← Chapters

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အခန်း (၃၇၀-၃၇၂)

Vol. 25 Ch. 370-372

အခန်း (၃၇၀) - မြစိမ်းရောင် ကြွက်စုတ်ကို လိုက်ရိုက်ကြစို့

~အသစ်ရောက်လာသော လူရဲ့ ဘဝင်မြင့်လွန်းနေသော ပုံစံကြောင့် ယဲ့ဖုန်း အလွန် စိတ်အနှောင့်အယှက် ဖြစ်ရသည်။ ကောင်းကောင်း ဆုံးမပေးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။

‘အနက်နှင့်အဖြူ စစ်တုရင်ခုံ ဝင်္ကပါ’ ဆိုတာ သာမန် အလယ်အလတ်အဆင့် ဝင်္ကပါ တစ်ခု ဆိုပေမယ့်၊ မြူခိုးဂိုဏ်းအတွက်တော့ အလွန် အရေးပါသည့် ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ တစ်ခု ဖြစ်သည်။

အခုတော့ ဘယ်ကမှန်း မသိသော ဝိညာဉ်ပင်လယ်အဆင့် အထက်တန်း ကျင့်ကြံသူ တစ်ယောက်က ဝင်္ကပါကို ရိုက်ခွဲလိုက်ပြီ ဖြစ်သည်။

“ဒါက သည်းခံနိုင်စရာ မရှိတော့ဘူး။ လုံးဝကို သည်းခံလို့ မရတော့ဘူး”

ယဲ့ဖုန်း ဒေါသတကြီး ရေရွတ်လိုက်၏။

ဟူဖေးဖေး ကို ခေါ်ဆောင်လျက် ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်ရာ၊ နောက်ဆုံးတွင် မြစိမ်းရောင် ချပ်ဝတ် ဝတ်ဆင်ထားသော သန်မာထွားကြိုင်းသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

ထိုလူ၏ မျက်နှာသွင်ပြင်သည် ယဲ့ဖုန်းအတွက် စိမ်းသက်နေ၏။

သူ ဘယ်သူလဲ၊ ဘယ်အင်အားစုကလဲ၊ ဘာရည်ရွယ်ချက်နှင့် လာတာလဲ ဆိုတာ ယဲ့ဖုန်း လုံးဝ မသိပေ။

“ခင်ဗျားက ဘယ်သူလဲ”

ယဲ့ဖုန်း အေးစက်စွာ မေးလိုက်သည်။

“ငါက ‘ကြွေထည်ဘုရင်’ ရှုရန်ရှန် ပဲ”

ကြွေထည်ဘုရင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ယဲ့ဖုန်းကို အထင်သေးစွာ ကြည့်ရင်း ပြောလိုက်၏။

တစ်ဖက်လူက သူ့ထက် ပိုချောမောခန့်ညားနေသည်ကို မြင်လိုက်ရသောအခါ ကြွေထည်ဘုရင်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မကျေနပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

“ကြွေထည်ဘုရင် ဟုတ်လား။ တစ်ခါမှ မကြားဖူးပါဘူး”

ယဲ့ဖုန်း ခေါင်းခါလိုက်ပြီး ဟူဖေးဖေး ကို အချက်ပြကာ ဒီလူကို ဝက်ခေါင်းဖြစ်သွားအောင် ရိုက်နှက်ခိုင်းရန် ပြင်လိုက်၏။

ငါ့ဂိုဏ်းကာကွယ်ရေး ဝင်္ကပါကို လာဖျက်ဆီးရဲမှတော့ ပြန်ခံရဖို့သာ ပြင်ထားပေတော့။

“ကောင်လေး... မင်း တော်တော် မောက်မာပါလား။ ဒီဘုရင်ကိုတောင် မသိဘူးပေါ့လေ”

ကြွေထည်ဘုရင် အေးစက်စွာ နှာမှုတ်လိုက်၏။

“မင်းဆီမှာ ‘ပျံဝဲသော စင်မြင့်’တွေ ရှိတယ်လို့ ငါ ကြားတယ်။ အဲဒီပစ္စည်း သွန်းလုပ်တဲ့ နည်းလမ်းကို အခုချက်ချင်း ထုတ်ပေးစမ်း”

“ဟား... ပျံဝဲသော စင်မြင့် သွန်းလုပ်နည်းကို လိုချင်သေးတယ် ဟုတ်လား။ သေစမ်း... ငါ့ဝင်္ကပါကို ဖျက်ဆီးခဲ့တာတောင် အခုထိ အသက်ရှင်ခွင့် ပေးထားတာ ကျေးဇူးတင်သင့်တာကို”

ယဲ့ဖုန်း အံကြိတ်လိုက်၏။

“မင်းသမီးလေး... သူက ကြွေထည်ဘုရင် ပဲ ဖြစ်ဖြစ်၊ ရှုရန်ရှန် ပဲ ဖြစ်ဖြစ်၊ ‘ရှုရှန်’ (- မြွေဖြူမယ် ဇာတ်လမ်းထဲက မင်းသား) ပဲ ဖြစ်ဖြစ်... သူ့အမေတောင် မမှတ်မိတော့တဲ့အထိ ရိုက်သတ်ပေးလိုက်စမ်းပါ”

ယဲ့ဖုန်း လေးနက်သော အသံဖြင့် အမိန့်ပေးလိုက်တော့၏။

“ဟုတ်ကဲ့ပါ... ဒီ ‘ပေါက်ကွဲစေသော တုတ်’လေးက လူမရိုက်ရတာ ကြာလို့ ယားနေတာနဲ့ အတော်ပဲ”

ဟူဖေးဖေး သည် ပေါက်ကွဲစေသော တုတ် ဟု ခေါ်သည့် အဖြူရောင် တုတ်တိုလေးကို ရွှင်မြူးစွာ ထုတ်ယူလိုက်ပြီး ရှေ့တိုးလိုက်သည်။

“ယဲ့ဖုန်း... ငါက ခရိုင်ဘုရင်မြို့တော်က ကြွေထည်ဘုရင်... အား...”

ကြွေထည်ဘုရင် ရှုရန်ရှန် သည် ဒေါသတကြီး ပြန်ပြောရန် ပြင်လိုက်သော်လည်း စကားမဆုံးခင်မှာပင် ပန်းရောင်အရိပ်တစ်ခု သူ့ဆီသို့ ဒုံးပျံလို ဝင်ရောက်လာသည်ကို ခံစားလိုက်ရ၏။

ထို့နောက် သူ လွင့်ထွက်သွားလေတော့သည်။

သူ့ဘယ်ဘက် ပါးပြင်ပေါ်တွင် အဖုကြီးတစ်လုံး ချက်ချင်း ဖောင်းကြွလာ၏။

“ငါက... အား...”

ကြွေထည်ဘုရင် သည် သူ့အမည်နာမကို ထပ်ပြောရန် ကြိုးစားသော်လည်း ဟူဖေးဖေး ၏ စိတ်လှုပ်ရှားနေသော မျက်နှာကိုသာ မြင်လိုက်ရသည်။ သူမသည် နှစ်ပေါင်း သောင်းချီ လူမရိုက်ခဲ့ရသည့်အတိုင်း အားရပါးရ ရိုက်နှက်နေတော့၏။

‘ပေါက်ကွဲစေသော တုတ်’ သည် သူ့ခေါင်းပေါ်သို့ တည့်တည့် ကျဆင်းလာသည်။

“သောက်ကျိုးနည်း... ငါက ဝိညာဉ်ပင်လယ် သတ္တမအဆင့် ပညာရှင်ကွ။ နင့်ကို မကြောက်ဘူး”

ကြွေထည်ဘုရင် သည် လက်ဟန်ဖြင့် မန္တန်ရွတ်ဆိုလိုက်ရာ မြစိမ်းရောင် ကြွေပြားဝိုင်းကြီး တစ်ခု သူ့ရှေ့တွင် ပေါ်လာ၏။ ဤအရာသည် အဆင့်တူ ကျင့်ကြံသူ တစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုကိုပင် လွယ်ကူစွာ ကာကွယ်နိုင်သည်။

‘ခွပ်...’

ကြွေပြားဝိုင်းကြီး ကွဲကြေသွားပြီး တုတ်ချက်က ကြွေထည်ဘုရင်၏ မျက်နှာပေါ်သို့ ထပ်မံ ကျရောက်သွားပြန်၏။ ဒီတစ်ခါတော့ ညာဘက် ပါးပြင် ဖောင်းကြွသွားပြန်သည်။

“ဂိုဏ်းစောင့်ရှောက်သူ ဟူဖေးဖေး က ဝိညာဉ်ပင်လယ် တတိယအဆင့် ထိပ်ဆုံးလောက်ပဲ ရှိသင့်တာလေ။ ဘယ်လိုလုပ် ဒီလောက် စွမ်းအားကြီးနေရတာလဲ”

ကြွေထည်ဘုရင် ရင်ထဲတွင် တုန်လှုပ်သွား၏။

‘ဦးချိုတစ်ခုတည်း နတ်ဆိုး’ နှင့် ဟူဖေးဖေး တို့၏ တိုက်ပွဲအကြောင်း သူ ကြားဖူးသော်လည်း၊ သူ့အမြင်တွင် ဟူဖေးဖေး သည် သူ့ပြိုင်ဘက် မဖြစ်နိုင်ဟု တွက်ဆထားခဲ့သည်။

သို့သော် အခုတော့ သူမက သူ့ကို အသာစီး ရနေပါလား။

“ငါက ကြွေထည်ဘုရင်ကွ။ ပြန်မတိုက်နိုင်စရာ အကြောင်း မရှိဘူး”

ရှုရန်ရှန် ဟိန်းဟောက်လိုက်၏။ ဆံပင်များ ဖရိုဖရဲ လွင့်ပျံနေပြီး လက်များကို လျင်မြန်စွာ လှုပ်ရှားကာ မန္တန်များ စီရင်ရန် ကြိုးစားလိုက်သည်။

သို့သော် ပေါက်ကွဲစေသော တုတ်ကြီးက ထပ်မံ ကျဆင်းလာပြန်သည်။

‘ခွပ်...’

