← Chapters

အခန်း (၂၄၄၇-၂၄၄၈)

Vol. 185 Ch. 2447-2448

အခန်း (၂၄၄၇-၂၄၄၈)

Vol. 185 Ch. 2447-2448

အခန်း(၂၄၄၇)

ထာဝရသက်ရှည်တောင်တန်း၏ ဖိနှိပ်မှုကို မခံရသည့် အင်မော်တယ် ကျောက်တိုင်၏ ခွန်အားသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့သည်။

ကျန်းချန်က အင်မော်တယ်ကျောက်တိုင်ကို ချင်းစန်းလဲ့အား ဖိနှိပ်ရန် အတွက် အသာအယာပင် လှုံ့ဆော်လိုက်သည်။

ရုတ်တရက် အာကာပြင်များက ပြိုလဲသွားခဲ့ပြီး လေထုတစ်ခုလုံး အေးခဲသွားသလို ဖြစ်သွားခဲ့သည်။

အရှိန်အဟုန်ဖြင့် ထွက်ပြေးနေသည့် ချင်းစန်းလဲ့၏ ခန္ဓာကိုယ်သည် အလွန်လျင်မြန်စွာ ပြေးနေရာမှ ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့ပြီး အင်မော်တယ်ကျောက်တိုင်၏ ဖိနှိပ်မှုအောက်တွင် တိုက်ရိုက်ဆိုသလို ပေါက်ကွဲထွက်သွားခဲ့သည်။

“အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့တော့ အဆုံးသတ်သွားပြီ.. အားလုံးပဲ ထွက်ပြေးကြတော့”

ဒုခေါင်းဆောင်ချင်းစန်းလဲ့ ဦးဆောင်သည့် ကပ်ဘေးအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ကျော်သည် ကျန်းချန်၏ လက်ထဲတွင် ကြက်ကလေး ငှက်ကလေးသဖွယ် အသတ်ခံလိုက်ရသည်ကို မြင်လိုက်ရလျှင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ ကျင့်ကြံသူများသည် ထိတ်လန့်နေသော ငှက်အုပ်ကဲ့သို့ အရပ်မျက်နှာ အသီးသီးဆီ ထွက်ပြေးသွားခဲ့ကြသည်။

ကျန်းချန်က ထွက်ပြေးနေကြသည့် အင်မော်တယ် ကျင့်ကြံသူများကို တစ်ချက် ကြည့်လိုက်သည်။

သူသတ်ဖြတ်ခဲ့သည့် ကပ်ဘေးအဆင့် ကျင့်ကြံသူအချို့မှလွဲ၍ ကျန်ကျင့်ကြံသူများကို ကျန်းချန်သည် အမြစ်ပြတ် မချေမှုန်းခဲ့ပေ။

အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့၏ အကာအကွယ် မရှိတော့သည့် အတွက် ထိုကပ်ဘေးအဆင့်ကျင့်ကြံသူများသည် ထာဝရသက်ရှည်တောင်တန်းထဲတွင် ဆက်လက် ရှင်သန်ရန်မှာ မလွယ်ကူသောကိစ္စ ဖြစ်၏။

အကယ်၍ သူတို့က ထာဝရသက်ရှည်တောင်တန်းကနေ ထွက်ခွာပြီး မြောက်ပိုင်းနယ်မြေဆီ ပြန်သွားမည် ဆိုလျှင်လည်း မြောက်ပိုင်းနယ်မြေတွင် သူတို့အတွက် နေရာရှိမည်မဟုတ်တော့ပေ။

ထို့ကြောင့် ကျန်းချန်သည် ထိုလူများကို သူတို့ဘာသာ သူတို့ ပျက်စီးသွားစေရန် လွှတ်ပေးလိုက်ခြင်းပင်။

သူ၏ လက်ရှိ ခွန်အားဖြင့်ဆိုလျှင် ထိုကပ်‌ဘေးအဆင့်ကျင့်ကြံသူများကို ဂရုစိုက်နေစရာ မလိုအပ်တော့ချေ။

အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့မှ မရေမတွက်နိုင်သော ကျင့်ကြံသူများသည် အလွန် လျင်မြန်စွာပင် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကနေ ထွက်ပြေးသွားခဲ့ကြသည်။

တစ်ချိန်က ထာဝရသက်ရှည်တောင်တန်း ထဲတွင် ထွန်းကားခဲ့သည့် အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့သည် ဤအခိုက်အတန့်တွင် လုံးဝ ပျက်စီးသွားခဲ့ချေပြီ။

“ဝူမု.. ငါ အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ရဲ့ ပြဿနာကို ဖြေရှင်းပေးပြီးပြီ.. မင်းအနေနဲ့ ထာဝရသက်ရှည်တောင်တန်းမှာပဲ အခွင့်အလမ်းတွေ ဆက်ရှာမလား ဒါမှမဟုတ် ဒီနေရာကနေ ထွက်သွားမလား ဆိုတာကတော့ မင်းဘာသာမင်းပဲ ဆုံးဖြတ်ပါ.. ငါလုပ်စရာရှိသေးလို့ အရင်သွားနှင့်တော့မယ်”

