အခန်း (၂၄၄၁-၂၄၄၂)
Vol. 185 Ch. 2441-2442
အခန်း(၂၄၄၁)
“လူသားဧကရာဇ်နန်းတော်ရဲ့ လူသားဧကရာဇ်”
ကျန်းချန်၏ စကားကိုကြားလျှင် သက်ရှည်တောင်ကြားမှ အကြီးအကဲသည် မျက်မှောင်ကြုတ်သွားခဲ့သည်။
ရှေးခေတ်ကာလက ကပ်ဘေးကြီး ပြီးကတည်းပင် သက်ရှည်တောင်ကြားသည် သိုသိုသိပ်သိပ် နေထိုင်ခဲ့ပြီး ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်လုနီးပါးပင် ဖြစ်နေခဲ့သည်။
သို့သော်လည်း သက်ရှည်တောင်ကြား၏ အကြီးအကဲတစ်ယောက် အနေဖြင့် သူက လူသားဧကရာဇ်နန်းတော် အကြောင်းကို ကောင်းစွာ သိထားခဲ့သည်။
သူ့ရှေ့မှ လူက လူသားဧကရာဇ်နန်းတော်၏ လူသားဧကရာဇ်ဖြစ်နေလိမ့်မည်ဟု သူအမှန်တကယ် မမျှော်လင့်ထားခဲ့ပေ။
လူသားဧကရာဇ်နန်းတော်မှ ခေတ်အဆက်ဆက် လူသားဧကရာဇ်များသည် နတ်ဘုရားနယ်မြေ၏ အထွတ်အထိပ်တွင် ရပ်တည်နေသည့် အသန်မာဆုံး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
သက်ရှည်တောင်ကြား၏ အထွတ်အထိပ် အချိန်မှာပင် လူသားဧကရာဇ်နန်းတော်မှ လူသားဧကရာဇ်နှင့် ယှဥ်ပြိုင်နိုင်သူ အနည်းငယ်မျှသာ ရှိ၏။
“ငါရှောင်ချင်းလေးကို ခေါ်သွားမယ်.. အပြန်အလှန်အနေနဲ့ သက်ရှည်တောင်ကြားက သွေးမျိုးဆက်ကျိန်စာ အတွက် ဖြေရှင်းဖို့ နည်းလမ်း ရှာပေးမယ်”
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်ပြီး ရှောင်ချင်းကို ခေါ်ဆောင်ကာ ချက်ချင်းဆိုသလို ထွက်ခွာသွားခဲ့သည်။
ထွက်ခွာသွားသည့် ကျန်းချန်တို့ နှစ်ယောက်၏ ကျောပြင်ကိုကြည့်ရင်း သက်ရှည်တောင်ကြားမှ အကြီးအကဲသည် ဘာမှ ထပ်မပြောတော့ဘဲ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသော အရိပ်အယောင်များသာ ရှိနေခဲ့၏။
သက်ရှည်တောင်ကြားတွင် သွေးမျိုးဆက်ကျိန်စာ သက်ရောက်လာကတည်းကပင် သက်ရှည်တောင်ကြားမှ ဘိုးဘေးများသည် ထိုကိစ္စကို ဖြေရှင်းရန် အတွက် နည်းလမ်းပေါင်းစုံကို ကြိုးစားခဲ့ကြသည်။
သို့သော်လည်း ဤမျှ နှစ်ပေါင်းများစွာ ကြာသည်အထိ သက်ရှည်တောင်ကြားသည် ထိုသွေးမျိုးဆက်ကျိန်စာနှင့်ပတ်သက်၍ မဖြေရှင်းနိုင် ဖြစ်နေခဲ့သည်။
ယခု လူသားဧကရာဇ်က လုရှောင်ချင်းကို ခေါ်သွားပုံထောက်လျှင် သက်ရှည်တောင်ကြား၏ သွေးမျိုးဆက်ကျိန်စာကို အမှန်တကယ် ဖြေရှင်းပေးနိုင်ကောင်း ပေးနိုင်ပေလိမ့်မည်။
အကယ်၍ သူတို့၏ သွေးမျိုးဆက်ကျိန်စာသာ အမှန်တကယ် ပြေပျောက်သွားခဲ့လျှင် ယင်းသည် သက်ရှည်တောင်ကြားအတွက် သံသယဖြစ်စရာမရှိ အလွန်တရာ ကောင်းမွန်သောကိစ္စပင် မဟုတ်ပါလော။
ကျန်းချန်က သက်ရှည်တောင်ကြား တည်ရှိရာ ကမ္ဘာငယ်လေးထဲကနေ လုရှောင်ချင်းကို ခေါ်ထုတ်လာခဲ့ပြီး မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ အမည်မဲ့ ဆိုင်လေး ဆီသို့ ပြန်လည် ရောက်ရှိလာခဲ့သည်။
ကျန်းချန်က သက်ရှည်တောင်ကြားမှ ကလေးမလေး တစ်ယောက်အား ခေါ်ထုတ်လာသည်ကို မြင်လျှင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ မျက်နှာထက်တွင် မရေမရာ အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“လူသားဧကရာဇ်.. ဒါမင်းရှာနေတဲ့လူလား”