ရှုရန်ရှန် ၏ လက်များ ရောင်ကိုင်းသွားပြီး မန္တန် ဆက်လက် စီရင်၍ မရတော့ပေ။

“အား...”

“အမယ်လေး...”

ကြွေထည်ဘုရင် သည် ခေါင်းကို လက်ဖြင့် အုပ်ကာ ကြောက်လန့်တကြား ထွက်ပြေးလေတော့သည်။ သူသည် ဦးတည်ရာမဲ့စွာ အရူးတစ်ယောက်လို ပြေးလွှားနေသည်။

ဟူဖေးဖေး က တုတ်ကို ကိုင်လျက် ထပ်ကြပ်မကွာ လိုက်လံ ရိုက်နှက်နေသည်။

ယဲ့ဖုန်းကတော့ ‘ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား’ ကို စီးလျက် အေးအေးလူလူ လိုက်ပါလာသည်။ လမ်းမှာ ဝိညာဉ်လက်ဖက်ရည်ကိုပင် သောက်နေလိုက်သေးသည်။

“ကောင်းတယ်... ငါ့ မြူခိုးဂိုဏ်း ရှေ့မှာ လာပြီး ဆရာကြီး လုပ်ချင်ဦး”

ယဲ့ဖုန်း ဟားတိုက် ရယ်လိုက်၏။

တိုက်ခိုက်ရေး အခြေအနေသို့ မဝင်ရောက်ဘဲနှင့်ပင် ဟူဖေးဖေး သည် ဝိညာဉ်ပင်လယ် အဋ္ဌမအဆင့် စွမ်းအားကို ပိုင်ဆိုင်ထားပြီး ကြွေထည်ဘုရင်ကို ဖိနှိပ်ထားနိုင်သည်။ သို့သော် သူ့ကို သတ်ဖြတ်ဖို့တော့ ခက်ခဲလိမ့်မည်။

ဒီအဆင့် ရောက်နေသည့် သူတွေမှာ အသက်ကယ် နည်းလမ်းတွေ အများကြီး ရှိတတ်ကြသည်။

ထို့အပြင် ယဲ့ဖုန်း အနေနှင့် ကြွေထည်ဘုရင် ဘယ်အဖွဲ့အစည်းကလဲ၊ သူ့နောက်မှာ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် ရှိ၊ မရှိ မသိရသေးပေ။ အကယ်၍ ရှိခဲ့လျှင် အခုချိန်မှာ သူ့ကို သတ်ပစ်ဖို့ မသင့်တော်သေးပေ။

အကယ်၍၊ မရှိဘူး ဆိုလျှင်တော့...

ဟဲ ဟဲ...

ယဲ့ဖုန်း ကောက်ကျစ်စွာ ရယ်လိုက်မိသည်။

‘ဒါနဲ့... ကြွေထည်ဘုရင်ရဲ့ ကျင့်ကြံခြင်း အဆင့်က မြင့်မားတယ် ဆိုတော့... မင်းသမီးလေး ကို တောင်ပိုင်းမြစ်ဝှမ်းဒေသ တစ်ခွင်လုံး ပတ်ပြီး လိုက်ရိုက်ခိုင်းလိုက်ရင် ကောင်းမယ်။ ဒါဆိုရင် ‘ဂုဏ်သတင်းကျော်ကြားမှု အမှတ်’တွေ အများကြီး ရလာမှာပဲ’

ယဲ့ဖုန်း၏ အပြုံးသည် နတ်ဆိုးဆန်လာသည်။

‘ကြွေထည်ဘုရင်ကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်ရင် နှမြောစရာကြီး။

ဒီအခွင့်အရေးကို အသုံးချပြီး အမြတ်ထုတ်တာကမှ မှန်ကန်တဲ့ နည်းလမ်းပဲ။’

“အား... သေပါပြီဗျ”

ကြွေထည်ဘုရင်၏ မျက်နှာသည် ဝက်ခေါင်းကြီးအလား ရောင်ကိုင်းနေပြီ ဖြစ်သည်။ သူ ပြန်မတိုက်ရဲတော့ပေ။ ပြန်တိုက်လည်း အလကားကိုး။

သူ ထွက်ပြေးချင်ရုံ သက်သက်သာ။

ဒီအချိန်မှာ သိက္ခာတွေ၊ ဂုဏ်တွေ ဆိုတာ ပျောက်ဆုံးသွားခဲ့တော့၏။ ခရိုင်ဘုရင်မြို့တော်ကို အမြန်ဆုံး ပြန်ရောက်ပြီး ‘ခရိုင်ဘုရင်မင်းသား’ ဆီ အကူအညီတောင်းဖို့က အရေးကြီးဆုံးပင်။

“ယဲ့ဖုန်း... သူ့ကို ရပ်ခိုင်းလိုက်စမ်း”

နောက်ဆုံးတွင် အခွင့်အရေး ရသည်နှင့် ကြွေထည်ဘုရင် အော်ဟစ်လိုက်၏။

“ဘာ... အားထပ်ထည့်ခိုင်းတာလား။ ကောင်းပြီလေ... မင်းသမီးလေး... သူ တောင်းဆိုတဲ့အတိုင်း ဖြည့်ဆည်းပေးလိုက်ပါ”

ထိုသို့ ယဲ့ဖုန်းက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်တော့သည်။

‘ဘုန်း... ဘုန်း... ဘုန်း...’

မြေခွေးမင်းသမီးလေး ဖေးဖေး သည် တစ်ခဏအတွင်း သုံးချက်ဆက်တိုက် ရိုက်ချလိုက်ရာ ကြွေထည်ဘုရင်၏ သွားအချို့ ကျွတ်ထွက်သွားပြီး စကားသံများ ဗလုံးဗထွေး ဖြစ်သွားရသည်။

“ယဲ့ဖုန်း... တိရစ္ဆာန်ကောင်... အား...”

ကြွေထည်ဘုရင် က ယဲ့ဖုန်း တမင်သက်သက် လုပ်နေမှန်း သိလိုက်၏။ သူ ကျိန်ဆဲရန် ပြင်လိုက်သော်လည်း တုတ်ချက်မိပြီး လွင့်ထွက်သွားပြန်သည်။

“မင်းသမီးလေး... ရိုက်မသတ်နဲ့နော်”

ယဲ့ဖုန်း အသံလွှဲပြောင်းစနစ်ဖြင့် သတိပေးလိုက်၏။

“ဟုတ်ကဲ့... သေလုမျောပါးလောက်ပဲ ရိုက်ပါ့မယ်”

မြေခွေးမင်းသမီးလေး ဖေးဖေး လေးနက်စွာ ပြန်ဖြေလိုက်၏။

ထိုစကားကို ကြားသောအခါ ကြွေထည်ဘုရင်၏ တစ်ကိုယ်လုံးမှ အမွှေးများ ထောင်ထသွားတော့သည်။

“အရူး... ယဲ့ဖုန်း.. အရူးကောင်”

သူ စိတ်ထဲတွင် အော်ဟစ်နေမိသည်။

လိုက်သူ၊ ပြေးသူ နှင့် ဘေးက ကြည့်သူ... သုံးဖွဲ့စလုံး ပျော်ရွှင်နေကြလေသည်။

မကြာမီ သူတို့သည် ရွှေ့ပြောင်းရေး ယာဉ်တန်းကြီးနှင့် ဆုံတွေ့ကြ၏။ လူ (၁) သန်းနီးပါး ပါဝင်သော ယာဉ်တန်းကြီးတွင် လီဇီလုံ၊ ကုန်းချင်းချိုး၊ ဒုတိယ မြို့စားမင်း နှင့် ယန်ယွင် မြို့ (၁၃) မြို့မှ လူများ ပါဝင်ပါသည်။

“ဟိုမှာကြည့်... အဲဒီလူက ကြွေထည်ဘုရင် နဲ့ တူလိုက်တာ”

“မင်းကလဲ ကွာ... အဲဒါ မတ်တတ်လျှောက်နေတဲ့ ဝက်ကြီးပါ”

“မင်းတို့ နှစ်ယောက်စလုံး မှားတယ်။ အဲဒါ ဝက်ခေါင်း ဖြစ်သွားတဲ့ ကြွေထည်ဘုရင် ကွ”

လူအများအပြားသည် အသံထက်မြန်သော အရှိန်ဖြင့် ပျံသန်းလာသော ကြွေထည်ဘုရင်ကို မြင်လိုက်ကြသည်။ သူ့ထွက်ပြေးရာ လမ်းကြောင်းမှ တောက်ပသော အရောင်အဝါကြောင့် သူ့ကို မှတ်မိလိုက်ကြသည်။

သို့သော် ဝက်ခေါင်းကြီး ဖြစ်နေပြီး ချပ်ဝတ်များ စုတ်ပြဲနေသော သူ့ပုံစံကို မြင်လိုက်ရသောအခါ အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

ဝိညာဉ်ပင်လယ် သတ္တမအဆင့် ပညာရှင်ကြီးက ဘယ်လိုလုပ် ဒီလောက် သနားစရာ ကောင်းနေရတာလဲ။

ကြောက်မက်ဖွယ် ကောင်းတဲ့ ရန်သူနဲ့များ တွေ့ခဲ့လို့လား။

ဒါဆိုရင် ငါတို့ ယာဉ်တန်းကြီးလည်း အန္တရာယ် ရှိနေပြီပေါ့။

“ပေါက်ကွဲစေသော တုတ်... ဟေး... ရိုက်စမ်း”

