အခန်း (အချပ်ပို ၃.၈-သိမ်း)
Vol. 6 Ch. Extra 3.8-End
အချပ်ပို ၃.၈ ။ လီရှောင်းပြန်လည်မွေးဖွားခြင်း
ကျန်းရို နံနက်နိုးလာသောအခါ လီရှောင်းသည် မနေ့ညက အဝတ်အစားအားလုံးကို လျှော်ဖွပ်ပြီး ရေချိုးခန်းထဲတွင် လှန်းထားကြောင်း တွေ့လိုက်ရသည်။ ယခုမူ အားလုံး ခြောက်သွေ့နေပြီ ဖြစ်၏။
သူမ ထလာပြီးနောက် လီရှောင်းလည်း လိုက်ထလာကာ ကျန်းရို ကိုယ်လက်သန့်စင်နေစဉ် သူက အောက်ထပ်သို့ဆင်း၍ မနက်စာ သွားဝယ်ပေးသည်။ သူပြန်လာချိန်တွင် ကျန်းရိုမှာ မပြီးသေးဘဲ မိတ်ကပ်လိမ်းနေဆဲပင်။
လီရှောင်းက မနက်စာအိတ်ကို ကိုင်လာသည်ကို မြင်သောအခါ သူမက သူ့ကို အရင်စားနှင့်ရန် ပြောလိုက်သည်။
ကုတင်ပေါ်မှ သမီးငယ်လေးမှာလည်း မျက်လုံးလေးများကို ပွတ်သပ်ရင်း နိုးလာသည်။ ပါပါးကို မြင်သောအခါ သူမသည် အလွန်ပျော်ရွှင်စွာ ပြုံးလိုက်မိ၏။ အကြောင်းမှာ သူမသည် အိမ်မက်မက်နေခြင်းမဟုတ်ဘဲ ပါပါးဆီသို့ အမှန်တကယ် ရောက်ရှိနေခြင်းဖြစ်ကြောင်း သိလိုက်ရသောကြောင့်ပင်။
မနက်စာစားပြီးနောက် မိသားစုသုံးယောက် အပြင်သို့ လည်ပတ်ကြသည်။ နေရာအနှံ့သို့ သွားကြပြီး ဓာတ်ပုံများလည်း အများကြီး ရိုက်ခဲ့ကြသည်။ တစ်နေ့လုံး သမီးငယ်လေး၏ မျက်နှာတွင် အပြုံးများ မပျောက်ကွယ်ခဲ့ပေ။
သူမက ကျန်းရိုအား "မာမား... ဒီနေ့က သမီးအတွက် အပျော်ဆုံးနေ့ပဲ" ဟု ပြောရှာသည်။
မွန်းတည့်ချိန်တွင် ကျန်းရိုက သူမကို KFC သွားကျွေးရာ သမီးငယ်လေးမှာ ဗိုက်အလွန်ပြည့်နေသော်လည်း လက်ထဲမှ ကြက်ပေါင်ကို မချချင်ဘဲ ဖြစ်နေတော့သည်။
ကျန်းရိုက သူမ၏ အစားမက်နေသော ပုံစံလေးကိုကြည့်ပြီး စိတ်မကောင်းဖြစ်ကာ "မစားနဲ့တော့နော်၊ နောက်ရက်ကျရင် မာမား ထပ်ခေါ်လာကျွေးမယ်" ဟု ချော့မော့လိုက်သည်။
ထိုအခါမှ သမီးငယ်လေးမှာ လက်ထဲမှ ကြက်ပေါင်ကို မချင့်မရဲဖြင့် ချလိုက်ကာ အမေကို တိုးတိုးလေး ပြောသည်။ "ဒါက စားလို့ အရမ်းကောင်းတာပဲ"
ကျန်းရိုက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ "မာမားက ဒါထက် ပိုကောင်းတာတွေ လုပ်တတ်တယ်၊ အိမ်ပြန်ရောက်ရင် မာမား လုပ်ကျွေးမယ်နော်" ဟု ဆိုလိုက်သည်။
တစ်နေကုန် လည်ပတ်ပြီးနောက် နောက်ဆုံးတွင် ကျန်းရိုသည် လီရှောင်း အလုပ်လုပ်သည့်နေရာကို သွားကြည့်ချင်ကြောင်း ပြောသည်။ လီရှောင်းမှာ ခဏမျှ တွေဝေသွားသော်လည်း နောက်ဆုံးတွင် သူတို့ကို ခေါ်သွားခဲ့သည်။
လီရှောင်းသည် ယခုအခါ 'XR' အမည်ရှိ အင်တာနက် ကုမ္ပဏီတစ်ခုကို တည်ထောင်ထားသည်။
သူသည် ကွန်ပျူတာပိုင်းတွင် အစကတည်းက ပါရမီရှင်တစ်ဦး ဖြစ်သည်။ ယခင်ဘဝက ရဲများက သူ့နောက်သို့ လိုက်လံစုံစမ်းစဉ် ဤအချက်ကို သတိပြုမိခဲ့ကြသည်။ သူသည် သူ၏ အင်တာနက် အသုံးပြုခဲ့သော သဲလွန်စအားလုံးကို အကုန်အစင် ဖျောက်ဖျက်နိုင်ခဲ့သူ ဖြစ်၏။ အပြင်လောကတွင်သာမက အင်တာနက်ပေါ်တွင်လည်း သူ့ကို ရှာမတွေ့နိုင်ခဲ့ပေ။ ထို့ကြောင့် ရဲများက သူ့ကို 'ဉာဏ်ကြီးရှင် ရာဇဝတ်ကောင်' ဟု သတ်မှတ်ခဲ့ကြသည်။
ထိုစဉ်က ကျန်းရို၏ဆရာက အသေးစိတ် မေးမြန်းသောအခါ သူက အားလုံးကို အင်တာနက်ပေါ်တွင် ကိုယ်တိုင်လေ့လာခဲ့ခြင်းဖြစ်ကြောင်း ဖြေခဲ့သည်။ ကျန်းရို မှတ်မိသလောက်ဆိုလျှင် ထိုအချိန်က ရဲစခန်းမှာ နိုင်ငံတကာ အွန်လိုင်းလိမ်လည်မှု အမှုတစ်ခုနှင့် ကြုံနေရသည်။ ရဲစခန်းမှ ဖိတ်ခေါ်ထားသော ပညာရှင်မှာ လမ်းတွင် ကြန့်ကြာနေသဖြင့် အချိန်မီ ရောက်မလာနိုင်ခဲ့ပေ။ သို့သော် နစ်နာသူ၏ ဖုန်းမှာ ကြိုတင်မြည်နေပြီဖြစ်ရာ နောက်ဆုံးတွင် ကျန်းရို၏ဆရာက ဆုံးဖြတ်ချက်ချပြီး လီရှောင်းကို ကူညီခိုင်းခဲ့သည်။
ထိုစဉ်က ကျန်းရိုလည်း ထိုနေရာတွင် ရှိနေခဲ့သည်။ သူမသည် မလှမ်းမကမ်း ထောင့်လေးတစ်ခုမှနေ၍ လီရှောင်းသည် လက်ထိပ်ခတ်ထားလျက်ပင် ကွန်ပျူတာကို ကျွမ်းကျင်စွာ ကိုင်တွယ်ကာ ထိုဖုန်းခေါ်ဆိုမှု၏ တည်နေရာကို တည်ငြိမ်စွာ ရှာဖွေပေးခဲ့သည်ကို မျက်မြင်တွေ့ခဲ့ရသည်။ ဖုန်းမချခင်မှာပင် တစ်ဖက်လူ၏ ဖုန်းထဲမှ အချက်အလက်များကို မသိမသာ ခိုးယူနိုင်ခဲ့၏။ မြန်လည်းမြန်သလို အမှားအယွင်းလည်း မရှိပေ။
သူမ၏ဆရာပင်လျှင် "သူ့လို ဦးနှောက်မျိုးနဲ့ ဘာလုပ်လုပ် အောင်မြင်မှာပဲ၊ ဘာလို့ လမ်းမှားကို ရွေးခဲ့ပါလိမ့်" ဟု နှမြောတသစွာ ပြောခဲ့ဖူးသည်။ နောက်ပိုင်းတွင် အမှန်တရားကို သိသွားသောအခါ ဆရာမှာ လူတိုင်းထက် ပို၍ ပျော်ရွှင်နေခဲ့သည်။
သို့သော် ယခုအချိန်တွင်မူ လီရှောင်းမှာ အလုပ်စတင်တည်ထောင်စ အဆင့်သာ ရှိသေးသဖြင့် အခြေအနေမှာ သိပ်မကောင်းသေးပေ။ တက္ကသိုလ်အနီးတွင် ဈေးသက်သာသော အိမ်တစ်လုံး ငှားထားသည်။ ကုမ္ပဏီတစ်ခုလုံးတွင် သူနှင့် ကျိုးကျန့်အပြင် ကွန်ပျူတာအထူးပြု ကျောင်းသားလေးဦးသာ ရှိသည်။
လီရှောင်းက အလုပ်ရှင်ဖြစ်ပြီး ကျိုးကျန့်က ရှယ်ယာရှင် ဖြစ်သည်။ ကျိုးကျန့်က ကွန်ပျူတာကို သိပ်နားမလည်သော်လည်း လီရှောင်းနှင့်အတူ တောင်ပိုင်းတွင် အလုပ်လုပ်ခဲ့သဖြင့် စကားပြောအလွန်ကောင်းကာ လူစုဆောင်းခြင်းနှင့် အလုပ်ရှာခြင်းတို့ကို ကျွမ်းကျင်သည်။ အခြားကျောင်းသားများမှာမူ အချိန်ပိုင်းဝန်ထမ်းများ ဖြစ်ကြသည်။
လီရှောင်းသည် အိပ်ခန်းသုံးခန်းပါ အိမ်တစ်လုံးကို ငှားထားရာ ကျန်းရို ရောက်သွားချိန်တွင် အိမ်ထဲ၌ ရှုပ်ပွနေတော့သည်။ ဧည့်ခန်းကို ရုံးခန်းအဖြစ် ပြောင်းထားပြီး ကွန်ပျူတာများကို မျက်နှာချင်းဆိုင် ချထားကာ ကြိုးများမှာလည်း ကြမ်းပြင်ပေါ်တွင် ရှုပ်ထွေးနေ၏။ အဝတ်အစားများ၊ ဖိနပ်များနှင့် အမှိုက်များမှာလည်း ဟိုတစ်စ ဒီတစ်စ ရှိနေသည်။
သမီးငယ်လေးမှာ ဖအေနောက်မှ လိုက်ဝင်လာရင်း တံခါးဝသို့ ရောက်သည်နှင့် မသိမသာ နောက်သို့ ခြေလှမ်းဆုတ်လိုက်သည်။ သူမ ရွံရှာနေပုံရ၏။
ထိုအချိန်တွင် ကျိုးကျန့်နှင့် ကျောင်းသားနှစ်ဦးသာ ရှိနေသည်။ လီရှောင်းက သူဝယ်လာသော KFC ကို စားပွဲပေါ်တင်လိုက်ပြီး သူတို့ကို မိတ်ဆက်ပေးကာ ကျန်းရိုကို အိပ်ခန်းထဲသို့ ခေါ်သွားသည်။
လီရှောင်းနှင့် ကျိုးကျန့်မှာ အခန်းတစ်ခန်းတည်းတွင် အတူအိပ်ကြသည်။ သံကုတင် နှစ်လုံးကို ခွဲချထားပြီး ဘယ်ဘက်ကုတင်မှာ လီရှောင်း၏ ကုတင် ဖြစ်သည်။ အနည်းငယ် ပိုသန့်ရှင်းသော်လည်း အိမ်ကလောက် မသန့်ပေ။ အိမ်တွင် အလွန်ဖျတ်လတ်သော လီရှောင်းနှင့် လုံးဝ မတူဘဲ အဝတ်များကို ကုတင်ပေါ်တွင် ပစ်တင်ထားကာ ကုတင်အောက်တွင်လည်း ဖိနပ်များမှာ ဟိုတစ်ဖက် ဒီတစ်ဖက် ရှိနေသည်။
လီရှောင်း ရေသွားခပ်နေစဉ် ကျန်းရိုက သမီးငယ်လေးကို ခေါ်၍ အထဲဝင်လာသည်။ သမီးငယ်လေးက နှာခေါင်းကို ပိတ်ကာ ကျန်းရိုအား တိုးတိုးလေး ပြောသည်။ "မာမား... နံတယ်"
ကျန်းရို လီရှောင်း၏ ကုတင်နားသို့ သွားလိုက်သည်။ သူမမှာ ကြည့်မနေနိုင်သဖြင့် ခါးကုန်း၍ ကုတင်ပေါ်မှ အဝတ်များကို သေသေချာချာ ခေါက်ပေးလိုက်သည်။ လီရှောင်း ရေခပ်ပြီး ပြန်လာသောအခါ သူမ၏ အလုပ်ရှုပ်နေသော ကျောပြင်ကို မြင်လိုက်ရသည်။ သမီးဖြစ်သူမှာလည်း မိခင်ကို အတုယူကာ ပါပါးကုတင်အောက်မှ ဖိနပ်များကို စုစည်းပေးနေရှာသည်။
ဤမြင်ကွင်းကို မြင်လိုက်ရသောအခါ လီရှောင်းမှာ ရုတ်တရက် စကားပင် မပြောနိုင်တော့ဘဲ တစ်စုံတစ်ယောက်၏ ဂရုစိုက်မှုကို ခံရခြင်းမှာ ဤသို့သော ခံစားချက်မျိုးလားဟု ပထမဆုံးအကြိမ် သိလိုက်ရတော့သည်။
ကျန်းရို ထရပ်လိုက်ပြီး အဝတ်များကို ဘေးရှိ ဗီဒိုထဲ ထည့်လိုက်စဉ် သူ့ကို တွေ့လိုက်ရသည်။ သူ၏ ထူးဆန်းသော မျက်နှာအမူအရာကို မြင်သဖြင့် သူမက ပြုံးလျက် မေးလိုက်သည်။ "ဘာဖြစ်လို့လဲ"
ခဏကြာပြီးနောက် လီရှောင်းနှင့် ကျန်းရိုတို့ အတူတူ ထွက်လာကြသည်။ သူတို့ အခန်းထဲမှ ထွက်လာစဉ် အပြင်တွင် ကျောင်းသားနှစ်ဦး ထပ်ရောက်နေပြီဖြစ်ကာ ကွန်ပျူတာရှေ့တွင် တည်တည်ငြိမ်ငြိမ် ထိုင်နေကြသည်။ သို့သော် သူတို့ ထွက်သွားသည်နှင့် ထိုသူများမှာ ကျိုးကျန့်ကို ဝိုင်းအုံကာ "ကျိုးကော... လီကောရဲ့ ဇနီးက အရမ်းလှတာပဲနော်" ဟု ဝိုင်းပြောကြတော့သည်။
"သူ ဘယ်တုန်းက လက်ထပ်လိုက်တာလဲ။ စောလိုက်တာ၊ ကျွန်တော်က သူ ကျွန်တော့်ထက် အသက်နည်းနည်းပဲ ကြီးတယ် ထင်နေတာ"
….
လီရှောင်းသည် ကျန်းရိုတို့ကို အနီးအနားရှိ ဟိုတယ်တစ်ခုသို့ ခေါ်သွားကာ အခန်းယူပေးသည်။ ဟိုတယ်အခန်းယူသောအခါ လီရှောင်းသည် ကုတင်နှစ်လုံးပါသော အခန်းကို ပြောင်းယူလိုက်သည်။ ကျန်းရိုက သူ့ကို ထူးဆန်းသလို ကြည့်လိုက်သော်လည်း လီရှောင်းက အများကြီး ရှင်းမပြပေ။
ညဘက်တွင်မူ ကျန်းရို အကြောင်းရင်းကို သိသွားတော့သည်။ ကလေး အိပ်ပျော်သွားသောအခါ လီရှောင်းသည် ကလေးကို ဘေးကုတင်သို့ ချီသွားလိုက်ခြင်းဖြစ်၏။
ကျန်းရိုမှာ ရှက်ရှက်ဖြင့် စောင်ကို ဆွဲတင်ကာ မျက်နှာတစ်ဝက်ကို အုပ်ထားလိုက်သည်။ "ရှင် ဘာလုပ်မလို့လဲ"
လီရှောင်းက သူမကို တစ်ချက်ကြည့်ကာ သူမဘေးတွင် လဲလျောင်းလိုက်သည်။
ကျန်းရို၏ မျက်နှာမှာ နီမြန်းနေပြီး အတော်ကြာမှ သူမ မနေနိုင်ဘဲ မေးလိုက်သည်။ "ရှင် ဘာလို့ ကျွန်မကိုပဲ စိုက်ကြည့်နေတာလဲ"
လီရှောင်းသည် ထိုစကားကို ကြားသော်လည်း အကြည့်မလွှဲသည့်အပြင် တွေဝေနေပြီးမှ လက်လှမ်း၍ ကျန်းရိုကို ဖက်လိုက်သည်။ နှစ်ဦးစလုံး၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရသည်။
ကျန်းရို ရင်ခုန်သံ မြန်လာပြီး အသက်ရှူပင် မဝံ့ဘဲ ရှိနေသည်။ နောက်ဆုံးတွင် မျက်နှာနီနီလေးဖြင့် သူမ၏လက်ကို သတိထား၍ ဆန့်ထုတ်ကာ သူ့ကို ပြန်ဖက်လိုက်သည်။ လီရှောင်းသည် သူမ၏ လှုပ်ရှားမှုကို သတိပြုမိသည်နှင့် သူမကို ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်လေသည်။
နှစ်ဦးစလုံး စကားမပြောဘဲနေကြရာမှ ကျန်းရိုက မအောင့်နိုင်ဘဲ အရင်ပြောလိုက်သည်။ "ရှင် နည်းနည်းလောက် လျှော့ဖက်ပါဦး"
သူမ အသက်ရှူကျပ်နေပြီ ဖြစ်၏။
လီရှောင်းက "အင်း" ဟု ညင်သာစွာ ထူးလိုက်ပြီး အနည်းငယ် လျှော့ပေးလိုက်သော်လည်း တင်းကျပ်နေဆဲပင်။ ကျန်းရို အတော်ကြာအောင် စောင့်နေသော်လည်း "အိပ်တော့နော်" ဟူသော စကားတစ်ခွန်းသာ ကြားလိုက်ရသဖြင့် သူမ၏ စိတ်လှုပ်ရှားမှုမှာ အချည်းနှီး ဖြစ်သွားရသည်။
…..
ကျန်းရိုမှာ အလွန်ပျော်ရွှင်ခဲ့သည်။ ပြန်မည့်နေ့တွင် လီရှောင်းက လိုက်ပို့ပေးသည်။ သူတို့ စောစောထွက်လာခဲ့သဖြင့် ကားဂိတ်သို့ ရောက်သောအခါ အပြင်တွင် မိုးမလင်းသေးပေ။
ရက်အနည်းငယ်သာ လည်ပတ်ခဲ့သော်လည်း ဝယ်လာသော ပစ္စည်းများမှာ မနည်းလှပေ။ ခရီးဆောင်အိတ် တစ်လုံးဖြင့် ထည့်ထားရာ လီရှောင်းက ထိုအိတ်ကို ကားပေါ်သို့ တင်ပေးသည်။
ကားပေါ်တက်ခါနီးတွင် ကျန်းရိုက ရုတ်တရက် လှည့်လိုက်ပြီး ခြေဖျားထောက်ကာ သူ့နှုတ်ခမ်းကို ခပ်မြန်မြန် နမ်းလိုက်သည်။
လီရှောင်းမှာ မှင်တက်ကာ ရပ်ကျန်ခဲ့တော့သည်။
သူ သတိဝင်လာချိန်တွင် ကျန်းရိုမှာ ကားပေါ်သို့ ပြေးတက်သွားပြီ ဖြစ်သည်။ သူ ခဏရပ်နေပြီးမှ အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ကျန်းရိုနှင့် ကောင်မလေးမှာ ပြတင်းပေါက်ဘေးတွင် ထိုင်လျက် သူ့ကို မျက်လုံးလေးများ တောက်နေအောင် ကြည့်နေကြသည်။
သမီးငယ်လေးက လက်ပြကာ "ပါပါး ထမင်းကောင်းကောင်း စားနော်" ဟု မှာရှာသည်။
လီရှောင်း၏ အကြည့်များမှာ နူးညံ့သွားပြီး "အိမ်ရောက်ရင် ဖုန်းဆက်လိုက်ဦး၊ ပါပါး နှစ်သစ်ကူးရင် ပြန်လာခဲ့မယ်"
ကျန်းရိုက မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပြလိုက်သည်။
…..
