← Chapters

ငါ အပင်စိုက်လို့ရသေးတယ်

Vol. 10 Ch. 960

ငါ အပင်စိုက်လို့ရသေးတယ်

Vol. 10 Ch. 960

နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးနှင့်အတူလာသော အားကြီးတစ်ခုက ပျံ့နှံ့လာပြီး ပိုင်ရှောင်ချန်း၏ ဧရာမမျက်နှာကြီးအား မောင်းထုတ်ပစ်လိုက်၏။ ထို့ကြောင့် ပိုင်ရှောင်ချန်းမှာ အင့်ခနဲ ညည်းညူ၍ နောက်သို့ ခြေလှမ်းပေါင်းများစွာ ယိမ်းယိုင်သွားလေသည်။

သူ၏အရှိန်အဝါ မငြိမ်မသက် ယိမ်းယိုင်သွားပြီး သူက အပေါ်ထက်အမြင့်ရှိ သလင်းကျောက်ခေါင်းတလားကြီးအား မော့ကြည့်လိုက်သည်။ ထိုအချိန်တွင် ဖုန်းချန်၊ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်နှင့် အခြားသော နတ်အဆင့်ကျင့်ကြံသူများအားလုံး မချိုမချဥ်အပြုံးများဖြင့် ပိုင်ရှောင်ချန်းကို စိုက်ကြည့်လိုက်ကြသည်။

ဝိုင်းအုံနေကြသော ဂိုဏ်းသားများမှာ စိတ်သက်သာရကာ သက်ပြင်းချလိုက်ကြ၏။ သူတို့သည် စောစောက ပိုင်ရှောင်ချန်းကြောင့် အလွန်တုန်လှုပ်သွားခဲ့ရပါသော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီး၏ စကားလုံးများက သူ၏အရှိန်အဝါကို မောင်းထုတ်ပစ်ခဲ့သည်။ ယခုတွင် ဂိုဏ်းသားများ အပြည့်အဝသက်သာလာပြီဖြစ်၍ ပိုင်ရှောင်ချန်းအား မနှစ်မြို့သော အမူအရာများဖြင့် ကြည့်လိုက်ကြသည်။

ဂိုဏ်းသားအများစုမှာ အဆင်ပြေလျှင် မူးယစ်ဆေးလုံးများအား ခိုးကြောင်ခိုးဝှက် ထပ်သုံးကြဦးမည်ဖြစ်သော်လည်း ယခုတွင် နတ်အဆင့်ကျင့်ကြံသူများနှင့် နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးရှိနေသည်ဖြစ်ရာ သူတို့လုပ်ရဲသည့် တစ်ခုတည်းသောအရာမှာ ပိုင်ရှောင်ချန်းအပေါ် မကျေချမ်းနိုင်သော အမုန်းတရားများ ပြသခြင်းသာ ဖြစ်တော့သည်။

" အခု မင်းက မြောက်ပိုင်းမှာ။ မင်း နတ်အဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လဲ အရေးမပါဘူး "

ထိုသည်မှာ လူအများစုတွေးတောနေသောအရာပင် ဖြစ်သည်။ ပဋိညာဥ်သုံးချက်တွင် လေးချက်မြောက် စည်းမျဥ်းတစ်ခုထပ်ထည့်လိုက်သည်ဖြစ်၍ ဆေးလုံးများအရေးကိစ္စ အဆုံးသတ်သွားပြီဟု ဆိုရပေမည်။

ပိုင်ရှောင်ချန်းကို ရာဇသံတိမ်လွှာတွင် ဆက်လက်ချုပ်ချယ်ထားပြီး ဆေးလုံးများရောင်းချခွင့်မရှိသည့်အဖြစ်က လူတိုင်းကို အလွန်တရာ နှစ်ထောင်းအားရဖြစ်သွားစေသည်။