စကားဆုံးသည်နှင့် ကျန်းချန်သည် လုရှောင်ချင်းကို ခေါ်ဆောင်၍ ထာဝရသက်ရှည်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ ဆီသို့ တိုက်ရိုက်ပင် ဦးတည်သွားခဲ့သည်။

ကျန်းချန် ထွက်ခွာသွားသည့်ဘက်ကို ကြည့်ရင်း ဝူမုသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ပြတ်သားသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။

ကျန်းချန် မ‌ပေါ်လာခင်က ဝူမုသည် သူ့ကိုသူ ပြိုင်ဘက်ကင်းပါရမီရှင် တစ်ယောက်ဟု အမြဲတစေ ခံယူထားခဲ့သည်။

အင်မော်တယ် ကျင့်ကြံခြင်း လောကတွင် ဖြစ်စေ၊သိုင်းပညာကျင့်ကြံခြင်း လောကတွင် ဖြစ်စေ သူ့ကို ယှဥ်နိုင်သည့်သူသည် လက်ချိုးရေတွက်၍ပင် ရ၏။

သို့သော်လည်း ကျန်းချန် မြောက်ပိုင်းနယ်မြေတွင် ပေါ်ထွက်လာသောအခါတွင် ဝူမုသည် တောင်တစ်တောင်ထက် တစ်တောင်ပိုမြင့်သည် ဟူသော အဓိပ္ပါယ်ကို အဆုံးသတ်တွင် နားလည်သွားခဲ့သည်။

အသက်အရွယ်အရ ဆိုလျှင် ကျန်းချန်သည် သူနှင့် ရွယ်တူမျှသာ ဖြစ်သည်။

သို့သော်လည်း ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင်အဆင့်ကို ထိုးဖောက်သွားခဲ့ပြီ ဖြစ်သလို တိုက်ခိုက်ရေးစွမ်းရည်တွင်လည်း နတ်ဘုရင်နဝမအဆင့် ကျင့်ကြံသူ ဖြစ်သည့် သူတို့၏ ဘိုးဘေး ဝူကျန့်ထျန်းထက် မနိမ့်ကျပေ။

ကျန်းချန်၏ ပါရမီနှင့် နှိုင်းယှဥ်လျှင် သူ၏ ပါရမီဆိုသည်မှာ အမှိုက်နှင့်ပင် မခြားချေ။

ထို့ကြောင့် သူက ထာဝရသက်ရှည်တောင်တန်းကနေ မထွက်ခွာဘဲ အခွင့်အလမ်းများ ရှာဖွေကာ နတ်ဘုရင်အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစားဖို့ ဆုံးဖြတ်လိုက်သည်။

ယင်းနောက်တွင် ဝူမုသည်‌ တွေဝေမနေတော့ဘဲ ထာဝရသက်ရှည်တောင်တန်း၏ အနက်ရှိုင်းဆုံးနေရာ ဆီသို့ အလျင်အမြန်ပင် ဦးတည်သွားခဲ့သည်။

အင်မော်တယ် ကျင့်ကြံသူများ မဟာမိတ်အဖွဲ့ကနေ ထွက်လာပြီးနောက်တွင် ကျန်းချန်နှင့် လုရှောင်ချင်း တို့သည် ထာဝရရှင်သန်ခြင်းနန်းတော် အပြင်ဘက်ရှိ ရေခဲမြစ် ဆီသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့ကြသည်။

ထာဝရသက်ရှည်တောင်တန်း၏ များပြားလှသော ကန့်သတ်ချက် အားလုံးသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် စီစဥ်ထားခြင်း ဖြစ်သည်။

ကျန်းချန်က ထာဝရရှင်သန်ခြင်းနန်းတော်တွင် ရှိနေစဥ်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ထံကနေ ဖြတ်သန်းခွင့် အမိန့်ကို ရရှိထားပြီ ဖြစ်သောကြောင့် ဤတစ်ကြိမ် ပြန်လာရာတွင် အဟန့်အတား လုံးဝမရှိခဲ့ပေ။

မကြာခင်မှာပင် ကျန်းချန်သည် လုရှောင်ချင်းကို ခေါ်ဆောင်ကာ ရေခဲမြစ်ကို ဖြတ်ကျော်လာခဲ့ပြီး ထာဝရရှင်သန်ခြင်းနန်းတော် တည်ရှိရာ အင်မော်တယ်နယ်မြေ ထဲသို့ ရောက်ရှိလာခဲ့သည်။

“အစ်ကိုကျန်းချန်.. ဒီနေရာက အရမ်း နေလို့ကောင်းတာပဲ.. သမီး ဒီနေရာမှာပဲ တစ်သက်လုံး နေသွားချင်တယ်”