ဤခရီးမှာ အလွန်ပျော်စရာ ကောင်းလှ၏။ သမီးငယ်လေး အိမ်ပြန်ရောက်သောအခါ ပါပါး ပြန်လာမည့် နှစ်သစ်ကူးကို နေ့တိုင်း ပြက္ခဒိန်ကြည့်ရင်း စောင့်မျှော်နေတော့သည်။
နှစ်သစ်ကူး နီးကပ်လာသောအခါ လီရှောင်းမှာ အလွန်အလုပ်များနေသည်။ သူသည် ဇန်နဝါရီလအစတွင် ပြန်လာရန် စီစဉ်ထားသော်လည်း အလုပ်ကြီးတစ်ခု ရလာသဖြင့် ရက်အနည်းငယ် နောက်ကျသွားသည်။
ကျန်းရိုကမူ နှစ်သစ်ကူးအတွက် လိုအပ်သည်များကို သူမဘာသာ ပြင်ဆင်ထားသည်။ ဘေးအိမ်မှ အဒေါ်ဝမ်၏သမီး ဝမ်မင်ကျွင်းမှာ ကျောင်းပိတ်သဖြင့် ပြန်ရောက်နေပြီ ဖြစ်သည်။ သူမ၏ စိတ်ဓာတ်မှာ အေးဆေးငြိမ်သက်လှသည်။ အဒေါ်ဝမ်၏ အဆိုအရ သမီးဖြစ်သူမှာ ယခင်က အလွန်တက်ကြွသော်လည်း ဖခင်ဖြစ်သူ ဆုံးပါးသွားပြီးကတည်းက ရယ်ခဲသွားသည်။
သို့သော် သူမမှာ အလွန်စိတ်ကောင်းရှိပြီး ကျန်းရိုအတွက် လက်ဆောင်များလည်း ဝယ်လာခဲ့သည်။ ကျန်းရို စာမေးပွဲဖြေရန် ပြင်နေသည်ကို သိသဖြင့် အထက်တန်းပြ ဆရာများထံမှ စာအုပ်များပင် ငှားပေးခဲ့သေးသည်။
…..
နှစ်သစ်ကူး မတိုင်မီ နှစ်ရက်အလိုတွင် လီရှောင်း ပြန်ရောက်လာသည်။ သူမှာ အတော်လေး ပိန်သွားပြီး ရက်အတော်ကြာ အိပ်ရေးပျက်ထားပုံရကာ မျက်ကွင်းများ ညိုလျက် မုတ်ဆိတ်မွေးများပင် မရိတ်နိုင်ဘဲ ဖြစ်နေရှာသည်။
သူသည် အိမ်တွင် ကောင်းကောင်း အိပ်စက်အနားယူပြီးနောက် နောက်တစ်နေ့တွင် ကျန်းရိုနှင့်အတူ ဈေးဝယ်ထွက်သည်။ လမ်းတွင် အရင်ပတ်ကြည့်ကာ လီရှောင်းအတွက် အပေါ်အင်္ကျီနှင့် ဖိနပ်တစ်စုံ ဝယ်ပေးလိုက်သည်။ ကျန်းရိုနှင့် သမီးငယ်လေးအတွက်လည်း ဦးထုပ် တစ်ယောက်တစ်လုံး ဝယ်ပြီးမှ ဟင်းသီးဟင်းရွက်ဈေးသို့ သွားကြသည်။
လမ်းတွင် ကျိုးကျန့်နှင့် ဆုံသည်။ ကျိုးကျန့်လည်း ဈေးဝယ်ထွက်လာခြင်း ဖြစ်၏။ လီရှောင်း၏ အဆိုအရ ကျိုးကျန့်၏ မိခင်မှာ နေမကောင်းသဖြင့် အပြင်သိပ်မထွက်နိုင် ကျိုးကျန့်က ဘာဝယ်ရမှန်း မသိဖြစ်နေစဉ် လီရှောင်းတို့ ဈေးသွားမည်ကို သိသဖြင့် အတူတူ လိုက်လာခဲ့သည်။
ဈေးသို့ ရောက်သောအခါ ကျန်းရိုက လတ်ဆတ်သော ဟင်းသီးဟင်းရွက်များနှင့် ငါးရောင်းသည့် ဆိုင်သို့ ခေါ်သွားသည်။ ငါးကို လတ်လတ်ဆတ်ဆတ် စားချင်သဖြင့် ကျန်းရိုမှာ ရက်ကြိုကာ ဝယ်မထားခဲ့ပေ။ ငါးဆိုင်များတွင် လူအတော်စည်နေပြီး ငါးကြီးများမှာ ကုန်သလောက် ရှိနေပြီဖြစ်သည်။ ကျန်းရိုက သူမ ပုံမှန်ဝယ်နေကျ နောက်ဘက်မှ ဆိုင်တစ်ဆိုင်သို့ ခေါ်သွားကာ "ဒီဇနီးမောင်နှံက အောက်ရွာကလာတာ၊ ငါးမွေးကန်ရှိတော့ ငါးတွေက လတ်ဆတ်ပြီး စားလို့ကောင်းတယ်" ဟု ရှင်းပြသည်။
ထိုဆိုင်တွင် ကျန်းရိုက လတ်ဆတ်သော ကက္ကတစ်ငါး နှစ်ကောင် ဝယ်လိုက်သည်။ ငါးက အနည်းငယ် ဈေးကြီးသော်လည်း အကောင်ကြီးအချို့ ကျန်နေသေးသည်။
သူတို့ ထွက်သွားချိန်တွင် အနောက်မှ "ဝမ်ယန်" ဟု ခေါ်သံကို ကြားလိုက်ရသည်။
အနောက်မှ လိုက်လာသော ကျိုးကျန့်မှာ မသိစိတ်အရ လှည့်ကြည့်လိုက်ရာ ငါးရောင်းသော ဇနီးမောင်နှံမှာ သွက်လက်စွာ ငါးသတ်၍ ပိုက်ဆံသိမ်းနေသည်ကို တွေ့လိုက်ရသည်။ ထိုဇနီးမောင်နှံမှာ သံယောဇဉ် အလွန်ကောင်းပုံရပြီး တစ်ဦးကိုတစ်ဦး ပြုံး၍ ကြည့်နေကြသည်။ ဘာကြောင့်မှန်းမသိ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ကျိုးကျန့်၏ရင်ထဲတွင် တစ်မျိုး ခံစားလိုက်ရပြီး မျက်မှောင်ကြုံ့မိသွားသည်။
ရှေ့မှ လီရှောင်းက သူ့ကို လှမ်းခေါ်သည်။ "ဘာတွေ ငေးနေတာလဲ။ မရီးက မင်းကို နှစ်သစ်ကူးရင် အိမ်မှာ ထမင်းလာစားမလားလို့ မေးနေတယ်"
ကျိုးကျန့် သတိဝင်လာပြီး "ကောင်းတာပေါ့" ဟု ဖြေလိုက်ကာ "ဒါဆို မရီးကို အားနာရတော့မှာပဲ" ဟု အားနာစကား ဆိုလိုက်သည်။
ရှေ့တွင် လီရှောင်းက ကျန်းရို၏ လက်ထဲမှ ဟင်းအိတ်များကို အကုန်လှမ်းယူလိုက်ပြီး "ဒါဆို အသားများများ ဝယ်လိုက်ဦး၊ သူက အသားကြိုက်တယ်" ဟု ကျန်းရိုကို ပြောသည်။
ကျန်းရိုက ရယ်မောလျက် "ရှင်ကလည်း... သူပဲ ကြိုက်တာကျနေတာပဲ၊ ရှင်ကော မကြိုက်ဘူးလား" ဟု စနောက်လိုက်သည်။
လီရှောင်းလည်း လိုက်ရယ်မိကာ အမျိုးသမီးကို ကြည့်နေသော သူ့မျက်ဝန်းများထဲတွင် အပြုံးများ ပြည့်နှက်နေတော့သည်။
အနောက်မှ လိုက်လာသော ကျိုးကျန့်သည် သူတို့နှစ်ဦး၏ ဆက်ဆံရေးကို ကြည့်ရင်း ရုတ်တရက် အားကျစိတ် ဖြစ်ပေါ်လာရသည်။
….
နှစ်သစ်ကူးအကြို ညစာစားပွဲတွင် ကျိုးကျန့်တို့ သားအမိအပြင် ဘေးအိမ်မှ အဒေါ်ဝမ်တို့ သားအမိပါ ရောက်ရှိလာကြသဖြင့် စားပွဲတွင် လူအပြည့် ဖြစ်နေသည်။ လူတိုင်း အလွန်ပျော်ရွှင်စွာ စားသောက်ကြပြီး ဤသည်မှာ သူတို့အတွက် အစည်ကားဆုံးသော နှစ်သစ်ကူး ညစာစားပွဲ ဖြစ်ရပေမည်။
ညဘက်တွင် ကလေး အိပ်ပျော်သွားသောအခါ လီရှောင်းသည် ကျန်းရိုကို တိတ်တဆိတ် ဖက်ထားလိုက်သည်။ ကျန်းရိုက ပြုံးလျက် သူ့ခါးကို ပြန်ဖက်လိုက်ကာ နမ်းရန် မျက်နှာလေးကို မော့ပေးလိုက်သည်။ သူမ၏ လက်ကလေးမှာလည်း ငြိမ်မနေဘဲ သူ့အင်္ကျီအောက်သို့ တိုးဝင်နေ၏။
လီရှောင်းမှာ အနည်းငယ် အနေခက်သွားသော်လည်း သူမ၏ နှုတ်ခမ်းကို ငုံ့နမ်းလိုက်သည်။ အတော်ကြာအောင် နမ်းပြီးနောက်တွင် သူက အနည်းငယ် အသက်ရှူမှားလျက် ပြောလိုက်သည်။ "နှစ်သစ်ကူးပြီးရင် ငါတို့ လက်ထပ်စာချုပ် ပြန်လုပ်ရအောင်"
ကျန်းရိုမှာ ပို၍ပင် အသက်ရှူမှားနေသော်လည်း ထိုစကားကို ကြားသည်နှင့် ချက်ချင်း ငြင်းဆိုလိုက်သည်။ "မလုပ်ပါဘူး"
လီရှောင်းက သူမကို ငုံ့ကြည့်သည်။
ကျန်းရိုက အခိုင်အမာ ပြောလိုက်သည်။ "ရှင် ပိုက်ဆံတွေ အများကြီး ရလာတဲ့အခါ လက်စွပ်ဝယ်ပြီး ကျွန်မကို တောင်းဆိုရမယ်။ ပြီးတော့ မင်္ဂလာဆောင်လည်း ရှိရမယ်။ အဲဒီကျမှ ကျွန်မက ရှင်နဲ့ လက်မှတ်ထိုးမှာ။ အခုက ကျွန်မတို့က ရည်းစားတွေပဲ ရှိသေးတာ၊ ရည်းစားဆိုတာ ဘာလဲ သိလား။ ရှင် ကျွန်မအပေါ် မကောင်းရင် ကျွန်မ ရှင့်ကို ဖြတ်ပစ်လို့ ရတယ်"
သူမမှာ မိုက်မဲသူ မဟုတ်ပေ။ ရည်းစားဖြစ်ခါစမှာတင် ဘယ်သူက လက်မှတ်သွားထိုးပါ့မလဲ။
လီရှောင်းမှာ ရယ်မောမိပြီး "ကောင်းပါပြီ"
သူမ၏ "ရှင် ကျွန်မကို အနိုင်ကျင့်ရဲရင် ကြည့်ထားလိုက်" ဟူသော ရဲတင်းသည့် ပုံစံလေးကို ကြည့်ရင်း သူမ ဘာပြောပြော သူ နားထောင်ချင်နေမိသည်။
ကျန်းရိုမှာ စက္ကန့်ပိုင်းအတွင်း ရယ်မောလိုက်ကာ သူမ၏ မျက်နှာလေးကို သူ၏ လည်ပင်းကြားတွင် ဝှက်ထားလိုက်ပြီး သူ၏ နားနားသို့ ကပ်ကာ စနောက်လိုက်သည်။ "ဒါပေမဲ့... ကျွန်မတို့ သံယောဇဉ် ပိုတိုးစေမယ့် တခြားကိစ္စတွေတော့ လုပ်လို့ရပါတယ်"
ထိုစကားအဆုံးတွင် လီရှောင်းသည် သူမကို မသိစိတ်အရ ပို၍ တင်းကျပ်စွာ ဖက်ထားလိုက်မိသည်။
ကျန်းရို ထပ်မံ ရယ်မောလိုက်ပြန်သည်။
ထိုရယ်သံကို ကြားသောအခါ လီရှောင်းမှာ သူမ တမင်လုပ်ခြင်းလား၊ သို့မဟုတ် သူ နားလည်မှု လွဲနေခြင်းလား မဝေခွဲနိုင်တော့ပေ။ သို့သော် သူ့ရင်ထဲတွင်မူ မဖော်ပြနိုင်သော ချိုမြိန်မှုများ ပြည့်နှက်နေရသည်။
ဤသို့သော ခံစားချက်မျိုးကို သူ တစ်ခါမှ မကြုံဖူးခဲ့ပေ။ သူ ငယ်ရွယ်စဉ်ကာလများ ရှိခဲ့သော်လည်း ထိုအချိန်တွင် ဗိုက်ဝရန်နှင့် အချိန်ဖြုန်းရန်သာ စဉ်းစားခဲ့သည်။ ဘာမှနားမလည်သေးခင်မှာပင် ကလေးတစ်ယောက်၏ဖခင် ဖြစ်လာခဲ့ရပြီး အိမ်ထောင်ဦးစီး တာဝန်ကို ထမ်းဆောင်ခဲ့ရသည်။
တစ်ခါတစ်ရံ ပြန်တွေးမိလျှင် သူ့ဘဝမှာ အမြဲတမ်း 'မတတ်သာ၍' ဟူသော အခြေအနေများဖြင့်သာ ပြည့်နှက်နေခဲ့သဖြင့် နှမြောတသ ဖြစ်မိခဲ့သည်။ သို့သော် ယခုမူ...