ပန်းရောင် အရိပ်တစ်ခု နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာပြီး၊ ခဏကြာမှသာ အဝေးဆီမှ အော်သံကို ကြားလိုက်ရသည်။

ကြွေထည်ဘုရင်ကို လိုက်ဖမ်းနေသူကလည်း အသံထက်မြန်သည့် အရှိန်နှင့် သွားနေသည်ကိုး။

“အဲဒါ ဂိုဏ်းစောင့်ရှောက်သူ မြေခွေးမင်းသမီးလေး ဖေးဖေး ပဲ”

“သူက ကြွေထည်ဘုရင်ကို လိုက်ရိုက်နေတာလား။ ဘုရားရေ... ကြမ်းလိုက်တာ။ တကယ့် အမျိုးသမီး သူရဲကောင်းပဲ။ ငါတို့ရဲ့ စံပြပဲဟေ့”

လူအများက ဟူဖေးဖေး ကို မှတ်မိသွားကြသည်။

ရုတ်တရက် လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

မိုယင် သည် သနားစရာ ကောင်းလောက်အောင် အရိုက်ခံနေရသော ကြွေထည်ဘုရင်ကို ကြည့်ရင်း မှတ်ချက်ပြုလိုက်၏။

“ကြည့်ရတာ၊ ကြွေထည်ဘုရင် က ငါတို့ဂိုဏ်းကို သွားပြီး ပြဿနာရှာလို့ ဂိုဏ်းစောင့်ရှောက်သူရဲ့ လိုက်ရိုက်တာ ခံနေရပုံပဲ”

ကုန်းချင်းချိုး လည်း အံ့သြတကြီးနှင့် လေးစားအားကျစွာဖြင့်

“ဂိုဏ်းစောင့်ရှောက်သူက တကယ် ကြမ်းတာပဲ” ဟု ချီးကျူးမိလိုက်၏။

‘ရွှစ်...’

ထိုအချိန်တွင် ယဲ့ဖုန်းသည် ဓာတ်ကြီးငါးပါး ဝိညာဉ်ဓားကို စီးလျက် ဖြတ်ပျံလာသည်။ သူသည် အောက်ဘက်ရှိ လူအုပ်ကြီးကို ငုံ့ကြည့်ရင်း လက်ဝှေ့ယမ်းပြကာ ပြောလိုက်၏။

“အားလုံးပဲ ပင်ပန်းနေကြပြီ။ ဂိုဏ်းချုပ်က ‘မြစိမ်းရောင် ကြွက်စုတ်’ တစ်ကောင်ကို လိုက်ဖမ်းရဦးမှာမို့လို့... ဆက်သွားကြပါ”

ပြောပြီးသည်နှင့် သူသည် ရှေ့သို့ ဆက်လက် လိုက်ပါသွားလေသည်။

ထိုစကားကို ကြားသောအခါ လူတိုင်း ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့ကြ၏။

‘ကြွေထည်ဘုရင် က ကြွက်စုတ်လေးတဲ့လား။

အဲဒါ ဝိညာဉ်ပင်လယ် သတ္တမအဆင့်၊ ထိပ်တန်း ပညာရှင်ကြီးပါဗျာ။

သို့သော် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သော မြူခိုးဂိုဏ်းချုပ် ယဲ့ဖုန်း ရှေ့မှာတော့... ဒီလို ကျင့်ကြံခြင်း အဆင့်လောက်က အရေးမပါတဲ့ ကြွက်စုတ်လေး တစ်ကောင်ပဲ ဖြစ်နေမှာပေါ့။

မမြင်ဘူးလား... ဂိုဏ်းချုပ်က လက်ဖျားလေးတောင် မလှုပ်ရသေးဘူး။ ဂိုဏ်းစောင့်ရှောက်သူ ဖေးဖေး ရိုက်တာနဲ့တင် ကြွေထည်ဘုရင်ခမျာ မြေဆုံးမိုးဆုံး ထွက်ပြေးနေရရှာပြီ။

ဂိုဏ်းစောင့်ရှောက်သူ ဖေးဖေး တောင် ဒီလောက် ကြောက်ဖို့ကောင်းရင်... သူ့ရဲ့ အရှင်သခင် ယဲ့ဖုန်း ဆိုရင် ဘယ်လောက်တောင် စွမ်းအားကြီးလိုက်မလဲ။’

ထိုသို့ တွေးမိလိုက်သည်နှင့် လူအများ၏ ရင်ထဲတွင် လေးစားအံ့သြမှုများ ပိုမို တိုးပွားလာကြသည်။

[ ဂိုဏ်း ဂုဏ်သတင်းကျော်ကြားမှု အမှတ် +၆၈၉၃၂ ]

မျက်စိတစ်မှိတ် အတွင်းမှာပင် မြူခိုးဂိုဏ်း၏ ဂုဏ်သတင်း အမှတ်များ ဒုံးပျံလို ထိုးတက်လာတော့သည်။

ယဲ့ဖုန်းသည် လက်တစ်ဖက်ဖြင့် ခေါင်းကို ထောက်လျက် ပျံသန်းနေရင်း စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် နားရွက် ချိတ်မတတ် ပြုံးလိုက်မိသည်။

ရှယ်ပဲကွာ...

ဒါ ငါလိုချင်တဲ့ ရလဒ်ပဲ။

အခန်း (၃၇၁) - သနားစရာကောင်းတဲ့ ကြွေထည်ဘုရင်နှင့် နတ်ဘုရားတစ်ပိုင်း အဆောင်လက်ဖွဲ့

~ယဲ့ဖုန်းသည် ‘ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား’ ကို စီးလျက် ပျံသန်းနေသည်။ သူ့စိတ်အခြေအနေမှာ အလွန်တရာ ကောင်းမွန်နေလေ၏။

“သိုးမွေးညှပ်ရတာ တကယ် စိတ်လှုပ်ရှားစရာ ကောင်းတာပဲ”

ယဲ့ဖုန်း ဟားတိုက် ရယ်လိုက်ပြီး အရှိန်မြှင့်ကာ လိုက်ပါသွားလိုက်၏။

တပည့်များသည် ယဲ့ဖုန်း၏ ကျောပြင်ကို ငေးကြည့်ရင်း မျက်ဝန်းထဲတွင် လေးစားကြည်ညိုမှုများ ပြည့်နှက်နေကြသည်။

“ငါလည်း ကြိုးကြိုးစားစား ကျင့်ကြံရမယ်။ တစ်နေ့ကျရင် ဂိုဏ်းချုပ်ယဲ့ လိုပဲ ‘ဝိညာဉ်ပင်လယ်အဆင့်’ ပညာရှင်တွေကိုတောင် ‘ကြွက်စုတ်လေးတွေ’ လို့ ပေါ့ပေါ့ပါးပါး ခေါ်နိုင်တဲ့ ထိပ်တန်း အဆင့် ပညာရှင် ဖြစ်အောင် ကြိုးစားမယ်။ အဲဒီကျရင် ဘယ်လောက်တောင် လွတ်လပ်ပြီး ခမ်းနားလိုက်မလဲ”

“ငါလည်း ဖြစ်ချင်တယ်”

ရှိနေသော ကျင့်ကြံသူအားလုံး၏ မျက်နှာပေါ်တွင် အားကျမှုများ ထင်ဟပ်နေသည်။

“ကဲ... ပါးစပ်အဟောင်းသားနဲ့ ငေးမနေကြနဲ့။ အလုပ်ပြန်လုပ်ကြ”

ဟု လီဇီလုံ က လူတိုင်းကို အလုပ်ပြန်လုပ်ရန် တိုက်တွန်းလိုက်တော့၏။

ကုန်းချင်းချိုး က အခွင့်အရေးရတုန်း စိတ်ဓာတ်မြှင့်တင်ပေးပြီး ဂိုဏ်းကို ကြော်ငြာလိုက်သည်။

“လူကြီးမင်းတို့... ရီင်တို့ မြူခိုးဂိုဏ်းကို ဝင်ပြီး ကြိုးကြိုးစားစား ကျင့်ကြံရင် တစ်နေ့ကျရင် ဂိုဏ်းချုပ်လိုပဲ စွမ်းအားကြီးလာမှာ သေချာပါတယ်”

ယန်ယွင် မြို့ (၁၃) မြို့မှ ပြည်သူများသည် သူမ၏ စကားကို ကြားသောအခါ မျက်နှာများ ဝင်းပသွားကြ၏။

လူအများစုကတော့ ‘မြူခိုးဂိုဏ်းကို ဝင်မှ ဖြစ်မယ်၊ ဒါမှသာ ဂိုဏ်းချုပ်ယဲ့လို ထိပ်တန်း ပညာရှင်ကြီး ဖြစ်နိုင်မှာ’ ဆိုပြီး ခံယူသွားကြသည်။

သူတို့၏ စကားသံများကြားတွင် ပင်ပန်းမှုများ၊ အလုပ်ရှုပ်မှုများသည် မီးခိုးငွေ့လို လွင့်ပါးပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

တကယ့်ကို အားကျစရာ ကောင်းသော ဘဝပါပင်။

မကြာမီ လူအများအပြားသည် မြူခိုးဂိုဏ်းသို့ ဝင်ရောက်ရန် စဉ်းစားလာကြသည်။

ဒါ့အပြင် ပိုများပြားသော လူတွေက ‘ဂုဏ်သတင်းကျော်ကြားမှု အမှတ်’တွေ အများကြီး ပေးအပ်ကြသလို၊ လူနည်းစုကတော့ ‘ယုံကြည်မှု စွမ်းအား’ကိုပါ ပေးအပ်လာကြသည်။

...

