ဖုန်းဝယ်နိုင်သူမှာ သာမန်မိသားစုမဟုတ်ကြောင်း သိသည်။ ထို့အပြင် ကျန်းရိုကိုင်ထားသော ဖုန်းမှာ နာမည်ကြီး တံဆိပ်ဖြစ်ပြီး အဖိုးတန်လှကာ သူမကိုင်ထားသော ရာဂဏန်းတန် ဖုန်းနှင့် မတူပေ။

ကျန်းရို၏ ဘာကိုမှ မကြောက်သော ပုံစံကို မြင်သောအခါ နောက်ခံအင်အား ရှိလိမ့်မည်ဟု ထင်မှတ်ကာ ဝေခွဲမရဖြစ်နေပြီးမှ သားဖြစ်သူကို ဆွဲကာ ထွက်သွားတော့သည်။ "နင်တို့ တော်တော် ရဲတင်းတာပဲ"

သူတို့ ထွက်သွားသည်နှင့် ကျန်းရိုက ဒေါသတကြီးဖြင့် ဖုန်းကို လီရှောင်း၏လက်ထဲသို့ ပြန်ထိုးထည့်ပေးလိုက်သည်။ "ဘယ်လိုလူတွေပါလိမ့်"

ရှောင်ဖုန်းကမူ အလွန်ပျော်ရွှင်နေပြီး ကျန်းရိုကို အထင်ကြီးအားကျစွာ ကြည့်နေသည်။ "မာမားက အရမ်းတော်တာပဲ"

ကျန်းရိုသည် ထိုစကားကြောင့် စိတ်အနည်းငယ် ကြည်လင်သွားသော်လည်း ဆုံးမလိုက်သေးသည်။ "နောက်ဆိုရင် ဘယ်သူက အနိုင်ကျင့်ကျင့် ပြန်ချလိုက်၊ မနိုင်ရင် ပြေး၊ အိမ်ပြန်ရောက်ရင် မာမားကိုပြော၊ မာမား ဖြေရှင်းပေးမယ်"

လီရှောင်း ရှိနေသည်ကို သတိရသဖြင့် စကားတစ်ခွန်း ထပ်ဖြည့်လိုက်သည်။ "ပါပါးကို ပြောလည်း ရတယ်"

ရှောင်ဖုန်းက အားပါးတရ ခေါင်းညိတ်သည်။ "မာမားက အတော်ဆုံးပဲ"

"ကဲပါ... မြှောက်ပင့်မနေနဲ့တော့၊ မာမား ရေခဲမုန့် ဝယ်ကျွေးမယ်၊ စိတ်ပြေသွားအောင်လို့"

လီရှောင်းမှာ အနောက်မှ လိုက်လာပြီး တံခါးဝသို့ ရောက်သောအခါ သူသည် ရုတ်တရက် နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူ့မျက်ဝန်းများမှာ အေးစက်လှသည်။

သမီးဖြစ်သူ၏ ပျော်ရွှင်သောအော်သံကို ကြားမှသာ သူ အကြည့်ပြန်လွှဲလိုက်ပြီး မျက်ဝန်းထဲတွင် နွေးထွေးမှုများ ပြန်လည် ဝင်ရောက်လာသည်။

ရှေ့မှ ကျန်းရိုက သူ့ကို လှမ်းခေါ်သည်။ "ရှင် ဘာတွေ ငေးနေတာလဲ။ ရေခဲမုန့် စားမလားလို့ မေးနေတာလေ"

လီရှောင်းက သူမ၏ စပ်စုသောအကြည့်နှင့် ဆုံသောအခါ ခဏမျှ တုံ့ဆိုင်းနေပြီးမှ "မစားတော့ဘူး" ဟု ပြန်ဖြေသည်။

ကျန်းရိုက ခေါင်းညိတ်ကာ သူ့အတွက် မဝယ်ပေးတော့ဘဲ သူမနှင့် ကလေးအတွက်သာ တစ်ယောက်တစ်ချောင်း ဝယ်လိုက်သည်။

ရှောင်ဖုန်းက ရေခဲမုန့်ကို တစ်လုတ် မြည်းကြည့်ပြီး လီရှောင်းကို ပျော်ရွှင်စွာ ပြောသည်။ "ပါပါး... ရေခဲမုန့်က စားလို့ အရမ်းကောင်းတယ်"

လီရှောင်းသည် သူမ၏အပြုံးလေးကို ကြည့်ရင်း ရင်ထဲတွင် တဖြည်းဖြည်း နူးညံ့လာရသည်။

သူ ခဏစဉ်းစားပြီးနောက် ဘေးနားရှိ ကျန်းရိုကို တိုးတိုးလေး ပြောလိုက်သည်။ "ကျေးဇူးပဲ"

ခုနက သူမ၏ ရဲရင့်သော ပုံစံကြောင့် ကြောက်တတ်သော ရှောင်ဖုန်းလေးမှာ ဤမျှမြန်မြန် ပြန်လည် ရယ်မောနိုင်ခဲ့ခြင်း ဖြစ်သည်။

ကျန်းရို ထိုစကားကြောင့် မှင်တက်သွားကာ သူ့ကို လှည့်ကြည့်လိုက်ရာ သူ၏ နက်မှောင်သော မျက်ဝန်းများနှင့် ဆုံတွေ့လိုက်ရသည်။ သူမက "ရပါတယ်" ဟု အားနာစကား မဆိုဘဲ လက်ထဲမှ ရေခဲမုန့်ကို ကမ်းပေးလိုက်သည်။ "ရှင် တကယ် ကျေးဇူးတင်တယ်ဆိုရင် ဒါကို စားလိုက်"

ကျန်းရိုသည် မူလကိုယ်ပိုင်ရှင်၏ ရာသီလာမည့်ရက်ကို မသေချာသော်လည်း သူမကိုယ်တိုင်၏ ရက်မှာမူ နီးကပ်နေပြီ ဖြစ်သည်။ ခုနက နှစ်လုတ်ခန့်စားပြီးမှ ဤကိစ္စကို သတိရသွားကာ ဗိုက်နာမှာကို အလွန်စိုးရိမ်သွားခြင်းဖြစ်၏။

လီရှောင်းက သူမ စားလက်စ ရေခဲမုန့်ကိုကြည့်ကာ ခဏမျှ တွေးဝေနေသည်။

ကျန်းရိုက သူ ရွံရှာနေသည်ဟု ထင်သဖြင့် မကျေမနပ် ပြောလိုက်သည်။ "ရှင် ကျွန်မရဲ့ ထမင်းကျန်ကိုတောင် စားသေးတာပဲ၊ ဒါကိုကျမှ ဘာလို့ လာရွံနေတာလဲ"

ထိုအခါမှ လီရှောင်းက လှမ်းယူလိုက်ကာ ရေခဲမုန့်ကို တစ်လုတ် ကိုက်လိုက်သည်။ အလွန်အေးမြသော်လည်း အလွန်ချိုမြိန်လှသည်။

သူ့အကြည့်မှာ ဘေးနားရှိ လူသားလေးထံသို့ မသိမသာ ရောက်သွားရာ သူမမှာ လက်ဖြင့် ပြင်းထန်သော နေရောင်ခြည်ကို ကာကွယ်နေရင်း သူနှင့် အကြည့်ချင်းဆုံသောအခါ မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြလိုက်သည်ကို တွေ့လိုက်ရ၏။

….

နောက်တစ်နေ့တွင် လီရှောင်းသည် ကျန်းရိုကိုခေါ်ကာ ညီမလေးကို သွားကြိုသည်။

နံနက်ပိုင်းတွင် ကလေးကို သူငယ်တန်းသို့ ပို့ဆောင်ပြီးနောက် လီရှောင်းက ကားတစ်စီး ငှားလိုက်ကာ ကျန်းရိုကိုတင်၍ မြို့ထဲသို့ မောင်းထွက်ခဲ့သည်။

လူငယ်ထိန်းသိမ်းရေးဂေဟာသို့ ရောက်သောအခါ လီရှောင်းက တာဝန်ရှိသူများနှင့် အရင်ဆုံး သွားရောက် ညှိနှိုင်းသည်။ ခဏအကြာတွင် တာဝန်ရှိသူက ပိန်ပိန်ပါပါး မိန်းကလေးတစ်ဦးကို ခေါ်ဆောင်လာသည်။ "ဖုရှောင်ယွဲ့... မင်းရဲ့ မိသားစုဝင်တွေ လာကြိုပြီ"

ကျန်းရို ထရပ်လိုက်ပြီး အနားသို့ လျှောက်လာသော မိန်းကလေးကို မြင်သောအခါ တတ်နိုင်သမျှ နူးညံ့သော အသံဖြင့် ပြောလိုက်သည်။ "ရှောင်ယွဲ့... ငါက မင်းရဲ့ တတိယအစ်မလေ"

ဖုရှောင်ယွဲ့မှာ ခေါင်းငုံ့ထားပြီး ဘာမှမပြောသလို သူမကိုလည်း မကြည့်ပေ။

ကျန်းရိုက ဘေးနားရှိ လီရှောင်းကို လှမ်းကြည့်လိုက်သည်။

လီရှောင်းက "အရင်ဆုံး ထမင်းသွားစားရအောင်"

ကံကောင်းသည်မှာ ဖုရှောင်ယွဲ့မှာ သူတို့နှင့်အတူလိုက်လာရန် သဘောတူခဲ့ခြင်းပင်။ ကျန်းရိုသည် ဖုရှောင်ယွဲ့က သူမကို ငြင်းပယ်မှာ စိုးရိမ်သဖြင့် ကားပေါ်တက်သောအခါ သူမကို အနောက်ခန်းတွင် ထိုင်ခိုင်းပြီး သူမကိုယ်တိုင်မှာမူ အရှေ့ခန်းတွင် ထိုင်လိုက်သည်။

ကျန်းရိုက နောက်သို့လှည့်ကာ သူမကို တိုးတိုးလေး ပြောပြနေသည်။ "ငါတို့က မင်းရဲ့ အစ်မ (၃)နဲ့ ခဲအိုလေ။ ခဲအိုက မင်းရဲ့ အိမ်ထောင်စုစာရင်းကို ငါတို့နာမည်အောက် ပြောင်းပေးထားပြီးပြီ။ နောက်ဆိုရင် ငါတို့နဲ့ပဲ အတူနေကြမယ်။ အိမ်က သိပ်မကျယ်တော့ လူအများကြီး နေလို့မရဘူး၊ အဲဒါကြောင့် ခဲအိုက သူ့သူငယ်ချင်းအိမ်မှာ မင်းနေဖို့ စီစဉ်ပေးထားတယ်။ အဲဒီအိမ်မှာ အဘွားအိုတစ်ယောက်ပဲ ရှိတာ"

"မင်း အရင်ဆုံး ခဏ အနားယူလိုက်ဦး၊ ဒီနှစ် ဒုတိယပိုင်းကျရင် အထက်တန်း ပြန်တက်ရမယ်"

ကျန်းရို ဘာပဲပြောပြော ဖုရှောင်ယွဲ့မှာ ဘာမှပြန်မပြောဘဲ ခေါင်းငုံ့ကာ တိတ်ဆိတ်နေဆဲပင်။

နောက်ဆုံးတွင် လီရှောင်းက လူသွားလမ်းရှိ စားသောက်ဆိုင်တစ်ခုရှေ့တွင် ကားရပ်လိုက်ပြီး ဟင်းများမှာကာ စောင့်နေစဉ် ကျန်းရိုက ဖုရှောင်ယွဲ့ကိုခေါ်၍ အဝတ်အစားအချို့နှင့် ဖိနပ်နှစ်စုံ သွားဝယ်ပေးလိုက်သည်။

ပြန်ရောက်သောအခါ ဟင်းများ ရောက်နေပြီဖြစ်သဖြင့် ဝိုင်းထိုင်စားကြသည်။

စားပြီးနောက် ဖုရှောင်ယွဲ့က ကျန်းရိုကို မော့ကြည့်လိုက်သည်။ သူမ၏မျက်နှာတွင် မည်သည့်အမူအရာမျှ မရှိဘဲ ထူးဆန်းသော လေသံဖြင့် မေးလိုက်သည်။ "ဘာလို့ ကျွန်မအပေါ် ဒီလောက် ကောင်းနေရတာလဲ။ ကျွန်မ ရှင်တို့ကို ကျေးဇူးတင်မှာ မဟုတ်ဘူးနော်"

စကားမပြောသည်မှာ ကြာပြီဖြစ်သဖြင့် စကားပြောရာတွင် အသားမကျသေးပုံရသည်။

ကျန်းရိုက သူမကို သနားစဖွယ် ကြည့်လိုက်ပြီး ခေါင်းခါပြသည်။ "ကျေးဇူးတင်ဖို့ မလိုပါဘူး၊ မင်း စာကိုပဲ သေသေချာချာ သင်ယူပါ။ နောက်ကျရင် နာမည်ကြီး တက္ကသိုလ်တစ်ခုခုရအောင် ကြိုးစားနော်"

ထမင်းစားပြီးနောက် ကျန်းရိုက သူမကို ဆံပင်ညှပ်ဆိုင်သို့ ခေါ်သွားကာ ကျောင်းသူကေ ညှပ်ပေးလိုက်သည်။

အလွန်ပိန်လှသဖြင့် ကြည့်ရသည်မှာ ပို၍ပင် ငယ်သွားသယောင်ရှိသည်။

အားလုံးပြီးစီးသောအခါ သုံးယောက်သား ပြန်လာကြသည်။ လီရှောင်းက သူ့သူငယ်ချင်း ကျင်းတာ့ယို၏ အိမ်သို့ တိုက်ရိုက် မောင်းသွားသည်။ ကြိုတင်ပြောထားပြီးဖြစ်ပုံရကာ တာ့ယို၏ အဘွားဖြစ်သူက တာ့ယို၏အခန်းကို ရှင်းလင်းပေးထားသည်။

ထွက်ခွာခါနီးတွင် ကျန်းရိုက ဖုရှောင်ယွဲ့အား ငွေတစ်ရာ ထုတ်ပေးလိုက်သည်။

ဖုရှောင်ယွဲ့က ခဏမျှ တွေဝေနေပြီးမှ လှမ်းယူလိုက်ကာ "နောက်ကျရင် ကျွန်မ ဒါကို ပြန်ဆပ်ပါ့မယ်"

ကျန်းရိုက မငြင်းဘဲ "ရပါတယ်" ဟု ဖြေလိုက်၏။

အပြင်သို့ ရောက်သောအခါ ကျန်းရို ကားနားသို့ လျှောက်သွားရင်း နောက်သို့ လှည့်ကြည့်လိုက်ရာ ဖုရှောင်ယွဲ့မှာ တံခါးဝတွင် ရပ်၍ သူတို့ကို တိတ်တဆိတ် ကြည့်နေသည်ကို တွေ့ရသည်။ ကျန်းရိုက လက်ပြလိုက်ကာ "ပြန်ဝင်တော့နော်" ဟု နှုတ်ဆက်လိုက်သည်။

…..

