အကျဥ်းချခြင်း
Vol. 10 Ch. 962
အဆောက်အဦများ ပြိုကျကုန်ကြသဖြင့်
ရာဇသံတိမ်လွှာတစ်ခုလုံးတွင် တဂျိန်းဂျိန်းမြည်သံများဖြင့် ပြည့်နှက်နေပြီး ရေခဲတမျှအေးစက်နေသည့် ရေများမှာ အရပ်မျက်နှာအနှံ့သို့ စီးဆင်းသွားကြသည်။ လေပေါ်သို့ မရေမတွက်နိုင်သော ကျင့်ကြံသူများ ပျံတက်လာကြပြီး လက်မ မရှိတော့သော ရေခဲရုပ်ထုကြီးအား ငေးကြည့်နေကြတော့သည်။
တစ်ခဏကြာ တိတ်ဆိတ်ငြိမ်သက်သွားပြီးနောက် အုတ်အုတ်ကျက်ကျက် ဆူညံသံများ ထွက်ပေါ်လာကြတော့သည်။
" ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ "
“ အဲဒါဘာအပင်လဲဟ... "
" ဘုရားရေ။ ဘာတွေဖြစ်နေတာတုံး။ ဘာလို့ ဒီလောက်ထူးဆန်းတဲ့ဖြစ်ရပ်တွေ အများကြီးဖြစ်ပျက်နေရတာလဲ။ ပထမအခေါက်တုံးက မူးယစ်ဆေးလုံးတွေ၊ အခုအခေါက်ကျတော့ စစ်နတ်ဘုရားရဲ့ လက်မက ပျောက်သွားတာပါလား "
အနည်းငယ်ကြာသောအခါ လျှပ်စီးတိမ်တိုက်သခင်အမြွှာညီနှောင်နှစ်ယောက်၊ ဖုန်းချန်နှင့် အခြားနတ်အဆင့် ကျင့်ကြံသူများ တုန်ရီသွားကြတော့သည်။
" ပိုင်ရှောင်ချန်း "
" တရားခံက သေချာပေါက် မင်းပဲ ပိုင်ရှောင်ချန်း "
ကောင်းကင်ကိုတုန်ရီစေပြီး မြေပြင်ကို အက်ကွဲသွားစေနိုင်သည့် အော်ဟစ်သံများထွက်ပေါ်လာကြပြီးနောက် ဒေါသထွက်နေကြသည့် နတ်အဆင့်ကျင့်ကြံသူများက ပိုင်ရှောင်ချန်း၏ နေအိမ်ရှိရာအရပ်သို့ ပျံသန်းသွားကြတော့သည်။
ရာဇသံတိမ်လွှာမှ အခြားကျင့်ကြံသူများမှာ နတ်အဆင့်ကျင့်ကြံသူများ၏ အော်ဟစ်သံများကိုကြားလိုက်ရသောအခါ သူတို့၏မျက်ဝန်းများထဲတွင် ဒေါသမီးများတောက်လောင်သွားကြပြီး သူတို့သည်လည်း ပိုင်ရှောင်ချန်းရှိရာဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
" သောက်ကျိုးနည်း။ ဒါပိုင်ရှောင်ချန်းရဲ့ လုပ်ရပ်ဆိုတာ သေချာတယ် "
" သူက တကယ့်ကို ခြေထောက်ပေါက်နေတဲ့ ကပ်ဆိုးကြီးပဲ။ ဂိုဏ်းသားတွေကို ပစ်မှတ်ထားတာကတော်သေးတယ်။ ဒါပေမဲ့ ဘာလို့ ရာဇသံတိမ်လွှာ ရဲ့ စစ်နတ်ဘုရားရုပ်ထုကို ဖျက်လိုဖျက်ဆီးလုပ်ရတဲ့အထိ အတင့်ရဲတာလဲ "
" ပိုင်ရှောင်ချန်းကို သတ်ကြဟေ့ "
