ဟေ့ကောင်၊ အမ်....
Vol. 10 Ch. 963
ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းတွင် ဖြူဆွတ်နေသည့် ရာဇသံတိမ်လွှာကို ကိုင်မြှောက်ထားသော ရေခဲရုပ်ထုကြီးတစ်ခုနှင့် မည်းနက်နေသည့် ရာဇသံမိုးကြိုးကို ကိုင်မြှောက်ထားသော ရေခဲရုပ်ထုကြီးတစ်ခုဟူ၍ စုစုပေါင်း နှစ်ခုရှိသည်။
ယခုတွင် ရာဇသံမိုးကြိုးကို တည်ဆောက်ထားသည့် အနက်ရောင်တိမ်တိုက်ကြီးထဲမှ စူးရှကျယ်လောင်သော အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်နေသည်။ ထိုအသံပိုင်ရှင်မှာကား ပိုင်ရှောင်ချန်းပင် ဖြစ်၏။
" မြောက်ပိုင်းကို မုန်းတယ်ဟေ့ "
ထိုအော်ဟစ်သံထဲတွင် နာကျည်းမှုများနှင့် ဖီဆန်လိုမှုများ အပြည့်ပါဝင်နေသည်။ သို့သော် သူ မည်မျှပင် ကျယ်လောင်စွာအော်ဟစ်နေစေကာမူ သူ၏အသံမှာ သူ သုံးရက်တိတိ အကျဥ်းချခံထားရပြီဖြစ်သော မိုးကြိုးအကျဥ်းထောင်အပြင်သို့ ထွက်မသွားနိုင်ပေ။
သူသည် မျှော်လင့်ချက်များ ကင်းမဲ့နေပြီဖြစ်သည်။ အနက်ရောင်တိမ်တိုက်ကြီး၏ နက်ရှိုင်းလှသောနေရာတစ်ခုတွင် သူ့အား အချုပ်အနှောင် မန္တန်အလွှာပေါင်းများစွာက ဝန်းရံထားပြီး သူ ဟိုဟိုသည်သည်လှုပ်ရှားနိုင်ရန်အတွက် မီတာသုံးဆယ်ခန့်သာရှိသော ထောင်ခန်းငယ်လေးတစ်ခုကိုသာ ဖန်တီးပေးထားသည်။
ထိုထောင်ခန်း၏အလွန်တွင် ရေတွက်၍မရနိုင်သော လျှပ်စီးတန်းပေါင်းများစွာရှိနေပြီး ထိုလျှပ်စီးတန်းတစ်တန်းစီမှာ လက်မောင်းတစ်ဖက်နီးနီး တုတ်ခိုင်ကာ ဖျက်စီးနိုင်စွမ်းများ အမြောက်အမြားပါဝင်နေသဖြင့် ပိုင်ရှောင်ချန်း၏မျက်နှာဖြူဆုတ်နေ၏။
" သက်သက်မဲ့ အနိုင်ကျင့်တာပဲ "
သူက အမှောင်ထုကြီးနှင့် လျှပ်စီးတန်းများကို ထိုင်ကြည့်၍ တတွတ်တွတ်ရွတ်နေတော့သည်။ ကောင်းကင်ကြီးအား အော်ခေါ်ကာ ငရဲပြည်အား ကျိန်ဆဲနေပါသော်လည်း အနည်းငယ်မျှပင် မထူးခြားပေ။ ပိုင်ရှောင်ချန်း၏ စိတ်ထဲတွင် ယခုဖြစ်ရပ်မှာ သူ့ဘဝတွင် ကြုံတွေ့ခဲ့ရသမျှအနက် ကံအဆိုးဆုံးဖြစ်သည်ဟု တွေးတောနေတော့သည်။
" ဘာမှ အဓိပ္ပါယ်မရှိဘူး။ ပဋိညာဥ်သုံးချက်၊လေးချက်၊ ငါးချက်၊ အဲ့လောက်ထိ ငါသည်းခံနိုင်သေးတယ်။ ဒါပေမဲ့ ငါ့ကိုတကယ်ကြီးအကျဥ်းချထားတာကိုတော့ မယုံကြည်နိုင်လောက်အောင်ပဲ "