လီရှောင်းက ကားပြင်ဆိုင်သို့ သွား၍ ကားပြန်အပ်လိုက်သည်။ ကျန်းရိုက အချိန်စောနေသေးသဖြင့် ဈေးသို့ သွားချင်ကြောင်း ပြောရာ လီရှောင်းကို အရင်ပြန်ခိုင်းလိုက်သည်။

လီရှောင်းက ဘာမှမပြောသော်လည်း သူမ၏နောက်မှ တကောက်ကောက် လိုက်လာခဲ့သည်။

ကျန်းရိုလည်း သူ့ကို မတားတော့ပေ။

နှစ်ယောက်သား ဈေးဝယ်သောအခါ ကျန်းရိုက ရွေးချယ်ပြီး လီရှောင်းက သယ်ပေးသည်။

ကျန်းရိုက အစပိုင်းတွင် ဒါစားမလား၊ ဟိုဟာစားမလားဟု မေးသော်လည်း လီရှောင်းက အားလုံး စားသည်ဟုသာ ဖြေသည်။

နောက်ဆုံးတွင် ကျန်းရိုက "ရှင် မစားတဲ့ဟာကော ရှိလား" ဟု မေးလိုက်ရာ လီရှောင်းက "မရှိဘူး ထင်တယ်" ဟု ပြန်ဖြေသည်။

ကျန်းရို ခေါင်းညိတ်ကာ စနောက်လိုက်သည်။ "ဒါဆိုရင်တော့ ကျွေးမွေးရတာ အတော်လေး လွယ်တာပဲ"

လီရှောင်းက သူမကို မနေနိုင်ဘဲ စောင်းငဲ့ကြည့်လိုက်မိသည်။

….

အိမ်ပြန်ရောက်သောအခါ ကျန်းရို ရေနွေးတည်၍ ခေါင်းလျှော်လိုက်ပြီး တံခါးဝတွင် ထိုင်ကာ ဆံပင်သုတ်နေသည်။ အိမ်တွင် ဆံပင်အခြောက်ခံစက် မရှိသဖြင့် နေပူထဲတွင်သာ အခြောက်ခံရသည်။

လီရှောင်းမှာ ခြံထဲတွင် လက်သမားအလုပ် လုပ်နေပြီး ပရိဘောဂ တစ်ခုခု လုပ်နေပုံရသည်။

ကျန်းရိုသည် နှစ်ယောက်သား စကားမပြောဘဲနေရသည်မှာ အနေခက်သဖြင့် "ရှင် ဘာလုပ်နေတာလဲ" ဟု အရင် စတင်မေးမြန်းလိုက်သည်။

လီရှောင်းက လက်မှအလုပ်ကို မရပ်ဘဲ "မင်းအတွက် စာရေးစားပွဲတစ်ခု လုပ်ပေးမလို့"

ကျန်းရို အံ့သြသွားရသည်။ သူမအတွက် လုပ်ပေးနေခြင်းဖြစ်လိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူမသည် ဘေးတိုက်ရပ်နေသော အမျိုးသားကို ကြည့်ရင်း ရင်ထဲ၌ ရုတ်တရက် နွေးထွေးသွားရသည်။

ဘာကြောင့်မှန်းမသိ၊ သူမ စိတ်ထဲရှိသည့်အတိုင်း မေးလိုက်မိသည်။ "ဟိတ်... ရှင် အရင်ဘဝက တခြား မိန်းကလေးတစ်ယောက်ယောက်ကို ချစ်ဖူးလား"

လီရှောင်း လက်မှအလုပ်ကို ရပ်လိုက်ပြီး သူမကို လှည့်ကြည့်သည်။

ကျန်းရိုလည်း သူမ ဘာလို့ ဤသို့သော မေးခွန်းမျိုး မေးလိုက်မိမှန်း မသိသဖြင့် အနေခက်စွာ ပြုံးလိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ ရှင့်ကိုကြည့်ရတာ အရမ်းချောပြီး အရည်အချင်းလည်း ရှိတော့ ရှင့်ကို ချစ်တဲ့လူတွေ အများကြီး ရှိမှာပဲလို့ တွေးမိလို့ပါ"

"မရှိဘူး"

သူက တည်ငြိမ်စွာ ပြောလိုက်ပြီး ခဏအကြာတွင် ထပ်ဖြည့်ပြောသည်။ "တခြားလူကို မချစ်ဖူးဘူး"

ထို့နောက် ခေါင်းပြန်လှည့်ကာ လက်သမားအလုပ်ကို ဆက်လုပ်နေတော့သည်။

သို့သော် သူ့စိတ်ထဲတွင်မူ အနည်းငယ် လှုပ်ခတ်သွားသည်ကို သူကိုယ်တိုင်သာ သိသည်။

"သြော်..."

ကျန်းရိုက အေးစက်စက်ဖြင့် ခေါင်းညိတ်လိုက်သည်။

နှစ်ယောက်သား ပြန်လည် တိတ်ဆိတ်သွားကြပြန်သည်။ ကျန်းရိုသည် ခုနကထက် ပို၍ အနေခက်သွားကာ ခုနက မေးခွန်းမှာ အတော်လေး ဦးနှောက်မရှိသည့် မေးခွန်းဖြစ်ကြောင်း တွေးမိလေသည်။

တစ်ခုခုကို သတိရသွားကာ ကျန်းရိုက တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။ "ဒါနဲ့... ခဏနေရင် ရှင့်ဖုန်း ခဏလောက် ငှားပါဦး"

လီရှောင်းက သူမကို ထပ်ကြည့်ပြန်သည်။

ကျန်းရိုက ရှင်းပြသည်။ "ကျွန်မ ရဲသင်တန်းသားဘဝတုန်းက လူကုန်ကူးမှုတစ်ခုအကြောင်း ကြားဖူးတယ်။ အချိန်ကို တွက်ကြည့်ရင် အခုလောက်ပဲ ဖြစ်ရမယ်။ ကောင်လေးတစ်ယောက်က ငယ်ငယ်လေးကတည်းက အခိုးခံလိုက်ရတာ။ မွေးစားမိဘတွေက သူ့အပေါ် မကောင်းကြဘူး၊ ကြီးလာတဲ့အခါမှာလည်း သူ့ဆီက ပိုက်ဆံတွေကိုပဲ ယူနေကြတာ။ သူက မွေးစားအဖေကို ဆေးကုပေးဖို့ ပိုက်ဆံရှာရင်း လမ်းမှားရောက်ပြီး ခိုးမှုတွေ လုပ်မိတယ်၊ နောက်ဆုံးမှာ လူတစ်ယောက်ကို မှားသတ်မိသွားတယ်။ သူ့ရဲ့မိဘအရင်းတွေကတော့ သူ့ကို လိုက်ရှာရင်း လွန်ခဲ့တဲ့ နှစ်အနည်းငယ်က လမ်းမှာပဲ မတော်တဆဖြစ်ပြီး ဆုံးသွားကြတယ်..."

ဖုရှောင်ယွဲ့ကြောင့်သာ ကျန်းရိုသည် မွေးစားမိဘများ၏ နှိပ်စက်မှုကို ခံခဲ့ရသော ဤသနားစရာ ကောင်းသူအကြောင်းကို သတိရသွားခြင်းဖြစ်သည်။

ပြောရင်းနှင့် သူမ မျက်မှောင်ကြုံ့လိုက်မိသည်။ "ကျွန်မ မှတ်မိသလောက် သူ့ရဲ့မွေးစားမိဘတွေက ဒီပြည်နယ်ထဲက ခရိုင်တစ်ခုမှာပဲနေတာ၊ ဒီနားနဲ့ မဝေးဘူး ထင်တယ်"

လီရှောင်းက သူမကို သေချာကြည့်ကာ မေးလိုက်သည်။ "မင်းက အမြဲတမ်း ဒီလိုပဲ စိတ်ကောင်းရှိနေတာလား"

ကျန်းရိုမှာ ထိုလူ၏ အချက်အလက်များကို ပြန်စဉ်းစားနေသဖြင့် သူပြောသည်ကို သေချာမကြားလိုက်ဘဲ "ဘာလဲဟင်" ဟု မသိစိတ်အရ မေးလိုက်မိသည်။

လီရှောင်းက အကြည့်ပြန်လွှဲလိုက်ကာ "ဘာမှမဟုတ်ဘူး၊ ဖုန်းက အင်္ကျီအိတ်ထဲမှာ ရှိတယ်"

"အင်း"

ကျန်းရိုသည် တစ်ခုခု တွေးမိလျှင် ချက်ချင်းလုပ်တတ်သော အကျင့်ရှိရာ အခန်းထဲသို့ဝင်၍ လီရှောင်း၏ ဖုန်းကို ရှာဖွေသည်။ သို့သော် ဖုန်းကို ရရှိပြီးနောက်တွင်မူ တွေဝေသွားကာ မလှမ်းမကမ်းရှိ လီရှောင်းကို လှမ်းပြောသည်။ "သူငယ်ငယ်က အခိုးခံရတာပဲ သိတာ၊ အခု အဲဒီမှာ ရောက်နေပြီလားဆိုတာတော့ မသေချာဘူး။ အခုထိ အဲဒီကို ရောင်းမစားရသေးရင် ဘယ်လိုလုပ်မလဲ"

လီရှောင်းက ကျန်းရိုကို ကြည့်ကာ တစ်ခုခု စဉ်းစားမိပုံရပြီး လက်မှအလုပ်ကို ရပ်လိုက်သည်။ အဝတ်အစားများကို ပုတ်ခါလိုက်ပြီး ရေတွင်းဘေးသို့ သွားကာ လက်ဆေးပြီး ကျန်းရိုထံ လျှောက်လာသည်။

သူက လိုရင်းတိုရှင်း မေးသည်။ "ဘယ်ခရိုင်လဲ"

ကျန်းရိုက ခေါင်းကုတ်ရင်း စိတ်ညစ်စွာဖြင့် "ကျွန်မ မှတ်မိသလောက်ဆိုရင် ရွှမ်ယွမ်ခရိုင်ပါ၊ ဒါပေမဲ့ ဘယ်မြို့နယ်လဲဆိုတာတော့ သေချာမမှတ်မိဘူး"

လီရှောင်းက မြို့နယ်အချို့၏ အမည်များကို ချက်ချင်း ရွတ်ပြသည်။ သူ ကျူထျန်မြို့နယ်ဟု ပြောလိုက်သောအခါ ကျန်းရိုက မျက်မှောင်ကြုံ့ကာ စကားဖြတ်ပြောလိုက်သည်။ "အဲဒါပဲ ထင်တယ်၊ နည်းနည်း မှတ်မိသလိုရှိတယ်"

လီရှောင်းက ထိုသူ၏မျိုးရိုးအမည်ကို ထပ်မေးသည်။

ဤအချက်ကိုမူ ကျန်းရို သိသည်။ "သူ့ရဲ့ မွေးစားမိဘတွေက 'လျို' မျိုးရိုးပါ။ သူ့နာမည်က 'လျိုလဲ့လဲ့' လို့ မှတ်မိတယ်။ ဘာလို့လဲဆိုတော့ သူ့မွေးစားမိဘတွေက သူတို့ စဝယ်တုန်းက 'လဲ့လဲ့' လို့ ခေါ်မှပဲ သူက ပြန်ထူးလို့တဲ့။ အဲဒီသံသယရှိသူရဲ့ နာမည်အရင်းက 'ဆုန့်ပိုင်ချင့်' ပါ။ ကျွန်မ ရဲစခန်းမှာ အစ်မတွေ ထမင်းစားရင်း ပြောနေတာ ကြားလို့ သိခဲ့တာ။ လူတိုင်းက ဒီနာမည်က ရှေးလူကြီးတွေ နာမည်လိုပဲ အရမ်းလှတယ်လို့ ပြောကြတယ်"

"သူ့ရဲ့ မိဘအရင်းတွေက တောင်ပိုင်းက အရမ်းတော်တဲ့ ကုန်သည်တွေလို့ ကြားတယ်။ နှမြောစရာ ကောင်းတာက သူ့ကို မတွေ့ခင်မှာပဲ မတော်တဆဖြစ်သွားခဲ့တာ။ သူကလည်း လူသတ်မှုနဲ့ ထောင်ကျသွားတယ်၊ သူ့ရဲ့ မိဘအရင်းတွေက မွေးစားထားတဲ့ အစ်ကိုဖြစ်သူကလည်း တစ်ခါပဲ လာကြည့်ခဲ့တယ်... သူက အရမ်း သနားဖို့ကောင်းတယ်လို့ ကျွန်မ ခံစားရတယ်။ သူ့အကြောင်း ကြားပြီးကတည်းက ကျွန်မ ရက်အနည်းငယ်လောက် စိတ်မကောင်း ဖြစ်ခဲ့ရတာ၊ အဲဒါကြောင့် အခုထိ သေချာ မှတ်မိနေတာ"

လီရှောင်းသည် အခြားသူတစ်ဦး၏ ဘဝအကြောင်းကြောင့် မည်သူကမှ ရက်အနည်းငယ်ကြာအောင် စိတ်မကောင်းဖြစ်နေလိမ့်မည်ဟု နားမလည်နိုင်ပေ။

သို့သော် ကျန်းရို၏ကိုယ်ပေါ်တွင် ဤသို့ဖြစ်ပျက်ခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ။

သူက အနည်းငယ် အံ့သြစွာဖြင့် မျက်ခုံးပင့်လိုက်သည်။ "'စုန့်' မျိုးရိုးလား"

"အင်း... 'စုန့်' မျိုးရိုးပါ"

လီရှောင်းက ရုတ်တရက် ပြောလိုက်သည်။ "အဲဒါ ဘယ်သူလဲဆိုတာ ငါ သိလောက်ပြီ ထင်တယ်"

ကျန်းရို မျက်လုံးပြူးသွားသည်။ "တကယ်လား"

"ဖုန်းပေး"

ကျန်းရိုသည် ထိုစကားကို ကြားသည်နှင့် ဘာမှမစဉ်းစားဘဲ ဖုန်းကို သူ့လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။ သူမမှာ အလွန် အလျင်လိုနေသဖြင့် သူမ၏လက်သည် သူ့လက်ဖဝါးနှင့် တိုက်ရိုက် ထိတွေ့သွားသည်ကို သတိမပြုမိလိုက်ပေ။ လီရှောင်းသည် ဖုန်းကို လှမ်းယူလိုက်စဉ်မှာပင် သူမ၏ လက်ကလေးကိုပါ မသိစိတ်အရ ဆုပ်ကိုင်မိသွားသည်။