ပတ်ဝန်းကျင်မှ အားကောင်းသော အသက်စွမ်းအားများကို ခံစားလိုက်ရပြီးနောက်တွင် လု‌ရှောင်ချင်း၏ နုနယ်သော မျက်နှာလေးထက်တွင် အလွန်အမင်း သာယာကြည်နူးသည့် အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ကျန်းချန်က လုရှောင်ချင်း၏ ခန္ဓာကိုယ်ကို တစ်ချက်ကြည့်လိုက်သည်။

လု‌ရှောင်ချင်း၏ ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်သည် ဤပတ်ဝန်းကျင်ကြောင့် ပိုမို အားကောင်းလာခဲ့ပြီး သွေးမျိုးဆက်ကျိန်စာကို အဆက်မပြတ် တိုက်ခိုက်နေသလို၊ သွေးမျိုးဆက်ကျိန်စာ၏ ဖိနှိပ်မှုနှင့် အချုပ်အနှောင်များကို ချိူးဖျက်နေသည်ဟု သူခပ်ရေးရေး ခံစားမိလိုက်သည်။

“ဒီနေရာက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ ကျင့်ကြံခြင်းနယ်မြေ ဖြစ်ဖို့ ထိုက်တန်ပါပေတယ်.. တကယ်ကို ထူးခြားလွန်းတာပဲ”

ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့ဩ ချီးကျူး‌သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူ ယခု ရောက်ရှိနေသည့် နယ်မြေသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်က အင်မော်တယ်လောကကနေ အမြင့်မြတ်ဆုံး အင်မော်တယ်စွမ်းအားဖြင့် ဤနေရာသို့ ရွှေ့ပြောင်းလာခဲ့သည့် အင်မော်တယ်နယ်မြေ ဖြစ်၍ ထိုနယ်မြေထဲတွင် ကိန်းအောင်းနေသော စွမ်းအားများသည် အမှန်တကယ်ပင် အားကောင်းလွန်းနေခဲ့သည်။

လု‌ရှောင်ချင်း၏ ထာဝရစိမ်းလန်း‌သော ခန္ဓာကိုယ်သည် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ဆိုလျှင် ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ပင်။

အမြင့်မြတ်ဆုံး သွေးမျိုးဆက်ကျိန်စာ အတိုက်ခံထားရလျှင်ပင် ဤနေရာတွင် နေထိုင်ပါက တဖြည်းဖြည်း တိုးတက်လာမည်သာ ဖြစ်၏။

ဤနေရာတွင် နေထိုင်မည်ဆိုလျှင် သွေးမျိုးဆက်ကျိန်စာကို ဖြေရှင်းရန် အတွက် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အကူအညီပင် မလိုအပ်တော့ပေ။

လုရှောင်ချင်းကိုသာ အချိန် လုံလုံလောက်လောက် ပေးလိုက်မည် ဆိုလျှင် သူမသည် ဤနေရာရှိ ပတ်ဝန်းကျင်ကို အသုံးချပြီး သူမ ခန္ဓာကိုယ်ထဲမှ သွေးမျိုးဆက်ကျိန်စာကို ချိုးဖျက်နိုင်လိမ့်မည်ဟု သူထင်မြင်မိသည်။

“ကျန်းချန်.. မင်းပြန်ရောက်လာပြီလား”

ကျန်းချန်က လုရှောင်ချင်းကို ခေါ်ဆောင်ကာ ထာဝရရှင်သန်ခြင်းနန်းတော်၏ အပြင်ဘက်သို့ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ကျိလင်နတ်ဆိုးသားရဲ မျိုးနွယ်စု၏ ဘိုးဘေး ဖြစ်သည့် ကျိထျန်းမိုင်သည် ကျန်းချန်တို့ နှစ်ယောက်၏ အရှိန်အဝါကို ခံစားမိသွားခဲ့ပြီး ကျန်းချန်တို့ ရှေ့ရှိ လေထုထဲတွင် ပေါ်ထွက်လာခဲ့သည်။

ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးကာ ပြောလိုက်သည်။

“စီနီယာ.. ကျွန်တော်ရဲ့ ကတိအတိုင်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် အတွက် အမွေဆက်ခံသူ တစ်ယောက်ကို ခေါ်လာခဲ့ပါပြီ”

“ဒါက အင်မော်တယ်ဘုရင် အတွက် မင်းရှာပေးထားတဲ့လူလား”

လုရှောင်ချင်း၏ ခန္ဓာကိုယ်ကို တစ်ချက် အကဲခတ်ပြီးနောက်တွင် ကျိထျန်းမိုင်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

“ဒီမိန်းကလေးရဲ့ သွေးမျိုးဆက်က အရမ်းကို ထူးခြားတယ်.. သူမက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့ အတွက် အရမ်းကို သင့်တော်ပါတယ်.. ဒါပေမဲ့ သူမဆီမှာ တစ်ခုခု မှားယွင်းနေသလိုပဲ”

