အခန်း (၂၄၄၉-၂၄၅၀)
Vol. 185 Ch. 2449-2450
အခန်း(၂၄၄၉)
“စီနီယာ အရင်တုန်းက သက်ရှည်တောင်ကြားက လူတစ်ယောက် ဖြစ်ခဲ့ဖူးလား”
ကျန်းချန်က မှင်တက်ရာကနေ ပြန်လည် သတိဝင်လာခဲ့သည်။
သူ၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်အောင် အံ့ဩသော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ ပါရမီနှင့် ခွန်အားအရ ရှေးခေတ်ကာလတွင် ခေတ်တစ်ခေတ်ကို လွှမ်းမိုးထားနိုင်သည့် အနှိုင်းမဲ့ပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်မှာ သေချာ၏။
သို့သော်လည်း ကျန်းချန်၏ မှတ်ဥာဏ်ထဲတွင် နတ်ဘုရားနယ်မြေ၏ ရှေးခေတ်ကာလက ထိုကဲ့သို့သောသူမျိုး ရှိခဲ့ဖူးသည်ကို တစ်ခါမှ မကြားဖူးခဲ့ပေ။
“င့ါရဲ့ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားနယ်မြေရဲ့ အုပ်စိုးသူအဆင့်နဲ့ အဆင့်တူလောက် ရှိနေချိန်မှာ ငါ နတ်ဘုရားနယ်မြေကို မတော်တဆ ရောက်ရှိသွားပြီး ကူရှန်ချန်း ဆိုတဲ့ကောင်လေး တစ်ယောက်နဲ့ တွေ့ခဲ့ဖူးတယ်.. သူက ပါရမီသိပ်မဆိုးတဲ့အတွက် ငါသူ့ကို အနည်းငယ် လမ်းညွှန် ပြသပေးခဲ့ဖူးတယ်”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ငါ့ရဲ့ခန့်မှန်းချက်သာ မမှားဘူးဆိုရင် မင်းခုနက ပြောတဲ့ သက်ရှည်တောင်ကြားက အဲဒီကောင်လေး တည်ထောင်ခဲ့တာ ဖြစ်လိမ့်မယ်”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်မိလိုက်သည်။
သက်ရှည်တောင်ကြားသည် အလွန်ရှည်လျားသော သမိုင်းကြောင်းရှိပြီး နတ်ဘုရားနယ်မြေ၏ အစောဆုံး အင်အားစုများထဲမှ တစ်ခု ဖြစ်သည်။
နတ်ဘုရားနယ်မြေတွင် သိုင်းပညာရှင်များ စတင် ဖြစ်ပေါ်လာကတည်းကပင် သက်ရှည်တောင်ကြားနှင့် ပတ်သက်သည့် မှတ်တမ်းမှတ်ရာများ အမြဲတစေ ရှိခဲ့သည်။
သက်ရှည်တောင်ကြားကို တည်ထောင်ခဲ့သူ ကူရှန်ချန်းသည် အသက်လမ်းစဥ်ကို အထူးပြုသည့် အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်ခဲ့ပြီး ထိုခေတ်ကာလက ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ပါး ဖြစ်ခဲ့သည်။
သက်ရှည်တောင်ကြားကို တည်ထောင်ခဲ့သူ ကူရှန်ချန်းသည် ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်၏ အမည်ခံတပည့်တစ်ယောက် ဖြစ်နေလိမ့်မည်ဟု ကျန်းချန် မထင်မှတ်ထားခဲ့ပေ။
ကျန်းချန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“စီနီယာအင်မော်တယ်ဘုရင် ခန့်မှန်းတာ မှန်ပါတယ်.. သက်ရှည်တောင်ကြားကို တကယ်ပဲ ကူရှန်ချန်းက တည်ထောင်ခဲ့တာပါ”
“အဲဒီတုန်းက ငါ သူ့ရဲ့ပါရမီကို နှမြောလို့ နည်းနည်းပါးပါး လမ်းညွှန်ခဲ့ရုံပါပဲ.. အဲဒီကောင်လေးက နတ်ဘုရားနယ်မြေမှာ ဒီလောက်အထိ အောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ ငါမထင်ခဲ့ဘူး.. ငါထပ်ပြီး မထင်မှတ်ထားတာက သူ တည်ထောင်ခဲ့တဲ့ သက်ရှည်တောင်ကြားကနေ ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်ပိုင်ရှင်ကို မွေးဖွားပေးနိုင်လိမ့်မယ် ဆိုတာပဲ”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က အံ့ဩသော လေသံဖြင့် ပြောလိုက်သည်။
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် နတ်ဘုရားနယ်မြေကို ရောက်ရှိလာချိန်တွင် နတ်ဘုရားနယ်မြေ၏ အခြေအနေကို စူးစမ်း လေ့လာကြည့်ခဲ့သည်။
