← Chapters

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း (၃၇၃) - ဂုဏ်သတင်း အမှတ် (၃) သန်းနှင့် မြို့တော် ပေါင်းစည်းခြင်း

~“ဘယ်... ဘယ်လိုလုပ် ဒီလောက် ကြမ်းရတာလဲ”

ဟန်အာ သည် ကြောက်လန့်လွန်းသဖြင့် မြေကြီးပေါ်တွင် ပုံလျက်သား လဲကျလုမတတ် ဖြစ်သွားပြီး စကားများပင် ထစ်အသွားလေ၏။

“ဒီမိန်းမက တကယ့်ကို ကြောက်စရာကောင်းတယ်”

ဟန်ယီ ပင်လျှင် တံတွေး တစ်ချက် မျိုချလိုက်မိသည်။ မျက်ဝန်းထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်နေသည်။

ဟူဖေးဖေး သည် သူမြင်ဖူးသမျှထဲတွင် အကြမ်းဆုံး အမျိုးသမီး ဖြစ်သည်။

‘တစ်ချက်တည်းနဲ့ ‘မူလနတ်ဘုရား အဆင့်’ ကို ခြေတစ်လှမ်း လှမ်းထားပြီးသား ထိပ်တန်း ပညာရှင် ရှုဟွာမို ကို သတိလစ်သွားသည်အထိ ရိုက်ချလိုက်နိုင်တယ်။

ဒီလို စွမ်းအားမျိုးက တကယ့်ကို ကြောက်စရာ ကောင်းလွန်းတယ်။’

ဟန်ယီ နှင့် ဟန်အာ တင် မက၊ ရှိသမျှ လူတိုင်းက ဟူဖေးဖေး ကို ကြောက်လန့်နေကြသည်။

ဟူဖေးဖေး ကို ဘာဆက်ပြောရမှန်းတောင် မသိကြတော့ပေ။

“မဟာအကြီးအကဲ... အဆင်ပြေရဲ့လား”

မြေကြီးပေါ်တွင် လဲကျနေသော ကြွေထည်ဘုရင် သည် သူ့ဘေးနားတွင် လဲကျနေသော ရှုဟွာမို ကို ကြည့်ရင်း နှုတ်ခမ်းများ တွန့်သွား၏။

“မင်း... မင်း အသုံးမကျတဲ့ကောင်”

ရှုဟွာမို ဒေါသထွက်လွန်းသဖြင့် စကားပင် မပြောနိုင်တော့ပေ။

ကြွေထည်ဘုရင်သာ ဟူဖေးဖေး ကို သွားမစခဲ့လျှင်... သူလည်း အခုလို အကြီးအကျယ် အရိုက်ခံရမည့် အဖြစ်မျိုး ရောက်မှာ မဟုတ်ချေ။

“မဟာအကြီးအကဲ... ကျွန်တော့်ကို အပြစ်မတင်ပါနဲ့ဗျာ”

ကြွေထည်ဘုရင် ခံစားချက်များ နာကျင်သွားသည်။

“အလကားကောင်”

ရှုဟွာမို ထပ်မံ ကျိန်ဆဲလိုက်၏။

ဒေါသကြောင့် သွေးများ ခေါင်းပေါ်သို့ ဆောင့်တက်သွားပြီး လူပုံသဏ္ဌာန် ဖြစ်နေသော တွင်းကြီးထဲတွင် သတိလစ် မေ့မြောသွားလေတော့သည်။

ကောင်းကင်ယံတွင်...

ဟူဖေးဖေး သည် သူမ၏ တတိယအဆင့် တိုက်ခိုက်ရေး အခြေအနေ မှ ထွက်လိုက်ပြီး မူလ ပုံစံအတိုင်း ပြန်လည် ပြောင်းလဲသွားသည်။ သူမ ရရှိခဲ့သော ဒဏ်ရာများအားလုံးလည်း အပြည့်အဝ ပြန်ကောင်းသွားလေ၏။

“မင်းသမီးလေး... ဒီ တတိယအဆင့် တိုက်ခိုက်ရေး အခြေအနေ ကို ဘယ်လောက်ကြာကြာ ထိန်းထားနိုင်လဲ”

ယဲ့ဖုန်း မေးလိုက်သည်။

သူ အောက်ဘက်က ရှုဟွာမို နှင့် ကြွေထည်ဘုရင် ကို လှည့်မကြည့်ပေ။

စောစောက သူတို့ ပြောစကားတွေကို နားထောင်ကြည့်ရသလောက်... မြူခိုးဂိုဏ်းက တော်တော် ကြောက်စရာ ကောင်းသော ရန်သူ တစ်ယောက်ကို ရန်စမိလိုက်ပြီ ဆိုတာ သဘောပေါက်လိုက်၏။

*

တုမြို့တော်၊ ရှုမိသားစု…။

ကြွေထည်ဘုရင် ရှုရန်ရှန် နှင့် မဟာအကြီးအကဲ ရှုဟွာမို တို့က လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် ၊ တုမြို့တော်မှာ အခြေစိုက်သည့် ရှုမိသားစုမှ ဖြစ်နေသည်။ ထို မိသားစုမှာ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် တစ်ပါး ရှိနေသည်။

“သမီး ကြိုက်သလောက် ထိန်းထားလို့ ရတယ်”

ဟူဖေးဖေး သည် ခေါင်းလေး စောင်းပြီး ခဏ စဉ်းစားပြီးမှ ဖြေလိုက်၏။

“အမ် ⊙ω⊙”

ယဲ့ဖုန်း၏ မျက်နှာထားက ဒီလို ဖြစ်သွားသည်။

အံ့ဩမိသော်ငြား... တတိယအဆင့် တိုက်ခိုက်ရေး အခြေအနေက ထိုမျှ ကြာရှည်ခံမည် ဆိုလျှင် ဟူဖေးဖေးသည် အားအနည်းဆုံး မူလနတ်ဘုရား အဆင့် ကျင့်ကြံသူ တစ်ဦးနှင့် ညီမျှသွားပြီ ဖြစ်၏။ ဖျက်ဆီး၍ မရနိုင်သည့်အပြင် တိုက်ခိုက်ခံရလေ ပို၍ သန်မာလာလေ ဖြစ်သည်။

“ဒါဆိုရင်တော့ စိတ်ချရပြီ”

ယဲ့ဖုန်း သက်ပြင်းချလိုက်၏။

သူသည် ခရိုင်ဘုရင်မြို့တော်မှ ကျောက်ရုပ်များသဖွယ် ဖြစ်နေသော ကျင့်ကြံသူများကို ငုံ့ကြည့်လိုက်ပြီး အနည်းငယ် ပြုံးလိုက်၏။

“လူကြီးမင်းတို့... ကြွေထည်ဘုရင် က ကျွန်တော်တို့ မြူခိုးဂိုဏ်းမှာ လာပြီး သောင်းကျန်းလို့ ဂိုဏ်းစောင့်ရှောက်သူရဲ့ ဆုံးမတာ ခံလိုက်ရပါပြီ။ တခြား ပြဿနာရှာတဲ့သူတွေကိုလည်း နှိမ်နင်းပြီးပါပြီ။ အနှောင့်အယှက် ဖြစ်သွားတဲ့အတွက် တောင်းပန်ပါတယ်”

“သြော်... ဒါနဲ့ စကားမစပ်... မြူခိုးဂိုဏ်းကို ဝင်ချင်ရင် ကြိုဆိုပါတယ်။ ကျွန်တော်တို့က ‘ကံစီမံရာ’ ကို ကြည့်ပြီး လူရွေးပါတယ်။ ရေစက် ပါရင်တော့ ဂိုဏ်းဝင်ပြီး အတူတူ ကျင့်ကြံလို့ ရပါတယ်”

“ပြီးတော့... ရေပေါ်ဖြူမြို့တော်က သဘာဝအလှအပတွေနဲ့ ပြည့်စုံပြီး ပါရမီရှင်တွေ ပေါများတဲ့ မြေနေရာ ဖြစ်ပါတယ်။ လာရောက် နေထိုင်ချင်ရင် ကြိုဆိုပါတယ်”

ရှက်ရွံ့ခြင်း မရှိဘဲ ကြော်ငြာ (၂) ခု ဝင်ထိုးပြီးနောက်၊ ယဲ့ဖုန်းသည် ဟူဖေးဖေး ကို ခေါ်ဆောင်ကာ လှည့်ထွက်လိုက်၏။ ပန်းရောင်နှင့် အဖြူရောင် အလင်းတန်း (၂) ခု အဖြစ် ပြောင်းလဲသွားပြီး လူအများ၏ လေးစားသော အကြည့်များအောက်တွင် ပျောက်ကွယ်သွားလေတော့သည်။

“ဝိုး...”

နောက်ဆုံးတွင် အသိစိတ် ပြန်ဝင်လာကြပြီး လူအုပ်ကြီး ဆူညံပွက်လောရိုက်သွားကြသည်။

“ယဲ့ဖုန်း ဆိုတဲ့ လူက တကယ့် ဇာတ်ကောင်ပဲ။ ငါ့ရဲ့ ခရိုင်ဘုရင်မြို့တော်ထဲမှာတောင် လာပြီး လူခိုးဆွဲနေသေးတယ်။ တကယ့် ထူးဆန်းတဲ့ လူပဲ”

ခရိုင်ဘုရင်မင်းသား အံ့သြစွာ ရေရွတ်လိုက်ပြီး ခေါင်းခါလိုက်၏။ ယဲ့ဖုန်းကို ရယ်စရာ ကောင်းသည်ဟု မြင်နေမိသည်။

ခရိုင်ဘုရင် စံအိမ်တော်...