သူသည် ရူးသွပ်လုမတတ် ဖြစ်နေပြီး ဤအခြေအနေအားဖြေရှင်းနိုင်မည့် အသုံးဝင်သော နည်းလမ်းတစ်ခုတစ်လေကိုပင် မတွေးတောနိုင်လောက်အောင် ဖြစ်နေတော့သည်။
သူသည် ထွက်ပြေးရန်မစွမ်းနိုင်သည်သာမက နာရီအနည်းငယ်ခြားတိုင်း လျှပ်စီးများမှာ သူ၏ထောင်ခန်းပတ်ပတ်လည်တွင် စုဝေးလာကြပြီး သူ့အား တရဆက်တိုက် ပစ်ခတ်နေကြသေးသည်။
ထိုတုန်လှုပ်ခြောက်ခြားဖွယ် လျှပ်စီးများကို တုံ့ပြန်ရန်တစ်နည်းသာရှိပြီး ၎င်းမှာ သူ၏ကျင့်ကြံခြင်းအခြေခံ စွမ်းအားများကို ထုတ်ဖော်ရန်သာဖြစ်သည်။ သို့သော်လည်း မိုးကြိုးအကျဥ်းထောင်ကို ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏ စိတ်စွမ်းအင်များထံမှ ဖြတ်တောက်ထားသဖြင့် နောက်ဆုံးတွင် ပိုင်ရှောင်ချန်းက လျှပ်စီးများကို တွန်းလှန်ရင်း အင်အားကုန်ဆုံးသွားမည်သာဖြစ်သည်။
" ငါဘာလုပ်ရတော့မှာတုံး "
သူက သက်ပြင်းချလိုက်တော့သည်။ ယခုတွင် သူ၏အဓိကမျှော်လင့်ချက်မှာ တုလင်ဖေးက သူမ၏တာဝန်ကို မြန်မြန်အဆုံးသတ်၍ သူ့အားလာရောက် လွှတ်ပေးရန်သာဖြစ်သည်။
" ငါဒါကို တစ်သက်လုံးမှတ်ထားမှာနော် မြောက်ပိုင်းသားတွေ "
သူက ကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။
" မင်းတို့တွေ စောင့်နေဦးပေါ့။ ငါနတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်လာရင် လက်စားချေပြမယ် "
ထိုသို့ကြိမ်းဝါးကာ သူသည် မခံမရပ်နိုင်တော့သဖြင့် အော်ဟစ်လိုက်တော့သည်။
သို့သော် သူ ထိုသို့ကြိမ်းဝါးလိုက်စဥ်တွင် သူ၏ဘေးဘက် တစ်နေရာမှ ငေါ့တော့တော့ရယ်မောသံတစ်သံကို ကြားလိုက်ရသည်။
" နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်ရင် ဟုတ်လား။ အဲဒီအခါကျရင်တောင် မင်းလက်စားချေနိုင်မှာ မဟုတ်ပါဘူး "
" ဘယ်ကောင်တုံးကွ "
ပိုင်ရှောင်ချန်းက ဘေးဘီဝဲယာကိုလှည့်ပတ်ကြည့်၍ မေးလိုက်သည်။ သူ ထောင်ခန်းထဲသို့ ပစ်ထည့်ခံလိုက်ရစဥ်က သူ၏နတ်ဘုရားအာရုံများမှာ ချုပ်တည်းခံလိုက်ရသော်လည်း သူ၏သာမန်အာရုံခံနိုင်စွမ်းများမှာမူ အကောင်းအတိုင်းပင်။ သို့သော် လွန်ခဲ့သောသုံးရက်တာအတောအတွင်း သူ၏အနီးအနားတွင် အခြားမည်သည့် သက်ရှိလက္ခဏာများကိုမှ အာရုံမခံမိခဲ့ပေ။