အသားချင်း ထိတွေ့သွားသောအခါ နှစ်ဦးသား မသိစိတ်အရ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ကျန်းရို သတိဝင်လာသည်နှင့် လက်ကို ချက်ချင်း ပြန်ဆွဲလိုက်သည်။

လီရှောင်း၏ လက်ချောင်းများမှာ အနည်းငယ် လှုပ်ခတ်သွားပြီး ဖုန်းကိုကိုင်ကာ ဘေးသို့ထွက်၍ ဖုန်းပြောလေသည်။ ဖုန်းပြောပြီးနောက် ကျန်းရိုကို ပြန်ပြောပြသည်။ "ငါ အရင်ဆုံး လူလွှတ်ပြီး လျိုမိသားစုရဲ့ အခြေအနေကို စုံစမ်းခိုင်းထားလိုက်မယ်။ ကလေးကို ဝယ်ထားတာ သေချာပြီဆိုမှ တခြားဟာတွေ ဆက်လုပ်တာပေါ့"

ကျန်းရို ခေါင်းညိတ်လိုက်ပြီး အနည်းငယ် အားနာစွာဖြင့် မေးလိုက်သည်။ "ကျွန်မ ရှင့်ကို ထပ်ပြီး ဒုက္ခပေးမိပြန်ပြီလား"

လီရှောင်းက ဖုန်းကို အိတ်ထဲထည့်ကာ တည်ငြိမ်စွာ ဖြေသည်။ "မပေးပါဘူး"

ညဘက် ကျန်းရို ထမင်းချက်နေစဉ် လီရှောင်း မနေနိုင်ဘဲ အခန်းထဲသို့ တစ်ခေါက် ပြန်ဝင်သွားသည်။ သူသည် မှန်ရှေ့တွင် ရပ်ကြည့်ကာ မိမိကိုယ်မိမိ ပထမဆုံးအကြိမ် အလေးအနက် ဆန်းစစ်ကြည့်နေမိသည်။

နေလည်ပိုင်းက ကျန်းရို၏ သူ့အပေါ် မှတ်ချက်ပေးမှုကို တွေးမိသောအခါ သူ့မျက်ဝန်းထဲတွင် အပြုံးရိပ်လေး တစ်ခု ပေါ်လာရသည်။

သို့သော် ထိုအပြုံးမှာ အလွန်ဖျော့တော့လှပြီး အပြင်ဘက်မှ သမီးဖြစ်သူက သူ့ကို လှမ်းခေါ်သောအခါ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

သမီးငယ်လေးမှာ လက်ထဲတွင် ဝက်သားနီချက်တစ်တုံးကို ကိုင်ထားပြီး အစွမ်းကုန် မြှောက်ပြနေသည်။ သူမ၏ ပါးစပ်ထဲတွင်လည်း တစ်တုံး ရှိနေသေးရာ စကားသံမှာ မပီမသ ဖြစ်နေသည်။ "ပါပါး... စား"

လီရှောင်းက တစ်ချက်ကြည့်ကာ "သမီးပဲ စားပါ"

သမီးငယ်လေးက လိမ်မာစွာ ပြောပြသည်။ "မာမားက ပါပါးကို ပေးခိုင်းတာ"

လီရှောင်း ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဆောင့်ကြောင့်ထိုင်ကာ ထိုအသားတုံးကို စားလိုက်လေတော့သည်။

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အချပ်ပို ၃.၆ ။ လီရှောင်းပြန်လည်မွေးဖွားခြင်း

ကျန်းရိုသည် လီရှောင်းကို အလွန်ကျေးဇူးတင်မိသဖြင့် ညဘက်တွင် သူကြိုက်တတ်သော အစားအစာများကို စားပွဲအပြည့် ချက်ကျွေးလိုက်သည်။ ထမင်းစားပြီးနောက် သူမကိုယ်တိုင် ကိုယ်လက်သန့်စင်ပြီးရုံရှိသေးသော်လည်း သူ့အတွက် ရေချိုးရန် ရေနွေးတစ်ဖလားကိုပါ ပြင်ဆင်ပေးလိုက်သေး၏။

လီရှောင်းက သူမ၏ အလွန်အမင်း ဂရုတစိုက်ရှိနေသော ပုံစံကိုကြည့်ပြီး ဘာမှမပြောပေ။

ညဘက် အိပ်ရာထဲရောက်သောအခါ လီရှောင်းက ရှားရှားပါပါး စကားစတင်ပြောလာသည်။ "ငါ မနက်ဖြန် အပြင်သွားစရာရှိတယ်၊ တစ်ပတ်လောက်ကြာမှ ပြန်လာမယ်"

ကျန်းရိုမှာ ကလေးနှင့် ကစားပေးနေရင်း ထိုစကားကို ကြားသော်လည်း အသေးစိတ် ထပ်မမေးဘဲ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ"

…..

လီရှောင်းက တစ်ပတ်ဟု ပြောခဲ့သော်လည်း လေးရက်အကြာတွင် ပြန်ရောက်လာသည်။ သူ အပြင်တွင် ဘာသွားလုပ်သည်ကို ကျန်းရို မသိသော်လည်း သူ့သူငယ်ချင်း ကျိုးကျန့် ပြန်လာသောအခါတွင်မူ ခရိုင်အတွင်းရှိ အရာရှိအချို့ အဂတိလိုက်စားမှုဖြင့် အဖမ်းခံရကြောင်း၊ စက်ရုံနှစ်ရုံမှာလည်း စည်းကမ်းဖောက်ဖျက်သဖြင့် ပိတ်သိမ်းခံရပြီး တစ်ရုံမှာဆိုလျှင် ဥပဒေချိုးဖောက်မှုနှင့်ပင် ပတ်သက်နေကြောင်း သတင်းများ ထွက်ပေါ်လာသည်။ ဤကိစ္စမှာ အတော်လေး ဟိုးလေးတကျော်ဖြစ်သွားပြီး ခရိုင်တစ်ခုလုံး ပျံ့နှံ့သွားရာ အိမ်ထဲကအိမ်ပြင်မထွက်သော ကျန်းရိုပင် ကြားလိုက်ရသည်။ အထက်လူကြီးများပင် အံ့အားသင့်သွားရပြီး ပြည်နယ်မှ ခေါင်းဆောင်ကြီးများကိုယ်တိုင် ဤကိစ္စကို ကိုင်တွယ်ရန် စေလွှတ်လိုက်ရသည်

လီရှောင်း ပြန်ရောက်လာသောအခါ ကျန်းရိုမှာ ခြံထဲတွင် သမီးငယ်လေး၏ လွယ်အိတ်ကို လျှော်ပေးနေသည်။ သူမက သူ့ကို မော့ကြည့်လိုက်ပြီး သူကလည်း သူမကို ပြန်ကြည့်သည်။ နောက်ဆုံးတွင် ကျန်းရိုက ပြုံးပြလိုက်ပြီး သူ့ကို လက်မထောင်ပြကာ "တော်လိုက်တာ" ဟု ချီးကျူးလိုက်သည်။

သူ တစ်ခုခုလုပ်လိမ့်မည်ဟု သူမ သိထားသော်လည်း ဤမျှ မြန်လိမ့်မည်ဟု မထင်ထားခဲ့ပေ။

သို့သော် ကျန်းရိုက မေးလိုက်သေးသည်။ "တကယ့် တရားခံအစစ်တွေကို ဘယ်လိုလုပ်မှာလဲ"

လီရှောင်းက "သူတို့ နောင်တရစေရမယ်" ဟု တည်ငြိမ်စွာ ဖြေသည်။

ကျန်းရို ခေါင်းညိတ်လိုက်ပြီး သတိပေးစကား ဆိုလိုက်သည်။ "ရှင် ဘေးကင်းဖို့ကိုတော့ ဂရုစိုက်ဦးနော်"

လီရှောင်း၏ အကြည့်များမှာ တဖြည်းဖြည်း နူးညံ့လာပြီး သူမကို စိုက်ကြည့်ကာ "အင်း" ဟု ထူးလိုက်သည်။

ကျန်းရို၏ ရင်ခုန်သံမှာ တစ်ချက်မျှ မြန်သွားရသည်။ သူမ၏ ထင်ယောင်ထင်မှားလားတော့မသိ၊ သူ သူမကို ကြည့်နေသော အကြည့်ထဲတွင် အခြားအရာတစ်ခုခု ပါဝင်နေသကဲ့သို့ ခံစားလိုက်ရသည်။

သို့သော် သူမ သေသေချာချာ မကြည့်ရသေးမီမှာပင် တစ်ဖက်လူက မျက်လွှာချလိုက်ပြီ ဖြစ်သည်။

ကျိုးကျန့် ပြန်ရောက်လာသည်နှင့် လီရှောင်းကို ချက်ချင်း လာရှာသည်။

ဆယ်ရက်ဆက်တိုက် သူ ဖုန်းဆက်သော်လည်း အစ်ကိုဖြစ်သူက အလုပ်ရှိသည်ဟုသာ အမြဲပြောနေခဲ့သည်။ အစပိုင်းတွင် သူ အမှန်တကယ် ယုံကြည်ခဲ့သော်လည်း နောက်ပိုင်းတွင် အကြောင်းပြချက် ပေးနေမှန်း သိလိုက်သဖြင့် အထက်လူကြီးထံ ခွင့်တိုင်ကာ ပြန်လာခဲ့ခြင်း ဖြစ်၏။

လီရှောင်းသည် ကျိုးကျန့်က ကျန်းရိုအပေါ် အမြင်မကြည်လင်သည်ကို သိသည်။ ဤသည်မှာလည်း သူနှင့် သက်ဆိုင်နေသည်။ သူကိုယ်တိုင်က ယခင်က 'ကျန်းရို' အပေါ် အေးစက်ခဲ့သဖြင့် ကျိုးကျန့်ကလည်း 'ကျန်းရို' ကို မနှစ်သက်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့် လီရှောင်းသည် သူ့ကို အိမ်သို့ ခေါ်မလာဘဲ အပြင်တွင်သာ ထမင်းထွက်စားကြသည်။

ကျိုးကျန့်မှာ ရထားပေါ်တွင် ရက်အတော်ကြာ စီးလာရသဖြင့် ကောင်းကောင်းမအိပ်ရ၊ မစားရဘဲ မျက်ကွင်းများ ညိုနေရှာသည်။ သူသည် ထမင်းဟင်းများကို အမြန်စားရင်း လီရှောင်းကို အခြေအနေအရပ်ရပ်အား မေးမြန်းတော့သည်။

လီရှောင်းသည် ငယ်သူငယ်ချင်းကို ကြည့်ရင်း သူ၏ အစီအစဉ်များကို ပြောပြလိုက်သည်။

ကျိုးကျန့်သည် သူ S မြို့သို့သွားကာ အစမှ ပြန်စမည်ဟူသော စကားကို ကြားသောအခါ မှင်တက်သွားပြီး "ဒါဆို G ပြည်နယ်က ကိစ္စတွေကော ဘယ်လိုလုပ်မှာလဲ" ဟု မေးလိုက်သည်။

လီရှောင်းက ဘာမှပြန်မပြောသော်လည်း သူ၏ သဘောထားကို ပြသပြီးသား ဖြစ်သည်။

ကျိုးကျန့် ခဏမျှ တိတ်ဆိတ်သွားသည်။ သူ များစွာ တွေးတောနေပြီးမှ "ချန်ရုန်က တစ်ခုခု လုပ်လိုက်လို့လား" ဟု မေးလိုက်သည်။

လီရှောင်းက တိုက်ရိုက်ပင် ပြောလိုက်သည်။ "ငါ ခဏနေရင် S မြို့ကို သွားတော့မယ်။ မင်း G ပြည်နယ်ကို ပြန်ပြီး ပစ္စည်းတွေ သိမ်းထားလိုက်ဦး။ ငါ S မြို့မှာ အခြေကျပြီဆိုရင် မင်းကို လှမ်းခေါ်မယ်"

ကျိုးကျန့်က ခေါင်းခါပြသည်။ "အစ်ကို... ဒီစကားက အဝေးကြီး ဖြစ်နေပြီ။ ကျွန်တော်က အခက်အခဲ မခံနိုင်တဲ့လူ ကျနေတာပဲ။ အစ်ကိုတောင် မပြန်တော့ဘူးဆိုမှတော့ ကျွန်တော်က ဘာသွားလုပ်မှာလဲ"

"ကောင်းပြီလေ... မင်း ဆုံးဖြတ်ပြီးပြီဆိုမှတော့ ဒီရက်ပိုင်း အိမ်မှာ အမေနဲ့အတူ နေလိုက်ဦး။ အစ်ကို ဘယ်တော့သွားမလဲဆိုတာ လှမ်းခေါ်လိုက်မယ်"

လီရှောင်းက အရက်ခွက်ကို မြှောက်၍ သူနှင့် တိုက်လိုက်သည်။ ကျိုးကျန့်၏ ညိုနက်နေသော မျက်နှာကို ကြည့်ကာ ပြုံးလိုက်မိသည်။

ပြန်လာသောအခါ လီရှောင်းသည် ဈေးသို့ ဝင်၍ ဟင်းအချို့ ဝယ်လာခဲ့သည်။ ကျန်းရိုက ပုစွန်ကြိုက်တတ်ကြောင်း သူ မှတ်မိနေသဖြင့် ပုစွန်များကို အများကြီး ဝယ်ခဲ့သည်။

အမှန်ပင်... အိမ်ပြန်ရောက်သောအခါ ကျန်းရိုသည် သူ ဝယ်လာသော ပုစွန်ထုပ်ကြီးကို မြင်သည်နှင့် အလွန်ပျော်ရွှင်စွာ ရယ်မောတော့သည်။

….