" သောက်ကျိုးနည်းကွာ " သူက တွေးလိုက်သည်။

" တစ်ရက်ကျရင် မြောက်ပိုင်းသားတွေ ငါ့ရှေ့ရောက်တဲ့အခါ ဖင်တုန်အောင် ကြောက်နေအောင် လုပ်ပစ်မယ် "

သူက ဒေါသများဆူပွက်လာချိန် ကလေးမလေးပြောပြခဲ့သည့် ကမ္ဘာရတနာအကြောင်း မတွေးဘဲ မနေနိုင်တော့ပေ။ ယခင်က သူ ဝေခွဲမရဖြစ်ခဲ့သော်လည်း ယခုတွင် စိတ်ပိုင်းဖြတ်ပြီး ဖြစ်နေလေပြီ။

သို့သော်လည်း ယခုအခါ သူ့အနေဖြင့် ဝိညာဥ်ကျောက်တုံးများအားသုံး၍ ကျင့်ကြံအားထုတ်ရန်မှတစ်ပါး အခြားလုပ်စရာမရှိပေ။ ၎င်းတို့မှာ ကြာရှည်ခံမည်မဟုတ်သော်လည်း သူ့အနေဖြင့် ရွေးချယ်စရာမရှိ ဖြစ်နေသည်။ ထို့ကြောင့် သူက စတင်ကျင့်ကြံအားထုတ်တော့သည်။ ဆယ်ရက်ကြာသွားသော်လည်း ထိုအချိန်အတောအတွင်း အတွေးများစွာပေါ်လာသည့်တိုင် ထိုသို့ချောင်ပိတ်နေခြင်းမှ မည်သို့ထွက်ရမည်နှင့်ပတ်သက်၍ အကြံတစ်ခုမှ မရသေးချေ။

ထိုအချိန်တွင် ကလေးမလေးက တတိယအကြိမ် နိုးထလာ၏။

သူက နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်အား ကျင့်ကြံနေစဥ် သူမ၏အသံက သူ့ခေါင်းထဲတွင် တိုးတိုးကလေး ပဲ့တင်ထပ်လာသည်။

" အခုထိ မဆုံးဖြတ်ရသေးဘူးလား "

သူက သက်ပြင်းတစ်ချက်ရှိုက်သွင်းလိုက်ပြီး အံကြိတ်ကာ ခေါင်းထဲတွင် ပြောလိုက်သည်။

" ကျုပ် ပြောချင်တဲ့စကား နည်းနည်းပါးပါးရှိတယ်။ ပထမဆုံးအနေနဲ့ ဒီကိစ္စကြီးက ရုတ်တရက် ထပေါ်လာတာလို့ပြောရမယ်။ ခင်ဗျားရဲ့ အစီအစဥ်က ကျုပ်ကို ဒီကံကောင်းခြင်းတရားကို ဒီအတိုင်းပေးပြီး ခင်ဗျားရဲ့ဆရာ ဖြစ်လာစေမယ်ဆိုတာ ယုံဖို့ခက်တယ်။ ခင်ဗျား အပြင်းအထန်ကြိုးစားနေရတဲ့ နောက်ထပ် ရည်ရွယ်ချက်တစ်ခု ရှိကို ရှိမယ်။ဒါပေမဲ့ ခင်ဗျားက ဘယ်ကလာလဲဆိုတာ စဥ်းစားကြည့်ရင် ကျုပ်မှာ ခင်ဗျားကို ယုံဖိုလွဲပြီး တခြားမရှိဘူး ထင်ပါတယ် “

" ဒါနဲ့ ဘာဖြစ်လို့ ကောင်းကင်ဧကရာဇ်က ခင်ဗျားကို သေစေချင်တာလဲ ကျုပ်အတိအကျသိချင်တယ်။ ခင်ဗျား ဘယ်တုန်းကမှ မရှင်းပြခဲ့ဘူးလေ “