ထိုသို့အော်ဟစ်သံများ ဆူညံပွက်လောရိုက်နေစဥ် ဒေါကန်နေသည့် နတ်အဆင့်ကျင့်ကြံသူများ ရောက်ရှိလာတော့သည်။ ထိုအချိန်တွင် ပိုင်ရှောင်ချန်းမှာ သူ၏နေအိမ်ထဲတွင်နေ၍ သစ်ရွက်ထဲသို့ စီးဝင်နေသည့် အေးစိမ့်ချီများကို စိုးရိမ်တကြီး စောင့်ကြည့်နေသည်။
မျက်စိတစ်မှိတ်အတွင်း ထိုသစ်ရွက်မှာ ခုနစ်ဆယ်ရာခိုင်နှုန်းတိတိ ရေခဲအဖြစ်ပြောင်းသွားသည်။ သူ အချိန်အလောက် ရပါက ကလေးမလေး တောင်ဆိုထားသည့် ရေခဲသစ်ရွက်အား ဖန်တီးနိုင်ရန်မှာ အလွန့်အလွန်ရိုးရှင်းသော တာဝန်တစ်ခုဖြစ်သည်။
သို့သော် အချိန်မှာ မလောက်ငှတော့ပေ။ အပြင်ဘက်မှ အော်ဟစ်သံများကိုကြားလိုက်ရသောအခါ သူသည် ထိုသစ်ရွက်အား အလျင်အမြန်ယူလိုက်ပြီး သူ၏ထည့်စရာအိတ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။ တချိန်ထဲမှာပင် သူသည် ငွေစန္ဒာပန်းလေးကို အလောတကော ပြောလိုက်တော့သည်။
" အစေ့ပုံစံ ပြန်ပြောင်း "
ငွေစန္ဒာပန်းလေးမှာ သတိပေးနေစရာပင်မလိုပေ။ ၎င်းမှာ အလွန်ကြီးမားသော အန္တရာယ်တစ်ခုကို ရင်ဆိုင်နေရသည်ဖြစ်ကြောင်း သိသဖြင့် တစ်ခဏအတွင်း ညှိုးနွမ်းကာ ခြောက်သွေ့သွားတော့သည်။ ထိုအပင်မှာ အစေ့တစ်စေ့ ဖြစ်သွားသည့်အချိန်အထိ ၎င်းထဲရှိ သက်စောင့်အားများအားလုံး အတွင်းသို့စုပ်ယူခံလိုက်ရတော့သည်။
ပိုင်ရှောင်ချန်းက ၎င်းအား သေသေချာချာ ကြည့်ရှုစစ်ဆေးနေရန် အချိန်မရှိပေ။ သူသည် ထိုအစေ့အားဆုပ်ယူလိုက်ပြီး သစ်ရွက်နှင့်အတူ သူ၏အိတ်ထဲသို့ ပစ်ထည့်လိုက်တော့သည်။
ထိုအချိန်တွင် အုန်းခနဲအသံကြီးတစ်သံ ပေါ်ထွက်လာပြီး သူ၏နေအိမ် ပေါက်ကွဲသွားတော့သည်။
ပိုင်ရှောင်ချန်းမှာ ဘေးဘက်သို လွင့်စင်သွားပြီး တစ်ကိုယ်လုံး ညစ်ပတ်ပေရေသွားတော့သည်။ သူ၏ပတ်ပတ်လည်တွင် ဒေါသမီးများတောက်လောင်နေကြသည့် ရာဇသံတိမ်လွှာမှ ဂိုဏ်းသားများစွာအပါအဝင် လျှပ်စီးတိမ်တိုက်သခင်အမြွှာ ညီအစ်ကိုနှစ်ယောက်၊ ဖုန်းချန်နှင့် အခြားနတ်အဆင့်ကျင့်ကြံသူများက ဝန်းရံထားကြသည်။ လူတိုင်းမှာ သွေးကြွေးဆပ်တော့မည့်ပုံစံ ပေါ်နေကြသည်။
" သေချင်နေတာလား ပိုင်ရှောင်ချန်း "
လျှပ်စီးတိမ်တိုက်သခင်အမြွှာညီအစ်ကိုနှစ်ယောက်က ဒေါသတကြီး အော်ဟစ်မေးမြန်းလိုက်သည် ယခုတွင် ပိုင်ရှောင်ချန်း၏ နေအိမ်မှာ ပျက်စီးပြိုလဲသွားပြီဖြစ်၍ ငွေစန္ဒာပန်း၏ ခြောက်သွေ့နေသော အစေ့အခွံကို လူတိုင်း အတိုင်းသားမြင်နေရသည်။