ယင်းနောက်တွင် နတ်ဘုရားနယ်မြေ၌ သူ၏ အမွေအနှစ်ကို ဆက်ခံရန် သင့်တော်သည့် အမွေခံကို ရှာတွေ့ရန် ခဲယဥ်းလိမ့်မည်ဟု သူယူဆခဲ့၏။
သို့သော်လည်း သူက ဒဏ်ရာ အပြင်းအထန် ရရှိထားပြီး အမြင့်မြတ်ဆုံး စွမ်းအားဖြင့် ထာဝရသက်ရှည်တောင်တန်းကို အင်မော်တယ်လောကကနေ နတ်ဘုရားနယ်မြေဆီ ရွှေ့ပြောင်းပြီးနောက်တွင် တခြား စကြဝဠာဆီ ထပ်မံ မရွှေ့ပြောင်းနိုင်တော့၍ နတ်ဘုရားနယ်မြေမှာပင် အမွေဆက်ခံသူကို ရှာဖွေရန် ဖြစ်လာခဲ့သည်။
သူက နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ်ကို ထာဝရရှင်သန်ခြင်း နန်းတော်တွင် ကျင့်ကြံခွင့် ပေးခဲ့သည့် အဓိကအကြောင်းရင်းမှာ နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် တဖြည်းဖြည်း ပြန်လည်နိုးထလာပြီးနောက်တွင် ထူးချွန်သောပါရမီရှင်များ ပေါ်ထွက်လာနိုင်ရန် မျှော်လင့်ခဲ့သောကြောင့်ပင်။
သို့သော်လည်း ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် ဤကဲ့သို့ ပျက်စီးနေသည့် နတ်ဘုရားနယ်မြေထဲမှာပင် ထာဝရစိမ်းလန်းသော ခန္ဓာကိုယ်ပိုင်ရှင် ပေါ်ထွက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဤသည်မှာ တကယ့်ကို ကိုယ်စိုက်ပျိုးထားသည့် အတိုင်း ပြန်ရိတ်သိမ်းရခြင်းပင် ဖြစ်သည်။
“စီနီယာအင်မော်တယ်ဘုရင်.. သက်ရှည်တောင်ကြားက နတ်ဘုရားနယ်မြေမှာ ကပ်ဘေးကြီး တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပြီးနောက်မှာ သွေးမျိုးဆက်ကျိန်စာ အတိုက်ခံခဲ့ရတယ်.. စီနီယာအင်မော်တယ်ဘုရင် အနေနဲ့ သက်ရှည်တောင်ကြား အတွက် သွေးမျိုးဆက်ကျိန်စာကို ကူညီဖြေရှင်းပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်”
ကျန်းချန်က သက်ရှည်တောင်ကြား၏ သွေးမျိုးဆက်ကျိန်စာကို သတိရသွားခဲ့ပြီး ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်ကို ဂါဝရပြုကာ တောင်းဆိုလိုက်သည်။
“ဒီကိစ္စကို ငါသိပြီးသားပါ.. သက်ရှည်တောင်ကြားရဲ့ သွေးမျိုးဆက်ကျိန်စာ ဆိုတာက အင်မော်တယ်လောကမှာတော့ သာမန် ကျိန်စာလေးတစ်ခုပါပဲ.. ဒီကျိန်စာကို ဖြေရှင်းဖို့က မခက်ခဲပါဘူး”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
“ဒီမိန်းကလေးက ငါချန်ထားရစ်ခဲ့တဲ့ အမွေအနှစ် အားလုံးကို ဆက်ခံပြီးရင် သက်ရှည်တောင်ကြားရဲ့ သွေးမျိုးဆက်ကျိန်စာကို ဖြေရှင်းဖို့က အလွယ်လေးပါပဲ”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်သည် သက်ရှည်တောင်ကြား၏ သွေးမျိုးဆက်ကျိန်စာကို ကောင်းစွာ ဖြေရှင်းနိုင်သည်မှာ သိသာနေခဲ့သည်။
ထို့ကြောင့် ကျန်းချန်သည် ထိုကိစ္စနှင့် ပတ်သက်၍ ထပ်မံ စိတ်မပူတော့ပေ။
သူက နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် အကြောင်းကို တိုက်ရိုက်ပင် မေးမြန်းလိုက်သည်။
“စီနီယာအင်မော်တယ်ဘုရင်.. အခု နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်လမ်းစဥ် ဘယ်လို အခြေအနေရှိလဲဆိုတာ သိချင်ပါတယ်”
“သူက နှစ်ခြိုက်စွာ အိပ်ပျော်နေရာကနေ အခုအထိ မနိုးသေးဘူး.. ဒါပေမဲ့ သူ့ရဲ့အင်အားကို ထက်ဝက်ကျော်လောက် ပြန်လည် ရရှိနေပါပြီ.. သူ့ရဲ့ အထွတ်အထိပ် အခြေအနေကို ပြန်လည် ရောက်ရှိဖို့ သိပ်မလိုတော့ပါဘူး”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ပြုံး၍ ပြောလိုက်သည်။
