ပေါက်ကွဲခြင်း
Vol. 10 Ch. 968
တဂျိမ်းဂျိမ်းမြည်ဟည်းသံများ ထွက်ပေါ်လာကာ ပိုင်ရှောင်ချန်းက မီတာတစ်ရာ့နှစ်ဆယ်မှ မီတာတစ်ရာ့ငါးဆယ် အမြင့်အထိ ကြီးမားသွားသည်။ လျှပ်စီးတိမ်တိုက်ဘိုးအေပညာရပ်၏ ပဥ္စမြောက်အသွင်ပြောင်းလဲခြင်းမှာ အောင်မြင်သွားပြီဖြစ်သည်။
ယခုအခါ သူ့ထံမှ ကြောက်မက်ဖွယ် အငွေ့အသက်တစ်ခု ထွက်ပေါ်နေပြီး သူ၏ဘက်ဖက်မျက်လုံးထဲရှိ လသင်္ကေတမှာ အသွင်ပြောင်းလဲခြင်းသုံးခုနှင့် တူညီသည့်စွမ်းအားကို ထပ်မံ ပေးစွမ်းနေသေးသည်။ သို့ဖြစ်၍ စုစုပေါင်းဆိုလျှင် သူသည် အသွင်ပြောင်းလဲခြင်းရှစ်ခု၏ စွမ်းအားကို ပိုင်ဆိုင်ထားပြီဖြစ်သည်။
လျှပ်စီးတိမ်တိုက်သခင်က အဋ္ဌမမြောက်အဆင့်ထိ ပြောင်းလဲသွားခဲ့စဥ်က သူ၏စွမ်းအားမှာ နှောင်းပိုင်းနတ်အဆင့်ကိုပင် ကျော်လွန်သွားခဲ့ပြီး မဟာစက်ဝန်းအဆင့်နားအထိ ရောက်ရှိသွားခဲ့သည်။
ယခုတွင်မူ ပိုင်ရှောင်ချန်းက သူ့ထက် များစွာပို၍ တုန်လှုပ်ခြောက်ခြားဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားနေပြီဖြစ်သည်။
သို့သော် သူသည် မပျော်ရွှင်နိုင်ပဲ ကြောက်ရွံ့နေရ၏။ အကြောင်းအရင်းကား ပဥ္စမမြောက် အသွင်ပြောင်းလဲခြင်းအပြီးတွင် သူ၏ခန္ဓာကိုယ်မှာ အနက်ရောက်တိမ်တိုက်ကြီးဆီမှ လျှပ်စီးများကို ထပ်၍လက်မခံနိုင်တော့သည့် အနေအထားသို့ ရောက်ရှိသွားသောကြောင့် ဖြစ်သည်။
ထိုလျှပ်စီးတန်းများမှာ အရူးတစ်ယောက်ကဲ့သို့ တွန့်လိမ်ကွေးကောက်၍ ပိုင်ရှောင်ချန်းဆီသို့ ဦးတည်လာသောအခါ သူ၏နှလုံးသားထဲသို့ အကြောက်တရားများ ရိုက်သွင်းခံလိုက်ရသည့်အလားဖြစ်သွားပြီး နောက်ဘက်သို့ အလူးအလဲ ဆုတ်ခွာသွားတော့သည်။ သူသည် ယခင်ကထက် များစွာပို၍မြန်ဆန်နေပြီဖြစ်သော်လည်း လျှပ်စီးတန်းများမှာ ထပ်မံစုဝေးလာနေသည်။
ယခုတွင် သူသည် လျှပ်စီးတန်းပေါင်း ထောင်သောင်းမကတော့ပဲ တစ်သန်းကျော်တိတိကို ရင်ဆိုင်နေရပြီဖြစ်သည်။