" မင်း မူးယစ်ဆေးလုံးတွေရောင်းခဲ့တာကို ငါတို့က မင်းကို မသတ်ပဲ ခွင့်လွှတ်ပေးခဲ့လို့ မင်းက မြောက်ပိုင်းရဲ့ အခြေခံအုတ်မြစ်ကြီးကို တိုက်ခိုက်လိုက်တာလား။ မင်းဒီနေ့သေရမယ် ပိုင်ရှောင်ချန်း "
ဖုန်းချန်မှာ ဒေါသထွက်လွန်းလှသဖြင့် သူ၏မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ်များပင် ဖိတ်စင်ထွက်နေတော့သည်။ သူသည် လုံးဝတွေဝေမနေပဲ ဝှက်ဖဲအဆင့်ရှိသည့် နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ပိုင်ရှောင်ချန်းမှာ ၎င်းအား ရှောင်တိမ်းလိုက်ပြီး အသံကျယ်ကျယ်ဖြင့် မေးမြန်းလိုက်တော့သည်။
" မင်းတို့မြောက်ပိုင်းသားတွေက ကောင်းကင်တံတားနယ်မြေကို ပုန်ကန်နေကြတာလား၊ ဘာတုံးကွ "
" ငါစရောက်လာတဲ့အချိန်ထဲက မင်းတို့က ငါ့ကို မရမက ပြဿနာလိုက်ရှာနေတာ။ အရင်ဆုံး မင်းတို့ရဲ့ ပဋိညာဥ်သုံးချက်ကိုလဲ ငါခေါင်းညိတ်ခဲ့ရတယ်။ ပြီးတော့ ငါ ဆေးလုံးလေးနည်းနည်းပါးပါးပဲ ရောင်းရသေးတယ်။ မင်းတို့က ပဋိညာဥ်သုံးချက်ကို လေးချက်ပြောင်းလိုက်ရော "
" အခုလည်း ငါ့ဟာငါ ပန်းပင်တစ်ပင်စိုက်တာကို မင်းတို့က ငါက ပဋိညာဥ်လေးချက်ကို မလိုက်နာပါဘူးဆိုပြီး လာအပြစ်တင်နေတာလား "
ယခုတွင် သူသည် ဖြစ်ချင်ရာဖြစ် ဝုန်းဒိုင်းကျဲရန် ဆုံးဖြတ်ထားပြီဖြစ်သည်။ မြောက်ပိုင်းကို သူလုံးဝ သည်းမခံနိုင်တော့ပေ။
" မင်းတို့က ငါ့ကိုတိုက်ခိုက်ချင်လို့ အကြောင်းပြချက်တွေ အများကြီးနဲ့ ရောက်လာကြတာမလား "
သူသည် ထိုသို့ အော်ဟစ်မေးမြန်းလိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်လွှတ်လိုက်သဖြင့် ကောင်ကင်ယံတွင် မျက်နှာကြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
လျှပ်စီးတိမ်တိုက်သခင်အမြွှာညီအစ်ကိုနှစ်ယောက်နှင့် ဖုန်းချန်တို့မှာ ဖော်ပြ၍မရနိုင်လောက်အောင် နာကျည်းမှုများကို သည်းခံခဲ့ရသောကြောင့် လွန်စွာ မခံမရပ်နိုင်ဖြစ်နေပြီဖြစ်သည်။ ပိုင်ရှောင်ချန်းက သူတို့အတွက် မျက်စိဆံပင်မွှေးစူးစရာ ဖြစ်နေပြီး ဖုန်းချန်ဆိုလျှင် သူ၏ အကြံဖြစ်သော ပဋိညာဥ်သုံးချက်ကြောင့် သူက အခြားလူများထက်ပို၍ နစ်နာခဲ့ရကြောင်း သိရှိလိုက်ရသဖြင့် အဆိုးဆုံးအခြေအနေသို့ ရောက်ရှိနေတော့သည်။