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အချပ်ပို ၃.၉ ။ လီရှောင်းပြန်လည်မွေးဖွားခြင်း
နှစ်သစ်ကူး ပထမရက်သည် လူငယ်များက လူကြီးမိဘများကို လိုက်လံကန်တော့ကြသည့် နေ့ထူးနေ့မြတ် ဖြစ်သည်။ နံနက်စောစောကတည်းက ဘေးအိမ်မှ အဒေါ်ဝမ်တို့ သားအမိ အပြင်သို့ ထွက်သွားကြရာ ကျန်းရိုနှင့် လီရှောင်းတို့ အိမ်ဝန်းကျင်မှာပင် အနည်းငယ် တိတ်ဆိတ်သွားရသည်။
လီရှောင်းနှင့် ကျန်းရိုတို့မှာမူ မည်သူ့ကိုမှ သွားရောက်ကန်တော့ရန် မလိုပေ။ လီရှောင်းမှာ ယမန်နှစ်က သူ၏မိခင်နှင့် ဘာတွေပြောခဲ့သည်မသိဘဲ ယခုအခါ အဆက်အသွယ် လုံးဝ ပြတ်တောက်နေသလို ဆွေမျိုးသားချင်းများနှင့်လည်း အဆက်အဆံ မရှိသဖြင့် အပြင်ထွက်စရာ မလိုခြင်း ဖြစ်၏။
ကျန်းရိုမှာလည်း အတူတူပင်။ သူမသည် ကူးပြောင်းလာသူဖြစ်ရာ မူလကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များ မရှိသဖြင့် သူမ၏ မိသားစုအခြေအနေကို သေချာမသိပေ။ သို့သော် လီရှောင်းကမူ သူမအနေဖြင့် သွားရန်မလိုကြောင်း၊ ယခင်က 'ကျန်းရို' သည်လည်း မည်သည့်အခါမှ ပြန်လေ့မရှိကြောင်း ပြောပြခဲ့ဖူးသည်။
ဤအချက်မှာ ကျန်းရို၏ ယခင်ဘဝနှင့် လုံးဝကွာခြားလှသည်။ ယခင်က နှစ်သစ်ကူးဆိုလျှင် သူမ၏အိမ်တွင် အမြဲစည်ကားနေတတ်သည်။ မိသားစုလိုက် အဘိုးအဘွားများ၊ အဖိုးအဖွားများထံ သွားရောက်ကန်တော့ကြပြီး အိမ်တွင်လည်း ဦးလေး၊ ဒေါ်လေး၊ အဒေါ်၊ ခဲအို... စသည့် ဆွေမျိုးများဖြင့် ပြည့်နှက်နေတတ်ကာ လူငယ်များပင်လျှင် စားပွဲတစ်လုံး သီးသန့်ထိုင်ရသည်အထိ များပြားလှသည်။
ကျန်းရို ပျင်းနေသည်ကို လီရှောင်းက ရိပ်မိပုံရကာ နံနက်ပိုင်းတွင် သူမကို ကျင်းတာ့ယို၏ အိမ်သို့ ခေါ်သွားသည်။ "မင်းညီမလေးကိုလည်း တစ်ခါတည်း သွားကြည့်ရအောင်လေ"
ရုတ်တရက် ရောက်လာသော ဤညီမလေးအပေါ် သူမတွင် သံယောဇဉ် အများကြီး မရှိသေးပေ။ ယခင်က သူမသည် မိသားစုတွင် အငယ်ဆုံးဖြစ်၍ အစ်ကိုအစ်မများ၏ အလိုလိုက်မှုကိုသာ ခံခဲ့ရသဖြင့် အစ်မတစ်ယောက် မည်သို့လုပ်ရမည်ကို သူမ မသိချင်ယောင်ဆောင်နေခဲ့သည်။
အထူးသဖြင့် ဖုရှောင်ယွဲ့မှာ သူမနှင့် သိပ်မရင်းနှီးပေ။ နှစ်သစ်ကူးမတိုင်မီက အတူတူ ထမင်းစားရန် ဖိတ်ခေါ်ခဲ့သော်လည်း ငြင်းဆိုခဲ့သည်။ သူမအတွက်မူ ကျန်းရိုမှာ စကားပြောရ ခက်ခဲသောသူ တစ်ဦး ဖြစ်နေနိုင်ပေသည်။
သို့သော် သွားကြည့်သည်က ပိုကောင်းပါသည်။ သူမကို စောင့်ရှောက်ရန် ဆုံးဖြတ်ပြီးမှတော့ အဆုံးအထိ တာဝန်ယူရပေမည်။
ကျန်းရိုနှင့် လီရှောင်းတို့သည် လက်ဆောင်ပစ္စည်းအချို့ကို သယ်ဆောင်ကာ သမီးငယ်လေးကို ခေါ်၍ သူငယ်ချင်း ကျင်းတာ့ယို၏ အိမ်သို့ သွားကြသည်။
ကျင်းတာ့ယိုနှင့် သူ့အဘွားမှာ အိမ်တွင် ရှိနေကြသည်။ သူ့တွင်လည်း အခြားဆွေမျိုး မရှိတော့ချေ။ လီရှောင်း၏ အဆိုအရ တာ့ယို၏ မိခင်မှာ ပျောက်ဆုံးသွားသော သားကြီးကို လိုက်ရှာနေသဖြင့် တစ်ခါမှ ပြန်မလာခဲ့ဖူးကြောင်း၊ ဖခင်ဖြစ်သူမှာလည်း အစပိုင်းတွင် လိုက်ရှာသော်လည်း နောက်ပိုင်းတွင် လက်လျှော့ကာ အိမ်ထောင်အသစ် ထူထောင်သွားခဲ့ကြောင်း သိရသည်။
လွန်ခဲ့သော နှစ်နှစ်က သူ၏အဘိုး မတော်တဆဖြစ်ပြီး ဆုံးပါးသွားသောအခါ ဖခင်ဖြစ်သူသည် မိထွေးနှင့် ကလေးနှစ်ယောက်ကို ခေါ်၍ တစ်ခေါက် ပြန်လာခဲ့ဖူးသည်။
လီရှောင်းက ဆက်ပြောပြသည်မှာ သူ မှတ်မိသလောက်ဆိုလျှင် ယခင်ဘဝက ကျင်းတာ့ယိုသည် နောက်ပိုင်းတွင် သူ့မိခင်ကို ရှာတွေ့ခဲ့သော်လည်း မိခင်မှာ ရူးသွပ်နေပြီ ဖြစ်သည်။ တာ့ယိုသည် စာသင်ရင်း မိခင်ကို ပြုစုကာ သူ့အစ်ကိုကို ဆက်လက်ရှာဖွေခဲ့သော်လည်း လီရှောင်း ကွယ်လွန်ချိန်အထိ သတင်းကောင်း မကြားခဲ့ရပေ။
ကျင်းတာ့ယိုသည်လည်း တစ်ဘဝလုံး အိမ်ထောင်မပြုခဲ့ပေ။ သူ၏ ပြောစကားအရဆိုလျှင် "ကောင်းတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဘဝကို မဖျက်ဆီးချင်ပါဘူး၊ ငါ့လိုလူမျိုးနဲ့ ညားတဲ့သူက ဒုက္ခရောက်ဖို့ပဲ ရှိတာ" ဟု ဆိုခဲ့သည်။
ကျန်းရိုသည် တာ့ယို၏ မိသားစုအကြောင်းကို ကြားရသောအခါ အလွန်စိတ်မကောင်း ဖြစ်ရသည်။ "သူ နောက်ပိုင်းမှာ သူ့အစ်ကိုကို ရှာတွေ့ပါစေလို့ မျှော်လင့်ပါတယ်"
လီရှောင်းက "အင်း" ဟု ညင်သာစွာ ထူးလိုက်သော်လည်း စိတ်ထဲတွင်မူ မျှော်လင့်ချက် နည်းပါးကြောင်း သိနေသည်။ နှစ်ပေါင်းများစွာ ရှာမတွေ့ခဲ့သလို ကင်သာ့ဖုန်းမှာ ခုနစ်နှစ်သားအရွယ်တွင် ပျောက်ဆုံးသွားခြင်းဖြစ်ရာ မှတ်ဉာဏ်ရှိသင့်ပြီ ဖြစ်သည်။ အကယ်၍ အခိုးခံရခြင်းဖြစ်ပါက သူကိုယ်တိုင် ပြန်ပြေးလာနိုင်ရမည်။ သူ ပြန်မလာခြင်းမှာ တစ်ခုခု မကောင်းတာ ဖြစ်ပျက်ခဲ့ခြင်းကြောင့်သာ ဖြစ်ပေလိမ့်မည်။
သို့သော် လီရှောင်းသည် ကျန်းရို၏စိတ်နုသည်ကို သိသည်။ အခြားသူများ၏ ဘဝကြောင့်ပင် ရက်အနည်းငယ်ကြာ စိတ်မကောင်းဖြစ်တတ်သူမို့ ဤကိစ္စတွင် သူမကို စိတ်မညစ်စေချင်ပေ။
လီရှောင်းသည် သူ့ပုခုံးပေါ်မှ သမီးဖြစ်သူကို ပို၍ သက်သောင့်သက်သာရှိအောင် ပြင်ပေးလိုက်သည်။
သမီးငယ်လေးမှာ ပါပါးပုခုံးပေါ်တွင် ထိုင်နေရသဖြင့် အပေါ်စီးမှ မြင်ကွင်းများကို ကြည့်ကာ အလွန်ပျော်ရွှင်နေသည်။ အထူးသဖြင့် ငုံ့ကြည့်လိုက်လျှင် ဘေးနားရှိ မာမားကို မြင်နေရသောကြောင့် ဖြစ်၏။
ကျန်းရိုက လက်ဆောင်များကို သယ်ဆောင်ရင်း တစ်ခါတစ်ရံ လက်လှမ်း၍ သမီးငယ်လေး၏ လည်ပင်းစည်းပဝါကို ပြင်ပေးကာ သူမ၏ မျက်နှာတစ်ဝက်ကို လုံအောင် ဖုံးပေးလိုက်သည်။
ယနေ့ လမ်းမပေါ်တွင် ကားသိပ်မရှိဘဲ လမ်းလျှောက်သူများသာ များပြားလှသည်။ ရံဖန်ရံခါတွင် စက်ဘီး သို့မဟုတ် မော်တော်ဆိုင်ကယ် စီးသူအချို့ကို တွေ့ရသည်။ ကျန်းရိုတို့ မိသားစုသုံးယောက်မှာလည်း အခြားသော ကန်တော့သွားသည့် မိသားစုများကဲ့သို့ပင် ထင်မှတ်ရသည်။
ကျင်းတာ့ယို၏ အိမ်သို့ ရောက်သောအခါ တာ့ယိုမှာ တံခါးဝတွင် ဆောင့်ကြောင့်ထိုင်၍ သွားတိုက်နေဆဲ ဖြစ်ရာ အခုမှ နိုးပုံရသည်။
နှစ်ဝက်ခန့် ပြုစုစောင့်ရှောက်ပေးခဲ့သဖြင့် ဖုရှောင်ယွဲ့မှာ ယခုအခါ အတော်လေး ကြည့်ကောင်းလာပြီ ဖြစ်သည်။ ပါးပြင်လေးများမှာ ဖြူဝင်းနီမြန်းနေပြီး ဆံပင်မှာလည်း နက်မှောင်ကာ အသားနည်းနည်း တက်လာသည်။ သာမန်လူများအမြင်တွင် အနည်းငယ် ပိန်နေသေးသော်လည်း ကြည့်ရဆိုးသည့် အနေအထား မဟုတ်တော့ပေ။
ယခုအခါ သူမသည် ဆယ့်ခြောက်၊ ဆယ့်ခုနစ်နှစ်အရွယ် သာမန်မိန်းကလေးတစ်ဦးကဲ့သို့ လှပနေပြီ ဖြစ်သည်။
သို့သော် ယခင်က ကြုံတွေ့ခဲ့ရသော အဖြစ်အပျက်များကြောင့် သူမ၏ စရိုက်မှာ အနည်းငယ် အေးစက်လှသည်။ သူတို့ ရောက်လာသည်ကို မြင်သော်လည်း တစ်ချက်သာ လှည့်ကြည့်သည်။
သို့သော် အကျင့်မှာမူ ကောင်းမွန်လှ၏။ ကျင်းတာ့ယိုက သူတို့ကို နှုတ်ဆက်နေစဉ် သူမသည် မီးဖိုချောင်သို့ တိတ်တဆိတ် သွားကာ ရေနွေးကြမ်းနှင့် မုန့်များ ယူလာပေးသည့်အပြင် အခန်းထဲမှ မီးလင်းဖိုကိုပါ ထုတ်ပေး၍ အပူပေးခိုင်းသည်။
ကျင်းတာ့ယိုက အမြန် ကိုယ်လက်သန့်စင်ပြီးနောက် သူတို့နှင့်အတူ စကားပြောသည်။
မီးဖိုချောင်တွင် အဘွားက ပေါက်စီများ လုပ်နေသည်။ ယခု အိမ်တွင် ကလေးနှစ်ယောက်ရှိနေသဖြင့် အရင်ထက် ပို၍ စည်ကားလာရာ သူမက ကလေးနှစ်ယောက်အတွက် အာဟာရဖြစ်မည့် အစားအစာများကို လုပ်ကျွေးချင်နေခြင်းပင်။
အသံကြားသဖြင့် အပြင်ထွက်ကြည့်ရာ လီရှောင်းတို့ဖြစ်သည်ကို သိသောအခါ အဘွားမှာ မျက်လုံးလေးများ မှေးသွားသည်အထိ ပြုံးပျော်သွားပြီး အမြန်ထိုင်ခိုင်းကာ ပေါက်စီများ မကြာခင် ကျက်တော့မည်ဖြစ်ကြောင်း ပြောရှာသည်။
မွန်းတည့်ချိန်တွင် တာ့ယိုတို့အိမ်၌ စည်ကားသော ထမင်းဝိုင်းလေးတွင် စားသောက်ကြသည်။
ပြန်ခါနီးတွင် တာ့ယိုနှင့် ရှောင်ယွဲ့တို့က တံခါးအထိ လိုက်ပို့ကြသည်။ ကျန်းရိုမှာ လမ်းအတော်ဝေးဝေး ရောက်မှ နောက်သို့ လှည့်ကြည့်လိုက်ရာ ဘာကြောင့်မှန်းမသိ ဝေးဝေးမှကြည့်လျှင် ထိုနှစ်ယောက်မှာ အတော်လေး လိုက်ဖက်သည်ဟု ခံစားလိုက်ရသည်။
ကျန်းရို မနေနိုင်ဘဲ မျက်မှောင်ကြုံ့ကာ ဘေးမှ လီရှောင်းကို စိုးရိမ်တကြီး မေးလိုက်သည်။ "ရှောင်ယွဲ့က ငယ်သေးတယ်လေ၊ ရှင့်သူငယ်ချင်းအိမ်မှာ နေတာက အဆင်ပြေပါ့မလား"
လီရှောင်းက သူမ၏ စကားနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်သဖြင့် အခိုင်အမာ ပြောလိုက်သည်။ "မဖြစ်နိုင်တာ၊ သူက နောက်ဆိုရင် အိမ်ထောင်မပြုတော့ဘူးလို့ ပြောထားတဲ့လူပဲ"
ကျန်းရိုက သူ့ကို သံသယဖြင့် ကြည့်လိုက်သော်လည်း လီရှောင်းက ထိုသို့ပြောထားသဖြင့် အများကြီး ထပ်မတွေးတော့ပေ။
သို့သော် နောက်ပိုင်းတွင် ကျင်းတာ့ယိုနှင့် ဖုရှောင်ယွဲ့တို့၏ မင်္ဂလာဆောင်တွင်မူ ကျန်းရိုသည် လီရှောင်း၏ အခိုင်အမာ ပြောခဲ့ဖူးသော စကားကို ရုတ်တရက် သတိရသွားကာ "ဒါလား ရှင့်သူငယ်ချင်းရဲ့ အိမ်ထောင်မပြုတော့ဘူးဆိုတဲ့ ကတိ?" ဟု မေးမိတော့သည်။
ဖုရှောင်ယွဲ့ ကျောင်းပြီးသည်နှင့် ကျင်းတာ့ယိုက လက်မှတ်တန်းထိုးရန် အတင်းအကျပ် လုပ်ခဲ့သော ပုံစံမှာ ကျန်းရိုအား လီရှောင်း၏ မှတ်ဉာဏ်များ မှားယွင်းနေသလားဟုပင် သံသယ ဖြစ်စေခဲ့သည်။
လီရှောင်း ဘာမှပြန်မပြောနိုင်တော့ပေ။ ယခင်ဘဝက တာ့ယိုသည် အမှန်တကယ်ပင် အိမ်ထောင်မပြုခဲ့ဘဲ သူကိုယ်တိုင်ပင် အိမ်ထောင်ပြုရန် အစီအစဉ်မရှိကြောင်း ပြောခဲ့ဖူးသည်။
အချို့သောအရာများမှာ အမှန်တကယ်ပင် ပြောင်းလဲသွားခဲ့ပြီဟုသာ ဆိုရပေမည်။
…..
ယနေ့ လမ်းအတော်လျှောက်ခဲ့ရသည်။ ယခုအချိန် ဆောင်းရာသီမှာ အလွန်အေးလှသည်။ နောင်အနာဂတ် ဆောင်းရာသီများတွင် နှင်းကျချိန်မှာ တစ်နှစ်ထက်တစ်နှစ် နည်းပါးလာသော်လည်း ယခုအချိန်တွင်မူ နှင်းများမှာ လူ၏ခြေသလုံးအထိ ထူထပ်စွာ ဖုံးလွှမ်းနေဆဲပင်။
လီရှောင်းသည် S မြို့မှ ပြန်လာစဉ် ဖိနပ်များ ယူမလာခဲ့ပေ။ နှစ်သစ်ကူးအတွက် ဝယ်ထားသော ဖိနပ်အသစ်မှာလည်း ရာသီဥတု ပူချိန်ဝတ်ရန် ဖြစ်သည်။ ယနေ့ အပြင်ထွက်သောအခါ ကျန်းရိုက ဈေးရှေ့ရှိ အဘွားအိုများ လုပ်ထားသော နှစ်ယွမ်တန် လက်လုပ် အနွေးဖိနပ်တစ်စုံကိုသာ ဝယ်ပေးထားသည်။ ထိုဖိနပ်မှာ အလွန်နွေးထွေးသော်လည်း အိမ်ထဲတွင်သာ ဝတ်ရန် သင့်တော်ပြီး အပြင်ထွက်ဝတ်လျှင် စိုစွတ်လွယ်လှသည်။
လီရှောင်း အိမ်ပြန်ရောက်သောအခါ အထဲမှ ခြေအိတ်များမှာ စိုရွှဲနေသော်လည်း သူ ဘာမှမပြောဘဲ ခြေအိတ်လဲကာ မီးကင်ရုံသာ လုပ်ခဲ့သည်။ ကျန်းရိုလည်း အများကြီး မတွေးမိပေ။
ညဘက် အိပ်ရာထဲရောက်မှ ကျန်းရိုသည် သူ၏ခြေထောက်ကို မတော်တဆ ထိမိရာ ခြေထောက်တစ်ဖက်မှာ အလွန်အေးစက်နေကြောင်း တွေ့လိုက်ရသဖြင့် "ရှင့်ခြေထောက်က ဘာလို့ ဒီလောက်တောင် အေးနေတာလဲ။ ရေနွေးစိမ်မလား" ဟု မေးလိုက်သည်။
လီရှောင်းက မျက်မှောင် အနည်းငယ်ကြုံ့ကာ တစ်ခုခုကို အောင့်ထားပုံရသည်။ "ရပါတယ်၊ ခဏနေရင် ကောင်းသွားမှာပါ"
သို့သော် ခဏကြာမှ ကျန်းရို ထပ်စမ်းကြည့်ရာ ခြေထောက်မှာ အေးနေဆဲဖြစ်သော်လည်း အခြားတစ်ဖက်မှာမူ ပုံမှန်အပူရှိန် ရှိနေသည်။
ကျန်းရိုက တိုက်ရိုက်ပင် မေးလိုက်သည်။ "ဘာဖြစ်တာလဲ"
သူမ ရုတ်တရက် သတိရသွားသည်မှာ ယခင်ဘဝက သူသည် ခြေထောက်တစ်ဖက် ဒဏ်ရာရထားသဖြင့် လမ်းလျှောက်လျှင် ထော့နဲ့ထော့နဲ့ ဖြစ်နေခြင်းပင်။
လီရှောင်းက သူမကို ကြည့်ကာ နောက်ဆုံးတွင် ပြောပြလိုက်သည်။ "အရင်က တောင်ပိုင်းမှာတုန်းက ဘယ်ဘက်ခြေကျင်းဝတ်မှာ ဒဏ်ရာရဖူးတယ်။ အဲဒါက အေးတဲ့အချိန် ဒါမှမဟုတ် စိုစွတ်တဲ့အချိန်ဆိုရင် နည်းနည်း နာတတ်တယ်။ ပုံမှန်ဆိုရင်တော့ ရပါတယ်၊ ဒီနေ့ ခြေထောက်စိုသွားလို့ ထင်တယ်"