ယဲ့ဖုန်းကတော့ အေးအေးလူလူ လိုက်ပါလာဆဲပင်။

ရှေ့ခပ်ဝေးဝေး ကောင်းကင်ယံထက်တွင်...

‘ကြွေထည်ဘုရင်’ ရှုရန်ရှန် ၏ ချပ်ဝတ်သည် အရိုက်ခံထားရသဖြင့် စုတ်ပြတ်သတ်နေပြီ ဖြစ်သည်။ သူသည် စကားပင် မပြောနိုင်တော့ဘဲ အသက်ရှင်လိုစိတ် တစ်ခုတည်းဖြင့် ခရိုင်ဘုရင်မြို့တော် ဆီသို့ ဦးတည် ထွက်ပြေးနေရှာသည်။

“ပေါက်ကွဲစေသော တုတ်... ရိုက်စမ်း”

‘မြေခွေးမင်းသမီးလေး ဖေးဖေးသည် သူ့ကို မီသွားပြီး တုတ်ချက်ပေါင်း ဒါဇင်ချီ ရိုက်ချလိုက်ရာ ကြွေထည်ဘုရင် တစ်ကိုယ်လုံး ရောင်ကိုင်းလာပြီး နာကျင်လွန်းသဖြင့် သွားများကို စေ့ထားရသည်။

“ဒီလောကကြီးမှာ ဥပဒေ ဆိုတာ မရှိတော့ဘူးလား”

ကြွေထည်ဘုရင်၏ စိတ်ဓာတ်များ တကယ့်ကို ပေါက်ကွဲလုမတတ် ဖြစ်နေရတော့၏။

“ကျင့်ကြံခြင်း လောကမှာ အားကြီးသူက အသက်ရှင်ကျန်ရစ်မယ် ဆိုတာပဲ ရှိတယ်။ ဥပဒေ ဆိုတာ မရှိဘူး”

ယဲ့ဖုန်းသည် အားပြင်းသော စကားတစ်ခွန်းဖြင့် ကြွေထည်ဘုရင်၏ နှလုံးသားတည့်တည့်ကို “ဓားနဲ့ ထိုး” လိုက်လေသည်။

“မင်း...”

ကြွေထည်ဘုရင် ရူးချင်သွား၏။

ဒီလောက် မျက်နှာပြောင်တိုက်ပြီး အရှက်မရှိသော လူမျိုးကို သူ တစ်ခါမှ မတွေ့ဖူးခဲ့ပေ။

ယဲ့ဖုန်းနှင့် ပတ်သက်လာလျှင်တော့ ကြွေထည်ဘုရင်မှာ ဘာရွေးချယ်စရာမှ မရှိတော့ပေ။

ဟူဖေးဖေး နှင့် ပတ်သက်လျှင်လည်း သူ့မှာ ရွေးချယ်စရာ မရှိဟု ခံစားရသည်။

သူ အစွမ်းကုန် ပြန်တိုက်လျှင်တောင်မှ ကစားစရာ အရုပ်လေးလို အကစားခံရမှာပဲ။ တကယ့်ကို စိတ်ပျက်စရာ၊ ဒေါသထွက်စရာ ကောင်းလိုက်တာ။

‘ရွှစ်...’

လေထု ကွဲအက်သံ စူးရှစွာ ထွက်ပေါ်လာ၏။

လူ (၃) ဦးသည် အသံထက်မြန်သော အရှိန်ဖြင့် တောင်ပိုင်းမြစ်ဝှမ်းဒေသ ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းသွားကြရာ မြင်တွေ့လိုက်ရသော ကျင့်ကြံသူတိုင်း တုန်လှုပ်သွားကြသည်။

‘အရင်တုန်းက ပြိုင်ဘက်ကင်းပြီး ကြမ်းကြုတ်ပါတယ် ဆိုတဲ့ ကြွေထည်ဘုရင်က အခုတော့ အလိုက်ခံ၊ အရိုက်ခံ နေရပါလား။ ဘယ်သူကများ ဒီလောက်တောင် ကြမ်းရတာလဲ။’

ပန်းရောင် ဆံနွယ်နှင့် မြေခွေးမိန်းကလေး ဟူဖေးဖေး ကို မြင်လိုက်ရသောအခါ လူအများက သူမကို ချက်ချင်း မှတ်မိလိုက်ကြသည်။

“အဲဒါ မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့်ရှောက်သူ မြေခွေးမင်းသမီးလေး ဖေးဖေး ပဲ”

“သူက ဒီလောက်တောင် စွမ်းအားကြီးတာလား”

“ဟူဖေးဖေး က ဝိညာဉ်ပင်လယ် တတိယအဆင့် ထိပ်ဆုံးလောက်ပဲ ရှိတယ်လို့ ပြောကြတာ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ကြွေထည်ဘုရင်ကို လိုက်ရိုက်နိုင်ရတာလဲ”

“ဟေ့... ဟိုမှာ ကြည့်။ ဂိုဏ်းချုပ်ယဲ့ လည်း ပါတယ်။”

“ငါ သဘောပေါက်ပြီ။ ကြွေထည်ဘုရင် က ဂိုဏ်းချုပ်ယဲ့ လက်ချက်နဲ့ ပြင်းထန်စွာ ဒဏ်ရာရသွားပြီးမှ ဟူဖေးဖေး က လိုက်ရိုက်တာ ဖြစ်မယ်”

တစ်ယောက်က ယုံကြည်မှု ရှိရှိ ကောက်ချက်ချလိုက်၏။

သူတို့အားလုံး ဒါက အမှန်တရားပဲ ဖြစ်ရမယ်လို့ ယုံကြည်သွားကြသည်။

[ ဂိုဏ်း ဂုဏ်သတင်းကျော်ကြားမှု အမှတ် +၃၃၇၈ ]

ယဲ့ဖုန်းသည် စနစ်၏ အသိပေးချက်ကို ကြားလိုက်ရသဖြင့် အလွန် ကျေနပ်သွားသည်။

“သိုးမွေးတွေ ညှပ်စမ်း... ပြောင်နေအောင် ညှပ်စမ်း”

ယဲ့ဖုန်း အူမြူးစွာ ရယ်ချလိုက်၏။

မကြာမီ ကြွေထည်ဘုရင် အလိုက်ခံ၊ အရိုက်ခံနေရသည့် သတင်းသည် ပျံ့နှံ့သွားပြီး နောက်ထပ် လှုပ်ခတ်မှုကြီး ဖြစ်ပေါ်လာပြန်သည်။

အချိန်ကြာလာသည်နှင့်အမျှ နောက်ဆုံးတွင် ယဲ့ဖုန်းနှင့် အဖွဲ့သည် ခရိုင်ဘုရင်မြို့တော် သို့ ရောက်ရှိလာကြ၏။

“ခရိုင်ဘုရင်မင်းသား... ကယ်ပါဦး”

ကျန်ရှိနေသေးသော နောက်ဆုံး အားအင်ဖြင့် ကြွေထည်ဘုရင် သည် ခရိုင်ဘုရင်မြို့တော်၏ အလယ်ဗဟို တောင်ထိပ်ဘက်သို့ လှမ်းအော်လိုက်သည်။

သူ့အသံသည် ကျယ်လောင်စွာ ပဲ့တင်ထပ်သွားပြီး မြို့တော် တစ်ခုလုံးသို့ ပျံ့နှံ့သွား၏။

ကျင့်ကြံသူ အများအပြားသည် အသံကြားရာသို့ ထွက်လာကြပြီး ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့သည် ဘယ်တော့မှ မေ့ပျောက်နိုင်တော့မည့် မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရ၏။

တစ်ချိန်က မောက်မာပြီး ဗိုလ်ကျလွန်းသော ကြွေထည်ဘုရင် သည် ယခုအခါ ပန်းရောင် ဆံနွယ်နှင့် မြေခွေးမိန်းကလေး၏ လိုက်လံ ရိုက်နှက်မှုကို ခံနေရပြီး လုံးဝ ပြန်မခုခံနိုင်ဘဲ ဖြစ်နေရှာသည်။

“ပန်းရောင် ဆံပင်ရှည်... အဖြူရောင် တုတ်တိုလေး ကိုင်ထားတာ... အဲဒါ မြူခိုးဂိုဏ်းရဲ့ ဂိုဏ်းစောင့်ရှောက်သူ မြေခွေးမင်းသမီးလေး ဖေးဖေး မဟုတ်လား”

“ကြွေထည်ဘုရင် အရိုက်ခံနေရတာ မြင်ရတော့... ဘာလို့မှန်း မသိဘူး။ စိတ်ထဲမှာ နည်းနည်း ပျော်သလိုလိုပဲ”

အင်အားစု အသီးသီးမှ လူများသည် အစပိုင်းတွင် အံ့သြသွားကြသော်လည်း၊ နောက်ပိုင်းတွင် သူတို့၏ မျက်နှာများပေါ်၌ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသော အရိပ်အယောင်များ ပေါ်ပေါက်လာကြသည်။

ကြွေထည်ဘုရင်က ပုံမှန်အားဖြင့် မောက်မာလွန်းပြီး လူအများကြီးကို စိတ်ဒုက္ခပေးခဲ့ဖူးသည်။ သို့ရာတွင်၊ သူက တုမြို့တော်က မိသားစုကြီး တစ်ခုက လာတာ ဖြစ်၍ ဘယ်သူမှ ဗြောင်ကျကျ မဝေဖန်ရဲကြပေ။

ခရိုင်ဘုရင်မင်းသားတောင်မှ ပုံမှန်ဆို မျက်ကွယ်ပြုထားလေ့ ရှိသည်။

အချိန် ကြာလာတာနှင့်အမျှ လူတိုင်းမှာ မကျေနပ်ချက်တွေ ရှိနေကြသော်ငြား ဒေါသထွက်ရုံက လွဲပြီး ဘာမှ မပြောရဲကြရှာပေ။

ဒီနေ့တော့ ကြွေထည်ဘုရင် တစ်ယောက် ဟူဖေးဖေး ရဲ့ လိုက်ရိုက်တာ ခံရပြီး ဝက်ခေါင်းကြီး ဖြစ်နေတာကို မြင်လိုက်ရတော့ လူတိုင်း မပျော်ဘဲ မနေနိုင်ကြတော့ပေ။

တချို့လူတွေက မျက်နှာ တည်ထားပေမယ့်၊ တကယ်တမ်းကျတော့ ရယ်ချင်စိတ်ကို မနည်း ထိန်းထားရသည်။

“ခရိုင်ဘုရင်မင်းသား... ကယ်... အား...”

