← Chapters

အံ့ဩတုန်လှုပ်သွားသော ရာဇသံမိုးကြိုး

Vol. 10 Ch. 967

အံ့ဩတုန်လှုပ်သွားသော ရာဇသံမိုးကြိုး

Vol. 10 Ch. 967

လျှပ်စီးဘိုးတော်ကြီးက မီးခိုးတလူလူနှင့် တုန်တုန်ရီရီရပ်နေသော ပိုင်ရှောင်ချန်း၏ပတ်ပတ်လည်မှ လျှပ်စီးတန်းများ တဖြည်းဖြည်း လွင့်ပျယ်လာသည်ကို ကြည့်၍ မျက်လုံးများပြူးကျယ်နေတော့သည်။ သူ၏အသွင်က လျှပ်စီးမိုးကြိုးတစ်သောင်းဖြင့် ကြော်လှော်ခြင်း ခံခဲ့ရသည့်အလား ဖြစ်နေသည်။

သို့သော် သူ၏ ကျင့်ကြံခြင်းအခြေခံက အစောပိုင်းနတ်အဆင့်တွင် မဟုတ်တော့ဘဲ အလယ်ပိုင်းနတ်အဆင့်သို့ တက်လှမ်းသွားခဲ့လေပြီ။

သူ၏ မပြည့်စုံသော နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်မှာ မဟာစက်ဝန်းသို့ ရောက်ရှိသွားပြီဖြစ်သည်။ ယခု သူ၏ဘယ်ဘက်မျက်လုံးက သူ့ခန္ဓာကိုယ်ထဲမှ အချိန်မရွေးပျံထွက်ကာ မိုးကောင်းကင်တွင် ဒုတိယမြောက်လတစ်စင်းအဖြစ် ပေါ်ထွက်တော့မည့်အသွင် ရှိနေသည်။

သို့သော် ထိုအခြင်းအရာအားလုံးက ပိုင်ရှောင်ချန်းကို ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာပါ တဆတ်ဆတ်တုန်နေစေတော့သည်။ အမှန်တကယ်ဆိုရလျှင် ကျင့်ကြံခြင်းအခြေအဆင့်တက်ရန် ယခုကဲ့သို့ နည်းလမ်းမျိုးကို ပုံမှန်အားဖြင့် သူ ဘယ်တော့မှ အသုံးပြုမည် မဟုတ်ပေ။

မိုးကြိုးပေါင်းများစွာ အပစ်ခံခဲ့ရသည့် အတွေးလေးကပင် သူ၏နှလုံးသားထဲ အကြောက်တရားများ ကိန်းအောင်းနေစေတော့သည်။

" ကျင့်ကြံခြင်းတော့ တော်ပြီ "

သူက မျက်ရည်ဝဲလျက် ပြောလိုက်သည်။ ထိုအချိန်တွင် မိုးခြိမ်းသံသဲ့သဲလေးကပင် သူ့ကို တွန့်သွားစေနေတော့သည်။ ယခုအခါ သူ၏စိတ်ထဲဝယ် နောက်ထပ်လျှပ်စီးများစုဆုံလာခြင်းထက် ကြောက်သည့်အရာ မရှိနိုင်တော့ပေ။

သူက ဘေးဘီဝဲယာကို စိုးရိမ်တကြီးကြည့်လိုက်ပြီး နေရာရွှေ့သင့်၊ မရွှေ့သင့် စဥ်းစားနေစဥ်မှာပင် နောက်လျှပ်စီးမုန်တိုင်းအသစ် စတင်ဖြစ်တည်လာလေသည်။ စောစောက လျှပ်စီးစုဝေးခြင်း၏ အရှိန်အဝါကြောင့်ပေလားမသိ။ ယခုတစ်ကြိမ်ထုတ်လွှတ်နေသည့် ဆွဲအားက ကြီးမားသည်။ အချိန်အနည်းငယ်လေးအတွင်း ယခင်တစ်ခေါက်ထက် ပိုမိုများပြားသော လျှပ်စီးများ ဖြစ်တည်လာသည်ဖြစ်ရာ ပတ်ဝန်းကျင်တစ်ခွင် ပြိုးပြိုးပြက်ပြက် အလင်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ပိုင်ရှောင်ချန်းက စူးစူးဝါးဝါးအော်ဟစ်၍ နောက်ဆုတ်လိုက်ပါသော်လည်း သူ့ဆီသို့ လျှပ်စီးတန်းများ ပြေးဝင်လာခြင်းအား မတားဆီးနိုင်လိုက်ပေ။