“ငါ့ရဲ့ ခန့်မှန်းချက်မမှားဘူးဆိုရင် နတ်ဘုရားနယ်မြေမှာ ပြောင်းလဲမှုတွေ အကြီးအကျယ် ဖြစ်နေပြီထင်တယ်”
ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။
“နတ်ဘုရားနယ်မြေက ပြောင်းလဲမှု အကြီးအကျယ် ဖြစ်နေပြီ.. ဟုတ်လား”
“စိတ်မပူပါနဲ့.. ဒါက မင်းတို့ နတ်ဘုရားနယ်မြေ အတွက် မကောင်းတဲ့အရာ မဟုတ်ပါဘူး.. အရင်တုန်းက မင်းတို့နတ်ဘုရားနယ်မြေက စစ်ပွဲအတွင်းမှာ ပျက်စီးသွားခဲ့ပြီး မရေမတွက်နိုင်တဲ့ ဖုန်မှုန့်တွေ အဖြစ်ကို ပြောင်းလဲသွားခဲ့တယ်.. အဲဒီဖုန်မှုန့်တွေက ထာဝရဟင်းလင်းပြင်ထဲမှာ နယ်မြေတွေ အဖြစ် လွင့်မျောနေခဲ့တယ်"
"အခု ကောင်းကင်လမ်းစဥ် ပြန်လည် ကောင်းမွန်လာတဲ့ အတွက် နတ်ဘုရားနယ်မြေက တဖြည်းဖြည်းနဲ့ အရင်က ပုံစံအတိုင်း ပြန်ဖြစ်လာတော့မယ်.. ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားရင် နတ်ဘုရားနယ်မြေရဲ့ ပင်မနယ်မြေကနေ ကွဲထွက်သွားခဲ့တဲ့ အပိုင်းအစတွေ အားလုံးက အခုဆိုရင် ပင်မနယ်မြေ ဖြစ်တဲ့ နတ်ကုန်းမြေတိုက်ဆီမှာ တဖြည်းဖြည်း စုစည်းလာနေလောက်ပြီ”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုစကားကို ကြားလျှင် ကျန်းချန်သည် လေးနက်သော လေသံဖြင့် မေးလိုက်၏။
“စီနီယာအင်မော်တယ်ဘုရင်.. တကယ်လို့ ထာဝရဟင်းလင်းပြင်မှာ ရှိတဲ့ နယ်မြေတွေ အားလုံးက ပင်မနယ်မြေဖြစ်တဲ့ နတ်ကုန်းမြေတိုက်မှာ ပြန်လည် ပေါင်းစည်းသွားမယ်ဆိုရင် ထာဝရဟင်းလင်းပြင်က ဘာဖြစ်သွားနိုင်လဲ”
ယနေ့ခေတ် နတ်ဘုရားနယ်မြေသည် နယ်မြေ ကြီးငယ် အများအပြားဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်ပြီး နယ်မြေနှစ်ခုကြားတွင် ထာဝရဟင်းလင်းပြင်ဖြင့် ခြားနားထားသည်။
နတ်ဘုရားနယ်မြေ၏ နယ်မြေများ ပြန်လည် ပေါင်းစည်းသွားလျှင် ရှေးခေတ်ကာလကလိုမျိုး အုပ်စိုးသူအဆင့် သိုင်းပညာရှင်များ ပြန်လည် ပေါ်ထွက်လာလိမ့်မည် ဖြစ်၏။
ယင်းသည် နတ်ဘုရားနယ်မြေ အတွက် တကယ့်ကို ကောင်းမွန်သောအရာ ဖြစ်သည်မှာ သံသယဖြစ်စရာမရှိပေ။
ယခု သူသိချင်နေသည့် တစ်ခုတည်းသောအရာမှာ ထာဝရဟင်းလင်းပြင် မည်သို့ ဖြစ်သွားမလဲ ဆိုသည်ကိုပင်။
အကြောင်းရင်းမှာ ထာဝရဟင်းလင်းပြင်တွင် ဟင်းလင်းပြင်သားရဲများနှင့် ဟင်းလင်းပြင် နတ်ဆိုးများ ရှိနေ၍ ဖြစ်၏။
အကယ်၍ ထိုသတ္တဝါများသာ ပေါင်းစည်းသွားသည့် နတ်ဘုရားနယ်မြေ ထဲတွင် ပေါ်လာမည် ဆိုလျှင် သူ့အနေဖြင့် အပြည့်အဝ ပြင်ဆင်ထားရလိမ့်မည် မဟုတ်ပါလား။
“မရေမတွက်နိုင်တဲ့ နယ်မြေတွေက ဗဟိုချက်ဖြစ်တဲ့ နတ်ကုန်းမြေတိုက်မှာ စုစည်းလာကြလိမ့်မယ်.. နယ်မြေတွေရဲ့ ဖိညှစ်မှုအောက်မှာ ထာဝရဟင်းလင်းပြင်က တဖြည်းဖြည်းပျောက်ကွယ်သွားလိမ့်မယ်.. ဒါကြောင့် ထာဝရဟင်းလင်းပြင်ပေါ်က သတ္တဝါတွေကလည်း ပေါင်းစည်းသွားတဲ့ နတ်ဘုရားနယ်မြေထဲကို ထွက်ပြေးလာဖို့ အလားအလာ အလွန်များတယ်.. နတ်ဘုရားနယ်မြေမှာ ဖြစ်ပေါ်လာနိုင်တဲ့ ဒီရုတ်ရုတ်သဲသဲ ဖြစ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ မင်းပြင်ဆင်ထားရလိမ့်မယ်”
ထာဝရရှင်သန်ခြင်း အင်မော်တယ်ဘုရင်က ကျန်းချန်၏ အတွေးကို ရိပ်စားမိပြီး တိုက်ရိုက်ပင် ပြောလိုက်သည်။
“လုရှောင်ချင်းနဲ့ ကောင်းကင်လမ်းစဥ်ကိုတော့ ငါဂရုစိုက်ပေးထားမယ်.. ဒီနေရာမှာ ဘယ်သူမှ သူတို့ကို နှောင့်ယှက်နိုင်မှာမဟုတ်ဘူး.. မင်းရဲ့ကိစ္စတွေကိုသာ အရင်သွားလုပ်လိုက်ပါ”
