← Chapters

အစားကြူးသော ငွေစန္ဒာပန်း

Vol. 10 Ch. 961

အစားကြူးသော ငွေစန္ဒာပန်း

Vol. 10 Ch. 961

ပိုင်ရှောင်ချန်းက အိတ်ကို ပုတ်၍ ငွေစန္ဒာပန်းပွင့်အစေ့ကို ထုတ်လိုက်သည်။

" အရိုးသင်္ဘောကြီးနဲ့ သရဲမယ်တော်ကြီးက ကောင်းကင်ဘုံအလွန်ကဆိုတော့ ဒီပန်းပွင့်တွေလဲ အဲဒီကပဲ ဖြစ်ရမယ် ထင်တယ် "

သူက အစေ့ကို အချိန်အနည်းငယ်ကြာ လေ့လာပြီးနောက် သူ့အစီအစဥ်ကို အကောင်အထည်ဖော်တော့သည်။ နောက်ဆုံးတွင် သူ၏မျက်လုံးများ တလက်လက်တောက်ပလာသည်။

" ဟားဟားဟား။ ကောင်းကင်ကြီးက လူတစ်ယောက်ရဲ့ လမ်းကို ဘယ်တော့မှ မပိတ်ပင်ဘူးကွ "

ပဋိညာဥ်လေးချက်က သူ ပန်းပင်စိုက်ခြင်းကို မတားမြစ်နိုင်သည်ဖြစ်၍ လွန်စွာ ကျေနပ်နေတော့သည်။

သူက တက်ကြွနေသောခြေလှမ်းများဖြင့် နေအိမ်ထဲမှ ထွက်လာပြီး အစေ့စိုက်ရန် ကောင်းမွန်သော နေရာတစ်ရာကို ဟိုကြည့်သည်ကြည့် လိုက်ရှာလိုက်သည်။ နောက်ဆုံးတွင် သူက မေးကိုသပ်ပြီး ရေရွတ်လိုက်၏။

" အပြင်မှာ စိုက်လို့ မလုံခြုံဘူး။ ဒီမြောက်ပိုင်းသားအားလုံးက ကောက်ကျစ်ကြတာ၊ အာ ဘာဖြစ်ဖြစ် အထဲမှာပဲ စိုက်မယ်ကွာ "

ဤသည်က အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သူ အပြည့်အဝယုံကြည်၍ အတွင်းထဲ ပြန်ဝင်သွားပြီးနောက် အလုပ်လုပ်တော့သည်။ ရာဇသံတိမ်လွှာရှိ မြေကြီးသည် သာမန်မြေကြီးနှင့် တစ်နည်းနည်းဖြင့် ကွဲပြားနေသည့်တိုင် များသောအားဖြင့် တူညီသည်။ အပင်စိုက်ခြင်းက အတန်ငယ်အလုပ်များလှသော်လည်း သူက အခန်းအလယ်တည့်တည့်တွင် သင့်တော်သည့်အပေါက်တစ်ပေါက် တူးလိုက်နိုင်၏။

များမကြာမီ သူက တိမ်တိုက်၏ ကုန်းမြေဖြစ်သော အဖြူရောင်ပွပွမြေကြီးများကို အပေါ်သို့ ယပ်တင်ထားသည်ဖြစ်၍ အခန်းထဲသို့ အေးစိမ့်ချီများ ရောက်ရှိလာတော့သည်။ သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်လာြပီး ငွေစန္ဒာပန်းပွင့်အစေ့ကို တိမ်မြေကြီးထဲ ဂရုတစိုက်ထည့်လိုက်သည်။

ထို့နောက် သူ၏မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များဖြင့် တလက်လက်တောက်ပလာပြီး ဘေးတွင်ထိုင်ချလိုက်သည်။ တိမ်မြေကြီးများအား အစေ့အပေါ်ပြန်ပုံလိုက်သည်နှင့် တစ်ပြိုင်နက် ၄င်းသည် အသက်ဝင်သွားသည့်အလား တုန်ရီလာတော့သည်။