“စီနီယာရဲ့အမြင်က တကယ်ကို ထက်မြက်လှပါပေတယ်”

ကျန်းချန်က ပြုံး၍ ရှင်းပြလိုက်သည်။

“ဒီမိန်းကလေးက အမြင့်မြတ်ဆုံး ခန္ဓာကိုယ် ဖြစ်တဲ့ ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်ပိုင်ရှင်ပါ.. သူမက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ရဲ့ အမွေအနှစ်ကို ဆက်ခံဖို့အတွက် အသင့်တော်ဆုံး ကိုယ်စားလှယ်တစ်ဦးပဲ.. သူမရဲ့ခန္ဓာကိုယ်မှာ သွေးမျိုးဆက်ကျိန်စာ ရှိနေပေမဲ့လည်း အင်မော်တယ်ဘုရင်အတွက်တော့ ဒါက ပြဿနာ မဟုတ်လောက်ပါဘူး”

“ထာဝရစိမ်းလန်းသောခန္ဓာကိုယ် ဟုတ်လား”

ကျန်းချန်၏ စကားကိုကြားလျှင် ကျိထျန်းမိုင်သည် ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။

လုရှောင်ချင်းကို ကြည့်နေသော သူ၏ အကြည့်တွင် အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖုံးဖိမရစွာ ဖြစ်ပေါ်လာခဲ့၏။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ လက်အောက်မှ အင်‌မော်တယ်သားရဲ၏ မျိုးဆက် အနေဖြင့် ကျိထျန်းမိုင်သည် ထာဝရစိမ်းလန်းသော ခန္ဓာကိုယ် အကြောင်းကို သဘာဝကျစွာပင် ကြားဖူးခဲ့သည်။

သူ သိထားသလောက်ဆိုရင် ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်သည် အင်မော်တယ် လောကတွင်ပင် အလွန်တရာ ရှားပါးသည့် အနှိုင်းမဲ့ အင်မော်တယ်ခန္ဓာကိုယ် ဖြစ်သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည်လည်း ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်ကြောင့်သာ အင်မော်တယ်ဘုရင်အဖြစ်ကို ရရှိခဲ့ခြင်း ဖြစ်၏။

ထို့အပြင် ကျန်းချန် ခေါ်လာသည့် မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်မှ သွေးမျိုးဆက် အရှိန်အဝါက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် အလွန်တရာ နီးစပ်ပုံရသည်ဟု ကျိထျန်းမိုင် ခပ်ရေးရေး ခံစားမိခဲ့သည်။

သို့သော်လည်း ထိုမိန်းကလေးသည် ထာဝရစိမ်းလန်းသောခန္ဓာကိုယ်ကို ထာဝရရှင်သန်ခြင်း အင်‌မော်တယ်ဘုရင် နည်းတူ ပိုင်ဆိုင်ထားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်ပိုင်ရှင်သည် သဘာဝကျစွာပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံရန်အတွက် အသင့်တော်ဆုံး ဖြစ်၏။

ကျိထျန်းမိုင်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ ကျန်းချန်ကို အလေးအနက် ပြောလိုက်သည်။

“ကျန်းချန်.. မင်း သူမကို ထာဝရရှင်သန်ခြင်းနန်းတော်ရဲ့ ပင်မခန်းမဆာင်ဆီ အမြန် ခေါ်သွားလိုက်ပါ”

ကျိလင်နတ်ဆိုးသားရဲ မျိုးနွယ်စုသည် ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်ကို မျိုးဆက်ပေါင်းများစွာ သစ္စာစောင့်သိခဲ့ကြသူများ ဖြစ်သည်။

ထို့ကြောင့် ကျိထျန်းမိုင်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံနိုင်မည့် သင့်တော်သည့် အမွေဆက်ခံသူ တစ်ယောက်ကို သဘာဝကျစွာပင် မျှော်လင့်နေခဲ့၏။

ယခုအခါတွင် ကျန်းချန်သည် ထာဝရစိမ်းလန်းသောခန္ဓာကိုယ် ပိုင်ရှင်ကို ခေါ်လာပေးနိုင်ခဲ့ပြီ ဖြစ်ရာ ယင်းသည် သူတို့အတွက် သတင်းကောင်း တစ်ခုပင် မဟုတ်ပါလား။

ထိုမိန်းကလေးသာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံလိုက်သည်နှင့် သူတို့သည် ထိုမိန်းကလေး၏ ဦးဆောင်မှုအောက်တွင် အင်မော်တယ်လောကသို့ ပြန်သွားနိုင်မည် ဖြစ်ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ မျိုးနွယ်စုကို ယခင်ကကဲ့သို့ ဂုဏ်ကျက်သ‌ရေများ ပြန်လည် ရရှိအောင် လုပ်ဆောင်နိုင်လိမ့်မည် ဖြစ်သည်။

“ကောင်းပါပြီ”