ထိုမြင်ကွင်းကြီးမှာ အလွန်တုန်လှုပ်ဖွယ်ကောင်းလှသည်။ ခပ်လှမ်းလှမ်းတွင် လျှပ်စီးဘိုးဘေးကြီးမှာ ကြက်သေသေနေပြီး အသားများတဆတ်ဆတ်တုန်ရီနေ၏။ ယခုအခါ သူသည် ပိုင်ရှောင်ချန်းအပေါ်အကြွေးတင်နေသည့် လျှပ်စီးတန်းငါးဆယ်ကို လုံးဝမေ့ပျောက်သွားပြီဖြစ်ပြီး သူ၏ထောင်ခန်းကို အတတ်နိုင်ဆုံး အဝေးဆုံးနေရာသို့ရောက်သွားစေရန် အစွမ်းကုန် ကြိုးစားနေတော့သည်။
" မင်းငါ့အနားကို လုံးဝ လုံးဝ မလာခဲ့နဲ့နော်။ ငါ့ရဲ့ အိုမင်းနေတဲ့ ခန္ဓာကိုယ်က အဲဒီဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး။ ဒီဖက်ခေတ် ကလေးတွေအကုန်လုံးက ကျပ်မပြည့်တဲ့အရူးတွေပါလား "
ထိုအချိန်တွင် ပိုင်ရှောင်ချန်းက လှမ်းကြည့်လိုက်သဖြင့် လျှပ်စီးဘိုးဘေးကြီးအား မြင်သွားတော့သည်။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြသောအခါ လျှပ်စီးဘိုးဘေးကြီးမှာ ငယ်သံပါအောင် အော်ဟစ်လိုက်ပြီး ရှိသမျှစွမ်းအားအကုန်ထုတ်သုံး၍ သူ၏ထောင်ခန်းကို ဆန့်ကျင်ဘက်အရပ်သို့ တွန်းထုတ်လိုက်တော့သည်။ ပိုင်ရှောင်ချန်းမှာမူ ပူဆွေးသောကရောက်ကာ ဒေါသထွက်နေသည့် အမူအရာဖြင့် အစွမ်းကုန်ကြိုးစား၍ လျှပ်စီးစက်ကွင်းမှ လွတ်မြောက်နိုင်ရန် ကြိုးပမ်းနေသည်။ သို့သော်လည်း အချိန်နှင့်အမျှ လျှပ်စီးတန်းများမှာ ပို၍ များပြားလာသည်။
ပိုင်ရှောင်ချန်းက ထိတ်လန့်ပြူးကျယ်နေသော မျက်ဝန်းများဖြင့် ထွက်ပြေးနေစဥ် ထိုလျှပ်စီးများမှာ မတည်မငြိမ်ဖြစ်လာပြီး တုန်ရီစပြုနေသည်ကို ရုတ်တရက် အာရုံခံမိလိုက်သည်။
" ပေါက်ကွဲတော့မှာလား "
သူ၏ ဦးရေခွံမှာ ထုံကျဥ်နေပြီး သူက ငယ်သံပါအောင်အော်ဟစ်၍ အရှိန်တင်ကာ ထွက်ပြေးလိုက်ပြန်သည်။
ခပ်လှမ်းလှမ်းတွင်မူ လျှပ်စီးဘိုးဘေးကြီး၏ မျက်လုံးများမှာ ဦးခေါင်းခွံထဲမှ ကျွတ်ကျလုမတတ် ပြူးကျယ်နေ၏။ သို့သော် တချိန်ထဲမှာပင် သူ အနည်းငယ်စိတ်လှုပ်ရှားမိနေတော့သည်။
" ပေါက်ကွဲတော့မှာ ဟုတ်လား။ ကောင်းတာပေါ့။ ပေါက်ကွဲအားပိုပြင်းလေ ပိုကောင်းလေပဲ။ ဒီနေရာကနေ ထွက်ပြေးနိုင်မဲ့ အခွင့်အရေးတစ်ခု ဖြစ်လာနိုင်တယ် "
ပြင်ပကမ္ဘာတွင်မူ အနက်ရောင်တိမ်တိုက်ကြီးမှာ မရပ်မနား တုန်ရီနေသည်။ အပြင်ဘက်မှကြည့်လျှင် မည်သည့် လျှပ်စီးတန်းကိုမှ မမြင်ရပါသော်လည်း တိမ်တိုက်ကြီးမှာ အတွင်းထဲတွင် အလွန်ပေါက်ကွဲအားပြင်းထန်သော အရာတစ်ခုကို အစပျိုးနေသည့်အလား မတည်မငြိမ်ဖြစ်နေသော အငွေ့အသက်များကို ထုတ်လွှတ်နေတော့သည်။
