← Chapters

ငါ့မှာ နတ်ဘုရားသိုင်း ရှိတယ် မိတ်ဆွေလေး

Vol. 10 Ch. 964

ငါ့မှာ နတ်ဘုရားသိုင်း ရှိတယ် မိတ်ဆွေလေး

Vol. 10 Ch. 964

တဖျောက်ဖျောက်မြည်နေသည့်လျှပ်စီးများက ဝန်းရံနေသည့်တိုင် လျှပ်စီးဘိုးဘေးကြီးမှာ အလွန်အံ့သြတုန်လှုပ်သွားသဖြင့် ထခုန်မိမတတ် ဖြစ်သွားတော့သည်။

ပိုင်ရှောင်ချန်းက အသက်ရှူသွင်းလိုက်ပြီး လျှပ်စီးတန်းဆယ်ကြောင်းအား စုပ်ယူလိုက်သည်။ သူက သတိကြီးကြီးထားပြီးလုပ်နေသည့်အပြင် ၎င်းတို့ကို ရှူသွင်းပြီးနောက် နောက်ဆက်တွဲတိုက်ခိုက်မှုများမှ ကာကွယ်ရန် သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်လိုက်သည်။

ထို့နောက် ပိုင်ရှောင်ချန်းက အံ့သြတုန်လှုပ်ဖွယ်စွမ်းအားကို သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအင်လမ်းကြောင်းများထံ စီးဆင်းသွားစေပြီး လျှပ်စီးများအား အလွယ်တကူ ချေဖျက်နိုင်သည်ကို တွေ့လိုက်ရသဖြင့် ဝမ်းမြောက်သွားတော့သည်။

လျှပ်စီးတန်းဆယ်ကြောင်းက ပုံမှန်ဆယ်ရက်ကျင့်ကြံသည်နှင့် ညီမျှ၏။

သူ၏မျက်လုံးများ တဖိတ်ဖိတ်တောက်ပလာပြီး သူသည် စိတ်လှုပ်ရှားမှုများဖြင့် ရင်ခုန်နှုန်းမြန်နေပြီဖြစ်သည်။ သူက လျှပ်စီးတန်းများကို ဝေ့ကြည့်ကာ ကြောက်သည့်စိတ် စိုးစဥ်းမျှ မပေါ်တော့ဘဲ တက်ကြွနေတော့သည်။

" ငါ တကယ်လုပ်လိုက်ပြီ "

သူပ ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထိန်းညှို၍ ယခုတစ်ကြိမ်တွင် လျှပ်စီးတန်းတစ်ရာ စုပ်ယူရန် နောက်ထပ်အသက်ပြင်းပြင်းတစ်ရှိုက် ရှူသွင်းလိုက်သည်။

အတန်ငယ်ဝေးသောနေရာမှကြည့်လျှင် လျှပ်စီးတန်းကြီးများမှာ ပိုင်ရှောင်ချန်း၏ အစားခံနေရသည့်အတွက် ဟိန်းဟောက်မာန်ဖီနေသည့် စူးရှတောက်ပနေသော ဧရာမနဂါးကြီးများအလားပင်။ သူ၏ခန္ဓာကိုယ်ထဲတွင် ရက်တစ်ရာကျင့်ကြံအားထုတ်သည်နှင့် ညီမျှသည့် စိတ်စွမ်းအားများမှလာသော အက်ကွဲသံများဖြင့် ပြည့်နှက်နေသည့်အတွက် သူ့မျက်နှာမှာ ကျန်းမာရွှင်လန်းသော အရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေ၏။

ထိုစိတ်စွမ်းအားများစွာက သူ့ကို စိတ်လှုပ်ရှားမှုများဖြင့် ရင်တဒိန်းဒိန်းခုန်လာစေတော့သည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်ကို စတင်အားထုတ်လိုက်သည်။ ထိုအခါ သူ့ခန္ဓာကိုယ်တွင်း၌ လတစ်စင်း၏ ကောက်ကြောင်း လျင်မြန်စွာ ဖြစ်ပေါ်လာ၏။