“ကောင်းပါပြီ”
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး အလျင်အမြန်ပင် ခေါင်းညိတ်လိုက်သည်။
နယ်မြေအားလုံး ပေါင်းစည်းသွားသောအခါတွင် ထာဝရဟင်းလင်းပြင်ထဲတွင် ပုန်းအောင်းနေသည့် ဟင်းလင်းပြင်သားရဲများနှင့် ဟင်းလင်းပြင်နတ်ဆိုးများသည် နတ်ဘုရားနယ်မြေထဲတွင် ပေါ်လာကြတော့မည် ဖြစ်ရာ သူ့အနေဖြင့် ကြိုတင်၍ စီစဥ်ထားရပေလိမ့်မည်။
သို့မဟုတ်လျှင် နတ်ဘုရားနယ်မြေသည် အမှန်တကယ်ပင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပေလိမ့်မည် မဟုတ်ပါလော။
ထာဝရရှင်သန်ခြင်း နန်းတော်၏ ပင်မခန်းမဆောင် ပွင့်လာသည့်အချိန်နှင့် တစ်ပြိုင်နက်တည်းမှာပင် စစ်မိစ္ဆာမြို့တော်ရှိ မင်ယွဲ့ရှင်းနှင့် ဆရာသခင် စန်းမင်တို့ ဦးဆောင်သော နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများသည် ခန်းမ တစ်ခုထဲတွင် စုဝေးနေကြသည်။
ဆရာသခင် စန်းမင်က ခန်းမထဲရှိ လူများကို ဝေ့ကြည့်ကာ လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။
“အားလုံးပဲ.. ငါ အခုလေးတင် နတ်ဘုရားနယ်မြေဆီက သတင်းရတယ်.. နတ်ဘုရားနယ်မြေက ရုတ်တရက် အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ.. အတားအဆီးတွေမှာ ပိတ်မိနေတဲ့ သိုင်းပညာရှင်တွေ အများအပြားက အကြောင်းပြချက်မရှိဘဲ အဆင့်တက်သွားကြတယ်"
"ဒီသတင်းက နတ်ဘုရားနယ်မြေ အတွက် သတင်းကောင်းပဲ”
မင်ယွဲ့ရှင်းက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
သူမ၏ လှပသော မျက်နှာလေးတွင် အံ့ဩဝမ်းသာသောအရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
နတ်ဘုရားနယ်မြေသည် ဤကဲ့သို့ အပြောင်းအလဲကြီးသည် ကောင်းကင်လမ်းစဥ် ပြန်လည် နိုးထလာသောကြောင့်သာ ဖြစ်ရပေမည်။
သို့သော်လည်း စစ်မိစ္ဆာမြို့တော်ကနေ ကျန်းချန်ထွက်ခွာသွားသည်မှာ တစ်နှစ် မပြည့်သေးသော အချိန်မှာပင် ကောင်းကင်လမ်းစဥ်က ပြန်လည်နိုးထလာလိမ့်မည်ဟု မင်ယွဲ့ရှင်း မထင်မှတ်ထားခဲ့ပေ။
ဤအခြေအနေတိုင်းသာ ဆိုလျှင် သိပ်မကြာခင်မှာပင် သူမသည် နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ပြီး တကယ့် အုပ်စိုးသူအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်ပေလိမ့်မည်။
ထိုအခိုက်အတန့်တွင် မျက်စိမှိတ်ကာ တွက်ချက်နေကြသည့် ထျန်းကျီနတ်မျှော်စင်မှ မျှော်စင်သခင်နှင့် ဆန်းကြယ်နတ်မျိုးနွယ်စုမှ ဘိုးဘေး တို့သည် မျက်လုံးများကို တစ်ပြိုင်နက်တည်း ဖွင့်လိုက်ကြသည်။
သူတို့၏ မျက်ဝန်းထဲတွင် မယုံကြည်နိုင်လောက်အောင် အံ့ဩထိတ်လန့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့၏။
သူတို့၏ တအံ့တဩ ရေရွတ်သံသည် ခန်းမဆောင်ထဲတွင် တစ်ပြိုင်နက်တည်း ပဲ့တင်ထပ်သွားခဲ့သည်။
“နတ်ဘုရားနယ်မြေက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ.. ပြိုကွဲနေတဲ့ နယ်မြေတွေ အားလုံးက ပေါင်းစည်းလာတော့မယ်.. နတ်ဘုရားနယ်မြေက အထွတ်အထိပ်ကာလကို သိပ်မကြာခင်မှာ ပြန်လည် ရောက်ရှိလာတော့မယ်”
အခန်း(၂၄၄၉)ပြီး၏။
အခန်း(၂၄၅၀)
“နတ်ဘုရားနယ်မြေက အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ.. ပြိုကွဲနေတဲ့ နယ်မြေတွေ အားလုံးက ပေါင်းစည်းလာတော့မယ်.. နတ်ဘုရားနယ်မြေက အထွတ်အထိပ်ကာလကို သိပ်မကြာခင်မှာ ပြန်လည် ရောက်ရှိလာတော့မယ်”
