← Chapters

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄-၃၆၆)

Vol. 25 Ch. 364-366

အခန်း (၃၆၄) - ဇီလုံ၏ အံ့သြတုန်လှုပ်မှုနှင့် စွမ်းအင်အပြည့်ဖြည့်ခြင်း

~နေထိုင်ရာ အဆောင်များသို့ သွားနေစဉ် လမ်းခရီး၌ တပည့်များသည် ဂိုဏ်းချုပ်ခန်းမဆောင် ရင်ပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ ချက်ချင်းပင် သူတို့၏ အကြည့်များသည် ကြောက်မက်ဖွယ်ကောင်းသော ‘မြွေဟောက်ရူးဘုရင်’ နှင့် ‘အဆိပ်ကင်းမြီးကောက်ဘုရင်’ တို့၏ ဧရာမ အလောင်းကြီးများဆီသို့ ရောက်ရှိသွားကြပြီး ကျောချမ်းဖွယ် အာမေဋိတ်သံများ မလွှတ်ဘဲ မနေနိုင်အောင် ဖြစ်သွားကြလေ၏။

“နတ်ဆိုးဘုရင်တွေရဲ့ အလောင်းတွေကိုတောင် ဒီလို ပေါ့ပေါ့ပါးပါး ထားထားရဲတယ်ပေါ့လေ။ တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးမှာ ငါတို့ဂိုဏ်းက လွဲရင် ဘယ်သူကများ ဒီလို လုပ်နိုင်မှာလဲ”

“ငါ အောက်ဆင်းပြီး သွားကြည့်ချင်လိုက်တာ”

“ပေါက်ကရတွေ လျှောက်မသွားနဲ့။ လမ်းပျောက်နေဦးမယ်”

ဒုတိယမျိုးဆက် တပည့်များသည် အကြည့်လွှဲလိုက်ကြပြီး မြူခိုးတောင်ထိပ်၏ ဒုတိယနှင့် တတိယအဆင့်များဆီသို့ လျှောက်လှမ်းလာကြသည်။ ထိုနေရာများတွင် သစ်သားအိမ်တန်း အများအပြားကို ကြိုတင် တည်ဆောက်ထားပြီးဖြစ်ရာ တပည့်တစ်ဦးချင်းစီအတွက် ကျယ်ဝန်းသော နေထိုင်စရာ နေရာများ ရရှိစေလေ၏။

သူတို့သည် အိမ်များထဲသို့ ဝင်ရောက်ပြီး ပတ်ဝန်းကျင်နှင့် အသားကျအောင် နေထိုင်လိုက်ကြသည်။

“နောက်ဆိုရင် ဒါ မင်းတို့ နေထိုင်ရမယ့် နေရာပဲ။ တပည့်အသိအမှတ်ပြု တံဆိပ်ပြားတွေကိုတော့ ခဏနေရင် ဝေပေးလိမ့်မယ်။ နားမလည်တာ ရှိရင် ငါတို့ကို ဖြစ်ဖြစ်၊ အကြီးအကဲတွေကို ဖြစ်ဖြစ် အချိန်မရွေး မေးလို့ ရပါတယ်”

စီနီယာအစ်မကြီး မိုယင် က ဒုတိယမျိုးဆက် တပည့်များကို လမ်းညွှန် မှာကြားလိုက်၏။

“ဟုတ်ကဲ့ပါ”

ဒုတိယမျိုးဆက် တပည့်သစ်အားလုံး ခေါင်းညိတ် နာခံလိုက်ကြသည်။

နေရာချထားပြီးနောက် မိုယင်၊ လီကျောက်ကျောက် နှင့် အခြား ပထမမျိုးဆက် တပည့်များသည် တောင်ထိပ်ပေါ်ရှိ သူတို့၏ နေအိမ်များသို့ ပြန်လည် အနားယူရန် ထွက်ခွာသွားကြသည်။

ထိုအချိန်တွင် ဖေးလိုင်တောင်ထိပ် ပေါ်၌...

ကုန်းချင်းချိုး ရှိမနေပေ။ သတင်းများအရ သူမသည် ယဲ့ဖုန်း၏ အမိန့်ဖြင့် ရွှေယန် မြို့တော် အပျက်အစီးများသို့ သွားရောက်ကာ ကျားယွိလန်၊ ယန်ရူယွီ၊ ရှီလေ့ နှင့် အခြားတပည့်များနှင့် ပူးပေါင်းပြီး ဝိညာဉ်ဆေးပင် စိုက်ခင်းသစ်ကြီး တစ်ခုကို ဖန်တီးနေကြသည်ဟု သိရသည်။

အပြင်စည်း ကြီးကြပ်သူ ချူယွင်အာ လည်း ရှိမနေပေ။ ယခုအချိန်တွင် သူမသည် လန်တယ် နှင့်အတူ ကျင့်ကြံရေး မျှော်စင်၏ အဆင့်များကို စိန်ခေါ် တိုက်ခိုက်နေလေ၏။

“ဂိုဏ်းချုပ်... ဒါ ကျွန်တော့် နေစရာလား”

လီဇီလုံ သည် သူ့ရှေ့ရှိ သုံးထပ် သစ်သားအိမ်ကို လက်ညှိုးထိုးပြရင်း မေးလိုက်၏။ အိမ်၏ ဗိသုကာ လက်ရာကို သူ အတော်လေး သဘောကျနေမိသည်။

သူသည် ဖေးလိုင် တောင်ထိပ်၏ ကမ်းပါးစွန်းသို့ လျှောက်သွားပြီး အောက်ဘက်တွင်လည်း သီးခြား သစ်သားအိမ် လုံးချင်းများ တည်ဆောက်ထားသည်ကို တွေ့လိုက်ရသည်။ အနာဂတ်တွင် ခန့်အပ်မည့် အခြား အကြီးအကဲများနှင့် ကြီးကြပ်သူများအတွက် ရည်ရွယ်ထားပုံ ရ၏။

လီဇီလုံ အမြင်တွင်မူ ဤနေရာများသည် အခြားသော ဂိုဏ်းအကြီးအကဲများအတွက် နေအိမ်များ ဖြစ်တန်ရာသည်။

“ဟုတ်တယ်။ ဒါက ‘ကောင်းကင်သား အမှတ် (၁) အဆောင်’ ပဲ။ နောက်ဆိုရင် ခင်ဗျား အပိုင်ပဲ”

ယဲ့ဖုန်း ခေါင်းညိတ် အတည်ပြုလိုက်၏။

“ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်”

လီဇီလုံက ကျေးဇူးတင်စကား ဆိုလိုက်၏။

မကြာမီ သူတို့နှစ်ဦးသည် အောက်ဘက်ရှိ ဂိုဏ်းချုပ်ခန်းမဆောင် ရင်ပြင်သို့ ရောက်ရှိလာကြသည်။

လီဇီလုံ သည် မြေကြီးပေါ်တွင် လဲလျောင်းနေသော ဧရာမ နတ်ဆိုးဘုရင် အလောင်းကြီး နှစ်ခုကို မော့ကြည့်လိုက်ရာ ပြင်းထန်သော ဖိအားတစ်ခု လွှမ်းမိုးလာသည်ကို ခံစားလိုက်ရသည်။

သူသည် ‘ဓာတ်ငါးပါး ပေါင်းစည်းခြင်း’ ကျင့်စဉ် တစ်ခုတည်းကိုသာ ကျင့်ကြံခဲ့ရသူ ဖြစ်သဖြင့် အခြေခံအုတ်မြစ် သိပ်မခိုင်မာလှပေ။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် ကျင့်ကြံသူများအကြားတွင် သူသည် သာမန်အဆင့်မျှသာ ရှိသည်။

ထို့ကြောင့် မဟာနတ်ဆိုးကြီး နှစ်ကောင်၏ အရှိန်အဝါအောက်တွင် သူ ဒူးထောက်လုမတတ် ဖြစ်သွားရရှာသည်။

“အကြီးအကဲ ဇီလုံ ရဲ့ အခြေခံအုတ်မြစ်က အရမ်း အားနည်းနေသေးတယ်။ နောက်ရက်ကျရင် မြူခိုးဂိုဏ်းရဲ့ ‘အထောက်အကူပြု ကျင့်စဉ်’ တချို့ကို ကျင့်ကြံလိုက်ပါ။ ခင်ဗျားရဲ့ အခြေခံအုတ်မြစ် အဆပေါင်းများစွာ ပိုခိုင်မာလာလိမ့်မယ်။ အဲဒီကျရင် သာမန် နတ်ဆိုးဘုရင်လောက်ကို ထိပ်တိုက်တွေ့ရင်တောင် ခင်ဗျား သိပ်ပြီး အရေးနိမ့်တော့မှာ မဟုတ်ဘူး”

ယဲ့ဖုန်းသည် လီဇီလုံ ၏ တည်တင်းနေသော မျက်နှာထားကို သတိပြုမိပြီး ပြောလိုက်၏။

“အခြေခံအုတ်မြစ်ကို အဆပေါင်းများစွာ ပိုခိုင်မာစေတယ် ဟုတ်လား။ ဘယ်လို အထောက်အကူပြု ကျင့်စဉ်မို့လို့ ဒီလောက်တောင် စွမ်းအားကြီးရတာလဲ”

လီဇီလုံ အံ့သြတကြီး အော်ဟစ်လိုက်မိသည်။

ယေဘုယျအားဖြင့် ပြောရလျှင် အထောက်အကူပြု ကျင့်စဉ် တစ်ခုစီသည် အထွတ်အထိပ်အထိ ကျင့်ကြံနိုင်လျှင်ပင် စွမ်းအား၏ တစ်စိတ်တစ်ပိုင်းကိုသာ မြှင့်တင်ပေးနိုင်ပြီး၊ ကိုယ့်ထက် အဆင့်နည်းနည်းမြင့်သော ရန်သူကို အနိုင်ယူနိုင်ရုံမျှသာ ရှိတတ်သည်။