ရှုဟုန်ယွီ သည် ယဲ့ဖုန်း ထွက်ခွာသွားရာ အရပ်ကို ငေးမောနေပြီး ဘာပြောရမှန်း မသိ ဖြစ်နေသည်။

မြူခိုးဂိုဏ်းက ပိုပိုပြီး နက်နဲလာသလို ခံစားလိုက်ရ၏။

မကြာမီ သတင်းစကားများ မီးလို တောက်လောင်သွားပြီး ခရိုင်ဘုရင်မြို့တော် တစ်ခုလုံး အဖြစ်အပျက် အစအဆုံးကို သိရှိသွားကြတော့သည်။

ကြွေထည်ဘုရင်သည် မြူခိုးဂိုဏ်းသို့ သွားရောက်ကာ ပြဿနာရှာခဲ့သော်လည်း၊ နောက်ဆုံးတွင် မိမိထက် သာလွန်သူနှင့် တွေ့ဆုံသွားပြီး ဟူဖေးဖေး၏ ရိုက်နှက်မှုကြောင့် မိခင်ပင် မမှတ်မိနိုင်သည့် အခြေအနေသို့ ရောက်ရှိသွားသည်။

ရှုဟွာမိုမှာမူ ကံဆိုးခြင်း သက်သက်သာ ဖြစ်၏။

အကယ်၍ သူသာ ခရိုင်ဘုရင်မြို့တော်ကို ဖြတ်သန်းမသွားခဲ့လျှင်၊ ကြွေထည်ဘုရင်ဘက်မှ ဝင်ရောက် မပါဝင်ခဲ့လျှင်... ယခုကဲ့သို့ သနားဖွယ် ကောင်းလောက်အောင် အရိုက်ခံရမည် မဟုတ်။

ခဏတာအတွင်း မြူခိုးဂိုဏ်းအကြောင်း ကောလာဟလများသည် ခရိုင်ဘုရင်မြို့တော် အနှံ့ လွှမ်းမိုးသွားသည်။

တချို့က ငိုကြသည်၊ တချို့က စိတ်ပျက်လက်ပျက် ဖြစ်ကြ၏၊ တချို့က ကြောက်လန့်တကြား တုန်ရီနေကြသည်။ တချို့က စိတ်ဓာတ်ကျနေကြ၏၊ ထို့ပပြင်၊ တချို့က စိတ်လှုပ်ရှားနေကြ၏။ လူတိုင်း ကိုယ့်နည်းကိုယ့်ဟန်နှင့် တုံ့ပြန်နေကြသည်။

[ ဂိုဏ်း ဂုဏ်သတင်းကျော်ကြားမှု အမှတ် +၁၆၈၉၂ ]

...

[ ဂိုဏ်း ဂုဏ်သတင်းကျော်ကြားမှု အမှတ် +၂၆၃၈၈ ]

မြူခိုးဂိုဏ်းသို့ ပြန်လာသော လမ်းခရီးတွင် ယဲ့ဖုန်းသည် စနစ်၏ အသိပေးသံများကို ဆက်တိုက် ကြားနေရသည်။

မူလက ဂိုဏ်း ဂုဏ်သတင်း အမှတ်သည် (၁) သန်းကျော် ရှိခဲ့သော်လည်း၊ ယခုအခါ (၃) သန်းအထိ ဒုံးပျံလို ထိုးတက်သွားပြီ ဖြစ်သည်။

ဒီနှုန်းထားအတိုင်း ဆိုလျှင် အနည်းဆုံး (၄) သန်း၊ (၅) သန်း အထိ ရောက်သွားနိုင်သည်။ ပြီးလျှင်တော့ တိုးတက်နှုန်း သိသိသာသာ ကျဆင်းသွားလိမ့်မည်။

“ခရိုင်ဘုရင်မြို့တော်မှာ လူဦးရေ သန်း (၁၀၀) ကျော် ရှိတယ်။ ဒီတိုက်ပွဲကြောင့် ဂုဏ်သတင်း အမှတ်က သန်းနည်းနည်းလောက် တက်လာတယ်။ များတယ်လို့ ထင်ရပေမယ့်... ပြောင်းလဲနှုန်း က (၁) ရာခိုင်နှုန်းတောင် မပြည့်ဘူး”

ယဲ့ဖုန်း အနည်းငယ် စိတ်ပျက်မိသည်။

ကြည့်ရတာ လူအများစုက ပွဲကြည့်ပရိသတ် သက်သက်ပင်။ ကိုယ်နှင့် မဆိုင်ရင် ဝင်မပါကြပေ။

သူတို့ ကိုယ်တိုင် အန္တရာယ် ကြုံလာရပြီး ယဲ့ဖုန်း ၊ သို့မဟုတ် မြူခိုးဂိုဏ်းက လူတစ်ယောက်ယောက်က ကယ်တင်ပေးမှသာ ဂုဏ်သတင်း အမှတ် ပြောင်းလဲနှုန်းက သိသိသာသာ တိုးတက်လာတတ်သည်။

မြောက်လင်းမြို့တော် တုန်းကလိုပေါ့။

မကြာမီ ယဲ့ဖုန်းနှင့် ဟူဖေးဖေး သည် လီဇီလုံ ဦးဆောင်သော ရွှေ့ပြောင်းရေး ယာဉ်တန်းကြီး အပေါ်မှ ဖြတ်ကျော် ပျံသန်းသွားကြသည်။

သူတို့နှစ်ဦး ရပ်မနေဘဲ ဆက်လက် ထွက်ခွာသွားကြ၏။

“ကြည့်စမ်း... ဂိုဏ်းချုပ်နဲ့ ဂိုဏ်းစောင့်ရှောက်သူ ပြန်လာပြီ”

“သူတို့ ဘာမှ မဖြစ်ဘူး။ ကြည့်ရတာ ကြွေထည်ဘုရင်ကို လိုက်ဖမ်းတဲ့ ကိစ္စ အဆင်ပြေသွားပုံ ရတယ်။ ဘာဖြစ်ခဲ့လဲ ဆိုတာတော့ အတိအကျ မသိရပေမယ့်”

“ကြွေထည်ဘုရင်များ အသတ်ခံလိုက်ရပြီလား မသိဘူး”

“စကားများမနေနဲ့... အလုပ်ဆက်လုပ်ကြ”

ခဏတာ ပြောဆိုပြီးနောက် လူတိုင်း ရွှေ့ပြောင်းရေးကို ဆက်လက် လုပ်ဆောင်နေကြသည်။

မကြာမီ ယဲ့ဖုန်းနှင့် ဟူဖေးဖေး သည် မြူခိုးတောင်ထိပ်သို့ ဦးစွာ ပြန်ရောက်လာကြသည်။

ယဲ့ဖုန်းသည် ‘အနက်နှင့်အဖြူ စစ်တုရင်ခုံ ဝင်္ကပါ’ ကို ထုတ်ယူလိုက်ပြီး အက်ကွဲကြောင်းများကို ကြည့်ကာ နှမြောတသ ဖြစ်နေမိ၏။

‘ဂလန်...’

စစ်တုရင်ခုံ ဝင်္ကပါကို ‘သံရည်ကျို မီးဖို’ ထဲသို့ ပစ်ထည့်လိုက်ပြီး ‘အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး’ အနည်းငယ် သုံးလိုက်ရုံဖြင့် အက်ကွဲကြောင်းများ ပြန်လည် ကောင်းမွန်သွားလေ၏။

ဤနည်းဖြင့် ကြွေထည်ဘုရင် ကြောင့် ဖြစ်ပေါ်ခဲ့သော ပျက်စီးမှုများ ပျောက်ကွယ်သွားပြီး မြူခိုးဂိုဏ်းသည် မူလ အခြေအနေအတိုင်း ပြန်လည် ရောက်ရှိသွားလေ၏။

“နှမြောစရာပဲ... ငါ့မှာ ‘အဆင့်မြင့် အဆင့် ဝိညာဉ်ကျောက်တုံး’ နဲ့ ‘နတ်ဆိုးဘုရင် အဆင့် နတ်ဆိုးအမြုတေ’ မရှိလို့။ ရှိရင် ပိုကောင်းတဲ့ ဂိုဏ်းကာကွယ်ရေး ဝင်္ကပါ တစ်ခု သွန်းလုပ်လို့ ရမှာ”

ယဲ့ဖုန်း မေးထောက်လျက် တစ်ကိုယ်တည်း ညည်းညူလိုက်၏။

ကျင့်ကြံရေး အရင်းအမြစ် သိပ်မကြွယ်ဝသော တောင်ပိုင်းမြစ်ဝှမ်း ဒေသမှာ ဒီပစ္စည်း (၂) မျိုးက ရှာရခက်သည်။ ရှားပါးပစ္စည်းတွေပင်။

စုဆောင်းဖို့ ဆိုတာ မလွယ်ကူပါ။

မျက်စိတစ်မှိတ်အတွင်း ရက်အနည်းငယ် ကုန်ဆုံးသွားခဲ့၏။

လီဇီလုံ ဦးဆောင်သော ရွှေ့ပြောင်းရေး ယာဉ်တန်းကြီးသည် လမ်းတစ်လျှောက်ရှိ သက်ရှိသတ္တဝါ အားလုံး၏ အံ့သြတကြီး ကြည့်ရှုမှုများအောက်တွင် နောက်ဆုံး၌ ရေပေါ်ဖြူမြို့တော် အနီးသို့ ရောက်ရှိလာခဲ့လေသည်။

“ကြည့်စမ်း... အဲဒါ ဘာကြီးလဲ”

ရေပေါ်ဖြူမြို့တော်၊ ယွမ်ရှောင် ရှေးဟောင်းမြို့တော်၊ ရောင်စုံမြို့တော် နှင့် မီးရှူးတိုင်မြို့တော် တို့မှ လူများသည် မော့ကြည့်လိုက်ကြရာ အံ့မခန်း မြင်ကွင်း တစ်ခုကို တွေ့လိုက်ရ၏။

အချင်း (၅၀၀) မီတာ ရှိသော ဧရာမ စင်မြင့်ကြီး ဒါဇင်ပေါင်းများစွာသည် လေထဲတွင် တွဲလျားခိုနေကြသည်။ အပေါ်တွင် ပစ္စည်းပစ္စယ အမျိုးမျိုး တင်ဆောင်ထားပြီး လူအများအပြားလည်း ပါဝင်သည်။

“ငါ သိပြီ။ လွန်ခဲ့တဲ့ ရက်ပိုင်းက သတင်းကြားတယ်။ ယန်ယွင် မြို့ (၁၃) မြို့က ငါတို့ ရေပေါ်ဖြူမြို့တော်နဲ့ လာပေါင်းဖို့ ရွှေ့ပြောင်းလာကြတာတဲ့”

“မကောင်းဘူးလား။ ဒါဆိုရင် ငါ့ဆိုင်မှာ ဖောက်သည်တွေ အများကြီး တိုးလာတော့မယ်။ ငါတော့ ကြီးပွားပြီ”

“လူများရင် ငါတို့ စီးပွားရေးတွေလည်း ကောင်းလာမှာပဲ”

ရေပေါ်ဖြူမြို့တော်မှ ကုန်သည်အသင်း ခေါင်းဆောင်များသည် ဝမ်းသာအားရ ဖြစ်နေကြပြီး ဆိုင်အသစ်တွေ ဖွင့်ဖို့ ချက်ချင်း ဆွေးနွေး တိုင်ပင်ကြတော့သည်။

ရေပေါ်ဖြူမြို့တော်၏ ကောင်းကင်ယံ အထက်တွင်...