၄င်းက တဆတ်ဆတ်တုန်ယင်နေသည်။ သို့သော် ကြောက်လန့်ခြင်းကြောင့်မဟုတ်ဘဲ စိတ်လှုပ်ရှားခြင်းေကြာင့် ဖြစ်ပေသည်။ ပိုင်ရှောင်ချန်းပင် အစေ့က မည်မျှစိတ်ခံစားလွယ်ကြောင်း အာရုံရလိုက်ပြီး သူ၏မျက်လုံးများ ပို၍ တောက်ပသွားတော့သည်။

" အခုစပြီး လိမ္မာတဲ့ ပန်းပင်လေးလိုနေနော်။ မြန်မြန်ကြီးထွား သန်မာအောင်လုပ် "

သူက နှုတ်ခမ်းကိုသပ်၍ တစ်ညလုံးစောင့်ကြည့်လိုက်လေသည်။ အစေ့ကိုစိုက်ပြီး အချိန်တိုလေးအတွင်း သူသည် တိမ်တိုက်မှ အေးစိမ့်ချီစီးကြောင်းထွက်လာပြီး ၄င်းကို အားဖြည့်ပေးနေသည်ကို မြင်ရလေသည်။နောက်တစ်နေ့မနက်တွင် အစေ့အညှောင့်ထွက်လာ၏။

ထိုအခိုက်အတန့်တွင် ပိုင်ရှောင်ချန်းက အရေးကြီးသော တာဝန်တစ်ခုဆောင်ရွက်နေသည့်အလား အမှန်တကယ် ခံစားနေရပြီး အသစ်ပေါက်လာသော ငွေစန္ဒာပန်းပင်ကို နေ့နေ့ညညစောင့်ကြည့်နေလေသည်။

လဝက်သည် လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားပြီး သူက ထိုအတောအတွင်း သူ၏နေအိမ်မှ တစ်ခါလေးပင် မထွက်ခွာပေ။ ထိုအချိန်တွင် ဂိုဏ်းအတွင်းရှိ အတင်းအဖျင်းစကားများက အရှိန်မသေသေးဘဲ ကျင့်ကြံသူများသည် သူ၏နေ့အိမ်အား အနီးကပ်စောင့်ကြည့်နေကြ၏။

သူက ခိုးနားထောင်ရန် စိတ်မပါပေ။ သူသည် ငွေစန္ဒာပန်းပင်ပေါ်တွင် လုံးဝအာရုံစိုက်ထားလေသည်။ ၄င်းသည် လက်တစ်ဖက်စာ အမြင့်ရောက်နေပြီဖြစ်ပြီး အရွက်သေးသေးလေးအနည်းငယ်ပင်ရှိလာ၏။ ပိုင်ရှောင်ချန်းမှာ အလွန်ပျော်ရွှင်နေတော့သည်။

ကလေးမလေးက သူ့ကို ပေးခဲ့သည့် သစ်ရွက်မှာမူ သူသည် ၄င်းကို ငွေစန္ဒာပန်းပင်အပေါ်တွင် ကိုင်းဆက်လိုက်ပြီး ဖြစ်သည်။ ငွေစန္ဒာပန်းပင်ကြီးထွားလာသည်နှင့်အမျှ သစ်ရွက်တွင် အေးစိမ့်ချီများ များပြားလာတော့သည်။

အရာရာတိုင်းသည် အစီအစဥ်အတိုင်းသွားနေပြီး ပိုင်ရှောင်ချန်းမှာ ဖြစ်ပျက်နေသည်များအား အော်ကြီးဟစ်ကျယ်မရယ်မောဘဲ မနေနိုင်တော့ပေ။

" ဟားဟားဟား ။ ပိုင်ရှောင်ချန်း မလုပ်တတ်တာ ဘာမှ မရှိဘူးကွ "