ထို့အပြင် သူ၏အရှိန်အဝါသည် ယခင်ကထက်ပို၍ အားကောင်းလာတော့သည်။

လျှပ်စီးဘိုးဘေးကြီးမှာ စိတ်ကူးဖြင့်ေတွးကြည့်ရန်ပင် မဖြစ်နိုင်သော မြင်ကွင်းကြီးဖြစ်ပျက်နေသည်ကို ကြောင်တောင်တောင်မျက်နှာထားဖြင့် စောင့်ကြည့်နေလေသည်။ သူသည် မြောက်ပိုင်းတွင် ပြုစုပျိုးထောင်ခံခဲ့ရပြီး နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်သည်။ သူ ရွှေထီးဆောင်းခဲ့သော နေ့ရက်များက မိုးကြိုးလျှပ်စီးအရာ၌ သူ၏ နက်နဲသိမ်မွေ့သောကျွမ်းကျင်မှုကြောင့် သူ့ကိုယ်သူ လျှပ်စီးဘိုးဘေးကြီးဟု ခေါ်တွင်ခဲ့သည်။သို့သော် သူသည်ပင် လျှပ်စီးအား မျိုမချရဲပေ။

သူက ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းရှိ လျှပ်စီးမိုးကြိုးများသည် သာမန်ထက်ထူးကဲပြီး ကောင်းကင်နှင့်မြေကြီး၏ စိတ်ဆန္ဒ၏ ရောင်ပြန်ဟပ်ခြင်းများဖြစ်သည့် အကြောင်းကို လူတကာထက် ပိုသိသည်။ ၎င်းတို့တွင် ပါဝင်သည့် အဖျက်စွမ်းအားသည် သက်ရှိသက်မဲ့အရာအားလုံးနီးပါးကို မှုန့်မှုန့်ညက်ညက်ကြေသွားစေနိုင်သည်အထိ လုံလောက်သည်။

ထို့ကြောင့် ယခုဖြစ်ပွားနေသည့် မြင်ကွင်းကြီးက သူ့ကို ချာချာလည်သွားစေပြီး အသက်ရှူရန် ခက်ခဲသွားစေတော့သည်။

" ငါ တစ်လျှောက်လုံး မှားနေခဲ့တာလို့တော့ မပြောစမ်းနဲ့။ လျှပ်စီးက တကယ်ပဲ စားလို့ရလား "

သူသည် ရုတ်တရက် ထောင်ကျနေသည့်ကာလတစ်ခုလုံးက လိမ်ညာမှုကြီးတစ်ခုဖြစ်ခဲ့သည့်အလား သိချင်လာတော့သည်။ သူက ဖြောင့်ဖြောင့် မတွေးနိုင်တော့ဘဲ ပါးစပ်ကိုဟ၍ ဘေးပတ်လည်ရှိ လျှပ်စီးတန်းများကို ရှူသွင်းရန် ကြိုးစားလိုက်သည်။

လျှပ်စီးတန်းအနည်းငယ် သူ၏ပါးစပ်ထဲဝင်သွားချိန် သူ၏မျက်လုံးများ ပေါက်ထွက်မတတ်ဖြစ်သွားသည်။ မချိတင်ကဲအော်ဟစ်သံကြီးထွက်လာပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြင်းပြင်းထန်ထန် တုန်ခါလာပြီး သွေးများအန်လိုက်ရတော့သည်။ အချိန်အတော်လေးကြာမှသာ သူ ပြန်လည်သက်သာပြီးနောက် လျှပ်စီးတန်းတတိယအသုတ်အား ရှူသွင်းနေသည့် ပိုင်ရှောင်ချန်းအား ခါးသီးနာကြည်းမှုများဖြင့် လှမ်းကြည့်လိုက်သည်။