ထျန်းကျီနတ်မျှော်စင်သခင်နှင့် ဆန်းကြယ်နတ်မျိုးနွယ်စုတို့မှ ဘိုးဘေးတို့၏ စကား အဆုံးသတ်သည်နှင့် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ အကြည့်သည် သူတို့နှစ်ယောက် ဆီသို့ စုပြုံ၍ ကျရောက်သွားခဲ့သည်။
ဆရာသခင်စန်းမင်က လေးနက်သော လေသံဖြင့် မေးလိုက်၏။
“ဒီစကားက ဘာအဓိပ္ပါယ်လဲ”
ထျန်းကျီနတ်မျှော်စင်သခင်က လေးနက်သော လေသံဖြင့် ပြန်ဖြေလိုက်သည်။
“သိပ်မကြာခင်မှာ နတ်ဘုရားနယ်မြေက ရှေးခေတ်ကာလကလို ပြန်လည် ထွန်းကာလာတော့မယ်.. နတ်ဘုရားနယ်မြေအထွတ်အထိပ် ရောက်တဲ့အချိန်မှာ ကပ်ဘေးတွေလည်း ထပ်မံ ရောက်ရှိလာလိမ့်မယ်.. နတ်ဘုရားနယ်မြေက အရင်တုန်းကလိုမျိုး တုန်လှုပ်ချောက်ချားစရာ ကပ်ဘေးကြီးနဲ့ ထပ်ပြီး ကြုံတွေ့ရနိုင်တယ်”
“တုန်လှုပ်ချောက်ချားစရာကောင်းတဲ့ ကပ်ဘေးက ထပ်လာဦးမှာလား”
ထျန်းကျီနတ်မျှော်စင်သခင်၏ စကားကိုကြားလျှင် နတ်ဘုရားနယ်မြေမှ ကျင့်ကြံသူများ၏ မျက်နှာအမူအရာသည် အကြီးအကျယ် ပြောင်းလဲသွားခဲ့သည်။
ရှေးခေတ်ကာလက နတ်ဘုရားနယ်မြေတွင် အုပ်စိုးသူအဆင့်ကျင့်ကြံသူ အများအပြား ရှိခဲ့ပြီး သိုင်းပညာကျင့်ကြံခြင်း ယဥ်ကျေးမှုသည် အထွတ်အထိပ်အထိ တောက်ပခဲ့သည်ဟု ဆိုနိုင်၏။
သို့သော်လည်း ထိုအချိန်မှာပင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့ပြီး နတ်ဘုရားနယ်မြေသည် ကြောက်မက်ဖွယ်ရာကောင်းသော ကပ်ဘေးကြီးနှင့် ကြုံတွေ့ခဲ့ရသည်။
ထိုကပ်ဘေးကြောင့်ပင် နတ်ဘုရားနယ်မြေနှင့် ကောင်းကင်လမ်းစဥ်သည် ထိခိုက်ပျက်စီးခဲ့ရပြီး နတ်ဘုရားနယ်မြေသည်လည်း အပိုင်းပိုင်းအစစ ကွဲကြေသွားခဲ့ရသည်။
ယခုအခါတွင် ထျန်းကျီနတ်မျှော်စင်သခင်သည် နတ်ဘုရားနယ်မြေက တုန်လှုပ်ချောက်ချားစရာ ကပ်ဘေးနှင့် ထပ်မံရင်ဆိုင်ရဖွယ် ရှိသည်ဟု သူတို့ကို ပြောနေခဲ့ချေပြီ။
မင်ယွဲ့ရှင်း ခန့်မှန်းထားသလိုပင် ယခင်က နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့သည့် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာသည် တစ်ကျော့ပြန် ကျူးကျော်လာတော့မည်လော။
အကယ်၍ ထိုကိစ္စသာ အမှန်တကယ် ဖြစ်လာမည်ဆိုလျှင် နတ်ဘုရားနယ်မြေသည် ဒုက္ခရောက်ရလိမ့်မည် ဖြစ်သည်။
ဆရာသခင်စန်းမင်က အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး မင်ယွဲ့ရှင်းကို ကြည့်ကာ မေးလိုက်သည်။
“နန်းတော်သခင်မ မင်ယွဲ့.. နတ်ဘုရားနယ်မြေက အကြီးအကျယ် ပြောင်းလဲတော့မယ်.. ကျွန်တော်တို့ နောက်ထပ် ဘာဆက်လုပ်သင့်လဲ”
“နတ်ဘုရားနယ်မြေက သိပ်မကြာခင်မှာ ရှေးခေတ်ကာလက အခြေအနေကို ပြန်ရောက်တော့မယ်.. ကွဲအက်နေတဲ့ မရေမတွက်နိုင်တဲ့ နယ်မြေတွေကလည်း ပြန်လည် ပေါင်းစည်းလာတော့မှာ ဖြစ်တဲ့အတွက် ထာဝရဟင်းလင်းပြင် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး.. ငါတို့တွေ နတ်ဘုရားနယ်မြေရဲ့ ဗဟိုချက်ဖြစ်တဲ့ နတ်ကုန်းမြေတိုက်ကိုပဲ အရင်ပြန်ကြရအောင်”
မင်ယွဲ့ရှင်းက လေးနက်စွာ ပြောလိုက်သည်။
“လက်ရှိ အခြေအနေအရ အင်အားအပြည့်အဝ စုဆောင်းထားပြီး အခြေအနေတွေကို စောင့်ကြည့်ဖို့ပဲ ရှိတော့တယ်”