သူ့အတွက်မူ ဤသည်မှာ အမှန်တကယ်ပင် မပြင်းထန်လှပေ။ ယခင်ဘဝနှင့် နှိုင်းယှဉ်လျှင် အများကြီး မနာကျင်သဖြင့် သူကိုယ်တိုင်လည်း သတိထားလေ့ရှိသည်။
ယခင်ဘဝက သူ ခြေထောက်ဒဏ်ရာရပြီးနောက် မသက်သာသေးမီမှာပင် အလုပ်ပြန်ဝင်ခဲ့သဖြင့် အမြစ်မပြတ်ခဲ့ဘဲ နောက်ပိုင်းတွင် ထပ်မံ ဒဏ်ရာရသောအခါ ခြေထောက်မှာ လုံးဝ ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။
ကျန်းရိုသည် သူ၏ ဂရုမစိုက်သော ပုံစံကိုကြည့်ပြီး ဒေါသတကြီး စိုက်ကြည့်လိုက်ကာ ကုတင်ပေါ်မှဆင်း၍ သူ့အတွက် ရေနွေးစိမ်ရန် ပြင်ဆင်တော့သည်။
အိမ်တွင် အဒေါ်ဝမ် ပေးထားသော Mugwort အခြောက်များ ရှိနေသည်။ ဤအရာကို ရေနွေးနှင့်ပြုတ်၍ ခြေထောက်စိမ်လျှင် အအေးမိခြင်းကို ပျောက်ကွယ်စေသည်
ကျန်းရိုသည် အိုက်စောင်များကို ပုံးထဲထည့်၍ ရေနွေးတစ်ဝက်ခန့် လောင်းထည့်လိုက်ကာ အပေါ်မှ တဘတ်ကို တင်ပြီး အခန်းထဲသို့ သယ်လာခဲ့သည်။ "နောက်ဆိုရင် ညတိုင်း ခြေထောက်ကို သေချာ စိမ်ရမယ်။ မဟုတ်ရင် ဆေးရုံသွားပြရမယ်"
ကျန်းရိုက သူ အရေးမစိုက်မှာ စိုးသဖြင့် ထပ်ပြောလိုက်သေးသည်။ "ကျွန်မ မိဘတွေက ငယ်ငယ်တုန်းက နယ်မှာ အလုပ်ဆင်းခဲ့ရတော့ ခန္ဓာကိုယ်တွေ မကောင်းကြဘူး။ အထူးသဖြင့် ကျွန်မအဖေပေါ့၊ ခြေထောက် အဆစ်အမြစ်ကိုက်တဲ့ ရောဂါရှိတော့ မိုးရွာရင် ဒါမှမဟုတ် အေးရင် ခြေထောက်က အေးပြီး နာနေတတ်တာ။ ကျွန်မအမေကတော့ သူငယ်ငယ်က ဂရုမစိုက်လို့ဆိုပြီး ဆဲတာပဲ။ ကျွန်မကတော့ ရှင် အိုလာတဲ့အခါမှာ ရှင့်ကို မပြုစုချင်ဘူးနော်။ ကိုယ့်ဘာကိုယ်တောင် အလုပ်မလုပ်နိုင်တော့တဲ့ အချိန်မှာ လူအိုကြီးတစ်ယောက်ကို ထပ်ပြုစုရမှာဆိုရင် အရမ်း သနားဖို့ ကောင်းလွန်းတယ်"
လီရှောင်း၏ ခြေထောက်မှာ ပူနွေးသော ရေနွေးနှင့် ထိတွေ့သွားသည်။ အိုက်စောင်နံ့များမှာ တစ်ခန်းလုံး ပြန့်နှံ့နေ၏။ သူသည် ရေနွေးငွေ့များကို ကြည့်ရင်း သူမ၏စကားများကို နားထောင်ကာ သူတို့နှစ်ဦး အိုမင်းသွားသည့် ပုံရိပ်ကို မြင်ယောင်ကြည့်နေမိသည်။
သူသည် အတ္တဆန်စွာဖြင့်... အကယ်၍ ထိုသို့သောနေ့ ရောက်လာခဲ့လျှင်လည်း တကယ်ကို ကောင်းမှာပဲဟု တွေးမိသည်။
သူမ မသိနိုင်သည်မှာ... အခြားသူများအတွက် လွယ်လွယ်ကူကူ ရနိုင်သော ဤကဲ့သို့သော သာမန်ဘဝလေးမှာ သူ တစ်ချိန်က အိပ်မက်မက်ခဲ့ရသော အရာဖြစ်ကြောင်းပင်။
ယခင်က သူသည် နှစ်သစ်ကူး ညတိုင်းတွင် ခေါက်ဆွဲခြောက် တစ်ထုပ် သို့မဟုတ် မုန့်အချို့ဖြင့်သာ ဖြတ်သန်းခဲ့ရသည်။ အခြားသူများ မိသားစုစုံစုံလင်လင်နှင့် ပျော်ရွှင်နေကြသည်ကို သူသည် လမ်းဘေးမှ ငေးကြည့်ပြီးမှ တစ်ယောက်တည်း တိတ်တဆိတ် ထွက်ခွာသွားခဲ့ရသူ ဖြစ်၏။
လီရှောင်း ခြေထောက်စိမ်ပြီးနောက် အိပ်ရာထဲ ပြန်ဝင်လာသောအခါ ကျန်းရိုက သူ၏ခြေထောက်ကို ထပ်စမ်းကြည့်ရာ ယခုမူ ပူနွေးနေပြီ ဖြစ်သည်။ သူမက တိုးတိုးလေး မေးလိုက်သည်။ "အခု သက်သာသွားပြီ မဟုတ်လား"
အလယ်မှ သမီးငယ်လေးမှာ အိပ်ပျော်နေပြီဖြစ်ရာ ကျန်းရို အသံကျယ်ကျယ် မပြောရဲပေ။
သူသည် ပျင်းရိသူ မဟုတ်ဘဲ ယခင်က တစ်ယောက်တည်း ပေါ့ပေါ့ပါပါး နေထိုင်ခဲ့သည့် အကျင့်ကြောင့် မိမိကိုယ်တိုင်အပါအဝင် ဘာကိုမှ ဂရုမစိုက်ဘဲ နေခဲ့ခြင်း ဖြစ်သည်။
နောက်တစ်နေ့တွင် ကျန်းရိုသည် လီရှောင်း၏ ခြေထောက်ကို စိုးရိမ်သဖြင့် ဆေးရုံသို့သွားကာ ဂျင်ဆင်းအချို့ ဝယ်လာခဲ့သည်။ သူမသည် ဆေးပညာကို နားမလည်သော်လည်း ယခင်က သူမ၏ အိမ်တွင် တစ်စုံတစ်ယောက် နေမကောင်းဖြစ်ပြီး သက်သာသွားလျှင် အမေဖြစ်သူက ဂျင်ဆင်းနှင့် ကြက်စွပ်ပြုတ် သို့မဟုတ် နံရိုးစွပ်ပြုတ်များ အမြဲ ချက်ကျွေးလေ့ရှိသည်ကို မှတ်မိနေခြင်း ဖြစ်၏။
နှစ်သစ်ကူးအတွက် နံရိုးများ ဝယ်ထားပြီးဖြစ်ရာ နောက်ရက်များတွင် ကျန်းရိုသည် လီရှောင်းအား ဂျင်ဆင်း နံရိုးစွပ်ပြုတ် နေ့တိုင်း ချက်ကျွေးတော့သည်။
သူ မကြာခင် ပြန်သွားရတော့မည်ဖြစ်ရာ ထိုအခါတွင် ပင်ပင်ပန်းပန်း လုပ်ကိုင်ရပေဦးမည်။ ယခုအချိန်တွင် အားမဖြည့်ထားလျှင် ခန္ဓာကိုယ်က ခံနိုင်ရည် ရှိလိမ့်မည် မဟုတ်ပေ။
ခြေထောက်စိမ်ခြင်းကြောင့်လား၊ သို့မဟုတ် ဂျင်ဆင်း နံရိုးစွပ်ပြုတ်ကြောင့်လားမသိ၊ လီရှောင်း၏ ဘယ်ဘက်ခြေထောက်မှာ အမှန်တကယ်ပင် မအေးတော့ပေ။ မအေးသည့်အပြင် ခန္ဓာကိုယ်မှာ အမြဲ ပူနွေးနေသဖြင့် ထမင်းစားပြီးလျှင် အနွေးထည်ကိုပင် ချွတ်ထားရသည်အထိ ဖြစ်လာသည်။
သူသည် ယခုအခါ အားအင်ပြည့်ဖြိုးနေသည့် အရွယ်ဖြစ်ရာ ဤမျှ အားရှိသော အရာများကို စားသုံးမိသောအခါ ခန္ဓာကိုယ်မှ ပြောင်းလဲမှုများကို မနက်တိုင်း သိသိသာသာ ခံစားနေရတော့သည်။
နှစ်သစ်ကူး ရှစ်ရက်မြောက်နေ့တွင် လီရှောင်းမှာ ပူလွန်းသဖြင့် နှာခေါင်းသွေးပင် ထွက်လာခဲ့သည်။ ကျန်းရိုမှာ အသံကြားသဖြင့် နိုးလာပြီး သူ နှာခေါင်းသွေး သုတ်နေသည်ကို မြင်သောအခါ လန့်သွားကာ အလယ်သို့ တိုးသွားလိုက်သည်။ သူမမှာ အခုမှ နိုးကာစဖြစ်၍ သတိမမူမိဘဲ တစ်ခုခုကို ဖိမိသွားရာ အမျိုးသားမှာ နာကျင်စွာဖြင့် ညည်းတွားလိုက်မိသည်။
ကျန်းရို သတိဝင်လာသောအခါ မျက်နှာလေး နီမြန်းသွားပြီး "အဆင်ပြေရဲ့လား" ဟု တိုးတိုးလေး မေးလိုက်သည်။
လီရှောင်းက နှာခေါင်းသွေးများကို သုတ်ပြီးနောက် "ရေချိုးခန်း ခဏ သွားလိုက်ဦးမယ်" ဟု အသံနိမ့်နိမ့်ဖြင့် ဆိုသည်။
ကျန်းရိုက အားနာစွာဖြင့် "ကျွန်မ ကူညီပေးရမလား" ဟု မေးမိသည်။
သူမက ပါးစပ်ထဲ ရှိသမျှကို လွှတ်ခနဲ ပြောလိုက်ခြင်းဖြစ်သော်လည်း အမျိုးသားမှာ ထရပ်ရန် ပြင်ဆင်နေရင်းမှ ခဏ ရပ်တန့်သွားကာ တစ်ခုခုကို နားလည်မှု လွဲသွားပုံရသည်။ သူက သူမကို စိုက်ကြည့်ရင်း အသံဝင်ဝင်ဖြင့် "ဘယ်လို ကူညီမှာလဲ" ဟု မေးတော့သည်။
ကျန်းရိုမှာ ကလေးမဟုတ်သဖြင့် သူ၏ အကြည့်ကို နားလည်လိုက်ကာ မျက်နှာ ပို၍ နီမြန်းသွားပြီး "ရှင် လှဲနေလိုက်လေ" ဟု တိုးတိုးလေး ဆိုသည်။
လီရှောင်းက သူမ ပြောသည့်အတိုင်း အမှန်တကယ် လှဲလျောင်းလိုက်ပြီး မျက်စိမှိတ်ထားလိုက်သည်။
ကျန်းရိုက သူ မျက်စိမှိတ်ထားခြင်းမှာ သေချာစေရန် လက်တစ်ဖက်ဖြင့် ကာထားလိုက်ပြီး အခြားလက်တစ်ဖက်ဖြင့် သူ၏ ကိုယ်ပေါ်သို့ တိုးဝင်လိုက်လေသည်။
အတော်ကြာပြီးနောက် သူမက စိတ်မရှည်စွာဖြင့် "ရှင် ပြီးပြီလား" ဟု မေးလိုက်သော်လည်း လီရှောင်းမှာ ဘာမှပြန်မပြောဘဲ ငြိမ်နေတော့သည်။
…
ကလေးမှာ ဆယ့်ခုနစ်ရက်နေ့တွင် ကျောင်းဖွင့်မည်ဖြစ်ရာ လီရှောင်းမှာ နှစ်ဆယ့်လေးရက်နေ့အထိ နေရန် ဆုံးဖြတ်ထားသည်။
ကလေးကို ကျောင်းပို့ပြီးနောက် နှစ်ယောက်သား အိမ်ပြန်ရောက်သော်လည်း လုပ်စရာမရှိသဖြင့် တီဗီကြည့်ကြသည်။ ကြည့်ရင်းနှင့် တစ်ဦးကိုတစ်ဦး ကပ်မိသွားကာ ကုတင်ပေါ်တွင် နမ်းမိကြရင်း နောက်ဆုံးတွင် စောင်ထဲသို့ တိုးဝင်သွားကြတော့သည်။
နှစ်ဆယ့်သုံးရက်နေ့ စနေနေ့တွင် နေ့လည်စာ စားပြီးနောက် လီရှောင်းက သမီးငယ်လေးကို ဘေးအိမ်ရှိ အဘွားတို့အိမ်သို့ သွားကစားခိုင်းသည်။
သမီးငယ်လေးမှာ ရှားရှားပါပါး အမေကို မကပ်ဘဲ လိမ်မာစွာ ခေါင်းညိတ်ပြသည်။ "သမီး သိပါတယ်၊ ပါပါးနဲ့ မာမားက မောင်လေး ညီမလေးတွေ ရအောင် လုပ်ချင်လို့ မဟုတ်လား"
ကျန်းရို၏ မျက်နှာမှာ အရှက်သည်းကာ နီမြန်းသွားပြီး "ဘယ်သူပြောတာလဲ။ အဲဒီလို မဟုတ်ပါဘူး" ဟု အမြန်ငြင်းဆိုလိုက်သည်။
သမီးငယ်လေးက မျှော်လင့်ချက်အပြည့်ဖြင့် "ဒါပေမဲ့ သမီးက မောင်လေး ညီမလေးတွေ လိုချင်တာလေ။ တခြားသူတွေမှာ အကုန်ရှိကြတယ်။ သမီးက အစ်မကောင်း တစ်ယောက် ဖြစ်ပေးမှာပါ" ဟု ဆိုရှာသည်။
လီရှောင်းကမူ မသိမသာဖြင့် "ထမင်း အရင်စားရအောင်" ဟုသာ ဆိုလိုက်လေတော့သည်။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အချပ်ပို ၃.၁၀ ။ လီရှောင်းပြန်လည်မွေးဖွားခြင်း
ကျန်းရို လျှောက်ထားခဲ့သော တက္ကသိုလ်မှာ လီရှောင်း၏ ကုမ္ပဏီအနီးရှိ တက္ကသိုလ်ဖြစ်ပြီး ဇူလိုင်လလယ်တွင် တက္ကသိုလ်ဝင်ခွင့် အကြောင်းကြားစာကို လက်ခံရရှိခဲ့သည်။ သူမသည် ချက်ချင်း ထွက်မသွားသေးဘဲ အိမ်ကို သေသေချာချာ သိမ်းဆည်းကာ လိုအပ်မည့် ပစ္စည်းများကို ပါဆယ်ထုတ်၍ ကြိုတင် ပို့ဆောင်ရန် ပြင်ဆင်လိုက်သည်။
မထွက်ခွာမီတွင် ဖုရှောင်ယွဲ့ထံသို့ တစ်ခေါက် သွားခဲ့သည်။ လီရှောင်းမှာ ယခုနှစ် နွေရာသီပိတ်ရက်တွင် ပြန်မလာနိုင်သဖြင့် ဖုရှောင်ယွဲ့ အထက်တန်းကျောင်းတက်မည့် ကိစ္စကို ကျင်းတာ့ယိုထံ အပ်နှံထားခဲ့သည်။ ကျင်းတာ့ယိုကိုယ်တိုင်မှာ အမှတ် (၁) အထက်တန်းကျောင်းမှ ကျောင်းသားဟောင်းဖြစ်ပြီး ဆရာများနှင့် ရင်းနှီးသဖြင့် ငွေအနည်းငယ် ပိုသုံးကာ သူမကို ထိုကျောင်း၌ ကျောင်းဝင်ခွင့် ရအောင် စီစဉ်ပေးခဲ့သည်။
ကျန်းရိုသည် အိမ်ကို အသစ်ပြင်ဆင်ထားပြီးကာမှ လူမနေဘဲ ထားရမှာကို နှမြောသဖြင့် ဖုရှောင်ယွဲ့ကို လာနေချင်သလားဟု မေးကြည့်သည်။ အကယ်၍ သူမ လာနေမည်ဆိုပါက ဘေးအိမ်မှ အဒေါ်ဝမ်ကို ကူညီစောင့်ရှောက်ပေးရန် မှာကြားထားနိုင်သောကြောင့် ဖြစ်၏။ သို့သော် ဖုရှောင်ယွဲ့က ငြင်းဆိုခဲ့သည်။ သူမသည် မရင်းနှီးသော အဒေါ်ဝမ်နှင့် လီအိမ်ထက်စာလျှင် ကျင်းမိသားစုနှင့် အဘွားအိုကို ပို၍ ခင်တွယ်နေခဲ့ပြီ ဖြစ်သည်။
ကျန်းရိုလည်း ဘာမှ ထပ်မပြောတော့ဘဲ သူမအတွက် ငွေအချို့နှင့် စက္ကူတစ်ရွက် ချန်ထားပေးခဲ့သည်။ စက္ကူပေါ်တွင် လီရှောင်း၏ ဖုန်းနံပါတ်နှင့် S မြို့ရှိ သူတို့၏ လိပ်စာကို ရေးပေးထားကာ အခက်အခဲရှိလျှင် ဖုန်းဆက်ရန် သို့မဟုတ် လိုက်လာရန် မှာကြားခဲ့သည်။ ဖုရှောင်ယွဲ့က ငွေနှင့် စက္ကူကို လှမ်းယူလိုက်စဉ် သူမ၏ မျက်နှာလေးမှာ အနည်းငယ် လှုပ်ခတ်သွားရသည်။
သူမသည် ငယ်စဉ်ကတည်းကပင် အကြောင်းရင်းမရှိဘဲ မိမိအပေါ် ကောင်းမည့်သူ မရှိကြောင်း၊ တစ်ခါတစ်ရံတွင် ဆွေမျိုးအရင်းအချာများပင်လျှင် ထိုသို့ မလုပ်ပေးနိုင်ကြောင်း သိထားသူ ဖြစ်သည်။
လူငယ်ထိန်းသိမ်းရေးဂေဟာတွင် ရှိနေစဉ်က သူမသည် အပြင်သို့ လွတ်မြောက်လာမည့်နေ့ကို အကြိမ်ကြိမ် စဉ်းစားခဲ့ဖူးသည်။ အပြင်လောကတွင် သူမကို ဂရုစိုက်မည့်သူ မရှိသဖြင့် ဤနေရာနှင့် ဝေးရာသို့ ထွက်ပြေးကာ မည်သူမှ မသိသော နေရာတစ်ခုတွင် အလုပ်လုပ်ရင်း အသက်ရှင်မည်ဟု ဆုံးဖြတ်ခဲ့သည်။ သို့သော် သူမသည် အချိန်စော၍ လွတ်လာလိမ့်မည်ဟု မထင်ထားခဲ့သလို မိသားစုဝင်များက လာကြိုနေသည်ဆိုသော စကားကိုလည်း မယုံကြည်ခဲ့ပေ။ ထိုစဉ်က မွေးစားမိဘများက သူမကို ထပ်မံရောင်းစားရန် လာကြိုသည်ဟု ထင်မှတ်ကာ သူတို့နှင့်အတူ အဆုံးစီရင်ရန်ပင် ပြင်ဆင်ထားခဲ့ခြင်း ဖြစ်သည်။
ကျန်းရိုနှင့် လီရှောင်းကို မြင်လိုက်ရသောအခါ သူမ အံ့သြသွားခဲ့ရသည်။ ကျန်းရိုက သူမ၏ တတိယအစ်မဟု ပြောသောအခါ ပထမဆုံး ခံစားချက်မှာ ရယ်စရာကောင်းလှသည်ဟု ထင်မိခြင်းပင်။ သူမ ဤအခြေအနေသို့ ရောက်နေချိန်မှ လာတွေ့သော အစ်မတစ်ယောက်က ဘာအသုံးကျမှာလဲ။ သို့သော် နောက်ပိုင်း အတူနေထိုင်ရင်း သူမ စိတ်ပြောင်းသွားခဲ့သည်။ သူတို့သည် သူမအပေါ် ဘာမှ အကြွေးမတင်ခဲ့ဘဲ ယခုကဲ့သို့ ကူညီခြင်းမှာ သူတို့၏ စိတ်ထားကောင်းခြင်းကြောင့်သာ ဖြစ်ကြောင်း သိလိုက်ရသည်။ သူမ သေသေချာချာ စာသင်မည်၊ တက္ကသိုလ်တက်မည်ဖြစ်ပြီး နောင်တွင် ဤကျေးဇူးကို ပြန်ဆပ်ရန် ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်၏။ သို့သော်လည်း ကျန်းရိုကို ဆွေမျိုးအရင်းသဖွယ် အားကိုးတကြီး ဆက်ဆံရန်မှာမူ သူမအတွက် အနည်းငယ် ခက်ခဲနေဆဲ ဖြစ်သည်။
…..