သက်ရှည်တောင်ကြား၏ သွေးမျိုးဆက်ကျိန်စာ မည်မျှ အားကောင်းမှန်း မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် မည်သူ့ထက်မဆို ပို၍ သိထားခဲ့သည်။
သူ့ရှေ့မှ မိန်းကလေးသည် မည်မျှပင် ပါရမီရှိစေကာမူ လုံးဝ ကျင့်ကြံနိုင်လိမ့်မည် မဟုတ်ပေ။
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံး၍ ပြောလိုက်သည်။
“ဟုတ်တယ်.. ရှောင်ချင်းလေးက ကျွန်တော်ရှာနေတဲ့လူပဲ.. သူ့ကိုယ်ပေါ်မှာ သက်ရောက်နေတဲ့ သွေးမျိုးဆက်ကျိန်စာကို ဖြေရှင်းဖို့ ကျွန်တော် နည်းလမ်းရှာဖွေပါ့မယ်”
“သက်ရှည်တောင်ကြားရဲ့ သွေးမျိုးဆက်ကျိန်စာကို ဖြေရှင်းဖို့ဆိုတာ မလွယ်ကူတဲ့ကိစ္စပဲ”
မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက ခေါင်းခါရမ်းလိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
“နတ်ဘုရင်အဆင့် အထက်က အုပ်စိုးသူအဆင့် ကျင့်ကြံသူမှာတောင် အဲလို စွမ်းရည်မျိုး ရှိချင်မှရှိလိမ့်မယ်”
အဘိုးအို၏ စကားကိုကြားလျှင် ကျန်းချန်သည် ယုံကြည်မှုရှိစွာဖြင့် ပြောလိုက်သည်။
“စိတ်မပူပါနဲ့.. ကျွန်တော် ရှောင်ချင်းလေးကို ခေါ်လာကတည်းက ကျွန်တော့်ဆီမှာ ဖြေရှင်းဖို့အတွက် နည်းလမ်းရှိပြီးသားပါ”
သက်ရှည်တောင်ကြား၏ အမြင့်မြတ်ဆုံးကျိန်စာကို ချိုးဖျက်ရန် အုပ်စိုးသူအဆင့် အတွက် ခက်ခဲနိုင်သော်လည်း အုပ်စိုးသူအဆင့်အထက်မှ အင်မော်တယ်အဆင့် အတွက်မူ ခက်ခဲမည်ဟု သူ မထင်ပေ။
ထို့အပြင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် အင်မော်တယ်အဆင့် အထက်မှ ပုဂ္ဂိုလ်ပင် ဖြစ်ဖို့များ၏။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ပင်လျှင် သက်ရှည်တောင်ကြား၏ သွေးမျိုးဆက် အရှိန်အဝါကို မဖြေရှင်းနိုင်လျှင် ဤလောကတွင် မည်သူက ဖြေရှင်းနိုင်ပါဦးမည်နည်း။
ကျန်းချန်၏ စကားကိုကြားလိုက်ရလျှင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုသည် ဘာစကားမျှ ထပ်မပြောတော့ဘဲ လက်တစ်ဖက်ကို ဝှေ့ယမ်းကာ တိုက်ရိုက်ပင် ပြောလိုက်သည်။
“ဒီလိုဆိုရင်လည်း မင်း သူမကို ဒီကနေ ခေါ်သွားလို့ရပြီ”
“စီနီယာမှာ ထူးခြားတဲ့ခွန်အားတွေ ရှိနေတာပဲ.. ဒီနေရာမှာ လာပြီး သိုသိုသိပ်သိပ် နေထိုင်နေတာက ပါရမီတွေကို ဖြုန်းတီးပစ်နေသလိုပဲ”
ကျန်းချန်က မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို စိတ်ရင်းဖြင့် ပြောလိုက်သည်။
“တကယ်လို့ နတ်ဘုရားနယ်မြေမှာ အန္တရာယ်နဲ့ ကြုံလာရရင် စီနီယာ ထွက်လာပြီး အကူအညီ ပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်”
လက်ရှိတွင် နတ်ဘုရားနယ်မြေသည် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ ပြဿနာကို ဖြေရှင်းပြီးသွားပြီ ဖြစ်သော်လည်း ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စု၏ နောက်ကွယ်တွင် အချိန်မရွေး ပြန်လည် ရောက်ရှိလာနိုင်သည့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ ရှိနေသေးသောကြောင့် အခြေအနေက အကောင်းကြီး မဟုတ်သေးပေ။
သူ့ရှေ့မှ အဘိုးအိုသည် ဆရာသခင်စန်းမင်ထက် မနိမ့်ကျသည့် နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။