ကြွေထည်ဘုရင် ထပ်အော်လိုက်ပြန်သည်။ သို့သော် ချက်ချင်းပင် ရင်ကွဲပက်လက် အော်သံကြီး ထွက်ပေါ်လာသည်။ ဟူဖေးဖေး က သူ့နှာခေါင်းရိုးပေါ် တုတ်နှင့် ရိုက်ချလိုက်သဖြင့် နှာခေါင်း ပြားဝင်သွားသောကြောင့် ဖြစ်သည်။

“အား... ကြားရတာ အရသာ ရှိလိုက်တာ”

ကျင့်ကြံသူ အများအပြားသည် ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုကို ခံစားလိုက်ရသည်။

“ခရိုင်ဘုရင်မင်းသား... မြန်မြန် ကယ်ပါဦး”

ကြွေထည်ဘုရင် သည် အရူးတစ်ယောက်ကဲ့သို့ ခရိုင်ဘုရင် စံအိမ်တော် ဘက်သို့ အတင်း ပြေးဝင်သွားလေ၏။

*

စံအိမ်တော် ခန်းမဆောင်ကြီး အတွင်း၌...

ခရိုင်ဘုရင်မင်းသား မျက်လုံးဖွင့်လိုက်ပြီး ဘေးတဖက်တချက်စီတွင် ထိုင်နေသော ‘စစ်ဘုရင်ကြီး (၁၀) ပါး’ကို ပြောလိုက်၏။

“လူကြီးမင်းတို့... ကျုပ် ပင်ပန်းနေလို့ ခဏလောက် တံခါးပိတ် ကျင့်ကြံလိုက်ဦးမယ်”

ပြောပြီးသည်နှင့် ခရိုင်ဘုရင်မင်းသားသည် ‘ကိုယ်ပျောက် ပညာ’အား အသုံးပြုပြီး နေရာတင် ပျောက်ကွယ်သွားလေတော့သည်။

စစ်ဘုရင်ကြီး (၁၀) ပါး တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်ကာ ကြောင်အမ်းအမ်း ဖြစ်ကျန်ရစ်ခဲ့သည်။

“ကြွေထည်ဘုရင် ဒုက္ခ ရောက်နေပြီ။ ဘယ်သူမှ မကူညီကြဘူးလား”

“ကူချင်ပေမယ့် မကူရဲဘူး”

“ငါလည်း ဝင်ပါချင်ပါတယ်။ ဒါပေမဲ့ အခုကြည့်ရတာ ငါတို့ ဝင်ပါစရာ မလိုတော့ဘူး ထင်တယ်။ ဘာလို့လဲဆိုတော့ ဂိုဏ်းစောင့်ရှောက်သူ ဖေးဖေး တစ်ယောက်တည်းနဲ့တင် ကြွေထည်ဘုရင်ကို မီအောင်လိုက်ပြီး ရိုက်နိုင်နေပြီလေ”

“နှမြောစရာပဲ”

“ငါလည်း ကြွေထည်ဘုရင်ကို ဝင်ရိုက်ချင်တယ်ကွာ”

စစ်ဘုရင်ကြီး (၁၀) ပါးသည် ကြွေထည်ဘုရင်ကို ဘယ်လို ကယ်မလဲ ဆိုတာ မဆွေးနွေးဘဲ၊ လဲနေတဲ့သူကို ဘယ်လို ဝင်ကန်မလဲ ဆိုတာကိုသာ ဆွေးနွေးနေကြသည်။

‘ဘုန်း...’

ကြွေထည်ဘုရင်၏ ကျောပြင်ကို ဟူဖေးဖေး က တုတ်ဖြင့် ရိုက်ချလိုက်ရာ သူ၏ မြစိမ်းရောင် ချပ်ဝတ်ကြီး တစ်ခုလုံး အပြာရောင် ရွှေရောင် ဖုန်မှုန့်များအဖြစ် ကြေမွသွားလေ၏။

“အမယ်လေး...”

နောက်ထပ် တုတ်ချက်တစ်ချက် ထပ်ထိပြန်ရာ ကြွေထည်ဘုရင် ပြင်းထန်စွာ ဒဏ်ရာရသွားသည်။ သူ့ခန္ဓာကိုယ်ကြီးသည် ကောင်းကင်မှ ကြယ်တံခွန် တစ်လုံးအလား ပြုတ်ကျလာပြီး ရေကန်ကြီး တစ်ခုထဲသို့ ထိုးကျသွားရာ ရေများ မီတာရာချီ အမြင့်သို့ စင်တက်သွားလေ၏။

“ခင်ဗျားတို့ မကယ်ရင်... ကျုပ် ကြွေထည်ဘုရင် ရက်စက်တယ်လို့ အပြစ်မတင်နဲ့တော့။ အဲဒီ ‘ဝှက်ဖဲ’ ကို ထုတ်သုံးတော့မယ်။ ပြီးရင် မြို့လယ်ခေါင်မှာ တိုက်ပွဲ ဖြစ်စေရမယ်။ ဘယ်သူပဲ ကြားညပ်ပြီး သေသေ ကံဆိုးတာပဲလို့ မှတ်လိုက်တော့”

ခရိုင်ဘုရင်မင်းသား ဝင်ပါလိမ့်မည်ဟု ကြွေထည်ဘုရင် ထင်မှတ်ထားခဲ့သော်လည်း၊ တစ်ဖက်လူက သေချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားသည်ကို တွေ့လိုက်ရသည်။

'ခရိုင်ဘုရင်မင်းသား... တွေ့ကြသေးတာပေါ့။ ငါသာ အသက်ရှင်ခဲ့ရင် တုမြို့တော်ကို သွားပြီး လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်ရဲ့ အရှင်သခင်ရှေ့မှာ မင်းကို တိုင်မယ်’

ကြွေထည်ဘုရင်၏ ရင်တွင်း..ယုတ်မာသော အတွေးများ ဝင်လာသည်။

“ ‘နတ်ဘုရားတစ်ပိုင်း အဆောင်လက်ဖွဲ့’ ... ငါ့စွမ်းအားကို မြှင့်တင်ပေးစမ်း”

ကြွေထည်ဘုရင် သည် ရောင်ကိုင်းနေသော ဝက်လက်ကြီးကို မြှောက်လိုက်ပြီး ရွှေရောင် အဆောင်လက်ဖွဲ့ အပိုင်းအစ တစ်ခုကို ညှပ်ကာ ရင်ဘတ်ပေါ်သို့ အားကုန် ကပ်လိုက်၏။

‘ဝုန်း...’

ကြွေထည်ဘုရင်၏ ကျင့်ကြံခြင်း အဆင့်သည် ချက်ချင်း တိုးတက်လာသည်။ ဝိညာဉ်ပင်လယ် အဋ္ဌမအဆင့်မှ နဝမအဆင့်သို့ ခုန်တက်သွားသည်။

ထို့နောက် ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်သို့ ရောက်ရှိသွားလေ၏။

နတ်ဘုရားတစ်ပိုင်း အဆောင်လက်ဖွဲ့ ဆိုတာ တုမြို့တော်က ရှုမိသားစု ခေါင်းဆောင် ပေးထားတဲ့ ရှေးဟောင်း နတ်ဘုရား အဆောင်လက်ဖွဲ့ အပိုင်းအစ တစ်ခု ဖြစ်သည်။ သူ့မှာ ဒါတစ်ခုတည်း ရှိသည်။ ဒါကို သုံးလိုက်လျှင် ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်ထိ ရုတ်ချည်း ရောက်သွားနိုင်၏။

သို့သော် ထိုအဆောင်လက်ဖွဲ့သည် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ ထိုအရာက ကြွေထည်ဘုရင်၏ နောက်ဆုံး အသက်ကယ်ဆေးပင် ဖြစ်၏။

မူလက ဟူဖေးဖေးအား ခရိုင်ဘုရင်မင်းသား ဝင်ရောက် တားဆီးပေးမည်ဟု ထင်မှတ်ထားခဲ့သည်။

ထိုလူကြီး သေချင်ယောင် ဆောင်နေလိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

ရွေးချယ်စရာ မရှိတော့သည့်အဆုံး ကြွေထည်ဘုရင် ဒီနည်းလမ်းကို သုံးလိုက်ရတော့သည်။

“ဟဲ ဟဲ ဟဲ... သေစမ်း”

ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့် အရှိန်အဝါ ထွက်ပေါ်လာသည်နှင့် ခရိုင်ဘုရင်မြို့တော် တစ်ခုလုံး ကြောက်မက်ဖွယ် ဖိအားအောက်သို့ ရောက်ရှိသွား၏။ ခရိုင်ဘုရင်မင်းသား၊ စစ်ဘုရင်ကြီး (၁၀) ပါး နှင့် မိသားစုကြီး (၁၀) ခုမှ ဝိညာဉ်ပင်လယ်အဆင့် ဘိုးဘေးကြီးများပင်လျှင် ထိုဖိအားကို ခံစားလိုက်ရသည်။

‘ဝုန်း...’