ဒါကိုပဲ တော်တော် စွမ်းအားကြီးတယ်လို့ သတ်မှတ်ထားကြတာ။

“သြော်... ပြောဖို့ မေ့နေလို့။ ကျွန်တော်တို့ မြူခိုးဂိုဏ်းမှာ အထောက်အကူပြု ကျင့်စဉ်တွေ အများကြီး ရှိတယ်။ ဥပမာ - ‘ဒုတိယ ချီပင်လယ်’၊ ‘ကိုးဆင့် ကောင်းကင်နတ်ဘုရား ကျင့်စဉ်’၊ ‘ရေအလင်းတန်း ကျင့်စဉ်’၊ ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ စသဖြင့်ပေါ့”

ယဲ့ဖုန်း ခေတ္တမျှ ရပ်နားလိုက်ပြီး ဆက်ပြောသည်။

“အဲဒါတွေ အကုန်လုံးကိုသာ ‘ပြီးပြည့်စုံခြင်း အဆင့်’ အထိ ကျင့်ကြံနိုင်ရင်... ခင်ဗျားရဲ့ အခြေခံအုတ်မြစ်ကို အဆပေါင်းများစွာ ပိုသိပ်သည်းလာအောင် လုပ်ဖို့ဆိုတာ ဘာမှ မခက်ပါဘူး”

“အဲ... အဲဒီလောက်တောင် များတာလား”

လီဇီလုံ မှင်သက်သွား၏။

“ဒါပေမဲ့ လူတစ်ယောက်ရဲ့ စွမ်းအားက အကန့်အသတ် ရှိတယ်လေ။ ဒီလောက်များတဲ့ ကျင့်စဉ်တွေကို အကုန် ကျင့်ကြံဖို့ ဆိုတာ မဖြစ်နိုင်ဘူး ထင်တယ်”

သူ့အထင်တော့ တစ်ခုလောက်ကို သေချာ ရွေးချယ်ပြီး ကျင့်ကြံရင် လုံလောက်ပြီဟု ယူဆထားသည်။

နှစ်အနည်းငယ်လောက် ကြိုးစားလိုက်ရင် ပြီးပြည့်စုံခြင်း အဆင့်ကို ရောက်နိုင်လောက်သည်။

ယဲ့ဖုန်း၏ မျက်နှာထား ထူးဆန်းသွားသည်။

‘အထောက်အကူပြု ကျင့်စဉ်တွေကို တစ်ပြိုင်နက်တည်း ကျင့်ကြံတာက အဲဒီလောက် ခက်ခဲလို့လား။

မြူခိုးဂိုဏ်းမှာဆိုရင် ပထမမျိုးဆက် တပည့်တိုင်းလိုလို ‘ဒုတိယ ချီပင်လယ်’ ရဲ့ အထက်ပိုင်းကို ပြီးပြည့်စုံအောင် တတ်မြောက်ထားကြပြီးသား။ သူတို့ရဲ့ ချီပင်လယ် ပမာဏက နှစ်ဆတိုးပြီးသားလေ။

‘ကိုးဆင့် ကောင်းကင်နတ်ဘုရား ကျင့်စဉ်’ ဆိုရင်လည်း ပထမအဆင့် အောင်မြင်ထားကြပြီး၊ ပထမအဆင့် နတ်ဘုရားအာရုံကို ပိုင်ဆိုင်ထားကြပြီ။

‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ ကိုလည်း တဖြည်းဖြည်းချင်း ကျင့်ကြံနေကြပြီ။

ဒါ့အပြင် မန္တန်စွမ်းအားကို မြှင့်တင်ပေးတဲ့ ‘ရေအလင်းတန်း ကျင့်စဉ်’ ဆိုတာကတော့ မရှိမဖြစ် လိုအပ်တဲ့ စံသတ်မှတ်ချက် တစ်ခုလိုတောင် ဖြစ်နေပြီ။

ခြုံငုံကြည့်လိုက်ရင် ပထမမျိုးဆက် တပည့်အများစုရဲ့ တိုက်ခိုက်ရေး စွမ်းရည်ဟာ အလွန် ထိတ်လန့်စရာ ကောင်းနေပြီ။ တောင်ပိုင်းမြစ်ဝှမ်းဒေသမှာ ဆိုရင် သူတို့ သက်ဆိုင်ရာ အဆင့်အလိုက် ပြိုင်ဘက်ကင်းတွေအဖြစ် ကျော်ကြားနေကြပြီ။’

ယဲ့ဖုန်းက ဤအချက်အလက်များကို ရှင်းပြ၊ ပြောပြလိုက်သောအခါ လီဇီလုံ မျက်လုံးပြူးသွားပြီး မယုံနိုင်အောင် ဖြစ်သွားရသည်။

“ကျွန်တော်တို့ ဂိုဏ်းရဲ့ ပထမမျိုးဆက် တပည့်တွေက အရမ်း တော်လွန်းနေတာပဲ။ ဒီလောက်များတဲ့ အထောက်အကူပြု ကျင့်စဉ်တွေကို တစ်ပြိုင်နက်တည်း ကျင့်ကြံနိုင်တယ် ဟုတ်လား။ ပြီးတော့ အောင်မြင်အောင် တတ်မြောက်ထားတယ် ဆိုတော့... သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးက တကယ့် ထိပ်တန်းပဲ ဖြစ်ရမယ်”

စစ်သူကြီး ဇီလုံ ၏ လေးစားအားကျမှုများ ပိုမို တိုးပွားလာသည်။

ယဲ့ဖုန်းကတော့ လျှို့ဝှက်နက်နဲစွာ ပြုံးနေလိုက်၏။

သူလို ‘ဂိမ်းချို့ယွင်းချက်’ ကို အသုံးချတတ်တဲ့ ဂိုဏ်းချုပ်တစ်ယောက် ရှိနေသမျှ ကာလပတ်လုံး... အထောက်အကူပြု ကျင့်စဉ်ပဲ ဖြစ်ဖြစ်၊ မန္တန်ပဲ ဖြစ်ဖြစ် အားလုံးက ဘာမှ မခက်ခဲသည့် ရည်မှန်းချက်တွေပါပင်။ အထူးသဖြင့် ဂုဏ်သတင်းကျော်ကြားမှု အမှတ် (၁) သန်း ကျော်သွားသော အချိန်မှာ ငွေကုန်မှာကို စိုးရိမ်စရာ မလိုတော့ပါပေ။

အထောက်အကူပြု ကျင့်စဉ်တွေ ခက်ခဲနေသလား။

ပိုက်ဆံ သုံးလိုက်။

မန္တန်တွေ နားလည်ဖို့ ခက်နေသလား။

ပိုက်ဆံ သုံးလိုက်။

ဝင်္ကပါ မြေပုံတွေကို နားမလည်ဘူးလား။

ပိုက်ဆံ သုံးလိုက်။

ဒီကမ္ဘာကြီးမှာ ပိုက်ဆံသုံးပြီး ဖြေရှင်းလို့ မရသော ပြဿနာဆိုတာ မရှိ။ ရှိလျှင်လည်း... ပိုက်ဆံ ထပ်သုံးလိုက်…။

“အကြီးအကဲ ဇီလုံ... အလွယ်ဆုံး ဖြစ်တဲ့ ‘ဒုတိယ ချီပင်လယ်’ ကနေ စကျင့်ကြံလိုက်ပါ။ ဒါက အဲဒီကျင့်စဉ်ရဲ့ အထက်ပိုင်းပါ။ နားမလည်တာ ရှိရင် ကျွန်တော့်ကို တိုက်ရိုက် မေးလို့ ရပါတယ်”

ယဲ့ဖုန်းသည် ရှေးဟောင်းကျမ်းစာအုပ် တစ်အုပ်ကို ကမ်းပေးလိုက်၏။

“ဒါ... ဒါ ကျွန်တော့်ကို ပေးတာလား။ ဒါပေမဲ့ ဒါက အထောက်အကူပြု ကျင့်စဉ်ကြီးလေ”

လီဇီလုံ မျက်လုံးပြူးသွားသည်။

ဂိုဏ်းတိုင်းမှာ အထောက်အကူပြု ကျင့်စဉ်ဆိုတာ အရေးအကြီးဆုံး အူတိုင် လျှို့ဝှက်ချက်တွေ မဟုတ်ဘူးလား။ အခုမှ ရောက်လာတဲ့ အကြီးအကဲသစ် တစ်ယောက်ကို ဒီလိုပဲ လွယ်လွယ်ကူကူ ပေးလိုက်တာလား။

ပေးမယ် ဆိုရင်တောင် ဂိုဏ်းအတွက် အကျိုးပြု လုပ်ငန်းတွေ လုပ်ပြီးမှ ပေးသင့်တာ မဟုတ်ဘူးလား။

သူ့သံသယကို အသံထွက်၍ ထုတ်မေးလိုက်မိပါတော့၏။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း ရယ်လိုက်၏။

“ကျွန်တော်တို့ မြူခိုးဂိုဏ်းက တခြားဂိုဏ်းတွေနဲ့ မတူဘူးဗျ။ ဂိုဏ်းဝင်ခွင့် ရတယ်ဆိုကတည်းက ကျွန်တော်တို့နဲ့ ရေစက် ပါလို့ပဲ။ ရေစက် ရှိမှတော့... ကျင့်စဉ်တွေ၊ မန္တန်တွေ၊ ဝင်္ကပါ မြေပုံတွေ ဆိုတာ ခင်ဗျား စိတ်ကြိုက် ကျင့်ကြံဖို့ အသင့်ရှိပြီးသားပါ”

ယဲ့ဖုန်း၏ သဘောထားကြီးမှုနှင့် ကျယ်ပြန့်သော စိတ်ဓာတ်ကို မြင်လိုက်ရသောအခါ လီဇီလုံ ရင်ထဲတွင် လေးစားမှုများ လှိုင်းထသွားလေ၏။

“ဒီလောက် သဘောထားကြီးတဲ့ ဂိုဏ်းချုပ်မျိုး ဦးဆောင်နေမှတော့... ကျွန်တော်တို့ မြူခိုးဂိုဏ်း စွမ်းအား မကြီးမှာကို ပူစရာ မလိုတော့ဘူး”