ကုန်းချင်းချိုး သည် ရှေ့သို့ လှမ်းထွက်လိုက်ပြီး ကြည်လင်ပြတ်သားသော အသံဖြင့် ပြောလိုက်၏။

“လူကြီးမင်းတို့... အရင် စီစဉ်ထားတဲ့အတိုင်း ပေါင်းစည်းရေးကို ဆက်လုပ်ကြတာပေါ့”

ဒါမတိုင်ခင်က ကုန်းချင်းချိုး၊ လီဇီလုံ၊ ဒုတိယ မြို့စားမင်း နှင့် အခြားသော ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ကျင့်ကြံသူ (၁၀) ဦးကျော်သည် မြို့ချဲ့ထွင်ရေးအတွက် ဆွေးနွေးခဲ့ကြပြီး ဖြစ်သည်။ သူတို့သည် ရေပေါ်ဖြူမြို့တော်၏ မူလ မြို့ရိုးနှင့် မီတာ ရာဂဏန်း အကွာတွင် ကြီးမားသော မြေကွက်လပ် (၄) ခုကို ရှင်းလင်းထားပြီး အုတ်တိုက် အသစ်များစွာကို တည်ဆောက်ထားပြီး ဖြစ်သည်။

မကြာမီ လူတိုင်း စတင် နေရာချထားကြ‌တော့၏။

လူ (၁) သန်းကို နေရာချထားဖို့ ဆိုတာ ကြီးမားသော အလုပ်ပဲ။ ဒါပေမဲ့ ကံကောင်းတာက ကျင့်ကြံသူတွေ အများကြီး ရှိနေခြင်းပါပဲ။ နေ့ဝက် အတွင်းမှာပင် ရေပေါ်ဖြူမြို့တော် ပတ်ဝန်းကျင်ရှိ နေရာများတွင် ‘အရှေ့ပိုင်း မြို့နယ်သစ်’၊ ‘အနောက်ပိုင်း မြို့နယ်သစ်’၊ ‘တောင်ပိုင်း မြို့နယ်သစ်’ နှင့် ‘မြောက်ပိုင်း မြို့နယ်သစ်’ ဟူ၍ နေရာတကျ ဖြစ်သွားကြသည်။

မူလ ရေပေါ်ဖြူမြို့တော် ကတော့ ‘မြို့ဟောင်း’ ဖြစ်သွားပြီး ဗဟို ခရိုင် ဖြစ်လာ၏။

လဝက် မပြည့်ခင်မှာပင် ရေပေါ်ဖြူမြို့တော်၏ လူဦးရေသည် (၁.၇) သန်းအထိ တိုးတက်လာပြီး ရည်မှန်းချက်၏ တစ်ဝက်ကို ရောက်ရှိသွားခဲ့သည်။

မြူခိုးတောင်ထိပ် ပေါ်တွင်...၊

ယဲ့ဖုန်းသည် ရေပေါ်ဖြူမြို့တော်၏ အရပ်လေးမျက်နှာတွင် ပေါ်ထွက်လာသော မြို့နယ်သစ် (၄) ခုကို ငေးကြည့်နေ၏။ စီးပွားရေး လုပ်ငန်းမျိုးစုံဖြင့် စည်ကားနေပြီး လူသံများ ဆူညံနေသည်။ လူများသည် ပတ်ဝန်းကျင်သစ်နှင့် လျင်မြန်စွာ အသားကျနေကြသည်။

အရာအားလုံးက ကောင်းမွန်သော ဘက်သို့ ဦးတည် တိုးတက်နေသည်။

“ဒီနှုန်းထားအတိုင်း ဆိုရင်... ရေပေါ်ဖြူမြို့တော် လူဦးရေ (၃) သန်း ပြည့်ဖို့ ဆိုတာ အချိန်ကိစ္စပဲ”

ယဲ့ဖုန်း မေးစေ့ကို ပွတ်သပ်ရင်း ခပ်ရေးရေး ပြုံးလိုက်လေ၏။

အခန်း (၃၇၄) - ပျံဝဲသော တောင်တန်းများ၊ ရေတံခွန်များနှင့် နတ်သမီးရှုခင်း

~ရေပေါ်ဖြူမြို့တော် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ၊ မြူခိုးဂိုဏ်း အတွက် တပည့်သစ်များ စဉ်ဆက်မပြတ် ရရှိနိုင်မည့် အရင်းအမြစ် တစ်ခု ဖြစ်လာတော့မည်။ ဒါမှသာ ဂိုဏ်း၏ အမွေအနှစ် မပြတ်တောက်ဘဲ ရေရှည် တည်တံ့နိုင်မည် ဖြစ်သည်။

မကြာမီ ကုန်းချင်းချိုး နှင့် အခြားသူများ ဂိုဏ်းသို့ ပြန်ရောက်လာကြသည်။

“ဂိုဏ်းချုပ်... ယန်ယွင် မြို့ (၁၃) မြို့ ရွှေ့ပြောင်းရေး ပြီးစီးသွားပါပြီ။ လူ (၁) သန်းနီးပါး မြို့နယ်သစ် (၄) ခုမှာ အခြေချ နေထိုင်သွားကြပါပြီ။ လက်ရှိမှာ ကိစ္စအဝဝ အားလုံး အဆင်ပြေ ချောမွေ့နေပါတယ်”

ကုန်းချင်းချိုး က အခြေအနေကို တင်ပြလိုက်၏။

“အင်း... အရမ်း ကောင်းတယ်”

ယဲ့ဖုန်းက.. ခေါင်းညိတ် အသိအမှတ်ပြုလိုက်သည်။

လီဇီလုံ ကလည်း ဆက်ပြောလာပါသည်။

“ဂိုဏ်းချုပ်... တာဝန် ယူထားတဲ့ တပည့်တွေ အားလုံးလည်း တာဝန်ကျေပွန်ကြပါတယ်”

ထိုအခါ၊ ယဲ့ဖုန်း ပြုံးလိုက်၏။

“ဝမ်းသာစရာပဲ။ ဒုတိယမျိုးဆက် တပည့်တွေထဲက ကျင့်ကြံခြင်းအဆင့် တက်လာတဲ့သူတွေ ရှိရင် ‘အပြင်စည်း တပည့်’ အဖြစ် သတ်မှတ်ပေးလို့ ရပြီ”

“ဂိုဏ်းချုပ်... ဒါက ‘ပျံဝဲသော စက်လုံး’

(၁၀၀) ပါ။ အကုန် ပြန်သိမ်းဆည်းလာခဲ့ပါပြီ”

ချူယွင်အာက ဝင်ပြောလာခြင်းပါ။

ထိုအခိုက်အတန့်၌၊ စက်လုံး (၁၀၀) သည် လေထဲတွင် ပျံဝဲနေပြီး ယဲ့ဖုန်း၏ ဘေးပတ်လည်တွင် ဂြိုဟ်ရံများအလား လှည့်ပတ်နေကြသည်။

“ဂိုဏ်းချုပ်... မှာကြားစရာ ရှိပါသေးလား”

ကုန်းချင်းချိုး၊ ချူယွင်အာ နှင့် လီဇီလုံ (၃) ဦးစလုံး ပြိုင်တူ ဦးညွှတ်ပြီး မေးမြန်းလိုက်ကြသည်။

ယဲ့ဖုန်းသည် သူ့ရှေ့ရှိ စက်လုံးများကို ကြည့်ရင်း ပြောလိုက်၏။

“လောလောဆယ်တော့ မရှိသေးပါဘူး။ မင်းတို့ ပြန်ပြီး တပည့်တွေကို ကြီးကြပ်ပေးကြ။ ဂိုဏ်း တာဝန်တွေ ပြီးမြောက်အောင်၊ ကျင့်ကြံခြင်း အဆင့်တွေ တက်လာအောင် ကူညီပေးကြ။ ဒါပေမဲ့ ကိုယ့်ကျင့်ကြံရေးကိုလည်း လစ်ဟင်းမခံနဲ့နော်။ ကိုယ့်စွမ်းအား တိုးတက်ဖို့က အဓိကပဲ။ နားလည်လား”

“ဂိုဏ်းချုပ် အမိန့်အတိုင်း နာခံပါ့မယ်”

(၃) ဦးသား ပြိုင်တူ ဦးညွှတ်ပြီးနောက် ပြန်လည် ထွက်ခွာသွားကြသည်။

မကြာမီ တိတ်ဆိတ်ငြိမ်သက်နေသော မြူခိုးတောင်ထိပ် ပေါ်တွင် ယဲ့ဖုန်းနှင့် ဟူဖေးဖေး နှစ်ယောက်တည်း ကျန်ရစ်ခဲ့၏။

“ဂိုဏ်းချုပ်... စောစောက တိုက်ပွဲက အရမ်း ပျော်စရာ ကောင်းတာပဲ”

ဟူဖေးဖေး သည် သူမ၏ ‘ပေါက်ကွဲစေသော တုတ်’ကို ဝှေ့ယမ်းရင်း တခစ်ခစ် ရယ်နေသည်။

ယဲ့ဖုန်းမှာ တိတ်ဆိတ်နေ၏။

သူသည် ဟူဖေးဖေး ၏ တိုးတက်မှု အချက်အလက်များကို တိတ်တဆိတ် ဖွင့်ကြည့်လိုက်၏။

[ ဟူဖေးဖေး ၏ အဆင့်မြှင့်တင်ရေး စွမ်းအင် - ၃.၅ % ]

ရှုဟွာမိုနှင့် ကြွေထည်ဘုရင်တို့နှင့် ပြင်းထန်စွာ တိုက်ခိုက်ပြီးနောက်၊ ဟူဖေးဖေး သည် စွမ်းအင် အတော်များများ စုဆောင်းမိသွားသည်။