" နောက်တစ်ခု။ စိတ်စွမ်းအင်နတ်ရေစင်ခေါင်းဆောင်ကြီးက ခင်ဗျားကို သန့်ရှင်းသောဝိညာဥ်လို့ခေါ်ပြီးတော့ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းရဲ့တာဝန်က ခင်ဗျားအန္တရာယ်ကင်းစေဖို့လို့ ပြောတယ်။ ဒါပေမဲ့ ကျုပ်က သူမဟုတ်ဘူး။ ကျုပ်တာဝန်က အဏ္ဏဝါခေါ်သံဂိုဏ်း ဘေးကင်းဖို့၊ ကျုပ်မိတ်ဆွေတွေ လုံခြုံဖို့အတွက်ပဲ။ ခင်ဗျား လုပ်နေတဲ့ အခြား ရည်ရွယ်ချက်တွေရှိရင် အဲဒါတွေ ရဖို့အတွက်နဲ့ ကျုပ်ကို အသုံးမချပါနဲ့။ ခင်ဗျား အဲဒီလိုလုပ်ဖို့ ကြိုးစားနေရင် ကိုယ့်ကိုကိုယ် ဒုက္ခရောက်အောင် လုပ်နေသလိုဖြစ်နေမယ်လို့ ပြောချင်တယ်။ ပြီးတော့ ကျုပ်အတွက်လဲ မလိုချင်တဲ့ ဒုက္ခတွေဖြစ်လာမယ်။ ပိုဆိုးတာက စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်းက ခင်ဗျားကို နှစ်ထောင်ပေါင်းများစွာ ကာကွယ်ပေးခဲ့တာေတွက အလကားဖြစ်သွားမယ် "

သူ၏စကားလုံးများတွင် ပြတ်သားခြင်းတို့ပါဝင်နေသည့်အတွက် ကလေးမလေး၏ နှလုံးသားထဲသို့ အကြောက်တရားအနည်းငယ် သွတ်သွင်းနိုင်လိုက်မည်ဖြစ်ကြောင်း သူ သေချာနေသည်။

အမှန်ဆိုရလျှင် သူက ပြောခဲ့သည့်စကားများနှင့်ပတ်သက်၍ မရေမရာဖြစ်နေသည်။ ထိုကလေးမလေးက မသင်္ကာဖြစ်နေဟန်တူ၍ သူက သူမကိုပြောရန် အထက်ပါစကားလုံးများကို အချိန်ကြာမြင့်စွာ စီစဥ်ထားခဲ့ရသည်။

ကလေးမလေးက ရှေးဦးစွာ ဘာမှမပြောသေးဘဲ အချိန်အနည်းငယ်ကြာသောအခါမှ ပြောသည်။

“ ကိုယ့်ဒုက္ခကိုယ်ရှာတယ်။ မင်း ဘာကို ဆိုလိုတာလဲ "

ပိုင်ရှောင်ချန်းက ထိုစကားကို မျှော်လင့်နေခဲ့ခြင်းဖြစ်သည်။ သူ၏မျက်လုံးများ တလက်လက်တောက်ပလာပြီး ကလေးမလေးအား ခြောက်လှန့်ရန်ဆုံးဖြတ်ကာ ပြောလိုက်သည်။

" ကျုပ် ဆရာဘယ်သူလဲ၊ ခင်ဗျားသိလား "

" မသိဘူး.... "

ကလေးမလေးက အတန်ငယ် အံအားသင့်သွားသောအသံဖြင့် ခွန်းတုံ့ပြန်လိုက်၏။

" သချိုင်းစောင့်ကြီးပဲ "

ပိုင်ရှောင်ချန်းက ခမ်းနားကြီးကျယ်စွာ ပြန်ဖြေ၏။

ဤသတင်းကြောင့် ကလေးမလေး လုံးလုံးလျားလျားအံ့သြသွားမည်ကို သူ အတော်လေးသေချာနေသည်။ သို့သော် သူမ မပြောနိုင်ခင်မှာပင် သူက စကားဆက်ပြော၏။

