အခန်း (၁၄၄၃-၁၄၄၄)
Vol. 185 Ch. 1443-1444
အခန်း(၂၄၄၃)
ကျန်းချန်က အေးစက်စက် ရေရွတ်ပြီးသည်နှင့် သူ၏ လက်တစ်ဖက်ကို အသာအယာ မြှောက်လိုက်သည်။
ထိုမြင်ကွင်းကိုမြင်လျှင် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် ချက်ချင်းဆိုသလိုပင် ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။
သူက အနည်းငယ်မျှပင် တွေဝေမနေရဲဘဲ ခဲမှန်သွားသည့် ခွေးလေခွေးလွင့် ကဲ့သို့ အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့ရှိရာ အရပ်ဆီသို့ အလျင်အမြန်ပင် ထွက်ပြေးသွားခဲ့သည်။
သို့သော်လည်း လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် လမ်းစဥ်ပေါင်းစည်းခြင်း အဆင့်သာ ရှိရာ ကျန်းချန်၏ ရှေ့တွင် ပုရွက်ဆိတ်တစ်ကောင်နှင့် မခြားပေ။
သူ ပေတစ်ထောင်ခန့် မပြေးရသေးခင်မှာပင် ကြောက်မက်ဖွယ် ဓားအလင်းသည် လေထုကို ထိုးဖောက်လာခဲ့ပြီး သူ၏ ကျောပြင်ကို ထိမှန်သွားခဲ့သည်။
လူလတ်ပိုင်းအရွယ် ကျင့်ကြံသူသည် မည်သို့မျှ မတုံ့ပြန်နိုင်လိုက်ဘဲ ကျန်းချန်၏ တိုက်ခိုက်မှုအောက်တွင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကောင်းကင်နှင့်မြေကြီး ကြားတွင် ပျံ့လွင့်သွားခဲ့သည်။
“အသက်ကယ်တင်ပေးတဲ့အတွက် သခင်လေးကျန်းချန်ကို ကျေးဇူးတင်ပါတယ်”
ကျန်းချန်က အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ လူစုကို အသာအယာ သတ်ပစ်လိုက်သည်ကို မြင်လျှင် ဝူမုသည် ရှေ့သို့ တိုးလာခဲ့ပြီး ကျေးဇူးတင်စကား ပြောလိုက်သည်။
ကျန်းချန်က ခေါင်းညိတ်ပြလိုက်ပြီး ဝူမုကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။
“ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ရောက်လာတဲ့ ကျင့်ကြံသူတွေက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတာလား”
“ဟုတ်ပါတယ် သခင်လေးကျန်းချန်”
ဝူမုက တရိုတသေဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။
သိပ်မကြာခင်ကစပြီး ထာဝရသက်ရှည်တောင်တန်းထဲကို သိုင်းပညာရှင် အများအပြား ဝင်ရောက်လာခဲ့သည်။
အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် သိုင်းပညာရှင်များက သူတို့၏ အကျိုးစီးပွားအား ခြိမ်းခြောက်လာမည်ကို ကြောက်ရွံ့ခဲ့ကြ၏။
ထို့ကြောင့် ထာဝရသက်ရှည်တောင်တန်း ထဲကို ဝင်ရောက်လာသည့် သိုင်းပညာ ကျင့်ကြံသူများကို သတ်ဖြတ်ရန် အမိန့်ထုတ်ခဲ့ခြင်း ဆိုလည်း မမှားပေ။
သိုင်းပညာရှင် အများအပြားသည် အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့ပြီ ဖြစ်၏။
ဝူမုထံမှ စကားများကို ကြားလိုက်ရလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အေးစက်စက် အလင်းများ လင်းလက်သွားခဲ့သည်။
“ငါတို့ အခုချက်ချင်း အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ဆီ သွားကြစို့”
သူနှင့် ဝူကျန့်ထျန်းက အင်မော်တယ် ကျင့်ကြံခြင်းလောကကို ဖျက်ဆီးပြီးသည့်နောက်တွင် ထာဝရသက်ရှည်တောင်တန်းထဲရှိ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကိုပါ ဖျက်ဆီးရန် သူ စဥ်းစားခဲ့ဖူးသည်။
သို့သော်လည်း အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် ထာဝရသက်ရှည်တောင်တန်း ထဲတွင်သာ အမြဲတစေရှိနေခဲ့သည်ကို သူက ထည့်သွင်း စဥ်းစားခဲ့သည်။
ထို့အပြင် အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ဝင်များသည် ထာဝရသက်ရှည်တောင်တန်းထဲတွင် အခွင့်အလမ်းများ ရှာဖွေပြီး အင်မော်တယ် ဖြစ်ဖို့ကိုသာ စိတ်အားထက်သန်ကြ၏။