ယနေ့ထိ ဆိုရင် (၃.၅) ရာခိုင်နှုန်း ရောက်နေပြီ။

“ ‘မူလနတ်ဘုရား အဆင့်’ ကို ခြေတစ်လှမ်း လှမ်းထားတဲ့ သူနဲ့ တိုက်ခိုက်တာတောင် ဒီလောက်ပဲ စွမ်းအား တက်လာတာလား။ ကြည့်ရတာ သူမကို မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင်တွေကို အနိုင်ယူနိုင်တဲ့ ‘ဝိညာဉ်ရတနာ’ အဖြစ် မြှင့်တင်ဖို့ ဆိုတာ အဝေးကြီး လိုသေးပုံပဲ”

ယဲ့ဖုန်း တိုးတိုးလေး ရေရွတ်လိုက်၏။

သူ့စိတ်ထဲတွင် တုမြို့တော် က ရှုမိသားစုရဲ့ ပစ်မှတ်ထားခြင်းကို ခံရမှာ စိုးရိမ်နေမိသည်။

သို့သော် ဟူဖေးဖေး သည် မူလနတ်ဘုရား အဆင့်နှင့် ယှဉ်နိုင်သော စွမ်းအားကို ပြသခဲ့ပြီးပြီ ဖြစ်သည်။ အခြား မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင်တွေ ဆိုလျှင်တောင် မြူခိုးဂိုဏ်းကို ရမ်းသမ်းပြီး လာတိုက်ရဲမှာ မဟုတ်တော့ပေ။

ဘာပဲပြောပြော ဟူဖေးဖေး ရဲ့ စွမ်းအားအစစ်ကို ဘယ်သူမှ မသိကြဘူး မဟုတ်ပါလော။

လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားနိုင်ခြင်းက လူတွေကို အမြဲ ကြောက်ရွံ့နေစေသည်ပင်။

“မင်းသမီးလေး...ငါနဲ့ လိုက်ပြီး ‘အုတ်ခဲ သယ်’ရအောင်”

ယဲ့ဖုန်း အတွေးများကို စုစည်းလိုက်ပြီး ဟူဖေးဖေး ကို ခေါ်လိုက်၏။

“ဟုတ်ကဲ့”

ဟူဖေးဖေး လိုလိုလားလား လိုက်ပါလာသည်။

‘ရွှစ်...’

ယဲ့ဖုန်းနှင့် ဟူဖေးဖေး သည် မိုင်ထောင်ချီ ခရီးနှင်ပြီး လူသူကင်းမဲ့သော တောင်တန်းဒေသ တစ်ခုသို့ ရောက်ရှိလာကြသည်။

ဤနေရာသည် တောင်ပိုင်းမြစ်ဝှမ်းဒေသ ၏ တောင်ဘက် အစွန်အဖျားတွင် တည်ရှိပြီး ‘သဲကန္တာရ’ နှင့် သိပ်မဝေးလှပေ။ သဘာဝ ဝိညာဉ်စွမ်းအင် နည်းပါးသောကြောင့် ကျင့်ကြံသူ သိပ်မနေထိုင်ကြပေ။

ယဲ့ဖုန်း လိုချင်တာကလည်း ဒီလို လူသူကင်းမဲ့သော နေရာမျိုးပါပဲ။

“စလို့ ရပြီ”

ယဲ့ဖုန်းသည် ‘ဝိညာဉ်မျက်လုံး’ကို ဖွင့်ပြီး အောက်ဘက်ရှိ တောင်တန်းများကို ကြည့်ရှုလိုက်၏။ ကျောက်သား အတိပြီးသော မာကျောသည့် တောင်ထိပ်တစ်ခုကို ရွေးချယ်လိုက်ပြီး၊ ‘ဓာတ်ကြီးငါးပါး ဝိညာဉ်ဓား’အား ထုတ်ကာ တောင်ခြေမှနေ၍ ကန့်လန့်ဖြတ် ပိုင်းချလိုက်လေ၏။

‘ဝုန်း...’

တောင်ထိပ် တစ်ခုလုံး ပြတ်ထွက်သွားသည်။

အောက်ခြေ အချင်း မီတာ (၃၀၀) ခန့်ရှိပြီး၊ အမြင့် မီတာ (၃၀၀) ခန့် ရှိသည်။ ကျောက်သားအတိ ဖြစ်သောကြောင့် တန်ချိန် သောင်းချီ လေးလံပေသည်။

ယဲ့ဖုန်းသည် ‘ပျံဝဲသော စက်လုံး’ (၁၀) လုံးကို ထုတ်ယူလိုက်၏။ (၅) လုံးကို တောင်ခြေအောက်တွင် ထားရှိပြီး ပင့်မစေသည်။ ကျန် (၅) လုံးကို တောင်ထိပ် အတွင်းပိုင်းသို့ ဒေါင်လိုက် ထည့်သွင်းလိုက်၏။

ထိုအခါ တောင်ထိပ်ကြီး တစ်ခုလုံး လေထဲသို့ မြောက်တက်သွားပြီး မြေပြင်အထက် မီတာ (၁၀၀၀) ကျော် အမြင့်သို့ ရောက်ရှိသွားသည်။ တိမ်တိုက်များ၊ မြူခိုးများဖြင့် ဝန်းရံထားသော ‘ပျံဝဲသော တောင်ထိပ်’ စစ်စစ် ဖြစ်သွားပြီး နတ်ဘုံနတ်နန်း တစ်ခုအလား လှပနေသည်။

“ပျံဝဲသော တောင်ထိပ် တစ်ခုအတွက် စက်လုံး (၁၀) လုံး ဆိုရင် လုံလောက်ပြီ”

“ဒါပေမဲ့... တစ်ခုတည်းနဲ့ မလုံလောက်သေးဘူး”

“ငါ (၇) ခု လိုတယ်”

ယဲ့ဖုန်း လက်သီးကို ဆုပ်လိုက်၏။

ထို့နောက် သူသည် ကျောက်သား အတိပြီးသော၊ ခိုင်ခံ့သော နောက်ထပ် တောင်ထိပ်များကို ဆက်လက် ရွေးချယ်သည်။ လေထဲတွင် ပျံဝဲနေသည့်တိုင် ပြိုကျမသွားမည့် တောင်များကိုသာ ရွေးချယ်ခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ်... ဘာလို့ ‘ဝိညာဉ်သွေးကြော’ ရှိတဲ့ တောင်တွေကို မရွေးတာလဲ”

မင်းသမီးလေး ဟူဖေးဖေး သည် ‘ထိပ်တန်းအဆင့် ဝိညာဉ်လက်နက်’ အဖြစ် အဆင့်တက်ပြီးနောက် ဉာဏ်ရည်ဉာဏ်သွေး ပိုမို မြင့်မားလာပြီး ဝိညာဉ်သွေးကြောများ၏ အရေးပါပုံကို နားလည်လာပြီ ဖြစ်သည်။

“ဝိညာဉ်သွေးကြော ဆိုတာ မြေကြီးနဲ့ ဆက်စပ်နေမှ ဝိညာဉ်စွမ်းအင် ထုတ်ပေးနိုင်တာ။ တောင်က လေထဲမှာ ပျံနေရင် ဝိညာဉ်သွေးကြောက အသုံးမဝင်တော့ဘူး”

ဟု ယဲ့ဖုန်းက ရှင်းပြလိုက်၏။

ပျံဝဲသော တောင်ထိပ်တွေအတွက် ဝိညာဉ်သွေးကြော မလိုပါ။ အကြောင်းကတော့ သူ့မှာ ဒီတောင်တွေကို ဝိညာဉ်စွမ်းအင်တွေ အကန့်အသတ်မရှိ ပြည့်ဝနေအောင် လုပ်ပေးနိုင်သော အခြားနည်းလမ်း ရှိ၍ပါပင်

မကြာမီ ပျံဝဲသော တောင်ထိပ် (၇) ခုသည် မြေပြင်အထက် မီတာ (၁၀၀၀) အမြင့်တွင် တိတ်ဆိတ်စွာ တွဲလျားခိုနေကြပြီ ဖြစ်၏။

“မင်းသမီးလေး... မင်း အားသန်တယ် မဟုတ်လား။ လာ... ဒီတောင်တွေကို မြူခိုးဂိုဏ်းဆီ တွန်းပို့ပေးပါဦး”

ယဲ့ဖုန်း .. ဟူဖေးဖေး ကို ခေါ်လာရသော ရည်ရွယ်ချက်အမှန် ပေါ်လာပါပြီ။

“ဂိုဏ်းချုပ်... လူကို အနိုင်ကျင့်တယ်”

ဟူဖေးဖေး နှုတ်ခမ်စူလိုက်၏။

သို့သော် သူမသည် လိမ်လိမ်မာမာဖြင့် ပေါက်ကွဲစေသော တုတ်ကို သိမ်းဆည်းလိုက်ပြီး၊ လက်တစ်ဖက်ဖြင့် တောင်ထိပ်တစ်ခုကို ကိုင်ကာ အားကုန် တွန်းလိုက်လေ၏။

တောင်ထိပ်များ စတင် ရွေ့လျားသည်နှင့် ယဲ့ဖုန်းသည် ရှေ့ဆုံး တောင်ထိပ်ပေါ်တွင် နေရာယူကာ ‘သူရဲကောင်း ဝိညာဉ်စွမ်းအား’ဖြင့် ဆွဲငင်ပြီး မြူခိုးဂိုဏ်းဆီသို့ အတူတကွ ပျံသန်းသွားကြလေသည်။

ပျံဝဲသော တောင်ထိပ် (၇) ခု၏ အသွင်အပြင်သည် အောက်ဘက်မှ လူများကို ချက်ချင်း အံ့သြမှင်သက်သွားစေသည်။

ကျင့်ကြံသူ အချို့သည် ကောင်းကင်သို့ ပျံတက်ကြည့်ရှုကြရာ တောင်ထိပ်ပေါ်တွင် လက်နောက်ပစ်လျက် ရပ်နေသော ယဲ့ဖုန်းကို တွေ့လိုက်ရ၏။ လေတိုက်ခတ်မှုကြောင့် သူ့ဝတ်ရုံစများ တဖျပ်ဖျပ် လွင့်ပျံနေသည်။