" ကျုပ် တပည့် ဘယ်သူလဲသိလား "

သူမပြန်မဖြေနိုင်ခင် သူက အဖြေပြောလိုက်၏။

“ လက်ရှိ ငရဲဧကရာဇ်မင်းပဲ "

ကလေးမလေး အံ့ဩတုန်လှုပ်သွားသည်ကို သူ အာရုံရလိုက်သော အခိုးအငွေ့များအရ သိသာထင်ရှားနေသည်။

ယခုအခါ သူသည် သူ၏နောက်ခံနှင့် အဆင့်အတန်းကို များစွာဂုဏ်ယူနေပြီဖြစ်သည်။ အမှန်ဆိုရလျှင် ထိုကဲ့သို့ အရည်အချင်းများရှိနေသည့်တိုင် လူအများကို လှည့်ပတ်အနိုင်ကျင့်ရာတွင် မသုံးနိုင်သည်မှာ အတော်လေးစိတ်အနှောင့်အယှက် ဖြစ်ဖွယ်ကောင်းပေသည်။ ဤမြောက်ပိုင်းသို့ သူရောက်လာခဲ့သည့် ပထမဆုံးအကြိမ်မှာပင် အပြင်းအထန် အနိုင်ကျင့်ခံရခြင်းဖြင့်သာ အဆုံးသတ်သွားခဲ့ရသည်။

" ဒါကြောင့် ခင်ဗျား ကျုပ်ကို လိမ်ရင်တော့ ကောင်းကင်ဧကရာဇ်ဆိုတဲ့ ရန်သူတစ်ယောက်တင်မကဘူး။ စွမ်းအားကြီးလူနှစ်ယောက်နဲ့ ရန်သူဖြစ်မှာနော် "

သူ၏စကားလုံးများထဲရှိ ခြိမ်းခြောက်ခြင်းများက ထင်ရှားနေသည်။ ထို့ကြောင့် ကလေးမလေးမှာ တခဏတာ တိတ်ဆိတ်သွား၏။ အမှန်တွင် သူမမှာ သူ၏စကား မှန်၊မမှန် ဝင်ရောက်ကြည့်ရှုနိုင်သည့် လျှို့ဝှက်မှော်ပညာတစ်ရပ်ရှိသည့်အတွက်ကြောင့် သူရိုးသားသည်လား စစ်ဆေးကြည့်ရန်ပင် မလိုအပ်ပေ။

အချိန်အနည်းငယ်ကုန်လွန်သွား၏။ သူမက သူ့စိတ်ထဲတွင် စကားထပ်မံပြောသောအခါ သူမ၏အသံက ပကတိတည်ငြိမ်နေလေသည်။

" ငါက မပြည့်စုံတဲ့ မှတ်ဉာဏ်တွေနဲ့ အကောင်အထည်မရှိတဲ့ ဝိညာဥ်တစ်ကောင်ပဲ။ မှော်ပစ္စည်းနှင့် တစ်သားတည်းဖြစ်မှ ဘာကြောင့် ကောင်းကင်ဧကရာဇ်က ငါ့ကို သေစေချင်တာလဲ ပြန်တွေးလို့ရမှာ “

" မင်းက ငါ့ဆရာဖြစ်လာတဲ့အချက်ကိုတော့ ကောင်းကင်ဧကရာဇ်ကို မင်း သတ်ပေးရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ ငါတို့နှစ်ယောက်ကြားက သဘောတူညီချက်တစ်ခုလို့မြင်လိုက် “

" ငါ မင်းကို ဘာလျှို့ဝှက်ချက်မှ ထိမ်ချန်မထားဘူး။ စိတ်စွမ်းအင်နတ်ရေစင်ဂိုဏ်း နှစ်သောင်းပေါင်းများစွာ ငါ့ကို လုံခြုံအောင်ထားပေးတာ အတွက်ကတော့ အင်း... ငါက ကျွေးတဲ့လက်ကိုပြန်ကိုက်မှာ မဟုတ်ပါဘူး။ ငါ လိုချင်တဲ့ တစ်ခုတည်းသောအရာက ကလဲ့စားချေတာပဲ "