" ငါမလိုတော့ဘူး "

သူက အော်ဟစ်လိုက်သည်။ လျှပ်စီးဘိုးတော်ကြီးမှာ သူ၏ထောင်ခန်းကို အမောတကာ အဝေးသို့ တွန်းထုတ်၍ ထွက်သွားသည်မှာ ကြာလေပြီ။ သူက ခေါင်းလှည့်ကြည့်၍ ကျိန်ဆဲတော့သည်။

" မင်းမေဘ၊ သက်ကြီးဝါကြီးတစ်ယောက်ကို မစဥ်းစားပေးဘူး။ ငါ့အသက်အရွယ်နဲ့ ဒီအခန်းရွှေ့ရတာ လွယ်တယ်များ မှတ်နေလား “

***

ထိုဖြစ်ရပ်မတိုင်မီ အချိန်အနည်းငယ်ခန့်က .....

ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်း၏ အပြင်ဘက်တွင် ကြီးကြီးမားမားကိစ္စရပ်ကြီးတစ်ခု ဖြစ်ပျက်လာ၏။ ရာဇသံမိုးကြိုး တည်ရှိသော အနက်ရောင်တိမ်တိုက်ကြီး စတင်ရွေ့လျားလာခဲ့ခြင်းဖြစ်သည်။

၄င်းမှာ ငလျင်လှုပ်နေသည့်အလား ရာဇသံမိုးကြိုးထက်ရှိ ကျင့်ကြံသူများအားလုံး ချက်ချင်း ခံစားမိသွားစေသည်အထိ အားပြင်းသည်။

" ဒါ မြေငလျင်လှုပ်သွားတာလား "

" မဖြစ်နိုင်ဘူး။ ငါတို့က အနက်ရောက် တိမ်တိုက်ကြီးပေါ်မှာလေ။ အနက်ရောင်တိမ်တိုက်ကြီးက ဘယ်လိုလုပ်ရွေ့နိုင်မှာလဲ "

" မင်းတို့ကောင်တွေ အာရုံရလား။ ငါတို့ ရာဇသံမိုးကြိုးရဲ့ လျှပ်စီးရင်းမြစ်တွေ နည်းလာသလားလို့ "

ပိုင်ရှောင်ချန်းကို အကျဥ်းချပြီးကတည်းက ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းသည် ထူးထူးဆန်းဆန်း ငြိမ်းချမ်းနေခဲ့သည်။ ရာဇသံတိမ်လွှာ ကျင့်ကြံသူများမှာ စိတ်အေးလက်အေးဖြစ်နေခဲ့ကြစဥ် ရာဇသံမိုးကြိုး ကျင့်ကြံသူများမှာ အစကတည်းက စိတ်ပူနေခဲ့ကြရသည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ သူတို့သည်လည်း စိတ်အေးသွားကြ၏။ မိုးကြိုးအကျဥ်းထောင်အပေါ် လူတိုင်း လုံးဝယုံကြည်ချက်ရှိသည်မဟုတ်ပါလော။

ပိုင်ရှောင်ချန်းက နတ်အဆင့်ကျင့်ကြံသူပင် ဖြစ်လင့်ကစား သူတို့က စိုးရိမ်ကြောင့်ကြမှုအလျဥ်းမရှိပေ။ နောက်ဆုံးတွင် သူတို့၏ဂိုဏ်းသို့ ပိုင်ရှောင်ချန်း မရောက်ခင်က နေထိုင်ခဲ့ရသည့်ဘဝကို သူတို့ ခံစားလာရပြီဖြစ်၍ စိတ်သက်သာရာရကာ သက်ပြင်းချသွားတော့သည်။