ဆိုရလျှင် ထာဝရသက်ရှည်တောင်တန်းထဲမှ အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ အနေဖြင့် သိုင်းပညာရှင်များအပေါ်တွင် ရန်လိုမှု ကြီးကြီးမားမား မရှိသောကြောင့် ကျန်းချန်တို့သည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို မချေမှုန်းခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း ယခုအခါတွင် အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့မှ လူများသည် ဤထာဝရသက်ရှည်တောင်တန်းကို သူတို့၏ အပိုင်ဟုပင် မှတ်ယူကြပြီး ဤနေရာကို ဝင်ရောက်လာသည့် သိုင်းပညာရှင် ကျင့်ကြံသူများကိုပါ သတ်ဖြတ်ရန် အမိန့်ထုတ်ထားလိမ့်မည်ဟု ထင်မထားခဲ့ပေ။
အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် သိုင်းပညာရှင်များကို သတ်ဖြတ်လာသည် အထိ ပြဿနာရှာနေခဲ့ပြီဖြစ်ရာ ဤနေရာတွင် တည်ရှိနေရန် မလိုအပ်တော့ပေ။
“သခင်လေးကျန်းချန် ကျွန်တော်သိထားသလောက်ဆိုရင် ထာဝရသက်ရှည်တောင်တန်းထဲမှာ ရှိတဲ့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့အင်အားက ခန့်မှန်းလို့ မရလောက်အောင် နက်ရှိုင်းတယ်.. ပြင်ပကမ္ဘာက အင်မော်တယ်ကျင့်ကြံခြင်း လောကနဲ့ နှိုင်းယှဥ်ရင်တောင် သူတို့က ပိုပြီးတော့ အင်အားတောင့်တင်းတယ်.. ကျွန်တော်တို့တွေ တကယ်ပဲ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ ဆီကို သွားကြမှာလား”
ဝူမုက အနည်းငယ် ဝေခွဲမရဖြစ်နေပြီး ကျန်းချန်ကို မေးလိုက်သည်။
သူ့ရှေ့မှ လူက အလွန်တရာ သန်မာပြီး သူတို့ ဘိုးဘေးဝူကျန့်ထျန်းထက်ပင် မနိမ့်ကျမှန်း ဝူမု ကောင်းစွာ သိထားသော်လည်း ထာဝရသက်ရှည်တောင်တန်း ထဲရှိ အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ ဆိုသည်မှာ မည်သူမဆို လာရောက် အနိုင်ကျင့်၍ ရသည့် အဖွဲ့အစည်း မဟုတ်ပေ။
“စိတ်မပူပါနဲ့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့လောက်က ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်ပါဘူး”
ကျန်းချန်က တည်ငြိမ်စွာပင် ရေရွတ်လိုက်သည်။
သူ၏ စကားလုံးထဲတွင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများ ပြည့်နှက်နေခဲ့၏။
ပြီးခဲ့သည့် တစ်ခေါက်က ထာဝရသက်ရှည်တောင်တန်းကို လာစဥ်တွင် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့တွင် တစ်ခဏမျှ နေထိုင်ခဲ့ဖူးသည်။
ထို့ကြောင့် ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ အင်အားကို သဘာဝကျစွာပင် နားလည်ထားခဲ့၏။
သို့သော်လည်း ယနေ့တွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် ဆဋ္ဌမအဆင့်ကို ထိုးဖောက်သွားခဲ့ရုံသာမက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က သူ့ကို လက်ဆင့်ကမ်းပေးခဲ့သည့် ဓားအင်မော်တယ် နည်းစနစ်ကိုလည်း သဘောပေါက်ထားပြီ ဖြစ်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းရည်သည် ထာဝရသက်ရှည်တောင်တန်းထဲကို စတင် ဝင်ရောက်လာစဥ်ကထက် အဆပေါင်းများစွာ တိုးတက်လာခဲ့ချေပြီ။
သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့တွင် ခေါင်းဆောင် ဖြစ်သည့် ရှချင်းလီတစ်ယောက်တည်းသာလျှင် သူ့ကိုအန္တရာယ် အနည်းငယ် ပေးနိုင်ပေလိမ့်မည်။
သို့ရာတွင် ရှချင်းလီသည် ပြီးခဲ့သည့် တစ်ခေါက်က ထာဝရရှင်သန်ခြင်း အင်မော်တယ်နန်းတော် တည်ရှိသည့်နေရာသို့ ဝင်ရောက်ပြီးနောက်တွင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ကိစ္စများကို ဝင်မပါတော့ရန် ဆုံးဖြတ်ခဲ့ပြီး ထိုနေရာမှာပင် ကျင့်ကြံခြင်းကို အာရုံစိုက်ကာ ပိုမို မြင့်မားသော နယ်ပယ်အဆင့် ဆီသို့ တက်လှမ်းရန် ကြိုးစားနေခဲ့သည်။