ကလေးမလေး၏ ခိုင်မာသော စကားလုံးများကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများသည် ပြတ်သားမှုများဖြင့် တောက်ပလာတော့သည်။

" သိပ်ကောင်းတယ် " သူက ပြော၏။

" ကျုပ် လက်ခံတယ်။ ခင်ဗျား ကမ္ဘာရတနာနဲ့ ပေါင်းစည်းဖို့ ကျုပ် ကူညီမယ်။ ကောင်းကင်ဧကရာဇ်ကို သတ်ဖို့ကတော့ ကျုပ် ကျင့်ကြံခြင်းအခြေခံ မြင့်တဲ့အထိ စောင့်ဖို့လိုတယ်။ ဒါ့အပြင် ကျုပ်မှာ သူနဲ့ ကိုယ်ရေးကိုယ်တာ ရန်ငြိုးမှ မရှိပဲ။ အရိုးသားဆုံးပြောရရင် ကျုပ်လုပ်နိုင်ပါ့မလား မသေချာဘူး "

"မင်းလုပ်နိုင်မှာပါ "

ကလေးမလေးက အပြံးလေးတစ်ခုစွက်ဖက်နေသော အသံလေးဖြင့် ပြောသည်။

ပိုင်ရှောင်ချန်းမှာ အတော်လေး တုန်လှုပ်သွားပြီး သူမ ဆိုလိုချင်သည့်စကား၏အဓိပ္ပါယ်ကို မေးရန် ပြင်လိုက်စဥ် သူမက စကားလမ်းကြောင်းလွှဲလိုက်ပြီး ကမ္ဘာရတနာအကြောင်း ထပ်ရှင်းပြလေသည်။

" မြောက်ပိုင်းက ငါ့အိမ်။ ဒီနေရာစည်ကားနေတဲ့အချိန်တုန်းက ဒီကအေးစိမ့်ချီက ငါ့အတွက် ကမ္ဘာပေါ်မှာ အကောင်းဆုံးအရာပဲ “

" ကမ္ဘာရတနာနဲ့ ပေါင်းစည်းဖို့အတွက် ငါလုပ်ရမယ့် နှစ်ချက်ရှိတယ်။ ပထမတစ်ချက်က ဂိုဏ်းအတွင်းမှာမဟုတ်ပဲ မြောက်ပိုင်းရေခဲလွင်ပြင်မှာရှိတဲ့ ဝင်ပေါက်ကို ရောက်ဖို့ပဲ။ အဲဒီအချိန်ကျရင် ငါ မင်းကို နေရာအတိအကျပြောပြနိုင်တယ် "

ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝင်းလက်သွား၏။ သူသည် အမြဲတမ်း တစ်ခုခုမလုပ်ခင် အသေးစိတ်အစီအစဥ်ချရသည်ကို သဘောကျပြီး ယင်းမှာ မြောက်ပိုင်းသားများက သူ့ကို ယခုကဲ့သို့ ဆုံးဖြတ်ချက် မြန်မြန်ဆန်ဆန်ချအောင် ဆိုးဆိုးဝါးဝါးဆက်ဆံနေခြင်းကြောင့်သာ ဖြစ်သည်။ အမှန်တွင် သူ၏ရင်ထဲ၌ သံသယအနည်းငယ် ရှိနေသေးသည်။

သူသိချင်သည့် အဓိကအချက်မှာ ကလေးမလေး၏ “ မင်းလုပ်နိုင်မှာပါ “ ဆိုသောစကား၏ဆိုလိုရင်းပင် ဖြစ်သည်။