လျှပ်စီးတိမ်တိုက်သခင် အမြွှာနှစ်ယောက်၊ ဖုန်းချန်နှင့် အခြားမြောက်ပိုင်းသား နတ်အဆင့်ကျင့်ကြံသူများက ထိုတိမ်တိုက်ကြီးဆီသို့ အပြေးလာနေကြပြီး ဖြစ်ပျက်နေသည့် အချင်းအရာများကို မြင်လိုက်ရသောအခါ မျက်နှာများပျက်သွားကြတော့သည်။
သူတို့သည် တိမ်တိုက်ထဲသို့ နတ်ဘုရားအာရုံများစေလွှတ်၍ ဖြစ်ပျက်နေသည်များကို အတိအကျစစ်ဆေးရန် ကြိုးစားလိုက်ကြပါသော်လည်း မိုးကြိုးအကျဥ်းထောင်၏ တမူထူးခြားသော ဂုဏ်သတ္တိများကြောင့် အသေးစိတ်ကို မသိနိုင်ပဲ ဖြစ်နေရသည်။
" ဘာတွေများ ဖြစ်နေတာတုံး "
" သောက်ကျိုးနည်းကွာ။ သေချာတယ် ပိုင်ရှောင်ချန်းရဲ့ လုပ်ရပ်ပဲနေမှာ "
အခြားနတ်အဆင့်ကျင့်ကြံသူ သုံးယောက်က ချက်ချင်းပင် လျှပ်စီးတိမ်တိုက်သခင်အမြွှာနှစ်ယောက်နှင့် ဖုန်းချန်တို့အပေါ်သို့ အပြစ်ပုံချလိုက်ကြသည်။
" အဲဒါမင်းရဲ့ အပြစ်ပဲ ဖုန်းချန်။ ပဋိညာဥ်သုံးချက်ကို မင်းလုံးဝမစဥ်းစားမိခဲ့သင့်တာ "
" မင်းရဲ့အပြစ်လည်းပါတယ် လျှပ်စီးတိမ်တိုက်သခင်။ ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်က ခြေထောက်ပေါက်နေတဲ့ ကပ်ဆိုးကြီးဆိုတာကို မင်းက ဘာလို့ သူ့ကို အစထဲက ဒီကိုခေါ်လာရတာတုန်း "
လျှပ်စီးတိမ်တိုက်သခင်အမြွှာနှစ်ယောက်နှင့် ဖုန်းချန်တို့၏ မျက်နှာအမူအရာမှာ အလွန်အရုပ်ဆိုးနေကြပါသော်လည်း တုံ့ပြန်စကား ပြန်မပြောနိုင်ကြပေ။ လူတိုင်း စိုးရိမ်ထိတ်လန့်စွာ လက်ပိုက်ကြည့်နေကြစဥ် သလင်းကျောက်ခေါင်းတလားထဲမှနေ၍ နတ်အဆင့်ကျင့်ကြံသူများ၏ စိတ်နှလုံးများကိုပင် တုန်လှုပ်သွားစေနိုင်သည့် နတ်ဘုရားအာရုံစီးကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။ ၎င်းမှာ အလျင်အမြန်ပင် အနက်ရောင်တိမ်တိုက်ထဲသို့ဝင်ရောက်သွားပြီးနောက် ကောင်းကင်နှင့်ကမ္ဘာမြေကြီးကို တုန်ရီသွားစေနိုင်သည့် အော်ဟစ်သံကြီးတစ်သံ ပေါ်ထွက်လာတော့သည်။
" ပိုင်ရှောင်ချန်း "