ဤတစ်ကြိမ်တွင် သူက လျှပ်စီးရာပေါင်းများစွာကို ရှူသွင်းနေပြီး ထိုခံစားချက်အပေါ်တွင် ပျော်ပျော်ကြီး ယစ်မူးနေသည့်ပုံပေါ်သည်။

ပိုင်ရှောင်ချန်းနှင့်သူ၏အကြားရှိ ထင်ရှားသော ခြားနားမှုက သူ၏နှလုံးသားအား အံ့သြခြင်းလှိုင်းလုံးများ ဝင်ဆောင့်သွားစေတော့သည်။ ထို့အပြင် ထိုအရာအားလုံး၏ တရားမမျှတမှုက သူ့ကို ရူးသွပ်မတတ် ဖြစ်သွားစေလေသည်။

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။မဖြစ်နိုင်တာ၊ ငါက နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူလေ။ ငါက အရင်ခေတ်ရဲ့ လျှပ်စီးဘိုးဘေးကြီးလေ "

သူက ရူးသွပ်လုမတတ် ဖြစ်နေချိန် လက်ရှိလျှပ်စီးမုန်တိုင်းကား ပျောက်ကွယ်သွားတော့သည်။

လျှပ်စီးတန်းရာချီကို စားသုံးပြီးနောက် ပိုင်ရှောင်ချန်းသည် နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်၏ ပထမအဆင့် ပြီးမြောက်လုနီးပါးဖြစ်သွားကြောင်း သိလိုက်သည်။ သူက နှုတ်ခမ်းကို သပ်၍ ထိုင်ချလိုက်ပြီး နောက်ထပ်လျှပ်စီးမုန်တိုင်းအား စိတ်အားထက်သန်စွာစောင့်လိုက်သည်။

" ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းက ငါ့ကို ကောင်းကောင်းဆက်ဆံတာပဲ။ ငါ့ကို လူအများစုအတွက် နှိပ်စက်ခံရတဲ့နေရာမှာအကျဥ်းချခဲ့ပေမယ့် ငါ့အတွက်တော့ တကယ့်ကို ဘုရားသခင်ကောင်းချီးပေးတဲ့ နေရာကြီးပဲဟေ့ "

ထိုအကြောင်းတွေးမိသည်နှင့်အမျှ နောက်ဆုံးတွင် သူက ထရပ်ပြီး အော်ကြီးဟစ်ကျယ်ရယ်သည့်တိုင်အောင် ပို၍စိတ်လှုပ်ရှားလာတော့သည်။

လျှပ်စီးဘိုးဘေးကြီးသည် ပိုင်ရှောင်ချန်းက ထိခိုက်ဒဏ်ရာ လုံးဝမရသည့်အပြင် ကျင့်ကြံခြင်းအခြေခံလည်း တိုးတက်သွားသည်ကို မြင်သောအခါ သူ့ခန္ဓာကိုယ်ထဲတွင် စိတ်လှုပ်ရှားခြင်းလှိုင်းလုံးများ မြင့်တက်လာတော့သည်။ သူက စူးရှတောက်ပသော မျက်ဝန်းများဖြင့် အော်လိုက်သည်။

" ဟေး မိတ်ဆွေလေး "

ပိုင်ရှောင်ချန်း၏မျက်ခုံးများ တွန့်ကွေးသွားပြီး လှမ်းကြည့်ကာ ပြော၏။

" ဘာများလိုချင်လို့တုံး မျောက်အိုကြီး "

လျှပ်စီးဘိုးဘေးကြီး၏မျက်နှာမှာ ပိုင်ရှောင်ချန်းကို ' မြီးကောင်ပေါက်လေး ' ဟု ခေါ်ခဲ့သည့်အတွက် အကြွေးအဖြစ် " မျောက်အိုကြီး'ဟု အခေါ်ခံလိုက်ရသောကြောင့် ရှုံ့တွသွားတော့သည်။