သူသည် သတိကြီးကြီးထား၍ ဘေးဘီဝဲယာသို့ လှည့်ပတ်ရှာဖွေနေစဥ် ဘေးဘက်ရှိ တိမ်တိုက်များမှာ တလိပ်လိပ်ထသွားပြီးနောက် တဖြည်းဖြည်းနှင့် အလင်းထိုးဖောက်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသဖြင့် မီတာသုံးရာခန့် အကွာတွင်ရှိနေသော အခြားထောင်ခန်းတစ်ခန်းကို မြင်လိုက်ရသည်။
၎င်း၏အကျယ်မှာလည်း မီတာသုံးဆယ်သာရှိပြီး မရေမတွက်နိုင်သော အချုပ်အနှောင်မန္တန်များစွာနှင့် ဖွဲ့စည်းထားသည်။ သူ၏ထောင်ခန်းကဲ့သို့ပင် ထိုအခန်း၏ပတ်ပတ်လည်တွင် တလက်လက်ထနေသည့် လျှပ်စီးတန်းများရှိနေပြီး ၎င်းတို့မှာ ရံခါဖန်ခါ ထောင်ခန်းထဲသို့ဝင်သွားကြပြီး တင်ပျဥ်ခွေထိုင်နေသည့် ပိန်လှီနေသော လူရိပ်ကြီးတစ်ခုအား ပစ်ခတ်နေကြသည်။
ထိုလူရိပ်ကြီးမှာ ချုပ်ကြောင်းများပေါ်နေသည့် အဝတ်အစားများကို ဆင်မြန်းထားသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။ သူသည် အရိုးပေါ်အရေတင်ဖြစ်နေပြီး သူ၏အငွေ့အသက်မှာလည်း အလွန်အားနည်းနေ၏။ လျှပ်စီးတန်းများ သူ့အား ပစ်ခတ်နေသည့်အချိန်တိုင်း သူ အနည်းငယ်မျှ တုန်ရီသွားပါသော်လည်း သူ၏အမူအရာမှာ လုံးဝပြောင်းလဲမသွားပေ။ ထိုလျှပ်စီးတန်းများ၏ ရုပ်ပိုင်းဆိုင်ရာ နှိပ်စက်ညှဥ်းပန်းမှုဒဏ်ကို သူ မရပ်တန့်နိုင်ပါသော်လည်း သူ၏အသိစိတ်မှာ ထိုနာကျင်မှုကို ဟိုးယခင်ထဲက ကျင့်သားရနေသည့်ပုံစံပင်။
ယခုတွင် သူ၏လက်က ဒူးခေါင်းပေါ်သို့ ပြန်ရောက်သွား၏။ အချုပ်အနှောင်မန္တန်များပင်လျှင် သူ၏စိတ်ဆန္ဒကို အပြည့်အဝမထိန်းချုပ်နိုင်သဖြင့် သူ၏ပတ်ပတ်လည်ရှိ တိမ်တိုက်များအား ထိန်းချုပ်နိုင်သည့် အခြေခံစွမ်းရည်ကို ခွင့်ပြုထားရသည့်ပုံစံပင်။
ပိုင်ရှောင်ချန်းက ထိုအဘိုးကြီး၏ မျက်ဝန်းများထဲသို့ ကြည့်မိလိုက်သောအခါ သူ၏မျက်လုံးများကို ဓားဖြင့်ထိုးနှက်နေသည့်အလား ခံစားလိုက်ရသဖြင့် ပင့်သပ်ရှိုက်သွားရသည်။
" ဒီမှာငါပြောမယ် ကလေး။ ငါက နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ပဲ။ အဲဒါတောင် ဒီမှာပိတ်မိနေတုံး။ အဲဒီတော့ ငါအကြံပေးချင်တာက မင်းစောစောက ကျိန်ဆိုထားတဲ့ သစ္စာကိုပြောင်းလိုက်ရင်ကောင်းမယ်။ ကောင်းကင်ဧကရာဇ်တစ်ယောက်ဖြစ်ရင်ဆိုပြီး ပြောင်းရင်ပြောင်းလိုက်ပါလား "