ကပ်ဘေး အထွတ်အထိပ်အဆင့် ဖြစ်သည့် ရှချင်းလီ မရှိလျှင် လက်ရှိ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့တွင် သူ့ကို မည်သူက ခြိမ်းခြောက်နိုင်ပါအံ့နည်း။
ကျန်းချန်ထံမှ ယုံကြည်မှု အပြည့်ရှိသော စကားများကို ကြားလိုက်ရလျှင် ဝူမုသည် ဘာစကားမျှ ထပ်မပြောတော့ဘဲ မျက်နှာထက်တွင် စိတ်လှုပ်ရှားသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ထာဝရသက်ရှည်တောင်တန်းထဲကို သူ ခြေချလာကတည်းကပင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။
သူ၏ အဖော်နှစ်ယောက်သည်ပင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ လက်ထဲတွင် ကျဆုံးခဲ့ရ၏။
ယခု ကျန်းချန်၏ အကူအညီဖြင့် ဆိုလျှင် သူ့အနေဖြင့် တစ်ချိန်က ခံစားခဲ့ရသည့် အရှက်ရမှုများကို အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ ဆီကနေ ဆယ်ဆခန့် ပြန်တောင်းနိုင်တော့မည် မဟုတ်ပါလား။
အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ တည်နေရာသည် ကျန်းချန်တို့ ရှိနေသည့် နေရာနှင့် သိပ်မဝေးပေ။
နာရီဝက်ခန့် အကြာတွင် ကျန်းချန်သည် ဝူမုနှင့်လုရှောင်ချင်းတို့ကို ခေါ်ဆောင်ကာ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ တံခါးဝ ဆီသို့ ရောက်ရှိလာခဲ့သည်။
“မင်းတို့က ဘယ်သူတွေလဲ.. ငါတို့ အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့ကို ဘာလာလုပ်တာလဲ”
အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ တံခါးဝသို့ရောက်ရှိလာသည့် ကျန်းချန်တို့ သုံးယောက်ကို မြင်လျှင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ အစောင့်နှစ်ယောက်သည် တကယ့် ရန်သူကြီးနှင့် ရင်ဆိုင်နေရသလိုမျိုး ကျန်းချန်တို့ သုံးယောက်ကို အော်ငေါက်လိုက်သည်။
အစောင့်နှစ်ယောက်သည် ကျန်းချန်တို့၏ အထောက်အထားနှင့် ကျင့်ကြံခြင်းအဆင့်ကို မမြင်နိုင်သော်လည်း ဝူမု ဆီကနေ ထွက်ပေါ်နေသည့် သိုင်းပညာ ကျင့်ကြံသူ၏ အရှိန်အဝါကို ရှင်းလင်းစွာ ခံစားမိခဲ့၏။
တစ်နည်းအားဖြင့် ပြောရလျှင် သူတို့ရှေ့မှ လူသုံးယောက်သည် သိုင်းပညာ ကျင့်ကြံခြင်းလောကမှ ဖြစ်နိုင်ခြေ အလွန်များသည်။
သိထားရမည့်အချက်မှာ မကြာသေးမီကစပြီး သူတို့အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်သည် ထာဝရသက်ရှည်တောင်တန်းထဲကို ဝင်ရောက်လာသည့် သိုင်းပညာရှင်များကို သတ်ဖြတ်ရန် အမိန့်ထုတ်ထားခဲ့ခြင်းပင်။
ဆိုရလျှင် ထာဝရသက်ရှည်တောင်တန်းထဲကို သိုင်းပညာကျင့်ကြံသူများ အခြေချသည်နှင့် တစ်ပြိုင်နက် အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် တစ်ခါတည်း သတ်ပစ်ရမည်သာ ဖြစ်သည်။
ယခုအခါတွင်မူ သိုင်းပညာ ကျင့်ကြံခြင်းလောကမှ လူသုံးယောက်သည် သူတို့ အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့၏ တံခါးဝ အထိပင် ရောက်ရှိလာခဲ့ချေပြီ။
ဤလူသုံးယောက်သည် ကောင်းမွန်သောကိစ္စဖြင့် လာခြင်းမဟုတ်သည်မှာ ဖြစ်နိုင်ခြေ အလွန်များ၏။
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဝင့်ကြွားစွာ ရပ်နေရင်း အစောင့်နှစ်ယောက်ကို တည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။
“မင်းတို့ရဲ့ ဒုခေါင်းဆောင် ချင်းစန်းလဲ့ကို ကျန်းချန်က ဒီကို လာလည်တယ်လို့ သွားအကြောင်းကြားလိုက်”
“ကျန်း.. ကျန်းချန်လား”
ကျန်းချန်၏ စကားကို ကြားလျှင် အစောင့်နှစ်ယောက်သည် ရုတ်တရက် မျက်နှာပျက်သွားခဲ့သည်။
မကြာသေးမီက ကျန်းချန်ဟု အမည်ရသည့် သိုင်းပညာကျင့်ကြံခြင်း လောကမှ လူတစ်ယောက်သည် ထာဝရသက်ရှည်တောင်တန်းထဲတွင် ပေါ်လာခဲ့သည်။