လီဇီလုံ သည် ‘ဒုတိယ ချီပင်လယ် - အထက်ပိုင်း’ သိုင်းကျမ်း စာအုပ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားလိုက်၏။ သူ့ရင်ထဲတွင် ရဲရင့်သော စိတ်ဓာတ်များ တက်ကြွလာပြီး မြူခိုးဂိုဏ်းသို့ ဝင်ရောက်ခဲ့ခြင်းသည် အလွန် မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခု ဖြစ်ကြောင်း ယုံကြည်လိုက်၏။

“ကဲ... စပြီး ကျင့်ကြံလိုက်ပါဦး အကြီးအကဲ ဇီလုံ”

ယဲ့ဖုန်း လက်ကာပြလိုက်ပြီး လေပေါ်သို့ ခုန်တက်ကာ မြူခိုးတောင်ထိပ်သို့ ရောက်ရှိသွားသည်။ သူသည် ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်ပြီး ‘သံရည်ကျို မီးဖို’ ကို ဖွင့်လိုက်၏။

[ အဆင့်မြှင့်တင်ရေး စွမ်းအင် - (၈၈.၃) ရာခိုင်နှုန်း ]

ဒီကာလအတွင်း ယဲ့ဖုန်းသည် ဝိညာဉ်လက်နက် အများအပြားကို သွန်းလုပ်ခဲ့သဖြင့် အဆင့်မြင့် အဆင့် သံရည်ကျို မီးဖို၏ စွမ်းအင်သည် ကိုးဆယ်ရာခိုင်နှုန်း နီးပါး ပြည့်နေပြီ ဖြစ်သည်။

“နောက်တစ်ဆင့် အနေနဲ့... ဒုတိယမျိုးဆက် တပည့်တွေအတွက် တံဆိပ်ပြား (၁၀၀) ကျော် သွန်းလုပ်ရမယ်။ ပြီးတော့ အကြီးအကဲ ဇီလုံ အတွက် အကြီးအကဲ တံဆိပ်ပြား တစ်ခုလည်း လုပ်ပေးရဦးမယ်။ အဲဒါတွေ ပြီးရင်တော့ စွမ်းအင် စုဆောင်းမှု ပြည့်လောက်ပါပြီ”

ယဲ့ဖုန်းသည် ကုန်ကြမ်းပစ္စည်းများနှင့် ဝိညာဉ်ကျောက်တုံးများကို ထုတ်ယူပြီး စတင် သွန်းလုပ်လေတော့သည်။

‘ဂလန်... ဂလန်...’

သံရည်ကျို မီးဖိုသည် (၃) မီတာအထိ ကြီးထွားလာပြီး နေ့မနား ညမနား အလုပ်လုပ်ကာ တံဆိပ်ပြားများကို ထုတ်လုပ်ပေးနေ၏။

*

နောက်တစ်နေ့ နံနက်ခင်း။

ဂိုဏ်းချုပ်ခန်းမဆောင် ရင်ပြင်၌...

လီဇီလုံ မျက်လုံးပွင့်လာပြီး ဝမ်းသာအားရ အော်ဟစ်လိုက်၏။

“ဒါ ဒုတိယ ချီပင်လယ်ပဲ။ တကယ် အံ့သြစရာ ကောင်းလိုက်တာ”

တစ်ညလုံး ကြိုးစားပမ်းစား ကျင့်ကြံပြီးနောက် မျက်ကွင်းများ ညိုမည်းသွားသော်လည်း၊ လီဇီလုံ သည် ‘ဒုတိယ ချီပင်လယ် - အထက်ပိုင်း’ ကို အောင်မြင်စွာ တတ်မြောက်သွားခဲ့ပြီ။ အစပျိုးအဆင့် သာ ရှိသေးသော်လည်း သူ့၏ ဒုတိယ ချီပင်လယ် ပမာဏသည် ပထမ ချီပင်လယ်၏ (၁၀) ပုံ (၁) ပုံအထိ ရောက်ရှိလာပြီ ဖြစ်သည်။

“ဒီလောက် ကောင်းတဲ့ ကျင့်စဉ်မျိုး... ငါ ဆက်ပြီး ကျင့်ကြံရမယ်”

လီဇီလုံ မျက်လုံးပြန်မှိတ်လိုက်ပြီး နောက်ထပ် ပြင်းထန်သော ကျင့်ကြံမှု တစ်ခုကို စတင်လိုက်ပြန်သည်။

မြူခိုးတောင်ထိပ် ပေါ်၌...

နင်ရှန်းရှန်း၊ လေရှောင်ဟူ နှင့် အခြား ဒုတိယမျိုးဆက် တပည့်သစ်များသည် အဝေးမှ ကျင့်ကြံရေး မျှော်စင်ကို မျှော်လင့်တကြီး လှမ်းကြည့်နေကြသည်။

“ကျင့်ကြံရေး မျှော်စင်ရဲ့ (၇) ထပ်မြောက်ကို ဖောက်ထွက်နိုင်ရင် ကျင့်ကြံခြင်း အဆင့်ငယ် တစ်ခု တိုးတက်ဖို့ အခွင့်အလမ်း ရတယ်လို့ ပြောကြတယ်”

“ဒါပေမဲ့ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အထက် စွမ်းအားမရှိရင် (၇) ထပ်မြောက်ကို ဖောက်ထွက်ဖို့ မဖြစ်နိုင်ဘူး”

“လောလောဆယ် စီနီယာအစ်မကြီး မိုယင် နဲ့ အကြီးအကဲ ကုန်းချင်းချိုး ပဲ (၇) ထပ်မြောက်ကို ရောက်ဖူးသေးတာ”

“ငါ ကြားတာတော့ ဒုတိယ စီနီယာအစ်ကိုကြီး ဟိုယွင်ကျဲ လည်း ဂိုဏ်းပြန်ရောက်တာနဲ့ မျှော်စင်ကို ထပ်စိန်ခေါ်နေတယ်တဲ့။ (၄) ထပ်မြောက် တိုက်ခိုက်ရေး နယ်မြေကိုတောင် ဖြတ်ကျော်တော့မယ်လို့ ကြားတယ်”

“ဒုတိယ စီနီယာအစ်ကိုကြီး က တကယ်ကို အားကျစရာ ကောင်းတာပဲ”

ဆွေးနွေးပြီးနောက် ဒုတိယမျိုးဆက် တပည့်များသည်လည်း ကိုယ်စီ စတင် ကျင့်ကြံကြတော့သည်။

မျက်စိတစ်မှိတ်အတွင်း (၃) ရက် ကုန်ဆုံးသွားခဲ့သည်။

မြူခိုးတောင်ထိပ် ထက်၌...

အမျိုးမျိုးသော တံဆိပ်ပြားများသည် ယဲ့ဖုန်း၏ ဘေးတွင် လေထဲ၌ ပျံဝဲနေကြပြီး နက်နဲသော အရှိန်အဝါများကို ထုတ်လွှတ်နေကြသည်။

သံရည်ကျို မီးဖိုကြီးမှာမူ ယခုအခါ ရောင်စုံ မင်္ဂလာ တိမ်တိုက်များအထက်တွင် ပျံဝဲနေပြီး မြင့်မြတ်သော အသွင်အပြင်ကို ဆောင်ယူထားသည်။

[ အဆင့်မြှင့်တင်ရေး စွမ်းအင် - (၁၀၃.၄) ရာခိုင်နှုန်း ]

ထိုစာတမ်းကို ကြည့်ရင်း ယဲ့ဖုန်း၏ မျက်နှာပေါ်မှ အပြုံးသည် တဖြည်းဖြည်း ပိုမို ပေါ့ပါး လန်းဆန်းလာတော့သည်။

အခန်း (၃၆၅) - ပထမအကြိမ် ဂိုဏ်းအစည်းအဝေးကြီး (အပိုင်း-၁)

~“နောက်ဆုံးတော့ ဒီအဆင့်ကို ရောက်လာခဲ့ပြီပဲ”

ယဲ့ဖုန်းသည် ‘အဆင့်မြှင့်တင်ရေး စွမ်းအင် - ၁၀၃.၄%’ ဟု ရေးသားထားသော စာတမ်းကို ကြည့်ရင်း လက်ကို ဆန့်ထုတ်ကာ အဆင့်မြှင့်တင်ရန် နှိပ်လိုက်လေ၏။

‘ဝီ...’

ရောင်စုံ မင်္ဂလာတိမ်တိုက်များသည် အတွင်းဘက်သို့ ပြန်လည် စုစည်းသွားပြီး ‘သံရည်ကျို မီးဖို’ ထဲသို့ ထိုးဖောက်ဝင်ရောက်သွားကြသည်။ မီးဖို၏ မျက်နှာပြင်ပေါ်ရှိ ဝင်္ကပါ အစီအရင်များသည် တောက်ပလာပြီး အပူရှိန် မြင့်တက်လာသည်။ ပုံစံပြောင်းလဲခြင်း လုပ်ငန်းစဉ်ကို ဖြတ်သန်းနေရသကဲ့သို့ ပိုမို ရှုပ်ထွေးဆန်းကြယ်သော အသွင်သဏ္ဌာန်များ ပေါ်ပေါက်လာသည်။

မီးဖို၏ မျက်နှာပြင်မှ အနက်ရောင် ပြာမှုန်များ ကွာကျလာသည်ကိုပင် တွေ့မြင်နေရ၏။

“အဆင့်မြှင့်တင်ခြင်း စတင်ပြီ”

ယဲ့ဖုန်း စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေလိုက်သည်။

သို့သော် မကြာမီ သူသည် ပုံမှန်မဟုတ်သော အခြေအနေ တစ်ခုကို သတိပြုမိလိုက်၏။

ကောင်းကင်ယံ အထက်တွင် အနက်ရောင် မိုးကြိုးတိမ်တိုက်များ စုဝေးလာပြီး မြူခိုးတောင်ထိပ် အပေါ်တည့်တည့်သို့ ဦးတည်လာနေကြသည်။ ကီလိုမီတာ အတော်ဝေးဝေးတွင် ရှိနေသော်လည်း ကောင်းကင်မိုးကြိုးများ ပစ်ချနေသည်ကို မြင်နေရသဖြင့် ယဲ့ဖုန်း အံ့သြမှင်သက်သွားရသည်။