ထိုလူကြီးမှာ ပြုံးဖြဲဖြဲလုပ်လိုက်သောအခါ သူ၏ဝါညစ်ညစ်သွားများကို လျှပ်စီးတန်းများက အလင်းပေးသလို ဖြစ်သွားသည့်မြင်ကွင်းကြီးမှာ ကြောက်မက်ဖွယ် ကောင်းလွန်းလှသဖြင့် ပိုင်ရှောင်ချန်းမှာ တုန်ရီသွားတော့သည်။
" ငါဒီထဲကို ရောက်နေတာ နှစ်နဲ့ချီနေပြီ "
ထိုလူကြီးက ဆက်ပြောလိုက်သည်။
" ငါမင်းကို ပြောနိုင်တာတစ်ခုက ဒီထဲမှာ ချုပ်နှောင်ခံခဲ့ရတဲ့ လူတွေက ကြာကြာခံလေ့မရှိကြဘူးဆိုတာပဲ။ အခုမှ သတိရတယ်။ ဒီထဲကို လူသစ်မရောက်လာတာတောင် တော်တော်ကြာခဲ့ပြီပဲ "
" လာဒီကိုလာ ကလေး။ မင်း ကတတ်လား။ ငါ့အတွက် ညှို့အားပြင်းပြင်းနဲ့ တစ်ကွက်လောက် ကပြကွာ။ ငါသဘောကျရင် ဒီနာကျင်မှုကို ဖြေရှင်းနိုင်မဲ့ လျှို့ဝှက်မှော်အတတ်တစ်ခု မင်းကို သင်ပေးမယ်။ "
အဘိုးကြီးမှာ ထူးဆန်းစွာတောက်ပနေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းအား ခေါင်းအစခြေအဆုံး အကဲခတ်လိုက်ပြီး ရယ်မောလိုက်၏။
ပိုင်ရှောင်ချန်းမှာ ထိုလူကြီး၏ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် အံ့အားသင့်နေခဲ့ရပါသော်လည်း ယခုတွင် သူ၏စိတ်အခြေအနေမှာ ပုံမှန်ပြန်ဖြစ်သွားပြီဖြစ်သည်။ ထိုအဘိုးကြီးမှာလည်း သူကဲ့သို့ ချုပ်နှောင်ခံခဲ့ရပြီးနောက် အနည်းငယ်ပို၍ ရဲတင်းလာသည်ဖြစ်ကြောင်း သူကသိလိုက်သည်။
သူက ထိုလူကြီးအားစိုက်ကြည့်၍ ဆိုလိုက်သည်။
" ပါးစပ်ပိတ်ထားစမ်း အဘိုးကြီး။ ကျုပ်က အရင်တုံးက ထောင်စောင့်တစ်ယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတယ်။ ခင်ဗျားလိုမျိုး ထောင်သားတွေကို ကြမ်းသုတ်ဝတ်လိုလုပ်ခဲ့တာ "
သူက အေးစက်စက်နှာမှုတ်လိုက်ပြီး မေးငေါ့ကာ အကြည့်လွှဲလိုက်တော့သည်။
ထိုအခါ အဘိုးကြီးမှာ အားပါးတရ ရယ်မောလိုက်သည်။
" ခေါင်းမာတဲ့ကောင်ပါလားကွ။ မင်းလိုမျိုး မြီးကောင်ပေါက်လေးတွေကို ငါအရမ်းသဘောကျတာ။ မင်းသိလား လွန်ခဲ့တဲ့နှစ်ပေါင်းသုံးထောင်တုံးက ဒီနေရာမှာ ချုပ်နှောင်ခံခဲ့ရတဲ့ ခေါင်းမာမာကောင်ပေါက်စလေးတစ်ကောင် ရှိတယ်။ သူကတော့ တစ်လပဲခံလိုက်ပြီးတော့ ငါ့လျှို့ဝှက်မှော်အတတ်ကိုလိုချင်လို့ ငါ့ရှေ့မှာ ကွေးနေအောင်ကပြခဲ့တာ။ မင်းအဆင်သင့်ဖြစ်တဲ့အချိန်ကို ငါစောင့်နေပါ့မယ် "