သူက သူ့ကိုယ်သူ ယခင်ကထက်ပို၍ ဂုဏ်ယူလာပြီး နောက်ထပ်ခုနစ်ရက် ကုန်ဆုံးသည်အထိ စောင့်ကြည့်လိုက်သည်။ ထိုအချိန်တွင် သူသည် အနည်းငယ် စိတ်ပျက်လာတော့သည်။

သစ်ရွက်ကို ငွေစန္ဒာပန်းပင်အပေါ် ကိုးဆက်ပြီးနောက် ၄င်း၏ကြီးထွားခြင်းမှာ ပို၍နှေးသွားကြောင်း သူ သိလိုက်ရသည်။

" နှေးလိုက်တာ။ ဒီလိုသာဆက်သွားနေရင် ငါဘယ်တော့မှာ လုံလောက်တဲ့ အေးစိမ့်ချီရမှာမဟုတ်ဘူး "

သူက ခေါင်းကိုခါ၍ အခြေအနေကို အတန်ကြာ စဥ်းစားလိုက်ရာ နောက်ဆုံးတွင် အပင်အား မြန်မြန်ကြီးထွားရန် မည်သို့ဓာတ်ကူးရမည်ကို အကြံတစ်ခု ပေါ်လာသည်။

ပြောရလျှင် အပင်ဓာတ်ကူးခြင်းသည် လွယ်ကူသော အလုပ်ဖြစ်၏။ ထိုသို့လုပ်ရန် ဆေးတာအိုပညာရပ်အတွင်း နည်းလမ်းပေါင်းများစွာရှိသည်။ အလွယ်ကူဆုံးနည်းလမ်းသည် ဆေးလုံးများအား အသုံးပြုရန်ပင်ဖြစ်သည်။ ၄င်းအား အတန်ငယ်တွေးပြီးနောက် သူက ဘေးပတ်လည်ကို သတိတကြီးကြည့်လိုက်ပြီးနောက် သူ၏နတ်ဘုရားအာရုံများကို အပြင်သို့ ပို့လွှတ်လိုက်သည်။

"ပဋိညာဥ်လေးချက်က ငါ ဆေးဖော်လို့မရဘူး။ ရောင်းလို့မရဘူးလို့ ပြောတာ။ ပန်းပင်တွေကို ကျွေးတာနဲ့ပတ်သက်ပြီး ဘာမှမပြောထားဘဲ "

ထို့နောက် သူက သူ၏အိတ်ထဲတွင် ဆေးလုံးလက်ဆုပ်စာအား ဟိုစမ်းသည်စမ်းရှာလိုက်ပြီး ချေလိုက်ကာ ငွေစန္ဒာပန်းပင်အပေါ် ကြဲချလိုက်သည်။

အမှုန့်များ ကျသွားသည်နှင့် တစ်ပြိုက်နက် ပန်းပင်က တွန့်ခနဲဖြစ်သွားပြီး တောက်ပသော အလင်းရောင်များ ဖြာထွက်လာတော့သည်။ ချက်ချင်းပင် ၄င်းက အမှုန့်များကို စုပ်ယူလိုက်၏။

ထိုသို့ စုပ်ယူလိုက်သည်နှင့် ငွေစန္ဒာပန်းပင်သည် သိသိသာသာ လျင်မြန်စွာ ကြီးထွားလာတော့သည်။ အမှန်တွင် ၄င်း၏ အမြစ်များသည် တိမ်တိုက်အတွင်း ပို၍နက်ရှိုင်းစွာ ဆန့်တန်းသွား၏။

ထိုသည်က တစ်ဖန် ပို၍များပြားသော အေးစိမ့်ချီများကို စုပ်ယူလိုက်သည့်အတွက် ပိုင်ရှောင်ချန်း၏အိမ်ထဲရှိ အပူချိန် ချက်ချင်း ကျဆင်းသွားတော့သည်။

