အခန်း (၃၆၇-၃၆၉)
Vol. 25 Ch. 367-369
အခန်း (၃၆၇) - တပည့်များ အဆင့်သတ်မှတ်ခြင်းနှင့် ပျံဝဲသော စက်လုံး
~စစ်မှန်သော တပည့် ဖြစ်ဖို့ စစ်ဆေးချက်က ဒီလောက်တောင် ခက်ခဲတာလား။
ရှိနေသော တပည့်များအားလုံး မျက်လုံးပြူးသွားကြပြီး အချို့က မိုယင် ရှိရာဘက်သို့ မသိမသာ လှမ်းကြည့်လိုက်ကြ၏။
မြူခိုးဂိုဏ်း တစ်ခုလုံးတွင် စစ်မှန်သော တပည့် ဖြစ်နိုင်မည့် အရည်အချင်းနှင့် ကိုက်ညီသူမှာ မိုယင် တစ်ယောက်တည်းသာ ရှိပုံ ရသည်။
“စစ်မှန်သော တပည့် ဟုတ်လား... စိတ်ဝင်စားစရာပဲ”
မိုယင် မျက်လုံးများကို အနည်းငယ် မှေးစင်းလိုက်၏။
သူမသည် ယခုအချိန်ထိ အပြင်စည်း တပည့်သာ ရှိသေးသည်။
အတွင်းစည်း တပည့် ဖြစ်ဖို့ စစ်ဆေးမှုတောင် မစရသေးဘဲ ဘယ်လိုလုပ် စစ်မှန်သော တပည့် ဖြစ်လာနိုင်ပါ့မလဲ။
“ဂိုဏ်းချုပ်... ဂိုဏ်းရဲ့ တာဝန်တွေကို ဘယ်မှာ သွားယူရမလဲ ခင်ဗျ”
ရွှီတာလေ့ ချက်ချင်း မတ်တတ်ရပ်လိုက်ပြီး ကျယ်လောင်စွာ မေးမြန်းလိုက်၏။
“အကြီးအကဲများ ခန်းမဆောင်မှာပါ”
ယဲ့ဖုန်း ဖြေကြားလိုက်၏။
စစ်မှန်သော တပည့် ဆိုသည့် အဆင့်သတ်မှတ်ချက် အသစ်ကို ထည့်သွင်းရခြင်းမှာ ဂိုဏ်းချုပ်၏ စတုတ္ထအဆင့် တာဝန်တွင် ပါဝင်သည့် ‘လက်အောက်ခံ တာဝန် - တပည့်များ စစ်ဆေး အကဲဖြတ်ခြင်း’ ကြောင့်ပင် ဖြစ်သည်။
ဒီတာဝန်က ဒုတိယအဆင့် တာဝန်တုန်းကလိုပင် စစ်မှန်သော တပည့်၊ အတွင်းစည်း တပည့် နဲ့ အပြင်စည်း တပည့်တွေကို မွေးထုတ်ပေးရမည့် အလုပ်ဖြစ်၏။
တာဝန် လိုအပ်ချက်များအရ...
စစ်မှန်သော တပည့် အနည်းဆုံး (၅) ဦး ရှိရမည်။
အတွင်းစည်း တပည့် အနည်းဆုံး (၅၀) ဦး ရှိရမည်။
ကျန်သည့် တပည့်များအားလုံး အနည်းဆုံး အပြင်စည်း တပည့် အဆင့် ရှိရမည်။
ဒါမှသာ ဒီ လက်အောက်ခံ တာဝန်ကို ပြီးပြည့်စုံစွာ အောင်မြင်နိုင်မည် ဖြစ်သည်။
သို့သော် စနစ်ကြီးက ဒီတာဝန်အတွက် ဘာဆုလာဘ် ပေးမလဲ ဆိုတာကိုတော့ အရိပ်အမြွက်မျှ မပြထားပေ။
သို့သော်၊ ယဲ့ဖုန်း၏ ခံစားချက်အရ ဒီတာဝန်၏ ဆုလာဘ်သည် သာမန်ကာလျှံကာ မဟုတ်လောက်ဘူးဟု ထင်မြင်မိသည်။
“ဒါ့အပြင်... စောစောက ပြောခဲ့တဲ့ စစ်မှန်သော တပည့် လိုအပ်ချက်တွေအပြင်... ကျန်တဲ့ အတွင်းစည်းနဲ့ အပြင်စည်း တပည့် ဖြစ်ဖို့ လိုအပ်ချက်တွေကိုပါ အခု ဂိုဏ်းချုပ်က ကြေညာပေးပါမယ်”
“မြူခိုးဂိုဏ်းကို စဝင်တဲ့ တပည့်တိုင်းဟာ ‘စာရင်းသွင်းထားသော တပည့်’ အနေနဲ့ စတင်ရပါမယ်”
“ ‘အပြင်စည်း တပည့်’ ဖြစ်ဖို့အတွက် အောက်ပါ လိုအပ်ချက် (၂) ချက်နဲ့ ကိုက်ညီရပါမယ်။ ပထမအချက် - ‘ချီစုစည်းခြင်း စတုတ္ထအဆင့်’သို့ ရောက်ရှိရမယ်။ ဒုတိယအချက် - ဂိုဏ်း တာဝန် (၁) ခုကို အောင်မြင်စွာ ပြီးမြောက်ရမယ်”
“ ‘အတွင်းစည်း တပည့်’ ဖြစ်ဖို့အတွက် လိုအပ်ချက် (၃) ချက် ရှိပါတယ်။ ပထမအချက် - ‘ချီစုစည်းခြင်း သတ္တမအဆင့်’ကို ရောက်ရှိရမယ်။ ဒုတိယအချက် - ဂိုဏ်း တာဝန် (၃) ခုကို အောင်မြင်စွာ ပြီးမြောက်ရမယ်။ တတိယအချက် - ကျင့်ကြံရေး မျှော်စင်ရဲ့ ‘ဆွဲငင်အား နယ်မြေ’ရဲ့ (၁၀) ဆသော ဆွဲငင်အားအောက်မှာ (၂) မော့သောက်ချိန် ကြာအောင် တောင့်ခံနိုင်ရမယ်”
“ဒါတွေကတော့ ဂိုဏ်းသား အဆင့်တက်ဖို့ လိုအပ်ချက်တွေပါပဲ”
ယဲ့ဖုန်း ရှင်းပြချက်ကို အဆုံးသတ်လိုက်၏။
ဒါတွေက လက်အောက်ခံ တာဝန် ထဲမှာ ပါသော လိုအပ်ချက်တွေပါပဲ။
ယခင်က အတွင်းစည်း တပည့် ဖြစ်ဖို့ သတ်မှတ်ချက်တွေနှင့် နည်းနည်း ကွာခြားပေမယ့် ယဲ့ဖုန်းကတော့ သိပ်ဂရုမစိုက်ပေ။
တာဝန် အောင်မြင်ဖို့က အဓိကပဲလေ။
“သက်ဆိုင်ရာ တာဝန်တွေကိုတော့ အကြီးအကဲ ကုန်းချင်းချိုး နဲ့ အကြီးအကဲ လီဇီလုံ တို့က ထုတ်ပြန်ပေးပါလိမ့်မယ်။ တစ်ခါတလေ ဂိုဏ်းချုပ် ကိုယ်တိုင်လည်း ထုတ်ပြန်ပေးပါမယ်”
ယဲ့ဖုန်းသည် ဖေးလိုင် တောင်ထိပ် ပေါ်ရှိ အကြီးအကဲများ ခန်းမဆောင် ဘက်သို့ ညွှန်ပြလိုက်၏။
ဒီနေ့ကစပြီး တာဝန် ဘုတ်ပြားကို ဖေးလိုင် တောင်ထိပ်သို့ ရွှေ့ပြောင်းလိုက်ပြီ ဖြစ်သည်။ တာဝန် ယူချင်သော တပည့်များသည် ထိုနေရာသို့ သွားရောက် ရွေးချယ်နိုင်ကြသည်။
ထို့နောက် ယဲ့ဖုန်းသည် အခြားသော အကြောင်းအရာများကို ဆက်လက် ဆွေးနွေး ပြောကြားခဲ့သည်။
နာရီဝက်ခန့် ကြာပြီးနောက်မှသာ တပည့်များ လူစုခွဲသွားကြတော့သည်။
*
မြူခိုးတောင်ထိပ် ပေါ်တွင်...