သူ၏ဘဝထဲသို့ ပိုင်ရှောင်ချန်းယူဆောင်လာခဲ့သည့် အပိုဆောင်းပျော်ရွှင်စရာလေးကြောင့် သူက အလွန်ကျေနပ်ဟန်တူသည်။
ပိုင်ရှောင်ချန်းမှာ ထိုလူကြီး၏ အကြည့်နှင့်ရယ်မောသံများကြောင့် အလွန်စိတ်အနှောင့်အယှက်ဖြစ်နေရပြီဖြစ်သည်။ သူက ထိုအဘိုးကြီးအား တစ်ချက်လောက် ကောင်းကောင်းပြူးကြည့်လိုက်ပြီးနောက် လျစ်လျူရှုလိုက်၏။ တုလင်ဖေးက သူမ၏တာဝန်အား ပြီးမြောက်သည့်အချိန်ကို စောင့်ဆိုင်းရန်သာလိုအပ်ပြီး ထိုအချိန်ရောက်လျှင် သူမသည် ဤဂိုဏ်းသို့ပြန်ရောက်လာပြီး သူ့အားကယ်ထုတ်နိုင်မည့် နည်းလမ်းတစ်ခုကို တွေးတောပေးမည် မဟုတ်ပါလော။
နှစ်နာရီခန့်ကုန်ဆုံးသွားပြီးနောက် သူ၏ထောင်ခန်းပတ်ပတ်လည်ရှိ လျှပ်စီးတန်းများ တဖြည်းဖြည်း စုဝေးလာကြပြီး သူ၏ပတ်ပတ်လည်တွက် မိုးကြိုးမုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားသည်။
ထိုမိုးကြိုးမုန်တိုင်းကြီး ပစ်ခတ်လိုက်သောအခါ သူသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားများကိုထုတ်၍ သူ့ကိုယ်သူ ကာကွယ်လိုက်သည်။ ထိုလျှပ်စီးတန်းအားလုံးကို မြင်ရသည်မှာ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလှသည်။ လျှပ်စီးတန်းတစ်တန်းစီတွင် ပါဝင်နေသည့် ဖျက်စီးနိုင်သောစွမ်းအားမှာ စိတ်ပူစရာ မရှိပါသော်လည်း သူ မြင်ရသရွေ့ ထိုသို့သောလျှပ်စီးတန်းပေါင်း ထောင်သောင်းများစွာ ရှိနေသည်။
ထိုအခိုက်အတန့်တွင် သူတစ်ယောက်တည်းသာ ထိုလျှပ်စီးတန်းများနှင့် ရင်ဆိုင်နေရသည်မဟုတ်ပေ။ အဘိုးကြီးမှာလည်း အပစ်ခံလိုက်ရသည်။ သို့သော် ထိုအဘိုးကြီး၏ အမူအရာမှာ ထိုသို့ပစ်ခံလိုက်ရပါသော်လည်း ပြောင်းလဲသွားခြင်းမရှိပေ။ သူသည် ပိုင်ရှောင်ချန်းအား မကောင်းကြံလိုသောအကြည့်များဖြင့် ပြည့်နှက်နေသည့် မျက်ဝန်းများနှင့်သာ ကြည့်နေတော့သည်။
" မင်းမှာ အခုလောလောဆယ် စိတ်စွမ်းအားကျန်နေသေးတော့ မင်းကိုယ်မင်း ကာကွယ်နိုင်ဦးမှာပဲ။ ဒါပေမဲ့ နောက်ဆယ်ရက်လောက်နေရင် မင်းရဲ့စွမ်းအားတွေကုန်သွားလိမ့်မယ်။ အဲဒီအခါကျမှ မင်း အရသာကောင်းကောင်း သိရလိမ့်မယ် "
" ဒီလျှပ်စီးတန်းတွေရဲ့ စွမ်းအားက အချိန်နဲ့အမျှ တိုးပွားလာတာကိုရော မင်းသိလား။ နောက်ဆုံးရောက်ရင် ကောင်းကင်နဲ့ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး နာကျည်းမှုပေးစွမ်းနိုင်တဲ့အဆင့်အထိ ရောက်သွားမှာ "