ကျန်းချန်က တွေဝေမနေတော့ဘဲ လုရှောင်ချင်းနှင့် အတူ ထာဝရရှင်သန်ခြင်း နန်းတော်၏ ပင်မခန်းမဆောင် ဆီသို့ တန်းတန်းမတ်မတ်ပင် သွားရောက်ခဲ့သည်။

အခန်း(၂၄၄၇)ပြီး၏။

အခန်း(၂၄၄၈)

ကျန်းချန်က လုရှောင်ချင်းကို ထာဝရရှင်သန်ခြင်း နန်းတော်ဆီသို့ ခေါ်ဆောင်သွားခဲ့ပြီး မကြာခင်မှာပင် ထာဝရရှင်သန်ခြင်းနန်းတော်၏ ပင်မခန်းမဆောင် ဆီသို့ ရောက်ရှိလာခဲ့သည်။

သူ့ရှေ့မှ ပင်မခန်းမဆောင်ကို ကြည့်ရင်း နံဘေးရှိ လုရှောင်ချင်းကို ပြုံးပြကာ ပြောလိုက်သည်။

“ရှောင်ချင်းလေး.. ရှေ့က ခန်းမကိုတွေ့လား.. အဲဒီထဲကို ဝင်သွားတာနဲ့ ရှောင်ချင်းလေးက ကမ္ဘာပေါ်မှာ အစွမ်းထက်ဆုံးသိုင်းပညာရှင် တစ်ယောက် ဖြစ်လာလိမ့်မယ်”

လုရှောင်ချင်း၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့သည်။

“အစ်ကိုကျန်းချန် တကယ်ပြောတာလား”

“တကယ်ပေါ့”

ကျန်းချန်က ပြုံး၍ ပြောလိုက်သည်။

“အဲဒီခန်းမထဲမှာ အရမ်းကို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်ရှိတယ်.. တကယ်လို့ ရှောင်ချင်းလေးသာ အထဲဝင်ပြီး သူ့ရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်မယ် ဆိုရင် နောင်အနာဂတ်မှာ ရှောင်ချင်းလေးကို ယှဥ်နိုင်တဲ့သူ အနည်းငယ်ပဲ ရှိတော့မယ်”

ထိုစကားကိုကြားလျှင် လုရှောင်ချင်း၏ မျက်နှာထက်တွင် စူးစမ်းလိုသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

“အထဲကလူက အစ်ကိုကျန်းချန်ထက်ရော အစွမ်းထက်လား”

“သူက အကို့ထက် အများကြီး ပိုအစွမ်းထက်တာပေါ့ ရှောင်ချင်းလေးရဲ့”

ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။

“တကယ်လို့ ရှောင်ချင်းလေးသာ သူရဲ့ အမွေအနှစ်ကို အောင်အောင်မြင်မြင် ဆက်ခံနိုင်မယ်ဆိုရင် နောင်တစ်ချိန်မှာ အစ်ကိုကျန်းချန်ကတောင် ရှောင်ချင်းလေးရဲ့ အကာအကွယ်ကို လိုအပ်ကောင်း လိုအပ်လာနိုင်တယ်”

“အစ်ကိုကျန်းချန် စိတ်မပူပါနဲ့.. သမီး အဲဒီအထဲက ပုဂ္ဂိုလ်ဆီကနေ အမွေအနှစ်ကို သေချာပေါက် ရယူပါ့မယ်”

လုရှောင်ချင်း၏ နုနယ်သော မျက်နှာလေးထက်တွင် ပြတ်သားသော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ထိုအခိုက်အတန့်တွင် သူမသည် တွေဝေမနေတော့ဘဲ ထာဝရရှင်သန်ခြင်း နန်းတော်၏ ပင်မခန်းမဆောင်ထဲသို့ တိုက်ရိုက်ပင် လျှောက်ဝင်သွားခဲ့သည်။

ခန်းမဆောင်ထဲသို့ ဝင်ရောက်သွားသည့် လုရှောင်ချင်းကို ကြည့်ရင်း ကျန်းချန်သည် ပင်မခန်းမဆောင်နှင့် မလှမ်းမကမ်းရှိ အဆောင်တစ်ခုတွင် တံခါးပိတ်၍ စတင် ကျင့်ကြံလိုက်သည်။

ထာဝရရှင်သန်ခြင်းနန်းတော်သည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမြင့်မြတ်ဆုံးစွမ်းအားဖြင့် အင်မော်တယ်လောကကနေ နတ်ဘုရားနယ်မြေဆီ ရွှေ့ပြောင်းလာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ဤနေရာရှိ ပတ်ဝန်းကျင်သည် ထာဝရရှင်သန်ခြင်းကို ရှာဖွေနေကြသည့် ကျင့်ကြံသူတိုင်း အတွက် စိတ်ကူးအိပ်မက်ထဲမှ နေရာတစ်ခု ဆိုလည်း မမှားပေ။