တချိန်ထဲမှာပင် နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးက လေပေါ်တွင် ပေါ်ထွက်လာ၏။ သူ့အသွင်က အလွန်စိုးရိမ်နေသည့်ပုံစံ ပေါ်နေပြီး စကားတစ်ခွန်းတစ်လေပင် ပြောမနေတော့ပေ။ သူ၏လက်ကိုသာ လေထဲတွင် ဝှေ့ယမ်းလိုက်တော့သည်။
ထိုအခါ လေပြင်းတစ်ချက်ပေါ်ထွက်လာပြီး အနက်ရောင် တိမ်တိုက်ကြီးကို ဖြတ်၍တိုက်ခတ်သွားကာ ၎င်းအပေါ်ရှိကျင့်ကြံသူအားလုံးကို ဖမ်းဆုပ်၍ အဝေးတစ်နေရာသို့ တည်နေရာရွှေ့ပြောင်းပေးလိုက်တော့သည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးက ထိုသို့ပြုလုပ်လိုက်သည့်အချိန်မှာပင် မြောက်ပိုင်းတွင် ယခင်က တစ်ကြိမ်မှမကြားခဲ့ရဘူးသည့် ဝုန်းခနဲမြည်ဟည်းသံကြီး ထွက်ပေါ်လာသည်။ ထိုအသံကား ရာဇသံမိုးကြိုးကိုတည်ဆောက်ထားသည့် အနက်ရောင်တိမ်တိုက်ကြီး ပေါက်ကွဲသွားရာမှ ပေါ်ထွက်လာခြင်းဖြစ်သည်။
ဝုန်း
ထိုအသံကြီးမှာ ကျယ်လောင်လွန်းလှသဖြင့် မရေမတွက်နိုင်သော ကျင့်ကြံသူများမှာ သွေးများပင်အန်ကုန်ကြသည်။ နတ်အဆင့်ကျင့်ကြံသူများပင် တုန်ရီသွားကြပြီး နောက်ဘက်သို့ လွင့်စင်သွားကြတော့သည်။
ထိုအနက်ရောင်တိမ်တိုက်ပေါ်တွင် တည်ဆောက်ထားခဲ့သည့် အဆောက်အဦများအားလုံး ပြာပုံဘဝသို့ ရောက်သွားကြပြီး မရေမတွက်နိုင်သော လျှပ်စီးတန်းများစွာ အရပ်မျက်နှာအနှံ့သို့ ပစ်ခတ်နေကြ၏။ ထိုမြင်ကွင်းကြီးကိုကြည့်ရသည်မှာ လျှပ်စီးနဂါးကြီးတစ်ကောင်က ကောင်းကင်ပေါ်သို့ တက်သွားသည့်အလား ထင်မှတ်ရသည်။
ထို့နောက် တရွှီရွှီမြည်နေသော တုန်ခါလှိုင်းများ အရပ်မျက်နှာအနှံ့ ပျံ့ထွက်သွားသဖြင့် ကောင်းကင်ကြီး မှေးမှိန်သွားသည်။ အနက်ရောင်တိမ်တိုက်ကြီးမှာမူ အကျိုးအပဲ့များသာသာ ကျန်ရှိတော့သည်။
ရာဇသံမိုးကြိုး၏ စစ်ပွဲနတ်ဘုရားရုပ်ထုကြီးပေါ်တွင် အက်ကွဲကြောင်းများ ပျံ့ထွက်လာသည်။ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှာ အတိုက်ခိုက်ခံနေရသည့်အတိုင်းပင်။ ရာဇသံတိမ်လွှာ၏ရုပ်ထုကြီးမှာ လက်တစ်ချောင်းမရှိတော့ပဲ ရာဇသံမိုးကြိုး၏ ရုပ်ထုကြီးမှာ အပျက်အစီးများ ဗရပွနှင့် ဖြစ်သွားပြီဖြစ်သည်။