အဘိုးကြီးမှာ စကားများပြောရင်း အသားများတုန်ရီနေပါသော်လည်း သူ၏စကားသံမှာ ပြောင်းလဲသွားခြင်းမရှိပေ။
" ငါ့နားထဲမှာ နားဝင်အချိုဆုံးအသံကဘာလဲ မင်းသိလား။ မိုးကြိုးပစ်ခံရတဲ့လူတွေရဲ့ အော်ဟစ်သံတွေပဲကွ။ ငါက မျက်လုံးလေးမှိတ်ပြီး အဲဒီအသံရဲ့ အလှတရားထဲမှာ နစ်မြောရုံပဲ "
သူသည် စုတ်တသပ်သပ်လုပ်နေပြီး ယုတ်မာမှုများ တရိပ်ရိပ်ထင်ဟပ်နေသည့် မျက်ဝန်းများဖြင့် ပိုင်ရှောင်ချန်းအား ကြည့်နေတော့သည်။
ပိုင်ရှောင်ချန်းမှာ ထိုအဘိုးကြီးအား အာရုံထဲထားရန် ဆန္ဒမရှိပေ။ မိုးကြိုးများမှာ တစ်နာရီတိတိ သူ့အားပစ်ခတ်သွားပြီး နောက်ဆုံးတွင် ပျောက်ကွယ်သွားသည်။ ထိုအတောအတွင်း သူသည် စိတ်စွမ်းအား အမြောက်အမြားကို ဆုံးရှုံးလိုက်ရသည်။
သူ့မှာ ခုနစ်ဆယ် ရာခိုင်နှုန်းမျှသာ ကျန်ရှိနေတော့သဖြင့် သူ၏မျက်နှာပေါ်တွင် အရုပ်ဆိုးသော အမူအရာတစ်ခု ပေါ်ထွက်လာတော့သည်။
" ဒီလိုဆိုရင်တော့ မဖြစ်သေးဘူး "
သူသည် လျှပ်စီးတန်းများအားလုံးကို စိုးရိမ်တကြီး လှည့်ပတ်ကြည့်ရှုလိုက်သည်။ အနည်းငယ်မျှ တွက်ချက်လိုက်ပြီးနောက်တွင် သူ၏စိတ်စွမ်းအားမှာ ဆယ်ရက်အတွင်း အမှန်တကယ်ကုန်ဆုံးသွားမည်ဖြစ်ကြောင်း သိလိုက်ရသည်။
သူ၏အပြင်ခန္ဓာကိုယ်ကို သူကအပြည့်အဝယုံကြည်ထားပါသော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်တွင်ရှိသော အနှီအဘိုးကြီးပင်လျှင် ယခုကဲ့သို့ စုတ်ပြတ်သပ်နေသဖြင့် သူသည်လည်းတောင့်ခံနိုင်မည်မဟုတ်ကြောင်း တွေးပူနေမိတော့သည်။
ငါးရက်တိတိ ကုန်ဆုံးသွားသည်။ မိုးကြိုးများပစ်သည့်အခါတိုင်း သူ၏စိတ်စွမ်းအားများမှာ ပို၍နည်းပါးသွားရပြီး အဘိုးကြီး၏ စူးစူးဝါးဝါး ရယ်မောသံများမှာ ပို၍ကျယ်လောင်လာတော့သည်။
ပိုင်ရှောင်ချန်းမှာ အလွန် မခံမရပ်နိုင်လောက်အောင် ခံစားနေရသည်။ ဆဋ္ဌမမြောက်နေ့ရက်တွင်မူ သူသည် ရုတ်တရက် နီမြန်းနေသည့် မျက်ဝန်းများဖြင့် မော့ကြည့်လိုက်ပြီး ပတ်ပတ်လည်ရှိ လျှပ်စီးတန်းများကို စိုက်ကြည့်နေလိုက်တော့သည်။
သူသည် နည်းလမ်းအမျိုးမျိုး စဥ်းစားခဲ့ပါသော်လည်း တစ်ခုတစ်လေပင် အလုပ်မဖြစ်ခဲ့ပေ။ ထို့ကြောင့် သူ့ထံတွင် ရွေးချယ်စရာ တစ်ခုသာ ကျန်တော့သည်။