“မဖြစ်နိုင်တာ... သံရည်ကျို မီးဖိုက ‘ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်’ အဖြစ် အဆင့်တက်တာနဲ့ ‘ကိုးဆင့် ကောင်းကင် မိုးကြိုးကပ်ဘေး’ ကို ခံယူရတော့မှာလား”

ယဲ့ဖုန်း စကားမပြောနိုင် ဖြစ်သွားသည်။

ဟူဖေးဖေး ဆိုတာက လူသားပုံစံ ဝိညာဉ်လက်နက် မို့လို့ ကပ်ဘေး ခံယူရတယ်ဆိုတာ လက်ခံလို့ ရပါသေးတယ်။ ဒါပေမဲ့ သံရည်ကျို မီးဖိုက ဘာလို့ ခံယူရတာလဲ။

“စနစ်... ဘာဖြစ်လို့ ဒီလို ဖြစ်ရတာလဲ”

ယဲ့ဖုန်း မေးလိုက်၏။

'တီ... တီ... သံရည်ကျို မီးဖိုက ဟူဖေးဖေး လိုပဲ ထူးခြားတဲ့ အလားအလာရှိတဲ့ အထွတ်အထိပ် ရတနာ တစ်ပါး ဖြစ်ပါတယ်။ ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် အဖြစ် စတင် အဆင့်တက်ချိန်ကစပြီး အဆင့်တက်တိုင်း ကောင်းကင် ကပ်ဘေးတွေကို ရင်ဆိုင်ရပါမယ်။ အဲဒီလို ရင်ဆိုင်တာက သူ့ရဲ့ အလားအလာကို ပိုပြီး မြှင့်တင်ပေးနိုင်ကာ အကန့်အသတ်မရှိ တိုးတက်နိုင်တဲ့ စွမ်းရည်ကို ပိုင်ဆိုင်လာစေမှာပါ။’

ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ယဲ့ဖုန်း သူ့နဖူးကို ပြန်ရိုက်လိုက်မိသည်။

ကြည့်ရတာ ကပ်ဘေး ခံယူတာက ကောင်းကျိုးတွေ ရှိပုံရသည်။

‘ဂျိန်း... ဂျိန်း... ဂျိန်း...’

လိပ်တက်လာသော မိုးကြိုးတိမ်တိုက်များသည် အဝေးမှ ချဉ်းကပ်လာပြီး ကောင်းကင်ယံထက်တွင် စုဝေးလာကြရာ လူတိုင်း၏ အာရုံကို ဖမ်းစားလိုက်လေ၏။

“ဒါ ကိုးဆင့် ကောင်းကင် မိုးကြိုးကပ်ဘေး နဲ့ တူတယ်”

“ဂိုဏ်းချုပ်က ‘မူလနတ်ဘုရား အဆင့်’ ကို တက်လှမ်းတော့မလို့လား”

ဒုတိယမျိုးဆက် တပည့်များ အလွန်အမင်း တုန်လှုပ်သွားကြသည်။

“အားလုံးပဲ... မလန့်ကြနဲ့။ ဘာမှ မဟုတ်ဘူး”

မြူခိုးတောင်ထိပ် ပေါ်မှ ယဲ့ဖုန်း၏ တည်ငြိမ်သော အသံ ထွက်ပေါ်လာ၏။

နောက်တစ်ခဏတွင် လူတိုင်းသည် ယဲ့ဖုန်းက မီးဖိုကြီး တစ်ခုကို သယ်ဆောင်လျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး မိုးကြိုးတိမ်တိုက်များကြားသို့ ဝင်ရောက်သွားသည်ကို တွေ့လိုက်ရသည်။

“ဂိုဏ်းချုပ်... ကျွန်မကို မခေါ်သွားဘူး။ ဟွန်း...”

ဟူဖေးဖေး သည် နှုတ်ခမ်းစူလျက် စိတ်ကောက်နေပြီး၊ လူအများ အံ့သြတကြီး ကြည့်နေစဉ်မှာပင် မိုးကြိုးတိမ်တိုက်များကြားသို့ ထိုးဖောက် ဝင်ရောက်သွားလေတော့သည်။

“အဲဒါ ဂိုဏ်းစောင့်ရှောက်သူ ဟူဖေးဖေး ပဲ”

“တကယ့်ကို ကြောက်စရာကောင်းတဲ့ ပုဂ္ဂိုလ်ပဲ။ ဝိညာဉ်ပင်လယ်အဆင့် နတ်ဆိုးမိစ္ဆာကို တုတ်တစ်ချောင်းတည်းနဲ့ ရိုက်သတ်ခဲ့တာ။ အခု ကိုးဆင့် ကောင်းကင် မိုးကြိုးကပ်ဘေး ကိုတောင် မကြောက်ပါလား”

“ငါ.. စီနီယာအစ်မကြီး ကျောက်ကျောက် ဆီက ကြားဖူးတာတော့... ဂိုဏ်းစောင့်ရှောက်သူ ဟူ က အရင်တုန်းကလည်း ကိုးဆင့် ကောင်းကင် မိုးကြိုးကပ်ဘေး ကို ကြုံဖူးတယ်တဲ့။ မကြောက်ရုံတင် မကဘူး...ကောင်းကင်

မိုးကြိုးတွေကိုတောင် စားပစ်လိုက်သေးတယ်တဲ့”

“ကောင်းကင်မိုးကြိုးကို စားတယ် ဟုတ်လား။ ဒီလောက်တောင် ကြမ်းတာလား”

ဒုတိယမျိုးဆက် တပည့်များအားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

“အရမ်း မိုက်တာပဲ။ အရမ်း စွမ်းတာပဲ။ ကောင်းကင် ကပ်ဘေးထဲကို တန်းပြီး ဝင်သွားတာ။ ဂိုဏ်းချုပ်ရော၊ ဂိုဏ်းစောင့်ရှောက်သူရော နှစ်ယောက်စလုံးက အလွန်အကျွံ စွမ်းအားကြီးလွန်းတယ်။ ငါက အကြီးအကဲ တစ်ယောက် အနေနဲ့ သူတို့နောက်မှာ အရမ်း ပြတ်ကျန်နေခဲ့လို့ မဖြစ်ဘူး”

လီဇီလုံ သည် မိုးကြိုးတိမ်တိုက်များကို ကြည့်ရင်း တိုက်ခိုက်လိုစိတ်များ တက်ကြွလာသည်။

ရေပေါ်ဖြူမြို့တော်၊ ရောင်စုံ ငါးသွယ် မြို့တော်၊ ယွမ်ရှောင် ရှေးဟောင်းမြို့တော် နှင့် မီးရှူးတိုင်မြို့တော် တို့မှ လူများသည်လည်း မြူခိုးဂိုဏ်း ဘက်ဆီမှ ကိုးဆင့် ကောင်းကင် မိုးကြိုးကပ်ဘေး ကို သတိထားမိလိုက်ကြပြီး တစ်ဖန် တုန်လှုပ်ခြောက်ခြား သွားကြပြန်သည်။

“သြော်... ဘာကြည့်စရာ ရှိလို့လဲ။ ပထမဆုံးအကြိမ်မှ မဟုတ်တာ”

အရင်က မြင်ဖူးသူ တစ်ဦးကတော့ အရေးမလုပ်ဘဲ ပစ်ပစ်ခါခါ ပြောဆိုပြီးနောက် အုတ်ခဲ ဆက်သယ်နေလေ၏။

မိုးကြိုးတိမ်တိုက်များ အတွင်း၌...

ယဲ့ဖုန်းသည် လေထဲတွင် တင်ပျဉ်ခွေ ထိုင်နေသည်။

ရေတွက်မရနိုင်သော မိုးကြိုးသွားများသည် ကျဆင်းလာသော်လည်း အားလုံးကို သံရည်ကျို မီးဖိုက ဝါးမြိုလိုက်လေ၏။ မီးဖို၏ မျက်နှာပြင်တွင် အပြာရောင် ရွှေရောင် ရောယှက်နေသော အဆင်တန်ဆာများ ပေါ်ထွက်လာပြီး အလွန် မြင့်မြတ်သော ပုံစံ ပေါက်လာသည်။

ကောင်းကင်နှင့် မြေကြီးကြားတွင် ဝင်္ကပါ အစီအရင် အမျှင်တန်းများ ဖြစ်ပေါ်လာပြီး မီးဖိုထဲသို့ ပေါင်းစပ်ဝင်ရောက်ကာ အဆင့်မြှင့်တင်မှုကို ကူညီပေးနေကြ၏။

“ပျင်းစရာကြီး...”

အဖြူရောင် တုတ်တိုလေးကို ကိုင်ထားသော ဟူဖေးဖေး သည် လက်တစ်ဖက်ဖြင့် မေးထောက်လျက် ငြီးငွေ့နေသည်။ ယဲ့ဖုန်းသာ မတားထားလျှင် သူမသည် အရသာ ရှိမည့်ပုံ ပေါက်နေသော ထိုမိုးကြိုးများကို ပြေးပြီး ဝါးစားပစ်လိုက်ပြီ ဖြစ်၏။

ဖြစ်စဉ် တစ်ခုလုံးသည် နာရီဝက်ခန့် ကြာမြင့်သည်။

မိုးကြိုးတိမ်တိုက်များ ကွဲပြယ်သွားသောအခါ သံရည်ကျို မီးဖိုသည် လက်ဖဝါး အရွယ်အစားအထိ ကျုံ့ဝင်သွားပြီး ယဲ့ဖုန်း၏ လက်ဖဝါးပေါ်တွင် ပျံဝဲနေလေ၏။ ပြင်းထန်သော အရှိန်အဝါ တစ်ခုကိုလည်း ထုတ်လွှတ်နေသည်။

“ကောင်းတယ်။ နောက်ဆုံးတော့ အဆင့်တက်သွားပြီ”

ယဲ့ဖုန်း သက်ပြင်းချလိုက်၏။

‘ထိပ်တန်းအဆင့်’ သံရည်ကျို မီးဖို ရှိနေပြီ ဆိုတော့...