သူ၏မျက်ဝန်းများတွင် ယုံကြည်ချက်များဖြင့် တောက်ပနေပြီး သူက ဆေးလုံးအနည်းငယ်ထပ်ထုတ်ကာ ချေ၍ ငွေစန္ဒာပန်းပင်အပေါ် ကြဲချလိုက်သည်။ ငွေစန္ဒာပန်းပင်သည် ဆေးအမှုန်များနှင့် ပတ်သက်လျှင် အခြေမရှိသော ကျင်းနက်ကြီးအလားပင်။ ၄င်း၏အမြစ်များက ပို၍နက်ရှိုင်းလာကာ မီတာ၃၀၀ အကျယ်အဝန်းပြည့်သွားသည့်တိုင်အောင် ဆက်လက်ကြီးထွားလာတော့သည်။

ပိုင်ရှောင်ချန်းသည် ယုံကြည်ချက်များဖြင့် ပြည့်နှက်နေလျက် အပင်အား ဆေးအမှုန်များ ဆက်ကျွေးလေတော့သည်။

" အကုန်ကြိုက်တယ်လား ။ ဘယ်လောက် တန်ဖိုးကြီးတဲ့ ပန်းပင်လေးတုံး "

ကုန်ဆုံးသွားသည့် သုံးရက်ဆက်တိုက်ကာလာအတွင်း ငွေစန္ဒာပန်းပင်သည် ဆေးအမျိုးအစားပေါင်း ၁၀၀ကျော် စားသုံးခဲ့ပြီး ယခုတွင် တစ်မီတာ အမြင့်ရှိနေလေပြီ။

၄င်း၏ရိုးတံက လက်မောင်းတစ်ဖက်စာမျှ အလုံးတုတ်ပြီး လက်ဖဝါးအရွယ်အရွက်များရှိသည်။ ၄င်း၏ထိပ်တွင် ယခုထက်ထိ မပွင့်သေးသော အဖူးတစ်ဖူးလည်း ရှိသည်။ ပိုင်ရှောင်ချန်း၏ ဂရုစိုက်မှုအောက်တွင် ပန်းပင်က ဩချရလောက်သည့် အမြန်နှုန်းဖြင့် ကြီးထွားနေတော့သည်။

သူ ကိုင်းဆက်ထားသည့် သစ်ရွက်မှာမူ ယခုတွင် ၄င်း၏အရွက်ကြောတစ်ခုက ရေခဲနှင့် တူနေသည့်အတွက် သူ ပီတိဖြာနေလေသည်။ မကြာမီ ငွေစန္ဒာပန်းပင်၏ အမြစ်များကား မီတာ ၁၅၀၀ အကျယ်အဝန်းအထိ ပျံနှံ့သွားလေရာ ပိုင်ရှောင်ချန်းမှာ အားရဝမ်းသာ ဖြစ်နေတော့သည်။ ထို့နောက် သူက ဆေးလုံးများထပ်ထုတ်၍ ချေပစ်လိုက်လေသည်။

ဤနေရာက အဏ္ဏဝါခေါ်သံဂိုဏ်း သို့တည်းမဟုတ် ရှင်းကုံကျစ်တာအိုဂိုဏ်းပင် ဖြစ်နေလျှင် ပိုင်ရှောင်ချန်းသည် ပန်းပင်၏ ပတ်ဝန်းကျင်အပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ အချိန်ယူစဥ်းစားဦးမည်ဖြစ်သည်။ သို့သော် ယခုမြောက်ပိုင်းတွင် သူသည် ဘာဆိုဘာမှ စိတ်မပူသည့်အပြင် အမှန်တွင် စစ်ဆေးနေရန်ပင် ခေါင်းထဲမရှိပေ။

" ငါက ပဋိညာဥ်လေးချက်ကို ကျူးလွန်နေတာမှ မဟုတ်တာ "

ထိုသည်က သူ့ကိုသူ အမြဲပြောလေ့ရှိသော စကားတစ်ခွန်း ဖြစ်ပေသည်။ နောက်လဝက်တွင် သူသည် ဆေးလုံးများအား အဆက်မပြတ်ချေ၍ ငွေစန္ဒာပန်းပင်အား ကျွေးနေတော့သည်။