“အဲဒါ မြူခိုးဂိုဏ်းက ဂိုဏ်းချုပ်ယဲ့ဖုန်း ပဲ”

“ကိုယ့်အင်အား တစ်ခုတည်းနဲ့ တောင် (၇) လုံးကို မ,တင်လာတာလား။ ဒီလောကကြီးမှာ ဂိုဏ်းချုပ်ယဲ့ တစ်ယောက်ပဲ ဒီလို လုပ်နိုင်တာ”

ကျင့်ကြံသူ အများအပြား ယဲ့ဖုန်းကို မှတ်မိသွားကြပြီး မျက်ဝန်းထဲတွင် မယုံကြည်နိုင်မှုများ၊ တုန်လှုပ်မှုများ ပြည့်နှက်နေကြသည်။

ယဲ့ဖုန်းသည် ထိုလူများကို ဂရုမစိုက်ပေ။

သူသည် ဟူဖေးဖေး နှင့် ပျံဝဲသော တောင်ထိပ် (၇) ခုကို ခေါ်ဆောင်ကာ ကောင်းကင်ယံကို ဖြတ်သန်း ပျံသန်းလာခဲ့သည်။ ရက်အနည်းငယ် ကြာပြီးနောက် ‘နန်လု တောင်တန်း’ ကို ကျော်ဖြတ်ပြီး ရေပေါ်ဖြူမြို့တော်မှ လူများ၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့လေ၏။

ထိုအခါ လူအုပ်ကြီး လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။

မျက်စိလျင်သော သူတစ်ယောက်က ယဲ့ဖုန်းနှင့် ဟူဖေးဖေး ကို ချက်ချင်း တွေ့ရှိသွားပြီး၊ နောက်ထပ် ‘ယုံကြည်မှု စွမ်းအား’ လှိုင်းလုံးကြီး တစ်ခု သူတို့ဆီသို့ စီးဝင်လာပြန်သည်။

ယဲ့ဖုန်းသည် တောင်ထိပ်ပေါ်တွင် ဂုဏ်ယူစွာ ရပ်နေပြီး နှုတ်ခမ်းထောင့်များ မသိမသာ.. ကွေးညွတ်သွာ၏။

ဟဲဟဲ၊ ဂုဏ်သတင်း အမှတ် နဲ့ ယုံကြည်မှု စွမ်းအားတွေသာ မရရင်...ငါက ဘာကိစ္စ မိုင်ထောင်ချီ ဝေးတဲ့ နေရာထိ သွားပြီး တောင်ကြီး (၇) လုံး သွားသယ်နေမှာလဲ။

“ကြည့်ရတာ ‘မျက်နှာတစ်ထောင် နတ်ဆိုးဘုရင်’ လိုမျိုး ရံဖန်ရံခါ အပြင်ထွက်ပြီး ကြွားလုံးထုတ်မှပဲ ဂုဏ်သတင်း အမှတ်တွေ၊ ယုံကြည်မှု စွမ်းအားတွေ ပိုရမယ့်ပုံ ရှိတယ်”

ယဲ့ဖုန်း ဒီအတွေးကို အတည်ပြုလိုက်၏။

“ဂိုဏ်းချုပ်ဦးလေး ပြန်ရောက်လာပြီ”

လီကျောက်ကျောက် သည် အမျိုးသမီး တပည့်အချို့ကို ချက်ပြုတ်နည်း သင်ပေးနေစဉ် အဝေးမှ ကျက်သရေရှိပြီး ခန့်ညားသော ပုံရိပ်ကို မြင်လိုက်ရသဖြင့် မျက်လုံးများ အရောင်တောက်သွားသည်။

အမျိုးသမီး တပည့်များ အံ့သြသွားကြ၏။

“စီနီယာအစ်မကြီး ကျောက်ကျောက်... ဘာလို့ အစ်မကြီး ရယ်၊ အစ်ကိုကြီး ရယ်၊ ဒုတိယ အစ်ကိုကြီး ရယ်၊ အစ်ကို ဖင်းအန်းရယ် အားလုံးက ဂိုဏ်းချုပ်ကို ‘ဦးလေး’ လို့ ခေါ်ကြတာလဲဟင်”

ထိုအခါ၊ လီကျောက်ကျောက် ရယ်လိုက်ပြီး ရှင်းပြလိုက်သည်။

“ဂိုဏ်းချုပ်ဦးလေး က ဂိုဏ်းချုပ်ဟောင်းကြီး ရဲ့ ဂျူနီယာညီလေ။ တို့တွေက ဂိုဏ်းချုပ်ဟောင်းကြီးရဲ့ တပည့်တွေ ဆိုတော့... ဦးလေး လို့ ခေါ်တာ အကျင့်ဖြစ်နေလို့ပါ”

“သြော်... အဲဒီလိုကိုး”

အမျိုးသမီး တပည့်များ သဘောပေါက်သွားကြသည်။

မကြာမီ ယဲ့ဖုန်းသည် ပျံဝဲသော တောင်ထိပ် (၇) ခုနှင့်အတူ မြူခိုးဂိုဏ်း အထက်သို့ ရောက်ရှိလာ၏။

တောင်ထိပ်များသည် တစ်ခုနှင့်တစ်ခု မီတာ ထောင်ချီ ကွာဝေးစွာဖြင့် စက်ဝိုင်းပုံသဏ္ဌာန် နေရာယူလိုက်ကြပြီး၊ အလယ်ရှိ မြူခိုးတောင်ထိပ်၊ ဝိညာဉ်သားရဲ တောင်ထိပ် ၊ ဖေးလိုင် တောင်ထိပ် နှင့် ကျင့်ကြံရေး တောင်ထိပ်တို့ကို ဝန်းရံထားလိုက်ကြသည်။

“ပျံဝဲသော စက်လုံး... နေရာချစမ်း”

ယဲ့ဖုန်းသည် တောင်ထိပ် (၇) ခု အတွင်းရှိ စက်လုံးများကို မြေပြင်အထက် မီတာ (၇၀၀) အမြင့်တွင် တည်ငြိမ်စွာ ရပ်တန့်စေလိုက်၏။ မည်မျှ ခိုင်ခံ့သနည်း ဆိုလျှင် သာမန် ဝိညာဉ်ပင်လယ်အဆင့် ပညာရှင်များပင် အစွမ်းကုန် တွန်းပါစေ၊ ရွေ့လျားမည် မဟုတ်ပေ။

“ရေ... လာစမ်း”

ယဲ့ဖုန်းသည် အဝိုင်းပုံသဏ္ဌာန် ‘ဝင်္ကပါ အောက်ခံပြား’ တစ်ခုကို ထုတ်ယူလိုက်ပြီး အသက်သွင်းကာ မြူခိုးတောင်ထိပ်ရှိ ဝိညာဉ်စမ်းရေတွင်း ပေါ်တွင် တင်လိုက်၏။

‘ဝုန်း...’

စမ်းရေတွင်းမှ ဝိညာဉ်ရေ စုစုပေါင်း၏ သုံးပုံတစ်ပုံသည် သက်တံများအလား ကောင်းကင်သို့ ပန်းထွက်သွားပြီး ပျံဝဲသော တောင်ထိပ် (၇) ခု၏ ထိပ်ဖျားများနှင့် ချိတ်ဆက်သွားလေသည်။

ဝိညာဉ်ရေ၏ အထောက်အပံ့ ရရှိသွားသော တောင်ထိပ် (၇) ခုသည် ထူထပ်သော ဝိညာဉ်စွမ်းအင်များကို ထုတ်လွှတ်လာ၏။ သက်တံရောင် မြူခိုးများ၊ လိပ်တက်နေသော မီးခိုးငွေ့များနှင့်အတူ နတ်ဘုံနတ်နန်း တစ်ခုအလား လှပတင့်တယ်သော ရှုခင်းကို ဖန်တီးပေးလိုက်သည်။

“ဂိုဏ်းချုပ်... ဒီတောင် (၇) လုံးရဲ့ နာမည်က ဘာလဲဟင်”

ဟူဖေးဖေး စူးစမ်းချင်စိတ်ဖြင့် မေးလိုက်၏။

မြူခိုးတောင်ထိပ် နှင့် ဖေးလိုင် တောင်ထိပ် မှာ နာမည်တွေ ရှိကြသည်။

ထို့ကြောင့် ဒီထူးခြားသော တောင် (၇) လုံးမှာလည်း နာမည် ရှိသင့်သည်လေ။

“နာမည်လား...”

ယဲ့ဖုန်း ဘေးဘီဝဲယာကို ကြည့်လိုက်ပြီး တစ်ခုခုကို စဉ်းစားမိသွား၏။

“ ‘မြောက်ပိုင်း မဟာမိတ် နတ်ဘုရား တောင်ထိပ် (၇) လုံး’လို့ ခေါ်လိုက်မယ်”

အခန်း (၃၇၅) - မြောက်ပိုင်း မဟာမိတ် နတ်ဘုရား တောင်ထိပ်များ နှင့် ရှုဟွာမို၏ ခရီးစဉ်

~‘မြောက်ပိုင်း မဟာမိတ် နတ်ဘုရား တောင်ထိပ် (၇) လုံး’ ။

ဒါက ယဲ့ဖုန်း ပျံဝဲနေသော တောင်ထိပ် (၇) ခုကို ပေးလိုက်သော နာမည်ပင် ဖြစ်သည်။

အခြားအမည်များ မပေးဘဲ အဘယ်ကြောင့် 'မြောက်ပိုင်း မဟာမိတ်' ဟု မှည့်ခေါ်ရသနည်း ဆိုသည်နှင့် ပတ်သက်၍မူ... ယဲ့ဖုန်းတွင် မည်သည့် အကြောင်းပြချက်မျှ မရှိဘဲ ကောင်းကင်ဘုံ၏ အလိုဆန္ဒသာ ဖြစ်သည်ဟု ဆို၏။

ကောင်းကင်ဘုံ တစ်နေရာရာ၌ ရှိနေနိုင်သော 'မြောက်ပိုင်း မြစ်ရေဧကရာဇ်' အမည်ရ ပြိုင်ဘက်ကင်း မဟာတန်ခိုးရှင်ကြီး တစ်ပါးက အရေးကြီးသည့် အချိန်တွင် သူ့အား စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှု ပေးလိုက်ခြင်းကြောင့်လည်း ဖြစ်တန်ရာသည်။