သို့သော် လူအများစုက သဘောကျကျေနပ်နေကြစဥ်မှာပင် ရာဇသံမိုးကြိုး၏ အနက်ရောင်တိမ်တိုက်ကြီး ရုတ်တရက် တုန်လှုပ်သွားလေရာ ချက်ချင်း အာရုံစိုက်လိုက်ကြသည်။ ရာဇသံမိုးကြိုး ကျင့်ကြံသူများအတွက် ပို၍ အံအားသင့်ဖွယ်ကောင်းသည်က အချိန်အနည်းငယ်ကြာသော် သူတို့ ခြေထောက်အောက်ရှိ တိမ်စိုင်များ နောက်တစ်ဖန်ထပ်၍ ရွေ့သွားခြင်းကြောင့် ဖြစ်သည်။

တချိန်တည်းမှာပင် ခပ်အုပ်အုပ် ထစ်ခြုန်းသံများလည်း ကြားလိုက်ရလေရာ ရာဇသံမိုးကြိုးအတွင်း အထိတ်တလန့်အော်ဟစ်သံများ ထွက်ပေါ်လာတော့သည်။

" တကယ်ကြီး ရွေ့သွားတာပဲ "

" တစ်ခုခုတော့ မှားနေပြီ "

" လျှပ်စီး၊ ဟေ့ကောင်တွေ ဟိုလျှပ်စီးကို ကြည့် "

လူတိုင်းက အနက်ရောင်တိမ်တိုက်ကြီးကို ငုံ့ကြည့်လိုက်ကြပြီး ၄င်း၏ မျက်နှာပြင်တွင် ယခင်ကထက်ပိုနည်းလာသော လျှပ်စီးတန်း ကခုန်နေသည်ကို မြင်လိုက်ကြရ၏။ ထိုမျှသာမက အချိန်အနည်းငယ်ကြာတိုင်း ကျန်ရှိသော လျှပ်စီးတန်းများမှာ တိမ်တိုက်ကြီး၏အတွင်းပိုင်းသို့ ဝင်ရောက်ပျောက်ကွယ်သွားကြဟန်တူသည်။

ချက်ချင်းပင် ရာဇသံမိုးကြိုး ဂိုဏ်းသားများ၏ နှလုံးသားထဲ၌ မကောင်းသောအတိတ်နိမိတ်များ မြင့်တက်လာတော့သည်။ အပေါ်ထက် အနက်ရောင်ခေါင်းတလားကြီးတွင် နတ်အဆင့်ကျင့်ကြံသူများ၏ အမူအရာများပြောင်းလဲသွားပြီး ရုတ်တရက် စိုးရိမ်ထိတ်လန့်လာသည်။

" ပိုင်ရှောင်ချန်းပဲလုပ်တာလို့ မပြောနဲ့နော် "

" မင်းမေဘ၊ သူဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အကျဥ်းခံထားရတာလေ "

ထိုအချိန်တွင် ရာဇသံမိုးကြိုး၏အနက်ရောင်တိမ်တိုက်ကြီးသည် ယခင်ကထက်ပို၍ ပြင်းထန်စွာ နောက်တစ်ကြိမ် တုန်ခါသွားပြန်သည်။ တစ်ဆက်တည်းမှာပင် ကျယ်လောင်သော ထစ်ခြုန်းသံများ လူအားလုံး ကြားလိုက်ကြရ၏။

ထိုအခိုက်အတန့်တွင် အနက်ရောင်တိမ်တိုက်ကြီး၏ အတွင်းပိုင်းတစ်နေရာ၊ လျှပ်စီးတန်းများစွာ စုဆုံနေသည့်အလယ်တွင် ပိုင်ရှောင်ချန်းက အော်ဟစ်၍ တတ်နိုင်သမျှ လျင်မြန်စွာ ထွက်ပြေးနေသည်။ သူ၏ မီတာ ၃၀ အခန်းကို ဖြစ်တည်စေသော အချုပ်အနှောင်မန္တန်မှာ အချိန်အတော်ကြာကတည်းက ဖျက်စီးခံလိုက်ရပြီဖြစ်၍ သူ ထွက်ပြေးရန် အခွင့်အရေးရသွားတော့သည်။ ထိုသို့ဖြစ်သွားသည့်တိုင် သူ့အတွက် အခြေအနေမကောင်းပေ။ ယခု လျှပ်စီးတန်း တစ်သောင်းမဟုတ်တော့ဘဲ တစ်သိန်းရှိနေပြီဖြစ်သည်။