ကျန်းချန်က ဤကဲ့သို့ အခွင့်အရေးကို လက်လွှတ်ခံရန် အစီအစဥ်မရှိခဲ့ချေ။

သူက ထာဝရရှင်သန်ခြင်းနန်းတော်၏ ပတ်ဝန်းကျင်ကို အသုံးချပြီး နတ်ဘုရင် သတ္တမအဆင့်ကို ထိုးဖောက်ရန် ရည်ရွယ်ထားခဲ့သည်။

နတ်ဘုရင် သတ္တမအဆင့်ကိုသာ ထိုးဖောက်နိုင်ခဲ့မည်ဆိုလျှင် အင်မော်တယ်ကျောက်တိုင်ကို အသုံးမပြုသည့်တိုင် နတ်ဘုရင်နဝမအဆင့် အထွတ်အထိပ် ပုဂ္ဂိုလ်များ ဖြစ်သည့် ဆရာသခင်စန်းမင် တို့လို အစွမ်းထက် ကျင့်ကြံသူများကိုပင် ယှဥ်နိုင်လာပေလိမ့်မည်။

“ဒင်.. သင်က အင်မော်တယ် ဝိညာဥ်စွမ်းအားကို စုပ်ယူပြီး ဓားလမ်းစဥ် အတွေ့အကြုံရမှတ် ၂၀၀၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က အင်မော်တယ် ဝိညာဥ်စွမ်းအားကို စုပ်ယူပြီး ဓားလမ်းစဥ် အတွေ့အကြုံရမှတ် ၂၀၀၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က အင်မော်တယ် ဝိညာဥ်စွမ်းအားကို စုပ်ယူပြီး ဓားလမ်းစဥ်အတွေ့အကြုံရမှတ် ၂၀၀၀၀၀၀၀ကို အဆ ၁၀၀ ရရှိပါတယ်”

“...........”

ကျန်းချန်က တင်ပျဥ်ခွေထိုင်ပြီး ကျင့်ကြံလိုက်သည်နှင့် အမျှ စနစ်၏ အချက်ပေးသံများသည် ကျန်းချန်၏ စိတ်ထဲတွင် အဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ခန္ဓာကိုယ်ထဲမှ နတ်ဘုရင်စွမ်းအားသည်လည်း ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် တိုးပွားလာခဲ့၏။

တစ်ရက်၊ နှစ်ရက်၊ သုံးရက်ကနေ မသိလိုက် မသိဘာသာဖြင့်ပင် လဝက်ဟူသော အချိန်ကာလသည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။

ဤလဝက်အတွင်း အဆ ၁၀၀ စနစ်၏ အထောက်အပံ့နှင့် ထာဝရရှင်သန်ခြင်းနန်းတော် ပတ်ဝန်းကျင်ရှိ အင်မော်တယ် ဝိညာဥ်စွမ်းအားတို့၏ ကောင်းချီးပေးမှုအောက်တွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် ဆဋ္ဌမအဆင့် အလယ်အလတ်ကို ရောက်ရှိသွားခဲ့သည်။

ပင်မခန်းမဆောင်ထဲကို ဝင်ရောက်သွားသည့် လုရှောင်ချင်းထံတွင် ယခုအချိန်အထိ မည်သည့် လှုပ်ရှားမှုမှ မရှိသေးပေ။

သို့သော်လည်း ကျန်းချန်သည် လုရှောင်ချင်း၏ ဘေးကင်းရေးအတွက် စိုးရိမ်မနေခဲ့ပေ။

လုရှောင်ချင်း၏ ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်ဖြင့် ဆိုလျှင် သူမသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံရန်အတွက် အမှန်တကယ်ပင် သင့်တော်သော ကိုယ်စားလှယ်တစ်ဦး ဆိုသည်မှာ သေချာ၏။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် သူ၏ အမွေအနှစ်ကို ဆက်ခံမည့်သူအား ရှာဖွေနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

ယခု လု‌ရှောင်ချင်း ကဲ့သို့ အမွေဆက်ခံသူနှင့် ကြုံတွေ့ရပြီဖြစ်၍ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် တယုတယဖြင့် ဂရုစိုက်နေမည်မှာ သေချာသလောက်ပင်။

ဆိုရလျှင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် လုရှောင်ချင်းကို အနည်းငယ်မျှပင် ထိခိုက်နစ်နာစေမည် မဟုတ်ပေ။

သို့‌သော်လည်း ဤအခြေအနေကို ကြည့်ချင်းအားဖြင့် လုရှောင်ချင်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို ဆက်ခံရာတွင် တစ်ခဏအတွင်း ပြီးမြောက်နိုင်မည် မဟုတ်ချေ။

ပင်မခန်းမဆောင်တွင် မည်သည့် လှုပ်ရှားမှုမှ မရှိသည်ကို မြင်လျှင် ကျန်းချန်သည် သူ၏ အဆောင်သို့ ပြန်သွားပြီး ထပ်မံ၍ ကျင့်ကြံခဲ့သည်။