မည်သို့ပင် ဆိုစေကာမူ ထိုအမည်က အတည် ဖြစ်သွားလေသည်။

“မြောက်ပိုင်း မဟာမိတ် နတ်ဘုရား တောင်ထိပ် (၇) လုံး... နာမည်လေးက နားထောင်လို့ ကောင်းသားပဲ”

ဟူဖေးဖေး တိုးတိုးလေး ရေရွတ်လိုက်၏။

မကြာမီ ယဲ့ဖုန်းသည် မြူခိုးတောင်ထိပ်ပေါ်သို့ ဆင်းသက်လိုက်ပြီး ကျယ်လောင် ပြတ်သားသော အသံဖြင့် ကြေညာချက် ထုတ်ပြန်လိုက်၏။

“ဒီနေ့ကစပြီး ‘မြောက်ပိုင်း မဟာမိတ် နတ်ဘုရား တောင်ထိပ် (၇) လုံး’ ကို တည်ထောင်လိုက်ပြီ။ ဒီ ပျံဝဲနေတဲ့ တောင်ထိပ်တွေက ငါတို့ဂိုဏ်းရဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက သော့ချက်ပဲ။ အကြီးအကဲတွေ၊ ကြီးကြပ်သူတွေနဲ့ စစ်မှန်သော တပည့်တွေ အားလုံး ဒီတောင်ထိပ်တွေပေါ် တက်ရောက်ပြီး ကိုယ်ပိုင် အိမ်ဂေဟာတွေ တည်ဆောက်ခွင့် ရှိတယ်”

ဒီလို စီစဉ်လိုက်ရခြင်းက ခွဲခြားဆက်ဆံချင်၍ မဟုတ်ပါ။ တပည့်တွေရဲ့ တိုက်ခိုက်လိုစိတ်၊ ကြိုးစားလိုစိတ်ကို မီးထိုးပေးချင်၍ပင်။

ဒီတောင်ထိပ်တွေက ဆွဲဆောင်မှု ရှိနေမှသာ တပည့်တွေက ပိုကြိုးစားပြီး အဆင့်မြင့်လာအောင် လုပ်ဆောင်ကြမည်လေ။

“အကြီးအကဲတွေ၊ ကြီးကြပ်သူတွေ၊ စစ်မှန်သော တပည့်တွေ ဟုတ်လား”

“ဆိုလိုတာက... အနည်းဆုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရှိမှ ဒီတောင်တွေပေါ် တက်ခွင့် ရမှာပေါ့”

တပည့်များ အချင်းချင်း ဆွေးနွေးနေကြသည်။

ယဲ့ဖုန်းသည် တပည့်များ၏ ညံနေသော ဆွေးနွေးသံများကို ဂရုမစိုက်ဘဲ ဝိညာဉ်စမ်းရေတွင်း နားသို့ လျှောက်သွားလိုက်၏။ ရေထဲတွင် ရှိနေသော ရောင်စုံ ဓာတ်ပြားဝိုင်းလေးကို ကြည့်လိုက်၏။

ဒါက ‘အလယ်အလတ်အဆင့် ဝိညာဉ်လက်နက်’တစ်ခု။

‘ဝိညာဉ်ခွဲဝေခြင်း ဓာတ်ပြား’။

သူ့ရဲ့ လုပ်ဆောင်ချက်က ဝိညာဉ်စမ်းရေတွင်းထဲက ရေ သုံးပုံတစ်ပုံကို ဝိညာဉ်စွမ်းအင်တွေ ပြည့်ဝနေသည့် မြူခိုးငွေ့တွေအဖြစ် ပြောင်းလဲပေးပြီး (၇) ပုံ ညီတူမျှတူ ခွဲဝေကာ ပျံဝဲနေသော တောင်ထိပ် (၇) ခုဆီသို့ ပို့လွှတ်ပေးခြင်း ဖြစ်သည်။

အချိန်ကြာလာတာနှင့်အမျှ ဒီတောင်ထိပ် (၇) ခုမှာ ဝိညာဉ်စွမ်းအင်တွေ၊ ဝိညာဉ်ရေတွေ ပြည့်ဝလာပြီး ကျင့်ကြံဖို့ အကောင်းဆုံး ရတနာမြေတွေ ဖြစ်လာလိမ့်မည်။

“ဂိုဏ်းချုပ်... တောင်ထိပ်တွေကြားမှာ ကြိုးတံတားတွေ ဆောက်လို့ ရမလား ခင်ဗျာ”

ရှီလေ့က ယဲ့ဖုန်းကို လာမေးခြင်းပါ။

“လောလောဆယ် မလိုသေးပါဘူး”

ယဲ့ဖုန်း ခေါင်းခါလိုက်၏။

‘ဒီတောင်တွေပေါ် တက်ခွင့်ရမယ့် သူတွေက အနည်းဆုံး ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရှိကြမှာ ဆိုတော့ ပျံသန်းနိုင်ကြတယ်။ ကြိုးတံတားတွေ ဆောက်လည်း အလကားပဲလေ။’

“ကောင်းပါပြီ။ ဒါဆို ကျွန်တော် ရွှေယန် မြို့တော် အပျက်အစီးများ မှာ ဝိညာဉ်ဆေးပညာ ဌာနခွဲ ခန်းမဆောင် ဆက်ဆောက်ဖို့ သွားလိုက်ပါဦးမယ်”

ရှီလေ့ သည် ‘လေညှင်းစီး ဓားပျံ’ ပေါ်သို့ တက်လိုက်ပြီး မိုင်ထောင်ချီ ဝေးကွာသော နေရာသို့ ပျံသန်း ထွက်ခွာသွားလေ၏။

ကုန်းချင်းချိုး လည်း အတူ လိုက်ပါသွားသည်။

ယန်ရူယွီ နှင့် ကျားယွိလန် တို့ကတော့ ကျင့်ကြံရေး မျှော်စင် ကို စိန်ခေါ်နေကြသည်။

သူမတို့က ဓာတ်ကြီးငါးပါး စုစည်းခြင်း အဆင့် ရောက်နေတာ ကြာပြီ ဖြစ်သလို၊ ဂိုဏ်း တာဝန် တစ်ခုလည်း ပြီးမြောက်ထားပြီးပြီ ဖြစ်ပါသည်။ ယခု သူတို့ ရည်မှန်းချက်က မျှော်စင်ရဲ့ အဆင့်မြင့်လွှာတွေကို ဖြတ်ကျော်ပြီး စစ်မှန်သော တပည့် ဖြစ်လာဖို့ပါပင်။

ဟိုယွင်ကျဲ လည်း မျှော်စင်ကို စိန်ခေါ်နေသည်။

သို့သော် သူသည် (၄) ထပ်မြောက် တိုက်ခိုက်ရေး နယ်မြေ ရဲ့ ‘အဆင့်မြင့် အဆင့် စိန်ခေါ်မှု’ ကို မကျော်နိုင်ဘဲ ဖြစ်နေသည်။

“ဟူး... အပြင်ထွက်ပြီး အတွေ့အကြုံ ရှာမှ ရတော့မယ်”

ဟိုယွင်ကျဲ သက်ပြင်းချလိုက်၏။

မျှော်စင်ထဲက ထွက်လာချိန်တွင် ချောင်ကျားရှီး နှင့် လုံထျန်းရှင်း တို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။

“ဒုတိယ စီနီယာအစ်ကိုကြီး... အပြင်ထွက်မလို့လား”

သူတို့နှစ်ဦးက ဟိုယွင်ကျဲ ၏ အခြေအနေကို ရိပ်မိလိုက်ကြ၏။

“ဟုတ်တယ်”

ဟိုယွင်ကျဲ ခေါင်းညိတ်လိုက်သည်။

“ငါ အဆင့်မြင့် အဆင့် စိန်ခေါ်မှုကို မကျော်နိုင်သေးဘူး။ ဒါကြောင့် အပြင်ထွက်ပြီး စွမ်းအား မြှင့်တင်မလို့”

ဟိုယွင်ကျဲ ပြဿနာကို သိရှိနေ၏။

သူ၏ ‘ဓားဆွဲထုတ်ခြင်း နည်းစနစ်’ က အားပြင်းသော်ငြား စွမ်းအားအပြည့် ထုတ်သုံးလိုက်ပါက သူ၏ ကိုယ်တွင်းရှိ ‘စစ်မှန်သော မူလစွမ်းအင်’ များ တစ်ချက်တည်းနှင့် ကုန်စင်သွားရ၏။

ထိုတိုက်ကွက်က ‘အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ်’ ကို သတ်ဖြတ်နိုင်သော်လည်း...

တိုက်ပွဲ ဆက်လက်ဖြစ်ပွားပါက သူ့ထံတွင် မည်သည့်စွမ်းအင်မျှ မကျန်ရှိတော့ဘဲ အကာအကွယ်မဲ့ ဖြစ်သွားတတ်သည်။

ထို့ကြောင့် သူက အဆင့်မြင့် စိန်ခေါ်မှုများကို မကျော်ဖြတ်နိုင်ခြင်း ဖြစ်၏။

“ဒုတိယ စီနီယာအစ်ကိုကြီး... ‘ရေအလင်းတန်း ကျင့်စဉ်’ နဲ့ ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’လို အထောက်အကူပြု ကျင့်စဉ်တွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း လေ့ကျင့်ရင် မကောင်းဘူးလား”

လုံထျန်းရှင်း က အကြံပေးလိုက်၏။

“ဟုတ်ပါတယ်”

ဟု ချောင်ကျားရှီးကလည်း ထောက်ခံလာလေသည်။

“အဲဒါက...”