လီဇီလုံ၊ ကုန်းချင်းချိုး နှင့် ချူယွင်အာ တို့သည် ယဲ့ဖုန်း၏ ရှေ့တွင် ရပ်နေကြသည်။
ချူယွင်အာ သည် သူမ၏ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားလိုသဖြင့် မျက်နှာဖုံးစွပ်ကို ဝတ်ဆင်ထားသည်။ မြူခိုးဂိုဏ်းအတွင်းမှ လူအများစုသည် သူမ၏ မျက်နှာအစစ်ကို မမြင်ဖူးကြပေ။
“ခင်ဗျားတို့ (၃) ယောက်... ယန်ယွင် မြို့ (၁၃) မြို့ ကို ရေပေါ်ဖြူမြို့တော် အနီး ပြောင်းရွှေ့မယ့် ကိစ္စကြီးကို ဆွေးနွေးတိုင်ပင်ကြပါ။ ဆုံးဖြတ်ချက် ရပြီဆိုတာနဲ့ ဂိုဏ်းချုပ်ကို လာပြီး အစီရင်ခံပါ”
ယဲ့ဖုန်း ညွှန်ကြားလိုက်၏။
ကုန်းချင်းချိုး က ရေပေါ်ဖြူ မြို့တော်ရဲ့ မြို့စားမင်း။
လီဇီလုံ က ယန်ယွင် မြို့ (၁၃) မြို့ရဲ့ ကာကွယ်စောင့်ရှောက်သူ နတ်ဘုရား။
သူတို့နှစ်ယောက်နှင့် အပြင်စည်း ကြီးကြပ်သူ ချူယွင်အာ တို့ ပေါင်းပြီး ဆွေးနွေးလျှင် ရှေ့ဆက် လုပ်ဆောင်ရမည့် ကိစ္စတွေ အများကြီး ထွက်ပေါ်လာလိမ့်မည်။ ပြီးတော့... ယွင်အာ ဆီက ကောင်းမွန်သော အကြံဉာဏ်တွေ ရလာနိုင်သေး၏။
“ဟုတ်ကဲ့ပါ”
သူတို့ (၃) ဦးသည် အကြီးအကဲများ ခန်းမဆောင်သို့ ပြန်သွားပြီး ဆွေးနွေးမှု စတင်ကြလေသည်။
ယဲ့ဖုန်းသည် ဂိုဏ်းချုပ် ခန်းမဆောင်ကြီး၏ ရှေ့တွင် ထိုင်လျက် ငှက်ပျောရွက် ယပ်တောင်ကို ခပ်ကာ၊ လေညှင်းခံရင်း အဝေးမှ တိမ်တိုက်များ ပုံသဏ္ဌာန် ပြောင်းလဲနေသည်ကို ငေးကြည့်နေ၏။
“မိုးပေါ်က… မြို့တော် တစ်ခု တည်ဆောက်ပြီး ဂိုဏ်းကို တိမ်တွေ အထက်မှာ ထားလိုက်ရင် တော်တော် မိုက်မှာပဲ”
ယဲ့ဖုန်း စိတ်ကူးယဉ်လိုက်သည်။
ရုတ်တရက် သူ မတ်မတ် ထိုင်လိုက်ပြီး လက်ကို ဆန့်ထုတ်လိုက်ရာ ‘ထိပ်တန်းအဆင့် သံရည်ကျို မီးဖို’ သည် လက်ဖဝါးပေါ်တွင် ပေါ်လာ၏။
“ငါ တကယ့် အရူးပဲ... လေထဲမှာ ပျံဝဲနေနိုင်တဲ့ ဝိညာဉ်လက်နက် တစ်မျိုးကို ဘာလို့ မဖန်တီးလိုက်ရတာလဲ”
စဉ်းစားမိသည်နှင့် ယဲ့ဖုန်းသည် မီးဖိုနှင့် အလျင်အမြန် ချိတ်ဆက်လိုက်သည်။
သူ့စိတ်ကူးကို မီးဖိုထံ ပို့လွှတ်လိုက်သောအခါ မီးဖိုသည် တုန်ခါသွားပြီး အလင်းရောင်များ ထွက်ပေါ်လာကာ လေထဲတွင် သုံးဖက်မြင် ပုံရိပ်ယောင် တစ်ခုကို ပုံဖော်ပြသလိုက်၏။
ဒါက အထူး စက်လုံး တစ်မျိုး။
လက်သီးဆုပ်လောက်ပဲ ရှိသည်။
သို့ရာတွင်၊ ပြောင်းပြန်ကတော့ပုံစံ
အဖြစ် ကြီးထွားလာနိုင်ပြီး အချင်း (၅) မီတာ ရှိသည့် မျက်နှာပြင် ပြားသွားနိုင်သည်။ လေထဲတွင် ပျံဝဲနေသော စင်မြင့် တစ်ခုကဲ့သို့ လေးလံသော အရာဝတ္ထုများကို သယ်ဆောင်ထားနိုင်၏။
“ပျံဝဲသော စက်လုံး လား”
ယဲ့ဖုန်း ခေါင်းထဲသို့ အချက်အလက်များ ဝင်ရောက်လာ၏။ ဒါက မီးဖိုကြီး ပေးသော နာမည်နှင့် မိတ်ဆက်ရှင်းလင်းချက်များ ဖြစ်သည်။
‘ဒီလို ဝိညာဉ်လက်နက်မျိုး သွန်းလုပ်ဖို့အတွက် ပျံသန်းနိုင်တဲ့ နတ်ဆိုးသားရဲတွေရဲ့ အရိုးတွေ လိုအပ်တယ်။ ဒါပေမဲ့ တို့ဂိုဏ်းမှာ မရှိ... ဟာ... ရှိသားပဲ’
ယဲ့ဖုန်းသည် ‘စနစ် သိုလှောင်ခန်း’
ကို ဖွင့်လိုက်ပြီး အတောင်ပံပါ သစ်ပင်လူသားများ၏ အရိုးစုများကို မြေကြီးပေါ်သို့ ပုံချလိုက်၏။
ဒါတွေက ယန်ယွင် မြို့ (၁၃) မြို့ အထက်မှာ ပေါ်လာခဲ့သော နတ်ဆိုးမိစ္ဆာတွေလေ။ အားလုံးက နတ်ဆိုးဗိုလ်ချုပ် အဆင့်တွေ။ အရှိန်အဝါ သိပ်မပြင်းထန်ပေမယ့် သူတို့၏ အရိုးစုတွေက ပျံဝဲသော စက်လုံး သွန်းလုပ်ဖို့ လိုအပ်ချက်နှင့် ကိုက်ညီနေသည်။
“တကယ့်ကို ကံကောင်းတာပဲ”
ယဲ့ဖုန်း ကျေနပ်စွာ.. ပြုံးလိုက်ပြီး ‘သူရဲကောင်း ဝိညာဉ်စွမ်းအား’ ကို အသုံးပြုကာ နတ်ဆိုးအရိုးများကို ခွဲစိတ်လိုက်၏။ ထို့နောက် မီးဖိုထဲသို့ ထည့်လိုက်ပြီး အခြားသော အကူပစ္စည်းများနှင့် ‘အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး’ (၃) တုံးကိုပါ ထည့်လိုက်တော့သည်။
‘ဂလန်... ဂလန်... ဂလန်...’
သံရည်ကျို မီးဖိုကြီး အလုပ်စလုပ်လေပြီ။
ထိပ်တန်းအဆင့် ဝိညာဉ်လက်နက် ဖြစ်သွားပြီးနောက် သွန်းလုပ်နှုန်းက ပိုမြန်လာသည်။ (၁၅) မိနစ် မပြည့်ခင်မှာပင် မီးဖို အဖုံး ပွင့်လာသည်။
လေထဲတွင် ပျံဝဲနေသည်က အညိုရောင် လက်သီးဆုပ် အရွယ်အစား စက်လုံးတစ်လုံး။
“စတင်စေ”
ယဲ့ဖုန်း စက်လုံးကို ခပ်ဖွဖွလေး တို့လိုက်သည်နှင့် ချက်ချင်းပင် (၅) မီတာ မြင့်ပြီး၊ အချင်း (၅) မီတာ ရှိသော ပြောင်းပြန်ကတော့ပုံစံ အဖြစ် ကြီးထွားလာကာ မြေပြင်အထက် (၁၀) မီတာ အကွာတွင် ပျံဝဲနေတော့သည်။
“မဆိုးပါဘူး”
ယဲ့ဖုန်းသည် ပျံဝဲသော စက်လုံး ပေါ်သို့ တက်ရပ်လိုက်၏။ တန်ချိန် (၁) သောင်းနီးပါးကို သယ်ဆောင်နိုင်ကြောင်း တွေ့ရှိလိုက်ရသည်။ ထိုထက် ပိုလေးလျှင်တော့ တဖြည်းဖြည်း နိမ့်ဆင်းသွားမည် ဖြစ်သည်။
“စက်လုံးရဲ့ မျက်နှာပြင် ဧရိယာက သေးလွန်းတယ်။ အလုံး (၁၀၀) လောက် သွန်းလုပ်ရင်တောင် စုစုပေါင်း စတုရန်းမီတာ (၂၀၀၀) လောက်ပဲ ရှိမှာ။ ဘာမှ သိပ်တင်လို့ ရမှာ မဟုတ်ဘူး... ဟာ... ဒီလို လုပ်လို့ ရတာပဲ”
ယဲ့ဖုန်း အကြံ တစ်ခု ရသွားပြီး ပြုံးလိုက်၏။
ထို့နောက် သူသည် ပျံဝဲသော စက်လုံးများကို ဆက်လက် သွန်းလုပ်လေတော့သည်။
မျက်စိတစ်မှိတ်အတွင်း (၁) ရက် ကုန်ဆုံးသွားခဲ့၏။