နတ်ဘုရားနယ်မြေ၏ ကောင်းကင်လမ်းစဥ် ပြန်လည် ကောင်းမွန်လာသည်နှင့် အမျှ နတ်ဘုရားနယ်မြေသည် ပြန်လည် ပြုပြင်ခြင်းခံခဲ့ရပြီး ရှေးခေတ်ကာလကလို အခြေအနေသို့ ပြန်ရောက်တော့မည်မှာ ပြောင်းလဲ၍ မရသည့်အခြေအနေ ဖြစ်သည်။
ထို့နေ့က တိုက်ပွဲတွင် နတ်ဘုရားနယ်မြေသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာ၏ ကျူးကျော်မှုကို အနိုင်ယူရန် အတွက် ကြီးမားသော ပေးဆပ်မှုများ လုပ်ဆောင်ခဲ့ရသော်လည်း တိုက်ပွဲကမူ မပြီးဆုံးသေးပေ။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ အနေဖြင့် နတ်ဘုရားနယ်မြေကို ပြန်လာဖို့ ဆိုသည်မှာ အချိန်တစ်ခုသာ လိုအပ်တော့၏။
ယခု သူတို့ လုပ်နိုင်သည်မှာ ကောင်းကင်လမ်းစဥ် ပြန်လည်နိုးထလာသည်ကို အခွင့်ကောင်းယူပြီး တစ်ကျော့ပြန် ရောက်လာတော့မည့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာကို ရင်ဆိုင်ရန်အတွက် သူတို့၏ အင်အားကို အစွမ်းကုန် မြှင့်တင်ထားရန်ပင် မဟုတ်ပါလား။
“ကောင်းပြီ.. အခုချက်ချင်းပဲ နတ်ကုန်းမြေတိုက်ကို ပြန်ဆုတ်ကြမယ်.. နတ်ဘုရားနယ်မြေ ရှေးခေတ်ကာလကလိုမျိုး အခြေအနေဆီ ပြန်ရောက်တော့မဲ့ သတင်းကို ထာဝရဘုရားကျောင်းကနေ တစ်ဆင့် နယ်မြေတွေ အားလုံးဆီ ပေးပို့ခိုင်းလိုက်ပါ.. ဒါမှပဲ သူတို့တွေ အားလုံး ပြင်ဆင်ထားနိုင်လိမ့်မယ်”
ဆရာသခင်စန်းမင်က တွေဝေမနေဘဲ ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။
နတ်ဘုရားနယ်မြေသည် အကြီးအကျယ် ပြောင်းလဲလာတော့မည် ဖြစ်ရာ သူတို့အနေဖြင့် ဤစစ်မိစ္ဆာမြို့တော်တွင် ဟင်းလင်းပြင် နတ်ဆိုးမျိုးနွယ်စုနှင့် ဆက်လက် ထိပ်တိုက်ရင်ဆိုင်နေရန်မှာ မည်သည့် အဓိပ္ပါယ်မှ မရှိတော့ပေ။
သူတို့အတွက် ယခု အရေးကြီးဆုံးမှာ နတ်ဘုရားနယ်မြေ ထပ်မံ ရင်ဆိုင်ရတော့မည့် တုန်လှုပ်ချောက်ချားစရာ ကပ်ဘေးကြီးကို ကိုင်တွယ်နိုင်ရန် အတွက် နတ်ကုန်းမြေတိုက်ကို ပြန်ပြီး အင်အားမြှင့်တင်ရန်သာ ဖြစ်သည်။
------------------
ဆရာသခင်စန်းမင်တို့က ဟင်းလင်းပြင် နတ်ဆိုး မျိုးနွယ်စုဆီကနေ ပြန်ဆုတ်ရန် ဆုံးဖြတ်လိုက်သည့် အချိန်မှာပင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုတွင်လည်း နတ်ဆိုးဧကရာဇ်သည် မဟာနတ်ဆိုးဘုရင် ရှစ်ပါးနှင့်အတူ အစည်းအဝေးပြုလုပ်နေခဲ့သည်။
“ထာဝရဟင်းလင်းပြင်ထဲမှ အခြေချထားတဲ့ မျိုးနွယ်စုခွဲတွေဆီကနေ ထာဝရဟင်းလင်းပြင်ရဲ့ ဧရိယာက သိသိသာသာကျုံ့လာတယ်လို့ သတင်းတွေ ရောက်လာတယ်.. နယ်မြေတွေ အကုန်လုံးက နတ်ကုန်းမြေတိုက်ဆီ တဖြည်းဖြည်း တိုးကပ်လာနေကြတယ်.. မင်းတို့ ဒီကိစ္စကို ဘယ်လိုမြင်လဲ”
နတ်ဆိုးဧကရာဇ်က မဟာနတ်ဆိုးဘုရင် ရှစ်ပါးကို ဝေ့ကြည့်လိုက်သည်။
သူ၏ စကားသံက ခန်းမထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
“အရှင်နတ်ဆိုးဧကရာဇ်.. အဲဒီအချိန်က တိုက်ပွဲမှာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာက နတ်ဘုရားနယ်မြေကို ကျူးကျော်ခဲ့ပြီး နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်လမ်းစဥ်ကို အပြင်းအထန် ဒဏ်ရာရရှိစေခဲ့တယ်.. ဒါ့အပြင် နတ်ဘုရားနယ်မြေကိုလည်း အပိုင်းပိုင်း ခွဲပစ်ခဲ့ပြီး ထာဝရဟင်းလင်းပြင်ထဲ ပြန့်ကျဲစေခဲ့တယ်.. အခုနတ်ဘုရားနယ်မြေမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ဖြစ်နေတာက နတ်ဘုရားနယ်မြေရဲ့ ကောင်းကင်လမ်းစဥ် တဖြည်းဖြည်း ပြန်လည်နိုးထလာတာကြောင့် ဖြစ်ရမယ်”