ထိုအကြံကို သူ တွေးတောမိခဲ့စဥ်က ပိုင်ရှောင်ချန်းမှာ ယခုကဲ့သို့ ကပ်ဘေးတစ်ခုအား လွယ်လင့်တကူ ဖန်တီးနိုင်စွမ်း ရှိနေလိမ့်မည်ဟု သူ လုံးဝထင်မထားမိပေ။ သူတို့က သူ့အား မည်မျှပင်မုန်းတီးစေကာမူ သူ့ကိုသတ်ဖြတ်၍မရသည့်အချက်ကြောင့် နတ်အဆင့်ကျင့်ကြံသူအားလုံး ကသိကအောက် ဖြစ်နေကြရသည်။
ယခုတွင်မူ သူတို့၏ နှလုံးသားထဲတွင် နောင်တများဖြင့် ပြည့်နေတော့သည်။ အချိန်ကိုသာ နောက်ပြန်ဆုတ်နိုင်စွမ်းရှိပါက ပိုင်ရှောင်ချန်းအပေါ် ကန့်သတ်ချက်များ ချမှတ်ခဲ့မည်မဟုတ်ပဲ သူ ဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်ခွင့် ပြုခဲ့မည်သာဖြစ်သည်။
နတ်အဆင့်ကျင့်ကြံသူများသာ ထိုကဲ့သို့ နာကျည်းခံစားနေရသည်မဟုတ်။ သာမန်ကျင့်ကြံသူများမှာလည်း ဒေါသထွက်နေကြပြီး တချိန်ထဲမှာပင် နှလုံးသားထဲတွင် ငိုကြွေးမြည်တမ်းနေကြသည်။ ယခုမှသာ ပိုင်ရှောင်ချန်းသည် အလွန်ကြီးမားသော ကပ်ဘေးကြီးတစ်ခုဖြစ်ကြောင်း သူတို့ သိလိုက်ရပြီဖြစ်သည်။
" ဒါ ဖုန်းချန်ရဲ့ အပြစ်တွေပဲ။ သူက ရာဇသံမိုးကြိုး ကလာတဲ့ကောင်။ အဲဒါကြောင့် သူက ပိုင်ရှောင်ချန်းကို ရာဇသံတိမ်လွှာမှာ နေရာချခဲ့တာ။ သူက အစထဲက ငါတို့ကို ပစ်မှတ်ထားနေခဲ့တာပဲ "
" ဟုတ်တယ်။ ပိုင်ရှောင်ချန်းကို ရာဇသံမိုးကြိုး ကိုပို့ကြ။ ရာဇသံတိမ်လွှာကို ဒီဒုက္ခနွံတောထဲက ထုတ်ပေးကြစမ်း။ ငါတို့ရဲ့ စစ်နတ်ဘုရားမှာ လက်မတစ်ချောင်း မရှိတော့ဘူးကွ "
ရာဇသံတိမ်လွှာမှ ဂိုဏ်းသားများမှာ အလွန်ဒေါသထွက်နေကြပြီး ခဏအကြာတွင် ထိုကဲ့သို့အလားတူ အော်ဟစ်သံများ ပတ်ဝန်းကျင်တစ်ခွင် ပွက်ပွက်ညံနေတော့သည်။
ဖုန်းချန်မှာ လူတိုင်း၏စကားကိုကြားလိုက်ရသောအခါ သူ၏မျက်နှာအမူအရာအရာ အလွန်အရုပ်ဆိုးသွားပြီး ပိုင်ရှောင်ချန်းအပေါ်ထားရှိသည့် သူ၏အမုန်းတရားများမှာ ပို၍ကြီးထွားလာတော့သည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးက ထိုရှေ့မတိုးသာ၊ နောက်မဆုတ်သာအခြေအနေကို ကြားသိလိုက်ရသောအခါ သက်ပြင်းချလိုက်ပြီး နှာခေါင်းကို ပွတ်မိလိုက်တော့သည်။ သူသည်ပင် ပိုင်ရှောင်ချန်းကြောင့် အလွန်စိတ်ရှုပ်စပြုနေပြီဖြစ်သည်။