ယဲ့ဖုန်းသည် ကုန်ကြမ်းပစ္စည်း အားလုံးကို အသုံးပြုပြီး စက်လုံး (၁၀၀) တိတိ သွန်းလုပ်လိုက်သည်။ စက်လုံးများသည် သူ့ဘေးပတ်လည်တွင် ဖြည်းညင်းစွာ လှည့်ပတ်နေကြ၏။
“ပျံဝဲသော စက်လုံး (၁၀၀) ... အားလုံးက ‘အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်’တွေပဲ။ စုစုပေါင်း တန်ချိန် (၁) သန်းလောက် မ,တင်နိုင်တယ်”
ယဲ့ဖုန်း စက်လုံးအားလုံးကို သိမ်းဆည်းလိုက်သည်။
‘အဆင့်မြှင့်တင်ရေး စွမ်းအင် - ၁၀.၃၄%’
မီးဖို၏ စွမ်းအင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယဲ့ဖုန်းသည် ဖေးလိုင် တောင်ထိပ်ရှိ အကြီးအကဲများ ခန်းမဆောင် ဆီသို့ လျှောက်သွားလိုက်၏။
“ဂိုဏ်းချုပ်... ဘာကိစ္စ ရှိလို့ပါလဲ”
ယဲ့ဖုန်းကို မြင်လိုက်ရသော လူ (၃) ဦးသည် ကပျာကယာ မတ်တတ်ရပ်ပြီး နှုတ်ဆက်လိုက်ကြသည်။
“ရွှေ့ပြောင်းရေး ကိစ္စ ဘယ်လို အခြေအနေ ရှိလဲ”
ယဲ့ဖုန်း မေးလိုက်သည်။
ကုန်းချင်းချိုး ခဏ တုံ့ဆိုင်းနေပြီးမှ ပြောလိုက်၏။
“ကျွန်မတို့ ရေပေါ်ဖြူမြို့တော် မြို့စားမင်းဟောင်းကြီး၊ ဒုတိယ မြို့စားမင်း နဲ့ တခြားလူတွေကို ဆက်သွယ်ပြီးပါပြီ။ သူတို့က ရေပေါ်ဖြူမြို့တော် တိုးချဲ့မယ့် ကိစ္စကို အပြည့်အဝ ထောက်ခံပါတယ်တဲ့”
လီဇီလုံ က လက်ယှက်ပြီး ပြောသည်။
“ယန်ယွင် မြို့ (၁၃) မြို့ကလည်း အားလုံး ပြောင်းရွှေ့ဖို့ ဆန္ဒရှိပါတယ်။ ဒါပေမဲ့ ရွှေ့ပြောင်းရတဲ့ လုပ်ငန်းစဉ်က အရမ်း ရှုပ်ထွေးပြီး အချိန်အကြာကြီး ယူရမယ့်ပုံ ရှိတယ်”
“ဒါကို သုံးလိုက်... မရှုပ်ထွေးတော့ဘူး”
ယဲ့ဖုန်းသည် ပျံဝဲသော စက်လုံး တစ်ခုကို ထုတ်ပေးလိုက်၏။
“ဂိုဏ်းချုပ်... ဒါ ဘာကြီးလဲ”
သူတို့ (၃) ဦးသည် စက်လုံးကို မျက်တောင်မခတ်ဘဲ ကြည့်ရင်း နားမလည်နိုင် ဖြစ်နေကြသည်။
“ဒါက ‘ပျံဝဲသော စက်လုံး’ပဲ”
ယဲ့ဖုန်း လက်ချောင်းလေးဖြင့် ပုတ်လိုက်သည်နှင့် ချက်ချင်း ကြီးထွားလာပြီး အချင်း (၅) မီတာ ရှိသော ပြောင်းပြန်ကတော့ပုံစံ အဖြစ် လေထဲတွင် ပျံဝဲနေတော့သည်။
“ပျံဝဲသော စက်လုံး ဆိုတာ လေထဲမှာ ရပ်တန့်နေနိုင်တဲ့ အထူးပြုလုပ်ထားသော အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် တစ်မျိုးပဲ။ မြေပြင်အထက် ပေ (၁၀၀၀) အထိ မြင့်တက်နိုင်ပြီး... အမ်... တန်ချိန် (၂) သောင်းလောက် သယ်နိုင်တယ်”
“ဒီလို စက်လုံးမျိုး စုစုပေါင်း (၁၀၀) ရှိတယ်”
“အဲဒါတွေကို သုံးပြီး မြေကြီး တစ်ခုလုံးကို မ,တင်လိုက်ရင် ယန်ယွင် မြို့ (၁၃) မြို့ကို ရွှေ့ပြောင်းဖို့ အရေးကြီးတဲ့ သယ်ယူပို့ဆောင်ရေး နည်းလမ်း ဖြစ်လာလိမ့်မယ်”
ယဲ့ဖုန်း သူ့အစီအစဉ်ကို တစ်ရဆက် ပြောပြလိုက်၏။
သူတို့ (၃) ဦးမှာ အံ့သြလွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။
စက်လုံး တစ်ခုတည်းနဲ့တင် ဒီလောက် စွမ်းအားကြီးနေတာ။ ယဲ့ဖုန်းဆီမှာ အလုံး (၁၀၀) တောင် ရှိတယ်တဲ့လား။
ဒီလို အခြေခံအုတ်မြစ်မျိုးက တကယ့်ကို ပြိုင်ဘက်ကင်းပဲ။
လီဇီလုံက ယုံကြည်မှုရှိရှိ ပြောလိုက်သည်။
“ဒါတွေသာ ရှိရင် ယန်ယွင် မြို့ (၁၃) မြို့ကို ရွှေ့ပြောင်းဖို့ ဘာပြဿနာမှ မရှိတော့ဘူး”
“ကျွန်မတို့ ချက်ချင်း ပြင်ဆင်လိုက်ပါမယ်။ ဂိုဏ်း တာဝန် ထုတ်ပြန်ပြီး တပည့်တွေကို ပါဝင်ခိုင်းမယ်။ ရေပေါ်ဖြူမြို့တော် နဲ့ ယန်ယွင် မြို့ (၁၃) မြို့က ကျင့်ကြံသူတွေလည်း ကူညီကြလိမ့်မယ်”
ကုန်းချင်းချိုးလည်း ထောက်ခံလိုက်၏။
“ကောင်းပြီ... ခင်ဗျားတို့ပဲ စီစဉ်လိုက်ကြတော့”
ယဲ့ဖုန်းသည် ပျံဝဲသော စက်လုံး (၁၀၀) ကို အကြီးအကဲများ ခန်းမဆောင်တွင် ထားခဲ့လိုက်ပါသည်။
နောက်တစ်နေ့ နံနက်ခင်းသ၌၊
အကြီးအကဲများ ခန်းမဆောင်တွင် တာဝန်အသစ်များ ထွက်ပေါ်လာပြီး တပည့်အားလုံး၏ အာရုံကို ဖမ်းစားလိုက်လေတော့သည်။
အခန်း (၃၆၈) - ယန်ယွင် မြို့ (၁၃) မြို့ မဟာရွှေ့ပြောင်းရေး လုပ်ငန်းစဉ်
~တာဝန် ဘုတ်ပြားရှေ့တွင် တပည့်အများအပြား စုရုံးနေကြသည်။
သူတို့သည် ဘုတ်ပြားပေါ်ရှိ စာသားများကို မော့ကြည့်ရင်း တီးတိုး ဆွေးနွေးနေကြသည်။
“ဂိုဏ်း တာဝန် အသစ်တဲ့... ရွှေ့ပြောင်းရေး တာဝန်တဲ့”
“ဒါ ဘယ်လို ထူးဆန်းတဲ့ တာဝန်ကြီးလဲ”
“မြန်မြန်... အသေးစိတ် အချက်အလက်တွေကို ဖတ်ကြည့်ရအောင်”
“ဒီတာဝန်က ဂိုဏ်းသားအားလုံး ပါဝင်လို့ရတဲ့ ‘ဂိုဏ်းအဆင့် တာဝန်’ ဖြစ်တယ်။ မိုင်ထောင်ချီ ဝေးကွာတဲ့ ယန်ယွင် မြို့ (၁၃) မြို့ ကို သွားပြီး အကြီးအကဲတွေကို ကူညီကာ မြို့သူမြို့သားတွေနဲ့ လိုအပ်တဲ့ ပစ္စည်းတွေကို ရွှေ့ပြောင်းပေးရမယ်”
“မှတ်ချက် (၁) - ဒီတာဝန်က ချီစွမ်းအား အများကြီး ကုန်ကျနိုင်ပြီး ခရီးလမ်းကလည်း ရှည်လျားတာမို့လို့... ပျံသန်းရေး မန္တန် မတတ်တဲ့ တပည့်တွေအတွက် မသင့်တော်ပါဘူး”
“မှတ်ချက် (၂) - လိုအပ်ချက် ပြည့်မီတဲ့ တပည့်တွေ လက်ခံနိုင်ပါတယ်။ ရွှေ့ပြောင်းမှု တစ်ကြိမ် အောင်မြင်တိုင်း တာဝန် တစ်ခု ပြီးမြောက်တယ်လို့ သတ်မှတ်မှာပါ”
ရွှီတာလေ့ က တာဝန် အသေးစိတ်ကို အသံထွက် ဖတ်ပြလိုက်၏။
ထိုအချက်များကို ကြားလိုက်ရသောအခါ တပည့်အများစုသည် စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်ကြသည်။