သူတို့နှစ်ယောက်က ကျန်းချန်၏ မျက်နှာကို မမြင်ဖူးကြသော်လည်း ကျန်းချန်သည် တစ်ကိုယ်တော် စွမ်းရည်ဖြင့်ပင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့တွင် အကြီးအကျယ် သောင်းကျန်းခဲ့ပြီး အဆုံးသတ်တွင် ခေါင်းဆောင်ဖြစ်သည့် ရှချင်းလီ ကိုယ်တိုင် ထွက်ဖြေရှင်းခဲ့ရသည်ကို သိထားကြ၏။
နောက်ပိုင်းတွင် ထိုလူသည် သူတို့ ခေါင်းဆောင် ရှချင်းလီနှင့်အတူ ထာဝရသက်ရှည်တောင်တန်း၏ အနက်ရှိုင်းဆုံး နေရာရှိ အင်မော်တယ်နယ်မြေကို စူးစမ်းရန် သွားရောက်ခဲ့သည်။
ထိုလူက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ ဆီသို့ မထင်မှတ်ဘဲ ပြန်လည် ရောက်ရှိလာလိမ့်မည်ဟု သူတို့ လုံးဝထင်မထားခဲ့ပေ။
“ကျန်း.. ကျန်းချန်လား.. မင်း.. မင်းက ဘယ်လိုလုပ်ပြီး ဒီရောက်လာတာလဲ.. မင်းက ခေါင်းဆောင်နဲ့အတူ ထာဝရသက်ရှည်တောင်တန်းရဲ့ အနက်ရှိုင်းဆုံး နေရာကို သွားခဲ့တာ မဟုတ်ဘူးလား”
အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့မှ အစောင့်နှစ်ယောက်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ထိတ်လန့်တကြားဖြင့် မေးလိုက်သည်။
“ငါ နောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်...အခုချက်ချင်း ချင်းစန်းလဲ့ကို ထွက်လာပြီး ငါ့ကို လာတွေ့ခိုင်းလိုက်.. မဟုတ်ရင် ငါ့ကို ညှာတာမှုမရှိဘူး ဆိုပြီး အပြစ်မတင်နဲ့”
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
“သူက သိုင်းပညာ ကျင့်ကြံခြင်းလောကက လူတွေကို သတ်ဖြတ်ဖို့ အမိန့်ထုတ်ခဲ့တယ် မဟုတ်လား.. သူက ငါ့ကိုပါ သတ်ဖြတ်ချင်လား ဆိုတာ ငါကြည့်ချင်သေးတယ်”
ထိုစကားကိုကြားလျှင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ အစောင့်နှစ်ယောက်သည် ချက်ချင်းဆိုသလိုပင် မျက်နှာပျက်ယွင်းသွားခဲ့သည်။
ယခုတစ်ကြိမ် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ဆီသို့ ကျန်းချန် ရောက်လာသည်မှာ အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့က ထုတ်ပြန်ထားသည့် အမိန့်အပေါ် မကျေနပ်သောကြောင့် ဖြစ်သည်မှာ ထင်ရှားနေခဲ့သည်။
သူတို့ရှေ့မှလူသည် ဒုခေါင်းဆောင် ချင်းစန်းလဲ့နှင့်ပင် ယှဥ်နိုင်သောသူ ဖြစ်ရာ သူတို့လို ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ကျင့်ကြံသူနှစ်ယောက်သည် မည်ကဲ့သို့ ယှဥ်ပြိုင်နိုင်ပါမည်နည်း။
သူတို့က အနည်းငယ်မျှပင် တွေဝေမနေရဲဘဲ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ အကြီးအကဲများထံ အချက်ပြလှိုင်းများကို လွှတ်၍ အကြောင်းကြားလိုက်သည်။
နောက်ထပ် တစ်ခဏတွင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ အတွင်းဘက်ကနေ ကပ်ဘေးအဆင့်ကျင့်ကြံသူ အချို့၏ သန်မာသော အရှိန်အဝါများသည် ကောင်းကင်ယံ ဆီသို့ ချက်ချင်းဆိုသလို မြင့်တက်လာခဲ့ပြီး အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ တံခါးဝဆီသို့ လျင်မြန်စွာ ရောက်ရှိလာကြသည်။
အခန်း(၂၄၄၃)ပြီး၏။
အခန်း(၂၄၄၄)
ကျန်းချန်၏ အကြည့်အောက်မှာပင် ကပ်ဘေးအဆင့် ကျင့်ကြံသူအချို့သည် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ထဲကနေ လျင်မြန်စွာ ထွက်ပေါ်လာခဲ့ပြီး ကျန်းချန်တို့ သုံးယောက်၏ ရှေ့တွင် ပေါ်လာခဲ့သည်။
ထိုကျင့်ကြံသူများကို ခေါင်းဆောင်လာသောသူမှာ ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်သည့် အင်မော်တယ်ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ချင်းစန်းလဲ့ပင် ဖြစ်သည်။