သို့သော် ပိုင်ရှောင်ချန်း၏ ပြောစကားမှာ မှန်ကန်နေသည်မဟုတ်လော။ သူက သဘောတူညီချက်ကို မည်သည့်နည်းနှင့်မှ မဖောက်ဖျက်ခဲ့ပေ။
" ငါဘာသဘောတူညီချက်ကိုမှ မလုပ်ခဲ့သင့်ဘူး။ ဒီလိုသာဆက်သွားရင် ငါတို့တော့မဖြစ်ဘူး။ သူ့ကို တစ်ခုခုမလုပ်ဖို့ ငါတို့တားပြီဟေ့ဆိုရင် သူက ပိုကြီးတဲ့ပြဿနာတစ်ခုခုကို မရမက ရှာတဲ့ကောင်ပဲ "
နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးမှာ မျက်မှောင်ကြုတ်၍ ပိုင်ရှောင်ချန်းအား ဂိုဏ်းမှနှင်ထုတ်ရန် တွေးတောလိုက်သေးသည်။ သို့သော် သူ၏အပေါ်တွင် ချမှတ်ထားသည့် တားမြစ်ချက်များကြောင့် အကယ်၍ သူတို့သာ သူ့အား ယခုအတိုင်းသွားခွင့်ပြုလိုက်ပါက မြောက်ပိုင်းမှာ အကြီးအကျယ် မျက်နှာပျက်ရမည်ဖြစ်သည်။
ထိုသို့တွေးတောလိုက်ပြီးနောက် နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီး၏မျက်ဝန်းထဲတွင် အေးစက်သောအလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွား၏။ သူသည် ရာဇသံတိမ်လွှာဆီသို့ မသွားဘဲ ဓမ္မအမိန့်တော်တစ်ခုသာ ကြေငြာလိုက်သည်။
" ယခုကစပြီး ပဋိညာဥ်လေးချက်ကနေ ငါးချက် ဖြစ်သွားပြီ။ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းထဲမှာ ပိုင်ရှောင်ချန်းက သစ်ပင်ပန်းမန်စိုက်ခွင့်၊ တိရစ္ဆာန်နဲ့သရဲတွေ မွေးခွင့် မရှိဘူး။ လက်နက်ပစ္စည်းပြုလုပ်ခွင့်နဲ့ ဆေးလုံးတွေဖော်စပ်ခွင့်လည်း မရှိဘူး။ ဘာကိုမှ မစိုက်၊ ဘာကိုမှမသန့်စင်၊ ဘာကိုမှ မမွေးမြူ၊ ဘာဆိုဘာမှ မလုပ်ရဘူး "
သူ၏အသံမှာ မိုးခြိမ်းသံတစ်သံအလား ပဲ့တင်ထွက်လာသဖြင့် တစ်ဂိုဏ်းလုံးသို့ ပြည့်နှက်သွား၏။ သို့သော် ရာဇသံတိမ်လွှာမှ ကျင့်ကြံသူများနှင့် နတ်အဆင့်ကျင့်ကြံသူများမှာ ယခင်ကကဲ့သို့ မပြုမူကြတော့ပေ။ သူတို့မှာ စိတ်ပူနေကြပြီး သဘောတူညီချက်ထဲတွင် ဆဋ္ဌမမြောက် ပညတ်ချက်နှင့် သတ္တမမြောက် ပညတ်ချက်တို့ မည်သည့်အချိန်တွင် ထပ်ထည့်ရမည်နည်းဟု တွေးပူနေကြတော့သည်။