သူတို့က ‘ချီစုစည်းခြင်း တတိယအဆင့်’ သာ ရှိကြသေးပြီး ‘ကိုယ်ဖော့ပညာ’ ကိုတောင် ကောင်းကောင်း မတတ်မြောက်ကြသေးပေ။ ‘ပန်းပွင့်ကြွေ မိုးစက်များ’ လို အဆင့်မြင့် ပျံသန်းရေး မန္တန်မျိုးဆိုလျှင် ပို၍ ဝေးကွာလှသည်။ ထို့ကြောင့် ဒီတာဝန်က သူတို့ လက်လှမ်းမမီနိုင်သော အရာ ဖြစ်နေသည်။
“ငါတော့ ယူလို့ ရတယ်”
ရွှီတာလေ့ စိတ်အားထက်သန်စွာ ပြောလိုက်၏။
ကျင့်ကြံရေး မျှော်စင်တွင် ပြင်းထန်စွာ လေ့ကျင့်ပြီးနောက် သူသည် ‘ချီစုစည်းခြင်း ဆဋ္ဌမအဆင့်’ သို့ ရောက်ရှိနေပြီ ဖြစ်ပြီး မန္တန်အချို့ကိုလည်း တတ်မြောက်ထားပြီ ဖြစ်သည်။
သူ့အတွက်တော့ ဒီတာဝန်က မဖြစ်မနေ ယူရမည့် အရာပင်။
“ငါလည်း ရတယ်”
ဟု မူစီစီလည်း ဝင်ပြောလိုက်၏။
သူမ၏ ကျင့်ကြံခြင်း အဆင့်က ပိုမြင့်မားပြီး ‘ချီစုစည်းခြင်း သတ္တမအဆင့်’ သို့ ရောက်ရှိနေပြီ ဖြစ်သည်။ မန္တန် အသုံးပြုပုံမှာလည်း ရွှီတာလေ့ ထက် သာလွန်သည်။
“ငါတို့ ပထမမျိုးဆက် တပည့်တွေ အကုန်လုံးနီးပါး ဒီတာဝန်နဲ့ ကိုက်ညီတယ် မဟုတ်လား”
‘ကျိန်စာသင့်’ ဝမ်ဖင်းအန်း က တာဝန် ဘုတ်ပြားရှေ့တွင် ရပ်ရင်း ရေရွတ်လိုက်၏။
“အစ်ကိုကြီးဝမ်... ကျွန်တော်တို့ အဖွဲ့ဖွဲ့လို့ ရမလား”
ချီစုစည်းခြင်း စတုတ္ထအဆင့် ရှိသော ဒုတိယမျိုးဆက် တပည့်တစ်ဦးက မေးလိုက်၏။
“ရလောက်ပါတယ်”
ဝမ်ဖင်းအန်း က အသေးစိတ် အချက်အလက်များကို ကြည့်ရင်း ပြောလိုက်၏။
“အဖွဲ့မဖွဲ့ရဘူးလို့ မရေးထားပါဘူး”
“ဒါဆို အဖွဲ့ဖွဲ့ကြရအောင်”
“အကြံကောင်းပဲ”
တပည့်အများအပြားသည် အသင်းဖော်များကို အလျင်အမြန် လိုက်ရှာကြတော့သည်။
“အဖွဲ့ဖွဲ့လို့ ရပါတယ်။ ဒါပေမဲ့ အဖွဲ့တစ်ဖွဲ့မှာ အဖွဲ့ဝင် (၃) ယောက်ထက် မပိုရဘူး”
မျက်နှာဖုံးစွပ်ထားသော ချူယွင်အာ သည် တာဝန် ဘုတ်ပြားပေါ်တွင် တတိယမြောက် မှတ်ချက်တစ်ခုကို ထပ်ဖြည့်လိုက်ရင်း ပြောလိုက်၏။
[ မှတ်ချက် (၃) - ပူးပေါင်းဆောင်ရွက်ခွင့် ပြုသည်။ သို့သော် သူများလုပ်တာကို အချောင်ခိုပြီး လိုက်စားမည့်သူများ မရှိစေရန်အတွက် အဖွဲ့တစ်ဖွဲ့တွင် အဖွဲ့ဝင် (၃) ဦးထက် မများစေရ။ ]
တတိယ မှတ်ချက်ကို ဖတ်ပြီးနောက် လူအင်အား (၁၀) ဂဏန်းလောက်နှင့် အဖွဲ့ဖွဲ့ရန် ကြံစည်ထားသော အဆင့်နိမ့် တပည့်အချို့မှာ ငိုချင်သွားကြသည်။
ကြည့်ရတာ ဒီတာဝန်က သူတို့အတွက် မဟုတ်ပုံ ရသည်။
အခြားတစ်ဖက်တွင်မူ ချီစုစည်းခြင်း စတုတ္ထနှင့် ပဉ္စမအဆင့် တပည့်များသည် (၃) ယောက်တစ်ဖွဲ့ ဖွဲ့စည်းလိုက်ကြပြီး ချူယွင်အာ ထံမှ တာဝန်ကို အောင်မြင်စွာ လက်ခံရယူလိုက်ကြလေသည်။
*
ဂိုဏ်းချုပ်ခန်းမဆောင် ရင်ပြင် ရှေ့တွင်...
လီဇီလုံ သည် မြင့်မားသော စင်မြင့်တစ်ခုပေါ်တွင် ရပ်နေသည်။ ကျောဘက်တွင် ငွေရောင်လှံရှည် တစ်ချောင်း လွယ်ထား၏။
“လောစရာ မလိုပါဘူး။ ဂိုဏ်း တာဝန် လက်ခံထားတဲ့ တပည့်တွေ ခဏလောက် စောင့်ပေးကြပါ။ ခဏနေရင် ကျွန်တော်တို့ ယန်ယွင် မြို့ (၁၃) မြို့ကို အတူတူ သွားကြမယ်”
“ဟုတ်ကဲ့ပါ”
တပည့်များ ခေါင်းညိတ် နာခံလိုက်ကြသည်။
ထိုအချိန်တွင် တာဝန် ဘုတ်ပြားပေါ်၌ တာဝန်အသစ် တစ်ခု ထပ်မံ ပေါ်ထွက်လာပြန်၏။
“ဟေ့... ကြည့်စမ်း။ တာဝန်အသစ် တစ်ခု”
“ဒီတာဝန်က ဂိုဏ်းသားအားလုံး ယူလို့ရတယ်။ ယန်ယွင် မြို့ (၁၃) မြို့ ရွှေ့ပြောင်းရေး လုပ်ငန်းစဉ်အတွင်း တွေ့ကြုံရမယ့် ရန်သူတွေကို သတ်ဖြတ်ပေးရမယ့် တာဝန်ပဲ။ လိုအပ်ချက်ကတော့ အနည်းဆုံး ‘ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့်’ ပထမအဆင့် ရှိရမယ်”
“ဒါက စစ်မှန်သော အမွေခံ အဆင့် ရှိတဲ့သူတွေအတွက် အဆင့်မြင့် တာဝန်ပဲ။ တို့ ကျင့်ကြံခြင်း အဆင့်တွေက နိမ့်လွန်းလို့ လုပ်နိုင်မှာ မဟုတ်ဘူး”
“ဒီတာဝန်က အရမ်း အန္တရာယ်များတာပဲ”
“ဒီမှာ ကြည့်စမ်း... ‘နတ်ဆိုးဗိုလ်ချုပ်’အဆင့် ရန်သူ တစ်ကောင် သတ်နိုင်ရင် တာဝန် တစ်ကြိမ် ပြီးမြောက်တယ်လို့ သတ်မှတ်မယ်တဲ့။ ‘အဆင့်မြင့် နတ်ဆိုးစစ်သည်’ အဆင့် နတ်ဆိုးသားရဲ (၁၀) ကောင် သတ်ရင်လည်း တာဝန် တစ်ကြိမ် ပြီးမြောက်တယ်တဲ့”
“ဟာ... အလယ်အလတ်အဆင့် နဲ့ အနိမ့်အဆင့် နတ်ဆိုးစစ်သည် တွေအတွက် သတ်မှတ်ချက် မပါဘူးပဲ။ ဆိုလိုတာက... အဲဒီကောင်တွေကို ဘယ်လောက်သတ်သတ် တာဝန် အမှတ် မရဘူး ဆိုတဲ့ သဘောပေါ့”
“ထားလိုက်ပါတော့ကွာ... ငါတို့ ကြိုးကြိုးစားစား ဆက်ကျင့်ကြံပြီး အဆင့်မြင့်လာမှပဲ ပါဝင်တော့မယ်”
“အိပ်မက် မက်မနေနဲ့။ တို့ အဆင့်မြင့်လာတဲ့ အချိန်ကျရင် ရွှေ့ပြောင်းရေး တာဝန်က ပြီးတာ ကြာနေလောက်ပြီ”
တပည့်များသည် အလွန် စိတ်ပျက်သွားကြသည်။
သူတို့သည် ဖေးလိုင် တောင်ထိပ်၏ ကမ်းပါးစွန်း ကျောက်ဆောင်များပေါ်တွင် အလျင်အမြန် တင်ပျဉ်ခွေ ထိုင်လိုက်ကြပြီး ဝိညာဉ်စွမ်းအင်များကို စုပ်ယူကာ မနားမနေ ဆက်လက် ကျင့်ကြံကြတော့သည်။
အချို့ကမူ ကျင့်ကြံရေး မျှော်စင်ကို သွားရောက် စိန်ခေါ်ရန် ပြင်ဆင်ကြသည်။
ဂိုဏ်းချုပ်ခန်းမဆောင် ရင်ပြင်ပေါ်၌...
“လူစုံပြီ ဆိုတော့... သွားကြစို့”
လီဇီလုံ သည် သူ၏ ငွေရောင်လှံပေါ်သို့ တက်လိုက်၏။ လှံတံသည် ပေ (၃၀၀) ခန့်အထိ ရှည်ထွက်လာပြီး တောက်ပသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။ ထို့နောက် တပည့် ဒါဇင်ပေါင်းများစွာကို တင်ဆောင်ကာ ယန်ယွင် မြို့ (၁၃) မြို့ ဆီသို့ ပျံသန်း ထွက်ခွာသွားလေ၏။
ရေပေါ်ဖြူမြို့တော် ဘက်တွင်...