“ကျန်းချန်...မင်းဖြစ်နေတာကိုး”
သူ၏ မြင်ကွင်းထဲတွင် ပေါ်လာသည့် ကျန်းချန်ကို မြင်လျှင် ချင်းစန်းလဲ့သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ကျန်းချန်က သူ့ရှေ့မှ ချင်းစန်းလဲ့ကိုကြည့်ကာ နှာခေါင်းရှုံ့၍ အေးစက်စက် ပြောလိုက်သည်။
“ချင်းစန်းလဲ့.. ဒီထာဝရသက်ရှည်တောင်တန်းထဲမှာ ငါတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကက လူတွေကို သတ်ဖို့တောင် အမိန့်ထုတ်ရဲတယ် ဆိုတော့ မင်းတော်တော် သတ္တိကောင်းနေတာပဲ”
“ငါက အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ ဒုခေါင်းဆောင်ပဲ.. ငါ့ဘာသာ ဘယ်လို အမိန့်ပဲထုတ်ထုတ် မင်း ဝင်စွက်ဖက်စရာ ဘာအကြောင်းမရှိဘူး”
ချင်းစန်းလဲ့က ကျန်းချန်ကို ခက်ထန်သော အမူအရာဖြင့် စူးစိုက်ကြည့်လိုက်သည်။
“မင်းက ခေါင်းဆောင်နဲ့ အတူ အင်မော်တယ်နယ်မြေဆီ သွားတာ မဟုတ်လား.. ခေါင်းဆောင်ရော အခုဘယ်မှာလဲ”
“မင်းမေးတိုင်း ငါဖြေရမှာလား.. မင်းဘာသာ ဘယ်လို အမိန့်ပဲထုတ်ထုတ် ငါ့အနေနဲ့ ဝင်စွက်ဖက်စရာမရှိဘူး.. ဒါပေမဲ့ ငါတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကက လူတွေက မင်းတို့ အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့ သတ်ချင်းတိုင်း သတ်လို့ ရတဲ့ သူတွေ မဟုတ်ဘူး.. ဒီနေ့ မင်း ငါ စိတ်ကျေနပ်လောက်တဲ့ ရှင်းပြချက် မပေးနိုင်ဘူးဆိုရင် ငါမင်းတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို ထာဝရသက်ရှည်တောင်တန်းထဲကနေ လုံးဝပျောက်ကွယ်သွားအောင် လုပ်ပစ်မယ်”
ကျန်းချန်က ချင်းစန်းလဲ့ကို အေးစက်စက် စိုက်ကြည့်ကာ ပြောလိုက်သည်။
သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များသည် ချက်ချင်းဆိုသလိုပင် ပျံ့လွင့်သွားခဲ့သည်။
“မင်းတစ်ယောက်တည်းနဲ့လား.. ဟက်.. ဟိုတုန်းကသာ ခေါင်းဆောင်က မင်းကို အကာအကွယ် မပေးခဲ့ရင် မင်းအခုထိတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး”
ချင်းစန်းလဲ့က မထီမဲ့မြင်ပြုံးလိုက်ပြီး မျက်နှာထက်တွင် အေးစက်စက် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“ဒီနေ့ မင်းကို အကာအကွယ်ပေးမဲ့ ခေါင်းဆောင်လည်း မရှိဘူးဆိုတော့ မင်းကို ဘယ်သူကယ်နိုင်မလဲ ဆိုတာ ငါကြည့်ချင်သေးတယ်”
ခေါင်းဆောင် ရှချင်းလီသည် ကျန်းချန်နှင့် အတူ ထွက်ခွာသွားပြီးကတည်းကပင် သူက အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့ကို လုံးဝ ထိန်းချုပ်ထားခဲ့သည်။
ကျန်းချန်တွင် ထူးခြားသော ပါရမီနှင့် ခွန်အားများ ရှိသော်လည်း သူတို့ အင်မော်တယ် ကျင့်ကြံသူများမဟာမိတ်အဖွဲ့ တစ်ဖွဲ့လုံးကို ယှဥ်ပြိုင်ရန်မှာမူ အရည်အချင်း မပြည့်မီသေးပေ။
“ငါ အင်မော်တယ် ကျင့်ကြံခြင်းလောကကို နှိမ်နင်းပြီးတဲ့နောက်မှာ ရှချင်းလီရဲ့မျက်နှာကို ထောက်ထားပြီး မင်းတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကို မချေမှုန်းခဲ့တာပဲ.. ဒါပေမဲ့ မင်းကတော့ ငါတို့ သိုင်းပညာ ကျင့်ကြံခြင်းလောကက လူတွေကို သတ်ဖြတ်ဖို့တောင် အမိန့်ထုတ်ပြန်ခဲ့တယ်.. ဒီလိုဆိုမှတော့ မင်းတို့အားလုံးကို ငါ အပြီးတိုင် ချေမှုန်းပစ်မှ ဖြစ်တော့မယ်”
ကျန်းချန်က အေးစက်စက် ကြုံးဝါးပြီးသည်နှင့် ကြောက်မက်ဖွယ် ဓားစွမ်းအင်းများသည် သူ၏ ခန္ဓာကိုယ်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာခဲ့သည်။
ချင်းစန်းလဲ့က အေးစက်စက် ပြုံးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ရှေ့ကို တိုးကာ သူ၏ အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်သည်။
“ဝုန်း..”