" အဲ ဟို….။ မိတ်ဆွေလေး၊ မင်းဘယ်လိုလုပ်လိုက်တာလဲ "

လျှပ်စီးဘိုးဘေးကြီးက မျောက်ဟုအခေါ်ခံရသည်ကို စိတ်မဆိုးသည့်အလား ဖော်ရွေ့သည့်ပုံပေါ်စေရန် ကြိုးစားလိုက်သည်။ သူက စကားပြောပြီးသည့်နောက် ပိုင်ရှောင်ချန်းအား မျှော်လင့်ချက်များဖြင့် ကြည့်ကာ ခပ်ယို့ယို့လေး ထိုင်နေ၏။

အမှန်မှာ သူသည် ဤနေရာတွင် နှစ်ပေါင်းများစွာ အကျဥ်းချခံခဲ့ရ၍ လျှပ်စီးများကြောင့် အသတ်ခံရသော လူပေါင်းများစွာကို မြင်ခဲ့ဖူးသည်။ ပိုင်ရှောင်ချန်းလုပ်ခဲ့သည့်အတိုင်း လူအချို့က လျှပ်စီးများကို ဝါးမျိုရန် ကြိုးစားခဲ့သည့်တိုင် ချွင်းချက်အနေဖြင့် အကုန်လုံးသေသွားခဲ့သည်ကို သူမြင်ခဲ့ဖူးသည်။ အခြားသူများမှာ ညှင်းပန်းနှိပ်စက်သည့်ဒဏ်ကို မခံနိုင်သဖြင့် သတ်သေသွားခဲ့ကြသည်။ ဤသည်မှာ လူတစ်ယောက်က လျှပ်စီးအား အောင်အောင်မြင်မြင်ဝါးမျိုလိုက်သည်ကို သူ ပထမဆုံး မြင်ဖူးခြင်းပင်။ ပိုင်ရှောင်ချန်းမှာ ဘေးမသီရန်မခဖြစ်သည်သာမက သူ၏ကျင့်ကြံခြင်းအခြေခံသည်လည်း ပြန်လည်သန့်စင်သွားခဲ့သည်။

" လာ လာ မျောက်အိုကြီး "

ပိုင်ရှောင်ချန်းက အင်္ကျီလက်ကို ခါယမ်း၍ ဝင့်ကြွားစွာ ပြောလိုက်သည်။

" ခင်ဗျား ကတတ်လား။ ကျုပ်ကို ညို့ချက်ပြင်းတဲ့ အကလေး ကပြဗျာ။ ကျုပ် သဘောကျရင် ခင်ဗျားကို နာတဲ့ဒဏ်ခံနိုင်အောင် ကူညီပေးနိုင်တဲ့ လျှို့ဝှက်မှော်ပညာတစ်ခု သင်ပေးမယ် "

" မင်းးး "

လျှပ်စီးဘိုးဘေးကြီးက ဒေါသတကြီးအော်လိုက်သည်။ သူသည် နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး နှစ်ပေါင်းများစွာ အကျဥ်းချခံထားရသည့်တိုင် မာနတော့ ရှိသေးသည်။ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်း၏ နတ်ဘုရားတစ်ပိုင်းအဆင့်ခေါင်းဆောင်ကြီးပင် သူ့ကို တစ်ခါမှ မရိုမသေ မဆက်ဆံခဲ့ဖူးပေ။

သို့သော် ပိုင်ရှောင်ချန်းက သူ၏ဒေါသကို တုံ့ပြန်သည့်အနေဖြင့် သူ့ကို စိန်းစိန်းဝါးဝါး ပြန်ကြည့်သည်။