ကျန်းရိုသည် ဇူလိုင်လလယ်တွင် ထွက်ခွာခဲ့သည်။ မထွက်ခွာမီ အိမ်တွင် ကျန်ရှိနေသော ဟင်းခတ်အမွှေးအကြိုင်များ၊ ဂျုံမှုန့်နှင့် ဆန်များကို ဘေးအိမ်မှ အဒေါ်ဝမ်နှင့် အဘွားကျင်းတို့အား အသီးသီး ခွဲဝေပေးခဲ့သည်။ သမီးငယ်လေးမှာလည်း အငြိုးအတေး မထားတတ်သူဖြစ်ရာ သူငယ်တန်းမှ သူငယ်ချင်းနှစ်ယောက်ကို ခွဲခွာရမှာ စိတ်မကောင်း ဖြစ်နေရှာသည်။ ထို့ကြောင့် သူမ၏ အချစ်ဆုံး ကစားစရာ အရုပ်လေးများကို သူငယ်ချင်းများထံ သွားရောက် လက်ဆောင်ပေးခဲ့သည်။ ထိုအရုပ်များမှာ နှစ်သစ်ကူးတွင် လီရှောင်း ဝယ်လာပေးသော လှပသည့် အရုပ်မလေးများဖြစ်ပြီး သူမ အလွန်တန်ဖိုးထားရသော အရာများ ဖြစ်သည်။
ပါဆယ်များကို ကြိုတင်ပို့ထားသဖြင့် ကျန်းရိုသည် ခရီးဆောင်အိတ် တစ်လုံးသာ သယ်ဆောင်ခဲ့သည်။ ယခုတစ်ကြိမ်တွင် ကားကြီးမစီးတော့ပေ။ ကားကြီးမှာ အဆင်ပြေသော်လည်း အချိန်ကြာမြင့်လှသဖြင့် ဆယ်နာရီကျော် စီးရလျှင် လူကြီးပင် ပင်ပန်းလှရာ ကလေးအတွက် ပို၍ မလွယ်ကူပေ။ ထို့ကြောင့် ကျန်းရိုသည် မြို့ထဲသို့ ကားဖြင့်သွားပြီးမှ S မြို့သို့ ရထားဖြင့် ကူးခဲ့သည်။ မနက် ဆယ်နာရီ ရထားစီးလျှင် နေ့လည် နှစ်နာရီ၊ သုံးနာရီခန့်တွင် S မြို့သို့ ရောက်ရှိသည်။
လီရှောင်းသည် သူတို့လာမည်ကို သိသဖြင့် ရထားဘူတာတွင် ကြိုတင်စောင့်နေခဲ့သည်။ သူသည် ကားအငယ်စားလေး တစ်စီးဖြင့် လာကြိုကာ သူဝယ်ထားသော အိမ်အသစ်သို့ ခေါ်သွားသည်။ ဤအိမ်အကြောင်းကို လီရှောင်းက ဖုန်းထဲတွင် ပြောပြဖူးသည်။ စတော့ရှယ်ယာကစားရာမှ ရရှိသော ငွေများဖြင့် ဝယ်ထားခြင်း ဖြစ်၏။ ထိုအလုပ်မှာ ငွေရလွယ်သော်လည်း အန္တရာယ်များလှသည်။ ယခင်ဘဝက သူသည် ဤနည်းဖြင့်ပင် မိမိကိုယ်မိမိ ကျွေးမွေးခဲ့ခြင်း ဖြစ်ရာ အတွေ့အကြုံ အတော်အတန် ရှိသော်လည်း လောဘမကြီးခဲ့ပေ။ ယခုလည်း အိမ်တစ်လုံးနှင့် ကားတစ်စီး ဝယ်နိုင်လောက်သော ငွေရသည်နှင့် လက်စသတ်လိုက်ခြင်း ဖြစ်သည်။ အိမ်ကို ယမန်နှစ်ကတည်းက ဝယ်ထားပြီး ပြုပြင်ပြီးစီးသည်မှာ နှစ်ဝက်ကျော်ရှိပြီဖြစ်ရာ ယခုနေထိုင်ရန် အကောင်းဆုံး အချိန်ပင် ဖြစ်သည်။
အိမ်မှာ တတိယထပ်တွင်ရှိသော်လည်း ဓာတ်လှေကား မပါပေ။ ဤအိမ်ကို ဝယ်ရခြင်း၏ အဓိကရည်ရွယ်ချက်မှာ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းရန်နှင့် ကလေး ကျောင်းတက်ရန် အဆင်ပြေစေရန် ဖြစ်သည်။ လီရှောင်းသည် သားအဖနှစ်ဦးကို အရင်ဆုံး ထမင်းကျွေးကာ အိမ်အသစ်သို့ ပို့ဆောင်ပေးသည်။ ထို့နောက် အိမ်သော့နှင့် ဖုန်းကို ကျန်းရိုထံ အပ်နှံကာ အရေးကိစ္စရှိလျှင် ဖုန်းဆက်ရန် မှာကြားပြီး အလုပ်သို့ အလျင်အမြန် ပြန်သွားတော့သည်။
ကျန်းရို ပို့လိုက်သော ပါးစယ်များကို လီရှောင်းက ဧည့်ခန်းတွင် စုပုံထားသော်လည်း မရှင်းလင်းရသေးပေ။ သို့သော် အိမ်ထဲမှာမူ အလွန်သန့်ရှင်းနေသည်။ ကျန်းရိုက ဧည့်ခန်းရှိ တီဗီကို ဖွင့်ပေးကာ သမီးငယ်လေးကို တီဗီကြည့်ခိုင်းထားပြီး သူမကိုယ်တိုင်မှာမူ အိမ်ကို သေသေချာချာ ရှင်းလင်းလိုက်သည်။ အားလုံးပြီးစီးသောအခါ ငါးနာရီခန့် ရှိနေပြီဖြစ်၏။ အပြင်တွင် နေရှိသေးသဖြင့် ကျန်းရိုသည် ကလေးကိုခေါ်ကာ ဈေးဝယ်ထွက်သည်။ လီရှောင်းသည် မီးဖိုချောင်သုံး ပစ္စည်းအားလုံးကို ဝယ်ပေးထားပြီး ရေခဲသေတ္တာလည်း ပါဝင်သည်။ ကျန်းရိုသည် လမ်းတွင် စူပါမားကတ်တစ်ခုကို တွေ့ခဲ့သဖြင့် ထိုနေရာသို့ သွားကာ အိမ်သုံးပစ္စည်းအချို့နှင့် ဟင်းသီးဟင်းရွက်များ ဝယ်ယူခဲ့သည်။
ညနေတွင် ကျန်းရိုက ဟင်းနှစ်မျိုးနှင့် စွပ်ပြုတ်တစ်မျိုး ချက်လိုက်သည်။ လီရှောင်းက ဖုန်းဆက်လာပြီး သူမတို့ကို အရင်စားနှင့်ရန်၊ သူ နောက်ကျမှ ပြန်လာမည်ဖြစ်ကြောင်း ပြောသည်။ သူသည် ညရှစ်နာရီခွဲခန့်တွင် အမှန်တကယ် ပြန်ရောက်လာသည်။ ကျန်းရိုနှင့် သမီးငယ်လေးမှာ ဆိုဖာပေါ်တွင် ထိုင်၍ တီဗီကြည့်နေကြစဉ် သူ ပြန်ရောက်လာသဖြင့် ကျန်းရိုက ထရပ်၍ ထမင်းစားပြီးပြီလားဟု မေးကာ သူမ ထမင်းချန်ထားပေးကြောင်း ပြောသည်။ လီရှောင်းမှာ အံ့သြသွားရသည်။ သူမတို့ အပြင်ထွက်စားကြလိမ့်မည်ဟု သူ ထင်ထားခဲ့ခြင်း ဖြစ်၏။ "ဒါဆိုရင်တော့ နည်းနည်း စားလိုက်မယ်။ ညက လူတွေနဲ့ အရက်သောက်နေရလို့ ဘာမှ သေချာမစားရသေးဘူး"
ကျန်းရိုသည် ထမင်းဟင်းများ သွားပြင်ပေးရာ လီရှောင်းလည်း လိုက်လာခဲ့သည်။ မီးဖိုချောင်မှာ သိပ်မကျယ်သဖြင့် လူနှစ်ယောက်ဆိုလျှင် ကျပ်နေတော့သည်။ သူသည် တံခါးဝတွင် ရပ်၍ ကျန်းရိုကို ကြည့်နေမိသည်။ မီးရောင်အောက်တွင် ကျန်းရိုက လှည့်၍ ပြုံးပြလိုက်ရာ သူမ၏ မျက်လုံးလေးများမှာ တောက်ပနေတော့သည်။ လီရှောင်း၏ ရင်ထဲတွင် နွေးထွေးသွားကာ သူမ၏ လက်ထဲမှ ဟင်းပန်းကန်ကို လှမ်းယူလိုက်သည်။
ထမင်းစားသောအခါ သမီးငယ်လေးနှင့် ကျန်းရိုတို့က သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ထိုင်ကြသည်။ သမီးငယ်လေးမှာ စားပွဲပေါ်တွင် မှီလျက် ပါပါးကို ပြုံးပြုံးလေး ကြည့်နေရှာသည်။ ကျန်းရိုကမူ သူ့အတွက် ဟင်းများ၊ စွပ်ပြုတ်များ အမြဲခပ်ပေးနေတော့သည်။ နောက်ဆုံးတွင် လီရှောင်းသည် ဟင်းများအားလုံးကို ကုန်အောင် စားပစ်လိုက်သည်။ တစ်ယောက်တည်း နေစဉ်က ဘာမှမခံစားရသော်လည်း ကျန်းရိုတို့ ရောက်လာမှသာ မိသားစုစုံစုံလင်လင် ရှိရခြင်းမှာ အလွန်စည်ကားပြီး ဘာမှမပြောလျှင်ပင် ရင်ထဲ၌ ပြည့်စုံနေကြောင်း သူ သိလိုက်ရသည်။
ညဘက်တွင် သမီးငယ်လေးမှာ တစ်ယောက်တည်း အိပ်ရသည်။ လီရှောင်းသည် ကလေးအတွက် အခန်းသီးသန့် ပြင်ပေးထားခြင်း ဖြစ်၏။ သူ၏အလှအပအမြင်မှာ သိပ်မကောင်းလှသဖြင့် အခန်းတစ်ခုလုံးကို ပန်းရောင်သုတ်ထားပြီး မင်းသမီး ကုတင်ကြီးတစ်လုံးနှင့် စာရေးစားပွဲ၊ ဗီဒိုအားလုံးမှာလည်း ပန်းရောင်များသာ ဖြစ်သည်။ ကျန်းရိုမှာ ညနေက မြင်ကွင်းကြောင့် မျက်စိပင် ကျိန်းမိသည်။ သို့သော် သမီးငယ်လေးမှာမူ အလွန်ကြိုက်နှစ်သက်နေပြီး ကုတင်ပေါ်သို့ ခုန်တက်ကာ ပျော်နေရှာသည်။
တီဗီကြည့်ပြီးနောက် တစ်ယောက်တည်း အိပ်ရမည်ဟု ကြားသောအခါ သမီးငယ်လေးမှာ အနည်းငယ် ကြောက်နေသော်လည်း ကျန်းရို ရေချိုးပြီး ထွက်လာသောအခါ သူမသည် မိမိအခန်းတွင် လိမ်မာစွာ လဲလျောင်းနေပြီ ဖြစ်သည်။ ကျန်းရို သွားကြည့်သောအခါ သူမက "မာမား ဂွတ်နိုက်" ဟုပင် နှုတ်ဆက်လိုက်သေးသည်။ ကျန်းရိုက ပြုံးလျက် စောင်ခြုံပေးကာ ပုံပြင်တစ်ပုဒ် ပြောပြလိုက်သည်။
ကလေး အိပ်ပျော်သွားပြီးနောက် အခန်းထဲသို့ ပြန်လာသောအခါ ကျန်းရိုက လီရှောင်းကို ဘာပြောလိုက်သလဲဟု မေးသော်လည်း လီရှောင်းက ဘာမှပြန်မပြောပေ။ အမှန်တော့ သူသည် ကလေးအား သူမမှာ အရွယ်ရောက်လာပြီဖြစ်သဖြင့် ပါပါးနှင့် တစ်ကုတင်တည်း အိပ်ရန် မသင့်တော်တော့ကြောင်း၊ အပြင်တွင်လည်း ယောက်ျားလေးများက သူမကို ထိတွေ့လျှင် မသင့်တော်ကြောင်းနှင့် ထိုသူများမှာ လူဆိုးများ ဖြစ်နိုင်ကြောင်း ဆုံးမခဲ့ခြင်း ဖြစ်၏။ ရှောင်ဖုန်းမှာ ငယ်သေးသော်လည်း အခြေခံအကြောင်းအရာများကို နားလည်တတ်စ ရှိနေပြီ ဖြစ်သည်။
ယခင်ဘဝက သူသည် ဤအချက်များကို သတိမထားမိဘဲ ကလေးကို မဆုံးမခဲ့သဖြင့် ရှောင်ဖုန်းမှာ ဒုက္ခများစွာ ကြုံတွေ့ခဲ့ရသည်။ ထိုအကြောင်းကို ယခုပြန်တွေးမိလျှင်ပင် သူ အံကြိတ်မိသည်အထိ ဒေါသထွက်ရသည်။ ကျန်းရို မသိနိုင်သည်မှာ... ယခင်ဘဝက ရှောင်ဖုန်းကို လင်းမေ့ရူ၏ ဘေးတွင် ခဏ ထားခဲ့ဖူးသည်။ လင်းမေ့ရူမှာ အဖွားအရင်းဖြစ်သဖြင့် အနည်းဆုံးတော့ အငတ်မထား၊ အနိုင်မကျင့်လောက်ဟု သူ ထင်ခဲ့သည်။ သို့သော် အမှန်တကယ်မှာမူ ဝံပုလွေတွင်းထဲသို့ ပို့လိုက်သကဲ့သို့ ဖြစ်ခဲ့သည်။ ထိုမိသားစုမှာ သူပို့ပေးသော စရိတ်ကို ယူထားသော်လည်း ကလေးကို မကျွေးဘဲ ရိုက်နှက်နှိပ်စက်လေ့ရှိသည်။ ဟယ်ထယ်ရှန်းမှာ ပို၍ ယုတ်မာကာ ရှောင်ဖုန်းကို တိတ်တဆိတ် အနိုင်ကျင့်ခဲ့သေးသည်။ လင်းမေ့ရူ ဒါကို သိသလားဆိုတာ သူ မသေချာသော်လည်း ယခုတစ်ကြိမ်တွင် သူမနှင့် အဆက်အသွယ် ဖြတ်လိုက်ခြင်းမှာ သူ၏ အကြီးမားဆုံးသော သည်းခံမှုပင် ဖြစ်၏။ သို့သော် ဟယ်ထယ်ရှန်း သားအဖကိုမူ သူ အလွတ်ပေးမည် မဟုတ်ပေ။
ဤအကြောင်းများကို ကျန်းရို စိတ်မကောင်းဖြစ်မှာစိုးသဖြင့် သူ မပြောလိုတော့ဘဲ "အိပ်ရအောင်" ဟုသာ ဆိုလိုက်သည်။ ကျန်းရို ကုတင်ပေါ်တွင် လဲလျောင်းလိုက်ပြီး မီးပိတ်လိုက်သောအခါ အခန်းထဲတွင် မှောင်မိုက်သွားသည်။ လီရှောင်းက စကားလမ်းကြောင်းလွှဲလိုက်သည်။ "ဒီအိမ်က နည်းနည်းတော့ သေးတာပေါ့။ ငါ အများကြီး မဝယ်ရဲဘူး၊ ဘာလို့လဲဆိုတော့ ကျိုးကျန့်ကို ငါ ရှယ်ယာကစားတဲ့ ပိုက်ဆံနဲ့ ဝယ်တယ်လို့ မပြောထားလို့ပဲ။ သူလည်း အတုခိုးလိုက်လုပ်မှာ စိုးလို့။ ကလေး ကျောင်းတက်ဖို့ လိုအပ်လို့ အကြွေးနဲ့ ဝယ်ထားတယ်လို့ပဲ ပြောထားတာ"
ကျိုးကျန့်သည်လည်း သူ အိမ်ဝယ်သည်ကို မြင်သောအခါ အခန်းနှစ်ခန်းပါ အိမ်တစ်လုံးကို အကြွေးဖြင့် ဝယ်လိုက်သည်။ ယခုအချိန်တွင် အိမ်ဈေးမှာ နောင်အနာဂတ်ကဲ့သို့ မကြီးသေးသဖြင့် အိမ်ကြီးအိမ်ကောင်း မဝယ်နိုင်သော်လည်း သာမန်အိမ်တစ်လုံးအတွက်မူ လက်ငင်းပေးချေရမည့် ငွေကို စုဆောင်းနိုင်ကြသည်။ အိမ်ရှိလာသဖြင့် ကျိုးကျန့်မှာလည်း ရည်းစားတစ်ယောက် ရနေပြီဖြစ်သော်လည်း လီရှောင်း မတွေ့ဖူးသေးပေ။ ကျိုးကျန့်ကမူ ထိုမိန်းကလေးမှာ အလွန်ကောင်းသည်ဟုသာ ပြောပြဖူးသည်။
"နောက်ကျရင် ပိုက်ဆံတွေ အများကြီး ရှာနိုင်တဲ့အခါ ငါတို့ ဒီထက်ကောင်းတဲ့ အိမ်တစ်လုံး ပြောင်းကြတာပေါ့" ဟု လီရှောင်းက ဆိုသည်။ အမှန်တွင် သူသည် ပန်းခြံထဲတွင်ပင် အိပ်ဖူးသဖြင့် ဘယ်မှာနေနေ ရသော်လည်း ကျန်းရိုနှင့် ကလေးကိုမူ ဒုက္ခမပေးချင်ပေ။
ကျန်းရိုက သူ့ကို ပြန်ဖက်လိုက်ကာ "မလိုပါဘူး၊ ဒီအိမ်လေးကပဲ အရမ်းကောင်းနေပါပြီ"
တကယ်ပင် ကောင်းလှသည်။ အိမ်ကြီးလွန်းလျှင် သန့်ရှင်းရေးလုပ်ရသည်မှာ ပင်ပန်းလှပေလိမ့်မည်။ လီရှောင်းက သူမ၏ခါးကို ဖက်လိုက်ပြီး ဘာမှမပြောတော့သော်လည်း သူ၏ အသက်ရှူသံမှာ တဖြည်းဖြည်း မမှန်တော့ဘဲ လက်မှ အပူရှိန်မှာလည်း ပို၍ ပူနွေးလာတော့သည်...