ကောင်းကင်ယံ တစ်ခုလုံးတွင် မိုးကြိုးအလင်းများဖြင့် ပြည့်နှက်သွားခဲ့ပြီး ထိုမိုးကြိုးအလင်းများသည် ဟင်းလင်းပြင်ကနေ တိုက်ရိုက် ဆင်းသက်လာခဲ့ကာ တောက်ပသော ရွှေရောင်မိုးကြိုးနဂါး အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ရွှေရောင်မိုးကြိုးနဂါးသည် အရာအားလုံးကို ဖျက်ဆီးပစ်နိုင်လောက်သည့် ကြောက်မက်ဖွယ် စွမ်းအားများကို သယ်ဆောင်ကာ ကျန်းချန် ဆီသို့ တိုးဝင်လာခဲ့၏။
ကပ်ဘေးနှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် အနေဖြင့် ချင်းစန်းလဲ့သည် အလွန်တရာပင် သန်မာပြီး သူတတ်မြောက်ထားသည့် မိုးကြိုးနည်းစနစ်သည်လည်း အလွန်ပင် အစွမ်းထက်သည်။
သူ၏ ခွန်အားဖြင့် မိုးကြိုးနည်းစနစ်ကို ထုတ်သုံးမည် ဆိုလျှင် သာမန် နတ်ဘုရင် သတ္တမအဆင့် ကျင့်ကြံသူကိုပင် အလွယ်တကူ နှိမ်နင်းနိုင်စွမ်း ရှိ၏။
ချင်းစန်းလဲ့၏ ကြောက်မက်ဖွယ် တိုက်ခိုက်မှုနှင့် ရင်ဆိုင်ရသော်လည်း ကျန်းချန်၏ အမူအရာသည် ထူးထူးခြားခြားပင် တည်ငြိမ်နေခဲ့သည်။
သူက လက်သည်းများကို အစွမ်းကုန် ဖြန့်ကား၍ သူ့ထံသို့ ဦးတည်လာသည့် ရွှေရောင်မိုးကြိုးနဂါးကို တစ်ချက်ကြည့်လိုက်ပြီး ရွှေရောင်မိုးကြိုးနဂါး သူ၏ ဦးခေါင်းပေါ်သို့ ရောက်ရှိလာသည့် အချိန်တွင် လက်ချောင်းတစ်ချောင်းကို အသာအယာ ဆန့်ထုတ်လိုက်သည်။
ရုတ်တရက် လေထုထဲတွင် ဓားစွမ်းအင်များ ထွက်ပေါ်လာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ရွှေရောင်မိုးကြိုးနဂါးကို အမှုန့်အဖြစ် ချေမှုန်းပစ်လိုက်သည်။
“ဒီကောင်လေးရဲ့ ခွန်အားက အရင်ကထက် အများကြီး ပိုသန်မာလာပါလား”
ချင်းစန်းလဲ့၏ မျက်ဝန်းများသည် ရုတ်တရက် လေးနက်သွားခဲ့သည်။
အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ဆီကို ကျန်းချန် ပထမအကြိမ် လာစဥ်တွင် သူက ကျန်းချန်နှင့် ရင်ဆိုင်ခဲ့ဖူးသည်။
ထိုအချိန်က ကျန်းချန်သည် အလွန် ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခဲ့သော်လည်း ယခုလို အခြေအနေမျိုး အထိ မဟုတ်ခဲ့ပေ။
“ချင်းစန်းလဲ့.. မတွေ့ရတာ ကြာပေမဲ့ မင်းရဲ့ခွန်အားက ဘာမှ မတိုးတက်လာပါလား.. တကယ်ကို စိတ်ပျက်စရာကောင်းတာပဲ.. မင်းရဲ့အရည်အချင်းက ဒီလောက်ပဲ ဆိုရင်တော့ သေဖို့သာ ပြင်ထားလိုက်တော့”
ကျန်းချန်က ချင်းစန်းလဲ့ကို မထီမဲ့မြင် ပြုံးကာ တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ချက်ချင်းဆိုသလိုပင် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို ထုတ်ဖော်ကာ ချင်းစန်းလဲ့ကို တိုက်ခိုက်လိုက်သည်။
“ဝုန်း..”