လျှပ်စီးဘိုးဘေးကြီး၏ မျက်နှာနှင့် လည်ပင်းအပေါ်တွင် သွေးကြောကြီးများ ထောင်လာပြီး သူ၏မျက်လုံးများကား ညဥ့်သန်းခေါင်ယံအလား နက်မှောင်သွားတော့သည်။ တခဏကြာပြီးနောက် သူက ထရပ်ပြီး လက်သီးဆုပ်လိုက်သည်။ သူသည် အချိန်အတော်ကြာကတည်းက စိတ်စွမ်းအားများ ကုန်ခမ်းခဲ့ရသော်လည်း နတ်ဘုရားတစ်ပိုင်းအဆင့်ကျင့်ကြံသူတစ်ယောက်၏ ဖိအားကို ထုတ်လွှတ်နိုင်ဆဲဖြစ်သည့်အတွက် ထစ်ခြုန်းသံများ ပဲ့တင်ထပ်လာတော့သည်။

ထို့ကြောင့် ပတ်ဝန်းကျင်ရှိ တိမ်သားတိမ်စိုင်များမှာ ပိုင်ရှောင်ချန်းအား နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်သွားသည့်တိုင်အောင် လန့်ဖျပ်သွားစေပြီး တပွက်ပွက်ဆူလျက် တလိပ်လိပ်ထလာတော့သည်။ ထို့နောက် ပိန်ချုံးချည့်နဲ့နေသော လျှပ်စီးဘိုးဘေးကြီးက အသက်တစ်ရှိုက်ရှူလိုက်ပြီး စည်းချက်ဝါးချက်ကျကျ လိမ်ဖယ် ကွေးကောက်လာသည်။ သူ၏လှုပ်ရှားမှုများက ပျော့ပျောင်းနူးညံ့ကာ သပ်ရပ်လှပနေပေသည်။

ထိုမြင်ကွင်းကြောင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး အသက်ရှူရန် မေ့လုနီးပါးဖြစ်သွားတော့သည်။

သူသည် ထိုမြင်ကွင်းအား မကြည့်နိုင်အောင် ဖြစ်နေလျက် နောက်ဆုတ်ပြီး ခနဲ့တဲ့တဲ့ ပြောလိုက်သည်။

" ခင်ဗျား၊ ခင်ဗျား တကယ် ကနေတာပဲ "

လျှပ်စီးဘိုးဘေးကြီးက ပိုင်ရှောင်ချန်းကိုလျစ်လျူရှု၍ အတန်ကြာ ဆက်ကနေပြီးနောက်မှ ပြန်ထိုင်သွားတော့သည်။ ထို့နောက် သူက ပိုင်ရှောင်ချန်းကို စွေဆောင်း၍ ကြည့်လိုက်ပြီး အလွန်ဂုဏ်ယူဝင့်ကြွားဟန်ဖြင့် ပြော၏။

" အဲဒီတော့ ဘာဖြစ်တုန်း။ ငါ ဒီမှာ အကြာကြီး ပိတ်လှောင်ခံထားရတာဆိုတော့ အချိန်တွေကို ကျော်လွှားဖို့ နည်းတစ်ခုခု စဥ်းစားရမှာပေါ့။ ငါပျင်းရင်း နည်းနည်းပါးပါး ကတယ်။ ဘယ်ကို သုံးပတ်၊ ညာကို သုံးပတ်၊ ပခုံးကို လှုပ် ၊ တင်ပါးကို ဟော့ဒီလိုခါ ။ ဘာတုန်းကွ၊ ငါအဲဒီလိုလုပ်လို့မရဘူးလား “