……
နောက်တစ်နေ့ မနက် ကိုးနာရီခွဲကျော်မှ ကျန်းရို နိုးလာခဲ့သည်။ သမီးငယ်လေးမှာ ဧည့်ခန်းတွင် ထိုင်၍ တီဗီကြည့်ရင်း ကျန်းရို ဝယ်ပေးထားသော အိမ်စာများကို လုပ်နေသည်။ မာမား နိုးလာသည်ကို မြင်သောအခါ သူမက "မာမား... ပါပါး ဝယ်ထားပေးတဲ့ မနက်စာက မီးဖိုချောင်ထဲမှာနော်" ဟု လိမ်မာစွာ ပြောပြရှာသည်။ လီရှောင်းမှာ ကလေးက ပြောပြရန် မေ့သွားမှာစိုးသဖြင့် ထမင်းစားပွဲပေါ်တွင်လည်း သူမ မနက်စာ စားရန် စာတိုလေး ရေးထားခဲ့သေးသည်။
ရက်အနည်းငယ် ကြာပြီးနောက် လီရှောင်း ပြန်လာပြီး မနက်ဖြန်တွင် ကျိုးကျန့်နှင့် သူ၏ ရည်းစားတို့နှင့်အတူ ထမင်းလက်ဆုံ စားကြမည်ဟု ပြောသည်။ ကျန်းရိုမှာ ကျိုးကျန့် ရည်းစားရနေသည်ကို သိသဖြင့် ထိုမိန်းကလေး၏ အခြေအနေကို စပ်စုမေးမြန်းသည်။ လီရှောင်းသည် တစ်ခုခုကို တွေးမိပုံရကာ မျက်မှောင် အနည်းငယ်ကြုံ့လိုက်သည်။ "ငါလည်း သိပ်တော့ သတိမထားမိပါဘူး။ သူမက ဒီမြို့ခံလို့ပဲ သိရတယ်။ မိသားစု အခြေအနေလည်း ကောင်းပုံရပေမဲ့ သူမရဲ့ မိဘတွေက သဘောမတူကြဘူး ထင်တယ်"
အမှန်တကယ်တွင် လီရှောင်းလည်း သူတို့နှစ်ဦးမှာ မလိုက်ဖက်ဟု ခံစားမိသည်။ သူသည် အတွေ့အကြုံများသူဖြစ်ရာ မိသားစု အခြေအနေ မတူညီသော သူနှစ်ဦး ပေါင်းသင်းရန်မှာ ညှိနှိုင်းရမည့် အရာများစွာ ရှိကြောင်း သိသည်။ သူနှင့် ကျန်းရိုမှာပင် အလေ့အကျင့် မတူညီသည်များ ရှိသော်လည်း သူက ကျန်းရိုကို ချစ်သဖြင့် မိမိကိုယ်ကို ပြောင်းလဲရန် ဆန္ဒရှိသည်။ သို့သော် ကျိုးကျန့်၏ စိတ်ဓာတ်မှာမူ အစပိုင်းတွင် ချစ်သဖြင့် လျှော့ပေးနိုင်သော်လည်း အချိန်ကြာလာလျှင် ပျင်းရိလာကာ ရန်ဖြစ်ကြရုံသာ ရှိလိမ့်မည်။
"ဒီအတိုင်း ထမင်းတစ်နပ် စားရုံပါပဲ၊ အများကြီး စကားမပြောပါနဲ့" ဟု လီရှောင်းက ဖြည့်စွက်မှာကြားသည်။ ကျန်းရိုလည်း လီရှောင်းသည် ကျိုးကျန့်တို့အပေါ် သိပ်ပြီး အကောင်းမမြင်ကြောင်း သိလိုက်ရသည်။
စနေနေ့ မွန်းတည့်ချိန်တွင် ကျန်းရိုသည် ကလေးကိုခေါ်ကာ လီရှောင်းပေးထားသော လိပ်စာအတိုင်း စားသောက်ဆိုင်သို့ သွားခဲ့သည်။ နေရာမှာ ကျိုးကျန့်၏ ရည်းစား ရွေးချယ်ထားသော အဆင့်မြင့် အနောက်တိုင်း စားသောက်ဆိုင်ဖြစ်ပြီး ဆယ့်ငါးထပ်တွင်ရှိသဖြင့် ပြတင်းပေါက်မှ အပြင်ရှုခင်းများကို မြင်တွေ့ရသည်။ ကျန်းရိုသည် မထွက်ခွာမီ သူမနှင့် ကလေးကို သေသေချာချာ ပြင်ဆင်လာခဲ့သဖြင့် ကံကောင်းသွားသည်ဟု တွေးမိသည်။ မဟုတ်လျှင် သူမ ဝင်ရဲမည် မဟုတ်ပေ။
သူမ ရောက်ရှိချိန်တွင် လီရှောင်းနှင့် ကျိုးကျန့်မှာ ရောက်နှင့်နေကြပြီ ဖြစ်သော်လည်း ကျိုးကျန့်၏ ရည်းစားမှာ ရောက်မလာသေးပေ။ ကျိုးကျန့်က အားနာစွာဖြင့် "ရှောင်ထျန်က အခုမှ အလုပ်ဆင်းတာမို့ ခဏနေမှ ရောက်မှာပါ" ဟု ပြောသည်။ သူမမှာ သူနာပြုတစ်ဦးဖြစ်ပြီး အလုပ်များကြောင်း လီရှောင်း ပြောပြဖူးသဖြင့် ကျန်းရိုက နားလည်စွာ ခေါင်းညိတ်လိုက်သည်။
လီရှောင်းနှင့် ကျိုးကျန့်မှာ အလုပ်မှ တိုက်ရိုက်လာခြင်းဖြစ်ပုံရကာ အဝတ်အစားများမှာ သာမန်သာ ဖြစ်သည်။ လီရှောင်းမှာ မနက်က ဝတ်သွားသော အနက်ရောင် ရှပ်အင်္ကျီနှင့် မီးခိုးရောင် ဘောင်းဘီရှည်ကို ဝတ်ထားပြီး လက်စွပ်ကို အသာအယာ လိပ်တင်ထားရာ သူ၏ သန်မာသော လက်မောင်းများကို မြင်တွေ့ရသည်။ ကျန်းရိုသည် လီရှောင်းအတွက် အဝတ်အစားများစွာ ဝယ်ပေးထားပြီး ရွေးချယ်ရန် လွယ်ကူစေရန် အတွဲလိုက် စီစဉ်ပေးထားသည်။ လီရှောင်းမှာ ရုပ်ရည်ချောမောပြီး ကိုယ်လုံးကိုယ်ပေါက် ကောင်းသူဖြစ်သဖြင့် အထူးတလည် မပြင်ဆင်လျှင်ပင် လူတကာ ငေးကြည့်ရသူ ဖြစ်၏။
ကျန်းရို မှတ်မိနေသေးသည်မှာ သူမ သူ့ကို ပထမဆုံး မြင်တွေ့ခဲ့ရစဉ်က ဖြစ်သည်။ စစ်ဆေးရေး အခန်းထဲတွင် တည်ငြိမ်စွာ ထိုင်နေသော သူ့ပုံစံမှာ အလွန်ပင် နွမ်းပါးနေသော်လည်း သူမကို အံ့အားသင့်စေခဲ့သည်။ ထိုစဉ်က "ဒီလူက ငယ်ငယ်တုန်းက တော်တော် ချောမှာပဲ" ဟု သူမ တွေးမိခဲ့သည်။ အကယ်၍ ထိုစကားကို ယခု လီရှောင်းအား ပြောပြလိုက်လျှင် သူမ သူ့ကို စောစောစီးစီးကတည်းက ကြိုက်နေသည်ဟု သူ ထင်သွားမှာကို ကျန်းရို စိုးရိမ်မိသည်။
သို့သော် ကျိုးကျန့်မှာမူ လီရှောင်း၏ ဘေးတွင် ထိုင်နေသဖြင့် ပို၍ပင် ရုပ်ဆိုးသွားသယောင် ရှိသည်။ အမှန်တကယ်တွင် ကျိုးကျန့်မှာ ရုပ်မဆိုးသော်လည်း ချောသည်ဟုလည်း မဆိုနိုင်ဘဲ သာမန်သာ ဖြစ်သည်။ အသားညိုပြီး မျက်လုံးတစ်ဖက်တည်း၊ မျက်နှာရှည်လျားကာ ရုပ်ရည်မှာ လူတကာကြားထဲတွင် ပျောက်ကွယ်သွားနိုင်သော ပုံစံမျိုး ဖြစ်၏။ သူသည် ခရမ်းရောင်ရင့်ရင့် ရှပ်အင်္ကျီကို ဝတ်ထားသဖြင့် ပို၍ အသားညိုသွားစေကာ ကိုယ်နေဟန်ထားမှာလည်း အရှေ့သို့ ကိုင်းနေသဖြင့် ကြည့်မကောင်းလှပေ။
ကျန်းရို ဘာမှမပြောဘဲ လီရှောင်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်သည်။ လီရှောင်းက စားပွဲပေါ်ရှိ မုန့်ချိုများကို သူမရှေ့သို့ တွန်းပေးကာ "မင်းနဲ့ ကလေးအတွက် မှာထားတာ၊ အရင်စားနှင့်ဦး" ကျန်းရိုကလည်း အားမနာတော့ဘဲ ကလေးကို တစ်လုတ်၊ သူမက တစ်လုတ် စားကြပြီး လီရှောင်းကိုလည်း ခပ်ကျွေးလိုက်သေးသည်။ လီရှောင်းက အချို သိပ်မကြိုက်သော်လည်း ကျန်းရို ကျွေးသဖြင့် စားလိုက်ရှာသည်။
နာရီဝက်ခန့် ကြာသောအခါ ကျိုးကျန့်၏ ရည်းစား ရောက်ရှိလာသည်။ ကျိုးကျန့်က လှမ်းမြင်သည်နှင့် ပြုံးလျက် "လာပြီ" ကျန်းရို လှည့်ကြည့်လိုက်သောအခါ လီရှောင်း ဘာကြောင့် အကောင်းမမြင်သည်ကို သူမ နားလည်သွားတော့သည်။ ကျိုးကျန့်၏ ရည်းစားမှာ အတော်လေး လှပပြီး အရပ်ရှည်ကာ ခေတ်မီစွာ ဝတ်ဆင်ထားသူ ဖြစ်၏။ သူမသည် စားသောက်ဆိုင်ထဲ ဝင်လာပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ရာ ကျန်းရို၏ ထင်မြင်ချက်အရ ထိုမိန်းကလေးမှာ ခဏမျှ မှင်တက်သွားပြီးမှ မျက်မှောင်ကြုံ့ကာ မကျေမနပ်ဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။
ထိုမိန်းကလေးက သူတို့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာသည်။ ကျိုးကျန့်မှာ အလွန်ပျော်ရွှင်နေပြီး သူမအတွက် ထိုင်ခုံကို အသာအယာ ဆွဲပေးကာ တစ်ဦးနှင့်တစ်ဦး မိတ်ဆက်ပေးသည်။ "ဒါက ငါပြောပြဖူးတဲ့ အစ်ကို လီရှောင်းလေ။ ဒါက သူ့ရဲ့ဇနီး ကျန်းရိုနဲ့ သမီး ရှောင်ဖုန်း။ ကဲ... ဒါက ငါ့ရဲ့ ရည်းစား ရှီထျန် တဲ့"
ကျန်းရိုက ပြုံးလျက် နှုတ်ဆက်လိုက်ရာ ရှီထျန်ကလည်း ယဉ်ကျေးစွာ ပြန်ပြုံးပြသော်လည်း ပျော်ရွှင်နေသည့်ပုံတော့ မပေါ်ပေ။ ဝန်ထမ်းက ဟင်းများ လာချပေးသောအခါ သူမက ကျိုးကျန့်အား ရုတ်တရက် မေးလိုက်သည်။ "ရှင် ဘာလို့ ဒီနေ့ ခရမ်းရောင် အင်္ကျီကို ဝတ်လာတာလဲ"
ကျိုးကျန့်က သူမ၏ ဆိုလိုရင်းကို နားမလည်ဘဲ "ဘာဖြစ်လို့လဲ။ မလှလို့လား။ ဒီနေ့ ထမင်းစားမှာမို့လို့ တမင် ရွေးဝတ်လာတာ" ရှီထျန်၏ မျက်ဝန်းထဲတွင် ရွံရှာသော အရိပ်အယောင်များ ဖြတ်ပြေးသွားကာ "မလှဘူး၊ ရှင့်ကို ပိုပြီး အသားညိုစေသလို လူကြီးလည်း ပိုဆန်စေတယ်" ဟု တိုက်ရိုက် ပြောလိုက်သည်။ ကျိုးကျန့်၏အပြုံးမှာ ခဏ တောင့်တင်းသွားသော်လည်း ချက်ချင်းပင် "ဒါဆို နောက်ဆိုရင် မဝတ်တော့ဘူး" ဟု ချော့မော့ပြောလိုက်သည်။
ရှီထျန်က ခေါင်းညိတ်ကာ ဓားနှင့် ခက်ရင်းကိုကိုင်၍ စားသောက်တော့သည်။ သို့သော် စားသောက်နေစဉ်မှာပင် သူမ ထပ်မံ မကျေမနပ် ဖြစ်လာပြန်သည်။ အနောက်တိုင်း စားသောက်ဆိုင်ဖြစ်သဖြင့် ဓားနှင့် ခက်ရင်းကို သုံးရရာ အခြားသူများ မသုံးတတ်လျှင် ကိစ္စမရှိသော်လည်း ဤဝိုင်းတွင် ကျိုးကျန့် တစ်ယောက်တည်းသာ မသုံးတတ်သည်ကို သူမ တွေ့လိုက်ရသည်။ ဓားနှင့် ခက်ရင်းကို ပြောင်းပြန်ကိုင်ထားသည့်အပြင် အသားကို လှီးရာတွင်လည်း ပန်းကန်နှင့် တိုက်မိသဖြင့် အသံထွက်သွားရာ ဘေးဝိုင်းမှလူများ လှမ်းကြည့်ကြတော့သည်။
ရှီထျန် အလွန်အရှက်ရသွားကာ မနေနိုင်ဘဲ မေးလိုက်သည်။ "ရှင်က အလုပ်ရှင် မဟုတ်ဘူးလား။ အရင်က အနောက်တိုင်းစာ မစားဖူးဘူးလား"
ကျိုးကျန့် အနည်းငယ် အားနာသွားကာ "ဘယ်က အလုပ်ရှင်လဲ၊ အစ်ကို့နောက်လိုက်ပြီး ပိုက်ဆံ နည်းနည်းပါပါး ရှာနေတာပါ" ရှီထျန်သည် ကျိုးကျန့်၏ဘေးရှိ လီရှောင်းကို ကြည့်လိုက်၊ ကျိုးကျန့်ကို ကြည့်လိုက်နှင့် ရင်ထဲတွင် နောင်တရနေတော့သည်။ သူမသည် ကျန်းရိုထက် ဘာမှမညံ့သော်လည်း သူတို့၏ အမျိုးသားများမှာမူ ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကွာခြားလှသည်။ သူမ အစက ကျိုးကျန့်ကို အဆိုးကြီးဟု မထင်ခဲ့သော်လည်း ယခု အနောက်တိုင်း စားသောက်ဆိုင်တွင် ထိုင်နေသော ကျိုးကျန့်ကို ကြည့်ရသည်မှာ လောကအကြောင်း ဘာမှမသိသော လူတောမတိုးသူ တစ်ဦးကဲ့သို့ ဖြစ်နေသည်။ သူက သူ့အစ်ကိုနှင့် တစ်နေရာတည်းက လာတာဟု ပြောဖူးသည် မဟုတ်လား၊ ဘာကြောင့် ထိုလူက ကျိုးကျန့်ကဲ့သို့ အရှက်မကွဲရသနည်း။ ရှီထျန်မှာ ယခုချက်ချင်းပင် ထွက်သွားချင်နေပြီ ဖြစ်သည်။
ဤထမင်းဝိုင်းမှာ အလွန် အနေခက်လှသည်။ အစပိုင်းတွင် ရှီထျန် စကားအနည်းငယ် ပြောသေးသော်လည်း နောက်ပိုင်းတွင် ကျန်းရိုနှင့် ကျိုးကျန့်သာ စကားပြောနေကြတော့သည်။ ထမင်းစားပြီးနောက် ကျန်းရိုနှင့် လီရှောင်းတို့ ထွက်လာကြသည်။ အပြင်ရောက်သောအခါ ကျန်းရိုက သက်ပြင်းအရှည်ကြီးချကာ "သူ့ရဲ့ ရည်းစားက သူ့ကို နည်းနည်း ရွံနေသလိုပဲနော်" ဟု တိုးတိုးလေး ပြောမိသည်။
လီရှောင်းက ဤကိစ္စတွင် ဝင်မပါလိုပေ။ "သူတို့ နှစ်ယောက် သဘောပဲလေ၊ ထားလိုက်ပါ" သူ့စိတ်ထဲတွင် သိနေသည်မှာ... ကျန်းရိုကဲ့သို့ မိုက်မဲသူမျိုး မရှိနိုင်တော့ကြောင်းပင်။ သူသည် ယခင်ဘဝက မည်သို့သော လူစားမျိုးဖြစ်ကြောင်း သိရက်နှင့်ပင် သူမသည် သူနှင့်အတူ ရှိနေရန် ဆုံးဖြတ်ခဲ့သည် မဟုတ်လား။
***
သမီးဖြစ်သူကို အလိုလိုက်လွန်းသော ဗီလိန်၏ဇနီးဖြစ်လာခြင်း (VEW)
အချပ်ပို ၃.၁၁ ။ လီရှောင်းပြန်လည်မွေးဖွားခြင်း
ကျောင်းဖွင့်ရန် တစ်လကျော် လိုသေးသဖြင့် ထိုကာလအတွင်း ကျန်းရိုသည် အိမ်တွင် အေးအေးဆေးဆေး စာကြည့်နေခဲ့သည်။ သူမသည် အင်္ဂလိပ်စာ အထူးပြုကို လျှောက်ထားခဲ့သဖြင့် အင်္ဂလိပ်စာအုပ်အချို့ကို ဝယ်ယူဖတ်ရှုနေခြင်း ဖြစ်၏။
လီရှောင်းမှာ ပုံမှန်အားဖြင့် အလွန်အလုပ်များသဖြင့် လူပင် သိပ်မတွေ့ရပေ။ သို့သော် မည်မျှပင် အလုပ်များပါစေ၊ သူ၏ စိတ်ထဲတွင် ကလေးကျောင်းတက်မည့် ကိစ္စကို အမြဲမှတ်ထားသည်။ ယခင်ဘဝမှ အဖြစ်အပျက်များက သူ့အတွက် အရိပ်မဲကြီးသဖွယ် ဖြစ်နေခဲ့သဖြင့် သူသည် အနီးအနားရှိ သူငယ်တန်းကျောင်းကောင်းများကို အကုန်စုံစမ်းထားပြီး ကျန်းရိုအား အားလပ်လျှင် သွားကြည့်ခိုင်းလေ့ရှိသည်။
ထို့ကြောင့် ကျန်းရိုသည် စာကြည့်ရသည်မှာ ပင်ပန်းလာလျှင် ကလေးကိုခေါ်၍ အပြင်ထွက်ကာ သူငယ်တန်းကျောင်းများကို လိုက်လံကြည့်ရှုသည်။ အချို့ကျောင်းများမှာ ပုဂ္ဂလိကကျောင်းများဖြစ်ပြီး ခမ်းနားလှကာ အချို့မှာ ဘာသာစကားနှစ်မျိုး သင်ကြားပေးပြီး အချို့မှာမူ မူလတန်း၊ အထက်တန်းအထိ တွဲလျက်ရှိကြသည်။ အများစုမှာ ကျောင်းလစာ အလွန်ကြီးမြင့်လှ၏။