လျှပ်စီးတိမ်တိုက်သခင်အမြွှာနှစ်ယောက်မှာ လေပေါ်တွင်ရစ်ဝဲ၍ အလွန်အမင်း တုန်လှုပ်နေ၏။ ဖုန်းချန်မှာ ပါးစပ်အဟောင်းသားဖြစ်နေပြီး မျက်လုံးများပြူးကျယ်နေ၏။ အခြားနတ်အဆင့်ကျင့်ကြံသူများမှာလည်း ထိုနည်းတူပင်။ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးမှာမူ ဒေါသထွက်လွန်းသဖြင့် အသားများတဆတ်ဆတ်တုန်နေပြီး ကြက်သီးမွှေးညှင်းများ ထလာတော့သည်။
မကြာသေးမီက တည်နေရာရွှေ့ပြောင်းခံလိုက်ရသည့် ရာဇသံမိုးကြိုး၏ ကျင့်ကြံသူများအားလုံးမှာ ဆွံ့အနေကြသည်။ ရာဇသံမိုးကြိုးသည် ယခင်ကနှင့် လုံးဝမတူတော့ဘဲ ထိုအပြောင်းအလဲကြီးမှာ မြန်ဆန်လွန်းလှသဖြင့် သူတို့မှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။
သူတို့နှင့် မတူသည်မှာ ရာဇသံတိမ်လွှာမှ ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့က ပိုင်ရှောင်ချန်းကို သူတို့ဘက်တွင် မချုပ်နှောင်ခဲ့သည့်အတွက် အလွန်ကံကောင်းသွားသည်ဟု တွေးထင်နေကြတော့သည်။
တချိန်ထဲမှာပင် သူ၏ ပြဿနာရှာနိုင်စွမ်းကို သူတို့ ပို၍ကြောက်ရွံ့သွားကြတော့သည်။
" ဒီပိုင်ရှောင်ချန်းဆိုတဲ့ကောင်ကို သွားရန်စလို့ မရဘူးပဲ "
" နတ်အဆင့် ခေါင်းဆောင်ကြီးတွေက ရူးနေတာပဲနေမှာ။ သူတို့ သူ့ကို ရာဇသံတိမ်လွှာမှာပဲနေဖို့ မကန့်သတ်ခင်အထိ ဘာပြဿနာမှာ မရှိခဲ့ဘူး။ အရင်ဆုံး သူက ငါတို့ ရာဇသံတိမ်လွှာကျင့်ကြံသူတွေကို အဆိပ်ဆေးလုံးတွေ ရောင်းချခဲ့ပြီး သူ့ပန်းပွင့်ကြီးနဲ့ ရာဇသံတိမ်လွှာရဲ့တစ်ဝက်လောက်ကို ဖျက်ဆီးခဲ့တာ "
" အဲဒါပြီးတော့ သူတို့က သူ့ကို နတ်ဘုရားတစ်ပိုင်းအဆင့် ကျင့်ကြံသူတွေကိုတောင် ထိန်းသိမ်းနိုင်တဲ့ မိုးကြိုးအကျဥ်းထောင်ထဲမှာ အကျဥ်းချလိုက်ပြန်ရော။ ဒါပေမဲ့ ဒီကောင်က အဲဒီထောင်တစ်ခုလုံးကို ဖောက်ခွဲပစ်တာပါလား။ ပြီးတော့ကြည့်ဦး။ ရာဇသံမိုးကြိုးရဲ့ အနက်ရောင်တိမ်တိုက် တစ်ဝက်လောက်က ပျက်စီးသွားပြီ "
" ဘုရားရေ။ ဒီကောင်က လူရောဟုတ်ရဲ့လား။ ရှင်းကုံကျစ်တာအိုဂိုဏ်းက ကျင့်ကြံသူတွေ တချိန်လုံးအသက်မပျောက်အောင် ဘယ်လိုများနေနိုင်ခဲ့တာပါလိမ့် "