ဟိုယွင်ကျဲ တွေဝေသွားသည်။

"သူ၏ ‘ဒုတိယချီပင်လယ်’ မှာ ထိပ်ဆုံးအဆင့်သို့ ရောက်နေသည်မှလွဲ၍ ကျန်ရှိသော အထောက်အကူပြု ကျင့်စဉ်များ၌ သိပ်ပြီး ခရီးမရောက်သေးကြောင်း ဝန်ခံရမည် ဖြစ်၏။ ထို့ကြောင့် သူ၏ အခြေခံအုတ်မြစ်မှာ မိုယင်နှင့် ယှဉ်လျှင် များစွာ အားနည်းနေသေးသည်။

ယနေ့ခေတ်တွင် မိုယင်သည် တပည့်များအားလုံးထဲ၌ အပြည့်စုံဆုံးဟု ဆိုနိုင်ပြီ ဖြစ်၏။

ဒုတိယချီပင်လယ် ပြီးပြည့်စုံခြင်းအဆင့်၊ စွမ်းအား ခိုင်မာစေခြင်း နည်းစနစ် ဒုတိယအဆင့်၊ ကိုးဆင့် ကောင်းကင်နတ်ဘုရား ကျင့်စဉ် တတိယအဆင့်၊ ရေအလင်းတန်း ကျင့်စဉ် တတိယအဆင့်။ ထို့အပြင် သူမ၌ ‘မိုးကြိုးဓား စိတ်ဆန္ဒ’ လည်း ရှိနေသေးသည်။

မိုယင်သည် ဓာတ်ကြီးငါးပါး စုစည်းခြင်း တတိယအဆင့်၌သာ ရှိနေသေးသော်ငြား သူမ အစွမ်းကုန် တိုက်ခိုက်လိုက်ပါက ဓာတ်ကြီးငါးပါး စုစည်းခြင်း ဆဋ္ဌမအဆင့် ထိပ်ဆုံးသို့ ရောက်ရှိနေသော ဝါရင့် ဂိုဏ်းချုပ် တစ်ဦးကိုပင် ဒေါင်ဒေါင်မြည် ယှဉ်တိုက်နိုင်၏။

သူမ၏ အဆုံးသတ် တိုက်ကွက် ဆိုလျှင် ဓာတ်ကြီးငါးပါး စုစည်းခြင်း သတ္တမအဆင့်ကိုပင် ခြိမ်းခြောက်နိုင်စွမ်း ရှိသည်။

“ကောင်းပြီ... ငါ ကျင့်စဉ်တွေကို အရင် အာရုံစိုက်ပြီး လေ့ကျင့်လိုက်မယ်။ ခဏနေရင် မျှော်စင်ကို ပြန်စိန်ခေါ်မယ်။ အဲဒီကျမှ မရရင်တော့ အပြင်ထွက်ပြီး တောင်တွေ ရေတွေ ကြည့်ရင်း စိတ်အခြေအနေကို ပြုပြင်တော့မယ်”

ဟိုယွင်ကျဲ ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်၏။

မကြာမီ သူသည် မြူခိုးတောင်ထိပ်သို့ ရောက်ရှိလာပြီး ယဲ့ဖုန်းကို တွေ့ဆုံလိုက်သည်။

“ဂိုဏ်းချုပ်ဦးလေး... တပည့်က အထောက်အကူပြု ကျင့်စဉ်တွေနဲ့ ‘မူလစည်းလုံးခြင်း ချီ’ လို စွမ်းအားကြီး မန္တန်တွေ ကျင့်ကြံရာမှာ အခက်အခဲ တွေ့နေလို့ လမ်းညွှန်ပေးပါဦး ခင်ဗျာ”

ဟိုယွင်ကျဲ ရိုသေစွာ ဦးညွှတ် လျှောက်ထားလိုက်၏။

တစ်ချိန်က မြူခိုးဂိုဏ်းကို “ကယ်တင်” ခဲ့ဖူးသော ဤတပည့်ဟောင်းကြီးအတွက် ယဲ့ဖုန်းသည် တွန့်ဆုတ်မနေဘဲ ရှင်းပြပေးလိုက်၏။

‘မန္တန် ပညာရှင်ကြီး’ ဖြစ်သော ယဲ့ဖုန်း၏ လမ်းညွှန်မှုအောက်တွင် ပါရမီ သာမန်မျှသာ ရှိသော ဟိုယွင်ကျဲ သည် သူ၏ ကြိုးစားအားထုတ်မှုကြောင့် တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်လာလေ၏။

...

သဲကန္တာရ၏ တောင်ဘက် အစွန်ဆုံး ဒေသတွင်...

ရှုမိသားစု၏ မူလနတ်ဘုရား အဆင့်သို့ ခြေတစ်လှမ်း လှမ်းထားသူ ရှုဟွာမို သည် သူ့မျက်နှာကို လက်ဖြင့် စမ်းလိုက်ပြီး လေအေးတစ်ချက် ရှူသွင်းလိုက်၏။

“အိုက်ယား... နာလိုက်တာကွာ”

ရှုဟွာမို မျက်နှာ ရှုံ့မဲ့သွားသည်။

ဟူဖေးဖေး ရဲ့ အကြီးအကျယ် ရိုက်နှက်တာ မခံရရင် သူ ဒီလောက် နာကျင်နေမှာ မဟုတ်ချေ။

ကံကောင်းလို့ ဟူဖေးဖေး က ဆက်မရိုက်တော့တာပင်။

မဟုတ်ရင် ငါ ခရိုင်ဘုရင်မြို့တော်မှာတင် ကိစ္စတုံးသွားလောက်ပြီ။

“သောက်ကျိုးနည်း ခရိုင်ဘုရင်မင်းသား... ငါ့ကို မကယ်ဘဲ နေသာသကာ နေနေတယ်ပေါ့လေ။ ငါ ဒီတာဝန် ပြီးလို့ ဂိုဏ်းပြန်ရောက်တာနဲ့ ခေါင်းဆောင်ကြီးကို တိုင်ပြောပစ်မယ်”

ရှုဟွာမို သည် ဆေးရည်အချို့ ထုတ်ယူပြီး နာကျင်မှုကို အောင့်အီးလျက် လိမ်းကျံလိုက်၏။ ရောင်ရမ်းမှု ကျသွားသောအခါ သူသည် တောင်မင်းနိုင်ငံ ၏ မြို့တော်သို့ အလျင်အမြန် ပျံသန်းသွားလေ၏။

*

ယခုအခါ၊ ခမ်းနားထည်ဝါသော စံအိမ်ကြီး တစ်ခု အတွင်း၌...

ရှုဟွာမို သည် ဂုဏ်သရေရှိ နေရာတွင် ထိုင်နေသည်။

မြေကြီးပေါ်တွင် ရပ်နေသော အဘိုးအိုတစ်ဦးသည် လက်ယှက် ဦးညွှတ်လျက် ရိုသေစွာ ပြောလိုက်၏။

“စိတ်ချပါ မိတ်ဆွေရှု... ကျွန်တော်တို့ရဲ့ ‘ကျောက်စိမ်းပြား’ က အကောင်းအတိုင်း ရှိနေပါသေးတယ်။ နောက် (၆) လ နေရင် သဲကန္တာရအောက်က ‘လျှို့ဝှက်နယ်မြေ’ ထဲကို မဝင်ခင် ခင်ဗျားကို ကြိုပြီး အကြောင်းကြားပါ့မယ်”

“ကောင်းပြီ... စိတ်ချရတာပေါ့”

ရှုဟွာမို ခေါင်းညိတ်လိုက်၏။

လျှို့ဝှက်နယ်မြေထဲမှာ ‘ဝိညာဉ်စုစည်း အသီး’ ရှိသည်။ ဒါက သူ့အတွက် မူလနတ်ဘုရား အဆင့်ကို တက်လှမ်းဖို့ အကောင်းဆုံး အခွင့်အရေးပင်။

ထို့အပြင်၊ နောက် (၆) လ ဆိုတာ မကြာတော့။

ဒီနှစ် ကုန်လျှင် သူ မူလနတ်ဘုရား အဆင့် မဟာတန်ခိုးရှင် ဖြစ်လာတော့မည်ဟု ယုံကြည်နေသည်။

ထိုအချိန်ကျလျှင် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော် တစ်ခုလုံးမှာ သူက ထိပ်တန်း ပုဂ္ဂိုလ်ကြီး တစ်ယောက် ဖြစ်လာပြီး လွတ်လပ်ပျော်ရွှင်စွာ နေထိုင်နိုင်တော့မည်။

“ကဲ... ကျုပ် အရင် ပြန်နှင့်မယ်။ ခင်ဗျားတို့လည်း ပြင်ဆင်စရာ ရှိတာ ပြင်ဆင်ထားကြ။ လျှို့ဝှက်နယ်မြေထဲ ဝင်တဲ့အခါ ကျုပ် ပါနေသရွေ့ ဘယ်သူမှ ဝိညာဉ်စုစည်း အသီး ကို ရနိုင်မှာ မဟုတ်ဘူး”

ရှုဟွာမို မတ်တတ်ရပ်လိုက်၏။

“မိတ်ဆွေရှု... အဲဒီအချိန်ကျရင် ကျုပ်အတွက် ဝိညာဉ်စုစည်း အသီး တစ်စိတ်တစ်ပိုင်းလောက် ချန်ပေးပါဦးဗျာ”

အဘိုးအိုက တိုးညှင်းပြီး နှိမ့်ချသော အသံဖြင့် တောင်းပန်လိုက်၏။

သူက တောင်မင်းနိုင်ငံ မြို့တော်ရဲ့ အရှင်သခင်၊ ဝိညာဉ်ပင်လယ် အထွတ်အထိပ် အဆင့် ပညာရှင်ကြီး ဖြစ်သော်လည်း၊ ရှုမိသားစု၏ ကျောထောက်နောက်ခံ ရှိသော ရှုဟွာမို ရှေ့တွင်တော့ ဘာမှ မဟုတ်ပေ။

“စိတ်မပူပါနဲ့... ခင်ဗျားအတွက် တစ်စိတ်တစ်ပိုင်း ပေးပါ့မယ်”

ရှုဟွာမို သည် အဘိုးအိုကို လှည့်ပင် မကြည့်ဘဲ လက်နောက်ပစ်ကာ တိုက်ရိုက် ထွက်ခွာသွားလေ၏။

တောင်မင်းနိုင်ငံ ခရီးစဉ်က သူ့အတွက် အကျိုးရှိသည်ဟု ခံစားလိုက်ရသည်။

“ဟား... ဟူဖေးဖေး က စွမ်းအားကြီးတာ မှန်ပါတယ်။ ဒါပေမဲ့ အဲ့ကောင်မလေးလို လူမျိုးက ဘယ်နှယောက် ရှိနိုင်မှာလဲ။ သာမန် ဝိညာဉ်ပင်လယ်အဆင့် ကျင့်ကြံသူတွေ ရှေ့မှာတော့... ငါ ရှုဟွာမို ဆိုတာလည်း နတ်ဘုရား တစ်ပါးပဲ”

ရှုဟွာမို ခေါင်းမော့လိုက်၏။ နှာခေါင်းကို မိုးပေါ်ထောင်ကာ ကျေနပ်အားရစွာဖြင့် လျှို့ဝှက်ဆန်းကြယ် နိုင်ငံတော်၏ မြို့တော်သို့ ပြန်သွားလေတော့သည်။

*

မြူခိုးတောင်ထိပ်မှာ၊...