နောက်ရက်အနည်းငယ်အတွင်း လီရှောင်းသည် လူခေါ်၍ အိမ်ကို ပြုပြင်လိုက်သည်။ ကြမ်းပြင်ကို ကွန်ကရစ်ခင်းပြီး အဖြူရောင် ကြွေပြားများ ကပ်လိုက်သည်။ နံရံများကိုလည်း ဆေးအသစ် ပြန်သုတ်လိုက်၏။ အိမ်ခေါင်မိုးရှိ သစ်သားပြားဟောင်းများကို ဖယ်ရှားကာ ကျောက်ပြားများ ခင်းလိုက်သည်။ ယခင်က သစ်သားပြားများဖြစ်ပြီး အပေါ်တွင် ဟာနေသဖြင့် ပစ္စည်းဟောင်းများ တင်ထားရာမှ ကြွက်များ ခိုအောင်းနေခဲ့ခြင်း ဖြစ်၏။ ယခုမူ ကွန်ကရစ်ဖြင့် အပေါက်များကို ပိတ်လိုက်ပြီး ခေါင်မိုးကိုလည်း အနီရောင် အုပ်ကြွပ်များဖြင့် လဲလှယ်လိုက်သည်။

လီရှောင်းသည် တစ်ဖက်ရှိ အခန်းကြီးနှင့် အနောက်ဘက်ရှိ အခန်းငယ်လေးကို ဖောက်၍ ဆက်လိုက်ကာ ရေချိုးခန်းအဖြစ် ပြင်ဆင်လိုက်သေးသည်။

ကျန်းရိုက ပိုက်ဆံတွေ အများကြီး ကုန်မှာစိုးသဖြင့် နှမြောစရာ မကောင်းဘူးလားဟု မေးမိသည်။

လီရှောင်းက "မဖြစ်ပါဘူး၊ ငါ့ဆီမှာ စုထားတာတွေ ရှိပါသေးတယ်"

ကျန်းရို တွေးကြည့်လိုက်ရာ သူ တောင်ပိုင်းတွင် အလုပ်လုပ်ခဲ့သည်မှာ နှစ်အတော်ကြာပြီဖြစ်သဖြင့် ပိုက်ဆံအတော်အတန် စုမိဆောင်းမိ ရှိလိမ့်မည်ဟု ယူဆလိုက်သည်။

အိမ်ပြုပြင်နေသဖြင့် အိမ်တွင် နေ၍မရသောကြောင့် ကျန်းရိုတို့ မိသားစုမှာ ပစ္စည်းများကို ဘေးအိမ်ရှိ အဒေါ်ဝမ်တို့အိမ်သို့ ရွှေ့ပြောင်းထားပြီး ထိုအိမ်မှာပင် ခဏ တည်းခိုနေကြရသည်။

အဒေါ်ဝမ်အိမ်ရှိ ကုတင်မှာ အလွန်သေးလှသဖြင့် မိသားစုသုံးယောက်လုံး ကျပ်ကျပ်ညပ်ညပ် အိပ်ကြရသည်။ အဒေါ်ဝမ်၏ အလိုအရဆိုလျှင် ကလေးကို သူမနှင့်အတူ အိပ်စေချင်သော်လည်း ကျန်းရိုက သမီးငယ်လေး၏ ကြောက်တတ်သော စိတ်ကို သိသဖြင့် "ရပါတယ် ဒေါ်လေး၊ ဆန့်ပါတယ်" ဟု ရယ်မောကာ ပြောလိုက်သည်။

ကျန်းရို၏ ဘေးတွင်ရပ်နေသော ရှောင်ဖုန်းမှာ မေမေ့လက်ကို မြဲမြဲဆုပ်ကိုင်ထားရာမှ မေမေ့စကားကို ကြားမှသာ အားကို လျှော့လိုက်တော့သည်။

ကျန်းရို ပြောသည်မှာ မမှားပေ။ အမှန်တကယ် ဆန့်သော်လည်း တစ်ဦးနှင့်တစ်ဦး ကပ်နေကြရသည်။ လီရှောင်း၏ ခြေထောက်များမှာ ကုတင်အပြင်ဘက်သို့ပင် ရောက်လုနီးနီး ဖြစ်နေ၏။

အိပ်မပျော်ခင်အထိတော့ မိသားစုသုံးယောက်လုံး သေသေချာချာ လဲလျောင်းနိုင်ကြသော်လည်း အိပ်ပျော်သွားချိန်တွင်မူ ကျန်းရိုမှာ ငြိမ်ငြိမ်မနေတော့ပေ။ သူမ၏ ခြေထောက်မှာ အလယ်မှ သမီးငယ်လေးကို ကျော်ကာ အပြင်ဘက်ရှိ လီရှောင်း၏ ဝမ်းဗိုက်ပေါ်သို့ တိုက်ရိုက် ရောက်သွားတော့သည်။

လီရှောင်းက လှည့်ကြည့်လိုက်ရာ ကျန်းရို၏ ဖိထားမှုကြောင့် သမီးဖြစ်သူမှာ မျက်မှောင်ကြုံ့နေသည်ကို တွေ့လိုက်ရသည်။ သူ ခဏမျှ စဉ်းစားပြီးနောက် ကလေးကို အပြင်ဘက်သို့ ပြောင်းသိပ်လိုက်ပြီး သူကမူ အလယ်တွင် ဝင်အိပ်လိုက်ကာ အပြင်ဘက်မှ ကလေးကို ကုတင်ပေါ်မှ မကျစေရန် ရင်ခွင်ထဲတွင် ထည့်ထားလိုက်သည်။

သူ နေရာပြောင်းပြီးရုံရှိသေးသော်လည်း သူ့အနောက်တွင် အိပ်နေသော ကျန်းရိုမှာ သူ့ကို အနောက်မှ ဖက်လိုက်ပြန်သည်။ သူမ၏ မျက်နှာလေးကို သူ့ကျောပြင်ပေါ်သို့ ကပ်ထားရာ ပါးလွှာသော ရှပ်အင်္ကျီကြားမှ သူမ၏ နူးညံ့သောအသားအရေကို သူ ခံစားနေရသည်။

…..

နောက်တစ်နေ့ မနက်တွင် လီရှောင်းမှာ ကျန်းရို၏ အသံကြောင့် နိုးလာခဲ့ရသည်။ အနောက်မှ ကျန်းရိုမှာ မသိစိတ်အရ ညည်းတွားရင်း နာကျင်နေကြောင်း ပြောနေခြင်းပင်။

လီရှောင်း သူမဘက်သို့ လှည့်ကြည့်လိုက်ရာ ကျန်းရိုမှာ မျက်နှာဖြူဖျော့လျက် ခန္ဓာကိုယ်ကို ကွေးထားပြီး နဖူးတွင်လည်း ချွေးစက်များ ထွက်နေသည်ကို တွေ့လိုက်ရသည်။

သူ မျက်မှောင်ကြုံ့ကာ သူမကို အသာအယာ လှုပ်နှိုးလိုက်သည်။ "ဘာဖြစ်လို့လဲ၊ ဘယ်နားက မနေလို့ မကောင်းတာလဲ"

ကျန်းရိုမှာ ခက်ခဲစွာ မျက်လုံးဖွင့်လိုက်ပြီး အသံကြားသောအခါ မျက်နှာငယ်လေးဖြင့် "ဗိုက်နာလို့" ဟု ပြောရှာသည်။

လီရှောင်းက အမြန်ထလိုက်ကာ "ဆေးရုံ သွားရအောင်"

ကျန်းရိုက ခေါင်းခါပြပြီး အားမရှိသော အသံဖြင့် "မလိုပါဘူး၊ ရာသီလာလို့ပါ။ ကျွန်မအတွက် ဂျင်းပြုတ်ရည် တစ်ခွက်လောက် လုပ်ပေးပါလား။ ဂျင်းကို ပါပါးလှီးပြီးတော့ အထဲမှာ သကြားညိုထည့်ပြီး ရေနွေးနဲ့ ဖျော်ပေးပါ" ဟု တောင်းဆိုသည်။

လီရှောင်းက သူမကို စိုးရိမ်တကြီး ကြည့်လိုက်ပြီးမှ သူမ ခိုင်းသည့်အတိုင်း လုပ်ရန် ကုတင်ပေါ်မှ ဆင်းလိုက်သည်။ သူ ခြေလှမ်းနှစ်လှမ်းခန့် လှမ်းပြီးနောက် ကျန်းရိုက သူ့ကို လှမ်းခေါ်လိုက်ပြန်သည်။ "ခဏဦး"

လီရှောင်း လှည့်ကြည့်လိုက်ရာ ကျန်းရိုက ရှက်ကိုးရှက်ကန်းဖြင့် သူ့အင်္ကျီကို ညွှန်ပြသည်။ "အင်္ကျီလဲပြီးမှ ထွက်သွားဦး"

ဘယ်လိုဖြစ်သွားသည်မသိ၊ လီရှောင်း၏ ရှပ်အင်္ကျီအောက်နားတွင် သွေးကွက်ကြီး တစ်ကွက် ထင်နေခြင်း ဖြစ်၏။

လီရှောင်းသည် သူမ ညွှန်ပြရာသို့ ငုံ့ကြည့်လိုက်သော်လည်း ဘာမှမပြောဘဲ ယူလာသော အိတ်ထဲတွင် အင်္ကျီအသစ် ရှာဖွေလိုက်သည်။ အင်္ကျီအသစ်ကို တွေ့သောအခါ ခဏမျှ တုံ့ဆိုင်းနေပြီးမှ သူမဘက်သို့ ကျောပေးကာ အင်္ကျီအဟောင်းကို ချွတ်၍ အသစ်လဲလိုက်သည်။

ကျန်းရို ခိုးကြည့်လိုက်ရာ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ အလွန်ကောင်းမွန်သည်ကို တွေ့လိုက်ရ၏။

အင်္ကျီလဲပြီးနောက် လီရှောင်း အပြင်သို့ ထွက်သွားသည်။ မထွက်မီ "ခဏစောင့်နော်၊ ငါ အခုချက်ချင်း ပြန်လာမယ်" ဟု မှာခဲ့သည်။

ကျန်းရိုမှာ သူ ထွက်သွားသည့် အခွင့်အရေးကို သုံးကာ အံကြိတ်၍ ကုတင်ပေါ်မှ ဆင်းပြီး အဝတ်အစားလဲကာ လိုအပ်သည်များကို ပြင်ဆင်လိုက်သည်။ လီရှောင်း အခန်းထဲသို့ ပြန်ဝင်လာသောအခါ ကျန်းရိုမှာ ခါးလေးကိုင်းကာ ပေနေသော အဝတ်များကို ဖုံးကွယ်ရန် လိပ်နေစဉ် ဖြစ်၏။

လီရှောင်း လျှောက်လာပြီး "မလုပ်နဲ့တော့၊ ခဏနေရင် ငါပဲ သွားလျှော်ပေးမယ်။ အရင်ဆုံး ဒီရေနွေးကို သောက်လိုက်ဦး"

လီရှောင်းသည် ကုတင်ပေါ်ရှိ ပေနေသော စောင်များကို လဲလှယ်ပေးသည်။ သူသည် တတ်နိုင်သမျှ အသံမထွက်အောင် လုပ်သော်လည်း ကုတင်ပေါ်ရှိ ကလေးမှာ နိုးသွားရှာသည်။

ရှောင်ဖုန်းမှာ မျက်လုံးလေးများကို ပွတ်သပ်ရင်း လီရှောင်းကို မြင်သောအခါ "ပါပါး" ဟု ညင်သာစွာ ခေါ်လိုက်သည်။

လီရှောင်းက မကျွမ်းကျင်သော လက်များဖြင့် သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ "ခဏ ထပ်အိပ်ဦးနော်"

ရှောင်ဖုန်းက ခေါင်းခါပြပြီး ကုတင်ပေါ်မှ ဆင်းလာကာ ဘေးနားတွင် ထိုင်နေသော မေမေ့အနားသို့ တိုးသွားပြီး "မာမား" ဟု ခေါ်ပြန်သည်။

ကျန်းရို၏မျက်နှာမှာ မကောင်းသည်ကို မြင်သောအခါ သူမက စိုးရိမ်တကြီး မေးသည်။ "မာမား နေမကောင်းဖြစ်တာလားဟင်"

ကျန်းရိုက လက်တစ်ဖက်ဖြင့် သူမ၏ခေါင်းလေးကို ပွတ်သပ်ပေးကာ "မဟုတ်ပါဘူး၊ မာမား နည်းနည်းလေး နေလို့မကောင်းလို့ပါ။ ခဏနေရင် ကောင်းသွားမှာပါ"

သမီးငယ်လေးက အနားသို့ တိုးသွားပြီး သူမ၏ လက်ကလေးဖြင့် ကျန်းရို၏ ကျောပြင်ကို အသာအယာ ပွတ်ပေးနေတော့သည်။

အလွန်ပင် သိတတ်လွန်းလှသည်။

ကျန်းရို၏ ရင်ထဲတွင် နွေးထွေးသွားရ၏။

လီရှောင်းက စောင်များကို လဲပြီးနောက် ကျန်းရိုကို ကုတင်ပေါ်တွင် ခဏ ပြန်အိပ်ခိုင်းသည်။

ကျန်းရိုကလည်း မငြင်းတော့ဘဲ သကြားညိုရည် သောက်ထားသော ခွက်ကို သူ့အား ကမ်းပေးလိုက်ကာ ကုတင်ပေါ်သို့ ဖြည်းဖြည်းချင်း တက်၍ လဲလျောင်းလိုက်သည်။

လီရှောင်းသည် ထိုခွက်ထဲတွင် ချင်းနှင့် သကြားညိုကို မည်မျှတောင် ထည့်ထားသည်မသိ၊ ကျန်းရို လဲလျောင်းလိုက်သောအခါ ပါးစပ်ထဲတွင် စပ်လွန်း၍ သကြားရည်များပင် နာကျင်နေသကဲ့သို့ ခံစားရသည်။

လီရှောင်းသည် ကလေးကို ခေါ်၍ အပြင်သို့ ထွက်သွားပြီး ခဏအကြာတွင် ရေနွေးတစ်ဖလားကို အခန်းထဲသို့ သယ်လာပြန်သည်။ သူသည် ကုတင်ဘေးတွင် ဖလားကို ချလိုက်ကာ ဆောင့်ကြောင့်ထိုင်၍ "ဒေါ်လေးက ပြောတယ်၊ တဘတ်ကို ရေနွေးစိမ်ပြီး ဗိုက်ပေါ်တင်ထားရင် သက်သာတယ်တဲ့"

ပြောပြီးနောက် သူသည် ပူနေသည်ကိုပင် ဂရုမစိုက်ဘဲ ရေနွေးထဲမှ တဘတ်ကို ညှစ်၍ ကျန်းရိုထံ ကမ်းပေးသည်။

ကျန်းရိုက လှမ်းယူလိုက်သော်လည်း ပူလွန်းသဖြင့် သူမ၏လက်နှင့် ထိသည်နှင့် ချက်ချင်း ပြန်လွှတ်လိုက်မိသည်။ လီရှောင်းသည် ထိုအခြေအနေကို မြင်သောအခါ စောင်ကို မလိုက်ပြီး သူမ၏ အင်္ကျီပေါ်မှတစ်ဆင့် ပူနေသော တဘတ်ကို ကျန်းရို၏ ဝမ်းဗိုက်ပေါ်သို့ တင်ပေးလိုက်သည်။