ရတနာ တံဆိပ်တုံးကြီး တစ်ခု ကောင်းကင်သို့ ပျံတက်သွားပြီး ဟူဖေးဖေး ကို မီတာ ထောင်ပေါင်းများစွာ အဝေးသို့ လွင့်စင်သွားစေသည်။ သူမ လေထဲတွင် ရပ်တန့်သွားသည်။

“အခု... ငါ မင်းကို ပြန်ရိုက်ရမယ့် အလှည့်ပဲ။ ငါ ကြွေထည်ဘုရင် က ခရိုင်ဘုရင်မြို့တော်မှာ ရှိတဲ့ သက်ရှိသတ္တဝါ ကုဋေပေါင်းများစွာရဲ့ ရှေ့မှောက်မှာ မင်းကို သတ်ပြမယ်”

ကြွေထည်ဘုရင် အရူးတစ်ယောက်လို ရယ်လိုက်၏။

သူ့အသံ ထွက်ပေါ်လာသည်နှင့် လူတိုင်း၏ မျက်နှာထား လေးနက်သွားကြသည်။

ဟန်ယီ နှင့် ဟန်အာ လို သူတစ်ပါး ဒုက္ခရောက်တာကို ဝမ်းသာတတ်သည့် လူနည်းစုကလွဲလျှင်... ကျန်လူ အများစုကတော့ ဟူဖေးဖေး အသတ်ခံရမှာကို မလိုလားကြပေ။

အကြောင်းရင်းက ရိုးရှင်းပါသည်။ ကြွေထည်ဘုရင် က တကယ်ကို စိတ်ပျက်စရာ ကောင်းလွန်း၍တည်း။

ဒါကြောင့် လူတိုင်းလိုလို ဟူဖေးဖေး ဘက်က ပါနေကြသည်။

“နတ်ဘုရားတစ်ပိုင်း အဆောင်လက်ဖွဲ့ ကိုတောင် ထုတ်သုံးတယ် ဆိုတော့... ငါ ဝင်ပါမှ ရတော့မယ် ထင်တယ်”

ခရိုင်ဘုရင်မင်းသား မျက်မှောင်ကြုတ်လိုက်၏။

ဘယ်လိုပဲဖြစ်ဖြစ် မြူခိုးဂိုဏ်း က ခရိုင်ဘုရင်မြို့တော်၏ စီမံအုပ်ချုပ်မှု အောက်မှာ ရှိသည်။ ကြွေထည်ဘုရင် ကတော့ ပြင်ပ အင်အားစု ဖြစ်သော တုမြို့တော်က လာ၏။

ဘယ်သူ့ဘက်က ကူညီရမလဲ ဆိုတာ ခရိုင်ဘုရင်မင်းသား တစ်ယောက် အနေနှင့် ကောင်းကောင်းကြီး သိလေ၏။

အခန်း (၃၇၂) - ရှုဟွာမိုနှင့် အကြမ်းစား ပေါက်ကွဲစေသော တုတ်

~ခရိုင်ဘုရင်မင်းသား ဝင်ရောက် ကူညီရန် ပြင်ဆင်လိုက်၏။

ဂိုဏ်းစောင့်ရှောက်သူ မင်းသမီးလေး ဟူဖေးဖေး ကို အဖြစ်မခံနိုင်ပေ။

သူမသည် ရှားပါးပြီး စွမ်းအားကြီးသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သလို၊ တောင်ပိုင်းမြစ်ဝှမ်းဒေသ၏ အရေးပါသော အင်အားစု တစ်ခုလည်း ဖြစ်သည်။ သူမ ဆုံးရှုံးသွားလျှင် တိုင်းပြည်အတွက် ကြီးမားသော နစ်နာမှု ဖြစ်ပေလိမ့်မည်။

သို့သော် ခရိုင်ဘုရင်မင်းသား လှမ်းလိုက်သော ခြေလှမ်းသည် ချက်ချင်း ရပ်တန့်သွားသည်။

“ဟေ...”

သူ့ထံမှ အံ့သြသံတစ်ချက် ထွက်ပေါ်လာသည်။

ကောင်းကင်ယံ အထက်တွင်...

ဟူဖေးဖေး ၏ ဆံနွယ်များသည် တောက်ပသော ပန်းရောင်အဖြစ် ပြောင်းလဲသွားပြီး လင်းလက်လာသည်။ သူမသည် ချက်ချင်းပင် ‘ပထမအဆင့် တိုက်ခိုက်ရေး အခြေအနေ’ သို့ ဝင်ရောက်သွားလေ၏။

ဒါတင် မကသေးပေ။ သူမ၏ အရှိန်အဝါသည် ဆက်လက် မြင့်တက်နေပြီး၊ မျက်လုံးနှစ်လုံးစလုံးသည် ပန်းရောင် အလင်းတန်းများဖြင့် လွှမ်းခြုံသွားကာ ပန်းရောင် နေမင်းနှစ်စင်းအလား ဖြစ်သွားသည်။

သူမသည် ‘ဒုတိယအဆင့် တိုက်ခိုက်ရေး အခြေအနေ’ သို့ ဝင်ရောက်သွားပြီ ဖြစ်သည်။

ယခုအချိန်တွင် ဟူဖေးဖေး ၏ စွမ်းအားသည် ‘ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်’သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

“ဘယ်... ဘယ်လိုလုပ် ဒီလို..”

ကြွေထည်ဘုရင်၏ မောက်မာသော ရယ်သံ ရုတ်ချည်း ရပ်တန့်သွားသည်။ သူ့မျက်လုံးများသည် ကြေးခေါင်းလောင်းကြီးများအလား ပြူးကျယ်သွားသည်။

သူ အလွန်အမင်း တုန်လှုပ်သွားရသည်။

အရင်တုန်းက ဟူဖေးဖေး၏ စွမ်းအားက မဆိုးဘူး ဆိုပေမယ့် ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်ကိုတော့ မရောက်သေးပါ။

ယခုတော့ သူမ၏ အရှိန်အဝါက မိုးထိအောင် ထိုးတက်လာပြီး ကြွေထည်ဘုရင်ကို ကြောက်ရွံ့စေခဲ့သည်။ အရင်က အနိုင်ကျင့်ခံခဲ့ရသော ခံစားချက်ကြီး ပြန်လည် ဝင်ရောက်လာပြန်၏။

“နှစ်ဆ ပေါက်ကွဲစေသော တုတ်... ရိုက်စမ်း”

ဟူဖေးဖေး သည် အဖြူရောင် တုတ်တိုလေးကို ဝှေ့ယမ်းလိုက်ရာ တစ်ခဏချင်းမှာပင် တုတ်ချက်ပေါင်း ဒါဇင်ချီ ထွက်ပေါ်လာသည်။ ကြွေထည်ဘုရင်မှာ မနည်း ကြိုးစားပြီး ကြွေပြားဝိုင်းကြီး တစ်ခုကို ဖန်တီးကာ ကာကွယ်လိုက်ရ၏။

သို့သော် ‘ခွပ်’ ခနဲ အသံနှင့်အတူ ကြွေပြားဝိုင်းကြီးသည် အမှုန့်အဖြစ် ကြေမွသွားသည်။ ဟူဖေးဖေး ၏ ပြင်းထန်သော တိုက်ခိုက်မှုကို ခံနိုင်ရည် မရှိတော့ပေ။

“မဖြစ်နိုင်တာ”

ကြွေထည်ဘုရင် ထိတ်လန့်သွားသည်။

သူ့ရဲ့ ဝှက်ဖဲ ဖြစ်တဲ့ ‘နတ်ဘုရားတစ်ပိုင်း အဆောင်လက်ဖွဲ့’ ကိုတောင် ထုတ်သုံးပြီးပြီလေ။ တစ်ကွင်းလုံးကို အနိုင်ယူနိုင်ပြီလို့ ထင်ထားတာ။

ဘယ်သူ ထင်မှာလဲ... ဟူဖေးဖေး ရဲ့ စွမ်းအားကလည်း ဒီလောက်ထိ ပေါက်ကွဲထွက်လာလိမ့်မယ်လို့။

အဓိက အချက်ကတော့... ဟူဖေးဖေး က သူ့ထက် ပိုသန်မာနေသည်ပင်။

“သောက်ကျိုးနည်း...”

“ငါ ထပ်ပြီး အလိုက်ခံ အရိုက်ခံ ရတော့မလို့လား။ မဖြစ်ဘူး... ငါ အဲဒီလို အဖြစ်မခံနိုင်ဘူး”

“ငါ ကြွေထည်ဘုရင်က ဒီလို အရှုံးမျိုးကို လုံးဝ လက်မခံနိုင်ဘူး”

လေထဲတွင် ရပ်နေသော ကြွေထည်ဘုရင်သည် လက်သီးကို ဆုပ်လိုက်ပြီး ဟူဖေးဖေး ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။ သူ့ထံမှ မောက်မာသော အရှိန်အဝါများ ကောင်းကင်သို့ ထိုးတက်သွားသည်။

သူက ပြန်တိုက်ဖို့ ပြင်နေတာ မဟုတ်ချေ။

‘ဘယ်လိုပဲဖြစ်ဖြစ် နိုင်မှ မနိုင်တော့တာ။ အလိုက်ခံ အရိုက်ခံ ရမှာပဲ ဆိုတော့... ဘာလို့ ဂုဏ်သိက္ခာ ရှိရှိ ပုံစံဖမ်းပြီး အရိုက်မခံရမှာလဲ။’

‘ဘုန်း... ဘုန်း... ဘုန်း...’