ရက်အနည်းငယ် ကြိုးစားပမ်းစား ကျင့်ကြံပြီးနောက် ဟိုယွင်ကျဲ သည် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာခဲ့၏။

“လမ်းညွှန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဂိုဏ်းချုပ်။ ဒီတစ်ခါတော့ ကျင့်ကြံရေး မျှော်စင် (၄) ထပ်မြောက်ကို သေချာပေါက် အောင်မြင်အောင် လုပ်ပြပါ့မယ်”

ဟိုယွင်ကျဲ ကြွေးကြော်လိုက်သည်။

တစ်မော့သောက်ချိန် ကြာပြီးနောက်...၊

ကျင့်ကြံရေး မျှော်စင် (၄) ထပ်မြောက်၊ အခက်အခဲမြင့် တိုက်ခိုက်ရေး နယ်မြေ။

ဟိုယွင်ကျဲ သည် ‘ရေအလင်းတန်း ကျင့်စဉ်’ ကို တတိယအဆင့် ပြီးပြည့်စုံခြင်း အထိ ကျင့်ကြံထားပြီး ဖြစ်သဖြင့် သူ့မန္တန် စွမ်းအားသည် အဆပေါင်းများစွာ တိုးတက်လာ၏။

ထို့အပြင် ‘စွမ်းအား ခိုင်မာစေခြင်း နည်းစနစ်’ ကိုလည်း ဒုတိယအဆင့် အထိ တတ်မြောက်ထားသည်။

သူ့တိုက်ခိုက်ရေး စွမ်းရည်သည် ညွှန်းကိန်း ထိုးတက်လာပြီ ဖြစ်သည်။

ရုတ်တရက် အလယ်အလတ်အဆင့် နတ်ဆိုးဗိုလ်ချုပ် အဆင့် ရှိသော ‘သလင်းကျောက် ဝိညာဉ်’ တစ်ကောင် ခုန်ထွက်လာပြီး အပြာရောင် လက်သည်းများကို ဝှေ့ယမ်းကာ ဟိုယွင်ကျဲ ဆီသို့ ခုန်အုပ်လိုက်၏။

“ဟွန်း...”

ဟိုယွင်ကျဲ သည် သူ့တိုက်ခိုက်ရေး စွမ်းရည်ကို အမြင့်ဆုံးသို့ တင်လိုက်ပြီး ‘အေးစက် အလင်းဓား’ အား ကို ဖျတ်ခနဲ ဝှေ့ယမ်းလိုက်သည်။

‘ရွှပ်...’

တောက်ပသော ဓားအလင်းတန်း အများအပြား လက်ခနဲ ဖြစ်သွားပြီး နတ်ဆိုးဗိုလ်ချုပ် ပျောက်ကွယ်သွားလေ၏။

ဟိုယွင်ကျဲ သည် စင်မြင့်ပေါ်သို့ အမြန်တက်သွားပြီး သလင်းကျောက်တုံးကို ဓားဖြင့် ခွဲလိုက်၏။

“ဂုဏ်ယူပါတယ်။ အခက်အခဲမြင့် အဆင့်ကို အောင်မြင်သွားပါပြီ။ သင့်ရမှတ်မှာ (၁) မှတ် ဖြစ်ပြီး၊ (၅) ထပ်မြောက် ‘စိတ်ကူးယဉ် နယ်မြေ’ သို့ တက်လှမ်းခွင့် ရရှိပါပြီ”

စက်ရုပ်ဆန်ဆန် အသံ ထွက်ပေါ်လာသည်။

ဟိုယွင်ကျဲ သက်ပြင်းချလိုက်ပြီး အောင်မြင်သွားသည့်အတွက် ဝမ်းသာသွားသည်။ သူသည် (၅) ထပ်မြောက်သို့ ချက်ချင်း တက်ရောက်သွားပြီး ညွှန်ကြားချက်အတိုင်း မုခ်ဦးပေါက်မှတဆင့် ဝင်ရောက်သွားလိုက်၏။

ထို့နောက် သူသည် ကျယ်ပြောလှသော မြက်ခင်းပြင်ကြီး တစ်ခုသို့ ရောက်ရှိသွားသည်။

ဒီနေရာကြီးက စိမ်းလန်းလွန်းလှသည်။

ကြာကြာနေလျှင် စိတ်တွေတောင် စိမ်းကုန်မလားဟု ထင်ရလောက်အောင် စိမ်းလန်းနေသည်။

ဟိုယွင်ကျဲ သည် ဘေးဘီဝဲယာကို ကြည့်လိုက်၏။

ဘာဖြစ်လို့ ဒီလို စိတ်ကူးယဉ် နယ်ပယ်မျိုးထဲ ရောက်နေရတာလဲ။

သူ နားမလည်နိုင်အောင် ဖြစ်ပြီး အံ့သြနေမိသည်။

သို့သော် သူ နားမလည်ခင်မှာပင် စိတ်ကူးယဉ် နယ်ပယ်ထဲမှ ပြန်လည် ထွက်ခွာသွားရလေ၏။

သူ့ရှေ့တွင် ရွှေရောင် စာတန်းတစ်တန်း ပေါ်လာသည်။

[ နှလုံးသားထဲတွင် မိန်းမသားဟူသော အရာ မရှိလျှင်၊ သင့်ဓားသိုင်းသည် သဘာဝကျကျ ထူးချွန်ပြောင်မြောက်လာလိမ့်မည် ]

ဟိုယွင်ကျဲ စာတန်းကို ဖတ်ပြီးသည်နှင့် စာတန်းသည် မရှိခဲ့ဖူးသကဲ့သို့ လျင်မြန်စွာ ပျောက်ကွယ်သွားလေ၏။

“ထူးဆန်းလိုက်တာ... ဘာဖြစ်လို့ ‘အမည်မဲ့ ဓားသိုင်းကျမ်း’ရဲ့ ပထမ စာမျက်နှာက စာသား ဖြစ်နေရတာလဲ”

ဟိုယွင်ကျဲ ခေါင်းကုတ်လိုက်၏။

သူသည် မျှော်စင်မှ ထွက်လာပြီး ယဲ့ဖုန်းကို ရှာတွေ့သောအခါ အတွင်း၌ ကြုံတွေ့ခဲ့ရသည်များကို ပြန်ပြောပြလိုက်၏။

“ဂိုဏ်းချုပ်... ကျွန်တော် မြင်ခဲ့ရတဲ့ မြင်ကွင်းတွေက ဘာသဘောလဲ ခင်ဗျ။ ကျယ်ပြောလှတဲ့ အစိမ်းရောင် မြက်ခင်းပြင်ကြီး... အဲဒါ စည်ပင်ဝပြောခြင်းနဲ့ ကြီးထွားခြင်းရဲ့ သင်္ကေတလား”

ဟိုယွင်ကျဲ စိတ်ရှုပ်ထွေးနေသည်။

ထိုစကားကို ကြားသောအခါ ယဲ့ဖုန်း၏ နှုတ်ခမ်းထောင့်များ လှုပ်ရမ်းသွားသည်။

သူသည် နေ့စဉ် မနောအလိုကျ ဆုတောင်းခွင့်ကို အသုံးပြုပြီး ဦးထုပ်တစ်လုံး ရယူလိုက်၏။ ထို့နောက် ဟိုယွင်ကျဲ ၏ ခေါင်းပေါ်သို့ ကိုယ်တိုင် ဆောင်းပေးလိုက်ပြီး ပြောလိုက်သည်။

“ယွင်ကျဲ... ဒီဦးထုပ်ကို ဆောင်းထားလိုက်ရင် မင်း ဘုရင်တစ်ပါး အဖြစ် ဘိသိက်မြှောက်ခံရလိမ့်မယ်”

ဒါက ဦးချိုပုံစံ အလှဆင်ထားတဲ့ အစိမ်းရောင် ကောက်ရိုးဦးထုပ် တစ်လုံး ဖြစ်သည်။

“ဘုရင်တစ်ပါး အဖြစ် ဘိသိက်မြှောက်ခံရမယ်တဲ့လား”

ဟိုယွင်ကျဲ တုန်လှုပ်သွားသည်။

ယဲ့ဖုန်းသည် ကောင်းကင်ကို မော့ကြည့်ပြီး ဆက်ပြောလာသည်။

“သရဖူ ဆောင်းထားရင်တော့... သရဖူရဲ့ အလေးချိန်ကို ခံနိုင်ရည် ရှိရမှာပေါ့။ ယွင်ကျဲ... မင်း ကြံ့ကြံ့ခံနိုင်ရမယ်နော်”

ပြောပြီးသည်နှင့် ယဲ့ဖုန်း သက်ပြင်း တိုးတိုးလေး ချလိုက်၏။

“ဂိုဏ်းချုပ်ဦးလေး... ဘာဖြစ်လို့လဲ ခင်ဗျ”

ဟိုယွင်ကျဲ အလွန် နားမလည်နိုင် ဖြစ်နေသည်။

သူ မြင်ခဲ့ရသော စိတ်ကူးယဉ် နယ်ပယ်က ဘာအဓိပ္ပာယ်လဲ ဆိုတာ သူ မသိပါ။

‘ပြီးတော့ ဂိုဏ်းချုပ်က ဘာလို့ ဒီလို လေးနက်တဲ့ မျက်နှာထား ဖြစ်နေရတာလဲ။

ပြီးတော့ သရဖူ ဆိုပြီး ပေးလိုက်တဲ့ ဦးထုပ်ကလည်း ထူးဆန်းလိုက်တာ။

ဒါ သရဖူနဲ့မှ မတူတာ။’

All Chapters