ကျန်းရို ပူလွန်းသဖြင့် "ရှီး" ခနဲ အသံထွက်သွားသော်လည်း မကြာခင်မှာပင် ဝမ်းဗိုက်မှ အပူရှိန်ကြောင့် နာကျင်မှုများမှာ အနည်းငယ် သက်သာသွားတော့သည်။

လီရှောင်းက သူမကို တစ်ချက်ကြည့်ကာ "ငါ အဝတ်သွားလျှော်လိုက်ဦးမယ်၊ တဘတ်အေးသွားရင် ငါ့ကို လှမ်းခေါ်နော်"

ကျန်းရိုက လိမ်မာစွာ ထူးလိုက်ပြီး သူသည် သူမ၏ အဝတ်ဟောင်းများနှင့် စောင်များကိုပါ အပြင်သို့ ယူသွားသည်ကို တွေ့လိုက်ရသည်။ သူမ ရုတ်တရက် သတိရသွားသည်မှာ ထိုအဝတ်များထဲတွင် သူမ၏ အတွင်းခံလည်း ပါဝင်နေခြင်းပင် ဖြစ်၏။

သူ့ကို တားချင်သော်လည်း မိမိကိုယ်တိုင်လည်း မလျှော်ချင်သဖြင့် မျက်စိမှိတ်ကာ အရှက်သည်းနေလိုက်တော့သည်။

လီရှောင်း အပြင်ထွက်၍ အဝတ်လျှော်နေစဉ် အပြင်ဘက်ရှိ အဒေါ်ဝမ်မှာ ရေတွင်းဘေးတွင် ထိုင်၍ ဟင်းရွက်သင်နေရင်း တွေ့သွားရာ မနေနိုင်ဘဲ ရယ်မောတော့သည်။ "ရှောင်ရှောင်းက ဇနီးအပေါ် ဒီလောက်တောင် ဂရုစိုက်တတ်လိမ့်မယ်လို့ မထင်ထားဘူး။ ငါ ငယ်ငယ်တုန်းကဆိုရင် မင်းဦးလေးကတောင် ရွံရှာနေခဲ့တာ"

လီရှောင်းသည် ကျန်းရို၏ အတွင်းခံကို လက်ဖြင့် ပွတ်လျှော်နေရင်း ထိုစကားကို ကြားသောအခါ မျက်နှာမှာ အနည်းငယ် နီမြန်းသွားပြီး အနေခက်စွာဖြင့် အကြည့်လွှဲလိုက်မိသည်။

ကျန်းရို တစ်မနက်လုံး နာကျင်နေခဲ့ရသည်။ လီရှောင်းသည် အဝတ်လျှော်ပြီးနောက် အပြင်သို့ တစ်ခေါက် ထွက်သွားကာ ပြန်လာသောအခါ ကြက်မကြီး နှစ်ကောင်နှင့် ကြက်ဥတစ်ခြင်း ပါလာခဲ့သည်။

ကြက်မကြီး တစ်ကောင်ကို သတ်ပြီးနောက် မီးဖိုချောင်တွင် အိုးဖြင့် တည်ထားသည်။ အထဲတွင် ဆီးသီးနီများနှင့် ဂျူဂျူးသီးများကိုပါ ထည့်ထား၏။ မွန်းတည့်ချိန်တွင် ကျန်းရို နိုးလာသောအခါ အဆင်သင့် စားလိုက်ရသည်။ အလွန်ပင် မွှေးကြိုင်လှကာ ကျန်းရို ယခင်က စားခဲ့ဖူးသမျှ ကြက်သားများထက် ပို၍ အရသာရှိလှသည်။

ထမင်းစားပြီးနောက် လီရှောင်းက သူ စုံစမ်းရရှိထားသည်များကို ကျန်းရိုအား ပြောပြသည်။ ထိုလူမှာ ကျူထျန်မြို့နယ်တွင် မဟုတ်ဘဲ ကျူထျန်မြို့နယ်၏ ဘေးနားရှိ ရှန့်လင်မြို့နယ်မှ လျိုမျိုးရိုး ဇနီးမောင်နှံမှာ လက်ထပ်ပြီး နှစ်အတော်ကြာသည်အထိ ကလေးမရခဲ့ကြောင်း၊ လွန်ခဲ့သော ရက်အနည်းငယ်ကမှ သူတို့အိမ်တွင် ကောင်လေးတစ်ယောက် ရောက်ရှိလာကြောင်း ပြောပြသည်။ "ဒီမိသားစုရဲ့ အခြေအနေက မင်းပြောတာနဲ့ အတော်လေး တူတယ်။ ကလေးကို 'လဲ့လဲ့' လို့ ခေါ်တာကိုလည်း ကြားတဲ့သူရှိတယ်။ အဲဒါကြောင့် အဲဒီကလေးရဲ့ မိဘအရင်းတွေကို ငါ ဆက်သွယ်ပြီး ဒီကို လာကြည့်ခိုင်းဖို့ စီစဉ်နေတယ်"

ကျန်းရို ကြားသောအခါ မျက်မှောင်ကြုံ့လိုက်သည်။ "တကယ်လို့ မဟုတ်ခဲ့ရင် သူတို့ အရမ်း စိတ်ပျက်သွားမှာ မဟုတ်ဘူးလား"

လီရှောင်းက ဖုန်းထုတ်၍ ကလေး၏ မိဘအရင်းများ၏ ဖုန်းနံပါတ်ကို ရှာဖွေရင်း ပြောလိုက်သည်။ "ဘာမျှော်လင့်ချက်မှ မရှိတာထက်စာရင်တော့ ပိုကောင်းပါတယ်"

ပြောပြီးနောက် ကျန်းရိုကို ဆက်ပြောသည်။ "မနက်ဖြန် ငါ ကားမောင်းပြီး မင်းကို ရှန့်လင်မြို့နယ်ဆီ ခေါ်သွားမယ်။ အခြေအနေကို သွားကြည့်ရအောင်။ အဲဒီအချိန်ကျရင် သူ့မိဘတွေ ရောက်လာရင်လည်း ငါတို့မှာ အကြောင်းပြချက်တစ်ခု ရှိသွားတာပေါ့"

လီရှောင်းသည် ဤသို့ပြောရင်း စိတ်ကြည်လင်သွားကာ မျက်နှာအမူအရာမှာလည်း နူးညံ့သွားသည်။ သူမကို ကြည့်ရင်း မနေနိုင်ဘဲ မေးလိုက်မိသည်။ "ဗိုက်နာတာ သက်သာသွားပြီလား"

ကျန်းရိုက သူမ၏ ဗိုက်ကို ပွတ်သပ်ရင်း "အများကြီး သက်သာသွားပါပြီ၊ ကိစ္စကြီး မဟုတ်ပါဘူး။ မိန်းကလေး အများစုက ဒီလိုပဲ ပြင်းပြင်းထန်ထန်ဖြစ်တတ်ကြတာပါ၊ စိတ်မပူပါနဲ့"

….

နောက်တစ်နေ့တွင် လီရှောင်းသည် ကျန်းရိုကို ခေါ်ဆောင်ကာ ရှန့်လင်မြို့နယ်သို့ မောင်းထွက်ခဲ့သည်။ ရှန့်လင်မြို့နယ်တွင် နာမည်ကြီးသော တိုင်းရင်းဆေးဆရာကြီးတစ်ဦး ရှိနေသဖြင့် နှစ်ဦးသားမှာ နာမည်ကြား၍ လာရောက်ပြသသော လူနာများအဖြစ် ဆေးခန်းသို့ အရင်သွားကြသည်။

ဆေးဆရာကြီးထံ လာပြသောလူများမှာ အတော်လေး များလှသည်။ ကျန်းရိုတို့မှာ အတော်ကြာအောင် စောင့်ဆိုင်းရပြီးမှ ဆေးဆရာကြီးက ကျန်းရို၏ သွေးခုန်နှုန်းကို စမ်းသပ်ပေးသည်။ သူမ၏ ခန္ဓာကိုယ်မှာ အားနည်းနေကြောင်း ပြောကာ ဆေးထုတ်ပေါင်းများစွာကို ပေးလိုက်ပြီး နေ့တိုင်း ပြုတ်သောက်ရန်နှင့် ကုန်လျှင် ထပ်လာပြရန် မှာကြားလိုက်သည်။

ကျန်းရိုကိုယ်တိုင်လည်း ယခုအချိန်တွင် ခန္ဓာကိုယ်မှာ ယခင်ကလောက် မလန်းဆန်းတော့ကြောင်း ခံစားနေရသည်။

တိုင်းရင်းဆေးဆရာကြီး၏ အိမ်မှ ထွက်လာပြီးနောက် နှစ်ဦးသား လမ်းမပေါ်တွင် ကားဖြင့် လှည့်လည်ကြည့်ရှုရင်း လျိုမျိုးရိုး မိသားစု၏ နေအိမ်လိပ်စာကို ရှာဖွေကြသည်။ လီရှောင်းသည် နေအိမ်၏ တစ်ဖက်ခြမ်းတွင် ကားရပ်လိုက်ပြီး ကျန်းရိုနှင့်အတူ ကားပေါ်မှ ဆင်းကာ တစ်ဖက်ရှိ ခေါက်ဆွဲဆိုင်တွင် ခေါက်ဆွဲတစ်ပွဲစီ စားကြသည်။

လီရှောင်းသည် ခေါက်ဆွဲကို အမြန်စားပြီးနောက် လမ်းလျှောက်နေသည့် ပုံစံဖြင့် ပတ်ဝန်းကျင်ကို စုံစမ်းကြည့်ရှုသည်။

သူသည် အကဲခတ် အလွန်မြန်သူဖြစ်ရာ ပြန်လာသောအခါ ကျန်းရိုအား "မှားဖို့ မရှိတော့ဘူး။ ငါ အဲဒီကလေးကို မြင်လိုက်ရတယ်၊ ပါးစပ်ကနေ G ပြည်နယ် စကားသံ တစ်ခွန်း ထွက်လာတယ်။ ဒါပေမဲ့ အဲဒီဇနီးမောင်နှံက အရမ်း သတိကြီးကြတယ်၊ ကလေးကို ချက်ချင်း အိမ်ထဲ ပြန်ခေါ်သွားကြတယ်" ဟု ပြောပြသည်။

ကျန်းရိုမှာ ခေါက်ဆွဲ မကုန်သေးသော်လည်း ဗိုက်ပြည့်နေပြီဖြစ်ရာ ခေါက်ဆွဲရည်ကိုသာ သောက်နေစဉ် ထိုစကားကို ကြားသဖြင့် ခွက်ကို အမြန်ချလိုက်သည်။ "ရဲကို အရင် အကြောင်းကြားရမလား"

ကျန်းရိုက ဤမေးခွန်း၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း လီရှောင်းအပေါ်တွင်မူ အလွန် ယုံကြည်မှုရှိသည်။ အကြောင်းမှာ သူသည် သူမ၏ ဆရာကိုယ်တိုင်ပင် ချီးကျူးခဲ့ရသော ထက်မြက်သူ ဖြစ်သောကြောင့်ပင်။

သူမ၏ ဆရာသည် သူမကို တစ်ခါမှ မချီးကျူးခဲ့ဖူးဘဲ သူမမှာ ထုံထိုင်းကာ ဦးနှောက်မရှိသူဟုသာ အမြဲ ဆဲဆိုလေ့ရှိသည်။

လီရှောင်းသည် ကျန်းရို မစားတော့သည်ကို မြင်သောအခါ သူမ၏ ခွက်ကို ယူကာ ကျန်နေသည်များကို အမြန် စားပစ်လိုက်ပြီး ဟင်းရည်ကိုပါ ကုန်အောင် သောက်လိုက်သည်။

သောက်ပြီးနောက် သူသည် မသိစိတ်အရ ပဝါထုတ်၍ ခွက်နှုတ်ခမ်းနှင့် တူများကို သေသေချာချာ သုတ်လိုက်ရာ မည်သည့် သဲလွန်စမှ မကျန်တော့ချေ။

ကျန်းရို ထိုအမူအရာကို မြင်လိုက်ရသည်။

လီရှောင်းသည် သူမ၏အကြည့်နှင့် ဆုံသွားသောအခါ လက်မှအလုပ်မှာ ခဏ ရပ်တန့်သွားသော်လည်း တည်ငြိမ်စွာဖြင့် ပဝါကို အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။

ကားပေါ်ရောက်သောအခါ ကျန်းရိုက မနေနိုင်ဘဲ စနောက်လိုက်သည်။ "ဒါကြောင့်လည်း အရင်ဘဝက ရဲတွေ ရှင့်ကို ဘယ်လိုမှ ရှာမတွေ့ခဲ့တာကိုး"

လီရှောင်းက သူမကို တစ်ချက် လှည့်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းထဲတွင် စနောက်လိုသည့် အရိပ်အယောင်သာ ရှိနေသဖြင့် စိတ်အေးသွားရသည်။

သူသည် ထိုအတိတ်အကြောင်းကို ထပ်မပြောလိုတော့သဖြင့် အကြောင်းအရာကို မသိမသာ ပြောင်းလိုက်သည်။ "ငါ အဲဒီကလေးရဲ့ မိဘအရင်းတွေဆီက ဖုန်းနံပါတ် ရထားပြီးပြီ၊ အိမ်ပြန်ရောက်မှပဲ ပြောကြတာပေါ့"

ကျန်းရိုသည် သူ့စကားအတိုင်း မျက်နှာလေး တည်သွားကာ ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။ ဒါနဲ့ သူတို့ ဘယ်လောက်ကြာရင် ရောက်လာနိုင်မလဲ"

***

သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)

အချပ်ပို ၃.၇ ။ လီရှောင်းပြန်လည်မွေးဖွားခြင်း

လီရှောင်းက မနက်ဖြန်ညမှဟု ပြောခဲ့သော်လည်း အမှန်တကယ်တွင်မူ ထိုဇနီးမောင်နှံမှာ ဒုတိယနေ့ မွန်းတည့်ချိန် မတိုင်မီမှာပင် ရောက်ရှိလာခဲ့ကြသည်။

ကျန်းရိုသည် ခြံထဲတွင် ဆောင့်ကြောင့်ထိုင်၍ ဟင်းရွက်ဆေးနေစဉ် ဘေးအိမ်မှ စကားပြောသံများကို ကြားလိုက်ရပြီး မကြာမီမှာပင် လီရှောင်းက ထိုလူများကို ခေါ်ဆောင်လာခဲ့သည်။ ဤရက်ပိုင်း အိမ်ပြုပြင်နေသဖြင့် လီရှောင်းလည်း ဝိုင်းကူလုပ်ကိုင်ပေးနေရာ သူ ပြန်လာချိန်တွင် တစ်ကိုယ်လုံး ဆေးသုတ်ထားသော အစွန်းအထင်းများ ပေကျံနေ၏။