ပိုင်ရှောင်ချန်းက ထိုသဘောတူညီချက်၏ အားနည်းချက်တစ်ခုကို ရှာတွေ့သွားသည့်အချိန်တိုင်း သူတို့ ဒုက္ခရောက်ရမည်ဖြစ်သည်။ နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက သူတို့အားလုံးအား သတ်၍ ကောင်းကင်တံတားမြောက်ပိုင်းဒေသရှိ အရာအားလုံးကို ဖျက်စီးပစ်မည့် ပုံရိပ်ကြီးကိုပင် တွေးတောနေမိတော့သည်။
မြောက်ပိုင်းသားများမှာ နတ်ဘုရားတစ်ပိုင်းခေါင်းဆောင်ကြီး၏ ဓမ္မအမိန့်တော်ကိုသဘောမကျသလို ပိုင်ရှောင်ချန်းမှာလည်း ထိုနည်းတူပင်။ ပိုင်ရှောင်ချန်း၏အမြင်တွင် အနှီမြောက်ပိုင်းသားများမှာ တရားလွန်လွန်းနေသည်။ သူတို့က သဘောတူညီချက်တွင် မည်သည့်မျက်နှာဖြင့် အခြားပညတ်ချက်တစ်ခု ထပ်၍ပေါင်းထည့်လိုက်ပါသနည်း။
သူသည် အံကြိတ်လိုက်ပြီး ထပ်၍စွန့်စားရန် ဆုံးဖြတ်လိုက်တော့သည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးက သူ့အားဂိုဏ်းမှ နှင်ထုတ်စေလိုသော ရည်ရွယ်ချက်ဖြင့် စကားပြောရန် ပါးစပ်ဟလိုက်လေသည်။
သို့သော် ထိုအချိန်တွင် ဒုတိယမြောက် ဓမ္မအမိန့်တော်တစ်ခု ထွက်ပေါ်လာပြန်သည်။
" ကောင်းကင်တံတား အထူးအစောင့် ပိုင်ရှောင်ချန်း။ မင်း သဘောတူညီချက်ကို မဖောက်ဖျက်ခဲ့ပေမဲ့ ရာဇသံတိမ်လွှာ ရဲ့ အခြေခံအုတ်မြစ်ကို ထိခိုက်အောင် ပြုလုပ်ခဲ့တယ်။ ဒီပြစ်မှုကြောင့် သေဒဏ်မကျနိုင်ပေမဲ့လို့ အခြားပြစ်ဒဏ်တွေကနေတော့ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ သူ့ကို မိုးကြိုးအကျဥ်းထောင်ထဲမှာ ချုပ်နှောင်လိုက်ကြစမ်း။ ကောင်းကင်တံတား တမန်တော် မထွက်ခွာခင်အချိန်အထိ သူ့လွတ်လပ်မှုအားလုံးကို ကန့်သတ်လိုက်တယ်။ သူက အမိန့်ကို မနာခံဘူးဆိုရင် သူ့ကိုသတ်ပစ် "
ပိုင်ရှောင်ချန်းမှာ ကာကွယ်ပြောဆိုရန် ကြိုးစားလိုက်ပါသော်လည်း ထိုဓမ္မအမိန့်တော် ဂိုဏ်းတစ်ဂိုဏ်းလုံးသို့ ပျံ့နှံ့သွားသည့်အခိုက်အတန့်တွင် သလင်းကျောက်ခေါင်းတလားထဲမှ စွမ်းအားတစ်ခု ထိုးထွက်လာ၏။ ၎င်းမျာ ဧရာမလျှပ်စီးလက်ကြီးတစ်ဖက်အသွင် ပြောင်းလဲသွားပြီး သူ့အားဖမ်းဆုပ်၍ ရေတံခွန်၏ အခြားတစ်ဖက်ရှိ အနက်ရောင် တိမ်တိုက်ပေါ်သို့ အားဖြင့်လှမ်းပစ်လိုက်တော့သည်။