ကျယ်လောင်သော အသံနှင့်အတူ တောက်ပသော ရွှေရောင်စည်းတံဆိပ်ကြီးသည် ကောင်းကင်ယံကို ဖြတ်ကျော်ကာ လေထဲတွင် ပျံသန်းသွားခဲ့ပြီး ချင်းစန်းလဲ့၏ ဦးခေါင်းအထက်ရှိ နေရာလွတ်များကိုပင် တစ်ခဏအတွင်း ပြိုကျသွားစေခဲ့သည်။
“ကျန်းချန်.. မင်းကိုယ့်ကိုယ်ကိုယ် သိပ်အထင်ကြီးမနေနဲ့.. ဒီနေ့ ငါ ချင်းစန်းလဲ့ရဲ့ စွမ်းရည်တွေကို မင်းမြင်စေရမယ်”
ချင်းစန်းလဲ့က ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
သူက လက်ဟန်များကို ပြုလုပ်လိုက်ရာ ကြောက်မက်ဖွယ်စွမ်းအားများသည် သူ၏ ခန္ဓာကိုယ်ကနေ ထွက်ပေါ်လာခဲ့ပြီး ရွှေရောင်မိုးကြိုး နဂါး နှစ်ကောင် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုရွှေရောင်မိုးကြိုး နဂါးနှစ်ကောင်သည် ကောင်းကင်နှင့်မြေကြီးကိုပင် ဖျက်ဆီးပစ်နိုင်လောက်သည့် မိုးကြိုးစွမ်းအားများကို သယ်ဆောင်ကာ တစ်ခဏအတွင်းမှာပင် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်၏။
သို့သော်လည်း နတ်ဘုရင် ပဉ္စမအဆင့်တွင် ရှိနေစဥ်ကပင် ကျန်းချန်သည် ချင်းစန်းလဲ့ကို မရှုံးနိမ့်ဘဲ တိုက်ခိုက်နိုင်ခဲ့သည်။
ယခုအခါတွင် ကျန်းချန်သည် နတ်ဘုရင် ဆဋ္ဌမအဆင့်ကို ထိုးဖောက်သွားခဲ့ပြီး ယခင်ထက် အဆပေါင်းများစွာ သန်မာနေခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် ကျန်းချန်၏ ခွန်အား အပြည့်အဝဖြင့် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်ကို အသုံးပြု၍ တိုက်ခိုက်မှုကို ချင်းစန်းလဲ့သည် မည်ကဲ့သို့ အလွယ်တကူ ခုခံနိုင်ပါအံ့နည်း။
“ဝုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် ရွှေရောင်မိုးကြိုး နဂါးနှစ်ကောင်ကို တိုက်ရိုက်ပင် ချေမှုန်းပစ်လိုက်ပြီး ချင်းစန်းလဲ့ကို ဆက်လက်ဖိနှိပ်လိုက်သည်။
“လေမိုးကြိုးတောင်ပံ.. စုစည်းစမ်း”
ကျန်းချန်၏ ကြောက်မက်ဖွယ်ရာကောင်းသော စည်းတံဆိပ်နှင့် ရင်ဆိုင်ရလျှင် ချင်းစန်းလဲ့သည် အသည်းအသန် ခုခံရန် ကြိုးစားခဲ့သည်။
သူက ကျယ်လောင်စွာ ကြုံးဝါးလိုက်ရာ သူ၏ ကျောဘက်တွင် မိုးကြိုးလျှပ်စီးများ လင်းလက်နေသည့် အတောင်ပံတစ်စုံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မကြာခင်မှာပင် မိုးကြိုးလျှပ်စီးများ လင်းလက်နေသော အတောင်ပံ တစ်စုံကနေ လေနှင့်မိုးကြိုး စွမ်းအားများသည် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ် ဆီသို့ သက်ရောက်လာခဲ့သည်။
သို့သော်လည်း ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်သည် သူ့ထံသို့ သက်ရောက်လာသည့် လေနှင့်မိုးကြိုး စွမ်းအားများကို အရှိန်အဟုန်ဖြင့် ဝင်တိုးလိုက်၏။
"ဝုန်း.."
ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ် ဖြတ်သန်းသွားသည့် လမ်းတစ်လျှောက်တွင် လေနှင့်မိုးကြိုးစွမ်းအားများသည် တစ်ခဏအတွင်း ချေမှုန်းခံလိုက်ရသည်။
အဆုံးသတ်တွင် ချင်းစန်းလဲ့၏ ကျောဘက်ရှိ မိုးကြိုးလျှပ်စီးများ လင်းလက်နေသော အတောင်ပံများပင် တိုက်ရိုက် ပေါက်ကွဲသွားခဲ့သည်။
ကျန်းချန်၏ စည်းတံဆိပ်သည် ချင်းစန်းလဲ့ ထုတ်ဖော်လိုက်သော စွမ်းအားများကို ချေမှုန်းလိုက်ရုံတင်မကဘဲ ချင်းစန်းလဲ့၏ ခန္ဓာကိုယ်ကိုပါ ထိမှန်သွားခဲ့သည်။
“ဝုန်း..”