သူက ဧည့်သည်များကို အိမ်ထဲသို့ ဖိတ်ခေါ်လိုက်ပြီးနောက် သူကိုယ်တိုင်မှာမူ ရေတွင်းဘေးသို့ တန်းသွားကာ မျက်နှာနှင့် လက်များကို ဆေးကြောလိုက်သည်။

သူက ကျန်းရိုကို ပြောပြသည်။ "ဒါက အခိုးခံရတဲ့ ကလေးရဲ့ မိဘတွေလေ"

ကျန်းရိုသည် တံခါးဝတွင် ရပ်နေသော လူလတ်ပိုင်း ဇနီးမောင်နှံကို တွေ့လိုက်ရသည်။ နှစ်ဦးစလုံးမှာ ခရီးပန်းလာသည့်ပုံစံဖြင့် နွမ်းနယ်နေကြ၏။

ကျန်းရို ထရပ်လိုက်ကာ "ကျွန်မ ရေနွေးတစ်ခွက်လောက် သွားခပ်ပေးပါ့မယ်"

ထိုဇနီးမောင်နှံက လက်ကာပြရင်း "မလိုပါဘူး၊ မလိုပါဘူး၊ ကျွန်တော်တို့ အခုပဲ ချက်ချင်း သွားကြမှာပါ" ဟု အားနာတကြီး ပြောရှာသည်။

လီရှောင်းက သူတို့ကို ပြောလိုက်သည်။ "အရင်ဆုံး အိမ်ထဲဝင်ပြီး ခဏထိုင်ကြပါဦး။ ထမင်းစားပြီးတာနဲ့ ကျွန်တော် ခေါ်သွားပေးပါ့မယ်"

ထိုစကားကို ကြားသောအခါ ဇနီးမောင်နှံမှာ ဘာမှ ထပ်မပြောသာတော့ပေ။ သူတို့ကိုယ်တိုင် မစားရလျှင် နေပါစေဦး၊ သူများ ထမင်းစားချိန်ကိုတော့ မနှောင့်ယှက်ချင်ကြပေ။

မီးဖိုချောင်တွင် ဟင်းချက်နေသော အဒေါ်ဝမ်မှာ အသံကြားသဖြင့် စပ်စုပြီး ထွက်ကြည့်သည်။

မကြာသေးမီက အိမ်တွင် လူစည်ကားလာသဖြင့် အဒေါ်ဝမ်လည်း အရင်ထက် ပို၍ တက်ကြွလာကာ မျက်နှာတွင် အပြုံးများဝေဆာလျက် စကားများလည်း ပိုပြောလာခဲ့သည်။

ကျန်းရို မီးဖိုချောင်ထဲ ဝင်သွားသောအခါ သူမက ဘာဖြစ်တာလဲဟု လှမ်းမေးသည်။

ကျန်းရိုက အကျိုးအကြောင်းကို အကျဉ်းချုပ် ရှင်းပြလိုက်ရာ အဒေါ်ဝမ်က "အိုကွယ်..." ဟု ရေရွတ်ရင်း "မိဘတိုင်းရဲ့ မေတ္တာကတော့ သနားစရာပါပဲ" ဟု စိတ်မကောင်းစွာ ဆိုရှာသည်။

ကျန်းရိုသည် ရေနွေးနွေးလေး နှစ်ခွက် ခပ်ယူခဲ့သည်။ အပြင်ဘက်တွင် လီရှောင်းမှာ ထိုလူများနှင့် စကားလက်ဆုံ ကျနေပြီဖြစ်သည်။ သူက ရှင်းပြနေ၏။ "ကျွန်တော့်မိန်းမက ရာသီလာရင် ဗိုက်နာတတ်တဲ့ ရောဂါရှိလို့၊ ဟိုဘက်မှာ နာမည်ကြီး တိုင်းရင်းဆေးဆရာ ရှိတယ်ဆိုတာနဲ့ အဲဒီနေ့က သူ့ကို ခေါ်သွားပြတာပါ"

"ဆေးဆရာအိမ်က ထွက်လာတော့ နည်းနည်း နောက်ကျနေပြီမို့ ခေါက်ဆွဲဆိုင်မှာ နေ့လည်စာ ဝင်စားဖြစ်တယ်။ ကျွန်တော်က ထမင်းစားမြန်တော့ စားပြီးတာနဲ့ ပတ်ဝန်းကျင်ကို လျှောက်ကြည့်မိတာ။ မမျှော်လင့်ဘဲ ဆိုင်ရဲ့တစ်ဖက်ခြမ်းက အိမ်ထဲမှာ ခြေထောက်ကို ကြိုးနဲ့ချည်ခံထားရတဲ့ ကောင်လေးတစ်ယောက်ကို မြင်လိုက်ရတယ်။ ထူးဆန်းနေတာနဲ့ သေချာကြည့်မိတော့ လူလတ်ပိုင်း အမျိုးသမီးတစ်ယောက်က ပြာပြာသလဲနဲ့ ကောင်လေးကို အိမ်ထဲ ချီသွားတာပဲ။ သူမ ကလေးကို ချီလိုက်တဲ့အချိန်မှာ ကလေးရဲ့ မျက်နှာကို ကျွန်တော် အတိုင်းသား မြင်လိုက်ရတယ်။ ရင်းနှီးသလို ရှိပေမဲ့ ဘယ်သူလဲဆိုတာ ချက်ချင်း မစဉ်းစားမိဘူး။ ဒါပေမဲ့ ကောင်လေးရဲ့ပါးစပ်ကနေ G ပြည်နယ် စကားသံနဲ့ အိမ်ပြန်ချင်တယ်လို့ ပြောတာကို ကြားလိုက်ရတယ်..."

ဤနေရာတွင် လီရှောင်းက ခဏရပ်လိုက်ပြီးမှ ဆက်ပြောသည်။ "ကားပေါ်ရောက်မှ အဲဒီကလေးက ဘယ်သူနဲ့ တူလဲဆိုတာ သတိရသွားတာ။ သူက လူကြီးမင်းယိုနဲ့ အတော်လေး တူတယ်။ ကျွန်တော် အရင်က ပွဲတစ်ခုမှာ လူကြီးမင်းယိုကို အနီးကပ် မြင်ဖူးတော့ မှတ်မိနေတာပါ။ ပြီးတော့ ကျွန်တော် ပြန်မလာခင်လေးမှာပဲ ခင်ဗျားတို့အိမ်က ကလေးပျောက်သွားတယ်ဆိုတဲ့ သတင်းကို ကြားထားတော့ ဒါက တိုက်ဆိုင်မှု ဖြစ်နိုင်တယ်လို့ ယူဆလိုက်တာပဲ"

"ကျွန်တော် ရဲကို တန်းပြီး အကြောင်းမကြားတာက တရားခံတွေ သတိထားမိသွားမှာ စိုးလို့ပါ။ သူတို့က ဆင်ခြေတွေ အဆင်သင့်ပြင်ထားမှာပဲလေ။ ခင်ဗျားတို့ကိုယ်တိုင် သွားတာကတော့ သူတို့အတွက် ဆင်ခြေပေးဖို့ အချိန်မရတော့ဘူးပေါ့"

ဤသို့ ပြောပြီးနောက်တွင်မူ သူက စကားတစ်ခွန်း ထပ်ဖြည့်လိုက်သေးသည်။ "ဒါပေမဲ့ ဒါဟာ ခင်ဗျားတို့ရဲ့ ကလေးလို့တော့ ကျွန်တော် အာမမခံရဲဘူးနော်။ အကယ်၍ မဟုတ်ခဲ့ရင်လည်း ကျွန်တော့်ရဲ့ ပေါ့ဆမှုကိုတော့ အပြစ်မတင်ပါနဲ့"

ဇနီးမောင်နှံက အလျင်အမြန် ပြန်ပြောသည်။ "မဟုတ်တာ၊ မဟုတ်တာ... မင်း စိတ်ကောင်းရှိလို့ ပြောပြပေးတာပဲ၊ ကျေးဇူးတင်လှပါပြီ။ အကယ်၍ မဟုတ်ခဲ့ရင်တောင် ကျွန်တော်တို့ ဆက်ရှာရမှာပဲလေ"

မွန်းတည့်ချိန် ထမင်းစားစဉ် အဒေါ်ဝမ်ကလည်း ဝင်ပြောသည်။ "ရှောင်ရှောင်းက သူ့မိန်းမကို အရမ်းချစ်တာ။ အဲဒီနေ့က ရှောင်ရိုလေး ဗိုက်နာလို့ မနက်အစောကြီး မထနိုင်တာကို သူက အစောကြီးထပြီး အဝတ်တွေ လျှော်ပေးတယ်။ နောက်တစ်နေ့ကျတော့ ဆရာဝန်ဆီ တန်းခေါ်သွားတာပဲ"

ထိုစကားကို ကြားသောအခါ ဇနီးမောင်နှံ၏ သံသယများ အားလုံး ကင်းစင်သွားတော့သည်။ သူတို့မှာ မထိုင်နိုင် မထနိုင် ဖြစ်လာပြီး သားဖြစ်သူမှာ ကြိုးဖြင့် အချည်ခံထားရသည်ကို တွေးမိသည်နှင့် ယခုချက်ချင်းပင် သွားချင်နေကြပြီ ဖြစ်သည်။

လီရှောင်းသည် ထမင်းစားမြန်သူဖြစ်ပြီး အချိန်ဆွဲတတ်သူလည်း မဟုတ်သဖြင့် စားပြီးသည်နှင့် ကားတစ်စီးငှားကာ ဇနီးမောင်နှံကို ခေါ်ဆောင်၍ သွားလိုက်တော့သည်။

……

ညဘက် ခုနစ်နာရီကျော် မှောင်စပြုချိန်တွင် လီရှောင်းတစ်ယောက်တည်း အိမ်ပြန်ရောက်လာသည်။

လီရှောင်းမှာ ညစာ မစားရသေးသော်လည်း ကံကောင်းစွာဖြင့် ကျန်းရိုက အိုးထဲတွင် ထမင်းဟင်းများ ချန်ထားပေးသည်။ လီရှောင်းသည် စားပွဲတွင် ထိုင်၍ ထမင်းစားရင်း ညနေပိုင်းက ဖြစ်ပျက်ခဲ့သမျှကို ပြောပြလေသည်။

သူသည် အရင်ဆုံး ထိုဒေသရှိ ရဲစခန်းသို့ ဇနီးမောင်နှံကို ခေါ်သွားသည်။ ဇနီးမောင်နှံက မှတ်ပုံတင်ပြသပြီး လီရှောင်း၏ ဘာသာပြန်ပေးမှုကြောင့် အခြေအနေကို ရဲစခန်းက နားလည်သွားသောအခါ အရပ်ဝတ်ရဲနှစ်ဦးကို သူတို့နှင့်အတူ လွှတ်လိုက်သည်။

ထိုနေရာသို့ ရောက်သောအခါ လီရှောင်းမှာ ကားပေါ်မှ မဆင်းဘဲ ရဲနှစ်ဦးက ဒေသခံများကို ခေါ်ခိုင်းကာ ထိုဇနီးမောင်နှံကို အိမ်ထဲသို့ ခေါ်ဝင်သွားစေသည်။ သူတို့ အထဲသို့ အတင်းဝင်သွားကြချိန်တွင် လီရှောင်းပြောသည့်အတိုင်း အခန်းထဲတွင် ခြေတွေလက်တွေအချည်ခံထားရသော ကောင်လေးကို တွေ့လိုက်ရသည်။

"အဲဒီကလေးက လူကုန်ကူးသူတွေ တိုက်လိုက်တဲ့ ဆေးရှိန်ကြောင့် ထင်တယ်၊ လူတောင် သိပ်မမှတ်မိတော့ဘူး။ ကံကောင်းတာက သူတို့ရဲ့ သားအစစ် ဖြစ်နေတာပဲ။ အခုတော့ ရဲစခန်းကို သွားပြီး အဲဒီဒေသက ဆေးရုံမှာ တက်နေကြပြီ"

အဒေါ်ဝမ်က ထိုစကားများကို နားထောင်ပြီး မျက်မှောင်ကြုံ့လိုက်သည်။ "တကယ့်ကို ငရဲကျမယ့်သူတွေပဲ။ ရှောင်ရှောင်းသာ မဟုတ်ရင် ဒါကို ဘယ်မှာ သွားရှာတွေ့နိုင်ပါ့မလဲ" G ပြည်နယ်မှ ဤနေရာအထိ ခိုးယူလာခြင်းဖြစ်ရာ မည်မျှပင် တော်သူဖြစ်ပါစေ ရှာတွေ့ရန်မှာ လွယ်ကူလှသည် မဟုတ်ပေ။

……

နောက်တစ်နေ့ မနက်တွင် ထိုဇနီးမောင်နှံသည် ကလေးကို ခေါ်ဆောင်ကာ ကျေးဇူးတင်စကား လာပြောကြပြီး လက်ဆောင်ပစ္စည်းများစွာ ဝယ်လာကြသည်။

ဤရက်ပိုင်းအတွင်း ကောင်းကောင်းစား၊ ကောင်းကောင်းနေရသဖြင့် သမီးငယ်လေးမှာ ကျန်းရို စရောက်စကနှင့် လုံးဝ မတူတော့ပေ။ အသားအရေမှာ ဖြူဝင်းလာပြီး လှပသော စကတ်လေးကို ဝတ်ထားကာ ဆံပင်ကိုလည်း ရောင်စုံပုတီးလေးများဖြင့် နတ်သမီးဆံပင်နှစ်ဖက် ခွဲထုံးထားသည်။

သူမသည် ကျန်းရိုအနားတွင် ကပ်နေပြီး အိမ်သို့ လူစိမ်းများ လာသည်ကို မြင်သောအခါ စပ်စုသလိုဖြင့် ခေါင်းလေးပြူကာ ကြည့်နေသည်။

လူလတ်ပိုင်း အမျိုးသမီး၏ ရင်ခွင်ထဲမှ ကောင်လေးမှာမူ ပိန်ပိန်ပါပါးလေးဖြစ်ပြီး လူကို ကြည့်သောအခါ မျက်ဝန်းများမှာ မှေးမှိန်နေရှာသည်။

သမီးငယ်လေးမှာ လူကြီးများ မသိခင်မှာပင် မနက်က မာမား လုပ်ပေးထားသော ပဲမုန့်တစ်တုံးကို ကောင်လေးထံ တိတ်တဆိတ် ကမ်းပေးလိုက်ပြီး "ကိုကို စား" ဟု တိုးတိုးလေး ဆိုသည်။