" သူ့ဆေးဖော်စပ်တဲ့အတတ်က ကောင်းကင်နဲ့ကမ္ဘာမြေကြီးကို တုန်လှုပ်စေတာလို့ လူတိုင်းကပြောကြတာ။ ဒါပေမဲ့ မြောက်ပိုင်းမှာ သူလုံးဝဆေးမဖော်စပ်ခဲ့ဘူး။ အဲဒါတောင် အခုဘယ်လိုဖြစ်သွားလဲဆိုတာကြည့်ဦး။ သူသာဆေးများဖော်စပ်လို့ကတော့ မြောက်ပိုင်းကောင်းကင်တံတားမြစ်တစ်စင်းလုံးကိုပါ ဖျက်ဆီးပစ်နိုင်လောက်တယ် "
အနည်းငယ်အကြာတွင် ပတ်ဝန်းကျင်တစ်ခွင် စကားသံများပွက်ပွက်ညံနေတော့သည်။ ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းတစ်ဂိုဏ်းလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြ၏။ ထိုအချိန်တွင် အနက်ရောင်တိမ်တိုက်၏ ပျက်စီးနေသော အစအန အကျိုးအပဲ့များကြားမှ ညစ်ပတ်ပေရေနေသည့် လူရိပ်တစ်ခု ထွက်ပေါ်လာသည်ကို လူအများစု သတိထားမိလိုက်ကြသည်။
ပိုင်ရှောင်ချန်း၏မျက်နှာမှာ ဖြူဆုတ်နေပြီး တစ်ကိုယ်လုံး ချွေးများရွှဲနေသည်။ သူက ကြွပ်ရွနေအောင် အကြော်ခံရလုနီးပါး ဖြစ်သွားခဲ့သည် မဟုတ်ပါလော။
" နောက်ဘယ်တော့မှ လျှပ်စီးတွေကို ထပ်မစုပ်ယူတော့ဘူး။ အန္တရာယ်များလွန်းတယ် "
သူက အပြင်သို့ တွားသွား၍ထွက်လာစဥ် အထက်မှနေ၍ ဒေါသတကြီးအော်ဟစ်လိုက်သည့် အသံတစ်သံကိုကြားလိုက်ရသည်။
" ပိုင်ရှောင်ချန်း "
၎င်းမှာ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးဖြစ်ပြီး သူ၏အမျက်ဒေါသမှာ ကောင်းကင်ကြီးထက်ပင် သာလွန်နေသဖြင့် ပိုင်ရှောင်ချန်းမှာ ထခုန်လုမတတ် ထိတ်လန့်သွားရသည်။ နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးက ပိုင်ရှောင်ချန်းထံသို့ ခြေတစ်လှမ်း လှမ်းလိုက်သော်လည်း သူ အခြားမည်သည့်အရာမှ ဆက်မလုပ်နိုင်ခင်မှာပင် အခြားတစ်ဖက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်တော့သည်။
" ထွက်ပြေးဖို့ကြိုးစားနေတယ်ပေါ့၊ အတင့်ရဲလှပါလား လျှပ်စီးဘိုးဘေးကြီး "
နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးက လက်ကိုဆန့်ထုတ်လိုက်သောအခါ အဝေးတစ်နေရာရှိ လေထုကြီးမှာ ကွဲအက်သွားပြီး ပိန်လှီနေသည့် လျှပ်စီးဘိုးဘေးကြီး ထွက်ပေါ်လာတော့သည်။ ထိုလူကြီးမှာ တစ်ခဏမျှ ရပ်မသွားပဲ ချာခနဲလှည့်၍ လျှပ်စီးတန်းတစ်တန်းအသွင်ဖြင့် အဝေးသို့ပျံထွက်သွားတော့သည်။
နတ်ဘုရားတစ်ပိုင်းအဆင့် ခေါင်းဆောင်ကြီးမှာ ပိုင်ရှောင်ချန်းအား တွေးပူနေရန် အချိန်မရှိတော့ပေ။ သူ၏မျက်နှာမှာ အလွန်တင်းမာသွားပြီး လျှပ်စီးဘိုးဘေးကြီးအား လိုက်ဖမ်းရန် ပျံထွက်သွားတော့သည်။ သူ့အားဖမ်းမိရန်မှာ ပိုင်ရှောင်ချန်အား အပြစ်ပေးရန်ထက် များစွာပိုအရေးကြီးသည် မဟုတ်လော။
လက်ရှိ ဖြစ်ရပ်များကြောင့် ပိုင်ရှောင်ချန်းမှာ စိုးရိမ်ထိတ်လန့်ကာ ချွေးများရွှဲနေသည်။
" ငါဒီမြောက်ပိုင်းမှာ ကြာကြာဆက်နေလို့မဖြစ်ဘူး။ ဒီနေရာကနေ ထွက်သွားမှရမယ် "
ထိုအချိန်တွင် သူသည် ကောင်းကင်ဧကရာဇ်၏ ဓမ္မအမိန့်တော်ကို လုံးဝလျစ်လျူရှုလိုက်ပြီး ကောင်းကင်ကိုးသွယ်လျှပ်စီးဂိုဏ်းမှ ထွက်ပြေးသွားတော့သည်။
သို့သော် သူ ထိုသို့ထွက်ပြေးသွားသောအခါ ဖုန်းချန်မှာ ဒေါသတကြီး အော်ဟစ်၍ သူ့နောက်သို့ပျံသန်း၍ လိုက်သွား၏။
ဖုန်းချန်သည် တုလင်ဖေးအား သဘောကျနေသည်ဖြစ်၍ ပိုင်ရှောင်ချန်းအား စိတ်ကူးနှင့်ပင် ပုံဖော်၍မရနိုင်လောက်အောင် မုန်းတီးနေသည်။ သူသည် ပဋိညာဥ်သုံးချက်ကို အလွန် ဂုဏ်ယူနေခဲ့ပြီး ၎င်းမှာပိုင်ရှောင်ချန်းအတွက် ကြီးမားသော ညှဥ်းပန်းမှုကြီးတစ်ခု ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။ ပိုင်ရှောင်ချန်းက အခြေအနေများကို ပြောင်းပြန်လှန်၍ တစ်ဂိုဏ်းလုံးကို အုတ်အော်သောင်းနင်းဖြစ်သွားစေနိုင်လိမ့်မည်ဟု သူ လုံးဝ မထင်ခဲ့မိပေ။ ၎င်းအချက်များကြောင့် ဖုန်းချန်၏အမုန်းတရားများမှာ ပို၍သာ ကြီးထွားလာတော့သည်။
သူသည် ဝှက်ဖဲပညာရပ်တစ်မျိုးကို ချက်ချင်းအသုံးပြုလိုက်ပြီး အဖျက်စွမ်းအားများ အပြည့်ပါဝင်သည့် ကြက်သွေးရောင် လျှပ်စီးတန်းတစ်တန်းအသွင်ပြောင်းလဲ၍ ပိုင်ရှောင်ချန်းဆီသို့ ပျံသန်းသွားတော့သည်။
သို့သော် သူ့နည်းတူ ဒေါသထွက်နေသည့် ပိုင်ရှောင်ချန်းသည်လည်း နောက်သို့ချာကနဲလှည့်ကာ သူ့အား ရင်ဆိုင်လိုက်တော့သည်။