ငွေစန္ဒာပန်းပင်သည် သူ့နေအိမ်တစ်အိမ်လုံးနီးပါး နေရာယူထားကာ အံသြတုန်လှုပ်ဖွယ် အရွယ်အစားနှင့် အမြင့်ကို ရောက်နေပြီဖြစ်သည်။

ထိုမြင်ကွင်းကြောင့် သူပ ပင့်သပ်မရှိုက်မိဘဲ မနေနိုင်တော့ပေ။ တချိန်တည်းမှာပင် သူ၏ အဆက်မပြတ် ဂရုစိုက်မှုများကြောင့် ပန်းပင်က ခါတိုင်းနှင့် မတူတော့ကြောင်း သူ သဘောပေါက်လိုက်သည်။

၄င်းသည် တစ်နည်းနည်းဖြင့် အသိရှိနေပုံရပြီး တချိန်တည်းမှာပင် သူ့ကို သဘောကျပုံရသည်။ သူက ၄င်းကို ထိလိုက်သည့်အချိန်တိုင်း ပန်းပင်က အားရကျေနပ်စွာ လူးလွန့်သွားလေ့ရှိသည်။

ထိုအခြင်းအရာအား မြင်သောအခါ ပိုင်ရှောင်ချန်း၏မျက်လုံးများ တောက်ပသွားတတ်၏။

" မင်းက အသိရှိတယ်လား။ ကောင်းပြီ။ အခုကစပြီး လိမ်လိမ်မာမာနေနော်။ မင်း ဆက်ကြီးထွားနေတာ ရပ်ဖို့လိုတယ်။ မဟုတ်ရင် ငါ့ အခန်းလဲ ပျက်စီးတော့မယ်။ ဒီနေရာ မြောက်ပိုင်းမှာ သိပ်မလွယ်ဘူးကွ။ ဒါကြောင့် မင်း အရမ်းကြီးလာပြီး ငါ့အိမ်ကို ဖျက်စီးပစ်ရင် ပြဿနာ တကယ်တက်လိမ့်မယ် "

သူက တင်းကြပ်သော သတိပေးချက်များပေးပြီးနောက် ပန်းပင်ကို ကျွေးရန် ဆေးလုံးအနည်းငယ်ထုတ်လိုက်သည်။ ဤအချိန်တွင် သူက ချေပစ်နေရန်ပင် မလိုတော့ချေ။ သူက ပန်းပင်သို့ ပစ်ပေးလိုက်ပြီး ၄င်းက အရွက်များဖြင့် ဆွဲယူကာ တိုက်ရိုက်စုပ်ယူလေသည်။

ပန်းပင်သည် ပိုင်ရှောင်ချန်းပြောသည့်စကားကို နားလည်ဟန်တူ၏။ ထိုနေ့ကစပြီး ၄င်းက အခန်းအတွင်း ဆက်လက်မကြီးထွားတော့ပေ။ သိူ့သော် ၄င်း၏အမြစ်သည် လောဘတကြီး အဆက်မပြတ်ပြန့်ကားလာသည်။ ယခုတွင် ၄င်း၏အမြစ်များကား ရာဇသံတိမ်လွှာတစ်ခုလုံး ပျံနှံ့နေလေပြီ။ ထိုမျှသာမက ငွေစန္ဒာပန်းပင်သည် ကောင်းကင်တံတားဒေသမှ မဟုတ်သည့်အတွက် ၎င်းတို့နှင့်ပတ်သက်သည့် တစ်စုံတခုက ၎င်းတို့ကို သတိမထားမိနိုင်အောင် ပြုလုပ်ပေးထား၏။ ထို့ကြောင့် မည်သို့ဖြစ်နေသည်ကို တစ်ယောက်မှ မသိကြပေ။

သို့သော် ၄င်းကြီးထွားလာသည်နှင့်အမျှ ပို၍များပြားသော အေးစိမ့်ချီများကို စုပ်ယူနေသည်ဖြစ်ရာ နောက်ဆုံးတွင် ရာဇသံတိမ်လွှာရှိ ကျင့်ကြံသူများမှာ တစ်ခုခုထူးဆန်းနေကြောင်း သတိထားမိလာတော့သည်။ ပထမဆုံးအနေဖြင့် အေးစိမ့်ချီများ ပုံမှန်ထက် နည်းနေပုံရသည့်အချက်လေးပင်။