ကုန်ကြမ်းပစ္စည်းသာ လုံလောက်ရင် ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်တွေကို အစုလိုက်အပြုံလိုက် ထုတ်လုပ်နိုင်တော့မည်။

‘အဆင့်မြှင့်တင်ရေး စွမ်းအင် - ၀.၃၄%’

ယဲ့ဖုန်းသည် အချက်အလက်များ ပြောင်းလဲသွားသည်ကို သတိပြုမိလိုက်၏။ ‘အဆင့်နိမ့် ဝိညာဉ်ရတနာ’ အဆင့်သို့ ထပ်မံ မြှင့်တင်ရန်အတွက် ယခင်ကထက် စွမ်းအင် (၁၀) ဆ ပိုလိုမည် ဖြစ်သည်။

ထိုမျှမက၊ ကပ်ဘေး ထပ်ခံရဦးမည်။

“ပြန်ကြစို့... ဂိုဏ်းကို”

ယဲ့ဖုန်းသည် သံရည်ကျို မီးဖိုကို သိမ်းဆည်းလိုက်ပြီး ဟူဖေးဖေး ကို ခေါ်ဆောင်ကာ မြူခိုးတောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်၏။ ထို့နောက် ဂိုဏ်းချုပ် ခန်းမဆောင်ကြီးထဲသို့ ဝင်ရောက်သွားလေသည်။

ရုတ်တရက် ကျယ်လောင်သော အသံ တစ်သံ ထွက်ပေါ်လာ၏။

“ဂိုဏ်းချုပ် အနေနဲ့ ဆုံးဖြတ်လိုက်ပါပြီ။ နောက် (၃) ရက်နေရင် မြူခိုးဂိုဏ်းရဲ့ ပထမဆုံး အကြိမ် ဂိုဏ်းအစည်းအဝေးကြီး ကျင်းပမယ်။ သေရေးရှင်ရေး တံခါးပိတ် ကျင့်ကြံနေသူတွေကလွဲရင် ကျန်တဲ့သူ အားလုံး မဖြစ်မနေ တက်ရောက်ရမယ်”

ထိုအသံသည် မြူခိုးဂိုဏ်း၏ တောင်ထိပ်ကြီး (၄) ခုစလုံးကို လျင်မြန်စွာ ပဲ့တင်ထပ်သွားသည်။

အပြင်ဘက် ဝေးလံသော နေရာတွင် ရောက်ရှိနေကြသည့် ကုန်းချင်းချိုး နှင့် အခြားသူများသည်လည်း အဆင့်မြှင့်တင်ထားသော တံဆိပ်ပြားများမှတဆင့် သတင်းစကားကို လက်ခံရရှိကြလေ၏။

“ဂိုဏ်းအစည်းအဝေး ဟုတ်လား။ ကြည့်ရတာ ဂိုဏ်းချုပ်က အရေးကြီးတဲ့ ကြေညာချက် တစ်ခုခု ထုတ်ပြန်စရာ ရှိပုံရတယ်”

ရွှေယန် မြို့တော် အပျက်အစီးများကြားတွင် ကုန်းချင်းချိုး သည် သူမ၏ တံဆိပ်ပြားကို သိမ်းဆည်းလိုက်၏။

သူမသည် မြူခိုးဂိုဏ်း ရှိရာဘက်သို့ လှမ်းမျှော်ကြည့်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“အကြီးအကဲ... ကျွန်မတို့ရဲ့ တာဝန်က မပြီးသေးဘူးလေ။ ပြန်သွားဖို့ လိုသေးလား”

ဆေးဖက်ဝင် အပင်များ စိုက်ပျိုးထားသော စိုက်ခင်းသစ်ထဲတွင် ရပ်နေသည့် ယန်ရူယွီ က သတင်းစကား ကြားသည်နှင့် မေးမြန်းလိုက်၏။

“သေချာတာပေါ့”

ကုန်းချင်းချိုးက ပြန်ဖြေလိုက်၏။

“ဒါဆိုရင်လည်း တတ်နိုင်သလောက် မြန်မြန် လုပ်ကြတာပေါ့။ ပြီးနိုင်သလောက် ပြီးအောင် လုပ်ပြီး (၃) ရက်အတွင်း ဂိုဏ်းကို အရောက်ပြန်ကြမယ် နော်”

ဟု ဘေးနားမှ ကျားယွိလန် က ပြောလာသည်။

“ကောင်းပြီ... အလုပ်ပြန်စကြမယ်”

ကုန်းချင်းချိုးလည်း ညွှန်ကြားလိုက်၏။

မလှမ်းမကမ်းတွင် ရှီလေ့ သည် အုတ်ခဲများ သယ်နေလေ၏။

ဟုတ်ပါသည်... သူ တကယ်ပဲ အုတ်ခဲ သယ်နေခြင်းပါ။

ရွှေယန် မြို့တော် အပျက်အစီးများ အထက်မှ စီးမိုးကြည့်လိုက်လျှင် အပျက်အစီးများ၏ အလယ်ဗဟိုတွင် ပေ (၁၀၀) ပတ်လည် ကျယ်ဝန်းသော ဆေးဖက်ဝင် အပင် စိုက်ခင်း တစ်ခုကို တွေ့မြင်ရပေမည်။

အတွင်းဘက်တွင် သေသပ်သော စိုက်ခင်းတန်း ရာပေါင်းများစွာ ရှိပြီး တန်းတစ်ခုစီတွင် တူညီသော ဆေးဖက်ဝင် အပင်များကို စိုက်ပျိုးထားရာ စိမ်းလန်းစိုပြေပြီး ရှင်သန်မှု အားကောင်းနေကြသည်။

ဤအပင်များသည် ရွှေယန် မြို့တော် အပျက်အစီးများထဲမှ ရွှေ့ပြောင်း စိုက်ပျိုးထားခြင်း ဖြစ်သည်။

ဝိညာဉ်ဆေးပင်များ စိုက်ပျိုးရာတွင် အမျိုးအစားတူရာ စုပေါင်း စိုက်ပျိုးခြင်းသည် ပြုစုစောင့်ရှောက်ရန်နှင့် ရိတ်သိမ်းရန် ပိုမို လွယ်ကူစေသည်။

အပျက်အစီးများကြားတွင် ဆေးဖက်ဝင် အပင် အမျိုးအစားပေါင်း ရာချီ၊ ထောင်ချီ ရှိနေပြီး ယခုအခါ အများအပြားကို သက်ဆိုင်ရာ တန်းများဆီသို့ ရွှေ့ပြောင်း စိုက်ပျိုးပြီး ဖြစ်၏။

သို့သော် ကျန်ရှိနေသေးသော အပင်အရေအတွက်မှာလည်း များပြားလှပေသည်။ အားလုံးကို ရွှေ့ပြောင်းရန် အချိန်အများကြီး လိုအပ်ဦးမည် ဖြစ်၏။

အခြားအရာများကို ထားလိုက်ဦး၊ အမျိုးအစား ခွဲခြားခြင်း တစ်ခုတည်းကပင် ကြီးမားသော လုပ်ငန်းစဉ် ဖြစ်ပြီး သည်းခံစိတ်နှင့် ဗဟုသုတ ကြွယ်ဝမှု လိုအပ်ပေသည်။

“ဒါက ‘မျက်စိကြည်လင် မြက်ပင်’”

“ဒါက ‘ဝိညာဉ်ငြိမ်သက် အသီး’”

“ဒါတွေက ‘ကြက်သွေးရောင် အသီး’ ပျိုးပင်တွေ”

“ဟော... ဝိညာဉ်ဆေးပင် အသစ် တစ်မျိုး တွေ့ပြန်ပြီ။ စိုက်ခင်းတန်း အသစ် တစ်ခု ထပ်လုပ်ရတော့မယ်”

ကုန်းချင်းချိုး နှင့် အဖွဲ့သည် သေသေချာချာ ခွဲခြား စိုက်ပျိုးနေကြသည်။

မလှမ်းမကမ်းတွင် ရှီလေ့ သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် စွမ်းအားကို အသုံးပြုပြီး အပျက်အစီးများကြားမှ (၃) မီတာ မြင့်ကာ၊ ပေ (၃၀) ပတ်လည် ကျယ်ဝန်းသော မြေသား စင်မြင့်တစ်ခုကို ပြုလုပ်နေ၏။

သူက ထိုနေရာမှာ ခန်းမဆောင် တစ်ခု ဆောက်မှာ ဖြစ်ပါသည်။

*

ရေပေါ်ဖြူမြို့တော်၊ ဝိညာဉ်ဆေးပညာ ဌာနခွဲ ခန်းမဆောင်။

“စီနီယာအစ်ကိုကြီး က တကယ် စွမ်းတာပဲ။ ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ အုတ်မြစ်ချပြီးပြီ။ နောက် (၂) ရက်လောက် ဆိုရင် အဆောက်အအုံ ပုံစံ ပေါ်လာလောက်ပြီ”

ယန်ရူယွီ လေးစားအားကျစွာ ပြောလိုက်၏။

ဆောက်လုပ်ရေးအပိုင်းနှင့် ပတ်သက်လျှင်တော့ ရှီလေ့ ကို အတော်ဆုံးဟု သူမ လက်ခံထားသည်။

‘ဒေါင်... ဒေါင်...’