ဖြစ်နိုင်မည်ဆိုလျှင် ကျန်းချန်သည် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို နတ်ဘုရားနယ်မြေ အတွက် အကူအညီပေးရန် သဘာဝကျစွာပင် မျှော်လင့်နေမိ၏။
“ဒီဘဝမှာ ဒီအဘိုးကြီးရဲ့တာဝန်က သက်ရှည်တောင်ကြားကို ကာကွယ်ဖို့ အတွက်ပဲ.. တခြားကိစ္စတွေမှာ ပါဝင်ဖို့ စိတ်မဝင်စားဘူး”
မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက ကျန်းချန်ကို တစ်ချက်ကြည့်ကာ အေးစက်စက် ပြောလိုက်သည်။
“ဒါပေမဲ့ မင်းသာ သက်ရှည်တောင်ကြား အပေါ် သက်ရောက်နေတဲ့ သွေးမျိုးဆက်ကျိန်စာကို ဖြေရှင်းပေးနိုင်မယ် ဆိုရင်တော့ ဒီအဘိုးကြီးက မင်းအတွက် အသက်ပေးဖို့ အဆင်သင့်ပဲ”
“စီနီယာက တကယ်ကို အလေးအနက်ပြောနေတာပဲ.. ကောင်းပါပြီ.. နောက်တစ်ကြိမ် ကျွန်တော်လာတဲ့အခါ သက်ရှည်တောင်ကြားအပေါ် သက်ရောက်နေတဲ့ သွေးမျိုးဆက်ကျိန်စာကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းကို သေချာပေါက် ယူလာခဲ့ပါ့မယ်”
ထိုစကားကို ပြောလိုက်ပြီးနောက်တွင် ကျန်းချန်သည် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို လက်သီးဆုပ်၍ ဂါဝရပြုလိုက်ပြီး လုရှောင်ချင်းကို လက်ဆွဲကာ လျင်မြန်စွာ ထွက်ခွာသွားခဲ့သည်။
နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းမြို့တော်ကနေ ထွက်ခွာလာပြီးနောက်တွင် ကျန်းချန်သည် လုရှောင်ချန်းကို ခေါ်ဆောင်ပြီး မြောက်ဘက်အရပ် ဆီသို့ တိုက်ရိုက်ပင် ဦးတည်ကာ နေရာလွတ်လမ်းကြောင်းမှ တစ်ဆင့် သက်မဲ့ကမ္ဘာကို ဖြတ်ကျော်ပြီး မြောက်ပိုင်းဒေသ ဆီသို့ တစ်ဖန် ပြန်လည်ရောက်ရှိလာခဲ့သည်။
အင်မော်တယ်ကျင့်ကြံခြင်းလောက ပျက်စီးသွားကတည်းကပင် မြောက်ပိုင်းဒေသသည် သိုင်းပညာ ကျင့်ကြံခြင်း အင်အားစုများ၏ ဦးဆောင်မှုနှင့်အတူ သိုင်းပညာ ကျင့်ကြံသူများ၏ လက်ထဲကို ပြန်လည် ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် မြောက်ပိုင်းဒေသ တစ်ခုလုံး၏ ပတ်ဝန်းကျင်သည် အလွန်ပင် အေးချမ်းသာယာနေခဲ့၏။
ကျန်းချန်သည် ဤတစ်ကြိမ် မြောက်ပိုင်းဒေသကို ပြန်လည်ရောက်ရှိလာသောအခါတွင် မည်သူ့ကိုမှ အသိမပေးတော့ဘဲ လုရှောင်ချင်းကို ခေါ်ဆောင်ကာ ထာဝရသက်ရှည်တောင်တန်းဆီသို့ တိုက်ရိုက်ပင် ဦးတည်ခဲ့သည်။
“အစ်ကိုကျန်းချန်.. သမီးတို့ အခုဘယ်ကိုသွားနေတာလဲ.. ဒါက ဘယ်လိုနေရာမျိုးလဲဟင်.. သမီး ဒီနေရာကို သဘောကျလာသလိုပဲ.. ဒီနေရာကနေ ထွက်သွားဖို့တောင် ဝန်လေးလာမိတယ်”
လုရှောင်ချင်းက သူမ၏ တောက်ပသော မျက်ဝန်းလေးများဖြင့် ထာဝရသက်ရှည်တောင်တန်း၏ ပတ်ဝန်းကျင်ကို ကြည့်နေခဲ့သည်။
သူမ၏ မျက်နှာလေးထက်တွင် ဤပတ်ဝန်းကျင်ကို စွဲလမ်းနှစ်သက်သည့် အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူ တစ်ယောက် အနေဖြင့် ထာဝရသက်ရှည်တောင်တန်း၏ ပတ်ဝန်းကျင်သည် လုရှောင်ချင်း အတွက် သံသယဖြစ်စရာမရှိ အလွန်တရာပင် ဆွဲဆောင်မှု ရှိနေခဲ့သည်။
ကျန်းချန်က လုရှောင်ချင်း၏ ခေါင်းလေးကို ပွတ်သပ်ပေးလိုက်ပြီး ပြုံး၍ ပြောလိုက်၏။
“အစ်ကိုက ရှောင်ချင်းလေးကို ဒီထက် ပိုကောင်းတဲ့နေရာဆီ ခေါ်သွားပေးမယ်.. အဲဒီနေရာကို ရောက်ရင် ရှောင်ချင်းလေး စတင် ကျင့်ကြံလို့ရပြီ”
“တကယ်လား.. ဝေး..”