" ကောင်းကင်တံတား ပင်လယ်ပေါ်မှာတုံးက ေကာင်းကင်ပြစ်ဒဏ်တိမ်တိုက်တွေကို အစ်ကိုကြီး ကျော်ဖြတ်ခဲ့ရတုံးက ငါက အဲဒီတိမ်တိုက်ကို ဝါးမျိုခဲ့တာပဲ။ အဲဒီတိမ်တိုက်ထဲမှာလည်း လျှပ်စီးတန်းတွေပါနေခဲ့တာ။ ပြီးတော့ အဖျက်စွမ်းအားတင်မဟုတ်ပဲ သက်စောင့်အားလည်း ပါဝင်နေခဲ့တာလေ "
" အဲဒီတုံးက ငါ့တပည့်က ငါ့ကိုကူညီနေတယ်ဆိုတာ သေချာတယ်။ အဲဒီေတာ့ ဒီနေရာမှာလည်း အဲဒီလိုလုပ်နိုင်မယ်လို့ တပ်အပ်ပြောလို့မရဘူး "
အချိန်အနည်းငယ်မျှ တွေဝေနေပြီးနောက် လျှပ်စီးတန်းများမှာ မုန်တိုင်းတစ်ခုအသွင် ပြောင်းလဲသွားနေသည်ကို မြင်လိုက်ရသဖြင့် သူကအံကြိတ်လိုက်တော့သည်။
" စမ်းကြည့်ရမှာပဲ "
သူသည် မတ်တတ်ထရပ်လိုက်ပြီး သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်ဖော်လိုက်သည်။ ၎င်းမှာ သူ့ကိုယ်သူကာကွယ်ရန်တော့ မဟုတ်ပေ။
လျှပ်စီးတန်းထောင်သောင်းများစွာ ဝဲဂယက်ထ၍ ဧရာမမုန်တိုင်းကြီးတစ်ခုအသွင် ပြောင်းလဲသွားပြီး သူ၏ထောင်ခန်းထဲသို့ဖောက်ဝင်လာကာ သူ၏ရှေ့သို့ရောက်ရှိလာသည်။ ၎င်းက သူ့အားပစ်ခတ်တော့မည့်အချိန်တွင် သူသည် အော်ဟစ်လိုက်ပြီး ပါးစပ်ဟ၍ အသက်ရှူသွင်းလိုက်တော့သည်။
အစပိုင်းတွင် ထိုအဘိုးကြီးမှာ ဆွံ့အသွားပြီးနောက် လှောင်ပြောင်သည့်လေသံဖြင့် အော်ဟစ်ရယ်မောလိုက်တော့သည်။
" လျှပ်စီးကို ဝါးမျိုလို့ရမယ်ထင်နေတဲ့ နောက်ထပ်အရူးတစ်ကောင်ပဲ။ သေချင်နေတယ်ပေါ့၊ ဟုတ်လား။ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာတုံးက ငါက ငါ့ကိုယ်ငါ လျှပ်စီးဘိုးဘေးကြီးလို့နာမည်တပ်ခဲ့တာ။ ပြီးတော့ ငါက မြောက်ပိုင်းရဲ့ တစ်ဦးထဲသော နတ်ဘုရားတစ်ပိုင်းအဆင့် ဝရမ်းပြေးကွ။ ဒါပေမဲ့ ငါတောင်မှ လျှပ်စီးတန်းတွေကို မဝါးမျိုရဲခဲ့ဘူး။ ငါဒီမှာရှိနေခဲ့တဲ့ နှစ်ပေါင်းများစွာတစ်လျှောက်မှာ အဲဒီလိုဝါးမျိုဖို့ကြိုးစားတဲ့ကောင်တွေကို အများကြီးမြင်ခဲ့ရ.... အမ်.... ဘာသဘောလဲ "
ရုတ်တရက် ထိုအဘိုးကြီး၏မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ထွက်ကျလုမတတ် ပြူးကျယ်သွား၏။
" ဟေ့ကောင်၊ မင်း...မင်း...မင်းဘာတွေလုပ်နေတာတုံး "