ကောင်လေးမှာ အစပိုင်းတွင် ကြောက်နေသော်လည်း သမီးငယ်လေးကို မြင်သောအခါ ဘာကြောင့်မှန်းမသိ လက်လှမ်း၍ ယူလိုက်လေသည်။

ထိုအမျိုးသမီးက လီရှောင်းကို လှည့်၍ ပြောသည်။ "ဒီတစ်ခါ ကိစ္စအတွက် တကယ်ပဲ ကျေးဇူးတင်ပါတယ်၊ တကယ်ပါ။ မောင်ရင်တို့ ဇနီးမောင်နှံက ကျွန်မတို့ မိသားစုရဲ့ ကျေးဇူးရှင်ကြီးတွေပါပဲ။ G ပြည်နယ် ပြန်ရောက်တာနဲ့ သေချာပေါက် ကျေးဇူးပြန်ဆပ်ပါ့မယ်"

လီရှောင်းက တည်ငြိမ်စွာ ခေါင်းခါပြသည်။ "မလိုပါဘူး၊ ကျွန်တော်လည်း နောက်ဆိုရင် G ပြည်နယ်ကို ပြန်မလာတော့ဘူး။ ခင်ဗျားတို့ ကလေးကိုပဲ သေသေချာချာ ဂရုစိုက်လိုက်ပါ"

မစ္စစ်စုန့်မှာ မှင်တက်သွားရသည်။ သူမနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဇနီးမောင်နှံနှစ်ဦး၏ မျက်နှာတွင် မည်သည့် လှုပ်ရှားမှုနှင့် စိတ်လှုပ်ရှားမှုမျိုးမှ မရှိသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်၏။ ထိုအမျိုးသမီးကို ထားလိုက်ပါဦး၊ လီရှောင်းသာ ပွဲတစ်ခုတွင် သူမ၏ခင်ပွန်းကို မြင်ဖူးခဲ့ပါက သူတို့ပြောသည့် ကျေးဇူးဆပ်ခြင်းမှာ လက်ဆောင်ပစ္စည်း အနည်းငယ်ထက်မကကြောင်း သူ သိသင့်သည်။

ဇနီးမောင်နှံမှာ အကြာကြီး မထိုင်ဘဲ G ပြည်နယ်ရှိ ဆေးရုံကြီးတွင် ကလေးကို စစ်ဆေးရန် လောနေသဖြင့် ပြန်သွားကြတော့သည်။

ကလေးကိစ္စ ဖြေရှင်းပြီးနောက် လီရှောင်းက ကျန်းရိုအား အခြားကိစ္စရှိသေးသလားဟု မေးသည်။

ကျန်းရိုက သေသေချာချာ စဉ်းစားပြီးနောက် ခေါင်းခါပြလိုက်သည်။

သူမမှာ သင်တန်းသားဘဝသာ ရှိသေးသဖြင့် ကြုံတွေ့ခဲ့ဖူးသော အမှုအခင်းများမှာ အများကြီး မရှိသေးပေ။

လီရှောင်းက ခေါင်းညိတ်ပြလိုက်သည်။

မကြာမီမှာပင် ဘေးအိမ်မှာ ပြုပြင်ပြီးသွားသဖြင့် လေဝင်လေထွက် ရက်အနည်းငယ် လုပ်ပြီးနောက် လီရှောင်းသည် ပစ္စည်းများကို ပြန်ရွှေ့လိုက်သည်။

ပရိဘောဂများမှာ အသင့်ရှိပြီးသားဖြစ်ကာ ဆေးအနံ့သာ အနည်းငယ် ကျန်သော်လည်း လီရှောင်းမှာ အိမ်ခြံမြေကုမ္ပဏီတွင် အလုပ်လုပ်ခဲ့သူဖြစ်ရာ မည်သည့်ဆေးက ကောင်းသည်ကို သိသဖြင့် အန္တရာယ်ကင်းသော ဆေးကိုသာ ရွေးချယ်ခဲ့ခြင်းဖြစ်၏။

အိမ်ပြောင်းသည့်နေ့တွင် သမီးငယ်လေးမှာ အိမ်အသစ်ကို မြင်သည်နှင့် အလွန်ပင် နှစ်သက်နေတော့သည်။

အိမ်ပြောင်းပြီးနောက် လီရှောင်းသည် ပစ္စည်းများ သိမ်းဆည်းကာ ထွက်ခွာရန် ပြင်ဆင်တော့သည်။

မထွက်ခွာမီ အိမ်သို့ သူစိမ်းအမျိုးသမီးတစ်ဦး ရုတ်တရက် ရောက်လာသည်။ သမီးငယ်လေးက "အဘွား" ဟု မခေါ်ခဲ့ပါက ကျန်းရိုမှာ ရယ်စရာကိစ္စတစ်ခု ဖြစ်မိတော့မည်။

သမီးငယ်လေးက အဘွားဟု ခေါ်သဖြင့် ထိုသူမှာ လီရှောင်း၏ မိခင်အရင်း ဖြစ်ရပေမည်။

ကျန်းရိုသည် ထိုသူကို သိသည်။ နာမည်မှာ လင်းမေ့ရူ ဖြစ်၏။ လီရှောင်း၏ အချက်အလက်များကို ကြည့်စဉ်က လီရှောင်း၏ ဇနီးဟောင်း ထွက်ပြေးသွားပြီးနောက် ကလေးကို အစပိုင်းတွင် မိခင်ဖြစ်သူထံ ထားခဲ့သော်လည်း နောက်ပိုင်းတွင် ဘာဖြစ်သည်မသိဘဲ လီရှောင်းက သူ့မိခင်နှင့် အဆက်အသွယ် ဖြတ်လိုက်ကာ ကလေးကို ပြန်ခေါ်လာခဲ့ပြီး ပိုက်ဆံပေး၍ လူငှားထိန်းခိုင်းသည်အထိ မိခင်ကို အားမကိုးတော့ကြောင်း ရေးထားသည်ကို သူမ မှတ်မိနေသည်။

ထိုစဉ်က ကျန်းရိုတွင် မကောင်းသော အတွေးတစ်ခု ရှိခဲ့သော်လည်း မည်သူ့ကိုမှ ထုတ်မပြောခဲ့ပေ။

လင်းမေ့ရူသည် ခြံထဲတွင် မှင်တက်ရပ်နေသော ကျန်းရိုကို မြင်သည်နှင့် မျက်နှာပျက်သွားကာ တိုက်ရိုက်ပင် မေးမြန်းသည်။ "လီရှောင်း ဘယ်မှာလဲ။ ပြန်လာတာ ဒီလောက်ကြာနေတာတောင် ငါ့ဆီ လာမကြည့်ရကောင်းလား..."

စကားမဆုံးသေးမီမှာပင် လီရှောင်း ထွက်လာသည်။ သူါမျက်နှာမှာ အလွန်မည်းမှောင်နေ၏။

ထို့နောက် လင်းမေ့ရူကို စကားဆက်ပြောခွင့် မပေးဘဲ အပြင်သို့ တိုက်ရိုက် ဆွဲထုတ်သွားတော့သည်။ သူ အပြင်တွင် ဘာတွေပြောခဲ့သည်ကို ကျန်းရို မသိသော်လည်း အတော်ကြာမှ သူ ခြံထဲသို့ ပြန်ဝင်လာခဲ့သည်။

ပြန်ရောက်လာသည်နှင့် သူက ကျန်းရိုအား ပြောသည်။ "သူမ နောက်တစ်ခါ လာခဲ့ရင် ငါ့ကို ဖုန်းဆက်လိုက်"

ကျန်းရိုက သူ၏ အေးစက်လှသော မျက်နှာကို ကြည့်ပြီး လိမ်မာစွာ ထူးလိုက်သည်။

သူ ဒေါသထွက်နေသော်လည်း အိမ်အတွက် တီဗီ၊ ဖုန်းနှင့် စက်ဘီးများကို ဝယ်ပေးရန် မမေ့ခဲ့ပေ။

စက်ဘီး၏ အနောက်တွင်လည်း ကျန်းရို ကလေးသွားကြိုရန် အဆင်ပြေစေရန် နှိမ့်ထားသော ထိုင်ခုံလေးတစ်ခုကို တပ်ဆင်ပေးလိုက်သေးသည်။

အားလုံးကို အဆင်ပြေအောင် စီစဉ်ပေးခဲ့၏။

ညဘက် အိပ်ရာထဲတွင် သူသည် ကျန်းရိုအား အခက်အခဲနှင့်တွေ့ပါက မည်သည့်သူငယ်ချင်းများကို ဆက်သွယ်ရမည်ဖြစ်ကြောင်း အသေးစိတ် မှာကြားနေသည်။

နောက်ဆုံးတွင် ကျန်းရိုက မနေနိုင်ဘဲ ရယ်မောလိုက်သည်။ "ကျွန်မက ကလေးမှ မဟုတ်တာ၊ ကျွန်မ ဘာအလုပ်လုပ်ခဲ့လဲဆိုတာ ရှင် မေ့နေပြီလား"

လီရှောင်းသည် မီးရောင်အောက်မှ သူမ၏ ယုံကြည်မှုရှိသော အပြုံးလေးကို ကြည့်ရင်း ရင်ထဲတွင် တစ်မျိုး ခံစားလိုက်ရသည်။

ဒီမတော်တဆမှုသာ မရှိခဲ့လျှင် သူနှင့် သူမကြားမှာ အမှန်တကယ် ဝေးကွာနေဦးမည်ဖြစ်ကြောင်း သူ ရုတ်တရက် သတိပြုမိလိုက်သည်။

…..

လီရှောင်းမှာ မနက်အစောကြီး ထွက်ခွာသွားခဲ့သည်။ သူသည် မိုးမလင်းမီကတည်းက ထခဲ့ခြင်းဖြစ်၏။ သမီးငယ်လေးမှာ အိပ်နေဆဲဖြစ်ပြီး ကျန်းရိုတစ်ယောက်သာ နိုး၍ သူ့ကို လိုက်ပို့သည်။

လီရှောင်း မျက်နှာသစ်နေစဉ် ကျန်းရိုက မီးဖိုချောင်တွင် သူ၏ ခရီးဆောင်အိတ်များကို စစ်ဆေးပေးနေသည်။

နောက်ဆုံးတွင် လီရှောင်း ထမင်းစားပြီးသောအခါ ကျန်းရိုက သူ့ကို တံခါးအထိ လိုက်ပို့ပေးသည်။

တံခါးဝသို့ ရောက်သောအခါ ကျန်းရိုက လက်ထဲမှ အိတ်ကို သူ့အား ကမ်းပေးလိုက်သည်။ လီရှောင်းက လက်လှမ်းလိုက်သော်လည်း အိတ်ကို မယူဘဲ အိတ်ကို ကိုင်ထားသော သူမ၏ လက်ကလေးကိုပါ ဆုပ်ကိုင်လိုက်သည်။

ကျန်းရို မှင်တက်သွားကာ မသိစိတ်အရ သူ့ကို မော့ကြည့်လိုက်ရာ သူသည်လည်း သူမကို ငုံ့ကြည့်နေပြီး မျက်ဝန်းထဲတွင် ခံစားချက်ပေါင်းစုံ ရှိနေသည်ကို တွေ့လိုက်ရသည်။

ကျန်းရိုသည် သူ့လက်ဖဝါးမှ ပူနွေးသော အရှိန်အဝါကို ခံစားနေရပြီး နှုတ်ခမ်းကို ဖိထားမိသည်။ သူ ဘာကို ဆိုလိုမှန်း သူမ မသိပေ။

လီရှောင်းသည် သူမ၏ လက်ကလေးကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ပွတ်သပ်ပေးရင်း တည်ငြိမ်သော်လည်း နူးညံ့သော လေသံဖြင့် ပြောလိုက်သည်။ "ဒီလိုပြောတာက မင်းကို အနေခက်စေနိုင်တယ် ဆိုပေမဲ့၊ မပြောရင် ငါ နောင်တရနေမှာ စိုးလို့ပါ။ ငါ့ဘဝမှာ နောင်တရစရာတွေ အများကြီး ရှိခဲ့ပြီးပြီ၊ ဒီတစ်ခါတော့ နောင်တ မကျန်စေချင်တော့ဘူး..."

သူ ခဏရပ်လိုက်ပြီး အလေးအနက် ပြောလိုက်သည်။ "အဆင်ပြေမယ်ဆိုရင်... မင်း ငါ့ကို ထည့်စဉ်းစားပေးဖို့ မျှော်လင့်ပါတယ်"

ပြောပြီးနောက် သူသည် သူမကို တစ်ချက် စိုက်ကြည့်လိုက်ကာ လက်ကို လွှတ်လိုက်ပြီး အိတ်ကို ယူ၍ လှည့်ထွက်သွားတော့သည်။

ခြေလှမ်းများမှာ အနည်းငယ် မြန်နေပြီး မကောင်းသော အဖြေကို ရရှိမှာ စိုးရိမ်နေသည့်ပုံရသည်။

ကျန်းရိုတစ်ယောက်တည်း ထိုနေရာတွင် မှင်တက်ကာ ကျန်ရစ်ခဲ့တော့၏။

……

ဗုဒ္ဓဟူးနေ့ မနက်တွင် ကျန်းရိုသည် ကလေးကို သူငယ်တန်းသို့ ပို့ဆောင်ပြီးနောက် စက်ဘီးဖြင့် သူမ၏ ညီမလေးဆီသို့ သွားခဲ့သည်။ သူမ ကိုယ်တိုင်လုပ်ထားသော မုန့်အချို့နှင့် စာအုပ်အချို့ကို သွားပေးခြင်း ဖြစ်၏။

တစ်ဆက်တည်းမှာပင် ဤရက်ပိုင်းအတွင်း ဘယ်လိုနေထိုင်သလဲဟု မေးမြန်းသည်။

ဖုရှောင်ယွဲ့က မုန့်နှင့် စာအုပ်များကို လှမ်းယူလိုက်ပြီး ငုံ့ကြည့်သည်။ သူမသည် ယခုအခါ ကျန်းရိုနှင့် စကားပြောရန် ဆန္ဒရှိနေပြီဖြစ်ကာ ခေါင်းညိတ်ပြရင်း "အဆင်ပြေပါတယ်" ဟု တိုတိုတုတ်တုတ် ဖြေသည်။

ကျန်းရိုသည် သူမ၏ သိသိသာသာ ကြည်လင်လာသော မျက်နှာလေးကို ကြည့်ပြီး ပြုံးလိုက်သည်။ "ဒါဆိုလည်း ပြီးတာပါပဲ"