လုရှောင်ချင်းက လွတ်လပ်သော ငှက်ကလေး တစ်ကောင်ကဲ့သို့ ပျော်ရွှင်စွာ အော်ဟစ်လိုက်ပြီး ကျန်းချန်၏ ရှေ့တွင် စကားများကို တစာစာ ပြောနေခဲ့သည်။
ပြီးခဲ့သည့်တစ်ခေါက်က ထာဝရသက်ရှည်တောင်တန်း ထဲကို ဝင်ရောက်ခဲ့ဖူးသောကြောင့် ကျန်းချန်သည် ထာဝရသက်ရှည် တောင်တန်း၏ ပတ်ဝန်းကျင် အခြေအနေကို အတော်လေး ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် ကျန်းချန်တို့သည် မည်သည့်အတားအဆီးမှမရှိဘဲ အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့ တည်ရှိသောနေရာ ဆီသို့ သိပ်မကြာခင်မှာပင် ရောက်ရှိလာခဲ့သည်။
ကျန်းချန်က အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ဆီ သွားဖို့ စိတ်ကူးမရှိဘဲ ထာဝရရှင်သန်ခြင်းနန်းတော် ရှိရာဘက်ကိုသာ တိုက်ရိုက်ပင် ဦးတည်လာခဲ့သည်။
ကျန်းချန်က လုရှောင်ချင်းနှင့် စကားပြောရင်း သွားနေစဥ်မှာပင် ရှေ့နားကနေ ပြင်းထန်သော စွမ်းအင်လှိုင်း ရိုက်ခတ်မှုများကို သတိပြုမိလိုက်သည်။
ချက်ချင်းဆိုသလိုပင် အေးစက်စက် ကြုံးဝါးသံ တစ်သံသည် ကျန်းချန်၏ နားထဲကို ဝင်ရောက်လာခဲ့သည်။
“ဝူမု.. မင်းမှာ ထွက်ပြေးစရာလမ်း မရှိတော့ဘူး.. အခုချက်ချင်း ငါတို့ရှေ့မှာ ဒူးထောက်ပြီး အညံ့ခံလိုက်စမ်း”
“ကြည့်ရတာ ရှေ့နားမှာ ပြဿနာဖြစ်နေပုံပဲ”
ကျန်းချန်က မျက်မှောင်ကြုတ်သွားခဲ့ပြီး အသံ ထွက်ပေါ်လာသည့် အရပ်ဆီသို့ ချက်ချင်းဆိုသလို ခြေလှမ်းလိုက်သည်။
ကျန်းချန်အတွက် ဝူမု ဆိုသည့် နာမည်သည် မစိမ်းပေ။
ကျန်းချန် သိထားသလောက် ဝူကျန့်ထျန်း၏ ဝူမျိုးနွယ်စုထဲတွင် ဝူမုဟု အမည်ရသည့် ပါရမီရှင်လူငယ် တစ်ယောက် ရှိပြီး ဝူကျန့်ထျန်းသည် ထိုပါရမီရှင်ကို သူ့ဆီ ခေါ်လာခဲ့ဖူးသည်။
ဤဝူမုက ဝူမျိုးနွယ်စု၏ ပါရမီရှင် ဟုတ်မဟုတ် သူ မသေချာသေးပေ။
အကယ်၍ ၎င်းသာ ဝူကျန့်ထျန်း၏ မျိုးဆက် အမှန်တကယ်ဖြစ်နေခဲ့မည် ဆိုလျှင် သူအနေဖြင့် မည်ကဲ့သို့ လျစ်လျူရှုထားနိုင်ပါမည်နည်း။
မကြာခင်မှာပင် ကျန်းချန်သည် တောအုပ်တစ်ခု၏ အပြင်ဘက်ကို ရောက်ရှိလာခဲ့သည်။
သူ၏အရှေ့ မီတာတစ်ရာခန့် အကွာမှ အနည်းငယ်မြင့်သော ကျောက်တုံးကြီးတစ်တုံး ပေါ်တွင် အနက်ရောင်ဝတ်စုံဝတ် လူငယ် တစ်ယောက်သည် ခန္ဓာကိုယ်တစ်ခုလုံး သွေးအလိမ်းလိမ်း အခြေအနေဖြင့် ရှိနေခဲ့သည်။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ မျက်နှာတွင်မူ တည်ကြည်သော အမူအရာများ ရှိနေခဲ့၏။
ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက်ဒဏ်ရာ ရထာသော်လည်း သူ၏ ခန္ဓာကိုယ်သည် လှံတစ်စင်းလို မတ်မတ်ရပ်နေဆဲပင်။
အံ့ဩစရာကောင်းသည်မှာ ထိုအနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ကျန်းချန်နှင့် သိကျွမ်းဖူးသည့် ဝူမျိုးနွယ်စုမှ ပါရမီရှင်ဝူမု အမှန်တကယ် ဖြစ်နေခဲ့၏။
အခန်း(၂၄၄၁)ပြီး၏။
အခန်း(၂၄၄၂)