ရှီလေ့ သည် ‘သစ်မာလွင်ပြင်’မှ ခုတ်ယူလာသော သစ်လုံးများကို ပြုပြင်ပြီး ကိုယ်တိုင် ဆောက်လုပ်နေသည်။ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်သို့ ရောက်ရှိပြီး နတ်ဘုရားအာရုံ ပိုင်ဆိုင်ထားသဖြင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်သည် သူ့အတွက် ပိုမို လွယ်ကူ ချောမွေ့နေလေ၏။

မျက်စိတစ်မှိတ်အတွင်း (၃) ရက် ကုန်ဆုံးသွားခဲ့သည်။

ကုန်းချင်းချိုး နှင့် အဖွဲ့သည် မလှမ်းမကမ်းရှိ မြေသားစင်မြင့်ကို လှမ်းကြည့်လိုက်ရာ ပင်မ ခန်းမဆောင်ကြီး တစ်ခု တည်ဆောက်ပြီးစီးနေပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။

ပင်မ အဆောက်အအုံသာ ပြီးသေးသော်လည်း ဤမျှ မြန်ဆန်သော နှုန်းထားသည် အံ့သြစရာ ကောင်းလှသည်။

ကုန်းချင်းချိုး သည် နှစ်ဆခန့် ပိုမို ကြီးမားလာသော ဝိညာဉ်ဆေးပင် စိုက်ခင်းကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

“ကဲ... ဂိုဏ်းကို ပြန်ပြီး အစည်းအဝေး တက်ကြစို့”

“ဟုတ်ကဲ့ပါ”

ယန်ရူယွီ၊ ကျားယွိလန် နှင့် ရှီလေ့ တို့သည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာလာကြပြီး မြူခိုးဂိုဏ်းသို့ အတူတကွ ပြန်လာခဲ့ကြတော့သည်။

ရွှေယန် မြို့တော် အပျက်အစီးများကိုမူ ကုန်းချင်းချိုး ဖန်တီးထားသော အဆောင်လက်ဖွဲ့များဖြင့် ချိတ်ပိတ်ထားခဲ့ပြီး အခြားသူများ ဝင်ရောက်မရအောင် ကာကွယ်ထားလိုက်ပါ၏။

*

မြူခိုးဂိုဏ်း အတွင်း၌...

တပည့်များသည် ဂိုဏ်းချုပ်ခန်းမဆောင် ရင်ပြင်သို့ တဖြည်းဖြည်း ရောက်ရှိလာနေကြသည်။

ထိုအချိန်တွင် ယဲ့ဖုန်းသည် လီဇီလုံ နှင့် စကားပြောနေ၏။

“ဂိုဏ်းချုပ်ယဲ့... ‘ဒုတိယ ချီပင်လယ်’ က တကယ်ကို ဆန်းကြယ်တာပဲ။ ကျွန်တော် အထက်ပိုင်းပဲ ကျင့်ကြံရသေးတယ်၊ ချီပင်လယ် ပမာဏ တော်တော်များများ ကျယ်လာတာကို သတိထားမိနေပြီ။ အလယ်ပိုင်း ကို ဆက်ကျင့်ဖို့ အဆင်သင့် ဖြစ်နေပါပြီ”

လီဇီလုံ က သူ၏ ကျင့်ကြံမှု တိုးတက်မှုကို အစီရင်ခံလိုက်သည်။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း သဘောတူစွာ ခေါင်းညိတ်လိုက်၏။

(၃) ရက်အတွင်း ဒီအဆင့်ထိ ရောက်လာတာ တကယ်ကို မဆိုးလှပါပေ။

“ကျင့်စဉ်ရဲ့ အလယ်ပိုင်းကိုတော့ ‘သိုင်းကျမ်းဆောင်’ မှာ ရှာကြည့်လို့ ရပါတယ်။ နားမလည်တာ ရှိရင် ကျီဇီလင်း ကို တိုက်ရိုက် မေးလိုက်ပါ။ သူက သိုင်းကျမ်းဆောင်ရဲ့ ‘တာဝန်ခံ’ ဆိုတော့ ရှေးဟောင်း စာအုပ်တွေ ဘယ်နေရာမှာ ရှိတယ်ဆိုတာ အကုန် သိတယ်”

“ကျီဇီလင်း က သိုင်းကျမ်းဆောင် တာဝန်ခံ ဟုတ်လား... အဲ... နေပါဦး။ တာဝန်ခံ ဆိုတာ ဘာလဲဗျ”

“ကြီးကြပ်သူ နဲ့ ဆင်တူတဲ့ ရာထူးတစ်ခုလို့ မှတ်ယူလို့ ရပါတယ်။ သိုင်းကျမ်းဆောင်ကို အဓိက တာဝန်ယူ စီမံခန့်ခွဲရတဲ့သူပေါ့”

“သြော်... နားလည်ပါပြီ”

ယဲ့ဖုန်းနှင့် လီဇီလုံ တို့ ပေါ့ပေါ့ပါးပါး စကားပြောနေစဉ် လူပိုများလာပြီး ရင်ပြင်သို့ ရောက်ရှိလာကြသည်။

ကုန်းချင်းချိုး နှင့် အဖွဲ့လည်း ရောက်ရှိလာကြပြီ ဖြစ်သည်။

“ကောင်းတယ်... လူစုံပြီပဲ”

ယဲ့ဖုန်းသည် လူအုပ်ကြီးကို ကြည့်ရင်း သဘောတကျ.. ရယ်လိုက်လေ၏။

အခန်း (၃၆၆) - ဂိုဏ်းဖွံ့ဖြိုးတိုးတက်ရေး မဟာစီမံကိန်းကြီး (အပိုင်း-၂)

~ကုန်းချင်းချိုး နှင့် အဖွဲ့သည် ဂိုဏ်းချုပ်ခန်းမဆောင် ရင်ပြင်သို့ ရောက်ရှိလာကြပြီး ဘေးဘီဝဲယာကို ကြည့်လိုက်သောအခါ မျက်နှာစိမ်းများစွာကို တွေ့လိုက်ရသဖြင့် အံ့သြသွားကြသည်။

ထိုအထဲတွင် ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် ရှိသော လီဇီလုံ လည်း ပါဝင်နေသည်။ သို့သော် သူ၏ အရှိန်အဝါသည် သိပ်ပြီး ထူးခြားထက်မြက်ခြင်း မရှိလှပေ။

အခြားသော အဆင့်တူ ပညာရှင်များနှင့် ယှဉ်လျှင် သူသည် သာမန်အဆင့်မျှသာ ရှိသေးသည်။

“ဂိုဏ်းချုပ်ရဲ့ ခရိုင်ဘုရင်မြို့တော် ခရီးစဉ်က တကယ် အကျိုးရှိခဲ့တာပဲ။ တပည့် (၁၀၀) ကျော် ရလာရုံတင် မကဘူး၊ ဓာတ်ကြီးငါးပါး စုစည်းခြင်း အထွတ်အထိပ် အဆင့် အကြီးအကဲ တစ်ယောက်ကိုပါ ခေါ်လာနိုင်ခဲ့တယ်။ တို့ မြူခိုးဂိုဏ်း တဖြည်းဖြည်း တိုးတက်လာပြီပဲ”

ကုန်းချင်းချိုး ကျေနပ်အားရစွာ ရေရွတ်လိုက်မိသည်။

ထိုအချိန်တွင် ယဲ့ဖုန်းသည် လေပေါ်သို့ ပျံတက်လာသည်။

“အားလုံးပဲ... နေရာယူလိုက်ကြပါ”

ယဲ့ဖုန်း လက်ကာပြလိုက်သည်နှင့် သစ်မာသားဖြင့် ပြုလုပ်ထားသော ကုလားထိုင် ရာပေါင်းများစွာသည် ရင်ပြင်ပေါ်သို့ ကျဆင်းလာသည်။ လူတိုင်းသည် ကုလားထိုင်များပေါ်တွင် ရေးသားထားသော နံပါတ်စဉ်များအတိုင်း ဝင်ရောက် ထိုင်လိုက်ကြသည်။

“ဟေ... စီနီယာ အစ်ကိုကြီး၊ အစ်မကြီးတွေက သူတို့ရဲ့ နံပါတ်စဉ်တွေကို ဘယ်လို သိနေကြတာလဲ။ ငါတို့ကျတော့ မသိရပါလား”

“ငါလည်း အဲဒါ သိချင်နေတာ”

ပထမမျိုးဆက် တပည့်များအားလုံး နေရာကျသွားကြပြီ။

ရွှီတာလေ့၊ မူစီစီ နှင့် အခြား အစောပိုင်းက ဝင်ရောက်ထားသော ဒုတိယမျိုးဆက် တပည့် (၃၅) ဦးသည်လည်း သူတို့၏ တံဆိပ်ပြားပါ နံပါတ်စဉ်များအတိုင်း ဝင်ထိုင်လိုက်ကြသည်။

“ကဲ... ဒါ မင်းတို့ရဲ့ တံဆိပ်ပြားတွေပဲ”

ယဲ့ဖုန်းသည် လက်ကို ဝှေ့ယမ်းလိုက်ရာ အလင်းတန်း (၁၀၀) ကျော် ပျံထွက်သွားပြီး တပည့်သစ်များထံသို့ ရောက်ရှိသွားလေ၏။

လီဇီလုံ အပါအဝင် လူသစ်အားလုံး ကိုယ်ပိုင် တံဆိပ်ပြားများ ရရှိသွားကြသည်။

“ဒီတံဆိပ်ပြားတွေမှာ ကာကွယ်ရေး၊ သတင်းပို့စနစ် နဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ ပါဝင်တယ်။ သာမန် အဆင့်နိမ့် ဝိညာဉ်လက်နက်တွေထက် တန်ဖိုးရှိတယ်။ စမ်းကြည့်လိုက်ကြပါဦး”

ယဲ့ဖုန်း ရှင်းပြလိုက်၏။

ထိုစကားကို ကြားသောအခါ တပည့်သစ်များ၏ မျက်နှာပေါ်တွင် ရွှီတာလေ့ တို့တုန်းကလို အံ့သြဝမ်းသာသော အမူအရာများ ပေါ်ပေါက်လာကြသည်။

“တကယ်ကြီး ဒီလောက်တောင် ကောင်းတာလား”