သူ မည်သည့်နေရာသို့ ထွက်ပြေးသည်ဖြစ်စေ လျှပ်စီးတန်းများက လိုက်ပါလာပြီး သူ တခဏလေး အရှိန်လျော့သွားလျှင်ပင် ဝါးမျိုခံလိုက်ရမည်ဖြစ်သည်။

သူက လှုပ်ရှားသည်ကို ရပ်လိုက်လျှင် ပိုမိုများပြားသော လျှပ်စီးတန်းများ ဖြစ်တည်လာသည်။ ထိုအခါ သူ ရူးချင်လာတော့သည်။

" ဘာလို့ဒီလို ဖြစ်နေတာတုန်း "

သူက ညည်းညူလိုက်၏။ သေရေးရှင်ရေးအခြေအနေဖြစ်၍ နောက်ဆုံးတွင် သူက အံတင်းတင်း ကြိတ်ကာ ပြောလိုက်တော့သည်။

" သေစမ်းကွာ။ ကောင်းပြီ။ ငါ သူဌေးဖြစ်ဖြစ် ခွေးဖြစ်ဖြစ် ပုံအောလိုက်မယ်။ ဒီ လျှပ်စီးတန်းတွေက စိတ်စွမ်းအင်နဲ့ လုပ်ထားတာမလား။ ဘာကောင်မိုလို့ ကြောက်ရမှာတုန်း "

သူက သူ့ကိုယ်သူ အားပေး၍ ဟိန်းဟောက်ကြုံးဝါးကာ လျှပ်စီးဘိုးတော်ကြီး သူ့ကို သင်ပေးခဲ့သည့် ဆောင်ပုဒ်ကို ဆင့်ခေါ်ပြီး လျှပ်စီးတိမ်တိုက်ဘိုးအေအသွင်ပြောင်းလဲနည်းဆယ့်တစ်နည်းအား စတင်ကျင့်ကြံလိုက်သည်။

သူက ရုတ်တရက် တုန့်ခနဲ ရပ်လိုက်သည့်အတွက် လျှပ်စီးတန်းတစ်သောင်း သူ၏အနားသို့ ရောက်လာပြီး သူ့ကို ပစ်ချလိုက်တော့သည်။

ထိုနည်းအားဖြင့် မိုးကြိုးအပစ်ခံရသည်မှာ နာကျင်ပါသော်လည်း သူက လွန်စွာသန်မာလှသည်ဖြစ်၍ အချိန်အနည်းငယ်ကြာ တောင့်ခံနိုင်လေသည်။ တချိန်တည်းမှာပင် သူက ပူဖောင်းတစ်လုံးသဖွယ် ဖောင်းပွလာသည်အထိ စိတ်စွမ်းအားပမာဏများစွာ သူ့ကို ဖြတ်၍ စီးဆင်းလာတော့သည်။

" လျှပ်စီးတိမ်တိုက်ဘိုးအေ။ ပထမအကြိမ်မြောက်အသွင်ပြောင်းခြင်း "

နာကျင်မှုဒဏ်ကြောင့် သူ၏အမြင်အာရုံများဝေဝါးသွားပါသော်လည်း သူက နတ်ဘုရားသိုင်းအပေါ် အာရုံစိုက်ကာ စိတ်စွမ်းအင်များအသုံးပြု၍ အသွင်ပြောင်းခြင်းကို အားဖြည့်ပေးလိုက်သည်။

ချက်ချင်းပင် ထစ်ခြုန်းသံများ ပြည့်နှက်သွားပြီး သူက မီတာ ၃၀ အထိ မြင့်မားသွားကာ ကြမ်းတမ်းရိုင်းစိုင်းသော အငွေ့အသက်များ ထုတ်လွှတ်လာသည်။