“ဒီကောင်လေးက ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်လာပြီး ပြဿနာတက်နေတာပဲ”
ဝူမု၏ ဆိုးရွားလှသော အခြေအနေကိုမြင်လျှင် ကျန်းချန်သည် တိတ်တဆိတ် ခေါင်းခါရမ်းမိလိုက်သည်။
မကြာမီမှာပင် သူ၏ အကြည့်သည် ဝူမု၏ ပတ်ဝန်းကျင် ဆီသို့ကျရောက်သွားခဲ့သည်။
လူခုနစ်ယောက်၊ ရှစ်ယောက်ခန့်က ဝူမုကို ဝိုင်းရံထားသည်အား သူမြင်လိုက်ရသည်။
ထိုလူများ၏ ခန္ဓာကိုယ်ကနေ အင်မော်တယ် ကျင့်ကြံသူများ၏ အရှိန်အဝါများ ထွက်ပေါ်နေခဲ့ပြီး ၎င်းတို့၏ ကျင့်ကြံခြင်းအဆင့်သည် လုံးဝမနိမ့်ကျပေ။
တစ်ယောက်ချင်းစီသည် အနည်းဆုံး လမ်းစဥ်ပေါင်းစည်းခြင်းအဆင့်ကို ရောက်ရှိနေကြပြီ ဖြစ်၏။
ဤလူအားလုံးသည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ ဖြစ်သည်မှာ သံသယဖြစ်စရာ မလိုပေ။
ထာဝရသက်ရှည်တောင်တန်းတွင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ တစ်ခုတည်းတွင်သာ ဤမျှများပြားသည့် အင်မော်တယ် ကျင့်ကြံသူများ ရှိနိုင်သည် မဟုတ်ပါလော။
သို့သော်လည်း ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်လာသည့် ဝူမုကို အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့က အဘယ်ကြောင့် လိုက်လံသတ်ဖြတ်နေမှန်း သူ မသိပေ။
“ဝူမု.. မင်းကို အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ဆီမှာ အညံ့ခံဖို့ နောက်ဆုံး အခွင့်အရေး တစ်ကြိမ်ပေးမယ်.. အညံ့ခံမယ်ဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ် တကယ်လို့ ဆက်ပြီး ခေါင်းမာနေမယ်ဆိုရင်တော့ ဒီနေရာက မင်းရဲ့ သင်္ချိုင်းနေရာပဲ”
ထိုလူစုကို ဦးဆောင်လာသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ဝူမုကို စိုက်ကြည့်ကာ လူသတ်ငွေ့လွှမ်းသော လေသံဖြင့် ပြောလိုက်သည်။
“ငါ ဝူမုက မင်းတို့ဆီမှာ အညံ့ခံရမှာလား.. အိပ်မက်သာ မက်နေလိုက်”
ဝူမုက လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းတန်းများ လင်းလက်သွားခဲ့သည်။
“အခု ပြင်ပကမ္ဘာမှာရှိတဲ့ အင်မော်တယ် ကျင့်ကြံခြင်းလောကက ငါတို့လက်ချက်နဲ့ ပျက်စီးသွားခဲ့ပြီ.. ဒီထာဝရသက်ရှည်တောင်တန်းထဲက မင်းတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို ဖျက်ဆီးဖို့ကလည်း အချိန်တစ်ခုပဲ လိုတော့တယ်”
“ဝူမု.. မင်းက စကားကောင်း ပြောနေတာကို နားမလည်တဲ့ကောင်ပဲ.. ငါမင်းကို အခွင့်အရေးပေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ မင်းက အသုံးမချခဲ့ဘူး.. ဒီလိုဆိုမှတော့ ငါ့ကို မညှာတာဘူးဆိုပြီး အပြစ်မတင်နဲ့တော့”
ဦးဆောင်လာသည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ အမူအရာက အေးစက်သွားခဲ့ပြီး လက်တစ်ဖက်ကို ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။
“အားလုံးပဲ သူ့ကိုသတ်”
“ဝုန်း..ဝုန်း..ဝုန်း..”