“သွားကြစို့... တို့တွေလည်း ထွက်ခွာမယ်”
ဒုတိယ မြို့စားမင်း ကိုယ်တိုင် ဦးဆောင်ပြီး ထွက်ခွာလာသည်။
နီရှန် နန်းတော် သခင်မ၊ ဓားသိုင်းအရှင်ဂိုဏ်း ဂိုဏ်းချုပ်၊ ငှက်မွှေးတောင်ဂိုဏ်း ဂိုဏ်းချုပ် နှင့် အခြားသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူများသည်လည်း သူတို့၏ အကြီးအကဲများ၊ တပည့်များကို ခေါ်ဆောင်ကာ လိုက်ပါလာကြသည်။
သူတို့က မြူခိုးဂိုဏ်းသားများ မဟုတ်ကြပေ။
သို့သော် ကုန်းချင်းချိုး က ရေပေါ်ဖြူမြို့တော် မြို့စားမင်း ရာထူးဖြင့် ‘မြို့စားမင်း၏ ဆုကြေး တာဝန်’ တစ်ခု ထုတ်ပြန်ထားခြင်း ဖြစ်သည်။
ရွှေ့ပြောင်းရေးမှာ ပါဝင်သူတိုင်း ထိုက်တန်သော ဆုလာဘ်များ ရရှိကြမည် ဖြစ်သည်။
လူတိုင်း လျင်မြန်စွာ လှုပ်ရှားကြသည်။
နေဝင်ရီတရော အချိန်တွင် လူတိုင်း ယန်ယွင် မြို့ (၁၃) မြို့သို့ အသီးသီး ရောက်ရှိလာကြသည်။
“နောက်ဆုံးတော့ ရောက်လာပြီ”
“အောက်က မြင်နေရတာ ယန်ယွင် မြို့ (၁၃) မြို့ လား။ ဘာလို့ (၉) မြို့ပဲ တွေ့ရတာလဲ”
လူတိုင်း အောက်ဘက်ကို ငုံ့ကြည့်ရင်း တီးတိုး မေးမြန်းနေကြ
တော့၏။
ထိုအခါ၊လီဇီလုံက ရှင်းပြလိုက်သည်။
“အရင်တုန်းကတော့ (၁၃) မြို့ ရှိခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ နတ်ဆိုးသားရဲ ဒီရေလှိုင်း တွေ အကြိမ်ကြိမ် တိုက်ခိုက်ခံရပြီးနောက် ဒီလောက်ပဲ ကျန်တော့တာပါ”
“စစ်သူကြီး ဇီလုံ... ပြန်ရောက်လာပြီပဲ”
ယန်ယွင် မြို့ (၁၃) မြို့မှ ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် အကြီးအကဲ အချို့သည် အလျင်အမြန် ပြေးထွက်လာပြီး နှုတ်ဆက်ကြ၏။
“ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့ အများကြီး ပြင်ဆင်ထားပါတယ်။ ထုပ်ပိုးစရာ ရှိတာတွေ အကုန် ထုပ်ပိုးပြီးပါပြီ”
“ကောင်းပြီ... ဒါဆို ရွှေ့ပြောင်းရေး စလိုက်ကြတာပေါ့”
လီဇီလုံ ပြောလိုက်၏။
အကြီးအကဲ တစ်ဦးသည် ကူညီရန် ရောက်ရှိလာသော မြူခိုးဂိုဏ်း တပည့် ဒါဇင်အနည်းငယ်နှင့် ရေပေါ်ဖြူမြို့တော်မှ ကျင့်ကြံသူများကို ကြည့်လိုက်ပြီး မျက်နှာထား ရှုပ်ထွေးသွားသည်။
“စွမ်းအားရှင်တွေ အများကြီး ရောက်လာပေမယ့်... လူ (၁) သန်းကျော်ကို ရွှေ့ပြောင်းဖို့ ဆိုတာ ခက်ခဲလွန်းပါတယ်”
“ဟုတ်ပါတယ်”
ဒုတိယ မြို့စားမင်း နှင့် အခြားသူများကလည်း ကြီးမားသော စိန်ခေါ်မှုကြီး ဖြစ်ကြောင်း ထောက်ခံ ပြောဆိုကြသည်။
“စိတ်ပူစရာ မလိုပါဘူး... မြေကြီး... လာစမ်း”
လီဇီလုံ သည် လက်ချောင်းများကို ဓားသဏ္ဌာန် ပြုလုပ်လိုက်ပြီး မြေကြီးကို ထိလိုက်၏။ သူ၏ ငွေရောင်လှံသည် နဂါးတစ်ကောင်အလား မြေကမ္ဘာ မျက်နှာပြင်ကို ထိုးဖောက်ဝင်ရောက်သွားပြီး မြေသားနှင့် ကျောက်တုံး အမြောက်အမြားကို ကော်ထုတ်လိုက်သည်။
“စုစည်းစေ”
လီဇီလုံ လက်ဟန်ဖြင့် မန္တန် ရွတ်ဆိုလိုက်ရာ မမြင်ရသော ဖိအားတစ်ခု သက်ရောက်လာပြီး ရေနှင့် ရောနှောကာ ထိုမြေသား၊ ကျောက်တုံးများကို (၃) မီတာ ထူပြီး အချင်း (၅၀၀) မီတာ ရှိသော စင်မြင့်ကြီး တစ်ခုအဖြစ် ဖိသိပ်လိုက်၏။
“မြောက်တက်စေ”
လီဇီလုံ သည် လက်သီးဆုပ် အရွယ်အစား ရှိသော ‘ပျံဝဲသော စက်လုံး’
(၃) လုံးကို ပစ်ထုတ်လိုက်၏။ ရှိနေသူများ အံ့သြတကြီး ကြည့်နေစဉ်မှာပင် ထိုစက်လုံးများသည် ကြီးထွားလာပြီး ပြောင်းပြန်ကတော့ပုံစံ ဝိညာဉ်လက်နက်များ အဖြစ် ပြောင်းလဲသွားကာ မြေသားစင်မြင့်ကြီးကို အောက်မှ ပင့်မထားလိုက်လေ၏။
“စွမ်းအား ခိုင်မာစေသော အဆောင်လက်ဖွဲ့... ဖိနှိပ်မယ်”
ကုန်းချင်းချိုး သည် အဝေးမှ လျှောက်လာပြီး စက္ကူ အဆောင်လက်ဖွဲ့ တစ်ချပ်ကို ထုတ်ကာ မြေသားစင်မြင့်ပေါ်တွင် ကပ်လိုက်၏။ ချက်ချင်းပင် စင်မြင့်ကြီးသည် ရွှေကဲ့သို့ မာကျောခိုင်ခံ့သွားပြီး ဘေးပတ်လည်တွင် လက်ရန်းများပင် ပေါ်လာသည်။
“လူကြီးမင်းတို့... ဒါက ပျံဝဲသော စက်လုံး ပါ။ ဂိုဏ်းချုပ် ကိုယ်တိုင် သွန်းလုပ်ထားတဲ့ အထူး အလယ်အလတ်အဆင့် ဝိညာဉ်လက်နက် ဖြစ်ပါတယ်။ (၃) လုံး ပေါင်းလိုက်ရင် ပေါင်ချိန် သန်း (၆၀) လောက် သယ်ဆောင်နိုင်ပါတယ်။ လူ (၁) သိန်းလောက်ကို တင်ဆောင်ဖို့ လုံလောက်ပါတယ်”
လူတစ်ယောက်ရဲ့ ပျမ်းမျှ အလေးချိန်က ပေါင် (၁၀၀) ကျော် ရှိသည်။
သို့ရာတွင်၊ သူတို့က အထုပ်အပိုးတွေ၊ အိပ်ရာလိပ်တွေ သယ်လာကြမှာ ဖြစ်သလို၊ မြေသားစင်မြင့်ကြီးရဲ့ အလေးချိန်ကိုပါ ထည့်တွက်လိုက်ရင်... စင်မြင့်တစ်ခုက လူ (၁) သိန်းလောက်ကို သယ်ဆောင်နိုင်မှာ ဖြစ်သည်။
“ဒီလို နည်းလမ်းမျိုး ရှိတာလား”
“အံ့သြစရာပဲ”
လူတိုင်းသည် ပေ (၁၀၀) ကျော် အချင်းရှိသော စင်မြင့်ကြီးကို ကြည့်လိုက်၊ အောက်ဘက်ရှိ ယန်ယွင် မြို့ (၁၃) မြို့ကို ကြည့်လိုက်ဖြင့် အံ့သြနေကြသည်။ ဒီကိရိယာတွေသာ ရှိရင် ရွှေ့ပြောင်းရေး လုပ်ငန်းစဉ်က အဆပေါင်းများစွာ မြန်ဆန်သွားမှာ သေချာသည်။
ဒုတိယ မြို့စားမင်း က မြေသားစင်မြင့်ကို ကြည့်ရင်း ခန့်မှန်းလိုက်၏။
“ကျွန်တော့်အထင် (၃) လလောက် အတွင်းမှာ ရွှေ့ပြောင်းလို့ ပြီးလောက်တယ်”
“အဲဒီလောက် မကြာပါဘူး။ ဘာလို့လဲဆိုတော့ ပျံဝဲသော စက်လုံး က ဒီလောက်ပဲ ရှိတာ မဟုတ်လို့ပါ”
လီဇီလုံ သည် ကျန်ရှိနေသော ပျံဝဲသော စက်လုံးများကို ထုတ်ယူလိုက်ပြီး (၃) လုံးတစ်တွဲ သတ်မှတ်ကာ နေရာတင် မြေသားစင်မြင့်များ ထပ်မံ တည်ဆောက်လိုက်လေ၏။