ခိုင်မာသော ယုံကြည်ချက်နှင့် ကျိုးကြောင်းညီညွတ်သောအဆိုကို ကြားလိုက်သည်နှင့် ပိုင်ရှောင်ချန်း၏ မျက်လုံးများထဲတွင် လေးစားသော အရိပ်အယောင်တစ်ခုပေါ်လာတော့သည်။ ရုတ်တရက် သူသည် အနှီလျှပ်စီးဘိုးဘေးကြီးက သိသာထင်ရှားစွာ ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။ လူအများစုမှာ နှစ်ပေါင်းများစွာ အကျဥ်းချခံရပြီးနောက် ရူးသွပ်သွားမည်ဖြစ်သော်လည်း အနှီအဘိုးကြီးကား အချိန်ကို ကျော်လွှားရန် နည်းလမ်းတစ်ခု ရှာတွေ့ခဲ့ပေသည်။

" ဆရာကြီး " သူက အရိုးသားဆုံးပြောလိုက်သည်။

" ခင်ဗျားရဲ့ အကစွမ်းရည်အရ ကျုပ် လွတ်တာနဲ့ ခင်ဗျားကို ဆေးလုံးကောင်းကောင်း သေချာပေါက်ပေးရမယ် ထင်တယ် "

ထိုအချိန်တွင် လျှပ်စီးဘိုးဘေးကြီးက တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ပိုင်ရှောင်ချန်းကို လှမ်းကြည့်၏။

“ ပေါက်တတ်ကရတွေ တော်တော့။ မင်း ငါ့ကို မျောက်အိုကြီးလို့ ခေါ်ခဲ့တယ်။ မင်းအတွက်လဲ ငါကပြပြီးပြီ။ မင်းငါ့ကို လျှပ်စီးတန်းတွေ ဘယ်လိုဝါးမျိုရလဲ သင်ပေးတော့မလား "

အဘိုးကြီးက သူလိုချင်သည့်အရာရရန် အပြင်းအထန် ကြိုးစားနေသည်က ပိုင်ရှောင်ချန်း၏ရင်ထဲတွင် လေးစားမှုများ တိုးသွားစေသည်။ ထို့နောက် သူက လျှပ်စီးအကြောင်းအနည်းငယ် ရှင်းပြတော့သည်။ သူက ပိုင်ဟောက်အကြောင်းများကို ချန်လှပ်၍ ကောင်းကင်ပြစ်ဒဏ်အချို့ကို တစ်ခါက ဝါးမျိုခဲ့ပြီး သက်စောင့်အားများ ပါဝင်သည်ကို အာရုံရခဲ့ကြောင်း၊ ထိုသည်က သူ့ကို မိုးကြိုးအကျဥ်းထောင်ထဲက လျှပ်စီးတန်းများအား ဝါးမျိုရန် အကြံရစေခဲ့ကြောင်း ရှင်းပြလိုက်သည်။

လျှပ်စီးဘိုးဘေးကြီးက နည်းနည်းလေးမှ မယုံသော်လည်း နောက်ထပ် မည်သို့စမေးရမည်ကို မသိတော့သည့်အတွက် အားမလိုအားမရဖြစ်နေတော့သည်။ နောက်ဆုံးတွင် နောက်ထပ် လျှပ်စီးမုန်တိုင်းဖြစ်ပေါ်လာ၍ ပိုင်ရှောင်ချန်းက လျှပ်စီးများကို စိတ်လှုပ်ရှားစွာဖြင့် ထပ်မံဝါးမျို၍ ဆက်လက်ကျင့်ကြံအားထုတ်လေသည်။ ထိုသည်က လျှပ်စီးဘိုးဘေးကြီး၏ မနာလိုခြင်းများအား တိုးပွားလာစေတော့သည်။

ဆယ်ရက်ကြာပြီးနောက် ပိုင်ရှောင်ချန်းသည် နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်ကို ပထမအဆင့်၏ မဟာစက်ဝန်း ရောက်သည်အထိ လုံလောက်သော လျှပ်စီးတန်းများ ဝါးမျိုခဲ့ပြီးဖြစ်သည်။ ယခုတွင် ဒုတိယအဆင့်သို့ ရောက်လုနီးပါး ဖြစ်နေပြီဖြစ်သည်။