ချင်းစန်းလဲ့၏ ခန္ဓာကိုယ်သည် ကောင်းကင်ဖွင့်လှစ် စည်းတံဆိပ်၏ လက်ချက်ဖြင့် မြေပြင်ထက်သို့ ရိုက်ချခံလိုက်ရသည်။
ဖုန်မှုန့်များက အတောမသတ် လွင့်ပျံသွားခဲ့ပြီး မြေပြင်တစ်ခုလုံး အဆက်မပြတ် တုန်ခါသွားခဲ့သည်။
ကျန်းချန်တို့ နှစ်ယောက် တိုက်ခိုက်နေသည့် မြေပြင်ထက်တွင် မီတာထောင်ချီ ရှည်လျားသည့် အက်ကွဲကြောင်းကြီး တစ်ခုသည် ချောက်နက်ကြီး တစ်ခုသဖွယ် ဖြစ်ပေါ်နေသည်ကို အားလုံးက မြင်လိုက်ရ၏။
သူတို့ရှေ့မှ မြင်ကွင်းကို မြင်လျှင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ အဖွဲ့ဝင်အားလုံးသည် တစ္ဆေတစ်ကောင်ကို မြင်လိုက်ရသကဲ့သို့ မှင်တက်သွားခဲ့ကြပြီး အချိန်အတော်ကြာသည် အထိ ပြန်လည် သတိမဝင်လာနိုင် ဖြစ်နေခဲ့သည်။
သူတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင် ချင်းစန်းလဲ့သည် ကပ်ဘေးနှောင်းပိုင်း အဆင့် ကျင့်ကြံသူ ဖြစ်သော်လည်း ကျန်းချန်၏ စည်းတံဆိပ်တစ်ခုတည်းဖြင့်ပင် ဖိနှိပ်ခံလိုက်ရမည်ဟု မည်သူမှ မထင်ထားခဲ့ပေ။
“ဒါ.. ဒါက တကယ့်ကို မယုံကြည်နိုင်စရာပဲ”
“ဝုန်း..”
လူအများ အံ့အားသင့်နေစဥ်မှာပင် အက်ကွဲကြောင်းကြီးထဲကနေ ကျယ်လောင်သော အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
နောက်ထပ်တစ်ခဏတွင် ရွှေရောင်မိုးကြိုး အလင်းများဖြင့် ရစ်ဖွဲ့ထားသည့် ပုံရိပ်တစ်ခုသည် အက်ကွဲကြောင်းထဲကနေ တိုက်ရိုက်ပင် ထွက်ပေါ်လာခဲ့သည်။
ထိုသူမှာ ချင်းစန်းလဲ့ပင် ဖြစ်သည်။
ဤအချိန်တွင် ချင်းစန်းလဲ့၏ မျက်နှာသည် အလွန်တရာ ဖြူဖျော့နေခဲ့ပြီး ခန္ဓာကိုယ်တစ်ခုလုံးသည် သွေးအလိမ်းလိမ်း ဖြစ်နေခဲ့ကာ သူ၏ ခန့်ညားသော မိုးကြိုးဝတ်ရုံသည်လည်း စုတ်ပြတ်သတ်နေခဲ့သည်။
သူ၏ အသွင်အပြင်က အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ ဒုခေါင်းဆောင်ဟုပင် ယုံရခက်ခက် ဖြစ်နေခဲ့သည်။
ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည့်ကာ သူ၏ မျက်ဝန်းထဲတွင် အဆုံးသတ်၌ ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
သိထားရမည့်အချက်မှာ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကနေ ခေါင်းဆောင် ရှချင်းလီနှင့်အတူ ကျန်းချန် ထွက်ခွာသွားသည်မှာ တစ်နှစ်ပင် မပြည့်သေးပေ။
ဤမျှ တိုတောင်းသောအချိန်အတွင်း ကျန်းချန်သည် သူ၏ ခွန်အားကို ဤမျှ ကြောက်မက်ဖွယ်ရာကောင်းသော အဆင့်အထိ မြှင့်တင်နိုင်ခဲ့လိမ့်မည်ဟု ချင်းစန်းလဲ့ မထင်ထားခဲ့ပေ။
သူ၏ ကပ်ဘေးနှောင်းပိုင်း အဆင့် အင်အားဖြင့်ပင် ကျန်းချန်၏ ရှေ့တွင် ခုခံနိုင်စွမ်း မရှိတော့ချေ။
ကျန်းချန်နှင့် အတူ ပျောက်ကွယ်သွားသည့် ခေါင်းဆောင်ရှချင်းလီက လွဲလျှင် သူတို့ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ် အဖွဲ့တစ်ခုလုံးသည် ကျန်းချန်နှင့် ယှဥ်နိုင်သည့် ဒုတိယမြောက်လူ ရှိမည် မဟုတ်ပေ။
အခန်း(၂၄၄၄)ပြီး၏။