ကျောင်းကောင်းလျှင် ကျောင်းလစာကြီးရုံသာမက ကျောင်းသားများ၏ အရည်အချင်းကိုလည်း စစ်ဆေးတတ်ကြသည်။ ကံကောင်းသည်မှာ ကျန်းရိုသည် ကလေးအား အရေအတွက် ရေတွက်ခြင်းနှင့် အင်္ဂလိပ်စာ အခြေခံအချို့ကို သင်ပေးထားသဖြင့် ရှောင်ဖုန်းမှာ အတော်အတန် တတ်မြောက်နေပြီ ဖြစ်သည်။ နောက်ဆုံးတွင် ဆရာမက ရှောင်ဖုန်းအား ပုံပြင်တစ်ပုဒ် ပြောပြခိုင်းရာ သူမသည် ကြောက်တတ်သော်လည်း ကျန်းရို၏ လေ့ကျင့်ပေးမှုကြောင့် မာမား ပြောပြလေ့ရှိသော ပုံပြင်တစ်ပုဒ်ကို လိမ်မာစွာ ပြောပြနိုင်ခဲ့သည်။
သူမ၏ စကားပြောဆိုမှုမှာ လိုရင်းတိုရှင်းရှိသော်လည်း ဆရာမက ကျန်းရိုအား ကလေး၏ မန်ဒရင်းစကားပြောဆိုပုံကို ပြန်လည်ပြင်ပေးရန် အကြံပြုခဲ့သည်။ ကလေး၏ စကားပြောထဲတွင် ဒေသန္တရ လေသံအချို့ ပါဝင်နေသောကြောင့် ဖြစ်၏။
ကျောင်းအတော်များများကို လိုက်ကြည့်ပြီးနောက် သမီးငယ်လေး၏ ဆန္ဒအရ ဘာသာစကားနှစ်မျိုး သင်ကြားသော ကျောင်းကိုသာ ရွေးချယ်လိုက်ကြသည်။ သူမက အမေ့လိုပဲ အင်္ဂလိပ်စာ သင်ချင်သည်ဟု ဆိုရှာသည်။ ရှောင်ဖုန်းလေးမှာ အလွန်လိမ်မာလှသဖြင့် ကျန်းရိုက လေသံပြင်ပေးလျှင် သေသေချာချာ လိုက်သင်ယူပြီး တစ်ခါ၊ နှစ်ခါ သင်ပေးရုံနှင့် မှတ်မိသွားတတ်သည်။
ဩဂုတ်လအစတွင် လူကြီးမင်းယိုက သူ၏ မွေးနေ့ပွဲသို့ ဖိတ်ကြားသဖြင့် လီရှောင်းက ကျန်းရိုအား လိုက်ချင်သလားဟု မေးသည်။ လီရှောင်းမှာ သွားရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။ မွေးနေ့ပွဲ တက်ရောက်ရန်သာမက အချို့သော အကြောင်းအရာများမှာ ယခင်ဘဝနှင့် ကွာခြားသွားပြီဖြစ်ကြောင်း သူ သတိပြုမိသောကြောင့် ဖြစ်၏။
ယခင်ဘဝက သူမှတ်မိသလောက်ဆိုလျှင် ဤနှစ်များအတွင်း ကျင်းတာ့ယိုသည် ဒေါ်လေးကျီကို ရှာတွေ့ခဲ့သည်။ ထိုစဉ်က အိမ်နီးချင်းက တာ့ယိုထံ ဖုန်းဆက်ခဲ့ခြင်း ဖြစ်ပြီး တာ့ယိုက သူနှင့် ကျိုးကျန့်ထံ အကူအညီတောင်းကာ လူသွားကြိုခိုင်းခဲ့ခြင်း ဖြစ်သည်။ သို့သော် လွန်ခဲ့သော ရက်အနည်းငယ်က တာ့ယိုနှင့် ဆက်သွယ်ကြည့်ရာ အိမ်နီးချင်းထံမှ ဖုန်းမလာခဲ့ကြောင်း သိရသဖြင့် လီရှောင်းကိုယ်တိုင် သွားရောက်စုံစမ်းရန် ပြင်ဆင်လိုက်သည်။
ကျန်းရိုမှာလည်း အိမ်တွင်နေရသည်မှာ ပျင်းနေပြီဖြစ်ရာ ဘာမှမစဉ်းစားတော့ဘဲ "လိုက်မှာပေါ့" ဟု ချက်ချင်း ခေါင်းညိတ်လိုက်သည်။
သူမက လီရှောင်းအား "ကျွန်မ အရင်က G ပြည်နယ်မှာ သင်တန်းတက်ခဲ့ဖူးတယ်၊ အားလပ်ရက်ဆိုရင် သူငယ်ချင်းတွေနဲ့ အပြင်ထွက်လည်လေ့ရှိတာ၊ အဲဒီမှာ စားလို့ကောင်းတာတွေ အများကြီးပဲ" ဟု ပြောပြသည်။ လီရှောင်းက ပြုံးလျက် နားထောင်နေသည်။ သူမ၏ အတိတ်အကြောင်းများကို နားထောင်ရသည်မှာ သူကိုယ်တိုင် ပါဝင်ခဲ့ရသကဲ့သို့ ခံစားရသဖြင့် သူ နှစ်သက်လှသည်။
ကျန်းရို လိုက်မည်ဖြစ်သဖြင့် လီရှောင်းက လေယာဉ်လက်မှတ် နှစ်စောင် ထပ်တိုးမှာလိုက်သည်။ မွေးနေ့ပွဲမှာ ဩဂုတ်လ ၁၂ ရက်နေ့ဖြစ်သော်လည်း သူတို့သည် ၁၀ ရက်နေ့ကတည်းက ထွက်ခွာခဲ့ကြသည်။ နေ့လည် တစ်နာရီကျော်တွင် ရောက်ရှိကြပြီး လီရှောင်းက သားအဖနှစ်ဦးကို ထမင်းကျွေးကာ မြို့လယ်ရှိ ဟိုတယ်ကောင်းတစ်ခုတွင် အခန်းယူလိုက်သည်။
ညဘက်တွင် အပြင်ထွက် ထမင်းစားရင်း လက်ဆောင်ပစ္စည်း ဝယ်ယူကြသည်။ လူကြီးမင်းယိုအတွက် လက်ဆောင်ကို ပြင်ဆင်ပြီးသား ဖြစ်၏။ လူကြီးမင်းယိုကဲ့သို့ ချမ်းသာသူများမှာ သာမန် အဆင့်မြင့် ပစ္စည်းများကို အရေးမစိုက်ကြပေ။ ထို့ကြောင့် လီရှောင်းက သူငယ်ချင်းတစ်ဦးထံမှ ရှာဖွေထားသော တန်ဖိုးကြီး ဂျင်ဆင်းရိုင်း တစ်မြစ်ကို လက်ဆောင်ပေးရန် စီစဉ်ထားသည်။ ကျန်းရို ကြည့်ဖူးသလောက်ဆိုလျှင် အစက နှစ်မြစ်ဖြစ်ပြီး လီရှောင်းက တစ်မြစ်ကို ချန်ထားခဲ့ခြင်း ဖြစ်သည်။ ထိုဂျင်ဆင်းမှာ နှစ်ပေါင်း ရာချီသက်တမ်းရှိသည် ကျန်းရို၏ အယူအဆကြောင့် သူသည်လည်း ယခုအခါ ဂျင်ဆင်းကို အလွန်တန်ဖိုးရှိသော အရာဟု ယူဆလာကာ ကျန်းရိုနှင့် ကလေးအတွက် အားဖြည့်ရန် တစ်မြစ်ကို ချန်ထားခဲ့ခြင်း ဖြစ်၏။
လူကြီးမင်းယို ဇနီးမောင်နှံမှာ လီရှောင်း၏ လုပ်ငန်းကို အလွန်ကူညီကြသူများ ဖြစ်သည်။ နေထိုင်ရာ ဝေးကွာသော်လည်း လီရှောင်းအတွက် လူမှုဆက်ဆံရေး နယ်ပယ်ကို ကျယ်ပြန့်အောင် ကူညီပေးခဲ့သဖြင့် လီရှောင်းက သူတို့ကို ကျေးဇူးတင်လှသည်။ ယခင်ဘဝနှင့် မတူသည်မှာ... ယခင်က သူသည် အခြားသူ၏ အကူအညီကို ရခဲလှပြီး အရာရာကို မိမိ၏ တန်ဖိုးဖြင့်သာ လဲလှယ်ခဲ့ရခြင်း ဖြစ်၏။
အမှန်တကယ်တွင် လဲ့လဲ့ကို ကယ်တင်ခဲ့ခြင်းမှာလည်း ကျန်းရိုကြောင့်သာ ဖြစ်သည်။ သူကိုယ်တိုင်သာဆိုလျှင် ထိုကိစ္စကို သိလျှင်ပင် ဝင်ပါလိမ့်မည် မဟုတ်ပေ။ သူသည် တစ်ယောက်တည်း နေထိုင်လာသူဖြစ်သဖြင့် အရာရာကို အေးစက်စွာ ရှုမြင်တတ်ပြီး သူတစ်ပါးကိစ္စ ဝင်ပါခြင်းမှာ မိမိကိုယ်ကို ဒုက္ခရှာခြင်းဟုသာ ယူဆခဲ့ဖူးသည်။
ကျန်းရိုသည် ဈေးတွင် လဲ့လဲ့အတွက် ကစားစရာအချို့ ဝယ်ယူပြီး သူမနှင့် သမီးငယ်လေးအတွက် အင်္ကျီအသစ် နှစ်စုံ ဝယ်လိုက်သည်။ မွေးနေ့ပွဲတွင် ဝတ်ဆင်ရန် ဖြစ်၏။
မွေးနေ့ပွဲနေ့တွင် ကျန်းရိုသည် မနက်စောစောထ၍ ပြင်ဆင်သည်။ ဆံပင်ကို အကုန်သိမ်း၍ ထုံးထားပြီး ပါးလွှာသော မိတ်ကပ်လေးကို လိမ်းလိုက်သည်။ ထို့နောက် ဝယ်လာခဲ့သော အဖြူရောင် ဂါဝန်ကို ဝတ်ဆင်လိုက်သည်။ ထိုဂါဝန်မှာ လည်ပင်းပိတ်ဖြစ်သော်လည်း ကျောဘက်တွင်မူ အနည်းငယ် ဟိုက်နေသဖြင့် အလွန်လှပလှသည်။ သူမသည် သမီးငယ်လေးကိုလည်း ပန်းရောင်စကတ်လေး ဝတ်ပေးကာ ဆံပင်ကို နှစ်ဖက်ခွဲထုံးပေးလိုက်သည်။
သူမ ရေချိုးခန်းမှ ထွက်လာသောအခါ လီရှောင်းက ဘာမှမပြောသော်လည်း သုံးယောက်သား အပြင်ထွက်ချိန်တွင် ကျန်းရိုက အရှေ့မှ လျှောက်သွားရာ သူမ၏ ကျောပြင်မှ ဖြူဖွေးသောအသားအရေကို မြင်လိုက်ရသဖြင့် လီရှောင်း မျက်မှောင်ကြုံ့မိသွားသည်။ သူသည် ဤကဲ့သို့သော ဖက်ရှင်ကို နားမလည်ဘဲ "ဘာလို့ ဒီလိုအင်္ကျီမျိုး ဝယ်ရတာလဲ၊ အအေးမိမှာ မကြောက်ဘူးလား" ဟု မေးလိုက်သည်။
ကျန်းရိုက သူမ၏ကျောပြင်ကို လှည့်ကြည့်ကာ "ရှင်က ဒါကို နားမလည်ပါဘူး၊ ဒါက အခု ခေတ်စားတဲ့ ဒီဇိုင်းလေ၊ အရမ်းလှတယ်" လီရှောင်းမှာမူ အင်္ကျီကို လှသည်ဟု မထင်သော်လည်း သူမ၏ ကျောပြင်မှာမူ အမှန်တကယ် လှပနေသဖြင့် မျက်စိမလွှဲနိုင် ဖြစ်ရသည်။ သူသည် အပြင်ထွက်ချိန်တွင် မသိမသာဖြင့် သူမ၏ကျောဘက်မှ ဟိုက်နေသော နေရာကို လက်ဖြင့် အုပ်ပေးရန် ကြိုးစားနေတော့သည်။
ကျန်းရိုက ရယ်မောလျက် "ကျွန်မ အင်္ကျီကို ဆွဲမဖြဲပါနဲ့ဦး" လီရှောင်း နောင်တရမိသည်မှာ မနေ့က သူမ အင်္ကျီဝယ်စဉ်က အရှေ့ဘက်ကိုသာ ကြည့်ခဲ့မိပြီး ကျောဘက်ကို သတိမထားမိခဲ့ခြင်းပင်။
မွေးနေ့ပွဲကို ဟိုတယ်ကြီးတစ်ခုတွင် ကျင်းပရာ ကျန်းရိုနှင့် လီရှောင်းတို့မှာ အနည်းငယ် နောက်ကျမှ ရောက်ရှိကြသည်။ အထဲသို့ ဝင်သောအခါ လူအတော်များနေပြီ ဖြစ်၏။ လီရှောင်းသည် အထဲသို့ ရောက်သည်နှင့် သူ ဝတ်ထားသော ကုတ်အင်္ကျီကို ချွတ်၍ ကျန်းရို၏ပုခုံးပေါ်သို့ တင်ပေးလိုက်သည်။ "အဲကွန်း ရှိတယ်လေ၊ ဖျားလိမ့်မယ်" ဟု အကြောင်းပြသည်။
ကျန်းရိုက သူ့ကို အဓိပ္ပာယ်ပါပါ ကြည့်လိုက်သည်။ သူ ဤမျှလောက်အထိ အောင့်ထားရသည်မှာ မလွယ်ကူလှပေ။ သူမက သူ့နားနားသို့ ကပ်ကာ "အမှန်အတိုင်းပြောစမ်းပါ၊ အရမ်းလှတယ် မဟုတ်လား။ ကျွန်မ မနေ့က ပေါင်အထိ တိုနေတဲ့ စကတ်တစ်ထည်လည်း ဝယ်ထားသေးတယ်၊ အိမ်ပြန်ရောက်ရင် ရှင့်ကို ဝတ်ပြမယ်" ဟု စနောက်လိုက်သည်။
လီရှောင်းသည် ကျန်းရို၏လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး "ဒီထက် လှတဲ့ အင်္ကျီတွေ ရှိပါသေးတယ်" ဟု ပြောချင်သော်လည်း စကားလုံးများမှာ ပါးစပ်ထဲတွင်ပင် ပျောက်ကွယ်သွားတော့သည်။ သူသည် သူမကို တစ်ချက်ကြည့်ကာ အထဲသို့ ခေါ်ဆောင်သွားလေသည်။ သမီးငယ်လေးမှာလည်း ပါပါးနှင့် မာမား ရယ်နေကြသဖြင့် လိုက်၍ ပြုံးရယ်နေရှာသည်။
လီရှောင်းသည် ကျန်းရိုကိုခေါ်၍ လူကြီးမင်းယိုအား နှုတ်ဆက်သည်။ လူကြီးမင်းယို ဇနီးမောင်နှံမှာ အလွန်အလုပ်များနေကြသဖြင့် သူတို့နှင့် ခဏသာ စကားပြောဖြစ်ကြသည်။ ထို့နောက် ကျန်းရိုတို့သည် စားစရာများကို ရွေးချယ်စားသောက်နေကြသည်။
ပွဲပြီးခါနီးတွင် ရုတ်တရက် ထူးခြားသော ကိစ္စတစ်ခု ဖြစ်ပွားခဲ့သည်။ ရဲဝတ်စုံဝတ်ထားသော လူတစ်စု အထဲသို့ ဝင်လာကြပြီး လူကြီးမင်းယို၏ ညီမဖြစ်သူ ဇနီးမောင်နှံကို လူကုန်ကူးမှုဖြင့် ဖမ်းဆီးသွားကြခြင်း ဖြစ်သည်။ ကျန်းရိုနှင့် လီရှောင်းတို့မှာ အနားတွင် ရှိနေသဖြင့် အခြေအနေကို သေချာကြားလိုက်ရသည်။ လဲ့လဲ့ကို ခိုးယူခဲ့ခြင်းမှာ လူကြီးမင်းယို၏ ညီမနှင့် ပတ်သက်နေပုံရ၏။
လူကြီးမင်းယိုနှင့် မစ္စစ်ဆုန့်တို့၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားတော့သည်။ လူကြီးမင်းယိုက "မှားနေတာများလား" ဟုပင် မယုံကြည်နိုင်စွာ မေးမြန်းရှာသည်။ ရဲမေတစ်ဦးက တရားခံကို ခေါ်ဆောင်လာစဉ် ကျန်းရိုသည် ထိုရဲမေကို မြင်လိုက်ရသောအခါ မှင်တက်သွားရသည်။ သူမသည် ထိုရဲမေကို ကြည့်ရင်း အတော်ကြာအောင် သတိမဝင်နိုင် ဖြစ်နေခဲ့၏။
လီရှောင်းက သူမ၏ ထူးဆန်းသော အမူအရာကို မြင်သဖြင့် သူမ၏ခါးကို ဖက်ကာ "ဘာဖြစ်လို့လဲ" ဟု တိုးတိုးလေး မေးလိုက်သည်။ ကျန်းရိုက သူ့အင်္ကျီကို ဆွဲကာ "ကျွန်မရဲ့ အရင်က နည်းပြပါ" ဟု တိုးတိုးလေး ပြောပြသည်။
ရဲမေ လင်းရှူကျွင်းက ကျန်းရိုတို့ဘက်သို့ တစ်ချက် လှည့်ကြည့်သော်လည်း တည်ငြိမ်စွာပင် အကြည့်လွှဲသွားသည်။ ကျန်းရိုသည် သူမ၏ ကျောပြင်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။ သူမ၏ ယခင်ဘဝမှ နည်းပြမှာ ယခုဘဝတွင်လည်း ရဲမေအဖြစ် တာဝန်ထမ်းဆောင်နေဆဲပင်။
……
နောက်တစ်နေ့တွင် လီရှောင်းသည် မနက်စောစောကတည်းက အပြင်သို့ ထွက်သွားပြီး သန်းခေါင်ယံမှ ပြန်ရောက်လာသည်။ သူသည် ဒေါ်လေးကျီကို သွားရောက်ရှာဖွေခဲ့ခြင်း ဖြစ်၏။ သူ ပြန်ရောက်လာသောအခါ ကျန်းရိုက အခြေအနေကို မေးမြန်းသည်။ လီရှောင်းက "ရှာမတွေ့ဘူး၊ ဒါပေမဲ့ ဒေသခံတွေကို မေးကြည့်တော့ ယမန်နှစ်က အဲဒီနားမှာ စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ယောက်ကို လူတစ်ယောက်က ခေါ်သွားဖူးတယ်လို့ ပြောကြတယ်။ ဒါပေမဲ့ ရက်အနည်းငယ်အကြာမှာပဲ သူမ ပြန်ပြေးသွားတယ်တဲ့" ဟု ပြောပြသည်။
ကျန်းရိုက "အားမလျှော့ပါနဲ့၊ သေချာပေါက် ရှာတွေ့မှာပါ" ဟု အားပေးစကား ဆိုသည်။
သူတို့ ပြန်ခါနီးတွင် လူကြီးမင်းယိုက အိမ်သို့ ထမင်းစားရန် ဖိတ်ခေါ်သည်။ ဇနီးမောင်နှံနှစ်ဦးစလုံးမှာ ဤရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့သော ကိစ္စများကြောင့် အတော်လေး နွမ်းနယ်နေပုံရသော်လည်း ကျန်းရိုတို့ကို နွေးထွေးစွာ ဧည့်ခံခဲ့ကြသည်။
ပြန်မည့်လမ်းတွင် လီရှောင်းသည် ရထားပေါ်၌ ချက်ချင်းပင် အိပ်ပျော်သွားသည်။ သူသည် ရက်အနည်းငယ်အတွင်း အလွန်ပင်ပန်းထားသဖြင့် ခဏမျှ မှေးမည်ဟု ကြံသော်လည်း တိုက်ရိုက်ပင် အိပ်ပျော်သွားခြင်း ဖြစ်၏။
ကျန်းရိုသည် အိပ်ပျော်နေသော လီရှောင်းကို ကြည့်ရင်း တစ်ခုခုကို ဆုံးဖြတ်လိုက်ပုံရကာ "ပြန်ရောက်ရင် ကျွန်မတို့ လက်မှတ်သွားထိုးကြရအောင်" ဟု ရုတ်တရက် ပြောလိုက်သည်။ လီရှောင်းမှာ အိပ်ချင်မူးတူးဖြင့် မျက်လုံးဖွင့်ကြည့်ကာ "တကယ်လား" ဟု မသေချာစွာ မေးလိုက်သည်။
ကျန်းရိုက ပြုံးလျက် ခေါင်းညိတ်ပြသည်။ လီရှောင်းသည် သူမ၏လက်ကို မြဲမြဲဆုပ်ကိုင်လိုက်ပြီး အမှန်တကယ်ပင် ပျော်ရွှင်သွားရလေတော့သည်။
…..