လူလတ်ပိုင်းအရွယ်ထံမှ အမိန့်ကို ရသည်နှင့် နောက်လိုက် ဖြစ်သည့် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူများသည် သူတို့၏ စွမ်းအားများကို ထုတ်ဖော်လိုက်ပြီး ဝူမုကို တိုက်ခိုက်ရန် ပြေးဝင်သွားခဲ့ကြသည်။
ဝူမျိုးနွယ်စု၏ ပါရမီရှင်တစ်ယောက် အနေဖြင့် ဝူမု၏ ကျင့်ကြံခြင်းသည် မနိမ့်ကျဘဲ ကောင်းကင်အရှင် အထွတ်အထိပ်အဆင့်ကို ရောက်ရှိနေပြီး နတ်ဘုရင်အဆင့်ကို ရောက်ရှိရန် ခြေတစ်လှမ်းမျှသာ လိုတော့၏။
သို့သော်လည်း သူက ယခုအခါတွင် ဒဏ်ရာအပြင်းအထန် ရရှိထားပြီး အင်အားကုန်ခမ်းနေပြီ ဖြစ်ရာ လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်၏ ဝိုင်းဝန်းတိုက်ခိုက်မှုကို မည်ကဲ့သို့ ခုခံနိုင်ပါမည်နည်း။
ဝူမု အသက်အန္တရာယ်နှင့် ကြုံတွေ့နေရသည်ကို မြင်လျှင် ကျန်းချန်သည် ရပ်ကြည့်မနေနိုင်တော့ဘဲ လုရှောင်ချင်းကို ခေါ်ကာ ဝူမုတို့ ဆီသို့ လျှောက်သွားလိုက်သည်။
နောက်ထ ပ်တစ်ခဏတွင် အေးစက်စက် အသံတစ်သံသည် ရုတ်တရက် ထွက်ပေါ်လာခဲ့၏။
“မင်းတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့က သိပ်အထက်စီး ဆန်နေပါလား...မင်းတို့ သူ့ကို သတ်ချင်တယ်ဆိုရင် ငါသဘောတူ မတူ အရင်မေးရလိမ့်မယ်”
ရုတ်တရက်ထွက်ပေါ်လာသော အေးစက်စက် စကားသံကိုကြားလျှင် လူတိုင်းသည် အံ့အားသင့်သွားကြသည်။
သူသေကိုယ်သေ ခုခံရန် ပြင်ဆင်နေသည့် ဝူမုပင်လျှင် မျက်ဝန်းထဲတွင် သံသယများ ဖြစ်ပေါ်လာခဲ့ပြီး အသံလာရာဆီသို့ လှည့်မကြည့်ဘဲ မနေနိုင် ဖြစ်သွားခဲ့သည်။
ထိုအခါ သူ၏ မြင်ကွင်းထဲတွင် ဖြည်းဖြည်းချင်းပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် ဝူမု၏ မျက်နှာထက်၌ အလွန်အမင်း ဝမ်းသာသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ထာဝရသက်ရှည်တောင်တန်း ထဲတွင် ကျန်းချန်နှင့်တွေ့ဆုံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
ဤလူသည် တစ်ချိန်က တစ်ကိုယ်တော် စွမ်းရည်ဖြင့် အင်မော်တယ် ကျင့်ကြံခြင်း လောက တစ်ခုလုံးကို တုန်လှုပ်စေခဲ့သူဖြစ်သည်။
ဆိုရလျှင် သူတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကက အင်မော်တယ် ကျင့်ကြံခြင်း လောကကို ဖျက်ဆီးနိုင်ခဲ့ပြီး မြောက်ပိုင်းနယ်မြေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်မှာ ဤလူ၏ အကူအညီကြောင့်သာ ဖြစ်သည်။
သို့သော်လည်း သူသိထားသလောက် ဆိုလျှင် ထိုလူသည် သူတို့ကို အင်မော်တယ် ကျင့်ကြံခြင်း လောကအား ရှင်းလင်းရန် အကူအညီပေးပြီးနောက်တွင် ဘိုးဘေးဝူကျန့်ထျန်းနှင့် အတူ မြောက်ပိုင်းဒေသကနေ ထွက်ခွာသွားခဲ့သည်။
သို့ဖြစ်ရာ အဘယ်ကြောင့် ထာဝရသက်ရှည်တောင်တန်းတွင် ပေါ်လာရပါသနည်း။
မည်သို့ပင်ဖြစ်စေကာမူ ယနေ့တွင် ဤလူ ရှိနေပြီ ဖြစ်သောကြောင့် သူ့အနေဖြင့် စိတ်အေးသွားရပြီ ဖြစ်သည်။
“ကောင်လေး.. မင်းကလည်း သိုင်းပညာ ကျင့်ကြံခြင်း လောကကပဲလား”
ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် လူသတ်ငွေ့များ လွှမ်းခြုံနေခဲ့၏။