အမှန်တကယ်ဆိုရလျှင် အချို့နေရာများတွင် အေးစိမ့်ချီများမှာ အလွန်နည်းပါးလာသဖြင့် နှင်းများပင် အရည်ပျော်လာသည်။ နောက်ဆုံး၌ နတ်အဆင့်ကျင့်ကြံသူများက ဖြစ်ပျက်နေသည်များအား သတိပြုမိသွားတော့သည်။

ပိုင်ရှောင်ချန်းက အပြင်ဘက်တွင် ဖြစ်ပျက်နေသည်များကို ရံဖန်ရံခါစစ်ဆေးကြည့်ပြီး အုတ်အုတ်ကျက်ကျက်ဖြစ်နေကြောင်း သိလိုက်သောအခါ ငွေစန္ဒာပန်းပင်ကို ပွတ်သပ်၍ သူက ပြောသည်။

" ငွေစန္ဒာပန်းပင်လေးရေ၊ ငါတို့မှာ အချိန်သိပ်မကျန်တော့ဘူး။ အနှေးနဲ့အမြန် မကောင်းတာ တစ်ခုခုဖြစ်တော့မယ်။ ငါ ဂရုတော့ မစိုက်ပါဘူး။ ဒါပေမဲ့ အစီအစဥ်နှောင့်နှေးလို့တော့ မဖြစ်ဘူးလေ။ မင်း ပိုမြန်မြန်ကြီးထွားနိုင်တဲ့ နည်းလေးဘာလေး မရှိဘူးလား။ ငါတို့ အဲဒီသစ်ရွက်မှာ အေးစိမ့်ချီတွေ တကယ်ထပ်လိုသေးတယ်ကွာ "

ငွေစန္ဒာပန်းပင်မှာ တုန်ရီသွားပြီး ပိုင်ရှောင်ချန်းကို လွန်စွာပြတ်သားသော စာတစ်စောင်ပြန်ပို့လေသည်။ ပိုင်ရှောင်ချန်းက ချက်ချင်းနားလည်လိုက်၏။ သူ၏မျက်လုံးများတွင် စိတ်ပိုင်းဖြတ်ထားမှုများဖြင့် တောက်ပနေလျက် သူ့အိတ်ထဲမှ ဆေးလုံးတစ်ပုံတခေါင်းထုတ်လိုက်ပြီး ကမ်းပေးလိုက်သည်။

ငွေစန္ဒာပန်းပင်၏အရွက်များက စိတ်အားထက်သန်စွာ ဆေးလုံးများကို သိမ်းကျုံးယူလိုက်ပြီးနောက် ရာဇသံတိမ်လွှာ တစ်ခုလုံးတွင် ပြင်းထန်သော ထစ်ခြုန်းသံကြီးတစ်ခု ပြည့်နှက်သွားတော့သည်။

ရုတ်တရက် အစိမ်းရောင်အညှောင့်များ ရာဇသံတိမ်လွှာတစ်လျှောက် မြေကြီးများမှ တိုးထွက်လာကြ၏။ ၎င်းတို့ပေါ်လာသည်နှင့်တစ်ပြိုင်နက် အေးစိမ့်ချီများကို စုပ်ယူပြီး တစ်ချိန်တည်းမှာပင် လသဏ္ဍာန် ပန်းပွင့်လေးများဖြင့် ပွင့်လန်းလာတော့သည်။

ချက်ချင်းပင် ရာဇသံတိမ်လွှာရှိ အေးစိမ့်ချီ များ ထိုးကျသွားလေသည်။

ရာဇသံတိမ်လွှာရှိ ကျင့်ကြံသူများက ငွေစန္ဒာပန်းပင်များကို ကြောင်တောင်တောင် လှည့်ပတ်ကြည့်လိုက်ကြသည်။