အဖြူရောင် တုတ်တိုလေး၏ ရိုက်ချက်ကြောင့် ကြွေထည်ဘုရင်သည် မြေကြီးပေါ်သို့ ထပ်မံ ပြုတ်ကျသွားပြန်သည်။ လူပုံသဏ္ဌာန် ဖြစ်ပေါ်နေသော တွင်းနက်ကြီးထဲတွင် ‘ပက်လက်ကြီး’ ( 大 ပုံသဏ္ဌာန်) လဲလျောင်းနေရှာသည်။

“ဘာလို့ မျက်နှာကိုပဲ ရွေးရိုက်နေရတာလဲ။ တခြားနေရာ ရိုက်လို့ မရဘူးလား”

ကြွေထည်ဘုရင် ဒေါသတကြီး အော်ဟစ်လိုက်၏။

‘ဘုန်း...’

နောက်ဆုံးတွင် အဖြူရောင် တုတ်တိုလေးသည် သူ့ပစ်မှတ်ကို တွေ့ရှိသွားပြီး ကြွေထည်ဘုရင်၏ မျက်နှာတည့်တည့်ကို ထပ်မံ ရိုက်ချလိုက်လေ၏။

“ဟွန်း... ငရဲကိုသာ သွားလိုက်တော့”

ကြွေထည်ဘုရင်သည် မကျေမနပ် ကျိန်ဆဲလိုက်သော်လည်း၊ ပိုမို ဆိုးရွားစွာ အရိုက်ခံလိုက်ရပြန်သည်။

မကြာမီ သူသည် တွင်းနက်ကြီးထဲတွင် သေလုမျောပါး ဖြစ်နေပြီး တစ်ကိုယ်လုံး တုန်ရီနေ၏။ မျက်နှာပေါ်တွင် မျှော်လင့်ချက် ကင်းမဲ့သော အမူအရာများ အထင်းသား ပေါ်လွင်နေသည်။

“ဝိုး... ရက်စက်လိုက်တာ”

ကြည့်နေသူ အားလုံးသည် ထိုမြင်ကွင်းကြောင့် အသက်ရှူမှားမတတ် ဖြစ်သွားကြပြီး အလွန်အမင်း တုန်လှုပ်သွားကြ၏။

နတ်ဘုရားတစ်ပိုင်း အဆောင်လက်ဖွဲ့ ကို သုံးထားတာတောင်မှ ဒီအခြေအနေထိ အရိုက်ခံလိုက်ရတယ် လား။

ပိုဆိုးတာက ဟူဖေးဖေး ရဲ့ တိုက်ခိုက်မှုတွေက အချိုးအစား ကျနလွန်းသည်။ ကြွေထည်ဘုရင်ကို မသေစေဘဲ နာကျင်မှု ဝေဒနာကို အစွမ်းကုန် ခံစားရအောင် လုပ်နေ၏။ သေတာထက် အဆပေါင်းများစွာ၊ ရာပေါင်းများစွာ ပိုနာကျင်စေသည်။

“ဟူဖေးဖေး ရဲ့ စွမ်းအားက ငါနဲ့ သိပ်မကွာလောက်ဘူး ထင်တယ်”

ခရိုင်ဘုရင်မင်းသားသည် အေးစက်စွာ ကြည့်ရင်း ရေရွတ်လိုက်၏။ သူ့မျက်ဝန်းထဲတွင် အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားသည်။

မြူခိုးဂိုဏ်းမှာ ဒီလောက် ကြောက်စရာ ကောင်းသော ပုဂ္ဂိုလ်မျိုး ဝှက်ထားလိမ့်မည်ဟု သူ ထင်မထားခဲ့မိချေ။

“အတင့်ရဲလိုက်တာ။ ငါတို့ ‘ရှုမိသားစု’ က အထူးသံတမန်ကိုတောင် လက်ပါရဲတယ်ပေါ့လေ။ နင်တို့ သေချင်နေကြပြီလား”

အဝေးတစ်နေရာမှ မောက်မာသော အော်သံ တစ်သံ ထွက်ပေါ်လာသည်။

လူအုပ်ကြီး လှည့်ကြည့်လိုက်ရာ အနက်ရောင် ဝတ်ရုံပေါ်တွင် ရွှေရောင် ရင်ကွဲပန်း အဆင်တန်ဆာများ ပါရှိသော အဘိုးအို တစ်ဦးကို တွေ့လိုက်ရ၏။ သူသည် မြစိမ်းရောင် လက်စွပ်တစ်ကွင်း ဝတ်ဆင်ထားပြီး နဖူးပေါ်တွင် အထူး နတ်ဘုရား အမှတ်အသား တစ်ခု ပါရှိသည်။ သူသည် လေကို ခွင်းလျက် ရောက်ရှိလာသည်။

သူသည် ‘ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်’ ကျင့်ကြံခြင်း စွမ်းအားကို ပိုင်ဆိုင်ထား၏။

ထို့အပြင်... သူ့ထံမှ အေးစက်သော ‘မူလဝိညာဉ်’ အရှိန်အဝါများ ထွက်ပေါ်နေပြီး ခရိုင်ဘုရင်မြို့တော် တစ်ခုလုံးကို လွှမ်းခြုံထားလိုက်၏။ လူတိုင်းသည် အဆုံးအစမဲ့ ရေလွှမ်းမိုးခြင်း ခံရသကဲ့သို့ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

“မဟာအကြီးအကဲ... နောက်ဆုံးတော့ ရောက်လာပြီပဲ”

လူသစ်ကို မြင်လိုက်ရသောအခါ ကြွေထည်ဘုရင် ဝမ်းသာအားရ အော်ဟစ်လိုက်၏။

“အသုံးမကျတဲ့ ကောင်... နတ်ဘုရားတစ်ပိုင်း အဆောင်လက်ဖွဲ့ ကိုတောင် သုံးပြီးပြီ။ ဒါတောင် မနိုင်ဘူးလား။ ငါတို့ တုမြို့တော် ရှုမိသားစုရဲ့ နာမည်ကို အကြီးအကျယ် ဖျက်ဆီးပစ်လိုက်တာပဲ”

ရှုမိသားစု၏ မဟာအကြီးအကဲ ‘ရှုဟွာမို’ က ကြိမ်းမောင်းလိုက်၏။

သူ တောင်မင်းနိုင်ငံ ကို ကိစ္စတစ်ခုနဲ့ သွားရင်း လမ်းကြုံလို့သာ ဒီမြင်ကွင်းကို မြင်လိုက်ရသည်။ မဟုတ်လျှင် ကြွေထည်ဘုရင် ရှုရန်ရှန် ဒီလောက် အသုံးမကျမှန်း သိလိုက်ရမှာ မဟုတ်ချေ။

အဆင့်တူ ဟူဖေးဖေး လောက်ကိုတောင် အနိုင် မယူနိုင်ရသလော။

“အဲဒါ တုမြို့တော် ရှုမိသားစုရဲ့ မဟာအကြီးအကဲ ရှုဟွာမို ပဲ”

“သူက ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်ကို ရောက်နေပြီးသား။ ပြီးတော့ မူလဝိညာဉ် ကိုတောင် စတင် စုစည်းနေပြီ။ သူ့စွမ်းအားက သာမန် ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်တွေထက် အများကြီး သာလွန်တယ်”

ခရိုင်ဘုရင်မြို့တော်မှ ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူ အများအပြား တုန်လှုပ်သွားကြသည်။

ခရိုင်ဘုရင်မင်းသား၏ မျက်နှာထားပင် လေးနက်သွား၏။

သူကတော့ ရှုဟွာမို အနိုင်ယူနိုင်မည်ဟု ယုံကြည်မှု ရှိပါသည်။ သို့တိုင်၊ တကယ်တမ်း သေရေးရှင်ရေး တိုက်ပွဲ ဖြစ်လာရင်တော့... နှစ်ဖက်စလုံး၏ အသက်အန္တရာယ်က မသေချာပေ။

ဘာပဲပြောပြော သူတို့နှစ်ယောက်စလုံးက ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့်ကို ကျော်လွန်ပြီး မူလဝိညာဉ် ရဲ့ တစ်စိတ်တစ်ပိုင်းကို စုစည်းထားနိုင်ကြပြီလေ။ ‘မူလနတ်ဘုရား အဆင့်’ အား တရားဝင် မရောက်သေးပေမယ့်၊ သူတို့၏ နည်းလမ်းပေါင်းစုံက အလွန် စွမ်းအားကြီးပြီး လျှော့တွက်၍ မရပါချေ။

ရှုဟွာမို ၏ အသွင်အပြင်သည် တစ်နေရာလုံးကို ချက်ချင်း တုန်လှုပ်သွားစေ၏။

ယဲ့ဖုန်းပင်လျှင် လေးနက်သော အမူအရာ ဖြစ်သွားသည်။

“ဟွန်း... ငါတို့ ရှုမိသားစု လူကို လက်ပါရဲတယ်ပေါ့။ နင် ဘယ်သူပဲ ဖြစ်ဖြစ် ဒီနေ့ သေရမယ်”

ရှုဟွာမို သည် လက်ကို ဝှေ့ယမ်းလိုက်ရာ ခမ်းနားသော နတ်ဘုရား စွမ်းအားများသည် ပန်းရောင် တိမ်တိုက်များအဖြစ် ပြောင်းလဲသွားပြီး ဟူဖေးဖေး ဆီသို့ မိုးကြိုးပစ်ချသကဲ့သို့ ဝင်ရောက်လာသည်။

‘ဘုန်း...’