“င့ါဘာသာ သိုင်းပညာ ကျင့်ကြံခြင်းလောကက ဟုတ်ဟုတ်၊မဟုတ်ဟုတ် မင်းတို့နဲ့ ဘာမှမသက်ဆိုင်ဘူး”
ကျန်းချန်က လူလတ်ပိုင်းအရွယ် ကျင့်ကြံသူကို တစ်ချက်ကြည့်ကာ ဝူမုကို လက်ညှိုးထိုးပြလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“သူက ငါ့ရဲ့ အကာအကွယ်အောက်မှာ ရှိတဲ့သူပဲ.. မင်းတို့ မသေချင်ဘူး ဆိုရင် အခုဒီနေရာကနေ ချက်ချင်း ထွက်သွားကြစမ်း”
ကျန်းချန်၏ စကားကို ကြားလျှင် ခေါင်းဆောင် ဖြစ်သည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်နှာသည် ချက်ချင်းပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
“ငါတို့ ဒုခေါင်းဆောင်က သိုင်းပညာ ကျင့်ကြံခြင်းလောကက လူတွေ ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်လာတာ တွေ့ရင် အသေသတ်ရမယ်လို့ မှာထားတယ်.. မင်းက ဒီလောက်တောင် အသေခံချင်နေမှတော့ ငါမင်းကို ဝူမုနဲ့ အတူ မြှုပ်နှံပေးမယ်”
“လက်စသတ်တော့ ဒါက မင်းတို့ ဒုခေါင်းဆောင်ရဲ့ လက်ချက်ကိုး”
ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် အေးစက်သွားခဲ့သည်။
“မင်းတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့က ငါတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကက လူတွေကို ဘယ်လိုသတ်နိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”
ဤထာဝရသက်ရှည်တောင်တန်းထဲမှ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် အမှန်တကယ်ပင် ထင်တိုင်းကြဲနေပုံရ၏။
ကျန်းချန်သည် ထာဝရသက်ရှည်တောင်တန်း၏ လက်ရှိအခြေအနေကို မသိသော်လည်း လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ စကားမှတစ်ဆင့် အကြမ်းဖျင်း ခန့်မှန်းနိုင်ခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းလောက ပြိုကွဲသွားပြီး ကတည်းကပင် ထာဝရသက်ရှည်တောင်တန်းသည် ဝူမျိုးနွယ်စု ဦးဆောင်သည့် သိုင်းပညာအင်အားစုများ အပေါ်တွင် ကန့်သတ်ချက်များ မရှိတော့ပေ။
ဤကာလအတွင်း သိုင်းပညာ ကျင့်ကြံသူ အများအပြားသည် ထာဝရသက်ရှည်တောင်တန်းထဲကို သဘာဝကျစွာပင် ဝင်ရောက်လာခဲ့ကြ၏။
ထိုကိစ္စကြောင့် ထာဝရသက်ရှည်တောင်တန်းထဲမှ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် အန္တရာယ်ကို သိသိသာသာ ခံစားလာရ၏။
သိုင်းပညာ ကျင့်ကြံခြင်း လောကက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို ဖြိုခွင်းပြီး သူတို့၏ အရင်းအမြစ်များအား ခွဲဝေယူကြမည်ကို သူတို့ ကြောက်ရွံ့နေခဲ့ကြသည်။
ထို့ကြောင့်လည်း မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်သည် ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ရောက်လာသည့် သိုင်းပညာကျင့်ကြံသူများကို သတ်ဖြတ်ရန် အမိန့်ထုတ်ခဲ့ခြင်း ဖြစ်ပုံရ၏။
ထိုသို့ တွေးမိလိုက်လျှင် ကျန်းချန်သည် မျက်နှာ အနည်းငယ် ပျက်ယွင်းသွားခဲ့သည်။
လက်ရှိအချိန်တွင် ထာဝရသက်ရှည်တောင်တန်းထဲမှ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် သိုင်းပညာကျင့်ကြံသူများ အတွက် ကပ်ဘေးတစ်ခု ဖြစ်လာခဲ့ချေပြီ။