နောက်ဆုံးတွင် လျှပ်စီးဘိုးဘေးကြီးမှာ မအောင့်နိုင်တော့ပေ။ သူက ပိုင်ရှောင်ချန်းကို လှမ်းကြည့်၍ ပြောလိုကိသည်။

" ဟေး မိတ်ဆွေလေး။ ငါတို့နှစ်ယောက် ဒီနေရာမှာ ဆုံတွေ့ဖို့ ရေစက်ပါလာပုံပဲ။ မင်းသိလား။ မင်း မြောင်ပိုင်းကို တော်တော်လေးမုန်းတာ ငါသိတယ်။ ငါလဲမုန်းတာပဲ။ ငါတို့က တလှေတည်းစီး တခရီးတည်းသွားတဲ့လူတွေပဲလေ။ မင်းငါ့ကို လျှပ်စီးစုပ်ယူတဲ့နည်းလမ်းသင်ပေး။ ငါတို့ အပြင်ရောက်ရင် မင်းကို မြောက်ပိုင်းအရေးကိစ္စ ကူညီပေးမယ်လို့ ငါကတိပေးမယ်ဆို ဘယ်လိုလဲ "

ပိုင်ရှောင်ချန်းက လျှပ်စီးဘိုးဘေးကြီးကို ကြည့်လိုက်သော်လည်း တစ်ခွန်းမှပြန်မပြောချေ။ သူက လျှပ်စီးတန်းများအား ဆက်လက်စုပ်ယူနေလျက် နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်အား နောက်ဆုံးအဆင့်နှင့် နီးသထက်နီးအောင် ကြိုးစားနေတော့သည်။

သူ၏ တွက်ချက်မှုများအရ အဆင့်တက်ရန် လျှပ်စီးမိုးကြိုးမုန်တိုင်းအနည်းငယ်သာ ထပ်လိုတော့မည်ဖြစ်သည်။

လျှပ်စီးဘိုးဘေးကြီးသည် လျစ်လျူရှုခံထားရကြောင်း သဘောပေါက်လိုက်သောအခါ အံတင်းတင်းကြိတ်ပြီး ကျယ်ကျယ်ပြောလိုက်သည်။

" နားထောင်ပါဦးကွ။ မိတ်ဆွေလေး၊ ငါ့မှာ ကောင်းကင်တုန်လှုပ်ပြီး မြေပြင်ကိုအက်ကွဲစေနိုင်တဲ့ နတ်ဘုရားသိုင်းရှိတယ်။ အလဲအလှယ်လုပ်ချင်လား "

သို့သော် ပိုင်ရှောင်ချန်းက သူ့ကို လှည့်၍မကြည့်သည့်အတွက် သူ၏စိုးရိမ်မှုများ မြင့်တက်လာတော့သည်။

" အဲဒါက တကယ့်ကို လက်ဖျားခါလောက်တဲ့ နတ်ဘုရားသိုင်းနော်။ လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲနည်းတစ်ရာလို့ခေါ်တယ်။ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှာလဲ ဒီသိုင်းကျမ်းရှိပေမယ့် မပြည့်စုံဘူး။ အဲဒီကျမ်းကို သွားကျင့်မိလိုက်ရင် မင်းရဲ့ နတ်ဘုရားဝိညာဥ်က နှစ်ကိုယ် ကွဲသွားလိမ့်မယ်။ ဒါပေမယ့် ငါ့မှာ အပြည့်အစုံရှိတယ်။ အဲဒါက လုံးဝမယုံကြည်နိုင်လောင်အောင် အစွမ်းထက်တယ် "

ပိုင်ရှောင်ချန်းမှာ အံ့ဩမှင်သက်သွားလျက် သူ့ကို လှမ်းကြည့်လိုက်သည်။

" ခင်ဗျားပြောတဲ့သိုင်းကျမ်းနာမည်က ဘာရယ် "

" လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲနည်းတစ်ရာ "

All Chapters