တစ်လအကြာတွင်မူ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင်ဆဋ္ဌမအဆင့် အလယ်အလတ်ကနေ နှောင်းပိုင်းအဆင့်အထိ ထိုးဖောက်သွားခဲ့သည်။

သုံးလအကြာတွင်မူ ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကိုပင် အောင်မြင်စွာရောက်ရှိသွားခဲ့၏။

ခြောက်လ အကြာတွင်မူ ကျန်းချန်သည် အဆုံးသတ်၌ နတ်ဘုရင် သတ္တမအဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်ခဲ့သည်။

“ဒီ ထာဝရရှင်သန်ခြင်းနန်းတော်က အင်မော်တယ်လောကက မြင့်မြတ်တဲ့ နယ်မြေလို့ မပြောရဘူး.. တကယ်ကို ကျင့်ကြံဖို့အတွက် ကောင်းမွန်လွန်းတဲ့ နေရာပဲ”

သူ၏ ခန္ဓာကိုယ်ထဲမှ နတ်ဘုရင်စွမ်းအားများ အဆပေါင်းများစွာ အားကောင်းလာသည်ကို ခံစားမိလျှင် ကျန်းချန်သည် မအံ့ဩဘဲ မနေနိုင်ခဲ့ပေ။

သူက ထာဝရရှင်သန်ခြင်း နန်းတော်တွင် ခြောက်လလောက်သာ ကျင့်ကြံခဲ့ရသည့်တိုင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် များစွာ တိုးတက်လာခဲ့သည်။

အကယ်၍ သူသာ ထာဝရရှင်သန်ခြင်း နန်းတော်တွင် တံခါးပိတ်၍ ကျင့်ကြံနေမည် ဆိုလျှင် နတ်ဘုရင်နဝမအဆင့်ကို တစ်ဟုန်ထိုး ရောက်ရှိသွားနိုင်မည်မှာ သေချာ၏။

နတ်ဘုရင်အဆင့် အထက်မှ အုပ်စိုးသူအဆင့်ကို တက်လှမ်းရန်ပင် မဖြစ်နိုင်သော အရာ မဟုတ်ပေ။

“ဝုန်း..”

ကျန်းချန်က နတ်ဘုရင် သတ္တမအဆင့်ကို ထိုးဖောက်ပြီးနောက်တွင် သူ၏ ကျင့်ကြံခြင်းကို အဆုံးသတ်လိုက်သည်။

ထိုခဏဝယ် မည်သည့် လှုပ်ရှားမှုမှ မရှိခဲ့သည့် ထာဝရရှင်သန်ခြင်းနန်းတော်၏ ပင်မခန်းမဆောင် ဆီကနေ ဆန်းကြယ်သော စွမ်းအင်လှိုင်းများ ထွက်ပေါ်လာခဲ့သည်။

ကျန်းချန်၏ ပုံရိပ်က ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ပင်မခန်းမဆောင်၏ အပြင်ဘက်တွင် တိုက်ရိုက်ပေါ်လာခဲ့သည်။

ထိုအခါ ပင်မခန်းမဆောင်၏ ပတ်ပတ်လည်တွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် ထားရှိခဲ့သည့် စည်းတံဆိပ်က တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီး ကျန်းချန်၏ မျက်ဝန်းထဲတွင် စိတ်လှုပ်ရှားသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

လုရှောင်ချင်းက ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမွေအနှစ်ကို အောင်မြင်စွာ လက်ခံရရှိခဲ့ပြီးနောက်တွင် ထာဝရရှင်သန်ခြင်းနန်းတော်၏ ပင်မခန်းမဆောင်သည်လည်း ပွင့်လာတော့မည်ပုံ ရ၏။

ကျိလင်နတ်ဆိုးသားရဲ မျိုးနွယ်စု၏ ဘိုးဘေး ကျိထျန်းမိုင်သည်လည်း ထာဝရရှင်သန်ခြင်းနန်းတော်၏ ပင်မခန်းမဆောင်မှ အပြောင်းအလဲများကို ပထမဆုံးအကြိမ် ခံစားမိသွားခဲ့၏။

သူ၏ ပုံရိပ်က ကျန်းချန်၏ နံဘေးတွင် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပေါ်လာခဲ့ပြီး လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

“နှစ်ပေါင်းများစွာ ချိတ်ပိတ်ထားတဲ့ ပင်မခန်းမဆောင်က နောက်ဆုံးတော့ ပွင့်လာတော့မှာပါလား”

ကျန်းချန်တို့ နှစ်ယောက် စောင့်ကြည့်နေစဥ်မှာပင် ပင်မခန်းမဆောင် ပတ်ပတ်လည်ရှိ စည်းတံဆိပ် စွမ်းအားများသည် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

ခဏအကြာတွင် အင်မော်တယ် အလင်းများ လွှမ်းခြုံနေသည့် အပြာရောင်ပုံရိပ်ယောင် တစ်ခုသည် ပင်မခန်းမဆောင်ထဲကနေ ဖြည်းဖြည်းချင်း လျှောက်ထွက်လာသည်ကို သူတို့ မြင်လိုက်ရသည်။