သူ့အနေဖြင့် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို အမြစ်ပြတ် ချေမှုန်းရတော့မည်ဟု တွေးမိလိုက်သည်။
“သတ်ကြစမ်း”
ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာခဲ့ပြီး ကျန်းချန်နှင့် အပိုစကားများ ပြောမနေတော့ဘဲ လက်အောက်ငယ်သားများကို ကျန်းချန်အား သတ်ဖြတ်ရန် အမိန့်ပေးလိုက်သည်။
ဤအခိုက်အတန့်တွင် ကျန်းချန်၏ အမူအရာသည် အလွန်တရာပင် တည်ငြိမ်နေခဲ့သည်။
သူက လက်တစ်ဖက်ကို အသာအယာမြှောက်ကာ ဝှေ့ယမ်းလိုက်ရုံဖြင့် မမြင်နိုင်သော စွမ်းအားတစ်ခုသည် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်၏ ခန္ဓာကိုယ်ကို ချုပ်နှောင်ပစ်လိုက်သည်။
နောက်ထပ် တစ်ခဏတွင် ကြောက်မက်ဖွယ် ဓားစွမ်းအင်များသည် လေထုထဲကနေ ထွက်ပေါ်လာခဲ့ပြီး ထိုကျင့်ကြံသူများကို ချက်ချင်းဆိုသလိုပင် ဖုံးလွှမ်းသွားခဲ့၏။
ဤသို့ဖြင့် ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်သည် အော်ဟစ်ရန်ပင် အချိန်မရလိုက်ဘဲ ကြောက်မက်ဖွယ်ဓားစွမ်းအင်ဖြင့် သတ်ဖြတ်ခံလိုက်ရသည်။
“နတ်ဘုရင်အဆင့်ပါလား..မင်း မင်းဘယ်သူလဲ”
သူ၏ လက်အောက်ငယ်သားများက သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ လက်ချက်ဖြင့် အသတ်ခံလိုက်ရသည်ကို မြင်လျှင် ခေါင်းဆောင်ဖြစ်သည့် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်ဝန်းထဲ၌ ထိတ်လန့်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့သည်။
သူ့ရှေ့မှ လူသည် တစ်ကွက်တည်းဖြင့်ပင် လမ်းစဥ်ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်ကို သတ်ဖြတ်လိုက်၏။
ဤသည်မှာ ကပ်ဘေးအဆင့်နှင့် ယှဥ်နိုင်သည့် နတ်ဘုရင်တစ်ပါးသာ လုပ်ဆောင်နိုင်သောအရာ ဖြစ်သည်။
သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် နတ်ဘုရင်အဆင့်ကို ရောက်ရှိနေသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု သူ လုံးဝထင်မထားခဲ့ပေ။
“ငါက မင်းကို ငရဲဆီ အခမဲ့ ပို့ပေးမဲ့သူပဲ”
ကျန်းချန်က အေးစက်စက် ရေရွတ်လိုက်ပြီး သူ၏ လက်ချောင်းထဲကနေ ဓားစွမ်းအားကို ထုတ်ဖော်လိုက်သည်။
ကျန်းချန်က ထပ်မံ တိုက်ခိုက်တော့မည်ကို မြင်လျှင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူ၏ မျက်နှာသည် အကြီးအကျယ်ပျက်ယွင်းသွားခဲ့သည်။
သူက အထိတ်တလန့်ဖြင့် လျင်မြန်စွာ အော်ဟစ်လိုက်သည်။
“မင်း.. မင်း ငါ့ကို သတ်လို့မဖြစ်ဘူး.. ငါက အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့က ဒုခေါင်းဆောင် ချင်းစန်းလဲ့ရဲ့ လူပဲ...တကယ်လို့ မင်းငါ့ကို သတ်လိုက်ရင် ဒုခေါင်းဆောင်က မင်းကို သေချာပေါက် အလွှတ်ပေးမှာမဟုတ်ဘူး”
“ချင်းစန်းလဲ့လား”
ကျန်းချန်က မထီမဲ့မြင် ပြုံးလိုက်ပြီး အေးစက်စက် ပြောလိုက်သည်။
“စိတ်မပူနဲ့.. ငါက သူ့ကိုလည်း အလွှတ်ပေးဖို့ စိတ်ကူးမရှိဘူး.. မင်းကို သတ်ပြီးရင် သူ့ကို ရှာဖို့ အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့ကို သွားဦးမှာပဲ”
အခန်း(၂၄၄၂)ပြီး၏။