ထို့နောက် ကုန်းချင်းချိုး က အဆောင်လက်ဖွဲ့များ အသုံးပြု၍ စင်မြင့်များကို ဆက်လက် ခိုင်ခံ့စေသည်။
မကြာမီအချိန် အတွင်းမှာပင် စင်မြင့်ကြီး (၃၃) ခု တည်ဆောက်ပြီးစီးသွားသည်။
၎င်းတို့သည် ကောင်းကင်ယံတွင် ဧရာမ ပန်းကန်ပြားပျံကြီးများ အလား တွဲလျားခိုနေကြပြီး အဝေးမှ လှမ်းကြည့်လျှင် အလွန် ခမ်းနားသော မြင်ကွင်း ဖြစ်လေ၏။
“ကျင့်ကြံသူ သခင်ကြီးတွေ ဆိုတာ တကယ် ပြောစမှတ် ပြုလောက်ပါပေတယ်။ ဒီပန်းကန်ပြားပျံကြီးတွေနဲ့ ဆိုရင် ငါတို့ မြန်မြန် ရွှေ့လို့ ရပြီ”
“ငါက လမ်းလျှောက်ပြီး သွားရမယ် ထင်နေတာ”
ယန်ယွင် မြို့ (၁၃) မြို့မှ ပြည်သူများသည် သက်ပြင်းချနိုင်သွားကြပြီး အချို့ဆိုလျှင် စိတ်လှုပ်ရှားစွာဖြင့် ပျံဝဲသော စင်မြင့်များပေါ်သို့ ချက်ချင်း တက်ရောက်ချင်နေကြသည်။
“လူကြီးမင်းတို့... ရွှေ့ပြောင်းရေး စတင်လိုက်ကြပါစို့”
လီဇီလုံ နှင့် ကုန်းချင်းချိုး ပြိုင်တူ အမိန့်ပေးလိုက်သည်နှင့် ယန်ယွင် မြို့ (၁၃) မြို့၊ ရေပေါ်ဖြူမြို့တော် နှင့် မြူခိုးဂိုဏ်းမှ ကျင့်ကြံသူ အားလုံး စတင် လှုပ်ရှားကြတော့သည်။
သူတို့၏ အကူအညီဖြင့် တစ်ညလုံး အလုပ်ရှုပ်ပြီးနောက် ယန်ယွင် မြို့ (၁၃) မြို့မှ လူများနှင့် ပစ္စည်းပစ္စယ အားလုံးကို ပျံဝဲသော စင်မြင့်များပေါ်သို့ တင်ဆောင်ပြီးစီးသွားခဲ့လေ၏။
ကြက်၊ ဝက်၊ အိုး၊ ခွက်၊ ပန်းကန်၊ အစားအသောက်၊ ထင်း၊ ဆန်၊ ဆီ၊ ဆား နှင့် ရွှေ့ပြောင်း၍ ရသမျှ အရာအားလုံးကို ထို ပျံဝဲသော စင်မြင့် (၃၃) ခုပေါ်တွင် နေရာချထားလိုက်ကြလေတော့သည်။
အခန်း (၃၆၉) - ထိတ်လန့်ဖွယ် သတင်းနှင့် ကြွေထည်ဘုရင် (အပိုင်း-၅)
~“လူကြီးမင်းတို့... ပျံဝဲသော စင်မြင့်ကြီးတွေက သူတို့သဘောနဲ့ သူတို့ အလိုအလျောက် မပျံသန်းနိုင်ပါဘူး။ အထူးတာဝန် မရှိတဲ့ ကျင့်ကြံသူတွေ အားလုံး ပျံသန်းရေး မန္တန်တွေ သုံးပြီး စင်မြင့်ကြီးတွေကို ရေပေါ်ဖြူမြို့တော် ရှိရာဘက်ဆီ ဆွဲခေါ်သွားပေးကြပါ”
ကုန်းချင်းချိုး က ကျယ်လောင်စွာ အမိန့်ပေးလိုက်၏။
“ဟုတ်ကဲ့ပါ”
ကျင့်ကြံသူများသည် (၃) ယောက်တစ်ဖွဲ့ ဖွဲ့စည်းကာ စင်မြင့်ကြီးများနှင့် ချိတ်ဆက်ထားသော သံကြိုးကြီးများကို ကိုင်စွဲလျက် စတင် ဆွဲငင်ကြလေ၏။
သို့သော် သူတို့၏ အရှိန်မှာ နှေးကွေးလှသည်။
တစ်စက္ကန့်လျှင် မီတာအနည်းငယ်မျှသာ ရွေ့လျားနိုင်သည်။
ဤနှုန်းထားအတိုင်း ဆိုလျှင် နေ့မနား ညမနား ခရီးနှင်လျှင်ပင် ရေပေါ်ဖြူမြို့တော်သို့ ရောက်ရန် ရက်အတော်ကြာ အချိန်ယူရပေလိမ့်မည်။
“ကျုပ်ရဲ့ တွက်ချက်မှုအရ ဆိုရင်... ဒီတာဝန် တစ်ခုလုံး ပြီးမြောက်ဖို့ အနည်းဆုံး လဝက်လောက်တော့ ကြာလိမ့်မယ်”
လီဇီလုံ သည် ရှေ့ဆုံးမှ ပျံသန်းရင်း ပြောလိုက်၏။ သူသည် ငွေရောင်လှံရှည်ကို အသုံးပြု၍ သံကြိုးတစ်ချောင်းကို ချိတ်ဆက်ကာ အချင်း မီတာ (၁၀၀) ခန့်ရှိသော စင်မြင့်ငယ် တစ်ခုကို တစ်ယောက်တည်း ဆွဲခေါ်သွားနေခြင်း ဖြစ်သည်။
ထိုစင်မြင့်၏ အောက်ဘက်တွင် နောက်ဆုံး ကျန်ရှိသော ပျံဝဲသော စက်လုံး တစ်လုံး ပါရှိသည်။
ထိုစင်မြင့်ပေါ်တွင် ယန်ယွင် မြို့ (၁၃) မြို့မှ လူများနှင့် တိရစ္ဆာန်များ လမ်းခရီးတွင် ငတ်ပြတ်မသွားစေရန် ရိက္ခာများကို တင်ဆောင်ထားသည်။
“တကယ် ပင်ပန်းတာပဲ”
တပည့်အချို့သည် တစ်မော့သောက်ချိန်ခန့် ဆွဲပြီးရုံမျှဖြင့် ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှု သိသိသာသာ များပြားလာသည်ကို ခံစားလိုက်ရပြီး ဆက်လက် မလုပ်ဆောင်နိုင်တော့မလို ဖြစ်လာကြသည်။
အချို့ဆိုလျှင် နဖူးပေါ်၌ ချွေးသီးချွေးပေါက်များ ကျနေ၏။
အချိန်ကြာလာသည်နှင့်အမျှ ကျင့်ကြံသူ အများအပြား တင်ဆောင်ထားသော ပျံဝဲသော စင်မြင့်ကြီးများသည် မြေပြင်အထက် (၁) ကီလိုမီတာ အမြင့်သို့ ရောက်ရှိလာပြီး မိုင် (၁၀၀) ကျော် ခရီးပေါက်ခဲ့ပြီ ဖြစ်သည်။
မကြာမီ စင်မြင့်ကြီးများသည် ယန်ယွင် မြို့ (၁၃) မြို့၏ နေရာဟောင်းကို ကျော်ဖြတ်ကာ အခြားမြို့များ၏ အထက်သို့ ရောက်ရှိလာကြသည်။
“ကောင်းကင်ကို မော့ကြည့်လိုက်ကြဦး”
“အဲဒါ ဘာကြီးလဲ”
“ဟိုမှာ အလံတိုင် တစ်တိုင် စိုက်ထားတယ်... ‘မြူခိုးဂိုဏ်း’ ဆိုတဲ့ စာလုံးကြီး (၃) လုံး ရေးထားတယ်”
“မြူခိုးဂိုဏ်းက အင်မော်တယ် ဆရာသခင်တွေ အကြီးစား စစ်ဆင်ရေး လုပ်နေကြတာပဲ”
သူတို့ ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ မြို့များမှ ကျင့်ကြံသူများသည် ခေါင်းအထက်မှ ပျံသန်းသွားသော ဧရာမ စင်မြင့်ကြီးများကို ကြည့်ရင်း အလွန်အမင်း တုန်လှုပ်ခြောက်ခြား သွားကြလေ၏။
[ ဂိုဏ်း ဂုဏ်သတင်းကျော်ကြားမှု အမှတ် +၂၃၃၄ ]
မြူခိုးတောင်ထိပ် ပေါ်တွင် ရှိနေသော ယဲ့ဖုန်းသည် စနစ်၏ အသိပေးချက်ကို လက်ခံရရှိလိုက်သည်။
“သူတို့ စတင် လှုပ်ရှားနေကြပြီပဲ”
ယဲ့ဖုန်းသည် ယန်ယွင် မြို့ (၁၃) မြို့ ရှိရာဘက်သို့ လှမ်းကြည့်ရင်း ကျေနပ်အားရစွာ ပြုံးလိုက်၏။
ကုန်းချင်းချိုး နှင့် လီဇီလုံ တို့ ဦးဆောင်နေမှတော့ ရွှေ့ပြောင်းရေး လုပ်ငန်းစဉ်တွင် အမှားအယွင်း ရှိလိမ့်မည် မဟုတ်ကြောင်း သူ ယုံကြည်သည်။
ဒါ့အပြင် သူ ကိုယ်တိုင် ဖန်တီးထားသော ‘မြူခိုးဂိုဏ်း’ စာလုံးကြီး (၃) လုံး ပါသည့် ဝင်္ကပါ အလံတော်ကို လီဇီလုံ အား ပေးအပ်လိုက်ပြီး ရှေ့ဆုံး စင်မြင့်ပေါ်တွင် စိုက်ထူခိုင်းထား၏။ ထိုအရာက သူခိုးဂျပိုးများကို ခြောက်လှန့်ရန် လုံလောက်ပေသည်။
*
ကောင်းကင်ယံ အထက်တွင်...