လီဇီလုံ အံ့သြတကြီး ရေရွတ်လိုက်ပြီး တံဆိပ်ပြား၏ လုပ်ဆောင်ချက်များကို တိတ်တဆိတ် စမ်းသပ်ကြည့်လိုက်ရာ ပို၍ပင် အံ့အားသင့်သွားရသည်။

“ကဲ... အားလုံးပဲ နံပါတ်စဉ်အလိုက် နေရာယူပြီးပြီဆိုတော့... မြူခိုးဂိုဏ်းရဲ့ ပထမဆုံး အကြိမ် ဂိုဏ်းအစည်းအဝေးကြီးကို စတင်လိုက်ကြစို့”

ယဲ့ဖုန်းသည် ပလ္လင်ပေါ်တွင် တည်ငြိမ်စွာ ထိုင်လျက် ပြောကြားလိုက်၏။

သူ့ခန္ဓာကိုယ်မှ ခမ်းနားထည်ဝါသော အရှိန်အဝါများ ထွက်ပေါ်နေပြီး၊ သူ့နောက်ကျောဘက်တွင် လေဝိညာဉ် ပုလဲလုံးသည် တောက်ပစွာ လင်းလက်နေသည်။ ထိုအရာက ယဲ့ဖုန်းကို တက်ကြွလန်းဆန်းသော ပညာရှိကြီး တစ်ပါးကဲ့သို့ ထင်မှတ်ရစေ၏။

လူတိုင်း သတ်မှတ်ထားသော နေရာများတွင် ထိုင်နေကြပြီ ဖြစ်သည်။

အစ်ကိုကြီး ခေါင်းပြား၊ မြေခွေးတာ့ဟုန်၊ သံလက်သည်း နဂါးလင်းယုန် နှင့် အခြားသော ဂိုဏ်းစောင့် နတ်ဆိုးသားရဲများ သည်လည်း အနီးနားတွင် စုဝေးရောက်ရှိနေကြပြီး တိတ်ဆိတ်စွာ နားထောင်နေကြသည်။

“ကျွန်တော် မြူခိုးဂိုဏ်း ဂိုဏ်းချုပ်အဖြစ် တာဝန်ယူပြီးကတည်းက ဒီလို အစည်းအဝေးမျိုး တစ်ခါမှ မလုပ်ခဲ့ဖူးပါဘူး။ ဒီနေ့ကတော့ ပထမဆုံး အကြိမ် ဂိုဏ်းအစည်းအဝေးကြီး ဖြစ်သလို၊ အဓိက ရည်ရွယ်ချက်ကတော့ ဂိုဏ်းရဲ့ လျင်မြန်သော ဖွံ့ဖြိုးတိုးတက်မှု ဗျူဟာတွေကို ဆွေးနွေးဖို့ပါပဲ”

“အားလုံး သိကြတဲ့အတိုင်းပါပဲ... မြူခိုးဂိုဏ်းဟာ မနှစ်က နှစ်ကုန်ပိုင်းမှာ ကြယ်အဆင့် ဂိုဏ်း အဖြစ် တိုးမြှင့်ခံခဲ့ရပြီး အရှိန်အဟုန်နဲ့ တိုးတက်တဲ့ အဆင့်ကို ရောက်ရှိနေပါပြီ”

“ကျွန်တော့် ရည်မှန်းချက်ကတော့ (၃) နှစ်အတွင်း ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်း အဖြစ် တက်လှမ်းဖို့ပါပဲ”

စနစ်ကြီးက (၁၀) နှစ် အချိန်ပေးထား၏။

ဒါကြောင့် ယဲ့ဖုန်းရဲ့ (၃) နှစ် ရည်မှန်းချက်က အတော်လေး အဆင်ပြေသည်။

အိမ်စာထပ်သလိုပါပဲ။

ဘာသာရပ် ဆရာက (၃) ရက်အတွင်း ပြီးရမယ်လို့ မှာလိုက်လျှင်၊ အတန်းခေါင်းဆောင်က တာဝန်ပေးသည့်အခါ (၂) ရက်အတွင်း ပြီးရမယ်လို့ ပြောတတ်ကြပြီး၊ စာလေ့လာရေး အဖွဲ့ခေါင်းဆောင်ကတော့ တစ်ရက်တည်းနှင့် အပြီးလုပ်ရမည်ဟု ပြောလေ့ရှိကြသည်။

သဘောတရားက အတူတူပါပင်။

“(၃) နှစ်အတွင်း ကြယ်နှစ်ပွင့် အင်အားစု ဖြစ်ရမယ် ဟုတ်လား”

“အရမ်း ခက်ခဲလွန်းရာ မကျဘူးလား”

“ဟုတ်ပါ့... ကြယ်တစ်ပွင့် ဂိုဏ်း အများကြီးက ဆယ်စုနှစ်တွေ၊ ရာစုနှစ်တွေ ကြာအောင် ကြိုးစားတာတောင် ကြယ်နှစ်ပွင့် ဖြစ်ဖို့ အနိမ့်ဆုံး လိုအပ်ချက်တွေ မပြည့်မီကြသေးဘူးလို့ ကြားဖူးတယ်”

ဒုတိယမျိုးဆက် တပည့်များသည် မယုံကြည်နိုင် ဖြစ်နေကြ၏။

သို့သော် ပထမမျိုးဆက် တပည့်များကမူ မေးစေ့ကို ပွတ်သပ်ရင်း (၃) နှစ်ဆိုတာ လုံလောက်ပါတယ်ဟု တွေးတောနေကြသည်။

ဘာပဲပြောပြော မြူခိုးဂိုဏ်းက အဆင့်မြင့်ဂိုဏ်းမှ ကြယ်တစ်ပွင့် ဂိုဏ်း ဖြစ်လာဖို့ (၁) လ၊ (၂) လလောက်ပဲ ကြာခဲ့သည်လေ။

အခု ကြယ်တစ်ပွင့်မှ ကြယ်နှစ်ပွင့် ဖြစ်ဖို့အတွက် အချိန် အဆပေါင်းများစွာ ပိုရထားမှတော့... သေချာပေါက် အောင်မြင်မည်ပေါ့။

“ဒါ... ဒါကြီးက အရမ်း ခက်ခဲလွန်းတယ် မဟုတ်ဘူးလား”

လီဇီလုံ က စိန်ခေါ်မှုကြီး တစ်ခုအဖြစ် ရှုမြင်ပြီး ပြောလိုက်၏။

ယဲ့ဖုန်းသည် လူအများ၏ အံ့သြမှုနှင့် သံသယများကို ဂရုမစိုက်ဘဲ ဆက်လက် ပြောကြားလိုက်၏။

“ဂိုဏ်း အဆင့်တက်ဖို့အတွက် ကျွန်တော်တို့ အနေနဲ့ အောက်ပါ အဓိက အချက်တွေကို အာရုံစိုက် လုပ်ဆောင်ရပါမယ်”

“ပထမအချက် - လူဦးရေ (၃) သန်းကျော် ရှိတဲ့ မြို့ကြီးတစ်မြို့ တည်ဆောက်ရမယ်”

“ကျွန်တော် ဆုံးဖြတ်ထားတာကတော့... ရေပေါ်ဖြူမြို့တော် ကို အခြေခံအုတ်မြစ် အဖြစ်ထားပြီး တခြားမြို့တွေကို ပေါင်းစည်းကာ (၁) နှစ်အတွင်း မြို့ကြီးတစ်မြို့ ဖြစ်လာအောင် လုပ်ဆောင်သွားမယ်”

ဂိုဏ်းချုပ်က ကြေညာလိုက်၏။

“ဒုတိယအချက် - ကျွန်တော်တို့ မြူခိုးဂိုဏ်း အနေနဲ့ အနည်းဆုံး တပည့် (၁၀၀၀) စုဆောင်းပြီး ကြယ်နှစ်ပွင့် အင်အားစုရဲ့ အနိမ့်ဆုံး လိုအပ်ချက်ကို ပြည့်မီအောင် လုပ်ရမယ်”

ဒါက အခြေခံအကျဆုံး လိုအပ်ချက်ပဲ ရှိသေးသည်။

တကယ်တမ်း ပြောရရင် ကြယ်နှစ်ပွင့် အင်အားစု တိုင်းမှာ တပည့် သောင်းချီ၊ သိန်းချီ ရှိတတ်ကြသည်။

မြင့်မြတ်သော လေဓားဂိုဏ်းကိုပဲ ကြည့်လိုက်ပါ... တပည့် (၁) သိန်းလောက် ထွက်လာလိုက်တာနှင့်တင် ဂိုဏ်းငယ်လေးတွေကို ထွက်ပြေးသွားအောင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

ယဲ့ဖုန်း၏ စီမံကိန်းကို ကြားလိုက်ရသောအခါ တပည့်များအကြားတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားကြပြန်၏။

“ရေပေါ်ဖြူမြို့တော်မှာ လူဦးရေ (၈) သိန်းလောက်ပဲ ရှိတာ။ (၁) နှစ်အတွင်း (၃) သန်း ဖြစ်လာဖို့ ဆိုတာ မဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဂိုဏ်းချုပ်က တခြားမြို့တွေကို ပေါင်းစည်းဖို့ ပြင်ဆင်နေတာကိုး။ ဒါပေမဲ့ မေးခွန်းက... တခြားမြို့တွေက ဘာကိစ္စနဲ့ ရေပေါ်ဖြူ မြို့တော်ထဲကို လာပေါင်းချင်ရမှာလဲ”

“ဟုတ်တယ်လေ... ရေပေါ်ဖြူမြို့တော်မှာ ‘အသေးစား ဝိညာဉ်သွေးကြော’ တစ်ခုတည်း ရှိတာ။ လူ (၃) သန်းကို ထောက်ပံ့ပေးဖို့ ဘယ်လိုမှ မလုံလောက်ဘူး”

“တကယ်လို့ ‘အလယ်အလတ်စား ဝိညာဉ်သွေးကြော’သာ ရှိရင်တော့ ဖြစ်နိုင်လောက်တယ်”