နတ်အဆင့်ကျင့်ကြံသူများမှာ အလွန်စိတ်လှုပ်ရှားနေကြသည်။ ဖုန်းချန်မှာ အဆိုးဆုံးပင်။ ပိုင်ရှောင်ချန်း၏ ကံကြမ္မာကို သိလိုက်ရသောအခါ အပျော်ကြီးပျော်သွားကြသည့် သာမန်ကျင့်ကြံသူများဆိုလျှင် ဖော်ပြနေစရာတောင် မလိုတော့ပေ။
" နောက်ဆုံးတော့ သူထွက်သွားခဲ့ပြီပဲ "
" နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတွေတောင် မိုးကြိုးအကျဥ်းထောင်ထဲရောက်ရင် နှိပ်စက်ခံရတာ။ ပိုင်ရှောင်ချန်းကတော့ ကိုယ်သေတွင်းကိုယ်တူးလိုက်တာပဲ "
" ဒီလိုပဲ ဖြစ်နေရမယ်လေ "
ရာဇသံတိမ်လွှာတွင် ပျော်ရွှင်မြူးထူးနေသည့် အသံများဖြင့်ပြည့်နေကြပြီး နတ်အဆင့်ကျင့်ကြံသူများအားလုံး စိတ်သက်သာရာ ရသွားသည့်အလား သက်ပြင်းချလိုက်ကြပြီး အနက်ရောင် လျှပ်စီးတိမ်တိုက်အား လှမ်းကြည့်လိုက်ကြတော့သည်။
လျှပ်စီးတိမ်တိုက်သခင်အမြွှာသခင်နှစ်ယောက်၏ မျက်ဝန်းထဲတွင် အထင်သေးသည့် အရိပ်အယောင်တစ်ခု ဖျတ်ခနဲလက်သွားသည်။
" သူ့ဆီမှာ ဘယ်လိုပဲ ကောင်းကင်ကိုပြောင်းပြန်လှန်ပစ်နိုင်တဲ့ စွမ်းရည်တွေရှိနေပါစေ။ မြောက်ပိုင်းရောက်ရင်တော့ ဦးညွှတ်ကိုညွှတ်ရမယ်ကွ "
ထိုအခါမှသာ သလင်းကျောက်ခေါင်းတလားထဲရှိ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးမှာ စိတ်သက်သာရာရသွားပြီး သက်ပြင်းချနိုင်တော့သည်။ ရာဇသံမိုးကြိုးပေါ်ရှိ အမည်းရောင်တိမ်တိုက်ကြီးအား လှမ်းကြည့်၍ သူသည် မြောက်ပိုင်းကို မျက်နှာမပျက်စေရန် ကယ်တင်နိုင်လိုက်ပြီဖြစ်ကြောင်း ယုံကြည်သွားတော့သည်။ ထို့အပြင် ပိုင်ရှောင်ချန်းမှာ မိုးကြိုးအကျဥ်းထောင်ထဲတွင် မည်သည့်ပြဿနာမှ ရှာနိုင်မည်မဟုတ်ဟု သူက ယုံကြည်ထားသည်။
အဆိုးရွားဆုံးသော အကျဥ်းသားများကိုသာ မိုးကြိုး အကျဥ်းထောင်တွင် အကျဥ်းချလေ့ရှိသည် မဟုတ်လော။ ထိုထောင်မှာ လူပြည့်မနေတတ်သော်လည်း နတ်အဆင့်ကျင့်ကြံသူများပင်မဆိုထားဘိ အတွင်းတွင် ချုပ်နှောင်ခံထားရသော နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူများပင် အဆုံးမဲ့လောက်အောင် နှိပ်စက်ခံရပေသည်။
" နောက်ဆုံးတော့လည်း အေးအေးချမ်းချမ်းပြန်ဖြစ်တော့မှာပဲ "
နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးမှာ မျက်လုံးများ မှိတ်လိုက်တော့သည်။