သူမ၏စကားများနှင့်ပတ်သက်သည့် တစ်စုံတစ်ခုက သူ့ကို ဂနာမငြိမ်ဖြစ်နေစေသည်။

" ငါလုပ်ရမယ့်ဒုတိယတစ်ချက်က ဝင်ပေါက်ကို ဖွင့်ဖို့။ ဒီသန့်ရှင်းဝိညာဥ်ကိုယ်က အသက်ရှူချိန် ၁၀၀ ကြိမ်လောက် နိုးထနေဖို့လိုတယ်။ ဒါမှသာ ငါဝင်ပေါက်ကို ဖွင့်နိုင်မှာ “

" အဲဒီအတွက် ပြင်ဆင်ဖို့ မင်း ငါ့ကို မြောက်ပိုင်းအေးစိမ့်ချီအများကြီး စုဆောင်းပေးဖို့လိုတယ် "

သူမက သူ့ကို စိတ်ထဲတွင် စကားပြောနေချိန် သူ့အိတ် တုန်ခါသွား၏။ သူက အတွင်းထဲသို့ နတ်ဘုရားအာရုံအနည်းငယ် အလျင်အမြန်ပို့လွှတ်လိုက်ရာ အစိမ်းရောက်သစ်ရွက်တစ်ရွက် ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ၄င်းသည် ခေါင်းတလားထံမှ လွင့်မျောလာနေပြီး သူ့အိတ်ထဲမှထွက်ကာ သူ့ရှေ့တည့်တည့်တွင် ပေါ်လာ၏။

" အေးစိမ့်ချီ "

သူက တွေဝေတွန့်ဆုတ်လျက် ပြောလိုက်သည်။ ပဋိညာဥ်လေးချက်အရ သူ ကောင်းကင်နှင့်မြေကြီး၏ စိတ်စွမ်းအင်များကို စုပ်ယူ၍မရဟု ချုပ်ချယ်ထားသည်။ သို့သော် အတန်ငယ်တွေးဆပြီးနောက် အေးစိမ့်ချီများကို ထည့်မတွက်လောက်ကြောင်း သူ သဘောပေါက်လိုက်သည်။ စိတ်စွမ်းအင်သည် ကောင်းကင်တံတားပင်လယ်မှ လာပြီး အေးစိမ့်ချီသည် မြောက်ပိုင်း၏ ရေခဲပြင်များအားလုံးတွင် သဘောဝအလျောက်ပြည့်နေသည် မဟုတ်ပါလော။

သူက ထိုကိစ္စကို တွေးတောနေစဥ် ကလေးမလေးက သူ့စိတ်ထဲတွင် စကားဆက်ပြော၏။

" အေးစိမ့်ချီတွေကို အဲဒီသစ်ရွက်ထဲ စုဆောင်းလိုက်။ ရေခဲသစ်ရွက်ဖြစ်လာရင် ငါ့ကို အသက်ရှူချိန် ၁၀၀ ကြိမ်အထိ နိုးထစေနိုင်မယ့် အေးစိမ့်ချီတွေ လုံလောက်ပြီ “

" မင်း ပြီးသွားတဲ့အခါ ငါတို့ ကမ္ဘာရတနာဆီ ဝင်ပေါက်ကို သွားဖွင့်နိုင်ပြီ။ အေးစိမ့်ချီကို ဘယ်လိုစုဆောင်းရမလဲဆိုတာကတော့ မင်းဘာသာလုပ်ရမယ် "

ဤအချိန်တွင် ကလေးမလေး၏အသံက အလွန်အားနည်းလာတော့သည်။

" ငါ့ နတ်ဘုရားဝိညာဥ်က သိပ်အားနည်းတယ်။ ထပ်အိပ်ဖို့လိုနေပြီ။ မင်း ရေခဲသစ်ရွက်ကို ဖန်တီးပြီးတာနဲ့ ခေါင်းတလားဆီပို့လိုက်။ ဒါဆို ငါနိုးလာမယ်။ ငါ့မျှော်လင့်ချက်တွေအားလုံးက မင်းအပေါ်မှာနော်။ အခုကစပြီး မင်းကတစ်ယောက်တည်း လှုပ်ရှားရမှာ “