“ဒါပေမဲ့ အလယ်အလတ်စား ဝိညာဉ်သွေးကြော ဆိုတာ.. အလွယ်တကူ ရနိုင်တာမှ မဟုတ်တာ”

တပည့်အားလုံးက ပထမအချက်သည် အလွန် ခက်ခဲကြောင်း သုံးသပ်ကြသည်။

တပည့် (၁၀၀၀) ပြည့်အောင် စုဆောင်းရမယ် ဆိုသော ကိစ္စကတော့ လူအများစု အမြင်မှာ သိပ်မခက်ခဲလှပေ။

သို့သော် ယဲ့ဖုန်း မျက်မှောင်ကြုတ်လိုက်၏။

သူ့အတွက်ကတော့ တပည့် စုဆောင်းရတာက အခက်ခဲဆုံးပင်။

ရေပေါ်ဖြူမြို့တော်ကို လူဦးရေ (၃) သန်းရှိသည့် မြို့ကြီး ဖြစ်လာအောင် လုပ်ဖို့က သိပ်မခက်လှပေ။

ထိုအချိန်တွင် ကုန်းချင်းချိုး မတ်တတ်ရပ်လိုက်ပြီး မေးမြန်းလိုက်သည်။

“ဂိုဏ်းချုပ်... အခု ဂိုဏ်းမှာ တပည့် စုစုပေါင်း ဘယ်နှယောက် ရှိပြီလဲဟင်”

ထိုအခါ၊ ယဲ့ဖုန်းသည် စာရင်းသွင်းစာအုပ်ကို ထုတ်ကြည့်လိုက်ပြီး ပြော၏။

“ပထမမျိုးဆက် တပည့် (၁၆) ယောက်၊ ဒုတိယမျိုးဆက် တပည့် (၁၄၇) ယောက်... စုစုပေါင်း (၁၆၃) ယောက် ရှိပါတယ်”

ကြီးကြပ်သူတွေ၊ အကြီးအကဲတွေနှင့် ဂိုဏ်းစောင့် နတ်ဆိုးသားရဲတွေပါ ပေါင်းလိုက်လျှင် မြူခိုးဂိုဏ်း၏ လက်ရှိ လူဦးရေက (၂၀၀) နီးပါး ရှိနေလေပြီ။

“တပည့် (၁၆၃) ယောက် ဆိုတာ မဆိုးပါဘူး”

ကုန်းချင်းချိုး ခေါင်းညိတ်လိုက်၏။

“တကယ်လို့ ဂိုဏ်းချုပ် အလုပ်ရှုပ်နေရင်... ကျွန်မ တခြားမြို့တွေကို သွားပြီး ဂိုဏ်းချုပ် ကိုယ်စား တပည့် စုဆောင်းပေးပါ့မယ်”

ယဲ့ဖုန်း စိတ်လှုပ်ရှားသွားသော်လည်း ချက်ချင်း ငြင်းပယ်လိုက်သည်။

“မလိုပါဘူး... ကျွန်တော် ကိုယ်တိုင်ပဲ စစ်ဆေး ရွေးချယ်ပါ့မယ်”

သူကိုယ်တိုင် ပါဝင်ပတ်သက်မှ ဖြစ်မည်။ သို့မဟုတ်လျှင် ကုန်းချင်းချိုး ရွေးလာသည့် လူတွေက စနစ်ကြီးရဲ့ လိုအပ်ချက်နှင့် ကိုက်ညီ၊ မညီ ဘယ်သူ အာမခံနိုင်မလဲ။

“ဂိုဏ်းချုပ်... တစ်ယောက်တည်း အကုန်လုပ်နေရင် ပင်ပန်းလွန်းပါလိမ့်မယ်”

ကုန်းချင်းချိုး စိုးရိမ်တကြီး ပြောလိုက်၏။

တပည့်များကမူ သူ့ကို လေးစားအားကျသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

တခြားဂိုဏ်းက ဂိုဏ်းချုပ်တွေသာ ဆိုရင်... သူတို့က မိုးပေါ်မှာ နေတာ။ ဒီလို ကိုယ်တိုင်ဆင်းပြီး နောက်လိုက် ရှာပါ့မလား။

တချို့တပည့်တွေဆိုလျှင် ဂိုဏ်းဝင်ပြီး နှစ်ပေါင်းများစွာ၊ ဆယ်စုနှစ်ပေါင်းများစွာ ကြာတာတောင် အတွင်းစည်း အကြီးအကဲ တစ်ယောက်ကိုတောင် အရိပ်အယောင် မမြင်ဖူးကြ

ပေ။ ဂိုဏ်းချုပ် ဆိုလျှင်တော့ ဝေလာဝေး။

“ဂိုဏ်းချုပ်က တကယ့်ကို နှိမ့်ချတတ်တာပဲ။ သဘောကျလိုက်တာ”

“ငါလည်း ကြိုက်တယ်။ စွမ်းအားကြီးပြီး ချောမောခန့်ညားပေမယ့် ဘဝင်မမြင့်ဘဲ ဖော်ရွေတဲ့ လူမျိုးကို သဘောကျတာဟယ်”

တပည့်များ တီးတိုး ပြောဆိုနေကြသည်။

ထိုစကားများကို ကြားသောအခါ ယဲ့ဖုန်း၏ မျက်နှာထား ပြောင်းလဲခြင်း မရှိသော်လည်း ရင်ထဲတွင် အနည်းငယ် ရှက်ရွံ့နေမိသည်။

‘စနစ်ကြီးရဲ့ လိုအပ်ချက်သာ မဟုတ်ရင်... ငါလည်း ကိုယ်တိုင်ဆင်းပြီး လူမရွေးချင်ပါဘူး။’

‘ဒါပေမဲ့ ဒီလုပ်ရပ်ကို တပည့်တွေကတော့ ကြိုးစားဝီရိယ ရှိတယ်၊ ဖော်ရွေတယ် ဆိုပြီး အထင်ကြီးနေကြတာ။ ခွီး..’

“ဟင်း…”

ယဲ့ဖုန်း သက်ပြင်းချလိုက်ပြီး ဆက်လက် ပြောကြားလိုက်၏။

“ကျွန်တော်တို့ ဂိုဏ်းက ကြယ်နှစ်ပွင့်အဆင့် ဂိုဏ်းအဖြစ် တက်လှမ်းချင်တယ်။ အဲဒီအတွက် မင်းတို့ရဲ့ ကြိုးစားအားထုတ်မှု မပါဘဲ မဖြစ်နိုင်ပါဘူး။ အားလုံးပဲ အခက်အခဲတွေကို မကြောက်ဘဲ ကြိုးကြိုးစားစား ကျင့်ကြံပြီး ပိုမြင့်မားတဲ့ အဆင့်တွေကို တက်လှမ်းနိုင်ကြပါစေလို့ မျှော်လင့်ပါတယ်”

“ဒါမှသာ ကျွန်တော် သေသွားရင်တောင် နောင်တရစရာ မရှိတော့မှာပါ”

ယဲ့ဖုန်း၏ အသံထဲတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး၊ အားပေးလိုစိတ် အပြည့်ရှိသော မျက်ဝန်းများဖြင့် ရှိနေသူ တစ်ဦးချင်းစီကို လိုက်လံ ကြည့်ရှုလိုက်၏။ တပည့်တိုင်းနှင့် မျက်လုံးချင်း ဆုံအောင် ကြည့်လိုက်၏။

ထိုအခါ တပည့်များသည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြသည်။ ဂိုဏ်းချုပ်က သူတို့အပေါ် မျှော်လင့်ချက် ကြီးမားထားသည်ဟု ခံစားလိုက်ရပြီး စိတ်ဓာတ်များ တက်ကြွလာကာ ချက်ချင်း ကျင့်ကြံချင်စိတ်များ ပေါက်လာကြသည်။ ဂိုဏ်းချုပ် စိတ်ပျက်အောင် မလုပ်မိစေဖို့ ဆုံးဖြတ်ချက် ချလိုက်ကြသည်။

တပည့်များ၏ စိတ်အားထက်သန်မှုကို မြင်လိုက်ရသောအခါ ယဲ့ဖုန်း ကျေနပ်သွားသည်။

“ကောင်းပြီ... ကျင့်ကြံရေးကို ကြိုးစားကြ။ ကျန်တာ ငါ့တာဝန် ထားလိုက်”

ယဲ့ဖုန်း လက်သီးကို ဆုပ်လိုက်၏။

ခေတ္တမျှ စဉ်းစားပြီးနောက် သူ ထပ်ပြောလိုက်၏။

“ဒီနေ့က စပြီး... စာရင်းသွင်းထားသော တပည့်၊ အပြင်စည်း တပည့်နဲ့ အတွင်းစည်း တပည့် အပြင်... ဂိုဏ်းကနေ ပိုမြင့်မားတဲ့ တပည့်အဆင့်အတန်း တစ်ခုကို မိတ်ဆက်ပေးလိုက်ပါပြီ။ အဲဒါကတော့ ‘စစ်မှန်သော တပည့်’ ပါပဲ”

“စစ်မှန်သော တပည့် ဖြစ်ဖို့အတွက် အောက်ပါ လိုအပ်ချက် (၃) ချက်နဲ့ ကိုက်ညီရပါမယ်”

“ပထမအချက် - ကျင့်ကြံခြင်းအဆင့်က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်အောက် မနိမ့်ရပါဘူး”

“ဒုတိယအချက် - အကြီးအကဲ တာဝန် အနည်းဆုံး (၁၀) ခုကို အောင်မြင်စွာ ပြီးမြောက်ရပါမယ်”

“တတိယအချက် - ကျင့်ကြံရေး မျှော်စင်ရဲ့ (၇) ထပ်မြောက်ကို ဖြတ်ကျော်နိုင်ရပါမယ်”

သူ့အသံ ဆုံးသွားသည်နှင့် တစ်ခဏချင်းမှာပင် တစ်နေရာလုံး မှင်သက်သွားကြလေတော့သည်။

All Chapters