“နတ်ဘုရားနယ်မြေက ပြန်လည် ပေါင်းစည်းသွားပြီ ရှေးခေတ်ကာလကလို ပြန်ဖြစ်သွားမှာ ငါစိုးရိမ်မိတယ်”
နတ်ဆိုးဧကရာဇ်က လေးနက်စွာ ပြောလိုက်သည်။
ထိုစကားကိုကြားလျှင် မဟာနတ်ဆိုးဘုရင်များ၏ မျက်နှာအမူအရာသည် ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။
နတ်ဘုရားနယ်မြေ ပြန်လည် ပေါင်းစည်းသွားလျှင် ထာဝရဟင်းလင်းပြင် ရှိတော့မည် မဟုတ်သောကြောင့် သူတို့ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် ပေါင်းစည်းသွားသည့် နတ်ဘုရားနယ်မြေထဲတွင်သာ ရှင်သန်ရတော့မည့် အခြေအနေဖြစ်သည်။
သူတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ လက်ရှိ အင်အားဖြင့်ဆိုလျှင် နတ်ကုန်းမြေတိုက်နှင့် ထိပ်တိုက် ရင်ဆိုင်ရန်မှာ အမှန်တကယ်ပင် ခက်ခဲလှ၏။
“အရှင်နတ်ဆိုးဧကရာဇ်.. တကယ်လို့ နတ်ဘုရားနယ်မြေ ပေါင်းစည်းသွားမယ် ဆိုရင် ကျွန်တော်တို့အနေနဲ့ နတ်ကုန်းမြေတိုက်ကို ပိုပြီး ကောင်းမွန်စွာ ခုခံနိုင်ဖို့ အတွက် ထာဝရဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲနေတဲ့ အဓိကမျိုးနွယ်စုတွေကို စုစည်းထားသင့်တယ်”
မဟာနတ်ဆိုးဘုရင်တစ်ပါးက အလျင်အမြန်ပင် အကြံပေးလိုက်သည်။
“အဲဒီလို လုပ်လို့ မဖြစ်ဘူး.. အခုအချိန်မှာ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုရဲ့ အင်အားက အပြင်းအထန် ထိခိုက်ထားပြီး နတ်ဘုရားနယ်မြေနဲ့ မယှဥ်နိုင်သေးဘူး.. တကယ်လို့ ငါတို့သာ နတ်ဘုရားနယ်မြေမှာ ပြန့်ကျဲနေမယ်ဆိုရင် အဓိက မျိုးနွယ်စုတွေရဲ့ အင်အားကို အသုံးချပြီး နတ်ဘုရားနယ်မြေကို ထိန်းချုပ်ထားနိုင်သလို သူတို့ကိုလည်း မောပန်းနွမ်းနယ်အောင် လုပ်နိုင်လိမ့်မယ်”
မဟာနတ်ဆိုးဘုရင်တစ်ပါးက တည်ငြိမ်စွာဖြင့် ခွဲခြမ်းစိတ်ဖြာ ပြလိုက်သည်။
တခြား မဟာနတ်ဆိုးဘုရင်များကလည်း သူတို့၏ သဘောထားများကို တစ်ယောက်ပြီး တစ်ယောက် ပြောဆိုခဲ့ကြ၏။
အများစုကမူ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ အင်အားကို စုစည်းရန် သဘောမတူခဲ့ကြပေ။
ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် ထာဝရဟင်းလင်းပြင်တစ်ခုလုံးတွင် ပြန့်ကျဲ၍ တည်ရှိနေခြင်း ဖြစ်ပြီး နတ်ကုန်းမြေတိုက်ပေါ်တွင် တည်ထောင်ထားသည့် ဟင်းလင်းပြင် နတ်ဆိုးအသိုက်အမြုံမှ တစ်ဆင့် နတ်ကုန်းမြေတိုက်ကို ကြီးမားသည့် ခြိမ်းခြောက်မှုများ အမြဲတစေ ပေးနိုင်ခဲ့သည်။
သို့သော်လည်း ပြီးခဲ့သည့် တစ်ခေါက်တွင် ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုသည် နတ်ကုန်းမြေတိုက်ကို ကျူးကျော်ရန်အတွက် သူတို့၏ အင်အားများကို စုစည်းခဲ့သည့်တိုင် အဆုံးသတ်တွင် အရှက်တကွဲ အရေးနိမ့်ခဲ့ရသည်။
ထိုကိစ္စကြောင့်ပင် မဟာနတ်ဆိုးဘုရင်များသည် အမှားဟောင်းကို ထပ်မံ မကျူးလွန်ချင်ကြသည်မှာ ထင်ရှားနေခဲ့၏။
“ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုရဲ့ မျိုးနွယ်စုခွဲတွေ အားလုံးကို အနီးဆုံး နယ်မြေတွေဆီ တိုက်ရိုက် ကျူးကျော်ပြီး နယ်မြေသိမ်းပိုက်ဖို့ အခုချက်ချင်းပဲ အမိန့်ထုတ်လိုက်.. ပြီးရင် နတ်ဘုရားနယ်မြေရဲ့ နောက်ထပ် ဖြစ်လာမဲ့ အပြောင်းအလဲကြီးတွေ အတွက် ကြိုတင် ပြင်ဆင်ခိုင်းထားလိုက်ပါ”