သူသည် ပထမဆုံးအသွင်ပြောင်းခြင်းအား အောင်မြင်သွားလေပြီ။

သို့သော် ထိုမျှနှင့်မပြီးသေးချေ။ သူ့ခန္ဓာကိုယ်ထဲတွင် စိတ်စွမ်းအင်ပမာဏများစွာ ရုန်းကန်ထကြွနေသဖြင့် သူက ဒုတိယမြောက်အသွင်ပြောင်းလဲခြင်း စတင်လိုက်သည်။

ထို့အပြင် သူက နေလခင်းကျင်း ကောင်းကင်စစ်တလင်းမန္တန်ကို ထုတ်ဖော်ပြီး ဘယ်ဖက်မျက်လုံး၏ စွမ်းအားကို မြှင့်တင်လိုက်သည်။

သူက တစ်ကြိမ်လျှင် အရာအားလုံးကို တစ်ဆင့်ချင်း သေသေချာချာခွဲခြမ်းစိတ်ဖြာခြင်းဖြင့်သာ စစ်မှန်သော ပေါင်းစည်းမှုကို ရရှိနိုင်သည်။ ထို့အပြင် ရှုံးနိမ့်နိုင်သော အလားအလာတစ်ခုလည်း အမြဲရှိသည်။

ပုံမှန်အခြေအနေအချိန်အခါတွင် ရှုံးနိမ့်သည့်အခါ သူ့အနေဖြင့် ရပ်တန့်ပြီး ထပ်မံမကြိုးစားခင် စိတ်စွမ်းအင်များ စုဆောင်းရန်လိုအပ်သည်။ ထိုအစွမ်းထက်ပညာရပ်နှစ်မျိုးအား ပေါင်းစည်းရခြင်းသည် ထိပ်ဆုံးအခြေအနေတွင် ဖြစ်နေရန် လိုအပ်သည်မဟုတ်ပါလော။

သို့သော် ယခု သူ၏ခန္ဓာကိုယ်ထဲတွင် အကန့်အသတ်မရှိသောစွမ်းအင်များ ရှိနေပြီဖြစ်၍ ထိုင်စောင့်နေရန် မလိုအပ်ပေ။ သူ မအောင်မြင်သည်နှင့် နောက်ထပ်ကြိုးစားနိုင်သည်။

သူက သူ၏ဘယ်ဖက်မျက်လုံးက ထိန်လင်းနေသော လရောင်များဖြင့် ရုတ်ချည်း တောက်ပလာသည့်တိုင်အောင် အကြိမ်ပေါင်းများစွာ ကြိုးစားနေတော့သည်။ ထိုသို့ သူ လုပ်နေသဖြင့် သူ၏ မီတာ၃၀ အမြင့်ရှိသော ဘိုးဘေးပုံစံကြီးကား လျှပ်စီးတိမ်တိုက်သခင်၏ဘိုးဘေးကြီးအသွင်နှင့် အလွန်ခြားနားနေလေပြီ။

သူ၏ခန္ဓာကိုယ်မှ မဖော်ပြနိုင်သော အရှိန်အဝါတစ်ခု ထွက်လာပြီး သူ၏မျက်လုံးအတွင်းရှိ လရောင်များမှာ မဟူရာအမှောင်ထုကို လွှမ်းမိုးခြုံကိုင်နိုင်စွမ်းရှိသည့်အလား အရှိန်အဝါကြီးမားစွာ တောက်ပလင်းလက်နေသည်။

" အလုပ်ဖြစ်တယ် "

သို့သော် ယခုအချိန်က စိတ်လှုပ်ရှားနေရမည့်အချိန်မဟုတ်ပေ။ သူ့ကိုယ်တွင်းရှိ စိတ်စွမ်းအင်များသည် အလွန်လျင်မြန်စွာ ကုန်ခမ်းလာသည်။ သူက ဟိန်းဟောက်၍ လျှပ်စီးတိမ်တိုက်ဘိုးအေပညာရပ်၏ ဒုတိယမြောက်အသွင်ပြောင်းလဲခြင်းအား စတင်လိုက်သည်။

တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ထွက်ပေါ်လာပြီး

သူက မီတာ၆၀မြင့်သည်အထိ ကြီးထွားလာသည်။ ဒုတိယအသွင်ပြောင်းလဲခြင်း အောင်မြင်လေပြီ။

အမှန်တွင် သူက မရပ်တန့်သေးပေ။ ထို့နောက် တတိယမြောက် အသွင်ပြောင်းလဲခြင်း၊ ထို့နောက် လေးကြိမ်မြောက်။

မရေမတွက်နိုင်သော လျှပ်စီးတန်းများက သူ့ကို ဝန်းရံနေကြပြီး တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ထွက်ပေါ်နေကာ သူသည် မီတာ ၉၀ ၊ထို့နောက် မီတာ ၁၂၀ အမြင့်အထိ ကြီးထွားလာသည်။

ထို့အပြင် ထာဝရအရိုးအထိ အောင်မြင်သွားသော သူ၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွား၍ ပညာရပ်၏ကြမ်းတမ်းရိုင်းစိုင်းသော အရှိန်အဝါက သူ၏အသွင်သဏ္ဍာန်ကို ပို၍ စွမ်းအားကြီးသွားစေတော့သည်။ သို့သော် ယခုအခါ သူက အပြင်ခန္ဓာကိုယ်၏ အကန့်အသတ်ကို ကျော်လွန်သွားလေပြီ။

လျှပ်စီးတိမ်တိုက်သခင်ညီနောင်သာ ဖြစ်ပျက်နေသည်များကို မြင်ပါက ရိုးတွင်းခြင်ဆီအထိအထိ တုန်လှုပ်သွားမည်ဖြစ်သည်။ ဤအသွင်ပြောင်းလဲခြင်းပညာရပ်တွင် ပိုင်ရှောင်ချန်းက သူ့ကိုထက် များစွာသာလွန်သွားသည် မဟုတ်ပါလော။

အထူးသဖြင့် သူ၏စွမ်းအားကို ထပ်တိုးသွားစေသည့် ဘယ်ဖက်မျက်လုံးထဲရှိ လရောင်ကြောင့် ဖြစ်သည်။

ပုံမှန်အခြေအနေများတွင် ပိုင်ရှောင်ချန်းက အလွန်စိတ်လှုပ်ရှားနေမည်ဖြစ်သည်။ သို့သော် သူ၏ခန္ဓာကိုယ်သည် အနက်ရောက်တိမ်တိုက်ကြီးထံမှ လျှပ်စီးများကို စုပ်ယူနိုင်စွမ်း၏ အကန့်အသတ်ကို ရောက်နေပြီဖြစ်ကြောင်း သူ သိလိုက်သည်။ ၄င်းက နတ်ဘုရားစွမ်းရည်နှင့် မသက်ဆိုင်ဘဲ သူ၏ကိုယ်ပိုင်ခန္ဓာနှင့်သာ ဆိုင်သည်။ တစ်နည်းဆိုလျှင် ၄င်းကား ဆေးလုံးများစားသုံးသည့်အချိန်နှင့် တစ်ထပ်တည်းပင်။

ထိပ်ဆုံးအမှတ်သို့ ရောက်ရှိသွားသောအခါ လျှပ်စီးသည် အားမဖြည့်ပေးတော့ဘဲ ထိုအစား အန္တရာယ်များလာကာ ဖျက်စီးပစ်ေလသည်။

ပိုင်ရှောင်ချန်းက ပို၍သန်မာလာသဖြင့် လျှပ်စီးတန်းများ ပို၍များပြားလာတော့သည်။ ယခုအခါ လျှပ်စီးထောင်ပေါင်းများစွာ သူ့အပေါ် တဖွဲဖွဲ ကျရောက်နေလေသည်။

သူ၏မျက်လုံးများမှ ကြောက်လန့်သော မျက်ရည်စများ စီးကျနေလာပြီး နောက်ထပ်အသွင်ပြောင်းလဲခြင်းက အခြေအနေကို ထိန်းချုပ်ရန် မျှော်လင့်၍ သူ ဆုံးဖြတ်ချက်ချလိုက်သည်။

"လျှပ်စီးတိမ်တိုက်ဘိုးအေ။ ငါးကြိမ်မြောက် အသွင်ပြောင်းလဲခြင်း "

All Chapters