" ရာဇသံတိမ်လွှာမှာ ဘယ်လိုလုပ် အပင်တွေ ပေါက်နေနိုင်တာတုန်း "

" ဒါက ဘယ်လို အပင်မျိုးလဲ "

" ဘုရားရေ။ အရင်က ရာဇသံတိမ်လွှာမှာ အပင်ပေါက်တယ်လို့ တစ်ခါမှ မကြားဖူးပါဘူး။ မြောက်ပိုင်းက အပင်နဲ့အသီးအရွက်တွေက အအေးဓာတ်နဲ့ လိုက်လျောညီထွေဖြစ်ရမှာမလား "

မကြာမီ ရာဇသံတိမ်လွှာ တစ်ခုလုံး အုတ်အော်သောင်းနင်းဖြစ်ကုန်တော့သည်။

" ပူလိုက်တာ၊ ငါ ဘာလို့ ချွေးတွေထွက်နေတာတုန်း "

" နေစမ်းပါဦး။ ရာဇသံတိမ်လွှာက အေးစိမ့်ချီတွေ ဘာလို့ အရမ်း အားနည်းနေတာလဲ "

" ဘုရားရေ ။ ငါ့ အိမ် အရည်ပျော်နေပြီ "

အေးစိမ့်ချီများ ရုတ်တရက်ကျဆင်းမှုကြောင့် ရာဇသံတိမ်လွှာ တစ်ခုလုံး အရည်ပျော်လာတော့သည်။ အမှန်တွင် ပျော်ကျလာသော အရည်များသည် အဖြူရောက်တိမ်တိုက်ကြီးကို ကိုင်ဆောင်ထားသည့် ဧရာမရေခဲရုပ်တုကြီး၏ လက်မောင်းတစ်လျှောက် စီးဆင်းလာတော့သည်။

မကြာခင် တစ်ဂိုဏ်းလုံး ရုတ်ရုတ်သဲသဲဖြစ်ကုန်တော့သည်။ နတ်အဆင့်ကျင့်ကြံသူများမှာ မယုံကြည်နိုင်သော မျက်နှာအမူအရာများဖြင့် ပျံလာကြ၏။

သို့သော် သူတို့က ရာဇသံတိမ်လွှာကို မရောက်နိုင်ခင်မှာပင် အေးစိမ့်ချီများက အလွန်လျင်မြန်စွာ ကျဆင်းလာသည့်အတွက် ရေခဲအဆောင်အဦများ ပျက်စီးလာတော့သည်။ ထိုသည်က အစသာရှိသေးသည်။ ယခုတွင် အမြစ်များနှင့် ပြည့်နေသည့် ဧရာမရေခဲရုပ်တုကြီး၏ လက်မသည် ရုတ်တရက် အရည်ပျော်လာပြီး ရုပ်တုတစ်လျှောက် ရေများစီးကျလာသည့်အတွက် လူများမှာ ကြက်သေသေသွားကြတော့သည်။

ထိုသည်က တိမ်တိုက်ကြီးတစ်ခုလုံးအား တခြားတစ်ဖက်သို့ စောင်းကျသွားစေ၏။ နတ်အဆင့်ကျင့်ကြံသူများမှာမူ အံ့သြမှင်သက်ကာ ရုပ်တုကြီး၏ လက်မအား စိုက်ကြည့်နေကြတော့သည်။

" ငါ.... ငါ... ထ...ထင်ယောင် ထင်မှား ဖြစ်နေတာလား "

လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနောင်က ရေရွတ်လိုက်သည်။

ဖုန်းချန်သည်လည်း အံ့အားသင့်နေလျက် ပြောလိုက်သည်။

“ မြောက်ပိုင်းရဲ့အထွတ်အမြတ်ထားရာ၊ မြောက်ပိုင်းစစ်နတ်ဘုရားရဲ့ ရေခဲရုပ်တု၊ သူ့လက်မ.....မရှိတော့ဘူး "

All Chapters