ဓားပျံစီး ကျင့်ကြံသူ အများအပြားသည် တိမ်တိုက်များကြားမှ ဖြတ်သန်းသွားသော စင်မြင့်တန်းကြီးကို မြင်လိုက်ရသောအခါ အလွန်အမင်း အံ့သြသွားကြ၏။
“ဘာတွေ ဖြစ်ကုန်ကြတာလဲ”
“မြူခိုးဂိုဏ်းက လူတွေပဲ”
အင်အားကြီး ဂိုဏ်းများမှ ခရီးသွား ကျင့်ကြံသူများသည် အံ့သြသွားကြပြီး စူးစမ်းချင်စိတ်ဖြင့် အနားသို့ ကပ်သွားကြသည်။ စုံစမ်းမေးမြန်းပြီးနောက် ယန်ယွင် မြို့ (၁၃) မြို့ကို ရေပေါ်ဖြူမြို့တော်နှင့် ပေါင်းစည်းတော့မည့် သတင်းကို သိရှိလိုက်ကြ၏။
“မြို့တော် ပေါင်းစည်းတာ ဟုတ်လား။ သူတို့က ကြယ်နှစ်ပွင့် အင်အားစုတွေကို စိန်ခေါ်ဖို့ ပြင်ဆင်နေတာလား”
ဖြတ်သွားဖြတ်လာ ကျင့်ကြံသူများထဲတွင် လျှို့ဝှက်ချက်များစွာကို သိရှိထားသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူများ ပါဝင်နေသဖြင့် သူတို့ ပိုမို တုန်လှုပ်သွားကြသည်။
မကြာမီ သတင်းစကားများ ပျံ့နှံ့သွားလေ၏။
ခရိုင်ဘုရင်မြို့တော်၊ လေနတ်ဘုရားမြို့တော် ၊ ကျွန်းတစ်ထောင် မဟာမိတ်အဖွဲ့ နှင့် အခြားနေရာများသို့လည်း သတင်းများ အသီးသီး ရောက်ရှိသွားကြသည်။
“မြူခိုးဂိုဏ်းက လေထဲမှာ ပျံသန်းနိုင်တဲ့ ဧရာမ မြေသားစင်မြင့်ကြီး ဒါဇင်ပေါင်းများစွာကို ရှာတွေ့ထားပြီး ယန်ယွင် မြို့ (၁၃) မြို့ကို တစ်ခါတည်း အကုန် မ,ယူသွားတာ ဟုတ်လား”
“ဟုတ်ပါတယ်။ မြင်ကွင်းက တကယ့်ကို အံ့မခန်းပဲ”
“ဒါ ယဲ့ဖုန်းရဲ့ နောက်ထပ် ထူးချွန်ပြောင်မြောက်တဲ့ မဟာဗျူဟာ တစ်ခုပဲ ဖြစ်ရမယ်”
အင်အားကြီး ဂိုဏ်းခေါင်းဆောင်များသည် သတင်းကြားရသည်နှင့် လန့်ဖျပ်သွားကြသည်။
သူတို့သည် ကောင်းကင်သို့ ပျံတက်ကာ အလင်းတန်းများ အဖြစ် ပြောင်းလဲပြီး လီဇီလုံ တို့ ဖြတ်သန်းလာမည့် လမ်းကြောင်းဆီသို့ ဦးတည်သွားကြသည်။
မိုင်ရာချီ အကွာအဝေးကနေ ကြည့်လိုက်လျှင်ပင် တိမ်တိုက်များနှင့် တစ်တန်းတည်း ပျံသန်းလာသော စင်မြင့်ကြီးများကို တွေ့မြင်နေရသည်။
အဝေးက ကြည့်လျှင် ကောင်းကင်ဘုံ နန်းတော်ကြီးများ ကမ္ဘာမြေသို့ ဆင်းသက်လာသကဲ့သို့ ထင်မှတ်ရပြီး ရင်ထဲတွင် လွမ်းဆွတ်တမ်းတမှုများ ဖြစ်ပေါ်လာစေသည်။
“ကြီးကျယ်ခမ်းနားလိုက်တဲ့ လှုပ်ရှားမှုပါလား”
“မြူခိုးဂိုဏ်းက ယဲ့ဖုန်း ဆိုတာ နာမည်နဲ့လိုက်အောင် စွမ်းတာပဲ။ အင်အားကြီးရုံတင် မကဘူး... သူ့ရဲ့ ဉာဏ်ရည်ထက်မြက်တဲ့ နည်းဗျူဟာတွေက တရစပ် ထွက်ပေါ်လာတာ တကယ့်ကို အံ့ဖွယ်ရာပဲ”
ဂိုဏ်းချုပ်များသည် မျက်လုံးပြူးကာ အမျိုးမျိုးသော ခံစားချက်များ ဖြစ်ပေါ်နေကြ၏။
အချို့က မနာလို ဖြစ်ကြသည်။ အချို့က အံ့သြကြသည်။ အချို့က ဝမ်းသာကြ၏။
ဂိုဏ်းချုပ် အချို့ဆိုလျှင် ပျံဝဲသော စင်မြင့်များကို ကိုယ်ပိုင် လိုချင်စိတ်များ ပေါက်လာပြီး ယဲ့ဖုန်းထံ ကိုယ်တိုင်သွားရောက် ဝယ်ယူရန်ပင် ကြံစည်နေကြသည်။
သတင်းများ ဆက်လက် ဂယက်ထနေတော့သည်။
*
ခရိုင်ဘုရင်မြို့တော် ၏ ဗဟိုချက်မတွင်...၊
ခမ်းနားထည်ဝါသော ခန်းမဆောင်ကြီး တစ်ခု အတွင်း၌...၊
“ပျံဝဲသော စင်မြင့်တွေ ဟုတ်လား။ တန်ချိန် သန်းပေါင်းများစွာကို သယ်ဆောင်နိုင်တယ်တဲ့လား။ ထွန်းတောက်လာတဲ့ မြူခိုးဂိုဏ်းက နည်းလမ်းပေါင်းစုံနဲ့ တကယ်ကို ကြောက်စရာ ကောင်းလာပြီပဲ”
ပုံကျသော ချပ်ဝတ် ဝတ်ဆင်ထားပြီး မုတ်ဆိတ်မွေး တိုတို ထားရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး မတ်တတ်ရပ်လိုက်၏။ သူ့အသံတွင် အာဏာစက် လွှမ်းမိုးနေသည်။
ဤသူကား ခရိုင်ဘုရင်မြို့တော်၏ အရှင်သခင် ‘ခရိုင်ဘုရင်မင်းသား’ ပင် ဖြစ်သည်။
ထိုစဉ်၊
မြစိမ်းရောင် ချပ်ဝတ် ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ရှေ့တိုးလာပြီး ပြောလိုက်၏။
“ထူးခြားဆန်းပြားတဲ့ ပျံဝဲသော စင်မြင့်... ဒီပစ္စည်းက တော်တော် မိုက်တာပဲ။ ကျွန်တော် မြူခိုးဂိုဏ်းကို သွားလည်ဦးမှ”
“ကြွေထည်ဘုရင် ... ခင်ဗျား ပြဿနာ မရှာဖို့ မျှော်လင့်ပါတယ်။ ငြိမ်းချမ်းရေးက တန်ဖိုးရှိတယ်”
ခရိုင်ဘုရင်မင်းသားက လေးနက်စွာ သတိပေးလိုက်သည်။
“ကျွန်တော်က ဘယ်တုန်းက ပြဿနာ ရှာဖူးလို့လဲ”
ကြွေထည်ဘုရင် က အာမခံ ပြောဆိုပြီး ထွက်ခွာသွားလေ၏။
‘ရွှစ်...’
သူသည် မြစိမ်းရောင် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တစ်ခဏချင်းမှာပင် ကီလိုမီတာ ပေါင်းများစွာ ခရီးပေါက်သွားသည်။ သူ့အရှိန်ကြောင့် ဖြစ်ပေါ်လာသော လေထုကွဲအက်သံ သည် ခရိုင်ဘုရင် မြို့တော်မှ ကျင့်ကြံသူများကို အံ့သြတကြီး မော့ကြည့်စေခဲ့သည်။
“အဲဒါ ကြွေထည်ဘုရင် ပဲ”
“သူ့ကျင့်ကြံခြင်း အဆင့်က ‘ဝိညာဉ်ပင်လယ် သတ္တမအဆင့်’ကို ရောက်နေပြီလို့ ပြောကြတယ်။ တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခုလုံးမှာ ထိပ်တန်း ပညာရှင် အနည်းငယ်ထဲက တစ်ယောက်ပဲ”
ခရိုင်ဘုရင်မြို့တော်မှ လူများသည် အချင်းချင်း ဆွေးနွေးနေကြ၏။
*
ခရိုင်ဘုရင် စံအိမ်တော်...
ရှုဟုန်ယွီ သည် ခေါင်းမော့လိုက်ပြီး နေရောင်ခြည်ကို လက်ဝါးနုနုလေးဖြင့် ကာလျက် ကြွေထည်ဘုရင် ထွက်ခွာသွားရာ လမ်းကြောင်းကို ငေးကြည့်လိုက်၏။
“အဲဒီဘက်က... မြူခိုးဂိုဏ်း ရှိတဲ့ ဘက် မဟုတ်လား”
ရှုဟုန်ယွီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိသည်။
သူမ အံ့သြသွားပြီး တားဆီးချင်စိတ် ဖြစ်ပေါ်လာသော်လည်း၊ ကြွေထည်ဘုရင်သည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည်။ သူသည် ခရိုင်ဘုရင်မင်းသား၏ လက်အောက်ခံ ဖြစ်ရုံသာမက၊ လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်၏ မြို့တော်မှ အင်အားကြီး မိသားစုတစ်ခု၏ တိုက်ရိုက် အမွေခံလည်း ဖြစ်သည်။
ပွင့်ပွင့်လင်းလင်း ပြောရလျှင်... ကြွေထည်ဘုရင် ဆိုတာ မြို့တော်က အင်အားကြီး မိသားစုတွေက ခရိုင်ဘုရင်မင်းသားကို စောင့်ကြည့်ဖို့ လွှတ်ထားသော မျက်လုံးပါပင်။
ရှုဟုန်ယွီ သည် ဤလူကို အတော်လေး မနှစ်မြို့ပေ။
‘ဝူး...’