ထို့နောက် ကလေးမလေး၏ အရှိန်အဝါ ပျောက်ကွယ်သွားတော့သည်။

ပိုင်ရှောင်ချန်းမှာ မျက်တောင်တဖျပ်ဖျပ်ခတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ အမှန်မှာ ကလေးမလေးအား ခြောက်လှန့်ရန် သူ၏အားထုတ်မှုက သူတိုနှစ်ယောက်ကြား ကတောက်ကဆမဖြစ်ရန် မျှော်လင့်လိုက်သည်။

ကိစ္စတစ်ရပ်လုံးသည် သူမအတွက်၊ သူ့အတွက်၊ အဏ္ဏဝါခေါ်သံဂိုဏ်းအတွက် အမှန်တကယ် ကောင်းသောအရာတစ်ခုဖြစ်သည်။

သူမ ပျောက်ကွယ်သွားပြီးနောက် သူက သစ်ရွက်ကို ကြည့်ပြီး နောက်ထပ်မည်သို့ ဆက်လုပ်ရမည်ကို စဥ်းစားလိုက်သည်။

" ဒီတစ်ရွက်က အေးစိမ့်ချီကို ဘယ်လိုစုပ်ယူမလဲ " သူက သူ့ခြေထောက်အောက်ရှိ မြေကြီးကို ငုံ့ကြည့်လိုက်သည်။ ရာဇသံတိမ်လွှာကို အေးစိမ့််ချီများ ပါဝင်သည့် ဧရာမတိမ်တိုက်ကြီးပေါ်တွင် တည်ဆောက်ထားခြင်းဖြစ်သည်။ အတန်ငယ်တွေးပြီးနောက် သူက သစ်ရွက်ကို မြေကြီးပေါ်ချလိုက်သော်လည်း အချိန်အတော်ကြာစောင့်ပြီးသည့်တိုင် မည်သည့်အေးစိမ့်ချီမှ အထဲဝင်နေသည်ကို မမြင်ရပေ။

ပဋိညာဥ်လေးချက်ကြောင့်သာမဟုတ်လျှင် သူလိုအပ်သည့် ချီများအား စုဆောင်းရန် နည်းလမ်းများစွာရှိမည်ဖြစ်သည်။ သို့သော် ယခုတွင် ကိစ္စများက မလွယ်ကူလှပေ။

နောက်ဆုံးတွင် သူက သက်ပြင်းချလိုက်ပြီး သူ့အိတ်ထဲ သစ်ရွက်ကို ထည့်ရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် အိတ်ထဲတွင် သူ မေ့လျော့နေခဲ့သည့် အရာတစ်ခုကို သတိထားမိလိုက်သဖြင့် မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားတော့သည်။ ၄င်းကား..... အစေ့တစ်စေ့။

" ငွေစန္ဒာ ပန်းပွင့်၊ ငါ သစ်ရွက်ကို ငွေစန္ဒာပန်းပွင့်အပေါ်မှာ ကိုင်းဆက်ကူးလို့ရတာပဲ"

သူသည် ငွေစန္ဒာပန်းပွင့်ကို အရိုးသင်္ဘောကြီးအပေါ်တွင် ရှာတွေ့ခဲ့ပြီး လေ့လာမှုအနည်းငယ်ပြုလုပ်ပြီးနောက် ၄င်းသည် အေးစိမ့်ချီကို စုပ်ယူခြင်းဖြင့် ကြီးထွားကြောင်း သဘောပေါက်လာသည်။

"ပဋိညာဥ်လေးချက်က ပန်းပင်မစိုက်ရဘူးလို့ ပြောမှမထားပဲ "

ထိုအချိန်တွင် သူ၏မျက်လုံးများမှာ စိတ်လှုပ်ရှားမှုများဖြင့် တဖျပ်ဖျပ်လက်လာတော့သည်။

All Chapters