ထိုအပြာရောင် ပုံရိပ်ယောင်သည် သဘာဝကျစွာပင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ပင် ဖြစ်၏။

“ကျိလင်နတ်ဆိုးသားရဲရဲ့ မျိုးဆက် ဖြစ်တဲ့ ကျိထျန်းမိုင်က ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကို အရိုအသေပြုပါတယ်”

ကျိထျန်းမိုင်က ပင်မခန်းမဆောင်ထဲကနေ ထွက်လာသည့် အပြာရောင် ပုံရိပ်ယောင်ကို မြင်လျှင် တရိုတသေ ဦးညွှတ်၍ ဂါဝရပြုလိုက်သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။

“မင်းက ရှောင်ကျိရဲ့မျိုးဆက်ကိုး.. ဒီနှစ်တွေအတွင်းမှာ မင်းတို့တွေ ငါ့အတွက်နဲ့ ပင်ပန်းသွားခဲ့ရပြီ”

ထိုစကားကိုကြားလျှင် ကျိထျန်းမိုင်သည် အလျင်အမြန်ပင် ပြောလိုက်သည်။

“ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင် အတွက် အမှုထမ်းရတာက ကျွန်တော်တို့ ကျိလင်နတ်ဆိုးသားရဲ မျိုးနွယ်စုအတွက် ဂုဏ်ယူစရာပါပဲ”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ဘာစကားမျှ ထပ်မပြောဘဲ ကျန်းချန်ကို ကြည့်လိုက်သည်။

ကျန်းချန်က ပြုံး၍ ပြောလိုက်၏။

“စီနီယာအင်မော်တယ်ဘုရင်.. ကျွန်တော် စီနီယာ အတွက် ရှာပေးထားတဲ့ အမွေဆက်ခံသူကို စိတ်ကျေနပ်ရဲ့လား”

“ကျေနပ်တယ် ငါသိပ်ကျေနပ်တာပေါ့.. မင်းက ငါ့အတွက် အမွေဆက်ခံသူကောင်း တစ်ယောက်ကို ရှာဖွေပေးနိုင်လိမ့်မယ်လို့ ငါအရင်ကတည်းက ယုံကြည်ခဲ့တယ်.. ဒါပေမဲ့လည်း အမြင့်မြတ်ဆုံး အင်မော်တယ်ခန္ဓာကိုယ် ဖြစ်တဲ့ ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်ပိုင်ရှင် တင်မကဘဲ ငါနဲ့ တူညီတဲ့ သွေးမျိုးဆက်နဲ့ အရှိန်အဝါ ရှိတဲ့သူကိုပါ မင်းရှာတွေ့လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်ပိုင်ရှင်က ကောင်းကင်က ပေးသနားတဲ့ ထာဝရရှင်သန်ခြင်းအင်မော်တယ်ဘုရင်ရဲ့အမွေဆက်ခံသူပါပဲ”

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က အံ့ဩဝမ်းသာသော အမူအရာဖြင့် ပြောလိုက်သည်။

“ထာဝရရှင်သန်ခြင်း နန်းတော်က ဘာကြောင့် ဒီစကြဝဠာထဲကို ရောက်လာခဲ့တာလည်း ဆိုတာ ငါနောက်ဆုံးတော့ နားလည်သွားခဲ့ပြီ.. ဒီစကြဝဠာက ငါနေခဲ့ဖူးတဲ့ နေရာပဲ”

ထိုစကားကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံဩထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် နတ်ဘုရားနယ်မြေတွင် အမှန်တကယ် နေထိုင်ခဲ့ဖူးပါသလော။

သက်ရှည်တောင်ကြား အကြောင်းကို ကြားစဥ်က ကျန်းချန်သည် သက်ရှည်တောင်ကြားကို ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် ဆက်စပ်၍ တွေးတောခဲ့ဖူးသည်။

အထူးသဖြင့် နတ်ဘုရားသင်္ချိုင်း ရှေးဟောင်းမြို့တော်မှ အမည်မဲ့ဆိုင်ရှိ အဘိုးအိုသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် အလွန်တရာ ဆင်တူသည့် ရုပ်ထုတစ်ခုအား ထွင်းထုနေသည်ကို မြင်လိုက်ရသောအခါတွင် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်နှင့် သက်ရှည်တောင်ကြားတို့ ကြားတွင် နီးစပ်သော ပတ်သက် ဆက်နွှယ်မှု ရှိနေလိမ့်မည်ဟု သံသယဝင်ခဲ့သည်။

ယခု ကြည့်ရသည်မှာ ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် သက်ရှည်တောင်ကြားနှင့် အမှန်တကယ် ပတ်သက်မှု တစ်စုံတစ်ရာ ရှိနေပုံပင်။

အခန်း(၂၄၄၈)ပြီး၏။

All Chapters