နတ်ဆိုးဧကရာဇ်က တိုက်ရိုက်ပင် အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့ပါ”
မဟာနတ်ဆိုးဘုရင် တစ်ပါးက ပြန်ဖြေလိုက်ပြီး အနည်းငယ် ဝေခွဲမရဟန်ဖြင့် မေးလိုက်သည်။
“အရှင်နတ်ဆိုးဧကရာဇ်.. ဒါဆို ကျွန်တော်တို့ ပင်မမျိုးနွယ်စုကရော နတ်ကုန်းမြေတိုက်ကို ကျူးကျော်ရမှာလား”
“ကောင်းကင်လမ်းစဥ် ပြန်လည် ကောင်းမွန်လာတဲ့အတွက် နတ်ကုန်းမြေတိုက်ရဲ့အင်အားက အရှိန်အဟုန်နဲ့ တိုးတက်လာလိမ့်မယ်.. အခုအချိန်မှာ ငါတို့ ဟင်းလင်းပြင်နတ်ဆိုးမျိုးနွယ်စုအနေနဲ့ နတ်ကုန်းမြေတိုက်နဲ့ ထိပ်တိုက် ရင်ဆိုင်ဖို့ မသင့်တော်သေးဘူး”
ထိုစကားကို ပြောပြီးနောက်တွင် နတ်ဆိုးဧကရာဇ်သည် တစ်ခဏမျှ ငြိမ်သက်သွားခဲ့သည်။
နတ်ကုန်းမြေတိုက်၏ ကောင်းကင်လမ်းစဥ် နိုးထလာသောကြောင့် နတ်ကုန်းမြေတိုက်၏ အင်အားသည် ကြောက်မက်ဖွယ်ရာကောင်းသော အရှိန်အဟုန်ဖြင့် တိုးတက်လာမည်မှာ သေချာသည်။
အထူးသဖြင့် ခြေလှမ်းတစ်ဝက် အုပ်စိုးသူအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည့် လနတ်နန်းတော်၏ နန်းတော်သခင်မသည် နောက်ဆုံးခြေလှမ်းကို လှမ်းနိုင်ပြီး အုပ်စိုးသူအဆင့် ကျင့်ကြံသူ ဖြစ်လာရန် အလားအလာ အလွန်များနေခဲ့၏။
ထို့ကြောင့် နတ်ဆိုးဧကရာဇ်သည် နတ်ကုန်းမြေတိုက်နှင့် ထိပ်တိုက် ရင်မဆိုင်ဘဲ အစွမ်းကုန် ရှောင်ရှားဖို့သာ ပြင်ဆင်နေခဲ့ခြင်းသာ။
ယခုအခါ သွေးနေမင်းဘိုးဘေးသည် အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာနှင့် ဆက်သွယ်မိသွားပြီ ဖြစ်သည်။
ထို့ကြောင့် သူတို့ ယခု လုပ်ဆောင်ရမည့်အရာမှာ တတ်နိုင်သမျှ အချိန်ဆွဲပြီး အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ ကျင့်ကြံသူများ ရောက်ရှိလာမည့် အချိန်ကို စောင့်ဆိုင်းရန်သာဖြစ်၏။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှ အစွမ်းထက် ကျင့်ကြံသူများ နတ်ဘုရားနယ်မြေကို ပြန်လည် ရောက်ရှိလာသောနေ့သည် သူတို့ ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စုက နတ်ကုန်းမြေတိုက်ကို ပြန်လည် တိုက်ခိုက်မည့်နေ့ ဆိုလည်းမမှားပေ။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ နတ်ဘုရားနယ်မြေ၏ အခြေအနေသည် သိသိသာသာပင် ပြောင်းလဲလာခဲ့သည်။
ထာဝရဟင်းလင်းပြင်ထဲတွင် တည်ရှိခဲ့သည့် စစ်မိစ္ဆာမြို့တော်နှင့် ထာဝရဘုရားကျောင်းတို့သည်လည်း ထာဝရဟင်းလင်းပြင်ထဲကနေ အလျင်အမြန် ဆုတ်ခွာသွားခဲ့ကြသည်။
ထာဝရဟင်းလင်းပြင်ထဲတွင် ပြန့်ကျဲနေသော ဟင်းလင်းပြင်နတ်ဆိုး မျိုးနွယ်စု၏ မျိုးနွယ်စုခွဲများသည်လည်း နတ်ဆိုးဧကရာဇ်၏ အမိန့်အတိုင်းပင် နီးစပ်ရာ နယ်မြေများကို စတင် တိုက်ခိုက် သိမ်းပိုက်ခဲ့ကြ၏။
တစ်ချိန်တည်းမှာပင် နယ်မြေ တစ်နယ်နှင့် တစ်နယ် နီးစပ်သည့် နယ်မြေ တချို့သည် ၎င်းတို့ကြားရှိ ထာဝရဟင်းလင်းပြင်များကို လျင်မြန်စွာ ပေါင်းစည်းပစ်ပြီး ပိုမိုကြီးမားသည့် နယ်မြေကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။
ထာဝရဟင်းလင်းပြင်ထဲရှိ သတ္တဝါများသည် ထိုပိုမိုကြီးမားသော နယ်မြေထဲသို့ ရောက်ရှိလာခဲ့ကြသည်။
ဤသို့ဖြင့် ထာဝရဟင်းလင်းပြင် ထဲတွင် ပြန့်ကျဲနေသည့် မရေမတွက်နိုင်သော နယ်မြေ အားလုံးသည် ရုတ်ရုတ်သဲသဲအခြေအနေထဲသို့ ကျရောက်သွားခဲ့သည်။
အခန်း(၂၄၅၀)ပြီး၏။