ညဘက်တွင် လီရှောင်းက ကျန်းရိုထံ ဖုန်းဆက်လာသည်။ ကျန်းရို မီးဖိုချောင်တွင် ထမင်းချက်နေစဉ် သမီးငယ်လေးမှာ တံခါးဝ၌ အိမ်စာလုပ်နေသည်။ ဖုန်းသံကို ကြားသည်နှင့် သူမသည် ထိုင်ခုံပေါ်မှ ဆင်းကာ အမေထံသို့ တကောက်ကောက် ပြေးဝင်လာပြီး လှမ်းခေါ်တော့သည်။

ကျန်းရို အခန်းထဲသို့ ဝင်၍ ဖုန်းကို ကိုင်လိုက်ကာ "ဟယ်လို" ဟု ဆိုလိုက်သည်။

ဖုန်းထဲမှ အမျိုးသား၏ အသံ ချက်ချင်း ထွက်ပေါ်လာသည်။ "ငါပါ"

သမီးငယ်လေးမှာ ကျန်းရို၏ ဘေးတွင်ရပ်၍ စပ်စုသလို မော့ကြည့်နေရာ ကျန်းရိုက သူမကို ပြုံးပြလိုက်သည်။ "ပါပါးလေ"

ထို့နောက် ဖုန်းနားကြပ်ကို သူမ၏ နားတွင် ကပ်ပေးလိုက်သည်။

သမီးငယ်လေးက လိမ်မာစွာ ခေါ်လိုက်သည်။ "ပါပါး"

ဖုန်းထဲမှ လီရှောင်း ဘာပြောသည်မသိဘဲ သမီးငယ်လေးမှာ ချက်ချင်း ရယ်မောသွားကာ ချိုသာစွာ ပြောလိုက်သည်။ "ပါပါး... သမီး ပါပါးကို အရမ်းလွမ်းတာပဲ"

စကားအနည်းငယ် ထပ်ပြောပြီးနောက် သမီးငယ်လေးက ဖုန်းကို အပေါ်သို့ မြှောက်ပေးသည်။ "မာမား... ပါပါးက မာမားနဲ့ စကားပြောချင်လို့တဲ့"

ကျန်းရို ခဏမျှ ရပ်တန့်သွားပြီးမှ ဖုန်းကို ပြန်ကိုင်ကာ တမင်တကာ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"

ဖုန်းထဲမှ အမျိုးသားက "ဘာမှမဟုတ်ပါဘူး၊ အိမ်မှာ ဘယ်လိုနေလဲလို့ သိချင်လို့ပါ"

ကျန်းရို ရယ်မောလိုက်မိသည်။

တစ်ဖက်မှ အမျိုးသားမှာလည်း မိမိ၏မေးခွန်းမှာ မသင့်တော်ကြောင်း သိပုံရသည်။ သူ ထွက်သွားသည်မှာ တစ်ရက်သာရှိသေးရာ အိမ်တွင် ဘာတွေ ပြောင်းလဲနိုင်ပါ့မလဲ။

သူလည်း လိုက်၍ ရယ်မောလိုက်သည်။ သူ့ရယ်သံမှာ တိုးညင်းသော်လည်း ဆွဲဆောင်မှု ရှိလှသည်။

ကျန်းရို၏နားထဲတွင် တစ်မျိုး ခံစားလိုက်ရပြီး သမီးငယ်လေး အပြင်သို့ ထွက်၍ ပုံဆက်ဆွဲနေသည်ကို မြင်သောအခါ ဖုန်းထဲသို့ တိုးတိုးလေး မေးလိုက်သည်။ "ရှင် မနေ့မနက်က ပြောတဲ့စကားက ဘာကို ဆိုလိုတာလဲ"

တစ်ဖက်မှ အမျိုးသားမှာ ခဏမျှ တိတ်ဆိတ်သွားသည်။ ကျန်းရိုက မေးခွန်းကို ပြောင်းမေးရန် ပြင်လိုက်စဉ်မှာပင် သူ၏ အသံကို ကြားလိုက်ရသည်။ "ငါ အရင်က ဘယ်သူ့ကိုမှ မချစ်ဖူးဘူး၊ ဒါပေမဲ့ မင်းနဲ့ အမြဲတမ်း အတူတူ ရှိနေချင်တယ်"

ယခုတစ်ကြိမ်တွင် ကျန်းရို တိတ်ဆိတ်သွားရပြန်သည်။

လီရှောင်းသည် သူမ ဘာမှမပြောသဖြင့် စောင့်ဆိုင်းနေပုံရသည်။

နောက်ဆုံးတွင် ကျန်းရို၏ မျက်နှာလေးမှာ ပူနွေးလာကာ "ကျွန်မကို စဉ်းစားဖို့ အချိန်ပေးပါဦး"

လီရှောင်းက "အင်း" ဟု ညင်သာစွာ ပြန်ထူးလိုက်၏။

ဖုန်းချပြီးနောက်တွင်မှ ကျန်းရိုသည် သူမ၏ ဘာကို ကြိုက်သလဲဟု မမေးမိသည်ကို နောင်တရမိသည်။ သို့သော် နောက်တစ်ကြိမ် ဖုန်းဆက်သောအခါတွင်မူ သူမ မမေးရဲတော့ချေ။

…..

နောက်ပိုင်းကာလများတွင် ကျန်းရိုသည် စာကြည့်ရင်း တက္ကသိုလ်ဝင်ခွင့် စာမေးပွဲအတွက် ပြင်ဆင်နေသည်။

အမျိုးသားနေ့ ပိတ်ရက်တွင် သူငယ်တန်းမှာ ခုနစ်ရက် ပိတ်သဖြင့် ကျန်းရိုသည် သမီးငယ်လေးကို ခေါ်ဆောင်ကာ S မြို့သို့ အလည်သွားရန် ဆုံးဖြတ်လိုက်သည်။

သမီးငယ်လေးမှာ ပါပါးဆီ သွားမည်ကို သိသဖြင့် အလွန် စိတ်လှုပ်ရှားနေပြီး ညဘက်တွင်ပင် အိပ်မပျော်နိုင် ဖြစ်နေရှာသည်။

နောက်တစ်နေ့ မနက်တွင် ကျန်းရိုသည် မိုးမလင်းမီမှာပင် သူမကို ခေါ်၍ အိမ်မှ ထွက်ခဲ့သည်။ ကားဂိတ်သို့ မသွားဘဲ လမ်းဘေးတွင် စောင့်နေကြရာ မိနစ်နှစ်ဆယ်ခန့်အကြာတွင် ကားရောက်လာသည်။ ရက်အနည်းငယ်သာ လည်မည်ဖြစ်သဖြင့် ကျန်းရိုသည် အိတ်တစ်လုံးနှင့် စားစရာ၊ သောက်စရာများ ထည့်ထားသော ပလတ်စတစ်အိတ် တစ်လုံးကိုသာ ယူခဲ့သည်။

သားအဖနှစ်ဦးမှာ ပေါ့ပေါ့ပါပါးဖြင့် တစ်နေ့လုံး ကားစီးခဲ့ကြပြီး ညနေ ငါးနာရီကျော်တွင် S မြို့သို့ ရောက်ရှိကြသည်။ ကျန်းရိုသည် လီရှောင်းထံ တိုက်ရိုက်မသွားဘဲ သူမ လာမည့်အကြောင်းကိုလည်း မပြောခဲ့ပေ။

မိုးချုပ်တော့မည်ဖြစ်သဖြင့် ကျန်းရိုသည် သမီးငယ်လေးကို ခေါ်ကာ မြို့ထဲသို့ ကားဖြင့်သွားပြီး စားသောက်ဆိုင်တစ်ခုတွင် ထမင်းစားကာ ဟိုတယ်တစ်ခုတွင် အခန်းယူလိုက်သည်။

သမီးငယ်လေးမှာ ပထမဆုံးအကြိမ် ခရီးဝေးထွက်ဖူးခြင်းဖြစ်ရာ လမ်းတစ်လျှောက်လုံး မေမေ့ကို မြဲမြဲကပ်နေပြီး ခေါင်းလေးကို ဟိုဟိုဒီဒီ လှည့်ကြည့်နေတော့သည်။

စည်ကားလှသော စားသောက်ဆိုင်တွင် ထမင်းစားစဉ်မှာလည်း သူမမှာ အားပါးတရ မစားရဲပေ။

ဟိုတယ်အခန်းထဲ ရောက်မှသာ သူမနှင့် မာမား နှစ်ယောက်တည်း ရှိသည်ကို သိသဖြင့် အနည်းငယ် ပျော်ပျော်ပါပါး ဖြစ်လာတော့သည်။

ထိုအခါမှ ကျန်းရိုသည် လီရှောင်းထံ ဖုန်းဆက်ရန် သတိရတော့သည်။ တစ်ဖက်မှ လီရှောင်းမှာ သူမ၏ ဖုန်းကို စောင့်နေပုံရကာ ဖုန်းကိုင်လိုက်သည်နှင့် "မင်း အခု ဘယ်မှာလဲ၊ ငါ လာရှာမယ်" ဟု မေးတော့သည်။

ကျန်းရို အံ့သြသွားသည်။ "ရှင် သိနေတာလား"

လီရှောင်းက "အင်း... အိမ်ကို ဖုန်းဆက်တာ လူမကိုင်လို့ အဒေါ်ဝမ်ကို မေးကြည့်လိုက်တာ။ မင်း လာနေပြီလို့ သူက ပြောတယ်"

ကျန်းရိုမှာ သူ့ကို အံ့သြသွားအောင် လုပ်ချင်သော်လည်း မအောင်မြင်သဖြင့် သူမ၏ လိပ်စာကိုသာ ပေးလိုက်ရတော့သည်။

လီရှောင်း လာမည်ကို သိသဖြင့် ကျန်းရိုသည် အန်းအန်းကို ခေါ်၍ အရင်ဆုံး ရေချိုးခန်းတွင် ကိုယ်လက်သန့်စင်သည်။ ကျန်းရို ရေချိုးမပြီးခင်မှာပင် လီရှောင်း ရောက်လာခဲ့ပြီး သမီးငယ်လေးက တံခါးဖွင့်ပေးလိုက်သည်။

သူမ ပါပါးကို မြင်သောအခါ အလွန်ပျော်ရွှင်သွားသည်။ "ပါပါး"

လီရှောင်း၏ မျက်ဝန်းများမှာ နူးညံ့သွားပြီး သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ "မာမားကော" ဟု မေးသည်။

"မာမား ရေချိုးနေတယ်"

လီရှောင်း ရေချိုးခန်းဘက်သို့ တစ်ချက်ကြည့်ကာ ခဏ တုံ့ဆိုင်းနေပြီးမှ သမီးဖြစ်သူကိုခေါ်၍ အထဲသို့ ဝင်ခဲ့သည်။

ကျန်းရို ထွက်လာသောအခါ လီရှောင်းသည် သမီးဖြစ်သူနှင့်အတူ တီဗီကြည့်နေသည်ကို တွေ့လိုက်ရသည်။

ကျန်းရိုသည် စကတ်ဝတ်ကာ ဆံပင်ရှည်များကို ချထားလျက် ထွက်လာခဲ့သည်။ သူမ ထွက်လာသည်နှင့် လီရှောင်း၏အကြည့်နှင့် ဆုံသွားရာ သူမ အနည်းငယ် ရှက်သွားသဖြင့် အကြည့်အရင် လွှဲလိုက်ကာ "မနက်ဖြန် မနက်မှ ရှင့်ဆီ လာမလို့ပါပဲ"

လီရှောင်းက မျက်လွှာချလိုက်ကာ "ငါ တစ်ရက် ခွင့်ယူထားတယ်၊ မနက်ဖြန် မင်းတို့ကို အပြင် လိုက်ပြမယ်" ဟု ပြောသည်။

ကျန်းရိုက "သြော်... ရှင့်အလုပ်ကို မနှောင့်ယှက်ဘူးလား" ဟု မေးသည်။

"မနှောင့်ယှက်ပါဘူး"

"ဒါဆိုရင်တော့ ကောင်းတာပေါ့"

လီရှောင်းလည်း ရေချိုးလိုက်သည်။ သူသည် အဝတ်အစားများ ယူလာခဲ့သော်လည်း တဘတ်ယူလာရန် မေ့သွားခဲ့သည်။ ကျန်းရိုသည် သူ အိတ်ထဲတွင် ရှာဖွေနေသည်ကို မြင်သောအခါ တဘတ် မပါလာကြောင်း သိလိုက်သဖြင့် သူမ၏တဘတ်ကို သုံးရန် ပြောလိုက်သည်။

လီရှောင်း၏ အဝတ်ကိုင်ထားသော လက်မှာ ခဏ ရပ်တန့်သွားကာ "ဟိုတယ်ကဟာ သုံးလိုက်လည်း ရပါတယ်"

ကျန်းရိုက မျက်မှောင်ကြုံ့ကာ "ဟိုတယ်ကဟာတွေက မသန့်ရှင်းဘူး။ ရှင် မရွံဘူးဆိုရင် ကျွန်မဟာပဲ သုံးလိုက်ပါ။ အင်္ကျီပေါ်မှာ တင်ထားတယ်၊ မလျှော်ရသေးဘူး"

လီရှောင်းက သူမကို တစ်ချက်ကြည့်ကာ "ကောင်းပါပြီ" ဟု ပြန်ထူးလိုက်သည်။

ကျန်းရိုမှာ သူမ အများကြီး တွေးမိတာလားတော့မသိ၊ သူ ကြည့်လိုက်သော ထိုအကြည့်ကြောင့် မျက်နှာလေး နီမြန်းသွားရသည်။

ညဘက် အိပ်စက်သောအခါ သမီးငယ်လေးမှာ ယခင်အတိုင်း အလယ်တွင် အိပ်သည်။ ဘေးနားမှ ထွက်ပေါ်လာသော အသက်ရှူသံကို ကြားရင်း ကျန်းရို အတော်ကြာအောင် အိပ်မပျော်နိုင်ဘဲ ရှိနေသည်။ နောက်ဆုံးတွင် သူမသည် တစ်ဖက်ရှိ အမျိုးသားကို တိုးတိုးလေး မေးလိုက်သည်။ "ရှင် အိပ်ပျော်ပြီလား"

တစ်ဖက်မှ ချက်ချင်းပင် အသံထွက်လာသည်။ "မအိပ်သေးဘူး"

မှောင်မိုက်နေသော အခန်းထဲတွင် ကျန်းရိုမှာ နှုတ်ခမ်းလေးကို ဖိ၍ ပြုံးလိုက်မိပြီး ရင်ထဲတွင် ကျေနပ်သွားလေတော့သည်။

***

All Chapters