အိမ်ပြန်ရောက်သောအခါ နံနက် တစ်ဆယ့်တစ်နာရီ တိတိ ရှိနေပြီဖြစ်သည်။ အိမ်တွင် စားစရာ ဘာမှမရှိသဖြင့် ပစ္စည်းများချကာ အပြင်သို့ ထွက်၍ ထမင်းစားကြသည်။
လီရှောင်းသည် သူ့ကားကို ကျိုးကျန့်အား ခဏငှားထားသဖြင့် မိသားစုသုံးယောက်လုံး အနီးအနားရှိ ဆိုင်တစ်ဆိုင်တွင်သာ စားကြ၏။ ထမင်းစားနေစဉ်မှာပင် သမီးငယ်လေးမှာ လက်ထဲမှ ကစားစရာအရုပ်လေးကို မချနိုင်ဘဲ ဖြစ်နေရှာသည်။ ဤအရုပ်မှာ သူမနှင့် လဲ့လဲ့တို့ အပြန်အလှန် လဲလှယ်ထားကြသော ကစားစရာဖြစ်ပြီး နားရွက်ရှည်ရှည်နှင့် ချစ်စရာကောင်းလှသော ယုန်ရုပ်ကလေး ဖြစ်သည်။ သမီးငယ်လေးမှာ ၎င်းကို အလွန်နှစ်သက်သဖြင့် တစ်လမ်းလုံး ပွေ့ပိုက်လာခဲ့ခြင်း ဖြစ်၏။
ကျန်းရိုက မြင်သောအခါ မနေနိုင်ဘဲ ရယ်မောလျက် မေးလိုက်သည်။ "ဒီလောက်တောင် ကြိုက်နေတာ၊ ယုန်ကလေးကို နာမည်လေး ပေးချင်လား"
သမီးငယ်လေးက ရင်ခွင်ထဲမှ ယုန်ရုပ်ကလေးကို ကြည့်ကာ ခေါင်းလေးစောင်း၍ စဉ်းစားပြီးမှ အလေးအနက် ပြောသည်။ "ရှောင်ဟုန်လို့ ခေါ်မယ်။ သူက အနီရောင်လေးမို့လို့"
ပြောရင်းနှင့် သူမ၏ ဖောင်းဖောင်းအိအိ လက်ကလေးဖြင့် ယုန်ရုပ်ကို ပွတ်သပ်ကာ ရုတ်တရက် ဆိုပြန်သည်။ "မေမေ့ရဲ့ မျိုးရိုးနာမည်ကိုပဲ ယူမယ်။ အဲဒါဆိုရင် အိမ်မှာ မာမား တစ်ယောက်တည်း မပျင်းတော့ဘူးပေါ့"
ကျန်းရို၏ ရင်ထဲတွင် နူးညံ့သွားရသည်။ "မာမား မပျင်းပါဘူး၊ သမီးရှိနေတာပဲဥစ္စာ"
လီရှောင်းသည် ပုစွန်အခွံနွှာနေရင်း သားအဖနှစ်ဦးကို တစ်ချက်ကြည့်ကာ နွှာပြီးသား ပုစွန်ကို ကျန်းရို၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။ ထို့နောက် နောက်ထပ်တစ်ကောင်ကို ဆက်နွှာရင်း ပြောလိုက်သည်။ "သမီး ကြိုက်တယ်ဆိုရင် ပါပါး နောက်ထပ် အများကြီး ဝယ်ပေးမယ်..."
စကားမဆုံးသေးမီမှာပင် သူ၏ခြေထောက်ကို တစ်စုံတစ်ယောက်က နင်းလိုက်သဖြင့် လှမ်းကြည့်လိုက်ရာ ကျန်းရိုက သူ့ကို မျက်စောင်းထိုးနေသည်နှင့် ဆုံတော့သည်။ သူ ခဏမျှ မှင်တက်သွားပြီးမှ မိမိ စကားမှားသွားပြန်ပြီဖြစ်ကြောင်း သိလိုက်သဖြင့် ပါးစပ်ပိတ်ကာ စကားလမ်းကြောင်း လွှဲလိုက်ရသည်။ "များများစားနော်"
သမီးငယ်လေးမှာမူ ပါပါးနှင့် မာမားကြားမှ အရိပ်အကဲများကို သတိမပြုမိဘဲ ပါပါးကို မျှော်လင့်တကြီး ကြည့်ကာ "သမီး သမင်ရုပ်လေး၊ သိုးရုပ်လေးနဲ့ ကျားရုပ်လေးလည်း လိုချင်သေးတယ်" ဟု ဆိုရှာသည်။
လီရှောင်းက ကျန်းရိုကို လှမ်းကြည့်ရာ ကျန်းရိုက ဘာမှမပြောသဖြင့် သူကပဲ လိမ်မာပါးနပ်စွာ ဖြေလိုက်သည်။ "ပါပါး နောက်ကျရင် ပိုက်ဆံတွေ အများကြီး ရှာနိုင်မှ ဝယ်ပေးမယ်နော်"
အပြင်ထွက်ချိန်တွင် ကျန်းရိုက သမီးငယ်လေး သတိမထားမိခင် လီရှောင်းအား တိုးတိုးလေး ကပ်ပြောလိုက်သည်။ "ကလေးကို ကစားစရာတွေ အများကြီး မဝယ်ပေးနဲ့လေ။ အကျင့်ပျက်သွားတတ်တယ်။ တစ်ခုခုကိုမြင်ရင် ခဏပဲ စိတ်ဝင်စားပြီး နောက်တစ်ခု ထပ်လိုချင်တာမျိုး ဖြစ်သွားရင် စိတ်မခိုင်ဘဲ နေလိမ့်မယ်"
လီရှောင်းက နှာခေါင်းကို ပွတ်လိုက်မိသည်။ သူက ဤအကြောင်းများကို ဘာမှနားမလည်ဘဲ ကလေးပျော်လျှင် ပြီးရောဟု ထင်ခဲ့ခြင်း ဖြစ်၏။ ထို့ပြင် ကျန်းရိုကိုယ်တိုင်လည်း ကစားစရာ ကြိုက်ပုံရသဖြင့် သူမအတွက်ပါ ဝယ်ပေးချင်နေမိသည်။ "ဒါဆိုရင်လည်း နောက်ဆို နည်းနည်းပဲ ဝယ်ပေးတော့မယ်လေ"
"နည်းနည်းပဲ ဝယ်ပေးလို့လည်း မရဘူး။ သူများတွေမှာ ရှိပြီး သမီးမှာ မရှိရင် သူ သိမ်ငယ်သွားလိမ့်မယ်"
ကျန်းရိုသည် မိမိစကားမှာ အဓိပ္ပာယ် မရှိသလို ဖြစ်နေသဖြင့် မျက်နှာတည်ကာ ထပ်ပြောသည်။ "ဘာပဲဖြစ်ဖြစ် ရှင် အရင်ကလို ရမ်းဝယ်တာမျိုးတော့ မလုပ်နဲ့။ တစ်ခါတစ်လေမှ တစ်ခု ဝယ်ပေးတာက သူမအတွက် ပိုပြီး အံ့သြစရာ ဖြစ်စေတယ်"
လီရှောင်းက ရယ်မောလျက် ခေါင်းညိတ်သည်။ "မင်းပြောတာ မှန်ပါတယ်"
ကျန်းရိုက သူ့ကို စောင်းငဲ့ကြည့်လိုက်သည်။ သူက ပါးစပ်ကသာ သဘောတူသော်လည်း မျက်လုံးထဲတွင်မူ လှောင်ပြောင်ချင်နေသည့် ပုံစံမျိုး ရှိနေသဖြင့် သူမက လက်မြှောက်၍ သူ့ကို ရိုက်ရန် ဟန်ပြင်လိုက်သည်။
ရှေ့မှ လမ်းလျှောက်နေသော သမီးငယ်လေးက လှည့်ကြည့်လိုက်ရာ ပါပါးနှင့် မာမား ဘာလုပ်နေကြမှန်း သူမ နားမလည်နိုင် ဖြစ်ရရှာသည်။
……
နေလည်ပိုင်းတွင် ကျန်းရိုနှင့် လီရှောင်းတို့သည် လက်မှတ်သွားထိုးကြပြီးနောက် ကလေးကိုခေါ်၍ ကစားကွင်းသို့ သွားခဲ့ကြသည်။
ရှောင်ဖုန်းအတွက်မူ ယနေ့သည် သာမန်နေ့တစ်နေ့သာ ဖြစ်သည်။ သူမသည် ပါပါးနှင့် မာမား ဘာတွေလုပ်ခဲ့ကြသည်ကို သတိမမူမိဘဲ ကစားကွင်းတွင် ရဟတ်ရထားနှင့် လည်ပတ်နေသော မြင်းရုပ်များကို စီးခဲ့ရသည်ကိုသာ မှတ်မိနေတော့သည်။ မာမားက သူမအတွက် အလွန်ကြီးမားပြီး ချိုမြိန်လှသော ငှက်သိုက်မုန့် ကိုလည်း ဝယ်ပေးခဲ့သေးသည်။
လီရှောင်းနှင့် ကျန်းရိုတို့မှာမူ နှစ်ကုန်ပိုင်းတွင် မင်္ဂလာဆောင်ရန် စီစဉ်ထားကြပြီး ထိုအခါတွင် ရှောင်ဖုန်းလေးကို ပန်းကြဲသည့် ကလေးအဖြစ် ထားရှိရန် ဆုံးဖြတ်ထားကြသည်။
ကျောင်းမဖွင့်မီ ရက်အနည်းငယ်အတွင်း ကျန်းရိုသည် ကလေးအား ပတ်ဝန်းကျင်သစ်နှင့် အသားကျစေရန် နေ့တိုင်း အပြင်သို့ လိုက်လံပြသပေးခဲ့သည်။ နေ့တိုင်း အပြင်ထွက်လွန်းသဖြင့် သမီးငယ်လေးမှာ အသားပင် အနည်းငယ် ညိုသွားသော်လည်း စိတ်ဓာတ်မှာမူ ယခင်ထက် ပို၍ တက်ကြွလာခဲ့သည်။ မနက်တိုင်း နိုးလာသည်နှင့် မေမေ့ထံ ပြေးလာကာ "မာမား... ဒီနေ့ ဘယ်မှာ သွားကစားမှာလဲ" ဟု အရင်ဆုံး မေးလေ့ရှိသည်။
ကျောင်းဖွင့်မည့်နေ့ ရောက်သောအခါ အပြင်မသွားရတော့ကြောင်း သိသဖြင့် သူမက မကျေမနပ် ဖြစ်နေရှာသည်။ "မာမား... သမီး ကျောင်းမတက်ချင်ဘူး"
ကျန်းရိုက ရယ်မောလျက် "ဒါပေမဲ့ မာမားလည်း ကျောင်းတက်ရမှာလေ"
သမီးငယ်လေးက ပါးလေးနှစ်ဖက်ကို ဖောင်းထားလိုက်သည်။ လီရှောင်းက ကြက်ဥပြုတ်တစ်လုံးကို သူမ၏ ပန်းကန်ထဲ ထည့်ပေးကာ "ကျောင်းမှာ သူငယ်ချင်းတွေနဲ့ ဆော့ရမှာဆိုတော့ ပျော်ဖို့ကောင်းမှာပါ" ဟု အားပေးသည်။
သမီးငယ်လေးမှာ ဘာမှပြန်မပြောဘဲ နှုတ်ခမ်းလေးကို စေ့ထားလိုက်သည်။ ကျောင်းတံခါးဝသို့ ရောက်သောအခါမှ သူမသည် ကြောက်လန့်တကြားဖြင့် ကျန်းရို၏ အင်္ကျီကို ဆွဲကာ "မာမား... သမီး ကြောက်တယ်" ဟု တိုးတိုးလေး ပြောရှာသည်။
ထိုအခါမှ ကျန်းရိုသည် သမီးငယ်လေးမှာ အရာအားလုံးကို သိနေကြောင်း သတိပြုမိလိုက်သည်။ သူမသည် ကျောင်းသစ်တက်ရမည်ဖြစ်ကာ ဆရာသစ်၊ သူငယ်ချင်းသစ်များနှင့် ရင်ဆိုင်ရမည်ကို စိုးရိမ်နေခြင်း ဖြစ်၏။
လီရှောင်းက လှည့်ကြည့်ကာ မျက်မှောင်ကြုံ့လိုက်မိသည်။ ကျန်းရိုက ဆောင့်ကြောင့်ထိုင်၍ လက်ကို ဆန့်ထုတ်လိုက်သည်။ "လာ... မာမား ဖက်ထားပေးမယ်"
သမီးငယ်လေးက ချက်ချင်းပင် ကျန်းရို၏ ရင်ခွင်ထဲသို့ တိုးဝင်လာသည်။ ကျန်းရိုက သူမ၏ ခေါင်းလေးကို ပွတ်သပ်ပေးကာ ညင်သာစွာ ပြောပြသည်။ "ကြောက်တာက သဘာဝပါပဲ။ မာမားလည်း ကြောက်တာပဲလေ။ မာမားလည်း တက္ကသိုလ် တစ်ခါမှ မတက်ဖူးဘူး။ ခဏနေရင် ကျောင်းသွားတက်ရတော့မယ်၊ မရင်းနှီးတဲ့ လူတွေအများကြီးနဲ့ တွေ့ရမှာဆိုတော့ စာတွေ နားမလည်မှာ စိုးရိမ်တယ်၊ သူငယ်ချင်းတွေက မေမေ့ကို မချစ်မှာ စိုးရိမ်တယ်၊ ပြီးတော့ တစ်ခုခု မှားလုပ်မိမှာလည်း ကြောက်တယ်..."
"ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းက အတူတူပါပဲ။ သူငယ်ချင်းတွေက သမီးကို မြင်ရင် 'ဝိုး... ငါတို့ အတန်းထဲကို အရမ်းလှတဲ့ သူငယ်ချင်းအသစ်တစ်ယောက် ရောက်လာပြီ၊ သူနဲ့ သူငယ်ချင်းဖြစ်အောင် ငါတို့ လိမ်လိမ်မာမာ နေရမယ်' လို့ တွေးကြမှာပဲ။ ဆရာမကလည်း 'ငါ ဒီကလေးကို နူးနူးညံ့ညံ့ ဆက်ဆံရမယ်၊ မဟုတ်ရင် သူ ကြောက်သွားလိမ့်မယ်' လို့ တွေးမှာပဲ။ သမီးကတော့ အရင်အတိုင်းပဲ ဆော့စရာရှိတာ ဆော့၊ ဆရာမ စကားနားထောင်၊ ထမင်းကောင်းကောင်းစား၊ ကိစ္စရှိရင် လက်မြှောက်ပြီး ဆရာမကို ပြောပြလိုက်ရင် ရပြီ"
"မာမားကို ယုံပါ။ ဒီနေ့ ပြီးသွားရင် သမီးမှာ သူငယ်ချင်းအသစ်တွေ ရလာလိမ့်မယ်။ သူတို့က သမီးကို အရမ်းချစ်ကြလိမ့်မယ်"
သမီးငယ်လေးက မျက်လုံးအဝိုင်းသားလေးဖြင့် မော့ကြည့်ကာ "တကယ်လားဟင်" ဟု မသေချာစွာ မေးသည်။
ကျန်းရိုက အခိုင်အမာ ခေါင်းညိတ်ပြသည်။ "တကယ်ပေါ့။ မာမား သမီးကို လိမ်ဖူးလို့လား"
သမီးငယ်လေးက ခေါင်းခါပြသည်။ ကလေးကို ကျောင်းပို့ပြီးနောက် လီရှောင်းက ကျန်းရိုအား ကျောင်းသို့ ကားဖြင့် လိုက်ပို့သည်။ ကျန်းရို ကားပေါ်မှ ဆင်းခါနီးတွင် လီရှောင်းက ရုတ်တရက် မေးလိုက်သည်။ "မင်းနဲ့အတူ အထဲအထိ လိုက်ပေးရမလား"
ကျန်းရိုက သူ့ကို အံ့သြတကြီး ကြည့်လိုက်ပြီးမှ ရယ်မောတော့သည်။ "ခုနက ကျွန်မ ပြောတာတွေက ရှောင်ဖုန်းကို ချော့ဖို့ ပြောတာပါ။ ကျွန်မက ဘာကို ကြောက်ရမှာလဲ။ အရင်တုန်းက တက္ကသိုလ်တက်တော့လည်း တစ်ယောက်တည်း သွားခဲ့တာပဲ။ ကျွန်မ အဖေနဲ့အမေက အစ်ကို့ကို လိုက်ပို့ခိုင်းတာ၊ သူက လမ်းတစ်ဝက်မှာတင် ကျွန်မကို ပစ်ထားပြီး ပြေးသွားတာလေ"
လီရှောင်းမှာလည်း လိုက်၍ ရယ်မောမိသည်။ ကျန်းရိုသည် သွက်လက်စွာ ကားပေါ်မှ ခုန်ဆင်းလိုက်ပြီး လက်ပြနှုတ်ဆက်ကာ လှပစွာ ထွက်ခွာသွားတော့သည်။ လီရှောင်းသည် သူမ၏ကျောပြင်ကို ကြည့်ရင်း ရင်ထဲတွင် အနည်းငယ် နှမြောတသမှုနှင့် အားငယ်မှုကို ခံစားလိုက်ရသည်။ သူသည် တက္ကသိုလ် မတက်ခဲ့ဖူးသဖြင့် ကျန်းရို ပြောပြသော ယခင်ဘဝမှ အကြောင်းအရာများမှာ သူ တစ်ခါမှ မကြုံဖူးခဲ့သော အရာများ ဖြစ်နေသောကြောင့်ပင်။
……
ကျန်းရိုနှင့် လီရှောင်းတို့၏ မင်္ဂလာဆောင်ကို ဟိုတယ်တစ်ခုတွင် ကျင်းပခဲ့သည်။
ထိုနေ့မှာ အမျိုးသားနေ့ ဖြစ်သည်။ သူတို့နှစ်ဦးစလုံးမှာ မိဘများကို မဖိတ်ကြားခဲ့ဘဲ သူငယ်ချင်းများနှင့် ဆရာများကိုသာ ဖိတ်ခဲ့ကြသည်။ ရှားရှားပါပါးမှာ ဘေးအိမ်မှ အဒေါ်ဝမ်သည် သူမ၏သမီး ဝမ်မင်ကျွင်းနှင့်အတူ ဝေးလံသော အရပ်မှ လာရောက်တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ လူကြီးမင်းယို မိသားစုလည်း ရောက်ရှိလာခဲ့ကြသည်။
သို့သော် လူသိပ်မများသဖြင့် စားပွဲ ငါးလုံးသာ ရှိသည်။ အမှန်တွင် လေးလုံးဆိုလျှင် လုံလောက်သော်လည်း လီရှောင်းက နိမိတ်မကောင်းဟု ယူဆသဖြင့် တစ်လုံး တမင်တကာ ပိုထည့်ထားခြင်း ဖြစ်၏။
မင်္ဂလာပွဲတွင် ကျန်းရိုသည် အဖြူရောင် မင်္ဂလာဝတ်စုံကို ဝတ်ဆင်ထားကာ သူမ၏ဆရာက သူမကို တွဲ၍ စင်ပေါ်သို့ လျှောက်လှမ်းခဲ့သည်။ သူမ၏ဆရာမှာ မင်္ဂလာသက်သေအဖြစ် ဆောင်ရွက်ပေးခဲ့ပြီး ကောင်းမွန်သော ဆုတောင်းစကားများကို ပြောကြားပေးခဲ့သည်။ နောက်ဆုံးတွင် သေသေချာချာ ပြင်ဆင်ထားသော လဲ့လဲ့နှင့် ရှောင်ဖုန်းတို့က ပန်းခြင်းလေးများကို ကိုင်ကာ စင်ပေါ်သို့ တည်တည်ငြိမ်ငြိမ် လျှောက်လှမ်းလာကြပြီး လှပသော လက်စွပ်များကို ကမ်းပေးကြသည်။
အခမ်းအနားမှူးက ဆောင့်ကြောင့်ထိုင်၍ ရှောင်ဖုန်းအား မေးလိုက်သည်။ "ပါပါးနဲ့ မာမား လက်ထပ်တာကို သမီး ပျော်လား"
ရှောင်ဖုန်းမှာ ဤသို့သော မြင်ကွင်းကြီးကို ပထမဆုံး ကြုံဖူးခြင်းဖြစ်ပြီး လူအများ၏ စိုက်ကြည့်မှုကို ခံနေရသဖြင့် ကြောက်လန့်တကြားဖြင့် စကတ်နားကို ဆုပ်ကိုင်ကာ "ပျော်... ပျော်ပါတယ်" ဟု မပီမသ ဖြေရှာသည်။
အခမ်းအနားမှူးက ထပ်မေးပြန်သည်။ "အိမ်မှာဆိုရင် ပါပါးက ပိုတော်လား၊ မာမားက ပိုတော်လား"
ရှောင်ဖုန်းက ပို၍ ကြောက်သွားကာ "နှစ်ယောက်လုံး... တော်ကြပါတယ်"
အောက်မှ လူများမှာ ရယ်မောကြတော့သည်။ ကျန်းရိုနှင့် လီရှောင်းတို့မှာလည်း လိုက်၍ ရယ်မောမိကြသည်။
***