ကောင်းကင်ယံတွင် ကြွေထည်ဘုရင်သည် အရှိန်အကုန်မြှင့်၍ ပျံသန်းနေ၏။
မကြာမီ သူသည် လီဇီလုံ ၏ ရွှေ့ပြောင်းရေး ယာဉ်တန်းကြီးကို မီသွားလေသည်။ အောက်ဘက်သို့ ငုံ့ကြည့်လိုက်သောအခါ စင်မြင့်ကြီးသည် ဝိညာဉ်လက်နက် မဟုတ်ကြောင်း သူ သိလိုက်ရ၏။
သူ့အာရုံကို တကယ် ဖမ်းစားလိုက်သည်မှာ စင်မြင့်အောက်ခြေမှ ‘အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်’ အရှိန်အဝါများ ထုတ်လွှတ်နေသော ပြောင်းပြန် ကတော့ပုံစံ အရာဝတ္ထုများပင် ဖြစ်သည်။
“ဒါ ပျံဝဲနိုင်တဲ့ ဝိညာဉ်လက်နက် တစ်မျိုးပဲ”
“ဒီပစ္စည်း ကောင်းတယ်။ မြူခိုးဂိုဏ်းက ယဲ့ဖုန်း ဆီကနေ တောင်းယူပြီး... တုမြို့တော်က ငါ့မိသားစုဆီ ယူသွားရမယ်။ ပြီးရင် ငါတို့ ‘ရှုမိသားစု’အတွက် ‘ပျံဝဲသော တောင်တန်း’ တစ်ခု တည်ဆောက်ပြီး တခြား မိသားစုကြီးတွေကို မျက်လုံးပြုးသွားအောင် လုပ်ပြရမယ်”
ကြွေထည်ဘုရင် ‘ရှုရန်ရှန်’က ကောက်ကျစ်စွာ ပြုံးလိုက်၏။
သူ့မှာ မြူခိုးဂိုဏ်းကို လေးစားမှု ဆိုတာ လုံးဝ မရှိသလို၊ ဝိညာဉ်ကျောက်တုံး ပေးပြီး ဝယ်ယူဖို့လည်း အစီအစဉ် မရှိပေ။ တိုက်ရိုက် လုယူဖို့သာ စိတ်ကူးထားသည်။
မြူခိုးဂိုဏ်းကို သူ လုံးဝ မကြောက်ပေ။
အကြောင်းမူကား၊ သူက ‘ကြွေထည်ဘုရင်’ လေ။ လုံလောက်သော စွမ်းအား ရှိ၏။
ခရိုင်ဘုရင်မင်းသားတောင် သူ့ကို မျက်နှာသာ ပေးရသေးသည် မဟုတ်ပါလော။
‘ဝုန်း...’
ကြွေထည်ဘုရင်သည် ပျံဝဲသော စင်မြင့်များကို အထင်သေးစွာ လျစ်လျူရှုပြီး အရှိန်ပြင်းစွာ ဖြတ်ကျော် ပျံသန်းသွားသည်။ သူ့အရှိန်ကြောင့် ဖြစ်ပေါ်လာသော လေပြင်းများသည် မမြင်ရသော ဓားသွားများအလား တိမ်တိုက်များကို ခွဲဖြတ်သွားပြီး၊ လေထုကွဲအက်သံများကြောင့် စင်မြင့်ပေါ်ရှိ လူများ၏ နားစည်များကို နာကျင်စေခဲ့သည်။
“အဲဒါ ဝိညာဉ်ပင်လယ်အဆင့် ဘုရင်တစ်ပါးပဲ”
“အဲဒီ မြစိမ်းရောင် အလင်းတန်း... ကြွေထည်ဘုရင် ပဲ”
အနီးနားတွင် ပျံသန်းနေသော ကျင့်ကြံသူ အများအပြားသည် လျင်မြန်စွာ ထွက်ခွာသွားသော အလင်းတန်းကို ကြည့်ရင်း အလွန်အမင်း တုန်လှုပ်သွားကြသည်။
“အကြီးအကဲကုန်း... အဲဒီလူက ဘယ်သူလဲ သိလား”
ငွေရောင်လှံပေါ်တွင် ရပ်နေသော လီဇီလုံ သည် အဝေးမှ ကုန်းချင်းချိုး ထံသို့ အသံလွှဲပြောင်းစနစ်ဖြင့် မေးမြန်းလိုက်၏။
“အဲဒါ ကြွေထည်ဘုရင် ပဲ။ တုမြို့တော်က လာတဲ့လူလို့ ပြောကြတယ်။ သူ့နောက်မှာ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် ရှိတဲ့ အင်အားကြီး မိသားစုရဲ့ တိုက်ရိုက် အမွေခံပဲ။ ဒီတောင်ပိုင်းမြစ်ဝှမ်းဒေသမှာ သူက အရမ်း မောက်မာပြီး ဗိုလ်ကျလွန်းတယ်”
ကုန်းချင်းချိုးက တိုးတိုးလေး ပြန်ဖြေလိုက်၏။ သူမ၏ စိတ်ထဲတွင် မကောင်းသော အတိတ်နိမိတ် တစ်ခု ခံစားလိုက်ရသည်။
အထူးသဖြင့် ကြွေထည်ဘုရင် ဦးတည်သွားနေသည့် အရပ်မျက်နှာသည် မြူခိုးတောင်ထိပ် ရှိရာဘက် ဖြစ်နေသဖြင့် သူမ၏ စိုးရိမ်ပူပန်မှုများ ပိုမို ကြီးထွားလာ၏။
မကြာမီ ကြွေထည်ဘုရင် ဖြတ်သန်းသွားသည့် သတင်း ပျံ့နှံ့သွားပြီး နောက်ထပ် လှုပ်ခတ်မှုများ ဖြစ်ပေါ်လာပြန်သည်။
ချင်းယွင်ဂိုဏ်းဝယ်၊
ဗိုလ်ကျလေ့ ရှိသော ကြွေထည်ဘုရင်သည် မြူခိုးဂိုဏ်း ရှိရာဘက်သို့ ဦးတည်သွားနေကြောင်း ကြားလိုက်ရသောအခါ ‘ချင်းယွင်ကျန်းရန်’ ဟားတိုက် ရယ်လိုက်၏။
“ယဲ့ဖုန်း... မင်းက ကြွယ်ဝ ချမ်းသာတာကို ထုတ်ပြချင်လွန်းတော့ အခု ကြွေထည်ဘုရင်ရဲ့ အာရုံကို ဖမ်းစားမိသွားပြီပေါ့။ မင်း… ခံရမယ့် အကျိုးဆက်တွေကို ခံနိုင်ရည် ရှိပါ့မလားကွာ... ဟား ဟား ဟား”
ချင်းယွင်ကျန်းရန် အားရပါးရ အူတက်နေလေတော့သည်။
သူ့ဘေးနားရှိ ‘လေသင့်ရာ လွင့်ပါတတ်သော’ အကြီးအကဲများလည်း လိုက်ပါ ရယ်ကြပြီး၊ မျက်ဝန်းထဲတွင် လှောင်ပြောင်မှုနှင့် သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသော အရိပ်အယောင်များ ပြည့်နှက်နေ၏။
နေ့လယ်စာ စားပြီးနောက် ယဲ့ဖုန်းသည် ခေတ္တ အနားယူပြီး ပန်းပင်များကို ရေဖျန်းရန် ထလာခဲ့သည်။
ဟူဖေးဖေး သည် သူ့ဘေးနားတွင် ရပ်လျက် လက်ဖက်ရည် ဖျော်ပေးနေ၏။
“ဂိုဏ်းချုပ်... လက်ဖက်ရည် သောက်ပါဦး”
“အင်း... ကျေးဇူးပဲ”
ယဲ့ဖုန်းသည် ‘ရွှေရောင် မိုးမခ ရွက်’ ဖြင့် ဖျော်ထားသော လက်ဖက်ရည်ကို တစ်ငုံ သောက်လိုက်ရာ လန်းဆန်းတက်ကြွသွားပြီး ခေါင်းကြည်သွားသည်ကို ခံစားလိုက်ရသည်။
“မဆိုးဘူး... အရသာ တော်တော် ကောင်းတယ်။ ဒီအရွက်တွေက ဉာဏ်အလင်း ပွင့်စေတဲ့ အာနိသင် တကယ် ရှိတာပဲ”
‘ဝုန်း...’
ရုတ်တရက် ခမ်းနားထည်ဝါသော အရှိန်အဝါ တစ်ခု ကောင်းကင်မှ ကျဆင်းလာ၏။ ရေတံခွန်ကြီးများ ပြိုကျလာသကဲ့သို့ ပြင်းထန်လှသည်။
‘အနက်နှင့်အဖြူ စစ်တုရင်ခုံ ဝင်္ကပါ’သည် အလိုအလျောက် ပေါ်ထွက်လာပြီး ထိုကြောက်မက်ဖွယ် ဖိအားကို တားဆီးပေးလိုက်၏။
သို့သော် ဝင်္ကပါ အောက်ခံပြား အက်ကွဲသွားလေ၏။
“ယဲ့ဖုန်း... ထွက်ခဲ့စမ်း။ ဒီဘုရင်ကို လာတွေ့စမ်း”
ထိုသို့ စွမ်းအားကြီးမားပြီး အေးစက်ကာ အာဏာစက် ပြည့်ဝသော အသံကြီး တစ်သံ ပဲ့တင်ထပ်သွားသည်။
“ငါတို့ မြူခိုးဂိုဏ်းမှာ လာပြီး ပြဿနာ ရှာရဲတယ်ပေါ့။ ပြီးတော့ အနက်နှင့်အဖြူ စစ်တုရင်ခုံ ဝင်္ကပါကိုတောင် အက်ကွဲအောင် လုပ်လိုက်တယ်။ သောက်ကျိုးနည်း... မင်း ဘယ်သူလဲ ဆိုတာ ငါ..ဂရုမစိုက်ဘူး။ မင်းအမေတောင် မမှတ်မိတော့တဲ့ အထိ ရိုက်သတ်ပစ်မယ်ကွ”
ယဲ့ဖုန်း တစ်ခါမှ ဒီလောက် စိတ်မတိုဖူးပေ။ ရင်ထဲတွင် ဒေါသများ ပွက်ပွက်ဆူလာပြီး ရေဖျန်းအိုးကို လွှင့်ပစ်လိုက်ကာ ဟူဖေးဖေး နှင့်အတူ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေတော့သည်။