ဟူဖေးဖေး သည် သူမ၏ ပေါက်ကွဲစေသော တုတ်ကို ဝှေ့ယမ်းလိုက်သော်လည်း လွင့်ထွက်သွားပြီး လက်မောင်းရိုးများ အက်ကွဲသွားသည်။

“စွမ်းအားကြီးလိုက်တာ”

ဟူဖေးဖေး စိတ်ဓာတ်ကျမသွားဘဲ ပို၍ပင် စိတ်လှုပ်ရှားလာသည်။

“နှစ်ဆ ပေါက်ကွဲစေသော တုတ်...”

တစ်ခဏအတွင်း သူမသည် တုတ်ချက် ရာပေါင်းများစွာ ရိုက်ချလိုက်ပြီး ကျယ်ပြန့်သော ကွန်ရက်ကြီးတစ်ခု ဖန်တီးကာ ရှုဟွာမို ကို လွှမ်းခြုံလိုက်၏။

“ဟဲ... ကလေးအထာတွေ”

ရှုဟွာမို နှာခေါင်းရှုံ့လိုက်၏။ တဆက်တည်း၍၊ သူ့လက်ကို ကောင်းကင်သို့ မြှောက်လိုက်သည်နှင့် မူလဝိညာဉ် စွမ်းအားများ ချက်ချင်း ပေါက်ကွဲထွက်ပေါ်လာသည်။

‘ဝုန်း...’

သဘာဝတရား၏ ဝိညာဉ်စွမ်းအင်များသည် ကြောက်မက်ဖွယ် စွမ်းအင်လှိုင်းလုံးကြီး တစ်ခုအဖြစ် စုစည်းသွားပြီး တုတ်ချက် ကွန်ရက်ကြီးကို ရက်စက်စွာ စုတ်ဖြဲပစ်လိုက်၏။ ထို့နောက် ဟူဖေးဖေး ၏ ခန္ဓာကိုယ်ပေါ်သို့ တရစပ် ဗုံးကြဲ တိုက်ခိုက်လိုက်လေ၏။

သို့သော် အံ့သြဖွယ် ကောင်းသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်။

ဟူဖေးဖေး နောက်မဆုတ်ဘဲ ထိုကြီးမားသော စွမ်းအင်များကို စုပ်ယူလိုက်ရာ အံ့မခန်း ပြောင်းလဲမှုကြီး တစ်ခု ဖြစ်ပေါ်လာလေ၏။

သူမ၏ ဆံပင်များသည် ရုတ်တရက် (၃) မီတာအထိ ရှည်ထွက်လာသည်။

တောက်ပနေသော မျက်ဝန်းများသည် ပန်းရောင် အလင်းတန်းများဖြင့် စူးရှစွာ လင်းလက်လာပြီး အတွင်းဘက်တွင် အထူး ဝင်္ကပါ အစီအရင်များ လှည့်ပတ်နေသည်။ နဖူးအလယ်တည့်တည့်တွင်လည်း ပန်းရောင် အမှတ်အသား တစ်ခု ဖြစ်တည်လာသည်။

၎င်းက ‘တတိယအဆင့် တိုက်ခိုက်ရေး အခြေအနေ’ တည်း။

“ဘာ...”

ခရိုင်ဘုရင်မြို့တော်မှ ကျင့်ကြံသူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။

စောစောကထိ ဟူဖေးဖေး က ရှုဟွာမို ရဲ့ ပြိုင်ဘက် မဟုတ်သေး။

ယခုတော့... နောက်တစ်ဆင့် ထပ်ပြောင်းလဲသွားပြီးနောက် သူမဆီက ထွက်ပေါ်လာသော အရှိန်အဝါက မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ပါးကို ရင်ဆိုင်နေရသကဲ့သို့ ကြောက်မက်ဖွယ် ကောင်းနေလေပြီ။

“ဒါ ဘယ်လို မန္တန်မျိုးလဲ”

ရှုဟွာမို မျက်ခွံများ လှုပ်ခတ်သွားသည်။

ဟူဖေးဖေး ဆီကနေ အန္တရာယ်ရှိသော အငွေ့အသက်ကို သူ ခံစားလိုက်ရသည်။ သူတို့ မိသားစုက မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင်တွေလောက် မစွမ်းအားကြီးပေမယ့်၊ တော်တော်လေးကို ကြောက်စရာ ကောင်းနေပြီ ဖြစ်၏။

“အကြမ်းစား ပေါက်ကွဲစေသော တုတ် ...”

အဖြူရောင် တုတ်တိုလေးကို လက်ထဲတွင် ကိုင်ထားရင်း ဟူဖေးဖေး သည် ကောင်းကင်သို့ မြှောက်တင်လိုက်၏။ သူမ၏ ဆံပင်ရှည်ကြီးများသည် လေမတိုက်ဘဲ နောက်သို့ လွင့်ပျံနေပြီး မြေခွေးအမြီး (၉) ချောင်းကဲ့သို့ ဖြစ်ပေါ်နေကာ ကောင်းကင်နှင့် မြေကြီးကြားမှ အဆုံးအစမဲ့ စွမ်းအင်များကို စုပ်ယူနေသည်။

လေထဲတွင် ကီလိုမီတာ (၁) ထောင်ခန့် ရှည်လျားသော အဖြူရောင် တုတ်တို ပုံရိပ်ကြီး တစ်ခု ပေါ်လာပြီး တဖြည်းဖြည်း ခိုင်မာလာသည်။

“ငါက တုမြို့တော် ရှုမိသားစုရဲ့ မဟာအကြီးအကဲ ရှုဟွာမို ကွ... နင်က...”

‘ဘုန်း...’

အကြမ်းစား ပေါက်ကွဲစေသော တုတ်ကြီးသည် မညှာမတာ ရိုက်ချလိုက်သည်။ ထိုအခိုက်၊ ရှုဟွာမို သည် ‘အဋ္ဌမအဆင့်’ ကာကွယ်ရေး မန္တန် (၃) ခုနှင့် ‘နဝမအဆင့်’ ကာကွယ်ရေး မန္တန် (၁) ခုကို အလျင်အမြန် ထုတ်သုံးလိုက်သော်လည်း၊ နောက်ဆုံးတွင် တစ်ချက်တည်းနှင့် အားလုံး ကွဲကြေပျက်စီးသွားလေ၏။

“အား...”

ရှုဟွာမို မြေကြီးပေါ်သို့ ပြုတ်ကျသွားပြီး ရှုရန်ရှန် ၏ ဘေးတွင် ‘ပက်လက်ကြီး’ ပုံစံဖြင့် လဲကျသွားသည်။ ပါးစပ်မှ အမြှုပ်များ တရစပ် ထွက်နေပြီး ခြေလက်များ တက်နေသကဲ့သို့ တုန်ခါနေရှာ၏။

ကောင်းကင်ယံ အထက်တွင်...

“ဟွန်း... အားနည်းလိုက်တာ”

ဟူဖေးဖေး သည် ပေါက်ကွဲစေသော တုတ်ကို ကိုင်လျက် နှာခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် ယဲ့ဖုန်း အနားသို့ ကပ်သွားပြီး ချွဲနွဲ့စွာ ပြောလိုက်၏။

“ဂိုဏ်းချုပ်... သမီး တော်တယ် မဟုတ်လားဟင်”

“တော်တယ်... ပြိုင်ဘက်ကင်းပဲ”

ယဲ့ဖုန်း မျက်လုံးပြူးကာ လက်မထောင်ပြပြီး ချီးကျူးလိုက်၏။ စကားလုံး တစ်လုံးချင်းစီကို ပီသစွာ ပြောဆိုလိုက်သည်။

ဝန်ခံရမည်... ဟူဖေးဖေး၏ တတိယအဆင့် တိုက်ခိုက်ရေး အခြေအနေက အမှန်တကယ်ပင် ကြမ်းတမ်းလှ၏။ သူမ၏ ကျင့်ကြံခြင်း အဆင့်က မူလနတ်ဘုရား အဆင့်သို့ မရောက်သေးသော်ငြား အကန့်အသတ်မရှိ နီးကပ်နေပြီ ဖြစ်သည်။

ထို့အပြင် ‘အကြမ်းစား ပေါက်ကွဲစေသော တုတ်’ ကို အသုံးပြုလိုက်သောအခါ သူမ၏ တိုက်ခိုက်ရေး စွမ်းရည်က မူလနတ်ဘုရား အဆင့်သို့ ချက်ချင်း ရောက်ရှိသွားတော့၏။

နှမြောစရာ ကောင်းသည်မှာ... တတိယအဆင့် တိုက်ခိုက်ရေး အခြေအနေသို့ စိတ်ကြိုက် ဝင်ရောက်၍ မရနိုင်ခြင်းပင် ဖြစ်၏။ လုံလောက်သော စွမ်းအင်ကို ဦးစွာ စုပ်ယူရန် လိုအပ်သည်။

ခရိုင်ဘုရင်မြို့တော်မှ ကျန်လူများမှာမူ နေရာတင် ကျောက်ရုပ်များအဖြစ် ပြောင်းလဲသွားကြပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေကြသည်။

အထူးသဖြင့် ခရိုင်ဘုရင်မင်းသား... မျက်လုံးများ ပြူးကျယ်လျက် ရှိနေသည်။

ဟန်ယီ နှင့် ဟန်အာ တို့ဆိုလျှင် ပို၍ပင် တုန်လှုပ်သွားကြပြီး ကျောချမ်းသွားသည်အထိ ခံစားလိုက်ရသည်။

All Chapters